
အချစ်ကို
‘ဘွာ’ မခတ်ကြေး
‘ညီအစ်မအရင်းတွေ လို စည်းစည်းလုံးလုံး နေရမယ်နော် သမီး’ တဲ့။
စိတ်ထဲမှာ မကျေမနပ်ရင် ဘာကိုမှ လိုက်နာလေ့မရှိတဲ့စွဲလေး။ ခေါင်းမညိတ်ပြနိုင်ပါဘူး။ မာမီရဲ့ အပြောကို မသိဟန်ဆောင်နေလိုက်သည်။
“သမီးနာမည် က စွဲလေးနော်၊ သမီးလေးက ချစ်စရာလေး၊ ကိုင်း…မဟော် သမီးကလည်း ကိုယ့်ညီမလေးလို သဘောထားရမယ်နော်”
ဖေဖေက … မဟော့်ဘက်လှည့်ကာ ပြောနေတာမို့ ခေါင်းညိတ်ပြမိသည်။
ဖေဖေ့ကို စိတ်ချမ်းသာစေချင်လို့သာ ခေါင်းညိတ်လိုက်ရတာ ။
ရှေ့က ကောင်မလေးပုံက ဆောင့်ကြွားကြွားနှင့် ။
မဟော်နှင့် ဘယ်လိုမှ မတည့်နိုင်ပါ။
မိတ်ဆက်ပေးတာတောင် သူမက ခေါင်းငုံ့နေသည်။ မဟုတ်လား။
ဖေဖေရေ…ဖေဖေ့ကို အဲဒီ ကောင်မလေးက လိုလားပုံ မရပါဘူးလို့ စိတ်ထဲမှာ ပြောနေ ဖြစ်သည်။
ဟွန့်…နင်နေမယ်ဆိုလည်း စွဲလေးတို့ ကတော့ လုံးဝ မနေနိုင်ပါဘူးနော်။
စွဲလေးမာမီနဲ့ သူမအဖေ လက်ထပ်လိုက်တာနဲ့ပဲ စွဲလေးက သူမနှင့် ညီအစ်မလို နေရတော့မှာ လား။
လုံးဝ မနေချင်ပါဘူး။
စွဲလေးရှေ့မှာ မြင်နေရတဲ့ ဆံပင်ရှည်ကြီးနဲ့ ဂါဝန်လေးနဲ့ မမကို မြင်မြင်ချင်း ကြည့်လို့မရပါဘူး။
ဘာလို့ ဒီလောက်လှနေတာလဲ။
ဘာလို့ သူမဟာ လိမ္မာပြနေရတာ လဲ။
အဖေစကားကို နားထောင်တဲ့ သမီးအလိမ္မာလေးပေါ့။ စွဲလေး ကတော့ အဲလို မလိမ္မာနိုင်ပါဘူး။
“သမီးတို့ကို တစ်ခန်းတည်း အတူနေရအောင် မာမီစီစဉ်ထားပြီးပြီ”
“ကောင်းတာပေါ့ …ယုရဲ့ ”
ဟင်…ဒုက္ခပါပဲ။ တစ်ခန်းတည်း အတူတူနေရမယ်တဲ့။
ကြည့်မရပါဘူးဆိုနေမှ လုံးဝ မ ဖြစ်နိုင်ပါဘူး။
ဘယ်သူက အတူတူနေချင်တယ် ပြောလို့လဲ။
“မ ဖြစ်နိုင်ဘူးထင်တယ် မာမီ၊ စွဲလေးက အချိန်မရွေး သီချင်းနားထောင်တတ်တယ်၊ ပြီးတော့ ဂိမ်းဆော့ချင်လည်း ဆော့မှာ ၊ တစ်ခါတလေဆို စွဲလေး အေးအေးဆေးဆေး ပန်းချီဆွဲချင်ဆွဲမှာ ၊ မ ဖြစ်ပါဘူး…မာမီရာ၊ သူ အနှောင့်အယှက် ဖြစ်ပါတယ်”
စွဲလေး သူမ မနေချင်အောင် ပိုပိုသာသာလေး ပြောလိုက်မိသည်။
တကယ်လည်း စွဲလေးစိတ်ပါရင် တစ်ညလုံး ပန်းချီထိုင်ဆွဲနေကျပါ။
“ရပါတယ်…မာမီ၊ သမီး နေတတ်ပါတယ်”
ဟင်း… သွားပါပြီ။
စွဲလေးက မနေချင်အောင် ပြောလိုက်ရတာ ။
မမက ရပါတယ်၊ နေတတ်ပါတယ်တဲ့။
နေတတ်ပါတယ်လို့ပြောတဲ့ မမကို နည်းနည်း တော့ ပညာပြလိုက်ဦးမယ်။
တကယ်တော့ စွဲလေးက တစ်ယောက် တည်း နေခဲ့ရသူ ဆိုတော့ အဖော်လိုချင်ခဲ့ပါသည်။
ခု ရလိုက်တဲ့ အဖော်က ကိုယ့်ရဲ့ အစ်မနေရာမှာ နေပြီးတော့ မာမီက သူ့အဖေနဲ့ လက်ထပ်လိုက်တော့ သူလည်း မာမီရဲ့ သမီး ဖြစ်သွားပြီးပေါ့။
အဲဒါကြောင့် မကျေနပ်တာပါ။
စွဲလေးက နေရာတိုင်းမှာ အမြဲအနိုင်လိုချင်ခဲ့သည်။
ဒီတစ်ခါတော့ မာမီက စွဲလေးဆန္ဒကို မေးပင်မမေးခဲ့။
မေးစရာလည်း မလိုဘူးလို့ သတ်မှတ်တယ်။ စွဲလေးက မာမီ့သမီးပါ…မာမီရယ်။
“သမီး သွားလိုက်ဦးမယ် မာမီ”
ခုလိုမျိုး မာမီ စကားပြောနေတုန်း ထွက်သွားတာကို မာမီ မကြိုက်မှန်းသိပေမယ့် သူတို့ရှေ့မှာ ကြာကြာရပ်နေနိုင်တဲ့ အင်အား မရှိတာကြောင့် မာမီ့ရဲ့ အကြည့်တွေ ကို မသိဟန်ဆောင်ပြီး သွားဖို့ပြင်သည်။
“ဒါက ဘယ်သွားဦးမလို့လဲ သမီး”
“အိအိတို့ အိမ်ပါမာမီ”
‘အိ’ ဆိုတာ စွဲလေးတို့ရဲ့ တစ်လမ်းကျော်မှာ နေတဲ့ စွဲလေးရဲ့ အချစ်ဆုံးသူငယ်ချင်းပါ။
ခုချိန်မှာ ‘အိ’ ကိုပြောလိုက်ရင်တော့ စွဲလေးရဲ့ ရင်ထဲက မကျေနပ်စိတ်တွေ နည်းနည်း တော့ လျော့ပါးသွားမှာ ပါ။
‘အိ’ က စွဲလေးပေါ် နားလည်ဆုံး မိန်းကလေးပါပဲ။
တခြားသော သူငယ်ချင်းတွေ က ခုတွေ့ လိုက်ခုရန် ဖြစ်လိုက်နှင့် စွဲလေးနှင့် တစ်ယောက် မှ တည့်သည်ဆိုတာ မရှိ။
‘အိ’ ကသာ စွဲလေးအပေါ် အနွံတာခံနိုင်လွန်းလို့။ ဒါကြောင့် လည်း စွဲလေးက ‘အိ’ ကိုချစ်ရတာ ပေါ့။
“အေး…သွား…သွား၊ မိုးချုပ်နေပြီ၊ မြန်မြန်ပြန်ခဲ့နော် သမီး ၊စက်ဘီးလည်း သေချာနင်းဦး”
“ဟုတ်ကဲ့…မာမီ”
စွဲလေး ကိုးတန်းအောင်တုန်းက မေမေ ဝယ်ပေးခဲ့တဲ့ ပြိုင်ဘီးအနီရဲလေးကို အိမ်ထဲမှ အသာမထုတ်ကာ အသကုန်နင်းသွားတော့သည်။ စက်ဘီးနင်းနေရင်းမှ ပါးပြင်နှစ် ဖက်မှ မျက်ရည်က အလိုလို ကျလာလေသည်။
သားအမိနှစ် ယောက် တည်းရှိတဲ့ စွဲလေးဘဝမှာ အစ်မ တစ်ယောက် နဲ့ ဒက်ဒီ တစ်ယောက် ဝင်ရောက်လာလိမ့်မည် ဟု တစ်ခါမှ တွေးမကြည့်မိခဲ့ပါ။
ဆယ်တန်းရောက်နေ ဖြစ်တဲ့ စွဲလေးက အကုန်နားလည်နေပါပြီ။
