ကားပေါ်က ဆင်းဆင်းချင်း ပထမဆုံးမြင်လိုက်ရသည်က အေးစက်ထုံကျင်နေ သော လေတွေ ပါပဲ။ တဟူးဟူးတိုက်ခတ်နေသည်ကြောင့် အင်္ကျီလွင့်နေသော လက်ဖျား တွင် ပင် ကျင်စက်စက် ဖြစ်သွားရသည် ညာဘက်လက်မှ ကိုင်ထားသော ခရီးဆောင်အိတ် ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိ၏ ။
ကားအောက်မှ စောင့်ဆိုင်းနေသူများ ထံမှ လူ တစ်ယောက် အနား ကပ်လာကာ…
“ညီလေး … ဘယ်သွားမလို့လဲ”
သူအဖြေ ပြန်မပေးမိ။ ခရီးဆောင်အိတ်ကို ဆွဲကာ ကားဂိတ်အတွင်းသို့ ခပ်သွက် သွက် ဝင်သွားလိုက်သည်။ ကားဂိတ်အတွင်း လေကွယ်ရာရောက်မှ လူကအနည်းငယ် နေသာထိုင်သာ ရှိသွား၏ ။ ခုံလွတ်တစ်လုံးတွင် ဝင်ထိုင်ကာ ဆင်းလာခဲ့သော အဝေး ပြေးကားကြီးဆီ လှမ်းကြည့်မိပါသည်။
ခရီးသည်တွေ ဆင်းနေတုန်းပင် ရှိသေးသည်။ အောက်ဖက်မှာ က ကြိုတင်စောင့် ဆိုင်းနေသော Taxi သမားတွေ ၊ သုံးဘီး ဆိုင်ကယ်သမားတွေ မှာ ခရီးသည်များ ကို အလု အယက် ခေါ်ငင်နေကြ၏ ။
ရန်ကုန်မှ မောင်းနှင်လာသော ခရီးသည်တင် အဝေးပြေးကားကြီး တစ်စီးထိုးဆိုက် လာမှု ကြောင့် အိပ်စက်နေသော ကားဂိတ်လေးမှာ သက်ဝင်လှုပ်ရှား လာခြင်း ဖြစ်သည်။ ထိုင်ခုံမှာ ထိုင်ပြီးတော့ ပုခုံးမှာ လွယ်လာသော ကျောပိုးအိတ်ကို ချွတ်ကာ ပေါင်ပေါ်တင် လိုက်သည်။ ယူဆောင်လာသော ပစ္စည်း ပစ္စယများ အနက် ထိုကျောပိုးအိတ်မှာ အရေး အကြီးဆုံး ဖြစ်ပါ၏ ။
“ညီလေး …၊ ဘယ်သွားမလို့လဲ။ အစ်ကို ဘယ်လိုက်ပို့ပေးရမလဲ”
ယခုချိန်ထိ ရစ်သီရစ်သီ လုပ်နေသေးသော အနားမှာ ကပ်ပါလာသူစကားကြောင့် လက်မှ နာရီကို တစ်ချက်ပင့်ကြည့်လိုက်သည်။
မနက် (၅း၃ဝ)။
မိုးလင်းခါနီး ပြီ ဖြစ်ပေမဲ့ ပတ်ဝန်းကျင်က မှော င်အားကြီးဆဲပင် ရှိနေသေးသည်။ ကားဂိတ်တွင်းမှာ တော့ မီးရောင် တွေ ဖြင့် လင်းထိန်နေသည်။ လှုပ်ရှားသံ၊ ပြေးလွှားသံ၊ ခရီးသည်နှင့် Taxi သမားများ ဈေးစကားပြောသံ၊ သူ့ထက်ငါ အလုအယက်ခေါ်သံတွေ ဖြင့် ဆူညံနေသည်။
“အစ်ကိုက ကားလား၊ ဆိုင်ကယ်လား”
“ ဆိုင်ကယ် ညီလေး။ ကားနဲ့ သွားလည်ချင်လည်းရတယ်။”
“ရပါတယ်။ ကျွန်တော် ဆိုင်ကယ်နဲ့ပဲသွားမှာ ပါ”
သူ့စကားကြောင့် ဆိုင်ကယ်သမားမှာ အနားတိုးလာသည်။
“ညီလေး ဘယ်သွားချင်လို့လဲ”
ဟိုတယ် တစ်ခုနာမည် ကို ပြောပြလိုက်တော့…
“သိတယ် ညီလေး။ နှစ် ထောင်ပဲပေး”
နှစ် ခါ သုံးခါရောက်ဖူးထားသော နေရာတစ်ခုသို့ ဈေးတော် ကြောင်း သိလိုက်သည်။ ထို့ကြောင့် …
“အဲ့ဒါဆိုလည်း သွားတာပေါ့။ ဒါပေမဲ့ ကျွန်တော် ဆေးလိပ်တစ်လိပ်တော့ သောက်ဦးမယ်”
ဆိုင်ကယ်သမားကို ခေါင်းညိတ်ပြရင်း ဘောင်းဘီအိတ်ထဲမှ ဆေးလိပ်ဘူးကို ထုတ် လိုက်သည်။ ပြီးတော့ တစ်လိပ်ထုတ်ကာ မီးညှိလိုက်၏ ။ နှစ် ဖွာ၊ သုံးဖွာလောက် ဖွာပြီး သွားတော့ လူကအနည်းငယ် နေသာထိုင်သာရှိသွား၏ ။ အချမ်းပေါ့သွားသလိုလည်း ခံစား လိုက်ရသည်။
ဆိုင်ကယ်သမား ကတော့ ဘေးနားဝင်ထိုင်ကာ သူ့ကိုစောင့်စားနေသည်။ ကားဂိတ် တွင်းမှာ က ယခုထက်တိုင် လူတွေ ရှုပ်ထွေးဆဲ။ သူစီးနင်းလိုက်ပါလာရာ ကားကြီး ကတော့ ခရီးသည်ရှင်းသွားပြီမို့ မီးမှိတ်၊ တံခါးပိတ်နေတာတွေ့ ရသည်။
တော် သေး၏ ။ အနွေးထည် ထူထူဝတ်ထားလို့။ မဟုတ်လျှင် မလွယ်။ ပြင်ဦးလွင်ရဲ့ ဆောင်းမနက်ခင်းကို သူအထင်မသေးရဲတော့။ ဆေးလိပ်တစ်လိပ်ကုန်လုလုမှာ သူမတ် တပ်ထရပ်လိုက်ပါသည်။
“သွားရအောင် အစ်ကို”
“အိုကေ…ညီလေး”
ဆိုင်ကယ်သမားက ကားဂိတ်အတွင်းမှ တစ်ဆင့် သူ့ကိုအပြင် ခေါ်ထုတ် သွား သည်။ အပြင်မှာ လည်း ကားတွေ ၊ ဆိုင်ကယ်တွေ ၊ တုတ်တုတ် (ခေါ်)သုံးဘီး ဆိုင်ကယ် တွေ ဖြင့် ရှုပ်ထွေးနေသည်။ မကြာလိုက် ဆိုင်ကယ်တစ်စီး သူ့ရှေ့ရောက်လာပါ၏ ။ ခရီး ဆောင်အိတ်ကိုဆွဲကာ တက်ထိုင်မည် ပြုတော့ …
“ပေး……ပေး ညီလေး။ အိတ် အစ်ကို့ကိုပေး”
ပေးလိုက်တော့ ဆိုင်ကယ်သမားက ခရီးဆောင်အိတ်ကို သူ့ရှေ့မှာ ချသည်။ ပြီး တော့မှ …
“ရပြီ။ တက်တော့ ညီလေး”
ဆိုင်ကယ်ပေါ် တက်ထိုင်လိုက်တော့ ဂျင်းဘောင်းဘီထူထူဝတ်ထားပေမဲ့ တင်ပါး တွေ အေးသွားရ၏ ။ စိုစွတ်စွတ် အထိတွေ့ ကိုလည်း ခံစားလိုက်ရသည်။ ဆိုင်ကယ်ခုံ ပေါ်မှာ နှင်းတွေ ကျထားသည်ထင်၏ ။ သူသတိမပြုမိလိုက်။ မတတ်နိုင်တော့။ ဟိုတယ် ရောက်မှပဲ ဘောင်းဘီလဲရတော့မည် ။
ထိုစဉ်မှာ ပဲ ဆိုင်ကယ်သမားက စက်ကိုနှိုးကာ ကားဂိတ်အတွင်းမှ မောင်းထွက် သွားပါသည်။ အေးစက်စက်လေငွေ့တွေ မျက်နှာကို လာစင်တော့ ချစ်စရာ ဒေသကို သူနှုတ်ခွန်းဆက်သလိုက်သည်။
‘မင်္ဂလာပါ ပြင်ဦးလွင်ရေ…”
မြို့လေးက အိပ်မောကျလျက်ပင် ရှိသေး၏ ။ ဆိုင်ကယ်လေးတစ်စီးမှာ ဦးတည်ရာ ဟိုတယ်ဆီသို့ တရိပ်ရိပ် ပြေးနေသည်။ တိုးဝင်လာသော လေတွေ မှာ နှင်းစက်တွေ ပေကျံ နေပါသည်။ မျက်နှာကို အရှိန်နဲ့ လာတိုက်သည်မို့ ရေခဲရေနှင့် ပက်သလောက်နီးနီး ခံစား ရ၏ ။
ဆယ်မိနစ်လောက် မောင်းပြီးသွားချိန်မှာ တော့ မီးရောင် ဝါဝါနှင့် ဟိုတယ် ဆိုင်း ဘုတ်ကြီးတစ်ခုကို တွေ့ လိုက်ရလေသည်။ မနက်လင်းခါနီး ပြီမို့လားမသိ။ ဟိုတယ် ခြံဝန်း တံခါးမှာ ဖွင့်ထားသည်။ ဆိုင်ကယ်သမားက ဟိုတယ်ဝင်ပေါက်ရှေ့ရောက်အောင် မောင်း ဝင်လာ၏ ။ ဝင်ပေါက်ရှေ့ရောက်တော့ ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်။
ပြီးတော့ ဆိုင်ကယ်သမားကို ပိုက်ဆံရှင်းပေးလိုက်ပါသည်။ သို့ ပေမဲ့ ဆိုင်ကယ် သမားက ခရီးဆောင်အိတ်ကိုဆွဲကာ ဟိုတယ်တွင်းရောက်အောင်ပို့ပေး၏ ။ သူတို့ကိုမြင် တော့ reception ဝန်ထမ်းနှစ် ယောက် အိပ်မှု န်စုံမွှားဖြင့် ခေါင်းထောင်လာကာ…
“မင်္ဂလာပါ ခင်ဗျာ”
လေးလေးပင်ပင် နှုတ်ဆက်မှု ကို ခေါင်းညိတ်ပြရင်း …
“ အခန်းရဦးမလား”
“ဟုတ်ကဲ့၊ ရပါတယ်။ ဘယ်နှယောက် လဲ မသိဘူး”
“ တစ်ယောက် တည်းပါ”
ပြောပြီး မှတ်ပုံတင်ကို စားပွဲပေါ်တင်ပေးလိုက် တော့ ဝန်ထမ်း တစ်ယောက် က နောက်ကို လှည့်ကြည့်ကာ…
“ တစ်ယောက် ခန်းက (107)ရယ်၊ (110)ရယ် ကျန်သေးတယ် အစ်ကို”
“(107) ကိုပေး”
သူ့စကားကြောင့် ဝန်ထမ်းက နောက်ဘက်မှာ ချိတ်ဆွဲထားသော သော့ တွဲ တွေ ထဲမှ အခန်းသော့ တစ်ခုကို ဖြုတ်ကာ သူ့ရှေ့ချပေးသည်။ အဆင်ပြေသွားပြီမို့ ဆိုင်ကယ်သမား လည်း နှုတ်ဆက်ကာ ပြန်သွားသည်။ ပိုက်ဆံကို ထုတ်ကာ reception မှာ နှစ် ရက်ခ ရှင်း ပေးထားလိုက်၏ ။
ဘယ်လိုပဲ ဖြစ် ဖြစ် ပြင်ဦးလွင်မှာ တစ်ပတ်လောက်နေ ဖြစ်ဦးမည် မဟုတ်ပါလား။ နှစ် ခါ လောက်တည်းဖူးထားသည်မို့ ဒီဟိုတယ်က သူနဲ့ အစိမ်းသက်သက် မဟုတ်။ ဒါပေမဲ့ ဝန်ထမ်းဦးဆောင်ရာနောက်သို့ ပဲ လိုက်သွားလိုက်သည်။ သူယူထားသော အခန်းမှာ ဒုတိယ ထပ်တွင် ရှိနေပါသည်။ ဝန်ထမ်းက တံခါးကိုဖွင့်ကာ အခန်းတွင်း ဦးဆောင်ဝင်သွား၏ ။
သူ့စိတ်ကြိုက် အခန်းလေးပါပဲ။ မကျယ်လွန်း၊ မကျဉ်းလွန်းပဲ အနေတော် ရှိသည်။ ပြီးတော့ အခန်းနံရံကို ကြက်ဥအနှစ် ရောင် သုတ်ထားသည်။ ဟိုတယ်အခန်းတစ်ခုတွင် ရှိသင့် ရှိထိုက်သော ပစ္စည်းများ မှာ လည်းသူ့နေရာနှင့်သူ ရှိနေပါသည်။ လိုက်ကာဖယ်ကာ အပြင်ကိုကြည့်လိုက်တော့ မှော င်လို့ကောင်းတုန်း။
ဝန်ထမ်းလေး ထွက်သွားတော့ သူ တစ်ယောက် တည်း ကျန်ခဲ့သည်။ မိုးမလင်းသေး သည်မို့ တစ်ရေး လောက်အိပ်ဖို့ ဆုံးဖြတ်လိုက်၏ ။ (မိုးလင်းလျှင်လည်း အိပ်မှာ ပါပဲ။) အရင် ဆုံး ပခုံးမှ ကျောပိုးအိတ်ကို ချွတ်ကာ စားပွဲပေါ်တယုတယ တင်လိုက်သည်။ ပြီး… ခရီး ဆောင်အိတ်ကိုဖွင့်ကာ ညဝတ်အင်္ကျီတစ်စုံထုတ်လိုက်၏ ။ အချမ်းမပြေသေးသည်မို့ အလျင်အမြန်ပင် အဝတ်လဲလိုက်ပါသည်။
အဝတ်လဲပြီးတော့ ခုတင်ပေါ်တက်ကာ စောင်ထူထူကိုလည်ပင်းထိ ရောက်အောင် ဆွဲခြုံလိုက်သည်။
ခရီးပမ်းနေလို့လားမသိ။
ခဏချင်းပင် အိပ်ပျော် သွားပါ၏ ။
အိပ်ရာကနိုးတော့ ဆယ်နာရီခွဲ။ ဗိုက်ဆာသလို ရှိသည်ကြောင့် လှဲနေရာမှ ထ, ထိုင်လိုက်သည်။ ပြီး ကုတင်ပေါ်မှ ဆင်းကာ ပြတင်းတံခါးဆီသွားလိုက်၏ ။ လိုက်ကာ ကို ဆွဲဖယ်လိုက်တော့ လင်းချင်းဝင်းပနေသော နေရောင် က အိမ်ခေါင်မိုးများ ပေါ်နှင့် သစ်ပင် ထိပ်ဖျားတွေ မှာ ကုပ်ကပ်နေရာယူနေသည်။
ပြတင်းတံခါးကို ဆွဲဖွင့်စဉ် လေအေးတစ်သိုက်က သူ့ကိုနှုတ်ဆက်လာသည်။ ‘မင်္ဂလာပါ ပြင်ဦးလွင်ရေ’ ဟု စိတ်ထဲမှ နှုတ်ဆက် ဖြစ်လိုက်ပေမဲ့ ‘မင်္ဂလာပါ သော်ဖြိုးဝေရေ’ ဟု တော့ သူ့ကို ပြန်မနှုတ်ဆက်ပါ။ သူ့နာမည် ကို မသိတာလည်း ပါပါလိမ့်မည် ။ နာမည် သိ လျှင်တော့ နှုတ်ဆက်ကောင်း နှုတ်ဆက်နိုင်ပါသည်။
အပြင်ဘက်မှာ က အထပ်နိမ့်တိုက်ပုလေးတွေ ။ ထင်းရူးပင်ပေါက်တွေ လေတိုက် တိုင်း ယိမ်းထိုးနေသည့် အားပျော့ပျော့သစ်ပင်လေးတွေ မှာ သူ့နေရာနှင့် သူ အလေ့ကျ ပေါက်ရောက်နေပါသည်။ တမင်တကာ စိုက်ထားခြင်းလည်း ဖြစ်လောက်သည်။ ဘာပဲပြော ပြော မြင်ကွင်းက သူလိုလူ တစ်ယောက် အတွက် မရိုက်ပဲ သဘာဝ ကျသည့် ဓာတ်ပုံ တစ် ကားပါပဲ။
ပတ်ဝန်းကျင်ရဲ့ အလေ့ကျ ဓာတ်ပုံတစ်ကားကို သော်ဖြိုးငေးကြည့်နေရာမှ တစ်စုံ တစ်ယောက် ကို သတိရလိုက်သည်။
စောထူးကို ဖုန်းဆက်ရဦးမည် ။ မနေ့က ဖုန်းကြိုဆက်ထားသည့် အတွက် ယခု အချိန်ဆို သူ့ကိုမျှော်နေလောက်ပြီ ဖြစ်၏ ။ အခန်းတွင်းပြန်ဝင်ကာ လဲထားသော ဘောင်းဘီ အိတ် အတွင်းမှ ဖုန်းကိုထုတ်လိုက်သည်။ ဝတ္တရားမပျက် သုံးခါလောက်ခေါ်ပြီးသွားတော့မှ ဖုန်းက မဝင်ချင် ဝင်ချင်နှင့် ဝင်သွား၏ ။
ဝင်ဝင်ချင်းကြားရသည်ကား…
“ဟယ်လို…”
“ဟေ့ကောင် စောထူး၊ ငါ သော်ဖြိုး”
“ဟာ…သော်ဖြိုး၊ မင်း ရောက်နေပြီလား”
“အေး…မနက်က ရောက်တယ်။ မင်း အခုဘယ်မှာ လဲ”
“ငါ အခု ပြင်ဦးလွင်နဲ့ မန္တလေးကြားလမ်းမှာ ”
စကားကတစ်ဝက် တစ်ပျက်နှင့် ရပ်ပြီး မကြားတစ်ချက်၊ ကြားတစ်ချက် ဖြစ်နေ သည်။ လေတိုးသံတွေ ဆူညံသွားပြီး တစ်အောင့်ကြာတော့မှ စောထူးအသံကို ပုံမှန် ပြန်ကြားရ၏ ။
“ဟေ့ကောင်…သော်ဖြိုး၊ ငါပြောတာ ကြားလား”
“အေး …မကြားလိုက်ဖူး။ ဖုန်းကလိုင်းမမိဘူး ဖြစ်နေတယ်။ မင်းဘာပြောလိုက် တာလဲ”
“ငါ့အမေ ကုန်ကားတစ်စီး (၂၁)မိုင်နားမှာ ပျက်နေလို့။ ငါဆင်းပြီးသွားကြည့်ပေးနေ တာ။ မနက်ကမင်းဖုန်းကို ခေါ်မလို့ဘဲ။ မင်းပင်ပန်းပြီး အိပ်နေမယ်ထင်လို့မခေါ်လိုက် တာ”
“ဟုတ်တယ်၊ ငါ ဟိုတယ် ရောက်ရောက်ချင်း အိပ်လိုက်တာ အခုမှနိုးတယ်။ နိုးနိုး ချင်း မင်းဆီဖုန်းဆက်လိုက်တာပဲ။ မင်းအခုမအားဘူးလား”
စကားဆုံးတော့ စောထူး၏ အားနာဟန် ဖျော့ဖျော့ကိုကြားရသည်။
“အေးကွာ၊ အားနာလိုက်တာ သူငယ်ချင်းရာ။ အလုပ်က အမှတ်မထင်ပေါ်လာလို့။ ညနေတော့ ပြီးမယ်ထင်တာပဲ။”
“ရတယ်…ရတယ် ဟေ့ကောင် ၊ ကိစ္စမရှိဘူး။ မင်းအလုပ်သာ မင်းပြီးအောင်လုပ်။ ငါလည်း ခရီးပမ်းလာတာနဲ့ အတော် ပဲ။ ဒီနေ့ တစ်နေ့တော့ ဟိုတယ်မှာ ပဲ အောင်းနေလိုက်မယ်။ ဒါနဲ့ ငါ့အတွက်ရှုခင်းကောင်းကောင်းလေးကိုတော့ ကြည့်ပေးထားမယ်မလား”
“ကြည့်ပေးထားတာပေါ့ကွ။ မင်းသာ ပုံကောင်းရရင် ငါ့ကိုမမေ့နဲ့”
စောထူးစကားကြောင့် သူပြုံးလိုက်မိသည်။
“အေးပါကွာ၊ အဲလိုဆို မင်း ငါ့ဆီဘယ်တော့လာမှာ လဲ”
“ညနေ ငါပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်လေ။ အရင်တည်းနေကျ ဟိုတယ်ပဲမလား”
“အေး… ဟုတ်တယ်”
“အိုကေ … အိုကေ ဟေ့ကောင်။ ဒီတစ်နေ့ခင်းတော့ မင်းဟိုတယ်မှာ ပဲ အောင်းနေလိုက်တော့။ ငါ ကားပစ္စည်းဝယ်စရာရှိလို့ မန္တလေးဆင်းလိုက်ဦးမယ်”
“အေး…. အေး…”
ဖုန်းချပြီးတော့ ဗိုက်မှာ တကြုတ်ကြုတ်မြည် လာသည်။ စောထူးအားမနာရအောင် ဒီတစ်နေ့ ဟိုတယ်မှာ ပဲ အောင်းနေမည် ဟု ပြောလိုက်ပေမဲ့ တကယ့်တကယ် သူမလုပ နိုင်ပါချေ။ ဟိုတယ်အခန်းတွင်း အောင်းနေတာထက်စာလျှင် အပြင်ထွက်တာက သူ့ အတွက် တစ်စုံတစ်ရာ အကျိုး ဖြစ်နိုင်မည် ထင်သည်။ စိတ်ကြိုက်ပုံတစ်ပုံလောက်ရလျှင် မနည်း။
ရေမိုးချိုးပြီးတော့မှ မြို့ထဲဘက်သွားလိုက်ဦးမည် ။ ဘာကြောင့် မှန်းမသိ။ ဟိုတယ်အစာတွေ ကို သူခံတွင်း မတွေ့ ။ အပြင်မှာ ပဲ တစ်ခုခု စားလိုက်တော့မည် ။ အရေး ကြီးတာတစ်ခုလည်း ရှိသေးသည်။ ပြင်ဦးလွင်ဆောင်းကို ရေရှည်အန်တုဖို့ အနွေးထည် လည်း ထပ်ဝယ်ရဦးမည် လေ။
သူ့မှာ ပါလာသော အနွေးထည်ဖြင့် ဒီဆောင်းကို ရေရှည်အန်တုဖို့ ဖြစ်နိုင် မည် မထင်။
စောထူးမှာ တက္ကသိုလ်တက်စဉ်က ခင်မင်ခဲ့သော သူငယ်ချင်း ဖြစ်ပါသည်။ အဖေ မရှိတော့သည်မို့ မိသားစုပွဲရုံလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူလည်း ဖြစ်သည်။ သူ ကတော့ ကျောင်းပြီးကတည်းက ကင်မရာတစ်လုံးနှင့် အလုပ်ရှုပ်နေခဲ့သူပေါ့။ ယခုပြင်ဦးလွင် လာ ခြင်းမှာ လည်း အပျော်တမ်းဓာတ်ပုံရိုက်ရန်အတွက် ရောက်လာခြင်း ဖြစ်သည်။
ရောက်တုန်းရောက်ခိုက် နှိပ်စက်ရန်ပုဂ္ဂိုလ် ကတော့ ပြင်ဦးလွင်သား စောထူးပင် ဖြစ်တော့၏ ။ လောလောဆယ် ကတော့ ရေအရင်ချိုးရပေမည် ။ ပြီး မြို့ထဲဖက်သွားကာ ဟာ နေသော ဝမ်းကိုဖြည့်ရမည် ။ အတွေးဆုံးသော ရေချိုးခန်းဝင်လိုက်ပါသည်။
ခလုတ်လှည့်လိုက်တော့မှ ရေမှု န်တွေ ဖွဲခနဲ သူ့အပေါ်ကျလာ၏ ။
“အားပါး…အေးလိုက်သည် ဖြစ်ခြင်း”
ရေချိုးပြီးတော့ မြင်းလှည်းတစ်စီး ငှားကာ မြို့ထဲဘက် ထွက်ခဲ့လိုက်သည်။ နှစ် ခါ၊ သုံးခါရောက်ဖူးထားသည်မို့ အရာရာက သူနှင့် အစိမ်းသက်သက် မဟုတ်ပါ။ မြို့ထဲရောက် တော့ ဗိုက်ကို ဖြည့်လိုက်၏ ။ ပြီးတော့ ဆွယ်တာဆိုင်တစ်ဆိုင်သို့ ဝင်ကာ စိတ်ကြိုက် အင်္ကျီ နှစ် ထည်ကို ဝယ်လိုက်ပါသည်။
ဒီလောက်ဆိုလျှင်ဖြင့် အအေးဓာတ်ကို အန်တုဖို့ ရနိုင်ကောင်းပေပြီ။ အင်္ကျီ ဝယ်ပြီး တော့ ဟိုတယ်လည်း မပြန်ချင်သေးသည်မို့ ခြေဦးတည့်ရာ လျှောက်လာခဲ့လိုက်၏ ။ ဒီ အချိန်ဆို ရန်ကုန်မှာ နေပူကောင်းတုန်းပေမဲ့ ပြင်ဦးလွင် ကတော့ အေးမြလတ်ဆတ်လျက်။
ပင်လယ်ပြင်မှ အမြင့်ပေသုံးထောင်ကျော်မှာ တဖြူးဖြူးတိုက်ခတ်နေသည့်လေ။ တဝီဝီမောင်းနှင်နေကြသော ဆိုင်ကယ်များ နှင့် ကြည့်လို့ အလွန်ကောင်းနေပါသည်။ လမ်း လျှောက်ရတာ ပင် ရန်ကုန်နှင့် မတူလတ်ဆတ်ညွန့်နူးကာ နေ၏ ။ လျှောက်လာရင်း တစ် နေရာရောက်တော့ သူ့အာရုံကို ဦးစိုက်ဆွဲခေါ်သွားသည့် အခင်းအကျင်းတစ်ခုကို တွေ့  လိုက်ရပါသည်။
