Cover

အပြာရောင် မိုးစက်များ နဲ့
ကျွန်တော်



ယသော်ရည်နိုင်က ရေနွေးပူပူတစ်ခွက်ကို ခွက်ထဲ ငှဲ့ထည့်ပြီး စာအုပ်ပေါ် အာရုံပြန်ရောက်သွား၏ ။

စိတ်မရှည်ချင်စွာ ကောင်းလိုက်တာ။

ဘယ်နှစ် ခေါက်ပဲ ဖတ်ဖတ်

ဘယ်နှစ် ခေါက်ပဲ ကြော့ကြော့

လက်က ချမရေး လျှင် ခေါင်းထဲ မဝင်။

ဘာကြောင့် မှန်းမသိ။

ချရေး ပြီး ကျက်လျှင် ခုဆိုခု ချက်ချင်း မှတ်မိသွားရော၊ မေ့လည်း မမေ့။

ချမရေး ဘဲ ကျက်ထားတာက အခု အလွတ်ရလည်း မနက်ဖြန် သဘက်ခါ ပြန်မေ့ရော။

မခက်ဘူးလား။

တစ်ချိန်လုံး ချရေး ပြီး ကျက်ရတော့ လက်လည်းညောင်း၊ အာလည်းညောင်း မျက်စိလည်းညောင်း သုံးညောင်း။

တခြား သူငယ်ချင်းတွေ က နှစ် ညောင်းပဲ ညောင်းတာ၊ လက်မညောင်း။

‘ထူးဆန်းအောင်’ ဆို ကြည့်ပါလား။

‘ဖတ်…ဖတ်…ငါဘေးကနေ နားထောင်မယ်’

ဆိုပြီး နားတစ်ခုတည်းနှင့် စာတစ်ပုဒ်အလွတ်ရသွားတာ မျက်စိမှိတ်ပြီး ပါးစပ်လည်း မညောင်း။

‘ယသော်ရယ်၊ နင် ဇက်လည်းညောင်း၊ လက်လည်းညောင်း၊ ပြီးတော့ စာရွက်တွေ လည်း ကုန်တယ်’

သူငယ်ချင်းတွေ က အဲဒီ လို ပြောကြသည်။

စားမေးပွဲဖြေဖို့ စာကျက်တော့မည် ဆိုတာနှင့် …

ပထမဦးဆုံး ဘယ်နှစ် ပုဒ် ကျက်မလဲ ရွေးသည်။

နံကြားထောက်ပြီး မျက်စိမှိတ်ပြီး ရွေးတာ မဟုတ်ပါ။

ပြဋ္ဌာန်းစာအုပ်ကို သေချာလေ့လာပြီး ရွေးတာ မဟုတ်ပါ။

ယသော် ရွေးပုံက မပါစရာမရှိ မတိုးစရာမရှိ မအောင်စရာမရှိ။

ဥပမာဆိုပါတော့…

သည်ဘာသာရပ်၏ ပြဋ္ဌာန်းစာအုပ်မှာ အခန်းကြီးလေးခန်း အပိုင်းလေးပိုင်းပါသည်။

လေးပိုင်းစလုံးတော့ ကိုယ် ဘယ်လို ကျက်မှတ်မလဲ။

ပြီးတော့ ကိုယ်က အောင်မှတ်ရဖို့ ကျက်တာ။

အမှတ်ပြည့် လိုချင်တာ ဂုဏ်ထူးထွက်ချင်တာ မဟုတ်။

အောင်ရင် တော် ပြီ၊ ပြန်မဖြေလျှင် ပြီးရော။

အဲဒီ တော့ လေးပိုင်းမှာ နှစ် ပိုင်းဖယ် နှစ် ပိုင်းကျက်။

ကျက်သည့်နှစ် ပိုင်းကိုတော့ တစ်ပုဒ်မှမချန်။

အကုန် ကျက်ပစ်တာ ချန်လည်း မချန်ရဲ။

ကျက်ထားသည့် နှစ် ပိုင်းထဲက ခြောက်ပုဒ် မေးလျှင် သုံးပုဒ်ပါစမြဲ၊ သုံးပုဒ်ဖြေနိုင်လျှင် လွတ်လွတ်ကျွတ်ကျွတ်အောင်ပါပြီ။

ထူးဆန်းအောင် ကတော့ အဲဒီ လိုမဟုတ်။

တစ်ပိုင်းစီက တစ်ပုဒ်နှစ် ပုဒ်ဆီ ရွေးကျက်သည်။

ယသော် အဲဒီ လိုတော့ သတ္တိမရှိ။

ရွေးကျက်တာ မပါလျှင် ဘယ်နှယ့်လုပ်ပါ့မလဲ။

စာမေးပွဲကျလျှင် ရှက်စရာ။

မိန်းကလေးဆိုတော့ ပိုရှက်သည်။

ယောက်ျးလေးတွေ လို ဟီးဟီးဟဲဟဲနှင့် ပြန်တက်လို့ရတာ မဟုတ်။

သူတို့က ရှက်လည်းမရှက်တတ်၊ အရှက်ကို မရှိတာ။

ကျကျ အောင်အောင် နိုင်နိုင်ရှုံးရှုံး ခပ်ပြုံးပြုံး အရည်ထူပြီးသား။

မိန်းကလေးတွေ နှင့် ကွာ၏ ။

‘ဟာ…အေးအေးဆေးဆေး စားစမ်းပါဟာ၊ စာအုပ်ကြီးထားလိုက်စမ်းပါ’

ထူးဆန်းအောင်က ယသော် ဖတ်နေသော စာအုပ်ဆွဲလုကာ အော်လိုက်၏ ။

‘ပေးစမ်းပါ၊ ငါ ဖတ်နေတာ၊ နင့်ကို ဘာထိခိုက်လို့လဲ၊ ပေး…ပေး’

