
အခန်း (၁)
ဖုန်းသံမြည် လာသော ကြောင့် ကြယ်တံခွန်က မျက်လုံးအစုံကို မဖွင့်သေးဘဲ အိပ်ရာဘေးက ဖုန်းခွက်ကို လက်ဆန့်တန်းပြီး လှမ်းဆွဲယူကာထူးလိုက်၏ ။
“ဟက်လို”
“ငါ့မြေးလားဟေ့”
“ဟာ….ဘွားဘွား”
ကြယ်တံခွန်က ၀ုန်းကနဲထထိုင်ပြီး ၀မ်းသာအားရအော်လိုက်၏ ။ မနက်စောစောစီးစီး ဘွားဘွားဖုန်းဆက်လာတော့ သူ့အတွက် မင်္ဂလာနံနက်ခင်းပါ။
“ဘွားဘွား…..နေကောင်းတယ်နော်”
“ကောင်းပါ့”
“သားက ဘွားဘွားကို သတိရနေတာ…ဒီနေ့ အီးမေးလ်ပို့မလို့ဗျ၊ သိလား…ဘွားဘွားက ဖုန်းခေါ်တာ နည်းနည်း လေးလက်ဦးသွားတယ်”
“ဟုတ်လား…မသိပါဘူး၊ ငါ့မြေးက အဘွားကို မေ့များ နေပြီလားလို့၊ ဖုန်းလည်းမဆက်၊ အီးမေးလ်လည်းမပို့ဆိုတော့….”
“မဟုတ်ပါဘူး ဘွားဘွားရာ”
ကြယ်တံခွန်က တဟဲဟဲ ရယ်နေ၏ ။
“င့ါမြေးလေး…အဘွား ဒီတစ်ပတ်ထဲမှာ ပြန်လာတော့မယ်၊ အဲဒါ င့ါမြေး လေယာဉ်ကွင်း လာကြို”
“ဟာ….ဟုတ်လား၊ ပျော်စရာကြီးပေါ့”
“င့ါမြေးအဖေနဲ့ အမေလည်း ရန်ကုန်ဆင်းလာမယ်ပြောတာပဲ။ သူတို့ ရောက်လာကြလိမ့် မယ်”
“ဟုတ်ကဲ့”
“ အဘွား ရန်ကုန်မှာ ကြာကြာမနေနိုင်ဘူး။ မန္တလေးတက်မယ်”
ကြယ်တံခွန်သိပါသည်။ သူ့ဘွားဘွားက ရန်ကုန်မှာ မပျော်၊ မန္တလေးက ဘိုးဘွားပိုင်အိမ်ကြီးစီရောက်မှ ဘွားဘွားက ကျေနပ်သွားတာ။
ဘွားဘွားက မန္တလေးက သူ့စံအိမ်ကြီးမှာ ပဲ ပျော်သည်။ အိမ်ခင်တွယ်သော စိတ်က ဘွားဘွားမှာ ရှိသည်။
“ဘာလဲ…ဘွားဘွားက အိမ်ကိုလွမ်းနေပြီလား”
“ဒါပေါ့….အိမ်နဲ့ သုံးလေးလခွဲခွာနေရတာ မလွမ်းဘဲနေမလား င့ါမြေးရယ်”
“ကောင်းပါပြီဗျာ၊ ဘွားဘွားရန်ကုန်ရောက်တာနဲ့ မန္တလေးတက်ဖို့ သား စီစဉ်ထားမယ်”
“အေးကွယ်…ဘွားဘွား င့ါမြေးနဲ့ နှစ် ရက် သုံးရက်တော့ နေမှာ ပေါ့ကွယ်”
“ဟုတ်ကဲ့”
“င့ါမြေးပါ မန္တလေး လိုက်ခဲ့ပေါ့”
“သား အလုပ်တွေ ရှုပ်နေတယ် ဘွားဘွားရဲ့ ၊ ရှေ့လလောက်မှ အားမယ်”
“ဟုတ်လား…အေးပေါ့လေ.၊ င့ါမြေးလည်း တစ်ယောက် တည်း အလုပ်တွေ ပိနေမှာ ပေါ့”
ဘွားဘွားက ဂရုဏာနှင့် ရေရွတ်သည်။
“ရပါတယ်…..သားက အလုပ်လုပ်နေရတာ ပျော်ပါတယ်”
“အင်း…ဒီလိုလည်း မဟုတ်သေးပါဘူး၊ သား အသက် မငယ်တော့ဘူးလေ၊ မိန်းမယူသင့်ပြီ”
