
အခန်း (၁)
အထက်အညာ မြို့ကြီးတစ်မြို့တွင် မျက်စိ ရောဂါ ကုသရာ၌ လွန်စွာ အစွမ်း ထက် မြက်သော မြန်မာဆေးဆရာကြီတစ်ဦး ရှိခဲ့ လေသည်။ ထိုဆရာကြီးသည် မျက်စိကွယ်နေ သော လူနာကိုပင် ပျောက်ကင်းအောင် ကုသ နိုင်သည်ဟု နာမည် ကျော်ကြားလှပေ၏ ။
သူ၏ ကုသပုံမှာ လူနာအား ကျောက်ပျဉ်တွင် သွေးထား သော အဖြူရောင် အနှစ် ရှိသည့် အရည်ပျစ်ပျစ်တချို့ကို မျက်စိပတ် ပတ်လည်တွင် ကွင်း၍ လိမ်းပေးခြင်း ဖြစ်သည်။ မည် သည့် မျက်စိ ဝေဒနာမဆို၎င်း ကုထုံးတစ်မျိုးတည်းနှင့် ပင် ကုသလေသည်။
လာရောက်ကုသသော လူနာများ ၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ လည်း ပျောက်ကင်းသွားကြသည်ချည်း ဖြစ်သည်။ ဆယ်ယောက် တွင် ရှစ်ယောက် ရောဂါ ပျောက်၍ လူနာနှစ် ယောက် လောက်မှာ မူ မပျောက် ဘဲ ကျန်ရှိနေတတ်လေသည်။ဆရာကြီး၏ အမည် မှာ 'စက္ခုဘုရင် ဆရာဖေခင်'ဟု တွင် လေသည်။
ဆရာဖေခင်က သူသည် သူ၏ ဘိုးဘေးဘီဘင်လက်ထက် မှ အစဉ်အဆက် အသုံးပြုခဲ့သော ကုထုံး တစ်မျိုးတည်းဖြင့် ကုသ နေခြင်းသာ ဖြစ်ကြောင်း ရှင်းပြလေ့ရှိသည်။ ဆရာဖေခင်၏ လွန်ခဲ့ သော ငါးဆက်မြောက် အဘိုးမှစ၍ ဆရာဖေခင်အထိ ဤ နည်းလမ်း တစ်မျိုးတည်းဖြင့် ပင် ဤဆေးကို အသုံးပြု၍ ကုခဲ့သည်ဟု ဆိုသည်။
ဆရာဖေခင် ကျောက်ပျဉ်တွင် သွေး၍ လူနာများ ကို လိမ်း ပေးနေသော ဆေးအမည် ကို ဆရာဖေခင်၏ အထက် ငါးဆက်မြောက် ဘိုးအေကြီးမှ စ၍ လက်ဆင့်ကမ်းပေးခဲ့ခြင်း ဖြစ်သည်။လူနာများ ကို လိမ်းပေးသော ဆေးအမည် မှာ အခြားမဟုတ်။ နဂါးတစ်ကောင်၏ အရိုးဟု ဆရာဖေခင်က ဆိုလေသည်။
ဆရာဖေခင်က သူသည် ဆေးကုနည်းများ ကို တတ်ကျွမ်း နားလည်ခြင်း မရှိကြောင်း၊ ဆေးပင်, ဆေးမြစ်များ အကြောင်းကို လည်း နားမလည်ကြောင်း၊ ရောဂါ ဘယများ ကိုလည်း မသိကြောင်း၊ သူ မျက်စိကုသနေသည်မှာ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းပေး ခဲ့သည့် နဂါး အရိုးကို အသုံးပြု၍ မျက်စိ ဝေဒနာမှန်သမျှကို သွေး ၍ လိမ်းပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ရိုးသားစွာ ဝန်ခံလေသည်။သို့ သော် ဆရာဖေခင်သည် သူ၏ လက်သုံး နဂါးအရိုးကို မူ မည် သူ့ကိုမှ မပြသခဲ့ချေ။ သူ ကုသမည့်  လူနာကို လူနာကြည့် ခန်းတွင် ထားကာ သူက အတွင်းခန်းထဲသို့ ဝင်၍ နဂါးအရိုးကို လို အပ်သလောက် သွေးယူလာပြီးမှ လူနာ၏ မျက်လုံးတစ်ဝိုက်ကို သူ ကိုယ်တိုင် လိမ်းပေးခြင်း ဖြစ်လေသည်။
ကုသခံမည့်  လူနာသည် ခံစားရသည့် ဝေဒနာအလျောက် သုံးရက်၊ ငါးရက်မှ တစ်ပတ်အထိ ဆရာဖေခင့် ဆေးခန်းတွင် နေ့စဉ် လာပြရသည်။ ဆရာဖေခင်က ဆေးကို အပိုသွေးပေးခြင်း၊ အိမ်သို့ ယူဆောင်စေခြင်းကို ခွင့်မပြုပေ။ အဝေးရပ်လူနာများ သည် ၄င်း မြို့တွင် တည်းကာ ရောဂါ ပျောက်သည်အထိ ဆရာဖေခင့်ထံ နေ့စဉ် သွားရောက်ကုသမှု ခံယူရသည်။ ကုသမှု ခံယူသည်ဆိုရာ၌ လည်း ဆေးလိမ်းခံခြင်းသာ ဖြစ်လေ၏ ။ဆရာဖေခင်က သူသည် ဆေးပညာနှင့် ပတ်သက်၍ တစ် လုံး တစ်ပါဒမျှ မတတ်ကျွမ်းပါဟုဝန်ခံထားသော်ငြား မျက်စိ ရောဂါ မှန်သမျှ ဆရာဖေခင့်ဆေးလိမ်းရုံမျှဖြင့် ပျောက်ကင်းနေပေရာ ဆရာ ဖေခင်သည် ဆေးစွမ်းထက်မြက်သော မျက်စိကုဆရာကြီး တစ်ယောက် အ ဖြစ် ကျော်ကြားနေလေသည်။
ဆေးကုသစရိတ်ကိုလည်း ဆရာဖေခင်က သတ်မှတ်တောင်း ယူလေ့ မရှိပေ။ လူနာ ကန်တော့သမျှ လက်ခံသည်။
