Cover

ခွန်းဆင့်ရင်ထဲ

ကားမောင်းနေသော အန်တီကယ်က နောက်ကြည့်မှန်ထဲ မျက်မှော င်ကုပ်ကာ တစ်ချက်ကြည့်ပြီး…

“နောက်ကားက တကယ်ပါလာတာပဲ၊ ကြည့်စမ်း…. မဟုတ်မှလွဲရော… မိကဲနော်.. ဒါ နင့်လက်ချက် မဟုတ်လား”

လမ်းထဲ ချိုးကွေ့ဖို့ အချက်ပြရင်း သူမဘက်ကို သင်္ကာမကင်း အကြည့်ရောက်လာသဖြင့် လက်ထဲက မွေးပွခွေးရုပ်ကလေးကို တစ်ချက်နှစ် ချက်ပုတ်ကာ အရှက်ပြေ ရယ်လိုက်မိသည်။

“အဟင်း.. ဟင်း…´

“ဘာရယ်နေတာလဲ… စူပါမားကတ်ထဲမှာ ကတည်းက ငါထင်တယ်၊ ဒီကောင်လေးနှစ် ယောက် မယောင်မလည် ကပ်ပါလာတာပဲလို့… အခု ကြည့်စမ်း… အိမ်အထိ ရောက်တော့မယ်”

“သူတို့ ဘာသာ လိုက်လာတာ၊ မီး ဘာလုပ်လို့လဲ”

အဖေ့ရဲ့ ညီမ အငယ်ဆုံးမို့သာ အန်တီငယ်ခေါ်ရပေမယ့် သူမနှင့် အသက်ချင်း သိပ်မကွာလှတဲ့ ဒီအဒေါ်ကို သူမက သိပ်တော့ဖြင့် ကြောက်လှတာ မဟုတ်ပါ။

“ငါ ဟိုဖက်နား ပိုက်ဆံအိတ် ကြည့်နေတုန်း အချိတ်အဆက် မိလာတယ်ပေါ့လေ”

“မမိပါဘူး…. အဲဒီ အန်တီငယ်က ဘာတွေ လာပြောနေမှန်းကို မသိဘူး”

ယမင်းက နှုတ်ခမ်းလေးကို တမင်စူထော်ထားလိုက်သည်။ ဒီအန်တီငယ်က သိပ်မလွယ်ဘူးလေ။ ဟိုနှစ် ယောက် ကလည်း သိပ်သိတာကိုး…။ ယမင်း ရေမွှေးဝယ်နေတုန်း အနားကပ်လာတဲ့ မျက်နှာလေးတွေ က မချိုမချဉ်နဲ့။ ပြီးတော့ RED DOOR ရေမွှေးကဒ်ကလေးတစ်ခု ပိုက်ဆံအိတ်ပေါ် လာတင်သွားသေးတယ်။ နှစ် ယောက် ထဲက နည်းနည်း ပိုချောတဲ့ တစ်ယောက် က မျက်စိတစ်ဖက်လည်း မှိတ်ပြသေးတယ်။ နောက်တော့ သူတို့ဘာသာ ယမင်းတို့ကားနောက်က လိုက်လာကြတယ်။ ဒီအ ဖြစ်အပျက်မှာ မီးအပြစ် ဘာရှိသလဲနော်…။

အိမ်ရှေ့ရောက်လို့ ကားပေါ်ကအဆင်းမှာ နောက်ဖက်ကို မသိမသာ လှည့်ကြည့်တဲ့ ယမင်းကို အန်တီငယ်က…

“ဟင်း… ကောင်မလေးနော်…” ဟု တစ်ခွန်း ကြိမ်း ဖြစ်အောင် ကြိမ်းသေးသည်။

သူတို့ကားလေး လမ်းထဲဝင်လာပြီး ဘေးကပ်ရပ်ထားလျှက် ကားထဲက ဆင်းရမလိုလို မဆင်းရမလိုလို ဖြစ်နေတုန်း ဂျင်းဂါဝန်နှင့် မွေးပွရုပ်ကလေးကိုင်ထားတဲ့ ကောင်မလေး ကတော့ ဆတ်တောက်ဆတ်တောက် လျှောက်ပြီး တိုက်ထဲဝင်ရောက် ပျောက်ကွယ်သွားပြီ…

“ဟေ့ကောင်… ဘာငေးနေတာလဲ”

“ဘယ်လိုလုပ်မလဲ… ပြန်မလား”

ညီညီက မျက်နှာကို ခေါင်းမော့ပင့်တင်ကာ…

“ဘယ်လိုလဲ… အခြေအနေက…”

ဘေးကသူငယ်ချင်းကို မျက်စပစ်မေးလိုက်သည်။

“ကောင်းသားပဲ… မျက်နှာလေးကို ပြုံးနေတာပဲ… မဆိုးပါဘူး၊ ကောင်မလေးက ချစ်စရာပဲ..”

ညီညီလည်း ပျော်သွားပြီး သူငယ်ချင်းနှင့် လက်ချင်းရိုက်လိုက်သည်။

“ရှေ့ဆက်တိုးလို့… မင်းမမသိရင်ရော…”

“သိပါစေ… သိအောင်ကို လုပ်ရမယ်၊ မမက သိပ်တွေ ဝေတယ်ကွာ… သူ့မိသားစုက ငါနဲ့သဘောမတူတာနဲ့ဘဲ သူက နောက်ဆုတ်ဖို့ တွေးနေပြီ၊ တကယ်တော့ မမက သတ္တိမရှိတာပါကွာ… မမရင်ထဲမှာ ငါ့ကို ချစ်နေမှာ ပါ…”

“အေးပါ… မင်း ကတော့ အမြဲတမ်းအပိုင်တွက်နေကျကောင်ပဲ”

“မဟုတ်ဘူး… ဒါ စိတ်ထဲက သိနေတာ”

“အေးပါ… မင်းမမကိစ္စ အသာထားဦး… အခု ဘာဆက်လုပ် မလဲ”

“ဒီထိရောက်လာပြီးမှတော့ ချာတိတ်မလေးအကြောင်း နည်းနည်း စုံစမ်းကြည့်ရင် မကောင်းဘူးလား”

“အေးကွ… ကောင်းတယ်၊ လမ်းထိပ်မှာ လက်ဖက်ရည်ဆိုင်တွေ့ တယ်၊ ငါ ကားပြန်ကွေ့လိုက်မယ် ညီညီ”

လမ်းက အနည်းငယ်ကျဉ်းသဖြင့် အထဲဝင်သွားပြီး ပြန်ကွေ့လို့ရသည်။

“ဖိုးကို… နင် မိကဲကို သိပ်မလွှတ်ထားနဲ့နော်…”

သူမ အတင်းပါးစပ်လိုက်ပိတ်ပေမယ့် အန်တီငယ်က အတင်းဖော်ကောင် လုပ်သည်။

ကိုကို ရောက်နေတာ မြင်ကတည်းက ပြဿနာပဲဆိုတာ တွေးတော့ တွေးလိုက်မိသား…။ လမ်းထဲဝင်ကွေ့တဲ့ ဟိုနှစ် ယောက် ကားကို…။။

“ငါပြောတာ အဲဒီ ကားပဲ၊ ထွက်ကြည့်… ထွက်ကြည့်”

သံပန်းတံခါး အပြင်ဘက်ဆီ လှမ်းကြည့်နေတဲ့ ကိုကို့ကျောပြင်ကို ယမင်းက မျက်စောင်းထိုးကာ ခြေစောင့်ကာနှင့် သူမက အရင်ဦးအောင် စိတ်ဆိုးထားလိုက်ပါသည်။

သို့သော်… မရ…။

ဒီဘက်ပြန်လှည့်လာတဲ့ ကိုကို့မျက်လုံးတွေ က ကြောက်စရာကောင်းအောင် ပြင်းထန်စူးရှနေသည်။

“ကိုကို”

“လာစမ်း… လာစမ်း… မင်း ဘာလုပ်တာလဲ… ပြောစမ်း”

အန်တီငယ်က ထမင်းစားခန်းဘက် ရောက်သွားပြီမို့ ကိုကိုက သူမလက်ကို ခပ်ကြမ်းကြမ်း စောင့်ဆွဲခေါ်ဆောင်ခဲ့၏ ။

“မီး… ဘာမှမသိ…”

“မင်း မသိတာ မ ဖြစ်နိုင်ဘူး၊ ငါ့ကို မညာနဲ့… ဒါ ဘာသဘောလဲ၊ ဒေါ်ယမင်းဖူးပွင့်… ရှင်းရှင်းပြောစမ်းပါ၊ ငါ့ထက်ပိုပြီး တခြားကောင်ကို စိတ်ဝင်စားရင် ငါဘာလုပ်ပေးရမလဲ.. ငါတို့ လမ်းခွဲကြမလား”

