
အခန်း (၁)
ရာသီဥတုသာယာသော နေ့တစ်နေ့တွင် ရွှေငွေရတနာနှင့် ကျောက်မျက်များ ရောင်းချသည့်ဆိုင်များ ပေါများ လှသည့် ရန်ကုန်မြို့၏ ရွှေဘုံသာလမ်းခေါ် မဂိုလမ်းတွင် ထုးဆန်းသော ကျောက်မျက်တစ်ခုအား ရောင်းချရန် ဈေးခေါ်မှုတစ်ရပ် ဖြစ်ပွား ခဲ့လေသည်။
အရက်များ မူးနေသော လူငယ် တစ်ယောက် သည် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ၀င်ထွက်ကာ သူ့တွင် ပါလာသော ရတနာ ပစ္စည်းကို ပြ၍ ရောင်းချရန် ဈေးဆိုလျှက်ရှိသည်။
လူငယ်၏ လက်ထဲတွင် ယွန်းဗူးတစ်ဗူးပါလာကာ ယွန်းဗူးထဲမှ ထိုရတနာပစ္စည်းကို ထုတ်ပြရင်း ၀ယ်လိုခြင်းရှိမရှိ တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်၍ မေးမြန်းလျှက်ရှိ၏ ။
“မင်းပြတဲ့ကျောက်က ဘာကျောက်လဲ”
ဆိုင်ရှင်တစ်ဦးက ပစ္စည်းကိုကြည့်ရန်လက်ကမ်းပေးရင်း မေးလိုက်သည်။
လူငယ်က ယွန်းဗူးကို ပြန်ပိတ်လိုက်ရင်း-
“ဘာကျောက်ဆိုတာ မပြောနိုင်ဘူး၊ ခင်ဗျား ကြိုက်ရင်ယူ၊ မကြိုက်ရင် မယူနဲ့၊ ဆယ်သိန်းပေးရင် ကျုပ်ရောင်းမယ်”
လူငယ်က ခပ်မာမာပြန်ပြောလေသည်။
“ဟေ့-သူငယ်၊ အရောင်းအ၀ယ်လုပ်တယ်ဆိုတာ ဒီလိုရမလားကွဲ့၊ မင်းက ရောင်းချင်တဲ့သူပဲ၊မင်းရောင်းမယ့်ပစ္စည်းဟာ ဘာဆိုတာ ပြောရမှာ ပေါ့၊ ပြလည်း ပြရမှာ ပေါ့၊ ဒါမှသာ ရောင်းသူနဲ့ဝယ်သူ ဈေးစကားပြောလို့ရတော့မှာ ပေါ့ကွဲ့”
“ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ကျုပ်ပစ္စည်းက ကမ္ဘာပေါ်မှာ အရှားပါးဆုံးပစ္စည်း ဖြစ်နေတယ်၊ ဒီလိုပစ္စည်းမျိုးဟာ ဒီကမ္ဘာ လောကတစ်ခုလုံးမှာ ဒီတစ်ခုပဲရှိတယ်၊ ဆယ်သိန်းဆိုတဲ့ငွေနဲ့ ပစ္စလက္ခတန်ပါတယ်ဗျာ၊ ခင်ဗျားနောက်တစ်ခါကြည့်ချင်ရင် ယွန်းဗူးကို လှပ်ပြ မယ်၊ ခပ်လှမ်းလှမ်းကပဲ ကြည့်၊ လက်ထဲတော့ မထည့်နိုင်ဘူး”
“ကျ..ကျသေးရဲ့ ကွာ၊ မင်းကလည်း ရောင်းချင်သေး၊ မင်းကပဲ ဈေးကိုင်ရသလား၊ ဒီလိုလုပ်နေမှတော့ ပစ္စည်းဟာ အတုမို့ ဖြစ်မှာ ပေါ့”
“ဘာဗျ၊ ခင်ဗျား ဘာပြောတာလဲ”
“တော် ပါပြီ၊ မင်းပစ္စည်းကို ၀ယ်လည်းမ၀ယ်ပါဘူး၊ ကြည့်လည်း မကြည့်ချင်တော့ပါဘူး၊ မင်းလည်း ငါ့ဆိုင်က ထွက် သွားပါတော့”
လူငယ်က မဆိုင်းမတွပင် ထိုင်ရာမှ ထကာ…
“ခင်ဗျားတို့ဟာ ပစ္စည်းကောင်းနဲ့မတန်တဲ့ လူမိုက်တွေ ပဲ”
ဟုရေရွတ်ကာ ဆိုင်ထဲမှ ထွက်သွားလေသည်။
ထိုလူငယ်က နောက်တစ်ဆိုင်သို့ ၀င်ပြပြန်၏ ။
နောက်တစ်ဆိုင်မှ ဆိုင်ရှင်သည် လူငယ်က ယွန်းဗူးကိုလှပ်ပြသဖြင့် ဗူးထဲမှ ထူးဆန်းသော ကျောက်မျက်တစ်မျိုးကို မြင် လိုက်ရလေသည်။
ထိုကျောက်သည် ကြက်ဥအရွယ်ခန့်ရှိကာ ကြက်ဥပုံစံအတိုင်း လုံးလုံးရှည်ရှည် ဖြစ်ပေ၏ ။ ကျောက်တစ်ခုလုံး၏ အပြင်ဖက် အကာသည် ကြည်လင်နေပြီး သလင်းကျောက်ဟု ထင်ရလေသည်။ သို့သော် ထိုကြည်လင်နေသော ကျောက်သားပြင်၏ အလည် တည့်တည့်ဆီတွင် မည်းနက်သော ၀တ်ဆံလေးတစ်ခုက ၀င်၍ ကိန်းအောင်းနေပါ၏ ။
ဆိုင်ရှင်သည် ကြည့်နေရင်းမှ အလည်က ၀တ်ဆံလေး လှုပ်ရှားသွားသည်ဟု ထင်လိုက်မိလေသည်။
“ပြပါဦး၊ မင်းပစ္စည်းကို၊ ဒါ ဘာကျောက်လဲ”
“မပြနိုင်ပါဘူး ဦး၊ ကြိုက်ရင် ဆယ်သိန်းနဲ့ ယူလိုက်ပါ၊ ဈေးမဆစ်ပါနဲ့၊ ကျွန်တော် လည်း ငွေလိုလို့ ရောင်းတာပါ”
“အလို.. မင်းဥစ္စာ ဘာကျောက်ဆိုတာတော့ ပြောဦးမှပေါ့ကွယ်၊ ဒီလောက် ဈေးကြီးကြီးဆိုထားတဲ့ ပစ္စည်းကို ကိုင်ကြည့် ပါရစေဦး”
