
အခန်း(၁)
နှစ် ပေါင်း ၆၀ ဟူသော စာအုပ်ကြီးကို ငယ်ငယ်ကပင် စွဲလန်းဖူး၏ ။ စာရေး ဆရာမ ကြီး ဒဂုခင်ခင်လေး၏ ကိုယ်ပိုင်အတွေ့ အကြုံများ ဖြစ်သည်။ ကျွန်မကိုယ်တိုင် ကလောင်ကိုင်ပြီး စာရေး သူဘ၀ရောက်ခဲ့သော အခါ အဆင်မပြေမှု များ မခံချင်စရာများ တွေ့ တိုင်း “ငါ …နှစ် ပေါင်း ၆၀ ရေး တဲ့အခါ ထည့်ရေး မယ်” ဟု တေးမှတ်ထားခဲ့သည်။
တကယ်တမ်းတွင် ကား နှစ် ပေါင်း ၆၀ မတိုင်မီပင် ရေး ဖြစ်၏ ။ နှစ် ပေါင်း ၆၀ အထိ နေချင်မှ နေရမှာ ဟု စိုးရိမ်၍ ဖြစ်နိုင်ပါသည်။ ၁၉၈၈ ခု ဧပြီလ၊ မြတ်လေးမဂ္ဂဇင်းမှာ ‘စာပေလမ်း”ခေါင်းစဉ်ဖြင့် စတင်ရေး သားခဲ့၏ ။ အမေကြီးဒေါ်မြတ်လေးက ၀မ်းမြောက်ဝမ်းသာဖြင့် လစဉ်ထည့်ပေးရန် စီစဉ် ထားခဲ့သည်။ သို့သော် ၁၉၈၈ ဧပြီ မေ ဇွန် သုံးလသာရေး ရသေးသည်။ ဘ၀သည် ရေစီးကြောင်း ပြောင်းသွား ခဲ့၏ ။ ရေစီးသန်သော မြစ်ထဲတွင် ဆန်လိုက်၊ စုန်လိုက်၊ ၀ဲထဲမြုပ်လိုက်၊ ပြန်ပေါ်လိုက်၊ သော င်စပ်မှာ တင်နေလိုက်နှင့် “စာပေလမ်း” ကို လုံးဝဥပေက္ခာပြုထားခဲ့သည်မှာ ၇ နှစ် တိတိ။
၁၉၉၆ ခုမှာ မှ ကလောင်ပြန်ကိုင်နိုင်ခဲ့သည်။ ဤတွင် မှပင် ‘စာပေလမ်းကို ပြန်ဆက်သည်။” ဤအခါ “မြတ်လေးမဂ္ဂဇင်း” မရှိတော့။ အဝေးရောက်မောင်ငယ်တစ်သိးနှင့် သျှားထက်နိုင် (ဘူမိ ဗေဒ) တို့က ကျွန်မအိမ်ရောက်လာပြီး သူတို့ “နှင်းဆီ မဂ္ဂဇင်” ဆိုပြီ ထုတ်မည် ။ ကြိုက်တာရေး ပါဆို သဖြင့် စာပေလမ်းကို နှင်းဆီမှာ ထည့် ဖြစ်။ ‘ဖြောင့်ချက်” ဟူသော ခေါင်းစဉ်တပ်ခဲ့သည်။
သိပ်မကြာချေ။ သျှားထက်နိုင်၏ နှင်းဆီကြွေသွားပြီ ရုပ်ရှင်စတား” ကို ပုံဖော်သည်။ ထို အခါ စာပေလမ်းသည် ရုပ်ရှင်စတားထဲ ၀င်သွားလေသည်။ ခေါင်းကို “အရင်တုန်းက” ဟုပြောင်း ခဲ့သည်။ ရုပ်ရှင်စတားမှာ လည်း လပေါင်းများ စွာ ရေး ပြီးမှ ကိုသျှားကလည်း တစ်နေရာ ပြောင်းသွား ပြန်သည်။ စာပေလမ်းကို မဆက် ဖြစ်ချေ။ အတော် ကြီး ကြာသော အခါ ဝေဒမဂ္ဂဇင်းမှ ဆရာဒဂုန် နှင့် သမီးခင်သဇငို့က စာပေဆောင်းပါးများ ထည့်လို၍ ရေး သားပေးပါရန် တောင်းဆိုကြရာ ပြတ်ခဲ့ သော စာပေလမ်းကို ဆက်လိုက်သည်။ ‘စာပေလမ်း” ဟု မူလခေါင်းစဉ်အတိုင်းပေးခဲ့သည်။ စိတ် တိုင်းကျ စိမ်၍ ရေး သားခဲ့သည်။ အားလုံး ပေါင်းလိုက်သော အခါ ဆောင်းပါးပေါင်း ၅၀ နီးပါ၊ ကာလအပိုင်းအခြားက ၁၅ နှစ် ။ နည်းနည်း နှောနော မဟုတ်ပါလား။ စုပေါင်းထုတ်တော့မည် ။
အားလုံးတည်းဖြတ်ပြင်ဆင်ပြီး စာအုပ်အ ဖြစ်ရုံတင်တင်၊ အဖုံးတင်၊ ဖလင်အပ်ခါနီး မှ စာအုပ်ထုတ်ရန် ရည်ရွယ်ထားသော အရင်းအနှီးအားလုံး တရားမ၀င်အပ်နှံ့ငွေဘ၀အ ဖြစ် ဆုံးရှုံး သွားခဲ့လေသည်။ တစ်ချိန်တည်းမှာ ပင် ယွန်းသေတ္တာတစ်ခုနှင့် အမြတ်တနိုး စုဆောင်းခဲ့သော အဖို တန်ရတနာများ ပျောက်ဆုံးပြန်သည်။ စာပေလမ်း ရုံ့းကျပြီးဖိုင်ကြီးနှင့် CD ချက်ကို ဘီရိုထဲ ပစ်ထည့် လိုက်ရတော့၏
အဲဒါ…. ၃၀၀၃ ခုနှစ် ကပါ။
နောက်ပိုင်း စာအုပ်တွေ အများ ကြီးထုတ် ဖြစ်သော်လည်း ဆယ်ချိုးဖောင်အစိပ်ရှိသော စာပေလမ်းဖိုင်ကြီးကိုမည် သူမျှ မပြခဲ့။ အရင်းအနှီးကြီးသော သည်စာအုပ်ကို ဘီရိုထဲမှာ ပဲ ထာဲးတော့မည် .. ဟု အခါခါ အားငယ်မိ၏ ။ ကျွန်မ လက်ထပ်စဉ်က တရာသူကြီးရှေ့မှာ သက်သေ ဖြစ် လက်မှတ်ထိုးပေးခဲ့သော ဥိးတင်မောင်သန်း နှင့် ဇနီး နီနီတို့နှင့် ပြန်ဆုံသော အခါ သူတို့က ရအောင်စာ (၂) အမည် ဖြင့် စာအုပ်တွေ ထုတ်နေပြီ။ သံယောဇဉ်ဟောင်းကို နှမြောစိတ်ဖြင့် ကျွန်မ ၏ ၀တ္ထုတိုများ “ပိန်းရွက်ပေါ်မှာ မိုးစက်များ ” ကို သူတို့ ထုတ်ခဲ့ကြသည်။
ယခု
ကျွန်မ ဖိုင်ကြီးကို သူတို့လက်ထဲ အပ်လိုက်ပါပြ။ီ
စာဖတ်ပရိသတ်များ ထံ ဤစာအုပ်ရောက်ရှိခြင်းသည် သူတို့ဇနီးမောင်နှံ၏ ကျေးဇူး ဖြစ်ပါ သည်။
“ရွှေမန်းတင်မောင်ဟာ ကရင်း သေသွားခဲ့သလို ရွှေကူမေနှင်းဟာလည်း စာရေး ရင် သေမယ်” ဟု ကြုံးဝါးရင် မသေသေးသမျှ ကာလပတ်လုံး ကျွန်မ၏ စာပေလမ်းကား ဆုံးဦးမည် မဟုတ်ပါ။ ဒါ ကတော့ သေချာလှပါသည်။
ခြေအစုံလက်စုံဖြင့် ပေါင်းပြည့်မွေးဖွားသော ကလေးငယ်တိုင်း အမိဝမ်းတွင်း၌ ကလလရေ ကြည်တည်ကာ အသွေးအသား၊ အကြော အရိုးတို့ကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ခဲ့ကြရ သူချည်း ဖြစ်၏ ။
“ရွှေကူမေးနှင်း” ကို ၁၉၅၅ ခုနှစ် မတ်လ ၁ ရက်နေ့က ခြေအစုံ လက်အစုံဖြင့် မွေးဖွားခဲ့ပါ သည်။
၁၉၅၂ ခုနှစ် ဇာတာသက် ၁၂ နှစ် အတန်းပညာ ပဉ္စမတန်း နွေခေါင်ခေါင် တစ်နေ့မှာ ရွှေ ကူမေနှင်း ဖြစ်မည့်  ကလလရေကြည်သည်..