ဆေးဖိုး သတ်မှတ်တောင်းယူလျှင် သစ္စာပျက်ပြယ်၍ နဂါး အရိုး၏ အစွမ်းအာနိသင်များ ပါ ပျက်ပြယ်သွားမည် ဟု ဆိုလေသည်။
ယင်းသို့ဖြင့် နဂါးရိုးဖြင့် မျက်စိကုပေးသော ဆရာ တစ် ယောက် အ ဖြစ် ဆရာဖေခင်သည် မြန်မာပြည် တစ်နံ တစ်လျား ကျော်ကြားနေလေသည်။
တစ်နေ့သ၌ ဆရာဖေခင် အနားယူ နေစဉ် ဧည့်သည်တစ်ဦးရောက်ရှိလာလေသည်။
ဧည့်သည်မှာ ဆရာဖေခင်ထံသို့ လာ သော ဧည့်သည်များ ထဲတွင် ထူးခြားလှသော ဧည့်သည် ဖြစ်လေသည်။ သူသည် ဆေးကုသ ခံရန် ရောက်သူမဟုတ်၊ သူကိုယ်တိုင်လည်း ဆရာဝန် တစ်ယောက် ပင် ဖြစ်လေသည်။
ဆရာဖေခင်၏ ပျဉ်ထောင်အိမ်ကြီးရှေ့သို့ အနီရောင် ဆာ့ဖ် ကားကြီး ဆိုက်ရောက်လာလေသည်။
ဆာ့ဖ်ကားပေါ်မှ အနောက်တိုင်းဝတ်စုံကို သေသပ်ကျနစွာ ဝတ်ဆင်ထားသော အသက်ငါးဆယ်အရွယ်ခန့်ညားသော ယောက်ျား ကြီး တစ်ယောက် ဆင်းလာလေသည်။ ထူးခြားသည်မှာ ထိုလူကြီး သည် အသက်ပင်ကြီးလှပြီ ဖြစ်သော်လည်း သူ ဝတ်ထားသော အ နောက်တိုင်းဝတ်စုံကို အထက်ရော အောက်ရော အနီရောင် ရဲရဲ အစ ဖြင့် ချုပ်လုပ်ပြီး ဝတ်ဆင်ထားခြင်း ဖြစ်လေ၏ ။ အဝတ်စ အမျိုးအစား မှာ ပင် တူညီနေလေသည်။ လည်တွင် စည်းထားသည့် နက်ကတိုင် ကလည်း အနီရောင် ဖြစ်ကာ အစက်အပြောက်ကလေးများ ပါ၍ သာ နက်ကတိုင်အ ဖြစ် သီးသန့် ပေါ်လွင်နေခြင်း ဖြစ်ပေ၏ ။
ဝဖိုင့်သော ခန္ဓာကိုယ်ဖြင့် ကားပေါ်မှ ဆင်းချလာသော ထိုလူကြီးကို မြင်လိုက်သည်နှင့် အနီးဝန်းကျင်ရှိ ခွေးများ က ဝိုင်း၍ ဟောင်ကြလေသည်။ အနီးတွင် ကျွဲ, နွားများ သာ ရှိပါက သူဝတ် ထားသော အနီရောင် ကြောင့် အဝှေ့ခံရမည် မှာ သေချာလှပေ၏ ။သူ၏ သွင်ပြင်သည် ပူပြင်းသော အညာနွေကို ပို၍ ပူ လောင်စေရန် ဖန်တီးလိုက်သလို မျက်စိထဲတွင် မတော် မတည့်ကြီး ဖြစ်နေရလေ၏ ။
ဗိုက်ရွှဲ၍ ခါးသားများ ဆူဖြိုးကာ ခန္ဓာကိုယ်၏ အလယ်တွင် ဝပြဲဖောင်းကားနေသော သူသည် အပေါ်အောက် အနီရောင် ရဲရဲကို ဝတ်ဆင်ထားသည့်အတွက် အဝေးမှကြည့်လျှင် ငရုတ်သီးအပွတောင့် ကြီး တစ်တောင့် ထောင်လိုက် ရွေ့လျားလာသည်နှင့် တူလှပေ၏ ။
ထိုနေ့သည် ဥပုသ်နေ့ ဖြစ်၍ ဆေးမကုဘဲ ဆရာဖေခင် အ နား ယူသည့်နေ့ ဖြစ်ပေသည်။
ထို့ကြောင့် ဆေးခန်းတံခါး ပိတ်ထား၏ ။
ဧည့်သည်ကြီးက ဆေးခန်းရှေ့အထိ လျှောက်လာခဲ့ကာ ဆေး ခန်းတံခါးကို တဝုန်းဝုန်းနေအောင် ရဲတင်းစွာ ထုလိုက်လေ၏ ။
ဆေးခန်းမှာ အိမ်ခေါင်းရင်းဘက်တွင် အဖီလေးဆွယ်၍ ပြု လုပ်ထားခြင်း ဖြစ်ပါသည်။
တံခါးခေါက်သံကြောင့် အိမ်မကြီးထဲမှ မိန်းမ တစ်ယောက် ထွက်လာလေ၏ ။
သူမမှာ ဆရာဖေခင်၏ ချွေးမ ဖြစ်လေသည်။
ဆရာဖေခင်၏ ချွေးမ ဖြစ်သူက တံခါးခေါက်နေသော ဧည့် သည်ကြီးကို လှမ်းအော်၍ ပြောလိုက်သည်။
''ဒီနေ့ ဆေးခန်း ပိတ်ပါတယ် ရှင့်၊ ဥပုသ်နေ့တိုင်း ပိတ် ပါတယ်၊ နောက်နေ့မှ လာပါ''
ဧည့်သည်ကြီးက မိန်းမရှိရာ အိမ်မကြီး တံခါးပေါက်သို့ လျှောက်လာကာ...
''ကျုပ်က ဆေးကုဖို့ လာတာ မဟုတ်ဘူး၊ ဆရာဖေခင်နဲ့ တွေ့ ချင်လို့ လာတာပါ''
''အဘ မိတ်ဆွေလားရှင့်''
''မိတ်ဆွေတော့ မဟုတ်ပါဘူးဗျာ၊ ရောက်တုန်း ရောက် ခိုက် ဆရာကြီးနဲ့ စကားစမြည် ပြောချင်လို့ပါ''
''အဘ တရားထိုင်နေတယ်ရှင့်''
''ခေါ်လိုက်ပါလား...''
ဆရာဖေခင့် ချွေးမက ပိုင်စိုးပိုင်နင်း ပြောလိုက်ပုံကို မနှစ် မြို့သလို ကြည့်ကာ...
