Cover

အခန်း (၁)

မပြောပလောက်သော အခြေအမြစ်မရှိသည့် ငြင်းခုံမှု တစ်ခုကြောင့် ထိတ်လန့်ချောက်ချားဖွယ် ဤ ဖြစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

ဇာတ်လမ်းစတင် ဖြစ်ပေါ်ရာ နေရာ ကတော့ မိတ္ထီလာကန်၏ အနောက်ဘက်ကန်ပေါင်ရိုးဘေးရှိ အရက်ဆိုင်ကလေးတွင် ဖြစ်သည်။

မိတ္ထီလာကန်ပေါင်ရိုးဘေးမှ ပေါက်ချောင်းရိပ်သာအမည် ရှိ ရပ်ကွက်ကလေးတွင် လူနေအိမ်ခြေနည်းပါးပြီး အစိုးရရုံးများ ၊ အစိုးရအဆောက်အအုံများ က ပို၍ များ ပြားပေသည်။ ယခုလို ညသန်းခေါင်အချိန်တွင် တိတ်ဆိတ်ချောက်ကပ်နေတတ်၏ ။

ဆည်မြောင်းရုံးများ ရှိရာလမ်းထိပ်မှ အရက်ဆိုင်ကလေးမှာ ယခုထိ မပိတ်သေး။

တစ်ဝိုင်းတည်း ကျန်နေသော အရက်ဝိုင်းကို ထိုင်စောင့်ရင်း ဆိုင်ရှင်မိန်းမမှာ ငိုက်မြည်းနေလေပြီ။ အရက်သောက်နေသူများ မှာ ဆည်မြောင်းဌာန၏ ဆီဗောက်ဆာကားမောင်းသော ဒရိုင်ဘာနှင့် ယာဉ်နောက်လိုက်အကူများ ဖြစ်သည်။

ဆီဗောက်ဆာကားနှစ် စီးသည် ညဆယ်နာရီကျော်မှ ပြန်ရောက်လာကြသည်။ မကွေးမြို့ မိချောင်းရဲရွာနားရှိ ပထနဂိုရ် အမည် ရှိ ဆီထုတ်စခန်းမှာ ဆီထုတ်ယူပြီးပြန်လာကြခြင်း ဖြစ်သည်။

ကားများ ကို ရုံးဝင်းထဲတွင် သိမ်းဆည်းပြီး လမ်းထိပ်ရှိ အရက်ဆိုင်ကလေးတွင် စားသောက်နေကြခြင်း ဖြစ်၏ ။

ခရီးရှည်မောင်းလာရ၍ ဆာလောင်မွတ်သိပ်နေသော ကားသမားများ သည် အရက်သောက်ရင်း အမြည်းများ ကို စားကြရာ ဆိုင်ပေါ်ရှိ အမြည်းများ မှာ ခဏအတွင်း ပြောင်တလင်းခါသွားလေသည်။

ကားသမားများ ပစ်ချသော အရိုးအရင်းများ ကို ခွေးတစ်ကောင်က ကောက်ယူစားသောက်နေ၏ ။ ခွေးနီမသည် အရိုးအရင်း နှင့် အားမရသေးဘဲ ကားသမားများ ၏ ခြေထောက်ကြား တိုးဝှေ့၍ အမြီးတနှံ့နှံ့နှင့် တောင်းနေပြန်သေးသည်။

''မဌေးရေ ...ဘီအီး နောက်ဆုံးတစ်လုံး၊ ထမင်းရှိသေးလား။ ထမင်းကျန်ရင်လည်း ပေးဟာ''

ဆိုင်ရှင်မိန်းမက အရက်တစ်လုံးနှင့် အတူ ထမင်းလက်ကျန်နှင့် ဟင်းအနည်းငယ်ကို ဝိုင်းထဲမှာ ချပေးလိုက် ၏ ။

''စားစရာ ကတော့ အဲဒါ အကုန်ပဲ''

''ဒါဆို ထမင်းချက်ဦးဟာ ဟင်းအတွက်ရော ဘာရှိမလဲ''

''ကြက်ဥပဲ ရှိမယ်''

''ကြက်ဥကြော်ဟာ''

ဆိုင်ရှင်မိန်းမသည် အိပ်ချင်လှပြီ ဖြစ်၍ စိတ်ညစ်ညစ်နှင့် ပဲ ဆန်တစ်အိုးဆေးကာ ထမင်းအိုးတည်ရသည်။ မီးပြန်မွှေးရသည်။

စားသောက်နေကျဖောက်သည်များ မို့ ငြိုငြင်လို့လည်း မ ဖြစ်ပေ။

ကားသမားများ သည် တစ်စတစ်စ မူးယစ်လာပြီမို့ အာ ပေါင်အာရင်းသန်လာကြသည်။ အသံကျယ်လာကြသည်။

ကိုယ့်အတွေ့ အကြုံကိုယ် တစ်ယောက် တစ်ပေါက်ပြောကြရင်း ဆူညံနေကြ၏ ။ ကားမောင်းရင်း ကားသမားဘဝကြုံတွေ့ ရ သော အ ဖြစ်အပျက်များ ကို စားမြုံ့ပြန်နေကြခြင်း ဖြစ်၏ ။

ပြောရင်းမှ သရဲတစ္ဆေများ အကြောင်း ရောက်သွားကြသည်။

''ကျောက်ပန်းတောင်းလမ်းကလျှိုကြီး သိတယ် မဟုတ်လား။ ညသန်းခေါင်ဆို လူ ၇ယောက် အုပ်စု ကားကို လက်တား ကြတယ်တဲ့။ မိတ္ထီလာအထိ ကားကြုံလိုက်ပါရစေဆိုတော့ ကားသ မားက တင်လာတာပေါ့။ လမ်းရောက်လို့ ကားနောက်ခန်းကို လှည့်ကြည့်လိုက်တော့ တစ်ယောက် မျှ မရှိတော့ဘူး။ နောက်မှ စုံစမ်းကြည့်တော့ အဲဒီ နားမှာ ကားမှော က်ဖူးတာကိုး။ ကားမှော က်ပြီး လူ ၇ ယောက် ပွဲချင်းပြီး သေထားတာရှိတယ်တဲ့။ အစိမ်းသေဆိုတော့ မကျွတ်မလွတ်ဘဲ သရဲ ဖြစ်ပြီး ချောက်နေကြတာဗျ''

''အဲဒါက အစိမ်းသေပြီး သရဲ ဖြစ်နေတာ။ ကျတ်တွေ ခြောက်တာ တစ်မျိုးရှိသေးတယ်။ ကားလမ်းနဘေးနားမှာ ရွာတည်ပြီး နေတဲ့ကျတ်တွေ ရှိတယ်။ လူတွေ ကတော့ ဘယ်မြင်ရမလဲ။ ညဆို ကျတ်တွေ က လူယောင်ဆောင်ပြီး ကားလမ်းပေါ်တက်လာကြတာ။

သူတို့ထဲမှာ ချောချောလှလှ မိန်းကလေးတွေ လည်းပါတယ်။ ကားကို လက်တားပြီး ရှေ့နားကရွာကအလှူကို သွားမလို့။ ကားကြုံ လိုက်ပါရစေ ခွင့်တောင်းတာပေါ့''

''အူ''

ခွေးနီမက ကမ်းစပ်ရှိ အမှော င်ထုထဲကို ကြည့်ပြီး ရုတ်တရက် ဆွဲဆွဲငင်ငင် အူလိုက်သည်။

''အာ ...ဒီခွေးမ၊ သရဲအကြောင်းပြောနေလို့ ကြက်သီးထနေတုန်းရှိသေးတယ်။ အလန့်တကြား''

ခွေးနီမအူသံကြောင့် လမ်းကြိုလမ်းကြားမှ ခွေးလေခွေးလွင့်များ ပါ လိုက်အူကြရာ ခွေးအူသံတွေ ဆက်ပြီး ချောက်ချားဖွယ် ဆူညံသွားလေသည်။

''ခွေးတွေ က နာနာဘာဝကို မြင်ရတယ်တဲ့ဗျ''

''ဟာ ...တော် စမ်းပါကွာ။ ဟေ့လူ ...ခင်ဗျား ကျတ်တွေ အကြောင်းဆက်ပြောဗျာ''

''အဲ ...လက်တားတဲ့အထဲမှာ မိန်းမချောကလေးတွေ လည်းပါတော့ ကားသမားက ကားကြုံလိုက်ဖို့ ခွင့်ပြုတာပေါ့။

မိန်းကလေးတွေ ဆီကလည်း အမွှေးနံ့သာတွေ မွှေးကြိုင်နေတာပဲတဲ့ဗျ။ သူတို့ ပြောတဲ့နေရာရောက်တော့ ကားသမားကို ရွာကလမ်းမ ကြီးနဲ့ သိပ်မဝေးလို့ ရွာအထိလိုက်ပို့ပေးဖို့ ပြောကြတယ်တဲ့ဗျ။ သူတို့ လက်ညှိုးထိုးပြတဲ့ဘက်မှာ ဆိုင်းသံဗုံသံတွေ ကြားရပြီး ရွာက မီးရောင် လက်လက်ကိုလည်းမြင်တော့ ကားသမားလည်း မဝေးရင် လိုက်ပို့မယ်ဆိုပြီး လိုက်ပို့တာပေါ့။ မိန်းမချောလေးတွေ ကပါ လိုက်ပို့ဖို့ ပူဆာတာကိုးဗျ''

''အဲဒီ ဒရိုင်ဘာက မင်းလို နှာဘူး ဖြစ်လိမ့်မယ်''

''ငါ- - - ...''

အပြောခံရသူက ပစ်ပစ်နှစ် နှစ် ဆဲလိုက်သည်။

''ပြောမှာ ဆက်ပြောစမ်းပါဗျာ''

အေးနိုင်ဆိုသူ ကားနောက်လိုက်ကလေးက တောင်းဆိုလိုက်သည်။ အေးနိုင်သည် သရဲဇာတ်လမ်းကို နားထောင်ပြီး ကြက် သီးဖြန်းဖြန်းထကာ ကြောက်လန့်နေ၏ ။ သို့ သော် လူ့သဘာဝ အတိုင်း ကြောက်စရာ၊ လန့်စရာကိုမှ မြင်ချင်သိချင်သည့် ထုံးစံအတိုင်း နားမထောင်ဘဲလည်း မနေနိုင်ပေ။

''အဲဒီ လိုနဲ့ ရွာရောက်သွားတာပေါ့။ ရွာမှာ ကလည်းဟေ့၊ အိမ်တိုင်း အိမ်တိုင်း မီးတွေ ထိန်လင်းလို့တဲ့။ လူတွေ ကလည်း အဝတ်အစားအသစ်တွေ ဝတ်စားထားလို့တဲ့။ ကားကြုံစီးတဲ့လူတွေ က အလှူထမင်းဟင်း စား သွားပါဦး၊ ဒီမှာ ပဲ ပွဲကြည့်ပြီး တစ်ည အိပ်လိုက်ပါလားနဲ့ ဖိတ်ကြတာပေါ့။ အစားအသောက်လည်း ကျွေး၊ အရက်ပါတိုက်တော့ တို့ကားသမား မနေနိုင်တော့ဘူးဟေ့။ ညအိပ်မယ် ဖြစ်ရော။

''စားသောက်ပြီးတော့ ပွဲဈေးတန်းလျှောက်ကြရအောင်ဆိုတာနဲ့ လိုက်သွားတာပေါ့။ ဒါနဲ့ ပွဲကြည့် ဖြစ်သွားတယ်။ ပွဲကလည်း ကောင်းလိုက်တာတဲ့ကွာ။ လူပြက်တွေ ဆိုတာလည်း ရယ်လိုက်ရတာ အူကို နှိပ်နေရတာ ပဲတဲ့။ ဒီလိုနဲ့ ပွဲကြည့်ရင်း လူကလည်း မူးမူးနဲ့ အိပ်ငိုက်သွားလိုက်တာ ဘယ်အချိန် အိပ်ပျော်သွားမှန်းတောင် မသိလိုက်ဘူး။ မနက်အိပ်ရာနိုးလို့ ကြည့်လိုက်တော့ သင်္ချိုင်းကုန်းထဲက အုတ်ဂူတွေ ၊ မြေပုံတွေ အလယ်မှာ ရောက်နေတာတဲ့။ အဲဒီ တော့မှ သူ့ကို ကျတ်တွေ လှည့်စားမှန်း သိတော့တာ''

''လိပ်ပြာနှုတ်မသွားတာ ကံကောင်းတာပေါ့ကွာ''

သူတို့စကားကို နားထောင်ရင်း နောင်နောင် နားကြားပြင်းကတ်လာသည်။

''ဒါတွေ က လူတိုင်းကြားဖူးတဲ့ သရဲတစ္ဆေပုံပြင်တွေ ပါဗျာ။ တကယ်မဟုတ်ပါဘူး''

ဇာတ်ကြောင်းပြောပြသူက နောင်နောင့်ကို ဘုကြည့်ကြည့်သည်။

''အောင်မယ် ...မင်းက မယုံဘူးလား''

''မယုံဘူးဗျာ။ အခုပြောတာ ခင်ဗျားတို့ကိုယ်တိုင် တကယ်ြ ကုံရတာ လည်း မဟုတ်ဘူး။ ကြားဖူးနားဝတွေ လျှောက်ပြောနေ တာပဲဗျ''

''မင်းက သရဲရှိတာ မယုံဘူးပေါ့''

''မယုံဘူး''

''ဒါဆိုရင် ကိုယ်တွေ့ အကြောင်း ပြောပြမယ်''

ဒရိုင်ဘာကိုသန်းဝင်းက ဝင်ပြောသည်။

''အစ်ကို့ ကိုယ်တွေ့ လား''

နောင်နောင်က မေးလိုက်သည်။

''ငါ့ကိုယ်တွေ့ တော့ မဟုတ်ဘူး။ ဘတင်အောင်ကိုယ်တွေ့ ကွ။ ဘတင်အောင်မှ မသေသေးပဲ။ မင်း သွားမေးလို့ရတယ်''

ဘတင်အောင်ဆိုသည်မှာ ပင်စင်ယူသွားသည့် ဒရိုင်ဘာအိုကြီး ဦးတင်အောင်ကို ဆိုလိုခြင်း ဖြစ်သည်။

