အခန်း (၁)
စွမ်းသည် မယောင်မလည်ပုံစံလေးနှင့် ဘောင်းဘီအိတ်ထဲ လက်နှိုက်ရင်း အတွင်းဖက် မှန်ချပ်နောက်က ကျွန်းစားပွဲမှာ ရှိနေတတ်တဲ့ မမ တစ်ယောက် ကို မသိမသာ ရှာဖွေမိသည်။
သူရောက်လာလျှင် ထိုစားပွဲမှာ ထိုင်တတ်တဲ့ ဆံပင်ရှည်ရှည် ဖျောင့်ဖျောင့်နှင့် အင်မတန် ကဗျာဆန်တဲ့ မမဟာ လက်တော့ Laptop ကွန်ပျူတာလေးဖွင့်ကာ ဘာတွေ မှန်းမသိ တွက်ချက် နေတတ်သည်။
ပိုးသားလမျှင်တွေ လို ဆံနွယ်တွေ ကို အလယ်မကျ ဘေးမကျခွဲကာ ဒီအတိုင်း ဖားလျားချ ထားတတ်တဲ့သူ မရဲ့ မျက်နှာ ရှင်းရှင်းလေးဟာ ဘာကြောင့် မှန်းမသိ အလွန်ဆွဲဆောင်ဖမ်းစားနိုင် သည်။ ကြည့်လိုက်မိတာနှင့် အကြည့်မလွှဲချင်အောင် ညှို့ငင်နိုင်စွမ်းရှိသည်။
ထို့ကြောင့် စွမ်းသည် ဤဆိုင်က ကိတ်မုန့်၊ အီကလဲမုန့်တွေ ကို မကြာခဏ လာဝယ်လေ့ ရှိသလို သူမကိုလည်း စိတ်ဝင်တစား မသိမသာရှာဖွေလေ့ရှိသည်။
ဘာရယ်လို့ ပြောမပြတတ်ပေမယ့် လှမ်းမြင်လိုက်ရရင် ရင်ထဲကြည်နူး လှိုက်ဖိုသွားရတာ ကို သူသဘောကျသည်။
အရည်လဲ့ဖြာကျနေကာ တောက်ပကြည်လင်တဲ့ မျက်လုံးအကြည့်လေး တစ်ချက်လောက် ဝေ့ခနဲ ရောက်လာရင် သူ့နှလုံးသားတ၀ိုက်မှာ လှိုက်ခနဲ နွေးသွားတတ်သည်။
တစ်ခါတစ်ရံ သူငေးစိုက်ကြည့်နေတတ်တာကို သူမက ရိပ်မိသလို ဖျပ်ခနဲ ပြန်ကြည့်ပြီး လျှင် ဘာမှမထူးဆန်းသလို အသာအယာ အကြည့်ပြန်လွှဲ သွားတတ်သည်။
သို့ သော် သူ့ကို မှတ်မိနေလောက်သည်ဟု စွမ်းက ထင်သည်။
သူ့ကိုယ်သူ အထင်ကြီးတာလည်း ဖြစ်နိုင်ပါသည်။ အသားဖြူဖြူ ကိုယ်ဟန်မတ်မတ်နှင့် မျက်နှာချောချောမှာ မျက်ခုံးထူထူတန်းတန်းနှင့် နက်မှော င်စူးရှသော မျက်လုံးတွေ ကြောင့် စွမ်း ပုံစံက မော်ဒယ်ဘွိုင်း တစ်ယောက် လို ကြော့မတ်ရှင်းသန့်နေကာ မိန်းကလေးတွေ အလွယ်တကူ သတိပြုစေနိုင်တာ ကတော့ သေချာသည်။
စွမ်းကိုစွမ်းလည်း ယုံကြည်မှု ရှိသည်။
အနည်းဆုံးတော့ သူ့ကို သတိပြုမိမှာ ပါ။ အမှတ်တမဲ့ ဖြစ်နေမှာ မဟုတ်ပါဘူး။
သူမကို ထိုင်နေကျစားပွဲမှာ မတွေ့ ရသော အခါ ရင်ထဲလစ်ဟာကြီးနှင့် တစ်မျိုး ဖြစ်ရသည်။
အရသာ ထူးကဲလှသော ဤကိတ်မုန့်ဆိုင်ကလေးမှာ နှလုံးသားကို ထူးဆန်းစွာ ယစ်မူးစေ နိုင်သော မိန်းမလှလေး တစ်ယောက် လည်း ရှိနေသည်မှာ မလာမ ဖြစ်လာမိသော အကြောင်းအရင်း တစ်ခုကို ဖြစ်စေသည်။
စွမ်းသည် မုန့်ဗူးတွေ ကို ရွေးပြီးသွားပြီမို့ ကတ်ရှာမှာ ပိုက်ဆံရှင်းရတော့မှာ . . . .။
သူမကို တစ်ချက်ကလေးတောင် လှမ်းမကြည့်ရပဲ . . . မမြင်မတွေ့ ရပဲ လှည့်ပြန်သွားရမှာ နှမြောစရာကောင်းသည်ဟု သူထင်သည်။
ဒီနေ့အဖို့ရာ ဒီဆိုင်ကို နောက်တစ်ကြိမ်ဝင်လာ ဖြစ်တော့မှာ မဟုတ်။
မေမေတို့ အန်တီလေးတို့ကလည်း ကိတ်မုန့်တွေ ကို တစ်ရက်တည်းနှင့် ကုန်အောင်စားကြ မှာ မဟုတ်ဘူးလေ။
အနည်းဆုံး နောက်ထပ် တစ်ရက်ခြားပြီးလောက်မှသာ သူထပ်လာလို့ ဖြစ်မှာ ။ သို့ သော် မတွေ့ လျှင် သူမနက်ဖြန်လာမည် ။
သူငယ်ချင်း ဖြစ်သူ ကောင်းမြတ်ရဲ့ အဘွားကို မုန့်လက်ဆောင်သွားပေးရင် သဘောကျ တတ်တာမို့ သူ့မှာ ကုသိုလ်တောင် ရနိုင်သေးတာပဲ. . . .။
ဆုံးဖြတ်ချက်နှင့် ပိုက်ဆံအိတ်ကိုဖွင့်ကာ ကက်ရှာနား သူရပ်လိုက်သည်။
နောက်ဖက်ခန်းသို့ သမင်လည်ပြန် တစ်ချက်ထပ်ကြည့်မိသော အခါ. . . .
ဟာ. . . .။
ရင်ထဲမှာ ဒုတ်ခနဲမြည် အောင်ပင် ခုန်သွားရထိ. . . .။
ဆံပင်ရှည်ရှည်လေးနဲ့ နူးညံ့တဲ့ မမဟာ ဒီနေ့ခရမ်းရောင် လေးကို အထက်အောက် ဆင်တူ ၀တ်ထားသည်။
အသားပျော့ပျော့နှင့် အင်မတန်အသွေးလှပသော အထည်စ တစ်မျိုးကို ၀မ်းဆက်လေး ပုံကျကျ ၀တ်ထားတာမို့ သူမရဲ့ လှပကြော့ရှင်းတဲ့ ကောက်ကြောင်း နွဲ့နွဲ့လေးဟာ ရင်သပ်ရှုမော ဖြစ်ချင်စရာ . . . .။
မမက လက်ထဲက မိုဘိုင်လ်ဖုန်းလေးကို နားနှင့် ကပ်ကာ စကားပြောလက်စနှင့် ပဲ ဒီဖက်ကို လျှောက်လာနေတာမို့ စွမ်းတအားကြီး စိတ်လှုပ်ရှားသွားရပါသည်။
မမကို မမျှော်လင့်ပဲ အနီးကပ် တွေ့ ခွင့်ရတော့မည် ။
ဆလိုက်မှန်တံခါးလေးကို လက်တစ်ဖက်နှင့် ငြင်ငြင်သာသာတွန်းဖွင့်ပြီးနောက် မမက စွမ်း နံဘေးက အသာဖြတ်လျှောက်သွားသည်။
စွမ်းရင်ထဲ ဗြောင်းဆန်လျှက် အသက်ရှုတွေ ဘာတွေ မှားသွားရသည်။
သူ့မျက်ဝန်းတွေ ကလည်း ထိုမမ လျှောက်သွားရာ နောက် သတိလက်လွတ် ကပ်ငြိပါသွား ရလေသည်။
လှလိုက်တာဗျာ. . . .။
ချစ်စရာကောင်းလိုက်တာ. . . .။
ရွှေမှု န့်စားပြီး မွေးဖွားလာတာလား. . . .။
မမ ဘာကြောင့် ဒီလောက်ထိ ဆွဲဆောင်မှု ရှိရတာ လဲဗျာ။
သင်းပျံ့သော ကိုယ်သင်းရနံ့လေးတစ်ခုက သူ့ကို ကလူကျီစယ်လျှက် ကျန်ရစ်သည်။
ဖြစ်နိုင်ပါလျှင် သူပါနီးနီးကပ်ကပ်အတူလိုက်လျှောက်သွားချင်သည်။
အလိုလို လိုက်ပါသွားချင်မိတာပါ။
“ရှစ်ထောင့်ခြောက်ရာ ကျပါတယ်”
ကက်ရှာက ကောင်မလေးအသံပေါ်ထွက်လာမှ သူကမန်းကတန်း ဒီဖက်ပြန်လှည့်ကာ ရယ်ကျဲကျဲ လုပ်မိသည်။
သူအငမ်းထူနေမိတာကို ကောင်မလေးက ရိပ်မိသွားတဲ့မျက်နှာ။
သိသွားလည်း မတတ်နိုင်. . . .။
စွမ်းက စိတ်ဝင်စားမိပြီကိုးဗျာ. . . .။
“အဟဲ . . . .ဆောရီးနော်”
စွမ်းက တစ်ထောင်တန်ကိုးရွက်ကို ရေပေရင်းက ဆိုင်ရှေ့ဘက်သို့ ထပ်ကြည့်သည်။
ခရမ်းရောင် လေးနဲ့ မမက ဆိုင်ရှေ့ကားစတန်းထိ တန်းတန်းမတ်မတ် လျှောက် သွားပါ လား. . . .။
သူ့နားဖြတ်သွားတုန်းက ကြားလိုက်ရတဲ့စကားတစ်ခွန်းက
“စိတ်ချပါ အန်ကယ်လ်. . . .။ ကျွန်မ ထွက်စောင့်နေပါ့မယ်။ အခုပဲ ထွက်ပါပြီ” ဆိုတဲ့ စကားလေးပင်။
သူမ ဘယ်သူ့ကို ထွက်စောင့်တာလဲ. . . .။
စွမ်းသိချင်မိသည်။
မုန့်ဗူးတွေ ထည့်ထားတဲ့ ပလပ်စတစ်အိတ်ကို ကိုင်းကဆွဲလိုက်ရင်း သူထွက်ဖို့ ခြေလှမ်းပြင် စဉ်မှာ ပင် မမအနီးသို့ တက္ကစီတစ်စီး တုန့်ခနဲ လာရပ်သည်။
ကားစက်သပ်လိုက်တာနှင့် ကားပေါ်က မိန်းကလေး တစ်ယောက် က ဖျတ်ခနဲ ဆင်းလိုက် ၏ ။
ပြီးလျှင် ကားနောက်ခန်းထဲကနေ သားရေသေတ္တာအနီကွက်လေးတစ်လုံးနှင့် ကျောပိုး အိတ်ခပ်ရွယ်ရွယ် တစ်လုံးကို ဆွဲချသည်။
ထိုအချိန်မှ မမကလည်း ပျာပျာသလဲ အိတ်တွေ ကူဆွဲချပေး၏ ။
ကားပေါ်က ဆင်းလာတဲ့ ကောင်မလေးကို သေချာကြည့်ရင်း စွမ်းမျက်မှော င်ကုပ်သွားရ၏ ။
တူးစတက်ရေစိုကောက် အရောင် လက်လက်ကလေးနှင့် ဆံပင်ကပုံ ပြောင်းသွား ပေမဲ့ ထို မိန်းကလေးကို သူ ချက်ချင်း မှတ်မိသည်။
စွမ်းနှင့် အတူတူ ကွန်ပျူတာသင်တန်းတက်ခဲ့ဖူးတဲ့ ကောင်မလေးပဲ။
နေတာက ပဲခူးမှာ . . . .။
ရည်ရွယ်ချက်က နိုင်ငံခြားထွက် ပညာသင်ဖို့. . . .။
အခု ဒီကို ဘယ်လိုရောက်လာတာလဲ. . . .။
နေပါဦး . . . . သူမနာမည် က. . . .။
မက်မုံ. . . . ရွှေမက်မုံ. . . . ဟုတ်ပြီ။
မတွေ့ ရတာ သုံးနှစ် ကျော် လေးနှစ် ခန့် ရှိပြီဆိုပေမဲ့ သင်တန်းတက်တုန်းက ခင်မင်ရင်းနှီးခဲ့ တာပဲလေ. . . .။
စွမ်းက ဘာမှမစဉ်းစားတော့ပဲ ထိုတက္ကစီလေးနား ပြေးလွှားသွားလိုက်သည်။
“ဟေ့ . . . . မက်မုံ ဘယ်ကပြန်လာတာလဲ”
ရုတ်တရက်ထွက်ပေါ်လာသော စွမ်းရဲ့ အသံကြောင့် မက်မုံရော၊ ခရမ်းရောင် မမရော ပြိုင်တူ လှည့်ကြည့်ကြသည်။
အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် လူပုံစံက ခပ်ပိန်ပိန်။
ဒါပေမဲ့ ရုပ်က ဖြောင့်သည်။
ဆံပင်လေးက ကိုရီးယားစတိုင်လ် အချွန်အမျှင်လေးတွေ နှာဖူးပေါ်၊ နားထင်ပေါ်၊ နားရွက် ပေါ် ခပ်ဝဲ၀ဲလေးကျနေသည်။
ဝတ်ထားတာက နှစ် ရောင် အရောအစပ် နှစ် ထပ်တီရှပ်နှင့် ဂျင်းဘောင်းဘီ ပြာဖျော့ဖျော့. . ။ ဘတ်ရှုးအနက်ရောင် အကြားလေးကို စီးထားပြီး ကိုယ်ဟန်မတ်နေပုံကပင် သူရုပ်ချောတာ သူသိပြီး ဘ၀င်ခပ်မြင့်မြင့် ဒီဇိုင်မျိုးလေးပါလား. . . .။
ဒီကောင်လေးကို ခရမ်းပြာမြင်နေကျပါပဲ. . . .။
မြင်နေကျဆို ဆိုင်ကို တစ်ရက်ခြားလောက် ရောက်ရောက်လာတတ်တာကိုး. . . .။
“မက်မုံ. . . . ငါ့ကို မမှတ်မိဘူးလား”
မေးခွန်းက မက်မုံလို့တပ်ပေမဲ့ သူ့အကြည့်ချိုချိုက ခရမ်းပြာရဲ့ မျက်နှာပေါ်မှာ ရစ်ဝဲလျက်။
“မှတ်မိပါတယ် စွမ်းပြည့်ရယ်. . . .၊ ဒီလို မင်းသားကို မမှတ်မိလို့ ရမလားဟဲ့”
“ဟား . . . ဟား. . . .”
စွမ်းကအလိုလို အူမြူးသွားရပါသည်။
“သြော်. . . . သူငယ်ချင်းတွေ လား. . . .”
“ဟုတ်တယ် မမ၊ မက်မုံနဲ့ကျွန်တော် က ခင်တာကြာပြီ”
ဖျပ်ခနဲ ချက်ချင်း လှည့်ဖြေသံက တက်ကြွကြည်နူးခြင်းအပြည့်နှင့် ။
မခရမ်းကို တွေ့ တဲ့အချိန်မှာ ပဲ တပြိုင်နက်တည်းလိုလို စွမ်းပြည့် လှစ်ခနဲ ရောက်လာတာ ဟာ ထူးခြားတဲ့ ဆုံဆည်းတိုက်ဆိုင်မှု ပဲဟု မက်မုံ ထင်မိသည်။
“နင်က မခရမ်းနဲ့ရော သိတာလား စွမ်းပြည့်. . . .”
“အို. . . . မဟုတ်ပါဘူး”
“ဟာ. . . . မမကလည်း ကိုယ့်ကတ်စတာမာကို မသိဘူးလို့ မပြောရဘူးလေ. . . .”
“မင်းကို မျက်မှန်းတန်းမိပါတယ်. . . .”
“အဟဲ ဒါဆို ကျေနပ်ပြီဗျာ. . . .”
လက်ပိုက်ကာ သူပြောပုံလေးက ပြုံးမြမြ။
ခရမ်းပြာက အကြည့်လွှဲလိုက်သည်။
တက္ကစီက ထွက်သွားပြီ အိတ်နှစ် လုံးက ပုံလျှက်သား။
“ကဲ. . . . ဒါဆို ခဏလေးနော်၊ မက်မုံ ပစ္စည်းတွေ သယ်ဖို့ မမကောင်လေး တစ်ယောက် သွားခေါ်ဦးမယ်. . . .”
“ဟာ နေပါစေ ဒါလေးများ ကျွန်တော် သယ်နိုင်ပါတယ်။”
“အို ဘယ်ဟုတ်ပါ့မလဲ. . . . စွမ်းပြည့်ကလည်း”
သူဌေးသား လူချော လူရည်သန့်လေးကို မက်မုံက အားတုံ့အားနာ ဆိုမိသည်။
“ငါ့အ၀တ်အစားတွေ ဟဲ့. . . .”
