Cover

ပန်းသီခိုင်




ခေါင်းလောင်သံချိုချိုကြောင့် ခြံဝင်းတံခါးဆီ ကိုယ်လေးမတ်ကာ ကြည့်မိသော်လည်း မမြင်ရပါ။

ဘယ်သူပါလိမ့် . . .။

မျက်ခုံးကလေးကြုံကာ တွေးမိသည်။

ဖေဖေ့ဧည့်သည်များ လား . . .။

ဖေဖေကလည်း အိပ်ရာဝင်သွားခဲ့ပြိ။

နွေချိုတောင် စာအုပ်ဖတ်မလား စိတ်ကူးပြီး မီးလင်းဖိုထဲ မီးဖြည့်ကာ ဒရင်းဘဒ်ကို ဆွဲယူချထားမိတာ . . .။

ခေါင်းလောင်းသံလေးက ရပ်မသွားဘဲ ဆက်ကာ ဆက်ကာ မြည် နေသော အခါ နွေချို ခြံတံခါးသော့ တွဲ ကို ကောက်ယူပြီး အိမ်ကလေး ထဲက ထွက်လာခဲ့ပါသည်။

အပြင်ဘက်ရောက်တော့ ချမ်းစိမ့်သော လေက ဖြန်းခနဲ ပြေးပွေ့သလို ရှိတာမို့ ဆွယ်တာခေါင်းစွပ်ကလေးကို ခေါင်းလေးခြုံကာ လက်တင်းတင်း ပိုက်မိသည်။

ခြံဝင်းအဝင်ဝနှင့် အိမ်ကလေးက တော် တော် လှမ်းတာမို့ မြန်မြန် လျှောက်လျှင်တောင် တော် တော် နှင့် မရောက်နိုင်။

ခါတိုင်းဆိုလျှင်တော့ ဦးလေးဒေါင်းညိုက အမြဲရှိသည်။ သည်ညမှပဲ ပန်းစိုက်ခင်းထဲ သွားအိပ်တာ . . .။

ကြီးကြီးမော် ကတော့ တစ်နေ့လုံး ပင်ပန်းသာမို့ ညဆို အရိပ်လည်း မမြင်၊ အသံလည်း မကြားရဘဲ စောစော အိပ်ရာဝင်တတ်ပါသည်။

မောင်ထွေးကလည်း ငယ်သေးတော့ သိပ်အားကိုး မရ။ နေ့ခင်းပိုင်း ပန်းဆိုင်မှာ တော့ အသုံးတည့် ပါသည်။ အိမ်ပြန်ရောက်လျှင် သူလည်း မြင်တောင် မမြင်ရတော့ပါ။

“လာပြီး . . .လာပြီး၊ ဘယ်သူလဲ”

သော့ တွဲ လေးကိုင်ကာ ပြေးသွားရတော့သည်။

ခြံဝန်းတံခါးကို ကပျာကရာ ဖွင့်မိသော အခါ အနွေးထည်အနီရဲလေးနှင့် သက်မာကို မြင်ရ၏ ။

“သက်မာ”

“အင်း . . .”

သက်မာက နွေချို့ကို ကြည့်ပြီး တစ်ချက်ရယ်သည်။

“ညကြီးမိုးချုပ်ပါလား . . ။ဘာကိစ္စ ရှိလို့လဲဟင်”

စိတ်ပူပြီး မေးမိပေမဲ့ သက်မာက တစ်ခစ်ခစ်ရယ်နေသည်။

“ဟင် . . .ဘာမှလည်း ရယ်စရာ မပြောမိဘူး”

ခြံဝင်းတံခါးကို ပြန်ပိတ်ပြီး နှစ် ယောက် သား အိမ်ဘက် လျှောက်လာခဲ့ကြသည်။

သက်မာနှင့် နွေချိုက အရမ်းခင်ပေမဲ့ ခုလို ညဘက် အိမ်လာလည်တာ မျိုးတော့ မရှိတတ်ပါ။

ကိစ္စတစ်ခုခု ရှိလျှင် ဖုန်းပဲ ဆက်လိုက်တာ။

သည်ညမှ ထူးထူးခြားခြား ရောက်လာတာ။

“နွေချို”

“ဟင် . . ”

“ဘာလုပ်နေတာလဲ”

“စာအုပ်ဖတ်မလားလို့”

ဧည့်ခန်းကို ရောက်လာသော အခါ မီးလင်းဖိုဘေးမှာ ဒရင်းဘက်ဒ် ချထားတာ မြင်တော့ မေးလာ၏ ။

“လေးလေးရော”

“အိပ်ပြီး”

ကြီးကြီးမော်နှင့် မောင်ထွေးကိုတော့ သက်မာ မမေးပါ။ အကြောင်း သိပြီးသား မဟုတ်လား။

“နွေချို”

“ပြောလေ . . .ဘာလဲ။ ဘာတွေ အရေး တကြီး လာတိုင်ပင် တာလဲ”

နွေချိုက သင်္ကာမကင်း မေး ဖြစ်၏ ။

“ပြစရာတစ်ခု ရှိလို့”

“ဟုတ်လား”

“နွေချို အရမ်းအံ့သြသွားမယ်”

“အင်း . . .ပြလေ”

“လန့်မသွားနဲ့နော်”

“လန့်စရာလား”

“အင်းပေါ့ . . .”

“ဘာကြီးလဲ”

မျက်လုံးပြူးကလေးနှင့် မေး ဖြစ်၏ ။

ထူးထူးဆန်းဆန်း ဖြစ်နေသော သက်မာကို မယုံရဲတော့ပါ။ မနက်တွေ့ မှ ပြလည်းရသားနှင့် တကူးတက အိမ်အထိ လိုက်လာပြီး စဦးမလို့လား။

အနွေးအင်္ကျီထဲကနေ ဂျာနယ်တစ်စောင် ထုတ်လိုက်တော့ နွေချိုရယ်ချင်သွား၏ ။

ကြောက်စရာ လန့်စရာဆိုတာ ဂျာနယ်တစ်စောင်တဲ့လား။ သက်မာတော့ ခက်နေပါပြီ။

ဒီမှာ ကြည့်

သက်မာက ဂျာနယ်ကို ဖြန့်ပြီး ဒရင်းဘက်ဒ်ပေါ် တင်လိုက်၏ ။ နွေချို ဖျတ်ခနဲ ငုံ့ကြည့်ကာ ငြိမ်ကျသွားသည်။

ခြေဖျားလက်ဖျားတွေ အေးစက်လျက် ရင်ခုန်သံက တဒုန်းဒုန်း မြန်ဆန်ကာ စိတ်လှုပ်ရှားစွာ ဒရင်းဘက်ဒ်ပေါ် ထိုင်ချမိပါသည်။ မျက်လုံးအစုံက ဂျာနယ်ပေါ်မှ မခွာနိုင်။

