Cover

နိဂုံး

သူ့မိန်းမကို သေစေချင်ခဲ့တာ ကြာပါပြီ။သူ့မိန်းမသာ သေသွားခဲ့လျှင် သူ့လောက်ပျော်တဲ့သူ ကမ္ဘာပေါ်မှာ ရှိမည် မဟုတ်ဟု ညိုမောင်က ယုံကြည်မျှော်လင့်ခဲ့လေသည်။သူသည် နေ့ရှိသရွေ့ သူ့ဇနီးမယား ဖြစ်သူကို မြန်မြန်သေပါစေဟုဆုတောင်းခဲ့ရသည်။

ယခုတော့ သူသေစေချင်သော သူ့မိန်းမ သေသွားခဲ့ပါပြီ။သူ့ဆုတောင်းပြည့်ပြီဟုလည်း ဆိုနိုင်ပါသည်။

သို့သော် သူမျှော်မှန်းသလို ပျော်ရွှင်ခြင်းကိုတော့ သူမခံစားရ။သူ့မိန်းမ မသေခင် ပြောသွားခဲ့သော စကားတစ်ခွန်းက သူ့ဘဝတစ်ခုလုံးကို ရိုက်ချိုးချေမွပစ်လိုက်သကဲ့သို့ ရှိသည်။

သူသည် အသက်ရှင်နေသမျှ ကာလပတ်လုံး နာကြည်းခံခက်စွာ ၊ဝမ်းနည်းယူကျုံးမရစွာ စိတ်ဝေဒနာခံစားနေရပေတော့မည် ။သူ့မိန်းမသည် သူ့ကို ထိရောက်စွာ လက်စားချေသွားခဲ့ခြင်းပင် ဖြစ်ပါတော့သည်။

***

''ဒီမိန်းမ ငါ့ကို အပင်းထည့်သွားခဲ့တာ၊ ကဝေမ .စုန်းမမိန်းမယုတ်''

ညိုမောင်က နာကြည်းခံပြင်းစွာ ရွတ်ဆိုလိုက်သည်။ထိုစကားများ ကို သူ့မိန်းမသေပြီးနောက်ပိုင်းကတည်းက သူ တဖွဖွရွတ်ဆိုမိခဲ့သည်။

နောက်လည်း ဆက်၍ ရေရွတ်နေရဦးမည့် စကားများ ဖြစ်ပါသည်။သူအသက်ရှင်နေသရွေ့၊ သူမသေသေးသရွေ့ သတိရတိုင်း နာကြည်းစွာ ၊ အခံရခက်စွာ ဖြင့် ရွတ်ဆိုမြည် တမ်းနေရမည့်  စကားလုံးများ ပင် ဖြစ်တော့သည်။

ယခုဆိုလျှင် သူ့မိန်းမထည့်ခဲ့သော အပင်းသည် သူ့ခန္ဓာကိုယ်ထဲတွင် တစ်စတစ်စ ရင့်သန်ကြီးထွားလာကာ သူ့ကို ဝေဒနာတွေ ပေးနေပြီဟု သူခံစားရသည်။

''စုန်းမ .ကဝေမ .ငါ့ကို အပင်း ထည့်ခဲ့တဲ့မိန်းမ၊ အသက်ရှင်လျက်သာ ရှိသေးရင်တော့ သူ့လည်ပင်းကို လိမ်ချိုးပြီး သတ်ပစ်လိုက်မယ်။အပင်းထည့်ထားမှန်းသာသိရင် သူကျွေးခဲ့တဲ့အစာတွေ ကို ငါ မစားပါဘူး၊ငါ မစားပါဘူး။ ခုတော့ ငါ .ငါ .သူထည့်ခဲ့တဲ့အပင်းကြောင့် .''

ညိုမောင်သည် သူ့လည်မျိုကို လက်ဖြင့် ဖိနှိပ်ရင်း အခံရခက်စွာ ရွတ် ဆိုလိုက်သည်။

သူ၏ လည်မျိုတစ်လျှောက်သည် မခံမရပ်နိုင်အောင် ယားယံခြင်းဝေဒနာကို ခံစားလာရသည်။ လည်မျိုမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းပိုင်းရှိအူသိမ်အူမွှားများ ၊ အစာအိမ်နံရံများ အထိ အခံရခက်အောင် ယားယံခြင်းဝေဒနာက ပျံ့နှံ့သွားလေသည်။

အပင်းသည် သူ့ကို ဒုက္ခပေးနေလေပြီ။

ထိုဝေဒနာကြောင့်ပင် သူ မကြာခင် သေရတော့မည် ဟု ညိုမောင်က ယုံကြည်နေသည်။

''တောက် .စုန်းမ .ကဝေမ .ဒင်း ငရဲကျပါစေ၊ လင်ယောက်ျားကိုမသေခင် အပင်းထည့်သွားတဲ့ မိန်းမယုတ်၊ ငရဲမှာ မကျွတ်တမ်းခံရပါစေဗျာ''

ကွယ်လွန်သူ သူ့မိန်းမ၏ မျက်နှာကို မြင်ယောင်ရင်း ကြိတ်မနိုင်ခဲမရရေရွတ်ကျိန်ဆဲလိုက်လေသည်။

***

နိဒါန်း

မမြကလေးကို လှပသော မိန်းမ တစ်ယောက် ဟုကား မဆိုနိုင်ပေ။သို့ရာတွင် မမြကလေး၌ ဆွဲဆောင်မှု ရှိသည်။

အဖုအထစ် အကြွအရွနည်းပါးစွာ ဖြင့် သွယ်လျသော ကိုယ်လုံး၊သွေးအားနည်းသကဲ့သို့ ဖြူဖျော့သော အသားအရေများ ကို ပိုင်ဆိုင်သည့် မမြကလေးသည် စွဲမက်ဖွယ်ရာ မရှိလှပေ။

သို့သော် မည် သူမဆို မမြကလေးကိုမြင်လျှင် နှစ် ခါပြန် မကြည့်ရမနေနိုင်အောင် ဆွဲဆောင်မှု ရှိသော အချက်တစ်ခုကိုတော့ မမြကလေး ပိုင်ဆိုင်ထားလေသည်။

မမြကလေး၏ သူ မတူအောင် တင့်တယ်လှပသော ဆံပင်ရှည်ကြီးများ ပင် ဖြစ်ပေသည်။

အမျိုးသမီးများ ဆံပင်ကိုတိုအောင် ဖြတ်တောက်ကာ အမျိုးမျိုးပုံသွင်းပြုပြင်နေသည့် ခေတ်တွင် မမြကလေးသည် သူမ၏ ဆံပင်ကို မွေးကတည်းက တစ်ကြိမ်တစ်ခါမှပင် ဖြတ်တောက်ခြင်း မပြုခဲ့ဖူးပါ။မမြကလေး၏ ဆံပင်သည် အုံကောင်းရုံသာမက၊ နက်မှော င်ရုံသာမက ရှည်လျားလှပေရာ ဆံပင်ကိုဖြန့်ချထားပါက ခြေမျက်စိအထိ ရောက်လေ၏ ။

သာမန်အချိန်များ တွင် ဆံပင်ကို သုံးခေါက်ချိုး၍ စည်းနှောင်ထားရလေသည်။ ထိုအခါမျိုးတွင် ပင် ဆံပင်သည် ခါးလယ်ရောက်သည်ထိ ရှည်လျားလျက် ပင် ရှိသေး၏ ။

ခန္ဓာကိုယ်နှင့်စာလျှင် ဆံပင်က များ စွာ ပို၍ သန်စွမ်းနေသော ကြောင့်ဆံပင်ကို ဝန်တစ်ခုသဖွယ် သယ်ပိုးထားရမည် ဟု ထင်ရလောက်ပေသည်။အသိမိတ်ဆွေအချို့က မမြကလေး ပိန်လှီနေခြင်းနှင့် အသားအရေဖြူဖျော့နေခြင်းတို့မှာ ခန္ဓာကိုယ်ထဲရှိ ဗီတာမင်ဓာတ်များ ကို ဆံပင်က စုပ်ယူထားသော ကြောင့် ဖြစ်မည် ဟုဆိုကာ ဆံပင်ကို အနည်းငယ် ဖြတ်တောက်ပစ်ရန် အကြံပြုကြဖူးလေသည်။