စာအုပ်အဟောင်းဆိုင်လေးတစ်ဆိုင်။ မြေပေါ်တွင် အခင်းတစ်ချပ်နှင့် ဖြန့်ကျဲပြသ ထားသော လမ်းဘေးစာအုပ်ဆိုင်လေးပါပဲ။ ဓာတ်ပုံရိုက်တာ ဝါသနာပါသလို စာဖတ်ရတာ ကိုလည်း ဝါသနာပါသည်။
ပြီးတော့ စာအုပ်အဟောင်းဆိုင်လေးတွေ မှာ စာအုပ်ကောင်း သွားရွေးရသည့် ခံစား မှု ကိုလည်း နှစ် ခြိုက်၏ ။ ထို့ကြောင့် ခပ်သွက်သွက်ပင် စာအုပ်ဆိုင်လေးရှိရာသို့ လျှောက် လှမ်းသွားလိုက်သည်။ ရှေ့ကိုရောက်တော့ ဖြန့်ခင်းထားသော စာအုပ်များ ကို တစ်အုပ်ချင်း ကြည့်ရှုနေလိုက်၏ ။
ပိုင်ရှင်မှာ အဘိုးကြီး တစ်ယောက် ဖြစ်လေသည်။ နောက်မှာ ကျုံ့ကျုံ့ထိုင်ရင်းစာအုပ် ကြီးတစ်အုပ်အား သဲကြီးမဲကြီးဖတ်နေ၏ ။ ရှေ့တွင် သူရောက်နေတာကိုတောင် သတိပြု မိပုံမပေါ်။ တစ်အောင့်ကြာတော့ သော်ဖြိုး ငုတ်တုတ်ထိုင်ချကာ စာအုပ်တစ်အုပ်ကို ဆွဲ ထုတ်လိုက်သည်။
ဗင်းဆင့်ဗန်ဂိုးရေး ခဲ့သမျှ ပုံကြမ်း (ကောက်ကြောင်းပန်းချီကားများ )ဆိုသည့်စာအုပ်။ တစ်ရွက်နှစ် ရွက် လှန်ကြည့်ပြီးစဉ်မှာ ပင် ရှားပါးစာအုပ်တစ်အုပ် ဖြစ်မှန်း သိလိုက်ပါသည်။ ထို့ကြောင့် ယူဖို့ ဆုံးဖြတ်လိုက်၏ ။
ပြီးတော့ ကြည့်နေရင်းနဲ့ နောက်ထပ်စိတ်ဝင်စားဖွယ်ကောင်းသော စာအုပ်တစ် အုပ်ကို ထပ်တွေ့ ရသည်။ ကမ္ဘာကျော်ဘာသာပြန်စာအုပ်တစ်အုပ်ပါ။ တော် တော် ဟောင်း နေ ပြီ ဖြစ်ပေမဲ့ ဖတ်လို့တော့ရနေသေး၏ ။ ပြန်ရိုက်ထားတာတွေ ရှိပေမဲ့ မူရင်းစာအုပ် ဖြစ် နေသည်မို့ ယူရပေဦးမည် ။
ဘာပဲပြောပြော ဟိုတယ်ပြန်ရောက်လျှင် ပျင်းရန်မရှိတော့။
“ဦးလေး … ဒီနှစ် အုပ်ဘယ်လောက်လဲ”
စာအုပ်နဲ့ မျက်နှာ ကပ်လုလုနီးနီး ဖြစ်နေရာမှ လူကြီး ခေါင်းမော့လာသည်။ ပြီး သူ ထောင်ပြ သော စာအုပ်နှစ် အုပ်ကို ကြည့်ကာ…
“လေးထောင်”
အသံ လူနဲ့ မလိုက်စွာ မာတင်းနေသည်မို့…
“ မလျှော့တော့ဘူးလား”
“မယူချင် ပြန်ချထားခဲ့လေ”
သော်ဖြိုးဝေဆိုသော ချာတိတ် အနည်းငယ်တော့ ဖြုံသွားရ၏ ။ ဈေးရောင်းပုံက လွန်လွန်ကျူးကျူးကို ကောင်းမွန်နေသည်။ အပြစ်တော့ မဆိုသာပါ။ စာအုပ်ချစ်သော လူ တော် တော် များ မှာ ထိုသဘောအတိုင်းပင် ဖြစ်ကြောင်း သူနားလည်သည်။ ပုံစံကြည့်ရ တာ ဒီအဘိုးကြီးမှာ အနှစ် နှစ် အလလ စုဆောင်းထားသော စာအုပ်များ ကို အခြေအနေ တစ်ရပ် ကြောင့် ချရောင်းနေခြင်း ဖြစ်ဟန်တူသည်။ ဈေးသည် သက်သက်မဟုတ်နိုင်။ အနည်း ငယ် ဈေးများ ပေမဲ့ ယူဖို့ ဆုံးဖြတ်လိုက်ပါသည်။
မယူလည်း ထိုအဘိုးကြီးပြောသလို ထားခဲ့ရရုံသာရှိသည်။ ဈေးလျှော့မည့်  အရိပ်အယောင်က မြူမှု န်တစ်စလောက်ပင် မတွေ့ ရသည်မဟုတ်ပါလား။ ပိုက်ဆံရှင်းပြီး တော့ အခင်းပေါ်တွင် ယူလိုက်သော စာအုပ်နှစ် အုပ်နေရာမှာ လွတ်သွား၏ ။ ထိုနေရာသို့ အဘိုးကြီးက နောက်ထပ်စာအုပ်နှစ် အုပ်ကို အိတ်တွင်းမှ ထုတ်ကာချသည်။
ချခင်းလာသော နှစ် အုပ်အနက် တစ်အုပ်အား မြင်လိုက်ရချိန်မှာ တော့…
‘လျှို့ဝှက်မြို့ရိုး’
နာမည် လေးက သပ်ရပ်လှပကာ နှလုံးအိမ်အတွင်းသို့ စီးမျောကာသွားသည်။ နာ မည် နှင့် အတူ စာအုပ်မျက်နှာဖုံးလေးမှာ လည်း စွဲဆောင်အားကောင်းလွန်းလှ၏ ။ ဓာတ်ပုံ ရိုက်နေသူမို့ ပစ္စည်းတစ်ခု၏ အနုပညာအရည်အသွေးကို သူကောင်းကောင်း ကြည့်ရှု တတ်ပါသည်။
ဆတ်ခနဲ ပြန်ထိုင်ချကာ ထိုစာအုပ်လေးအား ကောက်ယူကြည့်လိုက်တော့… စာအုပ်မှာ သာမန်အရွယ်အစားထက် အနည်းငယ်ကြီးနေ၏ ။ ငယ်ငယ်က သင်ခဲ့ရသော ကျောင်းသုံးပုံနှိပ်စာအုပ်အရွယ်အစားမျိုး ဖြစ်သည်။ ဒါပေမဲ့…
ပြောင်မြောက်လွန်းသော ပန်းချီကားတစ်ချပ်ကို အနီးကပ်ကြည့်ရှုလိုက်ရသလို… ပုစွန် ဆီရောင် အောက်ခံပေါ်မှာ အညိုကွက်အုတ်ချပ်များ ဖြင့် မြို့ရိုးတစ်ခုပုံကိုဖော်ထား၏ ။ မြို့ရိုးကို ကြည့်ရုံနှင့် ရှေးကျသော သက္ကရာဇ်တစ်ခု၏ မြို့ဟောင်းကြီး တစ်ခု၏ ပုံစံ ဖြစ် သည်။
ပြီးတော့ အလယ်တည့်တည့်မှာ ဝင်ပေါက်မုခ်ဦးတစ်ခု။ ထိုမုခ်ဦးအပေါ်ဘက်မှာ မှ အနက်ရောင် စာလုံးကြီးများ ဖြင့် ‘လျှို့ဝှက်မြို့ရိုး’ ဟု ခန့်ခန့်ထည်ထည် ရေး ထိုးထား ပါသည်။ ပုံစံကိုကြည့်ရတာ ရှေးဟောင်းမြို့တစ်မြို့၏ ဝင်ပါက်အား ပုံတူကူးဆွဲထားသလို။
အနက်ရောင် ‘လျှို့ဝှက်မြို့ရိုး’၏ ဘေးဖက်တစ်ဖက်တစ်ချက်မှာ လည်း ပန်းခက် ပန်းနွယ်များ ရေး ဆွဲထားသည်ကို တွေ့ ရသည်။ ဘယ်လိုပဲ ကြည့်ကြည့် ပုံစံက နန်းစိုက်ခဲ့ သော တစ်ခေတ်တစ်ခါက မြို့တစ်မြို့ပုံစံမျိုး။
စာအုပ်မှာ မျက်နှာဖုံးနှင့် ပင် လက်ကမချချင်လောက်အောင် ဆွဲဆောင်လိုက်ပေပြီ။ ညှို့အားပြင်းလွန်းလှသော မျက်နှာဖုံးပန်းချီလေးကို တမေ့တမောကြည့်နေရာမှ အတွင်း ကိုလှန် လိုက်တော့…
ဝါကျင့်ကျင့် စာမျက်နှာတစ်ခုမှလွဲ၍ အားလုံးမှာ ရှင်းရှင်းလင်းလင်း၊ စာလုံးမပါ၊ မျဉ်းကြောင်းမပါ၊ ဗလာရောင် စာမျက်နှာတစ်ခု ဖြစ်သည်။ နောက်တစ်ရွက်မှာ လည်း ထိုအတိုင်း။ ပြီးတော့ နောက်ထပ်တစ်ရွက်…
စာအုပ်အလွတ်တစ်အုပ်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် …
“ဦးလေး…၊ ဒီစာအုပ်ကြီးက ဘယ်လိုကြီးလဲ”
အဘိုးကြီးက စိတ်မပါစွာ ခေါင်းမော့လာပြီး သူ့လက်တွင်းမှ စာအုပ်ကိုကြည့်ကာ…
“မင်းမြင်တဲ့ အတိုင်းပဲလေ”
တော် တော် ခွကျသည့် အဘိုးကြီးပဲဟု တွေးမိကာ သူလည်း အားကျမခံတော့။
“မြင်တော့ မြင်တာပေါ့။ စာအုပ်ထဲမှာ ဘာမှမပါလို့”
“ဘာမှမပါရင် ဗလာစာအုပ်ပေါ့ကွ”
“ကျွတ်…”
ခက်တော့ ခက်နေပါပြီ။ သူစိတ်ပျက်လက်ပျက်ဖြင့် သာ စုတ်သပ်လိုက်မိ တော့ သည်။ ဒီအဘိုးကြီးနှင့် စကားပြောရတာ လုံးဝအဆင်မပြေပါ။
“ဗလာစာအုပ်ကြီးဆိုဘာလို့ရှေ့မှာ ‘လျှို့ဝှက်မြို့ရိုး’လို့ နာမည် တပ်ထားတာလဲ။ နာ မည် တပ်ထားရင် အဲ့ဒါနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ကတော့ အတွင်းမှာ ပါရမှာ ပေါ့။ ဦးလေးပြောသလို ဗလာစာအုပ်ဆို ဒီစာအုပ်က ကလေးတွေ ပုံဆွဲဖို့လား”
ဘာမဆိုင် ညာမဆိုင် သူလည်း မြင်ပြင်းကပ်ကပ် ဖြင့် ဂျစ်တိုက်လိုက်တော့…
“ဟုတ်တယ်ကွ၊ ပုံဆွဲဖို့။ မင်းလည်း ပုံဆွဲချင် ဝယ်သွားလိုက်”
ပြီးလေပြီ။ အဘိုးကြီးက ဂရုမစိုက်သော ပုံစံဖြင့် ခေါင်းကို ငုံ့ကာ စာပြန်ဖတ် နေသည်။ နောက်ဆုံးတော့ စာအုပ်ကိုင်ပြီး ကြောင်တောင်တောင် ကျန်ခဲ့ရသူက သူပင် ဖြစ် တော့၏ ။
အဘိုးကြီးပြောသလို ပုံဆွဲစာအုပ်မဟုတ်တာတော့ သေချာပါသည်။ မျက်နှာဖုံးကို ကြည့်ရုံနဲ့ ကြက်သီးထလောက်အောင် ကြိုးစားထားတာကို တွေ့ ရပါသည်။ ပြီးတော့ စာအုပ်မှာ အထူကြီးမဟုတ်။ အတွင်းစာရွက်များ မှာ ခန့်မှန်းချေ ဆယ်ရွက်ဝန်းကျင်လောက် သာ ရှိလိမ့်မည် ။
ဘာပဲ ဖြစ် ဖြစ် စာအုပ်ကိုပြန်ချမပေးနိုင်တော့။ ဗလာစာအုပ် ဖြစ်ပေမဲ့မျက်နှာဖုံးနှင့် ပင် ပြည့်စုံနေပါပြီ။ ထို့အတွက်…
“ဘယ်လောက်လဲ ဦးလေး”
အဘိုးကြီးက မော့၍ ပင်မကြည့်ပါ။
“ရောင်းဈေး ကတော့ တစ်ထောင့်ငါးရာပဲ။ ဒါပေမဲ့ မင်းလျှာရှည်တဲ့အတွက် ဈေး တက်သွားပြီ။ သုံးထောင်ရမှ ရောင်းမယ်။ မလိုချင်ပြန်ချထားခဲ့။
မတတ်နိုင်တော့ပါချေ။
နောက်ဆုံးတော့ အင်တင်တင်ဖြင့် သာ ငွေသုံးထောင် ထုတ်ပေးလိုက် ရတော့သည်။
လောကဓမ္မတာ တစ်ခုပါပဲ။
ဝယ်သူရှိလျှင် ဈေးတက်တတ်သော သဘာဝ ပင်မဟုတ်ပါလား။
လမ်းလျှောက်ပြန်ခဲ့သည်မို့ ဟိုတယ်ရောက်တော့ ညနေမှော င်ရီပျိုးနေပါပြီ။ မနှစ် သက်ပေမဲ့ ညနေစာကို ဟိုတယ်မှာ ပင် စားရတော့မည် ။ အပြင်ပြန်မထွက်ချင်တော့။ ပြင်ဦး လွင်က ဆိုင်ကယ်တစ်စီးမရှိလျှင် သွားရလာရသိပ်အဆင်ပြေလှသည်မဟုတ်။ နောက်ပြီး စောထူး ရောက်အလာကိုလည်း စောင့်ရဦးမည် ။
အခန်းတွင်းဝင်လိုက်တော့ အနည်းငယ်နွေးသွားသလို ခံစားရသည်။ မှော င်ရိပ်ကျ နေပြီမို့ အခန်းမီးကို ဖွင့်လိုက်ပါသည်။ ဝယ်လာသော စာအုပ်များ ကို စားပွဲပေါ်တင်ကာ ဖိနပ်ကိုချွတ်လိုက်၏ ။ ပြီးတော့ကျောပိုးအိတ်လေးကို ယူကာဇစ်ဖွင့်လိုက်သည်။
သူနှင့် လက်ပွန်းတတီးနေထိုင်ခဲ့သော ကင်မရာလေးက အတွင်းမှသူ့ကို မော့ကြည့် နေသည်။ မနက်ဖြန်မှပဲ ဒီကောင့်ကို အလုပ်ပေးတော့မည် ဟု တွေးကာ အတွင်းအိတ်ထဲမှ ဘောပင်ကို ထုတ်လိုက်၏ ။ ပြီးခုံတွင် ထိုင်ကာ ဝယ်လာသော စာအုပ်များ ကို နာမည် နှင့် ရက်စွဲထိုးလိုက်သည်။
ကိုယ်တိုင်ဝယ်လို့ပဲ ဖြစ် ဖြစ်၊ လက်ဆောင်ရလို့ပဲ ဖြစ် ဖြစ် လက်တွင်း ရောက်လာ တော့ စာအုပ်တိုင်းကို နာမည် နှင့် ရရှိသည့်ရက်စွဲထိုးတတ်တာ သူ့အကျင့် ဖြစ်သည်။ လျှို့ဝှက်မြို့ရိုး စာအုပ်လေးကိုတော့ နာမည် မတပ်ခင် တစိမ့်စိမ့်ကြည့်နေမိ၏ ။ ပြီးတော့မှ အတွင်းကိုလှန်ကာ စာမျက်နှာညာဘက်ထောင့်တွင် နာမည် နှင့် ဒီနေ့ရက်စွဲကို ရေး လိုက် သည်။
နာမည် တပ်ပြီး ပါရှိသော စာရွက်လွတ်များ ကို တစ်ရွက်ချင်းရေကြည့်လိုက်တော့ အားလုံးပေါင်း ဆယ့်တစ်ရွက်တိတိ။ ထိုဆယ့်တစ်ရွက်လုံးကလည်း ဗလာသက်သက်။ ဘာပဲ ဖြစ် ဖြစ် မှတ်စုစာအုပ်တော့ လုပ်လို့ရကောင်းပါသည်။
ထို့နောက်မှာ ခုတင်ပေါ်ထိုင်ချပြီးဘာသာပြန်စာအုပ်လေးကို ဖတ်နေလိုက်သည်။ အရင်ကတည်းက စိတ်ဝင်စားသော စာအုပ် ဖြစ်သည်မို့ ခဏချင်းပင် အာရုံအားလုံးက စာ အုပ်တွင်း ဝင်ရောက် သွားပါသည်။ မည် မျှကြာကြာ ဖတ်မိသွားသည်မသိလိုက်။
ဖုန်းမြည် သံကြားမှ လူက သတိဝင်သွားကာ…
“စောထူး…ပြော…”
သူ့စကားဆုံးဆုံးချင်းမှာ ပင် စောထူးရဲ့ အီလည်လည် အသံကြီး ထွက်ပေါ်လာ သည်။
“သော်ဖြိုးရေ…အားနာလိုက်တာကွာ”
“ဟေ့ကောင် ဘာ ဖြစ်လို့လဲ”
“ကားက အခုမှပြင်လို့ပြီးတယ် ဟေ့ကောင်ရေ။ နောက်တစ်နာရီခွဲလောက်နေမှ မင်းဆီ ရောက်မယ်ထင်တယ်”
သော်ဖြိုး နာရီကိုကြည့်လိုက်တော့ ညရှစ်နာရီထိုးတော့မည် ။
“မင်း…အခုဘယ်မှာ လဲ”
“၂၁ မိုင်မှာ ပဲ ရှိသေးတယ်။ ခရီး ကတော့ မဝေးပါဘူး။ ဒါပေမဲ့သိတဲ့အတိုင်းပဲ ညဘက်ဆိုတော့ကွာ”
သဘောပေါက်လိုက်သည်။ ထိုအတူ အကောင်းဆုံးအကြံတစ်ခုကိုလည်း ပေးလိုက် သည်။
“အဲ့ဒါဆိုဒီလိုလုပ်ကွာ။ မင်းလည်းတစ်နေကုန်ပင်ပန်းလာတာဆိုတော့ ငါ့ဆီမလာနဲ့ တော့။ မနက်ဖြန်မှပဲ လာခဲ့။ ဟေ့ကောင်… ငါ့ကိုဘာမှအားမနာနဲ့နော်။ အလုပ်ကိစ္စပဲ၊ ဒါမျိုး က ဖြစ်တတ်ပါတယ်”
သူ့စကားဆုံးတော့ အားနာသံမတွေ စောထူးဆီမှ လျှံကျလာပြန်သည်။
“အေးပါကွာ။ ဒါဆိုလည်း မနက်ကျမှပဲ မင်းဆီလာခဲ့တော့မယ်။ သော်ဖြိုး…ငါ့ကို စိတ်မရှိနဲ့နော်”
“အာ…မင်းကလည်း မဟုတ်တာ”
ဗွေယူလို့ မရပါ။ ဒါမျိုးက ဖြစ်တတ်ပါသည်။ စောထူး ဒီညရောက်မလာရုံနှင့် လည်း ဘာမျှ အကျိုးထူးမလာနိုင်ပါပေ။ ဒီလိုဆိုတော့လည်း ညစာအတွက် ဟိုတယ်ကိုသာ အား ကိုးရပေတော့မည် ။
Reception ကိုဖုန်းဆက်ပြီးတော့ စာအုပ်ကိုပြန်ဖတ်နေလိုက်၏ ။ ခဏအကြာမှာ တော့ တံခါးခေါက်သံကို ကြားရသည်။ ဖွင့်ပေးလိုက်တော့ မှာ ထားသော စားစရာကိုကိုင်ပြီး waiterလေး တစ်ယောက် ဝင်လာ၏ ။ မနက်က သူ့ကို အခန်းလိုက်ပို့ပေးသော ဝန်ထမ်း ပင် ဖြစ်ပါသည်။
လက်မှတ်ထိုးပေးပြီးတော့ ပြန်ထွက်သွားသည်။ ဗိုက်ဆာနေလို့လားမသိ။ အရသာ မှာ မဆိုး။ စားသောက်ပြီးသွားချိန်မှာ တော့ ထင်မှတ်မထားသော ကိစ္စတစ်ခုမှာ ချက်ချင်း လက်ငင်း ဖြစ်ပျက်လာပါတော့သည်။
တစ်ခန်းလုံး မှော င်ကျသွား၏ ။
ထူးဆန်းသွားသော အခြေအနေကြောင့် ခဏတာ ကြောင် သွားပါသည်။ ဒါပေမဲ့ ချက်ချင်း ပင် သဘောပေါက်လိုက်ပါသည်။ မီးပျက်သွားတာပါ။ အတော် ကြာအောင် စောင့် ကြည့် လိုက်ပေမဲ့ မီးမှာ ပြန်လင်းမလာခဲ့။
ထိုစဉ်မှာ ပဲ…
“ဒေါက်…ဒေါက်…”
မှော င်မည်းကြီးထဲ ကြားလိုက်ရသော တံခါးခေါက်သံကြောင့် စိတ်ထဲမှာ ထင့်ခနဲ ဖြစ်သွား၏ ။
“ဒေါက်…ဒေါက်…”
ဒုတိယမြောက် ထွက်ပေါ်လာပြန်သည်။ ဒီတစ်ခါတော့ ထိုင်ရာမှ ထ, ရပ်လိုက်မိ သည်။ ပြီး အမှော င်ထဲစမ်းကာ တံခါးဆီသို့ ခြေသံလုံလုံဖြင့် လျှောက်လှမ်း သွားလိုက်၏ ။ တံခါးဆီရောက်တော့…
“ဘယ်သူလဲ”
မတိုးမကျယ်ထွက်သွားသော သူ့စကားသံနောက်မှာ …
“ကျွန်တော် ထူးအောင်ပါ။ ဒီဟိုတယ်က ဝန်ထမ်းပါ။ မီးပျက်သွားလို့ ဖယောင်းတိုင် လာပေးတာပါ”
ထူးတော့ ထူးဆန်းနေသည်။ မီးပျက်သွားတာ မီးစက်မမောင်းဘဲ ဖယောင်းတိုင် လာပေးသည်တဲ့။
“မီးပျက်သွားတာ မီးစက်မောင်းလေကွာ။ ဘာလို့ဖယောင်တိုင်လာပေးတာလဲ။ ငါတို့က ဟိုတယ်လာတည်းပြီး ဖယောင်းတိုင်နဲ့ နေရမှာ လား”
သူ့စကားကြောင့် တစ်ဖက်မှကျိုးနွံစွာ ပင်…
“မီးစက်မောင်းလို့ မရလို့ပါ ဆရာ။ အရင်ညတွေ ကလည်း မီးပျက်စမရှိတော့ မီးစက် က မနှိုးဘဲထားတာ တော် တော် ကြာနေပြီ။ အခုနှိုးတော့ ဘယ်လိုမှနှိုးလို့မရလို့ပါ။ ကျွန် တော် တို့ စက်ပြင်ဆရာကိုခေါ်ထားပါတယ်”
ဒီတော့မှ သော်ဖြိုး တံခါးကိုဖွင့်ပေးလိုက် သည်။ ခုန စားစရာလာပေးသော ဝန်ထမ်း လေးပင် ဖယောင်းတိုင်တစ်တိုင်ကို ကိုင်ပြီး ရပ်နေသည်ကို တွေ့ ရ၏ ။ သူ့လက်တွင်းသို့ ဖယောင်းတိုင် ကမ်းပေးတော့…
“မင်းနာမည် ဘယ်သူ…”
“ထူးအောင်ပါ”
ဝန်ထမ်းက ခေါင်းကိုညွတ်ရင်း ရိုကျိုးစွာ ပြန်ဖြေသည်။ သော်ဖြိုး ခေါင်းကိုညိတ် ကာ ဖယောင်းတိုင်ကိုလှမ်းယူလိုက်သည်။ မီးတောက်ကလေးက လွန့်လူးစွာ လက်တွင်းသို့ ပါလာ၏ ။ ထူးအောင်ဆိုသော ဝန်ထမ်း ကတော့ ဖယောင်းတိုင်တစ်တိုင်ကို မီးထပ်ညှိရင်း နောက်တစ်ခန်းကူးသွားသည်။
သော်ဖြိုးတံခါးကို ပြန်ပိတ်ကာ လော့ချလိုက်သည်။ အခန်းတွင်းရောက်တော့ လေမတိုက်ဘဲ ဖယောင်းတိုင်မီးမှာ ယိမ်းထိုးနေ၏ ။ စားပွဲပေါ်မှာ အကျအနထွန်းပြီးတော့ ဖက်လက်စစာအုပ်ကို ပြန်ကိုင်လိုက်သည်။
ထိုစဉ်မှာ ပဲ ခပ်ဝေးဝေးဆီမှ နာရီသံချောင်းခေါက်သံကို ကြားရသည်။ အားလုံး ပေါင်း ဆယ်ချက်တိတိ။ ဗိုက်လေးသွားလို့လားမသိမျက်လုံးတွေ ရီဝေကာ မှေးစင်းလာ သည်။
“ဝါး…”
တစ်ချက် သမ်းဝေပြီးသွားချိန်မှာ တော့ ခန္ဓာကိုယ်ကအနားယူဖို့ တောင်းဆိုလာ တော့ ၏ ။ စာအုပ်လေးကိုပိတ်ကာ ခုတင်ပေါ်လှဲချလိုက်သည်။ မကြာလိုက်...