သည်အချိန်ကျမှ ယောက်ျားယူရတာ လို့ပဲ။ စွဲလေးက ဖေဖေ့ကို အရမ်းလွမ်းပါသည်။ ဖေဖေရှိတုန်းကဆို ဖေဖေက စွဲလေးနှင့် မာမီ့ကို အရိပ်တကြည့်ကြည့်နှင့် အရမ်းချစ်သည်။ စွဲလေး ရှစ်တန်းနှစ် မှာ ဖေဖေက ကွယ်လွန်သွားခဲ့တာ။
ခုတော့ ဖေဖေရယ်…ဖေဖေ့နေရာမှာ တခြားဖေဖေ တစ်ယောက် ရောက်နေပြီသိလားလို့ မကျေမနပ် တွေးနေမိသည်။
မငိုပါဘူး။ သူတို့ကြောင့် ဘယ်တော့မှ မငိုဘူး။ ပါးပြင်က မျက်ရည်တွေ ကို လက်နှင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်သည်။
အခန်းလေးကို စိတ်မကောင်းစွာ ကြည့်လိုက်မိသည်။ ဒီအခန်းက စွဲလေး အရင်နေသည့် အခန်းမှ မဟုတ်တော့တာ။
နှစ် ယောက် နေရမယ်ဆိုလို့ အခန်းကျယ် ပြောင်းလိုက်တာ။
မာမီက စွဲလေးတို့အတွက် အိပ်ရာခင်းက ဆင်တူလေးတွေ ခင်းပေးထားသည်။
တစ်ယောက် အိပ်ခုတင်ရဲ့ ဘေးမှာ စာကြည့် စားပွဲလေးကလည်း ဆင်တူ။
ဘေးမှ နံရံကပ်ဗီရိုက တစ်ယောက် တစ်လုံးစီ ခွဲထားပေးသည်။
စွဲလေးရဲ့ ကွန်ပျူတာကိုလည်း အခန်းထဲ ပြောင်းထည့်ထားသည်။
အလယ်မှာ တော့ နှစ် ယောက် လုံး ကြည့်နိုင်ဖို့ တီဗီတစ်လုံးရှိနေသည်။
နံရံမှာ တော့ ဖေဖေ့လက်ရာ ပန်းချီကား ချိတ်ထားသည်။
စွဲလေးက ဖေဖေနှင့် တူကာ ပန်းချီဆွဲလည်း ဝါသနာပါသည်။
ဖေဖေက ပန်းချီအကျော်အမော်တော့ မဟုတ်။
အခန်းထဲမှာ တော့ မေမင်းမဟော်ဆိုသည့် မမ မရောက်သေးဘူး။
စွဲလေးခုတင်က လက်ယာဘက် ဖြစ်ပြီး မမမဟော်အတွက်က လက်ဝဲဘက် သတ်မှတ်ကာ ပစ္စည်းတွေ ပြင်ထားပေးသည်။ စားပွဲပေါ်မှာ စွဲလေးရဲ့ ကျောင်းစာအုပ်တွေ ကို စီစီရီရီ ထပ်ထားလေသည်။
ဟင်…အခန်းရဲ့ လက်ယာဘက်အခြမ်းကို မကြိုက်ပါဘူး။ လက်ဝဲဘက်ကို ပြောင်းပေးပါလို့ တမင်ပြောမလို့ဘဲ။
ဒါပေမယ့် လက်ယာဘက်အခြမ်းက ကြည့်လျှင် ခြံထဲက ဒန်းဖြူလေးနဲ့ ပန်းပင်လေးတွေ ထင်ထင်ရှားရှား မြင်နေရတာ မို့ ကျေနပ်သွားရ၏ ။
မဟော်…မမမဟော် ဝင်လာပြီ။
မဟော်က ကိုယ့်ခုတင်ပေါ်ကိုသွားပြီး စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်သည်။
စွဲလေးဆိုသူလေးက မဟော်ကို လိုက်ကြည့်နေသည်။ သူမပုံစံလေးက ရယ်တော့ ရယ်စရာလေး။
ဖြူဖြူလုံးလုံးကလေးနှင့် ဆံပင်အတိုအဝိုင်းလေးနှင့် မျက်လုံးစူးစူးလက်လက်များ က ချစ်စရာကောင်းလွန်းသည်။
စွဲလေးက မဟော်နှင့် ဖေဖေ့ကို မကျေမနပ် ဖြစ်နေပုံပါ။ စွဲလေးဘက်က ကြည့်မယ်ဆိုလည်း မှန်နေတာပဲ။
“မမမဟော်…”
စွဲလေးက အနားကပ်ပြီး ခေါ်လိုက်မိသည်။
“ဟင်… ဘာလဲ”
“မေးစရာရှိလို့ပါ”
“အင်း…မေးလေ”
မကျေမနပ်ပေမယ့်လည်း တစ်ခန်းတည်း နေရမှတော့ မခေါ်ဘဲနေရင် တော် တော် ပျင်းဖို့ကောင်းမှာ ပဲ။
မခေါ်ဘဲလည်းမနေနိုင်။
စွဲလေးက အဖော်မင်ပါသည်။
တစ်ဦးတည်းသော သမီးဆိုတော့ ပိုပြီး အဖော်မင်သည်။
သူငယ်ချင်းတွေ ကိုပင် အရမ်းခင်တာ။
“မမအဖေ လက်ထပ်လိုက်တာ မမ ဘယ်လိုမှ မနေဘူးလား ဟင်”
မျက်လုံးလက်လက်များ နှင့် စူးစိုက်ကြည့်ကာ မေးလာသော ကောင်မလေးကို ကရုဏာသက်ရပါသည်။
မဟော်လည်း သူ့လို ခံစားရသေးတာပဲ။
ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ မဟော့်ထက် ငယ်ပေမယ့် သူလည်း နားလည်တဲ့အရွယ် ရောက်နေပြီပဲ။
မမမဟော်ဆီက ချက်ချင်း အဖြေမရတော့ နှုတ်ခမ်းလေးစူကာ စိတ်မရှည်စွာ နှင့် …
“မမ ဖြေလေ”
“စွဲလေးကရော…စွဲလေးမာမီကို မကျေနပ်ဘူးလား”
“ဟင့်အင်း…မကျေနပ်ဘူး”
“ဒါပေမယ့် စွဲလေးမာမီက စွဲလေးဆန္ဒကို လက်ခံခဲ့လို့လား ၊ အဲလိုပါပဲ…မမက ပါးစပ်ကဖွင့်မပြောခဲ့ဘူး၊ ရင်ထဲမှာ တော့ မကျေနပ်ဘူးပေါ့ အဓိကက ဖေဖေ စိတ်ချမ်းသာဖို့ပဲလေ၊ ဖေဖေသာ ပျော်နေမယ်ဆိုရင် မမ ဘာပဲလုပ်ပေးရပေးရ ကျေနပ်ရမှာ ပေါ့”
“ဒါဆို…မမမဟော်က လိမ္မာတာပေါ့နော်”
ခနဲ့သလို၊ ရွဲ့သလိုလေး မေးလာ၏ ။
“အင်းပေါ့…”
“စွဲလေး ကတော့ အဲဒီ လို လက်ထပ်လိုက်ရင် မာမီစိတ်ချမ်းသာမှာ ပဲလို့ မတွေးမိလို့ပါ”
အဲဒါ တကယ့်အမှန်တရားပါ။
စွဲလေးက ငယ်လွန်းတော့ ကိုယ့်ဘက်ပဲ ကိုယ်ကြည့်တတ်တာ။
အင်းလေ…မာမီလည်း ဒီလိုနေရတာ မပျော်လို့ နေမှာ ပေါ့။
တစ်နေ့တစ်နေ့ ကုမ္ပဏီကိစ္စနဲ့ အိမ်အလုပ်တွေ နှင့် အချိန်ကုန်သွားတာ။
စွဲလေး ကတော့ မိုးလင်းတာနဲ့ ကျောင်းသွား၊ ကျောင်းကပြန်လာရင်လည်း အိမ်မှာ ဒေါ်ပြုံးကပဲ စွဲလေးကို အကုန်လုပ်ပေးတာ။
အဲဒီ အချိန်ဆို မာမီက အလုပ်သွားပြီလေ။ စွဲလေးနားလည်ပါပြီ၊ ‘မာမီရယ်’ ရှိပါစေ၊ မာမီပျော်ပါတော့။
“ခုဆို စွဲလေးနဲ့ မမမဟော်နဲ့ နှစ် ယောက် ဆိုတော့ ပျော်စရာကောင်းတာပေါ့၊ အရင်တုန်းက မမလည်း တစ်ယောက် တည်း ပျင်းနေရတာ ၊ ခုတော့ ညီမလေး တစ်ယောက် ရတော့ ပျော်တာပေါ့”