“ကိုင်ခွင့်မပြုနိုင်ပါဘူး၊ ဒါဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတစ်ခုပါ ဦး”
“မင်းဟာက မဟုတ်သေးပါဘူးကွာ၊ ရောင်းလည်း ရောင်းချင်သေးတယ်၊ ပစ္စည်းကို ကိုင်ခွင့်မပေးဘူးဆိုတော့ ဘာသဘော လဲကွဲ့”
“တော် ပါပြီဦးရယ်၊ ဦးတို့ဟာ ဒီပစ္စည်းနဲ့ထိုက်တန်သူတွေ မဟုတ်ပါဘူး၊ ဒါကြောင့်သာ သံသယအမျိုးမျိုးနဲ့ လှည့်ပတ်မေးနေ တာပေါ့၊ ၀ယ်လည်း မ၀ယ်ပါနဲ့တော့၊ ကျွန်တော့် ဟာကျွန်တော် နောက်ဆိုင်တွေ လိုက်ပြကြည့်ပါဦးမယ်”
လူငယ်က ဆိုင်ရှင်ကို ခပ်ငေါ့ငေါ့ပြောကာ ဆိုင်ထဲမှ ထွက်သွားလေသည်။
ဆိုင်ရှင်လူကြီးက အံ့သြလျှက် ကျန်ရစ်ခဲ့လေသည်။
“ဘယ့်နှယ်ကောင်ပါလိမ့်၊ ဦးနှောက်မကောင်းဘူး ထင်ပါရဲ့ ”
တစ်ကိုယ်တည်း မှတ်ချက်ချလိုက်သည်။
လူငယ်သည် ထိုနည်းတူပင် အခြားဆိုင်များ သို့ လိုက်ပြခဲ့ရာ ပစ္စည်းကိုကိုင်ကြည့်ခွင့်မပေးသော ကြောင့် အရောင်းအ၀ယ် မတည့်ပဲ ရှိနေလေသည်။
ဆိုင်အချိုက အရက်မူးနေသော လူငယ်ကို ခပ်ကြောင်ကြောင်အရူး တစ်ယောက် ဟု ထင်မြင်ကြကာ ပစ္စည်းကိုလည်း စိတ် ၀င်စားဟန်မပြပေ။ ဆိုင်တချို့ကမူ ထူးခြားဆန်းကြယ်ပုံရသော ပစ္စည်းကို စိတ်ဝင်စားကြ၏ ။ လိုလည်း လိုချင်၏ ။ သို့သော်.. ဆယ် သိန်းဆိုသော ပမာဏဖြင့် ဈေးခေါ်ထားသော ပစ္စည်းကို ကိုင်ကြည့်ခွင့်မပေးသည့်အတွက် မ၀ယ်ရဲပဲ ရှိနေကြသည်။
ဘာပစ္စည်းလဲ။ ဘာကျောက်မျက်လဲ..ဟု လူငယ်ကို မေးသည့်အခါတွင် လည်း ၄င်းက ပြန်လည်ဖြေကြားခြင်းမပြုပေ။
ယင်းသို့ဖြင့် .. တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်စပ်နေသော ထိုလူငယ်ကို ကျောက်ပွဲစားတန်းတစ်ခုလုံးက သတိထားမိ လာကြသည်။ ပစ္စည်းကို အမှတ်မထင်မြင်လိုက်ရသူများ က လူငယ်နောက်မှ လိုက်လာကြသည်။ ထင်မြင်ချက် အမျိုးမျိုး ပေးနေကြ သည်။
“အလကားပါကွာ၊ ဖန်ကျောက်လုံးကြီးထင်ပါရဲ့ ၊ စားပွဲပေါ်မှာ စာရွက်ဖိတဲ့ ဖန်တုံးနဲ့မတူဘူးလား”
“ဒါပေမယ့်.. သူပြတဲ့ကျောက်အလည်က ၀တ်ဆံမည်းမည်းလေးက လှုပ်နေတာ မြင်လိုက်ရတယ်ကွ”
“ပယင်းကျောက်လည်း ဖြစ်နိုင်တာပဲ”
ပယင်းကျောက်ဆိုသည်မှာ သဘာဝသစ်စေးရည်များ ပျော်ဝင်နေရာမှ အေးခဲသွားသော အစိုင်အခဲတစ်မျိုး ဖြစ်ပေသည်။ တစ်ခါတစ်ရံတွင် ထိုကျောက်မျိုးအတွင်းတွင် အမျိုးမတူသော အခြားပစ္စည်းတစ်ခုခုက အမြုတေအ ဖြစ် ၀င်ရောက်ကိန်းအောင်းနေ တတ်သည်။
အမျိုးမျိုးထင်မြင်ချက်ပေးရင်း လမ်းလျှောက်ပွဲစားအချို့က လူငယ်နောက်မှလိုက်သွားကာ အကဲခတ်ကြလေသည်။
လူငယ်သည် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နှင့် သွားလာရင်း ချွေးများ ပင်စို့လာသည်။
သူသည် စိတ်တိုလာဟန်လည်း တူပေသည်။
နောက်ဆုံး တစ်ဆိုင်မှအထွက်တွင် ပွဲစား တစ်ယောက် က သူ့နောက်မှလိုက်သွားကာ…
“ညီလေး.. ညီလေး.. ညီလေးပစ္စည်းကို ပြပါဦးကွ၊ အစ်ကိုဈေးဆိုင်ပေးပါ့မယ်၊ ညီလေးဥစ္စာ ဘာကျောက်လဲ”
“ကြည့်ချင်လို့လား။ ဆယ်သိန်းရမှရောင်းနိုင်မယ်။ တစ်ပြားမှမလျှော့ဘူး။ ပွဲခလိုချင် ၀ယ်တဲ့လူဆီက တောင်းယူ၊ ကျုပ်က တော့ မပေးနိုင်ဘူး”
“ဟုတ်ပါပြီ၊ အစ်ကိုစပ်ပေးပါ့မယ်၊ ပစ္စည်းကို အစ်ကို့ကို ပြပါဦး၊ ဘာပစ္စည်းလဲဆိုတာ ပြောပါ၊ ကြည့်ပါရစေ”
လူငယ်က သူ့အနားတွင် ၀ိုင်းနေသော ပွဲစားများ အား ပစ္စည်းကို ပြရုံပြလိုက်ကာ…
