''စာအုပ်တွေ ရမယ်၊ စာအုပ်တွေ ရမယ်''
ဒါဟာ မင်းချမ်းငြိမ် အသံပါ။
ကင်တင်းမှာ စာအုပ် တပွေ့တပိုက်နှင့် လိုက်အော်နေခြင်း ဖြစ်သည်။
''စာအုပ်တွေရမယ်၊ စာအုပ်တွေရမယ်''
''ဘာစာအုပ်တွေလဲ''
နီးစပ်ရာတစ်ယောက်က လှမ်းအော်မေးသည်။
အခြားသူများ က မေးချင်သော်လည်း မင်းချမ်းငြိမ်အကြောင်း သိ၍ မမေးကြခြင်းဖြစ်သည်။
''မင်းနာမည် ဘယ်သူတုံး''
မင်းချမ်းငြိမ်က ခပ်တည်တည်နဲ့ ပြန်မေးသည်။
''အာ... မင်းက ငါ့နာမည်တောင် မသိတော့ဘူးလား''
မေးတဲ့သူက စိတ်ညစ်သွားပုံရပြီး ပြန်ပြောသည်။
''အေး... သိတော့ သိတာပေါ့၊ ကင်တင်းက မသိသေးတဲ့ လူတွေသိအောင် မေးနေရတာ ''
''လှသိန်းဆွေကွ၊ လှသိန်းဆွေ''
''သြော်... အေး၊ ခဏလေး''
မင်းချမ်းငြိမ်က သူ့လက်ထဲရှိ စာအုပ်များ မှ တစ်အုပ်ကိုယူပြီး စာမျက်နှာအချို့ကို လှန်လိုက်သည်။
အားလုံးက စိတ်ဝင်တစားနဲ့ ကြည့်နေကြသည်။
လှမ်းစပ်စုသော လှသိန်းဆွေပင် ဘာတုန်းဟဆိုသည့်အကြည့် ဖြင့် မျက်မှော င်ကြုတ်ကြည့်နေရသည်။
''လှသိန်းဆွေ... လှသိန်းဆွေ... အင်း... တွေ့ပြီ''
မင်းချမ်းငြိမ်က တွေ့ပြီဆို၍ လှသိန်းဆွေလည်း တွန့်သွား ပြီး-
''ဘာ... ဘာတွေ့တာလဲ''
''အေးပါ၊ ငါဖတ်ပြပါမယ်၊ နားထောင်... အမည် လှသိန်း ဆွေ၊ အဖအမည် ဦးရာဇာဆွေဝင်း၊ အမိ ဒေါ်မိမိဆွေဝင်း၊ မွေးချင်း ညီတစ်ယောက်၊ မေဂျာ ရူပဗေဒ၊ ရည်စား မရှိ၊ ဖြစ်လာနိုင်သော ရည်းစားမှာ လက်ရှိစိတ်ဝင်စားနေသော မြင့်သီရိနှင့် ရည်စား မဖြစ်နိုင်၊ သူငယ်ချင်းဖြစ်သူ တင်မေဝင်းနှင့် ရည်စားဖြစ်နိုင်ချေ ၇၅% ရှိနေသည်''
''ဟင်''
''ဟ... ဘာတုန်းဟ''
လှသိန်းဆွေအပြင် ဘေးနားကလူများ ပင် တအံ့တသြဖြစ်သွား ကြပြီး-
''မင်းချမ်းငြိမ်... မင်းဟာက ဘာစာအုပ်ကြီးလဲ''
''ဖြစ်လာနိုင်သည့် ရည်းစားများ အား စိစစ်သုံးသပ်ထားတဲ့ စာအုပ်''
''အလဲ့ တယ်ဟုတ်ပါလား''
တော်တော်သဘောကျသွားသည်။
''ကျောင်းကလူတွေအားလုံး ပါတာလား''
''လက်ရှိ ရည်းစားမရှိသေးတဲ့လူတွေ အားလုံးပါတယ်''
ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကင်တင်းအတွင်းရှိ ရည်စားမရှိသေးသော ပုရိသအားလုံးမှာ စိတ်ဝင်စားသွားကြလေ သည်။
''ဟေ့ကောင် မင်းချမ်းငြိမ် ငါရောပါလား''
ကင်တင်းထဲကတစ်ယောက်က ထအော်ပြန်သည်။
''အံ့မယ် ဘယ်သူတုံး၊ နိုင်ဝင်းအောင် ပိန်ရှည်ပါလား... အေး... မင်းလည်းပါတယ်''
''ဟာ... ဒါဆို ငါရော ဘယ်သူနဲ့ လဲ''
''သိချင် ဝယ်ဖတ်လေ''
နိုင်ဝင်းအောင် ငြိမ်သွားသည်။ မင်းချမ်းငြိမ်ကတော့ ခပ် တည်တည်ပါပဲ...။
နောက်ဆုံး ကိုယ့်နာမည် ကိုယ့်အကြောင်းလေးပါတယ်ဆိုတော့ ဘာရယ်မဟုတ် ထိုနေရာလေးမှာ ပင် မင်းချမ်းငြိမ်စာအုပ်က တော်တော်လေး ရောင်းကောင်းသွားသည်။
ထူးဆန်းတာက သူ့စာအုပ်သည် သတင်းအချက်အလက် စုံလင်ပြီး ဖြစ်နိုင်ချေ တွက်ထားမှု သည် တစ်ဖက်လူပင် ဟုတ်နိုင် လောက်သည်ဆိုသည့် အနေအထားပင် ဖြစ်သည်။
''ဟဲ့... ငါက ဓာတုက ဝင်းဆွေကြီးနဲ့ တဲ့''
ကောင်မလေးများ ကလည်း ဝယ်ယူကြသည်။
အပျော်သဘောနဲ့ ဖြစ်စေ၊ စိတ်ကူးယဉ်လို့ဖြစ်စေ သူ့စာအုပ် က ဖတ်ကောင်းနေသည်။
မင်းချမ်းငြိမ်ကတော့ ဘယ်ကဘယ်လို ရှာထားသည်မသိ...။
တွက်ချက်မှု များ က မှန်သလိုလို ရှိနေသည်။
သူ့အကြောင်း သိနေသူများ ကတော့ ထွေထွေထူးထူး မေးမနေ ကြတော့ဘဲ ဝယ်စရာရှိသည့်စာအုပ်ကို ဝယ်ကြသည်။
''ဟေ့ကောင်... မင်းချမ်းငြိမ် မင်းချမ်းငြိမ်''
အနောက်ကခေါ်သံကြား၍ လှည့်ကြည့်မိသည်။