ဟု မေမင်းမဟော်က နွေးထွေးစွာ ဆိုလိုက်၏ ။
“တကယ်လားဟင်”
စွဲလေး ကလေးတစ်ဦးလို လက်ညှိုးလေးတစ်ချောင်းထောင်ပြီး မေးလေသည်။
“အင်းပေါ့…စွဲလေးနဲ့မမနဲ့ အဖော်ရတာ ပေါ့”
“ဒါဆို မမ စွဲလေးကို ကျောင်းလိုက်ပို့မလား၊ မုန့်ဝယ်ကျွေးမလား၊ သနပ်ခါးလူးပေးမလား”
“အင်း…ပို့ပေးမှာ ပေါ့၊ လုပ်ပေးမှာ ပေါ့”
“တကယ်ပို့ပေးရမှာ နော်”
“အင်းပါ”
“မမရော ကျောင်းမတက်ရဘူးလား”
“တက်ရမှပေါ့…စွဲလေးရဲ့ ၊ မမ ဒုတိယနှစ် တောင်ရောက်နေပြီ၊ သတ္တဗေဒလေ (Zology) ပေါ့”
“ဟုတ်လား…စွဲလေးက ခုမှ ဆယ်တန်းပဲ ရှိသေးတာ၊ စွဲလေးတို့ကျောင်းက ပျော်စရာလည်း မကောင်းဘူး သိလား”
“အေးပါ…မမကျောင်းကိုလည်း ခေါ်သွားမှာ ပါ၊ လိုက်လည်ကြည့်ပေါ့”
“ဟေး…တကယ်ပြောတာနော်”
စွဲလေးက ပထမတော့ မာမီ့ကို နားမလည်နိုင်ဘူးလေ။ ၊ရုတ်တရက် မမနဲ့ မမအဖေကို တွေ့ လိုက်တော့ မကျေမနပ် ဖြစ်မိတာ။
ခုတော့ ပျော်သွားပြီ။
“မမကိုလည်း အရမ်းချစ်တယ် သိလား”
ဟု ပွင့်လင်းမိတော့သည်။
“အင်းပါ…မမလည်း စွဲလေးကို ချစ်ပါတယ်”
ဟု မဟော်က ဆိုလိုက်၏ ။
မဟော်က စွဲလေးဆိုသည့် မဟော့်ထက်ငယ်သည့် ကောင်မလေးကို ချစ်သွားမိသည်။
အိပ်ရာက နိုးလာပြီး နာရီကို လှည့်ကြည့်မိ၏ ။ အင်္ကျီကလေးကို ဆွဲဆန့်လျက် စောင်ခွာချပြီး ခုတင်ထက်က ဆင်းသည်။
သည်နေ့ နည်းနည်း စိတ်လှုပ်ရှားနေမိတာ အမှန်ပါပဲ။
အိပ်ရာထဲမှ လူးလဲထလိုက်ပြီး ဘေးခုတင်ကို ကြည့်တော့ ဘယ်သူမှ မရှိ။
စွဲလေး ကျောင်းသွားပြီးလား။
မဟော်က စွဲလေးကို ကျောင်းလိုက်ပို့မယ်လို့ ပြောထားသည်လေ။
ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးလိုက်တော့ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးသွားရသည်။
ရေချိုးပြီး မျက်နှာကို လိုးရှင်းလေးလူးကာ ကရင်းဖတ်ကို တဖတ်ဖတ် ရိုက်လိုက်ပြီး၊ နှုတ်ခမ်းနီလေး ဆိုးလိုက်တော့ မဟော့်ရဲ့ ပြင်ဆင်မှု က ပြီးသွားပြီ။
ပထမဆုံး ကျောင်းစတက်ရမည့် နေ့ဆိုတော့ မဟော်နှစ်သက် တဲ့ (Blue Sky) မိုးပြာရောင် ဝတ်စုံလေးကို ဝတ်လိုက်ကာ တင်ပါးထိလုနီးနီး ဆံပင်တွေ ကို နှစ် ဖက်ခွဲချည်လိုက်သည်။
မျက်နှာလှလှကလေး ရှင်းလင်းစွာ ပေါ်လွင်လာ၏ ။
အိတ်အပြာလေးထဲသို့ ပစ္စည်းအပြည့်အစုံ ထည့်လိုက်ကာ အပြာရောင် အပွင့်ကြီးပါတဲ့ ခပ်မြင့်မြင့် ဒေါက်ကလေးကို ထုတ်စီးလိုက်သည်။
မှန်ထဲမှာ ကိုယ့်ပုံလေးကို လှည့်ပတ်ကြည့်ကာ သဘောကျနေမိ၏ ။ မှန်ကြိုက်တာ မိန်းကလေးသဘာဝ ။ လှေကားမှမြန်မြန်ဆင်းလိုက်ပြီး၊ ဧည့်ခန်းကိုရောက်တော့ ဖြူစိမ်းဝတ်စုံလေးနှင့် ကျောပိုးအိတ်ကလေးလွယ်ပြီး ရပ်နေသည့် စွဲလေး။
ဖြူစင်ရိုးစင်းစွာ ချစ်စရာကောင်းပါသည်။
“ဟော …သမီးလည်း အဆင်သင့် ဖြစ်နေပြီလား”
စွဲလေးရဲ့ မာမီက လှမ်းမေးလေသည်။
“ဟုတ်ကဲ့…မာမီ၊ သမီးလည်း ကျောင်းသွားရမှာ ဒီနေ့ ကျောင်းဖွင့်ပြီလေ”
“မုန့်စားသွားအုံးနော် သမီး၊ မာမီ စွဲလေးကို ကျောင်းလိုက်ပို့ဦးမယ်”
မာမီက စွဲလေး၏ ဆွဲခြင်းလေးကို ကိုင်ထားပေးရင်း ဆိုပါသည်။
ဆွဲခြင်းလေးထဲမှာ ထမင်းဘူးရော ၊ ရေဘူးရော၊ စားစရာသောက်စရာလေးတွေ ပြင်ထားပေးပုံရသည်။
“ဩော်…သမီးရော ထမင်းချိုင့် မယူဘူးလား”
ဟု သတိတရမေးပါသည်။
“ဟင့်အင်း…မာမီ၊ သမီးက ဒီတပတ်မှာ နှစ် ရက်ပဲတက်မှာ ၊ ပရယ်တီကယ်ရှိတဲ့ရက်ပဲ သွားရမှာ ၊ နောက်တစ်ပတ်မှ အတန်းပြည့် တက်တော့မယ်၊ အဲဒီ တော့မှ ယူမယ်”
“ဩော်…အေး..အေး၊ နောက်တစ်ပတ် မာမီ ထမင်းချိုင့် စီစဉ်ပေးမယ်”
“ဟုတ်…မာမီ”
ဟု မဟော်က ခေါင်းညိတ်သည်။
“ပေး…မာမီ၊ သမီး ကိုင်ထားပေးမယ်”
“အေး…အေး”
စွဲလေး၏ ဆွဲခြင်တောင်းလေးကို မဟော်က မာမီ့လက်ထဲက ပြောင်းယူလိုက်သည်။
“မမ…မမက အရမ်းလှတာပဲ”
စွဲလေးလည်း အဲဒီ လိုမျိုး အလှပြင်ပြီး ကျောင်းသွားချင်လိုက်တာ။
“ဒီအင်္ကျီအဖြူ လက်ရှည်ကြီးက အရမ်းအိုက်တာပဲ၊ ထမီကလည်း ခဏခဏ ဝတ်ရသေးတယ် သိလား”
“လှပါတယ်…စွဲလေးရဲ့ ၊ မမဆို ခုထိ အဖြူ…အစိမ်းလေးကို ကြိုက်တုန်းပဲ၊ ဝတ်လို့ မရလို့သာ ၊ စွဲလေးလည်း ဒီတစ်နှစ် ပဲ ဝတ်ရမှာ ပါ၊ သည်းခံပြီး ဝတ်လိုက်ပါနော်၊ နောက်ဆိုရင် စွဲလေးက ဝတ်ချင်ရင်တောင် ဝတ်စရာ မလိုတော့ဘူး သိလား”
“ဟုတ်တယ်နော်…တစ်နှစ် ပဲ ဝတ်ရတော့မှာ နော်၊ ပျော်စရာကြီး…ပြီးရင် မမတို့လို တက္ကသိုလ်လည်း တက်ရတော့မှာ ပေါ့နော်”
“အင်းပေါ့…စွဲလေးရဲ့ ”
“လာလေ…မမ သွားမယ်”
