
(Local Service Only) Salary in Kyats
A successful distribution company is seeking staff to fulfil the following post-
Secretary 1 Post
- Any Gradute
- Good command English
- Able to operate computer
(Office 2000, Windos 98)
Powerpoint and PageMaker
- Age between (20-25)
Interest presons can send Curriculum Vitae together with Labour card and a recent pohto to No.8, 8th St., Yangon not later than (8-1-2000). Tel ; 70…., 29…..
ရွှေရနံ့က သတင်းစာကို သေချာပြန်ဖတ်ကြည့်သည်။ လျှောက်လို့ ဖြစ်ပါ့မလား။ ဘယ်အချက်တွေ လိုနေသလဲ။ အလုပ်ဝင်ဖို့ အစီအစဉ်မရှိတော့ လောဘကမရှိ။ ပြီးတော့ သူက (Graduate) တဲ့ ရွှေရနံ့က ကျောင်းမပြီးသေး အဝေးသင်တက်နေတုန်း။
အင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာက ထားပါတော့။ အကျွမ်းကြီးမဟုတ်တောင် အသင့်အတင့်တော့ ဖြစ်သည်။
အသက် ကတော့ ၂၀ ကနေ ၂၅ ဆိုတော့ အကိုက်ပါပဲ။ ရွှေရနံ့ နှစ် ဆယ်ကျော်ခဲ့ပါပြီ။
အင်း… သွားလေဆာက်ကြည့်ရင် ကောင်းမလား။
ပါကေးကြမ်းပြောင်ပြောင်မှာ သတင်းစာကို ဘေးချထားပြီး စဉ်းစားနေသည်။ ဆုံးဖြတ်ရ ခက်နေသည်။
စိတ်ဝင်စားလျှင် (C.V)၊ ဓာတ်ပုံနှင့် အတူ လျှောက်ထားနိုင်သည်… တဲ့။ ဆုံးဖြတ်ချက်ချလျှင် စီဗွီ ကိုယ်ရေး ရာဇ၀င်ဖောင်ကို ကွန်ပျူတာနှင့်ရိုက်ရမည် ။ လိုင်စင်ဓာတ်ပုံ ကတော့ အဆင်သင့်ရှိပါသည်။ ပြီးတော့ အလုပ်သမား မှတ်ပုံတင် (Labour) လောဘက မတင်ထားခဲ့ပါ။
(Secretary) အတွင်းရေး မှူးခေါ်တာမို့ ရွှေရနံ့က စိတ်ဝင်စားမိပါတယ်။
``ရွေးမှာ က တစ်ယောက် တည်း´´
``1 Post ဆိုတာကို ကြည့်ပြီး တစ်ယောက် တည်း တီးတိုးရေရွတ်နေမိသည်။
``သမီး ရွှေရနံ့´´
``ရှင်… ကြီးမေ´´
သတင်းစာကို ဖြန့်ချငေးငိုင်နေသော ရွှေရနံ့ကို ကြီးမေ ခေါ်လိုက်၏ ။ သည်လို နေ့လည်နေ့ခင်းဆို အိမ်မှာ ကြီးမေရယ် ရွှေရနံ့ရယ်ပဲ ကျန်ရစ်ခဲ့တာ။ ထို့ကြောင့် လည်း လေးလေးက ရွှေရနံ့ကို အလုပ်တစ်ခုခု ၀င်စေချင်တာပါ။ ရွှေရနံ့ပျင်းနေမှာ ညည်းငွေ့မှာ စိုးရှာသည်။
``ရွှေရနံ့ ကော်ဖီသောက်မလား၊ ကြီးမေ ယူလာပေးမယ်´´
``မသောက်ချင်သေးဘူး ကြီးမေရဲ့ ´´
ကြီးမေက ``အေး.. အေး´´ ဟု ခေါင်းညိတ်ပြီး ခြံထဲ ဆင်းသွားသည်။ သူ ကတော့ ပျင်းတယ်။ အားတယ်ရယ်မရှိ အလုပ်အားလျှင် ခြံထဲဆင်း အပင်တွေ ရေလောင်းပြုစု၊ ဘေးခြံက အိမ်နီးချင်းများ နှင့် စကားပြောကာ လိုက်လျောညီထွေ နေတတ်သည်။
ရွှေရနံ့ ကတော့ သီးသန့်နေတတ်သူမို့ အဖောမဲ့ အထီးကျန်ရပါသည်။ ညနေ ဒေါ်လေးတို့၊ လေးလေးတို့ ကိုဘုန်းလျှံတို့ ပြန်လာမှပဲ ရွှေရနံ့ မြူးမြူးသွက်သွက်ကလေး ဖြစ်လာရသည်။
လေးလေးစေတနာကို ရွှေရနံ့က နားလည်လက်ခံမိပါသည်။ ရွှေရနံ့ အလုပ်တစ်ခုခု အမှန်တကယ် လုပ်သင့်သည်။
သည်လိုကြီး မနေသင့်ပါ။ လူအား၊ စိတ်အားနှင့် ကြာလျှင် လေးလံထိုင်းမှိုင်းမှာ စိတ်လေပျင်းရိသွားမှာ စိုးရသည်။
ဘယ်နှစ် ယောက် လောက် လာလျှောက်မလဲ…။
အားလုံး ဘွဲ့ရပြီးဆိုလျှင် ရွှေရနံ့ အလိုလိုပြုတ်သွားမျာ။ ဘွဲ့ရပြီးသား ခေါ်တာကလည်း ကျောင်းတက်ချိန်မပေးချင်လို့ ဖြစ်ကောင်း ဖြစ်လိမ့်မည် ။ စာမေးပွဲကာလဆို မလွှဲမသွေ ခွင့်တင်ရမှာ စာမေးပွဲ နီးကပ်လာလျှင် စာကျက်ချိန်လည်း ရှိသေးသည်။ ဘွဲ့ရပြီးသားဆိုတော့ ထိုကိစ္စတွေ ခေါင်းရှုပ်ခံစရာ မလို။ ရွှေရနံ့က ဝေခွဲရခက်နေသည်။
ပြုတ်မှသာ ပြုတ်ရော အတွေ့ အကြုံရလိုက်မှာ တော့ သေချာသည်။ လျှောက်သူအားလုံးလည်း ဘယ်လိုမှ မရနိုင်။ အများ ထဲက တစ်ယောက် သာ ကံထူးပြီးရမှာ ကျန်အများ စုက လျှောက်ပြီး မရဆိုတာ မလွှဲမသွေ ကြုံကိုကြုံရမှာ ။ ရှက်စရာမရှိ။ ကိုယ် တစ်ယောက် တည်း မရတာ မှ မဟုတ်ဘဲ။ အရွေးမခံရတော့လည်း အဟီး.. ဟု အရှက်ပြေ ရယ်လိုက်ရုံ။ ခက်တာမှတ်လို့။ ရွှေရနံ့က တစ်ခါမှ အတွေ့ အကြုံ မရှိခဲ့သေးပါ။ လျှောက်တော့ လျှောက်ကြည့်ချင်သား။ ဘယ်လိုပါလိမ့်ဟု စူးစမ်းချင်သည်။ အတွေ့ အကြုံရချင်သည်။ သို့မှသာ ဘာတွေ လိုအပ်သလဲ၊ ဘာတွေ ဖြည့်ဆည်းထားရမလဲဆိုတာ သဘောပေါက်မှာ ။
လေးလေးဆိ ဖုန်းဆက်ပြီး တိုင်ပင်ရ ကောင်းမလား၊ ဒေါ်လေးရှိရာကို ဖုန်းဆက်အသိပေးရမလား။ ကိုဘုန်းလျှံ ကတော့ ကျောင်းမှာ မို့ ဖုန်း ကြာကြာပြောခွင့် ရချင်မှရမှာ ။ ဆေးရုံနှင့် ကျောင်းနှင့် ကူးပြီး အရမ်း ပင်ပန်းသော ကာလမို့ သူ့ကိုလည်း ရွှေရနံ့က အနှောင့်အယှက် မပေးချင်ပါ။
