Cover

အပိုင်း (၁)

( ၁ )

လွမ်းစေတီရှိသည့်တောင်ကုန်းအထက်မှ မျှော်ကြည့်လိုက်လျှင်ရိုးမတောကြီးကိုအပေါ်မှစီးမိုးမြင်နေရပါသည်။ သစ်ပင်သစ်တောများ မှာ အရွက်ချင်းထပ်၊ အကိုင်းချင်းယှက်၍ မြေပြင်ကိုမမြင်ရနိုင်အောင် ပိန်းပိတ်နေပေသည်။ တစ်တောလုံးစိမ်းစိုနေပေရာ အစိမ်းရောင် ကမ္ဗလာကြီးဖြန့်ချထားသလို ကြည့်လေရာရာ စိမ်းညို့မှိုင်းမှုံနေပေ၏ ။

မမြစိမ်းသည် ထိုရှုခင်းကိုပင် မငြီးငွေ့နိုင်၊ မရိုးနိုင်ပဲ လွမ်းစေတီတောင်ကုန်းပေါ်သို့ လာကြည့်နေမိရပြန်ပါပြီ။ လွမ်းစေတီရှိရာတောင်ကုန်းကား မမြစိမ်းတို့ရွာမှ တစ်ခေါ်သာသာလောက်ဝေးသည့်အတွက် လူသူပြတ်လတ်သည့်နေရာတစ်ခု ဖြစ်ပေသည်။ မမြစိမ်းလို အပျိုအရွယ်လေး တစ်ယောက် တည်း လာသင့်သော နေရာမဟုတ်ပါ။

လွမ်းစေတီတဝိုက်တွင် စေတီမှဆွဲလွဲသံများ ၊ ကျေးငှက်သာရကာတို့၏ အော်မြည် သံများ ဖြင့်သာ ညံညံစီလျှက်ရှိပေ၏ ။

မမြစိမ်း၏ အကြည့်သည် ဟိုးဝေးဝေးဆီမှ ရိုးမတောင်တန်းကြီးဆီသို့ရောက်လျှက်ရှိသည်။ ရိုးမတောင်တန်းကြီးနှင့် မြစိမ်းရှိနေရာ လွမ်းစေတီတောင်ကုန်းကြားမှ အပြန့်အပြောကျယ်လှသော တောအုပ်ကြီးကိုအပေါ်မှစီးမိုးကြည့်ကာ... မမြစိမ်းမျက်စိထဲဝယ် အ ဖြစ်အပျက်များ ကိုမြင်ယောင်လျှက်ရှိပါ၏ ။

မမြစိမ်းအနေဖြင့်... သစ်တောအုပ်အောက်ခြေမှ မြေမျက်နှာပြင်အနေအထားများ ၊ အရာဝတ္ထုများ ကို သာမန်မျက်စိဖြင့်မမြင်နိုင်သော်လည်းမမြစိမ်း၏ စိတ်အာရုံတွင် မူ ထိုတောအုပ်ထဲမှ အ ဖြစ်အပျက်များ ကို မြင်ယောင်နေမိပါသည်။

စိမ်းညို့သော တောအုပ်ကြီးအောက်ခြေမှ စမ်းချောင်းများ ၊ လျှိုမြောင်များ ၊ ကမူများ ၊ လိုဏ်ခေါင်းများ ၊ ရေတံခွန်များ ၊ ချောက်ကမ္ဘားများ ၊သားရဲတိရစ္ဆာန်များ ကို မမြစိမ်းအာရုံဝယ် ထင်ယောင်မြင်ယောင်လျှက်ရှိလေသည်။

မမြစိမ်း၏ စိတ်အာရုံ၌ ထင်ရှားစွာ မြင်နေရသော အရာမှာ ...ဆင်သုံးကောင် ဖြစ်ပေသည်။ တစ်ကောင်မှာ အထီး ဖြစ်၍ တစ်ကောင်မှာ အမ ဖြစ်သည်။ တစ်ကောင်မှာ ထိုဆင်ထီးနှင့်ဆင်မမောင်နှံတို့၏ သားကလေး ဖြစ်သော ဆင်ထီးကလေး ဖြစ်ပေသည်။

ဆင်ထီးနှင့်ဆင်မမောင်နှံတို့သည် သားဆင်ထီးကလေးနှင့်အတူတောထဲတွင် ဘာသာဘာဝ သွားလာလှုပ်ရှားကျက်စားနေကြခြင်း ဖြစ်ပေသည်။

ဆင်အထီးမှာ စွယ်စုံဆင်ကြီး ဖြစ်ပြီး တောင့်တင်းသန်မာလှပေသည်။ ဆင်ထီးနှင့်ဆင်မမှာ အညိုရောင် အဆင်းရှိသော ဆင်များ ဖြစ်ကြသော်လည်း...၄င်းတို့သား ဆင်ထီးလေးမှာ မူ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသော ဆင်ဖြူတော် ကလေး ဖြစ်ပေ၏ ။

စွယ်စုံဆင်ကြီးက ရှေ့မှဦးဆောင်သွားနေကာ ဆင်ဖြူတော် လေးကိုအလည်မှထားပြီး ဆင်မကြီးသည် နောက်ဆုံးမှ တလှုပ်လှုပ်ဖြင့် လိုက်ပါလျှက်ရှိပေသည်။

ထိုမြင်ကွင်းကား... မမြစိမ်း၏ အာရုံထဲ၌ အမြဲတစေမြင်ယောင်မိသော မြင်ကွင်းတစ်ခု ဖြစ်ပါသည်။

မမြစိမ်း၏ အာရုံထဲဝယ.်... ရေတံခွန်ဘေးတွင် ဆင်ထီးကြီးနှင့်ဆင်မကြီးက ရေတံခွန်အောက်မှရေများ ကို နှာမောင်းဖြင့်စုပ်ယူပြီး ဆင်ဖြူတော် လေးကိုပက်ဖြန်းပေးနေပုံကိုလည်း မြင်ယောင်လာရပြန်သေးသည်။

ထို့နောက.်... ဆင်ထီးကြီးက ဆင်မကြီးနှင့် ဆင်ဖြူတော် လေးအတွက် ကြံများ ချိုးယူလာကာ တယုတယကျွေးမွေးနေပုံများ ...

ဆင်ထီးကြီးကဦးဆောင်၍ ဆင်မကြီးနှင့်ဆင်ဖြူတော် လေးတို့ရေတိမ်သော စမ်းချောင်းကလေးတလျှောက် လျှောက်သွားနေပုံများ ...

တောထဲတွင် ဘာသာဘာဝ ဆော့ကစားမြူးတူးနေပုံများ ...

...စသည်ဖြင့် မြင်ကွင်းများ ကို တစ်ခုပြီးတစ်ခု မြင်ယောင်လာပြန်လေ၏ ။

သူမ မြင်ယောင်မိသော မြင်ကွင်းများ ကား တစ်ချိန်သော အခါ ကအမှန်တကယ် ဖြစ်ခဲ့သော ဖြစ်ရပ်များ ဟု မမြစိမ်းက ယုံကြည်နေပေ သည်။

* * *



တစ်ကြိမ်တွင် မူ မမြစိမ်းသည် အသည်းထိတ်စရာမြင်ကွင်းတစ်ခုကို မြင်ယောင်ရပြန်လေ၏ ။

ကိုးတောင်ကျားကြီးတစ်ကောင်သည် ဆင်မိသားစုကိုကြည့်၍ မာန်ဖီလျှက်ရှိလေသည်။ ဆင်ထီးကြီးက ဆင်မကြီးနှင့်ဆင်ဖြူတော် လေးရှေ့တွင် ကွယ်၍ ရပ်လိုက်ကာ ဆင်သားအမိကိုလုံခြုံသော နေရာတွင် ပုန်းအောင်းနေရန် တိရစ္ဆာန်တို့၏ ဘာသာစကားဖြင့် ပြောဆိုအမူအရာပြလိုက်လေသည်။

ဆင်မသည် ဆင်ကလေးနှင့်အတူ လျှိုကြီးတစ်ခုကြားတွင် ဝင်၍ ရပ်နေလိုက်သည်။

ကိုးတောင်ကျားကြီးနှင့်စွယ်စုံဆင်ကြီးတို့၏ တိုက်ပွဲကား စတင်ပေပြီ။

ကိုးတောင်ကျားသည် ဆင်ကြီး၏ ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကာ မာန်ဖီရင်း ချက်ကောင်းကိုချောင်းလျှက်ရှိ၏ ။ စွယ်စုံဆင်ကြီးကလည်း ကျားကြီးလှည့်ပတ်နေသည့်အတိုင်း သူ့ကိုယ်လုံးကြီးကို ပတ်ချာလည်ကာ ခုခံရန်အသင့်ပြင်ဆင်လျှက်ရှိ၏ ။ ဆင်ကြီးသည် သူ၏ အိမ်သူဆင်မကြီးနှင့် သားကလေးရှိရာ လျှိုဖက်သို့ အလစ်မပေးပဲ ကာကွယ်ထားပေ၏ ။

ကျားသည် ဘယ်ဖက်သို့ပြေးရန်ဟန်ပြပြီးမှညာဖက်မှပတ်ဝင် ကာ တစ်ချက်ကျယ်လောင်စွာ ဟိန်းလိုက်ရင်းဆင်ကြီး၏ ညာဖက်ရှေ့ခြေ ထောက်အောက်ဖက်ကို ခဲလိုက်လေသည်။

