
(အမှာ စာ)
ကျွန်မအား အသက်အရွယ်နှင့်မလိုက်အောင် ဖျတ်လတ်သွက်လက်ကြောင်း ပြောကြသော အခါ အဖေနှင့် အမေ၏ ကျေးဇူးကို ပို၍ သတိရပါသည်။ အဖေနှင့်အမေသည် ကျွန်မခန္ဓာကိုယ်အား သန်မာကြံ့ခိုင်၍ ရေရှည်ကျန်းမာသော အရိုး၊ အဆစ်၊ အကြော၊ နှလုံး၊ အဆုပ်၊ ကျောက်ကပ် စသည့် အစိတ်အပိုင်းများ ကို လည်းကောင်း၊ မှန်ရာကို လက်ခံပြောဆို တိုက်ခိုက်ရဲသော သတ္တိနှင့် စိတ်ထားကို လည်းကောင်း ဖန်တီးပေးခဲ့ကြပေသည်။
အဖေသည် တောင်တွင်းကြီး မြို့သူကြီးရိုး ဖြစ်၏ ။ အမေက လယ်သမားရိုး ဖြစ်၏ ။ ကျွန်မသည် ရွှေကူသူက ရွှေကူမြို့၌ မွေးဖွားခဲ့၍ ကလောင်အမည် ကို ‘ရွေကူ’ ရှေ့တပ်ထားသော်လည်း စင်စစ် ကျွန်မ၏ စာပေဗီဇသည် ရွှေကူမ ဖြစ်နိုင်ပါ။
အဖေသည် ပေလေးပေရှင်လေးပါး ဇာတိ ဖြစ်ရုံမက အဖေ့အဘိုး ကျွန်မ၏ ဘေးတော် သူသည် ကျမ်းစာစာအုပ် ရေး သားခဲ့သော စာရေး သူတစ်ဦး ဖြစ်ရာ ထိုဗီဇက ကျွန်မအား စာရေး ဆရာ ဖြစ်ရန် မျိုးစေ့ပေးခဲ့ခြင်း ဖြစ်နိုင်ပါသည်။
အဖေက အသက် ၅၇နှစ် တွင် ဒူလာ ရောဂါ နှင့် ကွယ်လွန်ခဲ့၏ ။ အမေက အသက် ၆၈တွင် အယ်လ်ဇိုင်းမား ဖြစ်ပြီး ကွယ်လွန်ခဲ့သည်။ ကျွန်မသည် ကွယ်လွန်သူများ အကြောင်းအများ အပြား ရေး ဖွဲ့ဖူး၏ ။
သို့သော် အမေ့အကြောင်း ရေး မည် ကြံတိုင်း ရင်တွင်း၌ ဆို့နင့်လာသဖြင့် ချမရေး နိုင်ခဲ့ပေ။ အမေကွယ်လွန်ပြီး နှစ် ပေါင်း ၃၀ကျမှသာ အမေ့အကြောင်း စာအုပ်ရေး ဖြစ်ခဲ့၏ ။
အဖေ့အကြောင်းကိုလည်း စာမဖွဲ့ ဖြစ်ခဲ့ပေ။
တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့မိခြင်းမျိုးသားရှိ၏ ။ ဘုရားဝတ်ပြု လှူဒါန်းတိုင်းမှာ ကား သားသမီးဝတ္တရားငါးပါး၏ “လှူမျှဝေ၍ ” ဆိုသော တာဝန်အရ အဖေနှင့်အမေကို ရောက်ရာဘုံဘ၀မှ သာဓုခေါ်ပါရန် အမျှဝေမြဲ ဖြစ်၏ ။ ဒုက္ခတစ်စုံတစ်ရာ ဖြစ်လျှင် အဖေ့ကို တိုင်တည်၏ ။
ယခုတော့ ကျွန်မအဖို့ ရေး ရန်တာဝန်ရှိသော စာများ အားလုံး လိုလိုကိုရေး ခဲ့ပြီးပြီ။ အဖေနှင့်အမေကိုလည်း နောင်လာ နောက်သားများ သိရှိသင့်သည်ဟု ယူဆကာ ဆွေမျိုးစုံညီသော အလှူပွဲ၌ ဝေငှနိုင်ရန် ပုံနှိပ်ထုတ်ဝေလိုက်နိုင်ပါပြီ။ ဤနည်းအားဖြင့် အဖေနှင့်အမေကို ကျေးဇူးဆပ်ခြင်း ဖြစ်ပါသည်။
အဖေနှင့် အမေ ရှိသော သူတိုင်း ကျွန်မ၏ အဖေနှင့် အမေကို ဖတ်ပြီး မိမိတို့၏ အဖေနှင့်အမေကို ကျေးဇူးဆပ်ကြမည် ဆိုလျှင် ရေး သားထုတ်ဝေရကျိုး နပ်ပါလိမ့်မည် ။
ရွှေကူမေနှင်း
တပေါင်းလပြည့်နေ့
၁၃၇၄ ခုနှစ် ။
အခန်း (၁)
ရွှေကူမေနှင်း
ကျွန်မသည် တစ်ခါတစ်ရံ ဘုဆတ်ဆတ်၊ ဂျစ်ကန်ကန် စကားများ ကို ပြောတတ်လေသည်။ ၂၀၀၀ ပြည့်နှစ် သည် ဖက်ကာလတွင် အမေဟူသော အသံများ လျှံနေအောင်ကြားရ၏ ။ “အမေနေ့” ဆိုသော ရက်တစ်ခု သတ်သတ်မှတ်မှတ် ချမှတ်ပြီး၊ ထိုနေ့ အထိမ်းအမှတ်ပွဲများ ကိုလည်း ခမ်းခမ်းနားနား ကျင်းပနေကြလေသည်။ ထိုအခမ်းအနားမျိုး တစ်ခုတွင် ကျွန်မဟောပြောရသော အခါ “အမေကို ကျေးဇူးသိပြီး သတိရတာ ကောင်းပါတယ်၊ ဒါပေမယ့် ကျွန်မတို့ လူ ဖြစ်လာတာဟာ အမေ တစ်ယောက် တည်းကြောင့် မဟုတ်ဘူးနော်၊ အဖေလည်း ပါပါတယ်၊ ဒီတော့ အဖေ့ကျေးဇူးကိုလည်း တွဲ ပြောရပါလိမ့်မယ်” ဟု ပြောပစ်ခဲ့ပါသည်။
ကျွန်မသည် မည် ကဲ့သို့ဝဋ်ကြွေးရှိခဲ့မှန်း မသိ။ ငွေပြတ်သော အကြိမ်များ မရေတွက် နိုင်အောင် ရှိခဲ့ဖူးပါသည်။ ယနေ့ထိလည်း ရှိနေပါသေးသည်။ ကာလအနေအထားအလျောက်၊ ကိုယ်ပိုင်အိမ်နှင့် ကိုယ်ပိုင်ကားလေးနှင့် ကိုယ်ပိုင်မိုဘိုင်းလ်လေးနှင့် ကိုယ်ပိုင်လုပ်ငန်းလေးနှင့် နေနေပါလျက်၊ ငွေပြတ်သော အကြိမ်များ ကိုမူ တွေ့ နေရဆဲ။
ရယ်စရာလည်း ကောင်းလောက်ပါသည်။
ပဲခူးကလပ်မှတ်တိုင်ရောက်လျှင်၊ ငွေ၁၀သိန်း ထုတ်ယူရန်ရှိသ်ဆိုပါစို့။ လှည်းတန်းမှ ပဲခူးကလပ်အထိ ဘတ်စကားခ (၁၀) မရှိချေ။ ခိုးစီးဖို့လည်း ၀ါသနာမပါသဖြင့် စိတ်ပေါက်ပေါက်နှင့် ခြေလျင်လျှောက်ခဲ့ဖူး၏ ။ တုတ်တုန်ကျသော ချွေးများ ကို မသုတ်မူဘဲ ဒါလားကွဲ့… လောကဓံ ဟု မာန်ဖီနေခဲ့ဖူး၏ ။
ကြာသော်… ဤအ ဖြစ်သည် ရိုး၍ သွားသည်။
ဖြစ်ရိုး ဖြစ်စဉ်၊ ဖြစ်နေကျမို့ ထူးပြီးမခံစားရချေ။
ပြီးတော့လည်း ပြီးသွားတာပါပဲ။
သို့သော်…
ဒါဟာ ဘာ့ကြောင့်လဲဟု တစ်ခါတစ်ခါ အပျင်းပြေ စဉ်းစား၏ ။
ငွေတွေ သိန်းချီပြီး ရတတ်ပါလျက်နှင့်၊ ဘတ်စ်ကားခလေးပင် မရှိအောင် (အကြိမ်များ စွာ ) တွေ့ ကြုံရခြင်းကား နည်းနည်းတော့ စဉ်းစားစရာ ဖြစ်သည်။ ကျွန်မအစ်မဆိုလျှင် ဘယ်တော့မှ ငွေမရှိသူ ဖြစ်၏ ။ သို့သော် သူ့ဘော်လီအိပ်ကပ်ထဲနှိုက်လျှင် ဘယ်တော့မှ ငွေပြတ်သည်မရှိ။ ကျွန်မငယ်ငယ်က (အသက်၂၀) အထက်တန်း ဆရာမ လေးလုပ်စဉ်၊ လစာ ၃၀၀ကျပ် ကျော်ရသည်။ (ယခု တန်ဖိုးသုံးသိန်းခန့်)။ သို့သော် လခထုတ်ရက်ရောက်သည့်နေတိုင်း တံဆိပ်ခေါင်း ၁၅ပြားဝယ်စရာမရှိ၍ အိုးလုပ်နေသော မမလေးဆီဝင်ပြီး တောင်းနေကျ ဖြစ်၏ ။ မမလေး၏ လုပ်ဖော်ကိုင်ဖက်များ က ဆရာမ လုပ်နေပြီး ဟုဆိုကာ ရယ်ပွဲဖွဲ့ကြ၏ ။ ကျွန်မကား ဤကဲ့သို့သော ကျွန်မ ဖြစ်လေသည်။
တစ်ခါတစ်ရံမူ…
အတော် ၀မ်းနည်း၏ ။
အသက် ၉နှစ် မှာ ဖခင်ဆုံးသွားခဲ့၍ မုဆိုးမသမီးအ ဖြစ်၊ အားငယ်စွာ ရှာဖွေရုန်းကန်ခဲ့ရသည်။ ကျောင်းစာရိတ်ကို ကိုယ့်ဘာသာရှာခဲ့ရသည်။ တက္ကသိုလ်သွားတာတောင် အစိုးရက ပညာတော် သင်စေလွှတ်၍ ပေးသော လစာငွေထဲမှ အိမ်ရှိမောင်နှမများ အတွက် ပံ့ပိုးပေးခဲ့ရသည်။ မိဘနှင့် နေတော့ မိဘကို လုပ်ကျွေးရသည်။ ယောက်ျားယူတော့ ယောကျာ်းကို လုပ်ကျွေးရသည်။ သားမွေးတော့ သားကို လုပ်ကျွေးရသည်။ မြေးတွေ ရတော့လည်း မြေးတွေ ကို မလွှဲမရှောင်သာ လုပ်ကျွေးနေရသည်။ ကိုယ့်ကိုတော့ ဘယ်သူမျှ လုပ်မကျွေးကြပါ။ ကိုယ့်အဖို့ ကိုယ့်အတွက် တစ်ခါမျှ ဖြုန်းတီးပစ်တာမျိုး မရှိခဲ့ပါလျက်၊ ဘာကြောင့် ငွေပြတ်သလဲဟု စဉ်းစားတော့ သူများ အတွက် ပံ့ပိုးနေရလို့၊ ၀န်ထုတ်ဝန်ပိုးကြီးလွန်းလို့ ဟုအဖြေရသည်။
ကျွန်မသည် ပဉ္စမမြောက် သမီးလတ် ဖြစ်ပါလျက်နှင့် အဖေ ဆုံးစဉ် သားထွေးနို့စို့လေး ကျန်ရစ်တော့၊ ထိုသားလေးကို ဘယ်အစ်ကို အစ်မကမျှ ရှင်ပြုပေးရကောင်းမှန်း မတွေးကြ။ ကျွန်မ ၁၈နှစ် သမီးက မောင်လေးကို ရှင်ပြုပေးခဲ့ရ၏ ။ သာမန်အလှူ မဟုတ်ပါ။ ဆန် ၁၀ တင်း၊ ၀က်သားပိဿာ ၁၀၀…လူ ၁၀၀၀ပါ။
ဤသို့ဖြင့် …. ၀မ်းနည်းလွန်းမက နည်းသော အခါ ကျွန်မ ဘာလုပ်သည် ထင်ပါသနည်း …။ စတိုခန်း အပေါ်ဆုံးအဆင့်ရှိ “’ဒယ်ပြား” အဟောင်းလေးကို ခေါင်းပေါ် တင်လျက်…။
“အဖေရေ…အဖေ့ရဲ့ သမီးလေး ဟောဒီအဖေသမီးတို့ကို ချာပါတီ လုပ်ကျွေးခဲ့တဲ့ ဒယ်ပြားလေးကို၊ အဖေ့ကိုယ်စား သိမ်းထားခဲ့တာပါ။
ဒါဟာ…အဖေပါ။ အဖေ့သားလေးကို အဖေ့ဆန္ဒအတိုင်း သမီး ရှင်ပြုပေးခဲ့တယ်လေ၊ အဖေရောက်ရာ ဘ၀က သာဓုခေါ်ပါ။”
အခု … အဖေ့သမီး ဒုက္ခ ဖြစ်နေတယ် အဖေရဲ့ ၊ သမီးကို ကူညီလှည့်ပါဦး…” ဘေးကကြည့်လျှင်တော့ တစ်ကယ်အရူးပါပဲ။ ကျွန်မကား အနီးမှာ ဘယ်သူမှမရှိသဖြင့်၊ အားရပါးရပြော၊ အားရပါးရ ငိုပစ်လိုက်၏ ။ ပြီးတော့ …. ဒယ်ပြားလေးကို၊ မူလအတိုင်း သတင်းစာ စက္ကူဖြင့် ပြန်ထုတ်ပြီး စတိုခန်းအပေါ် အဆင့်သို့ ပြန်တင်ကာ၊ ရှိခိုးဦးညွှတ်လိုက်ပါသည်။
နှစ် ရက်…။
တစ်ကယ်ပါ။
နှစ် ရက်မြောက်နေ့မှာ …
အနှစ် နှစ် အလလက ကြန့်ကြာခဲ့တဲ့ ရပိုင်ခွင့်များ တစ်ဦးမဟုတ်၊ နှစ် ဦးမဟုတ်၊ သုံးဦးလည်းမက။
တစ်ပြိုင်နက်ကြီး ၀င်လာကြတာ … ငွေတွေ ကို ကျွန်မ မရေတွက်တတ်တော့။