ရူပက လူလှပါလား...။ ရုပ်မလှဘဲ နာမည်သာ လှသည့် လူလှဖြစ်သည်။
''ဘာတုံး''
''အမလေး မောလိုက်တာကွာ၊ မင်းနဲ့ ... တစ်ကျောင်းလုံး ပတ်ရှာနေရတာ အခုမှပဲ တွေ့တော့တယ်''
''ဘာကြောင့် ငါ့ရှာနေရတာ တုံး''
''စာအုပ်... စာအုပ်... မင်းစာအုပ်လေကွာ''
''အဲ့ဒါဘာဖြစ်လဲ''
''ငါ့နာမည်ပါတယ်ဆို... အဲဒါ တစ်... တစ်အုပ်လောက် ရောင်းပါဦး''
''ဟာ... ကုန်ပြီ''
''ဟာ... မ... မလုပ်ပါနဲ့ ကွာ၊ ဘယ်သူ့ဆီကမှလည်း တောင်းဖတ်လို့မရဘူး... လုပ်ပါ၊ ငါ့ကို မင်းမှာ ရှိတဲ့ဟာလေး ဖြစ်ဖြစ်ပဲ ရောင်းပါကွာ''
''ကုန်ပါပြီ ဆိုနေမှကွာ''
''ချမ်းငြိမ်ရယ်... မင်းက လိမ္မာပါတယ်... နော်... တစ်အုပ်လောက်''
လူလှကနေ လူရွဖြစ်မှာ စိုးတာကြောင့် မင်းချမ်းငြိမ်က သူ့မှာ ရှိသည့် လက်ကျန်တစ်အုပ်ကို ထုတ်ပေးလိုက်ရသည်။
စာအုပ်ရ၍ ခုန်ပေါက်ပြေးကာ ပြန်အမ်းငွေပင် မယူတော့...။ အခုမှ တကယ့်လူရွဖြစ်သွားသည်။
သူ့နှယ် စာအုပ်ဖတ်ပြီး လူလှသည် လူပျိုကြီးဖြစ်နိုင်ချေ ၆ဝ% ရှိသည်ဆိုတာတွေ့ သွားပါက မည်သို့ဖြစ်နေမည်မသိ...။
''မင်းချမ်းငြိမ်.... မင်းချမ်းငြိမ်''
ဟော... ခေါ်ပြန်ပြီ နောက်တစ်ယောက်...
စာအုပ်မရှိတော့ပါဘူးဆိုနေမှ...။ ဒီတစ်ခါ လှမ်းခေါ်သူက ဘော်တနီမှ အတော်ဆော်ကြည်သည်ဟု ပြောကြသည့် မောင် မောင်မြင့်ကြည် ဖြစ်သည်။
လက်ထဲမှာ သူ့စာအုပ်ကိုင်ထားသောကြောင့် နည်းနည်းတော့ စိတ်ချသွားသည်။
''ပြော... ကိုမြင့်ကြည်''
''ဟာ... မင်းကလည်း အဲဒီ နာမည်ကြီး မခေါ်စမ်းပါနဲ့ ''
''အေး... အေး...၊ ဒါဆိုလည်း ပြော ပြော၊ ကိုမောင်မောင် မြင့်ကြည်''
မောလိုက်တာ။
''မင်း... ဒီထဲမှာ ရေးထားတာတွေက တကယ်လားကွ''
''သြော်... ခန့်မှန်းချက်တွေပါဆိုနေမှ''
''ငါနဲ့ အီစီကလီဖြစ်နေတဲ့ သင်္ချာက ရင်မေလှက ဟိုကောင် ဆိုက်ကိုက မြင့်မိုရ်နဲ့ ကြိုက်နိုင်ကိန်းရှိတယ်ဆို... အဲ့ဒါ တကယ် ပဲလားကွာ''
ငိုမဲ့မဲ့မျက်နှာ ဖြစ်နေသည်။
မင်းချမ်းငြိမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
''မင်းက ရည်စားတွေကို ဟိုတစ်ယောက်ကြိုက်လိုက်၊ ဒီတစ် ယောက်ကြိုက်လိုက် လုပ်နေတာကို သူက သိနေပြီကွ...၊ အခု သူ့ကိုလိုက်နေတဲ့လူတွေထဲက မြင့်မိုရ်နဲ့ အတော်အဆင်ပြေပုံရ တယ်၊ ပြီးခဲ့တဲ့တစ်ပတ်က သူတို့ ရုပ်ရှင်ကြည်ဖို့ ချိန်းထားတာ ရင်မေလှ သူငယ်ချင်းတစ်ယောက် နေမကောင်းလို့ဆိုပြီး မကြည့်ဖြစ် လိုက်ဘူး၊ အဲ့ဒီလို သွားကြည့်ဖို့ကိုလည်း ရင်မေလှက အရင်စခေါ် တာဆိုပြီး ကြားရတယ်၊ ပြီးတော့ အခြား အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ရှိသေးတယ်ကွ၊ ဒါကြောင့် ရင်မေလှက သူနဲ့ ရည်းစားဖြစ်နိုင်ခြေ ၆၈% ရှိတယ်လို့ ခန့်မှန်းထားတာကွ''
မောင်မောင်မြင့်ကြည်ရဲ့ မျက်နှာမှာ မိုးပြိုတော့မယ့် မျက်နှာလို ဖြစ်သွား၏ ။ ညိုမဲ့မဲ့၊ အုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
''တ... တကယ်ပဲလားကွာ''
''အေး... ဟုတ်တယ်''
''ငါ... ငါက သူ့ကိုတော့ တကယ်ချစ်တာကွ''
ရွာချလိုက်ပါပြီ...။ ရွာချလိုက်ပြီ...။
မာမာချာချာကြီးတန်မဲ့ မျက်ရည်များ ကျလာသည်။
ဒါကတော့ မတတ်နိုင်...။ ကိုယ်ကလည်း ထင်တဲ့အတိုင်း ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
နောက်ဆုံး ဘော်တနီမှ အတော်ဆော်ကြည်သည်ဟု ပြောကြ သည့် မောင်မောင်မြင့်ကြည်ခမျာမှာ ခေါင်းငိုက်စိုက်ပြီး ကျန်ခဲ့ လေသည်။