ဆင်ကြီးက ခေါင်းကိုငဲ့ကာ အစွယ်ဖြင့်ပင့်ကော်လိုက်လေရာကျား၏ နံဘေးကို အစွယ်ဖြင့် ထိုးမိပြီးကျားသည်ကြောက်လန့်တကြားဖြင့် ကိုက်ခဲထားရာမှလွှတ်ကာဘေးဖက်သို့ပြေးသွားလေ၏ ။

ကျားသည် ခပ်လှမ်းလှမ်းရောက်မှ တစ်ဖန်ပြန်လှည့်လာကာအကွက်ကောင်းကိုချောင်းနေပြန်၏ ။

ထို့နောက.်... တောင်ကုန်းလေးပေါ်သို့ပြေးတက်သွားကာဆင် ကြီးအပေါ်သို့ ခုန်အုပ်လိုက်ပြန်၏ ။

ဆင်ကြီးက လျှင်မြန်စွာ ဝပ်ချလိုက်ကာ ခုန်အုပ်လိုက်သော ကျားကို အစွယ်နှစ် ဖက်ဖြင့် ပင့်ကော်လိုက်လေသည်။

ကျားသည် စွယ်စုံဆင်ကြီး၏ အစွယ်ဖွေးဖွေးထက်၌ ယက်ကန် ယက်ကန်ဖြင့် သွေးသံရဲရဲ ဖြစ်လျှက်ရှိသည်။ ဆင်ကြီးကဦးခေါင်းကိုဘယ် ညာရမ်းခါပစ်လိုက်သည့်အခါတွင် ကားကျားသည်ဆင်စွယ်ထက်မှပြုတ်ကျ ကာ ရင်နှစ် ချမ်းကွဲလျှက်အသည်းအူများ မြေပြင်ထက်ပြန့်ကျဲသွားလေ တော့သည်။ကျားသည် တစ်ချက်နှစ် ချက်သာ ဆန့်ငင်ဆန့်ငင် ဖြစ်ပြီးအသက်ပျောက်သွားလေတော့သည်။

စွယ်စုံဆင်ကြီးသည် ထိုအတိုင်းပင်အန္တရာယ်ရန်စွယ်အမျိုးမျိုး မှ ကာကွယ်ပေးခဲ့ပါသည်။

သည်အ ဖြစ်တွေ ကို မမြစိမ်းအာရုံထဲဝယ်ထင်ရှားစွာ မြင်လျှက်ရှိ သည်။

သည်လို... ဆင်သားအမိအပေါ် ကြင်နာယုယဖေးမမှုတွေ ရှိခဲ့သော စွယ်စုံဆင်ကြီးသည်....တစ်နေ့သော အခါတွင် ဆင်မကြီးနှင့်ဆင်ဖြူကလေးကို ထားရစ်ခဲ့သော မ ဖြစ်မနေစွန့်ခွာထွက်သွားရလေသည်။

စွယ်စုံဆင်ကြီးစွန့်ခွာသွားရသည်ကား သတ္တဝါတို့မလွန်ဆန်နိုင်သော သေခြင်းတရားကိုရင်ဆိုင်ရန် ထွက်ခွာသွားရခြင်းပင် ဖြစ်ပါတော့သည်။

ဆင်ကြီးသည် ကိုးတောင်ကျားနှင့်ရင်ဆိုင်တိုက်ပွဲဝင်ခဲ့စဉ်ကကျား၏ ကိုက်ခဲမှုကြောင့် ရှေ့ခြေထောက်နှင့်ဝမ်းဗိုက်အောက်တွင် ဒဏ်ရာ ရခဲ့သည်။ ကျားကိုက်သော ဒဏ်ရာကြီးဖြင့်နှစ် ရှည်လများ နေထိုင်ခဲ့ရ ပါသည်။

ကြာသော် ... ဒဏ်ရာကြောင့် ဆင်ကြီးမှာ လမ်းလျှောက်ရာ၌ ထော့နင်းထော့နင်းဖြင့် လျှောက်လှမ်းနေရလေတော့သည်။

အသက်ကလည်းကြီးလာ ဒဏ်ရာကလည်းပြင်းထန်လာသော အချိန်တွင် ကား ဆင်ကြီးသည် သူ့အတွက်သေဖို့အချိန်နီးကပ်လာပြီ ကို သိလာရလေတော့သည်။

* * *



''ရှင်မရေ- ကျုပ်တော့ သေရမယ့်အချိန်နီးလာပြီကွဲ့၊ ကျုပ်မကြာခင်သေရတော့မယ်''

''အို- မောင်ကြီး၊ ဖြစ်မှ ဖြစ်ရလေမောင်ကြီးရယ်''

''ကျုပ် အချိန်မီ ဆင်သင်္ချိုင်းကိုသွားရတော့မယ် ရှင်မရယ်၊သားကလေးကိုစောင့်ရှောက်ပြီးသာ နေရစ်ပေတော့ကွယ်''

ဆင်မကြီးက မျက်ရည်ဝေသော မျက်လုံးများ ဖြင့်ငေးကြည့်နေ လေသည်။

သူတို့ဆင်သတ္တဝါများ သည် သေလွန်သည့်အခါဆင်သင်္ချိုင်း အထိ ရောက်အောင်သွား၍ ဆင်သင်္ချိုင်းထဲတွင် အသက်ကိုစွန့်လွှတ်ရ ပါသည်။

သူ့ကိုယ်သူသေမည် ကိုသိနေသော ဆင်ကြီးကား ဆင်သင်္ချိုင်းသို့သွားရောက်ရန်ဆုံးဖြတ်ပြီး ဆင်မကြီးကိုဖွင့်ပြောလိုက်ခြင်း ဖြစ်ပါ၏ ။

ဆင်မကြီးအနေဖြင့်လည်း သေခါနီး သည့်ဆင်တစ်ကောင်အတွက် ဆင်သင်္ချိုင်းသို့ မလွဲမသွေသွားရောက်ရမည် သာ ဖြစ်သည်မို့မည် သို့ မျှတားဆီးဖို့မ ဖြစ်နိုင်ပါပေ။ တားဆီးနိုင်ကောင်းသော အရာလည်းမဟုတ် ပေ။ ဆင်မကြီးအနေဖြင့် မိဘဘိုးဘွားဆင်များ လည်းသေလွန်ချိန်နီး သည့်အခါတိုင်း ဆင်သင်္ချိုင်းသို့နှုတ်ဆက်ထွက်ခွာသွားကြသည်ကို အကြိမ်ကြိမ်ကြုံခဲ့ဖူးပြီး ဖြစ်ပါသည်။

ဆင်မကြီးသည် ဝမ်းနည်းမှုဖြင့်သာ ဆင်ကြီးကို ငေးငိုင်ကြည့်နေမိပေတော့သည်။

''သားကလေးကိုသာ စောင့်ရှောက်ပြီးနေရစ်ပါတော့ ရှင်မရယ်၊သားကလေးကို ကြံ့ခိုင်သန်စွမ်းတဲ့ ဆင်ခေါင်းဆောင်တစ်ကောင် ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးပါတော့ကွယ်''

''စိတ်ချပါမောင်ကြီးရယ်''

''သားကလေးဟာ တို့များ ရဲ့ ဆင်မျိုးနွယ်ထဲမှာ ထူးခြားတဲ့ ဆင်ကလေးတစ်ကောင် ဖြစ်ပေတယ်၊ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ ဆင်ဖြူကလေးမို့ လူသားများ ကပင် အထွဋ်အမြတ်ထားရတဲ့ ဆင်မျိုးတစ်ကောင် ဖြစ်ပေတယ်ရှင်မ''

''မှန်ပါတယ်မောင်ကြီး''

''လူသားတို့ဖမ်းဆီးမှုအန္တရာယ်ကလွတ်ကင်းအောင် ဘယ်လိုရှောင်တိမ်းရမယ်ဆိုတာ သင်ပြပေးပေတော့ရှင်မရေ၊ ကျုပ်တော့ ဒီကနေ့ညသန်းကောင်တိုင်တာနဲ့ ဆင်သင်္ချိုင်းကိုထွက်ခွာတော့မယ် ရှင်မ''

''အို ... မောင်ကြီး ၊ ကျေးဇူးရှင်ကြီးရယ်၊ တကယ်ခွဲသွားတော့မယ်ပေါ့နော်၊ နှမ ဝမ်းနည်းလှပါဘိတော့ ရှင် ... ''

''ဝမ်းမနည်းပါနဲ့နှမရယ် သတ္တဝါတိုင်းဟာ တစ်နေ့ သေလမ်းကိုသွားရတာ ချည်းပါပဲ၊ သားကလေးသိရင် ငယ်ရွယ်သူမို့ ကြေကွဲမှာ ကိုတော့ စိုးမိပါတယ်ရှင်မရယ်၊ သည်တော့ သားကလေးကိုတော့ သူ့ဖခင်ကျုပ် ဆင်သင်္ချိုင်းကိုသွားသေတော့မယ်ဆိုတာ ပြောမထားပါနဲ့ရှင်မရယ်၊ ညသန်းကောင်ရောက်ရင် ကျုပ်ထွက်ခွာ သွားပါမယ်၊ နောင်များ မှသာ သားကလေးနားလည်အောင် ရှင်းပြရစ်ပေတော့ရှင်မ''

