Cover

အခန်း (၁)

သူမ၏ ပတ်ဝန်းကျင်တစ်ခုလုံးကား စိမ်းလဲ့ညိုမှော င်၍ နေလေသည်။

သူမသည် အထက်ဖက်မိုးကောင်းကင်ဆီသို့ မျှော်၍ ကြည့်လိုက်လေသည်။ သူမအထက်မှ မမျှော်မှန်းနိုင်လောက်အောင် မြင့်မားသော အမြင့်တစ်နေရာတွင် လင်းလက်သော အကွက်ငယ်တစ်ခု တဖြည်းဖြည်း ပီပြင်ထင်ရှားလာသည်ကို မြင်နေရလေ၏ ။

ထိုအရာသည် သူမ နေထိုင်ရာ ရေပြင်အထက် များ စွာ ဝေးသော နေရာတွင် ရှိသည့် 'နေ' 'နေ' ဆိုသော အရာတစ်ခု ဖြစ်လေသည်။

ထိုဟာသည် နေ ဖြစ်ကြောင်းကို သူမ၏ အစ်မများ ပြောပြထား၍ သာသိနေရသည်။ သူမသည် နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ တိမ်လိပ်တိမ်တိုက်များ နှင့် ၊ သူမနေထိုင်ရာ ရေပြင်ထုကြီးအထက်ရှိ ရေမြေတောတောင်များ ၊လေထုနှင့် လေထဲတွင် အသက် ရှင်နေထိုင်သော သက်ရှိသတ္တဝါများ ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသေးပါချေ။

အချို့သော သက်ရှိတို့သည် ရေပြင်နှင့် ကင်းလွတ်၍ အသက်ရှင်နေနိုင်ကြသည်ကို သူမ အံ့သြမိလေသည်။ အံ့သြသည်နှင့်အတူ ထိုထူးဆန်းသော အရာများ ကိုလည်း မြင်ချင်တွေ့ ချင်လှပါသည်။ သို့သော် သူမအသက်က ငယ်လွန်းသေးသော ကြောင့် ရေပြင်အထက်သို့ တက်ရောက်ခွင့်ကို မိဘများ ကခွင့်မပြုသေးချေ။

ထုံးစံအရ သူမအသက် ၁၆ နှစ် ပြည့်မှသာ ရေပြင်အထက်သို့ တက်ခွင့်ရပေမည် ။

သူမထက်အရင် အသက် ၁၆ နှစ် ပြည့်ပြီး ဖြစ်သော အစ်မ ခြောက်ယောက် တို့သည် ရေပြင်အထက်သို့ အကြိမ်ကြိမ် အခေါက်ခေါက် ရောက်ခဲ့ကြပြီး ဖြစ်၏ ။ အစ်မများ ပြောပြသော ရေပြင်ထက်မှ အံ့သြဖွယ်၊ ထူးဆန်းသော အကြောင်းအရာများ က သူမရင်ကို လှိုက်ဖိုစေခဲ့သည်။ သူမသည်လည်း ရေပြင်ထက်မှ အရာများ ကို မြင်လိုတွေ့ လိုလှပါပြီ။ အသက် ၁၆ နှစ် ပြည့်ချိန်ကိုစောင့်မျှော်နေရသော သူမအဖို့ ရင်မောစိတ်မောလှလေပြီ။

သူမအထက်သို့ မော်ကြည့်နေစဉ်တွင် နေရောင် ကြောင့် အကွက်ထင်နေသော အလင်းရောင် အဝိုင်းလေးအတွင်းသို့ ရှည်မျောမျော အရိပ်တစ်ခုဝင်ရောက်လာကာ တဖြည်းဖြည်းချင်း ဖြတ်သန်းသွားလေသည်။

ထိုအရာသည် လူသတ္တဝါတို့ အသုံးပြုသော သင်္ဘောဆိုသည့်အရာ ဖြစ်ကြောင်း အစ်မတွေ ပြောထား၍ သူမ သိနေပါသည်။ သင်္ဘောဆိုသော အရာကြီးသည် သူမတို့နေထိုင်ရာ ရေပြင်ကြီးအပေါ်မှ ရှပ်တိုက်၍ သွားနိုင်သော ယာဉ်ကြီးတစ်စီး ဖြစ်ကာ ထိုယာဉ်ပေါ်၌ လူသတ္တဝါများ က စီးနင်းကာ တစ်နေရာမှတစ်နေရာသို့သွားလာကြသည်တဲ့။ ဘယ်လောက်များ ထူးဆန်းလိုက်ပါသနည်း။

လူတို့သည် ရေထုမရှိသော အရပ်တွင် လေဆိုသော ဟာလာဟင်းလင်းထဲ၌ အသက်ရှင်နေနိုင်ကြသည်ဆို၏ ။ လူတို့နှင့်သူမတို့ ရေအောက်လူသားများ ဘဝသည် ဆန့်ကျင်ဖက်သဖွယ် ခြားနားကြပေသည်။ လူများ သည်ရေထဲရောက်လျှင် အသက်ရှင်ရာမရဘဲ မွန်းကျပ်သေဆုံးတတ်သည်တဲ့။ သို့ရာတွင် သူတို့သည် ထိုသို့သော ဟာလာဟင်းလင်းအရပ်မှာ ပင် ပျော်ရွှင်စွာ အသက်ရှင်သန်နေကြပေသည်။ ထူးဆန်းလှသော လူဆိုသည့်သတ္တဝါများ ကိုမြင်ချင်တွေ့ ချင်စမ်းလှပါသည်။

သူမသည် ရေပြင်နှင့်ကင်းလွတ်သော လေဟာနယ်မှ သက်ရှိများ ၊အရာဝတ္တုများ ကို စိတ်ကူးယဉ်မြင်ယောင်ကြည့်ကာ အထက်အရပ်မြေပြင်ဆီသို့အရောက်သွားလိုစိတ်များ တစ်နေ့တခြား ပြင်းထန်လာရလေ၏ ။ သို့သော်အသက် ၁၆ နှစ် မပြည့်သေးသော သူမအဖို့ မျှော်၍ မောရုံသာရှိပေသည်။အထက်ဖက်ဆီမှရေပြင်တွင် လှိုင်းလုံးကြီးများ ထကြွ၍ သမုဒ္ဒရာရေများ နောက်ကျိပြီးသည့်နောက် ရာသီဥတု ပြန်လည်ကြည်လင် သာယာလာသည့်အချိန်ရောက်မှသာ သူမ အသက် ၁၆ နှစ် ပြည့်မြောက်မည် ဖြစ်ပေသည်။

ရာသီတစ်ပတ်လည်သည့်ကာလ လွန်မြောက်အောင် သူမစောင့်ဆိုင်းရပါဦးမည် ။

သူမသည် အထက်အရပ်သို့ မော်ကြည့်နေရင်းမှ နေအစက်အပြောက်အဝိုင်းစက်ကလေးအတွင်းမှ သင်္ဘောဆိုသော အရာလေး လွန်မြောက်သွားချိန်တွင် အကြည့်ကို အောက်ဖက်သို့ ရွှေ့လိုက်လေသည်။

သူမ၏ အနီးသို့ တရွေ့ရွေ့ ကူးခတ်လာနေသော သူမ၏ ကစားဖော်ကမ္ဘာလိပ်ကြီးကို တွေ့ လိုက်ရလေသည်။ ကမ္ဘာလိပ်ကြီး ဘိုဘိုသည် သူ၏ ခြေလက်များ ကိုယက်ရင်း သူမရှိရာသို့ ဖြည်းလေးစွာ ကူးခတ်လာလေ၏ ။

သူမက အောက်ပိုင်းရှိနှစ် ခွ ဖြစ်နေသော အမြီးပိုင်းကို လှုပ်ရှားလိုက်ကာဘယ်ညာယိမ်းနွဲ့ရင်း ဘိုဘိုရှိရာသို့ ကူးခတ်ကာ ကြိုဆိုလိုက်သည်။

''ဟေး ...အထွေးလေး၊ ဘာတွေ တွေးပြီး စိတ်ကူးယဉ်နေပြန်ပြီလဲကွယ့်''

