Cover

ဖဲကြိုးပြာနှင့် နှင်းဆီနီ

ပထမနှင်းဆီ

ညင်သာစွာ မောင်းလသော ကားက ကုမ္ပဏီရှိရာ အခန်းရှေ့မှာ တုန့်ခနဲရပ်သွားသော အခါ မဂ္ဂဇင်းဖတ်နေသော “ချောယဉ်ယဉ်” လည်း စာအုပ်ကိုပိတ်ပြီး ပိုက်ဆံအိတ်ကလေး ကောက်လွယ်ဆင်းဖို့ပြင်သည်။

အထပ်မြင့်သော “တာဝါ” တစ်ခုမှာ ဖွင့်ထားသော ဖေဖေ့ရုံးခန်းကို ဓာတ်လှေကားနှင့် တက်ရပါသည်။

အားလပ်ရက်တွေ ဆို အိမ်မှာ မနေဘဲ ဖေဖေနှင့် လိုက်လာကာ ကုမ္ပဏီကိစ္စတွေ ကို လေ့လာ ကူညီပေးတတ်သော ချောယဉ်ယဉ်၏ ထက်မြက်သော ဗီဇကြောင့်ပါ။

ကားမောင်းသူဘေးမှာ ရှိနေသော ဖေဖေက ဖုန်းပြောနေတာမို့ ချောယဉ်ယဉ်ကပဲ သွက် သွက်ဆင်းလိုက်ကာ ဖေဖေဆင်းဖို့ ကားတံခါးဖွင့်ပေးလိုက်ပါသည်။

ဖေဖေက ဖုန်းပြောရင်းလျှောက်သွားသော အခါ ချောယဉ်ယဉ်က ဖေဖေ့ဖိုင်တွဲနှင့် အိတ်ကို အလိုက်တသိ ယူလိုက်သည်။

“သမီး ဦးလေးပို့ပေးရမလား”

ကားမောင်းသူ “ဦးလေးမော်” က တာဝန်သိစွာ အလိုက်သိစွာ မေးပါသည်။

“ရပါတယ်ဦးလေး သမီးနိုင်ပါတယ်”

ဦးလေးမော်က မြေအောက်ခန်း ကားရပ်စခန်းမှာ ကားပတ်ကင်ဝင်ဖို့ မောင်းသွားတော့ သည်။

ချောယဉ်ယဉ်က ဖေဖေ့နောက်ကို အပြေးကလေးလိုက်လာသည်။ သို့ သော် ဖေဖေ ဓာတ်လှေကားထဲအရောက်မှာ တော့-

“အစ်မ……..အစ်မ”

နောက်ကခေါ်သံနှင့် အပြေးလိုက်လာတာကြောင့် ချောယဉ်ယဉ်ခြေလှမ်းတန့်ကာ လှမ်းကြည့်မိခိုက်မှာ ပဲ ဖေဖေက ဓာတ်လှေကားနှင့် ပါသွားခဲ့ပြီ။

ဘယ်တုန်းကမှ သိကျွမ်းဖူးခြင်းမရှိတာသေချာသော ဆယ့်လေးနှစ် သားလောက်ရှိမည့်  ချာတိတ်လေး တစ်ယောက် ။ ကြည့်ရတာ လက်လုပ်လက်စား သာမန်ပုံစံလေးပါပဲ။ ၀တ်ထားတာ နွမ်းပါးသည်။

“အစ်မက ချောယဉ်ယဉ်လား”

“ဟုတ်ပါတယ်”

ညင်သာစွာ ခေါင်းဆတ်ပြမိသည်။ ယဲ့ယဲ့လေးတစ်ချက်ပြုံးကာ-

“ဘာကိစ္စရှိလို့လဲ” ဟုမေးမိသည်။

ဘာကိုမှ ဂဃနဏ သဘောမပေါက်သော်လည်း အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ထားမိ သည်။ ချောယဉ်ယဉ်မှာ ဆင်းရဲနွမ်းပါးသူတို့ကို ပို၍ ဖော်ရွေစွာ ဆက်ဆံလိုသော စိတ်ကလေး ရှိနေသည်။

“ခဏနော်အစ်မ၊ ခဏလေးစောင့်ပါ။ တကယ့်ကို ခဏလေး”

ချာတိတ်မျက်နှာက ၀င်းကနဲလက်ပြီး ချာကနဲလှည့်ပြေးသွား၏ ။ ချောယဉ်ယဉ်က ပိုက်ဆံအိတ်အပြာလေးကို ပုခုံးမှာ တစ်ဖက်ကလွယ်။ မေမေဇွတ်ထည့်ပေးလိုက်သော နေ့လယ်စာ ဂျိုင့်ကို တစ်ဖက်ကဆွဲ။ ဖေဖေ့အိတ်နှင့် ဖိုင်တွဲ ကလည်းပါသေး။

စောင့်ပါဟု တောင်းပန်မတတ်ပြောလို့သာ ရပ်နေရတာ ၊ တကယ်ဆို ဓာတ်လှေကားစီး မြန်မြန်ရောက်ချင်ပြီ။ လက်ထဲမှာ ပစ္စည်းတွေ ရှုတ်နေသည်မဟုတ်လား။

ချောယဉ်ယဉ်က ခြေစုံရပ်ရင်း မသိသော ချာတိတ်ကို စောင့်နေမိသည်။ သူ့ကြည့်ရတာ တကယ်ပဲ တစ်ခုခုရှိနေသလိုပါ။ ဇဝေဇ၀ါတွေးမိတုန်းမှာ ပဲ ချာတိတ်က အပြေးတပိုင်း ပြန်ရောက် လာပါသည်။ လက်ထဲမှာ တော့ အင်မတန်လှပသော နှင်းဆီသုံးပွင့်ကို ကိုင်ထားသည်။ ပြာလွင်သော ဖဲကြိုးနှင့် ချည်နှောင်ထားသော နှင်းဆီသုံးပွင့်။ ကောင်လေးပုံစံ နွမ်းလျလျနှင့် တော့်  တခြားစီပါပဲ။

“ရော့ ဒါအစ်မကို အစ်ကိုကြီး တစ်ယောက် က ပေးခိုင်းသွားတာ”

“ဟင်”

ချောယဉ်ယဉ် မျက်လုံးလေးတွေ မှာ နားမလည်နိုင်ခြင်းများ ထင်ဟတ်သွားသည်။

“ဘယ်သူလဲ”

“မသိဘူးအစ်မ ကျွန်တော့် ကို ဘာမှမပြောဘူး”

“သြော် ဟုတ်လား၊ ကျေးဇူးပဲကွယ်”

ထမင်းဂျိုင့်ကိုင်ထားသော လက်နှင့် ပဲ နှင်းဆီပန်းကို မနိုင်မနင်းယူလိုက်ရပါသည်။

“နောက်ဆို ကိုယ်တိုင်ပေးပါလို့၊ ပြီးတော့ ဘာပဲပေးပေး မင်းယူမထားပါနဲ့၊ မမယူမှာ မဟုတ်တော့ဘူး”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

ချောယဉ်ယဉ်က ချာတိတ်လေးကို တခါတည်းမှာ လိုက်၏ ။

“မင်းက ဘယ်ကလဲ”

“ဟိုဘက်ထိပ်နားမှာ ဂျာနယ်ရောင်းတာပါ”

“သြော် ဟုတ်လား၊ ကိစ္စရှိရင် မမတို့ရုံးခန်းကိုလာလို့ရတယ်။ ဓာတ်လှေကားနဲ့ တက်လာ ပေါ့။ ခြောက်ထပ်မှာ လေ၊ အခန်းနံပါတ်က (၈) စီပေါ့၊ သိပြီလား”

“ဟုတ်ကဲ့ပါ မမ”

ချောယဉ်ယဉ်က ချာတိတ်ကို စကားဖြတ်ပြီး ခြေလှမ်းစသည်။

“မမ အဆင်မပြေရင် ကျွန်တော် လိုက်သယ်ပေးရမလား”

“ရပါတယ်ကွယ်၊ ဓာတ်လှေကားမှာ မမအသိဦးလေးကြီး ရှိပါတယ်၊ ကျေးဇူးတင်တယ် နော်”

ချာတိတ်လေးက ခြေစုံရပ်ရင်း ချောယဉ်ယဉ်ကို ငေးကြည့်ကျန်ရစ်ပါသည်။ ချောယဉ်ယဉ် က ဖွဖွပြုံးပြီး နှင်းဆီပန်းလေးတွေ ကို ငုံ့ကြည့်မိ၏ ။

ဖဲကြိုးပြာနှင့် ဖဲပွင့်ဖော်ထားသော နေရာလေးမှာ ကဒ်လေးတစ်ခုလည်းပါသည်။ ဘာရေး ထားမှန်း မသိသေးပါ။ လက်ထဲမှာ ရှုတ်နေတာမို့ ဖတ်မရ။

“ပေး ပေး တူမကြီး”

ဓာတ်လှေကားထဲရောက်တော့ အစောင့်ဦးလေးကြီးက လှမ်းယူသယ်ပေးသော အခါ နှင်းဆီပန်းစည်းကလေး၏ စာတန်းကို အနီးကပ်ယူကြည့် ဖြစ်ပါသည်။

“ခင်ချင်တယ်ချော……..”

“မြင့်တာရာ”

ချောယဉ်ယဉ်က နှစ် ကြောင်းတည်းသော စာတန်းလေးကိုဖတ်ကာ မျက်လုံးလေးတွေ တရွေ့ရွေ့စဉ်းစားနေသည်။

မြင့်တာရာ သည်နာမည် ဘယ်မှာ ကြားဘူးပါလိမ့်။

သိသလိုလို မသိသလိုလို စိတ်ထဲေ၀၀ါးနေသည်။

ရင်းရင်းနှီးနှီး သိနေသလိုလိုရှိလျက် တကယ်တမ်းမှာ လုံးဝမသိတာလည်း သေချာနေ ပြန်သည်။ ဘာလို့စိတ်ထဲမှာ အဲဒီ လို ဖြစ်ရတာ လဲ။

နှင်းဆီသုံးပွင့်ကို ငေးစိုက်ကြည့်ကာ သင်းပျံ့လာသော လတ်ဆတ်သည့် နှင်းဆီပန်းရနံ့ကို မက်မက်မောမော ရှူရှိုက်မိပါသည်။

သစ်ခွတွေ ဘယ်လောက်လှလှ……..

စံပယ်တွေ ဘယ်လောက်မွှေးမွေး……..

သဇင်တွေ ဘယ်လောက်ထည်ထည်……..