* * *



ထိုညကား လပြည့်ညတစ်ည ဖြစ်ပေသည်။

လမင်းကြီး၏ အလင်းရောင် က တစ်တောလုံးကိုဖုံးလွှမ်းထားပေ၏ ။

ဆင်ကြီးကား ဆင်သင်္ချိုင်းရှိရာသို့ တရွေ့ရွေ့လျှောက်လှမ်းသွားလျှက်ရှိပေသည်။ ဆင်မကြီးသည်လည်း ဆင်ကြီးနောက်မှ တအိအိဖြင့်လိုက်ပါလျှက်ရှိသည်။

ဆင်ကြီးက နေရစ်ခဲ့ရန်ပြောသော်လည်း ဆင်မကြီးကား ချစ်လင်၏ နောက်ဆုံးခရီးကိုလိုက်ပို့ရင်း ချစ်လင်ကို နောက်ဆုံးကြည့်ခြင်းဖြင့်နှုတ်ဆက်ရန် လိုက်ပါလာခဲ့ခြင်းပင် ဖြစ်ပါသည်။

တရွေ့ရွေ့ဖြင့်လျှောက်လှမ်းလာခဲ့ရာ ရေစီးကျသံများ ကိုကြားရပြီး မကြာမီပင် ရေတံခွန်ကြီးတစ်ခုဘေးသို့ရောက်ရှိသွားလေသည်။စွယ်စုံဆင်ကြီးက ဆင်မကြီးကိုလှည့်ကြည့်ကာ ပြောလိုက်လေ၏ ။

''နေရစ်ခဲ့ပေတော့ရှင်မ''

စကားဆုံးသည်နှင့် ဆင်ကြီးက ရေတံခွန်ဘေးမှပတ်ကာရေတံခွန်အောက်သို့ဝင်သွားလေသည်။

ရေတံခွန်မှ အရှိန်ပြင်းစွာ တဝေါဝေါစီးကျနေသော ရေများ ကလရောင် တွင် ငွေရောင် လင်းလက်နေပေ၏ ။

ရေတံခွန်အောက်အရောက်တွင် ဆင်ကြီးသည် ဆင်မကြီးရှိရာသို့လည်ပြန်လှည့်ကြည့်ကာ နှာမောင်းကိုမြှော က်၍ ''ဝူး ... ''ကနဲသံရှည်ဆွဲကာ အော်လိုက်လေ၏ ။

ချစ်ဇနီးအား နောက်ဆုံးနှုတ်ဆက်လိုက်ခြင်းပင် ဖြစ်ပါတော့သည်။

ထို့နောက် ဆင်ကြီးသည် ရေတံခွန်မှစီးကျနေသော ရေထုထဲသို့ဖြတ်သန်းကာ ရေတံခွန်နောက်ရှိ တောင်အခေါင်းထဲသို့ ဝင်သွားလေတော့သည်။

ဆင်ကြီးကို နောက်ဆုံးမြင်လိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

ရေတံခွန်မှ အရှိန်ပြင်းစွာ စီးကျနေသော ရေထုကြီးက ကွယ်နေသဖြင့် ထိုရေထုနောက်တွင် လိုဏ်ခေါင်း ဖြစ်နေသည်ကို မည် သည့်သတ္တဝါမျှမသိကြပါ။ ဆင်များ သာလျှင်သိကြပါသည်။

ရေတံခွန်နောက်မှ လိုဏ်ခေါင်းကြီးကား ဆင်သင်္ချိုင်းရှိရာသို့သွားရောက်သော လမ်းမကြီးပင် ဖြစ်ပါတော့သတည်း။ တစ်တောလုံးတစ်တောင်လုံးရှိ ဆင်များ အားလုံး ကွယ်လွန်သေဆုံးမည့် အချိန်တွင် မပျက်မကွက်လာရောက်ရသော ဆင်သင်္ချိုင်းပင် ဖြစ်ပါလေသည်။

တစ်နည်းအားဖြင့် ... ဆင်သတ္တဝါများ သာလျှင်သိသော လျှို့ဝှက် အပ်သည့် နေရာတစ်ခုပင် ဖြစ်ပါတော့၏ ။

ဆင်မကြီးသည် ရေထုနောက်တွင် ပျောက်ကွယ်သွားသော ဆင်ကြီးကိုကြည့်ရင်း ကြေကြေကွဲကွဲအော်လိုက်လေတော့သည်။

ဆင်မကြီးအော်ဟစ်လိုက်သော အသံက တစ်တောတစ်တောင်လုံးသို့ ဟိန်းသွားလေ၏ ။ တစ်နည်းအားဖြင့် .....ဆင်မကြီး၏ ငိုရှိုက်သံပင် ဖြစ်ပါတော့သည်။

မမြစိမ်းသည် ထိုမြင်ကွင်းကို မြင်ယောက် မိသည့်အခါတိုင်း.....ရင်မှာ ဆွတ်ကြင်လွမ်းမောစွာ ခံစားရမြဲ ဖြစ်ပေသည်။

ဆင်သင်္ချိုင်းရှိရာသို့ ဝင်ရောက်သွားသော ဆင်ကြီးကိုမြင်ယောင်ကာ ကြေကွဲစွာ ခံစားရသည်။

မမြစိမ်းသည် သူမမြင်ယောင်လာသော ဆင်များ နှင့်ပတ်သက်သည့် မြင်ကွင်းများ ကို...ဆင်မကြီးနေရာမှ ဝင်၍ ခံစားနေမိခြင်း ဖြစ်ပါတော့သည်။

ယခုလည်း ဆင်ကြီး ဆင်သင်္ချိုင်းသို့ဝင်ရောက်သွားသော မြင်ကွင်းကိုမြင်ယောင်လာကာ မမြစိမ်းမျက်ဝန်းမှ မျက်ရည်များ ရစ်ဝဲလာလေတော့သည်။

''သမီးရေ ... မြစိမ်း၊ အလို... ထင်တဲ့အတိုင်းပဲ ဒီကိုရောက်နေတာကိုး''

နောက်မှအသံကြားသော ကြောင့် မမြစိမ်းက လှည့်ကြည့်လိုက်သည်။

* * *



( ၂ )

ဆင်သင်္ချိုင်းထဲသို့ ဆင်ကြီးဝင်ရောက်သွားသော အပိုင်းကို မြင်ယောင်လာသော မမြစိမ်းရင်၌ တစစ်စစ်နာကျင်လာလေသည်။ မျက်ရည်များ ဝဲလာလေသည်။

ထိုစဉ်မှာ ပင် နောက်မှခေါ်သံကိုကြားလိုက်ရခြင်း ဖြစ်သည်။

''သမီးရေ ... မြစိမ်း၊ အလို... ထင်တဲ့အတိုင်းပဲ ဒီကိုရောက်နေတာကိုး''

မမြစိမ်း လှည့်ကြည့်လိုက်ရာတွင် မိခင် ဖြစ်သူဒေါ်အေးကြည်ကို တွေ့ လိုက်ရလေ၏ ။

''မြစမ်းရယ်....မပြောမဆိုနဲ့ ထွက်သွားလိုက်တာ၊ အမေ့ဖြင့် စိတ်ပူရပါပေါ့၊ အို.... သမီးမျက်လုံးမှာ လည်း မျက်ရည်တွေ ဝဲလို့ပါလား၊ ဘာ ဖြစ်လို့လဲသမီး''

''ဘာမှမ ဖြစ်ပါဘူးအမေရယ်၊ ကျွန်မမျက်လုံးထဲ ဖုံဝင်လို့ပါ''

ဒေါ်အေးကြည်က သက်ပြင်းချလိုက်သည်။ဒေါ်အေးကြည်သိပါ သည်။ မမြစိမ်းသည် တောထဲကိုကြည့်ကာတွေးမိတွေးရာတွေးရင်း လွမ်းမောနေခြင်း ဖြစ်သည်။မမြစိမ်းရဲ့ အကျင့်စရိုက်ကို ဒေါ်အေးကြည်က သိပြီး ဖြစ်ပါသည်။

သို့သော်... မိန်းမပျိုလေး တစ်ယောက် တည်း ရွာနဲ့ဝေးရာကိုထွက်,ထွက်သွားတာ ဒေါ်အေးကြည်စိုးရိမ်လှသည်။

ပြီးတော့... ဒေါ်အေးကြည်မှာ အစွဲအလမ်းတစ်ခုရှိသည်။သမီး မမြစိမ်း တောထဲကိုထွက်သွားမှာ စိုးရိမ်ခြင်း ဖြစ်သည်။ တောထဲကလာတဲ့သမီး တောထဲကိုသူ့သဘောနဲ့သူပြန်သွားမှာ ကို ဒေါ်အေးကြည်အစဉ်စိုးရိမ်နေမိသည်။ ဒါကြောင့်လည်း ... မမြစိမ်းကို မျက်ခြေမပျက်ကြည့်နေရ၏ ။ ကြည့်နေတဲ့ကြားမှ မမြစိမ်း တစ်ချက်တစ်ချက် ပျောက်ပျောက်သွားတတ်သည်။ ဒေါ်အေးကြည်ကလည်း ဆိုင်မှာ အရောင်းအဝယ်ကိစ္စများ နှင့် အလုပ်များ သည်မို့ မမြစိမ်းကို အမြဲသတိပြုမနေနိုင်တာလည်းပါသည်။

ဒေါ်အေးကြည်စိုးရိမ်နေသော်လည်း မမြစိမ်းက တောထဲထွက် သွားလောက်အောင်တော့ မမိုက်မဲပါ။ အလွန်ဆုံး...ရွာမနီးမဝေးက လွမ်းစေတီရှိရာတောင်ပေါ်သို့သွားပြီး တောထဲကိုငေးစိုက်ကြည့်နေ တတ်ရုံသာ ဖြစ်သည်။

