
တယ်လီဖုန်း မြည် သံ။
ကလင် ...ကလင် ...လင် ...လင် ...
ပထမအကြိမ် တယ်လီဖုန်းသံထွက်ပေါ်လာသည်။
တယ်လီဖုန်းသံသည် ခေါ်သံသုံးကြိမ် အော်မြည် ပြီးနောက် ရပ်သွား၏ ။နှစ် မိနစ်တိတိ အသံပြတ်တောက်သွားပြီးနောက် နောက်တစ်ကြိမ်မြည် လာပြန်သည်။
ကလင် ...ကလင် ...လင် ...လင် ...
တယ်လီဖုန်းသံသည် ပထအကြိမ်အတိုင်း ခေါ်သံသုံးခါ မြည် ပြီးနောက်ပြတ်တောက်သွားပြန်လေသည်။
နှစ် မိနစ်တိတိ အသံပြတ်တောက်ပြီး တတိယအကြိမ် ထွက်ပေါ်လာပြန်သည်။
ကလင် ...ကလင် ...လင် ...လင် ...
သည်တစ်ကြိမ်တွင် လည်း တယ်လီဖုန်းသံသည် သုံးကြိမ်သုံးခါ အော်မြည် လိုက်သည်။
ထို့နောက် တယ်လီဖုန်းခေါ်သံသည် လုံးဝပြတ်တောက် သွားပါလေ၏ ။ခေါ်သံသုံးကြိမ် အော်မြည် လာသော တယ်လီဖုန်းသံ။
တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် ၂ မိနစ်တိတိ ပြတ်တောက်သွားခဲ့သည်။
တယ်လီဖုန်းသံသည် တိတ်ဆိတ်သော ညသန်းခေါင်အချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ လူသူမနေသော အဆောက်အအုံအတွင်း ထွက်ပေါ်လာခြင်း ဖြစ်ပါ၏ ။
ညအချိန် လူမနေသော ရုံးခန်းအတွင်းမှ တယ်လီဖုန်းသည် မည် သည့်အတွက်ကြောင့် ခေါ်သံထွက်ပေါ်လာရလေသနည်း။
တယ်လီဖုန်းသံသည် မှားယွင်းခေါ်ယူမှု ကြောင့် ထွက်ပေါ်လာရခြင်းလား။ ဖုန်းလိုင်းတစ်ခုနှင့် တစ်ခု ပူး၍ ထွက်ပေါ်လာရခြင်းလား။မတော် တဆ အသံထွက်ပေါ်လာရသော တယ်လီဖုန်းသံ ဖြစ်လေသလား။
သို့တည်းမဟုတ် ...
တယ်လီဖုန်းမြည် သံတွင် ရည်ရွယ်ချက်တစ်စုံတစ်ခု ရှိသလား။သက်ဆိုင်သော သူများ ကတော့ လူသူမရှိသည့် ရုံးခန်းအဆောက်အအုံထဲတွင် ညသန်းခေါင်အချိန်၌ အော်မြည် လာသော တယ်လီဖုန်းသံသည် ရည်ရွယ်ချက်ရှိကြောင်း သိကြပါသည်။
ဤကမ္ဘာလောကကြီး၌ ထိုကဲ့သို့ အော်မြည် လာသော တယ်လီဖုန်းသံလျှို့ဝှက်ချက်အား ဖော်ထုတ်နိုင်သည့် လူသားသုံးဦးတည်းသာ ရှိပါလေ၏ ။ထိုလူသားသုံးဦးသည်ကား ...
မလှပသော ဇာတ်ကြောင်းကို တင်ပြရသည့်အတွက် အားနာလှပါသည်။
ဤဇာတ်လမ်းသည် ခိုးဆိုးတိုက်ခိုက်မှု များ ၊ တန်ပြန်လက်စားချေမှု များ ၊ဖောက်လွဲဖောက်ပြန်ပြုမှု များ ၊ အငြိုးထား သတ်ဖြတ်မှု များ ၊ တဏှာရာဂ အမှော င်များ ဖြင့် ပြည့်လွှမ်းနေသည့် မလှပသော ဇာတ်အိမ်တစ်ခုသာ ဖြစ်ပါသည်။
ဤဇာတ်လမ်းတွင် ပါဝင်လှုပ်ရှားသူများ မှာ လည်း ဖောက်ထွင်းဝိဇ္ဇာသူခိုး တစ်ယောက် ၊ သူတစ်ပါးမယားကို ကြာခိုသူ လူယုတ်မာ တစ်ယောက် ၊လင်ယောက်ျားကွယ်ရာတွင် ဖောက်လွဲဖောက်ပြန်ပြုသူ မိန်းမဆိုး တစ်ယောက် တို့ ဖြစ်ကြလေသည်။
သူတို့သုံးဦး၏ ကြား တယ်လီဖုန်းခေါ်သံတစ်ခုသည် လျှို့ဝှက်နက်နဲစွာ ပါဝင်ပတ်သက်နေခဲ့လေ၏ ။
ကိုဘိုဘိုဘမင်းသည် သူခိုး တစ်ယောက် ဖြစ်သည်။
သူခိုး ဖြစ်နေ၍ ကိုဘမင်းကို လေလွင့်နေသော တေလေကြမ်းပိုး တစ်ယောက် လို့တော့ သတ်မှတ်လို့မရ။
ကိုဘမင်းသည် ဥပဓိရုပ်ကောင်းသည်၊ မှင်မောင်းကောင်းသည်၊ တည်ကြည်ခန့်ညားသော ကိုဘမင်းကိုကြည့်၍ မည် သူမှ သူခိုးသူဝှက် တစ်ယောက် လို့စွပ်စွဲနိုင်မည် မဟုတ်။
တကယ်လည်း ကိုဘမင်းသည် အဆင့်မြင့်သူခိုး တစ်ယောက် ဖြစ်လေသည်။
ဖောက်ထွင်းဝိဇ္ဇာ၊ သော့ ဝိဇ္ဇာ။
ကိုဘမင်းသည် အဆင့်မြင့်ဆုံး ခိုးနည်း၊ ဝှက်နည်း၊ သော့ ဖွင့်နည်း၊သော့ တုလုပ်နည်းများ ကို တတ်ကျွမ်းထားသော ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက် ဖြစ်ပါ၏ ။
မြေအောက်လောကတွင် နာမည် အကျော်ကြားဆုံး သူခိုး တစ်ယောက် ဟု ဆိုရပေမည် ။ ကိုဘမင်း ဖောက်ထွင်းခိုးယူခဲ့သမျှအမှု တိုင်း ဖမ်းမိသည်ဟူ၍ မရှိ။ကိုဘမင်း လုပ်သမျှသည် ပိရိသည်၊ သေသပ်သည်။ ထို့ကြောင့် ကိုဘမင်းကိုတပည့်ခံလိုသူများ လည်း မြောက်မြားစွာ ရှိလေသည်။ သို့သော် ကိုဘမင်းကတပည့်မမွေး။ သူ့ပညာကို ဘယ်သူ့မှလည်း သင်မပေး။ လက်ဆင့် မကမ်းခဲ့ပေ။တပည့်တပန်းထားခြင်းသည် မိမိကိုယ်ကို ကြိုးကွင်းစွပ်ခြင်းတစ်မျိုးဟကိုဘမင်းက ယုံကြည်သည်။ ကိုဘမင်းသည် ကိုယ်ကကျူးလို့ ကိုယ့်ဒူးတောင်မယုံသည့်လူစားမျိုး ဖြစ်သည်။
ကျူးလွန်သမျှ ဖောက်ထွင်းမှု တိုင်းတွင် ကိုဘမင်းက တစ်ကိုယ်တော် သာ လှုပ်ရှားခဲ့သည်။
ကိုဘမင်း၏ ခံယူချက်က တစ်မျိုး ဖြစ်သည်။ သူလုပ်နေသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် မကောင်းမှု ဒုစရိုက်လုပ်ငန်း ဖြစ်တာကို သူ သိသည်။
သူ၏ အဒိန္နဒါနကံကို ကျူးလွန်နေသော ဒုစရိုက်မှု များ အား တစ်ပါးသူကို ခွဲဝေမပေးလို။ တစ်ချိန်တွင် တန်ပြန်ခံစားရမည့် ဝဋ်အတွက် သူ တစ်ယောက် တည်းသာ ခံယူလိုသည်။ မတော် တဆ ဖမ်းဆီးခံရပါကလည်း ရရှိမည့် ပြစ်ဒဏ်ကိုမိမိ တစ်ယောက် တည်းသာ ခံပါမည် ။ ထို့ကြောင့် မကောင်းမှု ဒုစရိုက်ပညာကိုမဖြန့်ဝေလိုခြင်း၊ ပွားမပေးလိုခြင်း ဖြစ်ပါသည်။
ခိုးဝှက်သည့်အလုပ်ကို လုပ်နေရ၍ ကိုဘမင်း အမြဲစိတ်မကောင်း ဖြစ်ရသည်။ မလွှဲမကင်းသာ၍ တစ်ကြောင်း၊ ဘဝပေးအခြေအနေက ဖန်တီးလာ၍ တစ်ကြောင်း သူသည် ‘ဒုစရိုက်လောက၌ ကျင်လည်နေရသည်။ ဖြစ်နိုင်လျှင်ဤဒုစရိုက်မှု ကို သူ မလုပ်ချင်ပါ။
ထို့ကြောင့် ကိုဘမင်းက သန္နိဋ္ဌာန်တစ်ခု ချထားသည်။သူသည် ကံငါးပါးထဲက သူတစ်ပါးပစ္စည်း ခိုးဝှက်ခြင်းဆိုသော အဒိန္နဒါနကံကို ကျူးလွန်နေရ၍ ကျန်သော ကံလေးပါးကို လုံအောင်ထိန်းပါမည် ဟု အဓိဋ္ဌာန်ပြုထားခဲ့လေသည်။
လိမ်လည်ပြောဆိုခြင်း၊ သူတစ်ပါးအိမ်ရာကို ပြစ်မှားခြင်း၊ သူတစ်ပါး၏ အသက်ကို သတ်ခြင်း၊ အရက်သေစာ သောက်စားခြင်း စသည့် ကံလေးပါးကိုလုံခြုံအောင်ထိန်းထားဖို့ ကိုဘမင်းက ဆုံးဖြတ်ထားပါသည်။
အထူးသဖြင့် ဖောက်ထွင်းခိုးယူမှု ကျူးလွန်စဉ်တွင် တစ်ဖက်သားမှရန်ပြုလာသည့်တိုင် ပြန်လည်ခုခံခြင်း မပြုရန် သံန္နိဋ္ဌာန် ချထားသည်။ ခုခံခြင်းမပြုရုံသာ မဟုတ်၊ သူတစ်ပါးကို နာကျင်အောင်လည်း မလုပ်၊ သူတစ်ပါးအသက်ကိုလည်း မည် သည့်အခါမှ မသတ်ပါဟု ဆုံးဖြတ်ချက် ချထားခဲ့လေသည်။ထို့ပြင် သူ၏ အသက်လေးဆယ်ပြည့်သည်နှင့် ဤအလုပ်ကို လုံးဝစွန့်လွှတ်မည် ဟုလည်း ဘုရား၌ သစ္စာဆိုထားခဲ့ပါသည်။
ကျွမ်းကျင်, ကျင်လည်လွန်း၍ ပိရိစွာ လှုပ်ရှားနေနိုင်သော်လည်းတကယ်တမ်းဆိုလျှင် ကိုဘမင်း၏ လုပ်ငန်းသည် အန္တရာယ်ကြီးလှပါသည်။ထို့ကြောင့် သူက တပည့်တပန်းမထား။ ရသမျှလည်း ကိုယ်ပဲယူမည် ။ခံစရာရှိလျှင်လည်း တစ်ယောက် တည်းခံမည် ။ သက်စွန့်ဆံဖျား ကြိုးပမ်းရယူထားသည့် ပစ္စည်းပစ္စယကို သူတစ်ပါးလည်း ခွဲမပေး။ ခွဲပေးခြင်းဖြင့် လည်း တစ်ပါးသူကိုပြစ်ဒဏ်ခွဲ၍ မခံစေလို။ ကိုယ်လုပ်သမျှကံအတွက် ကိုယ်တိုင်စံစား၍ ခံစရာရှိလျှင်လည်း ကိုယ်တိုင်ခံ သွားပါမည် ။ ငရဲကို အဖော်ခေါ်မသွားလို။
သည်လိုခံယူချက်ရှိသော ကိုဘမင်းသည် အပေါင်းအဖော်မရှိ၊ တပည့်လက်သား မထား။ ဖြစ်နိုင်လျှင် ကိုဘမင်းက လူ ဖြစ်နေသမျှဘဝကို တစ်ကိုယ်တော် ကျင်လည်ကျက်စားရင်း အချိန်ကုန်လွန်သွားချင်သည်။ ဖြစ်နိုင်ပါကသံယောဇဉ်ပွားရမည့်  အိမ်ရာထူထောင်ခြင်းအမှု ကိုပင် ရှောင်လွှဲချင်သည်။သို့သော် သူသည် မလွဲမရှောင်သာဘဲ အိမ်ထောင်ပြုခဲ့ရသည်။မိန်းမယူခဲ့ရသည်။
ယမင်းကြိုင်ကို ချစ်ခင်နှစ်သက် ခြင်း မရှိလှပါဘဲ ပေါင်းသင်းခဲ့ရခြင်းသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းရွက်ခဲ့ရခြင်းပင် ဖြစ်သည်။ ထိုအိမ်ထောင်မှု အချုပ်အနှောင်သည်ပင် တစ်ကိုယ်တော် သူ့ဘဝအား ဒုက္ခနွံတွင်းသို့ ကျရောက်ရန်ဖန်တီးခဲ့ခြင်း ဖြစ်တော့သည်။
ယမင်းကြိုင်ကို သူ မနှစ်သက် ပါ။ သူ့ထက် အသက် ၁၅ နှစ် ငယ်သော ယမင်းကြိုင်သည် သူ လက်ထပ်ပေါင်းသင်းရန် မသင့်တော် သော အသက်အရွယ်လည်း ဖြစ်သည်။ ပြီးတော့ သူနှင့် ယမင်းကြိုင်သည် စရိုက်သဘာဝ ချင်းလည်းကွာခြားလှသည်။
သူခိုး တစ်ယောက် ဖြစ်သော်လည်း ကိုဘမင်းက စိတ်ဓာတ် တည်ကြည်သူ ဖြစ်သည်။ ဖြောင့်မတ်သူ ဖြစ်သည်။ ယမင်းကြိုင် ကတော့ ရွက်ဝါတစ်စနှယ် လေတွင် လွင့်မျောနေချင်သော မိန်းမ။ ငြိမ်သက်ခြင်းကင်းသည့် မိန်းမ။အလိုလောဘကြီးသော မိန်းမ။ ရမ္မက်ဆန္ဒကြီးမားသော မိန်းမ တစ်ယောက် သာ ဖြစ်၏ ။
ကိုဘမင်းနှင့် ယမင်းကြိုင်သည် လားလားမှမအပ်စပ်သော စုံတွဲ တစ်ခု ဖြစ်လေသည်။
သို့သော် ကိုဘမင်းသည် ကျေးဇူးတရားကို ထောက်ထားကာ ယမင်းကြိုင်ကို လက်ထပ်ပေါင်းသင်းခဲ့ရသည်။
ကျေးဇူးတရား။ တည်ကြည်ဖြောင့်မတ်သော ကိုဘမင်းသည် ကျေးဇူးတရားကို သိတတ်သူလည်း ဖြစ်ပါသည်။ သူ့ကို ငယ်စဉ်ကတည်းက ထိန်းကျောင်း ကျွေးမွေးခဲ့သော ဆရာ့ကျေးဇူးကို ကိုဘမင်း ထောက်ထားရပေမည် ။အထူးသဖြင့် သေခါနီး အချိန်တွင် မှာ ခဲ့သော ဆရာ့စကားကို ပယ်ရှားဖို့ရာ မသင့်ချေ။
သည်လိုနှင့် သူသည် သူ့ဆရာ ဦးခင်ကြိုင်၏ ကျေးဇူးတရားကိုထောက်ထားကာ ဆရာ့သမီး ယမင်းကြိုင်ကို ပေါင်းသင်းခဲ့ရလေသည်။
ကိုဘမင်း၏ ဘဝသည် မလှပါ။
ဘကြီးဘုန်းကြီးရဲ့ မိန့်ကြားချက်အရဆိုလျှင် သတ္တ ဝါတစ်ခု၏ ဘဝကောင်းခြင်း၊ မကောင်းခြင်းမှာ ထိုသတ္တ ဝါ၏ စိတ်ဆန္ဒပေါ်တွင် မူတည်ပါသတဲ့။လူ တစ်ယောက် ၏ ကံကောင်းခြင်း၊ မကောင်းခြင်းသည်လည်း ထိုသူ့ လုပ်ရပ်အပေါ်တွင် မူတည်ပါသတဲ့။
ဟုတ်ကောင်း ဟုတ်ပေမည် ။ ဘာသာတရား၏ အဆုံးအမများ အောက်၌ နေခဲ့ရပါလျက် အရွယ်နှင့် မလိုက်အောင် ကြီးပွားချမ်းသာချင်လှသော မောင်ဘမင်းကလေးသည် အေးချမ်းသော လောကုတ္တ ရာ အရိပ်အာဝါသအောက်မှ ပြေးထွက်ခဲ့လေသည်။
မောင်ဘမင်းကလေး မမွေးဖွားမီကပင် မောင်ဘမင်း၏ ဖခင်မှာ ကွယ်လွန်နှင့် သည်။ မောင်ဘမင်းတို့မျိုးရိုးမှာ တောစွန်တောင်ဖျားမှ လယ်သမားများ သာ ဖြစ်ကြလေသည်။ ဖခင်သည် မောင်ဘမင်း ကိုယ်ဝန်ခုနစ်လရှိချိန်၌ လယ်ထဲဆင်းရင်း မြွေကိုက်ခံရ၍ ကွယ်လွန်သွားခဲ့လေသည်။
မိခင် ဖြစ်သူက နောက်အိမ်ထောင်ပြုချိန်တွင် မောင်ဘမင်းကို ဖခင်၏ အစ်ကို ဘုန်းတော် ကြီးကျောင်းထိုင်သော ဘုန်းကြီးကျောင်းသို့ အပြီးအပိုင်အပ်နှံလိုက်လေသည်။ မောင်ဘမင်း ဘုန်းကြီးကျောင်းရောက်ချိန်၌ အသက်ငါးနှစ် သာ ရှိပါသေးသည်။
ဘကြီးဘုန်းကြီးက မောင်ဘမင်းကို ကျောင်းမှာ ပင် ပညာသင်ပေးကာစောင့်ရှောက်ထားခဲ့ပါသည်။ ဘုန်းကြီးကျောင်း၌ မောင်ဘမင်း မပျော်ပေ။ သာသနာ့အရိပ်အာဝါသသည် သူတစ်သက်တာ နားခိုရာဟု မောင်ဘမင်းက မမှတ်ယူခဲ့ချေ။ ဉာဏ်ကောင်းသော မောင်ဘမင်းကို ဘုန်းကြီးက သာသနာ့အရေခြုံပေးပြီး သူ့လိုပဲ ရာသက်ပန် သာသနာပြုသူ ဖြစ်ဖို့ထိ ရည်ရွယ်ခဲ့လေသည်။မောင်ဘမင်း၌ မည် သို့သော ဗီဇသွေး ပါခဲ့လေသည်မသိ။ မောင်ဘမင်းသည် ဘုန်းကြီးကျောင်း၌ သာ မပျော်သည်မဟုတ်၊ တောအရပ်မှာ လည်း ပျော်ပိုက်ခြင်း မရှိခဲ့ချေ။
