အခန်း (၁)
ပဉ္စဂုဏံ အဟံ ၀န္ဒာမိ သဗ္ဗဒေါ
ဦးခိုက်ကန်တော့ပါသည်။
ကျေးဇူးရှင် မိဘနှစ် ပါးနှင့် တကွ အခြားသော ကျေးဇူးရှင်များ အပြင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အား ဤစာအုပ်ဖြင့် ဦးခိုက် ကန်တော့ပါသည်။
မြေလတ် မောင်မြင့်သူ
ရွှေပြည်စိုးရဲ့ တေးသံသာ
တောင်လေနွဲ့ကာ မြောက်လေပင့်
စံပယ် မျက်တောင်ဖွင့်။
ဖူးတံဝင့်လို့ ၀တ်မှု န်စီ
ညင်းလေပွေ့ကာချီ၊
ရောင် နီဖြာဖို့ အရုဏ်ပျိုး
လာပေါ့ ရွှေပြည်စိုး။
ရွှေပြည်စိုးရဲ့ မိုးလင်းသံ
နိုးထအချိန်မှန်၊
အရဟံဂုဏ်တော် တတွတ်တွတ်
ယံမင်္ဂလံရွတ်။
နှင်းရည်ဆွတ်လို့ အမျှဝေ
အားလုံးမာပါစေ၊
မေတ္တာခြွေတဲ့ မနက်ခင်း
မင်္ဂလာနံ့သင်း။။
ငှက်သီချင်းနဲ့ စာကျက်သံ
လှဖို့ မနက်ဖြန်၊
နားဝင်ပီယံ ဘ၀င်အေး
ရွှေပြည်စိုးရဲ့တေး။ ။
အမေ့အိမ်
နံနက်ချိန်မှန် စောစွာ ထဖို့
သြကာသလို့ ရှိဦးနှိမ်။
ဘုရားစင်မှာ ရောင် ခြည်အဆင်းနဲ့
ဝင်းဝင်းလက်လက် ဆီမီးထိန်။
ဗုဒ္ဓရှင်ကို အာရုံမှန်းလို့
ဆွမ်းပန်းရေချမ်းကပ်လှူချိန်။
အမျှဝေကာ ကြေးစည်ထုပေါ့
သာဓု သာဓု ခေါ်သုံးကြိမ်။
ယဉ်ကျေးမှု ရာ ဓလေ့ထုံးနဲ့
နှလုံးချမ်းမြေ့ အမေ့အိမ်
အမေ့အိမ် . . . အမေ့အိမ်။ ။
ပန်းတော် ကပ်တဲ့ မင်္ဂလာ
ညခါပွင့်လို့ မနက်မှာ လန်း
အိမ်ခေါင်းရင်းက စံပယ်ပန်း။
ဆူးတန်းလန်းနဲ့ ရဲရဲနီ
ပန်းအိုးထဲက လှနှင်းဆီ၊
မာလာသင်းကြည် ပွင့်ငုံဦး
ဆူးမစူးအောင်ခူး။
စံပယ်ခူးတော့ သတိဆောင်
မြွေပါး ကင်းပါးရှောင်၊
ဘုရားဂုဏ်ဆောင် အာရုံမှတ်
ပန်းတော် ဆက်လှူကပ်။
ထပ်တူအမျှ ကုသိုလ်ဝေ
သာဓုတေးသံခြွေ၊
ဝေးနီးနှစ် ထွေ ဆွေအများ
လှစေ မွှေးစေသား။ ။
တကူကူးတေး
နံနက်ဦးမှာ လေပြည်မြူးလို့
တကူကူးတဲ့ တေးသံသာ။
နေ့တိုင်းချိန်မှန် ကြားနေကျမို့
နားရည်ဝလည်း မရိုးပါ။
နှစ် ကောင်တွဲ ကာ အစာကောက်လို့
လူကြောက်တတ်တဲ့ ငှက်မျိုးပါ။