“နှင်းဆီ” ကတော့ နှင်းဆီပါပဲ။

နှင်းဆီသည် လှပသလောက် ရနံ့ကြွယ်ပြီး လူ၏ စိတ်နှလုံးကို ညှို့ငင်ယူနိုင်စွမ်း အား ပြင်းလှသည်။

ပြီးတော့ နှင်းဆီသည် အချစ်၏ သင်္ကေတ။

ချိုမြိန်သည်။ နူးညံ့သည်။ ရင်ခုန်ချင်စရာကောင်းသည်။

ချောယဉ်ယဉ်က “နှင်းဆီ” ကို အန်မတန်မြတ်နိုးသည်။

ဆူးရှိနေခြင်းကပင် နှင်းဆီ၏ မာနကို ပေါ်လွင်စေသည်။

“ကျေးဇူးတင်တယ်နော် ဦးလေး”

ဖေဖေ့ရုံးခန်းထဲရောက်သော အခါ ဓာတ်လှေကားစောင့် ဦးလေးကို ပြောမိ၏ ။

“ရပါတယ် သမီးရယ်”

ဖေဖေက ညင်သာစွာ လျှောက်လာသော သမီးကို စားပွဲမှာ ထိုင်ရင်း လှမ်းကြည့်နေမိသည်။

တကယ့်ကို အမေတူသမီးပါလား။

နွဲ့နှောင်းသော သဏ္ဍာန်နှင့် လျှောက်လှမ်းလာပုံမှာ သူ့မေမေ ငယ်စဉ်ကအတိုင်း မိန်းမ ပီသသော အလှတွေ သမီးမှာ စုပြုံနေပါသည်။

သမီးလက်ထဲမှာ နှင်းဆီပန်းစည်းနှင့် ပါလား။

“ဦးထူးဇင်” က ကျေနပ်စွာ ပြုံးမိသည်။

သမီးဟာ လှပသေအရွယ်မှာ တောက်ပစွာ ရှိနေပြီ။

သမီးကို စိတ်ဝင်စားသော ကောင်လေးတွေ အတော် များ တာ သိထားပါသည်။

“ဖေဖေ ကော်ဖီသောက်မလားဟင်”

“ကောင်းတာပေါ့”

ချောယဉ်ယဉ်က ဖေဖေ့ကိုမေးပြီးသော အခါ လက်ထဲကိုင်ထားသော ပိုက်ဆံအိတ်နှင့် နှင်းဆီပန်းစည်းကို စားပွဲပေါ်တင်သည်။

ဖေဖေက နှင်းဆီပန်းစည်းမှာ ကပ်ထားသော စာကြောင်းတွေ ကို ကောက်ယူဖတ်ကြည့် နေ၏ ။

“သမီး သိလား”

“ရှင်”

“မြင့်တာရာကို သမီးသိလား”

“သမီး ရုတ်တရက် စဉ်းစားလို့မရဘူး”

ဖေဖေက သမီးကိုကြည့်ပြီး ဖွဖွပြုံးသည်။

“တာရာကုမ္ပဏီက ဦးတာရဲ့ သားအကြီးပေါ့ သမီးရဲ့ ”

“ဟင်”

ချောယဉ်ယဉ်က နှုတ်ခမ်းလေးပွင့်အောင် အံ့သြသွားသည်။

ဘာလို့ ဆက်စပ်မစဉ်းစားမိတာပါလိမ့်။

“ဦးတာရာမှာ သားသုံးယောက် ရှိတယ်။ မြင့်တာရာ၊ ခန့်တာရာနဲ့ ထိန်တာရာတဲ့ သမီးရဲ့ ။ မြင့်တာရာက အကြီးဆုံး”

တာရာကုမ္ပဏီသည် ချောယဉ်ယဉ်တို့ကုမ္ပဏီရှိရာ သည် “တာဝါ” ကြီး၏ အပေါ်ဆုံးထပ်မှာ ရှိနေပါသည်။

“ချော မမြင်ဖူးဘူးဖေဖေ”

“ကြုံဖူးမှာ ပါ၊ သမီးမသိတာ ဖြစ်မယ်”

ဖေဖေက မှန်းမှန်းဆဆ ဆိုပါသည်။

“သူကလည်း ပဟေဠိလုပ်နေရသေးတယ်။ လမ်ြးံကုံရင် နှုတ်ဆက်လိုက်ရသားနဲ့ဟာ ဘာမှန်းလည်းမသိဘူး။ သူ့ပုံစံက ချောလားဖေဖေ”

“ဟေ”

ချောယဉ်ယဉ်၏ ပွင့်လင်းသော အမေးကြောင့် ဦးထူးဇင် မျက်ခုံးမြင့်တက် သွားပါသည်။

“ကြည့်ကောင်းရဲ့ လားလို့”

“အင်း……..မဆိုးပါဘူး”

ဖေဖေ ကတော့ သေသေချာချာ မြင်ဘူးထားပုံပါပဲ။

“သူတို့က သိပ်ချမ်းသာတယ်”

“ဟုတ်လား”

ဖေဖေ့စကားကြောင့် ချောယဉ်ယဉ် အံ့အားသင့်မှု ပိုရသည်။ ချောယဉ်ယဉ်တို့ထက် အဆ ပေါင်းများ စွာ သာလို့သာ ဖေဖေက ခုလိုဆိုလိမ့်မည် ။

ရေနွေးဓာတ်ဗူးလေးကို ပလပ်ထိုးကာ ကော်ဖီဖျော်ဖို့ ပြင်ဆင်မိပါသည်။

ထူးဆန်းသော နှင်းဆီသုံးပွင့်ကို လှမ်းကြည့်မိ၏ ။

မြင့်တာရာ။

တာရာကုမ္ပဏီပိုင်ရှင်၏ သားကြီး။

ဖေဖေကမှ ချောယဉ်ယဉ်ထက် သိထားသေးသည်။

ချောယဉ်ယဉ်ကမှ ပတ်ဝန်းကျင်စူးစမ်းမှု အားနည်းလွန်းနေပြီလား။

သည်တာဝါကြီးမှာ ကုမ္ပဏီတွေ လုပ်ငန်းတွေ က အများ ကြီး။ အကုန်လုံး ဘယ်သိပါ့မလဲ။ တစ်ခါတလေမှ ဖေဖေနှင့် လိုက်တတတ်တာ။

သူက……..မြင့်တာရာက ချောကို ဘယ်မှာ သိခဲ့တာပါလိမ့်။ သူချောကို ရင်းရင်းနှီးနှီးသိနေ တာလား၊ အပေါ်ရံသာမန်လောက် သိနေတာလား၊ ဝေခွဲမရပါ။

ဓာတ်လှေကားထဲမှာ လုံးဝမသိသော မြင့်တာရာကို ဖေဖေ့စားပွဲရှေ့ရောက်မှပဲ သိခွင့်ရ တော့သည်။ ချော ညံ့တယ်ပဲခေါ်မလား။

“ဖေဖေ”

“ဘာလဲ သမီးရဲ့ ”

“အဲဒီ မြင့်တာရာနဲ့ပတ်သက်ပြီး ဖေဖေ ဘာပြောချင်လဲ ဟင်”

ချောယဉ်ယဉ်က ဖေဖေ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်ကာ မေးမိသည်။ ဖေဖေက တစ်ခုခု ကို တွေးတော ချင့်ချိန်စဉ်းစားနေသလို ရှိသည်။

“ဖေဖေ မသေချာလို့ ပြောရခက်နေတာပါ”

“ဘာကိုလဲ ဖေဖေ”

“ဦးတာနဲ့ ဖေဖေက မရင်းနှီးဘူး”

“ဟုတ်ကဲ့”

“ဒါပေမဲ့ တစ်ခါကြားဖူးသလားလို့ပါ”

“ဘာလဲ ဖေဖေ၊ မသေချာလည်း သားအဖချင်းပဲ ပြောလို့ရပါတယ်”

“မြင့်တာရာ ကောင်မလေး တစ်ယောက် နဲ့ စေ့စပ်ထားသလားလို့ပါ။ ဒါမှမဟုတ် အလတ် ခန့်တာရာများ ဖြစ်မလား”

ဖေဖေ့စကားကြောင့် ချောယဉ်ယဉ်ပိုပြီး ထွေပြားသွားရသည်။ ဖေဖေဟာ အရာရာစေ့စပ် သေချာသူပါ။ ထက်မြက်စူးရှသော ဉာဏ်နှင့် အလွဲအမှား သိပ်နည်းပါးသူ တစ်ယောက် ။

“အင်းလေ လူကြီးချင်းပြောဆိုထားတာလောက်ပဲ ဖြစ်ချင်လဲ ဖြစ်မှာ ပါ။ ဒါပေမဲ့ သူက သမီးကို ခင်မင်ပါရစေဆိုတော့ သမီးကိုတော့ တော် တော် စိတ်ဝင်တစားရှိလို့ ဖြစ်လိမ့်မယ်”

ချောယဉ်ယဉ်က နှင်းဆီပန်းစည်းလေးကို ကောက်ယူကြည့်ပြီး ငြိမ်ကျသွားသည်။ နှုတ်ဆိတ်နေမိသည်။

လူကြီးချင်း သဘောတူထားတာပဲ ဖြစ် ဖြစ်၊ လူငယ်ချင်းနီးစပ်တာပဲ ဖြစ် ဖြစ် ဘယ်လိုပဲ ဖြစ် ဖြစ်ပါ၊ သူသည်လိုမျိုး ပေးသင့်ရဲ့ လား။ ချောယဉ်ယဉ် နားမလည်ပါ။ ကြားလိုက်ရသော စကား တွေ က စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အောင့်သက်သက် ဖြစ်စေသည်။

“ကျေးဇူးတင်ပါတယ်ဖေဖေ၊ သိသင့်သိထိုက်တာအားလုံး တစ်ခါတည်းပြောပြတဲ့ အတွက်……..”

နံရံကပ်မှန်ဘီရိုထဲမှာ နှင်းဆီပန်းစည်းကလေးကို သိမ်းထားလိုက်ပါသည်။ ဖေဖေ့အလုပ် စားပွဲမှာ ဆို ကုမ္ပဏီဝန်ထမ်းတွေ ၀င်ထွက်သွားလာရင်း မြင်တွေ့ နိုင်သည် မဟုတ်လား။

ဘာမှန်းမသိသေးပဲ သူများ တွေ စိတ်ဝင်တစား ပြောစရာ ဖြစ်အောင်မနေချင်ပါ။

“ချောယဉ်ယဉ်” ဆိုတာကလည်း စည်းဘောင်တစ်ခုထဲမှာ နာမည် လေးတစ်ခုနှင့် သန့်စင် စွာ နေခဲ့သူ မဟုတ်လား။

* * *


ဆက်တိုက်မြည် နေသော ဖုန်းသံကြောင့် ကော်ဖီခွက်နှင့် ၀ရန်တာထွက်ရပ်နေမိသော ချောယဉ်ယဉ်က လှည့်ဝင်လာခဲ့ပါသည်။

အိပ်ယာဘေးက ဖုန်းရှိရာအရောက်မှာ တော့ ဖုန်းမြည် သံရပ်သွားသည်မို့ ချောက တစ်ချက် ပြုံးကာ ၀ရန်တာဆီပြန်လျှောက်လာမိ၏ ။

ဖုန်းကို တစ်ယောက် ယောက် က ကိုင်လိုက်တာလဲ ဖြစ်ကောင်း ဖြစ်မည် ။ ဒါမှမဟုတ် တစ်ဖက်လူခေါ်ရတာ စိတ်မရှည်၍ ချသွားတာလည်း ဖြစ်ကောင်း ဖြစ်မည် ။ ဘယ်လိုပဲ ဖြစ် ဖြစ် ချောက ဂရုစိုက်မနေတော့ဘဲ ၀ရန်တာက ဒရင်းဘက်ခ်မှာ ပြန်လာထိုင်သည်။ တစ်နေ့လုံး ဖုန်း ဆက်ရတာ ၊ ဖုန်းထူးရတာ ပင်ပန်းနေပါပြီ။ ခုလို အေးချမ်းတဲ့ညကလေးမှာ ငြိမ်ငြိမ်သက်သက် အနားယူချင်သည်။ ဒါတောင် သည်နေ့ညဘက် သင်တန်းမရှိလို့ အိမ်မှာ အေးအေးနေရတာ ။ ဘယ်လောက်ပင်ပန်းသလဲဆို တီဗွီပင်မကြည့်ချင်။

