Cover

(၁)

ကေသွယ်တို့သားအမိစီးလာသည့် ကားကလေးက လေးမှလွှတ်လိုက်သော မြားတစ်စင်းနှယ် လျင်မြန်သော အဟုန်ဖြင့် ပြေးနေသည်။ မိုးရေဖြင့် စိုစွတ်နေသော အဝေးပြေးလမ်းမကြီးတစ်လျှောက် မြို့ဘက်သို့ ဦးတည်၍ မောင်းနှင်နေခြင်း ဖြစ်ပါသည်။

ကားအသစ်လည်း ဖြစ်သည်။ ကိုယ်ပိုင်ကားလည်း ဖြစ်သည်မို့ ဒရိုင်ဘာကိုစံမင်းကလည်း စိတ်ရှိတိုင်းအားကုန်နှင်၍ မောင်းလျက်ရှိလေသည်။

ကေသွယ်နှင့်မေမေသည် ကားနောက်ခန်း၌ ငိုက်မြည်းရင်း ပါလာကြသည်။ညကိုးနာရီအချိန်မို့ အတော် ပင် မိုးချုပ်နေပြီ။ နယ်မြို့ကလေး အတွက် လူခြေတိတ်ဆိတ် မီးများ မှိတ်ချိန် ဖြစ်လေသည်။

ခုလောက်ဆို ဖေဖေပါသွားသော ရထား ထွက် သွားလောက်ပြီဟု ကေသွယ်က တွေးနေမိသည်။မီးရထားဘူတာက ကေသွယ်တို့မြို့မှာ မရှိ။ မြို့နှင့် ခုနစ်မိုင်ဝေးသော ရွာကြီးကို မီးရထားလမ်းဖြတ်သွားသဖြင့် ဘူတာရုံက ထိုရွာကြီးမှာ ရှိနေရသည်။ မြို့ကလူတွေ မီးရထားဖြင့် ခရီးသွားချင်ပါက ခုနစ်မိုင်ဝေးသော ရွာကြီးဘူတာကို သွားစီးရလေ၏ ။

ကေသွယ်နှင့်မေမေသည် ရန်ကုန်သို့ မီးရထားဖြင့်သွားမည့်  ဖေဖေဦးမိုးမြင့်ကို ဘူတာလိုက်ပို့ပေးပြီးပြန်လာကြခြင်း ဖြစ်သည်။ ဖေဖေက ကေသွယ်တို့အပြန်မိုးချုပ်မှာ စိုး၍ ရထားဝင်မလာခင် ကေသွယ်နှင့် မေမေ့ကိုပြန်ခိုင်းလိုက်သည်။ ကေသွယ်တို့ ဘူတာက ပြန်လာတော့ ဖေဖေ စီးသွားမည့် ရထားပင် ဘူတာကို ဝင်မလာသေးပေ။

ခုလောက်ဆိုရင်တော့ ရထားလည်း ဝင်လောက်ပါပြီ။ ဖေဖေလည်း ရထားပေါ် ပါ သွားလောက်ပါပြီ။ကေသွယ်က ငိုက်ရင်း တွေးလာသည်။

''ဟာ''

''ကျွီ''

''ဝုန်း''

ကျယ်လောင်သော အသံ၊ ပြင်းထန်သော တိုက်ခိုက်မှု များ ကြောင့် မျက်လုံးကို အလန့်တကြား ဖွင့်ကြည့်လိုက်ချိန်တွင် အရာအားလုံးနောက်ကျသွားချေပြီ။

ကေသွယ်တို့၏ ပတ်ဘလစ်ကာကားလေးသည် လမ်းမကြီး၏ ညာဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော လော်ရီကားကြီးတစ်စီးနှင့် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိလိုက်သည်။

ကိုစံမင်းက တောလမ်းထဲမှ ယာဉ်တစ်စီးစီး ထွက်ပေါ်လာစရာ မရှိဘူးထင်ကာ အရှိန်မလျှော့ဘဲ မောင်းလာခဲ့သည်။ တစ်ဖက်လော်ရီကားက ဒရိုင်ဘာသည်လည်း ဤသို့ပင် တွေးခေါ်ပုံရပါသည်။အရှိန်နှင့်လာသော ကားနှစ် စီး ဘေးချင်းယှဉ်၍ ပြင်းထန်စွာ ဝင် အောင်းမိကြခြင်း ဖြစ်၏ ။

ဘရိတ်ဆွဲလိုက်သံ၊ လမ်းနှင့်ကားဘီးပွတ်ကြိတ်သံ၊ တစ်စီးနှင့်တစ်စီး ပြင်းထန်စွာ ဝင်တိုက်သံတို့ကြောင့်သာ ကေသွယ်သည် ငိုက်မြည်းရာမှ အလန့်တကြား အသိဝင်လာခြင်း ဖြစ်ပါသည်။

သို့သော် တကယ်တမ်း ဘာ ဖြစ်လို့ ဖြစ်သွားမှန်းပင် ကေသွယ် မသိလိုက်ပါ။ စဉ်းစားကြည့်ချိန်ပင်မရလိုက်။

ကေသွယ်တို့ကားက ကားလေးမို့ လော်ရီကားကြီးတိုက်လိုက်သော အရှိန်ဖြင့် လွင့်ထွက်သွားကာ လမ်းတစ်ဖက်ချောက်ထဲသို့ တလိမ့်ခေါက်ကွေးကျသွားပြီးမှ ချောင်းထဲသို့ တစ်ဝက်တစ်ပျက် နစ်မြုပ်ကျဆင်းသွားလေသည်။

ကားထဲသို့ရေများ ဒလဟော စီးဝင်လာသည်။

''မေမေ .မေမေ''

ကေသွယ်က ဘေးမှထိုင်လိုက်လာသော မေမေ့ကို သတိတရဖြင့် အော်ခေါ်သော်လည်း အသံထွက်မလာ။ စမ်းကြည့်သော်လည်း မေမေ့ကို မစမ်းမိပေ။

တကယ်တော့ ကေသွယ်ကိုယ်တိုင်ပင် ကားတလိမ့်ခေါက်ကွေး လိမ့်ကျသွားသည့် အရှိန်ဖြင့် ကားထဲတွင် လူးကာလိမ့်ကာ ဖြစ်နေသည်။ ကားထဲဝင်လာသော ရေများ ကြောင့် အသက်ရှူမရအောင် မွန်းကျပ်လာရုံမကဘယ်နေရာတွေ ထိခိုက်သွားမှန်းမသိဘဲ ရလိုက်သော ဒဏ်ရာများ ဆီက နာကျင်မှု ကိုပါ ခံစားလိုက်ရလေသည်။ကေသွယ်သည် သေရမှာ ကို ကြောက်ရွံ့စွာ ဖြင့် လွတ်လိုလွတ်ငြား အလန့်တကြား အော်ဟစ်ရုန်းကန်လိုက်လေသည်။

''အား .ကယ်ပါ .ကယ်ကြပါ''

x x x x x

Cover

''သမီး .ဟဲ့ . သမီး .အိပ်မက်တွေ မက်နေပြန်ပြီ ထင်တယ်။ ထ .ထတော့ သမီးလေး၊ရှစ်နာရီတောင် ခွဲနေပြီ''

ဒေါ်မြမြမူက ကေသွယ့်ပခုံးကို ကိုင်လှုပ်နှိုးရင်းမှ ပြောလိုက် လေသည်။ကေသွယ် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဖုန်သုတ်ကြက်မွေးကိုကိုင်ရင်း ခုတင်ဘေးမှာ ရပ်နေသည့်မိခင် ဖြစ်သူ ဒေါ်မြမြမူကို မြင် လိုက်ရသည်။

အိပ်မက်ဆိုတာ သိလိုက်ရ၍ စိတ်သက်သာမှု ရသွား၏ ။

''သမီး .ကြောက်စရာကောင်းတဲ့ အိပ်မက်တွေ မက်ပြန်ပြီ ထင်တယ်၊ ဟုတ်လား''

''လန့်ပြီး ယောင်တာပါ မေမေရယ်။ သမီးယောင်တာ တော် တော် အသံကျယ်သွားလားဟင်''

တကယ်တော့ အိပ်မက်က သိပ်ကြောက်စရာကောင်းသည်။ ပြန်ပြောပြလိုက်ရင် မေမေလန့်သွားမည် စိုး၍ ကေသွယ် ပြောမပြတော့ပေ။

''ထမင်းလုံး တစ္ဆေခြောက်တာပေါ့။ ကဲ .ကဲ . မျက်နှာသွားသစ်ချေ။ မေမေ ထမင်းကြော်ထားတယ်သမီး''

''ဟုတ်ကဲ့ မေမေ''

ဒေါ်မြမြမူက ကေသွယ့်အခန်းထဲတွင် ရှိသမျှ စားပွဲကုလား ထိုင်၊ စာအုပ်စင်နှင့် နံရံများ ပေါ်ရှိ ဖုန်များ ကိုကြက်မွေးဖုန်သုတ်တံ ဖြင့် လိုက်သုတ်နေလေသည်။

ကေသွယ်က စားပွဲနှင့် ကြမ်းပြင်ပေါ်ရှိ ဖုန်မှု န့်များ ကို ငုံ့ကြည့်ရင်း .

''ဖုန်တွေ က များ လှချည်လား မေမေ''

''ဟုတ်ပါရဲ့ ကွယ်၊ မေမေတောင် သုတ်ရင်း အံ့သြနေတာ၊ တစ်နေ့ကပဲ မေမေသန့်ရှင်းရေး လုပ်ထားသေးတာ။ အောက်ထပ်မှာ လည်း ဖုန်တွေ ဒုတက်နေလို့ မေမေခုပဲ သုတ်လာခဲ့တာ''

''ထားလိုက်ပါ မေမေ၊ သမီးအခန်းထဲကဟာ သမီးလုပ်ပါ့ မယ်''

''အမယ်လေး .နောက်တစ်ပတ်နေလို့ ပြီးရင် ကံကောင်း၊ လူတစ်ကိုယ်လုံး ဖုန်ထုထဲ နစ်နေလိမ့်မယ်။ကဲပါ . သွားပါ၊ မျက်နှာ သစ်ချေ။ ပြီးရင် ထမင်းကြော်စား၊ သွား .သွား .''