“ခင်ဗျားတို့ ခပ်လှမ်းလှမ်းမှာ နေကြပါ။ ပစ္စည်းကို ပြရုံပြမယ်။ လက်နဲ့တော့ ကိုင်ခွင့်မပေးနိုင်ဘူး၊ ဒီဟာကို မတရားလုပ်မယ် တော့ မကြံကြနဲ့၊ ခင်ဗျားတို့အားလုံး ပြာ ဖြစ်သွားလိမ့်မယ်”
လူငယ်က သူကိုယ်တိုင်ပင် နောက်သို့အနည်းငယ်ဆုတ်လိုက်ကာ လက်ထဲမှ ယွန်းဗူးအဖုံးကို လှပ်၍ ပြလိုက်လေသည်။
အပြင်အကာများ ကြည်လင်နေသော ကြက်ဥအရွယ်ခန့်ကျောက်တစ်လုံး ပေါ်လာလေ၏ ။ အတွင်းဖက်တွင် တော့ မည်းနက် နက်ဝတ်ဆံလေးတစ်ခုက တလည်လည်နှင့် ရှိနေလေသည်။
“အဲဒါ.. ဘာလဲ”
“၀ယ်မလား။ ဆယ်သိန်းနဲ့ဝယ်မယ်ဆိုရင် ဒါ ဘာဆိုတာ တစ်ခါတည်းပြောပြီး လက်ထဲထည့်လိုက်မယ်”
“မင်းဥစ္စာက မဟုတ်သေးပါဘူး ငါ့ညီရာ၊ အရောင်းအ၀ယ်တည့်ရင်လည်း ပြောရမယ့်အတူတူ မင်းပစ္စည်း ဘာဆိုတာ ပြော ပြထားတော့ ရောင်းဖို့ပိုသေချာတာပေါ့၊ ခုဟာက ဘာမှန်းမသိတဲ့ပစ္စည်းတစ်ခုကို လိမ်ရောင်းသလို ဖြစ်မနေဘူးလား”
“ဘာဗျ။ ခင်ဗျားဘာပြောတာလဲ။ တော် ပြီဗျာ”
သူက ယွန်းဗူးကိုပြန်ပိတ်လိုက်သည်။
“တော် ပြီ။ မရောင်းတော့ဘူး၊ ခင်ဗျားတို့သိချင်ရင် ဒါ ဘာဆိုတာ ကျုပ်ပြောခဲ့မယ်၊ မှတ်ထားကြ၊ ဒါဟာ.. နဂါးမျက်လုံး ဗျ။ နဂါးမျက်လုံး”
“ဘာ- နဂါးမျက်လုံး”
“နဂါးမျက်လုံး”
လူအားလုံး၏ အံ့သြမှုမဆုံးခင်မှာ ပင် အခြေအနေက ရုတ်တရက် ပြောင်းလဲသွားလေသည်။
ဗင်ကားအဖြူလေးတစ်စီးက သူတို့လူအုပ်စုရှေ့တွင် ထိုးရပ်လိုက်၏ ။
ကားပေါ်မှ ကားမောင်းသူနှင့် အတူ ရဲသုံးယောက် ဆင်းလာကြလေသည်။
“သူပါပဲ၊ သူပါပဲ၊ အိမ်ကပစ္စည်းကို ခိုးသွားတာ သူပါပဲဗျာ”
ကားမောင်းလာသော ရုပ်ရည်သန့်သန့်နှင့် လူငယ်က ဆိုင်တကာလိုက်ရောင်းနေသော ပထမလူငယ်ကို ရဲများ အား လက်ညှိုးထိုးပြ၍ ပြောလိုက်လေသည်။
“ဟေ့ကောင်- အောင်ထူး၊ မင်း ယုတ်မာလှချည်လား။ ငါတို့အိမ်က အထွတ်အမြတ်ထားတဲ့ပစ္စည်းကိုမှ မင်း ရအောင်ခိုးသွား တယ်၊ မင်းဟာ သူငယ်ချင်းမပီသတဲ့ကောင်ပဲ၊ ပေးစမ်း ငါ့ပစ္စည်း”
သူက အောင်ထူးအခေါ်ခံရသူ ပထမလူငယ်လက်ထဲက ပစ္စည်းကို ဆွဲလုယူလိုက်သည်။ ယွန်းဗူးလေးသည် နောက်ရောက် လာသော လူငယ်လက်ထဲ ပါသွားလေ၏ ။
“ခင်ဗျားပစ္စည်းကို စစ်ကြည့်ပါဦး”
ရဲတစ်ဦးက ပြောလိုက်သည်။
သူက ယွန်းဗူးလေးကို လှပ်ကြည့်လိုက်၏ ။ ခဏလေးပင် ကြည့်ရုံကြည့်ကာ ချက်ချင်း ပြန်ပိတ်လိုက်သည်။
“ဟုတ်ပါတယ်၊ ဒါ..ကျွန်တော့် ပစ္စည်းပါပဲ”
“ကျွန်တော် တို့ သူ့ကို အရေး ယူပေးရဦးမလား”
“ကိစ္စမရှိပါဘူး၊ လိုက်ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
သူက ရဲများ ကို ကျေးဇူးတင်စကားပြောကာ တစ်ဆက်တည်း အောင်ထူးဖက်သို့လှည့်၍ ပြောလိုက်လေသည်။
“ဟေ့ကောင်- အောင်ထူး၊ မင်းဟာ သူငယ်ချင်းကောင်း မပီသတဲ့ကောင်ပဲ၊ မင်းကိုခင်လို့ အိမ်ခေါ်ထားတယ်။ မင်းက အိမ် ကပစ္စည်းကို ခိုးသွားတယ်။ ငါ ဒါကို လက်လွန်သွားမှာ စိုးလို့ ပန်းဘဲတန်းရဲစခန်းက ရဲတွေ ကို အကူအညီတောင်းပြီး လိုက်လာတာကွ၊ ပစ္စည်းများ လက်လွန်သွားရင်တော့ မင်း ပြာ ဖြစ်ပြီပဲ။ အေး.. ခုတော့ ငါ့ပစ္စည်းပြန်ရလို့ မင်းကို ခွင့်လွှတ်လိုက်ပါတယ်။ မင်းကိုတော့ သူငယ်ချင်းစာရင်းက ပယ်လိုက်ပြီအောင်ထူး။ မင်းငါ့ဆီလည်း ဘယ်တော့မှ မလာပါနဲ့တော့။ ငါ့ကိုလည်း သူငယ်ချင်းလို့ မသတ်မှတ် ပါနဲ့တော့”
