(၁)
မနေ့က ကျင်းပခဲ့တဲ့ 'သံယောဇဉ်' လွှတ်တော် မှာ ချစ်သူ
တင်သွင်းလာခဲ့တဲ့ 'အမုန်း' အဆိုကို နှလုံးသားကရော ဦးနှောက်ကပါ
ထောက်ခံမဲ မပေးဘဲ ပယ်ချခဲ့တာပေါ့ဗျာ။
''မောင်လေး''
''ဗျာ''
မိသားစုအားလုံး စုံလင်နေသော ထမင်းဝိုင်းမှာ မတိုးက သူ့ကို ခေါ်သည်။ မနက်စောစော စီးစီး မေတ္တာသုတ်ရွတ်တော့မည် ကို သူ ခံစားသိရှိလိုက်သည်။
''အခု . . . မမက ဒီလို ဆံပင်တိုတိုလေး ညှပ်လိုက်တော့ လေးဆယ်ကျော်အပျိုကြီးပုံ ပေါက်သေးရဲ့ လား''
ဆိုင်းမဆင့် ဗုံမဆင့်ကြီးမေးလာသော မတိုး၏ စကားကြောင့် တူမ ဖြစ်သူ သွန်းနှင့် သူ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ဖြစ်ကြသည်။
''မမက ဆံပင်တိုတိုလေး ညှပ်လိုက်တော့ အသက်လေးဆယ်ကျော် အပျိုကြီးနဲ့တော့ မတူ တော့ဘူး။ အသက်လေးဆယ်ကျော် လူပျိုကြီးပုံ ပေါက်သွားတယ်ဗျ . . . အဟိ''
''သေနာလေး''
ပြောင်ချော်ချော်ဆိုသော သူ့စကားအဆုံးမှာ မတိုးက 'သေနာလေး' ဟု ရွတ်သည်။ တူမ ဖြစ်သူ ကတော့ တခစ်ခစ် ရယ်သည်။
''အေး ဘာပဲ ဖြစ် ဖြစ် မမပြောချင်တာက ဘယ်လောက်ပဲ ဖုံးဖိဖုံးဖိ၊ ဘယ်လောက်ပဲ ပြင်ဆင် ပြင်ဆင်၊ ဘယ်လောက်ပဲ လိမ်းခြယ် လိမ်းခြယ် ဇရာဆိုတာကို လိမ်လို့မရဘူးဆိုတာကို ပြောချင် တာ။ မနေ့က မမနဲ့ ပက်ပင်းတိုးတဲ့ မောင်လေးရဲ့ ရည်းစားက တော် တော် ကြီး ပြင်ဆင်ထားပေမယ့် အသက် တော် တော် ကြီးနေပြီဆိုတာ မမ သိတယ်၊ ပြောစမ်းပါဦး မင်းထက် ဘယ်လောက် အသက်ကြီးလဲ''
မတိုးက စကားကို အရှည်ကြီးဆိုရင်း နောက်ဆုံးမှာ ရည်းစား ဖြစ်သူ၏ အသက်ကို မေးသည်။ တူမ ဖြစ်သူကပါ ပြုံးစိစိဖြင့် သူ့အဖြေကို စောင့်ကာနေသည်။
''ကျွန်တော့်ထက် ဆယ်နှစ် ကြီးတယ်''
''ဟင် . . . ဦးဦးက နှစ် ဆယ့်ခြောက်နှစ် ဆိုတော့ ဦးဦးရဲ့ ရည်းစားက သုံးဆယ့်ခြောက်နှစ် ပေါ့''
တူမ ဖြစ်သူက မျက်နှာကြီးရှုံ့မဲ့ရင်း ဆိုသည်။
''မောင်လေး''
''ဗျာ''
''မင်းရဲ့ ရည်းစားကို ကြည့်ရတာ သုံးဆယ့်ခြောက် ကတော့ ဘယ်နည်းနဲ့မှ မ ဖြစ်နိုင်ဘူး။ အမှန်အတိုင်း ပြောစမ်းပါ။ လေးဆယ့်ငါးလောက်ရှိပြီ မဟုတ်လား''
''အာ . . . မတိုးကလည်း အဲဒါတော့ နည်းနည်း များ သွားပြီ။ အမှန်အတိုင်း ပြောမယ်ဗျာ။ သူက အသက်လေးဆယ်ပြည့်ဖို့ ငါးလလောက်ပဲ လိုတော့တယ်''
''ဖြတ်လိုက်တော့၊ လုံးဝ သဘောမတူဘူး''
ခေါင်းကုတ်ရင်းဆိုသော သူ့စကားအဆုံးမှာ မတိုးက 'ဖြတ်လိုက်တော့' ဟု ပြတ်ပြတ် သားသား ဆိုသည်။
''ဟုတ်တယ် ဦးဦး၊ ကိုယ့်ထက် ဆယ့်လေးနှစ် ကြီးများ တောင်ကြီးတဲ့ မိန်းမ တစ်ယောက် ကို ရည်းစားထားတာတော့ မမိုက်ဘူး''
မတိုး၏ အဆိုကို တူမ ဖြစ်သူက ထောက်ခံသည်။
''မင်းနှယ်ကွယ် . . . မိန်းမတွေ ဒီလောက်ပေါများ တဲ့ ခေတ်ကြီးမှာ ဒီလို အိုကြီးအိုမကို ဘယ်ကနေ ဘယ်လိုတွေးပြီး ရှာရှာဖွေဖွေ ကြိုက်ရပြန်တာတုံး။ မနေ့ကတည်းက သူ့ရှေ့မှာ ပြောလို့မကောင်းလို့ ပါးစပ်ကို မနည်းကြီး ဘရိတ်အုပ်ထားရတာ ''
''အန်တီတို့က ဘယ်မှာ တွေ့ ကြတာတုံး''
တူမ ဖြစ်သူက မျက်နှာကြီးကို ရှုံ့မဲ့ရင်း မေးသည်။
''ဒီလို သွန်းရေ မနေ့က . . . . . . . .''
× × ×
ဈေးဝယ်ရင်း ဗိုက်ဆာလာသည်မို့ မတိုး တစ်ယောက် Shopping Center ၏ မြေညီထပ် မှာ ရှိသော စားသောက်ဆိုင်များ ဆီ လျှောက်ခဲ့ ဖြစ်သည်။ လွတ်နေသော စားပွဲမှာ ထိုင်ရင်း စားစရာ မှာ တုန်း ဘေးဝိုင်းမှ ကြားဖူးသလိုလိုရှိသော အသံကြောင့် သူမ လှည့်ကြည့် ဖြစ်သည်။
သို့ သော် ကြားမှ သစ်သားဖြင့် ကာရံထားသည်မို့ လူကို မမြင်ရ။ သူမ နားကို စွင့်ထား ဖြစ် သည်။
''မောင်လေးကလဲကွာ . . . မ ဈေးဝယ်တာကို လိုက်ကူပါဦး''
''မဟုတ်ဘူး မရဲ့ ၊ မောင်လေး တကယ်မအားလို့ပါ''
''မရဘူး မရဘူး၊ ဈေးဝယ်တာ လိုက်ကူပြီးမှပြန်''
''အစည်းအဝေးရှိလို့ပါ မရယ်၊ မောင်လေးလည်း ဘယ်ပြန်ချင်ပါ့မလဲ''
ထိုင်ပြီး နားစွင့်နေရာမှ မတိုး မတ်တတ်ထရပ် ဖြစ်သည်။ အိမ်က မောင်လေး 'မင်းသူရဇော်' ၏ အသံ ဖြစ်နေသည်ကိုး။
တစ်ဖက်ဝိုင်းကို ကူးသွားလိုက်သော အခါ သူမကိုမြင်တော့ မောင်လေးက လူချင်းပူးကပ်စွာ ထိုင်နေရာမှ ခပ်ခွာခွာ ပြုသည်။
''မ . . . မတိုး''
ပြီးတော့မှ အထစ်ထစ် အငေါ့ငေါ့ဖြင့် နှုတ်ဆက်သည်။ မောင်လေး၏ ဘေးမှာ တော့ အသက်ခပ်ကြီးကြီး မိန်းမ တစ်ယောက် ကို လိုအပ်သည်ထက် ပိုမိုခြယ်မှု န်းထားသော ဆေးဆိုး ပန်းရိုက် မျက်နှာကြီးဖြင့် တွေ့ ရသည်။
''အန်တီ . . . စားပါဦးကွယ်''
''ဘယ်လို . . . ဘယ်လို . . . ဘယ်လို''
''အန်တီ့ကို စားပါဦးလို့ သမီးက ခေါ်တာလေ . . . ''
