အချစ်ရဲ့ နက္ခတ်
မင်းမြတ်နိုးရင် အရာရာဟာ လှတာချည်းပါပဲ။
ဂျင်းအနီး
Things are beautiful if you love them.
Jean Anouilh
နင့်ကိုချစ်တာကို
ဘာကြောင့်လို့
သက်သေပြဖို့ လိုသေးလို့လား။
တကယ်လို့ .. လိုတယ်ဆိုရင်လည်း
ရှေးရေစက်ဆိုတာကြီးကိုပဲ
လက်ညှိုးထိုးပြရမယ်ထင်တယ်။
ငါ ချစ်မိနေတော့ မင်းဘာလုပ်လုပ် အရာရာဟာ လှနေတယ်။
အာကာထွဋ်
ရက်ရာဇာတွေ
ပြဿဒါးတွေ ဆိုတာ
အခုမှ ပေါ်တာမဟုတ်ဘူးလေ
ဈေးသုံးလွယ်လို့မရသလို
ရှေးထုံးဆိုတာလည်း ပယ်လို့မရဘူး
ချစ်သက်နှင်း
မွေးနေ့မို့ ဘုရားသွားချင်စိတ် အားကြီးလွန်းသဖြင့် အာကာထွဋ် ရွှေတိဂုံဘုရားကို စောစောထွက်လာခဲ့သည်။ စောစောထလေ့မရှိသော အဆောင်တူတူနေ ဘော်ဒါများ ကို အားနာသ ဖြင့် အာကာ မနှိုးခဲ့ဘဲ တစ်ယောက် တည်း လာခဲ့ခြင်း ဖြစ်သည်။
ရှေ့တည့်တည့်မှ မြင်နေရသော မြင်ကွင်းက စိတ်ဝင်စားစရာ။ အင်မတန်လှသော ကောင် မလေး တစ်ယောက် ။ ပုတီးကို တဒေါက်ဒေါက်စိပ်နေသည်။ သူမကိုင်ထားသော ပုတီးက သာမန် အများ ကိုင်နေကျ ပုတီးထက်ကြီးသည်။
အာရုံကို ပုတီးစိပ်ရာတွင် နှစ် ထားသော သူမ၏ သွင်ပြင်မှာ အေးချမ်းလှသည်။ မျက်လွှာစုံချ ထားသဖြင့် ရှည်လျားကော့ညွတ်နေသော သူမ၏ မျက်တောင်များ ကရှင်းလင်း လှပနေသည်။
အာကာထွဋ်အချိန်အကြာကြီး ဘုရားရှိခိုးပြီးသည်အထိ သူမ ပုတီးစိတ်၍ မပြီးသေး။ အာကာလည်း ကြည့်ကောင်းကောင်းဖြင့် မသိမသာခိုးကြည့်နေမိခြင်း ဖြစ်သည်။ နည်းနည်း လေး ကြာလာတော့ အာကာပျင်းလာသည်။ နေရာနှင့် နီးသော တနင်္လာထောင့်မှာ ဘုရားအား ရေသပ္ပာယ်ရန် ထထွက်လာခဲ့မိသည်။ အာကာ့မိခင်မှာ တနင်္လာနေ့ဖွားမို့ အမေ့အတွက်ရည်စူး ကာ အာကာ ကုသိုလ်ပြုရန် ရည်ရွယ်ခြင်း ဖြစ်သည်။
မိခင် ဖြစ်သူအတွက် ရည်စူးပြီး မိခင်၏ အသက်စေ့ ရေခွက်ဖြင့် ရေခပ်ကာ ဘုရားအား ရေသပ္ပာယ်နေမိသည်။ ထိုအချိန် ဘေးမှလာရပ်သော သူမကို မြင်တော့ အာကာ၏ ရင်ထဲမှာ လှပ်ခ နဲ ခုန်သည်။
အာကာရေခွက်ကို မှတ်ကာ ရေတွက်ရင်း သူမလာရပ်သဖြင့် အာရုံ ပြောင်းသွား မိကာ မေ့ သွားသည်မို့ “ကျွတ်” ဟု စုပ်သပ်မိကာ အစမှပြန်၍ ရေသပ္ပာယ်ရန် ပြင်သည်။
“ဒီမှာ ၊ အဲဒီ ရေခွက်အနီလေး ကျွန်မကို ပေးပါလား၊ ရှင်က ဒီအစိမ်းရောင် လေးနဲ့ လှူပေါ့”
ဆည်းလည်းသံလေး။ ရုပ်ရည်လှပသော သူမမှာ ဤသို့ သာယာသော အသံကိုလည်း ပိုင် ဆိုင်ပါလားဟု အာကာတွေးမိသည်။
“ခင်ဗျာ”
အာကာ မကြားယောင်ပြုကာ “ခင်ဗျာ”လိုက်သည်။
“ကျွတ်၊ အဲဒီ ရေခွက် အနီရောင် လေးနဲ့ ကျွန်မဘုရားကို ရေသပ္ပာယ်ချင်လို့ ဒီရေခွက် အစိမ်းနဲ့ လဲပေးပါလားလို့ပြောတာ”
“သြော်”
အာကာ ဒီလောက်ဆိုသဘောပေါက်သည်။ စောစောက ပုတီးကြီးကြီးနဲ့ စိပ်နေကတည်း က တစ်ခုခုပဲဟု သူတွေးမိပြီးသား၊ အခုလည်းအစိမ်းရောင် တွေ ထဲမှာ ရှားရှားပါးပါး တစ်ခွက်တည်း ရှိသော ဒီအနီရောင် လေးနဲ့ မှ ဘုရားကို ရေသပ္ပာယ်ချင်သည်ဆိုတော့ ယတြာခြေတာပဲ ဖြစ်မည် ဟု အာကာ တွက်မိသည်။
“ဟို ခဏလေးနော် ကျွန်တော် က ကျွန်တော့် အမေအတွက် လှူပေးနေတာပါ၊ ဒီအနီရောင် နဲ့ လှူမှ ဖြစ်လို့ပါ”
“သြော် ဒီလိုလား ရပါတယ်၊ ကျွန်မ စောင့်ပါ့မယ်”