“ဟင်း”

ဆက်ကာဆက်ကာ မြည် လာသော ဖုန်းသံကြောင့် သက်ပြင်းရှိုက်ကာ မတ်တပ်ရပ်မိပါ သည်။

သည်တစ်ခါတော့ မြန်မြန်လဲလျှောက်လာပြီး ကောက်ကိုင်ထူးလိုက်၏ ။ မေမေကလည်း ဖုန်းလာကိုင်သည်။

“ရပြီမေမေ”

ချောအသံကြားတော့ မေမေက ပြန်ချလိုက်သည်။

“ဟယ်လို ဘယ်သူလဲ”

“ချောယဉ်ယဉ်နဲ့ ပြောချင်လို့ပါ”

“ဟုတ်ပါတယ် ချောယဉ်ယဉ်ပါ”

တစ်ဖက်က ထူးဆန်းစွာ ပင် အသံတိတ်သွား၏ ။

“ဟယ်လို……..ဟယ်လို”

ဖုန်းကျသွားတာလားဟု ထပ်ခါထပ်ခါ ခေါ်ကြည့်မိ၏ ။

“ချောနဲ့ စကားပြောချင်တယ်”

အေးပြီးငြိမ့်သော အသံချိုချိုကို ကြားရ၏ ။

“ဘယ်သူလဲ”

“နှင်းဆီပန်းတွေ ပို့လိုက်တာ ရလား”

ချောက မျက်လုံးလေးထောင့်ကပ်ကာ တိတ်သွားမိသည်။

မြင့်တာရာလား။

ဟုတ်မှာ ပါ သူပါပဲ……..။

“ရမှာ ပါ”

ချောဆီရောက်သွားတာကိုလဲ သေချာသိနေပြန်သည်။

“ချော”

“ချော……..ချော”

မထူးဘဲငြိမ်နေမိတာမို့ သူက ခပ်လောလောခေါ်ပါသည်။

“သြော် ချောဖုန်းချလိုက်သလားလို့ပါ”

သူ့အသံက ခုမှ စိတ်အေးသွားသလိုပါ။

“စကားမပြီးသေးဘဲ ချောကဖုန်းချရအောင် အဲဒီ လို ရိုင်းတယ်လို့ထင်ထားသလား။ စကား ဆုံးအောင် နားထောင်မှာ ပါ။ နောက်တစ်ခါမပြောချင်ရင်လည်း ပွင့်ပွင့်လင်းလင်း မဆက်ပါနဲ့လို့ ပြောမှာ ပါ။ လူလူချင်း ခွပ်ကနဲဖုန်းချပစ်ရလောက်အောင် ချောမရိုင်းပါဘူး”

မြင့်တာရာက တိုးတိုးရယ်သည်။

“ဟုတ်မှာ ပါ။ ချောပုံစံလေးက သိပ်ကို ယဉ်ကျေးသိမ်မွေ့တဲ့ပုံလေးပါ၊ ကျွန်တော် သိပါ တယ်”

“သိတယ် ဟုတ်လား……..”

ယုံရခက်သလို မေးလာသည်။

“ချောကသာ မသိတာ”

သူ့အသံက မကျေနပ်သလိုလို ၊ ဘ၀င်မကျသလိုလို။

“ရှင်က တာရာကုမ္ပဏီကလား”

“ဟာ ဘယ်ဆိုးလို့လဲ သိနေပါ့လား”

သူ အားတက်သွား။ ချောစကားက သူ့ကို ၀မ်းသာစေသည်။

“ဒါပေမဲ့ ကျွန်တော် နဲ့တွေ့ ရင် ချောက လုံးဝမသိသလိုပဲ၊ လုံးဝ သတိထားမိပုံမပေါ်ဘူး”

ဇဝေဇ၀ါနှင့် ဆိုလာသည်။

“တာရာ” ကုမ္ပဏီကဆိုတာ ဖေဖေပြောတာပါ၊ ကျွန်မ မသိပါဘူး”

“အင်း ဟုတ်မှာ ပါ၊ တွေ့ တိုင်း ချော ကျွန်တော့် ကိုကြည့်တာ မသိသလိုပဲ၊ အရမ်းစိမ်းနေ တယ်”

“ခဏခဏ ဆုံလို့လား”

ချောမေးခွန်းကို သူမဖြေပဲ ရယ်နေသည်။

“ချော ကျွန်တော့် ကို တကယ်မသိတာကိုး”

ခုမှ သေချာသဘောပေါက်သွားပုံရလေသည်။ သူ့စိတ်ထဲမှာ အောင့်သက်သက် ဖြစ်သွား သလားမသိ။

“ချော အံ့သြသွားအောင် ကျွန်တော် လာနှုတ်ဆက်မယ်၊ အမြဲတွေ့ နေတာသိသွားအောင် လေ မကောင်းဘူးလား”

“ဆောရီးနော် ချောက ဘာသိဘာသာပဲနေတတ်တော့ ဘယ်သူမှ သိပ်မသိလို့ပါ။ တမင် မသိချင်ယောင်ဆောင်တာ မဟုတ်ဘူး”

“ရပါတယ်ဗျာ၊ ချောရိုးသားမှု ကို ကျွန်တော် က သိနေပြီးသားပါ။ အခုသိပြီဆိုတော့ ရှေ့လျှောက်ဂရုစိုက်ရင် အသိအမှတ်ပြုရင် ရပါပြီ။ ကျေနပ်တယ်”

ပြောပုံဆိုပုံမှာ ယုံကြည်မှု ပါသည်။ သူ့ကို ချောဂရုစိုက်ကိုစိုက်မှာ ပါဟု ယုံကြည်မှု လွန်နေသည်။ ယုံကြည်မှု လွန်တယ်ဆိုတာ အပိုင်တွက်တယ်ခေါ်မှာ ပေါ့။

သူ့မှာ ဘယ်လိုအရည်အချင်းမျိုးရှိလို့ ခုလို အပိုင်တွက်ရဲတာလဲ။ နှုတ်ခမ်းလေးစေ့ကာ ပြုံးမိသည်။

သူ့အစွမ်းအစကို သူက စိတ်ချလက်ချရှိနေသည်။

သူ့ပုံစံက ဘယ်လိုပါလိမ့်။ ဘာကြောင့် သူ့ကိုယ်သူ အထင်ကြီးလွန်းရတာ လဲ။ စဉ်းစား ကြည့်မိသည်။ ရုပ်ရည်ကြောင့် လား။ အပြောအဆိုကြောင့် လား။ အရှိန်အ၀ါကြောင့် လား။ ဘာကြောင့် များ ပါလိမ့်။

ချောကိုတော့ သူက သေသေချာချာသိထားသလိုပါ။

အဲဒီ ကတည်းက ရှင်ရှုံးနေပြီးသား၊ ရှင့်ကိုချောက မသိခင် ရှင်က ချောကို သိနေခဲ့ပြီ မဟုတ် လား။

ကျေနပ်စွာ ပြုံးမိသည်။

မာနကြီးပုံရသော ယောက်ျား တစ်ယောက် ၏ စတင်သိကျွမ်းခြင်းကိုရရှိတာ ဂုဏ်ယူစရာပါ။ ချော ပေါ့ပေါ့ဆဆပဲ တွေးထားလိုက်သည်။

သူ့ရှေ့မှာ ချောလဲကျတော့မယ်ဆိုတာ ကြိုမသိခဲ့ပါ။

သူ့ကို ကြောက်ရကောင်းမှန်း ချောမသိခဲ့။

ချောကို မလှုပ်မရအောင် ဖမ်းစားသိမ်းပိုက်တော့မယ်ဆိုတာ သတိမပြုမိခဲ့ပါ။

“ကောင်းပြီလေ မနက်ဖြန် ချောဆီ ကျွန်တော် လာမယ်”

“ဟင်……..ဘယ်ကိုလဲ”

“မနက်ဖြန်ဆို ချောသိရမှာ ပါ၊ သြော်……..ပြောထားမယ်၊ ကျွန်တော် Sky Blue (မိုးပြာရောင် ) ၀တ်ထားမယ်။ ချောက ကျွန်တော့် ကိုမသိဘူးမဟုတ်လား။ နည်းနည်း သိအောင်ပေါ့”

ချော နှစ်သက် စွာ ထပ်ပြုံး ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းပါရဲ့ နော်။

ထိုအချိန်တုန်း ကတော့ မုန်တိုင်းတစ်ခု၏ ရှေ့ပြေးလေနုအေးဆိုတာ ချော တကယ်ပဲ မသိသေးပါ။

* * *


“မေမေ တာ့တာ”

ချောယဉ်ယဉ်က ကားတံခါးပိတ်ပေးသော မေမေ့ကို နှုတ်ဆက်လိုက်သည်။

ဟွန့် အလကား……..။

မနက်ဖြန် ချောဆီ ရောက်လာမယ်တဲ့။

ကဲ……..အခု မိုးချုပ်နေပြီ ဘယ်မှာ လဲ မြင့်တာရာ။

တစ်နေ့လုံး ချောမှာ ဖြင့် သူဘယ်အချိန်ဗြုံးဆို ရောက်လာမလဲဟု မျှော်တလင့်လင့်နှင့် တထင့်ထင်ရှိနေခဲ့တာ။

“ချော သမီး သင်တန်းချိန်ပြီးတာနဲ့ ပြန်လာနော်၊ ညဥ့်နက်မှာ စိုးလို့ ကြားလားသမီး။ ၀င်စရာရှိရင် သွားစရာရှိရင် နောက်နေ့မှသွား”

“ဟုတ်ကဲ့ မေမေ”

မေမေက ချောကို သေချာမှာ လိုက်သည်။ ချောက မေမေ့ကိုလက်ပြရင်း ကားပေါ်ပါလာ၏ ။ ဦးလေးမော်က သင်တန်းချိန်ဆို စိတ်ရှည်ရှည်စောင့်တတ်ပါသည်။ ချောက U.F.L မှာ ညပိုင်း အင်္ဂလိပ်စာသင်တန်းတက်နေသည်။

ဦးလေးမော်က ချောနှစ်သက် သော “စံလင်း” ၏ သီချင်းအေးအေးငြိမ့်ငြိမ့်လေးကို ခပ်တိုးတိုးဖွင့်ပေးပါသည်။

“ဦးလေးမော် ထမင်းစားခဲ့ပြီလား”

“စားပြီးပါပြီ သမီးရဲ့ ”

“သမီး သင်တန်းပြီးမှပဲ ဦးလေးမော် ညဘက်အလုပ်မရှုတ်မှာ ”

“ရပါတယ်”

ချောက ဦးလေးမော်ကို အားနာစကားဆိုသည်။ ကိုယ့်အလုပ်သမားဆိုပေမယ့်လည်း အသက်ကြီးသူကို ချောက ရိုရိုသေသေ ဆက်ဆံတတ်ပါသည်။ စာနာသနားမှု အပြည့်ရှိသည်။

“အားမနာပါနဲ့ သမီးရဲ့ ၊ ဒီအချိန် ဦးလေးလဲအိမ်မှာ ပျင်းနေတာပါ။ ဒီမှာ ဆိုတော့ ကိုယ့်လိုပဲ တခြားဒရိုင်ဘာတွေ နဲ့ စကားပြောနေရတော့ အချိန်ကုန်လို့ကုန်မှန်း မသိဘူး”

“ဟုတ်ကဲ့”

ချော အားနာတတ်တာကို ဦးလေးမော်က သိသည်။ ထို့ကြောင့် ချော စိတ်မထင့်အောင် ပြောရှာပါသည်။

ချောက ကားထဲကဆင်းပြီး လျှောက်သည်။

“ချော”

ဘေးနားကို ဖျတ်ကနဲရောက်လာသော လူ တစ်ယောက် ကို ချော မျက်လုံးရွေ့ကာ ကြည့်မိ ပါသည်။ မိုးပြာရောင် အင်္ကျီနှင့် ပါလား။

“ကျွန်တော် မြင့်တာရာပါ”

“ဟုတ်ကဲ့”

မီးစလိုက်နှစ် ခုလို စူးရှသော မျက်လုံးကြောင့် ချောယဉ်ယဉ်က ကပျာကယာအကြည့်လွှဲကာ ခေါင်းညိမ့်မိပါသည်။

ခြေလှမ်းမမှားအောင် မနည်းသတိထားရ၏ ။

သူ့ကို အစကချောဘာလို့ သတိမပြုခဲ့မိပါလိမ့်။

သူမခံချင် ဖြစ်မယ်ဆိုလည်း ဖြစ်လောက်ပါသည်။ သူ့ပုံစံက သည်လောက် ဆွဲဆောင်မှု ရှိနေတာ ချောက မသိဘူးဆိုတော့……..

