
အခန်း(၁)
တ၀ုန်းဝုန်းရွာနေသော မိုးသံကြောင့် သက္ကက အိပ်ရာပေးက ဆင်းပြီး ပြတင်းပေါက်ဘေး မှာ သွားရပ်ကာ အပြင်ကို ကြည့်နေမိ၏ ။
မနက်စောစော သည်းကြီးမည်းကြီး ရွာနေသော မိုး . . . .
လက်ဖက်ရည်ဆိုင်မှာ ဆုံကြဖို့ ချိန်းထားသော သူငယ်ချင်းကို ဒီမိုးထဲ ထွက်မလာဘူးဆို တာ Hand Phone နှင့် message ပို့လိုက်၏ ။
သူလည်း သက္ကလိုပဲ အိပ်ရာထက်မှာ မိုးအေးအေးနှင့် ကွေးနေဦးမှာ ပါ။
အချိန်အခါမဟုတ် မိုးကြီး . . . .
အေးစိမ့်နေအောင် စိပ်စိပ်ပိန်းပိန်း ရွာလွန်းလိုက်တာ စိတ်ထဲမှာ တစ်မျိုးခံစားရသည်။
ငယ်ငယ်တုန်းက ကလေးဘ၀ကိုပဲ သတိရသလိုလို ဘာလိုလို တမ်းတတ ဆွေးတေးတေး ခံစားမှု မျိုး. . . .
မျက်နှာသစ်ပြီး ကော်ဖီမစ်တစ်ခွက်ဖျော်ကာ စားပွဲပေါ်ချထား၏ ။ ကော်ဖီပူပူအငွေ့က တထောင်းထောင်းထနေတုန်း. . . .
ည၀တ်စုံဘောင်းဘီရှည်နှင့် အင်္ကျီလက်ရှည်ကို လဲလှယ်ကာ ရှပ်အင်္ကျီနှင့် ကွာတားပဲင်န် တစ်ထည် ၀တ်သည်။
Game ဆော့ဖို့ Computer ကို ဖွင့်ထားလိုက်ပြီးမှ ကော်ဖီသောက်နေမိ၏ ။
တစ်ယောက် တည်းဆိုတော့ အပြင်လည်း မထွက်တော့၊ Game ဆော့နေတာပဲ ကောင်း လိမ့်မည် ။
Computer က ထအော်တော့ သူလှည့်ကြည့်မိ၏ ။
အင်တာနက်ကွန်ရက်ပေါ်က Chat Messenger တစ်ခု ဖြစ်သည့် Gtalk က အော်နေတာ ပါ။
ခေါ်နေသည့် call ကို ပိတ်ပစ်ဖို့ ignore ခလုတ်ဆီ လက်ရောက်ပြီးမှ နာမည် ကို ကြည့်မိ တော့ သူ့လက် ရပ်တန့်သွားရသည်။
Cream တဲ့. . . .
You က Ice ဆိုတော့. . . .
I က Cream ပေါ့တဲ့. . . .။
ထိုစကားစုကလေးကို သူပြန်မြင်ယောင်လာမိပါသည်။
ဟိုတစ်နေ့က ချက်တင်း (Chatting) ၀င်ရင် မိတ်ဖွဲ့ ဖြစ်သော ကောင်မလေး. . . .
ဒါဆို ပိတ်ပစ်လို့မရ. . . .။
အပျင်းပြေ စကားပြောကြည့်တာ ကောင်းမည် ။ သူက Key board ကနေပဲ type လိုက် သည်။
‘မင်္ဂလာနံနက်ခင်းပါ ခရင်မ်’ ဆိုတာကို အရင်ဦးဆုံး ရိုက်လိုက်၏ ။
သူက မေးပါသည်။
ဘယ်မှ မသွားဘူးလားဟု. . . .
Cream က ဖြေပါသည်။
မိုးတွေ သည်းနေတယ်တဲ့. . . .
ဟုတ်တာပေါ့. . . . မိုးက အရမ်းရွာနေတာ. . . .
သက္ကက မေးလိုက်ပါသည်။
နာမည် ရင်း မသိရဘူးလားလို့. . . .
သူက ‘ဟင့်အင်း’ တဲ့. . . .
ပြောမပြချင်ဘူးလားဆိုတော့. . . .
Yes တဲ့. . . .
ဒါဆို ဘာမှ သိခွင့်မရှိဘူးလားဟု မေးမိသော အခါ ဘာလိုသေးလို့လဲ Ice နဲ့ Cream ဆိုတာ နှစ် မျိုးပေါင်းမှ Ice Cream ဖြစ်တာတဲ့. . . .
ဘာမဆို ပွင့်ပွင့်လင်းလင်း တိုင်ပင်ကြေး၊ Idea ပေးကြေးတဲ့၊
သူငယ်ချင်းတွေ ဖြစ်ကြပါစို့တဲ့. . . .
သက္ကက Yes လုပ်လိုက်သည်။
သူကလည်း ယောက်ျားမာန ရှိသည်။
အောက်ကျ နောက်ကျ လူချင်းတွေ့ ကြအောင်၊ မြင်ဖူးချင်တယ် ဘာညာပြောမယ့်သူမှ မဟုတ်ဘဲ၊ သူမ သဘောအတိုင်းပါ။
ပထမတော့ ကိုယ်က ယောက်ျားလေးဆိုတော့ တောင်းဆိုသင့်သလားလို့. . . .
သူမဘက်က အမြဲလို ပြတ်သားစွာ စည်းတားနေမှတော့ ဘာမှပြောစရာမရှိတော့ပြီပဲ။
Gtalk မှာ Chatting ၀င်ရင်း တွေ့  ဖြစ်ခဲ့သော လူ တစ်ယောက် ကို သူမဘက်က တစ်ထောင့် တစ်နေရာပဲထားပြီး လူချင်းခင်မင်ရင်းနှီးဖို့ဆန္ဒ မရှိဘူးဆိုမှတော့. . . .
သူ့ဘက်ကလည်း တဇွတ်ထိုး ခေါင်းမာဖို့ မစဉ်းစားပါ။
ဘယ်လို Idea တွေ လိုအပ်နေလို့လဲ. . . .
သူ့ဘက်က သူမ ဖြစ်စေချင်သလို Redy ပါပဲ။
ဟိုအကြောင်း ဒီအကြောင်းတွေ ပြော ဖြစ်ရင်း Cream ဘာကြိုက်တတ်တယ်ဆိုတာ သူ သိ လာပါသည်။
ဘယ်လိုသီချင်းမျိုး နားထောင်တတ်တာ. . . .
ဘယ်လိုဇာတ်လမ်းမျိုး အကြည့်များ တာ. . . .