ယမင်းသည် လန့်ဖျပ်ကြီးစွာ နားကို လက်ဝါးနှင့်ပိတ်၍ ခေါင်းရမ်းလိုက်မိသည်။

“ကိုကို… ကိုကို… ဒီအသေးအဖွဲ့ကိစ္စလေးနဲ့ လမ်းခွဲစကား ပြောရက်တယ်.. ကိုကို မီးကို မချစ်ဘူး… အဟင့်… ဟင့်… ဟင့်”

“ဟောဗျာ… မင်းကပဲ ငိုရသေးတယ်”

ကိုကိုသည် ကလေးဆန်သော ချစ်သူလေးကို အနည်းငယ်တော့ စိတ်ပြေသွားရပါသည်။

သူကလေးကို စိတ်မချလို့ အလုပ်တွေ များ တဲ့ကြားက တစ်နေ့တစ်ခေါက် ပြေးလွှားရောက်လာရတဲ့ ကိုယ့်ကို သူကလေးက ပိုပြီး စိတ်မချအောင် လုပ်သေးတယ်။

ကဲ… ဒေါသ ဖြစ်စရာ မကောင်းဘူးလား

“ငိုမနေနဲ့… ပြော.. ဟိုကောင်လေးကို ကြိုက်သလား”

“သွား…”

ယခင်းက ကိုကို့ပခုံးကို တစ်ဘုံးဘုံးထုသည်။ နှုတ်ကလည်း တတွတ်တွတ် အဆက်မပြတ် ရေရွတ်သည်။

“မီးကို ဂရုစိုက်စေချင်တယ်၊ အလေးအနက် ထားစေချင်တယ်၊ ကိုကို့ရဲ့ နံပါတ်တစ် ဦးစားပေး အရေး အကြီးဆုံးသူက မီးပဲ ဖြစ်ချင်တယ်…၊ တစ်နေရာရာသွားရင် ကိုကိုပဲ လိုက်ပို့စေချင်တယ်… စိတ်ချလက်ချ ပစ်ထားတာမျိုး မခံစားနိုင်ဘူး… သိလား…သိရဲ့ လား… မိန်းမ တစ်ယောက် ရဲ့ ရင်ထဲမှာ ဘယ်လိုခံစားချက်တွေ နဲ့ နာကျင်စူးရှနေသလဲ ကိုကိုမှ နားမလည်တာ.. အဲဒါကြောင့် … စိတ်ညစ်လို့… ပြီးတော့… ပြီးတော့… မီးတို့လက်ထပ်ရင် မီးစိတ်တိုင်းကျ မီးရွေးတဲ့ ဟိုတယ်မှာ ပဲ မင်္ဂလာပွဲလုပ်ပေးအောင် ဘာမဆို အလိုလိုက်ရအောင်”

“အား… ပါးပါး… ခင်ဗျားလိုချင်တာတွေ သိပ်များ နေပါလား၊ နည်းနည်း လျော့လို့ မရတော့ဘူးလားဗျာ”

“ကိုကိုနော်… မီးကို မင်းနဲ့ ပြောလိုက်၊ ခင်ဗျားလို့ သုံးလိုက်နဲ့… မကြိုက်ပါဘူး”

ဟုတ်သည်လေ။ ယမင်းနားထဲမှာ မီးလေးတို့ချစ်လေးတို့ဆိုတဲ့ ခေါ်သံချိုချိုလေးပဲ အသားကျနေတဲ့ဥစ္စာ…။

ကိုကိုရဲ့ အေးစက်တဲ့အကြည့်နဲ့ မာကြောခက်ထန်တဲ့ စကားလုံးတွေ ကို ဘယ်လိုများ ခံနိုင်ရည်ရှိပါ့မလဲ။

ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာလိုက်၊ ပြန်သုတ်လိုက် လုပ်နေတဲ့ ယမင်းကို ကိုကိုက စိတ်ပျက်စွာ ခေါင်းရမ်းရင်း…

“မင်းကွာ.. တကယ်ကလေးပဲ… မင်း လေဒီမ ဖြစ်သေးဘူး၊ လုံးဝ လေဒီမ ဖြစ်ဘူး… ကျွတ်”

“မီးက လေဒီမ ဖြစ်သေးပေမယ့် ကိုကို့ကို ချစ်တယ်လေ”

လက်မောင်းကို ခိုတွဲ ကာ တိုးတိုးလေးကပ်ချွဲလိုက်တော့ အကြင်နာကြီးတဲ့ ကိုကို့လက်ဝါးပြင် ကျယ်ကျယ်က ယမင်းခေါင်းပေါ် အုပ်မိုးလာသည်။

တော် ပါသေးရဲ့ နော်.. ကိုကို မီးကို စိတ်ဆိုးပြေပြီ…။

“ပြီးတော့ ကိုကို့အပေါ် သစ္စာလည်း ရှိတယ်လေ.. နော်..”

ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ကာ နောက်တစ်ခွန်း ထပ်ဖြည့်လိုက်တော့ ကိုကိုက `ဒါဟာ သစ္စာရှိတဲ့မျက်နှာ မော့စမ်းပါဦး… ကြည့်ရအောင်” ဟု ဆိုသည်။

တစ်ခါတရံ မီးကို သ၀န်တိုစေချင်မိတာက လွဲရင် ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုတာ ကိုကိုယုံပေးလိုက်တော့ကွာ။

* * * * *


တစ်အိမ်လုံး မီးတွေ မှိတ်ပြီး တိတ်ဆိတ်ငြိမ်သက်သွားတဲ့အထိ ညီညီ အိပ်ပျော်တတ်ဖို့ စိတ်ကူးမရှိသေး။ ခြံထဲက မီးတိုင်ပုံး မှိန်မှိန်ကလေးကို ငေးနေမိကာ ဘာရယ်မဟုတ်… တိတ်ဆိတ်သော ညမှာ ခပ်ငေါင်ငေါင် ထိုင်နေမိသည်။

လက်ထဲမှာ ဂစ်တာကြီးပိုက်ထားမိသော်လည်း ဒီနေ့ည သီချင်းဆိုဖို့လည်း စိတ်မပါ။ ဂစ်တာတီးဖို့လည်း အာရုံမ၀င်စား… ရင်ထဲ ယောက် ယက်ခတ်လျက် ဘာ ဖြစ်နေမှန်းမသိတော့ပါ။

မမ… ရယ်..။

ဟိုဘက်အိမ်ကလေးဆီ မော့ကြည့်တော့လည်း ညီတို့အိမ်နှင့် အလားတူ မှော င်မဲတိတ်ဆိတ်နေတာ မြင်ရသည်။

မမအခန်းက ဇာလိုက်ကာကလေး လှုပ်သွားသလား။ လေတိုးသွားလို့လား။

မော့ကြည့်နေမိပေမယ့် ညီ့မျက်လုံးထဲ မသဲကွဲလှ။ အိမ်ချင်းကပ်လျက်မို့ ညီတို့အိမ်နှင့် မမတို့အိမ် ရင်းနှီးပါသည်။ မမက သူ့ကို မောင်လေး တစ်ယောက် လို သူငယ်ချင်း တစ်ယောက် လို ခင်မင်နွေးထွေးစွာ ဆက်ဆံပါသည်။ သူ့ဘက် ကတော့ ရှင်းရှင်းဝန်ခံရရင် ဆယ့်လေးငါးနှစ် သား လူပျိုပေါက်စဘ၀ကတည်းက မမအပေါ် စိတ်လှုပ်ရှားခဲ့မိတာ အမှန်ပါ။

မမစကားသံလေးကို ချစ်သည်။ အမြဲ နားထောင်နေချင်သည်။ မမဆံနွယ်များ ကို ချစ်သည်။ ကိုင်တွယ်နမ်းရှိုက်ကြည့်ချင်သည်။ မမ လမ်းလျှောက်ပုံလေးကို ချစ်သည်။ နံဘေးနားကပ်ကာ အတူတူလျှောက်ခွင့် ရချင်သည်။

နှစ် တွေ ပြောင်းလဲသွားပေမယ့် ထိုဆန္ဒတွေ က မပြောင်းလဲ။ အသက်နှစ် ဆယ်ထဲရောက်တော့ ဆက်ပြီး မျိုသိပ်မထားနိုင်တော့လို့ အရဲစွန့်ကာ ဖွင့်ပြောခဲ့ပါသည်။

