
အခန်း (၁)
တကယ်တော့ ... ကောင်မလေးဟာ တစ္ဆေတစ်ကောင်ကို သူမကိုယ်တိုင် အိမ်ကိုအပါခေါ်လာမိတာပါ။
လမ်းမပေါ်မှာ လွင့်မျောနေတဲ့ဝိညာဉ်တစ်ခုဟာ ကောင်မလေး နောက်ကိုမှ ရွေးပြီးလိုက်ပါလာခဲ့တယ်လေ... ။
ပြန်စဉ်းစားကြည့်ရင်တော့ တော် တော် ကို အသည်းနှလုံးတုန်လှုပ်စရာ ဖြစ်ရပ်ပါလားနော် ...
နှင်းဆီသည် မနက်ဝေလီဝေလင်း အစောကြီးမှာ ပင် ထိုတစ္ဆေကို အိမ်ရှေ့လမ်းမပေါ်မှာ မြင်တွေ့ ခဲ့ရခြင်း ဖြစ်ပါသည်။
တစ္ဆေမှန်းမသိခင်က သူ့ကို တကယ့်လူလို့ထင်ပြီး သူ့ပုံစံကို ကြည့် ကာ စိတ်ထဲက ကြွေခဲ့မိတာကို ပြန်တွေးရင်းလည်း နှင်းဆီ အသည်းယားနေမိသည်။
နှင်းဆီသည် ထိုနေ့က ... ထုံးစံအတိုင်း မနက်ဝေလီဝေလင်းတွင် စောစောထကာ အိမ်မှထွက်လာခဲ့သည်။
နှင်းဆီရဲ့ စက်ဘီးနောက်ခုံတွင် နှင်းဆီပန်းများ အပြည့်ပါသော ခြင်းတစ်လုံးကို ကြိုးဖြင့်ချည်ထားသည်။ ညကတည်းက ခူးဆွတ်ထားသော နှင်းဆီပန်းများ ဖြစ်ပြီး ဖောက်သည်များ ဆီပို့ပေးရန် အိမ်မှထွက် လာခဲ့ခြင်း ဖြစ်လေသည်။
ဒါသည်ပင်... နှင်းဆီ၏ နေ့စဉ်ပြု မြဲ ဝတ္တရား ဖြစ်ပါ၏ ။
နှင်းဆီတို့ နှင်းဆီခြံကြီးမှာ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီးဘေး ကပ်ရက်မှာ တည်ရှိပါသည်။
မြို့အပြင်ဖက်ရှိ နှင်းဆီတို့ခြံကြီး၏ ရှေ့တွင် '' . . . . . . မြို့ မှ လှိုက်လှဲ စွာ ကြိုဆိုပါ၏ '' ... ဆိုသော ဆိုင်းဘုတ်ကြီးရှိလေသည်။
မနက်က ... နှင်းဆီခြံ ထဲကထွက်လာတော့ ကြိုဆိုပါ၏ ဆိုင်းဘုတ်ရှေ့မှာ ယောင်ချာချာရပ်နေတဲ့ ထိုလူကို သတိပြုမိခြင်းပဲ ဖြစ်ပါသည်။
သည်တုံးကတော့ သူဟာ တစ္ဆေတစ်ကောင်လို့ မသိသေးဘူးပေါ့လေ။
ထိုသူက ခရီးဆောင်အိတ်ကိုလွယ်ရင်း ဆိုင်းဘုတ်ကြီးကို မော်ကြည့်နေခြင်း ဖြစ်သည်။
နှင်းဆီသည် ထိုသူကိုမြင်မြင်ချင်း ရင်ခုန်သွားမိတာတော့ ဝန်ခံရမည် ဖြစ်သည်။ သူ့ပုံကလည်း ရင်ခုန်ချင်စရာကောင်းလှတယ်လေ။ အရပ်မြင့်မြင့်၊ဆံပင်တွေ ဂုတ်ပေါ်ဝဲကျနေပုံက ဆွဲဆောင်မှုရှိလှပေသည်။ ဝတ်ထားသော တီရှပ်က ခပ်ကျပ်ကျပ်မို့ ရင်အုံကြီးနှင့်လက်မောင်းကြွက် သားများ ဖုထစ်ပေါ်လွင်နေပုံက နိုင်ငံခြားမင်းသားများ အတိုင်းပါပဲ။
လမ်းဘေးအောက်ဖက်အနိမ့်မှ စက်ဘီးကိုတွန်း၍ ကတ္တရာ လမ်းမကြီးပေါ်တက်လာသော နှင်းဆီကို သူက ကြည့်နေပါသည်။
သူရပ်နေသည့် ကြိုဆိုပါ၏ ဆိုင်းဘုတ်ကြီးနှင့်နှင်းဆီသည် သိပ်မဝေးလှသော်လည်း ဆောင်းတွင်းမနက်စောစောမှာ ကျနေသော နှင်းတွေ ကြောင့်သူ့ကို ပီပီပြင်ပြင်ကြီးတော့ မြင်မနေရချေ။ သည်တုံးကတော့ သူ့ကို ပီပီပြင်ပြင်ထင်ထင်ရှားရှားမမြင်ရတာ ဟာ နှင်းတွေ ကြောင့်လို့ နှင်းဆီက ထင်ခဲ့မိတာပေါ့လေ။သူဟာ ဝိညာဉ်တစ်ကောင်မှန်း သိမှ မသိသေးတာကိုး။
နှင်းဆီသည် သူ့ကိုတစ်ချက်လှည့်ကြည့်ကာ စက်ဘီးကိုနင်း၍ မြို့ဖက်သို့ဦးတည်ကာ ထွက်လာခဲ့တော့သည်။
သူက နောက်တွင် ရပ်ကျန်ရစ်ခဲ့သည်။
တကယ်တော့ သူသည် ရပ်ကျန်ခဲ့ခြင်းမဟုတ်ပါ။ ထိုအချိန်ကတည်းက နှင်းဆီနောက်မှာ ကပ်ပါလာခြင်းပဲ ဖြစ်ပါလိမ့်မည် ။
ခြံနှင့်မလှမ်းမကမ်းမှာ ရေနီမြောင်းကိုကျော်၍ ထိုးထားသော အုတ်တံတားလေးတစ်ခုကို ကျော်ရသည်။ အုတ်တံတားလေးမရောက်မီလမ်းတစ်ဖက်ခြမ်းမှာ ဦးမဲလေးစက်ဘီးပြင်ဆိုင်ရှိသည်။
ဦးမဲလေးဆိုင်ရှေ့ကို နှင်းဆီရောက်တော့ ဦးမဲလေးက တဲတခါးကိုဖွင့်ကာ တံမျက်စည်းတစ်ချောင်းဖြင့်ထွက်လာလေသည်။
''ဦးလေးမဲ၊ ခုမှနိုးတာလား၊ ဒီနေ့ နှင်းဆီကပိုစောသွားပြီဗျို့''
အရင်နေ့တွေ က... နှင်းဆီဒီနားရောက်ရင် ဦးမဲလေးက တံမျက်စည်းလှည်းနေပြီ။ ဒီနေ့တော့ နှင်းဆီရောက်မှ တခါးဖွင့်ထွက် လာတာတွေ့ ၍ နှင်းဆီက လှမ်းအော်လိုက်ခြင်း ဖြစ်သည်။
''အေးဟေ့- ညက ငါဘောလုံးပွဲသွားကြည့်လို့နှင်းဆီရ''
ဦးမဲလေးကလည်း ပြန်အော်သည်။
''ဘာမှာ ဦးမလဲ ဦးလေးမဲ''
''ငချိတ်ပေါင်းလေး နှစ် ရာဖိုးလောက် ဆွဲခဲ့ပါဦးဟာ''
''ဟုတ်ကဲ့၊ ဟုတ်ကဲ့''
ဒါဟာ ... ဒီနေရာလေးမှာ မနက်အစောဆုံး မြင်ရနေကျ မြင်ကွင်းလေးပါပဲ။ နှင်းဆီနှင့်ဦးမဲလေးသည် ဒီပတ်ဝန်းကျင်မှာ တော့ အစောဆုံးထပြီးအစောဆုံးအလုပ်လုပ်သူများ ဖြစ်သည်။
နှင်းဆီက ညကတည်းကခူးထားသည့် ခြံ ထဲကနှင်းဆီပန်းများ ကို ဈေးထဲကဖောက်သည်ဆိုင်ကို စက်ဘီးနှင့်သွားပို့၊ ဦးလေးမဲကစက်ဘီးပြင်ဆိုင်လေးကို မနက်စောစောဖွင့်ကာ ဆိုင်ရှေ့ကမြေကွက်လပ်ကို တံမျက်စည်းဖြင့် ပြောင်စင်အောင်လှဲနေသည့်မြင်ကွင်းများ မှာ နေ့စဉ်မြင်နေကျမြင်ကွင်းများ ပဲ ဖြစ်လေသည်။
ခဏနေရင်တော့ ... နှင်းဆီတို့ခြံဘေးမှာ နေတဲ့ မြင်းလှည်းသမားကိုဆန်နီက သူ့မြင်းလှည်းလေးကိုဆင်ကာ မြင်းအိုမကြီးကို မောင်းနှင်ရင်းထွက်လာလိမ့်မည် ။ လမ်းကြားထဲက ပဲပြုတ်သည်ဒေါ်တင်သည်လည်း ပဲပြုတ်တောင်းကိုရွက်ကာ မြို့ထဲကို နေမထွက်မီအရောက် သွားဖို့ခပ်သုတ်သုတ်ထွက်လာလိမ့်မည် ။
