အခန်း (၁)
ကောင်းဆက်နိုင်နှင့် ရွှေမြင့်မိုတို့ ချစ်သူနှစ် ဦးသည် နံနက် ကိုးနာရီခန့်လောက်ကပင် စတင်ချိန်းဆို၍ နေရာအနှံ့ လျှောက်လည်ကြပါသည်။
မြင့်မိုသည် ယခုမှပင် ရန်ကုန်မြို့ဆိုတာကို ရောက်ဖူးတာမို့ သူမအတွက် မြင်မြင်သမျှက အသစ်အဆန်း၊ ကြည့်ချင်စရာချည်းပဲ ဖြစ်နေပါသည်။
အရင်ဦးဆုံး ရွှေတိဂုံ ဘုရားဖူးသည်။ ပြီးတော့ ကန်တော် ကြီး၊ ကရဝိတ်၊ တိရစ္ဆာန်ရုံ နေရာအနှံ့ လျှောက်သွားသည်။
ကောင်းက စပို့ရှပ်အဖြူပေါ် အသားရောင် အစင်းသေးသေးလေး တွေ ပါတဲ့ အင်္ကျီနှင့် စတိုင်လ်ဘောင်းဘီရှည် ကာကီရောင် ကို ခါးပတ်အနက်ပတ်၍ ဝတ်ထားသဖြင့် ရှင်သန့်သော စတိုင်လ်လေး ဖြစ်နေပါသည်။
မြင့်မိုက ချော့ကလက်ရောင် ဂါဝန်အကျပ်လေးပေါ်ကနေ ဆင်စွယ်ရောင် အိုဗာကုတ် သေးသေးလေးကို ဝတ်ထားပြီး ဖိနပ်က ခွာချွန်သေးသေး အဖြူရောင် လေးမို့ လမ်းလျှောက်ရင်း အတော် ညောင်းနေရပါပြီ။
နဖူးမှာ လည်း ချွေးတွေ ပြန်လျက် မျက်နှာလေးမှာ လိမ်းချယ်ထားသော မိတ်ကပ်နှင့် နှုတ်ခမ်းနီ တို့လည်း ပျက်ပြယ်စပြုနေပြီ။
ကောင်းလည်း ထို့အတူပင် ဆံပင်တွေ ပွပြီး မျက်နှာကို စနိုးတာဝါနှင့် ခဏခဏ ပွတ်ရင်း မျက်နှာနီရဲ ပင်ပန်းနေပြီ။
ကောင်းအသားက ဖြူဆွတ်နေသဖြင့် နေထိတာနှင့် နီမြန်းလာသည်။
သို့သော် နှစ် ယောက် သား မိုးမမြင် ၊လေမမြင် ပျော်နေသဖြင့် မောတယ်ပန်းတယ် မထင်ပါ….။
တက္ကစီ တစ်စီးနှင့် သွားတဲ့အခါသွား၊ လမ်းလျှောက်တဲ့ အခါ လျှောက်၊ဘက်စ်ကား တက်စီးတဲ့အခါ စီးနှင့် ဟိုမှဒီတရစပ် သွားနေကြတာပါ။
“မြင့်မို….”
“ဟင်”
“မောပြီလား”
“မမောပါဘူး”
“Game City ထဲဝင်မလား၊ ရုပ်ရှင် ကတော့ မနက်ဖြန် မှာ ပဲ ကြည့်ကြမယ်ကွာ၊ ဒီနေ့ အချိန်မရတော့ဘူး”
“အိုး…အချိန်မရလည်း ဗေဒင်တော့ သွားမေးမှာ နော်ဒါပဲ….”
ရန်ကုန်ရောက်တုန်း ဗေဒင်ခန်းသွားဖို့ ကောင်းကို မြင့်မိုပူဆာထားသည်။
နှစ် ရက်နေပြီးရင် မြင့်မိုတို့ခွဲရတော့မှာ ။
သူကရန်ကုန်မှာ ကျန်နေခဲ့ပြီး မြင့်မိုက ဒေါ်လေး ငြိမ်းချမ်းဝေ တို့ရဲ့ မြို့ကို သွားရမှာ လေ။
ဒီလိုအတူရှိနေတဲ့ ရက်ကလေးမှာ မြင့်မိုတို့ ရှေ့ရေး ရှေ့ရာ အနာဂတ်မှာ ဘာတွေ ဖြစ်လာလဲ သိပ်သိချင် နေမိသည်။ ပေါင်းရမှာ လား ၊ကွဲရမှာ လား၊ ပေါင်းရမယ်ဆိုရင် ရောအချိန်ဘယ်လောက် ထပ်ကြာဦးမလဲ စသည့်ဖြင့် ပေါ့လေ…. မြင့်မိုတို့နှစ် ယောက် လုံးက အချစ်ဦးတွေ ပါ….။
ကောင်းလည်း သူမရှေ့မှာ ရည်းစားမရှိ။ သူမလည်း ကောင်းရဲ့ ရှေ့မှာ ရည်းစား တစ်ယောက် မှ မထားဘူးခဲ့။ ဒါပထမ ဦးဆုံးအချစ်ပါ။ ဒါကြောင့် ဝေးရမှာ လည်း စိုးရိမ်မိသည်။
ကောင်းက ဂိမ်းစီးတီးထဲ ဆွဲခေါ်သွားသဖြင့် သူမလည်း ကွိုင့်စေ့တွေ လဲလှယ်ကာ တစ်မျိုးပြီး တစ်မျိုး ဝင်ကစားကြည့်မိသည်။ ကွန်ပျူတာနဲ့ ကားမောင်းရတာ ပျော်စရာ။ လူတွေ လည်း ပြည့်ကျပ်နေသည်။ မြင့်မို ခဏလေးနှင့် ခေါင်းမူးလာရ၏ ။
သူမတို့ သမီးရည်းစား နှစ် ယောက် မှာ လူရှင်းတဲ့ တစ်ချောင်ချောင်မှာ သွားထိုင်ပြီး ဖက်ထားဖို့ထက် နေရာစုံအောင် လျှောက်လည်ဖို့၊ ကစားဖို့ ၊စားဖို့သာ အာရုံရောက် နေကြသည်။
ဒံပေါက်၊ သီးစုံဒိုဗီနို၊ ကော်ပြန့်၊ မာလကာ သီးဆားနီးဖြူး စသဖြင့် မပြတ်လည်း ဝယ်စားကြသည်။
ကော်ဖီဆိုင်တွေ ၊ ဒိုးနတ်ဆိုင်တွေ လည်း ခဏတဖြုတ် ဝင်ထိုင်ကြသေးသည်။
ကောင်းဆီမှာ ပါလာတဲ့ ပိုက်ဆံသုံးသော င်းရော၊ မြင့်မိုဆီက နှစ် သော င်းရော များများ စားစား မကျန်တော့ပါ။ ပြောင်တော့မည် ။
တက္ကစီခတွေ ထောင်းတာလည်းပါသည်။
သို့ သော် ဒီနေ့ လည်ပတ်စားသောက်ရတာ တန်သည် အင်မတန် စိတ်ချမ်းသာ ၊ ပျော်မြူးနေရတာ ။
ဂိမ်းစီးတီးက ပြန်ထွက်တော့ ညနေရောက်တော့မည် ။ ယုဇနပလာဇာထဲ ခဏပဲ ပတ်လိုက်ရသည်။
“ကောင်းရေ…ဗေဒင်…ဗေဒင်”
“ဟား….ဟုတ်သားပဲ ၊ည နေငါးနာရီ ဟောခန်းပိတ်မှာ ထင်တယ်“
“အိုး….ဒါဆို မီသေးတယ်၊ ကားအမြန် ငှားလိုက်”
ပလာဇာရှေ့က ကားတစ်စီးပေါ် မြန်မြန် ခုန်တက်လိုက်ကြသည်။
“ကောင်းရေ….”