ဖေဖေနှင့်မေမေက တစ်ဦးတည်းသော သမီး ကေသွယ်မိုးမြင့် ကို အလိုလိုက်ကြပါသည်။ လိုလေးသေးမရှိဖြည့်ဆည်းပေးသည်။ ဘာအလုပ်မှ မခိုင်း။ ရွှေရုပ်ကလေးလို အလှကြည့်ထားပေ၏ ။ ကေသွယ့် အပေါ်မှာ အလိုမလိုက်တာဆိုလို့ တစ်ခုပဲ ရှိသည်။ အင်းလေ .ဒါ လည်း အချစ်ကြီးလို့ ဖြစ်မှာ ပါပဲ။

''ခုလောက်ဆို သမီးဖေဖေ ရန်ကုန်ရောက် သွားလောက်ပြီ ထင်ပါရဲ့ ''

မေမေက အချိန်ကိုခန့်မှန်းကြည့်ရင်းပြောလိုက်သည်။

''ဟုတ်တယ် .ရောက်လောက်ရောပေါ့ မေမေ''

ကေသွယ်က တန်းပေါ် မျက်နှာသုတ်ပဝါကို ဆွဲယူကာ အောက် ထပ်သို့ ဆင်းခဲ့လေသည်။ရေချိုးခန်းက အောက်ထပ်မှာ ပဲ ရှိသည်။

ကေသွယ်က လှေကားပေါ်မှဆင်းလာရင်း လှေကားရင်းမှာ ချိတ်ဆွဲထားသည့် ရွက်ဆုပ်ပြက္ခဒိန်လေး၏ အပေါ်ဆုံးတစ်ရွက်ကို ဆွဲဖြဲ လိုက်သည်။

စက်တင်ဘာလ (၁၈) ရက်၊ တနင်္ဂနွေနေ့ဟု ဖော်ပြထားသော အနီရောင် စာရွက်ကလေးဆုတ်ပြဲသွားကာ စက်တင်ဘာလ (၁၉) ရက်၊ တနင်္လာနေ့ဆိုသော စာရွက်အပြာလေး ပေါ်လာလေသည်။ရွက်ဆုပ်ပြက္ခဒိန်ပေါ်တွင် လည်း ဖုန်များ ကပ်နေ၍ ကေသွယ်က လက်နှင့်ပင် ပုတ်ချလိုက်သည်။ဖုန်မှု န်များ က ကြမ်းပြင်ပေါ်သို့ ဖွားခနဲ လွင့်ကျသွားလေ၏ ။

ပြက္ခဒိန်ပေါ်မှ ရုပ်ရှင်မင်းသမီးခင်သီတာထွန်း၏ ပုံလေးက ကေသွယ့်ကို ပြုံးပြနေလေသည်။ဖေဖေက ရန်ကုန်မှာ ငါးရက်ပဲနေပြီး စနေနေ့ပြန်လာမှာ ၊ ငါ လုပ်စရာရှိတာတွေ ကို သော ကြာနေ့နောက်ဆုံးထားပြီး အပြီးအပြတ် လုပ်မှ ဖြစ်မယ်

x x x x x

ထမင်းကြော်စားပြီးလို့ ကေသွယ်အိမ်ပေါ် ပြန်အတက်တွင် လှေကားရင်း၌ မေမေနှင့်ဆုံသည်။မေမေက ကေသွယ့်ကို မျက်ထောင့်နီကြီးဖြင့် ကြည့်ကာ -

''ဒါပဲနော် ကေသွယ်၊ ဘယ်ကိုမှ ထွက်ဖို့မပြင်ပါနဲ့ ။ အိမ်ထဲမှာ ပဲ နေပါ။ ညည်းအဖေကဘာမှာ သွားသလဲ''

''သမီး ဘယ်မှမ သွားပါဘူး၊ မေမေကလည်း''

''အိမ်ကို သူငယ်ချင်းတွေ ခေါ်ထားသေးလား။ ဘယ်သူမှ မလာစေနဲ့နော်။ မိဘတွေ ပြောတဲ့စကားကိုကြပ်ကြပ်ဂရုစိုက်ပါ သမီး''

''မေမေကလည်း အလကားနေရင်း သမီးကိုပဲ ဆူနေတာပဲ''

ကေသွယ်က မေမေ့ကိုကျော်ဖြတ်ပြီး အိမ်ပေါ်ဒုန်းစိုင်းပြေး တက်ခဲ့ရင်းမှ မကျေနပ်စွာ ပြောလိုက်သည်။အိမ်ပေါ်ရောက်တော့ မျက်နှာသုတ်ပဝါကို တန်းပေါ်ပစ်တင် လိုက်ကာ ပြတင်းတံခါးကို ဖွင့်လိုက်သည်။ညကရွာထားသော မိုးကြောင့် ခြံထဲတွင် ရေအိုင်လေးများ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေ၏ ။

သစ်ပင်နှင့်မြက်ပင်များ အားလုံးပေါ် ၌ မိုးရေများ စိုစွတ်ကာ ရေစက်များ က နေရောင် ထဲတွင် တောက်နေလေသည်။ စိမ်းလန်းသော မြင်ကွင်းကြောင့် ကေသွယ့်စိတ်မှာ လန်းသွားလေ ၏ ။

ကေသွယ့်အကြည့်က ခေါင်းရင်းဘက်ခြံထဲသို့ ရောက်သွားလေသည်။ ကပ်လျက် ဖြစ်သော ခေါင်းရင်းဘက်ခြံထဲသို့ ကြည့်၍ ကေသွယ် အံ့သြသွားသည်။ ခြံတစ်ခုလုံး တိတ်ဆိတ်နေကာ အိမ်ကြီးကိုလည်း တံခါးပေါက်အားလုံး ပိတ်ထားလျက်သားတွေ့ ရသည်။ ကေသွယ်က ခြံဝင်းတံခါးမကြီးဆီသို့ လှမ်းမျှော်ကြည့်လိုက်ရာတံခါးမကြီးကိုလည်း သံကြိုးဖြင့် သော့ ခလောက်ကြီးခတ်ကာ ပိတ်ထားသည်ကို မြင်လိုက်ရ၏ ။ သော့ ကို အပြင်မှခတ်ထားခြင်း ဖြစ်သည်။ အတွင်းဘက်မှ ခတ်ထားခြင်း မဟုတ်။

မြင်ကွင်းမှာ ကေသွယ့်အတွက် ဆန်းကြယ်နေလေသည်။ခေါင်းရင်းခြံသည် ခရိုင်သစ်တော အရာရှိနေထိုင်သော အစိုးရ အိမ်ရာတစ်ခု ဖြစ်ပါသည်။ လက်ရှိနေနေသော ခရိုင်အရာရှိ ဦးထင်ကျော် တွင် မိသားစုတွေ များ လှသည်။ သားသမီးချည်း လေးယောက် ရှိသည်။ဦးထင်ကျော်တို့မိသားစု ပြောင်းလာကတည်းက တစ်ဖက်ခြံ သည် တိတ်ဆိတ်နေသည်ဟု မရှိ။အမြဲဆူညံကာ လှုပ်လှုပ်ရှားရှား ဖြစ်နေတတ်ပေ၏ ။ သားသမီးများ ၏ ကျယ်လောင်သော ကက်ဆက်ဖွင့် သံကိုအမြဲကြားနေရသည်။ အိမ်ဖော်တွေ လည်း ရှိသေးသည်။

သူတို့အိမ်ဘက်ကို လှမ်းကြည့်လိုက်လျှင် လူတွေ မမြင်ရတောင် လျှော်ပြီး လှမ်းထားသော အဝတ်များ ကိုတန်းနှင့်အပြည့် တွေ့ နေရမြဲ ဖြစ်ပေ၏ ။

ယခုတော့ အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်လျက်ရှိပေသည်။ တံခါး များ အားလုံးကိုလည်း ပိတ်ထားသည်။တစ်အိမ်လုံး ဘယ်များ သွားကြပါ လိမ့်။

ဦးထင်ကျော်၏ ဒုတိယသမီးမာမာကျော်မှာ ကေသွယ်နှင့် ရွယ် တူ ဖြစ်သည်။ကေသွယ်နှင့်ကျောင်းသွားဖော်သူငယ်ချင်းများ ဖြစ်သည်။ ကေသွယ့်လို ယခုနှစ် ဆယ်တန်းအောင်ထားသူလည်း ဖြစ်ပေသည်။

ကေသွယ်တို့အောင်စာရင်းတွေ ဇူလိုင်လက ထွက်ပြီးသော် လည်း ယခုစက်တင်ဘာလအထိအမှတ်စာရင်းများ မသိရသေး။ ဆယ် တန်းအောင်ထားသည့် ကေသွယ်တို့လိုကျောင်းသူများ တက္ကသိုလ်ကောလိပ်များ ဆက်တက်ရန် စောင့်ဆိုင်းနေသည့်အချိန် ဖြစ်ပေသည်။

တစ်ဖက်ခြံ၏ မြင်ကွင်းကိုကြည့်ရသည်မှာ တစ်အိမ်လုံး ပြောင်း ရွှေ့သွားတာနဲ့ တူပင်တူလွန်းလှပေ၏ ။အပြင်ခဏထွက်သွားပုံ၊ ခရီး ထွက်သွားပုံတို့နှင့်ပင် မတူချေ။ ခြံဝင်းထဲမှာ အဝတ်လှန်းသည့် ပလတ်စတစ်ကြိုးပင် မမြင်ရတော့။ ဖြုတ်သိမ်းသွားသည်။ မာမာကျော်တို့ မောင်နှမတစ်တွေ ကြက်တောင်ရိုက်ကစားကြဖို့ ရာသီမရွေးဆင်ထားသည့် ပိုက်တန်းကိုလည်း မတွေ့ ရတော့။

ပြီးတော့ သူတို့မွေးထားတဲ့ ခွေးကြီးကျားဘိုရော၊ ဘယ်ရောက် သွားပါလိမ့်။ ဟင် .ခြံထောင့်မှာ ထားတဲ့ခွေးလှောင်အိမ်လည်း မရှိတော့ပါလား။