''အဘက ဥပုသ်နေ့ တစ်နေ့ နားရတာ ၊ တရားထိုင်နေတုန်း နှောက်ယှက်ရင် မကြိုက်ဘူး၊ ကျွန်မ မခေါ်ရဲဘူး''
ဧည့်သည်ကြီးသည် နဖူးမှ စီးကျလာသော ချွေးသီးချွေး ပေါက်များ ကို ဘောင်းဘီအိတ်ထဲမှ အနီရောင် လက်ကိုင်ပဝါကြီး ထုတ်၍ သုတ်ရင်း....
''အို...ကျုပ်က နိုင်ငံခြားကနေတောင် လာရတာ ၊ ပြန်ဖို့ သွားဖို့ကလဲ ရှိသေးတယ်၊ အချိန် သိပ်မရလို့ပါ၊ ကျုပ်ကိုယ်တိုင် လဲ ဆရာဝန်ပါဗျ၊ ကျုပ်နာမည် က ဒေါက်တာသိဒ္ဓိ တဲ့၊ ဆရာကြီး ဆေးကုပုံ နည်းလေးတွေ နည်းနာယူချင်လို့ပါ၊ လုပ်စမ်းပါ...၊ ခေါ် လိုက်စမ်းပါ''
''ခက်တာပဲရှင်၊ ကဲ...ဒါဖြင့် အောက်မှာ ခဏ ဝင်ထိုင် ဦး၊ ကျွန်မ ပြောပေးပါ့မယ်''
ချွေးမ ဖြစ်သူသည် နိုင်ငံခြားကလာသော ဆရာဝန် ဆို၍ စိတ်ကို လျှော့လိုက်ကာ အိမ်ထဲသို့ ဝင်ခွင့်ပေးလိုက် သည်။
''ခဏ ထိုင်စောင့်ဦးနော်၊ အပေါ်ထပ် ဘုရားခန်းမှာ အဘ ကို သွားပြောလိုက်ဦးမယ်၊ ဒါနဲ့...နာမည် က ဘယ်သူ...''
''ဒေါက်တာ သိဒ္ဓိ''
ချွေးမ ဖြစ်သူ အပေါ်ထပ်သို့ တက်သွားလေသည်။
ခဏ အကြာတွင် အသက် ခုနစ်ဆယ်ခန့်ရှိ အဘိုးအို တစ် ယောက် ကို လက်တွဲ လျက် အပေါ်တက်သွားသော မိန်းမ ပြန်ဆင်း လာသည်ကို ဒေါက်တာသိဒ္ဓိ တွေ့ လိုက်ရသည်။ အဘိုးအိုက ဝတ် ဖြူစင်ကြယ်ကို ဝတ်ဆင်ထားပြီး လက်ထဲ၌ ပုတီးကြီး ကိုင်ထား လေ၏ ။ ကြည့်ရုံနှင့် မြန်မာဆေးဆရာကြီး တစ်ဦး ဖြစ်မှန်း သိသာ လေသည်။ဒေါက်တာ သိဒ္ဓိသည် အဘိုးအိုကို မြင်သည်နှင့် ကိုယ်ကို ညွှတ်ကာ အရိုအသေ ပေးလိုက် သည်။
''ဆရာကြီးဦးဖေခင် မှတ်တယ်၊ နေကောင်းပါစခင်ဗျာ''
''အေး...ကောင်းပါတယ်''
ဆရာဖေခင်က တိုတိုပြတ်ပြတ်ပင် ပြန်ပြောလေ၏ ။
''ကျွန်တော် ကတော့ ဒေါက်တာ သိဒ္ဓိပါ၊ ဆရာဝန်တစ် ယောက် ပါ၊ ဆရာဝန် ဆိုပေမယ့် ကျွန်တော် က မြန်မာနိုင်ငံ ဆေး ကျောင်းက အောင်တဲ့ ဆရာဝန်ဘွဲ့ မဟုတ်ဘူး ခင်ဗျ၊ အင်္ဂလန်နိုင်ငံ ဆေးတက္ကသိုလ်ကြီးမှတက်ပြီး ဆရာဝန် ဒေါက်တာဘွဲ့ ရခဲ့တာပါ''
''သြော်...ဂုဏ်ယူစရာပဲ၊ ကောင်းပါလေ့ကွယ်''
ဒေါက်တာသိဒ္ဓိက ကြွားဝါ ပြောဆိုလိုက်ခြင်း ဖြစ်သော် လည်း ဆရာဖေခင့်အတွက် အထင်ကြီးသွားခြင်း, အံ့သြသွားခြင်း တို့ ဖြစ်ပေါ်မသွားပေ။ သာမန် ပဋိသန္ဓာရစကားသာ ပြန်ပြောလိုက် ၏ ။ထိုအချိန်တွင် ချွေးမ ဖြစ်သူက ဆရာဖေခင် အား...
''အဘ...၊ ကျုပ် ဈေးထိပ် ခဏသွားလိုက်ဦးမယ်နော်''
ဟု ခွင့်တောင်းလိုက်လေသည်။
''ကွမ်းရွက်တောင်းတွေ ကားနဲ့ပါလာတာ စောင့်ရွေးရဦး မှာ ''
ဟု တစ်ဆက်တည်း ပြောလိုက်၏ ။
ဆရာဖေခင်၏ သားနှင့် ချွေးမမှာ ဈေး အပြင်ဘက် တန်း တွင် ကွမ်းနှင့် ကွမ်းပစ္စည်း ရောင်းသော ဆိုင်ကြီး ဖွင့်ထားလေ သည်။
''အေးလကွယ်...လုံမ သွားစရာရှိ သွားလေ၊ အဘကို လုပ်ပေးစရာကိစ္စ ဘာမှ မရှိတော့ပါဘူး''
ဆရာဖေခင်က ချွေးမ ဖြစ်သူ ခွင့်တောင်းသည်ကို ခွင့်ပြု လိုက်လေသည်။
''ဧည့်သည်ပြန်ရင် တံခါးကို အတွင်းကချက်ထိုးပြီး ပိတ် ထားလိုက်တော့နော် အဘ၊ ကျုပ်တို့ ညနေစောင်းမှပြန်လာမှာ ...''
