အခန်း (၁)
“ဟက်လို”
ချိုလွင်နူးညံ့သော ထူးသံလေးကို ဒီတစ်ခါတော့ နောင်လင်းက မှတ်မိသွားပြီ ဖြစ်သလို၊ တစ်ဖက်က နန်းမှာ လည်း နောင်လင်းရဲ့ ဖုန်းနံပါတ်ပဲဆိုတာ ကြိုသိလိုက်ပါသည်။
အချိန်က မစောလှပ်။ နံနက် ကိုးနာရီထိုးဖို့ ဆယ့်ငါးမိနစ်သာ လိုပါသည်။ သို့ သော် မျက်ချယ်ဇင်က အိပ်ကောင်းတုန်း ဖြစ်သည်။ သူရဲ့ လက်ကိုင်ဖုန်းကိုလည်း ထုံးစံအတိုင်း အသံပိတ်ထား၏ ။ ထို့ကြောင့် နောင်လင်းက မျက်ချယ်တို့ရဲ့ အိမ်ဖုန်းကို ခေါ်လိုက်တာက ဖြစ်နိုင်သည်။
ဒီမနက် နန်းတို့ သူငယ်ချင်း တစ်ယောက် ရဲ့ ဆွမ်းကျွေး အလှူဧည့်ခံပွဲတစ်ခု သွားစရာရှိတာကြောင့် မျက်ချယ်က နန်းကိုသူ့အိမ် အစောကြီးလာဖို့ ညကတည်းက တဖွဖွ မှာ ထားတာကြောင့် နန်းက ဖေဖေ ရုံးသွားချိန် တစ်ခါတည်း ၀င်ပို့ခဲ့ခိုင်းရတာ ။
ဒီကျတော့ မျက်ချယ်အစ်မက တံခါးဖွင့်ပေးသည်။ မျက်ချယ်မှာ အိပ်ကောင်းတုန်းပဲ ရှိသေး၏ “အဲဒီ …မျက်ချယ်က လုပ်ပြီ၊ သူနိုးလာရင် ရေချိုးဦးမှာ နဲ့၊ အလှပြင်မှာ နဲ့၊ ဆယ်နာရီ ဘယ်လိုရောက်ပါတော့မလဲ၊ စိတ်ရှုပ်ပါတယ်”
သူမက ညည်းညည်းညူညူ…။
ဧည့်ခန်းဆိုဖာမှာ ၀င်ထိုင်လိုက်ဆဲမှာ ပဲ တယ်လီဖုန်း အနီလေးက ထမြည် လာတာ အနီးမှာ သူမပဲ ရှိတာကြောင့် နန်းက ဖုန်းကိုင်လိုက်တာ ဖြစ်သည်။
“နန်းဆန် ရောက်နေတယ် ထင်တယ်”
“ဟုတ်ကဲ့..သွားစရာတစ်ခု ရှိလို့ပါ”
နန်းဆန်သူက ဆံပင်လေးတွေ လက်တစ်ဖက်က သပ်တင်ရင်း မျက်ချယ်ကို သွားနှိုးပေးရမလား စဉ်စားနေသည်။
“မျက်ချယ်ရော…ဘာလုပ်နေလဲ၊ မအားဘူးထင်တယ်၊ သူ့ဖုန်းကိုလည်း ဖွင့်ဖို့ သတိပေးစမ်းပါဦးဗျာ”
“ဟိုလေ…သူ အိပ်နေတယ်”
“ဟာ…အိပ်တုန်းလား”
“ဟုတ်ကဲ့…နှိုးပေးရမလား”
“ရတယ်…ရတယ်၊ နောက်မှပဲ ကျွန်တော် ပြန်ဆက်မယ်၊ နန်းဆန် သူ နိုးရင် တစ်ခုပြောပေးပါ။ ဒီညနေ ကျွန်တော် မလာ ဖြစ်ဘူးလို့၊ ကျွန်တော့်  မေမေ ပြန်ရောက်မှာ မို့လို့ လေဆိပ်သွားကြိုရမယ်၊ ဒါကြောင့် ပါ”
တစ်ဆင့် ပြောရတာ ကို နောင်လင်း စိတ်သက်သာရာရမိ၏ ။ မျက်ချယ်ကိုသာ ဒါရိုက်ပြောရင် ချိန်းပြီးမှ ပျက်ကွက်ရ ကောင်းလားဟု ပွစိပွစိ ရေရွတ်ပြစ်တင် စိတ်ကောက်လို့ ဆုံးမှာ မဟုတ်။
နောင်လင်းလည်း မတွေ့ ချင်လို့မှ မဟုတ်ဘဲ။ သူမကို တွေ့ ချိန်လွန်းလို့သာ တွေ့ ခွင့်ရဖို့ ချိန်းဆိုထားခဲ့တာ။ အခုတော့ မေမေက ဒီနေ့ ပြန်ရောက်မည် ဟု ဖုန်းဆက်တာမို့ မတတ်နိုင်။
လေဆိပ်ကို သူ ဆင်းမကြိုရင် မေမေ စိတ်ဆိုးမှာ ။ ဒီတစ်လလုံး စင်္ကာပူသွားနေတာမို့ မေမေ နဲ့သူ ခွဲနေရတာ တစ်လရှိပြီလေ။
စီးပွားရေး ကိစ္စတို့နှင့် မေမေက နိုင်ငံရပ်ခြားလည်း မကြာခဏ သွားလာရတတ်သည်။ အဲဒီ အခါမျိုးတွေ မှာ နောင်လင်းကို စိတ်မချတတ်။ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်သူနဲ့တော့ မပေါင်းနဲ့ စသဖြင့် တဖွဖွ မှာ ကြားမဆုံး။
ပြီးတော့..ဟဲ…ဟဲ။
သူ ရည်းစားထားနေပြီဆိုတာ မေမေ မသိသေးပါ။ နည်းနည်း ပါးပါး ရိပ်မိချင်တော့ ရိပ်မိနိုင်သည်။ သူ့ဖက်ကလည်း လိုမှ ဖွင့်ပြောမည် ဟု စဉ်းစားထားသည်။ မျက်ချယ်နဲ့ သူနဲ့က ရှေ့ရေး ရှေ့ရပ်တွေ တိုင်ပင် ဆွေးနွေးတာမျိုး မလုပ်ဘူးသေးပါ။
ချစ်သူ ဖြစ်သည် ဆိုရုံမျှ သက်သက်ကလေးမို့ မေမေနဲ့ ထိုအကြောင်းတွေ မဆွေးနွေးရသေး။
နောင်လင်းသည် သူ့ဖက်က တစ်ခါမှ မပျက်ကွက်ဘူးတာမို့ အားတုံ့အားနာ စိတ်တွေ ရှုပ်နေရသေး။ မျက်ခြယ်နှင့် ပတ်သက်လျှင် သူ့ဖက်က ဘာမဆို အလေးအနက်ထားနေကျပါ။ ချိန်းထားပြီးလျှင် အချိန်တိတိကျကျ ရောက်နိုင်ဖို့ပင် သူ အမြဲကြိုးစားခဲ့သူပါ။
တစ်ခါမှလည်း နောက်မကျဘူးပါ။
ဒီတစ်ကြိမ်သာ မတွေ့ နိုင်သေးဘူးဟု ပြန်ပြင်တာ ဖြစ်သည်။ “သူနိုးလာလျှင် နန်းပြောပေးပါ့မယ်” “ဆက်ဆက် ပြောလိုက်ပါဗျာ၊ တော် ကြာ သူ ကျွန်တော့်  ကို စိတ်ကောက်နေဦးမယ်”
“စိတ်ချပါ…ကိုနောင်လင်းရဲ့ ၊ နန်း မမေ့ပါဘူး” “အဲဒါဆို..သင့်ခ်ယူဗျာ” နောင်လင်းက ဖုန်းခွက်ကို အသာပြန်ချလိုက်သည်။ ပြီးလျှင် သက်ပြင်းတစ်ချက်နှင့် … မျက်ချယ်…မျက်ချယ်၊ ဒီအချိန်ထိ အိပ်တုန်းတဲ့၊ ညက ဘယ်တွေ သွားခဲ့လို့ ညဥ့်နက်သလဲမသိ။
သူနှင့် မျက်ချယ်က ချစ်သူတွေ ဘာတွေ ဖြစ်နေတာ၊ တစ်ယောက် ပေါ် တစ်ယောက် ထဲထဲဝင်ဝင် ရင်းနှီးလွန်းလှတာ မဟုတ်ပါ။
သူဟာ မျက်ချယ်အကြောင်းကို မျက်ချယ်ပြောသလောက်သာ သိထားတဲ့သူ။ မျက်ချယ်မှာ သူ့အပြင် နောက်ထပ် ရည်းစားများ ရှိနေသလားဟု တစ်ခါတစ်ခါ သူ သံသယ ၀င်မိသည်။