ကေသွယ်သည် တစ်ဖက်အိမ်၏ ပြောင်းလဲနေသော မြင်ကွင်း များ ကိုကြည့်ကာ အံ့သြပြီးရင်းအံ့သြနေတော့သည်။ သူတို့ ပြောင်းရွှေ့ သွားတာတော့ ဘယ်နည်းနဲ့မှ မ ဖြစ်နိုင်ပါ။ မာမာကျော်တို့ မိသားစုရောက်လာတာ တစ်နှစ် ကျော်ပဲ ရှိသေးသည်။ ဤခြံတွင် နေသွားသည့် ရှေ့က သစ်တောအရာရှိအားလုံးအနည်းဆုံး သုံးနှစ် ကနေ လေးနှစ် တာဝန်ထမ်းဆောင်ပြီးမှ ပြောင်းသွား ကြမြဲ ဖြစ်သည်။ ဦးထင်ကျော်တို့ပြောင်းလာတာ တစ်နှစ် ကျော်ပဲရှိသေးသည်။

တကယ်လို့ပြောင်းမယ်ဆိုရင်လည်း မာမာကျော်က ကေသွယ့် ကို လာမပြောဘဲနေမှာ မဟုတ်ပေ။ကေသွယ်သည် တစ်ဖက်ခြံကို ကြည့်ကာ ပဟေဠိတွေ တစ်ထွေး ကြီး ဖြစ်နေမိ၏ ။သက်ပြင်းကို ချလိုက်သည်။

မိုးအေးအေးနှင့် အိပ်ရာထဲလှဲနေဦးမည် ကြံကာ ပြတင်းဝမှ လှည့်အထွက် .မြင်ကွင်းထဲသို့ဝင်လာသော လှုပ်ရှားမှု တစ်ခုကြောင့် ပြတင်း ပေါက်မှာ ပြန်ရပ်လိုက်မိပြန်သည်။တစ်ဖက်ခြံတံခါးမကြီးရှေ့သို့ လိုက်ထရပ်ခေါ် ကုန်တင်ကား အသေးစားလေးတစ်စီး ဆိုက်ရောက်လာခြင်းကြောင့် ဖြစ်ပါ၏ ။

ကားခေါင်းခန်းထဲမှ သပ်ရပ်ခန့်ညားသော လူကြီး တစ်ယောက် ဆင်းလာကာ ခြံတံခါးကို ခတ်ထားသော သော့ အား ဖွင့်လိုက်သည်။

လူကြီးကပင် ခြံတံခါးနှစ် ချပ်ကိုတွန်းဖွင့်၍ ကားဝင်သာအောင် လုပ်ပေးလိုက်၏ ။ထရပ်ကားက တိုက်အိမ်ကြီး၏ ပေါ်တီကို အနားထိ မောင်း သွားကာ ရပ်လိုက်သည်။ကားရပ်သည်နှင့် ကားရှေ့ခန်းမှ အမျိုးသမီးကြီးတစ်ဦးနှင့် မိန်းကလေးတစ်ဦး ဆင်းလာကြလေ၏ ။သူတို့သည် အိမ်ကြီးကို ကွေ့ ပတ်ကာ သေချာကြည့်ရှုနေကြလေသည်။

သေချာသွားပေပြီ။ သူတို့သည် တစ်ဖက်ခြံသို့ အသစ်ပြောင်း လာသော သစ်တောအရာရှိမိသားစု ဖြစ်ပေသည်။ ကားနောက်တွဲ ပေါ် ၌ လည်း သေတ္တာများ ၊ အိမ်အသုံးအဆောင်များ ကို မြင်နေရသည်။ကေသွယ်သည် ဦးထင်ကျော်တို့မိသားစု အမြန်အဆန် ပြောင်း သွားခြင်းကိုလည်း အံ့သြမိသည်။ပြောင်းတော့မယ်ဆိုတာကို မာမာကျော် လာမပြောသည့်အတွက်လည်း အံ့သြရသည်။

ဒါမှမဟုတ် ပြောင်းတော့မယ့်အကြောင်းကို မာမာကျော် လာပြောပါလျက် ကေသွယ်နှင့်မတွေ့ လို့မေမေ့ကို ပြောထားခဲ့ခြင်းပေလား။ မေမေက ကေသွယ့်ကို ပြန်ပြောဖို့မေ့နေတာလား။ ဒီလိုမှ မဟုတ်ရင် အခုတလော ကေသွယ်နှင့် ကေသွယ့်မိဘတွေ ပြဿနာတက်နေတာကိုသိလို့ ပြောင်းမယ့်ရွှေ့မယ့်အကြောင်းကို လာမပြောဘဲ ပြောင်းသွား လေသလား။

''မေမေရေ .မေမေ''

ကေသွယ်က အောက်ထပ်သို့လှမ်း၍ ခေါ်လိုက်သည်။

ဒေါ်မြမြမူ၏ ပြန်ထူးသံကို မကြားရ။

''မေမေ .ဟိုဘက်ခြံကို လူအသစ်တွေ ပြောင်းလာတယ်တော့ သိလား။ မာမာတို့ ပြောင်းသွား တာသမီးဖြင့် သိတောင် မသိလိုက်ဘူး''

မေမေ့ထံမှ ဘာတုံ့ပြန်သံမျှ မကြားရချေ။ မကြားလို့လား၊ တမင်ပြန်မပြောတာလား၊ ဟင်းချက်နေသလား၊ အိမ်သာဝင်နေသလား မသိပေ။

ထိုစဉ် ကားပေါ်မှဆင်းလာသော မိန်းကလေးက အိမ်ပတ်ပတ် လည်ကိုလှည့်ကြည့်ရင်း ကေသွယ်တို့ခြံစည်းရိုးအစပ်နားသို့ ရောက်လာ ၏ ။

''အို .တော် တော် လှတာပဲ''

ထိုမိန်းကလေးမှာ ကေသွယ်တို့အရွယ်လောက်ပဲ ရှိသေးသည်။ သူမက ခရီးဝေးလာခဲ့ရလို့ ဖြစ်ဟန်တူသည်။ ဂျင်းဘောင်းဘီနှင့်တီရှပ်ကိုဝတ်ထား၏ ။ ဆံပင်ကတိုတိုမို့ အဝေးက ရုတ်တရက် ကြည့်လျှင် ယောက်ျားလေးနဲ့ တူနေလေသည်။

သူမက အမှတ်မထင် ကေသွယ်တို့အိမ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ကေသွယ်သည် သူမ၏ မျက်နှာကို ပီပီပြင်ပြင် မြင်လိုက်ရတော့၏ ။ တော် တော် လှတာပဲ။ အသားအရေဖြူနုသည်။ ပါးဖောင်းဖောင်း၊ မျက်လုံးပြူးပြူး။ ရန်ကုန်သူစတိုင်ဖြင့် ခေတ်ဆန်လှသော မိန်းကလေးကိုကြည့်ပြီး ကေသွယ် ခင်မင်သွားမိလေသည်။ကေသွယ်က သူမကို လက်ဝှေ့ယမ်းပြလိုက်သည်။

သူမက မြင်ပုံမရပေ။

အိမ်ကြီးဘက်သို့ ပြန်လှည့်ထွက်သွားလေ၏ ။ကေသွယ်လည်း ပြတင်းဝမှခွာခဲ့ကာ အိပ်ရာပေါ်လှဲချလိုက်လေသည်။

x x x x x

ရူပါသည် ဤမြို့ကလေးသို့ နောက်ဆုံးပြောင်းလာသော သစ်တောအရာရှိ ဦးလှိုင်ဘွား၏ တစ်ဦးတည်းသော သမီးလေး ဖြစ်သည်။

ဖေဖေ ဒီမြို့ကိုပြောင်းရမယ်ဆိုတုန်းက ရူပါ သိပ်ဘဝင်မကျမိပေ။ မြို့ကလေးနာမည် ကအစ ရူပါ မကြားဖူးသော ကြောင့် အတော် ပင် ခေါင်၍ တောကျသော မြို့တစ်မြို့ ဖြစ်မည် ဟု ထင်ခဲ့သည်။ တကယ်ရောက်လာတော့မှ သိပ်မဆိုးလှတာကို တွေ့ ရ၏ ။

မြို့က ဧရာဝတီမြစ် အနောက်ဘက်ကမ်းကမြို့မို့ ခေါင်တာတော့ နည်းနည်း ခေါင်သည်။ အခြားမြို့ရွာများ နှင့် ဝေးလံသည်။ ရူပါ ထင်ထားသလို နေပူကျဲကျဲ၊ ဖုန်တလုံးလုံးနှင့် အညာဒေသမျိုးမဟုတ်ဘဲ သစ်ရိပ်ဝါးရိပ်နှင့်အုပ်အုပ်ဆိုင်းဆိုင်း ရှိနေသည့်အတွက် ရူပါ ကျေနပ်သွားလေသည်။ ရူပါတို့မရောက်ခင် သုံးလေးရက်ဆက်၍ မိုးရွာထား သော ကြောင့်လည်း အေးမြစိုစွတ်၍ စိမ်းစိမ်းလန်းလန်း ဖြစ်နေလေ သည်။

တကယ်တော့ ရူပါသည် ဤမြို့ကလေး၌ မိဘများ နှင့် ကြာရှည်နေမည့် သူ မဟုတ်ပါ။ နဂိုကပင် ရူပါသည် ဖေဖေတာဝန်ကျသော မြို့များ သို့ လိုက်ပါသွားလေ့မရှိ။ နွေရာသီကျောင်းပိတ်မှသာ သွားလည်သည့်အလေ့ရှိ၏ ။

ရူပါသည် မိဘများ အတွက် တစ်ဦးတည်းသော သမီး ဖြစ်သလို၊ အဘိုးအဘွားများ အတွက်လည်း တစ်ဦးတည်းသော မြေး ဖြစ်သည်။ ရူပါ့ကို အချစ်သည်းသော အဘိုးအဘွားများ က မိဘပြောင်းရွှေ့ရာလိုက်နေရလျှင်ကလေးပညာရေး နှောင့်နှေးမည် ဆိုကာ သူတို့နှင့်အတူ ရန်ကုန်မှာ ပဲ နေစေသည်။ ရန်ကုန်ကျောင်းမှာ ပဲ ထားသည်။ရူပါသည် ဖေဖေ မေမေ တို့နှင့် နွေရာသီကျောင်းပိတ်ရက်မှသာ အတူနေ ဖြစ်လေ၏ ။