မမြကလေးက လက်မခံခဲ့ပါပေ။

''မြကလေးရဲ့ ဆံပင်ကို မြကလေး ဘယ်တော့မှမဖြတ်ဘူး။ သူ့ဟာသူကျွတ်ခါမှ ကျွတ်သွားရောပဲ။ မေမေကိုယ်တိုင် တယုတယ ဖြီးသင်ပေးခဲ့တဲ့ဟောဒီ ဆံပင်ရှည်ကြီးအတွက် မြကလေး ဂုဏ်ယူပါတယ်''

မိခင်ကြီးရှိစဉ်က မမြကလေးကို မိန်းကလေး တစ်ယောက် အတွက်ဆံပင်ကောင်းခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ကြောင်း၊ မိန်းမတို့ဘုန်း ဆံထုံးဆိုသည့် ရှေးဆိုရိုးဖြင့် ခိုင်းနှိုင်းကာ ကိုယ်တိုင် ဖြီးသင်ပေး၊ ခေါင်းလျှော်ပေးနှင့် ဂရုတစိုက် ရှိခဲ့ပါသည်။

မမြကလေး၏ ဆံပင်ကို ကျစ်ဆံမြီးကျစ်မည် ဆိုပါက တစ်ချောင်းတည်း ကျစ်လို့ မရချေ၊ နှစ် ချောင်းခွဲကျစ်မှပင် အဆင်ပြေလေ၏ ။ ကျစ်ဆံမြီးကျစ်ရာ၌ လည်း ကိုယ်တိုင်ကျစ်၍ မရချေ၊ များ ပြားထူထဲလှသော ဆံပင်ထွေးကြီးကို တစ်ကိုယ်တည်းဖြင့် မနိုင်နင်းပါချေ။ မေမေရှိစဉ်ကတော့ မမြကလေး၏ ဆံပင်ကိစ္စကို မေမေက အလုပ်ကြီးတစ်ခုအနေဖြင့် တာဝန်ယူလုပ်ပေးသည်။ယခုလည်း ကျစ်ဆံမြီးကျစ်မည် ဆိုလျှင် အိမ်ဖော်မလေးက ကူညီ၍ အချိန်ယူကာ ကျစ်ပေးရဆဲ ဖြစ်သည်။

မမြကလေးက အိမ်နေရင်း မီးဖိုချောင်ဝင်သည့်အခါများ ၌ အနှောင့်အယှက် မ ဖြစ်စေရန် ဆံပင်ထွေးကြီးကို လည်ပင်း၌ သုံးပတ် ပတ်၍ ရစ်ပတ်ထားရမြဲ ဖြစ်လေ၏ ။ ထိုအခါမှပင် ဆံပင်သည် အနီးရှိအခြားအရာများ ကို မထိခိုက်ဘဲအလုပ်ကို ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ပေ၏ ။

မမြကလေး ဆံပင်ကို လည်ပင်း၌ ရစ်သိုင်းထားသည့်အခါများ တွင် ကြည့်ရသည်မှာ သူမ၏ လည်ပင်းကို စပါးကြီးမြွေကြီးတစ်ကောင် ရစ်ပတ်ထားသည်နှင့် ပင် တူလှတော့သည်။

မည် သို့ဆိုစေ မမြကလေးကတော့ သူမ၏ ဆံပင်အတွက် ဂုဏ်ယူလျက် ရှိလေသည်။

***

မမြကလေး၏ အသက်သည် ယခုအခါ ၂၈ နှစ် ရှိပေပြီ။ မိန်းမတစ်ယောက် အတွက် မငယ်လှတော့သော အသက်အရွယ်ပင် ဖြစ်ပေ၏ ။ အပျိုကြီးဟု အခေါ်ခံရသော အသက်အရွယ်မျိုး ဖြစ်လေသည်။

မမြကလေးကတော့ အပျိုကြီး အခေါ်ခံရလို့လည်း စိတ်မဆိုးပါ။တစ်သက်လုံးလည်း အပျိုကြီးအ ဖြစ်နဲ့ပဲ အရိုးထုတ်သွားမည် ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။ အိမ်မှု ကိစ္စများ ဦးဆောင်လုပ်ကိုင်ရင်း၊ ဖခင်အိုကြီးကို ပြုစုရင်းနှင့်ပင် သူမဘဝကို သူမ ကျေနပ်နေသူလည်း ဖြစ်ပေ၏ ။

အရွယ်ကောင်းစဉ် နုပျိုစဉ်ကတော့ မမြကလေးမှာ ချစ်သူရည်းစားရှိခဲ့ဖူးပါသည်။ တက္ကသိုလ်တက်စဉ်က ဆုံခဲ့ရသော ချစ်ဦးသူ ဖြစ်သည်။အေးဆေးတည်ငြိမ်လွန်း၍ မတုန်မလှုပ်ရှိလှသော မမြကလေး၏ ချစ်သူမှာ မမြကလေးကဲ့သို့ပင် ရိုးရိုးအေးအေးကြီး တစ်ယောက် ဖြစ်ပေ၏ ။တက္ကသိုလ်ကျောင်းသူဘဝမှာ မမြကလေးသည် မထင်ပေါ်ခဲ့ချေ။မမြကလေးကို ဆံပင်အရှည်ကြီးနှင့် ကျောင်းသူ တစ်ယောက် အ ဖြစ်မှလွဲ၍ သတိပြုမိသူ၊ စိတ်ဝင်စားသူလည်း မရှိလှပေ။

မမြကလေးကလည်း အတန်းအားချိန်များ ၌ စာကြည့်တိုက်ထဲ သွားကာသာ အချိန်ကုန်တတ်၏ ။ မသိသူများ က မမြကလေးကို နယ်မှကျောင်းလာတက်သော ချို့ချို့တဲ့တဲ့ကျောင်းသူတစ်ဦးဟုပင် ထင်တတ်ကြသည်။ မမြကလေး၏ ဝတ်စားပုံရိုးရိုး၊ လှုပ်ရှားမှု နည်းနည်း နှင့် အများ သူငါနှင့် ရောရောနှောနှော မနေတတ်သော စရိုက်များ ကြောင်.ပုံနှိပ်စက်ပိုင်ရှင်၊ အဝေးပြေးကားများ ပိုင်ရှင် သူဌေးသမီးတစ်ဦး ဖြစ်ကြောင်း တော် တော် များများ က မသိကြချေ။

ထိုသို့ မသိသည့်အထဲတွင် ကိုမြတ်မင်းမောင်လည်း ပါလေသည်။ကိုမြတ်မင်းမောင်သည် စာကြည့်တိုက်တိုက်ထဲတွင် မကြာခဏဆုံရသော မမြကလေးကို သူ့လိုပင် စာကြမ်းပိုး တစ်ယောက် ဟု ထင်ခဲ့သည်။နယ်မှ ကျောင်းလာတက်သော အဆောင်နေကျောင်းသူတစ်ဦးဟုပင် ထင်ခဲ့သည်။

ကိုမြတ်မင်းမောင်က မမြကလေးကို သူဌေးသမီး ဖြစ်မှန်း မသိခဲ့၍ သာ ချစ်ရေး ဆိုခဲ့ခြင်း ဖြစ်ကြောင်း နောင်တော့ ပြောပြပါသည်။ ကိုမြတ်မင်းမောင်ကား ချမ်းသာကြွယ်ဝမှု ကို မုန်းတီးစက်ဆုပ်သူ ဖြစ်လေသည်။ တစ်နည်းအားဖြင့် ကိုမြတ်မင်းမောင်သည် လူထူးလူဆန်းတစ်ဦးပင် ဖြစ်ပေသည်။ကိုမြတ်မင်းမောင်က ငွေကြေးချမ်းသာကြွယ်ဝမှု သည် ဘဝအတွက်အမှော င်တိုက်ဖုံးစေသည်ဟု ယူဆထားသူ။ လူချမ်းသာတို့ကို ဘဝမမှန်သူများ ဟု ထင်မှတ်ထားသူမျိုး ဖြစ်လေ၏ ။