ဒါ… ဘာလဲ။
ဘာ ဖြစ်တာလဲ။
ကြာကြာမစဉ်းစားရပါ။
အဖေ…
ကျွန်မရဲ့ အဖေ…
အဖေမရှိတာ နှစ် ပေါင်း၆၀ရှိပြီ ဖြစ်သော်လည်း…
အဖေ ကျွန်မကို စောင့်ရှောက်ခြင်း … ဟု၊
ကျွန်မယုံကြည်သည်။
အဖေ့ကို တိုင်တည်ပြီးမှ ရလာတာတွေ ပဲ။
တစ်ရက်၊ နှစ် ရက် အိပ်မရ။
အဖေ့ကို … ငါဘယ်လိုကျေးဇူးဆပ်ရမလဲ။ ဘာလှူရမလဲ။
သြ … အဖေက ဘာများ လှူစေချင်ပါလိမ့် …။ အမေ့အကြောင်းတော့ ငါက “ထာဝရပုံရိပ်အမေ” ဆိုပြီး ကျကျနန စာတစ်အုပ် ရေး ခဲ့တယ်။ စာအုပ် ၃၀၀ ထုတ်ဝေရင်း လက်ဖက်ရည်နဲ့ မုန့် ကျွေးခဲ့သေးတယ်။
အဖေ့အကြောင်းတော့ တစ်ခါမျှ စာတစ်တန်ပေတစ်ဖွဲ့၊ မရေး ခဲ့သေးပါလား။ ကျွန်မ ချက်ချင်း စာရွက်တွေ ယူပါသည်။ ဘောပင်ယူပါသည်။ “အဖေ” စာအုပ် ကျွန်မ ရေး ပါတော့မည် ။ ဒါသည်ပင်… အဖေ့ကို ကျေးဇူးဆပ်ခြင်း မဟုတ်ပါလား။ ရေး ပြီးလျှင် ပုံနှိပ်မည် ။ အလကားဝေမည် … ဟု စိတ်ဆုံးဖြတ်သည်။
မောင်စိန် ဆိုသော သာမန်လူကလေးကို၊ ၁၈၉၀ ပြည့်နှစ် တွင် ၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ ဖွားမြင်ခဲ့သည်။
မောင်စိန်၏ ဖခင်အမည် မှာ ဦးပိန် ဖြစ်၏ ။
မိခင်အမည် ကိုမူ မမှတ်မိကြချေ။
သို့သော် အဘိုးအမည် ကိုကား မှတ်မှတ်ရရရှိကြသည်။
မောင်စိန်၏ အဘိုးအမည် မှာ “ဦးစံဖေ” ဖြစ်၏ ။ ဦးစံဖေကို မှတ်မိခြင်းအကြောင်းကား ဦးစံဖေသည် တောင်တွင်းကြီးမြို့သူကြီး ဖြစ်သော ကြောင့် တည်း။
ဦးစံဖေတွင် ဦးစံရ၊ ဦးစံစ ဟူ၍ ညီအစ်ကိုနှစ် ယောက် ရှိသေးသည်။
ရှေးမြန်မာမင်းတို့ လက်ထက်ကပင်၊ သူကြီးမျိုရိုး ဖြစ်ရာ ညီအစ်ကို သုံးယောက် ဖြစ်သော အခါ တောင်တွင်းကြီးမြို့ကို သုံးပိုင်းပိုင်း၍ အုပ်ချုပ်ကြ၏ ။ သူကြီးဟု မခေါ်ဘဲ “ဒိုင်းခေါင်း” ဟု ခေါ်ကြသည်။
မောင်စိန်ကို ဖွားသော နှစ် ကား သီပေါမင်း ပါတော် မူပြီးခါ ပူပူနွေးနွေး ၅နှစ် ပဲ ရှိသေးရာ သူပုန်သူကန်ဟု ဗြိတိသျှတို့ခေါ်သော မြန်မာ့တော် လှန်ရေး အင်အားစုများ ဇွဲခတ်နေဆဲကာလ ဖြစ်သည်။ အမြို့မြို့အနယ်အနယ်တွင် အုပ်ချုပ်ရေး ယန္တရား မပီပြင်နိုင်သေး။ ရွာများ တွင် မငြိမ်မသက် ဖြစ်ကာ၊ မိတ်ဆွေလား ရန်သူလား မခွဲခြားနိုင်သော ကာလလည်း ဖြစ်ပေသည်။
ဒိုင်းခေါင်း ဦးစံဖေ၊ ဦးစံရ၊ ဦးစံစတို့ မျိုးဆက်များ က မြို့အုပ်ချုပ်ရေး ကို ဆက်လက်တာဝန်ယူစဉ်၊ ဦးစံဖေ၏ သား ဦးပိန်က ရာဇ၀တ်အုပ် ဖြစ်လာသည်။ ရာဇ၀တ်အုပ် ဟူသည်မှာ ရဲအရာရှိ ဖြစ်ပြီး ဗြိတိသျှတို့ကို သစ္စာခံသူဟု ဆိုနိုင်သည်။ မြန်မာမင်း အဆက်ဆက်ကပင် အုပ်ချုပ်ရေး ၀န်ထမ်းများ ဆောင်ရွက်လာသဖြင့် ၊ ဦးပိန်က ရာဇ၀တ်အုပ်အလုပ်ကို သစ္စာရှိရှိ လုပ်မည် ။ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေး ၊ သာယာဝပြောရေး ၊ တရားဥပဒေ စိုးမိုးရေး ကို လုပ်ရမည့်  တာဝန်ရှိသည်ဟု ရိုးသာစွာ ယုံကြည်သည်။
မောင်စိန်ကလေး ၉နှစ် သား။ ကြားရသော သတင်းကား ဘ၀ကို ချေမှု န်းပျက်ပြုန်းစေတော့၏ ။ “ရာဇ၀တ်အုပ် ဦးပိန်ကို၊ ဓားပြတွေ ဖမ်းသွားတယ်။ တောင်နီရိုးမထဲမှာ အလောင်းတွေ့ ရတယ် တစ်ကိုယ်လုံး ဓားတွေ နဲ့ မွှန်းထားတယ်”
မောင်စိန်မျက်စိထဲ သဲဝင်ခဲ့ပြီ။
မောင်စိန့်မှာ မိခင်လည်း ဆုံးပါးခဲ့ပြီးပြီ။
အဖေ့ညီမများ ဖြစ်သော အရီးကြီး၊ အရီးလေးတို့ ပြုစု၍ မောင်စိန့်ကို မွေးခဲ့ခြင်း ဖြစ်သည်။ မောင်စိန့်အောက် ညီမလေးက ၆နှစ် သာသာ ရှိသေးသည်။
ဦးပိန်သည် ဇနီးဆုံးပြီး နောက်အိမ်ထောင်မပြုဘဲ သားနှင့် သမီးကို နှမများ လက်ထဲအပ်ပြီး အလုပ်ထဲမှာ ဘ၀ကို နှစ် ထားသူ ဖြစ်တည်း။
“ဘယ်လို … ဘာ့ကြောင့် … အဘက”
မောင်စိန်နားမလည်။ မျက်စိသူငယ်ဖြင့် အရီးတွေ ကို မေးရ၏ ။
“လက်စားချေတာတဲ့ ဖိုးစိန်ရေ၊ မင်းအဖေက ရာဇ၀တ်အုပ်ဆိုတော့ ဓားပြမှု တွေ စစ်ရတာ မဟုတ်လား။ ဓားပြမှု ဖြစ်တဲ့ လူတစ်စုကို ပြစ်မှု ထင်ရှားလို့ ထောင် ၃လ စီချခဲ့တာတဲ့။ ဒင်းတို့ထောင်ထဲက လွတ်တော့ တို့မောင်ကြီးကို ရန်ညှိုးသိုပြီး၊ ရုံးအဆင်းလမ်းမှာ ဖမ်း၊ တောထဲခေါ်ပြီး ညတွင်းချင်း သတ်ကြတာ။ အောင်မလေး … ကံဆိုးလှချည်ရဲ့ မောင်ကြီးရယ် လူကို ဓားနဲ့ ခုတ်သတ်တာ အားမရကြလို့ အလောင်းကို ငါးမွှန်းသလို မွှန်းကြသေးသတဲ့၊ ကြားလို့တောင် မတော် ပါဘူးရှင်၊ ကျုပ်တို့အရှင်နှစ် ပါး မရှိတော့တာနဲ့ ပဲ၊ တိုင်းပြည်မှာ လုပ်ချင်သလို လုပ်နေကြပါပေါ့လား..”
အရီးလေးက ဖွဲ့နွဲ့၍ ငိုသည်။
အရီးကြီးက ကျိတ်ပြီး ရှိုက်သည်။
ကြက်တောင်စည်းနှင့် ညီမလေးက မျက်လုံးလေး ပေကလပ်နှင့်။
ထိုနေ့က အိမ်မှာ ငြိမ်သက်နေခဲ့၏ ။
အပြင်ပန်းမှာ တော့ ငြိမ်သလောက် အတွင်းမှာ ပေါက်ကွဲနေခဲ့တာ မောင်စိန် ဘယ်တော့မှမမေ့။
ဓားပြ … ဓားပြဆိုတာ ဘာတွေ လဲ။
ဓားကိုင်တဲ့လူတွေ ဟုတ်လား။
ကျွန်တော် လည်း ဓားကိုင်ချင်တယ်။ ဒါပေမယ့် … အဘရဲ့ နှစ် လုံးပြူး သေနက်တောင် သေနတ်ပျောင်းကို ပြောင်အောင်မတိုက်နိုင်သေးဘူးပါ။ ဓားကိုင်ချင်ရင် အားရှိမှ ဖြစ်မှာ ၊ ဗလတောင့်မှ ဖြစ်မှာ ။ လူကြီး ဖြစ်မှ ဖြစ်မှာ ။ ကျွန်တော် လူကြီး ဖြစ်ချင်တယ်။ အဘကိုသတ်တဲ့ လူတွေ ကို ကျုပ်သတ်ချင်တယ်။ အဘသေပြီ။ ပြန်မရှင်တော့ဘူး။ အဘရာ … ကျုပ်မကျေနပ်ဘူး…။
မောင်စိန့်နှလုံးသားမှာ စူးဝင်သော မြားချက်ကား နှုတ်မရတော့ချေ။
“ကိုကြီး … ညီမလေးကြောက်တယ်”
ကြက်တောင်စည်းနှင့် ညီမလေးက ညတိုင်းထငိုနေသည်။
“အေးပါ တူမရယ် … အရီးတို့ ရှိတယ်နော်၊ မကြောက်နဲ့ …. အိပ် … အိပ် …”
ညီမလေးကား မအိပ်ပေ။
တစ်ကိုယ်လုံး ခြစ်ခြစ်တောက်ပူလာသည်။
မျက်စိတွေ ပြာဝေလာသတဲ့။ ဘာမျှ မမြင်ရတော့ဘူးတဲ့။
“အယ် … ဒီမှာ အဖုလေးတွေ အဲဒါ ကျောက်ပေါက်တာ”
အရိးလေးက ထိပ်ထိပ်ပြာပြာအော်၏ ။
ဟင် … ညီမလေး ကျောက်ပေါက်တာတဲ့လား။ နေ့ချင်းပင် ညီမလေးကို ရွာပြင်ထုတ်ကြ၏ ။ ဒါက ရပ်ရွာထုံးစံပါ။ ကျောက် ရောဂါ သည် အလွန်ကူးစက်မြန်သဖြင့် လူကြားသူကြားမှာ မထားရ။ ဖုံးဖိမထားရ။ လူနှင့်ဝေးရာပို့ပြီး ဆေးနည်းတို့ဖြင့် ကုရင်း သေမည့် နေ့ကို စောင့်ရမြဲ။
“ပူတယ် … အားကြီးပူတယ်”
ညီမလေး လူးနေသည်။
“ဘဘရေ … ဘဘလာပါ …”
ညီမလေးက ဖခင်ကို ကယောင်ကတမ်းနှင့် တမ်းတနေသည်။
“အမယ်မင်း … မောင်ကြီးရယ်၊ မောင်ကြီးသေလို့မှ လမလည်သေး၊ တူမကို စိတ်မချလို့ လာခေါ်တာလားတော့ …”
အရီးလေးက တတွတ်တွတ် ရေရွတ်သည်။
အရီးကြီး၏ အသံမထွက်သော ရှိုက်သံက မောင်စိန့် ဦးခေါင်းကို တူနှင့် ထုသလို အခံရခက်လှသည်။ ညီမလေးကို ငှက်ပျောဖက်ပေါ်တွင် သိပ်ရာမှာ ၊ ချက်ချင်း ကြီး ညှိုးသွားသဖြင့် ငှက်ပျောဖက်ရှာဖို့ မောင်စိန် ပြေးရပြန်သည်။ ငှက်ပျောပင်တွေ လည်း ကုန်တော့မယ်၊ ညီမလေးလည်း သက်သာမလာသေး။ ညီမလေး သေမှာ လား၊ မသေပါနဲ့ ညီမလေးရယ် ကိုကြီးတို့မောင်နှမ နှစ် ယောက် ပဲရှိတာ၊ ညီမလေး မသေရဘူး၊ ကိုကြီး ငှက်ပျောဖက် ထပ်ရှာဦးမယ်။
ရွာထဲက လူတွေ ကတော့ မောင်စိန်ကို မေးမြန်းဖော်ရကြပါရဲ့ ။ သို့သော မင်းတို့ကို မကူးစေနဲ့ ဟေ့။ ဖြစ်တဲ့လူ ကတော့ ပြန်ကောင်းလာမှာ မဟုတ်ဘူး။ ကပ်သင့်တာကိုး … ဟုပြောကြသည်။ကပ်သင့်တယ်ဆိုတာ ဟုတ်ပါလိမ့်မည် ။ ရွာပြင်ကို နောက်ထပ်လူနာတွေ ထပ်ရောက်လာကြသည်။ အရင် ဖြစ်သူတွေ က တစ်နေ့ တစ်ယောက် သဂြိုလ်နေကြရ၏ ။ ဘယ်သူမှ ပြန်ကောင်းမလာကြ။ အနှေးနှင့်အမြန် အသက်ပျောက်ကြရသည်။ သည်တော့ ကိုယ့်ညီမလေးလည်း ရွာပြန်ရောက်ဖို့ မချောတော့ပါ။ ညီမလေးရယ် ဖြစ်မှ ဖြစ်လေ ညီမလေးအစား ကိုကြီးပဲ ဖြစ်စမ်းချင်ရဲ့ ။ ညီမလေး ဘဘနောက်မလိုက်နဲ့ ၊ ကိုကြီးနဲ့ လူချင်းလဲချင်တယ်…။
