Cover

စက်ကွင်း

မိုးကြိုးစက်ကွင်း

နွေခေါင်ခေါင်တွင် ...

အညာမှာ မိုးရွာခဲ့သည်၊

မိုးနှင့်အတူ မိုးကြိုးပါ ပစ်ခဲ့သည်။

မိုးကြိုးပစ်သည့်နေရာအနီးတွင် ...

ရောက်ရှိနေခဲ့သော ကျွန်တော် သည် ...

မိုးကြိုးစက်ကွင်း၏

နယ်နိမိတ်အတွင်း၌ ... ကျရောက်ခဲ့ရပါသည်။

ကျွန်တော် ... ''စက်ကွင်းမိ''ခဲ့သည်။

မိုးကြိုးစက်ကွင်းမိခဲ့သော ကျွန်တော် သည် ...

♥ ♥ ♥


( ၁ )

ထိုနေ့က... မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ပါသည်။ အတော် ကို သည်းသည်းမည်းမည်းရွာသွန်းခဲ့ခြင်း ဖြစ်ပါသည်။ အိမ်မှထွက်လာစဉ်က ရာသီဥတု သာသာယာယာရှိနေရုံမက၊ အညာအရပ်တွင် မိုးရွာလေ့ရှိသော ရာသီမျိုးလည်းမဟုတ်ပါ၍ ကျွန်တော် တို့မှာ မိုးကာများ မပါလာခဲ့ပါ။ အညာ ဖြစ်သော မန္တလေးမြို့၏ မိုးကို ဤမျှသည်းထန်လိမ့်မည် ဟုလည်း မထင်မှတ်ခဲ့ပါပေ။ ကျွန်တော် သည် ဆယ်တန်းစာမေးပွဲဖြေပြီးခါစ...နွေရာသီကျောင်းပိတ်ရက်များ ဝယ် မန္တလေးသို့အလည် အပတ်ရောက်ရှိနေခြင်း ဖြစ်ပါ သည်။

မန္တလေးရှိ ကျွန်တော့် ဦးကြီးအိမ်သို့ အလည်ရောက်နေသည်မှာ တစ်လပင်ရှိပါပြီ။ သည်နှစ် သင်္ကြန်ကိုလည်း မန္တလေးမှာ ပျော်လိုက်ရပါ သည်။

ရန်ကုန်နှင့် အနေအထိုင်အသွားအလာ ကွာခြားမှုရှိပါသော မန္တလေးသည် ကျွန်တော့် အား များ စွာ ဆွဲဆောင်မှုရှိခဲ့ပါသည်။ အထူး သဖြင့်... မော်တော် ဆိုင်ကယ်လွတ်လပ်စွာ စီးရခြင်းအရသာကို ရန်ကုန်တွင် မခံစားရပါ။ အစ်ကိုဝမ်းကွဲနှင့်အတူ မော်တော် ဆိုင်ကယ်တစ်စီးဖြင့် တစ်မြို့ လုံးအနှံ့လည်ပတ်ရခြင်းကို ပျော်ရွှင်စွဲမက်နေရသည်။

ထိုနေ့ကတော့... ကျွန်တော် နှင့် ကျွန်တော့် အစ်ကိုဝမ်းကွဲ ဇေယျာဝင်းထွဋ်တို့ ညီအစ်ကိုနှစ် ယောက် သား ဆိုင်ကယ်တစ်စီးဖြင့် မန္တလေး တောင်ခြေကိုသွားခဲ့ကြသည်။ ကျုံးမြောက်ဖက်ခြမ်းရောက်သည်နှင့် ကျွန်တော် နှင့် ကိုဇေယျာဝင်းထွဋ် နေရာချင်းလဲလိုက်ကြသည်။ လမ်းတ လျှောက်လုံး မောင်းလာခဲ့သည့်ကိုဇေယျာဝင်းထွဋ်က နောက်ခုံပေါ် ပြောင်းထိုင်လိုက်ပြီး ကျွန်တော် က ဆက်မောင်းခဲ့ခြင်း ဖြစ်ပါသည်။ အကြောင်းမှာ ... ကျွန်တော့် ၌ ယာဉ်မောင်းလိုင်စင်မရှိ။ ယာဉ်ထိမ်းရဲများ ရှိသော စည်ကားသည့်လမ်းမကြီးများ တွင် မမောင်းရဲပါ။ မတော် တဆ လိုင်စင်အစစ်ခံရပါက အဖမ်းခံရမည် ဖြစ်သည်။ ထို့ကြောင့်... ယာဉ်ထန်းရဲမရှိ၊ ယာဉ်အသွားအလာနည်းသော နေရာရောက်မှ မောင်းသူနေရာကိုဝင်ယူ ကာ မောင်းရခြင်း ဖြစ်ပါသည်။ ကျုံးမြောက်ဖက်ခြမ်း ၁၂လမ်းတွင် အနောက်မှအရှေ့သို့ တန်းတန်းမတ်မတ်မောင်းလာခဲ့သည်။ ကျွန်တော် တို့ဆိုင်ကယ် စထွက်သည့် အချိန်မှစ၍ မိုးရွာလာခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်သည်... ချက်ချင်း မည်းမှော င်သွားကာ မိုးဖွဲများ က ကိုယ်ပေါ်ကိုကျလာခဲ့၏ ။

''တစ်နေရာရာမှာ ဝင်ခိုမလား ကိုထွဋ်''

ကျွန်တော် က နောက်ခုံတွင် ထိုင်နေသော ကိုဇေယျာဝင်းထွဋ်ကို လှမ်းမေးလိုက်သည်။

''မောင်းပါကွာ၊ ခိုစရာ ဘာမှမှမရှိပဲ၊ သုဓမ္မာဇရပ်တန်းရောက်တဲ့အထိ မြန်မြန်သာမောင်း''

ကျွန်တော် က မိုးသည်းသည်းကြားမှာ ပင် ဆိုင်ကယ်ကို အမြန်မောင်းလာခဲ့လိုက်သည်။ မိုးသည်းလာသော ကြောင့် ကျွန်တော့် မျက်နှာကို မိုးသီးမိုးပေါက်များ လာပြီးရိုက်ခတ်နေ၏ ။ တစ်ကိုယ်လုံးလည်း စိုရွှဲသလောက် ဖြစ်သွားလေသည်။ တိရစ္ဆာန်ရုံအကျော်လောက်တွင် မိုးသာမက လေပါ ပါလာသည်။ လျှပ်စီးများ လည်းလက်လာသည်။

''မိုးကလည်းကွာ၊ အချိန်အခါမဟုတ်ရွာလာတယ်၊ မုန်တိုင်းရှိတယ်ထင်တယ်ကွ၊ ချက်ချင်း ကြီး မိုးသည်းလာတာ''

ကိုထွဋ်က နောက်မှလှမ်းပြောလိုက်၏ ။ မိုးချုန်းသံများ လည်း ဆက်တိုက်ထွက်ပေါ်လာလေသည်။ လျှပ်စီးလက်လိုက်တိုင်း ပတ်ဝန်းကျင်တစ်ခုလုံးအဖြူရောင် လွှမ်းသွားသည်။ ကျွန်တော် က လမ်းဘယ်ဖက်ရှိ သုဓမ္မာဇရပ်များ နှင့်တည့်တည့်သို့ မောင်းသွားကာ လမ်းအလည်ကျွန်းအဖြတ်အရောက်တွင် ဘယ်ဖက် သို့ ဆိုင်ကယ်ကိုကွေ့ချိုးလိုက်သည်။

ထိုနေရာရှိဇရပ်များ မှာ ကျွန်းလုံးတိုင်ကြီးများ ဖြင့်ဆောက်ထားပြီး သွပ်မိုးထားသော မြေစိုက်ဇရပ်များ ဖြစ်ပါ၏ ။ နှစ် တစ်ရာသက်တမ်း ကျော်ရှိပြီ ဖြစ်သည့် ဇရပ်ကြီးများ ဖြစ်ပါသည်။

ဇရပ်ကြီး၁ဝလုံးက တန်းစီလျှက်ရှိနေသည်။ တချို့ဇရပ်များ တွင် သာ မိုးခိုနေသူ တစ်ယောက် စ နှစ် ယောက် စကို တွေ့ ရ၏ ။ ကျွန်တော် က လူမရှိသော ဇရပ်ကြီးတစ်ဆောင်ရှေ့တွင် ဆိုင်ကယ်ကို ပလက်ဖောင်းနှင့်ကပ်၍ ရပ်လိုက်သည်။ ဆိုင်ကယ်ရပ်သည်နှင့် ကိုထွဋ်က ဇရပ်ထဲသို့ ပြေးသွားလေ၏ ။

ကျွန်တော် က ဆိုင်ကယ်ကိုစက်ရပ်ရသေးသည်။ ဒေါက်ထောက်ရသေးသည်။ သော့ ဖြုတ်ရသေးသည်။ ကိုထွဋ်ဇရပ်ထဲရောက်နေချိန်အထိ ကျွန်တော် က ဆိုင်ကယ်ကိစ္စမပြီးသေး။ ဆိုင်ကယ်သော့ ကိုဖြုတ်ကာ ဇရပ်ဆီပြေးဖို့ ပလက်ဖောင်းပေါ် ကျွန်တော် လှမ်းတက်လိုက်သည်။

ထိုအချိန်ကလေးမှာ ပင်... နားကွဲလုမတတ် ကျယ်လောင်သော အသံကြီးနှင့်အတူ... မိုးကြိုးပစ်ချလိုက်ခြင်း ဖြစ်တော့သည်။ မိုးကြိုးသံက မိုးချိမ်းသံများ ထက် များ စွာ ကျယ်လောင်ပါသည်။ မိုးချိမ်းသံ အသံတစ်ရာပေါင်းစပ်ထားသကဲ့သို့ အသံကြီးက ပတ်ဝန်း ကျင်တစ်ခုလုံးပဲ့တင်ထပ်အောင်မြည် ဟိန်းသွားကာ မြေကြီးများ ပင် သိမ့်သိမ့်တုန်သွားခဲ့လေသည်။ ကျွန်တော့် ဘေးတွင် အဖြူရောင် အလင်းတန်းကြီးဝင်းကနဲပေါ်လာကာ... တစ်လောကလုံး အဖြူချည်းသက်သက် ဖြစ်သွားလေသည်။ နားကွဲမတတ်အသံကြီးကြောင့် နားများ အူသွားကာ မျက်စိထဲတွင် လည်း အဖြူထည်သက်သက်ကိုသာ မြင်လိုက်ရပြီး မြေကြီးပေါ်သို့ မှော က်လျားထိုးပစ်လဲကျသွားခဲ့သည်။ ထိုအ ဖြစ်များ မှာ တဒင်္ဂစက္ကန့်ပိုင်းလေးအတွင်း ဖြစ်ပျက်လိုက်ခြင်း ဖြစ်ပြီး နောက်ထပ်ဘာတွေ ဆက် ဖြစ်သည်ကို ကျွန်တော် မသိတော့ပါ။

♥ ♥ ♥


( ၂ )

ကျွန်တော် သည် သတိပြန်ရရချင်း မိုးကြိုးပစ်သံကြီးကြားလိုက်ရအပြီး... ကျွန်တော် သတိလစ်လဲကျသွားပုံကို ချက်ချင်း ပြန်မှတ်မိလိုက် ပါသည်။ သည်လိုမှတ်မိပုံထောက်တော့ ကျွန်တော် ဟာ မသေသေးဘူးပေါ့။ သတိရလာချိန်တွင် ကျွန်တော့် နားများ အူနေသည်သာရှိပြီး အခြားဝေဒနာကို မခံစားရချေ။ ကျွန်တော် က မျက်လုံးကိုဖွင့်ကြည့်လိုက်၏ ။ အဖြူထည်ချည်းသက်သက်ကို ကျွန်တော် မြင်လိုက်ရသည်။ သို့သော်... ထိုအဖြူထည်မှာ မိုးကြိုးသံကြားရပြီးနောက် မြင်လိုက်ရသည့်လင်းလက်ဖြူဖွေးသော အဖြူရောင် မျိုးမဟုတ်ပါ။ ထိုအရာသည် ဆေးခန်းတစ်ခု၏ မျက်နှာကျက်သာ ဖြစ်ပါသည်။ ကျွန်တော် မျက်လုံးဖွင့်လိုက်သည်နှင့် ကျွန်တော့် ဘေးမှအသံများ ကိုကြားလိုက်ရသည်။

''ဟော... လင်းထည်ဝါသတိရလာပြီ''

''ကိုလင်း... ကိုလင်း... မင်း သတိရပြီလား''

ကျွန်တော် က ဦးခေါင်းကိုစောင်း၍ ကုတင်ဘေးကိုကြည့်လိုက်သည်။ ကိုဇေယျာဝင်းထွဋ်၊ သူ့ဖခင် ကျွန်တော့် ဘကြီး ဦးဝင်းမောင်နှင့် ဘကြီး၏ ဇနီး ဒေါ်ခင်မြင့်ကြည်တို့ကို တွေ့ လိုက်ရသည်။ ပြီးတော့... သူနာပြုဆရာမ တစ်ဦး။

''ကိုလင်း... မင်းကောင်းကောင်းသတိရရဲ့ လား၊ ဘဘတို့ကို မှတ်မိလား''

ဘကြီးဦးဝင်းမောင်အမေးကြောင့်ကျွန်တော် ရယ်ချင်သွားလေသည်။

''ကျွန်တော် က ဘဘတို့ကို ဘာလို့သတိမရရမှာ လဲဘဘ''

''အင်း... တော် ပါသေးရဲ့ ၊ တော် ပါသေးရဲ့ ၊ လင်းထည်ဝါ ဘာမှမ ဖြစ်လို့''

ကြီးကြီးဒေါ်ခင်မြင့်ကြည်က ရင်ပတ်ကိုဖိရင်း ရေရွတ်လိုက်သည်။

''သတိရတယ်၊ ဟုတ်လား၊ သတိရရင် ဘဘနာမည် ဘယ်သူလဲ... ပြောစမ်း''

ဘဘက သေချာအောင် ကျွန်တော့် ကိုစစ်ဆေးနေပြန်သေးသည်။ နေပါဦး၊ အဲဒီ လောက်စိုးရိမ်တကြီး ဖြစ်ရအောင် ကျွန်တော် ဘာ တွေ ဖြစ်ခဲ့လို့လဲ။

မိုးကြိုးပစ်သံကြားရသည်။ နားထဲအူသွားသည်။ မျက်စိတွေ ပြာသွားသည်။ ပြီးတော့... မြေကြီးပေါ်လဲကျကာ သတိလစ်သွားသည်။ အဲဒီ လောက်ပဲမဟုတ်လား။ အဲဒီ လောက်အ ဖြစ်များ ကို ကျွန်တော် မှတ်မိနေပါသည်။ အဲဒီ လောက်ကလေးနဲ့ ကျွန်တော့် ကိုစိုးရိမ်စရာလိုသလား။

''ဘဘနာမည် က ဦးဝင်းမောင်၊ ဘဘက ကျွန်တော့် အမေ ဒေါ်လင်းလင်းထွန်းရဲ့ အစ်ကိုအရင်း၊ ဟောဒါက... ဘဘဇနီး ကြီးကြီး ဒေါ်ခင်မြင့်ကြည်၊ ဒါကတော့... ဘဘနဲ့ကြီးကြီးရဲ့ သား ကျွန်တော့် အစ်ကို တစ်ဝမ်းကွဲ ကိုဇေယျာဝင်းထွဋ်ပါခင်ဗျား'' ကျွန်တော့် အဖြေက အရွဲ့တိုက်ဖြေလိုက်သလိုများ ဖြစ်သွားသလားမသိပါ။ သို့သော်... ဘဘက စိတ်ဆိုးသွားပုံမရ။ သက်ပြင်းကိုသာချလိုက်လေသည်။

''တော် သေးတာပေါ့ကွာ၊ တော် သေးတာပေါ့၊ ဘာမှမ ဖြစ်ဘူးကိုး''

''နေပါဦးဘဘရဲ့ ၊ ကျွန်တော် ဘာ ဖြစ်ရမှာ လဲ၊ ဘာတွေ ဖြစ်သွားလို့လဲ''

''မင်း... မိုးကြိုးပစ်ခံရတာ မမှတ်မိဘူးလား''

ကိုထွဋ်က ဝင်ပြောလိုက်သည်။

''ဘာ- မိုးကြိုးပစ်ခံရတယ်''

''သားကလည်းကွယ်... မိုးကြိုးပစ်တာမဟုတ်ပါဘူး၊ စက်ကွင်းမိတာပါကွဲ့၊ မိုးကြိုးသာတည့်တည့်အပစ်ခံရရင် ဘယ်အသက်ရှိတော့ မှာ တုံး . . . ဒီလိုကွဲ့... လင်းထည်ဝါ၊ မင်းတို့ညီအစ်ကို သုဓမ္မာဇရပ်ထဲ မိုးဝင်အခိုမှာ မိုးကြိုးပစ်လိုက်တယ်လေ''

''အဲဒါကို ကျွန်တော် မှတ်မိပါတယ်ကြီးကြီး''

''အေး- မိုးကြိုးက မင်းတို့အနားကိုပစ်လိုက်တာ၊ မင်းက မိုးကြိုးစက်ကွင်းမိသွားတယ်၊ အဲဒါကြောင့်... မင်းသတိလစ်သွားတာ၊ ကြီးကြီးတို့ဖြင့် စိုးရိမ်လိုက်ရတာ ၊ တစ်နေ့နဲ့တစ်ညလုံး သတိလစ်နေတာဆိုတော့...''

''တစ်နေ့နဲ့တစ်ညလုံး... ဟုတ်လား၊ ဒါဆို... အခု နောက်တစ်နေ့ ကူးသွားပြီပေါ့၊ ဟုတ်လားကြီးကြီး''

''အေး... မနေ့က ဧပြီလ၂၉ရက်၊ အင်္ဂါနေ့လေ၊ ဒီနေ့ ဧပြီလ ၃ဝရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်သွားပြီ''

''ဟင်...''