“ဗျာ……မလုပ်ပါနဲ့ ဘွားဘွားရာ၊ သား အေးအေးပဲနေပါရစေဦး”
ဘွားဘွားစကားကြောင့် သူ အိပ်ချင်စိတ် ပြယ်သွားရပါပြီ။
“အဘွား တွေ့ ထားပြီ သားရဲ့ ”
“ဘွားဘွား လျှောက်မလုပ်ပါနဲ့ ၊ သား မယူနိုင်ရင် ဘွားဘွားပဲ မျက်နှာပျက်ရမှာ ”
“ပျက်ပါဘူးတော် ”
“ဟုတ်တယ်၊ သားက ကြိုက်မှယူမှာ ၊ အားနာပါးနာနဲ့ တော့ လက်မထပ်ချင်ဘူးဗျ”
“ကောင်းပါပြီတော် ……သားကို အရင်ဆုံးပြမယ်၊ ကြည့်ပေါ့၊ ကြိုက်ပြီဆိုမှ အဘွားစီစဉ်မယ်လေ……မကောင်းဘူးလား”
“ဒုက္ခရှာလို့ အဘွားရယ်”
“ဒါ ကတော့ ကျုပ်က ‘မြစ်’ ချီချင်တာကိုး၊ မြေးဆိုလို့ တစ်ယောက် ပဲရှိတာ”
ကြယ်တံခွန်က ဆံပင်တွေ ကို လက်နှင့်သပ်နေမိရင်း ဘွားဘွားဆန္ဒကို နားလည်ပေမယ့် ဖြည့်စွမ်းပေးနိုင်သေးတာ ခက်နေသေးသည်။
“ဒါနဲ့ သားက ဒီည ခြံထဲလာအိပ်တာလား…ဘွားဘွားက သင်္ဘောပေါ် ဖုန်းခေါ် ကြည့် သေးတယ်၊ မရှိတာနဲ့ ဒီကိုဆက်လိုက်တာ”
“ဟုတ်လား”
“င့ါမြေး ဟဲင်းန်ဖုန်းက ခေါ်မရဘူးလေ”
“ဖုန်းက အားကုန်နေလို့ပါ မနေ့ညက ဧည့်ခံပွဲတစ်ခုရှိတာနဲ့ သွားနေတာ၊ သားပြန်လာတော့ ခုနစ်စင်ကြယ် က ကမ်းပြန်မကပ်သေးဘူး၊ သားလည်း စောင့်မနေဘဲ ခြံထဲရောက်လာတာ”
“ကိုတူးတို့ မလုံးတို့ ရှိရဲ့ လား”
ဘွားဘွားက သူ အဆင်မပြေမှာ စိုးနေသေး၏ ။
“ရှိပါတယ်….သူတို့က ဒီမှာ အမြဲရှိနေတာပဲ”
“င့ါမြေး တစ်ယောက် တည်း ဖြစ်နေမှာ စိုးလို့ပါကွယ်၊ အိပ်ပုတ်ကလေး ဖုန်းမြည် မှ နိုးလာတာ မဟုတ်လား၊ မညာနဲ့ အဘွားသိပြီးသား”
ကြယ်တံခွန်က ရှက်ရှက်နှင့် တဟက်ဟက်လုပ်နေမိ၏ ။ သူ ဘယ်တော့မှ အစောကြီးမနိုးတတ်တာ ခက်သည်။ သူ့အားနည်းချက်ပါပဲ။
“ဘွားဘွား”
“ပြော င့ါမြေးလေး…ဘာလဲ မင်းသဘောကျတဲ့ ကောင်မလေးတွေ့ ထားပြီလား”
ဘွားဘွားက ထင်ကြေးနှင့် မှန်းပြောသည်။
“အထင်မကြီးပါနဲ့ ဘွားဘွားရယ်၊ ဘွားဘွားမြေးက ချောမှ မချောတာဗျ၊ စွံဖို့ မလွယ်ဘူး”
ဒါဖြင့်လည်း ဘွားဘွားရှာပေးမယ်။
“ခဏနေပါဦး ဘွားဘွား၊ တွေ့ လိုတွေ့ ငြား စောင့်ကြည့်ရအောင်”
******
အခန်း (၂)
ကြယ်တံခွန်က ရယ်စရာပြောသည်။