လင်း . . .။

လင်းပါလား . . .။

ရယ်နေပုံ၊ ခေါင်းမော့နေပုံ အမူအရာကအစ မျက်လုံးတွေ ကပါ တစ်ပုံစံတည်း။

ဘုရားရေ . . .။

လောကကြီးမှာ သည်လောက် လူတူရှိနိုင်သလား။ အမြွာလည်း မဟုတ်၊ ဘာလည်းမဟုတ်။

လက်ညှိုးထိပ်ကလေးကို သွားနှင့် ကိုက်ကာ ငြိမ်သက်စိုက်ကြည့်နေမိကာ သတိလက်လွတ်ပါ။

ဧတဲ့လား . . .။

အမည် ကလည်း ခပ်ဆန်းဆန်း။

စိန်တိမ်တိုက် ဗွီဒီယိုထုတ်လုပ်ရေး က အသစ်တင်မည့်  မင်းသားတဲ့။

“နွေချို”

“ဟင်”

သက်မာက နွေချိုပခုံးလေးကို ဆုပ်ကိုင်ကာ ခေါ်၏ ။

“အရမ်းတူတာပဲနော်၊ ခွဲလို့မရအောင် တူတာဟ။ အဲဒါကြောင့် သက်မာ ပြေးလာတာ”

နွေချိုက ပင့်သက်မျှင်းမျှင်းရှိုက်သည်။

သက်မာက နွေချို့အကြောင်းတွေ အကုန်သိထားတော့ အံ့အားသင့် တုန်လှုပ်လို့ နေသည်။

“နွေချို့ ကိုလင်းနဲ့ အရမ်းတူတာပဲနော်။ ဒီလောက်တောင် တူတယ်နော်။ ညီအစ်ကိုလည်း မဟုတ်ဘဲနဲ့”

တူတယ်ဆိုတာလေးကို သက်မာက တုန်လှုပ်အံ့သြ နေရုံလောက်သာ၊ နွေချို့မှာ တော့ အတွင်းကလီစာတွေ အကုန်လုံး ဆတ်ဆတ်ခါသွားအောင် မူးမိုက်မောပန်းသွားရသည်။

အနည်းထိုင်စပြုနေသော ခံစားမှု အားလုံး ဗြုန်းဆို အသက်ဝင်လာသလို နှလုံးသားသည် နာကျင်မောပန်းစပြုသည်။

“မယုံနိုင်စရာပဲနော်၊ နွေချို ဆွဲထားတဲ့ ပန်းချီကားထဲက နွေချို့ ခင်ပွန်းဟောင်း ကိုလင်းနဲ့ လုံးဝတစ်ထပ်တည်းပဲ။ အခန်းထဲက ဓာတ်ပုံနဲ့ တိုက်ကြည့်ပါလား”

နွေချိုက ဂျာနယ်ပေါ်က သူ့မျက်နှာကို လက်ချောင်းကလေးများ နှင့် စမ်းကြည့်မိပါသည်။

မျက်ရည်ပူတွေ မျက်လုံးတွေ ပြည့်လျှံလာ၏ ။

သတိရလိုက်တာ လင်းရယ်။

လူသိ သူသိ မလွမ်းပေမဲ့၊ ဟန်ဆောင်မျိုသိပ်ထားပေမဲ့ ရင်ထဲမှာ တိတ်တိတ်ကလေး လွမ်းမိပါတယ်။

ကျိတ်ပြီးရှိုက်ငိုခဲ့တဲ့ ညတွေ အကြောင်း ခေါင်းအုံးကလေးပဲ အသိဆုံးပါ။

လင်း မရှိတော့မှ . . .

လင်း ခွဲသွားတော့မှ . . .

နွေချိုလေ . . .လင်းကို တစ်ခါလောက် ဖြစ် ဖြစ် ချစ်တယ်လို့ ပြောလိုက်ချင်လိုက်တာ။

တစ်ကြိမ်လောက် ဖြစ် ဖြစ် လင်းရင်ခွင်ထဲကို ကျေကျေနပ်နပ် ခိုဝင်နားခွင့် ရချင်လိုက်တာ။

မာနတွေ ၊ ဒေါသတွေ အာဃာတတွေ ဘေးဖယ်ထားပြီး ကြည်နူးမှု လေးတစ်ခု ရချင်လိုက်တာ။

လင်းရှိနေစဉ်က . . .

လင်းချစ်နေတုန်းက . . .

နွေချို့နှလုံးသားမှာ မာနတွေ ၊ အမုန်းတွေ နဲ့ ပူလောင်ပျက်ယွင်း ပြီးနားလည်ခွင့်လွှတ်ရမှန်းလည်း မသိ။ တန်ဖိုးထား မြတ်နိုးရကောင်းမှန်း လည်းမသိပါဘူး။

အသက်ပေးချစ်တတ်တဲ့ ခင်ပွန်း တစ်ယောက် ဆုံးရှုံးသွားမှတော့ ကျန်ရစ်ခဲ့တဲ့ နွေချို့မှာ အသက်ရှင်နေတာပဲ ရှိပါတယ်။ ရင်ထဲမှာ နှလုံးသား မရှိတော့ပါဘူး။

လင်းအသက်နဲ့ အတူတူ နွေချို့နှလုံးသားလည်း သေဆုံးပျောက်ကွယ်သွားခဲ့ပါပြီ။

စက်ရုပ်တစ်ခုလို ပုံမှန်ရပ်တည်နေပေမယ့် မပျော်ဘူး လင်းရယ်။

ဟိုအရင်အချိန်တွေ ကို ပြန်လိုချင်ပါတယ်။

နွေချို ချစ်တတ်လာပါပြီ။

ချစ်ခြင်းနဲ့ နူးညံ့မှု ၊ ကြည်နူးမှု ၊ ပေးဆပ်မှု . . .။

ချစ်ခြင်းရဲ့ သဘောအဓိပ္ပါယ်ကို လင်းပြောပြလို့ သိခဲ့ပါပြီ။

ညညဆို အိပ်မက်တွေ ထဲမှာ လင်းကို မောကြီးပန်းကြီး ရှာဖွေနေတတ်ခဲ့ပါပြီ။

ဘယ်တော့မှ ပြန်မတွေ့ နိုင်တော့ဘူး ဆိုတာ နိုးနေချိန်မှာ လက်ခံနိုင်ပေမယ့် အိပ်ပျော်နေချိန် မသိစိတ်တစ်ဝက် သိစိတ်တစ်ဝက်နဲ့ လင်းကို လိုက်ရှာ နေမိစမြဲပါ။ ဆုံးရှုံးမခံနိုင်ပါဘူး။ မရှိတော့ဘူး ဆိုတာကို လူက လက်ခံပေမဲ့ နှလုံးသားက လက်မခံဘူး။ တွေ့ နိုးနိုးနဲ့ မရအရ ကြိုးစားနေလွန်းလို့ လန့်နိုးငိုခဲ့ရတာ တွေ ကို လင်း သိရဲ့ လား။