တောမှလွန်သော တစ်နေရာတွင် ကျယ်ပြောသော လောကကြီး ရှိနေတာကို မောင်ဘမင်း သိသည်။ မောင်ဘမင်းက လူပီပီ လူတွေ ထဲမှာ ပျော်ပျော်ပါးပါး နေချင်သည်။ ရုန်းကန်လှုပ်ရှားရလျှင်လည်း ဘယ်လိုအခက်အခဲ ကြုံကြုံရုန်းကန်ပစ်လိုက်ချင်သည်။ တောအရပ်သည် သူ တစ်သက်တာနေထိုင်ရမည့် အရပ် မဟုတ်၊ သာသနာ့ဘောင်သည်လည်း သူ့လိုလူအတွက် လားလားမှမထိုက်။
မောင်ဘမင်းသည် တစ်နေ့တစ်နေ့ မြို့ကိုတက်ဖို့၊ ရောက်ဖို့အရေး ကိုသာ စဉ်းစားနေမိသည်။
သူ့အသက် ဆယ့်နှစ် နှစ် အရွယ်အရောက်တွင် သူ အားကိုးအားထားပြုရသော ဘကြီးဘုန်းကြီး ပျံလွန်တော် မူသွားလေသည်။ ကျောင်းတွင် အခြားဘုန်းကြီးတစ်ပါး ရောက်လာ၍ ကျောင်းထိုင်သည်။ ဘုန်းကြီးကျောင်းသည်မောင်ဘမင်းအတွက် အဓိပ္ပာယ်ရှိသော နေရာတစ်ခု မဟုတ်တော့ပေ။သည်အချိန်တွင် အမေကလည်း နောက်အိမ်ထောင်နှင့် ကလေးလေးယောက် ပင် ရနေပြီမို့ အိမ်ပြန်နေဖို့လည်း မ ဖြစ်နိုင်တော့ချေ။လူလို ရုန်းကန်လှုပ်ရှားချင်သည့် မောင်ဘမင်း၊ ကြီးပွားချမ်းသာချင်သည့် မောင်ဘမင်းသည် မည် သူ့ကိုမှ တိုင်ပင်မနေတော့။ ဘုန်းကြီးကျောင်းမှထွက်ပြေးခဲ့လေသည်။
တစ်နေ့တွင် အာရုံဆွမ်းခံရာမှ အပြန် မောင်ဘမင်းသည် ကိုရင်များ ၊ကျောင်းသားများ နောက်တွင် ချန်ကာနေခဲ့သည်။ ရွာအဝင် ချောင်းဖျားအရောက်တွင် ချောင်းကမ်းပါးကိုကွယ်ကာ သပိတ်ကိုပိုက်၍ ပုန်းကွယ်ချန်ရစ်ခဲ့ခြင်း ဖြစ်ပါ၏ ။
ဤမှ ငါးမိုင်ဝေးသော အရပ်တွင် မြို့သို့သွားရာ လမ်းစရှိသည်ကိုမောင်ဘမင်း သိသည်။
မောင်ဘမင်းသည် သပိတ်ကိုပိုက်၍ မီးရထားလမ်းရှိသော ရွာအထိခြေကျင်လျှောက်လာခဲ့ရာ မနက် ၈ နာရီလောက်တွင် မီးရထားလမ်းစပ်သို့ရောက်လေ၏ ။
သူက သပိတ်ထဲမှ ဆွမ်းနှင့် ဆွမ်းဟင်းများ ကို ကုန်အောင် အဝအပြဲစားပစ်လိုက်သည်။ နောက်ထပ် ထမင်းတစ်နပ်ကို ဘယ်အချိန်မှာ စားရမယ်ဆိုတာ မသိနိုင်၍ သပိတ်ထဲရှိသမျှ ကုန်သည်ထိ မဆံ့မပြဲ စားပစ်လိုက်၏ ။ထို့နောက် သပိတ်ကို ရထားလမ်းကူး တံတားအောက်က ချောင်းထဲသို့မျှောလိုက်လေသည်။
သူ့ဘဝ အသစ်စတော့မည် ။
မကြာခင် ကုန်တင်ရထားတွဲ ကြီးတစ်စင်းက လေးတွဲ့ စွာ ခုတ်မောင်းလာလေရာ မောင်ဘမင်းသည် သစ်လုံးကြီးများ တင်ထားသော တွဲ ပေါ်သို့ လျင်မြန်သွက်လက်စွာ ခုန်တက်လိုက်လေ၏ ။
မီးရထားသည် ရန်ကုန်ဘက်သို့ သွားနေတာကိုတော့ မောင်ဘမင်း သိသည်။ ရန်ကုန်ဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်မယ်ဆိုတာတော့ သူမသိ။
ရထားရပ်သည့်နေရာသည် လူစည်ကားရာနေရာ ဖြစ်၍ သူ ဆင်းလိုက် သည်။ သူသည် ဘူတာရုံတစ်ခုထဲသို့ ရောက်ရှိသွားလေသည်။ သည်အထိ သူ ဆင်းလိုက်သော ဘူတာရုံမှာ ကြည့်မြင်တိုင်ဘူတာ ဖြစ်ကြောင်း သူ မသိသေး။
အချိန်မှာ ညနေစောင်း၍ မှော င်စပျိုးပြီ။
မနက်အစောကတည်းက စားလာခဲ့သော အစာများ လည်း ကြေပြီ။ ဗိုက်ထဲက အူတကြုတ်ကြုတ်မြည် အောင် ဆာလာသည်။
သူသည် ဘူတာရုံထဲသို့ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ အကဲခတ် ကြည့်သည်။ ဒါ ရန်ကုန်ပဲ။ လူတွေ ‘ဒါလောက်များ ပုံထောက်တော့ ရန်ကုန်ပဲ ဖြစ်ရမည် ။ လူတွေ များ လိုက်ပုံများ ရွာကဘုရားပွဲမှာ စည်ကားတာထက် များ သေး သည်။ ဘကြီးဘုန်းကြီး ပျံလွန်တော် မူတုန်းက ဘုန်းကြီးပျံပွဲ စည်ကားတယ်ဆိုတာ ဘာဟုတ်သေးလို့လဲ။
လူတွေ များ ရုံ မဟုတ်၊ လျှပ်စစ်မီးတွေ ကလည်း ထိန်ထိန်ညီးနေသေး သည်။ မောင်ဘမင်း တစ်သက်တာမှာ လျှပ်စစ်မီးအလင်းရောင် ကို ပထမဆုံး အကြိမ် မြင်ဖူးရခြင်း ဖြစ်ပါသည်။။
ရောင် စုံမီးတွေ ထိန်ထိန်ညီးညီး ကြိတ်ကြိတ်တိုး စည်ကားသိုက်မြိုက် နေသည့် မြို့ပြကို မောင်ဘမင်း နစ်မျောသွားသည်။ နှစ်သက် သွားခဲ့သည်။
ဒါပေမဲ့ လောလောဆယ် အရေး ကြီးတာက အစာစားဖို့။ ထမင်းရယ်လို့ မဟုတ်၊ အစာတစ်ခုခုကို သူ့ဝမ်းဗိုက်က အငမ်းမရ တောင်းဆိုနေလေသည်။ သူ့တွင် ပိုက်ဆံတစ်ပြားမှ မပါပါ။
မောင်ဘမင်းက အစားအသောက်ရောင်းသည့်ဆိုင်များ ကို လိုက်လေ့ လာသည်။ ဘူတာထဲတွင် ရေခဲရေရောင်းသည့် ဈေးသည်ကအစ ရှိသည်ကို တွေ့ ရ၏ ။ ရန်ကုန်မှာ ရေကိုတောင် ဝယ်သောက်ရတာ ပါလား။
ဘူတာပလက်ဖောင်းပေါ်တွင် အထမ်းနှင့် ရောင်းသော ဈေးပေါသည့် ထမင်းသည်များ ကို တွေ့ ရသည်။ ထမင်းပန်းကန်ထဲတွင် ဟင်းကို တစ်ပါတည်း ပုံပေးကာ ရောင်းချခြင်း ဖြစ်သည်။ လက်လုပ်လက်စား ဖြစ်၍ နွမ်းပါးဟန်တူသော သူများ ဆောင့်ကြောင့် ထိုင်၍ စားနေကြသည်။ သူ့မှာ ဈေးပေါသော ထမင်းကိုပင် စားစရာပိုက်ဆံ မရှိပါ။
မောင်ဘမင်းသည် ဘူတာစင်္ကြံထဲ ပြန်လျှောက်လာလိုက်၏ ။ တစ် နေရာတွင် မိန်းကလေး တစ်ယောက် ပြောင်းဖူးပြုတ်များ ကို ဗန်းထဲထည့်ကာ ရောင်းနေသည်ကို တွေ့ ရသည်။ ကောင်မလေးက သမံတလင်းပေါ်တွင် ဖိနပ် ဖင်ခုထိုင်ကာ ဟိုငေးသည်ငေးနှင့် လုပ်နေသည်။
ကြံရာမရသည့်အဆုံး မောင်ဘမင်းသည် ပြောင်းဖူးပြုတ်ဖြင့် သူ့ဝမ်းကို ဖြည့်တင်းရန် ကြံစည်လိုက်သည်။ ဝယ်စားဖို့ မဟုတ်။ ငေးတိငေးငိုင်နှင့် နုံအပုံ ရသော ဈေးသည်မလေးဆီက အလစ်နှိုက်ဖို့ ကြံခြင်း ဖြစ်သည်။
သူသည် ခပ်လှမ်းလှမ်းမှနေ၍ ပြောင်းဖူးပြုတ်သည်မလေးကို အကဲခတ် နေခဲ့သည်။ ပြောင်းဖူးပြုတ်သည်လေးဆီ ချဉ်းကပ်ရမည့် နည်းလမ်း၊ ပြောင်းဖူး နှိုက်ပြီး ပြန်ထွက်ရမည့် နေရာ၊ လူမမိအောင် ထွက်ခွာရမည့် နေရာများ ကို ကြိုကြည့် ထားလိုက်သည်။
အကွက်ဝင်လောက်ပြီထင်မှ တစ်ဖက်မှ လျှောက်လာသော ခပ်ဝဝ မိန်းမကြီးကိုကွယ်ကာ လိုက်လာခဲ့သည်။ ပြောင်းဖူးပြုတ်သည်မလေး နား အရောက် သူက တစ်စုံတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည့်ပုံမျိုးဖြင့် ကောင်မ လေး၏ နောက်နားဆီသို့ ကဲ၍ ကြည့်လိုက်သည်။ စပ်စုတတ်ပုံရသော ဈေးသည် မလေးက မောင်ဘမင်း ကဲကြည့်လိုက်သည့် သူမ၏ နောက်ကျောဘက်ဆီသို့ လှည့်ကြည့်လိုက်လေသည်။
ထိုအခိုက်ကလေးမှာ ပဲ မောင်ဘမင်းက ဗန်းထဲမှ ပြောင်းဖူးတစ်ဖူးကို ရအောင်နှိုက်လိုက်နိုင်ပါသည်။ ပြောင်းဖူးကို အင်္ကျီရင်ဘတ်ကြားထဲသို့လည်း အမြန်ထည့်လိုက်နိုင်သည်။ သူ့အပြုအမူကို ဘယ်သူမှ မမြင်လိုက်။ သတိမထား မိလိုက်။
သူသည် မိန်းမကြီးနောက်မှ ဣနြေ္ဒမပျက် ဆက်လိုက်ခဲ့ကာ ခုံးကျော်တံတားကြီးနားအရောက်တွင် နောက်ချန်နေခဲ့လိုက်သည်။ ခုံးကျော်တံတား အတက် လှေကား၌ မှော င်သော အရိပ်အောက်တွင် မောင်ဘမင်းက ပြောင်းဖူး ပြုတ်ကို အခွံခွာကာ အငမ်းမရ စားလိုက်လေသည်။ တစ်သက်တာ စားဖူးသမျှ အရသာအရှိဆုံးပင်တည်း။
သူစားနေစဉ် သူ့ကုပ်ပိုးကို အေးစက်ကြမ်းတမ်းသော လက်ကြီး တစ်ဖက်က လာ၍ ဆုပ်ကိုင်လိုက်လေသည်။
မောင်ဘမင်း ထိတ်လန့်စွာ လှည့်ကြည့်လိုက်သည်။
လူကြီး တစ်ယောက် က သူ့ကိုပြုံးစစနှင့် ကြည့်နေလေသည်။
''ကျုပ် ...ကျုပ်''
သူ့ကို ဖမ်းတော့ဆီးတော့မည် အထင်နှင့် မောင်ဘမင်းက ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် လူကြီးက သူ့ပခုံးကို ဆုပ်ကိုင်ထားလေ၏ ။
''စားပါကွာ။ ကုန်အောင်စားပါ။ မင်း တော် တော် ဆာနေပုံရတယ်''
''ဗျာ ...''
''မင်းလုပ်ပုံကိုင်ပုံ ပိရိသားပဲ။ အတော် လက်သွက်တဲ့ကောင်''
''ဗျာ ...ဦးလေးက ကျုပ်လုပ်တာကို မြင်တယ်''
''မြင်တာပေါ့ကွ။ မင်းကို ငါ စောင့်ကြည့်နေတာ ကြာပြီ''
''ကျုပ် ...ကျုပ် ဆာလို့ပါ ဦးလေးရယ်''
''အေးပါကွာ။ ဆာတော့ စားစရာကိုရအောင် လုပ်ရမှာ ပေါ့။ ငါက မင်းကို ချီးကျူးချင်လို့ပါ။ ဟား ...ဟား ...ဟား''
လူကြီးက သူ့စကားသူ သဘောကျလို့လား။ မောင်ဘမင်း လုပ်ရပ်ကို သဘောကျလို့လားမသိ အကြာကြီး အော်ရယ်နေလေသည်။
ထိုအ ဖြစ်နှင့် မောင်ဘမင်းနှင့် ကိုခင်ကြိုင်တို့ စတင်ဆုံဆည်းရခြင်းပင် ဖြစ်ပါသည်။
ကိုခင်ကြိုင်သည် မောင်ဘမင်း ဘူတာထဲရောက်လာကတည်းက အကဲခတ် စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း နောင်မှပြန်ပြောပြလေသည်။
လူမွေးရန် သားကောင်ရှာနေသည့် ကိုခင်ကြိုင်သည် မောင်ဘမင်းကို အကြိုက်တွေ့ သွားလေ၏ ။
''မင်း ဘယ်ကလဲ။ ဘူတာထဲ ဘာလာလုပ်တာလဲ''
''ကျုပ်အိမ်က အဲ ...ကျောင်းက၊ ဟိုရွာက ထွက်ပြေးလာတာဗျ''
''ဟေ ...မင်းစကားကလည်း လုံးချာကို လည်နေတာပဲ''
မောင်ဘမင်းက ရွာတွင် ဘုန်းကြီးကျောင်း၌ ကျောင်းသားအ ဖြစ်နေရပြီး ရန်ကုန်ရောက်ဖူးချင်၍ ထွက်ပြေးလာကြောင်းကို အတိုချုံးပြောပြလိုက်သည်။
''မင်း အရင်က ရန်ကုန်ရောက်ဖူးလား''
''မရောက်ဖူးဘူး''
''ရန်ကုန်မှာ ဆွေမျိုးမရှိဘူးပေါ့''
''ရောက်တောင် မရောက်ဖူးပါဘူးဆိုမှဗျာ''
''ကြိုက်ပြီဟေ့။ ရန်ကုန်ကို တစ်ယောက် တည်း စွန့်စွန့်စားစား ထွက် လာရဲတဲ့သတ္တိ နည်းတဲ့သတ္တိမဟုတ်ဘူး။ မင်း ငါနဲ့လိုက်နေပေတော့''
''ဦးလေးက ကျုပ်ကို အလုပ်ပေးမှာ လား''
''အမယ် ...လာ ...လာချေသေး။ ငါက အလုပ်ပေးတော့ မင်းက ဘာလုပ်တတ်လို့လဲ''
''ဘာ ဖြစ် ဖြစ် လုပ်မယ်ဗျာ''
''ကြိုက်ပြီဟေ့။ မင်းပြောရဲဆိုရဲပုံကိုပါ ကြိုက်သွားပြီ။ ငါနဲ့အတူတူ အလုပ်လုပ်ရင် မင်း ထမင်းမငတ်ဖူး စိတ်ချ။ ငါခိုင်းတာသာ လုပ်။ ကံကောင်းရင် မင်း ကြီးပွားချမ်းသာသွားနိုင်တယ်။ ဟေ ...ဟေ''
သူ့ကို ကြီးပွားချမ်းသာသွားနိုင်တယ်လို့ ပြောတဲ့ လူကြီးကိုကြည့်၍ မောင်ဘမင်း ရယ်ချင်သွားသည်။ လူကြီးပုံစံက ကြီးပွားချမ်းသာနေပုံ မရသည့် အတွက် ဖြစ်သည်။
ဘာပဲ ဖြစ် ဖြစ် ရန်ကုန်ရောက်ရောက်ချင်း အလွယ်တကူ လက်ခံမဲ့ လူနဲ့ တွေ့ လိုက်တာတော့ ကံကောင်းတယ်လို့ ဆိုရမည် ။
''မင်းနာမည် ဘယ်လိုခေါ်လဲ''
''ဘမင်း''
''ငါ့နာမည် လဲ မှတ်ထား၊ ခင်ကြိုင်တဲ့။ ခင်ကြိုင်ဆို ကြည့်မြင်တိုင်မှာ မသိတဲ့လူ မရှိဘူး။ ဒါတွေ နောက်တော့ မင်း သိလာမှာ ပါကွာ။ အေး ... နောက်တစ်ခု မှတ်ထားဦး။ မင်း ငါ့ကို ဆရာလို့ခေါ်ရမယ်။ ဦးလေးလို့ မခေါ်ရဘူး။ ကြားလား''
ကိုခင်ကြိုင်က မောင်ဘမင်းကို သူ့အိမ်ဂေဟာသို့ ခေါ်သွားခဲ့လေသည်။ကိုခင်ကြိုင်၏ အိမ်ဂေဟာမှာ ရထားလမ်းဘေးရှိ တဲကြီးတစ်လုံး ဖြစ်ပါ၏ ။