သူပိုင် ညလေးတစ်ညကို အိပ်စက်ခြင်းကဦးဆောင်ခေါ်ငင်သွားလေတော့သည်။
စားပွဲပေါ်မှ ဖယောင်းတိုင်မီးလေးမှာ တော့ တလူလူလွင့်လျက်…
တကယ်တော့ ဖယောင်းတိုင်မီးငြိမ်းဖို့ကို သူမေ့သွားတာပါ။
“ဒိန်း…”
အနီးကပ်ပေါက်ကွဲသံကြီးတစ်ခုကြောင့် ရပ်တည်ရာနေရာကမ္ဘာမြေကြီးပင် သိမ့် သိမ့်လှုပ် သွားသလို ခံစားလိုက်ရသည်။ သူ့ရဲ့ အမြင်အာရုံထဲမှာ အခိုးအငွေ့တွေ ဆူဝေ ထွက်နေ၏ ။ ပြီးတော့…
“ဟား…ဟား…ဟား…”
ကြောက်ခမန်းလိလိ ခြောက်ကပ်ကပ် အော်ဟစ်ရယ်မောသံကြီး တစ်ခု။ ထိုရယ်သံ ကြီးနောက်မှာ …
“မင်းကို မျှော်နေတာကြာပြီကွ။ ပထမပိုင်ရှင်သုံးပြီးကတည်းက ငါအမှော င်ထဲမှာ ရောက်နေတာ ရှစ်နှစ် ရှိနေပြီ။ အခုမှပဲ လွတ်လပ်တော့တယ်။ ဟား….ဟား…ဟား စာအုပ် မှာ မင်းနာမည် ရေး လိုက်ပြီဆိုတော့ စာအုပ်က မင်းစာအုပ် ဖြစ်သွားပြီ။ စာအုပ်ကို မင်းပိုင် သလို မင်းကိုလည်း ငါပိုင်သွားပြီဟေ့။ မင်းရဲ့ မနက်ဖြန်တွေ ကို ငါပိုင်သွားပြီ။ မင်းရဲ့ မနက် ဖြန်တွေ ကို ငါပိုင်သွားပြီ ဟား….ဟား…ဟား…”
‘ဝုန်း’ခနဲ ကြုံးထလိုက်တော့ ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။ လူက မောဟိုက်ကာ အသက်ရှူသံတွေ မြန်နေ၏ ။ ဘေးဘီဝေ့ကြည့်မိတော့ ဖယောင်းတိုင်လေးတစ်တိုင်ရဲ့ အလင်းရောင် မှအပ အားလုံးမှာ တိတ်ဆိတ်မှော င်မည်းလျက်…
ခုနကြားလိုက်သော ကြောက်မက်ဖွယ်အသံနက်ကြီးက နားထဲမှာ ပဲ့တင်ထပ်နေ၏ ။ တစ်ကိုယ်လုံး ချွေးတွေ ရွှဲကာ ထိုအသံကြီးထွက်ပေါ်လာရာနေရာကို အသည်းအသန် ရှာ နေမိ၏ ။ ဘယ်ကထွက်လာတာလဲ။ ဘယ်သူပြောလိုက်တာလဲ…။
သေချာသော အဖြေမရှိပေမဲ့ စိတ်က အလိုလိုသိနေသည်။
အိပ်မက်…
အိပ်မက်တစ်ခုကို သူမြင်မက်နေတာပါ။
လည်ပင်းမှ ချွေးတွေ စီးကျနေတာကို ခံစားရသည်။ ပြီးတော့ လေတစ်သိုက်က သူ့ဆီကို အေးခနဲ ရောက်လာ၏ ။
“ဟင်…”
ထူးဆန်းသွားပြန်ပါပြီ။ အခန်းတံခါး ပိတ်ထားသည်။ မီးပျက်နေ၍ Air-con လည်းမလာ။ ဒါကို ဒီလေက…
အခန်းထဲမှာ လည်း စိမ်းဖန့်ဖန့်လေငွေ့တွေ ဖြင့် အေးစိမ့်စိမ့် ဖြစ်နေကြောင်းကိုလည်း အခုမှသတိထားမိသည်။ ဖယောင်းတိုင်မီးလေး ကတော့စားပွဲပေါ်မှာ ယိမ်းနွဲ့လှုပ်ရှားလျက်။ မီးထွန်းလျက်နှင့် အိပ်ပျော် သွားခြင်း ဖြစ်သည်ကြောင့် ဖယောင်းတိုင်မှာ တစ်ဝက် သာသာ လောက်ပင်ရှိတော့သည်။
စောင်ကိုခွာကွာ ကုတင်ပေါ်မှ ကပျာကယာဆင်းလိုက်မိသည်။ အခန်းတွင်းရောက် နေသော လေစိမ်းနှင့် ပက်သက်၍ စုံစမ်းမှု ကို စတင်လိုက်ပါသည်။ အရင်ဆုံး ပြတင်းတံခါး ဆီသွားကွာ လိုက်ကာကိုဆွဲဖယ်လိုက်တော့…
ထင်ထားသလိုပါပဲ။ ပြတင်းတံခါးမှာ ဟင်းလင်းပွင့်လျက်ရှိနေသည်။ ရင်ခုန်မပြယ် သေးသည်မို့ ပြင်ပလောကကိုကြည့်ရတာ ချောက်ချားဖွယ်။ မနက်က သူကိုယ်တိုင် ဖွင့် ထားခဲ့သော ပြတင်းပေါက် ဖြစ်ပြီး သူကိုယ်တိုင် ပိတ်ဖို့မေ့နေခြင်းလည်း ဖြစ်သည်။
လိုက်ကာကိုပင့်ကာ တံခါးပိတ်ရန် လက်လှမ်းတော့ လေတစ်သုတ်ဖြူးခနဲ ဝင်လာ ပြန်သည်။ ထိုလေရှိန်ကြောင့် ဖယောင်းတိုင်မီးယိမ်းထိုးသွားသည်ကို မျက်လုံး ထောင့်စွန်း မှာ တွေ့ လိုက်ရ၏ ။ ပြီးစာရွက်လန်သံ တချို့ကိုလည်းကြားရသည်။ ဘာမှမသိ ကျောမှာ စိမ့်ခနဲအေးသွား၏ ။
ထူးခြားသွားသော အခြေအနေတစ်ခုကြောင့် နောက်ဘက်သို့ လှည့်ကြည့်စဉ် မြင် တွေ့ လိုက်ရသည်ကား…
“ဟာ…”
ပါးစပ်ဟောင်းလောင်းပွင့်ကာ လူက ကြက်သေ,သေသွား၏ ။ မျက်နှာချင်းဆိုင် နံရံပေါ်မှာ စာကြောင်းတွေ ပေါ်နေသည်။ မပီဝိုးတဝါး။ ဘာတွေ ရေး ထားမှန်း မသိ။ ထို့ အတူ ‘လျှို့ဝှက်မြို့ရိုး’ ဟူသော စာအုပ်လေးမှာ လည်း ဘယ်သူ့လက်ချက်မှန်းမသိ ဖွင့် လျက်ရှိ နေပါသည်။
စာရွက်လေးတစ်ရွက်မှာ တိုးဝင်လာသော လေရှိန်ကြောင့် ထောင်သွားလိုက်၊ လဲကျ သွားလိုက်။ အလားတူ နံရံပေါ်မှစာကြောင်း များ မှာ လည်း ပေါ်လာလိုက်၊ ပျောက်သွား လိုက်။
သော်ဖြိုး အထိတ်တလန့် ဖြစ်ကာ တံခါးကို ဝုန်းခနဲ ဆွဲပိတ်လိုက်သည်။ ပြီးတော့ စားပွဲရှိရာဆီ အပြေးလှမ်းသွားလိုက်၏ ။
လျှို့ဝှက်မြို့ရိုးစာအုပ်လေးကို ဘယ်သူဖွင့်လိုက်သလဲ သူမစဉ်းစားအားတော့။ လောလောဆယ် အရေး ကြီးသည်က စာရွက်လန်သွားချိန် နံရံပေါ်လာသည့်စာ…
အနီးရောက်ရောက်ချင်း လဲကျနေပြီ ဖြစ်သော စာရွက်လေးကိုဆွဲထောင်လိုက် သည်။ ထိုအခါမှာ တော့…
စာသုံးကြောင်းမှာ နံရံပေါ်၌ ထင်ထင်ရှားရှားပေါ်လာ၏ ။ အတည့်ပေါ်လာခြင်း မဟုတ်။ လူက ခေါင်းနားပန်းကြီးသွားကာ စာအုပ်ကို ဆွဲထောင်လိုက်စဉ်မှာ ပဲ…
“ဟင်…”
ကြက်သီးတို့ ဖျင်းခနဲထ,မိသွားသည်။ ဖယောင်းတိုင်မီးလေးက တည့်မတ်စွာ တငွေ့ငွေ့ လောင်ကျွမ်းလို့၊ သော်ဖြိုး ချက်ချင်း ပဲ သဘောပေါက်လိုက်ပါပြီ။
ဖယောင်းတိုင်မီးရောင် က ‘လျှို့ဝှက်မြို့ရိုး’ စာမျက်နှာတစ်ခုကို ထိုးဖောက် ဖြတ် သန်းထား၏ ။
ပကတိစာရွက်မှာ ဗလာ။ သို့ ပေမဲ့ အလင်းရောင် ထိုးဖောက်ဝင်ရောက်လိုက်စဉ် တစ်ဖက်နံရံမှာ ပေါ်လာသည်ကား…
ကြက်သီးထဖွယ် စာသုံးကြောင်း…
ဟောကိန်းလိုလို၊ သတိပေးချက်လိုလို…
အုတ်နံရံကိုကြည့်ကာ အသက်ရှူဖို့ မေ့လျော့သွားရ၏ ။ ပြီးစိတ်ထဲမှာ ဘဝင်မကျစွာ ခပ်တိုးတိုးရေရွတ် ဖြစ်သည်။
“ဘာလဲဟ…”
မနက်လင်းတော့ ခေါင်းတွေ ငြီးစိစိ ဖြစ်နေသည်။ ညကတော် တော် နှင့် အိပ်မပျော်ခဲ့။ ထူးဆန်းလွန်းသော အ ဖြစ်အပျက်တစ်ခုက အိပ်မက်လိုလို ၊ တကယ်လိုလို သူ့အား ခြောက်ခြားစေခဲ့ပါသည်။
နံရံမှာ စာများ ပေါ်လာပြီး မကြာမီပင် မီးပြန်လာခဲ့သည်။ မီးလာသည်နှင့် တစ်ပြိုင် နက် ထိုစာများ မှာ လည်း ပျောက်သွား၏ ။ ကမန်းကတန်းပင် မီးထ ပိတ်လိုက်ပေမဲ့ ပြန်ပေါ် မလာတော့ပါချေ။ ထိုနောက်ပိုင်းမှာ သူအိပ်လို့မရတော့ခြင်း ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ်လည်း ဝေဝါးသွား၏ ။ ချက်ချင်း လက်ငင်း ဖြစ်ပျက်သွားပုံတွေ က အိပ်မက်လိုလို၊ တကယ်လိုလို။ ယခု အိပ်ရာကနိုးတော့ ပိုလို့ပင် ဝေဝါးသွားပြန်ပါပြီ။ အိပ်ရေး မဝသည့်အတွက် ခေါင်းက မကြည်လင်။
`လျှို့ဝှက်မြို့ရိုး’ ဟူသော စာအုပ် ကတော့ စားပွဲပေါ်တွင် တည်တည်ငြိမ်ငြိမ်ရှိနေ သည်။ အတွင်းကိုလှန်ကြည့်လိုက်တော့ ဝယ်လာတုန်းကအတိုင်းပုံစံမပျက်။ ဒါပေမဲ့…
စာအုပ်ကိုကိုင်ထားဆဲမှာ ပင် နားထဲမှာ စကားသံတွေ တဝီဝီအော်မြည် လာသည်။ ထိုအသံတွေ ကြားယောင်ပြီး နှလုံးခုန်သံတွေ လည်း မြန်လာရ၏ ။ နံရံမှာ ပေါ်လာခြင်းမှာ တကယ်ဟုတ်မဟုတ် မသေချာတော့ပေမဲ့ သေချာတာတစ်ခု ကတော့ ခေါင်းထဲမှာ စွဲမြဲနေ သည်။
အိပ်မက်…။
သူ့အား လန့်နိုးသွားစေခဲ့သော အိပ်မက်။ ထိုအိပ်မက်က ယခုထက်တိုင် သူ့အား ခြောက်လှန့်နေသည်။ မတွေးပေမဲ့ ခေါင်းထဲမှာ တစ်ကွက်ချင်းပြန်ပေါ်လာပြန်၏ ။
‘မင်းကို ငါမျှော်နေတာကြာပြီကွ။ ပထမပိုင်ရှင်သုံးပြီးကတည်းက ငါ အမှော င်ထဲ ရောက်နေတာ ရှစ်နှစ် ရှိနေပြီ။ အခုမှပဲ လွတ်လပ်တော့တယ် ဟား…ဟား…ဟား…။ စာအုပ် မှာ မင်းနာမည် ရေး လိုက်ပြီဆိုတော့ စာအုပ်က မင်းစာအုပ် ဖြစ် သွားပြီ။ စာအုပ်ကို မင်းပိုင် သလို မင်းကိုလည်း ငါပိုင်သွားပြီဟေ့။ မင်းရဲ့ မနက်ဖြန်တွေ ကို ငါပိုင်သွားပြီ… မင်းရဲ့ မနက်ဖြန်တွေ ကို ငါပိုင်သွားပြီ ဟား…ဟား…ဟား…’’
လူက နေရင်းထိုင်ရင်း ကြက်သီးတွေ ဖျင်းခနဲထလာသည်။ ဘာတွေ မှန်းလည်း သူမ သိ။ သာမန်အိပ်မက်တစ်ခုထက် ထူးခြားနေတာတော့ သေချာနေသည်။ ထိုစဉ်မှာ ပင်…
“ကလင်…ကလင်…ကလင်…”
ခုတင်ဘေးမှ ကြိုးဖုန်းမှာ မြည် လာသည်ကြောင့် ကောက်ကိုင်လိုက်တော့…
“အခန်း (107) ကလား မသိဘူးရှင့်’’
ပျူငှာချေငံသည့် မိန်းကလေးတစ်ဦးအသံကို ကြားရတော့..
“ဟုတ်ပါတယ်၊ (107) ကပါ’’
“ဟုတ်ကဲ့၊ reception ကပါရှင်။ breakfast သုံးဆောင်လို့ရပြီဆိုတာ အကြောင်း ကြားတာပါ။ ဟိုတယ်စားသောက်ခန်းမမှာ မနက်စာသုံးဆောင်လို့ရပါပြီရှင့်”
“ဪ… ဟုတ်ကဲ့ပါ။ ကျွန်တော် ဆင်းလာခဲ့လိုက်ပါမယ်”
ဖုန်းချပြီးသည့်တိုင်အောင်ငူငူငိုင်ငိုင်ကြီး ဖြစ်နေမိသေး၏ ။ နောက်မှကိုယ့်ကိုယ်ကိုယ် သတိပြန်ပေးလိုက် သည်။ ညက ဘာတွေ ပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ မေ့ပစ်ဖို့ကြိုးစားရတော့မည် ။ မဟုတ် လျှင် ကျက်သရေရှိလှစွာ သော မနက်ခင်းတစ်ခုကို သူ လက်လွှတ်ဆုံးရှုံးရတော့ မည် မဟုတ်ပါလား။
ရေချိုးခန်းသို့ ဝင်လိုက်၏ ။ ရေပန်းကိုဖွင့်လိုက်တော့ ရေနွေးရောမထားသည့်ရေများ ဖွဲခနဲအော်ကာကျလာသည်။ နွေးထွေးဖို့ မကြိုးစားတော့ပါ။ လောလောဆယ်မှာ က ရုပ် ရော၊ စိတ်ရော အေးမြသွားဖို့သာ အရေး ကြီးသည်လေ။
ရေပန်းအောက်သို့ ဝင်လိုက်၏ ။
ညစ်ညူးဖွယ်ကိစ္စတွေ ရေမှု န်ရေမွှားများ နှင့်အတူ အောက်သို့သက်ဆင်းသွားသည်။ ရေချိုးပြီးတော့ အဝတ်လဲကာ အောက်သို့ ဆင်းလာခဲ့သည်။ စားသောက်ခန်းမထဲမှာ ပုံသဏ္ဌာန်မျိုးစုံနှင့် လူတွေ မနက်ခင်းရဲ့ ကျက်သရေကို ကိုယ်လိုရာပုံစံအတိုင်း ထုဆစ် ပုံဖော်နေကြသည်။ တစ်ယောက် တည်းရှိနေရာမှ အခုလို လူအများ ကြီးဆီဝင်လိုက်တော့ စိတ်ကပုံစံ ပြောင်းသွား သလို ခံစားရသည်။
ထမင်းကြော်ကို လိုသလောက်ခပ်ထည့်ကာ ကော်ဖီခွက်ကို ကိုင်ရင်း လူရှင်းရာ ဝိုင်းဆီ လျှောက်လာခဲ့၏ ။ လွတ်နေသော စားပွဲတစ်လုံးကိုရွေးကာ ဝင်ပေါက်ဘက် မျက်နှာ ပေးထိုင်လိုက်သည်။
ထမင်းကြော်စားလိုက်၊ ကော်ဖီသောက်လိုက်လုပ်နေရင်းနဲ့မှ ကပ်လျက်မိန်းကလေး ဝိုင်းဆီမှ စကားသံများ မှာ လေဟာနယ်ကို ဖြတ်ပြီး သူ့ဆီသို့ ပျံ့လွင့်လာသည်။ ပထမ ဖာသိဖာသာပင် ဖြစ်သော်လည်း နောက်ပိုင်းကြားရသော စကားသံများ က…
“ဒီပုံလေးက လှတယ်တော့။ နောက်မှာ ချယ်ရီပင်ကြီးနဲ့”
“ဟုတ်ပ၊ ချယ်ရီပင်ကြီးက လှလိုက်တာ”
ထိုစကားနောက်မှာ ရယ်သံတွေ ကို ကြားရသည်။ ချယ်ရီပင်ကိုနောက်ခံထားကာ ဓာတ်ပုံရိုက်ထားဟန်တူသော မိန်းကလေး၏ ငြူစူစူအသံကိုလည်း ကြားရ၏ ။
“ဟွန်း…ကောင်မစုတ်တွေ ၊ သူများ လှတာကို မနာလိုဘူးမလား။ ဘာ နောက်က ချယ်ရီပင်ကြီးကလှတယ်လဲ။ ငါလှရင် လှတယ်ပေါ့”
“အံမယ်…သူကများ ”
ရယ်သံတွေ တသော သော ထွက်လာပြန်သည်။ ဓာတ်ပုံဆရာဆိုတော့လည်း ဓာတ် ပုံ အကြောင်းပါလာတော့ မနေနိုင်။ နဘေးဝိုင်းကို မသိမသာအကဲခတ် ကြည့်မိသည်။ အား လုံး ပေါင်းလေးယောက် ။ ငယ်ကြဦးမည့်  ပုံစံရှိသည်။ လက်ထဲတွင် ဓာတ်ပုံကိုယ်စီ ကိုင်ကာ စားပွဲပေါ်မှာ လည်း ဓာတ်ပုံများ ကျဲပြန့်လျက်ရှိနေ၏ ။
ထိုစဉ်မှာ ပင် နောက်ထပ်အသံတစ်ခု ထပ်ကြားရသည်။
“ဒီဓာတ်ပုံလေး မဆိုးဘူးတော့။ ပန်းခင်းကြီးအလယ်မှာ ထိုင်နေတာ”
စကားဆုံးတော့ ထိုဓာတ်ပုံမှာ တစ်ယောက် လက် တစ်ယောက် ခဏချင်းကူးသွား သည်။ ထိုအထဲမှ တစ်ယောက် က…
“အခုမှ ရောက်ဖူးလို့လား မသိဘူးဟယ်။ ရုက္ခဗေဒဥယျာဉ်က တအားလှတာပဲ”
ထိုစကား ကတော့ သူ့နှလုံးသားကို ခုန်ပေါက်သွားစေပါသည်။ သူလိုလူမျိုး တစ် ယောက် အတွက် ရုက္ခဗေဒဥယျာဉ်(ပြင်ဦးလွင်ကန်တော် ကြီး)က ဓာတ်ပုံပေါင်းများ စွာ နှင့် သူ့ကိုစောင့်မျှော်နေတာ သေချာသည်။ သူပြင်ဦးလွင်သို့ ဓာတ်ပုံရိုက်ရန် စိတ်ကူးထားသော နေရာ များ တွင် လည်း ရုက္ခဗေဒဥယျာဉ်က ထိပ်ဆုံးမှာ ပါဝင်နေပါသည်။
နားထောင်နေရင်းနှင့် ကိုယ်ထဲမှပိုးများ ထကြွလာ၏ ။ ဇွန်း၊ ခရင်းကိုင်ထားသော လက်က ကင်မရာကိုင်ချင်လာသည်။ ခပ်မြန်မြန်ပင်စားသောက်ခြင်းကို လက်စသတ်လိုက် တော့သည်။ ပြီး စားသောက်ခန်းမထဲမှ ထွက်ကာ အပေါ်ထပ်တက်ခဲ့လိုက်သည်။ အခန်း တွင်းရောက်တော့ စောထူးဖုန်းကို ခေါ်လိုက်၏ ။
ဖုန်းမှာ ချက်ချင်း ပင်ဝင်သွားပေမဲ့… အတော် ကြာသည်အထိကိုင်သူမရှိပါ။ တစ် မိနစ်စွန်း သွားတော့…
‘လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည် ဖြေကြား ခြင်း မရှိပါရှင်’
သော်ဖြိုးမျက်မှော င်ကြုတ်သွားမိ၏ ။ နောက်တစ်ခေါက်ထပ်ခေါ်ပြန်တော့လည်း စက္ကန့်သုံးဆယ်ကျော်အထိ ဘယ်သူမှလာမကိုင်။ ဒါပေမဲ့ သတ်မှတ်ချိန် မပြည့်လိုက်ပါ။
“ဟယ်လို…”
ကြားရသည်က စောထူးအသံမဟုတ်။ အသက်ခပ်ကြီးကြီးမိန်းမ တစ်ယောက် အသံ။
“ဟုတ်ကဲ့၊ ကျွန်တော် စောထူးနဲ့ စကားပြောချင်လို့ပါခင်ဗျာ”
တစ်ဖက်မှ ခဏအသံတိတ်သွားပြီး…
“အခုပြောနေတာ ဘယ်သူတုံးကွဲ့”
“ကျွန်တော် သော်ဖြိုးဝေပါခင်ဗျာ။ ရန်ကုန်က လာတဲ့ စောထူး သူငယ်ချင်းပါ”
“ဪ … သော်ဖြိုးလား။ သား …အန်တီ၊ အန်တီ စောထူးအမေ အန်တီခင်”
“ဪ… အန်တီလား”
“အေး…ဟုတ်တယ်၊ သား ဘယ်တုန်းက ရောက်နေတာလဲ။ သား သူငယ်ချင်းက အန်တီိ့ကိုလည်း မပြောဘူး”
စကားနောက်မှ ချောင်းတဟွတ်ဟွတ် ဆိုးသံကို ကြားရ၏ ။
“ပြီးခဲ့တဲ့ မနက်ကရောက်တာ အန်တီ။ စောထူးကိုတော့ ဖုန်းဆက်သေးတယ်။ မနေ့ကရောက်ရောက်ချင်းဆက်တော့ (၂၁)မိုင်မှာ ကားပျက်လို့ ဆင်းပြင်နေတယ်ဆိုလို့ အခုရော စောထူးရှိလားအန်တီ”
သက်ပြင်းချသံကြီးတစ်ခုကို ဖုန်းထဲမှာ ပင် ကြားရသည်။