လေးလေးရှိရာ အလုပ်ရုံခန်းထဲ ဖုန်းဆက်၍ ရသလို ဒေါ်လေးရှိရာ ရတနာဆိုင်ကိုလည်း ဖုန်းခေါ်၍ ရပါသည်။ ကိုဘုန်းလျှံဆီမှာ တော့ ဟန်းဖုန်း ပါသွား၏ ။
လူကြီးတွေ ကို တိုင်ပင်ရသည်ပဲထား ကြိုးစားရမှာ က ကိုယ်တိုင်၊ ဆုံးဖြတ်ရမှာ က ကိုယ်တိုင်၊ လက်တွေ့  လျှောက်လှမ်းဖြတ်သန်းရမှာ က ကိုယ်တိုင်၊ ကိုယ့်ကိုယ်ကို သေချာဖို့ လိုပါသည်။ ဆုံးဖြတ်ချက်ခိုင်မာဖို့ လိုပါသည်။
ရွှေရနံ့က ကြမ်းခင်းကို လျှပ်တိုက်လျှောက်ရင်းက လက်ကလေး နောက်ပစ်ပြီး စဉ်းစား၏ ။ မမှားချင်၊ မှားမှာ စိုးသည်။ အရေး ကြီးသော ဆုံးဖြတ်ချက် မဟုတ်လား။
ခြေမျက်စေ့ဖုံးအောင်ရှည်သော စပန့်ထဘီ အမဲရောင် လေးက ကြမ်းပြင်နှင့် ထိနေသည်။ တီရှပ်အဖြူလေးက ဂျိုင်းကျယ်လက်ပြတ်ကလေး။ သက်တောင့်သက်သာ အ၀တ်အစားကို ရွှေရနံ့ နှစ်သက် သည်။ လှဖို့က ဒုတိယအဆင့်၊ နေရတာ အေးချမ်းပြီး စိတ်မအိုက်သော ၀တ်စားမှု မျိုးကိုသာ ရွေးချင်သည်။ လှတာမလှတာ သိပ်အရေး မကြီး။ အဲကွန်း (လေအေးပေးစက်) တပ်ထားသော အခန်းထဲမှာ လည်း အင်္ကျီပါးပါးလေးနှင့် ပဲ နေသားကျသည်။ ကုတ်အထူကြီးတွေ ၀တ်ရတာ လေးသည်။ မွန်းကြပ်သည်။ အလုပ်ထဲမှာ တော့ အိမ်မှာ လို နေရတာ လွတ်လပ်မှာ မဟုတ်။ သပ်သပ်ရပ်ရပ်ကလေး ၀တ်ပြီး စမတ်ကျကျ ကျော့ကျော့မော့မော့ကလေး နေမှာ ။
``ဟင်း… ဖြစ်ပါ့မလား´´
ရွှေရနံ့ ရင်မောစွာ ပင့်သက်ရှိုက်သည်။ ဘယ်လိုဆုံးဖြတ်ရမှန်း မသိတော့ပါ။ အိမ်မှာ လို နေ့လည်နေ့ခင်းဆို အိပ်ရာထဲလှဲ စာအုပ်ကလေး ဖတ်၊ နေကြာစေ့လေး တဖျောက်ဖျောက် ၀ါးပြီး နေလို့ရမှာ မဟုတ်။
ရွှေရနံ့က ပျင်းတတ်သူတော့ မဟုတ်ပါ။ သို့သော်လည်း အိမ်မှာ နေအကျင့်က အသားကျနေပြီ။ အပြောင်းအလဲတစ်ခုကို ပထမတော့ စိတ်ညစ်မိမှာ အမှန်ပါပဲ။
အခုလုပ်မယ့် အခုမလုပ်တော့ဘူး ဂျီကျစိတ်ပြောင်းလို့ ရတာ လည်း မဟုတ်၊ အလုပ်ဝင်လျှင် ဇွဲရှိရတော့မှာ ။ မ၀င်ခင်ကတည်းက စဉ်းစားမှ။ လူဆိုတာ အညွန့်ရှိသည်။ အလုပ်မှာ လည်း ပွဲဦးထွက်အညွန့်ဆိုတာ ရှိနေသည်။ အဆင်မပြေတာမျိုး မ ဖြစ်စေချင်။ လွယ်လွယ်နှင့် ပြန်ထိုင်ချ။ လက်လျော့တာမျိုး မ ဖြစ်စေချင်ပါ။ ကိုယ့်အပေါ် သူများ တွေ ယုံကြည်မှု နည်းပါးသွားလိမ့်မည် ။ ဆုံးဖြတ်ပြီးပြီဆို ဖြစ်အောင်လုပ်မှ။ သူများ တွေ အထင်သေးလျော့တွက်တာမျိုး မလိုချင်ပါ။ ကိုယ့်စိတ်ဓာတ်လည်း `မ ဖြစ်ပါဘူး´ ဆိုသော ခါးသီးမှု နှင့် ရင်မဆိုင်ချင်။ နောက်နောင်လည်း ဖြစ်ပါ့မလား… ဆိုသော ဇဝေဇ၀ါအတွေးတွေ စိတ်ထဲဝင်လာနိုင်သည်။
ရွှေရနံ့ အချိန်သုံးရက်ယူ စဉ်းစားဖို့ တွေးလိုက်၏ ။
ညအိပ်ရာဝင်လျှင် သေချာစဉ်းစားရမည် ။ အပြန်ပြန် အလှန်လှန် သုံးသပ်ရမည် ။ ရှုထောင့်မျိုးစုံက ကြည့်တတ်ရမည် ။ အလုပ်ဝင်ပြီး ကြုံလာသမျှအားလုံး ကိုယ်တွေ့ ဖူးထားခဲ့သည့် ရှုထောင့်ထဲကပဲ ဖြစ်ရမည် ။
မထင်မှတ်ထားသော ကိစ္စဆိုတာ မရှိစေရ။ ဘယ်အကြောင်းအရာ ဖြစ် ဖြစ် ကိုယ်တွေးထားပြီးသား အဖြေရှာထားပြီးသားပဲ ဖြစ်ရမည် ။
ကောင်းထိန်လင်းပိုင်က ဆုံလည်ခုံအနက်ပေါ်မှာ ၀င်ထိုင်သည်။
``ဘော့(စ်) ဒါ… စက္ကထရီလျှောက်လွှာတွေ ပါ´´
ဦးအေးမြင့်က သူ့ရှေ့ဖိုင်တွဲ တစ်ထပ်ချကာ ပြောလာသည်။
``အိုကေ… ထားခဲ့။ ကျွန်တော် လုံးဝမအားလပ်တာနဲ့ မကြည့်ရသေးဘူး´´
ကောင်းထိန်လင်းပိုင်က ဟန်းဖုန်းကို စားပွဲပေါ် ချထားရင်းက ပြောလိုက်မိပါသည်။
``ကျုပ် လက်ဖက်ရည်တစ်ခွက်လောက် သောက်ချင်တယ်ဗျာ´´
``ဟုတ်ကဲ့´´
ဦးအေးမြင့်က ခေါင်းညိတ်ပြီး အခန်းထဲက ထွက်သွားသည်။ ကောင်းထိန်လင်းက နာရီကို လှမ်းကြည့်သည်။
စက္ကထရီအတွက် အင်တာဗျူး ခေါ်ထားတာက (၁၁)နာရီ အခုမှ (၁၀)နာရီ စွန်းရုံလေး ရှိသေးသည်။ စီဗွီ (ကိုယ်ရေး ရာဇ၀င်) တွေ ကို ဖတ်ဖို့ အချိန်ရသေးသည်။ အံဆွဲကိုဖွင့် မျက်မှန်ကို ထုတ်ယူသည်။
``ဧည့်သည်ရောက်နေပါတယ် ရှင်´´
ကွန်ပျူတာ အော်ပရေတာ မလေးက အခန်းတံခါးဟကာ သတင်းပေးလာသည်။ စောစောစီးစီး ဘယ်ကဧည့်သည်ပါလိမ့်၊ ဘာကိစ္စပါလိမ့်။ ဘယ်သူပါလိမ့်။ ကြိုတင်ချိန်းဆိုထားတာမျိုးလည်း ရှိ။
``ဘယ်သူလဲ နီနီ´´
``ရှေ့နေ ဦးသက်ထွန်းလို့ ပြောပါတယ်ရှင်´´
``ရှေ့နေ ဦးသက်ထွန်း…´´
ကောင်းထိန်လင်းက မျက်မှန်လက်ထဲကိုင်ထားပြီး စဉ်းစားသည်။ အသိမိတ်ဆွေတွေ တော့ မဟုတ်လောက်ပါဘူး။ ဒါဆို… မျက်မှော င်ကျုံ့ခါ စဉ်းစားမိသည်။
``၀င်လာဖို့ ခေါ်လိုက်ရမလား´´