နောင်နောင်က သိပ်မကျေနပ်သော်လည်း ကိုသန်းဝင်းမှာ သူ့ဆရာ ဒရိုင်ဘာ ဖြစ်နေသည့်အတွက် ဆန့်ကျင်မပြောချင်၍ ငြိမ်နေလိုက်သည်။ နောင်နောင်သည် ကိုသန်းဝင်းမောင်းသော ဆီဗောက်ဆာတွင် ယာဉ်နောက်လိုက် အကူလုပ်နေခြင်း ဖြစ်၏ ။

''မန္တလေးက အပြန်မှာ ကျောက်ဆည်အလွန်နားက စေတီလေးတစ်ဆူရှေ့မှာ မိန်းမ တစ်ယောက် က ဘတင်အောင်ကားကို တားတာတဲ့ကွ။ ကောင်မက တော် တ်ာချောတယ်ဆိုပဲ။ ဘတင်အောင် ကားပေါ်ခေါ်တင်လာတော့ မိန်းမက စကားတွေ တော် တော် ပြောတာတဲ့။ ကူမဲလွန်လာတော့ တော် တော် မှော င်နေပြီ။ အမျိုးသမီးဆီက စကားသံထွက်မလာတော့ဘဲ တိတ်နေလို့ ဘတင်အောင်က လှည့်ကြည့်လိုက်တော့''

''အမျိုးသမီး မရှိတော့ဘူးပေါ့''

''မဟုတ်ဘူးကွ။ ရှိတယ်၊ ဒါပေမဲ့ ကိုယ်လုံးပဲရှိတော့တယ်။ ခေါ င်းမရှိတော့ဘူး။ ခေါင်းကြီးပြတ်ပြီး ကိုယ်လုံးချည်း ထိုင် နေတာတဲ့။ ဘတင်အောင် သတိကောင်းလို့ပေါ့။ လမ်းဘေးကားထိုးရပ်ပြီး ဘုရားစာတွေ ရွတ်လိုက်မှ ပျောက်သွားတာတဲ့။ တော် ရုံ ကားသမားဆိုမလွယ်ဘူး။ လိပ်ပြာလွင့်ပြီး ကားမှော က်သွားနိုင်တယ်''

''ဒါမျိုးဇာတ်လမ်းလည်း ကြားဖူးတာပဲ''

''မင်းမယုံရင် ဘတင်အောင်ကို သွားမေးလို့ ရပါတယ်ဆိုကွာ''

''တော် ပါဗျာ။ တကယ်တော့ သရဲဆိုတာ မရှိပါဘူး''

''သရဲမြင်ရင် ဖင်ထောင်ပြေးမယ့်ကောင်ကများ ''

''ခင်ဗျားတို့ ဘာပြောပြောဗျာ။ ကျွန်တော် တော့ မယုံဘူး''

''ဟေ့ကောင် ...မင်း သရဲမြင်ရမယ်ဆိုရင် ကြည့်ရဲလား''

''ကြည့်ရဲပဗျာ။ ဘယ်မှာ လဲ။ ကဲ ...ပြပါဦး''

''ခွေးတွေ က သရဲကို မြင်တယ်ကွ။ ညည ခွေးတွေ အူတာ၊ ဟောင်တာ အကြောင်းမဲ့ မဟုတ်ဘူး။ သရဲတစ္ဆေတွေ မြင်လို့ကွ''

ကိုအောင်ကြီးဆိုသူ ဒရိုင်ဘာကြီးကလည်း ဝင်ထောက်ခံသည်။

''ဟုတ်တယ်ဗျ။ ခွေးမျက်ချေးကို မျက်လုံးမှာ သုတ်ရင် သရဲတစ္ဆေ နာနာဘာဝတွေ မြင်ရတယ်တဲ့''

''ဒီကောင့်မျက်လုံးကို ခွေးမျက်ချေးသုတ်ပေးလိုက် ဦးမှ ထင်တယ်''

''အေး ...ဟုတ်တယ်''

''ကောင်းတယ်''

''လုပ်ကွာ''

လူတွေ က မူးနေကြပြီ။

တကယ်တော့ သရဲအကြောင်းပြောနေကြသူတွေ က သရဲကို မျက်မြင်တွေ့ ဖူး၊ မြင်ဖူးသူတွေ မဟုတ်။ ယုံကြည်ကြလွန်း၍ ပြောနေကြခြင်းလည်း မဟုတ်။

နောင်နောင်က သူတို့စကားကို ပြက်ရယ်ပြုဆန့်ကျင်သည့်အခါ မခံချင် ဖြစ်လာကြသည်။ မူးလည်း မူးနေကြပြီမဟုတ်လား။

''နီမ ...နီမ ...အို့ ...အို့''

ခွေးနီမက စားကြွင်းစားကျန်များ စားပြီးဝလို့ ခပ်လှမ်းလှမ်းမှာ အိပ်ပင်အိပ်နေချေပြီ။ ခေါ်သံကြားသည့်အခါ ခေါင်းထောင် ကြည့်၏ ။

''တောက် ...တောက် ...တောက် ...တောက်''

အစာကျွေးဖို့ ခေါ်သည်မှတ်၍ နီမ ထ၍ ပြေးလာသည်။

ကိုသန်းဝင်းက ခွေးကို ဖမ်းချုပ်လိုက်သည်။ ခေါင်းကို ကိုင်၍ မော့ပေးထားသည်။

ကိုအောင်ကြီးနှင့် မောင်အေးနိုင်က နောင်နောင့်ကို ချုပ်ပေးထားကြ၏ ။

မောင်ဖြူလေးက ခွေးမျက်လုံးနှစ် ဖက်မှ မျက်ချေးများ ကို လက်ညှိုးဖြင့် မရွံမရှာကော်ထုတ်ယူလိုက်သည်။

''ဟေ့လူတွေ ၊ ခင်ဗျားတို့ ဘာလုပ်ကြမလို့လဲ''

''သုတ် ...သုတ်''

ခွေးမျက်ချေးများ ကို နောင်နောင့်မျက်လုံးနှစ် ဖက်သို့ သုတ်လိမ်းလိုက်သည်။ နောင်နောင် ရုန်းသည်။

အကာလ ညအခါကြီးတွင် သူတို့တစ်စုတည်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏ ။

နောင်နောင်က မျက်လုံးကို စုံမှိတ်ထားသော်လည်း မရ။ ချုပ်ပေး သူတွေ က ချုပ်ပေးထားသည်မို့ ခွေးမျက်ချေးများ နောင်နောင့် မျက်ဝန်းတစ်ဝိုက် ပေကျံကုန်သည်။

''ခင်ဗျားတို့ တော် တော် စုပ်ပဲ့တဲ့ လူတွေ ပဲဗျာ''

နောင်နောင်က တံတွေးကို ထွီခနဲ ထွေးရင်းပြောလိုက်သည်။ သူ့မျက်ခွံမှ မျက်ချေးများ ကို ပုဆိုးစဖြင့် သုတ်ပစ်လိုက်သည်။ စေးထန်းထန်း ခွေးမျက်ချေးများ သည် အကုန်အစင် ပျက်မသွားပေ။ မျက်လုံးတစ်ဝိုက်မှာ ကပ်စေးစေးနှင့် ကျန်နေသေး၏ ။

''မဌေးရေ ...တစ်လုံးပေးဦးဟေ့''

ဆိုင်ရှင်မက ဆောင့်ဆောင့်အောင့်အောင့်နှင့် အရက်တစ်လုံးကို လာချပေးသည်။ သူမ စိတ်မရှည်တော့ပေ။

''ကဲ ...ထမင်းလည်း ကုန်ပြီ။ ဒီတစ်လုံးကုန်ရင် ပြန်ြ ကတော့ဗျာ။ အိပ်ရေး ပျက်ရတဲ့အထဲ ခင်ဗျားတို့က ကြောက်စရာတွေ လျှောက်ပြောနေသေးတယ်''

မဌေးစကားကို အားလုံးက ဟားတိုက်ရယ်လိုက်ကြသည်။

''အေးပါဟ။ ဒါပြီး တော် ပါပြီ''

မောင်ဖြူက အရက်တစ်လုံးကို ဖန်ခွက်လေးလုံးထဲမျှ ထည့်ပေးပြီး 'လပ်စကပ်' ဟု ပြောလိုက်သည်။ ထိုစဉ် လျှပ်စီးတစ်ချက်လက်လိုက်၏ ။

မိုးကလေး တဖွဲဖွဲ ကျလာ၏ ။

ကောင်းကင်မှာ ကြယ်တွေ ပျောက်သွားပေပြီ။

''ဟေ့ကောင် နောင်နောင်၊ မင်းမပြန်ရဲရင် ငါ့အိမ် လိုက်အိပ်''

ကိုသန်းဝင်းက သူ့တပည့်ကို ပြောလိုက်သည်။

နောင်နောင်က အရက်ကိုမော့ရင်း ခေါင်းယမ်းပြ၏ ။

''ရုံးထဲမှာ ပဲ အိပ်ချင်အိပ်လိုက်''

''ရပါတယ်။ အိမ်ပဲ ပြန်မယ်''

ဒီတစ်ခေါက် လေးရက်ကြာသွားသည်။ အမေနှင့် လည်း တွေ့ ချင်လှပြီ။ အိမ်မပြန်ဘဲ သည်နားမှာ ပဲ အိပ်လိုက်ရင် ကြောက် လို့ဟု အထင်ခံရမှာ လည်း စိုးသည်။

''မင်းပြန်ရင် ဘုန်းကြီးသရဲနဲ့လည်း တွေ့ နေဦးမယ်နော်''

သည်နေရာမှာ ဘုန်းကြီးသရဲရှိတယ်လို့ နာမည် ကြီးနေတာ နှစ် ပေါင်းများ စွာ ကြာပြီ။

ဘယ်ခေတ်ကတည်းကရှိနေခဲ့တဲ့ ဘုန်းကြီးသရဲလည်းတော့ မသိ။ ညသန်းခေါင် တစ်ယောက် တည်းသွားသူ၊ ပြန်သူများ တွေ့ တတ်သည်ဟု ဆိုသည်။ လူနှစ် ယောက် သုံးယောက် ၊ ဒါမှမဟုတ် အုပ်စုလိုက်ဆိုလျှင် ဘုန်းကြီးသရဲကမခြောက်။ တစ်ယောက် တည်းသမားကိုသာ ကိုယ်ထင်ပြတတ်သည်။

ကန်စပ်တွင် ခေါင်းတုံးကြီးနှင့် သင်္ကန်းကြီးရုံပြီးရပ်နေသော ဘုန်းကြီးကြီးကို တွေ့ သူများ တွေ့ ကြ၏ ။ သင်္ကန်းကြီးမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်ဟု ဆိုသည်။

ရဲရင့်သူတစ်ဦးဦးက ဘုန်းကြီးထံ လျှောက်သွားသည့်အခါ ဘုန်းကြီးသရဲက အကပ်မခံ။ ပျောက်လည်းပျောက်မသွား။ ခပ်ဝေး ဝေးသို့ လျှောက်သွားတတ်သည်။ အနီးကပ်မခံ။

ဘုန်းကြီးနောက်ကို သဲသဲမဲမဲ လိုက်လျှင်တော့ ကန်ထဲသို့ ဆင်းလျှောက်သွားသည်ကို တွေ့ ရသည်။ ကန်ထဲမှာ ခေါင်းမြှုပ် သည်အထိ လမ်းလျှောက်သွားရင်းမှ ပျောက်ကွယ်သွားတတ်သည်ဟု ဆိုသည်။

ဟုတ်မဟုတ်တော့မသိ။ ဘုန်းကြီးသရဲပုံပြင်မှာ လည်း လူပြောများ ပြီး နာမည် ကြီးလှသည်။ တော် ရုံ တစ်ယောက် တည်း ကန်ပတ်လမ်းမှာ ညသန်းခေါင် မဖြတ်ရဲ၊ မသွားရဲကြပေ။ အရက်လည်း ကုန်ပေပြီ။

မိုးလည်း တဖွဲဖွဲကျနေဆဲ ဖြစ်သည်။

လေးယောက် လူစုခွဲလိုက်ကြသည်။

နောင်နောင်မှအပ ကျန်သုံးယောက် မှာ ရုံးဝန်ထမ်းတန်းလျားမှာ နေသူများ ဖြစ်သည်။ နောင်နောင်က နန်းတော် ကုန်းအထိ ပြန်ရပေမည် ။

''နောင်နောင်၊ မင်းရုံးထဲမှာ ပဲ အိပ်လိုက်ပါကွာ။ အရမ်းမှော င်နေပြီ။ ၁၂ နာရီကျော်ပြီကွ''

''ရပါတယ် ...ပြန်မယ်''

''မိုးရွာနေလို့ ပြောတာကွ''

နောင်နောင်က ဇွတ်ပြန်လာခဲ့သည်။

''ဟေ့ကောင် ဘုန်းကြီးသရဲနော် ...ဘုန်းကြီးသရဲ''

ခပ်လှမ်းလှမ်းရောက်သည့်အခါ မောင်အေးနိုင်က လှမ်း၍ နောက် ဖြစ်အောင် နောက်လိုက်သေးသည်။

* * * * *


လမိုက်ညလည်း ဖြစ်သည်။

မိုးမှော င်ကလည်း ကျနေသေး၏ ။

တစ်လမ်းလုံးမှာ မှော င်အတိပြီးနေသည်။

လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်ကြီးများ ယိမ်းထိုးပြီး သစ်ရွက်ချင်း လှုပ်ခတ်မှု ကြောင့် ထွက်ပေါ်လာသော အသံများ မှာ မကောင်းဆိုးဝါးများ သံပြိုင်အော်ဟစ်ရယ်မောလိုက်သည့်သဖွယ် အဆက်မပြတ် ရှည်လျားစွာ ပေါ်ထွက်နေသည်။

ခပ်ဖွဲဖွဲကျနေသော မိုးစက်များ မှာ နောင်နောင့်မျက်နှာပေါ်သို့ လာရောက်ပက်ဖျန်းနေသည်။