“ဒီရက်တွေ ထဲမှာ ဘွားဘွားလာ ဖြစ်တယ်ဆိုရင် သင်္ဘောပေါ်သာ ဆက်လိုက်ပါ။ သား ခုနစ်စင်ကြယ်မှာ ပဲ ရှိမယ်။ ရှေ့မှာ ပိတ်ရက်တွေ ဆက်နေတော့ သင်္ဘောပေါ်မှာ လူနေများ မယ်၊ ဧည့်သည်တွေ များ မယ် ဘွားရဲ့ ၊ ဘိုကင်တွေ လည်း အများ ကြီးပဲဗျ”
(ဘိုကင်= ကြိုတင်မှာ ကြားထားခြင်း)
“ကောင်းပြီလေ၊ အဘွား ခုနှစ် စင်ကြယ်ပေါ်ပဲ ဆက်လိုက်မယ်၊ ညလည်း သားအဲဒီ မှာ အိပ်ရမှာ ပေါ့…ဟုတ်လား”
“ဟုတ်လား၊ ဒီဟောလီးဒေးတွေ မှာ (ဟောလီးဒေး= ပိတ်ရက်၊ အလုပ်နားရက်) စတိတ်ရှိုးတွေ ရော၊ ရှိုးပွဲတွေ ရော အများ ကြီးစီစဉ်ထားတယ်”
ကြယ်တံခွန် ဦးစီးးလုပ်ကိုင်နေသော လပ်ကီးစတား (ခုနှစ် စင်ကြယ်) အပျော်စီး သင်္ဘောကြီး က လုပ်ငန်းတွေ အရမ်းအဆင်ပြေသည်။ ဧည့်သည်တွေ အရမ်းများ သည်။
ညဆို ရန်ကုန်မြစ်အတွင် ညရှုခင်းကြည့်ရင်း အပန်းပြေစားသောက် သီချင်းနားထောင်နှင့် မနက်တို့ နေ့ခင်းတို့ဆို ကမ်းပြန်ကပ်ကာ သင်္ဘောပေါ်မှာ စားသောက်ဆိုင်အကြီးကြီး ဖွင့်ထားပါသည်။
ဧည့်သည်တွေ စိတ်တိုင်းကျ အားလုံးစီစဉ်ပေးထားတာမို့ ခုနစ်စင်ကြယ်က အောင်မြင် ရေပန်းစားလှသည်။
သင်္ဘောပေါ်မှာ စတိတ်ရှိုး၊ မော်ဒယ်ရှိုးနှင့် တခြားဖျော်ဖြေမှု အစီအစဉ် အများ ကြီးကို အလှည့်ကျ စီစဉ်ပေးပါ၏ ။
အခုလို အားလပ်ရက်တွေ များ နေသော အချိန်ဆို ခုနစ်စင်ကြယ်ပေါ်မှာ ပဲနေကာ လိုအပ်တာမှန်သမျှကို စီစဉ်ညွှန်ကြားရပါသည်။
တခြားအလုပ်တွေ ထက် သည်အလုပ်ကို ကြယ်တံခွန် ပိုစိတ်ဝင်စားသည်၊ စက်ရုံကိုတော့ တစ်ပတ်နှစ် ခါလောက်သာ ရောက် ဖြစ်သည်။ မြို့လယ်ခေါင်က တိုက်ခန်းလေးတစ်ခုမှာ ဖွင့်ထား သော ကုမ္ပဏီရုံးခန်းကိုတော့ နေ့စဉ်သွားရသည်။ အနည်းဆုံး နှစ် နာရီ သုံးနာရီတော့ နေပေးရပါ သည်။ ဘွားဘွား၏ လုပ်ငန်းမှန်သမျှကို သူက တာဝန်ယူ လုပ်ကိုင်ပေးနေရတာ ပါ။
“င့ါမြေး…အလုပ်တွေ ပိပြီး အစားပျက် အအိပ်ပျက်နဲ့ ပင်ပန်းနေပ့ါမယ်ကွယ်။ ဘွားဘွား ရန်ကုန်ရောက်ရင် မန်နေဂျာ တစ်ယောက် ရှာမယ်”
“အင်း….အဲဒါတော့ ကောင်းပါတယ်”
ဘွားဘွားနှင့် ဖုန်းပြောပြီးတော့မှ သူ့ကုတင်ထက်က ဆင်းသည်။ ရေမိုးချိုး အ၀တ်အစားလဲ သည်။
မလုံးက အိမ်ထဲမှာ သူ့အရိပ်ရောင် လှုပ်ရှားမှု မြင်တာနှင့် ဧည့်ခန်းထဲဝင်လာပြီး..