‘အကြော်စားဦး’

‘အေးပါ စားမယ် စာအုပ်ပေး’

ထူးဆန်းအောင် မှု န်တေတေကြည့်ပြီး ပြန်ပေး၏ ။

‘ရေး ပြီး ကျက်မှ ခေါင်းထဲ ဝင်တယ်ဆို’

‘ဟုတ်တယ်’

စိတ်မရှည်သံနှင့် ဖြေ၏ ။

‘အလကား မျက်စိညောင်းခံပြီး ဖတ်နေတယ်၊ နောက်မှ ကျက်လည်း ရတာ ပဲ’

ယသော်ရည်နိုင် ဖတ်နေတာကို သူ တော် တော် ကြည့်မရ။

နည်းနည်း ပိုလွန်းတယ်ဆိုသော အကြည့်။

ယသော် ကတော့ ဂရုမစိုက်။

‘နင် စာတွေ ပဲ စွတ်ကြည့်နေမှာ စိုးလို့ ငါ ခေါ်လာတာဟ’

‘အေးလေ…ဒီအပင်အောက်မှာ လေကောင်း လေသန့်လည်း ရတယ်၊ ခေါင်းထဲ ကြည်သွားတာပဲ၊ ကျေးဇူးတင်ပါတယ်’

‘ခဏတဖြုတ် စာအုပ်ဘေးဖယ်ထားစမ်းပါဟာ၊ ဆေးကျောင်းသူလည်း မဟုတ်ဘူး’

သူက မခံချင်အောင် သိပ်ပြောတတ်သည်။

‘နင် ဘာသိလို့လဲ၊ ငါ စာကြည့်ချိန်နှစ် ပတ်ပဲ ယူခဲ့တာနော်၊ အသေအလဲ ကျက်မှ အကုန်ပြတ်မှာ ၊ စာမေးပွဲကျရင် ရှက်စရာကြီး ’

‘မကျပါဘူးဟာ’

ထူးဆန်းအောင် ကတော့ ခပ်အေးအေးပါပဲ။

အတူတူ တစ်ချိန်တည်း ဖြေကြရမယ့်ဟာကို သူက သွေးအေးလွန်းပါသည်။

တစ်စက်ကလေးမှ စိတ်မပူ။ ယသော်သာ ပျာယာခတ် နေတာ။

‘ဟာ…ဒီတစ်ပုဒ် မမေးပါဘူး၊ ဘယ်သူမှ မပြောဘူး၊ စိတ်ချ လုံးဝ မပါဘူး၊ အဲဒီ တစ်ပုဒ် ချန်ထားခဲ့လိုက်၊ ရတယ်၊ ရှည်လည်းရှည်တယ်၊ ရှုပ်လည်းရှုပ်တယ်၊ ဆရာမ တွေ လည်း လုံးဝမပြောဘူး၊ အပင်ပန်းခံပြီး ကျက်မနေနဲ့’

စာအုပ်ဆွဲလုကာ ဘာကျက်နေသလဲကြည့်ပြီး ဆို၏ ။

‘ငါ ဒီအပိုင်းထဲက အကုန်ကျက်မှာ အားလုံး ငါးပုဒ်ရှိတယ်။ တစ်ပုဒ်ပါပါ နှစ် ပုဒ်ပါပါ၊ ပါမှပဲ။ တစ်ပုဒ်ထဲ ပါပြီးတော့ ဒီတစ်ပုဒ် ဖြစ်နေရင် ငါ ဘယ်လိုလုပ်မလဲ။ မကျက်ဘဲ ထားခဲ့လို့ လုံးဝ မရဘူး’

‘ကြောက်ရင်လည်း ကျက်ပေါ့ဟာ၊ ငါ အားလုံးပေါင်းမှ လေးပုဒ်ပဲ ကျက်မှာ ၊ နင်က တစ်ပိုင်းထဲမှာ ငါးပုဒ် ဟို တစ်ပိုင်းက ဘယ်နှစ် ပုဒ်လဲ’

‘လေးပိုဒ်ရှိတယ်’

‘ကိုးပိုဒ်တောင် သေပါတော့ များ လိုက်တာ’

‘ငါ နင့်လို နံကြားထောက်ပြီး မရွေးရဲဘူးဟ’

‘ဟာ…ဘယ်က နံကြားထောက်ပြီး မရွေးရဲမှာ လဲ၊ အပိုင်ရွေးထားတာ၊ အရမ်းဟော့ ဖြစ်တာတွေ ချည်းပဲ၊ ကျူရှင်တွေ ဝိုင်းတွေ အားလုံး ချဉ်းကပ်နားထောင်ပြီးမှ အပိုင်ရွေးထားတာ၊လေးပုဒ်စလုံး ပါလိမ့်မယ်၊ စောင့်ကြည့်၊ လေးပိုဒ်မပါရင် သုံးပုဒ်၊ သုံပုဒ်မါရင်လည်း နှစ် ပုဒ်၊ နှစ် ပုဒ်ဆို အောင်နေပြီပဲ’

သူ့တွက်နည်းနှင့် သူက ဟုတ်နေသည်။

‘ယသော်…စာမေးပွဲက ကပ်နေပြီ၊ အများ ကြီး လျှောက်ကျက်နေရင် နင်ပြီးမှာ မဟုတ်ဘူး’

‘ဟယ်…အရေး ထဲမှာ ငါ့ကို ခြောက်နေပြန်ပြီ။ ငါစိတ်ပူပြီး ကျက်မရ ဖြစ်ဦးမယ်၊ တိတ်တိတ်နေပါ’