မင်းချမ်းငြိမ်က ကျောင်းမှာ ထိုသို့သော လူစားမျိုးဖြစ်သည်။ ပေါက်ကရ အစုံလုပ်သည်။ ရည်စားကမရှိ...။ ရုပ်ရည်မရှိလို့လား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ သားသားနားနားနဲ့ ရုပ်ချော လှပါတယ်ဆိုတဲ့ ၁ အသ ၁ဝ ထဲမှာ တော့ ဝင်နိုင်လောက်သည့် ရုပ်ရည် မျိုး ဖြစ်သည်။
သူ့မှာ အားကျဖို့ကောင်းတာတစ်ခုတော့ ရှိသည်။ သူ့မိဘ များ က ချမ်းသာသော်လည်း တက္ကသိုလ်ကိုတော့ သူ့ပိုက်ဆံနဲ့ သူ တက်နေခြင်း ဖြစ်သည်။
အိမ်ကမယူ...။ မိမိဘာသာ တက်နိုင်သည်ဆိုသည့် ပုံစံမျိုး ဖြစ်သည်။ ဒါဆို သူက စီးပွားရေးလုပ်ငန်းကြီးကြီး တစ်ခုရှိလို့လား ဆိုတော့လည်း မဟုတ်ပြန်ဘူး...။
ဒီလိုပဲ ဟိုလုပ်ဒီလုပ်ရင်းနဲ့ ပဲ သူဟာသူတော့ အဆင်ပြေနေ တာပါပဲ။
ပြီးတော့ သူက သူတစ်ပါးကို စိတ်ရောကိုယ်ပါ ကူညီတတ်တဲ့ အကျင့်ကလည်း ရှိသည်။
အားလုံးက သူ့ကိုခင်ကြပြီး တစ်ခါတစ်ခါ ပေါက်ပေါက်ရှာရှာ လုပ်တတ်တာကိုကလည်း အားလုံးက စိတ်ဝင်တစားရှိကြသည်။ တစ်ခါတုန်းကဆိုလည်း ဒီလိုပဲ...။ အဲ့ဒီနေ့က ကျောင်းမှာ အပြေးပြိုင်ပွဲတစ်ခု ရှိသည်။
မေဂျာပေါင်းစုံပြိုင်သည့်ပွဲ ဖြစ်သည်။
မနက်အစောကြီးကတည်းက ဘွဲ့နှင်းသဘင်ရှေ့မှာ ကျောင်း သားကျောင်းသူများ ၊ ဆရာများ ရောက်နေကြပြီဖြစ်သည်။
အဲ့ဒီအချိန်မှာ မင်းချမ်းငြိမ်က လက်ကိုင်အိတ်ကြီး သုံးလေး အိတ်နဲ့ ရောက်လာသည်။
အပြေးပြိုင်မယ့်သူများ ကို တစ်ချက်ကြည့်ရင်း သူနှင့် မဆိုင် သလို ခပ်ဝေးဝေးတွင် သွားထိုင်နေသည်။
ကျောင်းသားတစ်ယောက်က လှမ်းအော်သည်။
''မင်းချမ်းငြိမ် မင်း အပြေးမပြိုင်ဘူးလား''
''ငါက ကူညီသူပါကွ''
မိုက်ကရိုဖုန်းကနေ ပြိုင်ပွဲအစီအစဉ်များ ကို ကြေညာနေသော ကြောင့် မေးတဲ့လူမှာ ဆက်မမေးတော့ဘဲ စကားစ ပြတ်သွားသည်။
ပြိုင်ပွဲစပါပြီ...။ ပြေးလိုက်ကြတာ လူတွေအများ ကြီးပဲ...။ ကိုယ့်မေဂျာအလိုက် အော်ကြီးဟစ်ကျယ် အားပေးကြနဲ့ ပေါ့...။
ထိုအခါကျတော့ မင်းချမ်းငြိမ်ကလည်း အငြိမ်မနေပါဘူး။ တွေ့တဲ့လူကို သူက အားပေးသည်။
''ဟေ့... ဟေ့၊ ပြေးထားကွ''
ကျောင်းရဲ့ မိန်းလမ်းမကြီးက အရှည်ကြီးပဲ...။ တစ်ပတ် လောက်ကတော့ ပြေးတဲ့ကျောင်းသားတွေ အပြုံးမပျက်ဘူး။
ဒါပေမယ့် ၁ဝ ပတ်တိတိ ပြေးရမှာ ဆိုတော့ နှစ်ပတ်လောက် ပြေးပြီးတော့ မပြုံးနိုင်တော့ဘဲ ခပ်တည်တည် ဖြစ်လာကြသည်။
သုံးပတ်လောက်ကျတော့ ဟောဟဲ... ဟောဟဲ ဖြစ်လာကြ ပြီ...။ မခံနိုင်တဲ့လူတွေက လေးပတ်မှာ ဆက်မပြေးကြတော့...။
အဲ့ဒီလိုနဲ့ တဖြည်းဖြည်း ထွက်လာလိုက်ကြတာ နောက်ဆုံး ပန်းဝင်တဲ့လူကို နှာတောင်နှပ်ယူရသည်။
ဘွဲ့နှင်းသဘင်ရှေ့ ကွင်းပြင်တွင် ခြေပစ်လက်ပစ် ထိုင်နေကြ သူများ လှဲနေသူများ နှင့် ဖွေးဖွေးလှုပ်နေကြသည်။
''ရေ... ရေပေးပါဦး''
''ပရုတ်... ပရုတ်ဆီပါလား''
''ဒီနားလေး... အား... ညောင်း... ညောင်းလိုက်တာ''
''အမလေး နောက်... နောက်တစ်ခါဆို မပြိုင်တော့ပါဘူး''
အဲ့ဒီအချိန်မှာ မင်းချမ်းငြိမ်က သူ့အိတ်ကို စဖွင့်နေပြီဖြစ် သည်။ ထို့နောက် အိတ်ထဲက ခေါက်ထားသော ကတ်ထူပြားကို ဖြန့်လိုက်ကာ ထောင်ထားသောတိုင်တွင် ချည်လိုက်၏ ။
မျက်နှာကတော့ စပ်ဖြီးဖြီးနဲ့ ဖြစ်နေသည်။
''ဟာ... မင်းချမ်းငြိမ် ရှေ့က ဘာကြီးလဲ''
မြင်သွားသောတစ်ယောက်က လှမ်းအော်သည်။
အားလုံးကလည်း တက်ညီလက်ညီ လှမ်းကြည့်ကြသည်။
''ဟာ... ငါအရင်သွားမယ်...၊ ငါအရင်သွားမယ်''
''နေ... နေပါဦး၊ ငါလည်းလိုက်မယ်''
''ငါ...........''
''............''
