ရနံ့တစ်စင်း၏ တောင်ပံခတ်သံ
Thank !
ပထမဆုံး 27Th Nov “ဓနု” ရာသီမှာ မှ “ဓနု” နဲ့ “တောင်ရိုး” တိုင်းရင်းသားတွေ ကြားမှာ မွေး ဖွားကြီးပြင်းစေခဲ့တဲ့ အမေနဲ့အဖေကို အထူးကျေးဇူးတင် ဂါရ၀ပြုပါတယ်။
အဖေနဲ့အမေရဲ့ ကျေးဇူးကြောင့် မြတ်နိုးစရာကောင်းပြီး ရိုးသားအေးဆေးတဲ့ “ဓနု” နဲ့ “တောင်ရိုး” တွေ ရဲ့ ကြားမှာ မွေးဖွားကြီးပြင်းခဲ့လို့လည်းပဲ ကျွန်တော် ဟာ မြန်မာစစ်စစ် ဖြစ်ပေမဲ့ မြန်မာစကားကို ပီအောင်ပြောဖို့ဆိုရင်တော့ ကြိုးစားပြီး ထိန်းပြောရပါတယ်။ ချစ်စရာကောင်းတဲ့ “ဓနု” သံဝဲနေလို့ပါ။ (နိတ်ဟ)
ဒီလေသံဝဲတဲတဲကိုပဲ ချစ်စရာကောင်းတယ်လို့ ဆိုတဲ့ ကောင်မလေးတွေ (ငါကွ) နား ထောင်လို့ကောင်းတယ်ဆိုတဲ့ မိတ်ဆွေတွေ ၊ “ဓနု” စကား သင်ပေးပါလားလို့ ဆိုတဲ့ ဘော်ဒါတွေ နဲ့ စာဖတ်သူတွေ အတွက် ကျွန်တော် ဒီဝတ္ထုကို ဖန်တီး ဖြစ်ပါတယ်။
ဒီဝတ္ထုကိုရေး ဖို့ တိုက်တွန်းအားပေးခဲ့တဲ့ ကျွန်တော့် ထုတ်ဝေသူ ကိုကြီးမိုးနဲ့ ကျွန်တော့်  အစ် ကိုကြီး ကိုမျိုး (ဆရာမျိုးကိုမျိုး) တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။
တကယ်တော့ တချို့ Plot တွေ က “ဟာသ” ဂျာနယ်နဲ့ “ဟဒယ” ဟာသမဂ္ဂဇင်းတွေ မှာ ၀တ္ထုတိုအ ဖြစ် ရေး ခဲ့ဖူးပါတယ်။ တချို့ကိုပြန်ထွင်ပြီး ဆန်းသစ်ထားသလို တချို့ကိုတော့ ဒီအတိုင်း ပြန်သုံး ဖြစ်ပါတယ်။
ရေး မယ်ဆိုရင် “မြန်မာ” စကားနဲ့ “ဓနု” “တောင်ရိုး” စကားအသုံးအနှုန်း ခြားနားမှု တွေ အ များ ကြီးပါ။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းလောက်အောင် ထူးခြားတဲ့၊ ဟာသလည်းမြောက်တဲ့။ အားလုံးပဲ နီးစပ်စွာ နားလည်နိုင်မဲ့ အသုံးအနှုန်းတချို့ကိုပဲ သုံး ဖြစ်ပါတယ်။ ဒီဝတ္ထုထဲမှာ ဓနု၊ တောင်ရိုနဲ့ ပတ်သက်တဲ့ စကားလုံးတွေ မပြည့်စုံသေးဘူးလို့ပဲဆိုရမှာ ပါ။
ဘာပဲပြောပြော ဒီစာအုပ်ကြောင့် စာဖတ်သူတွေ မှာ ဟာသ၊ သုတ တိုးပွားသွားခဲ့မယ်ဆိုရင် ကျွန်တော် ရေး ရကြိုး ကြိုးစားရကြိုး နပ်ပါတယ်။ စာဖတ်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ပါ တယ်။
ပြည့်ပိုင်မှူးအိမ်
အချစ်သာ ရှိနေရင်
တစ်ကမ္ဘာလုံးက ချစ်သူတွေ ရဲ့ ကြား
ဘာသာဗေဒစကား မလိုဘူး။
“ မောင့် ကို ဘာ ဖြစ်လို့ ချစ်တာလဲ သိလား ”
“ ဟင့်အင်း ”
“ ပြောပြရမှာ လား ”
ကျွန်တော် ခေါင်းကို ခပ်သွက်သွက် ညိတ်ပြ ဖြစ်သည်။ ကိုယ့်ချစ်သူက ကိုယ့်ကို ဘာကြောင့် ချစ်သည်ဆိုတာ သိထားသင့်သော အရာ ဖြစ်နေသည်ကိုး။
ချစ်သူကောင်မလေးက ရှက်ဝဲ၀ဲဖြင့် ခေါင်းကို ဆတ်ခနဲ ငုံ့သည်။ ပြီး စိတ်လှုပ်ရှားနေဟန် ဖြင့် လက်ဖ၀ါးနှစ် ဖက်ကို ပွတ်သည်။ ထို့နောက် သူ့ကို မရဲတရဲကြည့်ရင်း …
“ မောင် မရယ်ရဘူးနော် ”
“ စိတ်ချ ”
“စိတ်ချ” ဟု ကျွန်တော် ကတိပေးပြီး အတန်ကြာသည်အထိ သူမက ရှက်အမ်းအမ်းကြီး ဖြစ်ကာနေသေးသည်။ ပြီးမှ ခေါင်းကြီးငုံ့ကာ …
“ မောင့်ရဲ့ ရိုးသားမှု ရယ် နောက် ၀ဲတဲတဲလေး ဖြစ်နေတဲ့ မောင့်ရဲ့ လေယူလေသိမ်းရယ် ကြောင့် ချစ်တာ ”
“ သြ … ဟုတ်လား ”
ကျွန်တော့်  ပခုံးပေါ် ခေါင်းလေးမှီရင်း အရှက်သည်းနေသော သူမကို ခပ်ဖွဖွဖက်ထားရင်း အတိုင်းမသိ ကျွန်တော် ကြည်နူးသွားသည်။
ဘာကြောင့် ပဲ ချစ်ချစ် ချစ်နေဖို့သာ အဓိက မဟုတ်လား။
ကောင်မလေးက ကျွန်တော့် ပခုံးကို မှီထားရာမှ ဆတ်ခနဲ ခေါင်းမတ်ကာ ကျွန်တော့် ကို စိုက်ကြည့်သည်။ ပြီး …
“ မောင့်အလှည့်ရောက်ပြီ … မောင့်ကို မေးဦးမယ် ”
“ မေးစေဗျာ ”
“ မောင်ကရော ချစ်ကို ဘာ ဖြစ်လို့ ချစ်တာလဲ ”
“ အဲ … ”
“ မှန်မှန်ဖြေနော် ”