ဘာပဲ ဖြစ် ဖြစ်.... ဒေါ်အေးကြည်ရဲ့ စိုးမိုးစိတ်ကလျော့မသွား။တစ်နေ့မှာ တောစိတ်ပေါက်ပြီး တောထဲပြန်သွားမှာ ကို စိုးရိမ်နေမိတာအမှန်ပင်။

တကယ်တော့... မမြစိမ်းသည် တောထဲကလာသော တောပျော် တစ်ဦးပင်မဟုတ်ပါလား။

''လာနော်... သမီး၊ ပြန်ကြစို့၊ မှော င်လာရင် မကောင်းဘူးကွယ်။ နောင်လည်း မပြောမဆိုထွက်ထွက်မ သွားပါနဲ့သမီးရယ်၊ အမေစိတ်ပူလွန်းလို့ပါ''

''ကျွန်မ ဒီလွမ်းစေတီအထိပဲလာတာပါအမေရယ်၊ တောင်ခြေမှာ ရွာသူရွာသားတွေ လည်း သွားလာနေကြတာပဲ၊ဘာစိတ်ပူစရာရှိသတုံး၊ ကျွန်မအတွက်စိတ်မပူပါနဲ့အမေ''

''မိဘဆိုတော့ ပူပန်ရတာ ပဲအေ၊ နောက် ဒီကိုလာချင်ရင်အမေ့ပြော၊ အမေရင်လည်း လိုက်ပို့မယ်၊ အဖော်ရင်လည်း ထည့်ပေးမယ်၊နော်- သမီး''

''ဟုတ်ကဲ့ပါအမေ''

ဒေါ်လုံးကြည်က ချော့ချော့မော့မော့ပြောရင်း သမီးလေးကိုအိမ်ပြန် ခေါ်လာခဲ့လေသည်။

* * *



( ၃ )

ညပိုင်းတွင် ဒေါ်လုံးကြည်က သူမ၏ စိုးရိမ်စိတ်များ ကို ခင်ပွန်း ဖြစ်သူ ဦးသာကျော်အား တိုးတိုးတိတ်တိတ် ပြောပြလိုက်သည်။

''သမီးကလေး ဆင်စိတ်ပေါက်ပြီး တောထဲပြန်သွားမှာ စိုးရိမ်မိသတော် ''

'ကြံကြံဖန်ဖန်အေးကြည်ရယ်.....ဘယ့်နှယ်.....ဆင်စိတ်ပေါက်ရမှာ တုံး၊ တို့သမီးဟာ အလိမ္မာလေးဆိုတာ မင်းသိသားနဲ့ကွယ်၊စိုးရိမ်ရန်ကော''

''တောစပ်သွားသွားနေတာ သွေးရိုးသားရိုးဟုတ်မလားတော် ၊ဆင်ဘဝကလာတဲ့သူဆိုတော့ ဆင်စိတ်ပေါက်မှာ စိုးရိမ်ရတာ ပေါ့၊ မြစိမ်းဟာ ဆင်မလေးတစ်ပိုင်းဆိုတာ တော် လည်းသိသားပဲ''

''ဒါတွေ က အရင်ဘဝကပါ အေးကြည်ရယ်၊ အခု လူ ဖြစ်လို့ငါတို့သမီးလေးပဲ ဖြစ်နေပြီပဲ၊ ဆင်စိတ်ပြန်ဝင်မယ်ဆိုတာတော့ မ ဖြစ်နိုင်ပါဘူး၊ အေးလေ... မင်းက မအေဆိုတော့လည်း ကြံဖန်စိုးရိမ်တာ ငါအပြစ်မပြောပါဘူး''

လင်မယားနှစ် ယောက် သား သမီးအကြောင်းပြောဆိုရင်းအတိတ်အကြောင်းများ ဆီစိတ်ရောက်သွားကြသည်။

မမြစိမ်းဟာ တကယ်ပဲ ဆင်ဝင်စားသူလား။

သမီးလေးမြစိမ်းနှင့် ဆင်ဆိုသော သတ္တဝါပတ်သက်မှုရှိနေတာတော့ အမှန်ပင်။

မမြစိမ်းကိုမမွေးခင်က ကိုသာကျော်နှင့်မအေးကြည်တို့ လင်မယားမှာ အတော် ပင်ဆင်းရဲကြလေသည်။ ဆင်းရဲသမှ ကျောက်အိုင်ရွာတစ်ရွာလုံးတွင် အဆင်းရဲဆုံးလင်မယားပင် ဖြစ်သည်။

လယ်ပိုင်ယာပိုင်အခင်းပိုင်မရှိ၍ တောထဲဝင်ကာ ထင်းခွေ၍ ရောင်းစားရပါသည်။

တောအရပ်ဆိုတော့ ထင်းခွေပြီး ရောင်းစရာနေရာက မရှိ။သူသူကိုယ်ကိုယ် ယာထဲကိုင်းထဲသွားရင်း လမ်းမှာ တွေ့ ရာ သစ်ကိုင်းသစ်ခက်သစ်ခြောက်များ ကို ကောက်ယူလာရုံနှင့် ကိုယ့်အိမ်အတွက်တော့ထင်းလုံလောက်နေသည်။ ကိုသာကျော်နှင့်မအေးကြည်တို့ ခွေလို့ရသော ထင်းကို ရွာမှာ ရောင်းစားလို့မရပါ။

ထိုအခါ....ကိုသာကျော်သည် ငါးမိုင်ခန့်ဝေးသည့် ဒညင်းဆိပ်ဆိုသည့်ရွာကြီးကို ထင်းတွေ သွားရောင်းရသည်။ ဒညင်းဆိပ်မှာ ကမီးသွေးဖိုရှိသည့်အတွက် ထင်းရောင်းလို့ရပါသည်။ ဒါလည်း မီးသွေးလုပ်လို့ကောင်းသည့် ထင်းတုံးကြီးကြီးကိုမှဝယ်ခြင်း ဖြစ်သည်။ထို့ကြောင့် ကိုသာကျော်တို့လင်မယားမှာ ထင်းတုံးကြီးကြီးရအောင်သစ်ပင်ကြီးကြီး တွေ ကိုခုတ်လှဲပြီးမှ ထင်းခွေရလေသည်။

တောထဲကနေ ရွာအထိ ထင်းတုံးကြီးတွေ ကို လင်မယားနှစ် ယောက် ထမ်းယူရွက်ယူလာရသည်။ ရွာရောက်တော့ မပြီးသေး။ ကိုသာကျော်က ထိုထင်းတုံးကြီးများ ကိုထမ်းကာ ဒညင်းဆိပ်ရွာအရောက်သွားပို့ရသေးသည်။ သည်လို ပင်ပင်ပန်းပန်းလုပ်ပေမယ့် ဝမ်းဝရုံသာရှိပေသည်။

အိမ်ထောင်ကျပြီး လေးငါးနှစ် ကြာသည်အထိ ကလေးမရသေးတာပဲတော် သေးတယ်လို့ပြောရတော့မည် ။ ကလေးရှိလာပါက ကလေးပါးစပ်ပေါက်အတွက်ပါ ပူပန်ရဦးမည် ။

သို့သော်.... ကိုသာကျော်ရော မအေးကြည်ပါ ကလေးလိုချင်ခဲ့ကြပါသည်။ ဘယ်လောက်ဆင်းရဲဆင်းရဲ အိမ်ထောင်သည် ဖြစ်မှတော့သားသမီးရတနာကိုမျှော်လင့်မိသည်ပင်။

တစ်နေ့တော့... ထင်းရှားပါးသည့်အတွက် ကိုသာကျော်တို့လင်မယား တောအတော် နက်သည်အထိသွား၍ ထင်းခွေခဲ့ရသည်။ထိုနေ့က ရွာကိုပြန်ရောက်တော့ မိုးချုပ်နေပြီ။ ဒညင်းဆိပ်ရွာအထိထင်းသွားမပို့နိုင် တော့။ ကိုသာကျော်တို့တောအတော် နက်နက်အထိဝင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုအခေါက်မှာ ပင် ဖြစ်သည်။

ကိုသာကျော်က သစ်ပင်ကြီးတစ်ပင်ကို အရင်းမှခုတ်လှဲနေတုံးမအေးကြည်က အလန့်တကြားဖြင့် သတိပေးလာသည်။

''ကိုသာကျော်၊ ကျုပ်တို့ပြန်ရမှာ နဲ့၊ အဲဒီ အပင်ကို ပြီးအောင်ခုတ်မနေနဲ့တော့တော် ၊ ပြန်ကြစို့''

''ဟ- ဘယ်လို ဖြစ်တာလဲ၊ ပြီးခါနီး မှ၊ နေပါဦးဟ''

''ပြန်ကြစို့ကိုသာကျော်၊ ကျုပ်စိတ်ထဲမှာ မသန့်ဘူး၊ ဒီနားမှာ ဆင်အုပ်တွေ သော င်းကျန်းတယ်လို့ ကျုပ်ကြားဖူးတယ်''

''နင်ကလည်းဟာ၊ ကြံကြံဖန်ဖန်တွေးကြောက်နေပြန်ပြီ''

''တွေးကြောက်တာမဟုတ်ဘူးတော့၊ ဒီနားမှာ ဆင်ရှိတယ်၊ကျုပ်တို့ ပြန်ကြစို့''

မအေးကြည်က ပြန်ဖို့ချည်း တစာစာပြောနေသည့်အခါ...ကိုသာကျော်လည်း ခုတ်လက်စသစ်ပင်ကိုလက်စအတိုင်းထားပစ်ခဲ့ရသည်။