နေထွက်လာချိန်မှာ တော့... လမ်းမကြီးပေါ်မှာ အဝေးပြေးကားများ ၊ မြင်းလှည်းဆိုက်ကားများ ၊ ကျောင်းသွားမည့် ကလေးသူငယ်များ ၊လမ်းသွားလမ်းလာများ ဖြင့် စည်ကားနေပါပြီ။
နှင်းဆီက သီချင်းတစ်ပုဒ်ကိုလေချွန်ရင်း စက်ဘီးကို မြို့ဖက်သို့ခပ်မှန်မှန်နင်းလာခဲ့လေသည်။ နှင်းဆီအတွေးထဲမှာ တော့ မနက် အိမ်ကထွက်ထွက်ချင်းမြင်တွေ့ ခဲ့ရသည့်လူငယ်၏ ပုံရိပ်က စွဲထင်လျှက် ရှိလေသည်။
ဈေးကိုရောက်တော့ နှင်းဆီပန်းများ ကို ဖောက်သည်ယူနေကျ ဆိုင်မှာ သွင်းပြီး မနေ့ကနှင်းဆီပန်းဖိုးတွေ ကို ရှင်းယူရသည်။ပန်းများ ကို ဖောက်သည်ပေးအပြီးမှာ နှင်းဆီ၏ ခြင်းတောင်းကြီးထဲ၌ ပန်းစည်းတစ်စည်းထဲကျန်ပါတော့သည်။ ကျန်သော အဝါရောင် နှင်းဆီပန်းစည်းလေးကိုလည်း ယူနေကျဖောက်သည်ဆရာမ လေးဆီ သွားပို့ရပါဦးမည် ။ ကောလိပ်ဘေးက ဆရာမ များ နေသည့်အဆောင်ကိုသွားပို့ရမည် ဖြစ်သည်။
နှင်းဆီက ဦးမဲလေးမှာ လိုက်သော ကောက်ညှင်းငချိပ်ပေါင်း နှစ် ရာဖိုးဝင်ဝယ်ကာ ဈေးထဲက ထွက်လာခဲ့လေသည်။ဆရာမ ကို ပန်းစည်းဝင်ပို့ပြီးရင်တော့... နှင်းဆီရဲ့ မနက်ပိုင်း အလုပ်တွေ ပြီးပြီ။
နေ့လည်ခင်းမှာ နှင်းဆီပန်းတွေ တစ်သုတ်ခူးပြီး ညနေခင်း လေးနာရီလောက်တွင် ဘုရားစောင်းတန်းက ပန်းသည်တွေ ဆီသွားပို့ရ ပါဦးမည် ။
နှင်းဆီတာဝန်က မနက်တစ်ခါ ညနေခင်းတစ်ခါ ပန်းပို့ရခြင်းပဲ ဖြစ်ပါသည်။
အဆောင်ရှေ့ကိုရောက်တော့ ဆရာမ ရပ်စောင့်နေတာ တွေ့ လိုက်သည်။
''နှင်းဆီမေလေး ... ''
ဆရာမ က သူ့ရှေ့မှာ စက်ဘီးပေါ်ကခုန်ဆင်းလိုက်တဲ့ နှင်းဆီကို ပြုံးပြရင်းနှုတ်ဆက်တယ်။ 'နှင်းဆီမေလေး'-ဆိုတာ ဆရာမ တစ်ဦးတည်း ကနှင်းဆီကိုခေါ်တဲ့နာမည် လေ။
ဆရာမ ကိုကြည့်လိုက်ရင် အမြဲပဲ အေးဆေးတည်ငြိမ်နေတာပါလား။
''နှင်းဆီနောက်ကျလို့ အဆောင်ရှေ့က ထွက်စောင့်နေတာလားဆရာမ ''
''နှင်းဆီမေလေး နောက်မကျပါဘူးကွယ်၊ ဘုရားသွားဖို့ ဆရာမ အသင့်ပြင်ထားတာပါ''
ဆရာမ က နှင်းဆီကမ်းပေးတဲ့ နှင်းဆီပန်းစည်းကိုလှမ်းယူရင်းမှ အေးအေးဆေးဆေးပင်ပြန်ပြောသည်။ ပြီးတော့ ... ပိုက်ဆံအိတ်ထဲကငါးရာတန်တစ်ရွက်ကိုထုတ်ကာ နှင်းဆီကိုပေးလိုက်သည်။
''သြော်... ဒါနဲ့ .. နှင်းဆီမေလေးရေ ... မနက်ဖြန်တော့ မမကို ပန်းလာမပို့နဲ့ ကွဲ့... နော်၊ မမတို့ မန္တလေးကိုသွားစရာရှိလို့''
''သြော်... ဟုတ်လားဆရာမ ''
''စနေ၊ တနင်္ဂနွေ နှစ် ရက် ကြာမယ်၊ တနင်္လာနေ့မနက်တော့ လာပို့ပေါ့ကွယ်၊ ဆရာမ ကိုမတွေ့ ရင်လည်း အဆောင်ကအန်တီ့ကိုသာ ပေးထားခဲ့၊နော်... နှင်းဆီမေလေး''
''ဟုတ်ကဲ့ပါဆရာမ ''
ဆရာမ က နှင်းဆီကိုပြောရင်း ပခုံးပေါ်ကလျှောကျလာသော ယောဂီတဘက်လေးကို ပြန်တင်လိုက်သည်။
''ကဲ- ဆရာမ သွားပြီ''
နှင်းဆီဟာ ဆရာမ ဘုရားဖက်လျှောက်သွားတာကို မျက်စိ တစ်ဆုံး ကြည့်နေမိပါသေးတယ်။ ဆရာမ လမ်းလျှောက်သွားပုံလေးကိုကယဉ်ယဉ်နွဲ့နွဲ့လေး။ နောက်ကကြည့်ရတာ တောင် ကြည့်လို့မဝ။
နှင်းဆီက ဆရာမ ကိုအားကျနှစ် လိုစွာ ငေးကြည့်နေမိသည်။
ဆရာမ ဟာ နှင်းဆီအတွက်တော့ တကယ့်စံပြမိန်းမ တစ်ယောက် ပါပဲ။ လှလည်းလှ၊ ယဉ်ကျေးသိမ်မွေ့ပြီး ကောလိပ်ကျောင်းကကျူတာဆရာမ ဆိုတဲ့ဂုဏ်ပုဒ်များ နှင့်ဘဝမျိုးသည် နှင်းဆီ ဖြစ်ချင်သော ဘဝမျိုး ဖြစ်လေသည်။
တကယ်တော့... နှင်းဆီသည် ဆရာမ နာမည် ကိုတောင် မသိသေးပါ။ ပန်းမှာ လို့သာ နေ့တိုင်းလာပို့ပေးနေခြင်း ဖြစ်သည်။
နာမည် မေးရင်မကောင်းတတ်ဘူးထင်လို့ ဆရာမ နာမည် ကို ခုထိ မသိရ သေးပေ။
ဆရာမ ကတော့ နှင်းဆီနာမည် ကို နှင်းဆီလို့သိရပြီးကတည်းက သူ့သဘောနှင့်သူ နောက်က ''မေလေး''တစ်လုံးထပ်တိုးကာ ''နှင်းဆီမေလေး''လို့ခေါ်နေတော့သည်။
ဘာသဘောနှင့်ခေါ်မှန်းမသိသော်လည်း နှင်းဆီက ကြေနပ် သာယာနေခဲ့လေ၏ ။ နှင်းဆီကိုလိုက်လိုက်လျောလျောဆက်ဆံသော ဆရာမ ကိုလည်းပိုချစ်သွားခဲ့လေသည်။
ဆရာမ ကိုချစ်လို့လည်း ပန်းလေးတစ်စည်းထဲဝယ်တာ ဖြစ်ပေမယ့် နေ့စဉ်အဆောင်ကိုလာပို့ပေးနေခြင်း ဖြစ်ပါသည်။
နှင်းဆီသည် ဆရာမ အတွက် အဝါရောင် နှင်းဆီပွင့်များ ကို သီးခြားဖယ်ထားရသည်။ နှင်းဆီအဝါ၉ပွင့်ကို ဆရာမ အတွက် သပ်သပ် စည်းထားရသည်။
ဆရာမ က ဘုရားပန်းကပ်တာ အဝါရောင် နှင်းဆီပွင့် ကိုမှကပ်တာတဲ့။
နှင်းဆီအတွက်တော့... ဆရာမ သည် ချစ်စရာ အားကျစရာကောင်းရုံမက စိတ်ဝင်စားစရာအပြည့်ရှိနေသော မိန်းမ တစ်ယောက် ဖြစ်နေပေတော့၏ ။
မြင်ကွင်းမှ ဆရာမ ပျောက်ကွယ်သွားမှပင် နှင်းဆီသည် စက်ဘီးကိုနင်းကာ အိမ်ပြန်လာခဲ့လေတော့သည်။
အခန်း (၂)
အိမ်အပြန်လမ်းမှာ ... ရေနီမြောင်းကူးတံတားနားရောက်ရင်ပဲ ဦးမဲလေးမှာ လိုက်သည့် ကောက်ညှင်းငချိပ်ပေါင်းထုတ်ကိုဝင်ပေးဖို့သတိရလိုက်သည်။
