အခန်း (၁)
ငယ်ရနံ့
ရေမြေတောတောင်က
အရိုးကွဲအောင် သ၀န်ကြောင်မယ်
အဘိုးအဘွာား အဖေအမေတို့
ဖူးစာ
မျက်စိမပါတဲ့ကြိုးတစ်ခွေပဲ
နေရောင် မှာ ပြန်စာမလာလို့ လရောင် ကပိုမှော င်တာလား
ရွာပြန်ရောက်တိုင်း
အရင်လိုနွားကျောင်းဖော်ငယ်ရနံ့ကို
ခေါက်ရိုးလေး ဖြန့်အခင်းမှာ
အကြည့်ထဲ
စမ်းချောင်းကိုယ်စီ စီးလာတယ်။ ။
မြေလတ်မောင်မြင့်သူ
နှစ် ကိုယ်ခွဲဆောင်း
အပစ်အခတ်ရပ်စဲလို့ မရသေးတဲ့အချစ်နဲ့
ငါတို့
ဘယ်နှစ် မြို့စာ ဝေးရဦးမလဲ
လ၀န်းဖွဲ့
ကျောက်ချဖူးတဲ့အငေးအကြည့်
တစ်ယောက် မျက်နှာ တစ်ယောက် မြည်းဝမသော အထိအရှများ
လွမ်းခွင့်ရှိတိုင်းပွင့်ပြမယ့်သဇင်လို
တစ်ဆောင်းပြီးတစ်ဆောင်းသစ်လို့ မ၀ဘူး
ဒီရနံ့အတိုင်း
ညို့လာတဲ့ အစွဲအလမ်းမှာ
စိတ်နှင်း တဖွဲဖွဲရွာချိန်
ရင်ထဲ
နှင်းခဲတွေ တငွေ့ငွေ့လောင်နေတယ်။ ။
မြေလတ်မောင်မြင့်သူ
ချစ်ခြင်းဖွဲ့ယမုံနာ
ငယ်ငယ်က
မော့သောက်တဲ့ အိပ်မက်တိုင်းဟာ
ချေဂွေဗားရားအဆိပ်ထက်ပြင်းတယ်
ကြီးတော့
မဟတ္ထမ ဂန္ဓီရဲ့အလင်းနဲ့
ပါးပြင်တွေ ၀ပ်စင်းသွားလိုက်တာ
ဘယ်လိုသက်တံမှ မြှူဆွယ်လို့မရတော့ဘူး
စိတ်က ဓားစွန့်သွားတဲ့ဓားအိမ်
အတွေးနဲ့
ကွေးညွှတ်မှု အသွေးအသားမှာ
ပွင့်သမျှနှင်းဆီက အ၀ါပြီးအ၀ါ
ဧရာဝတီ သီချင်းနဲ့
ယမုံနာထဲမျောလာတဲ့နှင်းဆီဝါတွေ ကို ဆယ်ကြည့်လိုက်
မင်းလက်ထဲ အခမ်းနားဆုံးပါလာမယ့်
အလွမ်းတပွေ့ကြီးဟာ
စင်းလုံးချောလှထားတဲ့
ငါ့ဒဏ်ရာ။ ။
မြေလတ်မောင်မြင့်သူ
သစ္စာခါးခါး
မျက်ရည်နဲ့ ဆစ်ထုတဲ့
ကြေကွဲမှု ဆိုတာ
ကျွန်တော် ငယ်ငယ်က သူတစ်ပါးရွာမှာ
အမေဆာတိုင်း တိတ်တိတ်လေး ၀ှက်ဝှက်စားခဲ့တဲ့
မ၀ရေစာ
သရေစာပဲ ဖြစ်တယ်
ချစ်သူပေးခဲ့တဲ့ အနာတရကိုတော့
မှန်စီရွှေချ ပန်းချီကားလုပ်
ခဏခဏ ထုတ်မကြည့်ပါရစေနဲ့
ဆော့ခရတ္ထိရဲ့ အဆိပ်ခွက်ဟာ