“မင်းသူငယ်ချင်း ကတော့ ပြောမပြချင်ပါဘူးကွယ်”
ဒီလိုအစပျိုးမှု မျိုးကို ကြုံဖူးနေကျမို့ ဒီလောက်ဆိုလျှင်ဖြင့် စောထူးအိမ်မှာ တစ်ခုခု မွှေထားမှန်း ရိပ်မိလိုက်သည်။
“စောထူး ဘာ ဖြစ်လို့လဲ အန်တီ”
“ကားပြင်တာ နည်းနည်း ပါကွယ်။ ညကလည်း သုံးနာရီထိုးမှ အိမ်ပြန်ရောက်တယ်။ မူးလို့ရူးလို့။ ကားသမားတွေ နဲ့ သောက်လာတယ် ထင်ပါရဲ့ ။ အန်တီလည်း ချောင်းတွေ ဆိုးနေတာနဲ့ ထမကြည့် ဖြစ်ဘူး။ အခုလည်း ကုလားသေ ကုလားမော အိပ်နေလေရဲ့ ။ ဖုန်း လာတာတောင် မနိုးလို့ အန်တီလာကိုင်ရတာ ။ ခဏလေး …ခဏလေး၊ အန်တီ သူ့ကိုနှိုး ပေးမယ်။
“ဟာ…ရတယ်၊ ရတယ် အန်တီ။ မနှိုးနဲ့တော့၊ ထားလိုက်တော့။ တော် ကြာ အိပ်ရေး မဝလို့ ခေါင်းပြန်ကိုက်နေပါဦးမယ်။ သူနိုးရင်သာ ကျွန်တော့် ကို ဖုန်းဆက်ခိုင်းပေး”
“အေး အေး….သား၊ အန်တီ ပြောပေးမယ်။ အဟွတ်… အဟွတ်…သား အိမ်ကို လာလည်ဦးလေ။ ဟိုတစ်ခေါက်ရောက်လာပြီးကတည်းက ပေါ်မလာတော့တာ”
“ဟုတ်ကဲ့ အန်တီ၊ နောက်နေ့ ကျွန်တော် လာခဲ့ပါ့မယ်”
“အေးအေး… သား… အိမ်မှာ ထမင်းလာစားချည်နော်။ အဟွတ်…အဟွတ်…”
“ဟုတ်…ဟုတ် အန်တီ”
ဖုန်းချသွားသည်။ စောထူးတော့ မွှေလိုက်ပြန်ပါပြီ။ ငယ်ငယ်ကတည်းက ဖခင်မရှိ တော့သည်မို့ အမေ ဖြစ်သူက အစွမ်းကုန်အလိုလိုက်ထား၏ ။ မောင်နှမသားချင်းလည်း မရှိ။ ဒီတော့ ဆိုးလို့ ကောင်းပြီပေါ့။
ရန်ကုန်မှာ ကျောင်းလာတက်ကတည်းက စောထူးသည် အရက်နှင့် ပတ်သက်၍ သတင်းကြီးထားသူ ဖြစ်သည်။ ဆိုတော့ ဒီလိုကောင်မျိုးမူးပြီး အိပ်နေသည်ဆိုတော့ ယုံစရာမရှိ။ မတတ်နိုင်တော့။ စောထူးကို အားကိုးမရတော့သည်မို့ သူတစ်ဦးတည်းသာ သွားရပေတော့မည် ။
တစ်အောင့်ကြာတော့ ကင်မရာကို လည်ပင်းမှာ လွယ်ရင်း ဟိုတယ်မှထွက်ခဲ့လိုက်ပါ သည်။
ပြင်ပ ပတ်ဝန်းကျင်က အေးလို့၊ နွေးလို့။
အနီးအနားဝန်းကျင်မှ ကက်ဆက်သံ တိုးတိုးရီရီကို ကြားရသည်။ သူငယ်ချင်း တစ်စု ဝိုင်းဖွဲ့ကာ အထုပ်လေးတစ်ထုပ်ကို သူ့ထက်ငါအလုအယက် ပစ်ပေးနေကြ၏ ။ အား လုံးပေါင်း ခုနစ်ယောက် ။ ယောကျာ်းလေးနှစ် ယောက် မိန်းကလေးငါးယောက် ဖြစ် သည်။
ထိုအုပ်စုကို ကျောပေး၍ မိန်းကလေးတစ်ဦး ကတော့ ကက်ဆက်တစ်လုံးကို ပေါင် ပေါ်တင်ကာ ထိုင်နေ၏ ။ မြင်ရုံနှင့် ထိုအုပ်စုမှာ ပါဆယ်ဂိမ်းကစားနေခြင်း ဖြစ်ကြောင်းသိသာ ပါသည်။ထိုခဏမှာ ပဲကက်ဆက်သံရပ်သွားတော့ပါဆယ်ထုပ်လက်ဝယ်ရှိနေသူ ကား…
“ဟေး …အောင်သူရ၊ အောင်သူရ”
အကုန်လုံးဝိုင်းအော်တော့ အောင်သူရမှာ မတ်တတ်ထရပ်သည်။ မျက်မှန်ထူထူကို တပ်ထားပြီး ရှက်တက်တက်အမူအရာနှင့် ရပ်နေပုံက ကနွဲ့ကရ ဖြစ်ကာနေသည်။ အောင်သူရ မှာ သူမတို့အုပ်စုထဲမှ တရားဝင်မိန်းမလျာတစ်ဦး ဖြစ်သည်။ ကက်ဆက်ပိတ်သူ မိန်းကလေး က ဦးထုပ်လေးကို ကိုင်ကာ ဝိုင်းတွင်းဝင်လာ၏ ။
(ပက်လက်ဦးထုပ်= ဦးထုပ်ကို ပက်လက်လှန်ထားခြင်း ဖြစ်သည်။)
ထိုမိန်းကလေးကပင်…
“ရော့…တစ်လိပ်နှိုက်”
ပက်လက်ဦးထုပ်လေးကို ရှေ့ထိုးပေးလိုက်တော့ အောင်သူရက အတွင်းမှ မဲလိပ် တစ်လိပ်ကို နှိုက်ပေးသည်။
“အင်္ကျီချွတ်ပြီး ကာလဗလပြပါတဲ့”
ထို့နောက်မှာ ကား…
“ဟေး… ရွှီး…ဖြောင်း…ဖြောင်း… ဖြောင်း”
အောင်သူရ ပေါက်သော မဲလိပ်ကြောင့် တစ်ဝိုင်းလုံးပွဲကျသွားကြသည်။ လက်ခုပ် တီးသူကတီး၊ ဝိုင်းအော်သူကအော်ဖြင့် တစ်ခဏတွင်းမှာ ဆူညံ သွားပါ၏ ။ ကံထူးသူ အောင်သူရ ကတော့ မငိုရုံတမည် သာရှိတော့သည်။
ပန်းဝါ၊ အေးစု၊ ချယ်ရီဝင်းတို့သုံးယောက် မှာ လည်း ရယ်လို့ဆုံးတော့။ လူပုံက အရင် ကတည်းက ကနွဲ့ကရ။ ကံကောင်းလွန်းစွာ ကျလာတဲ့မဲလိပ်က ‘အင်္ကျီချွတ်ပြီး ကာယ ဗလပြပါတဲ့”
“ ဟဲ့… အင်္ကျီချွတ်နော်။ မဲလိပ်ထဲကအတိုင်း အင်္ကျီချွတ်ရမှာ …
အေးစုက အသံစာစာဖြင့် အော်ပြောတော့ ပန်းဝါနှင့် ချယ်ရီဝင်းလည်း အေးစုစကားကို ဝိုင်းထောက်ခံကြသည်။
“ဟုတ်တယ်ဟေ့… အင်္ကျီချွတ်ပြီး ဗလပြရမှာ နော်။ မချွတ်လို့ မရဘူး”
ထိုစကားကြောင့် အောင်သူရက နှုတ်ခမ်းတလန်ပန်းတလန်ဖြင့် ပြန်ရန်တွေ့ သည်။
“ချွတ်မှာ ပေါ့ ကုလားမ။ ဘယ်လို ဖြစ်နေတာလဲ”
ကုလားမဟု အပြောခံရသူအေးစုမှာ ဇက်ပုဝင်သွား၏ ။ အေးစုမှာ အသားမည်း ညိုသူ ဖြစ်ပြီး အသားမည်းသလောက် အသံစာစာနှင့် ပြာတာတာနိုင်သူလည်း ဖြစ်သည်။ ချက်ကောင်း ထိသွား၍ အေးစု ငြိမ်သွားပေမဲ့ မငြိမ်သူကမငြိမ်။
မ ဖြစ်မနေ အင်္ကျီချွတ်ရန်ဟန်ပြင်နေသော အောင်သူရကို ကြည့်ကာ…
“ဟယ်…ငါတို့က မကြည့်ရဲဘူးနော်”
“ဘုရား…ဘုရား… အသည်းယားလိုက်တာ”
‘ဝါး’ခနဲ ရယ်ကြပြန်သည်။ နောက်ဆုံးမှာ တော့…
“ဟား… အောင်သူရ၊ နင့် ဗလကြီးတွေ က ငေါထွက်နေတယ်တော့”
နံရိုးပြိုင်းပြိုင်းနှင့် အောင်သူရမှာ ဘာလုပ်ရမှန်းမသိ။ ပခုံးရိုးတွေ ၊ နံရိုးတွေ တချောင်း ချင်းပေါ်အောင် ဝဖြိုးသူမို့ အားလုံးက ဝိုင်းကြည့်ပြီး တသော သော ရယ်ကြသည်။
အောင်သူရပြီးတော့ နောက်တစ်ပွဲထပ်စသည်။ ပန်းဆီမှာ သူမဆီရောက်လာသော ပါဆယ်ထုပ်ကို အေးစုဆီသို့ ခပ်သွက်သွက်ပစ်ပေး၏ ။ အေးစုကလည်း နံဘေးမှ ချယ်ရီဝင်းဆီ။ ချယ်ရီဝင်းမှ နောက်ထပ် တစ်ယောက် ။ မကြာလိုက်သော အချိန်တွင်းမှာ ကက်ဆက်သံရပ်သွားပြန်၏ ။
မဲပေါက်သူက မြင့်မိုရ်။
မြင့်မိုရ်နှိုက်သော မဲလိပ်က…
“အားလုံးသိတဲ့ သီချင်းတစ်ပုဒ်ဆိုပြပါ”
ယောက်ျားလေးနှစ် ယောက် ဖြစ်သည့် အောင်သူရနှင့် ကျော်စွာ မှာ အားရပါးရ လက်ခုပ်ထတီးသည်။ အောင်သူရမှာ ခံထားရသူမို့ သာဆိုး၏ ။ ဆိုချင်တာဆို မသိဘူး ငြင်းပြမည့်  ပုံစံတွေ လည်း ရှိသည်။ ဒါပေမဲ့ မြင့်မိုရ်ကလည်း ပါးသည်။ ခဏစဉ်းစားကာ…
‘မြန်မာ့ကျောင်းသား နိုင်ငံတော် တွင်း ထင်လင်းရှိရမည် x x x စည်းကမ်း သေဝပ်ခြင်း အရင်းပြုသည် x x x ဝီရိယလည်း ရှိရမည် x x xကိုယ်ကျင့်တရား ဧကန်မှန်ပေသည်’
သီချင်းကို နားထောင်ပြီး ယောကျာ်းလေးနှစ် ယောက် ရှုံ့မဲ့သွားကြ၏ ။ ဝိုင်းဝန်း ထောပနာ ပြုသံတွေ လည်း ဆူညံသွားသည်။
‘မြင့်မိုရ် လူလည်မ။ ရွေးလည်း ရွေးတတ်တယ်’
“မြန်မာ့ကျောင်းသား မဟုတ်ဘဲ နိုင်ငံတော် သီချင်းသာ ဆိုလိုက်ပါတော့လား”
စသဖြင့် တစ်ယောက် တစ်ပေါက် မကျေမနပ် ဝိုင်းပြောကြပေမဲ့ မြင့်မိုရ် ကတော့ သီချင်း ကို ဆုံးအောင်ဆိုပြီး ခပ်တည်တည် ပြန်ထိုင်သည်။ ပြီးတော့ နောက်တစ်ပွဲ…
ဒီတစ်ပွဲမှာ တော့ ပါဆယ်ထုပ်မှာ ပန်းဝါလက်တွင်းတွင် အဆုံးသတ်သွားတော့၏ ။
“ပန်းဝါ ဒီတစ်ခါ ဘယ်ပြေးမလဲ”
ပါဆယ်ထုပ်မှာ လက်တွင်း၌ တင်းတင်းရင်းရင်း ရောက်နေပြီမို့ ပြေးလို့မရတော့ပါ။ သူများ တွေ တုန်းကလည်း အားပေးထားသူမို့ ကိုယ့်အလှည့်မှာ နွဲ့လို့မရ။ သူမ မတ်တပ် ရပ်ကာ ဝိုင်းလည်ကိုဝင်တော့ မဲလိပ်ကိုင်သူအနားရောက်လာသည်။ ရှေ့သို့ ရောက်လာ သော ပက်လက်ဦးထုပ်လေးကို ကြည့်ရင်း ရင်အခုန်မြန်နေ၏ ။
နှုတ်ခမ်းတစ်ဖက်ကိုဖိကိုက်ကာ စိတ်ကိုတင်းရင်း မဲလိပ်တစ်လိပ်ကိုနှိုက်လိုက် သည်။ စာရွက်လေးက လက်တွင်းမှာ ပြန့်၍ သွားသည်။ ပြီးတော့ …
“ကိုယ်မသိသးထံမှ ပိုက်ဆံ တစ်ရာတောင်းပါ။
မှတ်ချက်။ ။ တစ်ရာတန် ဖြစ်ရမည် ။”
သူမ ဆတ်ခနဲ တုန်တက်သွားရကာ ရယ်သံတွေ ‘ဝါး’ခနဲ ထွက်လာတော့ ဒီနေ့သည် သူမကံဆိုးသော နေ့တစ်နေ့ ဖြစ်ကြောင်း နားလည်လိုက်ပါသည်။ အောင်သူရက လက်ခုပ်ကို တဖြောင်းဖြောင်းတီးရင်း…
“မှတ်ထား…သူများ တုန်းက ရယ်ထားတဲ့ ကောင်မတွေ ။ အခုတွေ့ ပြီမလား။ ကောင်းတယ်… ကောင်းတယ်”
ထိုစဉ်မှာ ပဲ ‘ဟေး… ဟေး…ဟေး…’ ဟု သံပြိုင်အော်ကာ လက်ခုပ်တွေ ပြိုင်တူ တီးပြီး ထိုင်နေသူတွေ မတ်တပ်ရပ်ကုန်သည်။ သူမမှာ တော့ ဘာလုပ်လို့ဘာကိုင် ရမှန်း မသိ။ အလယ်မှာ ကြောင်,အလျှက်။
ရှောင်လွှဲလို့ ဘယ်လိုမှမရတာ တော့ သေချာပါသည်။ ဒါပေမဲ့လည်း…
“တစ်ရာတန်နော်…တစ်ရာတန် ဖြစ်မှ ရမှာ ”
“ဟုတ်တယ်၊ တစ်ရာတန်မဟုတ်ရင် မရဘူး။ မရမချင်းသာလိုက်တောင်းတော့။ ဒါပဲ။”
တချို့က ကပ်ကပ်သပ်သပ် အားပေးသလို။ တချို့ကလည်း…
“ပန်းဝါ ဘာမှ အားမငယ်နဲ့။ နင့်ရုပ်ရည်နဲ့ဆို ဖြစ်ပါတယ်။ မစားနိုင်မသောက်နိုင် ပုံမျိုးဆိုတော့ သနားကြမှာ ပါ”
သူမ မျက်နှာတွေ ထူပူနေမိသည်။
“ကဲ…မိပန်းဝါရေ…ဘယ်လိုလုပ်ကြမလဲ”
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရင်း ဘေးဘီကို မျက်စိတစ်ဆုံးဝေ့ဝဲမိ၏ ။ ကိုယ်နှင့် မသိသူထံမှ တောင်းရမည် ဟု တရားခံကို အလျင်အမြန်ရှာဖွေလိုက်သည်။
နံဘေးဝန်းကျင်မှာ ကိုယ့်အာရုံနှင့် ကိုယ်နေ၊
ထိုင်ကြသော လူများ စွာ ရှိသည်။ တချို့ကနှစ် ယောက် ။ တချို့က လေးငါးယောက် ။
မြက်ခင်းပေါ်မှာ ထိုင်နေသူ။ လမ်းလျှောက်နေကြသူတွေ နှင့် ။ တချို့ကလည်း သူမ တို့ကို အုပ်စုလိုက်ကစားလို့။
ဒါပေမဲ့…
ရေတွင် ကူးခတ်နေသော ငန်းဖြူမိသားစုလေးကောင်ကို ကြည့်ကာ ရိုက်လို့ ကောင်းမည့်  အနေအထားရောက်အောက် Zoom ဆွဲကြည့်နေခိုက်နားထဲသို့ ဆူဆူပူပူ အသံများ တိုးဝင်လာပါသည်။ ငြိမ်ဆိတ်နေရာမှ ဆူညံသွားသည်ကြောင့် အထူးအဆန်း ဖြစ်ကာ မျက်လုံးကို ကင်မရာမှခွာလိုက်သည်။
အသံကြားရာဘက်ဆီ လှည့်ကြည့်လိုက်တော့ လူတစ်အုပ်သူ့ဆီသို့ ဦးတည်ကာ လာနေသည်။ သော်ဖြိုး အံ့ဩသွားရ၏ ။ ခေါင်းငုံ့လျှောက်လာသော မိန်းကလေး တစ် ယောက် နောက်မှာ ယောကျာ်းလေး၊ မိန်းကလေးများ ပေါင်းစုပါဝင်ပြီး အော်ဟစ်လာ ကြခြင်း ဖြစ်သည်။
သော်ဖြိုး ရှေ့နောက် ဝဲယာကို လှည့်ကြည့်လိုက်တော့ အနီးဝန်းကျင်မှာ သူတစ် ယောက် တည်း။ သေချာသည်။ သူ့ထံသို့ ဦးတည်ကာ လာနေခြင်းပါ။ ငါ ဘာပြဿနာ တွေ များ ရှုပ်ထားလို့လဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့်တော့ ရှင်းလင်းကာနေသည်။ ဒီလိုဆိုတော့လည်း ကင်မရာ ပြန်မကာ ရိုက်ကွင်း ပြန်ယူလိုက်သည်။
ဒါပေမဲ့မကြာလိုက်။ နှာသီးဝသို့ ရနံ့လေးတစ်ခု တိုးဝင်လာသည်။ ဘာရနံ့လည်း သူမဝေခွဲတတ်။ ဝတ်ရည်ဝသော လိပ်ပြာတစ်ကောင်ရဲ့ ရနံ့လိုမျိုး။ မကြာလိုက်ပါချေ။ ထိုရနံ့လေးက သူနှင့် အနီးဆုံး နေရာမှာ ရပ် သွားပါသည်။ မနေနိုင်တော့စွာ လှည့်ကြည့်စဉ် နောက်ဖက်ဆီမှ မျက်နှာကို အရင်ဆုံးတွေ့ ရ၏ ။
ရှေ့မှ မိန်းကလေးမှာ တော့ ယခုထက်တိုင် ခေါင်းကိုငုံ့ထားဆဲ။ ကြည့်နေဆဲမှာ ပဲ ဘယ်အချိန်က နားနေမှန်းမသိသော လိပ်ပြာတစ်ကောင်က မြေပြင်မှ ထပျံသည်။ ထို့ အတူ…
“ကျွန်မကို ပိုက်ဆံတစ်ရာလောက် ပေးပါလား”
“ဗျာ…”
ဦးခေါင်းလေးမော့အသွား လိပ်ပြာလေးက မျက်နှာရှေ့မှ ဖြတ်အပျံ…
လိပ်ပြာလေး…
ပါးစပ်မှထွက်သွားသော အာမေဍိတ်သံမဟုတ်ပါ။ မျက်နှာလေး မော့လာစဉ် ရင်ထဲက အလိုလိုထွက်သွားသော စကားသံ ဖြစ်သည်။ ထင်မှတ်မထားစွာ စက္ကန့်ပိုင်း လောက် လူက ကြောင်တောင်တောင် ဖြစ်သွား၏ ။
မိန်းကလေးပေါင်းများ စွာ ကို မြင်ဖူးခဲ့ပါသည်။ တချို့လည်းလှကြသည်။ ဒါပေမဲ့ ထိုအလှက မရိုးရှင်း၊ သိုဝှက်ထားသော အရာတစ်ခု ရောနှောနေသလို ခံစားရသည်။
လှသော မျက်နှာပေါ်မှာ တချို့ကမာနရောနေ၏ ။ တချို့က အတ္တနှင့် တစ်ကိုယ် ကောင်းဆန်မှု နှင့် ရောနေသည်။ တချို့လည်း ကောက်ကျစ်မှု နှင့် မနာလိုဝန်တိုစိတ်တွေ အထင်း သား။ လှကား လှ၏ ။ ဒါပေမဲ့ မဖြူစင်။
ယခုတွေ့ ရသော မျက်နှာလေးမှာ တော့…
အလှဘွဲ့တွေ တသီကြီး ရွေုးထုတ်မပြောတတ်ပါ။ အရိုးရှင်းဆုံး ပြောရလျှင်…
ဖြူစင်လွန်းပါသည်။ မျက်နှာကိုမြင်ရုံနှင့် အတွင်းစိတ်ကြည်စင်မှု ကို ထွင်းဖောက်မြင် ရသလိုမျိုး။
“တစ်ရာတန် တစ်ရွက်လောက်ရှိရင် ကျွန်မကိုပေးပါလားလို့”
ဒီတစ်ကြိမ်တွင် လည်း သူကြောင်ငေးလျက် ။ သူ့ပုံစံကိုကြည့်ကာ နောက်မှပါလာသူ မိန်းကလေး တစ်ယောက် က ဘယ်လိုထင်သွားသည်မသိ။
“ဒီလိုပါ။ ကျွန်မတို့ သူငယ်ချင်းတွေ ပါဆယ်ဂိမ်းကစားနေကြတာပါ။ အဲ့ဒါ သူက ဒီမဲလိပ်ကျလို့ အစ်ကို့ဆီကို အကူအညီလာတောင်းတာ”
အခြေအနေကိုဝင်ထိန်းပေးသလို နောက်မှမိန်းကလေးက သူ့လက်တွင်းသို့ စာရွက် တစ်ရွက်ထည့်ပေးသည်။ သော်ဖြိုး ယူကြည့်ပြီးတော့ အရာအားလုံးကို ရှင်းလင်းသွား၏ ။ လူက ခုမှပဲ အိပ်မက်မှနိုးထလာသလို နှလုံးပြန်ထသည်။ သူမ ကတော့ မဝံ့မရဲ ဖြစ်တာလား၊ ရှက်တာလားမသိ။ နှုတ်ခမ်းလေးများ ပင် တုန်လို့။
ထိုအခိုက်အတန့်လေးမှာ ဘယ်ဘက်ရင်အုံ၏ ဘာသာဗေဒတစ်ခုက နိုးထလှုပ်ရှား သွားခဲ့သည်။ နှလုံးသားရဲ့ ကွန့်မြူးမှု ကို နားလည်လက်ခံသွားချိန်မှာ တော့…
ပိုက်ဆံအိတ်ကို အလျင်အမြန် ဆွဲထုတ်လိုက်ပါသည်။ ပြီးတော့တစ်ရာတန် တစ်ရွက် ကို အလျင်စလို ထိုးနှောက်ရှာဖွေလိုက်သည်။ ဒါပေမဲ့…
ဘောင်းဘီအိတ်၊ အင်္ကျီအိတ်တွေ ထဲမှာ လည်း တစ်ရာတန်နဲ့ တူသော အစုတ်အပြဲ လေးတစ်ရွက်လောက်ပင် ရှိမနေပါ။ သူ့ပုံစံကိုကြည့်ပြီး…
“တစ်ရာတန် မရှိဘူးနဲ့တူတယ်နော်”
“ဟုတ်… ကျွန်တော် ရှာမတွေ့ ဘူး”