``အေးလေ… ခေါ်လိုက်ပေါ့၊ ဖုန်းနဲ့ ချိန်းသေးလား မနေ့က´´
``မချိန်းပါဘူး၊ ၀င်လာသမျှ ဖုန်းကို ၀ှိုက်ဘုတ်မှာ မှတ်ထားပေးတယ်လေ၊ ရှေ့နေဦးသက်ထွန်းဆိုတာ လုံးဝမပါဘူး´´
``ရောက်နေပြီဆိုမှတော့ တွေ့ ရုံပေါ့၊ လွှတ်လိုက်ပါ´´
ကောင်းထိန်လင်းပိုင်က ဆုံးဖြတ်ပြီး ပြောလိုက်သည်။ ခဏကြာသော အခါ ရှေ့နေတိုက်ပုံကို ခန့်ညားစွာ ၀တ်ထားသော ဦးသက်ထွန်း အခန်းထဲဝင်လာ၏ ။ လက်ထဲကိုင်ထားသော ဖိုင်တွဲ ကို စားပွဲပေါ်ချသည်။
``ထိုင်ပါ´´
လက်ဆန့်တန်းကာ ထိုင်ခုံဆီ ညွန်ပြမိသည်။
``ဟုတ်ကဲ့.. ကျွန်တော် က ဦးသက်ထွန်းပါ´´
ကောင်းထိန်လင်းက ခေါင်းညိတ်သည်။
``ဦးကောင်းထိန်လင်းက တော် တော် ငယ်သေးတာပဲ၊ ကျွန်တော် ဒီလောက်ငယ်ဦးမယ် မထင်ထားဘူး´´
``ကျွန်တော့် အသက် ၃၇ နှစ် ရှိပါပြီ၊ ၄၀ ပြည့်ဖို့ ၃ နှစ် ပဲ လိုပါတော့တယ်၊ သိပ်မငယ်ဘူး ထင်တာပဲ´´
ဦးသက်ထွန်းက ရင်းနှီးဖော်ရွေမှု စကားကို ဦးစွာ ဆိုပါသည်။ ခင်မင်ကျွမ်းဝင်သွားအောင်ပါ။ ထိုင်ပြီတားနဲ့ တစ်ပြိုင်နက် အလုပ်ကိစ္စ ရောက်လာရခြင်းအကြောင်းကို ပြောခဲ့သည်ရှိသော အခြေအနေ တင်းမာသွားမှာ စိုးရပါသည်။ ဦးကောင်းထိန်လင်းပိုင်က ဦးသက်ထွန်းကို လှမ်းကြည့်နေ၏ ။ ထိုအချိန်မှာ ပဲ ဦးအေးမြင့်က လက်ဖက်ရည်ပန်းကန် စားပွဲပေါ် လာချပေးသည်မို့။
``ဦးအေးမြင့် ဧည့်သည်ဖို့ ယူခဲ့ပါဦး´´ ဟု ညွှန်ကြားလိုက်၏ ။
``ရပါတယ်… ကျွန်တော် သောက်ခဲ့ပြီးပါပြီ´´
ဦးသက်ထွန်းက အားနာစကားဆိုပြီး လက်ကာပြသည်။
``သောက်ပြီးလည်း ထပ်သောက်ပါဗျာ´´
``လက်ဖက်ရည်တစ်ခွက်ပဲ ဆံ့ပါတယ်၊ ပြောပါ ဘာကိစ္စရှိလို့လဲ၊ အားမနာပါနဲ့ ပွင့်ပွင့်လင်းလင်းပေါ့ဗျာ´´
ကောင်းထိန်လင်းပိုင်က မေးလိုက်ပါသည်။ ဒီနေ့ စက္ကထရီလေးတွေ ခေါ်တွေ့ ဖို့ကိစ္စက ရှိနေသေးသည်။ အချိန်ကွက်တိပါပဲ။ ဦးသက်ထွန်း ရောက်လာလို့သာ အားနာပြီး ခေါ်တွေ့ လိုက်တာ။ တကယ်ဆို ဧည့်သည်မတွေ့ အားသေးပါ။ ဖုန်းနှင့်သာ ချိန်းခဲ့မည် ဆို နောက်ရက်ရွေ့မည် မှာ သေချာသည်။
``ပြောရမှာ တော့ ကျွန်တော် အားတုံ့အားနာ ဖြစ်မိပါတယ်။ ဦးကောင်းထိန်လင်းက ထင်ထားတာထက် သဘောကောင်း၊ ဆက်ဆံရေး ပြေပြစ်တယ် တကယ်ပါ´´
``ဟုတ်ကဲ့… အားမနာပါနဲ့ ရပါတယ် ပြောပါ၊ ဘယ်လိုကိစ္စမျိုးလဲ´´
ကောင်းထိန်လင်းပိုင်က လက်ဖက်ရည်တစ်ငုံသောက်ကာ မေးလိုက်သည်။
``ဦးကောင်းထိန်လင်းရဲ့ ဇနီးက…´´
လက်ဖက်ရည်ကို နှုတ်ခမ်းမှာ တေ့ထားသော ကောင်းထိန်လင်း၏ မျက်လုံးများ က ရှေ့နေဆီ စူးခနဲ ရွှေ့လာတမို့ ရှေ့နေ ဦးသက်ထွန်း စကားစ ရပ်သွားရလေသည်။ လက်ဖက်ရည်ပန်းကန်လုံးကို ပန်းကန်ပြားပေါ် ပြန်ချကာ…
``ကျွန်တော့် ဇနီးက လွှတ်လိုက်တာလား´´ ဟု မေးမိသည်။
ဦးသက်ထွန်းက ခေါင်းညိတ်သည်။ လျော့သော အပြုံးတစ်ခုနှင့် ပါ အားနားတာ မျက်နှာပြင်မှာ ပေါ်လွင်၏ ။
``တရားဝင် ကွာရှင်းခွင့် တောင်းခိုင်းတာပါ´´
ကောင်းထိန်လင်းပိုင်က စားပွဲပေါ် လက်ထောက်ထားတာ ရုပ်ပြီး ဆုံလည်ခုံကို မှီချလိုက်တော့သည်။ အတော် လေး တုန်လှုပ်အံ့သြပုံ ရလေ၏ ။
``တရားဝင်ကွာရှင်းခွင့်… ဟုတ်လား´´
ဦးသက်ထွန်းကို ပြန်မေးလိုက်သည်။ သူလည်း အားတုံ့အားနာ ခေါင်းညိတ်ပြရ၏ ။
``ဟုတ်ပါတယ်´´
ကောင်းထိန်လင်းပိုင်က ဆုံလည်ခုံမှာ ခေါင်းမှီချထားရင်းက…
``သူက ဘာလို့ တရားဝင်ကွာရှင်းချင်ရတာ လဲ´´ ဟု နားမလည်စွာ မေးမိသည်။ ဦးသက်ထွန်းက ပြောရခက်သလို ကြည့်၏ ။
``ကျွန်တော် သိချင်တယ်၊ ကျွန်တော် နဲ့သူ အဆင်မပြေလို့ တစ်ယောက် နဲ့ တစ်ယောက် မျက်နှာချင်း မဆိုင်ကြဘူး၊ မတွေ့ ကြဘူး၊ ကျွန်တော့် ဘက်က ဘာမျှ မပြောင်းလဲဘူး၊ ဘယ်အမျိုးသမီးနဲ့မှ လက်မထပ်သေးဘူး၊ သူ့ဘက်က ဘာလို့ ဒီလိုတောင်းဆိုရတာ လဲ၊ ဘာကြောင့် လဲ´´
ကောင်းထိန်လင်း အသံက ဒေါသစွက်သည်။
``ပြီးတော့ အိမ်ဖုန်း၊ ရုံးခန်းဖုန်း၊ ဟန်းဖုန်း သူ အကုန်သိတယ်၊ ကျွန်တော့် ဆီဆက်ပြီး အကျိုးအကြောင်း ပြောလို့ရတယ်၊ ဘာလို့ ရှေ့နေကတစ်ဆင့် ဆက်သွယ်ရတာ လဲ´´
အသံမှာ နာကြည်းကြေကွဲသံပါသည်။
``စောစောစီးစီးဗျာ၊ ကျွန်တော် အိပ်ရာနိုးတယ်၊ ရေမိုးချိုးတယ်၊ ဘုရားရှိခိုးတယ်၊ ဒီကိုထွက်လာတယ်၊ ခင်ဗျားရောက်လာပြီး ဒီလိုတွေ ပြောတယ်၊ သူ ကျွန်တော့် ဘက်ကို နည်းနည်း လေးမှ မတွေးပါလားဗျ၊ ကျွန်တော် နဲ့သူ ငါးနှစ် ကျော်ကျော် ပေါင်းလာခဲ့တာပါဗျ´´
လက်ငါးချောင်း ထောင်ပြကာ ရင်ကွဲသံကြီးနှင့် ဆိုသည်။ ဦးသက်ထွန်းမှာ လည်း အားနာစွာ နှုတ်ဆိတ်သွားရသည်။
