
ပုဂံ ခရေဇီ
Crazy… ဆိုသော စကား ခေတ်စားလာသည်။ အရူးအမူး ဖြစ်သည်။ အရူးအမူးချစ်သည်၊ အရူးအမူး စွဲလန်းသည်ဟု အဓိပ္ပာယ်ရသည်ဟု ထင်ပါ၏ ။ ခရေဇီကို အလဲလဲအဖယ်ဖယ် သုံးစွဲနေကြသည် ဖြစ်ရာ အဆိုပါ “ခရေဇီ” ဟူသော အင်္ဂလိပ်ဝေါဟာရသည် မော်တော် ကား၊ ရှပ်အင်္ကျီ၊ တယ်လီဖုန်း စသော ဝေါဟာရများ ကဲ့သို့ မြန်မာစကားလုံးပင် ဖြစ်လုလု ဖြစ်နေပြီဟု ဆိုနိုင်ပေသည်။ ကျွန်မသည်လည်း “ပုဂံ” ကို အရူးအမူး မြတ်နိုးသည် ဖြစ်သော ကြောင့် “ပုဂံခရေဇီ” ဟု ဆိုလိုက်ရပါတော့သည်။
“ပုဂံကို ရောက်ဖူးပါသလား” ဟု သံတမန်တစ်ဦးကို ကျွန်မမေးဖူး၏ ။ သူက ပြုံးလျက် “Several Times” ဟု ဖြေပါသည်။ အကြိမ်အတော် များများ ရှိပြီဟု ဆိုခြင်း ဖြစ်၏ ။ နိုင်ငံခြားသားတစ်ဦးက ပုဂံကို အကြိမ်အတော် များများ ရောက်ခဲ့ပြီး ဖြစ်သော်လည်း၊ ပုဂံခရေဇီဟု မိမိကိုယ်ကိ သတ်မှတ်ထားသော ကျွန်မကား သူ့လို “အကြိမ်အတော် များများ ” မရှိသေးပါ။ လက်ချိုးရေတွက်လျှင် လက်ဆယ်ချောင်းမပြည့်သေး။
ပုဂံရောက်ခဲ့သော အကြိမ်များ ကမူ တစ်ကြိမ်နှင့် တစ်ကြိမ်မတူသလို၊ အတူသွားရသော ခရီးဖော်များ လည်း ကွဲပြားသည်။ အသက်အရွယ်ကလည်း ကွာခြားသည်။ ထိုအခါ အတွေးအမြင်များ ကွာခြားခဲ့ခြင်းမှာ မဆန်ပေ။ ပုဂံနှင့် ပတ်သက်၍ ကျွန်မတွင် ‘အတွေး’ များ စွာ ရှိနေခဲ့သည်။ ပုဂံဆိုသည်မှာ ဆိုပြီးအနက်အဓိပ္ပါယ်တွေ များ စွာ ဖွင့်နေခဲ့သည်။ အိုဘယ့်… ချစ်သော ပုဂံဆိုပြီး မြတ်နိုးမှု တွေ များ စွာ သို့မှီးနေခဲ့သည်။ မည် သူတွေ မည် သို့ ရေး သားကြပါစေ၊ ကျွန်မသည် ထိုသူများ နှင့် ကွဲပြားစွာ ပုဂံကို ရေး ဖွဲ့ချင်နေခဲ့သည်။ ပုဂံကို ရေး ဖွဲ့လိုစိတ်သည် ကျွန်မနှလုံးသား၌ အမြစ်တွယ်နေခဲ့တာ ကြာပြီ။
ကျွန်မအိမ်ဧည့်ခန်း၌ အချို့လူများ ကဲ့သို့ ဓာတ်ပုံများ ချိတ်ဆွဲထားသော အလေ့အထမရှိပေ။ အိမ်သူအိမ်သားများ ၏ ဓာတ်ပုံများ သည် ဧည့်သည်များ အားစိတ်အနှောင့် အယှက် ဖြစ်စေသည် ဟူသော အဆိုတစ်ခုကို ခပ်ငယ်ငယ်ကပင် ကျွန်မဖတ်ဖူးခဲ့၏ ။ သို့သော် ခြွင်းချက်တစ်ခုကား ရှိနေသည်။ ထိုခြွင်းချက်မှာ ကျွန်မ အခန်းတွင်း ဓာတ်ပုံဆိုင်က အကြီးဆုံးအရွယ်ကူးပေးနိုင်သော 10”x20” အရွယ်… ပုဂံရှု့ခင်းပုံ ရှိနေခြင်းပါပဲ။
ဓာတ်ပုံအရောင် က စိမ်းမလိုနှင့် မှိုင်းညို့နေသည်။ ဓာတ်ပုံ၏ ဘယ်ဘက်ခြမ်းတွင် “ပုဂံ” ဟု ပြောစရာမလိုဘဲ သိသာနိုင်သော တိုက်ခံဂူကျောင်းနှစ် ဆူရှိ၏ ။ ထိုဘုရားများ အနီးမှာ က အညာ၏ ပြယုဂ် ဖြစ်သော ဆူးခြုံလေးများ ရှိနေသည်။ ညာဘက်ခြမ်းမှာ ကျတော့ ‘စေလှဝန်းဘုရား’ ပုံ ရှိနေသည်။ ဤ စေတီပတ်ဝန်းကျင်မှာ လည်း အညာခြုံတောလေးက တာဝန်ကျေစွာ ပြန့်ကြဲလို့။ ဤဘုရားများ အလယ်မှာ က ခပ်ဝေးဝေးမှ ကွေ့ဆင်းလာသော ‘လှည်းလမ်းကြောင်း’ ဖွေးဖွေးလေးရှိ၏ ။ လှည်းလမ်းကြောင်း၏ ညာဘက်မှာ က အညာ၏ သရဖူ ဖြစ်သော “ထနောင်းပင်ပျို” ပါ။ ထနောင်းက ထနောင်းပီသစွာ နွဲ့နွဲ့လေးရပ်နေလေသည်။ ခပ်ဝေးဝေး နောက်ခံအရိပ်များ က တိမ်ဆိုင်တွေ လိုလို၊ ဘုရားတွေ လိုလို၊ မြူထဲမှာ ဝေ့၀ိုက်ပြီး မျောနေကြ၏ ။ အဲလှည်းလမ်းကြောင်းပေါ်မှာ ကတော့ ဤစာရေး သူပုဂံခရေဇီပုံပါ။
သူက လမ်းလျှောက်လာပုံပေါ့။ ဓာတ်ပုံအရိုက်ခံစဉ်ကပင် Still ရုပ်ငြိမ်ပုံ မဟုတ်ချေ။ လမ်းလျှောက်လာမယ့် ရှေ့ကနေ သင့်သလို ရိုက်ပေးပါဟု ဓာတ်ပုံဆရာကို ညွှန်ခဲ့သည်။ ပုဂံ၏ လွမ်းဖွယ်လှည်းလမ်းကြောင်းပေါ်မှာ ကိုယ် တစ်ယောက် တည်း လျှောက်လှမ်းနေတာဟု ကဗျာဆန်ဆန် အဓိပ္ပာယ်ဖွင့်ခဲ့သေး။ ရေကူးပြီးခါစမို့ ဆံပင်တိုတိုကို ဖြန့်ချထားပြီး အပေါ်က အနွေးထည်လက်ရှည် အနက်ရောင် ။ လုံခြည်က အနက်နှင့် အဖြူစပ်ကြား၊ ဓာတ်ပုံထဲမှာ မှေးမှိန်မှိန်နှင့် အလွမ်းဖက်နွယ်နေပြီ။
ဒါကိုနောက်တတ်သော ဂျာနယ်လစ် မိတ်ဆွေ တစ်ယောက် က လုံးချင်းမျက်နှာဖုံးလုပ်ဖို့ကောင်းတယ်၊ လုံးချင်းရေး သူက မြစကြာ ဟု ရွှတ်နောက်နောက် ပြောခဲ့ဖူးသေးသည်။ သူပြောသည်မှာ လည်း သဘာဝကျပါပေသည်။ ရှေးဟောင်းဘုရားများ အနီးဆံကေသာ ဖါးလျားနှင့် မိန်းမ တစ်ယောက် ဆိုတော့ မြစကြာ၏ ဇာတ်လိုက်မင်းသမီး ဥစ္စာစောင့်ပေါ့။
သည်ဓာတ်ပုံကို ချိတ်ထားသူ ကျွန်မသည် တစ်နေ့လျှင် ဘယ်နှစ် ကြိမ်မှန်းမသိ၊ ပုဂံဘုရားများ ကို လက်အုပ်ချီခဲ့၏ ။ အိမ်သို့ ရောက်လာသော ဧည့်သည်များ ကလည်း ဤပုံနှင့် ပတ်သက်ပြီး ကြည်နူးစိတ်ဝင်စားကြသူချည်း ဖြစ်ပါသည်။ ပုဂံသည် ပုဂ္ဂလိက ပစ္စည်းမဟုတ်တော့။ ပုဂံကား အများ ဆိုင်ပစ္စည်း ဖြစ်ခဲပြီတည်း။
ပုဂံသို့ ပထမဆုံး အကြိမ်ရောက်ခဲ့သော နှစ် မှာ ၁၉၆၀ ပြည့်နှစ် ဖြစ်ကြောင်း ကျွန်မ မှတ်မိသည်။ နွေရာသီ ကျောင်းပိတ်၍ မိဘရပ်ထံ ပြန်ကြသော အခါ ဆန်းဆန်းပြားပြားအ ဖြစ်၊ ရန်ကုန်မှ မန္တလေးသို့ ဧရာဝတီမြစ်ကြောင်း “မင်းသမီး” သင်္ဘောကြီးနှင့် ပြန်ရင်း၊ ပုဂံကို လမ်းကြုံ၍ ဖူးခဲ့ရခြင်းပါ။ ချစ်သူနှင့်အတူ သင်္ဘောကုန်းပတ်တွင် အခြားခရီးသည်များ နှင့် ရောနှောစီးရင်း ဘ၀ကို ဆန်ကြည့်ခဲ့စဉ် ဟုဆိုရမည် လားမသိ။ သင်္ဘောက ဆိပ်ကမ်းမြို့များ ၌ ဆိုက်ကပ်တိုင်း၊ ပြေးပြေးလွှားလွှား ခြေချကြည့်ခဲ့တာ ရူးနှမ်းခြင်းတစ်မျိုးဟု ယခုအခါ ပြန်သုံးသပ်မိ၏ ။ ဟိုတုန်း ကတော့ ဘာရယ်မဟုတ်။ ခြေဆန့်တာပါပဲ။
ညောင်ဦးနားရောက်သော အခါ ဗူးဘုရားဆိုတာကို ဘွားခနဲ အနီးကပ်မြင်ကြရသည်။ ညောင်ဦးမှာ သင်္ဘောကပ်မယ်၊ ဘုရားတွေ သွားဖူးလို့ရတယ်၊ အချိန် ၃-နာရီပေးမယ် ဟု ပြောသံကြားရသည်။ မြင်းလှည်းလေးတွေ နဲ့ တဲ့၊ အသွားအပြန် ၃-ကျပ်တဲ့။ နှစ် ယောက် သား အထူးတိုင်ပင်စရာမလိုပဲ ငွေ ၆-ကျပ်ပေးကာ မြင်းလှည်းလေးနှင့် သွားခဲ့ကြသည်။ အဲဒါ ပုဂံအစ ရွှေစည်းခုံ၊ ဟိုမှာ ထီးလိုမင်းလို အဲဒါက အာနန္ဒာ ဟိုမှာ က သဗ္ဗညု စသဖြင့် ကြီးကြီးမားမား ဘုရားများ ကို လိုက်လံပို့ဆောင်ပေးပါသည်။ မြင်းလှည်းဆရာပြောသမျှ မှတ်သားရပါသည်။
တပေါင်းလ၏ မြူခြည်များ ထဲတွင် ပျက်စီးယိုယွင်းနေသော အုတ်ပုံနီနီများ နှင့် ဘုရားငုတ်တိုများ က ပုဂံ၏ သမိုင်းကို ကြေကွဲစွာ ပြောပြခဲ့ကြ၏ ။ အသက် ၂၀ မပြည့်သေးသော ကျောင်းသူ တစ်ယောက် ၏ နှလုံးသားများ တွင် ထိုမြင်ကွင်းနှင့် ထိုအသံများ စတင်စွဲထင်ခဲ့သည်ကို သူကိုယ်တိုင် မရိပ်မိခဲ့။ ယခုအခါထိ မမေ့နိုင်တော့မှ အဲ့သည်ပုံရိပ် မည် မျှအားကောင်းမှန်း သိရှိလာရလေသည်။