မျက်နှာလေးပျက်ယွင်းကာ နှုတ်ခမ်းကိုစူရင်း နောက်ဖက်လှည့်သွား၏ ။ သူငယ်ချင်း ဖြစ်သူများ ၏ သဘောဆန္ဒကိုတောင်းခံသလိုမျိုး။ ဒါပေမဲ့…
“မရဘူးနော်။ တစ်ရာတန်မရမချင်း လိုက်တောင်းရမှာ ။ ဒီ တစ်ယောက် မရရင် နောက် တစ်ယောက် ရှာတောင်း။ ဒါပဲ”
မိန်းမလို မိန်းမရဝင်ပြောသော ကနွဲ့ကလျကောင်ကို သူမဘက်မှ ခံပြင်းသွားမိ သည်။ ဆွဲထိုးပစ်ချင်စရာ မိန်းမလျာ ကတော့ မျက်နှာကိုချီလို့။
“ကျွတ်…ဒုက္ခပါပဲ”
တိုးတိုးပြောရင်း လိပ်ပြာလေးရဲ့ အကြည့်တို့ နဘေးကို သွေဖည်သွားပြန်ပါ၏ ။ တစ်ရာတန်အတွက် နောက်ထပ်ပစ်မှတ်တစ်ခုကို ထပ်မံရှာဖွေသည့် သဘော။ မျက်နှာ ကြည်ကြည်လေးမှာ စိတ်ပျက်ဟန် တစ်စွန်းတစ်စ ရောသွားသည်မို့ ရင်ထဲမှာ အောင့် သက် သက် ဖြစ်သွား၏ ။
သူ့နှလုံးသားမှာ ဖွင့်ဆိုချက်တစ်ခုက ခိုင်မာပြီးသွားပြီမို့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ထို့နောက်မှာ စွမ်းအားတစ်ခုက သူ့ကို ရွပ်ရွပ်ချွံချွံခိုင်းစေလိုက်တော့၏ ။
ရပါတယ်။
နှုတ်ခမ်းကို ခပ်နာနာတစ်ချက်ဖိကိုက်ရင်း…
“ဒီမှာ ခဏလေးစောင့်နော်။ ကျွန်တော် ချက်ချင်း ပြန်လာခဲ့မယ်”
ဘယ်သူတွေ ဘာပြောပြော၊ ဘယ်လိုပဲထင်ထင် ဂရုမစိုက်တော့ပါ။ ကင်မရာကို အုတ်ခုံပေါ်တင်ပြီး သော်ဖြိုး ပြေးထွက်လာခဲ့သည်။ သူ့နောက်မှာ တအံ့တဩအကြည့်တွေ ၊ နားမလည်ဟန် မျက်ဝန်းတွေ တသီကြီးပါလာကြ၏ ။
လမ်းလျှောက်နေသူတွေ ၊ မြက်ခင်းပေါ်ထိုင်ကာ အနားယူနေကြသူတွေ ၊ ကစားနေ သော ကလေးတွေ ၊ အရာအားလုံးကို ပြေးလွှားဖြတ်ကျော်ရင်း အချစ်ရဲ့ ဘက်တော် သား တစ်ယောက် အ ဖြစ် သူ့ကိုယ်သူ ဂုဏ်ယူလိုက်မိသည်။
အနီးဆုံးမုန့်ဆိုင်လေးဆီရောက်တော့…
“ရေသန့်တစ်ဘူးပေးပါ”
ငါးရာတန်တစ်ရွက်တင်ပေးရင်း ပြောတော့…
“လေးရာပါ”
စကားသံနှင့် အတူ ရေသန့်တစ်ဘူးရှေ့ရောက်လာသည်။ ပြီးတော့ တစ်ရာတန် နွမ်း နွမ်းလေးတစ်ရွက်လည်း စားပွဲပေါ်ကျလာ၏ ။ သော ကြာဂြိုလ်ရဲ့ ဆုလာဘ်တစ်ခုလို ထိုရာ တန် နွမ်းနွမ်းလေးကို ဆုပ်ကိုင်ရင်းလာရာလမ်းအတိုင်း ပြန်ပြေးခဲ့သည်။
ရင်ထဲမောနေပေမဲ့ ပျော်လို့နေသည်။ ချစ်သူအတွက် ထမ်းဆောင်ပေးသော အနိမ့် ဆုံးတာဝန်တစ်ခုအ ဖြစ် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူနေမိသည်။ ပြေးလာသော သူကို ရပ်ကြည့်နေသည့်လိပ်ပြာလေးအားအတော် လှမ်းလှမ်းမှပင် မြင်နေ၏ ။ သူမ တစ်ယောက် တည်းမဟုတ်ပါ။ တစ်အုပ်စုလုံးပင် သူ့အား တအံ့တဩ ရပ်ငေးနေ ကြခြင်း ဖြစ်သည်။
ရှေ့တော် မှော က်ရောက်ရောက်ချင်းမှာ ပဲ…
“ရော့…”
မောဟိုက်နေသော အသက်ရှူမှု တွေ ကြားမှ သူ့အသံက အနိမ့်အမြင့်တစ်ခုနှင့် ထွက်သွားသည်။ လိပ်ပြာလေးအပါအဝင် အားလုံးက သူ့ကိုရော၊ သူယူလာသည့် တစ်ရာ တန် နွမ်းနွမ်းလေးကိုရော မှင်သက်စွာ ကြည့်နေကြ၏ ။
“ရော့…ယူပါ”
ထိုအခါမှ သွယ်ဥဖွေးဖြူသော လက်လေးတစ်ဖက်က ရှေ့ထွက်လာသည်။ ပြီးတော့ သူ့လက်တွင်းမှ ပိုက်ဆံအား ထိကိုင်လှမ်းယူလိုက်စဉ်မှာ တော့…
“ဟေး…”
နောက်ဘက်မှ သူငယ်ချင်းတစ်သိုက်က ညာသံပေးကာထအော်ကြ၏ ။ အားပဲ ပေးတာလား။ သူ့ကို ငကြောင်တစ်ကောင်ဟု ဝိုင်းဝန်းထောပနာပြုကြတာလားမသိ။ ထိုအသံတွေ ကြောင့် သူမ ကတော့ ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။
သူ ကတော့ ပြောမပြတတ်အောင် ကြည်နူးလို့သွားရပါသည်။
“ကျေးဇူးနော်”
လိပ်ပြာလေးက တောင်ပံကိုဖြန့်ရင်းကျေးဇူးတင်ကြောင်း ဖွင့်ဟလာစဉ်မှာ တော့ သူ့ဘဝ၊ သူ့ကမ္ဘာသည်ကား…
တကယ်ပါပဲ။ အချစ်ဆိုတာ ကိုယ့်ရင်တွင်းမှာ ထိုအချိန်ကစပြီး အမြစ်တွယ်ခဲ့တာပါ လိပ်ပြာလေးရယ်။
ကိုယ့်ကို ရယ်ချင်ရယ်ကြမယ်။ လှောင်ချင်လှောင်ကြမယ်။ ငကြောင်ပါကွာလို့ ပျက် ရယ် ပြုချင်ပြုကြမယ်။ ပေါရဲလိုက်တာလို့ ကဲ့ရဲ့ ချင်ကဲ့ရဲ့ ကြမယ်။ ကိစ္စမရှိပါဘူး။
မင်းကိုသာ ချစ်နေရရင် ကိုယ့်နာမည် တပ်ပြီး ရှေ့တည့်တည့်က ထိုင်ဆဲနေလည်း ခွင့်လွှတ်နိုင်ပါတယ်။
မင်းရဲ့ ဖြူစင်မှု တွေ ကို ချစ်တယ်။ ရိုးရှင်းမှု လေးတွေ ကို ချစ်တယ်။ လိပ်ပြာရောင် နှုတ်ခမ်းနဲ့ လိပ်ပြာစကားလေးတွေ ကို ချစ်တယ်။
ဘာပဲ ဖြစ် ဖြစ်…
မင်းဘာတွေ ပဲ ဖြစ် ဖြစ်…
ချစ်တာ ကတော့ ချစ်တာပါပဲ။
ဟိုတယ်ရှေ့ကို ပြန်ရောက်ရောက်ချင်း အတွင်းဘက်မှ စက်ဘီးစီး၍ ထွက်လာ သော ထူးအောင်ကို တွေ့ ရသည်ကြောင့်
“ဘယ်သွားမလို့လဲကွ”
“ဈေးသွားဝယ်မလို့ အစ်ကို”
စက်ဘီးကို ခပ်သွက်သွက် နင်းကာ ထွက်သွားသော ထူးအောင် ကျောပြင် ကို ကြည့်ရင်း ခေါင်းတဆတ်ဆတ်ညိတ်မိသည်။ ထူးအောင်မှာ ဧည့်သည်ကို အဆင်ပြေ အောင် ဆက်ဆံတတ်ရုံပင် မဟုတ် အလုပ်လည်းကြိုးစားပုံရလေသည်။ ပုံစံက ရိုးစင်းကာ ချိုချို သာသာလည်းရှိသည်။ စိတ်ကောင်းလည်း ရှိပုံရ၏ ။
ဟိုတယ်တွင်းကို ဝင်လိုက်တော့ စောထူးမှာ ရောက်နှင့် လို့နေပါပြီ။ တံခါးတွန်း ဝင်လာသော သူ့ကိုမြင်မြင်ချင်း…
“ဟာ…သော်ဖြိုးရာ…မင်း တစ်နေကုန် ဘယ်လျှောက်သွားနေတာလဲ။ ဖုန်းလည်း ဆက်လို့မရဘူး”
ထိုင်နေရာမှ ထပြီး ပြစ်တင်စကားဆိုသည်။ အနည်းငယ် ဝဖိုင်းဖိုင်း ဖြစ်လာသည်မှ လွဲ၍ စောထူးမှာ ဘာမှမပြောင်းလဲ။
“မင်းမှ ရောက်မလာတာ။ ငါ တစ်ယောက် တည်းပဲ ကန်တော် ကြီးကို လစ်တာ ပေါ့ကွ”
စောထူးမှာ သူ့စကားကို သိပ်ဘဝင်ကျဟန်မပြ။
“နေစမ်းပါဦး၊ မင်းက ဘာလို့ ဖုန်းပိတ်ထားရတာ လဲ”
သော်ဖြိုး မျက်မှော င်ကြုတ်သွားမိပါသည်။ ပြီး ဘောင်းဘီအိတ်တွင်းမှ ဖုန်းကို လည်း နှိုက်ယူကြည့်မိ၏ ။ စောထူးပြောသလိုပါပင်။ ဖုန်းမှာ ပိတ်လို့နေပါသည်။
“အေးကွာ… ရောက်ကတည်းက အားမသွင်းရသေးတော့ အားကုန်ပြီး ပါဝါ ပိတ်သွားတာ ဖြစ်မယ်”
ပြောပြီး ဖုန်းကိုပါဝါပြန်ဖွင့်စဉ် စောထူးက သူ့လက်တွင်းမှ ကင်မရာကိုကြည့်ကာ …
“ဘယ်နှယ့်လဲ …ပုံကောင်းတွေ တော် တော် ရခဲ့လား”
ထိုစကားနောက်မှာ တော့ မေ့လျော့သော အာရုံတစ်ခုက ရုန်းကြွလှုပ်ရှား သွားပါ သည်။ လည်ပတ်နေသော သွေးတွေ ရုတ်တရက်နွေးသွားသလိုလည်း ခံစားလိုက်ရသည်။ ပြီးတော့…
“စောထူး… မင်းကိုငါပြောစရာ ရှိတယ်”
“အေး…ပြောလေ”
ပေါ့ပေါ့ပါးပါး ပြန်လည်ဖြေကြားတော့ သော်ဖြိုး ဟိုဟိုဒီဒီကြည့်မိ၏ ။ ဟိုတယ် ဝန်ထမ်းအချို့ အနီးအနားမှာ ရှိနေပါသည်။ သူတို့စကားကို နားထောင်နေခြင်းတော့ မ ဟုတ်။ ကိုယ့်အလုပ်ကိုယ် လုပ်နေကြခြင်း ဖြစ်သည်။ ဒါပေမဲ့…
“ဒီမှာ မပြောချင်ဘူးကွာ။ အပြင်သွားရအောင်”
အခြေအနေတစ်ခုမှ ထူးခြားသွားသော သူ့စကားကြောင့် စောထူးသဘောပေါက် သွားပုံရကာ…
“ရတယ်လေ။ ငါ့မှာ ဆိုင်ကယ်ပါတယ်”
ဆိုင်ကယ်သော့ ကို ထောင်ပြကာ ဆိုတော့…
“အဲဒါဆို ခဏလေး။ ငါအပေါ်ကိုတက်ပြီး ကင်မရာထားလိုက်ဦးမယ်”
သော်ဖြိုး ချက်ချင်း ပင် အပေါ်ထပ်ပြေးတက်ကာ အခန်းတွင်းဝင်ပြီး ကင်မရာထား လိုက်သည်။ ပြီးတော့ စားပွဲပေါ်မှာ ပုံစံမပျက်ရှိနေသေးသော လျှို့ဝှက်မြို့ရိုး စာအုပ်လေး ကိုယူကာ ပြန်ဆင်းလာခဲ့၏ ။
စောထူးက ဦးဆောင်က ဟိုတယ်ပြင်ထွက်သွားသည်။ ရပ်ထားသော ဆိုင်ကယ် ကိုခွကာ စက်နှိုးပြီးချိန်မှာ တော့…
စောထူးမောင်းသော ဆိုင်ကယ်နောက်မှာ ထိုင်ရင်း အတွေးတစိမ့်စိမ့်နှင့် သော်ဖြိုးပါ လာခဲ့သည်။ ထင်းရှူးပင်တွေ တန်းစီကာ ပေါက်နေသော ဆိုင်လေးတစ်ဆို်င်ရှေ့သို့ ရောက် တော့ ဆိုင်ကယ်မှာ ရပ်သွား၏ ။ နှစ် ဦးသား လူရှင်းသော စားပွဲတစ်လုံးကို ရွေးကာ ဝင်ထိုင် လိုက်သည်။
မှာ စရာရှိတာ မှာ ပြီးသွားချိန်မှာ …
“သော်ဖြိုး…ပြောစရာရှိတာ ဘာလဲ”
စတင်လာသော အမေးတစ်ခုနောက်မှာ သက်ပြင်းကိုချမိလိုက်သည်။ နောက်ပြီး လက်တွင်းမှ စာအုပ်လေးကို စားပွဲပေါ်တင်ကာ…
“ပြောမယ်ဆိုရင်တော့ ဒီစာအုပ်သုံးအုပ်ဝယ်ခဲ့ပုံ၊ ညရောက်တော့ မီးပျက်နေသည့် အတွက် ဖယောင်းတိုင်နှင့် စာဖတ်ခဲ့ပုံ၊ စာဖတ်ရင်း အိပ်ပျော်သွားကာ ကြောက်မက်ဖွယ် အိပ်မက်တစ်ခုကို မြင်မက်လာပုံ၊ အိပ်မက်ကနိုးတော့ ယခုစာအုပ်လေးမှာ ပွင့်နေပုံ။ ထိုအ ထဲမှ စာရွက်လေးတစ်ရွက်မှာ လေအရှိန်နဲ့ထောင်နေပြီး ဖယောင်းတိုင်မီးရောင် နှင့် နံရံမှာ စာသုံးကြောင်း ပေါ်လာပုံများ ကို စီကာပတ်ကုံး ပြောပြလိုက်သည်။
စောထူးမှာ ငြိမ်သက်စွာ နားထောင်နေ၏ ။ ထို့ကြောင့် ဒီနေ့တစ်နေ့လုံး ဖြစ်ပျက်ခဲ့ပုံ တွေ ကို သေသေချာချာ ထပ်ပြောပြလိုက်ပါသည်။
“ငါ လုံးဝလက်မခံနိုင်လို့ breakfast စားပြီးပြီးချင်း မင်းဆီကို ဖုန်းဆက်တယ်ကွာ။ တကယ်ပဲ မင်းရောက်မလာဘူး။ အဲ့ဒါက ပထမအချက်။ ဒုတိယအချက် ကတော့ တိုက်ဆိုင် တာလို့လည်း ပြောလို့ရတယ်။ စာထဲမှာ က ‘သင်တယောက် တည်း သွားရမည် ’ ဆိုတာပဲ ပါတယ်။ ဘယ်ကို သွားရမယ်လို့တော့ ရေး မထားဘူး။ ငါ ကတော့ ကန်တော် ကြီးကို တစ်ယောက် တည်းသွားလိုက်တယ်”
“တတိယအချက်ကရော”
“အဲ့ဒါ ကတော့ အတိအကျပဲ။ ငါတကယ်ပဲ ကောင်မလေး တစ်ယောက် နဲ့ဆုံခဲ့တယ်။ စာထဲကအတိုင်း ပန်းတွေ ပတ်လည်ဝိုင်းနေတဲ့ ရေကန်ကြီးဘေးမှာ ”
စကားဆုံးဆုံးချင်း စောထူးက စာအုပ်လေးကို ဆွဲယူကြည့်သည်။ ပြီးတော့ စာမျက် နှာတစ်ခုချင်းဆီကို လှန်ကာကြည့်၏ ။ သူအထပ်ထပ်လေ့လာပြီးသားတွေ ပါ။ ပထမစာမျက် နှာ ထောင့်အဆုံးမှာ နာမည် နှင့် ရက်စွဲတပ်ထားသည်မှလွဲလို့ အားလုံးမှာ ဗလာ။
“မင်းဟာက ဟုတ်ရောဟုတ်လို့လားကွာ”
“ငါတကယ်ပဲ လက်တွေ့ ကြုံခဲ့မယ်ဆိုတာတော့ သေချာတယ်”
စောထူးငြိမ်ကာ သွားပါသည်။ သူ့မျက်နှာတည်နေသည်မို့ တကယ်ပြောနေသည်ဆို တာကိုလည်း ရိပ်မိပုံရ၏ ။ သော်ဖြိုးစကားကို ထပ်ဆက်သည်။
“မင်း စဉ်းစားကြည့်… စာရွက်လေးတစ်ရွက်ကိုထောင်ပြီးရှေ့မှာ ဖယောင်းတိုင် ထွန်းလိုက်ရုံနဲ့အဲဒီ့ မီးရောင် ရဲ့ မျက်နှာချင်းဆိုင်မှာ စာတွေ ပေါ်လာတယ် ဆိုတာကြီးက လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ငါကိုယ်တိုင်လည်း လက်မခံချင်ဘူး။ ဒါပေမဲ့အဲဒီ့ စာတွေ ထဲက အတိုင်းအပြင်မှာ တကယ် ဖြစ်နေတယ်”
“စာထဲကအတိုင်း အားလုံးတူနေတာပေါ့”
“လုံးဝကွက်တိပဲ”
ကုလားထိုင်ကိုနောက်မှီထိုင်ရင်း ငြိမ်သွားပြန်သည်။ စောထူးယုံကြည်ပုံမရဘူး ဆိုတာ သော်ဖြိုးရိပ်မိသည်ကြောင့် …
“မင်း လက်မခံနိုင် ဖြစ်နေတယ် မလား”
စောထူးက လေးလေးပင်ပင် ခေါင်းကို ရမ်းရင်း…
“မင်းကိုတော့ အားနာတယ်ကွာ။ ငါယုံလို့မရဘူး”
“ဟုတ်ပြီ၊ ငါလည်း မင်းအတိုင်းပဲ။ ဒီတော့ မင်းငါနဲ့ ညလိုက်အိပ်မလား”
စောထူးအကြည့်တို့ သူ့ထံဒိုင်းခနဲရောက်လာတော့…
“မင်းနဲ့ငါ ဒီညစမ်းသပ်ကြမယ်”
သူတို့နှစ် ဦး အတော် ကြီးမိုးချုပ်မှ ဟိုတယ်သို့ ပြန်ခဲ့ကြ၏ ။ ဒီည သော်ဖြိုးနှင့် လိုက် အိပ်မည် ဖြစ်ကြောင်းကိုလည်း စောထူး အမေ ဖြစ်သူကိုလှမ်းအကြောင်းကြားရသေး သည်။
ပထမ မယုံ။ မနေ့ကလိုပဲ အရက်တွေ သောက်မှာ စိုးသဖြင့် တောာ်တော် နှင့် ခွင့်ပြု ချက်မရ။ သော်ဖြိုးကိုယ်တိုင် ဝင်ပြောပေးကာမှ အဆင်ပြေလေသည်။ အန်တီခင်မှာ ချောင်းတွေ တဟွတ်ဟွတ်ဆိုးနေသဖြင့် ဖုန်းထဲမှ ပြောစကားကိုအတော် နားထောင်ယူရ၏ ။
စောထူးက အန်တီခင့်မှာ ပန်းနာရင်ကျပ် ရောဂါ ရှိသည် ဖြစ်ကြောင်း ပြောသည်။ အခန်းမှာ နှစ် ယောက် ခန်းမို့အဆင်ပြေပါသည်။ အခန်းတွင်းရောက်ရောက်ချင်းပင် စောထူး မှာ စာအုပ်ကို စမ်းသပ်ရန် စိတ်အားထက်သန်နေတော့၏ ။ အပြင်မှ ဝယ်လာခဲ့သော ဖယောင်းတိုင် ကြီးကြီးကို သော်ဖြိုးမီးညှိလိုက်သည်။
ထိုခဏမှာ ပင် (107) ဟူသော အခန်းကျဉ်းလေးမှာ အမှော င်ကျသွားတော့၏ ။ မနေ့ညက လုပ်ငန်းစဉ်အတိုင်း အားလုံးလုပ်ဆောင်ပြီးသွားစဉ်မှာ တော့…
တစ်မိနစ်၊
နှစ် မိနစ်၊
သုံးမိနစ်…
“ ဟား… ဟား…ဟား… သော်ဖြိုး၊ သော်ဖြိုး မင်းဘယ်တုန်းက ဓာတ်ပုံဆရာကနေ ဝတ္ထုဆရာ ဖြစ်သွားတာလဲ”
စောထူးရယ်သံကြီး ထွက်ပေါ်လာတော့…
“ဘာ ဖြစ်လို့လဲ”
“မင်း ငါ့ကို ပေါ်တင်ကြီးရုပ်ရှင်ရိုက်ပြနေတာပဲကွ။ ဘာလဲဇာတ်လမ်းဆင်ပြီး ဝတ္ထု ရေး မလို့လား”
ခနဲ့သလို တဟားဟားရယ်ရင်း စောထူးက ရယ်ကျဲကျဲပြောသည်။
“တော် တော့ ဟေ့ကောင်… ခွီးမှပဲ။ တော် တော် နောက်တဲ့ကောင်။ တကယ်အောက် မေ့လို့ နားထောင်နေတာ”
ပြောပြောဆိုဆို စောထူးက သူခံလိုက်ရသည့်အတွက် မခံချိမခံသာ ပုံစံမျိုးနှင့် သော်ဖြိုးလက်မောင်းကိုလှမ်းထုကာ…
“ဘာလဲ၊ ညဘက် တစ်ယောက် တည်း မအိပ်ရဲလို့ မင်းငါ့ကို အဖော်ခေါ်လာတာ လား”
သူ့ကို တမင်တကာ ခေါ်နောက်သည်ဟု သဘောပိုက်ကာ ဆဲရေး ရင်း မီးခလုတ်ကို ပြန်ဖွင့်သည်။ ပြီး T.V ကိုပါဖွင့်ကာ ကုတင်ပေါ်တက်၍ ကြည့်နေ၏ ။ သော်ဖြိုးမှာ တော့ ခံရ ခက်ခက်နှင့် ပင် ငြိမ်နေလိုက်ရသည်။
ဒီ့ထက်ပိုပြီးလည်း ဘာမှ မတတ်နိုင်တော့။ သူ့စမ်းသပ်မှု က အပြောနှင့် လက်တွေ့  လုံးဝလွဲသွားပြီ မဟုတ်ပါလား။ ထိုင်ရာမှထပြီး ပြတင်းတံခါးကို ဖွင့်ကာ အပြင်ကိုသာ ငေးနေလိုက်သည်။ ခေါင်းထဲမှာ အတွေးပေါင်းစုံက ရှုပ်ထွေးပွေလီနေ၏ ။ ရင်ထဲမှာ လည်း ခံပြင်းသလို ဒေါသထွက်သလို။
