Cover

(စာရေး သူ၏ ကျေးဇူးတင်လွှာ)

လှိုက်လှိုက်လှဲလှဲ ချစ်ခင်မြတ်နိုးရပါသော လေးစားရပါသော ကျေးဇူးရှင်…ပရိသတ်ကြီးရဲ့ အားပေးမှု နဲ့အတူ အခုဆိုရင်…ကျွန်တော့် ရဲ့ လေးဆယ်အုပ်မြောက် စာအုပ်အထိ ထုတ်ဝေနိုင်ခဲ့ပြီး ဖြစ်ပါတယ်၊။ ၂၀၀၅ ခုနှစ် စာအုပ်စထွက်စဉ်ကစပြီး ယနေ့ထိ အားပေးခဲ့ကြသော စာဖတ်ပရိသတ် များ ၊ ကူညီခဲ့ကြသော မိတ်ဆွေ သူငယ်ချင်းများ အားလုံး တစ်ယောက် မကျန် လေးလေးစားစား ကျေးဇူးတင်ပါကြောင်း ပြောလိုက်ပါတယ်ခင်ဗျာ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။

ပြည့်ပိုင်မှူးအိမ်

* * * * *


အခန်း (၁)

A man without a wife is a man without thoughts.

ဇနီးမယားမရှိသော ယောက်ျား တစ်ယောက် သည် အတွေးအခေါ်မရှိသူသာ ဖြစ်၏ ။

Finish proverb

* * * * *


“မိန်းမယူတော့ ဝေယံရ။ မင်းအသက်က ငယ်တော့တာ မဟုတ်ဘူး။ ဖစ်နစ်ခ်ျစကားပုံတစ် ခုမှာ မိန်းမ မရှိတဲ့လူက အတွေးအခေါ်မရှိတဲ့လူလို့ ဆိုတယ်ကွ။ အဲဒီ စကားက အတော် မှန်တာ။ ငါဆိုရင်…မိန်းမမရခင်ကနဲ့ မိန်းမရပြီးတဲ့နောက်မှာ အတွေးအခေါ်တွေ အနေအထိုင် အများ ကြီး ပြောင်းလဲလာတယ်။ စစ်တမ်းတစ်ခုမှာ က မိန်းမရပြီးသား အမျိုးသားတွေ က နှလုံး ရောဂါ ဖြစ်ပွားဖို့ ရာခိုင်နှုန်းနည်းပြီး မင်းတို့လို တစ်ကိုယ်တည်း လူပျိုကြီး တွေ ကျ နှလုံး ရောဂါ နဲ့ အခြားသော ရော ဂါတွေ ဖြစ်ဖို့ ရာခိုင်နှုန်းများ တဲ့ကွ”

သီဟတိုးက သူ့ကို ဆရာကြီးလေသံဖြင့် ဆိုသည်။

“အဲဒါတော့ မင်္ဂလာဆောင်တာ တစ်လမပြည့်သေးလို့ မင်းပြောနိုင်တာ တိုးကြီးရ။ ငါ့လို ကလေးနှစ် ယောက် ရတဲ့အချိန်ကျတော့ လူပျိုဘ၀ရဲ့ အရသာကို ပြန်တမ်းတလာရော။ သားက တစ်မျိုး၊ သမီးကတစ်မျိုး ငွေကုန်ပေါက်တွေ က ပေါ်လာ ကိုယ့်မှာ မိသားစုအရေး ကို လူတန်းစေ့ဖို့ ငွေရှာရင်း၊ ယောက္ခမအထီးတွေ အမတွေ ရဲ့ ဒဏ်ကို လှိမ့်ပိန့်ခံရင်းနဲ့ လူပျိုဘ၀ကို ပြန်ရချင်တာ တစ်ပိုင်းကိုသေလို့”

သီဟတို့ပြောသမျှ နားထောင်ရသော ဖုန်းသန့်နိုင်က သူ့ကိုယ်စား ထ၍ ဆိုသည်။ အခုချိန် ထိ သူက ဘာမှ ၀င်မပြော ဖြစ်သေး။