ဘယ်ဆိုင်တွေ မှာ အားရင်ထိုင်တတ်တာ. . . .
ဘယ်နေရာတွေ ကို Shoping ထွက်တတ်တာ. . . .
စကား . . . . စကား ပြောပါများ လာရင် စကားထဲက ဇာတိပြသတဲ့။
အရမ်းမှန်တာပေါ့။
Cream ရဲ့ ပြောပုံအရ သူမဟာ သူဌေးသမီးလေး တစ်ယောက် ဆိုတာ သိလာရသည်။
ပြီးတော့ ချစ်သူမရှိသေးတာလည်း သိခွင့်ရလာသည်။ တိတိကျကျ သိခွင့်မရသေးတာက သူမရဲ့ ရုပ်ရည် ပြေပြစ်လှပမှု အကြောင်း. . . .
သူက အဲဒါ သိချင်သည်။
လူချင်းတွေ့ ကြဖို့ကို စကတည်းက Brake ဘရိတ်နင်းထားတာ၊ (week point) အားနည်း ချက်တစ်ခုခုကြောင့် လား. . . .
ထိုအားနည်းချက်က ဘာများ ဖြစ်မလဲ. . . .
မလှပတာကြောင့် ဘဲလား. . . .
မိန်းကလေးတွေ က အကျည်းတန်ရင် လျှို့ဝှက်ဖုံးကွယ်ထားချင်ကြတယ် မဟုတ်လား။
ရှိပါစေတော့ဟု တိတ်တဆိတ် နားလည်ပေးလိုက် ချိန်မှာ ပဲ. . . .
တို့ဘက်က အရင်စလာတော့ Ice ဘက်က အထင်သေးမှာ စိုးတယ်လေ. . . .
အဲဒါကြောင့် မရိုးမသားမ ဖြစ်ကြေးလို့ ကြိုတားမြစ်ထားတာတဲ့။
ဖြစ်မှ ဖြစ်ရလေကွာ. . . .
Cream ဆိုတာ နားလည်ရခက်သူလေးလား။
(Inetrnet) အင်တာနက်ခေတ်ကြီးမှာ မပွင့်လင်းလိုက်တာ. . . .
သူပဲပြောပြီး ဘာမဆို ပွင့်ပွင့်လင်းလင်းကြေးတဲ့. . . .
တော် တော် ရယ်ရတဲ့ကောင်မလေးပဲ. . . .
ဒါနဲ့များ Ice နဲ့ တွဲ ဖက်Cream ဖြစ်ချင်သေးသတဲ့လား. . . .
သက္က အဲဒီ လိုပြောလိုက်ရင် ကောင်မလေး အရမ်းစိတ်ဆိုးသွားမလား မသိ။
Cream ကလည်း Ice လိုပဲ မာနခပ်ကြီးကြီးရယ်၊ မာနကြီးသူချင်း တွေ့ြ ကတော့ တင်းမာမှု က ကြားခံနယ်တစ်ခု ဖြစ်လာသည်။
သက္ကကလည်း သက္ကပါပဲ. . . .
ယောက်ျားလေး ဖြစ်ပြီး မာနထားနေမိသည်။
သူနှင့် Cream အပြင်မှာ လူချင်းတွေ့ ဖို့ လွယ်မည် မထင်။
ဒီလိုပဲ စကားပြော ဖြစ်နေဦးတော့မည် ။
မနက်ပိုင်း မိုးတွေ အရမ်းရွာပေမယ့် ညနေပိုင်းမှာ တော့ ရာသီဥတုက သာလာပါသည်။ သူနှင့် သူငယ်ချင်း မျိုးဇော် အင်းယားကန်ဘောင်ဘက် ထွက်လျှောက် ဖြစ်၏ ။
ကြည်လင်နေသော ကောင်းကင်ပြာပြာမှာ သက်တံ့တစ်စင်းက ထင်ရှားစွာ ရှိ၏ ။
အရောင် အသွေး ဖူးကြွနေသော သက်တံ့ကို ကြည့်ပြီး ရုတ်တရက် Cream ကို သူသတိရမိ ၏ ။
Cream က ပြောဖူးပါသည်။
သက်တံ့တွေ မြင်ရင် ပျော်တယ် ရင်ခုန်တယ်၊ သက်တံ့ကို ချစ်တယ်တဲ့။
ထူးထူးဆန်းဆန်း ထွင်များ ပြောတာလား မသိ။ ခွေးလေး၊ ကြောင်လေးတွေ ချစ်တယ်ပဲ ကြားဖူး သိဖူးတာ။
အိမ်မွေးတိရစ္ဆာန်ကလေးတွေ ကို ချစ်သလို အသည်းယားသလိုမျိုးတဲ့။
ခွေးပွရုပ်လို သက်တံ့ကို ကိုင်ကြည့်ပြီး ထွေးပိုက်ထားချင်သတဲ့။
သူများ နှင့် မတူသော အတွေးအမြင်ရှိသူကလေးဟု သတ်မှတ်မိသည်။
ပြီးတော့ သူ့ကို မေးသေးသည်။
လူပျိုကြီးလုပ်မလို့လား Ice တဲ့။ သူက မတုံ့ဆိုင်းဘဲ . . . . ဟာ No . . . . No . . . . ဟု အမြန်ဖြေမိသည်။ ဖြေတာနှေးလို့မ ဖြစ် မြားနတ်မောင်ကြားပြီး အထင်လွဲသွားရင် ဒုက္ခ။
မ ဖြစ်ပါဘူး. . . . လူပျိုကြီးဆိုတာ ရှားပါတယ်တဲ့။ ဖြစ်ချင်တာ ဖြစ်ခွင့်ရတာ မဟုတ်ဘူးတဲ့။
ပတ်ဝန်းကျင်မှာ လူတော် တော် များ က အချိန်တန်ရင် အိမ်ထောင်ကျပြီး မိသားစု ဖြစ်သွား တာပဲတဲ့။
ဟုတ်တာပေါ့။
သူမက မဆိုးဘူးဘဲ။
ခြုံငုံလေ့လာပြီး မြင်တတ် ကြည့်တတ်သူကလေးပဲ. . . .
တို့ကလည်း လူပျိုကြီး လုံးဝမ ဖြစ်ချင်ပါဘူးကွာဟု သူက ဆိုမိပါသည်။
Cream ကရော အပျိုကြီး လုပ်မလို့လားဟု သူက ပြန်စမိသည်။
လုပ်စရာလားဟဲ့. . . .