နွေချို ဆေားရီဟာ . . .။သက်မာ မှားသွားပြီလား။

သက်မာ စကားကြောင့် နွေချို သတိဝင်လာ၏ ။

ပါးပြင်ပေါ်ကျနေသော မျက်ရည်တွေ သုတ်ပစ်သည်။

“ကိုလင်းကို သတိရလို့လားဟင်”

နွေချိုက ဟန်လုပ် ပြုံးပြမိပါသည်။

ဘယ်သူ့ရှေ့မှာ မှ လင်းကြောင့် မငိုခဲ့ဖူးပါဘူး။

ဒါ . . .ပထမဆုံးအကြိမ်ပါ။

“နွေချို့ကို သွေးအေးတယ်လို့ ထင်တာဟ။ ထုံပေပေနဲ့ ဒီလောက် မျက်ရည်လွယ်မယ် မထင်ခဲ့ဘူး”

သက်မာက အခြေအနေကို ပေါ့ပါးအောင် စကားပြောင်းလိုက်သည်။ မွန်းကျပ်နာကျင်မှု တွေ ကြားက နွေချိုကို လွတ်မြောက်ရုန်းထွက် စေချင်ပါသည်။

ကိုလင်းမှ မရှိတော့ဘဲ။

သတိရအောက်မေ့စရာပဲ ဖြစ် ဖြစ်၊ နာကြည်းမျက်ရှစရာပဲ ဖြစ် ဖြစ် မေ့ပစ်လိုက်စေချင်ပါပြီ။

“ကဲပါ . . .သက်မာကို ကော်ဖီလေး ဘာလေး တိုက်လိုက်ပါဦး“

“အင်း . . .အင်း ”

နွေချိုက ဂျာနယ်လေးကို ကောက်ယူပြီး . . .

“ယူထားလိုက်မယ်နော် ဟု ဆိုမိသည်။

“ယူထားလိုက်လေ . . .ရပါတယ်”

သက်မာရယ် . . .

နွေချို သွေးမအေးပါဘူး။

ထုံပေပေအေးစက်စက်လည်း မဟုတ်ပါဘူး။

ဟန်ဆောင်ထားတာပါ။

တကယ်တော့ လင်းကို တမ်းတရလွန်းလို့ နှလုံးသားမှာ အားမရှိတော့ လောက်အောင် ဖျော့တော့ ပင်ပန်းနေရပါပြီ။

ဘယ်လောက် နာကျင်ထိခိုက် ကြေကွဲပတ်လက် ဖြစ်နေရသလဲ ဆိုတာ ကိုယ်တိုင်ပဲ သိပါတယ်။

နွေချိုက သက်မာအတွက် ဓာတ်ဘူးထဲက ရေနွေးနှင့် ကော်ဖီဖျော်လိုက်၏ ။

ရေနွေးဓာတ်ဘူးကို ပလပ်ထိုးထားလျက် ဧည့်ခန်းထောင့်စားပွဲမှာ ပဲ ထားတာမို့ အဆင်ပြေ လွယ်ကူလှ၏ ။

“အရမ်းအေးတာပဲ အပြင်မှာ . . .။ ပြချင်ဇောနဲ့ ပြေးလာတာ။ ဗြုန်းဆို တွေ့ လိုက်တော့ စိတ်ထဲမှာ ဘယ်လိုကြီး ဖြစ်သွားမှန်းကို မသိဘူး”

ဘေးလူ သက်မာတောင် ခုလောက် ဖြစ်သွားခဲ့မယ်ဆို . . .

နွေချို မျက်ရည်ကျမိတာ ဆန်းတော့ မဆန်းလှပါ။

“အဲဒီ မင်းသားအသစ်က စိန်တိမ်တိုက်နဲ့ စာချုပ်တွေ ရှိပုံပဲ။ စိန်တိမ်တိုက် က နာမည် ကြီး မင်းသမီးတွေ နဲ့ လေးငါးကား တစ်ခါတည်း ကန်တော့ပွဲပေးတာတဲ့။ အထဲမှာ အဲဒီ အကြောင်းတွေ အကုန်လုံးပါတယ်။ ပြောသံကြားတာတော့ စိန်တိမ်တိုက် ကုမ္ပဏီရဲ့ တူဆိုလား ဘာဆိုလားပဲ . . ။ စိန်တိမ်တိုက်ရဲ့ ပင်တိုင်မင်းသား ဖြစ်လာမှာ ပဲ”

“ဟုတ်လား”

“ချောလည်းချော၊ ဆွဲဆောင်မှု လည်း ရှိတယ်။ အရမ်းအောင်မြင် လာမှာ သေချာတယ်ဟ။ မျက်လုံးက ညှို့ဓာတ်ရှိတယ်နော်။ နှုတ်ခမ်းတွေ က မှော်အပြုံး၊ ဟဲ . . .ဟဲ တင်စားကြည့်တာ။ သူ့ဓာတ်ပုံကို ကြည့်မိတာနဲ့ လူကို ဗြုန်းဆို ဆွဲလိုက်သလိုပဲ။ သံလိုက်တုံး ကျနေတာပဲ။ ဆွဲအားရှိတယ်”

သက်မာ ဘာပဲပြောပြော သူ့ဓာတ်ပုံ (ဂျာနယ် မျက်နှာဖုံး)ကို နွေချို မကြည့်မိတော့ပါ။

ကြည့်မိလျှင် ခံစားမှု တွေ ပြင်းထန်ဆူဝေလာမှာ စိုးလို့ပါ။

“မိတ်ဆက်စာရေး ရင် ကောင်းမလား“

“ဟင် . . .”

