
အခန်း(၁)
ညသည် ပိန်းပိတ်အောင် မှော င်မည်းနေ၏ ။
လမိုက်ညလည်း ဖြစ်ပါ၍ ဝန်းကျင်တစ်ခုလုံးကို အမှော င်တိုက်ကသာ ကြီးစိုးထားလေသည်။
သူမရှေ့ရှိ ကတ္တရာလမ်းမကြီးမှာ လည်း နက်ချောသော လမ်းမကြီးမို့ အမှော င်ထဲမှာ ရော၍ ပျောက်ကွယ်ကာ ဘာကိုမျှမမြင်ရနိုင်ဘဲရှိနေ၏ ။ သူမ တစ်ကိုယ်လုံးသည် အလုံပိတ်သေတ္တာတစ်လုံးထဲ ပိတ်လှောင်ခံထားရသလို အမှော င်၏ ဝါးမျိုမှု ကို ခံစားနေရလေ၏ ။
သည်လိုနေရာမျိုးမှာ ဆင်းခဲ့မိတာ မှားလေပြီလားဟု သူမကနောင်တရစွာ တွေးလိုက်မိသည်။
လမ်း၏ တောင်ဘက်စူးစူးဆီမှ ကားမီးရောင် တစ်ခုကို မြင်လိုက်ရ၍ သူမ အားတက်သွားသည်။
ကားမီးရောင် ကြောင့် လမ်းဘေးရှိသစ်ပင်ကြီးများ ကို မကောင်းဆိုးဝါးကောင်ကြီးများ ယိမ်းနွဲ့လှုပ်ရှားနေသည့်သဖွယ် ခပ်ရေး ရေး မြင်လာရသည်။
သူမသည် ကားကိုလက်တားရန် ကတ္တရာလမ်း၏ အစပ်နားဆီသို့ ထွက်ရပ်လိုက်သည်။
တဖြည်းဖြည်းနီးလာသော ကား၏ အမျိုးအစားကို မြင်လိုက်ရသည့်အခါ သူမ စိတ်ပျက်အားလျော့သွားတော့၏ ။
ကားက ရန်ကုန်-မန္တလေးသွား ခရီးသည်တင် ဘတ်စ်ကားကြီး ဖြစ်လေသည်။ ကားအတွင်းမှမီးများ ကို လင်းထိန်စွာ ဖွင့်ထားပြီး ကားထိုင်ခုံများ နှင့် အပြည့် ခရီးသည်များ ပါလာသည်ကိုတွေ့ ရ၏ ။
သည်လိုကားမျိုးက သူမတို့လိုမိန်းမစားမျိုးနှင့် ဘာမျှမဆိုင်။သူမက လမ်းဘေးသို့ ပြန်ဆင်း၍ ရပ်လိုက်သည်။
ကားကိုတားရန် မြှောက်လုဆဲလက်ကို ပြန်ချထားလိုက်သည်။မီးရောင် လင်းထိန်သော ခရီးသည်တင်ကားကြီးမှာ သူမရှေ့မှဝေါခနဲ ဖြတ်သန်းသွားလေသည်။
သူမ ဆာလောင်မွတ်သိပ်လာသည်။ ညနေစောင်းက စားထားသည့် ရှမ်းခေါက်ဆွဲတစ်ပွဲက ဝမ်းထဲမှာ အစာ ကျေညက်၍ အစာသစ်ကို တောင်းဆိုနေလေပြီ။
သူမ မျှော်လင့်နေသည် ကားမျိုးက ဒရိုင်ဘာနှင့် စပယ်ယာနှစ် ယောက် တည်း ပါသည့်ကားမျိုး။ ကြိုက်တဲ့နေရာမှာ လမ်းဘေးထိုးရပ်ပြီး အချိန်ဖြုန်းအနားယူနိုင်တဲ့ကားမျိုး။
ပိုက်ဆံပေါပေါသုံးနိုင်သည့် ကုန်တင်ကားဒရိုင်ဘာများ သည်သူမကို ခေါ်တင်သွားလေ့ရှိသည်။ သူတို့လိုချင်တဲ့ ပျော်ပါးမှု ကို ပေးလိုက်သည်နှင့် သူတို့ဆီက ငွေတွေ ရမည် ။ သူတို့က သူမကို အစားကောင်းကောင်း ကျွေးမည် ။
ကားရပ်နားသည့် တောစခန်းတစ်ခုမှာ ဖြစ်စေ၊ လမ်းဘေးတစ်နေရာမှာ ဖြစ်စေ ဒရိုင်ဘာ, စပယ်ယာများ နှင့် တစ်ည အချိန်ဖြုန်းရင်းသူမ စီးပွားရှာလေ့ရှိသည်။
သည်တစ်ခေါက်တော့ စွန့်စား၍ ဤနေရာထိ သူမ ရောက်လာခြင်း ဖြစ်ပါသည်။
သူမ ကျင်လည်ကျက်စားလေ့ရှိသည့် ပဲခူး၊ ညောင်လေးပင်တစ်ဝိုက်သည် သူမအတွက် ရိုးပြီ။ ထိုနေရာရှိကားသမားများ အတွက်လည်း သူမသည် ရိုးနေပါပြီ။ ကားသမားတွေ က သူမကို ငြင်းဆန်လာကြသည်။ သူတို့ကားပေါ်ကို သူမအား ခေါ်မတင်ချင်ြ ကတော့။
ညအမှော င်ထုထဲမှ လက်ပြတားဆီးသော သူမ နားသို့ ကုန်တင်ကားများ ထိုးရပ်လာတတ်ပါ၏ ။ အနားရောက်မှ ကားမီးရောင် အောက်တွင် ရပ်နေသော သူမကို မြင်သည့်အခါ လက်ပြနှုတ်ဆက်၍ မောင်းပြေးတတ်ကြသည်။ ဒီတစ်ခေါက် ခရီးပန်းလာလို့ဟု အကြောင်းပြကာ သူမကို ကားပေါ်ခေါ်တင်ဖို့ ငြင်းဆန်တတ်လာသည်။
သူမ ရေကြည်ရာ မြက်နုရာ ရှာဖို့လိုလာပါ၏ ။
နယ်မြေသစ်ကို သူမ စွန့်ထွက်ခဲ့သည်။
မနေ့ညက သူမကို တင်ခေါ်ခဲ့သော ကားသမားများ ကို ခွင့်တောင်းကာ ကျင်လည်နေကျနယ်မြေနှင့် မိုင် ၃ဝဝ ကျော်ဝေးသည့်ဤအရပ်အထိ သူမ လိုက်လာခဲ့ခြင်း ဖြစ်၏ ။
မြို့နှင့် အတန်လှမ်းသည့် ဤအရပ်မှာ သူမ ဆင်းနေခဲ့ပါသည်။
ယခု ညသန်းခေါင်ကျော်ပြီ။
သူမသည် ကုန်တင်ကားအချို့ကို လက်တားခဲ့၏ ။
ကားမီးရောင် အောက်ထွက်ရပ်ကာ တင်ကိုနောက်သို့ ပစ်၍ ရင်ကိုကော့ကာ လက်မြှောက်ဝှေ့ယမ်း၍ သူမ၏ ရှိသမျှ စွဲမက်ဖွယ်များ ပေါ်လွင်စေသည့်ပုံစံဖြင့် ကားတွေ ကိုတားခဲ့သည်။
ကားဒရိုင်ဘာများ က သူမကို ဆန္ဒရှိပုံမပေါ်ခဲ့ချေ။
သူမသည် ညအမှော င်ထုထဲဝယ် တစ်ယောက် တည်း ရပ်နေမြဲ။
လမ်းအတွင်းဘက်ပိုင်းရှိ လူနေရွာတစ်ရွာမှ ခွေးများ အူသံကကားလမ်းမအထိ ပျံ့လွင့်လာသည်။ သူမသည် အကာလညအခါနှင့် ခွေးအူသံရှည် ပေါင်းစပ်မှု ကြောင့် ကြက်သီးထအောင်ပင် ကျောချမ်းသွားမိ၏ ။
ပိုးစုန်ကြူးများ ၏ အလင်းရောင် က မှိတ်တုတ် မှိတ်တုတ်နှင့် ဝန်းကျင်အနှံ့မှာ သွားလာလှုပ်ရှားနေသည်။ အလင်းဓာတ်လွှတ်ရင်းပျံဝဲသွားသည့် ပိုးစုန်းကြူး၏ သဏ္ဍာန်သည် ညအမှော င်ထဲဝယ် ဆေးလိပ်မီးဖွာ၍ လျှောက်လာနေသော မကောင်းဆိုးဝါးကောင်များ နှယ် မှတ်ထင်ရ၏ ။
သစ်ပင်ကြီးများ ပေါ် တွယ်ကပ်ရင်း အလင်းရောင် တစ်ချက်တစ်ချက်ထုတ်လွှတ်လိုက်သည့် ပိုးစုန်းကြူးများ ကတော့ သရဲတ တစ္ဆေများ ငုတ်တုတ်ထိုင်၍ ဆေးလိပ်ဖွာနေသယောင် ထင်ရလေသည်။
ပတ်ဝန်းကျင်သည် ထိတ်လန့်ချောက်ချားဖွယ် ငြိမ်သက်နေပြန်၏ ။
လမ်းတောင်ဘက်မှ ကားတစ်စီး၏ မီးရောင် ကို မြင်ရပြန်သည်။
သူမသည် လက်တားရန် အဆင်သင့် ပြင်ဆင်ထားလိုက်၏ ။
အင်္ကျီခါးစများ ကို ဆွဲချသည်။ လုံချည်ကို တင်းတင်းရင်းရင်း ဖြစ်အောင်ဆွဲဆန့်သည်။ သူမပခုံးပေါ်မှာ တော့ အဝတ်အပိုတစ်စုံပါသည့် စလင်းဘက်တစ်လုံးလွယ်လျက်။
ကားသည် တဖြည်းဖြည်း နီးလာ၏ ။
ကားမီးလုံး၏ အနိမ့်အမြင့်ကို ကြည့်ပြီး ကားအငယ်စားဆိုတာသူမ ခွဲခြားသိလိုက်သည်။
တကယ်လည်း သူမရှေ့သို့ ကျွီခနဲ ထိုးရပ်လိုက်သည့်ကားသည် ဂျစ်ကားတစ်စီး ဖြစ်နေ၏ ။
ဂျစ်ကား၏ ပုံသဏ္ဍာန်ကို ကြည့်၍ သူမက အံ့သြနေသည်။ဟိုးရှေးနှစ် ပေါင်းများ စွာ ကတည်းက ပေါ်ခဲ့ဖူးသည့် ဂျစ်ကားပုံစံ။
ဝိုးတဝါး မြင်ရသော ကားမောင်းသူ၏ ပုံသဏ္ဍာန်ကလည်းသူမကို အံ့သြစေပြန်သည်။ ကားမောင်းသူသည် ဂျပန်ခေတ်က ဂျပန်စစ်သားများ ဆောင်းသည့် လျှာထိုးဦးထုတ်မျိုးကို ဆောင်းထားသည်။