“မောင်လေးရေ….ဘာစားမလဲဟင်၊ မလုံး ဘာစီစဉ်ပေးရမလဲ…’မုန့်ဟင်းခါးတော့ ၀ယ်ထားတယ်’ ဟု ချိုင့်တစ်ခုကို သူလှမ်ပေးလာ၏ ”
“ကောင်းတယ်၊ မုန့်ဟင်းခါးပဲ စားလိုက်မယ်”
ကြယ်တံခွန်က ချိုင့်ကို လှမ်းယူသည်။
“မလုံးပဲ စားပွဲပေါ်မှာ သေချာပြင်ဆင်ပေးပါ့မယ်”
မလုံးက သူရောက်လာသည့်နေ့ကို ပျာပျာသလဲ ဂရုစိုက်လုပ်ကိုင်ပေးတတ်ပါသည်။ ဘွားဘွားက ကြယ်တံခွန်ကို လိုအပ်တာ လုပ်ပေးဖို့ မှာ ထားခဲ့သည် မဟုတ်လား။ ပြီးတော့ ကြယ်တံခွန်ကိုယ်တိုင်ကလည်း သဘောကောင်းသည်။ ဆက်ဆံရေး ချိုသည်။ စကားပြောလျှင် ရယ်ကာရယ်ကာ တဖက်လူကို သိမ်းသွင်းစည်းရုံးတတ်သည်။ တဖက်လူ သဘောကျအောင် ပြောတတ်သည်။ တွေ့ သည်လူနှင့် တည့်အောင်ပေါင်းတတ်သည်။အသိမိတ်ဆွေ များ လှပေမယ့် ရှုပ်ရှုပ်ယှက်ယှက်မရှိ။
ပကတိရိုးသားလူပါ။ အမှန်အတိုင်း အရှိအတိုင်း၊ ပွင့်ပွင့်လင်းလင်း ပြောဆို နေထိုင်တတ်သူ။ လိမ်ညာလှည့်ဖျားတာတို့ ကြွားဝါဟန်ဆောင်တာတို့ မာန်မာနထောင်လွှား မောက်မာတာတို့ အရှင်းမရှိ၊ ဘယ်တော့မှ ဘယ်သူ့ကိုမှ နစ်နာအောင် ပြစ်ပြစ်ခါခါ ရင့်ရင့်သီးသီး မပြောတတ်ပါ။
မိန်းမကိစ္စနှင့် ပတ်သက်လျှင် ဘာသံကိုမှ မကြားရ။
“မလုံး…ကျွန်တော် ဒီသုံးရက် အိမ်ပြန် ဖြစ်မှာ မဟုတ်ဘူး။ မလုံးတို့ ကိုတူးတို့ပဲ သစ်ပင်ပန်းတွေ ကို ဂရုစိုက်ပေးပါ။ ကျွန်တော် သင်္ဘောပေါ်မှာ ပဲ နေမယ်”
“ရပါတယ်….စိတ်ချသွား ခါတိုင်းလည်း ဒီလိုပဲ ကြည့်ပေးထားတာပဲ မဟုတ်လား”
“ဟုတ်ပါတယ်”
ကြယ်တံခွန်က မုန့်ဟင်းခါး စားပြီးမှ ကော်ဖီတစ်ခွက်သောက်၏ ။ သင်္ဘောပေါ်မှာ ဆိုလျှင် တော့ စားချင်တာမှာ စားလို့ရတယ်။ သူ့အတွက် နံနက်ခင်းစာကို စားဖိုမှုးက စပါယ်ရှယ်လုပ်ပေးတတ်သည်။
ခြံထဲပြန်အိပ်သည့်ညဆိုလျှင်တော့ မလုံးက အလွယ်အကူဆုံး မုန့်ဟင်းခါးဝယ် ထားတတ် တာများ သည်။ ကိုယ့်ကြောင့် တစ်ဖက်သား အလုပ်မရှုပ်စေချင်။
ခြံစောင့်သဘောမျိုး တိုက်ကြီး၏ နောက်ဖက်မှာ အိမ်ကလေးတစ်လုံးနှင့် ပေးနေထားတာမှန်ပေမယ့် ကြယ်တံခွန်က တာဝန်အပို အလုပ်အပို မခိုင်းတတ်ပါ။ကိုယ့်ကို ငြိုငြင်စိတ်ကွက်မှာ မလိုလား။
“သြော်….ဒါနဲ့ ခြံနောက်က အုန်းပင်တွေ က အုန်းသီးတွေ တအုန်းအုန်းကြွေကျလို့ တက်ခူးခိုင်းထားတယ်။ ခြင်းနဲ့ တစ်လုံးရတယ်။ အများ ကြီးပဲ။ ကိုတူး ဖုန်းဆက်မလို့ပဲ။ အဲဒီ အုန်း သီးတွေ ဘယ်လိုလုပ်ရမလဲ။ မောင်လေးကားထဲ ထည့်ပေးထားရမလား…ဒါမှမဟုတ် ရောင်းလိုက်ရမလား”
“မလုံး လိုသလောက်ယူထားလေ၊ ပို့တဲ့ဟာပဲ ကားပေါ်တင်ပေးထား ၀န်ထမ်းတွေ ပေးလိုက်မယ်”
“ဘူးစင်က ဘူးသီးတွေ ပါ တင်ပေးထားမယ်”
“ကောင်းပါတယ်”
ခြံထဲမှာ က သီးပင် စားပင်ရော ပန်းပင်ပါ စုံလင်လှ၏ ။
“ဒါက သစ်ခွတွေ သဇင်တွေ ရောင်းထားတဲ့ ပိုက်ဆံ၊ ဘွဲ့သမားတွေ လာလာဝယ်တော့ ရောင်းပေးလိုက် တယ်၊ ဒီနားမှာ တော့ ဒီခြံက သစ်ခွ နာမည် ကြီးပဲ”
“ဟုတ်လား”
“အပွင့်ကြီးကြီး၊ လှလှ ဈေးကလည်းချိုဆို ခုနစ်စင်ကြယ်ခြံကဆိုတာ သိပြီးသား”
“ဒါလည်း မလုံးတို့ ပန်းပင်ဂရုစိုက်လို့ပါဗျာ”
စာအိတ်အဖြူကလေးနှင့် တရိုတသေထည့်ပေးသော ပိုက်ဆံကိုယူကာ….