ရထားလမ်းဘေး လူသူဝေးသည့်နေရာတွင် တဲကြီးတစ်လုံးဆောက်၍ ကိုခင်ကြိုင်နေသည်။ သူ တစ်ယောက် တည်း မဟုတ်။ မောင်ဘမင်းထက် အရင် ရောက်နှင့် နေသည့် လူငယ်နှစ် ယောက် ကို မောင်ဘမင်း တွေ့ ရသည်။ ထိုလူငယ် နှစ် ယောက် မှာ လည်း မောင်ဘမင်းကဲ့သို့ပင် ခြေသလုံးအိမ်တိုင် အိမ်ပြေးကလေး များ ဖြစ်ပြီး ကိုခင်ကြိုင်က ခေါ်ထားခြင်း ဖြစ်သည်။
ကိုခင်ကြိုင်က သူ့လူနှစ် ယောက် နှင့် မောင်ဘမင်းကို မိတ်ဆက်ပေး၏ ။
''သူက တင်ထွန်း၊ နှာနီတင်ထွန်းလို့ ခေါ်တယ်။ ဘာလို့ခေါ်လဲဆိုတာ သူ့နှာခေါင်းကြီးကိုကြည့်ရင် မင်းသိပါလိမ့်မယ်''
တင်ထွန်း၏ နှာခေါင်းမှာ ထိပ်တွင် လုံး၍ ပွနေသည်။ ချွေးပေါက်များ ကျယ်ကာ နှာခေါင်းထိပ်သည် နီရဲနေပေ၏ ။ တင်ထွန်းက မောင်ဘမင်းထက် အသက်သုံးလေးနှစ် ကြီးပုံရပြီး လူပျိုပေါက်အရွယ် ဖြစ်နေလေပြီ။
မိတ်ဆက်ပေးတော့ တင်ထွန်းက သူ့ကို မနှစ် မြို့သည့်ပုံနှင့် ကြည့်နေ သည်။ ပြုံး၍ တောင်မပြ။ တင်ထွန်းနှင့် သူသည် တွေ့ စကပင် တစ်ယောက် နှင့် တစ်ယောက် ကြည့်မရခဲ့သည်မှာ ရေစက်ကုန်၍ ခွဲခွာရသည်ထိ မတည့်ခဲ့ချေ။
''ဒီကောင့်ကိုတော့ ကောက်ကွေးလို့ပဲ ခေါ်တယ်။ သူ့နာမည် ရင်းတော့ ငါလည်း မမှတ်မိတော့ဘူး''
မောင်ဘမင်းနှင့်ရွယ်တူ ကောင်လေးက သူ့ကို ပြူးကြောင်သော မျက်လုံးဖြင့် ကြည့်နေသည်။ ကောင်လေး၏ ညာဘက်လက်မှာ ကောက်ကွေး နေပြီး ခြေတစ်ဖက်ကလည်း သိမ်နေသေးသည်။ ဒါ့ကြောင့် ကောက်ကွေးလို့ ခေါ်တာ ထင်ပါရဲ့ ။
''ဒီကောင့်ကိုတော့ အိမ်မှာ ထမင်းဟင်းချက်ဖို့နဲ့ နင်းနှိပ်ခိုင်းဖို့ပဲ သုံး ရတယ်ဟေ့။ ကြည့်လေ ...ကွေးနေတဲ့လက်ကြီးနဲ့ ဘယ်လိုလုပ် ခါးပိုက်နှိုက်မလဲ။ သူများ အိမ် တက်ခိုးလို့မှ လူမိလို့ထွက်ပြေးရင် သူ့ခြေထောက်နဲ့ ဘယ်လိုပြေးမလဲ။ ဟား ...ဟား ...ဟား''
ကိုခင်ကြိုင့်စကားများ က သူ၏ အသက်မွေးဝမ်းကြောင်းအလုပ်ကို ဖော်ပြလိုက်လေသည်။
ကိုခင်ကြိုင်သည် ခါးပိုက်နှိုက်အကြီးစား၊ သူခိုးအကြီးစား တစ်ယောက် ဖြစ်ပါ၏ ။ အကြီးစားဟု ဆိုရခြင်းမှာ ကိုခင်ကြိုင်သည် ခါးပိုက်နှိုက်အလုပ်ကို ကိုယ်တိုင်မလုပ်တော့ဘဲ တပည့်များ မွေးကာ တပည့်တွေ နှိုက်လာ၊ ခိုးလာ သမျှကို ဒိုင်ခံသိမ်း၍ မိုက်ကြေးခွဲစားနေသော ကြောင့် ဖြစ်သည်။
ဤအနားတစ်ဝိုက်မှ တေလေကြမ်းပိုးများ ၊ သူခိုး၊ ခါးပိုက်နှိုက်များ သည် လည်း ကိုခင်ကြိုင့်ကို လွန်ဆန်လို့မရပေ။။ ခိုးဝှက်လာသည့် ပစ္စည်းများ ကို ထုခွဲပေးနိုင်သူမှာ ကိုခင်ကြိုင်သာ ဖြစ်သည်။
ကိုခင်ကြိုင်ကလည်း သူ့ကို လွန်ဆန်သူများ ကို လက်ထောက်ချတတ် သည်။ အချုပ်ထဲရောက်သည်ထိ ပို့နိုင်သည်။ သည်တော့ တေလေကြမ်ပိုးအား လုံးက ကိုခင်ကြိုင်ကို မလွန်ဆန်နိုင်ကြချေ။
ကိုခင်ကြိုင်သည် ဒုစရိုက်လောကတွင် ဆရာအခေါ်ခံကာ မင်းမူနေသူ တစ်ယောက် ပင် ဖြစ်ပါသတည်း။
ညအချိန်ရောက်ပြီဆိုလျှင် ကိုခင်ကြိုင့်တဲ၌ လူစုံတတ်သည်။ ကိုခင်ကြိုင့် တပည့်တွေ မနည်းပါလား။ အိမ်တွင် အတူနေသူမှာ နှာနီတင်ထွန်း တစ်ယောက် သာ ဖြစ်သော်လည်း ကိုခင်ကြိုင်မွေးထားသည့် ခါးပိုက်နှိုက်ကလေးများ က နေရာ အနှံ့မှာ ရှိလေသည်။
တပည့်များ သည် တစ်နေ့လုံး နှိုက်လာ၊ အလစ်သုတ်လာသမျှကို ညပိုင်းတွင် ကိုခင်ကြိုင့်ထံ ယူလာရသည်။ ကိုခင်ကြိုင်က သင့်သလို သူတို့ကို ပြန်ခွဲဝေပေးသည်။ ပစ္စည်းပစ္စယများ ကိုတော့ တန်ဖိုး တစ်ခါတည်းဖြတ်ကာ သိမ်းထားလိုက်သည်။ အလျဉ်းသင့်သည့်အချိန်ကျမှ ကိုခင်ကြိုင်က ပစ္စည်းများ ကို ပြန်ထုခွဲလေသည်။
ကိုခင်ကြိုင့်တဲရောက်ပြီး သုံးလေးရက်မှာ ပင် ကိုခင်ကြိုင်၏ လုပ်ငန်း တွေ ကို မောင်ဘမင်း နားလည်လာရသည်။
ညရောက်လျှင် ဒုစရိုက်သမားများ အစုံအညီရောက်လာကြကာ ကို ခင်ကြိုင့်ကို ခံစားကြသည်။ သူတို့တွင် အရက်များ လည်း ပါလာကြသည်။အရက်တွေ ဝိုင်းဖွဲ့သောက်ကြသည်။ ဖဲဝိုင်းထောင်ကြသည်။ မောင်ဘမင်းတို့သည် ဒုစရိုက်သမားတွေ ပြန်သွားပြီး ညသန်းခေါင်တိုင်မှ အိပ်စရာနေရာရကာ အိပ်စက် ရလေသည်။
မောင်ဘမင်းကကိုယ်တိုင် စွန့်စားခိုးဝှက်လာသည့် ပစ္စည်းများ ကို ကို ခင်ကြိုင့်ထံ လာအပ်နေကြသည်ကို အစပိုင်း၌ နားမလည်။ စုံစမ်းကြည့်တော့မှ ကိုခင်ကြိုင်သည် တစ်မြို့လုံးအနှံ့မှာ ဘယ်သူက ဘယ်နေရာမှာ ခါးပိုက်နှိုက်ရ မည် ၊ ဘယ်မှတ်တိုင်ကနေ ဘယ်မှတ်တိုင်အထိက ဘယ်သူ့အပိုင်း စသည်ဖြင့် တစ်ဦးချင်း၏ ကျွမ်းကျင်မှု အလိုက် နေရာချထားပေးထားကြောင်း သိရလေ၏ ။
ဖောက်ထွင်းခိုးယူမည့်  အိမ်များ ကိုလည်း သူကိုယ်တိုင် စုံစမ်း၍ နှစ် ယောက် တစ်တွဲ ၊ သုံးယောက် တစ်တွဲ တာဝန်ခွဲဝေပေးသည်။ သိပ်အရေး ကြီး မည် ဟု ယူဆလျှင် သူကိုယ်တိုင် လိုက်သည်။
ဒီလိုဆိုတော့လည်း ကိုခင်ကြိုင်ဟာ ဒုစရိုက်သမားသာဆိုရသည် သူ့နေရာက စီမံခန့်ခွဲရသည့် နေရာ၊ ဦးနှောက်စားရသည့် နေရာဆိုတော့ကာ သူသည် ဆရာကြီးတစ်ပါးအနေဖြင့် ချုပ်ကိုင်လွှမ်းမိုးလို့ ရနေသည်မှာ မဆန်း လှတော့ချေ။
ကိုခင်ကြိုင့်ကို သွေးတိုးစမ်းကာ မိမိဘာသာ တစ်စင်ထောင်သွားကြ သူများ သည် မကြာခင် ထောင်နန်းစံသွားရတတ်သည်တဲ့။
ကိုခင်ကြိုင်ကား မြေအောက်ဒုစရိုက်ကမ္ဘာ၏ ဆရာကြီးတစ်ပါးပါလား။
မောင်ဘမင်းကိုလည်း ကိုခင်ကြိုင်က အလကားမထားခဲ့ချေ။
မောင်ဘမင်းကို သူ့အိမ်ခေါ်လာပြီး သုံးရက်မြောက်နေ့မှာ ပင် ခါးပိုက် နှိုက်နည်းပေါင်းစုံကို သင်ပေးခဲ့လေသည်။
''မင်းကို ကောင်းကောင်း ထရိန်နင်ပေးရမယ်။ မင်းရုပ်က ချောတယ်၊ ဥပဓိရုပ် ကောင်းတယ်။ ဒီတော့ သန့်သန့်ပြန့်ပြန့် ဝတ်စားလိုက်ရင် ကျောင်းသားလို ဟန်ဆောင်လို့ရတယ်။ မင်းကို ဘယ်သူကမှ ကလေကချေလို့ ထင်မှာ မဟုတ် ဘူး။ လူရည်သန့်တော့ ကားပေါ်တွေ ၊ ဈေးထဲတွေ မှာ ကိုယ်အလုပ် လုပ်မဲ့ လူတွေ နားချဉ်းကပ်ရင် သံသယအဝင်မခံရဘူးပေါ့ကွာ''
သင်ပေးတာက ခိုးနည်း၊ ဝှက်နည်း၊ ခါးပိုက်နှိုက်နည်း။ သို့သော် ကိုခင်ကြိုင်က ထရိန်နင်ပေးသည်ဟု သုံးနှုန်းသည်။သင်ပေးသည့် ပညာများ က လည်း အဆင့်မြင့်ပါသည်၊ နက်နဲသိမ်မွေ့ပါသည်။ မကောင်းမှု ဒုစရိုက်လုပ်နည်း ဖြစ်နေ၍ လောကကောင်းကျိုးနှင့် ဆန့်ကျင်နေသော်လည်း အဆင့်မြင့်သော နည်းပညာများ ဆိုတာ မငြင်းနိုင်။။
မောင်ဘမင်းသည် ရေထည့်ထားသော အင်တုံကြီးထဲမှ စက္ကူလှေ ကလေးကို စိုက်ကြည့်နေလေသည်။ အင်တုံထဲမှ ရေများ သည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ကျောက်ကျောတုံးတစ်ခုနှယ် ရေပြင်ငြိမ်သက်သွားချိန်တွင် မောင်ဘမင်းက စက္ကူလှေကလေးကို လက်ဖြင့် ညင်သာစွာ ဆွဲမလိုက်သည်။
ကြမ်းတမ်းသော ရိုက်ချက်တစ်ချက်က 'ဗျန်း'ခနဲ သူ့ကုပ်ပိုးပေါ်သို့ ကျရောက်လာလေသည်။။
''ရေတွေ လှုပ်သွားတယ်။ ဒီလို ကြမ်းတမ်းပုံမျိုးနဲ့ မင်း ဘယ်လိုလုပ်ပြီး ခါးပိုက်နှိုက်မလဲ။ ပြန်လုပ်''
ရေပေါ်ကစက္ကူစကို ရေမလှုပ်အောင်ဆွဲယူသည့်နည်းကို ရအောင် သင်ယူခဲ့ရသည်။ ကိုခင်ကြိုင်သည် အသေးစိတ် အခြေခံကစလို့ သင်ပြပေးခဲ့ လေသည်။ သူ့အပြောအရ ထရိန်နင်ပေးခဲ့လေသည်။
''မှတ်ထား ...ခါးပိုက်နှိုက်လုပ်ရင် နူးညံ့နေရမယ်၊ ညင်သာနေရမယ်။ လူ တစ်ယောက် ဟာ ကိုယ် သူ့ကို ကိုင်တာ, ထိတာ မသိအောင် တတ်နိုင်သမျှ ညင်သာပျော့ပျောင်းရမယ်။ သူ့ဆီက ပစ္စည်းတို့, ငွေတို့ နှိုက်ယူတဲ့အခါမှာ လည်း သူ့အိတ်ထဲက ပါသွား၊ လျော့သွားတာ မသိအောင် နှိုက်တတ်, ယူတတ်ရမယ်''
ကိုခင်ကြိုင်.ထရိန်နင်များ ဖြစ်ပါသည်။ လက်တွေ့ လည်း လုပ်ကြည့်ကာ ကိုခင်ကြိုင် စိတ်ကျေနပ်သည်ထိ လေ့ကျင့်ရသည်။
လူ တစ်ယောက် ကို ပုံပန်းသ္ဌဏာန်ကြည့်၍ ချဉ်းကပ်နည်း, သူ့တွင် ငွေသား၊ သို့မဟုတ် အဖိုးတန်ပစ္စည်း ပါ မပါ အကဲခတ်နည်းများ ကိုလည်း သင်ပေးခဲ့သည်။
''တချို့လူတွေ ဟာ အပြင်ပန်းကြည့်တော့ နုံချာပေမဲ့ သူတို့မှာ ငွေ တွေ အများ ကြီး ပါလာတတ်တယ်။ ဥပမာ- ဈေးသည်တွေ ပေါ့။ တစ်နေကုန် အလုပ်လုပ်ရလို့ လူက နွမ်းနယ်ပြီး နုံချာနေပေမဲ့ ပိုက်ဆံတွေ အများ ကြီး သူ တို့အိတ်ထဲမှာ ပါလာပြီ။ ဈေးသွားနဲ့ဈေးပြန်လည်း ခွဲခြားတတ်ရသေးတယ်။ ဈေးဝယ်ဖို့သက်သက် ဈေးကိုသွားတဲ့လူဟာ အသွားမှာ ပိုက်ဆံပါတယ်။ အပြန်မှာ ပိုက်ဆံမပါဘူး။ ဈေးရောင်းဖို့သွားတဲ့ ဈေးသည်တွေ ကတော့ အသွားမှာ ပိုက်ဆံ မပါဘူး။ အပြန်မှ ငွေတွေ ပွေ့ပြီး ပြန်လာတတ်တာမျိုး''
''တစ်ခါတလေမှာ လူ တစ်ယောက် အခြေအနေကို တစ်ကြိမ်တည်း ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး။ စောင့်ကြည့်သင့်ရင် တစ်ပတ်တန်သည်၊ တစ်လ တန်သည် စောင့်ကြည့်ရတယ်။ အကွက်ချစီစဉ်ပြီး အချီကြီးကြံသင့် ကြံရတယ် ကွ''
ကိုခင်ကြိုင်.လက်ချာများ ပင်တည်း။
တစ်လကြာသည့်အချိန်တွင် ကိုခင်ကြိုင်က လက်တွေ့ လုပ်ငန်းခွင်သို့ ဆင်းခိုင်းလေသည်။
မောင်ဘမင်းဆင်းရသည့် လုပ်ငန်းခွင်က ကြည့်မြင်တိုင်ညဈေး။ ညဈေး သို့လာသော ဈေးဝယ်များ ထံမှ ခါးပိုက်နှိုက်ရသည်။ ပစ္စည်း အလစ်သုတ်ရသည်။
လေးဘီးအငှားကားများ ရပ်နားထားသည့်နေရာတွင် အငှားကား စပ် ပေးသလို၊ ပစ္စည်းကူသယ်ပေးသလိုနှင့် ဈေးဝယ်များ အနားသို့ ကပ်ကာ ပစ္စည်း သော်လည်းကောင်း၊ ငွေသော်လည်းကောင်း သင့်တော် ရာကို နှိုက်ယူရလေသည်။
အစပိုင်းတွင် တန်ဖိုးများများ ၊ နင့်နင့်နဲနဲ မရသော်လည်း မောင်ဘမင်း တစ်ခါမှအမိမခံခဲ့ရ။ ဆရာကိုခင်ကြိုင် ကတော့ မောင်ဘမင်းကို ချီးကျူးလေသည်။
မောင်ဘမင်းကို ဆရာက ပစားပေး ချီးမွမ်းတာမြင်ရတိုင်း မရှုစိမ့်နိုင် သူက နှာနီတင်ထွန်း။ မောင်ဘမင်းက သူ့အရင်ရောက်နှင့် နေသော နှာနီကို ဘယ်လိုမှ သဘောမထားသော်လည်း နှာနီ ကတော့ မောင်ဘမင်းကို သူ့နေရာ ဝင်လုမည့် ရန်သူဟု မြင်နေပေ၏ ။
မောင်ဘမင်းသည် နှိုက်ရ၊ ခိုးရသမျှ ဆရာ့ကို အကုန်အပ်သည်။မောင်ဘမင်းမှာ သုံးစွဲစရာကိစ္စလည်း မရှိ။ ရသမျှထဲက ကဲ့ထား၊ ကိုယ့်အတွက် ဖယ်ထားစရာနေရာလည်း မရှိ၊ အကြောင်းလည်း မရှိ၍ ရသမျှကို ဆရာ့လက်သို့ အပ်ခဲ့သည်သာ ဖြစ်သည်။
တစ်ခါတော့ နှာနီတင်ထွန်း ရလာသမျှကို မအပ်သည့်ကိစ္စအတွက် ပြဿနာ တက်လေသည်။ ကိုခင်ကြိုင်က နှာနီတင်ထွန်းနှင့် ကြိုက်နေသော ဈေးထိပ်က ကွမ်းယာသည်မလေးထံတွင် နှာနီတင်ထွန်း ပိုက်ဆံတွေ အပ်ထား ကြောင်းကို သတင်းရသွားသည်။ နှာနီတင်ထွန်းကို ဝန်ခံခိုင်းသည်။ နှာနီ ဝန်ခံလိုက်ရသည်။ ကိုခင်ကြိုင်က နှာနီကို ရိုက်နှက်ဆုံးမသည်။
ဤကိစ္စအတွက် နှာနီက မောင်ဘမင်းကို ငြိုးသည်။ နှာနီနှင့် ကွမ်းယာ သည်မလေး ကြိုက်နေသည်ကို မောင်ဘမင်း သိတာမှန်ပါသည်။ မောင်ဘမင်း အလုပ်လုပ်နေစဉ်မှာ နှာနီ့ကို ကောင်မလေကွမ်းယာဆိုင်၌ တွေ့ တွေ့ နေရသည် လည်း မှန်ပါသည်။ နှာနီက ကောင်မလေးထံ ငွေတွေ အပ်သည့်ကိစ္စကိုတော့ မောင်ဘမင်း တကယ်မသိပါ။