ကမ္ဘာလိပ်ကြီးဘိုဘိုက နှုတ်ဆက်ရင်း မေးလိုက်လေ၏ ။

'အပေါ်ကိုမော့ကြည့်ပြီး လူ့ကမ္ဘာကြီးကို စိတ်ကူးယဉ်နေပြန်ပြီလားအထွေးလေး'

ဘိုဘိုက အထွေးလေးအကြောင်းကို သိပြီး ဖြစ်၍ အပိုင် မေးလိုက်လေသည်။

အထွေးလေးသည် ဘိုဘို၏ ဦးခေါင်းကြီးကို ဖက်လိုက်ရင်း -''ဘိုဘိုကြီးက အထွေးစိတ်ကူးကို သိတတ်လိုက်တာ ...ဟုတ်တယ်၊အထွေးလေ ဟိုးအပေါ်က သင်္ဘောဆိုတာကြီးကို ကြည့်ပြီး လေထဲက ကမ္ဘာကြီးကို မြင်ချင်စိတ်ပေါက်နေတာ''

''အထွေးလေးရယ် အသက် ၁၆ နှစ် ပြည့်ချိန်ကျရင် သခင်ကြီးနဲ့သခင်မကြီးက အထွေးလေးကို ရေပြင်အထက်တက်ခွင့်ပြုမှာ ပါ။ အသက် ၁၆နှစ် ပြည့်ဖို့ တစ်နှစ် ပဲလိုတော့တာ၊ စိတ်မစောပါနဲ့ ကွယ်။ ရေအောက်မှာ ဘိုဘိုကြီးနဲ့ ကစားရတာ မပျော်လို့လား''

''မဟုတ်ပါဘူး ဘိုဘိုကြီးရယ်၊ မမတို့က ရေပြင်ပေါ်တက်ခွင့်ရပြီးခဏခဏတက်သွားကြတော့ အထွေးလေးလည်း အားကျလို့ပါ၊ သူတို့လို အပြင်လောကကို မြင်ဖူးချင်လို့ပါ''

''ကဲ ...ကဲ ...ကောင်မလေး၊ ပျင်းရင် ဘိုဘိုကြီးနဲ့ ရေအောက်ကမ္ဘာမှာ လျှောက်လည်ကြမယ်။ ဘိုဘိုကြီး ကျောပေါ်ကို တက်ပေတော့။ဘယ်ကိုသွားချင်သလဲ''

အထွေးလေးသည် ကမ္ဘာလိပ်ကြီး၏ ကျောပေါ်ရောက်သည်ထိ ကူးခတ်သွားကာ ...ကျောပေါ်တက်ထိုင်ပြီး လိပ်ကြီး၏ လည်ပင်းကို ဖက်ထားလိုက်သည်။ အထွေးလေး၏ ရေယက်အမြီးဖျားသည်လည်း အလိုက်သင့် ယိမ်းနွဲ့ကာ ကူးခတ်နေပေ၏ ။

အထွေးလေးက မိုးပေါ်မှကျလာသော နေရောင် ခြည်အစက်ပျောက်လေးရှိရာသို့ လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။

''နေရောင် ခြည်အောက်မှာ သွားကစားရအောင် ဘိုဘို''

ဘိုဘိုသည် ရေပြင်အထက်မှထိုးဆင်း၍ စွေကျလာသော အလင်းရောင် တန်းရှိရာသို့ လက်များ ကိုယက်ကာ ကူးခတ်သွားလိုက်လေသည်။

နေခြည်အလင်းတန်းလေးသည် ဝေးလံသော သမုဒ္ဒရာ ရေပြင်အထက်မှထိုးဆင်းလာရာ သမုဒ္ဒရာကြမ်းပြင်အရောက်တွင် မှိန်ဖျော့ဖျော့ အရောင် သာရှိတော့လေ၏ ။

ရေသူမလေးအထွေးသည် နေရောင် ခြည်အောက်တွင် နေရောင် ကိုလက်ဖြင့် ဖမ်းယူကြည့်လိုက်သည်။ သူမလက်ထဲသို့ အလင်းရောင် တန်းသည်ပါမလာပါချေ။ ထိုနေခြည်သည် ရေပြင်အထက်ဆီ၌ အလွန်ပူလောင်ကြောင်းကို အစ်မများ က ပြောပြဖူးပေသည်။ အစ်မများ သည် နေရောင် ခြည်ပူပြင်းလွန်းသော ရာသီ၌ ရေပြင်အထက်တက်သည့်အခါ ပခုံးပြင်နှင့် ကျောပြင်များ ကိုရွှံ့များ လိမ်းကျံသွားရလေသည်။ တခါတရံ စိမ်းမှော င်သော ရေညှိများ ကိုပခုံးပေါ်၌ တင်သွားရလေသည်။ သို့မှသာ နေရောင် ခြည်၏ အပူဒဏ်ကို ကာကွယ်နိုင်ကြသည်တဲ့။

အထွေးလေး ကတော့ ရေပြင်ထုထည်ကြီးတစ်ခုလုံးကို ဖြတ်သန်းလာ၍ အပူဓာတ်မရှိတော့ဘဲ အလင်းဓာတ်ဖျော့ဖျော့သာ ကျန်ရှိတော့သည့် နေခြည်နုနုလေးအောက်တွင် ဝေ့ကာဝိုက်ကာ ကစားပျော်မြူးနေလေသည်။ အထွေးလေး၏ ရှည်လျားလှသော ဆံပင်များ သည် ရေစီးရာဖက်သို့ မျောပါကာ တလွန့်လွန့်နှင့် ယိမ်းနွဲ့လှုပ်ရှားနေပေ၏ ။

''အထွေးလေးက နေရောင် အောက်မှာ သိပ်လှတာပဲ။ အထွေးလေးရဲ့ အကြေးခွံတွေ ပေါ် နေရောင် ကျနေတော့ အကြေးခွံလေးတွေ ပြောင်လက်နေတာ သိပ်ကြည့်လို့ ကောင်းတာပဲကွယ်''

ဘိုဘို ပြောသလိုပင်၊ ရေပြင်ပေါ်မှကျလာသော နေရောင် ခြည် အလင်းတန်းလေးသည် အထွေးလေးအလှကို ပေါ်လွင်စေရန် မီးမောင်းထိုးပြသလိုရှိနေပေ၏ ။ အထွေးလေးက နေရောင် အောက်တွင် ဟိုသည် ဝေ့ဝိုက်ကူးခတ်ကာအတန်ကြာ ကစားပျော်မြူးနေလိုက်သည်။

''ဟေး ...အထွေးလေး၊ ဟိုဖက်လျှိုကြီးထဲမှာ နေတဲ့ ရွှေငါးမကြီးဟာဒီနေ့ပဲ အကောင်ပေါက်လေးတွေ ပေါက်ပြီကွယ့်။ သိပ်လှတာပဲ၊ တို့ သွားကြည့်ကြမလား''

''အင်း ...သွားကြမယ်လေ၊ ရွှေငါးမကြီးဆီက အကောင်လေးသုံးကောင်လောက် တောင်းဦးမှပဲ၊ အိမ်မှာ အလှမွေးထားဖို့လေ''

''ဒီလိုဆို သွားကြွစို့''

အထွေးလေးက ဘိုဘိုကြီးကိုယ်လုံးပေါ်သို့ မှော က်ရက်လှဲချလိုက်ကာဘိုဘိုကြီးခေါ်ဆောင်သည့်အတိုင်း လိုက်ပါရန် အသင့်ပြင်လိုက်သည်။

''ဟေး ...အထွေးလေး၊ ဒါဘယ်ကိုသွားမလို့လဲ''

အထွေးလေးတို့ မိသားစုနေထိုင်သည့် ဂူဗိမာန်အဝမှ မိခင် ဖြစ်သူရေသူမကြီး ပေါ်ထွက်လာကာ လှမ်းအော်၍ မေးလိုက်ခြင်း ဖြစ်သည်။

