(စာရေး သူ၏ မိတ်ဆက်)
ပရိသတ်များ ခင်ဗျာ..
ယောက်ျားလေး စိတ်ဝင်စားနေတဲ့ ကောင်မလေးက မင်းသားနဲ့သူငယ်ချင်း။ နောက်ပိုင်းမှာ အဲဒီ ယောက်ျားလျှာ(ရှာ) ကောင်မလေးက တဖြည်းဖြည်း မိန်းကလေးပီသလာ။ နောက်ဆုံးမှာ မင်းသားနဲ့ညား။ ဒါမျိုးက ရိုးတောင်နေပါပြီ။ ကိုယ်နဲ့ချစ်နေတဲ့ ကောင်မလေး(မိန်းကလေးစစ်စစ်) က တဖြည်းဖြည်း ယောက်ျားစိတ်ပေါက်ခဲ့ရင်ကော။ တော် တော် ကမောက်ကမနိုင်မဲ့ကိစ္စပါ။
အဲဒီ လိုကြီးသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့….။
အခန်း (၁)
“မောင်”
“အင်း……ပြောလေ ဖြူ”
မိန်းကလေးများ ထဲမှာ ရှားရှားပါးပါး ဆံနွယ်ရှည်ကို ပိုင်ဆိုင်ထားသော သူ၏ ချစ်သူ ရွှန်းလဲ့ ဖြူကို ခပ်ဖွဖွဖက်ထားရင်း သူ ‘ပြော’ ဟုဆို ဖြစ်သည် ချစ်သူက သက်ပြင်းကို တိုးညှင်းစွာ ချရင်း သူ့ ပခုံးပေါ် ခေါင်းကိုမှီသည်။
“ဘာလိုလိုနဲ့ သန်ဘက်ခါဆိုရင် ၀တီတို့တောင် မင်္ဂလာဆောင်ပြီနော်”
သူတို့သူငယ်ချင်း အုပ်စုမှ ပထမဆုံးစွံသော အတွဲ ဖြစ်သည့် ၀တီနှင့် မိုးအောင်တို့၏ မင်္ဂလာ ဆောင်က သူမ ပြောသလိုသန်ဘက်ခါ ဖြစ်သည်။
“ဖြူက အားကျလို့လား”
“အားမကျဘဲနေမလားလို့၊ ဖြူလည်း သတို့သမီးဝတ်စုံလေး ၀တ်ချင်တာပေါ့၊ အင်း…ဘယ် တော့မှများ ၀တ်ရမှာ လဲမသိဘူး”
သူမက သက်ပြင်းချရင်း ဆိုသည်။
“အခုဝတ်ချင်ရင်လည်း ဖြစ်ပါတယ် ဖြူရာ၊ မင်္ဂလာဆောင်ဝတ်စုံငှားတဲ့ဆိုင်မှာ တစ်စုံပြီး တစ်စုံ သွားဝတ်ကြည့်မလား”
ညစ်ကျယ်ကျယ်ဖြင့် ဆိုသော သူ့စကားကြောင့် သူမက
“မနောက်နဲ့နော်၊ ဖြူက အတည်ပြောနေတာ”
ဟု ခပ်ဆောင့်ဆောင့်ဆိုသည်။
“မောင်ကလည်း အတည်ပြောတာပါကွာ၊ အနောက်တိုင်းဂါဝန်လား၊ ထိုင်မသိမ်းဝတ်မ လားပြော၊ မောင် ဖုန်းကြိုဆက်ထားလိုက်မယ်”
“မောင်နော်”
သူ့စကားအဆုံးမှာ သူမက မောင်နော် ဟုဆိုရင်း သူ့ဗိုက်ခေါက်ကို ဆွဲလိမ်သည်။
“အား…..လားလား၊ နာတယ်ဖြူရ”
သူမကို ပိုမိုတင်းကြပ်စွာ ပင် အရှုးကွက်နင်းကာ ဖက် ဖြစ်ရင်း သူဆို ဖြစ်သည်။ “သူမက လွှတ်.. လွှတ် အရူးကွက်မနင်းနဲ့”
ဟု ဆိုရင်း သူ့လက်များ ကို ဖယ်ချသည်။
“အရှုးကွက်နင်းတာ မဟုတ်ပါဘူးဖြူရာ၊ နာသွားတော့ဒီလိုပဲ ဖက်မိသွားတာပါ၊ မောင်က သာတယ်နာတယ် သဘောမထားပါဘူးဖြူရာ၊ မောင် ဖြူ့ကို ခွင့်လွတ်ပါတယ်၊ Ok နော်”
