Cover

အခန်း(၁)

ဆောင်းလုလင်

မွေးစားတစ္ဆေ

တစ္ဆေတစ်ကောင်ကို အမေမွေးထားခဲ့သည်မှာ နှစ် ပေါင်းများ စွာ ကြာချေပြီ။

အမေသည် တစ္ဆေကို အမှတ်မထင် မွေးမြူခဲ့မိခြင်း ဖြစ်သည်။

အမေမွေးထားခဲ့သော တစ္ဆေသည် အမေ့ကို ထာဝရခြောက်လှန့်လျှက်ရှိသည်။

အမေ့အနေဖြင့် တစ္ဆေကိုမောင်းထုတ်လို့လည်း မရ။

တစ္ဆေရှိနေကြောင်းကို မေ့ထားလို့လည်း မရ။

အမေသည် တစ္ဆေကိုရွံရှာစက်ဆုပ်သည့်ကြားမှပင် ကိုယ်နှင့်နီးကပ်စွာ မွေးမြူထားမိရက်သား ဖြစ်နေသည်။

တစ္ဆေသည် .

ရံဖန်ရံခါ . အိပ်မောကျ နေတတ်သည်။

ရံဖန်ရံခါ . ခေါင်းထောင်ထ လာတတ်သည်။

တစ်စုံ တစ်ယောက် ၏ ပယောဂဖြင့်လည်း တစ္ဆေသည် နိုးကြားလာတတ်ပြန်၏ ။

အလျဉ်းသင့်တိုင်း .တစ္ဆေက အမေ့ကို ခြောက်လှန့်လျှက်ရှိပေသည်။

ယခုတစ်ခါ .

အိပ်မောကျနေသော တစ္ဆေကို လှုပ်နှိုးလိုက်သူက အမေ့သား မောင်ဖေဝေး ဖြစ်လေသည်။

မောင်ဖေဝေး နှိုးလိုက်သော တစ္ဆေက ခေါင်းထောင်ထလာကာ သူ၏ ခြေထောက်အစုံဖြင့် အမေ့ရင်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်လေသည်။

•••

အပိုင်း ( ၁ )

''နင့်အဖေကိုရှာဖို့ဆိုရင်တော့ မ သွားပါနဲ့လား အဝေးရယ်''

''ဘာ ဖြစ်လို့လဲ ရွက်နု၊ ငါ့အဖေဟာ သေသွားတာမဟုတ်ဘူး၊ ငါ့အဖေဟာ တစ်နေရာမှာ ရှိနေတယ်ဆိုတာ သေချာတယ်လေ၊ ငါ အဖေ့ကိုဘယ်လောက်တွေ့ ချင်မြင်ချင်တယ်ဆိုတာ နင်အသိဆုံးပါဟာ''

''ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် . နင့်အဖေက ဘာမှ မဆက်သွယ်ပဲ ခြေရာဖျောက်သွားတာလေ၊ ပြီးတော့ . ခုအချိန်အထိ အသက်ရှင်နေဦးမယ်လို့ ပြောလို့ရမလား''

''ရွက်နုကလည်းဟာ ပါးစပ်ပုပ်ကြီးနဲ့ပြောလိုက်တာ၊ ငါ့အဖေ မသေသေးပါဘူးဟ၊ ငါသိတယ်၊ငါလိုက်ရှာရင်တွေ့ ကိုတွေ့ ရမယ်ဟာ''

ရွက်နုက သက်ပြင်းချလိုက်သည်။

မောင်ဖေဝေးနှင့်ရွက်နုတို့သည် ရွက်နုတို့ယာတောထိပ်က ကုက္ကိုပင်ကြီးအောက်တွင် စကားပြောနေကြခြင်း ဖြစ်သည်။

မောင်ဖေဝေးက သူ မန္တလေးကိုသွားတော့မယ်ဆိုတဲ့အကြောင်းကို ရွက်နုသိအောင် လာပြောပြခြင်း ဖြစ်ပါသည်။

မောင်ဖေဝေး မန္တလေးသွားတဲ့ရည်ရွယ်ချက်က အလုပ်သွားလုပ်ဖို့ တစ်ခုတည်းမဟုတ်။ ပျောက်ဆုံးနေသော သူ့ဖခင်ကိုရှာဖို့ဆိုတာလည်း ရွက်နုက သိထားသည်။ ရွက်နုသာမဟုတ်ပါ။ တစ်ရွာလုံးက သိနေကြပါသည်။

မောင်ဖေဝေးမမွေးခင်ကတည်းက ရွာမှထွက်သွားလိုက်သော မောင်ဖေဝေးဖခင်မှာ ယခုအချိန်အထိရွာကိုပြန်မလာ။ မောင်ဖေဝေး အသက်ပင် ၁၆နှစ် ရှိပြီဆိုတော့ အချိန်ကာလတွေ က ကြာခဲ့ပေပြီ။

ဒါကိုသိထားသော ရွက်နုက အဖေကိုရှာဖို့တော့ဖြင့် တစ်ရပ်တစ်ကျေးကို စွန့်စွန့်စားစား မသွားစေလိုခြင်း ဖြစ်ပါသည်။

''ဘာပဲ ဖြစ် ဖြစ်ဟာ ငါသွားနေတဲ့အတောအတွင်းမှာ နင် ငါ့ကိုသစ္စာရှိပါနော် ရွက်နု''

''အောင်မယ် . ဘာပြောတယ်၊ ကောင်စုတ်၊ အဲ့လိုပြောရအောင် နင်နဲ့ငါနဲ့က ဘာဆိုင်လို့တုန်းဟဲ့''

ရွက်နုက ရှက်သွေးဖြန်းသွားကာ လက်မှာ ကိုင်ထားသည့် သင်္ဘောရိုးဖြင့် မောင်ဖေဝေးလက်ကိုရိုက်ရင်း ပြောလိုက်သည်။

''ဘာလို့မဆိုင်ရမှာ လဲ၊ ငါပြောတာ အခါခါရှိပြီ၊ နင်ကသာ အဖြေမပေးသေးတာ''

''မပေးနိုင်ပေါင်''

''မပေးပေမယ့် နင်ငါ့ကိုချစ်တယ်ဆိုတာ ငါသိသားပဲ''

''ဟယ် . ရှက်စရာကြီး၊ အဝေး . နင်ဘာတွေ လျှောက် ပြောနေတာလဲ၊ တော် တော့ဟာ၊ ငါတို့အရွယ်က ဒါမျိုးပြောရမယ့်အရွယ် မဟုတ်သေးဘူး''

''အောင်မယ် . ဘယ်သူက ကန့်သတ်ထားလို့လဲ၊ တို့သူငယ်ချင်း အောင်ကြီးတို့၊ လှဆုံတို့ဆိုရင်အိမ်ထောင်တွေ တောင်ကျကုန်ပြီ''

''ဟဲ့- အဝေး၊ ဒါတွေ ကို နင်အားကျနေတာလားဟင်၊ သူတို့တွေ ကလေးတွဲ လောင်းနဲ့ ဒုက္ခရောက်မယ့်ဟာတွေ ၊ သိရဲ့ လား''

''အားကျလို့ပြောတာမဟုတ်ပါဘူးဟ၊ နင်ပြောလို့ တို့အရွယ်တွေ အိမ်ထောင်ကျတဲ့လူတောင်ကျကုန်ပြီလို့ပြောတာပါ၊ ငါက မြို့တက်ပြီးစီးပွားရှာဦးမှာ လေ၊ ပိုက်ဆံစုမိမှ နင့်ကိုတောင်းမှာ ''

ရွက်နုက နှုတ်ခမ်းကိုမဲ့လိုက်သည်။

''ပိုက်ဆံပဲစုမိမလား၊ မြို့ကကောင်မလေးတွေ တွေ့ ပြီး ရွာပြန်မလာပဲနေမလား၊ စောင့်ကြည့်ရဦးမှာ ပေါ့၊ တော် ကြာ သူ့အဖေလို .''