သူ့မှာ လည်း မလွဲသာလို့သာ သူ့အလုပ်ကိုက ရှောင်လွဲမရ ပြောပေးရမှာ မို့သာ အခန်းထဲ ၀င်လာကတည်းက ပြောရခက်စွာ အချိန်ဆွဲနေမိတာပဲ မဟုတ်လား။
``ကျွန်တော့် ဆီ ဖုန်းတစ်ချက်လောက် ခေါ်သင့်ပါတယ်ဗျာ၊ ခင်ဗျား စဉ်းစားကြည့် ဒီလောက်ကြီး စိတ်ပြတ်ရသလား´´
ဦးသက်ထွန်းက သက်ပြင်းရှိုက်သည်။ ရှေ့နေပီပီ ဟန်ဆယ်လိုက်ကာ…
``ကိုယ်တိုင် ပြောရမှာ အားနာလို့လားမှ မသိတာ၊ ပြီးတော့ သူက ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်´´
``ဘာလို့ ရှင်းရှင်းလင်းလင်း ဖြစ်ချင်ရတာ လဲ´´
``ခင်ဗျားတို့လည်း တစ်ယောက် တစ်လမ်းစီ လျှောက်နေကြပြီပဲ´´
``ဘယ်လို´´
``စည်းခြားနေကြတာ ကြာပြီလေ၊ အဆက်အသွယ်လည်း မရှိတော့ဘူး´´
`` တစ်ယောက် တစ်လမ်း လျှောက်တယ်လို့ ဘာကြောင့် ပြောရတာ လဲ၊ သူက မိဘအိမ် ပြန်သွားတယ်၊ ကျွန်တော် က အိမ်မှာ ကျန်ခဲ့တယ်၊ ဒါပဲလေ ကျွန်တော် က ဘယ်လမ်းမှ မလျှောက်ပါဘူး´´
``ကျွန်တော် ဆိုလိုတာက…´´
``တော် ပါပြီဗျာ´´
ရှေ့နေကို စောဒကမတက်နိုင်အောင် လက်ကာပြ တားမိသည်။ ဦးအေးမြင့်က ဧည့်သည်အတွက် လက်ဖက်ရည်တစ်ခွက် ယူလာပေးသည်။
``သောက်လိုက်ပါဦး´´
နားထင်ကို လက်ထောက်ရင်း ကောင်းထိန်လင်းပိုင်က စဉ်းစားသည်။
``ဟုတ်ကဲ့´´
``ဒီနေ့ ကျွန်တော် အတွင်းရေး မှူး တစ်ယောက် ရွေးဖို့ ရှိနေတယ်၊ ဘာမှ ကျွန်တော့် ဘက်က မပြင်ဆင်ရသေးဘူး၊ ဒါကြောင့် နောက်နေ့မှ ဒီကိစ္စကို လာဆွေးနွေးပါ၊ သူ့ကိုလည်း ပြောလိုက်ပါ၊ ကျွန်တော် နဲ့ လာဆွေးနွေးပါလို့။ ဖုန်းဆက်လိုက်ပါလို့၊ ပြေပြေလည်လည် ပြောရင်း ကျွန်တော့် ဘက်က ဘာမဆို လိုက်လျောမယ်၊ သူက ကျွန်တော် ရ့ တစ်ဦးတည်းသော ဇနီးဟောင်းပါ သူ့ကို ကျွန်တော် အနိုင်မကျင့်ပါဘူး´´
ကောင်းထိန်လင်းက ဆက်တိုက်ပြောချလိုက်သည်။
ရှေ့နေက မျက်နှာပျက်ပျက်နှင့် လက်ဖက်ရည်ကို သောက်ကာ အကြံထုတ် စဉ်းစားနေသည်။
``သူ့ဘက်က ဖုန်းဆက်မှာ မဟုတ်ဘူး´´
``သူက စကားလက်ခံပြောမှ မဟုတ်ဘူး…´´
သူက တအံ့တသြနှင့် ကိုယ်ကြီးမတ်ကာ…
``ဘာလို့လဲ´´
``တွေ့ ရင်တောင် သူက ရုံးမှာ ပဲ တွေ့ ချင်တယ်တဲ့´´
``ဟုတ်လား´´
သူ့အသံက ခြောက်ကပ်ကပ်နိုင်သည်။ မျက်နှာလည်း အိုမင်းရင့်ရော်သွား၏ ။
``ဒီလောက်တောင်ပဲလား´´
နားမလည်စွာ ရေရွတ်မိသည်။ ကြေကွဲနာကျင်မှု က ရင်ထဲ ပြည့်လာ၏ ။
``ပြီးရောလေ၊ ကျွန်တော် စဉ်းစားပေးမယ်လို့ပဲ ပြောလိုက်ပါ´´ ဟု ခေါင်းငိုက်စိုက်ချကာ ကတိပေးလိုက်၏ ။
``သူက ဘာရပိုင်ခွင့်မှ မလိုချင်ပါဘူးတဲ့´´
ရှေ့နေက လိုလိုမယ်မယ် ထည့်ပြောထားလိုက်သည်။
``ကွာရှင်းပေးဖို့ တစ်ခုတည်းပါ´´
``တော် … တော် ´´
ကောင်းထိန်လင်းပိုင်က မဲ့လိုက်၏ ။
``ကျွန်တော့် ကို ပြန်ခွင့်ပြုပါ´´
``ကောင်းပါပြီဗျာ´´
ရှေ့နေဥိးသက်ထွန်း ထွက်သွားသော အခါ ကောင်းထိန်လင်း အတန်ကြာအောင် ငြိမ်သက်နေသည်။
မိန်းမတွေ က ဒီလိုပဲလား၊ ခုလောက် ရက်ရက်စက်စက် လုပ်ရသလား၊ ညှာတာထောက်ထားမှု တစ်စက်မှ မရှိ။
ဟိုတုန်း ကတော့ နူးညံ့မှု တွေ ၊ ကြင်နာမှု တွေ ၊ လိုက်လျောမှု တွေ ၊ ချွဲနွဲ့မှု တွေ …. သြော်… မာယာတွေ ၊ မာယာတွေ …။
လှည့်စားလိမ်ညာမှု တွေ ၊ အတုရောင် တွေ ၊ ဟန်ဆောင်သာယာမှု တွေ အနှစ် သာရမရှိ။ အဓိပ္ပါယ်မရှိ။ ခိုင်ကြည်မှု မရှိ။
သံယောဇဉ် အနည်းအကျဉ်းရှိလျှင်တောင် ခုလိုကြီး လုပ်ရက်မှာ မဟုတ်ပေ။ သူ ဘယ်လို ဖြစ်သွားတာလဲ… ဆိုတာ တွေးပုံမရ။
အတူတူ နေလာခဲ့တဲ့ရက်တွေ ၊ နေ့နေ့ညည ရက်စွဲပေါင်းများ စွာ ဒါတွေ အားလုံး မေ့ပစ်လိုက်ပြီလား။
တကယ်ဆို တရားဝင်ကွာရှင်းခွင့်ကို သူ့ဘက်က တောင်းဆိုလာခဲ့လျှင်တောင် လက်ကျန်မေတ္တာလေးနှင့် သူမဘက်က တားရမှာ ၊ တောင်းပန်သင့်တာ၊ ခုတော့ ကွာရှင်းခြင်းဆိုတာကို သွေးအေးရဲရင့်စွာ ရင်ဆိုင်နိုင်သူက သူမဟုတ်ဘဲ သူ့ဇနီး ဖြစ်နေသည်။
ကောင်းထိန်လင်းပိုင်က ခုံမှထပြီး ပြတင်းတံခါးဘေး သွားရပ်သည်။ သည်မနက် သူ ကံမကောင်းပါလား….။ မိုးလင်းစမှပဲ စိတ်ညစ်စရာ ကြုံရသည်။ သူ့စိတ်တွေ လေးလံမွန်းကြပ်လာ၏ ။
စောစောတုန်းက တက်ကြွလန်းဆန်းမှု တွေ ၊ နိုးကြားဖျတ်လတ်မှု တွေ ၊ ပျော်ရွှင်တည်ငြိမ်မှု တွေ အားလုံး ယောက် ယက်ခတ် ပျောက်ဆုံးကုန်သည်။ တရားဝင်ကွာရှင်းခြင်း ဆိုတာ သူ့ရင်ကို ဟာကျသွားစေသည်။ အပျော်အားလုံးကို ၀ါးမျိုသွားသည်။