“ သူမက လက်ညှိုးထောင်ရင်း ကလေး တစ်ယောက် ကို စာမေးသလိုမျိုး မျက်နှာကို တည် ရင်းဆိုသည်။
ကျွန်တော် ဦးနှောက်တော် တော် လေးစားသွားသည်။ တကယ်တော့ သူမကို ဘာကြောင့် ချစ်သည်ဟူ၍ တစ်ခါမှ မစဉ်းစားခဲ့မိ။ အခု အဗျူးခံရတော့မှသာ ဤမေးခွန်းကို တွေး ဖြစ်သည်။
“ ချစ်တာကိုပဲ အကြောင်းပြချက် လိုသေးလို့လား ” ဟု တွေး ဖြစ်သည်။ ကျွန်တော် သူမ ကို ဘာကြောင့် ချစ်သနည်း။ တွေးသော်လည်း အဖြေက ထွက်မလာ …
“ မောင် … ဖြေလေ ”
သူမက နှုတ်ခမ်းကို အနည်းငယ်စူရင်း စိတ်မရှည်သလို ကျွန်တော့် ပခုံးကို သူမပခုံးဖြင့် တိုက်ရင်း မေးပြန်သည်။
“ ဟို … ချစ်စရာ ကောင်းလို့ ”
“ အာ … မောင်ကလဲ … ဘာ ဖြစ်လို့ ချစ်စရာကောင်းတာလဲလို့ မေးတာလေ ”
“ ရော် … ချစ်စရာကောင်းလို့ပဲပေါ့ … မောင်မပြောပြတတ်ဘူး ”
“ တော် တော် ပိန်းတာပဲ ”
သူမက ပခုံးနှစ် ဖက်ကို ဓာတ်ရှင် မင်းသမီး အက်တင်ဖြင့် ဟန်ပါပါတွန့်ရင်း မျက်စောင်းခဲ လျက် ဆိုသည်။
“ တောတော် အူတာပဲ ” မကျေမနပ် ရေရွတ်သော သူမ၏ စကားကြောင့် ရယ်ချင်သွား သည်။ ကျွန်တော် လဲ ကျွန်တော် ။ ကိုယ့်ချစ်သူ ကျေနပ်လောက်အောင် နှုတ်ရေး မကြွယ်။
“ မရဘူးကွာ … ဘာကြီးမှန်းလဲ မသိဘူး။ ဒီလို ဒီအကြောင်းကြောင့် ချစ်တာပါဆိုတာမျိုး လောက်တော့ ရှိသင့်တာပေါ့။ ပြောပြော … မရဘူး။ တစ်ခုခုတော့ ပြော ”
“ ဟောဗျာ ”
ကလေးဆန်သော သူမကြောင့် ကျွန်တော် ခေါင်းကို ကုတ် ဖြစ်သည်။ သူမက “ပြောလို့” ဟု ခပ်ချွဲချွဲ မျက်စောင်းခဲလျက်ဆိုသော အခါ ကျွန်တော့် ဦးနှောက်တွေ ပျာယာခတ်သွားခဲ့သည်။
“ ချစ်က … အဲ … ချစ်က မောင့်အတွက်တော့ ကမ္ဘာပေါ်မှာ အလှဆုံး အဲဒါကြောင့် ထင် တယ် ”
ကျွန်တော့်  အဖြေကြောင့် သူမ၏ နှုတ်ခမ်းက စောစောကထက်စူသည်။ ကျွန်တော့် အဖြေ ကို ကျေနပ်ဟန်မတူ။
“ ဟွန်း အဲဒါကြောင့် ထင်တယ်” တဲ့။ ပြောပုံကြီးကလည်း “အဲဒါကြောင့် ” ဆိုလည်း “အဲဒါ ကြောင့် ” လို့ ပြတ်ပြတ်သားသားလည်း မဟုတ်ဘူး။ မတင်မကျမပြတ်မသားနဲ့ “အဲဒါကြောင့် ထင် တယ်” တဲ့။ “ဘာကြီးမှန်းလဲ မသိဘူး ”
“ ဘာကြီးမှန်းလဲ မသိဘူး” ဟူသော သူမသုံးနေကျစကားကြောင့် ကျွန်တော် ကိုယ့်ကိုယ် ကို ဒေါသထွက်သွားမိသည်။
အေးလေ။
သူမပြောမယ်ဆိုလည်း ပြောလောက်စရာ။ ကျွန်တော် ဆိုသော ကောင်ကလည်း ဘာကြီး မှန်းလဲမသိ။ ကိုယ်ချစ်သော ကိုယ့်ချစ်သူကို စကားလုံးလှလှများ ဖြင့် မနှစ် သိမ့်တတ်သော အူ ကြောင်ကြားကောင် ဖြစ်သည်။
“ ချစ်က ဒီကကောင်အတွက် ကမ္ဘာပေါ်မှာ အလှတကာ့အလှဆုံး၊ ချစ်စရာအကောင်းဆုံး၊ အဲဒါကြောင့် အဲဒါကြောင့် ဟုတ်ပြီလား ”
စပ်ဖြီးဖြီးဖြင့် ဆိုသော ကျွန်တော့် အပြောကြောင့် သူမက မကျေနပ်ချင် ကျေနပ်ချင်ဖြင့် “ပြီး ရော” ဟု ခပ်ဆောင့်ဆောင့်ဆိုသည်။
အင်းလျားကန်ရေပြင်ကို ငေးနေသော သူမက “ပြီးရော” ဟုဆိုသော်လည်း ကျွန်တော် က မပြီးသေး။
“ကျန်သေးတယ်”
ကျွန်တော့် စကားကြောင့် သူမက မျက်လုံးဝင့်ကာကြည့်ရင်း “ဆက်ပြော” ဆိုသော သဘော ဖြင့် မေးဆတ်ပြသည်။
“ ချစ်က ဘယ်လိုမှချစ်လို့မ၀တဲ့ နမ်းရှိုက်လို့လည်း မ၀နိုင်တဲ့ ပန်းတစ်ပွင့်လို ကိုယ့်ကိုအမြဲ တမ်း ဆွဲဆောင်ထားတာကြောင့် လည်းပါတယ် ”
“ အာ … နား ရှက်တယ်ကွာ … မောင်ကလည်း … ဘာကြီးမှန်းလဲမသိဘူး ”
စပ်ဖြီးဖြီး ကျွန်တော့် စကားအဆုံးမှာ သူမက ရှက်ရှက်နှင့် ခေါင်းကိုငုံ့ရင်း ဘယ်နှကြိမ် မြောက်မှန်းမသိသော “ဘာကြီးမှန်းလဲမသိဘူး” ကို ဆိုသည်။
မေးစဉ် ကတော့ မေးပြီး ဖြေပြန်တော့လည်း ရှက်နေသေးသော သူမကို ကြည့်၍ ပိုချစ်သွား မိသည်။