အဲဒီ မေးခွန်းမျိုး နောက်မမေးမိအောင် ဆင်ခြင်စမ်းပါတဲ့၊ မကြိုက်ဘူးတဲ့။
‘ဟား . . . . ဟား . . . . ဟား’
“ဟ. . . . ဘာ ဖြစ်တာလဲ”
ရုတ်တရက် သူက အော်ရယ်တော့ မျိုးဇော်က လန့်သွားသည်။
“ဘာမှ မဟုတ်ပါဘူးကွာ၊ ချက်တင်က ကောင်မလေး သတိရမိလို့ပါ”
“မင်းကို ဒီလောက်မြူးအောင် ဘာတွေ ပြောလိုက်လို့လဲ”
မျိုးဇော် သိချင်ပေမယ့် သက္က ပြောမပြမိပါ။
Cream အကြောင်းတွေ ဘယ်သူ့ကိုမှ ပြောမပြင်ချင်။
တစ်ယောက် တည်းပဲ သိထားချင်သည်။
သူ ဘာကို လောဘကြီးနေမိတာလဲ။
သက္ကက လူတွေ နှင့် ဝေးရာနေရာသို့ တိတ်တဆိတ် ထွက်လာကာ ဟန်ဘာကာတစ်လုံးကို အားရပါးရ စားနေမိသည်။ နောက် လက်တစ်ဖက်မှ ကုတ်ဘူးကို ကိုင်ထားကာ မုန့်စားလိုက်၊ ကုတ် ဘူးကို မော့သောက်လိုက်နှင့် အလုပ်ရှုပ်နေမိသည်။
ဘယ်လို ဗိုက်ဆာမှန်း မသိပါ။ ဗိုက်တစ်ခုလုံး ဟာတာတာနှင့် အမှန်ဆို ဗိုက်ဆာကတည်း က အချိန်ပေးပြီး စားလိုက်ရမှာ ။
ခုတော့ . . . .
ဗိုက်ဆာလွန်းကာ မျက်စိတွေ တောင် ပြာချင်နေပြီ။
စိတ်အိုက်တာကြောင့် အော်ဟစ်ဆူညံသံ သီချင်းသံတွေ နှင့် တ၀ုန်းဝုန်း ဆူညံနေကြသော စတိတ်စင်နှင့် ဝေးရာသို့ ထွက်လာခဲ့ခြင်းပါ။
သက္က ရပ်နေရာကနေ ကရ၀ိတ်နန်းတော် ကြီးကို မြင်နေရသည်။ ရေပြင်ကျယ်ကြီးကို ကြည့်ပြီး တစ်ယောက် တည်း စိတ်တွေ လန်းဆန်းသွားရသည်။ သက္က နှစ် ပတ်တစ်ခါလောက်တော့ ကရ၀ိတ်ကို ရောက် ဖြစ်ပါတယ်။ ကရ၀ိတ်မှာ လေတဖြူးဖြူးတိုက်ပြီး ရေပြင်ကြီးကို ငေးမောကာ မုန့်စားရတာ အရမ်းကြိုက်ပါသည်။
သက္ကရပ်နေရာနေရာက စတိတ်စင်ရဲ့ အနောက်ဘက်၊ တစ်ဖက်ခြမ်းမှာ က ကားတွေ စီတန်းရပ်ထားသည်။ ဒီဘက်ခြမ် ကတော့ တိတ်တိတ်ဆိတ်ဆိတ် ရှိပါသည်။
ဒီနေ့က သူငယ်ချင်း ကိုမျိုးဇော်ရဲ့ ပွဲ ဖြစ်တာကြောင့် အစအဆုံး လိုက်ကူညီနေရတာ နှင့် လူကမောနေပြီ။ သက္ကအလှည့်ပြီးပြီမို့ ဒီလိုထွက်လို့ရခြင်းပါ။
သက္ကက သီချင်းသုံးပုဒ်ကို ဆက်တိုက်ပဲ ဆိုလိုက်ပါသည်။ ခုတော့ အကအဖွဲ့တွေ ကပြီး သီချင်းဆိုနေကြသည်။
သီချင်းဟောင်းတွေ ပဲ ဆိုရတာ ကြောင့် သက္ကအတွက် အခက်အခဲမရှိ အဆင်ပြေလှသည်။
သက္ကက အဆိုတော် ပေမယ့် နာမည် သိပ်ကြီးသေးတာ မဟုတ်။ လူသိနည်းပါသည်။ ၀ါသနာပါတာ ကတော့ ငယ်ငယ်တည်းကပါ။ ကျောင်းကပွဲတွေ မှာ သက္ကက ရှေ့ဆုံးက အမြဲပါ သည်။
သိတတ်တဲ့ အရွယ်ရောက်တော့လည်း သူငယ်ချင်းတွေ အတူတူ အားတိုင်း ဂီတာတီးနေ တတ်တာ။
‘မင်းအသံက အရမ်းဆွဲဆောင်မှု ရှိတယ်။ အဆိုတော် လုပ်ရင် ဖြစ်နိုင်တယ်ကွ’လို့ သူငယ် ချင်းတွေ ရဲ့ အားပေးမှု ကြောင့် အဆိုတော် လုပ်ဖို့ ဖြစ်လာခဲ့တာ။
သက္ကမှာ အဆိုပါရမီက ပါပြီးသားဆိုတော့ အဆိုသင်တန်းတောင် တက်စရာမလို။
သက္ကသူငယ်ချင်း ပြည့်စုံရဲ့ အစ်ကိုက ရန်ကုန်မှာ လရောင် တေးသံသွင်းက ပရိုဂျူဆာဆို တော့ ပြည့်စုံက သူ့အစ်ကိုဆီ သက္ကအကြောင်း လှမ်းပြောပေးသည်။
ဒီလိုနှင့် သက္က ရန်ကုန်ကို ရောက်လာခဲ့ခြင်းပါ။
ရန်ကုန် ရောက်ရောက်ချင်းတော့ အဆောင်မှာ နေပြီး လရောင် တေးသံသွင်းသို့ နေတိုင်း သွားခဲ့သည်။ ပြည့်စုံရဲ့ အစ်ကို ကိုမျိုးဇော်က အရမ်းသဘောကောင်းသည်။
သက္က အဆိုသင်တန်းမတက်ထားတဲ့လူကိုတောင် လက်တွဲ ခေါ်ပါသည်။ လိုအပ်သမျှကို သူ ကိုယ်တိုင် သင်ကြားပေးတာကြောင့် ခုဆို အောင်မြင်စပြုနေပါပြီ။
အောင်မြင်လာတာကြောင့် သက္ကကို အဆောင်မှာ မနေခိုင်းတော့ဘဲ သူနှင့် အတူတူ ရန်ကင်းအိမ်မှာ ပဲ အတူတူနေစေသည်။