သူမထက် အလွန်ဆုံး တစ်နှစ် ၊ နှစ် နှစ် ထက် ပိုမငယ်နိုင်သော မောင်လေး၏ ဘေးမှ ဆေးဆိုးပန်းရိုက်မကြီးက သူမကို 'အန်တီ' ဟု ခေါ်လိုက်သော အခါ မတိုး တစ်ယောက် 'ဘယ်လို ဘယ်လို' ဟု စကားများ ထစ်သွားသည်အထိ ဒေါကန်သွားရသည်။ ဒေါကန်ဆို သူ့ကိုယ်သူ ကျတော့ 'သမီး' ဟု ဆိုနေပြန်သည်ကိုး။
''သြော် . . . အေး . . . မစားတော့ပါဘူး သမီးရယ်။ အန်တီ သွားလိုက်ဦးမယ်။ မောင်လေး . . . အိမ်ရောက်မှ တွေ့ မယ်နော်''
တမင်ရွဲ့ကာဆိုရင်း ချာခနဲ လှည့်ထွက်ခဲ့သော သူမကို မောင်လေးက 'မတိုး' ဟု လိုက်ခေါ် သည်ကို မကြားချင်ယောင် ဆောင်ကာနေလိုက်ရင်း စားပွဲထိုးကို မစားရသေးသော လုံးလုံးပင် မတို့မထိရသေးသော သူမထိုင်ခဲ့သည့် စားပွဲပေါ်မှ ကြေးအိုးဖိုးကို ရှင်းပေး ဖြစ်သည်။
''မတိုး''
အထပ်ထပ် အခါခါ ခေါ်နေသော မောင်လေးကို လှည့်ပင်မကြည့်ဘဲ သူမ ဆိုင်ထဲကနေ ထွက်ခဲ့ ဖြစ်သည်။
ဒေါသတွေ ကတော့ ရင်ထဲမှာ အပြည့်။
× × ×
မတိုးက စကားကို ဒေါသသံဖြင့် အဆုံးသတ်သည်။
''အဲဒါတော့ သူ လွန်တာပေါ့။ သူက လေးဆယ်ပဲထား၊ တီတီက အခုမှ လေးဆယ့်လေး . . . လေးနှစ်ပဲကွာတဲ့ တီတီကို အန်တီခေါ်တာ ကတော့ လုံးဝ လုံးဝ သည်းမခံနိုင်ဘူး''
မီးလောင်ရာလေပင့်ဆိုသလို ဒေါနှင့် မောနှင့် ဆိုသော တူမ ဖြစ်သူ 'သွန်း' ၏ စကားအဆုံး မှာ မတိုးက 'တီတီ ဒေါကန်တာလည်း အဲဒါပဲ' ဟု ဖြည့်စွက်ကာ ဆိုသည်။ ပြီးတော့ နှစ် ယောက် စလုံးက သူ့ကို တရားခံတစ်ဦးလို ဝိုင်း၍ ကြည့်ကြသည်။ သူ့ခေါင်းကိုသာ ကုတ် ဖြစ်သည်။
''မမြင်ဖူးသေးပဲနဲ့တောင် မုန်းလိုက်တာ။ ကြည့်ရတာ တော် တော် လေးကို နုချင်နေတဲ့ အဒေါ်ကြီးပဲ ဖြစ်မယ်''
''ကလေးက ကလေးနေရာ နေစမ်း''
သွန်းကို သူ ခပ်ငေါက်ငေါက် ဆို ဖြစ်သည်။
''ဘာကလေးလဲ . . . ဦးဦးနဲ့ သွန်းနဲ့က . . . ငါးနှစ် ပဲ ကွာတာနော်။ ဝါအရသာ . . . ဦးလေး ဖြစ်နေလို့။ ဦးဦးက နှစ် ဆယ့်ခြောက်၊ သွန်းက နှစ် ဆယ့်တစ် ကဲ . . . ဘာမှာ ကွာနေလို့လဲ''
တူမ ဖြစ်နေသူက ကက်ကက်လန်နေအောင် ပြန်၍ ဆိုသည်။ အစ်မအကြီးဆုံး 'မဖြိုး' က မွေးထားသည်မို့ သွန်းက သူနှင့် အသက်ချင်း သိပ်မကွာလှ။ 'မဖြိုး' နှင့် မတိုးက နှစ် နှစ် သာ ကွာပြီး သူနှင့် မတိုးနှင့် ကျတော့ ဆယ့်ရှစ်နှစ် ကြီးများ တောင် ကွာသည်။ စောစောစီးစီး အိမ်ထောင်ကျ သော 'မဖြိုး' နှင့် သူက အသက်နှစ် ဆယ် ကွာသည်။ မဖြိုးတို့လင်မယားက စင်ကာပူမှာ နေကြ သည်မို့ သွန်းက အပျိုကြီး ဖြစ်သော 'မတိုး' နှင့် သူ၏ လက်ထဲမှာ အနေများ သည်။ ဖေဖေနဲ့ မေမေ ကလည်း စင်ကာပူမှာ ရှိသော မဖြိုးတို့နှင့် ပိုအနေများ သည်။
''ပြောထားပြီးသားနော်။ မောင်လေး . . . အဲဒီ မိန်းမနဲ့ မောင်လေးကို ဘယ်နည်းနဲ့မှ သဘောမတူဘူး။ အမြန်ဆုံး ဖြတ်ပါ၊ ဒါပဲ''
''အပြည့်အဝ ထောက်ခံပါတယ်''
ပြတ်ပြတ်သားသားဆိုသော 'မတိုး' ၏ စကားအဆုံးမှာ 'သွန်း' က လက်သီးလက်မောင်း ဆန့်ရင်း ထောက်ခံစကားဆိုသည်။
''မမတို့ တူအရီးနှစ် ယောက် အဲဒီ လိုတော့ မတရား မပြောနဲ့လေဗျာ။ လွယ်လွယ်နဲ့ ဖြတ်ရ အောင် ကျွန်တော် တို့ချစ်သူသက်တမ်းက နည်းတော့တာ မဟုတ်ဘူး''
''ပြောစမ်းပါဦး ဘယ်လောက်ကြာပြီလဲ''
မတိုးက . . . ခပ်ရိရိ မေးသည်။
''နှစ် လ''
သူ၏ စကားအဆုံးမှာ သွန်းရော မတိုးပါ ခီးခနဲ ရယ်ကြသည်။ သူပါ ရှက်အမ်းအမ်းဖြင့် ရယ် ဖြစ်သည်။
''ဟုတ်တာပေါ့ တီတီရယ်၊ နှစ် လဆိုတဲ့အချိန်က သံယောဇဉ်ကြိုးတွေ အထပ်ထပ် ရစ်ပတ် ပြီးသား ဖြစ်နေဖို့ လုံလောက်တယ်လေ . . . ''
သွန်းက အရယ်တစ်ဝက်ဖြင့် ဆိုသည်။ လေသံ ကတော့ ခပ်ရိရိ နေတော့တာပဲ။
''ရည်းစား ဘယ်နှယောက် ထားထား မတိုးတို့က အမြဲဖျက်နေတော့တာပဲ။ ဇီဇာကို ကြောင် တယ်၊ အဲဒါကြောင့် မတိုး အပျိုကြီး ဖြစ်တာ။ သွန်း . . . နင်လည်း ငါ့ရည်းစားတွေ ကို အကြောင်း အမျိုးမျိုးပြပြီး လိုက်လိုက်ဖျက်သိလား။ နင်လည်း နင့်အဒေါ်လို အပျိုကြီး ဖြစ်မှာ ပဲ''
သူ ဒေါကန်ကန်ဖြင့် ဆိုရင်း ထထွက်လာ ဖြစ်သည်။
'' ဖြစ်လည်း အေးတာပဲ၊ ဒါပေမယ့် သွန်းတို့က ကိုယ့်ထက် အသက်ဆယ့်လေးနှစ် ကြီးတဲ့ လူနဲ့တော့ ရည်းစားမထားဘူး''
သွန်းက နောက်ကနေ လိုက်၍ အော်သည်။
''ဟဲ့အကောင်၊ ငါ အပျိုကြီး ဖြစ်နေတာက ယောက်ျားမရလို့ ဖြစ်တာ မဟုတ်ဘူး။ ယောကျာ်း တွေ ကို မယုံလို့ ဖြစ်နေတာ နားလည်လား သေနာလေး''
သွန်း၏ စကားအဆုံးမှာ မတိုးကပါ လိုက်၍ ဆိုသည်။
''အဲဒါ . . . အပျိုကြီး၊ လူပျိုကြီးတွေ ရဲ့ လက်သုံးစကားပါ မတိုးရာ။ ကျွန်တော် လည်း အချိန် တန်လို့ မိန်းမ မရဘဲ လူပျိုကြီး ဖြစ်ကြည့်ပါလား 'မိန်းမကို မရတာ မဟုတ်ဘူး၊ မယူတာကွလို့ပဲ' သေချာပေါက် ပြောမှာ ပါ''