နန်းတော် ကုန်းရပ်ကွက်ရောက်သည်ထိ တစ်မိုင်ခန့် လျှောက်ရပေဦးမည် ။

အိမ်ပြန်လမ်းတစ်လျှောက်မှာ လူနေအိမ်ခြေမရှိချေ။

တစ်ကောင်ကစ၍ အူလိုက်သော ခွေးအူသံသည် နောက်မှလိုက်အူသော ခွေးအူသံများ ကြောင့် အဆက်ပြတ်တော့သည် မရှိဘဲ ဝန်းကျင်တစ်ခုလုံး ချောက်ချားဖွယ် ဖုံးလွှမ်းသွားလေ၏ ။

နောင်နောင်သည် ကန်နှစ် ကန်ကြားမှ ဖြတ်လျှောက်လာခဲ့သည်။

နောင်နောင် လျှောက်လာရာလမ်း၏ ညဘက်ဘေးမှာ ကျယ်ပြောသော မိတ္ထီလာကန်မကြီး ဖြစ်သည်။

လမ်းခြားလျက် ဘယ်ဘက်တွင် ကန်ငယ်တစ်ခုရှိသေးသည်။ ရေဆိုးကန်ဟုခေါ်သည်။ မြို့အနာက်ခြမ်းမှ မြောင်းအသွယ် သွယ်ဖြင့် စီးဆင်းလာသော ရေများ သည် ရေဆိုးကန်ထဲသို့ စီးဝင်သည်။ ဆေးရုံမှ စွန့်ပစ်လိုက်သော အညစ်အကြေးများ သည်လည်း ရေဆိုးကန်ထဲသို့ ပင် စီးဝင်သည်။

ရေဆိုးကန်သည် ရေဖုံးလွှမ်းသော အမှိုက်ပုံကြီးသဖွယ် ဖြစ်ပေ၏ ။ ရေဆိုးကန်နှင့် ကန်မကြီးကို အဆက်အစပ်မရှိအောင် လူသွားလမ်းမက ခြားထား၏ ။ သို့ ရာတွင် မိုးတွင်းလိုအခါမျိုး မိုးသည်းထန်၍ ရေလျှံလျှင်တော့ ရေဆိုးကန်နှင့် ကန်မကြီးမှာ တစ်ဆက်တည်း ဖြစ်သွားပြီး ညစ်ညမ်းသော ရေများ မှာ လည်း မိတ္ထီလာကန်မကြီးထဲသို့ စီးဝင်ရောက်ရှိသွားသည်ပင်။ ကန်ရေကိုပင် သောက်သုံးကြသော မြို့သူမြို့သားများ အတွက်တော့ အော့နှလုံးနာစရာပင်။

ရေဆိုးကန်ဘက်မှ လေတစ်ချက် တိုက်လိုက်သည့်အတွက် ညှီစို့စို့အနံ့ကြီး ပျံ့လွင့်လာသည်။

ကန်စပ်သို့ ရေရိုက်ခတ်သံ တဝုန်းဝုန်းကို ကြားနေရ၏ ။

နောင်နောင့် မျက်လုံးထောင့်စွန်းဝယ် ကန်စပ်တွင် ရပ်နေသည့် ဖြူဖြူအရိပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ကြက်သီးထ သွားသည်။ လှည့်မကြည့်ရဲဘဲ မျက်နှာကို တစ်ဖက်လွှဲလိုက်၏ ။

သို့ ရာတွင် ကြောက်သည်က တခြား။ ကြည့်ချင်သည်က တခြား။ မကြည့်ဘဲ မနေနိုင်တော့၍ လှည့်ကြည့်လိုက်သည်။ အရေး ရှိရင် ပြေးဖို့လည်း ဟန်ပြင်ထားလိုက်သည်။ ဘုန်းကြီးသရဲများ လား။

ဖြူဖြူကာင်ကြီးသည် ကန်စပ်တွင် မလှုပ်မယှက်ပင်ရပ်နေ၏ ။ သေချာကြည့်လိုက်တော့ ကန်နယ်နိမိတ်ကို ပိုင်းခြားပြထား သည့် ထုံးဖြူသုတ်ထားသော သစ်သားတိုင်ကြီး။

သက်ပြင်းမောကို ချလိုက်သည်။

ခပ်သုတ်သုတ်ပင် လျှောက်လာခဲ့၏ ။

ရှေ့နားမှာ ကန်ကို ဆန့်ကျင်၍ ခွဲထွက်သွားသော လမ်းခွဲလေး တစ်ခုရှိသည်။ လူနေအိမ်ခြေများ ရှိရာသို့ သွားသော လမ်းချိုး လေး ဖြစ်ပါသည်။

လမ်းထိပ်တွင် အလင်းရောင် ခပ်ပျပျလေး လင်းနေသော မီးတိုင်တစ်တိုင်ရှိသည်။

မီးအလင်းရောင် အောက်ဝယ် လမ်းထိပ်၌ ထိုင်နေသော လူနှစ် ယောက် ကို နောင်နောင် လှမ်း၍ မြင်လိုက်သည်။ လူကြီးတစ် ယောက် နှင့် ကလေး တစ်ယောက် ၏ သဏ္ဍာန် ဖြစ်သည်။

သူတို့သည် လမ်းထိပ်အုတ်ခုံတွင် ထိုင်နေကြခြင်း ဖြစ်၏ ။

စိတ်ချောက်ချားဖွယ် မိုးမှော င်ညသန်းခေါင်ယံတွင် မိမိကဲ့သို့ လူနှစ် ယောက် ကို မြင်လိုက်ရ၍ နောင်နောင် အနည်းငယ် စိတ်သက်သာရာရသွား၏ ။

ဆက်လျှောက်လာရာ သူတို့အနီးသို့ ရောက်လာသည်။.

ထိုစဉ် အုတ်ခုံမှာ ထိုင်နေသော ကလေးငယ်က နောင်နောင့်အား လှမ်းအော်ခေါ်လိုက်သည်။

''ဟေ့ကောင် ...နောင်နောင်''

ကလေးငယ်က သူ့နာမည် ကိုသိနေ၍ နောင်နောင် အံ့သြသွား၏ ။ သူ့ကို ''ဟေ့ကောင်'' ဟု ထည့်ခေါ်လိုက်သည့်အတွက် လည်း ပို၍ အံ့သြမိသေး၏ ။

''ဟေ့ကောင် နောင်နောင် နေပါဦးကွ''

သူတို့နှစ် ယောက် အုတ်ခုံမှ ထလာကြ၏ ။

နောင်နောင်သည် သူ့ထက် အများ ကြီးငယ်သော ကောင်လေးကို ဂရုစိုက်ကြည့်မိသည်။

ကောင်လေးမှာ အသက် ၉ နှစ် ၊ ၁ဝ နှစ် လောက်ပဲ ရှိဦးမည် ။ ကျောင်းစိမ်းဘောင်းဘီလေးနှင့် ကျောင်းယူနီဖောင်းအင်္ကျီကို ဝတ်ဆင်ထား၏ ။ မျက်နှာမှာ ကုလားဆင် ဖြစ်ပြီး အသားတော် တော် ဖြူသော ကောင်လေး ဖြစ်သည်။

သည်အချိန်ထိ ကျောင်းဝတ်စုံမချွတ်သေးဘဲ ဒီနေရာမှာ ဘာလုပ်နေပါလိမ့်။ တစ်ကိုယ်လုံးလည်း ရေတွေ စိုရွှဲနေသည်။

ကောင်လေး၏ ဦးခေါင်းပေါ်မှ ရေစက်များ က တပေါက်ပေါက် စီးကျနေ၏ ။

'နောင်နောင် မင်း အလုပ်က ပြန်လာတာလား။ မိုးချုပ်လှပါရောကွ''

ကောင်လေးက ပြောပြန်သည်။

သူ့ကို ရွယ်တူတန်းတူလို ဆက်ဆံပြီး 'မင်း' နှင့် 'ငါ' နှင့် ပြောနေသည့် ကောင်လေးကို နောင်နောင် စိတ်တိုသွား၏ ။

ဘယ်လိုကလေးလဲ။ ရိုင်းလှချည်လား။ သူ့ကို တစ်ခါမျှလည်း မမြင်ဖူး၊ မတွေ့ ဖူးပါ။

''ငါ့တူ အလုပ်က ပြန်လာတာလားကွယ့်''

လူကြီးက ပြုံးပြရင်း နှုတ်ဆက်လိုက်သည်။

''ဟုတ်ကဲ့ ...လေးလေး''

လူကြီးအသက်မှာ ၄ဝ ကျော်လောက်ရှိမည် မို့ လေးလေး လို့ပဲ ခေါ်လိုက်သည်။

''မီးခြစ်လေးများ ပါရင် တစ်ဆိတ်လောက် ငါ့တူရယ်''

နောင်နောင်က အင်္ကျီအိတ်ကပ်ထဲမှာ ဓာတ်ငွေ့မီးခြစ်ကို ထုတ်ပေးလိုက် သည်။

''ကျေးဇူပဲ ငါ့တူ''

မီးခြစ်ခြစ်၍ ဆေးလိပ်မီးညှိလိုက်သော အခါ လူကြီးမျက်နှာကို ထင်ထင်ရှားရှား မြင်လိုက်ရ၏ ။

လူကြီး၏ ညာမျက်လုံးအောက်ရှိ မှဲ့ကြီးမှာ လူကြီးမျက်နှာတွင် သိသာထင်ရှားလွန်းသော အမှတ်အသားကြီး ဖြစ်သည်။ မှဲ့ကြီး သည် လက်သန်း၏ လက်သည်းခွံလောက်ပင်ရှိပြီး ဖုဖုကြီး ထင်နေ၏ ။

''ငါ့တူက ဒီဘက်ကို ပြန်မှာ မို့လား။ လမ်းလျှောက်ရင်း စကားပြောကြစို့ ငါ့တူ''

နောင်နောင် ပြန်မည့် မြောက်ဘက်ကိုလက်ပြ၍ လူကြီး ပြောသည်။

ကောင်လေးက ဝင်ပြောပြန်သည်။

''ဟုတ်တယ် အဘ၊ ဒီကောင်က နန်းတော် ကုန်းမှာ နေတာ။ အဲဒီ ဘက်ကို ပြန်မှာ ပဲ''

နောင်နောင်တို့သုံးယောက် လမ်းအတိုင်း ဆက်လျှောက်လာခဲ့ကြ၏ ။

''နာမည် က နောင်နောင်တဲ့လား''

''ဟုတ်ကဲ့ ...အပြည့်အစုံက ရန်နောင်ဦး ပါ လေးလေး''

''သြော် ...သြော် ...လေးလေးနာမည် ကတော့ ဦးညိုမောင် လို့ ခေါ်တယ်ကွယ့်။ တွေ့ တွေ့  ချင်းပဲ လေးလေးက ငါ့တူကို အကူအညီတစ်ခု တောင်းပါရစေကွယ်''

''ရပါတယ်။ ကျွန်တော် ကူညီနိုင်ရင် ကူပါ့မယ်''

ဦးညိုမောင်ဆိုသော လူကြီး ပြောပုံဆိုပုံက ရည်ရည်မွန်မွန်မို့ နောင်နောင်က အပန်းမကြီးလျှင် အကူအညီပေးရန် ဆုံးဖြတ် လိုက်သည်။

''ဘူတာဟောင်းဆိုတဲ့ ရပ်ကွက်ကို ငါ့တူ သိသလား''

''သိပါတယ် လေးလေး။ ကျွန်တော် မိတ္ထီလာသားပဲ''

''အေးကွယ့်။ ဘူတာဟောင်းလမ်းအတိုင်း (----) လမ်းနဲ့ ဆုံတဲ့ လမ်းဆုံရှိပါရော''

''ဟုတ်ကဲ့''

''အဲဒီ လမ်းထိပ်မှာ အိမ်ကြီးတစ်အိမ်ရှိတယ်ကွယ့်။ နှစ် ထပ်ပျဉ်ထောင်အိမ်ကြီး၊ အဲဒီ အိမ်မှာ ဦးကောင်းမြတ်ဆိုတဲ့လူရှိတယ်။ လေးလေးကို အဲဒီ အိမ်ကို သွားပေးပါလား ငါ့တူ''

''ဟုတ်ကဲ့ ကျွန်တော် က ဘာသွားလုပ်ပေးရမှာ ''

''ပစ္စည်းတစ်ခုပေးခိုင်းချင်လို့ပါကွယ်''

''ရတယ်လေ''

''လေးလေးပြောတဲ့ နေရာကို မှတ်မိရဲ့ လား။ ပြန်ပြောပြပါဦး''

''ဘူတာဟောင်းလမ်းနဲ့ (----) လမ်းဆုံက အိမ်ကြီး၊ အိမ်ရှင် နာမည် က ဦး ---''

''ဦးကောင်းမြတ်ကွယ့်''

''ဟုတ်ကဲ့ ...ဦးကောင်းမြတ်။ မှတ်မိပါပြီ''

နောင်နောင်တို့ စကားတပြောပြောနှင့် လျှောက်လာခဲ့ရာ ပေါက်ချောင်းဈေးထိပ်သို့ ပင် ရောက်လာခဲ့ပြီ။

ပေါက်ချောင်းဈေးရှိ သားငါးတန်းမှ အညှီအဟောက်များ ကို စားသောက်နေသော ခွေးနှစ် ကောင်က နောင်နောင်တို့ သုံးယောက် ကိုအမြင်တွင် သံရှည်ဆွဲ၍ အူလိုက်ကြသည်။

ဦးညိုမောင်က လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။

''တခြားမဟုတ်ပါဘူးကွယ်။ ဟောဒီအင်္ကျီကို ကောင်းမြတ်ကို ပေးခိုင်းချင်လို့ပါ''

ဦးညိုမောင်က ပြောရင်း သူ ဝတ်ထားသည့် သားရေဂျာကင်ကြီးကို ချွတ်လိုက်သည်။

နောင်နောင် အံ့သြသွားသည်။

သားရေဂျာကင်မှာ အဟောင်းကြီး ဖြစ်သည်။ တချို့နေရာများ မှာ အပေါက်အပြဲများ ပင် ဖြစ်နေပြီ။

''ဒါ ကောင်းမြတ်အင်္ကျီကွယ့်။ ကောင်းမြတ်နဲ့ တွေ့ တဲ့အခါ သူ့ အင်္ကျီကို ညိုမောင်က ပြန်ပေးလိုက်တယ်လို့ ပြောပြီး ပေးလိုက် ပါကွယ်''

