Cover

( ၁ )

ဒေါ်မြမြနွယ်သည် တီဗီမြင်ကွင်းတွင် ပေါ်လာသော ပုံရိပ်များ ကို ကြည့်၍ စိတ်တွေ လှုပ်ရှားနေသည်။

တီဗီပေါ်မှာ တော့ ဆယ်ကျော်သက်ရွယ်လူငယ်လေးတစ်ဦးက မြန်မာသံစဉ်အချစ်သီချင်းတစ်ပုဒ်ကို ငြိမ့်ငြောင်းစွာ သီဆိုလျှက်ရှိပါသည်။ ထိုလူငယ်သည် အခြားသူမဟုတ်။ ဒေါ်မြမြနွယ်၏ သားပင် ဖြစ်ပါသည်။

တီဗီမြင်ကွင်းထဲမှာ သီချင်းသီဆိုဟန်ဖြင့် ထုတ်လွှင့်လျှက် ရှိသော ထိုသားငယ်သည် ဒေါ်မြမြနွယ်၏ ဘေးမှာ ပင် ထိုင်လျှက်ရှိသည်။ နှစ် ယောက် ထိုင်ဆိုဖာပေါ်တွင် သား ကျော်ဇော်မော်က ဒေါ်မြမြနွယ်ကို မှီ၍ ထိုင်နေ၏ ။

ကျော်ဇော်မော်က တီဗီမှန်သားပြင်ပေါ်မှ သူ့ပုံသွင်ကိုပြန်ကြည့် ရင်း သဘောအကျကြီး ကျနေသည်။

''မေမေ.. သား ကြည့်လို့ကောင်းပါတယ်နော်မေမေ၊ မြန်မာ ဆန်ဆန်ဝတ်ထားပေမယ့် သိပ်မဆိုးဘူးနော်''

''ကြည့်ကောင်းပါတယ်သားရယ်၊ မေမေကိုယ်တိုင် လှအောင် ဆင်ပေးထားတာပဲဟာ''

ဒေါ်မြမြနွယ်က ကျော်ဇော်မော်ကြနပ်အောင် ပြန်ပြောလိုက် သည်။ ဒေါ်မြမြနွယ်၏ စိတ်အစဉ်ကတော့ ကစဉ့်ကလျား ဖြစ်နေပေ၏ ။

အကြောင်းကံလို့ပဲထင်တယ်... ချစ်တဲ့သူရယ်...

မမျှော်လင့်ပဲတွေ့ ဆုံရတဲ့ အ ဖြစ်မို့လည်းကွယ်....

မယုံနိုင်လောက်အောင်သာပဲ..... ဖြစ်ရသူမှာ ကွယ်....

အမှန်တကယ်ဘုံဓလေ့ဘဝမှာ ကွယ်...

ပြန်လည်ဆုံတွေ့ ကြရာဝယ်....

သံသရာတစ်ကွေ့တွေ့ ကြပြန်ရာဝယ်.....

တီဗီထဲတွင် ကျော်ဇော်မော်သီဆိုဖျော်ဖြေနေသော သီချင်း၏ စာသားများ ဖြစ်ပါသည်။

သည်သီချင်းကိုဆိုဖို့ ဒေါ်မြမြနွယ်ကိုယ်တိုင်ပဲ ရွေးပေးခဲ့ခြင်း ဖြစ် သည်။

မြန်မာ့ရုပ်မြင်သံကြား၏ အစီအစဉ်တစ်ခု ဖြစ်သည့်... ''ဆိုကြမယ် ပျော်ကြမယ်'' အစီအစဉ်တွင် ကျော်ဇော်မော်ဝင်ပြိုင်ခွင့်ရ တော့ ဆိုရမယ့်သီချင်းကို ဒေါ်မြမြနွယ်ကိုယ်တိုင် ရွေးပေးခဲ့ခြင်း ဖြစ်ရုံမက ဝတ်ဆင်ရမည့် အဝတ်အစားကိုလည်း ဒေါ်မြမြနွယ်ပင် မြန်မာဆန်ဆန် လေး ဖြစ်အောင် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

အပြင်မှာ ခေတ်ဆန်ဆန်ဝတ်စားဆင်ယင်တတ်ပြီး စတီရီယို သီချင်းများ ကိုသာ မက်မက်မောမောသီဆိုတတ်သော ကျော်ဇော်မော်သည် ဆိုကြမယ်ပျော်ကြမယ်အစီအစဉ်ထဲမှာ တော့ မြန်မာဆန်ဆန် တိုက်ပုံ အင်္ကျီလေးနှင့် ရခိုင်ပုဆိုးလေးဝတ်ကာ မြန်မာသံသီချင်းကို ပိုင်နိုင်စွာ သီဆိုလျှက်ရှိပေသည်။

တကယ်တော့... လက်ရှိထုတ်လွှင့်ပေးနေသော အစီအစဉ်မှာ လွန်ခဲ့သော တစ်လခန့်ကတည်းက ရိုက်ကူးထားသော အစီအစဉ် ဖြစ်ပါ သည်။ ယနေ့မှ အသစ်အ ဖြစ် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးနေ ခြင်း ဖြစ်၏ ။ ဒီအစီအစဉ်ရိုက်ကူးနေသည့်တလျှောက်လုံး ဒေါ်မြမြနွယ် အနီးမှာ ရှိနေခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြား စတူဒီယိုခန်းမထဲကို သား နှင့်အတူ ဒေါ်မြမြနွယ် လိုက်ပါသွားခဲ့သော ကြောင့် ဖြစ်သည်။

ဒါကြောင့်လည်း... ယခုထုတ်လွှင့်နေသည့် ဆိုကြမယ် ပျော်ကြမယ်အစီအစဉ်မှာ ဧည့်ပရိသတ်များ ကိုပြသရာ၌ ဒေါ်မြမြနွယ်ပုံ ကို တီဗီထဲမှာ ဖြတ်ကနဲဖြတ်ကနဲမြင်တွေ့ နေရခြင်း ဖြစ်ပါသည်။

အစီအစဉ်ရိုက်ကူးကတည်းက အစအဆုံးကြည့်ရှုခဲ့ပြီးပြီမို့ ဘယ်သူတွေ ဆုရသွားတယ်ဆိုတာကိုလည်း သိပြီးနေပြီ။ ထို့ကြောင့် လက်ရှိတီဗီမြင်ကွင်းမှာ ပေါ်လာနေသည့် ဆိုကြမယ်ပျော်ကြမယ်အစီအစဉ် အပေါ် ဒေါ်မြမြနွယ် ရင်မခုန်မိတော့ပါ။

ဒေါ်မြမြနွယ်ရင်မှာ လှုပ်ရှားလှိုက်ဖိုမိသည်က သီးခြား ဖြစ် ပါသည်။

ဝမ်းသာလွန်းလို့ မျက်ရည်များ တောင်လည်ရှာတယ်....

သက်..သက်ပိုင်ညှာဦးရယ်....

ကြည်နူးမှုအပြုံးနဲ့... ယှက်လှယ်ကာရယ်....

တစ်ဦးကိုတစ်ဦးကကွယ်...

ကြင်နာယုယကာပဲ ပျော်မဆုံးနိုင်တယ်....

ဘဝတစ်သက်တာဝယ်... အပျော်ရွှင်ဆုံးနေ့တွေ လို့ပဲ

အစဉ်များ ... တင်စားထားချင်တယ်......

တီဗီထဲကကျော်ဇော်မော်က သီချင်းကိုဆက်ဆိုလျှက်ရှိသည်။ အပြင်မှကျော်ဇော်မော်က မိခင်ကိုမှီကာ သူမ၏ ကိုယ်ပွားကို ပီတိ ဖြစ်စွာ ကြည့်နေသည်။

ဘုရားမြတ်ထံပါးဝယ်... လျှောက်လည်ကြတယ်....

နှစ် ယောက် သားတွဲ လို့... ရင်ပြင်ပေါ်ဝယ်....

ဘဝသံသရာအဆက်ဆက်.....

မပျက်တမ်းပေါင်း... ပေါင်းရစေသားလို့

ဆု..ပန်ရွယ်ကြသေးတယ်......

ဒေါ်မြမြနွယ်မျက်လုံးထဲမှာ တော့ ထိုမြင်ကွင်းတွေ ကို ပီပီပြင်ပြင် မမြင်မိ။ ဝေဝေဝါးဝါးသာမြင်နေမိသည်။

ဒေါ်မြမြနွယ်၏ မျက်လုံးထဲနှင့်အတွေးထဲတွင် ငယ်စဉ်အတိတ် ဘဝအကြောင်းများ ကသာ ထင်ဟပ်လို့နေလေသည်။



၁ ( က )

တကယ်တော့... ဒီအကြောင်းတွေ ကို မေ့နေတာပင်ကြာပြီ။ ခုလို အသက်အရွယ်နှင့် တမ်းတလောက်စရာလည်း မဟုတ်တော့ပြီ။

ပြန်လည်သတိရမိတာကတော့ တခြားကြောင့်မဟုတ်။ သား ကျော်ဇော်မော် ''ဆိုကြမယ်ပျော်ကြမယ်''အစီအစဉ်မှာ ပါဝင်ရိုက်ကူး ထားပုံများ ကို တီဗီက ထုတ်လွှင့်နေသော ကြောင့်ပင် ဖြစ်ပါသည်။

ဆက်စပ်မှုကလည်းရှိနေသည်။

ဒေါ်မြမြနွယ် ပြန်လည်သတိရမိသော အတိတ်အကြောင်းမှာ လည်း တေးဂီတနှင့်ဆက်စပ်နေသော ကြောင့် ဖြစ်ပါသည်။

သားတို့အရွယ်တုန်းကပါပဲ။ သည်တုန်းက ဒေါ်မြမြနွယ်အသက် က ၁၇နှစ် ။

အချိန်ကာလက ၁၉၇၈ခုနှစ် ဖြစ်ပါသည်။

ထိုကာလတုန်းက မြန်မာနိုင်ငံတွင် ရုပ်မြင်သံကြား မထုတ်လွှင့် သေး။ တီဗီမပေါ်သေးဘူးဆိုပါတော့။

မြမြနွယ်လေးသည်လည်း... ယခု ကျော်ဇော်မော့်လိုပင် ဂီတ ကို ရူးသွပ်သူ ဖြစ်ခဲ့ပါသည်။

မြမြနွယ်တို့ခေတ်တုံးကတော့ မီဒီယာတွေ က ခုလိုမပေါများ သေး ပေ။ ဂီတကိုခံစားလိုလျှင် ရေဒီယိုဖွင့်နားထောင်ရသည်။ ရေဒီယိုကတော့ လွှင့်ပေးတဲ့သီချင်းကိုသာ နားထောင်ခွင့်ရှိသည်။ ကိုယ်ကြိုက်ရာဖွင့် နားထောင်ချင်ရင်တော့ ကက်ဆက်ဖွင့်နားထောင်လို့ရတာ ပေါ့။ မြမြနွယ် အရွယ်ရောက်လာတဲ့ခေတ်မှာ တော့ ဓာတ်စက်ဓာတ်ပြားများ ခေတ်တုံး သွားပါပြီ။ တိတ်ခွေဖြင့်ဖွင့်ရသော ကက်ဆက်ခေတ်ကိုရောက်နေပြီ။ ဒါပေမယ့်... ပေါပေါများများ မရှိသေး။ ဈေးကြီးသည်။ လူတိုင်း ကက်ဆက်မဝယ်နိုင်ပေ။ ကက်ဆက်ဆိုသည်မှာ လူကုံထံများ သာသုံးနိုင် သော ဇိမ်ခံပစ္စည်းအ ဖြစ်နှင့်ပင်ရှိနေသေးသည်။

မြမြနွယ်ကိုတော့ ရှစ်တန်းအောင်တဲ့နှစ် က... ရှစ်တန်းကို သိပ္ပံနဲ့အောင်လို့ဆိုကာ ဖေဖေက ကက်ဆက်လေးတစ်လုံးဝယ်ပြီး ဆုချ သည်။ ဒါပေမယ့်... တိတ်ခွေဝယ်ပြီး ကက်ဆက်နဲ့နားထောင်လို့ရသော သီချင်းများ သည် ရေဒီယိုကလွှင့်သော သီချင်းများ မဟုတ်ပေ။ သီချင်း ပုံစံချင်းလည်း တစ်ပုံစံစီ၊ အဆိုတော် တွေ ကလည်း ဆိုပုံဆိုလက်တစ်မျိုးစီ နှင့် ဖြစ်သည်။ ရေဒီယိုမှထုတ်လွှင့်သော သီချင်းများ နှင့် ပြင်ပမှထုတ်လုပ် သော စတီရီယိုဆိုသည့်သီချင်းများ မှာ .. ပုံစံချင်း ဆန့်ကျင်ကွဲလွဲလျှက် ရှိသည်။

သည်တော့လည်း... ရေဒီယိုသည် သီချင်းချစ်သူများ အတွက် အားကိုးရာဖျော်ဖြေရေး ပစ္စည်းအ ဖြစ် တည်ရှိနေမြဲ ဖြစ်ပါသည်။

ထိုစဉ်တုံးက... ဂီတချစ်သူများ အတွက် မြန်မာ့အသံမှထုတ် လွှင့်ပေးနေသော စိတ်ဝင်စားစရာကောင်းသည့်ကဏ္ဍလေးတစ်ခုရှိပါသည်။

''သီချင်းပဟေဠိ''ကဏ္ဍ ဖြစ်ပါသည်။

တနင်္ဂနွေတစ်ပတ်ခြား ထုတ်လွှင့်ပေးသော အစီအစဉ် ဖြစ်ပါ သည်။ သုတပဟေဠိဆိုသော အစီအစဉ်နှင့် တစ်လှည့်စီထုတ်လွှင့်ပေးသော ကဏ္ဍတစ်ခုအ ဖြစ် မှတ်မိနေပါသည်။

''သီချင်းပဟေဠိ''အစီအစဉ်မှာ ဖြေဆိုမည့် သူများ ကိုယ်တိုင် မြန်မာ့အသံစတူဒီယိုခန်းမထဲသို့သွားရောက်ရပါသည်။ ဖွင့်ပြသော သီချင်းများ ကို နားထောင်၍ သီဆိုသူ၊ ရေး သားသူ၊ တီးခတ်သည့်ဂီတအဖွဲ့၊ ပါဝင်သည့် ရုပ်ရှင်ဇာတ်ကား... စသဖြင့် မေးမြန်းသည့်မေးခွန်းများ ကို တိုက်ရိုက်ဖြေဆိုရသော အစီအစဉ် ဖြစ်ပါ၏ ။ တစ်ကြိမ်လျှင် ဖြေဆိုသူ လေးဦး သို့မဟုတ် ငါးဦးပါဝင်တတ်သည်။

မြမြနွယ်တို့သည် သီချင်းပဟေဠိထုတ်လွှင့်မည့် တနင်္ဂနွေနေ့ ရောက်တိုင်း ရေဒီယိုရှေ့ကို မပျက်မကွက်ရောက်ရှိကာ အစီအစဉ်ကို စောင့်မျှော်နားထောင်ရမြဲ ဖြစ်ပါသည်။

သီချင်းဝါသနာပါသော မြမြနွယ်က သီချင်းပဟေဠိကဏ္ဍတွင် ကိုယ်တိုင်ပါဝင်ဖြေဆိုချင်၍ မိဘများ ထံခွင့်တောင်းရာ... ဖေဖေက ဆယ်တန်းအောင်ရင် ဖြေခွင့်ပြုမယ်ဟုဆိုပါသည်။

တကယ်ဖြေ ဖြစ်တော့.. ဆယ်တန်းအောင်စာရင်းမထွက်သေး။ စာမေးပွဲဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှာ မြန်မာ့အသံကို စာတိုက် မှတစ်ဆင့် လျှောက်လွှာပို့ပေးလိုက်သည်။ မြမြနွယ်နှင့် သူငယ်ချင်း သင်းသင်းအေးတို့လျှောက်လွှာနှစ် ခုကို စာအိတ်တစ်အိတ်ထဲမှာ ထည့်၍ ပို့ပေးလိုက်ခြင်း ဖြစ်သည်။

အဲဒါကြောင့်ပဲထင်ပါသည်။ မြန်မာ့အသံက ပဟေဠိဖြေဖို့ခေါ် တော့ မြမြနွယ်နှင့်သင်းသင်းအေးတို့ကို နှစ် ယောက် ပူးပြီး တစ်ပါတည်း ခေါ်သည်။ အဖော်ရှိသည့်အတွက် နှစ် ယောက် စလုံးအားတက်ခဲ့ရပါ၏ ။

မေလထဲမှာ ခေါ်လိုက်ခြင်း ဖြစ်ရာ အောင်စာရင်းတွေ မထွက်သေး ပါ။ သို့သော်.. ဖေဖေက ဖြေခွင့်ပြုခဲ့သည်။

ဖြေမယ့်နေ့က ပြည်လမ်းက မြန်မာ့အသံအဆောက်အဦးကို ဖေဖေကိုယ်တိုင် ကားဖြင့်လိုက်ပို့ပေးသည်။ အထဲအထိတော့ ဖေဖေက လိုက်မလာ။ အသံလွှင့်ရုံဝင်းထဲက ကန်တင်းမှာ ထိုင်ကျန်နေခဲ့သည်။

ပဟေဠိဖြေဆိုရန်လာရောက်ဖို့ စာတိုက်မှပေးပို့လိုက်သော ခေါ်စာ လေးတွေ ကိုင်ပြီးဝင်သွားသည့်မြမြနွယ်တို့နှစ် ယောက် မှာ ခြေဖျားလက်ဖျား တွေ အေးစက်ကာ ကြောက်လန့်နေခဲ့ကြလေသည်။

မြမြနွယ်တို့နှင့်အတူ ဖြေဆိုမည့်  အခြားသူသုံးဦးကိုလည်း တွေ့ ရ လေသည်။ အမျိုးသားနှစ် ယောက် နှင့်အမျိုးသမီး တစ်ယောက် တို့ ဖြစ်ပါ၏ ။ အမျိုးသမီးက မြမြနွယ်တို့နဲ့စာလျှင် အသက်တော် တော် ကြီးပါပြီ။ အမျိုးသား နှစ် ယောက် ကတော့ မြမြနွယ်တို့နဲ့ မတိမ်းမယိမ်း။ မြမြနွယ် တို့ကမှ သူငယ်ချင်းနှစ် ယောက် အဖော်ပြုပြီးလာကြသေးသည်။ သူတို့က သီချင်းပဟေဠိဖြေဆိုဖို့ တစ်ယောက် တည်းရောက်လာကြသူများ ဖြစ်နေ သည်။

စတူဒီယိုခန်းမထဲတွင် တစ်ယောက် ကို တစ်ယောက် ကြည့် ကာသာ နေ ဖြစ်ကြ၏ ။ မိတ်မဆက် ဖြစ်ပေ။

ခဏနေတော့... အချိန်ကျပြီ ဖြစ်၍ မြမြနွယ်တို့ငါးယောက် ကို အသံလွှင့်ခန်းထဲသို့ ခေါ်သွားကြ၏ ။ မြမြနွယ်တို့၏ အစီအစဉ်ကို တစ်နိုင်ငံ လုံးသို့ တိုက်ရိုက်အသံလွှင့်မှာ ဖြစ်လို့ မြမြနွယ်နှင့်သင်းသင်းအေးတို့ နှစ် ယောက် လုံးစိတ်လှုပ်ရှားနေကြ၏ ။ ကျန်သုံးယောက် လည်း သူတို့လိုပဲ နေလိမ့်မည် ။



၁ ( ဃ )

''ညီမလေးသင်းသင်းအေးကို မမက ရုပ်ရှင်သီချင်းတစ်ပုဒ် ဖွင့်ပြမယ်၊ အေဝမ်းတင်တင်လှဆိုထားတဲ့ ခင်တို့အရွယ်.. ဆိုတဲ့ သီချင်း၊ ညီမလေးက ဒီသီချင်းဟာ ဘယ်ရုပ်ရှင်ဇာတ်ကားထဲမှာ ပါတယ် ဆိုတာကို ဖြေရမှာ နော်''

အေဝမ်းတင်တင်လှအသံဖြင့် သီချင်းသံထွက်ပေါ်လာသည်။

ခင်တို့အရွယ် သပြေခက်မို့

အသက်မငယ်တော့ဘူး ရှင်တို့ရယ်...

ပုဇွန်ဆိတ်အသွင် ပင်လယ်ကူးဖို့

စိတ်မှာ ပျံ့ပြူးယဉ်လို့ရယ်..

(ဟော... ပြောရဦးမယ်..)

ခင့်သဘောကို နားကလောသူ

ကလော..ကလောကြဖွယ်..

ဖူးချိန်ပွင့်ချိန် ခင့်အိမ်ထောင်ရေး

ခင့်အတွေးနဲ့ ခင်ရွေးချင်ပါတယ်...

(ကျွန်မလေ...)

ဘယ်သူဘယ်ဝါ ဘာတွေ ပြောတော့

(ကန်တော့ပါရဲ့ ..)

ဆယ်ခါပြောတော့ မဖြုံဘူးကွယ်....

ကိုယ့်ဖူးစာဖန်လာချက်ကြောင့်ရယ်

သူကချစ်ရေး ဆိုလာ...

ကိုယ်ကလည်း ရှင့်အလိုတူပါကွယ်.....

''ရုပ်ရှင်ဇာတ်ကားနာမည် ကို သိပြီလားကွယ်''

''ဟုတ်ကဲ့မမ၊ ဒီသီချင်းကို အေဝမ်းတင်တင်လှက မင်းသမီး ခင်သန်းနုကိုယ်စား သီဆိုပေးထားတာပါမမ၊ ဇာတ်ကားနာမည် က မောင့်မူပိုင်ရှင်..ပါ''

''မှန်ပါတယ်ညီမလေးရယ်၊ မောင်မျိုးမြင့်ကိုတော့ မမက တေးသံရှင်နာမည် မေးမယ်နော်၊ သီချင်းလေးကိုနားထောင်ကြည့်လိုက် ပါဦးကွယ်''

ချစ်တဲ့သူရယ် ဘယ်ဘယ်ခါမှ မေ့မရနိုင်တယ်...

သက်ဆုံးတိုင်ကြင်နာပါ့မယ်...

ဆိုတဲ့စကားရယ်... အပိုတကယ်မကြွားတယ်..

သက်ထားနှမယုံပါစေတော့ကွယ်...

မပျက်ပြားပဲ ထာဝစဉ်ချစ်စကားကြွယ်...

သူ့အပါးအမြဲ ထာဝစဉ်မောင်ချော့မယ်..

ခင်တွယ်မပျက်ပေါင် တစ်သက်နှောင်ဘဝတိုင်အောင်

ရှောင်သွေဖယ်ခွာတိမ်း မစိမ်းအားနိုင်တယ်...

အို.... ချစ်စဖွယ် သက်လယ်

သူ့မျက်နှာမြင်ရတဲ့သူ မောင့်ဘဝခက်မယ်...

တစ်နေ့မမြင်ပါသော် အနှစ် နှစ် အလလခွဲခွာရသလို

မောင့်စိတ်ထဲမှာ တကယ်ကို... ပိုမိတယ်...

မျက်နှာညို အချစ်နဲ့တွေ့ မှအလိုကျမယ်ထင့်

နှမချစ်သူသာ

ခင့်ထံပါး မရပ်မနားလာမယ်ကွယ်....

အချစ်ရယ်...

အချစ်ရှိမှပျော်တယ်... အချစ်ရှိမှပျော်တယ်.....

''သီချင်းနာမည် လေးကတော့ မောင့်သက်လယ်..တဲ့ ၊ မောင်လေးဖြေရမှာ က သီဆိုသူတေးသံရှင်နာမည် ပါကွယ်''

''သိပါတယ်မမ၊ တေးသံရှင်က မောင်ကြည်တိုး ..ပါ''

''မောင်ကြည်တိုးဆိုရင် မှန်ပါတယ်''

မြမြနွယ်အလှည့်ကို ရောက်လာပြန်ပေပြီ။

''မြမြနွယ် ဒီတစ်ခါဖြေရမှာ က ဂီတစာဆိုနာမည် ကွဲ့၊ သီချင်း လေးက ငယ်ချစ်ရှင်တဲ့၊ သီဆိုသူက မေမြို့ခင်မောင်မြင့်၊ ငယ်ချစ်ရှင် သီချင်းလေးကိုနားထောင်ပြီး.. ရေး သားသူဘယ်သူဆိုတာကို ညီမလေး က စဉ်းစားလိုက်ဦးနော်''

ဆွေးကာ တွေးနေမိရင်

သူ့ကိုများ ဝိုးဝါးမှတ်ထင်

ချစ်သော သူရဲ့ ပုံသွင် အသည်းထိအောင် စွဲမိကာမြင်...

ဝေးရာနှင်... ပြေးလေသလားမေတစ်ပါးရယ်

မေ့အားနိုင်သူပင်....

ဖြေသော်ပြေပဲ...စိတ်ထဲဝဲလည် စွဲတယ်ခင်...

တမ်းတမှန်းဆမိရင် လွမ်းပိုချင် ငယ်ချစ်ရှင်...