စွမ်းပြည့်စုံက သွက်သွက်လက်လက်ပင် သူ့ရဲ့ ဗင်ကားလေးထဲ မုန့်အိတ်တွေ ကမန်း ကတန်း သွားထားပြီးတာနှင့် ဒီဖက်ပြန်ပြေးလာသည်။
မုန့်တိုက်ရှေ့မှာ လည်း ကားပါကင်က အကျယ်ကြီးပဲ မဟုတ်လား။
“မက်မုံတို့က ကြိုမယ့်သူ အဆင့်သင့်ပါလား. . . .”
မခရမ်းရဲ့ ပြုံးပြုံးရယ်ရယ် တရင်းတနှီး အပြောကို. . . .
“မသိပါဘူး . . . . အခုမှ ဘာစိတ်ကူးပေါက်တာလဲ မသိဘူး. . . . အစကဆိုရင် စတိုင်လ် တစ်ခွဲသားနဲ့ပါ မမရယ်. . . .”
စွမ်းပြည့် လှစ်ခနဲပြန်ရောက်လာပြီး. . . .။
“ဟိတ် ဘာတွေ ပြောနေတာလဲ”
“နင် သဘောကောင်းနေတာကိုပေါ့”
“ငါက အစကတည်းက သဘောကောင်းတာပဲ. . . .”
“ဒီနေ့မှ ပိုကောင်းနေသလားလို့ပါ. . . .”
“ဟာကွာ. . . . မက်မုံကလည်း. . . .”
စွမ်းပြည့်က အိတ်တွေ ကောက်သယ်ဖို့ ပြင်ရင်း မခရမ်းမျက်နှာကို မော့ကြည့်သည်။
သူ့ပုံစံလေးက အနည်းငယ်တော့ ရှက်ကိုးရှက်ကန်းနှင့် ပါ။
လက်စသတ်တော့ စွမ်း တစ်ယောက် မခရမ်းကို ကြွေနေတာ ဘယ်လောက်ကြာနေပြီ လည်း မသိပါဘူး။
သူ့ခမျာ ဟန်ကလေး ဘာလေးတောင် မဆောင်နိုင်ရှာပါလားနော်။
“စွမ်းပြည့် နင် ကူသယ်တာက ဟုတ်ပါပြီ။ အခု ငါ့အိတ်တွေ ဘယ်ကို ပို့မှာ လဲ. . . .”
“ဟင်. . . . မသိဘူးလေ. . . .။”
သူ့အဖြေ အူကြောင်ကြောင်ကြောင့် ခရမ်းနှုတ်ခမ်းတွေ ပြုံးသွားသည်။
သုံးခန်းတွဲ ငါးထပ်တိုက်ကြီးမှာ အောက်ဖက်သုံးခန်းစလုံးက မုန့်တိုက် ဖြစ်ပြီး အပေါ်ခန်း တွေ ကိုလည်း မုန့်တိုက်ပိုင်ရှင်အန်ကယ်လ် အောင်ဇေယျာပဲပိုင်တာ. . . .။
အမျိုးထဲ ချမ်းတောင့်ချမ်းသာ ဒီဦးလေးက တစ်ဆွေလုံး တစ်မျိုးလုံးရဲ့ အားကိုး အားထား ပါပဲ. . . .။
ဘန်ကောက်ကပြန်ရောက်တာနှင့် အလုပ်တန်းခန့်ပေးမယ် ဦးလေးဇေ ရှိတာ ဟန်ကျလှ သည်။
ရွှေမက်မုံက ဘန်ကောက်မှာ ဟိုတယ်စီမံခန့်ခွဲမှု ပညာရပ်ကို သင်ယူလာခဲ့သလို၊ မုန့်လုပ်ငန်းတွေ (International Bakery & Pastry Corse) ကိုလည်း လေ့လာသင်ယူခဲ့တာမို့ ဦးဇေက ဒီမှာ ခေါ်ထားဖို့ စီစဉ်ပေးတာပါ။
နေတာ ကတော့ ဆိုင်ရဲ့ လက်ထောက်မန်နေဂျာ မခရမ်းပြာနှင့် တခန်းတည်း နေဦးတဲ့. . . .။
မခရမ်းပြာနှင့် မက်မုံဟာ ဘန်ကောက်မှာ ကတည်းက ဖုန်းပြောကြ၊ G talk ပြောကြနှင့် မို့ စိမ်းတော့ သိပ်မစိမ်းပါ. . . .။
သို့သော် လူချင်း ကတော့ အခုမှသာ ဆုံဖူးတာပါ. . . .။
“ခဏနေဦး စွမ်းပြည့်ရဲ့ ၊ ငါက အခုလောလောဆယ် မခရမ်းရဲ့ အခန်းမှာ နေရမှာ အခန်းက ဘယ်နားလဲဆိုတာ. . . .။
“ဟိုးဖက် ဘယ်အစွန် သုံးလွှာမှာ ပါ။ မက်မုံသူငယ်ချင်းက ကူညီပေးချင်တယ်ဆိုလည်း အပေါ်ကိုသာ ရောက်အောင် သယ်ပေးပေတော့. . . .၊ ဒီမှာ အခန်းသော့ . . . .။ ကဲပါ. . . . မအရင် တက်ပြီး လိုက်ဖွင့်ပေးပါ့မယ်. . . .”
စွမ်းပြည့်သည် မခရမ်းနဲ့ ပြောဆိုပုံလေးကို အငေးသားနှင့် သဘောကျ စိုက်ကြည့်နေမိ သည်။
ပြုံးရယ်ပြီး စကားဆိုတတ်ဟန်လေးက ချိုသာလှိုက်လှဲနေသည်။ အသံလေးက ညင်သာ သလို အပြုံးကလေးကလည်း နှစ် လိုဖွယ်ကောင်းသည်။
သူမကိုယ်သူမ “မ”က ဟု ထည့်ပြောပုံလေးကပင် မဆန်းပါပဲ နားထောင်ကောင်းလှသည်။
“သင့်ခ်ယူပဲ မ. . . .”
သူလည်း ချက်ချင်း မ,ဟု လိုက်ခေါ်ပစ်လိုက်သည်။
ရင်ထဲမှာ ပျော်နေသည်။
မမျှော်လင့်ပဲ ရင်ထဲက မ, နှင့် ခင်မင်ရင်းနှီးခွင့်က အလိုလို ပေါ်ပေါက်လာခဲ့ပြီ မဟုတ်လား။
ထို့နောက်မှာ တော့ ခရမ်းပြာ၊ ရွှေမက်မုံနှင့် အိတ်တွေ သယ်လျက်သား ပါလာသော စွမ်းပြည့်စုံတို့ဟာ စကားတပြောပြောဖြင့် တိုက်လှေကားပေါ်သို့ တက်လာကြပါသည်။
“မခရမ်းက တစ်ယောက် တည်း နေတာလား. . . .”
“အင်း”
“တကယ်”
မက်မုံမေးခွန်းကို သူလည်းမေးချင်နေတာမို့ အတော် ပင်။
မခရမ်းအကြောင်း စွမ်းသိချင်သည်။
“တကယ်ပေါ့. . . . တို့က နေ့ခင်းပိုင်းဆိုင်မှာ ပဲ ရှိတဲ့ဥစ္စာ၊ ညကျရင် ဆိုင်က ကောင်မလေး တစ်ယောက် အဖော်လာအိပ်ပေးတယ်လေ. . . .၊ အဆင်ပြေပါတယ်”
“အခု မက်မုံလာနေပြီဆိုတော့ သုံးယောက် ပေါ့. . . .”
“ဟင့်အင်. . . . မက်မုံလာပြီဆိုရင် သင်းသင်းကို အကူအညီတောင်းဖို့ မလိုတော့ဘူးပေါ့ . . . .”
“ ဖြစ်ရဲ့ လား မခရမ်းရယ်”
“သူက အိမ်ပြန်ချင်နေတာ. . . .၊ ၀မ်းတောင်သာဦးမယ်. . . .”
“ဒီလိုလား”
ခရမ်းပြာက နှုတ်က ပြောရင်းတံခါးသော့ ကို ဖွင့်လိုက်သည်။
တိတ်ဆိတ်နေသော တိုက်ခန်းကလေးမှာ ရွှန်းစပရေး နဲ့ သင့်ပျံ့လျက် ရှင်းလင်းနေပါသည်။
ရှုခင်းပုံ ပန်းချီကား နှစ် ချပ်သာ ချိတ်ဆွဲထားပြီ. . . . မရမ်းရင့်ရောင် လယ်သာဆက်တီ တစ်စုံ ၀ိုင်းပြီးချထားသည်။
ပါကေးရောင် က ပြောင်းဝင်းလျက် လိုက်ကာလေးတွေ က ဖြူလွလွနှင့် မို့ လှေကားတက်လာ ရသူတွေ အလိုလို အမောပြောသွားရသည်။
ဆက်တီစားပွဲမှာ ချထားတဲ့ ဖန်ပန်းအိုးလေးထဲမှာ ရေမွှေးနှင်းဆီ ပန်းရောင် လေးတွေ ဆယ်လေးငါးပွင့် ထိုးစိုက်ထားတာမို့ နှင်းဆီရနံ့တွေ ကလည်း ရင်ကို အေးမြလန်းဆန်းသွားစေ သည်။
“ထိုင်ဦးလေ. . . . တို့ အအေးယူပေးမယ်”
“ဟာ. . . . နေပါစေ”
စွမ်းက ဧည့်သည်လို ဖြစ်နေမှာ စိုးလျက် အားတုံ့အားနာ ဆိုသည်။
“မခရမ်း ကတော့ အလုပ်ရှုပ်ပြီ”
“မရှုပ်ပါဘူး မက်မုံရယ် တို့က မက်မုံကို မျှော်နေတာပါ”
ခရမ်းပြာက ရေခဲသေတ္တာရှိရာဘက် လျှောက်သွားပြီး အပေါ်ခန်းထဲ ထည့်ထားတဲ့ ကိုကာကိုလာသုံးဗူးကို ဖွင့်ဖောက်၍ ဖန်ခွက်ထဲ ထည့်လိုက်သည်။
ပြီးတော့ ရေခဲတုံးလေးတွေ ပါ ညှပ်နှင့် ကိုင်ထည့်လိုက်သည်။
စွမ်းပြည့်သည် ဆက်တီမှာ ထိုင်ရင်း ခရမ်းပြာကို လှမ်းကြည့်မိ၏ ။
“မက်မုံ”
“ဟင်. . . .”
စွမ်းပြည့်က ခပ်တိုးတိုးခေါ်သဖြင့် မက်မုံက လှမ်းမေးဆက်ထူးလိုက်သည်။
“မခရမ်းက အပျိုလား. . . .”
“ဘာလို့ မေးတာလဲ”
“သိချင်လို့ပေါ့ဟ”
“မက်မုံလည်း အခုမှ လူချင်းတွေ့ ဖူးတာ. . . .၊ အန်ကယ်လ်က မိတ်ဆက်ပေးလို့ ဖုန်းပြော တာ G tlak ပြောတာပဲ ရှိတာဟဲ့. . . .”
“ဒါပေမဲ့ နင်သိမှာ ပါ. . . .”
မက်မုံက သူ့ကို မျက်စောင်းတစ်ချက် ကြိတ်ရွယ်သည်။
“သေချာအောင် ငါမေးကြည့်မယ်လေ”
“ဟာ. . . . မက်မုံကလည်းကွာ. . . .”
စွမ်းပြည့်လန့်သွားတော့ မက်မုံရယ်မိသည်။
“ဟိတ်. . . . ဘာတွေ ရယ်နေတာလဲ. . . .”
“အဟင်း. . . . ဟင်း. . . . မခရမ်းအကြောင်း သူက မေးနေတာ. . . .”
“ဘာတွေ မေးတာလဲ”
“ကဲ. . . . စွမ်းပြည့် . . . . နင်ကိုယ်တိုင်မေးလေ”
“အဟဲ. . . . ဟို. . . . ဘာမှမဟုတ်ပါဘူး. . . .”
စွမ်းပြည့်က ရယ်ကျဲကျဲလေး အနေရကျပ်သွားသလို အမူအရာမျိုးနှင့် ခရမ်းပြာကို ကြည့်သည်။
ခရမ်းပြာက နှုတ်ခမ်းလေးစေ့ကာ ပြုံးမိရင်း. . . .
“မက်မုံသူငယ်ချင်းပဲ စွမ်းပြည့်ရယ် အခု မ,နဲ့လည်း သိသွားကြပြီဥစ္စာ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်. . . .”
“စမြင်ကတည်းက မ,က ခင်ဖို့ကောင်းမယ်ဆိုတာ စိတ်ထဲက ယုံနေတာဗျ. . . . အခု လက်တွေ့ ပဲ”
“ကိုလာလေး သောက်ပါဦး”
ခရမ်းပြာက ဖန်ခွက်ကို ဗန်းထဲကနေ ယူပေးသည်။
“နောက်နေ့လည်း လာလည်မှာ နော် ရတယ်မို့လား မက်မုံ”
မခရမ်းကို မမေးရဲသဖြင့် စွမ်းက မက်မုံဖက်လှည့်မေးလိုက်တာ ဖြစ်သည်။
“အဲဒါ ကတော့ မခရမ်းကိုပဲ မေးကြည့်. . . .”
“တို့နှစ် ယောက် က တစ်အိမ်တည်း အတူနေကြပြီပဲ၊ အလုပ်ထဲမှာ လည်း နှစ် ယောက် အတူ ရှိနေကြဦးမှာ . . . . မက်မုံဧည့်သည်လာလို့ရပါတယ်။ အန်ကယ်လ်ဇေကလည်း မက်မုံလိုအပ်တာ ကူညီဖို့ တို့ကို ဖုန်းဆက်ထားပါတယ်. . . .၊ သူစိမ်းမဆန်ကြေးပေါ့နော်. . . .”
“သူစိမ်းဆန်တာ မဟုတ်ဘူး မခရမ်းရဲ့ . . . . တော် ကြာ သူချောင်းပေါက်အောင် လာနေမှာ စိုးလို့. . . .”
မက်မုံအပြောကို ခရမ်းပြာ အားနားသွားရပေမဲ့ စွမ်းက အပြုံးမပျက်. . . .။
“ချောင်းပေါက်ရုံ ဘယ်ကမလဲ၊ လိုအပ်ရင် မြစ်တစ်စင်းတောင် ဖန်တီးလိုက်ဦးမှာ ”
“ကြောက်စရာပါလားနော်”
“ဟဲ. . . . ဟဲ. . . .”
စွမ်းပြည့်က ရယ်ရင်း မခရမ်းမျက်နှာလေးကို အသာခိုးကြည့်သည်။
ပြောပြရခက်ယောင် ကဗျာဆန်ပြီး နူးညံ့နက်ရှိုင်းမှု တွေ ပေးတဲ့ မျက်နှာလေးပါ. . . .။
မက်မုံလည်း မိန်းမချောစာရင်းဝင် ဆိုပေမဲ့ မခရမ်းရှေ့မှာ တော့ သူမရဲ့ အလှက မှိန်ဖျော့ နေသည်။ လမင်းလေးတစ်စင်းနား ရောက်သွားသလိုပဲ သူထင်မိသည်။
“နင်ကရော အရင်အတိုင်းပဲ မို့လို့လား စွမ်းပြည့်ရဲ့ ငါက နင်မိန်းမရနေပြီလားလို့”
“ဟား. . . . ဘာလို့ ရရမှာ လဲ”
“တကယ်မထူးသေးတာပေါ့”
“ဒါဖြင့် နင်ရော. . . . ကဲ”
“ငါလား. . . . ငါက ရည်းစားတော့ရှိတာပေါ့”
“ဟ ကြေညာနေပါလား. . . . ရှက်လည်း မရှက်ဘူး”
“အောင်မယ် ဘာလို့ ရှက်ရမှာ လဲနော် မခရမ်းရယ်. . . . ချစ်သူထားတာ ရှက်စရာမှ မဟုတ်တာပဲ”
“ဒါဆို မက်မုံလူက ဘယ်မှာ လဲ”
“ဘန်ကောက်မှာ ”
ခရမ်းသည် ငယ်ရွယ်ပျိုမျစ်နေသော မက်မုံမျက်နှာနုနုလေးကို ငေးကြည့်နေမိသည်။
သူကလေးက ချစ်သူရှိတာကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟကြေညာရဲသူလေးပါလား။
ကိုယ့်တုန်း ကတော့ ရှက်ရွံ့သိုသိပ်စွာ ဣနြေ္ဒရရလေးသာ မရဲတရဲ ချစ်ခဲ့တာ. . . .။
သူများ တွေ သိသွားမလား. . . .။ မြင်သွားမလား ကြောက်တတ်ခဲ့တာ အမှတ်ပင်. . . .။
ဒီလို စိုးရိမ်တတ် လျှို့ဝှက်တတ်ခဲ့လို့လည်း တကယ်တမ်း ရင်ဆိုင်ကြေးဆိုတော့ အရှုံးနှင့် ထိပ်တိုက် တွေ့ ခဲ့ရတာ များ လား။
အို အခုအချိန်မှာ တော့ ဘယ်သူကိုမှ အပြစ်မတင်လိုတော့ပြီ။
လူနှစ် ယောက် အတူဆုံဆည်းပေါင်းဖက်ခွင့် ရဖို့ဆိုတာ ရှေးရှေးက ဘ၀ကံအကြောင်းတွေ နှင့် သာ သက်ဆိုင်ပါလိမ့်မည် ။
ဖူးစာမပါဘူးလို့သာ ခရမ်းပြာ မှတ်ယူလိုက်ပါသည်။
တကယ်သာ ဖူးစာပါခဲ့ရင်တော့ ဒီလိုအကြောင်းတရားတွေ က ပေါ်ပေါက်ခဲ့မှာ မဟုတ်ဘူး လေ. . . .။ သူ့ဟာသူ အဆင်ပြေချောမွေ့ခြင်း လမ်းကြောင်းကို ရှေးရှုသွားခဲ့မှာ ပေါ့. . . .။
မောင်ရယ်. . . .။ အတူတူပြုခဲ့ဖူးတဲ့ ပါရမီနည်းခဲ့လို့ပဲ ထင်ပါတယ် နော်. . . .။
စွမ်းက တစ်စုံတစ်ရာကို တွေးတော ငြိမ်သက်သွားသော ခရမ်းပြာ ဟန်ပန်ကို အကဲခတ် နေမိသည်။
သူကတစ်ခုခုတွေးလိုက်ပုံရတာ သေချာသည်။ ပုံစံလေးက ခပ်ငေးငေးလေး ဖြစ်သွားတာ. . . .။
စွမ်းသည် သူမမျက်နှာရိပ်ကို ဘယ်အချိန်က ဖတ်တတ်သွားခဲ့သလဲ မသိတော့ပေ. . . .။
“မ. . . .”