မမဘက်က အဖြေမရခင် မမအိမ်ကစတင် ရိပ်မိပြီး သူ့ကို ငြိုငြင်လာသည်။

သဘောမတူဘူးတဲ့။

အဓိကအကြောင်းက သူအသက် သိပ်ငယ်သေးလို့တဲ့။ ပြီးတော့ အိမ်ကပိုင်တဲ့ ကုမ္ပဏီမှာ ကားပဲမောင်းပေးသလိုလို ဟိုကိစ္စ ဒီကိစ္စပဲ ၀င်ပါသလိုလိုနှင့် တကယ်တမ်း ဘာအလုပ်မှ ဟုတ်တိပတ်တိမလုပ်ဘဲ ကားတ၀ီဝီ သူငယ်ချင်းအပေါင်းအသင်း တရုံးရုံးနှင့် ပေါ့ပေါ့သမားလေးမို့ အခန့်မသင့်ရင် ဒီပုံနဲ့ ဆေးတွေ ဘာတွေ တောင် စွဲချင်စွဲသွားနိုင်သေးလို့ လုံးဝ မစဉ်းစာသင့်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်သည်တဲ့။

လူ တစ်ယောက် အပေါ် မနှိမ်လွန်းဘူးလားဗျာ၊ အလုပ်မရှိအကိုင်မရှိ ငွေဖြုန်း၊ အချိန်ဖြုန်း၊ ဆေးစွဲမယ့်ရုပ်ကို ပုတ်ခတ်တာဟာ မရက်စက်လွန်းဘူးလားဗျာ။

ဒါပေမယ့် အဲဒီ အထဲ မမမပါတာတော့ ညီသိသည်။

မမက သူ့ကို သံယောဇဉ် ကြီးသည်။

သို့သော်လည်းပဲ မိသားစုဆန္ဒကို မမ လွန်ဆန်နိုင်ပုံ မရဘူးလေ။ မမ သူငယ်ချင်းတချို့ကလည်း သူ့ကို ကြည့်မရတော့ ၀ိုင်းဖျက်တာပဲ။ အရမ်းငယ်တယ်၊ အိမ်မှာ ဗိုလ်ကျတယ် ဘာညာပေါ့။ ပိုဆိုးတာက ခုတစ်လော မမရဲ့ အိမ်က မမအိမ်ထောင်ပြုတော့မယ်လို့ အသံလွှင့်လာတာပဲ။

သူ့ကို သိစေချင်တယ် ထင်တာပဲ။ ညီ့မှာ စိတ်တွေ ပူပြီး မမဆီ အဖြေ တစာစာ တောင်းတော့လည်း မမက တွေ ဝေနေသည်။ ငြိမ်သက်အေးစက်နေတဲ့ မမစိတ်တွေ လှုပ်ရှားတုန်လှုပ်သွားအောင် ညီကလုပ်ပစ်ချင်သည်။

ဒါကြောင့် လည်း…။

ညီညီသည် တစ်ယောက် သက်ပြင်းရှိုက် ခေါင်းရမ်းလိုက်မိသည်။ သူက ခပ်ချောချော ကောင်မလေး တစ်ယောက် သူ့ကို အရူးအမူး ချစ်နေတာမြင်လျှင် မမ ဘာ ဖြစ်သွားမလဲ သိပ်သိချင်တာ။

ထိန်းချုပ်ထားတဲ့ အချစ်တွေ ပေါက်ကွဲထွက်လာစေချင်တာ။ အခုတော့ကွာ… သွားချဉ်းကပ်မိတဲ့ ယမင်းကလည်း… တောက်…။

* * * * *


ညီရယ်…

မရမ်းပင်ကြီးအောက်က ခုံတန်းလေးပေါ် ဂစ်တာကြီးပိုက်လို့ ခေါင်းငုံ့ငြိမ်သက်နေတဲ့ ညီ့ပုံစံ ကြေကွဲဆွေးမြေ့နေပုံဟာ သူမနှလုံးသားကို နာကျင်စူးနင့်စေသည်။

ညီ အရမ်းစိတ်ထိခိုက်နေသလား…။

ညီရယ်… မင်းက သိပ်ငယ်သေးတော့ အချစ်ရဲ့ ဆုံးရှုံးမှု ဒဏ်ရာတွေ ကို ဘယ်ခံစားနိုင်ပါ့မလဲနော်။ မျက်ရည်ရစ်ဝိုင်းသော မျက်လုံးတွေ နှင့် သူ့အိမ်ထဲ ၀င်သွားတဲ့အထိ စောင့်ကြည့်နေမိသည်။

ခေါင်းငိုက်စိုက်နှင့် တစ်လှမ်းချင်း ၀င်သွားတာတွေ့ ပြီးမှ တယ်လီဖုန်းကို အသာမ,ယူရင်း နံပါတ်နှိပ်သည်။

“ညီလား”

“ဗျာ… မမ”

ညီ့အသံလေးက တအံ့တသြ။

“မ,ပါ ညီ.. စကားနည်းနည်း ပြောချင်လို့ပါ”

“ဟုတ်ကဲ့…”

မမက ခဏတိတ်ဆိတ်နေပြီးမှ…

“ညီ့အတွက် စိတ်မကောင်းပါဘူး”

ညီ အသက်ရှုသံ မြန်ကာ စိတ်လှုပ်ရှားသွားရပြီ။

“ဗျာ… ဘာကြောင့် လဲ… ဘာကြောင့် လဲ မမ…”

“ညီ ဟန်မဆောင်တတ်တာ မ, သိပါတယ်။ ညီ့အကြောင်းတွေ လည်း မ, အကုန်သိတယ်…”

“ကျွန်တော့် အကြောင်း…”

“ဟို… ယမင်း… ယမင်းကိစ္စလေ… ယမင်းဖူးပွင့်က စေ့စပ်ပြီးသားဆိုတာ ဟုတ်တယ်ညီ… ညီ မယုံလို့ သတင်းစာတွေ မွှေနှောက်ရှာနေတယ်လို့ သားသား လာပြောတယ်၊ ညီတို့အိမ်က ကြေးမုံမှမယူတာ.. မ,လည်း စိတ်ပူလို့ ပြန်ရှာကြည့်မိတယ်၊ အိမ်ကသတင်းစာထဲမှာ တွေ့ တယ်၊ နို.. နိုဝင်ဘာတုန်းက သူတို့ စေ့စပ်ကြတာ၊ အဟုတ်ပဲ…၊

ညီညီ့နားတွေ ထူပူသွားရပြီး မျက်နှာတစ်ပြင်လုံ ထူအမ်းယောင်ယမ်းလာသလို ခံစားရသည်။

မဟုတ်ဘူး မမ… မဟုတ်ဘူး၊ သူ အကျယ်ကြီး အော်ပစ်လိုက်ချင်သည်။ သို့ပေမယ့် အသံကမထွက်။ ငြိမ်သက်၍ သာ ဖုန်းသံလေးကို နားစွင့်နေမိသည်။

“ယခင်းက တအားလည်း လှတော့ ညီ စွဲလန်းသွားမယ်ဆိုလည်း စွဲလန်းလောက်ပါတယ်။ ညီ တကောက်ကောက်လိုက်နေတုန်းက…”

“ဟာ… ဘယ်ကလာ.. တကောက်ကောက် မလိုက်ပါဘူး… တစ်ခါတည်းပါ…”

ချွေးတွေ ပြန်လာပြီး သူ ကယောက် ကတမ်း ငြင်းလိုက်မိသည်။

“အင်းပါ… ထားပါတော့”

“မမ ဘယ်လိုသိလဲ… ဒါတွေ …”

“ညီတို့ ယမင်းအကြောင်း သွားမေးတဲ့ လက်ဖက်ရည်ဆိုင်လေ၊ အဲဒီ ဆိုင်က မ,သူငယ်ချင်း ဥမ္မာ့ညီမ သန္တာလေ၊ သန္တာ့သူငယ်ချင်းပေါ့၊ သန္တာရယ်.. အဲဒီ ဆိုင်က ကောင်မလေးရယ်… ယမင်းရယ် အတူတူ ကျူရှင်တက်ကြတာ… ဒါကြောင့် မ, လည်း ယမင်းကို မြင်ဖူးနေတာ…၊ သိပ်လှတဲ့ ကောင်မလေး တစ်ယောက် အ ဖြစ် သတိထားမိပါတယ်၊ ဒါပေမယ့် ညီ ချစ်တဲ့ ကောင်မလေး တစ်ယောက် ဖြစ်လာလိမ့်မယ်လို့တော့ မတွေးမိဘူးလေ… အခု မ, သိရတော့လည်း ဘာမှ မကူညီနိုင်တာ ၀မ်းနည်းမိတယ်၊ မ,က ညီချစ်တဲ့သူကို ညီ့ကို ရစေချင်တယ်၊… ကိုယ်ချင်းလည်း အရမ်းစာမိတယ်…၊

“ဘာကြောင့် လဲဆိုတော့ ကိုယ်ချစ်တဲ့သူကို ချစ်ခွင့်မရတဲ့ ဝေဒနာမျိုး မ,ကိုယ်တိုင်လည်း ခံစားဖူးတယ် ညီ….”