စွဲလေးက မမရဲ့ လက်တစ်ဖက် ဟန်ပါပါဆွဲရင်း တစ်လှမ်းချင်း လျှောက်သွားတော့သည်။
နေ့ချင်း ညချင်း အစ်မ တစ်ယောက် ရသွားတာ အရမ်းကျေနပ်ဝမ်းသာစရာ ကောင်းသည်ပဲ။
မာမီ ကတော့ စွဲလေးကို အပြောင်းအလဲ မြန်လှချည်လားလို့ ပြောပြီး ရယ်နေမှာ ပါ။ စွဲလေးကလည်း စွဲလေးပါ။
အစက မကြည်ဖြူ၊ မလိုလားခဲ့တာ အမှန်ပါ။
အခုတော့ ချစ်သွားပြီလေ။
မာမီ့ကိုလည်း အပြစ်မမြင်တော့ပါ။
“ဩော်…သမီး ပြန်လာပြီလား”
“ဟုတ်…မာမီ”
ကိုမြိုင့်သမီးလေးက ကိုမြိုင့်လိုပဲ အချောလေးပါ။ စွဲလေးလည်း ဒီအရွယ် မြန်မြန်ရောက်မှပဲ။
အခုတောင် သူက အမေကို စိတ်ဆိုးချင်နေတာ။
ကိုမြိုင့်သမီးလေးက စွဲလေးကို အလိုလိုက်လို့သာ ပြေလည်သွားရတာ ။
သမီးလေးဘက်က ကြည့်ရင်းလည်း မှန်နေတာပါပဲ။
ယုမှာ အလုပ်တာဝန်တွေ ပိနေရာက ကိုမြိုင် ကူညီနေလို့သာ ခုလို ဟန်မပျက်နေနိုင်တာ။ စွဲလေးဖေဖေ ဆုံးသွားပြီးနောက် တာဝန်တွေ အားလုံး ယု အပေါ် ကျရောက်လာခဲ့တာ။
ကိုမြိုင့်ကျေးဇူးတွေ ကြောင့် သာ အားလုံးပြေလည်နေခဲ့တာ။
“သမီး…စွဲလေးက နည်းနည်း ဆိုးချင်တယ်၊ သမီးက အစ်မကြီးပီပီ သည်းခံပေးပါကွယ်၊ ကလေးမဟုတ် လူကြီးလည်းမဟုတ် စွဲလေးကို မာမီက ငယ်ငယ်တည်းက အလိုလိုက်ထားတော့ သူက နည်းနည်း ခေါင်းမာချင်တယ်ကွယ်၊ ကလေးလိုပါပဲ …ဘာမှ နားလည်သေးတာ မဟုတ်ဘူး၊ ဒီတော့ သမီးက ဆုံးမပါကွယ်၊ စွဲလေးက စိတ်ထဲ ထင်ရင်ထင်သလို …မထင်ရင်မထင်သလို ထိန်းချုပ်မှု မရှိသေးဘူးကွယ့်”
မဟော့်ကို မာမီက ပြောလာ၏ ။
“ဟုတ်…မာမီ ၊သမီး သည်းခံနိုင်ပါတယ်”
“အင်း…သမီးအရွယ်ရောက်ပြီဆိုရင်တော့ သိတတ်လာမှာ ပါကွယ်”
မာမီက စွဲလေးကို လုံးဝအပြစ်မယူရက်ဘဲ အချစ်တွေ သာ တိုးလို့နေပုံရလေသည်။
ဘာကိုမှ ဗွေမယူရက်ပုံနှင့် ။
မဟော့်အတွက်တော့ စွဲလေးကို ညီမလေး တစ်ယောက် ရလိုက်တာ ဝမ်းသာစရာပါပဲ။
စွဲလေးသာ မရှိရင် မဟော် တစ်ယောက် တည်း ပျင်းနေရမှာ ။ ဖေဖေနှင့် မာမီကလည်း မိုးလင်း မိုးချုပ် အပြင်သွားနေကြရတာ ။
အဖော် တမ်းတလိုချင်နေခဲ့မိတဲ့ မဟော့်အတွက်တော့ ညီမလေး တစ်ယောက် ရတာ ပျော်ရွှင်စရာပါ။
မဟော် သိတတ်စအရွယ်တုန်းက မေမေ့ကို ညီမလေး ဖြစ် ဖြစ် မောင်လေး ဖြစ် ဖြစ် မွေးပေးဖို့ တဖွဖွ ပူဆာခဲ့ဖူးပါသည်။
မဟော့်ကိုတောင်မှ အသက်နဲ့ရင်းပြီး မွေးခဲ့ရသည်တဲ့လေ။ နောက်ထပ် ကလေးမရနိုင်တော့ဘူးလို့ စိတ်မကောင်းစွာ နဲ့ ပြောပြခဲ့ဖူးပါသည်။ အခုဆို မေမေဆုံးခဲ့တာတောင် လေးနှစ် ရှိခဲ့ပြီပဲလို့တွေးရင်း မေမေ့ကို သတိရ လွမ်းဆွတ်မိပါသည်။
မဟော်က စောစောထကာ ကျောင်းသွားဖို့ ပြင်ဆင်နေမိသည်။
ဒါက နေ့စဉ်ဝတ္တရား။
ဒီနေ့က သူငယ်ချင်းကေခိုင့်ရဲ့ မွေးနေ့မို့ မဟော်တို့အုပ်စု တစ်စုလုံး အတန်းလစ်၊ ဘုရားသွားဖို့ ချိန်းထားခဲ့ကြသည်။
ဘုရားသွားမှာ ဆိုတော့ ပန်းရောင် ပျော့ပျော့ လက်စကအင်္ကျီ အပျော့သားလေးနှင့် ဗြောင်ထဘီလေးကို ရွေးဝတ်လိုက်သည်။
“မမ…ကျစ်ဆံမြီး ကျစ်ပါလားဟင်၊ ကျစ်ဆံမြီးနဲ့ဆို မမက အရမ်းလှသွားမှာ ”
မဟော်အလှပြင်တာကို ဘေးကထိုင်ကြည့်ရင်း စွဲလေးက ပြောလာ၏ ။
“အင်း…ဟုတ်တယ်နော်”
“လာလေ…မမ၊ မာမီ့ကို သွားကျစ်ခိုင်းမယ်၊ စွဲလေးဆံပင်က တိုတိုလေးဆိုတော့ ကျစ်ဆံမြီးကျစ်လို့ မရဘူး၊ စွဲလေးလည်း မမလိုပဲ ဆံပင်ရှည်ကြီးထားမယ် သိလား၊ လာပါ မမရဲ့ ”
မဟော်က စွဲလေးခေါ်ရာသို့ ကျစ်ဆံမြီးကျစ်ရင် မဟော့်ဆံပင်တွေ က အရမ်းလှတာ။
ငယ်ငယ်ကဆို မေမေ အမြဲကျစ်ပေးနေကျ မဟုတ်လား။
မေမေ့ကို ရုတ်တရက် လွမ်းဆွတ်မိပါသည်။
“ဟင်…ဘာလဲ သမီး”
ဒေါ်ယုမြင့်ရီက ခေါင်းစီးကြိုးနှင့် ဘီလေးကိုင်ကာ လျှောက်လာနေသော သမီးနှစ် ယောက် ကို ကြည့်ရင်း ကျေနပ်မိသည်။
“သမီး…မမက ကျစ်ဆံမြီးကျစ်မလို့တဲ့”
“ဟင်…ဟုတ်လား”
“ဟုတ်…မာမီ”
“ဩော်…လာ..ထိုင်၊ မာမီ ကျစ်ပေးမှာ ပေါ့၊ ဘာမှ အားနာစရာ မလိုပါဘူးကွယ်၊ ဒီကြိုးပန်းရောင် လေး စည်းမှာ လား ဟုတ်လား”
မာမီက မဟော့်ဆံပင်တွေ ကို ဖြီးသင်ပြီး ကျစ်ဆံမြီးနှစ် ဖက်ခွဲပြီး ကျစ်ပေးနေ၏ ။
“ဟောတော့…မာမီ၊ မဟော် နောက်ကျနေပြီ၊ ဖေဖေက ဒီမနက် သူ့သူငယ်ချင်းအိမ်ကို ဖိုင်တွဲ ဝင်ပေးခိုင်းထားတာ သိလား၊ သမီး ကျောင်းသွားရင်းနဲ့ လမ်းကြုံတယ်ဆိုပြီး ဝင်ပေးခိုင်းတာ၊ မုန့်တော့ ကျောင်းရောက်မှပဲ စားလိုက်တော့မယ် မာမီ”
ဟု သတိရကာ အလန့်တကြား ထအော်သည်။
“ဟင်…ဟုတ်လား၊ သမီးကလည်းကွယ် ၊စောစော ကတော့ မပြောဘူး”
“မေ့သွားလို့ မာမီရဲ့ ၊ လုံးဝကို သတိမရတာ ၊ တာ့တာ…ညီမလေးရေ”