အတူတူ ပြန်ပြိးနေလိုတဲ့ဆန္ဒ ပြင်းထန်လွန်းလို့ရယ် မဟုတ်ပေမယ့် သူ့ဆီက အပြီးအပိုင် ခွဲခွာခွင့်ကို ဒီမနက်မှာ တောင်းလာမည် ဟု လုံးဝမထင်ထားခဲ့ပါ။ ပြင်ဆင်မှု မရှိခဲ့။
ရုတ်တရက် ကြားသိရသော အခါ တုန်လှုပ်ခြောက်ခြားသွားရသည်။ ဘာပိုင်ဆိုင်ခွင့်မှ မတောင်းဆိုဘူးတဲ့လား။
ဒါဆို ရည်ရွယ်ချက်က ဘာလဲ…
သူနှင့် ကင်းကင်းရှင်းရှင်း ဖြစ်ချင်တာ ဘာ့ကြောင့် လဲ။
အသစ် တစ်ယောက် ကြောင့် လား…
ဇဝေဇ၀ါ တွေးမိလာသည်။ အိမ်ထောင်တစ်ခု ထပ်တည်ဆောက်ချင်လို့လား ခုလို ရဲဝံ့ပြတ်သားစွာ တောင်းဆိုလာခြင်း ဖြစ်သည်။
ကောင်းပါတယ်လေ…
ဒါလည်း ဖြစ်သင့်တာပါပဲ။
ကိုယ်တို့ချင်း ကွဲကွာနေကြတာ ကြာပြီပဲ။
ဘာပဲ ဖြစ် ဖြစ် သူက မိန်းမသား၊ အားကိုးအားထားဆိုတာ လိုလိမ့်မည် ။
မှီစရာရင်ခွင့်တစ်ခုတော့ ရှိမှပါပဲ။
ငါးမိနစ် ဆယ်မိနစ်အေတွင်းမှာ ဇနီးဟောင်းကို ကရုဏာနှင့် နားလည်ပေးနိုင်လာသည်။
ဒေါသတွေ ငြိမ်သက်သွားသလိုလို ရှိသည်။
ပျော်ရွှင်သာယာမှု ကို အသစ်တစ်ဖန် ရှာဖွေတွေ့ ရှိသွားခဲ့ပြီ ဆိုရင်လည်း ကိုယ်က အဲဒီ အပျော်တွေ ကို ဆုတ်ယူ ဖျက်ဆီးမယ့် လူစားမျိုး မဟုတ်ပါဘူး။ မင်းဆန္ဒတွေ ကို ဖြည့်ဆည်းပေးချင်တာပါ။
အထီးကျန်ဆန်ဆန် တစ်ယောက် တည်း ကျော်ဖြတ်ခဲ့ရတဲ့ နေ့ခါးခါးတွေ အကြောင်း ကိုယ်လည်း သိပါတယ်။ အထူးတလည် ပြောဖို့ မလိုအပ်ပါဘူး။ ညညဆို ကိုယ် တစ်ယောက် တည်း အိမ်ထဲမှာ ခြောက်သွေ့တိတ်ဆိတ်စွာ အိပ်ပျော်အောင် ကြိုးစားခဲ့ရတာ ပဲ မဟုတ်လား…။
သို့သော်လည်းပဲ ကိုယ်က ယောက်ျား တစ်ယောက် ၊ ခံနိုင်ရည် ပိုရှိသည်။ စိတ်ဓာတ်ပိုမာသည်။ အလုပ်တွေ များ စွာ ရှိသည်။ အပေါင်းအသင်းများ နှင့် အချိန်ဖြုန်းလို့ ရသည်။
လိုအပ်ချက်တစ်ခုကို ဖြည့်စွက်စရာတွေ ထုနှင့် ထေးပါ။
တကယ်ပဲ လက်တွဲ ဖြုတ်ဖို့ ကြိုးစားခဲ့ပြီိဆိုရင်လည်း ဒီကြိုးကို ကိုယ် အလွယ်တကူ ဖြည်ချပေးလိုက်မှာ ပါ။
``လျှောက်လွှာတင်ထားတဲ့ ကောင်မလေးတွေ ရောက်နေပြီ၊ အဲဒါ… ဘယ်လိုအစီအစဉ်နဲ့ ခေါ်ရမလဲ´´
ဦးအေးမြင့်က မေးလာပါသည်။ ကောင်းထိန်လင်းပိုင် အတွေးတွေ ထဲက လူးလွန့်ထွက်လာသည်။ ရှိနေသော အချိန်ကလေးကို ရှေ့နေ ဦးသက်ထွန်းက ယူသွားခဲ့ပါပြီ။ သူ့အတွက် ခေါင်းခဲစရာ။
``ဒီလိုလုပ်ပါ၊ ကျွန်တော် ဒီစာရွက်တွေ အတိုင်း ခေါ်မယ်ဗျာ၊ မရောက်သေးရင်လည်း ကျော်ပစ်ပြီး ပြန်ခေါ်တာပေါ့´´
``ဟုတ်ကဲ့´´
ကောင်းထိန်လင်းပိုင်က စားပွဲမှာ ပြန်ဝင်ထိုင်သည်။ မျက်မှန်တပ်သည်။ ပထမဆုံး လျှောက်လွှာကို ငုံ့ဖတ်သည်။
``ယမင်းတဲ့ ယမင်းကို ခေါ်လိုက်ပါ´´
``ဟုတ်ကဲ့´´
စီဗွီလည်း တစ်ခါတည်းဖတ်၊ လူလည်း တစ်ခါတည်း ခေါ်တွေ တစ်ပြိုင်တည်းနှင့် နှစ် ခုလုပ်ရတော့သည်။
အတွင်းရေး မှူးကလည်း မရှိမ ဖြစ် လိုနေတာ။ တစ်ယောက် လောက်ကိုတော့ ရွေးမှရလိမ့်မည် ။ သူက ဟိုသွားဒီသွားနှင့် အတွင်းရေး မှူးမလေးက ထက်မြက်တိကျဖို့၊ ဉာဏ်ရည်မြင့်မားဖို့ ဆုံးဖြတ်ချက် မှန်ကန်ဖို့ လိုသည်။ သို့မှသာ သူ စိတ်ချရမှာ ။
``ကျွန်မ… ယမင်းပါရှင်´´
``အင်း.. ထိုင်ပါ´´
ကောင်းထိန်လင်းပိုင်က ဖြူဖြူသွယ်သွယ် ကောင်မလေးကို ကြည့်ကာ လျှောက်လွှာကို ငုံ့ဖတ်သည်။
သည်လျှောက်လွှာတွေ တစ်ထပ်ကြီးထဲက သူလိုသော အရည်အချင်းမျိုး စိတ်ချလောက်သော အတွင်းရေး မှူးမလေး တစ်ယောက် ပါနိုင်ကောင်းပါရဲ့ ဟု စိတ်လျော့ထားလိုက်သည်။
``ဦးအေးမြင့်ရေ… နောက် တစ်ယောက် သီရိနွယ်တဲ့´´
``ဟုတ်ကဲ့… ဟုတ်ကဲ့´´
``………………´´
``နောက် တစ်ယောက် က မိုးမိုးတဲ့ ခေါ်ပါဦး´´
``မမိုးမိုး ၀င်လို့ရပါပြီ´´
``…………………..´´
``ကဲ ဒီ တစ်ယောက် က ဘယ်သူ… မခင်လေး၊ မခင်လေးတဲ့ ဦးအေးမြင့်ရေ ညနေလောက်မှ ပြီးမှာ လား´´
``သိပ်မကျန်တော့ပါဘူး… ဆယ့်လေးငါးယောက် ပါ´´
``…………..´´
နာရီလက်တံတွေ ရွေ့ကုန်သလို ကောင်းထိန်လင်းလည်း ညောင်းညာစိတ်ရှုပ်လာရပါသည်။ စိတ်ကိုဆွဲဆန့်ပြီး မတ်မတ် ပြင်ထိုင်သည်။
ဟင်… တဖြည်းဖြည်းနှင့် သုံးယောက် လောက်သာ ကျန်တော့သည်။ မျက်မှန်ကို ခဏဖြုတ်ပြီး နားလိုက်သည်။
ဦးအေးမြင့်က အလိုက်သိစွာ ရေသန့်ဗူးနှင့် ဖန်ခွက် ယူလာပေးသည်။ ရေတစ်ခွက် ထည့်သောက်ပြီး ခဏထလျှောက် ဖြစ်သည်။ ပြီးမှ စားပွဲမှာ ပြန်ထိုင်ကာ အလှည့်ကျသူခေါ်ဖို့ ပြင်၏ ။
``ရွှေရနံ့´´
နှုတ်ခမ်းလှုပ်ရုံ ရွတ်ကြည့်သည်။ ကောင်းထိန်လင်းပိုင် တစ်ချက်တွေ သွား၏ ။ ကိုယ့်ကို မနက်တုန်းက တရားဝင်ကွာရှင်းခွင့် တောင်းခဲ့သော ကိုယ့်ဇနီးဟောင်း၏ အမည် နှင့် ဘာလို့ ဆင်တူနေရတာ လဲ….။