သူ ဖတ်ရှုမှတ်သားခဲ့သာ စာပေများ ကလည်း ထိုအယူအဆများ ကိုပင် သင်ပေးခဲ့လေသည်။

ထို့ကြောင့် သမီးရည်းစား ဖြစ်ကြပြီးမှ မမြကလေးကို သူဌေးသမီးမှန်း သိလိုက်ရသည့်အခါ သူလန့်သွားခဲ့သည်။

''မြကလေးမိဘတွေ ဒါလောက်ချမ်းသာမှန်း မသိခဲ့ဘူး။ မြကလေးက သူဌေးသမီးနဲ့လည်း မတူဘူးနော်။ မြကလေးကို သာမန်လူတန်းစားထဲကထင်လို့ မောင် ချစ်ရေး ဆိုခဲ့မိတာ မြကလေးရယ်''

''မြကလေး သူဌေးသမီး ဖြစ်တာနဲ့ မောင်ချစ်တာနဲ့က ဘာဆိုင်လို့လဲမောင်''

''သူဌေးတွေ ကို မောင် ရွံတယ်''

''ရှင်''

''ဟုတ်တယ်၊ ပိုက်ဆံချမ်းသာတဲ့သူတွေ က မောက်မာကြတယ်။ငွေ ဂုဏ်မောက်ကြတယ်။ လောကမှာ တန်ဖိုးအရှိဆုံးအရာဟာ ပညာဆိုတာသူတို့ မသိကြဘူး။ ငွေကိုပဲ သူတို့ ကိုးကွယ်ကြတယ်။ မောင်တော့ အထင်မကြီးပါဘူး မြကလေး''

''ဒီလိုပဲ ဝါးလုံးရှည်နဲ့ သိမ်းကျုံးယမ်းလို့ ဘယ် ဖြစ်မလဲ မောင်။မောင် တွေ့ ဖူးတဲ့ သူဌေးတွေ က ဒါမျိုးတွေ ဖြစ်လို့နေမှာ ပါ။ မြကလေးဖေဖေက ဒီလိုလူစားမျိုး မဟုတ်ပါဘူး မောင်ရဲ့ ။ ဖေဖေက အောက်ခြေကတက်လာတဲ့ လူပါ။ ရိုးရိုးသားသား ကြိုးစားရင်းနဲ့ ဖေဖေ့လက်ထက်ကျမှချမ်းသာလာတာပါ မောင်ရယ်။ ဖေဖေဟာ မောင်တို့လို အညာသားပါပဲ။ရန်ကုန်ရောက်လာတော့ သူ့မှာ ဘာမှတောင် မပါဘူးတဲ့။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စွန့်စားလာခဲ့ရတာ တဲ့။ မောင့်လို ပညာတောင် ကောင်းကောင်းမတတ်ရှာဘူး။ ဖေဖေက ဘုန်းကြီးကျောင်းထွက်ပါ၊ အသက်အစိတ်အထိရဟန်းဝတ်နဲ့ နေခဲ့ပြီးမှ လူထွက်ပြီး ရန်ကုန်ကို စွန့်ထွက်လာတာတဲ့ မောင်။ရန်ကုန်မှာ ရိုးရိုးသားသားကြိုးစားလို့ ပုံနှိပ်စက်ကလေးတစ်လုံး ပိုင်လာခဲ့တယ်။ အဲဒီ ကနေမှ တစ်စတစ်စ ကြီးပွားလာတာပါ မောင်ရယ်''

မမြကလေးက ရှင်းပြလိုက်တော့ ကိုမြတ်မင်းမောင် တွေ သွားသည်။

''ဘာပဲ ဖြစ် ဖြစ် ငွေကို လိုသည်ထက်ပိုအောင် ကြုံးရုန်းရှာရင်တော့လူပျက်စီးတာပါပဲ မြကလေးရယ်။ နောက်ဆုံးတော့ လူတန်းစား မမှန်တဲ့ဘဝရောက်တာပါပဲ''

မမြကလေးက သဘောကျစွာ ပင် ရယ်မိတော့သည်။ သူမ၏ ချစ်သူသည် တယူသန် ဆန်လှသော လူဖြောင့်ကြီးပါတကား။

''ငွေကို လောဘနဲ့ ရှာစရာမလိုဘဲ သူ့အလိုလို ဝင်လာတာဆိုရင်ကော မောင်၊ မောင် ဘာပြောမလဲ။ မောင် ပြောသလိုဖြင့် ကံတရားအတိုင်းရလာတဲ့ ငွေကြေးကိုတောင် စွန့်လွှတ်ပစ်ရမလို ဖြစ်နေပြီ''

''ဘာပဲ ဖြစ် ဖြစ် ချမ်းသာတာ မကောင်းပါဘူး''

ကိုမြတ်မင်းမောင်သည် တိုက်ပုံအင်္ကျီကို မချွတ်တမ်း ဝတ်သူ၊လွယ်အိတ် အမြဲလွယ်သူ၊ လွယ်အိတ်ထဲတွင် လည်း ထိုစဉ်က ခေတ်စားသည်ဟု ဆိုရမည့်  ဘဝသရုပ်ဖော်ဟု အမည် တပ်သော စာအုပ်များ အမြဲပါတတ်သူ၊ ဘဝ သရုပ်ဖော်စာပေသည်သာလျှင် စာပေအစစ်အမှန်ဟု ယူဆ ယုံကြည်သူတစ်ဦး ဖြစ်ပါသည်။

သူ ဖတ်သော စာပေများ ထဲမှ အယူအဆများ က သူ့တွင် စွဲနေသည်။သူ့ပုံစံသည်လည်း ဘဝသရုပ်ဖော်ဝတ္ထုထဲက ဇာတ်ကောင်နှင့် တူနေသည်။ဆင်းရဲခြင်းသည်သာ လူ့ဘဝအစစ်အမှန် ဟုယူဆထားပြီး ချမ်းသာကြွယ်ဝသူများ ကို ရေပေါ်ဆီ လူ့မလိုင်များ ဟု ခေါ်ဝေါ်သမုတ်သူမျိုး ဖြစ်ပါသည်။

''မြကလေးဖေဖေက မတော် လောဘနဲ့ စီးပွားရှာရင်း ကြီးပွားလာတဲ့လူမျိုး မဟုတ်ပါဘူး။ အဲဒီ အတွက် သူ့ဟာသူလည်း ဂုဏ်ယူရှာတယ်။ ဖေဖေ့တိုက်က ရိုက်တဲ့စာအုပ်တွေ လည်း မောင် သိသားပဲ။ ဖေဖေဟာ အပျော်ဖတ်ဝတ္ထုတွေ ၊ ရုပ်ပြတွေ ထုတ်စားတဲ့ ထုတ်ဝေသူမျိုး မဟုတ်ဘူးလေ မောင်။မောင် အထင်အမြင်သေးတဲ့ စာအုပ်မျိုးတွေ ဖေဖေ ရိုက်မရောင်းပါဘူး။ဖေဖေ ထုတ်တဲ့စာအုပ်တွေ က တရားစာအုပ်တွေ ၊ ဗဟုသုတစာအုပ်တွေ ''

''ဗေဒင်ဟောနည်းကျမ်းတို့၊ အရပ်ရှည်အောင် လုပ်နည်းတို့၊ဟင်းချက်နည်းအမျိုးမျိုးတို့ကတော့ စာပေမှ မဟုတ်ဘဲ မြကလေးရယ်၊အနှစ် သာရ မရှိပါဘူး။ စာပေအနေနဲ့ လည်း တန်းမဝင်ပါဘူး''