“ဗျာ…..”
“ညနေစောင်းကြီး ဗေဒင်မေးကောင်းရဲ့ လား“
“ဟ….မေးလို့ရလို့သာ ညနေထိ ဖွင့်တာပေါ့ကွာ”
ကောင်းရဲ့ အဖြေကို မြင့်မို ကျေနပ်သွားသည်။
သူပြောတဲ့ ဈေးချိုပြီး၊ ဟောတာမှန်တဲ့ ဗေဒင်ဆရာဆီ ရောက်တော့ မြင့်မိုတို့ နောက်ဆုံးပါပဲ။ ဒါပြီးရင် ပိတ်ပြီးမို့ နောက်ထပ် လူဝင်မခံတော့ပါ။
“ဟူး…တော် ပါသေးရဲ့ “
ကောင်းက သက်ပြင်းတစ်ချက်နှင့် သူမကို ပြုံးကြည့်သည်။
ချစ်သူ စိတ်ဝင်စားလို့သာ ကောင်းက လိုက်ပို့ ပေးတာ။ သူ ကတော့ ဝါသနာလည်း မပါ။ ယုံလည်း မယုံပါ။ ရံဖန်ရံခါ အပျော်မေးကြည့် တာလောက်ပဲရှိသည်။
ဆရာကလည်း တစ်ကုန်အောင် တောက်လျှောက်ဟော နေရတာ ဆိုတော့ ညောင်းညာနွမ်း နယ်နေဟန် ပေါ်သည်။ ရေခဏခဏ သောက်တာလည်း တွေ့ ရသည်။
ထိုဗေဒင်ဆရာက အသားဖြူသလို၊ လူကလည်း သည်။ သူ့အခန်းမှာ အဲကွန်းရှိပေမယ့် မီးပျက်နေတော့ အိုက်စပ်နေရှာသည်။
“ကဲ….နာမည်ေးလ ပြောပါဦး”
“ကျွန်တော် က ကောင်းဆက်နိုင်ပါ၊ သူက ရွှေမြင့်မို”
“နှစ် ယောက် တပြိုင်နက် ကြည့်မှာ လား ၊ တစ်ယောက် ချင်းစီး သပ်သပ်ဟော ပေးရမှာ လား”
“ကျွန်တော် တို့ အတူတူ ကြည့်မယ်၊ အဓိက ကတော့ ဖူးစာ ဆုံမဆုံ သိချင်ပါတယ် ဆရာ”
တစ်ခဖဏ တွက်ချက်သည်။ ပြီးလျှင် စာရွက်တစ်ရွက်စီ ပေးပြီး သူပြောတာတွေ ကိုယ်တိုင်ကိုယ်ကျ ရေး မှတ်စေသည်။
ကောင်းက ဆရာပြောသွားတာတွေ ရေး လို့မမီသဖြင့် မြင့်မိုစာရွက်ထဲ ပြန်ပြန် ခေါင်းငုံ့ ကြည့်၏ ။
ပြီးလျှင် ဖဲချပ်ဆွဲခိုင်းသည်။
ဖဲတစ်ချပ်ကို ဆွဲလိုက်ဖို့ မြင့်မိုရင် တုန်ပါဘိ။
ကောင်း ကတော့ ယောကျာ်းလေးမို့ ခပ်အေးအေး ပြုံးရယ်မပျက်။ မြင့်မိုကိုပင် ဆရာမ မြင်အောင် ပြောင်ပြ၊ မျက်နှာ ရှုံ့ပြနေသေးသည်။
သူဆွဲတဲ့ ဖဲချပ်ကို ကြည့်ပြီး ဆရာက ခေါင်းတစ်ချက်ဆတ်သည်။
မြင့်မိုဆွဲတဲ့ ဖဲချပ်ကို ကြည့်ပြီးဆရာ မျက်နှာပျက်သွား သည်ဟု မြင့်မိုထင်မိသည်။
ဆရာက သူမကို နောက်တစ်ကြိမ် ပြန်ဆွဲခိုင်းသည်။
ရောမွှေးထားသော တစ်ထပ်ကြီးထဲကနေ ထူးထူးဆန်းဆန်း ထိုဖဲတစ်ချပ်ကို ဒုတိယအကြိမ် ပြန်ဆွဲယူမိတာ ဘာကြောင့် လဲ။
ထိုပုံကာ ဘာအဓိပ္ပာယ်လည်း မြင့်မိုမသိပေမယ့် ကောင်းတဲ့ရလဒ်အဖြေ မဟုတ်ဘူးဆိုတာ တော့ ရိပ်မိလိုက်သည်။
သူမရင်ထဲ ထိတ်ခနဲ ခုန်သွားရ၏ ။
ဘာပြောမှာ ပါလိမ့်။
လာမကြည့်ခဲ့ရင်တောင် ကောင်းမည် ။ သူမ စိတ်ထဲ ပူပန်ရင်း နောင်တရသွားမိသည်။
ဗေဒင်ဆရာက သူနှင့် မြင့်မို ဖူးစာဖတ်ဖို့ လုံးဝ မ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
“ကျွန်တော် တို့ မညားနိုင်ဘူး”
“အေးကွာ….ဒီမှာ ထွက်တဲ့အဖြေ ကတော့ မဆုံဆည်း နိုင်ဘူးဆိုတဲ့ အဖြေပဲကွ၊ မင်းတို့ကြိုးစား ကြည့်ပါဦးပေါ့၊ ဒါပေမယ့် ဆရာရဲ့ သတ်တမ်းမှာ တော့ ဟောလိုက်ရင် မမှားဘူး ၊ မှန်တာချည်းပဲ၊ အေး….ယုံတာ မယုံတာတော့ မင်းတို့ကိစ္စပေါ့ကွာ”
