Cover

ဆောင်းလုလင်

သေမင်း၏ လက်ဗွေရာ

( ၁ )

ဧည့်ပရိသတ် ၃ဝ ၏ လက်ခုပ်သံများ က ခန်းမတစ်ခုလုံးပဲ့တင်ထပ်အောင် မြည် ဟိန်းသွားလေသည်။

ဆရာစိတ္တိအောင်ကပရိသတ်ကိုဦးညွှတ်အရိုအသေပြုလိုက်၏ ။

အခမ်းအနားအစီအစဉ်ကြေငြာသူ မိန်းကလေး၏ အသံက ဆောင်းဘောက်များ မှတစ်ဆင့် ထွက်ပေါ်လာလေသည်။

''မင်္ဂလာပါရှင်၊ ဆရာစိတ္တ အောင်ရဲ့ စိတ်ပညာပြကွက်နံပါတ်-၃ ကို ပြသတင်ဆက်လို့ ပြီးပါပြီ။ ဆက်လက်ပြီး ဆရာစိတ္တအောင်ရဲ့ အကောင်းဆုံး အစီအစဉ် ဖြစ်တဲ့ စိတ်ပညာပြကွက် ၄ကို တင်ဆက်မှာ ဖြစ်ပါတယ်''

ပရိတ်သတ်ထဲမှ လက်ခုပ်သံတချို့ ထပ်မံပေါ်ထွက်လာပြန်၏ ။

''ဂုဏ်သရေရှိ ဧည့်ပရိသတ်များ ရှင့်၊ စိတ်ပညာပြကွက်၎ ကို မတင်ဆက်ခင်မှာ ဆရာစိတ္တ အောင်အနေနဲ့ ခေတ္တ အနားယူဖို့ လိုအပ်တဲ့အတွက် ဆရာအနားယူချိန်ကို အားလပ်ချိန်အ ဖြစ်သတ်မှတ်အနားပေးပါတယ်ရှင်။ ဧည့်ပရိသတ်များ အနေနဲ့လည်းအနားယူအပန်းဖြေရင်း နှစ်သက် ရာ အစားအသောက်များ ကိုယူငင်စားသုံးနိုင်ပါတယ်ရှင်။ အခမ်းအနားကို ၁ဝ နာရီ ၃ဝမိနစ်အချိန်မှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်''

စိတ္တ အောင် အစွမ်းအစပြသသည့်စားပွဲကို ဂငယ်ပုံသ္ဌဏာန် ဝိုင်းပတ်ထားသည့်ကုလားထိုင်များ ပေါ်မှ ဧည့်သည်၃ဝ သည် ကြေညာသံဆုံးသည်နှင့် ထိုင်ရာမှထလိုက်ကြသည်။

စိတ္တ အောင်၏ အစွမ်းပြပွဲ ပထမပိုင်းကို မိနစ် ၃ဝ ကြာထိုင်ကြည့်ခဲ့ပြီးပြီမို့ အချို့က အပေါ့အပါးသွားရန် သန့်စင်ခန်းထဲသို့ ဝင်သွားကြလေသည်။ အချို့က ဘူဖေးစနစ်ဖြင့် ယူငင်စားသောက်နိုင်သော စားသောက်ဖွယ်များ တင်ထားသည့် စားပွဲဆီသို့ သွားကြလေသည်။

ဆရာစိတ္တ အောင်ကိုယ်တိုင်မှာ မူ သူ့အတွက် သီးသန့်စီစဉ်ပေးထားသော နားနေခန်းလေးထဲသို့ ဝင်သွားလေ၏ ။

အစီအစဉ်ကြေညာခဲ့သည့် စိတ္တ အောင်၏ ကိုယ်ရေး လက်ထောက် အမျိုးသမီးလေးက သူမ၏ ဆရာဝင်သွားသည့်နားနေခန်းထဲသို့ နောက်မှ လိုက်ပါသွားလေသည်။

စိတ္တိအောင်၏ ကိုယ်ရေး လက်ထောက် မြနှင်းဆီ အခန်းထဲသို့ရောက်ချိန်တွင် ဆရာက ဒရင်းဘက်ပေါ်တွင် လှဲကာ မျက်လုံးများ မှေးစင်း၍ အနားယူနေလေပြီ။

စိတ္တ အောင်၏ အသက်မွေးဝမ်းကျောင်းပညာကစိတ်၏ အစွမ်းအစ ကို ပြသရသည့်ပညာမို့ စိတ်အာရုံကို အလွန်ပင်စုစည်းအားစိုက်ရသည့်အတွက် ပင်ပန်းနွမ်းနယ်လှပါသည်။

ထို့ကြောင့် စိတ္တ အောင်က ယခုကဲ့သို့ စိတ်ပညာစွမ်းပြပွဲမျိုးကို တစ်လလျှင် တစ်ကြိမ်သာ ပြုလုပ်လေသည်။

ပြပွဲတစ်ကြိမ်ပြုလုပ်တိုင်းလည်း လူအယောက် ၃ဝတိတိကိုသာ ကန့်သတ်၍ ကြည့်ရှုခွင့်ပြုထားပါသည်။ လူ ၃ဝထက်ပိုပါက စိတ်ပျံ့လွင့်မည် စိုး၍ ကန့်သတ်ထားရခြင်း ဖြစ်သည်။

ပြပွဲသည်လည်း စင်မြင့်ပေါ်မှ ဖျော်ဖြေသည့် ပွဲမျိုးမဟုတ်ဘဲ ပြသသူနှင့် ကြည့်ရှုသူ ကြမ်းတစ်ပြေးတည်း ထိုင်ကြည့်ရသည့်ပွဲမျိုး ဖြစ်ပါသည်။ ထို့ကြောင့် စိတ္တ အောင်က ပရိသတ် ၃ဝ ကို သူအစွမ်းပြသည့် စားပွဲအား ဂငယ်ပုံ ပတ်ဝိုင်းကာ အနီးကပ်ကြည့်ရှုနိုင်အောင် ထိုင်ခုံများ စီစဉ်ထားခြင်း ဖြစ်ပါသည်။

ပြပွဲကိုလည်း လွန်စွာ ပင်တိတ်ဆိတ်ငြိမ်သက်သည့် နေရာတွင် ပြုလုပ်ရသည့်အတွက် ဟိုတယ်ကြီးများ ၏ အပေါ်ဆုံးထပ် ခန်းမများ ထဲ၌ ကျင်းပရမြဲ ဖြစ်လေသည်။

စိတ္တ အောင်၏ အစွမ်းပြပွဲမှာ ဟိုတယ်ခန်းမကြီးများ ၌ ပြုလုပ်ခြင်း၊ လူဦးရေကန့်သတ်ထားခြင်း၊ တစ်လတစ်ကြိမ်သာပြုလုပ်ခြင်းတို့ကြောင့် အခကြေးငွေ များ ပြားလှပါသည်။ သာမန်ကြည့်ချင်ပွဲတစ်ခု၏ ဆယ်ဆမျှ ပေးရလေသည်။