သူ၏ ရယ်သဲ့သဲ့ အဆိုကြောင့် မတိုးက . . . သူ့ကို ဒိုင်းခနဲ မျက်စောင်းထိုးသည်။ ဘာရယ် မဟုတ် 'သူ' ရယ် ဖြစ်သည်။
× × ×
''မောင်လေးနော် လမ်းသွားရင်းနဲ့ ကောင်မလေးတွေ ကို လိုက်လိုက်ကြည့်နေတာ 'မ' မကြိုက်ဘူး။ ဘာမှန်းလည်း မသိဘူး။ ကောင်မလေးတွေ ကလည်း ရည်းစား တစ်ယောက် လုံး ဘေးမှာ ပါတာတောင် ကဲပြ၊ သဲပြနေကြတယ်''
လမ်းကူးရင်း 'မ' က ရေရွတ်သည်။ သူ ဘာမှပြန်မပြောဘဲ ရယ်သဲ့သဲ့သာ နေ ဖြစ်သည်။
''ပြန်ပြောဦးလေ . . . နောက်ကို မကြည့်တော့ပါဘူးလို့''
''ဟုတ်ကဲ့ နောက်ဆိုရင် မလစ်ရင် မကြည့်တော့ပါဘူး ခင်ဗျား''
မကြည့်ပါဘူးဆိုတာက လစ်ရင်ကြည့်မယ်ပေါ့၊ လူကို လာနောက်နေတယ် ပြောဦး . . . အဲဒီ မှာ ပြောဦး . . . ''
လမ်းကိုကူးပြီး တစ်ဘက်က ပလက်ဖောင်းပေါ်ရောက်ချိန်မှာ သူမက သူ့လက်မောင်းကို ဆွဲကာ ဆိတ်သည်။
''အား . . . နာတယ်ဗျ''
''မောင်လေးက လက်မောင်းလေးပဲ နာတာပါ။ 'မ' ကတော့ ရင်ထဲကပါ နာတာ သိလား။ နောက်ဆို ပြောင်ချော်ချော် မလုပ်နဲ့''
မျက်စောင်းကြီးထိုးရင်း သူမက ဆိုသည်။
''ဦးဦး''
ရုတ်တရက်ကြီး ရှေ့မှာ ပိတ်ရပ်ကာ နှုတ်ဆက်လာသူကို ကြည့်လိုက်တော့ တူမ ဖြစ်သူ 'သွန်း' ဖြစ်ကာနေသည်။ သွန်းဘေးမှာ သွန်းနှင့် ရွယ်တူ သူငယ်ချင်းနှစ် ယောက် လည်း ပါသည်။
''လက်စသတ်တော့ ဦးဦး ဖြစ်နေတာကို အဝေးကနေ မြင်တာကလေ . . . ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ရီး တစ်ယောက် က ဆိုင်က အလုပ်သမားကို လက်မောင်းဆွဲလိမ်ပြီး ဆုံးမနေတာများ လားလို့''
''သွန်း''
မရွှေသွန်းက ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို 'မ' ကို အဒေါ်ကြီးဟုပင် မဟုတ် ဘဲ ရိသဲ့သဲ့ဖြင့် အဒေါ်ရီးဟု ဆိုသည်။ ပြီးတော့ အသက်မပါသော ရယ်နည်းဖြင့် တဟက်ဟက် ရယ်ကာနေသည်။ 'သွန်း' ဟု သူက လှမ်းမာန်လိုက်သော်လည်း သူမက မကြားချင်ယောင် ပြုသည်။
''မောင်လေး သူက ဘယ်သူလဲဟင်''
'မ' က မျက်စိပျက် မျက်နှာပျက်ဖြင့် ဆိုသည်။
''သြော် . . . ဟုတ်သားပဲ။ စကားကောင်းနေတာနဲ့ သမီးက ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ မေ့နေတာ ဒေါ်ရီးရဲ့ ။ သမီးက ဦးဦးရဲ့ တစ်ဦးတည်းသော တူမ 'သွန်း' ပါရှင့်''
သွန်းက သိသိသာသာ အိုဗာ ဖြစ်နေသော ပုံစံဖြင့် ဆိုသည်။
''လမ်းမှာ မိုးတိုးမတ်တတ်နဲ့ မကောင်းပါဘူး။ တစ်ခုခု သွားစားမလို့လေ။ လိုက်ခဲ့ပါလား သွန်း''
'မ' က ပျက်ယွင်းနေသော မျက်နှာကို ပြန်တည်ရင်း သွန်းကိုခေါ်သည်မို့ သူ သွန်းကို မသိ မသာ ခေါင်းခါပြ ဖြစ်သည်။
''သူက သွားစရာရှိတယ် 'မ' ရဲ့ ။ ကဲကဲ သွားသွား သွန်း''
ပါးစပ်ကလည်းပြောရင်း လက်ကလည်း 'သွန်း' ကို မသိမသာ တွန်း ဖြစ်သည်။ သဘောက သွားတော့ဆိုသည့်သဘော။
''အာ . . . ဦးဦးကလည်း၊ သွန်းလည်း တစ်ခုခုသွားစားမလို့ လုပ်နေတာ၊ ဒီက ဒေါ်ရီး ခေါ်တာနဲ့အတော် ပဲ။ လိုက်ခဲ့ဦးမှာ ''
တစ်လုံးချင်းစီ လိုက် . . . ခဲ့ . . . ဦး . . . မှာ ဟု သွန်းက ဆိုသည်။ ပြီးတော့ သူမ၏ သူငယ်ချင်းနှစ် ယောက် ဘက် လှည့်ကာ -
''ကဲ နင်တို့ သွားနှင့် နော်။ ငါ နောက်ကလိုက်ခဲ့မယ်''
ဟု ခပ်ပြုံးပြုံး ဆိုသည်။ ဘာရယ်မဟုတ် သူ့ခေါင်းကို ကုတ် ဖြစ်သည်။
''ဒေါ်ရီးတို့ ဘယ်ဆိုင်သွားမှာ လဲဟင်''
''ဒေါ်ရီးတို့ကလား . . . အဲလေ ယောင်လို့ မမတို့က ဒီနားလေးက ဆိုင်ကိုသွားမှာ သွန်းရဲ့ . . . လာလေ''
'မ' က ယောင်ပြီး 'ဒေါ်ရီးတို့ကလား' ဟု ဆိုပြီးကာမှ စကားကို ပြန်ပြင်ကာ ဆိုသည်။ ယင်းနောက် 'လာလေ' ဟု သွန်းကို ခေါ်သည်။ သူ ကတော့ ကြားနှစ် ကြားမှာ ညှပ်နေသူမို့ ခေါင်းကို သာ ခပ်ကြမ်းကြမ်း ကုတ် ဖြစ်သည်။
× × ×
(၂)
''ဒေါ်ရီး ဘာစားမလဲ''
ဆိုင်မှာ ထိုင်ထိုင်ပြီးချင်း 'သွန်း' က ဆိုသည်။ 'မ' ကတော့ ပျက်ယွင်းနေသော မျက်နှာကို ကြိုးစားကာ ထိန်းနေသည်။
''သွန်းကလဲကွာ ဒေါ်ရီး ဒေါ်ရီးနဲ့ မခေါ်စမ်းပါနဲ့ ကြားရတာ အဆင်မပြေဘူး''
သူ သွန်းကို မျက်မှု န်ကုပ်ပြရင်း ဆို ဖြစ်သည်။
''ဘာလဲ ဒေါ်ရီးလို့ခေါ်တာ အဆင်မပြေဘူးလား။ ဂျီးဒေါ်လို့ ခေါ်ပေးရမလား။ ဂျီးဒေါ်ဆို လည်း ခေါ်လို့တော့ ကောင်းသား''
သွန်းက သူ့အကြည့်ကို မသိကျိုးပြုကာ ဆိုသည်။ တမင်ဖဲ့နေမှန်းသိသော်လည်း 'မ' က ပြုံးလို့သာ နေသည်။
''သွန်းကိုကြည့်ရတာ . . . သွန်းက . . . သမီးရဲ့ ဦးလေးနဲ့ မမကို သဘောတူပုံမရဘူး ဟုတ်လား''
တဲ့ကြီးဆိုလိုက်သော မ၏ စကားကြောင့် သူ ရုတ်တရက် ဘာဝင်ပြောလိုက်ရမှန်းမသိ ဖြစ်ကာသွားသည်။ သို့ သော် သွန်း ကတော့ -
''မှန်လိုက်တာ ဒေါ်ရီးရယ်၊ လုံးဝ သဘောမတူဘူး''