ရှက်ရှက်ဖြင့် လက်ဖ၀ါးနှစ် ဖက်ကို ပွတ်နေသော သူမ၏ ပခုံးနုနုကို ရင်ခွင်ထဲဆွဲယူဖက် ထားသော အခါ သူမက ကျွန်တော့် ရင်ခွင်မှာ ခေါင်းမှီရင်း ကြမ်းရှသော ကျွန်တော့် ရင်ခုန်သံတို့ကို နားဆင်သည်။
ခပ်တင်းတင်းဖက်ထားရင်းက သူမ၏ နဖူးပြင်ကို မရဲတရဲခိုးနမ်းတော့ သူမက ဆတ်ခနဲ ရုန်း ထွက်သည်။ ပြီး ရှက်မျက်နှာ နီရဲရဲဖြင့် ကျွန်တော့်  လက်မောင်းကို “အုန်း” ခနဲ ထုသည်။
ထို့နောက် ထုံးစံအတိုင်း “ဘာကြီးမှန်းလဲ မသိဘူး” ဟု ရှက်ရှက်ဖြင့် ရေရွတ်သည်။ “နမ်းမ ၀တဲ့ ပန်း” ဟု သူမကို တင်စားထားခဲ့သော်လည်း တကယ်တမ်းကျ သူမကို တစ်ကြိမ်တစ်ခါမှပင် နမ်းခွင့်မကြုံ။ အနမ်းတစ်ပွင့် တစ်ဖူးကိုပင် တွန့်တိုသော ဣနြေ္ဒကြီးသည့် သူမပြောသလို ကျွန် တော် ဆိုသော ကောင်က တော် တော် ပိန်းသည် ငတုံးကောင်သာ ဖြစ်သည်။
တစ်ယောက် ကို တစ်ယောက် အရှက်သည်းနေသော ကျွန်တော် တို့ နှစ် ယောက် ကို အင်း လျားရေပြင်ပေါ် ရှပ်တိုက်ပြေးလာခဲ့သော လေနုအေး “ဖြန်း” ခနဲ တိုးဝှေ့ကျီစယ်သည်။
“ မောင် ”
“ ….. ”
“ ချစ်ကို မောင်တို့စကား သင်ပေးလေ ”
နှစ် ယောက် ကြားမှ တိတ်ဆိတ်နေမှု ကို သူမက စတင်ဖြိုခွင်းသည်။
“ အတူတူပဲလေ ”
“ ဘာတူတာလဲ၊ မတူပါဘူးနော်၊ မောင်တို့ “ဓနု” အချင်းချင်းဆုံလို့ စကားပြောကြရင် ချစ် ဘာမှ နားမလည်ဘူး ”
ဟုတ်တော့လည်း ဟုတ်သည်။ ကျွန်တော် တို့ “ဓနု”တွေ ၊ “တောင်ရိုး” တွေ အချင်းချင်းဆုံ ခိုက် စကားကို အားပါးတရပြောချိန်မှာ တော် တန်ရုံ နားရည်မ၀လို့ ကတော့ ဘာမှနားလည်မည် မ ဟုတ်။
“ တကယ်တမ်းကျတော့ မောင်တို့ “ဓနု” တွေ ၊ “တောင်ရိုး” တွေ ပြောတဲ့စကားက “မြန်မာ” စကားပါပဲ၊ ဒါပေမယ့် လေယူလေသိမ်းမှာ မှ တော် တော် ကြီး ကွဲလွဲသွားတာ။ တချို့အသုံးအနှုန်း တွေ က “စာ” ဆန်တယ်။ တချို့အသုံးအနှုန်းတွေ ကျပြန်တော့ “ရှေး” ဆန်နေပြန်ရော။ “မြန်မာ” စ ကားနဲ့ လုံးလုံးကွဲလွဲနေတာတွေ လည်းရှိတယ် ”
“ အဲဒါဆို ချစ်ကို တစ်နေ့နည်းနည်း စီ သင်ပေး ”
“ စိတ်ချ တစ်နေ့နည်းနည်း စီနဲ့ တစ်သက်လုံးသင်ပေးမယ် ဟုတ်ပြီလား ”
ပြောရင်း ဆိုရင်း သူမကို လာရောက်သိမ်းဖက်သော ကျွန်တော့် လက်ကို တစ်လှည့် ကျွန် တော့် ကို တစ်လှည့်ကြည့်ရင်း သူမက “လူလည်” ဟူသော အဓိပ္ပာယ်ဖြင့် မချိုမချဉ် ပြုံးသည်။
တဖြည်းဖြည်းနှင့် တော့ ဘာကြီးမှန်းလဲမသိသော ကျွန်တော့် ကို “ဘာကြီးမှန်း” သိလာဟန် တူသည်။ ရူးချင်ယောင်ဆောင်ကာ ဖက်ထားသော သူမ၏ ပခုံးပေါ်မှ ကျွန်တော့် လက်ကို လက် သည်းဖြင့် ခပ်ဖွဖွဆိတ်သည်။ ခပ်ဖွဖွဟုဆိုသော်လည်း အတော် တော့နာသည်။
နာပင်နာငြားသော်လည်း ကျွန်တော် အံကြိတ်ကာ ခံရင်း “အနာခံမှ အသာစံ” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထား ဖြစ်သည်။
အံကြီးကြိတ်ကာ ဆိတ်လက်စကို တောင့်ခံနေသော ကျွန်တော့် ကို ကြည့်ကာ သူမက “ခွီး” ခနဲရယ်သည်။
“ ဘာရယ်တာလဲ ”
“ ဘာ ”
ကျွန်တော့်အမေးကို သူမက နားမလည်သည်မို့ “ဘာ” ဟုမေးသည်။ ဓနု လေယူလေသိမ်း က “ရယ်မောခြင်းကို “ရီမော” ဟု အသံမထွက် စာလုံးပေါင်း အတိုင်း “ရယ်” ဟုသာ အသံထွက် သည်။
ထို့ကြောင့် သူမနားမှာ အထူးအဆန်း ဖြစ်ကာ နားမလည်နိုင် ဖြစ်သွားဟန်တူသည်။
“ ဘာရီတာလဲ လို့မေးတာ ”
စကားကို ထိန်းရင်း “ရီ” ဟု ပီအောင်ပြင်ပြောတော့မှ ...
“ သြော် မောင်တို့က “ရီ”ကို “ရယ်” လို့ အသံထွက်တာလား ”
“ တစ်မျိုးကြီးပဲ ဒါဆို ထမင်းစားမယ်ဆိုရင် ဘယ်ပြောမလဲ ”
“ မှင်းစားမယ် ”
ကျွန်တော့် အပြောကြောင့် သူမက နှာခေါင်းကို အနည်းငယ် ရှုံ့ရင်း မျက်လုံးကိုထောင့်ကပ် လျက် ...