မျက်လုံးကလေးဝိုင်းလျက် သက်မာဆီ ကြည့်လိုက်သည်။

သည်လို အလုပ်မျိုးတွေ ဘယ်တုန်းက လုပ်ဖူးလို့လဲ။

ဆယ်ကျော်သက် ချာတိတ်မလေးတွေ လည်း မဟုတ်တော့ပါ။

သစ်ရွက်လှုပ်တာကိုပင် ရယ်ချင်သည့် အရွယ်ကတောင် ဒါမျိုးတွေ မလုပ် ဖြစ်ခဲ့ပါ။

“နွေချို ခင်ပွန်းနဲ့ တထေရာတည်း တူတာကို ဒီကလူတွေ ဘယ်သိပါ့မလဲ။ နွေချို့အကြောင်းတွေ မှ မသိဘဲ”

“မသိတာပဲ ကောင်းပါတယ်”

နွေချိုက ခေါင်းလေး ရမ်းသည်။

မဆိုင်ပါဘူး။

တကယ်တမ်းတော့ ဘာမှကို မဆိုင်။

နွေချို့ ခင်ပွန်း ကိုလင်းက သေးဆုံးသွားခဲ့ပြီ။

ရန်ကုန်မှ အသစ်ပေါ်လာသည့် မင်းသား “ဧ” နှင့် ရုပ်ချင်းခွဲမရအောင် ဆင်နေတာ ကတော့ တိုက်ဆိုင်မှု တစ်ခုပါ။

ထိုတိုက်ဆိုင်မှု ကို နွေချိုက ရူးသွပ်စွာ ဖမ်းမဆုပ်လိုပါ။

အံ့သြလွန်းစွာ အသိမှတ်ပြုရပေမဲ့ နွေချို့ကို အသက်ပေး ချစ်ခဲ့သော လင်းသည် လင်းသာ ဖြစ်ပါ၏ ။

နွေချို့ကို သိပ်ချစ်ခဲ့ဖူးသော . . .

နွေချို့က ဘယ်တော့မဆို မောက်မာ ရင့်သီးစွာ အေးစက်စက် ဖယ်ခွာခွာ ဆက်ဆံတတ်ခဲ့သော လင်းသည် “ဧ”ဆိုသော မင်းသား မဟုတ်ပါ။

ဒါကို ခွဲခြားနားလည်ပါသည်။

သို့ ပေမဲ့ နှလုံးသား ကတော့ သည်တိုက်ဆိုင်မှု ကို တုန်ရီလူးလွန့်စွာ လက်ခံလိုက်မိသည်။

ရုပ်ချင်းဆင်သလို အသံရော တူနေမလား။

ချက်ချင်း ပဲ သိချင်စိတ် ပြင်းပြလာသည်။

“အင်း . . .သူက ခုမှ တက်သစ်စ ဆိုတော့ စာပြန်ချင် ပြန်မှာ ”

သက်မာ စကားကို နွေချို မတုံ့ပြန်မိပါ။

စိတ်ကူးတွေ လည်း မယဉ်လိုပါ။

လင်းကသာ နွေချို့ကို အသက်လောက်ချစ်ခဲ့တာ ထို ဧ ဆိုသော မင်းသားချောက အသိမှတ်တောင် ပြုချင်ပြုမှာ ။

ရင်ထဲမှာ တသသမြတ်နိုးနေရသော လင်းကို တစ်သက်လုံး တန်ဖိုးထားသွားမှာ မို့ ရုပ်ချင်းဆင်သော လူ တစ်ယောက် နှင့် လည်း အစားမထိုးနိုင်ပါ။

နွေချိုက ပန်းရောင်းသော ကောင်မလေး တစ်ယောက် ပါ။ သာမန် မိန်းကလေး တစ်ယောက် ပါ။ ပြီးတော့ ခင်ပွန်းဆုံးသွားသော မုဆိုးမ ကလေးပါ။

တိတ်တိတ်ကလေး လွမ်းနာကျနေသော နှလုံးသားမဲ့ မိန်းကလေး တစ်ယောက် ပါ။

နူးညံ့သော ကြည်နူးဖွယ်သော ချစ်ခြင်းတို့သည် နွေချိုနှင့် ဝေးကွာ နေခဲ့တာ ကြာပြီ။

အနားမှာ မရှိတော့သည့် လင်းကို တမ်းတရင်း အထီးကျန်ဆန်စွာ တစ်ယောက် တည်း နေလာခဲ့တာ ကျင့်သားပင် ရနေခဲ့ပြီ။

** ** **




ဖေဖေ့အတွက် ထမင်းကြော်ပူပူ၊ ကော်ဖီဓာတ်ဘူးထဲ ကော်ဖီအဆင်သင့် ဖျော်ထည့်။ ရေနွေးဓာတ်ဘူးထဲ ရေနွေးဆူဆူကို လက်ဖက်ခြောက် ခပ်ထည့်ပြီးသော အခါ လဲဖို့ အဝတ်အစား တစ်စုံပါ အသင့်ထား ပေးလိုက်၏ ။

ဖေဖေနိုးလာတော့ နွေချိုက ရေမိုးချိုးပြီးခဲ့ပြီ။

ပန်းစိုက်ခင်းထဲသွားစရာ ရှိလျှင် ဖေဖေက အစောကြီးသွားတတ်သည်။

“ဖေဖေ ထမင်းကြော် ရပြီ“

“အေး . . အေး ညက ဧည့်သည်လာတာလား သမီး”

“ဟုတ်ကဲ့၊ သက်မာပါ ဖေဖေရဲ့ “

“ဟုတ်လား”

ဖေဖေက သည်ထက် ပိုမမေးပါ။

နွေချိုက အခန်းထဲဝင်လာပြီး နံရံအဝတ် ဗီရိုကို ဆွဲဖွင့်လိုက်၏ ။ သပ်ရပ်ညီညာစွာ ခေါက်ထားတာရော၊ ချိတ်နှင့် ချိတ်ဆွဲလှမ်းထားတာရော လင်းအဝတ်စားများ သည် သင်းပျံ့သော ရေမွှေးနံ့၊ ပရုတ်နံ့တို့နှင့် အတူ နွေချို နှလုံးသားကို ဖမ်းဆုပ်ကိုင်လိုက်သလို ဆွတ်ပျံ့ လွမ်းမောသွားစေသည်။

အမှတ်တရ အလွမ်းပြေ အမြဲပဲ ဖွင့်ကြည့်နေကျပါ။

လင်း၏ ဓာတ်ပုံကို ဘီရိုမှန်မှာ ကပ်ထားသေးသည်။

ကိုယ့်အဝတ်အစားတွေ ထက်၊ ကိုယ့်အသုံးဆောင် ပစ္စည်းတွေ ထက်ပင် ပိုလို့မြတ်နိုးကာ တစ်စာ ဂရုစိုက်မိ၏ ။

ပြီးမှ ဘီရိုတံခါးတွေ ဆွဲပိတ်ကာ ပင့်သက်ရှိုက်မိပါသည်။

မှန်တင်ခုံမှာ သွားထိုင်ချမိသော အခါ လူက မိုင်တစ်ရာ မနားတမ်း ပြေးလာသူလို မောပန်းနေ၏ ။

မှန်တင်ခုံ၏ အံဆွဲလေးကို ဖွင့်ကာ နီညိုရောင် ကတ္တီပါဘူးလေးကို ထုတ်ယူပြီး အဖုံးဖွင့်ကြည့်မိသည်။