“အောင်မာ….မာ လူလည်ကြီး”
ပြောရင်း သူမက သူ့ပခုံးကို ထုသည်။ မနာပါ။ သူညစ်ကျယ်ကျယ်ပင် ရယ် ဖြစ်သည်။
“အတူတူပါပဲ ဖြူရာ၊ မောင်လည်း မင်္ဂလာဝတ်စုံကြီး ၀တ်ပြီးတော့ ဟောဒီကဖြူနဲ့ မင်္ဂလာ ဆောင်ချင်နေပြီ၊ ဖြူပဲ မင်္ဂလာဆောင်ဖို့ နေ့ရွှေ့ညရွှေ့နေတာမဟုတ်လား၊ ဖြူ မောင့်ကိုတော့ အပျော်မကြံပါဘူးနော်”
“မောင်နော်”
သူ့စကားအဆုံးမှာ သူမက မောင်နော် ဟုဆိုရင်း မျက်စောင်းထိုးသည်။ တကယ်တော့ လည်း မင်္ဂလာဆောင်ရန်ကိုနေ့ရွှေ့ညရွှေ့ ရွှေ့နေသူက သူမပဲ ဖြစ်သည်။ မောင်လေး ကျောင်းမပြီး သေး ဆိုသော ဆင်ခြေ။ ဒီနှစ် ထဲမှာ ဖေဖေ နေသိပ်မကောင်းသေးလို့ဟူသော ဆင်ခြေ။ စသည်ဖြင့် မရိုးနိုင်သော ဆင်ခြေများ ကြောင့် သူတို့မင်္ဂလာဆောင်ကား အထမမြောက်လာခဲ့။
“အတူတူနေချင်ပြီ ဖြူရာ”
သူမ၏ နဖူးကို ခပ်ဖွဖွနမ်းရင်း သူဆို ဖြစ်သည်။
“ဖြူရောပဲ”
သူမက ခပ်တိုးတိုးဆိုရင်း သူ့ရင်ခွင်ထဲမှာ ခေါင်းအပ်ကာထားသည်။ သူမကို ခပ်ဖွဖွဖက် ထားရင်း စိတ်ထဲမှာ မင်္ဂလာဆောင်နေမိသည်။ ပြီး သူမမသိအောင် သက်ပြင်းချ ဖြစ်သည်။
“ငါတို့နှစ် ယောက် ကျရင် မင်္ဂလာဆောင်ကို သူများ နဲ့မတူအောင် ဆောင်ပြမယ်၊ လုံးဝထူး ခြားစေရမယ်”
ဝဏ္ဏက လက်မထောင်ရင်း ဆိုသည်။
“အင်း လုပ်ပါဦး”
ဘတ်ချလာနိုက် Dinner ကို ဒကာခံနေသော သတို့သားအသစ်စက်စက် မိုးအောင်က လုပ်ပါဦး ဟု ဆိုသည်။သတို့သမီး အသစ်စက်စက် ၀တီက ပေါက်ကရတွေ မပြောနဲ့နော်ဟု ဆို သည်။
“မပူနဲ့ ဒီကောင်ပြောရင် အကောင်းမဟုတ်တာ ကတော့ သေချာတယ်၊ ကဲပြောပြော ၀ဏ္ဏ”
သူ ဟက်ခနဲရယ်ရင်း ဆို ဖြစ်သည်။
“သေသေချာချာနားထောင် သူရ၊ မင်းတောင် ငါ့အစီအစဉ်ကို သဘောကျပြီး လိုက်လုပ် ချင်လုပ်နေဦးမှာ ”
ဝဏ္ဏက သူ့ကိုကြည့်ကာဆိုရင်း ဟီးခနဲ ရယ်သည်။
“ဒီလိုကွ ငါက မင်္ဂလာဆောင်ရင် သင်္ကြန်တွင်းမှာ ဆောင်မှာ ”
“စပြီး ထူးခြားနေပြီ”
ဝဏ္ဏ၏ စကားအဆုံးမှာ သတို့သားအသစ်စက်စက်မိုးအောင်က လက်ဖျောက်တီးရင်း ဆို သည်။
“ဧည့်ခံမဲ့နေရာကို အတည်တကျမထားဘူး၊ ဥပမာကွာ ဆီဒိုးနား၊ ထရိတ်ဒါး ဒါမျိုးမဟုတ် ဘူး၊ ကားပေါ်မှာ ဧည့်ခံမှာ ၊ မင်္ဂလာပွဲလာတဲ့ လူအကုန်လုံးကို ကားပေါ်တင်ပြီးတော့ စတုဒီသာေ ကျွေးတဲ့ ဘုန်းကြီးကျောင်းရောက်မှ ကြုံရင်ကြုံသလို ဧည့်ခံသွားမယ်၊ အဲဒီ လိုမျိုးကျွေးတဲ့လူလည်း ကုသိုလ်ရ၊ ငါတို့လင်မယားလည်း အကုန်အကျသက်သာ အဲဒီ လိုမျိုး”