“ဟင်. . . .”
သူခပ်တိုးတိုးခေါ်မှ မျက်လွှာလေးပင့်ကြည့်သည်။
“မ, ဘယ်သူ့ကို သတိရသွားတာလဲ. . . .”
“ဘာရယ်မဟုတ်ပါဘူး. . . .”
“စွမ်းပြည့်က သိပ်စပ်စုတယ် မခရမ်းရဲ့ . . . . သူနဲ့ အပေါင်းအသင်းလုပ်ရင်တော့ သတိသာ ထား. . . .”
ခရမ်းပြာသည် အခုမှ သိရသော ကောင်ကလေးရဲ့ ငြိတွယ်မှု ကို နည်းနည်း တော့ အံ့အား သင့်ရသည်။
သူ့မျက်ဝန်းလေးတွေ က ခရမ်းထင်တာထက် ပိုနက်ရှိုင်းသိမ်မွေ့နေသည်။
တကယ်တော့ တို့က အချစ်နဲ့ပတ်သက်ရင် ဒဏ်ရာ ဒဏ်ချက် ရှိနေတဲ့သူပါ ကောင်ကလေး ရယ်. . . .။
တို့နဲ့ ပတ်သက်ဖို့ မကြိုးစားတာက ပိုကောင်းပါလိမ့်မယ်။ မင်းကြည့်ရတာ သဘောကောင်း ပြီး ပျော်မယ့် ပုံလေး။
လွတ်လပ်ပေါ့ပါးနေတဲ့ မင်းရဲ့ စိတ်ကို သိပ်ပြီး ဖိအားတွေ မပေးပါနဲ့လား။
ခရမ်းပြာရင်ထဲ သူလေးအပေါ် စေတနာမေတ္တာ သက်ဝင်စ ပြုသည်။
ဖြူသော စေတနာသန့်သန့်လေးသာပါ. . . .။
“ခရမ်းမှာ ရည်စားရှိသလား သူက သိချင်နေတာလေ ဟင်. . . . ဟင်. . . .”
မက်မုံက စိတ်မရှည်သဖြင့် ၀င်မေးပေးလိုက် တာ ဖြစ်သည်။
ခရမ်းပြာ မျက်နှာပေါ် ရှက်ရိပ်ဆန်ဆန် အရိပ်ကလေးတစ်မျိုး ဖြစ်ပြေးသွားပြီးမှ ခေါင်းလေး ယမ်းကာ. . . .။
“မရှိပါဘူးဟယ်. . . .။ တို့ဘ၀ကို အလုပ်ထဲမှာ ပဲ. . . . အာရုံစိုက်ထားတာပါ. . . .။ ဟိုတုန်း ကတော့ ဇာတ်လမ်းရှိခဲ့တာပေါ့နော်။ ပြီးခဲ့ပြီဆိုတော့ ပြန်မပြောချင်တော့ပါဘူး. . . .”
“ပြီးသွားပြီဆိုတာ ဘယ်လိုလဲ မ. . . .”
စွမ်းက အားမနာနိုင်ပဲ ထပ်တိုး၍ မေးလိုက်သည်။
“ဟဲ့. . . . ပြန်မပြောချင်ပါဘူးဆိုမှ. . . .”
“ပလိစ်. . . . အဲဒီ တစ်ခုပဲ ဖြေပေးပါ. . . .”
မက်မုံဟန့်လည်းမရပါ။ ခရမ်းပြာကလည်း ဖြေ၏ ။
“ရည်စားကွဲဖူးတာ ဘာဆန်းလို့လဲကွာ. . . .”
“သူ မိန်းမယူသွားတာလား. . . .”
“ဟင့်အင်း. . . .”
“ဒီအတိုင်းပဲ အဆင်မပြေလို့ ပြတ်သွားတာလား”
“အဲ့ဒီလိုပဲ ဆိုပါတော့. . . .”
“ဒါဆိုအခုရော. . . .”
“. . . . . . . .”
“မ,ရဲ့ လူက ဘယ်မှာ လဲ။ ဒီအနီးအနားမှာ ပဲလား”
“မဟုတ်ပါဘူး. . . .။ သူနဲ့ မဆုံ ဖြစ်တာ ကြာပြီ. . . .။ အဆက်အသွယ် ပြတ်ကတည်းက ထပ်မဆုံတော့ဘူး. . . .”
“အိုကေ ဒီလောက်သိရတာ သင့်ခ်ယူပါ မ,ရယ် ကဲဒါဆို ကျွန်တော် လည်း ပြန်ဦးမယ် မက်မုံဒီမှာ ငါ့ဗစ်ဇစ်တင်းကတ်နော်။ ဒါက မ,အတွက်”
သူက အခုမှ ကတ်ထုတ်ပေးဖို့ သတိရသည်။
“ဟဲ့. . . . တစ်ခုပေးရင် ရပါပြီ. . . .”
“ဘယ်ဟုတ်မလဲ ငါက မကို သီးသန့်ပေးချင်တာ. . . .”
“အံမယ်လေးနော်. . . .”
“စကားတွေ အကြာကြီးထိုင်ပြောချင်တာ. . . . နင့်ကို အားနာလို့သာ ပြန်မှာ မက်မဲ့ရ”
“ဟုတ်ပါရဲ့ . . . . မက်မုံ နားချင်ရောပေါ့. . . .”
“အော့ဖ်ရတဲ့နေ့ အေးအေးဆေးဆေး တွေ့ ကြမယ်လေ ငါလာခဲ့မယ်”
“အင်းပါ. . . . အင်းပါ. . . .”
စွမ်းပြည့်က နှုတ်ဆက်ပြီး ပြန်ဖို့ ပြင်သည်။ ခရမ်းနှင့် မက်မုံတို့ နှစ် ဦးသား တံခါးဝအထိ လိုက်လံနှုတ်ဆက်စကားဆိုကြသည်။
“စွမ်းပြည့်. . . . တကယ်လာလည်ဦးနော်. . . .”
“စိတ်ချ. . . . မနက်ဖန်ကို ထပ်လာခဲ့မှာ . . . .”
“ငါက နောက်တာဟဲ့. . . . သိလည်း မသိဘူး. . . .”
“အေးပါ ဟား. . . . ဟား. . . . နောက်လည်း အတည်ပဲယူရမှာ ပဲ”
“စွမ်းပြည့် မဟုတ်တော့ဘူး. . . .၊ ဇွတ်ပဲ. . . . စွမ်းပြည့်လေး. . . .”
မက်မုံစကားကြောင့် စွမ်းပြည့်က တဟားဟားရယ်လိုက်သည်။
သူ့ရယ်သံသြသြကြောင့် သုံးယောက် သား ပိုရင်းနှီးနွေးထွေးသကဲ့သို့ ဖြစ်ရပါသည်။
စွမ်းပြည့်ပြန်သွားလျှင် ဧည့်ခန်းလေးမှာ တိတ်ဆိတ်သွားရလေသည်။
ခရမ်းပြာနှင့် မက်မုံတို့နှစ် ယောက် တစ်ယောက် ကို တစ်ယောက် ပြုံးကြည့်မိပြီ. . . .။
“မက်မုံလည်း ပင်ပန်းနေရောပေါ. . . . လာ အခန်းထဲဝင်လှဲချင်လှဲလေ. . . . အိမ်မှာ နှစ် ခန်းပဲရှိတာ တို့က ရှေ့အခန်းမှာ နေတယ်. . . .မက်မုံက ထမင်းစားခန်းနဲ့ကပ်ရက်အခန်းယူ တို့လည်း အခန်းကို ပြင်တော့ ပြင်ထားတယ်. . . .။ လိုတာလည်း ပြောနော် ၀မ်းခြမ်းစရာတွေ ဘာတွေ ရှိရင် မနက်ဖြန်မှ ၀ယ်တောပေါ့. . . . ဖြစ်တယ်မို့လား”
“အင်း. . . . ကောင်းသားပဲ မက်မုံလေ အစက အဆင်ပြေပါ့မလားလို့ စိုးရိမ်နေတာ အခုတော့ မခရမ်းက သဘောကောင်းတော့ အစ်မ တစ်ယောက် ရလိုက်သလိုပဲ သိလား အရမ်း ၀မ်းသာတာပဲ. . . .။
“မက်မုံက တစ်ဦးတည်းသော သမီးဆိုတော့ တို့နဲ့ အတူတူပါပဲ. . . .”
“ဒါဆို ဂိုဏ်းတူ ညီအစ်မတွေ ဖြစ်သွားပြီပေါ့. . . . ဟား. . . . ဟား”
မက်မုံက သူ့စကားသူ သဘောကျကာ ရယ်ရင်း ခရမ်းပြာခါးကိုဖက်လျက် သူမရဲ့ အခန်း ရှိရာ လိုက်ပါလာသည်။
အလူမီနီယံနှင့် မှန်ပြာပြာလေးများ ရောစပ်ကာ နှစ် ခန်းကပ်လျှက် ဖွဲ့စည်းထားသော ပုံစံ လေးက သပ်ယပ်သားနားနေပါသည်။
ခရမ်းပြာက ဆလိုက်တံခါးလေးကို တွန်းဖွင့်ပြလိုက်သော အခါ အိပ်ယာခင်း ပန်းနုရောင် အနားတွန့်လေးနှင့် ချစ်စရာကောင်းသော တစ်ယောက် အိပ် ကုတင်၊ စာကြည့်စားပွဲနှင့် နံရပ်ကပ် ဘီရို၊ အင်္ကျီလှမ်းဖို့ စတီးအ၀တ်လှန်းစင် စသဖြင့် အသင့်ရှိနေတာ မြင်ရတော့ မက်မုံမျက်နှာလေး ပြုံးကာ
“ဟယ်. . . . မိုက်တယ်တော့ ဒါမခရမ်းဝယ်ထည့်ထားပေးတာလားဟင်။ မက်မုံက တိုက်ခန်းဆိုတော့ ခန်းစည်းဖွဲထားမယ်တောင် သိပ်မထင်ထားဘူး. . . .”
“တို့ဝယ်တာတော့ ဟုတ်ပါတယ်. . . .။ ဒါပေမဲ့ အန်ကယ်လ်က ပိုက်ဆံထုတ်ပေးတာ လက်ထဲမှာ နည်းနည်း တောင် ကျန်သေးတယ်. . . .။ မှန်တင်ခုံက ကြိတ်သားလေးနဲ့ဆို ငါးသော င်း လောက်ရှိတယ်. . . .။ မက်မုံလာမှပဲ စိတ်ကြိတ်ပုံစံလေး ရွေးပစေတော့ဆိုပြီး ထားလိုက်တာ. . .”
“ဟုတ်လား. . . . ဟန်ကျတာပဲ. . . .”
မက်မုံက တက်ကြွသွားလျက် သူ့အ၀တ်တွေ ယူပြီး ဘီရိုထဲ တစ်ခါတည်း ထည့်သည်။
“တို့ ၀ိုင်းကူမယ်လေ”
“ရပါတယ် မမရဲ့ မက်မုံက ဒါလေးသိမ်းရုံဥစ္စာ”
“ညနေစာကိုတော့ တို့နှစ် ယောက် အပြင်ထွက်စားကြတာပေါ့. . . .။ ဆိုင်က ၀န်ထမ်းတွေ ကိုတော့ ညမနက် ထမင်းကျွေးပါတယ်. . . .။ ဟင်း ကတော့ နှစ် မျိုးလောက်ပဲပေါ့။ မက်မုံတော့ စားတတ်ပါ့မလား မသိဘူး။ တို့ ကတော့ ကြုံသလိုပဲ။ စိတ်ပါတဲ့နေ့မှပဲ ကိုယ့်ဘာသာ ချက်စား တာလေ. . . .”
“မက်မုံလည်း မမအစီအစဉ်အတိုင်းပဲပေါ့”
သူမကလည်း နိုင်ငံရပ်ခြားမှာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကိုယ့်ဘ၀ကိုယ် ရပ်တည်လာခဲ့ရသူမို့ သိပ်ချေးမများ နိုင်ပါ. . . .”
အဆင်ပြေသလို ကြည့်နေထိုင်ပြီး ငွေစုဖို့သာ တွေးထားသည်။
“မေးကြည့်လိုက်တာ အားလုံးတို့သဘောချည်းပဲ ဖြစ်နေပါလား”
“မခရမ်းနဲ့ ညှိဖို့ကို မလိုတာ”
“တို့လည်း အမြဲတမ်း အဲ့လိုလေးပဲ ဖြစ်ချင်ပါတယ်ကွာ”
“မခရမ်းက ချောလည်းချောတယ်။ အရည်အချင်းလည်း ရှိတယ်။ သဘောမနောလည်း ပြည့်တယ်။ အလိုက်လည်း သိတယ်”
မက်မုံက စကားကို ရပ်ထားကာ နှုတ်ခမ်းလေးတစ်ချက် ဖိကိုက်လိုက်သည်။
“အဲဒီ တော့ ဘာ ဖြစ်လဲ”
“စဉ်းစားစရာပဲ . . . . ရည်းစားနဲ့ကွဲစရာကို မရှိဘူး. . . .”
မက်မုံက မရဲတရဲနှင့် တွေးဆဆလေးဆို၏ ။
“မမနားက စွန့်ခွာသွားတာ ဘယ်လိုလူလဲ အံ့သြစရာပဲနော်”
“အကြောင်းတော့ ရှိတာပေါ့ကွာ. . . .”
“ဘာအကြောင်းပဲ ရှိရှိလေ မမရာ. . . .”
“တို့ သိပ်ညံ့လို့နေမှာ ပေါ့. . . .”
မက်မုံက ခေါင်းလေးယမ်းပြီး. . . .
“မမညံ့တာ မ ဖြစ်နိုင်ဘူး. . . .”
“ဒါဖြင့် သူတကယ်မချစ်လို့ပဲ ထားလိုက်. . . .”
ခရမ်းပြာက ရယ်သံလေးနှင့် စကားဖြတ်လိုက်သည်။
ရယ်နေသော မခရမ်းရဲ့ မျက်လုံးအိမ်ထဲမှာ ဆွေးမြေ့နာကျင်မှု တွေ အရိပ်ငွေ့ငွေ့ဟပ်နေ သည်။
ပါးစပ်ကသာ ပေါ့ပေါ့ပါးပါးလေးနှင့် ဘာမှမခံစားရသယောင် ဆိုပေမယ့် ရင်ထဲမှာ တော့ ကြိတ်ဝမ်းနည်းနေမှာ မက်မုံရိပ်မိသွားရသည်။
ရင့်ကျက်တဲ့ မိန်းမ တစ်ယောက် ဆီမှာ လည်း ကြေကွဲစရာအချစ်တွေ ရှိနိုင်ပါလားဟု တွေးမိ သည်။
သို့ သော် မက်မုံထပ်ပြီး မမေးလိုတော့ပါ့။
“ဒါဆိုလည်း မေ့လိုက်ပေါ့ မမရယ်. . . .”
“မေ့ထားခဲ့တာပဲလေ. . . .”
“အသစ်ရှာလိုက်ပေါ့. . . .”
မက်မုံက ထပ်တစ်ဆင့်တိုက်တွန်းသည်။
“တော် ပါပြီ မက်မုံရယ်. . . .”
“အဲဒီ လူက မခရမ်းနဲ့ ရွယ်တူလား. . . .”
“အင်း. . . .”
“ဒီတစ်ခါ ကိုယ့်ထက်ငယ်တာ တွေ့ ချင်တွေ့ မှာ ပေါ့ မဟုတ်ဘူးလား”
မက်မုံရဲ့ မျက်စလေးချီကာ ပြောဟန်ကို သဘောပေါက်စွာ ခရမ်းပြာ ရယ်မောရင်း. . . .။
“ကောင်မလေးနော်. . . . အောင်သွယ်ဖို့များ စိတ်ကူးထားတာလား မလုပ်ပါနဲ့ရှင် အေးအေးပဲ နေပါရစေ။
“အချစ်ရှိမှ ဘ၀က အဓိပ္ပာယ်ရှိတာ မမရဲ့ . . . .”
“ငယ်တုန်းပျော်တုန်းမှာ တော့ ဟုတ်ချင် ဟုတ်မှာ ပါ”
“မက်မုံလည်း ဆယ်ကျော်သက်မှ မဟုတ်ပဲ”
“ဒါဆိုရင်လည်း ညီမလေးက အရှုံးနဲ့ ရင်မဆိုင်ဖူးသေးလို့ပါကွယ်. . . . အချစ်ဆိုတာ ပူလောင်မှန်း မသိသေးလို့ ဒီလိုပြောနိုင်တာပါ”
“မမကိုတော့ နားချဖို့ မလွယ်ပါဘူး. . . .”