သူ့ထက်ငါ အလုအယက် ပြေးကြလေသည်။
မင်းချမ်းငြိမ်ကတော့ အေးဆေးပဲ...။
သူ့ရှေ့ရှိ ကတ်ထူးပြားပေါ်က စာများ ကို မမြင်ရသေးသော လူများ မြင်ရအောင် လှည့်လှည့်ပြနေသေးသည်။
အမေရိကားကစက် ဟုတ်လား မဟုတ်လားမသိ...။
ထိုနေ့ကတော့ သင်္ချာဆောင် ဗ-၁ တွင် လူစည်ကားနေသော ကြောင့် ကင်တင်းသို့ နေရာပြောင်းလိုက်ရပြီး သူ့သူငယ်ချင်း အကူသုံးယောက်ပင် ခေါ်လိုက်ရလေသည်။
ထိုသို့သော မင်းချမ်းငြိမ် ဖြစ်သည်။
တစ်နေ့ မင်းချမ်းငြိမ် ကင်တင်းမှာ ထိုင်နေတုန်း ကျောင်း သားတစ်ယောက်က သူထိုင်နေတဲ့ခုံမှာ လာဝင်ထိုင်သည်။
''မင်းချမ်းငြိမ်''
''ပြော''
သူကတော့ စာအုပ်အဖတ်မပျက်ဘဲ ပြန်ထူးသည်။
''မင်းကို ကျေးဇူးတင်လို့''
''ရော်... ဘလိုင်းကြီးပါလား''
ကိုယ့်ကို လာကျေးဇူးတင်တာဆိုတော့လည်း စိတ်ပါလက်ပါ စကားပြောရန်အတွက် စာအုပ်ကို ဘေးချလိုက်သည်။
''မင်းခန့်မှန်းတဲ့အတိုင်း ငါနဲ့ လှဝေတင့်နဲ့ ကြိုက်သွားကြပြီ ကွ''
''ဒါဆို ငါ့စာအုပ်မှန်ကြောင်း အခြားလူတွေကို ပြောပေးပေါ့ကွ''
အရေးထဲ ကြော်ငြာခိုင်းနေသေးသည်။
ပြီးနောက် မုန့်တစ်ပွဲဟေ့ဟုဆိုပြီး ကောင်တာကိုလည်း လှမ်း မှာ လိုက်သေးသည်။
သေချာသည်။ ဒီဝိုင်းကတော့ လာကျေးဇူးတင်တဲ့လူ ရှင်းရ တော့မည်။ မုန့်လာချတော့ အာလာပသလ္လာပပြောရင်း မင်းချမ်း ငြိမ်ရဲ့ အချစ်အကြောင်း ရောက်သွားသည်။
''မင်းကွာ ဒီလောက်ခန့်မှန်းချက်တွေ ကွက်တိဖြစ်နေတာ၊ ဘာဖြစ်လို့ ရည်စားမရှိရတာ လဲ''
''ဘာဆိုင်လို့လဲ ရည်းစားက ရည်းစားပဲဟာ''
ကျေးဇူးတင်တဲ့လူက ဘာမှဆက်မပြောရဲတော့ဘဲ မင်းချမ်းငြိမ် ပလုတ်ပလောင်းစားနေတာကိုပဲ ထိုင်ကြည့်နေရသည်။ ခဏနေမှ တစ်စုံတစ်ခုကို သတိရသွားပြီး-
''မင်းကို ငါမေးရဦးမယ်''
''ဘာလဲ... နောက်ရည်းစား လိုချင်ပြန်ပြီလား''
''ဟာ... မဟုတ်ပါဘူး''
''ဒါဆို ဘာလဲ''
''ဟို... မင်း... ရည်းစားထားတဲ့ဂိမ်းဆိုတာ ကြားဖူးလား လို့မေးတာ''
မင်းချမ်းငြိမ်က စားနေရင်းမှ ခေါင်းခါပြသည်။
''ကောင်တာပစ်တာတို့၊ ဒိုတာခုတ်တာတို့၊ ဘောလုံးကန်တာ တို့ အဲ့ဒီဂိမ်းတွေပဲ သိတယ်''
''ဟာ... ငါပြောတာ အဲဒီ လိုမျိုးဂိမ်းမဟုတ်ဘူး...၊ ဒီ ကျောင်းမှာ တင် ဆော့လို့ရတဲ့၊ အပြင်မှာ ဆော့လို့ရတဲ့ ဂိမ်းကို ပြောတာ''
''မကြားဖူးဘူး''
မင်းချမ်းငြိမ်က မုန့်ကို လက်စသတ်လိုက်သည်။
ထို့နောက်-
''ရှင်းမယ်ဟေ့''
မင်းချမ်းငြိမ်က သူ့အိတ်ထဲမှ ပိုက်ဆံထုတ်သလိုလို၊ သွားကြား ထိုးတံရှာသလိုလို ဘာလိုလိုလုပ်သည်။
ကျေးဇူးလာတင်တဲ့သူကပဲ-
''နေ... နေ... ငါရှင်းပါ့မယ်ကွ''
''အဟီး... အားနာစရာကြီး''
''သေရောသေချာလို့လား''
''ငါလည်း ကြားတာကို ပြန်ပြောပြတာလေ''
သူ့နောက်ခုံတန်းက ကျောင်းသားနှစ်ယောက် ပြောနေကြခြင်း ဖြစ်သည်။
မင်းချမ်းငြိမ်ကတော့ အိုက်တယ်ဆိုပြီး ယပ်တောင်ကြီး ခပ်နေ ၏ ။ သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် ဖိုးထောင်နှင့် ဝင်းမြင့် ဆွေဦးမလာ၍ သူ့မှာ စကားပြောဖော် မဲ့နေသည်။
နာရီကိုကြည့်လိုက်သည်။ ဆရာကတော့ လာခါနီး နေပြီ...။
''အဲ့ဒီရည်စားထားတဲ့ဂိမ်းကို ဘယ်သူက လုပ်တာလဲ''
''အဲ့ဒါတော့ သေချာမသိဘူး...၊ နိုင်ရင်တော့ ပိုက်ဆံရမယ်''
မင်းချမ်းငြိမ်၏ ခပ်နေတဲ့ယပ်တောင်မှာ လေထဲတွင် ရပ်သွား သည်။
ပိုက်ဆံရမယ်ဆိုသောကြောင့် သူ နည်းနည်း စိတ်ဝင်စားသွား ခြင်း ဖြစ်သည်။ ရည်းစားထားတဲ့ဂိမ်း....။ ရည်းစားထားတဲ့ဂိမ်း။ ဘယ်မှာ ကြားဖူးပါလိမ့်...။
ယပ်တောင်ကို ဘေးချထားလိုက်သည်။
''ဘာဂိမ်းတုန်းကွ''