“အမေ.. ခေါင်းမူးလို့ သမိးသွားရောင်းကွယ်”
အမေက ပြုံးပြီး စကားဆိုလာသည်။
မိစံ ခေါင်းခါ၏ ။
မိစံက မိသာစုထဲမှာ ခေါင်းအမာဆုံး စိတ်အကြီးဆုံး အမိုက်ဆုံးပဲ ဆိုကြပါစို့။
ကလေးဘ၀ငိုလျှင် “ဟဲ့ တိတ်” ဟုပြော၍ များ ဘယ်တော့မှာ နားမထောင်။ ပြန်ပြောပုံ ကိုကြည့်။ ‘ဘယ် ချက်ချင်း တိတ်လို့ရမလဲ သူ့အရှိန်ဲ့ သူ တိတ်မှာ ပေါ့”တဲ့ အလွန် အမြင်ကပ်စရာ ကောင်းသော ကလေးမ။
သည့်ထက်ငယ်တုန်းက ပိုဆိုးသေးသည်ဆိုပဲ။ အမေ ပြောစမှတ်ပြုသော မိစံငိုပုံများ ထဲမှာ ..
“ငိုပြီဆိုမှဖြင့် ပြောမရ၊ ချော့မရ၊ မျက်ရည်တွေ ကျ၊ နှပ်ချေးတွေ ကျ၊ တစ်ခါကလည်း သူ ငိုတော့ နှပ်တွေ တွဲ ကျတာ မြင်မကောင်းလို့ အမေက ညှစ်ပစ်ပြီး လွှဲပစ်လိုက်တော့ တိုင်မှာ သွားကပ်နေရော အဲဒါကို ဆတ်ဆတ်ခါပြီး “ငါ့ နှပ်ချေး ပြန်တပ်ပေး ငါ့နှပ်ချေး ပြန်တပ်ပေး” ဆိုလို့ နောက်ဆုံး နားငြီးတာနဲ့ တိုင်က နပ်ချေးကို ပြန်ယူပေးလိုက်ရတယ်။ တိတ်ကရော”
အမေတို့က ရယ်စရာပြန်ပြောတိုင်း မိစံက ငါတယ်ဟုတ်ပါလားဟု ထင်ခဲ့သည်။
ကြီးတော် တစ်ဦး ကတော့ မိစံ အပျိုပေါက်ဘ၀ လူစုံလျှင် “အဲဒိကောင်မလေး ငယ်ငယ်က ငိုရင် ဖျာတစ်ချပ်ကုန်တယ်” ဟု ဖောက်သည်ချလေ့ရှိ၏ ။ ဟီးဟီးနှင့် အီးလေးဆွဲငိုရင်း လက်က အငြိမ်မနေ။ ခင်းထိုင်ထားသော ဖျာမှ (ဖျာအ စ စုတ်လျှင်) ဖျာများ ကို တစ်စချင်း ဆွဲနုတ်နေတတ် သည်။ (တစ်ချပ်ကုန်သည်ဆို ကတော့ ကြီးတော် ပိုတာ ဖြစ်မည် )
ဤနှယ် ခေါင်းမာသော မိစံ။
အခု အမေက ဈေးရောင်းခိုင်းသည်။
ခေါင်းခါနေ၏ ။
အမေရောင်းခိုင်းသည်မှာ ကောက်ညှင်းပေါင်းထုတ် ဖြစ်၏ ။
အဖေသည် အမေနှင့် တကွ သားသမီးခြောက်ယောက် ကို လောကထဲ ထားခဲ့ပြီး ထွက်သွား ခဲ့သည်မှာ ကြာပြီ။ မိစံ ကိုးနှစ် သမီးကတည်းက မောင်အငယ်ဆုံးက တစ်နှစ် ခြောက်လ၊ အစ်မကြီးဆုံးက ဆယ့်ရှစ်နှစ်သမီးနှင့် အိမ်ထောင်ပြုသွားပြီ အမေသည် ပီဘီတောသူ၊ ပျိုးနှုတ်သူ၊ ကောက်စိုက်၊ စပါးရိတ် ဒါပဲတတ်၏ ။
အဖေက သစ်တောအကောက်စာရေး ကြီး။
အဖေရှိစဉ်က တပည့်တပန်းတွေ နှင့် ဘာမျှ မပူရ။ အဖေက အမေ့ထက် ၁၈နှစ် လုံးလုံး ကြီး သည်။ အမေ့အသက်လေးဆယ်မပြည့်မီ အဖေ ငါ့ဆယ်ခုနစ်နှစ် တွင် ဒူလာ ရောဂါ ဖြင့် ကွယ်လွန်ခဲ့ လေသည်။
အမေသည် ဘာမှပြင်ဆင်မှု မရှိ။ ဘာမှမလုပ်တတ်။ လက်ထဲမှ အိမ်တစ်လုံး သမီးတွေ နားတစ်ရံစီ ဤမျှသာ။
အမေ ထဘီပြင်ဝတ်သည်။
ကလေးငယ်ကို ကျောပိုးသည်။
အထမ်းတောင်းကို ပြင်သည်။
ကျေးတောမှာ အမေ့အမျိုးတွေ ရှိ၏ ။
အမျိုးတွေ အားကိုးနဲ့ မြို့ပေါ်က ပဲလှော်အစ လျက်ဆားအစ ခေါက်နြပ်ပေးဝယ်ပြီး တောမှာ ဆန်နှင့် သွားလဲသည်။ ဆန်ပါလာတော့ တချို့ကို ပြန်ရောင်း တစ်ချို့ကို ချက်၊ ဟင်းဖိုးလည်း လုပ်၊ အရင်းလည်း ပြန်ဆပ်။
ကလေးနို မခွဲရသေးသဖြင့် ကလေးနို့စို့ကို ပိုးရ၏ ။ တောင်းထဲထည့် ထမ်းရ၏ ။ ဈေးရောင်း တုန်း ထိန်းဖို့ အကူအညီအ ဖြစ် မိစံ လိုက်ပါရလေသည်။
ရွှေကူနှင့် ခုနစ်မိုင်ကွာသော လယ်တောများ တွင် မိစံတို့သားအမိ ဈေးရောင်းရင်း သီချင်း လည်း ဆိုခဲ့သည်။ အဖေ့လွမ်းချင်းကိုလည်း ကြားခဲ့ရသည်။
တစ်ခါမူ..