သက္ကရသမျှပိုက်ဆံတို့ကို စုကာ သက္ကအတွက် ဆလွန်းကားတစ်စီး ၀ယ်ပေးသည်။ ဒီကား လေးက သက္ကအတွက် အရမ်းအဆင်ပြေပါသည်။
ကိုမျိုးဇော်က သက္ကအပေါ် တပည့် တစ်ယောက် လို မဟုတ်ဘဲ သူငယ်ချင်းတွေ လို ညီ အစ်ကိုတွေ လို ချစ်ခင်ပါသည်။ သက္ကအောင်မြင်လာတာ ကိုမျိုးဇော်ရဲ့ ကျေးဇူးကြောင့် ပါ။
ဒီလိုရှိုးပွဲတွေ မှာ ၀င်ဆိုခွင့်ရတာ ကလည်း ကိုမျိုးဇော်ကြောင့် ပါ။
ကိုမျိုးဇော်၏ ဘယ်ပွဲမဆို သက္ကပါတာကြောင့် တချို့က မကျေနပ်ချင်ကြ။ ခု ဒီပွဲမှာ လည်း သက္ကက ဆိုချင်တာမဟုတ်ဘူး။ သက္ကရဲ့ ပြိုင်ဘက်အဆိုတော် ပါတာကြောင့် မဆိုချင်တာ။ ဒါကို ကိုမျိုးဇော်က ဖျောင်းဖျသည်။
အနုပညာလောကမှာ ဒီလိုအပြိုင်အဆိုင်မရှိရင် ပျင်းဖို့ကောင်းတယ်တဲ့။
ကိုမျိုးဇော်ပြောတာလည်း မှန်တာပဲ။ နောက်ဆုံးတော့ ဒီပွဲမှာ သက္ကလာဆို ဖြစ်ပါသည်။
ဗိုက်ဆာဆာနှင့် စားလိုက်တာ၊ မုန့်လည်း ကုန်သွားပြီ။
ကျန်နေသေးတဲ့ အဆိုတော် တွေ ကို ကြည့်ပြီး စာနာမိသည်။
အဆိုတော် ဘ၀ဆိုတာ ပင်ပန်းပါသည်။ သရုပ်ဆောင်တွေ ကတော့ အဆိုတော် ထက် တောင် ပိုပင်ပန်းပါသည်။
သူတို့တွေ မှာ ထိန်းချုပ်မျိုသိပ်နိုင်ခြင်းဆိုတာ ပိုင်ဆိုင်ထားရသည်။
ဗိုက်ဆာနေလည်း မေ့ထား၊ ရေဆာနေလည်း မသောက်အားဘဲ အာရုံစိုက်ထားရသည်။
နေပူထဲမှာ လည်း သရုပ်ဆောင်ရသည်။ မိုးရွာပြီး ချမ်းစိမ့်နေလည်း စိတ်မပျက်ဘဲ ဇွဲရှိ နေတတ်သည်။ အလွယ်တကူ လက်မလျှော့တတ်ပါ။
သူတို့တွေ ကို ကြည့်ရင်လည်း အမြဲလှပနေကြသည်။ လူကြီးသရုပ်ဆောင်တွေ တောင် အမြဲ နုပျိုလန်းဆန်းနေကြသည်။ ခေါင်းမူးတာလောက်၊ ဖျားတာလောက်ကိုတောင် မမူကြဘဲ အလုပ်ကို ဆက်လုပ် နေတတ်ပါသည်။
မိုးတွေ အရမ်းသည်းတဲ့ညမှာ ဆို မွေ့ရာပေါ်လေးမှာ စောင်ခြုံပြီး ကွေးချင်ကြမှာ ပဲ။ သူတို့ မှာ တော့ အ၀တ်အစားတွေ တစ်စုံပြီးတစ်စုံလဲကာ မိတ်ကပ်မပြတ်ဘဲ သရုပ်ဆောင်နေရတုန်းပါ။ ဒါဟာ သရုပ်ဆောင်တွေ ရဲ့ ခံနိုင်ရည်စွမ်းအားတွေ ပါပဲ။
သက္ကလည်း အနုပညာလောကမှာ အခြေချမိပြီဆိုတော့ သူတို့လိုမျိုး ဖြစ်အောင် စိတ်ဓာတ် ကြံ့ခိုင်အောင် ပြုပြင်ရဦးမည် ။
ရပ်နေတာတော် တော် ကြာသွားတာကြောင့် နည်းနည်း ချမ်းလာသည်။ ကားနားကို လျှောက် သွားလိုက်ပြီး ဂျာကင်ယူနေတုန်းမှာ ပဲ ထူးဆန်းသော မြင်ကွင်းလေးက သက္ကကို ညှို့ယူဖမ်းစား လိုက်၏ ။
စွပ်ကျယ်ပုံစံ အင်္ကျီအနက်အကျပ်လေးကို ဂျင်းဘောင်းဘီနှင့် ၀တ်ထားပြီး ပင်ဆယ်ဟီး ဖိနပ်အမြင့်လေးနှင့် ကောင်မလေး တစ်ယောက် ငွေပင်ရောင် ကားလေးပေါ်က ဆင်းလာ၏ ။ ဆံပင် ညိုညိုလေးများ ကို ပိုနီတေး စီးထားသည်။ မျက်နှာလေးက ဘဲဥပုံအ၀ိုင်းလေးနှင့် မေးချွန်လေးနှင့် နှာတံလေးက စင်းပြီး၊ အလှဆုံး ကတော့ သူမရဲ့ မျက်ဝန်းနက်နက်ကလေးတွေ ပါ။ နှုတ်ခမ်းလေးက ရဲစိုနေကာ ဖူးပွင့်ကာစ နှင်းဆီအငုံလေးအလား။
သက္ကကြည့်နေတာကို တွေ့ သွားတာကြောင့် ချက်ချင်း ပဲ အကြည့်လွှဲလိုက်ပုံလေးကို ပိုပြီး မြတ်နိုးသွားသည်။
သူမနောက်က လိုက်ထွက်လာတဲ့ ခွေးစုတ်ဖွားလေးကလည်း ချစ်စရာလေးပါ။
သက္ကလည်း သူမလိုဘဲ ခွေးလေးတွေ ကို အရမ်းချစ်တတ်ပါသည်။
အဲဒီ လိုခွေးလေးတွေ က အရမ်းဟောင်တတ်သည်။ သူ့ကို သွားစရင် မလွယ်၊ တချို့က အဲဒီ ခွေးကို Bichon Bolognese လို့ ခေါ်ပါသည်။