ထူးဆန်းအောင်က ရယ်သည်။

ယသော်ရည်နိုင် စာကျက်ရင်း အလွတ်ရေး ထားသော စာအုပ်ကလေးကို ထူးဆန်းအောင်က ကောက်ယူကြည့်၏ ။

စာမေးပွဲနီးလျှင် အလွတ်ကျက်ပြီး ရေး ထားသော စာအုပ်ကလေးတွေ ပဲ ယသော် ဖတ်တော့သည်။

အလွတ်ရေး ထားတာမို့ မေ့ကျန်ရစ်ခဲ့တာလေးတွေ ကို မြှားလေးပြပြီး မှင်နီနှင့် ပြန်ဖြည့်ထားသည်။

‘ဖေကြီးက ဘွဲ့တစ်ခု ရစေချင်တယ်ဆိုလို့သာ ငါက ကြိုးစားနေတာ၊ ငါက ဘွဲ့ရပြီး အလုပ်ဝင်မှာ လည်း မဟုတ်ဘူး။ အလုပ်က ရှိပြီးသား’

‘သိပါတယ်၊ ဓာတ်ပုံဆရာမ ကြီးရယ်’

ထူးဆန်းအောင် ရိသည်။

ယသော်ရည်နိုင်က သူ့ဖေဖေ ဖွင့်ထားသော Digital Photo Studio ဓာတ်ပုံဆိုင်မှာ ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်သူပါ။

စာမေးပွဲနီးမှ စာအုပ်ကောက်ရှာတတ်သူ။

‘ငါက Photogropher တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူတယ် သိလား၊ အရမ်းအောင်မြင်အောင် ငါကြိုးစားမယ်’

‘ငယ်ငယ်ကတည်းက နင်ကင်မရာတစ်လုံးနဲ့ လျှောက်ရိုက်နေတာ ငါသိပြီးသားပါ’

ထူးဆန်းအောင်က အကြောင်းသိပါ။

ဟိုကတည်းက သူငယ်ချင်း။

‘ဒီနှစ် နင့်မွေးနေ့မှာ လည်း ငါရိုက်ပေးမယ်’

‘အေးပါ…ပြောတာလဲ’

‘အမယ်…နှစ် စဉ်နှစ် တိုင်း မရိုက်ပေးလို့လား’

‘ပြီးခဲ့တဲ့နှစ် ကရော’

‘အဲဒါ ငါ ဖေကြီးနဲ့ ချောင်းသာလိုက်သွားတုန်းမို့လို့ ဒါပဲ မကျေမနပ် ဖြစ်နေတယ်’

ကျက်လက်စ စာအုပ်ကို ဘေးချထားပြီး သူနှင့် စကားပြောနေပြီမို့ ထူးဆန်းအောင်က သဘောကျစွာ ဂျင်းပင်န်နက်ပြာကလေးကို ခါးပတ်ပန်းရောင် ကလေးပတ်ပြီး ဝတ်ထားတော့ ယသော်က ခေတ်မီသော Photogropher (ဓာတ်ပုံဆရာမ လေး) တစ်ယောက် လိုပါ။

တီရှပ်ပန်းရောင် ကလေးက ခါးနှင့် တိတိ။

သည့်ထက်ရှည်လျှင် ခါးပတ်ကလေးကို အုပ် သွားပြီးမြင်ရမှာ မဟုတ်။

‘တော် ပြ်ီ။ နင်နဲ့ စကားမပြောတော့ဘူး၊ ငါ စာဆက်ဖတ်ဦးမယ်’

ဟု ယသော်က ဆို၏ ။

‘နင် လျှောက်ငေးနေပေါ့၊ ဖြတ်သွားဖြတ်လာကောင်မလေးတွေ ဒီလောက်များ တာ’

‘အေးပါ ပြောမရလည်း ဖတ်’

ထူးဆန်အောင်က ဘူးသီးကြော်ကို အချဉ်ရည်နှင့် တို့ကာ စားပြီး ဟိုဟိုဒီဒီ ငေးနေ၏ ။

ယသော်ရည်နိုင်က စာကျက်ရင်း ထူးဆန်းအောင်ကို ခိုးကြည့်သည်။

နှုတ်ခမ်းမွေးပါးသိုင်းမွှေးနှင့် ဆံပင်လည်း ရှည်နေပါပြီ။

ရဲရဲစို နှုတ်ခမ်းတစ်စုံနှင့် ယသော် သူငယ်ချင်းက လူချော။

အရပ်ကလည်း အမြင့်ကြီးပါပဲ။

ထူးဆန်းအောင် ကြည့်နေသော နေရာစီ လိုက်ကြည့်တော့ စကဒ်နောက်ကွဲကလေးနှင့် ကောင်မလေး တစ်ယောက် ခြေလှမ်းတိုင်း ခြေသလုံးဝင်းဝင်းကလေးတွေ ပေါ်သည်။

ပုလဲသီးပါသော ကြိုးနီရဲရဲ ဖုချိန်းကလေးပါ ဝတ်ထားတော့ လျှို့ဝှက်သော အလှက မျက်စိမလွှဲချင်စရာပါပဲ

‘ဟဲ့’

‘ဟင်’

ယသော်ရည်နိုင် အော်လိုက်တော့ ထူးဆန်းအောင်လန့်သွား၏ ။ ယသော်က မျက်စောင်းရွယ်သည်။

‘နင် ဘာကြည့်နေတာလဲ’

‘မကြည့်ပါဘူး’

‘အမယ်လေး မြင်ပါတယ်ဟယ်’

‘ဘာကြည့်လို့လဲ’