ဘယ်လိုပင် ဆန္ဒရှိပါစေ၊ ဘ၀ဇာတ် ဆရာက သူ့လက်ထဲမှာ ရှိနေသော ဇာတ်ညွှန်းတိုင်းဆောင်ရွက်ခြင်းမို့၊ ညီမလေးကို ချမ်းသာမပေးခဲ့။ တောင်းပန်နေသည့်ကြားကပင် ညီမလေး သတိရတစ်ချက်၊ မရတစ်ချက်ဖြင့် ၊ နောက်ဆုံး … ကိုကြီး … ဘဘလာခေါ်နေပြီ၊ ညီမလေး လိုက်သွားတော့မယ် ဟုပြောရင်း … သတိပြန်မလည်တော့ပေ။ ဆိုးလိုက်တဲ့ ဘ၀ပါလား ဖိုးစိန် …။
ဖိုးစိန်ဘ၀ ဘာ ဖြစ်လို့ ဒီလောက်ဆိုးရတာ လဲ…။
အမေလည်းမရှိ။ အဖေကလည်း အသတ်ခံရ။ လူမမယ် ညီမလေးကိုလည်း ကျောက် ရောဂါ က နှိပ်စက်။ အရီးကြီး၊ အရီးလေး ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဒီရွာမှာ ကျွန်တော် မနေနိုင်တော့ဘူး။ ဝေးရာကို ထွက်သွားတော့မယ်…။
မောင်စိန့်မှာ အစ်ကိုကြီး ဟုခေါ်ရသော “မောင်သော်” ဆိုသည့် ရပ်ဆွေရပ်မျိုး တစ်ယောက် ရှိသည်။ အစ်ကိုကြီး အသက်မှာ ၁၅ နှစ် လား ၁၇လား မမှတ်မိ။ လူကောင်ထွားသဖြင့် လူပျိုကြီးဟု ထင်ရသည်။ ဗလတောင့်သည်။ နှုတ်ခမ်းမွှေးနှင့် မို့ ခန့်ညားလှသည်။ မျက်လုံးမျက်ဖန်စူးရှသဖြင့် လူရှိန်သည်။
ထိုအစ်ကိုကြီးနှင့် အတူ … မောင်စိန် တောင်တွင်းကြီးမှ ထွက်လာခဲ့လေသည်။
နေရစ်တော့တောင်တွင်း၊ ကျုပ် … ဘယ်တော့မှ ပြန်မလာဘူး၊ ခင်ဗျားမြေပေါ်မှာ ဘယ်တော့မှ ခြေမချဘူး မှတ်ထားပါ။ ကျုပ်အသည်းနာတယ်။ အသည်းနားတယ်ဆိုတာ စိတ်နာတာထက် ဆိုးပါတယ်။
ဘဘ အသတ်ခံရတဲ့အရပ်၊
ညီမလေး အသေခံရတဲ့အရပ်၊
ဒီအရပ်ကို ကျုပ်သေသည်အထိ ပြန်မလာတော့ဘူး။
အရီးကြီးနဲ့ အရီးလေး … နေရစ်ကြပါတော့။
“မောသလား … ဖိုးစိန်”
“မောပါဘူး … ကိုကြီးရာ”
“အေးကွ၊ ချွေးကျမှ ကျန်းမာတာလို့ တို့ဘုန်းကြီး ဆုံးမဖူးတယ်၊ ချွေးကျတာ ကောင်းတယ်၊ ဒါပေမယ့် မင်းကငယ်သေးတယ်”
“အသက် ၁၀ နှစ် ထဲဝင်နေပါပြီ ကိုကြီးရယ်၊ ကျွန်တော် ခံနိုင်ပါတယ်”
“အေးကွာ၊ ဂြိုလ်ကလည်း မွှေပဲမွှေနိုင်လွန်း၊ အမှန်မှာ မင်းက တောင်တွင်းရဲ့ သူကြီးရာထူး ဆက်ခံရမယ့်လူ”
“တော် ပါပြီ”
“အဟုတ်ပြောတာမောင်ရေ့၊ မင်းဘိုးအေ ဦးစံဖေတို့ လက်ထက်ဆိုတာ တို့တောင်တွင်းမှာ အလွန်စည်ပင်တဲ့ကာလကိုး၊ တို့မိဘတွေ လုပ်တဲ့ ယာခင်းတွေ ၊ လယ်ခင်းတွေ ဆို မင်းတို့ဘိုးအေ ပိုင်တာတဲ့။ တို့မိဘတွေ က သူရင်းငှါးပေါ့လကွာ …. မြေပိုင်ရှင်နဲ့ သူရင်းငှါးဆိုတော့ … ဆွေမျိုးလိုနေကြတာကလား၊ မင်းအမေက အတော် ချောဆိုပဲ ”
မောင်စိန်မျက်ရည်ဝဲသွားသည်။
အမေ … ဆိုတာ မောင်စိန်မျက်စိထဲ မြင်ယောင်၍ မရ။
ဖြူသလား၊ မဲသလား ပင်မသိ။ ညီမလေး လှတာကိုတော့ သတိရသည်။ ညီမလေးက အသားလည်း ၀ါဖန့်ဖန့် မျက်လုံးလေးတွေ က ဖန်ပေသီးလေးလိုလင်းလို့။ မောင်စိန် ကတော့ အရပ်ရှည်မည့် ပုံပင်။ ခြေတန်လက်တန်ရှည်ပြီး အသားက မဲမှော င်နေလိုက်တာ အညာသားပီသ၏ ။ ဤမျက်လုံးများ သည် အဖေ့ဘက်က လိုပင် ၀ိုင်းပြီးစူးရှသည်။ ဤ မျက်လုံးများ သည် အဖေ့ဘက်က “အမွေ” ဖြစ်ပါလိမ့်မည် ။ ပြင်းထန်ထက်မြက်သော စိတ်တံခါးပေါက်များ ။
“အဲဒီ လိုပေါ့ကွာ၊ တို့များ ဆင်းရဲသားတွေ မဆိုနဲ့ ၊ နန်းတော် ကြီးက အရှင်နှစ် ပါးတောင်မှပဲ၊ ကြက်ကလေးငှက်ကလေး ဖမ်းသလို ဖမ်းသွားတာခံရသေးတာပဲ။ တို့ဘုန်းကြီးက တရားချတယ်။ ကံ ကံ၏ အကျိုးတဲ့။ ဒါပေသိ … တို့မြောက်ဖျားက နတ်မောက်နယ်တော့ မောင်ရေ … ဗိုလ်လရောင် … ဆိုတာ အတော် သတ္တိကောင်းတာကွ၊ ဓားလွတ်ကိုင်တွေ စုပြီးတော့ မျက်နှာဖြူတွေ ကို တိုက်နေတယ်။ ငါတော့အံ့သြတာပါပဲ။ မျက်နှာဖြူတွေ က သေနတ်တွေ နဲ့ ကွ။ အမြောက်တွေ ကလည်း ဟီးထနေတာ။ ငါတို့ ဆင်းရဲသားတွေ ကိုင်တဲ့ တူးမီးနဲ့ နိုင်မလား။ တစ်ခုတော့ရှိရဲ့ ။ ပြောက်ကျားဆိုတာ။ မင်းစိုးရာဇာလမ်းသွားရင်၊ ရုံးတက်ရင် သတိသာထား။ ရရင်ရသလို အလစ်ဝင်စီးကြတာတဲ့။ တောထဲဆိုရင် ဟေး …. မင်းသိပါတယ်လေ။
ကိုကြီးက သတိထားပြီး စကားကိုရပ်၏ ။
တောထဲမှာ …။
ဟုတ်တယ်၊ တောထဲမှာ အဖေ့ကို ခုတ်သတ်ပြီး ဓားနဲ့ မွှန်းသွားတာ။
ဒါဟာ ဗိုလ်လရောင် တို့နဲ့ ပတ်သတ်သလား။ မဟုတ်နိုင်ပါ။ အဖေ့ကို သတ်တာက ဓားပြတွေ ။ တောမီးလောင်တော့ လက်ခမောင်းခတ်တဲ့ တောကြောင်တွေ …။ သူတို့ ဓားပြတိုက်တာ သက်သေထင်ရှားလို့ အဖေက ထောင်ချခဲ့တာ။ သြော် …. မတွေးတာပဲ ကောင်းပါတယ်။
မောင်စိန်တို့နှစ် ယောက် တောကိုရှောင်ပြီး မြို့တွေ ဆီ လှမ်းခဲ့ကြ၏ ။ ပထမ မကွေး၊ ကျောက်ပတောင်း၊ နောက် ညောင်ဦး။ ညောင်ဦးသင်္ဘောဆိပ်ကိုရောက်တော့ ဧရာဝတီအဆန် သင်္ဘောကြီးနဲ့ ခရီးဆက်ရလျှင် ပျော်စရာကောင်းလိမ့်မည် ။
သင်္ဘောကုန်းပတ်မှာ ကုန်စုံဆိုင်ရှိ၏ ။
ကျွန်တော် တို့ အလုပ်လုပ်ချင်လို့ပါ ဟု ပြောကြည့်ရာ၊ ဆိုင်ရှင်က အလုပ်သမားလိုနေဆဲမို့ အလွယ်တကူ လက်ခံလိုက်သည်။ ကလေးလေး တစ်ယောက် ပါနေတာကိုပင် ပြောမနေတော့။ ဆိုင်ရှင်အဒေါ်ကြီးသည် မောင်စိန်တို့၏ ကယ်တင်ရှင် ဖြစ်သွားပြီ။
အညာဆန် သင်္ဘောကြီးကား တောင်တွင်းမြေကို မေ့စေခဲ့၏ ။ ဖွားခနဲ့ ဖွားခနဲ့ တက်လာသော ၊ လှိုင်းလုံးဖြူဖြူများ ကို မောင်စိန် သဘောကျသည်။ ရေမကူးတတ်လို့သာပေါ့။ ရေသာကူးတတ်လျှင် သင်္ဘောကပ်တုန်း လှိုင်းစီးချင်သေးသည်။ ခုတော့ သဘောင်္ကပ်ပြီဆိုတာနှင့် ကုန်တင်ကုန်ချဖို့ ညီအစ်ကိုနှစ် ယောက် အသင့်ပြင်ရ၏ ။ ကုန်စုံဆိုင်မှာ ပါလာသော အောင်မြေအောင်ရွာထွက် ငါးပိ၊ ငါးခြောက်များ ကို ကုန်းပေါ်တင်ပေးရသည်။ ကမ်းပေါ်က ပဲအိတ်များ ကို သင်္ဘောပေါ်ထမ်းတင်ရသည်။ ထမင်းနှစ် နပ်တော့ ကြိုက်သလောက်စားရပါ၏ ။ မောင်စိန်က ဟင်းချေးများ သူလည်း မဟုတ်။ အညာချဉ်ပေါင်ကြော် ရှိလျှင်ပြီးပြီ။
သင်္ဘောသည် ရေဆန်ခရီးကို စိတ်ရှည်လက်ရှည် ခုတ်မောင်း၏ ။ မြို့ရွာဆိပ်ကမ်းမှာ တစ်ရွာနှစ် တစ်ရွာ ဝေးလှသည်။ ညဘက်များ မှာ တော့ မမောင်းပေ။ သေနတ်သံများ တစ်ခါတစ်ခါ ကြားရသဖြင့် ၊ သင်္ဘောပေါ်ပါလာသော ရဲအစောင့်များ က သေနတ်ပြင်ကြတာမြင်ရ၏ ။ တစ်ခါမှတော့ တိုက်ပွဲမ ဖြစ်ချေ။
“အခါပျက်တာ” ဆိုင်ရှင်အဒေါ်ကြီးက ညည်းငြူးသည်။ အရင်မြန်မာ ဘုရင်လက်ထက်က၊ စိတ်အေးလက်အေး ကုန်ရောင်းခဲ့ရပုံများ ကို၊ ပုံတိုပတ်စများ သဖွယ် ပြောပြတတ်သည်။ မြန်မာဘုရင်ကို မြင်ဖူးခဲ့လား … ဟု အစ်ကိုကြီးက စပ်စုသော အခါ အဒေါ်ကြီးက ဟိုသည်ကြည့်ပြီး၊ လျှောက်မပြောနဲ့ ဟု ပိတ်လေသည်။ ဘာ ဖြစ်လို့ ဒါလောက်ကြောက်သွားလဲ မောင်စိန်မတွေးတတ်ချေ။
အခန်း (၂)
သင်္ဘောသည် စုစုပေါင်း ရက်ဘယ်လောက်ကြာသည် မသိ။ တစ်မြို့ပြီးတစ်မြို့ ကပ်လိုက်ဆန်လိုက်နှင့် ။ မောင်စိန်တို့ကလည်း သည်သင်္ဘောကြီးကိုပဲ အိမ်အမှတ်ပြနေခဲ့ကြ၏ ။ အစုန်ခရီး ကျတော့မြန်သည်။ မန္တလေးမြို့ကို အရောက်သွားသည်။ သို့သော် မန္တလေးရွှေမြို့တော် ပေါ် မတက်ခဲ့ရပေ. သင်္ဘောနားတုန်း အဒေါ်က သူ့ဆွေမျိုးတွေ အိမ်သွားသဖြင့် မောင်စိန်တို့က ဆိုင်စောင့်နေရစ်ရသည်။ အဒေါ်ပြန်လာတော့ ကုန်တင်ရသည်။ ပျော်ပျော်ပါပဲ။ “မန္တလေး” ဆိုတာကို တက်ကြည့်ဖို့လည်း စိတ်မကူးတော့ပါ။ တောင်တွင်းမပြန်ရရင် ပြီးတာပါပဲ။
သင်္ဘောဆိုင်မှာ ဘယ်လောက်ကြာခဲ့လည်း မမှတ်မိ။