ပြင်ပလောက, ကတော့ အားလုံးကို မသိယောင်ဆောင်ကာ မည်းမည်းမှော င်နေ၏ ။
တဖြည်းဖြည်းနှင့် ညမှာ ရင့်ရော်လာပါသည်။
မနက်လင်းတော့ ညကကိစ္စကို အတတ်နိုင်ဆုံး မေ့ပစ်လိုက်သည်။ မမေ့လို့ ကလည်း မရ။ ဆက်ပြောလျှင် သူနှင့် စောထူး ရန် ဖြစ်ဖို့သာ ရှိပါသည်။ ရေမိုးချိုးပြီးတော့ စောထူးက ခပ်တည်တည်ပင် သူ့အဝတ်အစားတွေ ကို ယူဝတ်၏ ။ ပြီးတော့ ပြောသေး သည်။
“မင်း တစ်ယောက် တည်း မအိပ်ရဲလို့ ငါ အဖော်လာအိပ်ပေးတာဆိုတော့ ဒီနေ့တစ် နေ့တာအတွက် ကုန်ကျစရိတ်တွေ မင်းငါ့ကို ပူဇော်ရမယ်”
“ခွီးပဲ”
သော်ဖြိုးဆဲလိုက်တော့ သကောင့်သားက ရယ်ကျဲကျဲအမူအရာနဲ့ ဆရာကြီး စတိုင်ခြေချိတ်ပြီး ထိုင်နေသည်။ ပုံစံက ထောင့်မကျိုး။ ဆေးလိပ်ကိုလက်ကြား ညှပ်ကာ မီးခိုး ကို ပါးစပ်မှတစ်မျှင်ချင်းထုတ်နေ၏ ။
ဒီနေ့မနက်တော့ ဒီဇင်ဘာခြံတွင် breakfast သွားစားရန် စီစဉ်ထားသည်။ မနက် ခင်းတစ်ခုအတွက် ကိစ္စတွေ အားလုံး ပြီးသွားချိန်မှာ သူတို့နှစ်ဦး ဟိုတယ်မှ ထွက်ခဲ့ကြပါ သည်။ ဒီဇင်ဘာခြံကို ရောက်တော့သော်ဖြိုး၏ အသိအာရုံတွေ နုသစ်သွားသည်။
ခြံကျယ်ကြီးထဲမှ အမိုးတဲကိုယ်စီနဲ့ နေရာထိုင်ခင်းများ ၊ စတော် ဘယ်ရီ ခင်းများ ၊ ပန်းအလှပင်လေးများ က ဓာတ်ပုံဆရာ တစ်ယောက် ရဲ့ မျက်စိကိုဆွဲခေါ် သွားပါသည်။ စဉ်း စားစရာမလိုပါ။ လက်တွင်းမှ ကင်မရာမှာ မီးတွေ တဖျတ်ဖျတ်ပွင့်သွား၏ ။
တစ်အောင့်ြ ကတော့ အမိုးတဲတစ်ခုအောက်တွင် ထိုင်နေသော စောထူးကလှမ်းခေါ် သည်။ ဝင်သွားလိုက်တော့ မှာ ထားသော နွားနို့ရောက်နေပြီ ဖြစ်ကြောင်း တွေ့ ရသည်။ ထို့ကြောင့် ခုံမှာ ဝင်ထိုင်ပြီး နွားနို့ကို ရေသာခံသောက်နေလိုက်၏ ။ ထိုစဉ်မှာ ပင်…
ဘယ်ကမ္ဘာရောက်ရောက် မှတ်မှတ်ရရ ရှိနေဦးမည့်  ရနံ့လေးတစ်ခု။ လိပ်ပြာရနံ့ လေးကလေကိုဆန်ရင်းသူ့နှာသီးဝသို့ ဝင်လာတော့ ကမန်းကတန်းလှည့်ကြည့်လိုက်စဉ်…
“မနေ့က ကူညီခဲ့တဲ့ ပိုက်ဆံလာပြန်ပေးတာပါ”
ဝတ်ရည်ရောင် စကားနဲ့ပိုက်ဆံတစ်ရာတန်လေးတစ်ရွက် သူ့ရှေ့ရောက်လာတော့ ကြောင်ကာ သွားမိသည်။ အမှတ်မထင် တွေ့ ဆုံမှု ၊ မျှော်မှန်းမထားသော အခြေအနေတွေ ကြောင့် သော်ဖြိုးဘာပြန်ပြောလို့ ပြောရမှန်းမသိ။
ရှေ့စားပွဲပေါ်မှ ပိုက်ဆံကိုတစ်လှည့်၊ လိပ်ပြာလေးကိုတစ်လှည့်ကြည့်ပြီး အံ့ဩ နေမိသည်။ ကြောင်တောင်တောင် ဖြစ်နေရာမှ ရွေးချယ်မထားသော ဝါကျတချို့ ထွက် လာ၏ ။
“ဟာ…မဟုတ်တာဗျာ”
ထိုမျှသာ ပြောနိုင်သည်။ ဒါပေမဲ့ လိပ်ပြာလေး ကတော့…
“မနေ့က ကျေးဇူးတင်စကား မပြောလိုက်ရလို့ပါ။ မနေ့က ကူညီခဲ့တဲ့အတွက် ရှင့်ကို အများ ကြီးကျေးဇူးတင်ပါတယ်”
ပြောလည်းပြော၊ လိပ်ပြာလေးနဲ့ အဖော်က သူ့ကိုကျေးဇူးတင်ကြောင်း ပြုံးပြသည်။ ဘာမှန်းမသိ သူလည်း ငေါင်စင်းစင်း ပြန်ပြုံးပြ ဖြစ်ပါသည်။ ပြီးတော့…
“ရ…ရပါတယ်ဗျာ။ ကျွန်တော် ကူညီတယ်ဆိုတာလည်း ကြီးကြီးကျယ်ကျယ်ကြီး မဟုတ်ပါဘူး”
အ,ထစ်ထစ်ထွက်သွားပေမဲ့ သူမတို့ထံမှ အပြုံးတွေ ထပ်ရောက်လာပြန်သည်မို့…
“မိန်းကလေး တစ်ယောက် အနေနဲ့ ပိုက်ဆံတစ်ရာတန် မရမချင်းလိုက်တောင်းဖို့ ဆို တာ မလွယ်ဘူးလေ။ အဲဒါ့ကြောင့် ကျွန်တော် စေတနာ…”
“သိပါတယ်။ မနေ့က ရှင့်ပုံစံကိုကြည့်ကတည်းက စေတနာဘယ်လောက်ပါမှန်း ဟီး…ဟီး…”
“ဗျာ…”
ဖြတ်ပြောလိုက်သော အဖော် ဖြစ်သူ၏ စကားကြောင့် သူ ‘ဗျာ’သွားမိသည်။ မျက်နှာ တစ်ခုလုံးလည်း ထူပူသွား၏ ။ လိပ်ပြာလေး ကတော့ အဖော် ဖြစ်သူကို ‘ဟဲ့’ ဟု လှမ်းဟန့် သည်။ ပြီး သူ့ကိုလည်း အားနာသလိုလှမ်းကြည့်သည်။
စောထူး ကတော့ သုံးယောက် စလုံးကို နားမလည်စွာ ကြည့်နေ၏ ။ သော်ဖြိုး တော် တော် နှင့် စကားမဆိုနိုင်။ နောက်မှ ပါးစပ်ထဲတွေ့ ရာကို အရှက်ပြေပြောလိုက်သည်။
“ဟို…ဟိုဟာ… ကျွန်တော့် နာမည် သော်ဖြိုးဝေပါ။ သူက စောထူး”
သူ့ပုံစံကိုကြည့်ပြီး ရယ်ချင်စိတ်ကိုထိန်းထားရသော ပုံစံနှင့် …
“ဟုတ်ကဲ့၊ ကျွန်မက ပန်းဝါပါ။ သူ့နာမည် က ချယ်ရီဝင်းတဲ့”
ထို့နောက်မှာ တော့ မသင်ဘဲတတ်သည့်ပညာတွေ က ပါးစပ်မှ အလိုလိုထွက် သွား သည်။
“ဟုတ်ကဲ့ပါခင်ဗျာ။ အခုလို သိရတာ ဝမ်းသာပါတယ်။ မိတ် ဖြစ်ဆွေ ဖြစ် တစ်ခုခု သောက်ကြပါလား”
ဘိုးတော် မင်းလက်ထက်က intro ကိုသဘောပေါက်စွာ လိပ်ပြာလေးနှုတ်ခမ်း ထောင့်စွန်း ကွေးသွား၏ ။ ပြီး ချိုသာသော အပြုံးလေးကို ရောနှောဖြည့်စွက်ကာ…
“ကျွန်မတို့ ရောက်နေတာ ကြာပြီရှင့်။ အကုန်လုံးလည်း စားသောက်ပြီးသွားကြပြီ။ ရှင့်ကိုတွေ့ …အဲ…”
‘ရှင့်ကို’ ဟု ပြောပြီးမှ ‘အဲ’ ဟု တစ်စွန်းတစ်စရပ်ကာ နာမည် ကို သတိရလိုက် သလို…
“ကိုသော်ဖြိုးဝေတို့ကိုတွေ့ တာနဲ့ ကျေးဇူးတင်စကား လာပြောတာပါ”
ရင်ထဲမှာ တစ်စုံတစ်ရာကို နှမြောသွား၏ ။ ထိုတစ်စုံတစ်ရာက လိပ်ပြာလေးနှင့် စကားတွေ ဆက်ပြောလိုခြင်းပါ။ ပြီးတော့ အခုလိုဒုတိယအကြိမ် တွေ့ ဆုံပြီးနောက်ပိုင်း ထပ်မတွေ့ ရမှာ ကိုလည်း စိုးရိမ်သွားရ၏ ။ ယခုတွေ့ ဆုံမှု ကပင် ကံကြမ္မာကြီးကို လာဘ်ထိုး မထားသော ကံကောင်းမှု ပါပဲ။
နှလုံးသားရဲ့ တိုက်တွန်းမှု ကြောင့် လား၊ သွက်သွက်ခါနေသော ရင်ခုန်သံရဲ့ တွန်း အားကြောင့် လားမသိ ခေါင်းထဲမှာ အကြံတစ်ချက်လက်သွားသည်။ ထိုအကြံရရချင်း သူပြုလုပ်လိုက်သည်ကား…
အိတ်ထဲမှ ဖုန်းကို မသိမသာထုတ်ကာ အောက်သို့ ပစ်ချလိုက်တာပါပဲ။
“ခွပ်…”
ခနဲမြည် သံနှင့် အတူ ဖုန်းလေးက အောက်မှာ ကျွမ်းနှစ် ပတ်လောက် လိမ့်ဆင်း သွား၏ ။ ထိုအခါမှာ တော့…
“ဟာ … သွားပါပြီ။ ရှိစုမဲ့စုလေးတော့ ကုန်ပါပြီဗျာ”
ချမ်းသာသမျှ လူခိုးခံလိုက်ရသလို ရူးကြောင်ကြောင်အိုက်တင်နှင့် ပြုတ်ကျသွား သော ဖုန်းကို ပြေးကောက်လိုက်၏ ။
“ဒီသောက်လက်ကလည်း ဖုန်းလေးတစ်လုံးတောင် မြဲအောင်မကိုင်နိုင်ဘူး”
တမင်တကာလွှတ်ချလိုက်သော လက်ကိုလည်း ဒေါနှင့် မောနှင့် အပြစ်တင်လိုက် သေးသည်။ ဖုန်းက ဘယ်လိုဘယ်လို ဖြစ်သွားသည်မသိ။ ကံကောင်းထောက်မစွာ ပါဝါပိတ် သွား၏ ။
“ပျက်ပြီနဲ့တူပါတယ်။ စက်ပါပိတ်သွားပြီ။ အရေး ကြီး ဖုန်းချိန်းထားပါတယ်ဆိုနေ”
ပြီး အိုက်တင်အပြည့်နှင့် စောထူးဘက်လှည့်ကာ…
“ဟေ့ကောင်… မင်းဖုန်းပါတယ်မလား။ ငါ့ဖုန်းကို ခေါ်ကြည့်စမ်းပါကွာ။ ခေါ်လို့မှ ရတော့ရဲ့ လားမသိဘူး”
ငယ်ငယ်ကတည်းက တစ်ကျောင်းတည်းတက်ပြီး လည်ပင်းဖက်ပေါင်းလာသူ သူငယ်ချင်းစောထူးကလည်း ဒါမျိုးကိုနပ်သည်။ ရူးသလိုလို၊ ပေါသလိုလို သူ့ကို မျက် စောင်းထိုးရင်း…
“ကျွတ်… ဘယ်လိုလုပ် ပါလာမှာ လဲကွ။ မနက်ကတည်းက ဟိုတယ်မှာ ထားခဲ့တာ။ မင်းလည်း သိသားနဲ့”
ထို့နောက်မှာ သော်ဖြိုးအားကိုးရာက လိပ်ပြာလေးပင်ရှိတော့၏ ။ မျက်လုံးအစုံက ညှိုးငယ်စွာ သူမလက်တွင်းမှာ ကိုင်ထားသော ဖုန်းဆီရောက်သွားသည်။ ပြီးတော့ သူတောင်းစားခွက်ပျောက်သလို( )ပုံစံက ချက်ချင်း အိုစာသွားတာ…
“ဟို…ဟိုလေ…အပန်းမကြီးဘူးဆိုရင် ကျွန်တော့် ဖုန်းကို တစ်ချက်လောက်ခေါ်ပေး ပါ လားဗျာ။ အရေး ကြီးဖုန်းတစ်ခု ချိန်းထားတာရှိလို့ ဖုန်းဝင်မဝင် သိချင်လို့ပါ”
သူ့အကြံကိုရိပ်မိသလို အကြည့်ရဲရဲတစ်ချက် ရောက်လာသည်။ အလိမ်ပေါ်သွားမှာ စိုးသော ကြောင့် မျက်လုံးကို အတင်းလွှဲလိုက်ပေမဲ့ မအောင်မြင်ပါ။ ဒါပေမဲ့…
“ဖုန်းနံပါတ်ပြောလေ…”
လူက ထခုန်မတတ်ပင် ဝမ်းသာသွားရကာ ဖုန်းနံပါတ်ကိုခပ်သွက်သွက် ပြောပြ တော့သူမက ဂဏန်းကိုလိုက်နှိပ်သည်။မကြာလိုက်လက်မှာ ကိုင်ထားသော သူ့ဖုန်း မျက်နှာ ပြင် မီးတွေ လင်းသွား၏ ။ ဂဏန်းကိုးလုံးကိုလည်း ဖုန်းမြည် သံကြားမှာ ထင်ထင် ရှားရှား မြင်လိုက်သည်။
“ရပြီလား”
“ရပြီ…အဟီး…”
“တော် သေးတာပေါ့ကွာ။ ဖုန်းပြန်ဝင်လို့”
စောထူးက စပ်ဖြီးဖြီးဝင်ပြော၏ ။ အားလုံးကို သဘောပေါက်သလို သူမနှုတ်ခမ်းကို ကိုက်ရင်း ရှက်တတ်တတ် လှည့်ထွက်သွား၏ ။ ပြေပြစ်လွန်းသော နောက်ပိုင်းအလှတစ် ကွက်ကို ရိုးရိုးသားသား လိုက်ကြည့်ရင်း…
“အခုလို ကူညီတာ ကျေးဇူးနော်”
သူမထံမှ တုံ့ပြန်မှု ရောက်မလာပါ။ ဒါပေမဲ့…
“ရတယ်၊ ရတယ်။ ဖုန်းဆက်ဖို့လည်း မမေ့နဲ့ဦး”
ချယ်ရီဝင်းက မချိုမချဉ် လှမ်းအော်တော့ လက်မောင်းအား သူမ လှမ်းရိုက်လိုက် သည်ကို တွေ့ ရသည်။
ရင်ထဲမှာ ကုလားဘုရားပွဲတွေ ဆက်တိုက်လှည့်လို့။ ပြီးတော့ သူမနှင့် ဖုန်းပြော ရမည့်  အရေး ကိုတွေးကာ ကျေနပ်လို့…။
“ဟယ်…ပန်းဝါ။ ဟိုမှာ လိပ်ပြာလေးတွေ တော့”
ချယ်ရီဝင်းက လှမ်းအော်တော့ သူမတောင်ကုန်းပေါ်ပြေးတက်သွားလိုက်သည်။ တကယ်ပါပဲ။ တောင်ကုန်းလေးရဲ့ ဟိုဘက် တောပန်းပင်လေးတွေ ပေါ်မှာ လိပ်ပြာမိသားစု ပျံဝဲနေသည်။
“ကျွတ်…ချစ်ဖို့ကောင်းလိုက်တာ”
လိပ်ပြာချစ်တတ်သူမို့ ချယ်ရီဝင်းက ခေါ်ကာပြခြင်း ဖြစ်ပါသည်။ အဝါနှင့် အနက် စင်း လိပ်ပြာလေးသုံးကောင်ကို သူမငေးကြည့်နေရင်း…
“လှလိုက်တာဟယ်… မွေးထားချင်လိုက်တာ”
“လိပ်ပြာပဲလား။ ဟို တစ်ယောက် ကိုရော မွေးမထားချင်ဘူးလား”
ချယ်ရီဝင်း၏ ရိသဲ့သဲ့စကားကြောင့် …
“ဘယ် တစ်ယောက် လဲ”
“ဒီဇင်ဘာမှာ တွေ့ ခဲ့တဲ့ တစ်ယောက် လေ”
“အာ…”
သူမရှက်ဝဲဝဲ ဖြစ်ကာ ချယ်ရီ့ကို မျက်စောင်းလှမ်းထိုးလိုက်သည်။ ရှက်သွားသော သူမပုံစံကိုကြည့်၍ …
“မနေ့တုန်းကပဲ ကြည့်ပါလား။ သူ့ပုံစံက အသိသာကြီး။ ဒီနေ့မနက်လည်း ကြည့် ဦး…”
ချယ်ရီ ဘာကိုဆိုလိုသည်ဆိုတာ သဘောပေါက်၏ ။ ပြောလည်း ပြောချင့်စရာ။ သူ့ ပုံစံက မြင်ရသူတိုင်းအတွက် သိသာလွန်းနေသည် မဟုတ်ပါလား။
“ပုံစံကြည့်ရတာ တော့ ရဲမယ့်ပုံပဲ။ စိတ်ကောင်းလည်း ရှိပုံရတယ်။ ဘာပဲပြောပြော ရန်နောင့်ထက်သာမှာ တော့ သေချာတယ်”
ချယ်ရီ့စကားကြောင့် မျက်လုံးတွင်းမှာ ရန်နောင်၏ ဂျစ်တစ်တစ်၊ မိုက်ကန်းကန်း ပုံစံကို သွားမြင်သည်။
“သွားစမ်းပါဟာ… အဲ့ဒီကောင်အကြောင်း မပြောစမ်းပါနဲ့”
ရန်နောင်ဆိုသည်မှာ သူမအား တစ်ဖက်သတ်စိတ်ဝင်စားနေသူ တစ်ယောက် ဖြစ် သည်။ ဟိုအရင်တုန်း ကတော့ သူငယ်ချင်းပင် ဖြစ်ကာ ယခုမှ ကောက်ခါငင်ကာ ထ,ဖောက် လာခြင်း ဖြစ်ပါသည်။
ရန်နောင်တို့က ချမ်းသာ၏ ။ မန္တလေးပင်မဟုတ် ပြင်ဦးလွင်မှာ ပါ ဟိုတယ်တချို့ကို ပိုင်ဆိုင်ထား၏ ။ မိဘချင်းကလည်း ရင်းနှီးသည်မို့ ရန်နောင်က သူမမိဘတွေ ကိုအပီကပ် ထား သည်။ ခက်တာက ရန်နောင့်ကို သူမလုံးဝကြည့်မရ။
ယခုပြင်ဦးလွင်ရောက်နေခြင်းမှာ လည်း ထိုကိစ္စပင် ဖြစ်ပါသည်။ မိဘများ က ရန် နောင် နှင့် နားချကြသည့်အတွက် စိတ်ဆိုးကာ ပြင်ဦးလွင်ရှိ အဒေါ် ဖြစ်သူထံ လာနေခြင်း ဖြစ်သည်။ မန္တလေးမှာ မရှိတော့သည့်အတွက် ယခုအချိန်ဆို ရန်နောင် သူမသတင်းစုံစမ်း နေမှာ သေချာသည်။
ငြိမ်သွားသော သူမကိုကြည့်ကာ…
“ပန်းဝါ…ဘာတွေ တွေးနေတာလဲ”
“မဟုတ်ပါဘူးဟာ။ ရန်နောင် ဒီအထိလိုက်လာမှာ ကို စိတ်ပူနေတာ”
သက်ပြင်းဖျော့ဖျော့ချသံကို ချယ်ရီဝင်းဆီမှ ကြားရသည်။
“စိတ်မပူပါနဲ့ဟာ…နင်နဲ့အတူ ငါကျန်နေခဲ့မှာ ပဲ။ ဒီကောင်ပြင်ဦးလွင်အထိလိုက်လာ လည်း ထင်ရာလျှောက်လုပ်လို့ မရပါဘူး”
လျော့လျော့ပေါ့ပေါ့ ပြောပေမဲ့ သူမ ကတော့ မျက်ခုံးလှုပ်ချင်သည်။ ရန်နောင့် အကြောင်းကို သူမ သေချာသိသည်ပဲ။
“ဟိုနှစ် ယောက် ၊ လာခဲ့တော့။ ဒီမှာ ထမင်းစားလို့ရပြီ။ ငါတို့က မန္တလေးပြန်ဆင်း ရဦးမှာ ။ အေးအေးဆေးဆေးလုပ်လို့မရဘူး”
အော်သံကြောင့် နောက်ဘက်လှည့်ကြည့်လိုက်တော့ တောင်ကုန်းအောက်ဘက် သစ်ပင်ရိပ်မှာ ဖျာတစ်ချပ်နှင့် ဝိုင်းဖွဲ့ထိုင်နေကြပြီ။ အလယ်မှာ ချိုင့်တွေ ၊ ခွက်တွေ ချကာ နေ့လယ်စာစာြး ကတော့မည် ။
အတွေးကို ဖျောက်ကာ သက်ပြင်းကိုချမိသည်။ ပြီးတော့ မှု န်ရီနေသော စိတ်တွေ ကို အနားပေးကာ အတတ်နိုင်ဆုံး ပေါ့ပါးပစ်လိုက်သည်။
ဒီလိုပါပဲ…
ဘဝဆိုတာ မပြုံးချင်ပေမဲ့လည်း ပြုံးတတ်အောင် လေ့ကျင့်ထားရသည်မဟုတ်ပါ လား။
လေတွေ တဟူးဟူးတိုက်နေပေမဲ့ ကိုယ်အရူးထမှု နှင့် ကိုယ်နွေးနွေးထွေးထွေး ဖြစ်နေသည်။ ဟိုတယ်ခေါင်မိုးပေါ်မှာ တစ်ယောက် တည်း ဖုန်းတစ်လုံးနှင့် သော်ဖြိုးအလုပ် ရှုပ်နေသည်။
ဟိုတယ်မှာ အမိုးမိုးထားခြင်းမဟုတ်။ ခန်းလုံးပြည့် သံမံတလင်းခင်းထားခြင်း ဖြစ်သည်ကြောင့် လေသာဆောင်သဘောမျိုး ဖြစ်ကာနေသည်။ ထိုအပေါ်တွင် တစ်ယောက် တည်း ရပ်ကာ လိပ်ပြာလေးထံ မက်ဆေ့ခ်ျပို့ဖို့ ကြိုးစားနေခြင်း ဖြစ်ပါ၏ ။
“Hello…”
စာလေးငါးလုံးက ဖုန်းတွင်းမှ ညင်ညင်သာသာ ထွက်သွားသည်။ သော်ဖြိုးရင်တွေ ခုန်နေ၏ ။ တုံ့ပြန်မှု က ဘယ်လို ဖြစ်နိုင်မလဲ။ ဒါပေမဲ့ အချိန်သာကြာသွားခဲ့ပါသည်။ တူညီ သော တုန့်ပြန်မှု ရောက်မလာခဲ့။ ထို့ကြောင့် …
“Hi, baby…”
ဒုတိယအကြိမ် ကြိုးစားကြည့်လိုက်သည်။ ရင်တွေ ပိုခုန်လာသလိုခံစားမိလိုက်၏ ။ ဒီတစ်ကြိမ်တွင် တော့ သူ၏ ရူးသွပ်မှု ကို တစ်ဖက်မှအသိအမှတ်ပြုလိုက်ပါသည်။ လက်တွင်း ကိုင်ထားသော ဖုန်းလေးမှာ တုန်လာတော့..