သို့သော် စိတ္တ အောင်ကဲ့သို့ စိတ်ပညာအစွမ်းအစပြနိုင်သူမှာ မြန်မာနိုင်ငံ၌ စိတ္တ အောင် တစ်ယောက် တည်းရှိလေရာ ကြည့်ရှုလို၍ နာမည် စာရင်း ပေးတန်းစီထားသူများ မှာ တစ်နှစ် စာမကများ ပြားလှပေ၏ ။

စိတ်ပညာစွမ်းပြပွဲကြည့်ရှုရန် စာရင်းပေးထားသူများ ကိုမြနှင်းဆီက သေချာမှတ်သား စာရင်းသွင်းထားရသည်။ အလှည့်ကျသူများ ကို မည် သည့် နေရာ၊ မည် သည့်အချိန်တွင် ပြပွဲပြုလုပ်မည် ဖြစ်ကြောင်း တစ်ပတ်ကြိုတင် အကြောင်းကြားရသည်။ သို့မှသာအလှည့်ကျသူ မအားလပ်ပါက နောက် တစ်ယောက် တက်ရောက်ရန် အစားထိုးနိုင်မည် ဖြစ်ပေသည်။

စိတ္တ အောင်၏ ပြပွဲတိုင်းအတွက် အနီးကပ် ကူညီသူမှာ တစ်ဦးတည်းသော တပည့်လည်း ဖြစ်၊ လက်ထောက်လည်း ဖြစ်၍ ကိုယ်ရေး အတွင်းရေး မှူးလည်း ဖြစ်သော မြနှင်းဆီပင် ဖြစ်ပါသည်။

•••

ပြပွဲခန်းမထဲတွင် တော့ ဧည့်ပရိသတ်များ က စားသောက်ဖွယ်များ ကို စားသောက်ရင်း ဆရာစိတ္တ အောင်၏ အစွမ်းအစများ ကိုချီးမွမ်းပြောဆိုလျက် ရှိလေသည်။

သူတို့သည် စိတ္တ အောင်၏ စိတ်စွမ်းအင်ပြကွက် သုံးကွက်ကို ကြည့်ရှုခဲ့ပြီးလေပြီ။

စိတ္တ အောင်၏ ပထမဆုံး စိတ်စွမ်းအင်ပြကွက်မှာ ပစ္စည်းများ ကို ကိုင်တွယ်ကြည့်ရှု၍ ပစ္စည်းပိုင်ရှင်၏ စိတ်နေစိတ်ထားနှင့် ဘဝတစ်စိတ် တစ်ဒေသကို ပြောပြသည့်ပြကွက် ဖြစ်သည်။

အသက် ၄ဝ ကျော်အမျိုးသမီးတစ်ဦးက သူမ လက်တွင် ဝတ်ဆင်ထားသော လက်စွပ်ကိုချွတ်၍ စိတ္တ အောင် လက်ထဲသို့ထည့်လိုက်သည့်အခါ စိတ္တ အောင်က လက်စွပ်ကို လက်ထဲတွင် ဆုပ်ထားကာ ခေတ္တ မျှ အာရုံယူကြည့်ပြီးနောက် အောက်ပါအတိုင်းဟောပြောခဲ့လေသည်။

''ဒီလက်စွပ်ဟာ အစ်မကြီးကို အစ်မကြီးရဲ့ ခင်ပွန်းကလက်ထပ် လက်စွပ်အ ဖြစ်ပေးခဲ့တဲ့ လက်စွပ် ဖြစ်ပါတယ်။ အစ်မကြီးရဲ့ ခင်ပွန်းသည်ဟာ အခုအချိန်မှာ ကွယ်လွန်ပြီး ဖြစ်ပါတယ်။သူဟာ အစ်မကြီးကို အင်မတန် ကြင်နာပြီး ချစ်ခင်ခဲ့တဲ့ ခင်ပွန်းကောင်းတစ်ဦး ဖြစ်ပါတယ်။ သူဟာ မကွယ်လွန်မီက အင်ဂျင်နီယာလုပ်ငန်းနဲ့ အသက်မွေးခဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ်''

စိတ္တ အောင်၏ ဟောပြောချက်များ မှာ တိကျမှန်ကန်လွန်းသည့်အတွက် လက်စွပ်ရှင် အမျိုးသမီးကြီးသည် ကွယ်လွန်သူခင်ပွန်းသည်ကို သတိရကာ ငိုကြွေးခဲ့ရလေသည်။ ဆရာ၏ ဟောပြောမှု မှန်ကန်ကြောင်းလည်း အများ သိအောင် ဝန်ခံခဲ့လေ၏ ။

စိတ္တ အောင်သည် ပွဲကြည့်ပရိသတ်ထဲမှ လာပေးသော ပစ္စည်းများ ကို ကိုင်တွယ်ကာ အာရုံယူကြည့်ပြီး ဟောပြောခဲ့ရာအားလုံးမှန်ကန်ခဲ့လေ၏ ။ ပရိသတ်၏ စိတ်ကျေနပ်မှု ကို ရရှိခဲ့ပါသည်။

ဒုတိယပြကွက်မှာ ခန်းမအတွင်းရှိပစ္စည်းများ ကို လက်နှင့်ကိုင် တွယ် ထိတွေ့ ခြင်းလုံးဝမပြုဘဲ နေရာမှ ရွေ့လျားအောင်စိတ်ဖြင့် အမိန့်ပေးသည့်ပြကွက် ဖြစ်သည်။ စိတ္တ အောင်သည်စားပွဲကုလားထိုင်များ ကို ပရိသတ်မျက်မှော က်မှာ ပင် နေရာမှ သိသိသာသာ ရွေ့လျားသွားအောင် စိတ်နှင့် အမိန့်ပေးခိုင်းစေပြခဲ့လေ၏ ။

ခန်းမကြီး၏ တစ်ဖက်ထောင့်မှ အခြားတစ်ဖက်ထောင့်သို့ သယ်ပို့ပေးသူမရှိဘဲ စားပွဲကုလားထိုင်များ ရွေ့လျားသွားပုံကို ဧည့်သည်တော် အားလုံး မျက်ဝါးထင်ထင် မြင်လိုက်ရလေသည်။

တတိယပြကွက် ကတော့ ပို၍ ပင် ဆန်းပြားလေသည်။

ပထမဦးစွာ စိတ္တ အောင်က ခန်းမထိပ်ရှိ တိုင်ကပ်နာရီကြီးကိုရပ်တန့်သွားအောင် စိတ် စွမ်းအင်ဖြင့် အမိန့်ပေးလိုက် လေသည်။

လူအများ ၏ ရှေ့မှော က်မှာ ပင် တချက်ချက် သွားလာလှုပ်ရှားလျက်ရှိသော နာရီကြီးမှာ မည် သူကမှ ကိုင်တွယ်ထိတွေ့ ခြင်း မရှိဘဲရပ်တန့်သွားလေ၏ ။

