
အခန်း (၁)
ကြွေရုပ်က အနွေးထည်အင်္ကျီ နက်ပြာရောင် လေးကို ချိတ်မှ သွားဖြုတ်ယူလိုက်ပြီး ဝတ်ထားသော ဂါဝန်လက်ပြတ်လေးပေါ်မှ ထပ်ဝတ်လိုက်သည်။
မှန်တင်ခုံရှေ့ သွားရပ်ကာ ဆံပင်နက်မှော င်မှော င်တွေ ကို တစ်ချက်၊ နှစ် ချက် ဖြီးလိုက်ပြီး ဝရန်တာတံခါးလေး ဖွင့်ကာထွက်လာခဲ့မိသည်။
တံခါးဖွင့်ပြီး အပြင်ထွက်တယ်ဆို ဆောင်းလေအေးအေးက သူမဆီ လာရောက် ရိုက်ခတ်သည်။
ချမ်းစိမ့်စိမ့်လေး ရှိနေတာကြောင့် လက်နှစ် ဖက်ကို တင်းတင်းလေး ပိုက်ထားလိုက်ရင်း လမ်းထိပ်ဘက်ဆီကိုလည်း မျှော်ကြည့်မိသသည်။
သူ ရောက်မလာတာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ…။
ဘာများ ဖြစ်နေလို့လဲဟု စိတ်ပူမိပါသည်။
ရှုပ်ယှက်ခတ်အောင် ဆင်ထားသော ဂျစ်ကားဆန်းဆန်းကြီးကို သီချင်းသံတွေ ဆူညံအောင်ဖွင့်ပြီး သူမတို့အိမ်ရှေ့ ခဏခဏဖြတ်မောင်းတတ်သော ဂျစ်ကန်ကန်နှင့် သူ့ကို သူမ တွေ့ ချင်စွာ နှင့် စောင့်နေမိပါသည်။
ပတ်ဝန်းကျင်က အနှောက်အယှက် ဖြစ်အောင် ဆူညံသော သီချင်းသံကျယ်ကြီးတွေ နှင့် ညနေတိုင်း ရောက်ရောက်လာတတ်သော သူ့ကို အစ ကတော့ မုန်းတီး အမြင်ကတ်ခဲ့မိပါသည်။
နောက်တော့လည်း ပိုးပန်းသမျှ ယောက်ျားလေးတွေ ထဲမှာ ဇွဲအရှိဆုံး ဖြစ်သော သူ့ကိုစိတ်ထဲမှာ တိတ်တဆိတ် အသိအမှတ်ပြုထားမိပါသည်။
သူနဲ့ ကြွေရုပ်က လွန်ခဲ့သော သုံးလလောက်က shopping Center တစ်ခုမှာ စတွေ့ ခဲ့တာ ဖြစ်သည်။
တွေ့ တွေ့ ချင်းမှာ ပဲ သူက စိတ်ဝင်စားသလို နောက်ကနေ တကောက်ကောက် လျှောက်လိုက်လာခဲ့တာပါ။
ကြွေရုပ်က သူငယ်ချင်း ညက်ညက်နှင့် နှစ် ယောက် ဖြစ်ပေမယ့် သူ ကတော့ အဖော်မပါဘဲ တစ်ယောက် တည်း ဖြစ်သည်။
တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက် ကြွေရုပ်တို့ သွားသမျှ နောက်ကို သုံးနာရီလောက်ကြာအောင် လျှောက်လိုက်လာသော သူ့ကို ကြွေရုပ်တို့က လုံးဝဂရုမစိုက်ခဲ့ပါ။
နောက်တော့ သူက ကြွေရုပ်အိမ်ရှေ့ထိ ပါလာခဲ့သည်။
နောက်တစ်နေ့ကစလို့ သူ ကြွေရုပ်အိမ်ရှေ့ကို ညနေတိုင်း လိုလို ရောက်လာခဲ့ပါသည်။
ကြွေရုပ်အိမ်ရှေ့က ဖြတ်ပြီး ကားမောင်းသွားရုံအပြင် ဒီထက်တော့ ဘာမှလည်း ပိုမလာခဲ့ပါ။
တစ်ခါတစ်လေတော့ …
သူ့ရဲ့ ဂျစ်ကားကို ကြွေရုပ်အိမ်ရှေ့မှာ ရပ်ထားပြီး သီချင်းတွေ အကျယ်ကြီးဖွင့်ထားတတ်သည်။
အစ ကတော့ သူ့ရဲ့ အဲဒီ လို အပြုအမူတွေ ကို စိတ်အားအနှောင့်အယှက် ဖြစ်စွာ နှင့် စိတ်ပျက်ခဲ့မိတာပါ။
နောက်တော့လည်း တွေ့ ရပါများ လာတော့ သူက အလိုလိုစိတ်ထဲ ရောက်လာခဲ့သည်။
တစ်ရက်တလေ သူ ရောက်မလာခဲ့လျှင်တောင် မနေတတ် ဖြစ်ကာ မျှော်နေမိတတ်သည်။
သူ စီးနေကျ ဂျစ်ကားဆန်းဆန်းကြီးကို မြင်ယောင်ကြည့်မိရင်း ကြွေရုပ်နှုတ်ခမ်းလေးတွေ အလိုလို ပြုံးချင်မိသည်။
သူ့ကားကြီးနှင့် လိုက်ဖက်စွာ ပဲ သူ့ပုံစံကလည်း ခေတ်မီဆန်းပြားပါသည်။