ဦးညိုမောင်က အင်္ကျီဟောင်းကြီးကို နောင်နောင့်ကို ကမ်းပေးလိုက် ၏ ။ နောင်နောင် ယူထားလိုက်ရသည်။

အင်္ကျီကြီးကို ငုံ့ကြည့်လိုက်တော့ သားရေ ကတော့ သားရေအကောင်းစားပင်။ သို့ သော် ဟောင်းနွမ်းစုတ်ပြတ်နေပြီ။ အင်္ကျီလက်စည်း၏ လက်တစ်ဖက်မှာ ရှိပင်မရှိတော့။ အနားများ ဖွာ၍ ပြဲနေပြီ။

ဒါလောက်စုတ်တဲ့ အင်္ကျီကြီးကို လူကြုံပေးခိုင်းနေ၍ နောင်နောင် အံ့လည်းအံ့သြသည်။ စိတ်လည်း ညစ်သွား၏ ။

''ဟေ့ကောင် ...နောင်နောင်၊ အဘခိုင်းတာ လုပ်ပေးလိုက် ပါကွာ''

ကောင်လေးက ဝင်ပြောပြန်သည်။

နောင်နောင် စိတ်တိုသွားရပြန်သည်။

''ကဲ ...ကဲ ...သွားကြစို့ ငါ့တူ။ ဒီအင်္ကျီကိုသာ ကောင်းမြတ်ဆီရောက်အောင် ပို့ပေးပါကွယ်။ ကျေးဇူးတင်ပါတယ်''

နောင်နောင်က ဂျာကင်ကြီးကို လိပ်၍ ကိုင်လိုက်သည်။

ဂျာကင်ကြီးဆီမှ အောက်သိုးသိုးအနံ့ကြီး ထွက်လာ၏ ။

''ငါတို့ ကန်ပတ်လမ်းအတိုင်းပြန်တော့မှာ ။ မင်းလည်းပြန်တော့ နောင်နောင်။ မိုးသိပ်ချုပ်နေပြီ။ အဘခိုင်းတာသာ ရောက် အောင် ပို့ပေးလိုက် ကွာ။ ကြားလား''

''လေးလေးတို့သွားမယ် ငါ့တူ''

သူတို့နှစ် ယောက် က နှုတ်ဆက်ပြီး ကန်ပတ်လမ်းအတိုင်း ဆက်လျှောက်သွားကြသည်။

နောင်နောင်က လမ်းအတိုင်းတည့်တည့် ပြန်ရမည် ဖြစ်၏ ။

အဘိုးကြီးနှင့် ကောင်လေး ကန်ပတ်လမ်းထဲလျှောက်ဝင် ပျောက်ကွယ်သွားသည်ထိ ကြည့်နေပြီး နောင်နောင် ဆက် လျှောက်လာခဲ့၏ ။

အကျဉ်းထောင်နားရောက်သည့်အခါ အကျဉ်းမျှော်စင်မှ တစ်နာရီသံချောင်းခေါက်သံကြားရသည်။

ဘောလုံးကွင်း၊ ထောင်၊ ဘဏ်၊ စုပေါင်းရုံး စသည့် လူမနေသည့် အဆောက်အအုံများ ကို ဖြတ်သန်းကာ ညအမှော င် ထုထဲတွင် နန်းတော် ကုန်း ရှိနေအိမ်အရောက် ခပ်သုတ်သုတ် လျှောက်ပြန်ခဲ့၏ ။

နောင်နောင့်လက်ထဲမှာ တော့ ဦးညိုမောင်ပေးလိုက် သည့် သားရေဂျာကင်အဟောင်းကြီး။

* * * * *


''အမယ်လေး ...သူတို့လိုက်လာကြပြီ။ သူတို့လိုက်လာကြပြီ။ လု ပ်ကြပါဦး။ သရဲတွေ ...သရဲတွေ ၊ ငါ့နောက်က လိုက် လာပြီ။ အမယ်လေး ...ကယ်ကြပါ။ အား ...အား''

ဦးကောင်းမြတ် ၏ အော်သံကြောင့် ဖျော်လက်စဟောလစ်ပန်းကန်ကို သည်အတိုင်းထားခဲ့ပြီး အခန်းဆီသို့ နွယ်ဦးမွန် အပြေးလာခဲ့လိုက်သည်။

''ဘဘ ...ဘဘ ...သတိထားပါ ဘဘ''

ဦးကောင်းမြတ်သည် တစ်ကိုယ်လုံး တုန်ယင်နေပြီး ဇောချွေးတွေ ပြန်နေသည်။

နွယ်ဦးမွန်က ပိုးသတ်ပြီးမျက်နှာသုတ်ပဝါအသစ်ကလေးဖြင့် ဦးကောင်းမြတ်မျက်နှာကို ညင်သာစွာ ပွတ်သုတ်ပေးလိုက်သည်။

''အဘ ...သမီးတို့ရှိတယ်လေ။ ဘာမှ ကြောက်စရာမလိုဘူးနော် ဘဘ''

''ဆရာမ ...ဆရာမ လေး''

''ဟုတ်ကဲ့ ...သမီးပါ။ ဘဘ အိပ်မက်ဆိုးတွေ မက်နေပြန်ပြီ ထင်တယ်''

''သူတို့ ...သူတို့ သရဲ ဖြစ်နေကြပြီ။ ကျုပ်ကို ကုပ်ချိုးစားမလို့။ ဆရာမ လေး ...ဘယ်မျှ မ သွားပါနဲ့ ကလေးမရယ်''

တကယ်တော့ ဦးကောင်းမြတ်သည် သတိ၊ အသိကင်းလွတ်နေသည့် လူနာတစ်ဦး ဖြစ်ပါသည်။ နွယ်ဦးမွန် ပြုစုပေးနေရသော နာတာရှည် စိတ်ဝေဒနာသည်ကြီး ဖြစ်ပါ၏ ။

အခုလိုပင် ခဏခဏ ထ၍ ဖောက်တတ်သည်။

''ဟောလစ်သောက်ရအောင်နော် ဘဘ''

နွယ်ဦးမွန်က နောက်ဖေးခန်းတွင် ထားခဲ့သည့် ဟောလစ်ပန်းကန်ကို သွားယူလိုက်သည်။

''အားရှိအောင် သောက်လိုက်ဦးနော် ဘဘ''

နွယ်ဦးမွန်က ဦးကောင်းမြတ်ကို ပခုံးမှသိုင်းမ,၍ ထူပေးလိုက်သည်။ သက်သော င့်သက်သာထိုင်နိုင်ရန် နောက်ကျောဘက်မှ ခေါင်းအုံးနှစ် လုံး ဆင့်၍ ခံပေးလိုက် ၏ ။

ပြီး ဟောလစ်ကို ဇွန်းနှင့် တစ်ဇွန်းစီခပ်ရင်း ဦးကောင်းမြတ်ကို အချိန်ရှည်ကြာစွာ တိုက်ကျွေးရသည်။ ဦးကောင်းမြတ်သည် နာတာရှည်စိတ်ဝေဒနာကို ခံစားနေရရုံသာမက အင်အားချည့်နဲ့နေသော သနားဖွယ်ဝေဒနာရှင်တစ်ဦး ဖြစ်ပါ၏ ။

အစာကျွေးပြီးလျှင် သွေးပေါင်ချိန်တိုင်းရမည် ။ အဖျားတိုင်းရမည် ။ ပြီး ဆရာဝန်ညွှန်ကြား သော ဆေးများ ကို ရောဂါ ဝေဒနာ အနည်းအများ ပေါ် မူတည်ပြီး တိုက်ကျွေးရမည် ။

ဒါဟာ အထူးသူနာပြုဆရာမ လေး နွယ်ဦးမွန်၏ တာဝန်ဝတ္တရားများ ပါပေ။

''ဘဘ အနားမှာ ပဲနေပါ။ ဘယ်မှ မ သွားပါနဲ့ ဆရာမ လေးရယ်။ ကျုပ် ကြောက်လွန်းလို့ပါ''

သူ့ကိုသူ ဘဘပြောလိုက်၊ ကျုပ်ပြောလိုက်၊ နွယ်ဦးမွန်ကိုလည်း ဆရာမ လေးခေါ်လိုက်၊ ကလေးမခေါ်လိုက်၊ တစ်ခါတစ်ရံ သမီးလို့ခေါ်လိုက်နှင့် အသိဥာဏ်မူမမှန်ရှာသော ဝေဒနာသည်ကြီး ဦးကောင်းမြတ်။

ပြုဖွယ်ကိစ္စများ အားလုံးပြီးစီးသည့်အခါ ဆရာတော် ဦးဥတ္တမသာရ၏ တရားစာအုပ်ကိုယူကာ ဦးကောင်းမြတ် ခုတင်ဘေးမှာ နွယ်ဦးမွန် ထိုင်သည်။

''သမီး တရားစာအုပ်ဖတ်ပြမယ်နော် ဘဘ။ မှိန်းနေရင်း နားထောင်နော်''

''တရားစာအုပ်၊ တရားစာတွေ ၊ ဘုရားစာတွေ ဘဘ နားမလည်ပါဘူး သမီးရယ်။ ခုအချိန်မှလည်း နားလည်အောင် ကြိုးစားမနေချင်တော့ပါဘူး။ ဖတ်ပြလည်း အလကားပါပဲ''

နွယ်ဦးမွန် သက်ပြင်းချမိသည်။

အိပ်ရာပေါ်ပက်လက်လှဲ၍ ဝေဒနာခံစားနေရတာ တောင် တရားမရနိုင်တဲ့ အဘိုးကြီးပါလား။

ဦးကောင်းမြတ်၏ ဘဝတစ်သက်တာတွင် တရားဆိုတာ မရှိခဲ့။ မတရားမှု များ နှင့်ချည်း အသက်မွေးလာသော လူကြီး။

လူသတ်၊ ဓားပြတိုက်၍ လူပေါင်းများ စွာ ကို မျက်ရည်စက်ပေါင်းများ စွာ ကျစေခဲ့သည့် အဘိုးကြီး။

ဒါတွေ ကို နွယ်ဦးမွန် သည်အိမ်မရောက်ခင်ကတည်းက သိခဲ့ပြီး ဖြစ်ပါသည်။

သည်လိုသိခဲ့လို့လည်း လက်စားချေရန် နွယ်ဦးမွန် လာခဲ့ခြင်း ဖြစ်ပါ၏ ။

သို့ သော် ငယ်စဉ်က ကမ်းကုန်အောင် ဆိုးသွမ်းခဲ့သည့် လူကြမ်းဓားပြကောင်ကြီးကို လက်ရှိအခြေအနေအတိုင်း မြင်ရတော့ ကရုဏာသက်မိသည်။ သံဝေဂလည်း ရမိသည်။

နွယ်ဦးမွန်က ကျန်းမာရေး ဝန်ထမ်း မဟုတ်လား။ ပြည်သူတွေ ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရမည့်  ကျန်းမာရေး ဝန်ထမ်း တစ်ယောက် လေ။

မေမေနဲ့လေးလေးကြည်၊

မေမေနဲ့ လေးလေးကြည်တို့ လက်စားချေစေချင်တဲ့ လူယုတ်မာကြီး က သမီးရဲ့ ပြုစုကုသမှု အောက်မှာ ရောက်နေပါပြီ။ ဒါပေမဲ့ မေမေနဲ့ လေးလေးကြည်ရယ်၊ သနားစရာကောင်းတဲ့ ဝေဒနာသည် အဘိုးအိုကြီးကို သမီး ဘယ်လိုလက်စားချေရက်တော့မှာ လဲ။

* * * * *


ကောင်းမြတ်ဂေဟာကို ဝင်ခွင့်ရဖို့ နွယ်ဦးမွန် အတော် ကြိုးစားခဲ့ရသည်။

မန္တလေး သူနာပြုသင်တန်းကဆင်းအပြီးမှာ နွယ်ဦးမွန် အစိုးရအလုပ်ဝင်လုပ်ခဲ့သည်။ လုပ်သက်နှစ် နှစ် အကြာ ထမီအပြာဝတ် အထက်တန်းသူနာပြုရာထူးရအပြီးတွင် အစိုးရအလုပ်မှ နှုတ်ထွက်လိုက်သည်။

မန္တလေးမှာ မေမေ တစ်ယောက် တည်းကျန်ခဲ့တာ စိတ်မချလို့ နယ်ဆေးရုံမှ နှုတ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မေမေ မဆုံးခင်အထိတော့ မန္တလေးက အထူးကုပုဂ္ဂလိကဆေးရုံတစ်ခုမှာ အချိန်ပိုင်းဝင်လုပ်ရင်း နွယ်ဦးမွန် အသက်မွေး ဝမ်းကျောင်းခဲ့ရသည်။

''သမီးဖေဖေရဲ့ သတင်းကို စုံစမ်းပါ သမီး။ ကိုကောင်းမြတ်ရဲ့ သတင်းကို စုံစမ်းပါ။ မေမေ့စိတ်ထင်တော့ ကိုကောင်းမြတ်ဟာ မိတ္ထီလာမှာ ရှိနေဦးမယ်ထင်တယ်။ ကိုကောင်းမြတ်သတင်းကို ရအောင်စုံစမ်းပြီး သမီးဦးလေးအတွက် လက်စားချေပါ။ သူလုပ်ခဲ့တဲ့ မကောင်းမှု ဒုစရိုက်တွေ ကို ဖော်ထုတ်ပြီး ထောင်ထဲကို ရောက်အောင်ပို့ပါ သမီး''

မေမေဒေါ်သက်မွန် မကြာခဏ တိုက်တွန်းခဲ့သော စကားများ ဖြစ်ပါသည်။

အနှစ် နှစ် ဆယ်ကြာ ပျောက်ဆုံးနေသော ဖေဖေ။

သဲလွန်စအစအနမျှပင် မရအောင် ပျောက်ဆုံးသွားသော ဖေဖေ ၏ ပျောက်ဆုံးမှု သည် ဦးကောင်းမြတ်၏ ပယောဂ မကင်းဟု မေမေက ယုံ ကြည်၏ ။

နွယ်ဦးမွန်၏ ဦးလေး၊ မေမေဒေါ်သက်မွန်၏ မောင်လေးအရင်း ဖြစ်သူ ကိုသက်လွင်ကိုလည်း ဦးကောင်းမြတ် သတ်ဖြတ် ဖျောက်ဖျက်ခဲ့သည်။