''ဟိုဖက်လျှိုတောထဲက ရွှေငါးမကြီး အကောင်ပေါက်လို့တဲ့။ ရွှေငါးအကောင်ပေါက်လေးတွေ ကို ဘိုဘိုကြီးက လိုက်ပြမလို့ပါ မေမေ''

''အို ...အဝေးကြီးကို ဘာလို့သွားချင်ရတာ လဲ။ ဘိုဘိုကြီးဟာကလေးကို သိပ်အလိုလိုက်တာပဲကိုး''

''ရွှေငါးလေးတွေ ကိုပြချင်လို့ပါ သခင်မကြီး၊ မိုးမချုပ်ခင် ကျွန်တော် တို့ ပြန်လာပါ့မယ်''

''နယ်ကျွံပြီး အဏ္ဏဝါစုန်းမကြီးနေတဲ့တောထဲကို ရောက် သွားပါဦးမယ်။သွားရင် ဟောဒီဖက်လမ်းက သွား၊ မြန်မြန်ပြန်ခဲ့နော်' '

''ဟုတ်ကဲ့ပါ မေမေ''

* * *


ဘိုဘိုကြီးက မေမေရေသူမကြီး ညွှန်လိုက်သော လမ်းမှ အထွေးလေးကိုခေါ်သွားလေသည်။ အထွေးလေးသည် နှေးကွေးလှသော ဘိုဘိုကြီးကိုယ်ပေါ်တွင် ထိုင်ရင်း ပို၍ မြန်စေရန် သူမ၏ ရေယက်အမြီးဖျားကို တဖျတ်ဖျတ်ခတ်ပေးရင်းလိုက်ပါလာခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ရေပြင်အထက်မှကျလာသော နေရောင် ခြည်အောက်၌ စိမ်းလဲ့၍ နေလေသည်။ ရေအောက်ပန်းပင်ကလေးများ သည် လမ်းတစ်လျှောက်တွင် စိမ်းလန်းစွာ ပွင့်နေလေ၏ ။ ရေညှိပင်စိမ်းစိမ်းနုနုလေးများ သည်ရေထုထဲတွင် အထက်ဖက်သို့ တလွန့်လွန့်တက်ကာ ယိမ်းကနေသယောင်ထင်ရလေသည်။

ရွှေငါးမကြီး နေထိုင်သည့် လျှိုဖက်သို့သွားသော လမ်းကလေးသည်သာတောင့်သာယာရှိလှပေ၏ ။ အထွေးလေးတို့ ညီအစ်မများ ငယ်စဉ်က ဤနေရာလေးသို့ပင် လာ၍ ဆော့ကစားကြပါ၏ ။

အထွေးလေးတို့ ရေအောက်ကမ္ဘာတွင် မိမိတို့မျိုးတူရာ သတ္တဝါများ အချင်းချင်းစုစည်း၍ တစ်နေရာစီ နေရာသတ်မှတ်ကာ နေထိုင်ကြပါသည်။

အထွေးလေးတို့ မိသားစုသည် ရေအောက်ကမ္ဘာတွင် အဆင့်အမြင့်ဆုံး ဖြစ်သော ရေလူသားများ ဖြစ်ကြလေသည်။ ဤနေရာမှ မိုင်ပေါင်းတစ်ရာအတွင်းတွင် အထွေးလေးတို့လို ရေလူသားမိသားစုဆို၍ အထွေးလေးတို့ တစ်မိသားစုထဲသာ ရှိပါသည်။ အထွေးလေးတို့မိသားစုတွင် ရေလူသားကြီးဖေဖေ၊ရေသူမကြီးမေမေနှင့် အထွေးလေးတို့ရေသူမ ညီအစ်မ ၇ ဖော်တို့ ရှိကြပါသည်။အထွေးလေးတို့မွေးချင်းထဲတွင် အထီးရေလူသား မပါဝင်ချေ။

ဤနေရာမှ မိုင်ပေါင်းတစ်ရာခန့်ဝေးသော အရပ်တွင် ရေလူသားမိသားစုတစ်စုရှိပေသည်။ ထိုမိသားစု၌ ရေလူသား အထီးလေးသုံးကောင်ပါရှိရာ သူတို့အသက်အရွယ်များ မှာ အထွေးလေးတို့ညီအစ်များ နှင့် မကွာခြားလှပေ။

အထွေးလေး၏ အစ်မများ သည် ထိုမိသားစုမှ ရေလူသား အထီးလေးသုံးကောင်နှင့် တစ်ချိန်တွင် လက်ဆက်ထိမ်းမြားရမည် ဖြစ်ပေ၏ ။ ရေလူသားမျိုးဆက် မတိမ်ကောစေရန် နှစ် ဖက်မိဘများ စီစဉ်သော အစီအစဉ်ပင် ဖြစ်သည်။

ရေလူသားလေး သုံးကောင်သည် အထွေးလေး၏ အစ်မများ ထံသို့ မကြာခဏလာရောက်လည်ပတ်ကြပေ၏ ။ ရေလူသားညီအစ်ကို တစ်ယောက် လျှင် အထွေးလေး၏ အစ်မနှစ် ယောက် စီနှင့် သမီးရည်းစား ဖြစ်ကာ ချစ်ကြိုက်နေကြပြီ ဖြစ်ပါသည်။ မျိုးတူရေလူသား ရှားပါးလှ၍ အထွေးလေး၏ အစ်မများ သည် နှစ် ယောက် ပေါင်းမှ လင် တစ်ယောက် ယူရမည့်  ကိန်းဆိုက်နေပေ၏ ။ အထွေးလေးကတော့ငယ်လွန်းသေးသော ကြောင့် ရေလူသားညီအစ်ကိုသုံးယောက် က ကလေးတစ်ယောက် လိုသာ သဘောထားကြပေသည်။ ဤပုံအတိုင်းဆိုပါက အထွေးလေးအရွယ်ရောက်လာလျှင် လက်ဆက်ထိမ်းမြားရမည့်  မျိုးတူသတ္တဝါမရှိတော့ပါပေ။အထွေးလေးသည် အပျိုကြီးဘဝဖြင့် တူ၊ တူမများ ကို ထိန်းကျောင်းရင်း အချိန်ကုန်လွန်ရပေတော့မည် ။

အထွေးလေးတို့နေသော ရေအောက်လူ့ရွာကလေးသည် စိမ်းလန်းသော တောအုပ်ကလေးအလယ်၌ ရှိပေသည်။ အထွေးလေးတို့သည် အဆင့်အမြင့်ဆုံးသတ္တဝါများ ဖြစ်သည့်အားလျော်စွာ အထွေးလေးဖခင် ရေလူသားကြီးသည် ဤအရပ်တွင် လူကြီးအ ဖြစ် အုပ်ချုပ်ရလေ၏ ။

အထွေးလေးတို့မိသားစုသည် ရေအောက်ကြမ်းပြင်မှ မြင့်မားစွာ ထိုးထွက်နေသော တောင်ထွတ်ကြီးတစ်ခုအလယ်တွင် နေထိုင်ကြပါသည်။ တောင်ထွတ်ကြီးအတွင်း သဘာဝ အလျောက် ဖြစ်ပေါ်နေသော လှိုဏ်ဂူကြီးအတွင်း၌ နေထိုင်ကြခြင်း ဖြစ်ပါသည်။

အခြားသော ရေအောက်သတ္တဝါများ သည်လည်း မျိုးတူရာ စုစည်း၍ သူ့အစုနှင့်သူ ရေအောက်မှ တောင်ကမ်းပါးယံများ ၊ လျှိုမြောင်များ ၊ ရေညှိရေမှော်များ ၊ သစ်ပင်တောအုပ်များ ကြားတွင် မိမိသဘောသဘာဝ နှင့် လိုက်လျောညီထွေရှိသည့်အတိုင်း နေထိုင်ကြပေသည်။

အထွေးလေးတို့ ယခုသွားရောက်နေသည့် ရွှေငါးမကြီး နေထိုင်သည့်ရေမှော်တော် တွင် အကြီးစားရွှေငါးကြီးများ ရွာတည်၍ နေထိုင်ကြပေသည်။အခြားနေရာများ တွင် လည်း ရေသတ္တဝါအကြီးစားများ သူ့အုပ်စုနှင့်သူအုပ်စုဖွဲ့၍ နေကြပေသည်။

