မင်းသိင်္ခနှင့် မြတ်ခိုင်
မင်းသိင်္ခနှင့် ဟိန်းလတ်
ဟိန်းလတ်နှင့် မြတ်ခိုင်
ကျွန်တော် မဟေသီမဂ္ဂဇင်းတွင် စာပေ အင်တာဗျူး များ ကို (၁၂) နှစ် ကျော်မျှ ဆက်တိုက်ပြု လုပ်ခဲ့သည်။ စာပေ အင်တာဗျူး သက်တမ်း (၃) နှစ် ကျော်တွင် ကျွန်တော် ကိုမြတ်ခိုင်ကို အင်တာ ဗျုးလုပ်ရန် ကမ်းလှမ်းခဲ့ဖူးသည်။ သူက ကောင်းပြီကောင်းလျက်နှင့် လုပ်တာပေါ့ဟု ပြော၏ ။ ပြီးတော့ သုံးလေးခါဖုန်းဆက်ချိန်း၏ ။ မရ။ နောက်တော့ မေးခွန်းတွေ သွားပေး၏ ။ သူက ယူထားသည်။ သို့ သော် အဖြေမရပြန်။ သို့ နှင့် သူနှင့် အင်တာဗျူး မလုပ် ဖြစ်တော့။ ကျွန်တော် ပေါ်ပြူလာဂျာနယ်တွင် လုပ်တော့ သူက စာနယ်ဇင်းလောကတွင် တော် တော် “လူစွာ ” ဖြစ်နေပြီ။ ထို့ကြောင့် အမှတ်မရှိသော ကျွန်တော် က သူ့ကို ထပ်ကမ်းလှမ်းပြန်၏ ။ အင်တာဗျူး လုပ်ချင်လို့။ ဒီတစ်ခါတော့ သူက သဘောကောင်းစွာ လက်ခံသည်။ ကျွန်တော် က ခေါင်းစဉ်တပ်လိုက်၏ ။ “ဂျာနယ်ဘီလူးနှင့် အင်တာဗျူး ” အင်္ဂလိပ်ဝေါဟာရတွင် giant (ဘီလူး) ဆိုသည်မှာ ထူးကဲသည့် ပါရမီရှင်များ ကို တင်စားခေါ်ဝေါ်သည့် အသုံးအနှုန်း။ ထို့ကြောင့် သူ့ကိုလည်း Giant Journalist ဂျာနယ်ဘီလူးဟု ကျွန်တော် က ခေါ်ဝေါ်သမှု ပြုလိုက်ခြင်း ဖြစ်သည်။ သို့ သော် ထို အင်တာဗျူး မှာ လည်း အကြောင်းကြောင်းသော အကြောင်းများ ကြောင့် စာမျက်နှာပေါ် မရောက် နိုင်ခဲ့။ ဤမျှပင် ကျွန်တော် နှင့် ကိုမြတ်ခိုင်နှင့် က အင်တာဗျူး ပဌာန်းဆက်ဝေး၏ ။ နောင်နှစ် ပေါင်း သုံးနှစ် လောက်ကြာမှ မဟေသီအတွက် သူက အင်တာဗျူး ဖြေပေးသည်။ ကိုမြတ်ခိုင်အတွက် ကျွန်တော် (၆) နှစ် စောင့်ရ၏ ။ မဟေသီအင်တာဗျုးသမိုင်းတွင် တစ်ခါမှမလုပ်ဖူးသေးသော အလုပ်တစ်ခု ထူးထူးခြားခြား လုပ်လိုက်သေး၏ ။
“ကျွန်တော် ဖြေချင်တာကျန်နေလို့ ထပ်မေးပါဦး” ဟု သူက တောင်းဆို၍ ကျွန်တော် က နောက်ဆက်တွဲ အင်တာဗျူး ဆိုကာ တစ်လထပ်ဆက်လုပ် ပေးရသေးသည်။
“ဆရာကိုဟိန်းလတ် ကျွန်တော့် ကို အချွန်နဲ့ မ, ဦးမလို့လား။ ခုတောင် မဟေသီအင်တာ ဗျူးက ပွက်လောညံနေပြီ” ဟု အစချီသော အင်တာဗျူး ။
ကျွန်တော် က ဟိုလှည့်သည်လှည့် မေးခွန်းများ စွာ မေးရာ သူသည် ကျွမ်းကျင်ပိုင်နိုင်သော သိုင်းသမားအလား ပွတ်ကာသီကာ ရှောင်၍ လွတ်နိုင်သော အဖြေများ ဖြေပေးခဲ့၏ ။ သူနှင့် ကျွန်တော့်  အင်တာဗျူး ကို ပရိသတ်တော် တော် များများ အာရုံစိုက်ဖတ်ခဲ့ကြသည်။ ဟိန်းလတ်နှင့် မြတ်ခိုင် ထိပ်တိုက်တွေ့ ကြပြီ။ ဘယ်သူအလဲအကွဲ ဖြစ်မယ်ပေါ့။ သူ့အဇ္စုတ္တကို ရိပ်ဖမ်းသံဖမ်းပေါ် လွင်လာအောင် ကျွန်တော် ဆွကြည့်၏ ။ သိနေသော သူက နည်းနည်း ပါးပါးပဲ ရှောင်လွဲဖြေတတ်၏ ။ သူ့အဖြေတွေ ကိုနင်းပြီး ကျွန်တော် က သူ့ကို ထပ်နှိုက်ကြည့်၏ ။ ရတန်သရွေ့ရပေမဲ့ အကုန်အစင် တော့ သူ့ဆီကထွက်မလာ။ ကျွန်တော် က ပါးပါးနပ်နပ် မေးနေသလို သူကလည်း ပေါ့ပေါ့ပါးပါးဖြင့် ပညာသားပါပါ ပြန်ဖြေနေသည်။ ထိုသို့ အားစမ်း၍ မရတော့သဖြင့် ကျွန်တော် က သူ့အရည်အသွေး ကို ပိုမိုတောက်ပြောင်စေမည့်  မေးခွန်းများ ကိုသာ မေးပြီး အရောင် တင်ပေးလိုက် ရတော့၏ ။ လက်ဝှေ့စကားဖြင့် ပြောရလျှင် သူနှင့် ကျွန်တော် လက်ရည်တူ။ ကြိုးဝိုင်းဒိုင်များ က နှစ် ဦးစလုံးကို အနိုင်ပေးလိုက် သည်ပဲလေ။ ကိုမြတ်ခိုင်နှင့် ကျွန်တော် အင်တာဗျူး ကို ထိုအချိန်က မိတ္တူကူးကြ၊ ဝိုင်းဆွေးနွေးကြသည်အထိ အောင်မြင်ခဲ့ကြသည့်ပေါ့။ အင်တာဗျူး ဂျာနယ်ထွက်စက စီစဉ်သူများ သည် ကျွန်တော် နှင့် ကိုမြတ်ခိုင်ကို ပွဲသွင်းပေးလျှင် နည်းနည်း လှုပ်သွားမည် ထင်ကြ၍ အင်တာဗျူး လုပ်ခိုင်းသည်။ ဒီတစ်ခါတော့ ကိုမြတ်ခိုင်ကအမေး။ ကျွန်တော် က အဖြေ။ အလှည့်ကျ မနွဲ့စတမ်း ပေါ့။
အင်တာဗျူး ဂျာနယ်တွင် အပတ်စဉ် မြတ်ခိုင်- ဟိန်းလတ် အင်တာဗျူး ပါလာသည်။ သူ့မေးခွန်းတွေ က အပ်အစင်းပေါင်းများ စွာ ကို လက်နှင့် ဆုပ်ပြီး မျက်နှာကို စွတ်ပေါက်လိုက်သကဲ့ သို့ မနည်းကြီး ရှောင်တိမ်းဖြေနေရ၏ ။ မည် မျှရှောင်စေ အပ်ကလေး သုံးလေးချောင်းတော့ စိုက်သွားသည်ပင်။ ထိုအပ်ကလေးများ ထဲမှ အပ်ကလေးတစ်စင်း ကတော့ အဆိပ်လူးထားသည် ထင့်။ အတော် စပ်ဖျဉ်းဖျဉ်းနှင့် အခံရခက်လှ၏ ။ ကြာလေ အဆိပ်တန်ခိုးကပြလေ။
ထိုအပ်ကလေးတစ်စင်းမှာ ကျွန်တော့် ကို အငိုက်ဖမ်းမေးလိုက်သော မေးခွန်း။
“ဆရာဟိန်းလတ်ကို တချို့ကပြောနေကြတယ်။ ဆရာမင်းသိင်္ခတပည့်တဲ့ ဟုတ်လား”
စာအကြောင်းပေအကြောင်းတွေ မေးနေရာမှ ရုတ်တရက် ဤမေးခွန်းပေါ်လာတော့ ကျွန်တော် ကြောင်သွားသည်။ ကြောင်ပြီဆိုမှတော့ ဘယ်မူမှန်တော့မလဲ။ ချက်ချင်း ထွက်လာသော အဖြေမှာ “တပည့်တော့မဟုတ်ဘူး။ ဆရာမင်းသိင်္ခက ကျွန်တော့် ထက် အသက်လည်းကြီးတယ်။ နောက်ပြီး သူ့စာပေတွေ ကိုလည်း ကျွန်တော် ကြိုက်တယ်။ လေးစားတယ်။ ဒါကြောင့် သူနဲ့တွေ့ တိုင်း ကျွန်တော် အရင်ဆုံး ဦးချကန်တော့တယ်။ နောက်ပြီး သူ့ရဲ့ စိတ်သဘောထားကို သိတော့တာပဲ။ ချစ်ခင်ကြည်ညိုမိတယ်။ သူ့ဆီ မကြာမကြာသွားတယ်။ သူပြောတဲ့ စကားတွေ မှာ မှတ်သားစရာတွေ လည်းပါတယ်။ ရယ်စရာတွေ လည်းပါလို့၊ နားထောင်ရတာ ကောင်းလို့ သူနဲ့စကားဝိုင်းမှာ ပြောရဆိုရ နားထောင်ရတာ အတော် ပြောစရာကောင်းလို့ပဲ။