“ ထင် ဆင်ထူးက ဘယ်မှာ ကျန်ခဲ့လဲ၊ ထမင်းစားမယ်ဆိုမှ ပြည့်စုံမှာ ပေါ့၊ မဟုတ်ဘူးလား ”
“ အဲဒါကြောင့် မောင်ပြောတာပေါ့၊ “ဓနု” စကားဆိုတာ “မြန်မာ” စကားနဲ့ နည်းနည်း တော့ ကွဲလွဲတယ်လို့ လေသံက ၀ဲတော့ “မင်း” ကို “မှင်း” အသံထွက်တယ်။ တော် တော် များများ ပါပဲ ဘယ်လိုပြောမလဲ ဥပမာ “အိမ်”ဆိုရင် မောင်တို့က “အိုင်” လို့ အသံထွက်တယ်။ “တိမ်” ဆိုရင် “တိုင်” လို့ထွက်တယ်။ အဲဒီ လိုမျိုးပေါ့၊ ဒါပေမယ့် ဖြေးဖြေးခြင်း ထိန်းပြီးမှ ပြောရင်တော့ ချစ်တို့နား လည်မှာ ပါ ”
“ ဘာကြီးမှန်းလဲမသိဘူး ”
သူမက ထုံးစံအတိုင်း ဆိုပြန်သည်။
“ ဒါပေမယ့် သီချင်းဆိုရင်တော့ ပီတယ်။ မောင်တို့ “ဓနု” တွေ မှမဟုတ်ဘူး “အင်းသား” တွေ လည်း သီချင်းဆိုရင်တော့ ပီတာပဲ ”
“ ဘာ ဖြစ်လို့လဲဟင် ”
“ earing Power နဲ့ပဲ ဆိုင်မယ်ထင်တယ် ဘယ်လိုပြောမလဲ earing ပေါ့၊ နားယဉ်တာ နား ရည်ဝနေတာမျိုးပေါ့။ သီချင်းတစ်ပုဒ်ကို အရမ်းကြိုက်တယ်ဆိုရင် အမြဲနားထောင် ဖြစ်မယ်၊ အမြဲ နားထောင် ဖြစ်တော့ နားရည်ဝပြီးတော့ လေယူလေသိမ်းကို မ၀ဲအောင် အလိုလို ကျင့်ပြီးသား ဖြစ် သွားတာပေါ့၊ ဒါပါပဲ ”
“ ဒါဆို မောင် ဒီရန်ကုန်မှာ အကြာကြီးနေရင် လေသံက မ၀ဲတော့ဘူးလား ”
“ သိပ်တော့မလွယ်ဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ မောင်တို့ ဓနုတွေ တောင်ရိုးတွေ က ဒီရန် ကုန်မှာ အများ ကြီးလေ၊ အမြဲလိုလိုလည်း ဆုံနေကျဆိုတော့၊ ဒီလေယူလေသိမ်းနဲ့ပဲ ပြောကြဆိုကြ နဲ့ ဒီလေသံဝဲတာကြီးက လုံးလုံးလျားလျားကြီးတော့ ပျောက်မသွားနိုင်ဘူး ”
“ ဒါဆို တော် သေးတာပေါ့ ”
“ ဘာ ဖြစ်လို့လဲ ”
ကျွန်တော့်  အမေးကြောင့် သူမမျက်နှာ နီမြန်းကာသွားသည်။
ပြီး ရှက်ဝဲ၀ဲဖြင့် ခေါင်းကို ငုံ့ရင်းက
“ အာ … ပြောထားပြီးပြီးလေ မောင့်ရဲ့ အဲဒီ ၀ဲနေတဲ့ စကားသံကို ချစ်လို့ပါဆို ”
ပြောပြီးမှသူမက ခေါင်းကြီးငုံ့ကာ အရှက်သည်းနေလိုက်သေးသည်။ ရှက်တက်တက်ဟန် ဖြင့် ချစ်စရာကောင်းလွန်းသော သူမကို ကြည့်ရင်းက ကျွန်တော့် ရင်တွေ က ကတုန်ကရင်ဖြင့် ယား ကျိ ယားကျိ ဖြစ်လာသည်။
ကမ္ဘာပေါ်မှာ အရှက်သည်းနေသော ရှက်ဝဲ၀ဲချစ်သူ့မျက်နှာကို ကြည့်ရင်းက ရင်မခုန်သော ၊ စိတ်မယားသော ၊ မချင့်မရဲမ ဖြစ်သော သူဟူ၍ ရှိမည် မထင်။ ထိုအချိန်မျိုးမှာ ချစ်သူ့မျက်နှာထက် ဆွဲဆောင်နိုင်မည့် အရာ မရှိနိုင်သည်မို့ ကျွန်တော် သူမကို မလွတ်တမ်း စိုက်ကြည့်နေ ဖြစ်သည်။ ထို အရှက်သည်းသော ချစ်သူမျက်နှာကို။
ထိုစဉ်မှာ ပင် အရှက်သည်းကာ ရှက်အမ်းအမ်း ဖြစ်နေသော ချစ်သူ၏ မျက်လုံးတို့ ဆတ်ခနဲ ပြူးကျယ်သွားသည်။ ပြီး
“မောင် ကုတ်ပေါ်မှာ ဘာကောင်ကြီးလဲ ကြည့်ပေးပါဦး ”
သူမ၏ စကားကြောင့် သူမ၏ ကုတ်သားဝင်းဝင်းပေါ် ကြည့်တော့ ပိုးကောင်တစ်ကောင်က သုတ်သုတ် သုတ်သုတ်ဖြင့် လမ်းသလားကာနေသည်။
ချစ်သူ၏ ကုတ်သားဝင်းဝင်းပေါ်မှာ မှ ရာရာစစ လမ်းသလားနေသော သကောင့်သား ပိုး ကောင်ကို ကမန်းကတမ်း ဖယ်လိုက်ရင်း ချစ်သူကို မေးပြောပြော ဖြစ်သည်။
“ ရွနေလား ”
“ ဘာ ”
ကျွန်တော့် အမေးကြောင့် သူမက “မျက်လုံးပြူရင်း” “ဘာ” ဟု ခပ်ဆက်ဆက်ပြန်မေးသည်။ စောစောက အရှက်သည်းနေသော သူမသည် အခုတော့ အံကြီးကြိတ်ရင်း မျက်လုံးကြီးပြူးရင်း “ဘာ” ဟုဆိုလာသော အခါ သူမ၏ ခပ်ဆောင့်ဆောင့် အမေးကြောင့် နည်းနည်း တော့ ကျွန်တော် တင်းသွားသည်။ မလိုအပ်ပါပဲ လေသံလာမာနေသည်ကိုး။ “မကြားလိုက်လို့ ဖြစ်မှာ ပါ” ဟု ဖြေ တွေးရင်း နောက်တစ်ခါ ထပ်ပြော ဖြစ်သည်။