‘ဟိုစကဒ်အဝါကလေးနဲ့ ကောင်မလေးကို ငမ်းနေတာမဟုတ်လား၊ မျက်စိကျွတ်ကျတော့မယ်’

ထူးဆန်ေးအာင်က တစ်ချက်ရယ်ပြီး ခေါင်းခါ၏ ။

‘ကြည့်ချင်စရာ ဖြစ်နေလို့ ကြည့်မိတာပါဟာ’

‘ရဲရဲ ဝန်ခံစမ်းပါ’

‘နင်က ဘယ်ပုဒ်မနဲ့ စွဲချက်တင်မလို့လဲ’

မကျေမနပ် ပြန်မေးလာ၏ ။

‘နင်တို့ ယောက်ျားလေးတွေ က တော် တော် အကြည့်သန်တယ်၊ မိန်းကလေးမြင်ရင် ငမ်းဖို့ပဲ’

‘ငါတို့သာ မငမ်းတော့ရင် နင်တို့ အပျိုကြီးတွေ ဖြစ်ကုန်မှာ ပေါ့ဟ၊ နင်က သဘာဝ ကို လက်မခံဘဲ ငါ့ကို အပြစ်မြင်နေတယ်၊ ကောင်မလေးတွေ ကို ကောင်လေးတွေ ကြည့်ကြတာ သဘာဝ ပဲ။ မိုးတွင်း မိုးရွာသလိုမျိုး’

‘လိပ်ကလေး ကိုယ့်ဖက်ကိုယ်ယက်တယ်’

‘အေးလေ ကြည့်ချင်လို့ ကြည့်မိတာပဲဟာ’

‘မျက်နှာလေးပဲ ကြည့်ပေါ့’

‘ဟ…ဘာဆိုင်လဲ’

ထူးဆန်းအောင်က မျက်နှာကြီးတည်ပြီး စိတ်တိုသွားပြီးတော့မှ အော်ရယ်သည်။

‘နင် တော် တော် ရယ်ရပါလား။

ဘယ်နေကြည့်ကြည့် ပဲ့ပါသွားတာမှ မဟုတ်ဘဲ’

‘နင်အရင်လို မဟုတ်တော့ဘူး’

ယသော်က နှာခေါင်းလေး ရှုံ့ကာ ရေရွတ်၏ ။

‘မရိုးတော့ဘူး’

‘ယသော်ရာ…နင့် နောက်ဖက်က အစိမ်းလေးကို လှည့်ကြည့်လိုက်ပါဦး၊ နင်က ကျောပေးထားလို့ မမြင်တာ၊ ငါက တစ်ချိန်လုံး မြင်နေရတယ်’

ထူးဆန်းအောင် စကားကြောင့် ယသော်က နောက်ဖက်ကို မသိမသာ လှည့်ကြည့်လိုက်၏ ။

ဟုတ်ပါရဲ့ ။

တကယ့်ကို ကြည့်ချင်စရာလေး။

ဆံပင်ညိုညိုအစင်းကလေးကို ဂုတ်ပိုးဝင်းဝင်းကလေးမှာ ကြိုးချည်ထားသည်။

မွှေးညင်းစိမ်းများ ယှက်ဖြာနေသော ဂုတ်သား ဝင်းဝင်းကလေးနှင့် ကျောပြင်စပ်လေးမှာ ပါ ရွှေမှု န်ငွေမှု န်လေးတွေ တလက်လက် ကပ်ထားပြီး ဂုတ်ပိုးဝင်းဝင်းကလေး၏ ကြိုးစိမ်းစိမ်းကလေး၏ အောက်မှာ လိပ်ပြာနီရဲရဲကလေးကို ကပ်ထား၏ ။

လိပ်ပြာအနီရဲကလေးက လိပ်ပြာအစစ်ကလေးတစ်ကောင် လာနားနေသလိုပါ။ သိပ်လှသည်။

‘လှလိုက်တာ’

ယသော်က တိုးတိုးကလေးလေး ရေရွက်၏ ။

‘ကဲ…အဲဒါကြည့်ဖို့ပဲ မဟုတ်လား’

ထူးဆန်းအောင်က မေး၏ ။

‘ငါ ဓာတ်ပုံတောင် ရိုက်ချင်လာတယ်’

ယသော်က အိုက်ဒီယာ (စိတ်ကူး) ရသလိုဆို၏ ။

‘နောက်က ကြည့်ရင် ကြွေသွားနိုင်တယ်၊မျက်နှာ ကတော့ လှမလှ မသိဘူး’

ယသော်က အစိမ်းကလေးကို ကြည့်ကာ ပြုံးနေ၏ ။

‘ကြည့်တာပဲ အပြစ် ဖြစ်ရဦးမယ်ဟာ’

ထူးဆန်းအောင်နှင့် ငြင်းခုံမနေဘဲ ယသော်…

‘မျက်နှာကလေးကို ဘေးတိုက်တစ်ခြမ်းကလေးနဲ့ဆို တော် တော် အသက်ဝင်မယ်’

ဟု ဓာတ်ပုံရိုက်ဖို့ပဲ စိတ်ကူးနေ၏ ။ သူက ဓာတ်ပုံဆရာမ လေးကိုး။

‘ငါ့မှာ ကင်မရာပါတယ်’

‘ ဟာ…အသာနေစမ်းပါ၊ အပိုတွေ မလုပ်စမ်းပါနဲ့ ၊စာမေးပွဲ ဒီလောက်ကပ်နေတာ စာပဲကျက်’

ထူးဆန်းအောင်က တားမြစ်လိုက်၏ ။

‘ဒီတစ်ခါ စာမေးပွဲပြီးရင် နင်စိတ်ကြိုက်လုပ်လို့ ရပြီ။ ငါတို့ ဘွဲ့ရတော့မယ်’