လမ်းမှာ ကိုသာကျော်က တဖျစ်ဖျစ်ပြောမဆုံးတော့။ သူ့သစ်ပင်ကြီးကို နှမျောနေသည်။ ဒီကြားထဲ မအေးကြည် စိတ် ရောဂါ က ပိုဆိုးလာသည်။

''မြန်မြန်လျှောက်ပါတော့် ကိုသာကျော်၊ ကျုပ်တို့နောက် ဆင်လိုက်လာပြီထင်တယ်''

နောက်ကိုလှည့်ကြည့်လှည့်ကြည့်နှင့်ပြောသည်။

''အေးကြည်ရယ်၊ နင်ဘယ်လို ဖြစ်နေတာလဲ၊ ဆင်ရှိရင်တောတိုးသံ ကြားရမှာ ပေါ့ဟ၊ နင်လုပ်တာနဲ့ ငါ့သစ်ပင်ကြီးနှမျောလိုက်တာဟယ်''

''နှမျောရင် တော့် ဟာတော် နောက်နေ့မှလာယူ၊ လျှောက်ပါတော့် ၊ မြန်မြန်၊ နောက်မှာ ဆင်ပါလာတယ်ထင်တယ်''

''ဒီမိန်းမ ဒီနေ့ဘာ ဖြစ်နေတယ်မသိဘူး၊ တော် တော် ရူး''

အိမ်ကိုချောချောမောမောပဲပြန်ရောက်သည်။

''ဘယ်မှာ လဲ နင့်ဆင်၊ တကတည်း ကြံဖန်ပြီးတွေးကြောက်နေတယ်''

''အိုတော် .... တော့် သစ်ပင်ကြီးပြီးအောင်ခုတ်နေလည်း တောထဲမှာ တွင် မိုးချုပ်သွားလိမ့်မယ်၊ ခုတောင်....ဒညင်းဆိပ်ကို တော် မသွားနိုင်တော့ဘူးမဟုတ်လား၊ ကျုပ်တို့ရလာတဲ့ထင်းတွေ လည်း နည်းပါဘူးတော် ''

ထိုညက ကိုသာကျော်အိပ်မက်မက်သည်။

အိပ်မက်က မအေးကြည် ညနေကပြောထားတာတွေ ကိုစွဲလမ်းလို့လားမသိ။ ဆင်ကိုအိပ်မက်မက်ခြင်း ဖြစ်သည်။

သူနဲ့မအေးကြည် တောထဲကပြန်အလာ ဆင်တစ်ကောင်နောက်က လိုက်လာတယ်လို့ အိပ်မက်မက်ခြင်း ဖြစ်သည်။ ဆင်ကဆင်မကြီး ဖြစ်သည်။ ဆင်မကြီးက တောထဲမှပြန်လာသည့်သူတို့နောက်မှ တကောက်ကောက် လိုက်လာသည်။

အိမ်အဝင်ဝတွင် ဆင်မကြီးက ငေး၍ ကျန်ရစ်ခဲ့သည်တဲ့။အိမ်ဝင်း ထဲအထိတော့ လိုက်မလာပါ။

သူတို့လင်မယားညအိပ်နေတော့မှ အိမ်ကလေးသိမ့်ကနဲ ဖြစ်သွားတော့ ကိုသာကျော်က လန့်နိုးသွားသည်။ ကြည့်လိုက်တော့...သူတို့ လင်မယားခြေရင်းမှာ ညနေကပါလာသည့်ဆင်မကြီး ရပ်နေတာတွေ့ ရ သည်။

''အဖေ... အဖေ... ကျွန်မ အဖေတို့နဲ့ နေချင်လို့၊ နေမယ်နော် '

ဆင်မကြီးက လူအတိုင်းစကားပြောလေသည်။

အိပ်မက်ထဲဆိုတော့ ဆင်က လူစကားပြောတာကိုကိုသာကျော် က အံ့သြမနေပါ။

''ဟဲ့- နင်နေလို့ဘယ် ဖြစ်မှာ လဲ၊ နင့်ကိုယ်လုံးကြီးနဲ့ ငါ့အိမ်ကျိုးကျမှာ ပေါ့''

''ဟင့်အင်း... ဟင့်အင်း... ကျွန်မအဖေတို့အမေတို့နဲ့နေချင်လို့ တောထဲကနေ ဒီအထိလိုက်လာတာပါ၊ နေမှာ ပဲ.... နေမှာ ပဲ''

ပြောပြောဆိုဆို ဆင်မကြီးကကိုသာကျော်နှင့်မအေးကြည်ကြား ထဲဝင်လာကာ ဝပ်ချလိုက်သည်။

ကိုသာကျော် ''တဟဲ့ဟဲ့...''အော်ရင်းမှလန့်နိုးသွားလေသည်။

မအေးကြည်ကတော့ အိပ်မက်ထဲကအတိုင်း တခေါခေါဟောက်၍ အိပ်နေသည်။

ကိုသာကျော်သည် သူ၏ ထူးဆန်းသော အိပ်မက်ကို မနက်ကျမှပင် မအေးကြည်ကိုပြန်ပြောပြလိုက်၏ ။

''နင် ဆင်လိုက်လာတယ်ပြောတာကိုစိတ်စွဲသွားလို့လား မသိပါဘူးဟာ၊ ညက ငါအိပ်မက်မက်တယ်''

ကိုသာကျော်ပြောပြသည့်အိပ်မက်ကို မအေးကြည်က ပါးစပ်အဟောင်းသားဖြင့် နားထောင်နေသည်။

''အိပ်မက်ထဲမှာ ဆင်မကြီးက နင်နဲ့ငါနဲ့ အိပ်နေတဲ့ကြားထဲကိုအတင်းကိုဝင်တိုးတော့တာပဲဟေ့''

ထိုစဉ်ကတော့... နှစ် ယောက် စလုံး အိပ်မက်ကအိပ်မက်ပဲဟုသဘောထားကာ အမှတ်မထင်ရှိခဲ့ကြသည်။ သမီးလေးမြစိမ်းကိုမွေးလာမှအိပ်မက်သည် မမြစိမ်း ဝင်စားချင်လို့မက်တဲ့အိပ်မက် ဖြစ်မှန်း သတိထားမိတော့၏ ။

ကိုသာကျော်အိပ်မက်မက်ပြီး မကြာမီ မအေးကြည်မှာ ကိုယ်ဝန်ရှိလာခဲ့သည်။ မမြစိမ်းကို မြန်မာသက္ကရာဇ် ၁၂၉ဝပြည့်နှစ် မှာ မွေးဖွားခဲ့ခြင်း ဖြစ်ပါသည်။

မမြစိမ်းကိုမွေးလာတော့ ဆင်စရိုက် ဆင်အလေ့အထလေးတွေ တွေ့ လာရသည်တွင် ကိုသာကျော့်အိပ်မက်မှာ မှန်ကန်ကြောင်း စဉ်းစားမိကြလေသည်။

ထူးခြားတာက အိပ်မက်ကို အမေကမမက်ပဲ အဖေ ဖြစ်သူကမက်ခဲ့ခြင်းပင် ဖြစ်ပါသည်။

မမြစိမ်းသည် ငယ်စဉ်ကတည်းက သွားလာလှုပ်ရှားမှုနှေးနှေးကွေးကွေးနှင့် အေးအေးဆေးဆေးနေတတ်သည်။ အခါများ စွာ တွင် ....ကြမ်းပြင်ပေါ်၌ လေးဖက်ထောက်ကာ လက်နှစ် ဖက်နှင့်ဒူးကိုကွေး၍ ငြိမ်ငြိမ် လေး ဝပ်နေတတ်သည်။

''ကြည့်စမ်းပါဦးကိုသာကျော်၊ ကျုပ်တို့သမီးနေပုံထိုင်ပုံက ဆင်မလေးဝပ်နေတာနဲ့မတူဘူးလားတော် ''

လမ်းသွားတတ်ခါစ ဆော့ကစားတော့လည်း လေးဖက်ကုန်းသွားကာ ''ဝူး... ဝူး...''နှင့်ဆင်လိုအော်တတ်သည်။

ကိုသာကျော်က ဘုန်းကြီးဆီခေါ်သွားကာ ကလေးကိုဇာတာဖွဲ့ပေးဖို့လျှောက်သည်။ ဗေဒင်တွက်ပေးဖို့လျှောက်သည်။

''ဆရာတော် ဘုရား... တပည့်တော် သမီးလေးက ထူးခြားပါတယ် ဘုရာ့၊ သူ့ကိုယ်ဝန်မရှိခင်က ဆင်မကြီးတစ်ကောင်တပည့်တော် တို့ နဲ့ လာနေမယ်လို့ အိပ်မက်ပေးတယ်ဘုရာ့၊ မြစိမ်းဟာဆင်ဝင်စားလေး လား၊ ကြည့်ပေးပါဘုရာ့''

''ဟဲ့- သာကျော်၊ သတ္တဝါတိုင်းမှာ အရင်ဘဝဆိုတာရှိတာပဲ၊မမှတ်မိကြလို့သာဟဲ့၊ နင့်သမီးဆင်ဘဝကလာတော့ ဘာဆန်းသလဲ၊ဒါတွေ အစွဲအလမ်းမထားစမ်းနဲ့''

ဘုန်းကြီးက ကလေး၏ ဇာတာကို တွက်ချက်ပြီးချိန်တွင် တော့.....အလေးအနက်မိန့်ကြားခဲ့ပေသည်။