သူ့နယ် ကိုယ့်နယ် အနေခွဲသလို
ကျူးလာရင်လဲ ခွပ်လွှတ်မှာ ။
ချိုးငှက်ဝဲပျံ စပါးနှံလေးက
ငြိမ်းချမ်းရေး ရဲ့ လက္ခဏာ။
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဆွေမျိုးတွက်
တယ်ချိုး မ ဖြစ်အောင် ရှောက်ကြပါ။။
ဝန်းကျင်သာယာ ပန်းတွေ ဖူးဖို့
တကူကူးတေး ကူစမ်းပါ
ကူစမ်းပါ . . . ကူစမ်းပါ။ ။
ပန်းသပြေ
သပြေ မညှိုး ညောင်ရေအိုး
သပြေ ဝေအောင်ထိုး။
သပြေမျိုးနဲ့ ရိုးရာဟန်
သပြေ မြန်မာဆန်၊
သပြေမာန်နဲ့ ရန်ခြွေမောင်း
သပြေ ညောင်ရေလောင်း။။
သပြေ ဆုတောင်း အောင်ပန်းဝေ
သပြေခညောင်းစေ၊
သပြေ ကျက်သရေ ပြည်လုံးလန်း
သပြေ မြန်မာ့ပန်း။ ။
ကျီးကန်း
အမြဲလိုလို နှုတ်အာကြမ်းတဲ့
ကျီးကန်းဆိုတဲ့ သတ္တ၀ါ။
တစ်ကိုယ်လုံးမှာ မည်းပြောင်လက်လို့
မီးသွေးခဲထက် သာ သဗျာ။
ဝမ်းဗိုက်တစ်ထွာ အစာတစ်လုတ်တွက်
အလစ်သုတ်တဲ့ ဗီဇပါ။
မန်ကျည်းနုချိန် သိုက်မြုံ့ဥလို့
သူတို့ ဘ၀ တို့လေ့လာ။
ဧည့်သည်လာအောင် ကျီးသာ သလားလို့
စကား ဆိုကြ လူတို့ရွာ။
တစ်ကောင်ထိရင် ၀ိုင်းအာထိုးကြ
အသံဆိုးက တအာအာ။
မြင်အောင် ကြည့်ရင် ပညာတိုးသကွဲ့
အမျိုးချစ်တဲ့ ငှက်တွေ ပါ
အ အာ . . . . အ အာ။ ။
ကြက်တူရွေးနဲ့ သာလိကာ
လူတွေ ခေါ်တိုင်း ထူးသံပေး
ရွှေဂဲ ကြက်တူရွေး။
မမေးဘဲနဲ့ ပလီပလာ
ပြောတဲ့ သာလိကာ၊
လူမှု နယ်မှာ စကားများ
သာလိကာ ၀င်စား။
သူများ သင်မှ ပြောတတ်သူ
ကိုယ်ပိုင်ဥာဏ်မကူ၊
အဲဒီ လူကို နာမည် ပေး
သူလည်း ကြက်တူရွေး။ ။
ကြက်မိခင်
ကတော် … ကတော် … အော်သံပေးလို့
ဟိုပြေးသည်လွှား သားပျောက်ရှာ။
သားကလေးတွေ ခိုဝင်နားဖို့
ရင်အုပ်ကားကြီး ဖြန့်ကြက်ကာ။
ကွတ် … ကွတ် … မြည် ကာ သံစုံထွက်လို့
မြေမှာ သူယက် အစာရှာ။
လောဘနဲ့ယှဉ် အတ္တဖက်လို့
ကိုယ့်ဘက်ကိုယ်ယက် ရှက်စရာ။
ရန်သူနဲ့ ပြိုင် ရင်ဆိုင်ခွပ်လို့
သားတွေ လွတ်ဖို့ သူ့မေတ္တာ
မိခင်ဟူသည် ယုတ်လတ်မရွေးဘု