ဂျစ်ကန်ကန်စတိုင်လ်နှင့် ဆံပင်တွေ ကိုလည်း ခဏခဏပုံစံပြောင်းတတ်ပါသည်။
နောက်ပြီး သူ့ရဲ့ မျက်လုံးတွေ က စူးရဲတောက်ပလွန်းပါသည်။
သူနဲ့ မျက်လုံးချင်းဆုံမိလျှင် ကြွေရုပ်ရင်တွေ အဆမတန် ခုန်ပေါက်ကာ လှုပ်ရှားရပါသည်။
သူရဲ့ အပြုံးကလည်း စွဲမက်ဖွယ် ကောင်းလှပါသည်။
ပါးချိုင့်ရှည်လေးတစ်ဖက် ပါတာကြောင့် ဖြစ်မည် ထင်သည်။
သူ ပြုံးလိုက်တိုင်း ပါးချိုင့်ရှည်လေးက ထင်းနေအောင် ပေါ်လာတတ်သည်။
ကားတွေ က တစ်စီးပြီးတစ်စီး ဖြတ်သွားကြပေမယ့် ကြွေတွေ့ ချင်နေတဲ့ ဂျစ်ကားနှင့် သူ ကတော့ ရောက်မလာတာပါ။ သူ့ကို မမြင်ရတော့ ကြွေ့ရင်ထဲ မှိုင်တွေ လေးပင်သွားရသည်။
“ဟင်”
ဝုန်းဒိုင်းကြဲကာ ဆူညံသော သီချင်းသံနှင့် ကားစက်သံကို အရင်ကြားလိုက်ရတာ ကြောင့် ကြွေ ချက်ချင်း ပဲ ပျော်သွားရသည်။
သူ့ကားက လမ်းထိပ်မှာ ပဲ ရှိသေးပေမယ့် သီးချင်းသံကိုတော့ အခုကတည်းက ကြားနေရပြီ။
ကြွေရုပ် ငေးနေဆဲမှာ ပဲ သူ့ကားက မျက်စိရှေ့ ရောက်လာသည်။ကြွေတို့ အိမ်ရှေ့အရောက်မှာ အရှိန်နှေးသွားပြီး သူက မော်ကြည့်လာသည်။
ကြွေ့ကိုတွေ့ တော့ ပြုံးပြသည်။ သူရဲ့ ကြည်လင်သော အပြုံးကို ကြွေ ရင်ခုန်စွာ ငေးနေမိသည်။ သူ့ကိုလည်း ပြန်လည်ပြုံးပြလိုက်မိသည်။
ဟိုတုန်းက ကြွေရုပ် ကြည့်မရခဲ့သော သူ့ကို အခုတော့ ကြွေရုပ် ချစ်နေမိပြီလား မသိပါ။
နှစ် ယောက် သား ခဏတာ အပြုံးချင်းဖလှယ်ပြီးနောက် သူ့ကားလေးက ဆက်မောင်းထွက်သွားသည်။
သူက ကားကို လမ်းထိပ်အထိ ဆက်မောင်းသွားပြီးမှ ပြန်ကွေ့ကာ ကြွေရုပ်ကို လက်ပြနှုတ်ဆက်ပြီးမှ ပြန်တတ်သည်။
ထို့ကြောင့် ကြွေရုပ်က ဝရန်တာမှာ ပဲ ဆက်ပြီး ရပ်စောင့်နေမိပါသည်။
ထိုစဉ်…
“သမီးကြွေရုပ်…ဘယ်ရောက်နေတာလဲ”
တံခါးဖွင့်သံနှင့် အတူ အခန်းထဲမှာ မေမေ့အသံကို ကြားလိုက်ရတာ ကြောင့် ကြွေရုပ်မြန်မြန် အိမ်ထဲဝင်လာခဲ့လိုက်သည်။
“ကြည့်စမ်း…အိမ်ရှေ့ဝရန်တာ ရောက်နေတာကိုး၊ နေဖြင့် မကောင်းသေးဘဲနဲ့”
မေမေက ကြွေရုပ်နဖူးကို လာစမ်းကြည့်ရင်း ပြောပါသည်။
“နေကောင်းတော့မှ ထွက်ပေါ့ သမီးရဲ့ ၊ အပြင်မှာ လေစိမ်းတွေ တိုက်တယ်၊ တော် ကြာ…ပြန်ဖျားနေမှဖြင့် …”
မေမေပြောတုန်း သီးချင်းသံကျယ်ကြီးနှင့် ဂျစ်ကား ပြန်ဖြတ်မောင်းသွားသံကို ကြားလိုက်ရသော အခါ ကြွေရုပ်ရင်ထဲဆတ်ခနဲ တုန်သွားရသည်။
မေမေ့မျက်နှာလည်း တင်းသွားရပြီး…
“အဲ့ဒီကားကလည်း လွန်လွန်းပါတယ်၊ နေ့တိုင်းပဲ…ဘယ်က ကလေကချေတွေ လည်း မသိပါဘူး၊ သမီး…အဲဒီ လို ကောင်တွေ နဲ့ အရောမဝင်နဲ့နော်…ကြားလား”
မေမေက သူမကို သိပ်မယုံကြည်သလို မျက်လုံးတွေ နှင့် ကြည့်ပြီးပြောသည်။
ကြွေရုပ် ကတော့ မေမေ့စကားကို ဘာမှပြန်မပြောမိဘဲ ခေါင်းလေးသာ ဖြေးဖြေးညိတ်ပြမိသည်။
စိတ်ထဲမှာ တော့ သူက ကလေကချေ မဟုတ်ပါဘူးလို့ ပြန်ပြောမိပါသည်။