ရုတ်တရက်ကြီး ဝင်မေးလိုက်သောကြောင့် နောက်က နှစ် ယောက်မှာ လန့်သွားလေသည်။
''လန့်လိုက်တာ မင်းချမ်းငြိမ်ရယ်''
''အေးပါ၊ ဆောရီး... ဆောရီး... မင်းတို့ခုနကပြောနေတာ ဘာဂိမ်း''
''ရည်းစားထားတဲ့ဂိမ်း၊ ရည်းစားထားတဲ့ဂိမ်း''
''အေး ငါလည်း ခုနကပဲ အဲ့ဒီဂိမ်းနာမည် စကြားဖူးတာ၊ အဲဒါက ဘာကြီးတုံး''
''အခုတလော ငါတို့ကျောင်းမှာ တိုးတိုးတိတ်တိတ် ပြန့်နေတဲ့ ကိစ္စတစ်ခုပဲ''
''ငါလည်း မသိပါလား''
''မင်းက စာအုပ်လိုက်ရောင်းနေလို့ မသိတာဖြစ်မှာ ပေါ့''
''အေး ထားပါတော့၊ အဲ့ဒီအကြောင်း ငါ့ ရှင်းပြပါဦး''
''သေချာတော့မသိဘူး၊ ငါတို့ရဲ့ တက္ကသိုလ်မဂ္ဂဇင်းထဲမှာ ပါတဲ့ ကဗျာလေးက စပြီး ပြန့်တာပဲ''
နောက်ဘက်ကို ခန္ဓာကိုယ်တစ်ခုလုံး လှည့်လိုက်သည်။
ကဗျာကို စိတ်မဝင်စားသော်လည်း ဂိမ်းကို စိတ်ဝင်စား သောကြောင့်-
''မင်းတို့မှာ အဲ့ဒီကဗျာရှိလား''
''အလွတ်တောင်ရနေပြီ''
''အေး... ဘာတွေရေးထားတာလဲ''
ဆိုသွားလိုက်တာ မြန်လွန်းအားကြီး၍ မနည်း လိုက်နား ထောင်ရသည်။
''ကဗျာကြီးက ဘယ်လိုကြီးလဲ''
မင်းချမ်းငြိမ်က မျက်မှော က်ကြုတ်ပြီး ဝေဖန်သည်။
''အဲ့ဒီကဗျာက ငါတို့အခုနှစ်ထုတ်တဲ့ ကျောင်းမဂ္ဂဇင်းထဲမှာ ထပ်ပါတာ''
''အံမယ်... လေသံက မနှစ်ကမဂ္ဂဇင်းထဲမှာ လည်း အဲ့ဒီလို မျိုး ကဗျာပါတယ်လို့ ဆိုလိုတာလား''
''အေး... ဟုတ်တယ်''
''ဟာ... ဟုတ်လို့လား''
သူက မယုံကြည်ဘဲ ပြန်မေးလိုက်သည်။
သို့သော် စိတ်တော့ စိတ်ဝင်စားနေ၏ ။
''ကဗျာကတော့ မတူဘူးပေါ့ကွာ...၊ ဒါပေမယ့် ကဗျာ ခေါင်းစဉ်ကတော့ အတူတူပဲ...၊ 'ရည်းစားထားတဲ့ဂိမ်း'တဲ့...။ ရေးထားတဲ့ပုံစံက အခုလိုမျိုး တဘောင်လိုလို၊ လမ်းညွှန်လိုလိုပဲတဲ့''
''မင်းမှာ အဲ့ဒီ မနှစ်ကကဗျာတွေ ရှိလား''
''အဲ့ဒါတော့ မရှိဘူး''
''ဒါဆို အဲ့ဒီ့ကဗျာနဲ့ ပတ်သက်ပြီးထွက်တဲ့ ကောလာဟလက ဘာလဲ''
လိုရင်းကို ဖြတ်မေးလိုက်သည်။
''ကဗျာက... အဲ့ဒီဂိမ်းကစားလို့ရတဲ့ ကျောင်းထဲက နေရာတစ်နေရာ၊ အချိန်၊ နေ့ရက်အတိအကျကို ညွှန်းထားတာ၊ စိတ်ဝင်စားတဲ့လူတွေက ကဗျာရဲ့ အဓိပ္ပာယ်ကိုဖော်ပြီး အဲဒီ နေရာ မှာ သွားကစားရမှာ ''
ပေါလိုက်တာ...။ ထို့ပြင် အခြေအမြစ်မရှိသည့် သတင်း လည်း ဖြစ်သည်။ ဘယ်သူက ဘယ်လို ပါးစပ်ဆော့လိုက်မှန်း မသိ။ ဒါနဲ့ ရှေ့ပြန်လှည့်လိုက်သည်။
ဆရာလည်း လာခါနီး နေပြီဖြစ်သည်။ ထိုအချိန်တွင် မင်းချမ်း ငြိမ်က တစ်စုံတစ်ခုကို သတိရသွားပြီး-
''ငါတစ်ခုမေးရဦးမယ်''
''အေး... ဘာလဲ''
''အဲ့ဒီ 'ရည်စားထားတဲ့ဂိမ်း'နာမည်နဲ့ ကဗျာက ကျောင်း မဂ္ဂဇင်းထဲမှာ နှစ်တိုင်းပါတာလား''
''အေး ဟုတ်တယ်၊ (၃)နှစ်ရှိပြီ''
အာ... ဒါတော့ နည်းနည်းစဉ်းစားစရာ ရှိသည်။
သို့သော် အရင်တုန်းက ဒီသတင်းမထွက်ဘဲ...။ အခုမှ ထွက်တယ်ဆိုတော့ မဖြစ်နိုင်ဖို့ များ နေသည်။
ထို့ကြောင့် ချထားသောယပ်တောင်ကို ပြန်ကိုင်ကာ လေ အကြီးကြီးတွေကို တအားခပ်နေလိုက်သည်။
အတန်းချိန်ပြီးတဲ့အထိ ဖိုးထောင်နဲ့ ဝင်းမြင့်ဆွေဦးက ရောက် မလာခဲ့ပါဘူး။ ဒါနဲ့ မင်းချမ်းငြိမ်က ကင်တင်းကပဲ စောင့်တော့မယ် ဆိုပြီး ကင်တင်းကို ထွက်လာခဲ့သည်။
ကင်တင်းက ထိုင်နေကျ ကင်တင်းဖြစ်သည့် တင်မောင်ဝင်း ကင်တင်းဖြစ်သည်။ ဆိုင်နာမည်အရင်းကတော့ 'တင်မောင်ဝင်း' ကင်တင်းရယ်လို့တော့ မဟုတ်ပါဘူး။
လင်မယားနှစ်ယောက်ဖွင့်ထားတဲ့ ကင်တင်းဖြစ်သည်။ သူတို့ နှစ်ယောက်မှာ အသက်ကြီးနေပြီဖြစ်သော်လည်း လူရှေ့ သူရှေ့ ရောက်လျှင် ယောက်ျားက သူ့မိန်းမကို 'တင်'ဟု အဖျားစွတ် ခေါ် တတ်သည်။