လူငယ်က ရှည်လျားစွာ ပြောလိုက်ရာ အောင်ထူးဆိုသူသည် စောင်းငန်းငန်းလှည့်ကြည့်ရင်း နေရာမှထွက်ခွာသွားလေ၏ ။
“ကဲဗျာ- အစ်ကိုကြီးတို့ကို ကျေးဇူးတင်ပါတယ်။ ပစ္စည်းပြန်ရလို့ လူကို အရေး ယူမနေတော့ပါဘူး။ သံသရာရှည်မှာ စိုးလို့ပါ၊ ဆရာတို့ကို ကျွန်တော် ပြန်ုလိုက်ပို့ပေးပါ့မယ်”
သူက ရဲများ ကို ဒုတိတယအကြိမ် ကျေးဇူးတင်စကား ပြောလိုက်သည်။
“နေပါဦးဗျာ။ ဟိုကောင်က ခင်ဗျားဆီကပစ္စည်းကို ခိုးလာတာပေါ့ ဟုတ်လား”
ပွဲစား တစ်ယောက် က မေးလိုက်သည်။
“ဟုတ်ပါတယ်။ ညက အိမ်လိုက်အိပ်ရင်း မူးမူးရူးရူးနဲ့ ဘုရားစင်ပေါ်တင်ထားတဲ့ ဒီယွန်းအစ်ကိုယူပြီး မနက်အစောကြီးထွက် သွားတာပဲ။ ကျွန်တော် လိုက်လာတာ မြန်ပေလို့ပေါ့”
“သူပြောသလို အဲဒါဟာ.. တကယ်ပဲ နဂါးမျက်လုံးလားဗျာ”
“ဟုတ်ပါတယ်၊ နဂါးမျက်လုံးအစစ်ပါ”
“ဟင်.. နဂါးမျက်လုံးကို ခင်ဗျားက ဘယ်လိုရထားတာလဲ”
“ကျွန်တော့် အဘိုးလက်ထက်ကတည်းက ရထားတဲ့ နဂါးမျက်လုံးပါ။ ဒါတွေ ပြောရရင် ဆုံးမှာ မဟုတ်တော့ဘူး။ ယုံကြမှာ လည်း မဟုတ်ပါဘူးလေ၊ ထားလိုက်ပါတော့”
“ယုံတာမယုံတာ အသာထားပါ၊ အဲဒီ နဂါးမျက်လုံးဆိုတာကြီးကို ကြည့်ပါရစေ။ ခဏလောက် ဖွင့်ပြပါဦးဗျာ”
“မကြည့်ချင်ပါနဲ့တော့ အစ်ကိုတို့ရာ။ နဂါးမျက်လုံးဟာ မတည့်တဲ့လူတွေ ကို ခိုက်တတ်လို့ပါ။ ကြည့်ရုံနဲ့တောင် ခိုက်တတ်ပါ တယ်။ မကြည့်ချင်ပါနဲ့တော့”
လူငယ်က ယွန်းဗူးကို တယုတယပိုက်ကာ ရဲများ ကို ကားပေါ်တင်ရင်း ရွှေဘုံသာလမ်းထဲမှ ထွက်ခွာသွားလေသည်။
ကျန်ရစ်ခဲ့သူများ က အမျိုးမျိုး ထင်မြင်ချက် ပေးနြေ ကတော့၏ ။
“နဂါးမျက်လုံးတဲ့။ ဒါကြောင့် အတွင်းထဲက မျက်နက်ဆံလေးက လှုပ်ရှားနေတာကိုး၊ အံ့သြစရာပဲ”
ထိုသူ့မှတ်ချက်က နဂါးမျက်လုံးဆိုသည်ကို အယုံအကြည်ရှိကြောင်း ဖော်ပြနေပေ၏ ။
“အလကားပါဗျာ။ အင်ထုထားတာကြီးပါ။ ဒါ သက်သက် ကျုပ်တို့ကို ထရိတ်လုပ်သွားတာဗျ။ ပထမကောင်နဲ့ ကားနဲ့ လိုက် လာတဲ့ကောင် ပင်းထားကြတာဗျ။ သူတို့ပစ္စည်းကို လူစိတ်ဝင်စားအောင် တမင်အကွက်ဆင်ပြီး ရိုက်ထည့်သွားတာ”
မည် သို့ပင်ဆိုစေ… နောက်တစ်ပတ်ခန့်ကြာသည်ထိ ရွှေဘုံသာလမ်း ကျောက်မျက်ရတနာအသိုင်းအ၀ိုင်းထဲတွင် နဂါးမျက် လုံးအကြောင်းကို ပြောမဆုံးနိုင်အောင် ရှိနေခဲ့ကြလေ၏ ။
အခန်း (၂)
တစ်ခုသော နွေရာသီ၏ ညနေပိုင်းအချိန်တွင် ကျွန်ုပ်ဒေါက်တာစိုးထိုက်သည် နေအိမ်တွင် အနားယူလျှက်ရှိပေ၏ ။
ထိုစဉ်.. ကျွန်ုပ်၏ အိမ်ရှေ့မှ လျှပ်စစ်လူခေါ်ခေါင်းလောင်းကိုနှိပ်၍ ခေါ်လိုက်သော အသံကြောင့် ကျွန်ုပ်က ဒရင်းဘက်ပေါ် လဲလျောင်းနေရာမှ အပြင်သို့ထကြည့်လိုက်ရလေသည်။
ခြံဝင်းအပြင်ဖက်တွင် ဗင်ကားအဖြူလေးတစ်စီး ရပ်ထားကာ လူငယ် တစ်ယောက် က ကားပေါ်မှဆင်း၍ ဘဲလ်ကို နှိပ်နေ ခြင်း ဖြစ်ပေသည်။ ကားပေါ်တွင် လည်း အသက်ခပ်ကြီးကြီး မိန်းမကြီးတစ်ဦးထိုင်နေသည်ကို လှမ်းမြင်ရပေသည်။
ကျွန်ုပ်က အိမ်ရှေ့ကိုထွက်ခဲ့ကာ ကိစ္စကို မေးမြန်းရလေ၏ ။
“ဘာကိစ္စများ လဲကွဲ့”
“ဆရာကြီးဒေါက်တာစိုးထိုက်နဲ့ တွေ့ ချင်လို့ပါခင်ဗျာ။ ဆရာကြီးက ဒေါက်တာစိုးထိုက်ပဲ ထင်ပါရဲ့ ”
“ဟုတ်ပါတယ်။ ကျုပ် ဒေါက်တာစိုးထိုက်ပဲမောင်ရင်။ ကိစ္စရှိလို့လားကွဲ့”
“ကျွန်တော် တို့ အိမ်ထဲဝင်ပါရစေခင်ဗျာ။ ကျွန်တော့် အမေလည်း ပါလာပါတယ်၊ ဆရာကြီးနဲ့ ဆွေးနွေးစရာရှိလို့ပါ”