''ဟာ .ငါ့အဖေကိုဆွဲမထည့်ပါနဲ့''

''အင် .နင်ပဲ အဖေပျောက်ရှာမယ်ဆို၊ တစ်ရွာလုံးက နင့်အဖေ ရွာပြန်မလာတာ မြို့မှာ မိန်းမရနေလို့ ဖြစ်မှာ ပေါ့တဲ့''

ရွက်နုစကားကြောင့် မောင်ဖေဝေးငိုင်သွားသည်။

''အဖေမိန်းမရနေတာလည်း ဟုတ်ချင်ဟုတ်မှာ ပေါ့လေ၊ ငါကတော့ တွေ့ အောင်ရှာမှာ ပဲ''

''အဝေးရယ် .''

''စကားတွေ က လမ်းလွဲကုန်ပြီဟာ၊ ကိုကြီးတုတ်ဖြူရွာပြန်ရောက်နေတုံး သူခေါ်လို့ငါလိုက်သွားမှာ ပါ၊ ငါပြောသလို နင့်ကိုစိတ်ချပါရစေနော်''

''နင် မန္တလေးမှာ ဘာလုပ်မှာ တုန်း''

''ကိုကြီးတုတ်ဖြူက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်သွင်းပေးမယ်တဲ့''

ရွက်နုက သက်ပြင်းချလိုက်သည်။

''ရွာမှာ ပဲနေလည်း အတူတူပါပဲဟယ်၊ မြို့ကလက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်တာများ ၊ ဘာထူးမှာ မို့လဲ''

''မြို့အနေနေကြည့်ချင်လို့ပါရွက်နု၊ ဘာပဲ ဖြစ် ဖြစ် .မျက်စိပွင့် နားပွင့်တာပေါ့ဟာ''

နင့်အဖေလို မျက်စိနဲ့နားတွင် မဟုတ်ပဲ အကုန်ပွင့်ထွက် သွားပါဦးမယ် .လို့ပြောချင်သော်လည်း သွားခါနီး လာခါနီး မှာ ရွက်နုပြောမထွက်တော့ပါ။

''ရွာမှလည်း ဘယ်မှာ အလုပ် ဖြစ်လို့တုန်း၊ မိုးကမမှန်၊ ရေက မရနဲ့၊ လူတိုင်းညီးညူနေကြတာမဟုတ်လား၊ ပြီးတော့ .ငါက မြို့မှာ တစ်သက်လုံးနေမှာ မှမဟုတ်တာ၊ ငါ နင့်ကိုစိတ်ချပါရစေနော်''

မောင်ဖေဝေးစကားက ဒီနေရာကိုပင်ပြန်ရောက်သည်။

''နော် .ရွက်နု၊ နင်ငါ့ကိုတစ်ခါတည်း အဖြေပေးလိုက်ပါလားဟင်''

''အဝေး၊ ငါ့မှာ နင်ကလွဲလို့ ဘယ်သူ့မှစိတ်ဝင်စားစရာမရှိဘူး၊ ယောကျာ်းလေးဆိုလို့ သူငယ်ချင်းတောင်မထားဘူး၊ အဲဒါပဲ ငါပြောချင်တယ်''

''ဒါဖြင့် .နင်ငါ့ကိုချစ်တယ်ပေါ့''

''ခက်ပါလားအဝေးရယ်၊ အဲဒီ လို ချစ်တယ်ဆိုတာမျိုးကြီးတော့ မပြောချင်ဘူးဟာ၊ ပြောလည်းမပြောတတ်ဘူး၊ ဘာပဲ ဖြစ် ဖြစ် နင်ငါ့ကို စိတ်ချပါလို့ငါကတိပေးရင် ကြေနပ်တော့ဟယ်''

''ဝမ်းသာလိုက်တာရွက်နုရယ်''

''အို .လက်ကြီးကဖယ်စမ်းပါ''

ရုတ်တရက် အားရဝမ်းသာဆုပ်ကိုင်လိုက်သော မောင်ဖေဝေး လက်နှစ် ဖက်ကို ရွက်နုက ရိုက်ချလိုက်သည်။

''ဟွန်း .မြို့ကိုရောက်ရင် ဘယ်လိုတွေ ပြောင်းလဲသွားတယ်ဆိုတာ ငါကစောင့်ကြည့်ဦးမှာ ၊ သွားတော့-''

ရွက်နုကလက်ထဲမှသင်္ဘောရိုးလေးဖြင့် မောင်ဖေဝေးလက်မောင်းကိုခပ်ဆတ်ဆတ်ရိုက်ရင်း ယာတောထဲဝင်ပြေးလေတော့သည်။

''ဟေ့- ဟေ့- ရွက်နု .နက်ဖန် ငါ့ကိုလိုက်ပို့ဦးနော်''

မောင်ဖေဝေးက အော်ပြောလိုက်လေသည်။

•••

အမေဒေါ်အုံးပွင့်သည် ကြမ်းပြင်ပေါ်ပျပ်ဝပ်စွာ ထိုင်ရင်းကန်တော့နေသော သား ဖြစ်သူမောင်ဖေဝေးကိုကြည့်ကာ မျက်ရည်တွေ ဝဲနေသည်။

အမေက သားကို မြို့အရပ်ကိုမသွားဖို့ တားလိုက်ချင်ပါသည်။ တားလည်း တားမြစ်ခဲ့ပြီး ဖြစ်သည်။

သို့သော် .တားလို့မရခဲ့။

သား အဝေးသည် မြို့ကိုရောက်အောင် သွားကိုသွားဖို့ ဆုံးဖြတ်ထားသူမို့ အမေဘယ်လို တား,တားရတော့မည် မဟုတ်ပေ။

''ဒီလိုခေါင်းမာတာဟာ သူ့အဖေနဲ့ တူလို့ပဲ။ သူ့အဖေ .သူ့ အဖေ .''

''အမေကလည်း .မငိုပါနဲ့အမေရယ်၊ မောင်လေးက အပြီးသွားတာမှ မဟုတ်တာ၊ ပြန်လာမှာ ပဲအမေ''

အမေ့ရဲ့ အလတ်မသမီး ဖြစ်သူ မဖွားချစ်က မျက်ရည်ကျလုလု အမေ့ကို နှစ် သိမ့်လိုက်သည်။

''အဝေးရေ သွားကြစို့ဟေ့၊ ဟိုဖက်ကမ်းကို မော်တော် မမီပဲ နေမယ်''

အိမ်ရှေ့မှ ကိုတုတ်ဖြူအသံပေါ်ထွက်လာသည်။ ကိုတုတ်ဖြူက မောင်ဖေဝေးကို မန္တလေးအထိခေါ်သွားမည် ဖြစ်သည်။

''ကဲ .ကဲ .ညီလေးရေ၊ မောင်တုတ်ဖြူတောင်ရောက် လာပြီ၊ လုပ်ဟေ့၊ သွားကြစို့''

သားအကြီးမောင်ဖိုးတူက သူ့ညီကိုပြောသလိုလိုနှင့် အမေ့အာရုံကို လွှဲလိုက်လေသည်။ အဝေးကိုမြို့အထိရောက်အောင် မောင်ဖိုးတူက လိုက်ပို့ပေးမည် ဖြစ်၏ ။ မြို့ရောက်မှ ဟိုဘက်ကမ်းကိုကူး၊ ကားတစ်

တန်စီးပြီး ခရီးဆက်ရမည် ဖြစ်သည်။

မောင်ဖေဝေးသည် မန္တလေးမှာ နေသားကျနေပြီ ဖြစ်သော ကိုတုတ်ဖြူနှင့်အတူ မန္တလေးအထိရောက်အောင် ဆက်သွားပေလိမ့်မည် ။

အမေ့ရင်ထဲမှာ ဆွတ်ကျင်ကြေကွဲလာသည်။

''ကျွန်တော် သွားတော့မယ် အမေ။ ကျွန်တော် အဖေ့ကို တွေ့ အောင်ရှာခဲ့မယ်နော်''