“အဟင်း. . . . ဟင်း. . . .။
“ဒါပေမဲ့ မက်မုံ ကတော့ လက်မလျော့ဘူး. . . . သိလား”
“ဘုရားရေ ဇွဲက ခပ်ကြီးကြီးပါလား. . . . ကဲ ဒါဆိုလည်း နောက်မှ ဆက်ပြောကြတာပေါ့ ကွာ အခုတော့ တို့ဆိုင်ကို ပြန်ဆင်းလိုက်ဦးမယ်. . . .”
ခရမ်းပြာက ပြောပြောဆိုဆို မက်မုံအခန်းထဲမှ ထွက်သည်။ မက်မုံကလည်း တံခါးဝအထိ ပြန်လိုက်လာ၏ ။
တွေ့ ကြတာ နာရီပိုင်း အချိန်လေးမှာ ပဲ ခရမ်းပြာနှင့် မက်မုံသည် ထင်ထားတာထက် ပို၍ ရင်းနှီးကျွမ်းဝင်မိကြသည်။
ချစ်သမီးလေး ဖူးငုံဝန်းရံခရဲ့ (. . . . . . . . . . . . ၂၀၁၀) နေ့တွင် ကျရောက်သော သုံးနှစ် ပြည့် မွေးနေ့မင်္ဂလာရက်မြတ်မှသည် နောင်နှစ် ပေါင်း ၁၂၀ ကျော်တိုင် မိသားစုနှင့် အတူ ကျန်းမာပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်သော သမီးကောင်းရတနာလေး ဖြစ်နိုင်ပါစေ
ဖေဖေ ဦးဝေယံချမ်း
မေမေ ဒေါ်ခရမ်းပြာ
ခရမ်းပြာသည် သတင်းစာကြော်ငြာစာမျက်နှာရဲ့ တစ်နေရာကို ငေးမောစိုက်တန့် ငြိမ်သက် ရင်း တွေးနေမိသည်။
သြော် သူတို့ရဲ့ သမီးလေးပင် သုံးနှစ် ပြည့်သွားပြီပဲ။ အင်းလေ အချိန်တွေ က ပြောင်းလဲ နေတာကိုး. . . .
ဒါဆို မောင်နှင့်ခွဲခွာရတာ က လေးနှစ် ပြည့်တော့မှာ ပေါ့။
ခရမ်းပြာက ပင့်သက်ကလေးတစ်ချက် ခက်နက်နက် ရှိုက်မိသည်။
မောင်ရယ်. . . .။
ခရမ်းရင်ထဲမှာ မောင့်ကို ချစ်မြတ်နိုးနေမိတုန်းပါပဲ။
ဒါဟာ မပြောင်းလဲနိုင်တဲ့ အရာတစ်ခုပဲ. . . .။
ခရမ်းသိတယ်မောင်. . . .။
တကယ်တော့ ကြေကွဲအားငယ်နေတဲ့ နှလုံးသားမှာ မောင့်ကို ဘယ်လောက်ထိ ပြင်းပြင်း ပြပြ လွမ်းဆွတ်နေသလဲ သူမအသိဆုံးပါ. . . .။
အချိန်တွေ ကြာမြင့်ခဲ့ပြီဆိုပေမယ့်လည်း အသည်းနှလုံးက ဒဏ်ရာ ဒဏ်ချက်တို့က မပျောက်ကင်းနိုင်သေးပါ။
ခရမ်းဖက်က ဘယ်လောက်ပဲ တန်ဖိုးထားထား ဘယ်လိုပဲ အဖတ်ဆယ်ခဲ့ဆယ်ခဲ့ အချစ် တစ်ခုက ပြိုကွဲချိန်တန်တော့လည်း ဘာမှ မတတ်နိုင်ဘဲ ပြိုကွဲသွားခဲ့တာပဲလေ. . . .။
ခရမ်းပြာရဲ့ မျက်ဝန်းအိမ်လေးမှာ မျက်ရည်စတို့ အိဝိုင်းရစ်ဝဲလာသည်။
သူမက မျက်နှာလေးကို ပင့်မော့၍ အံကြိတ်ထားသည်။
မငိုချင်တော့ပါဘူး မောင်ရယ်. . . .။
ဒီအတိုင်းပဲ ရှိပါစေတော့. . . .။
မျက်တောင်လေးတွေ ကို ပုတ်ခတ်၍ မျက်ရည်ကျမလာအောင် အားတင်းမိသည်။
ဘ၀မှာ ဆုံးဆည်းဖို့ ကံပါမလာလို့သာ မောင်နဲ့ဝေးရတာ လို့ သူမအကြိမ်ကြိမ် ဖြေသိမ့် ကြည့်ဖူးပါသည်။
ကိုဝေယံ. . . .။
သူ ကတော့ အဆင်ပြေ အောင်မြင်နေသူ. . . .။
ချစ်ဇနီးနှင့် သမီးငယ်လေးနှင့် သူ့ဘ၀က စိုပြေသာယာနေပြီထင်ပါရဲ့ . . . .။
တကယ်တမ်း ကြေမွပျက်စီးရတာ က ချစ်တတ်သူတစ်ဦးရဲ့ နှလုံးသည်းပွတ်လေးပါ။
သူ့ကြောင့် သာ မဟုတ်ရင်လို့ တွေးရင်တော့ အပိုပဲပေါ့လေ။ ရင်နာရုံကလွဲလို့ ဘာများ ထူးလာနိုင်မလဲ။
ကိုဝေယံရဲ့ စိတ်သဘောထားက ပြတ်သားရက်စက်သည်ဟု သူမထင်သည်။
သူမကလည်း လိုအပ်ရင် အေးစက်မာကျောနိုင်တဲ့ မိန်းကလေး တစ်ယောက် ပဲ ဖြစ်ရမှာ ပေါ့. . . .။
ကိုယ်လိုလားသလို ကံတရားက အခွင့်အရေး မပေးဘူးဆိုရင်တောင် သူလိုလားတောင့်တ သလိုလည်း ဖြစ်စေရဘူးဟု ခရမ်းပြာ ဆုံးဖြတ်ခဲ့သည်။
ကိုယ်ဝေယံဟာ သူမကို တကယ်စွဲလန်းခဲ့တာ မဟုတ်ဘူးလို့လည်း စိတ်ထဲက အခိုင်အမာ ယူဆသည်။
သို့ သော် သူလက်ထပ်တဲ့ ဇနီးကကြည့်ဦး. . . .။
ဒီလောက်ပဲ အမည်းချင်း တိုက်ဆိုင်တူညီရသလား. . . .။
မေမေ ဒေါ်ခရမ်းပြာတဲ့. . . .။
ခရမ်းရဲ့ အမည် က အမည် သူတွေ့ ဖို့ နည်းနည်း ခက်မယ်လို့ ထင်ခဲ့တာ. . . .။
ကြံကြံဖန်ဖန် ဝေယံချမ်းဇနီးက ခရမ်းပဲတဲ့လား. . . .။
ခရမ်းပြာသည် သတင်းစာက မွေးနေ့ဆုတောင်းလေးပေါ် လက်ထောက်ရင်း သေချာ စူးစိုက် ငြိမ်သက်နေပြန်၏ ။
အခန်းထဲကထွက်လာသော ရွှေမက်မုံသည် မနက်စောစော ဧည့်ခန်းမှာ ထိုင်လျက် စားပွဲပေါ် သတင်းစာချဖတ်နေသော မခရမ်းရဲ့ စိတ်ဝင်တစား အမူအယာကို လှမ်းကြည့်ရင်း မမ နားသို့ လျှောက်လာသည်။
မခရမ်းက မက်မုံအနားသို့ လာရပ်တာကိုပင် သတိမပြုမိ။
မျက်မှော င်လေး ကုပ်လျက်သား တစ်နေရာတည်းကို စူးစူးစိုက် ကြည့်နေရသည်။
“မမ”
“ဟင်”
ခရမ်းပြာ ဆတ်ခနဲ ဖြစ်သွား၏ ။
“ဘာတွေ ဒီလောက် စိတ်ဝင်တစား ဖတ်နေတာလဲ”
ခရမ်းပြာပုံစံက အလန့်တကြားလေး ဖြစ်သွားသည်ဟု မက်မုံထင်သည်။
“လက်ထပ်သတင်းလား ဘယ်သူလက်ထပ်သွားတာလဲ. . . . ပြော. . . . ပြော. . . . လျှိုမယ်မကြံနဲ့နော်”
ခမရမ်းရဲ့ မျက်ဝန်းမှာ မျက်ရည်စလေး ရှိနေတာကိုပါ မြင်ရတာ မို့ မက်မုံက ပို၍ သိချင် သွားရသည်။
ခရမ်းပြာ ထိုင်နေသော လယ်သာဆက်တီလေးရဲ့ နံဘေးမှာ ပဲ ကမန်းကတန်း ပူးကပ်ထိုင် ချရင်း သူမလည်း ထိုစာမျက်နှာထဲ ခေါင်းငုံ့ရှာဖွေလိုက်သည်။
“မဟုတ်ပါဘူး မက်မုံရယ်”
“မညာနဲ့နော် . . .။ မမ တစ်ခုခုပဲ မက်မုံလုံးဝ သိတယ် . . . ပြ. . . ပြ . . . ဘယ်မှာ လဲ. . .”
မက်မုံသည် ဘေးကနေ အူယားဖားယား အတင်းလိုက်ရှာနေတာမို့. . . . . .
“မဟုတ်ပါဘူး မက်မုံရယ်. . . ဒီအတိုင်းပဲ ကြည့်နေတာပါ”
“ဘာသတင်းကို ကြည့်တာလဲ”
“ဒီမှာ ကလေးလေး နာမည် လှလို့ ဖတ်နေတာ”
မက်မုံက မွေးနေ့ဆုတောင်းကို သေချာအသံထွက်ဖတ်ကြည့်၏ ။
“ချစ်သမီးလေး ဖူးငုံဝန်းရံခ. . .တဲ့. . .
ဖေဖေ. . . ဦးဝေယံချမ်း. . .”
“မေမေ . . . ဒေါ်ခရမ်းပြာ. . . ဟာ. . . ခရမ်းပြာ ဒါဆို မမလား မမရဲ့ သမီးလား. . .”
ဒီတစ်ခါ မက်မုံက အလန့်တကြားလှည့်မေးတာ ဖြစ်သည်။
“မမက ရည်းစားနဲ့ ကွဲတာမဟုတ်ဘူးလား၊ ကလေးရပြီးမှ ကွဲတာလား. . . ဒါဆို ဒီလူက မမခရမ်း နံမည် ကို ခုထိထည့်တုန်းပဲလား. . .”
“မဟုတ်တာ မက်မုံရယ်. . . ကြံကြီးစည်ရာ . . . တို့က အပျိုပါဟယ်. . .၊ ဒါက နာမည် တူ တာပါ. . .”
“သြော် ဒီလိုလား မက်မုံတောင်လန့်သွားတာပဲ မမကလည်း မျက်ရည်တွေ ဘာတွေ ၀ဲနေ တော့ မမရဲ့ သမီးလေးများ လားလို့”
ခရမ်းပြာသည် အခုမှ ရယ်နိုင်သည်။
“မျက်ရည်ဝဲတာ မဟုတ်ပါဘူး. . . တို့အခုတလော စာဖတ်ရင်ပဲ ဖြစ် ဖြစ် ကွန်ပျူတာ ကြည့်ရင်ပဲ ဖြစ် ဖြစ် မျက်ရည်ပူက အလိုလိုကျချင်တာပါ. . . မျက်စိတောင် စမ်းသပ်မလားလို့”
“ဒါဆိုလည်း မပေါ့နဲ့ဦး သွားစမ်းသပ်မှ ဖြစ်မှာ ပေါ့. . .။ အဖော်လိုရင်လဲ ပြောလေ. . .”
“မက်မုံ လိုက်ပေးမယ်ဆိုတာ တို့သိပါတယ်. . .”
“ဘယ်ကလာ၊ မက်မုံလိုက်ပေးမှာ မဟုတ်ဘူး မက်မုံနဲ့ဆို တက္ကစီနဲ့ ဂိုးနေရမှာ ပေါ့ မမရဲ့ စွမ်းပြည့်ကို ချောဆွဲမလို့ ဟိ. . . ဟိ”
“သူများ ကို ဒုက္ခမပေးစမ်းပါနဲ့ကွာ”
“မမကလည်း. . . ဒုက္ခမှမဟုတ်တာ. . . ဖုန်းဆက်လိုက်ရင် စွမ်းပြည့် ပျော်လွန်းလို့ ခုန်ပေါက်ရောက်လာမှာ ရိုဘော့အကနဲ့တောင် ကပြီး ရောက်ချလာမှာ မြင်ယောင်သေးတယ် သိရဲ့ လား. . .”
“ဒီကောင်မလေးလည်း စွမ်းပြည့်ပဲ တယ် တတော့တာပဲ”
“ဒီမနက်တောင် သူဘရိတ်ဖတ်စားဖို့ လာခေါ်မယ် ပြောထားတာ မမရဲ့ . . .။ ကြည့်စမ်း မေ့တော့မလို့”
“မက်မုံ ရေချိုးချင်ချိုးလေ. . . တို့ ခဏနေ အောက်ဆင်းတော့မယ်”
“အာ. . . မရပါဘူး. . . မမလည်း လိုက်မှရမယ်. . . မက်မုံ တစ်ယောက် ထဲဆို စွမ်းပြည့်က ခေါ်မယ်တောင် မထင်ပါဘူး. . . ပြီးတော့ သူနဲ့နှစ် ယောက် ထဲလည်း မသွားချင်ပါဘူး။ တော် ကြာ မက်မုံ ကိုကို အထင်လွဲနေပါ့မယ် ကဲ. . . ကဲ. . . မမလည်း အဆင်သင့်ပြင်. . . လာ. . . လာ. . .”
မက်မုံက တပါတည်းဆွဲထူသည်။
ဒီကောင်မလေးဟာ စွမ်းပြည့်နှင့် တကြိတ်တည်း တဉာဏ်တည်းပင်။
မက်မုံရောက်လာမှ ခြောက်သွေ့နေသော ခရမ်းပြာလည်း တက်ကြွလှုပ်ရှားလာရပါသည်။
ကိုယ့်ဘာသာအိမ်မှာ ကော်ဖီတစ်ခွက်၊ ကိတ်မုန့်တစ်ခုနှင့် မနက်ခင်းစာ ပြီးလိုက်တတ်တဲ့ ခရမ်းဟာ မနက်ခင်းဆိုရင် မက်မုံနှင့် အတူ ပြင်ဆင် အ၀တ်အစားလဲရတော့သည်။
ဒီနေ့လည်း အတူတူပြင်ဆင်ပြီးနောက် သိပ်မကြာခင်
“မမရေ. . . စွမ်းပြည့်လာပြီ. . .”
မက်မုံက ၀ရံတာလေးမှ ငုံ့ကြည့်ပြီး အိမ်ထဲဖက်သို့ လှမ်းအော်သည်။
ကားရပ်ပြီးလျှင်ကားပေါ်ကဆင်းပြီး အပေါ်ထပ်သို့ မော့ကြည့်သော စွမ်းပြည့်စုံကို ရွှေမက်မုံ က လက်ပြလိုက်သည်။
ထို့နောက် အိမ်တံခါး သော့ ခတ်ကာ သူမတို့နှစ် ဦးသား ဆင်းလာကြ၏ ။
စွမ်းပြည့်သည် လမင်းလေးတစင်းလို ၀င်းပနေသည့် ခရမ်းပြာကို မြင်လိုက်တာနှင့် ရင်ထဲ လှိုက်ခနဲ ခုန်သည်။
မမ၀တ်ထားတာက ရှားစေးရောင် ရင်လျားပုံစံအင်္ကျီလက်ပြတ်လေးနှင့် ဆင်စွယ်ရောင် ပေါ် ရှားစေရောင် အခက်အနွယ်လေးတွေ ပါတဲ့ စကတ်လုံချည်အသား ပျော့ပျော့လေးပါ. . .။ အပေါ်က လက်စက ကုတ်တီလေး ထပ်ဝတ်ထားသည်။ အဲ့ဒီ ကုတ်တီလေးကြောင့် ပိုပြီး မိန်းမဆန်သွား၏ ။
ညှင်သာနွဲ့နှောင်းသော ဟန်ပန်လေးဟာ ဘယ်လိုနေနေ ဘာပဲဝတ်ထားထား စွဲမက်စရာ ကောင်းနေတာ ထူးဆန်းသည်။
ခရမ်းပြာဆီမှာ လျှို့ဝှက်သော ညှို့ဓာတ်လေးတစ်မျိုးရှိသည်။ ကြည့်မိတာနှင့် စိတ်ကို ဆွဲဆောင်ဖမ်းစား ညှို့ယူသွားသည်ဟု စွမ်းပြည့်ထင်သည်။
နူးညံ့သော မျက်နှာလေးဆီမှ စွမ်းအကြည့်မလွှဲနိုင်။
သူ့နှုတ်ခမ်းတွေ လည်း အလိုလို ပြုံးနေမိသည်။
ဂျင်းဘောင်းဘီပုံကျကျ၊ တီရှပ်အကျပ်လေးနှင့် စတိုင်လ်ကျသော ပုလဲခါးပတ်လေးကိုပါ ပတ်ထားတဲ့ ကြော့ကြော့မော့မော့ ချစ်စဖွယ်မက်မုံကိုတော့ သူကမကြည့်ပေ။
တကယ်ဆို မက်မုံပုံစံလေးကမှ ခေတ်မီလှပပြီး ကြည့်ချင်စဖွယ် ဖြစ်နေတာ။ မခရမ်းရဲ့ ပုံစံက လူကြီးဆန်နေတာကိုများ အငေးကြီးငေးနေပုံက အမြင်ကပ်ဖွယ်ပင် ကောင်းသေး။
စွမ်းပြည့်ကလည်း ဒီနေ့ အတော် သားနားနေသည်။
သူက အရင်ကလည်း ရှိုးများ တဲ့ ကောင်လေး တစ်ယောက် ပါပဲ။
ဆံပင် အချွန်အမျှင်လေးတွေ က သေချာပုံဖော်ထားတာ သိသာနေသလို မျက်နှာကိုလည်း ဘာတွေ ဘယ်လို ကဲလုပ်ထားသလဲ မသိ ဖြူနုပြီး ၀င်းစိုပြောင်တင်းနေသည်။
အင်္ကျီက တီရှပ်အနက်ပေါ်ကနေ ဆင်စွယ်ရောင် ကုတ်အင်္ကျီကို ထပ်ထားသည်။ စတိုင်လ် ဘောင်းဘီကလည်း ဆင်စွယ်နှစ် ရောင် မကျတကျ။ ဘွတ်ရှူးအမြင့်နှင့် ဆိုတော့ သူ့အရပ်က ပိုမြင့်ပြီး မော့ပင်ကြည့်ရသည်။
သူ့ပုံစံ သူ့စတိုင်လ်က မခရမ်းနှင့် သိပ်တော့မအပ်စပ်။ သို့ သော် ၀တ်ထားတာက နှစ် ဦး သား အရောင် ဆင်တူလေးတွေ မို့ ကြည့်လို့ကောင်းနေသည်။
သူက ကားရှေ့ခန့်တံခါးလည်း ဖွင့်ပေးသလို နောက်ဖက်တံခါးကိုလည်း ဖွင့်လိုက်ရင်း. . .။
“ တစ်ယောက် တော့ ရှေ့မှာ ထိုင်ပေးကွာ. . .”