ကိုယ့်ဇနီး အမည် က ``ရွှေရတီ´´
ဒါဟာ တိုက်ဆိုင်မှု လား၊ ရိုးရိုးသားသားလား။
ကိုယ့်ကံတရားက စိတ်ဝင်စားအောင် ဖန်တီးတာလား။ နာမည် ဆိုတာ တစ်ထပ်တည်း တူတာတောင် ရှိနိုင်သည်။ ခပ်ဆင်ဆင် တူတာတွေ လည်း ရှိနိုင်သည်။
ရွှေရတီ၏ ညီမလေးဆို `ရွှေရုပ်လွှာ´၊ အငယ်ဆုံးမလေးဆို `ရွှေကြိုးကြာ´ ဆင်ကြတာပဲ။ ညီအစ်မချင်းတွေ မို့ ဆင်တာ ထားပါတော့။
`ရွှေအစင်´ ဆိုတာလည်း ကျောင်းတက်တုန်းက ဆုံတွေ့ သိကျွမ်းဖူးပါသည်။ နာမည် ဆင်တာ အဆန်းတကြယ်မဟုတ်။
``ခေါ်ရတော့မလား´´
ဦးအေးမြင့်က တော် တော် နှင့် စကားမစသော ကောင်းထိန်လင်းပိုင်ကို သည်းမခံနိုင်တော့ဘဲ မေးလာ၏ ။
``ဦးအေးမြင့်ရေ´´
``ဗျာ´´
``ရွှေရနံ့တဲ့ ခေါ်ပါဦး… ရွှေရနံ့ကို´´
``ဟုတ်ကဲ့… ဟုတ်ကဲ့´´
ကောင်းထိန်လင်းပိုင်က် အခန်းတံခါးဝကို လှမ်းကြည့်နေမိသည်။
ရွှေရနံ့ဆိုတာ ဘယ်လိုပုံစံလေးပါလိမ့်…။
ကိုယ့်အဖို့ သူ့အမည် လေးက ထူးဆန်းနေသည်။
ကိုယ် ပထမဆုံး ရည်းစားထားခဲ့သူလေးက `ရွှေအစင်း´
ကိုယ်နှင့် ခန်းနားကြီးကျယ်စွာ လက်ထပ် ဖြစ်သူက `ရွှေရတီ´ ကောင်းထိန်လင်းပိုင်ဘ၀မှာ `ရွှေ´ ဟူသော စကားလုံးလေးက စိတ်ဝင်စားမှု ၊ ရင်ခုန်မှု ကို ဖြစ်စေသည်။ ယနေ့တိုင် မေ့မရသော အချစ်ဦးလေးကလည်း `ရွှေအစင်း´။ ငါးနှစ် ကျော်ကျော် အတူတူနေခဲ့ဖူးသော သံယောဇဉ်အရှိဆုံး၊ အလေးအထားရဆုံးကလည်း `ရွှေရတီ´။
မှန်တံခါးလေးဟ,ကာ ညင်ညင်သာသာ ၀င်ရောက်လာသော သဏ္ဌာန်လေးက နူးညံ့နွဲ့နှောင်လွန်းလှသည်။
ရေမွှေနံ့သင်းသင်းလေးက ကောင်းထိန်လင်းပိုင်ရှိရာ ရွေ့လျားလာသည်။ ခုံလေးမှာ မတ်တတ်ရပ်ပြီး စကားမဆို နှုတ်ဆိတ်နေသည်။
ကောင်းထိန်လင်းပိုင်က တစ်ချက်ကြည့်ပြီး ကိုင်ထားသော လျှောက်လွှာပေါ် အကြည့်ပြောင်းလိုက်ပါသည်။
ကိုယ်ထင်ထားသလို မဟုတ်ပါ။
သူ့ရှေ့မှာ ရပ်နေသော ရွှေရနံ့က သာမန်ရုပ်လေးနှင့် သာမန်အလှလောက်သာ ရှိလေသည်။ ထူးထူးခြားခြား ငေးချင်စရကောင်းသော ရှားပါအလှ မရှိ။ ရိုးရိုးသားသား ပုံစံလေးပါပဲ။
သူ သိခဲ့ဖူးသော `ရွှေ´များ နှင့် ခြားနားသည်။
`ရွှေအစင်း´ ဆိုလည်း အမည် နှင့် လိုက်ဖက်အောင်ပင်၊ ရင်သပ်ရှုမောချင်စရာ အလှကို ပိုင်ဆိုင်သည်။
ရွှေရတီဆိုလည်း သူ လက်ထပ်ယူ ဖြစ်အောင်ကို ဖမ်းစားနိုင်သော အလှ။ တင့်တယ်သော အဆင်း ရှိသည်။
ရွှေရနံ့ ကတော့ သူတို့ကို မမီ။ တစ်ဝက်စီပင် မမီ။
``ထိုင်ပါ´´
ကောင်းထိန်လင်းပိုင် ပြောမိသည်။ ကောင်မလေး ခုံမှာ ကျုံ့ကျုံ့ကလေး ၀င်ထိုင်သည်။ စကားမဆို မျက်လွှာချနေသည်။ ကြည့်ရတာ တော့ အရှက်အကြောက်ကြီးမည့်  ရုပ်၊ မပွင့်တပွင့် ပုံစံကလေး၊ ဖြစ်ပါ့မလား…။ သူလိုချင်တာက ဖျတ်လတ်နိုးကြား၊ သွက်လက်ပွင့်လင်း။ အင်း… တခြားစီ။
``ရွှေရနံ့နော်´´
တစ်ခြားကောင်မလေးတွေ ကို `ဘယ်သူပါ´ ဟု ၀င်ဝင်လာခြင်းလည်း မိတ်မဆက်၊ မြုံစိစိနှင့် ဘာစိတ်ကူးပေါက်ပြီး လာလျှောက်ပါလိမ့်။ အတွေ့ အကြုံလည်း လုံးဝရှိပုံမရ။
ကိုယ့်ကို ဆတ်ခနဲ ခေါင်းညိတ်ပြသည်။
ဟောဗျာ… သေလိုက်ပါတော့။
သူ့သူငယ်ချင်းများ မှတ်နေသလား။ နာမည် မေးတာ ခေါင်းညိတ်ဖြေရအောင် ဘယ်လိုကောင်မလေးလေးပါလိမ့်…။
``ဘွဲ့မရသေးဘူးပဲ´´
သူ ရေရွှတ်တာကို ငြိမ်နေသည်။ တစ်စုံတစ်ရာ ရှင်းပြပြောဆိုခြင်း မရှိ။
``လေဘာတောင် မတင်ထားဘဲ ဘာစိတ်ကူးနဲ့ အလုပ်ဝင်ချင်တာလဲ´´ ဟု မေးမိ၏ ။ ကောင်မလေးဆီက ဘာသံမှ ထွက်မလာသော အခါ ကောင်းထိန်လင်ပိုင် လှမ်းကြည့်မိသည်။
ပြုံးလို့ပါလား။ နှုတ်ခမ်းဖောင်းဖောင်းလေးတွေ က ကလေး တစ်ယောက် လို ပွင့်လင်းရိုးသားသည်။ ဖြူစင်သန့်ရှင်းသည်။
``မင်း.. ဒီအလုပ်ကို လိုချင်တာ သေချာရဲ့ လား´´
မေးစေ့လေး အပြင်ထုတ်ကာ ဆတ်ခနဲ ခေါင်းညိတ်ပြသည်။
``အချက်အလက်တွေ မှ မကိုက်ဘဲ´´
သူ့စကားကြောင့် မျက်နှာလေး ငယ်သွား၏ ။ ပြီးတော့ ဖျတ်ခနဲ ထရပ်သည်။ သူ့ကို မျက်လုံးလေး ထောင့်ကပ်ကြည့်ကာ လှည့်ထွက်ဖို့ ပြင်၏ ။
``ဒါက ဘယ်လဲ´´
ကောင်းထိန်လင်းပိုင် လှမ်းမေးမိ၏ ။ ကြည့်ရတာ ပြန်တော့မည် ဟန်ပန်။
``ရမှာ မဟုတ်ဘူးဆိုတာ သိပါတယ်၊ တစ်ခါမှ မလျှောက်ဖူးလို့ အတွေ့ အကြုံရအောင်ပါ။ ရမယ်လို့လည်း မျှော်လင့်မထားဘူး။ ခွင့်ပြုပါဦး´´
ချာခနဲ လှည့်လျှောက်သွားပုံလေးက ပြတ်မှပြတ်။ တစ်စက်မှ တွေ တွေ ဝေေ၀မရှိ၊ လေယူလေသိမ်းလေးက သိမ်မွေ့ချိုသာသလောက် သြဇာပါသည်။ အသံမှာ ဒီလောက် ဆွဲဆောင်အားပါတာမျိုး မကြုံဖူးခဲ့ပါ။