အဝေးပြောလိုက်သော စကားက အမေ့နှလုံးသားကို ထိုးနှက်လိုက်ပြန်သည်။

''မရှာနဲ့ မရှာနဲ့၊ မင်းအဖေ .မင်းအဖေက ရှိမှာ လည်း မဟုတ်တော့ပါဘူး''

အမေက ခေါင်းကိုရမ်းခါရင်း ခါးခါးသီးသီးပြောလိုက်ရာ အသံများ ပင် တုန်ခိုက်သွားလေသည်။

''ကဲပါလေ .မောင်လေးကလည်း အလုပ်လုပ်ဖို့သွားတာပဲ။ ကံပေးတော့လည်း တို့အဖေနဲ့တွေ့ မှာ ပေါ့ဟယ် .စိတ်မကောင်းစရာ တွေ ပြောမနေပါနဲ့၊ ကဲ .ကဲ .သွားကြ၊ သွားကြ''

မဖွားချစ်က အဝေး ပခုံးကိုကိုင်ရင်း အမေ့ရှေ့မှ ထစေကာ ပြောလိုက်သည်။

အိမ်အဝတွင် နံရံကိုမှီ၍ ရပ်နေသော ရွက်နုက မောင်ဖေဝေး၏ ခရီးဆောင်အိတ်ကလေးကို ဆွဲလိုက်သည်။

''ကျွန်တော် သွားပြီအမေ၊ အမေနေကောင်းအောင်နေနော်''

သားလေးက အမေကိုစိတ်မချစွာ မှာ နေသေး၏ ။

''ရွက်နုက ဘယ်အထိလိုက်ပို့မှာ လဲကလေး''

''ရွာထိပ်အထိတင်ပါ အရီးပွင့်''

''သြော် . သြော် .''

''ကျွန်တော် စာရေး ရင် ရွက်နုဆီကိုပဲ ထည့်လိုက်မယ်၊ ရွက်နုက အမေ့ကိုလာဖတ်ပြလိမ့်မယ်နော်အမေ''

''အေးပါကွယ် . အေးပါ .''

ညီအစ်ကိုနှစ် ယောက် ထွက်သွားသည့်မြင်ကွင်းက အမေ့မျက်လုံးထဲဝယ် တဖြည်းဖြည်း မှု န်ဝါးသွားလေသည်။ ဝေးသွား၍ မှု န် သွားခြင်းမဟုတ်ပါ။ မျက်ရည်များ ကြောင့် ဝေသီမှု န်ဝါးသွားရခြင်း ဖြစ်ပါသည်။

''အမေ၊ ကျွန်မအိမ်ခဏပြန်လိုက်ဦးမယ်။ ဝါဝါ့ကိုလွှတ်လိုက်မယ်နော် အမေ''

မဖွားချစ်က အမေ့ကိုနှုတ်ဆက်ကာ ပြန်သွားသည်။ မောင်ဖိုးတူရော မဖွားချစ်ပါ အိမ်ထောင်ကွဲများ ဖြစ်ပြီး သီးခြားစီ အိမ်ခွဲနေပါသည်။ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာသော ဤအိမ်လေးတွင် တော့ .အမေနှင့်သားလေး အဝေးတို့ နှစ် ယောက် တည်းနေကြသည်။

အဝေးမြို့ကိုသွားအလုပ်လုပ်မယ်ဆိုတော့ မောင်ဖိုးတူနှင့် မဖွားချစ်က သူတို့ရဲ့ သမီး တစ်ယောက် စီကိုအမေ့အိမ်မှာ အမေနဲ့ အတူ နေခိုင်းကြမည် ဖြစ်သည်။ မောင်ဖိုးတူသမီး သက်သက်နှင့် မဖွားချစ်သမီး ဝါဝါတို့အမေ့အိမ် ပြောင်းလာဖို့ စီစဉ်ထားပြီးသား ဖြစ်ပါသည်။

အမေ့ကိုကူညီပြုစုဖို့ အတူလာနေမယ့် သက်သက်နှင့်ဝါဝါမှာ အားကိုးလောက်ဖွယ် အရွယ်တွေ တော့ မဟုတ်ကြ။ အသက်ဆယ်နှစ် နှင့် ရှစ်နှစ် အရွယ် မိန်းကလေးများ သာ ဖြစ်ပေသည်။

အမေက သားသမီးသုံးယောက် မြင်ကွင်းမှ ပျောက်သွားသည်အထိ ထိုင်လက်စနေရာမှာ ပင် မရွေ့ပဲထိုင်နေသည်။ အမေ့မျက်လုံးများ သည် ရည်ရွယ်ချက်မရှိဘဲ အိမ်ရှေ့ဘက်သို့ ငေးကြည့်နေမိသည်။ အမေ့မြင်ကွင်းထဲ၌ မြင်သမျှအရာအားလုံးမှာ ဝေဝါးနေသည်။ မျက်လုံးအိမ်ထဲမှ မျက်ရည်များ ကြောင့်ရော၊ ကျဆင်းနေသည့် နှင်းထုကြောင့်ပါ အားလုံးသည် မှု န်သီဝေဝါးလျက်ရှိပေသည်။

အမေသည် မျက်ရည်များ ကို အင်္ကျီလက်အနားစနှင့်တို့၍ သုတ်လိုက်သည်။ အမေသည် ဖြည်းညင်းစွာ ထကာ နံရံတွင် လွှားထားသော ချည်တဘက်ကြီးကိုလှမ်းဆွဲယူလိုက်၏ ။ တဘက်ကိုခေါင်းတွင် ပတ်၍ ပေါင်းလိုက်သည်။

အမေသည် အိမ်ထဲမှထွက်ခဲ့လေသည်။ အမေ့ခြေလှမ်းများ က ရွာအနောက်ဘက်သို့ ဦးတည်သွားနေသည်။

အမေ့ရင်ထဲမှာ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းဝေဒနာများ က စုပြုံကြပ်ခဲနေလေသည်။ အမေ မအုံးပွင့်အဖို့ ဝေဒနာကို သက်သာရာသက်သာကြောင်း ရင်ဖွင့်ငိုကြွေးလိုက်ရမှ စိတ်လက်ပေါ့ပါးရပေတော့မည် ။

ရွာအနောက်ဘက်တွင် အမေ့ဝေဒနာကိုဖွင့်အံရာနေရာရှိသည်။ အမေတိုင်တည် ငိုကြွေးရမည့် လူရှိသည်။

အမေသည် ခပ်သွက်သွက်ခြေလှမ်းများ ဖြင့် နှင်းထုထဲတွင် လှမ်းလာခဲ့၏ ။

လမ်း၌ လူသူရှင်းလင်း တိတ်ဆိတ်လျက်ရှိသည်။

အမေမအုံးပွင့်သည် ရွာအနောက်ဘက်ရှိ သင်္ချိုင်းကုန်းရှိရာသို့ တရွေ့ရွေ့ လျှောက်လာခဲ့လေသည်။

•••

ရွာအနောက်ဘက်လမ်းသည် သင်္ချိုင်းကုန်းရှိရာသို့ ဦးတည်လျက် ရှိလေသည်။

တောင်မြောက်နှင့်အရှေ့ဘက်သို့ ထွက်သော လမ်းများ မှာ မြို့သို့လည်းကောင်း၊ အခြားရွာများ သို့လည်းကောင်း အသီးသီးဦးတည်နေသော်လည်း အနောက်ဘက်ထွက်သည့်လမ်းမှာ မူ ရွာသင်္ချိုင်းတစ်ခုတည်းသို့သာ ဦးတည်လျက်ရှိပေ၏ ။

အမေမအုံးပွင့်သည် ရွာအထွက်မှ မြင်းဖြူရှင်နတ်ကွန်းအနီး ရောက်သည့်အခါ ပို၍ ခပ်သွက်သွက်လှမ်းလိုက်လေ၏ ။