''ဟင် .ပြောရင်းက စာအုပ်ဝေဖန်ရေး ဘက် ရောက်သွားတော့မလို့လား မောင်ရဲ့ ။ မြကလေးဆိုလိုတာက ဖေဖေဟာ သူ့စီးပွားရေး ကိုမတော် လောဘနဲ့ ရှာခဲ့တာ မဟုတ်ဘူးလို့ ဆိုလိုတာပါ။ ဖေဖေထုတ်တဲ့စာအုပ်တွေ စာပေအနေနဲ့ တန်းမဝင်ရင်သာ ရှိမယ်။ အဆိပ်အတောက်တော့ မ ဖြစ်ပါဘူး မောင်ရယ်။ မောင်က လူချမ်းသာမှန်သမျှ အဆီအနှစ် မရှိတဲ့ လူ့မလိုင်တွေ လို့ ထင်နေလို့ မြကလေးတို့ ကတော့ ဒီလိုအစားထဲကမဟုတ်ပါဘူးဆိုတာ ရှင်းပြနေတာပါ မောင်''

''အင်း .ဟုတ်ပါတယ်လေ၊ မြကလေးမိဘတွေ ကို မတွေ့ ဖူး သေးလို့ဘယ်လိုဆိုတာမသိရပေမယ့် မြကလေးကတော့ သူဌေးသမီးလို့ ထင်စရာမရှိဘူးနော်။ မြကလေးကို သူဌေးသမီးမှန်းသိရင် မောင် ဘယ် လောက်ချစ်ချစ်မြိုသိပ်ထားမိမှာ ပဲ။ မောင်က မြကလေးရဲ့ ရိုးရိုးအေးအေးပုံစံ ကို ကြည့်ပြီးသာမန် မိန်းကလေးလို့ပဲ ထင်ခဲ့မိတာ''

''ချမ်းသာတာဟာ မြကလေးတို့အချစ်ရေး အတွက် အနှောင့်အယှက် တစ်ခု မဟုတ်ပါဘူး မောင်ရယ်၊ မြကလေးကလည်း ပပလွှားလွှားမနေတတ်ပါဘူး။ နေလည်းမနေချင်ပါဘူး''

ဒီလိုနှင့်ပဲ မမြကလေးနှင့် ကိုမြတ်မင်းမောင်တို့၏ သမီးရည်းစားဘဝမှာ ရိုးအီစွာ ဖြင့်ပင် သက်တမ်းရှည်ခဲ့ရသည်။

သက်တမ်းရှည်သည်ဆိုရာ၌ လည်း တက္ကသိုလ်ဒုတိယနှစ် မှ ဘွဲ့ရသည် အထိကာလကိုသာ ရည်ညွှန်းခြင်း ဖြစ်ပါသည်။

ကျောင်းပြီးတော့ နယ်မှကျောင်းလာတက်သူတို့ ထုံးစံအတိုင်းကိုမြတ်မင်းမောင် နယ်ပြန်ရုံသာရှိသည်။ ရန်ကုန်မှာ ဆက်လက်ရပ်တည်နေရအောင် အလုပ်အကိုင်လည်း မရှိ၊ ငွေလည်းမရှိ။

ဒီတော့ ကိုမြတ်မင်းမောင်က လက်ထပ်ဖို့ကိစ္စကို ညှိနှိုင်းလာသည်။မမြကလေးကို သူနှင့်အတူ နယ်သို့လိုက်ခဲ့ရမည် ဟု ဆိုလာသည်။မမြကလေးကဖြင့် နယ်ကိုလိုက်ဖို့ နေနေသာသာ အိမ်ထောင်ပြုဖို့ကိုပင်အချိန်ဆွဲထားရမည့်  အခြေအနေမျိုးမှာ ရှိနေသည်။ ထိုစဉ်က မေမေ မကျန်းမမာ ဖြစ်နေသည့်အချိန်။ မိခင်ကြီး မမာမကျန်းချိန်မှာ တစ်ဦးတည်းသော သမီး မမြကလေးက အနီးကပ်မပြုစုဘဲ ယောက်ျားယူလိုက်လို့ ဘယ် ဖြစ်မှာ လဲ။ ပြီးတော့ မိဘနှစ် ပါးကိုထားရစ်၍ ကိုမြတ်မင်းမောင် နေတဲ့မြို့ကိုလိုက်ဖို့ဆိုတာတော့ သာ၍ ဝေးသေးသည်။

ဒါကို ကိုမြတ်မင်းမောင်က မမြကလေးသည် မြို့ပြကို ခင်တွယ်သူ၊ဥစ္စာဓနကိုမြတ်နိုးသူ၊ အတ္တဆန်သူဟု စွပ်စွဲခဲ့သည်။

သူ ကတော့ နယ်ပြန်ပြီး မဖွံ့ဖြိုးသေးတဲ့ကျေးလက်မှာ ကျောင်းဆရာလုပ်မည် ဆိုပဲ။ သူ့ရဲ့ မွန်မြတ်တဲ့လုပ်ငန်းထဲမှာ မမြကလေးကလည်း တစ်တပ်တစ်အားဖြင့် ယောင်နောက်ဆံထုံးပါကာ ပါရမီဖြည့်ဆည်းရမည် ဆိုပဲ။မမြကလေးသည် ချစ်ရေး ချစ်ရာကိစ္စထဲမှာ လူတန်းစား ပြဿနာတွေ ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး တွေ မဆီမဆိုင်ထည့်သွင်းလာတဲ့ချစ်သူကိုစတင် စိတ်ပျက်စပြုလာသည်။

''မောင် ရန်ကုန်မှာ ပဲနေပြီး အလုပ်တစ်ခုလုပ်ပါလား။ မောင့်လိုရိုးသားတဲ့သူမျိုးကို ဖေဖေက သဘောကျမှာ ပါ။ ဖေဖေ့ပုံနှိပ်တိုက်မှာ စာပြင် ဖြစ် ဖြစ် ဝင်လုပ်လေ။ မောင် ဝါသနာပါတဲ့ စာပေလုပ်ငန်းပဲ။ မြကလေးဖေဖေ့ကို ပြောပေးမယ်။ နောက်ဆို မောင်ရေး ချင်တဲ့စာတွေ လည်း ဖေဖေ့တိုက်က ထုတ်နိုင်တာပေါ့''

သူမ၏ စေတနာအပြည့်ဖြင့် အကြံပေးသည့်စကားကြောင့် မမြကလေးသည် ချစ်သူ၏ ရန်သူသဖွယ် စိမ်းကားရက်စက်စွာ ကြည့်ရှုခြင်းကိုခံခဲ့ရလေသည်။

''ဘာလဲ၊ မြကလေးက မောင့်ကို ဓနရှင်ရဲ့ အခိုင်းအစေ ဖြစ်စေချင်တာလား။ မောင်က ယောက္ခမလောင်းကို အောက်ကျို့ပြီး သူ့လက်အောက်မှာ အလုပ်လုပ်ရမှာ လား မြကလေး။ မောင် စာတွေ ရေး မှာ ပါ။ မောင်ရေး တဲ့စာတွေ ကို ယောက္ခမက ထုတ်ဝေသူ ဖြစ်လို့ ထုတ်ခွင့်ရတာ မျိုး မ ဖြစ်စေရဘူးမြကလေး။ မောင် ရေး မယ့် ဘဝသရုပ်ဖော်စာပေတွေ ကို အသိအမှတ်ပြုမယ့်ထုတ်ဝေသူက လာတောင်းလို့ ထုတ်ခွင့်ပြုတာမျိုးသာ ဖြစ်စေရမယ်။ လောလောဆယ်တော့ မောင့်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ထမ်းဆောင်ရမယ့် တာဝန်တွေ ရှိသေးတယ်။ မောင် ရန်ကုန်မှာ လည်း မနေနိုင်ဘူး။ဓနရှင်လက်အောက်မှာ လည်း အလုပ်မလုပ်နိုင်ဘူး မြကလေး''