အမျိုးများ ပေးလိုက်သော ကောက်ညှင်းပေါင်း ဆန်နှစ် ပြည်နှင့် နှစ် ပြည်တောင်း ခေါပုတ် များ ကို ထမ်းပြီး မိစံပျော်လာသည်။ လယ်ကန်သင်းရိုးကို ဖြတ်သော အခါ ပခုံးကညောင်း၊ ခါးက မြက်၏ ။ အမေက မောင်လေးကိုတောင်းတစ်ဖက်မှာ ဆန်များ ကို တောင်းတစ်ဖက်မှာ ထမ်းပြီး ရှေ့ သွားနှင့် သည်။
ရှေ့မှာ ရိုးပြတ်တော့သည် မျက်စိတစ်ဆုံး။
ပခုံးပေးမှာ လေးလာသည်။
အမေက ရှေ့မှာ ဝေး၍ ဝေး၍ သွားပြီ။
ကန်သင်းဘေး လက်ပံပင်ကြီးပေါ်မှ ချိုးငှက်ကလးတစ်ကောင်က ကူနေသည် မိစံ ငိုချင် လာသည်။
အဖေမရှိလို့ ပင်ပန်းတာဟု အဖေ့ကိုလွမ်းသည်။ အမေ့ကို မစောင့်ကောင်းလားဟု နွဲ့ချင် သည်။ လေးလည်း လေးလှပြီ။ ထားပစ်ခရမှာ လည်း နှာမြော။
ကန်သင်းဘေးမှာ မိစံ ခွေလဲရှာ၏ ။ ငိုနေလိုက်သည်။
အကြာကြီးနေမှ အမေ လှည့်ကြည့်ပုံရ၏ ။
အမေ အထမ်းချပြီး ပြန်လှည့်ကြည့်လာသည်။
မိစံကို မချော့ချေ။ ရယ်မောပြီး ပြောသည်။
“ငါ့သမီးက ပျော့လိုက်တာ။ ဒီလိုဆို အမေ့လို ထမ်းပြီးလုပ်စားနိုင်မှာ မဟုတ်ဘူး ပညာသား ကြိုစားပေတော့။”
တစ်ခုသော လယ်ကန်သင်းရိုးပေါ်မှာ …
စာတစ်လုံးမှ မတတ်သော အမေပြောခဲ့သည့်စကား
မိစံ ကောင်းကောင်း သဘောပေါက်သည်။
စာကြိုးစား၏ လေးတန်းစကောလားရှစ်ရလေသည်။ ငါးတန်းမှာ အတန်းတင်စာမေးပွဲ ဖြေရန်မလိုဘဲ အတန်းတက်ရ၏ ။
နွေ…
နွေရောက်လျှင် ကျေးတောမှာ ဈေးမရောင်းရတော့ပေ။ ကျေးတောသားများ သည် သူတို့စပါးများ ကျီထဲ ထည့်ပြီးလျှင် ထုတ်ရမှာ ၀န်လေး၏ ။ ဖိတ်တုန်း စင်တုန်း တလင်းထဲမှာ သာ ၀ယ်ကြခြမ်းကြတာကိုး။
သည်တော့ နွေရောက်လျှင် မြို့ထဲမျာပဲ ဈေးရောင်းရ၏ ။ အစက မုန့်ပြားသလက်လုပ် ရောင်းသည်။ မုန့်ပေါင်းလုပ်ရောင်းသည်။ ပြီးတော့ ကောက်ညှင်းထုတ်။
ခြံထဲမှာ ငှက်ပျောပင်တွေ ရှိသဖြင့် ငှက်ပျောဖက်က လွယ်သည်။ ကောက်ညှင်ဆန်နှင့် ငှက်ပျောသီးကို ငှက်ပျောဖက်ထဲ ထည့်ထုပ်ပြီး နှစ် ရေခမ်းအောင်ပြုတ်ရသည်။ မီးထိုးရတာ လည်း ပင်ပန်းသည်။ ထင်းရှာ၇တာလည်း ပင်ပန်းသည်။ မတတ်နိုင်။ ကောက်ညှင်းထုပ်ရောင်းပြီး အမြတ် ကေလးကို ဟင်းဖိုးလုပ်ရသည်။
သည်နေ့ အမေ ဈေးရောင်းမထွက်နိုင်။
နေကလည်း ပူလှသည်။ ကောက်ညှင်းထုပ်တွေ ကလည်း လင်ဗန်းကြီးထဲမှာ အငွေ့ တစ်ထောင်းထောင်း။
အမေ ငိုနေသည်။
မိစံက ခပ်မာမာ
‘ကဲပါလေ ငါ့ဘာသာပဲ သွားပါ့မယ်”
ပိုဆိုးပိုင်းလေး ခေါင်းခုလုပ်ရင်း အမေပြော၏ ။ မိစံ ရင်အေးသွားသလိုလိုရှိသည်။ အမေ ဘာမှ မပြောတော့။ ဈေးဗန်းကို ခေါင်းပေါ်တင်ကာ နေပူကြီးထဲ ထွက်သွားသည်။
“ကဲ ဒီက ကောက်ညှင်းထုပ် ပူပူနွေးနွေး”
ကွဲအက်အက် အမေ့အသံကို ကြားရ၏ ။
ရွာလယ်ပိုင်းအထိ အမေ့အသံ ကြားရ၏ ။
အမေသွားရပြီနော်။ ငါလည်း မသွားချင်ဘူး။ ကဲ ဒိက ကောက်ညှင်းထုပ် ပူပူနွေးနွေး လို့ အော်ရမှာ သိပ်ရှက်တာပဲ။
“ကဲ ဒီက ကောက်ညှင်းထုပ် ပူပူနွေးနွေး”
အော်အီ အီးအွတ်
နေပူလေပူထဲတွင် အမေ့အသံနှင့် သံစဉ်အညီ ရွာလယ်ပိုင်းက ကြက်ဖကြီးတစ်ကောင်း တွန်သံကို ကြားလိုက်ရသည်။
သြော် အမေ အမေ
နေပူပူကြီးထဲ ခေါင်းမူးလျက်နဲ့ သွားရပြီ။
အဖေမရှိလို့ပေါ့နော်။ အဖေရှိတုန်းက အိမ်ထဲနေရတာ ။ အခုတော့ အဖေမရှိလို့ တို့ဆင်းရဲရ ပြီ။ မမကြီးပြောပြတဲ့ ၀တ္ထုတွေ ထဲက မမလေးငှားလာတဲ့ ၀တ္ထုတွေ ထဲကလိုပေါ့နော်။ ဟိုလေ.. မိုးအောက်မြေပြင် ဆိုတဲ့စာအုပ်ထဲမှာ နှင်းနှင်းရယ်၊ နှင်ဥရယ်၊ တာတီးရယ်လေ။ မောင်နှမသုံး ယောက် ။ အဖေလည်းမရှိ။ အမေလည်းမရှိ။ စာရင်းငှားလိုက်ပြီး စားရတာ ။ ထမင်းပွဲမှာ လက်ပံခေါင်းနဲ့ ဆီးသီးချဉ်ရယ်၊ တစ်မည် တည်း။ တာတီးက ဘာမှ နားမလည် ဘူး။ မြေပိုင်ရှင်ကြီး သား ရှင်ပြုတော့မယ်ဆိုတော့ သူလည်းပြုချင်တယ်။ အစ်မကို ပူဆယ်တယ်။ အစ်မက အေး ပြုပေး မှာ ပေါ့ မောင်လေးရယ်လို့ ချော့တယ်။
အဲဒီ နေ့ပဲ ရှင်ပြုအတွက် ရွှေထီးတွေ ဟိုဘက်ရွာမှာ သွားငှားရမယ်ဆိုပြီး တာတီး ဘုန်း ကြီး ကျောင်းသားက လိုက်သွားတယ်။ အပြန်မှာ ရိုးပြတ်ကွင်းကို နေပူပူနဲ့ဖြတ်လာ၊ သူငယ်ချင်း ဘုန်းကြီးကျောင်းသားတွေ နဲ့ တပျော်တပါး ပြန်လာပြီး ချောင်းထဲ ရေဆင်းကူး။ အပူရှပ်ပြီး ဖျားပါ လေရောလား။ ဖျားလိုက်တာ ပြန်မကျဘူး။ နောက်သုံးရက်ထင်တယ် ကြာတော့ မြို့ပိုင်ရှင်ကြီး သားတွေ ဗျောသံတညံညံနဲ့ အလှူလှည့်တဲ့အချိန် တာတီးက ဆုံးပါလေရော။ နှင်းနုတို့ ငိုလိုက်ကြ တာ။
