
အခန်း (၁)
ဖိုးရွှေယာတောမှပြန်လာချိန်မှာ မှော င်ရီပျိုးစအချိန် ဖြစ်ပေ သည်။ သူ့မှာ နာရီမရှိ၍ ဘယ်နှနာရီဆိုတာတော့ ဖိုးရွှေမသိပေ။
ဆောင်းတွင်းရောက်နေပြီ ဖြစ်၍ နေဝင်တာကတော့ စောလှ၏ ။
စောစောနေဝင်တော့ စောစောအလုပ်သိမ်းရတာ ပေါ့။
ဖိုးရွှေက ရွာပြန်ရောက်လို့ ရေမိုးချိုး၊ ထမင်းစားပြီးလျှင် သူပိုးနေသည့်ရွာတောင်ပိုင်းက မိအေးသင်းတို့အိမ်သွားလည်မည် ကို တွေးကာ ခြေလှမ်းတွေ သွက်နေသည်။ မိအေးသင်းမျက်နှာလေးကို မြင်ယောင်ရင်းမှလည်း ဖိုးရွှေမျက်နှာမှာ ပြုံးနေလေ၏ ။
ဖိုးရွှေအလုပ်ဆင်းနေသည့်ယာတောမှာ ကိုယ်ပိုင်ယာတော မဟုတ်ပေ။
ဖိုးရွှေတို့မှာ ကိုယ်ပိုင်လယ်ယာမရှိပါ၍ တစ်ဖက်ရွာမှ သူများ လယ်တွင် သူရင်းငှားအ ဖြစ် အလုပ်ဆင်းနေရခြင်း ဖြစ်သည်။
ဖိုးရွှေတို့အင်ကြင်းမြိုင်ရွာက ရန်ကုန် -မန္တလေးကားလမ်းမကြီး၏ အရှေ့ဖက်တွင် ရြှိ ပီး အလုပ်သွားလုပ်ရသည့် ဒဟပ်တောရွာက ကာလမ်းမကြီး၏ အနောက်ဖက်တွင် ရှိပါသည်။ ဖိုးစီသည် နေ့စဉ်နေ့တိုင်း ကားလမ်းမကြီးကိုဖြတ်၍ လေးမိုင်ခန့်လမ်းလျှောက်ရသည်။
အလုပ်ပင်ပန်းလာသော်လည်း လူငယ်ပီပီ ဖိုးရွှေခြေလှမ်းတွေ က သွက်နေသည်။
ကားလမ်းမကြီးပေါ်တက်လိုက်တော့ သူနှင့်မရှေးမနှောင်းပင် လော်ရီကားကြီးတစ်စီးက ကားလမ်းဘေးထိုးရပ်လိုက်တာကို တွေ့ ရ၏ ။ ကားကြီးပေါ်မှာ ဝန်စည်စလှယ်ပေါင်းမြောက်များ စွာ တင်ထားလေသည်။ ထိုကုန်စည်များ အပေါ်၌ လူခြောက်ယောက် ထိုင် လိုက်လာကြသည်ကိုလည်း တွေ့ ရ၏ ။ ယောကျာ်းများ ချည်း ဖြစ်သည်။
ကားရပ်လိုက်သည်နှင့် ကားပေါ်မှလူများ က အောက်ကိုခုန် ဆင်းလိုက်ကြသည်။ ခရီးဝေးလာခဲ့ရသည်ထင်၏ ။ ကားပေါ်မှ ခုန်ဆင်းသူအားလုံး လမ်းဘေးတွင် အပေါ့သွားနေကြသည်ကိုမြင်ရ၏ ။
ဖိုးရွှေက လမ်းမကြီးကိုဖြတ်မကူးသေးပဲ ကားကြီးကိုငေးကြည့်နေမိသည်။ ဖိုးရွှေသည် ကားနံဘေးတွင် ချိတ်ဆွဲထားသော အဝတ်ဆိုင်းဘုတ်ကြီးကို ငေးကြည့်နေခြင်း ဖြစ်၏ ။
ဆိုင်းဘုတ်က ဇာတ်အဖွဲ့ဆိုင်းဘုတ် ဖြစ်သည်။
ပွဲလမ်းသဘင်ဝါသနာပါသော ဖိုးရွှေက ဇာ တ်အဖွဲ့ဆိုင်းဘုတ်ကို မြင်လိုက်၍ ငေးကြည့်နေမိခြင်း ဖြစ်ပါသည်။
ကားနံရံနှင့်အပြည့်ကြော်ငြာဆိုင်းဘုတ်ကြီးထဲ၌ ဘယ်ဖက်ခြမ်းတွင် ဇာတ်မင်းသားပုံကိုရေး ဆွဲထားပြီး၊ ညာဖက်ခြမ်း၌ ပြဇာတ် မင်းသား ပုံကိုရေး ဆွဲထားလေသည်။
ဖိုးရွှေက ဆိုင်းဘုတ်ပေါ်မှစာသားများ ကိုဖတ်ကြည့်လိုက်သည်။
....ဟု စာလုံးကြီးများ ဖြင့်ရေး ထားလေသည်။
ကားနှင့်ပါလာသူများ မှာ ဇာတ်သမားများ ဖြစ်ပေလိမ့်မည် ။
ဖိုးရွှေသည် တောသူတောင်သားပီပီ ဇာတ်အဖွဲ့သားများ ကိုမြင်လိုက်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိသည်။ ဇာတ်သဘင် ပညာသည်များ ကို အပြင်မှာ သည်လိုမြင်ရခဲဘိခြင်း။ ထိုသူများ မှာ လူသာမန်လိုပင် ဝတ်ဆင်ထားသော်လည်း ဇာတ်သမားဆိုသည့် အသိဖြင့် ဖိုးရွှေက အထင်ကြီးလေးစားစွာ ငေးကြည့်နေမိလေသည်။
ကားရှေ့ခန်းမှ ဒရိုင်ဘာက တခါးဖွင့်၍ အောက်ကိုခုန်ဆင်းလိုက်သည်။ ပြီး ... ကားရှေ့ဖုံးပေါ်တက်ကာ အဖုံးကိုဖွင့်လိုက် လေသည်။ မီးခိုးများ ဆူထွက်လာသည်ကိုမြင်လိုက်ရ၏ ။ ခေါင်းတိုင်ကဲ့သို့အရာလေးမှရေများ ဆူပွက်ကျနေသည်ကို ဖိုးရွှေမြင်လိုက်ရသည်။
စပယ်ယာ ဖြစ်ဟန်တူသော လူငယ်လေးက ရေတစ်ပုံးကိုကိုင်ကာ လမ်းဘေးရေအိုင်ထဲမှရေကိုခပ်ရန် ဆင်းလာလေသည်။
ကားအင်ဂျင်ပူ၍ အင်ဂျင်ကိုရေလောင်းပေးဖို့လုပ်နေတာကို ဖိုးရွှေက သဘောပေါက်လိုက်သည်။ ကားကြီးများ လမ်းဘေးရပ် ၍ ဤသို့ ပြုလုပ်သည်ကို ဖိုးရွှေမကြာခဏမြင်ဖူးသည်။
ရေခပ်ရန်ဆင်းလာသော စပယ်ယာလေးသည် လမ်းဘေးဆင် ခြေလျှောအတိုင်းဆင်းသွားပြီးမှ ရေအိုင်မရောက်မီ ရွှံ့များ ထူထပ် ကာ ဗွက်ထနေသည်ကိုကြည့်ပြီး ဆင်းရမှာ ရွံ့နေဟန်တူသည်။
ဖိုးရွှေက အမြန်ပြေးသွားကာ....