မြင်းဖြူရှင်နတ်ကွန်းကို ညောင်ပင်ကြီး၏ ဘေးတွင် သစ်သားအိမ်ကလေးဖြင့်ရိုက်ထားပေသည်။ မြင်းဖြူရှင်နတ်ကြီးသည် သစ်သားရုပ်မြင်းဖြူပေါ်တွင် လက်တစ်ဖက်က မြင်းဇက်ကြိုးကိုဆွဲရင်း လက်တစ်ဖက်က ဓားကိုဝင့်ကာ ဝင့်ဝင့်ကြွားကြွားကြီးစံမြန်းနေပေ၏ ။

အမေက ခေါင်းပေါ်မှတဘက်စဖြင့် မြင်းဖြူရှင်နတ်ကွန်းရှိရာဖက်ကို ကွယ်လိုက်သည်။ မျက်နှာကိုလည်း နတ်ကွန်းဘက် မလှည့်မိအောင် ခပ်စောင်းစောင်းဖြင့် လွှဲထားလေ၏ ။

နတ်ကွန်းရှိရာညောင်ပင်၏ နောက်ဖက်တည့်တည့်၌ ဇရပ်တစ်ဆောင်ရှိနေလေသည်။ ဇရပ်မှာ အသုံးမပြုတော့သော ကြောင့် အမိုးများ လန်ကာ ပြုပြင်ခြင်းကင်းမဲ့၍ တစ်ဖက်သို့စောင်းနေပြီ။

အမေက နတ်ကွန်းကိုလည်းကောင်း၊ ဇရပ်ကိုလည်းကောင်း လှည့်မကြည့်မိအောင် တဘက်ဖြင့်ကွယ်ကာ ထိုရှေ့မှ မပြေးရုံတမယ် ခပ်သွက်သွက်လှမ်းလာခဲ့လေသည်။

အမေမအုံးပွင့်သည် နတ်ကွန်းကိုလွန်သွားမှ သက်ပြင်းတစ်ချက်ချလိုက်မိ၏ ၊ သူမ၏ ခြေလှမ်းများ ကတော့ နတ်ကွန်းအလွန်မှစ၍ ပိုသွက်လာလေသည်။

ကွမ်းတယာညက်ခန့် သွားလိုက်သည်တွင် ရွာ၏ သုသာန်အဝသို့ ရောက်သွားလေ၏ ။ သုသာန်ကားနံနက်ခင်းနှင်းဖွဲဖွဲအောက်ဝယ် ပကတိ တိတ်ဆိတ်လျက်ရှိပေ၏ ။

အမေသည် အကာအရံမရှိသော သင်္ချိုင်းထဲသို့ လှမ်းဝင်လာခဲ့သည်။ လာနေကျမို့ အမေသည်သူတွေ့ လိုသော သူသည် ဘယ်နေရာမှာ ရှိသည်ကို သိပြီး ဖြစ်ပေ၏ ။

အမေက မြေပုံများ ၊ ကမူများ ၊ ကျင်းချိုင့်များ ကို ကျော်ကာလွှားကာဖြင့် သင်္ချိုင်းအစွန်မှ မြေပုံတစ်ခုဆီသို့ လာခဲ့လေ၏ ။ အမေ ခြေလှမ်းလိုက်တိုင်း မြေပေါ်ကြွေကျနေသော ရွက်ဝါစများ ဆီမှ အသံများ ထွက်ပေါ်လာလေသည်။

အမေသည် မြေပုံနားရောက်လေ ခပ်သွက်သွက်လှမ်းလေဖြင့် ပိုပြီးမြန်ဆန်လာလေသည်။

မြေပုံအနီးရောက်လာလေ သူမ၏ ရင်ခုန်နှုန်းက ပို၍ မြန်လာကာ မျက်ရည်များ လည်း စီးကျလာလေပြီ။

''အမေ .အမေ .''

မြေပုံနားရောက်ခါနီး တွင် အမေမအုံးပွင့်က နှုတ်မှဖွင့်ဟ အော်ညည်းလိုက်လေ၏ ။

ခပ်ယောင်ယောင်သာ ခုံးမို့လျှက်ရှိသော လူသေအလောင်း မြှုပ်နှံထားသည့် မြေပုံရှေ့ရောက်သည်နှင့် အမေမအုံးပွင့်သည် မြေပုံပေါ်သို့ ကိုယ်ကိုလှဲချလိုက်လေ၏ ။

မြေပုံခေါင်းရင်းတွင် တော့

ဒေါ်မဝိုင်း

အသက် (၆၆) နှစ်

ဆိုသည့် သစ်သားဆိုင်းဘုတ်ကလေးက စာသားများ ပျက်ယွင်းစွာ ၊ ခြစားထားသော တိုင်တွင် ခပ်စောင်းစောင်း တွဲ ချိတ်လျက် ရှိနေလေသည်။

''အမေရေ .အမေ .ကျုပ်ဒုက္ခတွေ ကို ကြည့်လှည့်ပါ ဦးတော့ အမေရယ်''

အမေမအုံးပွင့်က မြေပုံအတွင်းလဲလျောင်းနေသည့် အလောင်းကောင်ကို တိုင်တည်ကာ ရေရွတ်လိုက်လေသည်။ အမေ့လက်များ က မြေပုံမို့မို့ကို ဖက်တွယ်ထားလျက်သား ရှိနေလေ၏ ။

''အမေရေ .အမေရဲ့ ၊ အမေ့ရဲ့ မြေးကလေ .အမေ့ မြေးလေး မောင်ဖေဝေးကလေ .သူ့အဖေကိုလိုက်ရှာမလို့တဲ့တော့် ။ မြို့ကိုထွက်သွားပြီအမေရဲ့ ။ သူ့အဖေ .သူ့အဖေလူစိမ်းကားကြီးကို လိုက်ရှာမလို့တဲ့တော် ''

အမေမအုံးပွင့်သည် ရေရွတ်ရင်းမှအသံများ တိမ်ဝင်သွားကာ အတန်ကြာငိုရှိုက်နေလေသည်။

အားရအောင်ငိုပြီးသည့်အခါ အမေမအုံးပွင့်ကိုယ်က မြေပုံပေါ်မှ ပြန်ကြွလာလေသည်။

''အင်းလေ .တကယ်တော့ .ကျုပ်အပြစ်တွေ ချည်းပါပဲ အမေရယ်။ ကျုပ် အပြစ်တွေ ချည်းပါပဲတော် ၊မောင်ဖေဝေး အမေ့သားနဲ့ မတွေ့ ပါစေနဲ့လို့ ကျုပ် ဆုတောင်းရတော့မှာ ပါပဲတော် ။ အမေ . အမေလည်းကျုပ်ကို ခွင့်လွှတ်ပါနော်။ ကျုပ်ကိုခွင့်လွှတ်ပါ၊ ကျုပ်အပြစ်တွေ ခွင့်လွှတ်စရာ မကောင်းပေမယ့် ခွင့်လွှတ်ပါတော့အမေရယ် . သူ .သူ .သားလေး မောင်ဖေဝေး .အမေ့သားနဲ့ မတွေ့ ပါစေနဲ့လို့ ဆုတောင်းပေးပါဦးအမေရယ်၊ တွေ့ များ တွေ့ ခဲ့ရင် .အမလေး ကျုပ်မတွေးရဲဘူး။ ကျုပ် မတွေးရဲတော့ဘူး .''