“ရှင်ပြချင်ပေမယ့် မပြုခဲ့ရဘူး။ ခုတော့ သူများ ရှင်ပြဖို့ ရွှေထီးငှားပေးရတာ နဲ့သေရပြီ” ဆိုဆို ပြီး ငိုတာ။ သြော် .. ဆင်းရဲလို့ ဆင်းရဲလို့ ငါတို့ မောင်နှမတွေ ဆင်းရဲလို့ ခုလို ဖြစ်ရတာ အင်း ငါလည်း သူတို့ မောင်နှမတွေ အကြောင်း စာရေး ထားသလို ငါတို့ဆင်းရဲတဲ့အကြောင်း ရေး ကြည့် ဦး မယ်။
ဤသို့ဖြင့် မျက်ရည်စလေးသုတ်၊ ပဉ္စမတန်းသုံး ဗလာစာအုပ်လေးထုတ်ခဲတံကိုလေး တံတွေးဆွပ်ပြီး ကိုယ့်ဘ၀အကြောင်း စာစီကုံးလိုက်လေသည်။ တစ်မျက်နှာခန့်။
ထိုစာစုလေးသည် ပုံနှိပ်စာလုံးအ ဖြစ် ရောက်ရှိမလာခဲ့သော်လည်း နောင်သုံးနှစ် ကြာ သော အခါရှစ်တန်းကျောင်းသူဘ၀ အသက်ဆယ့်ငါးနှစ် အရွယ်ရောက်တော့ ၁၉၅၅ ခုနှစ် မတ်လ ၁ ရက်ထုတ် တိုးရင်းမေဂျာနယ်၌ ပုံနှိပ်ခြင်းခံရသော ‘ချောကလက်” ဆိုသည့် ၀တ္ထုတိုလေး ကို ရေး သားနိုင်စွမ်း ရှိစေခဲ့သော လက်မွန်အစ ပထမစာမူပင် ဖြစ်ပါ၏ ။
ကလလရေကြည်တည်း။
မိစံ ငိုချင်နေသည်။
မြစ်ကမ်းနံပါးတစ်လျှောက် မြေညီလမ်းမှာ တစ်လှမ်းချင်း လျှောက်ရင်းစိတ်က ကိုယ်မျာ မနေ။ မြစ်ရေလျှဉ်နှင့် အတူ စုန်ဆင်းလိုက်၊ လှိုင်းကလေးများပေါ် ခိုစီးလိုက်၊ သော င်ပြင်ထက်ဝယ် ၀ဲပျံလိုက်၊ ကောင်းကင်အမြင့်ရှိ တိမ်တိုက်များ ဆီ ပျံတက်လိုက်နှင့် ။
သနားဖို့ ကောင်းလိုက်တာ
ဖြစ်မှ ဖြစ်ရလေနော်။
လက်ထဲက စာအုပ်ကို ဆုပ်လိုက် ဖြန့်လိုက်။
မျက်လုံးထဲမှာ မျက်ရည်ဟု မဆိုနိုင်သော မျက်ခိုးမျက်ငွေ့တွေ တဝေေ၀။
မမကြီးက အပြောကောင်းမွန်းသည်။
မမကြီးက အဖေမဆုံးခင်ကပင် အိမ်ထောင်ကျခဲ့သည်။ မမကြီးနေသော ရါာက မိစံတို့နေ သော ရွှေကူမြို့မှဆိုလျှင် သုံးမိုင်လောက် ဝေးသည်။ “တောပုန်းရွာ” ဟုခေးသည်။ စစ်ပြီးကာစက အဖေသည် ထိုရွာကို ပုန်းခိုရာအ ဖြစ် ရွေးချယ်ခဲ့သည်။ စစ်ပြီး၍ မြို့ပြန်သော အခါ အဖေ့သမီးကြီးက စစ်ခိုရုံမက ဘ၀တစ်ခုလုံးပါ ခိုကိုးဖို့ အတွက် ထိုရွာမှာ နေရစ်ခဲ့လေသည်။
အဖေမရှိတော့သော အခါ..
မိစံ စိတ်ကောက်တိုင်း မမကြီကိုသတိရသည်။ အမေသည် မိစံကို အလိုလိုက်လေ့မရှိ။ မိစံက အလွန်နွဲ့ချင်သည်။ အိပ်ရာကနိုးလျှင် အမေကိုယ်တိုင်လာချီတာကို အမြဲခံချင်သည်။ ကိုယ့်အောက်မှာ ညီမ တစ်ယောက် ။ မောင် တစ်ယောက် ရှိပြီဆိုာ သိပေမယ့် နွဲ့ချင်တာ ကတော့ နွဲ့ ချင်တာပဲလေ။ နိုးလာသည်နှင့် အမေ့ကို တမ်းတသည်။ အလုပ်အားလျှင် ကြည်သာနေလျှင် အမေ က ချော့မော့ခေါ်ငင်တတ်သော်လည်း အမြဲတစေ အမေက မကြည်သာ။ တစ်ခါတစ်ခါ ကျော ပြင်ကို ဗျောတင်တတ်သည်။ သည်အခါ မိစံ ၀မ်းနည်းနေ၏ ။ မိစံ ဆန္ဒက “လာ လာသမီး” ဟုအချော့ခံချင်သည်လေ။
ခုတော့
မိစံ ငိုတတ်လာသည်။
အခြေအနေကို လက်မခံချင်။
အဖေရှိတုန်း ကတော့ အမေဆူလျှင် အဖေ့ဆီ ပြေးပြီးတိုင်နေကျ။ တစ်ခါတုန်းကများ မိစံ သူငယ်ချင်း စီစီနှင့် ငယ်ငယ်က သန်းတွေ မနိုင်သဖြင့် ခေါင်းတုံးရိတ်ကြရာ မိစံအားကျပြီး ခေါင်းတုံး ချင်သည်ဟု အမေ့ကို ပူဆာသည်။ မိစံဆံပင်က တစ်ထွေးကြိး။ ဆံရစ်ဝိုင်းလှလှကြိး နားမည် ဘူး။ သူမျးတွေ ခေါင်းတုံးတယ် ကိုယ်လည်း တုံးချင်တယ်လေ။
အမေ့ကိုပူဆာသည်။
အမေက ငါးဆိုင်နေဆဲ။
ဆံပင်ခေါင်းတုံးချင်တယ် တုံးပေး”
လီလေးဆွဲပြီး ပြောတော့ အမေစိတ်မရှည်။ လက်ထဲက ဓားမကြီးဖြင့် “ကဲဟယ် ကဲဟယ် ဟု မိစံခေါင်ကိုနှိမ်ကာ လည်ဂုတ်ပေါ် ဓားတင်လိုက်လေသည်”
စပ်ဖျင်းဖျင်း ဖြစ်သွားသည်။
“အောင်မယ် လေး အမေ သတ်တယ်”
ချက်ချင်း ထပြီး ခေါင်းရင်းခန်းမှာ အိပ်နေသည့် အဖေ့ထံပြေးသည်။ မျက်ရည်စက်လက်နှင့် တိုင်သည်။ မိစံဒဏ်ရာ စပ်ဖျင်းဖျင်းကို လက်ဖြင့် စမ်းပြီး အဖေက ပိုက်ဆံတစ်မတ်ပေးသည်။ မိစံပျော်သွားသည်။ ဗျောက်အိုးဖောက်နေကြသော သီတင်းကျွတ်ခါနီး အချိန်မို့ ဗျောက်အိုးပြေး ၀ယ်သည်။ ခါတိုင်း မုန့်ဖိုးတစ်ပဲသာရနေကျ။ ခု လေးပဲကြီးများ ရတာ မို့ ပျော်ဖို့ကောင်းလေစွာ ။
ဗျောက်အိုးက တစ်မတ်ဖိုး ၀ယ်လိုက်သည်။ အဖေကြားလောက်အောင် အဖေအိပ် နေသော ခေါင်းရင်းခန်းနှင့် ကပ်လျက် အိမ်အောက်မှာ ဖောက်လိုက်သည်။ မိစံ ပျော်နေတာ အဖေ သိပါစေ။
သို့သော် အဖေက မိစံပျော်တာကိုအပြစ်မြင်သည်။ အိပ်နေတဲ့ နားလာလုပ်ရလားဟု ခေါ်ပြီး ဆူလေသည်။
သြော် အဖေ ဒူလာ ရောဂါ နှင့် အိပ်ရာထဲလဲနေတာ မိစံ သိမှမသိဘဲ အဖေရယ်။ မိစံက ပျော်လို့ပါ။
အဖေ ဆုံးပြီးသော အခါ…
တိုငစရာ လူမရှိတာ့ပြီ။
မမလေး ကတော့ အလိုလိုက်ပါ၏ ။ သို့သော် မမလေးက မအားတာများ သည်။ တစ်ခါ တစ်ခါ ဘယ်ပျော်နေမှန်းမသိ။
မမကြီးကို လွမ်းလာသည်။
မမကြီးက မိစံအတွက် ဆွယ်တာထိုးပေတတ်သည်။ မီးပုံးပျံအင်္ကျီမှာ အိပ်ပြာလေးများ ပန်းထိုး ပေးတတ်သည်။ မမကြီးက မုန့်လည်း အမျိုးမျိုးလုပ်တတ်၏ ။