နောက်ပိုင်းတွင် ဆရာမင်းသိင်္ခက ကျွန်တော် ကိုးကွယ်ရန် ဗုဒ္ဓရုပ်ပွားတော် နှစ် ဆူ၊ ကျွန်တော် စိပ်ရန် ရွှေပုတီး၊ တရားထိုင်ရာတွင် ဝတ်ရန် ဝတ်ရုံသင်တိုင်း၊ အဆောင်လက်စွပ် စသဖြင့် ချီးမြှင့်ခဲ့၍ လည်း ကျွန်တော် ဘာသာရေး ကိစ္စတွင် ပို၍ လုပ်ကိုင်လာနိုင်သဖြင့် ကျွန်တော့် ကျေးဇူး ရှင်တစ်ဦးအ ဖြစ် သူ့ကို ရှိခိုးကန်တော့ရာတွင် ၊ မေတ္တာပို့ရာတွင် အမြဲထည့်သွင်း ထားပါသည်။
ဆရာမင်းသိင်္ခအိမ်သို့ မကြာခဏရောက်ခဲ့၍ သူဗေဒင်သင်တန်းပေးရာတွင် ကြုံရင်ကြုံ သလိုပင် နားထောင်ခဲ့သည်။ ဗေဒင်ပညာနှင့် ပတ်သက်၍ ဗဟုသုတ ဖြစ်စရာများ စွာ ကို ကြားနာ ခွင့်ကြုံခဲ့သည်။ သို့သော် ကျွန်တော် ဗေဒင်ဟောရာတွင် မူ ဆရာမင်းသိင်္ခ၏ နည်းများ ဖြင့် တစ်ခါမှ မဟောဖူးပါ။ ဧကသံဗျာ ကရဏဗေဒင်ပညာ ကျွန်တော် မတတ်ပါ။ ဆရာမင်းသိင်္ခ၏ ဆန်းနည်း၊ မဟာဘုတ်နည်းများ ကိုပင် ကျွန်တော် တစ်ကြိမ်တစ်ခါမျှ မသုံးဖူးပါ။ ကျွန်တော် ရေး သားခဲ့သော “တားရော့ဝေဒ ဂမ္ဘီရ” နည်းများ ကိုသာသုံး၍ ကျွန်တော် တွက်ချက်ဟောကြားပါသည်။ တစ်ခါတစ်ရံ တရုတ်ယီဂျင်းဗေဒင်ကို သုံးသည်။ တစ်ခါတစ်ရံ တောက်တယ်ကျင်းကျမ်းမှ မွေးနေ့အဟော ကိုသုံးသည်။ တရုတ်ဖုန်းရွှေသင်္ချာဗေဒ၊ ဂျပန်နာမအက္ခရာအဟော၊ ကိုင်ရိုဂဏန်း ဗေဒင်များ ကို အသုံးပြုလေ့ရှိပါသည်။ ကျွန်တော် ရေး သော ဗေဒင်ကျမ်းများ တွင် ရော၊ ကျွန်တော် ဟောပြော ဖူးခဲ့သူများ ရော ဤအချက်ကို ကောင်းစွာ သိကြပါမည် ။
“ဟိန်းလတ်ကမင်းသိင်္ခဆီလည်းသွားသွားနေသေးတယ်။ မင်းသိင်္ခတပည့်လို့လဲ မပြောဘူး” ဟူသော အသံများ ၊ ကိုမြတ်ခိုင်နှင့် ကျွန်တော့်  အင်တာဗျူး အပြီးတွင် အတော် ဆူဆူညံညံကြားခဲ့ရ သည်။
ဆရာမင်းသိင်္ခကွယ်လွန်ပြီး ဆရာမင်းသိင်္ခ၏ နှစ် (၃၀) ကျော်ကြာ တပည့်ဟောင်းကြီးများ က ဆရာမင်းသိင်္ခအကြောင်း ပြောကြသော ပွကြို ဟိုတလောလေးက မစ္စတာဘရောင်းဆိုင်၌ ကျင်းပသွားခဲ့သည်။ ဤပွဲတွင် ဆရာကြီး၏ တပည့်အရင်းကြီးတစ်ဦး ဖြစ်သော ဆရာစောရန်နိုင်က “ဆရာမင်းသိင်္ခသင်တန်းတွေ ကိုပဲ အဲဒီ တုန်းက ဆရာဟိန်းလတ်တို့ရော၊ မန္တလေးက ဆရာ အောင်သန်းတို့ရော လာကြတာပဲ။ သူတို့က အဲဒီ အချိန်ကတည်းက ဗေဒင်ပညာကို သူ့နည်းသူ့ဟန် နဲ့ တတ်ပြီးကြသူတွေ ချည်းပဲ။ ဆရာကြီး၏ အယူအဆ၊ တွေးခေါ်ပုံ၊ တွေးခေါ်နည်းတွေ ကို လာ နားထောင်ကြတာ။
ဗေဒင်ဆရာများ ၊ စာနယ်ဇင်းများ ရှေ့တွင် ဆရာစောရန်နိုင်ပြောလိုက်မှ ပိုရှင်း သွားပါသည်။ ဆရာမင်းသိင်္ခနှင့် ကျွန်တော် ညအိပ်ညဥ့်နေ စကားတွေ အများ ကြီးပြောဖူးသည်။ ဗေဒင်ပညာနှင့် မပတ်သက်သော စာပေရေး ရာ၊ လူမှု ရေး ရာ၊ နိုင်ငံရေး ရာအကြောင်းများ ။
“ဗေဒင်ဟောရတဲ့နှစ် တွေ ကလည်း မနည်းတော့ဘူး။ တစ်နေ့လာလည်း ဗေဒင်၊ တစ်နေ့ လာလည်းဗေဒင်၊ ဗေဒင်က ရိုးနေပါပြီဗျာ။ တခြားအကြောင်းတွေ ပဲ ပြောကြပါစို့” ဟုပင် ပြောဖူး သည်။
နှစ် သုံးဆယ်နီးပါး ခင်မင်ရင်းနှီးလာခဲ့ပြီးပါမှ ကျွန်တော့် မိတ်ဆွေ စာရေး ဆရာတစ်ဦးကို ကျွန်တော့် ရှေ့တွင် ပင် ဆရာကြီး၏ တပည့်များ က ဆက်ဆံပြုမူလိုက်ပုံနှင့် ပတ်သက်ပြီး နောက်ပိုင်း တွင် ကျွန်တော် မှော်ဘီ၊ မရမ်းတလင်းခြံသို့ မသွားတော့။ သို့ သော် ဆရာမင်းသိင်္ခ ဆေးရုံတက်သည်ကြားလျှင်ကား ကျွန်တော် လူမမာမေးတော့ သွား ဖြစ်အောင်သွားခဲ့ပါသေးသည်။
မရမ်းတလင်းခြံထဲတွင် ကျွန်တော့် မိတ်ဆွေ စာရေး ဆရာနှင့် ပြဿနာမတက်ခင်အခေါက် က ဆရာမင်းသိင်္ခ ကျွန်တော့် အပေါ် အကဲဖြတ်မှု ကိုကား ယနေ့တိုင် မမေ့နိုင်သေးပါ။
“မြန်မာစာပေလောကမှာ ကျွန်တော် လေးစားတဲ့ ဂမ္ဘီရစာရေး ဆရာ လေးယောက် ပဲရှိတယ်။ ဆရာသက်လုံရယ်၊ ဆရာမောင်ကျောက်တိုင်ရယ်၊ ဆရာလှမိုးရယ်၊ ကိုဟိန်းလတ်ရယ်ပဲ” ထိုသို့ သူကပြော၍ ပြုံးပန်းတစ်ရာကိုညွန်ဝေကို သေသေချာချာကားလွှတ်၊ မရမ်းတလင်းခြံထဲတွင် ထမင်းဖိတ်ကျွေး၏ ။ ထို့နောက် ဆရာကြီးသုံးဦးကို ပွဲတော် အုပ်ဖြင့် လက်ဆောင်များ တင်ကာ ကန်တော့၏ ။ ကျွန်တော့် ကိုတော့ ပိုးသင်တိုင်းရှည်ကြီးပေးသည်။
“ခင်ဗျားက ကျွန်တော့် ထက်ငယ်တော့ မကန်တော့တော့ဘူး။ ဒါကိုယူပါ။ ခင်ဗျား တရားထိုင်ရင် ဒါကိုဝတ်ပြီး ထိုင်ပါ။ တရားပေါက်သွားရင်လည်း ကျွန်တော့် ကို မမေ့နဲ့နော်။ ဒါ ကျွန်တော့် ရဲ့ အမှတ်တရလက်ဆောင်ပဲ” ဟု ပြောဖူးသည်။
ဆရာမင်းသိင်္ခကဲ့သို့ သော ဂမ္ဘီရပညာရှင်တစ်ဦးက လေးစားသည်ဆိုသော ပုဂ္ဂိုလ်များ ထဲ တွင် ကျွန်တော် ပါဝင်ခွင့်ရ၍ များ စွာ ဝမ်းမြောက်မိပါသည်။ ကျွန်တော့် ကို ချီးမြင့်သော စာအုပ်အမှာ စာများ တွင် လည်း ထိုသို့ ပင် သူက ကျွန်တော့် အပေါ် တလေးတစား ချီးမြှော က်ရေး ပေးဖူးသည်။ “တားရော့ဂမ္ဘီရဗေဒ” စာအုပ်၊ ကြီးပွားချမ်းသာဖုန်းရွှေပညာ” အမှာ စာများ ကိုသာ ဖတ်ကြည့်ပါ လေတော့။
ဆရာမင်းသိင်္ခနှင့် ကျွန်တော် တို့ကြားမှ ဆက်ဆံရေး ကို ရေး ပြရလျှင် ဆုံးနိုင်အံ့မထင်။
ကျွန်တော် ပြောလိုရင်း အနှစ် ချုပ်မှာ ကား ဤမျှ ခင်မင်ရင်းနှီးခဲ့ရသော ကာလတာရှည် ဤ ကိုမြတ်ခိုင်ပစ်လွှတ်လိုက်သော မေးခွန်းတစ်ခုကြောင့် ဆရာမင်းသိင်္ခ၏ တပည့်အချို့နှင့် ကျွန်တော် နားလည်မှု မှားသွားရ၏ ။ ဆရာမင်းသိင်္ခနှင့် လည်း ကျွန်တော် ဆက်ဆံရေး အတော် အတန် တန်းသွား၊ ကျဲသွားရ၏ ။
အကယ်၍ ဤမေးခွန်းမျိုးကိုသာ ကိုမြတ်ခိုင်မမေးခဲ့လျှင်