``နေပါဦး´´
တံခါးလက်ကိုင်တွင် တင်ထားသော လက်ကလေး တန့်သွားကာ ခေါင်းလေငဲ့ကာ ပြန်ကြည့်သည်။ နေရာမရွေ့ ရပ်နေသည်။
``စကားမှ မဆုံးသေးဘဲ ပြန်လို့မရသေးဘူးလေ´´
သူ့ဘက် ပြန်လှည့်လာသော ပုံစံလေးများ နှေးတုံ့တုံ့။
ကောင်းထိန်လင်းပိုင် မရည်ရွယ်ဘဲ ပြုံး ဖြစ်သည်။ သူ့စိတ်တွေ ဘာကြောင့် ပေါ့ပါးသွားရသလဲ။ ဘာကြောင့် သည်ကောင်မလေးကို ကြည့်ပြီး ပြုံးမိသလဲ။ သူ့ကိုယ်သူ ဆန်းစစ်မိသည်။
သူ့ဆီ ပြန်လျှောက်လာပြီး ခုံမှာ ဘေးတစောင်းလေး ၀င်ထိုင်သည်။ ရှေ့ဘက်လှည့်ပြီး တည့်တည့်မထိုင်။ ယာယီခဏတဖြုတ်သဘော။ စကားဆုံးတာနှင့် ထပြန်မည် ဟု ဆုံးဖြတ်ချက် ချထားပုံ။ သူ့ကို မခန့်လောက်ပါဘူးဟုလည်း ပိုင်ပိုင်နိုင်နိုင် ယုံကြည်ထားသည်။ ကိုယ့်ကိုယ်ကို သေချာလှချည်လား။ သည်လောက်အထိ အထင်ကြီးရသလား။ မရပါဘူးဟု အစကတည်းက စိတ်လျော့သွေးအေးနေသည်။ ထူးဆန်းလွန်းပါလား…။
ဝင်လာသမျှ ကောင်မလေးတွေ က ယုံကြည်မှု အပြည့်၊ မျှော်လင့်ချက်အပြည့်နှင့် ပါ။ မရကာမှ မရရော။ သူ့လို အားလျော့သော မျက်နှာလေးမဟုတ်။ ဟန်ရှိသည်။ ယုံကြည်မှု ရှိသည်။ ရဲရင့်ပြတ်သားမှု ရှိသည်။
``ဘာလို့ ရမှာ မဟုတ်ဘူးလို့ ထင်တာလဲ´´
သူ့မေးကြည့်သည်။ သိချင်လို့ပါ။ အ ဖြစ်မှန်ကို နားထောင်ကြည့်ချင်သည်။ ငှက်ကလေး တေးဆိုသလို စမ်းချောင်းကလေး စီးဆင်းသံလို သာယာနာပျော်ဖွယ် အသံလေးကို သူနားထောင်နေမိပါသည်။
``အပြင်မှာ မေးကြည့်တော့ အားလုံးက ဘွဲ့ရပြီးသားတွေ ၊ ပြီးတော့ လှလည်း လှကြတယ်၊ အဟင်း…´´
ရယ်သံလေးက မပွင့်တပွင့်။ မျက်လုံးလေးက သူ့ဆီရောက်လာသည်။
``သူတို့ကို ကျော်ပြီး မရနိုင်ဘူးဆိုတာ သိလိုက်လို့ပါ´´
``အင်း´´
အမှန်တရားကို ချက်ချင်း လက်ခံနိုင်သည်။ ရှားပါးသည့် အရည်အချင်းတစ်ခုပဲ။ ထို့ကြောင့် သူနှင့်တွေ့ သော အခါ စိတ်ဒုံးဒုံး ချပြီးသား ဖြစ်ကာနေသည်။
``ကွန်ပျူတာကော ကျွမ်းကျင်လား´´
``အတွေ့ အကြုံမှ မရှိဘဲ၊ နောက်တော့ ကျွမ်းကျင်လာမှာ ပဲ´´
``ဒါဆို စပီကင်န်(အင်္ဂလိပ်စကားပြော) ရော…´´
``နည်းနည်း လောက်တော့ ရပါတယ်´´
ကောင်းထိန်လင်းပိုင် အပြုံးတစ်ခုနှင့် ခေါင်းရမ်းမိပါသည်။
``မင်း စက္ကထရီသင်တန်း ဖွင့်မယ်ကြားလို့ လာတာတော့ မဟုတ်ပါဘူးနော်´´ ဟု စ,မိသည်။ ရွှေရနံ့က ခေါင်းလေးငုံ့သွားပြီး….။
``ကျွန်မလည်း အားနာလို့ ပြန်တော့မလို့ပါ၊ နောက်တစ်ခါဆိုရင်တော့ အားလုံးပြင်ဆင်ပြီးမှ လျှောက်တော့မယ်´´
ကောင်းထိန်လင်းပိုင်က သူ့ရှေ့မှ မိန်းကလေးကို ငေးကြည့်နေမိသည်။
``မင်းပုံစံက ပျော့လွန်းတယ်၊ မင်း တကယ် လုပ်နိုင်ပါ့မလား´´
ရွှေရနံ့က ပြန်မဖြေဘဲ ငြိမ်နေသည်။ တော် တော် ကလေး စဉ်းစားပြီးမှ…
``မသိသေးဘူးလေ၊ ကျွန်မမှ တစ်ခါမှ မလုပ်ဖူးတာ၊ ရပါတယ်၊ ဖြစ်ပါတယ်လို့ အာမခံကတိပေးပြီးမှ မလုပ်နိုင်ရင်ကော´´
သေလိုက်ပါတော့ ကောင်းထိန်လင်း။ သူ အော်ရယ်ရမလို၊ ဆူငေါရမလို အူလည်လည် ဖြစ်သွားသည်။ ဘာလဲကွာ သူ့ကို ပြန်မေးရတယ်လို့…။ အထူးအဆန်းမလေးပါလား။ သူများ တွေ ဆို လုပ်နိုင်တာ မလုပ်နိုင်တာ အသာထား၊ ကတိတွေ ပေးပြီး အပြောတွေ ကြီး၊ ရွှန်းရွှန်းကို ဝေနေမှာ ။ အလုပ်ရသွားဖို့သာ အဓိက။ လုပ်ငန်းခွင်ထဲရောက်မှ ညည်းညူခိုကပ်၊ ပေါ့ဆသွားကြတာ။
``မျှော်မှန်းလစာ မပါပါလား´´
``ရှင်´´
ကောင်းထိန်လင်း ရေရွတ်တာကို ရွှေရနံ့က အံ့အားသင့်နေသည်။
``မျှော်မှန်းသလောက် ပေးမှာ မို့လို့လား´´
မေးပုံကို ကြည့်ပါတော့၊ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးခဲ့ပါ။
သူကလေး ပုံစံဟန်ပန် အပြောအဆိုက အင်တာဗျူး ၀င်နေတာ အတွင်းရေး မှူးနှင့် မတူဘဲ၊ ဧည့်ခန်းမှာ အစ်ကိုနှင့် စကားပြောနေသော ညီမလေး တစ်ယောက် ပုံစံလို ဖြစ်ကာနေသည်။
``မင်းဘက်က တစ်လကို ဘယ်လောက် အသုံးစရိတ်လိုမလဲ၊ ဘယ်လောက်မှ မင်း အဆင်ပြေမလဲဆိုတာ ပြောကြည့်ပါ´´
``အသုံးစရိတ်´´
``ဟုတ်တယ်လေ´´
ရွှေရနံ့က စားပွဲကို လက်ညှိုးထိပ်ကလေးနှင့် ခြစ်ကာ…
``ဘာအသုံးစရိတ်လဲ´´ ဟု ပြန်မေးလာသည်။ ကောင်းထိန်လင်း သက်ပြင်းချမိသည်။
``မင်း ဘယ်သူနဲ့နေတာလဲ၊ ပိုက်ဆံ ဘယ်လောက်လိုလဲ၊ အဲဒါမေးတာကွ၊ မရှင်းဘူးလား´´
သူ့အသံက ပြတ်သည်။ စိတ်မရှည်သံ။ ရွှေရနံ့က သူ့အသံ မာဆတ်ဆတ်ကို လုံးဝ ဂရုမပြုမိသလို နေသည်။ ကောင်းထိန်လင်း မျက်လုံးရွှေ့ကြည့်ကာ အကဲခတ်မိ၏ ။ သွေးအေးတာလား၊ အကင်းမပါးတာလား၊ ထုံပေပေနိုင်တာလားတော့ မသိ၊ ဖြစ်မှ ဖြစ်ပါ့မလား။ သူ တစ်ချက်ပြန်စဉ်းစားမိပါသည်။