''နာရီကြီးရပ်တန့် သွားပါပြီ။ ဆက်ပြီးတော့ နာရီကြီးကို၁၂ နာရီ တိတိအချိန်မှာ လက်တံများ ရပ်တန့်နေအောင်ကျွန်တော် အမိန့်ပေးပါတော့မယ်ခင်ဗျာ။ လူကြီးမင်းများ ခင်ဗျား၊လူကြီးမင်းများ ရဲ့ လက်ထဲမှာ ပါလာတဲ့ နာရီများ ကိုလည်း တိုင်ကပ်နာရီကြီးနဲ့အတူတူ ၁၂ နာရီတိတိ အချိန်မှာ ရပ်တန့်နေစေဖို့အမိန့်ပေးလိုက် မှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့ နာရီများ ကိုလည်းကြည့်ထားကြပါခင်ဗျာ။ တစ်ချိန်တည်းမှာ နာရီအားလုံး တစ်ပြိုင်တည်း ရပ်တန့်သွားအောင် ကျွန်တော် ဖန်တီးပြပါ့မယ်''

ပရိသတ်များ ၏ အကြည့်များ က မိမိတို့၏ လက်ပတ်နာရီများ ဆီသို့ ရောက်သွားကြလေသည်။ ကြည့်နေစဉ်မှာ ပင် နာရီလက်တံနှစ် ခုသည် ရွေ့လျားသွားကာ ၁၂ဂဏန်းနေရာ၌ တစ်ထပ်တည်းသွားကျပြီးနောက် ရပ်တန့် သွားလေသည်။

•••

''ဒီလူဟာ အတော် ထူးတဲ့လူပဲဗျ။ သူ့ပြကွက်တွေ ဟာမျက်လှည့်မဟုတ်တာလည်း အမှန်ပဲ''

''ဒီလိုစိတ်စွမ်းအင်မျိုးရအောင် သူဘယ်လိုလေ့ကျင့်ခဲ့သလဲ မသိဘူးနော်''

''ကျွန်တော် တော့ စိတ္တ အောင်လိုစိတ်စွမ်းအင်မျိုး ပိုင်ချင်တယ်ဗျာ၊ သူ့ကို ဒီပညာသင်ပေးဖို့ ပြောကြည့်ဦးမှပဲ''

''ဟေ့လူ ...ဒါမျိုးက ပါရမီရှိမှတတ်တာဗျ။ သင်တိုင်းသာ တတ်ရိုးဆိုရင် စိတ္တ အောင်ရဲ့ အခုပွဲကို ငွေအများ ကြီးပေးပြီးဘယ်ကြည့်မလဲဗျ''

''အဲဒါအမှန်ပဲ၊ ကျွန်မတို့ ဒီပွဲကိုကြည့်ဖို့ ငွေတစ်သိန်းအကုန်ခံရတယ်။ မြန်မာပြည်မှာ သူ့လိုစိတ်စွမ်းအင်ရှိသူ သူတစ်ယောက် တည်းရှိလို့သာ ငွေတစ်သိန်းပေးပြီး ကြည့်ကြတာလေ။သင်တဲ့သူတိုင်း တတ်မယ်ဆိုရင် ဒီပညာဟာ ဒီလောက် ဘယ်တန်ဖိုးရှိတော့မှာ လဲရှင်''

စိတ္တ အောင်အား ဝေဖန်ချီကျူး ပြောဆိုနေစဉ်အခိုက်ဝယ်နားနေခန်းထဲမှထွက်လာသော စိတ္တ အောင်ကို မြင်လိုက်ကြရလေသည်။ သူ့နောက်မှ မြနှင်းဆီလည်း လိုက်ပါလာလေသည်။စိတ္တ အောင်က လွတ်နေသော စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်၏ ။

ဧည့်ပရိသတ်ထဲမှ အသားနီစပ်စပ် အရပ်မြင့်မြင့်နှင့် အသက် ငါးဆယ်ကျော်လူကြီး တစ်ယောက် က စိတ္တ အောင်ထိုင်နေသည့် စားပွဲရှေ့တွင် သွားရပ်လိုက်သည်။

''ကွန်ဂရက်ကျူလေးရှင်းဗျာ၊ ခင်ဗျားပြကွက်တွေ ကိုကျွန်တော် သိပ်ကြိုက်တယ်။ လေးစားတယ်ဗျာ''

လူကြီးကပြောရင်းမှ ညာဘက်လက်ကို ကမ်းပေးလိုက် သည်။

''ကျေးဇူးတင်ပါတယ်''

စိတ္တ အောင်ကပြန်ပြောရင်း ထိုင်ရာမှထကာ လူကြီးကိုလက်ဆွဲ နှုတ်ဆက်လိုက်လေသည်။

''ကျွန်တော့် နာမည် စောဂျော်နီပါ''

''ဟင်''

စောဂျော်နီ၏ လက်ကို ကိုင်ဆွဲနှုတ်ဆက်လိုက်သည်နှင့် စိတ္တ အောင်၏ စိတ်အာရုံထဲ၌ အသိတစ်ခု ဖျတ်ခနဲ ဝင်လာလေသည်။ သူသည် စောဂျော်နီ လက်ကို လွှတ်မပေးသေးဘဲ ဆက်ကိုင်ထားလိုက်သည်။ စောဂျော်နီအပေါ်တွင် စိတ်ထဲက သံသယဝင်မိ၍ သူ့လက်ကိုကိုင်ကာ အာရုံယူကြည့်လိုက်၏ ။

မြနှင်းဆီက စောဂျော်နီကို လက်ဆွဲ နှုတ်ဆက်နေသော ဆရာစိတ္တ အောင်၏ ထူးခြားသော မျက်လုံးများ ကို သတိပြုမိလိုက်လေသည်။

''ခုအချိန်က ဟောရပြောရမယ့်အချိန်တော့ မဟုတ်ဘူး။ဒါပေမဲ့ ဦးစောဂျော်နီရဲ့ လက်ကိုကိုင်ပြီး နှုတ်ဆက်လိုက်တဲ့အချိန်မှာ ကျွန်တော့် အာရုံထဲမှာ ဦးစောဂျော်နီရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်တချို့ကို အာရုံရလိုက်တယ်၊ ပြောရမလား''

''ဟာ ...ပြောပါဆရာ ...ပြောပါ၊ ဘယ်လိုအာရုံရလို့လဲ''

''ဦးစောဂျော်နီရဲ့ ဘယ်ဖက်လက်မောင်းမှာ ဓားဒဏ်ရာတစ်ခု ရှိပါတယ်၊ မှန်သလား''

''မှန်ပါတယ်ဆရာ၊ ဟောဒီမှာ ပါ''

စောဂျော်နီက ဝတ်ထားသော အင်္ကျီလက်ရှည်ကိုပင့်တင်ကာ ဓားဒဏ်ရာကိုပြလိုက်သည်။

''နောက်ပြီးတော့ ဦးစောဂျော်နီရဲဗိုက်မှာ ဒဏ်ရာတစ်ခုရှိပါ သေးတယ်။ တိတိကျကျပြောရရင် ချက်ရဲ့အထက်နားမှာ ပဲ။ပုံသဏ္ဍာန်က ကြက်ခြေခတ်ပုံ''

''မှန်လိုက်တာ ဆရာရယ်။ ဟုတ်တယ်၊ ကျွန်တော့် ချက်အထက်နားမှာ ဆရာပြောတဲ့ ဒဏ်ရာရှိတယ်။ ကျွန်တော် ပြရမလား''