''ပေး- ပေး- ပေးဗျ၊ ပုံးကျုပ်ကိုပေး၊ ကျုပ်ခပ်ပေးမယ်''
ကောင်လေးလက်ထဲက ရေပုံးကိုဆွဲယူကာ ဖိုးရွှေက ရွံ့ဗွက်ထဲ ဇိုးဇိုးဇပ်ဇပ်နင်းလျှောက်ရင်း အိုင်ထဲမှရေများ ကို ခပ်ယူ လိုက်သည်။
''ကျေးဇူးပဲ''
စပယ်ယာလေးက ဖိုးရွှေလက်ထဲမှပုံးကိုလှမ်းယူရင်း ပြောလိုက်သည်။ ကားဆီပြန်ပြေးသွားကာ ရေပုံးကို ဒရိုင်ဘာလက် ထဲကမ်းပေးလိုက်၏ ။ ဒရိုင်ဘာက ရေများ ကို အင်ဂျင်ပေါ်လောင်းချလိုက်သည်။
စပယ်ယာလေးက ရေပုံးကိုယူ၍ ပြန်ပြေးလာပြန်သည်။
''အစ်ကို၊ တစ်ပုံးလောက်ခပ်ပေးပါဦးဗျာ''
''ရတယ်၊ ရတယ်၊ ကျုပ်ခပ်ပေးမှာ ပေါ့''
ဖိုးရွှေက အားရဝမ်းသာပင် နောက်တစ်ပုံးခပ်ပေးလိုက်လေသည်။ ဇာတ်သမားများ ကိုကူညီခွင့်ရနေ၍ ဖိုးရွှေပျော်နေလေ သည်။ ရွာပြန်ရောက်လျှင် ပန်တျာကြည်ရွှင်ဇာတ်အဖွဲ့သားတွေ နဲ့တွေ့ ခဲ့တယ်လို့ ပြန်ပြောနိုင်တော့မည် မဟုတ်လား။
တွေ့ ခဲ့တယ်လို့ပြောတာထက် ''ခင်ခဲ့တယ်''လို့ပြောနိုင်လျှင် ပိုကောင်းမည် ။ ပိုအထင်ကြီးကြပေမည် ။ မိအေးသင်းကိုပြောပြ လျှင် မိအေးသင်းလည်း အထင်ကြီးလိမ့်ဦးမည် ။
ဖိုးရွှေက အစွမ်းကုန်ပြုံးရင်း ကားအနီးသို့ကပ်သွားလေသည်။
''နောင်ကြီးတို့က ဇာတ်အဖွဲ့သားတွေ လားဟင်၊ ဘယ်မှာ ဇာတ်သွားကမလို့လဲဗျ''
ဒရိုင်ဘာက ကားအဖုံးကိုပြန်ပိတ်ရင်း ဖိုးရွှေကိုလှည့်ကြည့် လိုက်သည်။
''ဟုတ်တယ်၊ မြို့က ဘုန်းကြီးပျံမှာ ကမှာ လေ''
''သြော်... မြို့ထောင့်ကျောင်းက ဘုန်းကြီးပျံမှာ ကမှာ လား''
''ဟုတ်တယ်''
''နောင်ကြီးက မင်းသားလားဟင်''
''ဟာ- ငါက ဇာတ်ကားမောင်းတဲ့ကားဆရာပါကွ၊ မင်းသားက ဒီ ကားနဲ့ဘယ်လိုက်ပါ့မလဲ၊ ဇာတ်ဆရာတို့ ပြဇာတ်မင်းသား တို့က ကားတစ်စီးသတ်သတ်နဲ့လာတာပေါ့''
''သြော်... ဟုတ်လား၊ မသိလို့ပါဗျာ၊ ဒါဖြင့် ... ဒီကားပေါ်မှာ မင်းသားမင်းသမီး တစ်ယောက် မှမပါဘူးပေါ့နော်''
''လူပျက်နှစ် ယောက် တော့ပါလေရဲ့ ၊ ဟောဟိုမှာ ....''