ဟု ခပ်သွက်သွက်ပင် ဆိုသည်။ ကြားနှစ် ကြားတော့ ညှပ်ပြီဟု သူ တွေးမိသည်။ သွန်း ကတော့ ပက်ခနဲပြောပြီး သူ မဟုတ်သလို လုပ်ကာနေသည်။
''ဘယ်သူ သဘောတူတူ မတူတူ သွန်းရဲ့ ဦးလေးနဲ့ မမနဲ့က အရမ်းချစ်ကြတဲ့ ချစ်သူတွေ လေ''
''ဘယ်လောက်ပဲ ချစ်ကြ ချစ်ကြ မညားကြတဲ့ ချစ်သူတွေ မှ တစ်ပုံကြီးပဲ ဒေါ်ရီးရဲ့ ''
မ နှင့် သွန်း တစ်ယောက် ကို တစ်ယောက် ဒဲ့ကြီးတွေ ဖဲ့နေကြပြီမို့ ကြားထဲကနေ သူ ချွေးပျံလာသည်။
''ဒါပေမယ့် ညားသွားကြတဲ့ချစ်သူတွေ ကလည်း အများ ကြီးမှ တကယ့်အများ ကြီးပဲလေ သွန်းရဲ့ ၊ မောင်လေးသာ မမရဲ့ ဘဝထဲရောက်လာရင် 'မ' တို့သားအမိရဲ့ မိသားစုလေးက ပြီးပြည့်စုံ ပြီလို့ ဆိုရမယ်'လ
''သားအမိ''
'မ' ၏ စကားအဆုံးမှာ သွန်းကော သူပါ မျက်လုံးပြူး မျက်ဆံပြူးဖြင့် 'သားအမိ' ဟု ပြိုင်တူ ရေရွတ်မိကြသည်။
''ဟုတ်တယ်လေ၊ ကွဲသွားတဲ့ အရင်ယောက်ျားနဲ့ရထားတဲ့ သားလေးကိုပြောတာလေ မောင်လေးရဲ့ ''
''အရင် ယောက်ျား''
မ၏ ဖြေရှင်းချက်အဆုံးမှာ သူရော သွန်းပါ 'အရင် ယောကျာ်း' ဟု ပြိုင်တူရေရွတ်မိကြ ပြန်သည်။ ပြီးတော့ သွန်း နှင့် သူ တစ်ယောက် မျက်နှာကို တစ်ယောက် ပြူးတိပြူးကြောင် ကြည့် ဖြစ်ကြသည်။ စောစောကထက် အများ ကြီး ချွေးပိုပျံလာသော သူ့မျက်နှာကို 'မ' က ဘာမှ မ ဖြစ်သလို ကြည့်သည်။
''မမှာ ကလေး တစ်ယောက် ရှိတာ မောင်လေးက မသိဘူးလား''
''ဟင့်အင်း''
သူ ခေါင်းကို မော်တာတပ်ထားသလို ခပ်သုတ်သုတ် ဘယ်ညာ ယမ်းပြ ဖြစ်သည်။ ဇောချွေး ဟု ခေါင်းစဉ်တပ်ရမည့်  ချွေးတို့က နဖူးပေါ်ကနေ စီးကျလာသည်။ မက စားပွဲပေါ်မှ တစ်ရှူး တစ်ရွက်ကို သူ့ဆီ ကမ်းပေးသည်။
''ချွေးသုတ်လိုက်ပါဦး။ အရင်ကတည်းက သိထားတယ်ထင်နေတာ။ ဟိုဟာလေ . . . အခုမှ သိတယ်ဆိုရင်လည်း စဉ်းစားပေါ့။ 'မ' ရဲ့ ဘဝထဲ ဝင်လာခဲ့မယ်ဆိုရင်လည်း Welcome ပဲ။ လမ်းခွဲမယ်ဆိုရင်လည်း 'မ' က လွမ်းနေမှာ မဟုတ်ဘူး။ ကဲ . . . တူအရီးနှစ် ယောက် တိုင်ပင်လိုက် ကြဦးပေါ့။ 'မ' သွားပြီ . . . တာ့တာ''
'မ' က လက်ပြပြီး ဟန်မပျက် ထွက်သွားသော်လည်း ပါးစပ်ကြီးအဟောင်းသားနှင့် ပုံပျက် ပန်းပျက် ကျန်ရစ်ခဲ့သည်က သူတို့ တူအရီးနှစ် ယောက် ပဲ ဖြစ်သည်။
''သွန်း''
''ရှင်''
''ရော့ အဲဒီ ဖုန်းထဲက 'မ' ဆိုပြီးမှတ်ထားတဲ့ ဖုန်းနံပါတ်ရယ်၊ မက်ဆေ့တွေ ရယ် အကုန်သာ ဖျက်ပစ်''
လက်တစ်ဖက်က ဖုန်းကို သွန်းဆီပေးရင်း ကျန်လက်တစ်ဖက်ဖြင့် စောစောက 'မ' ပေးခဲ့ သော တစ်ရှူးနှင့် နဖူးမှ ချွေးတို့ကို သူ ခပ်ကြမ်းကြမ်းသုတ် ဖြစ်သည်။
× × ×
''အဲဒီ နေ့ကသာ သွန်းနဲ့မတွေ့ ဘူးဆိုရင် ဒီနေ့ထိ ငါကလည်း ဘုမသိဘမသိနဲ့ ဆက်တွဲ ဖြစ် နေဦးမှာ ကွ။ အဲ . . . သူကလည်း သူ့အကြောင်းကို သိသိကြီးနဲ့ ဆက်တွဲ နေတယ်ပဲ ထင်နေမှာ ''
''တကယ်ကြီး အညာခံခဲ့ရတာ ''
သူ့စကားအဆုံးမှာ ယောက်ျားစိတ်ပေါက်နေသော 'ငသက်' က ဆိုသည်။ နာမည် က သက်နှင်းဖြူ ဖြစ်သော်လည်း သူ့ကို 'ငသက်' သို့ မဟုတ် 'ကိုသက်' ဟုခေါ်မှ သူမက ကြိုက်သည်။
''ကောင်မရယ် တစ်ဖက်သားကို အဲဒီ လို မပြောပါနဲ့ဟယ်''
သက်၏ စကားအဆုံးမှာ မိန်းကလေးစိတ်ဝင်နေသော ဖြိုးမောင်က ခပ်နွဲ့နွဲ့ပင် ဆိုသည်။ ဒီကောင်က သူ့ကိုယ်သူ 'ဖြိုး' ဟု သုံးနှုန်းပြီး သူ့ကိုလည်း 'ဖြိုး' ဟု ခေါ်မှ ကြိုက်သည်။
''ဟဲ့ကောင် ငါ့ကို ကောင်မလို့ မခေါ်နဲ့ သားကြီး''
ငသက်က ဖြိုးမောင်ကို ခပ်ထန်ထန်ဆိုသည်။
''အရေး ထဲမှာ နင်တို့နှစ် ယောက် က တစ်မျိုး''
စံပယ်က ငသက်နှင့် ဖြိုးမောင်ကို ဝင်၍ ဟန့်သည်။
''မြင်တာနဲ့ ကိုက်တော့တာပဲ ဒီနှစ် ကောင်က''
ဝဏ္ဏကပါ ဝင်၍ ခပ်ငေါက်ငေါက် ဆိုသည်။ ငယ်ငယ်လေးကတည်းက ပေါင်းလာသော သူငယ်ချင်းငါးယောက် မို့ တစ်ယောက် ကို တစ်ယောက် ပြောမနာ ဆိုမနာတွေ ရှိကြသည်။ သူတို့ တစ်သိုက်မှာ ဝဏ္ဏနှင့် စံပယ်က ဘော်ဒါချင်း ရည်းစား ဖြစ်ရာမှ လက်ထပ်ထားကြသည်။ ကျန် သုံးယောက် က လူလွတ်တွေ ဖြစ်ကြသည်။ လူလွတ်သုံးယောက် တွင် မှ ငသက်က ယောက်ျားစိတ် ပေါက်ကာ ဖြိုးမောင်က ကြံကြံဖန်ဖန် မိန်းမစိတ် ဝင်ကာနေသည်။
''အဲဒါနဲ့ လိုရင်းက ပျောက်တော့မယ်။ မင်းရဲ့ အဲဒီ အစ်မကြီးဆီက အဆက်အသွယ် လုပ်မလာဘူးလား''
ဝဏ္ဏက ကြားဖြတ်၍ မေးသည်။
သူ ခေါင်းခါပြသည်။
''မင်းရှော့ခ် ဖြစ်သွားမှာ ပေါ့ . . . သားကြီး''
ငသက်က 'ရှောခ့်' ဖြစ်သွားမှာ ပေါ့ဟု ဆိုသည်။
''ရှော့ခ်လည်း ဖြစ်တယ်၊ ရှက်လည်း ရှက်တယ်ကွ။ သူ့ဘက်ကလည်း တမင်ဖုံးဖိထားတာ မဟုတ်ပေမယ့် ငါ့ကို သိတယ်ထင်ပြီး ဘာသိဘာသာ နေတယ်။ ငါကလည်း ထဲထဲဝင်ဝင် ဘာမှ မစုံစမ်း ဖြစ်ခဲ့ဘူး''
သူ ရှက်အမ်းအမ်းဖြင့် ဆို ဖြစ်သည်။