အမေဆူသော နေ့များ တွင် သုံးမိုင်ဝေသော မမကြီးရွာသို့ မိစံ တိတ်တိတ်ကလေး ပြေး သွားတတ်ခဲ့သည်။
မမကြီးက ထမင်းကျွေးသည်။ ပုံပြောပြသည်။ မမကြီးဟင်းတွေ က အမြဲစားကောင်း၏ ။ မမကြီးပြောပြသော ပုံပြင်ကလည်း လွမ်းစရာကောင်းသည်။ မမကြီးက သမီးဦးလေး အပြင်းဖျားပြီး သေသွားသော အခါ စောင်စုတ်ကလေးနှင့် ထုပ်ပြီး မြေမြှုပ်လိုက်ပု ပြောပြချိန်၌ မိစံ မျက်ရည်တွေ ကျရင်း နားထောင်ကောင်းခဲ့သည်။
“အို .. မောင်ချစ်တဲ့ နှမရဲ့ မောင်ပြန်လာပြီလေ။ မောင့်ကို ထကြည့်ပါဦးလား”
ဟူသော အလောင်းပိုက်ခန်းပါသည့်ပုံပြင်ဆိုလျှင် မိစံဘယ်လို စွဲလန်းမှန်းမသိ။
“ ကောင်မလေးက သူ့ချစ်သူ ပြန်မာလို့ မျှော်နေတုန်း သူ့ကိုပိုးနေတဲ့ ကောင်လေးက အဲဒီ ချစ်သူ လက်ထပ်သွားပြီလို့ ပြောပြတာနဲ့ တကတည်း သတ်သေလိုက်တာတေ လ ချစ်သူ ကောင် လေးလည်း ပြန်လာရော ဒီမှာ က အလောင်းပြင်ထားပြီး အဲဒိမှာ ငိုတာပေါ့။ အို ..မောင်ချစ်တဲ့ နှ မရဲ့ မောင်ပြန်လာပြီလေ မောင့်ကိုထကြည့်ပါဦးလား”
မမကြီးက ကွက်စိပ်ဆရာထက်ပင် အမူအရာ အသံနေအသံထား ကောင်းသေးသည်။ မိစံ မျက်စိထဲမှာ အလောင်းပိုက်ခန်းကို မြင်လာသည်။ ကောင်မလေးက ဖျားနာပြီး သေသလို ပိန် ညောင်မနေ။ လှလှပပ ပြည့်ပြည့်ဖြိုးဖြိုး။အို.. နှမြောစရာ ကောင်းလေခြင်း၊ သည်လို ချစ်သူ ပြန်လာမယ်မှန်းသိရင် ဘယ်သတ်သေမလဲ။ ငါသာသိရင် ပြေးပြီး ပြောချင်ရဲ့ ။ မသေနဲ့ ပြန်လာမှာ မို့။ ဟိုကောင် ကုန်းတိုက်တဲ့သူ သေပါစေတော် ။
မိစံက လှုပ်ရှားနေသည်။
ဝမ်းနည်းလိုက်၊ အားမလို အားမရ ဖြစ်လိုက်၊ ဒေါသ ဖြစ်လိုက်။
“ဒါနဲ့ မမကြီး သိပ်ပုံပြောတတ်တာပဲနော် အဲလို ဘာလို့ ပြောတတ်တာလဲဟင်”
မမကြီးကို တအံ့တသြ မေး ဖြစ်၏ ။
မမကြီး ရယ်သည်။
“ဘာလို့ ပြောတတ်တာလဲဆိုတော့ မမကြီးက စာဖတ်တာကိုး စာအုပ်တွေ ထဲက အဲဒီ ပုံတွေ ပါတယ်လေ”
“ဟင် ဟုတ်လား”
“အေးပေါ့ အဲဒီ စာအုပ်တွေ ထဲ ဖတ်ရလို့ သိတာပေါ့”
“မိစံလည်း စာဖတ်ချင်တယ်။ တစ်အုပ်လောက် ပေးလိုက်ပါ”
မိစံသည် မမကြီးပြသော စာအုပ်ကို ဖြန့်ကြည့်မိ၏ ။ မျက်နှာဖုံးက ကချင်ပြည်နယ် တောတောင်ရေမြေ နောက်ခံရှုခင်းနှင့် ကချင်ပျိုဖြူလေးပုံ၊ စာအုပ်အမည် က ‘တောနှင့် တောင်စွယ်” ရေး သားသူက “မဟာဆွေ”
မြစ်ပြင်သည် ကြည်လင်လှသည်။
ရေစီးအဟုန်က ငြိမ့်ညောင်းလှ၏ ။
လမ်းလျှောက်ရင်း မောလာသဖြင့် ကမ်းပါးမှာ ခဏရပ်၏ ။ ရပ်ရာမှ ထိုင်ချပြီး ကျောက်စရစ် ခဲတစ်လုံး ကောက်ကာ ရေထဲပစ်ချလိုက်သည်။ ကျောက်စရစ်ခဲကို ရေပြင်ကို ဖောက်ခွဲသော အခါ ဂယက်ငယ်လေးတစ်ခု ဖြစ်ပြီး ဂယက်ငယ်က တဖြည်းဖြည်းနဲ့ ကျယ်၍ ကျယ်၍ သွားကာ ပြေလျော့ ပျောက်ကွယ်သွားတော့သည်။
မိစံ ပျော်နေသည်။
ဂယက်ငယ်ထဲမှာ ဇာတ်လိုက်မင်းသမီးကိုမြင်၏ ။ မင်းသားကိုလည်း မြင်၏ ။ တောတောင် ရေတံခွန်တွေ ကိုလည်း မြင်နေလေသည်။
ပုံပြင်တွေ အများ ကြီး နားထောင်ချင်သည်။ မမကြီးဆီ နေ့တိုင်းမသွားနိုင်။ စာအုပ်တွေ ဘယ်ကရပါ့မလဲ။
မမလေး ပြောပြရကောင်းမလား။
မမလေး ကတော့ “ယုဝတီစာကြည့်တိုက်” မှ စာအုပ်တွေ ယူယူလာတတ်သည်။ သို့သော် မိစံကို တစ်ခါမှ မပေးဖူးပေ။ ပုံလည်း မပြောပြပေ။
ကိစ္စမရှိ။ သူယူလာတုန်း သူမရှိတုန်း ခိုးဖတ်မယ်။
မမလေးယူလာသော စာအုပ်က တစ်မျိုး၊ စိတ်ဝင်စားစရာ ကောင်းလေသည်။
မြို့က လင်မယားနှစ် ယောက် တောကို အလည်လာတုန်း ကိုယ်ဝန်အရင့်အမာ ပါလာသ ဖြင့် တောမှာ ပင် မွေးသည်။ ထိုညမှာ ပင် တောကလက်သည်အဘွားကြီး သမီးကလည်း ကလေး မွေးသည်။ အဘွားကြီးက သူ့မြေးလေး ကောင်းစားစေချင်သဖြင့် ကလေးချင်း လဲထားလိုက် သည်။ သို့နှင့် တောသားလေးက မြို့ကိုပါသွားပြီး မြို့သားလေးက တောမှာ ကျန်ရစ်ခဲ့၏ ။
ကြီးလာသော အခါပြဿနာ တွေ ဖြစ်လာသည်။ မြို့သားလေးကား သနားစရာကောင်းလှ ။သူ့မိဘအရင်းတွေ ချမ်းသာပါလျက် သူ့မှာ ဆင်းရဲရသည်။ အဘွား ဖြစ်သူကလည်း သူ့မြေး မဟုတ် သဖြင့် နှိပ်စက်သည်။
ဘယ်လိုများ ရှေ့ဆက်ဦးမလဲ။
မိစံ မသိရတော့ချေ။
မမလေးက သူ့စာအုပ်ကို စာကြည့်တိုက် ပြန်အပ်လိုက်သော ကြောင့် တည်း။
မိစံခမျာ မြို့သားလေးကို လွမ်း၍ ကျန်ရစ်ရု၏ ။
တောသာလေးကို လွမ်း၍ ကျန်ရစ်ရ၏ ။
ဘာများ ဖြစ်ကြဦးမလဲ။
အဘွားကြီးကများ ပြန်ခေါ်မလား။
သည်နေ့အထိ မိစံ မသိရတော့ပေ။
စာအုပ်အမည် က “ချစ်ခြင်းငယ်ပြိုင်”
စာအုပ်စမှာ “ဗျို့ ဒေါ်ထိုက် ဒေါ်ထိုက်” ဟုရေး ထားသည်။ ညကြီမင်းကြီး လက်သည်လာ ခေါ်ခန်း.