သူ့အပြုအမူတွေ ကသာ ဇွတ်ထိုးနိုင်ပြီး ဘာကိုမှ ဂရုမစိုက်သလို ဖြစ်နေပေမယ့် သူက လူကောင်း တစ်ယောက် ပါပဲလို့ စိတ်ထဲမှာ ယုံကြည်နေမိသည်။
ဒါပေမယ့် ကြွေရုပ်ကိုယ်တိုင်လည်း သူ့အကြောင်းကို ဘာမှ သေချာမသိပါ။
ဘာမှ မသိပါပဲ သံယောဇဉ်ကြိုးတစ်စက ရင်မှာ ပါးပါးကလေး ငြိနေပါသည်။
အခန်း (၂)
“ကြွေရုပ်…နင် ဘာသောက်မလဲ”
“ကော်ဖီပဲ”
“အိုကေ…နင်တို့လည်း ကော်ဖီပဲနော်”
“အင်း”
ရွေစင်က ကောင်တာဆီ လျှောက်သွားပြီး အားလုံးအတွက် ယူလာခဲ့ပေးသည်။
ကြွေရုပ်တို့ လာထိုင်သော ကော်ဖီဆိုင်လေးက ဖွင့်ထားတာ သိပ်မကြာသေးပါ။
အေးချမ်းတိတ်ဆိတ်သော ခြံကျယ်ကြီးတစ်ခုထဲမှာ ဖွင့်ထားတာ ဖြစ်ပြီး ဆိုင်အပြင်ဆင်လေးကလည်း ချစ်စရာလေး ဖြစ်သည်။
သီချင်းသံ တိုးတိုးလေးလည်း ဖွင့်ထားသေးသည်။
ဆိုင်က မှန်တွေ နှင့် ဆိုတော့ အပြင်ဘက်ခြံထဲကိုလည်း လှမ်းမြင်နေရပါသည်။
ကြွေရုပ်လည်း သီချင်းသံတိုးတိုးလေးကို နားထောင်ရင်း အပြင်ကို ငေးနေမိသည်။
“ဟဲ့…ကြွေရုပ်၊ ဘာငေးနေတာလဲ…သောက်လေ၊ အေးကုန်တော့မယ်”
ရွေစင်က ကော်ဖီခွက်ကို ရှေ့တိုးပေးရင်း သတိပေးသည်။ မျက်လုံးတွေ ကလည်း အကဲခတ်လိုက်သလိုနှင့် …
“အေးပါ”
ကြွေရုပ်က ကော်ဖီကို အရသာခံပြီး ဖြည်းဖြည်းချင်းသောက်နေလိုက်သည်။
ကြွေရုပ်မှာ သူငယ်ချင်းဆိုလို့ ရွေစင်တို့ သုံးယောက် ပဲရှိပါသည်။
ကြွေရုပ်က သူငယ်ချင်းတွေ လည်း အများ ကြီး မထားတတ်ပါ။
ခုလို အတူတူသွားလာပြီး ခင်ခင်မင်မင်နေတာဆိုလို့ ရွေစင်ရယ်၊ ဖြူလေးရယ်၊ ညက်ညက်ရယ်ပဲ ရှိပါသည်။ ဒီနေ့တော့ ညက်ညက် ပါမလာတာကြောင့် သုံးယောက် ပဲ ဖြစ်နေရသည်။
ကြွေ အပြင်ကို ငေးနေတုန်း ဂျစ်ကားတစ်စီး ထိုးရပ်သွားသည်။
ထိုဂျစ်ကားပုံစံကို ချက်ချင်း ပဲ မှတ်မိသွားရကာ ရင်ထဲမှာ ဒိတ်ခနဲ ခုန်သွားရသည်။
ကားပေါ်မှ သူနှင့် အတူ သူ့သူငယ်ချင်းတွေ လေးငါးယောက် လောက်က သွက်လက်စွာ ခုန်ဆင်းလာကြသည်။
သူ့သူငယ်ချင်းတွေ ကလည်း သူ့လိုပဲ ဂျစ်ကန်ကန်ဒီဇိုင်းတွေ ပဲ ဖြစ်သည်။
အားလုံးလိုလိုတော့ ချောမောကြည့်ကောင်းလွန်းသူတွေ ပါပဲ။
တီရှပ်အနက်တွေ ကို ဂျင်းဘောင်းဘီနှင့် တွဲ ဝတ်ထားပြီး အားလုံး ပုံစံတွေ ဖြစ်နေသည်။
သူတို့အဖွဲ့က မင်းသားတွေ လိုလို၊ မော်ဒယ်လိုလို၊ အဆိုတော် အဖွဲ့အလိုလိုနှင့် ထင်ရှားပေါ်လွင်ပြီး ရှုပ်ယှက်ခတ်နေပါသည်။
“ဟဲ့…ဟဲ့ …အဲဒီ တစ်ယောက် ပေါ့၊ ဂုဏ်ရှိန်လေ… နာမည် ကြီးပဲ၊ နင်တို့ သိလား”
ရွေစင်က ဆိုင်ထဲဝင်လာသော သူတို့အဖွဲ့ကို လှမ်းကြည့်ပြီး တိုးတိုးလေး ပြောသည်။
သူက ကြွေရုပ်တို့ မျက်နှာချင်းဆိုင်စားပွဲမှာ ဝင်ထိုင်ပေမယ့် ကြွေရုပ်ကို မြင်ပုံမရသေးပါ။
“သူတို့ထဲက အချောဆုံး တစ်ယောက် လေ…ပါးချိုင့်တစ်ဖက်နဲ့၊ အဲဒါ …ဂုဏ်ရှိန်ပေါ့”
ရွေစင်က သူတို့ကို မကြည့်တော့ဘဲ မသိမသာလေး အတင်းစပြောလေသည်။