အဒေါ်နေမကောင်း၍ ဆိုင်ကိုလက်လွှဲတော့မည် ဆိုတော့မှ မောင်စိန်တို့ နေရာပြောင်းကြသည်။ သည်သင်္ဘောပေါ်မှာ နေလာတာလည်း ကြာပြီပဲ။ သင်္ဘောဖြတ်မောင်းလျှင်၊ ထမင်းစားဖို့ ဆိုက်ကပ်တတ်သော “အင်းရွာ” မှာ ဆင်းနေဖို့ စဉ်းစားခဲ့ကြ၏ ။ အင်းရွာကား ရွှေလီ ဖြစ်ကာ ဧရာဝတီသို့ စီးဝင်ရာအနီး ဖြစ်သည်။ သစ်ဖေါင်၊ ၀ါးဖေါင်လုပ်ငန်း ပေါသည်။ တောဝက်၊ ဆတ်သား ပေါသည်။ ငါးစို၊ ငါးခြောက် ပေါသည်။ အလုပ်ကြမ်း ပေါသည်။ အစ်ကိုကြီးက “အင်းရွာ” ကိုရွေးသည်။ မောင်စိန်က အစ်ကိုကြီး
နောက်လိုက်ရုံပါပဲ။
အင်းရွာမှာ သိပ်မကြာပေ။
ကောက်ကွေ့ချောင်း ထဲရောက်ကြသည်။
အစ်ကိုကြီးက ချောင်းခေါင်းအလုပ်ကို ရသဖြင့် သစ်တောဌာနမှာ ၀င်လုပ်ခြင်း ဖြစ်၏ ။ အစ်ကိုကြီး ချောင်းခေါင်း ဖြစ်တော့ မောင်စိန်က အစ်ကိုကြီး၏ လက်ထောက်ရုံးအကူ ဖြစ်သွားလေသည်။ ညီအစ်ကို လိုက်ဖက်စွာ သက်တောင့်သက်သာ နေခွင့်ရခဲ့၏ ။ ဘ၀သည် သာယာဖြောင့်ဖြူးစွ။
“ငါ့ညီလက်ရေး က လှသကွ၊ တောအုပ်ကြီးက မင်းကို သဘောကျတယ်”
အစ်ကိုကြီးကပြောတော့ မောင်စိန် တောင်တွင်းကို ပြန်လွမ်းလိုက်သေးသည်။ တောင်တွင်းတုန်းက မောင်စိန် စာသင်ခဲ့ရသော ဘုန်းကြီးကျောင်းကား၊ ပေလေးပင် ရှင်လေးပါး အဆက်အနွယ်၊ ဘာသာသာသနာ ဖွံ့ဖြိုးသော နေရာတည်း။ မောင်စိန်ကို ရာဇ၀တ်အုပ်သားဆိုပြီးတော့ စာချဦးဇင်းကလည်း မျက်နှာသာပေး၏ ။ လက်ရေး လှလှရေး တတ်ဖို့၊ ကန့်ကူဆန် နှင့် ကျောက်သင်ပုန်း အကောင်းစားပေး၏ ။ မောင်စိန်သည် ညာဖက်သို့ အစဉ်တစ်စိုက် စောင်းသော “ဘုန်းကြီးကျောင်းလက်ရေး ” ကို စာချဦးဇင်း “ဦးတိလောက” ထံမှ အမွေရခဲ့လေသည်။
ခုတော့ ဤဘုန်းကြီးကျောင်းလက်ရေး က၊ တောအုပ်ပြီးထံ အစီရင်ခံစာ ရေး သော အခါမှာ မျက်နှာကောင်း ရနေသည်။ သည်လိုပုံနှင့် ဆိုတော့ မောင်စိန်ကိုယ်တိုင်ပင်၊ ချောင်းခေါင်း၊ တောခေါင်းရာထူးကို မျှော်မှန်းနိုင်ပေလိမ့်မည် ။
“ကိုကြီးသော်”
“ဘာလဲ ကောင်လေး”
“စီမော်က မမိဆိုတဲ့ကောင်မလေး လှတယ်ဗျ”
“ငါသိပါ့ မောင်ရာ၊ အဲကောင်မလေးကို ကျနေပြီ မဟုတ်လား”
“အဲဒါ ကျွန်တော် မသိဘူး ကိုကြီး၊ သူ ကျွန်တော့် ကို လှမ်းကြည့်တဲ့အခါမှာ ကျွန် ကျွန်တော့် ညီမလေးကို သတိရတယ။် ဘယ်လိုမှန်းကို မသိဘူး”
“အဲဒါရေစက်ပေါ့ ငါ့ညီရာ … ဒါပေမယ့် … အခု ရေမစက်နဲ့ ဦး၊ မင်းငယ်သေးတယ်။ အခု မင်းတောခေါင်း ဖြစ်တော့မယ်၊ မင်းရတဲ့လခနဲ့ မင်းသူ့ကို အိမ်တစ်ဆောင် မီးတစ်ပြောင် ထားနိုင်တဲ့အခါ ငါကိုယ်တိုင် သူ့မိဘတွေ ဆီ တောင်းရမ်းပေးစားမယ်၊ ဟုတ်ပြီလား”
ထိုစဉ်က ရည်းစားသနာ ဆိုတာကို မောင်စိန် နားမလည်ပါ။ ကိုကြီးသော်နှင့် သစ်တိုင်းသွားစဉ် စီမော်၊ စီသော င်စသည့် ရွာတွေ မှာ ညအိပ်ရပ်နားစဉ်၊ ရွာထဲက ဤ “မမိ” ဆိုသော ကောင်မလေးကို သတိထားခဲ့မိခြင်း ဖြစ်၏ ။ ဆွေမရှိမျိုးမရှိ၊ တစ်ကောင်ကြွက်ဘ၀တွင် မောင်စိန် ရည်းစားထားဖို့ အဝေးကြီး။ ကိုကြီးသော်နောက်လိုက်ဘ၀ မှာ နှစ် မြူပ်ထားရတာ ကိုပဲ ကျေနပ်ပြီ။ မောင်စိန် ဘာမှမ ဖြစ်ချင်ပါ။
သို့သော် ကံကြမ္မာက မောင်စိန့်ကို မျက်နှာသာပေးပါသည်။
မောင်စိန်၏ ရိုးသားမှု နှင့် ကြိုးစားမှု ကြောင့် ၊ ရွှေကူမြို့နယ်၊ နယ်စီးတောအုပ်ကြီးသည်၊ မောင်စိန့်ကို တောခေါင်းရာထူး ပေးခဲ့၏ ။ ကောက်ကွေ့ချေင်းတကြောမှာ နောကြေခဲ့သော မောင်စိန်နှင့် ထိုက်တန်သည်ဟု ယုံကြည်၍ ဖြစ်ပါလိမ့်မည် ။ သေသေပ်လှပသော မောင်စိန့်စာရင်းဇယားတို့ကား မောင်စိန် ခေတ်ပညာ ၇တန်းမအောင်သည်ကို မပြောတော့ပါ။ ဘုန်းကြီးကျောင်း လက်ရေး ကို တောအုပ်ကြီးက သဘောကျလေသည်။
“တောခေါင်းလေးမောင်စိန်” ဖြစ်လာသော အခါ ကိုကြီးသော် က တပြုံးပြုံး ဖြစ်နေခဲ့၏ ။ ငါ့ညီကွ ဟု ဂုဏ်ယူ၏ ။ အပျော်ဆုံး ကတော့ မမိ ကတော့ မမိကလေး ဖြစ်နိုင်သည်။ သူက “ကိုစိန်” ဟုခေါ်ပြီး အားကိုးသည်။ ပျိုးနှုတ်ကောက်စိုက်သမေလေးကိုတောခေါင်း တစ်ယောက် က လူကြီးစုံရာနှင့် လာရောက် တောင်းရမ်းသည် ဆိုခြင်းမှာ စီမော်၊ စီသော် ရွာတစ်ချိန်မှာ အင်္ဂလန်ထီပေါက်ခြင်းပါပဲ။
“ကိုစိန်”
“အေးဗျား…”
“ကျုပ် … ကလေးရျိနေပြီတဲ့တော့”
“ဟာ … ပွပြီ”
သားဦးလေး “ဖွားမေ” ကို ကိုယ်ဝန်ရပြီဟု မမိ ဖွင့်ပြောသော နေ့က ကိုစိန် တိတ်တိတ်လေး မျက်ရည်ကျခဲ့သည်။ ၀မ်းသာလွန်းလို့ ကျတဲ့မျက်ရည်ဆိုတာ ဒါမျိုးပဲထင်သည်။
ငါ … ကလေးရတော့မယ် …. ဆိုသော အသိသည်၊ ငါတစ်ကောင်ကြွက် မဟုတ်တော့ဘူး ဟူသော ခွန်အားကိုပေး၏ ။ ကိုကြီးသော်ပင် … တောပုန်းရွာမှာ အခြေချနေပြီပဲ။ ကိုကြီးသော်က ကလေးနှစ် ယောက် နှင့် မိန်းမဘက်က ဆွေမျိုးတွေ နှင့် သိုက်သိုက်ဝန်းဝန်း ဖြစ်နေပြီ။ ကိုစိန် အားကျလှပါသည်။ အခုတော့ ကိုစိန်လည်း စီမော်မှာ မိသားစုလေးနှင့် အခြေကျတော့မည် ။
ဖွားမေလေးက ဖြူဖြူဖွေးဖွေးလေး ပါပဲ။
သူ့အမေနှင့် ချွတ်စွတ်တူသည်။ မျက်နှာဝိုင်းတာ၊ မျက်လုံးအစ်တာ၊ ပြုံချိုတာ၊ အားလုံး မမိအတိုင်း။ ကိုစိန်က အညာသားပီပီ အသားမည်းသည်။ အရပ်မြင့်သည်။ မျက်လုံးမျက်ဖန် ကတော့ နက်ရှိုင်းတောက်ပ၏ ။ ဖွားမေကိုချီသွားလျှင် ကျီးကန်းဘဲဥချီလာသည်ဟု ဆိုကြလေသည်။
ကိုစိန်၏ တောခေါင်းလစာက ၃၀ ကျပ်ပါ။
ဒါကို မမိက အကုန်စုသည်။
သူတို့ရွာမှာ လယ်ရှိသည်။ စားပင်ရှိသည်။ ချောင်းထဲက ငါးရသည်။ ကိုစိတ်တောတတ်၍ ပြန်လာလျှင် ၀က်သားချဉ်၊ တောဝက်၊ ဆတ်သားခြောက်၊ ဂျီသားခြောက်၊ ငါးခြောက်၊ ဆွေမျိုးတွေ ကိုတောင် ဝေနိုင်၏ ။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်ဆို အဝေးကရှောင်သူ။ အဲ လောင်းကစားလေးတော့ စိတ်ဝင်စား၏ ။ သုံးပုံဖဲ ကိုသဘောကျသည်။ သို့သော် အပျင်းပြောပါပဲ။ မမိတို့သားအမိမျက်နှာမြင်တိုင်း ဖဲချပ်တွေ ကို မေ့နိုင်ပါသည်။
“ကျော်ဒင် တဲ့”
ဒါက မမိမွေးပေးခဲ့သော သားကြီး။
“တောက်… မမိရယ် မင်းအသေခံပြီး ဒီသားကို မွေးရလား၊ မင်းသေမယ်မှန်းသိရင် ငါသားမလိုချင်ပါဘူးကွာ ခုတော့ ရှင်ပြုစရာ သားလိုချင်လို့ တမ်းတစကားဆိုမိခဲ့တာ၊ ငါ …. နောင်တရတယ်”
ဖွားမေလေး ၃နှစ် မှာ ကျော်ဒင်ကို မွေးတာပါ။
ကိုစိန်က ရှင်ပြုစရာ သားယောကျာ်းလေး လိုချင်သည်။
မမိမှာ ဒုတိယ ကိုယ်ဝန်ရတော့ သိပ်မမာချင်ပေ။
ကလေးအဖတ်မတင်မှာ ပူပြီးအစားရှောင်သည်။
ရှင်ပြုဖို့ ငွေစုသည်။ ကောက်စိုက်မဆင်းတော့သော်လည်း၊ ရေခပ်သည်။ ထင်းခွဲသည်။ စပါးထောင်းသည်။ ဆန်ပြာသည်။ ကိုစိန့်ရှေ့မှာ ရှောင်သော်လည်း၊ ကိုစိန် တောတက်လျှင် အစားကို ချွေတာသည်။ နှီးအငှါးဖြာလိုက်သေးသည်။ သင်တောသွားပြီး သင်ခုတ်သည်။ သင်အူနွှာသည်။ သင်ဖျာယက်သည်။ သက်ကယ်ရိုက်သည်။ သက်ကယ်သော ဆေးသည်။ သက်ကယ်ယက်သည်။ ရသမျှ စုဆောင်းလေသည်။ ကိုစိန်က မမိ မီးဖွားခါနီး ပြီဆိုပြီး တောတက်အလုပ်က ခွင့်ယူ၏ ။ မီးနေသယ် မီးလှုံဖို့ ထောက်ကြံ့ပင်ခုတ်ပြီး ထင်းသားခွဲကာ နေလှန်း၏ ။
သို့သော်
မမိမီးဖွားပြီး အားပြတ်သွားတာကိုတော့ ကိုစိန်ဘာမျှ မတတ်နိုင်ခဲ့ပေ။ တောလက်သည် ၀မ်းဆွဲက ကလေးထွားလို့ မထွက်နိုင်လို့ဆိုပြီး ဖွားချိန်ကြာသွားတာကိုလည်း၊ ရွေကူမြို့ပေါ်က ဆေးရုံအထိကို လှည်းနှင့် သယ်သွားဖို့ စိတ်မကူးတတ်ချေ။ စီမော်ရွာကား ရွှေကူမှ ၁၀မိုင်ကျော်ဝေး၏ ။ လမ်းမှာ ရွာဆက်ဝေးသည်။ လမ်းမှာ တစ်ခုခု ဖြစ်လျှင် ကယ်မည့်လူမရှိ။
သည်လိုနှင့် ပဲ မီးတွင်းမှာ မမိဆုံးရှာသည်။
မမိကိုဖက်ပြီး ကိုစိန်ငိုသည်။
“မမိရယ် နင်င့ါကိုယူလို့ သေရတာ နင်ကလေးမမွေးရင် သေမှာ မဟုတ်ဘူး၊ ငါ့အတွက် ရှင်ပြုစရာ သားမွေးပေးလို့ နင်သေရတာ ။ ဒီသားကို ငါ ရှင်ပြုပေးပါ့မယ်၊ နင် သာဓုခေါ်နော်..”