‘ဟုတ်တာပေါ့’

‘နင် မငယ်တော့ဘူး ယသော်’

‘အမယ်…နင်ရော ငယ်လို့လား’

‘ငါက ယောက်ျားလေးဟ’

‘ဘာမှမဆိုင်ဘူး’

‘ဆိုင်တာပေါ့၊ နင် စကားပုံတစ်ခု မကြားဖူးဘူးလား’

‘ဘာစကားပုံလဲ’

ယသော်ရည်နိုင်က စိတ်ဝင်တစားမေး၏ ။

‘သမီးကညာ အခါမလင့်စေနဲ့ တဲ့’

‘အဟင်း…ဟင်း ရယ်ရတယ်’

‘တကယ်ပြောတာဟ၊ နောက်ထပ် စကားပုံတစ်ခုရှိသေးတယ်’

‘ပြောပါဦး’

‘ဝမ်းနဲ့မလွယ်၊ သားမမယ် တဲ့’

‘အဲဒီ တော့ ’

‘နင်က အပျိုကြီး လုပ်မှာ လား’

ထူးဆန်းအောင် မေးတာကို ယသော်က တခစ်ခစ် ရယ်နေမိကာ…

‘နင်က ငါ အပျိုကြီး ဖြစ်သွားမှာ စိတ်ပူနေတာလား’

ဟု ပြန်မေး၏ ။

‘အေးလေဟာ၊ ခုထက်ထိ နင့်မှာ ရည်စားမှ မရှိသေးတာဟ’

‘နေပါဦး၊ နင့်မှာ ရော ရှိလို့လား’

‘ငါက ရှိချင်ရင် လွယ်တယ်’

‘ကြွားလိုက်တာ’

ယသော်က စာအုပ်ကလေး လက်ထဲကိုင်ထားပြီး ထူးဆန်းအောင်ကို ကြည့်နေ၏ ။

‘အခွင့်အရေး ချင်း မတူဘူးလေဟာ’

သူက ဆရာကြီးလုပ်ပြီး ရှင်းပြသည်။

‘ငါက ယောက်ျားလေးဆိုတော့ ဘယ်ကောင်မလေးတွေ့ တွေ့  ချဉ်းကပ်ကြိုးစားခွင့်ရှိတယ်’

သဘာဝ တရားက ပေးသော အခွင့်အရေး ကိုများ သူက ဂုဏ်ယူနေသေးသည်။

‘နင့်မှာ အဲဒီ လို အခွင့်အရေး မရှိဘူး။ တစ်ယောက် ယောက် ကို စိတ်ဝင်စားပါပြီးတဲ့။ ဖွင့်ပြောလို့မရ ၊ ချဉ်းကပ်ကြိုးစားလို့ မသင့်တော် ။ တော် တော် ဂွကျတယ်ဟ’

‘အဲဒါ ဘာ ဖြစ်လဲ’

‘ပြီးတော့ နင်က ရိုးရိုးသားသားကြီး။ ‘အ’ လည်းအတယ်၊ ခုထက်ထိ ဘာဘာညာညာ အီစီကလီလေးတောင် မရှိသေးဘူး’

‘အမယ်လေးနော်၊ တော် ရုံလည်း ရှုံ့ချစမ်းပါနော်၊ နင်သူငယ်ချင်းပါနော်၊ နင်ပြောပုံက ငါ့ကို ကြိုက်မဲ့သူ မရှိတာ နဲ့ ငါက ထိုင်ငိုဝမ်းနည်းနေရတော့မှာ လား၊ မဟုတ်သေးပါဘူး၊ ငါ အလုပ်ကလေးနဲ့ ငါ အေးအေးချမ်းချမ်း နေသွားမယ်’

‘နင် မကြားဖူးဘူးလား’

‘ဘာကိုလဲ’

‘အပျိုကြီး ရောဂါ တွေ အကြောင်း’

‘လာလုပ်မနေနဲ့၊ နင် ငါ့ကို ကြည့်မရလို့ လျှောက်စနေတာ မဟုတ်လား။ တော် ပြီ ငါ စာကျက်တော့မယ်၊၊ စာမေးပွဲကပ်နေပါတယ်ဆိုမှ ဘာတွေ ပြောနေမှန်း မသိဘူး တကယ်ပဲ’

ထူးဆန်းအောင်က တဟားဟား အော်ရယ်သည်။

‘အိမ်ပြန်ရောက်ရင် စာကျက်ဦး၊ ငါပြောတာတွေ ပဲ လျှောက်စဉ်းစားမနေနဲ့ သိလား’

‘မစဉ်းစားပါဘူး’

ယသော်ရည်နိုင်က မျက်စောင်းရွယ်သည်။

‘အချိန်ရှိပါသေးတယ်’

‘ငါ့အတွက် ပူမနေနဲ့၊ နင့်အတွက် နင်စဉ်းစား၊ နင်သာ ကောင်မလေးမြင်တိုင်းငမ်းပြီး မိန်းမမရ ဖြစ်နေဦးမယ် သိရဲ့ လား’

‘ဟား ဟား ဟား ထူးဆန်းအောင်အတွက် ဒီလောက်မရှားပါဘူး၊ ငါက ရွေးနေတာပါ’

‘ကြီးကြီးကျယ်ကျယ်’

‘အဟုတ်ပြောတာဟ၊ ငါက အခုတလော နာမည် ကြီးလာတဲ့ မော်ဒယ်မင်းသမီး ရွှေချောမဒီ လို ပုံစံလေးမှ သဘောကျတာ ၊ဆံပင်လေးက ရှည်ရှည်ဝိုင်းဝိုင်းကလေးနဲ့ နှုတ်ခမ်းဝိုင်းဝိုင်းကလေးနဲ့ မျက်ခုံးထူထူကလေးနဲ့’