မေမေသာ သိသွားရင် မျက်ချယ်လို ခေတ်ဆန်ပွင့်လင်းတဲ့ မိန်းကလေးမျိုးနဲ့ သဘောတူပါ့မလား။
ဒါကိုလည်း သူ စိုးရိမ်ပါသေးသည်။ စိုးရိမ်စိတ်ကြောင့် ပင် မေမေနှင့် မျက်ချယ်ကို မိတ်ဆက်မပေးရဲသေးတာ ဖြစ်၏ ။ မေမေက သူ့နှလုံးသားရေး ရာကိစ္စမှာ လွတ်လပ်ခွင့် ပေးထားတယ်ဆိုပေမယ့် သူ သဘောမတွေ့ ရင်တော့ တားမြစ်မှာ သေချာသည်။
မေမေက အခုထိ နုပျိုသွက်လက်နေသလို စိတ်ကလည်း ခပ်ထက်ထက် မဟုတ်လား။ နောင်လင်းဘ၀မှာ ဒီအမေ တစ်ယောက် သာ ရှိသဖြင့် သူ့အိမ်ထောင်ရေး မှာ မေမေ့သဘောထားက အလွန်အရေး ကြီးသည်။
နောင်လင်းသည် စီးကရက်တစ်လိပ်ကို ရှိုက်ဖွာရင်း မေမေ့အကြောင်းတွေ သတိတရ တွေးနေမိ၏ ။
ပြီးတော့ မျက်ချယ်…။ မျက်ချယ်နှင့် သူနဲ့ စတွေ့ ခဲ့ပုံ။ သူတို့ ဆယ်တန်းဖြေပြီး အောင်စာရင်းထွက်တဲ့နေ့က အ ဖြစ်အပျက်လေးများ ။
အဲဒီ နောက်…။
နန်းဆန်သူနဲ့ သူနဲ့ ရေကူးကန်မှာ စတွေ့ ခဲ့တာ။ နန်းဆန်က မျက်ချယ် သူငယ်ချင်း ဖြစ်နေတာ။ အတိတ်က ဖြစ်ရပ်လေးများ က သူ့ခေါင်းထဲစီကာ စဉ်ကာ ပေါ်လာလေသည်။
သူ့ အိမ်ပြန်ရောက်တော့ အမေက ၀တ်စားပြင်ဆင်ပြီး အပြင်တစ်နေရာ သွားမလို့ ဖြစ်ဟန်တူ၏ ။ စားချင်တဲ့ဟင်း မေးပြီး အိမ်က ကောင်မလေး ဘဲဥမကို စီစဉ်ခိုင်းသည်။ အပြင်ဆိုင်ကနေ ၀ယ်ခိုင်းတာ ပိုများ သည်။ အမေသည် အိမ်ဗာဟီရ စီစဉ်နိုင်သော မီးဖိုချောင်ဝင်နိုင်သော မိန်းမမျိုးမဟုတ်ခဲ့။
မေမေ သူ့ကို ဂရုတစိုက်နှင့် ထမင်းဟင်း ခူးခပ်ထည့်ပေးတာမျိုး မရှိပါ။ သူခုနှစ် တန်း၊ရှစ်တန်း ကျောင်းသားဘ၀ ကတည်းက မေမေက စီပွားရေး ထဲ စိတ်နှစ် ထားသည်။
ပြီးတော့ သူ့မှာ သားရှိနေတာကို မေမေ မေ့နေပုံပါ။ အပျိုစင်လေးလို ကြော့ရှင်းနေတတ်သည်။ သူတို့ကို သားအမိလို့ မထင်ရဘဲ မောင်မနှမလို့ ထင်ရတာ သူကိုယ်တိုင် သတိထားမိခဲ့၏ ။
ဖွံ့ဖြိုးသော ခန္ဓာကိုယ်နှင့် ရှည်မတ်သော အရပ်ကြီးကြောင့် မောင်နှမဆိုရင်တောင် မေမေက ညီမလေး ဖြစ်ဖို့ပဲ ရှိသည်။ ဒီကိစ္စအတွက် သူ့အနေနှင့် မေ့မေ့ကိုလည်း အပြစ်မထင်မိပါ။ သူ့ဘ၀ အခုထိ အေးအေးဆေးဆေး ပြည့်ပြည့်စုံစုံ ကြီးကျယ်ခန်းနားနေတာ မေမေ အရမ်းကြိုးစားတာကြောင့် မှန်း သိသည်။
Mand Phone တစ်လုံးနှင့် တစ်ချိန်လုံး စကားပြော၊ ဟိုသွား ဒီသွား မအားလပ်သော မေမေ့ခေါင်းထဲမှာ တော့ သူ့သားအတွက်ဆိုတဲ့ ရည်ရွယ်ချက်သာ ရှိခဲ့သည်။ သူမေမေ့ကို သနားသွားမိသည်။
ဒါကြောင့် သူအရွယ်ရောက်ပြီး သိတတ်လာကတည်းက ဆုံးဖြတ်ထားသည်။ မေမေ စိတ်မချမ်းသာ ဖြစ်မည့်  ကိစ္စကို လုံးဝ ရှောင်ကြဉ်မည် ဆိုတာပါပဲ။ မေမေ သူ့ကိုချစ်တာ သူယုံသည်။ မေမေ့ အနားကပ်ပြီး ဆိုးခွင့်၊ ဂျီကျခွင့် မရတာ ကိုလည်း သူ ဖြေသိမ့်လိုက်သည်။
လုပ်ငန်းတွေ အကြီးအသေးစုံစွာ ရှိတာမို့ မေမေက လူပေါင်းစုံနှင့် ပတ်သက်ပြောဆို ဆက်ဆံရသည်။ ပွဲမျိုးစုံ သွားရသည်။ ပါဝင်ဆင်နွှဲရသည်။ အဲဒီ လို အခါမျိုးတွေ မှာ မေမေနှင့် ရင်းနှီးသော မိတ်ဆွေတွေ က မေမေ့ကို အိမ်တိုင်ရာရောက် လာခေါ်တတ်သည်။ များ သော အားဖြင့် စီးပွားရေး လုပ်နေကြတာက အမျိုးသားတွေ မဟုတ်လား။
မေမေက မိန်းမသားပေမယ့် အမျိုးသားတွေ နဲ့ ပခုံးချင်း ယှဉ်ကာ အလုပ်လုပ်နေရတာ မို့ သူတို့နှင့် ကင်းရှင်းချင်လို့လည်း မရပါ။
လုပ်ငန်းသဘောအရ၊ လူမှု ရေး အရ အမျိုးသားတွေ နဲ့ မေမေ ရင်းနှီးရသည်။ ပေါင်းသင်းဆက်ဆံရသည်။ တွဲ သွား တွဲ လာလည်းရှိသည်။ သူက ငယ်သေးတော့ ထိုကိစ္စတွေ ထဲမပါ။ ကလေးလိုပဲ၊ မသိသလို နေခဲ့ပေမယ့် အတွေးထဲမှာ တော့ ကိုယ့်မိခင်အကြောင်းက အမြဲရှိနေခဲ့သည်။
“သား…မေမေ ဒီည နောက်ကျမယ်နော်၊ ဒင်နာရှိတယ်” “ဟုတ်ကဲ့” မေမေက သူ့ကို အသိပေးရုံ ပြောတတ်သည်။ “သား လိုက်မလား” ဟု ဘယ်တော့မှ မခေါ်။ သူကလည်း မေမေ ခေါ်မှာ ပင် စိုးရိမ်နေသေးတာ။ လိုက်မလားဟု မေးရင် “မလိုက်ဘူး မေမေ” ဟုငြင်းဖို့စီစဉ်ပြီးသား။ ဒါမှမဟုတ်လည်း…သားစာကျက်စရာတွေ ရှိသေးတယ်ဟု အကြောင်းပြလိုက်မည် ဟု တွေးထားသည်။
မေမေကလည်း သူ တမင် အကြောင်းပြမှန်း သိမှာ ပါ။ ဒါပေမယ့် မေမေက သူ့ကိုမခေါ်။ သူကလည်း မေမေ နှင့် ခပ်စိမ်းစိမ်းပဲ ရှိနေခဲ့သည်။
မေမေ့မိတ်ဆွေ အမျိုးသားတွေ ကိုလည်း အရယ်အမောမပျက် ဆက်ဆံနိုင်သည်အထိ သူ တစ်စတစ်စ ရင့်ကျက်လာခဲ့၏ ။ မေမေ ဖုန်းပြောနေလျှင် စကားသံလေးက ချိုပြီး ချစ်စရာကောင်း၏ ။ စိတ်ကြည်သာနေမိလျှင် သူပါ ၀င်ရောက်ကာ ရယ်မောနေသေး၏ ။