သူ့အမှန်တရားရဲ့ သစ္စာမှတ်ကျောက်
ပြုံးပြုံးလေးမော့သောက်ခဲ့တာ
သတ္တိပဲ
ဘ၀မှာ
ပူလောင်ခါးသက်မှန်းသိသိကြီးနဲ့
အချစ်ကို မျိုမလောက် ကျွန်တော် မော့သောက်ခဲ့တဲ့
အဆိပ်ခွက်မှာ
နောင်တ တစ်စက်မှ မပါဘူး။ ။
မြေလတ်မောင်မြင့်သူ
ကိုယ်ရေး ကိုယ်တာပုံပြင်
ကွေ့မှကောက်မှလှတဲ့မြစ်မှာ
အဖြောင့်အတိုင်းစီးဆင်းမှု က အနုပညာရဲ့အဓိပ္ပာယ်
အိုင်တွေ့ တိုင်းခြေမဆေးတတ်တဲ့ တစ်ကိုယ်ရေတစ်ကာယလေးမှာ
ဝင်းမှည့်နေတဲ့အလွမ်းက
အလှတန်ဆာလား
ကံကြမ္မာကျီးစားတဲ့လက်ဆောင်ဆိုတာ
ငါ့ပါးပေါ်က စုန်းကိုက်ရာပါ ဒေလီယာရယ်
အသားမနာသော်လည်း
အညိုအမည်းတော့စွဲခဲ့တယ်။ ။
မြေလတ်မောင်မြင့်သူ
အခန်း (၂)
အဲဒီ ယမ်းငွေ့နဲ့ဒီပန်းကို ငါရအောင်ပွင့်ခဲ့တယ်
စိတ်ကို ကြောင်ခြစ်ထားတဲ့ ရုပ်နဲ့
ခလုတ်ကို ဖြုတ်လိုက်တာလား
ဒိုင်းခနဲ ပစ်မှတ်ကိုဖောက်ခွဲလိုက်တဲ့ အမုန်းမှာ
ကမ္ဘာကြီး ကားခနဲ ပြားသွားတယ်
မစဉ်းစားချင်တဲ့ စဉ်းစားခြင်းအကြောင်းကို စဉ်းစားခန်းဝင်ကြည့်လိုက်တော့
အမုန်းဆိုတာ
အမြဲတမ်း အငြင်းမဲ့ ခါးသီးမှု တွေ နဲ့ချည်း သီချင်းဆိုဖို့
လေ့ကျင့်ထားတာမှမဟုတ်ဘဲ
တစ်ခါတစ်ရံ
“ဟင့်အင်း”နဲ့ “အင်း”ကြားက ယက်သဲ့ယူရတဲ့ အဓိပ္ပာယ်တွေ မှာ လည်း
အရိပ်လှချင်တယ်
တနလာင်္ကစလို့ တနင်္ဂနွေထိ မုန်းမုန်း
တနင်္ဂနွေကစလို့ စနေထိ မုန်းမုန်း
မုန်းသင့်မှပဲ မုန်းမုန်း
မုန်းစိတ်မရည်ရွယ်ဘဲ မုန်းမုန်း
အမုန်းကို တန်ဖိုးထားလို့ပဲ မုန်းမုန်း
အမုန်း၏ နောက်ဝယ်မှပဲ မုန်းမုန်း
အမုန်းခွန်အား ပေးသနားလို့ပဲ မုန်းမုန်း
မုန်း …..မုန်း …… မုန်း
ဘယ်လို မုန်းမုန်း
ဘယ်နှခါမုန်းမုန်း ဘယ်နှဝါ မုန်းမုန်း
အဲဒီ အမုန်းထဲမှာ လက်တဆုံးနှိုက်ထားရတဲ့
ငါ့အချစ်ပါကွာ
ဘယ်စစ်မှလာတိုက်ဖို့ မင်းမကြံနဲ့
ကျည်ဆန်ဆိုတာ
စိတ္တဇနဲ့ ပြုလုပ်ထားတဲ့ စိတ္တဇနာမ်