ဒုတိယခေါက်က အမေနှင့် အတူ သွားခဲ့ရခြင်း ဖြစ်သည်။ ၁၉၆၄-နွေရာသီ။ ထိုနှစ် များ တွင် ကျွန်မသည် လေလွင့်ချင်တိုင်း လေလွင့်ခဲ့၏ ။ စိတ်တေလေကို နွေလထဲမှာ မျှောချရင်း တစ်ပြည်လုံးရှိ သူငယ်ချင်းများ ထံ လျှောက်လည်နေခဲ့သည်။ နှလုံးသားကွဲအက်ခြင်းကို နေရာအနှံ့ရွေလျားခြင်းဖြင့် ကုစားနေခဲ့ခြင်းဟု အတိုချုပ်ပြော၍ ရပါသည်။ ဤခရီးဆုံးခါနီး အိမ်အပြန် မန္တလေးရောက်သော အခါ မန္တလေး၌ တည်းခိုနေကျ “ရွှေကူရိပ်သာ” ၌ အမေရောက်နေသည်ကို မြင်ရ၏ ။ အမေ့ကိစ္စလည်း ပြီးနေပြီတဲ့၊ ကျွန်မသည် အမေ့ကို ပြေးဖက်ရင်း အမေ့ကို ပုဂံဘုရားဖူး ပို့ပေးမယ်ဟု ပြောလိုက်သည်။ အမေက သူ့သမီးကို နားလည်စွာ ပြုံးကြည့်နေပါသည်။
အမေ့ကို ပုဂံဘုရားဖူး ပို့ပေးမယ်ဟု ပြောသော ကျွန်မတွင် ငွေကြေးအပိုတစ်ပြားမှ မရှိပါ။ မန္တလေးမှ ရွှေကူ၊ ဗန်းမော်သို့ သင်္ဘောခပဲ ကျန်သည်။ သို့သော် ကျွန်မကား မိမိကိုယ်မိမိ “ရွေ ဖြစ်ငွေ ဖြစ်တတ်သူ” ဟု ရယ်မောပြောတတ်သူ ဖြစ်၏ ။ မန္တလေးဈေးချိုထဲမှာ ရွှေကူမှ ရွှေကုန်သည် မမမြဆိုင်ရှိသည်။ ကျွန်မသည် မမမြဆိုင်ပြေးကာ လက်ကောက်တစ်ဖက် ဖြုတ်ပေးပြီး (ဘယ်ရွေ့ ဘယ်မျှဟု မမှတ်မိ) အပေါင်ဖြင့် ပိုက်ဆံယူခဲ့၏ ။
နောင် လူကြုံကောင်းမှ ရွေးမယ်လို့ ပြောလိုက်သည်။ ဒေါ်လေး ဒေါ်တင်တင် အပြန်မှာ ထင်ပါရဲ့ ကျွန်မငွေပို့လိုက်သော အခါလက်ကောက်ကို ပြန်ယူလာပေးတာ မှတ်မိသည်။ ဤနည်းဖြင့် ကျွန်မသည် အမေ့ကို ပုဂံသို့ ပိုခဲ့ပါသည်။ ပုဂံသို မန္တလေးမှ ကားဖြင့် တောက်လျှောက်မရပါ။ ကျောက်ပန်းတောင်းကားကို သားအမိနှစ် ယောက် စီးကြသည်။ သစ်သားဘော်ဒီကားပါ။ အင်ဂျင်မကောင်း၍ တအိအိနှင့် မောင်းရှာသည်။ ညသန်းခေါင် ဘယ်အနားမှန်းမသိ၊ ကားဆိုက်ပြီး လက်ဖက်ရည်သောက်ြ ကတော့ ကျွန်မက နို့သောက်ချင်တာ။ ရပါတယ်ဆိုပြီး နို့ဆီဖျော်ပေးသော အခါ အနံ့မခံနိုင်၍ အန်ချခဲ့တာကို ခုထိ မှတ်မိနေသည်။
ပုပ္ပါးကို အရင်သွားခဲ့၏ ။ အမေပျော်နေပုံမှာ အဲ့မခန်းပါပဲ။ အမေလေ မယ်ယက္ခ သားနှစ် ပါး မွေးတဲ့နေရာရောက်တော့ အမောမရှိတော့ဘူးဟု ၀မ်းသာအားရ ပြောရှာသည်။ ပုပ္ပါးက ပုဂံကို သည်လိုပဲ လိုင်းကားနှင့် သွားခဲ့သည်။ ဘယ်ဟိုတယ်မှာ မှ တည်းရကောင်းမှန် မသိပါ။ ကျောက်ပန်းတောင်း ပြန်အိပ်သည်။ ကားဂိတ်မှာ ပါ။ အဲသည်ကားဂိတ်မှာ ကျွန်မစောင်ကို လာလှပ်သော လူ တစ်ယောက် ကြာင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်မှာ ယနေ့ထိပါပဲ။ မည် သို့ပင် ဖြစ်ပါစေ။ ကျွန်မ၏ ပုဂံ ဒုတိယခေါက်သည် အမေတစ်ခါမျှ စိတ်မကူးဖူးသော ပုဂံဘုရားဖူး ပို့ပေးခဲ့ရခြင်း ဖြစ်၍ တွေးမိတိုင်း ကုသိုလ် ဖြစ်နေသည်ဟု ကျွန်မယုံကြည်ပါသည်။
တတိယအခေါက်-
သည်အခေါက်ကိုတော့ ဆရာသမား၊ သူငယ်ချင်း၊ အပေါင်းအသင်းစုံစုံအပြင် မိသားစုနှင့် ပါ တစ်စုတစ်ဝေး ပျော်ပျော်ပါးပါးကြီးဖြင့် သွားခဲ့ရခြင်း ဖြစ်သည်။ အထက်တန်းပြ ဆရာမ လုပ်ခဲ့စဉ်က ကျွန်မတို့ သူငယ်ချင်းများ သည် နွေရာသီတိုင်း လခတစ်လခကို ပိုက်လျှက် မြန်မာနိုင်ငံအနှံ့ ခြေဆန့်လေ့ရှိကြပါသည်။ ပိုက်ဆံမလောက်လျှင် ရောက်သည့်နေရာမှ အိမ်ကို ကြေးနန်းရိုက်၊ ငွေပို့ခိုင်း၊ ဒါတောင် အိမ်ရှေ့ပြန်အရောက် မြင်းလှည်းခကို အိမ်ကလူများ စိုက်ပေးကြရတာ ပျော်စရာကြီးပါပဲ။
ထိုနှစ် က ကျွန်မတို့ ဗန်းမော် အ.ထ.က (၁) ဆရာ၊ ဆရာမ များ သူငယ်ချင်းများ စုပြီး ရှမ်းပြည်နယ် တောင်ကြီးတက်ကြသည်။ ညောင်ရွှေမှာ က ကျွန်မတို့ ဆရာ၏ အစ်ကို တပ်ရင်းမှုး ဖြစ်ရာ အင်းလေးတစ်ခွင် ပြဲပြဲစင်သည့်အပြင် တပ်ကကားနှင့် ပုဂံသွားကြတဲ့။ ဤတွင် ကျွန်မအစ်မ၊ မောင်လေးနှင့် သားလေးက မန္တလေးညီမ အိမ်မှာ ကျန်ရစ်နေသည်ကို ဖုန်းဖြင့်လှမ်းချိန်းသည်။
ဘယ်နေ့ဘယ်ရက် ပြည်ကူးတို့စီးခဲ့ ညောင်ဦးမှာ ကြိုမည် ပေါ့။ လုံးဝ မလွဲပါ။ နာရီအတိအကျ တွေ့ ဆုံနိုင်ခဲ့ကြသည်။ အားလုံးပေါင်းမိသော အခါ တီအီးအလဲဗင်းကားကြီးဖြင့် တဟေးဟေး တဟားဟား ပျော်လိုက်ကြ၊ ရယ်လိုက်ကြ၊ စိတ်ညစ်စရာဗလာ၊ ငွေမခြွေတာရ။ ဆရာက သမိုင်းမှတ်စုတွေ ပေးသည်ကို (ဤအခေါက်တွင် မှ) မှတ်ရသည်။ ပုဂံဆိုတာ အမျိုးသား လက္ခဏာဟု ဆရာသင်ပေးခဲ့ပါသည်။
စတုတ္ထအခေါက်-
စတုတ္ထအကြိမ် သွားခဲ့ရသော အခေါက်ကလည်း အမှတ်တရပါပဲဟု ဆိုရမည် ။ ထိုအချိန်မှာ ကျွန်မသည် ဘ၀အမောထဲ၌ လက်ပမ်းကျနေသည်။ ကျွန်မ တစ်ယောက် တည်း၏ လစာနှင့် သား တစ်ယောက် အပြင် ၀င်ငွေမမှန်သော ခင်ပွန်းကို မငြိုငြင် ဖြစ်အောင် မနည်းတောင့်ထားရသော အချိန် ဖြစ်၏ ။ ဂီတတစ်ခုတည်း ဖြင့် သာငွေရှာမည် ဟုပြောပြီး တကယ်တမ်း အငတ်မခံနိုင် သော အခါ သူသည် ဗလာဆိုင်းတစ်ခု၌ ဆိုင်းအဆိုတော် လုပ်ရလေသည်။ ကျွန်မကား မပြောသာ၍ မျိုချထားရသော စကားများ ဖြင့် အိမ်မက်ဆိုးများ ကိုသာ မြင်မက်နေခဲ့ရ၏ ။ ဤဘ၀မျိုးထဲကမှ ကျွန်မသည် ပုဂံသို့ တစ်ခေါက်ရောက်ခဲ့ခြင်း ဖြစ်သည်။
သူတို့ ဆိုင်းကို ကျောက်ပန်းတောင်းက ငှားလို့ဟု ပြောလာသော အခါ ကျွန်မအိမ်မက်မှ လန့်နိုးခဲ့၏ ။ လိုက်ချင်တယ်ဟု ပြောခဲ့၏ ။ အဖော်ခေါ်ခွင့်ရသဖြင့် ပြဿနာမရှိ။ ဆိုင်းအဖွဲ့၏ သွားလာစားစရိတ်ဖြင့် လိုက်ရမည် ဆိုခြင်းသည် ရခဲသော ဘုရားဖူးခွင့် ဖြစ်သည်။ ကိုယ့်ဘာသာဆိုရင်ဖြင့် အနီးက ရွှေတိဂုံကိုပင် တစ်လတစ်ခါ မသွားနိုင်သော အခြေအနေကိုး။
ကားကြီးက ဆိုင်းကား (ကုန်တင်ကားကြီး) ဖြစ်၏ ။ ဆိုင်းသေတ္တာတွေ ပေါ်က ထိုင်စီးရမည် ဆိုတော့ ဘယ်လိုမှ ၀မ်းမနည်းပါ။ ခပ်ပျော်ပျော်ပါပဲ။ သို့သော် လူတွေ စုံပြီ ဆိုသော အခါ ဒူးကို ကွေးပြီးထိုင်ရသည်။ ဒူးခေါင်းမဆန့်သာပေ။ ဤအနေအထားသည် နှစ် နာရီ၊ သုံးနာရီဆိုလျှင် မထောင်းတာပါ ခုတော့ မိုင်ပေါင်း ၄၀၀ ကျော် နာရီပေါင်း ၂၀ ခန့်။
ညဉ့်နက်လာလေ ဒူးထဲက တဆစ်ဆစ်နှင့် ကိုက်လာလေ။ သူတို့ကိုလှမ်းကြည့်တော့ လူရွှင်တော် တွေ နှင့် တ၀ါးဝါး။ အစ်မ ဟိုဘက်နည်းနည်း တိုးပေးပါဟု အပြောခံရသော အခါ ကျွန်မ ငိုချလိုက်လေသည်။ ဒါကို သူသိသော အခါ စိတ်မကောင်း၊ လက်မကောင်းနှင့် ချော့မည် မထင်ပါနှင့် ။ ကလေးဆန်လိုက်တာ လူကြားထဲ ရှက်စရာဟု အပြစ်တင်တော့သည်။
ထိုစတုတ္ထခေါက် ပုဂံခရီးသည် ဤကဲ့သို့ ကြေကွဲဖွယ်တည်း။ ကျောက်ပန်းတောင်းမှ မြောက်ဘက်သို့ ၁၀- မိုင်နီးပါး မောင်းပြီးမှ ပွဲငှားသော ရွာသို့ ရောက်သည်။ ရွာရောက်တော့ ပျော်စရာကောင်းပါသည်။ အဖွဲ့အတွက် ပေးထားသော မဏ္ဍပ်က ကျယ်ကျယ်ဝန်းဝန်း။ ရေရှားပေမယ့် စိတ်တိုင်းကျ ချိုးရ၏ ။ ပွဲကဒီည မတီးရသေး၊ မနက်ဖြန်မှဟု သိရသည်။ သည်အခါ ညစာစားရင်း နှစ် ယောက် သား စိတ်ကူးပေါ်သည်။ ဒီရွာကနေ ပုဂံကို ၁၅ မိုင်ပဲလိုတော့တယ်။ လိုင်းကားတွေ ပေါတယ်၊ ကားခက ၅ ကျပ်ပဲတဲ့၊ ပုဂံမှာ သွားအိပ်ရအောင် မနက်လျှောက်လည်၊ ညနေပွဲအမီပြန်တာပေါ့။