ဒရိုင်ဘာက သူတို့ရှိရာလျှောက်လာသော လူနှစ် ယောက် ကို မေးငေါ့ပြရင်းပြောလိုက်သ ည်။ အလွန်ဝ၍ မျက်နှာပြဲပြဲလူတစ် ယောက် နှင့် အလွန်ပိန်၍ အလွန်အရပ်ရှည်သော လူ တစ်ယောက် ဖြစ်လေသည်။ သူတို့ကြည့်ရ သည်မှာ ဒီအတိုင်းပင်ရယ်စရာကောင်းနေ သည်။
''ပြီးရင်ထွက်မယ်လေကွာ၊ မိုးချုပ်နေမယ်''
လူဝကြီးက ပြောလိုက်ခြင်း ဖြစ်သည်။
''ဒီမှာ ခင်ဗျားတို့ကိုတွေ့ ချင်တဲ့ပရိသတ်၊ စကားပြောလိုက်ပါဦး''
ဒရိုင်ဘာက ဖိုးရွှေကိုမေးငေါ့ပြရင်း ပြောလိုက်၏ ။
''ကျုပ်နာမည် က ဖိုးရွှေဗျ၊ ဦးလေးတို့က လူပျက်တွေ ဆို''
ဖိုးရွှေသည် တောသားပီပီ ဟောဟော ဒိုင်းဒိုင်းပြောချလိုက်သည်။
''ဖိုးရွှေ၊ ဟုတ်လား၊ ဖိုးရွှေလည်း ပုဆိုးတွေ ပေကုန်ပါရောလား ဟေ့''
ဝဝလူပျက်ကြီးက ရေဆင်းခပ်ထား၍ အနားသားတွင် ရွှံ့များ ပေနေသော ဖိုး ရွှေပုဆိုးကိုကြည့်၍ ပြောလိုက်သည်။
ဖိုးရွှေသည် သူ့ကို ရုတ်တရက် နဘေထပ်၍ လူပျက်ကြီးက ပြောလိုက်သော ကြောင့် သဘောကျသွားလေသည်။ တဟား ဟား အော်ရယ်လိုက်သည်။
''ဦးလေးကြီးက ရယ်ရတယ်ဗျာ၊ လူပျက်လို့မပြောရဘူး''
''လူရွှင်တော် လို့ပြောပါကောင်လေးရ၊ လူပျက်ဆိုတာ ကိုယ်ပျက်နေတဲ့ အနူကိုပြောတာဟ''
ပိန်ရှည်ကြီးက ခပ်တည်တည်ဝင်ပြောလိုက်သည်။
ဖိုးရွှေအားနာသွားလေ၏ ။
''ကျုပ်-ကျုပ်မသိလို့ပါဗျာ၊ ဦးလေး တို့ကို အနူလို့ပြောတာ မဟုတ်ပါဘူး၊ ကျုပ်တို့ဆီမှာ လူပျက်ကို ... အဲ- အဲ... ဇာတ်ပွဲ ထဲမှာ ရယ်စရာလုပ်ပြတဲ့ ဦးလေးတို့လိုလူတွေ ကို လူပျက်လို့ပဲခေါ်တာဗျ''
ဇာတ်သမားများ က ဖိုးရွှေ၏ ရိုးရိုးအအ,နှင့် ပွင့်ပွင့်လင်းလင်း အပြောကိုသဘောကျကာ ရယ်မောလိုက်ကြသည်။
''လူပျက်ဆိုတော့ကွာ၊ မိန်းမပျက်ရဲ့ သား လို့ ဆိုလိုရာရောက်တာပေါ့၊ အဲဒါကြောင့် လူရွှင်တော် လို့ခေါ်စေချင်တာကွ''
လူဝကြီးက ခပ်တည်တည်နှင့်ပြောသည်။
''သြော်.... ဟုတ်သားပဲနော်''
''ဟကောင်ရ၊ လူပျက်ဆိုရင်မိန်းမပျက်သား ဖြစ်ရမယ်ဆိုတော့ လူ ရွှင်တော် ဆိုတော့ရော မိန်းမရွှင်သားမ ဖြစ်ရတော့ဘူးလားဟ''
လူဝကြီးစကားကို ပိန်ရှည်ကြီးက ဝင်နှက်လိုက်သည်။
''အဲဒါလည်း ဟုတ်တာပဲ''
ဖိုးရွှေက သူတို့ပြောသမျှကို ထောက်ခံနေလေသည်။
တကယ်တော့ .... လူပျက်ကြီးနှစ် ယောက် သည် စင်ပေါ်မှာ ပြက်နေကျပြက်လုံးများ ဖြင့် ဖိုးရွှေကိုပြောနေခြင်း ဖြစ်သည်။ ဒါကို ဖိုးရွှေက နားမလည်ပဲ အတည်ပေါက်ပြောသည်ဟု ထင်နေ၏ ။
''ဒါဖြင့် ဘယ်လိုခေါ်ရမှာ တုန်း''
''ဟာသမင်းသားလို့ခေါ်ကွာ''
''ဟာသမင်းသားဆိုတော့ မိန်းမဟာသား ဖြစ်ဦးမှာ ပေါ့ကွ''
''ဟာ .... ဦးလေးကလည်း မိန်းမဟာ-လို့မှမရှိပဲ''
''အေး .... ငါတို့ကလည်း မင်းကို စင်ပေါ်မှာ ပြက်နေကျ ရယ်စရာပြက်လုံးတွေ လျှောက်ပြောနေတာကွ''
''ဟား ဟား ဟား .... ဒီလိုလား မသိပါဘူးဗျာ၊ ကျုပ်က အတည်ပြောနေတာလားလို့၊ ဟား ဟား ဟား ဦးလေးတို့က ရယ်ရတယ်ဗျာ''
ပွဲလမ်းသဘင်ဝါသနာပါသော်လည်း တောရွာ မှာ နေသူမို့ ပွဲသိပ်မကြည့်ဖူးသော ဖိုးရွှေအတွက် အဆန်းတကြယ် ဖြစ်နေလေ သည်။ သူ့ကို တကယ့်သဘင်သည်တွေ က ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံနေသည့်အတွက်လည်း ပျော်နေသည်။
''ဦးလေးကြီးတို့နာမည် တွေ က ဘယ်လိုလဲဟင်''
''ဟောဟိုဆိုင်းဘုတ်ထဲမှာ ငါတို့နာမည် ပါတယ်၊ လူရွှင်တော် များ ဆိုတဲ့အထဲက ပထမဆုံးနာမည် က ငါ့နာမည် ၊ အဲဒီ နောက် က နာမည် က ဒီကောင့်နာမည် ''
လူဝကြီးက ကားနံဘေးမှဆိုင်းဘုတ်ကြီးကိုလက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
ဖိုးရွှေက ဆိုင်းဘုတ်တွင် လှမ်းဖတ်လိုက်၏ ။
''ဒါဖြင့်.... ဒီဝဝဦးလေးက မိုးဗြဲ၊ ဟိုဦးလေးက ဒေါင်ရှေ ပေါ့နော်၊ နာမည် တွေ က လူနဲ့လိုက်တယ်ဗျာ၊ ဟား ဟား....''