* * * * *


အခန်း (၂)

တကယ်တော့ ဦးလေးကိုသက်လွင်ကို နွယ် မြင်ပင်မမြင်ဖူးခဲ့ပါ။ နွယ် မမွေးဖွားမီကပင် ကွယ်လွန်ခဲ့သည်။ လေးလေးကြည် ပြောပြချက်အရ ဦးကောင်းမြတ် လုပ်ကြံခဲ့ခြင်းဟု နွယ်နှင့်မေမေ သိခဲ့ရသည်။

နွယ် လူမှန်းသိတတ်စကတည်းက နွယ်တို့ မိသားစုတကွဲတပြားစီ ဖြစ်အောင် ရက်စက်ယုတ်မာခဲ့သော ဦးကောင်းမြတ်ကို နွယ် အမုန်းကြီး မုန်းခဲ့မိသည်။

နွယ်မုန်းတီးနာကြည်းမှု များ ကို ပိုပြီးပြင်းထန်လာအောင် ဆွပေးခဲ့သူ နောက် တစ်ယောက် က လေးလေးကြည် ။

မေမေ့အသုဘမြေကျသည့်နေ့တွင် ညာဘက်ခြေထောက်ပေါင်ရင်းမှပြတ်နေသော လေးလေးကြည်သည် ချိုင်းထောက်ကြီးဖြင့် ခက်ခဲပင်ပန်းစွာ ရောက်လာရှာသည်။

''သြော် သမီးလေး နွယ်ဦးမွန်၊ ဆွေမရှိ မျိုးမရှိ တစ်ယောက် တည်း ကျန်ခဲ့ရရှာပြီ။ ဆင်းရဲပင်ပန်းလိုက်တာကွယ်''

နွယ်က လေးလေးကြည်ဟုခေါ်သော ဦးလှကြည်က မျက်ရည်တွေ တွေ စီးကျရင်း ပြောသည်။

''တကယ်တော့ သမီး ဒီလိုနေရမှာ မဟုတ်ဘူး။ သမီးဖေဖေ ရှာခဲ့ဖွေခဲ့တဲ့ စည်းစိမ်းဥစ္စာတွေ က အများ ကြီးကွယ့်။ မသက် မွန်လည်း ဆင်းဆင်းရဲရဲနဲ့ သေရရှာပြီ။ လောကြီးက မတရားလိုက်တာကွယ်''

အိမ်ပိုင်ရာပိုင်မရှိ၊ သူများ အိမ်အောက်ထပ်မှာ အခန်းလေးတစ်ခန်းငှားနေပြီး ရုန်းကန်ခဲ့ရသည့် နွယ်တို့သားအမိဘဝကို ရည်ရွယ်၍ ဦးလှကြည်က ပြောလိုက်ခြင်း ဖြစ်သည်။

''အင်း ...ဒါတွေ ဟာ သင်းကြောင့် ...သင်းကြောင့်၊ ကောင်းမြတ် ...ကောင်းမြတ်၊ မိသားစုနှစ် ခုလုံးရဲ့ ဘဝကို ဖျက်ဆီး ခဲ့တဲ့ကောင်၊ ဒီမှာ သမီး၊ ကောင်းမြတ်ဟာ သမီးတို့မိသားစုကိုတင် ဒုက္ခပေးခဲ့တာ မဟုတ်ဘူး။ လေးလေးကြည် ခြေတစ်ဖက်ပြတ်နဲ့ ဒုက္ခိတဘဝ ရောက်ရတာ လည်း သူ့ကြောင့် ပဲကွယ့်''

လေးလေးကြည်က နာကြည်းခံပြင်းစွာ ပြောသည်။

''သင်း မသေသေးဘူး။ မိတ္ထီလာမှာ ရှိတယ်လို့ သတင်းရတယ်။ လေးလေးကြည် ကတော့ ဒုက္ခိတဘဝနဲ့ ဘာမှ မတတ် နိုင်တော့ဘူး သမီး။ ကောင်းမြတ်ကို တွေ့ အောင်ရှာပါ။ သူ့ဒုစရိုက်မှု တွေ ဖော်ထုတ်ပြီး ထောင်ထဲရောက်အောင် ပို့ပေတော့ သမီး''

မေမေ့စကားနှင့် တစ်ထပ်တည်း လေးလေးကြည် ပြောခဲ့သည်။

* * * * *


မေမေ မရှိတော့သည့်နောက် တစ်ကောင်ကြွက် နွယ်ဦးမွန်သည် မန္တလေးကို စွန့်ခွာခဲ့လိုက်သည်။

မိတ္ထီလာမှာ အသစ်ဖွင့်တဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် လျှောက်လွှာတင်ခဲ့ရာ ကံအားလျော်စွာ ခန့်အပ်ခံခဲ့ရသည်။

မိတ္ထီလာရောက်တဲ့နေ့ကစလို့ ဦးကောင်းမြတ် သတင်းကို နွယ် စုံစမ်းခဲ့ပါသည်။ အချိန်အတော် များများ ဂျူတီဝင်နေရသော နွယ်အဖို့ စုံစမ်းမှု သည် သိပ်တော့မထိရောက်ခဲ့ချေ။

''ဦးကောင်းမြတ်ဆိုတာ သိပါသလား'' လို့ တွေ့ တဲ့လူတိုင်းကို လိုက်မေးနေလို့လည်း ဖြစ်တာမျိုးမဟုတ်။

ဦးကောင်းမြတ် ရုပ်သွင်ကိုတော့ ဓာတ်ပုံထဲမှာ ကြည့်ပြီး နွယ် အလွတ်ကျက်ထားခဲ့ပါသည်။

သည်လိုနှင့် မိတ္ထီလာမှာ တစ်နှစ် လောက်ပင် ကြာသွားခဲပြီ။

တစ်နေ့တွင် နွယ်နှင့် သင်တန်းအတူ တက်ခဲ့သည့် နော်မူအေး နွယ်တို့ အဆောင်ကို အလည်ရောက်လာသည်။

''ဟယ် ...နော်မူအေး၊ မင်းမိတ္ထီလာ ရောက်နေတာလား။ ဘယ်မှာ ဂျူတီဝင်နေလဲ''

''နွယ်ဦးမွန်ပါလားဝေ့။ တို့အိမ်တစ်အိမ်မှာ စပါယ်ရှယ်နာ့စ် လုပ်နေတာကွ''

''သဘောကောင်းရဲ့ လား''

စပါယ်ရှယ်နာ့စ်ဆိုသည်မှာ ကိုယ့်ကို ငှားသည့်အိမ်မှာ ၂၄နာရီနေပြီး လူနာကို ပြုစုရသည်မို့ အိမ်ရှင်တွေ သဘောကောင်းမှ အနေအထိုင် လွတ်လပ်ချောင်ချိရပါသည်။

''မဆိုးပါဘူး။ လူနာကလည်း ဂျီမကျဘူး။ တို့ပေးရှင့် ဦးကောင်းမြတ်ဆိုတဲ့ အဘိုးကြီးက သတိလွတ်နေပြီကွ။ အိပ်နေတာ များ တယ်''

''ဘာ ...ဘာ ...ဦးကောင်းမြတ် ဟုတ်လား''

နွယ် အငမ်းမရ မေးလိုက်မိသည်။

''ယူသိလို့လား''

''သြော် ...ဖေဖေ့အသိများ ဖြစ်နေမလားလို့''

နွယ် သတိရကာ လေးလေးကြည်ပေးထားသော ဓာတ်ပုံကို နော်မူအေးအား ယူပြလိုက်သည်။

''မင်းPatient ဦးကောင်းမြတ်ဆိုတာ ဒီအလယ်က လူကြီးလားဟင်''

နော်မူအေးက ဇဝေဇဝါ ကြည့်သည်။

''အင်း ...ဟုတ်ရင်လည်း ဟုတ်မယ်ကွ။ ဒါ ငယ်ငယ်က ရိုက်ထားတဲ့ပုံပဲ။ ဟုတ်မယ် ...ဟုတ်မယ်။ ဘဘ ငယ်ရုပ် သိပ်မပျောက်ပါဘူး''

''အခု အသက် ၆ဝ ကျော်လောက်ရှိမလား''

''ရှိတာပေါ့။ ဓာတ်ပုံထဲကနဲ့စာရင်တော့ ရုပ်က သိပ်ကျသွားပြီး အရိုးပေါ် အရေတင်ပဲရှိတော့တာကွ''

သေချာပါပြီ။ သေချာပါပြီ။ အနှစ် နှစ် အလလက ရှာခဲ့တဲ့ ရန်သူကိုတော့ တွေ့ ပြီ။ ဘယ်လိုလက်စားချေရပါ့မလဲ။ ''သူက ဘာ ရောဂါ လဲဟင်''

''နှလုံး ရောဂါ ၊ သွေးတိုးလည်းရှိတယ်။ အဆိုးဆုံးက စိတ်ဝေဒနာပါကွာ။ တစ်ခုခု ကြောက်လန့်နေတဲ့ပုံပဲကွ။ တစ်ခါတစ်ခါ ထအော်ရင် ကြောက်စရာကြီး''

နော်မူအေးက ဓာတ်ပုံကို ပြန်ကြည့်ရင်း -

''ဒီအထဲမှာ မင်းအဖေက ဘယ်သူလဲကွ''

''ညာဘက်ဘေးကလေ''

''မင်းနဲ့ ဆင်သားပဲ။ ဘဘကို မင်းတွေ့ ချင်သလား။ မင်းအဖေနာမည် ကို ပြောလိုက်လေ။ တို့မေးပေးမယ်''

ဖေဖေ့နာမည် ကို ပြောပြလိုက်လို့ မ ဖြစ်သေးပါ။ ဦးကောင်းမြတ် ကြိုသိထားလို့ မ ဖြစ်။ ''နေပါစေတော့ကွာ။ ဖေဖေလည်း ရှိမှမရှိတော့တာ။ ဦးကောင်းမြတ်လည်း မှတ်မိချင်မှ မှတ်မိတော့မှာ ပါလေ''

''ဟုတ်တယ်။ ဘဘက သိပ် သတိမရှိတော့ဘူး''

* * * * *


နွယ် ရှာနေတဲ့ ဦးကောင်းမြတ် ဖြစ်နိုင်ချေအရှိဆုံး လူ တစ်ယောက် ကိုတော့ သဲလွန်စရပါပြီ။ သူနဲ့ ဆက်သွယ်မိအောင် ဘယ်လိုလုပ်ရမလဲ။

နော်မူအေးကို အကြောင်းပြုပြီး ကောင်းမြတ်ဂေဟာ ကို နွယ် တစ်ခေါက်တော့ သွားလည်ခဲ့သေးသည်။

နော်မူအေးက အပေါ်ထပ်မှ ဆင်းလာပြီး နွယ့်ကို ဧည့်ခံပါ၏ ။

နွယ်သွားလည်တဲ့ ရည်ရွယ်ချက်က ဦးကောင်းမြတ်ကို မြင်ဖူးချင်၍ ဖြစ်သည်။ လူနာဦးကောင်းမြတ်ကိုထားတဲ့အခန်းက အပေါ်ထပ်မှာ မို့ မမြင်တွေ့ ခဲ့ရပေ။

ဤအိမ်မှာ အခြားအိမ်သားများ လည်းရှိနေ၍ ဘာမျှမဆိုင်တဲ့သူတစ်ဦးက လူနာကို ကြည့်ချင်ပါတယ်ဆိုတာ သဘာဝ မကျ သည်မို့ နွယ် ဘာမျှမတတ်နိုင်ခဲ့ပေ။

နောက်တစ်ခါ သွားလည်ဖို့ဆိုတာလည်း နော်မူအေးမှာ သူတို့အခစားမို့ အိမ်ရှင်တွေ က အလည်လာတာ ကြိုက် မကြိုက် မသိနိုင်။ နော်မူအေးအပေါ် ငြိုငြင်မှာ စိုး၍ သွားမလည် ဖြစ်တော့ပေ။

ရန်သူကို တွေ့ နေရပါလျက် မတိုက်ခိုက်နိုင်တဲ့အ ဖြစ်ကို နွယ်ဦးမွန် မချင့်မရဲ ဖြစ်မိသည်။

တိုင်ပင်စရာလူလည်းမရှိ၍ ဘယ်လိုကြံရမယ်ဆိုတာ နွယ် မတွေးတတ်နိုင်ခဲ့ပေ။

တယ်လီဖုန်းဆက်ပြီးခြိမ်းခြောက်ဖို့ အကြံတစ်ခုတော့ရခဲ့သေးသည်။ သို့သော် ဦးကောင်းမြတ်မှာ တယ်လီဖုန်းကိုင်၍ ဖြေ ကြားနိုင်သော အခြေအနေ မရှိတော့သည်မို့ သည်အကြံကို လက်လျှော့ရပြန်သည်။

သို့ ရာတွင် ကံကြမ္မာက နွယ်တို့ အဆောင်ကို ပျာယီပျာယာရောက်ချလာသည်။

''တို့အမိုး နေမကောင်းဘူးတဲ့။ ဖုန်းဆက်တယ်။ တို့ ပျဉ်းမနားပြန်ရမယ်။ တို့နေရာကို တစ်ယောက် ယောက် ရလီဗင် Relieving ဝင်ပေးနိုင်မလားဟင်''

အဆောင်ရှိနာ့စ်များ ထံ သူ့ကိုယ်စား တာဝန်လွှဲယူနိုင်သူ ရှိမရှိ လာစုံစမ်းခြင်း ဖြစ်သည်။

နွယ် ရေငတ်တုန်း ရေတွင်းထဲကျသွားခဲ့ရပါသည်။

* * * * *


''ကိုယ် ဝင်မယ် မူ'' သည်လိုတော့လည်း အလွယ်သားပင်။

နော်မူအေး တာဝန်လွှဲပေးသည့် နွယ်ဦးမွန်ကို အိမ်သားများ က လက်ခံကြသည်။ သဘောကျကြသည်။

နွယ် ကောင်းမြတ်ဂေဟာကို စပါယ်ရှယ်နာစ့်အ ဖြစ် ပြောင်းလာခဲ့၏ ။

ရောက်ရောက်ချင်း ဦးကောင်းမြတ်ကို ပယ်ပယ်နယ်နယ် အကဲခတ်နိုင်ခဲ့သည်။

အိပ်ပျော်နေသော ဦးကောင်းမြတ်သည် သူ့အတွက် နာ့စ်အပြောင်းအလဲ ဖြစ်သွားသည်ကို မသိသေး။

နွယ်သည် အခန်းထဲတွင် တစ်ယောက် တည်းကျန်ခဲ့သည့်အခါ ဓာတ်ပုံကိုကိုင်ရင်း အိပ်ပျော်နေသော ဦးကောင်းမြတ်ကတစ်လှည့်၊ ဓာတ်ပုံကို တစ်လှည့် ယှဉ်၍ ကြည့်လိုက်သည်။ အကြိမ်ကြိမ် အခါခါ ယှဉ်ကြည့်မိသည်။

သေချာပါသည်။

အသက်အရွယ်ကြီးလာ၍ ရုပ်ရှင်သွားခြင်း၊ ရောဂါ ဝေဒနာဒဏ်ကြောင့် ရုပ်ကျသွားခြင်းတို့ကို နှုတ်ပယ်ကြည့်လိုက်သည့်အခါ ဤဦးကောင်းမြတ်သည် နွယ်တို့မိသားစု၏ ရန်သူတော် ကြီး ဦးကောင်းမြတ်မှ ဦးကောင်းမြတ်အစစ်။

ယင်းသို့ဖြင့် ...