''မှန်မှန်ပြောနော် ကောင်မ . . . ၊ ဘာမှတော့ လွန်လွန်ကျွံကျွံ မ ဖြစ်ခဲ့ဘူး မဟုတ်လား အဲဒီ အစ်မကြီးနဲ့''
ဖြိုးမောင်က ခပ်နွဲ့နွဲ့ဖြင့် သူ့ကို 'ကောင်မ' ဟု ဆိုရင်း မချိုမချဉ်ဖြင့် မေးသည်။
'' ဖြစ်စရာလားကွာ။ ရည်းစားသက်တမ်းက နှစ် လကျော်ကျော်ပဲ ရှိသေးတာ''
ဟု သူ ရှက်ဝဲဝဲဖြင့် ဆို ဖြစ်သည်။
''လက်နှေးလိုက်တာ သားကြီးရာ၊ ငါသာ မင်းနေရာမှာ ဆိုရင် ရည်းစားသက်တမ်း နှစ် ပတ် လေးဆို . . . ပွဲသိမ်း''
ငသက်က အမူအယာဖြင့် ဆိုသည်။
''ဘာပွဲသိမ်းတာတုန်းဟ''
ဝဏ္ဏက ပြောင်စပ်စပ်ဖြင့် ယောကျာ်းရှာ ဖြစ်သော ငသက်ကို မေးသည်။
ငသက်က -
''အာဘွားလေး ဘာလေးပေးတာကို ပြောတာကွာ ဟီး''
ဟု ရွတ်နောက်နောက် ဆိုသည်။
''ကောင်မ . . . ပြောလိုက်ရင် လေကြီးပဲ . . . သူ့ရည်းစားသာ ဆိုလို ကတော့ အရင်ဆုံး လေဥ ဥမှာ ပဲ . . .သူ့လေနဲ့မိပြီးတော့''
ဖြိုးမောင်၏ ခပ်နွဲ့နွဲ့အဆိုကြောင့် ငသက် ဒေါကန်ကာ သွားသည်။
''သားကြီး . . . ငါ့ကို ကောင်မ . . . ကောင်မလို့ မခေါ်နဲ့နော်။ ငါ ဒေါသထွက်လာရင် . . . မင်းနာမယ်''
''အေးပါဟယ် . . . အေးပါ''
လက်ညှိုးငေါက်ငေါက် ထိုးရင်းဆိုသော ငသက်၏ စကားကို ဖြိုးမောင်က ခပ်နွဲ့နွဲ့ပင် မျက်စောင်းထိုးရင်း ဆိုသည်။
''အရေး ထဲမှာ ကွာ . . . မင်းတို့နှစ် ယောက် က တစ်မျိုး။ ယောက်ျားစိတ်ပေါက်နေတဲ့ မိန်းမနဲ့ မိန်းမစိတ်ပေါက်နေတဲ့ ယောက်ျား မင်းတို့နှစ် ယောက် စလုံးကို ပေးစားပစ်ဖို့ပဲ ကောင်းတယ်။ အေး . . . ရော''
ဝဏ္ဏက ပွစိပွစိ ဖြစ်နေကြသော ငသက်နှင့် ဖြိုးမောင်ကို ဆိုသည်။
''အေးလေဟယ်၊ ဒီမှာ . . . ငါလိုကောင်ကြီးက ရည်းစားနဲ့ပြတ်လို့ အသည်းကွဲနေပါတယ် ဆိုနေမှ နင်တို့နှစ် ယောက် ရန် ဖြစ်ပြနေကြတယ်။ ကိုဝဏ္ဏ ပြောသလို ပေးစားပစ်မယ်နော်၊ နောက်ထပ် စကားမများ နဲ့တော့ ဒါပဲ''
တစ်ချိန်လုံး ငြိမ်နေသော စံပယ်က ဝင်၍ ဆိုသည်။
''နိုးစမ်းပါကွာ . . . တစ်လောကလုံးမှာ ယူစရာဆိုလို့ ဒီ တစ်ယောက် ပဲ ကျန်ရင်တောင် မယူဘူး။ ပျော့တိပျော့ဖတ်နဲ့ အာရုံကို နောက်တယ်''
ယောက်ျားစိတ်ပေါက်နေသော ငသက်၏ စကားအဆုံးမှာ ဖြိုးမောင်က မျက်နှာကြီးရှုံ့မဲ့ကာ သွားသည်။ ပြီးမှ . . . ငသက်ကို ဒိုင်းခနဲ မျက်စောင်းထိုးရင်း . . . ဆံပင်ကို ခပ်နွဲ့နွဲ့ သပ်တင်သည်။
''အမယ်လေး . . . အမယ်လေး . . . ဒီကလည်း ငသက်လိုလူမျိုးကို ဖုတ်တဲ့ငါးပိ ရှိတယ်လို့ တောင် မထင်ဘူးဟေ့။ ရှင်းရှင်းပဲ''
ဖြိုးမောင်က ဘယ်လက်ဖဝါးပေါ် ညာဘက်လက်နဲ့ တစ်ဖတ်ဖတ်ရိုက်ရင်း ပြန်ရန်တွေ့  သည်။ ဘာရယ်မဟုတ် အာရုံနောက်နေရသည့်အထဲ ပိုအာရုံနောက်လာသည်မို့ သူ ထရပ် ဖြစ် သည်။
''ကဲ . . . ဆက်ရန် ဖြစ်ခြဲ့ ကတော့ကွာ ငါတော့ဒိုးပြီ''
''အေးအေး ဟုတ်ပြီကွာ။ နောက်မှ ဖုန်းဆက်မယ်''
ဝဏ္ဏက ခေါင်းညိတ်ရင်း ဆိုသည်။
''နင်တို့နှစ် ယောက် ကလေ တကယ် ပေးစားပစ်ဦးမယ်။ နည်းနည်း လေးမှကို အလိုက် ကမ်းဆိုး မသိဘူး''
ငသက်နှင့် ဖြိုးမောင်ကို စံပယ်က ပွစိပွစိ ရွတ်ရင်း ကျန်ခဲ့သည်။ ဘာရယ်မဟုတ်ဘူး၊ သူ သက်ပြင်းကို 'ဟင်း' ခနဲ ချ ဖြစ်သည်။
× × ×
အမှန်အတိုင်း ဝန်ခံရရင်တော့ မျက်နှာချင်းဆိုင် စားပွဲဝိုင်းမှာ စားနေတဲ့ကောင်မလေး တော် တော် လှတာကို သူ သတိထားမိသည်။
သတိထားမိလို့လည်း ဘာရယ်မဟုတ်။ သူ ခဏခဏ လှမ်းလှမ်းရှိုး ဖြစ်သည်။ လှမ်းကြည့် တိုင်းလည်း အကြည့်ချင်း ခဏခဏ ဆုံသည်။
အကြည့်ချင်း ခဏခဏ ဆုံသည့်ကြားက ခဏခဏ ကြည့် ဖြစ်ပြန်သည်။
''ကောင်မ . . . များ နေပြီနော်''
''ငါလည်း အဲဒါပြောမလို့ပဲ သားကြီး''
သူတစ်ဖက်ဝိုင်းမှ ကောင်မလေးကို လှမ်းလှမ်းရှိုးနေမှန်းသိသည်မို့ 'ဖြိုးမောင်' က သူ့ကို မျက်လုံးပြူးပြရင်း ဆိုသည်။ ငသက်ကလည်း 'အဲဒါပြောမလို့ပဲ' ဟု ဟန်မပျက် စားရင်းနဲ့ ဆိုသည်။
''အေးပါကွာ . . . အေးပါကွာ''
သူ ရှက်အမ်းအမ်းဖြင့် ဆို ဖြစ်သည်။
သိပ်မကြာခင်မှာ ပင် ကောင်မလေးတို့ဝိုင်းက ငွေရှင်းကာ ထွက်သွားသည်။ ဖြစ်ချင်တော့ သူမ စောစောက ကိုင်ကာပြောနေသော ဖုန်း ကျန်ခဲ့သည်ကို သူ လှမ်းတွေ့ သည်။
'ဖုန်းကျန်ခဲ့တယ်' ဟု လှမ်းပြောလိုက်ရင်လည်း ဖြစ်သည်။ သို့ သော် သူနည်းနည်း တော့ မကောင်းစိတ်ဝင်သည်။ ဖုန်းကို သွားယူထားပြီး နောက်မှ ပြန်ပေးဖို့ တွေး ဖြစ်သည်။
သို့ နှင့် ကောင်မလေးတို့ ထွက်သွားပြီး သိပ်မကြာခင်မှာ မျက်နှာချင်းဆိုင် စားပွဲဝိုင်း၌ ကျန်ခဲ့သော သူမ၏ ဖုန်းကို သူ သွားယူ ဖြစ်သည်။
''သားကြီး ဇာတ်လမ်းတော့ စလို့ရပြီပေါ့ ဟုတ်လား''
ငသက်က ပြုံးစိစိဖြင့် ဆိုသည်။