အမေမအုံးပွင့်သည် နောက်တစ်ကြိမ် မြေပုံပေါ်သို့ ပစ်လှဲကာ ငိုချလိုက်ပြန်သည်။ သူမ၏ မျက်နှာနှင့်အင်္ကျီ ရင်ပတ်တစ်ခုလုံး၌ မြေမှု န်များ ပေကျံသွားလေ၏ ။ အမေသည် မြေပုံပေါ်တွင် အားရပါးရ ငိုကြွေးရင်ဖွင့်လိုက်ရ၍ စိတ်လက်ပေါ့ပါးသွားပုံရပေ၏ ။

အမေ့အဖို့ ရင်ဖွင့်စရာ တိုင်တည်စရာကား လွန်ခဲ့သော ဆယ်နှစ် က ကွယ်လွန်နှင့်ပြီး ဖြစ်သော အမေဒေါ်မဝိုင်းသာရှိသည် မဟုတ်ပါလား။

တကယ်တော့ .ဒေါ်မဝိုင်းသည် မအုံးပွင့်၏ အမေ မဟုတ်ပါ။ မအုံးပွင့်၏ ပျောက်ဆုံးနေသော ခင်ပွန်းကိုအောင်ချစ်၏ မိခင်သာ ဖြစ်ပါသည်။ မအုံးပွင့်၏ ယောက္ခမသာလျှင် ဖြစ်ပါသည်။

•••

အခန်း(၂)

အပိုင်း ( ၂ )

ဇီးချိုတောရွာကလေး၏ နံနက်ခင်းကား နှင်းမှုံထဲဝယ် ငြိမ်သက်လျက်ရှိပေသည်။

ရွာ၏ တောင်ဘက်အစွန်မှ အိမ်ကလေးတွင် အဘွားအို တစ်ယောက် က အိမ်ရှေ့ကပြင်တွင် ထိုင်နေ၏ ။

ကပြင်ပေါ်တွင် သံစည်ပိုင်း တစ်ခု၏ အဖုံးပေါ်၌ ပြာများ ခင်းကာ ထင်းမီးဖိုတစ်ခု ဖိုထားလျက်ရှိသည်။

အဘွားအိုသည် ကြမ်းပေါ်တွင် ချည်ကြမ်းစောင်တစ်ထည်ကို ခေါက်လျက်ခင်းထားပြီး ထိုင်နေခြင်း ဖြစ်၏ ။ ဆောင်းတွင်းအခါမို့ မီးလှုံနေခြင်း ဖြစ်ပေသည်။ ပတ်ဝန်းကျင်တစ်ခိုမှာ တော့ နှင်းမြူများ က ပိန်းပိတ်အောင်ဝေဆိုင်းလျက်ရှိပေ၏ ။

အဘွားအို၏ ချွေးမ ဖြစ်သူ မအုံးပွင့်သည် အိမ်ရှေ့မြေကွက်လပ်မှ သစ်ရွက်ခြောက်များ ကို အုန်းတံပျက်စည်းတစ်ချောင်းဖြင့် လှဲကျင်းလျက် ရှိပေ၏ ။

ကပြင်ပေါ်မှ မီးဖိုနေသော အဘွားအိုသည် အိမ်ရှေ့မှဖြတ်သွားသမျှ လူများ ကို လှမ်းအော်နှုတ်ဆက်လျက် ရှိပေသည်။

''ဟဲ့ .ဟိုအရှေ့က ဂေါ်ပြားကြီးထမ်းလာတာ ဘယ်သူများ တုံးဟဲ့''

''ကျုပ်ပါဘွားဝိုင်း၊ ဖိုးခဗျ''

''အေ .ဖိုးခ၊ ကိုမောင်တိုးသား ဖိုးခလားဟဲ့၊ ကြည့်စမ်းဟယ် အသက်ကကြီးလာတော့ မျက်စိမျက်ဆံတွေ လည်း မကောင်းတော့ပါဘူး ကရို့၊ နင့်ကို နင့်အဖေလို့ ငါ့မျက်လုံးထဲ ထင်မိသဟဲ့''

''အဘ မနှစ် ကဆုံးသွားပြီလေ ဘွားဝိုင်းရဲ့ ၊ မမှတ်မိတော့ဘူးလား''

''ဟင် .အေး .ဟုတ်သားဟဲ့၊ သြော် .ဒုက္ခ .ဒုက္ခ''

ကိုဖိုးခက ရယ်မောရင်း ထွက်ခွာသွားလေသည်။

ထိုစဉ် . မိန်းမနှစ် ယောက် လျှောက်လာရာ အဘွားအိုက နှုတ်ဆက်လိုက်ပြန်၏ ။

''မယ်မြတို့ညီအစ်မ မှတ်တယ်''

''ဟုတ်ကဲ့ အရီး''

''ယာထဲဆင်းတော့မလို့လားဟဲ့၊ ညည်းလင်ရော''

''ပြောချင်ပါဘူးအရီးရယ် .ဟိုဘက်ရွာက ပွဲသွားကြည့်သလေ''

''အေ .ဟား ဟား ဟား . ပွဲကိုတော့ ငါ့သားအောင်ချစ်လည်း သွားသဟေ့၊ ခုထိကိုပြန်မရောက်သေးဘူး''

''အစ်မမြရေ .တော့ယောကျာ်းက တော် ပါသေးသတော် ။ ကျုပ်လင် ကိုအောင်ချစ်များ ဖြင့် ပွဲစကတည်းက သွားကြည့်နေတာသုံးညဆက်တိုက်ပါကော။ ကိုရင်ထွေးက ဒီတစ်ညရယ်သွားတာမဟုတ်လား''

တံပျက်စည်းလှည်းနေသည့် မအုံးပွင့်က ဝင်ပြောလိုက်ခြင်း ဖြစ်လေ၏ ။

''အုံးပွင့်ရယ် .ညည်းယောက်ျားက နဂိုကတည်းက ပွဲရူး ဇာတ်ရူးဟာကိုး။ အရီးကလည်း လူပျိုကတည်းက အလိုလိုက်ထားတော့ ပွဲသွားတာ ဆန်းသလား။ ညည်းတို့က ဝမ်းစာအပိုရှိတော့ အိမ်ဦးနတ်ကအပျော်ကျူးနေလည်း ကိစ္စမရှိဘူးလေ။ ကျုပ်တို့တော့ ဒီလိုရက်ဆက်ကြီး လွှတ်နိုင်ပေါင်တော် ''

မမြပြန်ပြောသည့်စကားကို အိမ်ကပြင်ပေါ်မှအဘွားအိုက ရယ်မောလျက်ရှိပေ၏ ။

''ကျုပ်လည်း ပြောမရလို့ကြည့်နေရတာ ပါ အစ်မမြရယ်။ အိမ်ထောင်သည်ပဲ ဖြစ်နေပြီ။ သူ့ဘက်ကအပျော်အပါး လျှော့သင့်ပါတယ်''

''ဟုတ်ပါ့၊ ကလေးပဲ နှစ် ယောက် ရနေပြီ၊ ဒီ အောင်ချစ်ဟာ''

''ငါ့သားကို မပြောကြပါနဲ့အေ .''

အဘွားအိုက ရယ်ရယ်မောမောပင် ပြန်ပြောနေ၏ ။ သား ဖြစ်သူ အပျော်အပါးမက်ပုံကို ဘေးကဝေဖန်သည်ကိုပင် ကျေနပ်နေဟန်တူပေ၏ ။ သို့မှမဟုတ် အများ သူငါလို နဖူးကချွေးခြေမကျသည်ထိ မိုးလင်းမိုးချုပ် အလုပ်လုပ်စရာမလိုအောင် ချောင်လည်သော မိမိတို့စီးပွားရေး အတွက် ဂုဏ်ယူပုံရပေ၏ ။

''ငယ်တုံးမို့ပါကွယ် .နောင်တော့ သူပြုပြင်ပါလိမ့်မယ်''

အဘွားအိုက သားအကြောင်းကိုဆက်မပြောသာအောင် စကားပိတ်လိုက်လေ၏ ။

''အဲဒါသာကြည့်တော့ အစ်မမြ၊ အမေကလည်း သူ့သားများ ဆို ဘာမှမပြောဘူးတော့''

မအုံးပွင့်က တံမျက်စည်းကို ခပ်ဆောင့်ဆောင့်လှဲရင်း ညည်းညည်းညူညူ ပြောလိုက်၏ ။

မမြတို့ညီအစ်မထွက်သွားသည်တွင် မအုံးပွင့်က .