မိန်းမကလည်း သူ့ယောက်ျားကို 'မောင်'ဟု ညုတုတုပြန်ခေါ် တတ်၏ ။ ဒါနဲ့ အမြင်ကတ်တဲ့ကျောင်းသားတစ်စုက ယောက်ျားက ခေါ်တဲ့လေသံ 'တင်'နှင့် မိန်းမကခေါ်တဲ့အသံ 'မောင်'ကို ဆိုင်နာမည် 'ဝင်း'နဲ့ ပေါင်းစပ်ပြီး 'တင်မောင်ဝင်း'လို့ ခေါ်ရာကနေ 'တင်မောင် ဝင်း'ကင်တင်းဆိုပြီး နာမည်တွင်သွားခြင်း ဖြစ်သည်။ အားလုံး ကတော့ ဆိုင်ရှင်ဦးလေးကြီးကို 'ကိုကိုတင်'ဟု ခေါ်ကြသည်။
သဘောကောင်းတဲ့ လင်မယားဖြစ်သောကြောင့် ဆိုင်ကတော့ အမြဲတမ်း လူစည်နေတတ်သည်။
''အံမယ် မင်းချမ်းငြိမ် မင်း အခုတလော စာအုပ်တွေ လိုက် ရောင်းနေတယ်ဆို''
ဝင်ဝင်ချင်းပင် ဆိုင်ရှင် 'ကိုကိုတင်'က နှုတ်ဆက်သည်။
''ဟဲ ဟဲ ပိုက်ဆံလိုနေလို့ပါဗျာ''
ထုံးစံအတိုင်းမှာ ရင်း ဖိုးထောင်နှင့် ဝင်းမြင့်ဆွေဦးအကြောင်းကို မေးရသေးသည်။
''ဟိုနှစ်ယောက်လာသေးလား''
''မလာဘူး၊ ဘာဖြစ်လို့လဲ''
''အတန်းထဲလည်း မလာလို့''
ထိုသို့ ဘာဘာညာညာပြောပြီး ခုံတစ်ခုံတွင် ဝင်ထိုင်ကာ စာကြည့်တိုက်က ငှားလာတဲ့စာအုပ်ကို ထုတ်လိုက်သည်။
ဒီတစ်ခါ ငှားလာသည့်စာအုပ်က လူတွေ အထင်ကြီးစေမည့် 'စိတ်ပညာဆိုင်ရာ ကုထုံးကျမ်း'ဖြစ်သည်။
သူလည်း ခပ်တည်တည်နှင့် ထိုင်ဖတ်နေလိုက်သည်။
ခဏနေတော့ ကင်တင်းထဲသို့ လှမ်းဝင်လာသော ဖိုးထောင်နှင့် ဝင်းမြင့်ဆွေဦးကို လှမ်းမြင်လိုက်ရသည်။
သူတို့နှင့်အတူ 'ရန်လင်းနောင်'ဆိုသည့် ကျောင်းသားတစ် ယောက်လည်း ပါလာ၏ ။
''မင်းတို့က ဘယ်သွားနေတာတုံး''
''ဟာ... ဒီကောင် 'ရန်လင်းနောင်' ဒုက္ခပေးတာလေ''
ဖိုးထောင်က ရန်လင်းနောင်ကို လက်ညှိုးထိုးပြီးပြောသည်။
ရန်လင်းနောင်၏ မျက်နှာမှာ ဇီးရွက်ပမာသာ ရှိတော့သည်။
''ဟုတ်တယ်၊ ဒီကောင့်ကြောင့်''
ဝင်းမြင့်ဆွေဦးကလည်း ထောက်ခံပြန်၏ ။
''ရန်လင်းနောင်က မင်းတို့ကို ဘာတွေ ဒုက္ခပေးနေလို့လဲ''
''ငါတို့နှစ်ယောက် ကျောင်းကားပေါ်ကဆင်းဆင်းချင်း ဒီ ကောင်နဲ့ တွေ့တယ်ကွာ''
''အင်း''
''သူ့မျက်နှာက ငိုမဲ့ငိုမဲ့နဲ့ ကွ''
''အာ... ဟုတ်လား''
သေချာကြည့်တော့ ဟုတ်သလိုလိုဖြစ်နေသည်။
ဒါနဲ့ ဖိုးထောင်စကားကို ဆက်နားထောင်လိုက်ရသည်။
''ဖြစ်ပုံက ဒီလိုကွ၊ သူကြိုက်နေတဲ့ကောင်မလေး သိတယ် မှတ်လား၊ ပိုးအိအိသိန်းဝေလေ''
''အေး သိတယ်''
''သူ့ကို အဖြေပေးလိုက်လို့တဲ့''
''ဟာ... အဖြေပေးတာပဲ ပျော်ရမှာ ပေါ့''
''မဟုတ်ဘူး... မင်းသိတဲ့အတိုင်း ကောင်းမလေးက ကြောင် တောင်တောင်ဆိုတော့ကွာ အတတ်ဆန်းထွင်တာပေါ့''
''ဘယ်လိုများ တုံး၊ စိတ်တောင်ဝင်စားလာပြီ''
မင်းချမ်းငြိမ် စိတ်ဝင်စားလေ ရန်ကင်းနောင်က စိတ်ညစ်လေ ဖြစ်နေသည်။
''ဒီကျောင်းရဲ့ တစ်နေရာမှာ သူက ရန်လင်းနောင်အတွက် ရေးထားတဲ့ စာတစ်စောင်ကို ဝှက်ထားတယ်တဲ့''
''ဘာ...''
''အဲ့ဒီစာကို သုံးရက်အတွင်း ရှာမှရမယ်တဲ့... ရှာလို့ မတွေ့ ရင် အဲ့ဒီစာထဲမှာ အဖြေက ဘာပဲဖြစ်ဖြစ် မတွေ့ရတော့ဘူးတဲ့''
''ဗုဒ္ဓေါ''
''အဲဒါနဲ့ ငါတို့နှစ်ယောက်ကို ဒင်းက လမ်းမှာ တွေ့တာနဲ့ ချောဆွဲသွားတာပဲ၊ ဟူး... တစ်ကျောင်းလုံးကို ပတ်ပြီး လိုက်ရှာ နေရတာ အမောဆို့နေပြီ''
''တွေ့လား''
''တွေ့ဖို့နေနေသာသာ စက္ကူစုတ်တွေတောင် မတွေ့ဘူး''
သူတို့အဖြစ်ကိုကြည့်ပြီး ရယ်နေမိသည်။
ရန်လင်းနောင်သာ ဟိုလူကြည့်လိုက် ဒီလူကြည့်လိုက်နဲ့ အူကြောင်ကြောင်ဖြစ်နေသည်။
''အဲ့ဒီစာထဲမှာ ဘာရေးထားမယ်ထင်လဲ...ဟင်''
ရန်လင်းနောင်က မင်းချမ်းငြိမ်ကိုကြည့်ပြီး မေးသည်။
''ဟာ... ငါလည်း ဘယ်သိမလဲ''
''မင်းက ခန့်မှန်းတာတော်တယ်လေ... အဲ့ဒါ မေးကြည့် တာပါကွာ''