“ကလေးမုန့်ဖိုး” ဆိုပြီး တစ်ထောင်တန်သုံးရွက် ပြန်ပေးလိုက် ၏ ။ ပန်းပင်တွေ ကို ကြယ်တံခွန်တို့က နေ့တိုင်းကြည့်ရှု ရေတွက်ထားတာလည်း မဟုတ်ပါ။
သူတို့က ရိုးရိုးသားသား နှင့်ပေးလို့သာ ကိုယ်က ရတာ ပါ။ ကိုတူးတို့ မလုံးတို့က ဘွားဘွားနှင့် ကျေးဇူးမကင်းပါ။ ဘွားဘွားကို အင်မတန် ချစ်ကြောက်ရိုသေ လေးစားကြသူတွေ ၊ ဘွားဘွားအပေါ် မတရားမလုပ်ရက်ကြပါ။ ဘွားဘွားကွယ်ရာမှာ လည်း ရိုးသားကြပါသည်။
“သဇင်တွေ လည်း အရမ်းရောင်းရတယ်”
သဇင်တိုင်တွေ ကတော့ ဘွားဘွား၏ အမြတ်နိုးဆုံးပါပဲ။ဘွားဘွားကိုယ်တိုင် စိုက်ထားခဲ့တာ။
“သြော်…မလုံး”
“ရှင်”
“သဇင်ခက်တွေ ဒီရက်မှာ မရောင်းနဲ့ တော့။ ဘွားဘွားလာတော့မှာ ဗျ။ ဘွားဘွားကို သဇင်နဲ့ ကြိုရအောင် သဇင်ပန်းတွေ ဘွားဘွားက အရမ်းသဘောကျတာမဟုတ်လား”
“ဟယ်…. အဘွားလာတော့မှာ လား”
“ဟုတ်တယ်၊ ဒီမှာ သုံးလေးရက်နေပြီးမှ မန္တလေးတက်မယ်ပြောတာပဲ၊ အဲဒါကြောင့် သဇင်ပန်းတွေ အပင်မှာ ပဲ ထားပေးလိုက်ပါ ဝေေ၀ဆာဆာ ဖြစ်အောင်”
“အေး…….အေး၊ ထားပေးမှာ ပေါ့၊ အဘွားပြန်လာတော့မှာ သိရင် ကိုတူးလည်း ၀မ်းသာမှာ ပဲ”
မလုံးက ဘွားဘွားပြန်လာမှာ ကို တော် တော် ၀မ်းသာသွားပုံလည်း ရလေ၏ ။ အဘွားအပေါ် သံယောဇဉ်ကြီးကြသည်။
“င့ါမြေးရယ်……ကိုယ်က ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ မှန်မှန်ကန်ကန်နေ။ အလုပ်လုပ်ရင် စေတနာထား၊ဒါဆို ကိုယ့်ပတ်ဝန်းကျင်က အလိုလိုလေးစားပြီးသားကွဲ့”
ဘွားဘွား၏ ခံယူချက် သဘောထားပါ။ ကြယ်တံခွန်ကို အမြဲသွန်သင် ဆုံးမနေကြစကားလည်း ဖြစ်ပါသည်။
“ကိုယ်ကျင့်တရားကောင်းဖို့ဆိုတာလည်း ကြိုးစား ထိန်းသိမ်းရတာ ၊ စိတ်ထားကောင်းတယ်ဆိုတာလည်း တဖြည်းဖြည်း မွေးယူရတာ ”
ဘွားဘွားက ကြယ်တံခွန်ကို တစ်ဦးတည်းသော မြေးဖို့ အရမ်းချစ်သည်။ ထက်မြက် ထူးချွန်စေချင်သည်။ သူက ဘွားဘွားစိတ်ကြိုက် ဖြစ်အောင် အမြဲကြိုးစားသည်။ တစ်ခါတစ်လေ အေးတိအေးစက် နေတတ်တာကလွဲလျှင် ဘွားဘွား အားလုံးကျေနပ်မှု ရသည်။
*****
အခန်း (၃)
“ဟာ…..ဆရာပြန်ရောက်ပြီလား အတော် ပဲ……”
ကိုမြင့်မောင်က သူ့ကိုမြင်တော့ ၀မ်းသာအားရ ရေရွတ်ပြေးလာ၏ ။ သူနှင့်အတူတူ အမြဲရှိပြီး သူ့တပည့်အ ဖြစ် နေလာခဲ့တာ ကြာပါပြီ။
သူ့အကြိုက် သူ့အကြောင်းကို ကိုမြင့်မောင်က အားလုံးလိုလိုသိထား၏ ။
“ဆရာ”
“ဟင်”