မိစံ စာအုပ်တွေ ကို စွဲလန်းတတ်ခဲ့ပြီ။
တွေ့ ရာမရှောင် ချစ်ခင်တတ်ခဲ့ပြီ။
စာအုပ်သည် မိစံ၏ ကစားဖော်။
စာအုပသ်ည် မိစံ၏ တိုင်ပင်ဖော်။
စာအုပ်သည် မိစံ၏ အိပ်မက်။
စာရေး ဆရာ ဖြစ်ဖို့အတွက် စာကို ချစ်တတ်ခြင်းသည် ပဓာနကျသော ကိစ္စ ဖြစ်၏ ။ မိစံသည် “ရွှေကူမေနှင်း” ဖြစ်လာရန်အတွက် ဘ၀တွင် နှစ် ပေါင်းလပေါင်း ရက်ပေါင်းများ စွာ ဖြင့် ….
အခန်း(၂)
အရင်တုန်းက ကျွန်မတို့ မြို့တွင် စာအုပ်အရောင်းဆိုင် မရှိချေ။ အငှားဆိုင်လည်း မရောက်သေး။ ပြည်တော် သာစာကြည့်တိုက်များ ရှိ၏ ။ သို့ သော် မတည်မြဲချေ။ ခေါင်မိုးက သက်ကယ် ဖြစ်သဖြင့် အမိုးထပ်မလဲနိုင်သော အခါ အခင်းရာ ထရံအကာများ ပါ မြေသို့ ပုံကျခဲ့ကြ သည်။
အထက်တန်းကျောင်းကလည်း တည်ဆောက်ခါစ ဖြစ်၏ ။ ကျောင်းစာကြည့်တိုက် မရှိသေး။ အလွန်ကံကောင်းသည်ဟု ပြောရမည် မှာ ယုဝတီစာကြည့်တိုက် ရှိခဲခြင်း ဖြစ်၏ ။ ကျယ်ကျယ်ပြန်ပြန့် ကား မဟုတ်။ ကျွန်မတို့မြို့တွင် အစိုးရမူလတန်ေးကျာင်းနှင့် မူလတန်းလွန်ကျောင်းများ ရှိစဉ်မှာ ပင် အလွန်ပညာသင်ကျောင်းတစ်ကျောင်းရှိခဲ့၏ ။ ပထမကမ္ဘာစစ်မ ဖြစ်မီကပင် ရှိခဲ့ခြင်း ဖြစ်သည်။
အင်္ဂလိပ်စာချည်းသင်သော ကျောင်း ဖြစ်၏ ။ ဆရာမွတ် ကျောင်းဟု ခေါ်သည်။ ဆရာမွတ်သည် အိန္ဒိယလူမျိုး ဖြစ်၏ ။ ၎င်းတွင် မ၀င်းနီခေါ် သမီးရှိသည်။ အမေက မြန်မာ။ မ၀င်းနီကာဖတ်ဝါသနာပါသည်။ နောင်အခါ “ဗန်းမော်ရွှေစင်”အမည် ဖြင့် ၀တ္ထုရေး မည့် သူ ဖြစ်၏ ။ သူက ၀ါသနာလည်းပါ၊ တတ်လည်းတတ်နိုင်သဖြင့် အဖေ့ကျောင်းတွင် ဆရာမ ကူလုပ်ရင်း စကြည့်တိုက်လေး ဖွင့်ထားခြင်း ဖြစ်၏ ။ သူ့စာကြည့်တိုက်ကို ယုဝတီ စာကြည့်တိုက်” ဟု အမည် ပေးထားသည်။ သူ့ကျောင်းမှာ ကျွန်မတို့ နေထိုင်သော မြို့ကုန်းရပ်ထဲမှာ ပင် ဖစြ်၏ ။ ထိုမ၀င်းနီ၏ ယုဝတီစာကြည့်တိုက်ကြောင့် ကျွန်မ စာဖတ်ခွင့် ရခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်မသည် ယုဝတီစာကြည့်တိုက်သို့ ကိုယ်တိုင်သွားရသည်မဟုတ်ချေ။ ထိုစဉ်က အသက် ၁၂ နှစ် ၊ ၁၃ နှစ် ၊ လူရာမ၀င်သေး။ စာကြည့်တိုက်သို့ ပုံမှန် နေ့စဉ်မပျက်မကွက်သွားသူ မှာ မမလေး ဖြစ်၏ ။ မမကြီးက အိမ်ထောင်ကျပြီး တစ်ခြားရွာမှာ နေသည်။ မမကြီးအောက် မမလေး က အိမ်မှာ အကြီးဆုံးကျန်ရစ်သည်။ အဖေမရှိတောသဖြင့် အမေသည် ဈေးတောင်ထမ်းကာ ၀မ်း စာရှာနေရသည်။ ကျွန်မတို့ မောင်နှမသည် မမလေးနှင့် နေကြရလေသည်။
မမလေးသည် စာဖတ်ဝါသနာကြီး၏ ။ ရုပ်ရှင်စာစောင်များ မပေါ်သေး။ ရွှေကူမှာ ရုပ်ရှင်ရုံ လည်း မရှိသေး။ ပွဲလမ်းရှိမှ ပွဲရှိရာ လျှောက်ကြည့်ရ၏ မမလေးသည် ပွဲဝါသနာအိုးလည်း ဖြစ်၏ ပွဲလမ်းရုပ်ရှင် မရှိသော အခါ စာဖတ်ခြင်းသည် မမလေး၏ အဖော် ဖြစ်ခဲ့၏ ။
ကျွန်မကား မမကြီး အစပျိုးပေးလိုက်သဖြင့် စာအုပ်ကို ကြိုက်တတ်နေပြီ။ ဖတ်စရာစာအုပ် ကား မရှိ။ အိမ် ဘုရားစင်မှာ ဘုရားရှိခိုးအမျိုးမျိုးနှင့် ဗုဒ္ဓ၀င်ပဲရှသည်။ ကျွန်မက မမကြီးပြောပြ သည့် “တောနှင့် တောင်စွယ်” လို ၀တ္ထုမျိုးဖတ်ချင်သူ။
ယခုတွေ့ နေပြီ။မမလေး ငှားလာသော စာအုပ်များ ၊ ခတ်ပုံက မမလေးသည် စာအုပ် ကို လက်ကမချ။ သူထမင်းချက်တုန်း၊ ရေဆိပ်သွားတုန်းလောက်ပဲ စာအုပ်က သူ့ခေါင်းအုံးလောက်မှာ ရှိသည်။ ညနေရောက်သည်နှင့် ယုဝတီစာကြည့်တိုက်မှာ သွားလဲလိုက်တော့၏ ။ သည်တော့ သူ ထမင်းချက်တုန်း၊ ရေချိုးသွားတုန်း သူ့ခေါင်းအုံးဆီ ကျွန်မပြေးရ၏ ။ မမလေးက စာမဖတ်ရဟု တားဆီးသည်တော့မဟုတ်။ သို့သော် ကျွန်မ အလိုလိုနေရင်း ခိုးဖတ်နေမိ၏ ။ မမလေးမြင်လျှင် စာအုပ်ကို လုသွားမှာ စိုးရိမ်နေလေသည်။