မိုးဗြဲဆိုသည့်လူပျက်ကြီးမှာ ပါးစုန့်ဖောင်းဖောင်း၊ ဗိုက်ရွှဲရွှဲဖြင့် တကယ်ကို မိုးဗြဲဒယ်ကြီးနှင့်တူလှသည်။ ဒေါင်ရှေဆိုသူက လည်း အရပ်ကြီးကလန်ကလားနှင့်ပိန်ရှည်ရှည်ကြီး ဖြစ်လေသည်။
''ကျုပ်တော့ ဦးလေးတို့ကိုကြိုက်သွားပြီဗျာ၊ တကယ်ပဲ''
''အေး- ကြိုက်ရင်လည်း ငါတို့ပွဲကတဲ့နေ့ လာကြည့်လှည့်တော့ ဖိုးရွှေရေ၊ ခုတော့ ငါတို့ခရီးဆက်ဦးမယ်၊ မိုးချုပ်တော့ မယ်ကွ''
''ဦးလေးတို့က ဘယ်မှာ ကမှာ လဲ''
''မြို့က ဘုန်းကြီးပျံမှာ ကမှာ လေကွာ''
''သြော်... ဘုန်းကြီးပျံပွဲရှိတာ ကျွန်တော် သိသားပဲ၊ ကမယ့်ဇာတ်က ဦးလေးတို့ဇာတ်ကိုး၊ ကျွန်တော် တို့လည်း ပွဲနေ့ကျ လူစုပြီး လာကြည့်မလို့ဗျ''
''အေး .... လာကြည့်လှည့်၊ ဘုန်းကြီးပျံမှာ တစ်ညတည်း ကမှာ ဆိုတော့ တို့ကလည်း ရှယ်ကမှာ ဟေ့၊ နောက်ပိုင်းဇာတ်က အခုနာမည် ကြီးနေတဲ့ သိုက်နန်းရှင်မမြစိမ်းလေ၊ ကြားဖူးတယ်မှုတ်လား''
''သိုက်နန်းရှင်မမြစိမ်း၊ ကြားဖူးတာပေါ့၊ ဥစ္စာစောင့်မလေးကို သိုက်ကိုပြန်ခေါ်တဲ့ဇာတ်လေ၊ သိပ်သနားဖို့ကောင်းတာပဲ''
ဖိုးရွှေက ရွာထဲမှာ အလှူရှိ၍ အသံချဲ့စက်ဖွင့်တိုင်း ကြားဖူးထားသည့်ဇာတ်မို့ သိနေပေသည်။
''အေး ... မမြစိမ်းဇာတ်က ပန်တျာကြည်ရွှင်နဲ့ ပန်တျာ တင်တင်နုရဲ့ အကောင်းဆုံးဇာတ်ပဲကွ၊ ခေတ်ပြဇာတ်မင်းသားက လူငယ်နီခိုင်လေ၊ လူငယ်တွေ အကြိုက်ပေါ့ကွာ၊ အဲဒီ နေ့ကမယ့် ပြဇာတ်နာမည် က 'တပေါင်းလ၏ ရောင် နီဦး'-တဲ့ ၊ ဂျပန်တော် လှန်ရေး ဇာတ်ကွ၊ ဗုံးဖောက်ခွဲခန်းတွေ ဘာတွေ ပါတယ်၊ ငါတို့လည်း တော် လှန်ရေး ရဲဘော်အနေနဲ့ ဝင်ပြီးသရုပ်ဆောင်ရမှာ ''
''လာ ဖြစ်အောင် လာကြည့်မယ်ဗျာ''
ဖိုးရွှေက အားတက်သရောပြောလိုက်သည်။
''လာရင် မင်း တစ်ယောက် တော့ ဇာတ်ခုံပေါ်ကနေကြည့်လို့ရမယ်၊ ဇာတ်ရုံနောက်ကနေ ငါတို့နာမည် ပြောပြီး ဝင်ခဲ့ပေတော့''
''ဟာ .... တကယ်လားဦးလေး''
''တကယ်ပေါ့ကွ''
ဖိုးရွှေက သူ့ကို ဇာတ်ခုံပေါ်ကကြည့်ခွင့်ပေးမည် ဆို၍ ပျော် သွားလေသည်။
''ငါတို့သွားဦးမှဖိုးရွှေရေ၊ ပွဲကမှာ က နတ်တော် လဆန်း ၆-ရက်၊ စနေနေ့နော်၊ ဒီ နေ့ ဗုဒ္ဓဟူးဆိုတော့ ကြားမှာ ၂ရက်ပဲ လိုတော့တယ်''
''ဟုတ်ကဲ့၊ ကျွန်တော် လာခဲ့မယ်ဗျာ''
လူပျက်ကြီးနှစ် ယောက် က ဖိုးရွှေကိုနှုတ်ဆက်ပြီး ကားနောက်ခန်းရှိ ပစ္စည်းပုံပေါ်ပြန်တက်သွားလေသည်။ သူတို့ကားပေါ် ရောက်သည်နှင့် ကားကမောင်းထွက်သွားလေ၏ ။
လူရွှင်တော် ဦးမိုးဗြဲကြီးက ဖိုးရွှေကို ကားပေါ်မှ လက်ပြသွားသေးသည်။
ဖိုးရွှေက ကားမြင်ကွင်းမှပျောက်သွားသည်အထိ ငေးကြည့်ကျန်ခဲ့သည်။ ဇာတ်ကားကြီးသည် မှော င်ရီပျိုးစအချိန် နှင်းတော ထဲသို့ ဝင်၍ ပျောက်ကွယ်သွားလေသည်။
ဖိုးရွှေက ဇာတ်သမားများ နှင့်သိကျွမ်းလိုက်ရ၍ ပီတိတွေ ဖြစ် နေသည်။ ရွာမှာ သည်လို နာမည် ကျော်ဇာတ်သဘင်သည် တွေ နှင့် သိကျွမ်းခွင့်ရတာ ဆို၍ သူ တစ်ယောက် သာရှိသည်။ ရွာမှာ အဆင့်အရှိဆုံး၊ မြို့ကိုအရောက်အပေါက်အရှိဆုံး ဥက္ကဌတို့၊ ကောင်စီစာရေး တို့တောင် သဘင်သည်တွေ နှင့်စကားပြောဖူးခြင်းရှိမည် မထင်။