“ဒါ ကတော့ မင်းရဲ့ တာဝန်မယူချင်တဲ့စိတ်ကြောင့် ဖြစ်တာကိုးကွ နိုင်ကြီးရ၊ ဟကောင်ဝေ ယံ သူပြောတာ သွားနားမယောင်နဲ့၊ ယူစရာရှိတာယူ၊ မိန်းမရှိမှ ဘ၀ဆိုတာပြည့်စုံတာ”

“တစ်လပျော်ချင် မိန်းမယူတဲ့ကွ ဝေယံရ၊ ဒီတိုးကြီးရဲ့ စကားကို သွားနားမထောင်နဲ့၊ အိမ် ထောင်သက်တမ်းကြာလာရင် ဒီကောင် ဒီစကားကို ပြောနိုင်မှာ မဟုတ်ဘူး၊ အခုက မိန်းမရထား တာ သုံးပတ်တောင်မပြည့်သေးလို့ ပြောနေတာ”

သီဟတို့၏ စကားအဆုံးမှာ ဖုန်းသန့်နိုင်က ဆိုသည်။

“ကဲပါ သူငယ်ချင်းတို့ရာ၊ မုန့်ဆီကြော်က ဘယ်နေမှန်းမသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်မတည့် ကရန် ဖြစ်နေရပြီ”

နှစ် ကောင်စလုံး၏ စကားအဆုံးမှာ သူဆို ဖြစ်သည်။ သကောင့်သားနှစ် ကောင်းက သူ့ကို အံ့ အားတသင့် ၀ိုင်းလို့ ကြည့်သည်။

“ဟကောင်ဝေယံ နှင်းစံပယ်လေးနဲ့ ပြတ်ပြန်ပြီလားကွ”

တိုးကြီးက မျက်လုံးကြီးပြူးရင်း အမေးရှိသည်။

“မနေ့ကပဲ ငါတို့ဇာတ်လမ်းပြီးသွားတယ်။ ဒီတစ်ခါ လုံးဝ အတည်”

“အေးတာပဲ၊ နောက် တစ်ယောက် ထပ်ထား၊ အိုရှုပ်ပါတယ် ကွာ ရည်းစားကို သုံးလေး ယောက် ထားပစ်။ မိန်းမဆိုတာ ယူပြီးတော့မှ ပြန်လဲလို့ရတာ မဟုတ်ဘူး။ အခုကတည်းက လုံးဝ ကောင်းတာကို ရွေးပစ်ကွာ”

ဖုန်းသန့်နိုင်က အံကိုကြိတ်ကာ ဆိုသည်။

“ဘယ်လိုလဲ ငါ့ကောင်ကြီး အသည်းကွဲနေလား”

“အေးဆေးပါ”

တိုးကြီး၏ အမေးကို သူ ပြုံးရင်းဖြေသည်။

“တကယ်ပြောတာရော ဟုတ်ရဲ့ လား။ မင်းတို့ ပြတ်တယ်ဆိုတာကို ငါ သိပ်ယုံတာမဟုတ် ဘူး။ ပြတ်တယ်ပြောပြီး နောက်ရက်ကျ ပြန်ပြန်တွဲ နဲ့ မျက်စိလည်လွန်းလို့ကွ”

ဖုန်းသန့်နိုင်က ခေါင်းကိုကုတ်ရင်း ဆိုသည်။ သူ ပြုံးရင်းခေါင်းကို အသာညိတ်ပြ ဖြစ်သည်။

“ငါ့ဘက်က ပြတ်ပြီလို့ မင်းတို့ကို ငါ ဘယ်တုန်းက ပြောဖူးလို့လဲကွာ၊ အခုတစ်ခေါက်က ငါ့ ပါးစပ်ကနေ ပြတ်ပြီလို့ ပြောတာမို့လို့ ယုံလိုက်တော့”