သူမက အလိုက်သင့်ပင် ပြန်ပြောရင်း ဘေးမှ ခပ်ခွာခွာလေးရပ်စောင့်နေသည်။ အာကာစိတ်ထဲမျာ သူမကို စချင်စိတ် ဖြစ်နေမိသည်။ စောင့်လက်စနဲ့ သူမ ဆက်စောင့်နေရအောင် ဘယ်လိုလုပ်ရပါ့ဟု အာကာတွေးသည်။ ဖျတ်ခနဲ အဖေ့ညီ ဦးကျော်နိုင်ကို သတိရလိုက်သည်။
“ဟုတ်ပြီ ၊ သူ ဆက်စောင့်နေပါစေ၊ ဦးလေးအတွက်ပါ တစ်ခါတည်း လှူပေးလိုက် မယ်”
အာကာ တွေးရင်း လက်တန့်နေသည်ကို သူမက ပြီးပြီအထင်နှင့် “ပြီးပြီလား”ဟု မေးရင်း ကပ်လာသည်။
“ဟုတ်ကဲ့ ပြီးပြီ ဒါပေမယ့်”
အနီရောင် ခွက်လေးဆီ လက်လှမ်းနေသော သူမ၏ လက်က “ဒါပေမယ့်” ဆိုသော စကား ကြောင့် လမ်းတစ်ဝက်မှာ ပင်တုန့်ခနဲ လေထဲမှာ ရပ်တန့်သွားသည်။ အလိုမကျသလို အာကာ့ကို မျက်မှော င်ကုပ်၍ ကြည့်သည်။
“ဟို ကျွန်တော့်  ဦးလေးအတွက်လှူဖို့ ကျန်သေးတယ်၊ ခဏလေးစောင့် လက်စနဲ့ စောင့် ပါဦးဗျ၊ နော်”
အာကာ၏ ပြောင်ချော်ချော် မျက်နှာပေးဖြင့် ပြောသော စကားကြောင့် သူမက မျက်စောင်း မသိမသာထိုးရင်း
“ရပါတယ် စောင့်ရတော့မှာ ပေါ့”ဟု ခပ်ဆောင့်ဆောင့်ဖြေသည်။
အာကာ၊ ဘုရားရေသပ္ပာယ်နေစဉ် အချိန်အတွင်း နှုတ်ခမ်းအနည်းငယ်စူကာ ရပ်စောင့်နေ ရှာသော သူမ၏ ပုံစံမှာ ရယ်စရာကောင်းလို့နေသည်။
“ရော့ ရော့ ပြီးပြီ”
အာကာကမ်းပေးသော ရေခွက်ကို သူမက လှမ်းယူသည်။ သူမ လှမ်းအယူ အာကာက ပြန်ရုပ်လိုက်သည်။ ပါးစပ်မှလည်း “နေဦးဗျ၊ ကျန်သေးတယ်” ဟု စပ်ဖြဲဖြဲ ဆိုလိုက်သည်။ လက် လှမ်းသော သူမလက် ရှက်သွားသည်။
“လုပ်ပြန်ပြီ ၊ ဘာလဲ ဒီတစ်ခါ ရှင့်အဘွားအတွက်လား”
သူမက စိတ်မရှည်ဟန်ဖြင့် ငေါ့တော့တော့ ဆိုသည်။
“မဟုတ်ဘူးဗျ၊ ကျွန်တော့် အဘိုးအတွက်ပါ”
သူမက အာကာ့အဖြေကြောင့် မျက်စောင်းကို ထိုးသည်။
“ရှင် တမင်ကပ်နေတာ မဟုတ်လား၊ ဒီရေခွက်အစိမ်းနဲ့ လှူလည်းရရဲ့ သားနဲ့ ”
“မဟုတ်ပါဘူး၊ ဒါဆို ခင်ဗျားကျတော့ရော၊ ခင်ဗျား ဒီရေခွက် အစိမ်းနဲ့ လှူရင်လည်း ရတာ ပဲလေ”
“အဲဒါ ရှင်နဲ့ မဆိုင်ပါဘူး၊ ကျွန်မအကြောင်းနဲ့ ကျွန်မရှိလို့ပေါ့”
“ပြီးတာပဲလေ၊ ကျွန်တော် လည်း ကျွန်တော့် အကြောင်းနဲ့ ကျွန်တော် ပဲ”
ပြောရင်း အာကာဘုရားကို စ၍ ရေသပ္ပာယ်ပေးသည်။ တကယ်လည်း အာကာ့ အဖေဘက်က အဘိုး ဦးကျားလှိုင်က တနင်္လာသား၊ စိတ်တိုတိုနှင့် ရပ်စောင့်နေသော သူမ၏ မျက်နှာထားကြောင့် အာကာ ရယ်ချင်ပက်ကျိ ဖြစ်နေမိသည်။ ဆုံးသွားတာ ကြာပြီ ဖြစ်သော အဘိုး ဖြစ်သူ ကတော့ “ငါ့မြေးတော် လှချည့်” ဟု ထင်နေပေလိမ့်မည် ။
“ရော့ ရော့ ပြီးပြီ”
အာကာလှမ်းပေးသော ရေခွက်အနီလေးကို သူမကြောင်ပြီး ကြည့်နေသည်။ သူမစိတ်ထဲမှာ လှမ်းယူလိုက်ပြန်ရင်လည်း စောစောကလို လက်ပြန်ရုတ်သွားမှာ ကို ကြောက်နေဟန် တူသည်။
“ရော့ လေ”
အာကာ၏ နောက်တစ်ခေါက် ပြောရင်း လှမ်းအပေးကြောင့် သူမလက်ကို မရဲတရဲ လှမ်း သည်။ ရေခွက်အနီးသို့ သူမ၏ လက် ရောက်လုရောက်ခင် အချိန်တွင် အာကာက “မယူလည်းနေ ပေါ့”ဟု ဆိုရင် လက်ကိုပြန်ရုပ်ကာ ရေခွက်များ စီကာလှူထားသော နေရာတွင် ပြန်ထားလိုက် သည်။ လေထဲမှာ လက်အလှမ်းနှင့် ပင် သူမ ရှက်သွားပြန်သည်။ လူကြီးရှက်တော့ ရယ်ဆိုသလိုပင် သူမက ရှက်ပြုံးပြုံးသည်။ အာကာ့ကိုလည်း မျက်စောင်းထိုးသည်။