အသက်ပေးလို့ ချစ်မြဲပါ
ချစ်မှာ … ချစ်မှာ ။ ။
ခေါင်းလောင်းတေး
ခေါင်းလောင်းသံက တဒေါင်ဒေါင်
ခေါင်းလောင်း တေးလက်ဆောင်၊
ခေါင်းလောင်း အောင်သံ အမှော င်ခွင်း
ခေါင်းလောင်း အရောင် လင်း။
ခေါင်းလောင်း သီချင်းနဲ့ စာကျက်သံ
ခေါင်းလောင်း ဘ၀ဂ်ညံ၊
ခေါင်းလောင်း သံနဲ့ ပန်းတွေ မွှေး
ခေါင်းလောင်း ပညာပေး။
ခေါင်းလောင်း သံတေး ဘေးကင်းကွာ
ခေါင်းလောင်း အေးရိပ်မှာ ၊
ခေါင်းလောင်း မင်္ဂလာ သာစေကြောင်း
ခေါင်းလောင်း သံချိုညောင်း။ ။
မေမေ့မျက်နှာ
မေမေ့ရဲ့ မျက်နှာ
လ၀ါဝါ ဆိုပါတော့။
တိမ်အလယ်
စိတ်ကြယ်လို မျက်တောင်တံခါး
ဖွင့်ထားမှာ ပေါ့။
မေမေ့ရဲ့ မျက်နှာ
ပန်းမာလာ ဆိုပါတော့။
နေမ၀င် ၀တ်မှု န်ကြားမှာ
လိပ်ပြာလို တောင်ပံကား
ခိုနားမှာ ပေါ့။
အခန်း (၂)
နှံပြည်စုတ်လေး တေးသံချို
ကြားရတိုင်းမှာ နားစည်ကွဲအောင်
ဘာငှက်လည်းကွဲ့ ပြောစမ်းပါ။
သံသေးသံကြောင် အကုန်ထုတ်လို့
နှံပြည်စုတ်တဲ့ သတ္တ၀ါ။
နှုတ်သီးချွန်ချွန် အကောက်လေးနဲ့
အကောင်သေးလည်း အသံစွာ ။
အသံကြားရင် အကောင် ရှိမကွဲ့
ရှာကြည့်တော့လည်း မလွယ်ပါ။
နှံပြည်စုတ်ကို အမြောက်ထုလို့
စကားပုံပြု လူတို့ရွာ။
စွာ တာ စွာ တာ မြည် သံလေးနဲ့
ကဗျာရေး ဖွဲ့ ချိုတေးသာ
ရေး မှာ . . . . ရေး မှာ ။ ။
လူလေးရဲ့ နာရီ
အိပ်ရာထလို့ စာကျက်ရန်
နာရီ မကြည့်ပြန်၊
ချိုးကူသံနဲ့ ငှက်သံကြား
ကြည့်ဖို့ လိုမလား။
ကျောင်းတက်သွားဖို့ အချိန်မှန်
နာရီ မကြည့်ပြန်၊
ကြေးစည်သံနဲ့ ဆွမ်းခံသွား
ကြည့်ဖို့ လိုမလား။
ခြေလက်ဆေးလို့ အိပ်ချိန်တန်
နာရီ မကြည့်ပြန်၊
တီဗ္ဗီဆူညံ တိတ်လို့သွား
ကြည်ဖို့ လိုမလား။ ။
ဇန်န၀ါရီအလင်းနဲ့ တို့လွတ်လပ်ရေး
စရိုက် အဖျင်းတွေ နဲ့
မိုက်တွင်းနက် သူ့လက်တွင် ။
ခဏတာ ရေတစ်ပွက်
အသက်မရှင်။
လွတ်လပ်ရေး တိုက်ပွဲဝင်
ရှေ့တန်းတင် ညီညွတ်အား။
နောင်ရေး ကိုရည်