ကျွန်ုပ်က ခြံဝင်းတံခါးကို ဖွင့်ပေးလိုက်လေသည်။
ဧည့်ခန်းထဲတွင် ထိုင်မိကြသော အခါ…
“ကျွန်တော့် နာမည် ၀င်းဝေလင်း လို့ ခေါ်ပါတယ်ဆရာကြီး။ ဒါက ကျွန်တော့် မေမေပါ၊ မေမေ့နာမည် က ဒေါ်နန်းထွေးပါ ဆရာကြီး”
ကျွန်ုပ်က ဒေါ်နန်းထွေးဖက်လှည့်၍ အသိအမှတ်ပြုရင်း ပြုံးပြလိုက်ရာ ဒေါ်နန်းထွေးက ကျွန်ုပ်အား ပြန်ပြုံးမပြပဲ ခပ်တည် တည်ပြန်ကြည့်နေလေသည်။ ကျွန်ုပ်သည် ဒေါ်နန်းထွေး၏ ထူးခြားသော အမူအရာကို သတိပြုလိုက်မိလေ၏ ။
“ကျွန်တော် တို့ ဆရာကြီးဆီလာရတဲ့အကြောင်း ကတော့.. ကျွန်တော် တို့ ဘိုးစဉ်ဘောင်ဆက် အမွေခံခဲ့တဲ့ပစ္စည်းတစ်ခုကို ပြချင်လို့ပါ၊ ပြီးတော့ အဲဒီ အကြောင်းပြောပြပြီး ဆရာကြီးဆီက အကြံဉာဏ်တောင်းချင်လို့ပါ ဆရာကြီး”
“ဆရာကြီးတတ်နိုင်တာဆိုရင်တော့ ကူညီရတာ ပေါ့ကွယ်”
“ဟုတ်ကဲ့၊ ဖြစ်ရပ်က ဂမ္ဘီရဆန်ပြီး ဆရာကြီးသုတေသနပြုနေတဲ့ပညာရပ်နဲ့လည်း အကျုံးဝင်နေလို့ အားကိုးတကြီးလာခဲ့ တာပါခင်ဗျာ”
“ပြောပါ မောင်ဝင်း… လင်းဝေ… အဲ…”
“၀င်းဝေလင်းပါ ဆရာကြီး”
“မောင်ဝင်းဝေလင်း ပြောစရာရှိတာ ပြောပါ။ ဆရာကြီးကူညီနိုင်ရင်လည်း ကူညီရတာ ပေါ့”
ကျွန်ုပ်နှင့် မောင်ဝင်းဝေလင်းတို့ စကားပြောနေစဉ် ဒေါ်နန်းထွေး၏ အမူအရာမှာ စိတ်ရှုပ်ထွေးဟန် ပေါက်နေပေ၏ ။ ဒေါ်နန်း ထွေးက စိုးရိမ်ကြောင့်ကျသော မျက်လုံးများ ဖြင့် ကျွန်ုပ်ကိုကြည့်နေသည်ဟု ထင်မိပေသည်။
“အ ဖြစ်က အတော် ဆန်းပါတယ်ဆရာကြီး။ သက်သေအထောက်အထားအခိုင်အလုံသာမရှိရင် ဆရာကြီး ယုံတောင်ယုံမှာ မဟုတ်ပါဘူး”
“သြော်..ဟုတ်လား”
ကျွန်ုပ်ထံရောက်လာကြသူအတော် များများ မှာ သူတို့တင်ပြမည့် အကြောင်းကို ယုံကြည်စေချင်၍ ယင်းကဲ့သို့ ပြောဆိုကြမြဲ ဖြစ်၍ ကျွန်ုပ်အဖို့ မဆန်းပါပေ။
မောင်ဝင်းဝေလင်းသည် သူ၏ လက်ဆွဲအိတ်ထဲမှပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်လေ၏ ။ သူ့လက်ထဲတွင် ယွန်းသေတ္တာ လေးတစ်ခု ပါလာလေသည်။
“ကျွန်တော် အခုပြမယ့်ပစ္စည်းမျိုးကို ဆရာကြီး အရင်တုန်းကလည်း မြင်ဖူးခဲ့မယ် မထင်ပါဘူး၊ ဒီကမ္ဘာပေါ်မှလည်း ဒီလို ပစ္စည်းမျိုးဟာ ကျွန်တော် တစ်ယောက် တည်းရဲ့ လက်ထဲမှာ ပဲ ရှိတယ်ထင်ပါတယ်ဆရာကြီး”
“တယ်ဆိုတဲ့ စာပါလားကွဲ့၊ မောင်ရင်က ဆရာကြီးကို ဘာများ ပြမလို့ပါလိမ့်”
“ကျွန်တော် ပြမယ့်ပစ္စည်းက နဂါးမျက်လုံးပါဆရာကြီး”
“ဘာကွဲ့”
ကျွန်ုပ်မှာ မောင်ဝင်းဝေလင်း၏ အပြောကြောင့် ဆတ်ကနဲပင် တွန့်သွားမိလေသည်။ ချက်ချင်း လည်း စိတ်ဝင်စားသွားမိ ပေ၏ ။
မောင်ဝင်းဝေလင်း၏ နိဒါန်းအပျိုးမှာ မဆိုးလှဟုဆိုရပေမည် ။ သူက သူပြောလိုသော အကြောင်းအရာကို တစ်ဖက်သား စိတ် ၀င်စားအောင် ဆွဲဆောင်တတ်သူပါတကား။
ထူးဆန်းအံ့သြဖွယ်ကောင်းသော အ ဖြစ်အပျက်များ စွာ နှင့် ကြုံဖူးသော ကျွန်ုပ်သည်ပင် စိတ်ဝင်စားသွားမိပေသည်။ နောက်မှ ဟုတ်တာ မဟုတ်တာ အပထား။ နဂါးမျက်လုံးဆိုသည်ကို ကြည့်ချင်စိတ်ပေါက်သွားရသည်ကား အမှန်ပင်တည်း။
“ဆရာကြီးဟာ ဂမ္ဘီရပညာရှင်ကြီးမို့လို့ ဒီကိစ္စအတွက် တိုင်လည်းတိုင်ပင်ရင်း နဂါးမျက်လုံးကိုလည်း ပြရအောင် လာခဲ့တာပါ ပဲဆရာကြီး”
မောင်ဝင်းဝေလင်းက ယွန်းသေတ္တာလေးကို ဖွင့်မည် ပြုရင်းမှ ပြောလေသည်။