ထိုမျက်စောင်းက အာကာ့ရင်ဘတ်ကို “အုန်း” ခနဲ မှန်သည်။ အာကာမယောင်မလည်ဖြင့် သူမကို စောင့်နေမိသည်။ ဘယ်ကိုပြန်မှာ လဲ၊ ဘယ်ကလဲဆိုတာ သိချင်စိတ်က ပြင်းပြနေသည်။
ဒီနေ့ ဤသို့ ဘုရားဖူးရင်း လိပ်ဥတူးရင်းအချိန်ကုန်သွားမှာ ကို အာကာမစိုးရိမ်မိ။
သူမက ဘုရားအား ရေသပ္ပာယ်ပြီးသည်နှင့် နောက်သို့အလှည့် ခိုးကြည့်နေသော အာကာနှင့် အကြည့်ချင်းဆုံသည်။ ဖျတ်ခနဲ သူမ မျက်လွှာကို ချသွားသည်။ အာကာ့ ရင်ဘတ်ထဲ မှာ တော့ ဆတ်ခနဲ ခုန်သွားသည်ပေါ့။ သူ တစ်သက်တာမှာ ဘယ်မိန်းကလေးကိုမှ ဒီလိုမျိုးခိုးကြည့် တာ အာရုံမစိုက်ခဲ့ဖူးတာကိုး။
သူမက ရွှေတိဂုံ အရှေ့မုခ်စောင်းတန်းမှ လှေကားထစ်များ အတိုင်း ဆင်းသွားသည်မို့ အာ ကာ ဝါးတစ်ရိုက်စာလောက်ခွာကာ မသိမသာ လိုက်ရသည်။
ဘာ့ကြောင့် မှန်းတော့ မသိ၊ အာကာ့ကိုယ်မှာ အင်အားတစ်မျိုး စီးဝင်လျက် စိတ်လက်ပေါ့ ပါးကာ သူမနောက်သို့ လိုက်နေရသည်ကိုပင် သူပျော်နေမိသည်။
သူမက ခိုစာရောင်းသော ကလေးထံဝယ် “မ” သဘာဝ ပီပီ ဈေးဆစ်နေသည်။
“မင်းက လေးဗူးတစ်ရာဆိုလို့ မမက ဝယ်မလို့လုပ်တာ၊ မင်းက နို့ဆီဗူးနဲ့ မပေးဘဲ ဒီငါး သေတ္တာဗူးသေးသေးလေးနဲ့ ပဲ ပေးတော့ နည်းတာပေါ့၊ တစ်ရာ လေးဗူးကို နို့ဆီဗူးနဲ့ မရဘူးလား”
“အာ မမကလည်း ဒီလိုပဲ လူတိုင်းအော်ရောင်းနေကြတာပဲ၊ ဒီလိုလုပ်ဗျာ အဲဒီ ဗူးနဲ့ ငါးဗူးယူလိုက်ဗျာ၊ ဟိုနို့ဆီဗူးနဲ့ လေးဗူးတော့ မလုပ်လိုက်ပါနဲ့ ၊ မကိုက်လို့ပါ”
“အေးပါ၊ အေးပါ”
သူမက ခိုစာရောင်းသော ကောင်လေးကို မျက်စောင်းဖြင့် ချစ်စနိုးပြောရင်း ခိုစာ ပဲများ ထည့်ထားသော ဗူးကိုယူကာ ခိုများ ရှိရာ ပက်ကြဲရင်းကျွေးသည်။ ခိုများ က သွယ်လှသော သူမ၏ လက်ထဲမှ ဖွားခနဲဖွားခနဲကျလာသော ပဲများ ကို အလုအယက် စားနေကြသည်။
အာကာလည်း ထိုကလေးထံမှပင် ဝယ်ရန် ဆုံးဖြတ်လိုက်သည်။
“ချာတိတ် မင်းရဲ့ ခိုစာ ဘယ်လိုရောင်းလဲ”
“လေးဗူးတစ်ရာပါ အစ်ကို”
“ဘယ်ဗူးနဲ့ လဲ”
အာကာ၏ အမေးကြောင့် ကောင်လေးက ခေါင်းးကိုကုတ်သည်။ ထို့နောက် သူမဘက်ကို တစ်ချက်ခိုးကြည့်လိုက်သေးသည်။
“ဒီဗူးနဲ့ ပါ”
မရဲတရဲဖြင့် ဗူးသေးလေးကို ညွန်ပြသည်။
“သူ့လိုပဲ ငါးဗူးတစ်ရာထားပေါ့”
ကောင်မလေးက ရက်ရက်ရောရောပင် ခေါင်းကို အခါခါညိတ်၏ ။
သူမက ပါးစပ်မှ ပွစိပွစိရွတ်ကာ ခိုစာကျွေးနေရင်းက “သူ့လိုပဲ” ဟု ပြောရင်း အာကာ လက်ညှိုးညွန်မိသဖြင့် မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ပါးစပ်မှ ရွတ်ဖတ်နေသည်ကိုမူ ရပ်တန့်မသွားပေ။
ဗေဒင် ယတြာကို တော် တော် ကြီး စိတ်ဝင်စားသည်ဆိုတာကို “မြေကြီးလက်ခတ်မလွဲ” အာကာ သိလိုက်ရသည်။
“ဟဲ့ အဆစ်လေးတစ်ဆုပ်လောက် ပေးပါလား၊ ဟိုဘက်က မစားရရှာဘူး”
သူမက ပြောရင်း ခိုစာသည်ရှေ့မှာ သူမ၏ လက်ဖဝါးလေးကို ဖြန့်သည်။ “မ” သဘာဝ ဆို တော့ အဆစ်တောင်း ဝါသနာကလည်း ပါသည်ကိုး။ ဒါမျိုးစောင့်နေသော အာကာ၊ ရက်ရက်ရော ရော ပေးရန် ခိုစာသည်လေး ပြင်နေတုန်းကို သူ့လက်ထဲမှာ ကြဲရန် ဆုပ်ထားသော ပဲများ ကို သူမ လက်ဖဝါးလေးထဲ “ဆတ်” ခနဲ ခပ်သွက်သွက် ထည့်ပေးလိုက် သည်။