စိတ်ကူးကို အကောင်အထည်ပေါ်စေသည်မှာ ဆိုင်းဆရာကြီး ဆီ ကြိုတင်ငွေတောင်း၍ ရခဲ့ခြင်းပါပဲ။ ၁၀၀ကျပ် ဟု ကောင်းကောင်းမှတ်မိသည်။ ဤ ငွေ၁၀၀ကျပ်ဖြင့် လင်မယား နှစ် ယောက် ပုဂံဘုရားဖူးသွား ကြမည် ။ အပျော်မျက်နှာများ ဖြင့် ကားလမ်းမမှာ ကားစောင့်သော အခါ လွယ်လွယ်နှင့် ပင် ဟိုင်းလက်ကား ရပါသည်။ ထိုင်စရာနေရာပေါပါသည်။ ကားခမှာ ကြားခဲ့အတိုင်း ၅ ကျပ်၊ နှစ် ယောက် ဆိုတော့ ၁၀ ကျပ်။ ကျန်ငွေ ၉၀ ကျပ်ကို ယောကျာ်းရဲ့ တိုက်ပုံ အိပ်ကပ်မှာ ထည့်ပြီး ခပ်အေးအေး ပုဂံရောက်သွားသည်။ အိတ်တွေ ဘာတွေ မပါချေ။ “ဧရာ” သမ၀ါယမ တည်းခိုခန်းမှာ တည်းကြ၏ ။ ၈ ကျပ်လား၊ ၁၀ ကျပ်လား အဲသလောက်ပါပဲ။ ညစာကို ခပ်ပေါပေါဆိုင်မှာ အ၀စားသည်။ မနက်ပိုင်း မုန့်ဟင်းခါးစားသည်။ နေ့လည်ထမင်းစားသည်။ စက်ဘီးအငှားဆိုင်မှ စက်ဘီးနှစ် စီးငှားပြီး တစ်ယောက် တစ်စီးဖြင့် လျှောက်သွားကြသည်။ ဓာတ်ပုံတစ်ပုံရိုက်လျှင် ၁၀ကျပ်မို့ ဗူးဘုရားမှာ တစ်ပုံ၊ သဗ္ဗညုအပေါ်ထပ်မှာ တစ်ပုံ၊ နှစ် ယောက် တွဲ ရိုက်ခဲ့သေးသည်။ အဲဒါ စတုတ္ထခေါက်ပါ။
ပဉ္စမအခေါက်-
သည်တစ်ကြိမ်ကလညး မေ့ရက်စရာမရှိပါ။
စတုတ္ထနှင့် ပဉ္စမတို့အကြား၊ ဘ၀သည် တစ်စစီ ဖြစ်ခဲ့၏ ။ ထမင်းတစ်နပ် တည်းစားကာ ယုံကြည်ရာကို နှစ် ပေါင်း၊ လပေါင်းများ စွာ လုပ်ရင်း တောအနှံ့ ခြေဆန့်ခဲ့ဖူးသည်။ ဘ၀တက္ကသိုလ်သို့ သွားရောက်နေထိုင်ကာ မဟာဝိဇ္ဇာတန်း အထိ ပညာသင်ခဲ့ရသေးသည်။ ပြန်လာတော့ လက်ချည်းဗလာ။ သို့သော် အတိတ်ကံက ကောင်းသည် ထင်ပါ၏ ။ ၀ိုင်းဝန်းမစသူများ ကြောင့် ဆလွန်းကား ၀ယ်စီးနိုင်သည် အထိငွေကြေး ပိုလျှံခဲ့လေသည်။ ဒါဟာ ဘ၀လား။
ထိုသို့ ငွေကြေးပိုလျှံချိန်တွင် ဆင်းရဲဖော်ဆင်းရဲဖက် လက်တွဲ ဖော်သည် ကျွန်မလက်ကို တစ်ဖက်ကဆုပ်ရင်း၊ တစ်ဖက်မှာ ခင်တွယ်စရာရှာခဲ့သည်။ မခံနိုင်လွန်း၍ တိုက်ပွဲပေါင်း များ စွာ တိုက်ခဲ့ရ၏ ။ ယောက္ခမများ သည် သူတို့ ချွေးမကို ချစ်ခင်ရင်းနှီးစွာ ဖြင့် ဖေးကူခဲ့၏ ။ ဤမှာ တင် ကျေးဇူးဆပ်လိုစိတ်ဖြင့် ယောက္ခမနှစ် ဦးကို ပုဂံဘုရားဖူး ပို့ပေးခြင်းတည်း။
သူသားပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ပင်ရင်းစေတနာအရာ ပို့ပေးရန် ဆုံးဖြတ်ခဲ့၏ ။ ယောက္ခမများ က ပြော၍ မဆုံး ဖြစ်သွားခဲ့သည်။ သူတို့သားသမီး ၈ယောက် က သည်လို စိတ်ကူးမျိုး ဘယ်သူမျှ မရှိခဲ့ဘဲကိုး။ဤအချိန်တွင် ကျွန်မသည် “ဓမ္မ” ကို ရှာဖွေနေပြီ ဖြစ်၏ ။ ကျွန်မဘ၀ကို မကျိုးမပဲ့အောင် ထည့်ပေးသူကား ဓမ္မသာ ဖြစ်ကြောင်း ကျွန်မ နားလည်ခဲ့ပြီ။ ဒုက္ခနှင့် သုခ အမျိုးစုံကို ထဲထဲဝင်ဝင် ရင်းနှီးခဲ့ရသော အကျိုးဆက်မှာ ဓမ္မကို ဆင်ခြင်နိုင်ခြင်းပါပဲ။ သည်အခါ ဘုရားပုထိုးများ အပေါ် ပို၍ အလေးအနက် ဖြစ်လာခဲ့သည်။ ကိုယ်မှာ တရားကိုကပ်ရင်း၊ အပေါ်ယံကိုးကွယ်မှု မဟုတ်သော ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သည်။
ယောက္ခမများ ကို အဝေးပြေးကားကြီးနှင့် ခေါ်သွားခဲ့၏ ။ Inn ဖြစ်နေသော “ဧရာ” မှာ တစ်ခမ်းတစ်နားထားခဲ့၏ ။ မြစ်လေဖြုးဖြူး ၀ရံတာမှာ နားနေရင်း ဖေဖေနှင့်မေမေ ပျော်နေပုံကို ကြည့်ပြီးသူ့သားကို စွန့်လွှတ်နိုင်စွမ်းအား ပေါ်လာခဲ့သည်။ ယနေ့ထိပေါ့။
သူ့သားနှင့်တုန်းကလိုပင် စက်ဘီးနှစ် စီးငှားသည်။ အဖေက အမေ့ကိုတင်လို့။ ကျွန်မက တစ်ယောက် တည်း တစ်စီး။ ပုပ္ပါး ပုဂံခရီး မငြီးမငွေ့တမ်းသွားခဲ့ကြစဉ် သူတို့တော့ မသိ၊ ကျွန်မကမူ တန်ခိုးကြီးဘုရား ‘ကိုး’ ဆူမှာ အဓိဋ္ဌာန်ပြီး ပြည့်စုံသည်အထိ စင်ကြယ်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အမိအဖများ ကို ဘုရားဖူးပို့ရသော ဒါနကုသိုလ်၊ တန်ခိုးကြီးဘုရားများ မှာ အဓိဋ္ဌာန်ဝင်ရသော စရဏကုသိုလ်အပြင် ယဉ်ကျေးမှု ဆိုင်ရာ သမိုင်းကို အတော် စုံစေ့အောင် လေ့လာနိုင်ခဲ့သည်။ သို့ ဖြစ်ရာ ဤပဉ္စမအခေါက်ကား ရင့်ကျက်သည့် အခေါက်ဟု ဆိုရတော့မည် ။
ဆဋ္ဌမအခေါက်-
နွေလေနှင့်အတူ ပိတောက်ပွင့်သည့် သင်္ကြန်ကာလ။
ဤကာလများ တွင် ရုံးများ ၊ ကုမ္ပဏီများ သည် ၄င်းတို့၏ လုပ်သားများ အား ဆုတော် ငွေပေးသည့် အနေဖြင့် အပန်းဖြေခရီးများ အခမဲ့ ပို့ပေးတတ်ကြ၏ ။ “မမ ကျွန်မတို့ရုံးက ပုဂံ ဘုရားဖူးပို့မယ်၊ တစ်ယောက် ခေါ်ခွင့်ရှိတယ်။ မမကို ခေါ်မယ် လိုက်ပါလား”။
ကဗျာဆရာမ မအိက ပြောသော အခါ နှစ် ခါ မခေါ်ရဘဲ ကျွန်မ ခေါင်းညိတ်ခဲ့၏ ။ “ပုဂံ” ဟု အသံကြားတိုင်း ရင်ဖိုရသော ကျွန်မလေ။ ပြီးတော့ ဤရက်များ တွင် မန္တလေးမှ တူ ဖြစ်သူက စီးပွားရေး ပြေလည်တုန်း ရွှေကူမှာ စုပေါင်းရှင်ပြု ပွဲလုပ်ချင်လို့ ဒေါ်ဒေါ်မေ ဒါရိုက်တာပဲ ၊ လိုက်ရမယ်ဟု အဆင်ပြေလှသည်။
ပျော်ပျော်ပါးပါး နှင့် သူတို့ရုံးရှေ့မှာ အိတ်တွေ တစ်အိတ်စီနှင့် တစ်မနက်လုံး ကားစောင့်ခဲ့ကြသည်။ နေ့လည်ရောက်တော့မှ ကားအဆင်မပြေ၍ မသွား ဖြစ်ဟု စုံစမ်းသိရှိရပေသည်။ ရုံးသမားကောင်မလေးတွေ အိတ်ဆွဲပြီး ပြန်ကြ၏ ။ ကျွန်မကား ထိုသို့သော လူမျိုးမဟုတ်ပေ။ လာလမ်းကို လှည့်ပြန်ရိုး ထုံးစံမရှိ။ သူတို့ကားနှင့် မလိုက်ရလည်း ကိုယ့်ဘာသာသွားမယ်ဟု ပန်းဆိုးတန်းမှာ ကားလက်မှ သွားဝယ်သည်။ ညနေထွက်သည့်ကားနှင့် တစ်ကိုယ်တည်း လိုက်သွားခဲ့သည်။
ခရီးဆိုတာ ဒီလိုပါပဲ ဘ၀ဆိုတာ ဒီအတိုင်းပါပဲဟု သဘောပေါက်တာကြာမှပဲ။ အဖော်မပါပဲ ခရီးသွားတတ်ခဲ့တာ ငယ်ငယ်ကတည်းကပါ။ ဘယ်သူမှမပါတော့ ဘာမှပြောစရာမရှိ၊ အေးချမ်းစွာ စိတ်ကူးတေလေနှင့် ကားဆွဲရာပါခဲ့တော့သည်။ ပုဂံရောက်ရင် တော် ပြီ၊ ဧရာမှာ နေရစ်မယ်။ ကြိုက်သလောက်နေပြီးမှ မန္တလေးတက်မယ်ပေါ့။ အိတ်ထဲမှာ က အထုပ်ကြီးကြီးပါသည်။ ငွေများ ဂရုစိုက်စရာမှတ်လို့။ ကားလက်မှတ် ၀ယ်တုန်းက ဘယ်လောက်လဲဟု မမေး။ ပိုက်ဆံအိတ်ကို မအိကို ပစ်ပေးပြီး ၀ယ်ခိုင်းခဲ့တာလေ။ ငွေကြောင့် စိတ်ရှုပ်မခံနိုင်။ တခြားစိတ်ရှုပ်စရာတွေ များ လွန်းလို့။
သည်လိုနှင့် ဆဋ္ဌမအကြိမ် ပုဂံရောက်ခဲ့၏ ။