သက္ကတို့အိမ်မှာ လည်း အဲလိုခွေးလေး နှစ် ကောင်ရှိပါသည်။ ဒီခွေးလေးကိုတွေ့ မှ အိမ်က ခွေးလေးတွေ တောင် လွမ်းသွားရသည်။ အိမ်ကခွေးလေးတွေ ကို ‘သက္ကက တစ်ကောင်ကို ဆော့(ဖ်)ကီ၊ နောက်တစ်ကောင်ကို စနိုးကာ(လ်)လို့ ပေးထားကာ၊ ဖေဖေက သက္ကခွေးချစ်မှန်းသိ လို့ သက္ကစာမေးပွဲအောင်တဲ့နှစ် က အမှတ်တရ ထိုခွေးလေး နှစ် ကောင်ကို ၀ယ်ပေးခဲ့တာ။
သက္က ဆော့(ဖ်) ကီနှင့် စနိုးကာ(လ်) ကို နေ့တိုင်း ရေချိုးပေးသည်။ သူတို့ရဲ့ သန့်ရှင်းရေး တာဝန်၊ ကျွေးမွေးရေး တာဝန်ကို သက္ကက ယူထားရကာ ဒီကောင်လေးတွေ က သက်တမ်း (၁၄)နှစ် ရှိပြီးတော့ ဒီကောင်လေးတွေ က အီတလီဇာတိ ဖြစ်သည်။
တစ်နေ့တစ်နေ့ ဒီကောင်တွေ နဲ့ပဲ အချိန်ကုန်နေလို့ မေမေတောင် သက္ကကို ကြည့်မရဘူးလို့ အမြဲ ပြောတတ်သည်။
အခု သူမရဲ့ ခွေးလေးမြင်မှ အိမ်ကခွေးတွေ ကို သတိရမိသည်။ သူတို့လေးတွေ ကို သက္ကမရှိ တုန်း အစာမှန်မှန်ကျွေးရဲ့ လားမသိ။ အစာတော့ မေမေ ကျွေးမှာ ပေါ့။ ဒိကောင်တွေ ကို အလည် တော့ ခေါ်မှာ မဟုတ်ဘူး။ ဒီကောင်တွေ က လမ်းထွက်ရင် အရမ်းပျော်တာ။
ဒီခွေးလေးကလည်း သက္ကခွေးလေးတွေ လိုပဲ လိမ္မာပုံရသည်။ သူမနောက်က အေးဆေး လိုက်သွားသည်။ ချွေးချစ်ပုံရသော သူမရဲ့ ပုံရိပ်လေးကို မျက်စိထဲက မထွက်တော့ပေ။ ခွေးလေးကို တော့ သူမက တော် တော် ချစ်ပုံပဲ။
သူမကိုကြည့်ရတာ ရှိုးပွဲလာကြည့်တာ မ ဖြစ်နိုင်ပါ။ ဒီအတိုင်း ကရ၀ိတ်ကို အလည်လာပုံပဲ။
သူမ လမ်းလျှောက်သွားပုံလေးက သက္ကရဲ့ စိတ်နှလုံးကို ဆွဲဆောင်သွားနိုင်ပါသည်။ ပုခက် ကြမ်းကြမ်းလွှဲသလို ရင်ထဲ လှုပ်ခါသွား၏ ။
သက္ကအတွက်တော့ ရောင် စုံလေးတွေ နှင့် လှပနေသော စင်မြင့်က မြင်ကွင်းထက်ပင် လှပ ထူးဆန်းနေပါသည်။
အကအဖွဲ့က နောက်ဆုံးဆိုတော့ သူတို့အလှည့်ပြီးလျှင် ပြန်လို့ရပါပြီ။ ဇော်ဇော်နှင့် ၀ိုင်ဝိုင်း တို့က ဒီပွဲမှာ မပါ။ အရင်ကဆို ဇော်ဇော်ရယ်၊ ၀ိုင်ဝိုင်းရယ်၊ ကိုမျိုးဇော်နှင့် သက္ကတို့လေးယောက် အတူတူပြန်နေကြပါ။ ဒီပွဲမှာ တော့ ဟိုနှစ် ယောက် မပြါ ကတော့ သက္ကနှင့် ကိုမျိုးဇော်တို့ပဲ ပြန်ရမှာ ပါ။
“ဟေ့ကောင် . . . . သက္က”
“ဪ . . . . ကိုမျိုးဇော်”
“မင်းကွာ ရှာလိုက်ရတာ ”
ကိုမျိုးဇော်က ဘေးနားရောက်လာသည်။
“ဒီမှာ ဘာလာလုပ်နေတာလဲ”
“ဘာရယ်မဟုတ်ပါဘူး။ ပျင်းတာနဲ့ ကားနားလျှောက်လာတာ”
“အေး. . . . အေး”
“ငါသွားနှင့် ပြီနော်”
“မင်းလည်း ယူစရာရှိတာ သွားယူလိုက်ဦး”
ကိုမျိုးဇော်က သက္ကအနားမှ ချက်ချင်း ပဲ လှည့်ထွက်သွားသည်။ သက္ကလည်း ကိုမျိုးဇော် နောက်မှ လိုက်ဝင်သွားတော့သည်။
‘ဇင်မီ’က ကားကို ခြံတံခါးကို ထိုးရပ်လိုက်တော့ မောင်ထွန်းက တံခါးလာဖွင့်ပေးပါသည်။
လုံးလုံးလေးက အရမ်းလည်တာ။ ခြံတံခါးလည်း ဖွင့်လိုက်ရော ကားပေါ်က ခုန်ဆင်းပြီး အိပ်ထဲ တန်းဝင်သွားတော့သည်။
လုံးလုံးလေးက အရမ်းချစ်စရာကောင်းသည်။ ‘ဇင်မီ’ ဘယ်သွားသွား သူ့ကို ခေါ်သွားလေ့ရှိ သည်။ သူက အရမ်းပါးတာ။ တစ်နေရာသွားဖို့ ပြင်ဆင်နေပြီဆို သူက ရှေ့က အရင်ထွက်နှင့် တတ် သည်။ လုံးလုံးကိုခေါ်သွားရင် လူတွေ ကြည့်သည်။
လူတွေ ကြည့်ရင် လုံးလုံးက အိုက်တင်အရမ်းများ တာ။ လျှာလေးတစ်လစ်ထုတ်ပြီး အမြီး တဖွားဖွားနှင့် ဆိုတော့ ချစ်စရာလေးပါ။
ခုနက ကရ၀ိတ်မှာ တွေ့ ခဲ့တဲ့ကောင်လေးကိုတောင် မျက်လုံးထဲ မြင်ယောင်လာသည်။ သူချောတာကိုတော့ ‘ဇင်မီ’အသိအမှတ်ပြုရသည်။