“ဒီမှာ ကျွန်တော် နဲ့ ကိုသာထူး ငြင်းနေကြတာဗျ၊ (……)ရက်နေ့ သုံးနာရီကနေ ငါးနာရီ မွေးနေ့ပွဲတစ်ခု ဆရာလက်ခံထားတယ် မဟုတ်လား”
“ဟုတ်တယ်လေ၊ ငါ ရေး ပေးထားတာပဲ၊ မတွေ့ ဘူးလား”
“တွေ့ တယ်၊ ဒါပေမယ့် အခုဟာက ငွေရတုမင်္ဂလာပွဲတစ်ခု၊ သူတို့က သုံးနာရီ လေးနာရီခွဲ….ခန်းမကြီးကြီး မယူထားဘူးတဲ့။ ခန်းမအသေးလေးဆို ရပြီလေ၊ အဲဒါကြောင့် ကျွန်တော် လက်ခံလိုက်တယ်”
ကိုသာထူးက ထွက်လာပြီးရှင်းပြ၏ ။
ကြယ်တံခွန်က တိတ်တဆိတ်နှင့် စဉ်းစားနေ၏ ။ ခန်းမအကြီးတစ်ခု အသေးတစ်ခု ရှိတာမှန်ပေမယ့် တချိန်တည်းမှာ နှစ် ခုပြိုင်ပြီး တစ်ခါမှ မသုံးဘူးပါ။ ခန်းမအသေးကလေးက လိုအပ်လျှင် ဖွင့်ပေးရမှာ ။
“မွေးနေ့ပွဲက လူတွေ အရမ်းများ နေရင်ရော”
ကိုမြင့်မောင်မေးတာလည်း သဘာဝကျသည်။
“သာမန်လူမွေးနေ့ မဟုတ်ဘူး၊ မင်းသမီးလေး…..အခုလောလောဆယ် အရမ်းနာမည် ကြီးနေတဲ့ မင်းသမီး၊ ခန်းမလျှံသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါပြောတာ”
ကိုသာထူးနှင့် သူ့တပည့် မြင့်မောင်က ဘာမဆို ငြင်းခုံ အနိုင်ပိုင်းနေကြပါ။
ကြယ်တံခွန်က ဘယ်လိုများ ပြောလာမလဲဟု ကိုသာထူးက စောင့်နေ၏ ။
“လက်ခံလိုက်ပြီလား”
“ဟုတ်တယ်”
မြင့်မောင်ကမမေးဘဲ ၀င်ဖြေသည်။ မေးတာက ကိုသာထူးကိုပါ။
“စရံတစ်ဝက် ယူထားပြီးပြီ”
“ထုံးစံအရ စရံကို နှစ် ဆပြန်အမ်းရတော့မှာ ”
မြင့်မောင်က ၀မ်းသာအားရ တွက်ချက်ပြတော့ ကိုသာထူး မျက်နှာပျက်သည်။
ကြယ်တံခွန်က သက်ပြင်းတစ်ချက်ရှိုက်ကာ…
“လက်ခံပြီးမှတော့ ကြည့်စီစဉ်ရမှာ ပေါ့၊ နောက်တစ်ခါဆိုရင်တော့ နှစ် ပွဲတစ်ပြိုင်တည်း လက်မခံနဲ့လေ။ ညနေငါးနာရီတိတိမှာ ကမ်းကခွာမှာ ……မ ဖြစ်သေးပါဘူး…ဒီနေ့ ခြောက်နာရီ ကျော်မှ ထွက်တာပေါ့”
ကိုသာထူး အခုမှ ပြုံးနိုင်တော့၏ ။
“ကိုသာထူးရေ…ဒီလိုလုပ်”
“ဟုတ်ကဲ့”
“အထူးဧည့်ခန်းဆောင်ကို ဆိုဖာတွေ ဖယ်ပြီး စားပွဲနဲ့ခုံတွေ ချထားလိုက်ပေါ့၊ အဲဒီ မှာ လိုအပ်ရင် နေရာပေးနိုင်အောင်”
“ဟုတ်ကဲ့”
မြင့်မောင်က သူ့ဆရာကို အထင်ကြီးသလိုကြည့်လာ၏ ။ သူ့ဆရာ ကြယ်တံခွန်က ဖြတ်ထိုး ဥာဏ်အရမ်းကောင်းလှသည်။ သူများ ထက် သာသည်။
“ဧည့်ခံပွဲတွေ လက်ခံရင် စာရင်းစာအုပ်ကြည့်ပြီးမှ လက်ခံ၊ ဇဝေဇ၀ါ ဖြစ်နေရင် ငါ့ဆီ ဖုန်းဆက်လိုက်။ တလွဲတချော် ဖြစ်ရင် မကောင်းဘူး” ဟု ကြယ်တံခွန်က ထပ်မှာ ၏ ။ ကိုသာထူးက တာဝန်ခံဖို့ သေချာပြောထားရပါသည်။ မြင့်မောင် ကတော့ သူ့တပည့်ပါ ဘယ်ကိစ္စမဆို သူ နေရာတကာ ၀င်ပါ ဆရာလုပ်လိုက်ရမှ။