အရူးလို တတွတ်တွတ် ရွတ်နေခဲ့၏ ။
မောင်စိန့်နှယ် ကံဆိုးလိုက်တာ။ မိဘဆုံး၊ နှမဆုံး၊ မယားဆုံး၊ ဒီကောင် အခုမှအသက် အစိတ်ကျော်ကျော် ရှိသေးတာ
ကိုကြီးသော်က၊ ကွမ်းတဖွတ်ဖွတ် ထွေးရင်း၊ မျက်နှာပျက် နေရှာသည်။ ဘာတတ်နိုင်မှာ တုန်းလေ။ သတ္တ၀ါတစ်ခု ကံတစ်ခုပဲ။ ကျုပ်ကိုက ကံမကောင်းတာ။ ကျုပ် မိသားစုပဲ့ဖို့ ကံပါလာတာကိုး။
အဲဒီ အချိန်ကတည်းက ဖိုးစိန် “သက်သတ်လွတ်” စပြီးစားခဲ့သည်။ သူတစ်ပါး အသက်တွေ စားလို့ ကိုယ့်မိသားစု အသက်တွေ ဆုံးရတာ များ လား။ ကျန်တဲ့ သမီးလေးနဲ့ သားလေးတော့ မဆုံးပါစေနဲ့ ။
မင်းအိမ်ထောင်ပြုဦးမှ ဖြစ်မှာ ပေါ့ ဖိုးစိန် ဟု ကိုကြီးသော်က ကွမ်းအစ်ကြီးကို အဖုံးပြန်ဖုံးရင်း၊ တွေးတွေးဆဆပြောသည်။ ကိုစိန် ကတော့ ကိုကြီးသော်ကို မော့မကြည့်။ ကလေးအ၀တ်တွေ လျှော်ပြီးလှန်နေသော ကိုကြီးသော်မိန်းမကို ငေးနေ၏ ။ ငါ့ကလေး အ၀တ်တွေ တော့ လျှော်ပေးမယ့် သူမရှိပါလားဟု တွေးနေမိရာမှ၊ သွားလေသူ မမိကိုလွမ်းနေဆဲ။ စီမော်မှာ ခယ်မ ဖြစ်သူ “သိန်းမေ” က၊ ကလေးနှစ် ယောက် ကို ထိန်းနေရှာသည်။ သိန်းမေကို မမိနေရာတွင် ထားဖို့တော့ ကိုစိန် စိတ်မကူး။ သိန်းမေက ငယ်သေးသည်။ မမိလိုပင် နုနုပျော့ပျော့လေး။ ခမျာ အပျိုလုပ်ရှာပါစေ။
“ကျွန်တော် စဉ်းစားပါတယ် ကိုကြီးသော်၊ ကလေးတွေ အတွက်”
“အေးပေါ့ကွ ကလေးတွေ အတွက် ပဲပြောနေတာ။ အခုတော့ သူ့အဒေါ်နဲ့ ထားရတယ်ဆိုတာက၊ မင်းသွားရင်တောင် လူကဲ့ရဲ့ စရာ”
“ဟုတ်ပါတယ်”
ကိုစိန် စိတ်မပျော်တော့ပေ။ စားရေး သောက်ရေအတွက် ငွေမလုံလောက်မှာ ကို မပူရ။ အလုပ်ထဲမှာ လည်း တောအုပ်ကြီးက ကိုစိန့်ကို သဘောကျသည်။ တောတက်လျှင် တောအုပ်ကြီးက အမဲပစ်၊ ကိုစိန်က သက်သတ်လွတ်စား၊ ဆရာတပည့် လိုက်ဖက်လှသည်။ အထူးသဖြင့် ပျော်ပျော်နေတတ်သော ၊ အလုပ်ကြိုးစားသော ကိုစိန်ကို တစ်လတစ်ခါ ဆင်းလာတတ်သော ခရိုင်ဝန်မင်းမစ္စတာဟောက်စ်ဝဲလ်က သဘောကျလှသည်။ မစ္စတာဟောက်စ်ဝဲလ်သည် အင်္ဂလန်မှာ ဇနီးကိုထားခဲ့ရသူ ဖြစ်သည်။ သူတို့လူမျိုးတွေ က ပွင့်လင်းသည်။ မစ္စတာဟောက်စ်ဝဲလ် တောစစ်ဖို့လာလျှင် ညအိမ်ဖော်ကို ကိုစိန်ကရှာပေးရသည်။ တောမြို့ဆိုတော့ ဒါမျိုးလုပ်စားသူက ရှား၏ ။ ငါးပတ်ကြီးရွာသူ မဖြူ တစ်ယောက် ကို တောအုပ်ကြီး ရှင်းပြထားခဲ့၍ ခဏမယားအ ဖြစ် ခေါ်၍ ရခြင်း ဖြစ်လေသည်။ မစ္စတာဟောက်စ်ဝဲလ် ရောက်မည့် ရက် မဖြူကိုလှည်းပေါင်းမိုးဖြင့် သွားခေါ်ရသော တာဝန်ကို ကိုစိန်ကျေပြွန်ရ၏ ။ ပြန်လျှင် လှည်းပေါင်းမိုးနှင့် ပင် ပြန်ပို့ပေးရသည်။ သူ့ဆန်စားရပေတာကိုး ဟု ကိုစိန်မညည်းပေ။
ယခု မိမိကိုယ်တိုင် မိန်းမထပ်ယူဖို့ကိုကား ကိုစိန်နောက်တွန့်နေသည်။ ငါက ကံမကောင်းတဲ့လူ။ အခုယူတဲ့မိန်းကလည်း ဆုံးပြန်ဦးမှာ လားဟု တွေးသည်။ ပြီးတော့ မျက်နှာငယ်လေးတွေ နှင့် အမိမဲ့သားမောင်နှမ နှစ် ယောက် ကိုလည်း “မိဒွေး” နှိပ်စက်မှာ ပူသည်။
တူးချောင်းရွာ…။
ဧရာဝတီမြစ်ကမ်းနဘေးက ရွာလေး။
သစ်ဆိပ်မှာ တံဆိပ်ရိုက်သစ်များ ၊ ဖေါင်ဖွဲ့ထားရာ ခိုးထုတ်သစ်များ ပါမပါကို ကိုစိန်စစ်ရသည်။ ဆောင်းနှောင်းရက်၊ မြစ်ရေကျချိန်တွင် ကမ်းစပ်က သစ်ဖေါင်ပေါ်မှာ အ၀တ်လျှော်၊ ရေခပ်လာကြသော ရွာသူမိန်းကလေးတွေ ထဲကမှ ဖြူဖြူသေးသေး၊ ရယ်ရယ်မောမောနှင့် ရှက်လည်းရှက်တတ်သော မိန်းကလေးကို၊ ကိုစိန်သတိထားမိသည်။ မြေပြန့်ရှမ်းတို့နေသော ရွာကလေးမို့ ရှမ်းမလေးပဲ ဖြစ်လိမ့်မည် ။ ခပ်လှမ်းလှမ်းမှ တံဆိပ်ရိုက်ရင်း ကိုစိန်လှမ်းကြည့်သည်ကို သည်မိန်းကလေးက ရှက်နေသည်။
နောက်နေ့ နောက်နေ့တွေ မှာ လည်း ကြည့်လိုက်တိုင်း ရှက်တိုင်း…။
“နာမည် ဘယ်လိုခေါ်လဲ”
“စောရင် တဲ့”
“သြ … စော… ဆိုတော့ ရှမ်းပေါ့”
“ဟုတ်ပေါင်”
“ဒါဖြင့် ဘာလူမျိုးလဲ”
“ရှမ်းဗမာ”
ကိုစိန်လှိုက်လှိုက်လှဲလှဲရယ်သည်။
ရိုးသားသော စော … ပေပဲ။
“စောရင်နဲ့ အိမ်ထောင်ကျချင်တယ်” ရည်းစားစကားက ရိုးရိုးလေး ပါပဲ။ သူပြန်ပြောပုံကလည်း ရိုးစင်းပါသည်။
“အဘတို့ကို လာပြောလေ”
မစောရင်လေးက လိမ္မာလိုက်တာ ဟု ကိုစိန်ပျော်သွားခဲ့၏ ။
မစောရင်တို့အဖေကလည်း ရိုးစင်းသော လယ်သမားပီပီ၊ ကိုကြီးသော်တို့ လူကြီးတွေ နှင့် တောင်းရမ်းသော အခါ၊ ကျေကျေနပ်နပ်ပင် ကြည်ဖြူလက်ခံကြပါသည်။ ထို့ဖြင့် …
ကိုစိန်နောက်တစ်ကြိမ် အိမ်ထောင်ပြု ဖြစ်ခဲ့တော့သည်။ သားနှင့် သမီးကို မစောရင်လက်ထဲအပ်စဉ်၊ သိန်းမေက ငိုရှာသည်။ သူ့အစ်မ မမိကို သတိရရှာလို့ပေါ့။ သို့သော် သိန်းမေသည်၊ မစောရင်ကိုလည်း အစ်မအရင်းသဖွယ် ခင်တွယ်၏ ။ မဖွားမေနှင့် ကျော်ဒင်မောင်နှမကို ကြင်နာဖို့ အပ်ရှာသည်။
မစောရင်က အသက် ၁၈ နှစ် ပါ။
အဘ ဦးတိုး၊ အမိ ဒေါ်ညွန့် ငယ်စဉ်ကျောင်းမနေရ။ စာမတတ်၊ လယ်စိုက်၊ ပျိုးနှုတ်၊ စပါးရိတ်ကျွမ်းကျင်သည်။ သဘောဖြူသည်။ တော် ပြီပေါ့။ ကိုစိန့်အတွက် အိမ်နောက်ဖေးလုံဖို့ပဲ လိုသည်။ ကလေးတွေ အတွက် စိတ်ချဖို့သာ လိုသည်။
နောက်တော့ မဖွားမေက ဆိုသည်။
“မမက အမေ၊ ဘဘက ပထွေး” တဲ့၊ မစောရင်ကို မဖွားမေက “မမ” ဟုပဲ ခေါ်ရှာသည်။ အေးလေ မဖွားမေ အသက်ပဲ ၁၄နှစ် ကိုး၊ မစောရင်နှင့် ၄နှစ် ပဲကွာတာကိုး။ မစောရင်က သူတို့ အပေါ်ကောင်းလွန်းသဖြင့်၊ မိဒွေးက အမေရင်းလို ဖြစ်ပြီး၊ ဆူတတ်သော အဖေ (သူတို့အခေါ် ဘဘ) က ပထွေးလို ဖြစ်နေသည်ဟု မဖွားမေက ယူဆသည်။ သား ဖြစ်သူကျော်ဒင် ကတော့ ဘုန်းကြီး ကျောင်းသား၊ စကားလည်းနည်းသည်။
မစောရင်က သမီးတွေ မွေးသည်။
ပထမ သမီး။
ဒုတိယ သမီး။
တတိယလည်း သမီး။
ပထမနှင့် ဒုတိယကို “ကြည်လှိုင်၊ ကြည်မြိုင်” ဟု ကိုစိန်က နာမည် မှည့်၏ ။ ကာရန် နဘေ လိုက်အောင်ပါ။ အမှန်မှာ ကြည်လှိုင်က တနင်္လာသမီး၊ ဆိုပေသည့်၊ ကြည်မြိုင်က ဗုဒ္ဓဟူးသမီး။
တတိယသမီး …
သူ့ကိုမမွေးမီ ကိုစိန် အိမ်မက်မက်သည်။
“ကလေးတွေ ကို စိတ်မချလို့၊ ကိုစိန်နဲ့ လာနေမလို့” တဲ့။
မမိပါ။ ကြာပြီ ဖြစ်သော ဇနီးဦး မမိ။
အိမ်မက်ထဲမှာ မမိက အရင်က ရုပ်အတိုင်း၊ ဘာမှမ ဖြစ်သလို အေးအေးဆေးဆေး ပြောနေလေသည်။
တစ်ကယ်ဆို မမိကွယ်လွန်တာ ၁၀ နှစ် ပင် ကြာရော့မည် ။ ဤ ၁၀နှစ် အတွင်း ဘယ်ဘ၀မှာ သွားကျင်လည်နေရှာပါလိမ့်။
ကိုစိန်က အိမ်မက်ထဲမှာ ခေါင်းညိတ်မိသလား၊ ခေါင်းခါမိသလား မသေချာပေ။ တတိယ သမီးလေးမွေးသော အခါ ရုပ်ရည်ပုံပန်းကား မမိနှင့် အတော် တူပေသည်။ အိပ်မက်ကို ပြောပြတော့ မစောရင် ရယ်နေရှာသည်။ မနာလို ဖြစ်ရကောင်းမှန်း မသိ။ ဘာပဲ ပြောပြော ကိုစိန်သည် သမီးချင်း အတူတူ၊ ဤတတိယသမီးလေးကို အကြင်နာ ပိုမိသည်။ မမိပြန်လာတာ … ဟု တဖွဖွ ပြောသည်။ တနင်္ဂနွေသမီးမို့ မအုံးသင် ဟုမှည့်၏ ။ ချစ်စနိုးဖြင့် “မအုံး” ဟုပဲခေါ်သည်။ အကြီးနှစ် ယောက် ကိုတော့ ကြည်လှိုင်၊ ကြည်မြိုင်ပဲ။
မအုံးမွေးပြီးတော့ ကိုစိန် ရာထူးတိုးသည်။ သစ်တော အကောက်စာရေး ကြီး ရာထူးဖြင့် ၊ ရွှေကူမြို့ပေါ်က အကောက်ရုံးကို ပြောင်းရသည်။ ရွှေကူတစ်နယ်လုံးက သစ်တွေ သည် ရုံးမှာ မျှောစာယူရသည်။ အားလုံး ကိုစိန့်ခြေ၊ ကိုစိန့်လက်။ ၃ ဧက ကျယ်သော ခြံကြီး။ ရုံးနှင့် အိမ် တွဲ လျက်။ အစေခံတန်းလျားနှင့် ။ စားပင်သီးပင် အစုံနှင့် ။ ပန်းခြုံတွေ အပြည့်နှင့် ။ တပည့်တပန်းတွေ နှင့် ။
မစောရင်က ထမင်းဟင်းပင် မချက်ရ။ ထမင်းချက် မောင်ဆင်ရှိသည်။ တောတက်မှ မောင်ဆင် လိုက်သွား၍ သားအမိတွေ ချက်ရသည်။ ကလေးမွေးဖို့နှင့် ကလေးထိန်းဖို့ တာဝန်သာ ရှိသဖြင့် ၊ မစောရင်က အကောက်ရုံးအိမ်မှာ နောက်ထပ် ကလေး ၃ ယောက် ထပ်မွေးသည်။ စံဖေ၊ စံမေ၊ စံရွှေ တဲ့။