ကျွန်တော် တို့တူဝရီးများ ပြောဆိုနေစဉ်တွင် သူနာပြုဆရာမ သွားအကြောင်းကြားသော ကြောင့် ဆရာဝန် ရောက်လာသည်။ ဆရာဝန်က ကျွန်တော့် ကို မေးခွန်းများ မေးကာ စစ်ဆေးကြည့်သည်။ ကျွန်တော် သတိမချွတ်ယွင်းကြောင်း အတည်ပြုလိုက်သည်။ တကယ်တော့... ကျွန်တော် သည် မိုးကြိုးစက်ကွင်းမိ၍ ၁၈နာရီကြာမျှ သတိလစ်သွားခဲ့ခြင်းမျှသာ ဖြစ်ပါသည်။ မိုးကြိုးသည် ကျွန်တော့်  ကို တိုက်ရိုက်ထိမှန်ခြင်းလည်း မဟုတ်၍ ဘာထိခိုက်မှုမှလည်း မရှိခဲ့ပါ။ ကျွန်တော့် ကံကြမ္မာနှင့် ဖြစ်ပျက်ပုံကိုဆရာဝန်ကိုယ်တိုင်ပင် အံ့သြနေပေ၏ ။ ဆရာဝန်က ကျွန်တော့် ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးပြီး ဆေးတစ်လုံးထိုးပေးသည်။

''မောင်လင်းထည်ဝါကံကောင်းပါတယ်၊ ဖီဆစ်ကယ်ပိုင်းလည်း ဘာမှမ ဖြစ်ဘူး၊ ညနေပိုင်းကျရင် ဆေးရုံကဆင်းနိုင်ပါပြီ''

ဆရာဝန်ဆေးထိုးပေးအပြီးတွင် အခန်းထဲမှထွက်သွားသည်။

ဆရာဝန်ထွက်အသွား... အခန်းထဲသို့ဝင်လာသော ခြေသံကြောင့် အားလုံးလှည့်ကြည့်လိုက်ကြသည်။ ''ဟင်... မေမေ''

မေမေ့ကိုတွေ့ လိုက်ရသော ကြောင့် ကျွန်တော် က အံ့သြဝမ်းသာ အော်နှုတ်ဆက်လိုက်သည်။

''သား- သား၊ ဘာမှမ ဖြစ်ဘူးနော်၊ အမလေး... သားရယ်''

မေမေက ကျွန်တော် ရှိရာပြေးလာကာ ကျွန်တော့် ကိုပွေ့ဖက်လိုက်သည်။

''မေမေ... မေမေဘယ်လိုရောက်လာတာလဲ၊ မေမေဘယ်လိုသိတာလဲဟင်''

''ငါတို့ ညက ဖုန်းဆက်အကြောင်းကြားလိုက်လို့ပေါ့ကွ၊ လင်းလင်း... နင်ရောက်လာတာ မြန်လှချည်လား''

ဘဘက ကျွန်တော့် ကိုပြောရင်း မေမေ့ကို မေးလိုက်သည်။

''ညက သားဘဘဖုန်းဆက်ပြောတော့ မေမေ့မှာ စိုးရိမ်လိုက်ရတာ လေ၊ ဒါနဲ့... ညီမလေး ဒီနေ့မနက် ရရာလေယာဉ်နဲ့ အမြန်လိုက်လာ လိုက်တာပါကိုကို''

မေမေက ဘဘအမေးကို တစ်ပါတည်း ပြန်ဖြေလိုက်၏ ။

''နင့်သားဘာမှမ ဖြစ်ပါဘူး၊ ကံကောင်းလို့ပေါ့၊ မိုးကြိုးပစ်တဲ့နေရာရောက်သွားလို့ စက်ကွင်းမိတာတဲ့'' ကြီးကြီးက ဝင်ပြောသည်။

''ကံကြီးလို့ပေါ့ မမကြည်ရယ်၊ လင်းဖြင့် စိုးရိမ်လိုက်ရတာ ၊ ဒီရောက်မှသက်ပြင်းချနိုင်တော့တယ်'' မေမေတို့စကားပြောနေကြစဉ်... ဆရာဝန်ထိုးပေးသွားသော ဆေးအရှိန်ကြောင့်ထင်သည် ကျွန်တော် သည် မှေးကနဲအိပ်ပျော်သွားလေ ၏ ။

♥ ♥ ♥


( ၃ )

ကျွန်တော် နောက်တစ်ကြိမ်ပြန်နိုးလာသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော့် ကုတင်ဘေးတွင် ဘဘ၊ ကြီးကြီးနှင့်ကိုထွဋ်တို့ရှိနေကြဆဲ။ မေမေ့ကိုတော့ မတွေ့ ရပါ။ သူနာပြုဆရာမ ကလည်း ကျွန်တော် နိုးလာတာမြင်တော့ ထလာသည်။

''ဟော... လင်းထည်ဝါ သတိရလာပြီ''

''ကိုလင်း... ကိုလင်း... မင်း သတိရပြီလား''

ကျွန်တော် သတိရပြီးလို့ နောက်တစ်ကြိမ်အိပ်ပျော်သွားခြင်း မဟုတ်ပါလား။ သူတို့မေးခွန်းတွေ ကြောင့် ကျွန်တော် အံ့သြသွားရသည်။

''ကိုလင်း... မင်းကောင်းကောင်းသတိရရဲ့ လား၊ ဘဘတို့ကို မှတ်မိလား''

ဘဘကလည်း ပထမအကြိမ်သတိရစဉ်က အမေးကို ထပ်ပြီး မေးလိုက်ပြန်၏ ။

''ကျွန်တော် က ဘဘတို့ကို ဘာလို့သတိမရရမှာ လဲဘဘ''

''အင်း... တော် ပါသေးရဲ့ ၊ တော် ပါသေးရဲ့ ၊ လင်းထည်ဝါ ဘာမှမ ဖြစ်လို့''

ကြီးကြီးဒေါ်ခင်မြင့်ကြည်က ရင်ပတ်ကိုဖိရင်း ရေရွတ်လိုက်သည်။

''သတိရတယ်၊ ဟုတ်လား၊ သတိရရင် ဘဘနာမည် ဘယ်သူလဲ ပြောစမ်း''

ဘာတွေ ဖြစ်ကုန်ကြပြီလဲ။ မကြာခင်ကပဲ ကျွန်တော် သတိရပြီးလို့ ဆရာဝန်ကိုယ်တိုင်စစ်ဆေးကာ စိုးရိမ်စရာမရှိကြောင်း ပြောသွားခဲ့ပြီ မဟုတ်လား။ သူတို့က ဘာလို့ အသစ်တစ်ခါထပ်ပြီး စိုးရိမ်နေကြပြန်တာလဲ။

''ဘဘနာမည် က ဦးဝင်းမောင်၊ ဘဘက ကျွန်တော့် အမေ ဒေါ်လင်းလင်းထွန်းရဲ့ အစ်ကိုအရင်း၊ ဟောဒါက... ဘဘဇနီး ကြီးကြီး ဒေါ်ခင်မြင့်ကြည်၊ ဒါကတော့... ဘဘနဲ့ကြီးကြီးရဲ့ သား ကျွန်တော့် အစ်ကို တစ်ဝမ်းကွဲ ကိုဇေယျာဝင်းထွဋ်ပါခင်ဗျား'' ကျွန်တော် က တမင်အရွဲ့တိုက်ပြီးဖြေလိုက်ခြင်း ဖြစ်ပါသည်။

သို့သော်... ဘဘက စိတ်ဆိုးသွားပုံမရ။ သက်ပြင်းကိုသာ ချလိုက်လေသည်။

''တော် သေးတာပေါ့ကွာ၊ တော် သေးတာပေါ့၊ ဘာမှမ ဖြစ်ဘူးကိုး''

''နေပါဦးဘဘရဲ့ ၊ ကျွန်တော် ဘာ ဖြစ်ရမှာ လဲ၊ ဘာမှမ ဖြစ်ဘူးဆိုတာ ကျွန်တော် သိပြီးပြီလေ''

''မင်း မိုးကြိုးပစ်ခံရတာ မမှတ်မိဘူးလား''

ကိုထွဋ်က ဝင်ပြောလိုက်သည်။

''ဘာ- မိုးကြိုးပစ်ခံရတယ်''

''သားကလည်းကွယ်... မိုးကြိုးပစ်တာမဟုတ်ပါဘူး၊ စက်ကွင်းမိတာပါကွဲ့၊ မိုးကြိုးသာ တည့်တည့်အပစ်ခံရရင် ဘယ်အသက်ရှိတော့မှာ တုံး၊ ဒီလိုကွဲ့... လင်းထည်ဝါ၊ မင်းတို့ညီအစ်ကို သုဓမ္မာဇရပ်ထဲ မိုးဝင်အခိုမှာ မိုးကြိုးပစ်လိုက်တယ်လေ''

''အဲဒါကို ကျွန်တော် မှတ်မိပါတယ်ကြီးကြီး''

''အေး- မိုးကြိုးက မင်းတို့အနားကိုပစ်လိုက်တာ၊ မင်းက မိုးကြိုးစက်ကွင်းမိသွားတယ်၊ အဲဒါကြောင့်... မင်းသတိလစ်သွားတာ၊ ကြီးကြီးတို့ဖြင့် စိုးရိမ်လိုက်ရတာ ၊ တစ်နေ့နဲ့တစ်ညလုံး သတိလစ်နေတာဆိုတော့...''

''တစ်နေ့နဲ့တစ်ညလုံး... ဟုတ်တယ်လေ၊ မနေ့က ဧပြီလ ၂၉ရက်၊ အင်္ဂါနေ့၊ ဒီနေ့ ဧပြီလ ၃ဝရက်၊ ဗုဒ္ဓဟူးနေ့၊ အဲဒါဘာ ဖြစ်လဲ ကြီးကြီး၊ မိုးကြိုးပစ်တဲ့အနားမှာ ကျွန်တော် ရှိနေလို့ စက်ကွင်းမိသွားတယ်၊ ကျွန်တော် သတိလစ်သွားတယ်၊ ကျွန်တော် သတိလစ်တာ ၁၈နာရီ ရှိပြီလေ၊ ဒါတွေ ကျွန်တော် သိပြီးသားပဲ''

ကျွန်တော် တို့တူဝရီးများ ပြောဆိုနေစဉ်တွင် သူနာပြုဆရာမ နှင့်အတူ ဆရာဝန် အခန်းထဲဝင်လာသည်။ ဆရာဝန်ကလည်း မေးပြီးသားမေးခွန်းများ ကိုထပ်မေးကာ ကျွန်တော့် ကိုစစ်ဆေးနေပြန်ပါ၍ အံ့သြမဆုံးနိုင် ဖြစ်ရပြန်လေသည်။ သူတို့အားလုံးဘာတွေ ကြောင်နေကြတာလဲ။ မေးပြီးသား၊ ပြောပြီးသားစကားတွေ ကို ဘာလို့ထပ်မေး၊ ထပ်ပြောနေကြတာလဲ။ ဆရာဝန်က ကျွန်တော့်ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးပြီး ဆေးတစ်လုံးထပ်ပြီးထိုးပေးပြန်သည်။

''မောင်လင်းထည်ဝါကံကောင်းပါတယ်၊ ဖီဆစ်ကယ်ပိုင်းလည်း ဘာမှမ ဖြစ်ဘူး၊ ညနေပိုင်းကျရင် ဆေးရုံကဆင်းနိုင်ပါပြီ'' ဆရာဝန်ဆေးထိုးပေးအပြီးတွင် စောစောကပြောခဲ့ပြီးသည့် စကားကိုပင် ထပ်ပြောကာ အခန်းထဲမှထွက်သွားသည်။ ဆရာဝန်ထွက်အသွားတွင် မေမေ့ကိုမမြင်၍ ကျွန်တော် က မေးလိုက်သည်။

''မေမေရော၊ မေမေဘယ်ရောက်သွားသလဲ''

''မင်းအမေကို ငါတို့ဖုန်းဆက်ထားပါတယ်''

ဘဘစကားမဆုံးခင် အခန်းဝမှခြေသံကြားလိုက်၍ အားလုံး လှည့်ကြည့်လိုက်ရာ မေမေဝင်လာသည်ကို မြင်လိုက်ရ၏ ။ ''သား- သား၊ ဘာမှမ ဖြစ်ဘူးနော်၊ အမလေး... သားရယ်''

မေမေက ကျွန်တော် ရှိရာပြေးလာကာ ကျွန်တော့် ကိုပွေ့ဖက် ရင်း ပြောလိုက်သည်။

''လင်းလင်း... နင်ရောက်လာတာ မြန်လှချည်လား''

ဘဘက မေမေ့ကို ယခုမှရောက်လာသည့်လူ တစ်ယောက် ကို မေးသည့်အတိုင်း မေးလိုက်သည်။

''ညက သားဘဘဖုန်းဆက်ပြောတော့ မေမေ့မှာ စိုးရိမ်လိုက်ရတာ လေ၊ ဒါနဲ့ ... ညီမလေး ဒီနေ့မနက် ရရာလေယာဉ်နဲ့ အမြန်လိုက်လာ

''နင့်သားဘာမှမ ဖြစ်ပါဘူး၊ ကံကောင်းလို့ပေါ့၊ မိုးကြိုးပစ်တဲ့ နေရာရောက်သွားလို့ စက်ကွင်းမိတာတဲ့''

''ကံကြီးလို့ပေါ့ မမကြည်ရယ်၊ လင်းဖြင့် စိုးရိမ်လိုက်ရတာ ၊ ဒီရောက်မှသက်ပြင်းချနိုင်တော့တယ်''

ဘာတွေ လဲ။ ဘာ ဖြစ်ကြတာလဲ။ ပြောပြီးသားစကားတွေ ကို ဘာလို့ ထပ်ပြောနေကြတာလဲ။ ကျွန်တော် က ကျွန်တော့ပတ်ဝန်းကျင်မှလူများ ကို နားမလည်နိုင်အောင် ဖြစ်ရင်း ဇဝေဇဝါငေးကြည့်နေမိသည်။ သူတို့ပြောဆိုလုပ်ကိုင် နေကြပုံများ က လုပ်ပြီးသား ဖြစ်ပြီးသား ဖြစ်ရပ်တစ်ခုကို ပြန်ပြီး သရုပ်ဆောင်နေကြသလိုပါလား။ ကျွန်တော် က တစ်စုံတစ်ခုမေးမြန်းရန် စိတ်ကူးဆဲမှာ ပင်... ဆရာဝန်ထိုးပေးသွားသော ဆေးအရှိန်ကြောင့်ထင်သည။် ကျွန်တော် သည် မှေးကနဲအိပ်ပျော်သွားပြန်လေ၏ ။

♥ ♥ ♥


( ၄ )

ညနေပိုင်းတွင် ကျွန်တော် ဆေးရုံမှဆင်းခဲ့ရပါသည်။ မိုးကြိုးစက်ကွင်းမိလိုက်၍ ကျွန်တော် ဘာမှ ဖြစ်မ သွားပါ။ ဆရာဝန်ကိုယ်တိုင်ကလည်း ''ဘာမှမ ဖြစ်ပါ၊ စိုးရိမ်စရာမရှိပါ''-ဟု အတည်ပြု ပြောကြားလိုက်ပြီး ဖြစ်သည်။

ကျွန်တော် ကိုယ်တိုင်လည်း ဘယ်လိုမှ မခံစားရပါ။ စက်ကွင်းမိသည့်အတွက် ကျွန်တော့် ခန္ဓာကိုယ်မှာ ဘာမှ ဖြစ်မသွားသလို ကျွန်တော့်  စိတ်များ လည်း ကြည်လင်နေခဲ့သည်။

မိုးကြိုးစက်ကွင်းမိ၍ ၁၈နာရီကြာ သတိလစ်မေ့မျောသွားသော်လည်း ကျွန်တော် ဘာမှမ ဖြစ်။ ဘာမှမ ဖြစ်ဆိုတာ... တကယ်ပဲလား။

ဆေးရုံမှဆင်းပြီးနောက်တွင် ကြုံတွေ့ လာရသော အ ဖြစ်များ က ကျွန်တော့် ကိုရော ကျွန်တော့် အသိုင်းအဝိုင်းတစ်ခုလုံးကိုပါ ပဟေဠိ ဖြစ် စေခဲ့ပါသည်။

တကယ်တော့ မိုးကြိုးစက်ကွင်းမိလိုက်သည့်အတွက်ကျွန်တော် တစ်ခုခုတော့ အမှန် ဖြစ်ခဲ့ပါသည်။ အချိန်ကာလကြာလာသည်နှင့်အမျှ... ကျွန်တော် ဘာ ဖြစ်သွားတယ်ဆိုတာ ပေါ်လွင်လာခဲ့ပါလေသည်။

♥ ♥ ♥


အိမ်ပြန်ရောက်တော့ ကျွန်တော့် စိတ်ထဲမှာ ဆေးရုံမှာ တုန်းက နှစ် ကြိမ်၊ နှစ် ကြိမ် ဖြစ်ပျက်ခဲ့သည့်အ ဖြစ်များ ကို ပြန်တွေးကာ ဇဝေဇဝါ ဖြစ်နေရလေသည်။ ကျွန်တော် သတိရပြီး ဖြစ်ပါလျှက် နောက်တစ်ကြိမ် အိပ်ရာက နိုးလာတော့ အခုမှသတိရလာသယောင် အားလုံးက ပြောဆိုနေ ခဲ့ကြသည်။

ဆရာဝန်ကလည်း နောက်တစ်ကြိမ်ထပ်ရောက်လာကာ ဆေးကိုလည်း နောက်တစ်ခေါက်ထပ်ထိုးပေးသွားခဲ့၏ ။ မေမေကလည်း ရန်ကုန်ကရောက်ရောက်ချင်း ဆေးရုံအထိတန်းလိုက်လာကာ အလွမ်းသယ်ပြီး ဖြစ်ပါလျှက် နောက်တစ်ခါထပ်ပြီး ကျွန်တော့် သတင်းကိုမေးမြန်းနေခဲ့ပြန်သည်။

နှစ် ကြိမ်ထပ်ပြီး ဖြစ်ခဲ့သည့်အ ဖြစ်များ ကို ကျွန်တော် က နားမလည်နိုင်ပဲ အပြန်ပြန်အလှန်လှန်စဉ်းစားနေခဲ့၏ ။ ထိုအကြောင်းတွေ ကိုပြန်မေးဖို့စိတ်ကူးသော်လည်း အိမ်ရောက်သည်နှင့် ကျွန်တော့် ကို ဘယ်သူကမှ ဂရုမစိုက်ကြတော့ပေ။ ကျွန်တော့်  ကို လူကောင်းပကတိပြန် ဖြစ်ပြီဟု စိတ်ချကာ သူတို့လုပ်စရာရှိတာတွေ ဆက်လုပ် နေကြလေသည်။ ကိုထွဋ်ကလည်း အပြင်ထွက်သွားသည်။ ကျွန်တော့် ကို နေကောင်းခါစမို့ အပြင်ကိုမခေါ်ပဲ ထွက်သွားခဲ့သည်။ ကျွန်တော့် အတွက်စိုးရိမ်ကြီးစွာ မီရာလေယာဉ်ဖြင့်ရန်ကုန်မှလိုက်လာခဲ့သော မေမေသည်လည်း ဘဘ၊ကြီးကြီးတို့နှင့် ရန်ကုန်အိမ် အကြောင်း၊ ဆွေမျိုးများ အကြောင်း ပြောကြဆိုကြကာ ရေပက်မဝင်တော့ပေ။