ဒီနှစ် တော့ ရူပါဆယ်တန်းအောင်ပြီးပြီ။ အမှတ်စာရင်းများ စောင့်နေချိန် တက္ကသိုလ်ဆက်တက်ဖို့စောင့်နေချိန် ဖြစ်ပါသည်။ တက္ကသိုလ်မဖွင့်ခင်အထိသာ ရူပါ ဤမြို့လေးတွင် နေနိုင်မည် ။ တက္ကသိုလ်ကျောင်းတွေ ဖွင့်သည်နှင့် ရူပါ ရန်ကုန်ပြန်ရပါမည် ။

ရူပါနှင့် မေမေဒေါ်အေးသန္တာတို့သည် အိမ်ထဲသို့မဝင်မီ ခြံ ကြီးတစ်ခုလုံးကို ပတ်ကြည့်လိုက်လေသည်။အိမ်ကြီးမှာ အုတ်ချပ်နီနီများ ကို အပေါ်မှအင်္ဂတေမကိုင်ဘဲ အုတ်ချပ်အနီရောင် အတိုင်း ဖော်ပြထားသော နှစ် ထပ်အိမ်ကြီး ဖြစ်သည်။ အမိုးကိုလည်း အုပ်ကြွပ်အနီရောင် များ ပင် မိုးထား၏ ။

''ခြံကလည်း အကျယ်ကြီး၊ အိမ်ကလည်း အကြီးကြီးပဲနော် မေမေ''

''အင်္ဂလိပ် လက်ထက်ကတည်းက ဆောက်ထားတဲ့ အရာရှိ တွေ နေဖို့အိမ်ကိုးကွယ့်။ ဒီလိုအိမ်မျိုးကမိသားစုများ မှ ပျော်စရာကောင်း မှာ ''

''သမီး ပြန်သွားရင်တော့ ဖေဖေနဲ့ မေမေနှစ် ယောက် တည်း သရဲကြောက်ပြီး ကျန်ခဲ့တော့မှာ ပဲ''

''သရဲတစ္ဆေတော့ မကြောက်ပါဘူး သမီးရယ်။ ရှိလည်း မရှိပါ ဘူး။ သမီးပြန်သွားရင် နေ့လယ်နေ့ခင်းဆိုမေမေ တစ်ယောက် တည်း ပျင်းနေမှာ သေချာတယ်။ ကြည့်ပါဦး၊ ခြံကလည်း ကျယ်လိုက်တာ၊ တစ်အိမ်နဲ့ တစ်အိမ်ကလည်း အဝေးကြီးနော်''

ဒေါ်အေးသန္တာက ဘေးနှစ် ဖက်မှ ခြံကျယ်ကြီးများ ကို ကြည့် ရင်း ပြောလိုက်သည်။ခေါင်းရင်းဘက်ခြံမှာ လူနေပုံရသည်။ လူရိပ်လူယောင်များ လည်း မြင်ရသည်။ အိမ်ရှေ့တွင် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး ရပ်ထားတာလည်း တွေ့ သည်။ အဝတ်အစားများ နေပူလှန်းထားတာလည်း မြင်နေရသည်။ခြေရင်းဘက်အိမ်ကတော့ လောလောဆယ် လူနေဟန်မတူ။ ရှိသမျှတံခါးတွေ အားလုံး ပိတ်ထားလေ၏ ။ခြံတံခါးမကြီးကိုလည်း သော့  ခတ်ထားတာတွေ့ ရသည်။

ရူပါတို့သားအမိ ခြံထဲကိုနှံ့အောင် လှည့်ကြည့်ပြီးမှပင် ကိုယ် နေမည့် အိမ်ထဲသို့ ဝင်ခဲ့လေတော့၏ ။အိမ်ထဲသို့မဝင်မီ ရူပါသည် ခြေရင်းဘက်ရှိ လူမနေသော ခြံကြီး ဆီသို့ မထင်မှတ်ဘဲ တစ်ချက်လှည့်ကြည့်လိုက်သည်။ ဘာရယ်မဟုတ်၊ ထိုခြံထဲမှ တစ်ယောက် ယောက် က မိမိကို လှမ်းကြည့်နေသည်ဟုစိတ်ထဲမှာ ခံစားလိုက်ရ၍ လှည့်ကြည့်လိုက်ခြင်း ဖြစ်ပါသည်။

မဟုတ်ပါ။ ဘယ်သူမှ သူမကို ကြည့်မနေပါ။ ခြံထဲတွင် လည်း လူ တစ်ယောက် မျှ မတွေ့ ရပါ။သို့သော် .

အခုနက အိမ်တစ်ခုလုံးရှိသမျှ တံခါးတွေ ပိတ်ထားသော်လည်း ယခုမူ အပေါ်ထပ်မှ ပြတင်းတစ်ပေါက်မှာ ဟင်းလင်းပွင့်နေလေသည်။ ပြတင်းဝမှာ တော့ လူ တစ်ယောက် မျှ ရှိမနေပါ။ စောစောက တစ်အိမ်လုံး တံခါးတွေ ပိတ်ထားတယ်လို့ထင်လိုက်တာ တကယ်မှ ဟုတ်ရဲ့ လား။

ရူပါ့စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်သွားလေ၏ ။

x x x x x

ဦးလှိုင်ဘွားက သူတို့မိသားစု ရောက်ပြီ ဖြစ်ကြောင်းကို အိမ် မှာ အသင့်တပ်ဆင်ထားသော ဖုန်းဖြင့် ရုံးသို့အကြောင်းကြားလိုက်လေ သည်။ ကားပေါ်မှပစ္စည်းများ ကို နေရာချထားရန်အတွက် ရုံးမှ ဝန်ထမ်း ငယ်များ ကိုလွှတ်ပေးရန် ခေါ်လိုက်ခြင်း ဖြစ်သည်။

အိမ်အတွင်းပိုင်းမှာ တော့ ယခင်အပတ်ကပင် သန့်ရှင်းရေး ပြု လုပ်ပြီး ဖြစ်သည်။ ရုံးမှဝန်ထမ်းများ ပင်လာလုပ်ပေးထားခြင်း ဖြစ်၏ ။

အရာရှိများ စဉ်ဆက်မပြတ်နေထိုင်သည့်အိမ်မို့ ဆက်တီနှင့် အိမ်တွင်းသုံး စားပွဲ၊ ကုလားထိုင်၊ ဗီရိုများ မှာ ပုံသေထားရှိသော ပစ္စည်း များ ဖြစ်နေသည်။ ပြောင်းရွှေ့လာသော အရာရှိသည် ထိုပစ္စည်းများ ကိုသယ်လာဖို့မလိုပါ။

ထုံးစံအရတော့ ဦးလှိုင်ဘွား ပြောင်းလာလျှင် ယခင်အရာရှိနှင့် အလုပ်များ လွှဲပြောင်းခြင်း (Hand-over)ပြုလုပ်ပြီး အရာရှိဟောင်းက ဖယ်ပေးမှသာ အစိုးရအိမ်တွင် တက်နေခွင့်ရမည် ဖြစ်သည်။ ရူပါ့ဖခင် ဦးလှိုင်ဘွားကမိသားစုလိုက်ပြောင်းလာလျှင် ယခင်အရာရှိက နေအိမ်ဖယ်မပေးခင် နေရထိုင်ရခက်မည် စိုး၍ အလုပ်တာဝန်များ လက်ခံရန် ဤမြို့သို့ သူ တစ်ယောက် တည်း အရင်လာခဲ့သည်။ ဒေါ်အေးသန္တာကို ရန်ကုန်မှမိဘများ အိမ်သို့ခေတ္တပို့ထားခဲ့၏ ။

အရာရှိဟောင်း ဦးရောဘတ်တင်မောင်ထံမှ အလုပ်များ ကို လက်ခံ၊ နေအိမ်သော့ ကိုပါ ရယူပြီးပါမှဇနီးနှင့်သမီးကို ရန်ကုန်မှ ခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ထို့ကြောင့် ရှေ့ကနေသွားခဲ့သည့် ဦးရောဘတ်တင်မောင်တို့မိသားစုကို ရူပါနှင့်ဒေါ်အေးသန္တာ တွေ့ ခွင့်မရခဲ့တော့ပေ။

ဦးလှိုင်ဘွား ဖုန်းဆက်လိုက်ပြီး မကြာမီပင် ရုံးမှ လူငယ်ဝန်ထမ်း ငါးဦး စက်ဘီးသုံးစီးဖြင့် ရောက်လာကြလေ၏ ။ ရောက်ရောက်ချင်း ကားပေါ်မှ ပစ္စည်းများ ကိုချကာ အိမ်ထဲသွင်းကြသည်။ ဒေါ်အေးသန္တာက ပစ္စည်းများ ချထားရမည့်  နေရာကို ပြပေးနေသည်။

ဘူတာသို့လာကြိုပေးသော လိုက်ထရပ်ကားမှာ ဤမြို့မှ လုပ်ငန်းရှင်တစ်ဦး၏ ကား ဖြစ်သည်။ ပထမအခေါက် ဦးလှိုင်ဘွားတစ်ဦးတည်းလာစဉ်က သစ်ကိစ္စတစ်ခု ဆောင်ရွက်ပေးထား၍ ဦးလှိုင်ဘွား မိသားစုကိုလာကြိုပေးခြင်း ဖြစ်ပါသည်။

ကားပေါ်မှပစ္စည်းများ ချပြီးသည်နှင့် ဦးလှိုင်ဘွားက ဒရိုင်ဘာကို ကျေးဇူးတင်စကားပြောကာ ပြန်လွှတ်လိုက်သည်။

''ခင်ဗျားတို့ထဲမှာ ဘယ်သူ စက်ဘီးဆင်တတ်လဲဟင်''

ရူပါက လာကူပေးနေသော လူငယ်ငါးဦးကို မေးလိုက်သည်။

''ရပါတယ်၊ ဘယ်စက်ဘီးကို ဆင်ရမှာ လဲ''