ကောင်းက မယုံဘူးဆိုတဲ့ မျက်နှာမျိုးပါပဲ။
ရွှေမြင့်မိုမှာ တော့ စကားမဆို နိုင်အောင်ပင် မျက်နှာလေး ပျက်ကာ စိတ်မကောင်း ဖြစ်သွား မိသည်။
ကောင်းနှင့် မြင့်မိုတို့ ဒီဘဝမှာ ဖူးစာကံပါမလာဘူးတဲ့လား။
ရင်ထဲမှာ ဝမ်းနည်းလှိုက် နင့်လာရကာ ဟောခန်းဆီက ပြန်အထွက်မှာ မြင့်မိုမျက်လုံးထဲ မျက်ရည်ကြည်တို့ ပူနွေးစွတ်စို လာရပါသည်။
ကောင်းက သူမဘက် အံ့အားတသင့် လှည့်ကြည့်ရင်း လက်ကလေးကို ဆုပ်ကိုင် နှစ် သိမ့်အားပေးသည်။
“ခေါင်းထဲ မထည့်စမ်းပါနဲ့ကွာ၊ ဒါအပျော်မေးတာပဲ၊ မညားဘူးဆိုတာ အဓိပ္ပာယ် မရှိဘူး၊ မြင့်မိုကို အခုပဲ ခိုးပြေးလိုက်ရမလား….ပြော၊ မနက်ဖြန်ကြရင် တရားရုံမှာ သွားလက်ထပ်ပြီး လက်ထပ်စာချုပ်နဲ့ ဒီကိုပြန်လာပြမယ်၊ ဘယ်လိုလဲ”
ကောင်းပုံစံက အောင့်သက်သက်နှင့် မခံချိမခံသာ ဖြစ်သွားပုံပါ။
မြင့်မို ကတော့ မိန်းကလေးပီပီ သူ့လို အလွယ်လေး မတွေးနိုင်ပါ….။ ဖူးစာကံရဲ့ အတိမ်အနက်နှင့် လျှို့ဝှက်ဆန်း ကြည်မှု တွေ ကို ယုံကြည်သည်။
ဒါဟာ ရှေးရှေးဘဝက အတူတူပြုခဲ့သော ကောင်းမှု ကံ ရေစက်တွေ နှင့် သက်ဆိုင်သည်။
ဘဝအဖော်ဆိုတာ ကိုယ့်စိတ်ကြိုက် ရွေးခွင့်ရှိတဲ့အရာလို့ မြင့်မို မထင်ပါ။ ရှေးဘဝက အနှစ် တစ်ရာလောက် အတူတူနေခဲ့ဖူးတဲ့ ရေစက်မျိုးရှိမှသာ ဒီဘဝမှာ တစ်အိပ်ရာထဲ အတူအိပ်စက်ခွင့်ရတာ တဲ့……။
တရုတ်အဆိုအမိန့်တစ်ခု မြင့်မို ဖတ်ဖူးတာ မှတ်မိနေ၏ ။
“ကောင်း” ဟာ သူမနှင့် မဆုံနိုင်ဘူးဆိုတာ တကယ်တော့ ကံအကျိုးပေးနည်းသေးလို့ ဖြစ်မှာ ။
မြင့်မိုက အကြောင်းအရာတစ်ခုခုကို နက်နက်နဲနဲ တွေးတောတတ် သူမို့ အပြန်လမ်းခရီးမှာ ထိုအကြောင်းကိုသာ တွေးနေမိသည်။
ကောင်းပြောသလို စိတ်လိုက်မာန်ပါ ခု ချက်ချင်း ခိုးရာ လိုက်ပြေးဖို့ဆိုတာလည်း မ ဖြစ်နိုင်။
ရေး ထားတဲ့ နဖူးစာကံကို မြင့်မို ဒီလိုလည်း မစမ်းသပ်ရဲပါ။ ကိုယ့်ဘဝကို ပစ်စလက်ခတ် မလုပ်နိုင်ပါ။
အပျိုစင်လေး တစ်ယောက် ရဲ့ ဂုဏ်သိက္ခာဆိုတာ အရေး ကြီးတဲ့အရာပဲ မဟုတ်လား…။
“မြင့်မို မလိုက်ရဲဘူး မဟုတ်လား”
သူက သရော်သလို အပြုံးနှင့် မေးသည်။
“ကောင်းတော့ လက်မလျှော့ပါဘူး၊ မြင့်မိုကို ရအောင် လက်ထပ်မှာ ပါ။ ကောင်းရဲ့ စကားကို ယုံရဲ့ လားဟင်”
ခေါင်းလေးသာ ညိတ်ပြရသော်လည်း ကံတရားကိုဖြင့် မယုံနိုင်ပါ။
“ခုန သူပြောတဲ့ စကားတွေ မေ့လိုက်တော့၊ အယူမသီး စမ်းပါနဲ့ကွာ”
“မြင့်မိုပြောသားပဲ၊ ညနေစောင်း နေဝင်ချိန်ကြီးမှာ သွားမေးရင် ကောင်းတာတွေ ဟောလို့မရ ပါဘူးဆိုတာ”
“ဟောဗျာ….ခင်ဗျားလေးပဲ ဒီနေ့ မေးကိုမေးရမှဆို”
“မြင့်မို လောသွားတယ်၊ ဟုတ်တယ်….”
“ထားလိုက်စမ်းပါကွာ“
“ကောင်း….”