''အမေ့သားလည်း ခုထိပြန်မလာသေးပါလားအမေ။ နေတောင် ထွက်လာပြီ''

ဟုပြောလိုက်သည်။

''ပွဲမပြီးသေးလို့နေပါလိမ့်မယ်အေ .သြော် .ဒီနေ့က ပွဲနောက်ဆုံးနေ့ မဟုတ်လားဟဲ့။ ဇာတ်သမားတွေ နဲ့သူနဲ့က ခင်နေတော့ နှုတ်ဆက်နေလို့ထင်ပါရဲ့ ''

''အမေ့သားကတော့လေ .ကျုပ်ဖြင့်မပြောချင်တော့ဘူး။ မင်းသားကို ကျွေးဖို့ဆိုပြီး ယူသွားလိုက်တာကျုပ်လှမ်းထားတဲ့ ဆတ်သားခြောက်တွေ ကုန်ပါရောလား''

''ဟဲ ဟဲ ဟဲ . သူက ဇာတ်သမားတွေ ကိုခင်တာကိုးအေ့။ ငါ့သားက သူကိုယ်တိုင်လည်း အဆိုအတီးကောင်းဆိုတော့ ဇာတ်သူ ဇာတ်သားတွေ ကို ခင်တယ်မင်တယ်ပေါ့အေ .ကျွေးပါစေ၊ ကျွေးပါစေအေ''

အဘွားအိုက သူ့သားကိုအပြစ်မမြင်နိုင်ဘဲ ရယ်ရယ်မောမောပင် ကာဆီး၍ ပြောနေလေသည်။

ထိုစဉ် . အိမ်ထဲတွင် အိပ်နေသော ကလေးနှစ် ယောက် နိုးလာကာ အိမ်ရှေ့ထွက်လာကြ၏ ။

''ဟဲ့ .မျက်နှာအရင်သစ်ကြလေ၊ သွားကြ၊ ဆားယူပြီး သွားတိုက်၊ မျက်နှာသစ်ပြီးမှ မီးလှုံရင်းစားကြသောက်ကြ၊ အမေ ထမင်းကြမ်းတွေ ကြော်ထားတယ်''

မအုံးပွင့် တံပျက်စည်းကို သစ်ပင်တစ်ပင်တွင် ထောင်လိုက်ရင်း အဘွား ဖြစ်သူဘေးတွင် ဝင်ထိုင်ကာမီးလှုံနေသည့်ကလေးနှစ် ယောက် ကို ပြောလိုက်သည်။

''အေးဟဲ့ .သွား .သွား မြေးတို့၊ မျက်နှာသစ်ချည်ဦး''

ကလေးနှစ် ယောက် က မီးဖိုရှေ့မှအထတွင် အကြီးကောင်ဖိုးတူက လမ်းမဘက်လှည့်ကြည့်ရင်းအော်လိုက်သည်။

''ဟိုမှာ . အဖေပြန်လာပြီ''

အားလုံးအကြည့်က ဖိုးတူညွှန်ပြလိုက်သည့်လမ်းမဘက်သို့ ရောက်သွားလေ၏ ။

''အမေ့သား ကြွချီလာပါပြီတော် ''

ကိုအောင်ချစ်ကား နိုင်လွန်အင်္ကျီအဖြူနှင့် ဗန်ကောက်ပုဆိုး ပန်းရောင် ကိုဝတ်ကာ ခါးတွင် ရွှေခါးပတ်ကိုပတ်ထား၏ ။ နိုင်လွန်အင်္ကျီကို ဖောက်၍ အိတ်ကပ်ထဲမှ ငွေစက္ကူများ ကို မြင်နေရပေသည်။ ကိုအောင်

ချစ်သည် ပုဆိုးခါးပုံစလေးကိုရှေ့ထုတ်ကာ ဝင့်ကြွားသော ခြေလှမ်းဖြင့် လှမ်းလာလေသည်။ သို့သော် .မစီးစဖူးစီးထားသော ဘွတ်ဖိနပ်ကြောင့် ခြေထောက်ပေါက်ကာ တစ်ချက်တစ်ချက် ထော့နဲ့ထော့နဲ့ ဖြစ်သွားလေ၏ ။

''ငါ့သားကတော့လေ . ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် ကျော့မော့နေတာပဲဟဲ့။ တစ်ညလုံးပွဲကြည့်တာလာတောင် သူ့မှာ ရှိုးမပျက်ဘူး''

အဘွားအိုက သားကိုချစ်သည့်စိတ်ဖြင့် ဇာတ်ပွဲတွင် အချိန်ဖြုန်းနေသည်ဟု မမြင်နိုင်အားဘဲ ချီးမွမ်းခန်းဖွင့်လိုက်လေသည်။

မအုံးပွင့်သည် လင်သားကိုမြင်လိုက်ရ၍ ရင်အေးသွားသော်လည်း သုံးရက်ဆက်တိုက် ဇာတ်ပွဲကြည့်နေသည်ကို စိတ်ဆိုးလက်စနှင့်မို့ ဂရုမစိုက်ဟန်ဖြင့် မျက်နှာကို တစ်ဘက်လွှဲလိုက်သည်။ အထစ်ငါးထစ်ဖြင့်ပြုလုပ်ထားသော လှေကားလေးမှနေ၍ အိမ်ကပြင်ပေါ် လှမ်းတက်လိုက်သည်။

''မောင်အောင်ချစ် ငါ့သား ပွဲတော် တော် ကောင်းသလားဟဲ့၊ အေး . အေး .ပွဲလည်း ဒီနှစ် အတွက်တော့ ပြီးသွားပြီ၊ မင်းလည်း အိပ်ရေး ပျက်တာ များ ပေါ့၊ အတိုးချအိပ်ဦးဟေ့''

''ကျုပ် မအိပ်ဘူးအမေ၊ ကျုပ်မြို့ကိုသွားတော့မှာ ''

''ဘာ .''

ကိုအောင်ချစ်အပြောကြောင့် အိမ်ပေါ်လှမ်းတက်နေသော မအုံးပွင့်က အလန့်တကြား အော်မေးလိုက်ခြင်း ဖြစ်သည်။

''ဟုတ်တယ် အုံးပွင့်ရ၊ မင်းသားက ငါ့ကို မြို့လိုက်ခဲ့ဖို့ခေါ်တယ်။ ငါ့ကို ပြဇာတ်မင်းသား ဖြစ်အောင်သူက မြေတောင်မြှောက်ပေးမှာ တဲ့ဟ''

''အို .မဟုတ်တာ၊ တော် က သူပြောတာယုံသလား၊ တော့် လို တောသားက ဘယ့်နှယ်မင်းသား ဖြစ်မှာ လဲ။ ကိုအောင်ချစ် .တော် သုံးနိုင်ဖြုန်းနိုင်မှန်းသိလို့ အဲဒီ မင်းသားက ချူချမလို့ခေါ်တာတော့၊တော် ဟာလေ''

''ဘာ .အုံးပွင့်၊ နင်ဘာစကားပြောတာလဲ၊ မင်းသားက ဒီလိုစိတ်မရှိဘူး။ ငါ့ ကိုသိပ်ချစ်လို့ခေါ်တာ၊သူက ငါ့ကို သိပ်သဘောကျနေတာ။ ငါသီချင်းဆိုပြတော့ အသံလည်းအောင်တယ်တဲ့။ လေ့ကျင့်ပေးရင်

မင်းသား ဖြစ်နိုင်တယ်တဲ့ဟ''

''အို .ဒါ တော့်ကိုမြှောက်ပြောနေတာ''

''အုံးပွင့်၊ နင်တိတ်တိတ်နေစမ်း၊ နင့်ယောက်ျား နာမည် ကြီး ပြဇာတ်မင်းသား ဖြစ်မှာ ကိုနင်ဝမ်းသာရမှာ ''

''သားရယ် .ဟုတ်ပါ့မလားကွယ်၊ ဘာပဲ ဖြစ် ဖြစ် အမေကတော့ မြို့ကိုလိုက်မသွားစေချင်ဘူး''

သားကိုအမြဲအလိုလိုက်ကာ သားဘက်က ကာဆီးနေကျ ဒေါ်မဝိုင်းကိုယ်တိုင်ပင် တားမြစ်လိုက်လေ၏ ။

''အမေကလည်း .ကျုပ်အနုပညာဝါသနာပါတာကို သိရဲ့ သားနဲ့။ ကျုပ်ရဲ့ အနုပညာနဲ့ ပြည်သူတွေ ကိုဖျော်ဖြေခွင့်ရတော့မှာ အမေရဲ့ ' '

''ဒါပေမဲ့ .မြို့အရပ်ဆိုတာ .''