“ကလေးမဟုတ်တော့ဘူး။ အသက်နှစ် ဆယ် ပြည့်ပြီးသွားပြီ”
“ဟာ…”
ပိုက်ဆံထုပ်ကြီး ခလုတ်ဝင်တိုက်မိသလို လူကမြောက်တက်သွားသည်။ သူ၏ ကြိုးစားမှု မှာ မ ဖြစ်စလောက်လေး အရာထင်သွားခဲ့ပါပြီ။ ဖော်ပြမရနိုင်သော ဝမ်းသာမှု တွေ နှင့် လက်ချောင်းတွေ ဖုန်းခလုတ်ပေါ်မြန်ဆန်သွား၏ ။
“ဘာလုပ်နေလဲ”
“အိပ်ဖို့လုပ်နေတယ်”
ချက်ချင်း ပင် မက်ဆေ့(ခ်ျ)တစ်စောင်ပြန်ရောက်လာတော့ သူ့ဘက်က ဘာဆက် ပို့ရမှန်းမသိ ဖြစ်သွားသည်။ ပြီးတော့မှ သတိရသည်။ မက်ဆေ့(ခ်ျ)သာပို့နေပြီး တစ်ဖက်မှ သူဘယ်သူ ဖြစ်တယ်ဆိုတာကိုရော သိရဲ့ လား။ ယခုခေတ်မိန်းကလေးအများ စုမှာ ပြောလို့ ရတာ မဟုတ်။ မက်ဆေ့(ခ်ျ)ပဲပို့ပို့၊ ဖုန်းပဲဆက်ဆက် သိသိမသိသိ ပြန်အီကြတာကများ သည်။ ထို့ကြောင့် …
“အခုမက်ဆေ့(ခ်ျ)ပို့နေတာ ဘယ်သူလဲသိလား”
“သိတာပေါ့”
“ဘယ်သူလဲ”
“တစ်ရာတန်ကြီး”
လှိုက်မောပျော်ရွှင်သွားရပါသည်။ ရင်ခွင်တစ်ဝက် အေးချမ်းသွားသလို ကိုယ့်ကိုယ် ကိုယ်လည်း ကျေနပ်သွားရသည်။ တဒိုင်းဒိုင်းခုန်နေသော နှလုံးခုန်သံတွေ အရှိန်ပြင်း သထက်ပြင်းလာ၏ ။ အတတ်နိုင်ဆုံး ထိန်းထားကြည့်ပေမဲ့ မရနိုင်တော့။
ထို့အတွက်ကြောင့် …
“ဖုန်းပြောချင်တယ်။ ရမလား”
မကြာပါချေ။ လှပသော တုံ့ပြန်မှု လေးတစ်ခု ရောက်လာပါသည် ရင်ခုန်သံတွေ ကို တစ်ပိုင်းတစ်စရပ်သွားစေ၏ ။
“ရဘူး၊ အိပ်တော့မယ်”
ထိုမျှနှင့် ပင် သူတို့ရဲ့ မက်ဆေ့ခ်ျတွေ့ ဆုံမှု လေးက ပြီးဆုံးသွားခဲ့သည်။ ထပ်ခါထပ်ခါ ပို့ကြည့်ပေမဲ့လည်း တစ်ဖက်မှ လှုပ်ရှားမလာတော့။ ဖုန်းပဲ ပိတ်သွားတာလား။ တကယ်ပဲ အိပ်သွားတာလားမသိ။
နောက်ဆုံးတော့ ခေါင်မိုးပေါ်မှဆင်းကာ အခန်းထဲသို့ ပဲ ပြန်ဝင်ခဲ့တော့သည်။ အခန်းထဲမှာ သူ့ကိုစောင့်ကြိုနေသော အလုပ်တစ်ခုက ရှိနေ၏ ။
‘လျှို့ဝှက်မြို့ရိုး’
ဒီညတော့ တစ်ယောက် တည်း လွတ်လွတ်လပ်လပ် စမ်းသပ်ရတော့မည် ။ စောထူး ကတော့သူ့အိမ်သူပြန်သွားချေပြီ။ လမ်းမခွဲခင် ပြောသွားသေး၏ ။
“မင်း တစ်ယောက် တည်း မအိပ်ရဲရင် ငါ့ကိုဖုန်းဆက်ခေါ်လိုက်နော်တဲ့”
အဟင်း …ဒီညတွေ့ ကြပြီပေါ့။
ချက်ချင်း ပင် ဖယောင်းတိုင်ကိုမီးညှိကာ အခန်းမီးကိုပိတ်လိုက်သည်။ ပြီးတော့ ဒုတိယအကြိမ်မြောက် စမ်းသပ်မှု တစ်ခုကို စတင်လိုက်ပါတော့၏ ။ ဖယောင်းတိုင်မီးရောင် နှင့် လင်းနေသော နံရံမှာ စာရွက်ကွယ်လိုက်မှု ကြောင့် မှု န်ကုပ်ကုပ် ဖြစ်သွားသည်။
မနေ့အတိုင်း ထူးမခြားနားပါပင်။ ဒီတော့ နောက်တစ်ရွက်။
ပေါ်မလာတော့။ စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်၊ တစ်အုပ်လုံးသာ ကုန်သွား ပြန်သည်။ တစ်စုံတစ်ရာထူးခြားမှု ကိုမတွေ့ ရသေး။ ထိုစဉ်မှာ ပင် ဦးနှောက်တွင်းသို့ အတွေး တစ်ချက်ဝင်လာသည်။
အတွေးနှင့် အတူ နာရီကိုလှမ်းကြည့်တော့ ဆယ့်နှစ် နာရီထိုးရန် ငါးမိနစ်အလို။ ဖြစ်နိုင်ချေအများ ကြီးရှိပါသည်။ ပထမဆုံးနေ့ စာပေါ်လာစဉ်က ကြောင်ငေးဆွံ့အ,ကာ အချိန်ကိုမှတ်မထားမိခဲ့။ မနေ့က စမ်းသပ်ကြည့်တော့လည်း အချိန်ကွဲလွဲနေ၍ စာပေါ် မလာ တာ ဖြစ်နိုင်သည်။ အတိအကျကြီးမဟုတ်ပေမဲ့ ထိုအတွေးက နီးစပ်သလောက်ရှိ၏ ။
ဒါပေမဲ့ ထိုတစ်ခုတည်းလား။
စာမပေါ်သည့်ကွဲလွဲမှု က ထိုတစ်ခုတည်း ဖြစ်နိုင်ပါ့မလား။ နောက်တစ်ခုရှိနေဦး မလား။ ဥပမာ…
စာရွက်လွဲမှားမှု ၊ စာပေါ်ခဲ့စဉ်က အဦးဆုံးစာရွက်မှာ ပထမအုပ်ချပ်ဆိုပြီး ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။ ဒါဆို ဒုတိယနေ့အတွက်က ဒုတိယအုတ်ချပ်နဲ့ ဒုတိယ စာရွက်များ လား။
မနေ့က စမ်းသပ်မအောင်မြင်ခဲ့ခြင်းသည် ထိုလွဲမှားမှု နှစ် ခုကြောင့် ဖြစ်နိုင်ပါသည်။
အချိန်လွဲမှု နှင့် စာရွက်မှားယွင်းမှု ။
ယနေ့တွင် ရော…
ဆက်စပ်ကြည့်ရသလောက် ယနေ့အတွက်မှာ တတိယစာရွက် ဖြစ်နိုင်ပါသည်။ ယနေ့ သည် တတိယနေ့ပင် မဟုတ်ပါလား။ ဒါဆိုအချိန်ကရော…
သိပ်ခက်ခဲမည် တော့ မဟုတ်ပါ။ စာမပေါ်မချင်း ဖယောင်းတိုင်မီးရှေ့မှာ တတိယ စာရွက်ထောင်ထားရုံပေါ့။
အတွေးဆုံးသွားချိန်မှာ ဆုံးဖြတ်ချက်ကို ချပြီး ဖြစ်သွားသည်။ ချက်ချင်း ပင် ဖယောင်းတိုင် မီးရှေ့မှာ တတိယမြောက်စာရွက်လေးကို ထောင်ထားလိုက်၏ ။ ပြီးတော့ …
“ဒေါင်…ဒေါင်…”
သံချောင်းခေါက်သံနှစ် ချက်က ခပ်ဝေးဝေးဆီမှ ပျံ့လွင့်လာသည်။ တစ်ဆက်တည်း ဆိုသလို သံချောင်းခေါက်သံတွေ ဆက်တိုက်ထွက်ပေါ်လာ၏ ။ နာရီကိုလှမ်းကြည့်လိုက် တော့…
ဆယ်နှစ် နာရီထိုးချေပြီ။
ဘာကြောင့် မှန်းမသိ။ ရှေ့မှဖယောင်းတိုင်မီးမှာ လေနှင့် ကပ်မှု တ်လိုက်သလို ယိမ်း သွား၏ ။ သူကိုယ်တိုင်လည်းဘာ ဖြစ်သွားမှန်းမသိလျှပ်စစ်နှင့် အတို့ခံလိုက်ရသလိုဖျင်းခနဲ…
ဖျတ်ခနဲအုံ့မှိုင်းသွားသော အလင်းအမှော င်ထိတွေ့ မှု တစ်ခုနှင့် အတူ …ရှေ့တည့် တည့် နံရံမှာ မြင်လိုက်ရသည်ကား…
“ဟာ…”
ခေါင်းမွေးတို့ထောင်ထ,သွားသည်။
တတိယအုပ်ချပ်
အချစ်ရေး စတင်ရန်မသင့်ပါ။
ဇာတာမှာ အညံ့ပိုင်းသို့ရောက်နေသည်။
နေမွန်းမတည့်မီထိအချစ်ရေး ကံခေနေလိမ့်မည် ။
အသေးစားထိခိုက်မှု(၄)ဂဏန်းနှင့် ပက်သတ်သော နေ့ရက်များ တွင် ကြုံတွေ့ နိုင် သည်။ သစ်ပင်ကြီးများ အောက်သို့ မ သွားပါနှင့် ။
ဆေးရုံသို့ သွားရမည် ။
ဖျတ်ခနဲ ပျောက်သွားချိန်မှာ နာရီကိုကြည့်လိုက်တော့…
သော်ဖြိုးအားလုံးကို သဘောပေါက်သွားချေပြီ။ နေ့သစ်တစ်ခု၏ ပထမဆုံးမိနစ်မှာ ပေါ်လာခြင်း။ ပေါ်လာသော စာတွေ က ထိုနေ့အတွက်မာတိကာ (သို့ မဟုတ်) တစ်နေ့တာ ဖြစ်စဉ်။
ထို ဖြစ်စဉ်များ ထဲမှသွေဖည်သွားမည် မဟုတ်။
ရှင်းအောင်ပြောရပါက ဘုရားသခင်သိခွင့်ပေးသော သူ့ရဲ့ မနက်ဖြန်ပါပဲ။ အားလုံး ကို သဘောပေါက်သွားချိန်မှာ တော့ သော်ဖြိုးဖုန်းနံပါတ်တစ်ခုကို အလျင်စလိုနှိပ်လိုက် ပါသည်။
တစ်ဖက်မှ အိပ်မှု န်စုံမွှား တုံ့ပြန်သံကိုကြားရ၏ ။
“ညကြီးမိုးချုပ်ဘာ ဖြစ်ပြန်ပြီလဲကွာ”
စောထူးအသံကို ကြားတော့ သူ ‘ဟက်’ခနဲ ရယ်လိုက်သည်။ ပြီးတော့ တစ်ခွန်း တည်း …
“ငါသိပြီ”
“မင်းဘာသာစိတ်ကူးယဉ်ပြီး ရေး လာတာတော့ မဟုတ်လောက်ပါဘူးနော်”
စောထူးစကားကြောင့် စိတ်ပျက်လက်ပျက်ဖြင့် သော်ဖြိုး နာရီကိုငုံ့ကြည့်လိုက် သည်။
“ခဏလောက်စောင့်ပါလားကွာ။ ညဆယ့်နှစ် နာရီထိုးတာနဲ့ မင်းကိုငါသက်သေပြ မယ်”
အတိအကျကြီးဆိုလိုက်သော စကားကြောင့် စောထူး အနည်းငယ်တော့ အံ့အား သင့်သွား၏ ။ ပြီးထိုင်နေရာမှ သူ့အား မယုံသလိုမော့ကြည့်ကာ…
“အတိအကျကြီးပါလား”
“ရော်…ခက်ပါလား။ မင်းမယုံရင် ညဆယ့်နှစ် နာရီထိုးအောင်စောင့်လိုက်ပေါ့”
စောထူးတွေ ဝေ သွားပါသည်။ ယုံရခက်ခက်လည်း ဖြစ်သွားဟန်တူသည်။
“မင်းပြောပုံက နံရံမှာ စာပေါ်လာတဲ့အချိန်က ညဆယ့်နှစ် နာရီလို့ ပြောချင်တာလား”
“ပြောချင်တာမဟုတ်ဘူး။ ပြောကိုပြောနေတာ။ လျှို့ဝှက်မြို့ရိုးကစာတွေ နံရံမှာ ပေါ် လာတဲ့အချိန်က ညဆယ့်နှစ် နာရီပဲ”
“ဒါဆို ငါတို့စမ်းတုန်းက…”
“ငါတို့စမ်းတုန်းက အချိန်မှားနေတယ်လေ။ ဆယ့်နှစ် နာရီမှ မထိုးသေးတာ။ ညက ငါအားလုံးကို သဘောပေါက်သွားပြီ။ လျှို့ဝှက်မြို့ရိုးရဲ့ စတင်ချိန်က နေ့ရက်တစ်ခုရဲ့ ပထမ ဆုံး စက္ကန့်ခြောက်ဆယ်”
“တစ်မိနစ်ပေါ့”
“ဟုတ်တယ်။ ပေါ်ချိန်က တစ်မိနစ်ပဲ ကြာတာ။ ဆယ့်နှစ် နာရီအတိမှာ စာတွေ ပေါ်လာတယ်။ ဆယ့်နှစ် နာရီ တစ်မိနစ်မှာ ပြန်ပျောက်သွားတယ်။ ငါသေချာမှတ်ထားတာ”
“ဒီစာရွက်က… ”
စောထူးက လက်တွင်းမှ စာရွက်ကိုကြည့်ကာပြောတော့…
“စာတွေ ပျောက်မသွားခင် ငါကူးရေး ထားတာ”
သော်ဖြိုး အားတက်သရောပြောနေပေမဲ့ စောထူး ကတော့ ပုံမှန်သာ ဖြစ်သည်။ ယုံပုံ လည်းမရ။ မယုံဘူးဟုလည်း မပြော။ ဒါပေမဲ့ လက်မခံသော အငွေ့အသက်တချို့ကိုတော့ မျက်နှာမှာ တွေ့ ရသည်။ အပြစ်တော့မဆိုသာပါ။ သူကိုယ်တိုင် ပါဝင်စမ်းသပ်တုန်းက လုံးဝမ ဖြစ်မြောက်သည်ပဲ။
“ဟေ့ကောင်…ငါတို့ အခုထိုင်နေတာ သစ်ပင်အောက်မှာ နော်”
စောထူးက စာရွက်ကိုငုံ့ကြည့်ရင်း မချိုမချဉ်ပြောတော့ သော်ဖြိုးသက်ပြင်းကိုချမိ၏ ။ စာထဲမှာ ပါသော ‘သစ်ပင်ကြီးများ အောက်သို့ မ သွားပါနဲ့’ ဟူသော စကားကို ပြက်ရယ် ပြုခြင်း ဖြစ်ကြောင်း သဘောပေါက်ပါသည်။
သူတို့နှစ် ဦးထိုင်နေရာမှာ စောထူးအိမ်ခြံဝန်းအတွင်းမှ သစ်ပင်ကြီးတစ်ပင်အောက် တွင် ဖြစ်သည်။ စောထူးက သစ်ပင်ကြီးကို မော့ကြည့်ကာပြက်ချော်ချော် ထပ်ဆိုပြန်၏ ။
“ငါသိပြီ ဟေ့ကောင်။ ဆိုလိုတဲ့သဘောက သစ်ပင်ကြီးတွေ အောက်သွားလို့ ငါတို့ ပေါ် သစ်ကိုင်းကျိုးကျမယ်။ အဲဒီ့ မှာ ဒဏ်ရာရပြီး ဆေးရုံကိုသွားရမယ်လို့ပြောတာနဲ့ တူတယ်ကွ ဟား…ဟား…ဟား…”
စောထူးရယ်သံ မဆုံးလိုက်ပါ။
“ဂျွတ်… ဂျွတ်…”
“ဟာ…”
“ဟင်…”
ခေါင်းပေါ်တည့်တည့်မှပေါ်လာသော အသံတစ်ခု၊ နှစ် ဦးစလုံးတအံ့တဩဖြင့် မော့ကြည့်မိလိုက်စဉ်မှာ …
“ဂျွတ်…ဒရွတ်…”
သစ်ကိုင်းကြီးတစ်ကိုင်းမှာ တဂျွတ်ဂျွတ်အော်သံပြုရင်း အောက်သို့တအိအိထိုး ဆင်းလာသည်။
“ဟာ…ဟေ့ကောင်။ ဖယ်…ဖယ်…နေရာက မြန်မြန် ဖယ်”
ပြောလည်းပြော၊ လူကလည်း အလျင်အမြန်ပင် နေရာမှပြေးထွက်လိုက်တော့…
“ဝရုန်း . . . ဖုန်း . . . ဘုန်း . . . အာ့ . . .”
သစ်ကိုင်းကြီးမှာ သူတို့နှစ် ဦးထိုင်ရာတည့်တည့်ကို ဝုန်းခနဲပြုတ်ကျလာ၏ ။ နှစ် ယောက် စလုံး သီသီလေးလွတ်သွားပေမဲ့ စောထူးမှာ မြေပေါ်တွင် မှော က်လျက်လဲ နေ သည်။ သစ်ကိုင်းလွတ်အောင် ပြေးထွက်ချိန် ခလုတ်တိုက်လဲကျသွားခြင်း ဖြစ်နိုင်၏ ။
စောထူးနှင့် လက်တစ်ကမ်းအကွာမှာ စာရွက်လေးတစ်ရွက် ပိုးလိုးပက်လက် လန် နေပါသည်။ ကြည့်နေစဉ်မှာ ပင် စောထူးမှာ ကုန်းရုန်းထပြီးစာရွက်လေးကို ပြေးကောက် သည်။ စောထူးမျက်နှာက အထိတ်တလန့်။ ပြီးတော့ မယုံကြည်နိုင်လွန်းသော စကားသံ တွေ အ,ထစ် အ,ထစ် ထွက်လာသည်။
“သစ်. . .သစ်ကိုင်းကြီး ငါတို့ကိုမထိဘူးဆိုတော့ ဆေးရုံကိုဘယ်သူကသွားရမှာ လဲ”
စကားမဆုံးလိုက်ပါချေ။
“အစ်ကိုလေး…အစ်ကိုလေး”
ဟူသော အထိတ်တလန့်အော်သံတစ်ခုကို နောက်ဖက်ဆီမှကြားရသည်။ လှည့် ကြည့်လိုက်တော့စောထူးအိမ်မှာ လက်တိုလက်တောင်းလုပ်သည့် ‘ထွေးမိ’ဆိုသော ကောင်မလေး။ ပုံစံက ထိတ်ထိတ်ပြာပြာနိုင်နေသည်မို့…
“ထွေးမိ…ဘာ ဖြစ်လို့လဲ”
ပြေးလာရသော ကြောင့် ကောင်မလေးမှာ မောဟိုက်နေသည်။ အသက်ကို အမော တကော ရှူရင်း ရင်ဘတ်ကိုဖိကာ…
“မေမေ…မေမေကြီး အသက်ရှူကျပ်ပြီး ခုံပေါ်မှာ လဲနေပြီ”
“ဘာ…”
စောထူး၏ အော်သံကျယ်ကြီး ထွက်သွားပြီးနောက်မှာ တော့ . . .