ရူပါက သစ်သားပုံးတစ်ခုကို လက်ညှိုးထိုးပြလိုက်၏ ။

''အဲဒီ ထဲမှာ စက်ဘီးဟောင်းကို တစ်စစီဖြုတ်ထည့်ထားတယ်။ စက်ဘီးအတိုင်းဆို သယ်ရတာ ခက်လို့၊ပြန်ဆင်ပေးပါဦး''

''ဒါဆို ကိရိယာတန်ဆာပလာတွေ လိုဦးမယ်။ ကျွန်တော် အိမ်ပြန်ယူလိုက်ဦးမယ်နော်''

လူငယ် တစ်ယောက် က စက်ဘီးဖြင့် ပြန်ထွက်သွားသည်။ထိုစဉ် အမျိုးသမီးကြီးတစ်ဦး ရောက်လာလေ၏ ။

မိုးဖွဲဖွဲကျနေသော ကြောင့် ဖွင့်ဆောင်းလာသော ထီးကို ပိတ်လိုက်ရင်း -

''ဦးလှိုင်ဘွား မိသားစုတွေ ရောက်နေပြီ မှတ်တယ်''

''သြော် .ဟုတ်ကဲ့ပါ အန်တီ။ သမီးက ဦးလှိုင်ဘွားသမီးပါ''

''ဟော .ဒေါ်ကျော့မူပါလား၊ လာဗျို့''

ရူပါနှင့်စကားပြောနေဆဲ ဖေဖေရောက်လာကာ အမျိုးသမီးကြီး ကို နှုတ်ဆက်လိုက်လေ၏ ။

''လာ .ဒေါ်ကျော့မူ၊ ဦးမြဇင် မပါဘူးလား''

''ဦးမြဇင် ဆည်တစ်ခုစစ်စရာရှိလို့ မနက်အစောကြီး ထွက် သွားလေရဲ့ ရှင်''

''သြော် .သြော် .ကျွန်တော် တို့လည်း မနက်ရှစ်နာရီခွဲလောက် ရောက်လာတယ်။ သန္တာရေ .သန္တာ''

''လာပြီ ကို။ ဒီမှာ ကလေးတွေ ကို ပစ္စည်းထားရမယ့်နေရာ ပြပေးနေလို့''

မေမေ အခန်းထဲမှ ထွက်လာသည်။

''သန္တာရေ၊ ဟောဒါ ခေါင်းရင်းဘက်ခြံက ဆည်မြောင်း အင်ဂျင်နီယာ ဦးမြဇင်ရဲ့ ဇနီး ဒေါ်ကျော့မူပဲ။ဒေါ်ကျော့မူ ဒါ ကျွန်တော့်  ဇနီး အေးသန္တာပါ''

''ညီမလေးက ငယ်ငယ်ပဲရှိသေးတာပဲ''

ဒေါ်ကျော့မူက ရင်းရင်းနှီးနှီး ပြောလိုက်သည်။

''ကျွန်မ အသက်လေးဆယ်ပြည့်ပါပြီ မမ၊ ထိုင်ပါ မမ''

''အေးကွယ် .ဝန်ထမ်းတွေ ဆိုတော့ တစ်မြို့တစ်ရွာမှာ ဆုံဆည်းကြတုန်း ရင်းရင်းနှီးနှီးနေရတာ ပဲ။မမမူတို့က အရင်ရောက်နေတာ ဆိုတော့ လိုတဲ့ အကူအညီရှိရင် ပြောနော် ညီမ၊ အားမနာနဲ့''

''ဟုတ်ကဲ့ မမမူ''

''ကလေးတွေ ကျောင်းအပ်ဖို့ ဘာညာရော၊ ကျောင်းက နှစ် ဝက် ချိန်ကြီးဆိုတော့''

''အဲဒီ အတွက်တော့ ပူစရာမလိုဘူး မမမူရေ။ သန္တာတို့မှာ ဒီသမီး တစ်ယောက် ရှိတာ။ နာမည် က ရူပါလှိုင်တဲ့။ ဒီနှစ် ဆယ်တန်းအောင်ထားတာလေ၊ နှစ် ဘာသာဂုဏ်ထူးနဲ့ အောင်တယ်''

''ဟုတ်လား .သမီးလေးက တော် လိုက်တာ၊ ချောလည်း ချောတယ်နော်''

ဒေါ်ကျော့မူက ရူပါ့ကို လည်ပြန်လှည့်ကြည့်ရင်း ချီးမွမ်းလိုက်သည်။

''ကျေးဇူးတင်ပါတယ် အန်တီ''

''သန္တာ့ကို စနေ၊ တနင်္ဂနွေမှ မမမူတို့အဖွဲ့နဲ့ မိတ်ဆက်ပေးရဦးမယ်။ မမမူတို့အဖွဲ့ဆိုတာ အစိုးရအရာရှိကတော် တွေ စုပြီးဖွဲ့ထားတဲ့ အဖွဲ့လေ။ အားရက်ဆို တစ်အိမ်ပြီးတစ်အိမ် အလှည့်ကျ ဆုံနေကျကွယ့်''

''ဟုတ်လား .ဒါဆို လာမယ့်စနေကျ သန္တာတို့အိမ်မှာ ဆုံကြရအောင်လေ။ သန္တာက ဖိတ်တယ်လို့ ပြောပေးပါ မမမူ''

မေမေနှင့် ဒေါ်ကျော့မူတို့ စကားပြောနေစဉ်တွင် စက်ဘီးဆင်ရန် လိုအပ်သော ကိရိယာများ သွားယူသည့်ကောင်လေး ပြန်ရောက်လာ၍ ရူပါက မေမေတို့အနားမှ ထွက်လာခဲ့သည်။

''ဒီနားက အိမ်တွေ ကတော့ အစိုးရအိမ်တွေ များ တယ်။ ဝန်ထမ်း အချင်းချင်းလည်း စည်းစည်းလုံးလုံးရှိကြပါတယ်။ ညီမတို့ ခြေရင်းဘက်က ဟောဟိုခြံတစ်ခြံပဲ နေတဲ့လူ မရှိတာ။ အဲဒီ ခြံမှာ လူ မနေတာ အနှစ် နှစ် ဆယ်တောင် ကျော်ပြီတဲ့''

ဒေါ်ကျော့မူ ဆက်ပြောသော စကားကို ရူပါ မကြားလိုက်တော့ပေ။

x x x x x

ညနေခင်းအချိန်မှာ ကေသွယ် တစ်ရေး နိုးလာသည်။

နိုးသည်နှင့် ခေါင်းရင်းဘက်ခြံကို သတိရကာ ပြတင်းပေါက်တွင် ရပ်၍ လှမ်းကြည့်လိုက်သည်။မနက်က ရောက်လာသော မိသားစုမှာ ပစ္စည်းပစ္စယများ နေရာ ချထားပြီး အတော် နေသားတကျရှိနေကြပေပြီ။

ကေသွယ် လှမ်းကြည့်လိုက်ချိန်၌ ဟိုကောင်မလေးသည် စက် ဘီးတစ်စီးဖြင့် ခြံထဲသို့ပြန်ဝင်လာတာမြင်လိုက်ရသည်။ သူက စက်ဘီးတောင် ထွက်စီးနေပြီပဲ။ စက်ဘီးက ပြိုင်ဘီးကလေး ဖြစ်၍ သူမသည် စက်ဘီးပေါ်၌ ကုန်းကွကွလေး ဖြစ်နေ၏ ။ လျှာထိုးဦးထုတ်ကို ဆောင်းကာ၊ တီရှပ်ဝတ်ထားပြီး ဘောင်းဘီရှည်ဝတ်ထားသော သူမမှာ ဆံပင်က တိုတိုမို့ အဝေးကကြည့်တော့ ယောက်ျားလေးလား ထင်ရလေသည်။

စက်ဘီးပေါ်က ဆင်းလိုက်မှ သူမ ဝတ်ထားသော ဘောင်းဘီမှာ အရှည်မဟုတ်ဘဲ ဒူးဆစ်အထိသာရှည်လျားသည်ကို တွေ့ လိုက်ရ၏ ။ ကြည့်လို့တော့ ကောင်းပေသည်။

ကောင်မလေးက စက်ဘီးကို ကေသွယ်တို့ခြံစပ်အနီးမှ သစ်ပင် တွင် ထောင်ထားလိုက်သည်။ ထို့နောက်ကေသွယ်ရှိရာ ပြတင်းပေါက် သို့ မျှော်ကြည့်လိုက်လေသည်။

ကေသွယ်၏ လက်တစ်ဖက်သည် အလိုလို မြောက်သွားကာ သူမကို နှုတ်ဆက်လိုက်မိလေ၏ ။ကေသွယ် သူမကိုသွားပြီး မိတ်ဆက်လျှင် ကောင်းမည် ။ အပြင် ထွက်ခွင့်မရသော ကေသွယ့်အတွက်သူမဆီမှ အကူအညီတစ်ခုခု ရနိုင် ကောင်းပါသည်။

အကြံဖြင့် ကေသွယ်သည် ပြတင်းဝမှခွာကာ အောက်ထပ်သို့ ဆင်းခဲ့လေသည်။

x x x x x

ဖေဖေ့တပည့် တစ်ယောက် က ပြိုင်ဘီးလေးကို ပြန်ဆင်ပေးရာ နေ့လယ်ပိုင်းတွင် ပြီးသွားလေသည်။တစ်ညလုံး ရထားစီးလာရ၍ ရူပါရေမိုးချိုးကာ ခဏအိပ်လိုက် သည်။ ရူပါအိပ်ရာက ပြန်နိုးတော့ညနေလေးနာရီ ရှိနေပြီ။

''သမီး ဒီအနားကို စက်ဘီးပတ်စီးလိုက်ဦးမယ် မေမေ''

ရူပါက မီးဖိုခန်းထဲရောက်နေသော မေမေ့ကို လှမ်းအော်ပြောကာ စက်ဘီးကိုခွစီးရင်း ထွက်လာခဲ့လေသည်။

''ဟဲ့ .ဟဲ့''