ဖြစ်ချင်တော့ ... တံတားပေါ်အရောက်တွင် စက်ဘီးနောက်ဘီးက ပေါက်သွားလေသည်။ နှင်းဆီလည်း စက်ဘီးပေါ်မှ ဆင်းလိုက်ရ၏ ။
''ဟော- ဦးလေးမဲတို့က ဘယ်လိုများ ဓာတ်ရိုက်ထားတယ် မသိဘူး၊ သူ့ဆိုင်နားရောက်တာနဲ့ စက်ဘီးပေါက်သွားပြီ''
နှင်းဆီက တံတားပေါ်ကနေ ဦးမဲလေးဆိုင်ကကြားအောင် အော်ပြောလိုက်သည်။
''ဘာတုန်းဟ နှင်းဆီ၊ ဘာတွေ အော်ပြောနေတာလဲ''
ဦးမဲလေးက နှင်းဆီကိုပြန်အော်မေးလိုက်၏ ။
နှင်းဆီလှမ်းကြည့်လိုက်တော့ ဦးမဲလေးက စက်ဘီးပြင်သည့် ကိရိယာတန်ဆာပလာများ နှင့် စက်ဘီးပြင်ရာတွင် တင်သည့်ဒေါက်တိုင် ကြီးကိုသူ့တဲလေးထဲက မ,လာတာတွေ့ လိုက်ရသည်။ ဟင်... ဦးလေးမဲ ခုမှဆိုင်ထွက်ဖို့ပြင်နေတာပါလား၊ ဘာလုပ်နေလို့ပါလိမ့်။
နှင်းဆီဈေးသွားချိန်ကတည်းက သန့်ရှင်းရေး လုပ်ရင်းကျန်ခဲ့ တဲ့ဦးမဲလေး။ နှင်းဆီဈေးသွားဈေးပြန် ကြာချိန်တစ်နာရီလောက်ရှိတာ တောင်ခုမှဆိုင်ခင်းဖို့လုပ်နေတာကိုကြည့်၍ နှင်းဆီက တွေးလိုက်မိခြင်း ဖြစ်သည်။
''ဒီမှာ လေ... စက်ဘီးပေါက်ပြီ၊ ဦးလေးမဲက ငချိပ်ပေါင်းဖိုး ပေးရမှာ စိုးလို့ စက်ဘီးဖာခနဲ့ ကျေအောင် သံချောင်းတွေ လမ်းမပေါ်ချထားသလားမှမသိတာ၊ တကယ်ပဲ ... ''
နှင်းဆီက ဦးမဲလေးကိုရင်းနှီးနေသည်မို့ ပေါက်ကရတွေ လျှောက်ပြောနေခြင်း ဖြစ်ပါသည်။ ဦးမဲလေးစိတ်မဆိုးတတ်မှန်းသိလို့လည်းစ,နေခြင်း ဖြစ်လေသည်။
နှင်းဆီက စက်ဘီးကို ဦးမဲလေးဆိုင်အထိ တွန်းသွားဖို့ ပြင်လိုက်သည်။
သည်တုံးမှာ ပဲ ... နှင်းဆီသည် တံတားဘေးတွင် ကျနေသော ရောင် စုံချယ်ထားသည့်ကြိုးစလေးကို မြင်လိုက်ရခြင်း ဖြစ်လေသည်။ ကြိုးစလေးကတံတားကြမ်းပြင်နှင့်တံတားလက်ရမ်းအဆက်အစပ်နေရာ ဒေါင့်ကွေးလေးမှာ ရှိနေခြင်း ဖြစ်သည်။
ပထမတော့... ထိုအရာလေးကို ခေါင်းစည်းကြိုးစလေးလို့ နှင်းဆီကထင်မိသည်။ မိန်းကလေးတို့၏ အလှအပကိုတပ်မက်တတ်သော စိတ်ရင်းအတိုင်း နှင်းဆီက ထိုအရာလေးကို ကောက်ယူရန် စက်ဘီးကို ဒေါက်ထောက်လိုက်၏ ။
ပြီးတော့ ... လက်သန်းလုံးလောက်သာရှိသည့်ကြိုးပြားလေးကို ကောက်ယူလိုက်လေသည်။ လက်ထဲပါလာမှ ထိုအရာလေးသည် နှင်းဆီထင်သလိုခေါင်းစည်းသော ဖဲပြားမဟုတ်ပဲ၊ လက်မှာ ပတ်သော လက်ပတ်လေး ဖြစ်နေတာတွေ့ ရလေသည်။ လက်ပတ်လေးက ချည်စလေးများ ကို ယက်လုပ်ထားခြင်း ဖြစ်ကာအနက်ပေါ်တွင် ဆနွင်းမကင်းပုံ အဝါနှင့်အနီပြောက်ကလေးများ ယက်လုပ်ထားလေသည်။ လက်နှင့်ယက်ထားသော လက်ပတ်ပြားလေး ဖြစ်နေ၏ ။နှင်းဆီက လက်ပတ်ပြားလေးကို ပိုက်ဆံအိတ်ဇစ်ဖွင့်ကာ ထည့်လိုက်ပြီး ယူလာခဲ့လေသည်။
အဲဒီ နည်းနဲ့ ... လက်ပတ်ပြားလေးဟာ ကောင်မလေးဆီကို ပါလာခဲ့တာပါ။ ကောင်မလေးကတော့ သိပ်လည်းအဖိုးတန်တာမဟုတ်ပဲ နဲ့ လှပပြီးချစ်စရာကောင်းလို့ ကောက်ယူခဲ့တာပါလေ။
ဒီ ... ဘာမဟုတ်တဲ့ လက်ပတ်ပြားလေးဟာ တစ္ဆေသရဲ ဝိညာဉ်နာနာဘာဝတွေ နဲ့ပတ်သက်နေလိမ့်မယ်လို့ ကောင်မလေးလည်းဘယ်ထင်တတ်ခဲ့မှာ လဲ... ။
''ဟဲ့- နှင်းဆီ၊ ဘီးပေါက်တာလား၊ နင်ခုန ငါ့ကိုဘာတွေ အော်ပြောနေတာလဲ''
''ဘီးပေါက်အောင် လမ်းမပေါ်မှာ သံချွန်တွေ ချထားသလားလို့ ဦးလေးမဲကိုနောက်နေတာပါ''
''သံချွန်ချဖို့နေနေသာသာဟေ့၊ ဒီမှာ စောစောစီးစီး အနိဌာရုံ တွေ ဖြစ်နေလို့ ငါ ခုမှဆိုင်ဖွင့်နိုင်တာ''
''ဟင်- ဦးလေးမဲ၊ ဘာ ဖြစ်လို့လဲ၊ နှင်းဆီလည်း ဦးလေးမဲ ခုမှဆိုင်ဖွင့်နေတာကြည့်ပြီး အံ့သြနေတာ''
''ဟိုမှာ လေ တံတားပေါ်မှာ လူ တစ်ယောက် ကိုကားတိုက်သွားလို့''
''ဟယ်... ''
''နင်ထွက်သွားကာစလေးတင်ပေါ့၊ တိုက်တဲ့ကားက အတင်းမောင်းပြေးသွားတယ်လေ၊ ဟိုက်လက်ကားလေးပဲ၊ နံပါတ်တော့ မမှတ် လိုက်မိဘူး၊အနားမှာ ဘယ်သူမှမရှိတော့ ဆန်နီ့မြင်းလှည်းလာတာနဲ့ ဆန်နီ့မြင်းလှည်းပေါ်တင်ပြီး ငါနဲ့ ဆန်နီ ဆေးရုံပို့ပေးလိုက်ရတာ ပေါ့၊ ခုမှ ပြန်ရောက်တယ်ဟေ့''
ဦးမဲလေးက ဆိုင်ဖွင့်နောက်ကျရခြင်းအကြောင်းကို ရှင်းပြ လိုက်သည်။
''ကဲ-ကဲ- ငါမှာ လိုက်တဲ့ ငချိပ်ပေါင်း ပါလာတယ်မှုတ်လား၊ ပေးစမ်းပါဟယ်၊ ဆာလိုက်တာ''
နှင်းဆီက ခြင်းထဲထည့်လာတဲ့ ငချိပ်ပေါင်းထုတ်လေးကို ယူ ပေးလိုက်သည်။
''ကားတိုက်ခံရတဲ့လူ ဘာ ဖြစ်သွားသေးလဲဦးလေးမဲ''
''သေတော့ မသေလောက်ဘူးထင်ပါရဲ့ ဟယ်''
ဦးမဲလေးက ငချိတ်ပေါင်းထုတ်ကိုဖွင့်စားရင်းမှ ပြောပြနေသည်။
''သွေးတွေ ကတော့ မြင်မကောင်းဘူးဟေ့၊ ဆန်နီ့မြင်းလှည်း တစ်ခုလုံးလည်း သွေးတွေ ပေကျံကုန်တာပဲ၊ ဆန်နီလည်း မနက်စောစောဈေးဦးမပေါက်တဲ့အပြင် မြင်းလှည်းလည်း ညစ်ပတ်၊ အချိန်လည်းကုန်၊ ခုပဲ မြင်းလှည်းကိုသန့်ရှင်းရေး လုပ်ဖို့ အိမ်ပြန်သွားပြီ၊ ပိုက်ဆံက တစ်ပြားမှမရလိုက်ဘူး''