လက်ပတ်နာရီ ဆင်တူကလေး နှစ် လုံး။

တစ်ခုက ယောကျာ်းပတ်မို့ အနည်းငယ် ပိုကြီးသည်။

နာရီလေးနှစ် လုံးကို မြင်တိုင်း လင်းကို အတိုင်းမသိ သနားစိတ်နှင့် အတူ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်အောင် နောင်တတွေ ရမိသည်။

လင်း ကျေနပ်အောင် တစ်ခါမှ လုပ်မပေးနိုင်ခဲ့ပါ။

ကတ္တီပါဘူးကို ပြန်ပိတ်ပြီး မှန်တင်ခုံအံဆွဲထဲ ထည့်သည်။ မှန်တင်ခုံ ကြည့်မှန် ညာဘက်ထောင့်မှာ ကပ်ထားသော လင်း၏ ရယ်ဟဟ ဓာတ်ပုံလေးကို တစ်ချက်ကြည့်ကာ နှုတ်ဆိတ်မိ၏ ။

ပန်းဆိုင်ကို မသွားခင် မနက်တိုင်း လင်းကို ဓာတ်ပုံကြည့် နှုတ်ဆက်နေ ဖြစ်တာပါပဲ။

ပိုက်ဆံအိတ်ကလေး ကောက်ယူပြီး အခန်းတံခါး ပြန်ပိတ်ကာ ထွက်လာခဲ့၏ ။

ပန်းဆိုင်ဖွင့်ဖို့ ကိစ္စအာလုံးကို ဦးလေးဒေါင်းညိုနှင့် မောင်ထွေးက ဝိုင်းပြီး စီစဉ်ပေးပါသည်။

လတ်ဆတ်ဝံ့ကြွားသော ပန်းဆိုင်ကလေးမှာ နွေချိုက ထိုင်နေရုံ ရောင်းပေးရုံ သက်သက်ပါ။

ပန်းခင်းကိစ္စအားလုံးကို ဖေဖေက တာဝန်ယူပါသည်။ စိုက်ခင်းထဲက ထွက်သမျှ ပန်းအားလုံး ဆိုင်ပေါ်ရောက်သည်အထိ ပို့ပေးသည်။

သုံးနှစ် နီးပါးရှိခဲ့ပြီမို့ ဆိုင်လုပ်ငန်း အဝဝက အသားကျ အဆင်ပြေနေခဲ့ပါပြီ။

ပန်းတွေ အော်ဒါမှာ လည်း ပို့ပေးရပါသည်။

“သမီး သွားတော့မလား”

“ဟုတ်ကဲ့ ဖေဖေ”

ဖေဖေ့ကို ခေါင်းညိတ်ပြပြီး နွေချို ထွက်လာခဲ့၏ ။

လမ်းမှာ တစ်ယောက် တည်း စဉ်းစားနေမိတာ ကတော့ လင်း၏ အကြောင်းများ နှင့် လင်းနှင့် ခွဲမရအောင်တူလွန်းသည့် ဧ ဆိုသော မင်းသားသစ်အကြောင်း တွေ ပါပဲ။

** ** **




“ဟင် . . .တကယ်လား”

သက်မာက ပြုံးစေ့စေ့ ခေါင်းညိတ်သော အခါ နွေချို နှုတ်ခမ်းလေး ပွင့်ဟကာ အံ့အားသင့်မိသည်။

“သက်မာက စိတ်ဝင်စားလို့၊ ဟုတ်လား”

“ဟာ . . .မဟုတ်တာ”

မျက်နှာလေး နီးပြီး ကမန်းကတန်းငြင်းသည်။

“ဒါဆို ဘာလို့ မိတ်ဆက်ချင် ရတာ လဲဟင်”

တစ်ယောက် နှင့် တစ်ယောက် ရင်နှီးပြီးသားမို့ မေးမိပါသည်။ သိလည်း သိချင်သည်။

“မင်းသားအသစ် ဆိုတော့ စာပြန်မှာ သေချာတယ်”

“အင်းလေ . . .စာပြန်တော့ ဘာ ဖြစ်လဲ”

“မိတ်ဆွေ ဖြစ်ပေါ့။ ဘာရယ် မဟုတ်ပါဘူး“

သက်မာ စကားကြောင့် နွေချို ငေးငေးကလေး ငြိမ်သွား၏ ။

“သူနဲ့ တစ်ပုံစံတည်းတူတဲ့ လူ တစ်ယောက် ရှိခဲ့တာသိရင် အံ့သြမှာ ပဲနော်”

တွေးဆဆ ဆို၏ ။

“ဘာဆိုင်လို့လဲ သက်မာရယ် . . .။လင်းက လင်းပါ ”

နွေချိုက လက်မခံဘဲ ပြန်ပြောမိသည်။

ကိုယ်ချစ်တဲ့ ကိုယ်ယောကျာ်းနဲ့ တူတာနဲပဲ ချက်ချင်း ကြီး မိတ်ဖွဲ့ရင်းနှီးကျွမ်းဝင်စရာတဲ့လား။

လုံးဝကို အဓိပ္ပါယ်မရှိပါ။

နွေချို အဲဒီ လိုဆန္ဒမျိုး မရှိပါ။

“နွေချိုရော ရေး ပါလားဟင်”

လက်ကလေးပြလျက် ပခုံးတွန့်မိသည်။

“ဒါဆို . . .သက်မာရေး လိုက်မယ်။ ပြောနေကြာတယ်။ ခုပဲ ရေး မယ်ကွာ“

သက်မာ၏ အားပါတက်ကြွမှု ကို နွေချို ပြုံးပြုံးကလေးပဲ ကြည့်နေမိပါသည်။

စိတ်ထဲမှာ ဆန္ဒတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာသည်။

ဆင်တူဝတ်ဖို့ ဝယ်ခဲ့ပြီးမှ နွေချို့ကြောင့် သိမ်းထား ဖြစ်ခဲ့သော နာရီဆင်တူလေး နှစ် လုံးထဲက တစ်လုံးကို သက်မာ၏ မိတ်ဆက်စာနှင့် အတူတူ ထည့်ပေးလိုက်ဖို့ပါ။

ဆက်ပြီး သိမ်းထားလည်း ဘာမှ ဖြစ်လာမှာ မဟုတ်သည့် အတူတူ။

“သက်မာ”

“ဟင်”

“နွေချို ပစ္စည်းလေးတစ်ခု ထည့်ပေးချင်တယ်”

“ဘာပစ္စည်းလဲ”

“နာရီလေးပါ . . .။ လင်းက သိပ်ကြိုက်တာ ၊ ဒါပေမဲ့ နွေချို့ကို စိတ်ဆိုးပြီး အသစ်အတိုင်း သိမ်းထားခဲ့တာ”

“ထည့်ပေးချင် ပေးလေ။ အမြန်ချောနဲ့ ပို့လိုက်မယ်”

“အင်း”

နွေချိုက ခေါင်းလေးညိတ်ပြီး နာရီလေးကို သွားယူလာ၏ ။

လှလိုက်တာနော်ဟု သက်မာက ဆိုသည်။

“သက်မာ”

“ဟင် . . .”