ဖိုးရွှေ၏ ရွာအပြန်ခြေလှမ်းများ က သွက်နေသည်။ ရွာမှာ ပန်တျာကြည်ရွှင်ဇာတ်ထဲက လူပျက်ကြီးနှစ် ယောက် နဲ့ ခင်ခဲ့တဲ့ အကြောင်း၊ သူ့ကိုပွဲကြည့်ဖို့ဖိတ်ခေါ်လိုက်တဲ့အကြောင်းတွေ ပြန်ပြောချင်လှပေပြီ။
မိအေးသင်းကိုလည်း ဒီအကြောင်းကောင်းကောင်းပြောပြရမည် ။ တယ်ဟုတ်တဲ့ငါပါလားဟု ဖိုးရွှေစိတ်ထဲတွေးနေလေ၏ ။
အခန်း (၂)
ဖိုးရွှေက အိမ်ပြန်ရောက်သည်နှင့် ရေကမန်းကတန်းချိုးကာ ထမင်းစားလိုက်လေသည်။
ထမင်းစားရင်းမှ ကတ္တရာလမ်းမ ပေါ်တွင် ဇာတ်အဖွဲ့သားများ နှင့်ဆုံခဲ့သည့်အကြောင်းကို အမေ့အား ပြောပြနေသေးသည်။
ထမင်းစားပြီးသည်နှင့် မိအေးသင်းတို့အိမ်ထွက်ခဲ့လေ၏ ။
သူရောက်သွားချိန်တွင် မိအေးသင်းက ထုံးစံအတိုင်း အိမ်ရှေ့ ကွပ်ပြစ်ကလေးတွင် ထိုင်ကာ ဗိုင်းငင်နေပေပြီ။
ဖိုးရွှေသည် မိအေးသင်းတို့အိမ်ကို အချိန်မရွေးဝင်ထွက်ခွင့် ရှိနေသည်။ လူကြီးတွေ ကလည်း ခွင့်ပြုထားသည်။ ဖိုးရွှေ မိအေး သင်းကိုကြိုက်နေတာလည်း တစ်ရွာလုံးကပင် သိလေသည်။
မိအေးသင်းကတော့ ဖိုးရွှေကိုအဖြေမပေးသေး။ သို့သော် တစ်နေ့ မိအေးသင်းနဲ့ဖိုးရွှေယူ ဖြစ်ကြမှာ ကို တစ်ရွာလုံးက ခန့်မှန်း ထားကြပြီး ဖြစ်သည်။ မိအေးသင်းအဖြေမပေးသေးသည်မှာ မူနေခြင်းပင် ဖြစ်ပါသည်။ ဖိုးရွှေနှင့်မိအေးသင်းမှာ ငယ်သူငယ်ချင်း ဖြစ်ရုံမက၊ ဖိုးရွှေက မိအေးသင်းကို ငယ်ငယ်ကတည်းက အနွံအတာခံခဲ့သည်မို့ အနိုင်ယူချင်စိတ်ဖြင့် တမင်သက်သက် နှိပ်စက်ထားခြင်းမျှသာ ဖြစ်လေမည် ။ ဖိုးရွှေကလည်း လူကြီးမိ ဘများ ကပင် ဝင်ထွက်ခွင့်ပြုထားပြီမို့ မိအေးသင်း အဖြေပေးပေး၊ မပေးပေး.... ညစဉ် မိအေး သင်းဆီလာလည်ကာ စကားပြောရရုံနှင့်ပင် ကြေနပ်နေလေပြီ။
''ဟေ့- အေးသင်း၊ ငါ ဒီနေ့ မြို့မှာ ဘုန်းကြီးပျံပွဲလာကတဲ့ ဇာတ်ထဲက လူပျက်ကြီးတွေ နဲ့ ခင်ခဲ့တယ်ဟ၊ သိလား''
ဖိုးရွှေက ပြောချင်ဇောဖြင့် ရောက်ရောက်ချင်း ပြောချလိုက်သည်။
''ဟင် ....''
မိအေးသင်းက ဗိုင်းငင်နေသည်ကိုရပ်ကာ မျက် လုံးရွဲကြီးဖြင့် ဖိုးရွှေကိုမော်ကြည့်သည်။
''ပန်တျာကြည်ရွှင်ဇာတ်တဲ့ဟ၊ သိလား၊ လဆန်း၆ရက်နေ့ ကမှာ တဲ့၊ ငါ့ကိုတောင်ဖိတ်လိုက်သေးတယ်၊ လူပျက်ဦးမိုးဗြဲက ဇာတ်ရုံနောက်ကနေ သူ့နာမည် ပြောပြီး ဝင်ခဲ့တဲ့ ၊ ငါ့ကိုဇာတ်ခုံပေါ်ကနေ ကြ ည့်ခွင့်ပြုမယ်တဲ့''
ဖိုးရွှေက အားရပါးရဖြင့် အဆက်မပြတ်ပြောနေသော်လည်း မိအေးသင်းက ထူးထူးခြားခြားစိတ်ဝင်စားဟန်မပြပေ။ မိအေး သင်းအဖေဦးခွေးတိုးက ပက်လက်ကုလားထိုင်ပေါ်ထိုင်ကာ ဆေးလိပ်ဖွာနေရင်းမှ ဖိုးရွှေစကားများ ကို နားထောင်နေသည်။
''လူပျက်ကြီးတွေ ကဟာ သိပ်ရယ်စရာပြောတတ်တာ၊ ဦးမိုးဗြဲကြီးကဆို ငါ့ကိုတွေ့ တွေ့ ချင်း ဘာပြောသလဲသိလား၊ ငါက ကားထဲထည့်ဖို့ရေကို ရေအိုင်ထဲဆင်းပြီး ခပ်ပေးတာကိုး၊ ငါ့ပုဆိုးမှာ ရွှံ့တွေ ပေကုန်တာပေါ့၊ ငါတို့တောသားတွေ ကတော့ ပုဆိုးရွှံ့ပေ တာကို သတိတောင် မထားမိပါဘူး၊ သူက ငါ့နာမည် မေးလို့ ငါ့နာမည် ဖိုးရွှေဆိုတာလည်း သိရော၊ ဘာပြောတယ်မှတ်သလဲ၊ ဖိုးရွှေ ပုဆိုးပေကုန်ပါရောတဲ့ ၊ ဟား ဟား ဟား ....''