''အေးပါကွယ်''
ချွေးမ ဖြစ်သူက တဘက်တစ်ထည်ကို ခေါင်းပေါ်တင်ကာ အိမ်ထဲမှ ထွက်သွားလေသည်။
''ဆိုပါဦး ဒေါက်တာ သိဒ္ဓိ၊ ကျုပ်နဲ့ တွေ့ ချင်တာ ဘာကိစ္စ ပါလိမ့်မလဲ၊ ကျုပ် ကတော့ ဆေးသာကုနေတာ ကုနည်းလဲ တစ်ခု ပဲ တတ်တယ်၊ မောင်ရင်တို့လိုခေတ်ပညာလဲမတတ်ပါဘူး၊ အင်္ဂလိပ် စာလဲ မတတ်ပါဘူးကွယ်''ဆေးဆရာအဘိုးကြီးက ရိုးသားစွာ ပင်ပြောလိုက်လေသည်။
''ဆရာကြီးရဲ့ သတင်းဟာ နိုင်ငံခြားအထိ ကျော်ကြား လွန်းလို့ လာပြီး ဂါရဝ ပြုတာပါ ဆရာကြီး''
''ကြံကြံဖန်ဖန်ကွယ်...၊ ဘယ့်နှယ်လုပ် ကျုပ်က နိုင်ငံခြား အထိ ကျော်ကြားရမှာ တုံး''
''ဆရာကြီး ကုသပေးလိုက် လို့ မျက်စိကောင်းသွားတဲ့ လူ တွေ က နည်းမှ မနည်းပဲ ဆရာကြီးရဲ့ ၊ အဲဒီ လူတွေ ထဲက နိုင်ငံခြား ရောက်လာတဲ့လူတွေ ရှိသလို သူတို့ သားသမီးတွေ နိုင်ငံခြားရောက် လာတော့လဲ ဆရာကြီးအကြောင်း ပြောသံ ဆိုသံ ကြားရတာ ပေါ့ ခင်ဗျာ''
''သြော...ဒီလိုလား၊ ဒါတော့ လူသတင်း လူချင်းဆောင် ပေါ့ကွယ်၊ မဆန်းပါဘူး''
''ပြီးတော့ ရန်ကုန်က မျက်စိအထူးကုဆရာဝန်ကြီးတွေ တောင် လက်လျှော့လိုက်ရတဲ့ လူနာတွေ ဟာ ဆရာကြီးဆီ ရောက် တာနဲ့ ပျောက်သွားတယ်လို့ ပြောကြပါတယ်''
''ကျုပ်က သစ္စာတရားနဲ့ ဆေးကို ကုတယ်၊ သစ္စာကတိ တည်ကြည်ရင်၊ ကံငါးပါး လုံခြုံရင် ဆေးအစွမ်းသတ္တိဟာ ထူးကဲ စွာ ထိရောက်တယ်ကွယ့်''
''ဟုတ်ကဲ့''
''တကယ်တော့ ကျုပ်ဟာ မျက်စိ ရောဂါ တစ်မျိုးတည်းကို ပဲ ကုသတတ်တာပါ၊ တခြား ဆေးပညာအကြောင်းတွေ နားမလည် ပါဘူး၊ သင်ကြားလေ့လာရခြင်းလဲ မရှိခဲ့ပါဘူး''
''ဆရာကြီးဟာ နဂါး အရိုးနဲ့ ကုသပေးတယ်ဆိုတာရော အမှန်ပဲလား ခင်ဗျ''
''အမှန်ပါပဲ''
''အဲဒီ နဂါးအရိုး ဘယ်က ရပါသလဲ ဆရာကြီး''
''ကျုပ်တို့ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာခဲ့ခြင်း ဖြစ် တယ်''
''နဂါးအရိုးကို စပြီး ရခဲ့သူဟာ ဘယ်သူလဲ ဆရာကြီး၊ ဘယ်လိုလုပ်ပြီး ရခဲ့တာလဲ''
''ကျုပ်ရဲ့ ငါးဆက်မြောက် အဘိုးက ရခဲ့တာပဲ၊ ဘယ်လို ဘယ်ပုံ ရခဲ့တယ် ဆိုတာတော့ ပြောရရင် ဒဏ္ဍာရီ ဆန်လှတယ်၊ မောင်ရင်တို့ ခေတ်ပညာတတ်တွေ ယုံမှာ မဟုတ်ဘူး''
''သိပါရစေ ဆရာကြီး၊ ကျွန်တော် စိတ်ဝင်စားလွန်းလို့ ပါ''
''နဂါး သတ္တဝါ ရှိတယ်ဆိုတာရော မောင်ရင်တို့က ယုံ သလားကွယ့်''
''ရှိရင် ရှိမှာ ပေါ့ ဆရာကြီး၊ ရှိလို့သာ ဆရာကြီးလက်ထဲ မှာ နဂါးရိုး ရှိနေတာပေါ့၊ ကျွန်တော် ယုံပါတယ်''
''အင်း...ပြောရတော့ ခက်သားပဲ၊ ကျုပ် ကတော့ ကျုပ် အမွေဆက်ခံခဲ့တဲ့ ပစ္စည်းကို နဂါးတစ်ကောင်ရဲ့ အရိုးလို့ ယုံကြည် စွာ နဲ့ပဲ လက်ခံခဲ့တယ်၊ လူတိုင်း ကတော့ ဒါကို အယုံအကြည် မရှိ ကြဘူး၊ သို့ သော်...ဒါနဲ့ ဆေးကုသတိုင်း ပျောက်ကင်းတာ များ နေ တော့ ဒါဟာ နဂါးအရိုးပါလို့ ပြောပြီး အမွေပေးခဲ့တဲ့ အဘိုးအဘေး များ ရဲ့ စကားကို လက်ခံရမှာ ဖြစ်ပါတယ်''
''ဆိုလိုတာက ဆရာကြီး ကတော့ နဂါးသတ္တဝါ တကယ်ရှိ တယ်ဆိုတာကို လက်ခံတယ်ဆိုတဲ့ သဘောလား ဆရာကြီး''
''ဒါပေါ့...''