''ကျုပ်ဆရာ တစ်ယောက် လုံးရှိပါတယ် အမေ။ ကျုပ်ဆရာ မန်းမြို့တင့်လွင်ဆိုတာ တစ်နိုင်ငံလုံးမှာ နာမည် ကြီး ပြဇာတ်မင်းသားပါဗျ''

''အို .ကိုအောင်ချစ်၊ တော် လူပျိုလေးမဟုတ်ဘူးနော်။ တော့် မှာ ကလေးနှစ် ယောက် နဲ့''

မအုံးပွင့်က ကြားဖြတ်အော်ပြောလိုက်သည်။

ကိုအောင်ချစ်က မအုံးပွင့ကို ဆတ်ကနဲလှည့်ကြည့်၏ ။

''ငါ နာမည် ကြီးပြဇာတ်မင်းသား ဖြစ်လာတဲ့အခါကျ နင်တို့သားအမိတွေ ကို မြို့မှာ ခေါ်ထားမှာ ပါဟ''

''ဟင့်အင်း .ဟင့်အင်း .ကျုပ်မယုံဘူး''

''ငါသားသမီးတွေ ကို ငါမမေ့ပါဘူး အုံးပွင့်ရယ်''

''ကျုပ်မယုံတာ အဲဒါမဟုတ်ဘူး။ တော် ပြဇာတ်မင်းသား ဖြစ်မယ်ဆိုတာကို မယုံတာ၊ ဘယ်နည်းနဲ့မှမ ဖြစ်နိုင်ဘူး။ ကိုအောင်ချစ် တော် မသွားရဘူးနော်''

''တောက် .အုံးပွင့်၊ အသာနေစမ်း၊ အမြင်မကျယ်တဲ့မိန်းမ၊ ငါရဲ့ အနုပညာတွေ ကို ဟောဒီတောအရပ်က ရွံ့ထဲဗွက်ထဲမှာ မြှုပ်နှံမပစ်နိုင်ဘူး။ ငါဟာ အနုပညာနဲ့ ပြည်သူကိုအလုပ်အကျွေးပြုဖို့ မွေးဖွားလာ

တဲ့လူ၊ သဘင်ပညာဟာ ငါ့ရဲ့ ကိုးကွယ်ရာ''

''အို .တော် စမ်းပါ၊ ဘာတွေ ပြောနေတာလဲ''

''အေး .ငါ့ရဲ့ အနုပညာအဘိဓမ္မာတွေ ကို နင့်ကိုပြောပြနေရင်လည်း ကျွဲပါးစောင်းတီးသလို ဖြစ်မှာ ပဲ။နင် ဒါတွေ နားမလည်ပါဘူး အုံးပွင့်ရယ်''

ကိုအောင်ချစ်နှုတ်မှ ရေရွတ်လိုက်သော စကားများ မှာ ညကကြည့်ခဲ့သည့် ပြဇာတ်ထဲမှ သူကြည်ညိုသော ပြဇာတ်မင်းသား မန်းမြို့တင့်လွင်၏ စကားလုံးများ ပင် ဖြစ်လေသည်။

ကိုအောင်ချစ်က စကားဆက်ပြောမနေတော့ဘဲ အိမ်ပေါ်တက်သွားသည်။ အိမ်ထဲတွင် သူ့အဝတ်အစားများ ကို လွယ်အိတ်တစ်လုံးထဲ ထည့်သည်။ နံရံတွင် ချိတ်ထားသည့် သူတီးနေကျ မယ်ဒလင်လေးကိုဖြုတ်၍ လွယ်လိုက်သည်။ ပြီးတော့ . အခန်းထဲဝင်သွားပြန်သည်။

မအုံးပွင့်က အခန်းထဲထိလိုက်ကြည့်ပြီး မြင်ကွင်းကိုကြည့်၍ အော်လိုက်လေသည်။

''အို .ကိုအောင်ချစ်၊ တော် ဘာလုပ်တာလဲ''

''ငါ့အဖေပေးထားတဲ့ပစ္စည်း ငါယူတာ''

''အမေ .အမေ .သူ ရွှေဆွဲကြိုးကြီးယူနေပြီတော့် ''

ကိုအောင်ချစ်က ဆွဲကြိုးကို အင်္ကျီအိတ်ထဲထိုးထည့်လိုက်ကာ မအုံးပွင့်ကို တွန်းတိုက်၍ အခန်းထဲမှထွက်လိုက်သည်။

''အမေ . ကျုပ် အဖေလုပ်ပေးတာတဲ့ ကျုပ်ဆွဲကြိုးကို လိုလိုမယ်မယ် ယူသွားတယ်။ စိတ်ချ၊ ကျုပ်ထုခွဲမပစ်ပါဘူး။ လိုလိုမယ်မယ်ပါ''

ကိုအောင်ချစ်က မိခင်ရှေ့ထိုင်ချလိုက်ကာ မိခင်ကို ဦးသုံးကြိမ် ချကန်တော့သည်။

''မောင်အောင်ချစ် မင်းတကယ်သွားမလို့လား၊ စဉ်းစားပါဦး ငါ့သားရယ်''

''ဇာတ်ကားက အခုထွက်တော့မှာ အမေ၊ သူတို့မှာ ပွဲဆက်ဖို့ရှိတယ်၊ ကျုပ်တစ်ခါတည်း လိုက်သွားရမှာ ''

''မ သွားပါနဲ့ကွယ်၊ မင်းမရှိလို့ ဒီအိမ်မှာ ဘယ် ဖြစ်မလဲ''

''ဒီလို အမြင်ကျဉ်းမြောင်းနေလို့ မ ဖြစ်ဘူးအမေ၊ ကျုပ်ဟာ မိသားတစ်စုတည်းအတွက် လူ ဖြစ်လာတာမဟုတ်ဖူး၊ ပြည်သူလူထုတစ်ရပ်လုံးကို ဖျော်ဖြေဖို့ အနုပညာသမားအနေနဲ့မွေးလာတာ၊ ကျုပ်အတွက်အမေတို့ ဂုဏ်ယူရမှာ ပါဗျာ''

''ဒါပေမဲ့''

''ကဲ .သွားမယ်အမေ၊ အုံးပွင့် ငါသွားပြီဟေ့''

''အဖေ .အဖေဘယ်သွားမလို့လဲ''

ကလေးနှစ် ယောက် က ကိုအောင်ချစ်လွယ်ထားသော လွယ်အိတ်ကိုဆွဲရင်း မေးသည်။

''အဖေပြန်လာမယ် သားနဲ့သမီးတို့၊ မင်းတို့အဖေဟာ နိုင်ငံကျော်ပြဇာတ်မင်းသားကြီးအနေနဲ့ မင်းတို့ ဂုဏ်ယူရမယ်ကွ။ မကြာပါဘူးကွာ၊ နောက်တစ်နှစ် ပေါ့၊ အဖေပြန်လာမယ် လိမ်လိမ်မာမာနေကြနော်''

ကိုအောင်ချစ်က အငယ်မမဖွားချစ်ကို ပွေ့ချီနမ်းရင်းပြောသည်။

ထို့နောက် မဖွားချစ်ကလေးကိုပြန်ချပေးပြီး အိမ်အောက်သို့ ဆင်းသွားလေတော့သည်။

မအုံးပွင့်သည် ပြောမရသည့်လင်သားကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။ နံရံကိုမှီကာ ငိုနေမိတော့၏ ။