“ပြောလေ”
“မြင့်မိုကို မတွေ့ ရရင် မေ့နေမှာ လား”
“မေ့လို့ ရပါ့မလား၊ ဒီလောက်လှတဲ့ ကောင်းမလေးကို “
“အို….လှတာ မလှတာနဲ့ မဆိုင်ပါဘူး၊ မြင့်မိုမေးတာ ရင်ထဲက အချစ်အကြာင်းပါ”
“အဟား….အချစ်အကြောင်းလား၊ ဒါက ပါးစပ်က ပြောရင် ဘယ်လိုမှ မပြည့်စုံဘူး….သိလား၊ သက်သေပြမှ ဖြစ်မှာ ”
ပါးပြင်လေးကို တို့ထိကာ အဓိပ္ပာယ် တစ်မျိုးလေးနှင့် ရယ်လိုက်တဲ့ ကောင်းကို သူမက မျက်စောင်းရွယ်မိရင်းက…..။
“သွား…. ”
ဟု တွန်းပစ်လိုက်သည်။
ချစ်သူနှစ် ဦးရဲ့ ရယ်သံချိုမြမြက လေထဲသို့ လွင့်ပျံ့သွားသည်။
နေမိုးဆိုင်သည် သူ၏ မာ့ခ်တူး အဖြူရောင် သန့်သန့် လေးကို ခပ်ဖြေးဖြေး မောင်းရင်း ဘုရားကြီးဝင်းထဲသို့ ချိုးကွေ့ဝင်လိုက်သည်။
သူအိမ်ကို တန်းမပြန်ချင်သေး. . .။
သူနေခဲ့တဲ့ မြို့လေး ကတော့ ယခင်ကထက်ပင် သာယာစည်ကား နေသည်။
ဘုရားဖူးယာဉ်များ လည်း ဘုရားဝင်းအတွင်း အများ ကြီး ရပ်ထားသည်။
သူသည် ကားကို ပါကင်ဝင်လိုက်ကာ သော့ ချပြီး နောက်ကောင်းကင်ပြာကြီးကို တစ်ချက်ငေးမော ကြည့်မိသည်။
လေးပြေ အေးအေးလေးက တငြိမ့်ငြိမ့် တိုက်ခတ်နေသည်။
သူဘုရားဖူးရန် စိတ်ကူးနှင့် စင်္ကြံလမ်းလေး အတိုင်းလျှောက်လာခဲ့၏ ။
လမ်းကလေးမှာ ရေညှိတို့ ရှိနေသဖြင့် မန္တလေးဖိနပ်နှင့် သတိထားလျှောက်ရသည်။
လှေကားပေါ် တက်ခါနီး မှ ဖိနပ်ကို ကားထဲ ချွတ်ထားခဲ့ ရမှာ ပါလားဟု မိုးဆိုင် သတိရသည်။
သူ့ရှေ့မှာ ဘုရားဖူးတစ်ချို့ လျှောက်သွားနေကြ၏ ။
ပေါင်လယ်ခန့်ရှိမယ့် ဆံပင်တစ်အုံ တစ်ထွေးကြီးကို စည်းနှောင်ထားသော ရှေ့က မိန်းကလေးရဲ့ နောက်ပိုင်းကို ကြည့်မိလျှင် မိုးဆိုင် ရုတ်တရက် “ချမ်းဝေ”ကို သတိရသွားမိသည်။ နောက်ပိုင်း ကောက်ကြောင်းလေးက အတော် တူသည်။
ကချင်ရိုးရာဆင်ကို မင်းဂွတ်ရောင် ဝတ်စုံလေးနှင့် ဆတ်တောက်တောက်လေး လျှောက်နေဟန်က သူ့ရဲ့ ချမ်းဝေအတိုင်း ပါပဲ။
မိုးဆိုင်း စိတ်ထဲမှာ လှုပ်ရှားလာရ၏ ။
ယခင်က အကြောင်းအရာများ သည် သူ့ရင်ထဲမှာ လေးလံနေသည်။
အတွေးများ သည် သူ့အား ဖိစီးနှိပ်စက်နေသည် မဟုတ်လား။
ကြည့်နေရင်းပင် ရှေ့က ကောင်မလေး အမှတ်မထင် ချော်လဲသွား၏ ။
“အမေ့ . . .”
ထိုင်ရက် ဘုန်းခနဲ ပစ်ကျသွားတော့တယ်။
“ဟောဗျာ. . .”
မိုးဆိုင် ဘာမှမစဉ်းစားဘဲ ထိုမိန်းကလေးကို အပြေးအလွှား သွားပြီး ထူမလိုက်၏ ။
“ဟာ . . . မင်း . . . မင်း . . .”
သူ့အား ရှက်စနိုးကြည့်လိုက်သော မိန်းကလေး၏ မျက်နှာကို နီးကပ်စွာ မြင်ရလျှင် မိုးဆိုင် ကြက်သေ သေကာ အံ့သြသွားမိသည်။
“ချမ်းဝေ . . .”
သူအသံမထွက်ဘဲ ရေရွှတ်မိသည်။
ကောင်းမလေးက သူ့အမူအရာကို တအံ့အသြ ကြည့်နေသည်။
ပြီးမှ စုတ်သက်ကာ တစ်ချက်ညည်းရင်း . . .
“ကျေးဇူးပါပဲ . . . ကျွန်မ ခြေထောက်နာသွားပြီ . . . အားကျွတ် . . .ကျွတ်”
သူမ၏ လုံချည်မှာ လည်း ရေညှိတွေ ပေကျံသွားသည်။
မိုးဆိုင်း စကားမဆိုနိုင်ဘဲ ငြိမ်သက်နေသည်။
ဒါ ချမ်းဝေ မဟုတ်မှန်းတော့ သူသေချာသိနေသည်။
သို့သော် ချမ်းဝေနှင့် တစ်ထေရာတည်း တူနေ၏ ။
လောကကြီးမှာ မရှိတော့ပြီ ဖြစ်သော ငြိမ်းချမ်းဝေ နှင့် ယခု သူ့ရှေ့မှ မိန်းကလေးဟာ ဘာကြောင့် ဒီလောက်တူ နေရပါလိမ့်။
မိုးဆိုင်း မစဉ်းစားတတ်တော့။
“မင်း . . .ဘယ်သူလဲ”
“ရှင် . . . ”
ခပ်တင်းတင်း မေးခွန်းကြောင့် နာကျင်မှု နှင့် ရှုံ့မဲနေသော မြင့်မိုက ထိုလူကြီးကို ဖျတ်ခနဲ မော့ကြည့်မိသည်။
ရင်းနှီးသလို ကြည့်နေသော မျက်လုံးတွေ ကြောင့် မြင့်မို ရင်ထဲမှာ လှိုင်းထန်သွားရသည်။
ချမ်းဝေနှင့် တူလှသော ကောင်းမလေး။ သူနှင့် ချမ်းဝေ စတင်တွေ့ သည့် အချိန်မှာ ချမ်းဝေက သည်အရွယ်၊ သည်ပုံပါပဲ။
အတိတ်ကို မေ့ထားချင်သော်လည်း မမေ့နိုင်အောင် ဖြစ်နေသည့် အထဲမှာ ခုတစ်ခါ ချမ်းဝေနှင့် တူသော ကောင်မလေး တစ်ယောက် တွေ့ ပြန်ပြီ။
စိတ်တွေ မတည်ငြိမ်စွာ ဖြင့် သူမမျက်ဝန်းထဲ မလွှဲဖယ်ဘဲ ကြည့်နေမိသည်။
အခုန ထူမလိုက်စဉ် သူမရဲ့ ကိုယ်ငွေ့နွေးနွေးလေးနှင့် အငွေ့အသက်၊ ကိုယ်သင်းနံ့လေးပင် ချမ်းဝေအတိုင်းပါပဲ။
“ဘယ်မှာ နေတာလဲ ၊ အဖော်မပါဘူးလား”
“ကျွန်မ ဒီစောင်းတန်းက ပန်းဆိုင်ကို ခဏလာတာပါ”
“သြော် . . .”