သူ တွေ့ ဖူးသမျှ မိန်းမတွေ ထဲမှာ သူ့အမေ အလှဆုံးဟု သူ ထင်သည်။ နုဖတ်ဝင်းစိုပြီး ဆံပင် ကလေးတွေ မှအစ ခြေဖ၀ါးလေးအဆုံး အပြစ်ဆိုစရာ တစ်ကွက်မှ မရှိ။
အမြဲလိုလို ဖျတ်လတ် မြူးသွက်နေသော ဆယ်ကျော်သက်လိုပါ။ အ၀တ်အစားလည်း ဖက်ရှင်ကျအောင် ရွေးတတ်သည်။
ဘယ်အချိန် ကြည့်လိုက်ကြည့်လိုက် မေမေက ရှင်းကျော့ကျော့လေး သပ်ရပ်ပြီး ရင်သပ်ရှုမောစရာ ဖြစ်နေ၏ ။ သူကမှ တစ်ခါတစ်ရံ အင်္ကျီဟောင်တစ်ထည်နှင့် ဆံပင်တွေ ပွနေချင် နေပစ်သေးတာ။ မေမေက ဘယ်တော့မှ ပစ်စလက်ခတ် မနေတတ်ပါ။
ထာဝရ ကြော့မော့ သန့်ပြန့် သပ်ရပ်စွာ နေတတ်သော မေမေပါ။ ရုပ်က လန်းဆန်းတက်ကြွနေတတ်သလို စိတ်ကိုလည်း အညှိုးအနွမ်း မခံပါ။
စကားပြောတာ တစ်ခုပဲ မေမေ အပင်ပန်းခံသည်။ အဲဒါကြောင့် ပဲလား မသိ။ မေမေ စကားပြောလျှင် အရမ်း နားထောင်ကောင်းသည်။ နားဝင်ချိုသည်။ ဖုန်းပြောလျှင်လည်း အကြာကြီး၊ တော် တော် နှင့် မပြီး။ စိတ်အေး လက်အေးနှင့် ပြောနေလိုက်တာ တမေ့တမော။
မေမေက ကိုယ့်ဘ၀ကို ကျေနပ်ပျော်ရွှင် နေပုံရသည်။ အနားယူချိန် မရှိအောင် မေမေက အလုပ်များ သည်။ နောင်လင်းသည် ကျောင်းတက်၊ စာကျက်၊ ကျူရှင်တက်နှင့် ကွန်ပျူတာနှိပ်၊ အင်တာနက်ဝင်နှင့် အချိန်ပို အချိန်အား မရှိပါ။
မေမေက ဘယ်လောက်ပဲ အလုပ်များများ သူ့ကိုမသိ မသာတော့ စောင့်ကြည့် လေ့လာတတ်သည်။ သူဖုန်း ခပ်ကြာကြာ ပြောနေလျှင် မေမေ သတိပြုမိပြီပဲ။ “ဘယ်သူလဲ…သား၊ ဘာကိစ္စနဲ့ သားဆီ ဖုန်းခဏခဏ ဆက်နေတာ လဲ၊ အကြောင်းမရှိဘဲ လျှောက်ပြောနေတာ မဟုတ်လား” ဟုမေးတတ်၏ ။
တစ်ခါတရံ မေမေ ဖုန်းကိုင်မိလျှင် သူ မရှိဘူးဟု အသံမာမာနှင့် အပြတ်ပြောတတ်တာကြောင့် ကောင်မလေး တွေ သူ့ဆီ ဖုန်းမဆက်ရဲတော့။
“စာသင်ချိန်မှာ စာပဲနော်၊ တခြား မေမေ ဘာမှ မလိုချင်ဘူး၊ ဆယ်တန်းအောင်ပြီးရင် သားသဘော” ဟု ခပ်တင်းတင်း ဆိုသည်။ သူ့ကိုအမိန့်ပေး၊ စည်းကမ်းထုတ်ရာမှာ တော့ မေမေ တကယ်ပြတ်သားသည်။
အခွင့်အရေး လုးံဝမပေးဘဲ အမြဲ တင်းကျပ်သည်။ မေမေ မကြိုက်သော သူငယ်ချင်းတွေ နှင့် လည်း အပေါင်းအသင်း မလုပ်ရပါ။ သူက မေမေ့ကို သနားစိတ်နှင့် မေမေ့ စကား မှန်သမျှ နာခံခေါင်းညိတ်သည်။
နောင်လင်းက တစ်ခါတလေ မခံချင်စိတ်နှင့် မေမေ့ကို ပြန်ပြောတတ်သည်။ “သားကိုကျတော့ အမျိုးမျိုး ကန့်သတ်တယ်၊ ဘောင်ခတ်တယ်၊ မေမေကျတော့ သားဆန္ဒတွေ ကို တစ်ခါမှ ဂရုမစိုက်ဘူးနော်”
“အောင်မယ်…ငါက မအေလေ၊ မေမေက သားစကား နားထောင်ရမှလား၊ သားက မေမေ့စကား နားထောင်ရ မှာ လား စဉ်းစားပါဦး”
“မေမေလည်း တစ်ခါတလေတော့ သားစကား နားထောင်သင့်တာပေါ့” မေမေက သူ့စကားကို ရယ်နေတတ်သည်။ သူကလည်း အတွန့်မတက်တော့။ ယောက်ျားလေးမို့ ခံစားချက်တွေ ကို ရင်မှာ ပဲ အတတ်နိုင်ဆုံး မျိုသိပ်ထားတတ်ခဲ့သည်။
မေမေက သူ့ကို တချို့နေရာတွေ မှာ ကလေးလို သဘောထားပြီး၊ တချို့နေရာ တွေ မှာြ ကတော့ လူကြီး လိုသဘောထားသည်။ မေမေ့ကိစ္စတွေ ၀င်စွက်တာမျိုး၊ ၀င်ပါတာမျိုးကို မကြိုက်ဘဲ ကလေးတစ်ဦးလို ကိုယ့်စာကိုယ် ကြိုးစားပြီး နေချင်သလိုမျိုး သဘောထား ရှိသည်။
သူ့ဘ၀မှာ လိုအပ်တာမှန်သမျှ တစ်ခုမကျန် ချက်ခြင်း ရစေသည်။ မပြည့်စုံသော ပူပင်ကြောင့် ကြောင့် မှု ဆိုတာ သူ့မှာ မရှိခဲ့။ ရှင်းရှင်းပြောရလျှင် သူ့ အပေါ် အနစ်နာခံ၊ အနွံတာခံကာ အရိပ်တကြည့်ကြည့် ရှိမနေခဲ့တာက လွဲလျှင် သူ့ဘ၀ ပြည့်စုံခမ်းနားဖို့ အားလုံး ဖြည့်ဆည်းပေးသည်။
မိခင်တာဝန် မကျေဘူးဟုလည်း မဆိုနိုင်ပါ။ သူ နေမကောင်းလျှင် ဆရာဝန် ချက်ချင်း ခေါ်ပေးသည်။ ကျောင်းစာ ဘာသာရပ်တွေ ကို အကောင်းဆုံးဆရာကို ရှာဖွေစုံစမ်းကာ သင်ကြားစေသည်။
သူကြိုက်တတ်သော ဟင်းကို အမြဲချက်စေသည်။ သူလိုချင်သည့် အ၀တ်အစား၊ အသုံးအဆောင်အားလုံး ဈေးဘယ်လောက်ကြီးကြီး ၀ယ်ပေးသည်။ သူဝါသနာ ပါသည့် အလုပ်ဆိုလျှင် မေမေ မကြိုက်သော်လည်း မကန့်ကွက် ခဲ့ပါ။
ပြီးတော့ ချစ်သူထားတာနှင့် ပတ်သက်ပြီး…
“သားက ဒါ ကျွန်တော် ချစ်သူပါ မေမေလို့ ပြောလာတဲ့ မိန်းကလေးကို သားကို ချစ်သလို၊ မေမေ ချစ်မယ်ပါတဲ့” ကဲ…သူ့အပေါ် ဘယ်လောက်သဘော ကောင်းလိုက်သလဲ။
မေမေနှင့် သူ့ကို ရုတ်တရက်ကြည့်လျှင် ခပ်စိမ်းစိမ်း ဖြစ်နေမည် ဖြစ်သော်လည်း နှလုံးသားချင်းကျတော့ ပူနွေးစွာ ဆက်သွယ်လျက် ရှိကြသည်။