ကျွန်တော် မေးမြန်းရန် အခွင့်မသာတော့ပါ။ သည်လိုနှင့်... ညပိုင်းတွင် ကျွန်တော် လည်း ခပ်စောစောပင် အိပ်ပျော်သွားခဲ့လေ၏ ။

♥ ♥ ♥


နောက်တစ်နေ့မနက် အိပ်ရာကနိုးတော့ ၈နားရီထိုးနေပြီ။ ကျွန်တော် သည် မျက်နှာသစ်၊ သွားတိုက်ပြီး ဧည့်ခန်းထဲထွက်လာခဲ့သည်။ ဧည့်ခန်းထဲမှာ ဘယ်သူမှမရှိ။

မီးဖိုခန်းထဲတွင် ချက်ပြုတ်နေသော ကြီးကြီးဒေါ်ခင်မြင့်ကြည်က ကျွန်တော့် ကိုမြင်လိုက်ကာ အော်ပြောလိုက်သည်။

''လင်းထည်ဝါ... နိုးပြီလား၊ ဒီမှာ ထမင်းကြော်နဲ့ကော်ဖီ လာသောက်လှည့်လေ''

''ဟုတ်ကဲ့ကြီးကြီး''

''ကိုထွဋ်တော့ မင်းအမေကိုဘုရာကြီးလိုက်ပို့တယ်၊ အစောကြီး ထွက်သွားကြလေရဲ့ ''

ကျွန်တော် က ထမင်းကြော်သွားမစားသေးပဲ အသင့်ရောက်နေသည့် ရတနာပုံသတင်းစာကိုဖတ်ရန် ဆက်တီမှာ ဝင်ထိုင်လိုက်သည်။ သတင်းစာကိုကောက်ကိုင်လိုက်စဉ်... အိမ်ဝင်းထဲသို့ဆိုင်ကယ်တစ်စီး မောင်းဝင်လာသံကို ကြားလိုက်ရလေသည်။ လှမ်းကြည့် လိုက်တော့... ကိုထွဋ်သူငယ်ချင်း ကိုရဲနိုင် ဖြစ်နေသည်။

''ဟေး- ကိုလင်း၊ ကိုထွဋ်ကြီးရောကွ''

ကိုရဲနိုင်က အော်မေးရင်း အိမ်ထဲဝင်လာ၏ ။

''ကိုထွဋ် ကျွန်တော့် အမေကို ဘုရားကြီးလိုက်ပို့နေတယ် ကိုရဲနိုင်''

''ဟုတ်လား၊ ငါဖိတ်စာလာပို့တာကွ၊ မင်းကိုပဲ ပေးထားခဲ့တော့မယ်ကိုလင်းရေ'' ''ဘာဖိတ်စာလဲဗျ ကိုရဲနိုင်ရ''

''မင်္ဂလာဆောင်ဖိတ်စာလေ၊ ငါ့အစ်မမင်္ဂလာဆောင်ဖိတ်စာကွ''

ကိုရဲနိုင်က ဖိတ်စာကို ကျွန်တော် လက်ထဲလှမ်းပေးလိုက်ရာ ကျွန်တော် က စာအိတ်ကိုဖွင့်ပြီးဖတ်ကြည့်လိုက်သည်။ မောင်သန်းဇော်နှင့်မကြည်ကြည်နိုင်တို့၏ မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားစာ။ ထိုစဉ်မှာ ပင်... ကိုထွဋ်နှင့်မေမေပြန်ရောက်လာလေသည်။ ကိုထွဋ်က ဆိုင်ကယ်ပေါ်မှဆင်းကာ သူ့သူငယ်ချင်း ကိုရဲနိုင်ကို မေးလိုက်သည်။

''ဟေ့ကောင်၊ ရဲကြီး၊ ဘာလဲကွ''

''ဖိတ်စာလာပေးတာ၊ မင်္ဂလာဆောင်ဖိတ်စာ''

''ဟေ- ဘယ်သူ့မင်္ဂလာဆောင်လဲ၊ မင်း မင်္ဂလာဆောင်တော့ မ ဖြစ်နိုင်ပါဘူး''

''ငါ့အစ်မမင်္ဂလာဆောင်ကွ''

''ဟင်း- အစ်မမင်္ဂလာဆောင်မှာ ကို မင်းကိုယ်တိုင်ဖိတ်စာတွေ လိုက်ပေးနေတယ်၊ မရှက်ဘူးလားကွာ''

''မရှက်ပါဘူးကွာ၊ ငါ့ယောက် ဖက ငါတို့ကိုတကယ်အကျိုးပြု တဲ့ယောက် ဖကွ၊ အဲဒီ တော့ ငါကလည်း အကျိုးဆောင်ပေးရတာ ပေါ့'' ''ဟား... ဟား... ဟား... ဟား...''

ကျွန်တော် ပါဝိုင်း၍ ရယ်မောလိုက်လေသည်။ ကျွန်တော် က ဖိတ်စာကို ကိုထွဋ်လက်ထဲ ကမ်းပေးလိုက်၏ ။

''ငါ ဖိတ်စာတွေ လိုက်ဝေလိုက်ဦးမယ်ကွာ၊ သွားပြီ''

ကိုရဲနိုင်က နှုတ်ဆက်ပြီးပြန်သွားသည်။ ကျွန်တော် က သတင်းစာဖတ်ရန် ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။ သတင်းစာဖတ်နေစဉ် မီးဖိုခန်းထဲမှကြီးကြီးအော်ပြောသံထွက်လာ၏ ။

''လင်းထည်ဝါ၊ ထမင်းကြော်တွေ လာစားတော့လေ၊ အေးကုန်တော့မယ်''

ကြီးကြီးအသံကြောင့် သတင်းစာဖတ်ရင်း ငိုက်သလို ဖြစ်နေရာမှ ဆတ်ကနဲ ဖြစ်သွား၏ ။

''ဟုတ်ကဲ့ပါကြီးကြီး''

ကျွန်တော် က ထမင်းစားခန်းထဲသွားရန် သတင်းစာကို စားပွဲပေါ်ပြန်တင်လိုက်သည်။ ထိုစဉ်.... ခြံထဲသို့ ဆိုင်ကယ်တစ်စီးမောင်းဝင်လာသံ ကြားလိုက်ရ၏ ။ ကျွန်တော် လှည့်ကြည့်လိုက်တော့ကိုရဲနိုင်ပင် ဖြစ်နေသည်။ ဖိတ်စာများ ထည့်သော ကျွတ်ကျွတ်အိတ်ကိုကိုင်ရင်း ဆိုင်ကယ်ပေါ်မှဆင်းလာ သည်။

အခုနကပဲ ဖိတ်စာလာပေးသွားတယ်။ ဘာ ဖြစ်လို့ပြန်လာတာပါလိမ့်။

''ဟေး- ကိုလင်း၊ ကိုထွဋ်ကြီးရောကွ''

''ခုနပဲ ဘုရားကြီးကပြန်လာတာလေ၊ အခန်းထဲဝင်သွားသလား၊ အိမ်သာထဲမှာ လား မသိဘူး''

''ဟုတ်လား၊ ငါဖိတ်စာလာပို့တာကွ၊ မင်းကိုပဲ ပေးထားခဲ့တော့မယ်ကိုလင်းရေ''

ဖိတ်စာက အခုနက ပေးပြီးသားပဲ။ ဘာလို့နောက်တစ်ခေါက် ပြန်လာပေးတာလဲ။

''ဖိတ်စာ၊ ခင်ဗျားအစ်မမင်္ဂလာဆောင်ဖိတ်စာမို့လား''

''ဟုတ်တယ်လေ၊ ရော.့ ..''

ကိုရဲနိုင်က ဖိတ်စာကို ကျွန်တော် လက်ထဲလှမ်းပေးလိုက်ရာ ကျွန်တော် က စာအိ တ်ကိုဖွင့်ပြီးဖတ်ကြည့်လိုက်သည်။ မောင်သန်းဇော်နှင့်မကြည်ကြည်နိုင်တို့၏ မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားစာ။ ဒီဖိတ်စာကို အခုလေးတင်ပဲ တစ်စောင်ပေးခဲ့သည်။ ယခု နောက်တစ်စောင်ထပ်ပေးနေပြန်သည်။ ဘယ်လိုလဲ။

ကျွန်တော် တွေးနေဆဲမှာ ပင်... အိမ်ဝင်းထဲသို့ ဆိုင်ကယ်တစ်စီး မောင်းဝင်းလာသံကြား၍ လှမ်းကြည့်လိုက်ရာ ကိုထွဋ်နှင့်မေမေ ဖြစ်နေလေသည်။

ကိုထွဋ်က ဆိုင်ကယ်ပေါ်မှဆင်းကာ သူ့သူငယ်ချင်း ကိုရဲနိုင်ကို မေးလိုက်သည်။

''ဟေ့ကောင်၊ ရဲကြီး၊ ဘာလဲကွ''

''ဖိတ်စာလာပေးတာ၊ မင်္ဂလာဆောင်ဖိတ်စာ''

''ဟေ- ဘယ်သူ့မင်္ဂလာဆောင်လဲ၊ မင်း မင်္ဂလာဆောင်တော့ မ ဖြစ်နိုင်ပါဘူး''

''ငါ့အစ်မမင်္ဂလာဆောင်ကွ''

''ဟင်း- အစ်မမင်္ဂလာဆောင်မှာ ကို မင်းကိုယ်တိုင်ဖိတ်စာတွေ လိုက်ပေးနေတယ်၊ မရှက်ဘူးလားကွာ''

''မရှက်ပါဘူးကွာ၊ ငါ့ယောက် ဖက ငါတို့ကိုတကယ်အကျိုးပြု တဲ့ယောက် ဖကွ၊ အဲဒီ တော့ ငါကလည်း အကျိုးဆောင်ပေးရတာ ပေါ့''

''ဟား... ဟား... ဟား... ဟား...''

ကိုထွဋ်နှင့်ကိုရဲနိုင် အားပါးတရရယ်မောနေကြသော်လည်း ကျွန်တော် လိုက်မရယ်မိချေ။ ဒီဟာသကို အခုနလေးတွင် ပဲ ရယ်မောခဲ့ကြပြီးပြီမဟုတ်ပါလား။ ကိုရဲနိုင်ကလည်း ဖိတ်စာကိုနှစ် ခါလာပေးသည်။ ကိုထွဋ်နဲ့ မေမေကလည်း ဘုရားကြီးက နှစ် ခါပြန်လာသည်။ ပြီးတော့... ကိုထွဋ်တို့ နှစ် ယောက် ပြောပြီးသားဟာသကို နောက်တစ်ခါပြန်ပြောပြီး ထပ်ရယ်နေကြသည်။ ဘာတွေ ဖြစ်ကုန်ပြီလဲ၊ ဟုတ်မှဟုတ်သေးရဲ့ လား။

ကျွန်တော် သည် ဧည့်ခန်းဆက်တီပေါ်တွင် စိတ်ပျက်လက်ပျက် ပြန်ထိုင်ချလိုက်သည်။ သူတို့တွေ ပဲ ရူးနေသလား၊ ကျွန်တော် ပဲ ရူးသလား။

''လင်းထည်ဝါ၊ အခုထိ ထမင်းကြော်လာမစားသေးပါလားဟဲ့၊ အေးကုန်ပါ့မယ်ဆို''

ကြီးကြီးအသံက နောက်တစ်ခါထွက်လာပြန်၏ ။ ဒါရော... ပြောပြီးသားစကားကိုပြန်ပြောတာ ဖြစ်နေဦးမှာ လား။ ကျွန်တော် က ထမင်းစားခန်းထဲကိုအမြန်ထသွားကာ စားပွဲပေါ်ကိုကြည့်လိုက်သည်။ ကျွန်တော့် အတွက်ပြင်ပေးထားသော ထမင်းကြော်ပန်းကန်နှင့် ကော်ဖီခွက်ကို မြင်လိုက်ရ၏ ။ နှစ် ခုစလုံးအရာမယွင်းသေး။ ထမင်း ကြော်နှင့်ကော်ဖီကို ကျွန်တော် မစားရ၊ မသောက်ရသေးတာတော့ အမှန်ပင်။

''ကြီးကြီး၊ ကျွန်တော် ထမင်းကြော် တကယ်မစားရသေးတာနော်''

''အေးလေ... အဲဒီ မှာ ပြင်ပြီးသား၊ မင်းအိပ်ရာထနောက်ကျလို့၊ အေးကုန်မစိုးလို့ ခဏခဏပြောနေရတာ ''

''ကြီးကြီး ကျွန်တော့် ကို ထမင်းကြော်နှစ် ခါထပ်ကျွေးတာတော့ မဟုတ်ပါဘူးနော်၊ ကျွန်တော် တကယ်မစားရသေးတာမဟုတ်လား''

ကြီးကြီးနှင့်မေမေက ကျွန်တော့် ကို အံ့သြစွာ ပြိုင်တူကြည့်လိုက်ကြသည်။ ပြီးတော့... သူတို့နှစ် ယောက် နှုတ်မှ မေးခွန်းတစ်ခု ပြိုင်တူထွက် ပေါ်လာလေ၏ ။

''ဟင်- မင်းဘာ ဖြစ်နေတာလဲ လင်းထည်ဝါ''

♥ ♥ ♥


( ၅ )

ထမင်းကြော်စား၊ ကော်ဖီသောက်အပြီးတွင် ဧည့်ခန်းထဲကို ကျွန်တော် ပြန်ထွက်လာခဲ့သည်။ ဖတ်လက်စ ရတနာပုံသတင်းစာကို ဆက်ဖတ်နေလိုက်သည်။

ကျွန်တော် ထိုင်နေသည့်ကုလားထိုင်မှာ အိမ်အတွင်းဖက်သို့ ဘေးစောင်းတိုက်လှည့်ထားသဖြင့် အိမ်အပေါ်ထပ်သို့တက်သော လှေကား ကြီးနှင့်တည့်တည့် ဖြစ်နေပါသည်။ ကျွန်တော် က သတင်းတစ်ပုဒ်ဖတ်အပြီး ခေါင်းမော်ကြည့်လိုက်ရာ လှေကားထိပ်မှ ဆင်းလာနေသော အိမ်ဖော် မလေးကိုမြင်လိုက်ရသည်။ မအေးဆိုသော အိမ်ဖော်မလေးက ခြင်ထောင်ကြီးတစ်လုံးကို လက်နှစ် ဖက်ဖြင့်ပိုက်ကာ အပေါ်ထပ်မှ ဆင်းလာ နေခြင်း ဖြစ်သည်။ ခြင်ထောင်ဖွတ်ရန် ဖြုတ်ယူလာခြင်း ဖြစ်လိမ့်မည် ။ ခြင်ထောင်အစွန်းတစ်ဖက်မှ ကြိုးစက တန်းလန်းကြီးကျနေသည်။ ကျနေ သော ကြိုးစက မအေး၏ ခြေထောက်အောက်အထိရောက်နေသည်။

မအေးလှေကားတစ်ထစ်ချင်းဆင်းချလာတိုင်း ကြိုးစက လှေကားထစ်ပေါ်တွင် ဒရွတ်ဆွဲ၍ ပါလာလေသည်။ မတော် တဆ ... ထိုကြိုးစ ကို ခြေထောက်ဖြင့်နင်းမိပါက မအေး လှေကားပေါ်မှချော်ကျသွားနိုင်ပါသည်။ ကျွန်တော် က မအေးကိုသတိပေးဖို့ ပြင်လိုက်သည်။

သို့သော်... ကျွန်တော် အော်မပြောမီမှာ ပင် မအေးသည် ကြိုးစကိုနင်းမိကာ လက်ထဲမှ ခြင်ထောင်အထွေးကြီး ပြုတ်ကျသွားသည်။ လူ ကလည်း လှေကားပေါ်မှ ဒလိမ့်ခေါက်ကွေးကျလာလေ၏ ။ အောက်ဆုံးအထစ်အရောက်တွင် လှေကားလက်ရမ်းတိုင်နှင့်ရိုက်မိပြီး ခေါင်းမှ သွေးများ စီးကျလာလေသည်။

ကျွန်တော် က မအေးကိုကူညီရန် သတင်းစာကို စားပွဲပေါ်ပစ်တင်လိုက်ပြီး... ကုလားထိုင်ပေါ်မှထလိုက်၏ ။ သို့သော .် .. လှေကားပေါ်မှလိမ့်ကျပြီး လှေကားရင်းတွင် လဲနေသော မအေးပုံရိပ်သည် ကျွန်တော့် မြင်ကွင်းမှ ဖြတ်ကနဲပျောက်ကွယ် သွားလေသည်။

ကျွန်တော် သည် ကုလားထိုင်မှထရက်တန်းလန်းမှ အူကြောင်ကြောင် ဖြစ်သွားလေသည်။ မအေးဘယ်ရောက်သွားသလဲ။ သည်လိုဆိုလျှင် ခြင်ထောင်ကြီးပိုက်ပြီး မအေး လှေကားပေါ်ကဆင်းလာတာ တကယ်မဟုတ်ဘူးပေါ့။ ကျွန်တော့် စိတ်ထဲမှာ ထင်နေမြင်နေခြင်းသာ ဖြစ်လေသည်။ သို့သော်...