“သူ့အမေကလေ အရမ်းချမ်းသာတာ၊ စင်္ကာပူက ကုမ္ပဏီတစ်ခုမှလည်း ရှယ်ယာပါထားသေးတယ်၊ ဒီမှာ လည်း လုပ်ငန်းတွေ အများ ကြီး ရှိတယ်၊ ချောင်းသာတို့ ငွေဆောင်တို့မှာ ဆို သူ့အစ်မပိုင်တဲ့ ဟိုတယ်တွေ သုံးလေးခုတောင် ရှိတယ်တဲ့၊ သူ့အမေက အရမ်းတော် ပြီး ထက်တယ် သိလား၊ ဒါပေမယ့် သူ ကတော့ ငရှုပ်၊ မိန်းမ အရမ်းရှုပ်တာတဲ့၊ ရုပ်ကလေးကလည်းချော…ပိုက်ဆံကလည်းရှိဆိုတော့ သူ့မှာ ရည်စားသက်စေ့ပဲတဲ့”
“သူက မိန်းကလေး တစ်ယောက် ကို အများ ဆုံး တစ်လပဲတွဲ တာတဲ့ ၊ဘယ်သူ့ကိုမှ အဲ့ဒီထက် ပိုမတွဲ ဘူးတဲ့”
“သူ့ကြောင့် အသည်းကွဲခဲ့တဲ့ မိန်းကလေးတွေ မှ အများ ကြီးတဲ့ ၊ငါ့ညီမဝမ်းကွဲ တစ်ယောက် တောင် သူ့ရည်းစား ဖြစ်ခဲ့သေးတာ၊ သူ့အကြောင်းတွေ ငါ့ညီမ ပြောပြလို့ ငါ သိတာဟ”
ရွေစင်က သူသိထားတာအားလုံး ပြောပြနေသည်။
ရွှေစင့်စကားကြောင့် ကြွေရုပ်ရင်ထဲ အောင့်မျက်နာကျင်သွားရသည်။
ကြွေရုပ် ချစ်မိသွားတဲ့လူက ဘာလို့ အဲ့ဒီလို သတင်းဆိုးကြီး ရှိနေတာလဲ။ ကြွေရုပ်က သူ့ကို ဖြူဖြူစင်စင်လေးပဲ ဖြစ်စေချင်တာပါ။
ဒီတစ်ခါ သူ့ဆီ ကြွေရုပ် ဖျက်ကနဲ လှမ်းကြည့်မိတော့ သူက ကြွေရုပ်ကို မြင် သွားပါသည်။
ပါးချိုင့်ရှည်လေးပေါ်အောင် သူပြုံးပြပေမယ့် ကြွေရုပ်ပြန်မပြုံးပြ ဖြစ်ပါ။
မှက်နှာလွှဲလိုက်မိသည်။
ဒါပေမယ့် သူ ပြုံးပြလိုက်တာကို ရွှေစင်က မြင်သွားပြီး…
“ဟဲ့…ကြွေရုပ်ဖြူ၊ ဘာလဲ နင်နဲ့ သိတာလား၊ နင့်ကို ပြုံးပြနေတယ်”
“အလာကားပါ…မသိပါဘူး”
ကြွေရုပ်က မကျေမနပ်နှင့် ခပ်ဆောင့်ဆောင့် ပြောမိသည်။
သူနှင့် မသိချင်တော့ပါ။
သူ စိတ်ဝင်စားနေတဲ့ မိန်းကလေးတွေ ထဲ ကြွေရုပ် တစ်ယောက် အပါအဝင် ဖြစ်နေပြီဆိုတာကို သူငယ်ချင်းတွေ သိမှာ မလိုလားတာကြောင့် လိမ်ညာလိုက်မိသည်။
“သွားမပက်သက်နဲ့နော် …ကြွေရုပ်၊ သူနဲ့သာ ပက်သက်မိရင် စိတ်ဆင်းရဲရလိမ့်မယ်၊ နေရာတကာမှာ သူ့ဇတ်လမ်းတွေ ရှိတယ်၊ ငါက နင့်ကို စိုးရိမ်လို့ သတိပေးထားတယ်၊ ဟဲ့…သူက မိန်းကလေးချောချောလှလှတွေ ဆို အလွတ်ပေးချင်တာ မဟုတ်ဘူး၊ ခဏလောက် ဖြစ် ဖြစ် တွဲ လိုက်ရမှ၊ သူ့ကိုဆို မိန်းကလေးတွေ ကိုက ခင်တယ်၊ သူ့အကြောင်းတွေ သိရက်နဲ့လည်း တွဲ ချင်ကြတာ၊ သူ့မှာ အပေါင်းအသင်းလည်းပေါတယ်”
ရွှေစင် ဆက်ပြောတာတွေ ကို နားထောင်ရင်း သောက်လက်စ ကော်ဖီတောင် အရသာ မရှိတော့သလို။ ပေါ့ရွှတ်ရွှတ် ဖြစ်သွားရသည်။
သူ့ပုံစံကို စတွေ့ ကတည်းက ငရှုပ်ငပွေပုံပါပဲလို့ ရိပ်မိခဲ့ပေမယ့် ကြွေရုပ် သူ့ကို စိတ်ထဲမှာ နေရာပေးခဲ့ပြီး…။
သူ ကြွေရုပ်ကိုတော့ တကယ်ချစ်မှာ ပါလို့ ကိုယ့်ကိုယ်ကို အထင်ကြီးစွာ တွေီးပြီး သူ့ကို ချစ်မိသွားပြီး…။
သူ့အကြောင်းတွေ ကို ဒီထက်စောစော ကြားခဲ့မယ်ဆိုရင်တောင် ကြွေရုပ် အချိန်မှီ ပြင်ဆင်နိုင်ဦးမည် ။
ခုတော့ ရွှေစင်ပြောတာတွေ က နောက်ကျ သွားပါပြီ။