သူ့မျက်လုံးတွေ ၊ သူ့နှုတ်ခမ်းတွေ ၊ သူ့ဆံပင်တွေ ကအစ သန်မာသော လက်တွေ အဆုံး အရမ်းကို စွဲဆောင်ကြည့်ကောင်းလှပါသည်။

သူနှင့် ထပ်တစ်ကြိမ် အကြည့်ချင်းဆုံရမှာ ပင် ချောလန့်မိသည်အထိ။

“ချောနဲ့ကျွန်တော် သင်တန်းအတူတူပဲ”

သူ့စကားကို ချော အရမ်းအံ့သြမိပါသည်။ သူတကယ်ပြောတာများ လား။ ညာပြောပုံလည်း မရ။ သူ့မျက်နှာက တည်ကြည်လွန်းသည်။

သင်တန်းမှာ လူတွေ များ လို့ မသိခဲ့တာလား။ ချောကိုယ်တိုင်က အေးတိအေးစက် နေတတ်တာကြောင့် လား။

“ချောက အချိန်ကပ်ပြီးလာတယ်”

သူက အဆင်မပြေသလို ဆိုပါသည်။

“ကျွန်တော် တို့ အေးအေးဆေးဆေးစကားပြောချိန် မရှိဘူးပေါ့။ အင်းလေ အပြန်ကျမှ ဆိုင်တစ်ခုခုထိုင်ရအောင်၊ ချော ကျွန်တော် ပြောနေတာ ကြားရဲ့ လား။ စကားလဲမပြောဘူး။ ကျွန်တော့် ကြောင့် အနှောင့်အယှက် ဖြစ်သွားလား”

“ဟင့်အင်း၊ မဟုတ်ပါဘူး၊ ချော နားထောင်နေပါတယ်”

ချက်ချင်း ပဲ ငြင်းဆန်မိပါသည်။ ချောကို သူတစ်မျိုးထင်သွားမှာ မလိုလားပါ။ သူ့အပေါ် မာနမကြီးချင်ပါ။

မြင်မြင်ချင်း ဖြစ်ပေါ်လာသော ထူးဆန်းသည့်စိတ်ပါပဲ။

“အပြန်မှ အေးအေးဆေးဆေး စကားပြောရအောင်”

“ဟိုလေ မိုးချုပ်နေမှာ စိုးလို့”

“ဗျာ”

ချောက သူ့ကိုကြည့်သည်။ သူက ချောထက်အရပ်မြင့်တာမို့ နည်းနည်း မော့ကြည့်ရပါ သည်။ သူ့မျက်လုံးနှင့် ခဏဆုံမိသည်။ ချော လက်ဖျားလေးတွေ အေးစက်ကာ နှုတ်ခမ်းလေးတွေ ၊ နားရွက်လေးတွေ ထူထူပူပူ ဖြစ်လာသလို ခံစားရပါသည်။ သူ့နှုတ်ခမ်းတွေ ၏ အသက်ပါသော အပြုံးကို ရင်ထဲစွဲထင်သွား၏ ။

“မေမေက ဘယ်မှမ၀င်ဖို့ မှာ လိုက်လို့ပါ”

“ဟုတ်လား”

သူက စဉ်းစဉ်းစားစားရှိနေပြီးမှ နားလည်သလို ခေါင်းညိတ်သည်။

“ကောင်းပြီ ဒါဆို မနက်ဖြန် နေ့လယ်စာကျွေးမယ်ဆိုရင်ရော”

“ဟုတ်ကဲ့ ချောလက်ခံပါတယ်”

သူ့မျက်လုံးတွေ က ပိုပြီး လင်းလက်သွားသည်။

“ကျွန်တော် ချောနဲ့အတူတူ ထိုင်ခွင့်ရှိမလား”

ချောက သူ့ကိုမကြည့်တော့ဘဲ မျက်လွှာချလိုက်သည်။

“အိုကေလေ ကျွန်တော် ချောနောက်မှာ ပဲ ထိုင်ပါ့မယ်”

သူနောက်မှာ ထိုင်လျှင် ချောလုံပါ့မလား။ ချောကို သူစိုက်ကြည့်ငေးမောနေမှာ လား။ တွေးကြည့်ကာ ရင်ထဲနွေးတက်လာသည်။

“ချောက မနက်ပိုင်းရောက်လာမယ်ထင်တာ”

“ဟုတ်လား ကျွန်တော် က ချောအံ့သြသွားအောင်ပါ”

မြင့်တာရာဆိုသော လူချော တစ်ယောက် ကို ချော မြင်မြင်ချင်းမှာ ပဲ တော် တော် ကလေး နှစ်သက် သဘောကျသွားမိသည်။

ချောဆီကို နှင်းဆီပန်းစည်းပို့ခဲ့တာ သည်လို ဖမ်းစားနိုင်သော ၊ ညှို့ယူတတ်သော ပုဂ္ဂိုလ် လေးလို့ မထင်ခဲ့မိပါလား။

ချောဘ၀ထဲကို လှလှပပလေးဝင်ရောက်လာပြီး ချောနှလုံးသားကို ညင်သာစွာ သိမ်းပိုက် ယူသွားတော့မည် ဆိုတာ ရှည်ရှည်ဝေးဝေး မစဉ်းစားတတ်ခဲ့ပါ။ သူ့အပြုအမူတွေ က သေသပ် ကျနလွန်းတော့ သတိလက်လွတ် အငိုက်မိခဲ့ရပါသည်။

“မြင့်တာရာက ကုမ္ပဏီကို မလာဘူးလား”

“နေ့တိုင်းလာတယ်”

“ဟင် ဟုတ်လား”

“ချောမှ မသိပဲ”

“ချောတကယ်ပဲ ညံ့ပါတယ်”

မပွင့်တပွင့် ၀န်ခံလိုက်မိသည်။ သူ့ကို ချောသိသင့်သည်။ သိနေသင့်သည်။

“ချောဖေဖေက ကျွန်တော့် ကို သိနေလား”

ဖုန်းထဲမှာ ပြောခဲ့တာကို သူက ပြန်မေးပါသည်။

“အင်း”

“ချောက ဦးထူးဇင်လောက် မတော် ဘူးပေါ့”

“ဟုတ်တယ်၊ ဖေဖေ့ကို ချောဘယ်တော့မှ မီမှာ မဟုတ်ဘူး”

ချောရယ်နေတာကို မြင့်တာရာက တငေးတမောကြည့်နေ၏ ။

ခပ်လှမ်းလှမ်းကပင် ရင်ခုန်နေခဲ့သေးတာ၊ ချစ်စနိုး ဖြစ်ခဲ့သေးတာ၊ နီးနီးကပ်ကပ် စကား ပြောခွင့်၊ သိကျွမ်းခွင့်ရသော အခါ ရယ်သံချိုချိုကို ကိုယ်တိုင်ကြားရသော အခါ သူ့နှလုံးသားက ပွင့်ထွက်လာမတတ် ခုန်လှုပ်မိသည်။ ခံနိုင်ရည်အင်အားမရှိ။ အားမနာနိုင်ဘဲ တစိုက်မတ်မတ် စိုက်ကြည့်နေမိ၏ ။ သူ့မျက်လုံးများ ကြေင့် ချောရယ်သံလေးရပ်ကာ မျက်နှာလေးမှာ ရှက်သွေး တက်လာသလို အမ်းတန်းတန်းနှင့် ……..

ကျွန်တော် ရူးပါပြီချောရယ်။

ချောရယ်သံကလေးမှာ ကျွန်တော် အကြီးအကျယ်ကျဆုံးပါပြီ။

သူက တည့်တည့်ကြည့်ပြီး ဖွဖွပြုံးသော အခါ ချောပိုပြီး မလုံမလဲခံစားရပါသည်။ သူ့မျက်လုံး တွေ အောက်က လွတ်အောင် ရှောင်ပြေးချင်လှ၏ ။ ရင်ထဲမှာ က ကတုန်ကယင်နှင့် မူးဝေလာသည် အထိ စိတ်လှုပ်ရှားမှု လွန်ကဲလာပါသည်။

တည်ငြိမ်မှု တွေ ၊ ရင့်ကျက်မှု တွေ ဘယ်ရောက်ကုန်ပြီလဲချော။ သည်လောက်အထိ ကျရှုံး လို့မ ဖြစ်ဘူးနော်ဟု ကိုယ့်ကိုယ်ကို သံပတ်တင်းထားမိပါသည်။

ဘာ့ကြောင့် ချောနှလုံးသားက သူ့ခြေရင်းကို ကြွေဆင်းသွားရတာ လဲ။ မကျေနပ်စရာ နော်။ ချော ဒီလောက်လွယ်သလား။

တိမ်းညွတ်မှု က သိပ်ကို လျင်မြန်လွန်းပါလား။

အ ဖြစ်မှန်ကို တွေးမိသော ချောက ကြောက်လန့်လာမိသည်။

“မနက်ဖြန် နေ့လည် အတူစားမယ်နော်”

သူက ထပ်တစ်ကြိမ်ဆိုပါသည်။ ချောက ခေါင်းညိမ့်ပြလိုက်၏ ။

* * *


“ဖေဖေ ထမင်းစားတော့မလားဟင်”

အစီရင်ခံစာတစ်ရွက်ကို ဖတ်နေသော ဖေဖေက ချောကို လှည့်ကြည့်လာသည်။

“သမီး ဆာပြီလား၊ ဆာရင် အတူတူစားမယ်လေ”

ချောက ကွန်ပျူတာရှေ့မှ ထလာသည်။ ဖေဖေထိုင်နေသော ဆုံလည်ခုံကိုလက်ထောက် ကာ-

“ချောကို နေ့လည်စာကျွေးမယ့်သူ ရှိတယ်ဖေဖေရဲ့ ” ဟု ခပ်ကြွားကြွားလေး ပြောလိုက်ပါ သည်။