သားအမိလေ…မချစ်ဘဲ နေမလား၊ ချစ်တာပေါ့။ ယောက်ျားတွေ နှင့် ပခုံးချင်းယှဉ်၊ ခြေရာချင်းယှဉ်ပြီး စီးပွားရေး ထဲ စိတ်နှစ် ကြိုးစားနေသော မေမေ့ကို သူ လေးစားသည်။
သို့ သော် ဘာကိုမှန်းမသိ။ စိတ်တိုင်းမကျသလိုလည်း ဖြစ်သည်။ သူ မေမေ့ကို ချစ်တာမို့ အစစအရာရာ မေမေ့စိတ်ကြိုက် ဖြစ်စေခဲ့သည်။ မေမေ ဖြစ်စေချင်တာတွေ ဖြစ်အောင် ကြိုးစာပေးသည်။ မေမေ့ အချစ်တွေ က သူ့ရင်ကို အင်အား ဖြစ်စေသည်။
ကျောင်းစာမှာ အရင်ကထက် ပိုကြိုးစားသည်။ အတန်းစဉ်မှာ ဆုရလျှင် သူ့အောင်မြင်တွေ ကို မေမေ ကျေနပ်မဆုံး။ သူ့ရင်ထဲ မေမေ့အပျော်တွေ ကူးစက်ကာ ကြည်နူးမိသည်။ အဲဒီ နှစ် မှာ မေမေက သူ့ကို မွေးနေ့ပွဲ လုပ်ပေးသည်။
ဟိုတယ်တစ်ခုမှာ ကျင်းပပေးခဲ့တာ။ သူ့အတွက် ငွေကုန်ကြေးကျခံဖို့ မေမေ လက်မနှေး။ အဲဒီ မွေးနေ့ပွဲမှာ မိတ်ဆွေ သူငယ်ချင်းများ နှင့် စည်ကားဆူညံကာ စိတ်လွတ်လပ်စွာ ပျော်ရွှင်မြူးတူးခဲ့ရတာ ကို နောင်လင်း မမေ့နိုင်။
မေမေက တစ်ခါတစ်ခါတော့ သူနှင့် လက်ပွန်းတတီး နေတတ်သည်။ သူပုခုံးကို ဖက်လိုက၊ ဆံပင်လေးတွေ သပ်ပေးလိုက်၊ ခေါင်းလေးကို ပုတ်လိုက်နှင့် သူ့ကို ချော့မော့တတ်သည်။
မေမေက သူ့ ကို ဆရာဝန်ပဲ ဖြစ်စေချင်သည်။ သူ ကတော့ ၀ါသနာ သိပ်မပါ။ ဆယ်တန်းအောင်ပြီးမှ ဘယ်လို အခြေအနေ ဖြစ်လာမလဲ ကြည့်ရပါဦးမည် ။
အခန်း (၂)
ဇူလိုက်လရဲ့ တစ်ခုသော တနင်္ဂနွေနေ့မှာ နောင်လင်း တစ်ယောက် ညကတည်းက မအိပ်ဘဲ ကျူရှင်က အပေါင်းအသင်းတို့နှင့် ရှုပ်ယှက်ခတ်နေခဲ့သည်။
ဒီမနက် ကျောင်းမှာ အောင်စာရင်းကပ်မှာ ဖြစ်တဲ့အတွက် သူတို့ မိုးမလင်းခင် သွားတိုးကြည့်ဖို့ တပြင်ပြင် စုဝေးနေကြတာပဲ ဖြစ်သည်။
“ဆယ်တန်းအောင်စာရင်းဆိုတာ နှစ် တိုင်း ရင်ကို လာထိမှန်နေကျကွ၊ မင်းတို့တော့မသိဘူး၊ ငါတော့ ခုကတည်းက ရင်ခုန်နေပြီ”
သူတို့ရဲ့ ဂိုက်ဆရာ ကိုကျော်စွာ က ဆိုသည်။
တစ်နှစ် ပတ်လုံး အနီးကပ် ဂိုက်လုပ်၊ စာသင်၊ စာစုကျက် လာကြတာကြောင့် ကိုကျော်စွာ ကလည်း သူတို့ရဲ့ သူငယ်ချင်းလိုပဲ ဖြစ်နေပါပြီ။
အောင်စာရင်း ကြည့်ဖို့ကို ညကတည်းက သူလည်း စိတ်လှုပ်ရှားနေသည်။ “အစ်ကို့တုန်းက သရီးဒီပါတော့ ပျော်သွားမှာ ပေါ့”
“ မင်းလည်း ဒီမှန်းတာပဲ မဟုတ်လား နောင်လင်းရ”
“ သူက ခုနှစ် လုံးရမှာ ”
“ဖြေတာကမှ ခြောက်ဘာသာ၊ သူက တစ်လုံးတောင် အပိုပါသေးတာပေါ့..ဟား..ဟား” အောင်ရုံလောက် သာ မနည်းမှန်းရသော ဘော်ဒါတွေ က တကုပ်ကုပ် ကြိုးစားလာခဲ့သော နောင်လင်းကို ဟားလိုက်ကြသည်။
နောင်လင်းက အမေ့ကို ချစ်သော သားလိမ္မာ၊ လက်ဖက်ရည်ဆိုင် ထိုင်ဖို့ သွားခေါ်လျှင်တောင် သူစာကျက် ပြီးတဲ့ ညကိုးနာရီထိ စောင့်ရတာ မို့ ပျော်ပျော်ပါးပါး နေတတ်သော သူငယ်ချင်းတွေ က သိပ်မကြည်။
“ဒါ ကတော့ကွာ… နောင်လင်းက မင်းတို့ထက် ရည်မှန်းချက်ကြီးတာကိုး” ကိုကျော်စွာ က စာတော် တဲ့ နောင်လင်းကို ပိုချစ်တာအမှန်။ ဂိုက်ဆရာဆိုပေမယ့် တပည့်လိုသက်သက် မဟုတ်ဘဲ ညီရင်းအစ်ကိုပမာ ပေါင်းသည်။
ဆယ်တန်းဖြေပြီးသွားပေမယ့် သူတို့ တစ်သိုက်နှင့် အခင်အမင် အသွားအလာ မပျက်ခဲ့ပေ။ သူတို့ကလည်း ကိုကျော်စွာ ကို ပြောရဲဆိုရဲ ရှိသည်။ “ဟုတ်တယ်…ဒီကောင်က ဆရာဝန်တောင် ဖြစ်ချင် ဖြစ်မှာ ၊ ကိုကျော်စွာ သူ့ကို အမျိုးတော် ရင် မမှားဘူး”
“ ဟေ့ကောင်တွေ ”
နောင်လင်းက ဟန့်၏ ။
ကိုကျောင်စွာ ရဲ့ ညီမလေးက ဒီနှစ် မှ ကိုးတန်းတက်မှာ ။ သူတို့က ဒါကိုရည်ရွယ်ပြီး မထိခလုတ်၊ ထိခလုတ် ရိသဲ့သဲ့ နောက်ပြောင်ချင်တာ။
“အေးပေါ့…တော် သင့်ရင်လည်း တော် ရမှာ ပေါ့ကွာ၊ မင်းတို့သာ မနာလိုမရှိနဲ့ ကြားလား” “ဟား…ဟား…ဟား” ကိုကျော်စွာ က ခပ်တည်တည် ပြန်ပြောတော့ သူတို့ သဘောတကျ ရယ်လိုက်ကြသည်။
“ကဲ…သိပ်စကားမများ နဲ့တော့၊ ကားပေါ်တက်ကြ” “ အဟဲ…ဆရာ ဖင်ကျိန်းသွားပြီ” ဟု အချင်းချင်း ကပ်တိုး ပြောကြသေးသည်။ ပြီးလျှင် နောင်ရဲ ရဲ့ ရာဇာဂျစ်ပုလေးပေါ် ကိုယ်စီခုန်တက် လိုက်ကြသည်။
နောင်လင်းအမေက သူ့ သားသူ စာမေးပွဲ အောင်မည် ဆိုတာ ယုံကြည်ပြီး ခုကတည်းက ကြိုတင်၍ ဂျစ်ကား ဝယ်ပေးလိုက် ပြီ။
ဒါပေမယ့် နောင်လင်းမှာ လိုင်စင်မရှိသေးတာကြောင့် ကိုကျော်စွာ ပဲ မောင်းသည်။ နောင်လင်းက မောင်းသူ ဘေးက ကူရှင်မှာ ခပ်တောင့်တောင့်ထိုင်ရင်း အောင်စာရင်းကြည့်ဖို့ စိတ်စောနေမိသည်။