“ သြော် ချစ်ကိုကြည့်ရတာ တော် တော် ရွနေတဲ့ပုံမို့လို့ ရွနေလားလို့ မေး .. တာ ”
“ ရွနေလားလို့ မေးတာ ဟုတ်လား ”
ဝုန်းခနဲ ထရပ်ရင်း မျက်မှော င်ကြီးကြုပ်ကာ ဒေါသသံအပြည့်ဖြင့် မေးသော သူမ၏ အမေး ကြောင့် ကျွန်တော် အံ့အားသင့်သွားရသည်။ သူမက ဘာတွေ ဖြစ်နေလေသနည်း။ ကျွန်တော် ခေါင်းကို ခပ်သွက်သွက်ညိတ်ပြလိုက်ရင်း …
“ ဟုတ်တယ်လေ ရွနေလားလို့ မေး … မေး ”
“ ကဲဟာ … မေးဦး ”
စကားမှမဆုံးသေး အံကြီးကြိတ်ကာ အားကုန်လွှဲရိုက်လိုက်သော သူမ၏ ရိုက်ချက်အဆုံး မှာ ကျွန်တော့်  ပါးပြင် ပူခနဲ ကြယ်တွေ ၊ လတွေ နက္ခတ်တွေ စုံလင်စွာ မြင်တွေ့ လိုက်ရချိန်မှာ အီ ဆိမ့်သွားသော ပါးကို “ပါးနှင့် နား ၀မ်းဆက်” ဖြစ်သွားပြီလားဟု မရဲတရဲ စမ်းရင်း ”စကားမှာ ဘယ် လိုအမှားပါ သွားပါလိမ့်လို့” ဟု နားမလည်စွာ တွေးမိသည်။ ထိုသို့ အံ့အားသင့်နေချိန်မှာ ပင် သူမက ငိုရှိုက်ရင်း လှစ်ခနဲ တားချိန် မရအောင် ခပ်သုတ်သုတ် ထွက်သွားခဲ့ပြီ ဖြစ်သည်။
အင်းလျားကန်ရေပြင်ပေါ် လျှပ်တိုက်လာသော လေနုအေးက ကျွန်တော့် ရင်ကို အေးမြ လတ်ဆတ်စေခြင်းငှာ မစွမ်းတော့။ အီဆိမ့်နေဆဲ ပါးပြင်ကို စမ်းရင်း “ငါဘာမှားသွားလဲ” ဆိုသော မေးခွန်းကို အကြိမ်ကြိမ်ပြန်မေး ဖြစ်နေသည်။
“ ငါ ဘာမှားသွားလဲ ”
“ ငါ ဘာမှားသွားလဲ ”
“ ငါ … ဘာ … မှား … အားပါးပါး … ဟုတ်ပြီ … ”
အထပ်ထပ် အပြန်ပြန် အလှန်လှန် စဉ်းစားတော့မှ ကျွန်တော် အတွေးပေါက်တော့သည်။ “ရွနေလား” ဟု သုံးနှုန်းမိသွားမိခဲ့သည်ကိုး။
ဖြစ်ရလေ။
ကျွန်တော် တို့ ဓနုတွေ က ယားကျိယားကျိ ဖြစ်ခြင်းကို ယားသည်ဟုမသုံး၊ ရွသည်ဟုသာ သုံးသည်။ ဥပမာ တစ်ယောက် ယောက် က ကျွန်တော့် ကို တို့၍ ဖြစ်စေ ကလိထိုး၍ ပဲ ဖြစ်စေ ကလိ ထိုး၍ ပဲ ဖြစ်စေ စနောက်သည်ဆိုပါစို့။ ကျွန်တော် က -
“ မလုပ်နဲ့ကွ၊ ငါ ရွတယ်” ဟု တားမြစ်ပြောဆိုမှာ ပဲ ဖြစ်သည်။ “ယားတယ်ကွ” ဟု လုံးဝ ပြောဆိုမိလိမ့်မည် မဟုတ်။ ယားဆိုသော စကားလုံးကို ကျွန်တော် တို့က “ယားနာ” တို့လိုနေရာမှာ သုံးသည်။ ခေါင်းတွေ ဘာတွေ ဘောက်ကြောင့် ပဲ ဖြစ် ဖြစ် သန်းကြောင့် ပဲ ဖြစ် ဖြစ် ယားခဲ့လျှင်တော့ “ယား” ဟု သုံးသည်။ တော် တန်ရုံ ကလိထိုးကြတာ ပိုးကောင်တက်တာ၊ ကြက်မွေးတွေ ဘာတွေ နဲ့ စတာလောက် ကတော့ “ရွသည်” ဟုသာ သုံးနှုန်းသည်။
အခုလည်း သုံးနေကျအတိုင်း မေ့လျော့ကာ ပြောမိသည်ကို သူမက တစ်မျိုးတစ်မည် တွေး ကာ စိတ်ဆိုးသွားလေပြီ။
ဟိုလို “ရွ” ကို ပြောတာမဟုတ်မှန်း သူမကို မည် သို့ ရှင်းပြရမည် မသိ။ သူမ ကတော့ ကျွန် တော့် ကို အင်မတန်ရိုင်းသည်ဟု ထင်မြင်သွားခဲ့လေပြီ။
တကယ်တော့ ဒီနေ့သည် ချစ်သူနှင့် ပထမဆုံး ချိန်းတွေ့ ခွင့်ရသော နေ့ ဖြစ်သည်။ ပထမဆုံး ချိန်းတွေ့ သော နေ့၏ ရလဒ်က အချစ်လည်းမဟုတ် အနမ်းလည်းမဟုတ်။ ဖြောင်းခနဲများ လား ဖြန်း ခနဲလား တော် တော် ကြီး ပြန်တွေးယူရမည့်  အတော့် ကို ပြင်းသော ရိုက်ချက်သာ အဖတ်တင်ကျန် ရစ်သည်။
အတွင်းအား တော် တော် များများ သုံးလိုက်ဟန်တူသော သူမ၏ ရိုက်ချက်က ခုထိ “စပ်ဖျင်း ဖျင်း” ပူထူနေတုန်း။ ဒါတောင် သူမ သိပ်အရှိန်ယူပြီး လွှဲရိုက်သည်မဟုတ်။ ညာသံပေးပြီး အားကုန် သာလွှဲရိုက်လိုက်ပါက လူပါသုံးပတ်လောက်လိမ့်ပါသွားနိုင်သည်။
ရင်ထဲမှာ ဖော်မပြနိုင်သော ဝေဒနာတို့ဖြင့် နာကျင်မွန်းကြပ်ကာနေသည်။ သက်ပြင်းကို “ဟင်း” ခနဲ ခပ်ကြမ်းကြမ်းချသော ခဏ ပါးကတင်းခနဲ နာသည်။
“ အ ”