“ဟေ……..ဟုတ်လား၊ မြင့်တာရာမှ ဟုတ်ရဲ့ လား” ဟု ဖေဖေက ရယ်ရယ်မောမော ပြန်မေး လာပါသည်။

“ဖေဖေက အကြားအမြင်ရနေပါ့လား”

ချောက ခေါင်းညိတ်ပြရင်း ဖြေသည်။

“ဒါဆိုလည်း စားပွဲမှာ ပြင်ဆင်ထားပေးပြီး သွားလေ”

“ဟုတ်ကဲ့ ဖေဖေ”

ချောက ကလေးတစ်ဦးလို ရယ်မောရွှင်ပြစွာ ဖေဖေ့အတွက် နေ့လည်စာကို စားပွဲပေါ်မှာ အဆင်သင့်ပြင်ထားပြီး ပိုက်ဆံအိတ်ကလေးကောက်လွယ်သည်။ ဖေဖေ့ကို နှုတ်ဆက်၏ ။

“သွားမယ် ဖေဖေ”

“ဟမ်းန်ဖုန်း ယူချင်ယူသွားလေ”

“ဟင့်အင်း ဖေဖေ မယူတော့ဘူး”

ချောက သွက်လက်သော ခြေလှမ်းများ နှင့် ဓာတ်လှေကားဆီ လျှောက်လာသည်။ ကြိုးသိုင်း ဖိနပ်အမဲလေးက တော် တော် မြင့်တာမို့ နည်းနည်း တော့သတိထား လျှောက်ရပါသည်။

ချော ရှက်စနိုးလေးခေါင်းငုံ့ကာ ပြုံးမိသည်။

ချောအ ဖြစ်ကို ချောရယ်ချင်သည်။

သူ့အရပ်ကိုမီဖို့အတွက်၊ သူ့ကို မော့မကြည့်ရဖို့အတွက် အမြင့်ဆုံးဖိနပ်ကိုရွေးကာ စီးမိပါ သည်။

မာနကြောင့် မဟုတ်ပါ။ မော့ကြည့်ရတာ အားငယ်လို့ပါ။ ဘာလို့ စိတ်ထဲမှာ သိမ်ငယ်နေမိ သလဲ။ သူကပဲ သိပ်ကြည့်ကောင်းနေလို့လား။ ဖိနပ်က တော် တော် မြင့်သော အခါ သူ့မျက်လုံးတွေ ကို တန်းတူယှဉ်ပြီး ကြည့်နိုင်ပြီ။ မျက်နှာမော့ပြီး မျက်လွှာလှန်ကြည့်စရာမလိုတော့။ ချောစိတ်တွေ ထူးခြားဆန်းကြယ်နေပါလားနော်။

“ချော အချိန်တိကျသားပဲ”

“ဓာတ်လှေကားကဆင်းပြီး လျှောက်လာသော အခါ ကားဘေးနားရပ်နေသော သူ့ကို တွေ့ ရပါသည်။ သူက တွေ့ တွေ့ ချင်းကို လေးစားစွာ ချီးကျူးသည်။

“ငါးမိနစ် မကွာဘူး”

ကားတံခါးကိုအဆင်သင့် ဖွင့်ပေးလာ၏ ။ ချောတက်ပြီးသော အခါ ညင်သာစွာ ပြန်ပိတ် ပေးသည်။ သူသည် ကြင်နာဂရုစိုက်တတ်မည့်  ယောက်ျား တစ်ယောက် လိုပါ။

“ဒါပေမဲ့ ကျွန်တော် စိတ်စောပြီး နာရီဝက်နီးပါး ကြိုဆင်းလာခဲ့မိတဲ့အတွက် ခြေညောင်း အောင် ရပ်လိုက်ရပါတယ်”

ကားထဲဝင်ထိုင် ကားတံခါးပိတ်ကာ စက်နှိုးရင်း ရယ်သံနှင့် ဆို၏ ။

“ဟင်……..ဟုတ်လား”

ချောယဉ်ယဉ်က သူ့ဘက် မျက်လုံးရွေ့ကာကြည့်ရင်း မေးသည်။

“ချောအပြစ် မဟုတ်ပါဘူး”

“ဖုန်းဆက်လိုက်ပါလား ချောဆင်းလာမှာ ပေါ့”

“ချောကို လောရာကျမှာ စိုးလို့ပါ”

ချောက အားတုံ့အားနာအပြုံးလေးနှင့် သူ့ကိုကြည့်မြဲကြည့်နေမိပါသည်။ နုပျိုဖျတ်လတ်ပြီး အင်အားအပြည့်နှင့် သိပ်ကိုခိုလှုံစရာကောင်းသော လူ တစ်ယောက် ပါ။

“Feb(3)” ကြိုက်လား၊ “Dream” ကြိုက်လား ဘယ်မှာ စားမလဲ”

ကားမောင်းရင်း သူကလှည့်ကြည့်ပြီး မေးသော အခါ ချောမျက်လုံးနှင့် တန်းကနဲဆုံ၏ ။ သူက မျက်ခုံးပင့်ပြသည်။ ရယ်ပြသည်။

“ပါရတယ်၊ နှစ် ဆိုင်စလုံး ကြိုက်တယ်”

“ဒါဆို ဖီးသရီးပဲ သွားရအောင်”

သူက ကားရပ်ပြီး ချောကိုစောင့်ခေါ်ပါသည်။ ကော်ဇောခင်းထားသော လှေကားလေးကို အတူတူတက်လာပြီး ဟင်းမျိုးစုံသော စားပွဲရှေ့မှာ အရင်ရပ်ကာ စိတ်ကြိုက်ရွေးမှာ သည်။

“ကျွန်တော် က ထမင်းကြော်……..”

မြင့်တာရာက ချောဘက်လှည့်ကြည့်၏ ။

“ဘာစားချင်လဲ ကြည့်လေ”

ချောက ခေါင်းညိတ်လိုက်၏ ။ ပြီးမှ ပဲတောင့်ရှည်သီးနှင့် ကြော်ထားသော ပုဇွန်ကို ရွေးမှာ သည်။ နောက်တစ်ခုက ကြက်ဥထည့် ကြက်သားထည့်ကြော်ထားသော အကြော်။ စပ်စပ်ကလေး နှင့် စားကောင်းသည်။

“ကျွန်တော် က ၀က်နံရိုးအကြွပ်ကြော်၊ ကော်ဖီတစ်ခွက်၊ ချော ဘာသောက်မလဲ၊ အအေး လား”

“ကော်ဖီပဲ”

နှစ် ယောက် သား စားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်မိသော အခါ သူက ကားသော့ နှင့် ဟဲင်းန်ဖုန်း ပြီးတော့ ပိုက်ဆံအိတ်အပါးလေးကို စားပွဲပေါ်ချသည်။

“ဟာ……..ချော ထမင်းမမှာ ဘူးလား”

“ဟင့်အင်း အဲဒါပဲစားမှာ ”

မြင့်တာရာက ချောကို စေ့စေ့ကြည့်ကာ သက်ပြင်းရှိုက်သည်။ သူတော့ ခက်နေပါပြီ။ အရမ်းကိုခက်နေပြီ။ ရှေ့တိုးရမည် လား နောက်ဆုတ်ရမလား။ ရပ်နေရမလား။ ရှေ့တိုးပြန်ရင် လည်း မီးမီးကို ရက်စက်ရာကျသည်။ နောက်ဆုတ်ပြန်ရင်လည်း ကိုယ့်ကိုယ်ကို ရက်စက်ရာကျ တော့မည် ။ ချော ကတော့မသိ။ သူရင်ကွဲနာကျမှာ သေချာသည်။ သည်အတိုင်း ဆက်ရပ်နေပြန် တော့လည်း ကြာလေ အသက်ရှုမ၀ ဖြစ်ကာ မွန်းကြပ်လာလေပါပဲ။

လောလောဆယ်တော့ အသက်ရှုကြပ်ခံကာ နေမြဲအတိုင်း ဆက်နေသွားဖို့သာရှိသည်။ အကောင်းဆုံးကို သူရွေးချယ်နိုင်ဖို့ အတွက်ပါ။

“ချောကို ကျွန်တော် တစ်ပတ် နှစ် ရက် အခုလိုပဲ နေ့လယ်စာ ကျွေးပါရစေ ခွင့်ပြုပါ” ဟု မြင့်တာရာက ဆိုပါသည်။

ချောကမျက်လုံးလေးဝိုင်းကာ သူ့ကိုကြည့်သည်။

“ကျန်တဲ့ငါးရက်က ဘယ်လိုလုပ်မလဲ”

အရယ်တစ်ဝက်နှင့် စ၏ ။ မြင့်တာရာပါ လိုက်ရယ်သည်။

“ဒါဆိုလည်း နေ့တိုင်းပေါ့ဗျာ”

“တကယ်လား”

“တကယ်ပေါ့၊ ဒါပေမဲ့ ပိုက်ဆံတန်ဖိုးကို နားမလည်လို့ ဖြုန်းနေတာလားလို့တော့ မထင် လိုက်ပါနဲ့။ ပိုက်ဆံတန်ဖိုးကို နားလည်အောင် ဖေဖေက နေ့တိုင်းသင်ပေးထားတယ်။ ငယ်ငယ် လေးကတည်းက”

မြင့်တာရာက ချောကိုကြည့်ကာ ဆက်ပြောသည်။

“ကျွန်တော် တို့မှာ ဆီစက်ရှိတယ်”

“ဟုတ်ကဲ့”

“ကျွန်တော် ဆယ်တန်းမအောင်ခင်ကတည်းက မိတ်ဆွေဆီဆိုင်မှာ တစ်ပတ်တစ်ရက် ထိုင်ပေးရတယ်။ လက်လီလက်ကား ရောင်းတာပေါ့။ ညီလေးတို့လည်း အလှည့်ကျထိုင်ရတယ်။ ဆီငါးကျပ်သားလာဝယ်လဲ ရောင်းရတယ်။ တစ်ဆယ်သားလာဝယ်လဲ ရောင်းရတယ်။ ပိုက်ဆံလေး ငါးဆယ်ရဖို့ မလွယ်ဘူး။ မိုးလင်း မိုးချုပ် တစ်နေကုန်ထိုင်ရတာ ရောင်းပေးရတာ ”

“သြော်”

“တစ်ခါတလေ ညဘက်အိမ်ပြန်ရောက်ရင် ကျွန်တော် ခေါင်းတွေ ကိုက်ပြီး အုံခဲနေတာပဲ။ အလုပ်သမားတွေ ရှိရက်နဲ့ ဖေဖေက အလုပ်တန်ဖိုး၊ ပိုက်ဆံတန်ဖိုး၊ လူ့တန်ဖိုးသိအောင် တမင် ခိုင်းတာ၊ အောက်ခြေလွတ်ပြီး ဘ၀င်မြင့်မှာ စိုးလို့။ သူဌေးသားဆိုပြီး ဖြုန်းတီးပစ်မှာ စိုးလို့”

ချောက သူပြောသမျှ ခေါင်းညိတ်နားထောင်နေသည်။

“ညဘက် လက်ဖက်ရည်ဆိုင်ထိုင်မိရင် ကျွန်တော် ပိုက်ဆံမသုံးချင်လောက်အောင် ဖြစ် ဖြစ်သွားတယ်။ ငါ နေ့ခင်းက ဒီပိုက်ဆံလေးရဖို့ ဘယ်လောက်ကြိုးစားရသလဲ။ ဘယ်လောက် ပင်ပန်းသလဲ။ တချို့က စေ့စေ့ပေါက်ပေါက်ဈေးဝယ်တာ၊ ဈေးလည်းဆစ်တယ်။ အလေးချိန်လည်း ပိုပိုသာသာရချင်တယ်”

သူ့အသံကချိုချို၊ သူ့မျက်နှာက ချောလွန်းတော့ ဘာပဲပြောနေပြောနေ ဆွဲဆောင်အား ကောင်းလှပါသည်။

“ချော နားထောင်ရတာ ပျင်းနေပြီလား”

“မပျင်းပါဘူး”

မှာ ထားသော စားစရာတွေ ပူပူနွေးနွေးလာချပေးသော အခါ သူက ချောကို လက်နှင့် ညွှန်ပြ ကာ “စားလေ” ဟုဆိုပါသည်။

“မြင့်တာရာကို တစ်ခုလောက် မေးခွင့်ပြုပါ”

“ရပါတယ် မေးပါ။ သူငယ်ချင်းတွေ ဖြစ်သွားပြီပဲ”

သူက ဆတ်ကနဲခေါင်းညိတ်ပြ ခွင့်ပေးသည်။

“လူကြီးချင်း စေ့စပ်ထားတာရှိတယ်လို့ ပြောသံကြားမိသလားလို့”

“သြော်……..”