''ကျွန်တော် လဲ လက်ခံပါတယ် ဆရာကြီး၊ ကျွန်တော့် ကို နဂါးအရိုး ရရှိလာပုံကို ပြောပြပါ ခင်ဗျာ''
''အင်း...တကယ်တော့ ကျုပ် ကိုယ်တိုင်လဲ နဂါးသတ္တဝါ ကို မမြင်ဖူးပါဘူးလေ၊ ရုပ်ပုံတွေ ထဲမှာ သာ မြင်ဖူးတာပါ''
''ဟုတ်ကဲ့၊ နဂါးအရိုးကို ရခဲ့တဲ့ ဆရာကြီးရဲ့ ငါးဆက် မြောက် ဘိုးအေကြီး ကတော့ မြင်ဖူးမှာ ပေါ့နော်၊ နဂါးကို သူ ကိုယ် တိုင် သတ်ပြီး အရိုးကို ယူခဲ့တာလား ဆရာကြီး''
ဆရာဖေခင်သည် အတော် ကြာကြာ တွေ ဝေနေပေ၏ ။
ပြောသင့်၊ မပြောသင့် ချိန်ဆနေဟန်တူပေသည်။
''ပြောပြဖို့ ဝန်လေးစရာများ ဖြစ်နေလို့လား ဆရာကြီး''
ဒေါက်တာသိဒ္ဓိက သည်းမခံနိုင်တော့ပဲ လောဆော်လိုက် လေသည်။
''ပြောပြနိုင်ပါတယ်၊ မောင်ရင့်လို အင်္ဂလိပ် ဆေးဆရာဝန် တစ်ဦးက စိတ်ဝင်တစား ဖြစ်နေတာ အံ့သြနေလို့ပါ၊ ကျုပ်ဖြင့် မယုံ ကြည်ကြဖို့ များ လို့ ဒီအကြောင်းကို ဘယ်သူ့မှ မပြောခဲ့ဖူးဘူး''
''လောကကြီးမှာ ထူးခြားဆန်းကြယ်တဲ့ အ ဖြစ်သနစ်တွေ ဟာ အများ ကြီးပါ ဆရာကြီး၊ ကျွန်တော် တို့ရဲ့ လူ့သက်တမ်းနဲ့ လိုက် မမီနိုင်ပါဘူး၊ ကျွန်တော် ကတော့ ခေတ်ပညာတတ် ဆိုပြီး ဒဏ္ဍာရီ ဆန်တဲ့ အကြောင်းအရာမှန်သမျှကို ကဲ့ရဲ့ ရှုတ်ချတတ်သူ မဟုတ်ပါ ဘူး၊ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ဗဟုသုတအ ဖြစ် ကြားသိရတယ်လို့ မှတ်ယူရင်တောင် တန်ဖိုးရှိပါတယ် ခင်ဗျာ''
ဒေါက်တာသိဒ္ဓိ၏ အမွှန်းတင်စကားကို ဆရာဖေခင် သဘော ကျသွားခဲ့လေသည်။
''ဒီလိုဆိုလဲ ပြောရတာ ပေါ့ကွယ်၊ မယုံရင် ပုံပြင်မှတ် ဆို သလိုပေါ့၊ ဒီလိုကွယ့်...ပြောခဲ့တဲ့ ကျုပ်ရဲ့ ငါးဆက်မြောက် အဘိုး ငယ်စဉ်ကပေါ့၊ အဘိုးနာမည် က ဦးဆက်ထင်တဲ့...၊ မောင်ဆက် ထင် ဘဝမှာ ကြုံခဲ့တဲ့ အတွေ့ အကြုံပေါ့...
''မောင်ဆက်ထင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ကျပြီး အလုပ်အကိုင်ကလဲ ရှားပါးတာနဲ့ ထင်းခွေပြီး ရောင်းစားရ ရှာသတဲ့၊ မောင်ဆက်ထင် ထင်းခွေသွားတဲ့အခါတိုင်း သူ့ ဇနီးက တောထဲမှာ စားဖို့ ထမင်းထုပ်ကလေး ထုပ်ထုပ်ပေးလိုက် သတဲ့...
''တစ်နေ့တော့ မောင်ဆက်ထင်ဟာ ထင်းခုတ်ပြီးလို့ စမ်း ချောင်းကလေး တစ်ခုဘေးမှာ အနားယူရင်း ထမင်းဆာဆာနဲ့ ထမင်း ထုပ်ကလေးကို ဖြေမယ်အလုပ်မှာ ညည်းညူသံတစ်ခုကို ကြားလိုက် ရသတဲ့၊ သူဟာ စမ်းချောင်းဘေးက ကျောက်လိုဏ်ဂူ တစ်ခုဘေး မှာ ထမင်းစားဖို့ ပြင်နေတာ ဖြစ်တယ်၊ ညည်းညူသံဟာ ကျောက် လိုဏ်ဂူထဲက ထွက်ပေါ်လာတာတဲ့...၊ ဒါနဲ့ သူလဲ ထမင်း မစား သေးပဲ ထမင်းထုပ်ကလေးကို အနီးက ကျောက်တုံးပေါ် တင်ခဲ့ပြီး ကျောက်လိုဏ်ဂူထဲကို ဝင်ကြည့်တယ်တဲ့...
''ကျောက်လိုဏ်ဂူထဲမှာ တော့ အဘိုးအို တစ်ယောက် ကို ဒဏ် ရာ ဒဏ်ချက်တွေ နဲ့ လဲကျနေတာ တွေ့ ရတယ်တဲ့၊ ဒါနဲ့ပဲ သူလဲ အဘိုးအို အနီးကိုကပ်သွားခဲ့တယ်....''