ဟိုကောင်လေးက ‘ဇင်မီ’ကို အထူးအဆန်းသဖွယ် ငေးကြည့်နေ၏ ။ ‘ဇင်မီ’ကို ထူးဆန်းတာ တော့ မ ဖြစ်နိုင်ပါ။ လုံးလုံးလေးကို ချစ်စရာကောင်းလို့ လိုက်ကြည့်တာနေမှာ ပါ။
ဒီတစ်ခါတော့ လုံးလုံးကို ‘ဇင်မီ’ မနာလိုစိတ်ဝင်မိပါသည်။ လုံးလုံးလေးတို့ စွံပုံများ ကောင် လေးချောချောကပင် လိုက်ငေးကြည့်နေသည်အထိပါ။
ဇင်မီလည် ကားကို ဂိုထောင်ထဲထည့်ပြီး လုံးလုံးနောက်မှ ပြေးလိုက်လာခဲ့သည်။ ရင်ထဲမှာ လည်း ပျော်သလိုလို။ အဲဒီ ကောင်လေးနှင့် နောက်တစ်ခါလောက် ထပ်ဆုံချင်ပါသေးသည်။
အခန်း(၂)
ကိုမျိုးဇော်က အစီအစဉ်အားလုံးကို သက္ကအား ပြောပြနေသည်။ တကယ်တမ်းကျတော့ ဒီအလုပ်ဟာ မပင်ပန်းဘူးဆိုတာ ထင်ရပေမယ့် ဘယ်လောက် ခြေကုန်လက်ပန်းကျလဲဆိုတာ ကိုယ်တိုင်ပဲ သိနိုင်ပါသည်။
စီစဉ်စရာတွေ က အများ ကြီးပါ။ တီးဝိုင်းအဖွဲ့၊ နောက်ခံတေးဂီတအဖွဲ့၊ အကအဖွဲ့၊ ဆလိုက် မီးအဖွဲ့၊ ကင်မရာအဖွဲ့ အဘက်ဘက်က ပြည့်စုံအောင် စီစဉ်ရတာ ။ အစီအစဉ်တွေ တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် အားလုံးပျော်ရွှင်နိုင်ဖို့ စီစဉ်ပေးရတာ ။
ကိုမျိုးဇော်ကိုယ်တိုင်ကလည်း Studio ဖွင့်ထားသည်။ တချို့ပွဲတွေ မှာ စပွန်ဆာပေးတာ တွေ လည်း ရှိသည်။
ကိုယ်တိုင်လည်း ရှိုးပွဲတွေ ပြုလုပ်တာကြောင့် အမြဲ မအားလပ်ပါ။
ခုလည်း မြရိပ်ညိုမှာ ရှိုးပွဲလုပ်ဖို့ အစီအစဉ်ဆွဲနေတာပါ။
“ငါဆွဲထားတဲ့ အစီအစဉ် ဘယ်လိုလဲ”
“အင်း . . . . မဆိုးပါဘူး”
“မင်းရော ဘယ်လိုလုပ်ချင်သလဲ ပြောလေ”
ကိုမျိုးဇော်က အားလုံးထဲမှာ သက္ကကို ရင်းနှီးခင်မင်သည်။ သက္ကနှင့် ဆို ညီအစ်ကိုတွေ လိုပါ။ သက္ကဆီက အကြံဉာဏ် အမြဲယူတတ်သည်။
“dance group အဖွဲ့တွေ ကို နောက်ဖက်ပို့ရင် ကောင်းမယ်ထင်တယ်”
“ဘာလို့လဲ သက္ကရဲ့ ရှေ့မှာ ဆိုတော့ ပရိသတ်တွေ မြူးမြူးလေးနဲ့ စိတ်ပါအောင်လေ၊ အဖွဲ့ လိုက်ကတာဆိုတော့ ပိုကြည့်လို့
“အစပိုင်းတော့ ကောင်းပြီး၊ နောက်ပိုင်းက အေးအေးကြီး ဖြစ်ပွားမှာ ပေါ့”
“အေးကွ မင်းပြောတာလည်း ဟုတ်တာပဲ”
ပရိသတ်ကို ဆဲဆောင်နိုင်ဖို့က အဓိကလေ။ လက်မှတ်ဝယ်ပြီး ကြည့်ရတာ ဆိုတော့ ပရိသတ်တွေ ကို ပိုပြီး တန်စေချင်သည်။
ဒီလို စေတနာကြောင့် အချိန်ယူ လူပင်ပန်းခံပြီး ပရိသတ်အတွက် မရိုးရအောင် စီစဉ်နေ တာပါ။ အစီအစဉ်ကို ကောင်းသထက်ကောင်းအောင် ပရိသတ် မပျင်းရအောင် ကြည့်ရကျိုးနပ် အောင် ကြိုးစားရေး ဆွဲနေကြတာပါ။
“ကဲ . . . . ကဲ၊ မင်းလည်း မောပြီ လက်ဖက်ရည်သောက်လိုက်ဦး၊ ကျန်ကိစ္စတွေ ကို နေ့လယ်မှ ဆက်ဆွေးနွေးကြတာပေါ့”
သက္ကက ကိုမျိုးဇော်ကို ခေါင်းညိတ်ပြိး စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ယူကာ မော့ သောက်နေလိုက်သည်။ ပန်းကန်ထဲက ပေါင်မုန့်တစ်ချပ်ကို ဆွဲယူလိုက်သည်။ ပေါင်မုန့်ကို ကြက်ဥ နှင့် ကြော်ထားသော ကြောင့် စားလို့ကောင်းပါသည်။ သက္ကတို့ (Studio) က အေးချမ်းတဲ့လမ်း ကလေးမှာ တမင်လာဖွင့်ထားတာပါ။
တခြားလမ်းတွေ နှင့် မတူဘဲ တိတ်ဆိတ်ရှင်းသန့်ပြီး နေချင်စဖွယ် ကောင်းတာကြောင့် အလုပ်လုပ်ရတာ အဆင်ပြေလှသည်။ ခြံဝင်းကျယ်ကြီးဆိုတော့ တစ်ဖက်ကို ကားရပ်စေပြီး ကျန် တစ်ဖက်မှာ ပန်းဥယျာဉ်လေး လုပ်ထားသည်။
ဒီလမ်းလေးက ခြံကျယ် ကြီးတွေ အားလုံးပေါင်းမှ ဘယ်နှစ် ခြံမှ မရှိ၊ သီးသီးသန့်သန့်နှင့် နားအေးပါးအေး ရှိလွန်းပါသည်။
သက္ကတို့ စတူဒီယိုက ဒီလမ်းကလေးထဲမှာ ဆိုတော့ ဒီလမ်းကို အမြဲလာရပါသည်။