ကြွေရုပ် သူ့ဆီ လှမ်းကြည့်မိတော့ သူတို့တွေ က ပြန်ဖို့ ထရပ်နေပြီ။
ကြွေရုပ် လှမ်းကြည့်မိတာကို သူ တွေ့ သွားပြီး ပြောင်ချော်ချော်ဖြင့် ဖျက်ခနဲ မျက်လုံးတစ်ဖက်မှိတ်ပြသည်။ ကြွေရုပ်က သူ့ကို မသိမသာ မျက်စောင်းထိုးမိရင်း နေလိုက်သည်။
သူကြွေရုပ်တို့ စားပွဲဘေးက ဖြတ်လျှောက်သွားစဉ်မှာ တော့ ကြွေရုပ် လုံးဝ မထင်မှတ်ထားတာကို ပြုလုပ်သွားသည်။
သူ့လက်ထဲမှ ကိုင်လာသော တစ်သျှူးလေးကို ကြွေရုပ်အရှေ့တည့်တည့်မှာ ချပေးသွားသည်။ ကြွေရုပ် တအံ့တဩနှင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ သူ ကတော့ သူမဟုတ်သလိုဘဲ ဖြတ်ကျော်လျှောက်သွားပြီ။
ကြွေရုပ်လည်း သူ ချပေးသွားတဲ့ တစ်သျှူးလေးကို ကောက်ယူဆုပ်ကိုင်ထားလိုက်မိသည်။
“ဟဲ့…ကြွေရုပ်၊ ဘာလဲ… အဲဒါဘာလဲ၊ ကြည့်လေ… ဘာလို့ ယူထားလိုက်ရတာ လဲ”
ရွှေစင်နှင့် ဖြူလေးတို့က မြင် ဖြစ်အောင် မြင်ပြီး မေးနေကြပါသည်။
“ငါလည်း ဘယ်သိပါ့မလဲ”
ကြွေရုပ်က ထိုတစ်သျှူးလေးကို မရဲတရဲ့ နှင့် ဖြန့်ကြည့်လိုက်သည်။
ကြွေရုပ်…
နာမည် လေး လှသလောက် လူလေးကလည်း
ကြွေရုပ်လေးလို ချစ်စရာကောင်းတယ်…ကိုယ့်နာမည် ဂုဏ်ရှိန်ပါ…သိတယ်မှတ်လား
မင်းကို တကယ်အတည်ကြီး ချစ်မိပြီး…
ကြွေ့ကို ချစ်ခွင့်ရချင်တယ်…
ဂုဏ်ရှိန်
ခပ်ရိုးရိုးလေး ရေး ထားသော ရည်စားစာကို ဖတ်ရတာ အံ့ဩစိတ်နှင့် အတူ ပြုံးချင်မိသည်။
သူ ဘယ်လိုလူလဲ…ကြွေ့ကို သူငယ်ချင်းတွေ ရှေ့မှာ ပေါ်တင်ကြီး ရည်စားစာ ပေးသွားရတာ ဘာသဘောလဲ။
ဒီစာကို သူ ဘယ်အချိန်ကများ ရေး လိုက်ပါလိမ့်။
“ဟဲ့…နင်က ဘာပြုံးနေရတာ လဲ၊ ပြစမ်း…ငါတို့ကို”
ဖြူလေးက ပြောပြောဆိုဆို လှမ်းဆွဲယူလိုက်ပြီး ရွှေစင်နှင့် အတူတူ ခေါင်းချင်းဆိုင်ကာ ဖတ်နေသည်။
“အမလေး…တော် တော် အတင့်ရဲတဲ့လူပဲ၊ ကြည့်ပါလား သိလို့ပါလား”
“အေးလေ…ကြွေရုပ်၊ နင်နဲ့ သိပြီးသားလား…ဘာလဲ”
ရွှေစင်နှင့် ဖြူလေးက သေချာစစ်ဆေးမေးမြန်းနေသည်။
“မသိပါဘူးဟာ”
ကြွေရုပ် ညာလိုက်မိပါသည်။
သူတို့်ကို မသိစေချင်သေးပါ။
ဘာမှလည်း ဖွင့်ဟဝန်ခံမချင်၊ မတိုင်ပင်ချင်။
“အေး…မသိလည်း ပြီးတာပဲဟာ၊ ဒီစာကိုလည်း လွှင့်ပစ်လိုက်တော့ ၊ ဘာမှ စိတ်ထဲထည့်ထားမနေနဲ့၊ သူ့ကိုတော့ လုံးဝပြန်မကြိုက်မိစေနဲ့နော် ကြားလား…၊ သူတို့က ပြန်ကြိုက်မိရင် နင်လည်း တခြားမိန်းကလေးတွေ လို အသည်းကွဲ ကျန်ခဲ့ရလိမ့်မယ်”
ရွှေစင့်စကားတွေ ကြောင့် ကြွေရုပ် ရင်ပူရပါသည်။
သူ့ကို စိတ်ဝင်စားရတာ ကြွေရုပ် ရင်မောသည်။
ချစ်သူတွေ သာ ဖြစ်ကြမည် ဆိုလျှင် ကြွေရုပ်မှာ သူ့အတွက် အမြဲပဲ စိတ်မချ ဖြစ်ကာ ရင်မောနေမှာ တော့ သေချာသည်။ ရင်နာ ကြေကွဲခြင်းတွေ နှင့် နေရစ်ခဲ့ရမှာ ကိုလည်း ကြောက်မိပါသည်။
မေ့လျော့ဖို့ ပြင်ဆင်ပေမယ့် သူ့ကိုမှ ချစ်ချင်နေသော နှလုံးသားကို ကြွေ အရှုံးပေးခဲ့ရသည်။