“အ” ဟု မပီမသ ညည်းရင်း ပါးကို မရဲတရဲစမ်းမိသည်။
“ တောက် ! … အား ”
ဆိုးရွားသော ကံကို ယိုးမယ်ဖွဲ့ကာ ဒေါသဖြင့် တက်ခေါက်မိစဉ် တင်းခနဲ နာကျင်မှု ကြောင့် “အား” ခနဲ အော်မိရင်း သူမကို ဒေါသထွက်သွားမိသည်။ ရိုက်စရာလား၊ ဒီလို ရက်ရက်စက်စက် ကြီး။ ရှောင် ချိန်ပင် မရလိုက်။ ရည်းစားချိန်းရန် လာခါနီး မှ လိုအပ်က အသုံးပြုရန် လိုရ မယ်ရ ကြိတ်ကျင့်လာလေသလားမသိ။ ပစ်မှတ်ကို တည့်တည့်ကြီး အားရှိပါးရှိ ဖြောင်းခနဲနေအောင် ရိုက် သွားနိုင်သည်။
တော် ပါပေ့ ချစ်သူ … တော် ပါပေ့ …။
“ မင်းပြောတော့ ရည်းစားချိန်းသွားမလို့ဆို ”
“ အေးလေ ”
“ မင်း တရုတ်မသာလို Cream တွေ လိမ်းပြီး၊ ငါ့ရေမွှေးတောင် ငါမသထာတဲ့ကြားက “ပရှစ်” “ပရှစ်” နဲ့ တစ်ကိုယ်လုံးနီးနီး “ပရှစ်” သွားတာလေ ရည်းစားချိန်းသွားမလို့ဆိုပြီးတော့ ”
“ အေးလို့ဆို ”
“ ဒါနဲ့များ ကားအကြိတ်ခံပြီး ပြန်လာရသလား၊ ပါးတွေ လည်း ယောင်ကိုင်းလို့ ”
“ ဘာကွ ”
“ ကားအကြိတ်ခံရတာ မဟုတ်လို့ မင်းပါးကြီးယောင်ကိုင်းပြီး ပြန်လာတာ ဘာ ဖြစ်လာတာ တုံး၊ ဟုတ်ပါတယ်ကွာ မင်းမလိမ်စမ်းပါနဲ့၊ ၀န်ခံလိုက်စမ်းပါ ”
နိုင်အောင်၏ အမေးကြောင့် “၀ါး” ခနဲ ငိုချင်စိတ်ပေါက်သွားရသည်။ အမှန်းလည်း တော် ပါ ပေ။ ကားအကြိတ်ခံရတာ လားတဲ့။ ကျွန်တော် တော် တော် ကြီး ကြေကွဲသွားရသည်။ ကျွန်တော် က သာ ကြေကွဲနေသော်လည်း ဆရာသမားက မကြေကွဲ။ မေးစရာရှိသည်တို့ကို Non-Stop မေး သည်။
“ ပြောဦးလေ ငါ့ကောင်ရ ဘယ်ကကလေက၀ မောင်းတဲ့ကား ”
“ တော် စမ်းပါကွာ စိတ်ညစ်လာရတဲ့ကြားထဲ ကျွတ်ကျွတ်ကျွတ် ”
သကောင့်သားကို လှမ်းမာန်လိုက်ကာမှ ပါးက နာသည်။ တကျွတ်ကျွတ်ဖြင့် စုပ်သပ်ရင်း ပါးကို မှန်ထဲမှာ ကြည့် ဖြစ်သည်။
မှန်ထဲမှာ ကြည့်တော့ ပါးက သိပ်ယောင်နေတာကြီးလည် မဟုတ်။ ယောင်တော့လည်း ယောင်နေသည်။ သကောင့်သား စွပ်စွဲသလို ကားအကြိတ်ခံရသည်ဟု ဆိုရလောက်အောင်လည်း မဟုတ်။ ယောင်မှန်းသိသာရုံလေးသာ ယောင်နေသည်။ ချစ်သူ့လက်ဆောင်ဆိုတာ ဒါများ လားဟု ခပ်ချဉ်ချဉ်ဖြင့် တွေးမိသည်။
“ ငါသဘောပေါက်ပြီ ဟီဟိ မင်းကောင်မလေး မင်းကို အာဘွား ပေးလိုက် တာလား ”
တကယ်တော့ သကောင့်သားက နောက်တာ ဖြစ်သည်။ သို့ သော် ၄င်း၏ စကားက Heart (ဟတ်) ထိသည်မို့ အတော့် ကို ခံရခက်သည်။
“ အာဘွားပေးထားတာဆိုရင် ဒီလိုယောင်ပြီး တစစ်စစ်နာနေပါ့မလား ငတုံးရ မင်း အဲဒီ လို တုံးလို့လည်း ခုထက်ထိ ရည်းစားမရသေးတာ ”
စိတ်ထဲခပ်ပေါက်ပေါက်ရှိသည်မို့ ပြောသော ကျွန်တော့် စကားကြောင့် သကောင့်သာ မျက် နှာကြီး ရှုံ့မဲ့ကာသွားသည်။ ကျွန်တော့် စကားက ပိဿလေးနှင့် ကောက်ထုသလို ထိသွားသည် ကိုး။ တစ်ခန်းတည်းနေသည်မှာ အတော် ကြာပြီမို့ ဒီကောင့် “ဇ” ကို ကျွန်တော် ကောင်းကောင်းသိ သည်။ ကျွန်တော် နှင့် အသက်အတူတူ ဖြစ်သော သကောင့်သားက အခု အသက်နှစ် ဆယ့်တစ်ထဲ ၀င်လာသည်အထိ ရည်းစားကို (မိုးကြိုးပစ်) မထားဖူးရှာသေး။
“ ရည်းစားမရလို့ ငါက အလုံးလည်း မလျော့ဘူး၊ အရပ်လည်း မလျော့ဘူး၊ ကိုယ့်ထမင်း ကိုယ်စားပြီး ရည်းစားမရှိတဲ့ဟာကို ငါက ဘယ်သူ့ ဂရုစိုက်နေရဦးမှာ တုံး အမြဲတမ်း ဒီရည်းစားမရှိ တာကိုပဲ ခလုတ်လာ လာတိုက်နေတယ် ”
အနာပေါ်တုတ်ကျသွားသည်မို့ သကောင့်သား ဒေါကန်လာဟန်တူသည်။ ဘုတောရင်း မျက်နှာကို လူကြမ်းအက်တ်ပေးထားသည်။
“ မဟုတ်မှလွဲရော မင်းရည်းစားပေါ်မလာလို့ မင်းအတွဲ လိုက်ချောင်းခဲ့ပုံပေါ်တယ်။ အဲဒီ မှာ ဟိုအတွဲ က သမလိုက်တာ ဟုတ်တယ်မဟုတ်လား ”