“ထိုင်ပါဘူး. . .”
“မက်မုံ. . . မညစ်နဲ့ကွာ. . .”
စွမ်းပြည့်က သူဒရိုင်ဘာလို ဖြစ်နေမှာ စိုးတာထက် မခရမ်းနှင့် အတူ ယှဉ်တွဲ ထိုင်ချင်တာက ပိုတယ်ဆိုတာ မက်မုံရိပ်မိသည်။
ဒါကြောင့် လည်း မျက်စောင်းလေးတစ်ချက်ဝင့်ပြီး. . .
“ငါက နောက်မှာ ပဲ. . . ဟွန်း”
ဟုဆိုကာ နောက်ခန်းထဲ စွေခနဲ နေရာယူလိုက်ပါသည်။
ခရမ်းပြာက ဘာမှစောဒက မတက်ပဲ ရှေ့ခန်းမှာ ပဲ ထိုင်ပေးလိုက် ပါသည်။
ဒီကောင်လေးရဲ့ ပုံက ကြွေနေမှန်းသိရဲ့ နဲ့ ကိုယ်က မျက်နှာသာပေး၍ လိုက်လျောရာ မျှော်လင့်ချက်ပေးရာကျနေမလားတော့ မသိ။
သို့ သော် အတူတူ ထိုင်ရုံမျှနှင့် တော့ သူလိုရာဆွဲမတွေးလောက်ပါဘူးလေ. . .။
စွမ်းပြည့်စုံ ကတော့ လေကလေး တစ်ချက်ပင် ချွန်မိကာ ပျော်ရွှင်ကြည်နူးသွားရ၏ ။
လှပသော မနက်ခင်းလေးမှာ ပို၍ သာယာစိုပြေသွားသလို ထင်မိသည်။
ကိုယ့်နံဘေးမှာ ကိုယ်စိတ်ဝင်စားရတဲ့ အမျိုးသမီးကလေးရှိနေရုံနှင့် ပ် ကျေနပ်ရပါသည်။
မက်မုံသည် စွမ်းပြည့် အမူအယာလေးကို အကဲခတ်မိရင်း သူတကယ်နှစ် လိုပျော်ဝင်နေပြီ ဆိုတာ ယုံမိလေသည်။
အခုတော့ မခရမ်းမှာ ထူးခြားတဲ့ ဆွဲဆောင်မှု ရှိတယ်ဆိုတာ အတူနေရတဲ့ ရက်ကလေး အတွင်းမှာ မက်မုံသိလာရပါပြီ. . .။
ဆုံလိုက်တဲ့ ယောက်ျားလေး အတော် များများ ဟာ ခရမ်းပြာဆီက အကြည့်ကို ချက်ချင်း မခွဲနိုင်ကြ။ ငေးခနဲ ခိုက်တန့် သက်ငြိမ်ကုန်ကြသည်။
ဘာကြောင့် ယောက်ျားတွေ ဒီလို အလေးအနက် စိတ်ဝင်စားသလဲ မက်မုံမတွေါ်တတ်။
ဆိုင်ကမန်နေဂျာကိုထိုက်ဆိုလည်း မခရမ်းဆို ပျာပျာသလဲ အရေး ပေးတာပဲ။ ဟိုဖက်တိုက် က ဆရာဝန်ပေါက်စလေးဆိုလည်း မခရမ်းဆီ ဖုန်းဆက်တတ်သလို မကြာခဏ ဆိုင်ကို ၀င်ထွက် တတ်သည်။
အနည်းဆုံးတော့ ခင်မင်သဘောကျသူတွေ ၀ိုင်းကြီးပတ်ချာလည်နေတာ မက်မုံမျက်မြင်. . .။
“မ, ဘယ်ဆိုင်သွားချင်လဲ”
“မသိဘူးလေ . . . မက်မုံကို မေး”
“မခရမ်းပြာ စားချင်တာ ပြောမှပေါ့။ သူက မမကို မေးတဲ့ဥစ္စာ”
“ဒါဆိုရင် ငါက နန်းကြီးသုပ်”
“Feel ကို သွားမလား. . .”
“ကောင်းသားပဲ စွမ်းပြည့် မလည်း မုန့်ဟင်းခါးကောင်းကောင်းနဲ့ မြန်မာမုန့်လေးတွေ စားချင်နေတာ အတော် ပဲပေါ့. . .”
ခရမ်းပြာ အခုမှပဲ စားချင်တဲ့မုန့်အမည် ထွက်လာသည်။
စွမ်းပြည့်က ကားကို အလုံဖက်ဦးတည်လိုက်သည်။
မနက်ခင်းမှာ ဆိုင်ကလေးက ရှင်းလင်းသန့်ပြန့်နေသည်။ မုန့်ဟင်းခါး ရနံ့ကလည်း မွှေးကြိုင်သင်းပျံ့နေ၏ ။
စွမ်းပြည့်တို့ သုံးယောက် သည် အပြင်ဖက်က စားပွဲလေးမှာ ပဲ နေရာယူသည်။
ဖြစ်နိုင်လျှင် စားပွဲပေါ်တင်ထားတဲ့ ခရမ်းပြာ လက်ကလေးကိုပင် ထိတွေ့ ကိုင်လိုက်ချင် တဲ့ပုံ။
စားစရာတွေ မှာ ထားပြီးနောက်မှာ လည်း သူ့အကြည့်က ခရမ်းပြာ မျက်နှာလေးဆီမှ မခွာနိုင်. . .။
“မ, ဘာမှာ ဦးမလဲ”
“အခုကိုပဲ မှာ တာတွေ များ နေပြီ”
“ဘာပဲ ဖြစ် ဖြစ် စုံအောင် ထပ်မှာ လိုက်မယ်”
“အို. . . . . . တော် ပါပြီဆိုမှ. . .”
“စွမ်းပြည့်နော် . . . . နင်အကဲပိုတာ နည်းနည်း လျှော့”
မက်မုံက အမြင်ကပ်သလို သတိပေး၏ ။
စွမ်းပြည့် ရယ်ကျဲကျဲနှင့် . . .
“ဘာလဲဟာ. . . ငါက မ,ကို စားစေချင်လို့ပါ. . .”
“အချိန်တွေ ရှိပါသေးတယ်ဟဲ့၊ နင်အခုလို မနက်တိုင်း လာခေါ်မလား။ ငါတို့မနက်တိုင်း ဒကာပေးမယ်လေ”
“မနက်တိုင်း မဟုတ်ဘူး. . . တစ်သက်လုံး. . .”
“အေး. . . ကောင်းသားပဲ၊ ငါပါလိုက်မှာ နော်”
“ခေါ်ရမှာ ပေါ့. . .၊ မြင်ချင်တဲ့သူ . . . ကျွေးချင်တဲ့သူကို စေတနာပေါက်မိတာကိုးဟ. . .”
“သြော် ကောင်စုတ်၊ ငါ့ကိုတော့ စေတနာ မပေါက်ဘူးပေါ့လေ သိပါတယ်”
“ဟ. . . ငါအဲလိုမှ မပြောပဲ. . .”
“နင့်ပုံစံက ပေါ်တင်ကြီးပဲ. . . အသိသာကြီး”
“မဟုတ်ပါဘူးဟာ . . .၊ စိတ်မဆိုးပါနဲ့. . .”
စွမ်းပြည့်သည် မက်မုံနှင့် စကားပြောလျှင် ရိုးရိုးသားသား သူငယ်ချင်းတစ်လေသံပေါက် လျက် မခရမ်းဘက်ကြည့်ပြီဆိုတာနှင့် မျက်လုံးက အရောင် ပြောင်းသွား ပြီး. . . စကားသံကလည်း အလိုလို ချိုသာလှိုက်လှဲသွားတတ်သည်။
အခွင့်သာတာနှင့် သတိလက်လွတ် စူးစူးငေးငေး စိုက်ကြည့်ငြိမ်သက်သွားတတ်သည်။
တစ်ချက်တလေများ ရင့်ကျက်ပါတယ်ဆိုတဲ့ ခရမ်းပြာပင် ကောင်ကလေးရဲ့ ချိုရီရီ နူးညံ့ ပျော်ဝင်သော အကြည့်ငေးကြောင့် မျက်နှာကလေး မထားတတ်သလို ဖြစ်သွားတတ်သည်။
ခုတလော စွမ်းပြည့်က ပို၍ ပင် ပျာယာခတ်ယောင် ဂရုစိုက် ကြင်နာဟန်ရှိသေးသည်။
“အေးပါ. . . မဟုတ်ရင်ပြီးသာပဲ. . .၊ မခရမ်းက ငါ့လူနော်. . . အခုတောင် ငါအတင်း ခေါ်လို့ လိုက်လာတာ သိရဲ့ လား. . .”
“ကျေးဇူးမမေ့ပါဘူး ခင်ဗျာ. . . ရှဲ့ရှဲ့. . .”
စွမ်းပြည့်က နောက်တီးနောက်တောက် ရှဲ့ရှဲ့လုပ်လိုက်သေးသည်။
ထိုအချိန်မှာ ပင် ပူပူနွေးနွေး ဖွယ်ဖွယ်ရာရာ စားသောက်စရာတိ့ ရောက်ရှိလာပြီမို့ ဗိုက်ဆာ ဆာနှင့် အတူတကွ စားသောက်လိုက်ကြသည်။
ခရမ်းပြာက ဣနြေ္ဒရရလေးပင်. . .။
ကောင်ကလေးရဲ့ တရှိုက်မတ်မတ် ရောက်လာတတ်သော အကြည့်စူးရှရှလေးကို မသိ ဟန်ဆောင်ထားသည်။
သပ်သပ်ရပ်ရပ် ကြော့ကြော့မော့မော့လေး. . .။
သူ့မှာ ကြည်ရင်း. . . ကြည့်ရင်း ရင်ထဲမြတ်နိုးမှု တွေ တရိပ်ရိပ် တိုးနေရသည်။
သူမကို ချစ်မိပြီလား. . .။
သေချာသည်။ စွမ်းပြည့် တမြတ်တနိုး စွဲမက်ရတဲ့ ချစ်သူကို တွေ့ နေရပေပြီ. . .။
တစိမ့်စိမ်ထိုင်ကြည့် နေချင်မိတာ. . .။
မ,ဖက်ကသာ သူ့ကို ချစ်ခွင့်မပေးရင်ရော. . . သူ တကယ်မလွယ်။
တဖြေးဖြေးနဲ့ မရဲ့ ဆွဲငင်အားမှာ သူပိုပြီး နစ်မျောကျရှုံးဖို့သာ မြင်သည်။
ပြင်းပြင်းပြပြ နှောင်ဖွဲ့ချင်လာတဲ့ သူ့စိတ်ကို စွမ်းပြည့်ကိုယ်တိုင်လည်း အံ့သြမိပါသည်။
“မ,ဒီကအပြန် ဘယ်ဝင်ချင်သေးလဲ”
စွမ်းပြည့်စုံက မခွဲမခွာချင်သေးသလို ဂရုတစိုက်မေးသည်။
ခရမ်းပြာက လက်မှနာရီ ဒိုင်ခွက်အ၀ိုင်းလေးကို တစ်ချက်ကြည့်ပြီး. . .
“အချိန်မရတော့ဘူး စွမ်းရဲ့ ဆိုင်ကို ပြန်ဝင်ရတော့မှာ လေ. . .”
“ဒါဆို နောက်နေ့ စောစောလမ်းလျှောက်ကြမလား၊ ကန်တော် ကြီးဖက် တစ်ပတ်လောက် ပေါ့. . .”
“ကောင်းသားပဲ. . .”
ရွှေမက်မုံက လက်ဖ၀ါးပေါ် မေးထောက်လျှက် မမနှင့် စွမ်းပြည့်ကို ငေးကြည့်နေမိ၏ ။
ကိုယ့်အပေါ် နွေးထွေးပျာယာခတ်နေတဲ့ ကောင်ကလေးချောချောကို ငြင်းပယ်ဖို့ဆိုတာ အခက်သားပဲမဟုတ်လား. . .။
စွမ်းပြည့်ကို ကြည့်ရတာ လည်း အသည်းအသန်မရအရ ပိုးပန်းတေ့မည့် ဟန်. . .။
မက်မုံ သူတို့နံဘေးကနေ ရှောင်ပေးမှပဲ ဖြစ်တော့မှာ ပါ. . .။
ရင်ထဲမှာ တစ်မျိုးလေးသော ခံစားချက်နှင့် အတူ ကိုကို့ကို သတိရသည်။
ကိုကို ကတော့ မက်မုံအပေါ် ဒီလောက်ကြီး အောက်ကျို့ပျာယခတ်မနေ။
သူက လူကြီးဆန်သည်။
ကိုကို့ရဲ့ အချစ်က မပူလောင် မပြင်းပြ။
မက်မုံကို ၀န်တိုချုပ်ချယ်တာမျိုးလည်း မရှိပေ. . .။
အသစ် တစ်ယောက် များ တွဲ နေမလားဟု ကိုကိုဘယ်တော့မှ စိတ်မပူ။
ဒါဟာ သိပ်မချစ်လို့များ သဘောထားကြီးချင်ယောင် ဆောင်တာလား မက်မုံမဝေခွဲတတ်။
ဘာပဲ ဖြစ် ဖြစ် မက်မုံဘက်ကလည်း လွမ်းရသည်။
တမ်းတရသည်။
သူတို့နှစ် ယောက် သာ ချစ်သူ ဖြစ်သွားရင် မက်မုံပိုပြီးတော့ ဘက်ပဲ့ အထီးကျန်လိမ့်မည် ။
ဘာကြောင့် မှန်းမသိ တစ်စုံတစ်ရာကို စိတ်ထင့်သလိုလို မရေမရာ ခံစားချက်နှင့် အတူ အလိုမကျခြင်း ဆန်ဆန် ဖြစ်မိသည်။
တကယ်တော့ မခရမ်းက စွမ်းပြည့်ကို လက်ခံတာ၊ လက်မခံတာဟာ မက်မုံနှင့် တိုက်ရိုက် ပတ်သက်ခြင်းလည်း မရှိပါပဲနှင့် . . .။
မမခရမ်းအပေါ် တွယ်တာနှောင်ဖွဲ့မိတဲ့ စိတ်ဟာ ဆန်းကြယ်နေပါသည်။ မက်မုံ လောဘ ကြီးနေမိတာပင် အံ့သြစရာ ဖြစ်နေပြီ။
စိတ်ထဲက ကိုယ့်ခံစားချက် ကိုယ့်ဘာာ ပြုံးမိလေသည်။
အခန်း (၂)
ထိုညက ကရ၀ိတ်ဥယျာဉ်ထဲမှာ ဈေးရောင်းပွဲတော် ရှိတာမို့ မက်မုံက စွမ်းပြည့်ကို လိုက်ပို့ဖို့ စကားစသည်။
ဟိုကလည်း ဘယ်လိုအပြင်ထွက်ဖို့ အကြောင်းရှာရမလဲ တာစူနေတာမို့ ဟန်ကျသွား သည်။
“ကောင်းတာ မက်မုံ. . .၊ လမ်းလျှောက်ရင်း လေညှင်းလဲ ခံလို့ရတာ ပေါ့. . .။ နင်လည်း ရန်ကုန်ရောက်ကတည်းက ဘယ်မှ သိပ်မထွက် ဖြစ်သေးဘူးမို့လား. . .”
“အောင်မယ်၊ ငါ့ကို စေတနာရှိသလိုလို လေသံဖမ်းနေပြန်ပြီ။ မသိတာမှတ်လို့ စွမ်းပြည့်နော် . . . နင်နဲ့ငါက အပေးအယူရှိတယ်. . . ငါစားချင်တဲ့မုန့်တွေ အကုန်ဝယ်ကျွေးရမယ်. . . ဒါမှ မခရမ်းကို ငါက ရအောင်ခေါ်မှာ . . .”