ဒီတစ်ခါတော့ မမြကလေးသည် ကိုမြတ်မင်းမောင်ကို လုံးဝ စိတ်ပျက် သွားပါလေတော့သည်။

မောင်နှင့် မြကလေးသည် ဘယ်တော့မှ ညှိနှိုင်းလို့ရတော့မည် မဟုတ်ပေ။

ဒီကတည်းက ကိုမြတ်မင်းမောင် နယ်သို့ပြန်သွားသည်။ သူတို့မြို့နယ်ထဲက ဝေးလံသီခေါင်သော ရွာကလေးတစ်ရွာမှာ တွဲ ဖက်ကျောင်းဆရာသွားလုပ်သည့် သတင်းကို ကြားရသည်။

အစပိုင်းမှာ တော့ မမြကလေးထံ စာရေး ပါသေးသည်။မမြကလေးကို အခြေခံကျသော ကျေးလက်လူထုဆီ ဆင်းခဲ့ဖို့၊မြို့ပြရဲ့ ပကာသနကြားမှာ ပျော်မွေ့မနေဖို့ စည်းရုံးနေသေးသည်။နောက်ပိုင်းတော့ သူ့ထံမှလည်း စာအလာကျဲသွားသည်။ မမြကလေးကလည်း မေမေ့ကျန်းမာရေး ကိစ္စနှင့် မအားလပ်၍ စာမပြန် ဖြစ်တာလည်း ပါသည်။ ပြီးတော့ သူ့ဆီစာရေး လျှင် စာထဲမှာ ဘာအကြောင်းအရာကို ရေး ရမှန်းပင် စိတ်ကူးလို့ မရ၍ မရေး ဖြစ်တော့ခြင်းလည်း ဖြစ်ပါသည်။ဒီတော့လည်း တဖြည်းဖြည်း သွေးအေးသွားခဲ့တာ မဆန်းတော့ပါပေ။

ထို့ကြောင့် လည်း နောက်လေးနှစ် အကြာမှာ သူနှင့် အတူ တစ်ကျောင်းတည်း အလုပ်လုပ်နေသည့် ကျောင်းဆရာမ လေး တစ်ယောက် နှင့် လက်ထပ်လိုက်ကြောင်းကြားရတော့ ထူးပြီး မခံစားရတော့ပေ။မမြကလေး၏ အချစ်ရေး မှာ လည်း ဤမျှလောက်နှင့် ပင် နိဂုံးချုပ်ခဲ့လေတော့သည်။

***

ယခုတော့ မမြကလေးကို ကြည့်မည် ဆိုလျှင် အားလပ်နေသည်ဆိုပါက ဘုရားစင်ရှေ့တွင် ပုတီးစိတ်နေသည်ကို မြင်ရကောင်းမြင်ရမည် ။ အလုပ်လုပ်နေပါကလည်း ဘုရားစာတစ်ခုခုကို ဖြစ်စေ၊ ဂါထာတစ်ပုဒ်ကို ဖြစ်စေ နှုတ်မှတဖွဖွ ရွတ်ဆိုနေသည်ကို တွေ့ ကောင်းတွေ့ ရမည် ။

အလုပ်လုပ်သည်ဆိုရာ၌ လည်း အများ အားဖြင့် မီးဖိုချောင်ဝင်၍ ချက်ပြုတ်ကြော်လှော်နေခြင်းသာ ဖြစ်လေသည်။ အိမ်တွင် အိမ်ဖော်ရှိသော်လည်း ချက်ရေး ပြုတ်ရေး ကိုတော့ မမြကလေးက ကိုယ်တိုင်လုပ်ရမှ ကျေနပ်သည်။ အိမ်ဖော်မလေး လှဆုံက ဘေးမှ ကူညီပေးရုံသာ ဖြစ်သည်။

မီးဖိုချောင်ဝင်သည့်အခါများ ၌ မမြကလေးသည် သူမ၏ ရှည်လျားသော ဆံပင်ထွေးကြီးကို လည်ပင်း၌ သုံးပတ်ပတ်၍ ထားတတ်သည်။ သို့မှသာအလုပ်လုပ်ရာ၌ ဆံပင်၏ အနှောင့်အယှက်ကင်းစွာ လုပ်နိုင်လေ၏ ။ ထိုသို့ဆံပင်ကို လည်ပင်းတွင် ရစ်ပတ်ထားသည့်အခါများ တွင် သူမ၏ လည်ပင်းကိုစပါးကြီြးေ>ွမ အနက်ကြီးတစ်ကောင်က ရစ်ပတ်ထားသည်နှင့် တူလှပေတော့၏ ။

အိမ်ဖော်မလေး လှဆုံသည် မမြကလေး တစ်ပတ်တစ်ခါ ခေါင်းလျှော်သည့်အခါတွင် ကူညီရသည့် အလုပ်တစ်ခုသာ မယ်မယ်ရရရှိသည်။မမြကလေး ခေါင်းလျှော်ရာတွင် ကူညီရသည်ကလည်း မသက်သာလှပေ။ချိန်ကြည့်လျှင် တစ်ပိဿာလောက်ရှိမည့်  ဆံပင်ထွေးကြီးကို ရေဇလုံထဲထည့်ကာ အနှံ့ပွတ်တိုက်ပေးရသည်။ မမြကလေးက အသင့်ဖျော်စပ်ပြီး ဖြစ်သော ခေတ်ပေါ်ခေါင်းလျှော် ရည်များ ဖြင့် မည် သည့်အခါမှ ခေါင်းမလျှော်ပေ။တရော်၊ ကင်ပွန်းသီးများ ဖြင့်သာ ရိုးရာဆန်ဆန် ခေါင်းလျှော်လေသည်။ဒါလည်း မမြကလေး၏ အစွဲအလမ်း တစ်ခုပင်။ တရော်ကင်ပွန်းကသာဆံပင်ကို သန်စွမ်းနက်မှော င်ခြင်းနှင့် ဦးရေခွံကို အေးမြသန့်ရှင်းမှု ပေးနိုင်သည်ဟု ယုံကြည်သည်။

မမြကလေး ခေါင်းလျှော်သည့်နေ့များ တွင် လှဆုံက ကင်ပွန်းသီးကိုပြုတ်ပေးရသည်။ တရော်ကို ချွဲကျိသည်ထိ စိတ်ရှည်လက်ရှည် ထုထောင်းပေးရသည်။ လှဆုံအဖို့ ဤအိမ်တွင် နေရသည်မှာ မမြကလေးကို တစ်ပတ်တစ်ခါခေါင်းလျှော်ပေးဖို့သက်သက် လာနေသည်နှင့် တူနေသည်။

ဘာကြောင့်ဆို တခြားအိမ်မှု ကိစ္စအလုပ်များ ကို မမြကလေးကချည်းဒိုင်ခံဦးဆောင်လုပ်တတ်မြဲ ဖြစ်သော ကြောင့်ပင်။

နေ့လယ်နေ့ခင်းများ ၌ မမြကလေးသည် နှုတ်မှ ဘုရားစာများ ရွတ်ဆိုရင်းဖြင့် တံမြက်စည်းလှဲခြင်း၊ ဖုန်သုတ်ခြင်း အလုပ်များ ကို လုပ်နေတတ်သည်။

တကယ်တော့ လူဦးရေနည်းသော တစ်ထပ်တိုက်ကလေးအတွင်းဝယ် လုပ်စရာအလုပ်လည်း များများ စားစား မရှိလှပါ။ မေမေရှိစဉ်တုန်းကဆိုလျှင် အိမ်ဖော်ပင်မထား။ လှဆုံကို မေမေ ဆုံးပြီးမှ မမြကလေးအတွက်မိန်းမဖော် ရရန်ခေါ်ထားခဲ့ခြင်း ဖြစ်သည်။