ကောင်မလေးက ခြေထောက် အတော် နာသွားပုံရသည်။
ဟန်မဆောင်နိုင်ဘဲ လမ်းနံဘေးက အုတ်ဘောင်လေး ပေါ် ပြန်ထိုင်ချသည်။ မြင့်မိုကိုယ်မြင့်မို သိသည်။
ခြေထောက်က ထောက်လိုက်တာနှင့် နာသည်။ ရုတ်က ရက်ဘယ်လိုကြောင့် ချော်လဲသွား ရမှန်း မသိတော့ပါဘူး။
“မင်းမလျှောက်နိုင်တော့ဘူးလား”
“ဟုတ်တယ် . . . မရတော့ဘူး၊ လှေကားလည်း တတ်နိုင်မှာ မဟုတ်ဘူး၊ကျွန်မ အိပ်ပြန်မှပဲ ရမယ်၊ ကျေးဇူးပြုပြီး ကျွန်မကို မြင်းလှည်း တစ်စီးလောက်ငှားပေးပါလား”
မျက်လုံးဝိုင်းဝိုင်းကြီးတွေ နှင့် မော့ကြည့် အကူအညီ တောင်းပုံလေးက ကြင်နာချင်စရာ။
စကားပြောပုံ အမူအရာလေးက သိမ်မွေ့သလို စကားသံကလည်း ချိုအေးနေသည်။ သို့သော် မသိမသာလေး စကားဝဲချင်၏ ။
သူမ ဘယ်ကပါလိမ့်။
“ကူညီပေးလို့ရမလားရှင် . . . ”
“သြော် . . .ခင်ဗျာ . . . ရပါတယ်”
နေမိုးဆိုင်ရင်ထဲ ဘယ်လိုကြီး ဖြစ်နေရမှန်း မသိပါ။
သည်ကောင်းမလေးကြောင့် နေ့လည်ခင်းမှာ တစ္တေခြောက်ခံရသူ လို ဖြစ်နေသည်။
သူအယောင်ယောင် အမှားမှား နှင့် ပင် ကောင်းမလေး စကားအတိုင်း မြင်းလှည်း တစ်စီးငှားပေးလိုက်သည်။
“အစ်ကို ဘယ်သွားမှာ လဲ”
“မသိဘူး . . .သူ့ကိုမေး”
“ခင်ဗျာ . . .”
“ငါ ငှားတာ မဟုတ်ဘူး၊ ချော်လဲသွားတဲ့ မိန်းကလေး တစ်ယောက် ကို ငှားပေးတာ”
မိုးဆိုင်က မြင်းလှည်းကို ဘုရားဝင်းထဲက စင်္ကြံ နားထိခေါ်ခဲ့သည်။
“သူပဲ . . .”
မြင်မိုက ခုမှ ထ,ရပ်ဖို့ကြိုးစားသည်။
သူမကောင်းကောင်း မရပ်နိုင်သဖြင့် မိုးဆိုင်က သွားကူတွဲ ရသည်။
သူသည် အခုထိ အံ့အားသင့်နေမိဆဲ။
“အစ်မကို ဘယ်ပို့ပေးရမလဲ”
“ဒီ သစ်တောရပ်ကွက်တင်ပဲ၊ မြင့်မိုရွှေမြိုင်ခြံကို သွားမယ်“
“မြင့်မိုရွှေမြိုင် . . .ဟုတ်လား . . .အဲဒါ ဘယ်နားမှာ လဲ”
မြင်းလှည်းဆရာလေးက ပြန်မေး၏ ။
“သြော် . . .အင်ကြင်းတည်းခိုခန်းကို သိတယ်မဟုတ်လား၊ အဲဒီ အင်ကြင်နားပဲရှင် . . .မဝေးပါဘူး”
“ဟုတ်ကဲ့ . . .တက်ပါအစ်မ”
မိုးဆိုင်ပဲ လက်ကလေးတွဲ ပြီး တင်ပေးရပြန်သည်။
သူ မျက်မှော င်လည်း ကုတ်မိသည်။
မြင့်မိုရွှေမြိုင်ခြံတဲ့ . . . ။
သူ မသိပါလား။ အရင်က မကြားဘူးပါလား။
ဒါခြံအသစ်လား . . .။
သူတို့ရဲ့ အင်ကြင်းနားမှာ ပဲတဲ့။
ပြန်ရောက်တာ ရက်ပိုင်းပဲရှိသေးတော့ မိုးဆိုင် ပတ်ဝန်းကျင်ကို လျှောက်မကြည့်ရသေးပါ။
သူပဲလေ့လာမှု ညံ့လို့လား . . .။
ထိုကောင်မလေးကိုရော၊ ကောင်မလေး ပြောသွားတဲ့ လိပ်စာကိုရော သူမသိသေးတာ အမှန်ပါ။
ထူးတော့ ထူးဆန်းသည်။
ချမ်းဝေ သူနားကို ပြန်ရောက်လာသလို ခံစားချက်သည် မိုးဆိုင်အတွက် မယုံနိုင်အောင် ဆန်းကြယ်သော အ ဖြစ်အပျက်ပါပဲ . . .။
အခန်း (၂)
နေမိုးဆိုင်သည် မျက်နှာကို မျက်နှာသုတ်ပဝါ အဖြူနှင့် ပွတ်သုတ်ရင်းက သူ့ရှေ့ ခပ်လှမ်းလှမ်းမှ မြင်ကွင်းကို တအံ့တသြ လှမ်းကြည့်လိုက်မိသည်။
“ဟာ . . . သူ . . .သူ . . .ချမ်းဝေ၊ မဟုတ်သေးဘူး၊ ဒါ ဟိုကောင်မလေး”
တစ်ယောက် ထဲ ရေရွတ်ရင်း မျက်စိတွေ ပင် မှားသွားရသည်။
လွန်ခဲ့သော ဆယ်နှစ် ခန့်က မြင်ကွင်းအတိုင်းပါပဲလား။
ကျစ်ဆံမြီးလေး နှစ် ဖက်ကို တစ်ချောင်းနှင့် တစ်ချောင်း တစ်လက်မပင် မကွာအောင် ပူးပူးကပ်အတွဲ လိုက်လေး ချထားပြီး ကြိုးစလေးတွေ ရောကျစ်ထားပုံဟာ ချမ်းဝေစ တိုင်လ်အတိုင်း ပါပဲ။
ဝတ်ထားတဲ့ လိမ္မော်နုရောင် ရင်ဖုံးအင်္ကျီလေးကရော စကဒ်ရှည်ရှည် လိမ္မော်နုလေးကရော၊ ဒီအဝတ်အစားမျိုး ချမ်းဝေ ဝတ်ခဲ့ဖူးတာ မိုးဆိုင် ပြန်အမှတ်ရမိသည်။
သူမသည် ခြေလှမ်းမှန်မှန်လေးဖြင့် သွယ်ပျောင်းနွဲ့ နှောင်းသော သဏ္ဌာန်လေးဖြင့် ငြင်ငြင်သာသာ လှုပ်လိလှုပ်လဲ့လေး လျှောက်တတ်ပုံကအစ ချမ်းဝေအတိုင်းပါပဲလား . . .