သူမ၏ နူးညံ့လှသော လက်ဖဝါးနှင့် ထိလိုက်ရချိန် လျှပ်စီးဓာတ်ကိုယ်ထဲ စီးဝင်သွားသလို အာကာ့မှာ ရှိန်းခနဲ။
သူမက လျှပ်တစ်ပြတ် ဖြစ်လာသော အ ဖြစ်ကြောင့် ခိုစာကို လက်ထဲမှာ ကြောင်တောင် တောင်လေး ဆုပ်ကိုင်ထားဆဲ။ အာကာ့ကိုလည်း ဝေခွဲရခက်သော ဟန်ဖြင့် တစ်ချက်ကြည့်သည်။ ထိုအကြည့်ကိုပင် သူမ “ဆတ်” ခနဲလွှဲကာ လက်ထဲမှ ခိုစာကို ခိုများ ရှိရာသို့ ခပ်ဆောင့်ဆောင့် ပက်သည်။ စောစောတုန်းကလို ပွစိပွစိတော့ မရွတ်။
မျက်စောင်းကိုလည်း ဒိုင်းခနဲ ထိုးလိုက်သေးသည်။ ထို့နောက် သူမလက်ကိုင်အိတ်လေး ကို ဖွင့်ကာ ခိုစာဖိုးပေးရန် ငွေရှာနေသည်။ အိတ်ထဲသို့ လက်ထည့်ကာ မွှေရင်း “ကျွတ်” ဟု စိတ်မ ရှည်သလို စုပ်သပ်သည်။ သူမ၏ လက်ကို အိတ်ထဲမှ နှိုက်လိုက်ချိန် တစ်ထောင်တစ်ရွက်ပါလာ သည်။
“စောစောက နှစ် ရာတန်တစ်ရွက် ကျန်တာ ဘယ်ရောက်သွားလဲမသိဘူး။ မင်းမှာ တစ် ထောင်တန် အမ်းဖို့ အကြွေရှိလား ကလေး”
“အခုမှ ဈေးဦးပေါက်တာဗျ၊ အကြွေမပြောနဲ့ ငွေကို တစ်ပြားမှ မရှိသေးဘူး”
သူမ၏ အဆိုကို ခိုသည်ကလေးက ခပ်ဘွင်းဘွင်းပင် ဖြေ၏ ။
“ရော့ ရော့ ညီလေး သူ့အတွက်ပါ ယူထားလိုက်”
အာကာ့ အသံကြောင့် တစ်ထောင်တန်လေးကိုင်ကာ ဘေးဘီကြည့်ရင်း စိတ်ညစ်နေ သော သူမနှင့် ခိုစာသည်ကလေးက အာကာ့ကိုရော အာကာ့လက်ထဲက နှစ် ရာတန်လေးကိုပါ ကြည့် သည်။
“ဟား ကျေးဇူးတင်လိုက်တာ အစ်ကိုရာ၊ ဒီလို ခပ်စောစောအချိန်က ဆိုင်ခင်းတာ ဘာညာ နဲ့ အလုပ်ရှုပ်လို့ ဘယ်သူကမှ အကြွေလဲချင်တာ မဟုတ်ဘူးဗျ”
ဝမ်းသာအားရဖြင့် ခိုစာသည်ကလေးက ပိုက်ဆံကို ခပ်သွက်သွက်လှမ်းယူရင်း အားပါးတရ ဆိုသည်။ သူမ ကတော့ တစ်ခုခုကို အလိုမကျသလို မျက်ခုံးကို တွန့်လျက် အာကာ့ကို ကြည့်သည်။
“ကျေးဇူးပဲ”
ဝတ်ကျေတန်းကျေ သဘောမျိုးဖြင့် သူမက ကျေးဇူးစကားကို တိုတိုနှင့် တုတ်တုတ် ဆိုသ လို ခပ်တိုတိုပင် ပြောသည်။ ဘယ်ဘဝက ပါရမီ ကုသိုလ်ကံကြောင့် မှန်းတော့မသိ၊ ထိုခပ်ဆောင့် ဆောင့်ပြောသော သူမ၏ အသံကိုက ချစ်စရာကောင်းလွန်းသည်ဟု အာကာတွေးသည်။
အာကာက သူမကို ပြန်ပြုံးပြလိုက်သည်။ သို့သော် ပြုံးပြလိုက်သော အာကာ၏ အပြုံးတစ် ဝက်မှာ ပင် သူမက လှည့်ထွက်သွားပြီ ဖြစ်သည်။ အာကာ့မှာ နင်တင်တင်ကြီး ကျန်ခဲ့သည်။ Half Feel ဆိုတာက ဒါမျိုးပဲနေမှာ ဟု အာကာတွေးရင်း သူမနောက်ကို မယောင်မလည်လိုက်သည်။ ရေတာ ရှည်လမ်းဟောင်းလေးအတိုင်း သူမလျှောက်သည်။
သူမ၏ လမ်းလျှောက်ဟန်မှာ ခုခေတ် မော်ဒယ်(လ်)တွေ လို သွက်သွက်လက်လက် မဟုတ်၊ အဲ ရှေးခေတ်စတိုင်လို နှေးနှေးကွေးကွေးကြီးလည်း မဟုတ်။ မနှေးမမြန်လေးဖြင့် ကြည့် ကောင်းသည်။ လမ်းလျှောက်တာကိုက ချစ်ဖို့ကောင်းသော သူမပါပေ။ ဆံနွယ်မတိုမရှည်လေးက လေအဝှေ့မှာ တစ်ချက်တစ်ချက် လွင့်မျောသည်။
သူမက ကျောမလုံသလို နောက်ကိုတစ်ချက်လှည့်ကြည့်သည်။ ဤသို့ လှည့်ကြည့်မည် မထင်ထားသော အာကာမှာ ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်သွားသည်။