ဘေးနှစ် ဖက်တွင် အဖတ် ၂ ဖတ်ကျနေ၍ နောက်တည့်တည့်တွင် လည်းအဖတ်တစ်ဖတ်ကျနေသည့် ဦးထုတ်မျိုး။
“ကျွန်မကို ကားနဲ့ခေါ်မလားဟင်”
သူမက အံ့သြမှု အတွက် အချိန်ဖြုန်းမနေဘဲ ခရာတာတာလေသံဖြင့် မေးလိုက်သည်။
“ခေါ်မှာ ပေါ့။ တက်ခဲ့လေ”
ကားသမား၏ အသံသည် ခပ်ဝဲဝဲ။သူမက ကားရှေ့မှကွေ့ပတ်ကာ ကားသမားဘေး ထိုင်ခုံသို့စွေ့ခနဲဝင်ထိုင်လိုက်သည်။
ကားသမားက ဂီယာချိန်း၍ မောင်းထွက်လိုက်၏ ။
“ရှင့်ကားပုံစံကလည်း ဘိုးတော် ဘုရားလက်ထက်က ပုံစံမျိုးကြီး”
ကားသမားက သူမနှင့် အတူ တဟင်းဟင်း လိုက်ရယ်လေသည်။သူမက ကားသမားကို ငဲ့စောင်း၍ ကြည့်လိုက်သည်။
ဂျပန်စစ်ဦးထုတ်ဆောင်းထားရုံသာမကပါ။ သူ့အဝတ်အစားမှာ လည်း အစိမ်းရောင် စစ်ယူနီဖောင်း ဖြစ်နေသည်။
“ရှင်က ဘယ်သူလဲ။ ရှင့်အဝတ်အစားက တစ်မျိုးကြီးပဲ”
“ဒါ ငါ့ယူနီဖောင်း”
“ဟီ ... ဟီ ... ဒါ ဂျပန်ခေတ်ကဝတ်စုံကြီးပဲ။ ကျွန်မရုပ်ရှင်ထဲမှာ မြင်ဖူးတယ်”
“ဟုတ်တယ်လေ။ ငါက ဂျပန်စစ်ဗိုလ်ပဲ”
“ရှင် တော် တော် နောက်တဲ့လူပဲ”
ဘာစိတ်ကူးနဲ့ ဂျပန်စစ်ဗိုလ်ပုံ ဝတ်ဆင်ထားသလဲတော့ မသိပေ။
“ကျွန်မ သိပ်ဆာနေပြီ။ ကျွန်မကို တစ်ခုခုတော့ ကျွေးဦးနော်”
“ရတယ်လေ”
“ဘယ်မှာ စားမလဲ”
“ငါတို့စခန်းရောက်မှစားပေါ့”
“စခန်း ... ဟုတ်လား။ ရှင်တို့ စခန်းကဘယ်မှာ လဲ”
“မြို့အစွန်မှာ ငါတို့ ကင်ပေတိုင် ရုံးရှိတယ်လေ”
“ကင်ပေတိုင်ရုံး။ ဘာတုံး ကင်ပေတိုင်ရုံးဆိုတာ”
“ဂျပန်စစ်ရုံးပေါ့ ဘိရုမာမရဲ့ ။ နင်မသိဘူးလား”
“ဘာ”
သူမက ကားမောင်းသူကို သေချာလှည့်ကြည့်လိုက်သည်။ မျက်ပေါက်ကျဉ်းကျဉ်း၊ နှာတံပိပိနှင့် အသားနီစပ်စပ်။
သူမက သူမ၏ ထုံးစံအတိုင်း အရာရာကို အလေးအနက် မထားသည့်သဖွယ် တခစ်ခစ် ရယ်လိုက်သည်။
“ဟီဟိ ... ရှင်က ရယ်စရာကြီးနော်။ ရှင်ရုပ်ရှင် ရိုက်ပြီးပြန်လာတာလားဟင်။ ဂျပန်စစ်ဗိုလ်လို သရုပ်ဆောင်ပြီးတော့ပေါ့”
“ငါက တကယ့်ဂျပန်ပါ”
“ဒါမှမဟုတ် ရှင်ပြဇာတ်ကပြီး ပြန်လာတာ ဖြစ်မယ်။ ဟုတ်တယ် မဟုတ်လား”
“ငါက ဂျပန်စစ်ဗိုလ်အစစ်”
“ရှင်ဟာ တော် တော် သရုပ်ဆောင်ကောင်းတဲ့လူပဲ။ ခစ်ခစ်”
သူမက သဘောကျစွာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။တစ်ညတာနားခိုရာနှင့် စားသောက်စရာအတွက် သေချာသွားပြီမို့ သူမစိတ်တွေ ပေါ့ပါးနေ၏ ။
“ရှင် ကျွန်မကို ပိုက်ဆံတော့ ကောင်းကောင်းပေးရမယ်နော်။အနည်းဆုံး တစ်ထောင်တော့ပေး”
“ပိုက်ဆံ ...အများ ကြီးပေးမှာ ပေါ့။ တစ်ထောင် မကဘူးတစ်သော င်း ပေးမယ်။ ရော့ ...ယူ”
သူက ကားအောက်ဘက်သို့ လက်နှိုက်လိုက်ရင်း ငွေစက္ကူတစ်ထုပ်ကို ဆွဲထုတ်လိုက်သည်။ သူမ လက်ထဲကို ထည့်သည်။သူမက ငွေစက္ကူအထုပ်လိုက်ကို အံ့သြစွာ ကြည့်ရင်း မှင်တက်မိနေ၏ ။ တစ်သော င်းဆိုတော့ တစ်ရာတန် အရွက်တစ်ရာ ထုပ် ဖြစ်ဟန်တူသည်။
“ယူပါ”
ငွေစက္ကူထုပ်ကိုယူပြီး စလင်းဘက်ဇစ်ကို ဖွင့်၍ ထည့်လိုက်သည်။
“ရှင် သိပ်သဘောကောင်းတာပဲ”
သူမက ဆာလောင်တာကိုပင် မေ့သွားတော့သည်။ တစ်ထောင်ဆိုတဲ့ငွေကို ရလိုရငြား အရဲစွန့်ပြောကြည့်လိုက်ခြင်း ဖြစ်သည်။ သူမသည်ငွေတစ်ထောင်ပြည့်အောင် ရခဲလှပါ၏ ။ ၅ဝဝ သို့မဟုတ် ၃-၄ဝဝလောက်နှင့် ပြီးသည်က များ သည်။ တချို့ဆို ငွေမပြေလည်လို့ဆိုကာညစာထမင်းကျွေးရုံနှင့် ကျေနပ်လိုက်ရတာ မျိုး ရှိသည်။ သူမဘဝကငွေအတွက်သာမက တစ်ညတာနားခိုရာအတွက်ပါ ရုန်းကန်ရသည့်ညဥ့်ငှက်ဘဝ မဟုတ်လား။
“ဟိုမှာ ရှင် တစ်ယောက် တည်းလားဟင်”
“ဟုတ်တယ်”
ထိုစဉ် ဂျစ်ကား၏ နောက်ခပ်လှမ်းလှမ်းမှ အပြင်းမောင်းလာသော ကားကြီးတစ်စီး၏ မီးရောင် ကို မြင်ရလေသည်။ ကားကြီးမှာ အမြန်နှုန်းပိုကြီးသည်မို့ ဂျစ်ကားလေးနှင့် တစ်စတစ်စ နီးကပ်လာ၏ ။
သူမက ကားကြီးကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ အဝေးပြေး မှန်လုံ အဲကွန်းဘတ်စ်ကားကြီး။
ကားကြီးက သူမတို့ကားနှင့် တဖြည်းဖြည်း ကပ်လာသည်။
ဂျပန်စစ်ဗိုလ်သည် ကားကိုပုံမှန်အတိုင်းမောင်းလျက် ရှိ၏ ။ သည်အတိုင်းဆိုလျှင် နောက်မှကားကြီးက ဂျစ်ကားကို ဝင်တိုက်မိပေတော့မည် ။
“ရှင် လမ်းဘေးကို ကပ်ပေးလိုက်လေ”
သူမက အလောတကြီး ပြောလိုက်သည်။သူက အမှု မထားသလို မတုန်မလှုပ်ရှိနေ၏ ။ကားကြီးကလည်း သူ့ရှေ့ကဂျစ်ကားကို ကွေ့ကျော်တက်မည့် ပုံမပေါ်ဘဲ တည့်တည့်ကြီး မောင်းဝင်လာသည်။
ကားကြီး၏ ခေါင်းပိုင်းနှင့် ဂျစ်ကား၏ နောက်ပိုင်းတို့ အရှိန်ပြင်းစွာ ထိမိလိုက်ကြသည်။
“အိုး”
သူမက အလန့်တကြား အော်လိုက်၏ ။
သို့သော် ထူးဆန်းစွာ ပင် ဘာမျှ ဖြစ်မ သွားပါ။
ကားကြီး၏ ခေါင်းပိုင်းသည် သူမတို့ဂျစ်ကားအတွင်းသို့ တဖြည်းဖြည်း ဝင်လာသည်။ ဂျစ်ကားသမားကလည်း သူ့အရှိန်နှင့် သူ မောင်းလျက်ရှိသည်။
အရှိန်ပိုပြင်းသော ကားကြီး၏ ဘော်ဒီတစ်ခုလုံးအတွင်းသို့ ဂျစ်ကားလေး ရောက်ရှိသွားလေပြီ။
ကားကြီးသည် ကားငယ်ကို ငုံ၍ ထားသလို ကားနှစ် စီးလုံးအပြိုင် မောင်းနေကြ၏ ။
ပိုမြင့်သော ကားကြီးပေါ်မှ ခရီးသည်များ ၏ ဒူးခေါင်းများ ၊ ခြေထောက်များ သည် သူမဦးခေါင်းနှင့် တစ်တန်းတည်း ရှိနေ၏ ။ဂျစ်ကားသည် ကားကြီး၏ ထိုင်ခုံများ အောက်မှ ရွေ့လျားလျက်ပင် ရှိသည်။
ခဏကြာသည့်အခါ ကားကြီးက အရှိန်ဖြင့် ရှေ့ရောက်သွားပြီးဂျစ်ကားလေးသည် ကားကြီး၏ ကိုယ်အောက်မှလွတ်ထွက်ကာ နောက်မှာ ကျန်နေရစ်ခဲ့တော့သည်။
သူမသည် အသည်းတုန်၊ အူတုန် ဖြစ်ပြီး ကျန်ခဲ့၏ ။ကားကြီးက လျင်မြန်သော အဟုန်ဖြင့် ရှေ့မှပြေးကာ ပျောက်ကွယ်သွားလေပြီ။