ကျွန်တော် ဇဝေဇဝါအတွေးဖြင့် ငေးကြောင်ရပ်နေဆဲတွင် ... မအေးသည် ခြင်ထောင်ကြီးကိုပိုက်ကာ လှေကားပေါ်မှဆင်း ချလာလေသည်။ မအေးက အခုမှ အိမ်ပေါ်ကဆင်းလာတာပါလား။ မအေးအိမ်ပေါ်ကဆင်းလာသည့်မြင်ကွင်းကို ကျွန်တော် က ကြိုမြင်နေခြင်းသာ ဖြစ်ပါသည်။ ယခု... မအေး လှေကားပေါ်မှတကယ်ဆင်းလာနေပုံ က အခုနက ကျွန်တော် မြင်ခဲ့သည့်မြင်ကွင်းနှင့်တစ်ထပ်တည်း။ ခြင်ထောင်ကြိုးစတစ်ဖက်ကလည်း ကြမ်းပြင်မှာ ဒယဉ့်တိုက်၍ ပါလာသည်။ ဒီပုံအတိုင်းဆိုလျှင် ကျွန်တော့် စိတ်ကူးထဲမှာ မြင်ထားတဲ့အတိုင်း ဒီကောင်မလေး ကြိုးစကိုတက်နင်းမိကာ လှေကားပေါ်မှလိမ့်ကျ တော့မည် ။

ကျွန်တော် က မအေးကို အော်ပြောရင်း သတိပေးလိုက်သည်။

''ဟေ့- မအေး၊ ခြင်ထောင်ကြိုးစကြီးက တန်းလန်းကြီးကျနေတယ်၊ကြိုးကိုတက်နင်းမိရင် နင်လှေကားပေါ်ကပြုတ်ကျလိမ့်မယ်နော်၊ သတိထားဦး''

ကျွန်တော် လှမ်းသတိပေးလိုက်ချိန်တွင် မအေးက ကျွန်တော့်  စိတ်ကူးထဲတွင် လိမ့်ကျခဲ့သော လှေကားထစ်ဆီသို့ ရောက်နေပြီ ဖြစ်သည်။ ကျွန်တော့် အသံကြား၍ မအေးက ကျွန်တော့် ကိုလှမ်းကြည့်လိုက်သည်။ သို့သော် ... ရပ်မနေပဲ လှေကားပေါ်မှ ဆက်ဆင်းလိုက်သည်။ ကြိုးစကို တက်နင်းမိလိုက်သည်။ ကျွန်တော့် စိတ်ကူးထဲမှာ မြင်ထားသည့်ပုံစံအတိုင်းပင် ... မအေး လှေကားပေါ်မှလိမ့်ကျလာသည်။ ကျွန်တော် က လှေကားဆီပြေးသွားလိုက်၏ ။

လှေကားဆီကျွန်တော် အရောက်... မအေးလည်း အောက်ဆုံးထစ်အထိအရောက်...ကျွန်တော် က မအေးပခုံးကိုဆီးပွေ့ထားလိုက်ရလေသည်။

''တော် ပါသေးရဲ့ ၊ အစ်ကိုလေးဆွဲတာမြန်လို့၊ နို့မို့.... ကျွန်မ တိုင်နဲ့ခေါင်းနဲ့ဆောင့်မိမှာ ''

မှန်ပါသည်။ ကျွန်တော် ဆီးပွေ့ထားလိုက်၍ မအေး လှေကားလက်ရမ်းနှင့် မဆောင့်မိလိုက်ပါ။ ခေါင်းမှလည်း သွေးမထွက်လိုက်ပါ။ ကျွန်တော် ကြိုမြင်ခဲ့သော ဖြစ်ရပ်သည် နောက်ပိုင်းနားတွင် လွဲသွားလေသည်။ လွဲသွားခြင်းကလည်း ကျွန်တော် ကူညီလိုက်၍ သွေးထွက် သည်အထိမ ဖြစ်လိုက်ခြင်း ဖြစ်ပါသည်။

''ဟဲ့- ဟဲ့- ဘာ ဖြစ်ကြတာလဲ''

လှေကားပေါ်မှပြုတ်ကျသော ဒုန်းဒုန်းဒိုင်းဒိုင်းအသံများ ကြောင့် မေမေနှင့်ကြီးကြီးက မီးဖိုခန်းထဲမှပြေးထွက်လာကာ မေးလိုက်ခြင်း ဖြစ် သည်။

''မအေး ခြင်ထောင်ကြိုးစကိုတက်နင်းမိပြီး လှေကားပေါ်က ကျတာပါကြီးကြီး''

''ဒီကောင်မလေးဟာလေ၊ နမော်နမဲ့နဲ့''

ကျွန်တော် ဆက်ကြည့်မနေတော့ပါ။ အခန်းထဲသို့ဝင်လာလိုက်သည်။ ကုတင်ပေါ်ပစ်လှဲလိုက်ကာ ကျွန်တော့် ကိုယ်ကျွန်တော် ဘာတွေ ဖြစ်နေလဲဆိုတာ တွေးနေမိတော့သည်။

♥ ♥ ♥


ဖြစ်ပျက်ပုံက တော် တော် တော့ ရှင်း သွားပါပြီ။ ဆေးရုံမှာ သတိပြန်လည်လာစဉ်က ကျွန်တော့် ကို သတိရခါစ လူ တစ်ယောက် လို နှစ် ကြိမ်နှစ် ခါဆက်ဆံခဲ့သည်ဟု ထင်ခဲ့မိသည်။ မနက်က... ကိုရဲနိုင်ဖိတ်စာလာပေးစဉ်ကလည်း ဖိတ်စာကို နှစ် ခေါက်ပြန်လာပေးသည်ဟု ကျွန်တော် ကထင်ခဲ့သည်။ မအေးရဲ့ ဖြစ်ရပ်ကို လက်တွေ့ ကြုံလိုက်မှ ကျွန်တော် ရှင်းရှင်းလင်းလင်းနားလည်သွားတော့သည်။ ပထမအ ဖြစ်အပျက်သည် တကယ်မဟုတ်။ ကျွန်တော့် စိတ်ထဲမှာ ထင်ယောင်မြင်ယောင် ဖြစ်ခြင်းသာ။ ဒုတိယအ ဖြစ်ကမှ... တကယ့်အ ဖြစ်အပျက်။ ကျွန်တော် သည် တချို့သော ဖြစ်ရပ်များ ကို မ ဖြစ်ခင် ကြို၍ မြင်... ကြို၍ ကြား... ကြို၍ သိ.. နေခြင်းပါတကား။

♥ ♥ ♥


( ၆ )

''သားရေ... လင်းထည်ဝါ''

''ဗျာ- မေမေ''

မေမေ့ခေါ်သံကြား၍ အခန်းထဲမှထွက်လာခဲ့သည်။

''သား... မေမေတို့မနက်ဖန်ရန်ကုန်ပြန်ကြရအောင်၊ ရထားနဲ့ ပြန်မလား၊ ကားနဲ့ပြန်မလား''

''ဘာလဲမေမေ၊ သားပါပြန်လိုက်ရမယ်လို့ပြောတာလား''

''အေးပေါ့၊ ပြန်လိုက်ခဲ့တော့လေ၊ သင်္ကြန်ပြီးပြီပဲဟာကိုး၊ မင်း မန္တလေးသင်္ကြန်ကိုလာချင်တာမဟုတ်လား''

''ဟာ... မေမေ၊ သားမပြန်ချင်သေးဘူး၊ သားလာတာ တစ်လတောင်မပြည့်သေးဘူးလေ၊ သား မန္တလေးမှာ နေချင်သေးတယ်''

''မင်းအဖေက တစ်နေ့က ဖြစ်တဲ့ကိစ္စကြောင့် မင်းကိုစိတ်မချဘူး၊ ပြန်လိုက်ခဲ့တော့သားရယ်''

''မေမေကလည်း၊ တစ်နေ့က ဖြစ်တာ သားအပြစ်ဘာပါလို့လဲ၊ သူ့ဟာသူ မိုးကြိုးပစ်တဲ့နေရာရောက်သွားလို့ စက်ကွင်းမိတာပဲ၊ ဘာမှ လည်း ဖြစ်သွားတာမဟုတ်ဘူး၊ သား မန္တလေးမှာ ဆိုင်ကယ်မှော က်တာလည်းမဟုတ်ဘူး၊ ရန် ဖြစ်တာလဲမဟုတ်ဘူး၊ သားဟာသား အေးအေး ဆေးဆေးနေနေတာပဲ၊ ပြန်မလိုက်ချင်သေးဘူးမေမေရာ''

''မင်းအဖေက ပြန်ခေါ်ခဲ့ဖို့ပြောနေတာသားရဲ့ ''

''ဟာ... မေမေရာ''

''ဒီသားအမိ ဘာတွေ ငြင်းခုန်နေကြတာလဲ''

ကျွန်တော် နှင့်မေမေစကားပြောနေစဉ် ဘဘဦးဝင်းမောင်က အလုပ်သွားရန်အိမ်ပေါ်ထပ်ကဆင်းလာရင်း မေးလိုက်ခြင်း ဖြစ်သည်။

''ညီမလေးတို့ နက်ဖန်ပြန်မလို့ကိုကို''

''အဲဒါ... သားကို ရန်ကုန်ပြန်လိုက်ခဲ့ရမယ်လို့ ခေါ်နေတာ ဘဘ၊ သားကပြန်မလိုက်ချင်သေးဘူး၊ ဟာ... မေမေ၊ ဘဘက သားကို ယာဉ်မောင်းလိုင်စင်လုပ်ပေးဖို့ စီစဉ်ထားတာမေမေရ၊ ဟုတ်တယ် နော်... ဘဘ၊ သားကို ကားပါတစ်ခါတည်းမောင်းနိုင်အောင် ကားမောင်းသင် ပေးပြီး အမောင်းလိုင်စင်လုပ်ပေးမလို့တဲ့မေမေ၊ အခု သားဆိုင်ကယ်မောင်းတာတောင် မော်တော် ပီကယ်မရှိတဲ့လမ်းကို ရွေးမောင်းနေရတာ မေမေ ရ၊ ဟုတ်တယ်နော်ဘဘ... သားကို ယာဉ်မောင်းလိုင်စင်လုပ်ပေးမလို့ မဟုတ်လား''

''ဟုတ်တယ်လင်းလင်း၊ ဒီမှာ က ငါ့ကားရှိနေတော့ တစ်ခါတည်းအမောင်းသင်ပေးပြီး လုပ်လိုက်တာ အဆင်ပြေတာပေါ့၊ ရန်ကုန် မှာ ဆို ယာဉ်မောင်းလိုင်စင်ရဖို့ သင်တန်းတက်ခိုင်းဦး... ဘာဦးနဲ့ အလုပ်ရှုပ်မယ်မဟုတ်လား၊ သူနေချင် နေပါစေဦး'' ဘဘထောက်ခံလိုက်၍ ကျွန်တော် ပျော်သွားသည်။

''ကဲ- မေမေ၊ သားနေခဲ့မယ်နော်''

''ဒါဖြင့်... နင့်အဖေဆီ နင်ကိုယ်တိုင်ဖုန်းဆက်ပြောလိုက်ဦး၊ မေမေတော့ မနက်ဖန်ပြန်မှ ဖြစ်မယ်၊ မေမေ့ကို ရထားလက်မှတ် ဖြစ် ဖြစ်၊ ကားလက်မှတ် ဖြစ် ဖြစ် ကိုထွဋ်နဲ့သွားဝယ်ပေးဦး''

''ရထားလက်မှတ်က သုံးရက်ကြိုလုပ်မှသေချာတာ၊ ကားလက်မှတ်ပဲနင်ရနိုင်တော့မယ်၊ ကားလက်မှတ်သာ သွားဖြတ်ပေးလိုက် ပါကွာ''

ဘဘက အားလုံးစီစဉ်ပေးပြီး သူ့ရုံးကိုထွက်သွားလေသည်။

''ကိုထွဋ်ရေ ကိုထွဋ် ကျွန်တော် တို့ မေမေပြန်ဖို့ ကားလက်မှတ် သွားဝယ်ရအောင်''

♥ ♥ ♥


( ၇ )

ကျွန်တော် နှင့်ကိုထွဋ် မေမေရန်ကုန်ပြန်ဖို့ကားလက်မှတ်ဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်ခဲ့ကြသည်။ ဆိုင်ကယ်ကို ကိုထွဋ်ကမောင်း၍ ကျွန် တော် က နောက်မှထိုင်လိုက်ခဲ့ပါသည်။ ကျုံးနဘေး ၂၆ဘီလမ်းအတိုင်း အရှေ့မှအနောက်သို့မောင်းလာရာ... ၇၈လမ်းထိပ်တွင် မီးပွိုင့်မိပါသည်။ မီးနီနှင့်တိုးလိုက်၍ ကိုထွဋ်က ဘရိတ်ကိုမှေးကာ ဆိုင်ကယ်ကိုရပ်လိုက်သည်။

ကျွန်တော် တို့နှင့်မျက်နှာချင်းဆိုင် အနောက်မှအရှေ့သို့မောင်းလာသော ယာဉ်ကြောမှ ပတ်ပလစ်ကာကားအဖြူလေးတစ်စီးသည် မီးနီ မိသော်လည်း မရပ်ပဲ အမြန်ဆက်မောင်းလာသည်။ ယာဉ်ကြောဖွင့်ပေးလိုက်၍ တောင်ဖက်မှကွေ့ဝင်လာသော ကားတစ်စီးနှင့် တိုက်မိမလို ဖြစ် သွားသည်။ ယာဉ်ထိန်းရဲက ပတ်ပလစ်ကာအဖြူလေးကို တစ်ဖက်လမ်း ထိပ်မှနေ၍ ဝီစီမှုတ်ပြီး တားလိုက်သည်။ ကားဖြူလေး လမ်းဘေးတွင် ရပ်ပေးလိုက်ရာ... မော်တော် ပီကယ်က လိုင်စင်တောင်းစစ်နေသည်ကိုတွေ့ နေရ၏ ။ ကျွန်တော် က ပတ်ပလစ်ကာကားလေး အရေး ယူခံရသည်ကို စိတ်ဝင်တစားငေးကြည့်နေမိသည်။ ကျွန်တော် ကြည့်နေစဉ်မှာ ပင် ထိုမြင်ကွင်းမှာ ဖြတ်ကနဲပျောက်သွားလေ၏ ။

ထိုနေရာတွင် ကားလည်းမရှိ။ ယာဉ်ထိန်းရဲလည်းမရှိ။ ဟာလာဟင်းလင်း။ ဖြစ်ပြန်ပြီ။ ကျွန်တော် သည် မကြာခင် ဖြစ်လာမည့် အ ဖြစ်တစ်ခုကို ကြို၍ မြင်လိုက်ရပြန်ပါပကော။ အခုတော့... ရှေ့ ဖြစ်ရမည့်  ဖြစ်ရပ်ကို ကြိုကြိုမြင်နေရသော ကျွန်တော့်အ ဖြစ်ကို နားလည် သွားပါပြီ။ တကယ်တန်းကျတော့... မီးပွိုင့်တွင် မည် သည့်ကားမှ ဖြတ်မောင်းမလာပါ။ ပတ်ပလစ်ကာကားအဖြူလေးလည်း ရှိမနေပါ။ ကားဖြူလေးမီးပွိုင့်ကိုကျော်တက်လာ၍ အရေး ယူခံရမည့် အ ဖြစ်သည် ယခု ဖြစ်ပျက်သည်မဟုတ်။ ရှေ့လာမည့်  အနာဂတ်ကာလမှာ ဖြစ်လာမည့်  အ ဖြစ်တစ်ခု ဖြစ်ပေလိမ့်မည် ။ ကျွန်တော် တို့ယာဉ်ကြောအတွက် မီးစိမ်းသွားပေပြီ။ ကိုထွဋ်က ဆိုင်ကယ်ကိုမောင်းထွက်လိုက်သည်။ ကျွန်တော့် ရဲ့ ရှေ့ ဖြစ်မယ့်အ ဖြစ်ကို ကြိုကြိုမြင်နေရသည့် အတွေ့ အကြုံကို တစ်ေ ယာက်ယောက် ကို ပြောပြရမလားဟု စဉ်းစားနေ မိလေသည်။

♥ ♥ ♥


မေမေ့အတွက် ကားလက်မှတ်ကို ရွှေဂုံမန္တလာကားဂိတ်မှ ဝယ်ခဲ့ပါသည်။ မနက်ဖန်... မေလ၂ရက်နေ့ သော ကြာနေ့၊ ညနေ၅နာရီတွင် ရန်ကုန်သို့ထွက်မည့်  အဝေးပြေးကားလက်မှတ် ဖြစ်ပါသည်။ ကားဂိတ်က ကားလက်မှတ်ပေါ်တွင် ကားဂိတ်သို့အရောက်လာရမည့် အချိန်၊ စီးရမည့်  ကား၏ ကားနံပါတ်များ ကိုပါ စုံလင်အောင်ရေး ပေးလိုက်သည်။ ကားနံပါတ်က ၈ခ/၂၃(-)(-) ဖြစ်ပါသည်။ ၃၂လမ်းအဝေးပြေးလက်မှတ်ရောင်းဂိတ်မှအပြန်တွင် ကိုထွဋ်ကလက်ဖက်ရည်သောက်ရန် လမ်း၈ဝပေါ်မှ ကလပ်စစ်လက်ဖက်ရည်ဆိုင် သို့ဝင်လိုက်၏ ။

ကျွန်တော် က ရှေ့အ ဖြစ်ကို ကြို၍ မြင်နေရသော ကျွန်တော့် အတွေ့ အကြုံကို ကိုထွဋ်အားပြောပြလိုက်သည်။ အတွေ့ အကြုံလေးခု။ ဆေးရုံမှ အတွေ့ အကြုံ၊ ကိုရဲနိုင်ဖိတ်စာလာပေးစဉ်အတွေ့ အကြုံ၊ မအေးလှေကားပေါ်ကလိမ့်ကျသည့်အတွေ့ အကြုံနှင့် ယခုနောက်ဆုံးမြင်ခဲ့ရသော မီးပွိုင့်တွင် ပတ်ပလစ်ကာကားလေး မီးနီကျော်တက်၍ အရေး ယူခံရသော အတွေ့ အကြုံများ ဖြစ်ပါသည်။ ရှေ့အ ဖြစ်အပျက်သုံးခုမှာ ... ကြိုမြင်ပြီးမကြာခင် တကယ် ဖြစ်လာခဲ့သည်။ ပတ်ပလစ်ကာကား အရေး ယူခံရတဲ့အ ဖြစ်ကတော့ လမ်းမပေါ်မှာ တွေ့ ခဲ့တာမို့ တကယ် ဖြစ်မ ဖြစ် ကျွန်တော် မသိနိုင်ပါ။

ကျွန်တော် ပြောပြသည့်အကြောင်းများ ကိုနားထောင်ရင်း ကိုထွဋ် အံ့သြနေလေသည်။ အံ့သြသော်လည်း... ကိုထွဋ်သည် ယုံပုံမရပါ။ ကိုထွဋ်က ကျွန်တော့် စကားအဆုံးတွင် ခေါင်းကိုခါရမ်းလိုက်သည်။

''မင်းတော့ ကြောင်သွားပြီလင်းထည်ဝါ''

''အင်းလေ... ကျွန်တော့် အတွေ့ အကြုံက သက်သေပြလို့မှမရတာ ၊ မယုံလည်း မတတ်နိုင်ဘူးပေါ့''

''အကြားအမြင်ရတယ်ဆိုတာ တော် ရုံတန်ရုံသူတော် စင်တွေ တောင်မရဘူးကွ၊ အများ ကြီးကျင့်ကြံမှရတဲ့ တရားထူးမျိုးကို မင်းက အလွယ်တကူရနေတယ်ဆိုတော့ ယုံနိုင်စရာမှမရှိပဲ''