အ ဖြစ်မှန်ပေါ်သွားတော့ မောင်ဘမင်းပြောလို့ ဆရာသိရတယ် ထင်ပြီး နှာနီက မောင်ဘမင်းကို အထင်မှားလေသည်။
တကယ်က ဆရာကိုခင်ကြိုင်တွင် သူလျှိုဒလန်တွေ ရှိပြီးသား။ အချင်း ချင်းကို ပြန်၍ စောင့်ကြည့်၊ အကဲခတ်၊ ထောက်လှမ်းခိုင်းထားခြင်း ဖြစ်သည်။ မောင်ဘမင်း ပြန်ပြော၍ မဟုတ်။
ထိုသို့သော အချင်းချင်း စောင့်ကြည့်သည့် ‘ဒလန်တွေ က မောင်ဘမင်း ၏ ရိုးသားမှု ကိုလည်း သတင်းပေးကြလေသည်။
မောင်ဘမင်း၏ ဖြောင့်မတ်မှု များ အတွက် ဆရာက ချီးမွမ်းလေ၊ နှာနီ၏ အငြိုးများ က မောင်ဘမင်းအပေါ် ကြီးမားလာလေ ဖြစ်ခဲ့လေ၏ ။
ကိုခင်ကြိုင့်ထံသို့ ရောက်ရှိပြီး သုံးနှစ် အကြာတွင် ဘမင်းသည် အတော် ပင် လူရည်လည်လာခဲ့လေပြီ။ အတွေ့ အကြုံလည်း စုံလာခဲ့လေပြီ။
ဆရာကလည်း ဘမင်းကို နေရာတကာမှာ အသုံးချလာသည်။တစ် နည်းအားဖြင့် အားကိုးလာသည်။
မောင်ဘမင်း အသက်သည်လည်း ၁၅ နှစ် ထဲသို့ ရောက်လာခဲ့ပြီ။ ဘမင်းသည် အသက်အရွယ်နှင့် မလိုက်အောင် ထွားကျိုင်းလာသည်။ သူ့ ကိုယ်လုံးကိုယ်ထည်က ကျစ်လျစ်မာကျောကာ အချိုးအစားကျလှသည်။ ဘမင်း သည် ကိုယ်ခံပညာများ ကိုလည်း လေ့ကျင့်ခဲ့လေ၏ ။
ကိုခင်ကြိုင့်တဲတွင် လူပေါင်းစုံသလို အတတ်ပေါင်းလည်း စုံလှလေ သည်။ ညစဉ် အရက်ဝိုင်းရှိသလို၊ ဖဲဝိုင်းလည်း ရှိသည်။ တစ်ခါတစ်ရံ လေလွင့် မိန်းမများ လည်း တဲသို့ ပါလာတတ်သေးသည်။ ကိုခင်ကြိုင့်တပည့်မှန်သမျှ အရွယ် ငယ်ရင်သာငယ်ဦးမည် ။ မတတ်သော အတတ် မရှိ။ မလုပ်ဖူးတာ မရှိ။ မကောင်းမှု မှန်သမျှ စုံအောင် တတ်ကျွမ်းသူချည်း ဖြစ်သည်။ အနည်းဆုံး သူတို့ သည် အရက်တော့ သောက်တတ်နေကြပြီ။
ဒါတွေ အားလုံးနဲ့ ကင်းသူဆိုလို့ မောင်ဘမင်း တစ်ယောက် သာ ရှိပါ သည်။ ဘမင်းသည် အသက် ၁၂ နှစ် ထိ ဘုန်းကြီးကျောင်းတွင် နေလာရသူ ဖြစ်၍ ဘကြီးဘုန်းကြီး၏ ဘာသာရေး အဆုံးအမများ က သူ့ရင်ထဲတွင် ကျန်နေဆဲ ဖြစ်သည်။ သူသည် ခိုးဝှက်ခြင်းဆိုသော ဒုစရိုက်မှု ကို မလွှဲမရှောင်သာ ကျူးလွန် နေရ၍ ကျန်သော မကောင်းမှု အလုပ်များ ကို ရှောင်ရှားခဲ့လေသည်။ တစ်သက် လုံးလည်း မလုပ်ပါဟု ဘုရားမှာ သစ္စာပြုထားခဲ့သည်။
ကြာတော့ ဒုစရိုက်လောကထဲမှာ နေသော်လည်း တည်ကြည်မှန်ကန် သည့် ဘမင်းကို အားလုံးက လေးစားလာရသည်။ ဖြုံလာရသည်။ ဆရာ ကိုခင်ကြိုင်ကလည်း ထူးခြားသော သူ့တပည့်အတွက် ဂုဏ်ယူသည်။
သူ့အသက် ၁၅ နှစ် ပြည့်ပြီးချိန်တွင် ဆရာက သူ့ကို အိမ်ဖောက်ထွင်းမှု များ ၌ လိုက်ခိုင်းခဲ့သည်။ သူ့အတွက် ပထမဆုံး အတွေ့ အကြုံ ဖြစ်သည့် ဖောက် ထွင်းသော အိမ်ကို ဆရာကိုခင်ကြိုင်ကိုယ်တိုင် လိုက်ပါပေးခဲ့သည်။ အောင်မြင်ခဲ့ ပါသည်။
ဘမင်းသည် ခါးပိုက်နှိုက်ခြင်းထက် အိမ်ဖောက်ထွင်းခြင်းလုပ်ငန်းကို ပို၍ စိတ်ဝင်စားလာသည်။ ခါးပိုက်နှိုက်အလုပ်မှာ သေးသိမ်သည်ဟု ထင်သည်။ ပြီးတော့ ခါးပိုက်နှိုက်ခြင်းသည် အများ အားဖြင့် ဘတ်စ်ကားပေါ်မှာ လုပ်ရသည်။ကိုယ်ခါးပိုက်နှိုက်တဲ့ လူတန်းစားက ဘတ်စ်ကားစီးတဲ့ လူတန်းစားဆိုတော့ လူချမ်းသာများ မဟုတ်တာတော့ အမှန်ပင်။ ရုန်းကန်လှုပ်ရှားနေရသည့် သာမန် လူတန်းစားများ ပင် ဖြစ်သည်။ သည်လိုအတန်းအစားထဲက ချွေးနဲစာကို ခေါင်းပုံ ဖြတ် ခိုးဝှက်ရတာ ကို ဘမင်း စိတ်မကောင်း။
တစ်ခါက လခထုတ်လာသော ဝန်ထမ်းမိန်းမ တစ်ယောက် သည် ခါးပိုက်နှိုက်ခံရ၍ ဘဝပျက်သွားသလောက် ငိုကြွေးနေတာကို ဘမင်း ကြုံဖူးသည်။တကယ်တော့ တစ်လစာ ချွေးနဲစာသည် ထိုမိန်းမမိသားစုအတွက် ထိုတစ်လ ရပ်တည်စားသောက်ရမည့်  ငွေကြေး ဖြစ်ပေမည် ။ သူမ ငိုကြွေးတာ သဘာဝ ကျ ပါသည်။ သည်ကတည်းက ဘမင်းသည် အစိုးရဝန်ထမ်းဆိုလျှင် ဝေးဝေးက ရှောင်တော့သည်။
တစ်ခါတစ်ရံ နယ်မှလာ၍ လည်ပတ်ကြ၊ ဘုရားဖူးကြသော သူများ လည်း မနူးမနပ်နှင့် ခါးပိုက်နှိုက်ခံရတတ်သေးသည်။ သူတို့ခမျာ အပိုအလျှံ မပါလျှင် မခက်ပါလား။
မတော် တဆ ခါးပိုက်နှိုက်စဉ် မိပါကလည်း ဝိုင်း အရိုက်ခံရသေးသည်။ဘမင်း တစ်ခါမှ မခံရဖူးသော်လည်း ခံဖူးသူတွေ ရှိသည်။
ထို့ကြောင့် ခါးပိုက်နှိုက်သည့်အလုပ်ကို ဘမင်း စိတ်ပျက်မိသည်။
အိမ်ကို ဖောက်ထွင်းခိုးယူရတာ က ဒီလို စိတ်ဓာတ်ပျက်စရာ မရှိ။ ဘမင်းတို့ ဖောက်ထွင်းပြီဆိုမှတော့ ထိုအိမ်သည် ပြည့်စုံချမ်းသာရုံမက ပိုလျှံ နေသော အနေအထား ရှိ၍ သာ ဖြစ်သည်။ တစ်ခါတစ်ရံ အိမ်ကိုမဖောက်ထွင်းဘဲ ဈေးဆိုင်လို၊ ဂိုဒေါင်လိုဟာမျိုးကို ဖောက်ထွင်းကြသည်။ သူဌေး သူကြွယ်များ ၏ ပစ္စည်းများ မို့ ယုတ်လျော့သွားလို့လည်း သူတို့အတွက် ဒုက္ခရောက်မ သွားပါ။
ပြီးတော့ အဆောက်အအုံ ဖောက်ထွင်းရတာ က ပညာသားပါသည်။ စွန့်စားရသည်၊ ရင်ခုန်ရသည်။ အောင်မြင်လျှင် ခံစားရသည့် ကျေနပ်မှု ကို ခါးပိုက်နှိုက်၍ ပိုက်ဆံအနည်းအကျဉ်း ရလိုက်တာနှင့် နှိုင်းဆမပြနိုင်။ မြိုးမြိုး မြက်မြက်လည်း ရသည်။
ထို့ကြောင့် ဘမင်းက သူ့ဆန္ဒကို ဆရာ့အား တင်ပြလိုက်၏ ။
အောက်တန်းကျသော ခါးပိုက်နှိုက်အလုပ်ကို သူ မလုပ်လိုတော့ ကြောင်း၊ အိမ်ဖောက်ထွင်းသည့် လုပ်ငန်းတွင် သာ သူ့ကိုသုံးပါဆိုသည့်အကြောင်း တင်ပြလိုက်၏ ။
ဘမင်းကို အထင်ကြီးနေသော ဆရာကလည်း ခွင့်ပြုခဲ့လေသည်။ဘမင်းကို တစ်ဆင့်မြှင့်၍ ပညာသင်ပေးသည်။ သော့ တုလုပ်နည်း၊ သော့ ဖျက်နည်း ပညာများ ဖြစ်၏ ။
သို့ဖြင့် ဘမင်း၏ အတတ်ပညာများ စုံလင်လာခဲ့လေသည်။
သည်လိုနှင့် ဆရာ့ထံတွင် နေလာခဲ့သည့် လေးငါးနှစ် အတွင်း ဘမင်း သည် တပည့်ကောင်းတစ်ဦးအ ဖြစ် ရပ်တည်ရင်း အဆင်ပြေစွာ နေလာနိုင်ခဲ့လေ သည်။
သူတို့ဘဝထဲသို့ ဂျင်နီဆိုသော မိန်းမ ဝင်ရောက်မလာခင်အထိ ဆိုပါစို့။
တစ်နေ့တွင် ဆရာသည် ညကြီးမင်းကြီး အပြင်မှပြန်လာရာ မိန်းမ တစ်ယောက် ပါလာလေသည်။
ထိုမိန်းမသည် မိတ်ကပ်နှင့် နှုတ်ခမ်းနီများ ကို အစွမ်းကုန် ခြယ်သ ထားရာ သူမ ဘယ်လိုမိန်းမစားဆိုသည်ကို ဖော်ပြနေပြီးသား ဖြစ်နေတော၏ ။ ပထမတော့ ဘမင်းသည် ဆရာ တစ်ညတာပျော်ပါးရန် ခေါ်လာခဲ့သော မိန်းမလို့ ပင် ထင်နေခဲ့သည်။ ဆရာက သည်လိုပဲ မိန်းမတွေ ခေါ်နေကျမို့ မဆန်း။
ခုတော့ ဆရာသည် သူခေါ်လာသော မိန်းမကို သူ့တပည့်များ နှင့် အကျအန မိတ်ဆက်ပေးနေလေ၏ ။
''ဟောဒါ ကိုယ့်တပည့်တွေ ပဲ။ အိမ်မှာ အတူနေတာတော့ သုံးယောက် ရှိတယ်။ သူက နှာနီ၊ သူက ကောက်ကွေး၊ သူ ကတော့ ဘမင်းတဲ့''
''ကိုကို့တပည့်ဆိုတော့ နီနီ့တပည့်တွေ ပဲပေါ့။ ဟင်း ...ဟင်း ...ဟင်း ခစ် ...ခစ် ...ခစ် ...ခစ် ...''
မိန်းမက အဓိပ္ပာယ်မရှိ ပေါ့ပြက်စွာ ရယ်မောနေပေသည်။
ထိုမိန်းမသည် ဘမင်းကို အသေအချာစိုက်ကြည့်ကာ ...
''သူလေးက သိပ်ချောတာပဲနော်။ ချစ်စရာလေး ...''
ဆရာ မျက်နှာပျက်သွားလေသည်။
''ဟိတ် ...မိဂျင်နီ၊ နင် ငါနဲ့နေမယ်ဆိုရင် ဒီသောက်ချိုးတွေ ပြင်နော်။အဲ့လိုမှမဟုတ်ရင် ခုကတည်းက ဂျောင်းပေတော့''
ဆရာက မျက်နှာထားတင်းတင်းနှင့် မိန်းမကို ငေါက်လိုက်လေသည်။
ဘမင်းသည် ဆရာနှင့် မိန်းမကြားတွင် မျက်နှာ မထားတတ်အောင် ဖြစ်ကာ ခေါင်းကိုငုံ့ထားမိ၏ ။
''အို ...ကိုကိုကလည်း နီနီက သဘောရိုးနဲ့ ပြောတာပါ။ ကောင်လေး ကဖြင့် ကလေးသာသာ ရှိသေးတာကို။ နီနီက ကိုကိုတပည့်ဆိုတော့ မောင်လေး တစ်ယောက် လို ချစ်လို့ပြောတာပါ ...ဟွန်း''
''ဒါဆို ပြီးရော။ မင်းတို့လည်း မှတ်ထားကြ။ သူ့နာမည် က ဂျင်နီတဲ့။ သူ့ကို ငါယူဖို့ခေါ်လာတာပဲ။ အရင် ကတော့ သူဟာ အတန်းထဲက မိန်းမ တစ်ယောက် ပဲ။ မင်းတို့ကို ရှင်းအောင်ပြောထားတာ''
''ဟင့် ...ကိုကိုကလည်း''
''အသာနေစမ်း။ မင်းတို့ သူနဲ့ ကင်းကင်းရှင်းရှင်း နေကြပါ။ ဂျင်နီ မင်းလည်း ငါ့အကြောင်းသိတယ်နော်။ ငါ့ဆီမှာ ကောင်းကောင်းနေရင် ရသမျှဟာ မင်းဖို့ချည်းပဲ။ ကြားလား''
''ဟုတ်ကဲ့ပါ ကိုကို''
ဂျင်နီသည် အသက်အစိတ်လောက်သာ ရှိဦးမည် ဟု ခန့်မှန်းရ၏ ။ ဘမင်းထက် ဆယ်နှစ် ခန့်ကြီးပြီး ဆရာ့ထက် ဆယ်နှစ် ခန့်ငယ်သည့် အသက် အရွယ်မျိုးပင်။
ဆရာ့မိန်းမ ဖြစ်လာသည့်နေ့ကစ၍ အိမ်မှာ ဂျင်နီကသာ မင်းမူလေ တော့သည်။ ဂျင်နီ အိမ်ရောက်လာ၍ ပိုပြီးပင်ပန်းရသူမှာ ကောက်ကွေး ဖြစ်သည်။ မဂျင်နီက အိမ်အလုပ် ချက်ရေး ပြုတ်ရေး ကူလုပ်ပေးဖို့ဝေးလို့၊ ထမင်းဟင်း မချက်တတ်ဘူးဟု ဆိုသည်။ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေလာ ရသော သူဌေးသမီးလေးက ထမင်းဟင်း မချက်တတ်ဘူးဟု ပြောသည့်ပုံမျိုးနှင့် ပြောခြင်း ဖြစ်၏ ။
ကောက်ကွေးအဖို့ ဂျင်နီ့ကို နင်းနှိပ်ပေးရသည့် အလုပ်တစ်ခု ပိုလာ လေ၏ ။ မဂျင်နီအလုပ် ကတော့ တစ်နေ့လုံး အိပ်စက်ခြင်း၊ ညပိုင်းမှာ ဆရာ့ တပည့်များ လာအပ်သော ပစ္စည်းများ ကို မယုံသင်္ကာစွာ စစ်ဆေးယူခြင်းနှင့် တွေ့ သမျှလူကို မြည် တွန်တောက်တီး၍ အပြစ်ရှာနေခြင်းတို့ပဲ ဖြစ်လေသည်။
ဂျင်နီသည် နာမည် လိုက်အောင် ဂျင်ကလေးတစ်လုံးထိပ်က အနီစက် ကလေးလို မွှတ်နေအောင်လည်သည်။ ဂျင်ထက် လည်သည်။
ကိုခင်ကြိုင်သည် ဤလောက၏ ဘုရင် ဖြစ်မှန်းသိတော့ ကိုခင်ကြိုင့် အကြိုက် နေပြသည်။ ဂျင်နီ့အနေနှင့် လည်း လမ်းဘေးတွင် လူထည်လဲနှင့် စီးပွားရှာစားနေရခြင်းထက် ကိုခင်ကြိုင့်မယား ဖြစ်နေရခြင်းက ပို၍ သာနေ၏ ။ အိမ်နှင့် ရာနှင့် တပည့်တပန်းနှင့် မဟုတ်လား။
ရွှေလေးငွေလေး ဝတ်နိုင်လာတော့ မဂျင်နီတို့ ခေါင်းမော်လာခဲ့သည်။ဂျင်နီဟာ တကယ်ပဲပြောင်းလဲသွားခြင်းလား။ ကိုခင်ကြိုင့်ကြောက်လို့ ငြိမ်နေရ တာလား စောင့်ကြည့်ရပေဦးမည် ။
သည်လိုနှင့် ကိုခင်ကြိုင်နှင့် ဂျင်နီ့မှာ ကလေး တစ်ယောက် ရလာသည်။ကလေးက မိန်းကလေး။
တစ်သက်လုံး ဒုစရိုက်သမား လူကြမ်းကြီးအ ဖြစ်နေလာသော ဆရာ ကိုခင်ကြိုင်သည် သမီးလေးမွေးလာတော့ ထူးဆန်းစွာ စိတ်တွေ နူးညံ့ပျော့ပျောင်း သွားတော့သည်။ သမီးလေးကို သိပ်ချစ်သည်။ သူ့သမီးကို လက်ကမချ။
အယုံအကြည်မရှိပါဘူးဆိုတဲ့ ဗေဒင်ကိုသွားမေးကာ သမီးလေးအတွက် နာမည် ရွေးခဲ့သည်။ ဗေဒင်ဆရာ ရွေးပေးလိုက် သည့်နာမည် က ယမင်းကြိုင်တဲ့။
ယမင်းကြိုင်ကို မိခင်ထက် ဖခင်က ပိုချစ်ခဲ့လေသည်။
''အင်း ...ငါမွေးထားတာက မိန်းကလေး ဖြစ်နေတယ်။ ငါ ဒီအလုပ်ကို တစ်သက်လုံးလုပ်နေလို့ ဖြစ်ပါ့မလား''
တစ်ကိုယ်တည်း ညည်းညူသလိုနှင့် ကိုခင်ကြိုင် ပြောစပြုလာသည်။