''မလိုပါဘူး ဦးစောဂျော်နီ၊ မှန်ရင်ပြီးတာပါပဲ။ ပြီးတော့ဦးစောဂျော်နီဟာ တစ်ချိန်က လက်နက်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ခဲ့ဖူးတယ်။ အဲဒါရော မှန်သလား''

စောဂျော်နီ မျက်နှာတစ်ချက် ပျက်သွားသည်။ ပြန်၍ ဣနြေ္ဒဆည်လိုက်ကာ စိတ္တ အောင်နားသို့ကပ်၍ တီးတိုးပြောလိုက်၏ ။

''မှန်ပါတယ်ဆရာ။ ကျွန်တော် ဟာ တစ်ချိန်က ဓားပြဗိုလ်လုပ်ခဲ့ဖူးပါတယ်၊ ဆရာ့ပညာကို လေးစားလိုက်တာဆရာရယ်''

စောဂျော်နီပြောနေစဉ်အတွင်း စိတ္တ အောင်က စောဂျော်နီကို စူးစိုက်၍ ကြည့်နေခဲ့သည်။

''နောက်လည်း ဆရာနဲ့ဆက်သွယ်ပါရစေ ဆရာ၊ကျွန်တော့်  ဖုန်းနံပါတ် ဆရာယူထားလိုက်ပါလား''

''ပြောလေ''

စိတ္တ အောင်က သူ၏ လက်ကိုင်ဖုန်းကိုထုတ်ကာ စောဂျော်နီ ပြောသည့် နံပါတ်ကို မှတ်သားထားလိုက်သည်။ တကယ်တော့စောဂျော်နီ ဖုန်းနံပါတ် ပေးချင်စိတ် ပေါက်လာအောင် စိတ္တ အောင်က သူ၏ ပညာဖြင့် ညှို့ယူလိုက်ခြင်း ဖြစ်ပါသည်။

•••

စောဂျော်နီ ထွက်ခွာသွားသည်နှင့် စိတ္တ အောင်ကကုလားထိုင်ပေါ် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ သူက မျက်လုံးများ ကို မှေးစင်းကာ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်၏ ။

မမရေ ...ငါ နင့်အတွက် လက်စားချေပေးနိုင်တော့မှာ ပါ။

•••

( ၂ )

ပွဲ၏ ဒုတိယပိုင်းပြကွက်များ မှာ စိတ်ညှို့ပညာပြကွက်များ ဖြစ်လေ ၏ ။

''ကျွန်တော့် ရဲ့ ပြပွဲကို ပွဲကြည့်ပရိသတ် တစ်ယောက် လိုထိုင်ကြည့်နေတာထက် ဧည့်သည်တော် များ ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်တာမျိုးကို လိုလားပါတယ်။ သည်တော့ ကျွန်တော့် ရဲ့ စိတ်ညှို့ပညာပြကွက်များ အတွက် ပရိသတ်ထဲက ပါဝင်ကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဘယ်လိုလူမျိုးမဆို ပါဝင်နိုင်ပါတယ်ခင်ဗျား''

စိတ္တ အောင်က ကြေညာလိုက်ရာ ရဲတင်းသော အမျိုးသမီးတစ်ဦးက ဦးစွာ ထွက်လာလေသည်။

စိတ္တ အောင်က အများ ရှေ့တွင် ထိုအမျိုးသမီးအားအိန္ဒိယတိုင်းရင်း သူတစ်ဦးစိတ်မျိုး ပေါ်ပေါက်လာအောင် စိတ်ကိုညှို့ယူလိုက်လေသည်။ အမျိုးသမီး၏ ဟန်အမူအရာများ သည်အိန္ဒိယအမျိုးသမီးတစ်ဦးသဖွယ် ခေါင်းကိုဆတ်ခြင်း၊ မေးငေါ့ခြင်း၊ပခုံးတွန့်ခြင်း စသဖြင့် တဖြည်းဖြည်း တူတူလာလေ၏ ။

အမျိုးသမီး၏ မျက်လုံးများ မှာ မှေးစင်းနေပြီး အိပ်မက်မက်နေသူကဲ့သို့ မိန်းမောနေပေသည်။ သူမသည် တကယ့်ကိုအိန္ဒိယအမျိုးသမီးတစ်ဦးအလား ဟန်ပန်အမူအရာရော၊ အပြောအဆိုမှာ ပါ တစ်သဝေမတိမ်း တူတူလာလေ၏ ။

ထို့နောက် စိတ္တ အောင်က မြနှင်းဆီကိုအချက်ပြလိုက်ရာမြနှင်းဆီ က စီဒီဓာတ်ပြားတစ်ချပ်ကို ဖွင့်လိုက်လေသည်။ ကုလားသီချင်းတစ်ပုဒ် ထွက်ပေါ်လာသည်တွင် သွက်လက်သော ဗုံသံအလိုက်အတိုင်း စိတ်ညှို့ခံထားရသော အမျိုးသမီးက ထကပါလေတော့၏ ။

သီချင်းဆုံးသည်နှင့် စိတ္တ အောင်က အမျိုးသမီးအားနဂိုအသိစိတ် ပြန်ရောက်အောင် လုပ်လိုက်လေသည်။

အမျိုးသမီးသည် မျက်နှာကိုလက်ဝါးဖြင့် အုပ်ကာရှက်ဟန်ပြုနေလေ၏ ။ ကလိုက်ရ၍ သူမ၌ ချွေးအနည်းငယ်စို့နေလေသည်။

''ဝါဝါ မင်းအသိတွေ တကယ်လွတ်သွားပြီး ကုလားမလေး ဖြစ်သွားတာလား။ ကုလားမလေးလို စိတ် ပြောင်းသွား တာကိုမင်း သိနေသလားဟင်''

သူမနှင့် အတူ အဖော်ပါလာသည့်အမျိုးသမီးက မေးလိုက်လေသည်။

''ကျွန်မစိတ်တွေ ပြောင်းသွား တာကို ကျွန်မ တောက်လျှောက် သိနေပါတယ်။ ဘယ်လိုပဲ စိတ်တင်းထားထား၊ ဆရာကကုလားမလေး တစ်ယောက် လို့ထင်လာအောင် စိတ်ကိုညှို့ယူတာကိုတင်းမခံနိုင်ဘူး။ ကုလားမလေးလို ကနေတုန်းမှာ လည်း စိတ်ထဲကရှက်သလိုလို ဖြစ်မိပေမဲ့ ကရတာ ပေါ့ပေါ့ပါးပါးနဲ့ သိပ်ပျော်ဖို့ကောင်းတာပဲရှင်။ တကယ်တော့ ဒါတွေ ကို ကျွန်မ မတတ်ခဲ့ဖူးတာသေချာပါတယ်။ ဆရာက စိတ်ညှို့ပြီးခိုင်းလို့သာ လုပ်မိတာပါ။ဆရာ့ပညာကတော့ အံ့မခန်းပါပဲရှင်''

စိတ်ညှို့ခံအမျိုးသမီးက ပရိသတ်အားလုံးကြားအောင်သူမ၏ အတွေ့ အကြုံကိုပြောပြရင်းမှ စိတ္တ အောင်ကို ချီးကျူးလိုက်လေသည်။