''ဟင်- အဲဒီ လူက မြင်းလှည်းခ ရှင်းမပေးဘူးလား''
''ဟ-သတိလစ်နေတာ ဘယ်လိုလုပ်ရှင်းပေးမှာ တုံး''
''သြော် ... ''
''ငါတို့မှာ ကူလည်းကူညီရသေး၊ အစစ်ဆေးလည်း ခံလိုက်ရသေးတယ်ဟေ့၊ ယာဉ်တိုက်မှုကိုး၊ အရေး ထဲ မစိန်စိန်များ ဆေးရုံမှာ ရှိမလားကြည့်တာ၊မစိန်စိန်လည်း မတွေ့ ဘူး''
''မေမေက ခုတလော ညနေပိုင်းဂျူတီကျနေတာဦးလေးမဲရဲ့ ''
မစိန်စိန်ဆိုသည်မှာ နှင်းဆီမိခင်ကို ပြောခြင်း ဖြစ်သည်။ နှင်းဆီရဲ့ အမေ ဒေါ်စိန်စိန်အေးမှာ ထမီအပြာဝတ် အထက်တန်းသူနာပြုဆရာမ တစ်ယောက် ဖြစ်သည်။ ဆေးရုံကြီးမှာ တာဝန်ကျနေသူ ဖြစ်ပါသည်။
''ဒါဖြင့်လည်း နှင်းဆီအိမ်ပြန်နှင့်တော့မယ်၊ ဦးလေးမဲဖာထား လိုက်တော့နော်၊ ခဏနေမှ နှင်းဆီပြန်လာယူတော့မယ်''
''အေး- အေး- ထားခဲ့''
နှင်းဆီက စက်ဘီးကို ဦးမဲလေးဆိုင်မှာ ထားပစ်ခဲ့ကာ မလှမ်းမကမ်းကအိမ်သို့ ခြေလျင်လျှောက် ပြန်လာခဲ့လေသည်။
အိမ်နှင့်ဦးမဲလေးဆိုင်... မကွာလှသော ခရီးတိုလေးအတွင်း လမ်းလျှောက်လာစဉ်မှာ ပင်... ကောင်မလေးသည် သူ့ဘေးမှာ တစ်စုံ တစ်ယောက် ကပ်ပါလာသည့်ခံစားမှုကို ခံစားသိရှိလိုက်ရခြင်း ဖြစ်လေ၏ ။
နောက်မှခြေသံတဖြတ်ဖြတ်ကြားရသည်ထင်၍ နောက်ကိုလှည့် ကြည့်မိသည်။ ဘယ်သူမှမရှိချေ။ တကယ်တော့ နှင်းဆီအနီးတွင် လူရှိဖို့နေနေသာသာ လမ်းမပေါ်မှာ ပင် ကိုက်တစ်ရာဝန်းကျင်၌ ဘယ်သူမှ ရှိမနေပါ။
ကောင်မလေးကြားရသော ခြေသံသည် သူမဘေးသို့ရောက်လာသည်ဟုထင်မိပြန်၏ ။ တစ်ဆက်တည်း ညာဖက်ပခုံးကို တစ်စုံတစ်ခုနှင့်ပွတ်တိုက်မိသလို ခံစားလိုက်ရပြန်သည်။ နှင်းဆီက လာထိသည်ဟုထင်ရသော အရာကို လက်ဖြင့်ယောင်၍ ဖယ်ချလိုက်သည်။ ထိုအခါ သူမ၏ ညာဖက်လက်မောင်းထိုနေရာတွင် အေးစက်နေသည်ကိုတွေ့ လိုက်ရလေသည်။ ကြက်သီးလည်း ဖြန်းကနဲထသွားသည်။
သက်ပြင်းချသံလိုလို ပင့်သက်ရှိုက်လိုက်သံလိုလို အသံမျိုးကိုလည်း နှင်းဆီကြားလိုက်ရပြန်သည်။
ဟင်... လူ တစ်ယောက် ငါ့ဘေးနားမှာ ရှိနေသလိုပါလား။ ဘယ်လို ဖြစ်တာပါလိမ့်။
ခြံအဝသို့အရောက်တွင် နှင်းဆီက ရပ်လိုက်ကာ မြေကိုခြေ ဖြင့် သုံးလေးချက်ဆောင့်ရင်း ''ဖွ-ဖွ-ဖွ-'' ... ဟု နှုတ်မှဆိုလိုက်သည်။သို့သော်... သူမ အိမ်ထဲဝင်လာသည်အထိ နောက်မှခြေသံက ကပ်လျှက်လိုက်ပါလာဆဲပင် ... ။
နှင်းဆီက အိမ်ထဲပြန်အရောက်တွင် သူမအခန်းထဲသို့တန်းသွားကာ အိမ်နေရင်းအဝတ်အစားများ လဲဝတ်လိုက်သည်။
အဝတ်အစားလဲဝတ်ရင်းမှ နှင်းဆီစိတ်ထဲတွင် မလုံမလဲ ဖြစ်ကာ ဖုံးဖုံးဖိဖိလုပ်လိုက်မိသည်။ အခန်းထဲမှာ တစ်ယောက် တည်းပေမယ့်လူ တစ်ယောက် ယောက် ရှိနေတယ်ဆိုတဲ့အသိ ဝင်လာသော ကြောင့် ဖြစ်သည်။ တစ်ယောက် ယောက် များ ချောင်းကြည့်နေသလားဆိုတဲ့သံသယဖြင့်ပိပိရိရိသေသေသပ်သပ် ဖြစ်အောင် လုပ်နေလိုက်သည်။
နောက်မှ ... ငါ့စိတ်တွေ မဟုတ်သေးပါဘူး၊ ဘယ်လို ဖြစ်နေပါလိမ့်ဟု နှင်းဆီကတွေးကာ ပြုံးလိုက်မိပြန်၏ ။
ထိုစဉ်မှာ ပဲ...
ဖျတ်- ဖျတ်- ဖျတ်- ဖျတ်
လမ်းလျှောက်သံ။ လူ တစ်ယောက် လမ်းလျှောက်လာသည့် အသံကိုကြားလိုက်ရသည်။ အသံကိုကြားနေရသော်လည်း ဘာအကောင်အထည်မှမမြင်ရပါ။
နှင်းဆီကြက်သီးထသွားသည်။ ကိုယ်ကိုပင်မလှုပ်ရဲတော့ပဲ နေရာတွင် ပင် ရပ်နေမိလေသည်။
ဘုရား ဘုရား... ဘာတွေ ဖြစ်နေတာလဲ။ ငါ့ဘေးနားမှာ လူ တစ်ယောက် ရှိနေသလို ခံစားနေရပါလား။ ဘယ်လိုပါလိမ့်။
ခြေသံက တဖြည်းဖြည်းနီးလာကာ နှင်းဆီအနီးတွင် ရပ်သွားလေသည်။
အခန်းထဲမှာ နှင်းဆီ တစ်ယောက် တည်း မနေရဲတော့။
နှင်းဆီသည် ပိုက်ဆံအိတ်ထဲမှ ငွေများ ကိုထုတ်ယူလိုက်သည်။ ဈေးကရလာတဲ့ပန်းဖိုးများ ကို မေမေ့ဆီသွားအပ်လိုက်တော့မည် ။
နှင်းဆီက ပန်းသည်ပေးလိုက်သော ငွေများ ကို အထပ်လိုက်အတိုင်း ထုတ်ယူလိုက်သည်။ ဆရာမ ပေးလိုက်တဲ့ ပန်းဖိုးငါးရာတန်လေး ကိုတော့နှင်းဆီက အိတ်ထဲမှာ ပဲ ထားခဲ့ပါသည်။ ထိုငါးရာသည် ဖေဖေ့အတွက် ဖြစ်သည်။
အိတ်ထဲကပိုက်ဆံများ ကိုထုတ်လိုက်ချိန်တွင် တံတားပေါ်မှ ကောက်လာသော လက်ပတ်ပြားလေးက ပိုက်ဆံများ ကြားထဲရောပါလာကာ ကြမ်းပြင်ပေါ်သို့ကျသွားလေသည်။
နှင်းဆီက လက်ပတ်ပြားလေးကို ကုန်းကောက်လိုက်၏ ။
ထိုစဉ်မှာ ပဲ ...
''ဟိတ်-''
''အောင်မယ်လေး''
နှင်းဆီသည် နှုတ်မှယောင်အော်မိအောင်ပင် လန့်သွားလေ၏ ။
လူ တစ်ယောက် အနီးကပ်၍ ခေါ်လိုက်သော အသံမျိုး ဖြစ်လေသည်။
''ဘယ်သူလဲ၊ ဘာလဲ၊ ဒီနားမှာ ဘယ်သူရှိနေလဲဟင်၊ ဒါပဲနော် ရီးတီးယားတားမလုပ်နဲ့ ... ဟင်း... ''
နှင်းဆီသည် ကြောက်ကန်ကန်၍ ပြောလိုက်ခြင်းသာ ဖြစ်သည်။ အနားမှာ အကောင်အထည်လည်းမမြင်ရ၊ ဘယ်သူမှလည်း မရှိပါပဲနှင့် တစ်ယောက် တည်း အယောင်ယောင်အမှားမှားတွေ ဖြစ်နေခြင်း ဖြစ်၏ ။
လက်ပတ်ပြားလေးကို ပိုက်ဆံအိတ်ထဲပြန်ထည့်ရန် ပြင်လိုက်စဉ် ...