******
အခန်း (၄)
ဖုန်းသံမြည် လာတော့ ကြယ်တံခွန်က နားမထောင်သေးဘဲ ပေါ်လာသော ဖုန်းနံပါတ်ကို စူးစိုက်ကြည့်လိုက်၏ ။
“မြသဒ္ဒါ” ဆီက ဖုန်းပါ။
မြသဒ္ဒါ၏ ဟဲင်းဖုန်းနံပါတ်ကို တွေ့ ရသည်။ သူ ဖုန်းကို အသာကလေးပြန်ချထားလိုက်ပြီး ကော်ဖီခွက်ကို ကောက်ယူသောက်နေမိ၏ ။
ဖုန်းက အကြာကြီးမြည် ပြီး ရပ်သွားသည်။ ပြီးတော့ ပြန်ထပ်မြည် ပြန်သည်။ မကိုင်မချင်း ဇွဲကြီးကြီးနှင့် ခေါ်နေတော့မလား မသိပါ။ တစ်ခါတစ်လေ သူ့ကို မြသဒ္ဒါက အဲဒီ လိုပဲ နှောင့်ယှက်တတ်၏ ။
“ဟယ်လို”
သူ စိတ်တိုပြီး ကောက်ယူထားလိုက်၏ ။
“ဟယ်…ကိုကို”
သူ့အသံကြားလိုက်ရတော့ မြသဒ္ဒါ အပျော်လွန်သွား၏ ။
“ဘာကိစ္စလဲ…..ပြော၊ ဒီမှာ အလုပ်ပျက်တယ်”
“ပြောစရာရှိလို့ပေါ့၊ မရှိဘဲ ဆက်မလား”
“ဘာကိစ္စလဲ”
“အမယ်လေးနော်…လောလိုက်တာ”
ကြယ်တံခွန်က သိပ်စိတ်မရှည်၊ ခင်မင်နေတာကြာပြီ ဖြစ်သော သူငယ်ချင်းမို့လို့သာ မလွဲမရှောင်သာ ဆက်ဆံနေရတာ ။ ရေလာမြောင်းပေးစကားတွေ ကို မကြိုက်၊ ပိုင်စိုးပိုင်နင်း လုပ်တတ်တာကို ပိုပြီးမကြိုက်။ မဆွတ်ခင်က ညွတ်နှင့်နေတာကိုတော့ မကြိုက်ဆုံးပါ။ သို့ ကြောင့် သူက ခပ်ခွာခွာနေသည်။
သိပ်အရောမ၀င် သူ့ဘက်က မနှစ်သက် ပါဘဲ မျှော်လင့်ချက်မပေးချင်ပါ။
“မြသဒ္ဒါလာခဲ့မလို့”
“ဘယ်ကိုလဲ”
“ခုနစ်စင်ကြယ်ပေါ်မှာ မွေးနေ့အတွက်ပေါ့”
“ဘယ်လို”
“(………)ရက်နေ့အတွက် စင်းလုံးငှားထားပြီးသားလေ။ ကိုကို မသိဘူးမဟုတ်လား”
“အင်း”
“ကိုကို မသိအောင် ဖေဖေ့မန်နေဂျာနဲ့ လာပြောသွားတာ စရံတောင်ပေးပြီးပြီ”
မြသဒ္ဒါ ကတော့ တစ်မျိုးပြီးတစ်မျိုးပါပဲ။
ထူးထူးဆနုးဆန်း ဖြစ်အောင် မွေးနေ့ကို သင်္ဘောပေါ်မှာ ကျင်းပချင်တာလား…..သို့ မဟုတ် ကြယ်တံခွန်ကို နီးကပ်စွာ နှောင့်ယှက်ချင်တာလား….တစ်ခုခုတော့ ဖြစ်လိမ့်မည် ။ စင်းလုံးငှားပြီး မွေးနေ့လုပ်မှာ ကို ကြယ်တံခွန်ကို အသိမပေး မတိုင်ပင်။
“ကိုကို့ကို ကြိုပြောရင် ကန့်ကွက်နေမှာ စိုးလို့ ဈေးလျှော့ယူမယ်တော့ မထင်ပါဘူး”
သူ့စိတ်ဓာတ်ကို မြသဒ္ဒါ့က သိနေသည်။
“ကိုကို အံ့သြသွားလား”
“မအံ့သြပါဘူး….မထူးဆန်းပါဘူး”
ကြယ်တံခွန်က တစ်ချက်ပြုံးလိုက်၏ ။