အခန်း (၂)
အဘိုးအိုဟာ ဖျားနာပြီး လဲကျနေတာ မျိုး မဟုတ်ဘဲ တစ်ကိုယ်လုံး ဒဏ်ရာဒဏ် ချက်တွေ နဲ့ သတ္တဝါတစ်ကောင်ရဲ့ အတိုက် အခိုက်ခံရတဲ့ ပုံမျိုး တွေ့ ရတယ်။
ဒါနဲ့ မောင်ဆက်ထင်လည်း အနီးကို သွားပြီး အကျိုးအကြောင်း မေးတာပေါ့။
အဘိုးအိုက သူဟာ ငှက်တစ်ကောင် ရဲ့ ကုတ်ခြစ်ခြင်းခံရကြောင်း ပြောပြတယ်။ မောင်ဆက်ထင်လည်း အံ့သြတာပေါ့။ ငှက် အကုတ်ခံရလို့ ဒဏ်ရာတွေ ဟာ များ လည်း များ ၊ ကြီးလည်း ကြီးတာကြောင့် ငှက်ဟာ ဘယ်အရွယ်လဲ၊ ဘယ်လို ငှက်မျိုးလဲလို့ တွေး မိတာပေါ့။
ဒါပေမယ့် လောလောဆယ်မှာ အဘိုးအိုကို ပြုစုဖို့လိုအပ် တာကြောင့် ဒဏ်ရာတွေ ကို စမ်းချောင်းက ရေနဲ့ ဆေးကြောပေးပြီး ပြုစုပေးတယ်။ အဘိုးအိုက သူ့ကို ပြုစုဖို့ မလိုကြောင်း၊ သူဟာ ဒီ နေရာကို သေဖို့လာတာ ဖြစ်ကြောင်း ပြောသတဲ့။ မောင်ဆက်ထင် ကတော့ အဘိုးအို ကယောင်ကတမ်း ပြောနေတယ်ထင်ပြီး ဒဏ်ရာ တွေ ကို ဆေးကြောပြီး ပြုစုပေးနေတာပဲတဲ့။
ပြီးတော့ သူ စားမယ့် ထမင်းကိုလည်း အင်အားပြတ်နေတဲ့ အဘိုးအိုကို အကုန် ကျွေးပစ်လိုက်တယ်။
သူ ကတော့ အငတ်ခံလိုက်ရတာ ပေါ့။
ဒါပေမယ့် ထူးဆန်းတာက ထမင်းစားချိန် လွန်လို့ ထင်း ပြန်ခုတ်တဲ့အခါမှာ ထမင်းမစားရလို့ အားအင်ယုတ်လျော့ မနေဘဲ အားပြည့် လန်းဆန်းနေတာပဲတဲ့။ ထမင်း ဆာလောင်တဲ့ ဝေဒနာ လည်း ဖြစ်ပေါ်မလာဘူးဆိုပဲ။
ဒါနဲ့ မောင်ဆက်ထင်ဟာ ညနေစောင်းတော့ အဘိုးအိုကို ရွာအပြန်မှာ သူနဲ့အတူ လိုက်ခဲ့မလားလို့ မေးတာပေါ့။ အဘိုးအိုက ကိစ္စ မရှိကြောင်း၊ ဒဏ်ရာတွေ ကြောင့် သူ လမ်း မလျှောက်နိုင် ကြောင်း၊ လိုဏ်ဂူထဲမှာ ပဲ သူ နေခဲ့မယ့်အကြောင်း ပြောတယ်တဲ့။
ဒီလိုနဲ့ နောက်တစ်နေ့ ရောက်လို့ မောင်ဆက်ထင် ထင်း ခုတ်ထွက်လာပြန်တော့ အဘိုးအိုကို ကျောက်လိုဏ်ဂူထဲမှာ အရင်နေ့ က ထားခဲ့တဲ့အတိုင်း တွေ့ ရတယ်တဲ့။
မောင်ဆက်ထင်လည်း အနာတွေ ကို ဆေးကြောပေး၊ ရွာက ယူလာတဲ့ ဆေးမှု န်းတွေ သိပ်ပေးနဲ့ ပြုစုပြန်တယ်တဲ့။ အဘိုးအိုက လည်း သူ့ကို ပြုစုစရာ မလိုကြောင်း၊ သူဟာ မကြာခင်သေတော့ မှာ ဖြစ်တဲ့အကြောင်း၊ ဒီလိုဏ်ဂူထဲကို သေဖို့ လာတာ ဖြစ်တဲ့ အ ကြောင်း ပြောတယ်တဲ့။ အခု မသေသေးတာတောင် မနေ့က မောင် ဆက်ထင် ကျွေးခဲ့တဲ့ ထမင်းကို စားလိုက်ရလို့ ဖြစ်ကြောင်းနဲ့ မောင် ဆက်ထင်ကို မြင်ချင်လို့ မသေသေးဘဲ သူ စောင့်နေတာ ဖြစ်ကြောင်း တွေ ပြောပြတယ်တဲ့။
အဘိုးအို စကားတွေ ဆန်းကြယ်တာ သတိထားမိပေမယ့် မောင်ဆက်ထင် ကတော့ ထွေထွေထူးထူး ဘာမှ တွေးမနေပါဘူး၊ သူ့မှာ တာဝန်ရှိတယ်လို့ သတ်မှတ်ပြီး ပြုစုပေးခဲ့တာပဲ၊ ပါလာတဲ့ ထမင်းထုပ်ကလေးကိုလည်း အဘိုးအိုကိုပဲ ကျွေးလိုက်တယ်၊ အဘိုး အို ကတော့ အရင်နေ့ကထက် ပိုပြီး လန်းဆန်းလာပြီး မောင်ဆက် ထင်ကို သာဓုတွေ ဘာတွေ ခေါ်လို့တဲ့။
အဲဒီ နေ့မှာ လည်း အရင်နေ့ကလိုပဲ မောင်ဆက်ထင်ဟာ မ နက်စာ ထမင်းမစားရပေမယ့် အင်အားယုတ်လျော့ခြင်း၊ ဆာလောင် ခြင်း မရှိဘူး၊ သူ့ရဲ့ ထင်းခွေလုပ်ငန်းကို ကောင်းကောင်းမွန်မွန်ပဲ လုပ်နိုင်ခဲ့တယ်။
ဒီလိုနဲ့ တတိယမြောက်နေ့ ရောက်လာတယ်။
တတိယမြောက်နေ့မှာ အရင်နေ့များ ကလိုပဲ ဒဏ်ရာများ ကို ဆေးကြောသန့်စင်၊ ဆေးများ ထည့်ပေးပြီးတော့ သူ့ ထမင်းထုပ်က လေးကို ဖြေပြီး အဘိုးအိုကို ကျွေးတော့...