ကိုအောင်ချစ်ကား ကြွားဝင့်သော ခြေလှမ်း၊ သွက်လက်သော ခြေလှမ်းများ ဖြင့် အိမ်ဘက်သို့ တစ်ချက်မှလှည့်မကြည့်ဘဲ ထွက်ခွာသွားလေပြီ။

မအုံးပွင့်သည် မျက်ရည်များ ကြားမှ ကိုအောင်ချစ်၏ ကျောပြင်ကို ကြည့်ရင်း ကျန်ရစ်ခဲ့သည်။

ထိုမြင်ကွင်းသည် အမေမအုံးပွင့်အဖို့ လင်သား ဖြစ်သူကို နောက်ဆုံး မြင်လိုက်ရခြင်းပင် ဖြစ်တော့၏ ။

•••

''အမေ့သားကိုများ ရှာလို့တွေ့ ခဲ့ရင်တော့ ကျုပ်အသက်ကြီးမှ အရှက်ကြီးလုံး လုံးကွဲရတော့မယ်ထင်ပါရဲ့ အမေရယ်။ ကျုပ်ဒုက္ခတွေ ကို မြင်လှည့်ပါဦးတော် ၊ မြင်လှည့်ပါဦး အမေရဲ့ ''

အမေမအုံးပွင့်သည် အားရပါးရငိုလိုက်ပြီး မြေပုံပေါ်မှ ဖြည်းညင်းစွာ ထလိုက်သည်။

နေရောင် က လင်းပွင့်၍ လာလေပြီ။ နှင်းများ လည်း ကျဲပါးပျောက်ကွယ်သွားလေပြီ။

အမေသည် လေးတွဲ့ စွာ ဖြင့် ထရပ်လိုက်၏ ။

ယခုအချိန်ဆိုလျှင် သားနှစ် ယောက် သည် ဒရယ်ချောင်ရွာမှ ထွက်ခွာသော မြို့ကိုသွားသည့်ကားပေါ်တွင် ရောက်နေပေရော့မည် ။ သားအငယ် မောင်ဖေဝေးကို မြို့က သင်္ဘောဆိပ်အထိ လိုက်ပို့ပြီး သားကြီးမောင်ဖိုးချစ်က ရွာပြန်လာမည် ဖြစ်၏ ။

အမေ၏ တစ်သက်တာတွင် သွေးရင်းသားရင်းထဲက အမေ့ကိုကျောခိုင်း၍ တစ်ရပ်တစ်ဝေးသို့ထွက်ခွာသွားခြင်းမျိုးကို နှစ် ခါသာကြုံဖူးလေသည်။ သူတို့အဖေကိုအောင်ချစ်ထွက်သွားပြီး ဘယ်သော အခါမှပြန်မတွေ့ ရတော့သော အတွေ့ အကြုံကြောင့် အမေ့စိတ်ဝယ် လေးလံလျက်ရှိလေသည်။

သားလေးလည်း အမေ့ရင်ခွင်ထဲကို ပြန်မှရောက်လာပါ့မလား။ သားသည် သူ့အဖေကို တွေ့ အောင်ရှာမည် ဟု အားခဲသွားခဲ့လေသည်။ ကိုအောင်ချစ်ကို သားလေးရှာလို့တွေ့ သွားမှာ ကို အမေစိုးရိမ်လှပါသည်။

ကိုအောင်ချစ်ကိုသာ ရှာလို့တွေ့ ခဲ့လျှင် .အတွေးဖြင့် အမေ့ရင်ဝယ်လေးလံလာပြန်သည်။ အို .သူ ရှိချင်မှ ရှိတော့မှာ ပါ။ အမေကဖြေတွေးတွေးလိုက်ပြန်သည်။

သားလေးအဝေးကတော့ သူ့ဖခင်ကို မန္တလေးတွင် တွေ့ ကို တွေ့ ရမည် ဟု စိတ်ချယုံကြည်လျက်ရှိပေသည်။

''အဖေ လိုက်သွားတဲ့ဇာတ်ပွဲနာမည် က ရွှေမန်းကြည်ရွှင်ဆိုတာ ဟုတ်တယ်နော် အမေ''

''အေး .ဟုတ်တယ်''

''အဖေ့ကို ပညာသင်ပေးမယ်ဆိုပြီး ခေါ်သွားတဲ့ ပြဇာတ်မင်းသားနာမည် က ဘယ်သူ''

''မန်းမြို့တင့်လွင်ဆိုလား .သစ်လွင်ဆိုလားပဲ''

''ဒါဆို ရှာလို့လွယ်ပါပြီအမေရယ်၊ သူတို့က ဇာတ်သမားနာမည် ကြီးတွေ ပဲ၊ မန္တလေးမှာ ဇာတ်အသိုင်းအဝိုင်းထဲ လိုက်မေးရင်သိရမှာ ပေါ့''

''နှစ် ပေါင်းက ကြာပါပြီသားရယ်၊ အမေတော့ တွေ့ မယ်မထင်တော့ပေါင်။ သူမှ ကိုယ့်မိသားစုမကြင်နာလို့ပြန်မလာတာ သားက ဘာလို့ ရှာချင်ရတာ လဲ။ မရှာပါနဲ့ သားရယ်''

''အမေက အဖေ့ကိုစိတ်နာနေတာလားဟင်၊ အဖေ့မှာ လည်း သူ့အကြောင်းနဲ့သူရှိမှာ ပေါ့ အမေ။ကျွန်တော် အဖေ့ကိုမြင်ချင်လို့ပါ၊ အစ်ကိုကြီးနဲ့ အစ်မကြီးကမှ အဖေ့ကို မြင်ဖူးလိုက်သေးတယ်။ ကျွန်တော် အဖေ့ကို မမြင်ဖူးဘူးလေ။ ဘာပဲ ဖြစ် ဖြစ် . အဖေ အသက်ရှင်လျက်ရသေးတယ်ဆိုရင်တော့ ကျွန်တော် တွေ့ ကိုတွေ့ ရမယ် အမေရယ်''

''နင့်အဖေမြင်ဖူးချင်ရင် ဟိုမှာ ဓာတ်ပုံရှိသားပဲ''

''သြော် .ဓာတ်ပုံက လူမှမဟုတ်ပဲအမေရာ၊ ကျွန်တော် အဖေ့ကိုတွေ့ လို့ အိမ်ပြန်ခေါ်လာရင်အမေက အဖေ့ကိုရန်တွေ့ မှာ လား ဟင်''

''အို .တော် စမ်းပါအဝေးရယ်''

''ဟား ဟား ဟား .ကျွန်တော် ကတော့ အဖေ့ကိုတွေ့ အောင် ရှာပြီး အဖေနဲ့ အမေကို ပြန်ပေါင်းခိုင်းမှာ ဗျ''

သားလေးမောင်ဖေဝေးက အစ်ကိုအစ်မတွေ နဲ့မတူ၊ သွက်လက်ချက်ချာပြီး ထက်မြက်သည်။ ရဲဝံ့သည်။ ပြောရင် ပြောသလိုလုပ်မှာ ကို အမေကသိသည်။ သည်တော့လည်း ကိုအောင်ချစ်ကို ရှာလို့မတွေ့ ပါစေနဲ့လို့ အမေ့မှာ ဆုတောင်းရုံသာရှိတော့သည်။

ဟုတ်တယ်။ ကိုအောင်ချစ်နဲ့ သားနဲ့တွေ့ လို့မ ဖြစ်ဘူး။ ကိုအောင်ချစ် ရွာပြန်လာလို့လည်းမ ဖြစ်ဘူး။

သူပြန်လာခဲ့ရင် .သူပြန်လာခဲ့ရင် .

အမေသည် နှုတ်မှတတွတ်တွတ်ရေရွတ်ရင်း အသိမဲ့စွာ ဖြင့် သင်္ချိုင်းထဲမှ ပြန်ထွက်လာခဲ့လေသည်။

•••


ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ မွေးစားတစ္ဆေ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဒေါက်တာစိုးထိုက်နှင့်ရေနန်းသူဇာ

မှော်ဝင် သီချင်း

အပင်း