ဖောင် ၂၀ ခန့်ထူသော လုံးချငးဝတ္ထုကြီးများ ဖြစ်ရာ ၁၂ နှစ် အရွယ် ကောင်မလေးသည် ခဏ အတွင်း ဘယ်လိုမှ ပြီးအောင်မဖတ်နိုင်ချေ။ သို့သော် စွဲလန်း၏ ။ ပထမဆုံးဖတ်ခဲ့ရသော လုံးချင်း ၀တ္ထုကြီးကို ယခုထိ မြင်ယောင်နေ၏ ။ “၀တ္ထုအမည် က” “ချစ်ချင်းငယ်ပြိုင်” ၀တ္ထု စဖွင့်ဖွင့်ချင်း ပထ မဆုံးအခန်းမှာ “ဗျို့ .. ဒေါ်ထိုက် ဒေါ်ထိုက်….” ဟုတွေ့ ရ၏ ။ ဒေါ်ထိုက်က တောရွာလေးတစ်ရွာမှာ ၀မ်းဆွဲသည်။ ခရိးသွားရင်း မြို့မျ လင်မယားနှစ် ယောက် သည် ရွာကို ရောက်လာသည်။ မိန်းမက မျှော်လင့်ဘဲကလေးမွေးသည်။ ဖြစ်ချင်တော့ ဒေါ်ထိုက်ချွေးမကလည်း ထိုညမှာ ပင် ကလေးမွေး သည်။ ယောက်ျားလေးချည်း ဖြစ်၏ ။ ဒေါ်ထိုက်သည် သူ့မြေးလေးကို ကောင်းစားစေချင်လွန်းသဖြင့် မြို့က ကလေးနှင့် ကလေးချင်းလဲထားလိုက်သည်။
ဇာတ်သည် အတော် လွမ်းစရာကောင်း၏ ။ မြို့သားလေးက ရွာမှာ ကျန်ရစ်၊ ဒေါ်ထိုက်က သူ့သွေးမဟုတ်၍ နှိပ်စက်။ သူ့မြေးက မြို့မှာ သူဌေးသား ဖြစ်နေ၏ ။
သြော် အခုပင်လ၊ျှင် မိမိကိုယ်မိမိ သနားမိ၏ ။ ကျွန်မသည် ထိုဝတ္ထုကို အဆုံးအထိ မဖတ် လိုက်ရပေ။ မမလေး ရေဆိပ်မှ ပြန်လာသံကြား၍ ခေါင်းအုံးအောက် ပြန်ထားခဲ့ရ၏ ။ ထိုညနေမှာ ပင် မမလေးသည် စာအုပ်ကို ယုဝတီစာကြည့်တိုက်သို့ ပြန်အပ်လိုက်လေသည်။ ကျွန်မသည် ဒေါ် ထိုက်ကို မုန်းကာ မြို့သားလေးကို သနား၍ နေခခဲ့၏ လွမ်း၍ နေခဲ့။ ဘယ်လို အဆုံးသတ် သွားပါ လိမ့်ဟု သိချင်နေခဲ့၏ ။ သို့သော် ယနေ့အထိ မသိရပါ။ လူကြီး ဖြစ်လာ၍ စာကြည့်တိုက်မွှေနိုင် သော အခါ “ချစ်ချင်းငယ်ပြိုင်” ကို ရှာမရတော့ချေ။
နောက်တစ်အုပ်လွမ်းရတာ ရှိပါသေးသည်။ ထိုစာအုပ်ကား ယုဝတီဟုတ်မဟုတ်တော့ မသိ။ အိမ်မှာ အကြာကြီးရှိနေသည်။ ခက်ပုံက စာအုပ်သည် အဆုံးမပါချေ။ စာရွက်များ ပြုတ်နေ သဖြင့် “မောင့်ကုလားထိုင်လက်တန်းပေါ် လက်တင်”ဆိုသော နေရာ၌ ပြတ်နေလေ သည်။ စာအုပ်နာမည် က “မောင်တို့ယောက်ျား”၊ ရေး သူမှာ “ခင်မျိုးချစ်” အိမ်ထောင်သည်ဘ၀ ဖြစ်သည်။ ယောက်ျားတွေ ကို စိတ်မချရပါကြောင်းပါသည်။
မိန်းကလေးက သူ့ယောက်ျားအလုပ်သွားလျှင် “မောင်ကလေး ကိုယ့်မိန်းမကျတော့ တိုင် ကပ်နာရီကြီးလို သဘောထားတယ်ပေါ့ ဘယ်အချိန်ပြန်လာလာ အိမ်မှာ ရှိနေတာကိုး၊ သွားလေ ရာမှာ တော့ လက်ပတ်နာရီလေးတွေ ပတ်နေတယ် ဟုတ်လား” ဟု ကျီစယ် သော အခန်း၊ ဘယ်လို သဘောတွေ့ မှန်းမသိ။ ခက်ပုံက ညနေချမ်း လင်မယားနှစ် ယောက် အေးအေးလူလူထိုင်ရင်း ယောက်ျားက ပက်လက်ကုလားထိုင်ပေါ်မှာ မိန်းမက ပက်လက်ကုလားထိုင် လက်တန်းပေါ်မှာ လက်တင်..။ ရှေဆက် ဘာ ဖြစ်ကြပါလိမ့်။ သိချင်လိုက်တာ။ စာအုပ်က အိမ်မှာ အကြာကြီးရှိ။ သို့သော် ဆက်ဖတ်စရာမရှိတော့ချေ။ စိတ်ထဲ မချင့်မရဲ ဖြစ်လွန်းလှသည်။
ထိုအကြောင်းကို ယခုကြီးလာ၍ အခွင့်သင့်ကာ ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် တပည့် ဖြစ်လာသော အခါ မေးကြည့်ပါသည်။
“အဲဒါ ဇာတ်လမ်းက ဘယ်လို ဖြစ်သွားသလဲ ဟင်”
ဒေါ်ခင်မျိုးချစ်သည် မျက်နှာထားကြီးနှင့် ကြည့်ပြီး…
“ဘာတွေေ လျှောက်မေးနေတာလဲ” ဟုပြောပြိး ရှက်သလိုလို မျက်နှာလွှဲပါသည်။ ဦးခင်မောင်လတ်က တဟဲဟဲရယ်ရင်း…. “ဒီကောင်မလေး ခက်ပါနေပါပြီ၊ ကိုတေးရှင်းတွေ များ ထုတ်လို့…” ဟု ရယ်သွမ်းသွေးပါသည်။ သိချင်သည့် အဖြေတော့မ ရပါ။ ငယ်ငယ်က ငယ်စိတ်နှင့် ရေး ခဲ့တာတွေ ပဲ ဖြစ်ပါလိမ့်မည် ။
ကျွန်မကား .. စာဂျပိုး ဖြစ်ခဲ့ပြီ။
စာမမြင်ရလျှင် မနေနိုင်တော့ပြီ။
စာကို ရှာရ၏ ။ စာအုပ်မြင်လျှင်တော့ တွေ့ ရာသင်္ချိုင်း ဓားမဆိုင်းဆိုသကဲ့သို့ အရူးအမူးပါပဲ။