''သာကျော်၊ ဒီကလေးက နင်တို့ကိုအကျိုးပေးမယ့်ကလေး၊သာမန်ကလေးမဟုတ်ဘူး၊ သူ့အသက်ဆယ်နှစ် မပြည့်ခင် ထူးခြားမှုပြလိမ့်မယ်''

ကိုသာကျော်တို့အဖို့တော့ သာမန်ကလေးမဟုတ်ဘူးလို့ ဟောလိုက်တာနဲ့ပင် ကြေနပ်နေရပါသည်။ သူတို့ဘဝကတော့ ဘာမှထူးခြားမလာခဲ့။ တောထဲသွား ထင်းခွေရတုန်းပင်။ တောထဲဝင်တာတောင်ကလေးကိုထိန်းမယ့်လူမရှိလို့ တောထဲထိခေါ်သွားရသည်။ ကိုသာကျော်တစ်လှည့်၊ မအေးကြည်တစ်လှည့် ပုဆိုးပိုင်းလေးနှင့်သိုင်းကာမြစိမ်းလေးကို ကျောမှာ ပိုး၍ ခေါ်သွားရပါသည်။

တောထဲရောက်တော့လည်း... တော် ရာသစ်ပင်ရိပ်ကောင်းကောင်းမှာ ကလေးကိုသိပ်ထားပြီး လင်မယားနှစ် ယောက် သစ်ခုတ်ရသည်။ ဆင်းရဲတွင်းက နက်နေဆဲပင်။

ဘုန်းကြီးဟောလိုက်သလို ဒီကလေးက ဘယ်အချိန်မှာ အကျိုးပေးလာမလဲလို့သာ စောင့်ကြည့်နေရသည်။

မမြစိမ်းလေး အသက်ခုနစ်နှစ် အရွယ်ရောက်မှပင် သူတို့အတွက် ကံကြမ္မာအပြောင်းအလဲ ဖြစ်လာခဲ့လေသည်။

* * *



( ၄ )

သူတို့ဆီက ထင်းတွေ ဝယ်နေကျ ဒညင်းဆိပ်ရွာမှသူကြီးလုပ်သူ က ကိုသာကျော်ကိုခေါ်ပြောသည်။

''အင်္ဂလိပ်အရေး ပိုင်မင်းက ကျောက်သွေးလိုချင်တယ်လို့ပြောတယ် သာကျော်၊ မင်းတို့လင်မယားက တောထဲဝင်နေကျဆိုတော့ကျောက်သွေးရနိုင်မလား၊ ရှာစမ်း၊ ကျောက်သွေးအစစ်ရရင် ငွေနှစ် ဆယ်အစိတ် ပေးဝယ်မတဲ့ဟ''

ငွေနှစ် ဆယ်အစိတ်ဆိုသည့်မက်လုံးက ကိုသာကျော်ကိုတော် တော် ဖမ်းစားခဲ့ပေသည်။

''ကျောက်သွေးဆိုတော့ တောနက်ထဲက ရေတံခွန်နားများ ရနိုင်မလားမသိဘူး၊ တစ်ရက်တော့ စွန့်စွန့်စားစားသွားရှာကြစို့အေးကြည်ရေ၊ ကျောက်သွေးရရင် ငါတို့ချမ်းသာပြီဟ၊ မချမ်းသာတောင်အိမ်ကောင်း ကောင်းလေးတော့ဆောက်နိုင်မှာ ပဲ''

မအေးကြည်ကလည်း စိတ်ဝင်စားပါသည်။

''ရှာတာပေါ့တော် ၊ ဒါနဲ့... ကျောက်သွေးဆိုတာ ဘယ်လိုမျိုးလဲ၊ရှင်သိလို့လား''

ကျောက်သွေး၊ ကျောက်သွေး၊ ပြောသံသာကြားဖူးသည်။တစ်ခါမျှလည်း မမြင်ဖူးပါ၊ မတွေ့ ဖူးပါ။

''ကျောက်ကြိုကျောက်ကြားကထွက်ကျနေတဲ့သွေးလိုအရည်နီနီ ရဲရဲလို့ပြောတာပဲဟာ၊ စေးပျစ်ပျစ်နဲ့တဲ့၊ ချိုလည်းသိပ်ချိုတာတဲ့၊ ကျောက်ကြားကထွက်ကျနေတဲ့ အနီရည်တွေ့ ရင်ကျောက်သွေးပဲပေါ့''

တစ်နေ့တော့.....ကျောက်သွေးရှာရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် မနက်စောစော ဝေလီဝေလင်းမှာ ပင် တောထဲသို့ထွက်လာခဲ့ကြလေသည်။ သားအမိ၊သားအဖသုံးယောက် စာထမင်းထုတ်ကို ပိုပိုမိုမိုထုတ်၍ ကျောက်သွေးရှိမည် ဟုမှန်းဆရသော ရေတံခွန်အထိ ထွက်ခဲ့ကြလေသည်။

ရေတံခွန်က ရိုးမတောင်ခြေမှာ ရှိသည်။ သွားရသည့်လမ်းကမလွယ်ကူ။ ကြမ်းတမ်းသည်။ လမ်းလည်းမှားနိုင်သည်။ လမ်းမှာ တောကောင်အန္တရာယ်လည်း ကြုံတွေ့ နိုင်သည်။

မည် သို့ဆိုစေ... ငွေနှစ် ဆယ်အစိတ်ဆိုသည့် မက်လုံးကြောင့်ကျောက်သွေးကို မရအရရှာရန်ထွက်လာခဲ့လေပြီ။

အမြဲတစေ အေးအေးဆေးဆေး သွားလာလှုပ်ရှားတတ်သော မမြစိမ်းသည် ထူးခြားစွာ ပင်.... ထိုနေ့က တောထဲတွင် သွက်လက်စွာ သွားလာလှုပ်ရှားနေခဲ့ပေသည်။ ခုနစ်နှစ် အရွယ်ရှိပြီမို့ ချီပိုးထိန်းကျောင်းစရာ မလိုတော့။ မြစိမ်းသည် တောထဲတွင် ရေတံခွန်ရောက်သည်ထိရှေ့မှ ဦးဆောင်သွားခဲ့သည်။

''အဖေနဲ့အမေလမ်းမှားနေပြီ၊ ရေတံခွန်သွားတဲ့လမ်းက ဒီဖက်ကသွားရမှာ ''

''ဒီဖက်ကချိုးသွားမှ ရေတံခွန်နဲ့နီးတာ''

''ရေတံခွန်နဲ့ ဆန့်ကျင်ဖက်ကိုရောက်နေပြီ၊ ဟောဒီဖက်ကလာပါ''

...စသဖြင့် လမ်းညွှန် ခေါ်ဆောင်သွားခဲ့ရာ မွန်းမတည့်မီရေတံခွန်ကိုရောက်သွားခဲ့လေသည်။ ကိုသာကျော်နှင့်မအေးကြည်တို့ကတစ်ခါမျှမရောက်ဖူးပဲ လမ်းသိနေသည့် သမီးမြစိမ်းကို အံ့သြနေကြရသည်။

ရေတံခွန်ရောက်တော့ ထမင်းစားချိန်တန်ပြီမို့ ပါလာသည့်ထမင်း ထုတ်ကလေးများ ကိုဖွင့်ကာ ရေတံခွန်ဘေးတွင် ထမင်းစားကြသည်။

တစ်လမ်းလုံး ရွှင်လန်းသွက်လက်လာသည့်မြစိမ်းသည်ရေတံခွန် အရောက်တွင် သွက်လက်ရွှင်ပျမှုမရှိတော့။ပတ်ဝန်းကျင်ရှုခင်းကိုကြည့်ကာ မှိုင်တွေ ငေးငိုင်နေသည်။မျက်ရည်တွေ ဝဲနေသည်။

ကိုသာကျော်တို့ကတော့ ကျောက်သွေးရှာရန်အားခဲလာသည်မို့ ထမင်းစားပြီးသည်နှင့် ရေတံခွန်အောက်တွင် ကျောက်သွေးရှာကြတော့ သည်။ သမီးလေးကို ရေတံခွန်ဘေးကသစ်ပင်ကြီးအောက်တွင် ပုဆိုးပိုင်း ကလေး ခင်းပေးခဲ့ပြီး ထိုင်စောင့်ဖို့၊ဘယ်မှလျှောက်မသွားဖို့ မှာ ခဲ့ကြသည်။

* * *



( ၅ )

မမြစိမ်းသည် မိဘများ ထားခဲ့သည့်နေရာတွင် ထိုင်ကျန်ခဲ့ရင်းမှပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်လေသည်။

အိမ်ကထွက်လာကတည်းက မြစိမ်းသည် ဤတောတောင်ရှုခင်းမြင်ကွင်းများ ကို မြင်ဖူးသိဖူးပြီးသားလို ဖြစ်နေသည်။ ဤတောတောင်ထဲတွင် သွားလာခဲ့ဖူးသယောင် ထင်နေမိသည်။

ထို့ကြောင့်လည်း မြစိမ်းက မိဘများ ကိုဦးဆောင်ကာ ရေတံခွန်ဆီအရောက် လမ်းပြခေါ်ဆောင်လာနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သူ့အ ဖြစ်သူလည်း မြစိမ်းအံ့သြနေမိ၏ ။

ရေတံခွန်ဘေးတွင် ထိုင်ကျန်ခဲ့သော မြစိမ်းသည် ပတ်ဝန်းကျင်ရှုခင်းများ ကိုကြည့်ရင်းမှ အချို့ကိုမှတ်မိလာပြန်လေသည်။ လက်တွေ့ မြင်နေရသော မြင်ကွင်းများ နှင့် အာရုံထဲဝယ် အိပ်မက်လိုလို စိတ်ကူးလိုလိုတစ်သက်လုံး မြင်ယောင်လာခဲ့သော မြင်ကွင်းများ က ထပ်တူညီလျှက်ရှိသော ကြောင့် ဖြစ်ပါသည်။

မြစိမ်းက သူမရှေ့တွင် တဝေါဝေါစီးကျနေသော ရေတံခွန်ကြီးကိုကြည့်ကာ သူမမြင်ယောင်တတ်သော မြင်ကွင်းတစ်ခုကို သတိရလိုက်လေ၏ ။

ထိုမြတ်ကွင်းထဲတွင် ......