ထိုနေ့တစ်နေ့လုံးက ဆေးရုံပေါ်မှာ တင် ကုန်ဆုံးခဲ့ရသည်။ အန်တီခင် အသက် ပြန်ရှူရန်နှင့် သတိပြန်လည်လာရန် အားထုတ်ကြိုးပမ်းရသည်မို့ ဆရာဝန်များ နည်းတူ သူတို့လည်း စိတ်မောလူမော ဖြစ်ခဲ့ရပါသည်။
အန်တီခင်မှာ ပန်းနာရင်ကြပ် ရောဂါ ရှိသူမို့ အရင်ကတည်းက ချောင်းတဟွတ်ဟွတ် ဆိုးနေသူ ဖြစ်ပါသည်။ အစားမှားသွားသည့်အတွက် ယခုကဲ့သို့ အသက်ရှူကြပ်ကာ သတိ လစ်သွားခြင်း ဖြစ်သည်။ သတိပြန်ရကာ အသက်ပုံမှန်ပြန်ရှူတော့မှ သူတို့လည်း ‘ဟင်း’ ချနိုင်တော့၏ ။
ထိုအချိန်ရောက်မှပဲ မေ့ထားခဲ့သော စာရွက်ကိစ္စကို သတိပြန်ရကြသည်။ စာရွက် လေးမှာ ယခုချိန်ထိ စောထူးထံမှာ ရှိနေဆဲ။
“ကျေးဇူးပဲ သူငယ်ချင်းရာ…”
နဖူးမှချွေးကိုသုတ်ရင်း စောထူးကဆိုတော့…
“ဘာ ဖြစ်လို့လဲ”
“ငါနဲ့အတူရှိနေပေးလို့ပေါ့ကွာ။ မဟုတ်ရင် ငါ တစ်ယောက် တည်း ပျာယာခတ် နေမှာ။ ပြီးတော့…”
စကားကိုရပ်ကာ အင်္ကျီအိတ်တွင်းမှ တွန့်ကြေနေသော စာရွက်လေးကိုထုတ်သည်။ ပြီးတော့ သူ့ကိုကမ်းပေးရင်း…
“ငါ ယုံသွားပြီ”
တကယ်ပင်ယုံကြည်သွားဟန်အရိပ်အယောင်များ စောထူးမျက်နှာမှာ တွေ့ ရ ပေမဲ့…
“ငါကြိုတင် ကြံစည်ထားတာ မဟုတ်ဘူးနော်”
စောထူးက ခပ်ဟဟ ရယ်၏ ။ ပြီးတော့ အပြုံးနွမ်းနွမ်းတစ်ခုဖြင့် သူ့ပခုံးကိုလှမ်း ပုတ်ကာ …
“ငါ တကယ်ယုံသွားတာပါကွာ။ ညကျရင် မင်းဆီငါလာခဲ့မယ်”
“အန်တီကရော…”
ကုတင်ပေါ်တွင် အိပ်ပျော်နေသော အန်တီခင့်ကို ကြည့်ကာ မေးတော့…
“တစ်ညလုံး မဟုတ်ဘူးလေကွာ။ ခဏပဲလာကြည့်မှာ ပေါ့”
အန်တီခင်မှာ ဆေးရုံတွင် နှစ် ရက်သုံးရက်လောက်နေရဦးမည် မို့ ညစောင့်အိပ်သူ ရှိမှ ဖြစ်မည် ။ သော်ဖြိုး ခေါင်းကိုညိတ်ရင်း စောထူးလက်တွင်းမှ စာရွက်လေးကိုယူကာ ဘောင်းဘီအိတ်တွင်းထည့်လိုက်၏ ။
ညနေစောင်းတော့ ဆေးရုံမှသူ တစ်ယောက် တည်း ပြန်ခဲ့လိုက်ပါသည်။ ဆေးရုံနှင့် ဟိုတယ်မှာ အနည်းငယ်လှမ်းသည်မို့ မြင်းလှည်းငှား၍ သာပြန်ခဲ့လိုက်သည်။
တစ်နေကုန်ပင်ပန်းလာသည်မို့ ဟိုတယ်ရောက်တော့ ရေအရင်ချိုး၏ ။ ရေချိုးပြီး သွားချိန်မှာ တော့ ညလေးတစ်ညကမပြောမဆိုဝင်ရောက်၍ လာခဲ့သည်။
အခန်းလေးတစ်ခန်းက ပါးလျဆိတ်ငြိမ်နေသည်။ လျှို့ဝှက်မြို့ရိုးမှ ကူးရေး ထား သော စာရွက်လေးအား အခန်းနံရံမှာ ကပ်ရင်း စာသားလေးတစ်ကြောင်းကို ကြည့်နေမိ၏ ။ ပြီးတော့ လက်တွေ့ စမ်းသပ်ရန်လည်း စိတ်ကူးနေသည်။
‘နေမွန်းမတည့်မီထိ အချစ်ရေး တွင် ကံခေနေလိမ့်မည် ’
ထိုအခြေအနေကို လွန်မြောက်သွားပြီလား။ မွန်းတည့်ကျော်လွန်ပြီး၍ မိုးပင်ချုပ် နေပြီ ဖြစ်သည်။ စာထဲကအတိုင်းဆိုပါက ကံခေမှု မှ သူလွန်မြောက်သွားခဲ့ပါပြီ။ ထို့ကြောင့် ဟုတ်မဟုတ်စမ်းသပ်ရန် လိပ်ပြာလေး ဖုန်းကို ခေါ်လိုက်၏ ။
“ဟယ်လို…”
လွဲမှားစရာမရှိသည့် လိပ်ပြာလေးအသံကိုကြားရပြီး နောက်ပိုင်းမှာ …
“ပန်းဝါလားမသိဘူးခင်ဗျာ…”
“ဟုတ်ပါတယ်။ ပန်းဝါပါ။ အခုပြောနေတာဘယ်သူလဲမသိဘူးရှင့်…”
မသိသလိုအသံလေးနဲ့ ခပ်တည်တည်ဆိုတော့ သော်ဖြိုးခံရခက်ခက် ဖြစ်သွားသည်။ တကယ်ပဲ မသိတာလား။ တမင်တကာပဲ မသိဟန်ဆောင်တာလား စိတ်ထဲမှာ ဒွိဟ ဖြစ် သွားရသည်မို့…
“မသိဘူးလား။ တစ်ရာတန်ကြီးလေ”
“ဟွန်း…သိသားပဲ”
ချိုနွဲ့နွဲ့အသံလေးက နားမှတစ်ဆင့် နှလုံးသားထိတိုင်အောင် ညင်သာစွာ စီးဆင်း သွားသည်။ ရင်ထဲမှာ အရာအားလုံးပြည့်စုံသွားသလိုလည်း ခံစားလိုက်ရသည်။
“ဒီနေ့ကျ အစောကြီးပဲ။ ဝီရိယကောင်းလှချည်လား”
“ဟုတ်လား၊ အချိန်ကိုတောင် သေချာမကြည့်မိဘူး”
ရောယောင်ပြောလိုက်ပေမဲ့ တစ်ဖက်က ရယ်သံလွင်လွင်ကို တစ်စွန်းတစ်စ ကြားရ သည်။ ထိုရယ်သံလွင်လွင်လေးနှင့် ပင်…
“အခုဘယ်က ဆက်တာလဲ”
“ဟိုတယ်က ဆက်တာလေ”
သူ့စကားဆုံးတော့
“ဟိုတယ်က…”
ဟုဆို၍ တအံ့တဩအသံလေးကိုကြားရသည်။ ဟိုတယ်က ဆက်နေသည်ဆိုခြင်း ကို သူမ အံ့ဩသွားပုံရပါ၏ ။ ထို့ကြောင့် …
“ကျွန်တော် က ဧည့်သည်လေ။ ဟိုတယ်မှာ နေပြီးတော့ပဲ ဖုန်းဆက်ရမှာ ပေါ့”
“ဟုတ်လား၊ဘယ်ကလဲ”
“ရန်ကုန်က။ ပြင်ဦးလွင်ကို လာလည်တာ”
“ဪ…”
သူမရဲ့ ‘ဪ’ သံလေးက နားထောင်လို့ ကောင်းလွန်းလှသည်။ ကလေးတစ် ယောက် ရဲ့ နှုတ်က မရည်ရွယ်ဘဲထွက်လာသည့်အသံမျိုး။ ထိုအသံလေးကို သော်ဖြိုး နှမြောတသနားထောင်ရင်း…
“ပန်းဝါကရော ပြင်ဦးလွင်ကပဲလား”
“မဟုတ်ဘူး။ မန္တလေးက”
“ဒါဆိုပန်းဝါလည်း ဧည့်သည်ပဲပေါ့”
ဝမ်းသာအားရမေးသော သူ့အမေးကို
“မဟုတ်ဘူး အိမ်ရှင်။ မန္တလေးမှာ မနေချင်လို့ ဒီကအဒေါ်အိမ်မှာ လာနေတာ”
“ပန်းဝါလည်း အခုပြင်ဦးလွင်မှာ ပေါ့”
“ဟုတ်တယ်လေ”
ချစ်ရသူနှင့် တစ်မြေတည်းအတူရှိနေသည်ဆိုသော အသိက ရင်ကိုနွေးထွေးသွား စေသည်။ ဖုန်းမဆက်ခင်ကသာ ပန်းဝါနှင့် စကားပြောချင်နေပေမဲ့ တကယ့်တကယ် ပြောရတော့ ဘာပြောလို့ပြောရမှန်းမသိ။ ထို့ကြောင့် ရှာကြံ၍ ပဲ ပြောလိုက်သည်။
“တစ်နေ့က ပန်းခြံမှာ ပန်းဝါနဲ့အတူကစားနေတဲ့ လူတွေ က သူငယ်ချင်းတွေ လား”
“ဟုတ်တယ်လေ။ အကုန်လုံး မန္တလေးကို ပြန်သွားကြပြီ။ ဒီမှာ ပန်းဝါနဲ့ ချယ်ရီပဲ ကျန်တော့တယ်”
“ဪ…”
သူ့ ‘ဪ’ ကတော့ လိပ်ပြာလေးလို နားထောင်ကောင်းမည် မထင်ပါ။ သူမပြော သည့် ချယ်ရီဆိုသည်မှာ လည်း ဒီဇင်ဘာမှာ မိတ်ဆက်ပေးသော ချယ်ရီဝင်းပင် ဖြစ်ပါ လိမ့် မည် ။
“အဲ့ …နေပါဦး…နေပါဦး၊ မေးရဦးမယ်။ ပန်းဝါဆီဘာလို့ ဖုန်းဆက်တာလဲ”
“အန်…”
တဲ့တိုးနိုင်လွန်းသော သူမအမေးကြောင့် သော်ဖြိုး ဘာပြန်ဖြေလို့ ဖြေရမှန်းမသိ။ ဘာရည်ရွယ်ချက်နှင့် မေးသည်မသိပေမဲ့ ဖြေရခက်သွား ကတော့အမှန်ပါ။ အကောင်းဆုံး အဖြေတစ်ခု အလျင်အမြန်စဉ်းစားလိုက်ပေမဲ့ ခေါင်းထဲသို့ ရောက်မလာ။ ဒီတော့ ပါးစပ်ထဲ ရှိရာကိုသာ ပြောချလိုက်သည်။
“ဟို…ဟို… ပန်းဝါအခုနေ,နေတဲ့အိမ်လိပ်စာ သိချင်လို့”
သူ့စကား ဘာမှားသွားသည်မသိပါချေ။
“သိချင်ရင် ကိုယ့်ဘာသာ စုံစမ်းပေါ့ လူလည်ကြီးရဲ့ ။ အဒေါ်က ပြင်ဦးလွင်မှာ ဆွယ်တာ ဆိုင်ဖွင့်ထားတယ်”
ပြီးတော့…
“ဂွပ်…”
ဖုန်းချ သွားပါသည်။ သော်ဖြိုး တစ်ယောက် မနေ့ကအတိုင်းပဲ half-feel ကြီးနှင့် ကျန်ရစ်ခဲ့ရသည်။ ဘာမှားသွားသည်မသိ။ သေချာတာ ကတော့ ကံခေမှု အရှိန်ကျန်နေသေး သည် ထင်ပါသည်။
ဆက်သွယ်မှု ဖြတ်တောက်သွားပြီး နာရီဝက်လောက်ကြာတော့ စောထူးရောက်လာ သည်။ စောထူးကိုမြင်မြင်ချင်း
“စောထူး… အန်တီခင် သက်သာရဲ့ လား”
“အေး…သက်သာတယ်။ ငါလာတော့ အိပ်ပျော်နေတယ်”
တိုတိုပြတ်ပြတ်ပြောပြီး လျှို့ဝှက်မြို့ရိုးစာအုပ်ကို ကောက်ကိုင်သည်။ ပုံစံကြည့် ရတာ လျှို့ဝှက်မြို့ရိုး အတွက် စိတ်စောနေဟန်ရှိ၏ ။
“သော်ဖြိုး …စမ်းကြည့်ရအောင်ကွာ”
နာရီကို ကြည့်လိုက်တော့ ဆယ့်ငါးမိနစ်လောက်လိုသေးသည့် အတွက်…
“မရသေးဘူးလေကွာ။ ဆယ့်နှစ် နာရီမှ မထိုးသေးတာ”
စောထူးက သက်ပြင်းတစ်ခုကိုချရင်း ဆေးလိပ်တစ်လိပ်ကို မီးညှိ၏ ။ အလိုက်သိစွာ air-con ကိုပိတ်ပြီး ပြတင်းတစ်ပေါက်ကို ဖွင့်ပေးလိုက် ပါသည်။ ဆေးလိပ်ကိုဖွာကာ နံရံမှာ တိပ်ဖြင့် ကပ်ထားသော ‘တတိယအုတ်ချပ်’ စာရွက်ကို သွားကြည့်ပြီး ဘာကိုသဘောပေါက် သွားသည်မသိ ခေါင်းတဆတ်ဆတ်ညိတ်ကာ…
“မင်း …စမ်းပြီးသွားပြီလား”
အဆုံးအစမရှိပေမဲ့ စောထူး ဘာကိုဆိုလိုသည်ဆိုတာ နားလည်၍ …
“အေး…အခုပဲ ဖုန်းပြောပြီးသွားပြီ”
“အခြေအနေဘယ်လိုလဲ”
“ကောင်းပါတယ်”
ဖြေသံအားပျော့နေပေမဲ့ စောထူးက ဆက်မပေးပါချေ။ မမေးရသည့်အကြောင်းက နောက်ထပ် စိတ်ဝင်စားဖွယ်စာကြောင်းကို တွေ့ သွားသော ကြောင့် ဖြစ်ပါသည်။
“(၄)ဂဏန်းနဲ့ပတ်သက်တဲ့နေ့ဆိုတာ ဘာကိုပြောတာလဲ”
“ငါလည်း မသိဘူး။ ဒါပေမဲ့ ဒီနေ့တစ်နေ့လုံး ငါထိခိုက်မှု မရှိခဲ့တာတော့ သေချာ တယ်”
“ဒီနေ့ (၁ဝ)ရက်နေ့နော်”
“ဟုတ်တယ်”
စောထူးက ခေါင်းတဆတ်ဆတ်ညိတ်ကာ နာရီကို ကြည့်သည်။ ဆယ့်နှစ် နာရီ ထိုးရန် (၅)မိနစ်သာလိုပါတော့၏ ။ သူတို့နှစ် ဦး တစ်ယောက် ကို တစ်ယောက် ကြည့်ပြီး သွားချိန်မှာ တော့…
လုပ်ရိုးလုပ်စဉ်အတိုင်း ဖယောင်းတိုင်မီးညှိလိုက်သည်။ မီးရောင် ရှေ့မှာ လေးရွက် မြောက်စာရွက်ကို ဖြန့်ထောင်ပြီးသွားချိန်မှာ တော့ မီးခလုတ်အားပိတ်ပစ်လိုက် သည်။
မကြာပါချေ။
နာရီ Alarm သံတစ်ခုနှင့် အတူ ဖယောင်းတိုင်မီးတောက်လေးမှာ …
စောထူး၏ မျက်လုံးတို့ စုံပြူး သွားပါပြီ။
----------------
စတုတ္ထအုတ်ချပ်
အနီရောင် ရှောင်ပါ။
ဆန်းကောင်းသော ကာလ ဖြစ်သည်။
ခက်ခက်ခဲခဲ အားထုတ်ကြိုးပမ်းမှု ကြောင့် အချစ်ရေး တွင် အဆင်ပြေမည် ။
ဓာတ်ပုံကောင်းများ မရနိုင်ပါ။ ကျန်းမာရေး ကောင်းနေမည် ။
ပုံမှန်ငွေထွက်များ လိမ့်မည် ။
ဟိုတယ်အခန်းခပေးသွင်းပြီးချိန်မှာ တော့ လျှို့ဝှက်မြို့ရိုးပြောသည့် ‘ပုံမှန်ငွေထွက် များ လိမ့်မည် ’ ဟူသော စကားကို ကျေပွန်သွားခဲ့ပြီဟု ထင်သည်။ အနီရောင် ရှောင် ဆိုသည့် အတွက် ခန္ဓာကိုယ်မှာ အနီနှင့် ပတ်သက်၍ ဘာတစ်ခုမျှ ဆင်မြန်းမထား။
ဆွယ်တာဆိုင်ပေါများ လွန်းသော ပြင်ဦးလွင်မှာ လိပ်စာမသိဆိုင်နာမည် မသိသည့် ဆွယ်တာ ဆိုင်တစ်ဆိုင်ကို ရှာဖွေရခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်။
လိပ်ပြာလေး၏ ဆွယ်တာဆိုင်ကိုလိုက်ရှာမည် ဆိုတော့ စောထူးက ဝမ်းပန်းတသာ ကူညီသည်။ နေ့တစ်ဝက်ကျိုးပြီးသွားသည်အထိ လိပ်ပြာလေးကိုရော ၊ လိပ်ပြာလေးရှိနေ မည့်  ဆွယ်တာဆိုင်ကိုရော ရှာမတွေ့ ခဲ့ပါ။ ဆေးရုံမှ အမေ ဖြစ်သူကိုတော့ ထွေးမိနှင့် သာ ထားခဲ့သည်။
တွေ့ မယ့်တွေ့ တော့လည်း လွယ်ကူလွန်းပါသည်။ ပြင်ဦးလွင်၏ အထင်ကရမြို့မ ဈေးကြီးအတွင်းမှာ ဖြစ်၏ ။ အပြင်မှာ ရှာမတွေ့ တော့သည့်အတွက် မြို့မဈေးအတွင်းမှ ဆွယ်တာဆိုင်များ ကို ရှာဖွေရန် သူတို့နှစ် ဦးရောက်လာခြင်း ဖြစ်ပြီး လိပ်ပြာလေး ကတော့ ဈေးဝယ်ရန်ရောက်လာခြင်း ဖြစ်ပါသည်။
သေချာမသိပေမဲ့ လိပ်ပြာလေး လက်မှာ ဆွဲထားသော ဈေးသုံးပစ္စည်းများ ကြောင့် ဈေးဝယ်ရန်လာခြင်းဟု ဆိုခြင်းပါ။ ဖြစ်ပုံက ဒီလို…
ဈေးခေါင်မိုးတစ်ခုအောက်သို့ သော်ဖြိုးဝင်ရောက်လာချိန်မှာ ပခုံးစွန်းမှ ပူခနဲအရသာကို ခံစားလိုက်ရသည်။ အလျင်စလိုငုံ့ကြည့်မိတော့…
ခိုချေးတွေ ။
ဘယ်မိမဆုံးမ ဖမဆုံးမခိုလေခိုလွင့်က ပါချသွားသည်မသိ။ သူ့ကိုကြည့်ပြီး စောထူး ကရယ်သည်။ ပြီးတော့ ခိုချေးသုတ်ရန် စနိုးတာဝါတစ်ထည်ကို သွားဝယ်ပေး သည်။ စောထူး ဈေးဝယ်နေချိန်မှာ ပင် အဝါရောင် လိပ်ပြာလေးကို ဈေးဆိုင်နှစ် ဆိုင်ကြားမှ တွေ့  လိုက်ရခြင်း ဖြစ်ပါသည်။
တွေ့ တွေ့ ချင်းပြေးလိုက်တော့ လိပ်ပြာလေးက ဈေးသုံးအချို့ကိုဆွဲကာ ခပ်သွက် သွက်သွက် ထွက်သွားသည်။ သူ့ကိုမမြင်ပါချေ။ လိပ်ပြာလေး တစ်ယောက် တည်း မဟုတ်။ ဘေးမှာ ချယ်ရီဝင်းပါ,ပါ၏ ။
ပြီးမှ သတိရကာ မီအောင်မလိုက်ဘဲ နောက်ယောင်ခံ၍ သာ လိုက်သွားလိုက်သည်။ အဓိက,က လိပ်ပြာလေးဘယ်မှာ နေသည်သိရဖို့ပင် မဟုတ်ပါလား။ သူမတို့နှစ် ဦးက ဈေး အတွင်းမှ ထွက်ပြီး ဆိုင်ကယ်တစ်စီးကို ထုတ်ကာမောင်းထွက်သွားသည်။ ဆိုင်ကယ် မောင်း သူမှာ လိပ်ပြာလေးကိုယ်တိုင်ပင် ဖြစ်၏ ။
သူနှင့် စောထူးလည်း လိပ်ပြာလေးတို့ဆိုင်ကယ်နောက် ခပ်လှမ်းလှမ်းမှ လိုက်သွား ပါသည်။ မကြာခင်မှာ ပဲ လမ်းချိုးတစ်ခုအတွင်းရှိ ဆွယ်တာဆိုင်လှလှလေးကို မြင်တွေ့  လိုက်ရသည်။ ထိုဆိုင်ရှေ့မှာ လိပ်ပြာလေးမောင်းသော ဆိုင်ကယ်ရပ်သွားသည်။
ပြီး…နှစ် ဦးစလုံး အတွင်းဝင်သွားကာ တော် တော် နှင့် ပြန်ထွက်မလာတော့။ ဒီလောက်ဆိုလျှင် သေချာသွားပေပြီ။ နေထိုင်ရာအိမ်လိပ်စာကိုသိရဖို့အတွက်တော့ သိပ်ပင်ပန်းမည် မထင်တော့။ သူမတို့ ဆိုင်သိမ်းချိန်ကို စောင့်ပြီး နောက်ကလိုက်သွား ရုံသာ။
ကြီးကျယ်သော အောင်မြင်မှု တိုင်းမှာ ထိုက်တန်သော ပေးဆပ်မှု က ရှိစမြဲပင် မဟုတ်ပါလား။
“ဪ…လူတွေ ၊ လူတွေ ။ အချစ်နဲ့တွေ့ ရင် အီးတောင် နံရကောင်းမှန်း မသိတော့ ပါလား”
“ဘာကွ…”
“မင်းပခုံးမှာ ခိုချေးတွေ ခြောက်နေပြီ”
“ပန်းဘာသာ ဆွယ်တာဆိုင်ကလားမသိဘူး”
“အံမယ်…စုံထောက်ကြီး တယ်တော် ပါလား”
“အခု ကန်တော် ကြီးပတ်လမ်းက အိမ်မှာ လား”
“ဟော့တော့…”
ဟုဆိုကာ တခစ်ခစ်ရယ်သံကို ကြားရသည်။ နေ့ချင်းပြီးစုံစမ်းလိုက်သည့်အတွက် အံ့ဩမှု အရိပ်အယောင်တွေ သူမထံမှတွေ့ ရ၏ ။ ပြီးသူ့ကိုလည်း အနည်းငယ်ဖြုံသွားပုံ ရသည်။
“တစ်ရက်တည်းနဲ့ ဘယ်လိုများ စုံစမ်းလိုက်တာလဲ”
“သိပ်မခက်ပါဘူး။ ဒီလိုပဲပေါ့”
ဆိုင်ကယ်တစ်စီးနှင့် တစ်မြို့လုံးအနှံ့လိုက်ရှာသည်ဟုတော့ မပြောတော့ပါ။ ဒါပေမဲ့ သူမရဲ့ မှတ်ချက်ပြုသံကိုတော့ ကြားရသည်။
“အင်းပေါ့လေ…ဓာတ်ပုံဆရာပဲ။ ဒီလောက်တော့ ရှိမှာ ပေါ့”
“ဘာမှလည်းမဆိုင်ဘူး”
“ဟင်…ဆိုင်တာပေါ့။ ပန်းဝါကြားဖူးထားတာတစ်ခုရှိတယ်။ ဓာတ်ပုံဆရာတွေ က အမြင်စူးရှတယ်တဲ့။ အဲ့ဒါကြောင့် လည်းသာမန်လူတွေ မမြင်နိုင်တဲ့ အလှအပတွေ ကို ရှာတွေ့ ပြီးရိုက်နိုင်တာ။ သူလည်း ဓာတ်ပုံဆရာဆိုတော့ ပန်းဝါလိပ်စာကို ရှာတွေ့ တာ မဆန်းပါဘူး”
ဘာမှလည်း မဆိုင်ပါချေ။ သူမ ကတော့ ခပ်တည်တည်နှင့် ကျောင်းသားကို စာပြ သလို ဆရာမ ကြီး စတိုင်ပြောသည်။
“ဘယ်သူပြောလဲ။ ဓာတ်ပုံဆရာလို့”
ငေါ့တော့တော့မေးတော့…
“မသိဘူးလေ။ ဟိုတစ်နေ့က ကင်မရာကြီးကိုင်ထားတာ တွေ့ လို့ပြောတာ။ မဟုတ် ဘူးလား ဓာတ်ပုံဆရာ”
“ဓာတ်ပုံရိုက်တာတော့ ဟုတ်တယ်။ အပျော်တမ်းပေါ့။ စီးပွား ဖြစ်ရိုက်စားတာ တော့ မဟုတ်ဘူး။ အခု ပြင်ဦးလွင်ကိုလာတာလည်း ပြိုင်ပွဲဝင်ဖို့ ဓာတ်ပုံကောင်းလေးများ ရမလား ရောက်လာတာ”
“ပုံကောင်းရပြီလား”
“မရသေးဘူး။ ရောက်ကတည်းက စိတ်မကြည်တာနဲ့ စိတ်ကြိုက်တစ်ပုံမှမရိုက်ရ သေးဘူး။”
“ဪ…”
အရူးဘုံမြှောက်ပေးသလို သူမရဲ့ ‘ဪ’ လေးကို ထပ်ကြားရ၏ ။ ဘာကြောင့် မှန်း မသိ။ ထို ‘ဪ’ ဟူသော အသံလေးက သူ၏ ရူးသွပ်မှု အားလုံးကို သိမ်းပိုက်ထားပါသည်။ ပြီးတော့ ထင်မှတ်မထားသော စကားကိုဆိုသည်။
“စိတ်မကြည်ရင် ကြည့်အောင် လုပ်တဲ့နည်းရှိတယ်။ ယူမလား”
“ယူမှာ ပေါ့”
ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမဲ့ သူမဘက်က မထင်ရအောင်လေးနက်သွားသည်။ စကားတစ်လုံးမှ ထွက်မလာသေးပေမဲ့ ဖုန်းထဲမှခံစားသော အရှိန်အဝါတစ်ခုကြောင့် သူမ ရွှတ်နောက်နောက်ပြောခြင်းမဟုတ်မှန်း သိလိုက်ရ၏ ။ ထွက်လာသော စကားများ ကတော့ ထင်ထားသလိုပါပဲ။ ချိုကြည်အေးချမ်းပေမဲ့…
“မနက်စောစောထရမယ်၊ မနက်စောစော ဆိုတာမိုးမလင်းခင်နော်။ မိုးမလင်း ခင်ထပြီး အိမ်ရှေ့ကိုထွက်။ ဒါမှမဟုတ် အခန်းတံခါးကို ဖွင့်ပြီး အပြင်ကိုကြည့်။ အဲ့ဒီမှာ ပြင်ပလောက,က ကိုယ့်ကို ကြည်လင်မှု တွေ ပေးလိမ့်မယ်။ ပထမ ပတ်ဝန်းကျင်က မှော င် နေတယ်။ တဖြည်းဖြည်းအမှော င်တွေ လျှော့လာမယ်။ ပြီးတော့အမှော င်တစ်ဝက် ၊ အလင်း တစ်ဝက် အနေအထားကိုရောက်လာမယ်။ အချိန်ခဏလေးအတွင်းမှာ ပဲ အလျင်အမြန် ကြီး လင်းသွားလိမ့်မယ်။ အဲ့ဒီအချိန်အကူးအပြောင်းလေးကို စိတ်ထဲမှာ ဘာမှ မတွေးဘဲ ခံစားပြီးကြည့်။ ကြည့်နေရင်းနဲ့ စိတ်ကအလိုလိုကြည်လင်လာလိမ့်မယ်”
သော်ဖြိုး ပါးစပ်အဟောင်းသားလေးပင် ဖြစ်မိတော့၏ ။ လုံးဝထင်မှတ်မထားပါချေ။ လိပ်ပြာလေးလို ငယ်ရွယ်ပြီး နုပျိုသူ တစ်ယောက် မှာ ဒီလိုအတွေးမျိုးရှိလိမ့်မည် ဟု ထင်မှတ် မထား။ အံ့ဩသွားသလို အထင်လည်းကြီးမိသွားရပါသည်။
“ပန်းဝါက မနက်တိုင်း ထကြည့်တယ်လား”
“မနက်တိုင်းတော့ မဟုတ်ဘူး။ တစ်ပတ်မှာ အနည်းဆုံးတော့ ငါးရက်လောက် တော့ ပုံမှန်ထကြည့်တယ်။ ကြည့်ရုံတင်မဟုတ်ဘူး။ ပန်းဝါက နောက်တစ်ခုလည်း လုပ် သေး တယ်”
“ဘာလဲ”
စိတ်ဝင်စားစွာ မေးမိတော့…
“ကော်ဖီသောက်တာ။ အမှော င်က အလင်းပြောင်းတဲ့အချိန်ကိုကြည့်ပြီး ကော်ဖီပူပူ လေးသောက်တာ။ ဒါဆိုပန်းဝါအတွက်တစ်နေ့တာပြည့်စုံသွားပြီ။ အဲဒီ့ နေ့တစ်နေ့လုံး ကြည်လင် တက်ကြွပြီး နေလို့အရမ်းကောင်းတာပဲ”
သော်ဖြိုးစကားပင် ဆိုမတော့လောက်အောင် ငြိမ်သက်သွားခဲ့ရပါသည်။ လိပ်ပြာ လေးစကားနားထောင်ပြီး သူပင်နေရင်းထိုင်ရင်း ကြည်နူးသွားရသည်။
“သူလည်း အဲ့လိုလုပ်ကြည့်ပါလား။ စိတ်ကြည်လင်နေရင် အလုပ်လုပ်လို့ ကောင်း တာပေါ့။ ဒါမှလည်း သူများ မမြင်နိုင်တဲ့ ရှုခင်းရှုကွက် ကောင်းကောင်းလေးတွေ တွေ့ မှာ ။ ရှုခင်းလှလှလေးတွေ တွေ့ ရင်တော့ ပန်းဝါကိုခေါ်ပြပေါ့”
“ပန်းဝါက ဘယ်လိုရှုခင်းမျိုးကိုကြည့်ချင်လို့လဲ”
စဉ်းစားသလို အသံတိတ်သွား၏ ။ ပြီးတော့မှ…
“အင်း… ပန်းဝါ အရမ်းကြည့်ချင်တဲ့ ရှုခင်းပုံစံလေးတော့ရှိတယ်”
-----------------
ပဉ္စမအုတ်ချပ်
စိတ်ဒုက္ခရောက်ဖွယ်ကိစ္စတစ်ခုကို အဦးဆုံးကြုံတွေ့ မည် ။
ထူးခြားသော အခြေအနေတစ်ခုကြောင့် ဓာတ်ပုံကောင်းများ ရလိမ့်မည် ။
အချစ်ရေး တွင် နည်းလမ်းဟောင်းများ ကိုအသုံးပြုပါ။
ငွေကိုအတတ်နိုင်ဆုံးချွေတာပါ။
မိမိရှေ့တွင် ငွေပေး၊ ငွေယူကိစ္စများ ရှိပါက နောက်နေ့သို့ ရွှေ့ရန် တားမြစ်ပါ။
သင့်ချစ်သူအားဆိုင်ကယ်မစီးခိုင်းပါနှင့် ။
![]() မြကျွန်းညို မဟုတ်သော်လည်း | ![]() ပုံပြင်တွေလွယ်ထားတဲ့ချစ်သူ | ![]() သိသောသူမည်ကား ကြားပါစေ |