''ကျွန်တော့် ကိုယ်ကျွန်တော် အကြားအမြင်ရတယ်လို့ မပြောပါဘူးကိုထွဋ်ရ၊ ကျွန်တော် ပြောခဲ့တဲ့အ ဖြစ်သုံးခုကို တကယ်မ ဖြစ်ခင် ကြိုပြီး သိနေမြင်နေရတဲ့အကြောင်းကိုသာပြောတာပါ၊ လမ်းမှာ တွေ့ ခဲ့တဲ့ကားကို မော်တော် ပီကယ်အရေး ယူတဲ့အ ဖြစ်ကတော့ ကြည့်နေရင်းက ပျောက်သွားတယ်၊ တကယ် ဖြစ်မ ဖြစ် မသိနိုင်ဘူးပေါ့''

''ကဲ- ဒါဖြင့်... အိမ်ပြန်ရောက်ရင် ငါဘာလုပ်မယ်ဆိုတာ ကြိုပြီးကြည့်လိုက်စမ်းကွာ''

''ဟာ... ကိုထွဋ်ရာ၊ ကျွန်တော် အဲဒီ လို အကြားအမြင်ပေါက်တာလည်း မဟုတ်သေးပါဘူး၊ အာရုံယူပြီး ကြိုကြည့်လို့ရရင် ကျွန်တော် ဆရာတစ်ဆူ ဖြစ်သွားမှာ ပေါ့၊ ခုဟာက ကျွန်တော့် ဟာကျွန်တော် နေရင်းထိုင်ရင်းက သူ့အလိုလိုမြင်လာရတာ ၊ ကိုယ်မြင်ချင်တိုင်း မြင်လို့ရတာ မဟုတ်ဘူး၊ ကိုထွဋ်နောက်၁၅မိနစ်ကြာရင် ဘာ ဖြစ်မယ်ဆိုတာ ကျွန်တော် ဘယ်သိနိုင်မလဲ''

''အလကားပါကွာ၊ မင်း မြင်ချင်ရာမြင်နေတာပါ၊ တိုက်ဆိုင်သွားလို့ပါ''

ကိုထွဋ်က ဂျာနယ်လာရောင်းသော ကောင်လေးဆီက အားကစားဂျာနယ်တစ်စောင်ကို ဝယ်ရင်းပြောလိုက်သည်။ ကျွန်တော့် စကားကိုစိတ်မဝင်စားတော့ပဲ ဂျာနယ်ကိုဖြန့်ဖတ်လိုက်သည်။

ကျွန်တော် လည်း အပေါ့အပါးသွားချင်သော ကြောင့် ဆိုင်နောက်ဖေးဖက်သို့ ထွက်လာခဲ့လေ၏ ။ အပေါ့သွားပြီး ကျွန်တော် ပြန်အလာတွင် ကိုထွဋ်ရှေ့၌ သူ့သူငယ်ချင်းကိုဘိုဖြူရောက်နေသည်ကိုတွေ့ လိုက်ရသည်။ သူတို့ပြောနေသော စကား တစ်စွန်းတစ်စကို ကျွန်တော် ကြားလိုက်ရ၏ ။

''ရဲနိုင်ကြီး မင်းဆီဖိတ်စာလာပေးသေးလား၊ သူ့အစ်မ မင်္ဂလာဆောင်ဖိတ်စာ၊ တကယ်ဟုတ်တဲ့ကောင်ကွာ၊ အစ်မမင်္ဂလာဆောင် ဖိတ်စာကို ကိုယ်တိုင်လိုက်ဝေနေတယ်၊ ငါသာဆို မဝေပါဘူး''

''ငါ့ကိုတော့ ဒီယောက် ဖက သူ့ကိုအကျိုးပြုတဲ့ယောက် ဖလို့ ပြောသွားတယ်ကွ''

''အဲဒါတော့ ဟုတ်တယ်ဟ၊ သူ့ယောက် ဖက သူ့ကိုစင်္ကာပူ ပို့ပေးမှာ လေ''

''သြော်... ဒါ့ကြောင့်ကိုး''

''ဟား... ဟား... ဟား...''

ကျွန်တော် ကုလားထိုင်မှာ ဝင်ထိုင်ရင်း ကိုဘိုဖြူ့ကိုနှုတ်ဆက်လိုက်သည်။

''ကိုဘိုဖြူ၊ ဒီနေ့ဆိုင်မထွက်ဘူးလားဗျ''

ကိုဘိုဖြူသည် အိမ်သုံးဆေးမျိုးစုံရောင်းသော ဆိုင်ကို ၇၃လမ်းပေါ်တွင် အခန်းငှား၍ ဖွင့်ထားသူ ဖြစ်၏ ။

''ငါ့အခန်းရှေ့မှာ လမ်းပြင်နေလို့ကွာ၊ လမ်းတစ်ဖြတ်လုံးကို ဟိုဖက်ထိပ် ဒီဖက်ထိပ်အသေပိတ်ပြီး ပြင်နေတာ၊ အဲဒါနဲ့ ငါလည်း ဆိုင်ပိတ်ထားလိုက်တယ်၊ ကိုထွဋ်ဆိုင်ကယ်မြင်လိုက်လို့ ဝင်လာတာ''

''သြော်...''

''ကိုထွဋ်၊ အားကစားသတင်းဘာထူးလဲကွ၊ ဒီညဘောလုံးပွဲ မင်းဘယ်ဖက်ကလောင်းမလဲ၊ ငါတော့ မန်ယူအသင်း .........'' ကိုဘိုဖြှူု့စကားမဆုံးခင် ကိုဘိုဖြူရော ကိုထွဋ်ပါ ကျွန်တော့် မြင်ကွင်းက ပျောက်သွားသည်။ ကျွန်တော် သည် အပေါ့သွားပြီးပြန်လာရာ ကျွန်တော် ထိုင်လက်စစားပွဲကိုပြန်မရောက်သေးပါ။ အပြန်လမ်းတွင် ကိုထွဋ်နှင့်ကိုဘိုဖြူ ထိုင်စကားပြောနေသည့်မြင်ကွင်းကို မြင်ယောင်လာခြင်းသာ ဖြစ်ပါသည်။ မြင်ကွင်းဖြတ်ကနဲပျောက်သွားမှပင် တကယ်မဟုတ်မှန်း ကျွန်တော် သတိပြုမိလိုက်သည်။ ကျွန်တော့် စားပွဲကိုပြန်ရောက်တော့ ကိုထွဋ်က အားကစားဂျာနယ်ကို စိတ်ဝင်တစားဖတ်နေဆဲ ဖြစ်သည်။ ရှေ့က လက်ဖက်ရည်ခွက်ပင် အရာမယွင်းသေး။

''ကိုထွဋ်''

ကျွန်တော် က ခုံတွင် ဝင်ထိုင်ရင်း ကိုထွဋ်ကိုခေါ်လိုက်၏ ။ ကိုထွဋ်က ဂျာနယ်မှမျက်နှာမခွာပဲ ကျွန်တော့် ကိုမေးဆတ်ပြသည်။

''ခဏနေရင် ကိုထွဋ်သူငယ်ချင်း ကိုဘိုဖြူ ဒီဆိုင်ကိုရောက်လာလိမ့်မယ်''

''ဘာ-''

''ကိုဘိုဖြူလေ၊ ကျွန်တော် တို့ဆိုင်ကယ်ကို ဆိုင်ရှေ့မှာ မြင်လို့ ဝင်လာတာဆိုပြီး ဝင်လာလိမ့်မယ်ကိုထွဋ်''

''ဘာကွ၊ ဘိုဖြူက ဆေးဆိုင်ဖွင့်ထားတာပဲ၊ ဒီအချိန်ဆို သူ့ဆိုင်မှာ လက်တောင်လည်မှာ မဟုတ်ဘူး''

''ဆိုင်ရှေ့မှာ လမ်းပြင်နေလို့ ဆိုင်ပိတ်ထားရတဲ့အကြောင်းကိုလည်း ပြောလိမ့်မယ်''

ကိုထွဋ်က ဂျာနယ်ကိုဖြတ်ကနဲပိတ်ကာ စားပွဲပေါ်တင်လိုက်သည်။ ကျွန်တော့် ကိုမျက်မှော င်ကုပ်ကြည့်သည်။

''ကိုဘိုဖြူက ဒီနေ့ သူ့ကို ကိုရဲနိုင် သူ့အစ်မမင်္ဂလာဆောင် ဖိတ်စာလာပေးသွားတဲ့အကြောင်းပြောလိမ့်မယ်ကိုထွဋ်၊ ကိုရဲနိုင် ယောက် ဖက ကိုရဲနိုင်ကို စင်္ကာပူပို့ပေးမယ့်အကြောင်းလည်း ပြောလိမ့်မယ်''

''လင်းထည်ဝါ၊ ဟေ့ကောင်-''

''ပြီးတော့.... ဒီညဘောလုံးပွဲအကြောင်း ကိုထွဋ်တို့ဆက်ပြောကြလိမ့်မယ်၊ ကိုဘိုဖြူက သူ မန်ယူအသင်းဖက်က လောင်းမယ့်အကြောင်းလည်း ပြောလိမ့်မယ်ကိုထွဋ်''

''လင်းထည်ဝါ''

''ကိုထွဋ်က ကျွန်တော် ရှေ့အ ဖြစ်တချို့ကို ကြိုမြင်ခဲ့ရတယ်ဆိုတာ မယုံဘူးမဟုတ်လား၊ ခုလည်း အိမ်သာကပြန်အလာမှာ ကိုဘိုဖြူ ရောက်လာတဲ့မြင်ကွင်းကို မြင်လာခဲ့ရတာ ပဲကိုထွဋ်၊ ကျွန်တော့် ကိုယ်ကျွန်တော် လည်း သိပ်အံ့သြနေတယ်ဗျာ၊ ကိုဘိုဖြူရောက်လာမှာ တကယ် ဟုတ်မဟုတ်ကိုတော့ ကျွန်တော် တို့စောင့်ကြည့်ကြတာပေါ့''

ကျွန်တော့် စကားပင် မဆုံးသေး။ အသံနှင့်အတူ ကိုဘိုဖြူ ရောက်လာလေသည်။

''ဟေ့ကောင်ထွဋ်ကြီး၊ လင်းထည်ဝါလည်း ရှိနေတာပဲ၊ ငါဆိုင်ရှေ့မှာ မင်းဆိုင်ကယ်မြင်လို့ဝင်လာတာကွ''

ကိုထွဋ်မျက်ခုံးနှစ် ခုမှာ ပင့်တက်ရင်း အံ့သြဟန်ပေါ်နေသည်။ ကျွန်တော့် ဖက်ကိုလှည့်ကြည့်သည်။ ကိုဘိုဖြူက ထိုင်ခုံတစ်လုံးကိုဆွဲယူရင်း ဝင်ထိုင်လိုက်၏ ။

''ရဲနိုင်ကြီး မင်းဆီဖိတ်စာလာပေးသေးလား၊ သူ့အစ်မ မင်္ဂလာဆောင်ဖိတ်စာ၊ တကယ်ဟုတ်တဲ့ကောင်ကွာ၊ အစ်မမင်္ဂလာ ဆောင်ဖိတ်စာကိုကိုယ်တိုင်လိုက်ဝေနေတယ်၊ ငါသာဆို မဝေပါဘူး''

''ငါ့ကိုတော့ ဒီယောက် ဖက သူ့ကိုအကျိုးပြုတဲ့ယောက် ဖလို့ ပြောသွားတယ်ကွ''

''အဲဒါတော့ ဟုတ်တယ်ဟ၊ သူ့ယောက် ဖက သူ့ကိုစင်္ကာပူ ပို့ပေးမှာ လေ'' ကိုထွဋ်အကြည့်က ကျွန်တော့် ဆီရောက်လာပြန်သည်။

''သြော်... ဒါ့ကြောင့်ကိုး''

''ဟား... ဟား... ဟား...''

ကျွန်တော် ပါ ရော၍ ရယ်လိုက်သည်။ ကျွန်တော် က သူတို့စကားကိုရယ်ခြင်းမဟုတ်ပါ။ ကျွန်တော့် အစ်ကိုကိုထွဋ် အံ့သြတကြီး ဖြစ် နေသည့်အမူအရာကို ရယ်မိခြင်းသာ ဖြစ်ပါသည်။

''ဒါနဲ့... ဒီနေ့ မင်း... ဆိုင်မဖွင့်ဘူးလားဘိုဖြူ''

''ငါ့အခန်းရှေ့မှာ လမ်းပြင်နေလို့ကွာ၊ လမ်းတစ်ဖြတ်လုံးကို ဟိုဖက်ထိပ် ဒီဖက်ထိပ်အသေပိတ်ပြီး ပြင်နေတာ၊ အဲဒါနဲ့ ငါလည်း ဆိုင် ပိတ်ထားလိုက်တယ်''

ကိုထွဋ်က ကျွန်တော့် ကိုလှည့်ကြည့်ပြန်၏ ။ ကျွန်တော် က အောင်နိုင်သူအပြုံးဖြင့် ပြုံးပြလိုက်သည်။

''ကိုထွဋ်၊ အားကစားသတင်းဘာထူးလဲကွ၊ ဒီညဘောလုံးပွဲ မင်းဘယ်ဖက်ကလောင်းမလဲ၊ ငါတော့ မန်ယူအသင်း .........'' သူတို့နှစ် ယောက် ဘောလုံးပွဲအကြောင်း ဆက်ပြောနေကြပါသည်။ ကျွန်တော် စိတ်မဝင်စားတော့။ ကိုယ့်အ ဖြစ်ကိုယ်တွေးရင်းသာ အံ့သြတကြီး ဖြစ်နေရတော့၏ ။ ရှေ့အ ဖြစ်ကိုကြိုမြင်နေတဲ့ကျွန်တော့် အ ဖြစ်ဟာ... ဂုဏ်ယူစရာလား၊ ဝမ်းသာစရာလား။ ကောင်းသော နိမိတ်လား၊ ဆိုးသော နိမိတ်လား။

♥ ♥ ♥


( ၈ )

''လင်းထည်ဝါ... မင်းတယ်ဟုတ်ပါလားကွာ၊ ငါတော့ မင်း အကြားအမြင်ရနေတယ်ဆိုတာ ယုံသွားပြီ ဟေ့ကောင်''

ကလပ်စစ်လက်ဖက်ရည်ဆိုင်မှထွက်လာပြီး ဆိုင်ကယ်ကိုစက်နှိုးနေရင်း ကိုထွဋ်က ပြောလိုက်သည်။

''အကြားအမြင်ရတယ်လို့ မပြောနိုင်သေးပါဘူးဗျာ၊ ကိုထွဋ်ကလည်း၊ ကျွန်တော် မြင်လာတာတွေ က သူ့အလိုလိုမြင်လာတာတွေ ဗျ''

''ဘာပဲ ဖြစ် ဖြစ် သာမန်လူထက်တော့ မင်းက သာနေပြီလေ''

ကိုထွဋ်က ဆိုင်ကယ်ကိုမောင်းထွက်ခဲ့သည်။ ၂၆ဘလီလမ်းအရောက်တွင် ကျုံးဖက်သို့ချိုးလိုက်သည်။

''ဘာလို့ အဲဒီ လို ဖြစ်တယ်လို့ မင်းထင်သလဲ''

'''မသိဘူးကိုထွဋ်''

''ငါတော့ မင်း မိုးကြိုးစက်ကွင်းမိလိုက်လို့ အဲဒီ လို ဖြစ်သွားတာ ထင်တယ်ကွ''

''အင်း... ဟုတ်ရင်လည်း ဟုတ်မှာ ပေါ့၊ ဒါပေမယ့်ကိုထွဋ်ရာ ကျွန်တော် ဒီလိုမျိုး ရှေ့အ ဖြစ် တွေ ကြိုကြိုမြင်နေရတာ ကြီးကို မကြိုက် ဘူး၊ စိတ်ထဲမှာ တစ်မျိုးကြီးပဲ''

ကျွန်တော် တို့နှစ် ယောက် စကားပြောရင်း ဆိုင်ကယ်ကိုမောင်းလာကြရာ... ၇၈လမ်းမီးပွိုင့်အရောက်တွင် မီးပွိုင့်မှ မီးဝါပြလိုက်၍ ကိုထွဋ်က ဆိုင်ကယ်ကို ရပ်လိုက်သည်။ ကျွန်တော် တို့ရှေ့မှကားအဖြူလေးသည် မီးဝါကိုလွတ်လိုလွတ်ငြား မောင်းထွက်သွားရာ လမ်းအလည် လောက်တွင် ပင် မီးနီသွားလေသည်။

တစ်ဖက်မှ ယာဉ်ကြောပွင့်၍ မောင်းဝင်လာသော ကားတစ်စီးနှင့်တိုက်မိမလို ဖြစ်သွားသည်။ မြင်ကွင်းကိုကြည့်ရင်း အလာတုံးက ကျွန်တော် မြင်ယောင်ခဲ့သော မြင်ကွင်းကို သတိရသွားလေသည်။ မီးပွိုင့်ကလည်း ဤမီးပွိုင့်ပင် ဖြစ် သည်။ ကားကလည်း ပတ်ပလစ်ကာကားအဖြူလေး။

''ကိုထွဋ်၊ အလာတုန်းက ကျွန်တော် မြင်ခဲ့တဲ့ ကားအဖြူလေး မီးပွိုင့်ဖြတ်လို့ အရေး ယူခံရတယ်ဆိုတာလေ၊ အဲဒါပဲ... အဲဒါပဲ၊ ကျွန်တော် မြင်တာသာမှန်ခဲ့ရင် အဲဒီ ကားကို ယာဉ်ထိန်းကတားပြီး အရေး ယူလိမ့်မယ်၊ ကြည့်နေ''

ကျွန်တော့် စကားမဆုံးမီမှာ ပင် တစ်ဖက်လမ်းထိပ်တွင် အသင့်ရှိနေသော ယာဉ်ထိန်းရဲက ဝီစီမှုတ်ကာ ထိုကားလေးကို တားလိုက်လေ သည်။ မီးစိမ်းသွားပြီ။ မီးပွိုင့်မှကျွန်တော် တို့ထွက်လာတော့ တစ်ဖက်လမ်းထိပ်တွင် ယာဉ်ထိမ်းရဲက ပတ်ပလစ်ကာအဖြူလေး၏ ဒရိုင်ဘာဆီမှ ယာဉ်မောင်းလိုင်စင်ကို တောင်းစစ်နေသည်ကိုမြင်လိုက်ရ၏ ။ ကျွန်တော် အလာတုံးက မြင်ခဲ့သည့်မြင်ကွင်းနှင့် တစ်ထပ်တည်း။ သည်တစ်ခါတော့ ကျွန်တော် ကြိုမြင်ထားသော ဖြစ်ရပ်သည် တစ်နာရီကျော်နောက်ကျပြီးမှ ဖြစ်လာခြင်း ဖြစ်ပါသည်။

♥ ♥ ♥


အိမ်ရောက်သည်နှင့် ကိုထွဋ်က ကျွန်တော့် ကို နားပူတော့သည်။

''ဟေ့ကောင်- လင်းထည်ဝါ၊ မင်းအကြားအမြင်ရတယ်ဆိုတာ ငါယုံပြီ၊ အဲဒါ ငါတို့အတွက် ချမ်းသာဖို့အကွက်ပဲကိုလင်း''

''ဟာ... ကိုထွဋ်ကလည်း ကျွန်တော့် ကို အကြားအမြင်ဟောစားခိုင်းမလို့လား၊ မလုပ်ပါနဲ့ဗျာ၊ ရှက်စရာကြီး''

''ဟကောင်ရ- အကြားအမြင်ဟောခိုင်းဖို့မဟုတ်ဘူး၊ အကြားအမြင်ဟောရင် လူတွေ သိကုန်မှာ ပေါ့၊ ခုဟာက မင်းအကြားအမြင်ပေါက် တာကို လူသိမခံပဲ ငါတို့ဟာငါတို့ တိတ်တိတ်ကြိတ်ပြီး စားကွက်ထွင်ရမှာ ''

''ဟင်- ဘာလဲ၊ ကျွန်တော့် ကို သူဋ္ဌေးအိမ်တွေ ထဲကြိုကြည့်ခိုင်း ပြီး လူလစ်ရင်ဝင်ခိုးဖို့လား၊ ဟာ... မလုပ်နဲ့ဗျာ''

''ဟေ့ကောင်... မင်းဘာတွေ လျှောက်ပြောနေတာလဲ၊ ငါပြောတာက ဘောလုံးပွဲကွ၊ ဘောလုံးပွဲ''

''ဗျာ-''

''ဒီည ဘောလုံးပွဲ ဘယ်အသင်းနိုင်မလဲ၊ အဲဒါ မင်းကိုကြိုကြည့်ခိုင်းမလို့''

''ဟင်...''