သူကြောင်နေဆဲမှာ ပဲ “ရောင် နီသစ်” ဘော်ဒါဆောင် ဝင်းတံခါးမှတစ်ဆင့် ထိုခြံဝင်းထဲသို့ ဝင်သွားသည်။
ဟောဗျာ . . .ဒီကောင်မလေးကလည်း ရောင် နီသစ်က ပဲလား။
ထိုဘော်ဒါဆောင်ကို ချမ်းဝေနှင့် သူမသူငယ်ချင်း ပင်ကီတို့ ထူထောင်ခဲ့တာပါ။ မူလက စာသင်ဝိုင်းလေး . . . ။ ထိုမှ နံမည် ရသော ဘော်ဒါဆောင် ဖြစ်လာတာ။
သူတို့မြို့မှာ ရောင် နီသစ်က နံမည် ရနေပြီ။
တိုက်ဆိုင်မှု တွေ က အံ့မခန်းစရာပါလား။
ဟိုနေ့က ဘုရားကြီးမှာ သူမနှင့် မထင်မှတ်ဘဲ တွေ့ ဆုံခဲ့ရပြီး ဒီနေ့မနက်ကျတော့လည်း သူမက မိုးဆိုင်မြင်ကွင်းထဲ သူ့ဘာသာ ရောက်လာခဲ့တာ။
သူမ ဘယ်သူလဲ . . .။
ချမ်းဝေနှင့် ဘာတော် သလဲ။
မိုးဆိုင် မျက်မှော င်ကုတ်ကုတ် နှင့် တွေးကြည့်မိသည်။
ထိုမိန်းကလေးကို ကြည့်ရတာ အသက်နှစ် ဆယ်ကျော်ရုံမျှလောက်သာ ရှိမည် ။
ဟိုတုန်းက ချမ်းဝေအရွယ်ပါပဲ . . .။
သို့သော် ဘာပဲ ဖြစ် ဖြစ် ထိုကောင်မလေးကို သူမမြင်ချင်။ မြင်တာနှင့် နှလုံးသားက ဒဏ်ရာက ပြန်ပေါ်လာသည်။ အနာဟောင်းကို ပြန်ထိုးဆွ သလို ခံစားရသည်။
အသက်ရှူမြန်ဆန်ပြီး ရင်ထဲမှာ မွန်းကျပ်လာသည်။
မောင့်ကို ခွင့်လွှတ်ပါ ချမ်းဝေရယ် . . .။
ရောက်ရာဘုံဘဝကနေ နားလည်ခွင့်လွှတ်ပေးပါ။
မချိမဆန့် ခံစားရင်း မိုးဆိုင်ရင်ထဲက တောင်းပန်နေမိသည်။
ငြိမ်းချမ်းဝေဆိုတဲ့ ကျူရှင်ဆရာမ လေးဟာ နေမိုးဆိုင်ရဲ့ တစ်ဦးတည်းသော ချစ်ဦးသူလေးပါ။
သူတို့နှစ် ယောက် သိပ်ချစ်ခဲ့ကြသည်။
မခွဲနိုင်မခွာနိုင်အောင်လည်း စွဲလမ်းတွယ်ငြိခဲ့ကြသည်။
ဒါပေမယ့် . . .အခုတော့လည်း . . . ။
“သားရေ . . . မိုးဆိုင် . . .”
“ဗျာ . . .ကြီးခ . . . ”
ကြီးကြီးခ ခေါ်သံကြားမှာ ဒီဖက်ကို သူလှည့်ကြည့်မိသည်။
“လက်ဖက်ရည် သောက်ရအောင်လေ”
မနက်လင်းတာနှင့် အိမ်မှာ လက်ဖက်ခြောက်နံ့လေးက သင်းနေသည်။
မိုးဆိုင်က ကော်ဖီမကြိုက်၊ လက်ဖက်ရည်ပဲ ကြိုက်သည်။ ရန်ကုန်က ပို့ပေးသော လက်ရွေးစင် လက်ဖက်ခြောက်ဖြင့် ဖျော်ထားသော လက်ဖက်ရည်ရနံ့မွှေးမွှေးက သူ့ကို ဆွဲဆောင်နိုင်သည်။
“ပလာတာလည်း ရပြီ သား . . . ”
“ဟုတ်ကဲ့”
မိုးဆိုင်က ထမင်းစားပွဲရှိရာ လျှောက်လာသည်။
သူတို့အိမ်မှာ ဟိုးအရင်ကတည်းက ဒီထမင်းစာပွဲဝိုင်းကြီး ရှိတာ။ မိသားစု သိုက်သိုက်ဝန်းဝန်း နှင့် စိတ်ဝမ်းမကွဲရအောင် ထမင်းစားပွဲဝိုင်းသာ သုံးသင့်သည် ဆိုသည့် မေမေ့ရဲ့ အဆိုစကားနှင့် ဝယ်ထားတဲ့ ကျွန်းစားပွဲကြီးပါ . . .။
အရာရာဟာ နှောင်းအတိတ်ကို အောက်မေ့သတိရစရာတွေ ဖြစ်နေသည်။
မိုးဆိုင်မိခင် ဒေါ်ခင်သန္တာကလည်း မိုးဆိုင်လိုပဲ လက်ဖက်ရည် ကြိုက်သည်။
အခုတော့ သူ့မိခင်ကြီးလည်း မရှိတော့ပါ။
“ပူတုန်းလေး စားလိုက်ကွဲ့ . . .”