စိတ်မကောင်းတော့ဖြစ်မိသည်။ ကောင်မလေးကို တော်တော် ချစ်ပုံရ၏ ။ ကောင်မလေးကလည်း မချစ်ဘဲနဲ့ တော့ ဒီလိုစိတ်ရှုပ် ခံပြီး လုပ်မှာ မဟုတ်...။ ဒါပေမယ့် ပြောလို့ကလည်း မရပြန်ဘူး။
''မင်းချမ်းငြိမ်''
''ဟေ''
''ငါဘယ်လိုလုပ်ရမလဲ''
''မင်းကို သူက သဲလွန်စလေးတွေ ဘာတွေ မပေးဘူးလား''
''မပေးဘူး''
သိပ်ရက်စက်တဲ့ကောင်မလေးပဲ...။
စဉ်းစားကြည့်ပြန်တော့လည်း စိတ်ညစ်ဖို့ကောင်းသည်။ တစ် ကျောင်းလုံးမှာ စာလေးတစ်စောင်ရှာဖို့ဆိုတာက လွယ်ကူသည့် ကိစ္စမဟုတ်...။
သူလည်း အကြံအိုက်သွားသည်။
ဖိုးထောင်နှင့် ဝင်းမြင့်ဆွေဦးကတော့ စိတ်ထဲရှိရာ လျှောက် ပြောနေကြသည်။
''ကူညီပါဦးကွာ... မင်းကူညီရင်လေ ငါ အဲဒီ နေ့ ရှယ်ပြုစု မယ်ကွာ''
စိတ်ဝင်စားဖို့တော့ ကောင်းသွားသည်။
ဒါပေမယ့် သူကလည်း ဘယ်ကစလို့ စရမှန်းမသိ ဖြစ်နေ သည်။
ဆိုင်ရှင်ကိုကိုတင်ကလည်း နားစွန်နားဖျားကြားပြီး သူတို့ ဝိုင်းမှာ လာဝင်ထိုင်သည်။
''ဘာတွေဖြစ်နေတာလဲ''
သူ့ကို ဖိုးထောင်က နောက်တစ်ခေါက် ထပ်ရှင်းပြရသည်။
''ဟူး... မင်းတို့လူငယ်တွေ အလုပ်ကိုရှုပ်တယ်''
ဟု ဝေဖန်ပြီး-
''အဲဒီ တော့ ဘာဆက်လုပ်ကြမလဲ''
ဆိုကာ စိတ်လည်း ဝင်စားနေသေး၏ ။ သူလည်း စဉ်းစားရသည်။
တစ်ရက်လုံး ရှယ်ပြုစုမည်ဆိုတော့ စဉ်းစားရပေမည်။ ဤတွင် မင်းချမ်းငြိမ်၏ မျက်လုံးများ သည် သူ့ရှေ့ရှိ စာအုပ်ပေါ်သို့ ရောက် သွားလေ၏ ။
''မင်းက ကောင်မလေးဆီ ပြန်သွားကွာ''
''အင်း''
''ငါရအောင်ရှာပေးမယ်၊ ဒါပေမယ့် နင်က ငါ့လက်ကိုကိုင်ပြီး တစ်ကျောင်းလုံး အတူတူလျှောက်ရှာမှသာ စာကိုတွေ့လိမ့်မယ် ဆိုပြီး ခွင့်တောင်းရမယ်''
''ဟာ... ရ... ရပါ့မလား''
''ဒီလိုတော့ ပြောရမှာ ပေါ့''
''အေး ဘယ်လိုပြောရမလဲ''
''ရိုးရိုးပြောမယ်ဆိုရင် တစ်ကျောင်းလုံးမှာ စာလိုက်ရှာတယ် ဆိုတာ ကောက်ရိုးပုံထဲ အပ်ရှာသလို ခက်ခဲပါတယ်ပေါ့ကွာ... အဲ... မော်ဒန်ဆန်ဆန်ပြောမယ်ဆိုရင်...''
''ရပါပြီကွာ၊ ငါရိုးရိုးပဲပြောပါမယ်၊ ဆက်... ဆက်ပြောပါဦး''
''မင်းကလည်း ငါ့မော်ဒန်စာသားလေးတောင် နားမထောင် တော့ဘူးလား၊ ထားပါတော့ မင်းက သူ့ကို နင့်စိတ်နဲ့ ငါက ဓာတ်တူ ပေါင်းပြီး နင်ထားတဲ့နေရာကို ရှာမှရမယ်လို့ ပြောရမယ်''
''သူက ယုံမှာ မဟုတ်ဘူးကွ''
''မယုံရင် စမ်းကြည့်လို့ပြောပေါ့''
''ကဲ... ကဲ၊ သူလက်ခံတယ်ပဲ ထားပါတော့ကွာ၊ စာကို ဘယ်လိုရှာမလဲ''
ဖိုးထောင်က ကြားဝင်ပြီး ဖြတ်ပြောသည်။
''ကောင်မလေးက မင်းလက်ကိုကိုင်ပြီးတဲ့အချိန်မှာ မင်းက သူဖွက်ထားတယ်လို့ထင်တဲ့အဆောင်မှာ အရင်လမ်းလျှောက်ရမယ်၊ မင်းလက်ကိုတော့ သူက ဖျော့ဖျော့လေးကိုင်ထားပစေ၊ အဲ့ဒီလို လျှောက်ရင်း လျှောက်ရင်းနဲ့ သူဖွက်ထားတဲ့ စာနေရာနဲ့ နီးလာရင် သူက နည်းနည်းဆုတ်ကန်ကန် ဖြစ်လာလိမ့်မယ်။ သူ့ရဲ့ မသိစိတ်က မသွားနဲ့ ဆိုပြီး တားတဲ့သဘောပေါ့ကွာ၊ ဥပမာ- လှေကားနားကို ချဉ်းကပ်လိုက်တဲ့အခါမှာ ကောင်မလေးက မဆိုစလောက်ကလေး ဆုတ်ဆိုင်းဆိုင်း ဖြစ်သွားတာ တွေ့ရမယ်ဆိုရင် အပေါ်ထပ်ကို တက်ရမယ်။ အဲ လှေကားထိပ်ရောက်တဲ့အခါမှာ နောက်တစ်ခါ သူ့လက်တွေ တင်းသွားတာတွေ့ရပြန်ရောကွာ အဲ့ဒီအခါ သူဖွက် ထားတဲ့စာနဲ့ နီးလာပြီလို့ ယူဆရမယ်။ အဲဒီ လှေကားထိပ်ရောက်ရင် ဘယ်ကို သွားရမလဲဆိုတာကို မင်းစဉ်းစားရတော့မယ်''
''အေး ဟုတ်တယ်''
အားလုံးစိတ်ဝင်တစား နားထောင်နေတာကို တွေ့ရသည်။
''အဲဒီ တော့ မင်းက လမ်းတစ်လမ်းကို ရွေးလိုက်မယ်ဆိုပါစို့''
''အင်း''
''အဲ့ဒီအခါမှာ ကောင်မလေးလက်တွေက ပြေလျော့လျော့ ဖြစ်သွားလိမ့်မယ်''
''ဟုတ်ပြီ''