ဘာလိုလိုနှင့် ဒီလမ်းကလေးက စတူဒီယိုသို့ အ၀င်အထွက်ကားတွေ များ လာပါသည်။
သက္ကတို့ စတူဒီယိုက အကျယ်ကြီးဆိုတော့ နေရတာ လွတ်လပ်ပါသည်။
ပြတင်းပေါက်လိုက်ကာလေးကို ဖွင့်ပြိး သောက်လက်စ လက်ဖက်ရည်ခွက်လေးကိုင်ကာ လမ်းမပေါ်ကို ရပ်ငေးနေမိသည်။
လမ်းဖက်ကို ကြည့်နေမိရင်း ထူးဆန်းသော ကောင်မလေးနှင့် ခွေးစုပ်ဖွားလေးကို သတိရ မိပါသည်။
ခြံထဲက အလှပန်းအိုးတွေ က လှပေမယ့် ကြည့်ရတာ မကျေနပ်ချင်။
ထိုကောင်မလေးနှင့် ထပ်တွေ့ ချင်တဲ့ဆန္ဒက ရင်ထဲရောက်လာ၏ ။
“ဟာ”
မမှားနိုင်ပါဘူး။ အဲဒီ ကောင်မလေးပဲ၊ မျက်နှာကလေးကို မမြင်ရပေမယ့် သက္က မှတ်မိပါ သည်။ ဟိုတစ်နေ့က ခွေးပုလေးက သူမရဲ့ တစ်ဖက်ခုံမှာ ငြိမ်သက်စွာ ထိုင်နေလေသည်။
ဒီလမ်းထဲမှာ ဘာကိစ္စ ရှိလို့ပါလိမ့်။ ကာလေးကလည်း ဟိုတစ်ခါတွေ့ တဲ့ ကားလေးပါ။
ငွေမင်ရောင် စလွန်းကား လှလှကလေး။ သူမှတ်မိနေပါသည်။ ရေဘင်မျက်မှန်အနက်ကြီး က သူမရဲ့ မျက်ဝန်းနက်နက်လေးတွေ ကို ဖုံးကွယ်ထားတာကြောင့် သူမနှင့် မျက်လုံးချင်း မဆုံ လိုက်ရ။
အဲဒီ ကောင်မလေးက ငါ့ကို မှတ်မိပါ့မလား။ သူမက သက္ကကို မမြင်ပါ။ မြင်ဖို့လည်း မလွယ် ကူပါ။ သူမက ကားနှင့် ဖြတ်သွားတာဆိုတော့ ဘယ်လိုလုပ်ပြိး တွေ့ နိုင်မှာ လဲ။
သူမမျက်နှာပေါ်မှာ မျက်မှန်လေးကို ချွတ်ကာ သူမမျက်နှာကို တ၀ကြီး ထိုင်ကြည့်ချင် သည့်ဆန္ဒက အပြင်းအထန် ပေါ်ပေါက်လာ၏ ။
သက္က စတူဒီယိုနှင့် နှစ် ခြံကျော်လောက်အရောက်မှာ သူမကားလေးက ခြံထဲသို့ ကွေ့ဝင် သွားတော့သည်။
ဟာ . . . . ဒီလမ်းထဲမှာ နေတာလား။
ဘာလို့ သက္ကနှင့် တစ်ခါမှ မဆုံရတာ လဲ။
ဒီလမ်းထဲမှာ စတူဒီယိုဖွင့်ထားတာ ကြာပါပြီ။ ဘာလို့ သူမကို မသိရတာ လဲ။ ဒီလမ်းထဲက အိမ်တွေ အားလုံးနီးပါး မျက်မှန်းတန်းနေမိပါသည်။ နေ့တိုင်း ၀င်ထွက်သွားလာနေကြပါ။ ဒီကောင်မ လေးကိုတော့ တစ်ခါမှမတွေ့ ဘူးပါ။ ခုမှ ပြောင်းလာတာလား။ လူသစ်တွေ များ လား မသိ။
ဘာပဲ ဖြစ် ဖြစ် သူမက သက္ကရင်ကို လှုပ်ခတ်နိုင်စွမ်းရှိပါသည်။ သက္က သူမကို မေ့လို့ရမည် မထင်တော့ပါ။ သူမကို စိတ်ထဲမှာ မှတ်မှတ်ရရ ရှိနေပြီ။
“သက္က”
“ဗျာ”
ကိုမျိုးဇော်က လှမ်ခေါ်နေတာကြောင့် လက်ထဲက လက်ဖက်ရည်ခွက်ကို မြန်မြန်မော့ သောက်လိုက်ရသည်။ သက္ကက ကိုယ့်အ ဖြစ်ကို ရယ်ချင်မိသည်။
သက္ကဆိုတဲ့ ကောင်လေးကလည်း အဆိုတော် တစ်ယောက် ပါ။ မိန်းကလေးသူငယ်ချင်း တွေ လည်း ရှိတာပါပဲ။ ဘာလို့ ဒီကောင်မလေးကိုမှ ရင်ခုန်မိတာပါလိမ့်။
သက္ကအမြင်မှာ တော့ သူမက တခြားကောင်မလေးတွေ နှင့် မတူ။ တစ်မူထူးခြားနေလေ သည်။ မျက်လုံးကတစ်ဆင့် ရင်ထဲအထိ ရောက်သည်။
“ဇင်မီရေ”
“ဟင် . . . . ဘာလဲ ဒေါ်ပု”
“ဖုန်းလာနေတယ်”
“ဟင်. . . . ဟုတ်လား၊ ဘယ်သူ့ဆီကလဲ”
“သမီးအစ်မဆီက”
ဇင်မီက မဂ္ဂဇင်းဖတ်နေရင်းမှ ငေါက်ကနဲထကာ ဖုန်းသွားကိုင်လိုက်၏ ။
“မမလား”
“အေး . . . . ဟုတ်တယ်”
“ဘယ်လိုလဲ နင်အဆင်ပြေတယ်မလား”
“အင်း. . . . ပြောတာပေါ့”
“ဒါပေမယ့် မမ မရှိတော့ ပျင်းသလိုပဲ”
“မမြင်ရတော့ ယုံလိုက်မယ်လေ”
“မမ ဘာပြောမလို့လဲ”
“ဟင် . . . . မမကလည်း ဇင်မီ့ကိုတောင် မပြောဘူး ကြည့်စမ်း လျှိုထားတယ်ပေါ့ ဟုတ်လား၊ ချောလားဟင် မမလူကြီးက”
“အရမ်းချောတယ်”
“ချောတယ် ဟုတ်လား၊ မြင်တောင် မြင်ဖူးချင်လာပြီ”
“ညီမလေးကော ရန်ကုန်မှာ ရည်းစားတွေ ဘာတွေ ရှိနေပြီလား”