တိုးတိတ်ညင်သာသော မ,ရဲ့ စကားသံပျော့ပျော့ကလေးက ညီ့ရင်ကို ခြောက်ခြားတုန်လှုပ်သွားစေသည်။

ချစ်သူကို ချစ်ခွင့်မရတဲ့ ဝေဒနာ…။

“မ,.. မ,လေ…. ဒီမနက်ပဲ အဖေတို့ သဘောတူတဲ့ ကိုသူရကို ခေါင်းညိတ်လိုက်ပြီ။ မပြတ်သားတဲ့ မ,ရဲ့ စိတ်တွေ ကို တည်ငြိမ်ပြတ်သားရဲ့ အောင် ဆုံးဖြတ်ချက်တိခနဲ ချနိုင်အောင် တစ်စုံ တစ်ယောက် က တွန်းအား ဖြစ်စေခဲ့တယ်ဆိုရင် အဲဒီ တစ်စုံ တစ်ယောက် ကို မ,ကျေးဇူးတင်သင့်တယ် မဟုတ်လား ညီ… မ, သူ့ကို ကျေးဇူးတင်မိပါတယ် ညီရယ်.. တကယ်ပါ…”

“မ….”

ညီ့အသံသည် တစ်ယောက် ယောက် က လည်ပင်းညှစ်ထားသလို ဆို့တစ်တစ်ကြီး ဖြစ်သွားရပါသည်။

“အားလုံးက ဘယ်လောက်ပဲ ၀ိုင်းတားတား… မ,စိတ်ထဲမှာ အချစ်ပိုမိတဲ့ ကောင်လေး တစ်ယောက် ရှိတယ် ညီ… အသက်ချင်း ကွာမှန်းသိပေမယ့် သူ့ကို မချစ်ဘဲ မနေနိုင်ခဲ့ဘူး။ ဒါပေမယ့် အသက်ဆယ်နှစ် လောက် ပိုကြီးတဲ့ အဲဒီ မိန်းမကို သူ တစ်သမတ်တည်း ချစ်နိုင်မှာ မဟုတ်ဘူးလို့ မ, သံသယ၀င်နေမိတယ်… တကယ်လည်းပဲ အဲဒီ သံသယ မှန်တယ်… သူမ,ကို တစ်သမတ်တည်း ချစ်မနေခဲ့ဘူး.. သူ ခဏလေးနဲ့ပြောင်းလဲသွားတယ်.. ဒါပေမယ့်… မ,… မ,.. သူ့ကို ခွင့်လွှတ်ပါတယ် ညီရယ်”

“… နောက်ဆိုရင် … လက်ထပ်ပြီးရင်… ဘယ်တော့မှ ပြောခွင့်မရတော့မယ့် စကားတစ်ခွန်းလည်း သူ့ကို သိပ်ပြောချင်တာပဲ… မ, မမှားဘူးဆိုရင် တစ်သက်မှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် သူ့ကိုပြောချင်တယ်… မ,သူ့ကို အရမ်းချစ်တယ် ညီ… ဒီတစ်သက် ဒီဘ၀မှာ သူ့ထက်ပိုချစ်ရမယ့်သူလည်း မရှိပါဘူး… မ…. သူ့ကို ချစ်တယ် ညီရယ်.. သိပ်ချစ်တာပဲ…”

“သိလား ညီ… သိပ်ချပ်တာပဲ ညီရယ်”

ဆုလေးနွယ်

* * * * *


မာနလေး

ထမင်းဝိုင်း သိမ်းပြီးသော အခါ မေမေက အချိုပွဲကို အသင့်ပြင်ပေးသည်။ ထမင်းစားပြီးလျှင် ဘာမှ ထပ်မစားတတ်သော ကိုလေးက စားပွဲမှ ထကာ အပြင်ဘက် ထွက်သွားသည်။ သူ့သားအကြောင်းကို သိနေသော မေမေကလည်း လှမ်းမခေါ်၊ ကိုကြီးနှင့် ဖေဖေ ကတော့ အေးအေးဆေးဆေး စားသောက်နေကြသည်။

မင်းကွတ်သီးတစ်လုံးကို ကောက်ကိုင်ရင်း မေမေ ဝဿန့်ဆီ တစ်ချက်လှမ်းကြည့်၏ ။ လက်ပိုက်ရက်သားလေးကို စားပွဲပေါ် မှေးတင်ပြီး ငြိမ်သက်နေမိသော ဝဿန့် ကို မေမေက ပြုံးကြည့်ရင်း…

“စားလေ သမီလေး… ဘာငေးနေတာတုံး”

ဝဿန် မပွင့်တပွင့်လေး ပြန်ပြုံးရင်း စားပွဲပေါ်ကို အာရုံစိုက်လိုက်သည်။ လက်ကလည်း တစ်ခုခု လှမ်းယူလိုက်ဖို့ စိတ်ကူးနှင့် ပါပဲ။ သို့ပေမယ့် ရုတ်တရက် ဘာစားရမှန်းမသိ။ သရက်သီးမှည့်၊ မင်းကွတ်သီး၊ ပန်းသီးနှင့် နာနတ်သီး တို့က စားချင်စဖွယ် ရှိနေတာတော့ အမှန်။ ပြီးတော့ စားလိုက်လျှင် အကုန်လုံးချိုရဲနေမည့် ပုံ ရှိနေသည်။

အလယ်က စတီးပန်းကန်သေးသေးလေးဆီ ဝဿန် လက်လှမ်းလိုက်မိ၏ ။ ပြီးတော့ လျှာပေါ် ဖွဖွလေးတင်ပြီး ပွတ်သပ်ရင်းက မျက်နှာကို အစွမ်းကုန် ရှုံ့နေမိသည်။ ဖေဖေရော မေမေရော ကိုကြီးပါ ဝဿန် ဘာဆက်လုပ် မလဲလို့ အလိုလို အာရုံထားနေမိကြပုံရကာ ခဏကြာတော့ ၀ိုင်းရယ်ကြသည်။ မေမေက ရယ်လျက်ကပင်…

“ဘယ့်နှယ် သံပရာသီးစိတ်ပဲစားပြီး ရှုံ့မဲ့နေရတယ်လို့ သမီးလေးရယ်၊ နာနတ်သီးနဲ့ စားဖို့ဥစ္စာကို”

မေမေ ပြောတော့ ကိုကြီးက ပိုရယ်သည်။ ဝဿန်လည်း ပြုံးရွှင်လာရကာ…

“မေမေကလည်း တခြားဟာတွေ က အကုန် ချိုနေတာကိုး”

“ဟောတော့်  အချိုတည်းပါတယ်ဆိုမှ မချိုလို့ ဖြစ်မလား”

“ဟင့်အင်း… ဝဿန် ကတော့ အကုန်ချိုနေရင် အချဉ်ပဲ ရွေးစားချင်တယ်”

“ ဖြစ်မှ ဖြစ်ရလေ”

“ကောင်းတယ်၊ ကောင်းတယ်၊ သံပရာသီးပဲ စားပေါ့”

ဝဿန့် စကားကို ရယ်စရာအလား အကုန်လုံး သဘောကျသွားကြ၏ ။ ဝဿန်လည်း ရှက်ကိုးရှက်ကန်း ရောကယ်ကာ `စားမယ် ဘာ ဖြစ်လဲ´ ဟု ရယ်ရင်း စားပွဲဝိုင်းမှ ပြေးထွက်၏ ။ ဧည့်ခန်းက ကြိမ်ခုံဝိုင်းကြီးပေါ် သွားထိုင်ပြီးသည်အထိ ဝဿန့်နှုတ်ခမ်းမှာ အပြုံးတွေ ရှိနေတုန်း။ ပြီးတော့ လက်ထဲက သံပရာသီးစိတ်ကိုလည်း ရှုံ့မဲ့မဲ့ စားနေမိတုန်းပေါ့။

မျက်စိရှေ့မှာ အားလုံး ချိုနေတဲ့အခါ ဒီအချဉ်လေးက တို့စားဖို့ သိပ်ထူးဆန်းတယ်၊ အရသာရှိမယ်လို့လဲ တို့ ထင်မိတယ်လေ။ ဒါကြောင့် သေချာရွေးစားတာပေါ့။