''ဒါဆို မင်းရွေးချယ်ထားတဲ့လမ်းက မှားသွားပြီလို့ ယူဆရမယ်။ ဆန့်ကျင်ဘက်လမ်းကို ပြန်ရွေးမယ်ဆိုရင် သူ့လက်တွေ ပြန် တင်းကျပ်လာတာကို တွေ့ရလိမ့်မယ်၊ ဒါဆို မင်းက အဲ့ဒီနေရာကို ဗဟိုပြုပြီး စက်ဝိုင်းတစ်ခုသဖွယ် သတ်မှတ်ပြီး အဲဒီ ပတ်ဝန်းကျင်မှာ အသေးစိတ်ရှာပေတော့''
''အေး... မင်းပြောတော့လည်း ဟုတ်သလိုလိုပဲကွ''
ရန်လင်းနောင်က သဘောအကျကြီး ကျနေလေသည်။
မင်းချမ်းငြိမ်ကတော့ 'တဟဲ ဟဲ'နှင့် ဖြစ်နေလေသည်။
အဲဒီ လိုနဲ့ 'ရန်လင်းနောင်'ရဲ့ 'ချစ်ချစ်စာရှာဖွေရေး'ဆိုတဲ့ကိစ္စ က တော်တော်လေး အဆင်ပြေသွားခဲ့လေသည်။
ထို့ကြောင့် နောက်တစ်နေ့တွင် မင်းချမ်းငြိမ်တို့ကို အကောင်းဆုံး ကင်တင်းတစ်ခုတွင် အဝအပြဲကျွေးလေသည်။
ရန်လင်းနောင်ဆီက အဝအပြဲစားပြီး မင်းချမ်းငြိမ်တို့ သုံး ယောက်သား ချောင်ကြိုချောင်ကြား ကျောင်းအဆောင်များ မှ ပြန် လာခဲ့ကြသည်။
ကင်တင်းသည် သူတို့အခန်းနှင့် အတော်လေးဝေးသောကြောင့် ဖြတ်လမ်းဖြစ်သည့် လူမရှိသော အဆောင်များ ကြားမှ ဖြတ်ပြန်ရ လေသည်။
ရန်လင်းနောင်ကတော့ သူ့ကောင်မလေးနဲ့ ချိန်ထားတာရှိ သည်ဆိုပြီး ဒုန်းစိုင်း ပြန်သွားသည်။
ဖိုးထောင်နှင့် ဝင်းမြင့်ဆွေဦးကတော့ အရှေ့ကသွားနေရင်း တော်ကီပစ်နေကြသည်။ အခုတလော ကျောင်းမှာ နာမည်ကြီးနေ သည့် 'ရည်းစားထားတဲ့ဂိမ်း'အကြောင်းကို ပြောနေကြခြင်း ဖြစ် သည်။
မင်းချမ်းငြိမ်ကတော့ ဟိုကြည့်ဒီကြည့်ကြည့်ရင်း အနောက် ကနေ ပါလာခဲ့သည်။ ဒီအဆောင်တွေက သူရောက်လေ့ရောက်ထ မရှိသည့် လူရှင်းသောအဆောင်များ ဖြစ်သည်။ အတွဲ အချို့ကိုတော့ ဖက်လှဲတကင်းတွေ့ရသည်။
ထိုအခါမျိုးကျတော့ ဖိုးထောင်က လှမ်းလှမ်းအော်တတ်သည်။
''ဝဋ်လည်နေပါဦးမယ်ကွ''
ဝင်းမြင့်ဆွေဦးပြောမှသာ ငြိမ်သွားသည်။
တကယ်တော့ သူတို့သုံးယောက်စလုံးမှာ ရည်းစားမရှိသော သူများ ဖြစ်သည်။
ဖိုးထောင်နှင့် ဝင်းမြင့်ဆွေဦးကတော့ 'ဂေါ်'လွန်း၍ 'ဆော်' များ က 'ခေါ်ပြောချင်စိတ်ပင်'မလုပ်ချင်သော သူများ ဖြစ်နေကြ ခြင်း ဖြစ်သည်။
နောက်အခန်းလွတ်ထဲတွင် အတွဲ တစ်တွဲ ကို တွေ့ရပြန်သည်။ ဒီတစ်ခါတော့ ဖိုးထောင်က လှမ်းမအော်ပါ။ အားကျသလိုလိုသာ ကြည့်နေသည်။
''ဒီအဆောင်က ဘာအဆောင်လဲကွ''
''အသုံးမပြုတဲ့ သမိုင်းအဆောင်က အခန်းတွေလေ''
ဝင်းမြင့်ဆွေဦးအမေးကို ဖိုးထောင်က ဖြေနေခြင်းဖြစ်သည်။
သမိုင်းအဆောင်မှာ သမိုင်းကြောင်းရေးနေကြသည့် အတွဲ များ ဖြစ်သည်။ မင်းချမ်းငြိမ်လည်း 'အတွဲ များ ရှိတတ်သည့်နေရာ' ဟု စိတ်ထဲမှတ်လိုက်ပြီး အခန်းနံပါတ်ကိုလည်း ဘာရယ်မဟုတ် မော့ကြည့်မိသည်။
''ဟင်... အခန်းနံပါတ်ကြီးက ဘယ်လိုကြီးတုံး''
အခန်းနံပါတ်သည် အသစ်ရေးထားသည့်ပုံလို သစ်လွင်လွန်း လှသည်။ ဒီလိုနဲ့ ရှေ့လျှောက်လာခဲ့ရာ ခုနကလိုပဲ အခန်းအလွတ် တစ်ခု တွေ့ရသည်။ ဒီအခန်းထဲမှာ တော့ အတွဲ တွေ မရှိပါဘူး...။ ပြတင်းပေါက်တံခါးအားလုံး ပိတ်ထားပြီး အခန်းတံခါးကတော့ ဖွင့် ထားလေသည်။ အခန်းနံပါတ်ကို မော့ကြည့်မိပြန်သည်။
ဒီအခန်းနံပါတ်ကတော့ ဟောင်းနေသည့်ပုံစံ ဖြစ်သည်။ ဖုန် များ ပင် တက်နေ၏ ။
မင်းချမ်းငြိမ်လည်း စိတ်ဝင်စားလာပြီး ရှေ့ကနှစ်ယောက်ကို ကျော်တက်ကာ နောက်တစ်ခန်းရဲ့ နံပါတ်ကို လှမ်းဖတ်လိုက်လေ သည်။
''ဟင်... ဒီနံပါတ်ကလည်း အသစ်ကြီးပဲ''
အနောက်ကနှစ်ယောက်ကို လှမ်းကြည့်တော့ သူတို့စကားနဲ့ သူတို့ပင် လိမ်ပတ်မလည် ဖြစ်နေသည်။
ခေါင်းထဲတွင် 'ရည်းစားထားတဲ့ဂိမ်း'ကဗျာထဲက အပိုဒ်တစ်ပိုဒ် ကို သတိရမိလိုက်သည်။
![]() လိပ်ပြာရယ်သံ | ![]() သမီးရည်းစား အဘိဓာန် (၃) | ![]() မိန်းမရှာရွာ |