အောင်တေး ပြိုင်တူသီလို့
ဇန်န၀ါရီ ရောင် ခြည်အဆင်းနဲ့
တို့မြန်ပြည် ၀ါဝါ၀င်းအောင်
လင်းခဲ့တကား။ ။
နိဗ္ဗာန်ဆော်
ဥပုသ်နေ့မှာ ကြားရစမြဲပေါ့
နားဝစွဲအောင် တကြော်ကြော်။
လေးနာရီဆို အသံပေးလို့
ကြေးစည်လေးက သူ့အဖော်။
ရွာလမ်းတကာ ကွေ့ကာပတ်လို့
အထပ်ထပ်နဲ့ ဟစ်ကာအော်။
အရုဏ်ဆွမ်းတော် လောင်းလှူကြဖို့
အပေါင်းဟူသမျှ လက်တွဲ ခေါ်။
နောင်ဝေ နောင်ဝေ ကြေးစည်ထုလို့
သာဓုပါကွဲ့ နိဗ္ဗာန်ဆော်
နှိုးဆော် …. နှိုးဆော်။ ။
ဘုရားဂုဏ်
က္ကတိပိသော ဘဂ၀ါ
နေ့စဉ်ရွတ်ဆိုပါ၊
ဘုရားစင်ရှေ့မှာ လက်စုံမိုး
ရိုသေစွာ ရှိခိုး။
သဒ္ဓါ မြတ်နိုး စိတ်အာရုံ
ကိုးပါး ဘုရားဂုဏ်၊
ယုံယုံကြည်ကြည် ပူဇော်တော့
ကုသိုလ်ရတာ ပေါ့။ ။
တရားဂုဏ်
ဘုရားဂုဏ် ပြီးတော့ နောက်တစ်ခါ
တရားဂုဏ်တော် ပါ၊
ရွတ်ပါ ဆိုပါ သွာက္ခာတော
ဘဂ၀ တာ ဓမ္မော။
နေ့ရော ညပါ ရွှင်ပျော်ပျော်
ရှိခိုးကာ ပူဇော်၊
တရားဂုဏ်တော် ခြောက်ပါးရှိ
ကုသိုလ်ထူးပါ၏ ။ ။
သံဃာဂုဏ်
တရားဂုဏ်ပြီးတော့ ဆက်ဦးမယ်
သံဃာ ဂုဏ်တဲ့ကွယ်၊
နေ့စဉ်ရွတ်မယ် နှုတ်မမော
သုပ္ပဋိ ပန္နော။
ကောင်းသော စိတ်နဲ့ ကြည်ညိုကုန်
ကိုးပါးသံဃာဂုဏ်၊
ယုံကြည်မှု နဲ့ ဂါရဝ
ပူဇော်ထိုက်လို့ ပူဇော်ကြ။
ကုသိုလ်ဆိုတာ ယူတတ်မှ။ ။
တန်ခူးနွေနဲ့ ရေပွဲတော်
ရော်ရွက်ဝါကြွေ လေပွေနှောက်တော့
တဖြောက်ဖြောက်ကျ မြေပြင်ပေါ်။
နှစ် ဟောင်းအကုန် နှစ် သစ်ကူးမယ့်
တန်ခူးနွေနဲ့ ရေပွဲတော် ။
ပိတောက်ပွင့်ချိန် ၀ါဝါဖူးလို့
ရွှေရည်လူးတဲ့ အခါနော်။
စတုဒိသာ သင်္ကြန်ပွဲနဲ့
ရှင်သန်နွှဲကြ ရပ်တိုင်းကျော်။
မြန်မာ့ရိုးရာ စဉ်လာထုံးကွဲ့
မင်္ဂလာနှလုံးနဲ့ လူတိုင်းပျော်
ပွဲတော် . . . . နွှဲပျော်။ ။
သစ်သစ်လွင်လွင်
အ၀တ်အစား သစ်သစ်တွေ
မ၀တ်ရလျှင် နေ၊
ဝတ်နေကျကို ဖြူအောင်ဖွပ်
သန့်သန့်စင်စင်ဝတ်။
စာအုပ်ကိုလည်း ရိုသေကွယ်
အဖုံးကပ်ရမယ်၊