၁၉၄၀ … မတိုင်ခင်ကပါ။
အခန်း (၃)
ကလေးရှစ်ယောက် ၏ ဖခင် ဖြစ်လာသော ၊ အကောက်စာရေး ကြီးကို၊ အများ စုက “ဦးလေးစိန်” ဟု ခေါ်ကြလေသည်။
ဦးလေးစိန်ကို လူပျော်ကြီး အ ဖြစ်လည်း ချစ်ခင်ကြ၏ ။ ဘ၀အမော ဘာတစ်ခုမျှ မရှိတော့သော ဦးလေးစိန်သည်၊ သူ့ပတ်ဝန်းကျင်က လူများ ထဲတွင် ၊ နေပျော်သော ဘ၀ကို ရရှိခဲ့လေပြီ။
“ဟဲ့ … ဆွဲပါဟ၊ ဒီလိုဆွဲ”
“ဆွဲနေတာလေ၊ ရှုပ်သွားပြန်ပြီ”
“မရဘူး ဦးလေးစိန်ရေ၊ ကျွန်မရဲ့ မင်းသမီး ခေါင်းငိုက်သွားပြီ”
တ၀ါးဝါး တဟားဟားနှင့် ရုပ်သေးကြိုးဆွဲနေကြခြင်း ဖြစ်၏ ။ မိုးတွင်းရောက်လျှင် ရွှေကူနယ်တလွှားမှာ ကျော်ကြားပြီးသည်။ ဦးလေးစိန်၏ အိမ်က ကျယ်သည်။ လုံခြုံသည်။ ပြီးတော့ ဦးလေးစိန်ကို ယုံကြည်သည်။ ပွဲမထွက်ရသော မိုးကာလမှာ စားဖို့မရှိ။ သည်လိုနှင့် ပင် နှစ် စဉ်နှစ် တိုင်း မိုးတွင်းရောက်တိုင်း၊ ဦးသက် ရုပ်သေးရုပ်များ သည် ဦးလေးစိန်အိမ်မှာ ၀ါဆြို ကတော့သည်။
ဦးလေးစိန်သည်လည်း ၀မ်းမြောက်ဝမ်းသာ အပေါင်ခံမြဲ ဖြစ်၏ ။ အိမ်မှာ ရုပ်သေးရုပ် တွေ ရှိနေတုန်း၊ ရုပ်သေးပွဲကြိုးဆွဲရတာ ပျော်စရာ ကောင်းလှပါသည်။ အိမ်နီးချင်း ဒေါ်မြဒင်တို့သားအမိတွေ နှင့် စိတ်တူကိုယ်တူ။ ဦးလေးစိန်က ဒေါ်မြဒင်ကို ကြည်ကြည်ဖြူဖြူ ပေါင်းသည်။ ဒေါ်မြဒင်က မြို့ရေလည်သည်။ အပြောအဆိုတတ်သည်။ အချုပ်အလုပ် ဇာထိုးပန်းထိုးတတ်သည်။ သည်တော့ ဘာမှမတတ်သော သူ့ဇနီးကို ဒေါ်မြဒင်ထံအပ်ပြီး သင်ကြားစေသည်။ ဒေါ်မြဒင် သမီးကြီး “မကြည်” ကဦးလေးစိန် သမီးကြီး မကြည်လှိုင်နှင့် ရွယ်တူ။ ၀ါသနာတူ။ သည်လိုနှင့် နှစ် အိမ့်တစ်အိမ် ကူးသန်းနေခဲ့ကြခြင်း ဖြစ်၏ ။
ရုပ်သေးကြိုးဆွဲတမ်း ကစားကြမယ်ဆိုတော့ မကြည်နှင့် မကြည်လှိုင်က အိမ်ယာခင်းအဖြူစကြီးကို ပိတ်ကားအ ဖြစ် နှစ် ဖက်ကိုင်ထားရသည်။ လက်ညောင်းသော်လည်း မချရဲ။ ရယ်ရင်း မောရင်း လက်ပြောင်းကိုင်ရသည်။
ဦးလေးစိန်က မင်းသားရုပ်ကို အမြဲကိုင်၏ ။ သူက မင်းသားကြိုးဆွဲရင်း မင်းသားအဟဲမျိုးဟဲသည်။ မင်းသားအဆိုကို ဆို၏ ။ ကြိုးတွေ မရှုပ်အောင် လုပ်နိုင်သည်။
ဒေါ်မြဒင်က လူရွှင်တော် ရုပ်၊ မစောရင်က မင်းသမီးရုပ် ဆွဲရ၏ ။ လူရွှင်တော် ကို ခေါင်းလေးမော့မော့၊ လည်လေးမော့မော့ ဖြစ်အောင် ဒေါ်မြဒင် စွမ်းဆောင်နိုင်သည်။ မစောရင်၏ မင်းသမီးကား ခေါင်းငိုက်စိုက်၊ ကြိုးတွေ ရှုပ်။ ဦးလေးစိန် စိတ်မဆိုး။ တ၀ါးဝါးဖြင့် ပျော်နေခဲ့ကြသည်။
သီတင်းဝါလကျွတ်တော့ ဦးသက်သည် သူ့အရုပ်များ ကို ပြန်လာပြီး ရွေးလေသည်။ သည်တော့ ဦးလေးစိန်တို့ ရုပ်သေးမဆွဲကြရတော့ပေ။ သို့သော် ဦးလေးစိန်၏ အိမ်မှာ တိတ်ဆိတ်၍ မသွားပေ။ မကြာမီ ရောက်လာတော့မည့်  မြို့လုံးကျွတ် မဟာကထိန်ပွဲအတွက် ဦးလေးစိန် အလုပ်များ ရလေပြီ။
ဦးလေးစိန်က ဇာတ်ဆရာ ဖြစ်၏ ။
ကထိန်ပွဲအတွက် သီချင်းရေး ရ၏ ။ တေးထပ်ကို အချီအချ အသံမြိုင်မြိုင်ဖြင့် ရေး စပ်၏ ။ တေးထပ်ဆိုရမည့် သူကို ကိုယ်တိုင်သင်သည်။ မင်းသားနှင့် မင်းသမီးမှာ မကြည်က မင်းသမီး။ မင်းသားက နှစ် ပါးခွင်မှာ မဟာကထိန်ဘွဲ့ တေးထပ်ကို ဆိုရမည် ။ ဦးလေးစိန်က သူ့သမီးကို တေးထပ်သင်ရတာ စိတ်မရှည်ချေ “ကထိန်မဟာ… အာဟာ…ဟာ…ဟာ” ဆိုသော အသံကို၊ မကြည်လှိုင်က ဌါန်ကုန်အောင် မဆိုနိုင်။ ဦးလေးစိန်က စိတ်တို၏ ။ “နင့်အမေ … အာဟာ…. ဟာ လား” ဟု ရေရွက်တော့သည်။ ရွာသစ်ပိုင်းက ကာလသား ၂ယောက် ကို လူရွှင်တော် လုပ်ခိုင်းသည်။ ခွန်းထောက်ကို အကျသင်သည်။ စည်းဝါးကို လက်ဖြင့် ပြရာမှာ လက်ဖျစ်တီးလိုက်၊ ပေါင်ပုတ်လိုက် လုပ်ရ၏ ။
သည်ကြားထဲ လမ်းလျှောက်တတ်ခါ သမီးလေး တစ်ယောက် က သူ့အဖေဆီ လာချင်နေသဖြင့် ၊ ကလေးကို ခါးထစ်ခွင်ချီရင်း … တစ်ဖက်က ပေါင်ပုတ်ပြနေရ၏ ။
ထိုခါးထစ်ခွင် ချီခဲ့ရသော သမီးလေးကား… အခြားမဟုတ်။ နောင် ၁၅နှစ် ၊ ၁၆နှစ် ကြာလျှင်၊ စာရေး ဆရာမ ဖြစ်လာမည့်  မစံမေလေးပင်တည်း။
အနောက်ဥရောပတွင် စတင်ခဲ့တဲ့၊ စစ်မီးကြီးသည်၊ ကမ္ဘာ့အရှေ့ပိုင်းသို့ ကူးစက်လာလေပြီ။
ကထိန်ပွဲ ကျင်းပပြီးကာစ ဦးစိန်တို့ မိတ်ဆွေတစ်စု၊ ရယ်မော၍ မနေနိုင်တော့ပေ။ ကမ္ဘာစစ်မီး မြန်မာနိုင်ငံအတွင်းသို့ ၀င်လာဖို့ သေချာနေပြီ။ ဂျပန်က အမေရိကန် ပုလဲဆိပ်ကမ်းကို ဗုံးကြဲရန်စခဲ့ပြီးပြီ။ သီးခြားလုံခြုံစွာ စစ်လက်နက်များ ထုတ်လုပ်၍ အမြတ်ကြီး မြတ်နေခဲ့သော အမေရိကန်က ပါးကိုက်၍ နားကိုက် ထုံးစံအတိုင်း စစ်ကြီးထဲဝင်လာခဲ့ပြီ။ အင်္ဂလိပ်၊ ပြင်သစ်၊ မဟာမိတ်များ ဘက်မှာ အမေရိကန် ပါလာခဲ့ပြီ။ ကမ္ဘာ့အနောက်ခြမ်း၊ အရှေ့ခြမ်း အားလုံး ပါပြီဆိုမှတော့၊ အာရှအရှေ့တောင်ကျွန်းဆွယ်က ပြေးရှောင်၍ မရတော့။
“ကျုပ်တို့ဘာသာ ကောင်းရောင်းကောင်းဝယ်၊ ဘာသာတရား ကိုင်းရှိုင်းပြီး နေကြတာဗျာ..”
ဦးစိန်သည် တ ဖြစ်တောက်တောက် ညည်း၏ ။
“ပြေးမယ်ဆိုရင် ဘယ်ပြေးကြမလဲ”
ဟု ရုပ်သေးရုပ်တွဲ ဖက် ဒေါ်မြဒင်က အကြံတောင်းလာသည်။
“ပြေးစရာ မြေမရှိ၊ ပေးစရာ ငွေမရှိ ဆိုတာဒါပဲ” ဟု သစ်ကုန်သည်ကြီး ဦးဘရင်က မှတ်ချက်ပေးလေသည်။
“ခင်ဗျားတို့က အိမ်သားနည်းတော့ ကိစ္စမရှိဘူး ကျုပ်မှာ သာ ကလေး၅ယောက် နဲ့ တပြုံတမကြီး …”
ဦးစိန်က ပြောတော့၊ ဒေါ်စောရင်က
“စံရွှေလေးဆုံးသွားတာ စစ်ကိုမပူရတော့ဘူး” ဟု ၀င်ပြောသည်။
စံရွှေလေး ဆိုသည်က၊ ပဉ္စမသမီး စံမေ နောက်မွေးသော သားလေးပါ။ သူက စံဖေလို အသားမညိုပေ။ ဒေါ်စောရင်လို အသားဝါလေးနှင့် ။ မျက်လုံး၊ မျက်ခုံး၊ နှာတံက ဦးစိန်အတိုင်း။ သည်တော့ သားသမီးအားလုံးမှာ အငယ်ဆုံးလေးက အချောဆုံး။ သည်အချောဆုံး သားလေးကိုမှ ကြက်ညှာ ရောဂါ က နှိပ်စက်လာသည်။ ၅လသားလေးသည် ပြင်းထန်လှသော ကြက်ညှာရင်ကျပ် ရောဂါ ဖြင့် “အင် … အင်” ဟု တိုးတိုးညည်းရင်း ဆုံးပါးသွားရှာ၏ ။
အမိ၊ အဘနှင့် နှမ၊ မယား ဆုံးပါးခဲ့ဖူးသော ဦးစိန်သည် ခံနိုင်ရည်ရှိခဲ့ဖူးပြီ။ အခု အငယ်ဆုံး သားလေးကို ပစ်လိုက်ရသော အခါ ဖျာပေါ်မှာ လူးလှိမ့်နေခဲ့၏ ။
“မအုံးကြည်ရေ … ငါ့သားလေးကို ညကျရင် ဖင်ပုတ်ပြီး ချော့သိပ်လိုက်ပါဦးကွယ် …”
အရူးသဖွယ် ရေရွတ်နေခဲ့၏ ။
မအုံးကြည်ဆိုသူမှာ ၊ မကြာခင်ကမှ မီးယပ် ရောဂါ ဖြင့် ကွယ်လွန်သွားခဲ့သော ၊ အိမ်နီးချင်းတစ်ဦး ဖြစ်သည်။ ဦးစိန်က သူ့သားလေးကို မအုံးကြည်ထံအပ်ဖို့ပဲ … စဉ်းစားမိတော့သည်။
“အေးကွယ် ကလေးငယ်လေး စစ်ဘေးက လွတ်သွားတယ်ပဲ အောက်မေ့ရမှာ ပဲ”
ဒေါ်မြဒင်က လက်ဖက်ရိုးကို မြုံရင်း ဖြေ၏ ။
“ဦးစိန်တို့ ဘယ်ပြေးမယ် စိတ်ကူးလဲ”
“လောလောဆယ်တော့ အစ်ကိုကြီးရှိတဲ့ တောပုန်းရွာကိုပဲ မှန်းထားတယ် အစ်ကိုကြီးနဲ့ သေအတူ ရှင်အတူ ပေါ့ဗျာ အဲ့ဒါကြောင့် မစောရင်တို့ရွာ “တူးချောင်း” မှာ ဆောက်ထားတဲ့ အိမ်ကို ဖျက်ပြီး တောပုန်းကို ရွှေ့ဆောက်ရမယ်”
တူးချောင်းကအိမ်ကို အလွယ်တကူ ဆောက်ခဲ့ရခြင်း မဟုတ်ပေ။ မစောရင်က အဘတို့နား နေချင်တယ်ဆို၍ တူးချောင်းက အဘခြံဝင်းထဲက မြေပိုတွင် ဆောက်ဖို့ လစဉ် “ပျဉ်” စုခဲ့ရ၏ ။ ဦးစိန်လကစာက ၃၀ကျပ် ဖြစ်သည်။ ၁၅ကျပ်ကို စားစရိတ်ဖယ်ပြီး ၁၅ကျပ်ကို သစ်စု၊ ပျဉ်စု ခဲ့ရတာ ပါ။ လက်သမား မငှားချေ။ ဦးစိန်ကိုယ်တိုင် တတ်သရွေ့ မှတ်သရွှေ့ တပည့်တွေ နှင့် ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ထိုအိမ်သစ်လေးကို ဖျက်ရွှေ့ရတော့မည် ။