''စုမိဆောင်းမိရင် ကောင်းရောင်းကောင်းဝယ်လေး လုပ်ကိုင်စားမှပဲ''
သမီးအပေါ်ချစ်သည့်စိတ်နှင့် စိတ်ကူးယဉ်လာသည်။
''ငါ့နေရာကိုတော့ မင်းကဆက်ခံပေါ့ကွာ။ မင်းမှာ အရည်အချင်း ရှိ ပါတယ်''
ဆရာ့နေရာ ဆက်ခံဖို့ ဖြစ်ပါ့မလား။ ဆရာ့လိုလူမျိုး ဖြစ်ဖို့ သူ့မှာ အင်အားရှိရဲ့ လား။ တကယ်တော့ သူသည် ဆရာကိုခင်ကြိုင့်ဘဝကို အားမကျပါ။
ဆရာတစ်ဆူ ဖြစ်နေသော်လည်း အန္တရာယ်တွေ ပတ်လည်ဝိုင်းနေ သည်။ မလွှဲသာ၍ တစ်ကြောင်း၊ ကြောက်၍ တစ်ကြောင်း တပည့်ခံနေကြရသော် လည်း အကြောင်းသင့်ရင် တန်ပြန်ကြဖို့ ဝန်မလေးသူတွေ က ဒုနဲ့ဒေး။ ဆရာ့ ဘဝကို သူအားမကျပါ။
သူ ဖြစ်ချင်သည်က တစ်ကိုယ်တော် ဖောက်ထွင်းရေး သမားဘဝ။ ကိုယ် ရတာ ကိုယ်ယူ၊ ဘယ်သူ့မိုက်ကြေးခွဲမှ မခံရတဲ့ တစ်ကိုယ်တော် ဘဝ။ ဘယ်သူ့ ကိုမှ ပြန်ပြီးငဲ့စောင်းကြည့်စရာမလိုတဲ့ အ ဖြစ်မျိုးကိုသာ သူ လိုလားသည်။
ဆရာ့လိုလည်း အရက်၊ ဖဲ၊ မိန်းမ၊ မူးယစ်ဆေး စုံလှသော ဒုစရိုက်နွံ ထဲ၌ မနေနိုင်ပါ။ ယခုကပင် သည်နွံတောထဲက ဘမင်း ရုန်းထွက်ချင်နေပြီ။
တကယ်တမ်းကျတော့ ဆရာကိုခင်ကြိုင်သည် ဤလောကထဲမှ ရုန်း မထွက်နိုင်သေးသည့်အပြင် ဒုစရိုက်နယ်ပယ်မှာ ပို၍ ကျယ်ပြန့်လို့ပင် လာခဲ့သေး ၏ ။
ဆရာကိုခင်ကြိုင်.ခြေလှမ်းများ က ပို၍ ကျယ်လာခဲ့သည်။
အခြားနယ်က ဒုစရိုက်ခေါင်းဆောင်များ နှင့် ဆက်သွယ်မိလာသည်။သည်နယ်မြေလေးထဲမှာ တင် လူတွင် ကျယ်လုပ်နေရုံ မဟုတ်တော့။ ဒုစရိုက်သမား အချင်းချင်း ပညာဖလှယ်မှု မျိုးတွေ ရှိလာသည်။
ကိုယ်ကျွမ်းကျင်သည့်ပညာကို သူ့ကိုသင်ပေး၊ သူ့ဆီက ကိုယ်မကျွမ်း သေးသည့် ပညာကို ထပ်ပွားယူနှင့် ပညာချင်း ဖလှယ်ကြသည်။ ကိုခင်ကြိုင့်အား နယ်သို့ဖိတ်ခေါ်၍ ဆရာတင်ခြင်းများ လည်း ရှိလာသည်။ ဖောက်ထွင်းမှု ကျွမ်းကျင် သော ကိုခင်ကြိုင်သည် နယ်မှဒုစရိုက်သမားများ ၏ ဖိတ်ကြားခြင်းကို ခံရသည်။သူတို့သားကောင်အ ဖြစ် ပစ်မှတ်ထားသော အိမ်၏ အနေအထားကို ကိုခင်ကြိုင့် အား အစီရင်ခံကာ ကိုခင်ကြိုင်ကို ဦးဆောင်စေ၍ ဖောက်ထွင်းကြသည်။ ကိုခင် ကြိုင်ရသည့် အဖိုးအခက ရသမျှအားလုံး၏ ငါးဆယ်ရာခိုင်နှုန်း (သို့ မဟုတ်) တစ်ဝက်။
နယ်ဒုစရိုက်သမားတွေ ကလည်း ကိုခင်ကြိုင့်ကို ဆရာတင်ကာ အခ လည်း ကောင်းကောင်းပေး၊ ကိုခင်ကြိုင့်ဆီက ပညာတွေ ကိုလည်း ရအောင် ယူလိုက်ကြသည်။
သည်လိုနှင့် ကိုခင်ကြိုင်သည် မကြာမကြာ နယ်ထွက်၍ အလုပ်လုပ်ရ သည်များ ရှိလာ၏ ။
ဆရာနှင့် အတူ တစ်ခါတစ်ရံ ဘမင်းလိုက်ရသည်။ တစ်ခါတစ်ရံ နှာနီ လိုက်ရသည်။
ကိုခင်ကြိုင် မကြာခဏခရီးထွက်ရ၍ အိမ်မှာ မရှိသည့်အခါ ဂျင်နီ၏ ဗီဇများ ပေါ်လာခဲ့လေသည်။ ကိုခင်ကြိုင့်ကို ကြောက်လို့ ငြိမ်ဝပ်ချုပ်တည်းထား ရသည် များ ကို အတိုးချကာ ကိုခင်ကြိုင့်ကွယ်ရာတွင် ထင်သလို သော င်းကျန်း တော့၏ ။
ဆရာနှင့် နှာနီတို့ နယ်ကို ဆင်းသွားသည့် တစ်ခေါက်။
ဘမင်းက အိမ်မှာ အစောင့်အ ဖြစ်ကျန်ရစ်သည်။
ဂျင်နီသည် အိမ်မကပ်။ မိုးချုပ်သည်ထိ အပြင်ထွက်နေ၏ ။ သူ့မိတ်ဆွေ ဟောင်း၊ သူကျင်လည်ခဲ့ရာ ပတ်ဝန်းကျင်ဟောင်းများ သို့ ပြန်သွားသည်။ ဘမင်း ဘာမှဝင်မပြော၊ သည်တိုင်းကြည့်နေခဲ့သည်။ ဆရာ့ကိုပြန်ပြောဖို့လည်း စိတ် မကူးပါ။
တစ်ည။
ဘမင်းအိပ်မောကျနေစဉ် တစ်စုံတစ်ခု၏ ပွတ်သပ်မှု ကြောင့် ဘမင်း အိပ်ရာမှ လန့်နိုးသွားသည်။ အမှော င်ထုထဲတွင် ရုတ်တရက် ဘာမှမမြင်ရ။
နောက်မှ ခုတင်ခြေရင်းတွင် ထိုင်နေသော မိန်းမသ္ဌဏာန်တစ်ခုကို မြင်ရ သည်။ ဂျင်နီ။
ဘမင်းက အိပ်နေရာမှ ဆတ်ခနဲထလိုက်ကာ ...
''မဂျင်နီ၊ ခင်ဗျား ဘာလုပ်တာတုန်း''
''နင်ကလည်း ဟယ်၊ ငါ အိပ်မပျော်လို့ပါ''
''ခင်ဗျား ကျုပ်အခန်းထဲက ထွက်သွား''
ဂျင်နီက ဘမင်း၏ ရင်ဘတ်ကို အသာအယာ ပွတ်သပ်ကာ ...
''ငါ တစ်ယောက် တည်းအိပ်ရတာ ကြောက်လို့ဟဲ့''
''မဂျင်နီ၊ ခင်ဗျား သွားစမ်းဗျာ''
ဘမင်းက ဂျင်နီ့လက်ကို ကြမ်းတမ်းစွာ ဖယ်ထုတ်ပစ်လိုက်ကာ ထပ်၍ ပြောလိုက်သည်။
''ကျုပ်ကို ဘယ်လိုကောင်မှတ်လို့လဲ။ ကျုပ် ခင်ဗျားကို ဆွဲထိုးမှာ နော်''
ဘမင်းအကြောင်းကို သိထားသော ဂျင်နီ လန့်တော့လန့်သွားလေ သည်။
ထိုစဉ် ကလေးငိုသံ ထွက်ပေါ်လာသည်။
''ခင်ဗျားကလေး ငိုနေပြီ။ သွားတော့ဗျာ''
''ဟင်း ...အလကားကောင်။ ယောက်ျားမဟုတ်တဲ့အတိုင်းပဲ။ သောက်အ''
ဆဲဆိုကာ အခန်းထဲမှထွက်သွားလေ၏ ။
ထိုအ ဖြစ်ကို ဆရာပြန်လာတော့ ဘမင်းပြန်မပြောခဲ့ပါ။ ဆရာ စိတ် မကောင်းရုံသာ ရှိမည် ။ ဘမင်းပြောပြလျှင် ဆရာက ဂျင်နီ့ကို ရိုက်နှက်ကောင်း ရိုက်နှက်လိမ့်မည် ။ ဂျင်နီ ကတော့ အရိုးစွဲနေသော သူ့အကျင့်ကို ပြင်မည် မဟုတ်။
ဘမင်းတွေးမိတာတစ်ခု ရှိသည်။
ဆရာနှင့် နှာနီ ခရီးထွက်စဉ်မှာ သူ့အပေါ် သည်လိုကြံစည်သလို သူနှင့် ဆရာ ခရီးထွက်နေတုန်းကရော ဂျင်နီသည် အိမ်မှာ ကျန်ခဲ့သည့်နှာနီနှင့် ကင်းပါမည် လား။ နှာနီကရော ဘမင်း ငြင်းဆန်သလို ငြင်းဆန်မဲ့လူမျိုးလား။
ထိုအချက်သည် နောက်တစ်နှစ် လောက်အကြာတွင် ရှင်း၍ သွားလေ သည်။
ထိုစဉ်က ဘမင်းသည် ဆရာနှင့် အတူ မန္တလေးသို့ ခရီးထွက်ခဲ့ချိန် ဖြစ်၏ ။
ထိုအခေါက်သည် ဘမင်းအတွက် များ စွာ အကျိုးရှိခဲ့သော ခရီးစဉ်တစ်ခု ဖြစ်ခဲ့လေသည်။ အသက်ကြီးလာပြီ ဖြစ်သော ဆရာက သူ့လုပ်ငန်းများ ကို ဘမင်း အား လွှဲပေးဖို့စိတ်ကူး ရှိသည့်နည်းတူ ပညာကုန်ကို သုံး၍ ပြခဲ့သည်။
မန္တလေးတွင် ဖောက်ထွင်းမှု ပညာ မြင့်မားလှသော ဆရာကြီးများ နှင့် လည်း တွေ့ ခဲ့ရသည်။ အထူးသဖြင့် ငွေသော့ ထင်အောင်ဆိုသူ သော့ ပြင်သမား အိန္ဒိယအဘိုးအိုကြီးနှင့် သိကျွမ်းခဲ့ခြင်းသည် ဘမင်းအတွက် များ စွာ အကျိုးရှိခဲ့ လေ၏ ။
ငွေသော့ ထင်အောင်ဆိုသည်က သော့ ပြင်ဆိုင် ဖွင့်ထားသော်ငြား အဓိကအလုပ်က ဖောက်ထွင်းရေး သမားများ နှင့် အတူလိုက်ပါကာ အဆောက် အအုံများ ၏ သော့ များ ကို ဖွင့်ပေးခြင်း ဖြစ်သည်။ ငွေသော့ ထင်အောင် မဖွင့်နိုင် သည့်သော့  ကမ္ဘာပေါ်တွင် မပေါ်သေးဟု ဆိုသည်။ မြေအောက်လောကသား အားလုံးက ငွေသော့ ထင်အောင်ဆိုသော ဟိန္ဒူကုလားအဘိုးကြီးကို အားကိုးကြ ရသည်။
သို့သော် ငွေသော့ ထင်အောင်ကြီးက မာနကြီးသည်။ သူ့ကိုခေါ်တိုင်း မလိုက်။ လိုက်လျှင်လည်း သူကြိုက်သည့် အခကြေးငွေရမှ လိုက်သည်။ ပို၍ ထူးသည်က သူ့သော့ ပညာကို ဘယ်သူ့မှ လက်ဆင့်ကမ်း သင်မပေးခြင်း ဖြစ်သည်။
ဘမင်းတို့ မန္တလေးရောက်တော့ ပထမဆုံးကျူးလွန်သည့် ဖောက်ထွင်းမှု မှာ ပင် ငွေသော့ ထင်အောင် ပါလာသည်။ ငွေသော့ ထင်အောင်က ဘမင်းကို မြင်မြင်ချင်း ခင်သွားသည်။ သူ့အိမ်မှာ တည်းခိုဖို့ ဖိတ်ခေါ်ခဲ့သည်။ ဘမင်းသည် မန္တလေးတွင် တစ်လခန့် နေခဲ့သည့်တစ်လျှောက်လုံး ငွေသော့ ထင်အောင်ဆို သည့် ကုလားကြီးအိမ်၌ တည်းခိုခဲ့လေသည်။ ဆရာက တစ်နေရာ၊ သူက တစ်နေရာ။
ငွေသော့ ထင်အောင်နှင့် တွေ့ မှ သူတတ်ထားသည့် သော့ ပညာများ သည် သူငယ်နှပ်စားအဆင့်မျှသာ ရှိသေးကြောင်း သိလာရ၏ ။
''လူလေး ...အဘရဲ့ ပညာတွေ ကို လိုချင်သလား''
ငွေသော့ ထင်အောင်က မေးသည်။
''လိုချင်ပါတယ် အဘ''
''အဘရဲ့ သော့ ပညာကို အဘဟာ ဘယ်သူ့မှ လက်ဆင့်မကမ်းခဲ့သေး ဘူး။ အဘမသေခင်တော့ တစ်ဦး တစ်ယောက် ကို လက်ဆင့်ကမ်းသင်ပေးဖို့ ဆုံးဖြတ်ထားတယ် လူလေး။ တစ်ဦး တစ်ယောက် မှ တကယ့်ကို တစ်ဦးတစ် ယောက် တည်းကို သင်ပေးမှာ ။ အဲဒီ သူဟာလည်း ပညာကို အသက်ငါးဆယ် ကျော်မှ နောက် တစ်ယောက် ကို လက်ဆင့်ကမ်းရမယ်ကွယ့်။ တစ်ယောက် တည်း ကိုပဲ လက်ဆင့်ကမ်းရမယ်။ ဒါဟာ အဘရဲ့ အဓိဋ္ဌာန်ပဲ။ ဘယ့်နှယ် ...အဘ စည်းကမ်းကို လူလေး လိုက်နာနိုင်မလား''
''လိုက်နာနိုင်ပါတယ် အဘ။ အဘက ဘာလို့ တစ်ယောက် တည်းကိုပဲ ပညာဖြန့်ဝေချင်တာလဲ အဘ''
''ဒီပညာကို မကောင်းမှု လုပ်တဲ့နေရာမှာ သာ အများ အားဖြင့် အသုံးပြု ကြတာကိုးကွယ့်။ ဒါ့ကြောင့် လူတကာကို မဖြန့်ဝေချင်တာပဲ။ လုံးလုံးမဖြန့်ဘဲ ထားရင်လည်း အဘသေရင် ပညာတွေ တိမ်ကောသွားမှာ စိုးတယ်။ သိပ် ပြန့်သွားရင်လည်း အန္တရာယ်ရှိတယ်။ ဒါ့ကြောင့် နောက်လူကို ဖြန့်ဝေရင်လည်း တစ်ယောက် တည်းကိုပဲ ဖြန့်ဝေဖို့ ကတိတောင်းရတာ ။ အဲဒီ နောက်လူကလည်း နောက် တစ်ယောက် တည်းကိုပဲ ဖြန့်ဝေရမယ်။ တကယ်လို့ အဘရဲ့ သစ္စာဓိဋ္ဌာန်ကို ဖောက်ဖျက်ခဲ့ရင် ဒုက္ခကောင်းကောင်းရောက်ဖို့လည်း အဘက ကျိန်စာတိုက် ထားတယ်။ လူလေး စဉ်းစား။ အဘ ကတော့ လူလေးကိုချစ်လို့ ဒီပညာ ပေး မယ်လို့ ဆုံးဖြတ်မိတာပဲ လူလေး''
''ကျွန်တော် လိုက်နာနိုင်ပါတယ် အဘ။ ကျွန်တော့်ကို ပညာသင် ပေးပါ''
''အေး ...လူလေး အဘနဲ့ လာနေနိုင်တဲ့တစ်နေ့မှာ အဘ ဒီပညာ တွေ ကို သင်ပေးပါမယ်ကွယ်''
''ဟင် ...အခုသင်ပေးမှာ မဟုတ်ဘူးလား''
ဟိန္ဒူကြီးက ပြုံးလိုက်သည်။
''ဒီလို နက်နဲတဲ့ပညာကို အလွယ်တကူသင်ပေးလို့ ဘယ်ရမလဲကွယ်။ အပြင်ပန်းကြည့်တော့သာ သော့ တုလုပ်နည်း၊ သော့ ဖျက်နည်းလို့ လွယ်လွယ် ထင်ရတာ ကိုး။ ဒီပညာကိုရဖို့ ဥပုသ်စောင့်ရမယ်။ သက်ဆိုင်ရာနတ်ဒေဝတာတွေ ကို အပ်ရမယ်။ လိုအပ်တဲ့ သစ္စာဓိဋ္ဌာန်တွေ ကို လိုက်နာရမယ်။ ဒါ့ကြောင့် ပညာ သင်မယ့် ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့လည်း လိုပြန်တယ်ကွယ့်''
''ဟင် ...''
''အဘ ကတော့ လူလေးကို ပညာဖြန့်ဝေပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ လူလေးဘက်ကသာ အဘဆီမှာ လာနေပြီး ပညာယူဖို့အချိန်ကို စဉ်းစားပေတော့''
''ကျွန်တော် သင် ဖြစ်အောင်သင်မယ် အဘ။ အဘဆီကို တစ်နေ့ လာနေနိုင်အောင် ကြိုးစားပါ့မယ်။ အဘစည်းကမ်းတွေ ကို လိုက်နာနိုင်အောင် လည်း ကျွန်တော် ကြိုးစားပါ့မယ် အဘ''
ထိုအခေါက် ရန်ကုန်ကိုပြန်လာတော့ သူရော ဆရာပါ မမျှော်လင့်သော အ ဖြစ်နှင့် ကြုံလိုက်ရလေသည်။
ကောက်ကွေးသည် မသန်စွမ်းသည့်ကြားမှ ၂ နှစ် အရွယ် ကလေးကို မနိုင့်တနိုင်ချီပိုးကာ ထိန်းကျောင်းနေရှာသည်။ အိမ်သည် ဟာလာဟင်းလင်း ဖြစ်ကာ ပစ္စည်းအတော် များများ ယုတ်လျော့နေလေ၏ ။
''မင်းအစ်မရော''
''ထွက်ပြေးသွားပြီ ဆရာ။ ကိုနှာနီနဲ့ ထွက်သွားကြတယ်။ ပစ္စည်းတွေ လည်း အများ ကြီးယူသွားကြတယ်။ ကလေးကို ထားပစ်ခဲ့တယ်။ အစ်မက ခေါ်သွားမယ်ဆိုတာကို ကိုနှာနီက ရှုပ်တယ် ထားပစ်ခဲ့တဲ့။ သူတို့သွားတာ ၂ ရက်ရှိပြီ။ ကလေးကို ကျွန်တော် နွားနို့တွေ ဝယ်တိုက်ပြီး ထိန်းထားရတယ်။ ကလေးက အရမ်းငိုတာပဲ''
''တောက် ...''