မျက်စိထဲမှာ ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်၍ လာရသည်။ နှလုံးသားကလည်း စည်းချက်မှန်မှန်လေး လှိုက်ခုန်လာသည်။ သွားတွေ ပေါ်အောင်ပင် ဝဿန်တစ်ဦးတည်း ရယ်လိုက်မိ၏ ။

မင်းကို ရယ်တာတော့ မဟုတ်ပါဘူးနော်၊ ချဉ်တာလေးမှ ရွေးစာမိတဲ့ တို့အ ဖြစ်ကို တို့ဘာသာ ရယ်တာပါ။ ပြီးတော့ မင်းကိုလည်း အချဉ်လေးလို့ မဆိုလိုပါဘူး။

* * * * *


တစ်ခါမှ မရောက်ဖူးတာမို့ ဒေါ်လေးတို့ အိမ်ကို တစ်ယောက် တည်း ထွက်လာရတာ ဝဿန် နည်းနည်း စိတ်တိုနေမိ၏ ။ ကျောင်းဆရာမ ဒေါ်လေးက ခုရက်ပိုင်းမှ နယ်ကနေ ရန်ကုန်ကို ပြန်ရောက်လာတာ။ ဝဿန်တို့နှင့်နီးသော ရပ်ကွက်လေးထဲမှာ ပဲ အိမ်ငှားနေ ဖြစ်တာမို့ မေမေ ကတော့ အထူးတလည် ကျေနပ်နေသည်။ ခုမှ ပြန်နီးစပ်ရတာ မို့ ညီအစ်မနှစ် ယောက် တလုံးလုံး ဖြစ်နေကြတာ မျက်စိနောက်စရာလို့တောင် ဖြစ်နေရသည်။ ခုလည်း ဝဿန့်ကို လွှတ်တာလေ။

လမ်းနှင့် အိမ်နံပါတ်သိပြီး ဝဿန် တစ်ခါမှ မရောက်ဖူးသေးပါ။ ဒါကြောင့် လမ်းလျှောက်ရတာ စိတ်မပါဘဲ ဆတ်တောက်တောက် ဖြစ်နေမိ၏ ။

နှုတ်ခမ်းကို တတ်နိုင်သမျှ တင်းကာ မျက်ခုံးကိုလည်း အစွမ်းကုန် ရှုံ့ထားမိသည်။

မတင်းလို့လည်း ဖြစ်မှမ ဖြစ်တာ။ ဒီလမ်းမကြီးထဲ စ၀င်ကတည်းက လက်ဖက်ရည်ဆိုင်ထဲက ကောင်လေးတွေ ဝဿန့်ကို လှမ်းစကြသည်။ လူစိမ်းလည်း လူစိမ်း၊ တစ်ယောက် တည်းတည်း တစ်ယောက် တည်းမို့ ထင်သည်။ ရဲရဲတင်းတင်းကို နောက်ကြသည်။

ဟင်း… ကိုယ့်ရပ်ကွက် မဟုတ်လို့ပေါ့။ ကိုယ့်နေရာမှာ သာဆို ဝဿန့်ကို ဒီလိုလာစ,ကြည့်ပါလား။ မီးပွင့်သွားမည် ။ ပြောသာပြောရ ရပ်ကွပ်ထဲမှာ တော့ ဝဿန့်ကို ဖြုံကြတာအမှန်။ ဘယ်သူမှ မလှမ်းရဲပါ။

မရဘူးဆိုတဲ့ သာဓကလေးတွေ လည်း အများ အပြားပဲ မဟုတ်လား။ ဒီတော့ သဘောပေါက်ကြသည် ထင်သည်။ ဆေးကျောင်းသူ ဝဿန်ဆိုတာ ချောသလောက် လှသလောက် အနေတည် ခက်ထန်တတ်တာမို့ တော် ရုံသတ္တိနှင့် ဘယ်မှန်းရဲပါ့မလဲ။ ဘယ်စ,ရဲပါ့မလဲ။

ဒီက လူတွေ ကတော့ ဝဿန့်အကြောင်း မသိကြလို့ ထင်သည်။ လမ်းတစ်လျှောက်မှာ တွေ့ သမျှ ကောင်လေးတွေ မချိုမချဉ် ကြည့်ကာ မကြားတကြား စနေကြတာမို့ နဂိုက စိတ်တိုနေသော ဝဿန်မျက်နှာမှာ တင်းမာသထက် တင်းမာနေရပြီ။. လမ်းအမည် လေးတွေ တောက်လျှောက်ဖတ်ကြည့်နေရာမှ တစ်နေရာ ရောက်တော့ ဝဿန်အမောနည်းနည်း ပြေသွားရသည်။ အင်ကြင်းလမ်းတဲ့ ဒေါ်လေးပြောထားတာ ဒီလမ်းပဲ။ တိတ်ဆိတ်အေးချမ်းကာ ကွန်ကရိလမ်းကလေးက သန့်ပြန့်လှပနေ၏ ။ လမ်းထိပ်ကနေ လှမ်းကြည့်ရသလောက် ခြံဝန်းလေးတွေ အစီအရီနှင့် သီးသန့်ဆန်ဟန်ပါပဲ။

ဟိုမော့ သည်ငေးနှင့် ပဲ လမ်းထဲ ချိုးဝင်လိုက်သည်။

ဟာ။

ရုတ်ခနဲ ကိုယ့်ရှေ့ရောက်လာသော လူ တစ်ယောက် ကြောင့် ဝဿန် လန့်ဖျပ်ကာ နောက်တစ်လှမ်း ဆုတ်လိုက်မိ၏ ။

ခုမှပဲ ပန်းခြံနံဘေး အုတ်ခုံလေးပေါ်မှာ ကောင်ကလေးသုံးယောက် ထိုင်နေကြတာကို တွေ့ ရတော့၏ ။ အဲဒီ ထဲမှ တစ်ယောက် က ဝဿန့်ရှေ့ လှစ်ခနဲ ရောက်လာတော့ အံ့သြကာ မျက်နှာပျက်သွားမိရုံမက မ ဖြစ်စဖူး အမူအရာပါ ပျက်သွားရတော့၏ ။

ပြီးတော့ တမင်နှောင့်ယှက်တာပဲဆိုသော အသိနှင့် လူက ထူပူကာ ဒေါသ ဖြစ်သွားရသည်။ တင်းမာသော မျက်နှာထားနှင့် ရှေ့မှာ ရှိနေသူကို ခပ်စူးစူးရင်ဆိုင်အကြည့် သူက လျှပ်တစ်ပြတ် ထိုင်ချကာ တစ်စုံတစ်ခုကို ကောက်ယူလိုက်သည်။

ပြီးတော့ ဖျတ်ခနဲ ပြန်ရပ်ကာ နဖူးပေါ်က ဆံပင်တွေ ကို ဆတ်ခနဲပင့်ခါလျက်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

ဝဿန့်ဆီ တစ်ချက်ရောက်လာသော ရီဝေေ၀ မျက်လုံးတွေ က လှောင်လိုစိတ်ကြောင့် ပဲ ရယ်သွားရသလိုလို။

ဝဿန်တို့အ ဖြစ်အပျက်ကို ကြည့်နေကြသော ကောင်လေးတွေ ထံမှလည်း ရယ်သံတချို့ လွင့်လာသည်။

သူက ဘာမှ မ ဖြစ်သလို ခပ်တွန့်တွန့် ပြုံးလျက်ပင် အုတ်ခုံပေါ် သွားထိုက်လိုက်လေသည်။

ကြောက်ရွံ့ဒေါသ ဖြစ်သွားရသော ကိုယ့်အ ဖြစ်ကို တစ်အားရှက်သွားမိကာ ခပ်သုတ်သုတ် လျှောက်ခဲ့၏ ။

သူ့လက်ထဲမှာ ဂစ်တာတီးသည့် လက်ခတ်ပြား လဲ့လဲ့လေးတစ်ခု ကိုင်လျက်သား။ သူတို့အုပ်စု ဝဿန်မလာခင်က ဂစ်တာတီးနေကြဟန်ပါပဲ။ ပြီးတော့ ဘယ်လိုက ဘယ်လို လက်ခတ်ကော်ပြားလေးက လမ်းပေါ်ကျနေသည် မသိ။ ဝဿန်လျှောက်အလာမှ သူကလည်း ကျနေသည့် သူ့ပစ္စည်းကို ရုတ်တရက် ကောက်လိုက်မှန်း ဝဿန် နားလည်သွားရသည်။

ဝဿန့် စိတ်ကူးနှင့် အတွေးကိုလည်း သူတို့အကုန်လုံး သိသွားကြပုံပါပဲ။

ဝဿန် ဒေါသနှင့် ကြည့်မိတော့ သူက ရယ်ချင်ဟန်နှင့် ခပ်မော့မော့လေး ပြန်ကြည့်သွားပုံက မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်တာထက် ပို၍ အခံရခက်စေသည်။