သူ မချိပြုံး ပြုံးရင်း ဆို ဖြစ်သည်။

“ကောင်းတယ်ကွာ၊ ကောင်မလေးက ခပ်ရှုပ်ရှုပ်ရယ်၊ မင်းမို့လို့ပဲ သည်းခံပြီး ချစ်နေတာ။ သူ့လို ခဏခဏခြံခုန်ပြီး ရည်စား အပြိုင်ခိုးထားတတ်တဲ့ မိန်းမမျိုးနဲ့ ငါသာဆို ပြတ်တာကြာပြီ”

တိုးကြီးက မျက်နှာကိုမဲ့ရင်း ဆိုသည်။

“မင်းကောင်မလေးက အရင်လိုပဲ မင်းမသိအောင်ရည်းစား ခိုးထားပြန်တာပဲလား”

နိုင်ကြီးက မျက်မှု န်ကြီးကုတ်ကာ ဆိုသည်။ သူခေါင်းကို ခပ်လေးလေးပင် ညိတ်ပြ ဖြစ်သည် တစ်လက်စတည်းပင် နိုင်ကြီးက.

“မင်းကောင်မလေးကို လုသွားတဲ့ကောင်ကိုရော မင်းလိုက် မသတ်ချင်ဘူးလား ဝေယံ။ ဘာရယ်မဟုတ်ဘူး မေးကြည့်တာ”

ဟု မေးသည်။

“မသတ်ချင်ပါဘူးကွာ၊ အဲဒီ ကောင်မလေးနဲ့ တွဲ တာတစ်လမပြည့်ခင်မှာ သူ့ကိုယ်သူ သတ် သေချင်လာလိမ့်မယ်”

ဟု ပြောရင်း သူရယ် ဖြစ်သည်။ သကောင့်သားနှစ် ကောင်ကပါ လိုက်ရယ်ကြသည်။ တိုးကြီး က-

“မင်းအဲဒီ လို စိတ်ပြေလက်ပျောက် နေတတ်နေလို့ တော် သေးတယ်”

ဟု ဆိုသည်။

“နေတတ်ပါတယ်ကွာ၊ ရည်းစားနဲ့ကွဲလို့ အရက်သောက်မယ်တို့၊ ၀ူးဝူးဝါးဝါး လုပ်မယ်တို့ ဆိုတာတွေ က ကလေးတွေ လုပ်တာပါကွာ၊ ငါ့အသတ် ငါ့အရွယ်ကြီးနဲ့ ဒီလိုပဲ ရအောင်နေရတော့ မှာ ပေါ့။ ခဏခဏ ပြဿနာတက်ပြီး ခဏခဏပြတ်ထားတော့ လူက လေ့ကျင့်ထားသလို ဖြစ်ပြီး ခံနိုင်ရည်ရှိနေတယ်”

“ချွေးထွက်များ ထားလို့ သွေးထွက်နည်းတာမျိုးပေါ့ကွာ”

သူ၏ စကားအဆုံးမှာ တိုးကြီးက ခွီးခနဲ ရယ်ရင်းဆိုသည်။ သူပါ ရောရယ် ဖြစ်သည်။ ခဏ ခဏ ရင်နာရလွန်းတော့လည်း နှလုံးသားက အသားမာတက်သွားပြီထင့်။ သိပ်မနာကျင်တတ် တော့။

“ဒီလို ဒဏ်ရာပေးတတ်တဲ့ ကောင်မလေးတွေ နဲ့ချည်းပဲ တွေ့ နေရင် ဒီကောင့်ကို မိန်းမယူဖို့ တစ်သက်လုံးတိုက်တွန်းလို့ ရတော့မှမဟုတ်ဘူး တိုးကြီးရေ။ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေ လောက်ပြီ”