''ဒီညတွင် မဟုတ်ဘူးကွာ၊ ညတိုင်း... ပွဲစဉ်တိုင်း... ဘယ်အသင်းနိုင်မယ်၊ ဘယ်နှဂိုးနဲ့ဖြတ်မယ်ဆိုတာ မင်းကြိုပြီးကြည့်ပေတော့၊ ဒါဆို ငါတို့ သူဋ္ဌေး ဖြစ်ပြီပေါ့ကိုလင်းရ''

''ဟာဗျာ... အဲဒီ လိုလုပ်လို့ ရမယ်မထင်ပါဘူး''

''ဘာလို့မရရမှာ လဲကွ၊ စမ်းပဲလုပ်ကြည့်ပါဦး''

''ဟဲ့- ဒီညီအစ်ကိုနှစ် ယောက် ဘာတွေ ငြင်းခုန်နေကြတာလဲ၊ ကားလက်မှတ်ရော ဝယ်လို့ရခဲ့လား''

မေမေက ကျွန်တော် တို့နှစ် ယောက် စကားပြောနေသည့်နေရာကိုရောက်လာပြီး မေးလိုက်သည်။

''ဟုတ်ကဲ့၊ ဝယ်လို့ရခဲ့ပါတယ်မေမေ၊ ရွှေဂုံမန္တလာကားလက်မှတ်ဝယ်ခဲ့တယ်၊ ညနေငါးနာရီထွက်မယ့်ကား မေမေ''

ကျွန်တော် က အင်္ကျီအိတ်ကပ်ထဲမှ ကားလက်မှတ်ဖြတ်ပိုင်းကို ထုတ်ကာ မေမေ့ကိုပေးလိုက်၏ ။ မေမေက လှမ်းယူလိုက်သည်။ ကားလက်မှတ်လေး မေမေ့လက်ထဲမရောက်ခင်.... မြင်ကွင်းတစ်ခုကို ကျွန်တော် ဖြတ်ကနဲမြင်လိုက်ရသည်။ အဝေးပြေးကားကြီး၏ ရှေ့တည့်တည့်လမ်းမပေါ်တွင် လဲကျနေသော သစ်ပင်ကြီး။ လမ်းမပေါ်မှာ သစ်ပင်ကြီး လဲကျနေသော ကြောင့်

ကားဆက်သွားလို့ မရပဲ ရပ်ထားရသည့်ပုံ။ ကားဘေးမှ ခရီးသည်များ ။ခရီးသည်များ ၏ စိတ်ပျက်လက်ပျက်အမူအရာများ ။ ထိုခရီးသည်များ ထဲ၌ မေမေလည်းပါနေသည်။ မေမေသည် စိတ်ပျက်ညှိုးငယ်စွာ ဖြင့် ကားအနီးတစ်နေရာ၌ ရပ်နေသည်။

''ဟာ...''

မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်တော့် စိတ်မှာ ထင့်ကနဲ ဖြစ်သွားကာ မေမေ့ကိုလက်မှတ်လှမ်းပေးနေသော လက်ကို ရုပ်လိုက်မိ သည်။ မေမေ ဒီကားနဲ့ခရီးသွားလျှင် လမ်းမှာ ဒီအတိုင်းကြုံရမယ့် နိမိတ်များ လား။

''ဟဲ့- ဘာ ဖြစ်တာလဲ''

မေမေက အယောင်ယောင်အမှားမှား ဖြစ်သွားသော ကျွန်တော့်  လက်ထဲမှလက်မှတ်ကို ဆွဲယူလိုက်သည်။ လက်မှတ်ကလေးကို ဖြန့်ဖတ်သည်။

''ကျွဲဆည်ကန်ကားကြီးကွင်းကို လေးနာရီခွဲအရောက်လာရမယ်တဲ့၊ ကိုထွဋ်ရေ အန်တီ့ကိုလိုက်ပို့ဦးနော်''

''ဟုတ်ကဲ့အန်တီ၊ ဖေဖေ့ကားနဲ့ ကျွန်တော် လိုက်ပို့ပါမယ်''

♥ ♥ ♥


မေမေ ကျွန်တော် တို့ရှေ့ကထွက်သွားတော့.... ကိုထွဋ်က တစ်စခန်းထလာပြန်သည်။

''လုပ်ပါကွကိုလင်းရ၊ ဒီည ဘယ်အသင်းနိုင်မလဲ၊ ငါ့ကိုကြည့် ပေးစမ်းပါ၊ ရော့- ဒီဂျာနယ်ကိုဖတ်၊ အဲဒီ ထဲက ဘောလုံးသမားတွေ ပုံ ကိုကြည့်ပြီး အာရုံယူလိုက်''

''ဇွတ်ကြီးပါလားကိုထွဋ်ရာ၊ ကျွန်တော် တော့ ရမယ်မထင်ဘူး''

''လုပ်ကြည့်စမ်းပါကွ''

''အင်း... လုပ်ကြည့်မယ်ဗျာ၊ ကျွန်တော် မြင်ရတာ က သူ့အလို လိုမြင်လာရတာ ၊ အာရုံယူကြည့်လို့မြင်တာမဟုတ်ဘူး၊ ရတယ်လေ၊ ရလိုရငြားကြည့်ကြည့်တာပေါ့''

ကျွန်တော် က ဧည့်ခန်းစားပွဲတွင် ထိုင်ကာ ကိုထွဋ်ပေးသော ဂျာနယ်ကိုဖတ်၍ အာရုံခံကြည့်သည်။ ကျွန်တော် မျက်စိထဲမှာ ဘာမြင်ကွင်းမှ ပေါ်မလာပါ။ ဂျာနယ်ပေါ်က စာများ ကိုသာ အလိုလိုဖတ်နေမိသည်။ မန်ယူ၊ အာစင်နယ်၊ ချယ်ဆီး၊ ပရီးမီးယားလိဂ်၊ ရော်နယ်ဒို၊ ဘက်ခမ်း၊ ရူနေး...

''ရလား... ကိုလင်း''

ခဏနေတော့.... ကိုထွဋ်ရောက်လာကာ ကျွန်တော့် ကိုမေးသည်။

''မရဘူးဗျ''

''ဟာကွာ- ဘယ်လို ဖြစ်ရတာ လဲ''

''ကျွန်တော် အရင်မြင်ခဲ့တာတွေ က သူ့အလိုလိုမြင်လာတာလို့ ပြောသားပဲ၊ အာ ရုံယူကြည့်လေ ဝေးလေပဲကိုထွဋ်ရာ'' ''ကြိုးစားကြည့်ပါဦးကွာ၊ မင်းက ဧည့်ခန်းကြီးမှာ ထိုင်ကြည့်နေတာကိုး၊ ဘုရားခန်းသွားပြီး မျက်စိမှိတ်ပြီး အာရုံပြုကြည့်ပါလားကွ''

''ဗျာ-''

''လာ- လာ- ဘုရားခန်းသွားရအောင်''

ကိုထွဋ်က ကျွန်တော့် ကိုလက်မောင်းမှဆွဲကာ အပေါ်ထပ်ကို ခေါ်သွားလေသည်။

''ဒုက္ခပါပဲကိုထွဋ်ရာ''

''မင်း ငါ့ကို ဘယ်နှဂိုး ဘယ်နှဂိုးနဲ့ အနိုင်အရှုံးကိုသာပြောပြ၊ နိုင်ရင် မင်းကိုတစ်ဝက်ပေးမယ်''

ကိုထွဋ်က ဘုရားစင်ရှေ့တွင် ကျွန်တော့် ကိုထိုင်ခိုင်းသည်။

''ရော့- စိတ်ပုတီး၊ စိတ်ပုတီးလေးလက်ထဲကကိုင်ပြီး အာရုံနှစ် ကြည့်လိုက်ကွာ၊ မင်းမြင် လာရမှာ ပါ၊ မင်းကိုငါယုံတယ်ကွ၊ မင်းပြောတာ တွေ အမှန် ဖြစ်လာတာချည်းပဲ၊ ကဲ- ကဲ- စိတ်အေးအေးထားပြီး ငါးမိနစ်လောက်အာရုံခံကြည့်ပါညီလေးရာ၊ နိုင်ရင် မင်းကိုတစ်ဝက် လည်းပေးမယ်၊ ဘီယာလည်းတိုက်မယ်ကွာ''

ကိုထွဋ်က ကျွန်တော့် ကိုချော့မော့ပြောကာစိတ်ပုတီးကိုလက်ထဲထည့်ပြီး ဘုရားစင်ရှေ့မှာ အတင်းထိုင်ခိုင်းထားခဲ့သည်။

ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် ပုတီးထိုင်စိတ်နေလိုက်သည်။ မျက်လွှာချရင်း ဂုဏ်တော် ကိုးပါးကိုရွတ်ဆိုကာ ပုတီးစိတ်ေ နလိုက်ပါသည်။ သူ့အလိုလိုမြင် ချင်လည်း မြင်လာပါစေတော့။ သို့သော်.... ကျွန်တော့် အာရုံထဲမှာ ဘောလုံးပွဲနဲ့ပတ်သက်လို့ ဘာတစ်ခုမှထင်ဟပ်မလာပါ။ ကျွန်တော် က ပုတီးကိုဆက်စိတ်နေသည်။

ခဏနေတော့... ကျွန်တော် အိပ်ငိုက်သလို ဖြစ်သွားကာ ကျွန်တော့် ရှေ့တွင် မြင်ကွင်းတစ်ခုပေါ်လာလေသည်။ မြင်ကွင်းက မေမေ့ကို ကားလက်မှတ်လှမ်းပေးလိုက်စဉ်က ဖြတ်ကနဲမြင်လိုက်ရသော မြင်ကွင်းပင် ဖြစ်သည်။ အဝေးပြေးကားကြီး၏ ရှေ့တည့်တည့်လမ်းမပေါ်တွင် လဲကျနေသော သစ်ပင်ကြီး။ လမ်းမပေါ်မှာ သစ်ပင်ကြီး လဲကျနေသော ကြောင့် ကားဆက်သွားလို့ မရပဲ ရပ်ထားရသည့်ပုံ။ ကားဘေးမှ ခရီးသည်များ ။ခရီးသည်များ ၏ စိတ်ပျက်လက်ပျက်အမူအရာများ ။ ထိုခရီးသည်များ ထဲ၌ မေမေလည်းပါနေသည်။ မေမေသည် စိတ်ပျက်ညှိုးငယ်စွာ ဖြင့် ကားအနီးတစ်နေရာ၌ ရပ်နေသည်။

ယခုတစ်ခါမြင်လိုက်ရသည်တွင် ရပ်ထားသော ကားကြီး၏ နဖူးစည်းတွင် ရေး ထားသော ''ရွှေဂုံမန္တလာ ''ဆိုသည့်ကားအမည် ကိုပါ ဖတ် လို့ရလိုက်သည်။ ကားကြီးတစ်စီးလုံး၏ ရုပ်လုံးမှာ မြင်ကွင်းထဲတွင် ထင်းထင်းကြီးပေါ်နေ၏ ။ ကားနံပါတ်က ၈က/၂၃(-)(-)တဲ့၊ လက်မှတ်ဖြတ် ပိုင်းပေါ်မှာ ရေး ပေးလိုက်သည့်ကားနံပါတ်နှင့်တိုက်ကြည့်ရဦးမည် ။ ထို့အပြင်... မြင်ကွင်းကို တစ်ဆင့်ချဲ့ကာ ပတ်ဝန်းကျင်မှ အခြားအရာများ ကိုပါ ကျွန်တော် မြင်လာရပါပြီ။ ကားဘေးတွင် မေမေအပါအဝင် ရပ်နေသော ခရီးသည်များ ။ ထိုကားကြီး၏ နောက်ဖက်တွင် အခြားသော အဝေးပြေးကားများ တန်းစီ ရပ်ထားပုံ၊ ခရီးသည်များ ကားအောက်ဆင်းကာ စိတ်ပျက်လက် ပျက် ဖြစ်နေကြပုံ၊ လမ်းဘေးတွင် လည်း လဲကျနေသော သစ်ပင်အများ အပြား၊ မြင်ကွင်းက မှော င်ရီဝိုးတဝါး ဖြစ်နေသည်။ ကြည့်ရသည်မှာ ... နေဝင်ရီတရော အချိန် (သို့မဟုတ်) နံနက်မိုးသောက်အချိန်လို ... နေရောင် အား နည်းသော အချိန်မျိုး ဖြစ်ပေသည်။

မြင်ကွင်းထဲမှာ မိုးရွာလာသည်။ မိုးကသည်းသည်းမည်းမည်း ရွာချလိုက်ရာ ခရီးသည်အားလုံး သက်ဆိုင်ရာကားများ ပေါ်ပြေးတက်သွား ကြပုံကို မြင်နေရ၏ ။ မိုးမည် မျှသည်းသနည်းဆိုသော် ကျွန်တော် မြင်နေရသော မြင်ကွင်းသည် မိုးရေထဲတွင် အမှော င်နှင့်ရောကာ ပျောက်ကွယ် သွားလေသည်။

မြင်ကွင်းပျောက်ကွယ်အသွားတွင် ကျွန်တော် က သက်ပြင်းကိုချလိုက်သည်။ ဒါ...ဘာနိမိတ်ပါလိမ့်။ ရှေ့ ဖြစ်မည့် နိမိတ်များ လား။ ဒီပုံ အတိုင်းဆို မေမေရန်ကုန်ပြန်လို့ ဖြစ်ပါ့မလား။ ကျွန်တော် က မေမေ့အတွက် စိုးရိမ်သွားမိသည်။ မြင်ကွင်းက... လမ်းခရီးတွင် သေတာ၊ ကြေတာ၊ ဒဏ်ရာရတာ ၊ ကားမှော က်တာမျိုးတွေ မဟုတ်သော်လည်း စိုးရိမ်ဖွယ်အခြေအနေမျိုး ဖြစ်နေသည်။ ကားလမ်းဘေးမှာ သစ်ပင်တွေ လဲနေတာ ဘာကြောင့်လဲ။

နွေအခါကြီးမှာ မိုးက ဘာလို့ဒါလောက်သည်းနေတာလဲ။ ကျွန်တော့် မြင်ကွင်းထဲမှာ မြင်ရတဲ့နေရာဟာ ဘယ်နေရာလဲ။ ကျွန်တော် ပုတီးဆက်စိတ်လို့မရတော့။ ဂုဏ်တော် ကိုးပါးကို နောက်တစ်ကြိမ် အပြီးရွတ်ဆိုလိုက်ကာ ရောက်သည့်နေရာမှာ ပင် ပုတီး စိတ်ခြင်းကိုရပ်နားလိုက်သည်။ ဘုရားကို ဦးချလိုက်သည်။

''ဘုရားတပည့်တော် ရဲ့ မိခင်ကြီး ရန်ကုန်မြို့သို့ပြန်တဲ့လမ်းခရီးမှာ အဆင်ပြေပြေနဲ့ လိုရာခရီးကိုရောက်အောင် ကူညီစောင့်ရှောက် တော် မူပါအရှင်ဘုရား''

ဘုရားထံမှာ ဆုတောင်းလိုက်မိလေသည်။

''ဘယ်လိုလဲကိုလင်း၊ ရလားကွ''

ကျွန်တော် ဘုရားကန်တော့ပြီး ထလိုက်တာကိုမြင်သည်နှင့် ကိုထွဋ်ရောက်လာကာ မေးလိုက်သည်။

''မရပါဘူးကိုထွဋ်ရယ်၊ ဘောလုံးနဲ့ပတ်သက်လို့ ခပ်လုံးလုံးအရာလေးတောင် အရိပ်အယောင်မမြင်ရဘူး''

''ဟာကွာ-''

''ကျွန်တော် အမြင်ပေါက်တာက အာရုံယူကြည့်လို့မြင်ရတဲ့အမြင်မျိုးမဟုတ်ဘူး၊ သူ့အလိုလိုပေါ်ချင်ရာပေါ်လာတာပါလို့ပြောသားပဲ ကိုထွဋ်ရ''

''ဒါဆို မင်းဟာ မမိုက်သေးပါဘူး''

''ကျွန်တော် က ကျင့်ကြံလို့ ဖြစ်လာတာမှမဟုတ်ပဲ ကိုထွဋ် ၊ ကျွန်တော် တော့ မိုးကြိုးစက်ကွင်းမိပြီးနောက်မှ ဖြစ်လာတာ စက်ကွင်းမိလို့ ထင်တာပဲကိုထွဋ်ရာ၊ အခုလည်း ကိုထွဋ်ကြည့်ခိုင်းတဲ့ဘောလုံးပွဲအနိုင်အရှုံးတော့ ကျွန်တော် မမြင်ရဘူး၊ ဒါပေမယ့်... မေမေနဲ့ပတ်သက်တာ တစ်ခုကိုတော့ ထင်ထင်ရှားရှားမြင်နေရပြန်တယ်''