ယင်းသို့ဖြင့် စိတ်ညှို့ခံရန် ကိုယ်တိုင်အဆိုပြုသော သူသုံးလေးဦး ပေါ်ထွက်လာလေ၏ ။ ထိုအထဲတွင် စိတ္တ အောင်အားလာရောက်မိတ်ဆက်ခဲ့ သူ စောဂျော်နီလည်း ပါဝင်ပေသည်။

စိတ္တ အောင်က အမျိုးသားတစ်ဦးကို လက်ဝှေ့သမားတစ်ဦးစိတ် ဝင်လာအောင် စိတ်ညှို့ပြလိုက်လေသည်။ ထိုအမျိုးသားသည် လက်ဝှေ့ရေး အမျိုးမျိုးပြကာ ပရိသတ်အား ဖျော်ဖြေနေသကဲ့သို့ရှိလေ၏ ။

ထို့နောက် စိတ္တ အောင်က အခြားအမျိုးသမီးတစ်ယောက် နှင့် ၈ နှစ် အရွယ်ကလေး တစ်ယောက် တို့ကို စိတ်ညှို့ပြသခဲ့လေသည်။

နောက်ဆုံးအလှည့်ကျသူမှာ စောဂျော်နီ ဖြစ်ပေ၏ ။

''ကျွန်တော့် ပြပွဲကို ၁၂ နာရီတိတိမှာ ရုပ်သိမ်းမှာ ဖြစ်တဲ့အတွက် ဦးစောဂျော်နီကို စမ်းသပ်ဖျော်ဖြေမှု ဟာ နောက်ဆုံးပါပဲ ခင်ဗျား။ ဦးစောဂျော်နီကိုလည်း စမ်းသပ်ခံဖျော်ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကဲ ... ဦးစောဂျော်နီ၊ ငှက်ကလေးတစ်ကောင်လို လေထဲမှာ မပျံဝဲချင်ဘူးလားဗျာ''

''ဆရာ့ဆန္ဒအတိုင်းပါပဲဆရာ။ ကျွန်တော့် စိတ်ကိုညှို့ချင်သလို ညှို့ပါ။ လူရှေ့မှာ အဝတ်အစားတွေ ချွတ်ပြခိုင်းတာမျိုးမဟုတ်ရင် ပြီးတာပါပဲ''

စောဂျော်နီကြီးက ဟာသဖောက်၍ ပြောလိုက်သည်။

စောဂျော်နီ၏ ဟာသကို အားလုံးက ရယ်ကြပေ၏ ။

စိတ္တ အောင် တစ်ယောက် သာ လိုက်မရယ်ခြင်း ဖြစ်လေသည်။

ခင်ဗျားကို အဝတ်အစားတွေ မချွတ်ခိုင်းပါဘူးစောဂျော်နီ၊ အဝတ်အစားတွေ ချွတ်လိုက်ရင် ခင်ဗျားဗိုက်ပေါ်က ဒဏ်ရာကို ကျုပ် မမြင်ချင်ဘဲ မြင်နေရဦးမှာ ပေါ့။ ကျုပ် မမြင်ချင်ပါဘူးဗျာ။

စိတ္တ အောင်က စိတ်ထဲမှ ပြန်ပြောလိုက်လေသည်။

•••

''ဦးစောဂျော်နီ ...ခင်ဗျားဟာ ခုအချိန်ကစလို့ ငှက်ကလေးတစ်ကောင် ဖြစ် သွားပါပြီ။ ငှက်ကလေးတစ်ကောင် ဖြစ် သွားပါပြီ။ ငှက်ကလေး ငှက်ကလေးရေ ...ဆရာ့ရဲ့ မျက်လုံးကိုကြည့်စမ်း၊ သေချာကြည့်စမ်း ငှက်ကလေး။ မင်းဟာ ငှက်ကလေးတစ်ကောင်ပဲ သိလား။ ငှက်ကလေးတစ်ကောင် ဖြစ်တယ်ဆိုတာသေချာရင် မင်းရဲ့ အတောင်ပံတွေ ကို ဖြန့်ပြီး ခတ်ပြစမ်းပါဦး ငှက်ကလေးရယ်''

စိတ္တ အောင်က တဖြည်းဖြည်း စိတ်ကိုညှို့ယူရင်းစောဂျော်နီအား ငှက်ကလေးတစ်ကောင်၏ စိတ်များ ဝင်လာစေရန်နှုတ်မှ တတွတ်တွတ် ပြောပေးနေသည်။

စောဂျော်နီသည် စိတ္တ အောင်နှင့် မျက်လုံးချင်းဆိုင်ကြည့်နေရာမှ မျက်တောင်များ မှေးစင်းလာသည်။ သူသည်သူ၏ ဦးခေါင်းကိုဆတ်ကာ ဟိုလှည့်သည်လှည့် တစ်ချက်နှစ် ချက်မျှလှည့်လိုက်လေသည်။ ထိုကဲ့သို့ လုပ်လိုက်သည့် အပြုအမူသည်ဂရုထားကြည့်ပါက ငှက်ကလေးတစ်ကောင် ပြုမူလိုက်ပုံမျိုးဖြစ်ပေ၏ ။

စိတ္တ အောင်က အတောင်ပံများ ကို ဖြန့်ခိုင်းလိုက်သည့်အခါတွင် တော့ သူ၏ လက်နှစ် ဖက်ကို ဘေးတိုက်ဆန့်တန်းကာမြှောက်ထားလိုက်တော့သည်။ ငှက်တစ်ကောင် အတောင်ပံဖြန့်လိုက်သည့်သဖွယ် -

''ငှက်ကလေး ...မင်းဟာ ဘာငှက်ကလေးလဲ''

စောဂျော်နီ၏ နှုတ်မှ ''ကျလွိ ...ကျလွိ'' နှင့် အသံသေးသေးလေးများ ထွက်ပေါ်လာသည်။

''သြော ...မင်းက စာကလေးတစ်ကောင်ကိုး၊ စာကလေးရေ မိုးပေါ်ကိုပျံကြစို့ကွယ်။ ပျံသန်းဖို့ အားယူလိုက်ပါဦးငှက်ကလေး''

စောဂျော်နီကြီးက ခေါင်းကလေးကို မော့်လိုက်သည်။

တကယ့်ကို ငှက်ကလေးတစ်ကောင် ပျံသန်းခါနီး ကောင်းကင်ကိုမော့်ကြည့်လိုက်သည့် သဖွယ် -

''ပျံတော့ ...ငှက်ကလေး၊ တို့တွေ အစာရှာရအောင်၊ကောင်းကင်ပေါ်ကို ပျံသန်းပါတော့ကွယ်''

ငှက်စိတ်ဝင်နေသော စောဂျော်နီကြီးသည် အတောင်ပံအ ဖြစ် ဖြန့်ကားထားသော သူ၏ လက်နှစ် ဖက်ကို တစ်ချက် နှစ် ချက်ခတ်လိုက်ကာ လက်နှစ် ဖက်ကို အပေါ်အောက် ပြိုင်တူ လှုပ်ရှားလိုက်လေ၏ ။ စောဂျော်နီ၏ လေးလံလှသော လူ့ခန္ဓာကိုယ် အတ္တဘောကြီးကတော့ လေထဲသို့ မြောက်တက်မ သွားပါပေ။ သို့သော်စောဂျော်နီသည် ငှက်ကလေးတစ်ကောင် လေထဲတွင် ပျံဝဲလိုက်သည့်သဖွယ် ပေါ့ပါးစွာ ဖြင့် တစ်နေရာမှတစ်နေရာသို့ လှည့်ပတ်ကာဝဲနေလေသည်။