သူမသည် ကားကြီးပေါ်မှာ ပြနေသော ဗီဒီယိုဇာတ်ကား၏ တစ်စိတ်တစ်ပိုင်းကိုပင် မြင်လိုက်ရသေးသည်။ ခရီးသည်များ ၊ ဒူးခေါင်းများ ကြားမှ သူမ ဖြတ်သန်းလာခဲ့သော်လည်း ဘာမျှ ထိမိခိုက်မိခြင်း မရှိခဲ့ချေ။
“ဘာ ဖြစ်တာလဲ ဟင်။ ဘာ ဖြစ်သွားတာလဲ”
သူမက ထိတ်လန့်တကြား မေးလိုက်သည်။
“ဘာ ဖြစ်လို့လဲ”
သူက အေးတိအေးစက် ပြန်မေး၏ ။
“ဟိုကားကြီး ကျွန်မတို့ကားပေါ်က ဖြတ်သွားတာ မတိုက်မိပါလား”
“မင်းထင်လို့ပါ”
သူမ နှုတ်ဆိတ်သွားသည်။ဆာလောင်မွတ်သိပ်နေ၍ များ အထင်အမြင် မှားသလား။ သူမကိုယ့်ကိုကိုယ် သံသယဝင်လိုက်၏ ။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“ရှင်”
“နာမည် ... မင်းနာမည် ဘယ်လိုခေါ်လဲ”
သူမက စဉ်းစားလိုက်သည်။
ချက်ချင်း ပင် -
“ကျွန်မနာမည် အဉ္စလီမိုမို”
များ ပြားလှသော ပြောနေကျနာမည် များ ထဲက တစ်ခုကို ပြောလိုက်သည်။
“ဘာ ... ဘယ်လို”
“အဉ္စလီမိုမိုပါဆို”
“အင် ... အင်ဇာ”
“အဉ္စလီရှင့်”
“အင် ... အဉ္စလီ ဟုတ်လား။ ဘယ်လိုနာမည် ကြီးလဲ”
“ခစ် ခစ် ခစ်”
သူမက သူ၏ အူကြောင်ကြောင်အ ဖြစ်ကို သဘောကျစွာ ရယ်လိုက်သည်။
“အေးပေါ့လေ၊ မင်းတို့ခေတ်မှာ ဒီလိုနာမည် မျိုးတွေ မှည့်နေကြပြီကိုး”
“မင်းတို့ခေတ်ဆိုတော့ ရှင် ကတော့ ဘယ်ခေတ်က မို့လို့လဲ”
“ငါ့အသက်က ရှိရင် ၈ဝ ကျော်ပြီလေ”
“ဟား ဟား ဟား”
သူမက သဘောကျစွာ ကိုယ်ကိုလှုပ်ယမ်း၍ ပင် ရယ်လိုက်သည်။
“ရှင်ဟာ တော် တော် ရယ်စရာပြောတတ်တယ်။ ရှင်နဲ့လိုက်ရတာ ကျွန်မ ပျော်တယ်။ သိလား”
အရာရာကို ပေါ့တန်တန်သဘောထားတတ်သည့် သူမသည်မကြာခင်က ကြုံခဲ့ရသည့်ထိတ်လန့်ဖွယ်အ ဖြစ်ကိုပင် မေ့လျော့သွားလေပြီ။
သူက ကားကို လမ်း၏ ဘယ်ဘက်သို့ ချိုးကွေ့လိုက်သည်။
နေရာမှာ မြို့နှင့် သိပ်မလှမ်းသည့် မြို့အဝင်နားမှာ ဖြစ်သည်။
ရှေ့ဆက်သွားလျှင် မြို့ကိုရောက်ပေမည် ။ သူက မြို့သို့သွားသော အဝေးပြေးလမ်းမှ ဖယ်ကြဉ်ကာ လမ်းဘယ်ဘက်သို့ ချိုးကွေ့ဝင်ခဲ့ခြင်း ဖြစ်သည်။
“ရောက်တော့မှာ လား”
“ရောက်ပြီလေ”
ကားက သဘာဝ ရေကန်ကြီးဘေးမှ ပတ်မောင်း၍ ဝင်ခဲ့သည်။
သည်ြမို့၏ နာမည်ြကီး ကန်တော် ကြီးကန် ဖြစ်ပါသည။်
ကန်တော် ကြီးကန်ကို မျက်နှာပြု၍ ဆောက်လုပ်ထားသော ခြံကျယ်ကြီးထဲသို့ ဂျစ်ကားလေးက ချိုးကွေ့ဝင်လိုက်သည်။ ခြံမှာ ဝင်းတံခါး မရှိတော့ချေ။ ဝင်းထရံတိုင်သာ ကျိုးပဲ့လျက် ရှိနေတော့၏ ။
ရှေ့မှာ မြင်နေရသော တိုက်ပျက်ကြီးမှာ အိုဟောင်းလှပြီ။ တချို့အစိတ်အပိုင်းများ မှာ အမိုးများ ပင် ပြိုကျနေ၏ ။ အိမ်ထဲမှာ မီးရောင် မရှိချေ။
“ရှင်က ဒီမှာ နေတာလား”
“အင်း”
သူက ကားကို တိုက်ဘေးတွင် ရပ်လိုက်သည်။
ကားမီးမှိတ်လိုက်သည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး မှော င်မည်းသွား၏ ။ ကန်ထဲမှ ဖားအော်သံနှင့် သစ်ပင်များ ပေါ်မှ ပုရစ်အော်သံများ ကိုသာ ကြားနေရသည်။
“ဆင်းလေ”
သူက သူမ ရှိသည့်ဘက်သို့ ပတ်လျှောက်လာကာ ကားပေါ်မှဆင်းမည့်  သူမလက်ကိုတွဲ ခေါ်၏ ။ အေးစက်စိုထိုင်းသော လက်၏ အထိအတွေ့ ကြောင့် သူမ ကြက်သီးထသွားသည်။
သူသည် သူမလက်ကိုဆုပ်ကိုင်ကာ အိမ်ထဲဆွဲခေါ်သွား၏ ။
အိမ်အတွင်းပိုင်းမှာ မှော င်မည်းတိတ်ဆိတ်နေသည်။သူက အမှော င်ထဲတွင် မြင်ရသည့်အလား သူမကို တွဲ ခေါ်သွား၏ ။
တစ်နေရာအရောက်တွင် ခြေထောက်ကအရာဝတ္ထုတစ်ခုကိုတိုက်မိ၏ ။ သူ့ဖိနပ်ခွာ သစ်သားပေါ်ကျသွားသံကို ကြားရ၍ လှေကားတစ်ခုဆိုတာ သိလိုက်၏ ။
နှစ် ယောက် သားလှေကားမှ တက်ခဲ့ကြသည်။ သူမက လှေကားလက်ရန်းကို အမှော င်ထဲတွင် စမ်းရင်း တစ်ထစ်ချင်း နင်းတက်ခဲ့သည်။သည်လိုမှော င်မည်းတိတ်ဆိတ်သော တိုက်အိုတိုက်ပျက်ကြီးမျိုးကို အလုပ်သဘောအရ တစ်ခါတစ်ရံ ရောက်တတ်သည်မို့ ကြောက်စိတ်တော့ မ ဖြစ်ပေါ်မိပါ။ သို့သော် အိမ်ထဲဝင်ကတည်းက တစ်လျှောက်လုံးကြက်သီးတဖြန်းဖြန်းထနေ၏ ။
လှေကားကြီးကား ရှည်လျားမြင့်မားလွန်းလှသည်။ အထစ်ပေါင်း ၅ဝ ကျော်မျှ နင်းတက်ခဲ့သော်လည်း အပေါ်ထပ်သို့ မရောက်နိုင်သေး။
လှေကားထိပ်သို့ ရောက်သော အခါ မီးရောင် လင်းနေသော အခန်းတစ်ခန်းကို မြင်လိုက်ရ၏ ။ သူက အခန်းဆီသို့ သူမကို တွဲ ခေါ်သွားသည်။
အခန်းဝအရောက်တွင် သူက ရပ်လိုက်၏ ။သူမ အခန်းထဲသို့ မျှော်ကြည့်လိုက်သည်။အခန်းထဲ၌ အောက်လင်းဓာတ်မီးကြီးတစ်လုံး ထွန်းညှိထားလေသည်။ မည် သည့်အချိန်ကတည်းက ထွန်းထားသည် မသိပေ။အခန်းထောင့်တွင် မွေ့ရာထူကြီးခင်းထားသည့် ခုတင်တစ်လုံး၊ တစ်ဖက်ထောင့်တွင် စာကြည့်စားပွဲနှင့် ကုလားထိုင်တစ်လုံး။
“မင်း ဒီအခန်းထဲကို ဝင်ရဲသလား”
သူ မေးပုံအဆန်းကြောင့် သူမက သူ့မျက်နှာကို ကြည့်လိုက်၏ ။ချွေးစေးများ ပြန်နေသော သူ့မျက်နှာသည် မီးရောင် အောက်တွင် တလက်လက် ဝင်းနေ၏ ။
“ဘာလို့ မဝင်ရဲရမှာ လဲ”
“ဒီအခန်းထဲဝင်ရင် ၁၉၄၅ ခုနှစ် ကို ရောက်သွားလိမ့်မယ်”
“ဘာ"
“ဒါ ၁၉၄၅ ခုနှစ် က အခန်း”
“အဲဒါ ဘာလဲ။ ဒီအိမ်ဆောက်တဲ့ ခုနှစ် လား”
“မင်း တကယ်လိုက်ဝင်မလား”
“ရှင် ဘာတွေ ပြောနေတာလဲ။ ကျွန်မက ဘာလို့ မဝင်ရဲရမှာ လဲ။ အပြင်မှာ ခြင်ကိုက်လှပြီရှင့်။ မီးလင်းတဲ့ အခန်းထဲကို ဝင်ကြရအောင်ပါ”
“၁၉၄၅ ခုနှစ် ကို ရောက်သွားမှာ နော်၊ အေးလေ၊ မင်း ဝင်မယ်ဆိုလည်း ပြီးတာပဲ”
သူက သူမကို လက်ဆွဲခေါ်လျက်နဲ့ပဲ အခန်းထဲကို သွင်းလိုက်၏ ။မီးလင်းနေသော အခန်းထဲ လှမ်းဝင်လိုက်သည်နှင့် သူမ မိုက်ခနဲ ဖြစ်သွားသည်။ မျက်လုံးများ ပြာဝေသွားသည်။
သူ့ပခုံးကို လှမ်းကိုင်ကာ ယိုင်လဲလုဆဲခန္ဓာကိုယ်ကို အားပြုထားလိုက်ရ၏ ။
“အား ...ကျွန်မ ဘယ်လို ဖြစ်သွားမှန်း မသိဘူး”
“ခဏပါ။ အသက်ဝအောင် ရှူလိုက်။ သက်သာသွားလိမ့်မယ်”