သူက ပီပီပြင်ပြင်ပြုံးသည်။

“ဘယ်သူပြောတာလဲ”

“ဖေဖေ ပြောတာပါ”

“ဟာ ဟုတ်လား၊ ဦးထူးဇင်က သိပ်ကိုနှံ့စပ်ပါလား။ စီးပွားရေး တင်တော် တာ မဟုတ်ဘူး”

သူက ဖေဖေ့ကို ချီးမွမ်းလိုက်၏ ။

“အတည်တကျကြီးမဟုတ်ပါဘူး၊ သဘောတူထားတာ လောက်ပါ။ ကျွန်တော် တို့ချင်းလည်း ပြေလည်ပါတယ်၊ သူငယ်ချင်းတွေ ပါပဲ”

ချောယဉ်ယဉ်က နှုတ်ခမ်းလေးစေ့ကာ ပြုံးပါသည်။

ရှင့်မှာ သိပ်ကိုဖြောင့်ဖြူးသာယာတဲ့လမ်းတစ်ခု ရှိနေပြီးသား။ ချောနဲ့အတူ လမ်းသစ် တစ်ခုဖောက်ဖို့ လွယ်ပါ့မလား၊ ချော မျှော်လင့်မထားသင့်ဘူး။

“ယဉ်”

ဘေးနားကပ်ကာ ခေါ်လိုက်သံကြောင့် ချောက ဖျတ်ကနဲမော့ကာ ကြည့်မိပါသည်။ လုံးဝ မထင်မှတ်ပါ့လား။

“ကိုဇော်လတ်”

နှုတ်ခမ်းလေးပွင့်၍ ခေါ်မိပါသည်။

“ထမင်းလာစားတာလား”

“ဟုတ်တယ်”

ချောက ချက်ချင်း ပဲ ခေါ်လိုက်ပါသည်။

“လာလေ ဒီမှာ ပဲထိုင်ပါ့လား”

“ရတယ်ယဉ်၊ ဧည့်သည်ရှိနေတယ်မဟုတ်လား”

ချောက သတိတရ မိတ်ဆက်ပေး၏ ။

“သူက ကိုမြင့်တာရာတဲ့ တရာကုမ္ပဏီကပေါ့”

“ဟုတ်ကဲ့”

“သူက ကိုဇော်လတ်ပါ၊ ဒေါက်တာဇော်လတ်ပေါ့နော်”

မြင့်တာရာက ဇော်လတ်ကို မတ်တပ်ရပ်ပြီး လက်ဆွဲနှုတ်ဆက်ပါသည်။

“ဒီမှာ ထိုင်လဲ ရပါတယ်၊ အားမနာပါနဲ့”

“ရပါတယ်၊ ကျွန်တော် စာအုပ်ဖတ်ရင်းစားမှာ မို့လို့ ဟိုဘက်မှာ ပဲ ထိုင်လိုက်တော့မယ်”

ဇော်တည်က သိမ်မွေ့စွာ ငြင်းဆန်ပြီး ချောယဉ်ယဉ်ကို မျက်လုံးနှင့်နှုတ်ဆက်ပါသည်။ ချောနှင့် ဇော်လတ်အကြည့်ချင်းဆုံတာကို မြင့်တာရာ အကဲခတ်နေ၏ ။ ချောအကြောင်းတွေ သူသိ ထားသမျှမှာ ဇော်လတ်မပါ။ ဇော်လတ် ဘယ်ကနေ ပေါ်လာတာပါလိမ့်။ သူ တစ်ချက်တွေးမိသည်။

“သူငယ်ချင်းလား”

ချောယဉ်ယဉ်က ခေါင်းညိတ်ပါသည်။

“ရိုးရိုးသူငယ်ချင်းလား”

ကိုယ်ကိုရှေ့ကိုင်းကာ သေချာအောင်ထပ်မေးသည်။

“အင်း”

“သူနဲ့ ဒီမှာ လာစားဖူးသလား”

“ဟုတ်ကဲ့”

ချော မညာချင်ပါ။ ညာဖို့လည်းမလို။ မြင့်တာရာနှင့် ချောလဲ သမီးရည်းစားမဟုတ်။ ချောက ဘာကို ကွယ်ဝှက်ဖုံးထားဖို့လိုမှာ လဲ။

“ဒါဆို သူထိသွားမှာ ပဲ”

“ရှင်”

မြင့်တာရာက ပုခုံးတစ်ချက်မြှင့်ကာ ရယ်၏ ။

“သူ တစ်ယောက် တည်းရောက်လာချိန်မှာ ချောက အဖော်နဲ့ဆိုတော့ ဒိုင်းကနဲထိသွားမှာ ပေါ့။ မလွဲနိုင်ဘူး”

ချောက မျက်နှာလေးပျက်သည်။ မျက်ခုံးလေးကျုံ့သည်။

“သူငယ်ချင်းတွေ ပဲ”

“ဟုတ်တယ်လေ”

“ထိစရာလား”

“ထိစရာပေါ့ အရှိုက်တည့်တည့်ပဲ”

“ဟင်”

ချောယဉ်ယဉ် နားမလည်ပါ။ သူတို့သဘောထားတွေ က ဘာတွေ လဲ၊ အပြိုင်အဆိုင်ရှိလိုက်တာ။ ပူပူလောင်လောင်ရှိလိုက်တာ။

“ချော”

မြင့်တာရာက ချောကို စူးနေအောင်စိုက်ကြည့်ကာ

“ဒါပဲနော် ကျွန်တော် တစ်ယောက် တည်း ဒီဆိုင်ထဲဝင်လာချိန်မှာ ချောကို တခြားသူငယ်ချင်း နဲ့ မတွေ့ ချင်ဘူး၊ မတော် တဆ အဲဒီ လိုဆုံခဲ့ရင် ချော ကျွန်တော် နဲ့လိုက်ပြီး ထိုင်ပေးရမယ်”

ချောက မျက်လုံးလေးပြူးသွားသည်။ လောဘမကြီးလွန်းဘူးလား မြင့်တာရာရယ်။ စဉ်းစဉ်း စားစား ချင့်ချိန်ပါအုံး၊ စကားကြီးက တစ်ဖက်စောင်းနင်း မတရားသဖြင့် ပါလား။

“ကျွန်တော် သူ့လိုမ ဖြစ်ချင်ဘူး၊ အမိန့်ပေးတာမဟုတ်ဘူး ကြိုတင်တောင်းပန်ထားတာပါ”

ချောက ပင့်သက်ငွေ့ငွေ့ရှိုက်သည်။

“နော် ချောက ကျေနပ်တယ်မဟုတ်လား၊ သဘောတူတယ် မဟုတ်လား”

ချောက အင်းမလုပ် အဲမလုပ်ဘဲ နေမိပါသည်။

မြင့်တာရာသည် တခြား တစ်ခြားသော ယောက်ျားတွေ ထက် ခံ့ညားကြည့်ကောင်းသလို၊ အရည်အချင်းပိုရှိကောင်းရှိနိုင်တာမှန်သလို လောဘနှင့် အတ္တလဲ သူများ ထက်သာတာ သေချာ သွား၏ ။

ပြန်ခါနီး သော အခါ ချောက……..

“သူနှုတ်ဆက်အုံးမယ်နော်” ဟု ဇော်လတ်ရှိရာ စားပွဲဆီ ခြေလှမ်းစသော အခါ ထပ်ကြပ် မကွာလိုက်ပါလာရင်း-

“ကျွန်တော် လည်း လိုက်မှာ ပေါ့” ဟု နှုတ်ကဆိုပါသည်။

ချောယဉ်ယဉ် စိတ်ကျဉ်းကျပ်စွာ ရယ်မောမိပါသည်။

ကလေးဆန်တာလား၊ ကပ်သီးကပ်သပ်နိုင်တာလား၊ တစ်မျိုးမျိုးတော့ ဖြစ်လိမ့်မည် ။ ချောကို တစ်ယောက် တည်းသွားနှုတ်ဆက်ခွင့်မပြုပါ။

* * *


အိပ်မက်နှင်းဆီ

ရင်ထဲက ချမ်းစိမ့်စိမ့်နှင့် မျက်လုံးတွေ လည်း ပူနေသလိုရှိတာမို့ ချောက မှန်စားပွဲလေးပေါ် လက်ထောက်တင်ကာ လက်ပေါ်ပါးလေးအပ်ချရင်း လေးပြီး ငိုက်လာတာကို အရှုံးပေးလိုက်သည်။ ဖေဖေက အပြင်ခန်းမှာ ဧည့်သည်တချို့နှင့် စကားပြောနေ၏ ။ ချောကို နှစ် ချုပ်စာရင်းတစ်ခု လုပ် ခိုင်းထားတာမို့ ဖိုင်တွဲ တစ်ထပ်နှင့် ချောအလုပ်များ နေရပါသည်။

နေ့လည်နှစ် နာရီခွဲပြီးလို့ သုံးနာရီသာထိုးတော့မည် ။ ချော ကော်ဖီမသောက် ဖြစ်သေးပါ။ မနက်ကတည်းက ဆေးကြိုသောက်ထားဖို့ မေမေကမှာ သည်။ ချောကသာ ပေါ့ပေါ့ဆဆ နေလိုက် တာပါ။ ကိုယ့်ကိုယ်ကိုလည်း မဖျားလောက်ပါဘူးဟု ယုံကြည်မှု လွန်ကဲနေသည်။

မဖျားတာလည်း အတော် ကြာခဲ့ပြီမို့လား။

“မေမေ ချော မလှုပ်ချင်အောင် ကိုက်ခဲနေတယ်။ ရင်ထဲမှာ လည်း မူးနေတယ်။ ချော နေလို့ မကောင်းဘူး” ဟု အိပ်ယာထ နောက်ကျနေသော ချောကို မေမေလာနှိုးသော အခါ ပြောပြမိ သည်။

“ဒီနေ့ နားချင်နားလိုက်ပါလား”

နဖူးလေးကိုစမ်းကြည့်ကာ မေမေကတားသည်။

“ဒီနေ့ အလုပ်တွေ အရမ်းများ တယ်။ နေ့လည်ပိုင်းမှာ စာချုပ်တစ်ခုလက်မှတ်ထိုးဖို့ ဖေဖေက သွားရမှာ ။ ဧည့်သည်တွေ ချိန်းထားတာလဲရှိသေးတယ်။ ချောမသွားလို့ မ ဖြစ်ဘူးမေမေရဲ့ ”

မေမေက ချောကို ချစ်စနိုး ငုံ့မွှေးလိုက်ရင်းက……..