သူ့ကို ကြွေရုပ် သိပ်ချစ်မိသွားတာ သေချာပါသည်။
သူ့အကြည့်စူးစူးတွေ ကို ရင်ခုန်မိသည်။
သူ့အပြုံးချိုချိုကို စွဲလန်းမိပါသည်။ ဂျစ်ကန်ကန်နိုင်သော သူ့အပြုအမူတွေ ကိုလည်း ချစ်မိနေပြီ…။
နောက်တစ်နေ့ညနေ ကြွေရုပ်တို့မိသားစု သုံးယောက် ဧည့်ခန်းထဲထိုင်ကာ ကော်ဖီသောက်ရင်း စကားစမြည် ပြောနေခိုက် ဆူညံသော သီချင်းသံနှင့် အတူတူ ဂျစ်ကားစက်သံကို ကြားလိုက်ရတာ ကြောင့် ကြွေရုပ် ထိတ်ခနဲ ဖြစ်သွားရသည်။
ဒီနေ့ညနေ ဖေဖေလည်း အိမ်မှာ ရှိနေတာကြောင့် ကြွေရုပ်စိတ်ပူသွားမိသည်။
“ဘယ်က ကောင်လဲကွာ… ဟိုတစ်နေ့ကလည်း အဲဒီ လိုပဲ သီချင်းသံအကျယ်ကြီးနဲ့ ဆူညံနေတာပဲ”
ဖေဖေက မျက်မှော င်ကြီးကုပ်ပြီး ကြွေရုပ်ကိုပါ မကျေနပ်သလို ကြည့်နေပြီ။
သူ့ကားက အိမ်ရှေ့မှာ ရပ်ထားတာထင်တယ်။ သီချင်းသံ ကတော့ ရပ်မ သွားပါ။
သူ့ကိုကြည့်ရတာ ကြွေရုပ် မထွက်လာမချင်း သွားမည့် ပုံမပေါ်။
“သွားပြောမှ ဖြစ်မယ်ထင်တယ် ၊တော် တော် နှောင့်ယှက်တဲ့ကောင်ပဲ၊ သမီးနဲ့ မသိတာ သေချာတယ်နော်”
ဖေဖေက ပြောပြောဆိုဆိုနှင့် ထထွက်သွားပြီး အိမ်ရှေ့ထွက်ကာ ခါးထောက်လျက် လှမ်းကြည့်နေသည်။ သူမလည်း ဖျတ်ခနဲ ထရပ်ပြီး ဖေဖေ့နောက်မှ အသာချောင်းပြီး ကြည့်လိုက်မိသည်။
သူက အခုမှ အထာနပ်သွားကာ သီချင်းသံကို လျှော့ပြီး ကားကို ညင်သာစွာ မောင်းထွက်သွားသည်။
သူထွက်သွားတော့မှပဲ ကြွေရုပ် စိတ်အေးသွားကာ ဧည့်ခန်းမှာ ပြန်လာထိုင်မိသည်။ ဖေဖေ ကတော့ ဒေါသတကြီး တောက်ခေါက်ကာ ပြန်ဝင်လာပါသည်။
“သမီးနော်…အဲ့ဒီကောင်လေးနဲ့ သွားမပက်သက်နဲ့၊ အလာကား… ပိုက်ဆံရှိတိုင်း ကဲချင်တိုင်း ကဲနေတာ၊ နည်းနည်း မှ ယဉ်ကျေးမှု မရှိဘူး”
ဖေဖေ ကတော့ ဂျစ်ကန်ကန်နိုင်သော သူ့ပုံစံကို တော် တော် ကြည့်မရ ဖြစ်နေပုံရသည်။
သူကလည်း သူပါပဲ။ လူကြီးတွေ မကြိုက်တဲ့ပုံစံမျိုး ဖြစ်နေတာကိုး။
ဒါပေမယ့် ကြွေတော့ သူ့ကိုချစ်သည်။
ရှေ့ဆက် ဘာမှ ထပ်မတွေးချင်တော့…။
တွေးမိလျှင် ရတက်မအေးသော အပြုအမူစတိုင်လ်တွေ ကို သူက ပြင့်ပါ့မလား။
မိဘတွေ ကို လေးစားမှ ကြွေရုပ်က သူ့ကို အထင်ကြီးမှာ ။
သူ့သဘောထားက ဘယ်လိုကြီးမှန်း မသိ။
လူကြီးမိဘတွေ ကလည်း ကြည့်မရ။ သူငယ်ချင်းတွေ ကလည်း အမြင်ကပ်…။
အဲ့ဒီလို ဖြစ်နေသော အဲ့ဒီကောင်လေးကို ရင်ထဲက ဘာလို့များ အဲ့ဒီလောက်ကြီး တဇွတ်ထိုးဆန်လှစွာ ရှေ့တိုးချင်နေမိပါလိမ့်။
အဲ့ဒီလိုသာဆို မလွယ်…။
ကြွေရုပ်က ဆရာမ စာရှင်းနေတာကို နားထောင်နေရင်း အခန်းဘေး ပြတင်းပေါက်မှာ ပေါ်လာသော အရိပ်ကြောင့် မော့ကြည့်လိုက်မိသည်။
မျက်လုံးကလေး ဝိုင်းကာ မယုံချင်။
“ဟောတော့် ”
ကြွေရုပ် နှုတ်ခမ်းလေးဝိုင်းကာ အံ့ဩသွားရသည်။
သူ ကျောင်းအထိတောင် ရောက်လာပါလား။
ဒီနေတော့ ရှပ်အင်္ကျီ လက်တိုအကွက်စိပ်လေးကို ဝတ်ထားပြီး ဆံပင်တွေ ကိုလည်း လူကြီးဆန်ဆန် သပ်သပ်ရပ်ရပ်ဖြီးထားတာကြောင့် သူ့ပုံစံက ခါတိုင်းနှင့် မတူဘဲ အမြင်ဆန်းနေသည်။