ဖိုးရွှေက သူ့ဟာသူပြောကာ အားရပါးရရယ်ချလိုက်သည်။ သို့သော်... မိအေးသင်းက လိုက်မရယ်ချေ။ မိအေးသင်း ရယ်လိမ့်မည် အထင်ဖြင့်ပြောလိုက်သော ဖိုးရွှေသည် ကြောင်တက်တက်ကြီး ဖြစ်သွားရလေ၏ ။
ထို့နောက် ဖိုးရွှေက လူပျက်နှစ် ဦးပြောလိုက်သော ရယ်စရာများ ကို မိအေးသင်းအား ပြောပြပြန်လေသည်။
''လူပျက်လို့မခေါ်ရဘူးတဲ့ဟ၊ လူပျက်ဆိုရင် မိန်းမပျက်သားလို့ပြောတာနဲ့အတူတူပဲတဲ့ ၊ လူရွှင်တော် ဆိုရင်လည်း မိန်းမရွှင် သားတဲ့ ၊ ဟာသမင်းသားဆိုတော့ မိန်းမဟာသားတဲ့ ဟာ၊ မိန်းမဟာဆိုတာရှိမှ မရှိပဲ၊ ငါ့မှာ ရယ်လိုက်ရတာ ဟာ၊ ဟား ဟား ဟား''
သူ့စကားသူ ဖိုးရွှေပြန်ရယ်နေသော်လည်း မိအေးသင်းက မရယ်ချေ။
''အေးသင်း၊ ငါပြောတာတွေ နင်ဘာလို့မရယ်တာလဲ''
''ဘာလို့ရယ်ရမှာ လဲဟဲ့''
''ဟာ- ဒါလောက်ရယ်စရာကောင်းတာကို''
''ဟင်- ရယ်စရာမကောင်းပါဘူးဟယ်''
တကယ်တော့ ... လူပျက်များ ထုတ်သော ပြက်လုံးမှာ တစ်ဦးနှင့်တစ်ဦး အချိတ်အဆက် အပေးအယူလုပ်ထားပြီးမှ ပြက်ကြ ခြင်း ဖြစ်သည်။ ပြက်ရာတွင် လည်း လူရယ်ရအောင် မျက်နှာပေး ၊ မျက်နှာခံ ထားတတ်ရသေးသည်။ ဒါကိုနားမလည်သော ဖိုးရွှေက သူကြားခဲ့သည့်အတိုင်း တုံးတိကြီးပြောပြသည့်အခါ ရယ်စရာမကောင်းခြင်း ဖြစ်ပေသည်။ သို့သော် ... ဖိုးရွှေက ဒီသဘောတရားကို မသိ၊ သူရယ်စရာပြောတာကို မရယ်သည့်အတွက် မိအေးသင်းကိုစိတ်ဆိုးသွားလေသည်။
''ငါ အဲဒီ လူပျက်ကြီးတွေ နဲ့ တကယ်တွေ ခဲ့ခင်ခဲ့တာဟ၊ နင်ယုံရဲ့ လား''
''အေး- ယုံပါတယ်၊ အဲဒါဘာ ဖြစ်လဲ''
''နင်မယုံရင် ဘုန်းကြီးပျံပွဲကျ လိုက်ခဲ့လေ၊ ဇာတ်ရုံနောက်ကနေ ဦးမိုးဗြဲကြီးတို့ကိုခေါ်ပြီး နင့်ရှေ့မှာ စကားပြောပြမယ်''
''ဟင်- ဖိုးရွှေ၊ နင်ဘာ ဖြစ်နေတာလဲ၊ နင်ဇာတ်သမားတွေ နဲ့ တွေ့ လာတာကို ငါမယုံဘူးလို့မပြောပါလား၊ ယုံပါတယ်ဆို၊ နင်က ဘာလို့ သက်သေပြချင်နေတာလဲ''
''အယ်....''
မိအေးသင်းစကားကြောင့် ဖိုးရွှေယောင်ချာချာ ဖြစ်သွားရပြန်သည်။ တကယ်တော့ ဖိုးရွှေသည် ဇာတ်သမားများ နှင့် တွေ့ ခဲ့ရင်း နှီးခဲ့တယ် ဆိုတာ ရွာကလူတွေ ကိုပြောပြလိုက်လျှင် တစ်ရွာလုံးက သူ့ကို အထင်တကြီးနှင့် ဝိုင်းပြီးမေးကြမြန်းကြမည် ဟု ထင်ထားခဲ့လေ သည်။ မိအေးသင်းကိုပြောပြရာ မိအေးသင်းက ဘာမှမဆန်းသလိုလုပ်နေသည့်အတွက် မချင့်မရဲ ဖြစ်သွားရခြင်း ဖြစ်လေ၏ ။
ဖိုးရွှေနှင့်သူ့သမီး စကားပြောနေကြသည်ကို တစေ့တစောင်း ကြည့်၍ နားထောင်နေသော ဦးခွေးတိုးက ပြုံးလိုက်လေသည်။
ဖိုးရွှေကတော့ အားမလျှော့သေး။ သူ့အတွေ့ အကြုံကို ဆက်ပြောပြန်သည်။
''အဲဒီ ညကျ နောက်ပိုင်းဇာတ်ကို မမြစိမ်းဇာတ် ကမှာ တဲ့ဟ၊ လော်စပီကာဖွင့်တိုင်းဖွင့်နေကျဇာတ်လေ၊ တောထဲမှာ တွေ့ လာတဲ့ မမြစိမ်းကို ဥစ္စာစောင့်မှန်းမသိပဲယူလိုက်တာလေ၊ ကလေးမွေးလာတော့ ....''