“ မင်းပြောနေတာတွေ တစ်ခုမှကို မဟုတ်ဘူး ”
ရယ်လည်းရယ်ချင် စိတ်လည်းညစ်ဖြင့် ကျွန်တော် ခေါင်းကို ကုတ် ဖြစ်သည်။ တကယ် တော့ ကျွန်တော် ရင်ဖွင့်ချင်နေသည်။ ရင်ဖွင့်စရာဆို၍ လည်း ဒီသကောင့်သားတစ်ကောင်သာရှိ သည်မို့ အနှေးနှင့် အမြန် ပြောတော့ ပြောရမှာ ပဲ ဖြစ်သည်။ ကျွန်တော့် ဆီမှာ ခုန်ချလာမည့်  စကား တို့ကို စောင့်နေသော သကောင့်သားကို ကြည့်ရင်း သက်ပြင်းချ ဖြစ်သည်။
“ ဒီလိုကွ … ”
သူ့စကားအဆုံးမှာ ပြုံးဖြီးဖြီးဖြင့် ရယ်ချင်စိတ်ကို အောင့်ကာထားသော သကောင့်သား၏ မျက် နှာကို ကြည့်ရင်း သူ့ပါးက ပိုနာလာသလို ခံစားရသည်။
“ ဒီလိုသာဆို မင်းမမှားဘူး ငါ့ကောင် ”
“ အေးလေ ”
“ မအေးလေနဲ့ သူလည်းမမှားဘူး ”
“ အမ် ”
“ မအမ်နဲ့လေ၊ မင်းတို့စကားကို မသိသေးတဲ့ ကောင်မလေး တစ်ယောက် ကွ “ရွနေလား” လို့ အမေးခံရတာ ကို ဟိုက ခန့်ခန့်ကြီး ပြုံးနေပါ့မလား။ သေချာပေါက် ပါးပဲရိုက်တော့မှာ ပေါ့။ သူမို လို့ပေါ့ကွာ ငါသာဆို ဖနောင့်နဲ့ ထပေါက်တယ် ဒီလိုမျိုး ”
ပြောရင်းနှင့် စိတ်ပါလာဟန်ဖြင့် ဆရာသမားက အက်တင်နှင့် ပါတွဲ ပြီး ဖနောင့်နှင့် ပေါက် ဟန်လုပ်ပြသည်။
“ ခွေးကောင်” ဟု ဆဲရေး ရင်း မချိရယ် ရယ် ဖြစ်သည်။ သူပြောတာလည်း မှားတော့ မမှား။ ဒီကိစ္စမှာ သူမ မမှား။ အဲ ကျွန်တော် လည်း မမှား။ သို့ ဆိုလျှင် မည် သည်က မှားနေပါသနည်း။ ထား တော့ …။ အမှားရှိလျှင် အမှန်ရှိရမည် ကိုး။ သူမကို ရေရေလည်လည်ရှင်းပြမှ ဖြစ်မယ်။
သူမကရော သူ့ကိုရှင်းပြခွင့်ပေးမည် တဲ့လား။ သိပ်တော့ မသေချာ။ မည် သို့ ဖြစ်စေ လွယ် လွယ်နှင့် တော့ သူမကို မစွန့်လွှတ်နိုင်။ ကျွန်တော့် အတွက်တော့ သူမသည် အချစ်ဦး ဖြစ်သလို အ ချစ်ဆုံးလဲ ဖြစ်သည်။
“ ဒါနဲ့စကားမစပ် ဟိုက မင်းကိုဘယ်နှချက် ဆော်လိုက်တုံး ”
သူစကားခံသည့်အတိုင်း စကားမစပ်ပင် မေးသော သကောင့်သား၏ ပြုံးဖြီးဖြီးအမေး ကြောင့် မေ့နေသော နာကျင်မှု က ရင်ဝထိလာဆိမ့်သည်။
“ တစ်ချက်တည်းပါကွ၊ ငါကလည်း ရိုက်ချင်သလောက် ရိုက် သဘောရှိဆိုတဲ့ ကောင်မျိုးမှ မဟုတ်တာ အား ကျွတ်ကျွတ် ”
ရှုံ့မဲ့မဲ့နှင့် ဆိုသော ကျွန်တော့် အဖြေကြောင့် သကောင့်သားက ငါးခူပြုံးပြုံးသည်။
“ …. ”
ကျွန်တော် ဘာမှ ပြန်မပြော ဖြစ်၊ သကောင့်သားကိုသာ ဘုကြည့်ကြည့် ဖြစ်သည်။ ဆရာသ မားက ကျွန်တော့်  မကြည်ကြည့်ကို မသိကျိုးကျွံပြုသည်။ ပြီး
“ မင်းကပဲ နုနေတာလား၊ ဟိုကပဲ လက်သံပြောင်နေသလားတော့မသိဘူး၊ ယောင်နေ လိုက်ချက် ကတော့ စောစောက ငါပြောသလို ကားအကြိတ်ခံထားရတာ ကျနေတာပဲ၊ တောက် ငါ့ သူငယ်ချင်းကိုများ ကွာ သူမို့ မစာမနာလုပ်ရက်တယ်၊ သတ္တ၀ါနဲ့ လက်နဲ့ကို မမျှဘူး ”
“ ဘာကွ၊ မင်း ငါ့ကို ဘာသတ္တ၀ါလို့ ပြောချင်သေးတာလဲ ”
“ ဥပမာပါကွ၊ စကားအ ဖြစ်ပြောပြတာ သူက ဒီလိုလက်သံပြောင်ပုံမျိုးနဲ့၊ မင်းကလည်း နု တာနဲ့ ကတော့ အဲဒီ မှာ စတွေ့ တာပဲ နောက်ကို ဘယ်လိုလုပ်ကြမလဲ ”
“ ဟ … ဒီတစ်ခါက အလစ်အငိုက်မှာ ခံလိုက်ရတာ လေကွာ နောက် ဘယ်တော့မှ သူရိုက် ခွင့်ကြုံမှာ မဟုတ်ဘူး။ ငါ့ကို ရိုက်ရက်မှာ လည်း မဟုတ်ဘူး၊ ဒီတစ်ခေါက်က နားလည်မှု လွဲနေလို့ နောက်ဆို အိုကေသွားမှာ ပါ ”
ကျွန်တော့်  ဆင်ခြေကြောင့် သကောင့်သားက ခနဲ့ပြုံးပြုံးသည်။
“ မင်း ကောင်မလေးက ခြုံကျော်ဖူးတဲ့ မြင်း ဖြစ်သွားပြီး ”
“ ဘာကွ ”
“ ဥပမာ ပြောတာပါကွ၊ မင်းကလည်း ဒေါသချည်းပဲ တစ်ခါပါးရိုက်ဖူးတော့ နောက်မတော် လို့ ပြဿနာတက်ရင် ရိုက်ချင်နေမှာ စိုးရတယ် ”