ယနေ့ပင် တွေ့ ချင်

ဖြေသော်ပြေလည်း အချစ်လည်းနွမ်းပြီထင်

လေသင့်လွင့်ရာ စိတ်နောက်လိုက်ပါ ဘယ်ခါမရွှင်

ညစ်ညူးစိတ်နဲ့ပင်

တစ်ကိုယ်တည်း မှိုင်ငေးရသည်ခင်

ခင်မင်တွယ်ရာမဲ့တဲ့ သနားစရာလုလင်ပုံသွင်

ငယ်ကချစ်ရှင်...

ဖွေရှာတွေ့ မြင်ကောင်းရဲ့

အမြဲစိတ်တွင် စွဲလမ်းမိတယ်ခင်...

''ကဲ.. ညီမလေး၊ ဖြေနိုင်မလားကွယ်''

''ဖြေနိုင်ပါတယ်မမ၊ သီချင်းရေး သားသူကလည်း ဒီသီချင်း ကိုသီဆိုသွားတဲ့ မေမြို့ခင်မောင်မြင့် ကိုယ်တိုင်ပါပဲ''

''ဟုတ်တာပေါ့ကွယ်၊ ငယ်ချစ်ရှင်သီချင်းလေးက မေမြို့ခင် မောင်မြင့် ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့သီချင်းလေးပါ၊ ညီမလေး အဖြေမှန်ပါတယ်ကွယ်''

ထွေးထွေးခင်အလှည့်။

''ထွေးထွေးခင်ကို မမက.. စုံတွဲ သီချင်းလေးတစ်ပုဒ်ဖွင့်ပြ မယ်၊ ညီမလေးက စုံတွဲ ဆိုထားတဲ့ အဆိုတော် နှစ် ယောက် ရဲ့ နာမည် ကို ဖြေရမယ်နော်၊ သီချင်းလေးက အတူတွဲ ကာ..တဲ့၊ ဇာတိအညာကို အလည်သွားတဲ့အကြောင်း ရေး ဖွဲ့ထားတဲ့သီချင်းလေးပေါ့၊ ကဲ.. သီချင်း လေးကို နားဆင်ကြည့်လိုက်ရအောင်''

(မ..)

မောင်ရေ.. သွားကြစို့ ကျွန်မတို့ရဲ့ အညာ

ဆူးလေကဆူး လေပူရူးတွေ

တဟူးဟူးတိုက်တဲ့အချိန်များ မှာ ...

ထနောင်းပွင့်တွေ ဝေဝေဆာ

တပေါင်းရောက်ပြီ နွေအခါ...

ချောင်းတလျှောက်ဆီ နေခြည်ဖြာ...

ရေနံစင်ကြီးများ နဲ့ မီမငြိမ်းမြို့တော်

ပျော်စရာရေနံ့သာ....

(ကျား..)

မေရေ.. လိုက်လို့ပို့မယ် မောင်တို့ရဲ့ အညာ

ပုပ္ပားတောင်ကြီးညို့ညို့မှိုင်း

ရှုတိုင်းလှတဲ့ ဒီနေရာ...

ထန်းတောကြီးတွေ အုံ့ဆိုင်းဖြာ...

လှည်းလမ်းခရီးရှည် ဖြောင့်ဖြူးစွာ ...

သာယာဖွယ်ကောင်း နေရာဟောင်းကို

အောင်းမေ့လို့တစ်ခေါက်တစ်ခါ

သွားဖို့ပြင်ပါ ပို့ဖို့ဝန်တာ မောင့်အတွက်သာထားပါ

(စုံတွဲ ..)

ဒီတစ်နှစ် အညာ... နွေဦးအခါ...

နှစ် ယောက် တွဲ ကာ အတူသွားမှာ .....

''ဘယ့်နှယ်လဲညီမလေး၊ အတူတွဲ ကာဆိုတဲ့သီချင်းလေးကို စုံတွဲ ဆိုထားတဲ့ အဆိုရှင်နှစ် ယောက် နာမည် ကို ဖြေနိုင်ပြီလားကွယ်''

ထွေးထွေးခင်ငိုင်နေသည်။ အဖြေကို စဉ်းစားမရ ဖြစ်နေပုံပေါ် ၏ ။

မြမြနွယ်ထိတ်ကနဲ ဖြစ်သွားသည်။ တကယ်လို့များ .. ထွေးထွေး ခင်မဖြေနိုင်ခဲ့လို့.. သူ့နောက်က ကိုသက်ခိုင်က ဖြေနိုင် သွားပါက ကို သက်ခိုင်အတွက် အမှတ်တစ်မှတ်တိုးပေဦးမည် ။ ဒုတိယအခေါက်က ထွေးထွေးခင်မဖြေနိုင်သော ''သံသရာတစ်ကွေ့ဝယ်''သီချင်းအမည် ကို ဖြေလိုက်နိုင်၍ ကိုသက်ခိုင်က အများ ထက် တစ်မှတ်အပိုရထားသေး သည်။

မြမြနွယ်က ဒီပွဲမှာ အမှတ်အများ ဆုံးနဲ့ ပထမရအောင် ဖြေမယ်လို့ အားခဲထားခဲ့သည်။ အိမ်ကိုလည်း ကြွားထားခဲ့သေး၏ ။ ဒီပုံ အတိုင်းဆိုလျှင်.. မြမြနွယ်အတွက် ပထမရဖို့မလွယ်တော့ပေ။

''ညီမလေး စဉ်းစားလို့ရပြီလားကွယ်''

တင်တင်မြက ထွေးထွေးခင်မဖြေသေး၍ ထပ်မေးလိုက်သည်။

''နောက်တစ်ခေါက်လောက် ဖွင့်ပြပါဦးမမ''

ထွေးထွေးခင်က အခွင့်အရေး ကို တောင်းဆိုလိုက်သည်။

သီချင်းကို နောက်တစ်ကြိမ်ထပ်ဖွင့်ပြလိုက်၏ ။

တကယ်တော့.. ထွေးထွေးခင်က စဉ်းစားချိန်ရအောင် လုပ် လိုက်ခြင်း ဖြစ်ပါသည်။ စုံတွဲ အဆိုရှင်နှစ် ယောက် နာမည် ကို မြမြနွယ် သိသည်။ နာမည် ကြီးအဆိုတော် များ မဟုတ်၍ ထွေးထွေးခင် မသိခြင်း ဖြစ်လိမ့်မည် ။

သီချင်းသံရပ်အသွားတွင် ထွေးထွေးခင်က မဝံ့မရဲဖြေကြည့် လိုက်၏ ။

''အမျိုးသားအဆိုတော် က အောင်ဖေမြင့်''

''ဟုတ်ပြီ၊ တစ်ခုတော့မှန်သွားပြီ၊ မိန်းကလေးအဆိုရှင်ရဲ့ နာမည် ကို ပြောပါဦး ညီမလေး''

''နွယ်.. နှင်းနွယ်စိုး.. နှင်းနွယ်စိုးပါမမ''

''မဟုတ်သေးဘူးကွဲ့၊ ညီမလေးအဖြေက နီးတော့နီးစပ်တယ်၊ နှင်းနွယ်စိုးဆိုတာက ရုပ်ရှင်မင်းသမီးလေ ညီမလေးရဲ့ ၊ နာမည် လေး က ခပ်ဆင်ဆင်ပဲ၊ စဉ်းစားလိုက်ပါဦး''

''သြော်.. သိပြီမမ၊ မေနွယ်စိုး ..ပါ''

''မေနွယ်စိုးဆိုရင်တော့ ညီမလေးအဖြေ မှန် သွားပါပြီကွယ်''

မြမြနွယ်က ဘာမဆိုင်ညာမဆိုင် သက်ပြင်းချလိုက်မိ၏ ။ ထွေးထွေးခင်ဖြေလိုက်နိုင်တာကို ဝမ်းသာသွားမိသည်။ ထွေးထွေးခင် မဖြေနိုင်လို့ ကိုသက်ခိုင်ဖြေခွင့်ရသွားလျှင် တစ်မှတ်ပိုရသွားမှာ ကို စိုးရိမ် နေမိခြင်း ဖြစ်သည်။

''မောင်သက်ခိုင်ကိုတော့ မမက.. အေဝမ်းတင်တင်လှရဲ့ သီချင်းလေးတစ်ပုဒ်ဖွင့်ပြပါမယ်၊ မောင်လေးက သီချင်းလေးကိုနား ထောင်ကြည့်ရင်း သီချင်းခေါင်းစဉ်ကို စဉ်းစားထားနော်၊ ကဲ.. ဖွင့်ပြ လိုက်ပြီ''

ပြာရီရီ.. အာကာဆီ ..

မဟာပထဝီ.. ကမ္ဘာတည် ..

သက်သေထား စကားတိုင်ဖွင့်...

မေတ္တာစကား များ နိုင်သနှင့် ...

အပိုင့်အပိုင်.. အခိုင့်အခိုင် ...

မဏ္ဍိုင်ချစ်ခြင်း သူနှင်းဆက်မတဲ့ကွယ် .....

ချိုပါလေသည် သကားပျားသို့ ...

ဆိုပါလေသည် သူ့စကားက ...

အပိုရှာထွင်သည် ကလူအားသမျှ ...

နားရှိလို့ယုံရပါတယ် .....

ချစ်သူကြင်သူ အသွင်တူပေါသမို့ ...

အသစ်တစ်မူမြင်သူ ကြင်သူပေါလည်း ...

မပြစ်မယူချင်သူ ဘဝင်ဆူမောရ ...

စောဒကဖြင့် မပွေတော့ချင်တယ်......

မုန်းတာတွေ မေ့မသွားနဲ့

သနားသင့်လှပါတယ်...

ပြုံးပဏ္ဏာတွေ ဝင့်မလားလို့

စကားဖွင့်ရပါတယ်...

''သီချင်းလေးနာမည် ကို စဉ်းစားလို့ရပြီလား မောင်လေး''

''ဟုတ်ကဲ့မမ၊ သီချင်းနာမည် က ကလူ၏ သို့.. မြှူ၏ သို့.. ပါမမ''

''မှန်ပါတယ်ကွယ်၊ ကဲ.. ဖြေလာလိုက်ကြတာ.. တစ်ယောက် ကိုမေးခွန်းငါးခုစီနဲ့ ငါးကြိမ်ရှိသွားပြီနော်၊ နောက်ဆုံးတစ်ခေါက်ပဲ ကျန်တော့တယ်၊ နောက်ဆုံးတစ်ခေါက်မမေးခင်မှာ ရထားတဲ့အမှတ်လေး တွေ ပေါင်းကြည့်လိုက်ရအောင်''

တင်တင်မြက ရမှတ်များ ကိုပေါင်းပြပါသည်။

''ဒီတစ်ပတ်ဖြေတဲ့သူတွေ က လူတော် တွေ ချည်းပဲကွယ်၊ မေးခွန်း ငါးပုဒ်စီမေးတဲ့အထဲမှာ ညီမလေးထွေးထွေးခင် တစ်ယောက် ပဲ တစ်ကြိမ် မဖြေလိုက်နိုင်တယ်၊ အဲဒီ တော့.. ထွေးထွေးခင်က (၈)မှတ်၊ သင်းသင်း အေးရယ်.. မောင်မျိုးမြင့်ရယ်.. မြမြနွယ်ရယ်က.. ဆယ်မှတ်စီနဲ့ မောင်သက်ခိုင်ကတော့ ၁၁မှတ် ရနေပြီနော်..''

မြမြနွယ်သည် ကိုသက်ခိုင်ကို စိတ်ထဲက မနာလိုသလို ဖြစ်သွား မိ၏ ။ တကယ်တော့ မထွေးထွေးခင်မဖြေနိုင်တဲ့မေးခွန်းအတွက် တစ်မှတ် အပိုရသွားတာမဟုတ်လား။ မြမြနွယ်သာ မထွေးထွေးခင်အောက်ဖက်မှာ ထိုင်မိမည် ဆိုလျှင် ထိုတစ်မှတ်ကို မြမြနွယ်ရနိုင်သည်။ ကိုသက်ခိုင် ကံကောင်းသွားခြင်းသာ ဖြစ်သည်။ ကိုသက်ခိုင်ပဲ ပထမ ဖြစ်တော့မှာ ထင်ပါရဲ့ ။

''ကဲ.. နောက်ဆုံးတစ်ခေါက်မေးခွန်းလေးတွေ ဆက်လိုက် ကြရအောင်''



''ညီမလေးသင်းသင်းအေးကို မမက ခေတ်ဟောင်းစုံတွဲ သီချင်း တစ်ပုဒ်ကိုဖွင့်ပြပြီး မေးခွန်းမေးချင်တယ်ကွယ်၊ သီချင်းလေးကို အရင် နားထောင်ကြည့်လိုက်ဦးနော်''

ဓာတ်ပြားကိုဖွင့်ပြလိုက်သည့်အတွက် စုံတွဲ သီချင်းသံထွက်လာ ပါသည်။

(မ)

မောင့်ကိုပင်အသည်းစွဲစိတ်က မျှော်တမ်းတလွမ်းရနေ့စဉ်...

ရွှေလည်တိုင်နွဲ့နွဲ့နှောင်း ညောင်းပါပေါ့ရှင်...

အုံးသဉ္ဇာစက်ရာခန်းတွင်

မောင်လှမ်းခဲ့တကယ့်ကိုချစ်ရင်...

ပန်ဆင်ကာ မေတ္တာပန်းနွဲ့ပြစမ်းချင်...

သူ့အကြိုက်လိုက်လို့ပင်

ရူပါအသွင် မူရာဆင်

နွဲ့နည်းပေါင်းစုံလင်

ဝေဝေလွင်လွင်လောကွတ်ပိုလို့ပင်....

အချော့ကောင်း ပျော့ပျောင်း ဖော့ဖယောင်းအသွင် ဂါရဝတင်

နွဲ့နည်းစုံညီ ကုမ္ပဏီဖွင့်မယ်ရှင်.....

(ကျား)

ကလေးဆိုးလိုပင် နေရာတိုင်းနွဲ့လိုက်ချင်...

အချစ်စမ်းတဲ့ထင်

အလိုက်သင့်ပေါင်း ကောင်းတဲ့သူကိုပင်

မူချင်နွဲ့ချင်

မျက်နှာသာပေး ရွှေရေး ပန်းကန်တက်တယ်ထင်

နွဲ့လိုက်ဦးလေ အချစ်ဆုံးဒဏ်ထိချင်ရင်...

''အဲဒီ သီချင်းလေးရဲ့ ခေါင်းစဉ်က နွဲ့မျိုးစုံလင် တဲ့၊ သီဆိုထား တဲ့ စုံတွဲ ထဲက အမျိုးသားအဆိုရှင်က ခေတ်ဟောင်းအဆိုတော် ကြီး ပြည်လှဖေ ပါကွယ်၊ မမသိချင်တာက ပြည်လှဖေနဲ့ တွဲ ဖက်သီဆိုထားတဲ့ အမျိုးသမီးအဆိုရှင်ရဲ့ နာမည် ၊ ဖြေကြည့်ပါဦး ညီမလေး''

''ခေတ်ဟောင်းအဆိုတော် ကြီး တင်တင်အေးလို့ ထင်ပါတယ် မမ''

''တင်တင်အေးဆိုရင်... မှန်ပါတယ်ကွယ်၊ ညီမလေးက နှစ် မှတ်ထပ်ရသွားပြီနော်''

သင်းသင်းအေး မှန်အောင်ဖြေလိုက်နိုင်သည်။

ကိုမျိုးမြင့်အလှည့်။

''မောင်လေး မောင်မျိုးမြင့်ကို မမက သီချင်းရေး ဆရာအမည် မေးပါမယ်၊ သီချင်းလေးကိုနားထောင်ကြည့်ပါဦးကွယ်၊ နားထောင်ရင်း သီချင်းရေး သူနာမည် ကို စဉ်းစားထားနော်၊ ကဲ.. သီချင်းလေးကို ဖွင့်ပြ လိုက်ပြီ''

သီချင်းက မြူးမြူး သွက်သွက်ကလေး။ စာသားတွေ ကလည်း ပျော်စရာ ကြည်နူးစရာ စာသားလေးတွေ နှင့်။

သီချင်းကိုနားထောင်ရင်း.. ထိုသီချင်းမှာ အဆိုတော် ကြည် ကြည်ဝင်းသီဆိုထားသည့် ''ဆောင်းကြာခြည်''သီချင်းဆိုတာ သိလိုက် သည်။

သြော်.. ဆောင်း..ဆောင်းကြာခြည်

ပေါင်း..ပေါင်း..ပေါင်းဖို့အချိန်မီ....

ဣန္ဒနီစိမ်စီခန်းဝသို့ ကြွစေချင်ပြီ

နှမရွှေရင်မှီ မှန်း..မှန်း..မှန်းဆနေပြီ....

မှုံရီရီ... ဆောင်းနှင်းကမပီ...

ဖိုးလမင်းတောင် ထွင်းဖောက် အလင်းရောက်မချီ...

အိုး... တစ်ကိုယ်ရေကြိုနေကြောင်း.. မညောင်း...

တောင်းပန်ပေးပါ့ ညအလှရာသီ

ဆောင်း...ဆောင်း...ဆောင်း...ဆောင်းကြာခြည်....

ဟိုနေ့ညဆီ ပျိုမေ့မရပြီ တူနှစ် ကိုယ်ရင်ငွေ့မှီ..

စကားလှလှ အနားကမထ သူပြောပြတော့သည်

မောင်လေ.. ကမ္ဘာမြေ ပျက်ပြုန်းပစီ

မုန်းနိုင်ဘူးတဲ့ သူ့ရဲ့ စကားမှာ မညီ...

အိုး... တစ်ကိုယ်ရေကြိုနေကြောင်း.. မညောင်း...

တောင်းပန်ပေးပါ့ ညအလှရာသီ

ဆောင်း...ဆောင်း...ဆောင်း...ဆောင်းကြာခြည်....

''သီချင်းခေါင်းစဉ်က ဆောင်းကြာခြည်..တဲ့၊ သီဆိုသူက ကြည်ကြည်ဝင်းပါကွယ်၊ မောင်မျိုးမြင့်ဖြေရမှာ က သီချင်းရေး သူ အမည် ၊ ကဲ.. ဖြေကြည့်ပါဦး''

သီချင်းရေး သူအမည် ကို မြမြနွယ်သိပါသည်။

ကိုမျိုးမြင့်ကတော့ ချက်ချင်း မဖြေနိုင်သေးပဲ ငြိမ်သက်ကာ စဉ်းစားနေ၏ ။

''ဘယ်လိုလဲမောင်လေး၊ တေးရေး ဆရာနာမည် ကို စဉ်းစားလို့ ရပြီလားကွယ်''

''ဟုတ်... ဟို.. ဟို.. ကို.. ကိုလေးလွင်များ ဖြစ်မလားမသိဘူး''

ကိုမျိုးမြင့်ဖြေပုံကိုက သူ့အဖြေအတွက် မရွံ့မရဲ ဖြစ်နေဟန်။

''မဟုတ်သေးဘူးမောင်လေးရဲ့ ၊ စဉ်းစားပါဦးကွယ်''

''ကိုမြတ်လင်း...''

''မဟုတ်သေးဘူးကွဲ့''

''အင်း.... သီချင်းကတော့ ကြည်ကြည်ဝင်းဆိုတဲ့ ဆောင်း ကြာခြည်ဆိုတာ သိတယ်မမ၊ ရေး တဲ့သူကို စဉ်းစားရခက်နေ တာ..ဟဲဟဲ...''

ကိုမျိုးမြင့်က တစ်ချက်ရယ်သွမ်းသွေးလိုက်သေးသည်။

''ကိုသက်ဦး...''

''ကိုသက်ဦးလည်း မဟုတ်သေးဘူးမောင်လေးရယ်''

တကယ်တော့... ကိုမျိုးမြင့်သည် သီချင်းအမြူးအသွက်များ ကရေး နေကျ ခေတ်ပေါ်ဂီတစာဆိုအမည် များ ကို ဟုတ်လိုဟုတ်ငြား ရွတ်ပြ နေခြင်းသာ ဖြစ်ပါသည်။

အမှန်မှာ ... သီချင်းရေး သူသည် ဂန္ထဝင်ဂီတာစာဆိုကြီးတစ်ဦး ဖြစ်သည်။ စန္ဒရားပညာရှင်ကြီးတစ်ဦး ဖြစ်ပါသည်။

မြမြနွယ်ကတော့ သီချင်းရေး သူအမည် မှန်ကိုသိနေပြီ။ ဖြေချင် လိုက်တာ ပါးစပ်ပင်ယားနေပြီ။

''ဘယ်လိုလဲ... စဉ်းစားလို့ရပြီလားမောင်လေး''

''ကျွန်တော် မဖြေနိုင်တော့ဘူးမမ''

ကိုမျိုးမြင့် လက်လျှော့လိုက်ပါပြီ။

မြမြနွယ်ဝမ်းသာသွားသည်။ ကိုမျိုးမြင့်မဖြေနိုင်သော မေးခွန်း ကို ဖြေခွင့်ရလိုက်ပြီ။

''မောင်မျိုးမြင့်မဖြေနိုင်ဘူးဆိုတော့ ဒီသီချင်းရဲ့ တေးရေး သူ နာမည် ကို ညီမလေးမြမြနွယ်ကရော...''

''ဟုတ်ကဲ့၊ ညီမသိပါတယ်၊ သီချင်းရေး သူက ရွှေပြည်အေး ပါမမ''

မြမြနွယ်က တင်တင်မြ၏ မေးခွန်းဆုံးအောင်ပင်မစောင့်နိုင်ပဲ အငမ်းမရဖြေလိုက်မိပေသည်။

''ဟုတ်ပါတယ်ကွယ်၊ ညီမလေးအဖြေမှန်ပါတယ်၊ ဆောင်း ကြာခြည်..ဆိုတဲ့သီချင်းလေးကို ရေး တဲ့သူက ဆရာရွှေပြည်အေးပါနော်၊ ဒီတော့ ညီမလေးမြမြနွယ်က အဖြေမှန်တဲ့အတွက် တစ်မှတ်ရသွားပြီ''

တော် ပါသေးရဲ့ ။ သူနဲ့ကိုသက်ခိုင် အမှတ်အတူတူ ဖြစ်သွားပြီ။

''ဒီတစ်ခါအလှည့်ကျတာကလည်း ညီမလေးမြမြနွယ်ပဲနော်၊ ညီမလေးကို မမက.. ရုပ်ရှင်သီချင်းတစ်ပုဒ်ဖွင့်ပြမယ်၊ သီဆိုသူက ရုပ်ရှင်မင်းသမီး ရှုမဝစမ်းစမ်းအေး၊ နှင်းဆီပျိုရွယ်ဆိုတဲ့ ဒီသီချင်း လေးကို ဘယ်ရုပ်ရှင်ဇာတ်ကားမှာ သီဆိုခဲ့တယ်ဆိုတာ ညီမလေးဖြေရ မယ်နော်''

သင်းကြည်မွှေးတယ်... နှင်းဆီအသွေးရယ်

ရောင် စုံယှက်သန်း... တစ်ခက်ပန်းနွယ်

ဝတ်မှုံကလေးရယ်... လှစ်ထုံအေးတယ်

မြင်သူမက်မော... ရတက်ဇောကြွယ်

ပွင့်ချပ်ပွင့်လွှာတွေ ရယ်

တင့်လှတင့်ပါပေတယ်...

စိုပြေ..နဂိုရေအသွေး...

ပျိုမေ..နဂိုရေအသွေး...

စိုပြေ..နဂိုရေအသွေး....

ပျိုမေ..နဂိုရေအသွေး...

အဖိုးထိုက်တန်ပန်ဆင်မယ့်သူရယ်....

သင်းကြည်မွှေးတယ် နှင်းဆီလေးရယ်

မြတ်နိုးအားကိုး ပျိုတိုးချစ်မယ်.....