သူပြောသလို အသက်ကိုရှိုက်၍ တစ်ဝရှူပစ်လိုက်၏ ။ထူးဆန်းစွာ ပင်၊ ခေါင်းထဲက ကိုက်ခဲမှု များ ပျောက်ကာ နဂိုအတိုင်း ပြန် ဖြစ်သွားသည်။
“၁၉၄၅ ခုနှစ် တုန်းက မင်းမှမမွေးသေးပဲ"
“ရှင်”
“မင်းအသက် ဘယ်လောက်လဲ”
“၂ဝ”
သူက ခေါင်းတညိတ်ညိတ်နှင့် စဉ်းစားသလိုလုပ်နေသည်။
“ကဲပါ ...ကျွန်မကို တစ်ခုခုကျွေးပါဦး”
“ခဏစောင့်” ဆိုကာ အခန်းအပြင်သို့ သူထွက်သွားသည်။
သူမက အခန်းထဲရှိ ပစ္စည်းပစ္စယများ ကို လှည့်ပတ်ကြည့်လိုက်၏ ။ နံရံတွင် ဂျပန်ဓားရှည်နှစ် ချောင်းကို ကြက်ခြေခတ်၍ ချိတ်ထားသည်။ ထိုဘေးမှာ တော့ ပြက္ခဒိန်တစ်ခု။ ပြက္ခဒိန်ကွက်ကိုမြင်၍ သာပြက္ခဒိန်ဟု သိလိုက်ရသော်လည်း စာလုံးများ မှာ ဂျပန်စာလုံးများ ချည်း ဖြစ်ပါသည်။ ထိပ်မှာ တော့ အင်္ဂလိပ်လို ၁၉၄၅ ဟု ရိုက်ထားသည်။အင်္ဂလိပ် ဂဏန်းကိုတော့ သူမ ဖတ်တတ်၏ ။
ရုပ်ရှင်ဗီဒီယိုရိုက်ဖို့ ဆက်တင်လုပ်ထားတဲ့ အခန်းပဲဟု သူမက ယူဆလိုက်၏ ။
သူ အခန်းထဲ ပြန်ဝင်လာသည်။
လက်ထဲမှာ အငွေ့တထောင်းထောင်း ထနေသော ခေါက်ဆွဲကြော်များ ထည့်ထားသည့် ပန်းကန်တစ်ပန်းကန် ပါလာ၏ ။ ဇွန်း၊ ခက်ရင်းတပ်လျက်။
သူက အခန်းထဲရှိ စားပွဲပေါ်တွင် ခေါက်ဆွဲကြော် ပန်းကန်ကိုချလိုက်သည်။ ခေါက်ဆွဲကြော်၏ အနံ့အသက်ကြောင့် သူမ ဣနြေ္ဒမဆည်နိုင်အောင် ဆာလာသည်။
“စားလေ”
သူပြောတာကိုပင် ဆုံးအောင်မစောင့်တော့။ သူမက စားပွဲရှေ့ရှိတစ်လုံးတည်းသော ကုလားထိုင်တွင် ထိုင်ချကာ ဇွန်း၊ ခက်ရင်းနှင့် ကော်၍ ခေါက်ဆွဲကြော်ကို ပလုတ်ပလောင်း စားလိုက်သည်။
လေး, ငါးဇွန်းစားအပြီးတွင် သူမ နေသာထိုင်သာရှိသွား၏ ။သူမ စားပုံသောက်ပုံကို ရပ်ကြည့်နေသော သူ့ကို သူမကပြောလိုက်၏ ။
“ကောင်းလိုက်တာ။ ဒီလိုနေရာမျိုးမှာ ခေါက်ဆွဲ ကြော်ပူပူနွေးနွေး ဘယ်လိုရလိုက်တာလဲ”
“စားပါလေ”
“ရှင်လည်း စားလေ”
“ငါက ဒါမျိုးမစားဘူး”
သူမက တစ်ခဏနှင့် ခေါက်ဆွဲကြော်တစ်ပန်းကန်ကို ပြောင်အောင် ရှင်းပစ်လိုက်၏ ။
“ရေ ...ရေပေးပါဦး”
“ရေ မရှိဘူး”
“ဟင် ...ဘယ်လိုလဲ၊ သောက်ရေအိုးလေးမှ မထားဘူးလား”
“ဟုတ်တယ်။ ကဲ ...လာပါလေ။ ငါ မနေနိုင်တော့ဘူး”
သူက သူမကို ပခုံးမှဆွဲမ,၍ မတ်တတ်ထစေလိုက်သည်။ သူမကိုယ်ကို ခုတင်ဆီတွန်းပို့လိုက်၏ ။
သူမက ခုတင်ဘေးကို အလိုက်သင့်ရောက်သွားသော်လည်းအားလွန်လဲကျသွားသယောင် မူရာမာယာလုပ်၍ ခုတင်ပေါ် လှဲချလိုက်၏ ။
ခုတင်ပေါ်မှနေ၍ သူ့ကို ပြုံးပြုံးလေး ကြည့်ကာ လက်ကမ်း၍ ကြိုနေလိုက်သည်။
သူက ခုတင်ဘေးတွင် တင်ပလွဲ ဝင်ထိုင်လိုက်သည်။ပက်လက်လဲနေသော သူမကို ပခုံးမှနေ၍ ဆွဲထူလိုက်သည်။
“ဒီဦးထုပ်ကြီးကလည်း ချွတ်ပါဦး”
သူ့ဦးထုပ်ကို ချွတ်ပေးရန် လက်အလှမ်း -
“မချွတ်နဲ့”
သူက ကျယ်လောင်စွာ အော်ရင်း သူ့လက်ဖြင့် ဦးထုပ်အပေါ်မှဖိထားလိုက်၏ ။
သူ့အပြုအမူကို အံ့သြမိသော်လည်း သူမက ဘာမှ မ ဖြစ်သယောင် ပြုံးနေလိုက်သည်။ ဖောက်သည်ကျေနပ်အောင် ဆက်ဆံရမှာ က သူမ တာဝန်မဟုတ်လား။ သည်ဖောက်သည်က ငွေတစ်သော င်းပေးထားသည့် ဖောက်သည် ဖြစ်သည်။
“ ဖြစ်နေလိုက်တာ။ တကယ်ပဲ”
သူမက အပြုံးဖြင့် ညုရင်း မျက်စောင်းထိုးလိုက်၏ ။
သူက သူမကို ခပ်ကြမ်းကြမ်း ဆွဲဖက်လိုက်သည်။
သူ့အနမ်းများ က သူမ ပါးပြင်ပေါ်မှာ နေရာအနှံ့ကျရောက်လာသည်။
ထိုမှ လည်တိုင်ဆီသို့ ...
လည်တိုင်ဆီသို့ နမ်းရှိုက်နေသော သူ့အနမ်းများ သည် ရှည်ကြာလွန်းလှ၏ ။
ထိုစဉ် သူမနှာခေါင်းထဲသို့ အပုပ်နံ့များ ဝင်ရောက်လာသည်။
အပုပ်နံ့ ...
မခံမရပ်နိုင်ဖွယ် ပုပ်ဟောင်နံစော်သော အပုပ်နံ့။
သူက သူမ၏ လည်တိုင်ကို နှုတ်ခမ်းဖြင့် မလွှတ်တမ်း စုပ်ယူနေ၏ ။။
အပုပ်နံ့လာရာကို သူမ သိလိုက်ပြီ။
သူ့ပါးစပ်ဆီမှ -
သူ့ပါးစပ်ဆီမှ အပုပ်နံ့သည် တိုး၍ တိုး၍ နံလာသည်။
သူမ သူ့ကို တွန်းဖယ်ပစ်လိုက်သည်။
သူက လွှတ်မပေးပါ။ သူမတစ်ကိုယ်လုံးကို တင်းကျပ်စွာ ဖက်တွယ်ထားသည်။
ထိုစဉ် သူမလည်တိုင်ဆီမှာ စူးခနဲ ဖြစ်ကာ နာကျင်မှု ကိုခံစားလိုက်ရသည်။
“အား”
သူမက နာကျင်မှု ကြောင့် လွှတ်ခနဲ အော်လိုက်၏ ။
လည်ပင်းဆီမှ နာကျင်မှု က တိုး၍ တိုး၍ နာလာသည်။
“လွှတ် ...လွှတ်”
သူမက လက်နှစ် ဖက်ဖြင့် သူ့ကို တွန်းဖယ်သော်လည်း သူကလည်တိုင်ကို စုပ်တွယ်ထားမှု ကို လွှတ်မပေးပေ။
သူ ဘယ်လိုလူစားလဲ။ လိင်ကိစ္စနှင့် ပတ်သက်၍ စိတ်ဖောက်ပြန်နေသူလား။ လိင်ဆက်ဆံရာတွင် သာမန် အပြုအမူမဟုတ်ဘဲ ထူးဆန်းစွာ ပြုမူတတ်သည့် လိင်စိတ်ဖောက်ပြန်နေသူများ ကို သူ မကြုံခဲ့ဘူး။
“အား ...နာတယ်။ လွှတ်ပါ ...လွှတ်ပါ”
သူမက တအားရုန်းကန်သော်လည်း အချီးအနှီးသာ ဖြစ်ခဲ့သည်။
သူမက သူ့အားကို အားကုန်ထည့်ကာ တွန်းပစ်လိုက်၏ ။ဂျပန်စစ်ဗိုလ်၏ ဦးထုပ်က သူမလက်ထဲ ကျွတ်ပါသွားသည်။ဒါပဲ သူမ မှတ်မိတော့သည်။
သူမ မျက်လုံးတွေ ပြာဝေလာသည်။
တရိပ်ရိပ် မူးနောက်လာသည်။
အားအင်များ တစ်စတစ်စ ကုန်ခန်းသလို ဖြစ်လာသည်။“အား”
သူမ တအားကုန် ခြစ်၍ အော်လိုက်မိပြီးနောက်
အခန်း(၂)
သူမ သတိပြန်လည်လာသည့်အချိန်တွင် ပြတင်းပေါက်မှ နံနက်ဦးအလင်းရောင် များ ပင် ဝင်ရောက်နေပေပြီ။သူမသည် နိုးလာလျှင်လာချင်း ညကအ ဖြစ်များ ကို သတိရလိုက်သည်။
အိပ်ရာမှ လူးလဲထလိုက်၏ ။
သူမသည် ကြမ်းပြင်ပေါ်ရောက်နေကြောင်း တွေ့ လိုက်ရသည်။ညက မွေ့ရာထူကြီးနှင့် ခုတင်ကြီး ဘယ်ရောက်သွားပြီလဲ။
ကြမ်းပြင်သည် ဖုန်များ ထုတက်နေကာ သူမအဝတ်အစားအားလုံး ဖုန်များ ညစ်ပေနေတာတွေ့ ရသည်။
နာနေသော လည်ပင်းဆီသို့ လက်နှင့် ပွတ်လိုက်သည့်အခါစေးထန်းသော သွေးများ က လက်တွင် စွန်း၍ ပါလာ၏ ။