“ဂရုမစိုက်ပါဘူး၊ မင်းကိုလည်း သတိမထားမိပါဘူး၊ ငါ့အလုပ် ငါလုပ်တာ၊ မင်းက ဘာ ဖြစ်သွားရတာ တုန်း” ဆိုသည့် စကားတွေ ကို နှုတ်က မပြောပေမယ့် သူ့အပြုံးနှင့် သူ့အကြည့်က အတိအကျ သရုပ်ဖော်သွားတာမို့ ဝဿန်နာကြင်စွာ ခံစားသိရှိလိုက်ရသည်လေ။

ဒေါ်လေးတို့အိမ်ရှေ့ ရောက်သည်အထိ ရင်ထဲ ပြင်းပြင်းရှရှ ဆူဝေနေသည်မို့ ဒေါ်လေးသမီး ထွက်ခေါ်သည်ကိုပင် မပြုံးပြမိ။ အိမ်ထဲရောက်တော့လည်း ဝဿန် စကားသိပ်မပြော ဖြစ်ဘဲ လှုပ်ရှားမှု မပြယ်နိုင်အောင် ရှိနေမိသည်။

သူက ဘာမို့လဲ။ တို့ကလည်း နှောင့်ယှက်ပြီထင်ပြီး လန့်မိ တုန်လှုပ်မိတာပေါ့။ ဒါလေးများ သရော်သလိုပဲ ထေ့ထေ့ပြုံးရတယ်လို့။ တောက်… မုန်းစရာ ကောင်းလိုက်တာ။

တစ်သက်လုံးက ဒီအပြုံးမျိုး၊ ဒီမျက်နှာမျိုးကို ဝဿန်တို့ လုပ်လာတာ သိလား။ တခြားသူ လုပ်တာ လုံးဝမခံနိုင်ဘူး။

သူ့အပြုအမူလေးက ဘာမှမဟုတ်ဘူး ထင်ရသော်လည်း ဝဿန့်မာနကို ထိထိရောက်ရောက် စော်ကားလိုက်သလို ခံစားရသည်။ မကျေမနပ် စိတ်တို့ကိုလည်း ဖျောက်မရအောင် ရှိသည်။

အပြန်ကျတော့ ညီမလေးက လမ်းထိပ်အထိ လိုက်ပို့သည်။

သူတို့အုပ်စုကလည်း မူနေရာလေးမှာ အထိုင်မပျက် ဂစ်တာတီးပြီး သီချင်းဆိုနေကြ၏ ။

အမယ်… ဆိုနေတာ သူ တစ်ယောက် ။ ခေါင်းငုံ့တီးခတ်နေပုံက အရာအားလုံးကို မေ့ဖျောက်ပြီး သီချင်းထဲပဲ စိတ်ရောက်နေပုံမျိုး။

ဝဿန်တို့ နှစ် ယောက် အဲဒီ ရှေ့ကဖြတ်တော့ သူဆိုလိုက်သော စာသားတချို့က ဝဿန့်နားထဲ ခါးသီးစွာ ၀င်ရောက်လာသည်။

“ငါ ယောက်ျားဟေ့…. မာနတရားရှိတယ်… တဲ့”

တောက်… မင်းကွာ…

အဲ့ဒီမာနတရားရှိတဲ့ ယောက်ျားတွေ ပေါ့။ တို့အတွက် စိတ်ညစ်လောက်အောင် ပေါနေတာ။ ပြောပြရင် ကိုယ့်သူ သြချသွားရမယ်။

* * * * *


တကယ်ပြောတာပါ။ တို့ သိတတ်စ အရွယ်ရောက်လာကတည်းက တို့ပတ်ဝန်းကျင်မှာ နေတဲ့ သူစိမ်းကောင်ကလေးတွေ တို့ကို အရမ်းဂရုစိုက်မိကြတယ်။ စိတ်ဝင်စားကြတယ်၊ ဘယ်သွားသွား ဘယ်လာလာ ဘယ်လိုပဲ နေနေ၊ လုံးဝ- အလှမပြင်ထားနဲ့ဦး၊ အရမ်းသတိထားမိပြီး တို့ကို တစ်နည်းနည်း နှင့် ပတ်သက်ချင်ကြတယ်။ ဘာကြောင့် လည်း ဆိုတာတော့ တို့ မသိဘူး။

တို့ သေချာသိတာက တို့လည်း သာမန်ကောင်မလေး တစ်ယောက် ပါပဲ။ သိပ်မချောလှပါဘူး။ ပြီးတော့ စကားပြောမချိုဘူး၊ မျက်နှာကို ထာဝစဉ် တင်းထားတတ်တယ်။ ဒါပေမယ့် တို့ကို သိပ်ချစ်စရာကောင်းတယ်တဲ့… ကောင်လေးတွေ က။

တို့ကို အိမ်က စိတ်ပူတတ်တယ်။ ဘယ်နေရမှာ စိတ်မချချင်ဘူး။ အဲဒီ တို့အကြောင်းလေးတွေ ကြောင့် ဆိုပါတော့။ ကိုကြီးနဲ့ ကိုလေးဆိုလည်း တို့နဲ့ အပြင်သွားဖို့ အသေကြောက်တယ်။ သူတို့အဖို့ ရန်ပွဲနွှဲဖို့ ကျိန်းသေကြီးလို ဖြစ်နေတာကိုး။

နောက်ပိုင်းတို့ သိပ်တင်းမာမှန်းသိလို့၊ မာနကြီးမှန်း သိလို့ နည်းနည်း ပါးပါး ဟိုဒီပေးလွှတ်တာ။ ဆေးကျောင်းသူ ဖြစ်နေပြီဆိုတော့ လူကြီး ဖြစ်ပြီလို့ တို့ အတင်းပူဆာတာလဲ ပါတာပေါ့လေ။

တို့နေတဲ့ လမ်းထဲမှာ ရှိရှိသမျှ ငယ်ငယ်ရွယ်ရွယ် ကြီးကြီးလတ်လတ် ယောက်ျားလေးတွေ အကုန်လုံး တို့ကို မကြိုက်ပါဘူးလို့ ပြောနိုင်တဲ့သူ မရှိဘူး။ ရပ်ကွက်ထဲမှာ လည်း ဒီလိုပဲ။ ရွယ်တူ ကောင်မလေးတွေ တို့ကို မသိမသာ မနာလို ဖြစ်ကြရတဲ့အထိပါ။

သူငယ်ချင်း သမီးရည်းစားစုံတွဲ ထဲ တို့ဘယ်တော့မှ ရင်းနှီးပတ်သက်လို့ မရဘူး။ ရှိနေတဲ့ ကောင်မလေးကိုထားပြီး တို့ကို သိသိသာသာ ပြောင်းချစ်ပစ်လို့ ပြဿနာ တက်ဖူးတာတွေ လည်း ရှိတယ်လေ။ တို့ အရမ်း ဆင်ခြင်ရတယ်။ ရှောင်ရတိမ်းရတာ လည်း ကြာတော့ အကျင့်ကြီးတစ်ခုလိုတောင် ဖြစ်လာရတယ်။

ဗေဒင်တို့ လက္ခဏာတို့ အပျော်မေးတိုင်းလည်း အခုလိုပဲ တစ်သက်လုံး စန်းပွင့်နေမယ်လို့ ဟောကြ ပြောကြတာပဲ..။

မေးချင်ပါတယ်ကွာ၊ မင်းရော မင်းပတ်ဝန်းကျင်မှာ တို့လောက် စန်းပွင့်လို့လား။ တို့ကို ခပ်လှောင်လှောင် ပြုံးကြည့်ရအောင် မာနကြီးလောက်တဲ့ နောက်ခံအထောက်အထား ဘယ်လောက်ရှိလဲ။ တို့လောက် ရှိနိုင်မလား။

ရယ်ချင်တယ် မာနလေးရာ။ မင်းပုံစံကို အရမ်း ရယ်ချင်တာပဲ သိလား။

လူက ရယ်ချင်ပေမယ့် နှုတ်ခမ်းတွေ က ပြုံးတောင်မပြုံးနိုင်ဘဲ ဝဿန့် တောက်ခေါက်နေမိသည်။ ဒီလူ တစ်ယောက် ဝဿန့်ကို သေချာ နှိပ်စက်လိုက်တာပါပဲ။

တွေးမိတိုင်း မခံမရပ်စိတ်နှင့် ဝဿန့်ရင်ထဲ ပူလောင်လှုပ်ရှားနေမိသည်။

* * * * *


“လုံးဝ ကြည့်လို့မရဘူး”