''ကောင်မ ညည်းအကြည့်ဒဏ်မခံနိုင်လို့ ဟိုက ဖုန်းတောင် မေ့တဲ့အထိ ပြေးတာပဲကြည့် တော့ မဟားတရားကြီး သွားငမ်းတာကိုးဟဲ့''
ဖြိုးမောင်ကလည်း ရယ်ကြဲကြဲဖြင့် ခပ်နွဲ့နွဲ့ပင်ဆိုသည်။ ငယ်ငယ်လေးကတည်းက တွဲ လာ ကြသည်မို့ တစ်ယောက် အထာကို တစ်ယောက် ဖွင့်မပြောဘဲ နားလည်နေကြသည်မို့ သူ ဘာမှ ပြန်မပြောနေဘဲ နှစ် ကောင်စလုံးကို မျက်စိမှိတ်ပြ ဖြစ်သည်။
''ကဲ . . . အခု ဘာဆက်လုပ် မလဲ''
ငသက်က မျက်ခုံးတစ်ဖက်ပင့်ရင်း မေးသည်။
''ဖုန်းထိုင်စောင့်ရမှာ ပေါ့ကွာ၊ သူတို့လှမ်းတဲ့ လမ်းလျှောက်နှုန်းနဲ့ဆို အခုမှ ဆိုင်ပြင်လောက် ပဲ ရှိဦးမှာ ဆိုတော့ မေ့သွားတာကို သတိရပြီး ပြန်လှည့်ချင်လည်း လှည့်လာမှာ ပဲ''
သူ့စကားမဆုံးခင်မှာ ဖုန်းက ဝင်လာသည်။ သူ တစ်ချက်ပြုံးရင်း ဖုန်းကို ကိုင် ဖြစ်သည်။
''ဟဲလို''
''ဟုတ်ကဲ့ခင်ဗျာ''
''ကျွန်မလေ ဖုန်းကျန်ခဲ့လို့ရှင့်''
''ဟုတ်တယ် ကျွန်တော် တွေ့ ထားတယ်ခင်ဗျာ။ ဘယ်ကိုလာပေးရင် အဆင်ပြေမလဲ မသိ ဘူးခင်ဗျာ . . . ''
''ဆိုင်ရှေ့က ကားပါကင်မှာ ပါရှင့်။ ဒါပေမယ့် ကျွန်မ လာယူပါမယ်။ အခုက ကားပါကင်က သူများ ကားကို နည်းနည်း ချိတ်မိသွားလို့ အဲဒါ . . . ဆိုင်ဝန်ထမ်းနဲ့ စကားပြောနေလို့ပါရှင့်''
''သြော် . . . ဟုတ်ကဲ့ ဒါဆိုရပါတယ်။ ကျွန်တော် လာပေးပါ့မယ်။ ဒါနဲ့ အင်္ကျီ ဘာအရောင် ဝတ်ထားလဲခင်ဗျာ''
သိရဲ့ သားနှင့် ဖိန့် . . . ဖိန့်လုပ်ကာ မေးသော သူ့ကို ငသက်က ရယ်သဲ့သဲ့ဖြင့် ကြည့်သည်။ ဖြိုးမောင်က မျက်စောင်းကြီးထိုးသည်။
''အပြာရောင် ပါရှင့် ကားနံပါတ် - - - - - မှာ ရပ်စောင့်နေပါ့မယ့်ရှင့်။ ကျေးဇူးပါပဲနော်''
''ဟုတ်ကဲ့ရပါတယ်ခင်ဗျာ။ အခုပဲ ထွက်လာပါပြီခင်ဗျာ''
ဖုန်းကိုင်ရင်း ဘော်ဒါနှစ် ကောင်ကို မချိုမချဉ် ပြုံးပြ ဖြစ်သည်။ ပြီးတော့ သူမ၏ ဖုန်းကို ခပ်ကျပ်ကျပ်ကိုင်ကာ ဆိုင်ရှေ့ရှိ ကားပါကင်ဆီ ထွက်လာခဲ့သည်။
''အစ်ကို . . . အတော် ပဲ။ ဟိုမှာ အစ်ကို့ကားကို နည်းနည်း ချိတ်မိသွားလို့။ အဲဒါ အစ်ကို့ကို လာခေါ်တာ။ ကားက နည်းနည်း လေး ခြစ်ရာထင်သွားတယ်''
လာစားနေကြဆိုင်မို့ စားပွဲထိုးက သူ့ကို မျက်မှန်းတန်းမိနေသည်။ တကယ်တော့ သူ့ကား အချိတ်ခံရတာ စိတ်ဆိုးစရာ ဖြစ်သော်လည်း . . . သူ ပျော်သွားမိသည်။ သူမ ဖုန်းဆက်စဉ်က ကား ချိတ်မိသွားသည်ဟု ဆိုသည်ကိုး။
ကားပါကင်ဆီရောက်တော့ သူမကို မျက်နှာအနည်းငယ် ပျက်နေသော ပုံစံဖြင့် တွေ့ ရသည်။ သူမ၏ ဘော်ဒါများ ကလည်း မျက်နှာမကောင်းကြ။
''ဒီမှာ ဖုန်းပါခင်ဗျာ''
''ကျေးဇူးပါပဲရှင်''
''ကားက ဒီအစ်ကိုရဲ့ ကားခင်ဗျာ့''
ဆိုင်ဝန်ထမ်း၏ စကားကြောင့် သူမက သူ့ကို အားနာဟန်ဖြင့် လှမ်းကြည့်သည်။
''အားနာလိုက်တာရှင်။ ကျွန်မ ဘယ်လိုလုပ်ပေးရမလဲ''
အတော် ကြီးကို အားနာဟန်ဖြင့် သူမက ခေါင်းကိုကုတ်ရင်း ဆိုသည်။
''ဟာ . . . ရပါတယ်ဗျာ။ နည်းနည်း ပါးပါး ခြစ်မိသွားတာပဲဥစ္စာ။ ကိစ္စမရှိပါဘူး။ ဒါမျိုးက ဖြစ်တတ်ပါတယ် ရတယ်။ ညီမတို့ သွားစရာရှိတာ သွားပါ။ အားမနာပါနဲ့''
ခြစ်မိသွားသော အစင်းကြောင်းကို လက်ဖြင့် ပွတ်ကြည့်ရင်း သူ ဆို ဖြစ်တယ်။ သူမက ခေါင်းကို ယမ်းသည်။
''မဟုတ်တာပဲရှင်။ ကျွန်မ တာဝန်ယူပါတယ်''
ပြောပြောဆိုဆို သူမက အိတ်ထဲမှ ငွေအချို့ကို လှမ်းနှိုက်သည်။
''ဒီအစင်းကြောင်းလောက်ဆို ပြန်လုပ်ရင် တစ်သိန်းလောက်တော့ကျမှာ ပါ ယူပါရှင့်။ ကျွန်မာ အားနာလွန်းလို့ပါ''
သူမက . . . ငါးထောင်တန်အချို့ကို ကမ်းပေးရင်း ဆိုသည်။
''တစ်သိန်းတော့ မကျလောက်ပါဘူး။ ဒီလိုလုပ်ပါလား။ ညီမရဲ့ လိပ်စာကဒ် ပေးခဲ့လေ။ ပြင်ပြီးတော့မှပဲ ကျွန်တော် ဆက်သွယ်လိုက်ပါ့မယ်ခင်ဗျာ။ ကျွန်တော့် သဘောဆိုရင်တော့ လက်မခံပါဘူး။ ညီမက အရမ်းအားနာနေတယ်ဆိုလို့ . . . ''
သူ ခပ်တည်တည်ပင် ဆို ဖြစ်သည်။ သူမက အိတ်ထဲမှ လိပ်စာကဒ်ကို ထုတ်သည်။
''ဟုတ်ကဲ့ပါရှင်၊ ဒါ ကျွန်မရဲ့ လိပ်စာကဒ်ပါ။ မဆက်သွယ်ဘဲတော့ မနေပါနဲ့ရှင်။ ကျွန်မ အားနာလွန်းလို့ပါ။ ဖြစ်နိုင်ရင် အစ်ကိုရဲ့ လိပ်စာကဒ်လေးလည်း လိုချင်ပါတယ်ရှင့်။ မဆက်သွယ် ရင် အားနာရမှာ စိုးလို့ပါ''
သူမ၏ စကားအဆုံးမှာ သူ ပြုံးရင်း ခေါင်းညိတ်ပြ ဖြစ်သည်။ ပြီးတော့ သူ့ပိုက်ဆံအိတ်ထဲမှ လိပ်စာကဒ်ကိုယူကာ သူမဆီ ပေး ဖြစ်သည်။
''ကဲ . . . ကျွန်တော့် ကို ခွင့်ပြုပါဦး''
''ဟုတ်ကဲ့ . . . ဖုန်းယူလာပေးလို့ ကျေးဇူးပါနော်အစ်ကို''
''ဟာ . . . ကျွန်တော့် ကို ခွင့်ပြုပါဦး''
သူမ၏ လိပ်စာကဒ်ကိုယူကာ သူ ထွက်ခဲ့ ဖြစ်သည်။ ဘာရယ်မဟုတ် ရင်ထဲမှာ ကတော့ ရွှင်မြူးကာနေသည်။
× × ×
(၃)
Love has made heroes of many and fools of many more.