“ကဲပါ…အေးဆေးသာသွား၊ လေလောနဲ့ သွားရင်စိတ်မောပါတယ် သမီးရယ်၊ ကားလည်း သေချာမောင်းနော်”
“ဟုတ်ကဲ့ပါ…မာမီ ၊ မဟော် သွားမယ်နော်”
အိတ်ပန်းရောင် လေးကို ကမန်းကတန်း ကောက်လွယ်၊ ထမင်းချိုင့်ကို လက်ကဆွဲ၊ ညှပ်ဖိနပ်ပန်းရောင် အပါးလေးကို စီးပြီးကားပေါ်သို့ တက်လိုက်သည်။
ဟောတော့…
အခုမှ သတိရမိသည်။
ကမန်းကမ်းသာ ထွက်လာတာ ၊ ကားသော့ က အခန်းထဲမှာ ကျန်ခဲ့ပြီ။
ကားပေါ်မှ အသာပြန်ဆင်းသွားပြီး အိမ်အပေါ်ထပ်ကို ပြေးတက်ရသေး၏ ။
အခန်းထဲရှိ စာကြည့်စားပွဲပေါ်တွင် ကားသော့ လေးက တင်လျက်သား။
မဟော် ကားသော့ ကိုယူပြီးတာနှင့် မြန်မြန်ပြန်ဆင်းလာခဲ့မိသည်။
ကားစက်ကို နှိုးပြီး ခြံထဲကနေ မောင်းထွက်ခဲ့တော့သည်။
မဟော်က အမြဲလိုလိုပဲ အကြောင်းရှိပြီဆိုလျှင် နောက်ကျနေတတ်သည်။
မေ့တတ်သည်။
နောက်ပြီး…
မဟော့်မှာ အလွန်မေ့တတ်တဲ့ အကျင့်တစ်ခု ရှိပါသည်။
ဒါကို ဖေဖေက လုံးဝမကြိုက်။
ဘယ်လိုဆင်ခြေမျိုးကိုမှ လက်ခံလေ့ မရှိ။ ဖေဖေကိုယ်တိုင်ကလည်း အရာရာမှာ စေ့စပ်သေချာသူ တစ်ယောက် ပါ။
မဟော်ကသာ မေမေနှင့် တူကာ အလွန်မေ့တတ်သူ။
ဖေဖေက မဟော်နှင့် မေမေ့ကို ပြောတတ်သည်။
“မင်းတို့တွေ ကလေ…ပစ္စည်းတွေ ကို ပြီးစလွယ်ထားပြီး အသုံးလိုလျှင်တော့ အကုန်မွှေနှောက်ရှာကျရော မဟုတ်လား”
“ဩော်…ဒါ ကတော့ မေ့တတ်လို့ပဲတော် ”
ဟု မေမေက ပြန်ပြောတတ်ပါသည်။
“ဟော…ပေါ်လာပါပြီ မမ”
“ပရယ်တီကယ်တောင် စလုပ်ပြီ၊ နောက်ကျလိုက်တာဟယ်”
“ဟင်…ဟုတ်လား”
“ငါလည်း နောက်ကျသွားတယ်၊ ဆောရီး”
“ဟုတ်ပါ့…ဟိုမှာ လူစုပြီးနေပြီ”
“အေးလေ…ဒါဆိုလည်း ပရယ်တီကယ်ပြီးရင် သွားကြတာပေါ့”
မဟော်တို့အုပ်စုမှာ က မဟော့်အပြင် ပန်းနု၊ ကေခိုင်မွန်၊ ပန်းရောင် ခြယ်၊ သော်စင်၊ မိုးကောင်း(ခ) ကောင်းကောင်းနှင့် အောင်စိုး၊ အပါအဝင် စုစုပေါင်း ခုနှစ် ယောက် ပါ။
သူတို့တွေ နှင့် ဟိုးကတည်းက ခင်လာခဲ့ကြတာ။
သူငယ်ချင်း အရင်းကြီးတွေ ။
“ကောင်းကောင်းကားနဲ့ပဲ သွားကြမယ်လေ”
ဟု အောင်စိုးက ဆိုသည်။
“အင်း…ကောင်းသားပဲ”
မဟော်တို့အုပ်စုကြီး ကောင်းကောင်းကားပေါ်သို့ အလုအယက် ထိုင်လိုက်ကြသည်။ ကောင်းကောင်းက ဒရိုင်ဘာပုံစံနှင့် နောက်နေပြန်သည်။
“ဟိတ်…ဖိနပ်တွေ ချွတ်ခဲ့ကြဦးလေ”
ဘုရားပေါ်တက်မှာ မို့ ကောင်းကောင်းက သတိပေးပါသည်။
“အင်း…ဟုတ်သားပဲ”
ကောင်းကောင်းပြောမှပဲ သတိရတော့တယ်။
မဟော်က စီးထားသော ဖိနပ်အပါးလေးကို ကားထဲမှာ ပဲ ချွတ်ထားခဲ့လိုက်သည်။
သူငယ်ချင်းတွေ ကို ကြည့်တော့ သူမကိုထားကာ လျှောက်သွားကြကုန်ပြီ။
“ဟဲ့..ငါ့ကို စောင့်ကြည့်ဦးလေ”
မဟော့်မှာ သူတို့ကို မနည်းမီအောင် လိုက်ခဲ့ရသည်။ အပြေးတပိုင်းကလေးပါပဲ။
“နင့်ကိုစောင့်လည်း ဘာထူးမှာ မို့လို့လဲ၊ နင်က ငါတို့နဲ့အတူတူ ဓာတ်လှေကားနဲ့ တက်မှာ မို့လို့လား”
သော်စင်က လှည့်ပြောလေသည်။
“အင်ေးလ…ဟုတ်တယ် တက်မှာ လည်း မဟုတ်ဘူး”
ကေခိုင်ကပဲ သော်စင့်စကားကို ထောက်ခံလိုက်သည်။
မဟော်က ဘုရားလာတိုင်း သူငယ်ချင်းတွေ နှင့် လမ်းမှာ ငြင်းခုန်ရစမြဲ။
ဘာကြောင့် လဲဆိုရင် မဟော်က ဓာတ်လှေကားစီးရမှာ မလွန်ကြောက်သူပါ။ ဒါကြောင့် စက်လှေကားမှ အမြဲတက်ပါသည်။
မဟော်က ကားသာ ကိုယ်တိုင်မောင်းဝံ့သော်လည်း ဓာတ်လှေကားစီးရမှာ အလွန်ကြောက်တတ်သူ ဖြစ်၏ ။
ဘာကြောင့် ရယ် မသိ။
ဓာတ်လှေကားထဲ ရောက်ပြီဆို အသက်ရှူကြပ်ပြီး မွန်းသလိုပါ။
လက်ဖဝါးတွေ မှာ ချွေးတွေပြန်ပြီး အသည်းအေးလွန်းပါသည်။
ဒါကြောင့် …တတ်နိုင်သရွေ့ ဓာတ်လှေကားကို ရှောင်မိသည်။
သူငယ်ချင်းတွေ က ဓာတ်လှေကားနှင့် သာ တက်ချင်သူ။
သူတို့က လွယ်လွယ်လေးနှင့် ဘုရားပေါ်ရောက်တော့ ဓာတ်လှေကားနှင့် သာ တက်ချင်ကြ၏ ။
ဒီနေ့တော့ ကေခိုင်ထွန်းမွေးနေ့ဆိုတော့ မဟော်ကပဲ အလျှော့ပေးကာ သူတို့နှင့် အတူ ဓာတ်လှေကားမှတက်ဖို့ ဆုံးဖြတ်လိုက်သည်။
ဓာတ်လှေကားစီးရမှာ ကို ခုတည်းကပင် စိတ်ထဲမှ ဘုရားတနေမိသည်။
မဟော်ကသာ ကြောက်တတ်တာ။ အပြင်ဘက်မှာ စောင့်နေတဲ့လူတွေ ကဖြင့် အများ ကြီး။
သူငယ်ချင်းတွေ က ရှေ့ကို အသားတိုးသွားကြသည်မို့ မဟော်လည်း ကြောက်ကြောက်နှင့် လိုက်ပါလာရသည်။
တံခါးဖွင့်တော့ လူတွေ အများ ကြီး အထဲကို လှမ်းဝင်လိုက်ကြ၏ ။
မဟော်လည်း ဝင်လိုက်ပြီး ထောင့်တစ်နေရာမှာ ရပ်ကာ နေလိုက်သည်။