လသာသော ညချမ်းတစ်ခုတွင် ဆင်အိုမကြီးတစ်ကောင်သည် ရေတံခွန်ရှိရာသို့ ဦးတည်သွားနေလေသည်။

လသာညတွင် ဆင်မကြီးတစ်ကိုယ်တည်းထွက်လာခြင်းမှာ သေဆုံးရန်အတွက် ဆင်သင်္ချိုင်းသို့သွားရောက်နေခြင်းပင် ဖြစ်ပါသည်။ သူမတို့ဆင်များ သည်ကွယ်လွန်ခါနီး အချိန်တွင် ဆင်သင်္ချိုင်းသို့ အရောက်သွားရပါသည်။ ဆင်သင်္ချိုင်းတွင် သေဆုံးရပါသည်။တောထဲမှဆင်တိုင်း မိမိတို့အမျိုးအနွယ်များ ၏ ဆင်သင်္ချိုင်းဘယ်နားတွင် ရှိသည်ကို သိကြပါသည်။

ဆင်မကြီးသည် ရေတံခွန်အောက်တွင် ရှိသော ဆင်သင်္ချိုင်းဆီသို့ ဦးတည်သွားရောက်နေခြင်း ဖြစ်ပါသည်။

ဆင်မကြီးသည် အားအင်ချိနဲ့သွာဖြင့် လျှောက်လှမ်းလာခဲ့ရာ... ရေများ အားကုန်စီးကျနေသော ရေတံခွန်အောက်ခြေသို့ရောက်လာပေပြီ။

သူမသည် နောက်ဆုံးအနေဖြင့် မျိုးတူအပေါင်းအဖော်ဆင်များ ကျန်ရစ်ခဲ့သည့် တောထဲသို့လှမ်းမျှော် ကြည့်လိုက်သည်။ နှာမောင်းကိုမြှော က်ရင်း ကြေကြေ ကွဲကွဲ အော်လိုက်လေသည်။

ထို့နောက်.... ဆင်မကြီးသည် သန်မြန်စွာ ထိုးကျနေသော ရေလုံးထုဘေးမှကွေ့ပတ်ကာ ရေတံခွန်အောက်ရှိ လျှိုထဲသို့ဝင်လာခဲ့လေသည်။

ထိုနေရာကို စီးကျနေသော ရေထုကြီး ကွယ်နေ၍ လူနှင့်အခြားတိရစ္ဆာန်များ မသိရှိကြပါ။

ဆင်မကြီးသည် လျှိုလမ်းကြားအတိုင်း ကွေ့ကာကောက်ကာ တိုးဝင်သွားသည့်အခါ နောက်ဆုံး၌ ကျယ်ပြောသော ခန်းမကြီးထဲသို့ ရောက်ရှိသွားလေသည်။

ခန်းမကြီးထဲတွင် တော့... ဆင်သတ္တဝါများ ၏ အရိုးများ ၊ ဆင်စွယ်များ တောင်ပုံရာပုံ ပြန့်ကျဲလျှက်ရှိပေသည်။

ဆင်မကြီးသည် ဆင်သင်္ချိုင်းခန်းမကြီးထဲတွင် စိတ်ကိုလျှော့ချကာ ကိုယ်ကိုလှဲချလိုက်လေတော့၏ ။

ထိုမြင်ကွင်းကား မြစိမ်း၏ အာရုံထဲတွင် မြင်လာနေကျ မြင်ကွင်းများ ထဲက တစ်ခုပင် ဖြစ်ပါသည်။ သူမမြင်ယောင်လေ့ရှိသော ဆင်မကြီး၏ ဖြစ်ရပ်များ ထဲတွင် နောက်ဆုံး ဖြစ်ရပ်ပင် ဖြစ်ပါသည်။

မြစိမ်းသည် ရေတံခွန်ကြီးကိုစိုက်ကြည့်ရင်း ဆင်မကြီးဝင်ရောက်သွားသည့်ရေတံခွန် ဖြစ်ကြောင်း ပို၍ သေချာလာလေသည်။

ရေတံခွန်အောက်ခြေကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်လေသည်။

မိဘများ ကိုကြည့်လိုက်တော့ အဖေနှင့်အမေသည် တစ်ယောက် တစ်နေရာစီခွဲကာ ကျောက်သွေးရှာနေသည့်မြင်ကွင်းကိုတွေ့ နေရသည်။

မြစိမ်းက ပုဆိုးပိုင်းလေးခင်းထားသည့်နေရာမှထခဲ့ကာ ရေတံခွန်ကြီးဆီသို့ လာခဲ့လေ၏ ။

ရေတံခွန်အောက်ခြေအရောက်သွားဖို့ဆိုသည်မှာ သာမန်လူအဖို့အတော် ပင်ခက်ခဲပါသည်။ ရေညှိများ ဖြင့် ချောကျိနေသော ကျောက်လုံးကျောက်တုံးများ ပေါ်မှဖြတ်သွားရမည် ။ ရေတံခွန်အခြေရှိ ရေကိုကျော်လွန်အောင်သွားရဦးမည် မို့ မလွယ်လှပါ။

မြစိမ်းကတော့ အာရုံထဲတွင် ဆင်မကြီးသွားရာလမ်းကို မြင်ထားသိထားသည်။

သူမသည်ကျောက်ဆောင်ကမူများ ကိုပတ်ကာ ရေတံခွန်ကြီး၏ နောက်ကျောဖက်ဆီလျှောက်လာခဲ့သည်။ ရေတံခွန်နောက်ကျောဆီမှကွေ့ဝင်လိုက်လျှင် ရေလုံးထုကြီးနှင့် နောက်ဖက်ကမ္ဘားယံကြားသို့ရောက်သွားလေသည်။

စီးကျနေသော ရေထုကြီးမှာ ကြီးမားရလေကား ရေလုံးထုနောက်ဖက်ကမ်းပါးယံ၌ လိုဏ်ခေါင်းကြီးတစ်ခုရှိနေသည်ကို သာမန် မျက်စိဖြင့် မမြင်မတွေ့ နိုင်ပေ။

မြစိမ်းက ရေတံခွန်တောင်ကြောဘေးမှပတ်၍ ဝင်လိုက်သည့်အခါခန္ဓာကိုယ်ကိုပင် ရေမစိုပဲ ရေလုံးထုနောက်ဖက်သို့ရောက်သွားလေတော့သည်။

ကြည့်လိုက်တော့ သူမမြင်ကွင်းထဲကအတိုင်း လိုဏ်ခေါင်းကြီး ဖြစ်နေတာကိုတွေ့ ရလေသည်။ လိုဏ်ခေါင်းက အတွင်းဖက်သို့ မြေလမ်းလေးအ ဖြစ်တိုးဝင်သွားလေသည်။

မြစိမ်းက လိုဏ်ခေါင်းအောက်ခြေကိုငုံ့ကြည့်လိုက်သည့်အခါမြေပေါ်တွင် အထပ်ထပ် ဖြစ်နေသော ဆင်ခြေရာများ ကိုတွေ့ လိုက်ရလေ၏ ။

မြစိမ်းသည် မြေလမ်းလေးအတိုင်း အတွင်းသို့ဝင်လာခဲ့လေသည်။အတွင်းဖက်တွင် ကွေ့ကာဝိုက်ကာပတ်ကာဖြင့် ဝင်သွားရသော လမ်းမှာ ဆင်တစ်ကောင်အတွက်ကျဉ်းကျပ်မည် ဖြစ်သော်လည်း မြစိမ်းလို ကလေး တစ်ယောက် အတွက် လွယ်လွယ်ကူကူချောင်ချောင်ချိချိပင် ဖြစ် နေပါသည်။

လိုဏ်ခေါင်းအတွင်းလမ်းမမှာ မြစိမ်း၏ အာရုံမြင်ကွင်းထဲတွင် ဆင်မကြီးဝင်သွားသည့်အတိုင်း ဖြစ်နေတာကိုတွေ့ ရလေသည်။

လမ်းအဆုံးတွင် တော့ မြစိမ်းသည် ကျယ်ပြောမြင့်မားသော ခန်းမကျယ်ကြီးထဲသို့ခြေချလိုက်မိလေတော့သည်။

ခန်းမကြီးထဲသို့ရောက်သည်ဆိုလျှင်ပင် ခန်းမနှင့်အပြည့် ပြန့်ကျဲနေသည့် ဆင်အရိုးများ ကို တောင်ပုံရာပုံတွေ့ လိုက်ရလေတော့သည်။ဆင်သင်္ချိုင်းကြီးပါတကား။