သို့ တည်းမဟုတ် ကျွန်တော် ကလည်း ယခုထပ်ပို၍ ပါးပါးနပ်နပ်နှင့် ကွေ့ကာဝိုက်ကာ မဖြေတတ်ခဲ့လျှင်
မည် သို့ ဆိုစေ၊ ကိုမြတ်ခိုင်ကား အလွန်ကြောက်စရာကောင်းလှသော မေးခွန်းများ ပိုင်ရှင် အင်တာဗျူး သမားစစ်စစ်ဧကန် ဖြစ်သည်ကား သေချာနေပါပြီ။ သူတစ်ပါးကို အင်တာဗျူး များ စွာ မေးခဲ့ဖူးသော ၊ အင်တာဗျူး အတတ်ပညာကို သင်တန်းများ စွာ တွင် ဟောကြားပို့ချဖူးသော ၊ မိမိကိုယ်မိမိ အင်တာဗျူး ပညာ ငါဆရာဟု အထင်ရောက်ခဲ့မိသော ကျွန်တော် သည်ပင် ကိုမြတ်ခိုင် ထောင်ထားသော မိုင်းဗုံးများ ကို နင်းမိလျက်သား ဖြစ်ခဲ့မိခဲ့ရာ..။
ပေါ်လာလတ္တံသော စာနယ်ဖင်းဆရာ၊ ဆရာမ လက်သစ်လေးများ အနေဖြင့် ဆရာမြတ်ခိုင် ၏ “မင်းသိင်္ခနှင့် အင်တာဗျူး ” စာအုပ်ကို ကျေကျေညက်ညက် ဖတ်ရှုကြကာ အင်တာဗျူး ပညာ ယူကြပါဟု တိုက်တွန်းပြောကြားလိုပါသည်။ ဆရာမြတ်ခိုင်ကိုဖြင့် ဤ“ မင်းသိင်္ခ အင်တာဗျူး ” သာမက အခြားသော စာပေ၊ ဂီတ၊ ရုပ်ရှင်၊ နိုင်ငံရေး ၊ လူမှု ရေး နယ်ပယ်အသီးသီးတွင် လုပ်ခဲ့သော အင်တာဗျူး များ ကိုပါ စုပေါင်း၍ စာအုပ်ထုတ်ရန် တိုက်တွန်းလိုက်ပါသည်။ အမေးခံရသူ အကြောင်းကို အတွင်းထိ ထိုးဖောက်မြင်တတ်ကာ စူးရှထက်မြက်လှသော မေးခွန်းများ စွာ ဖြင့် ထိုးလိုက်၊ နှိုးလိုက်၊ ဆွလိုက်၊ ဖော်လိုက် လုပ်ရင်းနှင့် မေးတတ်၊ နှိုက်တတ်သော ပညာကို ဆရာမြတ်ခိုင်၏ အင်တာဗျူး တိုင်းတွင် တွေ့ နေရတတ်ပါသည်။ ထို့ကြောင့် စာနယ်ဇင်း သင်တန်းများ ၏ အင်တာဗျူး ဘာသာရပ်သင်ရိုးညွှန်းတမ်းတွင် မပါမ ဖြစ်သော မှီငြမ်းစာအုပ်များ အ ဖြစ် ဆရာမြတ်ခိုင်၏ အင်တာဗျူး ပညာစာအုပ်များ ရှိစေချင် သော ဆန္ဒကြောင့် တိုက်တွန်းရခြင်း ဖြစ်ပါသည်။
ဟိန်းလတ်
မပြောမပြီး
(၂၀၀၃) ခုနှစ် ၊ စက်တင်ဘာလတွင် ရှမ်ဂရီလာသို့ သွားပြီးနောက် ဆရာကြီးမင်းသိင်္ခ၏ ကျန်းမာရေး သည် မသိမသာ ဖောက်ပြန်လာခဲ့သည်။ သာမန်နှလုံး ရောဂါ ဟုထင်ခဲ့ရာမှ (၂၀၁၄) ခုနှစ် ၊ နိုဝင်ဘာလတွင် ရွှေဗဟိုဆေးရုံကြီးသို့အပို့တွင် သွေးပေါင်ချိန် (၀) ဖြင့် ရောက်လာခဲ့ရာ ဆရာမ ကြီး ဒေါ်ခင်မေစုနှင့် ဆရာမ ကြီး ဒေါ်မြမြစမ်းတို့မှ ရန်ကုန်ဆေးရုံကြီးသို့ လမ်းညွှန်ခဲ့သည်။
သည်နေရာတွင် ရောဂါ အတွက် ကြိုတင်ပြင်ဆင်ခြင်းမရှိသည့် အတွက် ဆရာကြီးမင်းသိင်္ခ ၏ ကျန်းမာရေး သည် ဆိုးဝါးခဲ့သည်။ အသက်ကိုလုရမည့် အနေအထား ရောက်လာခဲ့သည်။
ကိုမြတ်ခိုင်သည် ဆရာကြီးမင်းသိင်္ခ၏ အသက်လုပွဲတွင် အဓိကပါဝင်သူ တစ်ယောက် ဖြစ် လာခဲ့သည်။ ရန်ကုန်ဆေးရုံကြီး အိုင်စီယူဝရန်တာတွင် ဆရာကြီးမင်းသိင်္ခ ရုတ်တရက်တိမ်းပါးခဲ့ လျှင် ဆိုသော ခေါင်းစဉ်အောက်တွင် ကျွန်တော် တို့နှစ် ယောက် ခေါင်းချင်းဆိုင်ခဲ့ကြသည်။
ဆရာကြီးသည် သုံးရက်လုံးလုံး ကယောင်ကတမ်းနှင့် သတိနှင့် လူ ကပ်လိုက်ဝေးလိုက်နှင့် ရန်ကုန်ဆေးရုံကြီးမှ သမားတော် နှင့် ပါမောက္ခကြီး ဦးတင်မြင့်၊ သက်ဆိုင်ရာပါမောက္ခကြီးများ နှင့် ဆရာဆရာမ များ ၊ ဝန်ထမ်းများ ၏ ကြိုးစားမှု ကြောင့် ဆရာကြီးမင်းသိင်္ခသည် ကျန်းမာလာပြီး နှလုံးသွေးကြောကျဉ်း ရောဂါ ဟု ခေါင်းစဉ်တပ်ကာ ဝေဒနာရှင်တစ်ဦး ဖြစ်လာခဲ့ရတော့သည်။
အမြဲတမ်းသတိရှိသော ဆရာကြီးမင်းသိင်္ခသည် ၎င်း၏ ကျန်းမာရေး ကို ကိုယ်တိုင်ပြင်ဆင် နေထိုင်တော့၏ ။ ခရီးဝေးဝေးမသွားခြင်း၊ လမ်းကို ဝေးဝေးမလျှောက်ခြင်း၊ ဝှီးချဲနှင့် သာ နေခြင်း၊ စကားများများ မပြောခြင်း၊ ညဘက်အိပ်ချိန်လျှော့ခြင်း၊ တစ်ဦးတည်းမအိပ်ခြင်း၊ အစုအဝေးနှင့် နေထိုင်ခြင်း၊ အစားအသောက်ကို ရွှေးချယ်စားခြင်းတို့ဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါ ကို စိန်ခေါ် နေထိုင်တော့၏ ။ ထိုကဲ့သို့ ဆရာကြီးမင်းသိင်္ခ သူ၏ ကျန်းမာရေး အတွက် ပြင်ဆင်နေထိုင်သကဲ့သို့ သတင်းမုဆိုး ကိုမြတ်ခိုင်သည်လည်း ဆရာကြီးမင်းသိင်္ခကို မျက်ခြည်မပြတ် စောင့်ကြည့်သူတစ်ဦး ဖြစ်လာခဲ့၏ ။
ဆရာကြီးမင်းသိင်္ခကို အင်တာဗျူး (ခေါ်) တွေ့ ဆုံမေးမြန်းခန်း ပြုလုပ်တော့၏ ။ ဓာတ်ပုံကို အမျိုးမျိုးရိုက်တော့၏ ။ အိုင်ဒီယာဆရာကိုမျိုး၏ အိုင်ဒီယာကို ထူထူထောင်ထောင် စီစဉ်နေချိန်တွင် ဆရာကြီးမင်းသိင်္ခ၏ အင်တာဗျူး များ သည် ရောင် စုံပုံများ နှင့် ဝေဝေဆာဆာ ဖော်ပြခဲ့၏ ။ မေးသူနှင့် ဖြေသူသည် တစ်ခါတစ်ရံတွင် အပေးအယူတည့်၏ ။ တစ်ခါတစ်ရံတွင် မေးသူကို ဖြေသူက ပညာသားပါစွာ အရှောင်အတိမ်းနှင့် ဖြေ၏ ။
ပညာရှင်နှစ် ဦး၏ အင်တာဗျူး (ခေါ်) တွေ့ ဆုံမေးမြန်းခန်းသည် ကျွန်တော့် အနေနှင့် တစ်အုပ်ပြီးတစ်အုပ် စောင့်မျှော်ပြီး ဖတ်ရသည်အထိ ဖြစ်လာ၏ ။ သည်လိုနှင့် ဆရာကြီးနှင့် ကိုမြတ်ခိုင်သည် အဆက်အသွယ်မပြတ် ရှိနေခဲ့ရာမှ ဆရာကြီး၏ ကျန်းမာရေး ကြောင့် ခေတ္တဆိုင်းငံ့ သွားရတော့၏ ။
ဆရာကြီး၏ ကျန်းမာရေး သည် တစ်စတစ်စ ယိမ်းယိုင်လာသော်လည်း ဆရာကြီး၏ အလောင်းစည်သူမင်းထုံး နှလုံးမူပြီး မြကန်သာတစ်လျှောက် မြင်းစီးပြသလို နေခဲ့သဖြင့် ကျွန်တော့်  အနေနှင့် ဆရာကြီးကျန်းမာရေး ယိုယွင်းနေကြောင်းကို ကျွန်တော့် မိသားစုနှင့် ဦးသန့်ကလွဲ၍ မပြောပြနိုင် ဖြစ်ခဲ့၏ ။
စာရေး ဆရာများ ၊ စာပေလောကသားများ နင့် ၎င်း၏ (၇၀) ပြည့်မွေးနေ့၌ တွေ့ သည်ပင် လျှင် တက်ရောက်လာသူအားလုံးက ဆရာကြီးကျန်းမာရေး ကို ဂွတ်တယ်ဗျာ ဟုပင် ပြောနေကြ သေး၏ ။