အခုမှ နံနက်လေးနာရီကျော်ရုံ ရှိပါသေးသည်။ သို့ သော် ဆယ်တန်းကျောင်းသူ ကျောင်းသားရှိသော မိသားစုဝင်တွေ မှာ လှုပ်လှုပ်ရှားရှား လမ်းပေါ် ရောက်နေကြပါပြီ။
သူတို့အဖွဲ့တွေ က ဂျစ်ကားတစ်စီး၊ ပါပလစ်ကားတစ်စီး၊ စုစုပေါင်း ကားနှစ် စီး အတူထွက်ခွာလာကြသည်။ မှော င်မည်းမည်း ညထဲမှာ သူတို့လိုပဲ ကျောင်းရှေ့ရောက်လာကြတဲ့ ကားတွေ မှာ ပလက်ဖောင်းတောင် ပြည့်နေပြီ။
ကျောင်းရှေ့မှာ လူငယ်လူရွယ်အများ စု စုပြုံတိုးဝှေ့ကာ ကျွတ်စီကျွတ်စီ အသံတွေ ထွက်နေသည်။ ကောင်မလေးတွေ လည်း အများ ကြီး။ လူအုပ်ကြီးက မနည်းပါ။
သူတို့ကား ရပ်စရာနေရာ ရှာ၍ ခပ်လှမ်းလှမ်းမှာ ရပ်ခဲ့ကြသည်။ ထိုအချိန်မှာ ပင် ရင်ခုန်နေမိသော နောင်လင်း ကို ပို၍ ရင်ခုန်မြန်ချင်စရာ အကြောင်းက ပေါ်ပေါက်လာလေသည်။
“ဘယ်သူ ထိုးဖောက်တိုးမှာ လဲ”
“ နောင်လင်း…တိုးပလေ့စေ၊ ဒီကောင်က အရပ်ကြီးမြင့်တော့ ဟန်ကျတယ်” “အောင်မာ…မင်းတို့လည်း တိုးလို့ရတာ ပဲ၊ ကိုယ့်အောင်စာရင်းဆိုတာ ကိုယ်တိုင် မျက်စိနဲ့ သေချာကြည့်မှ အရသာ ရှိတာကွ”
“ငါ ကားနားမှာ ပဲ စောင့်မယ်၊ ငါမကြည့်ရဲဘူး” သန့်စင်က မျက်နှာပျက်ပျက်နှင့် တွန့်ဆုတ်ဆုတ် ဖြစ်နေသည်။ “ငါ ခုံနံပါတ် ရေး ပေးထားတယ်လေ” “မင်းအောင်ပါတယ်ကွာ” “ဖစ်ဆစ် မဖြေနိုင်ဘူး ကိုကျော်စွာ ၊ အမှတ်ပြန်တွက် တာ လေးဆယ်ကို မပြည့်ဘူး”
“ ပြည့်ပါတယ်”
ပြောနေကြာတယ်…သွားကြည့်မယ်” သူတို့က သန့်စင်ကိုပါ အတင်းဆွဲခေါ်ကြ၏ ။ အောင်စာရင်း ကပ်ထားရာ သံပန်းတံခါးရှေ့ကို မမြင်ရဘဲ တိုးဝှေ့နေသော လူအုပ်ကြီးသာ မြင်နေရ၏ ။
အနားရောက်တော့ လူချောင်မည် ထင်တဲ့ဖက် ကိုယ့်အစီအစဉ်နှင့် ကိုယ် လူစုကွဲကာ တိုးဝှေ့ကြရတာ ဖြစ်သည်။
“ဟေး…ဘယ်လို ဖြစ်တာလဲ”
ကောင်မလေး တစ်ယောက် က သူ့ရှေ့မှ ဗြုန်းကနဲ ပြန်လှည့်ထွက်တာမို့ ရင်ချင်းအပ်သလို ဖြစ်သွား တာကြောင့် နောင်လင်းက အားနာပါးနာ ရေရွတ်သည်။
“ဆောရီးနော်…”
တီးတိုးတောင်းပန်သူလေးကို နောင်ရဲ ငုံ့ကြည့်မိသည်။ ဆံပင်ဖားလျားချထားတဲ့ ချစ်စဖွယ်မျက်နှာနုနု ၀င်းပပလေး ကိုမြင်သည်။ ခေါင်းဆောင်းပါသော ဆွယ်တာအနက် ရင်စေ့လက်ရှည်လေးကို ၀တ်ထားပြီး ချွေးပျံနေရှာ၏ ။ လူကြားထဲမို့ သူမ စကတ်ဝတ်ထားသလား၊ ဘောင်းဘီဝတ်ထားသလား မသဲကွဲ။ အပေါ်ပိုင်းပဲ မြင်ရတာ လေ။
“ မင်း ပြန်ထွက်ရင် ထွက်လေ” ဟုတ်သည်လေ။
“ဒီအတိုင်းကြီး ရှေ့ဆက်မတိုးကြဘဲ ဘယ်လိုနေမလဲ။ နီးကပ်သော အနေအထားကြောင့် နောင်လင်း ရင်ထဲ ပူနွေးနွေးကြီးပင် ဖြစ်သွားရသည် မဟုတ်လား။
“မျက်ချယ်နာမည် မတွေ့ သေးဘူး”
သူမကိုယ်သူမ မျက်ချယ်ဟု ပြောလိုက်မှ ဒါဟာ ဘီခန်းက ကောင်မလေးပဲ ဆိုတာ နောင်လင်း မှတ်မိသွား သည်။
ခါတိုင်းက အဖြူအစိမ်း ကျောင်းဝတ်စုံနှင့် ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ် ထားတာကြောင့် အခုလို ဆွဲဆောင်မှု ရှိသော မိန်းမပျို တစ်ယောက် ဟန်ပန်မျိုး မဟုတ်ဘူးလေ။
“ ကြည့်ပေးမယ်လေ၊ အပြင်က စောင့်ပေါ့၊ ခုံနံပါတ်ပြော ´´ “ဟင့်အင်း…မျက်ချယ်က ကိုယ်တိုင်မြင်ချင်တာ”
“ဒါဆိုလည်း ရအောင်တိုးပေါ့၊ မင်းသဘောပဲ” နောင်လင်း အသံက ခပ်ဆတ်ဆတ်လေး စိတ်တိုသလို ဖြစ်သွားရပါသည်။ ဒီလောက်ကြီး တိုးဝှေ့နေတာ သူမမျက်မြင်။ ပြီးတော့ အများ စုက ယောက်ျားလေးတွေ ။ အခုကိုပဲ သူမခမျာ ကောင်လေးတွေ အုပ်စုကြားထဲ ကျပ်ညပ်နေပြီ..ကြည့်လေ။
ဒါကိုမှ လူအုပ်အပြင်ကို ပြန်မထွက်ဘူး ဆိုတော့လည်း သဘောတော် အတိုင်းပေါ့။ အတိုးခံရမှာ သနား စာနာမိတာ အလကားပဲ။ နောင်လင်းက စေတနာပို စကားစ,မိတာကိုပင် ချက်ချင်း နောင်တရသည်။
“စိတ်မဆိုးပါနဲ့”
“မဆိုးပါဘူး”
“ရှင်က ရှေ့ကတိုး၊ မျက်ချယ်က ရှင့်နောက်က ကပ်လိုက်မယ်”
“ဟာ”
ဖျတ်ကနဲ သူ့နောက်ကျောဖက် တိုးကပ်သွားလိုက်ပုံက ဖြူဖြူသန့်သန့် ရုပ်ချောချော ကောင်လေးကို ဆယ်တန်းကျောင်းတက်စ ရက်တွေ ထဲကပင် သတိပြုမိခဲ့တာ ဖြစ်သည်။
အရပ်မြင့်မြင့် ဖြူဖြူချောချော မော်ဒယ်ဘွိုင်းပုံစံလေးဖြင့် သူ့သဏ္ဍာန်က ကျောင်းသားအများ စုကြားမှာ ထင်လင်းပြတ်သားစွာ အမြဲတမ်း ပေါ်လွင်နေတတ်သည်။
သူ့မျက်နှာက အသားအရေ ဖြူဝင်းစိုပြေရုံသက်သက် မဟုတ်ဘဲ ဆလိုက်မီးတစ်ခု လျှို့ဝှက် ထွန်းပေးထား သလို မျက်နှာလေးမှာ အလင်းဓါတ်တစ်မျိုး ရှိကိုရှိနေတာ။