မြမြနွယ်ဝမ်းသာသွားသည်။ ဒီသီချင်းပါတဲ့ဇာတ်ကားကို မြမြ နွယ်သိပါသည်။ ကြိုက်လွန်းလို့ နှစ် ခါပြန်ကြည့်ခဲ့တဲ့ဇာတ်ကား။ မင်းသား ကြီးထွန်းဝေနှင့်ရှုမဝစမ်းစမ်းအေးတို့ အပြိုင်သရုပ်ဆောင်ခဲ့သော ဒေါင်းမလေးဇာတ်ကားမှ ဇာတ်ဝင်သီချင်း ဖြစ်ပါသည်။

ထို့ကြောင့်ပင်.. သီချင်းသံရပ်သည်နှင့်တပြိုင်နက် အမေး ကိုပင်မစောင့်တော့ပဲ ဖြေချလိုက်မိလေ၏ ။

''ဒီသီချင်းပါတဲ့ ရုပ်ရှင်ဇာတ်ကားနာမည် က ဒေါင်းမလေး ပါမမ''

''မှန်ပါတယ်၊ ဒီလိုဆိုတော့.. မြမြနွယ်က အဖြေမှန်တဲ့အတွက် အမှတ်နှစ် မှတ် ထပ်ရသွားပြီနော်''

မထွေးထွေးခင်အလှည့်။ မထွေးထွေးခင် သူ့မေးခွန်းကို ဖြေနိုင်ပါစေ။ မထွေးထွေးခင်ဖြေနိုင်မှသာ ထွေးထွေးခင်အတွက်မေးခွန်း က ကိုသက်ခိုင်ဆီ ရောက်မသွားနိုင်တော့မှာ ဖြစ်သည်။ မထွေးထွေးခင် မဖြေနိုင်လို့ ကိုသက်ခိုင်ဆက်ဖြေရပါက သိပ်တော် တဲ့ကိုသက်ခိုင်က ဖြေနိုင်သွားလိမ့်မည် ။

သည်လိုဆိုလျှင် အမှတ်အများ ဆုံးဖြင့် ကိုသက်ခိုင် ပထမရ သွားနိုင်ပါ၏ ။

လက်ရှိအခြေအနေအရ.. မြမြနွယ်အနေဖြင့် ပထမဆုကို မျှော်လင့်နိုင်ပါသေးသည်။

အကယ်၍ ... ကိုသက်ခိုင် သူ့အတွက်မေးခွန်းကိုမဖြေနိုင်ပါ က.. မြမြနွယ် ပထမ ဖြစ်မည် ။ ဖြေနိုင်ပါက.. ကိုသက်ခိုင်နှင့်မြမြနွယ် ပူးတွဲ ပထမ ဖြစ်သွားကြပါလိမ့်မည် ။

မြမြနွယ် အမှတ်အများ ဆုံးနေရာမှာ ရပ်တည်နိုင်ဖို့က ထွေးထွေး ခင်အပေါ်မှာ မူတည်နေသည်။ ထို့ကြောင့်... မြမြနွယ်သည် မထွေးထွေး ခင် သူ့အတွက်မေးခွန်းကို ဖြေနိုင်ပါစေလို့ ဆုတောင်းပေးနေရလေ၏ ။

''ဒီတစ်ခါ ညီမလေးထွေးထွေးခင်ကို သီချင်းလေးတစ်ပုဒ် ဖွင့်ပြမယ်၊ သီချင်းလေးနာမည် က မျက်ထားညိုနဲ့ကို..တဲ့၊ ညီမလေး ဖြေရမှာ က သီချင်းသီဆိုသူရဲ့ နာမည် ၊ သီချင်းလေးကို နားထောင်ကြည့် လိုက်ဦးနော်''

ချစ်သူရယ် ဘယ့်တွက်ရယ်များ မျက်ထားညိုတယ်...

ပြောပြစမ်းပါလားလို့ကွယ်...

စိတ်မှာ တကယ် စိုးပူပါရတယ် အချစ်ရယ်...

စိတ်ကောက်သလိုကွဲ့ ပြုံးနဲ့ချစ်သူရယ်...

ချစ်သူရယ် တွေ့ တဲ့အခါများ မျက်ထားချိုဖွယ်...

တွေ့ တွေ့ ခဲ့ရင် ခွင့်လွှတ်ကွယ်...

တစ်ဖက်လူ အနေခက်ရချည်ရဲ့ ကွယ် အချစ်ရယ်...

စိတ်ကောက်သလိုကွယ် ပြုံးနဲ့ချစ်သူရယ်....

''ကဲ-ညီမလေး၊ တေးသံရှင်နာမည် ကို စဉ်းစားလို့ရသလား ကွယ်''

''ရပါတယ်မမ၊ တေးသံရှင်နာမည် က လီလီသန်း..ပါ''

''လီလီသန်းဆိုရင်... မှန်ပါတယ်ကွယ်''

မထွေးထွေးခင် မှန်အောင်ဖြေလိုက်နိုင်သည့်အတွက် ကာယကံ ရှင်ထက်ပင် မြမြနွယ်က ဝမ်းသာသွားလေသည်။ ဒီအတိုင်းဆိုလျှင် ကိုသက်ခိုင် သူ့မေးခွန်းကိုဖြေနိုင်တယ်ဆိုရင်တောင် ကိုသက်ခိုင်နှင့် မြမြနွယ် ပူးတွဲ ပထမ ဖြစ်ပါတော့မည် ။

ကိုသက်ခိုင်သာ သူ့အတွက်မေးခွန်းကို မဖြေနိုင်ခဲ့လျှင်တော့...

မြမြနွယ် ပထမနေရာကို ရသွားနိုင်ပါသည်။

တစ်ဖက်သားကို မဖြေနိုင်ပါစေနဲ့လို့ ဆုမတောင်းကောင်းလို့ မြမြနွယ်က ဆုတော့မတောင်းမိပေ။

ကိုသက်ခိုင်အတွက် မေးခွန်းလာပါပြီ။

''ဒီမေးခွန်းလေးကတော့ နောက်ဆုံးမေးခွန်းလေးပေါ့ကွယ်၊ မောင်သက်ခိုင်ဖြေရမယ့်အလှည့်နော်၊ သီချင်းလေးကို အရင်နားထောင် ကြည့်လိုက်ဦးနော်၊ မေးခွန်းကို ပြီးမှ မမမေးမယ်''

တင်တင်မြက သီချင်းဓာတ်ပြားကို အရင်ဖွင့်ပြပြီး နားထောင် စေလိုက်သည်။

ချစ်သူလေးရဲ့ မျက်နှာ... တွေ့ နေကျမို့မောင့်မှာ ...

မမြင်ရင် မနေသာ... အသည်းထဲဖိုရတာ ...

နတ်ပန်းချီဆေးရေး သည့်ပမာ...

ရှုသူငေး...ငေးလောက်စရာ...

ဘဝင်မှာ အစဉ်သာ... စွဲမိပြီတစ်သက်တာ....

ကြည့်မဝနိုင်တာ... ရှုလို့မဝပါ...

ချစ်သူလေးရဲ့ မျက်နှာ ကြည်လင်စွာ ......

ယမင်းအလှသူဇာ... ဝင်းပစန္ဒာပမာ

ပြုံးလဲ့မူယာ ပြုံးချိုသူ့မျက်နှာ......

''အဲဒီ သီချင်းလေးနာမည် က လှတစ်မျက်နှာ..တဲ့၊ မမသိချင် တာက သီဆိုတဲ့အဆိုရှင်နာမည် ပါကွယ်''

''ဟုတ်ကဲ့မမ၊ ကျွန်တော် သိပါတယ်၊ လှတစ်မျက်နှာသီချင်းကို သီဆိုတဲ့တေးသံရှင်က ကိုတင်ထွဋ် ...ပါ''

''မှန်ပါတယ်ကွယ်၊ ကိုတင်ထွဋ်ဆိုရင် မှန်ပါတယ်၊ ကဲ.. မေးခွန်းလေးတွေ လည်း ပြည့်စုံသွားပြီ၊ ရမှတ်ကလေးတွေ ကို မမတို့ ပေါင်းကြည့်ရအောင်''

အမှတ်များ အားလုံးကိုပေါင်းသည့်အခါ...

''သင်းသင်းအေးက ၁၂မှတ်၊ မောင်မျိုးမြင့်က ၁ဝမှတ်၊ မြမြနွယ်က ၁၃မှတ်၊ ထွေးထွေးခင်က ၁ဝမှတ်နဲ့ မောင်သက်ခိုင်က ၁၃မှတ်ရပါတယ်ကွယ်၊ အဲဒီ တော့... ဒီတစ်ပတ်ရဲ့ သီချင်းပဟေဠိ အစီအစဉ်မှာ မမတို့ မြန်မာ့အသံက ညီမလေးမြမြနွယ်နဲ့ မောင်လေး မောင်သက်ခိုင်တို့ကို အမှတ်အများ ဆုံး ဖြစ်တာမို့... ပူးတွဲ ပထမအနေနဲ့ မှတ်တမ်းတင်ပါတယ်ကွယ်''



( ၂ )

''မေမေ.. ဘာတွေ စဉ်းစားနေတာလဲဟင်.. မေမေ့ကြည့်ရ တာ တီဗီကို စိတ်ဝင်စားပုံမရဘူး၊ နောက်ဆုံးဆိုတဲ့ နှင်းနှင်းဝင့်ခိုင် ဆိုတဲ့ကောင်မလေးအလှည့်တောင် ရောက်တော့မယ်၊ သေချာကြည့်ပါဦး''

ကျော်ဇော်မော်က ဒေါ်မြမြနွယ်လက်မောင်းကိုကိုင်ကာ သတိ ပေးလိုက်မှပင်.. ဒေါ်မြမြနွယ်၏ စိတ်များ က ပစ္စုပ္ပန်ကို ပြန်ရောက်လာ သည်။

''ဘာရယ်မဟုတ်ပါဘူးသားရယ်.. ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်ကိုကြည့်ပြီး မေမေတို့ငယ်ငယ်က မြန်မာ့အသံမှာ သီချင်း ပဟေဠိဖြေခဲ့တာတွေ ကို သတိရနေလို့ပါ''

''ဆိုပျော်သွားရိုက်တုန်းကလည်း မေမေ ဒီအကြောင်းပြောဖူး တယ်နော်၊ ကဲပါ မေမေရယ်.. မေမေတို့ငယ်ငယ်ကအကြောင်းတွေ ကို နောက်မှသတိရပါ၊ သားတို့အစီအစဉ်ကိုကြည့်ပါဦးမေမေရဲ့ ''

''အေးပါသားရယ်.. မေမေက စိတ်မဝင်စားလို့မဟုတ်ပါဘူး၊ ဆိုပျော်ရိုက်နေတုန်းကလည်း မေမေကိုယ်တိုင်ျြွှဠခန်းမထဲ လိုက်လာပြီး ကြည့်ခဲ့ပြီးပြီ၊ သား ပထမဆုရတာ လည်း သိပြီးသားဆိုတော့ ဒီအစီအစဉ်က မေမေ့အတွက် သိပြီးသားတွေ ချည်း ဖြစ်နေလို့ပါ''

''ဘာပဲ ဖြစ် ဖြစ်မေမေရယ်.. တီဗီမှာ ပြန်ပြတာက လိုအပ်သလို နိငအလုပ်ပြီးမှပြတာလေ၊ စိတ်ဝင်စားစရာကောင်းပါတယ်၊ ကြည့်ပါဦး မေမေရ''

''ကောင်းပါပြီသားရယ်.. ကောင်းပါပြီ.. မေမေစိတ်ပါလက်ပါ ကြည့်ပါတော့မယ်သားရယ်.. တကတည်း.. သူပထမဆုရတာ များ အမေကိုတောင် ကပ်ကြွားချင်သေးတယ်''

ဒေါ်မြမြနွယ်က အတိတ်ကိုရောက်နေသော စိတ်များ ကို ဖြတ် တောက်ပစ်လိုက်သည်။ တကယ်တော့.. ဒါတွေ ဟာပြီးခဲ့ပြီပဲ။ အဟောင်း တွေ ကို ပြန်မတွေးတာ ကောင်းပါတယ်လေ။

ဒေါ်မြမြနွယ်အာရုံက တီဗီဖန်သားပြင်ပေါ်သို့ရောက်သွားလေ သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင်.. ဆိုကြမယ်ပျော်ကြမယ်အစီအစဉ်မှာ နောက်ဆုံးသီဆိုဖျော်ဖြေမည့် မိန်းကလေးကို ဖိတ်ခေါ်သည့်နေရာသို့ရောက် နေပြီ။

''ကဲ.. ညီမလေးမော်မော်စိန်ရေ.. ဒီတစ်ပတ် ဆိုကြမယ် ပျော်ကြမယ်အစီအစဉ်မှာ နောက်ဆုံးပြိုင်ပွဲဝင်မယ့်သူကို ဖိတ်ခေါ်လိုက် ပါဦးကွယ်''

ရုပ်ရှင်သရုပ်ဆောင်လူရွှင်တော် မောင်မေတ္တာက ပြောလိုက်ခြင်း ဖြစ်သည်။ ဆိုကြမယ်ပျော်ကြမယ်အစီအစဉ်တွင် .. မောင်မေတ္တာက တင်ဆက်သူအ ဖြစ် ပါဝင်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါ၏ ။ မေတ္တာနှင့်အတူ မြန်မာ့ရုပ်မြင်သံကြားဌာနမှဝန်ထမ်း မော်မော်စိန်က ပါဝင်ယှဉ်ပြိုင်သူ များ ကို ဖိတ်ခေါ်ခြင်း၊ မိတ်ဆက်ပေးခြင်းများ ပြုလုပ်နေခြင်း ဖြစ်ပါ၏ ။

မကြာခင်ကမှ စီစဉ်တင်ဆက်သော ''ဆိုကြမယ်ပျော်ကြမယ်'' အစီအစဉ်လေးမှာ .. ဂီတဝါသနာရှင်လူငယ်လေးများ အတွက် မြေတောင် မြှော က်ပေးသည့်ကဏ္ဍလေးတစ်ခု ဖြစ်သလို.. တီဗီကြည့်ပရိသတ်များ လည်း နှစသက် ကြသဖြင့် အပတ်တိုင်း စောင့်မျှော်ကြည့်ရှုရသော အစီ အစဉ်တစ်ခု ဖြစ်ပါသည်။

သားတော် မောင်ကျော်ဇော်မော်က.. ဆိုကြမယ်ပျော်ကြမယ် တွင် ဝင်ပြိုင်ချင်တယ်ဆိုသော ကြောင့်.. ဒေါ်မြမြနွယ်ကိုယ်တိုင် ဆိုရ မည့် သီချင်းကိုရွေးချယ်စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

ဆိုကြမယ်ပျော်ကြမယ်ကဏ္ဍတွင် ပါဝင်ဖျော်ဖြေခွင့်ရဖို့က သိပ် တော့ မလွယ်လှပါ။ ဒေါ်မြမြနွယ်တို့ငယ်စဉ်က သီချင်းပဟေဠိကဏ္ဍမှာ လို.. လျှောက်လွှာလေးရေး ပြီး ပို့လိုက်ရုံဖြင့် မရ။ ပါဝင်ယှဉ်ပြိုင်လိုသူ က.. မိမိအသံဖြင့် သီဆိုထားသော သီချင်းကို စီဒီဖြင့် နမူနာသွင်းကာ ရုပ်မြင်သံကြားဌာနသို့ ပို့ရသည်။ တာဝန်ရှိသူများ က စီစစ်ရွေးချယ်ပြီး မှသာ ပါဝင်ခွင့်ရခြင်း ဖြစ်ပါသည်။

ဒေါ်မြမြနွယ်က စီစစ်မည့် သူများ မှာ လူကြီးများ ဖြစ်သည်မို့ မြန်မာဆန်ဆန် မြန်မာသံသီချင်းကိုသီဆိုဖို့ သားတော် မောင်ကိုတိုက်တွန်း ခဲ့သည်။ ''သံသရာတစ်ကွေ့ဝယ်''သီချင်းကိုသီဆိုဖို့ ကိုယ်တိုင်ရွေးပေးခဲ့ ခြင်း ဖြစ်ပါသည်။

တကယ်တော့.. ကျော်ဇော်မော်သည် ဂစ်တာတစ်လက်ဖြင့် ခေတ်ပေါ်သီချင်းများ ကိုသာ သီဆိုပျော်မွေ့သူ ဖြစ်သည်။ မိခင်က မြန်မာ သံဆိုဖို့တိုက်တွန်းတော့လည်း နားထောင်ရှာပါသည်။ ဆိုနေကျမဟုတ် တဲ့မြန်မာသံသီချင်းကို ဆိုလိုက်တော့လည်း အဆိုကောင်းပါလား။ ဒေါ်မြ မြနွယ်ပင်အံ့သြခဲ့ရ၏ ။

အင်းလေ.. ဒါ့ကြောင့်လည်း ပထမဆုကိုရခဲ့တာပေါ့။

''နောက်ဆုံးအနေနဲ့ သီဆိုဖျော်ဖြေဖို့ အလှည့်ကျသူကတော့ နှင်းနှင်းဝင့်ခိုင်.. ဖြစ်ပါတယ်၊ ညီမလေးနှင်းနှင်းဝင့်ခိုင်ကို ဖိတ်ခေါ်ပါ တယ်ရှင်..''

မော်မော်စိန်က ဖိတ်ခေါ်လိုက်လေ၏ ။

မိန်းကလေးတစ်ဦး ထိုင်ခုံမှထ၍ စင်မြင့်ဆီလျှောက်လာပုံကို တီဗီမြင်ကွင်းထဲမှာ မြင်နေရသည်။

နှင်းနှင်းဝင့်ခိုင်တဲ့...။ သူ ဘယ်သူပါလိမ့်။

နှင်းနှင်းဝင့်ခိုင်ဝတ်စားထားပုံက ဆန်းဆန်းပြားပြားမဟုတ် ပါ။ ခပ်ရိုးရိုးပင် ဖြစ်သည်။ အပြာရောင် ဘလောက်အင်္ကျီလက်စကနှင့် ထမီက အနားတွင် ခရေပွင့်ပုံရေး ထိုးထားသော ယောထမီလို ထမီမျိုး ဖြစ် ပါသည်။ ဆံပင်ကိုလည်း သည်အတိုင်းဖြန့်ချထား၏ ။ သူမဆံပင်များ က ခါးလည်လောက်အထိ ဝဲကျနေသည်။ ခုခေတ်မှာ တော့.. တော် တော် ရှည် တဲ့ဆံပင်လို့ပြောရမည် ပင်။

စင်ပေါ်ရောက်လာသော နှင်းနှင်းဝင့်ခိုင်ကို လူရွှင်တော် မောင် မေတ္တာက.. လေသံခပ်ရွှင်ရွှင်ဖြင့်နှုတ်ဆက်လိုက်သည်။

''သမီးရဲ့ နာမည် ကို ပရိသတ်သိအောင် မိတ်ဆက်ပေးပါဦး ကွယ်''

''ဟုတ်ကဲ့၊ သမီးနာမည် က နှင်းနှင်းဝင့်ခိုင်..ပါ''

''သြော.. နှင်းနှင်းဝင့်ခိုင်တဲ့လား၊ လှလိုက်တဲ့နာမည် လေး ကွယ်၊ နှင်းနှင်းဝင့်ခိုင်က ဘယ်ကနေလာပြီး ပြိုင်ပွဲဝင်တာလဲဆိုတာ ပြောပြပါဦး''

''သမီး မိတ္ထီလာကလာပြီး ပြိုင်ပွဲဝင်တာပါ ဦး''

''သြော်.. မိတ္ထီလာကတောင် လာရတာ ကိုး၊ တော် တော် ဝါသနာကြီးတာပဲ''

''ဟုတ်ကဲ့.. သမီး ဝါသနာပါလွန်းလို့ပါရှင့်''

''ပညာရေး ကရော.. ဘယ်နှတန်းရောက်ပြီလဲ၊ ဘယ်ကျောင်း တက်နေသလဲ၊ ပြောပြလိုက်ပါဦး''

''သမီး ဒီနှစ် ဆယ်တန်းဖြေထားပါတယ်ဦး၊ ဆယ်တန်းအောင် ရင် ဝင်ခွင့်ရတဲ့တက္ကသိုလ်တစ်ခုခုကို ဆက်တက်မှာ ပါ''

''တော် လိုက်တဲ့သမီးလေးကွယ်''

''ဟုတ်ပါပြီညီမလေးရယ်.. ဒီအစီအစဉ်မှာ ညီမလေးက ဘယ်သီချင်းနဲ့များ သီဆိုပြိုင်ပွဲဝင်မယ်ဆိုတာ ပြောပြပါဦးကွယ်''

မော်မော်စိန်က ဝင်မေးလိုက်သည်။

''ဟုတ်ကဲ့၊ သမီးသီဆိုဖျော်ဖြေမယ့်သီချင်းလေးနာမည် က ''ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ''...တဲ့''

ဒေါ်မြမြနွယ်ရင်မှာ လှိုက်ကနဲခုန်သွားသည်။

သည်လိုခံစားမှုမျိုးကို ရုပ်မြင်သံကြားခန်းမထဲမှာ ကတည်းက ခံစားခဲ့ရဖူးပြီ။ သားတို့ဆိုပျော်အစီအစဉ်ရိုက်ကူးရာတွင် .. ဒေါ်မြမြနွယ် ကိုယ်တိုင်လိုက်ပါသွားခဲ့သည်။ ယခု တီဗီမှထုတ်လွှင့်နေသော အစီအစဉ် မှာ လွန်ခဲ့သော တစ်လက ရိုက်ကူးထားသော အစီအစဉ် ဖြစ်ပါသည်။

ယနေ့မှသာ ရုပ်မြင်သံကြားမှ အသစ်အ ဖြစ် ထုတ်လွှင့်တင်ဆက်ခြင်း ဖြစ်ပါ၏ ။

ဆိုပျော်အစီအစဉ်သည်.. မြမြနွယ်တို့ငယ်ငယ်က သီချင်း ပဟေဠိကဏ္ဍလို တိုက်ရိုက်ထုတ်လွှင့်ခြင်းမဟုတ်ပါ။ လိုအပ်သော တည်းဖြတ်ပြင်ဆင်မှုများ ပြုလုပ်ပြီးမှ ထုတ်လွှင့်ခြင်း ဖြစ်ပါ၏ ။

ဆိုပျော်အစီအစဉ်ရိုက်ကူးစဉ်ကတည်းက ဒေါ်မြမြနွယ်လိုက် သွားခဲ့၍ .. ဘယ်သူတွေ ဘာသီချင်းဆိုတယ်၊ ဘယ်သူတွေ ဆုရတယ် ဆိုတာကို ဒေါ်မြမြနွယ်သိပြီး ဖြစ်ပါသည်။

ထိုစဉ်ကပင်.. နှင်းနှင်းဝင့်ခိုင်နှုတ်မှ ''ဆောင်းနဲ့အတူ အချစ် တွေ ယူလာပါရစေ''ဆိုသည့်သီချင်းအမည် ကို ပြောလိုက်ကတည်းက.. ဒေါ်မြမြနွယ်ရင်မှာ လှိုက်ကနဲ ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။

တိုက်ဆိုင်တာပဲ ဖြစ်မှာ ပါ။

''ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ..၊ ဟုတ်လား၊ သီချင်းနာမည် က အရှည်ကြီးပါလား သမီးရယ်၊ သီချင်းကလည်း တော် တော် ရှည်မယ်ထင်တယ်နော်''

မောင်မေတ္တာက အရွှမ်းဖောက်ပြီး ဝင်ပြောလိုက်၏ ။

''ဒီသီချင်းကို ဘယ်သူသီဆိုခဲ့ပြီး.. ဘယ်သူရေး စပ်တယ် ဆိုတာ ပြောပြပါဦးညီမလေးရယ်''

''ဒီသီချင်းက သမီးရဲ့ကိုယ်ပိုင်သီချင်းလေးပါ မမ''

''အို.. ဟုတ်လား၊ ဒါကြောင့်.. ဒီသီချင်းနာမည် ကို အရင် က မကြားဖူးဘူးလို့ ထင်မိသား''

''ဟုတ်ပါတယ်မမ၊ နာမည် မထင်ရှားတဲ့ဂီတဝါသနာရှင်တစ် ယောက် ရေး ခဲ့တဲ့သီချင်းလေးပါ၊ သမီးက ဒီသီချင်းလေးကို ကိုယ်တိုင် အော်ဂင်တီးပြီး သီဆိုဖျော်ဖြေမှာ ပါ မမ''

''တယ်ဟုတ်ပါလားဟေ့၊ နှင်းနှင်းဝင့်ခိုင်ကတော့ လုပ်ပြီ၊ လူနာမည် ကလည်း နှင်းနှင်းဝင့်ခိုင်..တဲ့၊ ခပ်ရှည်ရှည်၊ သီချင်းနာမည် ကလည်း.. ဘာတဲ့.. ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ..တဲ့၊ အရှည်ကြီး၊ ကိုယ်တိုင်အော်ဂင်တီးပြီးဖျော်ဖြေဦးမယ်ဆိုတော့.. သမီး ရေ.. ဒီနေ့ည မိုးမချုပ်ခင် ဒီသီချင်းဆုံးနိုင်ပါတယ်နော်''

မေတ္တာက ဝင်ပြီး ဟာသလုပ်လိုက်ပြန်၏ ။

''ကဲ.. နှင်းနှင်းဝင့်ခိုင် ကိုယ်တိုင်ဆို ကိုယ်တိုင်တီးပြမယ့် သီချင်းလေးကို နားဆင်ကြည့်လိုက်ရအောင်ဗျား''



ဒေါ်မြမြနွယ်သည် နှင်းနှင်းဝင့်ခိုင်သီဆိုမည့် သီချင်းကို အသက် ပင်မရှူမိပဲ စောင့်ဆိုင်းနားထောင်နေခဲ့သည်။

ဒါ.. မ ဖြစ်နိုင်ပါဘူး၊ တိုက်ဆိုင်တာပဲ ဖြစ်မှာ ပါ။

ဒေါ်မြမြနွယ်က သည်လိုပဲတွေးခဲ့သည်။

သို့သော်.. အော်ဂင်မှထွက်ပေါ်လာသော အစပျိုးတီးလုံးသံ ကြားလိုက်ရုံနှင့် ပင်.. ဒီသီချင်းဟာ သူမ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့သီချင်း ဆိုတာကို ဒေါ်မြမြနွယ် သိလိုက်လေ၏ ။

ဒေါ်မြမြနွယ်သည် နှင်းနှင်းဝင့်ခိုင်သီဆိုမည့် သီချင်းကို သိပြီး ဖြစ်သော်လည်း.. ယခု တီဗီတွင် ထပ်ကြားရပြန်တော့ သူမရင်ခုန်သံ များ မြန်လာရပြန်လေသည်။

ဒါ.. တိုက်ဆိုင်မှုမဟုတ်ပါလား။ နှင်းနှင်းဝင့်ခိုင်ဆိုတဲ့မိန်းက လေး ဒီသီချင်းကို ဘယ်လိုရလာပါလိမ့်။

နွေမှာ ...