ဆရာက နာကြည်းစွာ တောက်ခေါက်လိုက်သည်။
''တစ်နေ့ ဒီလို ဖြစ်လာမယ်ဆိုတာ ငါသိပါတယ်''
ဆရာက ငိုနေသော ကလေးကို ကောက်ကွေးလက်ထဲမှ ယူ၍ ပွေ့ချီ လိုက်သည်။
''ငါ့သမီးကိုထားခဲ့တာ တော် သေးတာပေါ့''
ရင်ခွင်ပိုက်ကလေးငယ်ကို ထားခဲ့ပြီး နောက်ယောက်ျား တစ်ယောက် နှင့် ထွက်ပြေးရက်သော မဂျင်နီကို ဘမင်း အံ့သြလို့မဆုံးနိုင်တော့။
''ငါက ကောင်းကောင်းထားလျက်နဲ့ သူ့အကျင့်ကို မပြင်နိုင်ဘူး။
တွေ့ ရင်တော့လားကွာ၊ နှစ် ယောက် စလုံးကို အမဲဖျက်ပစ်မယ်ဟေ့''
''တွေ့ အောင်လည်း ရှာမနေပါနဲ့တော့ ဆရာရယ်''
ဘမင်းက မဝံ့မရဲပြောလိုက်သည်။
''အေး ...ဒီသစ္စာဖောက်အကောင်နဲ့ အကောင်မကို အချိန်ကုန်ခံပြီး တော့ ရှာမနေဘူး။ တစ်ကွေ့ကွေ့တွေ့ ရင်တော့ မလွယ်ဘူးမှတ်။ ဟွန်း ...နှာနီ နှာနီ၊ ကျွေးမွေးထားတဲ့ကျေးဇူးကိုမှ မထောက်ကွာ''
ဆရာနှင့် နှာနီ ခရီးထွက်စဉ်က မဂျင်နီ၏ အပြုအမူကို သတိရမိသည်။ သည်တုန်းက နှာနီနှင့် မဂျင်နီတို့ အခြေအနေကို သူစဉ်းစားခဲ့ဖူးသည်။ ခုတော့ ဘမင်းထင်သည့်အတိုင်း ဖြစ်နေပါပြီကော။
''သူတို့ ဖြစ်နေတာ ကြာပြီကွ။ ငါက ဒါလောက်စောစော ထွက်ပြေး လိမ့်မယ် မထင်မိဘူး''
''ဟင် ...ဆရာ အစကတည်းက သိတယ်ပေါ့''
''သိတယ်။ ငါ အားလုံးသိတယ်။ မင်းအိပ်ရာထဲ ဒီကောင်မ ဝင်တဲ့ အကြောင်းလည်း သိတယ်။ အမယ် ...သူက ငါပြန်လာတော့ အရင်ဦးအောင် တိုင်သေးတာ။ မင်းက သူ့ကိုကြံစည်ပါတယ်တဲ့''
''ဟာ ...ဆရာ''
''ငါ မယုံပါဘူး။ မယုံလို့ဘာမှမပြောခဲ့တာပေါ့။ တကယ်တော့ အိမ် မှာ ဖြစ်နေသမျှတွေ ဟာ ကောက်ကွေး ပြန်ပြောပြလို့ ငါ့နားထဲ ရောက်ပြီးသား တွေ ပါကွာ။ သူတို့က ကောက်ကွေးကိုတော့ လူလို့တောင် မမှတ်ကြဘူး။ ကောက်ကွေးက သူတို့ကိုကြောက်တယ်။ သူတို့လူလို့ တွက်ကြတာကွ။ တကယ် တမ်းက ကောက်ကွေးဟာ ကျေးဇူးသိတတ်တဲ့ကလေးပါ။ အားလုံး ငါ့ကို ပြန် ပြောပြခဲ့တယ်''
ဆရာသည် မဂျင်နီ ထွက်ပြေးသွားပြီးနောက်ပိုင်း အရက်ကိုချည်း သောက်နေတော့သည်။ လူမမယ် မိတဆိုးသမီးလေးနှင့် အချိန်ကုန်နေသည်က များ ၏ ။ ကလေးကို နိုင်နိုင်နင်းနင်း ထိန်းကျောင်းပေးမည့် သူလည်း မရှိချေ။
အလုပ်အပေါ်မှာ အာရုံထားမှု လျော့နည်းလာသည့်ဆရာသည် သူ့ နေရာတွင် ဘမင်းကို တာဝန်ပေးလာ၏ ။
ဘမင်း၏ အသက်အရွယ်သည် ငယ်လှသေးရာ ဘမင်းကို ဦးစားပေး ခြင်းအတွက် မကျေနပ်သည့်သူတွေ ရှိလာ၏ ။
ဘမင်းကလည်း လူမိုက်အချင်းချင်း ကိုယ့်ထက်ကြီးသူများ ဆီက ပစ္စည်း ကို မိုက်ကြေးခွဲယူရသည့် အလုပ်ကို မနှစ် မြို့ချေ။
တကယ်တော့ ထိုသို့သော အခြေအနေများ သည် ဆရာကိုခင်ကြိုင် အား အကျဖက်သို့ တွန်းပို့နေသော အခြေအနေများ ဖြစ်ခဲ့လေသည်။ နှစ် ပေါင်းများ စွာ လူမိုက်အချင်းချင်း မိုက်ကြေးခွဲ၍ ဆရာကြီးလုပ်လာသော ကိုခင်ကြိုင် ကို လေးစားသူ၊ ကြောက်ရွံ့သူလည်း နည်း၍ လာသည်။ တချို့က ပြောင်ပြောင်ပင် ကိုခင်ကြိုင့်တဲသို့ ဝင်ထွက်ခြင်း မပြုတော့ပေ။
ကိုခင်ကြိုင်လည်း ဘာမှမတတ်နိုင်တော့။
သူ့အိမ်တွင်းရေး အခြေအနေသာမက ပတ်ဝန်းကျင်မှ အစစအရာရာ သော အခြေအနေများ သည်လဲ ပြောင်းလဲ လာခဲ့လေသည်။
သက်ဆိုင်ရာများ သည် နယ်မြေလုံခြုံရေး ၊ ပြည်သူလူထု၏ အိုးအိမ် စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ ကို အလေးထား ဆောင်ရွက် လာခဲ့သည်။ ဒုစရိုက်မှု များ ၊ ဒုစရိုက်သမားများ ကို ပြတ်ပြတ်သားသား နှိမ်နင်း ပစ်ခဲ့သည်။
ရန်ကုန်သည် ဒုစရိုက်သမားပေါင်းစုံတို့ တွင် ကျယ်ရာ မဟုတ်တော့။တချို့ ရန်ကုန်မှ ရှောင်ပြေးသွားကြသည်။ လူမိုက်တို့အဖို့ နယ်ကျဉ်းသွား ခဲ့ပြီ။
ကိုခင်ကြိုင် ပိုင်ပါသည်၊ နိုင်ပါသည်ဆိုသော လုံခြုံရေး အဖွဲ့သားတွေ လည်း ဘာမှမတတ်နိုင်တော့။ ကိုခင်ကြိုင် ပေးကမ်းလာဘ်ထိုးထားသော လုံခြုံ ရေး အဖွဲ့ဝင်များ လည်း မရှိတော့ချေ။ သက်ဆိုင်ရာက နယ်မြေလုံခြုံရေး အဖွဲ့ကို သန့်စင်ပစ်လိုက်ရာ ကိုခင်ကြိုင်ပိုင်နိုင်သည့်သူများ အကျင့်ပျက်ဝန်ထမ်းအ ဖြစ် ပါသွားခဲ့လေပြီ။
ဆရာကိုခင်ကြိုင့်အဖို့ နေဝင်ချိန်ရောက်လေပြီ။
အဆိုးဆုံးက မီရထားလမ်းဘေးတွင် လူမနေရဆိုကာ စည်ပင်သာယာမှ ကိုခင်ကြိုင့်တဲကြီးကို ဖျက်ခိုင်းကာ နှင်ပစ်ခြင်းပင် ဖြစ်တော့သည်။
ကိုခင်ကြိုင့်အဖို့ ခွင်ပျက်ပြီ။
သူတို့အားလုံး ကိုခင်ကြိုင့်အစ်မရှိသော မြောက်ဥက္ကလာသို့ ပြောင်းခဲ့ရ လေသည်။ ကိုခင်ကြိုင့်အစ်မ မုဆိုးမကြီးသည် သားသမီးရှစ်ယောက် နှင့် အတူ မြောက်ဥက္ကလာ၌ ဆင်းရဲကျပ်တည်းစွာ နေနေသည့်အချိန် ဖြစ်ပေ၏ ။
ထိုကာလက မြောက်ဥက္ကလာပမြို့သစ်သည် ဖွံ့ဖြိုးမှု မရှိသော ဝေးလံ ခေါင်းပါးသည့် အရပ်ဒေသတစ်ခု ဖြစ်ပေ၏ ။ ဆင်းရဲသား လက်လုပ်လက်စားများ နေထိုင်ကြပြီး ညစ်ပတ်ပေရေ ရှုပ်ပွနေသော ဆင်းရဲသားတို့တဲများ ဖြင့် တန်ဆာ ဆင်ထားသော အရပ်တစ်ခု ဖြစ်ပေသည်။
မြောက်ဥက္ကလာပသို့ သွားရာလမ်းများ သည်ကား လကမ္ဘာမြေသားပြင် ကဲ့သို့ ချိုင့်ဝှမ်းကမူ အပြည့်ဖြင့် ကြမ်းတမ်းခက်တရော်လှပေ၏ ။
ထိုသို့သော အရပ်တွင် ဘမင်းမပျော်။
မပျော်ရုံသာ မဟုတ်။ မိသားစုများ ၍ ဝင်ငွေနည်းသော မုဆိုးမကြီးထံမှာ မှီခိုနေသလို ဖြစ်ရသည့်အတွက်လည်း လိပ်ပြာမလုံ။ ဘမင်းတို့အလုပ်မှာ လည်း မျက်စိဒေါက်ထောက် ကြည့်နေသော သက်ဆိုင်ရာပုဂ္ဂိုလ်များ ကြောင့် အလုပ်မ ဖြစ် ချေ။ ဝင်ငွေ မရှိချေ။
ဘမင်း သည်အတိုင်းဆက်နေလို့ မ ဖြစ်တော့ချေ။
သူ ရန်ကုန်မှခွာမှ ဖြစ်တော့မည် ။
ဆရာ့ထံမှာ သူ ခွင့်ပန်သည်။
''ကျွန်တော် သွားပါရစေတော့ ဆရာ။ ကျွန်တော့် ကို ခွင့်ပြုပါ''
''မင်း ဘယ်သွားမှာ လဲ''
မျက်ရည်ဝဲနေသော မျက်လုံးကြီးများ ဖြင့် လူမိုက်ကြီးက မေးရှာသည်။
''မန္တလေးကို သွားမှာ ပါ။ သော့ ကုလားကြီးကို ဆရာ မှတ်မိတယ် မဟုတ်လား။ သူက ကျွန်တော့် ကိုမွေးစားပြီး ပညာသင်ပေးမယ်လို့ ကတိပေး ထားတယ် ဆရာ။ မန္တလေးမှာ တစ်လှည့်နေပြီး ကျွန်တော် လှုပ်ရှားကြည့်ဦးမယ် ဆရာ''
သူ့ဘက်မှာ အခြေအနေမကောင်းတော့၍ ကိုခင်ကြိုင် တားမြစ်ဖို့ရာ ဘာမှမတတ်နိုင်ချေ။
''အေး ...သွားပေါ့ကွာ။ မင်း ကတော့ ငါ့တပည့်ထဲမှာ လူကောင်းလေး ပါ။ မင်းကိုငါ သံယောဇဉ်ရှိပါတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာ တုန်း။ လူဆိုတာ ဒီလိုပေါ့။ အေး ...သွား ... သွားပါ။ ငါ ခွင့်ပြုပါတယ်''
သွားမည့် နေ့တွင် ဒုစရိုက်သမား လူမိုက်ခေါင်းဆောင်ကြီးကို တက် သစ်စ ဒုစရိုက်သမားလေးက မြေတွင် ပျပ်ဝပ်စွာ ထိုင်၍ ရိုကျိုးစွာ ရှိခိုးကန်တော့ လိုက်လေသည်။
သူခိုးအကြီးစားကြီး မျက်ရည်ကျရလေ၏ ။
''ငါ့ဆီလည်း တစ်ခါတစ်ခါ လာပါဦး။ ဝင်ပါထွက်ပါဦး ဘမင်းရယ်။ ငါ့ကိုလည်း ဒီတိုင်းပစ်မထားပါနဲ့ကွာ''
''စိတ်ချပါ ဆရာ''
သည်လိုနဲ့ သူသည် လွန်ခဲ့သော ခုနစ်နှစ် ရွာမှထွက်ပြေးခဲ့စဉ်ကအတိုင်း အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် မန္တလေးသို့ တက်ခဲ့လေသည်။
ကိုခင်ကြိုင့်ဆီမှာ ခုနစ်နှစ် တာ နေခဲ့၊ လုပ်ကိုင်ခဲ့သည့်အတွက် သူ့လက် ထဲ၌ ဘာမှစုဆောင်းမိခြင်း မရှိပေ။
သည်အချိန်မှာ ဘမင်းအသက် ၁၉ နှစ် ရှိပြီ။
မန္တလေးတွင် ဘမင်းသည် အလုပ်ကိုကြိုးစားခဲ့သည်။ ကြိုးစားသည် ဆိုခြင်းမှာ ဖောက်ထွင်းရေး သမား တစ်ယောက် တတ်မြောက်ထားသင့်သည့် ပညာမှန်သမျှ ဆည်းပူးခဲ့ခြင်းကို ဆိုလိုပါသည်။
ငွေသော့ ထင်အောင်ဆိုသော ဟိန္ဒူကုလားအဘိုးကြီက သူ့ကို သော့  ပညာများ မခြွင်းမချန် သင်ပေးခဲ့ပါသည်။ ငွေသော့ ထင်အောင်ဆီက ပညာရဖို့ အတွက် ဘမင်းသည် စည်းကမ်းပေါင်းများ စွာ ကို လိုက်နာခဲ့ရသည်။ သစ္စာရေ သောက်ခဲ့ရသည်။ အဘိုးကြီး၏ ယုံကြည်စွဲလမ်းမှု အရ သူ့ကိုနတ်ဒေဝတာများ ထံ အပ်နှံပေးခြင်းကိုလည်း လက်ခံခဲ့ရသည်။
ကုလားအဘိုးကြီး၏ စည်းကမ်းချက်များ အရ သူသည် ဤပညာကို အချိန်ကျလျှင် တစ်ဦး တစ်ယောက် သော သူအား ဖြန့်ဝေပေးရပေမည် ။ တစ် ယောက် ထက်ပို၍ သော့ ပညာကို သင်မပေးရ။ ဘမင်းက ငွေသော့ ထင်အောင်၏ စည်းကမ်းချက်များ ကို လိုက်နာပါမည် ဟု ဝန်ခံကတိပြုခဲ့သည်။
ထို့ပြင် ငွေသော့ ထင်အောင် သင်ပေးလိုက် သည့် ပညာဖြင့် ရှာဖွေ၍ ရသည့်ငွေထဲမှ သုံးပုံတစ်ပုံတိတိအား ပညာဉာဏ်ပူဇော်ခအ ဖြစ် ပေးရပေမည် ။ ဒါလည်း အချိန်ကန့်သတ်ချက် ရှိ၏ ။ ငါးနှစ် သာ ဖြစ်သည်။ ငါးနှစ် အတွင်းရသည့်ဝင်ငွေ၏ သုံးချိုးတစ်ချိုးကို ဟိန္ဒူအဘိုးအိုအား ဉာဏ်ပူဇော်ခအ ဖြစ် ပေးအပ်ရမည် ။ ငါးနှစ် ပြည့်လျှင်တော့ ပေးစရာမလိုတော့ပါ။
ထိုစည်းကမ်းကိုလည်း ဘမင်းက လိုက်နာခဲ့ပါသည်။ သူ ရှာဖွေရသမျှ ပိုက်ဆံကို သုံးပုံတစ်ပုံသာမက ရသမျှအကုန်အပ်လိုက်သည်။ ကုလားကြီးက သူ့ကို သားအရင်း တစ်ယောက် သဖွယ် ပို၍ ချစ်ခင်လာခဲ့၏ ။ မန္တလေးမှာ လည်း ငွေသော့ ထင်အောင်၏ အိမ်၌ ပင် ဘမင်းနေထိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ငွေသော့ ထင်အောင်က မြစ်ကမ်းနားရှိ ကျောက်သပိတ်ဆိုသော အရပ်၌ နေသည်။ ကိုယ်ပိုင်တဲလေးတစ်လုံး ရှိသည်။ 'ငွေသော့ ထင်အောင်'ဆိုသည့် အမည် နှင့် ပင် ဈေးချိုအနီး ၈၄ လမ်းဘေးပလက်ဖောင်းပေါ်၌ သော့ ပြင်ဆိုင် လေးကို ရုပ်ပြအ ဖြစ် ဖွင့်ထားသည်။
သူတို့နေသည့် ကျောက်သပိတ်ဆိုသော အရပ်သည်လည်း ထိုစဉ်က မကောင်းမှု ပေါင်းစုံသော အရပ် ဖြစ်၏ ။ ပြည့်တန်ဆာအိမ်များ တင်းကျမ်းပြည့် နေသည့် အရပ်။ Þ
သို့သော် သူသည် ကုလားကြီးအား ငါးနှစ် ပြည့်သည်ထိ လုပ်ကျွေးခွင့် မကြုံခဲ့ပါ။
သုံးနှစ် ပြည့်သည့်အချိန်တွင် ငွေသော့ ထင်အောင်ကြီး ကွယ်လွန်သွားရှာ သည်။ အဘိုးကြီး၏ ကျန်ရှိသော ပစ္စည်းပစ္စယများ ကို အမွေအ ဖြစ် ဘမင်း ရ လိုက်သည်။