''ဟင်း... ''
လေးတွဲ့ စွာ သက်ပြင်းချသံတစ်ခုကို ပီပြင်စွာ ကြားလိုက်ရပြန်လေသည်။
နှင်းဆီအခန်းထဲမှာ မနေရဲတော့။
မေမေ့ကို ပန်းဖိုးငွေများ အပ်ရန် အခန်းထဲမှ ပြေးထွက်လာခဲ့လေတော့သည်။
မေမေက မီးဖိုထဲတွင် ထမင်းဟင်းများ ချက်ပြုတ်နေသည်။
''မေမေ၊ ဟောဒီမှာ ပန်းဖိုးတွေ ''
နှင်းဆီက မေမေ့ကိုလှမ်းပြောကာ ထားနေကျအတိုင်း ထမင်းစားစားပွဲပေါ်တင်ထားလိုက်လေသည်။
''နှင်းဆီ''
''ရှင်- မေမေ''
''ညီးအဖေဖို့အရက်ဖိုး နှုတ်ထားသေးလား''
''နှုတ်မထားပါဘူးမေမေ၊ မနေ့က မေမေကိုယ်တိုင်တွက်ပေးလိုက်တဲ့ငွေအတိုင်းပဲ''
ဖောက်သည်ကို ပန်းများ သွင်းရာတွင် ဒီနေ့သွင်းသည့်ပန်းများ အတွက် နောက်နေ့မှ ငွေရပါသည်။ မေမေက ပန်းတွေ မပို့ခင် ဘယ် လောက်တန်ဘယ်နှစည်းဆိုတာ ရေတွက်ထားပြီး ငွေကိုလည်း တစ်ခါတည်းတွက်ချက်ထားတတ်ပေ၏ ။ နှင်းဆီက ကိုယ်ပိုင်သုံးဖို့ ပန်းဖိုးထဲက တစ်ခါမှမယူဖူးပေ။
နှင်းဆီမှာ သုံးစရာအကြောင်းလည်း သိပ်မရှိပါ။ လိုအပ်လျှင် မေမေ့ဆီက တောင်းသုံးသည်။
သို့သော်... နှင်းဆီသည် ဖေဖေ့ကိုတော့ ပန်းဖိုးထဲမှငွေများ ကို မေမေမသိအောင် ပေးမိသည်။ အများ ကြီးမဟုတ်ပါ။ သုံးလေးငါးရာသာ ဖြစ်ပါသည်။ ထိုငွေမှာ ဖေဖေအရက်သောက်ဖို့အတွက် ဖြစ်လေသည်။ မေမေက ဖေဖေ့ကို ပိုက်ဆံသပ်သပ်မပေးပါ၍ တစ်ခါတစ်ခါ ဖေဖေ့မှာ အရက်သောက်စရာ ပိုက်ဆံမရှိပဲ ပြတ်လပ်နေတတ်သည်။
နှင်းဆီခြံက ဝင်သမျှငွေကို မေမေကပင်သိမ်းဆည်းသည်။ မေမေသည် အိမ်စရိတ်ကို လိုအပ်မှတွက်ချက်ထုတ်ပေးတတ်သော အလွန်စစ်စီသည့်အိမ်ရှင်မ တစ်ယောက် ဖြစ်လေ၏ ။
ဖေဖေ့မှာ မေမေအလုပ်သွားတုန်း ခြံကိုတိုက်ရိုက် ပန်းလာဝယ်သူရှိပါမှ ပိုက်ဆံအပိုလေးရရှာသည်။ တစ်ခါတရံပြတ်လပ်နေတတ်သည်။ ဒါကိုသနား၍ နှင်းဆီက ပန်းဖိုးထဲမှငွေများ ကို ဖေဖေ့ကိုပေးမိခြင်း ဖြစ်သည်။ မေမေသိသွားတော့ နှင်းဆီအဆူခံရပါသည်။
''အမလေးဟဲ့- အဖေကို အရက်ဖိုးရှာပေးတဲ့သမီး၊ ဒီတစ်ခါပဲ တွေ့ ဖူးသေးတယ်''
နောက်ပိုင်းမှာ တော့ ဖောက်သည်ဆီကရတဲ့ပန်းဖိုးထဲကနေ နှုတ်ယူထားစရာမလိုတော့ပါ။ ဆရာမ အတွက် နေ့စဉ်ပန်းများ ပို့ပေးရချိန်မှစ၍ ဆရာမ ဆီကရသည့်ငွေငါးရာကို ဖေဖေ့ကိုပေးလိုက်တော့သည်။
ကောလိပ်ကကျူတာဆရာမ လေး တစ်ယောက် ဆီ နှင်းဆီပန်း အဝါရောင် ကိုးပွင့်ကို နေ့စဉ်ပို့ပေးနေရတာ မေမေမသိပေ။ နှင်းဆီက လည်းမပြော။ သည်တော့ ... ဆရာမ ဆီကရတဲ့ပိုက်ဆံငါးရာကို ဖေဖေ့အတွက် လွတ်လွတ်လပ်လပ်ပေးနိုင်နေတော့သည်။
''နှင်းဆီ''
မီးဖိုခန်းထဲမှလှမ်းထွက်ဖို့ပြင်နေသော နှင်းဆီကို မေမေက ခေါ်လိုက်ပြန်သည်။
''ရှင် ... မေမေ''
''စာမေးပွဲက နီးနေပြီနော်၊ ညီးစာကျက်ရဲ့ လား''
''ကျက်ပါတယ်မေမေရဲ့ ''
''ကျက်ပါတယ်၊ ကျက်ပါတယ်နဲ့ ၊ ကျတာ သုံးနှစ် ရှိပြီ၊ ဒီတစ်ခါ ဖြေရမှာ က စတုတ္ထအကြိမ်လေ၊ ညီး မရှက်ဖူးလားအေ''
''မေမေကလည်း သမီးကို ဒါပဲပြောပြီးနှိမ်နေတာပဲ၊ သမီးလည်း ကြိုးစားတာပဲမေမေ၊ ကံမလိုက်တော့ ''
''စာမေးပွဲကိုများ ကံမလိုက်ဘူးပြောမနေပါနဲ့အေ၊ စာမကျက်လို့မအောင်တာပေါ့''
ဆယ်တန်းစာမေးပွဲက နတ်ကြီးတယ်-လို့ နှင်းဆီပြောမနေချင်တော့ပါ။ ပြောရင်လည်း မေမေက လက်ခံမှာ မဟုတ်။ နှင်းဆီဖက်ကလည်းဆယ်တန်းကို သုံးနှစ် ဆက်တိုက်ဖြေရာတွင် မအောင်မြင်သည့် အပြစ်က ရှိနေပေရာ ဘာကြောင့်ညာကြောင့် အကြောင်းမပြချင်တော့ပေ။
''ဒီနေ့ကစပြီး တစ်ပတ်လုံး ငါနိုက်ဂျူတီကျတယ်၊ အမေမရှိဘူးဆိုပြီး ပေါ့မနေပါနဲ့ ၊ စာကျက်ပါနှင်းဆီ''
''ဟုတ်ကဲ့ပါမေမေ''
နှင်းဆီသည် သက်ပြင်းချကာ မီးဖိုခန်းထဲမှထွက်လာခဲ့လေ၏ ။
ကောင်မလေးဟာ... အခန်းထဲပြန်ရောက်တော့ စိတ်တွေ ထိုင်းမှိုင်းသွားတော့တယ်။ မေမေဆူလိုက်ပြောလိုက်တာတွေ ဟာ မေမေ့ဖက်ကကြည့်ရင်တော့ မှားတယ်လို့ မဆိုသာဘူးပေါ့လေ။ ဒါပေမယ့် ကောင်မလေးလည်း စာမကျက်တာ စာမကြိုးစားတာမှမဟုတ်ပဲ။ ကြိုးစား ပါရက်ကဒီဆယ်တန်းကို အောင်ပဲမအောင်နိုင်တာကို ကောင်မလေးလည်း မတတ်နိုင်တော့။
ဘာပဲ ဖြစ် ဖြစ်... ကိုယ်တိုင်က စာမေးပွဲတဗုံးဗုံးကျနေတော့လည်း နှင်းဆီသည် မေမေ့ကို ဘယ်လိုမှ ပြန်မချေပနိုင်ပေ။
''သူများ သားသမီးတွေ အောင်တယ် အောင်တယ်နဲ့ ဂုဏ်ယူနေရင် ငါ့မျက်နှာဘယ်ထားရမှန်းမသိဘူး၊ ညီးအတွက် ငါသိပ်ရှက်တယ် မိနှင်းဆီရယ်၊ငါ့မှာ ညီးတို့သားအဖကြောင့် မျက်နှာကို မမော်နိုင်ပါဘူးအေ၊ အဖေက အရက်သမား၊ သမီးက ဆယ်တန်းမအောင်၊ ဟွန်း... ငါ့ဘဝကိုက ဆိုးပါတယ်လေ''
ဒေါ်စိန်စိန်အေးသည် ယောကျာ်းနှင့်သမီးကို အားမရနိုင်သည့် မိန်းမ တစ်ယောက် ဖြစ်နေပေတော့၏ ။
ဒေါ်စိန်စိန်အေးပြောရလောက်အောင်လည်း ဦးကျော်စွာ က မိုးလင်းမှမိုးချုပ်သောက်နေသူ ဖြစ်သည်။