နိုင်ကြီးက သူ့ကို မေးငေါ့ရင်း တိုးကြီးကို ဆိုသည်။

“ငါလည်း ဒီကောင်ရှေ့မှာ မို့လို့ မိန်းမယူဖို့ကို ဟန်တလုံး ပန်တလုံးနဲ့သာ ပြောနေရ တယ်။ ယောက္ခမအိမ်မှာ ကပ်နေရတာ စိတ်ကျဉ်းကျပ်တယ်ကွာ။ ယောက် ဖတွေ ကလည်း သူတို့အစ်မနဲ့ ရထားတဲ့ ငါက ပုံမှန်အလုပ်မရှိတော့ သိပ်မကြည်ချင် မလေးစားချင်ကြဘူးကွ”

အသည်းရောင် အသားဝါဘီပိုး ရှိသည်မို့ လောလောဆယ်နိုင်ငံခြားကို ပြန်မသွားနိုင်သေး သော ဘာအလုပ်မှလည်း ရုတ်တရက် မလုပ် ဖြစ်သေးသော တိုးကြီးက ခပ်ညည်းညည်း ဆိုသည်။

နိုင်ကြီးက-

“တစ်လပျော်ချင် မိန်းမယူလို့သာ ဆိုတယ်။ တစ်လတောင် မပြည့်သေးဘူး အခု ညည်း ညူနေရပြီ မဟုတ်လား”

ဟု ဆရာကြီးလေသံဖြင့် ဆိုသည်။

“အေးလေ ပုံမှန်ဝင်ငွေမှ မရှိတာကိုး”

သီဟတိုး ကတော့ ရှုံးနိမ့်သူလေသံဖြင့် သံဝေဂရသလို ဆိုသည်။ သူတို့အားလုံး သက်ပြင်း ကိုယ်စီချ ဖြစ်ကြသည်။

* * * * *


“ဟဲလို ဝေယံရေ”

“အေး သူငယ်ချင်းပြော”

“ငါ့ဖုန်းကို ပြန်ခေါ်ပေးစမ်းပါကွာ၊ ဖုန်းထဲမှာ ပိုက်ဆံမရှိတော့လို့”

“အိုကေ အိုကေ”

စကားကို ခပ်သုတ်သုတ်ပြောကာ ဖုန်းချသွားသော တိုးကြီးကို သူဖုန်းပြန်ခေါ် ဖြစ်သည်။ ဖုန်းဝင်ဝင်ချင်း သကောင့်သားက ဟဲလို ဟုထူးသည်။

“အေး တိုးကြီးပြော”

“မင်းအခု အိမ်မှာ ရှိနေလား ဝေယံ၊ ဘယ်မှ မသွားရင် လာခဲ့မလို့”

“အေး ရှိတယ် သူငယ်ချင်း လာခဲ့လေ”

သူ “လာခဲ့”ဟုဆို ဖြစ်သည်။

“လာတာက ကိစ္စမရှိဘူး၊ ရောက်ကာနီးကျ ငါ မင်းကို ဖုန်း Miss Call ခေါ်လိုက်မယ် တိုက် အောက်ဆင်းလာခဲ့။ ငါ့မှာ Taxi ခ ပါမှာ မဟုတ်ဘူး”

“သြော်…အေး…အိုကေ သူငယ်ချင်း”

“ဒါပဲကွာ ဝေယံ”

“အေး အေး”

ဖုန်းချပြီးနောက် သူ စဉ်းစားခန်းဝင် ဖြစ်သည်။ သကောင့်သား ဘယ်လို ဖြစ်ပါလိမ့်။ ရောက်မှ ပဲ သိတော့မည် ။

သိပ်ကြာကြာတော့ မစောင့်လိုက်ရ။ သကောင့်သားဆီက ဖုန်း Miss Call ပေးလာသည်မို့ သူ အိမ်အောက်ဆင်းခဲ့ ဖြစ်သည်။ သူလည်း အိမ်အောက်အရောက် ကားလည်းရောက်လာသည်။

“ရော့ သူငယ်ချင်း”

ကားခ ဘယ်လောက်ကျမှန်း မသိသည်မို့ တစ်သော င်းတန် တစ်ရွက်ကို သူထုတ်ပေး ဖြစ် သည်။ တိုးကြီးက ကားဆရာကို ကားခရှင်းပြီး ပိုငွေကို သူ့ဆီပြန်ပေးသည်။