မမြကလေး၏ နေ့စဉ်လုပ်ငန်းနောက်တစ်ခုမှာ ညနေတိုင်း ပြန်ဝင်လာသည့် ခရီးသည်တင်ကားနှစ် စီးကို ဂိုထောင်ထဲ သိမ်းဆည်းရာ၌ ကြီးကြပ်ရခြင်းနှင့် ကားခငွေများ ကို သိမ်းဆည်းရခြင်းတို့ပင် ဖြစ်လေသည်။မမြကလေးတို့၌ ရှေးယခင်ကတည်းကပင် ဟီးနိုးကား နှစ် စီးရှိခဲ့သည်။ တစ်စီးက ကျောင်းကြိုပို့ကားအ ဖြစ် ငှားရမ်းထားသည်။ ထိုကားအတွက် ကတော့ ဗာဟီရမများ လှပေ။ ဒရိုင်ဘာကြီးက မနက်စောစော ကားကိုမောင်းယူသွားကာ ကျောင်းသားများ အား ကျောင်းသို့ပို့ပေးသည်။ နေ့လယ်ပိုင်းမှာ ကားကို အိမ်မှာ ပြန်လာထိုးသည်။ ထိုဒရိုင်ဘာကြီးကို မနက်စာထမင်း ကျွေးရပါ၏ ။ ကျောင်းဆင်းချိန်မှာ ကျောင်းသားတွေ သွားကြို၊ အိမ်ပြန်ပို့ပေးပြီး၍ ညနေ လေးနာရီခွဲလောက်ဆိုလျှင် ဖယ်ရီအ ဖြစ်သုံးသော ကားကိစ္စက ပြီးပြီ။ ကားခက လစာနှင့်ပေးသည်မို့ လကုန်ရက်မှသာ ဒရိုင်ဘာဦးလေးကြီးနှင့် စာရင်းရှင်းရသည်။ ရသည့် လခများ ကို မမြကလေးကို စာရင်းနှင့် အပ်၊ မမြကလေးက ဒရိုင်ဘာကြီးအတွက် လစာကို ထိုငွေများ ထဲမှ ပြန်ထုတ်ပေးရုံသာ။ ဖယ်ရီကား ဖြစ်သည်မို့ စပယ်ယာ မထားပါ။

နောက်ကားတစ်စီး ကတော့ မထသတွင် အသင်းဝင်ထားကာ မြို့တွင်း ပြေးဘတ်စ်ကားအ ဖြစ် သုံးလေသည်။ လိုင်းကား ဖြစ်သည့်အတွက်ပြန်ဝင်ချိန်မှာ မိုးချုပ်သည်။ ရလာသည့် ငွေများ ကိုလည်း နေ့စဉ်လက်ခံယူရသည်။ ဒရိုင်ဘာနှင့် စပယ်ယာကိုလည်း နေ့တွက်လုပ်ခ နေ့စဉ်ရှင်းပေးရသည်။

ကားအလုပ်များ ကို မမြကလေးကသာ ကြီးကြပ်ရလေ၏ ။ ဖေဖေက မြို့ထဲက ပုံနှိပ်တိုက်တွင် နေ့စဉ်အလုပ်ဆင်းသည်မို့ ကားကိစ္စကို လှည့်မကြည့်နိုင်ပေ။

ထို့ကြောင့် မမြကလေးသည် နေ့တဓုဝ အိမ်ထဲမှာ သာ အနေများ ပြီး အပြင်ထွက်ခဲလှသည်။ အပြင်ထွက်စရာကိစ္စလည်း မရှိလှပေ။ယင်းသို့ဖြင့် မမြကလေး၏ ဘဝသည် ရေသေလို အပြောင်းအလဲမရှိ အေးဆေးငြိမ်သက်စွာ ဖြင့် အချိန်များ ကုန်လွန်ခဲ့ရသည်မှာ သူမဘဝထဲသို့ ညိုမောင် ရောက်လာသည့်အချိန်အထိပင်။

***

စင်စစ် ညိုမောင်သည် မမြကလေးဘဝထဲသို့ အိမ်ဦးနတ်အ ဖြစ်တိုက်ရိုက်ဝင်ရောက်လာခဲ့ခြင်း မဟုတ်ပါ။

မမြကလေးတို့ ထောင်ထားသော ဘတ်စ်ကားတွင် စပယ်ယာအ ဖြစ်အလုပ်ဝင်လုပ်သော အလုပ်သမား တစ်ယောက် သာ ဖြစ်ပါသည်။ကျောင်းဖယ်ရီကားမှာ မောင်းသည့် ဒရိုင်ဘာဦးလေးကြီးက မမြကလေး ငယ်စဉ်ကတည်းက ဒီကားကို မောင်းလာခဲ့ခြင်း ဖြစ်သည်။ ကျောင်းနှင့်နီးသည့် ရပ်ကွက်ထဲက ကလေးများ ကို ကြိုဆိုကာ ကျောင်းကိုပို့ရုံမို့ဖယ်ရီကားတွင် စပယ်ယာ ထားဖို့ မလိုပါ။

လိုင်းကားကျတော့ စပယ်ယာ လိုသည်။ ဒရိုင်ဘာ မြဲပေမယ့်စပယ်ယာ တွေ က မမြဲ။ ခဏခဏ အပြောင်းအလဲ ရှိနေသည်။ လူငယ်များ က စပယ်ယာဆိုတဲ့ ဘဝမျိုးကို ကြာကြာခံယူလိုစိတ် မရှိဘဲ အခြား ပိုကောင်းသော အလုပ်များ ရှိလျှင် ထွက်သွားတတ်ကြလို့ စပယ်ယာတွေ မမြဲရခြင်း ဖြစ်သည်။

မကြာမကြာ အသစ်ဝင်လာတတ်သည့် စပယ်ယာလေးတွေ များ လှပြီမို့ မမြကလေးက မှတ်ပင် မမှတ်မိတော့ချေ။

ညိုမောင့်ကိုလည်း ခဏသာဝင်လုပ်ပြီး မကြာခင် ထွက်သွားမယ့်စပယ်ယာ တစ်ယောက် လို့သာ ထင်မြင်မိသည်။

ဒါကြောင့် သိပ်လည်း အမှတ်မထားမိ၊ စကားပင် ကောင်းကောင်းမပြောဖူးပါ။

သို့သော် ညိုမောင်သည် စပယ်ယာဘဝက တော် တော် နှင့် ထွက်မသွားခဲ့ပါ။

လိုင်းကားကို မောင်းနေသော ဒရိုင်ဘာကိုမြဆောင်၏ ဇာတိမြို့က လာသူဟု ဆိုသည်။ ညိုမောင့်အဖေက ကိုမြဆောင်ကို အပ်ထားသည်ဟု ဆိုသည်။ ကိုမြဆောင်နေသော လှည်းတန်းက အဆောင်တစ်ခုမှာ နေနေသူဟု သိရသည်။ ဒါကြောင့် လည်း ကိုမြဆောင်နှင့်မခွဲဘဲ အလုပ်လုပ်နေတာ ထင်ပါရဲ့ ။

ဒါလောက်ပါပဲ။

မမြကလေးသည် မိမိ၏ လုပ်ငန်းမှ အောက်ခြေဝန်ထမ်းတစ်ဦး ဖြစ်သော ညိုမောင်ကို သည့်ထက်ပို၍ အမှတ်မထားမိခဲ့ပါ။တစ်ချိန်တွင် မိမိလင်ယောက်ျား ဖြစ်လာမည် ဟု ယောင်လို့မှပင်မတွေးမိ။

အသက်ချင်းကလည်း ကွာလှသည်။ထိုစဉ်က မမြကလေး အသက် ၂၈ နှစ် ရှိနေချိန်တွင် ညိုမောင်က၂၁ နှစ် သာ ရှိသေးသည်။ ၇ နှစ် ကွာပါသည်။