“သက်မာရဲ့ စာနဲ့ ရောပေးလိုက်နော်။ နွေချို့နာမည် လုံးဝမပါစေနဲ့”

“ဟင် . . .ဘယ်လိုကြီးလဲ”

“သူ နှစ်သက် မယ်ဆို၊ ပတ်မယ်ဆို ပြီးတာပဲဟာ . . .။ နွေချို့ကို သိစရာလည်း မလိုပါဘူး။ လင်းနဲ့ တူလွန်းတော့ နွေချို ပေးချင်မိတာ တစ်ခုတည်းပါ”

သက်မာက နွေချို့ကို တုံ့ပြန်စကားမဆိုဘဲ နွေချို့ စိတ်တိုင်းကျ လိုက်လျောပေးပါသည်။

နွေချို့ကို စိတ်ဝင်စားလျှင် သိပ်ကောင်းမှာ ပဲဟု ကြားထဲက တွေးမိသည်။

မိတ်ဆက်စာ ရေး မိတာလည်း အဲဒါကြောင့် ပါ။

** ** **




ညကလေးက တိတ်ဆိတ်ငြိမ်သက်လို့ နေသည်။

နွေချိုသည် မီးလင်းဖို အနားမှာ ဒရင်းဘက်ဒ်ကလေးကို အသာချကာ ထိုင်လိုက်မိသည်။ သူမရဲ့ ရင်ဘတ်ပေါ်မှာ ရှိနေတာ ကတော့ သက်မာပေးသွားသော ဂျာနယ်ကလေးပဲ ဖြစ်သည်။

ဒီညမှာ တော့ ဂျာနယ်မျက်နှာဖုံးလေးကို ကြည့်ချင်စိတ် ဖြစ်မိသည်။

လင်းကို လွမ်းမိသမျှ ရင်ထဲ တင်းကျပ်လွန်းလှပြီ။

လင်းနှင့် တူလွန်းသော လူ တစ်ယောက် ။

ငေးစိုက်ကာ ကြည့်ရင်း ကြည့်ရင်း အတန်ကြာတော့ နွေချို့မျက်လုံးအိမ်မှာ မျက်ရည်နှင့် စိုစွတ်လာသည်။ လင်းမျက်နှာ လင်းအမူအယာနှင့် လင်းစကားသံများ ကိုလည်း အလိုလို ပြန်လည် ကြားဟောင်လာမိသည်။

နွေချို့စိတ်တွေ က တဖြည်းဖြည်း တရွေ့ရွေ့နှင့် အတိတ်က နေ့ကလေးများ ဆီ ခုန်ပျံပြေးသွားကြသည်။

တစ်နေ့ချင်း တစ်နေ့ချင်း။

ဟိုးအရင် လင်းကို စတင်မြင်ဖူးချိန်ကစပြီး တစ်စတစ်စ၊ ပတ်သက်လာပြီး နောက်တော့ လက်ထပ်ပြစ်ခဲ့သည်အထိ။

ထိုမှ . . . ။

** ** **




ကော်ရစ်ခါမှ ရပ်ပြီး အေးအေးလူလူ စီးကရက် သောက်နေသော သူ့ကို နွေချို အစောကြီးကပင် သတိထားမိသည်။

ကျောင်းမှာ မိတ်ဆုံစားပွဲ ရှိတာမို့ နွေချို့ကို သူငယ်ချင်းတစ်စုက ဧည့်ခံကျွေးမွေးရေး ဘက်မှာ တာဝန်ယူပြင်ဆင်ရသည် ဖြစ်ရာ ခန်းမဆောင်ထဲက ဘူဖေးစားပွဲရှည်ကြီးဆီ သွားလိုက်ပြန်လိုက် ခေါက်တုန့်ခေါက်ပြန် ကူသန်းလှုပ်ရှားနေကြသည် မဟုတ်လား။

သစ်သီး မျိုးစုံကို အသင့်စားလို့ရအောင် ဘဲဥပုံ မယ်လမင်းပန်းကန်ပြားလေးထဲ စီစီရီရီညီအောင် ထည့်ကာ ပြင်ဆင်ရင်း ပြတင်းကနေ နွေချို ဖျတ်ခနဲ ကြည့်မိတော့ သူကလည်း ဒီဘက်လှည့်ကြည့်သည်။

သူ့မျက်လုံးတွေ က စူးရှတောက်ပသည်။ ဆံပင်တွေ က ဂျယ်နှင့် ပြောင်လက်ကာ မိုးပေါ်ထောင်နေသည်။ မျက်နှာပေးမှာ ဂျစ်ကန်ကန်နှင့် မထိတထိ ပြုံးယောင်သန်းချင်သလိုလို။ ပြီးတော့ . . .ထိုအပြုံးမှာ လူတစ်ဖက်သားကို သရော်သလိုဟု နွေချို ထင်မိသည်။

စီးကရက်ကို နှုတ်ခမ်းဖျားမှ ချိတ်ကာ ကြည့်လိုက်ပုံဟာ သိပ်ကို အချိုးကျကြည့်ကောင်းတာတော့ နွေချို မငြင်းနိုင်။ ခပ်ဝေးဝေးကနေ တစ်ဦးကိုတစ်ဦး သတိထားမိသွား၏ ။ ပြီးလျှင် နွေချိုကလည်း ပန်းကန်ထဲ ခက်ရင်းလေးတွေ စိုက်ကာ ကိုယ့်အလုပ်ကိုယ်ဆက်လုပ် ။ သူကလည်း မျက်နှာပြန်လွှဲသွားသည်။

အချိန်က စောသေးသည်မို့ ခန်းမဆောင်ထဲ လူရှင်းနေသည်။

ရင်းရင်းနှီးနှီး တွေ့ ဆုံစားသောက်ကြရုံ စီစဉ်သည့် ပွဲကလေးမို့ ကြီးကြီးကျယ်ကျယ် တီးဝိုင်းနှင့် ဘာနှင့် မဟုတ်သော်လည်း လူငယ်တွေ ပီပီ သီးချင်းဆိုဖို့ စင်ကလေးသဘောတော့ ဖန်တီးထားသည်။

အဲဒီ မှာ ဆောင်းဘောက်စ်တွေ ၊ စက်တွေ သယ်မ လာတဲ့ ကောင်လေးတစ်ချို့ကို နှုတ်ဆက်မှပဲ သူလည်း သီချင်းကိစ္စနှင့် နွေချိုတို့လို စောစောရောက်နေတာ ဖြစ်ကြောင်း သိသွားရသည်။