“လာကွာ ဝေယံ အိမ်ပေါ်ရောက်မှ ငါပြောပြမယ်”

ပြောပြောဆိုဆိုပင် ၄င်းက သူ့ရှေ့မှနေ အိမ်ပေါ်ကိုတက်သည်မို့ သူ့နောက်က အမီလိုက်ရ သည်။ အိမ်ထဲရောက်သည်နှင့် ဆရာသမားက ထိုင်ခုံမှာ ခြေပစ်လက်စပ်ထိုင်သည်။

“ဝေယံရေ လူပျိုဘ၀ပဲ ကောင်းတယ်ကွ၊ ဘယ်တော့မှ မိန်းမ မယူနဲ့။ တော် တော် အာရုံ နောက်တယ်။”

ဆိုင်းမဆင့် ဗုံမဆင့်ပင် ပြောချလိုက်သော သကောင့်သား၏ စကားကြောင့် သူ ဘာပြန် ပြောရမှန်းမသိ။ ရှေ့တစ်လော ကတော့ သူ့ကို မိန်းမယူရန် နေ့စဉ်တွန်းအားပေးခဲသူက အခုတော့ လူပျိုဘ၀ပဲ ကောင်းတယ် ဟု ဆိုနေပြန်သည်ကိုး။ ၄င်းမိန်းမယူထားသည်က နှစ် ၀က်ပင် မရှိသေး။

“ဘယ်လို ဖြစ်တာလဲကွာ”

“ယာက္ခမအိမ်ပေါ်က ဆင်းလာတာ”

သူ၏ အမေးကို သကောင့်သားက ခပ်ဆတ်ဆတ်ပင် ဖြေသည်။ ပြီး ဘာမပြောညာမပြော ဖြင့် ‘တောက်’ ခနဲ တက်ကိုအကျယ်ကြီး ခေါက်လိုက်သည်မို့ သူ လန့်ပင်သွားရသည်။

“အစောကြီးကတည်းက အိမ်ခွဲနေခဲ့ရင်လည်း ကောင်းသား။ သူက သူ့မိဘတွေ နဲ့ မခွဲနိုင် ဘူးလုပ်နေတော့ ငါ့ဘက်က အလျှော့ပေးခဲ့တာ။ အဲဒါ မှားတာပဲ”

ဒေါကန်ကန်ဖြင့် တိုးကြီးကဆိုသည်။ အကျိုးအကြောင်းမေးနေပြန်လျှင်လည်း အနာကို အသစ်က ပြန်ဆွသလို ဖြစ်နေမည် မို့ ခပ်ဆိတ်ဆိတ်ပင် နှုတ်ပိတ်ကာ နေ ဖြစ်သည်။

“ကဲပါကွာ နားလိုက်ပါဦး။ ညနေကျမှ ဟိုကောင် ဖုန်းသန့်နိုင်ကိုပါ လှမ်းခေါ်ပြီး ပြော ကြရ အောင်”

သူ့စကားအဆုံးမှာ တိုးကြီးက ထိုင်နေရာမှ ထရပ်ရင်း သူ့ အခန်းဘေးမှ အခန်းလွတ်ဆီ လျှောက်ကာသွားသည်။ ၄င်း လူပျိုဘ၀ကတည်းက သူ့အိမ်မှာ အမြဲလာနေကျ၊ အိပ်နေကျမို့ ဘယ် အခန်းတွေ က အလွတ်ဆိုတာ သကောင့်သားက သိပြီးသား ဖြစ်သည်ကိုး။ ဘာရယ်မဟုတ် သူ ခေါင်းကို ခါ ဖြစ်သည်။

* * * * *




ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ မယားစိတ်သားစိတ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရနံ့တစ်စင်း၏တောင်ပံခတ်သံ

ခရီးဖော်

ဖြစ်မှဖြစ်ရလေ