ဝဿန့်ပုံစံကို ကြည့်ပြီး ညီမလေးက ရယ်လိုက်သည်။ ဒီနေ့ ဒေါ်လေတို့အိမ်အလာ သူ့ကို ခြံရှေ့မှာ တွေ့ လိုက်ရတာ မို့ အံ့သြမိသည်။ သူ ဒေါ်လေးတို့အိမ်လာတာ ဖြစ်နိုင်၏ ။ ညီမလေးကို မေးကြည့်တော့ သူနဲ့ ခင်နေပြီဟု ဆိုသည်။ ဝဿန် ဟိုတလောက ကိစ္စကို ပြောပြလိုက်သည်။

ညီမလေးကလည်း သူသိသမျှ ပြန်ပြောပြ၏ ။ လမ်းထိပ်က နှစ် ထပ်တိုက် အပြာလေးနှင့် ခြံဝင်းလေးက သူတို့အိမ် ဖြစ်ကြောင်း။ တစ်ဦးတည်းသော သား ဖြစ်ကြောင်းနှင့် သူ့အမေကလည်း ကျောင်းဆရာမ မို့ ဒေါ်လေးနှင့် ပင် ခင်နေပြီ ဖြစ်ကြောင်း။ ကျောင်းစာနှင့် အားကစားမှာ ထူးချွန်ရုံမက ဂီတအနုပညာ ပေါက်ရောက်ကြောင်းတွေ စီကာပတ်ကုံးပါပဲ။

“ကိုဝသုန်က သဘောကောင်းပါတယ်”

“ဘာ…”

“တကယ်… မမဝဿန်ရဲ့ ၊ ညီမလေးတို့က လူသစ်ဆိုတော့ သူ အစစအရာရာ ကူညီတယ်၊ ဒီတစ်လမ်းလုံး ကလေးလူကြီးအားလုံး ကိုဝသုန့်ကို ခင်ကြတယ် သိလား”

“မျက်နှာကြီးက ရှစ်ခေါက်ချိုးများ ”

“ဒါ ကတော့ သူ ဒီလိုပဲ နေတတ်လို့ပါ”

“ရယ်ပုံပြုံးပုံကလည်း မထိတထိနဲ့၊ သူ့ကိုယ်သူ ဘာများ မှတ်နေသလဲ မသိဘူး”

“မာနတော့ ရှိတယ်မမရဲ့ ၊ အိမ်ရှေ့က ကောင်မလေးတွေ ပြောပြတယ်၊ ကျောင်းမှာ ဆိုလည်း တအားတည်တာပဲတဲ့၊ မိန်းကလေးဆို လုံးဝ ဂရုမစိုက်ဘူးတဲ့၊ နှုတ်ဆော့ဖို့ဝေးလို့ မျက်နှာချင်းဆိုင်မိရင်တောင် သေချာမကြည့်ဘူးတဲ့”

“ဒီလောက်တောင်ပဲလား”

“အင်း… ညီမလေးတို့နားမှာ တောင် သူ့ကို စိတ်ဝင်စားနေတာတွေ အများ ကြီး။ သူက တခြားကောင်လေးတွေ နဲ့ သိပ်မထူးဘူးလေ၊ စာတော် သလောက် အနေလည်း တည်တာ၊ စကားပြောတော့ မဆိုးပါဘူး၊ နောက်တစ်ခါမှ မမနဲ့ မိတ်ဆက်ပေးရမယ်”

“ဟာ… မသိချင်ပါဘူး၊ ငါက ယောက်ျားလေး ဖြစ်ပြီး မာနကြီးရင် သိပ်မုန်းတာ”

“သူကလည်း မာနကြီးတဲ့ မိန်းကလေးဆို ချစ်တယ်”

“အံမာ…. အဲလိုပြောသေးလား”

“မပြောပါဘူး၊ ညီမလေးထင်တာ… ခစ်… ခစ်.. ခစ်…´

“သွားစမ်းပါဟာ”

* * * * *


သူငယ်ချင်းပခုံးကို ဖက်ကာ ရယ်မောစကားဆိုရင်း လျှောက်လာရာမှ လမ်းနံဘေး လက်ဖက်ရည်ဆိုင်ကို အကြည့်အရောက်မှာ ဝဿန့် မျက်နှာလေး တည်သွားရ၏ ။

အပြင်ဘက် ခုံပုပုလေးမှာ ဝဿန်တို့ဘက် မျက်နှာချင်းဆိုင် ထိုင်နေသော သူ့ကို ရုတ်တရက် မြင်လိုက်ရ၍ ဆတ်ခနဲ မျက်နှာလွှဲပစ်မည် အပြုမှာ သူ့ဘေးမှာ ဇော်မိုးက လှမ်းရယ်ပြသည်။

ဝဿန် အားနာစွာ ပြန်ပြုံးပြ ဖြစ်၏ ။ ရင်ထဲမှာ လည်း နည်းနည်း အံ့သြသွားရသည်။

သူက ဇော်မိုးနဲ့ ဘယ်တုန်းက သိနေပါလိမ့်။ ဝဿန်နဲ့ ဇော်မိုးက ငယ်ငယ်လေးကတည်းက ကစားဖက် အခင်ဆုံးသူငယ်ချင်းတွေ ပါ။ အိမ်ကိုလည်း ၀င်ထွက်နေကျ။ ဝဿန့် ကိုလေးနဲ့လည်း ခင်သည်။

ဒါတောင် ဆယ်တန်းနှစ် တုန်းက ဗွေဖောက်လာပြီး ဝဿန့်ကို ချစ်တယ် ဘာညာ ဖြစ်လာသေးသည်။ တစ်နှစ် လောက် မခေါ်ဘဲ ပစ်ထားလိုက်မှ အပိုးကျိုးကာ ရိုးရိုးသားသား ပုံနှင့် ပြန်တောင်းပန်သည်။ ပြီးတော့ သူ့မှာ လည်း ကောင်မလေး တစ်ယောက် အခိုင်အမာ ရှိနေပြီမို့ ဝဿန် ပြန်ခေါ်လိုက်သည်။

ခုတော့ အခင်ဆုံး သူငယ်ချင်းတွေ ပြန် ဖြစ်နေကြပါပြီ။

ဟိုနေ့က ဇော်မိုးပြောသွားတာကို ခုမှ ပြန်သတိရမိသည်။ `နင်နဲ့ နာမည် ချင်း ဆင်တဲ့ကောင်လေး တစ်ယောက် တွေ့ ထားတယ်၊ စကားပြောပုံကအစ နင့်အတိုင်းပဲ´ ဆိုလား။

ဒါ…. ဟို တစ်ယောက် ကို ပြောတာပဲ ဖြစ်မည် ။

တွေ့ ကြသေးတာပေါ့ ဇော်မိုးရယ်။ နင်က သူငယ်ချင်းအသစ်ဘက် ပင်းပြီး ပြုံးဖြီးဖြီး ဖြစ်နေတာကိုး။

* * * * *


မနေ့ညတုန်းက တန်ဆောင်တိုင် လပြည့်ညမို့ ဝဿန်တို့ မြို့နယ်အတွင်းမှာ အရမ်းစည်ကားနေခဲ့သည်။

ဝဿန်လည်း သူငယ်ချင်းတွေ နှင့် လျှောက်လည်ပတ်ပစ်လိုက်သည်။

လမ်းမကြီးပေါ် အရောက်မှာ နောက်က အုပ်စုလိုကကြီး လျှောက်လာကြတာ ဆူညံနေတာ သတိထားမိ၏ ။ အမှတ်မထင် လှည့်ကြည့်မိတော့ သူရော ဇော်မိုးရော ပါနေတာ တွေ့ လိုက်ရသည်။

သူက ဝဿန့်ကို အစကတည်းက တွေ့ ထားသည်လား။ မတွေ့ ထားသည်လားတော့ မသိ။ ဝဿန်လှည့်အကြည့်မှာ သူနှင့် မျက်လုံးချင်း မဆုံပါ။ သူ့ဘာသူ သူငယ်ချင်းတွေ နှင့် စကားပြောမပျက်ပါ။ သို့ပေမယ့် လမ်းမကြီးတစ်လျှောက် ဝဿန်တို့နောက်မှ တစ်ချိန်လုံး ကပ်ပါလာသည်။

သူတို့အုပ်စု ရိုးရိုးသားသားပဲလားဆိုတာ စဉ်းစားစရာ ဖြစ်လာသည်။ ဘာတစ်ခွန်းမှ မဆိုတာတော့ အမှန်။