''အဲဒါတွေ ငါသိပါတယ်ဖိုးရွှေရယ်၊ ကြား ရလွန်းလို့ အလွတ်တောင်ရနေပြီ''
''အေး- အဲ .... အဲဒီ ဇာတ်ထုတ်၊ အဲဒီ ဇာတ်ထုတ်ကို ကမှာ တဲ့ဟ၊ ခေတ် ပြဇာတ်က မင်းသားလူငယ်နီခိုင်တဲ့၊ လူငယ်နီခိုင်က လည်း အမိုက်စားပဲဟေ့၊ ပုံထဲမှာ စီးကရက်သောက်လို့၊ သူကလည်း နာမည် ကြီးမင်းသားဆိုပဲဟ''
''ဟေ့ကောင်- ဖိုးရွှေ''
''ခင်ဗျာ''
ဦးခွေးတိုးလှမ်းခေါ်လိုက်၍ ဖိုးရွှေက ပြန်ထူးလိုက်သည်။
ဖိုးရွှေနှင့်မိအေးသင်းတို့အကြည့်က ပက်လက်ကုလားထိုင်ပေါ်မှ ဦးခွေးတိုးဆီရောက်သွားလေသည်။
''ဖိုးရွှေ၊ ငါတော့ အဲဒီ လူတွေ က မင်းကိုနောက်လိုက်ပြီထင်တယ်ဟေ့''
''ဗျာ- ဘဒွေး၊ ဘာ ဖြစ်လို့လဲ''
''ပန်တျာကြည်ရွှင်ဆိုတာ ဇာတ်မှမကတော့ပဲ၊ အသက်ပဲကြီးလှပြီ၊ သေရင်တောင် သေလောက်ရောပေါ့၊ ပြဇာတ်မင်းသား လူငယ် နီခိုင်ဆိုတာကတော့ တကယ်ကိုသေသွားပြီ၊ သေတာမှ... ''
''ဟာ ... ဘဒွေးကလဲ၊ ဘယ်လိုလုပ်နောက်တာ ဖြစ်နိုင်မှာ လဲဗျ၊ ကျုပ်ကိုယ်တိုင် ကားဘေးမှာ ကပ်ထားတဲ့ ပိုစတာကြီးကို မြင်ခဲ့ရတာ ကို၊ ပုံထဲမှာ ပန်တျာကြည်ရွှင် လည်းပါတယ်၊ လူငယ်နီခိုင်ပုံလည်း ပါတယ်''
''ဟေ- ဟုတ်မှလည်း လုပ်ပါကွာ၊ ပန်တျာကြည်ရွှင်က အသက်ကြီးပေမယ့် ခုထိ ကနေတယ်ပဲထားဦး၊ လူငယ်နီခိုင်ဆိုတာ သေပဲသေပြီကို၊ သေတာမှ အခုဘုန်းကြီးပျံပွဲလုပ်နေတဲ့ မြို့ထောင့်ကျောင်းက အရင်ကျောင်းထိုင်ဘုန်းတော် ကြီးပျံလွန်တော် မူတုန်းက ဘုန်းကြီးပျံမှာ ပွဲကရင်းနဲ့ သေတာဟ''
''ဗျာ ... ''
''ဟုတ်တယ်၊ ငါသေချာမှတ်မိသေးတယ်၊ အဲဒီ တုန်းက ငါ မင်းတို့အရီးနဲ့တောင် အိမ်ထောင်မကျသေးဘူး၊ လူပျိုရှိသေးတာ၊ ဘုန်းကြီးပျံပွဲမှာ ပန်တျာကြည်ရွှင်ဇာတ်ကတော့ ငါသွားကြည့်တာပေါ့၊ ရွာက ကာလသားတွေ လည်းပါတယ်၊ ပြဇာတ်မင်းသားက လူငယ် နီခိုင်ပဲလေ၊ ရုပ်ချောအပြောကောင်းမင်းသားပေါ့ကွာ၊ အဲဒီ ညက ကတဲ့ပြဇာတ်က ဂျပန်တော် လှန်ရေး ဇာတ်ကွ၊ ပြဇာတ်ထဲမှာ တံတား ကိုမိုင်းဗုံးနဲ့ခွဲတဲ့အခန်း ပါတယ်၊ မိုင်းဗုံးအခွဲမှာ ဘယ်လို ဖြစ်တယ်ရယ်မသိဘူး၊ မီးထလောင်ပါရောဟေ့၊ ဇာတ်စင်တစ်ခုလုံး မီးကူးကုန် တော့ ပွဲပျက်ကရော၊ ငါတို့လည်း ပြေးလိုက်ရတာ ဖတ်ဖတ်မောလို့၊ အဲဒီ ပွဲမှာ လူ ငယ်နီခိုင်ဟာ မီးလောင်ခံရလို့ သေသွားတယ်ကွ''
''ပြဇာတ်ထဲမှာ သေတာမဟုတ်ဖူးလား''
''အို မင်းကလည်းကွာ၊ ဇာတ်စင်တစ်စင်လုံးမီးလောင်ပါတယ်ဆိုမှ၊ အပြင်မှာ တကယ်သေသွားတာကွ၊ လူငယ်နီခိုင်တင် မကဘူး၊ ဇာတ်သမားတော် တော် များများ သေတယ်''
''ဒါဖြင့် ကျုပ်တွေ့ ခဲ့တဲ့ပိုစတာထဲက လူငယ်နီခိုင်က သပ်သပ် တစ်ယောက် ပေါ့နော်''
''ဒါလောက်နာမည် ကြီးတဲ့လူကို နာမည် တူမှည့်ပါ့မလား၊ ပြီးတော့ မင်းက ပန်တျာကြည်ရွှင်ပုံနဲ့တွဲ ရက်တွေ့ တယ်ဆိုတော့ အဆန်းသား''
''ဒီလို ဖြစ်မှာ ပေါ့ဘဒွေးရ၊ ဘဒွေးကသာ ပွဲမီးလောင်တုန်းက လူငယ်နီခိုင်ကိုသေသွားတယ်ထင်နေတာ၊ တကယ်တန်းကျ မသေလို့ ဖြစ်မှာ ပေါ့၊ မသေလို့သာ ခုထိ ပြဇာတ်ကနေတာ ဖြစ်မှာ ပေါ့''
''အဲဒါလိုလည်း လူငယ်နီခိုင်အသက်ဟာ ကြီးလှရောပေါ့ကွာ၊ ၆ဝ-ကျော် ၇ဝ-နီးနေပြီ၊ ပြဇာတ်ကလို့ ဘယ်လိုလုပ်ရ တော့မှာ လဲ၊ မင်းနှယ်... ''
''ဘဒွေးက ဇာတ်သမားတွေ နဲ့ ကျုပ်တွေ့ ခဲ့တယ်ဆိုတာကို မယုံလို့လား''