သို့ ရာတွင် ဆရာကြီးမင်းသိင်္ခ ကွယ်လွန်ခဲ့သော အခါ ဆရာကြီး၏ ဈာပနအတွက် ယခင်က ခေါင်းချင်းဆိုင်ခဲ့သော ကျွန်တော် နှင့် ကိုမြတ်ခိုင်တို့၏ စိတ်ကူးတို့သည်…
မောင်မောင်မြင့်အေး
(၉၊၁၀၊ ၂၀၀၈)
ဆရာခ
မရေး လိုက်ရတဲ့ အမှာ
ဆရာခ ကွယ်လွန်သွားချိန်မှာ မှ ဆရာခနှင့် တွေ့ ဆုံမေးမြန်းခြင်းစာအုပ်ကို လက်စသတ်နိုင် ခဲ့သည်။ လက်စမသတ်နိုင်ခြင်းအကြောင်းရင်းမှာ နောက်ဆက်တွဲ မေးခွန်းတွေ များ စွာ ကျန်ရှိနေ ခြင်းကြောင့် ဖြစ်သည်။ ဒါကလည်း ဆရာခကျန်းမာရေး ချို့ယွင်းလာမှု အပေါ် အားနာ၍ အချိန် စောင့်ခဲ့ခြင်း ဖြစ်သည်။ ဆရာခ ကတော့ လူချင်းတွေ့ တိုင်း လာခဲ့လေကွာ ကိုယ်ပြောမှာ ပေါ့” ဟု ပြောလေ့ရှိသော်ငြားလည်း ကျွန်တော့် ဘက်က အားနာကာ မမေးမြန်း ဖြစ်ခဲ့၊ ဆရာခနှင့် ကျွန်တော် တွေ့ ဆုံမေးမြန်းခဲ့သည်များ ကို စာအုပ်ထုတ်ရန်အတွက် ဆရာခကို အမှာ စာရေး ပေးဖို့အတွက် လည်း လူချင်းဆုံတိုင်း တိုက်တွန်းခဲ့သည်ချည်း ဖြစ်သည်။ ဆရာခကိုယ်တိုင်ကလည်း မောင်ရင့် အတွက် ကိုယ်ရေး ပေးရမှာ ပေါ့ဟု ပြောလေ့ရှိသော်လည်း လက်တွေ ကတွင် ဆရာခကိုယ်တိုင် သည် စာအုပ်အတွက် အမှာ စာရေး မသွားနိုင်ခဲ့ရှာသည့်အတွက် စိတ်မကောင်း ဖြစ်ရသည်။ ပို၍ စိတ်မကောင်း ဖြစ်ရသည်မှာ သည်စာအုပ်ကို ဆရာခကိုယ်တိုင် မြင်တွေ ကမသွားရရှာခြင်းပဲ ဖြစ် သည်။ မည် သို့ ဖြစ်စေ ကျွန်တော့် အား တလေးတစားနှင့် မခြွင်းမချန်ပြောကြားပေးခဲ့သည့် ဆရာခ ၏ စာပေစိတ်ကို သည်စာအုပ်ဖြင့် ဂါဝရပြု ဦးညွတ်လိုက်ရပါပေသည်။
ဆရာခ ကောင်းရာသုဂတိလားပါစေ
မြတ်ခိုင်
ဆရာမင်းသိင်္ခနှင့် စကားပြော ဖြစ်ဖို့အတွက် ရန်ကုန်၊ မှော်ဘီ၊ မရမ်းတလင်းအယူတော် မင်္ဂလာခြံကို ရောက် ဖြစ်ခြ့ပါတယ်။ သည်အစီအစဉ်အတွက် ဝိုင်းဝန်းကူညီကြတဲ့ ဆရာမင်းသိင်္ခ၊ မောင်မျိုး(ကြောင်နှစ် ကောင်)၊ ကိုမိုးမင်း(Cosmic Rays)၊ ကိုကိုနိုင်(MK MEDIA) တို့ကို ကျေးဇူးတင်စကား ဆိုပါရစေ..။
ဆရာမင်းသိင်္ခခင်ဗျား ဆရာ့အနေနဲ့ မင်းသိင်္ခဆိုတဲ့ နာမည် ကို ဘယ်လိုပြုစုပျိုးထောင်ပေးရ တယ်ဆိုတာလေး ပထမဆုံး ပြောပြပေးစေချင်ပါတယ်။
ကိုယ်အသက် (၂၅) နှစ် လောက်မှာ ထောင်ထဲရောက်သွားတာကို အပြင်ရောက်ရင် ဘာလုပ်စားမလဲပေါ့။ လွတ်ခါနီး ကျတော့ စဉ်းစားကြတာပေါ့။ ခြောက်နှစ် ခုနှစ် နှစ် လောက်ကြာ တော့ အပြင်ရောက်၊ စာရေး မယ်၊ ဘာလုပ်မယ် ဘာညာပေါ့။ အဲသလိုစဉ်းစားတယ်။ နာမည် သစ်၊ လူသစ်၊ စိတ်သစ်နဲ့ အလုပ်တစ်ခုတော့ ကြိုးစားရမှာ ပဲဆိုပြီး နာမည် ပေးတာပေါ့။ ဒါပေမဲ့ ကိုယ်က ဗေဒင်တတ်ထားတယ်လေ။ တတ်ထားတော့ မွေးနံရဲ့ ငါးခုမြောက်၊ မွေးနံရဲ့ ခြောက်ခုမြောက်၊ မွေးနံရဲ့ နှစ် ခုမြောက်၊ ကိုယ်က တနင်္ဂနွေဆိုတော့ အောင်ထွန်းလေ။ အဲဒီ တော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး “မင်း” ပေါ့။တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သော ကြာ ”သိင်” ပေါ့။ တနင်္ဂနွေ၊ တင်္နလာ “ခ” ပေါ့။ အဲဒီ နာမည် လေးကို ကိုယ်က ရွေးလိုက်တာပေါ့။ “သိင်္ခ”ဆိုတဲ့ အတွဲ က “သျှောင်” လို့အဓိပ္ပာယ်ရတယ် “သျှောင်ထုံး”။ အဲဒီ တော့ မင်းရဲ့ သျှောင်ထုံးလို့ အဓိပ္ပာယ်ရတယ်။ ကိုယ်က အဲဒီ ဟာလေးကို တွက်တတ်တော့ တွက်ပြီးတော့ ပေးပြီးတော့ အဲဒီ နေ့ကစပြီး အပြင်ရောက်လာတာနဲ့ အဲဒါအလုပ်တွေ အရမ်းလုပ်တာ။ အိပ်ချိန်တွေ လျှော့ပြီး အလုပ်လုပ်၊ စာတွေ ဖတ်၊ စာတွေ ကြိုးစား၊ စာရေး စရာရှိရေး ၊ ဗေဒင်တွက်စရာရှိတွက် နှစ် ခုစလုံး ပြိုင်တူကြိုးစားတာ။ ပထမဦးဆုံ ဗေဒင်တစ်ခုပဲ ဖြစ်တယ်။ ဗေဒင်ပြီးတော့ နှစ် တစ်နှစ် ကြာမှ စာဘက်မှာ ပိတုန်းသုံးကောင်တို့၊ မနုစာရီတို့ ဖြစ်လာတယ်။ တအားကြိုးစားလာတာ။ အခုထိလည်း ကြိုးစားနေတုန်းပဲ။ ကိုရင်သိသားပဲ။
မင်းသိင်္ခနာမည် နဲ့ပတ်သက်ပြီး စရေး တုန်းက အခုလိုရပ်တည်နိုင်လိမ့်မယ်လို့ ယူဆပါ သလား ဆရာ။
ယူဆပါတယ်။ ယူဆတယ်။ “မင်းသိင်္ခ” ဆိုတာနဲ့ ရပ်တည်နိုင်လိမ့်မယ်လို့ ယူဆခဲ့ပါတယ်။ ယုံလည်းယုံကြည်တယ်ပေါ့။
ဆရာရေး တဲ့ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား” ဗီဒီယိုအောင်မြင်တယ်။ “ပုဏ္ဏားဘကွန်း” ရုပ်ရှင်ပိုက်ဆံရနေတယ်။ အဲဒါတွေ ဟာ ဘယ်လိုအကြောင်းတွေ ကြောင့် လို့ ဆရာယူဆပါသလဲ။
ဇာတ်လမ်းတွေ လည်း အဲဒီ တုန်းက ရေး ကတည်းကိုက ခွင်ကလေးတွေ က အကျအန၊ အလှအပလေးတွေ ရေး ခဲ့တယ်။ စကားလုံးလေးတွေ ၊ ဒိုင်ယာလော့ခ်လေးတွေ ကိုယ့်စိတ်ကြိုက် ကလေးတွေ ထည့်ခဲ့တယ်။ ရိုက်တဲ့လူတွေ ကောင်းတာလည်းပါမှာ ပါပဲ။ ပြီးတော့ အဲဒီ ဟာတွေ ရိုက် ကတည်းက ကိုယ်မေတ္တာပို့တာ။ ကိုယ် အကျအန ပွဲတွေ ဘာတွေ ထိုးပြီး တော့ မေတ္တာပို့၊ ဆုတောင်း။ အစီအမံတွေ ဘာတွေ ကျကျနနလုပ်ပါတယ်။ အဲဒါတွေ လည်း မကင်းဘူးလို့ ပြောရမှာ ပဲ။ ကိုယ့်အတတ်ပညာအပြင် ဒါတွေ လည်းပဲ ပံ့ပိုးမှု ရလိမ့်မယ်လို့ ကိုယ်တော့ယုံကြည်တယ်။
ဆရာက သည်ဘက်ပိုင်းမှာ မဂ္ဂဇင်း၊ ဂျာနယ် အတော် များများ ကို ဦးစီးထုတ်ဝေနေတာ တွေ့ ရပါတယ်။ မရိုသေ့စကား ဆရာကိုယ်တိုင် ဦးစီးထုတ်ဝေနေတာလား။ ဒါမှမဟုတ် နာမည် ခံ ပေးနေတာလား သိပါရစေ။