ဤကာလမှာ က “စွယ်တော် လေးဆူ” ခေတ်စားနေသည်။ ဘုရားဖူးကားက ထိုလေးဆူကို အချိန်လုပြီး ပို့သည်။ လူတွေ က ဘုရားအာရုံမရ။ ဆုတောင်းဖို့ပဲ စိတ်ရောက်နေသည်။ သင်္ကြန်တွင်းမို့ ရေတွေ စိုရွှဲ၊ ရန်ပွဲတွေ နွှဲနှင့် မောနေသည်။ ဟိုတယ်အဆင့် ဖြစ်သော “ဧရာဟိုတယ်” ရောက်မှ စိတ်လွတ်၊ ကိုယ်လွတ်ပစ်လှဲပြီး နားရတော့သည်။ ကိုယ် တစ်ယောက် တည်း ငွေကြေးအပြည့်အစုံနှင့် အတော် တော့ ရယ်စရာကောင်းသား။ ဟိုတယ်ကမှ ဘောင်းဘီးဝတ်ပြီး စက်ဘီးနှင့် လျှောက်သွားစဉ် ကျွန်မကို “တိုးရစ်စ်” အမှတ်ဖြင့် “ဟဲလို” ဟု နှုတ်ဆက်ကြသော ဈေးသည်များ ကို ဘာမျှရှင်းမပြ။ “ဟဲလို” ပြန်ပြောပြီး ပြုံးနေနိုင်ခဲ့၏ ။
ဘ၀ကို ကျွန်မ ကျေညက်ခဲ့ပြီ။
ပုဂံကို ကျွန်မမြတ်နိုးစွာ ကျေးဇူးဆပ်ချင်သည်။ ပိုက်ဆံပေါပေါနှင့် ၀ယ်လာသော ဂျပန်လုပ်ကင်မရာ အသစ်ကလေးနှင့် ဓာတ်ပုံလျှောက်ရိုက်သည်။ သမိုင်းစာရသမျှ စုဆောင်းသည်။ ပုဂံသားများ နှင့် စကားပြောသည်။ ပုဂံ၏ အတွင်းသားကို ကျွန်မ အတတ်နိုင်ဆုံး တူးဖော်နိုင်ခဲ့ပါသည်။ ပုဂံသည် ကျွန်မ ရင်ထဲ၌ ထင်း၍ ကျန်ရစ်တော့သည်။ သည်ဘ၀ ဘယ်နည်းနှင့်မျှ မပျောက်ကွယ်နိုင်တော့။ အရှေ့အနောက်၊ တောင်မြောက်၊ ၀ဲယာ ပုဂံကို မြေပုံမပါဘဲ ပြောတတ်ခဲ့ပြီ။ အလောင်းစည်သူမင်းကြီး နန်းတော် ရာကို တူးဖော်နေကြပုံကို ဓာတ်ပုံမှတ်တမ်း ယူခဲ့ပြီးပြီ။
အလောင်းစည်သူခေါင်းချရာ (တစ်နည်း) နရသူ ခေါင်းအုံးနှင့် ဖိသတ်ရာနေရာ ရွှေဂူကြီးဘုရားကို ခရစ်နှစ် ၁၃၁၃ ဟု အလွှတ်ရသွားခဲ့ပြီ။ သဗ္ဗညုအထက် ပစ္စယံသို့ တက်ခွင့်မပေးတော့ဆိုသော အခါ တောထဲရှိ မင်္ဂလာစေတီကို တက်ကြည့်၍ ရမှန်းသိခဲ့ပြီ။ ဧရာဟိုတယ်ရှေ့မှ မြင်းလှည်းဆရာနှင့် ဘ၀အကြောင်း ဆွေးနွေးခဲ့ပြီ။ မြ၀တီမှ ရာဇကုမာရ မြတ်နိုးသူနှင့် စကားဖလှယ်ခဲ့ပြီ။ ဒါတောင်မှ ပုဂံကို အားရပြီလားဟုမေး။ အားမရသေးဟု ဖြေရသည်။ ပုဂံကား ကျန်နေသေးဆဲ။
သတ္တမအခေါက်-
ကမာရွတ်မှ မိသားစုကြီးတစ်ခုက လူ ၄၀ ဆန့်ကားကြီး တစ်စီးငှားသည်။ သူတို့ဆွေမျိုးတစ်သိုက်က ၃၀။ အပြင်လူ ၁၀ ယောက် ကို ကားခ သက်သက်သာသာနှင့် ခေါ်သည်။ တည်းခိုခန်းကမလို။ ထမင်းလည်း ချက်ကျွေးဦးမည် တဲ့။ ပုဂံ ခရေဇီသည် ထိုမိသားစုနှင့် ရင်းနှီးသဖြင့် များများ မခေါ်ရဘဲ ပါသွားခဲ့လေသည်။ ကိုယ့်အုပ်စုနှင့်ကိုယ်မို့ ပျော်မှာ ပဲဟု မျှော်လင့်၏ ။ မျှော်လင့်သည့်အတိုင်းပင် ပျော်ရွှင်ရပါသည်။ ကားပေါ်မှာ သီချင်းဆိုကြ၊ ကစားကြ၊ စားကြနှင့် ကလေးတွေ အတွက် ပုခက်တော် င ဆင်ခဲ့သေးတာပဲ။
ရွှေစည်းခုံမှာ အိပ်တာကိုတော့ မပျော်ချေ။ လူများများ ထဲ အိမ်မပျော်လျှင် ကျန်းမာရေး ထိခိုက်မည် ။ ထို့ကြောင့် အဓိဋ္ဌာန်လည်း လုပ်နိုင်အောင်ဆိုပြီး ဧရာဟိုတယ်မှာ သွားအိပ်သည်။ ဟိုတယ်ခမှာ မနှစ် က ၆၀၀၀ ကျပ် ယခုနှစ် ၇၀၀၀ကျပ် ဖြစ်သွားပြီ။ ဒါလောက်တော့ ရှိပေမယ်ပေါ့၊ ကိုယ်က အစားအတွက် မကုန်ပါ။ ထွေလီကာလီတွေ လည်း သုံးတတ်သည်။ ထိုအခေါက်မှာ သုတေသန ဘက်ပိုပြီး လိုက် ဖြစ်သည်။ စုဆောင်းစရာတွေ ပိုပြီး စုဆောင်း ဖြစ်ပါသည်။
အဋ္ဌမအခေါက်-
ဤစာရေး ချိန်အထိပြောရလျှင် နောက်ဆုံးခေါက်ပေါ့။
“စိန်ဝင်းနှင့် ရောင်းရင်းများ ” အဖွဲ့က ၀ါဆိုသင်္ကန်းကပ်ပွဲ ပုဂံမှာ သွားလုပ်မလို့ စာရေး ဆရာ ၃ ယောက် လောက်နဲ့ လိုက်ခဲ့ပါဟု ဖိတ်သည်။ ပြန်လျှင် သူတို့ အလှူအကြောင်းတော့ စာတစ်ပုဒ် ရေး ပေးသင့်သည်ပေါ့။ ပုဂံခရေဇီသည် ပိုက်ဆံချေးပြီးတောင် သွားခဲ့သူမို့ ပိုက်ဆံမကုန်ဘဲ စာရေး ဆရာအဖော်များ နှင့် တပျော်တပါး သွားရမည် ကို ဘယ်နှယ့်ငြင်းပါ့မလဲ။ ကျန်းမာနေတုန်း ဆိုပြီးလိုက်ခဲ့သည်။ အဖော်အ ဖြစ် ဘာသာရေး စာပေများ ၏ ရေး တတ်သော ဆရာမ မသက်ဆွေကို ဖိတ်၏ ။ ပြီးတော့ အားကိုးအားထား ယောက်ျားလေးအ ဖြစ် ရိုးသားသော မောင်မြင့်အောင်ကို ဖိတ်သည်။ စာပေ မောင်နှမ ၃ယောက် ။
ပုဂံ၏ ညချမ်းများ မှာ ဗူးဘုရား ၊ နံနက်ခင်းမှာ တူရွှင်းတောင် စသဖြင့် စိတ်ကြိုက်သွားခဲ့ကြ၏ ။ ဤကာလတွင် ကျွန်မက ပုဂံဘုရားများ နှင့် ပတ်သက်ပြီး ‘အတွေးသစ်’ တွေ စရေး နေပြီ။ စုပေါင်းစာအုပ်ထုတ်မည် ၊ လိုအပ်နေသေးသော ဓာတ်ပုံတွေ ရိုက်ရမည် စသည့် ရည်ရွယ်ချက်များ ပါပါသည်။
အာနန္ဒာဝင်း ဘုန်းကြီးကျောင်း၌ ၀ါဆိုသင်္ကန်းတစ်စုံ ကပ်နိုင်ခဲ့၏ ။ ဘုန်းတော် ကြီးက “အနော်ရထာကို ကျေးဇူးဆပ်ခြင်း” ဟု အမည် တပ်သည်။ ကျွန်မလည်း “ပုဂံကို ကျေးဇူးဆပ်ခြင်း” အ ဖြစ်၊ နှစ် ပေါင်းများ စွာ ရင်းနှီးခဲ့ရသော ပုဂံကို ကျွန်မအမြင်ဖြင့် ရေး ဖွဲ့တော့မည် ဟု ဆုံးဖြတ်ခဲ့ပါသည်။
ယခု ကျွန်မ ရေး ဖွဲ့လိုက်ပါပြီ။
ပုဂံရာဇ၀င်အတွက် ‘တုတ်ထမ်း’ သူများ ရှိနိုင်ပါသည်။ ငြင်းခုန်ခြင်းဖြင့် အလှတရားကို ရှာဖွေရင်း အိုဘယ့်ချစ်စွာ သော ပုဂံဟု ကျွန်မ နှုတ်ခွန်းဆက်လိုက်ပါသည်။
မြစေတီ၏ သစ္စာ
“မြစေတီ” တဲ့။
ဤအမည် ကို ကျွန်မ ငယ်ငယ်ကပင် ရင်းနှီးခဲ့ပါသည်။ ရင်းနှီးရခြင်းအကြောင်းကား၊ ကျွန်မ၏ အစ်ကိုကြီး ကိုကျော်ဒင်သည် မြစေတီဆိုသော ရွာကလေး၌ သစ်အလုပ်လုပ်ရင်း ကွယ်လွန်ခဲ့ကြောင်း အမေတို့၊ မမကြီးတို့ တသသ ပြောသံကြားရခြင်းကြောင့် ဖြစ်၏ ။ အဆိုပါ “မြစေတီ” ရွာကလေးမှာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၊ တာပိန်မြစ်ကမ်းပါ၌ တည်ရှိကြောင်းလည်း သိခဲ့ရသည်။ ဘာရယ်ကြောင့် မှန်း မိမိဘာသာ နားမလည်တတ်သော ကလေးအရွယ်ကပင် ဤမြစေတီဟူသော အမည် နှင့် တွဲ လျက်၊ “အလွမ်း” ကို ခံစားခဲ့ရလေသည်။ အစ်ကိုကြီးကို လွမ်းတာလား၊ တာပိန်မြစ်ကိုလွမ်းတာလား၊ ကွဲကွဲပြားပြားမသိဘဲ သေချာတာ ကတော့ မြစေတီဆိုသည်နှင့် လွမ်းတော့သည်ပဲ ဖြစ်၏ ။
တကယ်တမ်း ကျွန်မရောက်ခဲ့သော နေရာမှာ ၊ တာပိန်မြစ်ကမ်းနဖူးက မြစေတီရွာ မဟုတ်ပေ။ မြင်းကပါ ရွာနားက ‘မြစေတီ’ ဘုရားတည်း။ မြစေတီဟု အမည် ရသော ဤစေတီကို ပဉ္စမအကြိမ် ပုဂံရောက်စဉ်က မဖူးခဲ့ရပါ။ ပုဂံမှ အတန်ငယ်လှမ်းသော မြင်းကပါရွာမှာ ဖြစ်၍ ၃-နာရီအတွင်း အပြေးအလွှားပို့သော ခရီးစဉ်တွင် ဤမြစေတီအပါအ၀င် မြင်းကပါရွာ မပါဝင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည် ။ ဆရာတို့နှင့် သွားသော တတိယအခေါက်ကျမှ ကိုယ့်ကားနှင့် ကိုယ်မို့ ခရီးပေါက်ရုံမက သုတေသနဆန်ဆန် ဆရာ့သင်ပြမှု များ ကြောင့် မြင်းကပါ၏ သမိုင်းကြောင်းကို လေ့လာခွင့်ရခဲ့သည်။ မြင်းကပါတွင် မ ဖြစ်မနေ လေ့လာရမည် က “မြစေတီ” ကျောက်စာတဲ့။