“ဟာ . . . . မမကလည်း ဘာတွေ လာပြောနေလဲ”
မျက်စိထဲမှာ တော့ ကရ၀ိတ်မှာ တွေ့ လိုက်တဲ့ ကောင်လေးကို မြင်ယောင်မိသည်။
“ဟဲ့. . . . ဟဲ့ ဒါပဲနော်”
ပြောပြီးတာနဲ့ မမက ဖုန်းချလိုက်သည်။
အမှတ်တမဲ့ မတော် တဆဆုံခဲ့တာလေးကို ဇင်မီ့ဘက်က အမှတ်တရ ဖြစ်နေတာ ပြောပြရ မှာ ရှက်သည်။
ဇင်မီက ရန်ကုန်မှဘွားဘွားဆီ အလည်လာနေခြင်းပါ။ ဘွားဘွားက ဇင်မီတို့နှင့် လိုက်ပါဆို လည်း ခေါ်လို့မရ။ ဘွားဘွားက သူ့ဇာတိ ရန်ကုန်မှာ ပဲ ပျော်သည်။
ဇင်မီ့အဘွားဆိုပေမယ့် ဘွားဘွားက နုပျိုနေဆဲပါ။ လုပ်ငန်းတော် တော် များများ ကို ကိုယ်တိုင် ဦးစီးလုပ်ကိုင်နေတုန်း ဖြစ်သည်။
မေမေတို့က ဘွားဘွားကို စိတ်မချတာကြောင့် ဇင်မီ့ကို ဘွားဘွားဆီ ပို့ထားတာ။
မမ ကတော့ သမီးဦးလည်း ဖြစ်၊ မေမေနှင့် လည်း တိုးတိုးဖော် တိုင်ပင်ဖက်တွေ မဟုတ်လား။ မမမှာ က ဆေးရုံတာဝန်လည်း ရှိနေသည်။
ဘွားဘွားနှင့် မမက သိပ်အစေးမကပ်။ ဘွားဘွားက ဇင်မီ့ကို ပိုချစ်ပါသည်။
ဇင်မီငယ်ငယ်တည်းက ဖေဖေနှင့် မေမေတို့နှင့် တစ်လှည့်နေလိုက်၊ ဘွားဘွားနှင့် တစ်လှည့် နေလိုက်ဆိုတော့ ကျင့်သားရနေပါပြီ။ ဟိုမှာ လည်း ပျော်သည်။ ဘွားဘွားဆီမှာ လည်း ပျော်သည်။
ဘွားဘွားက ဇင်မီ့ကို မချုပ်ချယ်ဘဲ လွတ်လပ်စွာ နေခွင့်ပြုသည်။ ဇင်မီ သွားရေး လာရေး အဆင်ပြေစေဖို့ ကားတစ်စီးလည်း ၀ယ်ပေးထားသည်။ ဇင်မီကလည်း အလကားမနေပါ။ ဘွားဘွား ရဲ့ ရွှေဆိုင်မှာ အချိန်ပိုင်း ထိုင်ပါသည်။ ညနေပိုင်းမှာ ဇင်မီဝါသနာပါတဲ့ ဒီဇိုင်နာသင်တန်း တက်နေ တာပါ။
မေမေက ဘွားဘွားကိုချစ်ပေမယ့် ဖေဖေအလုပ်ရှိရာ နေရာမှာ ဘဲ နေရမယ်လို့ ဘွားဘွား က ပြောတာကြောင့် ဖေဖေလုပ်ငန်းရှိရာ မန္တလေးမှာ ပဲ လိုက်နေပါသည်။
မမက ဆရာဝန်၊ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေပြီ။ ဇင်မီ ကတော့ ငယ်ငယ်ကတည်းက စာညံ့တာကြောင့် ဆယ်တန်းတောင် မနည်းအောင်အောင် ဖြေရတာ ။
ဇင်မီက ဆယ်တန်းအောင်ပြီး အီးမေဂျာအဝေးသင်ပဲ တက်လိုက်သည်။
မမနှင့် ဇင်မီက တစ်နှစ် ကြီး တစ်နှစ် ငယ်ပါ။ အမှတ်တမဲ့ ကြည့်လိုက်ရင် တစ်ယောက် တည်းလိုပဲ။ အရမ်းဆင်တာပဲလို့ လူတိုင်းက ပြောကြသည်။ ဇင်မီရော၊ မမပါ ဆံပင်ကို တစ်ပုံစံ တည်း ထားသည်။ အရပ်အမောင်းနှင့် အသားအရေကလည်း တူသည်။
အ၀တ်အစား အသုံးအဆောင်လည်း အမြဲ ဆင်တူဝယ်သည်။ မေမေက ဘာမဆို ဆင်တူ လေးတွေ ၀ယ်ပေးတတ်သည်။ ဆင်တူဝတ်လိုက်လျှင် အမြွှာတွေ လိုပါ။
ဇင်မီ ဒီတစ်ခါရန်ကုန်သွားတာ မေမေက သိပ်စိတ်ချပုံမရ။ ဘာလို့မှန်းမသိ မေမေက စိတ်ပူ ပန်နေသည်။
မေမေက ဇင်မီ့ကို လိမ်လိမ်မာမာနေဖို့ သေချာမှာ လိုက်ပါသည်။
မေမေက ညီအစ်မနှစ် ယောက် မှာ မမကိုတော့ စိတ်ချပြီး ဇင်မီ့ကိုဆို အမြဲတမ်း စိုးရိမ်နေ တတ်သည်။
“သမီးငယ် တစ်ယောက် တည်းဆိုပြီး သွားချင်တိုင်း လျှောက်သွားမနေနဲ့နော်၊ ဘွားဘွား ကိုလည်း ဂရုစိုက်လိုက်ဦး” လို့ သေချာထပ်တလဲလဲ မှာ နေသည်။
“ဟုတ်ကဲ့ပါ မေမေရဲ့ ၊ သမီး ဘယ်မှလျှောက်မ သွားပါဘူး။ ဘွားဘွားကိုလည်း ဂရုစိုက်ပါ့ မယ်” လို့ ကတိတွေ ပေးခဲ့သည်။
ခုတော့ သမီး ကောင်လေး တစ်ယောက် ကို ရင်ခုန်နေမိပြီလားမသိ။
သူက အမှတ်တမဲ့ ကြည့်လိုက်တာကို ကိုယ်က ရင်ခုန်သွားစေတာ ဘယ်လိုလုပ်ရမလဲ နော်။
![]() ကျွန်မ၏ ဂစ်တာတစ်စင်း | ![]() သံစဉ်ရှိသော ပန်းတစ်ပွင့် | ![]() ရေခဲပြင်နှင့် မြက်ခင်းစိမ်း |