အတန်းထဲမှာ လည်း စာခိုးဖတ်ခဲ့၏ ။ ဆရာက သင်္ချာတွက်ခိုင်းလျှင် ခပ်မြန်မြန်တွက်ပြီး သွားပြလိုက်သည်။ သူမျေား တွေ မပြီးသေး၍ ပိုနေသော အချိန်တွင် ခုံအောက်မှာ စာအုပ်ကိုကွယ် ပြီး ဖတ်ရ၏ ။ မြန်မာစာအချိန်၌ တစ်ယောက် စီထပြီး စာဖတ်ရသည်။ ကိုယ့်အလှည့်အရောက်ခင် သူများ ဖတ်နေတုန်း လိုက်ကြည့်ရ၏ ။ ကျွန်မကား ဖတ်စာအုပ်ကို လိုက်ကြည့်မည့် အစား ခုံအောက် က မဂ္ဂဇင်းကို ကြည့်နေ၏ ။ ဆရာကရိပ်မိသဖြင့် အလှည်ကျော်ပြီး ဖတ်ခိုင်းသော အခါ စာက ဘယ်ရောက်မှန်း မသိတော့ပြီ။ သူခိုးမိပြီ။ အဆူခံရ၏ ။ စာအုပ်အသိမ်းခံရ၏ ။
ကျောင်းမှာ စာကြည့်တိုက်ဖွင့်သော အခါကား စူဠလိပ်ရေထဲလွှတ်သလို စာကြည့်တိုက်မှာ ပင် အချိန်ကုန်တော့၏ ။ အိမ်ကိုငှားမည့် စာအုပ်ယူပြိး မပြန်ခင် ဖတ်နိုင်သမျှကို စာကြည့်ခန်းမှာ ဖတ်၏ ။ စာအုပ်မြင်လျှင် မဖတ်လိုက်ရမှာ စိုးနေခဲ့လေသည်။
အရင်တုန်းက စွဲလန်းခဲ့ရသော မဂ္ဂဇင်းများ မှာ ဒဂုန်မဂ္ဂဇင်းနှင့် ရှုမ၀မဂ္ဂဇင်း ဖြစ်၏ ။ ဒဂုံမဂ္ဂဇင်းထဲတွင် အေ၀မ်းမှ ရုပ်ရှင်ကြော်ငြာများ ကို စွဲလန်းရသည်။ ရုပ်ရှင်ကြော်ငြာများ မှာ မင်သား မင်းသမီးပုံပြင်အပြင် ကဗျာပါ။ ဥပမာ “ကျော်ဆွေ မေသန်း အချစ်စမ်း၊ ရွှင်လန်းစေ သော် ရဲဘော်” ချစ်ရဲဘော် ဇာတ်ကားကြော်ငြာတည်း။
ကိုကိုလေး၏ မှော်ဆရာမှတ်တမ်းကိုလည်း မလွှတ်တမ်း ဖတ်ရသည်။ မြစကြာ၏ မှော် စက်ရှင်စသော ၀တ္ထုတွေ ကိုလည်း ကြိုက်တတ်နေပြီ။ ရှုမ၀မှ သော်တာဆွေ အေးဆွေပေါ်ဦးဝတ္ထု များ ကိုလည်း ကြိုက်ခဲ့၏ ။ တင့်တယ်၏ ။ ချစ်မီးတဏှာ၊ သာဓု၏ နောက်လင်အခန်းဆက်များ ကို လည်း စွဲလန်းခဲ့သည်။
ထို့ပြင် ဦးပု၏ ငါတို့ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ” လုံးချင်းစာအုပ်ကိုလည်း ဖတ်ခွင့်ရ ခဲံ၏ ။ စုံထောက်မောင်စံရှားကို နှစ် သင်ခဲ့၏ ။ “အမ်ကြာရိုး” ကိုကား နားမလည် “အင်မက ကြာရိုး” ဟု အသံထွက်ပြီး အဓိပ္ပာယ်မပေါက်ချေ။
လုံးချင်းဝတ္ထုများ ကိုကား ကျောင်းစာကြည့်တိုက်၌ သိပ်မထားပေ။ ထို့ကြောင့် လုံးချင်းဝတ္ထု ကိုအချင်းချင်း စနည်းနာပြီး ငှားကြရသည်။ ကျွန်မအား စာရေး ဆရာဘ၀ကိုရောက်အောင် တစ်ရှိန် ထိုး တွန်းပို့လိုက်သော စာအုပ်ရှိ၏ ။ ထိုစာအုပ်ကား “မိုးအောက်မြေပြင်” တည်း။ စာရေး ဆရာမှာ မင်းအောင်၊ ၁၉၄၈ ခုနှစ် စာပေဗိမာန်ဆု ရသည်။ မြန်မာပြည်၌ ပထမဆုံး ဆုရသော စာအုပ် တည်း။
ထိုစာအုပ်ကို ဖတ်ခွင့်ရခဲ့ခြင်းအတွက် စာရေး ဆရာမင်းအောင် (မကြာမီက ကွယ်လွန်) ကိုလည်းကောင်း၊ စာအုပ်ငှားပေးသူကိုလည်းကောင်း ကျေးဇူးတင်နေပါသည်။ ထိုစာအုပ်ထဲတွင် ဆင်းရဲသော မောင်နှမသုံးယောက် အကြောင်း သရုပ်ဖော်ထား၏ ။ ဆင်းရဲလွန်း၍ လက်ပံခေါင်း ချဉ်ရေနှင့် ထမင်းစားကြပုံကို သနား၏ ။ ကိုယ်ချင်းစာ၏ ကျွန်မတို့ မောင်နှမတစ်တွေ လည်း ဆင်းရဲ နေသဖြင့် စာနာတတ်လေပြီ။
အမေသည် နေ့ဘက်တွင် မုန့်လုပ်၍ ရောင်းရ၏ ။ ထိုနေ့က နေပူသည်။ အမေက ခေါင်းမူး၍ ဈေးရောင်းသွားပေးဖို့ ကျွန်မကိုခိုင်းသည်။ ကျွန်မက ငြင်းသည်။ အမေက ဘာမျှ မပြော။ ကောက် ညှင်းထုပ်များ ထည့်ထားသော ဈေးဗန်းကိုကိုင်ကာ ထွက်သွား၏ ။ နေပူထဲ၌ “ကဲ ကောက်ညှင်း ပေါင်းထုပ်” ဟုအော်လိုက်သော အမေ့အသံသည် ကျွန်မရင်ကို ထိခိုက်စေခဲ့၏ ။ ကျွန်မငို သည်။ အဖေ့ကို လွမ်းသည်။ အမေ့ကို သနားသည်။ တို့မောင်နှမတွေ လည်း နှင်းဥတို့လိုပဲဟုတွေး သည်။ ချက်ချင်း ပင် ခဲတံလေးယူကာ ဗာလာစာအုပ်အဟောင်းထဲ၌ ကျွန်မတို့ဘ၀ကို ရေး ချခဲ့လေသည်။ ကျွန်မ၏ ပ ထမဆုံးဝတ္ထုအပိုင်းအစလေးပင်တည်း။
![]() အိုဘယ့်...ပုဂံ | ![]() ငါတို့ခေတ်က တက္ကသိုလ် | ![]() မကြောက်တမ်း မရွံ့တမ်း |