အုပ်စုမဖွဲ့ဘဲ တစ်ကောင်တည်း၊ တစ်ကိုယ်တော် နေထိုင်နေသူဆို၍ အဏ္ဏဝါစုန်းမကြီး အဏ္ဏဝါစုန်းမကြီး တစ်ကောင်သာ ရှိလေသည်။ အထွေးလေးသည် အဏ္ဏဝါစုန်းမကြီးအကြောင်းကို ကြားသာကြားဖူးပြီး တစ်ခါမှ မမြင်ဖူးပါချေ။ အဏ္ဏဝါစုန်းမကြီးသည် ရေအောက်ကမ္ဘာတစ်ခုလုံးတွင် တစ်ဦးထဲသော မှော်ပဉ္စလက်ပညာရှင်မကြီး ဖြစ်၏ ။ အဏ္ဏဝါစုန်းမကြီးသည် သူမ၏ အတတ်ပညာများ ကိုမကောင်းမှု ဒုစရိုက်လုပ်ငန်းများ တွင် သာ အသုံးချခဲ့လေသည်။ ရေနတ်သမီးသည်အဏ္ဏဝါစုန်းမကြီးအား အပြစ်ပေးသည့်အနေဖြင့် အများ တကာအား ဒုက္ခ မပေးနိုင်စေရန် နေရာမှ မရွေ့လျားနိုင်အောင် ဒဏ်ခတ်ထားပေသည်။

ရေနတ်သမီး၏ ဒဏ်ခတ်မှု ကြောင့် အဏ္ဏဝါစုန်းမကြီး၏ ခြေထောက်များ သည် မြေမှဆွဲနှုတ်၍ မရတော့ဘဲ တစ်နေရာထဲ၌ သစ်ပင် သစ်မြစ်သဖွယ်အသေစွဲ၍ နေပေတော့သည်။ အဏ္ဏဝါစုန်းမကြီးသည် ထိုအချိန်မှစ၍ အလွန်တရာ နက်ရှိုင်း၍ မှော င်ပိန်းသော ချောက်ကမ်းပါးကြီးထဲ၌ တစ်ကိုယ်ထဲ နေထိုင်နေရပေတော့သည်။

ရေနတ်သမီးသည် အဏ္ဏဝါစုန်းမကြီးအား နေရာမှမရွေ့နိုင်အောင်သာဒဏ်ခတ်နိုင်ခဲ့ပြီး စုန်းမကြီး၏ ပညာများ ပျက်စီးမေ့ပျောက်အောင် သွားအောင်တော့ မတတ်နိုင်ခဲ့ပါပေ။ စုန်းမကြီးကား နေရာမှမရွှေ့နိုင်သော်လည်း သူမ၏ စုန်းအတတ် မှော်အတတ်များ ကိုတော့ အသုံးချဆဲပင်ရှိလေသည်။

စုန်းမကြီးသည် နေရာမှ မရွေ့လျားနိုင်သော်လည်း သူမ၏ စားရေး သောက်ရေး အတွက်ကား ပူစရာမလိုပါတဲ့။ စုန်းမကြီး၏ ဆံပင်များ သည် မြွေများ ဖြစ်နေပြီး ဆံပင်တစ်မျှင်သည် မြွေတစ်ကောင် ဖြစ်ပေသည်။ နံနက်လင်းလျှင်စုန်းမကြီးသည် သူမ၏ ဦးခေါင်းထက်မှ များ ပြားလှသော မြွေဆံပင်များ ထဲကဆံပင် ၇ ပင် ဖြစ်သော မြွေ ၇ ကောင်ကို အလှည့်ကျရွေးနှုတ်ကာ သူမ စားသောက်ရန် အစားအသောက်များ ကို ရှာဖွေခိုင်းလိုက်သည်။ မြွေ ၇ ကောင်ကငါးများ ၊ ရေသတ္တဝါများ ကို ဖမ်းဆီးကာ အဏ္ဏဝါစုန်းမကြီးထံသို့ ယူဆောင်လာကြလေသည်။ အဏ္ဏဝါစုန်းမကြီးက မြွေများ ကို ဦးခေါင်းထက်၌ ဆံပင်အ ဖြစ်ပြန်စိုက်ကာ မြွေများ ရှာဖွေခဲ့သော အစားအသောက်များ ကို စားသောက်လေ၏ ။

အဏ္ဏဝါစုန်းမကြီးသည် မည် သည့်အခါမှ မသေနိုင်၊ ကမ္ဘာတည်သ၍ အသက်ရှင်နေမည် ဟု ဆိုလေသည်။ ရေနတ်သမီးလည်း အဏ္ဏဝါစုန်းမကြီးအားနေရာမှမရွေ့အောင်သာ ဒဏ်ခတ်နိုင်သည်။ စုန်းမကြီး၏ မကောင်းသော ပညာများ ကိုတော့ မဟန့်တားနိုင်ပေ။

အထွေးလေးသည် ငယ်စဉ်ကတည်းက အဏ္ဏဝါစုန်းမကြီး အကြောင်းများ ကို ကြားဖူးခဲ့ပေ၏ ။ စုန်းမကြီးကိုတော့ မမြင်ဖူးခဲ့ပါပေ။ စုန်းမကြီးကိုမည် သူမှလည်း မမြင်ဖူးပါချေ။ စုန်းမကြီး ဒဏ်ခတ်ခံရသည်မှာ နှစ် ပေါင်း တစ်ရာကျော်ပြီ ဖြစ်ရာ လက်ရှိအသက်ရှင်သန်နေကြသော မည် သည့်သတ္တဝါမှ အဏ္ဏဝါစုန်းမကြီးကို မမြင်ဖူးပါချေ။

အသက် ၂ဝဝ ကျော်ပြီ ဖြစ်သော ဘိုဘိုကြီးကမူ အဏ္ဏဝါစုန်းမကြီးကိုငယ်စဉ်က တစ်ကြိမ်မြင်ခဲ့ဖူးသည်ဟု ဆိုလေသည်။ ဘိုဘိုကြီးသည် အထွေးလေးတို့ ရေလူသားမိသားစု အစဉ်အဆက်အား အထိန်းတော် ကြီးအ ဖြစ် အလုပ်အကျွေးပြုခဲ့သော ဘိုးသက်ရှည်ကမ္ဘာလိပ်ကြီး ဖြစ်ပေသည်။ ဘိုဘိုကြီးတို့ကမ္ဘာလိပ်မျိုးများ သည် အနှစ် ၂ဝဝ ကျော်အထိ သက်တမ်းရှည်ကြပေသည်။ဘိုဘိုကြီးသည် အထွေးလေး၏ အဘိုး ငယ်စဉ်ကတည်းကပင် အဘိုးကို ထိန်းကျောင်းခဲ့ဖူးသော အထိန်းတော် ကြီး ဖြစ်ပေ၏ ။

ဘိုဘိုကြီးသည် အထွေးလေးတို့မိသားစု အစဉ်အဆက်အပေါ် သစ္စာရှိစွာ တာဝန်ထမ်းခဲ့သော ငယ်မွေးခြံပေါက် ငယ်ကျွန်ကြီး ဖြစ်ပေ၏ ။ ဘိုဘိုကြီး၏ ဇနီး ဖြစ်သော ကမ္ဘာလိပ်မကြီးမှာ မနှစ် ဒီလိုအချိန်တွင် ကွယ်လွန်ခဲ့လေသည်။တကယ်တော့ ဘိုဘိုကြီးသည် သက်တမ်းကုန်လုနီးနေသော လိပ်အိုကြီးတစ်ကောင်သာ ဖြစ်လေ၏ ။

အထွေးလေးတို့ ညီအစ်မများ ကို ငယ်စဉ်ကတည်းက ထိန်းကျောင်းကာ အတူဆော့ကစားခဲ့သော ဘိုဘိုကြီး၊ ခုတော့ အကြီး ဖြစ်သော ရေသူမခြောက်ယောက် တို့မှာ အရွယ်ရောက်ပြီ ဖြစ်၍ ထိန်းကျောင်းစရာ မလိုတော့ပေ။