မြစေတီကျောက်စာသည် မြစေတီဘုရားရှေ့နား အပြင်ဘက်တွင် သီးခြား အမိုးအကာ လေးနှင့် ထင်ထင်ရှားရှားပင် ရပ်တည်နေပါသည်။ ဤမြစေတီဘုရားနှင့် မြစေတီကျောက်စာကို အထက်တန်းကျောင်းသူ ဘ၀မှာ ကတည်းက သင်ခဲ့ဖူး၏ ။ ဦးဘသန်း ၏ “ကျောင်းသုံး မြန်မာရာဇ၀င်” စာအုပ်ထဲတွင် ပုဂံမင်းဆက် တတိယအခန်း ကျန်စစ်သားမင်းအကြောင်းတွင် “ကျန်စစ်သား၏ သားတော် ဇေယျခေတ္တရာကား ပုဂံ၏ အောက်တွင် ရှိသော မြစေတီဘုရားကို တည်သည်၊ ထိုဘုရား၌ လေးမျက်နှာရှိသော ကျောက်တိုင်တွင် ပါဠိ၊ မြန်မာ၊ မွန်၊ ပြုစာလေးမျိုးဖြင့် ကျောက်စာရေး သားထားခဲ့လေသည်” ဟု ပါရှိပါသည်။
ထိုထက်ပို၍ ဖတ်ခဲ့ရသော သမိုင်းစာအုပ်များ တွင် ပို၍ ပြည့်ပြည့်စုံစုံ သိခဲ့ရ၏ ။ ကျန်စစ်သားသည် အနော်ရထာလက်ထက်၊ အမျက်တော် ရှ၍ အရိန္ဒမာလှံနှင့် အတူထွက်ပြေးရစဉ် ကျောက်ဖြူ (ကြောင်ဖြူ) အရပ်ရောက်သော အခါ သံပုရာသီးပင်မှ သံပုရာသီးကို လှံဖြင့် ထိုးဆွတ်ပြီး မြိန်ရေရှက်ရေစားရာ ဤပုဂ္ဂိုလ်သည် ထူးခြားသည်ဟု ကျောက်ဖြူအရပ်မှ မထီးက အသိအမှတ်ပြုခဲ့ကြောင်း မထီးထံတွင် ခိုလှုံနေဆဲ မထီးတူမ သမ္ဗူလနှင့် ငြိစွန်းခဲ့ကြောင်း ပဋိသန္ဓေရခဲ့ကြောင်း၊ မမွေးဖွားမီ နေပြည်တော် မှ အခေါ်ရောက်လေရာ အခြေအနေကို ရေရေရာရာ မသိရသေးသဖြင့် ကျန်စစ်သားသည် မိမိဝတ်ဆင်ထားသော န၀ရတ်လက်စွပ်ကို သမ္ဗူလအားပေးအပ်ပြီး “သမီးမွေးလျှင် ဤလက်စွပ်ကို ရောင်းချ၍ ကျွေးမွေးပါ။ သားမွေးလျှင်မူ ဤလက်စွပ်နှင့် အတူ လိုက်လာပါ” ဟု မှာ ထားခဲ့လေသည်။
သမ္ဗူလသည် သားလေးကို ဖွားမြင်၏ ။ သို့သော် တိုင်းရေး ၊ ပြည်ရေး ကြောင့် ချက်ချင်း လိုက်မသွားနိုင်ခဲ့။ ၇ နှစ် ကြာမှ သွားနိုင်သည်။ ထိုအခါ ကျန်စစ်သားက နန်းတက်နေပြီ။ နန်းတက်ပြီးရုံမက ပထမမိဖုရား အပယ်ရတနာက ဖွားသော ရွှေအိမ်စည် မင်းသမီးလေးကို စောလူမင်း၏ သား စောယွန်းနှင့် လက်ဆက်ပေးခဲ့ရာ သားတော် လေး ဖွားမြင်သော အခါ မြေးယောက်ျားလေးကို ချစ်မြတ်နိုးလှသဖြင့် အိမ်ရှေ့မင်းအ ဖြစ် အပ်နှင်းခဲ့ပြီး ဖြစ်နေသည်။
သမ္ဗူလရောက်သွားသော အခါ န၀ရတ်လက်စွပ် သက်သေအရ လက်ခံပြီး စတုတ္ထမိဖုရားကြီးအ ဖြစ်မြှော က်စားပါသည်။ သားလေးဇေယျခေတ္တရာကိုကား သားအရင်းပင် ဖြစ်သော်လည်း အိမ်ရှေ့မပေးသာတော့ပြီ။ ထို့ကြောင့် “သားကားအဖျား၊ မြေးကားအရင်း ဖြစ်ခဲ့ပြီ” ဟု ရေရွတ်ခဲ့သေးသည်။ သားတော် ကို “ရာဇကုမာ” ဘွဲ့ဖြင့် ဓည၀တီနှင့် တောင်စဉ် ၇ခရိုင်ကို အပိုင်စားရန် ပေးသနားခဲ့သည်။
သမ္ဗူလနှင့် ရာဇကုမာတို့သည် ကျန်စစ်မင်းကြီး၏ အစီအမံကို အထူးတလည်မပြောဘဲ ခံယူခဲ့ကြသည်။ သမ္ဗူလကား အသက်လွန်စွာ မရှည်ရှာ။ ကွယ်လွန်ခဲ့၏ ။ မိမိပိုင်ပစ္စည်းများ ကို သားအားပေးခဲ့၏ ။ နှစ် များ စွာ ကြာ၍ ကျန်စစ်မင်းကြီး ကွယ်လွန်ခါနီး နာမကျန်း ဖြစ်သော အခါ သားတော် ရာဇကုမာသည် မယ်တော် ထံမှ အမွေရခဲ့သော ပစ္စည်းများ ကို ထုခွဲရောင်းချကာ ရွှေဆင်းတုတစ်ဆူ သွန်းလုပ်သည်။ ထိုရွှေဆင်းတိုကု သလွန်ပေါ်လဲနေသော ခမည်းတော် လက်အပ်လျက် ကိုယ်တိုင်ရေစပ်ချ လှူဒါန်းစေခဲ့လေသည်။ ဤမြင်ကွင်းကား အလှတကာတို့ထက် လှသော မြင်ကွင်းပါပဲ။
ထိုသို့ လှူဒါန်းခဲ့သော ရွှေဆင်းတုဗုဒ္ဓရုပ်ပွားတော် ကို ထာဝရခိုင်မြဲစေရန် ဌာပနာပြုပြီး စေတီတစ်ဆူတည်လုပ်ခဲ့သည်။ စေတီအမည် “မြစေတီ”၊ ထိုကြောင်းအရာများ ကို မှတ်တမ်းပြု ရေး ထိုးသော ကျောက်စာကို “မြစေတီကျောက်စာ” ဟုခေါ်တွင် ခဲ့လေသည်။
ဇာတ်လမ်းသည် လွမ်းဖွယ်မှတ်တမ်းမဟုတ်ပါလား။
ရာဇဟူသော ဘုရင်မင်းတရားများ လက်ထက်တွင် ထုံးစံအရ မိဖုရားတွေ အများ အပြား ယူခွင့်ရှိသည်။ ဘုရင့်အာဏာက လူသတ်ခွင့်ရှိသည်။ ရာဇ၀တ်သား ဖြစ်လျှင် ပြေးနိုင်မှလွတ်သည်။ ဘုရင်က ပြန်ခေါ်လျှင် အမှု တော် ပြန်ထမ်းရသည်။ ဤသက်ဦးဆံပိုင်စနစ်အောက်ဝယ် ကျန်စစ်သားဟူသော သူရဲကောင်းသည် သတ္တိပြောင်ခဲ့ပါ၏ ။ သစ္စာရှိခဲ့ပါ၏ ။ ထို့အတူ အချစ်ဇာတ်လမ်းတွေ လည်း ရောက်လေရာ တစ်ယောက် တစ်မျိုး မရိုးရအောင် များ ပြားခဲ့ပါပေသည်။
ကျန်စစ်သားနင့်တွေ့ ရသော မိန်းကလေးများ လည်း ကျန်စစ်သား၏ အချစ်မြားဒဏ်မှလွတ်အောင် မရုန်းနိုင်ခဲ့ကြ။ သည်လိုနှင့် ဇာတ်လမ်းတွေ ဖြစ်ခဲ့သည်။ သည်ဇာတ်လမ်းတွေ ထဲမှာ မထီးတူကသမ္ဗူနှင့် သားတော် ဇေယျခေတ္တရာ (ခေါ်) ရာဇကုမာတို့အဆုံးက ပို၍ ကရုဏာ သက်ဖွယ် ဖြစ်ခဲ့၏ ။ ၇နှစ် သားလေးလက်ဆွဲကာ နန်းတော် တံခါးဝသို့ ရောက်လာပြီး န၀ရက်လက်စွပ်ကို တံခါးမှူးတို့ထံ ပြသနေသော ရုပ်ပုံ (ပန်းချီ) ကို မြန်မာရာဇ၀င် (ရေး သူမမှတ်မိ) ထဲတွင် မြင်ခဲ့ရသော ကျွန်မသည် ကလေး တစ်ယောက် ၏ နှလုံးသားဖြင့် ၀မ်းသာဝမ်းနည်း ခံစားမိခဲ့သည်ကို မှတ်မိနေပါသည်။
ထိုကလေးဘ၀ကတည်းပင် ကျွန်မရင်ထဲ၌ “မြစေတီ” ဟူသော အမည် ကို “အလွမ်း” နှင့် တွဲ လျက် မှတ်မိနေခဲ့သည်။ အစ်ကိုကြီး သေဆုံးခဲ့သော ရွာကလေးမြစေတီ။ ပြီးတော့ ရာဇကုမာ သူ့ဖခင်ကို ကုသိုလ်ရစေခဲ့သော မြစေတီ။ သို့ဖြင့် မြစေတီတို့သည် ပီတိလွမ်းဖွယ်ဆောင်ခဲ့ပါ၏ ။
တက္ကသိုလ်မှာ မြန်မာအနုစာပေ ဘာသာရပ်ကို ကျွန်မ သင်ယူသော အခါ အထက်ပါ မြစေတီနှင့် ပတ်ပင်းတိုးရပြန်သည်။ မြစေတီကျောက်စာ တက္ကသိုလ်ဆရာများ က မြစေတီကျောက်စာကို သမိုးအမြင်ဖြင့် သင်ကြားပေးခြင်းကား မဟုတ်ပါ။ မြန်မာစာပေ ဖြစ်ပေါ်တိုးတတ်လာပုံရေစီးကို သင်ပြခြင်း ဖြစ်သည်။
ကြည့်လော့-
မြစေတီကျောက်စာ အခိုင်အမာရှိနေသည်။
အချိန်ကား သာသနာသက္ကရာဇ် တစ်ထောင်ခြောက်ရာနှစ် ဆယ့်ရှစ်ဟု အတိအကျ ဆိုထားသည်။ ထိုအချိန်၌ မြန်မာနိုင်ငံတွင် မြန်မာစာပေသည် ကြီးကြီးကျယ်ကျယ် မထွန်းကားသေး။ ပျူ၊ မွန်၊ ပါဋိတို့ရှိနေသည်။ ဒါကို အခိုင်အမာ ဖြစ်အောင် လေးမျက်နှာကျောက်တိုင်၌ ဘာသာလေးမျိုး ရေး ထိုးခဲ့သော ရာဇကုမာ၏ စိတ်ကူးကား အံမခန်းမဟုတ်ပါလား။ အလျန်းသင့်၍ ဤစာမျက်နှာတွင် “မြစေတီကျောက်စာ” ကို မြန်မာဘာသာ (ခေတ်ပေါ်) ဖြင့် ပြန်ဆိုထားသည်ကို ဖော်ပြချင်ပါသည်။ ကျောက်စာရှိ မြန်မာဘာသာမှာ မြန်မာဘာသာဟု ဆိုထားသော်လည်း ယခုခေတ်သုံး မြန်မာဘာသာ အဆင့်မရောက်သေးချေ။ မြန်မာစာဖတ်တတ်သူတိုင်း နားမလည်နိုင်ပေ။ ထို့ကြောင့် ထိုပုဂံခေတ် မြန်မာစာအရေး အသားကို ယခုခေတ် မြန်မာစာအရေး အသားနှင့် ဖော်ပြရန် မြန်မာပြန်ထားသော စာ သီးခြားရှိပါသည်။ အောက်တွင် မူရင်းအတိုင်း ဖော်ပြပါမည် ။ (ထိုမြန်မာပြန်စာမူကို မြစေတီဂေါပကအဖွဲ့၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး ကော်မတီမှ ထုတ်စေခြင်း ဖြစ်၏ ။)