လူလည်းသာဓုမခေါ်ဘူး
နတ်လည်းသာဓုမခေါ်ဘူး။ ။
မြေလတ်မောင်မြင့်သူ
အိုစာမင်းစာ
တစ်ယောက် ကို တစ်ယောက်
တုတ်ကောက်လို ထောက်ထားတဲ့အသက်နဲ့
ဘုရားအတူတူတက်တယ်
ဥပုသ်အတူတူစောင့်တယ်။
တစ်ခေါင်လုံး
ဖွေးဖွေးလှုပ်ပွင့်တဲ့ စံပယ်တွေ နဲ့အပြိုင်
ဆေးပေးမီးယူအချစ်က
ရနံ့မပြယ်ဘူး။
စိန်ရတုလွန်အောင်ပျော်ရွှင်မှ အရင်းတစ်ဝက်မရမယ့်အလွမ်းမှာ
နမ်းလို့မ၀တဲ့ ဒဏ်ရာဆိုတာ
အိုစာမင်းစာပဲ။
အမြင်တွေ ထိုင်းတဲ့နားနဲ့
အကြားတွေ ခါးကိုင်းသွားပေမယ့်
တစ်ယောက် မျက်စိထဲမှာ တစ်ယောက် မျက်နှာက
လသာတုန်း။ ။
မြေလတ်မောင်မြင့်သူ
အခန်း (၃)
မျက်ရည်နှစ် ပွင့်
သိပ်သတိရစွာ စာရေး လိုက်ပါတယ်
ကိုယ်နေမကောင်းဘူး ၀မ်းနည်းမိတယ်
အနားမှာ မင်းရှိနေရင် သိပ်ကောင်းမှာ
ပြတင်းဝက အပြင်ကို ငေးမိတော့
မြစ်ဟာ သက်ရှိလို စီးဆင်းသွားတယ်
ငါတို့လည်း ကမ်းပါးနဲ့မြစ်လို
နောက်ဆုတ်လို့ မရတော့တဲ့ အနေအထားထဲ
ပြောင်းလဲဝေးကွာမှု ဝေဒနာနဲ့ ခရီးပြင်းနှင်ဆဲမဟုတ်လား။
သစ်ပင်တွေ ကြီးလာပြီး
တို့မျှော်လင့်ချက်တွေ သေးငယ်သွားစေတဲ့အချိန်ကာလ
နေ၀င်ရိုးရီဟာ လွမ်းဖွယ်လှပခဲ့ပုံများ ။
နှုတ်ခမ်းနီတွေ တအားမဆိုးပါနဲ့
ကိုယ့်အကြောင်းတွေ တွေးပြီး မဆွေးပါနဲ့
ပတ်ဝန်းကျင်နဲ့ အဆင်မပြေရင်
ပန်းကလေးတွေ နဲ့ နေထိုင်ပါ
သီချင်းတွေ ကြည့်ရင်း အပန်းဖြေပါ
ကိုယ်တို့ ဘ၀တစ်စုံကြား
ရွာတဲ့မိုးက သည်းခဲ့တယ်
ဝေတဲ့နှင်းက မြဲခဲ့တယ်
ဒါကြောင့် ပဲ သိပ်သတိရမိတယ်
ဒါကြောင့် ပဲ ဒီစာရေး မိတယ်
ဒါကြောင့် ပဲ ဒီစာပို့မိတယ်
မင်းဖတ်ရမယ့် နေ့ရက်ထဲ
ဒီစာရွက်ပေါ်မျက်ရည်နှစ် စက် ဆုံကြမယ်။
ဝိုင်ချို
ဉာဏ်မမီအောင်လှသော စုတ်ချက်များ
ကြင်နာမှု ဟာ အပြာရောင် ကြယ်လေးလို
ကောင်းကင်ထဲ အဆင်မပြေရှာပါဘူး။
ကိုယ်လှမ်းခေါ်လိုက်တဲ့ အသံကလည်း