“ဒါဆိုလည်း သမီးအညောင်းပြေ လန်းဆန်းသွားအောင် ရေနွေးလေးနဲ့ ချိုးလိုက် ဟုတ်ပီ လား။ မေမေ အဆင်သင့်လုပ်ထားပေးမယ်”

“အင်း”

ချောက လက်နှစ် ဖက်မြှော က်ကာ အပျင်းဆန့်လိုက်၏ ။

တကယ့်ကို မသယ်ချင်အောင်လေးနေပါ့လား။

မနက်က ဘာတွေ စားခဲ့သလဲ။ စားတာသွားတာ၊ အိပ်တာ ချက်ချင်း ပြန်စဉ်းစားသည်။ ဘာမှလဲ မမှားခဲ့ပါလား။ ဘာလို့ မအီမသာ ဖြစ်နေရတာ လဲ။ ရာသီပေါ်တုပ်ကွေးများ ဖြစ်ချင်တာ လား။

သြော်……..သိပြီ။

မနေ့ညနေပိုင်းက တုတ်ကွေးဖျားနေသော ရွှေစင်နှင့် အတော် ကြာအောင် အတူထိုင်ပြီး အလုပ်လုပ်ခဲ့သည်။

“ဟင်း”

ချောက သက်ပြင်းတစ်ရှိုက်နှင့် အဖြေရှာတွေ့ သွား၏ ။

အိပ်ယာပေါ်က ဖြည်းဖြည်းဆင်းပြီး ရေနွေးနှင့် ရေချိုးလိုက်တော့ အနည်းငယ်လန်းဆန်း သွားသည်။

မေမေက စားပွဲပေါ်လာချပေးသော ဆေးပုလင်းကို တမင်မေ့ထားလိုက်ကာ မသောက် ဖြစ် ပါ။ ချော ဆေးမသောက်ခဲ့တာ ထပ်မှားသွားသည်။

နေ့လည်ပိုင်းရောက်တော့ လူက မဟန်နိုင်တော့ဘဲ ကွေးချင်လာသည်။

စားပွဲပေါ် ခေါင်းချလိုက်ရုံနှင့် အိပ်ပျော်သွား၏ ။

မြင့်တာရာက စားပွဲပေါ် ခေါင်းချကာအိပ်ပျော်နေသော ချောကို လှမ်းကြည့်ပြီးမှ တောက်ပစွာ ပြုံးလိုက်ကာ တရွေ့ရွေ့လျှောက်သွားသည်။

“လာ နေမကောင်းဘူးလား”

ချောနောက်မှာ သွားရပ်ကာ ဆံပင်လေးတွေ ဖွဖွသပ်ပေးရင်း မေးပါသည်။

မျက်လုံးကလေးဖျတ်ကနဲဖွင့်ကာ ကြည့်မိတော့ နှုတ်ခမ်းလေးမှာ အံ့သြရိပ်ကလေး ထင်ဟပ်လာသည်။

မြင့်တာရာ။

တိုးတိတ်စွာ ခေါ်မိသည်။ မြင့်တာရာက ချောကိုယ်လေးကို ကိုယ်ကိုင်းကာ ဖက်ထွေး ထားရင်း……..

“ဖျားနေတာပဲကွာ သနားပါတယ်” ဟု ချောဆံပင်တွေ ကို နမ်းရှိုက်ကကာ ရေရွတ်သည်။

“ဟင့်အင်းကွာ၊ အပြင်မှာ အဖေရှိတယ်”

“ရှိပါစေကွာ”

မြင့်တာရာက ချောကို တိုး၍ ဖက်ထားပြီး ရယ်နေသည်။ သူ့လက်သန်သန်မာမာတွေ ကို ချော ရုန်းမရပါ။ ရင်ထဲမှာ နွေးတက်ကာ အသက်ရှုရတာ အားမရ။

“ချောကိုလွှတ်ပါ”

ရိုးရှင်းစွာ ဆိုမိသည်။

“မလွှတ်ချင်ပါဘူးကွာ”

“ချော မနေတတ်ဘူး”

“မရဘူး မလွှတ်ဘူးကွာ”

ချောရှက်စိတ်နှင့် ရယ်မိသည်။ ကိုယ်လေးဆန့်ကာ မတ်တပ်ရပ်လိုက်ပြီး သူ့ကို ပြန်ဖက် ထားမိ၏ ။

“မောင့်ကိုချစ်လား”

ချောကို မေးလာသော အခါ သူ့အသက်ရှူသံက နားထဲ ဒါရိုက်ရောက်ပြီး အသည်းယားမိ သည်။

“အရမ်းချစ်တယ်လို့ ထင်တာပဲ”

“မရေမရာနဲ့ကွာ”

မြင့်တာရာက ဘ၀င်မကျ……..

“အတိအကျဖြေ” ဟု အမိန့်ပေးလာ၏ ။

“ချစ်တယ်”

သူနှဖူးလေးက ချောနှဖူးလေးကို ထိတွေ့ လာ၏ ။ ချောမျက်လုံးလေးမှိတ်ကာ ငြိမ်နေမိ ပါသည်။

ရင်ထဲမှာ အူလှိုက်သည်းလှိုက်ချစ်သည်။ သူ့ရင်ခွင်မှာ ချော ပျော်သည်။ အရာရာ ပြီးပြည့်စုံ သလို ခံစားရသည်။

မွန်းကြပ်စွာ ညည်းလိုက်သော ချောအသံလေးကြောင့် သူက ချောကို သူ့ရင်ခွင်မှာ ခေါင်းလေးအပ်ထားစေသည်။

သူ့ကို ချော ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါ။ ရင်ထဲမှာ တဖျတ်ဖျတ်နှင့် လိပ်ပြာ ၀ဲပျံနေသလိုရှိ၏ ။

“ဆောရီးကွာ……..မောင်ချစ်လို့ပါ”

မြင့်တာရာက သူလွန်သွားသလားဟု တွေးမိကာတောင်းပန်သည်။

“ဖေဖေ၀င်လာရင် မြင်သွားမှာ ”

“မတတ်နိုင်ဘူးကွာ……..မောင်မှ မလွှတ်နိုင်တာ”

ချောဆီမှ ကြည်နူးလှိုက်ဖိုသော ရယ်သံလေး ထွက်လာ၏ ။

ချောကလည်း ခုလိုပဲ မောင့်ရင်ခွင်မှာ ……..မောင်နှင့် ထိကာ နီးကပ်စွာ ရှိနေတာကို လုံခြုံ နှစ်သက် လှပါသည်။ ရင်ထဲမှာ အားအင်တွေ ပြည့်လာ၏ ။

“ချော……..ရှင့်ကို မခွဲနိုင်ဘူး မြင့်တာရာရယ်”

ဖွင့်ဟကာ ပြောပြမိသည်။

“မမချော……..မမချော”

“ဟင်”

“နေမကောင်းဘူးလား”

ကုမ္ပဏီကကောင်မလေး အခန်းထဲဝင်လာပြီးလှုပ်နိုးမှ ချောနိုးလာခဲ့ပါသည်။

“ဆောရီးနော် မမချော”

ရှက်စနိုးပြုံးကာ ချော “ရပါတယ်” ဟုဆိုမိသည်။

“ဖုန်းလာနေလို့……..ဘာပြောပေးရမလဲ”

“ဘယ်ကဖုန်းလဲ”

“ကိုမြင့်တာရာတဲ့”

“ဟုတ်လား”

မျက်လုံးလေးဝိုင်းကာ မယုံနိုင်အောင်ပင် ဖြစ်သွားရသည်။

“ရတယ်……..ချောပြောမယ်”

ချောက ဖုန်းခွက်ကို ကောက်ယူလိုက်သော အခါ ကောင်မလေးက အခန်းပြင် ပြန်ထွက် သွား၏ ။ ရင်ထဲမှာ တော့ ခုထက်ထိ ခုန်လှုပ်နွေးထွေးနေဆဲပါ။

“ဟယ်လို”

“ချောလား”

သူ့အသံကြားရသော အခါ ချောပါးပြင်လေးတွေ တရှိန်းရှိန်းနှင့် နွေးတက်လာ၏ ။

“ချော”

“ရှင်”

“ဘာလုပ်နေလဲ၊ အားလား”

“ကိစ္စရှိလို့လား”

“ကော်ဖီဆင်းသောက်ရအောင်ပါ”

“အင်း……..ကောင်းသားပဲ”

တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ချောကိုသတိရနေပါရောလား။

ဖုန်းချပြီးသော အခါ ချော မတ်တပ်ထရပ်မိသည်။ သူ့အသံကြားရတော့ နုံးနေတာတွေ သက်သာသွားပြီး လန်းဆန်းလာရ၏ ။

ရှင်ဟာ ချောအတွက်တော့ အင်အားတစ်ခုပါပဲ။

ကြာလေ ကြာလေ ချော ရှင့်အပေါ် ငြိတွယ်လာမိလေဆိုရင်……..ချောက ပင့်သက်ရှိုက် ကာ ဆင်းလာခဲ့ပါသည်။

သည်တစ်ခါတော့ ဓာတ်လှေကားမှာ သူကစောင့်နေပါသည်။ ဓာတ်လှေကားမှာ သူနှင့် ချော နှစ် ယောက် တည်းမဟုတ်ပါ။ အစောင့်ဦးလေးကြီး ရှိပါသည်။ သူက ချောကို စေ့စေ့ကြည့် ပြီး……..

“နေမကောင်းဘူးလား” ဟု မေးလာ၏ ။

“ဖျားချင်သလိုပဲ”

“ဟုတ်လား……..အနွေးထည်လည်းမ၀တ်ပါလား……..အဲကွန်းက မအေးဘူးလား…….. အအေးမိသွားအုံးမယ်”

“အကျင့် ဖြစ်နေပြီ”

“ဘာပဲ ဖြစ် ဖြစ်လေ……..အနွေးထည်လေးတော့ ၀တ်ပါ”

သူ့စကားကို ချောက ခေါင်းညိမ့်ပါသည်။

“တော် ကြာ အဖျားကူးနေမယ်နော်”

“ကျွန်တော် လား”

“အင်းပေါ့”

မြင့်တာရာက ပြုံးစစချောစကားကြောင့် မျက်ခုံးပင့်ကာ……..

“ချော……..ဘယ်ကကူးလာတာလဲ” ဟု ပြန်စ၏ ။

“ရွှေစင့်ဆီကလေ……..ကုမ္ပဏီကစာရေး မလေး……..သူနဲ့စကားပြောရင်း ကူးလာတာ ……..ချောပေါ့ဆလိုက်လို့”

“ဟုတ်လား……..ဒါဆို ကျွန်တော့် ကို အဖျားပေးမယ့် ရည်ရွယ်ချက်ပေါ့ ဟုတ်လား…….. ရပါတယ်လေ……..မတတ်နိုင်ဘူး”

“မဟုတ်ပါဘူး……..”