“ အာ … သူက အဲဒီ လို စရိုက်မကြမ်းပါဘူးကွာ အခုဟာကလည်း အမှတ်မထင်မို့ပါကွ၊ နား လည်မှု လွဲသွားလို့ပါဆိုနေမှ မင်းကလည်း ”
သကောင့်သားက ကျွန်တော့် ကို ကြည့်ရင်း ခေါင်းကို ဘယ်ညာရမ်းသည်။ သဘောက “မင်း မွှန်ထူနေပြီ ” ဆိုသည့်သဘော။
“ ကဲ ကျန်တာတွေ ပြီးခဲ့တာတွေ ထားတော့ ခု မင်းဘာလုပ်မယ်စိတ်ကူးလဲ ”
“ ငါ … ဘယ်လိုလုပ်ရမလဲကို မသိတော့ဘူး။ သူက ငါ့ကို အတွေ့ ခံပါ့မလား ”
“ အတွေ့ မခံတာပဲကောင်းပါတယ် ”
“ ဘာကွ ”
“ ဟုတ်တယ်လေ မင်းပဲစဉ်းစားကြည့် မင်းတို့ ပြဿနာတက်ထားတာက ပူပူနွေးနွေးလေး ရှိသေးတာ၊ ခုလို သွေးပူနေတဲ့အချိန် သွားလို့ ကတော့ ကားအကြိတ်ခံထားရတဲ့ ဘက်နဲ့ ကျန်တဲ့ပါး နဲ့ ဆိုဒ်တူ ဂိုက်တူ ဖြစ်သွားအောင် ဟိုက ဆော်လိမ့်မယ်၊ သဘောပေါက်လား ”
“ ဘာဆိုင်လို့လဲကွ ”
“ ရော် ဆိုင်တာပေါ့ ငါ့ကောင်ရ လောလောဆယ် သူ့အတွက်တော့ မင်းက “မျက်နှာမြင် ရိုက်ချင်ပါစေ” ဆိုတဲ့အတိုင်း ဖြစ်နေပြီလေ။ အဲဒီ အချိန်မှာ မင်းက “ရွ” အကြောင်းကို ပြန်ဆွလိုက် လို့ ကတော့ ဘာပြောကောင်းမလဲ။ သူ့နေရာကနေလည်း နေကြည့်ပါဦး။ ငါ့သာဆိုလည်း မျက်နှာ ပြောင်တိုက်ပြီးလာတယ်ထင်မှာ ပဲ။ ဓားနဲ့ကို လိုက်မိမှာ သေချာတယ် ”
သကောင့်သား၏ အဆိုက အရှိုက်ကို “အင့်” ခနဲနေအောင် ထိသည်။ သူပြောတာက လည်း ဟုတ်သလိုလိုတော့ရှိသည်။ ပူထူနေသည်မို့ ဘာအကြံဥာဏ်မှလည်း ခေါင်းထဲက ထွက်မ လာခဲ့။
“ လုပ်ပါဦးကွာ … ဒီလိုဆို ငါဘာဆက်လုပ် ရမလဲ ”
သကောင့်သားကိုပဲ အားကိုးတကြီးဖြင့် ဆရာတင် ဖြစ်သည်။ ဆရာသမားကမိန့်မိန့်ကြီး ပြုံး ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်သည်။ သူ့ကို ဆရာတင်လိုက်သဖြင့် ဘ၀င် လေဟတ်သွားဟန် တူသည်။
“ ခုလို သွေးပူနေတုန်းကို မသွားသေးနဲ့ဦး၊ မနက်ဖြန်တောင်မှ ညနေပိုင်းလောက်မှသွား ”
“ ကဲထားပါကွာ မနက်ဖြန်ညနေမှ သွားတယ်ပဲထား၊ သူက ငါ့ကို အတွေ့ ခံပါ့မလားမသိ ဘူးနော် ”
“ ဒါ ကတော့ မပြောနိုင်ဘူးလေကွာ၊ သွားကြည့်ရမှာ ပေါ ”
“ မင်းလိုက်ကူမယ်ပေါ့ ”
ကျွန်တော့် အဆိုကြောင့် သကောင့်သားတွန့်ခနဲ ဖြစ်ကာသွားသည်။ ပြီး သူ့ညာဘက်ပါးကို ခပ်ရွရွပွတ်ရင်း …
“ ကန်တော့ပါသေးရဲ့ ”
“ ဟကောင် ငါအလှူခံနေတာမဟုတ်ဘူး မင်းမနက်ဖြန်လိုက်ခဲ့ ဒါပဲ ”
“ အာ မလိုက်ချင်ပါဘူး ”
အကြောက်အကန်ငြင်းသော သကောင့်သားကို ခပ်တည်တည်ဖြင့် စိုက်ကြည့်တော့ ဆရာ သမားက -
“ ကြားနှစ် ကြားဆိုတာ မ၀င်ကောင်းဘူးလေကွာ … အဟဲ၊ ငါပါတော့ မင်းတို့နှစ် ယောက် လွတ်လွတ်လပ်လပ် သတ်ကြ အဲလေ ဆွေးနွေးကြလို့ ဘယ်ကောင်းပါ့မလဲ ဟုတ်တယ်မဟုတ် လား ”
“ မဟုတ်ဘူး၊ လိုအပ်ရင် လိုအပ်သလို ထောက်ခံဖို့ လိုက်ခဲ့ရမယ် ငါပြောတာကို လက်မခံ ရင် မင်းက ၀င်ရှင်းပြမှ ကောင်းမှာ ပေါ့၊ ဒီတော့ မင်းမလိုက်ခဲ့လို့ ကတော့ မင်းနဲ့ငါနဲ့အတွေ့ ပဲ ”
ကျွန်တော့် စကားကြောင့် သကောင့်သား မျက်နှာကြီး ရှုံ့မဲ့ကာသွားသည်။ ပြီး “လူပေါင်း တော့ မှားပြီ” ဟု ညာဘက်ပါးကို ခပ်ရွရွပွတ်ရင်း မကြားတကြားရိသည်။
ကြားသော်လည်း မကြားယောင်ပြုလိုက်သည်။ သူမနှင့် သကောင့်သားနှင့် က တစ်မြို့ တည်းသားချင်း ဘော်ဒါရင်းတွေ မို့ ဘာပဲပြောပြော သူ့ကိုခေါ်သွားမှ ဖြစ်မည် ။
“ ဟူး ”
ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းကို ချရင်း ပြင်းပြစွာ သူမကို သတိရသည်။ ညာဘက်ပါးပြင် ကတော့ နာနေဆဲ။
![]() အချစ်ရဲ့ နက္ခတ် | ![]() ငပလီက ခရု | ![]() မင်္ဂလာဦးညဆိုသည်မှာ |