သူမကြားနိုင်လောက်အောင် တိုးဖွလွန်းလှတယ်။
မင်းနဲ့ငါကြားက
အရောင် အမျိုးမျိုးနဲ့ အနှောင့်အယှက်တွေ ကို
သက်တန့်အ ဖြစ် တံတားထိုးလာဖို့က
ဖျားသွေးဝင်နေတဲ့ ဒီဂရီမှာ
ရေငွေ့တွေ လောက် မပေါ့ပါးနိုင်သေးသလို
နေ့တာ ညတာ ရှည်လျားသော အလွမ်းများ မှာ
ကြာပန်းတွေ လောက် စိတ်မခိုင်သေးတော့
သမုဒ္ဒယဟာ အရွယ်ရောက်လာခဲ့တယ်။
အချစ်ရယ်
အိပ်မက်နန်းတော် မှာ ချိန်းဆိုဖို့
ဘုန်းတန်ခိုးတွေ ကို ဘာနဲ့တူးရမလဲ
လရောင် တွေ ကြဲလွင့်သွားတဲ့အထိ
ဆက်လျှောက်နေတဲ့ ကောင်လေး တစ်ယောက်
ဖြတ်သန်းဆဲညထက် မိုက်ခဲလှပုံများ
မရှုရက်စရာ မရှုမလှ ကဗျာတွေ နဲ့
ကျွန်တော် က
နှင်းတွေ ပွင့်တဲ့အထိ နွေရာသီ
ပန်းတွေ ကျွမ်းတဲ့အထိ မိုးရာသီနဲ့
အလွမ်းတွေ ခဲတဲ့အထိ ဆောင်းရာသီတဲ့လား။
မှု န်မိုင်းရီဝေဖွယ် နဂါးငွေ့တန်းကြီးတွေ ရယ်
ရှစ်တိုင်းလုံး ရစ်ဆိုင်းထားတဲ့
ရှုမောမဆုံး သဲကန္တာရ ဝေးခေါင်ခြင်းတွေ သာ
အထပ်ထပ်အခါခါ ပိတ်ဆီးယှက်သန်းလို့။
အချစ်ရယ် …
ငါမလာတတ်တဲ့လမ်းက ပြန်ခဲ့ပါတော့ကွယ်။ ။
ဝိုင်ချို
စံပယ်မှ
စံပယ်ခြွေတဲ့လက်ရေ…
မင်းကြောင့်
ကြယ်တွေ မကြွေပါစေနဲ့
ကြယ်တွေ ရဲ့ မွှေးရနံ့ ဂုဏ်သတင်းတွေ
မင်းကြောင့် မကြွေပါစေနဲ့
လိပ်ပြာတွေ ငိုကြွေးသလို
ချစ်သူတွေ မငိုကြွေးပါစေနဲ့
ပျားပိတုန်းတွေ မွတ်သိပ်သလို
မိတ်ဆွေတွေ မမွတ်သိပ်ပါစေနဲ့
တစ်ပါးသူငိုမှ ရမယ့်ပန်းဟာ
မမွှေးပါဘူး
တစ်ပါးသူပျော်ရွှင်ဖို့
နောက်ဆုတ်လက်ရုပ်လိုက်ခြင်းသာ
ဘယ်တော့မှ မပျက်သုန်းမယ့်
မွှေးရနံ့ စစ်စစ်ပဲပေါ့ကွာ
စံပယ်ခြွေတဲ့လက်ရေ
မင်းကိုယ်တိုင် မိုးရေစက်လေးလို
မင်းကိုယ်တိုင် နေခြည်နွေးလေးလို
မင်းကိုယ်တိုင် မြေဆီသြဇာလို
မင်းကိုယ်တိုင် စံပယ် ဖြစ်နေသလို
စံပယ်ကို ချစ်ရမှာ ဖြစ်ပါတယ်။ ။
ဝိုင်ချို
ဒဏ်ရာငှက်