“ကိုကို မွေးနေ့လက်ဆောင် ကောင်းကောင်းလေးပေးရမယ်နော်”
“ဘာလို့လဲ”
“မွေးနေ့လက်ဆောင်ပါဆို….ဘတ်ဒေးပရဲစင့်လေ”
“ဒါက ကိုယ်ကြိုက်တာ ကိုယ်ပေးခွင့်ရှိတယ်”
“ကိုကိုနော်….ဟွန့်”
မြသဒ္ဒါက သူ့ကို မကျေမနပ် ဖြစ်သွား၏ ။
“မွေးနေ့ရှင်က ဘာပေးပါ ညာပေးပါဆိုပြီး ကန့်သတ်ချင်လို့လား”
“ဒီလိုတော့ မဟုတ်ပါဘူး ကိုကိုရယ်”
“လုပ်မနေနဲ့ ….စေတနာက သိပ်ရှိတာမဟုတ်ဘူး”
“ဘာလဲ …..ကြိုမတိုင်ပင်လို့ စိတ်ဆိုးနေတာလားဟင်…….ကိုကိုအံ့သြသွားအောင်ပါ”
မြသဒ္ဒါက ကြည်နူးစွာ ရယ်နေ၏ ။
“ဖေဖေက မေးနေတယ်…….ကိုကို့ကို”
“ဟုတ်လား”
“အခုတလော မလာဘူးတဲ့….ကုမ္ပဏီကကိစ္စဆို ဟိုအတွင်းရေး မှုးပဲ လာတယ်ဆို”
“ဟုတ်တယ်…စက်ရုံနဲ့ သင်္ဘောပေါ်မှာ ပဲ အချိန်ကုန်နေတာများ လို့”
“ကိုကိုက သင်္ဘောပေါ်မှာ နေရတာ အရမ်းကြိုက်တယ်နော်၊ မပျင်းဘူးလား”
“၀ါသနာပါတဲ့ အလုပ်ပဲ”
“ပျင်းစရာကြီး ၊ ခဏတဖြုတ်ဆိုလည်း ဟုတ်သေးတယ်”
ကြယ်တံခွန်က ဖွဖွပြုံးသည်။ သူကိုယ်တိုင်က ကျေနပ်လွန်းစွာ နှင့် ခုနစ်စင်ကြယ်သင်္ဘောပေါ်မှာ ပဲ နေတာပါ။ ရေပြင်ကျယ်ထဲမှာ နေရတာ သူကြိုက်သည်။ ခြံဝင်းထဲ က အိမ်မှာ နေရတာ နှင့် လုံးဝမတူ။
သူက အမြဲတမ်း သည်သင်္ဘောပေါ်မှာ ပဲနေကာ လုပ်ငန်းကိစ္စအ၀၀ကို တာဝန်ယူပြီး အနီး ကပ် ဂရုစိုက်နေသွားဖို့ ဆုံးဖြတ်ထားသည်။
“မန်နေဂျာနဲ့ လွှဲထားလည်း ရသားနဲ့ ”
မြသဒ္ဒါက နေရာတကာ ၀င်စွက်ဖက်လွန်းသည်။ သူ့လို မိန်းကလေးမျိုးကို ကြယ်တံခွန်က လက်တွဲ ဖို့ ဘယ်တော့မှ မစဉ်းစားဘူးပါ။
ကြယ်တံခွန်ဆုံးဖြတ်ထားတာ တစ်ခုရှိသည်။ သူ အမှန်တကယ် စိတ်လှုပ်ရှားသက်ဝင် သော မိန်းကလေးကိုသာ စဉ်းစားရွေးချယ်ပါမည် ။
ရင်ခုန်သံနှင့် ဘ၀တစ်ထပ်တည်းမကျမှာ တစ်ခုဘဲ သူ စိတ်ပူနေမိသည်။
ဘွားဘွားနှင့် အဆင်ပြေမည့်  ကောင်မလေးမျိုးကို သူ ချစ်မိပါစေဟု ဆုတောင်းသည်။
တခြားကိစ္စတွေ ကို ဥာဏ်လွှာသုံးပြီး ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လုပ်ကိုင်ခဲ့ပေ မယ့် အိမ်ထောင်ရေး ကိုတော့ သူ နှလုံးသားနှင့် ဆုံးဖြတ်ပါမည် ။နှလုံးသားက လိုချင်တောင့်တသူရှိ လာလျှင်သာ သူ လက်ထပ် ဖြစ်ပါလိမ့်မည် ။
သူ့ခံယူချက်ကို သူသာသိသည်။
******
![]() ရေခဲပြင်နှင့် မြက်ခင်းစိမ်း | ![]() တောင်ခြေကလူတစ်ယောက် နှင့် တောင်ထိပ်ကလူတစ်ယောက် | ![]() မောင့်ပခုံးတစ်ဖက် |