နှင်းဆီကတော့ ဖေဖေအရက်သောက်တာ များ မှန်းသိပေမယ့် အပြစ်မဆိုချင်ပါ။ အဘယ်ကြောင့်ဆိုသော် ဖေဖေသည် သူ့အလုပ်ကို မပျက်စေပဲသောက်တတ်သော ကြောင့် ဖြစ်သည်။ ဖေဖေ့အလုပ်ကတော့ ဟောဒီနှင်းဆီခြံကြီးတစ်ခုလုံးကို တာဝန်ယူရသည့်အလုပ် ဖြစ်သည်။
တကယ်တော့... နှင်းဆီခြံမှာ ဖေဖေနှင့်မေမေ အိမ်ထောင်မကျခင်ကတည်းက ဖေဖေ့လုပ်အားဖြင့် ရင်းနှီးရယူထားသော ဖေဖေ့ကိုယ်ပိုင်ခြံ ဖြစ်ပါသည်။
ဖေဖေဘယ်အချိန်ကတည်းက အရက်စွဲသွားတယ်တော့ မသိ။ ဖေဖေ့အလုပ်ကလည်း ခြံလုပ်ငန်းကို အိမ်နှင့်မကွဲမကွာလုပ်နေရတော့ဘယ်ကိုမှထွက်စရာမလို၊ ဘယ်သူနှင့်မှဆက်ဆံစရာမလိုသည့်အတွက် အိမ်မှာ နေရင်း အရက်ကလေးတမြမြသောက်ရာမှ စွဲသွားခြင်း ဖြစ်ပေမည် ။
နောက်ပိုင်းတော့ ... မေမေက ဖေဖေအရက်သောက်မှာ စိုးကာ ရသမျှဝင်ငွေတွေ အကုန်လုံး ယူ၍ သိမ်းတော့သည်။ နှင်းဆီလည်း ဒီလို နဲ့ဖေဖေ့ကို အရက်ဖိုးရှာပေးရသော ဘဝရောက်ရခြင်းပင် ဖြစ်လေ၏ ။
မေမေကတော့ သူနာပြုဆရာမ တစ်ယောက် ဖြစ်သည့်အားလျော်စွာ ပြင်ပမှာ အသိမိတ်ဆွေ အသိုင်းအဝိုင်းတွေ ရှိနေသည်။ ဆေးရုံကြီး မှာ အထက်တန်းသူနာပြု တစ်ယောက် ဖြစ်သလို... ပြင်ပဆေးခန်းများ မှာ လည်း ဂျူတီဝင်သေးသည်။ မေမေဝင်ဆန့်နေတဲ့အသိုင်းအဝိုင်းကပညာတတ်တွေ များ တာမို့ နှင်းဆီဆယ်တန်းမအောင်နိုင်ခြင်းကို မေမေက စိတ်မကျေချမ်းနိုင် ဖြစ်နေခြင်းပဲ ဖြစ်တော့သည်။
သည်လိုနှင့်... သားအမိ သားအဖ သုံးယောက် သာရှိသည့် အိမ်ကလေးတွင် ... မေမေကတစ်ဖက်၊ ဖေဖေနှင့်နှင်းဆီကတစ်ဖက်ပဋိပက္ဓတွေ ကြီးထွားနေခြင်းပဲ ဖြစ်ပါတော့၏ ။
နှင်းဆီက အခန်းထဲပြန်အရောက်တွင် ကုတင်ပေါ်စိတ်ပျက် လက်ပျက်ထိုင်ချလိုက်ကာ သက်ပြင်းကိုချလိုက်သည်။
တကယ်တော့ နှင်းဆီမှာ လည်း စာကျက်ချင်စိတ်မရှိတော့ပါ။ သုံးနှစ် လုံးလုံးကျက်မှတ်လာရသော ဆယ်တန်းစာများ ကို ငြီးငွေ့နေလေ ပြီ။
အားလုံးကိုလည်း ရပြီးသား ဖြစ်နေသည်။ စာမေးပွဲအောင်တာ မအောင်တာ အပထား။ စာတွေ ကို ကျက်ရဖန်များ လွန်းလို့ မှတ်မိနေတာတော့ သေချာပါသည်။ဒါပေမယ့် ... အခန်းအပြင်ကိုပြန်မထွက်ချင်တော့။ မေမေနှင့် မျက်နှာချင်းထပ်ဆိုင် ဖြစ်လျှင် မေမေဆူတာပြောတာတွေ ကို နာခံနေရ လိမ့်ဦးမည် ။နှင်းဆီက ခြံထဲမှဖေဖေ့ကို ပိုက်ဆံသွားပေးဖို့သတိရကာ ထိုင်ရာမှထလိုက်သည်။ ဖေဖေသည် အိမ်ကြီးထဲတွင် မနေတာကြာပြီ။
သုံးနှစ် ကျော်ကျော်လောက်ရှိပြီ။ မေမေငြူစူပြောဆိုတာတွေ နားမခံသာဘူးဆိုကာ ခြံစောင့်တဲကလေးမှာ တစ်ကိုယ်တည်းသွားနေ၏ ။ ထိုတဲလေး မှာ နဂိုက ခြံစောင့်ကြီး တစ်ယောက် နေခဲ့သည့်တဲလေး ဖြစ်ပါသည်။ ခြံစောင့်အဘိုးကြီး အသက်ကြီးလာ၍ ရွာပြန်သွားတော့... ဖေဖေက တဲ ကလေးထဲမှာ နားအေးပါးအေးသွားနေခြင်း ဖြစ်တော့သည်။
ဖေဖေ့အတွက်တော့ တကယ်ပဲနားအေး သွားပါသည်။ အချိန်မှန် ပန်းပင်တွေ ရေလောင်း၊ ပေါင်းသင်၊ ပန်းတွေ ခူးနှင့် အလုပ်တွေ ဇယ်ဆက်အောင်လုပ်ကာ အရက်ကိုလည်း ခွက်ဆက်အောင်သောက်၍ သူ့ဘာသာ အေးချမ်းရာရှာနေတော့၏ ။ အားချိန်မှာ ဖေဖေ့တဲကလေးထဲက ဂစ်တာသံထွက်လာတတ်သည်။ လူပျိုကတည်းက တီးခတ်ခဲ့သော ဂစ်တာလေးကို ဖေဖေက ယခုတိုင်မစွန့်လွှတ်သေး။ ဖေဖေ့တဲကလေးထဲမှခေတ်ဟောင်းစတီရီယိုတေးများ ကို နှင်းဆီမကြာခဏကြားရတတ်ပါသည်။
''ရယ်စရာတော့ကောင်းတယ်သမီးရဲ့ ၊ သမီးမေမေက အပျိုဘဝတုံးက ဖေဖေ့ဂစ်တာသံနားထောင်ချင်လို့ ခြံထဲကိုနှင်းဆီပန်းလာ ဝယ်တာတဲ့၊ပန်းသိပ်ကြိုက်လို့မဟုတ်ဘူးတဲ့လေ၊ ဂစ်တာကြောင့် ဖေဖေနဲ့ မေမေဖူးစာဆုံခဲ့ရတာ ပေါ့၊ ခုတော့လည်း ... သမီးအမေက ဖေဖေ ဂစ်တာတီးတာကိုအချိန်ဖြုန်းတာတဲ့၊ အသက်အရွယ်မထောက် ကလေးကလားနိုင်တာတဲ့၊ ဂစ်တာကိုငြူစူနေပြန်ပြီသမီးရေ ... မဆန်းဘူးလားကွာ''
ဖေဖေကတော့ ရယ်ရယ်မောမောပြောပြခဲ့ခြင်း ဖြစ်ပါသည်။ နှင်းဆီအတွက်တော့ တွေးစရာ ဖြစ်ခဲ့သည်။ မိန်းမတို့၏ စိတ်သည် အရွယ် ကိုလိုက်၍ ပြောင်းလဲတတ်လေသလား။
ဘာပဲ ဖြစ် ဖြစ် နှင်းဆီက ဖေဖေ့ကိုချစ်သည်။ ဖေဖေ့ကိုအပြစ် မမြင်။ အရက်သောက်သော်လည်း ဖေဖေသည် ဘယ်သူ့ကိုမှစိတ်ဆင်းရဲအောင်မလုပ်ခဲ့ပေ။ သူ့ဟာသူ ခြံထဲမှာ ပင်လုပ်စရာရှိတာလုပ်ပြီး အားလျှင် ဂစ်တာလေးနှင့်သီချင်းငြီးနေတတ်သော ဖေဖေ့ကို နှင်းဆီ ကတော့အပြစ်ရှာလို့မတွေ့ ပါ။
နှင်းဆီက ဘီရိုကိုဖွင့်ကာ အံဆွဲထဲထည့်ထားသော ပိုက်ဆံအိတ်ကလေးကိုထုတ်ယူလိုက်သည်။
ပိုက်ဆံအိတ်ဇစ်ကိုဖွင့်ကာ ငါးရာတန်လေးကိုနှိုက်ယူလိုက်တော့ လက်ပတ်ပြားကလေးပါ ကပ်ပါလာ၏ ။
နှင်းဆီသည် လက်ပတ်ပြားလေးကို ပိုက်ဆံအိတ်ထဲပြန်မထည့်တော့ပဲ ပိုက်ဆံအိတ်ကိုသာ အံဆွဲထဲပြန်ထည့်လိုက်သည်။