ဘာစိတ်ကူးပေါက်သည်မသိ၊ ရှေ့မှလာသော Taxi ကို သူမ လှမ်းတားသည်။ ကားသမား နှင့် ဈေးစကားပြောပြီး နောက်ခန်းကို သူမခပ်သွက်သွက်ဝင်ထိုင်သည်။ ကားက “ဝူး”ခနဲ မောင်း သွားချိန်မှာ တော့ အာကာလည်း Taxi ကို ကျီးကန်းတောင်းမှော က်ရှာရသည်။ မတွေ့ ။ ဒီနေ့ ဒီအချိန်မှာ မှ ကြံကြံဖန်ဖန် Taxiက အနီးအနားမှာ တစ်စီးမှမတွေ့ ။
အာကာ ခေါင်းကိုသာ ခပ်ကြမ်းကြမ်းကုပ်မိသည်။
ဘာပြောပြော သူ့အနေနှင့် မွေးနေ့လက်ဆောင်အ ဖြစ် ကံတရားက ဖန်တီးပေးသော သူမ နှင့် ဆုံလိုက်ရခြင်းက အချိန်အတော် ကြာသည်အထိ မနိုးခဲ့သော နှလုံးသားက ရင်ခုန်သံ စည်းချက်မှားနေခြင်းဖြင့် အာကာ့ကို ခံစားမှု တစ်မျိုး ဖန်ဆင်းပေးသည်။
မင်းရဲ့ မျက်စောင်းက
ပန်းပေါင်းကုဋေကို
ပွင့်စေခဲ့တာပေါ့
ငါ့ရဲ့ အချစ်ပန်းကိုပါ
ပွင့်လန်းစေခဲ့တဲ့ ကောင်မလေးရေ
နင့်နာမည် မသိသေးဘဲနဲ့ ကိုပဲ
နင့်ကိုငါ ချစ်တယ်၊ (နင် အပြစ်ဆိုချင် ဆိုစေတော့)
လွယ်လွယ်သာ နင်မမေ့တတ်ဘူးဆိုရင်
ငါ့ကိုမြင်တိုင်း မျက်စောင်းထိုးပါဦး။
ရှုမဆုံးနိုင်တဲ့ ငါ့ရင်ဘတ်ထဲက
အချစ်ပန်း လှလှလေးတွေ
တစ်သက်စာ ပွင့်သွားအောင် . .. .
“ဗေဒင်တွေ ယတြာတွေ အရမ်းယုံတဲ့သူဆိုတာတော့ ဖြစ်နိုင်လောက်တယ်၊ အခု အာကာ ပြောသလို ဆိုရင်ပေါ့”
ရဲလေးဟု ခေါ်သော အဆောင်အတူနေ ဘော်ဒါက ဆိုသည်။
“ကြည့်လုပ်ဦးနော်၊ ဟို သိုက်တွေ ဘာတွေ က ဘာညာတွေ ဖြစ်နေမှဖြင့် ၊ အမလေးဗျာ ပြောရင်းဆိုရင်း ကြက်သီးတောင် ထလာပြီ”
သရဲ အင်မတန်ကြောက်တတ်သော စောခိုင်ဆိုသော ရွယ်တူ ဖြစ်သူ အဆောင်နေ ဘော်ဒါ ကလည်း သူ့ဝသီအတိုင်း သူ့လိုရာသူ ဆွဲကာပြောသည်။ ပြောပြီး သူ့နောက်ကိုပင် ကျောမလုံသ လို လှည့်ကြည့်လိုက်သေးသည်။
“ဟာကွာ မင်း ကတော့ လုပ်ပြီ၊ ဘယ်ကသိုက်ကရမှာ လဲကွ၊ ရှိရှိသမျှ ဘာညာတွေ က မင်းအခန်းမှာ ပဲ ရှိတာလေ၊ မင်းကို သူတို့က ခွာနိုင်ကြတာ မဟုတ်ဘူး”
အဆောင်မှာ အသက်အကြီးဆုံး ဖြစ်သော ကိုလှခိုင်ကပင် ကြောက်ပါသည်ဆိုမှ ဖြဲခြောက် သော သဘောဖြင့် စောခိုင်ကိုကြည့်ရင်း ပြောသည်။
“ခင် ခင်ဗျားဗျာ မ ဖြစ်နိုင်တာ”
စောခိုင်က ဘေးဘီကို ကြည့်ကာပြောရင်း အာကာ့ဘေးမှာ လာကပ်ထိုင်သည်။
“ဘာ မ ဖြစ်နိုင်တာလဲ”
“အမလေးဗျ”
ကပ်လာသော စောခိုင်၏ ခါးကိုတို့ရင်း အာကာခြောက်လိုက်သဖြင့် စောခိုင် “အမလေးဗျ” တ သည်အထိ လန့်ဖျပ်သွားသည်။ နဂိုကတည်းက ကြောက်နေသည်ကိုး။
“ခင် ခင်ဗျားတို့ကလဲဗျာ မီးလောင်ရာ လေပင့်ပဲ၊ ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်ကြသေး တယ်”
စောခိုင်က ရင်ဘတ်ကို ဖိရင်းဆိုသည်။ လေသံက ဒေါသသံ မစွက်တစွက်။ လေသံမာမာ ဖြင့် လည်း သူ့ခမျာ စိတ်မတိုရဲ။ အရေး အကြောင်းညကြီးအချိန်မတော် အပေါ့အလေးသွားချင်ရင် ဒီလူတွေ ပဲ အားကိုးနေရသည် မဟုတ်ပါလား။ သူ တစ်ယောက် တည်း ဘယ်တုန်းကမှ မသွားရဲခဲ့။ ကြောက်တတ်သူကျမှ လာပြီး ညည အချိန်မှာ သာ အိမ်သာက သွားချင်သည်မဟုတ်ပါလား။
“ဖြဲပြီး မခြောက်ပါဘူးကွာ၊ ရိုးရိုးလေးပဲ ခြောက်တာပါ”
“အေးလေ မင်းကိုက ကြောက်လည်း ကြောက်သေးတယ်၊ ဖတ်လိုက်တဲ့စာအုပ်တွေ က လည်း သရဲတစ္ဆေ စာအုပ်၊ လျှို့ဝှက်သည်းဖိုနဲ့ ဂမ္ဘီရ စာအုပ်တွေ ချည်းပဲ”
“ဒါတော့ ဟဲဟဲ စိတ်ဝင်စားတာကိုး”
အာကာနှင့် ရဲလေး၏ အပြောကို စောခိုင်က စပ်ဖြဲဖြဲဖြင့် ချေပသည်။