“ရတယ်လေ….မင်းက အဲဒီ လို ကျွေးမွေးဧည့်ခံမယ်ဆိုတာ ကြိုသိထားရတော့ ငါတို့ ကလည်း မင်းတို့မင်္ဂလာဆောင်မယ့်နေ့ကို ကြိုရှောင်လို့ရတာ ပေါ့”
သတို့သားကြီး မိုးအောင်က ဟက်ခနဲ ရယ်ရင်းဆိုသည်။
“လူမလာချင်နေလေ လက်ဖွဲ့လာရင်ပြီးတာပဲ”
ဝဏ္ဏက ပြောင်ချော်ချော်ဖြင့် ဆိုသည်။
“၀ဏ္ဏနဲ့ရမယ့်ကောင်မလေးကို ငါတော့သနားတယ်၊ တစ်သက်မှာ တစ်ခါပဲဆောင်ရမယ့် မင်္ဂလာဆောင်ကို ဒီလိုစီစဉ်ထားမှန်းသိရင် သူ နင့်ကို ဓားနဲ့လိုက်မှာ သေချာတယ်”
သတို့သမီးဝတီက ရွှတ်နောက်နောက်ဆိုသည်။
“ဓားနဲ့လိုက်မယ်ဆိုတာ ဖြစ်နိုင်တယ်၊ ဘာ ဖြစ်လို့လဲဆိုတော့ သူ့ကောင်မလေးက အရင် တုန်းက ယောက်ျားလျှာကြီး၊ သူနဲ့တွေ့ ပြီးတော့မှ နည်းနည်း လေး မိန်းမဆန်လာတာ၊ ဒါတောင် အခုထိ မိန်းမ တစ်ယောက် နဲ့ ရာနှုန်းပြည့်တူသေးတာ မဟုတ်ဘူး”
သူ ၀ဏ္ဏ၏ ကောင်မလေးအကြောင်း ရယ်ရင်းဆို ဖြစ်သည်။ ၀ဏ္ဏ ကတော့ တဟဲဟဲဖြင့် ရှက် ရယ်ရယ်သည်။
“မိန်းကလေးစိတ်ရှိတာကရော သေချာရဲ့ လား ၀ဏ္ဏ၊တော် ကြာ ဟ၀ှာ ဖြစ်နေမယ်နော်”
မိုးအောင်က ပြောင်စပ်စပ်ဖြင့် ဘာကိုဆိုလိုမှန်းမသိဆိုသည်။
“ဘာဟ၀ှာလဲကွ၊ စကားပြောတာ ရှင်းရှင်းပြော”
“ညစာခက်နေမယ်လို့ ပြောတာကွာ ကဲ”
မိုးအောင်က ရယ်ချင်ပက်ကျိဖြင့်ဆိုသည်။
“ဘာလဲကွ…မင်းက ဘာညစာလဲ”
ဝဏ္ဏက မျက်နှာကြီးနီလျက် ဆိုသည်။
“ဒီလိုကွာ မင်းရဲ့ ကောင်မလေးက မိန်းမစိတ်မပေါက်သေးရင် အချက်အပြုတ်ကိစ္စတွေ လုပ်မှာ မဟုတ်ဘူးလေ၊မင်းက မနက်စာကို လက်ဖက်ရည်ဆိုင်မှာ စားတယ်၊ နေ့လယ်စာကျတော့ ကုမ္ပဏီက ကင်တင်မှာ စားပြီး ညနေစာကို အိမ်မှာ စားရမှ ကျေနပ်တဲ့ကောင်မဟုတ်လား၊ အဲဒါကို ဒီကောင်က ပြောတာ”
မိုးအောင်၏ ကိုယ်စား သူကပင် ၀င်ရှင်းလိုက်သည်။
“တော် စမ်း သူရမင်း မင်းကိုယ်မင်း ဟုတ်လှပြီမထင်နဲ့၊ မိန်းမပီသလှပါတယ်ဆိုတဲ့ မင်းရဲ့ ရွှန်းလဲ့ဖြူကလည်း သူ့ဘာသာသူ ဆံပင်အရှည်ကြီးနဲ့ မန်းကလေးဆန်နေပေမယ့် သူ့စိတ်ထဲမှာ ယောက်ျားစိတ်ပေါက်မနေဘူးလို့ ပြောလို့မရဘူး၊ လောကကြီးမှာ ဘာမှမမြဲဘူးကွ မှတ်ထား၊ဟု တ်တယ်နော် ဖြူ”