အဘိုးကြီးဆုံးသွားတော့ ဘမင်း ကျောက်သပိတ်၌ ဆက်မနေတော့ပါ။မကောင်းမှု ပေါင်းစုံသော အရပ်မှ ခွာခဲ့ကာ နန်းရှေ့တွင် ဈေးပေါပေါနှင့် ရသော အိမ်အိုကြီးတစ်လုံးကို ငှား၍ နေခဲ့သည်။ အိမ်ကြီးက ခြံကျယ်ပါ ပါသဖြင့် သူ့ အလုပ်အကိုင်အတွက် ကိုက်သည်။ ပတ်ဝန်းကျင်နှင့် လည်း ကင်းကင်းရှင်းရှင်း နေနိုင်သည်။ မလွှဲသာ၍ ဆက်ဆံရသော် အရပ်ထဲမှလူတချို့ကို သူက အစိုးရ ဝန်ထမ်းယောင်ယောင် ပြောထားသည်။ မကြာခဏခရီးထွက်ရသော ဝန်ထမ်း တစ်ယောက် ။
တကယ်လည်း သူသည် မကြာခဏခရီးထွက်ခဲ့လေ၏ ။
တောင်ပိုင်းရှမ်းပြည်နယ်တစ်ခွင် တောင်ကြီးကို ဗဟိုပြု၍ လည်း သူ လှုပ်ရှားခဲ့သည်။
ဘမင်းသည် ပညာလည်းစုံပြီ၊ အတွေ့ အကြုံလည်း စုံပြီ။ အပေါင်း အသင်းလည်း ဆံ့ခဲ့ပြီ။
နေ့စဉ်နှင့် အမျှ ခိုးဝှက်ဖောက်ထွင်းနေစရာလိုသော အခြေအနေမျိုး လည်း မဟုတ်တော့။ အချီကြီးကို အပွကြံနိုင်လျှင် တစ်လတစ်ကြိမ်ထဲသာ အလုပ်လုပ်ရုံနှင့် ထိုင်စားနေနိုင်သည်။
ဘမင်းသည် သူလိုလားသော တစ်ကိုယ်တော် ဖောက်ထွင်းရေး သမား ဘဝကို ပိုင်ဆိုင်နိုင်ခဲ့လေပြီ။
ဘမင်းသည် ဆရာကိုခင်ကြိုင်တို့ထက် သူက ပို၍ လိမ္မာပါးနပ်မှု ရှိသည်ဟု သူ့ကိုယ်သူယုံကြည်သည်။ ဆရာသည် ဒုစရိုက်လောကတွင် ကျင် လည်ကာ ဆရာကြီးတစ်ဆူ ဖြစ်ခဲ့သော်လည်း တကယ်တမ်းကျ ဘာမှ စုစု ဆောင်းဆာင်း မရှိခဲ့ချေ။ နာမည် ဆိုးသာ အဖတ်တင်ကာ ကံကြမ္မာမှေးမှိန်သော ယခုလိုအချိန်၌ စားရမဲ့သောက်ရမဲ့ဘဝနှင့် ရှိနေခဲ့ရသည်။
ဆရာကိုခင်ကြိုင်သည် ဦးစွာ မိန်းမ တစ်ယောက် ကြောင့် ဘဝပျက်ခဲ့ရ သည်။ နောက်တော့ အရက်၏ ကျေးကျွန် ဖြစ်ခဲ့ရသည်။
ဘမင်းသည် ဆရာ့လိုအ ဖြစ်မျိုး အ ဖြစ်ခံမည် မဟုတ်ပေ။
ဘမင်း ကတော့ မကောင်းမှု ဒုစရိုက်ကို လုပ်သော်လည်း သစ္စာရှိသည်။ သူသည် နိမ့်ကျနွမ်းပါးသူများ ထံမှ ဘယ်တော့မှမခိုး။ အစိုးရပိုင်၊ အများ ပိုင် ပစ္စည်းများ ကိုလည်း ခိုးဝှက်ခြင်းမပြုဖို့ သံန္နိဌာန် ချထားသည်။
သစ္စာတရားကို တန်ဖိုးထားတတ်ဖို့ သူ့မွေးစားဖခင် ကုလားအဘိုး ကြီးက သင်ပေးသွားခဲ့သည်။ သစ္စာ၏ စွမ်းအင်ထက်မြက်မှု ကို ဘမင်းကလည်း ယုံကြည်သည်။
သူသည် ကံငါးပါးထဲက သူတစ်ပါးပစ္စည်း ခိုးဝှက်ခြင်းဆိုသော အဒိန္နဒါန ကံကို ကျူးလွန်နေရ၍ ကျန်သော ကံလေးပါးကို လုံအောင်ထိန်းပါမည် ဟု အဓိဋ္ဌာန် ပြုထားခဲ့လေသည်။
လိမ်လည်ပြောဆိုခြင်း၊ သူတစ်ပါးအိမ်ရာကို ပြစ်မှားခြင်း၊ သူတစ်ပါးအသက်ကို သတ်ခြင်း၊ အရက်သေစာ သောက်စားခြင်း စသည့်ကံလေးပါးကို လုံခြုံအောင် ထိန်းထားဖို့ ဘမင်းက ဆုံးဖြတ်ထားပါသည်။
အထူးသဖြင့် ဖောက်ထွင်းခိုးယူမှု ကျူးလွန်စဉ်တွင် တဖက်သားမှ ရန်ပြုလာသည့်တိုင် ပြန်လည်ခုခံခြင်းမပြုရန် သန္နိဋ္ဌာန်ချထားသည်။ ခုခံခြင်း မပြုရုံသာ မဟုတ်၊ သူတစ်ပါးကို နာကျင်အောင်လည်း မလုပ်၊ သူတစ်ပါးအသက် ကိုလည်း မည် သည့်အခါမှ မသတ်ပါဟု ဆုံးဖြတ်ချက်ချထားခဲ့လေသည်။
ထို့ပြင် သူ့အသက် လေးဆယ်ပြည့်သည်နှင့် ဤအလုပ်ကို လုံးဝ စွန့်လွှတ်မည် ဟုလည်း ဘုရား၌ သစ္စာဆိုထားခဲ့ပါသည်။
သူ၏ အဓိဋ္ဌာန်အတိုင်း ကိုဘမင်းသည် ချမ်းသာကြွယ်ဝသူများ ၏ စည်းစိမ်ဥစ္စာကိုသာ ထိပါးခိုးယူခဲ့လေသည်။ သူကျူးလွန်သော အမှု ကြောင့် တစ်ဖက်သား မျက်ရည်ကျရမည့်  ကိစ္စမျိုးကို ရှောင်ကြဉ်ခဲ့သည်။
သူသည် ချမ်းသာကြွယ်ဝသည်ဆိုရာတွင် တရားမဝင်လုပ်ငန်းများ ဖြင့် ကြွယ်ဝနေသည့်သူများ ၏ စည်းစိမ်ဥစ္စာကိုသာ ထိပါးခိုးယူခဲ့လေ၏ ။ ထိုခေတ်က နည်းမျိုးစုံသော တရားမဝင်လုပ်ငန်းများ ရှိလေရာ မှော င်ခိုပစ္စည်းလို၊ ဘိန်းလို လုပ်ငန်းများ ကြောင့် မတရားသဖြင့် ချမ်းသာနေသည့် သူဌေးသူကြွယ်များ ၏ အိမ်များ ကိုသာ ကိုဘမင်းက ဖောက်ထွင်းခဲ့လေသည်။ ထိုသူတို့သည် သူတို့ ပစ္စည်း အခိုးခံရ၍ လည်း တရားဝင်တိုင်တန်းရဲသူများ မဟုတ်။ တိုင်တန်းပါက လည်း ဘယ်ရွေ့ဘယ်မျှပါသွားသည်ကို ဖွင့်ဟရဲသူများ မဟုတ်ကြ။ သူတို့ ကိုယ်တိုင်က တရားမဝင်လုပ်ငန်းဖြင့် ရရှိထားသော ပစ္စည်းများ ဖြစ်နေသည်။ အများ အားဖြင့် ကျိတ်ခံလိုက်ကြသည်သာ ဖြစ်၏ ။ ပြီးတော့ သူတို့ပစ္စည်း ယုတ်လျော့သွားလို့လဲ ဒုက္ခရောက်သွားကြသူများ မဟုတ်ကြချေ။
ကိုဘမင်းသည် ထိုခေတ်က ဘူဇွာအခေါ်ခံ လူတန်းစားများ ကို စုံစမ်းကာ ပစ်မှတ်ထားလှုပ်ရှားခဲ့လေသည်။ တောင်ကြီးတစ်ခွင်သည် ကိုဘမင်း အတွက် လုပ်စားလို့အကောင်းဆုံး နယ်ပယ် ဖြစ်ခဲ့လေ၏ ။
သူက အိမ်တစ်အိမ်ကို ဖောက်ထွင်းတော့မည် ဆိုတိုင်း ထိုနယ်မြေတွင် ရက်လရှည်ကြာနေ၍ အသေးစိတ် စုံစမ်းသည်။ ပိုင်မှနိုင်မှ လှုပ်ရှားသည်။ လှုပ်ရှားသည့်အခါတွင် လည်း အဖော်မခေါ်၊ တပည့်တပန်းမထား၊ လောဘလည်း မကြီးပေ။ တစ်နိုင်တစ်ပိုင်ကိုသာ ယူသည်။
သည်လိုစည်းကမ်းတကျ လှုပ်ရှားခဲ့၍ လည်း သူလုပ်သမျှ ပိရိခဲ့သည်။ သူလုပ်ခဲ့သည့် ဖောက်ထွင်းမှု မှန်သမျှ ပေါ်ပေါက်သည်ဟုမရှိ။
သူသည် လောဘတကြီးနှင့် မကြာခဏလည်း မလှုပ်ရှားပေ။ လောဘ ကို သတ်နိုင်သည်။ ပိုင်မှလုပ်သည်။ အလွန်ဆုံး တစ်လတစ်ကြိမ်ပဲ အလုပ်လုပ် သည်။
သည်လိုနှင့် ကိုဘမင်းသည် မန္တလေးနှင့် တောင်ကြီးကို သွားချည် လာချည်လုပ်ကာ ဆယ်နှစ် လုံး အချိန်ကုန်လွန်လာခဲ့လေသည်။
သည်ကြားထဲတွင် ရန်ကုန်မြို့ကိုလည်း ရံဖန်ရံခါ ရောက်ပါသည်။
ရောက်တိုင်း ငယ်ဆရာဦးခင်ကြိုင်ကို ဝင်ကန်တော့မြဲ ဖြစ်သည်။ ဦးခင်ကြိုင်ကား အိုဇာတာမကောင်းပေ။ အရက်နွံထဲ၌ နစ်ကာ အလုပ်ကောင်း ကောင်း မလုပ်နိုင်တော့။ သူတတ်ကျွမ်းသော အလုပ်သည်လည်း သူ့ကျန်းမာရေး အနေအထားနှင့် လုပ်ကိုင်လှုပ်ရှားလို့ မ ဖြစ်နိုင်တော့ပေ။ ဦးခင်ကြိုင်ကား ဆွေမျိုးသားချင်းများ ကို မှီခိုကာ အရက်သမားကြီးလုံးလုံး ဘဝဖြင့် ဘဝကိုရေစုန် မျှောနေလေ၏ ။ အသက်ကလည်း ကြီးပေပြီ။ ငါးဆယ်နီးပြီ။ ကိုဘမင်းပင် အသက်သုံးဆယ် ပြည့်ခါနီး ပြီကော။
ကိုဘမင်းသည် ရန်ကုန်ရောက်တိုင်း ဆရာ့ထံဝင်ကာ ကန်တော့ရင်း ထောက်ပံ့ပေးကမ်းခဲ့ပါသည်။
''ဝမ်းသာပါတယ် ငါ့တပည့်။ မင်းဟာ လူတော် လူကောင်းလေး တစ် ယောက် ပါ။ ဒါနဲ့ မင်းလည်း အသက်မငယ်တော့ဘူး ဘမင်း။ အိမ်ထောင်ရက်သား မပြုသေးဘူးလားကွယ့်''
''ကျွန်တော် အိမ်ထောင်မပြုချင်ဘူး ဆရာ။ ကျွန်တော့် အလုပ်က သားနဲ့မယားနဲ့နေလို့လည်း မကောင်းဘူးလေ။ တတ်နိုင်သမျှ ပိပိရိရိနေနိုင်မှ ဖြစ်မှာ ။ ဆရာ့ကိုကြည့်ပြီး မိန်းမယူရမှာ ကြောက်ပါတယ်ဆရာရယ်''
ဦးခင်ကြိုင်မျက်နှာက သုန်မှု န်သွားလေသည်။ အတိတ်မှ အကြောင်း များ ကို တွေးမိကာ အရက်ခိုးဝေသော မျက်လုံးထဲ၌ နာကြည်းရိပ်များ ထင်ဟပ်လာ သည်။
''ဒါနဲ့ မဂျင်နီတို့သတင်းကော ရသေးလား ဆရာ''
''မရပါဘူးကွာ''
''ကောက်ကွေးရော ဆရာ''
''ငါမကျွေးနိုင်တော့ဘူးလေ။ ဘုန်းကြီးကျောင်းတစ်ကျောင်း ရောက် သွားပြီ''
''ကောင်းပါတယ် ဆရာ''
''ငါမသေခင်တော့ လာ ...လာတွေ့ ပါဦးကွာ''
''ဆရာ့ကိုလည်း အရက်လျှော့သောက်ဖို့ ကျွန်တော် တောင်းပန်ချင် တယ်''
''ငါ့ဘဝက မထူးတော့ပါဘူး ဘမင်းရယ်''
နောက်တစ်နှစ် လောက်အကြာတွင် ဦးခင်ကြိုင်က ဘမင်းကို လူကြုံဖြင့် အတန်တန်လှမ်းမှာ ၍ ကိုဘမင်း ရန်ကုန်ဆင်းခဲ့ရပြန်သည်။
ဦးခင်ကြိုင်သည် လေဖြတ်သွားလေပြီ။
ကိုဘမင်းရောက်သွားချိန်တွင် အိပ်ရာထဲ လဲနေလေပြီ။
ဦးခင်ကြိုင်ကို ပြုစုပေးနေသော မိန်းကလေးကို တွေ့ လိုက်ရတော့ ကိုဘမင်း ကြက်သီးထသွားလေသည်။
မဂျင်နီ။
မ ဖြစ်နိုင်။
မဂျင်နီနှင့် တူသော်လည်း မဂျင်နီမ ဖြစ်နိုင်ပါ။ ကောင်မလေးက အပျို အရွယ်လေးပဲ ရှိသေးသည်။
သည်တော့မှ ဦးခင်ကြိုင်နှင့် မဂျင်နီတို့ မွေးခဲ့သော ကလေးကို သတိရမိ တော့သည်။ ယမင်းကြိုင်။
ကြည့်စမ်း။ သူသည် ယမင်းကြိုင်ကို သတိမရမိခဲ့။ ယခင်အခေါက်တွေ ရန်ကုန်လာတုန်းကလည်း ယမင်းကြိုင် ရှိသည်ကို သတိမပြုမိခဲ့။ မေးလည်း မမေးခဲ့မိချေ။ ဆရာနှင့် မဂျင်နီတို့သမီးလေး ယမင်းကြိုင်ကို ကိုဘမင်း တကယ် မေ့နေခဲ့ပါသည်။
သူရောက်သွားတော့ ယမင်းကြိုင်က ဖခင်၏ အညစ်အကြေးဝတ်များ ကယူပြီး အခန်းအပြင်ထွက်သွားသည်။
''ဘမင်း''
''ဆရာ''
''ငါ သိပ်မနေရတော့ဘူး ဘမင်း။ မသေခင် ငါတစ်ခု စိတ်ချသွားချင် တယ်ကွယ်''
''ဘာအလိုရှိသလဲ ဆရာ။ ပြောပါ''
''တခြား မဟုတ်ပါဘူး၊ ငါ့သမီးလေးပါ။ ငါ့သမီးလေး ယမင်းကြိုင် ကို မင်း မှတ်မိသေးရဲ့ လား။ ငယ်ငယ်က မင်းကိုယ်တိုင် ထိန်းခဲ့ဖူးတဲ့ကလေး လေ''
''ခုနဟာ ယမင်းကြိုင် မဟုတ်လား ဆရာ။ တော် တော် တောင်ကြီး ပြီပဲ။ သူ့အမေ မဂျင်နီနဲ့တူတယ်နော်''
''ငါမသေခင် ငါ့မီးအတွက် စိတ်ချသွားချင်တယ် ဘမင်း''
''ဗျာ ...''
''မင်းမှာ လည်း အိမ်ထောင်မရှိဘူး။ တကယ်တော့ မင်း အိမ်ထောင် ပြုသင့်ပါပြီ။ ဟိုတစ်ခေါက်ကတည်းက ငါပြောချင်တာ။ ပြောမထွက်လို့။ ခုတော့ ငါလည်း သိပ်မနေရတော့ဘူး။ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ငါမရှိရင် မင်း ငါ့သမီးယမင်းကြိုင်ကို စောင့်ရှောက်လိုက်ပါကွာ''
''ဆရာ''
''မင်း ငါ့ကို ကတိပေးပါ။ ငါ မင်းကို အားကိုးပါတယ် ဘမင်း''
''သူ ...သူ ...ငယ်ပါသေးတယ် ဆရာ''
''ဆယ့်ခြောက်နှစ် ရှိပြီ''
''ဟုတ်ကဲ့။ သူ ကျွန်တော့် ထက် ၁၅ နှစ် ငယ်တာ ကျွန်တော် မှတ်မိပါတယ်''
''မင်းအသက်လည်း သုံးဆယ်ကျော်ပြီပေါ့။ ငါ့စကားကို စဉ်းစားပေးပါ ငါ့တပည့်ရယ်။ ငါမရှိရင် ငါ့သမီးလေး မျက်နှာငယ် ကျန်ခဲ့တော့မယ်ကွယ့်။ သူများ စော်ကားခံရလိမ့်မယ်။ ခုတောင် တို့မှာ စားဖို့သောက်ဖို့ အနိုင်နိုင်ရယ်''
''ဆရာရယ်''
''ဘယ်လိုလဲ ဘမင်း။ မင်း ငါ့ကို ကတိပေးမလား''
''ဆရာ့ကျေးဇူးတွေ ကျွန်တော့် အပေါ်မှာ ရှိပါတယ် ဆရာ။ ကျွန်တော် ကျေးဇူးမမေ့တတ်ပါဘူး''
''ဝမ်းသာလိုက်တာ ငါ့တပည့်ရယ်''
''ကျွန်တော် ဆိုလိုတာက ယမင်းကြိုင်ကို ကျွန်တော့် ညီမလေးလို၊ တူမလေးလို ခေါ်ယူစောင့်ရှောက်ထားလိုက်ဖို့ ...''