ဘုရားသခင် သာသနာနှစ် တစ်ထောင်ခြောက်ရာ နှစ် ဆယ့်ရှစ်လွန်ပြီးသော အခါ ဤအရိမဒ္ဓနပူရ် (ပုဂံ) မည် သော ပြည်၌ တြိဘုဝနာဒိတျဓမ္မရာဇ် (ထီးလှိုင်ရှင် ကျန်စစ်မင်းကြီး) သည် မင်း ဖြစ်၏ ။ ထိုမင်း၏ မိဖုရား တစ်ယောက် သော်ကား တြိလောက၀ဋံသကာဒေ၀ီ (သမ္ဗူလ) မည် ၏ ။
ထိုမိဖုရား၏ သားကာ ရာဇကုမာရ်မည် ၏ ။ ထိုမင်းသည် ကျွန်သုံးရွာကို မိဖုရားအားပေး၏ ။ ထိုမိဖုရား ကွယ်လွန်သော အခါ ထိုမိဖုရားတန်ဆာ (ရွှေငွေရတနာ) အားလုံးနှင့် ထိုကျွန်သုံးရွာတို့ကို ထိုရာဇကုမာရ်မည် သော မိဖုရားသားအား မင်းပေးတုံ၏ ။ ထိုမင်းနှစ် ဆယ့်ရှစ်နှစ် မင်းမူပြီး၍ ထိုမင်းသေလုနီးပါးနာသော အခါ ထိုရာဇကုမာရ်မည် သော မိဖုရားသားသည် မိမိကို မွေးသော မင်းကြီး၏ ဂုဏ်ကျေးဇူးများ ကို အောက်မေ့လျက် ရွှေဘုရားတစ်ဆူ ပြုလုပ်ပြီးလျှင် မင်းကြီးအား ဆက်သကာ ဤသို့ လျှောက်၏ ။ “ဤ ရွှေဘုရားကို သခင်အဖို့ အကျွန်ပြု၏ ။ ကျွန်ုပ်အား သခင်ပေးသော ကျွန်သုံးရွာကို ဤဘုရားအား ကျွန်ုပ်ပေး၏ ။ (လှူ၏ ) သခင်အနုမောဒနာပြုပါလော့”
ထိုအခါ မင်းကြီးသည် နှစ် ခြိုက်ဝမ်းမြောက်လျက် ကောင်းလေစွ၊ ကောင်းလေစွဟု သာဓုခေါ်၏ ။ ထိုအခါ သင်ကြီးမဟာထေရ်၊ သင်ကြီးမေဂ္ဂလိပုတ္တတိဿထေရ်၊ သင်ကြီးသုမေဇပဏ္ဍိတ်၊ သင်ကြီးဗြဟ္မပါလ၊ သင်ကြီးဗြဟ္မပါလ၊ သင်ကြီးဗြဟ္မဒိတ်၊ သင်ကြီးသော န၊ သင်ကြီးသဃံသေန၀ရပဏ္ဍိတ်၊ ထိုအရှင်တို့မျက်မှော က်၌ မင်းကြီးသည် မြေပေါ်သို့ ရေသွန်း၏ ။ (ရေစက်ချ၏ ) ထို့နောက် ရာဇကုမာရ်မည် သော မင်းသားသည် ထိုရွှေဘုရားကို ဂူပြုလုပ်ဌာပနာ၍ (ရွှေဆင်းတုတော် ကို ဂူဘုရားအတွင်းဌာပနာ၍ ) ရွှေအထွဋ်တင်သော ဘုရားကိုတည်၏ ။ (ရွှေဆင်းတု ဌာပနာထားသော ဂူဘုရားကို ရွှေထီးကပ်လှူ၏ ) ဤဘုရားကို လှူသော အခါ ထိုမိဖုရားသားသည် သက်မုနုလွန်ရွာ၊ ရပါယ်ရွာ၊ ဟန်ဗိုရွာ (စသော ) ကျွန်သုံးရွာသားအားလုံးကို ဤဂူအတွင်း ဌာပနာသော ရွှေဘုရားအား ရေသွန်းကာ (ရေစက်ချလှူကာ) ဤသို့ဆုတောင်း၏ ။ “`ဤငါ့အမှု (ကောင်းမှု ) သည် သဗ္ဗညုတဥာဏ် ရအံ့သော အကြောင်း ဖြစ်စေသတည်း။ ငါ့သားလည်းကောင်း ငါ့မြေးလည်းကောင်း၊ ငါ့အဆွေလည်းကောင်း၊ သူတစ်ထူးလည်းကောင်း၊ ဤဘုရားအား ငါပေးသော ကျွန်တို့ကို အနိပ်အစက်၊ အဖျက်အဆီးပြမူကား မေတ္တေယျမြတ်စွာ ဘုရားကို မဖူးရစေသတည်း”
ဤကား မြစေတီ ကျောက်စာမူရင်း (မြန်မာပြန်) တည်း။
တက္ကသိုလ် ဆရာတို့သည် ကျောက်စာသင်ကြားရာ၌ ကျောက်စာပါ မြန်မာဝေါဟာရ၊ အသုံးအနှုန်းများ ကို သာမက၊ ကျောက်စာရေး ထိုးသူ၏ စေတနာ၊ စိတ်နေသဘောထား၊ ထိုခေတ်၏ ကြေးမှုံ စသည်တို့ကိုပါ တူးဖော်ပေးလေ့ရှိပါသည်။ စာမေးပွဲမေးခွန်းတွေ လည်း ထိုအချက်များ ကို ဖြော်ပရန် မေးလေ့ရှိခဲ့သည်။
သို့ ဖြစ်ရာ နကိုကမှ မြစေတီကို လွမ်းသော ကျွန်မသည် ၇ နှစ် သားတောသားလေး ဇေယျခေတ္တရာကို လည်းကောင်း၊ သူ့မိခင်မထီးတူမ သမ္ဗူလကို လည်းကောင်း (ပန်းချီကားထဲတွင် ဤတောသူမသား အမိပုံက တကယ်ပင် ရိုးသားလှပါသည်။ ဆံပင်နောက်တွဲ ထုံးနှင့် မျက်နှာရှည်သွယ်သွယ်နှင့် အသတ်အစားက ဣန္ဒိဟ်ဆန်ဆန် ပုဂံဝတ်စုံနှင့် ) ပြီးတော့ (လက်တစ်ဖက်က သားကိုဆွဲ၊ ကျန်လက်တစ်ဖက်က န၀ရက်လက်စွပ်ကို တံခါးမှူးများ အား ပြသနေဟန်) အားလုံးကို ကရုဏာသက်ခဲ့မိပြီး ကျောက်စာအရ ရာဇကုမာရ်၏ စိတ်နေသဘောထားကို နားလည်ခွင့်ရသော အခါ ပို၍ ပို၍ ပင် မြတ်နိုးချစ်ခင်ခဲ့မိပါသည်။
“မြစေတီ” ကို ရင်ထဲမှာ ငြိခဲ့သော ကျွန်မသည် နောင် ပုဂံနှင့် ပတ်သက်သော သုတေသနစာအုပ်များ ကို တွေ့ သမျှ ၀ယ်ယူဖတ်ရှုသိမ်းဆည်းခဲ့ရာ မြစေတီဘုရားနှင့် မြစေတီကျောက်စာကို ခွဲပစ်ခဲ့သော မှတ်တမ်းအဆိုအမိန့်များ ကို တွေ့ ခဲ့ရပြန်သည်။
ပုဂံရာဇ၀င်ဆိုသည်က ပျင်းစရာများ သဖြင့် စိတ်ဆိုးပြီး ရိုက်နှက်သည်အထိ ဖြစ်နိုင်သော ကြောင့် စပြောကတည်းက ရိုက်စရာတုတ်ကို ထမ်းပြီး ပြောပေတော့ဟု စာဆိုရှိခဲ့တာ အဆိုးမဟုတ်ပါ။ ယခု နောက်ပိုင်း (၂၀၀၀ ခုနှစ် များ ) ထုတ်သည့် စာအုပ်အချို့တွင် မြစေတီဘုရားကို ရာဇကုမာရ်တည်ခြင်းမဟုတ်ဟု ရေး ထားပြီ။ ကျောက်စာပါ ဘုရားမှာ မြစေတီနှင့်ကပ်လျက် ဂူပြောက်ကြီးဘုရားပါဟု ရေး ထားလေသည်။ ကျွန်မစိတ်ထဲက “အလွမ်း” လေသည် နွေလေနှင့် အတူ လွင့်သွားတော့၏ ။
မြစေတီကို ရာဇကုမာရ်မတည်ဘူးတဲ့။
ဦးမောင်မောင် (ဘီအေ) သမိုင်း၊ ရန်ကုန်တက္ကသိုလ်ရေး သားပြုစုသော “ပုဂံစေတီပုထိုးများ ” စာအုပ် (၂၀၀၃ ဖေဖော်ဝါရီ) တွင် “မြစေတီသည် ခရစ် (၁၂) ရာစုဦးက တည်ဆောက်ခဲ့သည့် စေတီ ဖြစ်သည်။ မြစေတီ၏ မဟာရံတံတိုင်းကို ပြုပြင်ရာမှ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိလေးဘာသာဖြင့် ရေး ထိုးထားသည့် ကျောက်စာတွေ့ ရပြီး မြစေတီကျောက်စာ (ယခု ရာဇကုမာရ်ကျောက်စာ) ဟု ခေါ်တွင် ခဲ့သည်။ ထိုမြတ်စေတီကျောက်စာပါ ရည်ညွန်းထားသော ဘုရားမှာ မြစေတီ၏ အနောက်ဘက်တွင် ကပ်လျက်ရှိသည့် “မြင်းကပါဂူပြောက်ကြီးဘုရား” ဖြစ်သည်ဟု ရေး ထားလေသည်။
ဂူပြောက်ကြီးဘုရား သမိုင်းမှတ်တမ်းတွင် လည်း ကျန်စစ်သား၏ သားတော် ရာဇကုမာရ်က ဖခင်အတွက် ရွှေဆင်းတုလှူပြီး ဌာပနာရန် ဂူပြောက်ပြိးဘုရား (မြင်းကပါ)ကို တည်သည်ဟု ရေး လေသည်။
သည်လိုဆို ကျွန်မတို့ အထက်တန်းကျောင်းမှာ ၁၉၅၀ တစ်ဝိုက်က စဉ်ဆက်မပြတ် ပြဌာန်းခဲ့သော ဦးဘသန်း၏ ကျောက်သုံး မြန်မာ့ရာဇ၀င်က မှားသွားခဲ့ပြီလား။
ကျွန်မနှင့် မြစေတီကို ဘ၀င်ကျအောင် ပြန်ဆက်ပေးခဲ့သော အ ဖြစ်တစ်ခု ပြန်ရရှိခဲ့ပါသည်။ မောင်ကြည်ပန်း (မြင်းကပါ) ရေး သားပြုစုသော “မြစေတီ၊ ဂူပြောက်ကြီးနှင့် ရာဇကုမာရ်” ဟု အမည် ရစာအုပ် ဖြစ်ပါ၏ ။
စာအုပ်၁၀ချိုးဆိုဒ် နှင့် မြစေတီကျောက်စာပုံ အဖုံးနှင့် ဖြစ်၏ ။ မြင်းကပါရွာသား ရေး သားခြင်းက ထူးခြားသည်။ ထုတ်ဝေသော ကာလကိုကြည့်သော အခါ ၂၀၀၃ မတ်လဟု တွေ့ ရပါသည်။ ဦးမောင်မောင်က ဖေဖော်ဝါရီဆိုတော့ တစ်လပဲစောသည်။ ဦးမောင်မောင်စာအုပ်ကို ဖတ်မိ၍ ရေး ခြင်းကား မ ဖြစ်နိုင်။ တစ်လတည်းနှင့် စာအုပ်မ ဖြစ်နိုင်ပေ။