“တို့နားချင်ပြီ မက်မုံရယ်။ ဒီညအိမ်မှာ ပဲ စာအုပ်ဖတ်တော့မယ်”
“ဟာ. . . မရဘူးဗျာ. . . ဒီလိုတော့ မလုပ်နဲ့၊ လမ်းသွားလျှောက်တယ်ဆိုတာလည်း အပန်း ပြေတာပဲ. . .”
စွမ်းပြည့်က အတင်းအကျပ် တိုက်တွန်းသည်။
ဒီလိုနှင့် နှစ် ယောက် သား ခရမ်းကို ကပ်ပြီး ဦးနှောက်စားနေတာမို့ နောက်ဆုံးတော့ အ၀တ် အစားလဲပြီး သူတို့နှင့် ကရ၀ိတ်ကို ရောက်ခဲ့ရပါသည်။
စွမ်းပြည့်က ခရမ်းကို လှည့်တကြည့်ကြည့်နှင့် ပြုံးပျော်ကျေနပ် နေသည်။
မ,၀တ်ထားတဲ့ ပိတ်စအဆင်အသွေးလေးက အရမ်းလှသည်။ အဖြူခံပေါ် အပြာနုရင့် ပန်းခင်းလေးပါတဲ့ ဒီဇိုင်း. . .။
မ, က ဆံပင်ရှည်ရှည်စင်းစင်းလေးနှင့် လမ်းလျှောက်ပုံလေးကလည်း နွဲ့နှောင်းပြီး မိန်းမ ဆန်တာမို့ ထိုဝတ်စုံလေးနှင့် ပို၍ လိုက်ဖက်ကြည့်ကောင်းသည်။
မက်မုံ ကတော့ ထုံးစံအတိုင်း ဂျင်းဘောင်းဘီအကျပ်လေးနှင့် တီရှပ်ပန်းရောင် လေးကိုသာ ၀တ်ထားတာမို့ ဘာမှမထူးခြားဟု ထင်သည်။
စွမ်းပြည့်စုံက စတိုင်လ်ဘောင်းဘီနှင့် စပို့ရှပ်လက်စည်းနှင့် မို့ ကြည့်လိုက်လျှင် မက်မုံနှင့် ပိုလိုက်ဖက်ညီသလို ဖြစ်နေသည်။
သို့ ပေမယ့် စွမ်းပြည့်က မ,နားသို့ သာ ထိလုမတတ် ကပ်လျှောက်သည်။
မ,မျက်နှာလေးကြည့်ရတာ နှင့် သူရင်ဖိုရသည်။
“စွမ်းပြည့် . . . ခလုတ်လည်း တိုက်ဦးမယ်နော်. . .”
“ဟာ. . . ဘာလဲ. . .”
“မက်မုံ စ,လိုက်သဖြင့် စွမ်းပြည့်မျက်နှာ ရယ်ကျဲကျဲနှင့် အနည်းငယ် ရှက်သွားရသည်။
“သြော်. . . ဝေါလ်ကင်းရှူးကြီး စီးပြီး လှေကားတက်ရမှာ များ မေ့နေပြီလားလို့ပါ. . .”
သူတို့ လျှောက်လာတဲ့ တံတားပြင်လေးမှာ လှေကားအတက်အဆင်းတို့လည်း ရှိတာ အမှန်. . .”
သူက မမျက်နှာပဲ တစ်ချိန်လုံးငေးနေတော့ ခလုတ်တိုက်ဖို့ကလည်း သေချာနေရာ မက်မုံ သတိပေးတာလည်း မလွန်ပေ. . .။
“အကောင်းနဲ့ သတိပေးတာနော်. . .။ ငါ့ကို မျက်လုံးပြူး မကြည့်နဲ့. . .”
“အလိုက်သိသိနဲ့ တိတ်တိတ်လေးနေစမ်းပါကွာ. . .။ သာယာတဲ့ ညအလှလေး ခံစားပါရ စေ. . .”
“ဟား. . . ဟား. . . ညအလှတဲ့. . . မမရဲ့ အလှဖြင့် အလှပေါ့. . .။ သွယ်ဝိုက်နေရသေး တယ်. . .”
“ဟုတ်တယ်ကွာ. . . ဘာ ဖြစ်လဲ. . .”
ခရမ်းပြာက မသိသလိုသာ အဝေးကိုငေးလျှောက် မကြားယောင် ဆောင်နေပါသည်။
ဟိုးအဝေးရေပြင်ဆီကို ငေးမောနေသော ဟန်ပန်ကလေးက ငြိမ်းချမ်းလွန်းလှသည်။
မရဲ့ ဆံနွယ်လေးတွေ က လေအဝှေ့မှာ လွင့်မျောနေသည်။
ဘယ်သူက အရင်ခြေလှမ်းရပ်လိုက်သလဲ မသိပေမယ့် တံတားလေးရဲ့ လက်ရန်းကို အတူတူ မှီရပ်မိကြသည်။
မက်မုံ ကတော့ သိပ်မနာလိုချင်ပေ. . .။
စွမ်းပြည့်ရဲ့ တငေးတမော အရိပ်တကြည့်ကြည့် နှစ် လိုစွဲမက်သော မျက်လုံးတွေ ကို တွေ့ နေရသော အခါ မက်မုံရင်မှာ ကိုကို့ကို ပြင်းပြစွာ လွမ်းဆွတ်လာမိသည်။
ကိုကိုလည်း သိပ်မကြာခင်တော့ မြန်မာပြည်ကို ပြန်လာရတော့မှာ ပါလေ. . .။
ရင်ထဲမှာ လစ်ဟာနေတာလည်း အမှန်ပင်. . .။
အင်းလေ. . . သူတို့လည်း အေးအေးလူလူ စကားပြောချင်ဦးမှာ ပေါ့. . .။
“မ”
“ဟင်”
စွမ်းပြည့်က အသာအယာတိုးတိုး ကပ်ခေါ်သည်။
ခရမ်းပြာက မျက်နက်ဆန်လေး ရွှေကြည့်၏ ။
“မနေ့ညက ဖုန်းဘာလို့ မပြောတာလဲ. . .”
“ပြောတယ်လေ”
“ကျွန်တော် မေးတာတွေ လည်း မဖြေဘူး. . .”
“ဖြေစရာမှ မလိုပဲ. . .”
“စကားပြောလို့တောင် မ၀သေးဘူး. . . မ,က ဂွတ်နှိုက်လုပ်ရော. . .”
“အိပ်ငိုက်ပြီလေကွာ. . .”
“ကျွန်တော် က တစ်ညလုံး ပြောချင်တာ. . .”
ဘေးက မက်မုံကို သိပ်ထည့်တွက်မနေတော့ဘဲ စွမ်းပြည့်က ရင်ထဲက အရှိအတိုင်း ပြောလိုက်သည်။
မက်မုံက ဟိုဖက်မျက်နှာလွဲကာ ရယ်ချင်နေမိ၏ ။
စွမ်းပြည့်တော့ ရင်ထဲက အချစ်တွေ ကို ဆက်အောင့်အီးနိုင်တော့ပုံ ဖြစ်နေသည်။
ညဥ့်လေပြေအေးအေးမှာ မက်မုံမျက်မှာ ပူသလိုလို မနေတတ်ကြီး ဖြစ်နေမိ၏ ။
မမခရမ်းနှင့် တွဲ ထားတဲ့လက်ဖျားလေးကို အသာဖြုတ်လိုက်လျှင်။
“ဘယ်ကိုလဲ မက်မုံ”
“ဒီနားမှာ ပေါပေါက်ဆုပ်သွားဝယ်ဦးမလို့ ခဏလေး. . .။ မက်မုံ ပြန်လာမယ်နော်. . .”
စွမ်းပြည့်က ကျေးဇူးတင်သလို ပြုံးပြသည်။
မက်မုံ သူတို့နားကနေ လှစ်ခနဲ ထွက်လာခဲ့၏ . . .။
ပေါက်ပေါက်ဆုပ်တို့ ရေခဲချောင်းတို့ ရောင်းတဲ့လှည်းကလေးဆီ ရောက်ဖို့ ခပ်ဝေးဝေးကို လျှောက်ရဦးမှာ လေ. . .။
စွမ်းပြည့် ကတော့ မက်မုံရှောင်ပေတာကို ကျေနပ်ဝမ်းသာ သွားမိရင်း မ,အနားသို့ ပိုတိုးကပ်လိုက်သည်။
“မက်မုံကလေ. . . ကလေးလိုပဲ”
“ကောင်းပါတယ်ဗျာ. . .”
“ဘာကောင်းတာလဲ . . . ဟွန်း. . .”
“ကလေးလို အလိုက်သိတာ ကောင်းတာပေါ့လို့ ပြောတာပါ”
“မင်းနော်”
“ဟား. . . ဟား. . .”
“ဘာရယ်နေတာလဲ. . .”
မ,နားမှာ ခုလိုနေရတာ ပျော်လွန်းလို့ပါဗျာ. . . အမြဲတမ်း နေခွင့်ရချင်တယ်. . .”
ကောင်လေးကို ခရမ်းပြာ မျက်စောင်းရွယ်မိတော့၏ ။ အခွင့်သာတုန်း ရည်းစားစကား ပြောချင်နေတဲ့ ဟန်မျိုးပါလာနော်. . .။
“ကဲ. . . မတို့လည်း မက်မုံနောက် လိုက်ရအောင်. . .”
“ဟာဗျာ. . . နေပါဦး. . . မ,ကလည်း. . .”
“ဒီမှာ ဘာလို့ရပ်နေမှာ လဲ”
“စကားပြောချင်လို့. . .”
“ဘာလဲကွာ. . .”
“မ, မျက်နှာလေး ငေးနေချင်တယ်”
“မင်း အဲဒီ လို လျှောက်မပြောနဲ့နော်. . .”
“တကယ်ပြောတာ. . . မ,ကို ကျွန်တော် ချစ်နေပြီ. . .”
“အို. . . ပေါက်ကရ. . .”
“ဟာ . . . မ,ရာ . . . အရမ်းချစ်နေတယ်ဆိုမှဗျာ”
“မင်း ဘယ်လို ဖြစ်နေတာလဲ”
“မ,ကို တစ်ရက်မတွေ့ ရရင် ကျွန်တော် မနေနိုင်ဘူး. . .”
“ကျွတ်. . . ဒုက္ခပါပဲ. . .”
“ဟုတ်တယ်. . . မ, အချစ်ရဲ့ ဒုက္ခပဲ. . .။ မ,ကယ်တင်ဖို့ လိုနေပြီ. . .”
“အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောနဲ့. . . မင်းနဲ့တို့နဲ့ အရွယ်တူလည်း မဟုတ်ဘူး . . .”
“မ. . . အဲ့ဒီလို မငြင်းနဲ့ဗျာ. . .”
“ငြင်းရမှာ ပဲ. . .။ တို့ဘာသာ အေးအေးပဲ နေစမ်းပါရစေ စွမ်းပြည့်ရယ်. . .”
“တစ်ခါလောက် ချစ်ကြည့်လိုက်ရင် စိတ်ချမ်းသာရမှာ ပါ. . .”
“တော် ပါပြီ . . . အချစ်ဆိုတာကို တို့မယုံဘူး”
“အဲဒါကြောင့် မ,ကို သင်ပေးချင်တယ်”
“ဘာရယ်”
“မ, ယုံအောင် ဘာလုပ်ရမလဲ. . . ကျွန်တော် မ, အပေါ် တကယ်အလိုလိုက်ပြီး အရမ်းချစ် မှာ ပါဗျာ။ မ,ကို တန်ဖိုးလည်း ထားတယ်။ စိတ်ချမ်းသာစေရမယ်။ ကတိလည်းပေးတယ်။”
“ခက်တာပဲ စွမ်းပြည့်ရယ်. . . တို့ရင်ထဲမှာ အချစ်ဆိုတာ မရှိတော့ဘူး. . .”
“မ,အသည်းကွဲဖူးတယ်ဆို. . .”
“မင်းကို ဘယ်သူပြောလဲ. . .”
“ဒီလိုပဲပေါ့. . .”
“မက်မုံ ပြောတာမို့လား”
“ဘာပဲ ဖြစ် ဖြစ် မ,ကျွန်တော့် ကို စဉ်းစားပေးဗျာ နော်”
“မစဉ်းစားချင်ဘူး စွမ်းပြည့် တို့နဲ့မင်းနဲ့ ဖြစ်လည်းမ ဖြစ်နိုင်ဘူး”
“အပြတ်မပြောနဲ့ဗျာ . . .”
“လက်လျှော့လိုက်တော့ . . . ထပ်မပြောနဲ့”
“ပြောမှာ ပဲ. . .။ မ,ကို ချစ်တယ် . . .”
စွမ်းပြည့်က မျက်နှာနားသို့ တမင်ကာ တိုးကပ်ကာ ထပ်ပြောသည်။
ခရမ်းပြာက ဆန်ခနဲ ရုန်းရင်း။
“တို့ပြန်မယ် . . .”
“မ, စိတ်မဆိုးပါနဲ့ ကျွန်တော့်ဘ၀မှာ ဘယ်ကောင်မလေးကိုမှ ဒီလောက်ထိ မမြတ်နိုးခဲ့ ဖူးဘူး။ မ,ကို တွေ့ မှ အချစ်ဆိုတာ ဘာလဲ ကျွန်တော် သိလာရတာ မ,က ကျွန်တော့် အတွက် ပထမဦးဆုံးပါ”
“စိတ်ကူးမယဉ်ချင်စမ်းပါနဲ့ စွမ်းပြည့်ရယ်. . . တို့က မင်းချစ်သင့်တဲ့ မိန်းမမျိုးလည်း မဟုတ် ပါဘူး။ ကဲသိပ်လည်း ဦးနှောက်စားမနေနဲ့ လာ မက်မုံဆီလိုက်သွားရအောင်. . .”
“ကျွန်တော် ချစ်ခွင့်ပန်တာကို မ,ခေါင်းထဲ ထည့်ပေးဗျာ. . .။ အလေးအနက် စဉ်းစားပေး. . .”
“စဉ်းစားလည်း မထူးပါဘူး. . .။ ဒီအဖြေက ဒီအဖြေပဲ. . .။ မင်းက ခင်စရာကောင်းပါတယ် စွမ်းပြည့်ရယ်. . . ဒီအတိုင်းလေးပဲ ခင်ရအောင်လေနော်. . .”
မ,က သူ့ကို ဤသို့ ချော့ချော့မော့မော့လေးဆိုလျှင် စွမ်းပြည့် အတော် ကြီး ဘ၀င်ခိုက် ကြည်နူးသွားရပါသည်။
ပထမအဆင့်မှာ ခင်ရုံခင်မယ်ဆိုလည်း အခြေအနေ မဆိုးလှပါဘူးလေဟု သူတထစ်လျော့ ဖြေသိမ့်လိုက်ပါသည်။
တစ်ချိန်ချိန်တော့ မ,သူ့ကို ချစ်လာမှာ ပါဟု စွမ်းပြည့် ယုံကြည်ထားသည်။
ကောင်းညလင်းထွဋ်သည် လှေကားရင်းက ကျောက်ပြားခင်းပေါ် ရပ်လျက် တိုက်နံပါတ်နှင့် အခန်းကို သေချာအောင် တစ်ချက်ပြန်ကြည့်လိုက်သည်။
ဒီအောက်ခြေကနေ ဘဲလ်တီးလျှင် ရနိုင်သော လည်း သူက အပေါ်ထပ်ထိ တက်သွား လိုက်ချင်သည်။
တိုက်အောက်ခြေ လှေကားရင်းက သံပန်းတံခါးမှာ စေ့ရုံစေ့ထားတာကို တွေ့ ရလျှင် သူ အသာအယာ တွန်းဖွင့်ဝင်လိုက်သည်။
သူ့ကို ရုတ်ခြည်းတွေ့ မြင်လိုက်ရလျှင် မက်မုံရဲ့ အံ့အားသင့်သွားတဲ့ အမူအယာကို သူမြင်ရ လိမ့်မည် ။
သူမကို အံ့သြသွားစေချင်သည်။
အင်တာနက်ကနေ တစ်ချိန်လုံး အလွမ်းသယ်ကောင်းတဲ့ ကောင်မလေး. . .။
သူ့ကို စောင့်မျှော်နေရှာသူလေးမို့ ကောင်းည သနားကရုဏာ ပိုရ၏ ။
ဒါကြောင့် ညကပြန်ရောက်ပြီး မနက်လင်းလင်းချင်း သူဒီကို ထွက်လာတာ. . .။
သူမအတွက် လက်ဆောင်အ၀တ်အထည် အိတ်လေးလက်ကဆွဲလျက် လှေကားပေါ် လွှားခနဲတက်ခဲ့သည်။
သုံးလွှာမို့ ခဏလေးနှင့် တံခါးရှေ့ရပ်မိသည်။
ဘယ်ဘက်လား၊ ညာဘက်လား၊ 3B ဆိုတော့ ဒီဘက်ဟုတ်ပြီး။
ကျွန်းတံခါးရွက် ပြောင်ပြောင်လေးက တစ်ထပ်၊ ဂီတသံစဉ် ဒီဇိုင်းပုံဖော်ထားတဲ့ သံပန်း တံခါး အဖြူလေးက တစ်ထပ်၊ အခန်းလေးက ရှင်းလင်းသဖြင့် သားနားမည့်  ပုံပင်. . .။
မက်မုံက သူမ၏ ဦးလေးပိုင်တိုက်မှာ ပဲ နေရမှာ ဆိုတော့ သူက ဒီလိုတိုက်ခန်း သီးသန့်လို့ ပင် အထင်မိပါ. . .။
ကောင်းညလင်းထွဋ်က တံခါးကို ဖြေးဖြေးလေး အသာခေါက်လိုက်၏ . . .။
“ဒေါက်. . . ဒေါက်. . .”