“ဒါဆို ငါ့ညီ အာကာအတွက် ကုန်ကြမ်းတစ်ခု ရသွားတာပေါ့။ ဝတ္ထုတစ်ပုဒ်တော့ ဖြစ်လာမှာ သေချာတယ်”
“အာ အစ်ကိုလှနိုင်ကလည်း ဘယ်သူမှန်းလဲ မသိ၊ ဘယ်ကမှန်းလဲမသိဘဲနဲ့ ဘယ်လိုလုပ် ကုန်ကြမ်း ဖြစ်လာမှာ လဲဗျ”
ကိုလှနိုင်၏ အပြောကို အာကာက ငြင်းသည်။ စာရေး ဆရာ လုပ်ရန်ဆိုသော ရည်ရွယ်ချက် အင်မတန်ကြီးမားသော အာကာက ဘာပြောပြော “ကုန်ကြမ်း” ဆိုတာကို ထည့်ကာထည့်ကာ ပြောတတ်လွန်းသဖြင့် ကိုလှနိုင်က တမင်စခြင်း ဖြစ်သည်။
“မင်းကလည်း အဲဒီ လို ဘာမှ မသိလိုက်ရတဲ့ Feel ကိုက ဘာနဲ့ မှ မတူတဲ့ ကုန်ကြမ်းပေါ့ ကွ”
စောခိုင်က ဆရာကြီးလေသံဖြင့် အာကာ့ကို ခပ်ထန်ထန်ပြောသည်။
“မင်းက မသိဘဲ ဝင်ပါပြန်ပြီ၊ အဲဒီ ကုန်ကြမ်းဆိုတဲ့အရာကို မင်းက ဘယ်လောက် နားလည်ထားလို့လဲ၊ ရှင်းပြပြန်တော့လည်း နားလည်မှာ မဟုတ်၊ နွားကို ပလာတာ ကျွေးတာက စားဦးမယ်”
ပြန်လည်နှိပ်ကွပ်သော အာကာ့၏ စကားကြောင့် စောခိုင်က မျက်မှော င် ကုတ်ကာ ပွစိပွစိ ရွတ်သည်။
“အဲဒါတွေ ငြင်းနေတာနဲ့ လိုရင်းက ပျောက်ကုန်ပြီ၊ ဘာတဲ့ အာကာမင်းပြောတဲ့ ကောင်မ လေးအကြောင်း ဆက်ပါဦး”
ရဲလေးက အာကာ့စကားကို ဆက်ရန် ထောက်ပေးသည်။
“သူ Taxi ပေါ်တက်ပြီး ထွက်သွားတာနဲ့ ဇာတ်သိမ်းက ပြတ်သွားပြီလေ၊ ငါလည်း သူ့နောက်လိုက်ဖို့ပဲ၊ ဖြစ်ချင်တော့ အဲဒီ နေရာမှာ ဘာ Taxi တစ်စီးမှကို မတွေ့ ဘူးကွာ၊ ငါလည်း လိုင်းကားစီးပြီးတော့ပဲ ပြန်လာခဲ့တာပေါ့”
အာကာ၏ စကားကြောင့် စောခိုင်က “ဟက်”ခနဲ ခပ်ထေ့ထေ့ ရယ်သည်။ လှောင်၍ ရယ် လိုက်ခြင်းပင် ဖြစ်သည်။ အာကာက ခပ်ထန်ထန်မျက်ခုံး ပင့်ရင်းကြည့်တော့ သကောင့်သားက ရယ်ဖြဲဖြဲလုပ်နေသည်။
“မင်းအမြဲ လိုင်းကားစီးနေကျပဲ ဥစ္စာ၊ ဒီတော့ လိုင်းကားရုပ်ထွက်နေတဲ့ မင်းကို Taxi က လာပါ့မလား စာရေး ဆရာရ”
စောခိုင်က အရယ်တစ်ဝက်ဖြင့် ပင် အာကာ့ကို နှိပ်ကွပ်လိုက်သေးသည်။ “စာရေး ဆရာ” ဟု နှိပ်ကွပ်လိုက်သဖြင့် အာကက တွန့်ခနဲ ဖြစ်ကာ စောခိုင်ကို ဘုကြည့်ကြည့်သည်။
“အင်း ရေစက်မကုန်ရင်တော့ ပြန်ဆုံမှာ ပေါ့ကွာ၊ နဖူးစာ ပါရင်တော့ ဘယ်လိုရှောင်ရှောင် မလွတ်နိုင်ပါဘူး”
ကိုလှနိုင်ကြီး ပြောလိုက်သော စကားကြောင့် အာကာ့မျက်နှာ ဝင်းပလာသည်။ ဒါမျိုးကိုမှ သူက ကြားချင်သည်ကိုး။ ဟုတ်သည်လေ ရေစက်ဆိုတာ ရှိသေးသည်။ သူမနှင့် ပြန်မဆုံနိုင်တော့ ဟု အတက်မဆိုနိုင်။
ကိုလှခိုင်ကို အာကာ ထိုင်ရှိခိုးချင်လုမတတ် ကျေးဇူးတင်သွားမိသည်။ ဘာပဲပြောပြော သူမနှင့် ပြန်ဆုံချင်နေသည် ကတော့ အမှန်ပင်။ အာကာ၏ မျက်လုံးတို့ မှိတ်လိုက်သော်လည်း အာရုံ၌ ရှင်းလင်းစွာ ထင်ကျန်ဆဲ ဖြစ်သော သူမ၏ ပုံရိပ်ကား အာကာ့ ရင်ဘတ်ကို “နွေး” ခနဲ ဖြစ်သွားစေသည်။ ဒါ အချစ်များ လားဟု အာကာတွေးမိသည်။ ရင်ခုန်မှု ကတော့ ချိုမြိန်လျက်။
ဒုတိအကြိမ် အာကာ သူမနှင့် ဆုံသော နေရာ ကတော့ Junction 8 ရှိ J’Donuts မှာ ပဲ ဖြစ် သည်။ ဘယ်ဘဝက ရေစက်လဲတော့ မသိ။ ဒီတစ်ခေါက် သူမနှင့် ဆုံတွေ့ ခြင်းကလည်း ယခင်တစ် ခေါက်ကဲ့သို့ပင် ပြေပြေပြစ်ပြစ်မဟုတ်။