သူ၏ ခြေထောက်များ ဖြင့် ကြမ်းပြင်ပေါ်တွင် လျှောက်ပြေးနေခြင်း ဖြစ်သော်လည်း ပြေးနေသည်နှင့်မတူ။ အလွန်ပင်ပေါ့ပါးသွက်လက်နေဟန်က ကြည့်ရုံဖြင့်ပေါ်လွင်နေကာ ငှက်တစ်ကောင် ဟိုသည် ဝဲလှည့်ပျံသန်းနေသည့်သဖွယ် ထင်မှတ်မှားရပေ၏ ။

''ငှက်ကလေးရေ သစ်ကိုင်းပေါ်မှာ နားလိုက်ပါဦးလားကွယ်။ ဟောဒီ မှာ သစ်ပင်မြင့်မြင့်ကြီးရှိတယ်လေ ငှက်ကလေး၊လာ ...လာ ... ဟောဒီသစ်ကိုင်းပေါ်မှာ နားလှည့် ...''

စိတ္တ အောင်က သူထိုင်နေသည့်စားပွဲကို လက်နှင့်ပုတ်ပြကာ စောဂျော်နီအမည် ရှိငှက်ကလေးကို အမိန့်ပေးလိုက်လေသည်။

အံ့သြဖွယ်ကောင်းစွာ ပင် စောဂျော်နီသည် လက်နှစ် ဖက်ကို ဖြန့်ကားရင်း လက်များ ကို အပေါ်အောက် အတောင်ခတ်ဟန်ပြုလုပ်ရင်းမှ စားပွဲပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်လေ၏ ။

ပွဲကြည့်ပရိသတ်ထံမှ ''ဟယ်''ခနဲ အသံထွက်ပေါ်လာသည်။

''ငှက်ကလေးရေ...မြေပေါ်ကိုပြန်ဆင်းတော့။ မင်းရဲ့ အတောင်ပံတွေ ကို ဝဲရင်း လေဟုန်စီးရင်းကနေ မြေပြင်ပေါ်မှာ ဆင်းပြီး နားလိုက်ပါတော့ ငှက်ကလေးရယ်''

ငှက်စိတ်ဝင်နေသော စောဂျော်နီက စားပွဲပေါ်မှအောက်သို့ ပေါ့ပါးစွာ ခုန်ဆင်းလိုက်လေသည်။ ခုန်ဆင်းလိုက်သည့်ပုံစံမဟုတ်ပဲ ပျံဝဲ၍ ဆင်းသက်လိုက်ဟန်ဖြင့် ပေါ့ပါးစွာ ပင် စားပွဲပေါ်မှကြမ်းပြင်ပေါ်သို့ ကျသွားခြင်း ဖြစ်လေ၏ ။

လူအများ ၏ လက်ခုပ်သံများ ထွက်ပေါ်လာလေသည်။

စိတ္တ အောင်က စောဂျော်နီကို နဂိုစိတ်ပြန်ဝင်လာအောင်အမိန့်ပေးလိုက် လေသည်။

စောဂျော်နီသည် မျက်လုံးပေကလပ်၊ ပေကလပ်ဖြင့် ဘေးဘီကို ကြည့်ရင်း လူပကတိစိတ် ပြန် ဖြစ်သွားလေ၏ ။

''ဘယ်လိုခံစားရလဲ ဦးစောဂျော်နီ''

စိတ္တ အောင်က မေးလိုက်သည်။

''သိပ်ပျော်ဖို့ကောင်းတာပဲ ဆရာ။ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ရသလိုပဲ ကျွန်တော့် တစ်ကိုယ်လုံးဟာ ပေါ့ပါးပြီးလန်းဆန်းနေတယ်။ တကယ်ကို ငှက်တစ်ကောင် ဖြစ်သွားသလိုခံစားရပါတယ်''

''ကျေးဇူးတင်ပါတယ်၊ ကဲ ...ကျွန်တော့် ရဲ့ ဖျော်ဖြေမှု အစီအစဉ်ဟာလည်း ပြီးဆုံးပါပြီ ခင်ဗျာ။ လာရောက်အားပေးကြတဲ့လူကြီးမင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်'

လက်ခုပ်သံများ က တစ်ခန်းလုံး ဟိန်းသွားအောင်ပေါ်ထွက်လာ လေတော့သတည်း။

•••

( ၃ )

ဧည့်ပရိသတ်များ ထွက်ခွာသွားသည့်အခါ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီး၏ အပေါ်ဆုံးထပ်ခန်းမကြီးသည် တိတ်ဆိတ်လျက်ကျန်ခဲ့လေ၏ ။

မြနှင်းဆီက ဆရာစိတ္တ အောင်ကိုင်သော အတက်ချီကေ့စ်ကို သိမ်း ဆည်းကာ ဆရာ့လက်သို့အပ်လိုက်သည်။

''မြနှင်းဆီကို ကိုယ်လိုက်ပို့ပေးဖို့လိုသလား မြနှင်းဆီ''

''မောင်လေး လာကြိုနေပါတယ်ဆရာ ...ကျေးဇူးတင်ပါတယ်''

''မောင်သော်ဇင်ရောက်နေတာ သေချာရဲ့ လား။ ဆရာ့ကိုအားမနာနဲ့နော်''

''သူရောက်ပြီဆိုတဲ့အကြောင်း မောင်လေးက အောက်ထပ်ကနေ ဖုန်းဆက်လိုက်တာပါဆရာ။ အောက်မှာ ကားလည်းမြင်နေရတယ်ဆရာရဲ့ ''

မြနှင်းဆီက အောက်ထပ်သို့ကဲကြည့်ကာ ပြောလိုက်သည်။ မောင်လေး သော်ဇင်ဦး၏ ထုံးစံအတိုင်း ဟိုတယ်ဝင်းထဲအထိ ဝင်မလာဘဲ ကားကို ဟိုတယ်အပြင်ဘက် လမ်းမဘေး၌ ရပ်ထားသည်ကို လှမ်းမြင်နေရပေသည်။

''ကောင်းပြီလေ၊ ဒါဆိုလည်း ဆရာသွားနှင့်မယ်မြနှင်းဆီ''

''ဟုတ်ကဲ့ဆရာ၊ သြော် ...ဆရာ''

မြနှင်းဆီက ပြောမည် ပြင်ပြီးမှ သင့်တော် ပါ့မလားတွေးကာ နှုတ်တွန့် သွားသည်။

''ဘာပြောချင်လို့လဲ မြနှင်းဆီ''