'ငါ့သား၊ မင်းဟာ မင်းစားမယ့် ထမင်းကို အငတ်ခံပြီး ကျွေးခဲ့တာ ဒီနေ့နဲ့ဆို သုံးရက် ရှိပြီ၊ ဘာ ရည်ရွယ်ချက်နဲ့ အဘကို ဒီလို ပြုစုခဲ့သလဲ ငါ့သား' ...လို့ မေးတယ်။
'ဘာ ရည်ရွယ်ချက်မှ မရှိပါဘူး အဘရယ်၊ ကိုယ့် အဖေ အရွယ်၊ အဘိုးအရွယ် လူကြီးသူမ တစ်ယောက် ဒုက္ခရောက်နေတာ ကို ပြုစုရတာ မင်္ဂလာတစ်ပါးပါ၊ ကျွန်တော် ကုသိုလ်ရတာ ပေါ့ အဘ'
'အလွန်မှ စိတ်ထားပြည့်ဝတဲ့ သူငယ်ပေပဲကွယ်၊ ကိုယ် စားမယ့် ထမင်းကို အငတ်ခံပြီး သူတစ်ပါးကို ကျွေးမွေးတဲ့ သဒ္ခါ တရားဟာ မသေးလှပေဘူးကွယ့်...၊ သည်လို စိတ်ထားကောင်း မွန်ပါလျက်နဲ့ ငါ့သား ဘာကြောင့် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ လုပ်ကိုင်စားနေရသလဲ'
'ကံတရားကြောင့် ပေါ့ အဘရယ်၊ ကျွန်တော့်  ကံ မကောင်း ခဲ့ဘူးကိုး...၊ ရှေးဘဝက ကုသိုလ်ကောင်းမှု မပြုခဲ့လို့ ခု ဘဝမှာ ပင်ပန်းစွာ လုပ်ကိုင်စားရတယ်လို့ပဲ မှတ်ပါတယ် အဘ'
'မှန်လိုက်ပါဘိကွယ်...၊ ကံတရားဆိုတာကလဲ ဆန်းကြယ် သား၊ အေး...အေး၊ လှံထမ်းလာတာသာ မြင်ရတယ်၊ ကံထမ်းလာ တာ မမြင်ရဘူးတဲ့ ငါ့သား၊ စိတ်ထားကောင်းမွန်တဲ့ ငါ့သား အ တွက် ထူးခြားတဲ့ ကံကောင်းခြင်းတွေ ရောက်ရှိလာပါစေကွယ်'
'ပေးတဲ့ဆုတဲ့ ပြည့်ပါစေ အဘ'
စတုတ္ထမြောက်နေ့မှာ တော့ အဘိုးအိုကို ကျောက်လိုဏ်ခေါင်း ထဲမှာ မတွေ့ ရတော့ဘူးတဲ့၊ အနီးအနားမှာ လိုက်ရှာသော်လည်း ရှာ လို့ မတွေ့ တော့ဘူး၊ အဘိုးအိုဟာ ဒဏ်ရာတွေ သက်သာပျောက်ကင်း သွားပြီမို့ သူ့ခရီး သူ ဆက်သွားခဲ့ပုံပဲ။အဲဒီ ညမှာ ပဲ မောင်ဆက်ထင်ဟာ အိပ်မက်တစ်ခု မက်ခဲ့ တယ်၊ အိပ်မက်ထဲမှာ သူ ပြုစုပေးခဲ့တဲ့ အဘိုးအိုကို ပြန်တွေ့ ရတယ်။ တကယ်တော့ အိပ်မက် မက်တယ်ဆိုတာထက် အဘိုးအိုက မောင် ဆက်ထင်ကို အိပ်မက် ပေးခဲ့တယ်လို့ ပြောရင် ပိုမှန်လိမ့် မကွယ့်။
အဘိုးအိုကို အိပ်မက်ထဲမှာ ပြန်တွေ့  ရတော့ အဘိုးအိုဟာ အပြင်မှာ တွေ့ ခဲ့ရသလို မဟုတ်တော့ဘူး။ ပြိုးပြက် ပြောင်လက်တဲ့ အဝတ်အစားတွေ ဝတ်လို့တဲ့။ အချွန်အတက် တွေ ပါတဲ့ အုပ်ဆောင်းကြီး ဆောင်းလို့တဲ့။
အစတော့ အိပ်မက်ရယ်လို့ မသိသေး ဘူး။ အဘိုးအိုကို ကျန်းကျန်းမာမာ ပြန်တွေ့  လိုက်ရတော့ မောင်ဆက်ထင်ဟာ ဝမ်းသာ သွားတာပေါ့။
'ဟာ...အဘ၊ ကျွန်တော့် ကို နှုတ်မဆက် ဘာမဆက်နဲ့ ပျောက်သွားလိုက်တာ အဘရယ်၊ ကျွန်တော် ကဖြင့် အဘကို လိုက် ရှာနေတာ၊ အဘ စားဖို့ဆိုပြီး ဒီနေ့တော့ ထမင်းတစ်ထုပ် ပိုထုပ်လာ ခဲ့တာ အဘရဲ့ ၊ မိန်းမကို ပြောပြပြီး တောထဲမှာ နေမကောင်း ဖြစ် နေတဲ့ အဘအတွက် ထမင်းပိုထုပ်ခိုင်းထားတာ၊ အဘကို မတွေ့ ရ လို့ ကျွန်တော် က စိတ်မကောင်း ဖြစ်နေတာ အဘရဲ့ '
'ငါ့သားဟာ စိတ်ထားကောင်းတဲ့ သူငယ်လေး ဖြစ်လို့ အဘ အခုလို လာတွေ့ ရတာ ပဲဟေ့၊ သည်နေ့တော့ ထမင်းတစ်ထုပ် အပို တောင် ထုပ်ယူလာသေးတာလား၊ သာဓုပါကွယ်၊ အဘကလည်း ငါ့သားကြီးရဲ့ စေတနာတွေ ကို တုံ့ပြန်ချင်လို့ လာတွေ့ တာပဲကွယ့်၊ ဒီမယ်...ငါ့သား၊ အဘဟာ ဘယ်လိုလူစားလဲဆိုတာ ငါ့သား သိ သလားကွယ့်'
'ဗျာ...ဘယ်သိမလဲ အဘရယ်'
'အေး...အေး၊ မသိရင်ဖြင့် အဘဟာ ဘာဆိုတာသိရအောင် ပြရပေတာပေါ့ကွယ်၊ ဟောသည်မှာ ကြည့်ပေတော့ ငါ့ သား'
အဘိုးအို၏ စကားဆုံးသည်နှင့် အဘိုးအို အသွင်ပျောက် ကွယ်သွားကာ နဂါးတစ်ကောင်၏ သွင်ပြင်အ ဖြစ် ပြောင်းလဲသွား လေသည်။ မောင်ဆက်ထင်သည် အဘိုးအိုမှ အသွင် ပြောင်းသွား သော သူ့ ရှေ့မှ တလူးလူးတလွန့်လွန့်နှင့် လှပခန့်ညားသည့် နဂါး ကြီးကို ကြည့်ကာ အံ့သြနေလေ၏ ။ ကြောက်ရွံ့ကာ နောက်သို့ တစ် လှမ်း ဆုတ်လိုက်မိသည်။
နဂါးကြီး၏ အသွင်သည် ခေတ္တသာ ထင်ဟပ်ပြီး အဘိုးအို သွင်ပြင်သို့ ပြန်လည် ပြောင်းလဲသွားလေ၏ ။
'မကြောက်နဲ့ ငါ့သား၊ မကြောက်ပါနဲ့၊ အဘဟာ ဘာဆို တာ သိပြီမဟုတ်လားကွယ့်'
'အဘက နဂါးကြီးပါလား'
'မှန်ပါတယ်၊ သာသနာသိုက်ကိုစောင့်ရှောက်ရတဲ့ သိုက် စောင့် နဂါးမင်းပါကွယ်'
'အို...'