ပျောက်ဆုံးနေသော ဖေဖေ့အတွက် ...

ရက်စက်စွာ အသတ်ခံရသော ဦးလေးကိုသက်လွင်အတွက် ...

ဒုက္ခိတလူအိုကြီး လေးလေးကြည်အတွက် ...

သူတို့အားလုံးအတွက်သာမက မေမေ ဒေါ်သက်မွန်၏ ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ...

တန်ပြန်လက်စားချေရန် ကောင်းမြတ်ဂေဟာသို့ ဝင်ရောက်လာခဲ့သော သူနာပြုဆရာမ လေး နွယ်ဦးမွန်သည် ...

* * * * *


''လာနေကြပြီ။ သူတို့ လာနေကြပြီ။ သရဲတွေ ...ကျုပ် ကို ဝိုင်းနေကြပြီ။ အမယ်လေး ...လုပ် ...လုပ် ...လုပ်ကြပါဦး''

''ဘဘ ...ဘဘ''

နွယ်ဦးမွန် ဦးကောင်းမြတ် ပကတိအတိုင်း နိုးထလာစေရန် ပခုံးကို ညင်သာစွာ ပုတ်ရင်း နှုတ်မှတတွတ်တွတ် ခေါ်ပေးနေ ရသည်။

''အင် ...အင်''

လူးလွန့်ရင်း မျက်လုံးကို တစ်ဝက်တစ်ပျက် ဖွင့်ကြည့်လာသည်။

''ဘဘ သမီးလေ ...ဆရာမ လေးလေ။ သမီးရှိတယ်လေ။ မကြောက်နဲ့နော်''

''ဆရာမ လေး''

''ဟုတ်တယ် ဘဘ''

နွယ်က နဖူးမှ ချွေးစေးများ ကို ယုယစွာ သုတ်ပေးရင်း လူနာအကြောက်ပြေစေရန် နွေးနွေးထွေးထွေး ဆက်ဆံပေးရသည်။

''အင်း ...တော် ပါသေးရဲ့ ။ သရဲတွေ က ဘဘကို ကုပ်ချိုးစားတော့မလို့''

''မဟုတ်တာ ဘဘကလည်း ဘာသရဲမှ မရှိပါဘူး။ သရဲဆိုတာ ရှိမှ မရှိပဲ''

''ရှိတယ်''

ဦးကောင်းမြတ်က တိုတိုပြတ်ပြတ်ပြီး ပြောလိုက်သည်။

နွယ်သည် ဦးကောင်းမြတ်ထံမှ စကားအစ်ကြည့်ရန် အကြံရလိုက်သည်။

''သရဲမကြောက်နဲ့နော်ဘဘ။ သမီးမှာ လေ သရဲနိုင်တဲ့ ဂါထာရှိတယ် ဘဘရဲ့ ''

''ဟင်''

''ဟုတ်တယ်။ သရဲနိုင်တဲ့ ဂါထာကို ရွတ်လိုက်ရင် သရဲတွေ ထွက်ပြေးရော။ ဘယ်သရဲမျှ မနေနိုင်ဘူး''

''တ ...တကယ်လား''

''တကယ်ပေါ့။ ဘဘကို ကုပ်ချိုးမယ့် သရဲတွေ ထွက်ပြေးအောင် သမီး ဂါထာရွတ်ပေးမယ်လေ''

''ဟင့်အင်း ...မရပါဘူး။ သူတို့ ငါ့နားမှာ ဝိုင်းနေတာ''

''ဂါထာရွတ်လိုက်ရင် ဘာမှ မတတ်နိုင်ပါဘူး ဘဘရဲ့ ''

''တကယ်လား''

''တကယ်၊ သမီး သရဲနိုင်ဂါထာရွတ်ပေးမယ်လေ။ ဘဘကို ခြောက်နေတဲ့ သရဲတွေ က ဘယ်သူတွေ လဲ။ ဘယ်ကလဲ။ သမီး ကို ပြောပြ''

ဦးကောင်းမြတ် မျက်လုံးကြီး ကလယ်ကလယ်နှင့် ဖြစ်နေသည်။

''ဟင် ...ဘဘ၊ သရဲတွေ က ဘယ်သူတွေ လဲဟင်။ ဘဘကို ဘာလို့ ခြောက်တာလဲ''

''ကျုပ် ...ကျုပ် သူတို့ကို သတ်ပစ်''

''ဆရာမ လေး ...လူနာအခြေအနေ ဘယ်လိုလဲ။ ကိုကောင်းမြတ် ရှင် နေကောင်းရဲ့ လား''

နောက်ကျောမှ ထွက်လာသော အသံကြောင့် မိုးကြိုးပစ်သံကြားလိုက်ရသလို နွယ် ဆတ်ခနဲ တုန်သွားသည်။ဦးကောင်းမြတ် ဇနီး ဒေါ်ခင်မကြီးသည် အခန်းဝမှာ ရပ်လျက် -

သူ နွယ် အစ်အောက်မေးနေတဲ့ စကားတွေ များ ကြားသွားပြီလား။

''ဟုတ်ကဲ့ ...အခြေအနေ ကောင်းပါတယ် ကြီးကြီး''

အသံမှန် ဖြစ်အောင် ကြိုးစားပြီး ပြောလိုက်ရသည်။

''အခုန အသံတွေ ကြားလိုက်ရပါတယ်''

''ထုံးစံအတိုင်း အိပ်မက်မက်ပြီး လန့်အော်တာပါ။ နွယ် စိတ်ငြိမ်ဆေးတိုက်မလို့ပါ ကြီးကြီး''

ဒေါ်ခင်မကြီးက အခန်းဝမှာ ရပ်ကြည့်နေသည်။ အခန်းထဲတော့ ဝင်မလာပါ။

နွယ် ဆေးတိုက်ရန် ပြင်ဆင်ရသည်။

''အင်း ...ကိုကောင်းမြတ် ကိုကောင်းမြတ် ရှင့်မလဲ ဒုက္ခပါပဲ''

ညည်းညူရင်း အခန်းရှေ့မှ လှည့်ထွက်သွားတော့သည်။

ဒေါ်ခင်မကြီးသည် ခင်ပွန်းသည်လူနာကို တယုတယ ပြုစုခြင်းမရှိပါ။ အနားလာ၍ နဖူးလေးစမ်းကြည့်တာမျိုးလောက်ပင် မလုပ်။ စပါယ်ရှယ်နာ့စ် ငှားပေးထားတာနှင့် ပင် တာဝန်ကျေပြီဟု ယူဆလေသလားမသိ။

ဦးကောင်းမြတ်နှင် ဒေါ်ခင်မကြီးမှာ အသက်ကြီးမှ အိမ်ထောင်ကျကြသည်ဟု သိရသည်။ သားသမီး မထွန်းကားပါ။

ယခု ကောင်းမြတ်ဂေဟာမှာ ရှိနေသော အပျိုကြီးညီအစ်မသုံးယောက် မှာ ဒေါ်ခင်မကြီး၏ တူမများ ဖြစ်သည်။ ဇနီး ဖြစ်သူ ကပင် မပြုစုမယုယတော့ အပျိုကြီး ညီအစ်မသုံးယောက် ကလည်း အဒေါ်နှင့်စပ်မှတော် ရသည့် ဦးလေးကို ဘာသိဘာသာပင် နေကြ သည်။

ဒေါ်ခင်မကြီးသည် အသက် ၆ဝ ကျော်သော်လည်း လှလှ ပပ ကြော့ကြော့မော့မော့ ဝတ်စားပြင်ဆင်ဆဲ။ ဥပုသ်နေ့မှအပ မနက်မိုးလင်းမှ ညနေစောင်းအထိ ဈေးထဲမှ ရွှေဆိုင်နှင့် ပန်းတိမ်ဖိုကို တစ်လှည့်စီ ပြေးလွှားပြီး စီးပွားရှာ နေဆဲ ဖြစ်သည်။

ညီအစ်မ သုံးယောက် ထဲမှ အလတ်မ တင်တင် နှင့် အငယ်ဆုံး ခင်ခင် က ဈေးထဲက ရွှေဆိုင်မှာ ဆိုင်ထိုင်သည်။

အကြီးဆုံး ရိုးရိုးအအ အစ်မကြီးကျင်ကျင် ကတော့ အိမ်မှာ ပဲနေကာ အိမ်မှု ကိစ္စများ စီမံခန့်ခွဲသည်။

ငယ်ချစ် ငယ်ပေါင်းများ မဟုတ်ကြဘဲ ကြီးပေါင်းလင်မယားလ ည်း ဖြစ်ပြန်၊ သားသမီးလည်း မထွန်းကားခဲ့သည်မို့ လင်သား အပေါ် ဆက်ဆံမှု အေးစက်သွားသည်လား မသိနိုင်ပေ။

''ဆရာမ ၊ အောက်မှာ ကိုကိုစော ရောက်နေပါတယ်''

''အိမ်ဖော်မလေးက လာပြောခြင်း ဖြစ်ပါသည်။

ကိုကိုစောသည်လည်း ဒေါ်ခင်မကြီး၏ တူ တစ်ယောက် ပါပင်။

ကိုကိုစောဆိုသည့် ကျောင်းဆရာကိုစောဦး ရောက်နေသည်ဆို၍ နွယ် စိတ်ညစ်သလို ဖြစ်သွားသည်။ ကိုစောဦး နွယ့်ကို ချစ်ရေး ဆိုထားသည်။

နွယ် ကိုစောဦးကို ရင်မခုန်ပါ။ စိတ်မလှုပ်ရှားပါ။

သူ ရောက်လာပြီဆိုတော့ နွယ့်ဆီက အဖြေတောင်းလိမ့်ဦးမည် ။ နွယ့် သဘောထားကို မေးလိမ့်ဦးမည် ။

နွယ် သက်ပြင်းချမိ၏ ။

''အေး ...အေး ...ဆရာမ လုပ်စရာလေးတွေ ပြီးရင် ဆင်းလာမယ်လို့ ပြောလိုက်''

* * * * *


နွယ် အောက်ထပ်ဧည့်ခန်းသို့ ဆင်းလာချိန်တွင် ကိုစောဦးကို ဧည့်ခံထားသည့် ကော်ဖီခွက်ပင် တစ်ဝက်ကျိုးနေပြီ။

နွယ့်ကိုမြင်တော့ ကိုစောဦးက ဖတ်လက်စ သတင်းစာကို စားပွဲပေါ်ခေါက်တင်လိုက်သည်။

''ဒီနေ့ ကျောင်းပိတ်ရက်လည်း မဟုတ်ဘဲနဲ့''

''ပညာရေး မှူးရုံးအစည်းအဝေးကအပြန် လှည့်ဝင်လာတာပါ နွယ်''

''သြော် ...ဒါဆို အကြာကြီးနေလို့ မ ဖြစ်ဘူးပေါ့''

''နွယ်က ကျွန်တော့် ကို မြန်မြန်ပြန်စေချင်တာ ထင်ပါရဲ့ ''

''မဟုတ်တာ ဆရာကလည်း ပြန်စေချင်ရအောင် နွယ်က အိမ်ရှင်မှ မဟုတ်တာ။ ဆရာကသာ အိမ်ရှင်ပါလေ''

''အခုထိ ဆရာ ခေါ်တုန်းပဲလား နွယ်ရယ်''

''ကျောင်းဆရာမို့ ဆရာခေါ်တာပါ။ လေးစားတဲ့သဘောပါ ဆရာ''

''ထားပါတော့လေ။ ကျွန်တော် ကတော့ ဆရာခေါ်တာကို စိမ်းတယ်လို့ ထင်တယ်''

''တစိမ်းတွေ ပဲဟာ'' လို့ ပြောလိုက်ချင်ပေမဲ့ မသင့်တော် လို့ မျိုသိပ်လိုက်ရသည်။ စိတ်ထဲ ကတော့ ပြောလိုက်သေး၏ ။

'ကျွန်တော် တောင်းထားတဲ့ အဖြေလေး စဉ်းစားပြီးပြီလား နွယ်''

''ဆရာရယ် ...ဆရာ့မှာ နေပူထဲက စက်ဘီးစီးလာရတာ ချွေးတွေ သံတွေ နဲ့''

''ဗျာ''

ကိုစောဦး နွယ့်စကားကို နားမလည်စွာ ရေရွတ်လိုက်၏ ။

''သြော် ...နွယ်ဆိုလိုတာက ဒီလိုပါ။ ဆရာကြုံလို့ ခဏ တစ်ဖြုတ် ဝင်လည်တာ မဟုတ်လား။ အချိန်လည်း ပေးနိုင်တာ မဟုတ်ဘူး။ ရာသီဥတုက ပူပူလောင်လောင်ကြီးထဲမှာ ရည်းစားစကားကို တက်သုတ်ရိုက်ပြောနေရတာ ဆရာ့အစား စိတ်ပင်ပန်း လွန်းလို့ပါ''