မောင်ညီမငယ် အတန်းတက်တော့
အသစ်ရတာ ပေါ့။
အခန်း (၃)
ပင်လုံသီချင်း
ဇာတိမာန် ရဲရဲတောက်
သွေးဖောက်လို့ သစ္စာဆို။
တစ်ပါးကျွန် နွံအတွင်း
ဆင်းဖို့မလို။
တို့မောင်နှမ ညီအစ်ကို
လက်ရေစို မခြောက်တမ်း။
အရေး တကယ်ကြုံတော့
ရွှေပင်လုံ ညီညွတ်တေးကို
သီကြွေးကာ အလေးပြု
ရှေးရှု လျှောက်လှမ်း။ ။
ညောင်ရေသွန်းတဲ့ လကဆုန်
နေမင်းသူရိန် ထိန်ထိန်လင်းတော့
ပူရှိန်ပြင်းပြ စွေ့စွေ့ခုန်။
မြက်ပန်း စကားဝါ ငုံအာဖူးကြ
မိုးသားကျူးစ လေရူးသုန်။
ဆည်မြောင်း ချောင်းကန် ရေကုန်ခန်းလို့
မှတ်တမ်းစာဖွဲ့ လွမ်းမျိုးစုံ။
ရိုးရာပွဲတော် ဖော်ကာညွှန်းမကွဲ့
ညောင်ရေသွန်းတဲ့ နိမိတ်ပုံ။
လပြည့် ကဆုန် ဘယ်မမေ့နဲ့
ဗုဒ္ဓနေ့မြတ် မှတ်ကြကုန်
လကဆုန် . . . . အလှစုံ။ ။
နမူနာ
သူများ လှလှ ၀တ်တာကို
ကိုယ်က မျက်နှာအို၊
မနာလိုတဲ့ စိတ်အတွေး
ရုပ်သွင်လှဖို့ဝေး။
သူများ ၀၀ စားတာမြင်
ဝမ်းသာပီတိရွှင်၊
မုဒိတာရင် ကြည်လင်အေး
ကုသိုလ် ရုပ်ပျိုဆေး။ ။
စကားထာ
မစိုက်ဘဲနဲ့ ပွင့်လန်းတယ်
ဘာပန်းတဲ့လဲကွယ်။
မခြယ်ဘဲနဲ့ ဆေးရောင် များ
ဘယ်လိုပန်းချီကား။
မသွားဘဲနဲ့ ရောက်တဲ့အရာ
ဝှက်တဲ့ စကားထာ၊
ကြယ်နဲ့ ဆည်းဆာ လူရဲ့စိတ်
အဖြေစာအိတ် ပိတ်မယ်လေး။ ။
စာပြန်ပွဲနဲ့ လနယုန်
မြတ်လေးစံပယ် လေချိုသွေးတော့
ရနံ့ကလေး မွှေးထုံထုံ။
မေထုန်ရာသီ လယ်ယာဖြိုးဖို့
မုတ်သုံမိုးက ယိမ်းကခုန်။
ရိုးရာဘက်စုံ ဂုဏ်ဖော်နွှဲတဲ့
စာတော် ပြန်ပွဲ ကျင်းပပုံ။
လပြည့်နယုန် မဟာဝုန်တောမှာ
ဗုဒ္ဓဟောတဲ့ တရားဂုဏ်။
မဟာသမယ ခေါ် သုတ္တန်အနှစ် ကို
ဧကန်အစစ် မှတ်ကြကုန်
မှတ်ကြကုန် . . . မှတ်ကြကုန်။ ။
ရပ်ဝေးဆီသို့ ခေါင်းလောင်းတေး
ခေါင်းလောင်းသံ . . . ခေါင်းလောင်းသံ
ခေါင်းလောင်းထိုးသံ ဒေါင်ဒင်ညံ
နဘံမိုးထိပျံ၊
မနက်ဖြန်ထွက် တောင်ပံခတ်
နိမိတ် တေးသံမှတ်။
အာဖဂန် အီရတ် ဒေသနေ
ရပ်ဝေး ကျောင်းဖော်ဆွေ၊