မေမေက လှမ်းဟန့်တားရန် အော်လိုက်သေးသော်လည်း ရူပါက မကြားဟန်ဆောင်ကာ စက်ဘီးကိုနင်းထွက်ခဲ့လေ၏ ။

မေမေ စိတ်မချမယ်မှန်းသိလို့ ရူပါကလည်း ခပ်ဝေးဝေးထိ စီးဖို့ မရည်ရွယ်ပါ။ရူပါသည် ခြေရင်းဘက်မှ ခြံကြီးရှေ့ကဖြတ်ကာ မြို့ထဲဘက်သို့ စက်ဘီးကို နင်းခဲ့လေ၏ ။ရူပါတို့အိမ်ရှိသည့်အပိုင်းသည် ခြံဝင်းကျယ်များ နှင့် သားနားသော တိုက်အိမ်များ ရှိသော သီးသန့်ရပ်ကွက်တစ်ခု ဖြစ်ပေ၏ ။

လမ်းတွင် ချောင်းကလေးတစ်ခုကို ဖြတ်ထိုးထားသော ကွန်ကရစ်တံတားတစ်ခုကို တွေ့ ရသည်။တံတားပေါင်ပေါ်မှာ ငါးထိုင်မျှားနေ သူများ ကိုတွေ့ ၍ ရူပါက စက်ဘီးရပ်ပြီး ကြည့်နေသေးသည်။ပြီးတော့မှ မြို့ထဲဟု ယူဆရသည့်ဘက်သို့ စက်ဘီးကိုဆက် နင်းခဲ့လေ၏ ။ နယ်မြို့မို့ ယာဉ်စီးရေနည်းနည်း ပါးပါးနှင့် တိတ်တိတ် ဆိတ်ဆိတ်ပင် ဖြစ်၏ ။ လမ်းမှားမှာ လည်း မပူရပေ။

တစ်နေရာတွင် နာရီစင်ကိုတွေ့ လိုက်၍ မြို့အလယ်ခေါင် ရောက် ပြီဆိုတာ သိလိုက်သည်။ မြို့တိုင်းနာရီစင်ကို မြို့လယ်ကျသော နေရာမှာ သာ ထားတတ်မြဲ မဟုတ်ပါလား။

ရူပါက နာရီစင်ကို ပတ်ဝိုင်းထားသည့် ကွန်ကရစ်အဝိုင်းပတ်ကြီးကို စက်ဘီးဖြင့် သုံးလေးပတ်စီးလိုက်သည်။ စက်ဘီးစီးရင်းမှ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အဝေးပြေးကားကွင်းအနီးတွင် ရောက်နေသည်ကို သိလိုက်ရလေ၏ ။

ရူပါသည် အဝေးပြေးကားကွင်းထဲသို့သွားကာ စက်ဘီးကို ဘီးစတဲင်းမှာ အပ်၍ ကားကွင်းထဲ လမ်းလျှောက်လိုက်သေးသည်။

ထိုစဉ်မှာ ပဲ ရထားပေါ်မှာ အတူဆုံခဲ့ရသည့် သူ့ကို ရူပါ ပြန် တွေ့ လိုက်ရခြင်း ဖြစ်ပါ၏ ။

''ဟေ့ .ဟေ့ .ရှူးရှူး .ဖြောင်း .ဖြောင်း ဖြောင်း''

နည်းမျိုးစုံဖြင့် အသံပြုခေါ်သံကြောင့် ရူပါက နောက်သို့လှည့် ကြည့်လိုက်သည်။အောင်ဘာလေထီလက်မှတ်များ ကို လက်တွန်းလှည်း ပေါ်တွင် ချိတ်ဆွဲ၍ ရောင်းချနေသော ထီလှည်းတစ်စီးဆီမှထွက်လာ သည့်ခေါ်သံ ဖြစ်၏ ။

ရူပါ လှည့်ကြည့်လိုက်မှ သူက လှည်းနောက်မှထွက်လာကာ ရူပါ့ကို လက်လည်းပြ ရယ်လည်းရယ်ပြနေလေသည်။ ရူပါက သူ့ကိုမြင် မြင်ချင်း မှတ်မိလိုက်လေ၏ ။ မမှတ်မိဘဲနေမလား၊ မနေ့က ညနေခင်းမှသည် ယနေ့မနက်အထိ ရန်ကုန်ဘူတာကြီးကနေသည် မြို့ကလေးအရောက် မီးရထားတစ်တွဲ တည်းမှာ အတူစီးလာသူချင်း ဖြစ်ပါသည်။

ရူပါက သူ့ကိုမှတ်မိလိုက်သည်နှင့် သူရှိရာ ထီလှည်းဆီသို့ခပ် သုတ်သုတ် သွားလိုက်လေသည်။

''သြော .နင်ကိုး၊ နင်က ထီရောင်းနေတာလား။ ပေး-ငါ့ပိုက်ဆံ သုံးရာ''

ရူပါက တွေ့ တွေ့ ချင်း အကြွေးတောင်းသလို တောင်းလိုက် သည်။ တကယ်တော့လည်း အကြွေးပင် ဖြစ်ပါသည်။

သူ ကတော့ တဟဲဟဲ ရယ်နေ၏ ။

''နေပါဦးဟ၊ နင်ကလည်း ဒီမှာ ဈေးဦးမပေါက်သေးလို့''

''ဘာဆိုင်လို့လဲ၊ နင် ငါ့ပိုက်ဆံကို အသားလွတ်ကြီး ယူသွား တာ။ အဲဒီ ပိုက်ဆံပြန်ပေးပေါ့ဟဲ့''

''အဲဒီ ပိုက်ဆံက နင်အကြွေမအမ်းနိုင်လို့ ပြန်မပေးရတာ လေ။ ငါ လက်ဖက်ရည်သောက်ပစ်လိုက်လို့အဲဒီ ငါးရာတန်က ကုန်ပြီ။ နင်လို ချင်ရင် ငါဈေးဦးပေါက်အောင် စောင့်ဦး''

''နင် သက်သက်ညစ်တာ''

မနေ့က ရန်ကုန်မှ ဤမြို့အထိ ရထားစီးလာရာတွင် ရူပါနှင့်သူ သည် မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ကျ၏ ။တစ်လမ်းလုံး တစ်ယောက် နှင့် တစ်ယောက် အကဲခတ်လို့သာနေ ခဲ့သည်။ စကားမပြော ဖြစ်ခဲ့ကြပါ။ဘေးမှာ ဖေဖေနဲ့ မေမေရှိနေ၍ ရူပါက ငြိမ်နေသလို သူကလည်း ခရီးသွားဖော်ချင်း ဖြစ်ပေမဲ့ ဘေးမှာ မိဘတွေ ပါနေလို့ မိတ်မဆက်ခဲ့ခြင်း ဖြစ်ပုံရသည်။ သူကတော့ တစ်ယောက် တည်း ခရီးထွက်လာခြင်း ဖြစ်ပါ၏ ။

မီးရထား၏ မျက်နှာချင်းဆိုင်ထိုင်ခုံနှစ် ခုတွင် ရူပါနှင့်မေမေက တစ်ခုံထိုင်ကာ၊ သူနှင့်ဖေဖေကတစ်ခုံထိုင်ပါ၏ ။ ထို့ကြောင့် သူနှင့်ရူပါ သည် တစ်လမ်းလုံး မျက်နှာချင်းဆိုင်လျက် လိုက်ပါခဲ့ရသည်။ပြဿနာ ဖြစ်တာက ဆင်းရမယ့် ဘူတာမရောက်ခင် တစ်ဘူတာ အလိုကျမှ ဖြစ်သည်။ အင်း .ပြဿနာရယ်လို့တော့ မဟုတ်ပါဘူးလေ၊ ရေသန့်ဘူးရောင်းတဲ့ လူက ငွေပြန်မအမ်းနိုင်တာပါ။ဘူတာအသေးလေးတစ်ခုမှာ ရထားကို ခေတ္တရပ်သည်။

သူနှင့်ရူပါ ရေသန့်ဘူးရောင်းသော ကလေးကို တစ်ပြိုင်တည်း လှမ်းခေါ်လိုက်မိကြသည်။

ရထားက ပြန်ထွက်လုဆဲ .ရေသန့်ဘူးရောင်းသော ကောင်လေးက ရူပါတို့တွဲ သို့ ပြေးလာ ကာ ရူပါနှင့်သူ့ကို ရေသန့်ဘူးများ တစ်ဘူးစီကမ်းပေး၏ ။

ရူပါကလည်း ငါးရာတန်ပေးသည်။ သူကလည်း ငါးရာတန်ပေး သည်။ ရေရောင်းသော ကောင်လေးကနှစ် ယောက် စလုံးကိုပြန်အမ်းဖို့ သူ့ ပိုက်ဆံဘူးလေးထဲမှာ အကြွေကိုငုံ့ရှာနေသည်။ ရထားက ထွက်လုပြီ။

''ဟင် .အမ်းစရာမရှိဘူး။ ရော့ .တစ်ရွက်ပြန်ယူလိုက်''

ရေသည်က ကမ်းပေးသော ငါးရာတန်တစ်ရွက်ကို သူကယူကာ အိတ်ထဲ ထည့်ထားလိုက်လေ၏ ။

''အစ်ကိုနဲ့ အစ်မ ယူတာ နှစ် ဘူးဆိုတော့ နှစ် ဘူးဖိုး ဒီငါးရာတန် ထဲက ယူလိုက်မယ်နော်။ ရော့.အအမ်းတစ်ရာ''

ရေသန့်တစ်ဘူးလျှင် နှစ် ရာကျပ်မို့ နှစ် ဘူးအတွက် လေးရာ ကျသည်။ ကောင်လေးက ရူပါပေးသည့်ငါးရာတန်ထဲက နှစ် ဘူးဖိုး တွက်ကာ အမ်းငွေ တစ်ရာကို ပေးလိုက်ခြင်း ဖြစ်၏ ။အမ်းငွေကိုလည်း သူကပင် လှမ်းယူလိုက်လေသည်။

ရထားက ထွက်လာပြီ။

''အစ်ကို .အစ်ကို .ငွေသုံးရာ အစ်မကို အမ်းပေး လိုက်နော်''