ပြီးတော့ ... လက်ပတ်ပြားလေးကို ဘယ်ဖက်လက်ကောက်ဝတ်မှာ ပတ်ကြည့်လိုက်၏ ။ လက်ပတ်ပြားလေး၏ အနားနှစ် ဖက်တွင် ပါသော ကပ်ခွာလေးနှစ် ခုဖြင့် ကွင်း ဖြစ်အောင်ကပ်လိုက်သည်။ လက်ပတ်ပြားလေးမှာ နှင်းဆီလက်နှင့် ချောင်ချောင်လည်လည်လေးရှိနေပေ၏ ။
''ဟေ့- ဟေ့ကောင်မလေး၊ ဒီမယ်- ဒီမယ်၊ နင် ငါ့ကိုလှည့်ကြည့်လိုက်စမ်းပါ''
နှင်းဆီသည် နောက်မှကပ်ရက်ထွက်လာသော အသံကြောင့် လန့်သွားကာ ရုတ်တရက် ချက်ချင်း ပင် လှည့်ကြည့်လိုက်လေသည်။
''အမလေး- နင်- နင်... ''
သူမ၏ နောက်ကျောတွင် နီးကပ်စွာ ရပ်နေသော ယောကျာ်းပျို တစ်ယောက် ကိုမြင်လိုက်ရသည့်အခါ နှင်းဆီ အလန့်တကြားအော်လိုက် မိလေသည်။
နှင်းဆီအော်သံကြောင့် သူက နောက်ဆုတ်လိုက်သည်။
''နင်- နင်- ငါ့ကိုမြင်ရပြီလားဟင်၊ နင်ငါ့ကိုမြင်ရပြီပေါ့၊ ဟုတ်လား''
''နင်ဘယ်သူလဲ၊ နင် ငါ့အခန်းထဲဘာလာလုပ်တာလဲ၊ အို... ဒုက္ဓပါပဲ၊ မေမေတို့သိရင်ဒုက္ဓပဲ၊ နင် အခန်းထဲကို ဘယ်အချိန်ကတည်းကခိုးဝင်နေတာလဲ ... ဟင်''
နှင်းဆီက နှုတ်မှတရစပ်မေးနေရင်းပင် ထိုသူကို ချက်ချင်း မှတ်မိလိုက်လေသည်။ မနက်အစောကြီးတုန်းက နှင်းဆီအိမ်မှအထွက် တွင် အိမ်ရှေ့မှမြို့အဝင်ဆိုင်းဘုတ်ကို မော်ကြည့်နေတဲ့လူပါလား။ နှင်းဆီ တိတ်တခိုးသဘောကျမိခဲ့သော လူငယ် ဖြစ်နေလေ၏ ။
''နင်- နင် ဘာလို့ ငါ့အခန်းထဲကို ဝင်နေရတာ လဲ''
''မဟုတ်ဘူး၊ ငါ နင့်အခန်းထဲကိုဝင်တာမဟုတ်ဘူး၊ နင်ခေါ်လာလို့ ငါပါလာတာ''
''ဘာ-''
''ဟုတ်ပါတယ်၊ နင်ခေါ်လာလို့ငါပါလာတာပါဟာ၊ ယုံပါဟာ''
''ငါက နင့်ကိုဘာလို့ခေါ်ရမှာ လဲ၊ နင့်ကိုမှ ငါမသိပဲ''
''တကယ်ပါ၊ နင့်နောက်ကနေ ငါလိုက်လာတာပါဟာ၊ ငါလေ နင့်ကိုတစ်ချိန်လုံး စကားတွေ ဘေးကပြောနေတာ၊ ဒါပေမယ့် နင်မကြား ဘူး၊အဲ- တစ်ခါတော့ နင်ကြားလိုက်သလိုပဲ၊ ငါက 'ဟိတ်'လို့ခေါ်လိုက် တော့ နင်လှည့်ကြည့်လိုက်သေးတယ်လေ၊ ဒီအခန်းထဲမှာ ပဲ''
''ဟင်-''
နှင်းဆီ တွေ သွားလေသည်။ ခေါ်သံကို ကြားခဲ့သလိုရှိတာကို မှတ်မိသွားသည်။ ပြီးတော့ ခြံအဝင်ဝကတည်းက မိမိဘေးမှာ လူတစ်ယောက် ကပ်လိုက်လာသလိုခံစားမှုကိုလည်း သတိရလိုက်၏ ။
ဒါပေမယ့် အဲဒီ တုန်းက သူ့ကိုဘာလို့မမြင်ရတာ လဲ။
''နင်ဘယ်လိုပုန်းပြီးလိုက်လာတာလဲ၊ နင့်ကို ငါမမြင်ခဲ့ပါလား''
''ပုန်းလိုက်လာတာမဟုတ်ပါဘူးဟာ၊ နင့်နောက်ကလိုက်လာတာပါ၊ ပြီးတော့ နင်နဲ့ ဘေးချင်းယှဉ်ပြီးလျှောက်လာတယ်၊ ဒါပေမယ့်နင်ငါ့ကိုမမြင်ဘူးဆိုတာ ငါသိနေတယ်၊ ငါပြောတဲ့စကားတွေ ကိုလည်း နင်မကြားဘူး''
''အဲဒါ ... ဘာ ဖြစ်လို့လဲဟင်''
''ငါလည်းမသိဘူး၊ ငါလည်း အံ့သြနေတာ၊ နောက်ပြီး ငါ့ကိုယ် ငါ ဘယ်သူဆိုတာလည်း စဉ်းစားမရလို့ ငါစိတ်ညစ်နေတာ၊ နင်ငါ့ကို ကြည့်စမ်းပါ၊နင် အရင်တုန်းက ငါ့ကိုမြင်ဖူးသလား၊ သိဖူးသလားဟင်''
''မမြင်ဖူး ... အဲ... မနက်အစောကြီးတုန်းကတော့ နင့်ကို တစ်ချက်မြင်မိလိုက်ပါတယ်၊ နင်... တို့ခြံရှေ့က မြို့အဝင်ဆိုင်းဘုတ်ကြီးရှေ့မှာ ရပ်နေတာလေ''
''ဟင် ... ဟုတ်လား၊ ငါ အဲဒါကို မမှတ်မိဘူးဟာ''
''နင်တကယ်ပြောနေတာလား၊ ငါ့ကိုနောက်နေတာလား၊ ဒါဖြင့် နင်ကဘယ်သူလဲ၊ ငါ့ကို ဒုက္ဓတော့မပေးနဲ့နော်''
''နင့်ကိုဒုက္ဓပေးဖို့နေနေသာသာ ငါ့ကိုယ်ငါတောင် ဘယ်သူမှန်း မသိလို့ ဒုက္ဓရောက်နေတာပါဟာ''
''နင့်ကို ငါမမြင်ရအောင် နင်ဘယ်လိုလုပ်ထားတာလဲဟင်''
''ဘယ်လိုမှမလုပ်ဖူး၊ နင် ငါ့ကိုမမြင်တာကို ငါလည်းအံ့သြနေတာ၊ အခုတော့ နင်ငါ့ကိုမြင်ရပြီမဟုတ်လား''
''အေးလေ... ''
''အဲဒါ လက်ပတ်ကြိုးလေးကြောင့် ဖြစ်မယ်လို့ ငါထင်တယ်''
သူက နှင်းဆီလက်မှာ ပတ်ထားသော လက်ပတ်ကြိုးလေးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
''လက်ပတ်ကြိုး၊ ဒီလက်ပတ်ကြိုးကြောင့်... ဟုတ်လား''
''ဟုတ်တယ်လေ၊ နင့်ဘေးမှာ ငါတစ်ချိန်လုံးရှိနေတာပဲ၊ နင်မှ ငါပြောတာတွေ လည်းမကြား၊ ငါရှိနေတာကိုလည်း မမြင်တာကို၊ အဲဒီ လက်ပတ်ကြိုးလေးပတ်လိုက်မှ နင်ငါ့ကိုမြင်ပြီဆိုတာ ငါသိလိုက်တာ၊ အဲဒါကြောင့်လည်း နင့်ကိုခေါ်ကြည့်လိုက်တာပေါ့''
''ဒီလက်ပတ်ကြိုးနဲ့ နင့်ကိုမြင်ရတာ နဲ့ ဘာဆိုင်လို့လဲ''
''ဆိုင်တာပေါ့၊ အဲဒီ လက်ပတ်ကြိုးက ငါ့ဥစ္စာလေ''
''ဘာ- ဒီလက်ပတ်ကြိုးက နင့်ဥစ္စာ၊ ဟုတ်လား''
''ဟုတ်တယ်၊ အဲဒါ ငါ့ပစ္စည်းဆိုတာတော့ ငါသေချာမှတ်မိတယ်''
''ဟင်-''
နှင်းဆီက လက်ပတ်ကြိုးမှကပ်ခွာလေးကိုဆွဲခွာလိုက်သည်။ လက်ပတ်ကြိုးကို လက်ကောက်ဝတ်မှဖြုတ်လိုက်သည်။
ထိုအခါ... သူမရှေ့မှ လူငယ်၏ အသွင်သည် ဖြုတ်ကနဲပျောက်သွားလေတော့၏ ။
''ဟေ့- ဟေ့- မလုပ်နဲ့၊ မလုပ်ပါနဲ့ ''