ငါတို့မြေလို ခေါင်းလောင်းတေး
ကြားပါစေလို့ မေး။ ။
သားနဲ့သမီး
အမေတူ အဖေ့သား
ခန့်ညားတဲ့ ရုပ်သွင်ပျို။
အဖေတူ အမေ့သမီး
ဘယ်ထီးမှ မလို။
သားအသက် ဓားတစ်လက်ပမာဆို
သမီးပျိုက အရိပ်အေး။
ရန်မူလို
ရန်သူကို ဓားနဲ့ဆီးပါလို့
ထီးမလို သည်အေးရိပ်မှာ
အပန်းဖြေ တွေးနိမိတ်ရယ်နဲ့
ချွေးသိပ်မယ်လေး။ ။
တရားဦးဟောတဲ့ လ၀ါဆို
ဝဠာတစ်ခို တိမ်ပြိုဆင်းလို့
အုံ့မှိုင်းညိုမြ လ၀ါဆို။
ပုန်းညက်ဝေစီ လေပြည်သွေးတော့
ပျံ့ပျံ့မွှေးတဲ့ လ၀ါဆို။
ပဉ္စင်းတော် ခံ အလှူမြတ်နဲ့
သင်္ကန်းကပ်ကြ လ၀ါဆို။
ဒိုးပတ်တေးသီ ကခုန်မြူးလို့
ပန်းခူးထွက်ကြ လ၀ါဆို။
မိဂဒါဝုန်မှာ ဓမ္မစက်ကို
ဗုဒ္ဓဟောမြွက် လ၀ါဆို
လ၀ါဆို . . . . လ၀ါဆို။ ။
အခန်း (၄)
ဝုတ်ဝုတ်နဲ့ ညောင်ညောင်
သေချာမတွေး ညီငယ်ထွေး
ကဗျာ အမှားရေး ။
အစွယ် ဖွေးလို့ နားငြီးအောင်
ကုပ်ကျား တညောင်ညောင်၊
အမြီးထောင်လို့ လက်သည်းထုတ်
ပူစီတ၀ုတ်ဝုတ်။
ညောင်ညောင် ၀ုတ်ဝုတ် လွဲတဲ့ကဗျာ
မှန်အောင် ပြင်ပေးပါ၊
ညောင်ညောင်မြည် ကာ အသံပေး
ပူစီကြောင်ကလေး။
ဟိုသည်ပြေးလို့ ၀ုတ်ဝုတ်ဟောင်
ခွေးလေး ကုပ်ကျားမောင်၊
ညောင်ညောင် ၀ုတ်ဝုတ် မှန်ပြီလား
ပူစီနဲ့ ကုပ်ကျား ။ ။
အလေ့အကျင့်
ကျောင်းဝင်းထဲတွင် ကောက်ရလျှင်
ခဲတံနဲ့ ဘောပင်၊
ဦးစွာ အရင် သတိချပ်
ဆရာမ ကို အပ်။
လမ်းခရီးမှာ ကောက်ရလာ
ပစ္စည်း တိုအထွာ၊
ဦးစွာ အရင် အသိကပ်
မိနှင့် ဖကိုအပ်။ ။
ရေဖောင်ဖောင်နဲ့ လ၀ါခေါင်
သူငယ်ချင်းတွေ ပေါင်းဆွေခရီး
လောင်းလှေစီးလို့ သွားစို့မောင်။
ကွင်းပြင်ကျယ်ကျယ် ဟိုအဝေးမှာ
လှိုင်းတွေ ဖွေးလို့ ရေတွေ ဖောင်။
စပါးရွှေဝါ နှစ် ဖြာတိုးဖို့
ပျိုးပင်တွေ က စိမ်းလဲ့အောင်။
မိုးနဲ့အပြိုင် ပွင့်ပုံဆန်းတဲ့
ခတ္တာပန်းက လှဂုဏ်ဆောင်။
စာရေး တံဆို အလှူပွဲနဲ့
တူပျော်နွှဲကြ လ၀ါခေါင်
လ၀ါခေါင် . . . . လ၀၀ါခေါင်။ ။