ဦးစီးထုတ်ဝေတယ်ဆိုတာ ကိုယ်ကပိုက်ဆံမပါဘူး။ အလုပ်ဝိုင်းလုပ်ပေးတယ်။ အဲဒီ အထဲ မှာ စာရေး ပေးတယ်။ နောက်ပြီးတော့ သူတို့အပြင်အဆင်တွေ ကြည့်ပြီးတော့ ဒါမထည့်နဲ့ ဟိုဟာ ထည့် အဲဒီ လောက်တော့ လုပ်ပေးပါတယ်။ အသေးစိတ်တော့ လုပ်မပေးနိုင်ပါဘူး။
ဟိုစောစောပိုင်းက ဆရာ့ကို ဝေဖန်ထိုးနှက်မှု တွေ များ ခဲ့ဖူးပါတယ်။ အခု အဲဒီ ဟာတွေ ဘာကြောင့် ငြိမ်သက်သွားကြတယ်ဆိုတာ ပြောပြပါဦး ဆရာ။
အဲဒါတွေ ငြိမ်သွားတာ ထိုးနှက်ဖို့ကုန်သွားလို့ပါ။ ပြောစရာမှမရှိတော့ဘဲ။ အဲဒီ လို မေးမယ့်အစား အဲဒီ တုန်းက ဘာကြောင့် ထိုးနှက်လဲလို့ မေးရမှာ ။ အဲဒီ တုန်းက ဘာကြောင့် ထိုးနှက်လဲ၊ အဲဒီ တုန်းက ဘာကြောင့် ထိုးနှက်တယ်ဆိုတဲ့အဖြေတောင် ကိုယ့်မှာ မရှိဘူး။ ကိုယ်နဲ့သူ ဘာမှတောင်မ ဖြစ်ဘဲနဲ့ သက်သက်ထိုးနှက်တာ။ ပြီးတော့လည်း ကိုယ့်ထက်ထိုးနှက်စရာကောင်း တဲ့ လူတွေ ပေါ်လာတော့လည်း ကိုယ့်ကိုမရေး တော့ဘူးပေါ့။ စိတ်ဝင်စားမှု နည်းသွားတာပေါ့။
ဆရာ့မှာ ဆရာရှိပါသလား။ ဆရာ့ဆရာတွေ က ဘယ်သူတွေ များ ပါလိမ့်ဆရာ။
ဟာ့ အဲဒါ ကတော့ စာပေနဲ့ပတ်သက်ရင်ကွယ် ကိုယ့်ထက်တတ်သိနားလည်တဲ့ ကိုယ့်ရှေ့က ဝါရင့်ဆရာတွေ က သူကလာပြီး မင်းသိင်္ခ မင်းဒီလိုရေး ၊ ဟိုလိုရေး လို့မပြောပေမဲ့ ဆရာပေါ့ကွာ။ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီး ဒဂုန်ရွှေမျှားတို့ ဆရာမ ဟုတ်ဘူးလားကွာ။ ဆရာကြီးပီမိုးနင်းတို့ ဆရာတွေ မဟုတ်ဘူးလား။ ညတိုင်း ရှိခိုးအိပ်ရတဲ့ ပုဂ္ဂိုလ်တွေ ပဲ။ ဗေဒင်မှာ လည်း သူက လာမပြပေမယ့် ကိုယ်ထိပ်တန်းထားရမယ့် ဆရာကြီးဦးထွန်းမြတ်တို့ ဘာတို့ရှိတာ ပေါ့။ ကန်တော့ရတာ ပေါ့မဟုတ်ဘူးလား။ ဒီလိုကြီး လာသင်တာတော့ မရှိပါဘူး။ စာပေမှာ လည်းပဲ ဒါပေမဲ့ သူတို့ကျေးဇူးတွေ ဘယ်ကင်းပါ့မလဲ။ မဟုတ်ဘူးလား။ ဒါတော့။
ဆရာမွေးထုတ်ပေးလိုက်တဲ့ စာပေတပည့်တွေ ဘယ်နှဦးလောက် ရှိပါသလဲ။
ဆရာမွေးထုတ်ပေးခဲ့တဲ့ လတိုင်းမွေးထုတ်နိုင်တယ်။ စာပေက မွေးမထုတ်နိုင်ဘူး။ အခု ရှားရှားပါးပါး ဇင်ယော်နီ တစ်ယောက် ရတယ်။ ရွှေယမင်းဦး တစ်ယောက် ရတယ်။ ဒါလည်းပဲ သူတို့ထိပ်တန်းကို မရောက်နိုင်သေးဘူး။ တအားတွန်းပေးရဦးမှာ ။
ဗေဒင်ဆရာ၊ လက္ခဏာဆရာများ က ဆရာတပည့်အချို့အပါအဝင် နှစ် အလိုက် ဟောစာတမ်းစာအုပ်တွေ ထုတ်နေကြတယ်ပေါ့ဆရာ။ ဆရာက ဘာကြောင့် မထုတ်ပါသလဲဆရာ။ ဒါဟာ ဈေးကွက်ဝင်နေတဲ့ ကိစ္စ မဟုတ်လားဆရာ။
ဈေးကွက်ဝင်တယ်။ ထုတ်လည်းထုတ်ချင်တယ်။ အချိန်မရတာ ကဓိက။ ရေး ဖို့အချိန်မရတာ က အဓိက။ ဒါပေမဲ့သူများ ထုတ်ပြီး လမ်းကြောင်းနောက်ကိုမလိုက်ဘဲ ကိုယ်ကတစ်မျိုးတစ်ဖုံ နည်းနည်း လေး စီစဉ်ချင်တာလေးရှိလို့ အချိန်ယူနေတာပါ။ ထုတ်မှာ ဟောစာတမ်းသက်သက် မဟုတ်ဘူး။ ယတြာကိုဦးစားပေးထုတ်မှာ ။ ထုတ်ရမှာ ပေါ့။
ဆရာ့ဝတ္တုထဲမှာ ပုံနှိပ်မှု အများ ဆုံးစာအုပ်က ဘယ်စာအုပ်များ ပါသလဲဆရာ။ ဆရာ့စာအုပ် တွေ ဟာ ကိုယ်တိုင်ရေး ခဲ့တာမဟုတ်ဘူးလို့ ကောလဟာလ ထွက်ခဲ့တယ်ဆိုရင် ဆရာ စိတ်ဆိုးမှာ လား ဆရာ။ အဲဒီ အတွက်ရော တစ်ခုခုပြောမပြချင်ဘူးလား ဆရာ။
ကိုယ်တိုင်မရေး တာ တစ်ခုမှမဟုတ်ဘူး။ ကိုယ်တိုင်ရေး တာ။ ဘယ်လိုပြောမလဲဆိုတော့ ပါးစပ်နဲ့ပြောတာတော့ ရှိတယ်။ ကိုယ့်လက်နာနေတယ်ဆိုရင် ကိုရင့်ကို စာရွက်နဲ့ရေး “တစ်နေ့သ၌ ကျွန်ုပ်သည်” ဆိုရင် အဲဒါဘယ်သူရေး တာလဲ။ ကိုယ်ရေး တာပဲပေါ့။ မဟုတ်ဘူးလား။ အဲဒါတော့ ငြင်းဆိုပါတယ်။ ကိုယ်ရေး တာချည်းပဲ။ အဲဒါသစ္စာလို့ ဆိုလို့ရတယ်။ အဲဒါမနာလိုလို့ပြောတာ။ မယုံနဲ့။
ဒီကနေ့ မင်းသိင်္ခသည် စာရေး ဆရာလား၊ ဗေဒင်ဆရာလား၊ နိုင်ငံရေး သမားလား၊ ခွဲခွဲ ခြားခြားသိပါရစေ ဆရာ။
ခုနကသုံခုထဲမှာ မဟုတ်ဘူးလို့ငြင်းရမှာ ကတော့ နိုင်ငံရေး သမားပါပဲ။ နိုင်ငံရေး သမား မဟုတ်ပါဘူး။ ဒီကနေ့လည်းမဟုတ်ဘူး။ မနက်ဖြန်လည်း မဟုတ်ဘုး။ မလုပ်ဘူး။ အဲဒါနဲ့ပတ်သက် လို့ ကင်းပါတယ်။
ဆရာအထိန်းအသိမ်းခံရတုန်းက လူတွေ က ပြောကြတယ်ပေါ့ဆရာ။ မင်းသိင်္ခက ကိုယ့်ဘာသာကိုယ်ပြန်တွက်မကြည့်ဘူးလား၊ ကိုယ့်ယတြာ ကိုယ်မချေဘူးလားတဲ့။ အဲဒီ လိုပြော ကြပါတယ်ဆရာ။ ဆရာလည်းကြားလိမ့်မယ် ထင်ပါတယ်။ အဲဒီ အပေါ်မှာ သဘောထား သိပါရစေ ဆရာ။
အချို့ကိစ္စတွေ တွက်လို့သိပေမယ့်လည်း လုပ်မိတဲ့ကိစ္စရှိမှာ ပေါ့။ ဥပမာ ဒါဝေးပါတယ် နိုင်ငံရေး ။ ကိုယ်က အိမ်ထောင်ရေး အကျိုးမပေးဘူးလို့ ကိုယ့်ဟာကိုယ်သိပြီးသား။ ဒါပေမဲ့ ကိုယ် အိမ်ထောင်မပြုဘဲ မနေနိုင်လို့ ပြုလိုက်တယ်လေ။ အဲဒါ ဘယ်နှယ်လုပ်မလဲ။ အချို့ကိစ္စတွေ က ယတြာချေလို့ရတယ်။ အချို့ကိစ္စက ယတြာချေလို့မရဘူး။ အဲဒါ အဲလိုပဲ နားလည်ပါတယ်။
အချို့က မင်းသိင်္ခတပည့်လို့ အပြောမခံချင်ကြဘူးပေါ့ဆရာ။ ဆရာ့ကို ဆရာမ တင် ချင်ဘူးပေါ့နော်။ အဲသည့်လူတွေ နဲ့ပတ်သက်လို့ ဆရာသုံးသပ်ပေးစေချင်ပါတယ်။ တပည့်ခံတုန်းက ခံပြီး ဘာကြောင့် အခုမှငြင်းနေရတယ်ဆိုတာ..။
အဲဒါက ကိုယ်သုံးသပ်ရမယ့် ပြဿနာမဟုတ်ဘူး။ သူသုံးသပ်ရမယ့်ပြဿနာ။ ကိုရင်က ကိုယ့်ဆီမှာ ပညာသင်တယ်။ တကယ်လည်းသင်ခဲ့တယ်။ အဲဒီ သင်ခဲ့တဲ့ပညာကလည်း ဗေဒင်ပညာ၊ ဂမ္ဘီရပညာဆိုကြပါစို့ရယ်။ အဲဒါ ကိုယ်တို့နှစ် ယောက် တည်း။ ဒီလိုကြိတ်သင်လို့မရဘူး။ အစောင့်အရှောက် Helper တွေ သိတယ်။ ကိုရင်မပြောခဲ့တဲ့ကိစ္စအတွက် တစ်နေ့ အပြစ်ပေးခံရ လိမ့်မယ်။