သူ့အသံကိုတော့ ကြားနေရသေးသည်။
နှင်းဆီသည် ရုတ်တရက် လူတစ်ကိုယ်လုံးပျောက်သွားပြီး အသံချည်းကြားနေရသော အ ဖြစ်ကိုကြုံလိုက်ရသည့်အခါ... လန့်သွားမိ ပြန်လေသည်။
လက်ထဲမှလက်ပတ်ကြိုးကို ယောင်၍ လွှတ်ချလိုက်မိ၏ ။
ထိုအခါ မိမိရှေ့မှလူငယ်၏ အသံကိုလည်း မကြားရတော့ချေ။
နှင်းဆီသည် ကြမ်း ပြင်ပေါ်ကျသွားသော လက်ပတ်ကြိုးလေးကို ငုံ့ကြည့်လိုက်မိသည်။
နှင်းဆီကြည့်နေစဉ်မှာ ပင် လက်ပတ်ကြိုးလေးသည် ကြမ်းပြင်ပေါ်မှ ကြွတက်လာ၏ ။
''အိုး ... ''
ထိကိုင်သူမရှိပဲ သူ့အလိုလို ကြမ်းပြင်မှကြွတက်လာသည့် လက်ပတ်ကြိုးလေးကိုကြည့်ကာ နှင်းဆီလွှတ်ကနဲအော်လိုက်မိပြန်သည်။
လက်ပတ်ကြိုးလေးက ကြမ်းပြင်ပေါ်မှ တရွေ့ရွေ့ကြွတက်လာကာ နှင်းဆီထိုင်နေသည်နှင့်တတန်းတည်းရောက်သည်တွင် နှင်းဆီပေါင် ပေါ်သို့ဖတ်ကနဲကျလာလေသည်။
''လက်ပတ်ကြိုးလေးကို ဝတ်ထားလိုက်ပါဟာ၊ ငါတောင်းပန်ပါတယ်''
သူ့အသံကိုကြားလိုက်ရပြန်လေသည်။
''နင်ဘယ်သူလဲ၊ နင်ဘာလဲဟင်၊ နင် ... နင်ဟာ ... သရဲ လား၊ တစ္ဆေလား၊ နင်ငါ့ကိုလာချောက်နေတာလား၊ ငါကြောက်တယ်၊တောင်းပန်ပါတယ်၊ နင်ပြန်ပါတော့ဟယ်''
''ငါကလည်း နင့်ကိုတောင်းပန်ပါတယ်ဟာ၊ လုပ်ပါ၊ လက်ပတ်ကြိုးလေးကို နင့်လက်မှာ ပြန်ချည်လိုက်ပါဟာ''
နှင်းဆီ ဘာမှဆက်မလုပ်မိပဲ ကြောက်ကြောက်နှင့်တုန်ယင်နေမိသည်။
နှင်းဆီပေါင်ပေါ်မှလက်ပတ်ကြိုးလေးက တဖန်ပြန်၍ ကြွတက်လာပြန်ကာ နှင်းဆီ၏ လက်နားသို့ဝဲလာလေသည်။
''ကြိုးလေးကို ပြန်ဝတ်လိုက်နော်၊ ငါ ပတ်ပေးမယ်''
''အို- နင်ငါ့နားမကပ်နဲ့၊ ဖယ်- ဖယ်''
နှင်းဆီက လက်ပတ်ကြိုးလေးကို ဆွဲယူလိုက်၏ ။
''ငါ့ဟာငါတပ်ပါ့မယ်၊ နင် ငါ့နားသိပ်မကပ်ပါနဲ့ ဟယ်၊ နင်ဟာ ဘာမှန်းလဲမသိပဲနဲ့ ၊ ငါကြောက်တယ်''
နှင်းဆီက လက်ပတ်ကြိုးလေးကို မိမိဘာသာ လက်မှာ ပြန်ပတ်လိုက်လေသည်။
လက်ပတ်ကြိုးလေး လက်တွင် နေရာတကျ ဖြစ်သွားသည်နှင့် ရှေ့မှသူ့အသွင်က ဖြတ်ကနဲပြန်ပေါ်လာလေ၏ ။
''နင် နင် ... မှော်ဆရာလား၊ ကိုယ်ပျောက်လူသားလား၊ နင် ငါ့ကိုဘာလို့လာနှောက်ယှက်နေတာလဲ''
''ငါမနှောက်ယှက်ပါဘူး၊ မှော်ဆရာလည်း မဟုတ်ပါဘူးဟာ၊ ငါ့ဟာငါလည်း ဘာတွေ ဖြစ်နေလို့ ဖြစ်နေမှန်းမသိဘူး''
''ဒါဖြင့် ဒီလက်ပတ်ကြိုးပတ်မှနင့်ကိုမြင်ရတာ ဘာ့ကြောင့်လဲ၊ နင်ဘယ်လိုလုပ်ထားလို့လဲ''
''ငါဘာမှလုပ်မထားဘူး၊ လုပ်လည်းမလုပ်တတ်ဘူး၊ ငါသိတာ တစ်ခုပဲရှိတယ်၊ ငါနင့်နောက်ကိုပါလာတယ်၊ ဒီအခန်းထဲရောက်လို့ နင့်ကိုစကားပြောကြည့်ဖို့ကြိုးစားတော့ မရဘူး၊ ပထမတစ်ခါ နင်လက်ပတ် ကြိုးလေးကိုကိုင်လိုက်ချိန်တုန်းက ငါခေါ်လိုက်တော့ နင်ကြားလိုက်ရတာ ကိုငါသတိထားမိတယ်၊ အဲဒါကြောင့် နင်နဲ့ ငါနဲ့ ဆက်သွယ်ဖို့ဟာ လက်ပတ်ကြိုးက အဓိကဆိုတာ ငါစဉ်းစားမိတာပဲ၊ ငါ့မှာ လက်ပတ်ကြိုး လေးကို ဘီရိုထဲကနင်ပြန်ထုတ်ယူပါစေလို့ ဆုတောင်းလိုက်ရတာ ဟာ''
နှင်းဆီသည် သူရှင်းပြသော စကားများ ကိုနားထောင်ရင်း သူ့ကိုစိုက်ကြည့်နေမိသည်။ အမြင်မှာ တော့ သူသည် ပကတိလူသားတစ်ယောက် အသွင် ဖြစ်နေပြန်၏ ။ သူ့ကို လက်ပတ်ကြိုးပတ်ထားမှမြင်ရတာ ဘာကြောင့်လဲ။
''နင်ဘယ်ကလာတာလဲ၊ နင်ဘာ ဖြစ်လို့ ဒီလို ဖြစ်နေရတာ လဲ ဟင် ... ''
''ငါဘာမှမသိဘူးလို့ပြောပါရော၊ ငါဘာမှစဉ်းစားလို့မရဘူး''
''တကယ်ပဲလား၊ ဒါဆို နင်ဟာ သေပြီးတဲ့လူ တစ်ယောက် များ လားဟယ်၊ နင်သေသွားလို့ သရဲ ဖြစ်နေတာထင်တယ်၊ ဘုရား ဘုရား''
''ကြံကြံဖန်ဖန်ဟာ ငါမသေပါဘူး၊ ငါမသေဘူးဆိုတာ သေချာတယ်၊ မသေလို့ပဲ နင်နဲ့ စကားပြောလို့ရနေတာပေါ့''
''ဒါပေမယ့် ... နင့်ကိုမြင်မှမမြင်ရပဲ၊ ဒီလက်ပတ်ကြိုးပတ်မှ မြင်ရတာ ဆိုတော့... ''
''ငါလည်း ဘာမှစဉ်းစားလို့မရတော့ဘူးဟာ''
''နင့်ကို တစ်ယောက် ယောက် က ကိုယ်ပျောက်ဆေးထိုးပေးလိုက်တာထင်တယ်''
''ဟင်- ကိုယ်ပျောက်ဆေး၊ ဟုတ်ချင်ဟုတ်မှာ ပေါ့''
''နင် သရဲမဟုတ်တာတော့ သေချာတယ်နော်''
''နင်ကလည်းဟာ ငါ့ရုပ်က သရဲလို့ထင်ရအောင် ဆိုးနေပြီလားဟင်''
''မဆိုးပါဘူး''
''ဘာပဲ ဖြစ် ဖြစ်၊ လောလောဆယ်တော့ ငါဆာတယ်၊ ငါ့ကို တစ်ခုခုကျွေးပါလားဟင်''
''ဟင်- ကျွေးရမယ်၊ ကိုယ်ပျောက်နေပေမယ့် နင်ဆာတော့ ဆာတတ်သေးတယ်ပေါ့''
''ငါလူပဲဟ၊ ဆာတာပေါ့''
''အေးပါ၊ နင်ဟာ လူပဲ ဖြစ်ပါစေလို့ ငါဆုတောင်းပါတယ်၊ ဒီလိုဆို နင်နေခဲ့ဦး၊ ငါကော်ဖီနဲ့ မုန့်နဲ့ ယူခဲ့မယ်လေ၊ ဒါလောက်ဆို ဖြစ်တယ်မဟုတ်လား''
'' ဖြစ်ပါတယ်''
''နင်အခန်းထဲမှာ ပဲနေခဲ့နော်၊ မလိုက်ခဲ့နဲ့ နော်၊ အပြင်မှာ မေမေရှိတယ်၊ မေမေ နင့်ကိုမြင်သွားရင် မလွယ်ဘူး''
![]() လနှစ်စင်းနှင့် နှင်းတစ်ပေါက် | ![]() တိတ်တိတ်ပုန်း လရောင် | ![]() တစ္ဆေအော်သံ |