သူမက မတ်တတ်ထရပ်ရင်း အင်္ကျီနှင့် လုံချည်ပေါ်မှ ဖုန်မှု န့်များ ကို လက်နှင့် ပုတ်ခါပစ်လိုက်သည်။ အဝတ်အစားများ သည် ညကဝတ်ထားသည့်အတိုင်း အနေအထားမပျက်ပေ။
သူမသည် အတွေ့ အကြုံအရ ညက ကာမကိစ္စ မ ဖြစ်မြောက်ခဲ့ကြောင်း သိလိုက်သည်။ သူမကို ခေါ်လာတဲ့လူ ဘယ်ရောက်သွားပြီလဲ။သူမက အခန်းကို ဝေ့၍ ကြည့်လိုက်၏ ။
ခုတင်ကြီး မရှိတော့၏ ။
ဂျပန်ဓား နှစ် ချောင်း နှင့် ၁၉၄၅ ခုနှစ် ပြက္ခဒိန်ကိုလည်း မတွေ့ ရတော့။
အခန်း ကတော့ ဒီအခန်းပဲ ဖြစ်သည်။
သူမ ခေါက်ဆွဲကြော်တင်စားခဲ့သည့် စားပွဲ ကတော့ အခန်းထောင့်တွင် သည်အတိုင်းရှိနေဆဲ။ သူမထိုင်ခဲ့သည့် ကုလားထိုင်ကိုတော့ မတွေ့ ရတော့ပေ။
သူမသည် စားပွဲအနားသို့ သွားကြည့်လိုက်၏ ။
စားပွဲပေါ်မှ မြင်ကွင်းကိုအမြင်တွင် သူမ လန့်အော်လိုက်သည်။
စားပွဲပေါ်တွင် သူမ ခေါက်ဆွဲကြော်စားခဲ့သည့် ပန်းကန်ပြားကရှိနေဆဲ။ ဂျပန်စာများ ပုံနှိပ်ထား၍ အလယ်ခေါင်တည့်တည့်မှာ ကီမိုနိုဝတ်ဂျပန်မအရုပ်ပါသော ပန်းကန်ပြားကို သူမ မှတ်မိသည်။
ဇွန်းနှင့် ခက်ရင်းသည်လည်း ပန်းကန်ပြားပေါ်မှာ ရှိနေပါသေး၏ ။
သူမသည် မြင်ကွင်းကို မသတီ ဖြစ်ကာ ပျို့တက်လာသည်။
ပန်းကန်ပြားပေါ်တွင် ကြွက်အသေကောင်၏ ဦးခေါင်းများ ၊လတ်လတ်ဆတ်ဆတ်သွေးများ က ပန်းကန်ပြားထဲတွင် အိုင်ထွန်းနေသည်။ ကြွက်သေများ မှာ သတ္တဝါတစ်ကောင်ကောင်က ကိုက်ဖြတ်ထားသည့်သဖွယ် ပဲ့ရွှဲ့နေလေသည်။ ခက်ရင်းသည် ကြွက်ခေါင်းတစ်ခုတွင် ထိုးလျက်သား ရှိနေ၏ ။
သူမ ဝေါ့ခနဲ ထိုးအန်လိုက်သည်။
အခန်းထဲမှ အမြန်ထွက်ရန် ပြင်ဆင်လိုက်၏ ။
တစ်စုံတစ်ခုကို သတိရကာ သူမ ခြေလှမ်းတုံ့သွားသည်။စားပွဲခြေရင်းတွင် ကျနေသော စလင်းဘက်ကို သူမ တွေ့ လိုက်သည်။
ပိုက်ဆံတွေ -
သူမဦးနှောက်ထဲ အဦးဆုံးဝင်လာသည်က ညက ရခဲ့သော ငွေတစ်သော င်း။
သူမက စလင်းဘက်ကို ကုန်းကောက်ကာ ဇစ်ကို အမြန် ဖွင့်ကြည့်လိုက်သည်။
ပိုက်ဆံအထပ်လိုက်ကို အထုပ်လိုက်အတိုင်း မြင်လိုက်ရ၍ စိတ်အေးသွား၏ ။ ပိုက်ဆံထုပ်ကို အိတ်ထဲတွင် ထောင်လျက်နှင့် ငွေစက္ကူအနှောင့်များ ကို မြင်လိုက်ရခြင်း ဖြစ်သည်။
သူမသည် အခန်းထဲမှ ခပ်သွက်သွက် လှမ်းထွက်ခဲ့၏ ။
အခန်းအပြင်ရောက်မှ ဤအခန်းမှာ ညကအောက်လင်းဓာတ်မီး လင်းနေတဲ့အခန်းဆိုတာ သေချာသွားသည်။ အခန်းထဲကပစ္စည်းပစ္စယတွေ ဘယ်ရောက်သွားသလဲ။ ဟိုလူကော။သူမက လှေကားဆီသို့ လှမ်းလာခဲ့သည်။
လှေကားကြီးကို အပေါ်မှစီးကြည့်၍ သူမ လန့်သွားသည်။လှေကားထစ်ပျဉ်ပြားများ သည် အချို့မှာ ပြုတ်လျက်၊ အချို့မှာ ဆွေးမြည့် နေသည်။ ည ကတော့ အမှော င်ထုထဲတွင် ပင် ဤလှေကားမှအန္တရာယ်ကင်းစွာ နင်းတက်ခဲ့သည် မဟုတ်လား။
မဆင်းဘဲနေ၍ မ ဖြစ်သည်မို့ လှေကားလက်ရန်းကို အားပြုကာသူမ ဆင်းလာခဲ့သည်။ အဆစ်ပြုတ်နေသော နေရာများ တွင် တစ်ထစ်ကျော် ကျော်ခွဆင်းခဲ့ရသည်။
အောက်ထပ်အရောက်တွင် အိမ်မကြီးထဲမှ လွတ်အောင် အမြန်ပြေးထွက်ခဲ့၏ ။
ခုတော့ သူမ ကြောက်ရ လန့်ရမှန်း သိလာပါပြီ။ အိမ်ကြီး၏ မူမမှန်ပုံများ က ထိတ်လန့်ချောက်ချားဖွယ်ပင်။
အိမ်အပြင်ရောက်တော့ ကန်နံဘေးမှာ နံနက်စောစောလမ်းလျှောက်ထွက်လာကြသည့် လူအချို့ကို လှမ်းမြင်လိုက်ရသည်။
သူမသည် ခြံဝန်းထဲမှ အမြန်ထွက်ရန် စိတ်ကူးဆဲ မျက်လုံးထောင့်တွင် မြင်လိုက်ရသော အရာတစ်ခုကြောင့် တုံ့ခနဲ ရပ်သွားသည်။ထိုအရာရှိရာသို့ ကြည့်လိုက်၏ ။
ဂျစ်ကားတစ်စင်း။
အကောင်းအတိုင်း မဟုတ်ပါ။ နှစ် ပရိတစ္ဆေဒများ စွာ ကပင် ပျက်စီးယိုယွင်း၍ သည်အတိုင်းပစ်ထားသော ကားတစ်စင်း။
ကားပုံ သဏ္ဍာန် ကတော့ သူမ ညကစီးခဲ့သည့်ဂျစ်ကားပုံစံနှင့် တထေရာတည်းပင်။
သူမ ကားပျက်ဆီသို့ လျှောက်သွားလိုက်သည်။ကားမှာ ဘီးလေးဘီးလုံးမရှိတော့။ ဘော်ဒီ အောက်ပိုင်းသည်မြေကြီးထဲ မြုပ်ဝင်နေသည်။ စတီယာရင် (လက်ကိုင်ကွင်း)မှာ လိမ်ကောက်နေသည်။ နှစ် ပေါင်းများ စွာ အကြာကပင် ပျက်စီး၍ ပစ်ထားရာမှမြေကြီးထဲ တစ်ပိုင်းတစ်စ မြုပ်ဝင်နေပြီ ဖြစ်သော ဂျစ်ကား။သို့သော် ညက သူမစီးခဲ့ရသော ကားမှာ သည်ကားပဲလို့ စိတ်ထဲက ယုံကြည်နေသည်။
သူမ ကြက်သီးမွေးညင်းထသွားသည်။
အကာလ ညအမှော င်ထဲမှာ ကြောက်ရလန့်ရမှန်း မသိခဲ့ရသမျှ ယခု မိုးစင်စင်လင်းမှပင် ထိတ်လန့်ချောက်ချားလာသည်။သူမသည် အပြေးတစ်ပိုင်းပင် ခြံဝင်းထဲမှ အမြန်လွတ်အောင်ထွက်လာခဲ့၏ ။
ခြံအဝတွင် လမ်းလျှောက်ထွက်လာသော တုတ်ကောက်နှင့် အဘိုးအို တစ်ယောက် ကို တွေ့ ရလေသည်။ အဘိုးအိုသည် သူမကို အမြင်တွင် အံ့သြသော ဟန်ဖြင့် ငေးစိုက်ကြည့်နေ၏ ။ လမ်းလျှောက်နေရာမှရပ်၍ ပင်ကြည့်နေခြင်း ဖြစ်ပါ၏ ။
သူမသည် အဝေးပြေးလမ်းမကြီးရှိရာဘက်သို့ ဦးတည်ရာလျှောက်လာခဲ့သည်။
လမ်းမကြီးနှင့် မဝေးလှသည်မို့ မကြာခင် လမ်းမကြီးပေါ် ရောက်သွားသည်။
လမ်းတစ်ဖက်ရှိသစ်ပင်အောက်တွင် ကွမ်းယာဆိုင် ဖြန့်ခင်းနေသည့် မိန်းမပျို တစ်ယောက် ကို တွေ့ ရသည်။
ဆေးလိပ်သောက်ချင်စိတ်များ သူမအာရုံတွင် ပေါ်လာ၏ ။
လမ်းမကို ဖြတ်ကူးခဲ့သည်။
“လန်ဒန်တစ်လိပ်လောက်”
“ဘူးထဲမှာ ရှိတယ်အမေ။ ကိုယ့်ဟာကိုယ် ယူလိုက်ပါ”
ဆိုင်ခင်းဆဲ မအားလပ်သေးသည့် ဆိုင်ရှင်မိန်းကလေးက ပြောလိုက်သည်။
သူမက ကွမ်းယာခုံပေါ်မှ လန်ဒန်စီးကရက်ဘူးကို ယူ၍ တစ်လိပ် ဆွဲထုတ်လိုက်သည်။
“မီးခြစ်”
“မရိုမသေ အမေ။ အံဆွဲထဲမှာ ဖွင့်သာယူလိုက်”
မိန်းကလေးက ကျောခိုင်းလျက် သောက်ရေအိုး ရေဖြည့်နေရင်းမှ ပြောသည်။
ဒီမိန်းကလေးနှယ် လူကို သေချာလှည့်မကြည့်ဘဲနဲ့၊ ငါ့ကိုအမေတဲ့။ သူမက အသက်မတိမ်းမယိမ်း မိန်းကလေးထံမှ အမေဆိုသော အခေါ်အဝေါ်ကြောင့် အောင့်သက်သက် ဖြစ်သွား၏ ။