မက်မုံကို ၀မ်းသာပျော်ရွှင်စေလိုစိတ်နှင့် သူ့ရင်မှာ အခုန်မြန်နေရပါသည်။
ချစ်သူသက်တမ်း ဘာမှသိပ်မကြာသေးဘူးဆိုပေမယ့် ရွှေမက်မုံဆိုသော မိန်းကလေးဟာ သူ့ရင်က ဒဏ်ရာဒဏ်ချက်တို့ သက်သာလျော့ပါးစေနိုင်သူလေးဆိုတာ မမှား. . .။
နိုင်ငံရပ်ခြားမှာ တစ်ဦးပေါ်တစ်ဦး အဖော်ပြုလျှက် စားအတူ သွားအတူနှင့် သူငယ်ချင်းလို နေခဲ့ချိန်တွေ လည်း အတန်ကြာခဲ့သော ကြောင့် သူတို့နှစ် ဦးကြားမှာ ရင်းနှီးနားလည်မှု တွေ ရှိခဲ့ ပါသည်။
တို့ရင်းနှီးနားလည်မှု ကနေပဲ ချစ်သူတွေ အ ဖြစ်သို့ တည်တည်ငြိမ်ငြိမ် ကူးပြောင်းခဲ့တာ. . .။
သူတို့နှစ် ဦးရဲ့ ချစ်ခြင်းမေတ္တာဟာ နားလည်ပေးဆပ်မှု ကို အခြေခံသဖြင့် ချမ်းမြေ့သာယာ သည်။
မက်မုံကြောင့် သူဘယ်တော့မှ စိတ်အနှောင့်အယှက်မ ဖြစ်ရပါ။ မက်မုံဟာ ကောင်းည အပေါ် အင်မတန် အနွံတာခံ လိုက်လျောသူလေးပါ. . .။
ဒါကြောင့် လည်း ကောင်းညက မက်မုံကို စိတ်ချမ်းသာမှု ပေးချင်သည်။
မျက်လုံလေးဝိုင်းသွားမယ့် ကောင်မလေးကို သူမြင်ယောင်သည်။
မနက်စောစောဆိုတော့ အိမ်မှာ ရှိကို ရှိလိမ့်မည် ။
အိတ်ပုတ်မလေး အိပ်ယာပင် နိုးပါဦးမလား. . .။
ပါးကလေးကို ဖွဖွဆွဲလိမ်ပစ်ချင်စိတ်နှင့် သူ့ရင်မှာ ချစ်စနိုး ဖြစ်ရသည်။
မက်မုံ သူ့ကို သိပ်ချစ်တာ ကောင်းညယုံသည်။
သူ့ဖက်ကရော. . .။
ဒါကိုတော့ စေ့စေ့တွေးမနေတော့ပါဘူး. . .။
အရာရာဟာ ပြောင်းလဲနေတာ. . . အချိန်တွေ လည်း ကုန်လွန်ခဲ့ပြီ. . .။
သူလည်းပဲ အသက်သုံးဆယ်နား နီးပြီ. . .။
ဒီအချိန်မှာ ဘ၀တစ်ခု အခြေချသင့်ပြီပေါ့. . .။
ဖယ်မလီလိုက်ဖ်လေးတစ်ခုကို ကောင်းည တောင့်တမိတာ ကြာပြီ. . .။
ဒီအချိန်မှာ တော့ ဘ၀အခြေလည်း ကျသင့်ပါပြီလေ. . .။
စိတ်ကူးနှင့် အတူ တံခါးကို ထပ်၍ တစ်ချက်ခေါက်သည်
“ဒေါက်. . .”
ခရမ်းပြာသည် ဧည့်ခန်းသို့ ထွက်လာရင်း တံခါးခေါက်သံကြောင့် ဆတ်ခနဲ ဖြစ်သွားသည်။
ဒီလို ခပ်ဖွဖွ တံခါးခေါက်သံကို သူမနားထဲ အလိုလို မှတ်မိသည်။
ဘုရားရေ. . . ထူးထူးဆန်းဆန်းပါလား. . .။
ဘယ်သူပါလိမ့်. . .။
စွမ်းပြည့်လာလျှင် လူခေါ်ဘဲလ်သံကို အောက်ကနေ တစ်ဆင့် အကျယ်ကြီး တီးတတ်တာ မဟုတ်လား. . .။
ဒါဟာ စွမ်းပြည့်မ ဖြစ်နိုင်. . .။
ခရမ်းပြာ အလိုလို ရင်ခုန်မြန်မိသည်. . .။
တစ်စုံတစ်ရာက စေ့ဆော်သလို ရင်ထဲ ရုတ်တရက် ကတုန်ကယင် ဖြစ်ရသည်. . .။
ဘာကြောင့် ပါလိမ့်. . .။
ဤသို့ ညင်သာသော တံခါးခေါက်သံ. . .။ ဖွင့်လာမည့် သူအတွက် အချိန်ပေးနားလည်မှု ကို အပြင်ကနေ ပေးအပ်တတ်သူ. . .။
သူဟာ ဘယ်သူများ လဲကွယ်. . .။
မောင်. . .။
မောင်တော့ မဟုတ်နိုင်ပါဘူးနော်. . .။
ခရမ်းပြာသည် တံခါးဆီသို့ ဖြေးဖြေးညင်သာနှင့် တထိပ်ထိပ်ပင် တိုးကပ်သွားမိ၏ ။
သူထပ်တစ်ကြိမ်ခေါက်လျှင် သံသယက ပိုခိုင်မာလာသည်။
ဟင့်အင်း. . . ငါ့အထင်မှားနေတာပါ. . .။
ဘာပဲ ဖြစ် ဖြစ် ထိုတံခါးကို မြန်မြန်ဖွင့်လိုက်မှပဲ စိတ်လှုပ်ရှားတာ ပြေပျောက်လိမ့်မည် . . .။
ခရမ်းပြာက တံခါးရွက်ကို အသာလေးဟကြည့်လိုက်ပါသည်။
အို. . .
မျက်စိရှေ့မှာ ဘွားခနဲ မြင်လိုက်ရသူကို မယုံနိုင်အောင် ငြိမ်သက် စိုက်ကြည့်နေမိသည်။
ဆံပင်အထောင်ပုံစံ ပုံကျပန်းကျနှင့် မျက်နှာလေးက ရင့်ကျက်တည်ငြိမ်အေးချမ်းစွာ . . .။
ခရင်မ်ကာလာ ရှပ်အင်္ကျီလက်ရှည်နှင့် စတိုင်ပင်န်အနက်ရောင် ခပ်ပွပုံကို ခါးပတ်ပတ်၍ သပ်ယပ်စွာ ၀တ်ဆင်ထားသည်။ ဘွတ်ရှူးနှင့် ခြေခွဲရပ်နေဟန်က ခပ်မတ်မတ်. . .။
သူ့သဏ္ဍာန်က ဘာမှ ပြောင်းလဲမ သွားပါ။
မျက်လုံးတွေ ကလည်း သူမကို တအံ့တသြ ငေးကြည်နေသည်။
တံခါးလာဖွင့်သူက ခရမ်းပြာ ဖြစ်နေလိမ့်မည် ဟု သူလုံးဝ မမျှော်လင့်မိ. . .။
ထို့ကြောင့် အငိုက်မိကာ ကြောင်အမ်း ငြိမ်သက်နေမိသည်။
တိုင်းရင်းသားရိုးရာ ချည်ထည်စ ဆင်စွယ်ရောင် ကို ဂါဝန်လက်ပြတ်လေးအ ဖြစ် ပုလဲ ကြယ်သီးတွေ ထပ်ကာ ၀တ်ဆင်ထားပုံလေးက မျက်စိထဲ ချစ်စဖွယ်. . .။
ဆံပင်ဖြောင်ဖြောင့် စင်းစင်းလေးတွေ ကိုလည်း အရင်လိုပဲ ဒီဆိုင်းဖားလျားချထားတတ်ဆဲ. . .။
ခရမ်းပြာရယ်. . .။
ကလေးအမေလို့တောင် တစ်စက်မှ မထင်ရပါလား. . .။
အရင်က ထက်တောင် ပိုလှနေပါလားကွာ. . .။
ရင်ထဲက လှိုက်လှဲပြင်းပြသော မေတ္တာစိတ်က မပြောင်းလဲပဲ ရုတ်တရက် နစ်မျောငေးမော သွားမိရာက ကောင်းည သူ့ကိုယ်သူ ထိန်းလိုက်သည်။
စိတ်ကို ငြိမ်သက်အောင် မနည်းကြီး ကြိုးစားထိန်းရပြန်ပြီ။
မက်မုံဟာ မုန့်တိုက်က ဒုမန်နေဂျာအစ်မကြီး တစ်ယောက် နှင့် အတူ နေရတယ်ဟု ပြောသော်လည်း ထိုမိန်းမဟာ ခရမ်းပြာ ဖြစ်နေလိမ့်မည် ဟု ဘယ်လိုမှ မထင်မိ. . .။
ခရမ်းပြာဟာ ကိုဝေယံနဲ့ အတူတူမနေဘူးလား. . .။
သူ့ရဲ့ ကလေး. . . သမီးကလေးရော. . .
ကောင်းညသည် သူ့ကို တစ်စုံတစ်ရာက တမင်တကာ မျက်လှည့်ပြသလားဟုပင် အထင် ရောက်မိ၏ ။
မတွေ့ ခဲ့ရသော နှစ် တွေ အတွင်းမှာ ခရမ်းပြာဟာ ကလေး တစ်ယောက် မိခင်အ ဖြစ် အရမ်း ကြီး ပြောင်းလဲနေပြီလို့ သူတွေးမိတာ. . .။
မနက်မိုးလင်းလင်းချင်း အိပ်ယာထဲက မထင်ခင်တုန်းကတောင် သူတအောင့် တွေးနေမိခဲ့ သေးတာပဲ. . .။
သူတကယ်တွေးသင့်တာက မက်မုံပဲဆိုပြီး သူ့ကိုယ်သူ သတိပေးကာ ဒီကိုရောက်လာရ တာ. . .။
အခုတော့ ခရမ်းပြာက
“နေကောင်းလား. . .”။
ကောင်းညက နှုတ်ဆက်လိုက်သည်။
မတော် တဆတွေ့ ခဲ့ရင် ဒီလိုပဲ အေးအေးဆေးဆေး နှုတ်ဆက်လိုက်မည် ဟု စိတ်ထဲကနေ အကြိမ်ကြိမ် ပြင်ဆင်ထားခဲ့ပြီးသားမို့ သူ့အသံက ထစ်ငေါ့မနေ။
ခရမ်းပြာက တံခါးကို လုံးဝဟင်းလင်းဖွင့်လျက်. . .။
“မက်မုံ ဧည့်သည်ထင်တယ် ၀င်ပါ. . .”
ခရမ်းလည်း လျင်မြန်စွာ ဟန်ဆောင်မျက်နှာဖုံးကို စွပ်ချလိုက်သည်။
ညကပဲ မက်မုံပြောနေသေးတယ်. . .။
သူ့ချစ်သူဘန်ကောက်ကနေ ပြန်ရောက်လာမှာ တဲ့။
ချစ်သူသက်တမ်း သုံးလမပြည့်ခင် ခွဲလာရတာ တဲ့. . .။
အရမ်းလွမ်းတယ်တဲ့. . .။
ဟုတ်မှာ ပါ. . .။
သူ့အခန်းထဲ ကွန်ပျူတာယူကာ တစ်ချိန်လုံး အွန်လိုင်းကနေ ဆက်သွယ်ဖို့ပဲ ကြိတ်ကြိုးစား နေတဲ့ ကောင်မလေး. . .။
အပြန်အလှန် အီးမေးလဲပို့ကြ. . .။ စကားပြောကြနှင့် သူမ သိနေရတာ ပဲ. . .။
မက်မုံချစ်သူဟာ ဘယ်သူဘယ်ဝါရယ်လို့သာ တိတိကျကျ မသိခဲ့တာ. . .။
ခရမ်းက စပ်စုမေးမြန်းဖို့ အားနာခဲ့တာလည်း ပါသည်။
အခုတော့ မောင်. . . မောင်က မက်မုံရဲ့ ချစ်သူအ ဖြစ် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ပြီတည်း. . .။
ဒါဟာ အမှန်ပဲ. . .။
ခရမ်းလက်ခံနိုင်ရမည် . . .။
“မက်မုံရော . . . သူအိပ်တုန်းလား. . .”
“ဟုတ်တယ် မနိုးသေးဘူးထင်တယ်. . .။ လာပါ ၀င်ပါ. . .။ ခဏစောင့်နော်”
“ဟုတ်ကဲ့. . .”
ကောင်းညက အေးစက်စွာ ပင် ခေါင်းညိတ်လိုက်သည်။ ဧည့်ခန်းကို လှမ်းဝင်လာပြီး ဆက်တီမှာ ထိုင်လိုက်သည်။
ခရမ်းပြာက ထမင်းစားပွဲဆီလျှောက်သွားကာ ဓာတ်ဗူးထဲအသင့်ဖျော်ထားသည့် ကော်ဖီ တစ်ခွက်ကို ငှဲ့ထည့်ကာ ဗန်းကလေးနှင့် ယူဆောင်လာသည်။
“သုံးဆောင်ပါဦး”
သူစိမ်းဆန်သော ဧည့်ဝတ်ကျေပွန်မှု ကြောင့် ကောင်းညက နှုတ်ခမ်းတစ်ချက် မသိမသာ မဲ့မိ၏ ။
သူတို့ပြန်ဆုံတွေ့ ပုံက ကဗျာမဆန်. . .။
ရင်ထဲမှာ နာကျင်နှမြေ ၀မ်းနည်းစိတ်က လှိုက်တက်လာသည်။
သူမနှင့် ပတ်သက်လျှင် ၀မ်းနည်းခြင်းအခါ စိတ်က အခုထိ နှိပ်စက်နေတုန်းပါလား. . .။
ချစ်လျှက်နှင့် စွန့်လွှတ်ခဲ့ရတဲ့ သူ့ရင်ထဲ ဘယ်လို ဝေဒနာမျိုးရှိမလဲ မင်းစဉ်းစားကြည့်မိ ဖူးရဲ့ လား ခရမ်းလေးရယ်. . .
မောင့်ကို စိတ်နာရက်စက်ဖို့ တစ်ခုပဲ တွေးမိတာလား။
အိုကွာ. . . ဒါတွေ အစဖော်နေလို့ရော ဘာထူးမှာ လဲ။
ကောင်းညလင်းထွဋ်က သက်ပြင်းတရှိုက်နှင့် . . .။
“ခရမ်ပြာ. . .”
တွေ့ ဆုံချိန်လေးမှာ စကားပြောချင်စိတ်နှင့် သူခေါ်မိသည်။
သို့ သော် ခရမ်းပြာက သူ့အနီးသို့ မသီပါ. . .။
ကော်ဖီဗန်းချပေးပြီးတာနှင့် ပြန်ထွက်ခွာ၏ ။
သူခေါ်ပေမယ့် မကြားသလိုပင်. . .။
“ခဏလေးနော်. . .။ မက်မုံနိုးပြီလား ကြည့်ပေးမယ်”
“အိပ်ပျော်နေရင် မနှိုးပါနဲ့. . . ရပါတယ်. . . ကျွန်တော် စောင့်နိုင်ပါတယ်”
ကောင်းညလည်း အလိုက်သင့်တာ ပြောမိသည်။
ခရမ်းပြာသူနှင့် စကားပြောချင်စိတ် မရှိဘူးဆိုလျှင်လည်း ရှိပါစေ. . .။
ခပ်စိမ်းစိမ်းပဲနေဖို့ စိတ်ကူးထားရင်လည်း သူမဆန္ဒကိုပဲ ဦးစားပေးမှာ ပါ. . .။
သို့ သော် ပြန်ဆုံရတာ ရင်ထဲမှာ လှိုင်းထန်ပြီး ဗြောင်းဆန်နေသည်။
သူဣနြေ္ဒဆယ်ထားရတာ . . .။
“ဟော နိုးပြီလား အပြင်မှာ ဘယ်သူလဲ ထွက်ကြည့်ဦး”
ခရမ်းပြာက အခန်းထဲက ထွက်လာတဲ့ မက်မုံကို သတင်းပေးသည်။
မက်မုံက မျက်ခုံးလေး ပွင့်သွားပြီး အလျင်စလို ပြေးထွက်ကြည့်လေသည်။
“ဟယ်. . . ကိုကို. . .”
ဝမ်းပန်းတသာ အော်ဟစ်ရင်း ကလေး တစ်ယောက် လိုပင် ကောင်းညနားသို့ ချက်ချင်း လှစ်ခနဲ ရောက်သွားသည်။
“ကိုကို. . . ကိုကိုရယ်. . . ပျော်လိုက်တာ”
မက်မုံက ဘာမှပင် ထွေထွေထူးထူး မမေးတော့ဘဲ ကောင်းညနှင့် ပူးကပ်ထိုင်ကာ ခါးကို ဖက်လျက် ခေါင်းကလေးပုခုံးပေါ်မှီချသည်။
ကောင်းညက သူမပခုံးကလေးပေါ် အသာအယာ လက်တင်၍ ဖွဖွဖက်လိုက်သည်။
“ကိုကို. . .”
“အိပ်ပုတ်လေး. . .”