''ဟို ...ဆရာ ဒီနေ့ ဒင်နာမစား ဖြစ်တာသတိရလို့ပါ။ ဆရာ ဆာနေမှာ ပေါ့။ အိမ်မှာ စားစရာအသင့်ရှိရဲ့ လား ဆရာ။ဒါမှမဟုတ် ဒီမှာ ပဲ စားသွားမယ်ဆိုရင် ဒိုင်းနင်းရွမ်းကို နှင်းလှမ်းမှာ လိုက်မယ်လေ''

သူ့အတွက် အသေးစိတ်ဂရုတစိုက်ရှိလှသည့် တပည့်မလေးကို စိတ္တအောင် တဒင်္ဂစိုက်ကြည့်နေမိသည်။

စိတ္တ အောင်အကြည့်ကြောင့် မြနှင်းဆီ ခေါင်းငုံ့သွား၏ ။

ဟုတ်သားပဲ၊ စောဂျော်နီကို တွေ့ လိုက်ရ၍ စိတ်လှုပ်ရှားကာ ညစာကို သူ မစား ဖြစ်ခဲ့ပေ။ သူကိုယ်တိုင်မေ့နေသော်လည်းမြနှင်းဆီက အမှတ်တရ ရှိလှသည်။ မြနှင်းဆီသတိပေးလိုက် မှပင်ဝမ်းထဲက ဆာသလိုလို ဟာတာတာ ဖြစ်သွား၏ ။

''ကျေးဇူးပါပဲမြနှင်းဆီရယ်၊ လမ်းမှာ ပဲ ကြုံတဲ့နေရာဝင်စားလိုက်ပါ တော့မယ်''

''ဟုတ်ကဲ့ဆရာ''

သူတို့စကားပြောနေစဉ် ခန်းမထဲသို့ ဟိုတယ်မှ စာရင်းကိုင်အမျိုးသမီး ဝင်လာလေသည်။ ခန်းမငှားရမ်းခနှင့် စားသောက်စရိတ်များ ရှင်းလင်းရန် ဖြစ်သည်။ အသင့်ရေး ယူလာသော ကုန်ကျစရိတ်ဘောက်ချာကို ငွေလင်ပန်းထဲ၌ ထည့်ကာ စားပွဲထိုးတစ်ဦးကသယ်ဆောင်လာလေ၏ ။

စိတ္တ အောင်၏ အစွမ်းအစပြပွဲများ ကို မကြာမကြာ ဤဟိုတယ်၌ ပြုလုပ်နေကျမို့ ရင်းနှီးပြီး ဖြစ်သော စာရင်းကိုင်အမျိုးသမီးက နှစ် ယောက် စလုံးကို ပြုံးပြလိုက်သည်။

''နှင်း ငွေရှင်းပေးလိုက်ဦးမယ်ဆရာ၊ ဆရာ ဆင်းနှင့်ပါ''

''ကောင်းပြီ မြနှင်းဆီ၊ မနက်ဖြန်မှ ရုံးခန်းမှာ ဆုံတာပေါ့။ခွင့်ပြုပါဦးခင်ဗျာ''

စိတ္တ အောင်က ဟိုတယ်ဝန်ထမ်းအမျိုးသမီးကို တစ်ပါတည်း နှုတ်ဆက်လိုက်လေသည်။

•••

ကုန်ကျစရိတ်များ ရှင်းလင်းပေးအပြီးတွင် မြနှင်းဆီသည်ဓာတ်လှေကားဖြင့် ဟိုတယ်အောက်ဆုံးထပ်သို့ ဆင်းလာခဲ့လေ၏ ။

ပွဲတစ်ပွဲ ကတော့ အောင်မြင်စွာ ပြီးဆုံးသွားပေပြီ။

မြနှင်းဆီ၏ တာဝန် ကတော့ မနက်ဖြန်တွင် ဤပွဲအတွက်ကုန်ကျစရိတ်ဘောက်ချာကို ဆရာ့ကိုပြကာ ကြိုတင်ထုတ်ယူထားသော ငွေများ ခုနှိမ် စာရင်းရှင်းပြီးမှပင် တစ်ပွဲစာ တာဝန်ပြီးဆုံးပေမည် ။

စိတ္တ အောင်၏ စွမ်းရည်ပြပွဲကို တစ်လလျှင် တစ်ကြိမ်သာပြုလုပ်လေရာ ကိုယ်ရေး အတွင်းရေး မှူး ဝန်ထမ်းတစ်ဦး ခန့်ထားလောက်အောင် အလုပ်မများ ဟု ထင်စရာရှိပေသည်။ တကယ်တော့ပွဲတစ်ပွဲကျင်းပဖို့အတွက် ကြိုတင်ပြင်ဆင်ရသည့် လုပ်ငန်းစဉ်မှာ မနည်းလှပေ။

စိတ္တ အောင်၏ ပွဲသည် ပွဲစဉ်ကိုကြေညာ၊ လက်မှတ်ကိုကြိုရောင်းသည့် သာမန်ကြည့်ချင်ပွဲမျိုးမဟုတ်။ ပွဲလုပ်ရက်ကလည်းတစ်လမှ တစ်ကြိမ် ဖြစ်သလို၊ လူဦးရေကိုလည်း ၃ဝ အတိကန့်သတ်ထားသေးသည်။ ပွဲကြည့်ခမှာ လည်း ဈေးကြီးလှပါသည်။

လူတစ်ဦးလျှင် တစ်သိန်းပေးရသည်။

စိတ္တ အောင်လိုပညရှင်မျိုးမှာ လည်း မြန်မာနိုင်ငံ၌ တစ်ယောက် တည်းသာရှိလေရာ စိတ္တ အောင်၏ ပွဲကို ကြည့်လိုသူများ တန်းစီ၍ နေပေသည်။ ကြည့်လိုသူကများ ပြီး ပွဲက တစ်လတစ်ကြိမ်ဖြင့် လူ ၃ဝ သာ တက်ရောက် ခွင့်ပြုထားရာ အဆိုပြုလွှာတင်သွင်းသည့်စနစ်ဖြင့် ထိန်းချုပ်ထားရလေတော့၏ ။

စိတ္တ အောင်ပွဲကိုကြည့်လိုသူများ မှာ အဆိုပြုလွှာကြို၍ တင်သွင်းရပါသည်။ မြနှင်းဆီက ပွဲကြည့်လိုသူများ ၏ လျှောက်လွှာများ ကိုစိစစ်ကာ ရက်ချိန်းပေးရသည်။ ရက်ချိန်းပေးရာတွင် လည်းဆရာနှင့်ညှိနှိုင်း၍ ပွဲရက်ကို သတ်မှတ်ရသည်။ ပွဲလုပ်မည့် ဟိုတယ်တွင် ရက်ယူရသည်။ စရန်သတ်ရသည်။ ပြီးမှ ဖိတ်ကြားရန်ရွေးချယ်ထားသည့် ဧည့်သည်တော် များ ထံ အကြောင်းကြားရပါသည်။ မြနှင်းဆီ ရွေးချယ်ထားသည့်ဧည့်သည်တော် များ သတ်မှတ်ရက်တွင် မအားပါက အရန်ရွေးချယ်ထားသူများ ကို အစားထိုးရပါသည်။ အစားထိုးနိုင်ရန်လည်း ပွဲကိုတက်ရောက်ခြင်းပြုနိုင်မပြုနိုင် တစ်ပတ်ကြိုတင် အကြောင်းကြားရန် ဖိတ်စာထဲတွင် ထည့်ရိုက်ရသေး၏ ။