တီဗီဂိမ်းနဲ့ ဖေဖေ့သား
ကျောင်းကအပြန် လွယ်အိတ်သိမ်း
လှစ်ခနဲဆို တီဗီဂိမ်း။
တီဗီဂိမ်းမှာ အလွန်တော်
ကျောင်းစာကျတော့ ရှော်၊
ဂိမ်းမှာ တော် တဲ့ ဥာဏ်ခွန်အား
စာမှာ သုံးပါလား။
ဖေဖေ့စကား နားချိုလွင်
အမှားကို ပြုပြင်၊
ကျောင်းစာတွင် ဦးခေါင်းမော့
ပထမစွဲပေါ့။ ။
သိလျှင် ပြောပါ
ကိုယ်ပြေးလျှင် သူပြိုင်ပြေးလို့
ကိုယ်နှေးတော့ သူနှေးတယ်။
ခုတစ်ခါ ကိုယ်လျှင် ရပ်တော့
သူရပ်နေတယ်။
မိုးပေါ်ကြည့် ရှိလိမ့်မယ်
ကြယ်တွေ နဲ့ ၀င့်ကြွား။
သူ့မျက်နှာ ၀ါဝါ၀င်းလို့
သူ့ကိုယ်ရောာင် ညအမှော င်ခွင်းတယ်
မင်း သိရဲ့လား။ ။
တော် သလင်းနဲ့ လှေပွဲတော်
မြစ်ရေပြင်မှာ သင်ဖြူးခင်းလို့
တော်သလင်းလ ရာသီ ‘ကန်’ ။
ရေလွှာပေါ်မှာ အဆန်းပြနွဲတဲ့
ပန်းလုပွဲက သဲခြိမ့်ညံ။
ယောက်ျားကောင်းတွေ လက်ရုံးအားနဲ့
အပြုံးကြွားတဲ့ မာန်ဝင့်ဟန်။
ယိုယီးလေးအော် ညာသံပေးလို့
တက်ရေး ပြတဲ့ လှော်ချင်းသံ
ရိုးရာစဉ်လာ အမွေဖော်ထုတ်တဲ့
လှေလှော်သရုပ် အောင်ပွဲခံ
အောင်ပွဲခံ . . . . အောင်ပွဲခံ။ ။
တွက်ကြည့်ရအောင်
စပါးတစ်ဖျာ ၀င်းဝင်းဝါ
အိမ်ရှေ့တလင်းမှာ ၊
သူ့ထက်ငါ လုယက်စား
ငါးကောင် ကြက်ငယ်များ ။
တောင်ပံကားနဲ့ ၀င်ရောက်လာ
ကျီးကန်း တစ်ကောင်ပါ၊
ညံစာစာနဲ့ စကားများ
ဆက်ရက် နှစ် ကောင်နား။
သားသား မီးမီး လက်ချောင်းထောင်
အားလုံး ဘယ်နှစ် ကောင်
အဖြေမှန်အောင် သေချာစစ်
ကြက် ငါး ကျီး တစ် ဆက်ရက် နှစ်
ပေါင်းတော့ ဘယ်လောက် ဖြစ်။ ။
တမာရိပ်က ရေသီတာ
အဘွားစိုက်တဲ့ တမာပင်
အဘိုး ရေချမ်းစင်၊
အပန်းဖြေချင် နားပါလှဲ့ (လှည့်)
ရေကြည်သောက်ပါကွဲ့။
အဘိုးခပ်တဲ့ ရေသီတာ
အဘွား စေတနာ၊
အဘွား တမာရိပ်ဟာလဲ
အဘိုး မေတ္တာကဲ
ဒါကြောင့် အေးတာပဲ။ ။
![]() နံနက်ခင်း လေညင်းရဲ့ရင်ခုန်သံ | ![]() အလှကိုယ်စီ ပန်းလိုသီ ကလေးကဗျာများ | ![]() ကဗျာလည်းမှန် ရယ်သံလည်းလှ ရေးကြရအောင် |