ပစ္စည်းလာချသော အုပ်စုထဲက ကောင်လေး တစ်ယောက် က သူ့ကို လက်ဆွဲအိတ် တစ်ခုသွားပေးတာ တွေ့ ရသည်။

“ကိုလင်း ကား ဒီဘက်ရွှေ့ထားရမလား”

“အေး . . .ရွှေ့ထားလိုက်လေ“

သူသည် ထိုကောင်လေးနှင့် စကားပြောရင်း စင်မြင့်ရှိရာ ဘက်သို့ လျှောက်လာသည်။ လျှပ်စစ်ပိုင်း စက်ပိုင်း ဆိုင်ရာတွေ ထားသိုပြင်ဆင်ပေးသည်။

သူ့စကားသံက ထူးခြားကာ ဆွဲဆောင်မှု အပြည့် ရှိသည်။

မှတ်မိလွယ်သော အသံမျိုးပါ။

တီရှပ်အနက်နှင့် လယ်သာဘောင်းဘီရှည် အနက်ကို ဝတ်ကာ အတော် သားနား တောက်ပြောင်သော ဘွတ်ရှူးနှင့် မို့ နွေချိုက နံဘေးက ဖြူလေးကို . . .

“အဲဒါ အဆိုတော် လား“

“မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ စက်ပစ္စည်းတွေ ဘာတွေ ညာတွေ အားလုံး သူ့ဆီက ငှားတာ၊ ပိုက်ဆံမပေးရဘူးလို့ ငါတို့ အီးစီ မျက်မှန်ဆီ ကတော့ ပြောနေသံကြားတာပဲ”

“ဟုတ်လား”

“နွေချို”

“ဟင် . . .”

ဖြူလေးက ခပ်တိုးတိုးဖြင့် . . .

“ရှင့်ကို ခုန လှမ်းကြည့်နေတာ တွေ့ ပါတယ်နော်”

“ဘာလဲဟ . . .ပေါက်ကရ ”

“ဒီနားက မခွာတော့တာ ရှင့်ကြောင့် ဖြစ်မယ်“

“အဓိပ္ပါယ်မရှိတာ”

သူ့အကြောင်းပြောတာ သူသိမှာ စိုးသဖြင့် နွေချိုက နှုတ်ခမ်းလေး ကိုက်ကာ ဟန့်မိသည်။

ဒါတောင် ဖြူလေးက ပြုံးစိစိဖြင့် ဆက်ပြီး . . .

“မဆိုးဘူးနော်၊ ဒီမန္တလေးကပဲတဲ့။ သူဌေးသား။ သူမိဘတွေ က ဟိုတယ် မိုတယ်တွေ ရွှေချည်ထိုးလုပ်ငန်းတွေ ရှိတယ် ဆိုလား။ ကြားတယ်နော်။ သေချာတော့ မသိဘူး။ ဟင်း . . . ဟင်း”

“မရယ်နဲ့လေ . . . ။တစ်မျိုးထင် သွားပါဦးမယ်“

“ရှင်ကလည်း စိုးရိမ်လိုက်တာ“

ဖြူလေးစကားကြောင့် နွေချို သူ့ကို မကြည့်ရဲတော့။ သို့ သော် ခိုးကြည့်လိုက်တိုင်း သူကြည့်နေတာနှင့် ဆုံမိသည်ချည်းပါ။

တကယ်ဆိုရင် နွေချိုက သာမန်မိန်းကလေး တစ်ယောက် ပါ။ သူ့လိုမျိုး အသိုင်းအဝန်းထဲ ကလည်း မဟုတ်။

မန္တလေးကိုပင် ကျောင်းလာတက်တုန်းခဏမို့ ရောက်နေတာ။

ကိုလင်းသည် ကောင်မလေး သူ့ကို မကြည့်တော့တာ အသည်းယားနေမိသည်။

ဘယ်က ကောင်မလေးပါလိမ့် . . .။

အရင်က သူ ဘာကြောင့် မမြင်ဖူးပါလိမ့် . . ။

ကိုလင်းဆိုတာ မိန်းကလေးတွေ နှုတ်ခမ်းဖျားမှာ ရေပန်းစားသော နာမည် တစ်ခုပါ။

ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်လို့ မဆိုလိုပေမဲ့ သူ့ကို မျက်နှာသာမပေးသော မိန်းကလေးဆို ခပ်ရှားရှား မဟုတ်လား။

အခုလည်း မိန်းကလေး သူ့ကို သိနေမှာ ပဲဟု သူထင်သည်။

ကောင်မလေးက မျက်နှာထားတော့ တည်သည်။

မျက်ခုံး မျက်လုံးတွေ က ထင်းနေအောင် လှသည်။

နှုတ်ခမ်းလေးလည်း တစ်မျိုးဆန်းတာပါပဲ။

သူမမျက်နှာလေးက အကြည့်ခံသည်။ ချစ်စရာကောင်းသည်။

လှုပ်ရှားပုံ ဟန်ပန်လေးကလည်း သိမ်မွေ့သည်။

ပန်းကလေး တစ်ပွင့်ကို ကြည့်နေရသလိုပဲ ရင်ထဲ ငြိမ်းချမ်းစေသည်။

သူမ ဝတ်ထားသော စိန်ကတ္တီပါ နီညိုရောင် ဝတ်စုံလေးကလည်း သူမနှင့် လိုက်ဖက်ကာ အမြင်ကို ဆန်းနေစေသည်။

ဘယ်လိုလေးမှန်း မသိ။

ကိုလင်းသည် မိန်းကလေးတွေ အများ ကြီးပဲ ရင်းနှီးပတ်သက်ဖူးခဲ့ပေမဲ့ တကယ်ကြိုက်တာ တွေ့ ခဲ့သူတည်း။

သူတကယ်ကြိုက်မိပြီး စွဲလမ်းသွားတဲ့ မိန်းမမျိုး တွေ့ ဖူးချင်သေးသည်။

သူ့စိတ်ကိုက မတည်ငြိမ်တာလားတော့ မသိ။ တစ်ခဏတော့ စိတ်ဝင်စား သလိုလိုရှိကာ နောက်ပိုင်း ရက်ကြာလာတာနှင့် အမျှ ဘာကိုမှန်းမသိ၊ စိတ်ပျက်သွားတတ်သည်။

အကြောင်းအရာရယ် လို့ ခိုင်ခိုင်မာမာ ထောက်ပြစရာလည်း ရှိတာမဟုတ်ပါ။

ကောင်မလေးတွေ က သူ့အပေါ် ဂရုစိုက်လေ၊ မျှော်လင့်ချက်ထားလေ၊ သူက ပြန်ရုန်းထွက်ချင်လေ ဖြစ်တတ်သည်။