“ကျွန်တော် က ဒီရက်ထဲမှာ အလုပ်တွေ အရမ်းရှုတ်နေတာ ဖျားလို့မ ဖြစ်ဘူး…….. ချောက ကျွန်တော့် ကို ဖျားစေချင်လို့လား”

“ဟာ……..မဟုတ်ပါဘူးဆို”

မြင့်တာရာက ချော ဇွတ်အတင်းငြင်းနေတာကို ရယ်သည်။

“ကျွန်တော် အဖျားစမ်းကြည့်လို့ရမလား”

သူခွင့်တောင်းပုံက ရယ်ချင်စရာကောင်းသလို ရင်ခုန်ချင်စရာလည်း ကောင်းလှသည်။ လက်ဖျားကလေးနှင့် ချောနဖူးပြင်ကို စမ်းကြည့်ပါသည်။ ချောက ဖွဖွပြုံးလိုက်ကာ……..

“လက်ဖမိုးနဲ့စမ်းမှ သိရမှာ ပေါ့” ဟု ဆိုမိပါသည်။

“ဟုတ်လား……..သိဘူး”

“ချောလဲမသိပါဘူး။ အဖျားသွေးစမ်းရင် လက်ဖ၀ါးနဲ့ပဲ စမ်းလိုက်တာ……..ကိုဇော်လတ် ပြောမှ လက်ဖမိုးနဲ့စမ်းရမှာ သိသွားတာ” ဟု ဘာရယ်မဟုတ် လွှတ်ကနဲပြောမိသည်။ အကြောင်း တိုက်ဆိုင်လာလို့ပါ။ တမင်ထည့်ပြောတာ လုံးဝမဟုတ်။ မြင့်တာရာက မျက်နှာပျက်ကာ ခြေလှမ်း တွေ သိသိသာသာ နှေးသွား၏ ။

“အဲဒီ့ ဆရာဝန်နဲ့ တော် တော် ရင်းနှီးလား” ဟု မနာလိုစွာ မေးလာပါသည်။

“သူငယ်ချင်းတွေ ပဲ……..ခင်ပါတယ်”

မြင့်တာရာက သိသိသာသာ စကားနည်းသွား၏ ။

မကျေနပ်တာ ပေါ်လွင်လှသည်။ ချောက မျက်လုံးလေးဝေ့ကာဝေ့ကာကြည့်ရင်း ပြေရာ ပြေကြောင်း ပြောချင်လှသည်။

သူစိတ်ခုသွားမှာ မလိုလားပါ။

ချော……..သူ့ကို ချစ်နေမိပါပြီ။

* * *


ဘဲလ်သံချိုချိုကြောင့် ဧည့်ခန်းမှာ စာဖတ်နေသော ချောက စာအုပ်ကို ဆိုဖာပေါ်ချထား ရစ်ခဲ့ပြီး မှန်တံခါးကို သွားဆွဲဖွင့်သည်။

“ဟင်……..ကိုဇော်လတ်”

မမျှော်လင့်ဘဲ ဇော်လတ်ကိုတွေ့ ရ၏ ။ သူက ယဲ့ယဲ့ပြုံးသည်။ အပြုံးတွေ က အသက်မပါ။ လှိုက်လှဲခြင်းကင်း၏ ။

“အန်တီရော”

သူက မေမေ့ကို မေးပါသည်။

“ရှိပါတယ်……..လာလေ……..ထိုင်ပါ”

ဇော်လတ်က ဧည့်ခန်းဆိုဖာမှာ သွားထိုင်ရင်းက……..

“ဒီနေ့ အလုပ်မသွားဘူးလား” ဟု မေးလာ၏ ။

“ဖျားနေလို့ နားနေတာလေ”

“ဟုတ်လား……..သက်သာရဲ့ လား”

ချောယဉ်ယဉ်က ခေါင်းညိတ်သည်။

“အန်တီမှာ ထားတဲ့ဆေးတွေ လာပို့တာ”

“ဟုတ်ကဲ့……..ချော ခေါ်လိုက်ပါ့မယ်”

သူ့ကြည့်ရတာ အလောတကြီးနိုင်သည်။ အေးအေးဆေးဆေး မရှိလှပါ။

“ဂျူတီပြန်ဝင်ရမှာ ……..ဆေးရုံက ခဏထွက်လာတာ……..ထမင်းစားထွက်ရင်း အန်တီ့ကို ဆေးဝင်ပေးမယ်ဆိုပြီး……..”

“ဟုတ်လား”

ဇော်လတ်က ချောကိုရှင်းပြသည်။

ချောက မေမေ့ခေါ်ဖို့ ဧည့်ခန်းထဲက လှမ်းထွက်ဖို့ ပြင်သည်။

“ယဉ်”

“ဟင်”

သူက တစ်ခုခုမေးချင်သလို လှမ်းကြည့်နေတာကို လှမ်းကြည့်သော အခါ မြင်ရသည်။ ချောက သူ့ဆီပြန်လျှောက်လာ၏ ။

“ဘာလဲ ကိုဇော်……..”

“ဟိုနေ့က တွေ့ ခဲ့တဲ့ အမျိုးသားက……..”

“ချောသူငယ်ချင်းပါ ကိုဇော်ရဲ့ ”

“တကယ်လား”

“တကယ်ပေါ့……..သူ့မှာ လူကြီးချင်းသဘောတူထားတဲ့ ကောင်မလေးရှိပြီးသားပါ။ ချောနဲ့ ဘာမှမပတ်သက်ပါဘူး”

သိသိသာသာ စိတ်အေးသွားတာ မျက်လုံးတွေ မှာ ပေါ်သည်။

“ဟော……..မောင်ဇော်လတ်ရောက်နေတာကိုး”

မေမေက ဧည့်ခန်းထဲက ထွက်လာပြီး မြင်သွား၏ ။

“ဟုတ်ကဲ့……..ဆေးတွေ ရပြီ”

“ဟုတ်လား……..ထမင်းစားပြီးပြီလား”

“မစားရသေးဘူး”

“စားသွားလိုက်လေ……..”

“ဟုတ်ကဲ့”

ချောယဉ်ယဉ်က မေမေ့ကို လှမ်းကြည့်သည်။ မေမေက ကိုဇော်လတ်ကို တော် တော် ကလေး သဘောကျပုံရသည်။

ချောအထင်မမှားဘူးဆို သားမက်တော် ချင်နေတာပဲ ဖြစ်လိမ့်မည် ။ ရင်ထဲမှာ ရှုတ်ထွေး မွန်းကြပ်လာ၏ ။

“သမီးလဲလာ……..ဆန်ပြုတ်ရပြီ”

ကိုဇော်လတ်နှင့်အတူ ထမင်းစားခန်းထဲ ရောက်လာ၏ ။

“အတော် ပဲ……..သားကြိုက်တဲ့ ဂဏန်းဟင်း”

ချောက စကားမဆိုဘဲ မေမေချပေးသော ဆန်ပြုတ်ကို တိတ်တဆိတ်ခပ်သောက်နေ လိုက်၏ ။ ဇော်လတ်က ချောကို မသိမသာ လှမ်းလှမ်းကြည့်နေသည်။

“လက်က ဘာ ဖြစ်တာလဲကွဲ့”

မေမေက ဇွန်းကိုင်ထားသော သူ့လက်ကိုမြင်ကာ သတိထားမိ၏ ။

“စောစောက O.T(အိုတီ (ခွဲစိပ်ခန်း) ထဲမှာ ဆေးပုလင်းဖွင့်တာ ထိသွားလို့ပါ။ နည်းနည်း လေးပါ”

“အော်……..ဟုတ်လား……..”

သူနှင့် မေမေ အပြန်အလှန်စကားဆိုနေတာကို ချောက ငြိမ်သက်ငေးမောနေ၏ ။ ဖေဖေ ရော မေမေပါ ကိုဇော့်ကို သဘောကျတာ သိပါသည်။

“ယဉ်……..စားကောင်းရဲ့ လား”

“ကောင်းပါတယ်”

“ဆေးကော သောက်ရဲ့ လား”

“သောက်ပါတယ်”

ချောအဖြေမဆုံးခင် ဖုန်းက၀င်လာသော အခါ ဇော်လတ်ကပဲ ဖျတ်ခနဲသွားကိုင်ပါသည်။ ချောလည်း တားမနေတော့ပါ။ ကိုဇော်က ဧည့်သည်မဟုတ်တော့ တစ်မိသားစုလုံးနှင့် ရင်းနှီးနေ တာ ကြာခဲ့ပြီပဲ။

“ဟယ်လို……..ဟုတ်ပါတယ်။ ဘယ်သူလဲမသိဘူး……..”

ဇော်လတ်က ချောယဉ်ယဉ်ကိုမေးတာမို့ တိတိကျကျ မေးလိုက်၏ ။

“မြင့်တာရာပါ……..”

“အော်……..ကိုမြင့်တာရာလား……..ကျွန်တော် ပါ၊ ဇော်လတ်ပါ”

“ဟုတ်ကဲ့……..ချော သက်သာရဲ့ လား”

“သက်သာပါတယ်……..ခေါ်လိုက်မယ်”

ဇော်လတ်က ဖုန်းခွက်ဘေးချထားပြီး ချောချောယဉ်ကို မျက်လုံးနှင့် လှမ်းပြော၏ ။ ချောက အသာကလေး ထလျှောက်ကာ သူ့ဘက်ကျောပေးထားပြီး ဖုန်းပြောနေသည်။ ဇော်လတ်စိတ်ထဲ ဘ၀င်မကျချင်ပါ။ မနာလို ဖြစ်တာလားမသိ။ စိတ်တွေ ဆတ်လာ၏ ။

ချောယဉ်ယဉ်ဆီ ဖုန်းဆက်တာကို မကြိုက်ရအောင် သူက ဆိုင်လည်းမဆိုင် ပိုင်လည်း မပိုင်။ အနေသာကြီးမဟုတ်လား။ တားပိုင်ခွင့်မရှိ။

စောစောကလောက် ထမင်းစားမကောင်းတော့ပါ။

“ဘယ်ကဖုန်းလဲ သားရဲ့ ”

“သူ့ သူငယ်ချင်း တစ်ယောက် ပါ”

ချောမေမေက ဇော်လတ်ကို အကဲခတ်နေသည်။ ဇော်လတ်သိပါသည်။ သို့ ပေမယ့် ဟန်မဆောင်နိုင်အောင် တင်းမာနေမိသည်။

အန်တီသိချင်လည်း သိစေတော့။

ချောယဉ်ယဉ်နှင့် ပတ်သက်လျှင် သူအူတိုတတ်နေခဲ့ပြီ။

ဟိုတစ်နေ့ကဆို သူတစ်နေ့လုံး လူးလူးလှိမ့်လှိမ့်နှင့် နေလို့မရ။ ချောယဉ်ယဉ်ကို သူများ ဦးသွားမှာ စိုးကာ ပူလောင်နေမိသည်။

သူ……..ချောယဉ်ယဉ်ကို ချစ်နေမိသည်ပဲ။

ဘယ်လိုပဲ ဖြစ် ဖြစ် သူပိုင်ဆိုင်ခွင့်ရချင်သည်။ လက်လွှတ် ဆုံးရှုံးမခံနိုင်ပါ။

* * *




ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ ဖဲကြိုးပြာနှင့် နှင်းဆီနီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သက်တံ့ပျိုရဲ့သခင်

ပန်းပွင့်ပုံပြင်ပြိုင်ပွဲ

ကိုယ့်မေတ္တာကို တန်ဖိုးထားပါ