စလင်းဘက်ကို ဇစ်ဖွင့်၍ တစ်ရာတန်အထပ်ထဲမှ တစ်ရွက်ကိုဆွဲထုတ်လိုက်၏ ။
မိန်းကလေး ကိစ္စများ ပြီးပေပြီ။
ကွမ်းယာခုံရှိရာသို့ ရောက်လာ၏ ။
သူမက တစ်ရာတန်ကို ဆိုင်ရှင်မိန်းကလေးသို့ လှမ်းပေးလိုက်၏ ။
မိန်းကလေးက သူမပေးလိုက်သည့် ပိုက်ဆံကိုယူလိုက်ပြီးမှပိုက်ဆံကိုကြည့်ကာ အံ့သြနေသည်။
မိန်းကလေးသည် ပိုက်ဆံကိုတစ်လှည့် သူမကို တစ်လှည့်တအံ့တသြ ကြည့်နေ၏ ။
“မအမ်းနိုင်လို့လား”
မိန်းကလေးက အဟဲခနဲ တစ်ချက်ရယ်လိုက်သည်။
ရယ်လျက်နှင့် ပင် -
“အမေ ကတော့ မနက်စောစောစီးစီး လာနောက်နေပြန်ပြီ။အမေ့ပိုက်ဆံပြန်ကြည့်ပါဦး။ ဂျပန်ငွေ စက္ကူကြီး”
“ဘာ”
သူမခေါင်းထဲကို မိုးကြိုးပစ်လိုက်သလို ဖြစ်ပြီး လန့်ဖျပ်သွားသည်။
သူမသည် အလျင်စလိုပင် စလင်းဘက်ကို ပြန်ဖွင့်၍ ငွေစက္ကူထပ်ကို ဆွဲထုတ်လိုက်သည်။
“ဟိုက်”
မှန်ပေသည်။ ငွေစက္ကူတစ်ထပ်လုံးသည် ဂျပန်ခေတ်က သုံးခဲ့သော ဂျပန်ငွေစက္ကူ အသစ်စက်စက်များ ဖြစ်နေ၏ ။
သူမနားထဲမှာ ဂျပန်စစ်ဗိုလ်ပြောခဲ့သည့်စကားများ ကို ကြားယောင်လာသည်။
“ဒီအခန်းထဲဝင်ရင် ၁၉၄၅ ခုနှစ် ကို ရောက်သွားလိမ့်မယ်”တ။ဲ့၁၉၄၅ ခုနှစ် ။ ၁၉၄၅ ခုနှစ် ။
“အမယ်လေး"
“အမေ ...အမေ ...ဘာ ဖြစ်လို့လဲဟင်”
“ညီးက ငါ့ကို အမေခေါ်တယ်”
သူမက စီးကရက်ကိုင်ထားသော လက်ကို မြှောက်ကြည့်လိုက်သည်။
အကြောအပြိုင်းပြိုင်းထနေသော ပိန်ချောက်ချောက်လက်များ ၊ငါ့ရဲ့ ပြည့်ဖြိုးတဲ့ လက်မောင်းသားတွေ ဘယ်ရောက်သွားပြီလဲ။ကွမ်းယာခုံထိပ်တွင် ချိတ်ထားသည့်ကြည့်မှန်လေးကို သူမဖျတ်ခနဲ ဆွဲယူလိုက်သည်။
မှန်ကို သူမရှေ့တွင် ထောင်၍ အကြည့် -
“အမယ်လေး”
မှန်ထဲတွင် ပါးရေနားရေများ တွန့်ရှုံ့တွဲ ကျနေသည့် အသက်၇ဝ ကျော်အရွယ် အဘွားအိုတစ်ဦးကို တွေ့ လိုက်ရလေ၏ ။
“၁၉၄၅ ...၁၉၄၅ ...အား”
စူးစူးဝါးဝါးအော်ဟစ်ရင်း မြေကြီးပေါ်သို့ သတိလစ်လဲကျသွားသည့် အဘွားအိုတစ်ဦးကို လမ်းသွားလမ်းလာများ အားလုံး မြင်လိုက်ရလေသည်။
ထိုနေ့သည် ၁၉၉၅ ခုနှစ် ။ ဖေဖော်ဝါရီလ ၄ ရက်နေ့ ဖြစ်ပါ၏ ။
“ငါ့ အ ဖြစ်အပျက် ကတော့ အဲဒီ အတိုင်းပဲ”
အဘွားအိုက သူမ၏ နောက်ကြောင်းများ ကို ဤသို့ပင် ပြန်ပြောပြမြဲ ဖြစ်၏ ။
"တကယ်တော့ ငါဟာ အသက် ၂ဝ ပဲရှိပါသေးတယ်။ ငါပြောခဲ့တဲ့အတိုင်းပဲ၊ ငါဟာ မမျှော်လင့်ဘဲ ၁၉၄၅ ခုနှစ် ကာလကို ရောက်သွားတယ်။ ၁၉၄၅ ခုနှစ် ရှိတဲ့အခန်းထဲက ပြန်ထွက်ခဲ့တော့ ငါ့အသက်ဟာ အနှစ် ၅ဝ ပိုကြီးသွားတာပေါ့။ အခု ၁၉၉၅ ခုနှစ် မဟုတ်လား။၁၉၄၅ နဲ့ဆိုရင် အနှစ် ၅ဝ ကွာတယ်လေ။ အဲဒါကြောင့် ငါ့ရုပ်ကိုကြည့်ရင် အသက် ၇ဝ အရွယ်လို့ ထင်နေရတာ ။ တကယ်တော့ ငါ့အသက်က ၂ဝ ပဲရှိသေးတာ”
အဘွားအို၏ စကားကို မည် သူကမျှ အယုံအကြည် မရှိကြပေ။အဘွားအိုပြောသည့် ဇာတ်လမ်းကိုလည်း ယုံတမ်းစကား၊ဒဏ္ဍာရီပုံပြင်အ ဖြစ်သာ သဘောထားကြ၏ ။
ခင်မိုးအေး တို့ တစ်ရပ်ကွက်လုံးက အဘွားအိုကို စိတ်ဖောက်ပြန်နေသူ တစ်ယောက် အ ဖြစ်သာ လက်ခံထားကြ၏ ။
အဘွားအိုနှင့် စတင်တွေ့ ဆုံသည့်နေ့ကို ခင်မိုးအေး မှတ်မိနေသေးသည်။
ထိုနေ့က မနက်စောစော ကွမ်းယာဆိုင်ခင်းနေချိန်မှာ ခင်မိုးအေးဆီသို့ အဘွားအိုရောက်လာခဲ့ခြင်း ဖြစ်သည်။
တွေ့ စက အဘွားအိုကို စိတ်ဖောက်ပြန်နေသူ တစ်ယောက် လို့ခင်မိုးအေး မထင်ခဲ့။ အဘွားအိုက စီးကရက်ဖိုးကို ဂျပန်ခေတ်က ငွေစက္ကူဖြင့် ထုတ်ပေးခဲ့သည်။ ပြီး ကွမ်းယာခုံပေါ်က မှန်ကိုယူကြည့်ကာစူးစူးဝါးဝါးတစ်ချက်အော်ရင်း သတိလစ်မေ့လဲသွားခဲ့သည်။
ကိုယ့်ဆိုင်ရှေ့မှာ ဖြစ်သွားတဲ့အ ဖြစ်အပျက်မို့ ခင်မိုးအေး ပျာပျာသလဲ ဖြစ်သွားရသည်။
ခပ်လှမ်းလှမ်းရှိ လက်ဖက်ရည်ဆိုင်က ကောင်လေးတွေ ကို ခေါ်ကာ အဘွားအိုကို မ,၍ သစ်ပင်အောက်ရှိ တန်းလျားပေါ်တင်ထားရသည်။အဘွားအိုသတိရအောင် ပရုပ်ဆီဖြင့် နှာဝတေ့ပေးခြင်း၊ ရေစိုအဝတ်ဖြင့် မျက်နှာကိုပွတ်တိုက်ပေးခြင်းများ လုပ်ပေးခဲ့ရ၏ ။
မနက်စောစော ဈေးဦးမပေါက်ခင်မှာ ခင်မိုးအေး အလုပ်များ သွားခဲ့ရသည်။
အဘွားအိုလက်ထဲမှ လွတ်ကျသွားသော ဂျပန်ငွေစက္ကူများ ကိုတစ်ရွက်ချင်းပြန်ကောက်ထပ်ကာ ကွမ်းယာခုံအောက်ထဲ သိမ်းထားပေးလိုက်၏ ။
ခဏကြာတော့ အဘွားအို သတိပြန်ရလာသည်။ခင်မိုးအေးက အဘွားအိုကို လက်ဖက်ရည်တစ်ခွက်နှင့် အီကြာကွေးတစ်ချောင်း ဝယ်ကျွေးလိုက်သည်။ အမေအရွယ်အိုကြီးအိုမမို့သနားလည်း သနားမိသည်။
“အမေက ဘယ်ကလာပြီး ဘယ်ကိုသွားမှာ လား ဟင်”
အဘွားအိုက တွေ ဝေစွာ ဖြင့် ခင်မိုးအေးကို ပြန်ကြည့်၏ ။
“ငါ့ကို အမေ မခေါ်ပါနဲ့ အေ။ ငါ့အသက်က ၂ဝ ပဲ ရှိသေးတာ။ခုလို ဖြစ်သွားတာ ငါ ...ငါ ကျိန်စာသင့်တာ”
ပြောရင်း အဘွားအိုကမျက်နှာကို လက်ဝါးနှင့် အုပ်၍ ငိုချလိုက်သည်။
သူငယ်ပြန်နေသည့် အဘွားအိုပေလား။
အဘွားအို ဝတ်စားဆင်ယင်ပုံကလည်း သူငယ်ပြန်သည်ဟုယူဆစရာ ဖြစ်နေသည်။ ခေတ်မိန်းကလေးများ ဝတ်သလို ပါတိတ်ဝမ်းဆက်ဝတ်ထား၏ ။ အင်္ကျီပုံစံမှာ လည်ဟိုက် ဖြစ်ပြီး လက်ဖောင်းအင်္ကျီ ဖြစ်သည်။ လူ့အသက်အရွယ်နှင့် ဝတ်စားဆင်ယင်ပုံမှာ တခြားစီ ဖြစ်နေ၏ ။ အကျီင်္သည် အဘွားအိုခန္ဓာကိုယ်ထက် ပွယောင်းလျက်ရှိ၏ ။
ဆံပင်ကိုလည်း ကုပ်ဝဲပုံစံညှပ်ထား၏ ။ ဆံပင်ခွဲကြောင်းနေရာတွင် ပလတ်စတစ် ဆံညှပ်တစ်ချောင်းကိုပင် ထိုးထားလိုက်သေး၏ ။
ခင်မိုးအေးက အဘွားအိုကို စိတ်မူမမှန်သူလို့ပဲ သတ်မှတ်လိုက်၏ ။
အဘွားအိုသည် မှန်ထဲမှ သူ့ရုပ်သွင်ကိုကြည့်လိုက် ငိုကြွေးလိုက်နှင့် ရှိနေ၏ ။
နေ့လယ်စာစားချိန်ကျတော့ ပါလာသည့်ထမင်းဘူးကို တစ်ဝက်ခွဲ၍ အဘွားအိုကို ကျွေးလိုက်ပါသည်။ အဘွားအို သိပ်မစားနိုင်။ အနည်းငယ်ပဲစားပြီး ငိုင်တွေ နေပြန်သည်။