''ကိစ္စမရှိပါဘူးကွ၊ တို့အတူတူလာတာပါ''

''သြော် .အတူတူဆိုရင်လည်း ပြီးတာပဲ''

ရူပါက သူ့ကိုမျက်စောင်းထိုးလိုက်သည်။

''ဘာအတူတူလဲ၊ နင်နဲ့ ငါနဲ့ အတူတူလာတာမှ မဟုတ်ပဲ''

ရူပါက ခပ်တိုးတိုးကျိတ်ကျိတ် ရန်တွေ့ လိုက်၏ ။ ဖေဖေရော မေမေပါ အိပ်ငိုက်နေသော ကြောင့် ဖြစ်သည်။

''ရထားတစ်တွဲ တည်း မျက်နှာချင်းဆိုင်စီးလာတာ အတူတူလာ တာပေါ့''

သူကလည်း ခပ်တိုးတိုးပြန်ပြောလေ၏ ။ သူ့မျက်နှာက ပြုံးစိစိ စပ်ဖြဲဖြဲ။

''ကဲပါ .ပေးပါ၊ ငါ့ပိုက်ဆံသုံးရာ ပြန်အမ်း''

''ဟင် .ငါးရာတန်ကြီးပဲရှိတယ်၊ နင်မြင်သားပဲ''

''ဒါဖြင့် သူပြန်အမ်းလိုက်တဲ့ တစ်ရာတန် ငါ့ကိုပေး''

''နင်ကလည်း လောဘကြီးလိုက်တာ၊ ရှေ့ဘူတာရောက်တော့ ပေးမှာ ပေါ့။ နင်ဘယ်မှာ ဆင်းမှာ လဲ ဟင်''

''မသိဘူး''

သူနှင့်သိကျွမ်းခဲ့သည်မှာ ထိုမျှသာ ဖြစ်သည်။ ဘေးမှာ ဖေဖေနဲ့ မေမေရှိနေ၍ သူ့ကို အသံကျယ်ကျယ်ရန်မလုပ် ဖြစ်ခဲ့ပေ။

ဆင်းရမယ့်ဘူတာ ရောက်တော့လည်း သူဆင်းသွားလား၊ ဆက်ပါသွားသလားပင် သတိမထားမိခဲ့။ရူပါတို့က လပ်ဂိတ်နှင့်တင် လာသော ပစ္စည်းများ ကိုရွေးရဦးမှာ မို့ အလုပ်များ ကာ သူ့ကိုမေ့သွားခဲ့ သည်။အခုပြန်တွေ့ မှပင် ရူပါသည် ရထားပေါ်တွင် ကြိတ်ခံခဲ့ရသမျှ အတိုးချပြီး သူ့ကို ရန်တွေ့ ပစ်လိုက်တော့၏ ။ ပြန်အမ်းငွေသုံးရာကို အကြွေးတောင်းသလို တောင်းပစ်လိုက်ခြင်းပင် ဖြစ်သည်။

''နင်က ပိုက်ဆံလည်း မကုန်ဘူး။ ပြန်အမ်းတဲ့ တစ်ရာတောင် အချောင်ရလိုက်သေးတယ်။ရေသန့်တစ်ဘူးလည်း အလကားရတယ်။ ငါ့မှာ ငါးရာပေးပြီး ရေတစ်ဘူးပဲ ရတယ်။ သူပြန်အမ်းတဲ့ တစ်ရာတန်ကို နင်က ကြားက ဖြတ်အုပ်သေးတယ်။ နင်မတရားဘူး၊ နင့်မှာ ငါ့ကိုပေးစရာ ပိုက်ဆံ အခုမရှိရင် ငါထီလက်မှတ်ဖြတ်သွားမယ်''

''ဟ .ဟ .မလုပ်ပါနဲ့ ၊ ဒါ ငါ့ဆိုင်မဟုတ်ဘူး''

''အောင်မယ်၊ ထီလက်မှတ်ဖြတ်မယ်ဆိုမှ ငါ့ဆိုင် မဟုတ်ဘူး လုပ်နေတယ်။ မသိဘူး၊ ငါကတော့ငါ့အကြွေးကျေအောင် ထီလက်မှတ် ယူသွားမှာ ပဲ'

ရူပါက အလွယ်တကူတွေ့ သည့် ထီလက်မှတ်ငါးစောင်တွဲ တစ်တွဲ ကို လှမ်းဆွဲလိုက်သည်။

''ဟာ .အဲဒီ ငါးစောင်တွဲ က ခုနစ်ရာနော်၊ ငါမစိုက်နိုင်ဘူး။ နင့်ကို ပေးရမှာ က သုံးရာတည်း''

''ဘာ .အစိုးရကထုတ်တာ ထီတစ်စောင် တစ်ရာတည်း၊ နင်တို့က ပိုရောင်းနေတာ အရေး ယူလို့တောင်ရသေးတယ် .ဟွန်း''

ရူပါ ထီလက်မှတ်ကို လှမ်းယူလိုက်ချိန်တွင် လက်ဖက်ရည်ကို ကြွပ်ကြွပ်အိတ်ဖြင့် ပါဆယ်ဆွဲရင်းလူ တစ်ယောက် ရောက်လာလေ ၏ ။

သူက ထိုလူ့ကို လက်ညှိုးထိုးပြရင်း -

''ထီဆိုင်က ငါ့ဆိုင် မဟုတ်ဘူး၊ သူ့ဆိုင်။ ဟေ့ကောင် .ဒီမှာ မင်းဆိုင်က ငါးစောင်တွဲ ကိုဖြုတ်ယူသွားပြီ''

''ဟင်''

''ငါ့ဆီက အကြွေးသုံးရာရစရာရှိတာကို ငါးစောင်တွဲ နဲ့ နှိမ်ပြီး ယူသွားတာကွာ။ ဒုက္ခပဲ၊ မင်းတော့ကြားထဲက ခံရပြီ''

''ဘာလို့ခံရမှာ လဲကွ၊ မင်းစိုက်ပေးပေါ့''

''ငါ့မှာ ပိုက်ဆံမှမပါတာ''

''ထွဋ်ကြီးကတော့ လုပ်ပြီကွာ''

''ကဲ .ကဲ .ကိုယ့်ပြဿနာ ကိုယ်ရှင်းပေတော့။ တို့ တော့ သွားပြီဟေ့''

ရူပါက ထီလက်မှတ်တွဲ ကို ယပ်တောင်ခပ်သလို လုပ်ပြကာ ထီလှည်းရှေ့မှ ထွက်ခဲ့လေသည်။

''ဟေ့ .ဟေ့ .နေဦးလေ။ ထီနံပါတ်ကူးရဦးမယ်၊ ပိုက်ဆံမပေးရင်တောင် နာမည် ပြောခဲ့ဦး။ ထီပေါက်ရင်အကြောင်းကြား ပေးလို့ရအောင်''

''ကိစ္စမရှိပါဘူး၊ ကိုယ့်ဟာကိုယ် တိုက်ပါ့မယ်''

ရူပါ ခပ်သွက်သွက် ထွက်လာခဲ့လေသည်။

''ဈေးဦးတောင် မပေါက်သေးဘူး။ ထွဋ်ကြီးတို့ကတော့ မ,ပြီ ဟေ့''

ရူပါက နာမည် ပြောမပြခဲ့။ သူ့နာမည် ကိုတော့ ရူပါ သိလိုက်ရပြီ။ ထွဋ်ကြီးတဲ့။ နာမည် အပြည့်အစုံက'ရဲထွဋ်ခေါင်' ဖြစ်သည်။ ညတုန်းက တစ်ညလုံး ရထားအတူစီးလာရာတွင် သူပိုက်ထားသော သားရေအိတ် တွင် 'ရဲထွဋ်ခေါင်'အမည် ရေး ထားသော လေဘယ်ပြားလေးကို မြင်ခဲ့ရပြီး ဖြစ်သည်။

ဟိုလူက 'ထွဋ်ကြီး' ဟု ခေါ်လိုက်ပုံထောက်တော့ သူ့နာမည် အပြည့်အစုံက ရဲထွဋ်ခေါင်ပဲ ဖြစ်ပါလိမ့်မည် ။

ရူပါသည် သူ့ကို တန်ပြန်နှိပ်စက်ချင်လို့သာ ခုနစ်ရာတန် ထီလက်မှတ်တွဲ ကို ဆွဲယူလာခဲ့ခြင်း ဖြစ်သည်။တစ်ရက်လောက်တော့ နှိပ်စက်ထားဦးမယ်။ မနက်ဖြန်ကျရင်တော့ နောက်တစ်ခေါက် ပြန်လာ ကာထီလက်မှတ်ဖိုးလိုငွေကို ရှင်းပေးလိုက်မည် ဟု စိတ်ကူးသည်။

ရူပါ့စိတ်ထဲမှာ သူ့ကိုတွေ့ လိုက်လို့ ပျော်လည်းပျော်သွားမိ၏ ။ သူစိမ်း ဖြစ်သော မြို့မှာ တစ်ညလုံးရထားအတူစီးလာသူကို ပြန်တွေ့ လိုက် ရ၍ ဝမ်းသာသွားမိခြင်း ဖြစ်သည်။ သူနဲ့ ကိုယ်နဲ့ က ရွယ်တူချင်းတွေ ဆိုတော့ နောင်တော့ သူငယ်ချင်းတွေ ဖြစ်ကြသေးတာပေါ့။

ရူပါက မနက်ဖြန်မှ အဝေးပြေးကားကွင်းကို ပြန်လာကာ သူ နှင့် ကောင်းကောင်းမွန်မွန်မိတ်ဆက်စကားပြောတော့မည် ဟု ဆုံးဖြတ် လိုက်လေ၏ ။

အိမ်ကိုပြန်ရောက်တော့ စက်ဘီးလေးကို သစ်ပင်ကြီးတစ်ပင် မှာ ထောင်ထားလိုက်သည်။အိမ်ထဲမဝင်ခင် အမှတ်မထင် တစ်ဖက်ခြံကို လှည့်ကြည့်လိုက် တော့ အပေါ်ထပ်ပြတင်းပေါက်မှအရိပ်တစ်ခုကို မြင်လိုက်ရလေသည်။