တံခါးဖွင့်ပိတ်လုပ်တဲ့ကောင်လေးက လူပြည့်ပြီဆိုပြီး တံခါးပိတ်တာကြောင့် ဓာတ်လှေခါးထဲကို ကြည့်လိုက်တော့ ‘ဟင်…သူငယ်ချင်းတွေ ဘယ်ရောက် သွားပါလိမ့်’ ။ သူတို့ အကုန်လုံး ကျန်နေခဲ့ကြတာလား။
ဒါဆို မဟော် တစ်ယောက် တည်းပေါ့။
မဟော်ပြန်ထွက်ဖို့ စိတ်ကူးတော့ တံခါးက ပိတ်လိုက်ပြီ။ ကြောက်တတ်ပါတယ်ဆိုမှ သူငယ်ချင်းတွေ က ထားခဲ့ကြပြီ။
ငြိမ့်ခနဲ လှုပ်သွားလျှင် အပေါ်တက်ပြီဆိုတာ သိလိုက်၏ ။ မဟော် မျက်လုံးကို စုံမှိတ်ထားလိုက်သည်။
မဟော်က ငြိမ်ငြိမ်ရပ်နေရင်းမှ ခေါင်းမူးချင်သလို ဖြစ်လာသည်။
ရုတ်တရက် အနားက ဘယ်သူမှန်းမသိသူ၏ လက်မောင်းတစ်ခုကို ဆွဲကိုင်ထားလိုက်မိသည်။ မော့လည်း မကြည့်မိပါ။
ဓာတ်လှေကားအပေါ်ကိုရောက်ဖို့ဟာ အချိန်ဘယ်လောက်မှမကြာ။
အဲဒီ အချိန်လေးကိုတောင် မဟော့်မှာ ခက်ခက်ခဲခဲ ဖြတ်ကျော်နေရတာ အမှန်ပါ။
နောက်တစ်ခါ ငြိမ့်ခနဲ အသည်းယားသွားပြီးလျှင်…
“သူများ တွေ တောင် ထွက်ကုန်ပြီဗျာ၊ ဒီကမမ မျက်လုံးလေးဘာလေး ဖွင့်ပါဦး”
“ရှင်”
ရယ်သံလွှမ်းသော စကားကြောင့် မဟော် မျက်လုံးဖွင့်လိုက်လျှင် ဓာတ်လှေကားထဲ မဟော်နှင့် သူပဲ ကျန်ရစ်တာ တွေ့ ရ၏ ။
သူ့လက်ကို မဟော်က မြဲမြဲဆုပ်ထား၏ ။ ရှက်ရှက်နှင့် မော့ကြည့်လိုက်တော့…
မဟော့်ထက် ငယ်ပုံရသော ခပ်ချောချော ကောင်လေးတစ်ယေယာက် တွေ့ လိုက်သည်။
ခိုင်မြဲခန့်က အပြင်ကို ငေးနေမိဆဲမှာ နံဘေးကနေ ကိုယ့်လက်မောင်းကို ဆုပ်ကိုင်လိုက်သော ကျစ်ဆံမြီးနှစ် ဖက်နှင့် အရမ်းလှသော မမကို တွေ့ ရသည်။
မမက ပါးစပ်ကလေး ပွစိပွစိ လှုပ်ရှားရေရွတ်နေတာကို မထင်မှတ်ဘဲ တွေ့ လိုက်ရသော အခါ ရယ်လည်း ရယ်ချင်၊ ပျော်လည်းပျော်၊ ရင်လည်းခုန်။
ဘာတွေ ဖြစ်မှန်းပင် ခိုင်မြဲခန့် မသိတော့။
ဘယ်လိုခံစားမှု လည်းဆိုတာ အမည် ဖော်လို့မရ။
မမနဲ့ ဆုံတွေ့ ပုံက ဆန်းကြယ်လွန်းပါလား။
မဟော်လည်း ကိုယ့်ရှေ့မှာ ရပ်နေသော ကောင်လေးဆီက ရေမွှေးနံတစ်မျိုး ရှူရှိုက်နေရသည်မို့ ရင်ထဲ အလိုလို နွေးလာရသည်။
ကိုယ့်ထက်ငယ်သော ကောင်လေးရဲ့ အကြည့်အောက်မှာ ရင်ခုန်နေမိတာ…
နွေးထွေးစူးရှသော သူ့အကြည့်က မဟော့်ရင်ထဲ ထိုးဖောက်မတက် ထင်မိသည်။
မဟော် သူ့ကို အစမှာ ဘာလို့ မတွေ့ ခဲ့လဲ။ သူကပဲ ကျောခိုင်းရပ်နေလို့လား။ ဘာလို့ သူ့လက်ကိုမှ သွားဆုပ်ကိုင်လိုက်မိတာလဲ။ ဓာတ်လှကားမှာ လူတွေ က အများ ကြီးပါ။
သူငယ်ချင်းတွေ ထားခဲ့လိုက်သည့် ခဏလေးမှာ မဟော့် ဖြစ်ရပ်တွေ က ထူးဆန်းလွန်းပါသည်။
“ဆောရီးနော်…ဟို ရုတ်တရက်ဆိုတော့ ကြောက်လို့ လှမ်းကိုင်လိုက်မိတာပါ၊ မဟော်က ဓာတ်လှေကားစီးရမှာ ကြောက်လို့ သူငယ်ချင်းတွေ က တမင် ထားခဲ့ကြတာလေ ၊ဒီကကို ကျေးဇူးတင်ပါတယ်”
စကားပြောရင်း သူနှင့် မဟော် အတူတူ ဓာတ်လှေကားအပြင်ဘက် စင်္ကြန်လေးအတိုင်း လျှောက်လာမိ၏ ။
သူ့မျက်လုံးတွေ နှင့် ထပ်မဆုံရဲဘဲ မျက်လွှာချမိ၏ ။
“မမက အရမ်းကြောက်တတ်တာပဲ၊ ပါးစပ်က ဘုရားစာတွေ ဆိုနေတာ မြင်တော့ ကျွန်တော် ရယ်ချင်သွားမိတယ်”
မဟော်သည် အခုမှပင် ကိုယ့်အ ဖြစ်ကို ကိုယ်ပြုံးနိုင်ကာ…
“အင်း…ဟုတ်တယ်၊ မမက ငယ်ယ်တည်းက ကြောက်တာ”
“ဘုရားရေ…ကြောက်နေသေးလား၊ မမသူငယ်ချင်းတွေ ကို ကျွန်တော် ဝိုင်းရှာပေးရဦးမလား”
“ရပါတယ်…”
အားနာလို့ပါ။ မဟော်က ဓာတ်လှေကားစီးရင်သာ မူးတာကို သိရက်နဲ့ထားခဲ့တဲ့ သူငယ်ချင်းအားလုံးကိုသာ အပြစ်တင်မိတော့သည်။
“ကျွန်တော့် နာမည် က ခိုင်မြဲခန့်ပါ၊ ကျွန်တော့် လိပ်စာက (……)၊ မမနဲ့ ကျွန်တော် သိသွားပြီနော်”
“ဟုတ်ပါပြီ”
မဟော် ရှေ့က ကောင်မလေးကို မျက်စောင်းရွယ်မိတော့၏ ။ တကတည်း သူ့ကိုယ်သူ မိတ်ဆက်နေလိုက်တာများ ။
ဘယ်သူက မိတ်ဆွေ ဖြစ်ချင်လို့လဲ။
ဇွတ်တရွတ်ပါလား။
“မမနာမည် ကကော”
“မေမင်းမဟော်ပါ”
“ဟာ…လှလိုက်တဲ့ နာမည် ဗျာ”
“လှတယ် ဟုတ်လား၊ မမတော့ ကိုယ့်နာမည် ကို လှတယ် မထင်မိဘူး”
မဟော်က တအံ့တဩ ပြန်းမေးတော့ သူကလေးက ရယ်နေသည်။
“မမက ဘယ်မှာ နေတာလဲ၊ စပ်စုတယ်တော့ မထင်နဲ့ဗျာ၊ ကျွန်တော် တကယ်ခင်လို့ပါ”
“ဟင်…အခုမှ သိကြတာကို ၊ကဲပါ…ပြောပြပါ့မယ်၊ မမက မင်းအကူအညီကို ယူဖူးပြီလေ”
ပျော်သွားပုံရသော သူ့မျက်နှာက ကလေးလေးတစ်ဦးနှယ်။
“ခဏလေး…မမ၊ ကျွန်တော် ပန်းဝယ်လိုက်ဦးမယ်”
“ဦးလေး…ဒီပန်းတွေ အကုန်ယူမယ်ဗျာ”
လောဘကြီးနေသော သူ့ကို မဟော် နားမလည်နိုင်။
“ရော့…မမ”
“ဟင်…ဒီလောက် အများ ကြီး ၊မမက ဘာလုပ်ရမှလဲ”
“ဟာဗျာ…မမကလည်း ဘုရားလှူပေါ့ဗျာ၊ ပိုရင် ခေါင်းမှာ ပန်ပေါ့”