“အဟင်း ဟုတ်ပါရဲ့ မျက်နှာတောင် မသစ်ရသေးဘူး. . .။ ကိုကိုကမှ ဖုန်းကြိုမဆက်ဘဲ. . .”
“အင်းပါကွာ. . . ကိုကို့အပြစ်ပါ. . .”
နှုတ်က ပြောရင်း ကောင်းညက သူမနှင့် လူချင်းပြန်ခွာသည်။ စိတ်တွေ ကျဉ်းကျပ်အားနာပြီး အနေခက်လို့ပါ. . .။
“မက်မုံ”
“ရှင်”
“အဆင်သင့်လုပ်လေ. . . ကိုကိုတို့ အပြင်ထွက်ရအောင်”
“အင်းပါ ကိုကိုရဲ့ သွားမှာ ပေါ့။ ခဏလေး မက်မုံ အလှပြင်တာ မကြာပါဘူး အာ. . . နေဦး မခရမ်းနဲ့ မိတ်ဆက်ပေးရမယ်”
မက်မုံက ကောင်းညကို ပြောရင်း တစ်ဆက်တည်း အော်ခေါ်လိုက်တယ်. . .။
“မမရေ. . . မမ. . . ခဏထွက်ခဲ့ပါဦး. . .”
ခရမ်းပြာက ချက်ချင်း ထွက်မလာ. . .။
ကောင်းညက ခရမ်း ရင်မဆိုင်ချင်လို့ ဆိုတာ အလိုလို နားလည်လျက်. . .။
“သူနဲ့တွေ့ ပြီးပါပြီကွာ. . . သူပဲ တံခါးဖွင့်ပေးတာပဲ. . .”
“ဒါပေမဲ့ မိတ်ဆက်ပေးရဦးမှာ ပေါ့. . . ကိုကိုရဲ့ . . .”
သူတို့နှစ် ဦး တီးတိုးစကားဆိုနေဆဲ အတွင်းခန်းဘက်မှ ခြေသံ ကြားရသည်။
ခရမ်းက မက်မုံအော်ခေါ်နေ၍ ပြန်ထွက်ဖို့ ခြေလှမ်းပြင်မိသော်လည်း ချစ်သူနှစ် ဦးကို ရင်ဆိုင်ဖို့ ခွန်အားတွေ ပျောက်ဆုံးနေသည်။
ရင်ထဲမှာ ငိုချင်ပြင်းပြစိတ်ကို မထိန်းနိုင်တော့သလို ဖြစ်နေပြီ. . .။
ပြန်ဆုံတဲ့အခါ ဒီလိုအခြေအနေမျိုးနဲ့လား မောင်. . .။
တစ်ယောက် ထဲ ရင်နင့်အောင် လွမ်းခဲ့ရတဲ့ အချိန်တွေ . . .။
အိုး. . . နှလုံးသားထဲမှာ နာလိုက်တာ မောင်ရယ်။
ပထမတစ်ကြိမ် အသဲကွဲခဲ့ရပြီးပြီ. . .။
ကွဲကြေနေတဲ့ အသည်းကို ထပ်ပြီး ဒဏ်ရာရစေချင်တာလား။
အိုး. . . ခရမ်းဘာကြောင့် ဒီလောက်မိုက်မဲရသလဲ။
ဒီခံစားချက်ဟာ မရှိသင့်တော့ပါဘူး. . .။
ခရမ်းပြာ စိတ်ရှုပ်ထွေး မွန်းကြပ်နေမှု တွေ ကြောင့် ရေတစ်ခန်ဖွက်ကို အရင်သောက်သည်။
ပြီးမှ မျက်နှာပေါ် အပြုံးလေးတစ်ပွင့် ဆင်မြန်းလျက် ဧည့်ခန်းသို့ ပြန်ထွက်လာပါသည်။
ကောင်းညက အကြည့်ကို တမင်လွှဲနေလိုက်သည်။
အေးစက်သော သူမရဲ့ ဆက်ဆံရေး ပုံစံကြောင့် ရင်းထဲအောင့်သီးအောင့်သက် ခံရခက်လှ သည်။
ခုထက်ထိ တွယ်တာနေမိတာကိုလည်း သူရှက်မိပါသည်။
ဘယ်အခြေအနေမှာ ပဲ ဖြစ် ဖြစ် သူ့အသည်းနှလုံးထဲက မေတ္တာက အရောင် မပြောင်းလဲနိုင် တာကို နားလည်လက်ခံလိုက်သည်။
မက်မုံက ကောင်းညလက်မောင်းကို ပိုင်ပိုင်နိုင်နိုင် ဖက်တွယ်လျက်. . .။
“မမ ဒါ မက်မုံရဲ့ ကိုကိုလေ၊ ကိုကောင်းညလင်းထွဋ်တဲ့ ချောတယ်မို့လား”
“တွေ့ ရတာ ၀မ်းသာပါတယ် ညီမလေးချစ်သူက လူချောပါပဲ”
ကောင်းညက မရယ်မပြုံး ခပ်တည်တည်ကြည့်နေသည်။ မျက်လုံးတွေ ထဲမှာ ဖော်ပြရခက် သော အဓိပ္ပာယ်များ စွာ ရောပြွန်းနေလျက်။
ခရမ်းပြာ အသက်ရှူကျပ်ချင်သည်။
စိတ်တွေ က မွန်းကျပ်လျက် သူတို့ရှေ့မှ ပြေးထွက်ရှောင်ခွာချင်စိတ် ပေါက်မိသည်။
တယုတယ စွဲတွဲ လေး. . .။
ခရမ်းဘယ်လိုမှ ကြည့်နိုင်စွမ်းမရှိ. . .။
မောင့်ကို ကြည့်ရတာ စိတ်မကောင်း ဖြစ်နေပုံနှင့် ခပ်တောင့်တောင့် ငြိမ်သက်လျက်။ သူ ခရမ်းကို ကြည့်တဲ့မျက်လုံးတွေ မှာ နွေးထွေးသင်ဝင်လှိုက်လှဲမှု တွေ ရှိနေဆဲ ရှိတာကိုလည်း တအံ့ တသြ တွေ့ ရပါသည်။
ခရမ်းပြာကို ယတိပြတ် ကျောခိုင်းစွန့်ခွာခဲ့ ထားရစ်ခဲ့သူ. . . ရက်စက်ခဲ့သူဟု နည်းနည်း လေးမှ ထင်စရာ မရှိ. . .။
ဒါပေမဲ့ မောင်ရယ်. . .။
အရင်က ခံနိုင်ရည်နည်းနည်း နဲ့ ဖြေသိမ့်နိုင်စွမ်း ရှိသေးတယ်. . .။
တစ်ချိန်ချိန် မောင် ခရမ်းဆီ ပြန်လာကောင်းရဲ့ လို့ မရဲတရဲ မျှော်လင့်ချက်ရှိသေးတယ်။
အခုတော့ တိတ်တဆိတ် မျှော်လင့်ချက် ယဲ့ယဲ့လေးကို မောင်က ဖျက်ဆီးစေပြန်ပြီ. . .။
ခရမ်းရင်မှာ ဘာမှ မကျန်တော့ဘူး. . .။
ကောင်းပါတယ် မောင်. . .။
အခုလို ရှင်းရှင်းလင်းလင်း သိရတော့ ခရမ်းလည်း စိတ်ဒုံးဒုံးချနိုင်ပါပြီ. . .။
ကျေးဇူးတင်ပါတယ်။
အရွယ်လွန်မှာ ကိုတောင် ကြောက်ရကောင်းမှန်းမသိတဲ့ မိုက်မဲတဲ့ မိန်းမ တစ်ယောက် အတွက် ဒီရလဒ်က ထိုက်တန်ပါတယ်. . .။
ချစ်မိခြင်းရဲ့ အပြစ်ဒဏ်ပေါ့. . .။
ခရမ်းက မသိမသာ အံကလေး တင်းတင်းကြိတ်ထားမိသည်။
ခရမ်းပြာ. . .။
နင် ဟန်ဆောင်ကောင်းစမ်းပါ။
နင် အထီးကျန်ပြီး အလူးအလဲခံစားရချိန်မှာ သူ့နံဘေးမှာ တော့ အဖော်သစ်ကလေးနဲ့. . .။
နွေးထွေးတက်ကြွတဲ့ ချစ်စဖွယ်ကောင်မလေးနဲ့. . .။
နင်မက်မောတန်ဖိုးထားတဲ့ အချစ်ဆိုတာ ဘာလဲ. . .။
တကယ်တော့ အချစ်ဆိုတာ မရှိဘူး. . .။
အထူးသဖြင့် ကောင်းညလင်းထွဋ်ဆိုတဲ့ ယောက်ျား တစ်ယောက် ဆီမှာ အချစ်ဆိုတာ မရှိ ဘူး. . .။
အခု နင်ယုံပြီလား. . .။
ခရမ်းပြာက သူ့ကိုယ်သူ သတိပေးစကား ကောက်ချက်ချနေမိသည်။
“မမ”
“ဟင်”
“မက်မုံတို့ ဘရိတ်ဖတ်စ် သွားစားရအောင် မမလည်း လိုက်ခဲ့နော်. . .”
သြော်. . . ဘာမှမသိရှာတဲ့ မက်မုံလေး. . .။
ခရမ်းက ပြုံးစစလေး ခေါင်းယမ်းရင်း. . .။
“မလိုက်တော့ပါဘူး. . . မက်မုံတို့ပဲ အေးအေးဆေးဆေး သွားကြပါ”
မက်မုံက နှုတ်ခမ်းလေး စူထော်ထော်နှင့် ကောက်ချိတ်သလို
“ဘာလဲ . . . မမနော်. . .၊ မမက စွမ်းပြည့်လာခေါ်မှ ထွက်မယ်ပေါ့လေ. . . ဟုတ်တယ်မို့ လား. . . သိသားပဲ. . .”
ကောင်းညရှေ့မှာ စွမ်းပြည့်အမည် ကို ထည့်ပြောလိုက်သဖြင့် ခရမ်းမျက်နှာလေး တစ်မျိုး ဖြစ်သွားသည်။
ကြားလိုက်ရတဲ့ ကောင်းညလည်း အံ့အားသင့် သွားမိသည်။
ခရမ်းနှင့် ပတ်သက်၍ ပဟေဠိတွေ သိပ်များ နေပြီ. . .။
မနေ့က ကောင်းည ခရီးရောက်မဆိုက်ပင် အိမ်မှာ အတူနေ တပည့်ကျော် ကောက်ညှင်း က သူ့ကို. . .
ဆရာ ကတော့ အခုထိ တစ်ယောက် ထဲပဲ. . . ကိုဝေယံ ကတော့ ကလေးအဖေတောင် ဖြစ်နေပြီဗျ. . . ဟိုတစ်ရက်ကပဲ သူ့ကလေးရဲ့ မွေးနေ့ဆုတောင်း သတင်းစာထဲမှာ ပါလို့ ကျွန်တော် တောင် ဖြတ်ယူထားသေးတယ် . . . ဟဲ. . . ဟဲ. . . ဒီမှာ ကြည့် . . . ဆရာအားကျအောင်. . .”
ကောက်ညှင်းက မှန်စားပွဲအောက် ထည့်ထားတဲ့ ကြော်ငြာဖြတ်ပိုင်းလေးကို သူ့ကို ပြတာ ကြောင့် သူပင် အကြာကြီး ငိုင်သွားခဲ့ရသေးတာ. . .။
ခရမ်းဟာ သမီး တစ်ယောက် ရပြီးမှ ကိုဝေယံနဲ့ အခန့်မသင့် ဖြစ်လို့လား. . .။
အခု စွမ်းပြည့်ဆိုတာကရော ဘယ်ကနေ ပေါ်လာရသလဲ. . .။
ကောင်းည တွေးမရပေ. . .။
မေးချင်လိုက်တာလည်း ရင်ထဲ လူးလွန့်နေသည်။
သို့ သော် သူဘယ်လို မေးရမလဲ. . .။
ခရမ်းကလည်း သူနှင့် အပို စကားတစ်ခွန်းတလေပင် ပြောချင်ပုံမရပါလား. . .။
“ဒါဆို မက်မုံတို့ပဲ သွားလိုက်မယ်နော် ကိုကိုခဏလေးစောင့်. . .”
“အိုကေ. . .”
မက်မုံ အလှပြင်ဖို့ အထဲဝင်ဟန်ပြင်လျှင် ခရမ်းကပါ အတူလှည့်ထွက်သည်။
ထိုအချိန်မှာ ပဲ လူခေါ်ဘဲလ်သံ တီးတောင်လေး မြည် လာ၏ ။
“ဟော ပြောရင်းဆိုရင်း စွမ်းပြည့်လာပြီ ထင်တယ်. . .”
မက်မုံပြောရင်း သွက်သွက်လက်လက်ပဲ တံခါးကို ပြေးဖွင့်လိုက်သည်။
“ကြွပါရှင်. . .”
ကက်ပ်ဦးထုပ် အဖြူလေး ဘေးတခြမ်းစောင်း ခေါင်းပေါ် စောင်းထားတဲ့ စွမ်းပြည့်က ပြုံးစစ နှင့် လှမ်းဝင်လာပါသည်။
မိုးကာသားလို ဂျာကင်အင်္ကျီ စိမ်းပြာတောက်တောက်ကို ခေါင်းစောင်းနောက်လှန်ချထား ပြီး ဖရိုဖရဲ စတိုင်ဝတ်ထားကာ ဘောင်းဘီကလည်း ဘလူးဂျင်း ပုံစံခပ်မိုက်မိုက်လေးနှင့် . . .။
ကြည့်လိုက်တာနှင့် မြူးကြွသော လူငယ်စတိုင်လ်လေးမှန် သိသာသည်။
မျက်နှာလေးကလည်း နုပျိုလန်းဆန်းနေ၏ ။ စွမ်းပြည့်စုံက လှမ်းဝင်လာပြီးမှ ဧည့်ခန်းမှာ ဧည့်သည် မျက်နှာစိမ်း တစ်ယောက် ရှိနေတာ တွေ့ လျှင်ဗြုန်းခနဲ ကိုယ်ရှိန်သတ်လိုက်ပါသည်။
“ဟဲ့. . . ကြည့်မနေနဲ့. . . အဲဒါ ငါ့ကိုကို. . .”
မက်မုံကလည်း ပွင့်ပွင့်လင်းလင်းပင်. . .။
“သြော် ဟုတ်ကဲ့. . . ကျွန်တော် က စွမ်းပြည့်စုံပါ. . . မက်မုံနဲ့ ခင်မင်ပါတယ် ခင်ဗျာ. . .”
“ကိုယ်က ကောင်းညလင်းထွဋ်ပါ တွေ့ ရတာ ၀မ်းသာပါတယ်ကွာ. . .”
ယောက်ျားလေးနှစ် ယောက် က တလေးတစား လက်ဆွဲနှုတ်ဆက်လိုက်ကြ၏ ။
ခရမ်းမှာ ပင့်သက်မျှင်မျှင်လေးသာ ရှိုက်မိတော့သည်။
ဒီအချိန်မှာ စွမ်းပြည့်ရောက်ချလာတာ သူမအတွက်တော့ မဟာအင်အားလို ဖြစ်သွားရ ပါသည်။
“စွမ်း သူတို့က အပြင်သွားမှာ မင်းကို မမကော်ဖီတိုက်မယ်လာ”
စွမ်းပြည့် လှိုက်ခနဲ အံ့သြ၀မ်းသာမိ၏ ။
မ,ရဲ့ “စွမ်း”ဆိုတဲ့ တရင်းတနှီး နှစ် လိုဖွယ် အခေါ်အဝေါ်လေးရယ် “ကော်ဖီတိုက်မယ် လာ” ဟု မောင်လေးကို အလိုလိုက်သလို လေသံဟန်ပန်လေးရယ်ကို သူမယုံနိုင်အောင်ပင် ကြည်နူး ပျော်ရွှင်သွားမိ၏ ။
တက်ကြွသော ခြေလှမ်းတွေ နှင့် မ, နံဘေးသို့ ရောက်သွားမိသည်။
ကောင်းညက မျက်နှာကွက်ခနဲ ပျက်သွားသည်။
ခရမ်းပြာဟာ ဒီလေးနှစ် လောက်အတွင်းမှာ ဘယ်လို မိန်းမမျိုး ဖြစ်သွားတာလဲ. . .။
ကောင်လေး တစ်ယောက် ကို ထမင်းစားပွဲထိ ခေါ်သွားရအောင် တရင်းတနှီး လက်ပွန်း တတီးရှိလှချည်လား. . .။
မြင်ရ ကြားရသမျှဟာ ခေါင်းထဲ တွေးချင်စရာ. . .။ ရင်မောစရာတွေ ချည်း ဖြစ်နေပါလား. . .။
ထမင်းစားပွဲကို လိုက်ကာပါးပါးလေးက တစ်ဆင့် လှမ်းမြင်နေရသည်။
အတူရယ်မော စကားဆိုရင်း ကော်ဖီငှဲ့ပေးနေသော မြင်ကွင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
ကောင်းည ခေါင်းတွေ ကိုက်လာ၏ ။
အကြည့်ကို လွှဲလိုက်ပေမယ့် သူ့အာရုံထဲ ရှုပ်ထွေးမွန်းကျပ်နေသည်။
ဆက်တီပေါ် ကိုယ်ကိုမှီရင်း သူ့ရင်ထဲ ဟာတာတာ ဝေဒနာနှင့် ဘယ်လိုကြီး ခံစားရမှန်း မသိတော့ချေ. . .။
![]() ပန်းငါးပွင့်ရဲ့ ရွှေဂဟေ | ![]() အချစ်ရွာရဲ့တစ်နေရာ | ![]() သတို့သားနေရာ |