ပန်းနုရောင် နှုတ်ခမ်း
ကြယ်စင်မှု န်းတဲ့ မျက်လုံးကလေးတွေ
ဖြူရှင်းသန့်စင်
ကြည်သာရွှင်ပြ မျက်နှာတော် လေးရယ်
သွယ်လျဝင်းပ ရွှေယမင်းရုပ်လွှာ
တလွင့်လွင့် ဆံနွယ်ဝဲဝေ့များ
အားလုံးပဲ
အားလုံးပါပဲ
မမျှော်လင့်အပ်စွာ
တစ်နေ့မှာ ခွဲခွာဝေးသွားပြီး
အလွမ်းအ ဖြစ်
ဆွတ်ပျံ့ငေးရီဖွယ် ပြန်ရောက်လာမယ်လို့
မတွေးမိခဲ့ရိုးအမှန်ပါ။
တကယ်တော့
အလွမ်းဆိုတာ
လွန်လေပြီးသော အချစ်ရဲ့ နောက်ဆက်တွဲ
အချစ်ရဲ့တစ္ဆေသရဲလို
ဒဏ်ရာ
အချစ်ရဲ့ရင်နာဖွယ် အခိုးအငွေ့အ ဖြစ်
သစ္စာရှိရှိ
ကိုယ့်ရင်ဆီ မရောက်ရောက်အောင်
အသက်လုပြီး ပြန်လာခဲ့တဲ့ဒဏ်ရာ
တယုတယကြိုဆိုလိုက်ပါတယ်။ ။
ဝိုင်ချို
အခန်း (၄)
ကမ္ဘာခြားသူသို့
မင်းနဲ့ငါဟာ
နေနဲ့လလို နေ့ညများ စွာ
နေနဲ့လလို တွဲ ကခဲ့ကြ
နေနဲ့လလို ဆက်သွယ်ချက်နဲ့
နေနဲ့လလို လင်းလက်တောက်ပ
နေနဲ့လလို ခွန်အားတွေ နဲ့
နေနဲ့လလို ကမ္ဘာပတ်လို့
နေနဲ့လလို မေတ္တာဓာတ်နဲ့
နေနဲ့လလို ရစ်ပတ်ခဲ့ကြ
နေနဲ့လလို မျှဝေခံစား
နေနဲ့လလို စွန့်စားခဲ့ကြ
နေနဲ့လလို မမြဲသော သဘောမှာ
နေနဲ့လလို ၀င်းပဖြူစင်
နေနဲ့လလို ပျော်ရွှင်ကြေကွဲ
ဒီလိုပါပဲ
မင်းနဲ့ငါဟာ နောက်ဆုံးတော့
နေနဲ့လလို လိုက်ဖက်ပေမယ့်
နေနဲ့လလို ခွဲခဲ့ကြရတယ်။ ။
ဝိုင်ချို
အင်းလျားစိမ်းစိမ်း
ကန်ရေပြင်ကို ရှပ်တိုက်သွားတဲ့လေမှာ
ငါတို့အကြည့်တွေ လူးလွန့်ခဲ့
ကန်ဘောင်ညနေခင်းများ မှာ
ငါတို့အကြည့်တွေ စိမ်းလန်းခဲ့
ကန်ဘောင်နံဘေးမှာ
တယ်ပင်တွေ ဘယ်နှပင် ရှိမှန်းမသိအောင်
တို့တွေ အတူပျော်ခဲ့ကြတယ်။
နှစ် တွေ က …
ရှည်ကြာရင့်ညောင်း ပြောင်းလဲခဲ့ကြတယ်။
ခုတော့ …
မြက်ခင်းတွေ ၊ သစ်ပင်တွေ
ရေပြင်တွေ ၊ ထီးဝန်းတွေ ကအစ
အစိမ်းဆုံး အစိမ်းတွေ ခြယ်မှု န်းလို့
မင်းရဲ့အမုန်းနေ့စွဲများ အောက်မှာ ။ ။
ဝိုင်ချို