ထို မောင်ကြည်ပန်း (မြင်းကပါ) ရေး သော စာအုပ်မှာ မြစေတီဘုရား၊ ဂူပြောက်ကြီး ဘုရားတို့နှင့် ရာဇကုမာရ် ဆက်သွယ်ပုံကို အဓိကထားပြီး သုတေသန ပြုထားခြင်း ဖြစ်၏ ။ အထောက်အထားများ ခိုင်ခိုင်မာမာရှိ၏ ။ အချက်အလက်သဘာဝကျ၏ ။ ၄င်း၏ အဆုံးအဖြတ်အရ ဂူပြောက်ကြီးကို တည်သူမှာ ကျန်စစ်သား ဖြစ်ကြောင်း၊ ကျန်စစ်သား၏ ကုသိုလ်တော် စာရင်းတွင် ဂူပြောက်ကြီးပါကြောင်း၊ ဘုရားပုံလက်ရာများ မျာ ကျန်စစ်သားခေတ်လက်ရာများ ဖြစ်ကြောင်း ၊ မြစေတီမှာ ဘုရားအမှတ် ၁၃၂၆၊ ၁၃၂၅၊၁၃၂၇ ဟူ၍ ဆင်တူစေတီရှိကြောင်း၊ ၁၂-ရာစုလက်ရာများ ဖြစ်ကြောင်း၊ ဖခင်၏ ကုသိုလ်တော် (ဟုယူဆရသော ) ဂူပြောက်ကြီးအနီးတွင် ဂန္ဗာကုဋိတိုက်နှင့် အာရုံခံမုခ်လှိုဏ်ဂူတွဲ ၍ တည်ခဲ့ကြောင်း၊ ရွှေဆင်းတုကို ထိုလှိုဏ်ဂူတွင် ဌာပနာခဲ့ကြောင်း၊ စေတီနှင့် လှိုဏ်ဂူမုခ်ကို ဖခင် ကျန်စစ်မင်းကြီး ခေါင်းချရာ ပုဂံနေပြည်တော် ဘက်သို့ လှည့်၍ ရည်စူးတည်ထားခဲ့ခြင်း ဖြစ်ကြောင်း ပါရှိပါသည်။ တည်စဉ်က “မြစေတီ” ဟု ဘွဲ့မပေးခဲ့တဲ့။ နောင်အခါကျမှ ရွှေစည်းခုံ၊ တတိယ ပစ္စယံ၊ အရှေ့တောင်ထောင့် (အင်္ဂါထောင့်ရှိ) မြစေတီပံကို ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် မြစေတီအနီးတစ်ဝိုက် ရွှေစေတီ၊ ငွေစေတီဟူ၍ ရှိရာ ယခုစေတီကို အဆင်ပြေပြေနှင့် ‘မြစေတီ’ ဟု ခေါ်ခဲ့ဟန်တူကြောင်း ထင်မြင်ချက်ပေးပါသည်။
မည် သို့ပင် ဖြစ်စေ…။
ကျွန်မကား မြစေတီကိုလည်းကောင်း၊ မြစေတီဒါယကာ ရာဇကုမာရ်ကိုလည်းကောင်း၊ လွမ်းဆွတ်သူပါတည်း။
သည်ကြားထဲမှာ မှ…။
ရာဇကုမာရ်နှင့် ပတ်သက်သော “မကောင်းမြင်မူ” တစ်ခုက ခိုးလိုးခုလု ဖြစ်အောင် ကြိးဆောင်ခဲ့ခြင်းအတွက် စိတ်ပျက်ရ၏ ။
နောက်ဆုံးခေါက် မြစေတီရောက်စဉ်ကပါ။
အနီးကဆိုင်မှာ မြစေတီကျောက်စာ မြန်မာပြန်ရောင်းသည်ဟု သတင်းကြား၍ ပြေးဝယ်ပါသည်။ တစ်မျက်နှာ အပြည့်နှင့် မြစေတီဘုရားပုံနှင့် “ရာဇကုမာရ် ကုသိုလ်တော် ” ဟူသော စာတမ်းပါပါသည်။ မြစေတီဘုရား ဂေါပကအဖွဲ့ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ငယ်က ထုတ်ဝေသည်ဟုလည်း ပါပါသည်။ ကျွန်မ ကြည်နူးကျေနပ်သွားရ၏ ။ “ကျွန်မကလေ မြစေတီကျောက်စာကို သိပ်မြတ်နိုးတာပါ။ ဒီလို အမြော်အမြင်နဲ့ ရေး ခဲ့တဲ့ ရာဇကုမာရ်ကိုလည်း ကျေးဇူးတင်ရပါတယ်။”
ဆွေးနွေးစရာ အဖော်မရှိသဖြင့် ဆိုင်ရှင်ကို ပြောမိ၏ ။ ဆိုင်ရှင်က အသက် ၄၀လောက်ရှိမည် ။ သပ်ရပ်စွာ ၀တ်စားထားသည်။ နှုတ်အမူအရာ ပျူငှာယဉ်ကျေးသည်။
“ကျေးဇူးတင်ရမှာ ပေါ့ဗျာ၊ သူရေး ပေးခဲ့ပေလို့ မြန်မာနဲ့ ပျူ၊ မွန် ဆက်စပ်လို့ရသားတယ်။ မိဘကျေးဇူးဆပ်တတ်တဲ့ သားလိမ္မာအ ဖြစ် အသိအမှတ်ပြုကြရတယ်။ ဒါပေမယ့် စာရေး ဆရာ တစ်ယောက် က ရာဇကုမာရ် မကောင်းကြောင်း ရေး သေးတယ်ဗျ”
ကျွန်မ ထိတ်လန့်သွားရသည်။ ကျွန်မကို စာရေး ဆရာအ ဖြစ် သိနေလို့များ လားဟု စိုးရိမ်သွား၏ ။ သို့သော် ဟန်မပျက်စေဘဲ “ဘယ်လိုမကောင်းရေး ခဲ့လို့လဲရှင်”။ ရာဇကုမာရ်ဟာ ခမည်းတော် ရဲ့ ဆုံးဖြတ်ချက်ကို ကျေကျေနပ်နပ်ခံယူခဲ့တာပဲဗျ။ မိခင်သမ္ဗူလ လာလည်းရဟန်းတူမ၊ တရားရှိတာပဲ၊ သူ့သားကို ဆုံးမမှာ သေချာပါတယ်၊ အဲဒါကိုဗျာ ရေး ထားလိုက်တာ ရာဇကုမာရ်က အလောင်းစည်သူကို မနာလို ဖြစ်တယ်တဲ့ အနန္ဒာထင်တယ်၊ အလောင်းစည်သူ ဘုရားလာဖူးတဲ့အချိန်၊ ဘုရားအတွင်းမှာ သူ့လူတွေ စောင့်ပြီး သတ်ဖို့ ကြံစည်ခဲ့သတဲ့”
ကျွန်မ သတိရ သွားပါသည်။
“ဟုတ်ကဲ့၊ ကျွန်မလည်း ဖတ်ဖူးပါတယ်၊ အဲ့ဒီအချက်ကို ဝေဖန်ရေး ဆရာတွေ က ကန့်ကွက်ပါသည်။” သမိုင်းဝတ္ထုရေး သူဟာ၊ သူဖန်တီးတဲ့ ဇာတ်ကောင်ကို ခိုင်းချင်တာ ခိုင်းခွင့်ရှိတယ်၊ သမိုင်းထဲက ဇာတ်ကောင်အစစ်တွေ ကို တွေ့ တော့သူ့မူရင်းပုံရိပ် (Image) ပျက်အောင် မလုပ်ရဘူးလို့ ပြောကြတယ်၊ ရေး တဲ့လူတွေ ကလည်း ရေး ခွင့်ရှိတယ်ဆိုပဲ။
“ဘာရေး ခွင့်လဲဗျ၊ ရေး ခွင့်ရှိရင် သူ့ကိုယ်သူ မကောင်းကြောင်း၊ သူ့အမေ သူ့ဇနီး၊ သူ့သမီး၊ သူ့သားမကောင်းကြောင်းတွေ ရေး ပေါ့၊ သမိုင်းထဲက လူသားစစ်စစ် သားလိမ္မာကိုတော့ ဒီလိုစိတ်မျိုးရှိခဲ့တယ်လို့ အိမ်မက်ခန်းအ ဖြစ်တောင် မရေး သင့်ဘူး”။
သူက အတော် မကျေမနပ် ဖြစ်နေပုံရသည်။
ကျွန်မက သူ့ကို ခေါင်းညိတ်ပြနေခဲ့ရ၏ ။
မြစေတီကို မော့၍ ဖူးလိုက်သော အခါ
မြစေတီက “သစ္စာ” ဟူသော စကားကို ဆွဲလဲသံလှုပ်၍ ကြားသိစေလိုက်သည်ဟု ထင်ပါသည်။
မြစေတီ၏ သစ္စာကား ကမ္ဘာ့တည်သရွေ့ ရှိနေမည် သာ။
ဗူးဘုရား
ပုဂံဘုရားများ ထဲတွင် ကျွန်မ အရင်ဆုံး ဖူးမြော်ခဲ့ရသော ဘုရားကား “ဗူးဘုရား” ဖြစ်ပါသည်။ ရင်ပြင်ပေါ်မှာ မဟုတ်။ ဧရာဝတီမြစ်ထဲ “မင်းသမီး” အညာဆန် သင်္ဘောကြီးပေါ်မှ ဖြစ်၏ ။ ကန်းနားကပ်သင်္ဘော ခုတ်မောင်းဆဲ ဘွားခနဲ မြင်လိုက်ရသော မြင်ကွင်းသည် မေ့နိုင်ဖွယ်မရှိပေ။ ဗူးဘုရား၏ စိန်တန်း (ခေါ်) ပတ်လမ်းနှစ် ဆင့်က မျက်စိထဲတွင် ထင်းနေသည်။ တကယ့် ဗူးသီးလေးလို ရှည်ရှည်လုံးလုံး ပုံသဏ္ဍာန်က ဘယ်စေတီ ဘယ်ဘုရားနှင့် မှ မတူ။ ဗူးဘုရားပါလားဟု မပြောဘဲ သိနိုင်သည့်ပုံတည်း။
ဤဗူးဘုရားကား မည် သည့်ရှု့ထောင့်မှ ကြည့်ကြည့် တင့်တယ်သပ္ပာယ်လှ၏ ။ ကျွန်မသည် ဗူးဘုရားကို အမျိုးမျိုး အာရုံပြုခဲ့ဖူးသည်။ ဗူးဘုရားအောက်ခြော စိန်တန်းများ တစ်လျှောက် သူငယ်ချင်းများ နှင့် လိုက်တမ်းပြေးတမ်း ကစားခဲ့ဖူးသည်။ ဗူးစေတီနောက်ခံနှင့် ရင်ပြင်ပေါ်မှာ ချစ်သူ၏ ဘယ်လက်ရုံးကို ပိုင်ပိုင်နိုင်နိုင်ကိုင်ရင်း ကင်မရာကို တည့်တည့်ပြုံးကြည့်ခဲ့ဖူးသည်။ ညနေဆည်းဆာချိန်များ ၌ တန့်ကြည့်တောင်ဘက် မှိုင်းပျပျမှု န်ရီသော အခါ ရင်ပြင်ခုံတန်းလျား၌ တစ်ကိုယ်တည်း ထိုင်ရင်း လွမ်းမောခဲ့ဖူးသည်။ ဗူးစေတီကား ကျွန်မ ရင်တွင်းဝေဒနာများ ကို အထပ်ထပ်အခါခါ သိကြားခဲ့ပြီး ဖြစ်လေသည်။
“အိပ်စ်ကျူးစ်မီ”
ကြည်လင်တိုးညင်းသော အင်္ဂလိပ်စကားသံပီပီသသ။
ညဦးပိုင်း ဧရာဝတီလေညှင်းကို တစ်ဝခံစားရင်း ဘ၀အိမ်မက်များ ထဲရောက်နေသော ကျွန်မသည် ရုတ်တရက် ဖျတ်ခနဲ ဖြစ်သွားရ၏ ။ အသက်အရွယ်အားဖြင့် ကျွန်မနှင့် မတိမ်းမယိမ်း။ ကိုယ့်လိုပင် တစ်ကိုယ်တော် ။ ပြင်သစ်လား၊ ဂျာမနီလား တစ်ခုခု ဖြစ်မည် ဟု ခန့်မှန်းမိသည်။ သူက ကျွန်မဘေးက လွတ်နေသော နေရာမှာ ၀င်ထိုင်ရန် ယဉ်ကျေးစွာ ခွင့်တောင်းလိုက်ခြင်း ဖြစ်၏ ။ ကျွန်မလည်း အလေးအနက် မထားဘဲ၊ “နိုးပရော်ပလမ်” ဟု ပြန်ပြောလိုက်ပါသည်။ မိန်းမအချင်းချင်းပဲ၊ တွဲ ထိုင်ကာ ပြဿနာမရှိပါ။
သူအသာအယာ ၀င်ထိုင်သည်။
ကျွန်မက ဧရာဝတီကို ဆက်ကြည့်သည်။
ဟိုးဘက်တောင်ခြေတွင် မီးရောင် လက်လက်ဝင်းနေသော ကျွန်းချောင်း ဓာတ်မြေသြဇာ