“ကျုပ်ဟာ ဂမ္ဘီရဆရာ မဟုတ်ပါဘူးမောင်ရင်၊ သုတေသနသမားပါ။ မနောသုတေသီတစ်ဦးပါ။ အဲ.. သုတေသနလုပ်တဲ့ အထဲမှာ တော့ မောင်ရင်ပြောတဲ့ ဂမ္ဘီရကိစ္စတွေ လည်း ပါလာတတ်တာပေါ့ကွယ်”
“ဒီမှာ ကြည့်ပါဆရာကြီး။ ဟောဒါ နဂါးတစ်ကောင်ရဲ့ မျက်လုံးအစစ်ပါ”
သူက ယွန်းဗူးထဲမှအရာကို ထုတ်ယူရင်း ကျွန်ုပ်အား ပြလိုက်လေသည်။
ကျွန်ုပ်က သူထုတ်ပြသော ခပ်လုံးလုံးအရာကို လှမ်းယူရန် လက်ကမ်းလိုက်လေသည်။
“ကြည့်ပါဆရာကြီး၊ ကိုင်ကြည့်နိုင်ပါတယ်။ ဆရာကြီးမို့လို့ ကိုင်ခွင့်ပေးတာပါ။ ကျွန်တော် ဘယ်သူ့ကိုမှ ပေးမကိုင်ပါဘူး”
ဝင်းဝေလင်းက သူ၏ ပစ္စည်းကို အမွှန်းတင်ကာ ပြောလိုက်လေ၏ ။
ကျွန်ုပ်က လက်ထဲရောက်လာသော နဂါးမျက်လုံးဆိုသည့်အရာကို သေချာလှည့်ပတ်၍ ကြည့်ရှုလိုက်လေသည်။
ထိုအရာသည် ခပ်လုံးလုံးနှင့် ရှည်မျောမျောသဏ္ဍာန်ရှိကာ ဖန်တုံးတစ်ခုသဖွယ် ကြည်လင်နေပေ၏ ။ သို့ရာတွင် .. အတွင်း တွင် အနက်ရောင် အလုံးလေးတစ်လုံးရှိနေပြန်၍ မျက်လုံးနှင့် သဏ္ဍာန်တူလှပေသည်။
မျက်လုံးနှင့် တူရုံနှင့် ပင် ထိုအရာကို နဂါးမျက်လုံးအစစ်ပါဟု ကျွန်ုပ်က လက်မခံနိုင်သေးပေ။ နဂါးဆိုသည့်သတ္တ၀ါမှာ ပင် အမှန်တကယ် ရှိမရှိ မသေချာပေရာ နဂါးမျက်လုံးဆိုတိုင်း ယုံကြည်လို့မ ဖြစ်သေးပေ။
ကျွန်ုပ်က ထိုအရာကို လှည့်ပတ်ကိုင်တွယ်လေ့လာကြည့်နေမိသည်။ အလေးချိန်မှာ ကျောက်သားတစ်ခုကို ကိုင်တွယ်ရ သလောက် မလေးပဲ ခပ်ပေါ့ပေါ့ပင် ရှိလေ၏ ။ သို့ရာတွင် .. ပလတ်စတစ်ကဲ့သို့သော အရာမျိုးထက်လည်း ပို၍ လေးလံနေပေသည်။
“နဂါးမျက်လုံးဆိုတာ ဆရာကြီး ယုံရဲ့ လားခင်ဗျာ၊ ကျွန်တော့်မှာ သက်သေအထောက်အထား အပြည့်အစုံရှိပါတယ်။ အခု လည်း ပါလာခဲ့ပါတယ်”
“ဟေ- ဟုတ်လား။ ဘာနဲ့ သက်သေထူမလဲကွဲ့”
သူက သူ၏ လက်ဆွဲအိတ်ကြီးထဲမှ စာရွက်စာတမ်းများ ကို ထုတ်ယူလိုက်လေသည်။ စာရွက်စာတမ်းဟု ဆိုရသော်လည်း စာအုပ်ကြီးနှစ် အုပ် ဖြစ်ပါသည်။
သူက ပလတ်စတစ်အိတ်နှင့် သေချာထည့်ထားသော စာအုပ်တစ်အုပ်စီကို ကျွန်ုပ်၏ ဧည့်ခန်းစားပွဲပေါ် ချလိုက်ကာ…
“ဟောဒီတစ်အုပ်က အော်ရီဂျင်နယ်ပါ ဆရာကြီး။ နဂါးမျက်လုံးကိုရခဲ့တဲ့ ကျွန်တော့် အဘိုးကိုယ်တိုင် နဂါးတိုင်းပြည်ကို ဘယ်လိုရောက်ခဲ့တယ်ဆိုတာကို ရေး သားမှတ်တမ်းတင်ထားတာပါ”
“အလို..”
ကျွန်ုပ်က သူကမ်းပေးသော စာအုပ်ကို ယူကြည့်လိုက်ရာ လျှောက်လွှာစာရွက်များ ကို စာအုပ်ပုံစံချုပ်ထားသည့် စာအုပ်တစ် အုပ် ဖြစ်ကြောင်း တွေ့ လိုက်ရလေသည်။ စာရွက်များ မှာ ၀ါကျင်ပြီး ကျွတ်၍ နေရာ ခပ်ကြမ်းကြမ်းကိုင်ပါက ကြေမွ၍ ပင် သွားနိုင်ပေ သည်။ ကျွန်ုပ်က အတွင်းဖက်စာမျက်နှာတစ်ချို့အား လှန်လှောကြည့်လိုက်ရာ ရှေးဆန်သော လက်ရေး ဖြင့် ရေး သားထားပြီး သုံးထား သော မင်၏ အရောင် မှာ လည်း အတော် ပင် ဖျော့တော့နေကြောင်း တွေ့ လိုက်ရပေသည်။ စာအုပ်မှာ ရှေးပဝေသဏီက နှစ် ချို့စာအုပ် ဟောင်းတစ်အုပ် ဖြစ်ကြောင်း သိသာလှပေ၏ ။
“မောင်ရင့်အဘိုးက နဂါးတိုင်းပြည်ကို ရောက်ခဲ့ဖူးတယ်ပေါ့။ ဟုတ်စ”
ကျွန်ုပ်က ၀င်းဝေလင်းကိုလည်း မေးရင်း ဒေါ်နန်းထွေးကိုပါ အကဲခတ်ကြည့်လိုက်သည်။ ဒေါ်နန်းထွေးသည် ကျွန်ုပ်လှမ်း ကြည့်လိုက်သည့်အချိန်တွင် စိတ်မသက်သာဟန်ဖြင့် သက်ပြင်းချလိုက်သည်ကို တွေ့ လိုက်ရပေ၏ ။