``ပိုက်ဆံ ကတော့ မလိုပါဘူး၊ လေးလေးတို့က ဘာမဆို လုပ်ပေးတယ်´´
ကြည့်ရတာ တော့ ပူပန်ပုံမပေါ်။ အရေး တကြီး ငွေလိုပုံမရ။ လခကို ပထမဦးစားပေးထားဟန် မရှိပေ။ ဒါကလည်း ပြည့်စုံနေတာကိုး။
``အိုကေ… ကောင်းပြီးလေ မင်းကို အစမ်းခန့်ကြည့်မယ်´´
``ရှင်…´´
ချက်ချင်း ကြီး ဆုံးဖြတ်ကာ ပြောလိုက်သော ကြောင့် ကောင်မလေး အံ့သြသင့်သွားပြီး မျက်နှာကလေး ၀င်းခနဲ လက်သွားသည်။
``စမ်းသပ်ကာလ သုံးလခန့်ကြည့်မယ်´´
``ဟုတ်´´
``တကယ်လို့ အဲဒီ သုံးလမှာ ကျေနပ်အားရမှု ရှိရင် အတည်ခန့်မယ်´´
``ဟုတ်ကဲ့ပါ´´
ခုမှ နည်းနည်း ကလေး အားတက်သရော ရှိလာ၏ ။
``ကျေနပ်မှု မရှိရင် ဆက်မခန့်ဘူး´´ သူ့စကားကို ခေါင်းညိတ်၏ ။
``ဒါပေမယ့် တစ်ခုရှိတာက ကိုယ့်ဘက်က သဘောကျလို့ အတည်ခန့်ရင် မင်း အနည်းဆုံး (၂)နှစ် အလုပ်ဝင်ပေးရမယ်´´
``ရပါတယ်´´
ရွှေရနံ့ နှုတ်ခမ်းလေးတွေ အပျော်ကြောင့် ရယ်မြူးရိပ် သန်းသွားရသည်။ လုံးဝ ရမယ်လို့ကို မထင်တာပါ။ အပြတ်အားလျော့ပြီးသား။
``ဒါဆိုရင် ဘယ်နေ့ အလုပ်စ,၀င်မလဲ´´
``ရပါတယ်၊ ကျွန်မဘက်က အဆင်သင့်ပါပဲ´´
``အင်း… သုံးရက်လောက်တော့ ပြင်ဆင်လိုက်ပါဦး´´
``ဟုတ်ကဲ့… ကျေးဇူတင်ပါတယ်´´
ရွှေရနံ့က မတ်တတ်ရပ်လိုက်သည်။
``နေဦးလေ´´
ကောင်းထိန်လင်းပိုင်မှ စကားမဆုံးသေးပဲ။
``မင်း သိပ်မလောပါနဲ့၊ စကားပြောနေရင် ဆုံးအောင်နာထောင်ပါ´´ ဟု သူ ဆိုမိတော့သည်။
``ဟုတ်´´
``အလုပ်မဆင်းခင်မှာ မင်းစားပွဲပေါ်ရှိတဲ့ ကွန်ပျူတာကို မင်း လေ့လာကြည့်ပါ၊ လိုအပ်တာပြောပါ။ ပြီးတော့ စာရင်းတွေ မှတ်တမ်းတွေ အားလုံး ဖိုင်တွဲ တွေ ယူပြီး လေ့လာပါ၊ အဲဒါ မင်းဒီမှာ လာလုပ်ရမယ့် ပထမဆုံးအလုပ်ပဲ´´
``ဟုတ်´´
ရွှေရနံ့က မျက်နှာငယ်ကလေးနှင့် ခေါင်းညိတ်သည်။ ကောင်းထိန်လင်းပိုင်က လိုအပ်တာတွေ ကို စုံစုံစေ့စေ့ မှာ သည်။ သည်တစ်ခါတော့ စကားဆုံးမှ ရွှေရနံ့ မတ်တတ်ရပ်လိုက်၏ ။
ဖွဖွပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
တယ်ဟုတ်ပါလား။
သိပ်ခက်ခဲမယ်ထင်တာ လွယ်လွယ်ကလေး ဖြစ်လာသည်။ အိမ်က လေးလေးတို့သိလျှင် အလုပ်ရသွားတာ ယုံမှယုံပါ့မလား မသိ။ အထင်ကြီးသွားအောင် ကြွားလိုက်ဦးမည် ။ ဘုန်းလျှံကိုလည်း ပြောပြရမည် ။
အိမ်မှာ ဆို ရွှေရနံ့ တစ်ယောက် ပဲ အလုပ်မရှိ။ အားနေတာ။ မျက်နှာငယ်နေရတာ ၊ ခုတော့ ရွှေရနံ့လည်း သူတို့လိုပဲ မနက်မိုးလင်းဆို အလုပ်သွားဖို့ ပြင်ဆင်။ ဘယ်လောက်ပျော်စရာ ကောင်းလဲနော်။
အတွေးနှင့် ပင် ပျော်မြူးလာမိသည်။ ထိုကျေနပ်စိတ်နှင့် တာဝန်ကို နိုင်နင်းအောင် လုပ်ဆောင်နိုင်မှာ ပါ။ ဦးကောင်းထိန်လင်းပိုင်ကို မြင်ယောင်ကာ ပခုံးလေး ကျုံ့မိသည်။
စိတ်ကူးထဲမှာ တွေးတောတာထက် ငယ်သည်။ စိတ်ကူးထဲမှာ တွေးတောတာထက် ခန့်ညားသည်။
စကားပြော ချိုသာသည်။ စူးရှထက်မြက်သော မျက်လုံးတွေ ရှိသည်။ မှန်ကန်သော ဆုံးဖြတ်ချက်ကို မြန်မြန်ချနိုင်သည်။ တွေ တွေ ဝေေ၀ မရှိ။ ချီတုံချတုံ မ ဖြစ်။ တစ်ခုခုကို ရဲရဲဆုံးဖြတ်ဝံ့သည်။
ပြောစရာတစ်ခုပဲ ရှိသည်။ သူ့ပုံစံက ရွှေရနံ့ကို အထင်ကြီးပုံမရ။ ပြီးတော့ အမိန့်ပေးချင်သည်။ ဒါဟာလည်း လျော့တွက်ထားလို့သာ အနိုင်ပိုင်းချင်တာပါ။
ဦးကောင်းထိန်လင်း အထင်ကြီးလာအောင် ကြိုးစားပြရမည် ။ သူထင်သလောက်လည်း ရွှေရနံ့ မညံ့သေးပါဘူး။
ရမှာ မဟုတ်ပါဘူးဟု ထင်ထားတာလေး တစ်ခုတည်းပါ။
ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာဟု ရှုံ့ချချင်ရင်လည်း ရတာ ပေါ့လေဟု အပြုံးကလေးတစ်ဝက်နှင့် တွေးမိသည်။
အပြန်လမ်းမှာ ရွှေရနံ့ ၀မ်းသာလုံးဆို့နေသည်။ အတိတ်ဆီသို့ သမင်လည်ပြန် ကြည့်လိုက်ရင် ဒီအလုပ်ရတာ ဘယ်လောက် ၀မ်းသာဖို့ ကောင်းသလဲ ပိုထင်ရှားလာသည်။
ဆယ်တန်းအောင်တုန်းကလောက် မပျော်ပေမယ့် ကိုဘုန်းလျှံနှင့် လက်ထပ်ပေးမည် ဟု သိရတုန်းကလောက် မပျော်ပေမယ့်… ဒီအပျော်သည် တတိယမှာ တော့ ရှိနေသည်။ ရွှေရနံ့ဘ၀မှာ အလုပ်တစ်ခုကို ပထမဆုံး ၀င်ရောက်လုပ်ကိုင်ရမှာ ။
ပိုပြီျးေပ်ာတာက စက္ကထရီ ဖြစ်ရတာ ။
`အတွင်းရေး မှူး´ မလေးဆိုတော့ ကုမ္ပဏီမှာ အရေး ပါသူ တစ်ယောက် ပါ။ နယ်နယ်ရရ မဟုတ်တာ။
ကိုယ့်ကိုယ်ကို ဘ၀င်တောင် မြင့်ချင်သည်။
![]() ဖဲကြိုးပြာနှင့် နှင်းဆီနီ | ![]() ၀တ္ထုတစ်ပုဒ် | ![]() အချစ်ကိုဘွာမခတ်ကြေး |