သူရိန်နေမင်း ထန်ပြင်းအပူအောက်

သွေ့ချောက်မူးမူး...

တပေါင်းလေရူးနဲ့အတူ...

အချစ်တို့လွင့်ပါး...

ပျောက်ကွယ်သွားပြီကွယ်...

မိုးမှာ ...

လျှပ်ရောင် ဝင်းဝင်း မိုးသက်နှင်းနဲ့

ထန်ပြင်းမုန်တိုင်း

လေအရိုင်းနဲ့အတူ...

အချစ်တို့လွင့်ပါး...

ပျောက်ကွယ်သွားပြီကွယ်...

နွေနှောင်း... မိုးနှောင်း....

ရာသီပြောင်းခဲ့ပြီ.....

လေရိုင်း မိုးရိုင်း အပူရိုင်းတွေ လည်း...

လောကမြေပြင် စင်ခဲ့ပြီလေ...

နှင်းနှင်းဝင့်ခိုင်နှုတ်မှထွက်ပေါ်လာသော သီချင်းသံများ က ဒေါ် မြမြနွယ်နှလုံးသားကို ဆုပ်ချေလိုက်ပြန်သည်။

ဆောင်းနဲ့အတူ

အချစ်တွေ ယူလာပါရစေ..

နှင်းပေါက်ဖွေးဖွေး ဆောင်းအေးအေးမှာ ...

နွေးထွေးတဲ့နှလုံးသားပေါ်

အချစ်နှင်းပေါက်

တဖျောက်ဖျောက်ကြွေပါရစေ...

အကြင်နာနှင်းပွင့်

အဆင့်ဆင့်ခြွေပါရစေ....

''ဒီသီချင်းကို အမျိုးသားပဲဆိုဆို.. အမျိုး သမီးပဲ ဆိုဆို.. ဆိုလို့ရအောင်ရေး ထားတာ နွယ်၊ သီချင်းက အချစ်သီချင်းဆိုတော့ ဘယ်သူပဲဆိုဆို ရတယ်လေ... တကယ်တော့... နွယ့်အတွက် ရည်ရွယ်ပြီး ရေး ထားတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေ ပါ... နွယ်...''

သည်သီချင်းနှင့် ပတ်သက်ပြီး... တစ်ယောက် သော သူ ပြောခဲ့ သည့်စကားများ က ဒေါ်မြမြနွယ်နားထဲမှာ ပဲ့တင်ထပ်လာလေသည်။

နှောင်းခဲ့ပြီနွေ....

ကြွေခဲ့င်္ပြမိုး...

ဆောင်းရောက်ပြီလေ...

အချစ်ရေ... အချစ်ရေ...

အချစ်တွေ ယူလာပါရစေ...

အချစ်တွေ ယူလာပါရစေ...

အချစ်တွေ ယူလာပါရစေ...

သီချင်းဆုံး သွားပါပြီ။

''ကောင်းလိုက်တဲ့သီချင်းလေးကွယ်.. ကဲ.. သမီးရေ.. သမီးရှေ့ကသီဆိုသွားတဲ့သူငယ်ချင်းများ ကို ဖိတ်ခေါ်လိုက်ပါဦးသမီးရေ''

''ဟုတ်ကဲ့ရှင့်.. သမီးနဲ့အတူ ဆိုကြမယ်ပျော်ကြမယ်အစီ အစဉ်မှာ အတူပါဝင်ကြတဲ့ သူငယ်ချင်းများ ရှင်.. စင်ပေါ်ကိုကြွခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်''

ဆုကြေငြာရန်အတွက်.. ပြိုင်ပွဲဝင်သူအားလုံးကို စင်ပေါ်သို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါသည်။



ဆုကြေညာသည့်အခါ.. ကျော်ဇော်မော်ကို ပထမဆုရကြောင်း ဦးစွာ ကြေညာလိုက်သည်။

လက်ခုပ်သံများ ဆူညံသွားလေ၏ ။ အများ ထဲတွင် ဒေါ်မြမြနွယ် ၏ လက်ခုပ်သံက အကျယ်ဆုံး ဖြစ်လိမ့်မည် ထင်သည်။

''ပထမဆုက ဒီတစ်ဆုတည်းမဟုတ်သေးပါဘူးခင်ဗျား၊ ပူးတွဲ ပြီးပထမရသူ ရှိပါသေးတယ်၊ နောက်ထပ် ပထမဆုရသူ တစ်ယောက် ကို ထပ်ပြီးကြေညာပါ့မယ်ခင်ဗျား''

မောင်မေတ္တာက ကြေညာလိုက်ရာ.. ပရိသတ်အားလုံး အသံ များ တိတ်ဆိတ်သွားလေ၏ ။

''ပူးတွဲ ချန်ပီယံအနေနဲ့ ပထမဆုကိုဆွတ်ခူးသူ နောက်တစ် ယောက် ကတော့... ကိုယ်တိုင်တီးခတ်ပြီး သီဆိုဖျော်ဖြေသွားတဲ့... နှင်းနှင်းဝင့်ခိုင်ပဲ ဖြစ်ပါတယ်ခင်ဗျား''

ကျော်ဇော်မော်နှင့် နှင်းနှင်းဝင့်ခိုင်တို့ နှစ် ဦးစလုံး ပထမဆုများ ရခဲ့ကြပါသည်။

ရုပ်မြင်သံကြားဖန်သားပြင်ပေါ်၌ .. ကျော်ဇော်မော်နှင့်နှင်းနှင်း ဝင့်ခိုင်ကို ဆုချီးမြှင့်ပုံ၊ သူတို့နှစ် ယောက် က ကျေးဇူးတင်စကားပြန်လည် ပြောကြားပုံများ ပေါ်လာလျှက်ရှိသည်။

ဒေါ်မြမြနွယ်၏ စိတ်အစဉ်သည် အတိတ်သို့လွင့်ပါးသွားပြန် လေ၏ ။

မြမြနွယ်ငယ်စဉ်က သီချင်းပဟေဠိဖြေဆိုရာတွင် .. ကိုသက် ခိုင်နှင့် ပူးတွဲ ပထမရခဲ့သည်။ ယခု.. သားကလည်း ပထမဆုကို နှင်းနှင်း ဝင့်ခိုင်ဆိုသည့်မိန်းကလေးနှင့် ပူးတွဲ ရသွားသည်။

တိုက်ဆိုင်မှုတစ်ခုပါပဲ။

နောက်ထပ်တိုက်ဆိုင်မှုတစ်ခုရှိသေးသည်။

ထိုပွဲတွင် ... အဆိုတော် ကြီး ဒေါ်တင်တင်မြကို ပြိုင်ပွဲဝင် များ အား အကဲဖြတ်သူ ဒိုင်လူကြီးတစ်ဦးအ ဖြစ် မြင်တွေ့ ခဲ့ရခြင်းပင် ဖြစ်ပါသည်။

မြမြနွယ်ငယ်စဉ်က သီချင်းပဟေဠိကဏ္ဍတွင် ပဟေဠိပုစ္ဆာများ မေးမြန်းခဲ့သူ အဆိုတော် တင်တင်မြသည်... ယခုထိတိုင် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားဌာန၌ အကြံပေးအရာရှိအ ဖြစ် ရှိနေဆဲ။

သည်တော့လည်း... ဒေါ်မြမြနွယ်အဖို့ သားတို့ဆိုကြမယ် ပျော်ကြမယ်အစီအစဉ်ကိုကြည့်ရင်းက အတိတ်အကြောင်းများ ကို ပြန်လည်သတိရမိတာ မဆန်းတော့ပါပေ။



၂ ( က )

အစီအစဉ်အပြီးမှာ အသံလွှင့်ခန်းမထဲကထွက်လာတော့ ကိုသက်ခိုင်က မြမြနွယ်နှင့်သင်းသင်းအေးတို့နောက်ကို လိုက်လာသည်။

''မမြမြနွယ်''

မြမြနွယ်က နောက်ကိုလှည့်ကြည့်လိုက်သည်။

''မမြမြနွယ်၊ ခဏနေပါဦး၊ ကျွန်တော့် ကိုအော်တိုလေးရေး ပေး ခဲ့ပါဦးဗျာ''

ကိုသက်ခိုင်က သူ့မှာ ပါလာသော အပြာရောင် အဖုံးဖြင့် အော်တို စာအုပ်ကလေးကို လှမ်းပေးရင်းပြောလိုက်သည်။

''ပထမဆုကို ပူးတွဲ ရတဲ့သူချင်း အမှတ်တရပေါ့ဗျာ''

..ဟု ဆက်ပြောသည်။

မြမြနွယ်က ပြုံးရင်း သူ့ထံမှအော်တိုစာအုပ်ကလေးကိုယူကာ စာတချို့ရေး ပေးလိုက်၏ ။

အခုအချိန်မှာ ပြန်စဉ်းစားကြည့်တော့ အော်တိုထဲမှာ ဘာ ရေး ပေးလိုက်မိတယ်ဆိုတာ ဒေါ်မြမြနွယ် မမှတ်မိတော့ပါ။ လက်မှတ် ထိုးပြီး လက်မှတ်အောက်မှာ လိပ်စာရေး ပေးလိုက်မိသည်။ လိပ်စာက လည်း တကယ်တော့ တိတိကျကျလိပ်စာမဟုတ်ပါ။ မြမြနွယ်တို့က ထိုစဉ်က လှည်းတန်းထိပ်မှာ စတိုးဆိုင်တစ်ခုဖွင့်ထားခဲ့သည်။ စတိုး ဆိုင်နာမည် ''လှကမ္ဘာစတိုးဆိုင်'' ဆိုတာသာ ရေး ပေးမိခြင်း ဖြစ်၏ ။

ကိုသက်ခိုင်နှင့်လူချင်းဆုံတွေ့ ဖူးသည်မှာ အလွန်ဆုံး တစ်နာရီ သာသာအချိန်မျှသာကြာမြင့်ပါသည်။

သို့သော်...

မြမြနွယ်ဘယ်လိုမျှမျှော်လင့်မထားသော စာတစ်စောင်သည် နောက်တစ်ပတ်အကြာတွင် စတိုးဆိုင်လိပ်စာဖြင့် စာတိုက်မှရောက်လာ ခဲ့လေ၏ ။ ကိုသက်ခိုင် မိတ္ထီလာမှ ရေး ပို့လိုက်သော စာ ဖြစ်ပါသည်။ အိမ်နံပါတ်မပါ၊ လမ်းအမည် မပါသော စာ... တည့်တည့်မတ်မတ် ရောက်လာခြင်းမှာ စတိုးဆိုင်အမည် ကြောင့်ပင် ဖြစ်ပါသည်။

ကိုသက်ခိုင်ရဲ့ အော်တိုစာအုပ်ထဲမှာ ''လှကမ္ဘာစတိုးဆိုင်၊ လှည်းတန်းထိပ်၊ ကမာရွတ်''ဆိုတာလောက်သာ ရေး ပေးမိသော်လည်း ဆိုင်က လူစည်ကားရာ လှည်းတန်းထိပ်မှာ ရှိနေသော ကြောင့်.. ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်းပင် ဖြစ်ပါသည်။

ကိုသက်ခိုင် စာတစ်စောင်ပေတစ်ဖွဲ့ ရေး လာလိမ့်မည် ဟု မမျှော်လင့်ခဲ့သော မြမြနွယ်သည် တအံ့တသြဖြင့် စာကိုထုတ်ဖတ် လိုက်သည်။

စာက သာမန်သဘောမျှ သတိရကြောင်း ရေး ထားသော စာ ဖြစ်ပါသည်။

စာထဲတွင် ကိုသက်ခိုင်က သူသည် ဂီတကို အသက်တမျှ မြတ်နိုးသူ ဖြစ်ကြောင်း၊ သူတို့မြို့မှ ပွဲလမ်းသဘင်များ တွင် စင်ပေါ်တက်၍ သီချင်းဆိုလေ့ရှိကြောင်း၊ သီချင်းလည်း ရေး ကြောင်း၊ တစ်နေ့တွင် တေးရေး တေးဆိုဂီတပညာရှင်တစ်ဦး ဖြစ်လာဖို့ ရည်ရွယ်ထားကြောင်း တွေ ရေး ထား၏ ။ မြမြနွယ်ကိုလည်း ဂီတကိုဝါသနာထုံသူတစ်ဦးဟု ထင်ကြောင်း ရေး ထားသည်။

သူပြောသလို မြမြနွယ်သည် ဂီတကို ဝါသနာထုံသူတစ်ဦးမျှသာ ဖြစ်ပါသည်။ သူ့လိုတော့ ကိုယ်တိုင်သီဆိုဖို့အထိ မြမြနွယ်မရည်ရွယ်ပါ။ သီချင်းတစ်ပုဒ် ဖြစ်မြောက်အောင်ရေး ဖို့ဆိုတာတော့ ဝေးရောပေါ့။

မြမြနွယ် စာပြန်လိုက်ပါသည်။

မြမြနွယ် စာပြန်လိုက်တော့ နောက်တစ်ပတ်အကြာမှာ ကိုသက် ခိုင်ထံက စာတစ်စောင်ရောက်လာပြန်သည်။ မြမြနွယ်ထံမှပြန်စာ ကိုမမျှော်လင့်ရဲပဲ ရေး လိုက်ခြင်း ဖြစ်ရာ မြမြနွယ်စာပြန်ရေး သည့်အတွက် ကျေးဇူးတင်ကြောင်း ရေး ထားသည်။

သည်လိုနှင့် ကိုသက်ခိုင်နှင့်မြမြနွယ်သည် စာသုံးလေးစောင် လောက် အပြန်အလှန်ရေး မိကြသည်ထင်သည်။ တိတိကျကျ ဒေါ်မြမြနွယ် မမှတ်မိတော့ပါ။

သူ့စာများ တွင် သီချင်းအကြောင်း ဂီတအကြောင်းတွေ ရေး တာ များ သည်။

မြမြနွယ်တို့ သီချင်းပဟေဠိဖြေခဲ့တာ မေလထဲတွင် ဖြစ်သည်။ ဇူလိုင်လရောက်မှ ဆယ်တန်းအောင်စာရင်းတွေ ထွက်လာ၏ ။ မြမြနွယ် ရော.. သင်းသင်းအေးပါ အောင်ကြသည်။

အောင်စာရင်းထွက်ပြီး တစ်ပတ်အကြာတွင် ကိုသက်ခိုင်ထံ မှ စာရောက်လာပြန်သည်။ သူလည်း ဆယ်တန်းအောင်တယ်တဲ့။ မြမြ နွယ်တို့အောင်မအောင် သိချင်၍ စာဖြင့် လှမ်းမေးလိုက်ခြင်း ဖြစ်သည်။

မြမြနွယ်က သင်းသင်းအေးပါ ဆယ်တန်းအောင်ကြောင်း စာပြန်ရေး လိုက်ပါသည်။

နောက်တစ်ခါလာသည့်ကိုသက်ခိုင်စာထဲမှာ တော့.. အားငယ် သော အရိပ်အယောင်များ ပါလာခဲ့လေသည်။

မမြမြနွယ်တို့ကတော့ ရန်ကုန်မှာ နေတာ လည်း ဖြစ်၊ မိဘကလည်း ချမ်းသာတော့ (ကျွန်တော့်  အထင်ပြောတာပါ) တက္ကသိုလ်ဆက်တက်ဖို့ အဆင် ပြေတာပေါ့ဗျာ၊ တက္ကသိုလ်နဲ့အိမ်နဲ့ကလည်း နီးနီး လေးမဟုတ်လား၊ ကျွန်တော် လည်း တက္ကသိုလ်တက် ချင်ပါတယ်၊ ကျွန်တော့် စိတ်ကူးယဉ်အိပ်မက်ထဲမှာ အဓိကပါဝင်နေကျ နေရာကြီးတစ်ခုက တက္ကသိုလ် ပဲလေ၊ တက္ကသိုလ်ရောက်ရင် အနုပညာအသင်းထဲ ဝင်၊ သီချင်းတွေ ဆို၊ သီချင်းတွေ ရေး ရင်းက ပြင်ပက ဂီတလောကနဲ့ ဆက်သွယ်မိပြီး ဂီတလောကမှာ အောင်မြင်နိုင်မယ်ဆိုတဲ့ စိတ်ကူးပေါ့...

တကယ်တန်းတော့ဗျာ၊ ကျွန်တော် တို့က ဆင်းရဲပါတယ်၊ ကျွန်တော့် မှာ အမေမရှိတော့ပါဘူး၊ ဆုံး သွားပါပြီ၊ အဖေကပဲ ကျွန်တော် တို့ မောင်နှမတွေ ကို ကားမောင်းပြီး လုပ်ကျွေးနေတာပါ၊ ကျွန်တော့်  မှာ မောင်နှမသုံးယောက် ရှိတယ်လေ၊ ကျွန်တော် က အကြီးဆုံးပေါ့၊

ဆယ်တန်းအောင်ပေမယ့်... ကျွန်တော် တက္ကသိုလ်ဆက်တက်ဖို့ မ ဖြစ်ပါဘူးဗျာ။ အငယ် တွေ အတွက် ကျွန်တော့် မှာ တာဝန်ရှိလာပြီလေ၊ အဖေ့ကိုလည်း ဆက်ပြီး ဒုက္ခမပေးချင်တော့ဘူး၊ အဖေလည်း ကျွန်တော် တို့ကို ရုန်းကန်ကျွေးမွေး ရတာ ပင်ပန်းလှပါပြီ။ ကျွန်တော် တော့ စာပေးစာယူ သင်တန်းပဲ တက် ဖြစ်တော့မှာ ပါ မမြမြနွယ်။

ကျွန်တော့် စာကိုဖတ်ပြီး မမြမြနွယ် စိတ်များ ပျက်သွားပြီလား မသိဘူး။

ကိုသက်ခိုင်ဆီက ထိုစာရောက်လာပြီးနောက်တွင် မြမြနွယ် စာမပြန် ဖြစ်တော့ပါ။ ကိုသက်ခိုင်ဆီက စာများ လည်း ရောက်မလာတော့ ပေ။

နောက်များ မကြာမီ တက္ကသိုလ်များ ပြန်ဖွင့်တော့ မြမြနွယ်ရော သင်းသင်းအေးပါ စီးပွားရေး တက္ကသိုလ်မှာ တက်ခွင့်ရခဲ့သည်။



ဆိုပျော်အစီအစဉ်ကိုရိုက်ကူးအပြီးမှာ .. ဧည့်သည်အားလုံး ခန်းမထဲမှထွက်လာကြသည်။

ဒေါ်မြမြနွယ်သည် ခန်းမအပြင်တွင် သားကျော်ဇော်မော်ကို ရပ်စောင့်နေခဲ့သည်။

ကျော်ဇော်မော်ကိုရပ်စောင့်ရင်းမှ.. ခန်းမထဲမှထွက်လာမည့်  နှင်းနှင်းဝင့်ခိုင်ဆိုသည့်မိန်းကလေးကိုပါ စောင့်နေခဲ့ခြင်း ဖြစ်သည်။

ဒေါ်မြမြနွယ် နှင်းနှင်းဝင့်ခိုင်ကို တွေ့ ချင်နေမိသည်။ သူ ဘယ်သူလဲ၊ ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ...ဆိုတဲ့သီချင်း ကို သူဘယ်လိုရခဲ့တာလဲ။

မိတ္ထီလာကပါလို့ စင်ပေါ်မှာ နှင်းနှင်းဝင့်ခိုင်ပြောခဲ့သည့်စကား ကလည်း.. ဒေါ်မြမြနွယ်ကိုစိတ်ဝင်စားစေခဲ့သည်။

နှင်းနှင်းဝင့်ခိုင်ဆိုတာ ဘယ်သူလဲကွယ်...

သို့သော်.. ဒေါ်မြမြနွယ်သည် လူကုန်သည်ထိရပ်စောင့်နေ သည့်တိုင် နှင်းနှင်းဝင့်ခိုင်ကိုမတွေ့ ခဲ့ရပါ။

နှင်းနှင်းဝင့်ခိုင်အပေါ်မှာ စိတ်ဝင်စားမှုက ယခုထိတိုင် ဒေါ် မြမြနွယ်ရင်ထဲမှာ ရှိနေသည်။

ဒီနေ့.. ရုပ်မြင်သံကြားက သားတို့ရဲ့ ဆိုပျော်ကဏ္ဍကို ထုတ် လွှင့်ပြသလိုက်သည့်အခါ.. ဒေါ်မြမြနွယ်၏ မတင်မကျ ဖြစ်နေသော စိတ်များ က ရုန်းထလာပြန်လေသည်။

နှင်းနှင်းဝင့်ခိုင်... သူ ဘယ်သူပါလိမ့်။ ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ...ဆိုတဲ့သီချင်းကို သူဘယ်လိုရခဲ့တာပါလိမ့်။

''မေမေ.. သားဒီအခွေကို ဆယ်ခွေလောက် ပွားလိုက်မယ် နော်၊ သူငယ်ချင်းတွေ ကို လက်ဆောင်ပေးရတာ ပေါ့''

ကျော်ဇော်မော်က တီဗီမှလာသည့် ဆိုပျော်အစီအစဉ်ကို အောက်စက်ထဲတွင် တိတ်ခွေထည့်၍ ကူးထားခြင်း ဖြစ်သည်။ အစီအစဉ် အပြီးတွင် တိတ်ခွေကိုထုတ်ယူရင်း ဒေါ်မြမြနွယ်ကိုပြောလိုက်သည်။

''သြော်.. အင်း.. သားက လူတကာကိုလျှောက်ကြွားဦး မလို့ပေါ့လေ''

''ဒါပေါ့မေမေရဲ့ .. ဆိုပျော်မှာ ဝင်ပြိုင်ခွင့်ရဖို့တောင် လွယ် တာမဟုတ်ဘူး၊ သားက ပထမဆုတောင် ရထားတာဆိုတော့ ကြွားရ မှာ ပေါ့''

ဒေါ်မြမြနွယ်က ကျော်ဇော်မော်ကို ပြုံးကြည့်နေလိုက်သည်။

သူမ ငယ်စဉ်ကလည်း.. ရေဒီယိုမှထုတ်လွှင့်ခဲ့သည့် သီချင်း ပဟေဠိအစီအစဉ်ကို ကူးထားတဲ့တိတ်ခွေအား....အိမ်လာသမျှ ဧည့်သည်များ ကိုဖွင့်ပြကာ ကြွားဝါခဲ့ဖူးသည်ပဲ။

မြမြနွယ်တို့ ရေဒီယိုမှတိုက်ရိုက်ထုတ်လွှင့်နေစဉ်.. အိမ်မှာ မောင်လေးက ကက်ဆက်ဖြင့် ကူးပေးထားခြင်း ဖြစ်သည်။

လူငယ်ဆိုတော့လည်း ဒီလိုပါပဲ။ ကိုယ့်အောင်မြင်မှုကို ကြွားဝါ ချင်ကြသည်။ တက်ကြွတဲ့အရွယ်ပေကိုး။

သားက တိတ်ခွေတွေ မိတ္တူပွားပြီး သူငယ်ချင်းတွေ လက်ဆောင် ပေးမယ်ဆိုမှပင်.. ငယ်စဉ်က သီချင်းပဟေဠိအစီအစဉ်ကို ကူးထား သည့်တိတ်ခွေလေးကို ဒေါ်မြမြနွယ် သတိရမိတော့သည်။

ခုတော့လည်း.. အိမ်ပြောင်းတာရွှေ့တာတွေ နှင့် ထိုတိတ်ခွေ လေး ဘယ်ရောက်လို့ရောက်မှန်းပင်မသိတော့ပါ။ နှစ် ကာလတွေ လည်း ကြာပြီ။ နှစ် ပေါင်းနှစ် ဆယ်အစိတ်ဆိုတာ နည်းမှတ်လို့။ ဒေါ်မြမြနွယ်အဖို့ ဒါတွေ ကို တယုတယလုပ်နေစရာအရွယ်မျိုးလည်း မဟုတ်တော့ပါ။

သို့သော်...

ဒီနေ့မှာ တော့.. အားလုံးကိုသတိရစရာတွေ နဲ့ချည်း ကြုံနေ ရသည်။

သားတို့ဆိုပျော်အစီအစဉ်နှင့်ဆက်နွှယ်လျှက်...

ငယ်ငယ်ကဖြေခဲ့တဲ့ သီချင်းပဟေဠိကဏ္ဍ...

ကိုသက်ခိုင်...

ပြီးတော့... ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ..ဆိုတဲ့ သီချင်း....