***

ညိုမောင်က တစ်ခါတစ်ရံမှာ ကိုမြဆောင် အိမ်ပြန်ပေမယ့် မပြန်သေးဘဲ ကျန်နေရစ်တတ်သည်။ ကိုမြဆောင်က ကားသန့်ရှင်းရေး အလုပ်များ ကို အပြီးလုပ်ရန် ခိုင်းထားခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုအခါများ ၌ မိုးချုပ်သည်ထိ ကားအလုပ်လုပ်နေသော ညိုမောင့်ကိုမမြကလေးက ထမင်းကျွေးစေပြီးမှ ပြန်လွှတ်တတ်သည်။ လှဆုံကို ထမင်းပွဲပြင်စေ၍ မီးဖိုခန်းထဲမှာ ပဲ ကျွေးစေခြင်းမျိုး ဖြစ်ပါသည်။ ထမင်းစားခန်းထဲမှာ တစ်သီး တခြားဧည့်ခံ ကျွေးမွေးခြင်းမျိုးမဟုတ်။ စပယ်ယာ တစ်ယောက် ကို ဒီလိုတယုတယ လုပ်နေစရာလည်း မလို။ ညိုမောင်က ထမင်းကို မမြကလေး ခွင့်ပြုချက်ဖြင့် လှဆုံ ခူးခပ်ကျွေးခြင်း ဖြစ်ကြောင်း သိမည် ပင်မဟုတ်ပါ။

မမြကလေးအဖို့ ညိုမောင် အလုပ်ဝင်လုပ်ပြီး တစ်နှစ် ကြာလောက်မြဲနေမှသာ သူ့နာမည် ကို မှတ်သားသတိထားမိခြင်း ဖြစ်လေသည်။ မျက်နှာချင်းဆိုင် စကားပြောဆိုခြင်းပင် မရှိဖူးသေးပါ။ နေ့တွက်ခ ရှင်းရာ၌ လည်းညိုမောင် ရသင့်သည့်နေ့တွက်ခကို ကိုမြဆောင်လက်ထဲသို့ ထည့်ပေးလိုက်မြဲသာ ဖြစ်သည်။

မမြကလေးက လှဆုံနှင့် ညိုမောင် ရယ်ရယ်မောမော ပူးပူးကပ်ကပ် နေကြသည်ကို တစ်ခါတစ်ရံ မြင်မိတတ်၍ လူငယ်ဘာဝ ချစ်ကြိုက်ငြိစွန်းနေသည် ဟုပင် ထင်ခဲ့မိသည်။ယင်းသို့ဖြင့် နေလာခဲ့ရာမှ -

***

ထိုနေ့က မိုးကလေး ခပ်ဖွဲဖွဲရွာနေသည်။လှဆုံက ခွင့်ဆယ်ရက်တောင်းပြီး ရွာခဏပြန်သွား၏ ။ကိုမြဆောင် မောင်းသော လိုင်းကားကို ကြံ့ခိုင်ရေး ပြုလုပ်နေချိန် ဖြစ်သည်။ ကားမှာ အပျက်အစီးမရှိသော်ငြား ၆ လ တစ်ခါ မွမ်းမံ ပြင်ဆင်ခြင်း ပြုလုပ်ပေးပါသည်။ ထိုအခါများ ၌ သုံးရက်တိတိ ကားမထွက်နိုင်ဘဲ ရှိတတ်သည်။ ကားမထွက် ဖြစ်သော်လည်း ဒရိုင်ဘာကိုမြဆောင်ရော၊စပယ်ယာညိုမောင်ပါ အလုပ်ချိန်အတိုင်း လာရသည်။

ကားကို ဝပ်ရှော့ပို့ကာ လိုအပ်သည့် ပြင်ဆင်မှု နှင့် မွမ်းမံမှု များ တွင် ကူညီလုပ်ကိုင်ပေးရသည်။ ကားကြံ့ခိုင်ရေး လုပ်နေသည့် သုံးရက်အတွက်နေ့တွက်ခကို ယခင်နေ့များ ကအတိုင်း ရှင်းပေးပါသည်။

ထိုနေ့က ကားမွမ်းမံပြီးသည့် နောက်ဆုံးနေ့ ဖြစ်သည်။ ခပ်စောစောပင် ပြင်ဆင်မှု ပြီးသွားကာ ညနေလေးနာရီလောက်မှာ ကားပြန်ဝင်လာသည်။

ကိုမြဆောင်က ကားကိုဂိုထောင်ထဲသွင်းပြီး နေရာတကျ သိမ်းဆည်းပေးခဲ့သည်။ ထိုနေ့က တနင်္ဂနွေနေ့မို့ ကျောင်းဖယ်ရီအ ဖြစ်သုံးသော ကားကြီး မထွက်ပါ။ ဂိုထောင်ထဲမှာ ပင် ရှိနေသည်။ ထို့ကြောင့် ကိုမြဆောင်က သူ့ကားကို သွင်းအပြီးတွင် ဂိုထောင် တံခါးကို သော့ ခတ်လိုက်သည်။မမြကလေးထံ သော့ လာအအပ်တွင် မမြကလေးက ကိုမြဆောင်နှင့် ညိုမောင့်အတွက် နေ့တွက်ခကို ကိုမြဆောင် လက်ထဲထည့်ပေးလိုက် ၏ ။

''ကျွန်တော် တို့ ပြန်မယ် မမြကလေး''

''မောင်ညိုမောင်ကို ခဏထားခဲ့ပါဦးလား ကိုမြဆောင်။ မြကလေးပန်းအိုးလေးတွေ ရွှေ့စရာရှိတာ တစ်ခါတည်း ရွှေ့ခိုင်းလိုက်ချင်လို့''

''ရပါတယ်၊ ဒီကောင်က ကျွန်တော် နဲ့ အတူ ပြန်တာ မဟုတ်ဘူး။ဟိုဝင်ဒီဝင် ဝင်သေးတာ၊ ဟေ့ကောင် .ညိုမောင်၊ မမြကလေး ခိုင်းတာလေးတွေ လုပ်ပေးလိုက်ပါဦးကွာ။ ငါပြန်နှင့်မယ်''

***

မမြကလေးက ညိုမောင့်ကို ပန်းအိုးများ ရွှေ့ရမည့် နေရာပြပေးသည်။ အိမ်ဘေးနံရံတွင် တန်းစီချထားသည့် ရွက်လှပန်းအိုးများ ကို အိမ်ရှေ့ဝရံတာမှ အုတ်ဘောင်ပေါ်သို့ တင်ခိုင်းခြင်း ဖြစ်သည်။

မမြကလေးက အုတ်ဘောင်တစ်လျှောက် ရွက်လှပန်းအိုးများ ဖြင့် အလှ ဆင်ထားရန် စိတ်ကူးရ၍ ဖြစ်သည်။ မျက်နှာစာမှာ ၆ အိုး၊ ဘေးဖက်ဘောင်မှာ ၃ အိုး စီစီရီရီ တင်ရန် ညွှန်ပြထားခဲ့သည်။

ညိုမောင်က သူ့အပေါ်အင်္ကျီကို ချွတ်ပစ်လိုက်ကာ အပေါ်ပိုင်းဗလာ ကျင်းလျက် ပန်းအိုးများ ကို စ၍ ရွှေ့လေသည်။ ညိုမောင်၏ တောင့်တင်းသန်မာသော ကိုယ်လုံးကိုယ်ထည်က ထင်းထင်းပေါ်နေ၏ ။ လက်မောင်းလက်ဖျံများ က သန်မာလှကာ အကြောများ ထောင်ထနေသည်။ ရင်ပတ်မှ အမွေးနုနုလေးများ က ချက်နားအထိ ဆင်းသွားသည်။ အလုပ်ကြမ်းလုပ်ရဖန်များ ၍ လား၊ တမင်ပဲ လေ့ကျင့်ထားသလားမသိ။ ညိုမောင်၏ ခန္ဓာကိုယ်မှာ အချိုးအစားကျ၍ ကြည့်ကောင်းလှပါသည်။

ညိုမောင်က ပန်းအိုးများ ကို လွယ်ကူပေါ့ပါးစွာ ပင် သယ်မ,ရင်းမမြ ကလေး ပြသည့်နေရာတွင် နေသားတကျချ၏ ။