အချစ်သည်သူရဲကောင်းများ စွာ ကို ဖြစ်ပေါ်စေကာ လူရူးလူမိုက်များ ကို ထို့ထက်ပိုမိုကာ ဖြစ်ပေါ်စေသည်။
Swedish Proverb
× × ×
လိပ်စာကဒ်ကို ထောင်ပြရင်း ပြုံးရွှင်စွာ ဝင်လာသော သူ့ကို နှစ် ကောင်သားက လက်ဝါး ချင်း ရိုက်ကြရင်း ကြိုသည်။
''လိပ်စာကဒ်နဲ့ ဖုန်းနဲ့ လဲလာတယ်ပေါ့''
သက်က မျက်စိမှိတ်ပြရင်း မေးသည်။
''ဘယ်ကလာ ငါ့ကားကို သူ့ကားနဲ့ အခြစ်ခံပြီးမှ ရလာတာ''
''ကောင်မရယ် ရှင်းအောင် ပြောစမ်းပါ''
ဖြိုးမောင်က ထုံးစံအတိုင်း ခပ်နွဲ့နွဲ့ ဆိုသည်။
''ဒီလိုကွာ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ''
သူ့စကားအဆုံးမှာ နှစ် ကောင်သားက 'ဒီလိုကိုး' ဟု ဆိုသည်။
''ကောင်မရယ်၊ ကားချင်း ကတော့ ရရစ်နဲ့ခြစ်ပြီး သွားကြပြီ။ လူချင်း ရပင့်နဲ့ချစ်ဖို့ပဲ လိုတော့ တာပေါ့''
ဖြိုးမောင်က မျက်လုံးကို ပေကလပ် ပေကလပ် လုပ်ရင်းဆိုသည်။
''ငါတို့နဲ့စကားပြောရင် ကောင်မရယ် ကောင်မရယ်နဲ့ မပြောနဲ့လို့ ပြောထားတာ ဘယ်နှခါ ရှိပြီလဲ . . . ဘယ်နှခါရှိပြီလဲ''
ငသက်က ဖြိုးမောင်၏ ပခုံးကို ရိုက်ကာ ရိုက်ကာဖြင့် ဆိုသည်။
''ဟဲ့ နာတယ်ဟဲ့ . . . ကောင်မရဲ့ ''
ရိုက်နေသည့်ကြားက ဖြိုးမောင်က ထပ်ဆိုသည်။
''အာ . . . ဒီကောင် ကတော့။ ဘယ်လောက်ပြောပြော အမှတ်ကို မရှိဘူး။ ပြောဦး . . . ပြောဦး . . . ''
ငသက်က ဖြိုးမောင်နားရွက်ကို ဆွဲကာဆိုသည်။ သို့ သော် အမှတ်မရှိသော ဖြိုးမောင်က တော့ 'နာပါတယ်ဆို . . . ကောင်မရဲ့ တကယ်ပြောတာ' ဟု ဆို ဖြစ်အောင် ဆိုသည်။ သူတို့ နှစ် ယောက် ကို ကြည့်ကာ သူ ရယ် ဖြစ်သည်။
ပြီးမှ -
လိပ်စာကဒ်မှ နာမည် ကို ဖတ် ဖြစ်သည်။
နာမည် က ရိုးရိုးရှင်းရှင်းပင်။ 'နှင်းရတီ' ဟု ခေါ်သည်။
'နှင်း' ဆိုသော ဝေါဟာရနှင့် အတူ ရင်ထဲအေးမြသွားသည် ကတော့ အမှန်ပဲ ဖြစ်သည်။ ငသက် ကတော့ ဖြိုးမောင်ကို ပခုံးရိုက်နေတုန်း။
''ဒီအရူးကို ရိုက်နျက်နေရတာ နဲ့ လိုရင်းက ပျောက်တော့မယ်။ ပြောပါဦး ကား ဘာ ဖြစ်သွား လဲ သားကြီး''
ငသက်က ဖြိုးမောင်ကို ရိုက်နေရာမှ မေးလိုက်သည်။
''အစင်းရာလေး နည်းနည်း ထင်သွားတာပါကွာ အေးဆေး''
ပြုံးဖြီးဖြီးကြီးဆိုရင်း လိပ်စာကဒ်ကို ထောင်ပြသော သူ့ကို ဖြိုးမောင်က 'အရူး' ဟု ဆိုကာ မျက်စောင်းထိုးသည်။
''Swedish စကားပုံလိုပေါ့ကွာ။ အချစ်ကြောင့် သူရဲကောင်းတွေ အများ ကြီး ဖြစ်ပေါ်စေပြီး တော့ လူရူးလူမိုက်တွေ ကို ပို ဖြစ်စေတယ်တဲ့။ အခုလည်း သားကြီး... မင်းက အချစ်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ နည်းနည်း တော့ ရူးနေပြီ''
ငသက်က ရုပ်တည်ကြီးနှင့် ဆိုသည်။
''ချစ်စရာလေးကွာ စကားပြောတာလေးကလည်း ချိုသာယဉ်ကျေးလိုက်တာ။ လူတောင် အရည်ပျော်ကျသွားမလား အောက်မေ့ရလောက်အောင်ကို ချိုသာတာ။ ရည်းစားမရှိတဲ့ လိုင်စင်မဲ့ လေးပဲ ဖြစ်ပါစေဗျာ''
ဆုတောင်းစကားဆိုသော သူ့စကားအဆုံးမှာ ဖြိုးမောင်က -
''ဆုတောင်းလေ . . . ကောင်မရဲ့ ဆုတောင်း။ ဒီလောက်လှတဲ့ မိန်းကလေးက ရည်းစားမရှိ ဘဲ နေမလားဟဲ့''
ဟု ဆိုသည်။
''ပြောမနေပါနဲ့ ဖြိုးမောင်ရာ။ ပြောလို့မရဘူး ရုပ်ချောပေမယ့်လည်း ရည်းစားမရှိတဲ့ ကောင်မလေးတွေ အများ ကြီးပဲရှိပါတယ်။ ကံကောင်းပါစေ သားကြီး''
ငသက်က သူ့ပခုံးကို ခပ်ဖွဖွ လှမ်းထိုးရင်း ဆိုသည်။ သူ အသာပြုံးပြ ဖြစ်သည်။
× × ×
တကယ်တမ်းကျ ကိုယ့်အလုပ်နှင့် ကိုယ် ရှုပ်ရသည်မို့ ကားမှာ ဖြစ်သွားသော အစင်းရာ သေးသေးလေးကို ပြုပြင်ဖို့အချိန်က မပေးနိုင်။ 'နှင်းရတီ' ဆိုသော ကောင်မလေးကို သတိရနေပါ သော်လည်း ချက်ချင်း ကြီး ဖုန်းဆက်ကြောင်ရန်ကလည်း မသင့်လှဟု သူ တွေး ဖြစ်သည်။
သိပ်တော့ မကြာလိုက်။ ကားမှာ အစင်းရာထင်ပြီး သုံးရက်မြောက်နေ့မှာ သူမဘက်က ဖုန်း စတင် ဆက်လာခဲ့သည်။ သူမဆီမှ လိပ်စာကဒ်ရစဉ်ကတည်းက ဖုန်းနံပါတ်ကို ကြိုတင် Save လုပ် ထားသည်မို့ ဖုန်းဝင်လာချိန်မှာ နံပါတ်က သူမအမည် နှင့် ပေးကာနေသည်။
သို့ သော် . . .
နည်းနည်း လေးတော့ သူ ပဲများ ချင်သေးသည်မို့ မသိယောင်ဆောင်ဦးမှဟု တွေးရင်း ဖုန်း ကိုင် ဖြစ်သည်။
''ဟဲလို''
''ဟုတ်ကဲ့ . . . ကိုမင်းသူရဇော်ပါလား ရှင်''
''ဟုတ်ပါတယ်ခင်ဗျာ၊ ဘယ်သူပါလဲ ခင်ဗျာ''
''နှင်းရတီပါရှင့်''
''ခင်ဗျာ . . . ဘယ်သူ''
တမင် မသိချင်ယောင်ဆောင်ကာနေသည်မို့ 'ဘယ်သူ' ဟု သူ မေး ဖြစ်သည်။ သူမဘက်က ချက်ချင်း တုံ့ပြန်မဖြေ။ အတန်ကြာမှ -
''ဟိုတစ်နေ့က ကားချိတ်မိသွားတဲ့ တစ်ယောက် ပါရှင်''
သူမ၏ စကားအဆုံးမှာ သူ ပြုံး ဖြစ်သည်။ နည်းနည်း တော့ အောင့်သက်သက် ဖြစ်သွား မလား မသိ။
''သြော် . . . ဟုတ်ကဲ့ပါခင်ဗျ . . . မှတ်မိပါပြီခင်ဗျာ''
''ကားမှာ ထင်သွားတဲ့ အစင်းရာကို လုပ်ပြီးပြီလားရှင့်။ ဖုန်းလည်း ဆက်မလာတော့ အားနာ လို့ ဆက်လိုက်တာပါရှင်''
သူမ၏ စကားသံက ချွဲနွဲ့လွန်းသည်လည်း မဟုတ်၊ မာထန်နေသည်လည်း မဟုတ်။ ချိုရှရှမို့ နားမှတစ်ဆင့် နှလုံးသားထဲ တိုက်ရိုက်စီးဝင်သွားသလား အောက်မေ့ရသည်။ ချိုသာလွန်းလေစွ။