''ဟာ ...နွယ်ရာ၊ မခနဲ့ပါနဲ့။ နွယ့်ဆီက အဖြေဟာ ကျွန်တော့် အတွက် ဘဝပါ။ ဘာလဲနွယ်၊ နွယ်က နွယ့်အဖြေကို သက်သော င့်သက်သာ အချိန်ကျမှ အေးအေးဆေးဆေး ပြောချင်တာမျိုးလား။ ဒါဆို ကျွန်တော် ဝမ်းသာရမယ့်အဖြေမျိုးလား နွယ်''

ကိုယ်လိုရာဆွဲတွေးနေတဲ့ ကိုစောဦးကို နွယ် ရယ်ချင်သွားသည်။

''ဟုတ်လား နွယ်။ ကျွန်တော့် အတွက် စဉ်းစားပြီးပြီလားဟင်။ တစ်ခါတည်းပဲ သိပါရစေ နွယ်ရာ''

''စဉ်းစားပြီးပါပြီ ဆရာ။ ဒါပေမဲ့ အဖြေ မထွက်ဘူး''

''ဗျာ''

''ဟုတ်ကဲ့ ...နွယ် ဆရာ့ကို ငြင်းစရာ မလိုပါဘူး''

''ဒါ ...ဒါဆို''

စိတ်စောမှု ကြောင့် ကိုစောဦး ခါးမတ်လာသည်။

''ခဏနေပါဦး။ စကားဆုံးအောင် နားထောင်ပါ ဆရာ။ ငြင်းစရာ မလိုဘူးဆိုတာ ဆရာ့ကို နွယ် မုန်းမှ မမုန်းတာ။ ဆုံးအောင် နားထောင်နော်။ မမုန်းဘူးဆိုလို့ ချစ်တယ်လို့လည်း မမှတ်ပါနဲ့။ ဆရာနဲ့ပတ်သက်ပြီး နွယ့်မှာ ဘာခံစားချက်မှ မရှိတာပါ''

''နွယ်ရာ''

''နွယ် ဆရာ့ကို မိတ်ဆွေ တစ်ယောက် လိုတော့ ခင်မင်ပါတယ်''

ကိုစောဦး သက်ပြင်းချရင်း ခေါင်းငိုက်စိုက်ကျသွားသည်။

နွယ် မိန်းမ မပီသချင်ပါ။ တခြားမိန်းကလေးတွေ ဆိုရင် ရည်းစားလက်ဆုပ်လက်ကိုင်မရှိချိန်မှာ ချစ်ရေး ဆိုလာတဲ့ ယောက်ျား တစ်ယောက် ဟာ ကိုစောဦးလို အခြေအနေသင့်တင့်ပြီး တက်လမ်းရှိတဲ့သူဆိုပါက မချစ်ဘူးဆိုရင်တောင် ကြိုးရှည်ရှည်နဲ့ လှန်ထား လိမ့်မည် ထင်သည်။

ဘာလို့ဆိုတော့ ကိုစောဦးဆိုတာ ချမ်းသာကြွယ်ဝသော မိသားစုဝင်တစ်ဦးမဟုတ်လား။ ရာထူးရာခံအနေနှင့် လည်း အထက်တန်းပြဆရာဆိုတော့ မဆိုးလှပေ။

ဒါပေမဲ့ နွယ် ကတော့ ဘယ်တော့မျှချစ်လာမှာ မဟုတ်တဲ့ယောက်ျား တစ်ယောက် ကို အပြတ်ပြောထားလိုက်ရမှ စိတ်ရှင်းသည်။ ခဏနေတော့ ကိုစောဦး နှုတ်ဆက်ပြန်သွားသည်။

နေပူကျဲကျဲမှာ စက်ဘီးစီးရင်း ခေါင်းငိုက်စိုက်ချပြန်သွား တဲ့ ကိုစောဦးကိုကြည့်ရင်း နွယ် သက်ပြင်းချလိုက်၏ ။ ရှင့်ကို ဘယ်လိုမျှ ရင်ခုန်လို့ မရတာ ခွင့်လွှတ်ပါ ဆရာကိုစောဦးရယ်။

* * * * *


ကိုစောဦး ထွက်သွားအပြီးတွင် အအေးဖန်ခွက်တစ်လုံးကို လက်မှာ ကိုင်ရင်း ဒေါ်ခင်မကြီး ဧည့်ခန်းထဲ ဝင်လာသည်။ သည် နေ့ ဥပုသ်နေ့ ဈေးပိတ်လို့ သူမ အားနေသည်။

ဒေါ်ခင်မကြီးက နွယ်ဦးမွန်နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။

''ကျောင်းဆရာက ဘာတွေ ပြောသွားလဲ''

သူမက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

ဒေါ်ခင်မကြီးက တဲ့တိုးမေးလိုက်တော့ နွယ်လည်း သွယ်ဝိုက်မနေဘဲ ပြောပြလိုက်သည်။

''ဆရာကိုစောဦးက နွယ့်ကို အဖြေတောင်းနေတာလေ။ သုံးလလောက်တောင် ရှိပြီ''

''အမယ် ...သူက''

ဒေါ်ခင်မကြီးက မဲ့ပြုံးပြုံးရင်း ပခုံးတွန့်ပြသည်။

''နွယ် သူ့ကို ဘယ်လိုမျှ စိတ်ဝင်စားလို့မရပါဘူး ကြီးကြီး''

''မဝင်စားနဲ့၊ မဝင်စားနဲ့။ အဲဒါ သိပ်မှန်တာပဲ ဆရာမ လေး''

''ရှင်''

''ကိုယ့်တူပါပဲ။ တူ တူမတွေ အားလုံးထဲမှာ အညံ့ဆုံးတူပဲလေ။ ညံ့လွန်းလို့လည်း ကျောင်းဆရာ ဖြစ်နေတာပေါ့''

ဒေါ်ခင်မကြီး ဆက်ပြောမယ့်စကားကို နွယ် နားထောင်နေလိုက်သည်။

''ဆရာမ စဉ်းစားကြည့်လေ။ ကြီးကြီးက တစ်ဆွေလုံးတစ်မျိုး လုံးကို ကြည့်ရှုစောင်မ,နေတာပါ။ တူတွေ အားလုံးကို အရင်း အနှီးထုတ်ပေး၊ စီးပွားရေး လုပ်ငန်းတွေ လမ်းညွှန်ပေးနဲ့ အားလုံးကြီးပွားနေကြပြီ။ စောဦးကျမှ စီးပွားရေး လုပ်ငန်း ဝါသနာမပါပါဘူး ဆိုပြီး ကျောင်းဆရာလုပ်သတဲ့။ အစိုးရအလုပ်ဝင်လုပ်သတဲ့။ ဘယ်မှာ ကြီးပွားနိုင်ပါ့မလဲ ဆရာမ ရယ်''

ဒါ ကတော့ ဒေါ်ခင်ကြီးရဲ့ အမြင်မို့ နွယ် ဝေဖန်ချက် မပေးလိုပါ။

ဒေါ်ခင်မကြီးက သူမ၏ ဒဿနကို ဆက်သည်။

''သူ့အစ်ကိုတွေ ၊ ညီတွေ အကုန်လုံး ကားပိုင်အိမ်ပိုင်နဲ့ ဆိုင်ကယ်တဝီဝီ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုယ်စီနဲ့ ချမ်းသာ နေကြပြီ။ စောဦး ကတော့ မိဘအိမ်ကပ်နေတုန်း၊ စက်ဘီးစုတ်ကလေး စီးနေတုန်း။ ပြောလိုက်သေးတယ်၊ သူ့ဘဝ သူကျေနပ်သတဲ့။ ဟေ ဟေ''

ပြောရင်းမှ လှောင်ရယ်ရယ်လိုက်သေးသည်။

''သူ ကြီးကြီးအိမ်လာလည်ခဲပါတယ်။ ကြီးကြီးနဲ့ မျက်နှာကြောမှ မတည့်တာ။ ခုတလော အိမ်အလာစိပ်လို့ ထူးဆန်းပါတယ် ထင်နေတာ၊ ဆရာမ လေးကို လာရစ်နေတာကိုး''

အအေးကို တစ်ငုံ ငုံလိုက်သည်။

''မကြိုက်နဲ့ ဆရာမ ။ ယောင်လို့မျှ ပြန်မကြိုက်လိုက်ပါနဲ့။ ဆရာမ လေး ဆင်းရဲတွင်းထဲ ရောက်သွားမယ်။ ဆရာမ လေးရဲ့ ရုပ်ရည်နဲ့ အဆင့်အတန်းကလေ မင်းကတော် စိုးကတော် အဆင့်မျိုး သိရဲ့ လား''

''အို''

''ဆရာမ လေးကို ကြီးကြီးအသိထဲက သင့်တော် တဲ့ သူဌေးသူကြွယ်နဲ့ စပ်ပေးရမယ်''

''အို ...ကြီးကြီးကလည်း''

''တကယ်ပါ။ စေတနာနဲ့ ပြောတာပါကွယ်။ စောဦးထက်သာတာတွေ အများ ကြီးပါ။ သူတော့ ယောင်လို့မျှ မစဉ်းစားလိုက် ပါနဲ့''

''နွယ် အိမ်ထောင်ရေး ကို စိတ်မကူးသေးပါဘူး ကြီးကြီးရယ်။ ဘဘများ နိုးနေပလား မသိဘူး။ အပေါ်တက်လိုက်ဦးမှ'' ဒေါ်ခင်မကြီးရှေ့မှ ထထွက်ခဲ့လိုက်သည်။

* * * * *


နောင်နောင်သည် လမိုက်ညက ကန်ပေါင်ရိုးတွင် ကြုံခဲ့ရသည့်အ ဖြစ်ကို ပြန်စဉ်းစားနေမိသည်။ ထိုနေ့က နောင်နောင် သိပ်မူးသွားသည်။

အမူးလွန်ခဲ့လို့ ညက အ ဖြစ်တွေ ကို ဘာမှ မမှတ်မိတော့ဘဲ သတိမေ့နေခဲ့သည်။

ဦးညိုမောင် ချွတ်ပေးလိုက် သည့် သားရေဂျာကင်ကြီးကို ဗီရိုအမိုးပေါ် ပစ်တင်ထားပြီး မေ့နေခဲ့မိ၏ ။

ဆီထုတ်ဖို့အတွက် ပထနဂိုရ်ကို နောက်တစ်ခေါက်ပင် ခရီးထွက်လိုက်သေးသည်။

ယနေ့တော့ အလုပ်အားသည်မို့ ခုတင်ပေါ်ပက်လက်လှန်လှဲရင်း ဟိုဟိုဒီဒီ စဉ်းစားနေရာမှ ဗီရိုအမိုးဆီ မျက်စိရောက်သွား သည်။

ဗီရိုပေါ်မှာ ဦးညိုမောင်ပေးလိုက် သည့် သားရေဂျာကင်ကြီး။ ဂျာကင်ကြီးကိုမြင်မှ ထိုညက အ ဖြစ်များ ကို သတိရလာသည်။

ဦးညိုမောင်။

ဘူတာဟောင်းလမ်းနှင့် (----) လမ်းဆုံ။

ဦးကောင်းမြတ်ဆိုသူထံ ပို့ပေးရန်

စသည့် အကြောင်းများ ကို မှတ်မိလာ၏ ။

ပြီးတော့ အဖြူအစိမ်းကျောင်းဝတ်စုံနှင့် ကောင်လေး။

ကောင်လေးကိုမြင်ယောင်ရင်း စိတ်ထဲမှာ မခံချိ မခံသာ ဖြစ်လာရသေးသည်။ အသက်ဆယ်နှစ် လောက်အရွယ် ကုလား ကပြားလေးက သူ့ကို နောင်နောင်လို့ခေါ်ပြီး မင်းနှင့် ငါနှင့် စကားပြောသွားသည်။

သူ့ထက် ၁၄-၅နှစ် ကြီးတဲ့ မိမိကို ရွယ်တူတန်းတူလို စကားပြောသွားတဲ့ ကောင်လေးအား ဆွဲထိုးပစ်ချင်စိတ်ပင် ပေါက်မိ သည်။

နောင်နောင်သည် ခုတင်ပေါ်မှ ထလိုက်၏ ။

ဗီရိုပေါ်ရှိ သားရေဂျာကင်ကြီးကို ဆွဲယူလိုက်သည်။

ဒီသားရေဂျာကင်ကြီးသာ သက်သေမရှိလျှင် ထိုညကအ ဖြစ်ကို နောင်နောင်လုံးလုံး မေ့ရင်မေ့သွားလိမ့်မည် ။ ဒါမှမဟုတ် တကယ်ကြုံတွေ့ ခဲ့ရတာ ရောဟုတ်ရဲ့ လားဟု ထင်ယောင်ထင်မှား ဖြစ်ရင် ဖြစ်နေလိမ့်ဦးမည် ။ အဲဒီ ညက အရမ်းမူးနေတာ မဟုတ်လား။ သားရေဂျာကင်ကြီးကို နောင်နောင် ဖြန့်ကြည့်လိုက်သည်။

အောက်သိုးသိုးအနံ့ကြီးက ဟောင်ခနဲ ထွက်လာသည်။ ဂျာကင်ပေါ်တွင် လည်း ကွမ်းတံတွေးကွက် နီနီများ ကို တွေ့ ရသည်။

အသစ်တုန်း ကတော့ တော် တော် တန်ဖိုးကြီးတဲ့ ဂျာကင် ဖြစ်လိမ့်မည် ။ သားရေလယ်သာအစစ် ဖြစ်သည်။

ဘယ်ဘက်လက် လက်စည်းမှာ လုံးဝမရှိတော့ပေ၊ ပြဲနေ၏ ။ ဘာ သဘောနဲ့အင်္ကျီစုပ်ကြီးကို တကူးတက ပေးခိုင်းရတာ ပါလိမ့်။

''ငါ့သား အဲဒါ ဘယ်က အင်္ကျီကြီးလဲကွယ့်''

အမေက အခန်းထဲဝင်လာရင်း နောင်နောင့်ကို မေးလိုက်၏ ။

''သူများ လူကြုံပေးခိုင်းတာပါ အမေ''

''ဒီလောက် အစုတ်ကြီးကိုများ ကွယ်။ အမေက မင်း မူးမူးရူးရူးနဲ့ လမ်းက ကောက်လာတယ် မှတ်လို့။ လွှင့်ပစ်တော့မလို့''