“မိုးစစ်ဖက်မှာ မီးတွေ လောင်နေပြီ” ဟု ပြောတာခင်မောင်က အပြေးအလွှားလာပြောတော့ အိမ်ကလူတွေ က မြစ်ကမ်းဖက် ပြေးကြည့်ကြ၏ ။
မိုးစစ်ရွာဆိုတာ၊ ရွှေကူမြို့နှင့် ဧရာဝတီမြစ်ကြီး ခြားထားသော တစ်ဖက်ကမ်းရွာ ဖြစ်သည်။ မန္တလေးဖက်မှ ဧရာဝတီအနောက်ဖက် လမ်းကြောင်းဖြင့် စစ်တက်လာပုံရ၏ ။ မိုးစစ်ကား ကသာမှ မိုင်၄၀ခန့် ဝေးသည်။ ယခု … မိုးစစ်ကို စစ်ရောက်ပြီဆိုသည့် သဘော။
တူးချောင်းရွာရှိ အိမ်ကို အားချင်းဖျက်ပြီး တောပုန်းသို့ ရွှေ့ဆောက်ရသည်။ အစ်ကိုကြီးသော်က၊ ကွမ်းအစ်ကိုဖွင့်ရင်း “ကိစ္စရှိမယ် မထင်ပါဘူးကွာ” ဟု အားပေးသည်။ ဦးသော်မှာ က သားသမီးမရှိ။ ကျွေးရမည့်ပါးစပ်ပေါက်လည်း မရှိ။ ဦးသော်မိန်းမ တောပုန်းသူမှာ က အတွင်းပစ္စည်းရှိသည်။ လင်ကိုယ်မယား ဘာမှပူစရာ မရှိ။ ဦးစိန်မှာ သာ အကြီးဆုံးမကြည်လှိုင်က ခုမှ ၇တန်းဖြေထားတာပါ။ အငယ်ဆုံး ဖြစ်နေသော (စံရွှေ အထက်) စံမေက … နှစ် နှစ် ခွဲသမီး။ မမိနှင့် ရခဲ့သော မဖွားနှင့် ကျော်ဒင်တို့က အိမ်ထောင်ကျခဲ့ကြပြီ ဖြစ်သည်။ မဖွားက တောင်ကုန်းမှာ သူ့ယောက္ခမများ နှင့် နေ၏ ။ ကျော်ဒင်က ဗန်းမော်အထက်က မြစေတီရွာမှာ ချောင်းခေါင်းလုပ်ရင်း၊ စစ်သတင်းရကာစမှာ ပင် ငှက်ဖျားနှင့် ဆုံးလေသည်။ သူ့မောင်လေး ဆုံးသော သတင်းကို၊ တောင်ကုန်းမှာ မီးဖွားနေသော မဖွားက ကြားသော အခါ မီးတွင်းထဲမှာ ပင် သွေးတက်ပြီး ဆုံးခဲ့သည်။
အားလုံးသည် မကယ်နိုင်သော အ ဖြစ်များ ။
ဦးစိန် ဘာမျှမတတ်နိုင်ပေ။ ရှိသမျှ သားသမီး လက်ကျန် ၅ယောက် ကိုသာ တောပုန်းသို့ ခေါ်ချလာခဲ့၏ ။ အစိုးရရုံးကြီးကို ဒီအတိုင်း ပစ်ထားခဲ့ရသည်။ သစ်တောအရေး ပိုင်းက သူ့နိုင်ငံကို ပြေးသွားခဲ့တာပင် အတော် ကြာပြီပဲ။ စစ်ရောက်ပြီဆိုသော အခါ အိမ်နီးချင်းတွေ ကိုသော်မှ နှုတ်မဆက်နိုင်။ ကိုယ့်ဆျွေိုးရှိရာ ကိုယ်စုကြရတော့၏ ။
တောပုန်းမှာ လည်း ကြာကြာနေ၍ မ ဖြစ်တော့ချေ။ ဧရာဝတီ ကမ်းနဖူးမှာ ရှိနေသော ဦးစိန်၏ အိမ်နံရံသို့၊ စက်သေနတ် ကျည်ဆန်တွေ ရောက်လာကြသည်။ အိမ်အောက်မှာ “ဗုံးခိုကျင်း” တူးပြီးဝပ်နေကြရင်း ပစ္စည်းအကြီးတွေ အားလုံး ကျင်းထဲမှာ ထည့်ထားဆဲ မိုးရေတွေ ကျင်းထဲဝင်လာကြသည်။ အ၀တ်သေတ္တာတွေ က နေလှန်း၍ ရသော်လည်း၊ ဓါတ်ပုံတွေ ထည့်ထားသော သေတ္တာကို ဖွင့်ကြည့်တော့ အားလုံးပျက်ကုန်ပြီ။
“ဟေ့ … ပစ္စည်းသင်္ခါရ လူသင်္ခါရ ဆိုတာဒါပဲ”
“အခု ဒီရွာကိုလည်း မြစ်ကြောင်းကနေ ဗုံးကြဲနေပြီ၊ ဘယ့်နှယ်လုပ်မလဲ”
“ကုန်းတွင်းကျတဲ့ရွာ ပြောင်းရမှာ ပဲ”
“လောလောဆယ် ထမင်းစားဖို့ ရှာရဦးမယ်”
ပြဿနာတွေ က အများ ကြီး။ အလုပ်မရှိတော့ လစာမရ။ ခါတိုင်း လခလေးထုတ်ထုတ်ပြီး မပူမပင်စားနေခဲ့ရာ စုထားဆောင်းထားတာကလည်း၊ ကလေးတွေ နှင့် မိန်းမမှာ နားကပ်လေးတွေ ပဲ ရှိသည်။
“ကလေးတွေ ကို လုံခြုံပြီး စစ်ကြောင်းလွတ်တဲ့နေရာ ထားပေးပြီး၊ ကျုပ် ကတော့ ဆန်ရှာရမယ်”
“ဦးစိန်သည် အစ်ကိုကြီးနှင့် တိုင်ပင်ကာ၊ လှေတစ်စင်းဝယ်သည်။ မိသားစုအားလုံး လှေနှင့် တပ်ပြီး “သရက်ကုန်း” ရွာလေးဆီပို့သည်။ သရက်ကုန်းက မြစ်နှင့် ဝေး၏ ။ မြစ်သို့စီးဝင်သော ချောင်းကလေး ရှိ၏ ။ မိမိက အောက်အရပ်တွင် ဆန်ရှာသွားပြီး ပြန်လာလျှင်၊ ချောင်းရိုးအတိုင်း သရက်ကုန်းကို ရောက်နိုင်မည် ။”
သရက်ကုန်းတွင် သစ်သားအိမ်ကြီးတစ်လုံးကို ငှါး၍ ရသည်။ ခြံဝင်းကျယ်၏ ။ ရှေ့မှာ မန်ကျည်းပင် အုပ်အုပ်ကြီး ရှိသည်။ မန်ကျည်းပင်အောက်မှာ ဗုံးခိုကျင်းတူးရ၏ ။ အားလုံးစီမံပြီးသော အခါ
“ကဲ မစောရင်ရေ ငါက ကြည်လှိုင်ရယ်၊ မအုံးရယ်၊ စံဖေရယ် ခေါ်သွားမယ်။ ကြည်လှိုင်က လှေထိုး၊ မအုံးက ထမင်းချက်ပေါ့။ စံဖေ ကတော့ အဖေနဲ့ လိုက်ချင်လို့တဲ့။ မင်းက ကြည်မြိုင်နဲ့ စံမေကို ထိန်းပြီးနေရစ်ပေတော့။ ရောင်းလို့ဝယ်လို့ အဆင်ပြေပြေချင်း ငါပြန်လာမယ်”
ဒီလောက်ပဲ ဦးစိန် ပြောနိုင်သည်။ မစောရင်က နောက်ကိုယ်ဝန် အရင့်အမာနှင့် ၊ မပေါ့မပါးနှင့် ပေမယ့် ခါးစည်းထား၏ ။ ဦးစိန်နှင့် အတူ ရွာကလှေနစ်စီးပါသေး၏ ။ အောက်အရပ်က ဆန်၊ ဆား ၀ယ်ပြီး သည်မှာ ရောင်းကြမည် ။ အဲ အရင်းအနှီး။ ဒါအတွက်က ဦးစိန်စီးနေကျ “ရာလေး” စက်ဘီးကို ရောင်းပစ်မည် ။
တစ်လအကြာမှာ သရက်ကုန်း ပြန်ရောက်သည်။ ဆန်၊ ဆား၊ ထန်းလျှက်ကအစ ပါပါသည်။ သို့သော် စားဖို့ချန်ရသဖြင့် နောက်တစ်ခေါက် အရင်းမလောက်တော့။ မစောရင်အတွက် အရစ်ကျစနစ်ဖြင့် ၀ယ်ခဲ့သော “စင်းဂါး” အပ်ချုပ်စက်ကို ယူသွားရသည်။
ဦးစိန်၏ သားသမီးများ သည် အဖေ့ရဲ့ “ရာလေး” စက်ဘီး ယူသွားတော့လည်း ၀မ်းမနည်း။ အမေ့ “စင်းဂါး” မ, သွားတော့လည်း စိတ်မထိခိုက်။ တစ်အိမ်သားလုံး၏ အချစ်တော် “ဓါတ်စက်” ကြီး နောက်ဆုံး အခေါက်မှာ ၊ သယ်ချသွားသော အချိန်မှာ ကား၊ တစ်အိမ်လုံး ငိုလိုက်ကြသည်မှာ အသုဘအိမ်အလား။
“ဘာတတ်နိုင်မှာ လဲ၊ ၀မ်းရေး က အဓိက၊ မသေမပျောက်ဘဲ ကျန်နေကြတာကိုပဲ ၀မ်းသာကြ”
ဦးစိန်က သည်မျှပဲပြောနိုင်သည်။
ဧရာဝတီမြစ်ထဲမှာ လှေဆန်နေစဉ် “ကျွဲညီနောင် လေယာဉ်ပျံမည်းမည်းကြီး နှစ် စင်း ပျံဝဲလာတော့၊ လှေကို ကမ်းကပ်၊ သော င်ပြင်မှာ သားအဖ ၄ယောက် ထပ်၍ ၀ပ်ရင်း၊ စောင်မဲကြီးအုပ်လို့ ကဲ သေရင်လည်း တစ်ပြိုင်တည်းပေါ့ ဟု အပေါ်ဆုံးကနေ၊ ကလေး ၃ယောက် ကို ဖက်၍ အုပ်ထားခဲ့ရသည်။”
မသေမပျောက်၍ သရက်ကုန်းပြန် ရောက်သော အခါ၊ မစောရင်းကို ဆနွင်းဝါ၀ါလိမ်းလျောက် တွေ့ ရသည်။ သတ္တမမြောက် ကလေးကို၊ သူ့ဘာသာ ၀မ်းဆွဲမပါဘဲ မွေးထားရှာသည်။ “ဒီတစ်ခါလည်း သမီးလေးပဲလား။ အေး သူကအသားညိုမယ်။ အေးလည်းအေးချမ်းရှာသား ဗုံးသံတွေ ကြားမှာ လူ ဖြစ်လာရလေတယ်။ ကံအတိုင်းပေါ့ကွယ်” ဟု ဦးစိန်ပြော ဖြစ်ခဲ့သည်။
“ဂျာမနီတွေ စစ်ရှုံးပြီတဲ့”
“ဟုတ်ရဲ့ လား ဦးလေးစိန်”
“အို ကျောက်မြောင်းဖက်က ကြားလာတာပဲ ဟုတ်လို့ပေါ့”
“ဒါဖြင့် ဂျပန်တွေ ဘာလုပ်ကြမလဲ”
“သူတို့ကို မဟာပြောက်ကျားတွေ က တိုက်ခိုက်နေကြပြီ”
“စစ်ပြန် ဖြစ်ဦးမှာ လား”
“ဒီတစ်ချီ အင်္ဂလိပ်က ပြန်နိုင်ရင်၊ ဗမာပြည်ကို လွတ်လပ်ရေး ပေးမှာ တဲ့”
မန်ကျည်းပင်ရိပ်အောက်ရှိ၊ ကွပ်ပျစ်ပေါ်တွင် ဦးစိန်တို့ လူကြီးတစ်စု တိုင်းရေး ပြည်ရေး ဆွေးနွေး ကြသည်။ ဂျပန်တွေ ပြန်ထွက်သွားလျှင်ဖြင့် ၊ မြန်မာပြည် စစ်ဘေးမှ အေးပြီဟု မျှော်လင့်ကြသည်။ တောထဲတောင်ထဲမှာ အစာပြတ်ရေပြတ်နေခဲ့ရတာ ကြာမှပဲ။ ဦးစိန်တို့ မိသားစုလည်း ကံကောင်း၍ သာ မသေခဲ့ကြတာပါ။ လေယာဉ်ပျံကြား၊ ဗုံးသံကြားမှာ ၊ စားစရာမပြတ်အောင် ရှာကြံခဲ့ရင်း၊ မိသားစု မသေမပျောက် ပြန်လည်စုစည်း မိသည်ကို၊ ရတနာသုံးပါး ဂုဏ်ကျေးဇူး ဟု၊ မမေ့မလျော့ ဦးညွတ်နေရသည်။
“တောပုန်းကို ပြန်ကြရအောင်”
ဦးစိန်တို့နှင့် အတူ၊ ပြေးဖေါ်ပြေးဖက်များ ၊ ဧရာဝတီကမ်းနဘေးရှိ တောပုန်းရွာလေးသို့ လှေဖြင့်ပြန်ခဲ့ကြသည်။ တောပုန်းအိမ်မှာ တိုင်များ ၊ နံရံများ တွင် စက်သေနတ် ကျည်ဆံရာတွေ နှင့် ပြည့်နေသည်။ လူသာမပြောင်းမိခဲ့လျှင် အားလုံးစက်သေနတ်မှန်မှာ သေချာသည်။ အိမ်အောက်ဗုံးခိုကျင်းထဲမှာ တော့ ရေတွေ ပြည့်နေသည်။ မိုးရေတွေ လား၊ ရေကြီးစဉ်ကလား မပြောနိုင်။ ကျင်းထဲထားခဲ့သည့် သေတ္တာများ ထဲမှ၊ ဓါတ်ပုံသေတ္တာ ရေပြည့်နေသဖြင့် ဓါတ်ပုံအားလုံး ပျက်စီးသွားကြပြီ။ ဘာတတ်နိုင်မှာ လဲ။ လူတွေ တောင်မှ မသေလို့ ပြန်ရောက်လာကြတာပဲ။
၁၉၄၆ ခု၊ ဧပြီလ …။