‘ရွှေချောမဒီမျက်လုံးက မလှပါဘူး၊ မျက်အိမ်အရမ်းကျယ်တယ်၊ နွားမမျက်လုံးမျိုး’

‘ဘယ်က ဟုတ်ရမလဲ၊ မျက်လုံးလေး ဒီလောက်လှတာ၊ ရွှေငါးမျက်လုံးလေး’

‘မလှပါဘူး’

‘တပြည်လုံးက ရွှေချောမဒီ မျက်လုံးလှတာ အသက်ပါတာ လက်ခံပြီးသား၊ နင်က လက်မခံဘူးဆိုတော့ နင် မဟုတ်သေးဘူး၊ လုပ်တဲ့ အလုပ်က (Photogropher)(ဓာတ်ပုံဆရာ) အလှအပကို မမြင်တတ် မကြည့်တတ်ပါလား’

ယသော်က သူ့ကို အမြင်ကပ်လို့ တမင်ရွဲ့ ပြောနေမိတာပါ။

တကယ်တော့ ရွှေချောမဒီရဲ့ မျက်လုံးကလေးသိပ်လှတာကို သဘောကျ လက်ခံပြီးသားပါ။

‘သူက ပျော့ပျောင်းနူးညံ့ပြီး ချစ်စရာကောင်းတယ်၊ အသံကလေးကလည်း ဆွဲဆောင်မှု ရှိတယ်၊ ငါက သူ့လို ကောင်မလေးမျိုးနဲ့မှ ချစ်သူ ဖြစ်ချင်တာ’

ယသော်က နှာခေါင်းလေး ရှုံ့သည်။

လောဘကြီးလိုက်တာ။

တော် ရုံမိန်းကလေးက ရွှေချောမဒီလို လှဖို့ လွယ်တာ မဟုတ်။ တစ်သိန်း တစ်ယောက် တစ်သန်း တစ်ယောက် ရှားပါးအလှမျိုး။

‘ဟိုကလည်း ဝိုင်းဝိုင်းလည်ပါနော်၊ နင့်ကို စိတ်ကူးမှာ မဟုတ်ပါဘူး’

အနိုင်မခံ အရှုံးမပေး ပြောမိ၏ ။

‘ငါကလည်း အရူးထပြီး သူ့ကို မျှော်လင့်နေတာ မဟုတ်ဘူး။ ငါက သူ့လို ပုံစံလေးဆို သဘောကျတယ်လို့သာ ပြောတာပါ’

‘ဟင်း…ဟင်း…ဟင်း’

‘အောင်မာ…နင်က ငါ့ကို လှောင်တာလား’

ယသော်က အဓိပ္ပါယ်ပါပါ ရယ်နေတော့ သူ မခံရပ်နိုင် ဖြစ်ရ၏ ။

မတန်မရာမှန်းသလိုမျိုး ရယ်စရာများ ဖြစ်နေပြီလား။ ယသော်ရယ်သံလေးက အထင်မကြီးသလို မ ဖြစ်နိုင်တာ ပြောနေသလို။

‘ငါကလည်း သူ့ပုံစံကလေးကိုသာ ကြိုက်တာပါ။ သူ့မှာ ရှိတဲ့ အောင်မြင်ကျော်ကြားမှု ကို မကြိုက်ပါဘူးဟာ၊ အောင်မြင်ကျော်ကြားတဲ့ မိန်းမဆိုတာမျိုးက အဲဒီ အောင်မြင်မှု ကို တပ်မက်ပြီးမစွန့်လွှတ်နိုင်ကြဘူး။ သူတို့ဘဝမှာ နံပါတ်တစ်က အောင်မြင်ကျော်ကြားမှု ပဲဟ၊ ချစ်သူက နံပါတ်တစ် မ ဖြစ်နိုင်ဘူး’

ယသော်က ခေါင်းလေးတဆတ်ဆတ်ညိတ်ကာ…

‘မစားရတဲ့အမဲ သဲနဲ့ပက်တဲ့။ ကြံဖန် အပြစ်ရှာပြီပေါ့’

‘ဟာ…နင့်စွဲချက်ကြီးက ပြင်းလှချည်လား’

ထူးဆန်းအောင် အထိနာသွားတာကို ယသော်တခစ်ခစ်ရယ်နေမိ၏ ။ သူ့စကားနှင့် သူ ခံရတာ ။

သူကများ …ရွှေချောမဒီကို စိတ်ဝင်စားနေသတဲ့။

ဟိုက ရွှေမင်းသမီး။ ကောင်မလေးက အသည်းစွဲ။

မာနတံခွန်တလူလူနှင့် ။ တော် ရုံယောက်ျားကို အထင်ကြီးမှာ မဟုတ်။ လက်တွဲ မှာ မဟုတ်။

‘ကဲပါ…နင်နဲ့ စကားရည်လုတမ်း မကစားတော့ဘူး၊ အိမ်ပြန်ပြီး စာကျက်တော့မယ်’

ယသော်ရည်နိုင်က ဆိုလိုက်၏ ။

‘ငါ နင့်ကို ပြန်ပို့မယ်’

‘ဟင်…နင်က ဘယ်လဲ’

‘ငါ မပြန်သေးဘူး၊ သူငယ်ချင်းတွေ နဲ့ ချိန်းထားတယ်ဟ’

‘အိမ်စောစောပြန်ပြီး စာကျက်သင့်တာ’