ပွဲကြည့်ပရိသတ်ဘက်မှလည်း မိမိကို ဖိတ်ကြားသည့်ရက်တွင် လာရောက်ရန်ဆုံးဖြတ်ပြီးပါက တက်ရောက်မည့် အကြောင်း မြနှင်းဆီထံ ဖုန်းဖြင့် ဆက်သွယ်ပြန်ကြားရပါသည်။

ပွဲကြည့်ခကျသင့်ငွေ ကျပ်တစ်သိန်းကိုလည်း ပွဲမစတင်မီ တစ်ပတ်ကြိုတင်၍ မြနှင်းဆီသတ်မှတ်ပေးသော ဘဏ်တွင် စိတ္တ အောင်၏ ငွေစာရင်းထဲသို့ ပေးသွင်းရပါ၏ ။ ဘဏ်သို့ငွေသွင်းပြီးကြောင်းချလန်စာရွက်မှာ ပွဲကြည့်လက်မှတ်ပင် ဖြစ်လေတော့သည်။

သမားရိုးကျ မြန်မာလူမျိုးများ အမြင်ဖြင့် ကြည့်လျှင်တော့အတော် ပင် ကိန်းကြီးခန်းကြီးနိုင်လှသည်ဟု ထင်မှတ်စရာရှိပေ၏ ။

အရာရာကိုစနစ်တကျဖြင့် သေသပ်စွာ စီစဉ်တတ်သော စိတ္တ အောင်၏ အစီအစဉ်မှာ ခုတော့ အသားကျနေပါပြီ။ စိတ္တအောင်ပွဲကိုကြည့်ချင်၍ အဆိုပြုလွှာတင်ထားသူများ မှာ သုံးနှစ် စာမက ရှိနေပေ၏ ။

သည်တော့လည်း ပွဲကို တစ်လတစ်ကြိမ်သာလုပ်သည့်တိုင် ပွဲတစ် ပွဲပြီးစီးသည်အထိ လုပ်ဆောင်ရသည့် အဆင့်ပေါင်းကများ လှပေရာ စိတ္တ အောင်အဖို့ ကိုယ်ရေး အတွင်းရေး မှူး တစ်ယောက် ခန့်မထားလို့ မ ဖြစ်တော့ပေ။

မြနှင်းဆီသည် ဆရာ့လက်အောက်တွင် စက္ကထရီအ ဖြစ်ဝင်ရောက် လုပ်ကိုင်ခဲ့သည်မှာ ၂ နှစ် စွန်း၍ သုံးနှစ် ထဲသို့ပင်ရောက်နေပါပြီ။

မြနှင်းဆီသည် စိတ္တ အောင်၏ ကိုယ်ရေး အတွင်းရေး မှူးအ ဖြစ်သာ မဟုတ်၊ စာရေး မလည်း ဖြစ်သည်။ စာရင်းကိုင်လည်း ဖြစ်သည်။ ဘဏ္ဍာရေး မှူးလည်း ဖြစ်ပေသည်။

တစ်ဦးတည်းသော ဝန်ထမ်းအ ဖြစ် ဆရာ့လုပ်ငန်းများ အားလုံးကို တာဝန်ခံထားရသော မြနှင်းဆီသည် တစ်ကိုယ်ရေသမား စိတ္တ အောင်၏ ကိုယ်ရေး ကိုယ်တာများ အတွက်ပါ အရေး တယူရှိနေမိသည်။

ဆရာသည် ဆွေမျိုးသားချင်းမရှိသော တစ်ကိုယ်တည်းသမား လူပျိုကြီး ဖြစ်ပါ၏ ။ အသက်သုံးဆယ်အရွယ်သာရှိသေးသော ဝင်ငွေကောင်းသည့် အောင်မြင်သူတစ်ဦး ဖြစ်နေသည့်တိုင် စိတ္တအောင်သည် အိမ်ထောင်မပြုသေး။ မိန်းကလေးများ နှင့်လည်းကင်းကင်းရှင်းရှင်းရှိသည့် သိက္ခာသမာဓိရှိသူတစ်ဦး ဖြစ်တာကိုမြနှင်းဆီ သိသိလာရသည်။ မြနှင်းဆီနှင့်ဆက်ဆံရေး တွင် လည်းပကတိရိုးသားဖြူစင်စွာ ဆရာတပည့် ဆက်ဆံရေး ထက်မပိုခဲ့ပေ။

သိက္ခာရှိပြီး တည်ကြည်သော ဆရာ့ကို မြနှင်းဆီလေးစားမိပါသည်။ လေးစားရာမှ ဆရာ့ကိုသံယောဇဉ်တွယ်မိသည်။သို့သော် ဆရာကတော့ မတုန်မလှုပ် ကျောက်ရုပ်ကြီးလိုပါလား။မြနှင်းဆီကတော့ ဆရာ့ကို လိုလေသေးမရှိအောင် အရိပ်ကြည့်နေမိလေ၏ ။

ယနေ့ည ဆရာစိတ်လက်မရွှင်လန်းတာကို မြနှင်းဆီသတိထား မိသည်။ ဆရာ ညစာမစားတာကိုလည်း မြနှင်းဆီသတိပြုမိသည်။

ဆရာစိတ်အနှောင့်အယှက် ဖြစ်သွားသည်မှာ ပွဲနား၍ အားလပ်ချိန်ပေးပြီး နောက်ပိုင်းမှ ဖြစ်လေသည်။ မှတ်မှတ်ရရစောဂျော်နီဆိုသော ပုဂ္ဂိုလ်ကြီး ဆရာ့ကို လာရောက်မိတ်ဆက်သည့်အချိန်တွင် ဖြစ်သည်။ စောဂျော်နီနှင့် စကားပြောရင်းမှ စားရန်ပြင်ဆင်ထားသော အစားအသောက်များ ကို မစားတော့ခြင်းပင် ဖြစ်ပေ၏ ။

ဆရာ ဘာအတွက်များ စိတ်အနှောင့်အယှက် ဖြစ်သွားတာပါလိမ့်။ စိတ်ပညာရှင် တစ်ယောက် ဖြစ်သော ဆရာ့ကို အကဲခတ်ရသည်မှာ ခက်လှပေ၏ ။ သူကသာ သူများ စိတ်ကို သိနေသော်လည်း ဆရာ့စိတ်ကို ကြည့်ဖို့တော့ မလွယ်လှပါလား။

မြနှင်းဆီသည် ရောက်တတ်ရာရာ အတွေးများ တွေးလာခဲ့ရာ ဓာတ်လှေကားက အောက်ဆုံးထပ်တွင် ရပ်သွားပြီးသူ့အလိုလို တံခါးပွင့်သွားမှပင် ဓာတ်လှေကားထဲမှ ထွက်ခဲ့လေတော့သည်။

•••


ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ သေမင်း၏လက်ဗွေရာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဆင်ဝင်စား

ဒေါက်တာစိုးထိုက်နှင့်ရေနန်းသူဇာ

အရိုးတွန်တဲ့ည