မုန့်အများ ကြိးထဲမှာ မှ တစ်ခုတည်းကျန်သော ချောကလက်လို မုန့်လုံးပုံစံမုန့်က တစ်လုံး တည်းသာကျန်သည်။ အာကာက သူမကို မမြင်သေးသလို သူမဘက်ကလည်း အာကာ့ကို မမြင်ခဲ့။ ထိုတစ်ခုတည်းကျန်သော မုန့်လုံးလေးကို နှစ် ယောက် ပြိုင်တူ လက်ညှိုးထိုးမိပြီးခါမှ တစ်ယောက် ကို တစ်ယောက် ကြည့်မိခြင်း ဖြစ်သည်။
“သြော်”
သူမ “သြော်” ဆိုတာကို အံကြိတ်သံဖြင့် ဆိုသည်။
“သြော် ဟော်ဟော်”
အာကာက သူ့ထက်ကဲကာ “သြော် ဟော်ဟော်” သော ပြောင်စပ်စပ်အမူအရာကြောင့် သူမက မျက်စောင်းထိုးသည်။
“ဒီမှာ အစ်မ ညီမက အရင်လာတာဆိုတော့ အဲဒီ မုန့် ညီမကိုပေးသိလား၊ မြန်မြန်လေး ဗိုက်ဆာနေပြီ”
သူမက ခပ်သွက်သွက်ပြောရင်း လက်ဦးမှု ကို ယူသည်။ မုန့်ကောင်တာမှ ဝန်ထမ်းအစ်မက အာကာ့ကို အားနာသလို တစ်ချက်ကြည့်သည်။
“ဟာ မရဘူးလေ၊ အရင်လာတယ်ဆိုပေမယ့် ခင်ဗျားကအရင်မှ မမှာ တာ၊ ကျွန်တော် မှာ တော့မှ အဲဒီ လိုလုပ်တာတော့ ဘယ်ရမလဲ”
အာကာ့အပြောကြောင့် သူမ ဆွေ့ဆွေ့ခုန်သွားသည်။ သူမအနေနှင့် တခြား တစ်ယောက် ယောက် သာဆိုလျှင် အလျှော့ပေးမည် ။ အာကာ့ကိုတော့ လုံးဝ အလျှော့မပေးဘူးဟူ သော ပုံစံမျိုးဖြင့် အာကာ့ကို စိန်ခေါ်ကြည့်ကြည့်သည်။
“အစ်မ ညီမကို ပေးနော် ညီမကအရင်မှာ တာ”
“အစ်မ ကျွန်တော့် ကို ပေးနော် ကျွန်တော် က ဦးဆုံးမှာ တာ”
“မဟုတ်ဘူး အစ်မ ညီမအရင်မှာ တာ သူက နောက်မှမှာ တာ”
“မဟုတ်ဘူး အစ်မ ကျွန်တော် အရင်မှာ တာလေ”
တစ်ယောက် တစ်ပေါက် လုပြောနေသဖြင့် မုန့်ကောင်တာမှ အစ်မက ရယ်လည်းရယ်ချင် စိတ်လည်းညစ်သွားဟန်ဖြင့် လက်အိတ်စွပ်ထားသော လက်ဖြင့် ဦးထုပ်ဆောင်းထားသော ခေါင်း ကိုကုတ်သည်။
“ တစ်ယောက် က တခြားမုန့်ကို စားပါလား”
ထိုအစ်မကြီးက ပြေလည်ပါစေတော့ ဆိုသော သဘောဖြင့် ညှိနှိုင်းပေးသည်။ သူမက သက်ပြင်းကို ခပ်ဆောင့်ဆောင့်ချသည်။
“စား စား ရှင်ပဲ စားလိုက်တော့”
“စားပါ၊ မင်းပဲစား မစားဖူးဘူး မဟုတ်လား”
“အောင်မာ အောင်မာ ရှင်သာ မစားဖူးတာ၊ ရုပ်ကိုက တောသားမြို့တက်လာတဲ့ပုံနဲ့ ဟွန်း”
ငြင်းမယ့်ငြင်းတော့ နှစ် ယောက် ပြိုင်တူ ထိုမုန့်ကို မယြူ ကတော့ပြန်။
“ပြောပေါ့၊ ခင်ဗျားကမှ တုပ်ရော တောရုပ်အစစ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး”
“တောက်”
အာကာက ဘာရယ်မဟုတ် စိတ်ထဲပျော်ပျော် ရှိသည်မို့ စနေသည်ကို သူမ ကတော့ စိတ် တကယ်ဆိုးသည်။ “တောက်” ကိုပင် ခပ်ပြင်းပြင်းခေါက်သည်။
“အောက်မြတ်လေး ကြောက်စရာကြီး”
အာကာက တမင်ပင် သူမ ဒေါသကို ဆွသည့်သဘောဖြင့် ပခုံးကို တွန့်ရင်း မုန့်ကောင် တာမှ အစ်မကို လှမ်းပြောလိုက်သည်။ ထိုအစ်မကြီး ကတော့ အာကာတို့နှစ် ယောက် ကို ပြုံးဖြီးဖြီးနှင့် ကြည့်သည်။ ရယ်ချင်စိတ်ကို ထိန်းထားဟန်တူသည်။ သူမ ကတော့ မျက်စောင်းကို သာ ဒိုင်းခနဲ ထိုးသည်။ အာကာအဆောင်မှ ဘော်ဒါများ ကို ဖျတ်ခနဲ သတိရလိုက်သည်။ ကိုလှနိုင် ကြီးပြောသော ရေစက်ဆိုတာ ဒါပဲ ဖြစ်မည် ဟုလည်း သူတွေးမိသည်။
“စတော် ဘယ်ရီ မစ်(ဒ်)ရှိတ် တစ်ခွက်”
“အစ်မရေ ကျွန်တော့် ကိုလည်း တစ်ခွက်”
သူမမှာ သလို လိုက်မှာ သည်မို့၊ သူမက အာကာ့ကို ဘုကြည့်ကြည့်သည်။ အာကာ “တိုက်ဆိုင်သွားသည်ကိုး” ဆိုသော သဘောဖြင့် ပခုံးနှစ် ဖက်ကို တွန့်ပြလိုက်သည်။