“ဟုတ်ပါတယ်ဆရာကြီး၊ ဒီစာအုပ်ဟာ ကျွန်တော့် အဘိုးက သူ နဂါးတိုင်းပြည်ကိုရောက်ခဲ့စဉ်ကအကြောင်းတွေ ကို မှတ်တမ်းတင်ထားတဲ့ စာအုပ်ပါ။ အဘိုးကိုယ်တိုင်ရေး ထားခဲ့တဲ့စာအုပ်ပါ။ ဟောဒါ ကတော့ အဘိုးရဲ့ စာမူကို ကျွန်တော် ကိုယ်တိုင် ကွန်ပြူတာနဲ့ စာပြန်စီပြီး စာအုပ်ချုပ်ထားတာပါ၊ ဆရာကြီးမြင်တဲ့အတိုင်း အဘိုးရဲ့ လက်ရေး မူက နှစ် ကာလကြာပြီဆိုတော့ ဆွေးမြေ့ နေပါပြီ။ စုတ်ပြဲမသွားခင် ကျွန်တော် က ကွန်ပြူတာနဲ့ရိုက်ပြီး မိတ္တူကူးထားလိုက်တာပါ”
“အဲဒါ ကတော့ သင့်လျော်ပါတယ်ကွယ်”
“ကွန်ပြူတာစာမူကို ဆရာကြီး ရှင်းရှင်းလင်းလင်း ဖတ်နိုင်ပါတယ်။ မူရင်းစာမူကိုယူလာတာ ကတော့ ဆရာကြီးယုံကြည် အောင် နှိုင်းယှဉ်ကြည့်နိုင်ဖို့ပါပဲ”
“မောင်ရင်က မောင်ရင့်အဘိုးရဲ့ မှတ်တမ်းကို ကျုပ်ကို ပေးဖတ်မလို့လားကွဲ့”
“ဖတ်ကြည့်ပေးပါလို့ တောင်းပန်ပါရစေဆရာကြီး။ ဆရာကြီးဆီက အကြံဉာဏ်ကိုပါ တောင်းခံချင်လို့ပါ၊ အဘိုးရဲ့ စာမူကို ဆရာကြီးဖတ်ကြည့်ထားမှ ဖြစ်မှာ မို့ပါခင်ဗျ”
“အင်းလေ.. ဖတ်ကြည့်သေးတာပေါ့။ ထားခဲ့ပါ”
“ကျွန်တော် ဘယ်နေ့ပြန်လာခဲ့ရမလဲ ခင်ဗျာ”
“နောက်တစ်ပတ်လောက်…”
“တစ်ပတ်မလုပ်ပါနဲ့ဆရာကြီး။ နောက်သုံးရက်ရှိရင် ပြန်လာပါရစေ။ ဒီကြားထဲမှာ မှတ်တမ်းကို ဖတ်ထားပေးပါခင်ဗျာ”
“လောလှချည်လားကွယ်”
“ဟုတ်ကဲ့၊ ကျွန်တော် ခရီးထွက်ဖို့ ဆုံးဖြတ်ထားလို့ပါ။ ကျွန်တော် ထွက်မယ့်ခရီးကလည်း ဒီမှတ်တမ်းနဲ့ပတ်သက်ပါတယ် ဆရာကြီး”
ဒေါ်နန်းထွေး၏ ကိုယ်သည် ထိုင်ရာမှ ခါးကိုမတ်လာကာ တစ်စုံတစ်ခု ပြောမည့် ဟန် ပြင်လိုက်၏ ။ ချက်ချင်း ပင် သူမက စိတ် ပြောင်းသွား ပုံရကာ သက်ပြင်းကိုချကာ ကုလားထိုင်နောက်မီကို ပြန်မှီလိုက်သည်။
“မောင်ရင့်ရဲ့ နဂါးမျက်လုံးကြီးရော ထားခဲ့ဦးမလားကွဲ့”
ဝင်းဝေလင်းက အလန့်တကြားဟန်ဖြင့် …
“ဟာ..ဆရာကြီး၊ ဒါတော့.. သည်းခံပါခင်ဗျာ။ ကျွန်တော် ဘယ်သူ့ကိုမှ မပြခဲ့ပါဘူး၊ ဆရာကြီး တစ်ယောက် တည်းကိုသာ ကိုင်ကြည့်ခွင့်ပေးတာပါ၊ ဆရာကြီးမို့လို့ပါ။ တလောက ကျွန်တော့် သူငယ်ချင်း တစ်ယောက် ကို ပြလိုက်မိတာ သူငယ်ချင်းက အိမ်မှာ လိုက်အိပ်ရင်း နဂါးမျက်လုံးကို ခိုးယူသွားလို့ဗျို့၊ အတော် ပြန်လိုက်ယူခဲ့ရတယ်။ တော် သေးတာပေါ့၊ ရွှေဘုံသာလမ်းမှာ သွား ရောင်းနေတုံး ဖမ်းမိခဲ့လို့”
“မောင်ရင့်သူငယ်ချင်းက ဘာလို့ ရွှေဘုံသာလမ်းမှာ သွားရောင်းတာလဲ။ ဒါဟာ ကျောက်မျက်ရတနာမှ မဟုတ်ပဲကွဲ့”
“ကျောက်မျက်ရတနာထက်တောင် တန်းဖိုးကြီးပါသေးတယ်ဆရာကြီးရယ်။ ကျွန်တော့် အဖို့တော့ တန်ဖိုးမဖြတ်နိုင်ပါဘူး”
“မောင်ရင့်နဂါးမျက်လုံးကြီးကို နောက်တစ်ခေါက် ကြည့်ပါရစေဦး”
“ကြည့်ပါဆရာကြီး၊ ကြည့်ပါ”
ကျွန်ုပ်သည် ကျောက်မျက်များ အကြောင်း နားမလည်ပါ။ မကျွမ်းကျင်ပါ။ ယခု ကျွန်ုပ်လက်ထဲသို့ ရောက်ရှိနေသော အရာ မှာ ကျောက်မျက်တစ်ခုမဟုတ်သည် ကတော့ သေချာပေ၏ ။ နဂါးမျက်လုံးဆိုသည်ကိုလည်း ယုံရန်ခဲယဉ်းလှပေသည်။
ကျွန်ုပ်က ထိုပစ္စည်းကို အနုလုံပဋိလုံ သေချာလေ့လာကြည့်ခဲ့၏ ။
ထိုအခါ.. ကျွန်ုပ်စိတ်ထဲတွင် ပယင်းရတနာကို သွား၍ သတိရမိပေတော့သည်။
ပယင်းကို ကျောက်မျက်အ ဖြစ်သတ်မှတ်သော်လည်း ပယင်းသည် ကျောက်အစစ်မဟုတ်ပေ။ သဘာဝသစ်ပင်များ မှ ထွက် ရှိသည့် သစ်စေးများ သည် နှစ် ကာလကြာရှည်၍ အေးခဲသွားသည့်အခါ အစိုင်အခဲအ ဖြစ် တည်ရှိနေတတ်သည်။ ထိုအရာကို ပယင်း ကျောက်ဟူ၍ လူတို့က ရတနာတစ်ပါးသဖွယ် အလေးအနက်ထား ဆင်မြန်းတတ်ကြပေသည်။