အဲဒါဟာ သူ့ရဲ့ ထူးခြားချက်ပါ။ ပြီးတော့ မျက်လုံးအစုံက နက်ရွှန်းပြီး စူးရှတောက်ပသည်။ အဖြူအစိမ်း ၀တ်စုံနှင့် သူကော်ရစ်ဒါက ဖြတ်လျှောက်သွားတိုင်း မျက်ချယ်မှာ အသာကလေး ခိုးကြည့်ရတာ အမောပါ။
သူ ကတော့ မျက်ချယ်ကို သိသလား..မသိသလား မပြောတတ်ပါ။ မျက်ချယ်ဇင်ဟာလည်း ကျောင်းမှာ အချောအလှ စာရင်းဝင်ပါ။
ကျောင်းမှာ အာစရိပူဇော်ပွဲတို့၊ ကျောင်းကပွဲတို့ ရှိရင် မျက်ချယ်က ရှေ့ဆုံးကနေ ပါဝင်ဆင်နွှဲနေကျ။ ဒါကြောင့် မျက်ချယ်ဇင်ဆိုတာ ကျောင်းမှာ လူသိများ ကျော်ကြားသော မိန်းကလေး တစ်ယောက် ပဲ ဖြစ်သည်။
နောင်လင်းကိုလည်း သူမကို သိကိုသိနေမည် ဟု ယူဆမိ၏ ။ အခုတော့ ဗြုန်းဆို ဒီဖက်ပြန်အလှည့်မှာ သူ့ရင်ခွင်ထဲ တည့်တည့်ဝင် တိုးမိသလို ဖြစ်သွားသည်။
ရှိန်းနွေးသော ခံစားချက်နှင့် အတူ မျက်ချယ်နှလုံးသား အစုံက ခုန်လှုပ်သွားသည်။ လူတွေ ကြားထဲ သူနှင့် မှ နီးနီးကပ်ကပ် ဆုံရတာ ကိုလည်း အားရှိသွားမိသည်။
မကြည့်သေးပါဘူးဟု လက်လျှော့ နောက်ပြန်လှည့်မိရာကနေ ပြန်ဝင်တိုးကြည့်ချင်စိတ်လည်း ပေါက်၏ ။ အမှန်တော့ ၀မ်းဒီနဲ့ အောင်တယ်ဆိုတာ သူငယ်ချင်းတွေ သတင်းပေးလို့ သိပြီးပါပြီ။ ကျူရှင်ဆရာကလည်း ဖုန်းဆက်ပေးသည်။
ဒါပေမယ့် မျက်ချယ်က ကိုယ့်အမည် ကပ်ထားတာ မျက်ဝါးထင်ထင် ကိုယ်တိုင် ကြည့်ချင်တာ။ သူများ ပြောရုံနှင့် လှည့်မပြန်နိုင်။
ရဲရဲ ၀မ်းမသာဝံ့။
သူတို့နောက်မှာ မဟုတ်ဘူးလို့ ယုံတာကယုံသည်။ သို့ သော် လောကကြီးမှာ ကိုယ်တိုင် မြင်တာလောက် သေချာတာတော့ ဘယ်ရှိမလဲလေ မဟုတ်ဘူးလား။
အောင်စာရင်း ကြည့်ရတဲ့ ပီတိ၊ အောင်မြင်ခြင်းရဲ့ အရသာကို ခံစားချင်သေးသည်။ လူရှင်းမှ လာကြည့်ပါလားလို့ ဆိုချင်လိမ့်မည် ။
ဒါပေမယ့် လူရှင်းအောင် မစောင့်နိုင်။ ညကတည်းက အိပ်မပျော်အောင် လှုပ်ရှားနေရတဲ့ စိတ်လှုပ်ရှားမှု လေ။
ကောင်မလေးက တရင်းတနှီးဟန်ဖြင့် သူ့ကျောဖက် အတင်းကပ်လိုက်တာကြောင့် နောင်လင်းပင် ရှိုးတို့ရှန်းတန်းကြီး အနေခက်သွားမိသည်။
ကပ်ရုံတင် မဟုတ်။ သူ့ကျောပြင်တစ်နေရာကို သူမလက်ကလေးဖြင့် ဆုပ်ကိုင်ထားလိုက်သေး၏ ။ ကျွတ်…ဘယ်လိုကောင်မလေလည်းကွာ။ သို့ သော် မတတ်နိုင်။ အားနာပေမယ့် ဘာမှ မပြောသာ။ ရှေ့က တိုးပေး ပါဆိုသဖြင့် ဦးဆောင်ပြီး တိုးပေးရ၏ ။ သူမက နောင်လင်း ကျောပြင်နား မခွဲမခွာ တောက်တဲ့လေးလို ကပ်ပါလာ သည်။ ထိကပ်နေသော အတွေ့  နွေးနွေးမှာ နောင်လင်းရင်ထဲ ဗြောင်းဆန်ရ၏ ။
သူ့မှာ မိန်းကလေးတို့နှင့် ပတ်သက်တဲ့ အတွေ့ အကြုံ မရှိသေးပါ။ ကိုယ့်အမည် ကိုယ်ကြည့်ဖို့ပင် အယောင် ယောင်အမှားမှား ဖြစ်သွားသည်။ ဘယ်နားက လျှောက်လွှာစာရွက်ထဲ ကြည့်ရမလဲ။
“မျက်ချယ်နာမည် အရင်ရှာပေးနော်’’
သူမက တောင်းဆို၏ ။ ကိုယ့်အတ္တ အရေး ကြီးသူ ပေါ်လာသည်။ နောင်လင်းမှာ သူမအမည် ပါမပါ အရင်ရှာ ရ၏ ။ ရင်ခုန်စရာ ကောင်းပါဘိ။ မတွေ့ မှာ လည်း စိတ်ပူသည်။
“ဒီမှာ …ဒီမှာ ”
မျက်ချက်ဇင်ဆိုသော ကွန်ပျူတာစာလုံးလေးအား သေချာညွှန်ပြရာ သူမက အတင်းတိုးဝှေ့ ကြည့်သဖြင့် နောင်လင်းနှင့် သူမမှာ နီးနီးကပ်ကပ်၊ နောင်လင်းရင်ခွင်ထဲသို့ ပြန်ရောက်လုလု အခြေအနေပါ။
“မက်စ် ဒီပါတယ်…၀မ်းသာလိုက်တာ”
သူမ၀မ်းသာတာက ကိုယ့်အင်္ကျီကို ဆုပ်ပြီးခါတာ။ နောင်လင်း ရင်တွေ တုန်ခါရတာ ပေါ့။
“ကိုနောင်လင်းရောဟင်…ရှာကြည့်ဦးလေ”
အခုမှ ဆုပ်ကိုင်ထားတဲ့ အင်္ကျီကို လွှတ်ပြီး သတိပေးဖော် ရလေသည်။ သူ့အမည် က နောက်ထပ်လျှောက်လွှာ တစ်ရွက်မှာ မို့ ဟိုဖက်သို့ ပြန်တိုးရသည်။
မျက်ချယ်သည် ရပ်ချန်မနေဘဲ သူ့အင်္ကျီစဆွဲကာ အတူမခွဲ ကပ်ပါလာပါသည်။
“တွေ့ ပြီလား..တွေ့ ပြီလား”
“အင်း”
မောင်နောင်လင်းကို ဆိုတဲ့ အမည် နံဘေးမှာ ဂုဏ်ထူး သုံးခုစီ တန်းပါသည်။ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘိုင်အိုတဲ့။ ဟား…သုံးခုတည်းကွာ။
ကျန်တဲ့ သုံးဘာသာ ဘာကြောင့် ဒီမထွက်သလဲ။
“ဟယ်…သရီးဒီဟုတ်လား၊ ရှင်က စာတော် လိုက်တာ ကိုနောင်ရယ်..သိပ်တော် တာပဲ” သူမက ၀မ်းသာအားရ သူ့လက်မောင်းကို ဖက်လှဲတကင်း ဆုပ်ကိုင်ရေရွတ်သည်။
တရင်းတနှီးဟန်ဖြင့် နောင်လင်းမှာ လည်း လင်းတစ်လုံးကို လျင်မြန်စွာ ဖြုတ်လိုက်ပါသည်။ ကိုနောင်တဲ့။ ထိုအသံလေးက ချစ်ဖို့ကောင်းပါသည်။ အိမ်ကထွက်လာတုန်းက သူငယ်ချင်းတွေ ပဲ အဖော်ပါပြီး အခုတော့ ၀မ်းသာမှု ကို မျှဝေခံစားပေးသော ကောင်မလေး တစ်ယောက် သာ အနားမှာ ရှိသည်။