''အစ်ကိုလည်း ဒီရက်ပိုင်းအတွင်း မအားတာနဲ့ မလုပ် ဖြစ်သေးဘူး ညီမရေ။ အစင်းရာလေး က နည်းနည်း လေးပါ သိပ်မသိသာပါဘူး''
''ဒါပေမယ့် နှင်းကကျတော့ စိတ်ထဲမှာ အကြွေးတင်သလို ခံစားနေရတယ်လေ၊ ကိုယ့် ကြောင့် ဖြစ်သွားတာဆိုတော့ . . . ''
အခေါ်အဝေါ်တွေ မသိမသာ ပြောင်းသွား တာကို သူ သတိထားမိသည်။ သူလည်း သူ့ကိုယ် သူ အစ်ကိုဟု သုံးနှုန်းကာ သူမကို ညီမဟု ဆို ဖြစ်သည်။ သူမကလည်း သူမကိုယ်သူမ နှင်း ဟု ဆိုလာသည်။
''စိတ်ထဲမှာ ဘာမှမထားပါနဲ့ ညီမရာ။ အများ ကြီး ဖြစ်သွားတာလည်း မဟုတ်ဘူးဆိုတော့ အစ်ကိုကလည်း ဒီရက်ပိုင်းအတွင်းမှာ အလုပ် နည်းနည်း ရှုပ်နေလို့ပါ။ တပည့်တွေ ကလည်း မအားြ ကတော့ ခိုင်းစရာလူကိုမရှိဘူး ဖြစ်နေတာ ညီမရ''
''ဒါဖြင့် နှင်းကိုယ်တိုင် ကားလာယူရမလား၊ အကြွေးတင်သလို ဖြစ်နေတာကို မကြိုက်လို့''
''ဟောဗျာ''
သူမ၏ ကလေးဆန်မှု ကို သူ ချစ်သွားရင်း 'ဟောဗျာ' ဟု အရယ်တစ်ဝက်ဖြင့် ရေရွတ်မိ သည်။ ပြီးတော့ သူ ခပ်တိုးတိုး ရယ် ဖြစ်သည်။
''ကဲပါဗျာ။ ဒါဖြင့် လည်း ဒီနေ့ပဲ အစ်ကိုအချိန်လုပြီး သွားလုပ်လိုက်ပါ့မယ်။ ပြီးတော့မှ ဖုန်းဆက်လိုက်မယ် ဟုတ်ပြီလား''
''ဟုတ်ကဲ့ ကျေးဇူး''
သူ့စကားအဆုံးမှာ သူမက 'ဟုတ်ကဲ့' ဟု ဆိုသည်။ ချစ်စရာကောင်းလွန်းသော သူမ၏ ကလေးဆန်မှု က သူ့အဖို့တော့ ကြည်နူးစရာ ကောင်းလှသည်။
''တကယ်ဆက်နော်''
ဟု သူမက စိတ်မချသလို ဆိုသည်။
''ဆက်မှာ ပါဗျာ . . . စိတ်ချ''
သူမကို သူ ကတိပေး ဖြစ်သည်။ 'ဒါပဲနော်' ဟု ဆိုကာ သူမဘက်က ဖုန်းချသွားသော်လည်း သူ ဖုန်းကို ကိုင်ထားမိနေဆဲ။
× × ×
''ဟဲလို''
''ဟုတ်ကဲ့ ကိုမင်းသူရဇော် ပြောပါရှင့်''
''ကား ကတော့ ပြင်ပြီးသွားပြီဗျ''
''ဘယ်လောက်ကျလဲ မသိဘူးနော်''
သူမကို ကုန်ကျစရိတ် မပြောသေးဘဲနေမှဟု သူ တွေး ဖြစ်သည်။
''နည်းနည်း ပါဗျာ။ ဒါနဲ့ ငွေပြန်မပေးပါနဲ့လားဗျ''
''ဒါဖြင့် နှင်းက အကြွေးတင်သွားမှာ ပေါ့''
''ဒီလိုလုပ် မိတ် ဖြစ်ဆွေ ဖြစ် တစ်ခုခုကျွေးဗျာ''
သူ၏ အရောဝင်ချင်မှု က လွန်ခဲ့သော နှစ် များ စွာ က ဖော်မြူလာမို့ ဒိတ်အောက်နေသည် ကတော့ အမှန်ပဲ ဖြစ်သည်။ သို့ သော်လည်း အသစ် ဘယ်လိုကောင်းကောင်း အဟောင်း တလည်လည် ဆိုသလို တစ်ခါတလေကျတော့လည်း နည်းလမ်းအဟောင်းက ကောင်းချင် ကောင်းနေတတ်တာမျိုး။ သူ၏ စကားကို သူမက ချက်ချင်း ကြီး ပြန်မဖြေ။ သူ . . . နည်းနည်း တော့ စိုးရိမ်စိတ်ဝင်သွားမိသည်။ အထင်များ သေးသွားပြီလားဟု တွေးသည်။
''နှင်းက မနက်ဖြန် မအားဘူး။ သန်ဘက်ခါ နေ့လယ်စာဆိုရင် အဆင်ပြေလား အစ်ကို''
သူ ရုတ်တရက် မြောက်တက်သွားသလို ခံစားရသည်။
''သန်ဘက်ခါ . . . သန်ဘက်ခါ . . . အင်း . . . သန်ဘက်ခါဆိုရင်တော့ အစ်ကိုလည်း အားတယ်။ အိုကေလေ ညီမ။ ဟိုဆိုင်မှာ ပဲ ဆုံကြမလား။ ညီမ အဆင်ပြေမယ့် နေရာပြောလေ''
ချက်ချင်း ကြီး 'အားတယ်' ဟု မဆို ဖြစ်ဘဲ စဉ်းစားချင်ယောင် ဆောင်ကာ ခဏနေပြီးမှ သူ ဆို ဖြစ်သည်။ ချက်ချင်း ကြီး 'အားတယ်' ဟု ဆိုလိုက်ပါက သူတွေ့ ချင်နေမှန်း သိပ်သိသာသွားမှာ စိုး၍ ဖြစ်သည်။
''အကြွေးတင်ခဲ့တဲ့ ဆိုင်မှာ ပဲ အကြွေးပြန်ဆပ်မယ်လေ''
အရယ်တစ်ပိုင်းဖြင့် ရယ်သဲ့သဲ့ဆိုသော သူမ၏ စကားကြောင့် သူ ရယ် ဖြစ်သည်။
''စားရမှာ တောင် နင်တင်တင်ကြီးပါလားဗျာ''
''နောက်တာပါရှင် . . . ဒါဖြင့် သန်ဘက်ခါ နေ့လယ် ၁၂ နာရီခွဲဆို အဆင်ပြေလား။ အစ်ကို အဆင်ပြေမယ့် အချိန်ပြောလေ''
''အာ . . . ပြေတယ်လေ။ ၁၂ နာရီခွဲဆိုရင် အဆင်ပြေပါတယ်''
''ဒါဆို . . . ဒါပဲနော်''
သူ ဖုန်းကိုချပြီး လက်သီးကို ကျစ်နေအောင်ဆုပ်ကာ 'ရေး ' ဟု သူ ထအော် ဖြစ်သည်။ ပျော်လွန်းနေသည် ကတော့ အမှန်ပဲ ဖြစ်သည်။
''သူငယ်ပြန်နေတာလား ဦးဦး''
တူမ ဖြစ်သူ သွန်းက မချိုမချဉ်ဖြင့် ဆိုသည်။
''လူကြီးကို နောက်စရာလား။ နားရင်းပိတ်တီးလိုက်ဦးမယ်''
''အံမယ်မယ် ငါ့တူမကို လက်ဖျားလေးနဲ့ပဲ ထိကြည့်လိုက်စမ်းပါ။ မတိုးအကြောင်း သိသွား မယ်''
သူ့စကားအဆုံးမှာ မတိုးက ခါးကြီးထောက်ကာ ဆိုသည်။
''တီတီရေ . . . ဦးဦးက သန်ဘက်ခါ ကောင်မလေး တစ်ယောက် နဲ့ နေ့လယ်စာစားဖို့ ချိန်းနေပါတယ်ဗျို့''
သွန်းက မချိုမချဉ်နှင့် ဆိုသည်။
''သန်ဘက်ခါ မောင်လေးကားကို မတိုးယူဦးမယ်နော်။ နေ့လယ်စာ စားချိန်လောက်ပေါ့ ကွယ်''
''လာမညစ်နဲ့ ကိုယ့်ကားကိုယ်သုံး၊ ဒါပဲ''
သူ ခေါင်းခါကာ ရှက်ဝဲဝဲဖြင့် ဆို ဖြစ်သည်။
''ဟဲ့ မတိုးကားက ဝပ်ရှော့ပို့မလို့''
''ဒါဖြင့် Taxi နဲ့ သွားလေဗျာ''
''အောင်မာ မောင်လေးက ယောကျာ်းလေးလေ။ လိုင်းကားနဲ့ပဲသွားသွား Taxi နဲ့ပဲ ဒိုးဒိုး ပိုအဆင်ပြေတယ်''
''မကြားပါဘူးဗျို့။ ဘာမှမကြားပါဘူးဗျို့''
သူမတို့ဘက်လှည့်ကာ နားနှစ် ဖက်ကို ပိတ်ပြရင်း အရယ်တစ်ဝက်ဖြင့် ဆို ဖြစ်သည်။ မတိုးနှင့် သွန်းက သူ့ကိုမျက်စောင်းကြီး ထိုးသည်။ ဘာရယ်မဟုတ် သူ့ရင်ထဲမှာ အပျော်တွေ က အပြည့်။
× × ×
![]() အချစ်ရဲ့ နက္ခတ် | ![]() မယားစိတ်သားစိတ် | ![]() ဂျင်းအင်္ကျီရောင် အချစ်၏ လေညင်းများ |