'အဘတို့ရဲ့ သိုက်ကို ပြောင်းဖို့အတွက် နေရာရှာရင်း ခရီး ထွက်လာရာမှာ အဘကို ဂဠုန်တစ်ကောင်က အလစ်မှာ လာရောက် တိုက်ခိုက်တာ ခံခဲ့ရတယ်ကွယ့်၊ ငါ့သားနဲ့ တွေ့ တဲ့အချိန်မှာ အဘ မှာ ဒဏ်ရာတွေ ရနေတာဟာ ဂဠုန် အကုတ်ခံရလို့ပဲ ငါ့သား၊ ငါ ကြောင့် ငှက်တစ်ကောင် အကုတ်ခံရတာ ပါလို့ ငါ့သားကို ပြောခဲ့တာ ပေါ့'
'သြော်... အဲဒါကို ကျွန်တော် သဘောမပေါက်ခဲ့ပါဘူး အဘရယ်'
'ဂဠုန်ရဲ့ တိုက်ခိုက်မှု ဟာ ပြင်းထန်လွန်းလို့ အဘဟာ သေ တော့မလိုပဲ ငါ့သား၊ ငါ့သားနဲ့ တွေ့ တဲ့ ကျောက်လိုဏ်ဂူကြီးဟာ အဘတို့ နဂါးတွရဲ့ သင်္ချိုင်းကြီးပဲကွယ့်'
'ဗျာ...'
'အဘဟာ သေဖို့အတွက် သင်္ချိုင်းကို လာခဲ့တာပဲ၊ လူ အ ဖြစ် ဖန်ဆင်းပြီး ရောက်အောင် လာခဲ့တယ်၊ ကျောက်ဂူထဲမှာ အဘ ရဲ့ အသက်ကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပဲကွယ့်'
'ဟုတ်ကဲ့'
'အဘရဲ့ ညည်းညူသံကိုကြားလို့ ငါ့သားက လာအကြည့်မှာ ငါ့သား အဘကိုပြုစုပေးခဲ့လို့ အဘဟာ သေမယ့်ဘေးက လွဲခဲ့ရတယ်၊ အဘသာ သေခဲ့ရင် အဘစောင့်ရှောက်နေတဲ့သိုက်ကြီးဟာ စောင့် ရှောက်သူ မဲ့သွားရပေတော့မယ်၊ ငါ့သားပေးတဲ့အသက်ကြောင့် အဘ ဟာ သာသနာစောင့်တာဝန်ကိုဆက်ယူနိုင်ပေပြီကွယ့်၊ ငါ့သားရဲ့ ကျေး ဇူးကြောင့် ပဲ၊ ဒီကျေးဇူးကို တုံ့ပြန်ဖို့ အဘ ငါ့သားဆီ လာခဲ့တာပဲ'
'တုံ့ပြန်မယ့် ကျေးဇူးကို ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ် ပါဘူး အဘရယ်'
'ငါ့သားရဲ့ ဖြူစင်တဲ့ စေတနာကို အဘ နားလည်ပါတယ်၊ အဘ တုံ့ပြန်မယ့် ကျေးဇူးဆိုတာလဲ ရွှေတွေ ငွေတွေ မဟုတ်ပါ ဘူးကွယ်၊ သိုက်ထဲက ရွှေငွေ ရတနာတွေ ကိုလဲ အဘမှာ ပေးပိုင် ခွင့် မရှိပါဘူး၊ ဒါတွေ ဟာ သာသနာပစ္စည်းတွေ ဖြစ်လို့ ထိပါးလို့လဲ မရပါဘူး'
'ဟုတ်ကဲ့ အဘ'
'ငါ့သား မနက်ဖြန် ထင်းခွေထွက်ရင် အဘနဲ့ တွေ့ တဲ့ ကျောက်လိုဏ်ဂူအတွင်းထဲထိ ဝင် သွားပါ၊ လိုဏ်ဂူအဆုံးမှာ ကျောက် ဖျာကြီးတစ်ဖျပ်ကို တွေ့ ရပါလိမ့်မယ်၊ ကျောက်ဖျာကြီးရဲ့ အောက် မှာ နဂါးသင်္ချိုင်းရှိတယ် ငါ့သား၊ သက်တမ်းစေ့တဲ့ နဂါးများ ဟာ နဂါးသင်္ချိုင်းမှာ သွားပြီး သေကြရတယ်၊ ကျောက်ဖျာကြီးဟာ ကြီး လွန်းလို့ သာမန်အတိုင်းဆို ငါ့သား မ,နိုင်မှာ မဟုတ်ဘူး၊ မနက်ဖြန် တော့ ကျောက်ဖျာကြီးကို ငါ့သား အင်အားနဲ့ မ,နိုင်တဲ့ အနေအထား ဖြစ်အောင် လုပ်ထားပေးမယ် ငါ့သား...
'ကျောက်ဖျာကြီးကို မ,လိုက်တဲ့အခါမှာ အောက်မှာ နဂါး အရိုးစုများ ကို ငါ့သား တွေ့ ရပေလိမ့်မယ်၊ အရိုးစု အပုံထဲက သင့် တော် ရာ အရွယ်အစား အရိုးတစ်ခုကို ငါ့သား ယူလိုက်ပါ၊ ပြီးရင် ကျောက်ဖျာကြီးကို ပြန်ချပြီး ပိတ်ထားခဲ့ပါ၊ အများ ကြီး မယူနဲ့၊ တစ်ခုပဲ ယူ၊ လောဘ မကြီးနဲ့၊ ကြောက်လဲ မကြောက်နဲ့၊ သွားတဲ့ အခါမှာ အဖော်လဲ ခေါ်မသွားနဲ့၊ ကြားလား...'
![]() တမလွန်ကပျံလာတဲ့လိပ်ပြာ | ![]() ဒေါက်တာစိုးထိုက်နှင့် ကဝေ့ကြေးမုံ | ![]() ရိုင်းတဲ့ တစ္ဆေ |