စက်ရုံကို မြင်ရ၏ ။ ကျန်တောတောင်များ ကား ပျပျမှု န်မှု န်သာနေသော တစ်ခြမ်းပဲ့ လရောက်အောက်၌ ကြေကွဲဖွယ် ငြိမ်သက်နေကြ၏ ။ ဧရာဝတီသည် လေညှင်းအဝှေ့ကြောင့် လှိုင်းကြက်ခွပ်ငယ်လေးများ ကို ဖြန့်ကြက်ကစားနေသည်။ မြစ်ပင်ဝယ် စုန်ဆန်လူးလာသော လှေသမ္ဗန် တစ်ဝင်းမျှ မရှိသဖြင့် မြစ်ပြင်သည် ရှင်းချင်တိုင်း ရှင်းနေပေသည်။
“အိပ်စ်ကျူးစ်မီ”
အတော် ကြီးကြာသော အခါ ဘေးမှလူက အိပ်စ်ကျူးလုပ်လာပြန်သည်။ ကျွန်မ အတွေးခံစားချက် ပျက်သွားသဖြင့် မကြိုက်ချင်လှသော်လည်း ဘုရားဆလိုက် မီးရောင် ဖြင့် မြင်ရသော သူ့မျက်နှာအမူအရာကြောင့် ပြဿနာမလုပ်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
“ရှင်က မြန်မာပဲနော်”
“ဟုတ်ပါတယ်”
“ဒီ ဗူးဘုရားသမိုင်းကို နည်းနည်း ဝေဖန်ချင်လို့ပါ”
“ဘုရားရေ”
တကယ်ပင် ကျွန်မ ဘုရားတလိုက်မိသည်။ ဘုရားသမိုင်းကို ဝေဖန်ချင်လို့တဲ့။ ဒါမျိုးဟာ ဝေဖန်စရာမဟုတ်ဟု သူသိပုံမရချေ။
ဗူးဘုရားသမိုင်းကား အတော် စိတ်ဝင်စားဖွယ်မဟုတ်လား။ ကျွန်မကို ငယ်ငယ်ကပင် ကျောင်းမှာ သင်ခဲ့ရတာ ပဲ။ ပုဂံပြည်တွင် ကျားကြီး၊ ငှက်ကြီး၊ ၀က်ကြီး၊ ရှူးပျံကြီး နှင့် ဗူးခါးပင်တို့ သော င်းကျန်းခဲ့စဉ် ပျူလူမျိုး စောထီးက လေးအတတ်နှင့် နှိမ်နင်းသဖြင့် ရန်သူငါမျိုးကို အောင်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ပျူစေတီမင်းအ ဖြစ် ရရှိခဲ့ကြောင်း ငှက်တစ်ကောင်အရပ်၌ အထိမ်းအမှတ်ဘုရားများ တည်ထားခဲ့ပြီး၊ ဗူးခါးပင်ကို အောင်နိုင်သော အရပ်၌ ဤဗူးဘုရားကို တည်ထားခဲ့ကြောင်း စသဖြင့် သင်ခဲ့ရသည်။ အချိန်ကား ခရစ်နှစ် ၃-ရာစု ဟု ဆိုလေသည်။
ကျွန်မတို့သည် ဗူးဘုရားကို ကြည်ကြည်လင်လင်ဖြင့် အာရုံပြုခဲ့လေသည်။ ဗူးဘုရားသမိုင်းကို အဆင့်ဆင့်ပြောကြားခဲ့ကြ၏ ။ “ဝေဖန်” ဖို့ကိုမူ တစ်ကြိမ်တစ်ခါလေးမျှ မစဉ်းစားခဲ့ကြပေ။ ယခု ဤတိုင်းတစ်ပါးသူက ဝေဖန်ချင်လို့ဆိုသော အခါ ကာကွယ်ရန် ကျွန်မ ပြင်ဆင်ရပါသည်။ သူက ပြုံးလျက်…။
“စိတ်မရှိ ပါနဲ့ နော်၊ ကျွန်မက ပြင်သစ်ကလာတဲ့ သမိုင်းသုတေသီပါ။ ပုဂံကို ပထမဆုံး အကြိမ်ပါပဲ။ စာအုပ် စာတမ်းတွေ ရသမျှ ၀ယ်ပြီးပါပြီ။ ဓာတ်ပုံတွေ ၊ ဗီဒီယို တွေ လည်း ရပါပြီ။”
ဒီဗူးဘုရားသမိုင်းနဲ့ ပတ်သက်ပြီး စိတ်ထဲသိပ္ပံနည်း မကျဘူးလားလို့ပါ။ ဒီလိုပြောမိတာ ၀မ်းနည်းပါတယ်။ ရှင့်ကို ရင်ဖွင့်တဲ့သဘော လောက်ပါ။”
ကျွန်မက မျက်ခုံးတွန့်စဉ်းစားရင်း
“ရှင်က ဘယ်အချက်ကို မကျေလည်တာလဲ”
“ဒီလိုပါ ပျူစောထီးမင်းကြီးဟာ ရန်သူကြီးငါးမျိုးကို အောင်မြင်ခဲ့တယ်၊ ငှက်ကြီး၊ ကျားကြီး၊ ၀က်ကြီး၊ ရှူးပျံကြီးနဲ့ ဗူးခါးပင်တဲ့၊ ပြတိုက်ရှေ့မှာ လည်း ရုပ်ပုံတွေ့ ခဲ့ပါတယ်။”
“ဟုတ်ကဲ့၊ ပြောပါဦး”
“ငှက်ပစ်တောင်လည်း ရောက်ပြီးပါပြီ၊ ငှက်ကြီးကို သတ်နိုင်ခဲ့တဲ့ နေရာပေါ့လေ၊ အဲဒီ သတ္တ၀ါ လေးမျိုးကို နှိမ်နင်းတယ်ဆိုတာ ယုံပါတယ်။ ဒါပေမယ့် ဗူးပင်တွေ ကို လူတွေ က မနိုင်လို့ ပျူစောထီးက နှိမ်နင်းပေးရတယ် ဆိုတာကျတော့”
ကျွန်မ ခေါင်းညိတ်လိုက်ပါသည်။
သူက ကျွန်မကို အားနာဟန်ဖြင့် စကားဆက်မပြောဘဲ နေပါသည်။ ကျွန်မကပင် သူ့စကားကို ဆက်ရ၏ ။
“ဗူးပင်တွေ ကို လူတွေ ရှင်းလို့မနိုင်ဘူးဆိုတာကို သံသယရှိတာဟုတ်လား”
သူက သွက်လက်စွာ ပင် ခေါင်းညိတ်ပါသည်။
ကျွန်မက ဧရာဝတီ ဘက်မှလာသော လေကိုအားပါးတရ ရှူလိုက်ပြီးမှ “ဒီလို ရှိပါတယ်မိတ်ဆွေ၊ ယဉ်ကျေးမှု တစ်ရပ်ဆိုတာဟာ လူတွေ ပေါ်ပေါက်သလိုပါပဲ။” ပထမတွားသွားသတ္တ၀ါ၊ နောက်တော့ ခြေလေးချောင်း သတ္တ၀ါ၊ နောက်ဆုံးမှမတ်တပ် သွားနိုင်တဲ့ အဆင့် ရောက်တာမဟုတ်လား။ အဆင့်တစ်ဆင့်စီမှာ နှစ် တွေ ထောင်ချီပြီး ကာခဲ့တယ်မဟုတ်လား။ အဲသလို ခရီးတာကြာလှတဲ့အတွက် ဒီကနေ့လေထဲပျံဝဲ နေကြတဲ့လူတွေ ဟာ နှစ် ပေါင်းများ စွာ က ရေတစ်ပိုင်း၊ ကုန်းတစ်ပိုင်း တွားသွားခဲ့ကြတဲ့ သက်ရှိတွေ ကို ညံ့လိုက်တာလို့ ပြောမလား”
သူက ကျွန်မကို မမှိတ်မသုန်ကြည့်ပြီး နားစိုက်ထောင်ပါသည်။
ကျွန်မက လက်ဖ၀ါးနှစ် ဖက်ကို ပွတ်လိုက်ပြီး
“ဒီလက်တွေ ဟာ ကျောက်လက်နက်ကိုင်ခဲ့ရာက အခု ကွန်ပျူတာကိုနေတယ်”
“အိုး ကျွန်မ နားလည်ပြီ၊ ရှင့်ကို သိပ်ကျေးဇူးတင်ပါတယ်”
“ဒီလို နားလည်ပေးတာ ၀မ်းသာပါတယ်၊ ရှင် စဉ်းစားကြည့်လေ၊ ဒီကနေ့ အင်အားအကြီးဆုံးလို့ ပြောနေကြတဲ့ အမေရိကန် ပြည်ထောင်စုဟာ ၁၈ရာစုကမှ နိုင်ငံထူထောင်ခဲ့တာ၊ ၁၇၇၆ မဟုတ်လား”
သူ ခေါင်းညိတ်သည်။
“ကျွန်မတို့ရဲ့ ဟောဒီဗူးဘုရားကို ၃ ရာစုက တည်ခဲ့တာပါ။ အဲ့ဒီကာလမှာ မြန်မာစာပေ လေးဘက်သွားရုံပဲ ရှိသေးတယ်။ ကျောက်ထက်အက္ခရာ မထိုးနိုင်ခဲ့ဘူး။ သမိုင်းအ ဖြစ် အပျက်တွေ ကို ဘိုးဘွားလူကြီးတွေ က နှုတ်မှတစ်ဆင့်ပွားပြီး မှတ်သားခဲ့ကြရတာ ပဲ။ နှုတ်ပြောသမိုင်းဆိုတော့ ချဲ့ကားသွားတာ၊ မေ့ကျန်ခဲ့တာတွေ ရှိနိုင်တယ်။ အဓိပ္ပါယ် ပြောင်းသွား တာမျိုးလည်း ရှိနိုင်တယ်။ သေချာတက ကျွန်မတို့ လူမျိုးဟာ ၃ ရာစုမှာ မင်းနေပြည်နဲ့ နိုင်ငံတစ်ခု ထူထောင်ထားပြီး ဖြစ်နေပြီဆိုတဲ့ အချက်ပဲ”
“ဟုတ်ပါတယ်၊ ယဉ်ကျေးမှု သက်တမ်းရင့်ပါပြီ”
“သက်တမ်း ဟုတ်ကဲ့၊ မှန်ပါတယ်။ သက်တမ်းဆိုတာ ဖြတ်သန်းမှု ၊ စီးဆင်းမှု မှာ တစ်ဖြောင့်တည်း ရှိနိုင်သလား။ ရှင် အခုမြင်နေရတဲ့ ဧရာဝတီမြစ်ကြီးကိုပဲ ကြည့်ပါ။ တောင်နဲ့ မြောက် ဖြောင့်ဖြောင့်ကြီး စီးနေသလား၊ မျဉ်းဖြောင့်ကြီးပဲလား၊ ဟိုယိမ်းဒီကွေ့နဲ့ စီးရတယ်နော်။ ဒါဟာ သူဖြတ်သန်းရတဲ့ အောက်ခံမြေသား မတူညီမှု အပေါ်မှာ ယိမ်းသွားခဲ့ရတာ ပဲ။ မြေသားပျော့ရင် တိုက်စားတယ်၊ မာရင်ရှောင်မယ်၊ ကွေ့မယ်၊ ဒီလိုမဟုတ်လား။ ဒါကို ကွေ့ကောက်ရလား၊ ဖြောင့်ဖြောင့် မသွားရကောင်းလားလို့ ကျွန်မတို့ အပြစ်တင်လို့မရဘူး။ ဒါဟာ ဘယ်သူ့ကိုမှ အန္တရာယ်မပြုဘူးဆိုရင် ကွေ့ကောက်နေတဲ့ မြစ်ကြောင်းကို ကျွန်မတို့ ကျေနပ်ရမှာ ပေါ့ရှင်”
သူက နေရာမှ ထလိုက်ပြီး ကျွန်မညာလက်ကို သူ့လက်နှစ် ဖက်လုံးဖြင့် ဆုပ်ကိုင်ဖျစ်ညှစ်ပါသည်။
စကားဆက်မပြော ဖြစ်ကြပေ။ သူရောကျွန်မပါ နှလုံးသားချင်းစကားဆို နေကြသည် ထင်ပါ၏ ။
ဧရာဝတီက တငြိမ့်ငြိမ့်စီးနေဆဲ။
လရောင် က ပို၍ လင်းလာသည်။
လှိုင်းကြက်ခွပ်လေးများ ပို၍ မြူးကြွလာသည်။
ဗူးဘုရားရွှေထီးတော် မှ ဆည်းလည်းလေးများ လှုပ်လာသည်။
ဆည်းလည်းသံလွင်လွင်တို့သည်ဗူးစေတီ၏ အတိတ်ဇာတ်ကြောင်းကို ချီးကျုးသြဘာပြုနေကြခြင်း ဖြစ်ပါလိမ့်မည် ။
![]() ဒီမိုကရေစီ စနစ်အမျိုးမျိုး | ![]() နိုင်ငံတကာ အမျိုးသမီးခေါင်းဆောင်များ | ![]() အင်းစိန်မှတ်တမ်း |