''ဘမင်း''
''ဆရာ''
''သွေးမတော် သားမစပ်၊ မောင်နှမလိုစောင့်ရှောက်လို့ ဘာခိုင်မြဲမှာ လဲ ကွ။ ငါ့သမီးလိမ္မာဖို့ ငါ့တာဝန်ထားပါကွာ။ မင်းလည်း အိမ်ထောင်ပြုသင့်ပါပြီ။ ယမင်းကြိုင်ကို မင်းလက်ထပ်လိုက်ပါ။ အဖေ တစ်ယောက် ရဲ့ စကားပါ။ ငါ့ ကျေးဇူးကို ထောက်ထားရင် ငါ့စကားကိုနားထောင်ပါ ဘမင်း''
''ဟုတ် ...ဟုတ်ကဲ့။ ဆရာ စိတ်ချမ်းသာစေရပါမယ်လေ''
''ဒါမှပေါ့။ မင်း ကတိပေးတယ်ပေါ့။ ဟုတ်လား''
''ဟုတ်ကဲ့ပါ ဆရာ''
''အေး ...အေး ...ငါ အသေဖြောင့်ပြီကွ''
လူကြမ်းလူမိုက်ကြီး၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာလေသည်။ဖခင် တစ်ယောက် ၏ မေတ္တာတရားကို ကိုဘမင်း မြင်လိုက်ရလေသည်။
ဖခင်မေတ္တာ။ အဖေ တစ်ယောက် ရဲ့ သားသမီးအပေါ်မှာ ထားတဲ့ မေတ္တာ။
သူ့မှာ မရှိခဲ့ဖူးတဲ့၊ သူမ မြင်ခဲ့ဖူးတဲ့၊ သူမ ခံစားခဲ့ဖူးတဲ့ ဖခင်မေတ္တာ ပါတကား။
နောက်တစ်နှစ် ကြာတော့ ခရီးတစ်ခုထွက်ပြီး သူပြန်အလာ မန္တလေးက သူ့လိပ်စာနှင့် စာတစ်စောင်ရောက်နေတာ တွေ့ ရသည်။
စာက သူတစ်ခါမှမတွေ့ ဖူးသော စောင်းရွဲ့ယိုင်နဲ့သည့် မလှပသော လက်ရေး နှင့် ယမင်းကြိုင်ဆီကစာ ...
ဦး ...
အဖေ ဆုံး သွားပါပြီ။
အဖေ့ကို သဂြိုဟ်ပြီးပါပြီ။
အဖေက မှာ ခဲ့တယ်။ သူသေရင် ဦးနဲ့အတူ သွားနေပါတဲ့။ ဦး လာခေါ် လိမ့်မယ်တဲ့။
ကျွန်မ ဒေါ်ကြီးတို့အိမ်မှာ ပဲ ရှိပါတယ်။ ဦး လာခေါ်မှာ ကို စောင့်နေ ပါတယ်။
ယမင်းကြိုင်
သေသူထံ ပေးခဲ့သည့်ကတိကို သူလိုက်နာခဲ့ပါသည်။
မန္တလေးနန်းရှေ့က ငှားနေတဲ့အိမ်အိုကြီးကို ပြန်အပ်လိုက်သည်။ သူ သိုဝှက်သိမ်းဆည်းထားသည့် ပစ္စည်းများ ကိုထုခွဲကာ ရွှေထည်နှင့် ငွေသားများ အသွင် ပြောင်းပစ်လိုက်သည်။
ပြီးတော့ ချမ်းသာကြွယ်ဝသမျှပိုက်ကာ ရန်ကုန်သို့ ဆင်းလာခဲ့လေ သည်။
ရန်ကုန်ရောက်ရောက်ချင်း ယမင်းကြိုင်ကို သွားမခေါ်သေး။
တိတ်ဆိတ်အေးချမ်းသည့် တစ်နေရာမှာ သူတို့နေထိုင်ဖို့ အဆင်ပြေ နိုင်မည့်  အိမ်တစ်လုံးကိုရှာကာ ငှားရသေးသည်။ လူသူကင်းဝေး၍ ဘာသိဘာသာ သီးခြားနေတတ်သော ဝန်းကျင် ဖြစ်ရမည် ။ တစ်ယောက် ကို တစ်ယောက် ၊ တစ်အိမ်နှင့် တစ်အိမ် စပ်စုသွားလာ နှီးနွယ်မှု ကင်းသည့် ရပ်ကွက်မျိုး ဖြစ်ဖို့ လို သည်။
သို့နှင့် သူ့လုပ်ငန်းနှင့် ကိုက်ညီသည့် အသင့်အတင့်ကျယ်ဝန်းသော ခြံကလေးအတွင်းမှ တစ်ထပ်တိုက်ကလေးတစ်လုံးကို သဘောကျကာ ငှား ဖြစ်ခဲ့ လေသည်။ ကမာရွတ်လှည်းတန်းထိပ်နှင့် မနီးမဝေးမှ ဆိတ်ငြိမ်ရပ်ကွက်ကလေး တစ်ခု ဖြစ်ပါသည်။ အိမ်ကလေးက သပ်ရပ်ကာ ရေမီးအစုံအလင် ရှိရုံမက တယ်လီဖုန်းတစ်လုံးပင် ပါသေးသည်။
နေစရာအိမ်အတွက် အသင့်ပြင်ဆင်ပြီးမှ ယမင်းကြိုင်ကို သူ သွားခေါ် ခဲ့လေသည်။
သူတို့သည် ကိုဘမင်းကို မျှော်နေကြပေသည်။
ယမင်းကြိုင်ကိုလာခေါ်မည့်  ကိုဘမင်းကို မျှော်နေကြခြင်း ဖြစ်၏ ။ ယမင်း ကြိုင်ကို ကိုဘမင်းနောက်သို့ ထည့်လိုက်ချင်ကြပြီ။ တကယ်တော့ ယမင်းကြိုင် သည် ဦးခင်ကြိုင်ရှိစဉ်ကတည်းကပင် သူတို့အတွက် လူပို။ မလွှဲသာ၍ ကျွေးမွေး ထားရခြင်း ဖြစ်သည်။
ဦးခင်ကြိုင် မသေခင်က သူသေရင် ကိုဘမင်း ယမင်းကြိုင်ကို လာခေါ် မည့် အကြောင်း ပြောထားသည်။ သူတို့သည် ယမင်းကြိုင်ကို သူတို့လက်ထဲက လွှတ်လိုက်ချင်ပြီ။ တာဝန်မယူချင်တော့။
ကိုဘမင်း တကယ်လာခေါ်သည့်အချိန်တွင် တစ်မိသားစုလုံး ဝမ်းသာ သွားကြသည်။
သို့သော် ဦးခင်ကြိုင်အစ်မ ဖြစ်နေသည့်အတွက် လည်ပတ်လှသော အဘွားကြီးက တူမ ဖြစ်သူကို ထည့်လိုက်ရမည့် အတွက် ဝမ်းနည်းကြေကွဲနေဟန် ဖြင့် မျက်ရည်ကျပြ နေပြန်သေးသည်။
''တစ်သက်လုံး ပြုစုစောင့်ရှောက် ကျွေးမွေးလာရတဲ့ တူမလေးကွယ်။ ဟင်းရွက်ကန်စွန်းလို ထည့်လိုက်ရမှာ လား''
အဘွားကြီးက တူမလေးကို သိပ်ချစ်သည့်ကြီးတော် ကြီးအသွင် ဟန် လုပ်ပြသည်။
ကိုဘမင်းက ယုံချင်ယောင်ဆောင်လိုက်ပါသည်။ မိန်းမကြီး ဘာလို ချင်လို့ မူယာမာယာများ နေတယ်ဆိုတာ သူသိသည်။
ကြီးတော် ကြီးစကားများ နှင့် အမူအရာကို မယုံကြည်နိုင်သူက ယမင်း ကြိုင်။ ယမင်းကြိုင်က မျက်ရည်လေးတစမ်းစမ်း လုပ်နေသည့် သူ့အဒေါ်ကို မျက်စောင်းထိုးလိုက်သည်။
''ကျုပ်က ခင်ဗျားတူမကို ဟင်းရွက်ကန်စွန်းလို ခေါ်သွားမှာ မဟုတ် ပါဘူး။ ခင်ဗျားတို့ဆီက ဝယ်သွားမှာ ပါ။ ရော့ ...''
ကိုဘမင်းက ငွေတစ်သော င်းထုတ်ကို အဒေါ်ကြီးလက်ထဲ ထည့်ပေး လိုက်သည်။ အဘွားကြီးမျက်နှာသည် ဟန်မဆောင်နိုင်အောင် ရွှင်ပျသွားလေ ၏ ။
''ယမင်းကြိုင်နဲ့ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်တော့ဘူး။ သူ့အဖေက သူ့ သမီးကို သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းဖို့ ကျုပ်ကိုမှာ သွားလို့ ဆရာ့စကားကို နာခံတာ။ အဲဒီ ငွေက ခင်ဗျားတို့ ယမင်းကြိုင်ကို စောင့်ရှောက်ထားတဲ့အတွက် အခပေးတဲ့သဘောပဲ။ ကျုပ် ယမင်းကြိုင်ကို ခေါ်သွားပြီးရင် ခင်ဗျားတို့နဲ့ မဆိုင် တော့ဘူး။ ကျုပ်တို့ ဘယ်မှာ နေတယ်ဆိုတာလဲ မသိချင်နဲ့။ အိမ်လာလည်စရာလဲ မလိုဘူး''
သူက ခပ်ပြတ်ပြတ်ပင် ပြောခဲ့လေသည်။
ပြီးတော့ ယမင်းကြိုင်ကို အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် လက်ဆွဲ ခေါ်လာခဲ့လေ၏ ။
''ဦးပေးလိုက် တဲ့ငွေက များ တာပေါ့''
ခေါ်လာသည့်လမ်းမှာ တွင် ယမင်းကြိုင်က သူ့ကို ပြောသည်။
''တစ်သော င်းဆိုတာ သူတို့အတွက် သိပ်များ လွန်းပါတယ်။ မတန်ပါ ဘူး''
ကိုဘမင်းက ရယ်လိုက်သည်။
''မိန်းကလေးရဲ့ ၊ အဲဒီ ငွေကို များ တယ်လို့ထင်ရင် မင်း ဂုဏ်ယူရမှာ ကွ။ ဒီငွေနဲ့ မင်းကို တန်ဖိုးဖြတ်လိုက်တာ။ တကယ်တော့ ငါက မင်းကို သူတို့ ဆီကနေ ငွေနဲ့ရွေး နှုတ်လိုက်တာလေ။ သူတို့ နောက်လာပြီးပတ်သက်နေမှာ စိုးလို့ကွ။ အဲဒီ ငွေဟာ မင်းရဲ့ တန်ဖိုးပဲ ယမင်းကြိုင်။ များ တယ်ထင်ရင် မင်း ဂုဏ်ယူသင့်ပါတယ်''
''အို ...''
သူက အိမ်အထိခေါ်မသွားခင် ယမင်းကြိုင်အား ဗိုလ်ချုပ်ဈေးသို့ ခေါ်သွားလိုက်သည်။
''မင်းမှာ ဘာအဝတ်အစားမှ ပါမလာဘူး။ အဲဒီ တော့ လိုသလောက် အဝတ်အစား တစ်ခါတည်းဝယ်ပေတော့''
ယမင်းကြိုင်သည် အရှင်လတ်လတ် နတ်ပြည်ရောက်သွားသည့် သဖွယ် ခံစားသွားရသည်။ သူမသည် ကိုဘမင်းကို ဤမျှထိ မျှော်လင့်မထားပါ။အဖေ့တပည့် သူခိုး တစ်ယောက် ဆိုသော အသိက သူမ၏ အထင်အမြင်များ ကို နိမ့်ပါးစေခဲ့သည်။ ကိုဘမင်း၏ ဆရာဆိုသူ မိမိဖခင်ကပင် စားရမဲ့သောက်ရမဲ့၊ တစ်ပါးသူကို မှီခိုနေသူ ဖြစ်ရာ တပည့်ဆိုသူကို အထင်အမြင်ကြီးစရာဟု မယူဆ ခဲ့ချေ။
ကိုဘမင်းနောက်သို့ အလွယ်တကူ လိုက်လာခဲ့သည်မှာ လည်း လက်ရှိ နေနေသည့် ကြီးဒေါ်ကြီးအိမ်မှ လွတ်ရာလွတ်ကြောင်း ထွက်ပေါက်ရှာခဲ့ခြင်းသာ ဖြစ်ပါသည်။
ကိုဘမင်းခေါ်သွားသည့် အိမ်မရောက်မီမှာ ပင် သူမသည် ကံကောင်း လာပြီ ဖြစ်ကြောင်း ယမင်းကြိုင်က မှတ်ချက်ချလိုက်သည်။
ကိုဘမင်းသည် တေလေကြမ်းပိုး သူခိုး တစ်ယောက် မဟုတ်ပါ ကလား။
အိမ်ရောက်တော့ ယမင်းကြိုင် အံ့အားသင့်သွားရသည်။ သူမ နေရမည့်  အိမ်သည် ခြံဝင်းကျယ်ထဲမှ တိုက်တစ်လုံးပါတကား။ သူမက ဆင်းရဲသားရပ်ကွက် မှ ကျဉ်းမြောင်းသော အိမ်ခန်းတစ်ခုကိုသာ မျှော်လင့်ထားခဲ့လေသည်။ သို့မှမဟုတ် သူမကို မန္တလေးသို့ ခေါ်သွားလိမ့်မည် ဟု ထင်ထားခဲ့သည်။
ယမင်းကြိုင်သည် ဒေါ်ကြီးအိမ်မှ လွတ်ရာလွတ်ကြောင်းဆိုသည့် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကိုဘမင်းနောက်သို့ လိုက်ခဲ့ခြင်း ဖြစ်သည်။ ကိုဘမင်း ဘယ်ခေါ်သွားသွား သူမကလိုက်မည် ပင်။ ကိုဘမင်းကိုတော့ သည်မျှ လိမ္မာသော ဒုစရိုက်သမား တစ်ယောက် ဖြစ်မည် ဟု မထင်ခဲ့ပေ။
''ဒါ ...ဒါ သမီးနေရမယ့်အိမ်၊ ဟုတ်လား ဦး''
''အေး ...ဒါပေမဲ့ ငါပိုင် မဟုတ်ဘူး။ ငှားထားတာပါ''
''ငှားနိုင်လည်း နည်းသလား''
ယမင်းကြိုင်က သူတစ်သက်တာ နေခဲ့သော ဝန်းကျင်နှင့် နှိုင်းစာကာ အိမ်ထဲသို့ဝင်ရမှာ ပင် မဝံ့မရဲ ဖြစ်နေခဲ့သည်။
''ကဲ ...ယမင်းကြိုင်၊ မင်းဟာ ခုအချိန်ကစပြီး ငါ့မယား ဖြစ်ပြီ။ တစ်ယောက် နဲ့ တစ်ယောက် ချစ်လို့ကြိုက်လို့ ယူကြတာ မဟုတ်ဘူး။ ငါလည်း စကားများများ မပြောတတ်ဘူး။ ငါပြောချင်တာက မင်းကောင်းကောင်းမွန်မွန် နေပါ။ အေးအေးဆေးဆေးနေပါ။ ငါ့ကို သစ္စာရှိပါ''
''ဟုတ် ...ဟုတ်ကဲ့ပါ ဦးရယ်''
ယမင်းကြိုင်က တစ်အိမ်လုံးကို လှည့်ပတ်ကြည့်လိုက်သည်။
အိမ်ကလေးက တစ်ထပ်တိုက်ကလေး ဖြစ်သည်။ အိပ်ခန်းနှစ် ခန်း ပါသည်။ အိမ်သာတွေ က ရေလောင်းအိမ်သာတွေ ။ မီးဖိုခန်းက သပ်သပ်။ ရေ ချိုးခန်းက သပ်သပ်။ ရေကို အိမ်ထဲကအခန်းထဲမှာ ပင် ချိုးရမည် ။ ရေတွေ မီးတွေ အဆင်သင့်။ သုံးမည့် ရေကို ကိုယ်တိုင်သယ်ခဲ့, ခပ်ခဲ့သည့်နေရာတွင် နေလာခဲ့ရသည့် ယမင်းကြိုင်။ လျှပ်စစ်မီးမရှိသည့် အိမ်တွင် နေလာရသည့် ယမင်းကြိုင်။ သူ့ခင်ပွန်းကြီး စီစဉ်ထားသော အိမ်က သူ့အတွက် နိဗ္ဗာန်ပါ တကား။
ထိုစဉ် တယ်လီဖုန်းသံက နာပျော်ဖွယ် မြည် လိုက်လေသည်။
ကလင် ...ကလင် ...လင် ...လင် ...လင် ...လင် ...
အလို။ တယ်လီဖုန်းလည်း ရှိတာပါကလား။
ကိုဘမင်းက တယ်လီဖုန်းကိုကောက်ကိုင်ကာ မိမိတို့သည် အိမ်ငှား အသစ်များ ဖြစ်ကြောင်း တစ်ဖက်သို့ ဖြေလိုက်လေသည်။ ပြီးတော့ ဖုန်းကို ချလိုက်သည်။
ယမင်းကြိုင်က တယ်လီဖုန်းစင်နားသို့သွားကာ တယ်လီဖုန်း အပြာနု ရောင် ကလေးကို တယုတယကိုင် ကြည့်လိုက်သည်။ နားထောင်ခွက်ကို သူမ၏ နားတွင် ကပ်၍ ထောင်ကြည့်လိုက်သည်။ တယ်လီဖုန်းလိုင်းဝင်နေသည့် အသံ ရှည် တတူတူကို ကြားလိုက်ရလေ၏ ။
ယင်းသို့ဖြင့် ကိုဘမင်းအသက် ၃၂ နှစ် ၊ ယမင်းကြိုင်အသက် ၁၇ နှစ် တွင် အကြင်လင်မယား ဖြစ်ခဲ့ကြလေ၏ ။
ကိုဘမင်းသည် မိန်းမတွေ အကြောင်းကို မသိပါ။ သူ့တစ်သက်တာ တွင် ဘယ်မိန်းမနဲ့မှ နီးနီးကပ်ကပ် မနေခဲ့ဖူးပါ။ အမေနဲ့ပင် ကောင်းကောင်း မနေဖူးခဲ့။
မိန်းမတို့သဘောကို သူ နားမလည်။
ကိုဘမင်းက တသက်လုံး အိမ်ထောင်မပြုဘူးလို့ပင် ရည်ရွယ်ထားသူ ဖြစ်ရာ မိန်းမများ ကိုလည်း စိတ်မဝင်စားခဲ့ချေ။
လူငယ်ယောက်ျားသား တစ်ယောက် မို့ ရမ္မက်ဆန္ဒအရ မိန်းမတို့နှင့် မကင်းခဲ့ပါ။ သို့သော် ရမ္မက်အရ ဆက်ဆံခဲ့သော မိန်းမများ ကို တန်ရာတန်ဖိုးပေးပြီး ဆန္ဒပြေပျောက်ရုံ ဆက်ဆံခဲ့ခြင်းမျိုး ဖြစ်သည်။ သူက သံယောဇဉ်တွယ်မည် စိုး၍ ဘယ်သူ့ကိုမှ အစွဲအလမ်းမထားခဲ့။ မိန်းမ တစ်ယောက် ကို တစ်ကြိမ်တစ်ခါထက် လည်း ပိုမတွေ့ ဆုံခဲ့ပေ။
ယမင်းကြိုင်ကို သေချာပင်မဆုံဘူး၊ စကားမပြောဘူးဘဲနှင့် လင်မယား အ ဖြစ် ပေါင်းသင်းခဲ့ရသည်။ တာဝန်တစ်ရပ်လို ဇနီးမယားတော် ခဲ့ရသည်။ တကယ် တော့ ယမင်းကြိုင်အကြောင်းကိုလည်း သူ ကောင်းကောင်းမသိ။
ယမင်းကြိုင်သည် ဘာလဲ။ ယမင်းကြိုင် ဘယ်လိုမိန်းမစားလဲ။
ယမင်းကြိုင်ဘက်သို့ တစ်ချက်ငဲ့ကြည့်ကြပါစို့။
![]() မှော်ဝင် သီချင်း | ![]() မွေးစားတစ္ဆေ | ![]() သေမင်း၏လက်ဗွေရာ |