ရိုးသားခန့်ညားပုံကလေး။
သူက နှုတ်ခမ်းလေးလှုပ်ပြီး အမူအရာနှင့် ဝင်လာခဲ့မယ်လို့ပြောသည်။
ကြွေရုပ်က ဆရာမ မမြင်အောင် မျက်ခုံးလေးပင့်ကာ မေးဆတ်ပြလိုက်ရင်း ဘာလုပ်ဖို့လဲလို့ ပြန်မေးမိသည်။
သူက လေသံကလေးနှင့် ပြောစရာရှိလို့ပေါ့လို့ ပြန်ပြောပြန်သည်။
ကြွေရုပ်တို့ နှစ် ယောက် ဆရာမ မသိအောင် အသံတိတ်အမူအရာတွေ နှင့် ပြောနေတာကို အရှေ့တန်းက ကောင်မလေးတွေ က ပြုံးစိစိနှင့် လှမ်းကြည့်ကြ၏ ။ ကြွေရုပ် မျက်နှာကလေး ထူပူ နီသွားရင်း…
ကြွေရုပ်လည်း သူ့ဆီ ထပ်မကြည့်မိတော့အောင်နေရင်း ဆရာမ စာရှင်းတာကိုပဲ အာရုံစိုက်ထားလိုက်မိသည်။
“ဟိတ်…ကြွေရုပ်”
သူက ဒီတစ်ခါ အသံမြှင့်ပြီး လှမ်းခေါ်လိုက်တာကြောင့် ကြွေရုပ် လန့်သွားပြီး ဆရာမ ဆီ လှမ်းကြည့်မိသည်။
ဒီဆရာမ က နည်းနည်း တင်းကြပ်ပြီး သူ့အချိန်ဆို စကားပြောတာလည်း မကြိုက်ပါ။
အခန်းထဲကို အခြား အပြင်က ဧည့်သည်ရောက်နေလျှင်လည်း သိသည်။
သူလုပ်ပုံကို ကြွေရုပ် စိတ်ရှုပ်ရပေမယ့်လည်း သူ ရောက်လာတာကိုတော့ တိတ်တဆိတ် ကျေနပ်မိသည်။
ကြွေရုပ် စဉ်းစားမနေတော့ဘဲ စာအုပ်တွေ ကို သိမ်းကာ ဆရာမ ရဲ့ အရိပ်အကဲကို ကြည့်ပြီး ခပ်မြန်မြန် လစ်ထွက်လာခဲ့သည်။
“ဘယ်လို ဖြစ်နေတာလဲ”
အခန်းဘေးမှာ ရပ်နေသော သူ့ကို မျက်စောင်းထိုးရင်း မကျေမနပ် မေးလိုက်မိပါသည်။
“မင်းဆီကို တကူးတက လာရတာ ကို ဘာ ဖြစ်လို့ မသိချင်ယောင်ဆောင်နေရတာ လဲ”
“ရှင်နဲ့ ကြွေရုပ် ဘယ်တုန်းက သိလို့လာရတာ လဲ”
ကြွေရုပ်မေးတာကို သူက မဖြေဘဲ ပြုံးနေပါသည်။
အနီးကပ် မြင်ရသော သူ့ရဲ့ ပါးချိုင့်လေးကို ကြွေရုပ်ရင်ခုန်နေမိပါသည်။
“ဘာလာလုပ်တာလဲ…ကြွေရုပ်ကျောင်းကို၊ အိမ်မှာ လာနှောင့်ယှက်တာ အားမရလို့ ကျောင်းအထိ လာနှောင့်ယှက်တာ ပေါ့လေ”
“ဟာ…နှောင့်ယှက်တာ မဟုတ်ပါဘူး ကြွေရုပ်ရာ…နှောင့်ယှက်တယ် ထင်နေလို့လား၊ ကိုယ်က တွေ့ ချင်လို့ပါ၊ နောက်ပြီး ကျွန်တော် ပေးတဲ့စာ ရရဲ့ လား လာမေးတာ၊ အဲဒီ နေ့က စာတွေ့ တယ် မှတ်လားဟင်”
သူ့အကြောင်းပြချက်ကို ကြွေရုပ် သဘောကျစွာ ရယ်လိုက်မိသည်။
“ဘာရယ်တာလဲကွာ… စာဖတ်ရတယ်မှတ်လား”
“အင်း…ဘာလို့ သူငယ်ချင်းတွေ ရှေ့မှာ လာပေးရတာ လဲ၊ လျှင်လိုက်တာနော်…ဘယ်အချိန်က ရေး လိုက်မှန်း မသိဘူး၊ အဲဒါမျိုးတွေ လုပ်နေကျ ထင်တယ်”
ကြွေရုပ် အခွင့်အရေး ရတုန်း သူ့ကို နှိပ်ကွပ်လိုက်သည်။
သူ့မျက်နှာ ရှုံ့မဲ့သွားရပြီး…
“ဟာ…တစ်ခါမှ မလုပ်ဖူးပါဘူး ကြွေရုပ်ရဲ့ ၊ ကြည့်ရတာ ကျွန်တော့် အကြောင်း မကောင်းတာတွေ ဘဲ ကြားထားပြီထင်တယ်၊ မယုံပါနဲ့ ကြွေရုပ်ရာ၊ လူတွေ က မကောင်းတာဘဲ ပြောချင်နေကြတာ”
သူ ပြောတော့လည်း ဟုတ်နေသလိုပါပဲ…
သူ့မှာ လည်း ကောင်းတဲ့အမူအကျင့်တွေ ရှိနေမှပါ။