အစ်မများ သည် သူတို့၏ ကြင်ဖော်များ နှင့် ချိန်းတွေ့ ကာ ရေပြင်ပေါ်တက်၍ ပျော်မြူးခွင့်ရသော အရွယ်တွေ ဖြစ်ကုန်ကြပြီ။ ဘိုဘိုကြီးအတွက် ထိန်းကျောင်းစရာ အထွေးလေး တစ်ယောက် သာ ရှိတော့သလို အထွေးလေးအတွက် အဖော်သည်လည်း ဘိုဘိုကြီးတစ်ကောင်သာ ရှိလေသည်။

* * *


အခန်း (၂)

ရွှေငါးမကြီး နေထိုင်ရာသို့ ရောက်သည့်အခါ ရွှေငါးပေါက်ကလေးများ နှင့် အလုပ်ရှုပ်နေသည့် ရွှေငါးမကြီးကို တွေ့ ရလေ၏ ။ ရွှေငါးပေါက်ကလေးများ သည် ရွှေငါးမကြီးပတ်လည်တွင် ဝိုင်းရံ၍ ကူးခတ်နေကြလေ၏ ။

''ရွှေရွှေ ...နေကောင်းရဲ့ လား''

အထွေးလေးက လိပ်ကြီး၏ ကျောပေါ်မှဆင်းကာ ရွှေငါးမကြီးကို နှုတ်ဆက်လိုက်သည်။

''အထွေးလေးပါလား၊ အထွေးလေးတို့များ တစ်နေ့တခြား လှနေတာပဲဟေ့။ အစ်မတွေ ထက်တောင် လှသေးတယ်''

''ရွှေရွှေ ...ကလေးလေးတွေ အများ ကြီး မွေးတယ်ဆို၊ ဟုတ်ပါရဲ့ ၊တကယ်အများ ကြီးပါလား၊ ဘယ်နှကောင်တောင်ရှိသလဲ ဟင်''

''ရွှေရွှေ ရေကြည့်တာတော့ အကောင်တစ်ထောင်ကျော်တယ်ကွယ့်။တိတိကျကျတော့ ရေလို့မရပါဘူးကွယ်။ ကလေးတွေ က လှုပ်ရှားကူးခတ်နေတော့ ရေရင်းကနေ တစ်ကောင်နဲ့တစ်ကောင် ရောကုန်တယ်။ သူတို့က ရုပ်ချင်းကလည်း ဆင်တူဆိုတော့ကာ မရေနိုင်တော့ဘူးလေ''

''ကလေးတွေ ဒါလောက်များ နေတာ၊ အထွေးလေးကို သုံးကောင်လောက် မျှပါလား ရွှေရွှေ''

''အို ...ဘာလုပ်ဖို့လဲကွယ့်''

''အိမ်မှာ အလှမွေးထားချင်လို့ပါ၊ ရွှေရွှေ့သားသမီးတွေ က အချောအလှလေးတွေ ချည်းပဲ။ ချစ်စရာကောင်းလွန်းလို့ပါ''

''မလုပ်ပါနဲ့ အထွေးလေးရယ်၊ ရွှေရွှေ သူတို့ကိုချစ်လို့ မဝသေးပါဘူး။အထွေးလေး လိုချင်ရင် သူတို့နည်းနည်း ကြီးလာမှ ပေးပါရစေကွယ်။ ခုတော့မယူချင်ပါနဲ့ဦး''

''ဟင်း ...ရွှေရွှေကလည်း ...''

အထွေးလေးသည် ရွှေငါးလေးများ ကို တစ်ကောင်ချင်း ချီပွေ့ကာအတန်ကြာ ကစားနေသေး၏ ။ ငါးကလေးများ ကိုမူ သူတို့အမေ ရွှေငါးမကြီးကမပေး၍ ယူမလာခဲ့ရချေ။

''အထွေးလေးရေ ...မိုးချုပ်တော့မယ်၊ ပြန်ကြစို့''

ဘိုဘိုကြီးက သတိပေးလိုက် ၍ ရွှေငါးမကြီးကို နှုတ်ဆက်၍ ပြန်ခဲ့ကြလေသည်။

အပြန်တွင် ဘိုဘို့ကျောပေါ်တက်မစီးတော့ဘဲ အထွေးလေးဖာသာရှေ့မှကူးခတ်၍ ပြန်လာခဲ့လေ၏ ။

လမ်းတစ်လျှောက်တွင် တစ်နေ့လုံး အစာရှာထွက်ရာမှ ပြန်လာသော အိပ်တန်းပြန်ရေသတ္တဝါမျိုးစုံကို တွေ့ ရလေသည်။ ရေဘဝဲများ ၊ ဂဏန်းများ ၊လိပ်များ ၊ ငါးမျိုးစုံတို့သည် မိမိတို့ နေထိုင်ရာ အသိုက်အမြုံများ ဆီသို့ ပြန်လာကြရာလမ်းတစ်လျှောက်လုံး ရှုပ်ယှက်ခတ်နေပေ၏ ။

''ရွှေရွှေကလည်း သိပ်နှမျောတတ်တာပဲနော်။ သူ့မှာ ကလေးတွေ အများ ကြီးရနေတာကို အထွေးလေးကို တစ်ကောင်လောက် မပေးချင်ဘူး''

''မိခင်မေတ္တာကိုး အထွေးလေးရဲ့ ၊ အထွေးလေးရဲ့ မိဘတွေ ကလည်းအထွေးလေးကို တခြားသူကို မပေးရက်သလိုပေါ့''

''အထွေးလေးတို့က နည်းနည်း လေးရှိတာကိုး။ ရွှေရွှေ့မှာ က သားသမီးတွေ ထောင်နဲ့ချီရှိတာဆိုတော့ ပေးသင့်တာပေါ့''

''ဒ‘ါတွေ ကို အထွေးလေး နားမလည်သေးပါဘူးကွယ်။ မိခင်မေတ္တာဆိုတာ သားသမီးဘယ်လောက်များများ လျော့နည်းတယ်လို့မရှိဘူးကွယ့်''

''ဟုတ်လား ဘိုဘိုကြီး၊ ဘိုဘိုကြီးမှာ ရော သားသမီးတွေ မရှိခဲ့ဘူးလားဟင်''

''ဘိုဘိုကြီးမှာ သားသမီးတွေ ရှိတာပေါ့ အထွေးလေးရယ်။ ဒါပေမယ့်ဘိုဘိုကြီးတို့ လိပ်တွေ ရဲ့ သဘာဝ အရ သားသမီးလေးတွေ ကို ထွေးပွေ့ယုယခွင့်မရခဲ့ဘူးကွယ့်။ ရွှေငါးမကြီးဟာ သူ့သားသမီးတွေ ကို အရွယ်မရောက်ခင်အထိစောင့်ရှောက်ခွင့်ရတာ ဟာ ကံထူးပေလို့ပဲ''''ဘိုဘိုကြီးတို့က သားသမီးတွေ ကို ဘာလို့စောင့်ရှောက်ခွင့်မရတာ လဲဟင်''

''တို့လိပ်မျိုးတွေ ဟာ သားသမီးကို ဥကနေတစ်ဆင့် ပေါက်ပွားကြတယ်။ ဥအုချိန်ရောက်တဲ့အခါ လိပ်မတွေ ဟာ ဥတွေ ကို သော င်ပြင်က သဲတောထဲမှာ သွားပြီးဥချရတယ်ကွယ့်။ ဒါဟာ လိပ်မတွေ အတွက် ကိုယ့်သားသမီးနဲ့ ပတ်သက်ပြီး လက်တွေ့ လုပ်ပေးနိုင်တဲ့ နောက်ဆုံးလုပ်ရပ်ပဲ။ ဥတွေ ကို အုချပြီးတဲ့နောက် အကောင်ပေါက်တဲ့အထိ ကိုယ့်သားသမီးကို မြင်ခွင့်တွေ့ ခွင့် မရတော့ဘူးလေ''

''အို ...ဘာ ဖြစ်လို့လဲ''