မထိတထိ တစ်ခုခု လာပြောလို့ ကတော့လား အသိပဲဟု ဝဿန်တေးထားမိသည်။ လမ်းချိုးတစ်ခုအရောက်မှာ ဝဿန့်ထင်မြင်ချက် လွဲသွား၏ ။ သူတို့အုပ်စုကြီးက နောက်တောင် လှည့်မကြည့်ဘဲ ခပ်အေးအေးပဲ လမ်းထဲချိုးကွေ့ဝင်သွားကြသည်။

ဟုတ်သားပဲလေ။ ဇော်မိုး ကတော့ ပြောထားသား။

သူက ကောင်မလေးတွေ နောက်က လျှောက်လိုက်ဖို့တို့၊ လိုက်စဖို့တို့ကို အရမ်းရှက်ပြီး ၀န်လေးတတ်သည်တဲ့။ ဘယ်တော့မှ မလုပ်ဘူးလို့လည်း ဆုံးဖြတ်ထားသည်တဲ့။

ခုပုံကြည့်ရတာ တော့ အဲဒါ တကယ်ပဲထင်သည်။

ဝဿန်တို့ အုပ်စုငါးယောက် မှာ အကုန်လုံး ဝဿန့်ထက် ချောတာချည်းပါ။ သူ တစ်ချက်ကလေးမှ ကြည့်မသွားပုံထောက်တော့…

အင်းလေ.. သူက မာနသမားပဲဟာ။

* * * * *


“နင်သာ ဆေးကျောင်းမှာ ရှိမှန်းသိရင် သူ အစကတည်းက ဆေးလျှောက်တယ်တဲ့”

“ဘာရယ် သူ့အမှတ်က ဆေးမီလို့လား”

“မီတာပေါ့၊ ၀ါသနာပါလို့သာ စက်မှု လျှောက်လိုက်တာ”

ဝဿန်ကြည့်တော့ ဇော်မိုး မျက်နှာက ပြုံးစိစိ ဖြစ်နေသည်။

“ဘာလဲ အဲဒါ သူပြောခိုင်းတာလား”

“ကြံကြံဖန်ဖန်၊ မပြောခိုင်းပါဘူး။ ငါတို့ ဘော်ဒါတွေ အချင်းချင်း သူ ပြောပြတာပါ၊ သူက အရမ်းပြည့်တယ်ဟ၊ နင့်ကို ချစ်နေတာတောင် ငါတို့မေးမှ ပြောတာပါ၊ ဒီကောင်က မာနခပ်ကြီးကြီး ဟဲ ဟဲ..”

“ငါက ဖွင့်ပြောပါလား၊ မြှောက်ပေးတာတောင် နင့်ကို လာပြောဖို့လား၊ သူ့ဘ၀မှာ သေလောက်အောင်ပဲ ချစ်ချစ်၊ အောက်ကျနောက်ကျတော့ မလုပ်ဘူးတဲ့၊ တကယ် ရှားတဲ့ကောင်၊ မိန်းကလေး တစ်ယောက် ကို ရည်းစားစကား လိုက်ပြောရတာ လောက် သိက္ခာကျတာ မရှိဘူးတဲ့”

“အံမယ်”

“အေး… သူ့ အယူအဆတွေ က တစ်မျိုးပဲ၊ လိုက်မမီဘူး၊ နင့်ကို အရမ်းစွဲလမ်းနေတာကျ ငါတို့အသိဆုံးလေး၊ ဒါကြောင့် မနေနိုင် မထိုင်နိုင် လာပြောပြရတာ ”

“ကြီးကျယ်လို့၊ မိန်းကလေး တစ်ယောက် ကို လုံ့လစိုက်ထုတ်ပြီး မပိုးမပန်းဘဲနဲ့ ဘယ်ခေတ်က ရတယ်လို့ ကြားဖူးလို့လဲ ပြောလိုက်ပါလား”

“ဒါတော့ မသိဘူး၊ နင့်အကြောင်းပြောတာတော့ နားညည်းလှပြီ၊ နင့်ကို တအားချစ်နေရှာတာ၊ အဲ့ဒါ နင်သိဖို့ပဲ”

“သိတော့ရော ငါက ဘာလုပ်ရမှာ လဲ၊ သူကိုယ်တိုင် ဖွင့်မပြောဘဲနဲ့ မိန်းကလေး တစ်ယောက် သူ့အချစ်ကို အသိအမှတ်ပြုရမလား၊ ချစ်ပါပြီ၊ ကြိုက်ပါပြီနဲ့ အဖြေပေးရမလား”

“ဟာ… နင် တကယ်ပြောတာလား ဝဿန်”

ဇော်မိုးက ဖျတ်ခနဲ မတ်တပ်ရပ်ကာ မျက်လုံးကြီး ပြူးပြီး မေးသည်။

“ဘာလဲ”

“ခုန နင်ပြောတာလေ၊ ကိုယ်တိုင်ဆို အသိအမှတ်ပြုမယ်ဆိုတာ”

“အို… မဟုတ်ဘူး”

ဝဿန့်မျက်နှာ ရဲခနဲ ဖြစ်သွားကာ ကမန်းကတန်း ငြင်းတော့ ဇော်မိုးက ရယ်သည်။

“ဘာပဲ ဖြစ် ဖြစ်၊ နင် ပြောတာ ဟိုကောင့်ကို ပြန်ပြောလိုက်မယ်၊ ဟိုကောင် ပျော်သွားလိမ့်မယ် သိလား”

“ဟာ… မပြောနဲ့ ဘာလို့ ပြောရမှာ လဲ”

ဇော်မိုးက ချက်ချင်း ထပြန်မည့် ဟန်ပြင်သည်မို့… ဝဿန်ပါ နောက်က ပါလာရသည်။

“မာန တင်းလွန်းတာ မကောင်းဘူးဟ၊ ၀သုန့်ကိုလည်း တိုက်တွန်းရမယ်၊ ငါတို့ ကတော့ ပြေလည်တာပဲ မြင်ချင်တယ်”

“အို… မလိုဘူး၊ မသိဘူး၊ နင် ဘာမှ လျှောက်မပြောနဲ့”

ဝဿန် မျက်စိမျက်နှာ ပျက်နေသလောက် ဇော်မိုး ကတော့ တဟားဟားနှင့် သဘောကျနေသည်။

* * * * *


ဝဿန်….

တို့ဘ၀မှာ မိန်းကလေး တစ်ယောက် ကို ခယဖို့ ဘယ်တော့မှ မလုပ်ဘူးလို့ ဆုံးဖြတ်ထားတာ ဝဿန်လည်း သိမှာ ပါ၊ ဒါပေမယ့် ဘာ ဖြစ်လို့လည်း မသိဘူး။ ဝဿန့်ကို တို့ အရမ်းချစ်သွားတယ်၊ နှုတ်က ဖွင့်မပြောပေမယ့် စာနဲ့ရေး ပြီး တို့အသိပေးလိုက်ပြီနော်။

ဝဿန် စဉ်းစားချင် စဉ်းစားပါ။ ပြန်ချစ်ချင်လည်း ချစ်ပါ။

မချစ်ဘူးဆိုလည်း ကိစ္စမရှိပါဘူး။ တို့ ဘယ်လိုမှ သဘောမထားပါဘူး

ဝသုန်

စာရွက်ကိုင်ထားသော ဝဿန့်လက်တွေ တုန်နေမိသည်။ ဖတ်အပြီးမှာ အောက်နှုတ်ခမ်းကို တအားဖိကိုက်လိုက်မိ၏ ။ ပြီးတော့ လက်ထဲက စာကို လုံးခြေပြီး ပစ်ပေါက်လိုက်သည်။

“ဟင်”

သူက ရုတ်တရက် ရောက်လာပြီး ဝဿန်ပစ်လိုက်သော စာလေးကို ကောက်ယူလိုက်၏ ။ ဝဿန် ကြက်သေသေကာ ငေးနေမိသည်။

သူက ကြည်လင်ရွှန်းပစွာ ပြုံးကြည့်ပြီး ဝဿန့်နား လျှောက်လာလို့ ရင်ထဲမှာ အံ့သြလှုပ်ရှားသွားရလေ၏ ။

နောက်မှ အကြည့်လွှဲကာ မျက်နှာကို တစ်ဖက်လှည့်ပစ်လိုက်သည်။

မာနလေး၊ ကြာရင် မင်းကို တအား မုန်းမိလာမယ် နော်။

ဆုလေးနွယ်

* * * * *




ဝန်ဇင်းချစ်သူများ ဆုလေးနွယ် ၊ ပန်းသီခိုင် ၏ “ ၀တ္ထုတိုများ စုစည်းမှု ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်ရဲ့အာနိသင်ကြောင့်

အချစ်ရွာရဲ့တစ်နေရာ

ကောင်းကင်ပေါ်က အနမ်းလက်ဆောင်