ချစ်သူအတွက်
မင်းနဲ့ ခွဲရလို့ ၀မ်းနည်းမိတယ်
မင်းကောင်းစားမှာ ကို တွေးပြီး ၀မ်းသာပါတယ်
ဒဏ္ဍာရီထဲကလို
ကိုယ်ဟာ
ငိုရင်ပုလဲ၊ ရယ်ရင်ရွဲ ဖြစ်ခဲ့မယ်ဆိုရင်
မင်းအတွက်
ပုလဲတစ်ပွင့်၊ ရွဲတစ်ပွင့်
ဆင်တိုင်းတင့်အောင် ဆက်သလိုက်ပါ့မယ်။ ။
ဝိုင်ချို
နှင်းဆီစိတ္တဇ
နှင်းဆီကို မချစ်မိအောင်
ဆူးကိုပဲ ဖိလိုက်တဲ့အခါ
ဒဏ်ရာဟာ နှင်းဆီလို သွေးရောင် ခြယ်လို့။
မင်းရဲ့ အမှတ်တရအ ဖြစ်
နှင်းဆီလို သွေးစက်တွေ
ကိုယ့်လက်မှာ ဖူးပွင့်ခဲ့တဲ့အကြောင်း
ရင်နင့်ဖွယ်နှင်းဆီတွေ ဝေလေတိုင်း
ရင်နာဖွယ် နှင်းဆီတွေ မွှေးလေတိုင်း
သတိရမှု တွေ လှိုင်းထခဲ့ပါတယ်။ ။
ဝိုင်ချို
နေမိမင်းရဲ့လက်ဆောင်မွန်
ချစ်သူသာရှိရင်
ငရဲဆိုတာလည်း ကောင်းကင်ဘုံပဲပေါ့
ချစ်သူမရှိရင်တော့
ကောင်းကင်ဘုံဆိုတာလည်း ငရဲပါပဲ။ ။
ဝိုင်ချို
အခန်း (၅)
အချစ်
ညရထား
မနက်ရထား
နေ့လည်ရထား
ညနေရထား
ဘယ်သွားမလဲ / ဘယ်ကိုသွားမလဲ
(၁၀) မိနစ်ခြားတစ်စီးထွက်တယ်
နှလုံးသားလက်မှတ်ဖြတ်ရမယ်။
မုန်ညှင်းရိုးက
မုန့်ညှင်းရွက်ထက် လေးနက်တဲ့ အဘိဓမ္မာ
ဒီလိုလည်း
စကားအကြီးကြီးတွေ မပြောဘူး။
သူ့ရယ်သံလေးနဲ့
လေထဲ ချိတ်ဆွဲထားတဲ့ မီးပုံး
ရန်သူ့ လေပိုင်နက်
အချိန်ပြည့် ကင်းလှည့်ရတဲ့ ရဟတ်ယာဉ်
စမ္ပာနဂိုမှာ ကမ်းမပြိုလည်း
ပေါင်ကျိုးချင် ကျိုးမယ့်နွားမ
သူကလွဲပြီး
ဒီအခန်းက
ဘယ်သူမှ ၀င်မရဘူး။
သဲအိတ်ကို အမြဲထိုးနေတဲ့ … လက်
ဆီစိမ်ထားတဲ့ ဂွမ်းစလေးထက် လည်း
နူးညံ့တယ်။ ။
နွယ်စိမ်းဝေ
စကားလုံးတိုင်း ထက်ထက်စန္ဒီကျော်
သူလို ကိုယ်လို ကြယ်တွေ ထဲ
ထူးထူးခြားခြားလင်းလက်နေတဲ့ ကြယ်
ထက်ထက်စန္ဒီကျော်။
ခြေလှမ်းတိုင်း … ခြေလှမ်းတိုင်း
ထက်ထက်စန္ဒီကျော် …ထက်ထက်စန္ဒီကျော်
အသက်ရှုတိုင်း … အသက်ရှုတိုင်း
ထက်ထက်စန္ဒီကျော် … ထက်ထက်စန္ဒီကျော်