''ဟေ- ဘာလဲကွ''

ကျွန်တော် က ကျွန်တော် မြင်ရသော မြင်ကွင်းကို ပြောပြလိုက်သည်။

''ဟင်- ဒါဆိုအန်တီ့ကို ရန်ကုန်ပြန်လွှတ်လို့ ဖြစ်ပါ့မလား၊ မင်းမြင်ရတာ က လမ်းမှာ ငလျင်လှုပ်လို့ ဖြစ်တာလိုလို၊ မုန်တိုင်းတိုက်လို့ ဖြစ် တာလိုလိုနဲ့''

''မုန်တိုင်း၊ မုန်တိုင်း ဖြစ်နိုင်တာပေါ့ကိုထွဋ် ၊ မန္တလေးမှာ တောင် အချိန်အခါမ ဟုတ်ပဲ မိုးတွေ ရွာနေတာ ကြည့်ပါလား''

ကျွန်တော် က အိမ်အပြင်ဖက်ကို လှမ်းကြည့်ရင်းပြောလိုက်သည်။ အပြင်မှာ မိုးမသည်းသော်လည်း ခပ်ဖွဲဖွဲရွာနေပါသည်။ မိုးနည်းသော မန္တလေးတွင် ဧပြီလကုန် မေလအဆန်း နွေခေါင်ခေါင်ကြီးမှာ ... မိုးရွာနေခြင်း ဖြစ်ပါသည်။ အစကတော့...သင်္ကြန်ကာလတုံးက မရွာရသေးတဲ့ သင်္ကြန်မိုး အခုမှရွာလာသည်ဟု ထင်ခဲ့ကြသေးသည်။ သို့သော်.. လွန်ခဲ့သော တစ်ရက်ကရွာခဲ့သော မိုးကမူ အလွန်ပင် သည်းခဲ့သည်။ မိုးကြိုးပင်ပစ်ခဲ့သေးလို့ ကျွန်တော် တောင်စက်ကွင်းမိခဲ့ သေးတယ်မဟုတ်လား။

''ဒါဆို... အန်တီလင်းကိုသတိပေးရမှာ ပေါ့ကွ''

''မေမေက ကျွန်တော် ပြောတာ ယုံပါ့မလားကိုထွဋ်ရ''

''ဒါတော့... မင်းအတွေ့ အကြုံတွေ ပြောပြရမှာ ပေါ့''

''အင်း... မေမေ့ကိုရန်ကုန်မပြန်သေးဖို့ တားတော့တားရမှာ ပဲ၊ ဒါပေမယ့်... မနက်ဖန်ညနေမှ ပြန်မှာ ပဲကိုထွဋ် ၊ ကျွန်တော် တို့ ခဏ စောင့်ကြည့်ရအောင်ပါ''

''ဘာလို့စောင့်ကြည့်ချင်တာလဲ''

''ဒီလိုလေ... မေမေကျွန်တော့် စကားယုံလောက်တဲ့အ ဖြစ်တစ်ခုခုများ ဖြစ်လာမလားလို့ပေါ့၊ အဲဒါမှ ...မေမေက ကျွန်တော် ရှေ့အ ဖြစ် တွေ ကြိုမြင်နေရတယ်ဆိုတာ ယုံမှာ မဟုတ်လား''

♥ ♥ ♥


ညနေပိုင်းတွင် မေမေက ကျွန်တော့် ကို ဖေဖေ့ဆီဖုန်းဆက်ခိုင်းပါသည်။

''မင်းပြန်လိုက်မလာဘူးဆိုတာကို မင်းအဖေကို မင်းကိုယ်တိုင် ခွင့်တောင်းလိုက်သား၊ ပြန်ခေါ်မလာလို့ မေမေ့ကို အပြစ်ပြော နေဦးမယ်''

ကျွန်တော် က ရန်ကုန်မှ ဖေဖေ့ရုံးဖုံးကိုခေါ်ပြီးဖေဖေ့ကို အကျိုးအကြောင်းပြောပြလိုက်သည်။

''သား ကားမောင်းလည်း သင်ဦးမယ်၊ အမောင်းလိုင်စင်ရအောင် တစ်ခါတည်းလုပ်ခဲ့မယ်ဖေဖေ၊ ရန်ကုန်မှာ ဆိုမလွယ်ဘူး၊ ဒီမှာ က ဆိုင်ကယ်ရော၊ကားရောရှိတော့ လွယ်တယ်လေ၊ သား နောက်လကုန်လောက်မှပြန်ခဲ့မယ်နော်ဖေဖေ၊ အောင်စာရ င်းမထွက်ခင် အမီပြန်ခဲ့ပါမယ် ဖေဖေရာ''

ကျွန်တော် အကျိုးသင့်အကြောင်းသင့်ပြောပြလိုက်၍ ဖေဖေက ခွင့်ပြုလိုက်ပါသည်။

♥ ♥ ♥


( ၉ )

ထိုညက ကျွန်တော် စောစောအိပ်ရာဝင်ခဲ့သည်။ ကိုထွဋ်အပြင်ထွက်လည်သည်ကိုပင် လိုက်မသွားတော့ပါ။ ကျွန်တော့် စိတ်ထဲမှာ မတင်မကျ ဖြစ်နေသည်။ နေ့လည်က မေမေ့ကို ကားလမ်းမပေါ်မှာ အခက် အခဲကြုံလျှက်တွေ့ လိုက်ရသော မြင်ကွင်းကြောင့် စိတ်မှာ စနိုးစနောင့် ဖြစ်နေရခြင်း ဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ရှေ့ပိုင်းအတွေ့ အကြုံများ အရဆိုလျှင် သည်တစ်ခါမြင်ရသည့်မြင်ကွင်းသည်လည်း တကယ် ဖြစ်လာမည့် အ ဖြစ်တစ်ခုဆိုတာ သိသာ ထင်ရှားနေပါသည်။ အန္တရာယ်ကြုံမည် ဆိုတာ ကြိုသိပါလျှက် မေမေ့ကို တစ်ယောက် တည်းရန်ကုန်ပြန်လွှတ်လိုက်လို့သင့်ပါ့မလား။

ကျွန်တော် လိုက်ပါသွားရင်ကော ထိုအန္တရာယ်ကို တားဆီးနိုင်ပါ့မလား။ မည် သို့မှတားဆီးနိုင်မည် မဟုတ်ပါ။ မြင်ကွင်းအရဆိုလျှင် ဖြစ်လာမည့်  အ ဖြစ်မှာ ရာသီဥတုဖောက်ပြန်မှုတစ်ခုခုကြောင့်ကြုံရမည့် အ ဖြစ်မျိုး ဖြစ်နေသည်။ မေမေ့ကို ရန်ကုန်မပြန်ပဲ သုံးလေးရက်ဆိုင်းနေဖို့ပြောလျှင်ကော မေမေ က လက်ခံပါ့မလား။ ကျွန်တော် ပြောသည့်စကားများ ကို မေမေ ယုံမည် မဟုတ်ပေ။ ဒီတစ်ခါတော့ ကျွန်တော် မြင်ခဲ့ရတဲ့မြင်ကွင်းဟာ ရှေးပြေးနိမိတ်မဟုတ်ပါစေနဲ့ ။ ကျွန်တော် က အိပ်ရာပေါ်မှလူးလိမ့်ရင်း အမျိုးမျိုးတွေးနေစဉ် ခြင်ထောင်အမိုးထက်၌ နေ့လည်ကမြင်ကွင်းက ထပ်ပေါ်လာပြန်သည်။ အဝေးပြေးကားကြီး၏ ရှေ့တည့်တည့်လမ်းမပေါ်တွင် လဲကျနေသော သစ်ပင်ကြီး။ မေမေသည် စိတ်ပျက် ညှိုးငယ်စွာ ဖြင့် ကားအနီး တစ်နေရာ၌ ရပ်နေသည်။

ထိုကားကြီး၏ နောက်ဖက်တွင် အခြားသော အဝေးပြေးကားများ တန်းစီရပ်ထားပုံ၊ ခရီးသည်များ ကားအောက်ဆင်းကာ စိတ်ပျက် လက်ပျက် ဖြစ်နေကြပုံ၊ လမ်းဘေးတွင် လဲကျနေသော သစ်ပင်များ ။ မြင်ကွင်းက မှော င်ရီဝိုးတဝါး ဖြစ်နေသည်။ ကြည့် ရသည်မှာ ... နေဝင်ရီတရောအချိန်(သို့မဟုတ်) နံနက် မိုးသောက်အချိန်လို ... နေရောင် အားနည်းသော အချိန်မျိုး ဖြစ်ပေသည်။မြင်ကွင်းထဲမှာ မိုးရွာလာသည်။ ကျွန်တော် မြင် နေရသော မြင်ကွင်းသည် မိုးရေထဲတွင် အမှော င်နှင့် ရောကာ ပျောက်ကွယ်သွား လေသည်။ ကျွန်တော် ကြောက်လန့်တကြားထထိုင်လိုက်မိ၏ ။

မြင်ကွင်းက... နေ့လည်ကမြင်ထားသည်နှင့် တစ်ထပ်တည်း။ ဘေးနားမှာ ပါနေသော လူတွေ ပင် အတူတူ ဖြစ်နေသည်။ မြင်ကွင်းထဲတွင် ပါသည့် ကျွန်တော် တစ်ခါမှမမြင်ဖူးသော သူစိမ်းများ ကိုပင် ကျွန်တော် မှတ်မိနေပါပြီ။ သည်ပုံအတိုင်းဆိုလျှင်တော့... မေမေ့ကို တားကိုတားရပေတော့မည် ။ မေမေအပါအဝင် ဘဘနှင့်ကြီးကြီးပါယုံကြည်အောင် ရှေ့ပိုင်းအတွေ့ အကြုံတွေ ကိုပါပြောပြပြီး တားမှ ဖြစ်ပါတော့မည် ။

♥ ♥ ♥


ကျွန်တော် အိပ်ပျော်သွားသည်။ ထို့နောက်... အိပ်မက်မက်ပါသည်။ အိပ်မက်က စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပေသည်။ ကြောက်စရာကောင်းသော အိပ်မက်တစ်ခုလည်း ဖြစ်ပါ၏ ။ အိပ်မက်ထဲတွင် လေများ ပြင်းထန်စွာ တိုက်နေသည်။ လေတိုက်သံများ က ... တဝေါဝေါဖြင့် နားအူ အောင်မြည် ဟိန်းနေသည်။ မိုးစက်မိုးပေါက်များ က မြေပေါ်သို့ အလုံးအရင်းဖြင့် ကျ ဆင်းနေ၏ ။

ကျွန်တော် ရှေ့မှမြင်ကွင်းထဲတွင် ... သစ်ပင်ကြီးများ ယိမ်းနွဲ့လှုပ်ရှားနေသည်။ မိုးကောင်းကင်တစ်ခုလုံး မည်းနက်မှော င်ပိန်းနေသည်။ ကျွန်တော့်ရှေ့မှသစ်ပင်များ တဝုန်းဝုန်း လဲပြိုသွားကြသည်။သစ်ရွက်သစ်ကိုင်းများ လေထဲတွင် မျောပါသွားကြသည်။ ကျွန်တော် သည် ... ရန်ကုန်မြို့မှ ကျွန်တော် တို့ တိုက်ခန်းရှိရာ လမ်းမပေါ်သို့ ရောက်နေခြင်း ဖြစ်သည်။ အိမ်အမိုးသွပ်ပြားများ သည် လေထဲတွင် ဝဲကာ ပါလာသည်။

လမ်းဘေးမှ ကြော်ငြာဆိုင်းဘုတ်ကြီးများ မြေပေါ်သို့ဗုန်းဗုန်းလဲကျသွားသည်။ လူအများ ၏ အော်သံဟစ်သံ ငိုယိုသံများ က လေတိုက်ခတ်သံကြားမှပျံ့လွင့်လာသည်။ ရေထုကြီးတစ်ခုသည် ကျွန်တော့် ခြေထောက် အောက်မှ တက်လာခဲ့ရာ ... ဒူးဆစ်ကျော်သည်ထိ နစ်မြုပ်သွားလေသည်။ လေပြင်းကြောင့် ကျွန်တော် သည် ရပ်လို့မရပဲ ယိမ်းယိုင်လှုပ်ရှားနေသည်။ လေပြင်းတစ်ချက်ရိုက်ခတ်လိုက်ရာ ကျွန်တော် ကိုယ်တိုင် လမ်းပေါ်သို့လဲကျသွားလေတော့သည်။ ကျွန်တော် က ကြောက်လန့်တကြားဖြင့် လဲရာမှ ကျုံး၍ ထလိုက်သည်။ ကျွန်တော် သည် အိပ်မက်မှလန့်နိုးသွားကာ အိပ်ရာပေါ်တွင် ထထိုင်မိရက်သား ဖြစ်နေတော့သည်။

တကယ်တော့... ကျွန်တော် အိပ်မက်မက်နေခြင်းမဟုတ်ပါ။ ကျွန်တော် အိပ်လို့လည်း မပျော်သေးပါ။ အိပ်ပျော်တော့မလို မှေးကနဲ ဖြစ်သွားရာမှ ထိုမြင်ကွင်းများ ကို ခြင်ထောင်အမိုးပေါ်တွင် မြင်နေရခြင်းသာ ဖြစ်ပါသည်။

ခြင်ထောင်အမိုးက ရုပ်ရှင်ပိတ်ကားသဖွယ် ဖြစ်ကာ မြင်ကွင်းများ ကို ထင်ထင်ရှားရှားမြင်လိုက်ရခြင်းပင် ဖြစ်ပါသည်။ မြင်ကွင်းက မုန်တိုင်းတစ်ခုတိုက်ခတ်သော မြင်ကွင်း ဖြစ်ကြောင်း ယုံမှားစရာမရှိပါ။ မုန်တိုင်း။ မြင်ကွင်းထဲကအတိုင်းဆိုလျှင် ရန်ကုန်မြို့မှ ကျွန်တော် တို့နေအိမ်ပ တ်ဝန်းကျင်မှာ တိုက်ခတ်သည့်မုန်တိုင်း။ ဒါဟာလည်း... မကြာခင် ဖြစ်လာမည့်  ဖြစ်ရပ်ရဲ့ ရှေ့ပြေးနိမိတ်ပဲလား။ ကျွန်တော် မြင်ယောင်မိသမျှမြင်ကွင်းများ ထဲတွင် ကြောက်စရာ အကောင်းဆုံးမြင်ကွင်းတစ်ခု ဖြစ်ပါတော့သည်။ ဘုရားသိကြားမလို့ ဒါတွေ တကယ် ဖြစ်မလာပါစေနဲ့။

♥ ♥ ♥


( ၁ဝ )

မနက်မိုးလင်းတော့... ကျွန်တော် မြင်ရသည့်နိမိတ်ဆိုးများ ကို ပြောပြရန် ဆုံးဖြတ်လိုက်ပါသည်။ ကျွန်တော် အိပ်ရာကနိုးတော့ အတော် နေမြင့်နေပြီ။ အခန်းထဲကထွက်ခဲ့တော့... ဘဘပင် အလုပ်သွားရန် အောက်ထပ်သို့ဆင်းလာနေပြီ။

''ဘဘ၊ ခဏနေလို့ရရင် နေပါဦး၊ သားပြောစရာရှိလို့''

ကျွန်တော် က မီးဖိုခန်းထဲတွင် ချက်ပြုတ်နေသော မေမေနှင့်ကြီးကြီးကိုပါခေါ်လိုက်သည်။

''အခု သားပြောမယ့်စကားတွေ ဟာ ထူးဆန်းလွန်းလို့ ဘဘတို့ ယုံကြမှာ မဟုတ်ဘူး''

ကျွန်တော် က စကားပလင်ခံလိုက်သည်။

''ဒါပေမယ့်... တချို့အ ဖြစ်တွေ အတွက် ကိုထွဋ်က သက်သေခံပါလိမ့်မယ်''

''ကြီးကြီးကျယ်ကျယ် လင်းထည်ဝါရယ်၊ နင်က ငါတို့ကို ဘာများ ပြောမလို့ ဒါလောက် ကွေ့ဝိုက်နေရတာ လဲ''

မေမေက ကျွန်တော် စကားရှည်နေသည်ကိုသည်းမခံနိုင်ပဲ ပြောလိုက်သည်။

''မေမေတို့မယုံမှာ စိုးလို့ သားက နိဒါန်းပျိုးနေတာပါ၊ ဒီလို ပါမေမေ၊ သား... သား... အကြားအမြင်ရနေတယ်''

''ဘာ-''

''ဟေ-''

''ကဲ- မေမေတို့ ဘဘတို့ လက်မခံနိုင်ကြဘူးမဟုတ်လား၊ သားပြောပြမယ်နော်၊ သား စက်ကွင်းမိလို့ဆေးရုံရောက်ပြီးနောက်ပိုင်းသတိပြန်ရလာတော့...''

ကျွန်တော် က ရှေ့အ ဖြစ်များ ကို ကြိုကြိုမြင်နေရသည့် ကျွန်တော့် အကြောင်းကို အစဉ်အတိုင်း ပြောပြလိုက်သည်။ ဆေးရုံမှာ တကယ်သတိမရခင် ကြိုမြင်ရပုံ...ကိုရဲနိုင်ဖိတ်စာလာမပေးခင် ကြိုသိနေပုံ...မအေးလိမ့်ကျမှာ ကို ကြိုမြင်ရပုံ...

''အဲဒါတွေ က သား တစ်ယောက် တည်း ကြုံရတာ တွေ မို့လို့ သက်သေပြလို့မရသေးပါဘူး၊ မနေ့က... မေမေ့အတွက် လက်မှတ်သွား ဝယ်တော့...'

လက်ဖက်ရည်ဆိုင်မှာ ကိုဘိုဖြူလာမှာ ကို ကြိုသိနေပုံ... အသွားလမ်းတွင် တွေ့ ခဲ့သည့် မီးပွိုင့်ဖြတ်မောင်းသော ကားလေး အရေး ယူခံရပုံအား အပြန်လမ်းမှာ တကယ်မြင်ရပုံ...