''ဟာ ...အမေကလည်း''

''မင်း အဲဒီ အင်္ကျီကြီး ယူလာတဲ့ညက အရမ်းကို မူးနေတာကွယ့်။ ငါ့သားရယ် လူမှန်းသူမှန်း မသိအောင် သောက်သောက် မလာပါနဲ့ နောင်နောင်ရယ်''

''ဟုတ်ကဲ့ပါ အမေ''

နောင်နောင် အမေ့ကို သနားသွားသည်။

''ပြောရင်တော့ ဟုတ်ကဲ့ပါ ...ဟုတ်ကဲ့ပါနဲ့။ မသောက်နဲ့လို့ အမေက မပြောပါဘူး။ တော် ရုံဆိုတော် ပြီပေါ့။ မင်းအဖေလည်း အရက်ကြောင့် အသက်တိုခဲ့တာ။ ဆင်ခြင်စမ်းပါသားရယ်''

အမေ့ကို ပါးစပ်က ကတိမပေးမိတော့ အမေကလည်း ယုံမှာ မဟုတ်။ ဘာပဲ ဖြစ် ဖြစ် အမေပြောလိုက်တဲ့စကားကြောင့် နောင်နောင် စိတ်ထိခိုက်ရသည်။ အမေတစ်ခု၊ သားတစ်ခုဘဝမှာ အမေ့ကို စိတ်ချမ်းသာအောင် ထားဦးမှဟု စိတ်ကောင်းဝင်မိသည်။

အရက်ကို တဖြည်းဖြည်း လျှော့သောက်ဖို့ နောင်နောင် ဆုံးဖြတ်လိုက်သည်။

အမေ အခန်းထဲက ထွက်သွားတော့ ဂျာကင်ကြီးကို သတင်းစာဟောင်းတစ်စောင်နှင့် ပတ်လိုက်သည်။ အပေါ်က သားရေ ကွင်းနှင့် ချည်လိုက်သည်။

မမေ့စေရန် စာကြည့်စားပွဲပေါ် တင်ထားလိုက်၏ ။

ဦးညိုမောင်တို့နှင့် တွေ့ ခဲ့တာ ၁၄-၅ ရက်ပင် ကြာသွားခဲ့ပြီ။

အားတဲ့တစ်နေ့တော့ ဘူတာဟောင်းလမ်းရှိ ဦးကောင်းမြတ်ဆိုသူထံ ဒီအင်္ကျီကြီး သွားပေးရဦးမည် ။

* * * * *


ဘာကြောင့်ရယ်မသိ။ ဒီနေ့ ဖေဖေ့ကို သတိရနေမိသည်။

နွယ်သည် ဖေဖေနှင့် အကြာကြီး မနေခဲ့ရဖူးပါ။ နွယ် သုံးနှစ် သမီးမှာ ဖေဖေ အိမ်ကထွက်သွားပြီး ပြန်မလာတော့ပေ။

ပြန်မလာတော့တာဟာ နွယ်နှင့် မေမေ့ကို ဖေဖေက အပြီးတိုင် စွန့်ခွာသွားခြင်းမျိုးမဟုတ်ပါ။ ဖေဖေသည် မိသားစုကို သိပ်ခင်တွယ်သည်ဟု မေမေက ခဏခဏ ပြောဖူးသည်။ ဖေဖေက နွယ့်ကိုလည်း သိပ်ချစ်ပါတယ်တဲ့။

ဖေဖေသည် မိသားစုအတွက် ရည်ရွယ်ချက် မျှော်လင့်ချက်ကြီးစွာ ဖြင့် အိမ်မှ ခေတ္တခွဲခွာသွားခြင်းသာ ဖြစ်သည်။ ဖေဖေက သူ၏ ရပိုင်ခွင့်များ ကိုခွဲဝေယူရန် ဤမိတ္ထီလာသို့ လာခဲ့ခြင်း ဖြစ်ပါသည်။

''ကိုယ် အလွန်ဆုံး ၃ရက်ပဲကြာမယ် မသက်မွန်။ ဒီတစ်ခါ ကိုယ့်ဝေစုရပြီးရင်တော့ အရင်အလုပ်တွေ မလုပ်တော့ပါဘူး။ စွန့်လွှတ်တော့မှာ ပါ။ တို့မိသားစု ကောင်းရောင်းကောင်းဝယ်ပဲ လုပ်စားကြတာပေါ့ မသက်မွန်''

ဖေဖေ ဦးညိုမောင်က မေမေမသက်မွန်ကို သည်လိုပဲ မှာ ခဲ့သည်ဟု ဆိုသည်။

မိသားစုအတွက် အနာဂတ်စီမံကိန်းကိုပင် ဖေဖေ စိတ်ကူးပြီး ဖြစ်သည်။

သို့ သော် အလွန်ဆုံး သုံးရက်ပဲကြာမည် ဟုပြောသွားသော ဖေဖေသည် သူခင်တွယ်သော ဇနီးနှင့် သမီးလေးထံ ရာသက်ပန် ပြန်မလာတော့ပါ။

နွယ်သည် ဖေဖေ့ကို သတိရ၍ ဖေဖေ့ဓာတ်ပုံများ ကို ထုတ်ကြည့်မိပြန်သည်။

ဖေဖေ့ဓာတ်ပုံဆိုလို့ သုံးပုံသာ ကျန်ခဲ့ပါသည်။

တစ်ပုံက လေးလေးကြည်ပေးလိုက် သည့် လေးလေးကြည်ရယ်၊ ဦးကောင်းမြတ်ရယ်၊ ဖေဖေရယ် တွဲ ရိုက်ထားသည့်ပုံ။

တစ်ပုံက ဖေဖေနှင့် မေမေ ရခါစက ရိုက်ထားသည့်ပုံ။

နောက်တစ်ပုံ ကတော့ နွယ်အခါလည်သမီးအရွယ်က မိသားစု ရိုက်ထားသည့်ပုံပါပင်။ ထိုပုံထဲတွင် ဖေဖေက နွယ့်ကို ချီ ထားသည်။

ဓာတ်ပုံသုံးပုံလုံးတွင် ဖေဖေ၏ ညာမျက်လုံးအောက်မှ မှဲ့သီးကြီးက ထင်းနေသည်။

နွယ်သည် ဦးကောင်းမြတ် အခြေအနေကို ကြည့်လိုက်သည်။

ဦးကောင်းမြတ်နှစ် နှစ် ခြိုက်ခြိုက်အိပ်မောကျနေပါသည်။ တိုက်ထားသော ဆေးကြောင့် နောက်၂နာရီလောက် ကောင်းကောင်း အိပ်ပျော်နေလိမ့်မည် ။

ဦးကောင်းမြတ်ကို ဒေါက်တာမြတ်စိုးဆိုသူက သုံးရက်တစ်ခါ လာကြည့်ပါသည်။ ဒေါက်တာမြတ်စိုးသည် ကောင်းမြတ် ဂေဟာ၏ မိသားစုဆရာဝန် ဖြစ်သည်။

နွယ်သည် ဒေါက်တာ မြတ်စိုးလာလျှင် သုံးရက်အတွင်း လူနာအခြေအနေကို အစီရင်ခံရသည်။ ဒေါက်တာမြတ်စိုးက လိုအပ် သော စမ်းသပ်မှု များ ပြုလုပ်ပြီး လူနာအတွက် လိုအပ်သည်များ ကို မှာ ကြားသည်။ တိုက်ရမည့်  ဆေးများ ကို ညွှန်းသည်။

ဒေါက်တာမြတ်စိုး ညွှန်ကြားသည့်ဆေးများ ကို နွယ်ကိုယ်တိုင်သွားဝယ်လေ့ရှိ၏ ။ ဦးကောင်းမြတ်အတွက် ဆေးဝယ်ထွက်ရ သော ရက်သည် နွယ် အပြင်ထွက်ခွင့်ရသည့်နေ့ပဲ ဖြစ်သည်။

နွယ်သည် ဦးကောင်းမြတ်အိပ်ပျော်နေ၍ အိမ်အောက်ထပ်သို့ ဆင်းခဲ့သည်။ ဧည့်ခန်းထဲမှာ သတင်းစာ ထိုင်ဖတ်နေလိုက် သည်။

ထိုအချိန်မှာ ပဲ ...

* * * * *


နောင်နောင်သည် ဘူတာဟောင်းလမ်းအတိုင်း စက်ဘီးနင်းလာခဲ့၏ ။

ဦးကောင်းမြတ်ကို ပေးခိုင်းလိုက်သည့် ဂျာကင်အင်္ကျီကြီးကိုပေးရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဦးညိုမောင် ညွှန်းလိုက်သည့် (----) လမ်းနှင့် ဆုံရာထောင့်သို့ ရောက်လာခဲ့သည်။

ဘူတာဟောင်းလမ်းမှာ ရှည်လျားသော လမ်းရှည်ကြီး ဖြစ်ပြီး မြောက်မှတောင်သို့ လာသော (---) လမ်းက လာဆုံသည်။ (---) လမ်းသည် ဘူတာဟောင်းလမ်းနှင့် အဆုံတွင် အဆုံးသတ်သွားသည်။ လမ်းဆုံးသည် အင်္ဂလိပ်အက္ခရာတွှီ ပုံသဏ္ဍာန်လမ်းဆုံ ဖြစ်သည်။T junction ဖြစ်၍ လမ်းထောင့်မှာ နှစ် ထောင့်ပဲရှိသည်။

အနောက်ဘက်ခြမ်းထောင့်သည် ဝပ်ရှော့ ဖြစ်၍ ဦးညိုမောင်ညွှန်သော အိမ်မ ဖြစ်နိုင်။

အရှေ့ဘက်ထောင့်ရှိအိမ်ကို ကြည့်လိုက်သည်။ ဦးညိုမောင် ပြောလိုက်သလို နှစ် ထပ်ပျဉ်ထောင်အိမ်ကြီးမဟုတ်ပါ။ ခေတ်မီ၍ သားနားသပ်ရပ်ခန့်ညားသော နှစ် ထပ်တိုက်ကြီးကိုသာ တွေ့ ရသည်။

နောင်နောင်သည် ထိုတိုက်ရှေ့မှကပ်၍ စက်ဘီးစီးရင်း ဖြတ်ခဲ့၏ ။

တိုက်ဘက်လှည့်ကြည့်လိုက်သည့်အခါ အုတ်နံရံတွင် ကပ်ထားသော 'ကောင်းမြတ်ဂေဟာ' ဆိုသည့် ဆိုင်းဘုတ်ကလေးကို တွေ့ ရသည်။

နောင်နောင့် စက်ဘီး တိုက်ရှေ့မှ လွန်သွားသည်။ အိမ်မှာ နှစ် ထပ်ပျဉ်ထောင်အိမ်မဟုတ်သော်လည်း ကောင်းမြတ်ဂေဟာ ဟု ဆိုင်းဘုတ်တပ်ထားသည်။ ဦးညိုမောင်သည် အိမ်ပြင်ဆောက်လိုက်တာမသိ၍ ဖြစ်နိုင်သည်။ အိမ်နေရာ ကတော့ သူညွှန်လိုက် သည့် လမ်းထောင့်ပင် ဖြစ်သည်။ ကောင်းမြတ်ဂေဟာဟု ရေး ထားပုံထောက်တော့ ဦးကောင်းမြတ်အိမ်ပဲ ဖြစ်လိမ့်မည် ။

နောင်နောင်သည် ထိုတိုက်ကိုပဲ ဝင်မေးကြည့်ရန် ဆုံးဖြတ် လိုက်ပြီး စက်ဘီးကို နောက်သို့ ပြန်လှည့်လိုက်သည်။

တိုက်ရှေ့ရောက်တော့ စက်ဘီးကို ဒေါက်ထောက်ထား ခဲ့ကာ တံခါးဝမှ လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။

တိုက်ထဲမှ မိန်းကလေးတစ်ဦး ထွက်လာ၏ ။

ထိုမိန်းကလေးကို အမြင်တွင် နောင်နောင် အသက်ရှူမှားသွားသည်။

''ဘယ်သူနဲ့ တွေ့ ချင်လို့လဲရှင်''

အသံကို ကြားလိုက်ရသည့်အခါ အသက်ရှူရပ်သွား၏ ။

''ဒါ ...ဒါ ဦးကောင်းမြတ်အိမ်ပါလား ခင်ဗျာ''

* * * * *


သတင်းစာဖတ်နေသော နွယ်သည် လူခေါ်ခေါင်းလောင်းသံကြား၍ ခြံတံခါးဆီ လှည့်ကြည့်လိုက်သည်။

အရပ်မြင့်မြင့်လူငယ်တစ်ဦးက ဘဲလ်ကို နှိပ်လိုက်ခြင်း ဖြစ်သည်။

နွယ်ဦးမွန်သည် သံဘာဂျာတံခါးနားမှ ရပ်ပြီး ထိုသူကို မေးလိုက်၏ ။ ကောင်းမြတ်ဂေဟာလို့ဆိုင်းဘုတ်ကပ်ထားပါလျက်နဲ့ ဦးကောင်းမြတ် အိမ်လားလို့ သူက မေးနေသေးသည်။

''ဟုတ်ပါတယ် ဦးကောင်းမြတ်အိမ်ပါ''

''ကျွန်တော် ဦးကောင်းမြတ်နဲ့ တွေ့ ချင်လို့ပါ''

လူငယ်တစ်ဦးက အိပ်ရာပေါ် ရက်ရှည်လများ လဲနေတဲ့ လူ မမာကြီးကို တွေ့ ချင်တယ်ဆို၍ နွယ့်အတွက် ထူးဆန်းနေ၏ ။

နွယ်က အိမ်မကြီးက သံဘာဂျာတံခါးကို ဖွင့်ထွက်လာခဲ့ပြီး ခြံဝင်းတံခါးဆီ လျှောက်လာလိုက်သည်။

''ဦးကောင်းမြတ် ရှိပါတယ်နော်''

''ရှိတော့ ရှိတယ်ရှင့်။ အိပ်နေတယ်''

* * * * *




ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ အရိုးတွန်တဲ့ည ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဒေါက်တာစိုးထိုက်နှင့် ကဝေ့ကြေးမုံ

မြနဲ့မောင်နဲ့ ခုမှ တွေ့တာ

လနှစ်စင်းနှင့် နှင်းတစ်ပေါက်