မမြကလေးက ခဏစောင့်ကြည့်ပြီး ရေချိုးရန် အိမ်ထဲသို့ဝင်ခဲ့သည်။မမြကလေးရေချိုးပြီး၍ ရေချိုးခန်းထဲမှ ထွက်လာတော့ ညိုမောင့်ကို ဝရံတာမှာ ထိုင်နားနေတာတွေ့ ရ၏ ။ အလုပ်ပြီးသွားဟန်တူသည်။ သူ့ကိုယ်တွင် ချွေးများ နှင့် မိုးရေစက်များ ကပ်ငြိနေပေသည်။

မမြကလေးက အိမ်မှာ လှဆုံမရှိလို့ ထမင်းမကျွေးနိုင်သည့်အတွက်ညိုမောင့်ကို အားနာသွားသည်။ မုန့်ဖိုးနှစ် ရာလောက် သပ်သပ်ပေးလိုက်ဖို့ စိတ်ကူးမိလိုက်သည်။

သို့သော် ထမီရင်လျားကြီးနှင့် မို့ ဘာမှမပြောဘဲ အခန်းထဲသို့ဝင်ခဲ့လေသည်။ မမြကလေးက ရေချိုးရာတွင် ပြုနေကျအတိုင်း ဆံပင်ကိုထိပ်တွင် ထွေးလုံး ရစ်ပတ်ကာ မျက်နှာသုတ်ပဝါကြီးနှင့် ကျစ်ကျစ်ပါအောင်ပေါင်းထားလေသည်။

အခန်းထဲ ရောက်သည်နှင့် ခေါင်းမှာ ပေါင်းထားသော မျက်နှာသုတ်ပဝါကို ဖြေချလိုက်ကာ တန်းပေါ်တင်လိုက်သည်။ ထိုအခါ ခြေမျက်စိအထိရှည်လျားသော ဆံပင်ထွေးကြီးက ပြေကျလာလေသည်။

မမြကလေးက သနပ်ခါးကျောက်ပျဉ်ဘေးတွင် ဝင်ထိုင်လိုက်သည်။ဆံပင်ကိုလက်ဖြင့် နောက်သို့ပစ်ကာ ဆံပင်ပေါ် တက်မထိုင်မိအောင် လုပ်နေကျအတိုင်း ထိုင်လိုက်၏ ။ မမြကလေး၏ ဆံပင်ထွေးကြီးသည် ကြမ်းပြင်ပေါ်၌ ပုံကျနေပေသည်။

မမြကလေးက သနပ်ခါးကို စသွေးသည်။ မြန်မာဆန်လှသော မမြကလေးသည် သနပ်ခါးကို သွေးပြီးသားအခဲ ဘယ်တော့မှမသုံး။ ကိုယ်တိုင်သွေးသည့် သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လူးရမှသာ ကျေနပ်သည်။မမြကလေးသည် ကိုယ်ကိုယိမ်းထိုးရင်း သနပ်ခါးကို သွေးနေသည်။သွေးပြီး သနပ်ခါးပြစ်ပြစ်များ ကျောက်ပျဉ်မျက်နှာပြင်နှင့် အပြည့်ရတိုင်းနဖူး၊ မျက်နှာ၊ လည်တိုင်များ ကို တစ်ဆင့်ပြီးတစ်ဆင့် လိမ်းသွား၏ ။လည်ပင်း၊ ပခုံးနှင့်လက်များ ကိုလိမ်းရန် သနပ်ခါးထပ် သွေးချိန်တွင် မျက်နှာမှ သနပ်ခါးများ ချောက်သွားပေပြီ။

သနပ်ခါးသွေးနေစဉ်တွင် မမြကလေး စိတ်များ က သနပ်ခါးထဲသာ အာရုံရောက်နေသည်။ သနပ်ခါးသွေးရင်းကလည်း ၂၄ ပစ္စည်းကိုတီးတိုးရွတ်နေသည်။ မမြကလေးသည် သီချင်းဆိုညည်းခြင်း၊ ထွေရာလေးပါးတွေးတောခြင်းများ မပြုတတ်ချေ။ အချိန်ပြည့် နှုတ်မှ ဘုရားစာတစ်ခုခုကို ရွတ်နေမြဲ ဖြစ်သည်။

ကိုယ့်အာရုံနှင့်ကိုယ် လုပ်နေကျအတိုင်း လုပ်မြဲအလုပ်ကိုလုပ်နေ၍ ဘေးဘီကို အာရုံမထားမိ။

ပခုံးကို သနပ်ခါးလိမ်းရန် ကိုယ်ကိုမတ်လိုက်သည်တွင် အခန်းဝမှာ ရပ်နေသော အရိပ်ကိုမြင်လိုက်ရမှ မမြကလေး လန့်သွားလေသည်။

ညိုမောင်။

ညိုမောင်က အခန်းဝမှာ ရပ်ရင်း မမြကလေးကို ကြည့်နေသည်။မမြကလေးသည် ကြမ်းပြင်ပေါ် ပုံချထားသော မျက်နှာသုတ်ပဝါကိုအလျင်အမြန် ဆွဲခြုံလိုက်သည်။

''မောင်ညိုမောင်၊ ဘာလဲ''

မမြကလေးက မေးလိုက်သည်။ညိုမောင်သည် အခန်းထဲသို့ လှမ်းဝင်လာလေသည်။ ညိုမောင်ကအပေါ်ပိုင်း ဗလာကျင်းလျက်ရှိနေဆဲ။ သူ့ကိုယ်မှာ ချွေးများ စို့နေဆဲ။

''ဘာလဲ မောင်ညိုမောင်၊ ဘာလို့အခန်းထဲဝင်လာတာလဲ၊ အို''

ညိုမောင်က ဘာမှစကားပြန်မပြောဘဲ ဆက်ဝင်လာကာ မမြကလေး ရှေ့တွင် ရပ်လိုက်သည်။

မမြကလေးသည် ကြမ်းပြင်ပေါ်ထိုင်နေရာမှ ကျုံး၍ ထလိုက်၏ ။

''မမမြ .မမမြ .ကျွန်တော် .''

ညိုမောင့်အသံများ က တုန်နေသည်။ မူမမှန်သော အသံ။

''မောင်ညိုမောင်၊ မင်းထွက်သွား''

ညိုမောင်က မမြကလေး၏ ပခုံးနှစ် ဖက်ကို ဆုပ်ကိုင်လိုက်၏ ။

''မမမြ .ကျွန်တော် .ကျွန်တော် .မမမြကို ချစ်လို့''

''အို .ထွက်သွားစမ်း''

ညိုမောင်သည် ဘီလူးစီးလေပြီ။မမြကလေး၏ ကိုယ်ကိုပွေ့ယူလိုက်သည်။

ပိန်လှီသေးကွေးသော မမြကလေးကိုယ်လေးက ညိုမောင်၏ သန်မာသော လက်များ ထဲ ပါသွားသည်။

''မင်း .မင်း .မယုတ်မာနဲ့ နော်၊ သွား .ထွက်သွား''

ညိုမောင်သည် စကားပြန်မပြောတော့ချေ။မမြကလေးကိုပွေ့ယူကာ ခုတင်ပေါ်သို့ချလိုက်သည်။မမြကလေး ရုန်းသည်။

အော်ဟစ်ကန်ကျောက်သည်။

အင်အားချင်းက မမျှပေ။

ညိုမောင်၏ စူးရှသော ပါးသိုင်းမွေးများ က မမြကလေး လည်တိုင်တစ်လျှောက်ကို လာ၍ ထိတွေ့ လေသည်။

မမြကလေး ရေတိမ်နစ်ခဲ့ရလေ၏ ။

***



ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ အပင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လနှစ်စင်းနှင့် နှင်းတစ်ပေါက်

ဒေါက်တာစိုးထိုက် နှင့် ဖော်ဝေးဝိညာဉ်

တမလွန်ကပျံလာတဲ့လိပ်ပြာ