သည်လိုနှင့် ညနေစောင်းလာသည်အထိ အဘွားအိုမှာ ဘယ်မျှထွက်မသွားခဲ့။ တန်းလျားပေါ်မှာ ပဲ တစ်နေ့လုံး ထိုင်နေခဲ့သည်။
“အမေ ဘယ်ကိုပြန်မှာ လဲ”
ဆိုင်သိမ်းချိန်တန်လာပြီးမို့ အဘွားအိုကို တစ်ခါ ထပ်မေးရပြန်သည်။
“မသိဘူး။ ငါ ဘယ်သွားရမှန်း မသိဘူး။ ငါ့မှာ ပြန်စရာ မရှိဘူး”
ခင်မိုးအေး သက်ပြင်းချမိတော့သည်။
“ကဲ ...အမေ ဒီတစ်ညတော့ မိုးအေးတို့အိမ်ပဲ လိုက်ခဲ့ပေတော့။ မိုးအေးတို့က မောင်နှမနှစ် ယောက် တည်း နေတာ”
အဘွားအိုက ဘာမှပြန်မဖြေဘဲ ခင်မိုးအေးကို ငိုင်ကြည့်နေသေးသည်။
ခင်မိုးအေးကို လာကြိုသည့် မြင်းလှည်းအလာတွင် အဘွားအိုကိုပါ မြင်းလှည်းနှင့် တင်ခေါ်ခဲ့တော့၏ ။
လွန်ခဲ့သည့် ၂ နှစ် က အမေဆုံးသွားပြီးနောက်ပိုင်းတွင် ခင်မိုးအေးတို့မောင်နှမ နှစ် ယောက် ပဲ ကျန်ရစ်တော့သည်။
အမေ ကျန်းမာစဉ်ကတည်းက ခင်မိုးအေးကပဲ ကွမ်းယာဆိုင်လေးဖွင့်ပြီး ရှာကျွေးခဲ့သည်မို့ အမေမရှိတော့လည်း စီးပွားရေး အတွက် ကတော့ သိပ်ထူးမသွားခဲ့ပေ။ အိမ်မှာ လူကြီး သူမ မရှိတော့၍ ခြောက်ကပ်ကပ် ဖြစ်သွားတာပဲ ရှိသည်။
မောင်လေးမိုးနိုင်က ၈ တန်းပဲ ရှိသေးသည်မို့ အိမ်မှု ကိစ္စအတွက် အားမကိုးလောက်သေးချေ။
အိမ်မှာ မောင်နှမနှစ် ယောက် တည်းဆိုပေမဲ့ လုံခြုံမှု တော့ရှိပါသည်။ ခင်မိုးအေးတို့ မမွေးခင်ကတည်းက အဘိုးအဘွားများ ကခြံကျယ်ကြီးထဲမှာ အဖေတို့ မောင်နှမ ၃ ယောက် ကို အိမ်တစ်လုံးစီဆောက်ပေးခဲ့သည်။ မသေခင်ကတည်းက အပြီးအမွေခွဲပေးခဲ့သည်။အဖေရော၊ အမေရော မရြှိ ကတော့သော်လည်း ခြံထဲမှာ အဖေ့ညီမနှစ် ယောက် ၏ မိသားစုများ က အိမ်တစ်လုံးစီနှင့် ရှိနေကြသည်မို့အသိုင်းအဝိုင်း ကတော့ တောင့်တင်းသည်။ အားငယ်စရာမလို။ ဝမ်းကွဲမောင်နှမတွေ လည်း များ သည်။
အဘွားအိုကို တစ်ညတာ အိမ်ခေါ်လာသည့်အတွက် ခင်မိုးအေးအပန်းမကြီးပေ။
“ကဲ ...အမေ၊ မိုးအေးတို့အိမ်မှာ အေးအေးဆေးဆေးသာနေ။ အိမ်မှာ မိုးအေး လူကြီးပဲ။ မိုးအေးနဲ့မောင်လေးနှစ် ယောက် တည်းရှိတာ”
“ကျေးဇူးပါပဲ ညီမရယ်”
သူ့ကို ညီမလို့ခေါ်လာတဲ့ အဘွားအိုရဲ့ အခေါ်အဝေါ်ကြောင့် ခင်မိုအေး ရယ်ချင်သွားသည်။
“အမေ ဘယ်က လာတယ်၊ ဘယ်ကိုသွားမယ်ဆိုတာ အေးအေးဆေးဆေး ပြန်စဉ်းစားပေါ့”
“ငါ ဘယ်ကလာတယ်၊ ငါဘယ်သူဆိုတာ ငါ သိတာပေါ့။ ငါ့ညီမက တို့ရုပ်ရည်ကို ကြည့်ပြီး တကယ့် အဘွားကြီး ထင်နေပုံရတယ်။ငါ့အသက် ၂ဝ ပဲရှိသေးတယ်ဆိုတာ ယုံစမ်းပါ။ ညတုန်းက ဟိုအိမ်ကြီးကိုလိုက်သွားလို့ ငါ ဒီလို ဖြစ်ရတာ ။ ငါ ...ငါ သရဲခြောက်ခံရတာ သိ လား”
“ရှင်”
“ကန်ကြီးဘေးက တိုက်အိုကြီးလေ။ သရဲက ငါ့ကို အဲဒီ တိုက်ပျက်ကြီးထဲ ခေါ်သွားတာ”
မနက်က တိုက်ပျက်ကြီးရှိရာ ကန်ဘက်ဆီမှ အဘွားအို ထွက်လာတာကို ခင်မိုးအေး သတိရသည်။ အဘွားအို ပြောသည့် တိုက်ပျက်ကြီးမှာ သရဲခြောက်သည်ဟု နာမည် ကြီးသော တိုက်ပျက်ကြီး ဖြစ်သည်။
ခင်မိုးအေး ကတော့ အယုံအကြည် မရှိလှ။ လူမနေဘဲ ပစ်ထားတာကြာသည့် အိမ်အိုအိမ်ဟောင်းကြီးမို့ သရဲခြောက်တယ်လို့ ထင်ရာမြင်ရာ ပြောကြတာလို့ပဲ ထင်သည်။
"သရဲက ခေါ်သွားတာများ သရဲမှန်းသိလျက်နဲ့ အမေကလိုက်သွားတာပဲလား”
အဘွားအို ဆတ်ခနဲ တုန်လှုပ်သွားသည်။
“အို ...မသိလို့ပေါ့အေ့။ သရဲဆိုပေမဲ့ မျက်လုံးပြူးပြူး ပါးစပ်ပြဲပြဲမှမဟုတ်တာ။ လူယောင် ဖန်ဆင်းထားတော့ လူပဲထင်ပြီးလိုက်သွားတာပေါ့”
“သြော် ...သြော်”
ခင်မိုးအေးက ညစာချက်ရန် စီစဉ်ရင်း အဘွားအိုစကားများ ကိုနားထောင်နေသည်။ စိတ်ကယောက် ကယက် ဖြစ်နေတဲ့ အမယ်အိုတစ်ယောက် ဟုယူဆကာ သူ့စကားများ ကို အလေးအနက် မထားမိပေ။
“မိုးအေးရေ ...ဘာချက်လဲဟေ့”
တောင်ဘက်အိမ်မှာ နေသည့် အဒေါ်အငယ်ရောက်လာပြီးခင်မိုးအေးကို မေးလိုက်သည်။ အဒေါ်ငယ်က ဧည့်သည်ပါလာတာမြင်၍ တမင်လာပြီး အကဲခတ်ခြင်း ဖြစ်သည်။
“ကန်ထဲက မျှားတဲ့ငါးလေးတွေ လာရောင်းလို့ ဝယ်ခဲ့တယ်ဒေါ်လေးမြင့်။ ခရမ်းချဉ်သီးလေးနဲ့ အိုးကပ်ချက်မလို့။ ဒီမှာ ဧည့်သည်လည်း ပါလာလို့လေ”
“သြော်”
အဒေါ်အငယ် မအေးမြင့်က ကြမ်းပြင်ပေါ် အကျအန ထိုင်ချလိုက်သည်။ ဧည့်သည် အဘွားအိုကို အကဲခတ်သည်။
“အမေ ဒါ ခြေရင်းအိမ်မှာ နေတဲ့ မိုးအေးရဲ့ အဒေါ်အငယ်လေ။ခေါင်းရင်းအိမ်က အဒေါ်အကြီးအိမ်။ ဖေဖေ့ညီမတွေ ပေါ့။ ဒေါ်လေးမြင့်၊ဒီအမေက ညက သရဲခြောက်ခံရလို့တဲ့ သိလား။ ကန်ဘေးက တိုက်ပျက်ကြီးမှာ လေ”
သရဲအကြောင်းပါလာ၍ မအေးမြင့် စိတ်ဝင်စားသွားသည်။
“ဟုတ်လား ...အမယ်လေး။ အဲဒီ တိုက်ပျက်ကြီးက နာမည် ကြီးပဲ။ ညဆို အဲဒီ နား ဘယ်သူမှမသွားရဲဘူး။ ကျွန်မတို့ ငယ်ငယ်ကတည်းက ကြားဖူးတာ”
အဘွားအိုမျက်နှာက အလိုကျသယောင် ဝင်းထိန်သွားသည်။သူမစကားကို လက်ခံမည့် သူရှိလာ၍ အားတက်သွားပုံပင်။
“အ ဖြစ်က ဒီလို။ ညတုန်းက ကျွန်မ”
“နေဦး ...နေဦး”
မအေးမြင့်က အဘွားအိုစကားကို လက်ကာပြ၍ ဟန့်တားလိုက်သည်။ တစ်ဆက်တည်း ခေါင်းရင်းအိမ်ဘက်သို့ အသံမြှင့်၍ လှမ်းအော်လိုက်သည်။
“အေးတင့်ရေ အေ ...အေးတင့်”
“ဟေ ...ဘာတုံးဟ”
ခေါင်းရင်းအိမ်မှ အဒေါ်အကြီးမအေးတင်၏ ထူးသံပြန်ပေါ်လာသည်။
“ဘာလုပ်နေတုံး ...လာပါဦး။ ဒီမှာ မိုးအေး ဧည့်သည်ပါလာတယ်”
ခဏအတွင်းမှာ ပင် မအေးတင့် အငယ်ဆုံးကလေးကို ချီ၍ ရောက်လာ၏ ။
“သြော် ...ဧည့်သည်ကိုး။ ဘယ်အရပ်ကလည်း အဒေါ်”
“ကျွန်မ ပဲခူးဘက်ကပါ”
“ဟေ့ ...အေးတင့်။ ဒီအဒေါ်က ညက သရဲခြောက်ခံရလို့ တဲ့။ဟို ဂျပန်အိမ်ကြီးမှာ လေ”
“ဟယ်”
ခင်မိုးအေး ဧည့်ခံစရာ မလိုတော့ပေ။ စပ်လည်းစပ်စု၍ သရဲတတစ္ဆေအကြောင်းလည်း ဝါသနာပါလှသော အဒေါ်နှစ် ယောက် နှင့် အဘွားအိုတို့ လေပေးတည့်သွားကြသည်။