ဆရာရော ဗေဒင် လက္ခဏာတွေ ကို တကယ်ယုံကြည်ပါသလား ဆရာ။
ယုံကြည်ပါတယ်။
မဂ္ဂဇင်း၊ ဂျာနယ် တော် တော် များများ မှာ ဆရာ့ရဲ့ ဟောစာတမ်းတွေ ကို တွေ့ နေရပါတယ် ဆရာ။ ကွဲလွဲချက်တွေ ကိုလည်း တွေ့ ရတာ ပေါ့ဆရာရယ်။ အခြားဆရာများ ရဲ့ ဟောစာတမ်းများ နဲ့ လည်း ကွဲလွဲချက်ရှိနေပါတယ်ဆရာ။ အဲသည်အပေါ်မှာ စာဖတ်ပရိသတ်များ အနေနဲ့ ဘာကိုယုံလို့ ပုံကြရမလဲ ဆရာ။
အမှန်အတိုင်းပြောရရင်တော့ ကိုယ့်ဟောစာတမ်းကို ယုံလို့ ပြောရမှာ ပေါ့။
ဆရာခင်ဗျား။ ဆရာ့တပည့်များ က ဆရာကို ”အဘ ဆရာကြီး ” ဆိုပြီး ရိုသေလေးစား ကိုးကွယ်နေချိန်မှာ ဆရာ့ကို မရိုမသေမလေးမစား ဆက်ဆံတဲ့သူနဲ့တွေ့ ရင် ဆရာ ဘယ်လို သဘောထားပါသလဲ ဆရာ။
ကိုယ် ကတော့ တပည့်တွေ က ကိုယ့်ကိုလေးစားသည် ဖြစ်စေ၊ မလေးစားသည် ဖြစ်စေ ဒါ ကိုယ့်အပိုင်းပေါ့။ မရိုမသေလာဆက်ဆံရင်တော့ သည်းမခံဘူးလေ။ ကိုယ့်ဟာကိုယ်နေတာလေ။ ကိုယ်က အဝေးကြီးပဲ တောထဲမှာ ။ လာရမှာ က ၃၁ မိုင်။ ဒီထဲကို တစ်မိုင်ခွဲဝင်ရမယ်။ သီးခြားကင်း လွတ်နေရာကို တကူးတကကြီး လာစော်ကားလို့ ကတော့ ဘယ်လိုလုပ်ခံမလဲ။ ခံဖို့မရှိပါဘူး။ စော်ကားတယ်။ ဘီယာဆိုင်မှာ တွေ့ တယ်။ စော်ကားတယ်။ ရတယ်လေ။ ကိုယ်ကသွားတာကိုး။ ကိုယ်ကမသွားဘူး။ ကိုယ့်ဟာကိုယ်ကင်းလွတ်အောင်နေတာ။ တကူးတကကြီးလာပြီးတော့ ဘာလဲညာလဲ လာစော်ကားလို့ ကတော့ ဘယ်ခံမလဲ။ ခံဖို့လမ်း မရှိဘူး။
ဆရာက ဆရာသမားတွေ ကို သံယောဇဉ်ထားတယ်။ ရဲဘော်ရဲဘက်စိတ်ရှိတယ်လို့ ကြားရပါတယ်ဆရာ။ စာလာရေး ချင်တဲ့သူတွေ ကိုလည်း တံခါးဖွင့်ထားတယ်လို့ သိရပါတယ်ဆရာ။ အဲဒီ အပေါ်မှာ ခုတုံးလုပ်အမြတ်ထုတ်တဲ့သူတွေ တွေ့ ရင်ကော ဆရာဘယ်လို သဘောထားမလဲ။
ကိုယ့်ကိုဘယ်လိုမှ သူ ခုတုံးလုပ်လို့မရဘူး။ သူ့ကို ထမင်းကျွေးမှာ ၊ နေရာပေးမှာ ၊ လက်ဖက်ရည်တိုက်မှာ ။ သူ ဘယ်နားမှာ အမြတ်ထုတ်မှာ လဲ။ ထုတ်လို့ကို မရဘူး။
ဆရာ့ရဲ့ ဝတ္တုတွေ နဲ့ပတ်သက်လို့ ဘယ်ဝတ္တု ကတော့ဖြင့် ဘယ်ဟာက မှီးထားတယ်၊ ဘယ်ဝတ္တု ကတော့ ဘယ်သူ့ဆီက ယူထားတယ် စသဖြင့် ဝေဖန်မှု တွေ ဆရာလည်း ကြားနေလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီ ဝေဖန်ရေး တွေ အပေါ်မှာ ဆရာ့ရဲ့ သဘောထား သိပါရစေ။
မှီးတန် မှီးရမှာ ပေါ့။ ယူတန်ယူရမှာ ပေါ့။ ကောင်းတာပဲ။ အရင်တုန်းကဆို ပေါ်တင်တောင် ရေး တယ်။ ဒါ ဘယ်ဝတ္တုကိုယူရေး တာ။ ဒီနေရာလေး ခံစားလို့ရေး တာ။ အဲဒါလည်း ပြောပြီးသားပဲ။ ဒါ ဘာမှမ ဖြစ်ပါဘူး။
ဆရာ့အသက် ဘယ်လောက်မှာ သေမယ်လို့ တွက်ချက်ပါသလဲ ဆရာ။
၇၆။
ဆရာသေရင် ဆရာ့ရဲ့ “အယူတော် မင်္ဂလာခြံကြီး” ကို ဘာလုပ်ခဲ့မလဲဆရာ။ ပြီးတော့ မင်းသိင်္ခဖောင်ဒေးရှင်း” ဆိုတာမျိုး “မင်းသိင်္ခစာပေဆု” ဆိုတာမျိုး၊ “မင်းသိင်္ခဗေဒင်ပညာသင်ဆု” ဆိုတာမျိုးကော လုပ်ဖို့ရှိပါသလား ဆရာ။
အဲဒီ ဆုတွေ တော့ မလုပ်ခဲ့ဘူး။ ကိုယ်ရှိနေတုန်း ပြဿနာမရှိပေမဲ့ ကိုယ်မရှိတဲ့အခါ ဒီဆုတွေ က ပရမ်းပတာ ဖြစ်သွားမယ်။ မလုပ်ဘူ။ ဖောင်ဒေးရှင်းလည်းမလုပ်ဘူး။ ဒီခြံကြီးကို ကိုယ့်တပည့်တွေ ၊ တာဝန်ရှိတဲ့တပည့်တွေ အချို့ကို လွှဲထားပြီးပါပြီ။ နောက်ပြီးတော့ ဒီမှာ လုပ်ချင်တာက လက်ပုံစံအမျိုးမျိုး၊ မုဒြာအမျိုးမျိုးနဲ့ ဘုရားဆင်းတုတော် ထားခဲ့ချင်တယ်။ အဲဒီ အတွက် တအားကြိုးစားနေတယ်။ ဒါပါပဲ။ မုဒြာပထမ ၁၀၈ မျိုးပုံစံတွေ တစ်နေရာတည်း၊ တစ်စုတဝေးတည်း မုဒြာတွေ အမျိုးမျိုးတွေ့ ရအောင် လက်ပုံစံတွေ စုနေပါတယ်။ ရတာ နဲ့ အရုပ်တွေ ထုမယ်။ ထုပြီးတော့ ဒီမှာ ပန်းခြံလိုမျိုးပဲ ဘုရားဖူးလို့လည်းရအောင် ထားပေးမယ်။ ဒါပါပဲ။ ကိုယ်ရှာလို့ရတာ အဲဒီ အထဲပဲ ထည့်လိုက်မှာ ပါ။
ဆရာ့လက်ရှိအနေအထားမှာ ဘာကြောင့် ကျေနပ်နေပါသလဲဆရာ။ ရှေ့ကိုဆက်ပြီး ဆရာ့အနေနဲ့ လုပ်စရာတွေ အများ ကြီးရှိလိမ့်မယ်လို့ ထင်ပါတယ်ဆရာ။
ကျေနပ်နေတာတော့မဟုတ်ဘူး။ လုပ်စရာရှိတာတွေ ကလည်း ကိုယ်ရနေတဲ့အချိန်နဲ့ မလုံလောက်ဘူး။ လုပ်နိုင်သလောက် ကိုယ်လုပ်နေတယ်။ ဒါပဲ။ ကျေနပ်တာတော့လည်း မဟုတ်ဘူး။ အချို့ကလည်း လုပ်ချင်သော်လည်းပဲ မလုပ်နိုင်တာတွေ ဖြစ်နေတာပေါ့။
ဆရာ ဘာကြောင့် လက်ရှိအနေအထားမှာ ရပ်နေတယ်ဆိုတာလေး သိပါရစေ ဆရာ။
လက်ရှိအနေအထားလောက်ပဲ ကိုယ်ကလုပ်နိုင်သေးတာကိုး။ ဒီထက်တိုးပြီး လုပ်နိုင်ဖို့ ဆိုတာ အင်အားတွေ အများ ကြီးလိုတယ်။ ကျန်းမာရေး က အဓိကလိုတယ်။ အဲဒါကြောင့် မလုပ်ဘဲ ရပ်နေရတာ ။
ဆရာ့ရဲ့ ဂန္ဓာရီခရီးလှည့်လည်မှု ကို အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါသလား ဆရာ။ နောက်ထပ် အဲဒီ လို ဂန္ဓာရီခရီးထွက်ဖို့ရော အစီအစဉ်ရှိပါသလား ဆရာ။
နောက်ထပ် ဂန္ဓာရီထွက်ဖို့ မရှိဘူး။ မအောင်မြင်ဘူး။ တစ်ဝက်တစ်ပြက်နဲ့ ကျန်းမာရေး ကြောင့် ပြန်လာရတယ်။ မှော်ဘီမှာ ဆက်လုပ် တယ်။ ပြီး သွားပါတယ်။အဲဒီ တော့ ခရီးအပေါ်မှာ မအောင်မြင်ပေမဲ့ အဲဒီ လုပ်ငန်း အဆုံးသတ်ခဲ့တယ်။ အလုပ်အနေနဲ့ အောင်မြင်ပါတယ်။
ဆရာ့ဆီမှာ ယတြာလာချေနေကြတဲ့သူတွေ အများ ကြီးတွေ့ ရပါတယ်။ ယတြာချေတယ် ဆိုတာ လူတွေ ကို ဖြေသိမ့်မှု တစ်ခုပေးလိုက် တာမျိုးပဲလား။