''လိပ်မတွေ ဟာ သူ့ရဲ့ ဥတွေ ကောင်းကောင်းပေါက်စေဖို့ မေတ္တာပို့ပေးနေရတယ်ကွယ့်။ မိခင်ရဲ့ မေတ္တာပို့ပေးမှု ကြောင့် ဥတွေ ဟာ ကောင်းကောင်းအကောင်ပေါက်လာကြတာပေါ့။ အကယ်၍ များ မိခင်လိပ်မကြီးဟာ ဥတွေ ပေါက်ချိန်မရောက်ခင် အကြောင်းတစ်စုံတစ်ခုကြောင့် သေဆုံးသွားခဲ့ရင် သားသမီးလေးတွေ ကိုေ တ္တာမပို့နိုင်လို့ ဥတွေ ဟာ အကောင်ပေါက်ခွင့်မရှိကြတော့ဘူး''

''အို ...သနားစရာကောင်းလိုက်တာ''

''လိပ်ကလေးတွေ ပေါက်ဖွားဖို့အတွက် မိခင်လိပ်မကြီးရဲ့ မေတ္တာဓာတ်ဟာ အရေး ကြီးဆုံးပေါ့ကွယ်။ ဒါပေမယ့် လိပ် အကောင်လေးတွေ ပေါက်လာရင်တော့ လိပ်ကလေးတွေ ဟာ သူ့ဝမ်းသူကျောင်းဖို့ ဝပ်ကျင်းထဲက ထွက်ခွာသွားပြီမို့ မိခင်လိပ်မကြီးဟာ သူ့သားသမီးတွေ ကို တွေ့ ခွင့်မရတော့ဘူးပေါ့''

''ဟင်...ဒါဖြင့် ကိုယ်မွေးခဲ့တဲ့သားသမီးကို လိပ်တွေ ဟာ မမြင်ဖူးကြဘူးပေါ့နော် ဘိုဘိုကြီး''

''ဒါပေါ့ကွယ်၊ ရွှေငါးမကြီးဟာ သိပ်များ လှတဲ့ သူ့သားသမီးတွေ ကိုသူကိုယ်တိုင် စောင့်ရှောက်ခွင့်ရတာ မိခင် တစ်ယောက် အနေနဲ့ သိပ်ကုသိုလ်ထူးတာပေါ့ အထွေးလေး''

ဘိုဘိုကြီးပြောပြ၍ ရွှေငါးမကြီးကို စိတ်မဆိုးရက်တော့ပေ။

''ဒါဖြင့် ဘိုဘိုကြီးမှာ လည်း သားသမီးတွေ ရှိတာပေါ့နော်။ သူတို့ကိုဘိုဘိုကြီး မတွေ့ ချင်ဘူးလားဟင်''

''တွေ့ ချင်တာပေါ့ကွယ်။ ဘိုဘိုကြီးတို့ လိပ်မျိုးတွေ ရဲ့ သဘာဝ ကိုယ်ကသားသမီးကို တွေ့ ခွင့်မရတော့လည်း ဘယ်တတ်နိုင်တော့မလဲ အထွေးလေးရယ်''

''အို ...ဘိုဘိုကြီးကို သနားလိုက်တာ''

အထွေးလေးသည် အရင်က သည်အကြောင်းများ ကို မသိခဲ့ချေ၊ဘိုဘိုကြီး ပြောပြမှ သတ္တဝါတိုင်း၏ မိဘမေတ္တာကို နားလည်လာရလေသည်။

''အထွေးလေး ပြောမှ ဘိုဘိုကြီးလည်း ကလေးတွေ အမေ လိပ်မကြီးနိုနိုကို လွမ်းလာပြီ။ လိပ်မကြီးရဲ့ သင်္ချိုင်းဂူကို ဝင်ကြည့်ဦးမှပါပဲ''

''ဟုတ်တယ် ဘိုဘိုကြီး၊ အထွေးလေးလည်း ကြည့်ချင်တယ်။ ခုဆိုနိုနိုကြီးဟာ ဘယ်လိုအနေအထားမျိုး ဖြစ်နေမလဲ မသိဘူး။ ဝင်ကြည့်ကြရအောင်လေ''

လိပ်မကြီးနိုနို၏ အသုဘရုပ်အလောင်းကို ဘိုဘိုကြီးက ရေညှိပင်များ အောက်တွင် သိမ်းထားခဲ့ပါသည်။ ယခုအခါတွင် နိုနိုကြီး ကွယ်လွန်ခဲ့သည်မှာ တစ်နှစ် ကျော်ကြာပြီမို့ ရှိမှရှိသေးရဲ့ လား မသိပေ။

အထွေးလေးနှင့် ဘိုဘိုသည် နိုနိုကြီး အလောင်းထားသည့် နေရာသို့ထွက်လာခဲ့ကြ၏ ။

ရောက်သည့်အခါ ဘိုဘိုကြီးက သူ့လက်များ နှင့်ယက်၍ ရေညှိပင်များ ကို ဖယ်ရှားပစ်လိုက်လေသည်။

''အို''

မြင်ရသော မြင်ကွင်းကြောင့် အထွေးလေး ရင်စို့သွားရလေသည်။ နိုနိုကြီးမှာ လည်း ဘိုဘိုကြီးနှင့်အတူ သူတို့ညီအစ်မများ ကို ထိန်းကျောင်းခဲ့သူမို့အထွေးလေးက သံယောဇဉ်ရှိလှပါသည်။

နိုနိုကြီး၏ အလောင်းကို ကြည့်လိုက်သည့်အခါ ရုပ်အလောင်း ဖြစ်သည့်အသားများ ကို မတွေ့ ရတော့ဘဲ လိပ်ခွံကြီးသက်သက်ကိုသာ မြင်တွေ့ ရပါတော့၏ ။

''အင်း ...အချိန်တွေ ကြာလာတော့လည်း ပျက်စီးယိုယွင်းသွားပြီပေါ့။ ရေသတ္တဝါလေးတွေ ကိုက်ဖဲ့စားတာလည်း ဖြစ်မယ်။ အသက်တောင်သေရသေးတာပဲကွယ်။ ဘယ်တတ်နိုင်မလဲ။ ကဲ ...ကဲ ...မိုးချုပ်နေမယ်၊ပြန်ကြပါစို့ကွယ်''

အပြန်လမ်းတွင် ဘိုဘိုကြီးရော၊ အထွေးလေးပါ စကား မဆိုမိကြတော့ဘဲ တိတ်ဆိတ်နေကြလေသည်။

အထွေးလေးတို့မိသားစုနေထိုင်သည့် တောင်ထွတ်ကြီးအနီးသို့ ရောက်သည့်အခါ မှော င်ရီသန်းစပင် ဖြစ်နေပေပြီ။

အထက်အဝေးဆီမှ အစက်အပြောက်ကလေး ၆ စက်သည် ရေနက်ပိုင်းသို့ တဖြည်းဖြည်း နိမ့်ဆင်းလာသည်ကို တွေ့ နေရ၏ ။ အထွေးလေး၏ အစ်မတော် ၆ ယောက် တို့ အိမ်ပြန်လာကြခြင်း ဖြစ်ပါသည်။

အစ်မများ နှင့် အထွေးလေးတို့ ဂူပေါက်ဝတွင် ဆုံမိကြလေသည်။အစ်မများ သည် သူတို့အတွေ့ အကြုံများ ကို ပြန်ပြောရင်း စကားတွေ ဖောင်နေကြ၏ ။

ရေသူမညီအစ်မခုနစ်ဖော်သည် ဂူပေါက်ဝမှတစ်ဆင့် လိုဏ်ဂူကြီးအတွင်းထဲသို့ ဝင်ခဲ့ကြလေသည်။လိုဏ်ဂူကြီးသည် သဘာဝ အတိုင်း ဖြစ်ပေါ်နေသော လိုဏ်ခေါင်းကြီးတစ်ခု ဖြစ်သော်လည်း အထွေးလေးတို့မိသားစုအတွက် သီးသန့်တည်ဆောက်ပေးထားသည့်သဖွယ် နေထိုင်ရန်အဆင်ပြေစွာ တည်ရှိနေပေ၏ ။