သူမက ငွေကိုရှင်းပြီး မုန့်နှင့် အအေးထည့်ပေးသော ဗန်းကို ကိုင်ကာ လှည့်ထွက်သွားသည်။ အာကာ့ကို လှည့်၍ ပင်မကြည့်။ အာကာကလည်း ငွေအမြန်ရှင်းရင်း သူမ ဘယ်သွားသည်ကို လိုက်ကြည့်သည်။ လူကလည်း ဒီနေ့မှ အင်မတန်ကို ပြည့်နေသည်မို့ ခုံလွတ် က မရှိ။ သူမ မုန့်ဗန်းလေးကိုင်ကာ ဟိုဒီ ကြည့်နေသည်။
လေးယောက် စားပွဲဝိုင်းမှာ အတွဲ တစ်တွဲ ထထွက်သွားသည်။ သူမက ခပ်သွက်သွက်ပင် ထို စားပွဲဆီ လျှောက်သွားသည်။ အာကာလည်း ကောင်တာမှ အမ်းသော ငွေကို အမြန်ယူကာ လွတ် နေသေးသော သူမနှင့် ဘေးချင်းယှဉ်လျက်ခုံမှာ ဝင်၍ ထိုင်လိုက်သည်။ သူမက တစ်ချက် မသိမ သာ မျက်စောင်းဖြင့် ကြည့်ပြီး ခုံကိုလည်လိုက်ကာ အာကာ့ကို ကျောပေးကာ ထိုင်သည်။ အာကာ စချင်လာသည်မို့ အအေးခွက်ကို ကိုင်ကာ တစ်ဖက်လှည့်သောက်နေသော သူမ၏ မုန့်နှင့် သူ စားပြီးသော တစ်ဝက်သာ ကျန်သော မုန့်ကို လဲလိုက်သည်။
သူမက အာကာ့ဘက် လုံးဝမကြည့်ဘဲ မုန့်ကို ကောက်ကိုင်သည်။ စားဟန်ပြလိုက်ပြီးမှ မုန့်ကို မျက်မှော င်ကုတ်ကာ ကြည့်သည်။ ထို့နောက် ဒေါသ ဖြစ်ကာ အာကာ့ကို ကြည့်သည်။ အေးဆေးစွာ ဖြင့် အအေးသောက်လိုက်၊ မုန့်စားလိုက် လုပ်နေသော အာကာ့ကို ကြည့်ကာ နှုတ်ခမ်းကို ကိုက်သည်။ အာကာက မသိသလို သူမကို တစ်ချက်ကြည့်လိုက်ပြီး “စားပါဦးလား” ဆို သော ပုံစံဖြင့် မုန့်ကို မြှော က်ပြတော့ ပြောင်ချော်ချော် အာကာ့ဟန်ကိုကြည့်ကာ သူမ ရယ်ချင်ပက် ကျိ ဖြစ်သွားသည်။ သို့သော် စိတ်ဆိုးနေသည်မို့ ရယ်ချင်စိတ်ကို ဖုံးကာ တမင်ပင် မျက်နှာကို ချီ ထားသည်။ လက်ထဲမှ မုန့်ကို ပန်းကန်ထဲ ခပ်ဆောင့်ဆောင့် ပြန်ချသည်။ ထို့နောက် သူမ၏ ဘေးလွယ်အိတ်လေးကို ယူကာ ဆတ်ခနဲ ထထွက်သွားသည်။ အာကာလည်း လက်ကျန်အအေး ကို ဖြတ်ကာ သူမနောက် ဒရောသော ပါး လိုက်သည်။
သူမက J’Donuts နှင့် ကပ်နေသော City mart လေးထဲဝင်သွားသည်။ အာကာ မယောင် မလည်ဖြင့် နောက်ကလိုက်သည်။ ဒါကို သိသော သူမက ဘုကြည့်ပြန်လှည့်ကြည့်သည်။ ဒါကိုပင် အာကာက မသိယောင်ပြုကာ စာအုပ်ကောင်တာနားတွင် စာအုပ်ကြည့်နေဟန်ဆောင်နေလိုက် သည်။
စာအုပ်မှ မျက်လုံးပြန်ခွာရင်း သူမကို ရှာကြည့်တော့ မတွေ့ တော့။ လူများ သော အချိန်မို့ သူမကို လွယ်လွယ်မတွေ့ ၊ အာကာ Roll တစ်ခုချင်းစီကို စေ့စေ့စပ်စပ် လိုက်ကြည့်လိုက်ရှာသည်။ မတွေ့ ။
ငွေရှင်းသော ကောင်တာများ တွင် ရှိလို ရှိငြား အာကာ လိုက်ကြည့်သည် မတွေ့ ။ အာကာရင်ဘတ်ထဲမှာ ဟာတာတာကြီး ဖြစ်သွားသည်။ စာအုပ်ကို ဖွင့်လျက်တန်းလန်း ဘယ်ရော ညာပါ ကိုင်လျက် တောင်သွားမြောက်သွားလုပ်နေသော အာကာ့ကို အရောင်းဝန်ထမ်းအချို့က မသိမသာ လိုက်ကြည့်နေသည်မို့ အာကာ သိလိုက်သော အခါ အာကာရှက်သွားမိသည်။ စာအုပ် ကောင်တာသို့ ပြန်သွားကာ ထိုစာအုပ်ကို ပြန်ထားလိုက်သည်။ စိတ်ထဲမှာောတ့ ပျောက်သွား သော ကောင်မလေးကို သတိရလျက်။
![]() မှတ်ပြီလား အခုတော့ မျောက်သစ်ကိုင်းလွတ် ဖြစ်ပြီ | ![]() ရနံ့တစ်စင်း၏တောင်ပံခတ်သံ | ![]() ရန်ကုန်သူနဲ့ တောင်ကြီးသား |