ကြီးကြီးခက သူ့အတွက် ပလာတာ ကြွပ်အိအိလေးတွေ ကပ်ကြေးနှင့် အသင့်ညှပ်ထားပြီး ပန်းကန်လုံးထဲ ထည့်ပေးသည်။
မနေ့က သူပလာတာ စားချင်တယ်ပြောသဖြင့် ဂျုံဝယ်ပြီး ကြီးခကိုယ်တိုင် ရိုက်ပေးတဲ့ပလာတာပါ။
ကြက်သားဟင်း ဆီပြန်နှင့် စားရတာ အလွန်စားကောင်းသည်။
ကရားထဲက လက်ဖက်ရည်ကို ကြွေပန်းကန် လုံးထဲ ငှဲ့ ထည့်လိုက်သည်။
“ကြီးခ”
“ဟေး . . . ”
“ဒီနားမှာ “မြင့်မိုရွှေမြိုင်” ခြံဆိုတာ ဘယ်ဟာလဲ၊ လူသစ်တွေ လား”
ကြီးခ မျက်နှာကွက်ခနဲ ပျက်သွား၏ ။
“ခြံ ကတော့ အဟောင်းပါ၊ လူက လူသစ်တွေ ဆိုပါတော့”
ဖြေပြီးတာနှင့် လှည့်ဝင်သွားသဖြင့် ထပ်မေးဖို့ ပြင်ထားသော မိုးဆိုင်း နှုတ်ခမ်းက စေ့ပိတ်သွားရသည်။
ကြီးကြီးခဆိုတာ သူမွေးကင်းစကတည်းက ခေါ်ထားသော အိမ်ထိန်းအမျိုးသမီးကြီးပါ။
အစားအသောက်ကအစ သူဘာကြိုက်တတ်တယ်ဆို တာသိသလို သူနှင့် ချမ်းဝေတို့ရဲ့ အချစ်ဇာတ်လမ်းကို လည်း ကောင်းကောင်းသိထားခဲ့သူ မဟုတ်လား။
မိုးဆိုင်သည် သူ တွေ့ ခဲ့သော ချမ်းဝေကိုယ်ပွား ကောင်းမလေးအကြောင်း မေးမြန်းကြည့်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မမေး ဖြစ်ခဲ့ပေ။
“ဟယ် . . .သူလေးက ဘယ်သူလဲ ၊ ချမ်းဝေနဲ့ တူလှ ချည်လား . . . ၊ ရင်ထဲမှာ တစ်မျိုးကြီးတောင် ဖြစ်သွားတယ်”
ဘော်ဒါဆောင်ရုံခန်းထဲ လှမ်းဝင်လိုက်တာနှင့် ဆရာမ တစ်ဦးက သူမပခုံးကို အပြေးလေး လာဆုပ်ကိုင်ရင်း မမသဇင် ကိုမေးလိုက်ပါသည်။
“သူက ချမ်းဝေတူမပဲလေ၊ အခုမှ ရှမ်းပြည်နယ် ကနေရောက်လာတာ၊ သူလည်း ဒီမှာ ဆရာမ ဝင်လုပ်မှာ ပဲ၊ ဘောဂ ဗေဒ သင်မှာ . . .”
“သြော် . . . ဒါဖြင့် အတော် ပဲပေါ့၊ ကျူပ်တူလည်း ဝိဇ္ဇာတွဲ ဥစ္စာ၊ ကျော်ဇော ဆရာမ ဖြစ်လာမှာ ပေါ့”
ထိုဆရာမ က ဝမ်းပန်းတသာပင် သူမအား ခြေဆုံးခေါင်းဆုံး ကြည့်သည်။
ဒေါ်လေးချမ်းနှင့် မြင့်မိုဟာ ဒီလောက်ပဲ တူသလား။ တွေ့ လိုက်တဲ့သူ တွေ က တအံ့တသြ။
ဟိုတစ်ရက်က ဘုရားမှာ ချော်လဲတုန်းက သူမကို ပွေ့ထူးရင်း အံ့အားသင့်သွားသော ထိုလူကြီး၏ မျက်လုံးများ ကို မြင်မို ရုတ်တရက် ပြန်သတိရလာမိသည်။
ရင်းနှီးနွေးထွေးလှစွာ နက်ရှိုင်းသက်ဝင်လှသော မျက်လုံးတွေ ပါ။
“ညီမလေးက ချမ်းဝေနဲ့ တကယ်ခွဲမရအောင် တူတာပဲ”
“ဖေဖေကလည်း ဒေါ်လေးနဲ့ ရုပ်ချင်းတူတယ်လို့တော့ ပြောပါတယ်”
သူမဟာ တကယ်ပဲ ဒေါ်လေးချမ်းနှင့် ချွတ်စွတ်ကျအောင် တူနေတာလား။
အခုတလော ပြောတဲ့သူ နှစ် ဦး , သုံးဦး ရှိပြီ။
“ဒါနဲ့နေပါဦး . . .မြင့်မို ချော်လဲပြီး ခြေထောက်နာနေ တယ်ဆို၊ အခု သက်သာသွားပြီ လား . . .”
“ဟုတ်ကဲ့ . . . သက်သာသွားပြီ မမ၊ ဒေါ်ဇာကြီးက “တောင်ဆိတ်ဆီ” နဲ့ လိမ်းပြီး နှိပ်ပေးတာ တော် တော် ကောင်းသွားတယ်၊ ဒီမနက် ကောင်းကောင်း လျှောက်လို့ရပြီဆိုပြီး မြင့်မို ထွက်လာခဲ့တာ . . .”
“ဟုတ်လား . . .”