ဖေဖေနှင့်မေမေ အိမ်ထောင်ကျပြီးနောက် ရေသူထီးနှင့်ရေသူမစုံတွဲ တို့အိုးအိမ်သစ်ရှာကြရာမှ ဤလိုဏ်ဂူကြီးကို ရှာဖွေတွေ့ ခဲ့ကြခြင်း ဖြစ်ပါသည်။ စင်စစ်မိခင်ဖခင်တို့ ကိုယ်တိုင် ရှာတွေ့ သည်ထက် ဘိုဘိုကြီးနှင့်နိုနိုကြီးတို့လင်မယားရှာတွေ့ ခဲ့သည့် လိုဏ်ခေါင်းကြီးဟု ဆိုနိုင်ပါသည်။

ဖေဖေတို့ရေလူသားမိသားစုတွင် ညီအစ်ကိုနှစ် ယောက် ရှိရာ လက်ရှိနေသည့် အိမ်ကို အစ်ကိုကြီးက နေထိုင်ခွင့်ရသွားပြီး နောက်ကျမှ အိမ်ထောင်ပြုသော ဖေဖေသည် နေထိုင်ရန် အိမ်အသစ်ကို ရှာဖွေခဲ့ရခြင်း ဖြစ်သည်။ ဖေဖေအိမ်ထောင်ကျသည်တွင် ဖေဖေ့အဘိုးလက်ထက်ကတည်းက အိမ်ကျွန်ကြီးအ ဖြစ်တာဝန်ထမ်းခဲ့သော ဘိုဘိုကြီးကို ဖေဖေနှင့်အတူ ထည့်ပေးလိုက်လေသည်။

ဖေဖေ့ကိုချစ်သော ဘိုဘိုကြီးတို့လင်မယားကလည်း ဖေဖေနှင့်အတူ လိုက်နေခဲ့သည်။

ဤလိုဏ်ခေါင်းကြီးသည် ဘိုဘိုကြီးနှင့်နိုနိုကြီးတို့ သမီး ရည်းစားဘဝကချိန်းတွေ့ သည့်နေရာဟု ဆိုလေသည်။ ဘိုဘိုကြီးက ညွှန်ပြ၍ မူရင်းနေရပ်မှမိုင်သုံးရာကျော် ဝေးသော ဤအရပ်၌ ဖေဖေ အခြေချနေထိုင်ခဲ့ခြင်း ဖြစ်ပါသည်။

* * *


ရေသူမညီအစ်မခုနစ်ဖော်သည် လိုဏ်ဂူအတွင်းသို့ဝင်ခဲ့ကြပြီးနောက်မိမိအခန်းများ ရှိရာဆီသို့ ကူးခတ်သွားကြလေသည်။

လိုဏ်ခေါင်းကြီးသည် အတွင်းဖက်၌ ကျယ်ပြော၍ မြင့်မားစွာ တည်ရှိနေပေသည်။ လိုဏ်ခေါင်းကြီး၏ နံရံများ တွင် သဘာဝ အတိုင်း ဖြစ်ပေါ်နေသော ဂူပေါက်ကလေးများ ရှိလေသည်။ ဂူပေါက်တစ်ခုသည် လူဝင်သာရုံ ကျယ်ပြောပြီးအတွင်း၌ လည်း လူ တစ်ယောက် ချောင်ချိစွာ နေနိုင်ရန် ကျယ်ဝန်းပါသည်။ ထိုဂူပေါက်ကလေးများ သည် ရေသူမညီအစ်မများ ၏ ကိုယ်ပိုင်အခန်းများ ဖြစ်ကြပါ၏ ။အထွေးလေးသည် ဂူနံရံ၏ အမြင့်ဆုံးအပိုင်းတွင် ရှိသော သူမ၏ အခန်းရှိရာသို့ ကူးခတ်ခဲ့လေသည်။

လိုဏ်ခေါင်းကြီး၏ မျက်နှာကျက်အပြည့်တွင် အလင်းရောင် ပြန်ရရှိရန်ဂုံးခွံများ ကို စေးထန်းသော ရေညှိဖြင့် နေရာအနှံ့တွင် ကပ်ထားပါ၏ ။ ဂုံးခွံ၏ ငွေရောင် တောက်သော အတွင်းဖက်ပိုင်းကို မျက်နှာစာထား၍ နံရံနှင့်အပြည့်ကပ်ထားခြင်း ဖြစ်ပါသည်။ ငွေရောင် ဂုံးခွံများ သည် နေ့တွင် နေ့အလင်းကို ရောင် ပြန်စေကာ လိုဏ်ခေါင်းအတွင်း အလင်းရောင် ရရှိစေပါသည်။

ယခုလိုညအချိန်တွင် လည်း လိုဏ်ခေါင်းအတွင်း၌ အလင်းရောင် ရရန်စီစဉ်ထားပြီး ဖြစ်သည်။ မီးစုန်းဓာတ်ပါရှိသော ငါးကလေးများ ကို မွေးမြူထားခြင်း ဖြစ်သည်။ မီးစုန်းဓာတ်ပါသော ငါးများ ထွက်မပြေးနိုင်အောင် ကျူရိုးဖြင့်ယက်လုပ်ထားသော ဇကာကွက်ခြင်းတောင်းထဲတွင် ထည့်ထားရသည်။ ထိုခြင်းတောင်းလေးများ ကို လိုဏ်ခေါင်းကြီး၏ နံရံတစ်လျှောက်တွင် လိုက်ချိတ်ထားသည်။အလင်းရောင် လည်းရသလို အလှမွေးငါးကလေးများ နံရံတစ်လျှောက် ချိတ်ဆွဲထားပုံမှာ မျက်စိပသာဒ ဖြစ်ရပေသည်။

ယခုလိုညအချိန်တွင် ငါးကလေးများ ကိုယ်မှထွက်သော မီးစုန်းဓာတ်မှအလင်းရောင် သည် ဂူကြီးတစ်ခုလုံးကို မြင်သာသည် ထိလင်းထိန်နေပေ၏ ။မီးစုန်းရောင် များ သည် ဂုံးခွံများ တွင် ရောင် ပြန်ဟပ်ကာ တလက်လက် တောက်နေပေသည်။

အထွေးလေးသည် အခန်းထဲသို့မဝင်မီ နံရံတွင် ချိတ်ထားသော မီးစုန်းငါး၃ ကောင်ပါသည့် ခြင်းတောင်းလေးတစ်ခုကို ဖြုတ်ယူခဲ့သည်။

အထွေးလေး၏ အခန်းသည် လိုဏ်ဂူကြီး၏ အမြင့်ဆုံးအပိုင်းတွင် ရှိလေ၏ ။ အခန်းဝဂူပေါက်ကို ပင်လယ်ခရုခွံရောင် စုံများ အား ရေမှော်ဖြင့် သီထားသည့်ကြိုးကလေးများ တွဲ လောင်းချ၍ ကာ ရံထားပေ၏ ။

အထွေးလေးက ခရုခွံလိုက်ကာကြိုးကလေးများ ကို လက်ဖြင့်ဖယ်ကာအခန်းတွင်းသို့ ဝင်လိုက်သည်။

အခန်းထဲ၌ ရေညှိနှင့်ကျောက်ပွင့်များ ကို ရောနယ်ကာ အချပ်ကြီးတစ်ချပ် ဖြစ်အောင် ပြုပြင်ထားသော မွေ့ရာတစ်ခုရှိပေသည်။ ခေါင်းအုံးအ ဖြစ်အရွယ်တော် လိပ်ခွံတစ်ခုတွင် ကျောက်ပွင့်များ ကို ရေညှိဖြင့် စွဲမြဲအောင် ကပ်ထားလေသည်။ အိစက်ညက်ညောသော ကျောက်ပွင့်များ ကို ခပ်များများ သုံးထားသည့်အတွက် အိပ်စက်ရာတွင် သက်တောင့်သက်သာရှိလှသော ရေလူသားတို့၏ အိပ်ရာအခမ်းအနားပင် ဖြစ်ပါ၏ ။