လူအုပ်များ သဖြင့် ကိုယ့်အမည် ပဲကြည့်ပြီးအမြန် ပြန်ထွက်သည်။ လူအုပ်အပြင်ရောက်တော့ သန့်စင်က သူ့ကို မြင်တော့…
“ငါ့နာမည် ပါရဲ့ လား”
ဟုတ်သားပဲ။
သူဖြေရခက်သွားသည်။
ဘေးနားက မျက်ချယ်ပြုစားသဖြင့် တခြားသူတွေ အမည် ကြည့်ဖို့ သူ မေ့လျော့သွားခဲ့ပြီ။ အားတုံ့အားနာ ဖြစ်သွားဆဲ…။
“ဟေး…ငါတို့အားလုံး အောင်တယ်၊ နောင်လင်း သရီးဒီ၊ အာကာနဲ့ လှိုင်မိုးက ၀မ်းဒီစီ၊ ကိုကျော်စွာ ခန့်မှန်းတဲ့ အတိုင်းပဲဗျ…နော်”
အချိန်မီ အော်ပြောလိုက်တဲ့ နိုင်ဝင်း ရောက်လာလို့ ကံကောင်း သွားပါသည်။ သူငယ်ချင်းတွေ ခုန်ပေါက် ပျော်နေဆဲ သူမက…
“ကိုနောင်…ကျေးဇူးပဲနော်၊ မျက်ချယ် ပြန်တော့မယ်”
“ဟုတ်ကဲ့”
“သရီးဒီတောင် ရတာ …နောက်နေ့ မုန့်ဝယ်ကျွေးဖို့ မမေ့နဲ့နော်”
“ဟုတ်ကဲ့”
“ဒါဆို တာ့တာ”
မြူးမြူးကြွကြွ နှုတ်ဆက်သော ကောင်မလေးကို ကြည့်ပြီး အာကာတို့က… ဟေ့ကောင်…လျှိုထားမယ် မကြံနဲ့ နော်၊ ငါအားလုံး မြင်တယ်”
“ဘာမြင်တာလဲ အာကာ”
“နောင်လင်းနဲ့ မျက်ချယ်နဲ့ မရိုးဘူးကွ၊ ဒီကောင်က ငါတို့ကို လက်တစ်လုံးခြား မျက်ခြေဖြတ်ပြီး ကောင်မလေး နဲ့ သွားပူးနေတာ”
“ဟာ..မဟုတ်ပါဘူး၊ သူ့နာမည် ဝိုင်းရှာခိုင်းလို့ပါကွာ”
နောင်လင်းက ကမန်းကတန်း ဖြေရှင်းသည်။
“ဒါတွေ ရိုးနေပြီ ဟေ့ကောင်၊ မင်းပုခုံးကို သူကိုင်ထားတာ ငါတွေ့ တယ်…လုပ်မနေနဲ့”
“ရိုးရိုးပါကွာ…သူများ တွေ စွတ်တိုးလို့ပါ”
သူငယ်ချင်းတွေ က ပြုံးစိစိနှင့် တစ်ယောက် တစ်ပေါက် ၀ိုင်းစစ်ဆေးနေကြသည်။
“ဘာ ဖြစ် ဖြစ်…မင်း ငါတို့ကို ချစ်စရာမှာ လိုက်ကျွေးရမယ်…ဒါပဲ”
“အေးပါကွာ…ကျွေးမှာ ပါ” “အခု သွားမှာ နော်…ဘယ်လိုလဲ”
“မိုးတောင် မလင်းသေးဘူး…အေးဆေးပေါ့”
“မရဘူးကွ…ဗိုက်တွေ ဆာနေပြီ၊ ကြာတယ်ကွာ…ကားပေါ်တက်ြ ကတော့ဟေ့”
“ကိုကျော်စွာ …ဒီကောင့်ကိုထိန်းဦးနော်”
“ယောက်ျားလေးပဲကွာ…ထိန်းဖို့မလိုပါဘူး”
“မျက်ချယ်က ရှုပ်တယ်နော်…ဆရာမ ကြီး”
“ဟ…ပြဿနာပဲ၊ ငါနဲ့သူနဲ့ ဘာမှ မဟုတ်ပါဘူးဆိုမှ၊ မင်းတို့ကို ကျွေးမယ်ဆိုတာက အောင်စာရင်းကိစ္စပါ။ သူနဲ့ လုံးဝမဆိုင်ဘူး”
“ဘာပဲ ဖြစ် ဖြစ် မင်းက ငါတို့အားလုံးထဲမှာ ကိုဖိုးစွံပါကွာ၊ ခုထိ ရင်တွေ ခုန်နေတယ်မှတ်လား” အာကာက သူ့ ရင်ဘတ်ကို လာစမ်းဟန်ပြင်တာမို့ နောင်လင်းက ထိုလက်ကို ခပ်မြန်မြန် ပုတ်ထုတ်လိုက်သည်။
သူတို့တစ်ဖွဲ့လုံးမှာ ရယ်သံ၊ စကားသံတွေ နှင့် ဆူညံရှုပ်ယှက်ခတ်နေကြသည်။ နောင်လင်း အတွက်တော့ ဆယ်တန်းအောင်စာရင်း ထွက်တဲ့ နံနက်ခင်းလေးက အမှတ်တရ ဖြစ် သွားပါသည်။
ထိုနေ့ကစလို့ မျက်ချယ်ဇင် ဆိုသော မိန်းကလေး တစ်ယောက် သူ့ဘဝထဲ စတင် ချဉ်းနင်း ဝင်ရောက် လာခဲ့သည် ဆိုလျှင်လည်း မမှားပါ။
ထိုညနေမှာ သူတို့နှစ် ယောက် ချိန်းဆို၍ ကော်ဖီဆိုင်လေး တစ်ခုမှာ သွားထိုင်ကြသည်။ တခြား ဘယ် သူငယ်ချင်းတွေ ကိုမှ မခေါ်။ နောင်လင်း စိတ်တွေ က မလှုပ်ရှားစဘူး တုန်ယင် လှုပ်ရှားနေခဲ့သည်။
ဆယ်တန်းအောင်တဲ့နေ့မှာ ပဲ သူ ရည်းစားရတော့ မလား။ ကောင်မလေးက သွက်သွက် လက်လက်ကလေး၊ သူ့ကို ညှို့ငင် ဆွဲဆောင်နေသည်။
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ကော်ဖီအေးကို တစ်ငုံချင်းသောက်ရင်း ရောက်တတ် ရာရာလေးတွေ ပြောဆိုနေရတာ နောင်လင်းအတွက် တစ်မျိုးတစ်ဖုံ ဆန်းကြယ်နေသည်။
ရင်ထဲမှာ ပျော်သလိုလို နွေးသလိုလိုကြီး ဖြစ်နေသည်။
“လင်း…မျက်ချယ်ကို လင်း အစောကြီးကတည်းက သိနေတယ် မဟုတ်လား”
“မြင်ဖူးနေတယ်၊ မျက်ချယ် နှုတ်ဆက်တော့မှ မှတ်မိသွားတာ”
မျက်ချယ် ကတော့ လင်းကို အစကတည်းက ကြိတ်ပြီးခင်နေတာ၊ အေခန်းက စတော် ကြီးကို အားကျလို့ အမြဲခိုးကြည့်နေရတာ သိလား၊ လင်း မျက်ချယ်တို့ အခန်းရှေ့ ကော်ရစ်ဒါက ဖြတ်သွားရင် လက်ဖျားတွေ တောင် အေးလာသလိုပဲ”
“ကျွန်တော် က ကြောက်စရာ ကောင်းနေလို့လား”
“ဟင့်အင်း…ရင်ခုန်စရာကောင်းတာ၊ အရပ်ကအမြင့်ကြီးနဲ့၊ လူကလည်း ခပ်တည်တည်ကြီး၊ ချောတော့လည်း မကြည့်ဘဲ မနေနိုင်ဘူးပေါ့နော် ဟင်း…ဟင်း၊ အမှန်အတိုင်း ၀န်ခံတာနော်၊ လင်း…တို့ကို အထင်မသေးရဘူးနော်”
“အထင်မသေးရပါဘူးဗျာ၊ မျက်ချယ်ကနဲ့ ခင်ရတာ ကိုပဲ ကျွန်တော် ၀မ်းသာနေတာ”
“၀မ်းသာရင် ကော်ဖီဖိုး ရှင်းရမှာ နော်”
“ရှင်းပါတယ်ဗျာ”