''အဲဒါတွေ ကတော့ ဘေးမှာ ကိုထွဋ် တစ်ယောက် လုံးပါတယ်၊ မယုံရင် ကိုထွဋ်ကို ခေါ်မေးကြည့်ပါမေမေ''

''နင့်ဟာက အဆန်းပါလား လင်းထည်ဝါ၊ ငါနင့်ကို ထားခဲ့ရမှာ တောင် စိတ်မချတော့ဘူး၊ နင့်ဟာ ဟုတ်ရောဟုတ်ရဲ့ လားဟယ်၊ ငါ့ကိုတော့ စိတ်မဖြောင့်အောင် လုပ်မနေနဲ့နော်''

''မေမေကလည်းဗျာ၊ အကြောင်းမဟုတ်ပဲနဲ့ သားက ဒါတွေ ဘာလို့ပြောနေမှာ လဲ၊ မေမေက သားကိုထားခဲ့ရမှာ စိတ်မချသလို၊ သားက လည်း မေမေ တစ်ယောက် တည်းရန်ကုန်ပြန်သွားရင် လမ်းမှာ ကြုံရမယ့်ဒုက္ခတွေ ကြိုမြင်ထားလို့ တားမလို့မေမေ''

''ဘာ-''

''ဟုတ်တယ်မေမေ၊ မေမေရန်ကုန်ပြန်ရင် လမ်းမှာ ဒုက္ခ ဖြစ်လိမ့်မယ်၊ စိတ်ညစ်ရလိမ့်မယ်၊ ပြီးတော့ ... ရန်ကုန်မှာ လည်း''

''ရန်ကုန်မှာ ဘာ ဖြစ်လဲ''

''ရန်ကုန်မှာ လည်း မုန်တိုင်းတစ်ခုတိုက်လိမ့်မယ်မေမေ''

''လင်းထည်ဝါ''

''သားပြောတာယုံပါမေမေ၊ သားမနေ့ကတစ်နေ့တည်းမှာ မြင်ကွင်းနှစ် ခုမြင်ရတယ်၊ အဲဒါတွေ က...''

ကားလမ်းမပေါ်မှာ မေမေဒုက္ခရောက်နေသည့်မြင်ကွင်း...

''-----------------------------------------------''

...နှင့် မုန်တိုင်းကျသော မြင်ကွင်း...

''----------------------------------------------------''

...များ ကို ကျွန်တော် ပြောပြလိုက်သည်။

''အဲဒီ တော့ မေမေမပြန်ပါနဲ့ဦးမေမေ''

''ဟင်- နင့်ဟာက ယုံရအခက် မယုံရအခက်ပဲ၊ ကိုကို၊ လုပ်ပါဦး၊ လင်းထည်ဝါပြောတာတွေ တကယ် ဖြစ်နိုင်သလားဟင်'' မေမေက ဘဘကို စစ်ကူတောင်းလိုက်သည်။ ဘဘက မျက်မှော င်ကြီးကြုတ်ကာ စဉ်းစားနေ၏ ။

''လင်းထည်ဝါက အကိုးအကားနဲ့ပြောတော့လည်း ခက်သားလား၊ မယုံလို့ ညီမလေးပြန်သွားရင်လည်း သူပြောသလို လမ်းမှာ ဒုက္ခရောက်နေရင် မခက်ပါလားအေ''

ကြီးကြီးက ဝင်ပြောလိုက်ခြင်း ဖြစ်ပါသည်။

ထိုစဉ်... အိမ်ရှေ့တံခါးပေါက်မှ ဝင်လာသော လူရိပ်တစ်ခုကြောင့် ကျွန်တော် က လှည့်ကြည့်လိုက်သည်။ မေမေ၊ ဘဘနှင့်ကြီးကြီးကလည်း ကျွန်တော် ကြည့်သည့်ဖက်ကို လှည့်ကြည့်လိုက်ကြသည်။ အိမ်အဝတွင် ရပ်နေသော အိန္ဒိယအမျိုးသား တစ်ယောက် ။ သူသည် အပေါ်အောက်အဖြူရောင် ဝတ်စုံဝတ်ထားသော ပုဏ္ဏား တစ်ယောက် ဖြစ်ပါသည်။ ချည်လွယ်အိတ်ကြီးကြီးတစ်ခုကို လွယ်ထားသည်။ ဖော့လုံးတစ်ခုကို ခေါင်း၌ စွပ်ထားသည်။ နဖူးမှာ ဆေးနီတို့ထား၏ ။ ပုဏ္ဏားက ကိုယ်ကိုကိုင်းညွှတ်ရင်းပြောလိုက်သည်။

''ဗေဒင်မေးမလားခင်ဗျာ၊ အတပ်ဟော ပုဏ္ဏားဗေဒင် သိပ်မှန်တယ်ခင်ဗျ၊ တစ်ယောက် အတွက် သုံးရာပဲကျပါတယ်၊ အတပ်ဟော ပုဏ္ဏားဗေဒင်ပါ''

''မကြည့်သေးပါဘူးဗျာ''

ကျွန်တော် က လှမ်းပြောလိုက်ရာ ပုဏ္ဏားက ဆလံပေးရင်း ပြန်ထွက်သွားလေသည်။

''မအေးကလည်း အိမ်ရှေ့တံခါးကို ပိတ်မထားပဲကိုး''

''ဟဲ့- လင်းထည်ဝါ၊ နင်ဘာတွေ ပြောနေတာလဲ၊ ခုနက ဘယ်သူ့ကို ဘာပြောလိုက်တာလဲ''

''ဗျာ-''

မေမေမေးလိုက်၍ ကျွန်တော် ကြောင်သွားသည်။

''ပုဏ္ဏားက ဗေဒင်မေးမလားလို့လာမေးလို့ မမေးသေးဘူးလို့ သားပြောလိုက်တာလေ၊ ဘာ ဖြစ်လို့လဲ၊ မေမေမေးချင်လို့လား၊ ပြန်ခေါ်လိုက်ရမလား''

''လင်းထည်ဝါ၊ ဘယ်ပုဏ္ဏားမှ အိမ်ကိုမလာဘူးကွ၊ ငါတို့လည်း မင်း တံခါးဝကိုလှည့်ကြည့်လို့ ကြည့်လိုက်တာ၊ ပုဏ္ဏားမပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် အပေါက်ဝမှာ မရှိဘူး၊ မင်းဟာမင်း တစ်ယောက် တည်း စကားပြောနေတာပဲ ငါတို့မြင်တယ်''

''ဗျာ- ဗျာ- ဒါဆိုရင်... ဒါဆိုရင်... ကျွန်တော် ကြိုမြင်ရပြန်ပြီပေါ့၊ ဘဘတို့ ပုဏ္ဏားကို မမြင်ရတာ သေချာတယ်နော်''

''သြော်ကွာ... မင်းကလည်း''

''ဒါဖြင့်... မကြာခင် ပုဏ္ဏား တစ်ယောက် ရောက်လာလိမ့်မယ်၊ ဗေဒင်မေးမလားလို့မေးလိမ့်မယ်၊ ပုဏ္ဏားအတပ်ဟောဗေဒင်၊ လူ တစ်ယောက် ကို သုံးရာကျမယ်လို့ ပြောလိမ့်မယ် ဘဘ၊ စောင့်ကြည့်နေပါ''

ကျွန်တော် တို့ ပြောဆိုနေကြစဉ် ကိုထွဋ် အခန်းထဲမှထွက်လာသည်။

''ဘာတွေ ဖြစ်နေကြတာလဲ''

''ကိုထွဋ်၊ ကျွန်တော် မ ဖြစ်သေးတာတွေ ကြိုမြင်နေရပြန်ပြီဗျာ၊ ပုဏ္ဏား တစ်ယောက် ရောက်လာပြီး ဗေဒင်မေးမလားလို့ မေးတယ်၊ အဲဒါကို ဘဘတို့ ကြီးကြီးတို့ မမြင်ရဘူး၊ ကျွန်တော် တစ်ယောက် ပဲ မြင်ရတာ ဗျ''

''ဟုတ်တယ်ဖေဖေ၊ ကိုလင်း အကြားအမြင်ပေါက်နေတာတော့ တကယ်ပဲ၊ ကျွန်တော် လည်း သူပြောတုံးက မယုံဘူး၊ မနေ့က လက်ဖက်ရည်ဆိုင်မှာ ....''

ကိုထွဋ်က သူ့အတွေ့ အကြုံကို ပြောပြဖို့ ပြင်နေစဉ်မှာ ပင်... အိမ်ရှေ့တံခါးဝတွင် လူရိပ်တစ်ခု ထိုးကျလာသည်။ အားလုံးပင်လှည့်ကြည့်လိုက်ကြ၏ ။

အိမ်အဝတွင် ရပ်နေသော အိန္ဒိယအမျိုးသား တစ်ယောက် ။ သူသည် အပေါ်အောက်အဖြူရောင် ဝတ်စုံဝတ်ထားသော ပုဏ္ဏား တစ်ယောက် ဖြစ်ပါသည်။ ချည်လွယ်အိတ်ကြီးကြီးတစ်ခုကို လွယ်ထားသည်။ ဖော့လုံးတစ်ခုကို ခေါင်း၌ စွပ်ထားသည်။ နဖူးမှာ ဆေးနီတို့ထား၏ ။ ကျွန်တော် မကြာခင်အချိန်လေးကမြင်ထားရသော ပုဏ္ဏားပင် ဖြစ်ပါသည်။ ပုဏ္ဏားက ကိုယ်ကိုကိုင်းညွှတ်ရင်းပြောလိုက်သည်။

''ဗေဒင်မေးမလားခင်ဗျာ၊ အတပ်ဟော ပုဏ္ဏားဗေဒင် သိပ်မှန်တယ်ခင်ဗျ၊ တစ်ယောက် အတွက် သုံးရာပဲကျပါတယ်၊ အတပ်ဟော ပုဏ္ဏားဗေဒင်ပါ''

ဧည့်ခန်းတွင် ရှိနေသော လူလေးယောက် သည် တစ်ယောက် မျက်နှာ တစ်ယောက် တစ်လှည့်စီကြည့်လိုက်ကြ၏ ။ ဘယ်သူကမှပြန်မဖြေသော ကြောင့် ပုဏ္ဏားက နောက်တစ်ခေါက် ထပ်ပြောလိုက်ပြန်သည်။

''ဗေဒင်မေးမလားခင်ဗျာ၊ အတပ်ဟော ပုဏ္ဏားဗေဒင် သိပ်မှန်တယ်ခင်ဗျ၊ တစ်ယောက် အတွက် သုံးရာပဲကျပါတယ်၊ အတပ်ဟော ပုဏ္ဏားဗေဒင်ပါ''

''မမေးသေးပါဘူးရှင်၊ သွားပါဦးတော့''

ကြီးကြီးက ပြောလိုက်ခြင်း ဖြစ်ပါသည်။ ပုဏ္ဏားက ဆလံပေးပြီး အိမ်အဝမှ လှည့်ထွက်သွားလေသည်။

''ကဲ- ပုဏ္ဏားနဲ့ကျွန်တော် ညှိပြီးဇာတ်တိုက်ထားတာမဟုတ်ဘူးဆိုတာတော့... ဘဘတို့ မေမေတို့ ယုံပါတယ်နော်''

♥ ♥ ♥


( ၁၁ )

မေမေက ရန်ကုန်ပြန်မည့်  အစီအစဉ်ကို ဖျက်လိုက်ပါသည်။ ကြိုတင်စီစဉ်ထားပြီးမှ မပြန် ဖြစ်သည့်အတွက် ဖေဖေ့ကို ဖုန်းဆက်အကြောင်းကြားရပြန်ပါသည်။

''နင့်အဖေကို နင်အကျိုးအကြောင်းပြောပြဦးလေ''

''မပြောတော့ဘူးမေမေ၊ သားပြောရင် ဖေဖေယုံမှာ မဟုတ်သေးဘူး၊ မေမေ့ဟာမေမေ ပြောလိုက်ပါ'' မေမေက ဖေဖေ့ကို ကျွန်တော့် အကြောင်းများ အား ဖုန်းထဲမှ ပြောပြနေသည်။

''အဲဒါပဲကိုရေ... ကို့သားကြောင့်... လင်း လက်မှတ်ဝယ်ပြီးမှ မပြန် ဖြစ်တော့တာ၊ သူပြောသလို တကယ် ဖြစ်လာ,မလာတော့ စောင့် နားထောင်ကြည့်ရမှာ ပဲ''

''သားပြောသလို တကယ် ဖြစ်မလာဘူးဆိုရင် မေမေရန်ကုန်အပြန်မှာ သားပြန်လိုက်ခဲ့ပါမယ်မေမေ၊ သားမန္တလေးမှာ မနေခဲ့တော့ ပါဘူး''

ကျွန်တော် က ရဲရဲဝံ့ဝံ့ပင် စိန်ခေါ်လိုက်လေသည်။

♥ ♥ ♥


( ၁၂ )

ထိုနေ့က တစ်နေ့လုံး ကျွန်တော့် စိတ်တွေ ဂနာမငြိမ် ဖြစ်နေသည်။ ကျွန်တော် တစ်ယောက် တည်းတောင် မဟုတ်ပါ။ မေမေရော၊ ကြီးကြီးရော စိတ်လှုပ်ရှားနေကြတာသိသာသည်။

သူတို့သည် ကျွန်တော် ပြောသည့်စကားများ ကို ယုံရခက်၊ မယုံရခက် ဖြစ်နေကြပုံပေါ် သည်။ ပုဏ္ဏားရောက်လာသည့်အ ဖြစ်ကြောင့် သာ ယုံလိုက်ကြခြင်း ဖြစ်သည်။

မုန်တိုင်းကျမယ်၊ ကားလမ်းမှာ အနှောက်အယှက်တွေ့ မယ်ဆိုတာတွေ ကတော့ အများ ပြည်သူနှင့်ပါသက်ဆိုင်နေသည့်ကိစ္စမို့ မယုံမရဲ ဖြစ်နေကြပုံပေါ်သည်။

ထိုအတွက် ကျွန်တော် ကိုယ်တိုင်လည်း စိတ်မှာ မတင်မကျ ဖြစ်နေရပါသည်။ တကယ်သာ ကျွန်တော် မြင်ခဲ့တဲ့မြင်ကွင်းများ အတိုင်း ဖြစ်မလာခဲ့ရင် ဘဲ့နဲ့လုပ်မလဲ။ ရှေ့မှာ ကြုံခဲ့သည့် တကယ့်အ ဖြစ်ဆန်းများ ကိုပင် ယုံကြတော့မည် မဟုတ်ပေ။ ကျွန်တော့် ပြောစကားမှန်စေချင်၍ မုန်တိုင်းကြီးတကယ်တိုက်ပါစေလို့လည်း ဆုတောင်း ကောင်းသော အရာမဟုတ်ပါ။ ကျွန်တော့် မှာ နိမိတ်ထင်လာသော မုန်တိုင်းကြီး အမှန်တကယ် ဖြစ်မလာစေနဲ့လို့သာ ဆုတောင်းသင့်တယ်မဟုတ်ပါလား။ မည် သို့ပင်ဆိုစေ... သဘာဝ တရားအတိုင်း ရာသီဥတုဖောက်ပြန်လို့ မုန်တိုင်းကျလာမည် ဆိုလျှင်တော့ မည် သူကမှ တားဆီးနိုင်မည် မဟုတ်ပါ။

မေလ၂-ရက်နေ့ ဖြစ်သော ထိုနေ့သည် ကုန်ခဲလှလေစွ။ မေမေက ရန်ကုန်ပြန်ရန်ထုတ်ပိုးထားသော ပစ္စည်းများ ကို အထုတ်ထဲမှပြန်ထုတ်နေသည်။ လက်ဆောင်မုန့်များ ကို ရေခဲသေတ္တာထဲ ထည့်နေသည်။ နှုတ်မှလည်း တတွတ်တွတ်ဖြင့် ဘုရားစာများ ရွတ်ဆိုနေလေ၏ ။

♥ ♥ ♥


သည်လိုနှင့်....ညပိုင်းကိုရောက်လာခဲ့သည်။ မေမေလိုက်ပါရန်စီစဉ်ထားသော အဝေးပြေးကားကြီးလည်း သူ့ပုံမှန်အချိန်အတိုင်း မန္တလေးမြို့မှထွက်ခွာ သွားလောက်ပါပြီ။ မေမေက တော့ ဝယ်ထားသော လက်မှတ်အဆုံးခံ၍ မန္တလေးမှာ ကျန်နေရစ်ခဲ့သည်။ မေမေနေရစ်ခဲ့ခြင်းသည် အဓိပ္ပါယ်ရှိသော လုပ်ရပ်မှ ဖြစ်လာပါ့မည် လား။ ညပိုင်းတွင် ... မေမေက ရန်ကုန်အိမ်ကိုဖုန်းခေါ်ကြည့်၏ ။ တယ်လီဖုန်းလိုင်းမဝင်ပါ။

သေချာအောင် ရန်ကုန်မှ အခြားအသိမိတ်ဆွေများ ၏ ဖုန်းများ ကို တစ်လုံးပြီးတစ်လုံးခေါ်ကြည့်သည်။ ဘယ်ကိုမျှခေါ်လို့မရပါ။ ရန်ကုန်မှာ ဘာတွေ ဖြစ်နေပြီလဲ။ ကျွန်တော် မြင်ခဲ့ရသလိုများ မုန်တိုင်းတိုက်နေပြီလား။ ဖွ-လွဲပါစေ၊ ဖယ်ပါစေ။

ဖုန်းခေါ်မရ၍ မေမေသည် ဘုရားစင်ရှေ့ရောက်သွားကာ ဘုရားရှိခိုးနေတော့သည်။ ညကိုးနာရီလောက်တွင် တီဗီလိုင်းများ ပြတ်တောက်သွားသည်။

ရာသီဥတုကတော့ မန္တလေးတွင် ထိုညက သာသာယာယာရှိ နေခဲ့ပါသည်။ လွန်ခဲ့သော နှစ် ရက်သုံးရက်က ရွာခဲ့သော မိုးသည် ပြန်၍ ပါးသွားပြန်သည်။

တကယ်တော့ ကျွန်တော် တို့အိမ်က မိသားစုလေးယောက် သာလျှင်... ကျွန်တော် မြင်ထားသည့်မြင်ကွင်းကြောင့် စိုးရိမ်သော ကရောက် ကာ စိတ်လှုပ်ရှားနေမိကြခြင်း ဖြစ်ပါသည်။ မန္တလေးတစ်မြို့လုံးကတော့ ရာသီဥတုသာမန်အတိုင်းရှိနေသည့်အတွက် မုန်တိုင်းဆိုသည့်စကားလုံးကို ထိုအချိန်တုံးက ယောင်လို့ပင် မတွေးမိခဲ့ကြပါချေ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ စက်ကွင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နေလရတနာသိုက်

တိတ်တိတ်ပုန်း လရောင်

ဒေါက်တာစိုးထိုက်နှင့် ထူးဆန်းသောဟင်းတစ်ခွက်