အရူးအမူး ချစ်မိတယ်ဆိုတာ ဘယ်လိုဟာလဲ သူ နားမလည်။ ခုထက်ထိ ယုံလည်း မယုံမိသေးပါ။

ကိုလင်းဆီမှာ အလေးအနက် ခံစားချက်မျိုး ဒဏ်ရာမျိုးလည်း မရှိပါဘူး။ သူကပျော်ပျော်သာနေတတ်သူ၊ လောကကြီးမှာ သူလိုချင်တာ ရရင်ပြီးရော လူစားမျိုးပါ။

ခုလည်း ဘာရယ်မဟုတ် ထိုကောင်မလေးကို ကြည့်ချင်စိတ်ပေါက်လို့ ကြည့်နေမိတာ။

တစ်ခဏ လေးအတွင်းမှာ ပင် တစ်ယောက် ကို တစ်ယောက် အသိအမှတ် ပြုလိုက်ရပြီ ဆိုတာတော့ ညာ၍ မရစကောင်းပါ။

နွေချိုနှင့် ဖြူလေးက ခန်းမအပြင်ဘက် ပြန်ထွက်သွားသည်။ ကျောထဲက မလုံသလို နွေချို ခံစားမိ၏ ။

စူးနစ်ပြင်းရှသော သူ့အကြည့်များ က နွေချို့အာရုံမှာ ကပ်ငြိပါလားသလို လူက ယောင်ယောင်အမှားမှား ဖြစ်နေမိသည်။

ဘေးက ဖြူလေးရဲ့ ရယ်သံကို မလုံမလဲ မျက်စောင်းရွယ်မိသေးသည်။

“ဘာ ဖြစ်နေတာလဲ”

“အမယ် . . .ဒီကမေးရမှာ နော် ၊ရှင့်ကို ”

“မစနဲ့ကွာ . . .ဖြူလေး . . .။ စိတ်ညစ်လာပြီ“

“မစပါဘူး“

“ဒီမှာ ကြာနေလို့ မ ဖြစ်ဘူး။ ခန်းမထဲမှာ လူစုံနေပြီလား မသိဘူး သွားကြည့်ရအောင်”

“နွေချို ရှေ့ကစားပွဲတွေ မှာ သွားမထိုင်နဲ့နော်။ ပြန်ထထွက်ခက်မယ်”

“သိပါတယ်၊ မထိုင်ပါဘူး“

“ကံစမ်းမဲ ဘယ်တော့ဖောက်မှာ လဲ”

“အမယ် . . .အစီအစဉ် ပြီးခါနီး မှပါ။ အဝေးကြီး လိုသေးတယ်“

“ဖြူလေးဆီမှာ လက်မှတ်ငါးစောင် ဆိုတော့ ပေါက်ဂဏန်း ငါးခုလေ။ ဟဲဟဲ”

နွေချို့မှာ ဖြူလေးပြောနေတာတွေ ခေါင်းထဲမရောက်။ ခန်းမထဲ ပြန်ဝင်ထိုင်နေချင်ပြီ။

သို့ သော် ကြိုဆိုဧည့်ခံရေး ဘက်ကမို့ လူစုံသည်အထိ ပြေးပြေးလွှားလွှားသာ လှုပ်ရှားနေရသည်။

လူများ လာပြီမို့ ကိုလင်းဘယ်နားရောက်နေသလဲပင် မသိတော့ပါ။

မိတ်ဆက်စကားပြောကြားပြီး ပျော်ပျော်ပါးပါး စားသောက်ကြပြီးတော့မှ သီချင်းဆိုတဲ့ အစီအစဉ် စတင်သည်။

ပထမပိုင်း ကောင်မလေးတွေ ဆိုနေတာမို့ နွေချိုတို့ စကားပြောမပျက် ဆူညံနေမိကြသည်။

အခုသီဆိုမှာ ကိုလင်း ဖြစ်ပါတယ် . . .ဆိုမှ ယောင်ယမ်းကာ စင်ဘက် လှည့်ကြည့်မိသည်။

သူသည် ထိုင်ခုံလေးပေါ်မှ ဂစ်တာတစ်လက်နှင့် စမတ်ကျကျ ခြေချိတ်ထိုင်လျက် . . ။

ဆလိုက်မီးတွေ ထိုးထားသဖြင့် သူ့ဆံပင်တွေ ပေါ် အရောင် ပြေးနေသည်။

နွေချို အငေးသား ငြိမ်သက်သွားမိ၏ ။

ကိုလင်းက နွေချိုတို့နှင့် နားစိမ်းသော ထိုသီချင်း ချိုချိုလေး တစ်ပုဒ်ကို ခပ်အေးအေးလေး သီဆိုသည်။

သီချင်းဆိုရင်း ပရိတ်သတ်ဘက်ကြည့်ကာ ပြုံးပြလိုက်သေး၏ ။

ဖြူလေးမှတ်ချက်ကို ဘာကြောင့် မှန်းမသိ မျက်နှာရှုံ့ပြမိသည်။

ထိုအခိုက်မှာ သူမျက်လုံးတွေ က နွေချိုဆီ တန်းတန်းမတ်မတ် ကျရောက်လာသလို ခံစားမိကာ ရင်ဖိုလှုပ်ရှားသွားရသည်။

သီချင်းဆိုပြီး စင်ပေါ်က ဆင်းလာတော့ သူ့ကို ဘယ်သူက နှင်းဆီတစ်ပွင့်ပေးလိုက်သည်မသိ၊ ခန်းမထဲက ပြန်အထွက်မှာ သူက ထိုနှင်းဆီပွင့်လေးကို နွေချို့ထံ လှမ်းပေးသွားသဖြင့် အားလုံးက နွေချို့ကို ဝိုင်းကြည့်လေသည်။

သူ့ပုံစံလေးက ရယ်ဟဟနှင့် နွေချိုမှာ ရှက်စနိုး ခေါင်းလေးငုံ့သွားရသည်။

ကိုယ့်ကို လူတွေ အများ ကြီးဝိုင်းကြည့်မှာ နွေချို ရှက်သည်။

လုံးဝမနေတတ်။

သူ ကတော့ လူအများ ကြီးရှေ့မှာ အေးအေးလူလူ သီချင်းဆိုရဲသူ။ အများ ရဲ့ အကြည့်ကို ခံနိုင်ရုံသာမက လူအများ ရဲ့ ဝေဖန်မှု ကို ပါ ခံနိုင်ပုံ ရပါသည်။

ကိုလင်းနှင့် နွေချိုဆိုတာ တကယ်တော့ တစ်လိုင်းစီတခြားစီ ဒါကို သူမ မြင်မြင်ချင်းပင် နားလည်သဘောပေါက်မိသည်။

** ** **






ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ ဧ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်မြို့မှလှိုက်လှဲနွေးထွေးစွာကြိုဆိုပါ၏

မဟာအချစ်

အချစ်ရဲ့ ဆွဲငင်အား