ယကြာပညာအကြောင်းပြောရရင် အရှည်ကြီးပဲ ဖြစ်နေလိမ့်မယ်။ ဖြေသိမ့်မှု တစ်ခုတင် မဟုတ်ဘူး။ ပြေပျောက်သွားတာပေါ့။ ၁၀ ယောက် မှာ ၇ ယောက် ပြေပျောက်သွားတယ်။ ကျန် ၃ ယောက် ကတော့ လွဲချော်တာ ရှိကောင်းရှိမယ်။ သို့ သော်လည်းပဲ အဲဒီ ၃ ယောက် လည်း နောက်ထပ်လာလုပ်ရင်၊ လုပ်ပေးလိုက် ရင် သူတို့ကိစ္စတွေ ပြီးသွားတာများ တယ်။ ပြီးနိုင်တဲ့ ကိစ္စပေါ့။ မဟုတ်ဘူးလား။ မပြီးနိုင်တဲ့ကိစ္စမျိုး၊ ကိုယ်လုပ်လို့မရတဲ့ကိစ္စမျိုးလည်းရှိမှာ ပေါ့။
ဟိုတစ်လောက ထွဏ်းလွင်အောင်ကို ဆားပုလင်းနှင်းမောင်စရိုက်တွေ သင်ပေးမယ်ဆိုပြီး ဆရာခေါ်ထားတယ်လို့ ကြားလိုက်ရပါတယ်ဆရာ။ ထွဏ်းလွင်အောင်ဟာ ဆားပုလင်းနှင်းမောင် ဖြစ်နိုင်ပါ့မလား ဆရာ။
ဟိုမင်းသားလား။ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်။
ဆရာ့ရဲ့ ဝတ္တုတွေ ကို အဟောင်းပြန်ထုတ်တဲ့အခါ ခေတ်နဲ့အံဝင်အောင် ပြုပြင်ပြောင်း လဲမှု တွေ လုပ်လေ့ရှိပါသလား ဆရာ။
မရှိပါဘူး။ ဒီအတိုင်းပဲ ပြန်ထုတ်ပါတယ်။
ဆရာ ဗေဒင်သင်ချင်တဲ့သူတွေ ကို အလွှာမရွေး၊ လူတန်းစားမရွေး အခမဲ့သင်ပေးနေတယ် ဆိုတာဟာ မင်းသိင်္ခကွန်ရက်ကို ဖြန့်ကြက်ချင်တဲ့သဘောများ လား ဆရာ။
တစ်ခါမှ အဲဓီစေတနာမှရိပါဘူး။ တတ်စေချင်တာပဲ ရှိပါတယ်။ ကွန်ရက်ဖြန့်ကျက်ပြီး ကိုယ်ကဘာလုပ်မှာ လဲ။ လူတွေ အများ ကြီးစုပြီး ဘာလုပ်ဖို့ရှိလို့လဲ။ ဘာမှမလုပ်ဘူး။
မင်းသိင်္ခဆီမှာ တပည့်ခံထားတဲ့သူတွေ က မင်းသိင်္ခရဲ့ အရှိန်အဝါကိုအသုံးချပြီး စာရေး ဆရာ ဖြစ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့အသံတွေ နဲ့ ပတ်သက်လို့ရော ဆရာဘယ်လိုသဘော ထားပါသလဲ ဆရာ။
ကိုယ် ကတော့ မင်းသိင်္ခရဲ့ အရှိန်အဝါနဲ့ပဲ ကြိုးပမ်းကြိုးပမ်း၊ ဘယ်သူ့ရဲ့ အရှိန်အဝါနဲ့ပဲ ကြိုးပမ်းကြိုးပမ်း။ စာရေး ဆရာ ဖြစ်အောင်ကြိုးပမ်းနေတဲ့သူတွေ ကို ထောက်ခံတယ်။
ဆရာ့ရဲ့ ဗေဒင်ဟောစာတမ်းတွေ က ပုံသေနည်းဆန်နေတယ်လို့ သုံးသပ်နေကြမှု အပေါ် ဆရာဘာများ ပြောလိုပါသလဲ ဆရာ။
အဲဒီ ပုံသေနည်းတွေ နဲ့မှန်လို့ ဒီမှာ လက်မလည်ဘူး။ လုပ်ပေးနေရတာ ။အဲဒီ အတိုင်းမှန်တယ်။ ပြင်ဖို့စိတ်မကူးသေးပါဘူး။ တစ်ဦးချင်းဟောတာ မဟုတ်တဲ့အတွက် တချို့ဟာက ပုံသေဆန် ကောင်းဆန်မယ်။ သို့ သော်လည်းပဲ လူများ လာတဲ့အခါမှာ အဲဒီ နည်းစနစ် မသုံးလို့ မရကိုမရဘူး။ ဒါပေမဲ့ သူ့အတွက် အကျိုးရှိဖို့ အရေး ကြီးပါတယ်။
ဆရာမင်းသိင်္ခရွေးပေးတဲ့နာမည် တွေ နဲ့ပတ်သက်လို့ အောင်မြင်တဲ့သူတွေ ရှိသလို ဘယ်လိုမှ အရာမဝင်တဲ့ သူတွေ လည်း အများ ကြီးရှိနေတဲ့အပေါ်မှာ ဆရာ့ရဲ့ အမြင်လေး နာကြားခွင့်ပြုပါ ဆရာ။
ဒီလိုလေ။ အောင်မြင်တယ်ဆိုတာ နာမည် တစ်ခုတည်းမဟုတ်ဘူး။ သူ့ပင်ကိုအရည်အချင်း လည်း လိုသေးတာကိုး။ မဟုတ်ဘူးလား။ ဘယ်လိုမှမ ဖြစ်နိုင်တဲ့ ကျောက်ခဲတစ်လုံးကို စိန် ဖြစ်အောင်တော့ ကိုယ်လည်းမသွေးနိုင်ပါဘူး။ စိန် ဖြစ်မယ့် စိန်ရိုင်းတုံးကိုတော့ ကိုယ်သွေးနိုင်ပါ တယ်။ နာမည် တစ်ခုတည်းနဲ့ အောင်မြင်တာမဟုတ်ပါဘူး။ ကိုယ်က နာမည် ပဲတပ်တာ ကျန်တာက သူလုပ်ရမှာ လေ။ သူမလုပ်နိုင်တာကို နာမည် ကိုအပြစ်တင်လို့တော့ မရဘူး။
ဆရာမင်းသိင်္ခခင်ဗျား။ မြန်မာပြည်က ကုမ္ပဏီတစ်ခု တင်ထားတဲ့ အင်တာနက်ဝက်ဘ် ဆိုက်ဒ်ထဲမှာ ဆရာ့ရဲ့ ဓာတ်ပုံနဲ့တကွ ဟောစာတမ်းဆိုပြီး တင်ထားတာတွေ့ ရပါတယ်။ ဆရာနဲ့အရင်က အလုပ်လုပ်ခဲ့ဖူးတဲ့ စာပေတိုက်တစ်ခုရဲ့ အသိုင်းအဝိုင်းကပဲ။ ခုနှစ် ရက် သားသမီးများ ရဲ့ ဟောစာတမ်းဆိုပေမယ့် ဝင်ကြည့်တဲ့အခါမှာ တစ်ခုတည်း အတူတူ ဖြစ်နေပါ တယ်။ အဲဒီ ကိစ္စ ဆရာမင်းသိင်္ခအနေနဲ့ ဘာများ ပြောလိုပါသလဲ ခင်ဗျာ။
အဲဒါက စမ်းသပ်နေဆဲပါပဲ။ အားလုံးပြည့်စုံအောင် မလုပ်ရသေးပါဘူး။
ဆရာမင်းသိင်္ခခင်ဗျာ။ အပြင်မှာ ဆရာမင်းသိင်္ခရဲ့ သားမြေးတပည့်ဆိုပြီးသော် လည်းကောင်း၊ ဧကံသ Logo ကိုအသုံးပြုပြီးတော့သော်လည်းကောင်း မြန်မာပြည်အနှံ့အပြားမှာ ဗေဒင်ဆိုင်းဘုတ်တွေ တွေ့ ရှိနေရမှု အပေါ် ဆရာမင်းသိင်္ခရဲ့ ခွင့်ပြုချက် ရယူနေကြသလားဆိုတာ သိပါရစေ။
ကျွန်တော် တို့ အတည်ပြုထားတာလည်းရှိတယ်။ အတည်မပြုဘဲ ကိုယ့်ဟာကိုယ် ကောက်တပ်နေတာလည်းရှိတယ်။ တစ်ခါတလေ ဗေဒင်လာသင်ပြီးတော့ သင်ပြီးရုံနဲ့ သူက ဆိုင်ဖွင့်လို့မရဘူး။ အတည်မပြုဘူးပေါ့နော်။ ဆိုင်ဖွင့်ခွင့်လာတောင်းရဦးမယ်။ အဲဒီ လာမတောင်း ဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် တင်တာတွေ လည်း ရှိပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့မှာ တော့ ကိုယ်တို့ စိစစ်ပါတယ်။ ကိုယ့်ခွင့်ပြုချက်နဲ့ တင်တာပါ။ နယ်မှာ ကျတော့ လိုက်စိစစ်လို့မရဘူး။ သင်ဖူးတယ်။ တပည့်တော့ ဖြစ်ဖူးတယ်။ သို့ သော် ဆိုင်ဖွင့်ခွင့်ကို ကိုယ်က သီးခြားထပ်ပြီးတော့ စစ်ဆေး သေးတာကိုး။ အဲဒါ လာအစစ်မခံဘဲနဲ့ ဖွင့်တာတွေ လည်းရှိတယ်။ ဒါတွေ နောက် ဂျာနယ်ကနေ ပြန်ခေါ်ပြီး လုပ်ပစ်လိုက်ဦးမှာ ပါ။
ဆရာခင်ဗျား။ ကာလတစ်ခု ရန်ကုန်တာမွေလေးမှာ စာပေဟောပြောပွဲလုပ်တဲ့အခါ ဆရာ့ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ အဲဒီ တုန်းက ဆရာ့ကိုမေးခွန်းများ မေးမြန်းရာမှာ စာရေး ချင်ရင် ပါးစပ်ကရွတ်ပြီးသာရေး ။ ဥပမာ-တစ်နေ့သ၌ ကျွန်ုပ်သည် ဆိုပြီး ရွတ်သာရေး လိုက်။ လွယ်လွယ် လေးပဲလို့ ဆရာဖြေကြားခဲ့ဖူးပါတယ်။ အခု ဆရာ့ရဲ့ အဲဒီ စာရေး နည်းဟာ တကယ်ပဲ ထိရောက်အသုံးဝင်တယ်လို့ ယူဆပါသလား။
ယူဆပါတယ်။ အဲဒါပဲရေး နေတာ။ ဒီလိုပဲရေး နေတာပဲ။ နောက်လည်း ဒီလိုပဲရေး ဦးမှာ ပဲ။