မဟော်သည် ပန်းတွေ တစ်ပွေ့ကြီး ကိုင်တာ ပျော်သွားရ၏ ။
နှင်းဆီပန်းတွေ က မေမင်းမဟော်အကြိုက်မဟုတ်လား။
ဒီကောင်လေးက မဟော့်စိတ်ကို ခဏလေးအတွင်း ညှို့ယူနိုင်စွမ်းသည်။
ထိုအချိန်မှာ ဓာတ်လှေကားဆီမှ မဟော့်သူငယ်ချင်းတွေ က တအံ့တဩ ဖြစ်သွားသည်။
တမင် တစ်ယောက် တည်း ထားခဲ့ကာမှ သူမက အသိမိတ်ဆွေ တိုးနေပါရောလား။
ပြီးတော့ …ထိုကောင်လေးက ငယ်ငယ်ချောချောလေး။
မဟော့်ကို ငေးကြည့်နေပုံများ တမေ့တမော၊ တရင်းတနှီးဟန်နှင့် ။
“ဟိုမှာ သူငယ်ချင်းတွေ လာပြီ”
သူက မဟော်ပြရာကို လှမ်းကြည့်ပြီး ခေါင်းဆတ်နှုတ်ဆက်လိုက်သည်။
“ဟဲ…ဟဲ …နင်က ဒီမှာ အဆင်ပြေနေတာပေါ့ ဟုတ်လား”
“ သွားပါ…အခုမှလာပြီး”
“ငါတို့က နင့်ကို ကြောက်စိတ်ပျောက်သွားအောင် စတာပါဟာ၊ တော် သေးတာပေါ့…နင်က အသိတွေ့ နေလို့”
“အသိမဟုတ်ပါဘူး…ငါက လန့်ပြီး သူ့လက်ကို သွားဆွဲမိတာ”
“ဟား…ဟား…ဟုတ်လား”
သူငယ်ချင်းတွေ က မဟော့်အ ဖြစ်ကို ရယ်နေပြန်သည်။
“ရယ်မနေကြနဲ့ ခုလို ဖြစ်တာ၊ သွား…နင်တို့ကို မခေါ်တော့ဘူး၊ အရမ်းမုန်းစရာ ကောင်းတာပဲ”
“အဲလိုတော့ မလုပ်နဲ့လေဟာ၊ ဒီနေ့ ကေခိုင့်မွေးနေ့မှာ စိတ်မဆိုးကြေးလေဟာ”
“မွေးနေ့ရှင်က ပြောလို့နော်…ဆက်စိတ်မဆိုးတာ၊ မဟုတ်ရင် နင်တို့ကို လုံးဝမခေါ်တော့ဘူး သိလား”
မဟော်က နှုတ်ခမ်းကိုစူကာ ပြောလိုက်မိသည်။
ခိုင်မြဲခန့်က မမ စကားပြောပုံကို ဘေးက တိတ်တဆိတ်ရပ်ကြည့်နေမိသည်။
ဘေးကကြည့်တာတောင် ရန်တွေ့ ပုံလေးက ချစ်စရာ ကောင်းလှသည်။
တော် တော် လှတဲ့ မမပါ။
ရယ်လိုက်ရင်လည်း သွားလေတွေ ဖွေးလို့၊ ပါးချိုင့်ကလေး နှစ် ဖက်က ခွက်ဝင်သွားပုံက ကြည့်ကောင်းလှသည်။ ထင်းရှားသော ပါးချိုင့်ခွက်ကလေးနှစ် ခု။
“ဟဲ့..ငါတို့ သွားနှင့် မယ်နော်”
“အင်း…”
မဟော်က မြန်မြန်ခေါင်းညိတ်ပြမိသည်။
သူငယ်ချင်းတွေ က သူနှင့် မဟော်ကို ဘယ်လိုထင်လည်း မသိ။ နှစ် ယောက် တည်း ထားခဲ့သည်။
သူငယ်ချင်းတွေ ရဲ့ အပြောကို အခုမှ သဘောပေါက်ကာ မဟော် မျက်နှာလေး မထားတတ်အောင် ရှက်သွေးဖြန်းသွားရ၏ ။
သူ တစ်မျိုးတော့ ထင်ပါပြီ ။သေချာပါသည်။
သူငယ်ချင်းတွေ က ရှေ့က လျှောက်သွားကြသည်။ မဟော်တို့နှင့်အတူတူ မလျှောက်။ အလိုက်သိနေလိုက်ကြတာ။
မဟော်တို့နှစ် ဦးသာ သပ်သပ်စုံတွဲ လို ဖြစ်နေသည်။ သူနှင့် ယှဉ်လျှောက်ရတာ ကို မဟော်လည်းကျေနပ်မိသည်။ ဘာလို့ပါလိမ့်။
သူ့မျက်နှာမှလည်း ကြည်နူးမှု က အထင်သား ပေါ်လွင်နေသည်။
“အခုလို မမနဲ့အတူတူ ဘုရားဖူးရတာ ကျွန်တော် အရမ်းပျော်တာပဲဗျာ”
သူက ဟန်မဆောင်ဘဲ ပွင့်ပွင့်လင်းလင်း ပြောလာ၏ ။
မဟော်က ခေါင်းငုံ့ပြုံးမိရင်း…
“အင်း…မမလည်း ပျော်ပါတယ်”
မဟော် မညာတတ်ပါ။ မညာချင်ပါ။ အမုန်အတိုင်းပဲဖြေလိုက်မိသည်။
သည်လို မြန်မြန်ပြန်ဖြေလိုက်မိမယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်တောင် မထင်မိပါ။
ဘာပဲ ဖြစ် ဖြစ် သူနှင့် အတူ ဘုရားဖူးတာ မဟော့်ရင်ထဲမှာ အတိုင်းမသိအောင် ကြည်နူးမှု တွေ ပြည့်လျှံနေလေသည်။
ခိုင်မြဲခန့် အလုပ်ဝင်ဝင်လုပ်ချင်သည်ဆိုတဲ့ အကြောင်းက အိမ်က လူကြီးတွေ ကို အံ့အားသင့်စေခဲ့သည်။
“အထူးဆန်းပါလားကွ”
“ကျွန်တော် ဟိုမှာ သင်လာတဲ့ စီးပွားရေး အကြောင်းတွေ ကို လက်တွေ့ ထရိန်နင် ဆင်းကြည့်ချင်လို့ပါ ဖေဖေရာ”
“ဟာ…ဒါဆိုလည်း ဖေဖေ့ကုမ္ပဏီမှာ ဝင်လုပ်ပေါ့ကွ”
“ဖေဖေ့ကုမ္ပဏီမှာ မလုပ်ချင်ပါဘူး၊ ဖေဖေ့သူငယ်ချင်းဦးမြိုင်တို့ ကုမ္ပဏီမှာ လုပ်ချင်တယ် ဖေဖေ ၊အဲဒါ ဖေဖေ ပြောပေးရင်ရမှာ ပါ၊ ပြောပေးလိုက် ပါ ဖေဖေရယ်”
“အေးလေ…ဒါဆိုလည်း မင်းသဘောပဲ၊ ငါ ပြောပေးပါ့မယ်”
ဖေဖေ ခိုင်မြဲခန့်ကို တစ်ဦးတည်းသော သားမို့ တစ်ချိန်မှာ ကိုယ့်အလုပ်တွေ ကို လွှဲပြောင်းပေးမှာ ဆိုတော့ အခုတည်းက အလုပ်လုပ်ရင်လည်း မမှားပါဘူးလို့ တွေးလိုက်ပုံရလေသည်။
မေမေ ကတော့ ခိုင်မြဲခန့်ကို အလုပ်မဝင်စေချင်ပါ။ ဆယ့်ခုနစ်နှစ် တည်းက ဦးလေးရှိရာ နိုင်ငံခြားကို သွားလိုက်တာအခုမှ ပြန်ရောက်တာ တစ်လပင် မပြည့်သေး။
အိမ်မှာ ပဲ အေးအေးဆေးဆေး နေစေချင်ပါသည်။ သားက အလုပ်လုပ်ချင်သည်ဆိုတော့လည်း ခွင့်ပြုလိုက်ရတာ ပါပဲ။
မေမေက သိပ်ကျေနပ်တာမဟုတ်။
“ရုတ်တရက် ဘာစိတ်ကူးပေါက်ရတာ လဲ၊ လွတ်လွတ်လပ်လပ် နေပါဦးလား သားရယ်”
ဟု တစ်ခွန်းတော့ အကြံပေးမိ၏ ။
“ကဲပါ …မေကြီးရယ်၊ မင်းရဲ့ သားက လုပ်ချင်နေမှတော့ ပြောမနေပါနဲ့တော့ ”
ဖေဖေကဝင်ပြောလိုက်မှပဲ မေမေက တိတ်သွားတော့တာ။