အချို့ မကြာသေးမီကသေဆုံးထားသော ဆင်များ ကား ကိုယ်ထည်ပင်မပျက်သေးပဲ ဆွေးမြေ့ပုတ်ရိနေကြသည်။

ဆင်ထီးကြီးများ ၏ ဆင်စွယ်များ ကလည်း အရိုးပုံများ ထဲတွင် ထိုးထိုးထောင်ထောင် ထိုးထွက်နေကြလေသည်။

လုံမသည် ဆင်သင်္ချိုင်းမြင်ကွင်းကိုကြည့်၍ မျက်ရည်များ စီးကျလာလေသည်။ ဝမ်းပန်းတနည်းရှိုက်ငိုနေမိသေးသည်။

ထို့နောက်... မျက်ရည်များ သုတ်ကာ အနီးဆုံးအရိုးပုံထဲမှဆင်စွယ်ကြီးတစ်ချောင်းကို ကောက်ယူလိုက်လေသည်။

* * *



( ၆ )

ကိုသာကျော်နှင့်မအေးကြည်သည် ကျောက်သွေးကိုတွေ့ နိုးနိုးဖြင့်လင်မယားနှစ် ယောက် ကျောက်ကြိုကျောက်ကြားမကျန် အနှံ့ရှာကြသည်။မြစိမ်းကိုလည်း ရေတံခွန်စီးကျရာ စမ်းချောင်းနဘေးတွင် မြင်တွေ့ နေရသည်။

တော် တော် ကြာကြာရှာလို့ ကျောက်သွေးအစအနပင်မတွေ့ ကြတော့ လင်မယားနှစ် ယောက် လူခွဲ၍ ရှာကြပြန်သည်။ ရေတံခွန်စီးကျရာကျောက်လွှာကျောက်ချပ်များ ကြားတက်ကာ ရှာကြခြင်း ဖြစ်၏ ။ ကျောက်သွေးဆို၍ အနီရောင် အစက်အပြောက်ကလေးပင် မတွေ့ ကြပါ။

နေကျသွားချိန်တွင် လင်မယားနှစ် ယောက် ပြန်ဆုံကာ စိတ်ပျက်လက်ပျက်ဖြင့် သမီးလေးကိုထားခဲ့သည့်နေရာသို့ပြန်လာကြလေသည်။

ထိုအခါမှပင် နှစ် ယောက် သား မျက်လုံးမျက်ဆံပြူးကာ စိုးရိမ်ထိတ်လန့်သွားကြလေတော့၏ ။

သူတို့ထားခဲ့သည့်နေရာတွင် သမီးလေးမြစိမ်းမရှိတော့။ ပုဆိုးပိုင်းကလေးကိုသာ ခင်းရက်သားတွေ့ ရသည်။

''မြစိမ်းရေ... မြစိမ်း... သမီးရေ...''

ကိုသာကျော်နှင့်မအေးကြည်တို့ သမီးကိုတကြော်ကြော် ဟစ်အော်ခေါ်ရင်း ရှာကြရပြန်သည်။

တော် တော် နှင့်ရှာမတွေ့ ။

ရေတံခွန်ကြီးမှစီးကျနေသော ရေသံတဝေါဝေါကြားတွင် သူတို့အော်ခေါ်သံများ က တိုးဝင်ပျောက်ကွယ်သွားကြသည်။ နှစ် ယောက် သားချောင်းတလျှောက်လူခွဲပြီး လိုက်ရှာရပြန်သည်။ တစ်ယောက် ကိုတစ်ယောက် မမြင်ရလောက်အောင်လည်း လူချင်းမခွဲရဲ။ သူတို့ချင်းပါပြန်မတွေ့ ရမှာ စိုးရိမ်ရ၍ ဖြစ်သည်။

ဘယ်လိုရှာရှာ မြစိမ်းကို အစအနမျှပင်မတွေ့ ရပါ။ ပြန်ထူးသံလည်း မကြားရပါ။

မအေးကြည်ကတော့ ငိုပင်ငိုနေလေပြီ။

မြစိမ်းဘယ်အချိန်က ပျောက်သွားမှန်းလည်း သူတို့မသိ။ယခု ရှာနေကြတာပင် နာရီဝက်ကျော်နေပါပြီ။

ထိုစဉ်မှာ ပင်....မြစိမ်းသည် မည် သည့်နေရာမှထွက်လာမှန်းမသိ။ လက်ထဲတွင် ကြီးမားရှည်လျားသော အရာကြီးတစ်ခုကိုကိုင်ကာပြန်ရောက်လာသည်။

''ကျွန်မပြန်လာပါပြီအဖေနဲ့အမေ''

မြစိမ်းပုံသဏ္ဍာန်က ပင်ပန်းနွမ်းနယ်ဟန်လည်းမရှိ။အိမ်လည် ရာမှ ပြန်လာသလို အေးအေးဆေးဆေးပင်ရှိနေသည်။

''သမီး၊ အမလေး... မြစိမ်းရယ်၊ အမေတို့ဖြင့် စိတ်ပူလိုက်ရတာ ၊ ဘယ်သွားနေတာလဲ''

''ကျွန်မ အမေတို့အတွက် ဟောဒီဥစ္စာကိုသွားယူတာပါ၊ရော့... အဖေ''

လုံမက သူ့လက်ထဲမှ ရှည်လျား၍ အဖျားသွယ်သွားသော အဖြူရောင် အချောင်းကြီးကို ဖခင် ဖြစ်သူအား အပ်လိုက်သည်။

''ဟာ... ဆင်စွယ်၊ ကြီးပါလား၊ ဒီဆင်စွယ်ကို သမီးဘယ်ကတွေ့ ခဲ့တာလဲ''

''ကျွန်မတွေ့ လို့ယူလာခဲ့တာပါအဖေ''

''ဘယ်ကတွေ့ တာလဲ''

''အို.... မသိဘူး၊ ကျွန်မမပြောတတ်ဘူး''

ကိုသာကျော်က ဆင်စွယ်ကြီးကိုပိုက်ရင်း ရင်တွေ တုန်နေသည်။ဆင်စွယ်က သုံးပေခန့်ရှည်လျားကာ ဖြူဖွေးပြီး ပြောင်လက်ချောမွေ့နေသည်။

''ဒီတောထဲမှာ အဖေတို့ရှာတဲ့ ကျောက်သွေးဆိုတာ မရှိဘူးအဖေ၊ ရှာမနေပါနဲ့တော့၊ ဒါကိုယူပြီး ကျွန်မတို့ပြန်ကြရအောင်''

''သမီးတွေ့ ခဲ့တဲ့နေရာမှာ နောက်ထပ်ဒါမျိုးတွေ ရှိသေးလား''

မြစိမ်းက ကိုသာကျာ်ကိုစူးစူးရဲရဲကြည့်လိုက်သည်။

''ကျွန်မတို့ပြန်ကြရအောင်ပါအဖေ''

ပြန်စကားကိုပဲပြောနေသည်။

''ဟုတ်ပါတယ်ကိုသာကျော်ရယ်၊ ကလေးက မပြောချင်တာတွေ မေးမနေပါနဲ့တော့''

မြစိမ်းက ဘာမျှမပြောတော့ပဲ ရှေ့ကထွက်သွားသည်။ မိခင်နှင့်ဖခင်မှာ မြစိမ်းနောက်ကလိုက်ခဲ့ရလေသည်။

''သမီး... အဖေတို့လာတာ ဒီလမ်းမဟုတ်ဘူးလေ၊ လမ်းလွဲနေပြီ''

''ကျွန်မနောက်ကလိုက်ခဲ့ပါ၊ ရွာကိုမြန်မြန်ရောက်တဲ့လမ်းကိုကျွန်မသိတယ်''

ကိုသာကျော်နှင့်မအေးကြည်သည် တစ်ယောက် နဲ့ တစ်ယောက် အဓိပ္ပါယ်ပါသော မျက်လုံးများ ဖြင့် မကြာခဏကြည့်ကာ မြစိမ်းနောက်မှတိတ်ဆိတ်စွာ ပဲလိုက်ပါလာခဲ့လေသည်။

မြစိမ်းစကားမှာ မှန်လှလေ၏ ။ အလာတုံးကအချိန်၏ ထက်ဝက် လောက်နှင့်ပင် ရွာအနီးကိုပြန်ရောက်လာသည်။

ဒီလမ်းဒီခရီးတွေ ကို အသက်၇နှစ် အရွယ်မြစိမ်းသည်အကြိမ်ကြိမ်အခါခါသွားလာဖူးသည့်သဖွယ် ကျွမ်းကျင်နေပါကလား။တောထဲမှမထွက်မီ တောစပ်အရောက်တွင် မြစိမ်းသည်အတန်ကြာရပ်ရင်း တောထဲသို့စိုက်ကြည့်နေပေ၏ ။ သက်ပြင်းကိုလည်းလေးတွဲ့ စွာ ချသည်။ မျက်ရည်များ လည်းကျလာသည်။ ပြီးတော့မှ...ချာကနဲလှည့်ကာ ရွာဖက်ဆီသို့ခြေဦးတည်ခဲ့လေသည်။ကိုသာကျော်တို့လင်မယားမှာ တွေ့ ကြုံရသမျှအတွက် အံ့သြမင်တက်ရင်း သမီးနောက်မှလိုက်ပါခဲ့ကြရလေ၏ ။

* * *





ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ ဆင်ရတနာသိုက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပွင့်တူရွက်တူ

ဒေါက်တာစိုးထိုက်နှင့်ရေနန်းသူဇာ

တိတ်တိတ်ပုန်း လရောင်