ဆရာ့ရဲ့ စာတွေ နာမည် ကြီးခဲ့တဲ့အချိန်က ဆရာနဲ့ပုံစံတူ လိုက်လံတုပရေး ခဲ့သူတွေ အများ ကြီးရှိခဲ့ဖူးပါတယ်။ နာမည် နဲ့တော့ ထုတ်မပြောလိုတော့ပါဘူး။ သို့ သော် ကနေ့ ဆရာ့စာတွေ တစ်ကျော့ပြန် နာမည် ရလာချိန်မှာ အဲ့သည့်ဆရာတွေ ရဲ့ ဝတ္တုတွေ ဟာ နေရာပြန်မရခြင်း အကြောင်းရင်းက ဘာကြောင့် လို့ထင်ပါသလဲ ဆရာ။
အဓိက ကတော့ စေတနာပဲ။ စာဖတ်သူအပေါ်မှာ ကိုယ်က စေတနာအတော် ထားပါတယ်။ အဲဒီ ပြန်မရတဲ့ လူက စေတနာထားတာမဟုတ်ဘူး။ ဒီလိုလုပ်ရင် စာမူခရမယ်။ ပိုက်ဆံရမယ်ဆိုတဲ့ အပေါ်မှာ လုပ်တဲ့အတွက် စာဖတ်သူတွေ ရဲ့ တုံ့ပြန်မှု ပါပဲ။ နောက်ထပ်လည်းပဲ စေတနာထား နေဦးရင် နေရာရမှု တွေ ရှိနေဦးမှာ ပဲ။ ဒါပါပဲ။ စေတနာနဲ့ဆိုင်ပါတယ်။
ဆရာခင်ဗျား။ “မင်းသိင်္ခ” ဆိုတဲ့ နာမည် ကိုက ကောင်းစရာရှိရင် အရမ်းကောင်းပြီး ဆိုးစရာရှိရင် အရမ်းဆိုးတယ်လို့ ဝေဖန်သုံးသပ်ကြမှု အပေါ်မှာ ဆရာဘာများ ပြောလိုပါသလဲ ခင်ဗျာ။
မဟုတ်ပါဘူး။ အဲ့သည့်လို ကောင်းစရာရှိလည်း အရမ်းမကောင်းခဲ့သေးဘူး။ ဆိုးစရာရှိ လည်း သိပ်တော့မဆိုးသေးဘူး။ သက်သာပါတယ်။ အများ သူငါ နာမည် လိုပါပဲ။ ဒီလောက်ကြီး မဟုတ်ပါဘူး။ ဒီနာမည် ရဲ့ ဂုဏ်သတ္တိ အဲဒီ လောက် မရှိပါဘူး။ ဒါပေမဲ့ ကိုယ်တတ်တဲ့ ဗေဒင်နည်းနဲ့ ကိုက်အောင်မှည့်ထားတာ။ ကိုက်တယ်။
ဆရာခင်ဗျာ။ ယတြာဆိုတာ ချေရင် တကယ်ကြေတတ်တဲ့အမျိုးလား။ ဆရာ့ဆီမှာ တစ်နေ့ တစ်နေ့ ယတြာလာချေနေကြတဲ့သူတွေ နေ့စဉ်တွေ့ နေရပါတယ်။ သူတို့တွေ ဟာ ဆရာ့ဆီက ဘာများ မျှော်လင့်ပြီး ရောက်လာနေကြပါသလဲ ဆရာ။
အဲဒီ ဟာပဲ မျှော်လင့်တာပဲ။ ယတြာချေလိုက်ရင် သူတို့ရဲ့ အခက်အခဲတွေ ပြေပျောက်သွားမယ်လို့ ပထမချေပြီးတဲ့လူက ဒုတိယချေမယ့်လူကိုပြောတယ်။ ငါ့တုန်းက အဲဒီ လိုသွားလိုက်တာ အဲဒီ လို ဖြစ်တယ်ဟေ့လို့ပြောပြီးတော့။ ကိုယ်က သတင်းစာထဲ ကြော်ငြာ ထည့်တာမှမဟုတ်ဘဲ။ အဲလိုနဲ့လာကြတာပါ။ ဘာမှ မျှော်လင့်မှာ မဟုတ်ဘူး။ ယတြာပဲ မျှော်လင့် မှာ ပါ။
ဆရာခင်ဗျာ။ ရန်ကုန်၊ ပုဇွန်တောင်ရွှေဘုန်းပွင့်ဘုရားမှာ တန်ဆောင်မုန်းလပြည့်ရောက်ရင် ဆရာ့တပည့်တွေ အခမဲ့ ဗေဒင်ဟောပြောပေးနေမှု ဟာ ဘယ်လိုရည်ရွယ်ချက်များ လဲခင်ဗျာ။ အင်အားပြတဲ့ သဘောတော့ မဟုတ်ဘူးထင်ပါတယ်နော်။
မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း ပြစရာမရှိဘူး။ အင်အားလည်းမဟုတ် ဘူး။ အဲဒီ လူတွေ က ဟောပြီး ပြန်သွားတာ။ ဘယ်နားမှာ အင်အား ဖြစ်မှာ လဲ။ နောက် ဗေဒင်ဆရာရဲ့ အင်အားဟာလည်း ဘယ်နားသွားပြီး ဘာလုပ်လို့ရမှာ လဲ။ အဲဒီ ရည်ရွယ်ချက်တော့ မဟုတ်ဘူး။ အဲဒီ မေးခွန်း ရုပ်သိမ်းပေးပါ။ ဟုတ်မှမဟုတ်ဘဲ။
ဆရာ့အဖေက ပန်းချီပညာရှင်ကြီးတစ်ဦး ဖြစ်ခဲ့ပေမယ့် ဆရာက ဘာကြောင့် ပန်းချီဆရာ မ ဖြစ်ခဲ့သလဲ ဆရာ။
ကျွန်တော့် အဖေက ပန်းချီဆရာ။ သူပန်းချီဆွဲတာကို ကျွန်တော် ကြည့်ခွင့်တောင်မှ ကျွန်တော့် ဘဝပေးအခြေအနေအရ အဲဒီ အချိန်က ကျွန်တော် လှုပ်ရှားရုန်းကန်နေရတယ်။ ကျွန်တော် သိတတ်တဲ့အချိန်မှာ ကျွန်တော့် ဘဝ အရမ်းလှုပ်ရှားရုန်းကန်နေရတယ်။ အဲဒီ ပညာ ကျွန်တော် သင်ခွင့်မရဘူး။ အဲဒီ အတွက် ကျွန်တော် ပန်းချီဆရာ မ ဖြစ်ဘူးပေါ့။ ဒါပေမဲ့ ပန်းချီကို စိတ်ဝင်စားတယ်။ ပန်းချီဆရာတော့ မ ဖြစ်ဘူး။ နည်းနည်း အသက်ရှည်ဦးမယ်ဆိုရင်တော့ နည်းနည်း ကြိုးစားကြည့်ဦးမယ်လို့ စိတ်ကူးပါတယ်။
ဆရာ့ညီ တစ်ယောက် လည်း ဝတ္တုရေး ခဲ့ဖူးပါတယ်။ သူက ဆရာ့လိုဘာကြောင့် မ ဖြစ်တာလဲ။ အဲဒါတွေ က ဘာနဲ့ဆိုင်မလဲဆရာ။ ဥပမာ- အဲဒီ ဆရာရေး တဲ့ဝတ္တုရဲ့ မျက်နှာဖုံးမှာ မင်းသိင်္ခရဲ့ ညီ အရင်းခေါက်ခေါက်ဆိုပြီး ထည့်သွင်းပုံနှိပ်လိုက်ရင် သူ့စာအုပ်တွေ ရောင်းကောင်း မယ်လို့ ထင်ပါသလား ဆရာ။
အဲလိုမျိုး မဆိုင်ဘူးထင်တယ်။ အဲလိုနဲ့ မဆိုင်ဘူး။
အချို့က ဆရာ ဘယ်စာရေး ဆရာရဲ့ တပည့်တို့၊ ညီမတို့ အဲလိုတပ်ကြတယ်မဟုတ်လား။ ရောင်းရတယ်လေ။
အဲလိုလုပ်လို့မရဘူးထင်တယ်။ အဲဒီ လူက အဲဒီ လိုလုပ်ပေးလို့မှ မရဘဲ။ ဘာလို့လဲဆိုတော့ အဲဒီ လူက ဒီလောက်ကြီးရှိနေပြီ။ ဒီကနေ ဟိုသွားတာတောင် တွဲ နေရတယ်။ စာလည်းမရေး နိုင်တော့ဘူး။ ဝင်းမင်းထွန်းကို ပြောတာလားမသိဘူး။
ဆရာ့ရဲ့ မရမ်းတလင်းအယူတော် မင်္ဂလာခြံထဲမှာ ရုပ်ရှင်၊ ဗီဒီယိုတွေ ကန်တော့ပွဲပေးကြတာ တွေ့ နေရပါတယ် ဆရာ။ အဲ့ ကန်တော့ပွဲတစ်ခုမှာ တော့ မင်းသမီးတစ်လက်နဲ့ မပြေမလည် ဖြစ်ခဲ့ကြတယ်လို့သိခဲ့ရပါတယ် ဆရာ။ အဲဒီ အပေါ်မှာ ဆရာ့အမြင်သုံးသပ်ချက်ကလေး သိပါရစေဆရာ။ တချို့က ဆရာ့ဝတ္တုကို ရုပ်ရှင်၊ ဗီဒီယို ရိုက်ရာမှာ ပါဝင်သရုပ်ဆောင်ဖို့တော့ လက်ခံပါတယ်။ ဒါပေမဲ့ အဲသည်လိုတွေ ယတြာချေရမှာ တို့၊ ဘာတို့ကို မလုပ်ချင်ကြဘူးဆိုရင်ရော ဆရာ ဘယ်လိုသဘောထားမှာ လဲ ဆရာ။
မချေနဲ့ပေါ့။ ကိုယ်က အလကားလုပ်ပေးတာပဲ။ ပိုက်ဆံလည်းမယူဘူး။ ထမင်းလည်း ကျွေးတယ်။ ကုမ္ပဏီက တစ်ခါတလေ ပေးချင်မှပေးတာ။ မပေးလည်း ကိစ္စမရှိပါဘူး။ ကိုယ်က ဒီကဧည့်ခံတာပါ။ ကိုယ်တို့တတ်တဲ့ပညာနဲ့ ဧည့်ဝတ်ပြုတာ။ မလုပ်ဘူးဆိုလည်းရပါတယ်။ လုပ်ချင်ကြပါတယ်။ အများ စုက ကိုယ်သိသလောက် ကတော့ လုပ်ချင်လို့လာတာပါပဲ။
(အမှတ် ၂၅၊ သြဂုတ် ၂၀၀၃)
သခင်အောင်ကြီး | မေးခွန်း တစ်ထောင် | လျှပ်တစ်ပြက် အယုဒ္ဓယ |