မြင့်မိုက ဒီနှစ် မှ အီကိုဖိုင်နယ် ဖြေခဲ့တာပါ။
ဒီရောက်တော့ မမသဇင်က သူ့အဆောင်မှာ စာသင်ပြပေးဖို့ ဖိတ်ခေါ်တာမို့ မြင့်မိုလည်း လောလောဆယ် ဘာအလုပ်မှ မရှိသေးသဖြင့် ဝင်သင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။
စာသင်ရတာ ကို ဝါသနာပါသည်။
ကိုးတန်း၊ ဆယ်တန်းတွေ ကို အီကို နိုင်နိုင် နင်းနင်း သင်ကြားပေးနိုင်ပါသည်။ သူ့ကိုယ်သူ မြင့်မိုယုံကြည်သည်။
“မြင့်မို . . .လာထိုင်ဦး၊ အဲဒီ ထောင့်က မြင့်မိုစားပွဲပဲ၊ ဒီနေ့တော့ စာ စ,မ သင်သေးဘဲ မိတ်ဆက်တဲ့ သဘောမျိုး အင်ထရို ဝင်လိုက်ပေါ့”
“ဟုတ်ကဲ့ပါ မမသဇင်၊ မြင့်မိုလည်း စာတွေ ပြန်ဖတ်ထားရ ဦးမှာ ပါ . . . ”
ဆရာမ လုပ်ပြီး စာသင်ရတော့မှာ ရင်ခုန်ကြည်မွေ့ စိတ်လှုပ်ရှား စရာလေးပါ။
သူမအတွက်တော့ အတွေ့ အကြုံ သစ် ဖြစ်တာမို့ လက်ဖျားလေးတွေ နည်းနည်း အေးချင်သားပဲ။
“ကောင်း” တော့သူမ ဆရာမ လုပ်ပြီး စာသင်နေတာ တွေ့ ရင် ရယ်ချင်မလား . . .။
ချစ်သူ ဖြစ်သူ ကောင်းဆက်နိုင်ကို မြင့်မိုသတိရသွားမိသည်။
သူမရဲ့ ဘဝမှာ တခြားဘယ်သူမှလည်း မရှိဘူးလေ။
ဒေါ်လေး ထားရစ်ခဲ့တဲ့ ခြံမှာ မလွှားမရှောင်သာ လာရောက်နေထိုင် အခြေချရပေမယ့် မြင်မိုဒီမှာ နေသားမကျသေးပါ။
ကောင်းကို လိပ်စာပေးခဲ့ပေမယ့် ကောင်းက ဘယ်တော့ ရောက်လာမည် မှန်း မသိသေး….။
သို့ သော် ကောင်းရင်ထဲမှာ လည်း မြင့်မိုရှိနေမယ်၊ သတိ ရနေမယ်ဆိုတာ ယုံကြည်သည်။
ရှမ်းပြည်နယ်ကို အလည်လာရင်း ကောင်းနှင့် သူမ မထင်မှတ်ဘဲ တွေ့ ဆုံသိကျွမ်းရင်း နောက်တော့ သိပ်မကြာခင် ချစ်သူတွေ ဖြစ်သွားကြတာ ပြန်တွေးကြည့်လိုက် တိုင်းဆန်း ကျယ်သော အ ဖြစ်အပျက်လို ခံစားရသည်။
ရင်ဖို စိတ်လှုပ်ရှားစရာလည်း ကောင်းသည်။
မြင်မိုသည် သူမအတွက် သတ်မှတ်ထားသည့် စားပွဲမှာ ထိုင်ရင်း ပြတင်းပေါက်ကနေ အပြင်သို့ ငေးကာ ကောင်းဆက် အကြောင်းလေးတွေ ကို တွေးနေမိသည်။
မြင့်မိုသည် ဟိုနေ့က ကူညီခဲ့သော ခပ်ချောချော လူကြီးကို အင်ကြင်းတည်း ခိုရိပ်သာ တံခါးဝမှာ လှမ်းတွေ့ ရသဖြင့် တအံ့တသြ မျက်လုံးလေး ဝိုင်းသွားရသည်။
စတိုလ်ဘောင်းဘီ အဖြူနှင့် ရှပ်အင်္ကျီပြာ ဖျော့ဖျော့လေးနှင့် မိုပ လူပင်မှားပြီး သေချာကြည့်ရသေးသည်။
ဟိုအစ်ကိုကြီးပါ. . . .။
ဘာမှ မစဉ်းစားဘဲ မြင့်မို အပြေးကလေး ထိုလူနားသို့ လျှောက်သွား လိုက်သည်။ အနားရောက်တော့ သူမ စေ့စေ့ ကြည့်ပြီး . . .။
သူမကို မပြုံးမရယ်ဘဲ ”ဘာလဲ”ဟု ဆို၏ ။
“ရှင် . . .”
“ဘာကိစ္စရှိလို့လဲ ၊ မေးနေတာ မကြားဘူးလား”
ခပ်မာမာ ပုံစံကို မြင်မို အံ့သြစွာ မော့ကြည့်မိ၏ ။
ဘာသဘောလဲ ၊ ဆက်ဆံရေး ကလည်း ကျဲလှချည်လား ဟိုအရင် တစ်ခါလို မနွေးထွေး။
အမှန်တော့ အင်ကြင်းတည်ခိုရိပ်သာ ဆိုတာ မည် သူမဆို လာခွင့်ရှိတဲ့ နေရာမျိုးပါ . . . ။ သူ့ဆီကြိုးပုံက ဒေါသတစ်ခုနှင့် စိတ်လှုပ်ရှား မှု ပါဝင်သည်။
မြင်မိုဘာများ လုပ်မိပါလိမ့်။ သူ့ကို ကျေးဇူးပင် တင်နေတာပါ။
“မြင့်မို ကိုကြီးကို လှမ်းတွေ့ လိုက်လို့ ဝင်လာတာပါ။ ဟိုနေ့တုန်းက ကျေးဇူးတင်စကား တောင် သေချာ မပြောလိုက်ရဘူး၊ ကိုကြီးက အင်ကြင်းမှာ တည်းနေတာလား၊ ဒီမြို့က မဟုတ်ဘူးလား . . .”
ပြုံးလဲ့လဲ့လေး ဆိုလိုက်ပုံကြောင့် မိုးဆိုင် မျက်နှာကြော လျော့သွားရသည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး၊ မင်းနဲ့ငါရဲ့ မသိခဲ့ဘူးလို့ သဘောထားလိုက်၊ နောက်ကို ဘယ်တော့မှ အင်ကြင်းကို မလာနဲ့ . . .ကြာလား . . . ”
စကားအဆုံးမှာ သူချာခနဲ ဝင်သွားတော့သည်။
မြင့်မိုသည် မထင်မှတ်သော သူ့စကားနှင့် အပြုအမူကြောင့် မျက်နှာလေးနီးမြန်းကာ မယုံနိုင်အောင် ဖြစ်သွားသည်။
သည်လူ ဘယ်လို ဖြစ်တာလဲ . . . .။
မြင့်မိုကို မြင်တာနှင့် ပေါက်ကွဲမှု ဆန်ချင်သည်။
ဒါဘာကြောင့် လဲ . . . ။ သူ့မျက်နှာ . . . သူ့မျက်လုံးမှာ . . . .။
ကြေကွဲခြင်းနှင့် မှိုင်းဝေနေသည်။
တမ်းတခြင်းတွေ ရှိသလိုပင် . . .။
ဒေါသ ဖြစ်လွယ်ခြင်းတို့ကို မြင့်မို မြင်ရသည်။
စိတ်ဆိုးရမယ့်အစား နားမလည် နိုင်ခြင်းနှင့် ထိုလူကြီးအား မြင့်မို အထူးတလည် စိတ်ဝင်စား သွားရပါသည်။
သူမကိုဆို ကောင်ကလေးတွေ များ ရင်းနှီးပတ်သက် ချဉ်းကပ်ချင်လွန်းလို့ ပါ။
သူ့ကျတော့ မြင့်မိုကို နေရင်းထိုင်ရင်း ဘာကြောင့် မျက်မုန်းကျိုးသလို ဖြစ်နေရတာ လဲ။
![]() ဖန်ဆင်းတဲ့ဖူးစာ | ![]() နီးကပ်သောရင်ခွင် | ![]() အချစ်ပွင့်လေးများ နောက်တစ်ပွင့် |