အားလုံးက တစ်ခုပြီးတစ်ခု ဆက်စပ်သတိရစရာတွေ ဖြစ်လာ သည်။

ဒေါ်မြမြနွယ် သက်ပြင်းချလိုက်မိလေသည်။



၂ ( ခ )

''သမီးရေ.. ဟောဒီမှာ မောင်ဂျင်မီ ရောက်နေတယ်ဟေ့၊ သမီးကို သူ့ကားနဲ့ ကျောင်းလိုက်ပို့မလို့တဲ့''

ယနေ့သည်.. မြမြနွယ်အတွက် တက္ကသိုလ်ကျောင်းသူဘဝ ပထမဆုံးနေ့ ဖြစ်သည်။

ကျောင်းသွားရန်ပြင်ဆင်နေသော မြမြနွယ်သည် အခန်းဝမှာ လာရပ်၍ မိခင် ဖြစ်သူပြောလိုက်သော စကားကြောင့်.. စိတ်ညစ်သွား လေသည်။

ဂျင်မီဆိုသော ဂျင်မီအောင်လတ်။ နိုင်ငံခြားသင်္ဘောနှစ် ခေါက် လိုက်ပြီးပြန်လာတဲ့ သူဌေးသား။ မိဘချင်းက ရင်းနှီးပြီးသားမို့.. မေမေ တို့က ဂျင်မီ့ကိုအရေး ပေးနေသည်။ ဂျင်မီကလည်း သည်တစ်ခေါက် သင်္ဘောပေါ်ကဆင်းအလာတွင် .. မြမြနွယ်ကို ယခင်ကနဲ့မတူ အရေး တယူရှိလှပေသည်။

''ကြည့်စမ်း.. ကိုဂျင်မီ သင်္ဘောတက်သွားတုံးက နွယ်နွယ် ခုနစ်တန်းပဲရှိသေးတာနော်၊ ကလေးလေးပဲရှိသေးတာ၊ ခုတော့.. ဆယ်တန်းကျောင်းသူကြီးနွယ်နွယ်က တော် တော် လှလာတာပဲ၊ အပြင်မှာ တွေ့ ရင် မှတ်မိမှာ တောင်မဟုတ်ဘူး''

သင်္ဘောပေါ်ကဆင်းပြီး အိမ်ကိုလာအလည်မှာ ဂျင်မီပြောခဲ့ သော စကားများ ဖြစ်ပါသည်။

ဂျင်မီက ထိုစကားများ ကို လူကြီးတွေ ရှေ့မှာ ပင်.. ဗြောင်ပြော ခဲ့လေသည်။

ဂျင်မီက လူကြီးချင်းခင်မင်ရင်းနှီးသည်ကို အခွင့်ကောင်းယူ ကာ အိမ်ကိုခဏခဏလာလည်သည်။ လာတိုင်းလည်း မြမြနွယ်ဖို့ တစ်ခု မဟုတ်တစ်ခု လက်ဆောင်တွေ ယူလာတတ်၏ ။ မေမေတို့ကတော့ ဂျင်မီ့ ကို သဘောကျနေကြပါသည်။

မြမြနွယ်ကတော့.. ဂျင်မီ့ကို သဘောမကျပါ။ ဂျင်မီတစ် ယောက် ဘဝင်မြင့်လွန်းတယ်ထင်ပြီး ကြည့်မရခြင်းပဲ ဖြစ်သည်။

ဂျင်မီသည် သင်္ဘောပေါ်မှာ တော့ ဘာလုပ်ရတယ်မသိ။ ပြော သမျှစကားကတော့ နိုင်ငံခြားစကားချည်း ဖြစ်နေသည်။ ''ဟိုမှာ ဆိုရင်.. ဟိုမှာ ဆိုရင်''..နဲ့ နိုင်ငံခြားအတွေ့ အကြုံတွေ ထည့်ထည့်ပြောတာကို မြမြနွယ်က နားကြားပြင်းကပ်သည်။ သူပြောသမျှကိုလည်း မယုံချင်ပါ။ ဘယ့်နှယ်.. သင်္ဘောပေါ်မှာ အောက်ခြေသိမ်းအလုပ်ကြမ်းလုပ်ရတဲ့လူ က နိုင်ငံရပ်ခြားတိုင်းပြည်တွေ က မြို့ကြီးပြကြီးတွေ ဆီ အကုန်ရောက်ဖူး ပြီး အတွေ့ အကြုံအစုံကို ကြုံဖူးတွေ့ ဖူးတယ်တဲ့။ ယုံလောက်စရာမရှိပါ။ ကြားဖူးနားဝနှင့်လျှောက်ဖြီးနေခြင်းပဲ ဖြစ်လိမ့်မည် ။

မြမြနွယ်က မယုံသော်လည်း မေမေတို့က ဂျင်မီပြောသမျှကို ယုံနေကြသည်။ အထင်ကြီးနေကြသည်။ မေမေတို့တွင် မဟုတ်သေးပါ။ နိုင်ငံခြားပြန်သင်္ဘောသားဆိုပြီး.. ဒီကလူတွေ က ဂျင်မီ့ကိုအထင်ကြီး ချင်တိုင်းကြီးနေကြပေသည်။ နိုင်ငံခြားရောက်ဖူးဖို့ဆိုတာ မလွယ်တဲ့ ခေတ်မို့..နိုင်ငံခြားကိုရောက်ဖူးတဲ့လူဆိုလျှင် ဘယ်လိုနည်းနဲ့ရောက် ရောက် ရမ်းသန်းအထင်ကြီးကြသူတွေ က များ ပါသည်။ (၁၉၇၈ခုနှစ် ဖြစ်ပါသည်)

မြမြနွယ်ကတော့.. ဆယ်တန်းပင် အောင်အောင်မဖြေနိုင်ခဲ့ သော ဂျင်မီ့ကို အထင်ကြီးလို့မရ။ ပြီးတော့.. ဂျင်မီက မြမြနွယ်ထက် အသက်၇နှစ် ၈နှစ် လောက်ကြီးသေးသည်။

စကားပြောလျှင်.. သူ့ကိုယ်သူ ''ကိုဂျင်မီကလေ.. ကိုဂျင်မီ က..''..ဆိုပြီး နာမည် ထည့်ထည့်ပြောပုံကလည်း အမြင်ကပ်စရာကြီး။

မြမြနွယ် သက်ပြင်းချလိုက်သည်။

ကျောင်းသွားခါနီး မှ ဂျင်မီက ရောက်လာသေး၏ ။

အားလုံးပြင်ဆင်ပြီးပြီမို့.. မြမြနွယ်က ဧည့်ခန်းကိုထွက်လာ လိုက်လေသည်။

ဧည့်ခန်းတွင် ဂျင်မီက ထိုင်စောင့်နေ၏ ။

''နွယ်နွယ်.. ကျောင်းသွားတော့မလား၊ ကိုဂျင်မီ့ကားနဲ့လိုက် ပို့မလို့ ကိုဂျင်မီအချိန်မီလာခဲ့တာနွယ်နွယ်''

''ကိစ္စမရှိပါဘူး၊ နွယ်က ခြေလျင်သွားမလို့ပါ၊ ကျောင်းနဲ့အိမ် နဲ့ နီးနီးလေးဟာကို''

''ဒီလိုဘယ်ဟုတ်မလဲနွယ်နွယ်၊ တက္ကသိုလ်ကျောင်းသူ ဖြစ်နေ ပြီပဲ၊ ကားနဲ့ကျောင်းတက်တော့ ဂုဏ်ရှိတာပေါ့''

''တော် ပါကိုဂျင်မီရယ်.. ကိုယ့်ကားမှမဟုတ်တာ၊ ဂုဏ်မရှိ တဲ့အပြင် ရှက်စရာတောင်ကောင်းသေးတယ်''

မေမေက..''ဟဲ့..သမီး''..ဆိုပြီး လှမ်းဟန့်သည်။

''နွယ်နွယ်နေ့တိုင်း ကားနဲ့ကျောင်းတက်ချင်ရင် ကိုဂျင်မီ နေ့တိုင်းလိုက်ပို့မှာ ပေါ့နွယ်နွယ်၊ ကိုဂျင်မီလည်း သင်္ဘောပြန်မတက်ခင် အားနေတာပဲ''

''အို.. မလိုပါဘူး၊ နွယ့်သူငယ်ချင်းပါသေးတယ်၊ သူ့ကို စောင့်ရဦးမှာ ''

''သမီး.. မောင်ဂျင်မီက စေတနာနဲ့ ကားနဲ့လာခေါ်တာကို ဘယ်လိုပြောတာလဲကွဲ့''

''မဟုတ်ပါဘူးမေမေ၊ လှည်းတန်းထိပ်နဲ့တက္ကသိုလ်နဲ့ ဝေးတာ မှမဟုတ်တာ၊ မာလာမြိုင်လမ်းထဲကဖြတ်သွားရင် သမီးတက်မယ့် စီးပွား ရေး တက္ကသိုလ်ကို ရောက်တယ်လေ၊ ကားနဲ့သွားမှ တစ်ကွေ့တစ်ပတ် ကြီး ပတ်နေရဦးမယ်၊ လှည်းတန်းမီးပွိုင့်က ဒီအချိန် ကားကြပ်တဲ့ အချိန်ကြီး၊ ပြီးတော့.. သင်းသင်းနဲ့အတူသွားဖို့ ချိန်းထားပြီးသား ဖြစ် နေလို့ပါ''

''ဘာပဲ ဖြစ် ဖြစ်.. မောင်ဂျင်မီလာခေါ်နေမှတော့ မောင်ဂျင်မီ့ ကားနဲ့ပဲ လိုက်ပို့ပါစေကွယ်၊ သင်းသင်းပါ တစ်ပါတည်းခေါ်သွားပေါ့''

ပြောဆိုနေကြစဉ်မှာ ပင်.. သင်းသင်းအေးရောက်လာပါသည်။

''နွယ်ရေ.. ပြီးပြီလား၊ သွားကြစို့ဟေ့''

''သင်းသင်းရေ.. ဟောဒီမှာ မောင်ဂျင်မီက သမီးတို့ကို ကားနဲ့လိုက်ပို့မလို့တဲ့''

''ဟင်.. ဟုတ်လား၊ ကောင်းတာပေါ့၊ တက္ကသိုလ်ပထမဆုံး တက်တဲ့ရက်မှာ ကားနဲ့သွားရမှာ ဆိုတော့ အိုကေပဲ''

အလိုက်မသိပြောလိုက်သော သင်းသင်းအေးကို မြမြနွယ်က မျက်စောင်းလှမ်းထိုးလိုက်လေသည်။



မြမြနွယ်ပြောခဲ့တဲ့အတိုင်းပင်။ ကားနဲ့သွားတာက ခြေလျင်သွား တာထက် ပိုပြီးတောင် ကြာနေသေး၏ ။ စိတ်မရှည်စရာလည်း ကောင်း လှသည်။

မြမြနွယ်တို့အိမ်က အင်းစိန်လမ်းမပေါ်မှာ ။ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ထဲကိုရောက်ဖို့.. လှည်းတန်းမီးပွိုင့်ကို ကျော်ဖြတ်ရသည်။ အသွားအလာများ ချိန်မို့ လမ်းငါးသွယ်ဆုံသော လှည်းတန်းမီးပွိုင့်မှာ ပင်.. အချိန်တော် တော် ကြာသွားလေ၏ ။

ဂျင်မီက ပြည်လမ်းဖက်ကို မချိုးတော့ပဲ တက္ကသိုလ်ရိပ်သာ လမ်းဖက်ရှိအပေါက်မှဝင်ကာ.. ဘွဲ့နှင်းသဘင်နှင့် တည့်တည့် အဓိပတိ လမ်းမကြီးအတိုင်း ကားကိုမောင်း ဝင်ခဲ့သည်။

''ကျေးဇူးပါပဲကိုဂျင်မီ''

စီးပွားရေး တက္ကသိုလ်ရှေ့ရောက်လို့.. ကားအရပ်တွင် မြမြနွယ် က ကားပေါ်ကဆင်းရင်း.. ဂျင်မီ့ကိုပြောလိုက်သည်။

''ကျောင်းဆင်းရင်လည်း ကိုဂျင်မီလာကြိုမယ်လေ''

''အို.. ဒီနေ့မှကျောင်းစတက်တာ၊ သယ်အခန်းမှာ တက်ရလို့ ဘယ်အချိန်ပြီးမယ်ဆိုတာ သိတာမဟုတ်ဘူး''

''ရပါတယ်၊ ကိုဂျင်မီလာစောင့်နေမှာ ပေါ့''

''နေပါစေတော့ကိုဂျင်မီရယ်.. ကျေးဇူးတင်ပါတယ်၊ နွယ်တို့ ယုဒဿန်ခန်းမဘေးလမ်းကနေ ဖြတ်ပြန်ရင် အိမ်ကိုမဝေးပါဘူး၊ သွား မယ်နော်''

မြမြနွယ်က စကားကိုဖြတ်ကာ သင်းသင်းအေးလက်ကိုဆွဲ၍ ကျောင်းထဲသို့ဝင်ခဲ့လေသည်။



၂ ( ဂ )

နောက်နေ့များ တွင် .. သင်းသင်းအေးလာအခေါ်ကိုမစောင့် တော့ပဲ.. နွယ် အိမ်ကစောစောထွက်ပြီး သင်းသင်းအေးကို ဝင်ခေါ် လိုက်သည်။ နွယ်တို့နှစ် ယောက် အင်းစိန်လမ်းကနေ ပြည်လမ်းကိုပေါက် သည့် စံရိပ်ငြိမ်(၆)လမ်းထဲကဖြတ်ကာ ကျောင်းကိုသွားကြသည်။

ဂျင်မီ တစ်ယောက် လည်း နောက်တစ်ခေါက်သင်္ဘောပြန်တက် ဖို့ လုံးပန်းနေရသည်နှင့် .. နွယ့်ကျောင်းချိန်အမီ မလာနိုင်တော့ပါ။ နှစ် ရက်ခြားတစ်ခါ.. သုံးရက်ခြားတစ်ခါဆိုသလို.. ညနေပိုင်းမှာ တော့ နွယ်တို့အိမ်ကို လာလည်မြဲ ဖြစ်သည်။

နွယ်ကတော့.. ကျောင်းကို လမ်းလျှောက်သွားရတာ ပဲ ပျော် ပါသည်။ သူများ တွေ လို ဘတ်စ်ကားတိုးစီးစရာမလို.. အဆောင်မှာ နေစရာမလိုပဲ.. တက္ကသိုလ်နဲ့နီးတဲ့နေရာမှာ အိမ်ရှိနေတာကိုပင် ကံကောင်းတယ်လို့ထင်မိသည်။

နွယ့်ရဲ့ တက္ကသိုလ်ကျောင်းသူဘဝ တတိယနေ့တွင် တော့.. နွယ်သည် မျှော်လင့်မထားသော အံ့သြစရာ ဖြစ်ရပ်နှင့်ကြုံရလေတော့ သည်။

ထိုနေ့က အတန်းများ ပြီးချိန်တွင် .. နွယ်နှင့် သင်းသင်းတို့ အတန်းထဲကအတူထွက်အလာ.. ကော်ရစ်ဒါဒေါင့်ချိုးအရောက် နွယ့် နာမည် ကို လှမ်းခေါ်သံကြားလိုက်ရသည်။

''မမြမြနွယ်..''

နွယ်လှည့်ကြည့်လိုက်သော်လည်း.. အတန်းတွေ ထဲကထွက် လာသော ကျောင်းသားအုပ်စုကြောင့် ဘယ်သူကခေါ်လိုက်မှန်း မသိရ ချေ။ နွယ်က နောက်နေသည်ထင်၍ ဆက်လျှောက်မည် ပြင်ဆဲ..

''မမြမြနွယ်.. ကျွန်တော် ပါ၊ ကျွန်တော့် ကိုမှတ်မိလားဟင်''

လူအုပ်ထဲက ခွဲထွက်လာကာ နှုတ်ဆက်လိုက်သော သူ့ကို အမြင်တွင် နွယ်ရော သင်းသင်းပါ အံ့အားသင့်သွားကြလေသည်။

''ဟင်.. ကိုသက်ခိုင်''

''ဟုတ်ပါတယ်မမြမြနွယ်၊ မသင်းသင်းအေးရော နှစ် ယောက် စလုံး အီကိုအတူတူတက်ရတယ်နော်''

''ကိုသက်ခိုင်.. ကိုသက်ခိုင်.. ရှင်ဘယ်လိုရောက်လာတာ လဲ''

''ကျွန်တော် ဥပဒေဝင်ခွင့်ရတယ်၊ ကျောင်းလာတက်နေတာပါ မမြမြနွယ်၊ နေတော့အဆောင်မှာ နေခွင့်ရတယ်''

''ဟင်.. ဒါနဲ့ ကိုသက်ခိုင်စာထဲမှာ စာပေးစာယူနဲ့ပဲ ဖြေ တော့မှာ ဆို''

''မမျှော်လင့်တဲ့ အကြောင်းအရာတွေ ကြောင့်... ရန်ကုန် တက္ကသိုလ်ကျောင်းတော် ကြီးကို ရောက်လာရတာ ပါဗျာ''

''အမယ်.. တယ်ဆိုတဲ့စာပါလား၊ ကိုသက်ခိုင်က ဂီတသမား ပီသတယ်၊ စာရေး တော့လည်း ဖွဲ့ဖွဲ့နွဲ့နွဲ့၊ စကားပြောတော့လည်း..''

''ကြီးကျယ်တယ်လို့ပြောပါဗျာ''

''အို.. အဲဒီ လိုမပြောပါဘူး''

''ကဲပါ.. လမ်းမပေါ်မှာ ရပ်စကားပြောနေကြမလို့လား၊ တစ်နေရာရာသွားရအောင်လေ''

သင်းသင်းအေးက ဝင်ပြောလိုက်သည်။

''ဒီလိုလုပ်ပါလားကိုသက်ခိုင်၊ နွယ်တို့က ခြေလျင်လျှောက်ပြန် တာ၊ နွယ်တို့နဲ့အတူလိုက်ခဲ့လေ၊ စကားပြောရင်း သွားကြတာပေါ့''

''အဲဒီ လိုမကောင်းပါဘူး မမြမြနွယ်၊ ကျွန်တော် တို့သုံးယောက် သီချင်းပဟေဠိအတူတူဖြေခဲ့ကြပေမယ့် စကားကောင်းကောင်းမပြောဖူး ခဲ့ဘူးလေ၊ လက်ဘက်ရည်ဆိုင်ထိုင်ရင်း စကားပြောကြတာပေါ့၊ မကောင်း ဘူးလား''

''ဒါဖြင့်.. ကိုသက်ခိုင် ဒကာခံမလား''

''အို.. သင်းသင်းကလဲ..''

နွယ်က သင်းသင်းကို ဟန့်လိုက်သည်။ ကိုသက်ခိုင်က စာထဲ မှာ သူတို့ချို့တဲ့တဲ့အကြောင်းရေး ပြထားဖူးသည်မို့ နွယ်က အားနာကာ ဟန့်တားလိုက်ခြင်းပဲ ဖြစ်ပါသည်။

''ငါက သီချင်းပဟေဠိတုန်းက ပထမဆုရထားတဲ့လူမို့ ဒကာ ခံခိုင်းတာပါနွယ်ရဲ့ ''

''ပထမဆုကတော့ ငါလည်းရတာ ပဲ၊ ကဲပါ.. နွယ်ကပဲ ဒကာ ခံပါ့မယ်၊ လာ.. ဦးချစ်ဆိုင်ကိုသွားကြစို့''



နွယ်တို့ ဂျပ်ဆင်ရှေ့ကလမ်းအတိုင်း.. ဦးချစ်လက်ဘက်ရည် ဆိုင်ရှိရာသို့ လျှောက်လာခဲ့ကြသည်။

''ကိုသက်ခိုင် ကျောင်းမတက် ဖြစ်တော့ဘူး၊ စာပေးစာယူပဲ ယူတော့မယ်ဆိုပြီး.. ဘယ်လိုကျောင်းတက် ဖြစ်သွားတာလဲ၊ ပြောပါဦး''

လမ်းလျှောက်လာရင်းမှ နွယ်ကမေးလိုက်သည်။

''အဖေကားမောင်းတဲ့ ကားအုံနာက ထားပေးတာပါမမြမြ နွယ်၊ သူတို့က ဘွဲ့ရတဲ့အထိ တာဝန်ယူမယ်ဆိုပြီး အတင်းတက်ခိုင်း လို့ တက် ဖြစ်သွားတာပါ''

''ဒါဆို.. ကိုသက်ခိုင်ကံကောင်းတာပေါ့''

''ကံမကောင်းပါဘူးမမြမြနွယ်၊ သူတို့ကျေးဇူးကိုတုံ့ပြန်ဖို့ တာဝန်ရှိသွားတာပေါ့''

''အောင်မယ်.. နင်တို့က လူချင်းသာ ခုမှဆုံတာ၊ စာထဲမှာ တော့ တော် တော် ရင်းနှီးပြီးကြပြီပေါ့၊ ဟုတ်လား''

နွယ်နဲ့ကိုသက်ခိုင် ပြောတဲ့စကားတွေ ကို နားထောင်ရင်း... သင်းသင်းက ဖြတ်ပြောလိုက်သည်။ ကိုသက်ခိုင်နဲ့နွယ်တို့ စာအပေး အယူရှိတာကို သင်းသင်းသိသော်လည်း ထိုစာများ ကို မပြ ဖြစ်ပါ။ ပြော လည်းမပြော ဖြစ်ခဲ့ပါ။

''ကိုသက်ခိုင်က ငါ့ဆီစာရေး တုံးက ကျောင်းမတက် ဖြစ်တော့ ဘူး၊ စာပေးစာယူနဲ့ပဲဖြေပြီး အလုပ်လုပ်တော့မယ်လို့ ရေး ထားတာဟ၊ အဲဒါကြောင့် မေးကြည့်နေတာ''

''သူများ ထားပေးလို့ ကျောင်းနေ ဖြစ်တယ်ဆိုပေမယ့်... ကျွန်တော့် အတွက် တစ်ခုတော့ကောင်းပါတယ်လေ၊ ရန်ကုန်ကိုရောက် ရတော့ ဂီတနယ်နဲ့ နီးစပ်သွားတာပေါ့''

''ကိုသက်ခိုင်က ဂီတကို သိပ်ဝါသနာပါတာပဲနော်''

''ဂီတက ကျွန်တော့် အသက်ပါဗျာ''



ဦးချစ်ဆိုင်သို့အရောက်တွင် .. ကိုသက်ခိုင်က သူ့စကားကို ဆက်သည်။

''ဂီတက ကျွန်တော့် အသက်ပဲ၊ ဂီတနဲ့ပဲ အသက်မွေးဝမ်း ကျောင်းပြုမယ်လို့အထိ ကျွန်တော် ရူးသွပ်ခဲ့တာပါ မမြမြနွယ်''

''ရူးသွပ်ခဲ့တာ.. ဟုတ်လား၊ တကယ် ဖြစ်အောင်လုပ်ရင် ရူးသွပ်တယ်လို့မခေါ်နိုင်တော့ပါဘူးကိုသက်ခိုင်၊ တကယ် ဖြစ်အောင် ကြိုးစားပေါ့ရှင်''

''နေပါဦး၊ ကိုသက်ခိုင်က ဂီတကို ဒီလောက်ထိရူးသွပ်တယ် ဆိုတော့.. ဂီတနဲ့ပတ်သက်ပြီး ဘာတွေ လေ့လားထားပြီးပြီလဲ၊ ဘယ် လောက်ထိတတ်ကျွမ်းထားသလဲကိုသက်ခိုင်''

''ဟဲ့.. သင်းသင်း၊ ကိုသက်ခိုင်က သူတို့မြို့က ပွဲတွေ မှာ အမြဲစင်ပေါ်တက်နေကျတဲ့ဟ၊ ငါ့ဆီရေး တဲ့စာထဲမှာ ပါတယ်''

''အမယ်.. တယ်ဟုတ်ပါလား''

''စင်ပေါ်တက်တယ်ဆိုတာကို မမြမြနွယ်က သီချင်းတက်ဆို တယ်လို့ ထင်နေတာလား၊ ကျွန်တော် အားသန်တာက ဆိုတဲ့အပိုင်းမဟုတ်ပါဘူးမမြမြနွယ်၊ အရေး နဲ့အတီးကို အားသန်တာပါ''

''အရေး နဲ့အတီး.. ဟုတ်လား''

''ဟုတ်ကဲ့၊ ကျွန်တော် ရေး ထားတဲ့သီချင်းတွေ အပုဒ်တစ်ရာ ကျော်ပြီ''

''ဟယ်.. တကယ်''

''အပုဒ်တစ်ရာကျော်ထဲက လေးငါးပုဒ်လောက်ကတော့ လူ လက်ခံတယ်ဆိုတာ သေချာတယ်ဗျ၊ ဘာ ဖြစ်လို့လဲဆိုတော့.. ကျွန်တော် က ကျွန်တော့် သီချင်းတွေ ကို သူများ ဆိုခိုင်းပြီး ကျွန်တော် ကိုယ်တိုင် တီးပေးတာလေ၊ လေးငါးပုဒ်ကိုတော့ ပရိသတ်လက်ခံတာတွေ့ ရတယ်''

''ကိုသက်ခိုင်က ဘာနဲ့တီးပေးတာလဲဟင်''

''စန္ဒယားနဲ့ပါ''

''စန္ဒယားနဲ့၊ ကိုသက်ခိုင်သီချင်းတွေ က ဘယ်လိုသီချင်းမျိုး တွေ လဲဟင်''

''အကြောင်းအရာအစုံပေါ့မမြမြနွယ်''

''မဟုတ်ဘူး၊ နွယ်မေးတာက အဲဒီ လိုမဟုတ်ဘူး၊ ဂီတပုံစံ ကိုပြောတာ''

''မြန်မာသီချင်းတွေ ပါပဲ မမြမြနွယ်၊ ရေဒီယိုကလွှင့်နေတဲ့ ကျွန်တော် တို့ကြိုက်တဲ့သီချင်းမျိုးတွေ ပါပဲ''