နောက်ဆုံးမှာ တော့ ဖေဖေ့သဘောတူမှု က အရေး ကြီးတာကြောင့် မေမေရဲ့ ကန့်ကွက်သံတွေ တိုးတိတ်သွားရတာ ပင်။
ဖေဖေက မြိုင်ကုမ္ပဏီမှာ ပြောပေးခဲ့ပါသည်။ ဖေဖေနှင့် ဦးမြိုင်က အသိတွေ ဆိုတော့ ခိုင်မြဲခန့်က မန်နေဂျာနေရာကို အလိုလိုရောက်သွားခဲ့တာ။
သုံးလေးနှစ် ကြာပြီးသော တစ်နေ့မှာ မထင်မှတ်ဘဲ မေမင်းမဟော်ဘဝထဲကို သူ ပြန်ဝင်ရောက်လာခဲ့ပါသည်။
မဟော်က ဖေဖေခေါ်တယ်ဆိုပြီး စာရေး မလေးတစ်ဦးက လာပြောတာမို့ ချက်ချင်း ပဲ ဖေဖေ့အခန်းသို့ ထွက်လာခဲ့သည်။
ဖေဖေက ကိစ္စရှိလို့ ခေါ်တာပဲပေါ့။
အရေး ကြီးကိစ္စရှိရင် ဖေဖေက ဘယ်တော့မှ လာခေါ်ခိုင်းလေ့မရှိ။
“ဖေဖေ သမီးကို ခေါ်တယ်ဆို”
“ဟုတ်တယ်…သမီး လာလေ၊ ဝင်ခဲ့လေ”
“ဘာကိစ္စရှိလို့လဲ ဖေဖေ”
“သမီးကို ပြောစရာရှိလို့ပါ၊ ဦးထက်မြက်ကို သမီးသိတယ်မှလား”
“ဟုတ်…သိပါတယ် ဖေဖေ၊ ဘာ ဖြစ်လို့လဲဟင်”
ဦးထက်မြတ်ဆိုတာ မဟော်တို့လို ကုမ္ပဏီလုပ်ငန်းရှင်တွေ ထဲက နာမည် ကြီးတစ်ဦးပဲ။ မသိဘဲ ရှိပါ့မလား။
မဟော်တို့ထက်ပင် သူတို့ကုမ္ပဏီက ပိုနာမည် ကြီးပါသည်။
အောင်မြင်ကျော်ကြားနေတာ။
“ဦးထက်မြတ်ရဲ့ သားက ဒီမှာ အလုပ်လုပ်ချင်လို့၊ ကဲ…အဲဒါ ဖေဖေက သူ့ကို မန်နေဂျာနေရာမှာ ခန့်လိုက်တယ်၊ သူက မနက်ဖြန် အလုပ်စဆင်းမယ်လေ ၊အဲဒါ သမီးကို ခေါ်ပြောတာ၊ ဖေဖေ သူ့ကို ခန့်လိုက်တာ မှန်တယ်မဟုတ်လား သမီး၊ သူက လုပ်ငန်းသဘောတွေ အကုန်နားလည်ပြီးသားဆိုပဲ”
ဦးထက်မြတ်၏ သားဆိုတာကိုတော့ မေမင်းမဟော် မသိတာအမှန်။
“ဟုတ်လား…ဒါဆို အဆင်ပြေတာပေါ့ ဖေဖေရဲ့ ”
“တကယ်ဆို ဖေဖေက သမီးနှင့် အတူ စွဲလေးကိုလည်း ဖေဖေတို့ကုမ္ပဏီမှာ အလုပ်လုပ်စေချင်တာ၊ သူက စိတ်မဝင်စားတော့ ဖေဖေလည်း မတတ်နိုင်တော့ဘူး”
ဖေဖေက ပြောလာ၏ ။
အရင်တည်းက မဟော်နှင့် စွဲလေးကို ဖေဖေ့အလုပ်တွေ မှာ ဝင်ကူစေချင်ခဲ့တာ။
ဒါကို စွဲလေးက ချေးများ နေခဲ့သည်။
မဟော် ကတော့ ဖေဖေ့ဆန္ဒအတိုင်း ဖေဖေ့ကုမ္ပဏီမှာ အလုပ်ဝင်လိုက်သည်။
စွဲလေးက ကျောင်းတက်နေတုန်းမို့ အလုပ်မလုပ်သေးပါ။
ခုတော့ စွဲလေးက ကျောင်းပြီးလို့ ဘွဲ့တစ်ခုရတော့လည်း ခုချိန်ထိ သူငယ်ချင်းတွေ နဲ့ လည်ပတ်လို့ ကောင်းနေဆဲပါ။
ဖေဖေကလည်း စွဲလေးကို အတင်းအကြပ် မပြောခဲ့ပါ။ သူမ နေချင်သလို နေစေခဲ့သည်။
ခုတော့ ဦးထက်မြတ်ရဲ့ သားက အလုပ်တောင်းတယ်ဆိုတော့ ဖေဖေ့မှာ မငြင်းသာဘဲ အလုပ်ပေးလိုက် ရသည်။ မဟော် တစ်ယောက် တည်း မနိုင်မနင်း ဖြစ်နေသည်မို့ ဖေဖေက ဦးထက်မြတ်ရဲ့ သားနှင့် တွဲ လုပ်စေချင်ပုံရသည်။
ဖေဖေနှင့် ဦးထက်မြတ်က လူရင်းလူချာကြီးလို မခင်လွန်းပေမယ့် အလုပ်နဲ့ပတ်သက်ပြီး ခင်မင်လေးစားမှု မျိုး ရှိနေတာကြောင့် ဦးထက်မြတ်ရဲ့ တောင်းဆိုမှု ကို လက်ခံလိုက်ပုံရသည်။
ဦးထက်မြတ်က ဖေဖေနှင့် တွေ့ ပြီး ‘ငါ့သားက မင်းဆီမှာ အလုပ်လုပ်ချင်တယ်’ တဲ့လို့ ပြောလိုက်ရုံနဲ့ ဖေဖေက မစဉ်းစားတော့ဘဲ ချက်ချင်း ဆိုသလို မန်နေဂျာနေရာကို ပေးလိုက် တဲ့သူကို မဟော် နည်းနည်း တော့ အမြင်ကတ်မိပါသည်။
သူ့ကုမ္ပဏီပိုင် ရှိလျက်နှင့် မဟော်တို့ ကုမ္ပဏီက မန်နေဂျာနေရာကို ဘာလို့လိုချင်ရတာ လဲ၊ ဘာလို့ အလုပ်လုပ်ချင်ရတာ လဲဆိုတာ မဟော် နားမလည်အောင်ပါ။
“ကဲပါ…ပြီးခဲ့တာတွေ မပြောတော့ဘူး၊ သမီး လုပ်စရာရှိတာ သွားလုပ်လေ”
“ဟုတ်ကဲ့…ဖေဖေ၊ သမီး သွားလိုက်ဦးမယ်”
အလျူမီနီယံ မှန်တံခါးကို တွန်းဖွင့်ကာ ထွက်လာခဲ့သည်။
ဘာပဲ ဖြစ် ဖြစ် ကုမ္ပဏီကိုရောက်လာမည့်  မန်နေဂျာအသစ်ဆိုတာ ဘယ်လိုလူ ဖြစ်မလဲဆိုတာတော့ သိချင်မိသား။
ကုမ္ပဏီမှာ သူဌေးပြီးရင် မန်နေဂျာဆိုတာ အားထားရဆုံးလူ။
အလုပ်များ ဆုံးလူ။
ဒါကိုမှ လိုချင်တဲ့လူကိုလည်း အံ့ဩမိပါရဲ့ ။
ပိုပြီး မယုံချင်တာက ကိုယ်ပိုင်ကုမ္ပဏီရှိလျက်နှင့် မေမင်းမဟော်တို့ဆီ အလုပ်လာတောင်းတာ ဘာအကြံအစည်ရှိလို့ပါလိမ့်။
ရိုးမှ ရိုးသားရဲ့ လား။
ဖေဖေနှင့် ဦးထက်မြတ် ကတော့ သူငယ်ချင်းအရင်းတွေ ပါ။
ဦးထက်မြတ်၏ သားက နိုင်ငံခြားက ပြန်ရောက်တာမကြာသေးဘူးဆိုတာကို နောက်မှ မဟော် သိခွင့်ရခဲ့ပါသည်။
တစ်ဆင့်စကား ကြားခဲ့တာ။
မဟော်က စွဲလေးကိုလည်း ဖေဖေ့အလုပ်ကို နားလည်စေချင်သည်၊ လေ့လာစေချင်သည်။
တစ်ချိန်မှာ မဟော်နှင့် စွဲလေးပဲ ဆက်ပြီး ဦးဆောင်လုပ်ကိုင်သွားရမှာ မဟုတ်လား။
![]() အချစ်မြို့မှလှိုက်လှဲနွေးထွေးစွာကြိုဆိုပါ၏ | ![]() အချစ်က တမြမြချို | ![]() ရေခဲပြင်နှင့် မြက်ခင်းစိမ်း |