‘အေးပါ။ ငါ ဘယ်တုန်းကမှ စာမေးပွဲ မကျဖူးသေးပါဘူးဟာ’

ထူးဆန်းအောင်လေသံက သွေးအေးနေ၏ ။ ယုံကြည်မှု က အပြည့်။

* * * * ** * * * *



‘ပေးပါ မေမေရယ်၊ သမီး ဆက်လောင်းပေးပါ့မယ်’

မေမေ့ဆီက သစ်ပင်ပန်းပင်တွေ ရေဖျန်းနေသော ရေပိုက်ကလေးကို ဆွဲယူပြီး ယသော်က ပြောလိုက်၏ ။

‘ရပါတယ် သမီးရယ်၊ စာသွားကျက်လေ၊ စာမေးပွဲရက်တွင်းမှာ စာပဲ ကျက်ပါ’

‘စာတစ်ချိန်လုံး ကြည့်ရတာ ညည်းငွေ့လို့ပါ မေမေ’

မေမေက ကတ်ကြေးတစ်လက်ယူကာ သစ်ပင်ပန်းပင်လေးတွေ ကို ဟိုညှပ်သည်ညှပ်လုပ်နေ၏ ။

သူ့အပင်တွေ ကို မေမေက အရမ်းဂရုစိုက်တတ်သူပါ။

ဖေဖေက သူ့ဓာတ်ပုံတွေ ကို တသသ ဂရုစိုက်သလိုမျိုး။ ယသော်က ဖေဖေနှင့် ဝါသနာတူ။

‘သမီး’

‘ရှင်’

‘စာမေးပွဲပြီးတော့မယ်နော်’

‘ဟုတ်တယ် မေမေ’

‘သမီးမှ ချစ်သူ မရှိသေးဘူးလာ’

‘ဟင်’

ယသော်က အံ့အားသင့်စွာ နှုတ်ခမ်းအစုံ ပွင့်ဟလျက် မေမေ့ကို လှည့်ကြည့်မိ၏ ။

မေမေမေးခွန်းက အလစ်မှာ ဝင်တိုက်ခံရသလို အငိုက်မိစေသည်။

ဘယ်လိုမေးခွန်းပါလိမ့်။

လုံးဝ ထင်မထားသော အခါ အံ့ဩတုန်လှုပ်သွားစေပြီး ရယ်လည်းရယ်ချင်ကာ မအီမလည်နှင့် ချက်ချင်း ပြန်မဖြေနိုင်။

ဟိုတစ်နေ့ကလည်း ထူးဆန်းအောင်က ဒါမျိုးပဲ မေးခဲ့သေးသည်။

ချစ်သူမရှိသေးတာဘဲ မျက်နှာငယ်စရာလား အားငယ်စရာလား။

‘ချစ်သူရှိသင့်ပြီလေသမီးရဲ့ ’

မေမေက အားမလိုအားမရနှင့် တိုက်တွန်း၏ ။

‘မောင်ထူးဆန်းအောင်က ရိုးရိုးသူငယ်ချင်းလားကွယ်၊ အဲဒီ သူငယ်လေးလည်း မဆိုးဘူး’

‘သူငယ်ချင်းပါ မေမေရယ်’

‘ဒါဖြင့် ရည်းစားရော’

ယသော်က စံပယ်ပင်လေးတွေ ကို သဲကြီးမဲကြီး ရေပက်ဖျန်းရင်း မကျေမနပ်နှင့် နှုတ်ခမ်းလေး စူမိ၏ ။

ချက်ချင်း လက်ငင်း ရည်စား တစ်ယောက် ဘယ်က သွားဝယ်ရမလဲ။

‘မေမေ…ရည်စားဘယ်မှာ ရောင်းလဲ၊ ဘယ်စူပါမားကတ်မှာ ဝယ်ရမလဲ မေမေ’

မေမေက ယသော့်စကားကို ရယ်သည်။

‘သမီးရယ်…မေမေက သမီးအပျိုကြီး ဖြစ်သွားမှာ စိုးရိမ်နေတာ သိရဲ့ လား’

‘အပျိုကြီး ဖြစ်တာ ဘာမကောင်းလို့လဲ မေမေ’

‘သမီးကို မေမေ စိတ်မချဘူး ၊ တစ်ယောက် တည်း ရပ်တည်ဖို့ဆိုတာ မလွယ်ဘူး’

‘အဟင်း…မေမေရယ်၊ သမီးက ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်ပါတယ်’

‘ဘယ်လိုပဲ ဖြစ် ဖြစ် သမီး လက်ထပ်ရမှာ ပဲ၊ ဒါမှ မေမေသတို့သမီးအမေ ဖြစ်မှာ ၊ ဒါမှ ဖေဖေ သား တစ်ယောက် ရမှာ ။ ဒါမှ မေမေမြေးရမှာ ဒါမှ မေမေ အဘွား တစ်ယောက် ဖြစ်မှာ ’

‘ဩော်…ဩော်…မေမေရယ်…ဟင်း…ဟင်း’

မေမေ ဖြစ်ချင်တာတွေ သိပ်များ နေပါလား။

ဟိုးအဝေကြီးထိအောင် တွေးထားသည်။

ပြီးတော့ သူ ဖြစ်ချင်တာတွေ ဖြစ်မလာမှာ ပူပန်နေသည်။

ယသော့်အ ဖြစ်ကစိုးရိမ်ပူပန်စရာ ဖြစ်နေပြီလား။

မေမေက သတိပေးလိုက် ၊ ထူးဆန်းအောင်က သတိပေးလိုက် နှင့် …

နှစ် ကြိမ်နှစ် ခါဆိုတော့ ယသော့်အတွေးထဲ ရောက်လာတာ အမှန်။

ယသော့်ဘဝမှာ ချစ်သူမရှိလို့ လစ်ဟာတာမျိုး မရှိ။ အထီးကျန်တာမျိုး မရှိ။

ဖေဖေ မေမေ ပြီးတော့ ထူးဆန်းအောင်။ သူတို့ သုံးဦးကြောင့် ယသော့်ဘဝ ပြီးပြည့်စုံနေသလိုပါ။