ဗိုလ်ချုပ်အောင်ဆန်း ရွှေကူမြို့မှာ တရားဟောမည် တဲ့။ ဦးစိန်က ရွှေကူသစ်တော အကောက်ရုံးမှာ ပြန်ဝင်ခါစ။
အိမ်သားတွေ ကိုပင် ရွှေကူမပြောင်းနိုင်သေး။ မစောရင်က ကိုယ်ဝန်မွေးခါနီး ၊ ဖွားခါနီး နှင့် မို့ တောပုန်းအိမ်မှာ ပဲ နေကြဆဲ။
ထို့နေ့က မူလတန်းကျောင်းဝင်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်း တရားဟော၏ ။ ရွှေကူက ပရိသတ်ဝက်ဝက်ကွဲအောင် လာနားထောင်ကြသည်။ ဗိုလ်ချုပ်ပြောသည့်အထဲတွင် လွတ်လပ်ရေး ကို တောင်ပေါ်မြေပြန့်မခွဲဘဲ အတူယူကြမည် ဟုပါသည်။ ယခု ကချင်တောင်တန်းတစ်လျှောက် သူသွားနေသည်။ ဒူဝါကြီးတွေ ကလည်း ကြိုဆိုကြသည်။ အင်္ဂလိပ် ကတော့ မြေပြန့်တွေ ကိုပဲ လွတ်လပ်ရေး ပေးဦးမည် ။ တောင်တန်းတွေ ကို မပေးနိုင်သေးဟု ဆိုသည်။ ဒါကို ဗိုလ်ချုပ်က အားလုံးအတူတူ လွတ်လပ်ရေး ပေးဖို့ တောင်းဆိုရမည် ။ အားလုံး လက်မှတ်ရေး ထိုးကြရမည် ဟု ပြောသည်။ ဦးစိန် ကတော့ ဗိုလ်ချုပ် ပြောသွားတာတွေ အားလုံးသဘောကျသည်။ ဆံပင်ကတုံးဆံထောက်နှင့် လူပုံ ရှုတင်းတင်း၊ စကားသံ ခပ်ပြင်းပြင်း၊ ခပ်ပြတ်ပြတ်။ ပြောသလိုလုပ်မည့် သူ။ ယုံကြည်သည်။
ညနေပိုင်း ဟောပြောပွဲ ပြီးသည်အထိ၊ ဦးစိန်အိမ်မပြန်နိုင်သေး။ ဗိုလ်ချုပ်တို့ မော်တော် ထွက်သည်အထိ လိုက်ကြည့်ကြသည်။ မော်တော် က ဗန်းမော်သို့ ဆန်တက်မည် ဖြစ်၏ ။ ဗိုလ်ချုပ်တို့ မော်တော် ဒုတိယ မြစ်ကျဉ်းအ၀ရောက်ပြီး ပျောက်ကွယ်သွားမှ ဦးစိန်တို့ လှည့်ပြန်ကြ၏ ။
စက်ဘီးစီးပြီး (၃)မိုင်ဝေးသည့် တောပုန်းသို့ ပြန်လာသော အခါ မှော င်နေပြီ။ ခြံဝတွင် “မိစံ” လေးက ဆီးကြိုနေ၏ ။ အမေကလေးမွေးတယ် ဟု ၀မ်းသာအားရ ဆီးပြောသည်။ အလတ်မ “ကြည်မြိုင်” လည်း ထွက်ကြိုရင်း “ယောက်ျားလေး” ဟု ပြုံးရွှင်စွာ သတင်းပေးလေသည်။
မီးနေခန်းသို့ တန်းဝင်ရ၏ ။
မစောရင်ကား (၈)ယောက် မြောက် ကလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီး၊ စစ်နိုင်သော စစ်သူကြီးကဲ့သို့ ရွှင်လန်းလျက်ရှိသည်။ ဆနွင်းဝါ၀ါဖြင့် သူ့ချစ်လင်ကို ဆီးကြိုလေသည်။
ဦးစိန်က ဖါအဖုံးလေးထဲတွင် ထည့်ထားသော ကလေးနီနီလေးကို ငုံ့ကြည့်ရင်း “အေးဟေ့ ငါလည်း ဗိုလ်ချုပ်အောင်ဆန်း တရားပွဲနားထောင်နေလို့ မိုးချုပ်သွားတာ။ ဒီနေ့ တနင်္ဂနွေ နော်၊ အောင်ဆန်းလာတဲ့နေ့မွေးလို့၊ ငါ့သားကို “အောင်သန်း” လို့ မှည့်မယ်” ဟု ပြော ဖြစ်ခဲ့သည်။
“တစ်ခုတော့ရှိတယ် မစောရင်ရေ၊ ဒီကလေးက ယောက်ျားလေးဆိုတော့၊ ငါက ဒီကလေး ရှင်ပြုတဲ့အချိန်ထိ နေရမယ် မထင်ဘူး။ ဒီတော့ ကလေးကို သူများ ကိုတော့ ရှင်ပြုဖို့ မပေးပါနဲ့ ။ နင်ကိုယ်တိုင်ပဲ ကန်တော့ပွဲတစ်ပွဲ နဲ့ ဖြစ် ဖြစ်ပြုပါ …”
ဦးစိန်ကား ဤကဲ့သို့သော ပြတ်သားသူတည်း။
မစောရင်က သတ္တိကောင်း၍ တော် တော့သည်။
သည်လိုစကားမျိုး “မီးတွင်းထဲမှာ ” မပြောကောင်းဟု မစဉ်းစားချေ။ တကယ်လည်း သူ့မှာ က “ဒူလာ ရောဂါ ” ရင့်နေပြီ။ ပင်ပန်းသော ဒဏ်တွေ ကြောင့် လူက မခိုင်မာတော့ချေ။
သည်ကြားထဲ …
ဦးစိန်၏ အချစ်ဆုံးသမီး “မအုံး” ဆုံးသည်။
အပျိုဖော်ဝင်ခါစ၊ ၁၃ နှစ် သမီး၊ ထွားထွားကျိုင်းကျိုင်း၊ စိတ်မြန်လက်မြန်ရှိသူပါ။ အပျင်းဖျားပြီး ငန်းဖမ်းခဲ့ရာ၊ သတိပြန်မလည်တော့ပေ။
“မမအုံးက ဆီးသီးတွေ စားပြီး ရေချိုးသွားတာ” ဟု မိစံလေးက သတင်းပေးခဲ့သည်။ နေပူပူမှာ ရေချိုးလိုက်တာလည်းပါသည်။ ဆီးသီးအစိမ်းတွေ စားပြီး ချုပ်တာလည်းပါသည်။
ဦးစိန် စိတ်နာနာနှင့် ဂျပန်ပိုက်ဆံတွေ အိတ်ကြီးတစ်လုံးလုံးကို မအုံးအခေါင်းမှာ ကပ်ပစ်ခဲ့၏ ။ အချစ်ဆုံးသမီးဆုံးပြီ။
ဒီကြားထဲ သမီးကြီး “ကြည်လှိုင်” လင်နောက်လိုက်သည်။
အိမ်ရှေ့အိမ်က ဦးဘိုခ သားနှင့် ဆိုတော့၊ ဘာမျှမပြောသာ။
သူတို့ကိုလက်ခံပြီး အိမ်မှာ ပဲထားခဲ့သည်။ သားမက်က ဘာအလုပ်မှမရှိသော ကြောင့် ခင်မောင့်နေရာ “ပြာတာ” အကူအ ဖြစ် သားမက်ကို ခန့်လိုက်၏ ။ သို့သော် သင်းတို့နှစ် ယောက် လုံး မလိမ္မာကြချေ။ ဦးစိန်ဘုန်းကြီးကျောင်းမှာ ညအိပ်ဥပုသ်စောင့်နေတုန်း၊ ကြည်လှိုင်က သားကြီးမောင်စံဖေနှင့် ရန် ဖြစ်သည်။ ဒါကို နင်တို့အိမ်နေရတာ နားငြီးတယ်ဆိုပြီးတော့၊ သားမက်က သူ့အိမ်သို့ ဆင်းသွားသတဲ့။ ဒါ ဦးစိန်ကို လူမထင်တာ။ ကြည်လှိုင် နင်ပါ နင့်လင်နောက်လိုက်သွား ဟု နှင်ချခဲ့၏ ။ ကြည်လှိုင် မျက်ရည်လည်ရွှဲနှင့် ဆင်းသွားရှာသည်။ လုံးဝ လှည့်မကြည့်ခဲ့။ သမီးဦး လေးမွေးလို့ဆိုပြီး ရွှေကူအကောက်ရုံးကို လာပြောတော့ အတွေ့ မခံ။ စားပွဲပေါ်က မျဉ်းတားသော “မျဉ်းလုံးတန်” နှင့် ပစ်ပေါက်ခဲ့၏ ။ (မကြည်လှိုင်သည် သူ့အဖေကို အသက်ရှင်လျှက် တစ်ခါမျှ တွေ့ ခွင့်မရတော့ချေ။ သေမှပဲ ကန်တော့ရရှာ၏ ။ ဦးစိန်က သည်လိုပြတ်သားသူကြီးပါ။) အငယ်ဆုံးသားလေး (၅)လအရမှာ ၊ မိသားစုအားလုံး ရွှေကူအကောက်ရုံးအိမ်ကြီးသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ယခုအခါမှာ တော့ အရင်ကလို သမီးတွေ မစုံတော့ပြီ။ ကြည်လှိုင်အမိုက်မ လင်နှင့် ကျန်ခဲ့သည်။ မအုံး ဆုံးခဲ့ရှာပြီ။ သူတို့ နှစ် ယောက် အစား တောမှာ မွေးခဲ့သော သမီးလေး “မခင်ပု” နှင့် သားထွေး “အောင်သန်း” ပါလာသည်။
ကြည်မြိုင်က တောထဲမှာ နေတုန်း လည်ပင်းနာတာ အနှိပ်သည် အနှိပ်ကောင်း၍ ကျောရိုးကုန်းသွား ခဲ့ရရှာသည်။ အပျိုကြီး ဖြစ်နေပြီမို့ ကျောင်းဆက်မနေတော့ချေ။ စံဖေ၊ စံမေကိုပင် ဆရာထွန်းကျောင်းမှာ အပ်ရ၏ ။ အငယ်နှစ် ယောက် ကျောင်း မနေရသေး။
ဦးစိန်အသက် ၅၅နှစ် ရောက်လာသည်။
ထုံးစံမှာ ပင်စင်ယူရမည် ။
သို့သော် ကလေးတွေ က ငယ်နေသည်။ ဆက်လုပ် ခွင့်ပြုဖို့ လျှောက်လွှာတင်ရ၏ ။ တစ်နှစ် ထပ်တိုးပေးသည်။
အသက် ၅၆ ဖြစ်လာသည်။ တစ်နှစ် ထပ်တိုး၍ အမှု ထမ်းခွင့် ရပါသည်။
အသက် ၅၇ မှာ ကား။
မရတော့ချေ။ ပင်စင်ယူရတော့မည် ။
ပင်စင်ယူလိုက်တာနှင့် အစိုးရအိမ်မှ ဆင်းပေးရတော့မည် ။
“ငါညတိုင်း အိပ်မပျော်ဘူး။ ပင်စင်ယူပြီးရင် ဘယ်မှာ အိမ်ဆောက်မလဲ စဉ်းစားတာ။ တွေ့ ထားတဲ့ မြေကွက်တွေ ရှိတာကလည်း တစ်ခုက အရက်ဆိုင်နဲ့ နီးလို့ (ငါ့မှာ က သမီးပျိုတွေ နဲ့ ) နောက်တစ်ကွက်ကျတော့ ဘုရားအရိပ်ကျလို့နဲ့ ”
နောက်ဆုံးတော့ မိတ်ဆွေသစ်ကုန်သည် ဦးဘရင် ပိုင်မြေကွက်တစ်ခုကို ၁၅၀ ကျပ်နှင့် ဖြတ်၍ ပယ်သည်။ လက်ငင်းမပေးနိုင်ပါ။ အစိုးရထံမှ အာမခံကြေးတွေ ထုတ်မှဟု ကတိပြုရသည်။ (ထိုမြေကွက်က ၈၀’-၆၀’ ခန့်ရှိ၍ ကောင်းပါ၏ ။ သို့သော် ဘိန်းဆိုင် (ယစ်မျိုးရုံး) နှင့် ကျောချင်းကပ်နေ၏ ။ မတတ်နိုင်ချေ။)
တောပုန်းက အိမ်ကိုဖျက်ပြီး ယခု “မြို့ကုန်း” မှာ ပြန်ဆောက်သည်။ လက်သမား မငှါးနိုင်ပါ။ တပည့်ကျော် ခင်မောင်နှင့် နှစ် ယောက် ဆဲဆဲဆိုဆိုနှင့် ဆောက်ရ၏ ။ ဦးစိန်က အိမ်ဆောက်ရင်း … ဒီတစ်ခါတော့ ခပ်သေးသေးပဲဗျာရေ … ကျုပ်က မကြာခင်သေမှာ ၊ သူက ငယ်သေးတော့ နောက်လင်ယူဦးမှာ ပဲ။ အဲ့ဒီ နောက်လင်က အိမ်ခေါင်မိုး သက်ကယ်မိုးတဲ့အခါ အကြီးကြီး ဖြစ်နေရင်း”
“ဒီတစ်ခါတော့ ခပ်သေးသေးပဲဗျာရေ ကျုပ်က မကြာခင်သေမှာ သူက ငယ်သေးတော့ နောက်လင်ယူဦးမှာ ပဲ။ အဲ့ဒီ နောက်လင်က အိမ်ခေါင်မိုး သက်ကယ်မိုးတဲ့အခါ အကြီးကြီး ဖြစ်နေရင်း၊ အကြီးကြီးဆောက်ခဲ့ရကောင်းလားလို့ ကျုပ်ကို ကျိန်ဆဲမှာ ဗျ …” ဟု ရယ်ရွှန်းပတ်ရွှန်း ပြောခဲ့သေးသည်။ ဦးစိန်ကား သေခြင်းကို မြင်နေခဲ့ပြီ။
![]() ငါတို့ခေတ်က တက္ကသိုလ် | ![]() နိုင်ငံရေးအကျဉ်းသူများ | ![]() အင်းစိန်မှတ်တမ်း |