“သရီးဒီပဲ ဥစ္စာ၊ ရုပ်ရှင်တောင် လိုက်ပြသင့်တယ်”
“ဘယ်ကား ကြည့်မလဲ” သူလည်း ကောင်မလေးခေါ် ဆောင်ရာ အလိုက်သင့်မျောမိသည်။
ဒီလောက်လှတဲ့ ကောင်မလေးနဲ့ မတွဲ ချင်ဘဲ ရှိမလား။ ထိုအချိန် ကတော့ မျက်ချယ်ဟာ အဆိပ်ပြင်းတဲ့ မိန်းကလေးမှန်း သူ မရိပ်မိသေးပါ။
“မျက်ချယ်က အင်္ဂလိပ်ကားတွေ ပဲ ကြိုက်တာ”
“အင်းလေ…ကြိုက်တာ ကြည့်ပေါ့” သူတို့သည် နှစ် ယောက် ထဲ ရုပ်ရှင်ကြည့်ကြဖို့ တစ်ထိုင်တည်း သဘောတူညီမှု ရသည်။
တစ်ယောက် ကို တစ်ယောက် မခွဲချင်ဘဲ သာယာနေမိကြသည်။ မျက်ချယ်ဇင်က ရဲတင်းသွက်လက်သော မိန်းကလေးမို့ သူ့ကို ဦးဆောင်ခေါ်သွားနိုင်ပါသည်။
ကောင်မလေးနှင့် ရုပ်ရှင်ကြည့်ရသော နေ့မှာ နောင်လင်း တစ်ယောက် ရင်ထဲနွေးကာ ခြေထောက်တွေ တောင် မြေကြီးနဲ့ ထိတယ်မထင်။
ဘာမှ မကြိုးစားရပါဘဲ သူ့နံဘေးမှာ ချစ်စရာကောင်မလေး ရှိနေခဲ့ပြီလေ။ သူငယ်ချင်းတွေ ကြားမှာ ကိုဖိုးစွံအ ဖြစ် မျက်နှာပန်းပွင့် လှတာကို ချာတိတ်ပီပီ သူ သဘောကျ ကြည်နူးမိပါသည်။
အဲဒီ နေ့က မြို့ထဲမှာ ရုပ်ရှင်ဝင်ကြည့်တာ။ မျက်ချယ်ဟာ သူ့ ဘ၀ရဲ့ ပထမဆုံး မိန်းကလေးအဖော်ပါ။ တစ်ယောက် အကြောင်း တစ်ယောက် သေချာမသိပေမယ့် သူတို့နှစ် ယောက် အလွယ်တကူ နီးစပ်မှု ရသွားသည်။
ရုံထဲအ၀င်မှာ နောင်လင်းက ပထမဆုံးအကြိမ်အ ဖြစ် သူမ လက်ကလေးကို မရဲတရဲ ဆုပ်ကိုင်လိုက်သည်။
သူမက မငြင်းဆန်။ ပြုံးစိစိလေး ခေါင်းငုံ့သွား၏ ။ ပထမအဆင့်တော့ မဆိုး။ သူအောင်မြင်တယ် ဆိုရမည် ။ နောက်တစ်ဆင့်တော့ တက်ကြည့်ရမည် ။ သူ နှေးဖင့်နေလို့ မ ဖြစ်ပါ။ သူ့နှလုံးသားမှာ လူးလွန့်ပြီး ပရွတ်ဆိတ်ပဲ လာတက်နေသလိုလို မရိုးမရွနှင့် ။ ရင်ထဲမှာ လည်း နွေးမြမြ ရှိန်းပူပူနှင့် ။
ရည်းစား စ,ထားရင် ဒီလိုပဲ ဖြစ်တတ်သလား။ ဘာပဲ ဖြစ် ဖြစ် ပျော်စရာတော့ ကောင်းသည်။ ထိုင်ခုံမှာ အတူတွဲ ထိုင်ရတော့ နူးညံ့သော သူမအသားလေးနှင့် ထိတွေ့ နေရတာ သဘောကျစရာပါ။
မီးမှော င်သွားတော့ နီးကပ်စွာ ရှိနေသော မျက်ချယ်ရဲ့ မျက်နှာကလေးကို သူ အသာ ခိုးကြည့်မိသည်။ နှာတံစင်းစင်း၊ မေးသွယ်သွယ်နှင့် ဘေးတိုက်မျက်နှာ အကျလေးဟာ အတော် ကြည့်ကောင်းတာပဲ။
ခက်တာက သူ သတ္တိမရှိတာ။ မထိရဲ မကိုင်ရဲ မတို့ရဲ ဖြစ်နေသည်။ အခွင့်သာတုန်း အခြေအနေပေးတုန်းမှာ သူ နှေးနေရင် ညံ့ဖျင်းသော ယောက်ျား တစ်ယောက် ဖြစ်သွားလိမ့်မည် ။
ဒီလိုတော့ ကိုယ် မညံ့ချင်ပါဘူး။ နောင်လင်းက ရဲစိတ် မွေးနေသည်။ သူမက မခို့တရို့လေး တစ်ချက် ဆတ်ကနဲ လှည့်ကြည့်လျှင် သူ့ရင်ထဲ ဗြောင်းဆန်သလို ဖြစ်သွားရသည်။
ရှေးက ပိတ်ကားမှာ ဘာတွေ ပြနေသလဲ၊ သူ စိတ်မ၀င်စား။ ဒီစက်ရုပ်ကားက ကြည့်လည်း ကြည့်ပြီးသားကြီးပါ။ သူမမြည်းရသေးတာက အချစ်ရဲ့ အရသာ။
အချစ်ဆိုတာ ဘယ်လိုဟာလဲ။ ဒီနေ့တော့ သိချင်သေးသည်။ နောင်လင်းသည် သူ့အတွေးကိုပင် သူ ရှက်နေမိ၏ ။ ပထမဆုံး အပျင်းဆန့်သလိုလို ဘာလိုလိုနှင့် ဟိုဖက်ထိုင်ခုံပေါ် အသာလက်တင်လိုက်သည်။ သူမနှင့် ထိကပ်သွားပြီလေ။
ပုခုံးကို ဖက်ထားသလိုလိုပေါ့။ ရုပ်ရှင်ထဲမှာ အေးမြနေတော့ အတော် ပင်။ သူမပုခုံးလေးကို မသိမသာ ဆုပ်ကိုင်ထိတွေ့ လိုက်သည်။
မျက်ချယ်က ဘာမှမပြော…။
သူပို အတင့်ရဲသွား၏ ။ တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးတွေ က ပူရှိန်းရှိန်းနွေးတေးတေးကြီး ခံစားရသလိုပါပဲ။
ပထမဦးဆုံး အတွေ့ အကြုံမို့ သူ့အတွက် ဆန်းသစ်လှသည်။ လူပျိုပေါက်ကလေးရဲ့ ရင်ခုန်သံတွေ က ပူနွေးလှုပ်ရှားလာရသည်။
သူ စိတ်တင်းပြီး နမ်းဖူးအောင် ကြိုးစားလိုက်၏ ။ သူမပါးပြင်လေးကို အသာထိကပ် နမ်းလိုက်မိသည်။ မျက်ချယ်က သူ့ပုခုံးပေါ် အသာအယာ မှီလိုက်သည်။ သူ အရမ်းအံ့သြ ၀မ်းသာသွားမိ၏ ။
ချစ်တယ်လို့တောင် သေချာဖွင့်မပြောရသေးဘူး… ကြည့်စမ်း..ထင်တာထက်ကို အခြေအနေ ပိုကောင်းနေပါလား။ နောင်လင်း ဘ၀င်မြင့်ချင်သလိုတောင် ဖြစ်သွားရပါသည်။
သူတို့နှစ် ယောက် သမီးရည်းစား ဖြစ်သွားကြပြီ။ ထူးဆန်းသလိုပါပဲလား။ အချစ်ဆိုတာ ယစ်မူးရီဝေစရာ ကောင်းသည်။
ဘာကြောင့် ပဲ သောက်သောက်…အချစ်ကို သောက်မိရင်တော့ ရီဝေသွားမှာ ပဲ မဟုတ်လား။ ဒီလိုနှင့် ပဲ နောင်လင်းရဲ့ ရည်းစားဦးလေးဟာ မျက်ချယ်ဇင်ပဲ ဖြစ်လာပါတော့သည်။
![]() ဖန်ဆင်းတဲ့ဖူးစာ | ![]() အချစ်ပွင့်လေးများ နောက်တစ်ပွင့် | ![]() ချစ်သော |