ပယင်းကျောက်တို့သည် သဘာဝသစ်စေးရည်အစိုင်အခဲအတိုင်း တည်ရှိနေနိုင်သလို တစ်ခါတစ်ရံတွင် အခြားသော ပစ္စည်း၊ အကောင်ဗလောင်အငယ်လေးများ ကို ဖုံးလွှမ်းပြီးမှ အေးခဲသွားသည့်အခါမျိုးတွင် ပိတ်မိနေသော အရာလေးများ သည့် ကျောက်အ တွင်းတွင် ဌာပနာထားသကဲ့သို့ တည်ရှိနေတတ်ပြန်သည်။
ယခု ကျွန်ုပ်လက်ထဲတွင် ကိုင်ထားသော နဂါးမျက်လုံးဆိုသည့်အရာသည်လည်း ပယင်းကျောက်တစ်မျိုးမ ဖြစ်နိုင်ပါသလော၊ အတွင်းတွင် မျက်နက်ဆံကဲ့သို့ရှိနေသော အနက်ရောင် အလုံးလေးမှာ အပင်တစ်မျိုးမျိုးမှ သစ်စေ့သော်လည်းကောင်း၊ အခြားသော ပစ္စည်းတစ်မျိုးမျိုးသော်လည်းကောင်း ဖြစ်နိုင်ပေသည်။
ဝင်းဝေလင်းတို့သားအမိက သူတို့၏ နဂါးမျက်လုံးဆိုသော အရာကြီးကို အစစ်အမှန်ဟု ယုံကြည်နေကြပုံရသော ကြောင့် ကျွန်ုပ်က ကျွန်ုပ်ထင်မြင်ချက်ကို ပြောမပြလိုက်တော့ပါချေ။
“ကျွန်တော် တို့ကို ခွင့်ပြုပါဦးဆရာကြီး၊ နောက်သုံးရက်ကြာရင် ကျွန်တော် ပြန်လာပါရစေ။ ကျွန်တော့် အဘိုးရဲ့ မှတ်တမ်းကို ဆရာကြီး ဖတ်ကြည့်ပါဦးခင်ဗျာ။ ဆရာကြီးဆီက အကြံဉာဏ်ကို ကျွန်တော် တောင်းခံချင်လို့ပါ”
မောင်ဝင်းဝေလင်းက ကျွန်ုပ်ကိုနှုတ်ဆက်ရင်း ထိုင်ရာမှ ထလိုက်သည်။
ဒေါ်နန်းထွေးသည်လည်း ထိုင်ရာမှ ရော၍ ထလိုက်လေသည်။ ဒေါ်နန်းထွေးသည် ကျွန်ုပ်မျက်နှာကို သေချာကြည့်နေပေ သည်။ သူမသည် တစ်စုံတစ်ခု ပြောချင်နေပုံရ၏ ။
ဝင်းဝေလင်းက သူ၏ နဂါးမျက်လုံးထည့်ထားသော ယွန်းသေတ္တာလေးကို လက်ဆွဲအိတ်အတွင်း တယုတယသိမ်းဆည်းကာ အိမ်ရှေ့သို့ ထွက်သွားလေသည်။
ကျွန်ုပ်လည်း သူတို့ကိုလိုက်ပို့ရန် အိမ်ရှေ့သို့ လိုက်ပါခဲ့လေ၏ ။
မောင်ဝင်းဝေလင်း ရှေ့မှလျှောက်သွားနေချိန်တွင် ဒေါ်နန်းထွေးက ကျွန်ုပ်ကို မျက်ရိပ်ပြလိုက်ကာ နောက်တွင် အနည်းငယ် ချန်ရစ်နေပေ၏ ။ ကျွန်ုပ်လည်း သူမတွင် ပြောစရာတစ်ခုခုရှိသည်ကို ရိပ်မိကာ ခပ်ဖြည်းဖြည်း လျှောက်လိုက်၏ ။
ဒေါ်နန်းထွေးက ကျွန်ုပ်အနီးသို့ တိုးကပ်လိုက်ကာ စကားတစ်ခွန်းကို အလျင်အမြန်ပြောကြားလိုက်လေသည်။
“သူပြောတာတွေ ကို မယုံနဲ့ဆရာကြီး၊ ကျွန်မ မနက်ဖြန် ဆရာကြီးဆီလာပြီ အကျိုးအကြောင်း ရှင်းပြပါ့မယ်”
ဒေါ်နန်းထွေးက စကားဆုံးသည်နှင့် သူ့သားနောက်သို့ အမီလိုက်ပါသွားလေသည်။
သားအမိနှစ် ယောက် ကျွန်ုပ်အားနှုတ်ဆက်၍ ကားထွက်ခွာသွားသည်အထိ ကျွန်ုပ်က သူတို့ကားလေးကို မျက်စိတစ်ဆုံး ကြည့်၍ ကျန်ရစ်ခဲ့လေသည်။
ကျွန်ုပ်၏ ရင်ထဲတွင် လည်း ပဟေဠိများ စွာ ဖြစ်ပေါ်လျှက် ရှိပေတော့သတည်း။
ကျွန်ုပ်သည် အိမ်ထဲသို့ပြန်အရောက်တွင် ၀င်းဝေလင်းပေးအပ်ခဲ့သော စာအုပ်ကြီးနှစ် အုပ်ကို ကိုင်ကြည့်လိုက်မိသည်။ အော်ရီဂျင်နယ်ဆိုသော စာအုပ်မှာ လွန်ခဲ့သော နှစ် ပေါင်းများ စွာ က ရေး သားခဲ့သော စာအုပ်တစ်အုပ် ဖြစ်ကြောင်း သိသာလှပေ၏ ။ စာ ရွက်များ ၀ါကျင်နေခြင်း၊ ကြွပ်ဆတ်နေခြင်း၊ မင်များ မှိန်ဖျော့နေခြင်းများ ကို ကြည့်၍ သိသာပေသည်။
ကျွန်ုပ်က စာအုပ်ထိပ်တွင် ရေး သားထားသော စာတမ်းကို ဖတ်ကြည့်လိုက်သည်။
![]() ဒေါက်တာစိုးထိုက် နှင့် ဖော်ဝေးဝိညာဉ် | ![]() မွေးစားတစ္ဆေ | ![]() အရိုးတွန်တဲ့ည |