နွယ် တွေ တွေ ငေးငေးလေး ဖြစ်သွားသည်။ နွယ်က တွေးတွေး ဆဆဖြင့်ပြောလိုက်၏ ။

''နွယ်ပြောမယ်နော် ကိုသက်ခိုင်၊ ဆရာလုပ်တယ်လို့တော့ မထင်ပါနဲ့၊ ကိုသက်ခိုင်က ဂီတနဲ့အသက်မွေးဝမ်းကျောင်းပြုချင်တယ် ဆိုရင်.. ကိုသက်ခိုင်ရေး တဲ့သီချင်းတွေ နဲ့ ခုခေတ်နဲ့ ဖြစ်မှ ဖြစ်ပါ့မလား ရှင်၊ ဂီတလောကက ပုံစံပြောင်းနေတာ ကိုသက်ခိုင်အသိပဲ၊ စတီရီယို သီချင်းတွေ ကို အစပိုင်းမှာ လမ်းသရဲသီချင်းတွေ ဆိုပြီး လူကြီးတွေ ရှုံ့ချခဲ့ကြပေမယ့်.. ခုအချိန်မှာ တော့ စတီရီယိုသီချင်းတွေ က အားကောင်း နေပြီလေ၊ ရေး ရတာ ထုတ်လုပ်ရတာ လည်း လွတ်လပ်တယ်မဟုတ် လား၊ ခုခေတ်လူငယ်တွေ ရင်ထဲမှာ နွယ်တို့ကြိုက်တဲ့.. ကိုမြကြီးတို့ ကိုမင်းနောင်တို့ တင်တင်မြတို့ ထားတို့ မရှိတော့ဘူးကိုသက်ခိုင်၊ လူငယ် တွေ ကြားထဲမှာ ရေပန်းစားနေတာက ဘိုဘိုဟန်တို့ မင်းမင်းလတ်တို့ သန်းနိုင်တို့ ပုလဲတို့လေ.. လူငယ်တွေ က ဆူဆူညံညံ ပေါက်ပေါက်ကွဲကွဲ မှ ကြိုက်နေကြပြီ''

''မမြမြနွယ်ပြောတာလည်း မှန်ပါတယ်၊ ဒါက အနေအထား ပြောင်းခါစမို့ ဖြစ်နေတဲ့အခြေအနေပါ၊ မြန်မာသီချင်းစစ်စစ်ကိုကြိုက် တဲ့လူတွေ ရှိနေတာပဲမမြမြနွယ်၊ စတီရီယိုဆိုပြီး ပြင်ပကထုတ်လုပ်တဲ့ သီချင်းတွေ က လူငယ်ကြိုက်ဆူဆူညံညံတွေ မို့ စတီရီယိုသီချင်းဆိုတာ ဆူဆူညံညံသီချင်းတွေ ကိုပြောတာလို့ အမှတ်မှားနေကြတာပါ၊ နောက် တော့လည်း.. စတီရီယိုလောကထဲကို မြန်မာသီချင်းတွေ ရောက်လာမှာ ပါ၊ အားပေးတဲ့ပရိသတ်ရှိနေသေးသမျှ မတိမ်ကောနိုင်ပါဘူး မမြမြနွယ်၊ သူ့ပရိသတ်နဲ့သူ ကွဲပြားသွားမှာ ပါ''

နောင်..သုံးလေးနှစ် အကြာတွင် ကိုသက်ခိုင်မျှော်လင့်နိမိတ် ဖတ်ခဲ့သည့်အတိုင်း မြန်မာသံသီချင်းများ စတီရီယိုလောကတွင် နေရာ ယူနိုင်ခဲ့ပါသည်။

''နွယ်တို့ကတော့ သီချင်းကို နားထောင်ရုံလောက်ပဲ ဝါသနာ ပါတာပါလေ၊ ကိုသက်ခိုင်လို နက်နက်နဲနဲမသိပါဘူး၊ ကိုသက်ခိုင် ဂီတ နယ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်ကိုသက်ခိုင်''

နွယ်က အလေးအနက်ပြောလိုက်သည်။

''ကိုသက်ခိုင်က သင်းသင်းတို့ အီကိုမှာ တက်နေတာကို ဘယ်လိုသိတာလဲဟင်''

သင်းသင်းအေးက ဝင်မေးလိုက်သည်။

''သြော်.. ဟုတ်သားပဲ၊ အဲဒါပြောရဦးမယ်၊ ကျွန်တော် ရန်ကုန် ရောက်လို့ အဆောင်မှာ ပစ္စည်းတွေ ထားပြီးပြီးချင်း မမြမြနွယ်တို့ အိမ် ရှေ့ကိုလာကြည့်ခဲ့တယ်''

''ရှင်..''

''ရောက်ရောက်ချင်းညကြီးဗျ၊ မမြမြနွယ်တို့အိမ်က စတိုးဆိုင် ဆိုတော့ ရှာရတာ လွယ်တယ်လေ၊ လှကမ္ဘာစတိုးဆိုတဲ့ဆိုင်းဘုတ်ကြီး လည်း ရှိနေတာပဲ၊ ဆိုင်ထဲအထိလည်း ကျွန်တော် ရောက်ခဲ့ပါတယ်၊ မမြမြနွယ်ကိုမတွေ့ ဘူး၊ ဝယ်သူတွေ ရှုပ်နေလို့ မေးရမှာ မရဲတာနဲ့ မမေးခဲ့တာ''

''နွယ်က အပေါ်ထပ်မှာ နေတာများ တယ်၊ ဈေးရောင်းတာတော့ မေမေပဲရောင်းတယ်၊ အရောင်းစာရေး မလေးတွေ က ငှားထားတာလေ''

''ကျွန်တော် တောင် အခန်းခတ်ဖို့ သော့ တစ်စုံဝယ်ခဲ့သေးတယ်၊ နောက်နေ့မနက်ကျတော့.. မမြမြနွယ်ကျောင်းကိုထွက်လာမှာ ပဲဆိုပြီး အစောကြီးအိမ်ရှေ့ကနေ စောင့်ကြည့်နေခဲ့တယ်''

''အို...''

''မမြမြနွယ်ကိုရော မသင်းသင်းအေးရော အိမ်ထဲကထွက် လာတာ တွေ့ ပါတယ်၊ ဒါပေမယ့်.. ကားတစ်စီးပေါ်တက်လိုက်သွားတာ တွေ့ လို့ ကျွန်တော် နှုတ်မဆက်ခဲ့တာ၊ ကျွန်တော် က အိမ်ကကားနဲ့ လိုက်ပို့မယ်မထင်လို့ လာစောင့်နေတာလေ''

''အိမ်ကကားနဲ့မပို့ပါဘူးကိုသက်ခိုင်၊ အိမ်ကကားကလည်း ဖေဖေရုံးသွားရင်ယူသွားတာပါ၊ အဲဒီ ကားက မိတ်ဆွေ တစ်ယောက် လမ်းကြုံတာနဲ့ ပို့ပေးတာပါ၊ အဲဒီ တစ်ရက်တည်းပါ''

''ဟုတ်လား.. ကျွန်တော် ကတော့ ကားနောက်ကလိုက်လို့ လည်း မ ဖြစ်၊ အိမ်ကိုလည်း ဝင်မမေးရဲလို့.. ကျောင်းထဲမှာ ပဲ မမြမြ နွယ်ကိုလိုက်ရှာနေခဲ့တာဗျ၊ မနေ့ကလည်း.. မေဂျာတွေ ဖက်မှာ နှံ့နေ အောင်ရှာတယ်၊ ကန်တင်းတွေ လည်းကြည့်တယ်၊ ဒီနေ့မှ အီကိုဖက် ရောက်တာနဲ့ မမြမြနွယ်တို့နဲ့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ တာ''

''တော် သေးတာပေါ့.. သုံးရက်အတွင်းမှာ တွေ့ လို့''

''အဲဒါထားဦး.. ကျွန်မစကားဖြတ်ပြောလိုက်ဦးမယ်၊ ကိုသက် ခိုင်.. နွယ့်ကိုမမြမြနွယ်ဆိုပြီးနာမည် အပြည့်အစုံခေါ်ခေါ်ပြောနေတာ ကိုသက်ခိုင်အစား မောလိုက်တာရှင်၊ ကျွန်မကိုလည်း မသင်းသင်းအေး တဲ့၊ အများ ခေါ်သလို နွယ့်ကိုနွယ်လို့ပဲခေါ်ပါ၊ ကျွန်မကိုလည်း သင်းသင်း လို့ပဲခေါ်၊ ဟုတ်တယ်မဟုတ်လား နွယ်ရယ်''

''ဟုတ်တယ်၊ နွယ်လည်း အဲဒါပြောမလို့ပဲ''

''ကျွန်တော် က သိပ်အရောတဝင်လုပ်တယ်ထင်မှာ စိုးလို့ပါ''

ကိုသက်ခိုင်၏ ရိုးသားသော အပြောကြောင့်.. နွယ်နဲ့သင်းသင်း တို့ ရယ်မိကြသည်။ ကိုသက်ခိုင်ကလည်း လိုက်ရယ်လေသည်။



''တကယ်တော့.. နွယ်တို့က ကျောင်းကိုခြေလျင်လာတာပါ ကိုသက်ခိုင်၊ အင်းစိန်လမ်းနဲ့ပြည်လမ်းပေါက်တဲ့လမ်းကျဉ်းလေးတစ်ခု ရှိတယ်လေ၊ စံရိပ်ငြိမ်(၆)လမ်းတဲ့၊ အဲဒီ ကနေလာတာ၊ အသွားရော အပြန်ရော ခြေလျင်ပဲ''

''သြော်.. ဒီလိုလား၊ ကျွန်တော် အဲဒီ လမ်းကိုမသိဘူး၊ လှည်းတန်းထိပ်အထိပဲ လာတတ်တာ''

''ဂျပ်ဆင်နဲ့မျက်စောင်းထိုး ပြည်လမ်းရဲ့ တစ်ဖက်ခြမ်းမှာ ယုဒဿန်ခန်းမဆိုတာ ရှိတယ်၊ ပန်းချီပြပွဲတို့.. ကာတွန်းပြပွဲတို့ လုပ်တဲ့ခန်းမပေါ့ကိုသက်ခိုင်''

''ဟင်.. ဟုတ်လား''

''စံရိပ်ငြိမ်(၆)လမ်းဆိုတာ ယုဒဿန်ခန်းမဘေး ကပ်ရက် လမ်းကလေးပဲ၊ ဖြတ်လမ်းဆိုပါတော့''

''ဒီကအပြန်မှ ဝင်ကြည့်ဦးမယ်ဗျာ''

''တို့လည်း ပြန်ကြစို့နွယ်ရေ.. သိပ်နောက်ကျနေမယ်''

''ဟုတ်တယ်.. နွယ်တို့ကိုခွင့်ပြုပါဦးကိုသက်ခိုင်''



၂ ( ဃ )

နောက်တစ်နေ့မနက်တွင် .. စံရိပ်ငြိမ်(၆)လမ်းထိပ်ရှိ ယုဒဿန် ခန်းမဘေး ပြည်လမ်းမပေါ်တွင် နွယ်တို့ကိုရပ်စောင့်နေသော ကိုသက် ခိုင်ကို တွေ့ ရလေ၏ ။

''ဟင်.. ကိုသက်ခိုင်''

''ကျွန်တော် .. နွယ်တို့ ဒီလမ်းကလာမယ်ဆိုလို့ လာစောင့် နေတာပါ''

''လမ်းကိုဘယ်လိုသိသွားလဲ''

''မနေ့က ညနေကတည်းက လာကြည့်ထားတာလေ၊ အင်းစိန် လမ်းဖက်အထိတောင် သွားကြည့်ပြီးပြီ''

ကိုသက်ခိုင်သည် နေ့စဉ်နေ့တိုင်း နွယ်တို့ကို (၆)လမ်းထိပ်က လာစောင့်နေတတ်ပါသည်။ နွယ်တို့နဲ့အတူ စီးပွားရေး တက္ကသိုလ်အဆောင် အထိ လမ်းလျှောက်လိုက်ပါပြီးမှ.. သူ့အတန်းကိုသွားတက်သည်။

အတန်းအားချိန်များ မှာ လည်း.. နွယ်တို့ဆီရောက်လာတတ် သေး၏ ။

အားချိန်ချင်းဆုံလျှင်.. စားသောက်ဆိုင်တန်းမှာ ထိုင် ဖြစ်သည်။

တစ်ခါတစ်လေ.. ကျောင်းအဆင်းတွင် (၆)လမ်းကဖြတ်မပြန် တော့ပဲ.. ဦးချစ်ဆိုင်တွင် လက်ဘက်ရည်ထိုင်သောက် ဖြစ်တတ်၏ ။

''ကိုသက်ခိုင်က နေ့တိုင်း ငါတို့အလာလမ်းမှာ စောင့်စောင့် နေတာ မရိုးဘူးနော် နွယ်''

''နင်က ဘယ်လိုထင်လို့လဲသင်းသင်း''

''အရှင်းကြီးပဲဟယ်.. နင့်ကိုစိတ်ဝင်စားနေတာပေါ့နွယ်ရဲ့ ၊ စိတ်ဝင်စားလို့သာ သီချင်းပဟေဠိဖြေပြီးကတည်းက.. နင့်ဆီစာတွေ ရေး နေတာပေါ့၊ ခုလည်း.. သူ့မျက်လုံးကြီးတွေ က နင့်ကိုကြည့်ရင် အချစ်ခိုးတွေ ဝေလို့''

''ကြံကြံဖန်ဖန်သင်းသင်းရယ်.. အချစ်ခိုးဝေရတယ်လို့ပဲ၊ ငါတော့ ဘာမှထူးထူးခြားခြားမတွေ့ ပေါင်''

''ငါက တင်စားပြီးပြောတာဟဲ့၊ နင့်ကိုကြည့်တဲ့အကြည့်တွေ ကမရိုးဘူး၊ သူ နင့်ကိုချစ်နေတာ သေချာတယ်၊ ဘေးလူတောင် ရိပ်မိ တယ်''

''အင်း.. ငါလည်းရိပ်မိပါတယ်၊ ဒါပေမယ့်.. ကိုသက်ခိုင် က ဘာမှလည်း မပြောဘူးဟယ်''

''ငါ ဘေးမှာ ရှိနေလို့များ လား''

''မ ဖြစ်နိုင်ဘူး၊ ကိုယ့်ရင်ထဲမှာ ရှိတာကိုဖွင့်ဟဖို့ ယောကျာ်း လေး တစ်ယောက် အတွက် အလွယ်လေးပါ သင်းသင်းရယ်...၊ ငါတို့ မိန်းကလေးတွေ အတွက်သာ ခက်တာ''

''ဟုတ်တယ်နော်..''

''ယောကျာ်းလေးတွေ က ရင်ဖွင့်ဖို့အခွင့်အလမ်းကိုလည်း မရရအောင် ရှာတတ်ပါတယ်''

''ဘာလဲ.. နင်က ကိုသက်ခိုင်ခုထိဖွင့်မပြောသေးလို့ မခံနိုင် ဖြစ်နေတာလား၊ အဖြေပေးချင်နေလို့လားနွယ်''

''အဖြေပေးချင်လို့မဟုတ်ဘူးဟေ့၊ လူကိုမရိုးမရွ ဖြစ်အောင် လုပ်နေတာကိုစိတ်မရှည်လို့''

''ဟုတ်ပါရဲ့ ဟယ်.. ကိုသက်ခိုင်ကြီးကလည်း၊ ကိုယ့်စိတ်ထဲ ရှိတာ ဖွင့်ပြောလိုက်.. ပြီးရော''

''သူ ဘယ်တော့မှဖွင့်ပြောတော့မှာ မဟုတ်ပါဘူးသင်းသင်းရယ်''

''ဟင်.. ဘာ ဖြစ်လို့လဲနွယ်''

''သူ့မှာ အကြောင်းတစ်ခုခုရှိပုံရတယ်၊ အဲဒါကြောင့် သူမြိုသိပ် နေတာလို့ ငါထင်တယ်''

''ဘယ်လိုအကြောင်းလဲ''

''အဲဒါတော့ ငါမသိဘူး၊ ဒီပုံအတိုင်းဆို သူ ငါ့ကိုဖွင့်ပြော တော့မှာ မဟုတ်ပါဘူး''

နွယ်စိတ်အထင်များ မှန်ခဲ့ပါသည်။

စာသင်နှစ် တစ်နှစ် ပြီးဆုံးသွားသည့်တိုင်.. ကိုသက်ခိုင်သည် သူ့မေတ္တာကို မဖွင့်ဟခဲ့ပါ။



( ၃ )

''မေမေ.. နှင်းနှင်းဝင့်ခိုင်ကို မေမေမှတ်မိလား''

''နှင်းနှင်းဝင့်ခိုင်..''

''ဆိုပျော်မှာ သားနဲ့အတူ ပူးတွဲ ပထမရခဲ့တဲ့ကောင်မလေးလေ မေမေ''

''သြော်.. မှတ်မိပြီသား၊ ဘာ ဖြစ်လို့လဲ''

''သူ.. သားတို့ကျောင်းကိုရောက်လာတယ် မေမေ''

''ဟင်.. သားတို့ကျောင်းကိုရောက်လာတယ်''

''ဟုတ်တယ်မေမေ၊ ပထမနှစ် တက်ဖို့ ဖရက်ရှာကျောင်းသူ အနေနဲ့ရောက်လာတာ၊ သားက မမှတ်မိပါဘူး၊ သူက သားကန်တင်း မှာ ထိုင်နေတုန်း လာနှုတ်ဆက်လို့ သိရတာ ''

ဒေါ်မြမြနွယ်သည်.. ဆိုပျော်တွင် နှင်းနှင်းဝင့်ခိုင်မိတ်ဆက် စဉ်က.. ''ဆယ်တန်းဖြေထားပါတယ်''လို့ မိတ်ဆက်ခဲ့တာကို ပြန်သတိ ရမိသည်။

သြော်.. သူ ဆယ်တန်းအောင်ပြီး ကျော်ဇော်မော်တက်နေ တဲ့ ကွန်ပြူတာတက္ကသိုလ်ကို ရောက်လာတာကိုး။

''ဒါဖြင့် .. သားနဲ့နှင်းနှင်းဝင့်ခိုင်ဆိုတဲ့မိန်းကလေး သူငယ်ချင်း တွေ ဖြစ်နေကြပြီပေါ့''

''ဒီနေ့တစ်ခါပဲတွေ့ ရပါသေးတယ်မေမေ၊ ဒါပေမယ့်.. ဆိုပျော် မှာ အတူဆုံခဲ့ဖူးတာပဲ၊ သူငယ်ချင်းတွေ ပဲပေါ့မေမေရာ''

နှင်းနှင်းဝင့်ခိုင်ကို ဒေါ်မြမြနွယ် ဆိုပျော်ရိုက်ကူးစဉ်ကတည်းက စိတ်ဝင်းစားခဲ့သည်။ 'ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ'သီချင်း ကိုသီဆိုလိုက်ကတည်းက စိတ်ဝင်စားခဲ့မိခြင်း ဖြစ်သည်။ နှင်းနှင်းဝင့်ခိုင် ဆိုတာ ဘယ်သူလဲ၊ ကိုသက်ခိုင်နဲ့ဘယ်လိုပတ်သက်သလဲ။

နှင်းနှင်းဝင့်ခိုင်ကိုတွေ့ ဖို့ ခန်းမအပြင်က စောင့်နေခဲ့သော် လည်း.. တွေ့ ခွင့်မကြုံခဲ့ရပေ။ ခုတော့.. ဒီကောင်မလေးက သား ကျော်ဇော်မော်တက်နေတဲ့ကျောင်းကိုရောက်လာပြီတဲ့။ သားက ဒုတိယ နှစ် ရောက်နေပြီ။ နှင်းနှင်းဝင့်ခိုင်က ပထမနှစ် ကျောင်းသူအ ဖြစ် ရောက် လာခြင်း ဖြစ်သည်။

''သူ့ကိုတွေ့ မှ သားအကြံရတယ်မေမေ၊ သားထုတ်မယ့် အယ်လ်ဘန်ထဲမှာ ဆိုပျော်မှာ သူဆိုသွားတဲ့သီချင်းကိုထည့်ရရင်ကောင်း မလားလို့''

''ဘာ.. ဘာပြောတယ်''

''ဆိုပျော်မှာ နှင်းနှင်းဝင့်ခိုင်ဆိုသွားတဲ့သီချင်းလေ မေမေ၊ ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါ-ဆိုတဲ့ သီချင်းလေ၊ ဘယ်လောက် မိုက်လဲ၊ မေမေအခွေကိုပြန်နားထောင်ကြည့်ရင်ကြည့်ပါလား''

''အချစ်တွေ ယူလာပါ-မဟုတ်ပါဘူး၊ သီချင်းနာမည် အမှန်က ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ..ပါ သားရဲ့ ''

ဒေါ်မြမြနွယ်က သီချင်းနာမည် အမှန်ကို ပြင်ပေးလိုက်သည်။

''အဲ.. ဟုတ်တယ်၊ မေမေမှတ်မိသားပဲ''

ဒေါ်မြမြနွယ်မှတ်မိပါသည်။ မှတ်မိရုံမဟုတ်။ ထိုသီချင်းကို ရလည်းရပါသည်။

''အဲဒီ သီချင်းက မြန်မာသံ ဖြစ်မနေဘူးလားသားရယ်၊ သား အခွေထဲမှာ ထည့်ဖို့ အံဝင်ပါ့မလား''

ကျော်ဇော်မော်က သီချင်းစီးရီးတစ်ခွေထုတ်ရန် ပြင်ဆင်နေ ပါသည်။ ထုံးစံအတိုင်း.. ခေတ်လူငယ်အကြိုက် မြူးကြွသွက်လက် သော သီချင်းများ ဖြစ်သည်။ ပေါ့ပ်သီချင်းများ ဖြစ်သည်။ တစ်ချို့သီချင်း တွေ က.. နိုင်ငံခြားသီချင်းများ တွင် မြန်မာစာသားထည့်ထားသည်။

တစ်ချို့ကတော့ ကိုယ်ပိုင်သံစဉ်။ သားထုတ်မယ့်သီချင်းခွေအတွက် ဒေါ်မြမြနွယ်ကိုယ်တိုင် သီချင်းတွေ ကို စီစစ်ပေးထားပါသည်။ အားလုံး အချောသတ်မ ဖြစ်သေး။

''မြန်မာသံပေမယ့် သီချင်းက သွက်တယ်၊ စာသားတွေ က မိုက်တယ်မေမေ၊ သားတို့က ဠနမျငသညအသစ်နဲ့ပြန်တီးပြီး ပိုမြူးအောင် လုပ်လိုက်ရင် သီချင်းလေးက ပိုလန်းသွားမှာ အမှန်ပဲ မေမေ၊ သား ကိုမြတ်ခေါင်နဲ့တောင် တိုင်ပင်ခဲ့ပြီးပြီ၊ ကိုမြတ်ခေါင်ကလည်း သဘော ကျတယ်တဲ့ မေမေ''

ကိုမြတ်ခေါင်ဆိုသည်မှာ .. ကျော်ဇော်မော်သီဆိုမည့် သီချင်း ခွေကို စီစဉ်ပေးနေသည့် ဂီတမှူးလူငယ် တစ်ယောက် ဖြစ်ပါသည်။

''သားက အဲဒီ သီချင်းကိုဆိုဖို့ ဘယ်ကနေ ဝယ်မှာ လဲ၊ သီချင်း ရေး တဲ့သူကို သားသိလို့လား''

''နှင်းနှင်းဝင့်ခိုင်ကို မေးကြည့်ပြီးပြီမေမေ၊ အဲဒီ သီချင်းက သူ့အဖေကိုယ်တိုင်ရေး တာတဲ့''

''ဘာ...''