“ကြွေရုပ်”
“ရှင်”
“ကျွန်တော် ကျောင်းထိလာရတာ အအေးလိုက်မတိုက်ချင်ဘူးလား”
သူ့စကားကို ကြွရုပ် လက်ခံပြီး နှစ် ယောက် သားကန်တင်းရှိရာ လျှောက်လာခဲ့ကြသည်။
ကြွေရုပ်တို့ ကန်တင်းထဲရောက်သွားတော့ သူကပဲ သွက်လက်စွာ အအေးနှစ် ခွက် မှာ ပေးသည်။
“ကြွေရုပ်…စဉ်စားပြီးပြီးလားဟင်”
သူက ကြွေရုပ်မျက်နှာကို မျှော်လင့်တကြီး စေ့စေ့ကြည့်ကာ မေးလာတော့ ကြွေရုပ်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်ရသည်။
“အံမယ်… ချက်ချင်း ကြီး အဖြေပြန်မပေးနိုင်ပါဘူး”
“ဒါဆို…ကျွန်တော့် ကို ခင်တယ်မှတ်လား”
သူမေးတာ ကြွေရုပ် ပြန်မဖြေမိဘဲ အအေးကိုသာ ကုန်အောင် သောက်နေမိသည်။
“ရှင် သီချင်းသံတွေ ဆူညံဆူညံနဲ့ အိမ်ရှေ့ လာလာနေတာ ဖေဖေ့တို့ ရိပ်မိကုန်တော့မယ်”
သတိပေးစကားကို ဦးစွာ ဆိုမိ၏ ။
“ကျွန်မဖေဖေက အရမ်းဒေါသကြီးတယ်နော်၊ ရှင်တစ်နေ့နေ့ ဖေဖေ့လက်သီးစာ မိလိမ့်မယ်”
“ကြွေရုပ်က ကျွန်တော့ကို စိတ်ပူတယ်ပေါ့”
“အံမယ်…ဘာလို့ စိတ်ပူရမှာ လဲ၊ ကြွေရုပ်က ပြဿနာ ဖြစ်မှစိုးလို့ သတိပေးရတာ ”
“ကြွေရုပ်…ကျောင်းမှာ သူငယ်ချင်း သိပ်မရှိဘူးထင်တယ်”
“ဟုတ်တယ်…ကြွေရုပ်သူငယ်ချင်းတွေ က မေဂျာ မတူတော့ ကျောင်းမှာ သိပ်မတွဲ ဖြစ်ဘူး ”
“ဟုတ်လား…ဒါဆို ကျွန်တော် နောက်နေ့တွေ လည်း လာခဲ့မယ်လေ”
ကြွေရုပ်က မျက်လုံးလေးဝိုင်းကာ ပြန်မေးမိသည်။
“ဩော်…ကျွန်တော် က ကြွေရုပ်ကို ပရိုပို့စ်လုပ်ထားတာလေ၊ အဲဒီ တော့ ကြွေရုပ်က ကျွန်တော့် ကို အဖြေမပေးခင် လေ့လာပေါ့၊ လောလောဆယ်တော့ ရင်းနှီးတဲ့ မိတ်ဆွေလို နေကြမယ်လေ၊ ပြီးတော့မှ ချစ်သူတွေ ဖြစ်ကြတာပေါ့”
“လူလည်”
ကြွေရုပ် မျက်စောင်းလေးထိုးကာ ပြောလိုက်တော့ သူက ခပ်စူးစူး စိုက်ကြည့်သည်။
“အတန်းတက်ရဦးမှာ …ပြန်တော့မယ်”
ကြွေရုပ်က သူ့ကို မစောက်တော့ဘဲ ထထွက်လာခဲ့သည်။
သူက ကြွေရုပ်နောက်မှ ခပ်မြန်မြန် လိုက်လာရင်း…
“ကျွန်တော် ညကျရင် အိမ်ရှေ့ကို လာခဲ့မယ်နော်”
ကြွေရုပ်ကို ခွင့်တောင်းသလို ပြောသည်။
“မသိဘူးလေ”
“ဟာကွာ…ကြွေကလည်း ဒါဆို ကျွန်တော် လာခဲ့မယ်နော်”
သူက ကြွေရုပ်တို့ အဆောင်ရှေ့ထိ လိုက်ပို့ပြီးမှ နှုတ်ဆက်ကာ ပြန်သွားသည်။ သူ ပြန်သွားတော့မှ ကြွေရုပ် တစ်ယောက် တည်း ပျင်းခြောက်ခြောက် ကျန်ခဲ့ရသည်။
သူ အနားမှာ ရှိနေတော့ ကြွေ့ရင်ထဲ လှုပ်ခတ်ပျော်ရွှင်မိတာ အမှန်ပါပဲ။ ခါတိုင်း သူငယ်ချင်းလည်း သိပ်မရှိတာကြောင့် ကြွေ့ရဲ့ ကျောင်းတက်ရက်တွေ က ခြောက်သွေ့ကာ ပျင်းစရာကောင်းလှပါသည်။
ဒီနေ့တော့ မမျှော်လင့်ဘဲ ရောက်လာတဲ့သူကြောင့် ထူးခြားတဲ့ ပျော်ရွှင်မှု ကို ခံစားရသည်။
ဒါပေမယ့် ကြွေရုပ် သူ့ကို သိပ်တော့ မယုံရဲသေးပါ။
![]() ရွှေညီမလေး | ![]() အပြာရောင်မိုးစက်များနှင့် ကျွန်တော် | ![]() ကိုယ့်မေတ္တာကို တန်ဖိုးထားပါ |