အထွေးလေးသည် မီးစုန်းငါးခြင်းတောင်းလေးကို ဂူကြမ်းပြင်ပေါ် ချလိုက်သည်။

အိပ်ရာပေါ်လဲလျောင်းကာ အိပ်ရာဘေးမှ ပုလင်းလေးတစ်လုံးကို လှမ်း၍ ယူလိုက်လေသည်။

အထွေးလေးက ပုလင်းလေးကို လက်ထဲတွင် လှည့်ပတ်ကာ ကြည့်နေမိလေသည်။

ဤအရာကို ပုလင်းဟုခေါ်ကြောင်းနှင့် မည် သို့အသုံးပြုသည်ကို အစ်မများ ပြောပြမှ အထွေးလေး သိရလေသည်။

တစ်နေ့တွင် အထွေးလေးသည် လိုဏ်ဂူရှေ့မျက်နှာစာ၌ တစ်ဦးတည်းကစားနေစဉ် မိုးကောင်းကင်အထက်မှ တလိမ့်လိမ့်နှင့် ကျဆင်းလာသော အရာတစ်ခုကို သတိပြုမိလေသည်။ ရှည်မျောမျောနှင့် လုံးဝန်းသော သ္ဌဏာန်ရှိသည့်အရာလေးသည် နေရောင် ခြည်တန်းထဲတွင် လိမ့်ကာလူးကာဖြင့် အထွေးလေးကစားနေသည့်အနီးသို့ ကျဆင်းလာလေသည်။

အထွေးလေးသည် တဖြည်းဖြည်း နီးလာသော အရာလေးကို လက်နှစ် ဖက်မြှောက်ကာ ခံယူလိုက်သည်။ ထိုအရာလေးသည် အထွေးလေး၏ လက်ဖဝါးနှစ် ဖက်ထဲသို့ တည့်တည့်ပင် ကျဆင်းလာလေသည်။

လက်ထဲသို့ ရောက်လာသော အရာကို ကြည့်လိုက်သော်လည်း မည် သည့် ပစ္စည်း ဖြစ်မှန်း အထွေးလေး နားမလည်ချေ။ ဘိုဘိုကြီးကို ပြကြည့်သော်လည်း ဘိုဘိုကြီးလည်း မသိချေ။ အခေါင်းပေါက်ပါသော ညိုမှော င်မှော င်ပြောင်ချောချော ပစ္စည်းကလေးကို ကြည့်၍ အထွေးလေး အံ့သြမိလေသည်။

အထွေးလေးသည် အစ်မများ ပြန်လာသည့်အခါကျမှပင် လက်ထဲတွင် ရရှိထားသည့် ထူးဆန်းသော အရာကိုပြကာ မေးမြန်းရလေသည်အစ်မများ က အထွေးလေးလက်ထဲမှ ပုလင်းကိုကြည့်ကာ ရယ်မောကြလေသည်။ အထွေးလေး၏ မသိနားမလည်မှု အတွက်လည်း ချစ်စနိုးကြည်စယ်ကြလေသည်။

''သင်္ဘောတစ်စီးပေါ်က ကျလာတာ ဖြစ်မှာ ပေါ့''

''မှတ်ထား ညီမလေးရဲ့ ၊ အဲဒါဟာ မြေသားပေါ်က လူသားတွေ ရေထည့်တဲ့ အရာပဲ၊ ပုလင်းလို့ ခေါ်တယ်ကွယ့်''

''ပုလင်း''

''သူတို့ဟာ မမတို့လို ရေထဲမှာ နေကြသူတွေ မဟုတ်တော့ သူတို့ခန္ဓာကိုယ်ထဲကို ရေကိုပါးစပ်ကနေ သောက်သုံးပြီး ထည့်ကြရတယ်။ ရေဟာသတ္တဝါတွေ အသက်ရှင်သန်ဖို့ လိုအပ်တဲ့အရာ မဟုတ်လား''

''ဟုတ်တယ်လေ၊ ရေမရှိဘဲ ဘယ်လိုအသက်ရှင်မလဲ''

''ဒီပုလင်းလေးကတော့ ရေထည့်တဲ့ပုလင်း ဟုတ်ဟန် မတူဘူး။သေရည်ထည့်တဲ့ ပုလင်းပဲ ဖြစ်မယ်ကွယ့်'

အကြီးဆုံးအစ်မကြီးက ပုလင်းလေးကို လှည့်ပတ်ကြည့်ကာ သူမ၏ အထင်အမြင်ကို ပြောလိုက်သည်။

''မှန်တာပေါ့ မမကြီး၊ လူတွေ သေရည်သောက်သုံးနေတာကို သင်္ဘောတစ်စီးပေါ်တက်ပြီး ချောင်းကြည့်တုန်းက ညီမလေး တွေ့ ခဲ့ရတယ်''

''သေရည်ဆိုတာ ဘာကိုခေါ်တာလဲ မမတို့ရယ်''

''သေရည်ကို သောက်သုံးရင် လူတွေ ဟာ မူးယစ်ပြီး ပျော်ရွှင်လာတာကို တွေ့ ရတယ်။ သီဆိုကခုန်ကြတယ်၊ တစ်ခါတရံလည်း ရန်ခိုက်ဒေါသ ဖြစ်ကြတယ်။ တကယ်တော့ သေရည်ဆိုတာဟာ မကောင်းတဲ့အရာပါပဲ အထွေးလေးရယ်''

''ဒါဖြင့် မကောင်းတဲ့အရာတွေ ကို ဘာလို့သောက်သုံးနေကြတာလဲမမတို့ရယ်''

''မြေကမ္ဘာပေါ်က လူ့လောကဟာ ရှုပ်ထွေးပွေလီလှတယ်ကွယ့်။အလုံးစုံကို မမတို့လည်း နားမလည်ဘူး။ မြေလူသားတို့ဘဝဟာ မမတို့ရေအောက်လူသားများ လို အေးချမ်းမှု မရှိတာတော့ အမှန်ပဲ။ သည်တော့ကာမြေကမ္ဘာပေါ်က လူသားတွေ ကို စိတ်မဝင်စားချင်ပါနဲ့ အထွေးလေးရယ်''

အစ်မများ က ဆိုဆုံးမသော်လည်း အထွေးလေးသည် မြေကမ္ဘာပေါ်သို့ရောက်လိုစိတ်များ ပို၍ ပင်ပြင်းပြလာရလေ၏ ။ အထွေးလေးအဖို့တော့ ရေထုအပြင်ပမှ ကမ္ဘာမြေကြီးသည် စိတ်ဝင်စားစရာအရာများ ဖြင့် ပြည့်နှက်နေလိမ့်မည် ဟု မျှော်လင့်မိပေသည်။

လေထုထဲမှ ကမ္ဘာမြေကို တွေ့ ချင်မြင်ချင်သော စိတ်များ သည် အထွေးလေးအဖို့ ရှေးကထက် တိုး၍ ပင်လာလေသည်။ အသက် ၁၆ နှစ် ပြည့်ချိန်ကိုရောက်လိုဇောဖြင့် အထွေးလေးသည် လက်ချိုးရေတွက်နေမိလေတော့၏ ။ မမတို့ကတော့ ကမ္ဘာမြေ၏ ရှုခင်းများ ကို မြင်ဖူးခဲ့ပြီး၊ လူသားများ ကိုလည်း တစေ့တစောင်း အကဲခတ်ခဲ့ပြီးပြီမို့ ရိုးအီလောက်ပေပြီ။

အထွေးလေးသည် ထိုနေ့မှစ၍ ကမ္ဘာမြေပေါ်မှ ပစ္စည်းတစ်ခု ဖြစ်သော ပုလင်းလေးကို ကိုင်ကြည့်ကာ ကမ္ဘာမြေကို စိတ်စွဲလမ်းနေလေတော့သည်။

* * *




ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ ဒေါက်တာစိုးထိုက်နှင့်ရေနန်းသူဇာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မှော်ဝင် သီချင်း

လိပ်ပြာဧည့်သည်(ထူးခြားဆန်းကြယ်သရဲတစ္ဆေဇာတ်လမ်း)

နေလရတနာသိုက်