တစ်ခါတစ်လေတော့လည်း
သူ့ကိုချစ်ရတာ ရေဆာတယ်
လက်ထဲကခွက်ကိုလည်း လွှတ်မချချင်ဘူး
သူ့အပြုံးနုလေးကိုလည်း သတိရတယ်။
အချစ်ရဲ့ သင်ကြားမှု မှာ
တွက်ခဲ့ရတဲ့ သင်္ချာတွေ က အများ ကြီး
ကျက်ခဲ့ရတဲ့ စာတွေ က … အများ ကြီး
လက်ဆေးတော့လည်း ထက်ထက်စန္ဒီကျော် … ထက်ထက်စန္ဒီကျော်
ပန်းကန်ဆေးတော့လည်း ထက်ထက်စန္ဒီကျော် … ထက်ထက်စန္ဒီကျော်
“ကိုယ့်ကိုဘာဟင်းနဲ့ စားခဲ့လဲလို့ မမေးနဲ့”
ကိုယ့်ထမင်းဘူးထဲမှာ လည်း ထက်ထက်စန္ဒီကျော် ထက်ထက်စန္ဒီကျော်။
ဘယ်လိုပဲ
ချစ်စိတ်ကို / မင့်ကိုချစ်တဲ့စိတ်ကို
မြင်းလိုဟီပစ်လိုက်ရမလား?
ကျားလိုဟိန်း ပစ်လိုက်ရမလား?
ခွေးလိုအူ ပစ်လိုက်ရမလား?
မြို့ရဲ့
အမြင့်ဆုံး တာဝါတိုက်ပေါ်တက်ပြီး
တစ်မြို့လုံးကြားအောင် … အော်တယ်
ထက်ထက်စန္ဒီကျော် … ထက်ထက်စန္ဒီကျော်။ ။
နွယ်စိမ်းဝေ
‘မင်းကိုသိပ်ချစ်တယ်’
ရေဒီယို ဖွင့်တော့လည်း
သူ့အသံလေးကိုပဲ ကြား
တီဗ္ဗီ ဖွင့်တော့လည်း
သူ့ရုပ်လေးကိုပဲမြင်
ရင်ထဲက
ပြောစရာ တစ်ခွန်းတည်းသော … စကား
အိမ်မှာ မွေးထားတဲ့ ကြက်တူရွေးလေးကို သင်ပေးထားတယ်
မနက်မိုးလင်းတာနဲ့
“မင်းကိုသိပ်ချစ်တယ်”
“မင်းကိုသိပ်ချစ်တယ်”
“မင်းကိုသိပ်ချစ်တယ်”
နွယ်စိမ်းဝေ
ဘုရားသခင်ရဲ့ဆုလာဒ်
စားခဲ့ဖူးသမျှ ဆီဦးထောပတ်တွေ ဘယ်လိုကောင်းကောင်း
ငါ့ … အတွက်တော့
ဒါအကောင်းဆုံးပဲ။
ထိုက်မှရတဲ့ဝေဒနာ
“ကျေးဇူးပြုပြီး
အသဲလေး (နည်းနည်း ဖြစ် ဖြစ်) ခွဲပေးစမ်းပါဗျာ”
တွေ့ တိုင်း
ဒီလို သွားပြောလို့ရမလား !
ကုလားဘုရားပွဲလှည့်တဲ့အခါ
ကတ္တရာလမ်းပေါ်တဒိုင်းဒိုင်းရိုက်ခွဲတဲ့ အုန်းသီးတွေ လို
ခွဲတိုင်းကွဲရိုးလား။
အသဲကွဲတယ်ဆိုတာ …။
နွယ်စိမ်းဝေ
![]() ငှက်ကလေးတွေကို ရှက်လို့ပါ | ![]() လူငယ်ရနံ့အက်ဆေးများ | ![]() ရွှေပြည်စိုးရဲ့တေးသံသာ |