ဒေါ်မြမြနွယ်အသံက လိုသည်ထက်ပိုကျယ်သွားသည်။ ကျော် ဇော်မော်က မျက်ခုံးပင့်ပြီးပြန်ကြည့်လိုက်၏ ။

ဘုရား..ဘုရား.. နှင်းနှင်းဝင့်ခိုင်ဆိုတာ တကယ်တော့.. ကိုသက်ခိုင်သမီးပါလား။

''ဘာ ဖြစ်လို့လဲမေမေ၊ မေမေသဘောမကျလို့လား''

''မဟုတ်.. မဟုတ်ပါဘူးသားရယ်၊ သီချင်းကို ကလေးမ လေးအဖေကိုယ်တိုင်ရေး တယ်ဆိုလို့ အံ့သြသွားလို့ပါ၊ နှင်းနှင်းဝင့်ခိုင် က စင်ပေါ်မှာ တုန်းက သီချင်းရေး တဲ့လူက မထင်ရှားတဲ့ ဝါသနာရှင် တစ်ယောက် လို့ပဲပြောသွားတာလေ''

''ဟုတ်တယ်နော်မေမေ၊ သူ့အဖေက နာမည် ကြီးမဟုတ်လို့ နာမည် ထည့်မပြောတာ ထင်ပါရဲ့ မေမေရာ''

''ဒါနဲ့.. သားက အဲဒီ သီချင်းဝယ်မယ်ဆိုတဲ့အကြောင်း နှင်း နှင်းဝင့်ခိုင်ကို ပြောပြီးပြီလား''

''မပြောရသေးဘူး.. သူနဲ့တွေ့ ပြီးမှ သားစိတ်ကူးရတာ ၊ အဲဒါ နဲ့ ကျောင်းကအပြန်မှာ ကိုမြတ်ခေါင်ကိုဝင်ပြီးတိုင်ပင်ခဲ့တာမေမေ၊ ဝယ်ရင်တော့ အလွယ်တကူရောင်းမယ်ထင်ပါတယ်မေမေ''

''အေးလေ.. သူ့အဖေရေး တဲ့သီချင်းဆိုတော့ နှင်းနှင်းဝင့်ခိုင် ကိုပဲ ပြောကြည့်ပေါ့ကွယ်''



နှင်းနှင်းဝင့်ခိုင်ဆိုတာ ကိုသက်ခိုင်သမီးဆိုပါလား။

သက်ဆိုင်သူနှစ် ယောက် သာသိတဲ့သီချင်းတစ်ပုဒ်ကို ဆိုပျော် မှာ ဆိုသွားကတည်းက.. ဒီမိန်းကလေးကို ကိုသက်ခိုင်နဲ့ပတ်သက်ရ မယ်လို့ ထင်မိသား။ ပြီးတော့.. နှင်းနှင်းဝင့်ခိုင်ကလည်း မိတ္ထီလာက လာပြိုင်တာပါလို့ ပြောခဲ့တယ်လေ။

ခုတော့.. နှင်းနှင်းဝင့်ခိုင်ဟာ ကိုသက်ခိုင်သမီးဆိုတာ ဒေါ် မြမြနွယ်သိလိုက်ရပါပြီ။

တိုက်ပဲတိုက်ဆိုင်လှချည်လား။

သူမနှင့်ကိုသက်ခိုင်တို့ သီချင်းပဟေဠိဖြေဆိုရာမှ တွေ့ ဆုံခဲ့ ကြသည်။ သူတို့ဖြေခဲ့သည့် သီချင်းပဟေဠိကဏ္ဍတွင် .. ကိုသက်ခိုင်နှင့် မြမြနွယ်တို့ ပူးတွဲ ပထမရခဲ့ကြသည်။

နှစ် ပေါင်းနှစ် ဆယ်ကျော် အစိတ်နီးပါးကြာတဲ့အချိန်မှာ .. မြမြ နွယ်သားနဲ့ ကိုသက်ခိုင်သမီးတို့ ဆိုကြမယ်ပျော်ကြမယ်အစီအစဉ်မှာ တစ်ပတ်တည်း ပါဝင်ခွင့်ရခဲ့ကြသည်။ ပူးတွဲ ပထမရခဲ့ကြသည်။

တမင်တကာဖန်တီးထားခြင်းမဟုတ်သော ထူးဆန်းသည့် တိုက်ဆိုင်မှုများ ပါပင်။

ပြီးတော့.. ကျော်ဇော်မော်ဆိုဖို့အတွက် ''သံသရာတစ်ကွေ့ ဝယ်'' သီချင်းကို ဒေါ်မြမြနွယ်က ရွေးပေးမိခဲ့သည်။ ထိုသီချင်းမှာ .. သီချင်းပဟေဠိကဏ္ဍတွင် .. ရှေ့လူမဖြေနိုင်၍ ကိုသက်ခိုင်ဖြေခဲ့ကာ ပထမဆုရခဲ့သော သီချင်း ဖြစ်နေသည်။

တိုက်ပဲတိုက်ဆိုင်နိုင်ပါပေ့။

နှင်းနှင်းဝင့်ခိုင်ကို ဆိုပျော်မှာ .. ''ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ''သီချင်းဆိုဖို့အတွက် ကိုသက်ခိုင်ကိုယ်တိုင်တိုက်တွန်းခဲ့ တာများ လား။

ဒေါ်မြမြနွယ်သည် နှင်းနှင်းဝင့်ခိုင်၏ အသက်ကို တွက်ကြည့် နေမိသည်။ ကျော်ဇော်မော် ဒုတိယနှစ် အရောက်မှာ .. နှင်းနှင်းဝင့်ခိုင် က ပထမနှစ် ကျောင်းသူအ ဖြစ် ရောက်လာတာဆိုတော့.. နှင်းနှင်းဝင့် ခိုင်အသက်သည် ကျော်ဇော်မော့်ထက် တစ်နှစ် ပဲငယ်ပေမည် ။

သြော်.. ကိုသက်ခိုင်ရယ်...။

ဒေါ်မြမြနွယ်ရင်ထဲ၌ တစစ်စစ်နာကြင်လာလေသည်။

ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ..ဆိုတဲ့ ကိုသက်ခိုင်။ ရှင့်အချစ်တွေ အခု ဘယ်ရောက်နေပြီလဲ..ဟင်..။



၃ ( က )

''ခုတစ်ခေါက် မိတ္ထီလာအပြန်မှာ ကျွန်တော် သီချင်း အသစ် တစ်ပုဒ် ရလာခဲ့တယ်နွယ်''

''ရလာခဲ့တယ်..ဟုတ်လား၊ ရေး လာခဲ့တယ်ပြောစမ်းပါ ကိုသက်ခိုင်ရဲ့ ''

''ရေး တာတော့ ကျွန်တော် ရေး လာတာဟုတ်ပါတယ်၊ ဒါပေ မယ့်.. ရေး ရမယ့်ွှ့နာန ကတော့ ကျောင်းပိတ်ရက်မှာ မိတ္တီလာ ကိုပြန်လို့ ရလိုက်တာပါ နွယ်''

စာသင်နှစ် တစ်နှစ် ၏ ကုန်ဆုံးရက် ဖြစ်သည့် တက္ကသိုလ်များ ကျောင်းပိတ်ရက်တွင် .. ကိုသက်ခိုင်မိတ္ထီလာပြန်သွားသည်။ ကျောင်း ပြန်အဖွင့်မှာ ကိုသက်ခိုင်က သူရေး လာသော သီချင်းစာရွက်လေးကို ကိုင်ကာ ပြောနေခြင်း ဖြစ်သည်။

''ဖတ်ကြည့်ပါဦး နွယ်''

နွယ်က သီချင်းစာရွက်ကို ယူဖတ်ကြည့်လိုက်သည်။

''ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ.. ဟင်.. သီချင်း ခေါင်းစဉ်လေးက လှလိုက်တာ၊ အချစ်ဝတ္ထုနာမည် လေးကျနေတာပဲ''

''စာသားတွေ ကိုလည်း ဖတ်ကြည့်ပါဦး နွယ်''

ကိုသက်ခိုင်က သီချင်းစာသားများ သာမက.. စာသားများ အောက်၌ ဂီတနုတ်စ်များ ပါ ရေး ထည့်ထားလေ၏ ။

နွယ် ကိုသက်ခိုင်ရေး သော သီချင်းပေါင်းများ စွာ ကို စာသားနဲ့ လည်းဖတ်ခဲ့ဖူးပါပြီ။ နားလည်းထောင်ခဲ့ဖူးပါပြီ။ ဂီတနုတ်စ်များ ကို နား မလည်ပါ။ သို့သော်.. စာသားများ ကိုချည်း ကျော်ဖတ်တဲ့အကျင့်ကို လည်း ရနေပြီ။

သီချင်းကို အစအဆုံးဖတ်ကြည့်လိုက်၏ ။

ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ

နွေမှာ ...

သူရိန်နေမင်း ထန်ပြင်းအပူအောက်

သွေ့ချောက်မူးမူး...

တပေါင်းလေရူးနဲ့အတူ...

အချစ်တို့လွင့်ပါး...

ပျောက်ကွယ်သွားပြီကွယ်...

မိုးမှာ ...

လျှပ်ရောင် ဝင်းဝင်း မိုးသက်နှင်းနဲ့

ထန်ပြင်းမုန်တိုင်း

လေအရိုင်းနဲ့အတူ...

အချစ်တို့လွင့်ပါး...

ပျောက်ကွယ်သွားပြီကွယ်...

နွေနှောင်း... မိုးနှောင်း....

ရာသီပြောင်းခဲ့ပြီ.....

လေရိုင်း မိုးရိုင်း အပူရိုင်းတွေ လည်း...

လောကမြေပြင် စင်ခဲ့ပြီလေ...

ဆောင်းနဲ့အတူ

အချစ်တွေ ယူလာပါရစေ..

နှင်းပေါက်ဖွေးဖွေး ဆောင်းအေးအေးမှာ ...

နွေးထွေးတဲ့နှလုံးသားပေါ်

အချစ်နှင်းပေါက်

တဖျောက်ဖျောက်ကြွေပါရစေ...

အကြင်နာနှင်းပွင့်

အဆင့်ဆင့်ခြွေပါရစေ....

နှောင်းခဲ့ပြီနွေ....

ကြွေခဲ့င်္ပြမိုး...

ဆောင်းရောက်ပြီလေ...

အချစ်ရေ... အချစ်ရေ...

အချစ်တွေ ယူလာပါရစေ...

အချစ်တွေ ယူလာပါရစေ...

အချစ်တွေ ယူလာပါရစေ...

''သီချင်းလေးက ကဗျာလေးလိုပဲနော်.. ဖတ်လို့ကောင်းသား ပဲ၊ ကိုသက်ခိုင်ကိုယ်တိုင် ဆိုတီးပြရင် ပိုနားထောင်ကောင်းမယ်ထင် တယ်၊ ဒီသီချင်းက စန္ဒရားနဲ့တီးရမယ့်သီချင်းလား ကိုသက်ခိုင်''

''ဟုတ်ပါတယ်၊ ကျွန်တော် ကလည်း နွယ့်ကို ဒီသီချင်းလေး ဆိုပြချင်နေတာပါ၊ သီချင်းဆိုပြပြီးရင် ဒီသီချင်းရဲ့ အဓိပ္ပါယ်ကိုလည်း ရှင်းပြပါရစေနွယ်''

''သီချင်းအဓိပ္ပါယ်.. ဟုတ်လား၊ သီချင်းအဓိပ္ပါယ်က သီချင်း ထဲမှာ ပါပြီးသားပဲ၊ အချစ်သီချင်းတစ်ပုဒ်ပဲကိုသက်ခိုင်''

ကိုသက်ခိုင်က ပြုံးလိုက်သည်။

''ဒီသီချင်းလေးက နိမိတ်ပုံနဲ့ရေး ထားတဲ့သီချင်းလေးပါနွယ်''

''နိမိတ်ပုံ..''

''ကဲပါနွယ်.. သီချင်းအရင် ဆိုပြပါရစေဦး၊ အနုပညာအသင်း ခန်းမထဲကို သွားကြရအောင်၊ ကျွန်တော် ဒီသီချင်းကို စိတ်ပါလက်ပါ ဆိုပြပါရစေ၊ ဒီသီချင်းကိုအဦးဆုံးနားထောင်တဲ့သူဟာ နွယ် ဖြစ်စေချင် လို့ပါ''



ပထမနှစ် ကတည်းကပင်.. ကိုသက်ခိုင် တက္ကသိုလ်အနုပညာ အသင်းထဲကိုဝင်ခဲ့သည်။ အနုပညာအသင်းလှုပ်ရှားမှုများ မှာ ကိုသက် ခိုင်ပါဝင်ခဲ့သည်။

ကိုသက်ခိုင်ဖိတ်ခေါ်သဖြင့် တက္ကသိုလ်အနုပညာအသင်းခန်းမ ထဲကို နွယ်တို့ရောက်ဖူးခဲ့ရပါသည်။

ပထမဆုံးအကြိမ်ရောက်စဉ်က.. ကိုသက်ခိုင် နွယ်နဲ့သင်းသင်း အား ''သံသရာတစ်ကွေ့ဝယ်''သီချင်းကို စန္ဒရားဖြင့် တီးပြခဲ့ပါသည်။

''ကိုသက်ခိုင်စန္ဒရားလက်သံက သိပ်နားထောင်ကောင်းတာ ပဲနော်''

''ကျွန်တော် အသက်ဆယ့်လေးနှစ် ကတည်းက စန္ဒရားတီးလာ တာပါ နွယ်''

''သြော်.. ကိုသက်ခိုင်မှာ ကိုယ်ပိုင်စန္ဒရားရှိလို့ပေါ့နော်''

ကိုသက်ခိုင်က ရယ်မောခဲ့သည်။

''စန္ဒရားလို တန်ဖိုးကြီးတဲ့တူရိယာမျိုး မဝယ်နိုင်ပါဘူး နွယ် ရယ်၊ ကျွန်တော့် အိမ်မှာ ဘာတူရိယာမှလည်း မရှိပါဘူး၊ ကျွန်တော် တို့ အိမ်လေးမှာ စန္ဒရားသာရှိရင်.. တစ်အိမ်လုံး စန္ဒရားနဲ့ချည်း နေရာ ပြည့်သွားနိုင်တယ်ဗျ''

''အဖေကားမောင်းတဲ့ကားအုံနာအိမ်မှာ စန္ဒရားတစ်လုံးရှိ တယ်လေ၊ ကားအုံနာကလည်း ဂီတဝါသနာရှင်ပဲ၊ စန္ဒရားလည်း ကောင်း ကောင်းတီးတတ်တယ်၊ ကျွန်တော့် ကိုဝါသနာပါမှန်းသိလို့ အတီးလည်း သင်ပေးတယ်၊ ကျောင်းပိတ်ရက်တွေ မှာ စန္ဒရားလာတီးတာကိုလည်း ခွင့်ပြုခဲ့လို့ ကျွန်တော် ကောင်းကောင်းကျွမ်းနေတာပါ နွယ်''

''အဲဒီ ကားအုံနာဆိုတာ.. ကိုသက်ခိုင်ကိုကျောင်းထားပေးတဲ့ လူလားဟင်''

''ဟုတ်ပါတယ်နွယ်.. ဦးကျော်နိုင်တို့မိသားစုက ကျွန်တော် တို့မိသားစုရဲ့ ကျေးဇူးရှင်တွေ ပါ''

ကိုသက်ခိုင်က သီချင်းတစ်ပုဒ်ရေး ဖွဲ့ပြီးတိုင်း နွယ်နဲ့သင်းသင်း ကို အနုပညာအသင်းခန်းမထဲဖိတ်ခေါ်ကာ.. သူရေး စပ်ထားတဲ့သီချင်း ကို ကိုယ်တိုင်ဆိုတီးပြတတ်ပါသည်။

ယနေ့တော့.. သင်းသင်း ကြည့်မြင်တိုင်က အဘွားအိမ်ကို သွားစရာရှိလို့.. အတန်းချိန်တစ်ချိန်စောဆင်းသွားသည့်အတွက် ပါ မလာခဲ့ခြင်း ဖြစ်သည်။

ကိုသက်ခိုင်ရေး ဖွဲ့တဲ့သီချင်းတွေ ဟာ ရေဒီယိုကလွှင့်နေတဲ့ ဓာတ်ပြားရသီချင်းတွေ လောက်နီးနီး အဆင့်မီတယ်လို့ နွယ်ကတော့ ထင်သည်။ ကိုသက်ခိုင်သည် ပြင်ပတီးဝိုင်းတစ်ခုခုနဲ့အဆက်အသွယ်ရ အောင်ကြိုးစားနေသော်လည်း ယခုထိတော့ အဆင်မပြေသေး။

နွယ်ကတော့... ကိုသက်ခိုင်ရဲ့ အရည်အချင်းကိုသိထားလို့ အောင်မြင်တဲ့တေးရေး ဆရာ တစ်ယောက် ဖြစ်စေချင်ပါသည်။



၃ ( ခ )

နွေမှာ ... သူရိန်နေမင်း.... ထန်ပြင်းအပူအောက် သွေ့ ချောက်မူးမူး... တပေါင်းလေရူးနဲ့အတူ... အချစ်တို့လွင့်ပါး... ပျောက်ကွယ်သွားပြီကွယ်...

မိုးမှာ ... လျှပ်ရောင် ဝင်းဝင်း မိုးသက်နှင်းနဲ့... ထန်ပြင်း မုန်တိုင်း.... လေအရိုင်းနဲ့အတူ... အချစ်တို့လွင့်ပါး... ပျောက် ကွယ်သွားပြီကွယ်...

ကိုသက်ခိုင်၏ လက်များ က စန္ဒရားခလုတ်များ ပေါ်ဝယ် သွက် လက်စွာ လှုပ်ရှားလို့နေသည်။ လက်များ ၏ လှုပ်ရှားမှုက ကဗျာဆန်လှ ပေသည်။

နွေနှောင်း... မိုးနှောင်း... ရာသီပြောင်းခဲ့ပြီ... လေရိုင်း မိုးရိုင်း အပူရိုင်းတွေ လည်း... လောကမြေပြင် စင်ခဲ့ပြီလေ...

ဆောင်းနဲ့အတူ... အချစ်တွေ ယူလာပါရစေ.. နှင်း ပေါက်ဖွေးဖွေး ဆောင်းအေးအေးမှာ ... နွေးထွေးတဲ့နှလုံးသား ပေါ်... အချစ်နှင်းပေါက်.... တဖျောက်ဖျောက်ကြွေပါရစေ... အကြင်နာနှင်းပွင့်... အဆင့်ဆင့်ခြွေပါရစေ....

ကိုသက်ခိုင်က သီချင်းကိုစိတ်ပါလက်ပါဆိုလျှက်ရှိသည်။ ကို သက်ခိုင်အသံက ဘယ်သံ၊ အသံသြသြ။ သီချင်းကတော့.. အချစ်ကို ဖွဲ့ဆိုထားသော သီချင်းတစ်ပုဒ်ပင်။ ကိုသက်ခိုင်ပြောခဲ့သော နိမိတ်ပုံ သီချင်းဆိုတာ ဘာကိုဆိုလိုမှန်း နွယ်မသိပါ။ သီချင်းက နားထောင်လို့ ကောင်းနေတာတော့ အမှန်ပင်။

သီချင်းက သီချင်းအေးမဟုတ်ပါ။ တီးလုံးသံမြိုင်မြိုင်ဖြင့် မြူးကြွနေသည်။

နှောင်းခဲ့ပြီနွေ.... ကြွေခဲ့ပြီမိုး... ဆောင်းရောက်ပြီလေ... အချစ်ရေ... အချစ်ရေ... အချစ်တွေ ယူလာပါရစေ... အချစ်တွေ ယူလာပါရစေ... အချစ်တွေ ယူလာပါရစေ...

သံပြိုင်ပိုဒ်တွင် ကိုသက်ခိုင်လက်ချောင်းသွယ်သွယ်များ က စန္ဒရားခလုတ်များ ပေါ် သွက်လက်စွာ လှုပ်ရှားသွားသည်။

သီချင်းက ပိုမြူးလာသည်။

ကိုသက်ခိုင်က သံပြိုင်ပိုဒ်ကို နောက်တစ်ခေါက်ကျော့လိုက်၏ ။

နှောင်းခဲ့ပြီနွေ.... ကြွေခဲ့ပြီမိုး... ဆောင်းရောက်ပြီလေ... အချစ်ရေ... အချစ်ရေ... အချစ်တွေ ယူလာပါရစေ... အချစ်တွေ ယူလာပါရစေ... အချစ်တွေ ယူလာပါရစေ...

အချစ်တွေ ယူလာပါရစေ..ဆိုသည့်နောက်ဆုံးစာသားများ က တဖြည်းဖြည်းတိုးတိမ်ကာ သီချင်းပြီးဆုံးသွားလေသည်။

လက်ခုပ်သံတဖြောင်းဖြောင်းထွက်ပေါ်လာသည်။

လက်ခုပ်သံက တစ်သံတည်းမဟုတ်။

နွယ်နောက်ကိုလှည့်ကြည့်လိုက်သည်။

ကျောင်းသားတစ်အုပ်စုက လက်ခုပ်များ ကိုသံပြိုင်တီးရင်း ဝင်လာ၏ ။

''ကိုသက်ခိုင်သီချင်းသံကြားလို့ အပေါက်ဝကနေ နားထောင် နေတာဗျ၊ ကောင်းလိုက်တာဗျာ''

''ဒါလည်း.. ခင်ဗျားကိုယ်တိုင်ရေး တဲ့သီချင်းပေါ့၊ ဟုတ်လား ကိုသက်ခိုင်''

''သီချင်းနာမည် က ဘာလဲဗျ၊ အချစ်တွေ ယူလာပါရစေလား''

တစ်ယောက် တစ်ပေါက် မေးမြန်းနေကြသည်။

''သီချင်းနာမည် အပြည့်အစုံက ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ..တဲ့''

ကိုသက်ခိုင်က အဖြေပေးလိုက်သည်။

''ကောင်းလွန်းလို့ဗျာ၊ နောက်တစ်ခေါက်လောက်ဆိုပြပါဦး၊ ကျွန်တော် တို့ အစအဆုံးမမီလိုက်လို့ပါ''

''သည်းခံပါဗျာ၊ နောက်တော့ ကျွန်တော် ဆိုပြပါမယ်၊ ခုတော့ ဟောဒီကမြမြနွယ် အိမ်ပြန်နောက်ကျမှာ စိုးလို့ ကျွန်တော် လိုက်ပို့လိုက် ဦးမယ်ဗျာ''



''ကျွန်တော် ဆိုခဲ့တဲ့သီချင်းလေးရဲ့ အဓိပ္ပါယ်ကို နွယ့်ကိုပြောပြ ပါရစေနွယ်''

''ပြောပါဦးကိုသက်ခိုင်၊ နိမိတ်ပုံဆိုတာ ဘာကိုပြောတာလဲ ဟင်''

နွယ်က ရိုးရိုးတန်းတန်းမေးလိုက်သော်လည်း.. ကိုသက်ခိုင် က လမ်းလျှောက်နေရာမှရပ်ကာ နွယ့်မျက်နှာကို အဓိပ္ပါယ်ပါပါ လှည့် ကြည့်သည်။

''နွယ်တို့ ဦးချစ်ဆိုင်မှာ အေးအေးဆေးဆေးထိုင်ပြီး စကား ပြောကြမယ်လေ''

''ဦးချစ်ဆိုင်ကို မ သွားပါနဲ့နွယ်၊ သင်းသင်းမပါတုံး ကျွန်တော် နွယ့်ကို အေးအေးဆေးဆေးစကားပြောပါရစေ''

''ရှင်..''

''ဟောဟိုကခုံတန်းလေးမှာ ထိုင်ပြီး စကားပြောပါရစေနွယ်၊ ကျွန်တော့် မှာ ပြောစရာလေးတွေ ရှိနေလို့ပါ''

ကိုသက်ခိုင်က မြက်ခင်းပြင်အလည် ရေတမာပင်အောက်က ခုံတန်းလေးကို လက်ညှိုးထိုးပြပြီးပြောသည့်အခါ.. နွယ် သူ့မျက်နှာ ကို တအံ့တသြကြည့်မိ၏ ။

သို့သော်.. နွယ်မငြင်းမိပါ။ ထူးခြားနေသော ကိုသက်ခိုင် အပြောကို နားထောင်ချင်စိတ်ဖြင့် ခုံတန်းလေးဆီ သူ့နောက်က လျှောက် လိုက်လာမိသည်။

''ကျွန်တော့် ရဲ့ ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေ..ဆိုတဲ့ သီချင်းကို နွယ် ဘယ်လိုသဘောရသလဲဟင်''

''နားထောင်လို့ကောင်းသားပဲကိုသက်ခိုင်''

ကိုသက်ခိုင်က ပြုံးကာ သက်ပြင်းချလိုက်သည်။

''သီချင်းနောက်ကွယ်က အနက်အဓိပ္ပါယ်ကို နွယ်သိသလား လို့ မေးတာပါနွယ်''

''သြော်.. ကိုသက်ခိုင်ရယ်၊ ကိုသက်ခိုင်ပြောတဲ့နိမိတ်ပုံဆိုတာ လားဟင်.. အဲဒီ လောက်တော့ နွယ့်ဦးနှောက်က လိုက်မမီဘူးရှင့်၊ ကိုသက်ခိုင်ကိုယ်တိုင်ရှင်းပြမှ နားလည်တော့မှာ ပဲ''

''နွယ်လိုက်မမီတာ မဟုတ်ပါဘူး၊ ကျွန်တော် ကိုက ရှင်းအောင် မရေး နိုင်လို့ပါ၊ ပြီးတော့.. နိမိတ်ပုံနဲ့ရေး ထားတာဆိုတော့ ရှင်းပြမှပဲ နားလည်နိုင်တော့မှာ ပေါ့လေ''

''ပြောပါဦးကိုသက်ခိုင်၊ နိမိတ်ပုံ.. နိမိတ်ပုံနဲ့ နွယ့်နားထဲမှာ ဆန်းနေတယ်၊ အဲဒါ ဘာကိုပြောတာလဲဟင်''

နွယ်က နားမလည်သည်ကို ရိုးရိုးသားသားပင်ဝန်ခံပြီး မေး လိုက်သည်။

''သီချင်းအမျိုးအစားတွေ ထဲမှာ ပြောချင်တဲ့အချက်ကို တည့် တည့်ပြောပြီးဖွဲ့နွဲ့တဲ့သီချင်းမျိုးရှိသလို.. သွယ်ဝိုက်ပြီးပြောတာမျိုးလည်း ရှိတယ်မဟုတ်လားနွယ်၊ မိန်းကလေး တစ်ယောက် ကို ပန်းနဲ့တင်စားတာ မျိုးပေါ့''

''ဟုတ်ကဲ့''

''ကျွန်တော့် သီချင်းကလည်း ဒီလိုပါပဲနွယ်၊ သာမန်နားထောင် ကြည့်ရင်တော့ နွေမိုးဆောင်းဥတုသုံးပါးကိုဖွဲ့နွဲ့တာလို့ ရိုးရိုးပဲထင်ကောင်း ထင်မယ်၊ တကယ်တော့.. ကျွန်တော် က ကျွန်တော့် ရဲ့ အတွေ့ အကြုံက ရာသီသုံးပါးနဲ့တင်စားပြီး ရေး ဖွဲ့ထားတာပါနွယ်''

''ကိုသက်ခိုင်ရှင်းပြမှပဲ နွယ် နားရှင်းတော့မှာ ပဲ''

''ဒီလိုပါနွယ်.. ကျွန်တော် ချစ်နေတဲ့မိန်းကလေး တစ်ယောက် ကျွန်တော့် မှာ ရှိပါတယ်''

''ရှင်...''