‘မေမေ့ဆန္ဒတွေ ဖြည့်ပေးနိုင်ဖို့ သမီးကြိုးစား’

‘အင်းပါ မေမေရယ်’

‘မောင်ထူးဆန်းအောင်လည်း မဆိုးပါဘူး၊ သမီးနဲ့ ငယ်သူငယ်ချင်းတွေ ဆိုတော့ အကြောင်းသိပြီးသား’

မေမေကသာ စိတ်ကူးနှင့် စီစဉ်ပေးနေတာ။

ထူးဆန်းအောင်ကဖြင့် အလှပဂေး တော် ဝင်နှင်းဆီပွင့်ကလေးကိုမှ လောဘစိတ်နှင့် လိုချင်နေတာ။

ဒါတွေ မေမေမှ မသိဘဲ။

မေမေ့သမီးက လှလားမလှလား မသိ။

ဘယ်လိုပဲ ဖြစ် ဖြစ်၊ မော်ဒယ်ကြော်ငြာမင်းသမီး ရွှေချောမဒီနှင်တော့ ယှဉ်နှိုင်းမရတာ အမှန်။

သူ့စိတ်ထဲမှာ ယသော်က သာမာန်သူငယ်ချင်း ကောင်မလေးပါ။

ယသော့်ဘက်ကရော…

ယသော်ကရော ထူးဆန်းအောင်ကို သူငယ်ချင်းထက် ပိုလွန်နေမိသလား။

ရင်နှီးမှု သံယောဇဉ်နှင့် မသိစိတ်က အားကိုးမှု တော့ ရှိနေတာအမှန်။

သို့ ပေမယ့် အဲဒါ အချစ်ဟုတ်မဟုတ် မသေချာ။

သူက ရွှေချောမဒီကို တဖွဖွ ချီးမွမ်း ရင်ခုန်နှစ်သက် နေတာ ကြားသိရတော့ ရင်ထဲ မကျေမနပ် ခိုးလုခုလုနှင့် မနာလို သဝန်တို ဖြစ်မိတာ။

သူ့ကို ဆန့်ကျင်ဘက်တွေ ပြောပြီး စိတ်ထဲမှာ တော့ ကြိတ်ပြီး ရွှေချောမဒီကို မုန်းသွားမိတာ။

သူ သည်လိုတွေ မပြောခင်အထိ ကိုယ်က ရွှေချောမဒီကို သဘောကျခဲ့တာ အမှန်။

အခုတော့ သဘောကျချင်။

အမုန်းတရားနှင့် မနှစ် မြို့စိတ်က ဘယ်က ဘယ်လို ဝင်လာမှန်း မသိပါ။

ထူးဆန်းအောင်ဘက်က အဲဒီ လို စိတ်ဝင်စားနေတာကိုလုံးဝ မကြိုက်။

တကယ်ဆို သူတို့နှစ် ဦး နီးစပ်ပတ်သက်မှု လည်း ရှိတာ မဟုတ်ဘဲနှင့် ကိုယ်က စိတ်အနှောင့်အယှက် ဖြစ်နေမိတာ သက်သက်။

‘ရွှေချောမဒီ ’ က ထူးဆန်းအောင် ဆိုသော ယသော့်သူငယ်ချင်းကို သိပင်မသိ။

ယသော်ကသာ သူ အဲဒီ လို ပြောတာကို စိတ်ထဲစွဲမှတ်ထားပြီး ဒေါသမပြေနိုင် ဒဏ်ရာရနေမိတာ ထူးဆန်းလှပါသည်။

‘မေမေ ပြောတာ ကြားရဲ့ လား သမီး’

‘ရှင်’

‘မောင်ထူးဆန်းအောင်က သမီးကို ဖွင့်ပြောပြီးပြီလားလို့ မေးနေတာ’

‘ဟင့်အင်း’

ယသော်က အထိတ်တလန့် ငြင်းမိ၏ ။

‘သမီးတို့က ရိုးရိုးသူငယ်ချင်းပါ မေမေရဲ့ ’

မေမေ အထင်မလွှဲစေချင်။

ယသော့်ကို မေမေ အထင် ကြီးနေပါပြီ။ ယသော်က အဲဒီ လောက် စွဲဆောင်မှု မရှိ။

ထူးဆန်းအောင်က ယသော့်ကို ရင်ခုန်စွဲမက်ချင်စရာ မိန်းကလေးဟုပင် မထင်။

‘အဲဒီ သူငယ်ချင်းလေးက သမီးဆီ အမြဲ မှန်မှန်လာနေတာပဲ မဟုတ်လား။ ဂရုစိုက်ရှာသားပဲ’

‘ဒါပေမယ့် သမီးတို့က အဖြူရောင် သူငယ်ချင်းတွေ ပါ မေမေရဲ့ ’

မေမေက မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ခေါင်းညိတ်၏ ။ ထူးဆန်းအောင်၏ ဂရုစိုက်မှု က မေမေတို့ အထင်လွဲစရာ ဖြစ်ခဲ့ပြီလား။

* * * * ** * * * *





ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ အပြာရောင်မိုးစက်များနှင့် ကျွန်တော် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဝတ္ထုတစ်ပုဒ်

ရေခဲမုန့် Ice cream