ဟင်းချက်ရင်း သူတို့ပြောတာတွေ ပဲ နားထောင်နေလိုက်၏ ။
“ပြောပါဦး ...ဘယ်လိုအခြောက်ခံရတာ လဲ”
“ပြောရရင် ကျွန်မ ဘယ်လိုမိန်းမစားမျိုးဆိုတာပါ ပြောရတော့မှာ ပဲ။ ခုမှတော့ ရှက်မနေတော့ပါဘူးလေ။ ညက အ ဖြစ်တွေ အကုန်ပြောပြတော့မယ်”
အဘွားအိုက သူ့အသက် ၂ဝ ပဲရှိသေးကြောင်းက စ၍ ပြော၏ ။
“ဘဝကံမကောင်းတော့ ခန္ဓာကိုယ်နဲ့ရင်းပြီး လုပ်စားခဲ့ရပါတယ်”
မနေ့ညက ကားနှင့် တင်ခေါ်သွားသည့် ဂျပန်စစ်ဗိုလ်အကြောင်းကို ဆက်၍ ပြောသည်။
နောက်မှလိုက်လာသော ခရီးသည်တင်ကားကြီးက သူတို့ဂျစ်ကားလေးကို တည့်တည့်ကြီးငုံ၍ ကျော်ဖြတ်သွားသည့်အခန်း ကတော့သည်းထိတ်ရင်ဖိုဖွယ်ကောင်းလှလေသည်။
“အဲဒီ ကတည်းက သူ့ကိုသရဲဆိုတာ ကျွန်မ သိဖို့ကောင်းတယ်။ကျွန်မကိုက အ,ပါတယ်လေ။ ပိုက်ဆံတွေ အများ ကြီး ရလိုက်တာနဲ့မိုးမမြင် လေမမြင် ဖြစ်ပြီး ဘာမှမစဉ်းစားမိတော့ဘူး”
တိုက်ကြီးပေါ်မှာ ပူပူနွေးနွေးရလာသည့် ခေါက်ဆွဲကြော်များ ။သူမ လည်ပင်းမှသွေးများ ကို စုပ်ယူသည့် ဂျပန်စစ်ဗိုလ်။ညက စီးခဲ့သော ကားကို ခြံဝင်းထဲမှာ အပျက်အစီးအ ဖြစ်မြင်တွေ့ ခဲ့ရပုံ။
“မိုးအေးဆိုင်မှာ ဆေးလိပ်ဝယ်သောက်လို့ ပိုက်ဆံထုတ်ရှင်းမှသူပေးခဲ့တာ ဂျပန်ပိုက်ဆံတွေ မှန်း သိရတာ ”
“ဘုရား ...ဘုရား”
“ကြောက်စရာကြီးနော်”
ခင်မိုးအေးက သူမသိမ်းထားသည့် ဂျပန်ငွေစက္ကူများ ကို ထုတ်ပြလိုက်သည်။ ဂျပန်ခေတ်ပိုက်ဆံများ သည် အဘွားအို ပြောပြသော ဇာတ်လမ်း၏ တစ်ခုတည်းသော သက်သေခံပစ္စည်း ဖြစ်ပါ၏ ။
“ဒါနဲ့ လူက ဘယ်လိုလုပ်ပြီး အဘွားကြီးပုံ ဖြစ်သွားရတာ လဲ”
မအေးတင့်က စကားထောက်ပေးလိုက်သည်။
“အဲဒီ အခန်းထဲဝင်ကာနီးတော့ ဂျပန်စစ်ဗိုလ်က ပြောတယ်။အဲဒီ အခန်းက ၁၉၄၅ ခုနှစ် ကအခန်းတဲ့။ အခန်းထဲဝင်ရင် ၁၉၄၅ ခုနှစ် ကိုရောက်သွားမယ်တဲ့။ အဲဒီ တုန်းက ကျွန်မ မစဉ်းစားမိပါဘူး။ ခုလို အဘွားကြီးပုံ ဖြစ်သွားမှ ပြန်တွေးကြည့်မိတာ။ ရှင်တို့ စဉ်းစားကြည့်လေ။ ၁၉၄၅နဲ့ အခု ၁၉၉၅ ခုနှစ် ဆိုတာ အနှစ် ၅ဝ တောင် ကွာတာ မဟုတ်လား။ကျွန်မက အသက် ၂ဝ အရွယ်နဲ့ ၁၉၄၅ ခုနှစ် ထဲက ပြန်ထွက်လာတော့အသက် ၅ဝ ပိုကြီးသွားတာပေါ့”
“သြော် ...သြော်”
မအေးမြင့်နှင့် မအေးတင့်အတွက် တစ်လျှောက်လုံး ရင်တဖိုဖိုနားထောင်လာရာမှ နောက်ဆုံးခန်းရောက်မှ အရသာ ပျက်သွားသည်ဟုဆိုရတော့မည် ။
အဘွားအိုပြောပြသော သရဲပုံပြင်မှာ နားထောင်ကောင်းလှသည်။ သည်းထိတ်ရင်ဖိုရှိလှသည်။ သရဲပုံပြင်၊ တတစ္ဆေ ဒဏ္ဍာရီများ ကိုနှစ်သက် လှသော ညီအစ်မနှစ် ယောက် က တကယ့်အဟုတ် ဖြစ်ရပ်ရယ်လို့ ယုံကြည်ပစ်လိုက်ကြသည်။
နောက်ဆုံးခန်း ဖြစ်သည့် အသက် ၂ဝ အရွယ်မှ ၇ဝ အရွယ်သို့ တစ်ညတည်းနှင့် ပြောင်းသွား ရသည်ဆိုသည့်အ ဖြစ် ကတော့ သူတို့အတွက် ယုံရခက်လှ၏ ။
သူတို့မျက်စိရှေ့က အသက် ၇ဝ ကျော်အရွယ်အဘွားအိုဟာမနေ့ကညက အသက် ၂ဝ ပဲရှိသေးတယ်ဆိုတာ ဘယ်လိုမှ လက်ခံလို့ မရနိုင်။
“ရှေ့ပိုင်း သရဲပုံပြင်မှာ ဟုတ်ဟုတ် ...မဟုတ်ဟုတ် မျက်စိမှိတ်ယုံနိုင်သေးသည်။
တစ်ညတည်းနှင့် အသက် ၅ဝ ပိုကြီးသွားတာ ကတော့ လက်ခံနိုင်ဖွယ် မရှိတော့ပေ။
ဘာပဲ ဖြစ် ဖြစ် ရှေ့က နားထောင်ကောင်းခဲ့သည့် ဇာတ်လမ်းဇာတ်ကွက်၏ ကောင်းခြင်းကိုထောက်ထား၍ နောက်ပိုင်း ဖြစ်ရပ်ကိုလည်းယုံချင်ယောင်ဆောင်ပေးလိုက်ပါသည်။
သူတို့အတွက် အခြားသူများ ကို ပြန်ပြောစရာ ဇာတ်လမ်းကောင်းတစ်ခုကိုလည်း ရလိုက်ပြီ မဟုတ်ပါလား။
“ကျွန်မကို အမေတို့၊ အဒေါ်တို့ မခေါ်ကြပါနဲ့ရှင်။ ကျွန်မနာမည် ရင်းက မြနုဝေပါ။ လူတိုင်းက နုနုလို့ပဲ ခေါ်ကြတယ်။ ကျွန်မကိုနုနုလို့ပဲ ခေါ်ပါနော်”
“ဟုတ်ကဲ့ အဒေါ်၊ အဲလေ ...နုနု”
မအေးတင့်၊ မအေးမြင့်ကောင်းမှု ကြောင့် နောက်တစ်နေ့မှာ ပင်အဘွားအိုနုနု၏ ဇာတ်လမ်းကို တစ်ရပ်ကွက်လုံး သိသွားကြသည်။
ခင်မိုးအေးအိမ်သို့ ဧည့်သည်များ မပြတ်တမ်းရောက်လာကြတော့သည်။ တချို့က အဘွားအိုနုနုကို မြင်ဖူးရုံလာကြည့်ကြသည်။ တချို့ ကတော့ အဘွားအိုနုနုနှင့် ကိုယ်တိုင်စကားစမြည် ပြောကာ မေးမြန်းစပ်စုကြသည်။
အဘွားအိုမှာ သူမ၏ ဇာတ်လမ်းကို အကြိမ်ကြိမ် အထပ်ထပ်မရိုးတမ်း၊ မမောတမ်း ပြန်လည်ပြောပြနေရလေသည်။
အဘွားအိုသည် သက်သေအ ဖြစ် ဂျပန်ငွေစက္ကူများ ကို ထုတ်ပြသည်။ လည်ပင်းမှ သွေးစုပ်ခံထားရသော အနာရွတ်ကို ပြသည်။အဘွားအို၏ လည်ပင်းတွင် အညိုအမဲစွဲနေသော အနာပေါက်တစ်ခုကားအမှန်တကယ်ပင် ရှိနေ၏ ။
ယင်းသို့ဖြင့် အဘွားအိုနုနုသည် ခင်မိုးအေး အိမ်မှာ သော င်တင်နေခဲ့သည်။
ပြန်စရာအိမ်မရှိပါဆိုတဲ့ အဘွားအိုကို ခင်မိုးအေးလည်း သနားသဖြင့် လက်ခံထားလိုက်လေသည်။
အဘွားအိုကလည်း သူမရဲ့ ကယ်တင်ရှင် ခင်မိုးအေးအပေါ်အလိုက်သိတတ်ပါသည်။ အိမ်မှု ကိစ္စတွေ ကို ကူညီလုပ်ကိုင်ပေးခဲ့သည်။ယခင်က မနက် ၇ နာရီဆိုင်ဖွင့်နိုင်ဖို့ မနက် ၅ နာရီကတည်းက ထ၍ ချက်ရပြုတ်ရသော ခင်မိုးအေး မနက်စောစော ထစရာမလိုတော့။ချက်ပြုတ်သည့် တာဝန်ကို အဘွားအိုနုနုက ယူလိုက်သည်။
နေ့လယ် ၁၁ နာရီတွင် ခင်မိုးအေး၏ အဝေးပြေးလမ်းမပေါ်ကကွမ်းယာဆိုင်သို့ အဘွားအိုက ထမင်းချိုင့်လာပို့ပေးပါ၏ ။
မောင်လေးမောင်မိုးနိုင်၏ ကျောင်းဝတ်စုံများ နေ့စဉ် လျှော်ရဖွတ်ရသည့်အလုပ်လည်း ငြိမ်း သွားပါ၏ ။ အဘွားအိုနုနုက အိမ်အလုပ်များ ကို ဒိုင်ခံလုပ်ပေးခဲ့သည်။
သည်လိုနှင့် ခင်မိုးအေးတို့အိမ်သို့ အဘွားအိုနုနု ရောက်လာခဲ့သည်မှာ တစ်လပင်ကြာမြင့်သွားလေပြီ။
![]() မွေးစားတစ္ဆေ | ![]() ဒေါက်တာစိုးထိုက်နှင့် ကဝေ့ကြေးမုံ | ![]() ဒေါက်တာစိုးထိုက် နှင့် ဖော်ဝေးဝိညာဉ် |