''သူ့ကို ကျွန်တော် ဖွင့်ပြောလို့မ ဖြစ်ဘူးဗျာ၊ ကျွန်တော့်အချစ် ကို ဖွင့်ဟလို့မရအောင် အဟန့်အတားတွေ ကျွန်တော့် မှာ ရှိနေခဲ့တယ်''

နွယ် ငြိမ်ပြီးတော့ပဲ နားထောင်နေလိုက်သည်။

''ကျွန်တော် တို့က ချို့တဲ့သူတွေ ဆိုတော့ ထောက်ထားစရာ ကျေးဇူးရှင်တွေ က များ ပါတယ်နွယ်၊ ထိပ်ဆုံးက ကျွန်တော့် ကျေးဇူးရှင် ကတော့ ကျွန်တော့် ကိုကျောင်းထားပေးတဲ့ ဦးကျော်နိုင်တို့မိသားစုပါပဲ''

''ကိုသက်ခိုင်အဖေမောင်းနေတဲ့ကားရဲ့ အုံနာဆိုတာ..''

''ဟုတ်ပါတယ်နွယ်၊ ဦးကျော်နိုင်တို့က ကျွန်တော့် ကို တက္ကသိုလ် တက်နိုင်အောင် ထောက်ပံ့တယ်ဆိုပေမယ့် အနှောင်အဖွဲ့နဲ့ပါ၊ ဦးကျော် နိုင်မှာ သမီး တစ်ယောက် ရှိတယ်၊ ကေကေ..တဲ့၊ တစ်ဦးတည်းသော သမီးပါ၊ ဦးကျော်နိုင်တို့က ကျွန်တော် ဘွဲ့ရရင် ကျွန်တော့် ကို သူတို့ သမီး ကေကေနဲ့ လက်ထပ်ပေးချင်တယ်''

နွယ့်ရင်ထဲတွင် ဆွတ်ကြင်စွာ ခံစားလိုက်ရသည်။

''သူတို့ကျေးဇူးရှိတော့လည်း သူတို့စီမံရာ နာခံရတာ ပေါ့ဗျာ၊ ကျွန်တော် ဆိုတဲ့ကောင်ကလည်း ရန်ကုန်ကိုသိပ်ရောက်ချင် တက္ကသိုလ် သိပ်တက်ချင်တဲ့ကောင်ကိုး၊ ဂီတနယ်နဲ့နီးစပ်မှုရအောင်ကြိုးစားမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရန်ကုန်မှာ တက္ကသိုလ်တက်ချင်တာပါနွယ်၊ အဖေ ကလည်း ဦးကျော်နိုင်တို့ကျေးဇူးမကင်းတော့ ကျွန်တော့် ကို ကေကေနဲ့ သဘောတူတယ်၊ မိသားစုအတွက် ထွက်ပေါက်လည်း ဖြစ်နေတာကိုး၊ ကျွန်တော့် အကြောင်းနားထောင်ရတာ စိတ်ပျက်နေပြီလား နွယ်''

''ဆက်ပြောပါကိုသက်ခိုင်၊ နွယ်စိတ်ဝင်စားပါတယ်''

''လူကြီးတွေ စီစဉ်တာကို ကျွန်တော် နာခံခဲ့ပေမယ့် ကျွန်တော့်  နှလုံးသားက မနာခံခဲ့ပါဘူးနွယ်၊ ကေကေ့ကို ကျွန်တော် က ညီမလေး တစ်ယောက် လိုသဘောထားခဲ့တာပါ၊ မချစ်ခဲ့ပါဘူး၊ အဲဒီ လိုအခြေအနေ မှာ ကျွန်တော် တကယ်ချစ်ရတဲ့မိန်းကလေး တစ်ယောက် ကိုတွေ့ လာတယ် နွယ်၊ ဒါပေမယ့်.. ကျွန်တော့် မှာ ဖွင့်ပြောလို့မ ဖြစ်ခဲ့ဘူး၊ ကျွန်တော့်  အချစ်တွေ ကို မြိုသိပ်လို့ပဲထားခဲ့ရပါတယ်နွယ်...''

''ဒါပေမယ့်.. ဒါဟာ ပထမနှစ် ကျောင်းမပိတ်ခင်အချိန်ထိ ဖြစ်ခဲ့တဲ့အနေအထားတွေ ပါ၊ ခုတော့.. အခြေအနေတွေ အားလုံးက ပြောင်းလဲသွားပြီနွယ်၊ ကျွန်တော် ချစ်တဲ့မိန်းကလေးကို ချစ်တဲ့အကြောင်း ဖွင့်ပြောလို့ရပါပြီ''

''ရှင်...''

''ကျွန်တော် ဆက်ပြောပြပါ့မယ်နွယ်၊ ဆောင်းနဲ့အတူအချစ်တွေ ယူလာပါရစေဆိုတဲ့သီချင်းလေးဟာလည်း ဒီအတွေ့ အကြုံတွေ ကြောင့် ရလာတဲ့ သီချင်းလေးတစ်ပုဒ်ပါ''



၃ ( ဂ )

ပထမနှစ် ကျောင်းများ ပိတ်လို့ သက်ခိုင်မိတ္ထီလာကိုပြန်သွား ခဲ့သည်။

မိတ္ထီလာကို ပြန်ရောက်ရောက်ချင်း.. မိမိကျေးဇူးရှင်များ ဖြစ်သော ဦးကျော်နိုင်နှင့် ဒေါ်တင်တင်တို့လင်မယားကို သွားကန်တော့ ပါသည်။

တကယ်တော့.. သက်ခိုင်သည် ဦးကျော်နိုင်တို့အိမ်ကို ယခင် ကတည်းကပင် ဝင်ထွက်နေကျ ဖြစ်သည်။ ကျောင်းသားဘဝက စနေ တနင်္ဂနွေကျောင်းပိတ်ရက်တိုင်း စန္ဒရားလာတီးနေကျ။ ဦးကျော်နိုင်က ကျောင်းစာလည်းတော် ၍ ဂီတမှာ ထူးချွန်သော သက်ခိုင်ကို အရေး ပေး သည်။ ဒါကြောင့်လည်း.. ဆယ်တန်းအောင်အပြီးမှာ တက္ကသိုလ်ဆက် တက်ဖို့ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ပါသည်။

ဦးကျော်နိုင်တို့လင်မယားကိုကန်တော့အပြီးမှာ .. ကေကေ အိမ်ထဲကထွက်လာသည်။

ဦးကျော်နိုင်တို့လင်မယားက ''မောင်နှမနှစ် ယောက် စကားပြော ကြဦး''.. ဆိုကာ ရှောင်ထွက်သွား၏ ။

''သမီးက ကိုသက်ကို စန္ဒရားတီးပြခိုင်းမလို့ဖေဖေ၊ ကိုသက် မရှိတာနဲ့ ကိုသက်လက်သံကိုနားမထောင်ရတာ ကြာပြီ၊ လာ.. ကိုသက်၊ ကေကေ့ကို စန္ဒရားတီးပြ..''

ကေကေက သူ့လက်ကိုဆွဲကာ စန္ဒရားထားသည့်အခန်းထဲသို့ ဆွဲခေါ်သွား၏ ။

''ကိုသက် ဘာသီချင်းတီးပြရမလဲ ကေကေ''

''ကိုသက်.. ကေကေ ကိုသက်နဲ့ဆွေးနွေးစရာရှိတယ်''

''ဟင်..''

''အရေး ကြီးတယ်ကိုသက်၊ ကိုသက် စန္ဒရားကို တီးလုံးတစ် ခုခု ဟန်မပျက်တီးနေလိုက်ပါ၊ ဖေဖေတို့ ရိပ်မိသွားမှာ စိုးလို့၊ ကေကေ က ပြောစရာရှိတာ ပြောမယ်နော်၊ ကိုသက်ကလည်း စန္ဒရားတီးရင်းက နေ ပြောစရာရှိတာ ပြန်ပြောပေါ့''

သက်ခိုင်အမှတ်မထင်တီးလိုက်သော သီချင်းက 'သံသရာတစ် ကွေ့ဝယ်'သီချင်း၏ တီးလုံး ဖြစ်နေလေသည်။

သီချင်းတီးလုံးကိုနောက်ခံထား၍ .. ကေကေက သူပြောစရာ ရှိသည့်စကားများ ကို ပြောခဲ့လေသည်။



''ဖေဖေတို့က ကိုသက်နဲ့ကေကေ့ကို သဘောတူထားကြတာ ကိုသက်သိတယ်နော်''

''သိတယ်လေ ကေကေ''

''ကေကေ ပွင့်ပွင့်လင်းလင်းပဲမေးမယ်၊ ကိုသက် ကေကေ့ကို ချစ်လား''

''ကိုသက်လည်း အပွင့်လင်းဆုံးပြောရရင် ကေကေ့ကို ညီမ လေး တစ်ယောက် လိုပဲသဘောထားတယ်၊ ဘယ်လိုမှချစ်လို့မရဘူးကေကေ ရယ်''

''ဝမ်းသာလိုက်တာ ကိုသက်ရယ်၊ ဒါဖြင့်.. ကိုသက် ကေကေ့ ကိုစွန့်လွှတ်ရရင် ဘယ်လိုမှမခံစားရဘူးပေါ့.. ဟုတ်လား''

''ဒါပေမယ့်ကေကေ.. ဦးလေးတို့ကျေးဇူးတွေ က ကိုသက် အပေါ်မှာ ဆပ်မကုန်အောင်များ နေပြီ၊ ဦးလေးတို့စီစဉ်တာကို ဆန့်ကျင် လို့ ဖြစ်ပါ့မလား ကေကေရယ်''

''ကိုသက်အပိုင်းကို ကေကေ နားလည်ပါတယ်၊ ကိုသက် ဆန့်ကျင်စရာမလိုပါဘူး၊ ဖေဖေတို့စီစဉ်ထားတဲ့အစီအစဉ်ကို ကေကေ ကပဲ ဆန့်ကျင်မှာ ပါ၊ ကေကေကပဲ ဖျက်မှာ ပါ၊ ဒါဆို.. ကိုသက်အဆိုး မ ဖြစ်တော့ဘူးမဟုတ်လား''

''ကေကေ.. နင်ဒါတွေ ဘာလို့ပြောနေရတာ လဲ ဟင်''

''ပြောဖို့လိုအပ်လို့ပေါ့ကိုသက်ရယ်၊ ကေကေ့မှာ ချစ်သူရှိနေ ပြီ''

''ဟင်...''

''ကေကေ သူနဲ့အလွဲမခံနိုင်ဘူးကိုသက်၊ ဒါကြောင့်.. ကိုသက် သဘောထားကိုမေးကြည့်တာပါ၊ ကေကေ့အတွက် ကိုသက်မခံစားရဘူး ဆိုရင်.. ကေကေ သူနဲ့ပဲ..''

''သူဆိုတာ ဘယ်သူလဲ ကေကေ''

''ကိုမိုး..တဲ့၊ သူက ဂျီတီအိုင်ကျောင်းသား တစ်ယောက် ပါ၊ မိတ္ထီလာဂျီတီအိုင်မှာ ပဲ တက်နေတာလေ၊ ကိုမိုးကိုပါခေါ်ပြီး ကိုသက်နဲ့ ဆွေးနွေးချင်ပါသေးတယ်၊ ကိုသက် မနက်ဖန် ရွှေမြင်တင်ဘုရားထဲကို လာခဲ့ပါလား ဟင်''



နောက်တစ်နေ့..

ကေကေချိန်းထားတဲ့အတိုင်း ရွှေမြင်တင်ဘုရားကိုရောက် တော့...ဘုရားရင်ပြင်ပေါ်တွင် ကေကေ့ကို သူ့ချစ်သူနဲ့အတူတွေ့ ရသည်။

ကေကေက သူတို့နှစ် ယောက် ကိုမိတ်ဆက်ပေး၏ ။

''ကိုသက်.. ဒါ ကေကေ့ချစ်သူ ကိုမိုးပါ၊ ကိုမိုးက ကျောက် ပန်းတောင်းကနေ ဂျီတီအိုင် လာတက်နေတာ၊ ကိုမိုး.. ဒါ ကိုသက်ခိုင်''

ကိုမိုးနှင့် သက်ခိုင် လက်ဆွဲ၍ နှုတ်ဆက်လိုက်ကြသည်။

''ကိုသက်နဲ့ကေကေနဲ့ မနေ့က ဆွေးနွေးပြီးပါပြီကိုမိုး၊ ကိုသက် ဖက်က နားလည်မှုရှိပါတယ်''

''ကျေးဇူးတင်ပါတယ် ကိုသက်ခိုင်''

''ရပါတယ်ဗျာ၊ ကျွန်တော် က ငယ်ငယ်ကတည်းက အတူနေ လာလို့ ကေကေ့ကို ညီမလေး တစ်ယောက် လိုပဲ စိတ်ထဲမှာ ထားတာပါ''

''ကိုမိုး.. ကိုသက်က ဖေဖေတို့အစီအစဉ်ကိုဆန့်ကျင်ရမှာ ကို စိုးရိမ်နေတယ်၊ ကိုသက်ဖက်ကကြည့်ရင်လည်း ဟုတ်တာပေါ့လေ၊ ကေကေက ပြောလိုက်တယ်၊ ကိုသက်ဆန့်ကျင်စရာမလိုပါဘူး၊ ကေကေ့ ဘာသာဆန့်ကျင်ပါ့မယ်လို့၊ ကေကေ ကိုမိုးနောက်ကိုလိုက်လာရင် ဖေဖေ တို့ အစီအစဉ်ပျက်ရောမဟုတ်လား၊ ကိုသက်ကို ဖေဖေတို့က အထင် အမြင်မှားစရာမရှိတော့ဘူးပေါ့၊ စိတ်ချပါကိုသက်ရယ်၊ ကေကေ သတ•္တိ ရှိပါတယ်၊ ဖေဖေတို့စွန့်လွှတ်မှာ ကိုလည်း ကေကေမကြောက်ပါဘူး''

ကေကေ့မျက်ဝန်းများ ထဲတွင် အချစ်အတွက်ရင်ဆိုင်ရဲသော သတÃ္တိသွေးများ ဖြင့် ပျိုးပြက်နေလေသည်။



''အဲဒါပါပဲ နွယ်... ဆောင်းနဲ့အတူအချစ်တွေ ယူလာပါရစေ ဆိုတဲ့သီချင်းလေးဟာ ကေကေ့ကြောင့် ရလာခဲ့တာပါ၊ ကေကေက သတ္တိ ရှိရှိနဲ့ ပြတ်သားခဲ့လို့ ကျွန်တော် လွတ်လပ်ခွင့်ရခဲ့ပြီနွယ်၊ ဦးကျော်နိုင် တို့ရဲ့ ကျေးဇူးအနှောင်အဖွဲ့တွေ ဟာ နွေရဲ့ နေမင်း.. မိုးရဲ့ မုန်တိုင်းတွေ လို ကျွန်တော့် နှလုံးသားအတွက် အဟန့်အတားတွေ ဖြစ်ခဲ့တာပါ၊ ခုတော့ အဆီးအတားတွေ အားလုံး ကင်းရှင်းသွားပြီ၊ ကျွန်တော့် နှလုံးသားအတွက် အေးမြတဲ့ဆောင်းကိုရောက်ပါပြီနွယ်၊ အဲဒါကြောင့်.. ဒီသီချင်းလေးကို ကျွန်တော် က နိမိတ်ပုံသီချင်းလို့ပြောခဲ့တာပါ၊ ကျွန်တော့် ခံစားချက်တွေ ကို နွေမိုးဆောင်းနဲ့ပမာပြုပြီး ရေး ထားတဲ့သီချင်းလေးပါနွယ်''

''ဒါဖြင့် .. ကိုသက်ခိုင်က ကိုသက်ခိုင်ချစ်တဲ့မိန်းကလေးကို ကိုသက်ခိုင်အချစ်တွေ ဖွင့်ဟတော့မလို့လား''

''ဟုတ်ပါတယ်နွယ်၊ အဲဒါကြောင့်လည်း ဆောင်းနဲ့အတူ အချစ်တွေ ယူလာပါရစေလို့ ရေး ထားတာပါ''

''ကိုသက်ခိုင်ဖွင့်ပြောမယ့်မိန်းကလေးကို ကေကေနဲ့အကြောင်း တွေ ကို သွားမပြောလိုက်နဲ့နော်''

''ဗျာ.. ဘာ ဖြစ်လို့လဲ နွယ်''

''သြော်.. ကေကေကရှောင်ပေးမှ သူ့ကိုချစ်စကားပြောရဲ တယ်ဆိုပြီး မိန်းကလေးက ကိုသက်ခိုင်ကို အထင်သေးသွားမှာ စိုးလို့ ပါ''

''ဗျာ.. နွယ်၊ ကျွန်တော့် အ ဖြစ်က အဲဒီ လိုထင်စရာ ဖြစ်နေ လို့လားနွယ်''

'' ဖြစ်တာပေါ့ကိုသက်ခိုင်၊ တကယ်ဆို.. ဘယ်လိုအဟန့် အတားမျိုးပဲရှိရှိ ယောကျာ်းဆိုတာ ကိုယ့်အချစ်ကိုဖွင့်ဟရဲရမယ်မဟုတ် လား''

''နွယ်.. နွယ်က ကျွန်တော့် ကို သတ္တိမရှိဘူး၊ ယောကျာ်း မပီသဘူးလို့ပြောချင်တာလား ဟင်''

''နွယ်မပြောပါဘူး ကိုသက်ခိုင်ရယ်.. ကိုသက်ခိုင်ဖွင့်ပြော မယ့်မိန်းကလေးက ကိုသက်ခိုင်ကို အဲဒီ လိုထင်နေမှာ စိုးလို့ နွယ်က သတိပေးတာပါ''

''နွယ်ရယ်.. ဒါဖြင့် နွယ်ကိုယ်တိုင်ဆုံးဖြတ်ပေတော့ဗျာ.. ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော် ဖွင့်ပြောမယ်ဆိုတဲ့.. ကျွန်တော် ချစ် နေတယ်ဆိုတဲ့မိန်းကလေးဟာ.. တခြားလူ မဟုတ်ပါဘူး၊ နွယ်ပါပဲ နွယ်ရယ်..''

နွယ်က ကိုသက်ခိုင်မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။

''နွယ်.. သိပ်အံ့သြသွားသလား ဟင်''

''မအံ့သြပါဘူးကိုသက်ခိုင်၊ ကိုသက်ခိုင် နွယ့်ကိုချစ်နေတယ် ဆိုတာ နွယ်သိသားပဲ''

''ဟာ...''

''နွယ်တင်မဟုတ်ပါဘူး၊ သင်းသင်းလည်းသိတယ်၊ တခြား လူတွေ လည်း သိနိုင်တာပဲကိုသက်ခိုင်''

''ဒါဖြင့် .. ကျွန်တော့် အချစ်ကို နွယ်နားလည်နိုင်တယ်ပေါ့၊ ဟုတ်လားနွယ်''

''နွယ် ခုနပြောသလိုပေါ့၊ ကိုသက်ခိုင်ကို နွယ်က ကေကေ ရှောင်ပေးမှ နွယ့်ကိုချစ်စကားဖွင့်ပြောရသလားလို့မေးရင် ကိုသက်ခိုင် ဘယ်လိုဖြေမလဲ''

''နွယ်ရယ်.. ကျွန်တော် ရှင်းပြခဲ့ပြီးပါပြီ၊ ကျွန်တော့် မှာ သူတို့ ရဲ့ ကျေးဇူးတရားကို ထောက်ထားရရုံမဟုတ်ပါဘူး၊ ကေကေ့မိဘတွေ ရဲ့ ဆန္ဒကိုဆန့်ကျင်လိုက်ရင်.. ကျွန်တော့် အဖေမျက်နှာပျက်မှာ ၊ ညီ,ညီမ လေးတွေ မျက်နှာငယ်မှာ ကိုပါ စိုးရိမ်ရပါသေးတယ်၊ အဖေက သူတို့ကား ကိုမောင်းပြီး ကျွန်တော် တို့မိသားစုရပ်တည်နေရတာ ပါ နွယ်၊ နွယ်ရယ်.. ဖွင့်ပြောတာနောက်ကျလို့ ကျွန်တော့် အချစ်ကိုတန်ဖိုးလျော့တယ်လို့တော့ မတွက်လိုက်ပါနဲ့နွယ်''

နွယ်ခေါင်းငုံ့ကာ ငြိမ်သက်နေမိသည်။

''ပြောပါဦးနွယ်..''

ကိုသက်ခိုင်က ထပ်မေးလိုက်ပြန်သည်။

''အို... ကိုသက်ခိုင်ကလဲ.... ရှင်းရှင်းပြောရရင် နွယ် ကိုသက်ခိုင်ဖွင့်ပြောမယ့်စကားကို မျှော်လင့်မထားပါဘူး၊ ဒီတစ်သက် ဖွင့်ပြောလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့ဘူး၊ အဲဒါကြောင့်.. နွယ့်မှာ ကိုသက်ခိုင်အတွက် စဉ်းစားထားတဲ့အဖြေ မရှိသေးပါဘူး ကိုသက်ခိုင်''

''နွယ်ရယ်.. သီချင်းပဟေဠိမှာ နွယ့်ကိုစတွေ့ ကတည်းက ကျွန်တော် စိတ်ဝင်စားခဲ့ရတာ ပါ၊ နွယ်နဲ့ပြန်တွေ့ မယ်လို့မျှော်လင့်မထား လို့ ကျွန်တော့် အချစ်တွေ ကို ရင်ထဲမှာ ပဲ သိမ်းထားခဲ့ပါတယ် နွယ်၊ မမျှော်လင့်ပဲ နွယ်နဲ့ပြန်ဆုံလိုက်ရတော့ ကျွန်တော့်  ရင်ထဲမှာ ...''

''အို.. တော် ပါတော့ကိုသက်ခိုင်''

နွယ်က ရုတ်တရက်ထရပ်လိုက်သည်။

''နွယ်ပြန်မယ်..''

''နွယ်.. ကျွန်တော့်ကိုစိတ်ဆိုးသွားသလား ဟင်၊ ကျွန်တော့်  ကိုအဖြေပေးခဲ့ပါဦးနွယ်ရယ်..''

''အို.. မိန်းကလေး တစ်ယောက် ဆီကအဖြေကို ချက်ချင်း ရ နိုင်ပါ့မလားကိုသက်ခိုင်ရယ်၊ ကိုသက်ခိုင်.. ရှင်ဟာလေ.. ရှင်ဖွင့်ပြော ရမယ့်စကားကိုတော့ နောက်ကျမှဖွင့်ပြောတယ်၊ ရှင်လိုချင်တဲ့အဖြေကို ကျတော့ ချက်ချင်း လိုချင်တော့တာပဲ၊ အို.. ဆက်မပြောတတ်တော့ ဘူး၊ နွယ်သွားတော့မယ်''

နွယ်သည် ရေတမာပင်အောက်ခုံတန်းလေးဆီမှ ပြေးထွက်ခဲ့ လေ၏ ။

''နွယ်.. နွယ်...''

အသံနှင့် အတူ ကိုသက်ခိုင် နောက်မှပါလာသည်။

''နွယ်.. ဟောဒါလေးကိုယူ သွားပါဦးနွယ်''

နွယ်လှည့်ကြည့်လိုက်တော့ စာရွက်ခေါက်ကလေးတစ်ခုကို ကမ်းပေးနေသည့်ကိုသက်ခိုင်ကိုတွေ့ ရလေ၏ ။

''တခြားမဟုတ်ပါဘူးနွယ်ရယ်.. ဆောင်းနဲ့အတူအချစ်တွေ ယူလာပါရစေ..ဆိုတဲ့ သီချင်းစာသားလေးပါ၊ နွယ်ဖတ်ကြည့်ဖို့ ယူသွား ပါနော်''

ကိုသက်ခိုင်က နွယ့်လွယ်အိတ်ထဲကို စာခေါက်ကလေး ထိုး ထည့်လိုက်လေ၏ ။

နွယ်က ကိုသက်ခိုင်ရှေ့မှ လှည့်ထွက်လာခဲ့လေသည်။





ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ မှော်ဝင် သီချင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တမလွန်ကပျံလာတဲ့လိပ်ပြာ

စက်ကွင်း

ရိုင်းတဲ့ တစ္ဆေ