မိန်းကလေး တစ်ယောက် ပဲ ဖြစ်ပါသည်။

ရူပါ ကြည့်နေဆဲမှာ ပင် ထိုမိန်းကလေး၏ ပုံရိပ်သည် ဝေဝါး မှေးမှိန် သွားလေ၏ ။ ပြတင်းပေါက်မှထွက်ခွာသွားခြင်း မဟုတ်ပါဘဲ ရပ်နေသော မိန်းကလေး၏ ပုံသ္ဌဏာန် မှေးမှိန်သွားခြင်းပင် ဖြစ်ပါသည်။ရူပါသည် ကိုယ့်အမြင်ကိုယ် ဇဝေဇဝါ ဖြစ်ကာ နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်။ မိန်းကလေး၏ ပုံရိပ်က ပြန်လည်ထင်ရှားလာပြန်သည်။ သူမ ဝတ်ဆင်ထားသော အင်္ကျီအဖြူရောင် က နောက်ခံအခန်း မှော င်မှော င်ကြောင့် အဖြူရောင် ထင်းနေလေ၏ ။

ပြတင်းပေါက်မှ မိန်းကလေးက ညာဘက်လက်ကို မြှောက်၍ ပြလိုက်သည်။ သူ ငါ့ကို နှုတ်ဆက်လိုက်တာများ လား။

ရူပါ့စိတ်ထဲ ဇဝေဇဝါ ဖြစ်နေသည်။ သူမ လက်မြှောက်ပြလိုက် သလား၊ မပြလိုက်ဘူးလား၊ မသေချာ။အိမ်ထဲမဝင်ခင် ပြတင်းပေါက်ဆီ လှမ်းကြည့်လိုက်ပြန်တော့ သူမ၏ ပုံရိပ်ကို လုံးဝမမြင်ရပြန်တော့ပေ။ ချက်ချင်း ပျောက်ကွယ်သွားပုံမှာ အခိုးအငွေ့ ဖြစ်ပြီး လွင့်ပျံ့သွားသည်နှင့် တူလှ၏ ။ အိမ်ထဲကို ဝင်သွားတာ ပဲလား၊ပျောက်သွားတာပဲလား။

ရူပါသည် တစ်ညလုံးရထားစီးလာရလို့ အိပ်ရေး မဝ ဖြစ်ပြီး အမြင်တွေ မှားနေသလား မသိတော့ပါ။

x x x x x

ကေသွယ်အောက်ထပ်ကို ဆင်းလာတော့ ဧည့်ခန်းထဲမှာ တစ်စုံ တစ်ခုကို ရှာဖွေနေသော မေမေ့ကိုတွေ့ ရလေသည်။

''ဒါက ဘယ်သွားမလို့လဲ မိကေသွယ်''

''ဘယ်မှမ သွားပါဘူး မေမေ''

''အေး .အေး .မသွားနဲ့ ၊ ညည်းအဖေ မရှိတုန်း တာဝန်က ငါ့ခေါင်းပေါ်မှာ ချည်းပဲ''

ကေသွယ် သက်ပြင်းချလိုက်သည်။ မေမေ့စောင့်ကြပ်မှု က ပိုပြီးတော့တောင် ကျဉ်းကျပ်နေပါသေးသလား။

''ဒါနဲ့ ကေသွယ်၊ ဒီပေါ်မှာ တင်ထားတဲ့ ယုဝတီခင်စိန်လှိုင် ဝတ္ထုစာအုပ် တွေ့ မိလား''

''ဝတ္ထုစာအုပ်၊ ယုဝတီခင်စိန်လှိုင် ဟုတ်လား။ သတိမထားမိပါ ဘူး မေမေရယ်''

''ငါ ဖတ်ဖို့မဟုတ်ပါဘူး အေ။ ညည်းအတွက် ငှားလာတာပါ။ လမ်းထိပ်စာအုပ်ဆိုင်ကိုအကြောင်းပြပြီးထွက်မှာ စိုးလို့ ညည်း ကြိုက်တဲ့ ဝတ္ထုစာအုပ်ဆိုပြီး ငှားလာလိုက်တာ။ ငါဧည့်ခန်းစားပွဲပေါ်မှာ တင်ထားခဲ့တာပါ၊ ဘယ်ရောက် သွားပါလိမ့်''

''ထားလိုက်ပါ မေမေရယ်၊ သမီးလည်း ဖတ်ချင်စိတ် မရှိပါဘူး''

''ပျောက်မှာ စိုးလို့ပါအေ .မောင်စံမင်းများ အလွယ်တကူ တွေ့ လို့ ဆွဲသွားသလား မသိဘူး''

''ကိုစံမင်း လာမှ မေးကြည့်တော့လေ''

''စနေနေ့ ညည်းအဖေပြန်လာမှ ဘူတာသွားကြိုဖို့ ပြောလိုက် တယ်အေ့။ ကြားထဲမှာ မလာခိုင်းတော့ဘူး။ ဘယ်မှလည်း သွားစရာ မရှိဘူးလေ'

ကေသွယ်ခြံထဲထွက်လျှင်လည်း ဒေါမြမြမူက သင်္ကာမကင်းစွာ လိုက်ပါလာဦးမည် မို့ ကေသွယ်ကစိတ်ကိုလျှော့ကာ အိမ်ပေါ်ပြန်တက်ခဲ့ လေသည်။

လှေကားအလယ်ရောက်မှ သတိရကာ ကေသွယ်က ပြောလိုက်သည်။

''မေမေ .ဟိုဘက်ခြံကို လူသစ်တွေ ပြောင်းလာကြပြီ''

''ဟင်''

''အန်ကယ်ဦးထင်ကျော်တို့ ပြောင်းသွား ပြီ မေမေ။ မာမာကျော် က သမီးကိုတောင် လာနှုတ်မဆက်ဘူး။သမီးမရှိတုန်းများ မေမေတို့ကို လာပြောသွားသေးလားဟင်''

ဒေါ်မြမြမူက ကြောင်ငေးငေးဖြင့် ကေသွယ့်ကို ကြည့်နေသည်။

ဦးထင်ကျော်၊ မာမာကျော်ဆိုသည့်အမည် များ က ဒေါ်မြမြမူ မှတ်ဥာဏ်ထဲမှာ ထင်ပေါ်မလာပေ။

စဉ်းစားလို့လည်း မရပေ။

''ဟင် .မေမေ''

ကေသွယ်က ထပ်မေးလိုက်သည်။

''ဘာလဲအေ .ငါမသိဘူး၊ ဘယ်က ဦးထင်ကျော်လဲ။ ငါစဉ်းစားမရဘူး ကေသွယ်။ ငါ တွေးနေတာတစ်ခုပဲ ရှိတယ်။ ယုဝတီ ခင်စိန်လှိုင် စာအုပ် ဘယ်ရောက်သွားသလဲ။ ပျောက်ရင် လျော်ရတော့ မှာ ပဲ''

ကေသွယ်က ဒေါ်မြမြမူကို စိတ်ပျက်စွာ ကြည့်ကာ အိမ်ပေါ်သို့ ဆက်တက်ခဲ့လေတော့သည်။ဟိုဘက်အိမ်ကလူတွေ ပြောင်းသွား တဲ့အကြောင်း ဒေါ်မြမြမူသိအောင် သတင်းပေးလိုက်တာ တခြားကြောင့် မဟုတ်ပေ။ ကေသွယ်နဲ့ မာမာကျော်က ခင်နေတော့ ကေသွယ်ခြံထဲဆင်းသွားတာကို မာမာကျော်အဆက်အသွယ်လုပ်ဖို့လို့ သံသယမဝင်အောင်လို့ ဖြစ်သည်။ မာမာကျော်တို့ မရှိတော့ဘူးဆိုရင် ခြံထဲကိုစိတ်ချလက်ချ ဆင်းခွင့်ပေးနိုင်တယ် မဟုတ်ပါလား။

သို့သော် မိခင် ဖြစ်သူ၏ ယောင်ချာချာတုံ့ပြန်ပုံကို ကေသွယ် စိတ်ပျက်သွားလေ၏ ။ညမှော င်လာလေပြီ။

ကေသွယ်သည် ညမှော င်လာလေ ဘာကိုကြောက်မှန်းမသိ ကြောက်လာမိလေ၏ ။ ခုတင်ပေါ်တွင် ထိုင်ကာဘာဆက်လုပ် ရမှန်းမသိဘဲ ယောင်လည်လည် ဖြစ်နေသည်။ အိပ်လည်း မအိပ်ချင်ပါလား။

ကေသွယ့်စိတ်ထဲမှာ အတွေးတစ်မျိုးတည်း ရှိနေသည်။ စနေနေ့ မနက်ဆိုလျှင် ဖေဖေပြန်လာတော့မည် ။ဖေဖေပြန်လာလျှင် ကေသွယ်နှင့် ပေးစားမည့်  သတို့သားပါလာလိမ့်မည် ။ ဖေဖေတို့ပေးစားတဲ့ လူကို ကေသွယ်လုံးဝမယူချင်။

ကေသွယ် ထွက်ပြေးမည် ။

ဖေဖေ ပြန်မရောက်ခင် စနေနေ့မတိုင်ခင် ပြေးရပါလိမ့်မည် ။

မိဘတွေ ပေးစားတဲ့ လူကိုလည်း မယူချင်၊ ကိုထွဋ်နဲ့ လည်း ကေသွယ် အကွဲမခံနိုင်ပေ။ ကိုထွဋ်နဲ့ မပေါင်းရရင်တော့ ကိုယ့်ကိုကိုယ်ပင် သတ်သေပစ်လိုက်တော့မည် ။

ကိုထွဋ်နဲ့ ဘယ်လိုဆက်သွယ်ရမလဲ၊ဟိုဘက်ခြံကို ပြောင်းလာတဲ့ ကောင်မလေး ကူညီနိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။

x x x x x



ဝန်ဇင်းချစ်သူများ နွေတမာန် ၏ “ ပုစ္ဆာဆန်သော တစ္ဆေမလေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စုန်းအပျိုစင်

တစ်ရေးနိုးလိပ်ပြာ

တမလွန်ကပြန်ခဲ့တယ်