ဖိုးရွှေစကားသံက စိတ်တိုသံပါနေသည်။ ဦးခွေးတိုးကို ယောက္ခမလောင်းကြီးမို့သာ မပြောရဲခြင်း ဖြစ်သည်။ စိတ်တော့တိုသွား လေ၏ ။
''မင်း မယုံဘူးလို့ မပြောပါဘူးကွယ်၊ မင်းဆီက ကြားရတာ တွေ ဆန်းနေလို့ပါ၊ ပန်တျာကြည်ရွှင်ဇာတ်က အရင် ဘုန်းကြီး ပျံလွန်တော် မူတုန်းက ကခဲ့တာလေ၊ လူငယ်နီခိုင်လည်းပါတယ်၊ အနှစ် သုံးဆယ်လောက်ပဲရှိပြီဟာ ၊ အခုဘုန်းကြီးပျံမှာ ဒီလူတွေ အတိုင်း ပြန်ကမယ်ဆိုတော့ ဆန်းနေလို့ပါဟ၊ တိုက်တိုက်ဆိုင်ဆိုင် အနှစ် ၃ဝလောက်ကြာမှ ဒီဇာတ်ပဲ ပြန်ကတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ပြီးတော့ လူငယ်နီခိုင်ကလည်း ဟိုတုန်းကတည်းက သေပြီလေ''
ဖိုးရွှေက စိတ်ထဲကမကြေမနပ်နှင့်ပင် ဦးခွေးတိုးပြောစကား များ ကိုနားထောင်နေသည်။
''အေးလေ... သိနိုင်ဘူး၊ ခုခေတ်က အရင်နာမည် ကြီး မင်းသား မင်းသမီးတွေ ရဲ့ သားသမီးတွေ ကလည်း မိဘတွေ အရှိန်အ ဝါနဲ့ ဆက်ပြီးကနေခုန်နေကြတာရှိတာပဲ၊ မင်းတွေ့ ခဲ့တာ ပန်တျာကြည်ရွှင် သားတို့၊ လူငယ်နီခိုင်သားတို့ ဖြစ်ချင် ဖြစ်နေမှာ ပေါ့''
မ ဖြစ်နိုင်ပေ။ ပန်တျာကြည်ရွှင်သား၊ လူငယ်နီခိုင်သားဆိုလျှင် ဘယ်သူဘယ်ဝါဆိုတဲ့နာမည် ကိုပါ ရေး ထားမှာ ပေါ့။
ဖိုးရွှေက ယောက္ခမလောင်း ဖြစ်နေ၍ ဦးခွေးတိုးအထင်အမြင်ကို မငြင်းသာပဲရှိနေ၏ ။ စိတ်ထဲမှာ တော့ ခံပြင်းနေမိသည်။ သူက ဇာတ်သမားတွေ နဲ့ တွေ့ ဆုံရင်းနှီးခဲ့တာကို ပြန်ပြောပြလိုက်ရင် သူ့ကို အထင်တကြီးနှင့် ဝိုင်းပြီးမေးကြမြန်းကြမည် ထင်ထားခဲ့ခြင်း ဖြစ်သည်။ ခုလို သံသယအဝင်ခံလိုက်ရတော့ မခံချိမခံသာ ဖြစ်သွားရလေ၏ ။
''ကိုဖိုးရွှေ''
မိအေးသင်းက လေသံနှိမ့်၍ ခပ်တိုးတိုးခေါ်လိုက်သည်။
''ဘာတုံး''
''တော် ဖိုးလုံးတို့ထန်းတောထဲမှာ ထန်းရေဝင်မော့ခဲ့သေးလား''
''ဟာ- မသောက်ပါဘူး၊ နင်မကြိုက်ဘူးဆိုလို့ ငါထန်းရေ မသောက်တာကြာပြီပဲ၊ အဲဒီ ဖက်ခြေဦးတောင်မလှည့်ဘူး၊ မယုံရင်နမ်း ၊ကြည့် ... ဟား ... ''
ဖိုးရွှေက မျက်နှာကို မိအေးသင်းနားကပ်ကာ ပါးစပ်ကိုဟ၍ ဟားကနဲလုပ်ပြလိုက်သည်။
''တော် စမ်းပါ၊ မသောက်ရင်လည်း မသောက်ဘူးပေါ့၊ ငါက နင် ထန်းရေမူးနေလို့များ ထင်မိထင်ရာတွေ ထင်လာ သလားလို့ပါ''
''အာ- အေးသင်းကလဲဟာ၊ ငါမရူးသေးပါဘူး၊ ဟင်းနော်- ငါ... တောက်-''
ဖိုးရွှေက မိအေးသင်းကိုယ်တိုင်က မဟုတ်မတရားအထင်ခံ လိုက်ရ၍ မချင့် မရဲ တောက်ခေါက်လိုက်ပြန်သည်။
''ကဲပါ- စိတ်တိုမနေပါနဲ့၊ ဘုန်းကြီးပျံပွဲက လဆန်း၆ရက်နေ့ မဟုတ်လား၊ အစ်မက အဲဒီ ပွဲကိုသွားမှာ တဲ့၊ အရီးမြတို့ မိသားစုနဲ့ သွားကြဖို့ အဖော်လုပ်ထားပြီးသား၊ အဲဒီ နေ့ကျ နင်ပါလိုက်ခဲ့ပေါ့၊ ဇာတ်ရုံ နောက်ကနေ နင့်လူပျက်ကြီးတွေ နဲ့ ခေါ်တွေ့  လိုက်ရင် ရှင်းသွားမှာ ပဲ၊ ဟုတ်ဖူးလား''
မိအေးသင်းက ဖိုးရွှေစိတ်တိုနေမှန်းသိ ၍ ပြေရာပြေကြောင်း ပြောလိုက်လေသည်။
''အေး- အဲဒီ ညကျ နင်ပါ ဇာတ်ရုံနောက်လိုက်ခဲ့၊ ဦးမိုးဗြဲကြီးတို့က ငါ့ကိုဘယ်လောက်ခင်တယ်ဆိုတာ နင့်ရှေ့မှာ စကား ပြောပြမယ်- ဟွန်း ... ''
![]() လိပ်ပြာဧည့်သည်(ထူးခြားဆန်းကြယ်သရဲတစ္ဆေဇာတ်လမ်း) | ![]() လနှစ်စင်းနှင့် နှင်းတစ်ပေါက် | ![]() အပင်း |