ဝဏ္ဏက သူ့ကိုရှည်လျားစွာ ဆိုရင်း တစ်ချိန်လုံး ပြုံး၍ သာ နေသာ သူ၏ ချစ်သူ ဖြစ်သော သူမ ကို အမေးရှိသည်။
“ဟုတ်တယ် ဘာ ဖြစ်လို့လဲမသိဘူး၊ ဖြူလည်းလေ အခုတလော ယောက်ျားလေးစိတ်တွေ ၀င်လာတယ်သိလား၊ ဆံပင်ကိုလည်း ညှပ်ပစ်ချင်တယ်၊ ပြီးတော့ ကျားကျားလျားလျား ၀တ်ချင်စား ချင်လာသလိုပဲ”
ဖြူက သူ့ကိုလှမ်းကြည့်ရင်း ရွှတ်နောက်နောက်ဆိုသည်။
“ဖြူ…ယောက်ျားစိတ်တော့ မ၀င်လိုက်ပါနဲ့ဖြူရယ် ဖြူယောက်ျားစိတ်ဝင်ရင် မောင်ညစာ ငတ်သွားမှာ ပေါ့”
“ပါဆယ်ဆွဲထားပေးမှာ ပေါ့ မောင်ရဲ့ ”
မျက်နှာကြီးရှုံ့မဲ့ကာဆိုသော သူ့ကို သူမက ရယ်ကျဲကျဲဖြင့် ပက်ခနဲဆိုသည်။
“မောင်….အပြင်စာတွေ မကြိုတ်တာ ဖြူလည်းသိသားနဲ့ကွာ”
သူ ဟက်ခနဲရယ်ရင်းဆို ဖြစ်သည်။
“မသိဘူး အပြင်စာတွေ အတွင်းစာတွေ ဖြူမသိဘူး ဖြူကလေ တကယ်တော့ မိန်းက လေး ဖြစ်ချင်တာမဟုတ်ဘူး၊ယောက်ျားလေးပဲ ဖြစ်ချင်တာ၊ခုနေများ ယောက်ျားလေး ဖြစ်ရရင် သိပ်ကောင်းမှာ ပဲ မောင်ရယ်”
ဖြူ၏ စကားအဆုံးမှာ သူမျက်နှာကို အစွမ်းကုန် ရှုံ့မဲ့ ဖြစ်သည်။
“ဖြူယောက်ျား ဖြစ်သွားရင် မောင်က မိန်းကလေး ဖြစ်ပေးရမှာ လား၊ ဒါမျိုးတော့ လုံးဝအ ဖြစ် မခံဘူးနော် ဖြူ”
သူ အသည်းအသန်ပင် ခေါင်းခါ ဖြစ်သည်၊ မိုးအောင်တို့ ဇနီးမောင်နှံအသစ်စက်စက်နှင့် ၀ဏ္ဏက သူ့ကိုကြည့်ပြီး တခွီးခွီးရယ်သည်။ ဖြူပါ လိုက်၍ ရယ်သည်။
“မောင်ရယ် ဖြူယောက်ျားလေး ဖြစ်သွားရင် မောင်နဲ့ဖြူနဲ့ သူငယ်ချင်းလုပ်လို့ရပါတယ် မောင်ရဲ့ ၊ မောင်က မိန်းကလေး ဖြစ်ပေးစရာမလိုပါဘူး၊ ကောင်မလေး တစ်ယောက် တည်းကို အတူ တူကြိုက်မိကြရင်လည်း တရားနည်းလမ်းကျကျ ပြိုင်လိုက်ကြတာပေါ့ မဟုတ်ဘူးလား”
ဖြူက ရယ်ချင်ပက်ကျိဖြင့် ဆိုသည်။
“မသိဘူးကွာ…မသိဘူး၊ သောက်လို့က မမူးဘူး၊ ဖြူပြောတဲ့စကားတွေ နားထောင်မှပဲ လူက မူးချင်လာတယ်၊ ဟူး”
သူ လေပူကို မှု တ်ထုတ်ရင်း ခေါင်းကိုခါ ဖြစ်သည်။ မပြောကောင်းမဆိုကောင်း သူမပြော သလိုသာ ဖြူ တစ်ယောက် ယောက်ျား ဖြစ်သွားခဲ့ရင်ကောဟု အဓိပ္ပာယ်မရှိစွာ သူတွေး ဖြစ်သည်။
အခန်း (၂)
Homer
“မင်းအရမ်းမူးနေပြီ သူရ၊ မင်းကားမမောင်းနဲ့ ဖြူ့ကိုမောင်းခိုင်းလိုက်၊ ငါတို့လည်း ၀တီ့ကို ပဲ မောင်းခိုင်းမှာ ”
မိုးအောင်က သူ့ပခုံးကိုပုတ်ရင်း ဆိုသည်။
“ဘာကိစ္စ ငါက မိန်းကလေးမောင်းတဲ့ကားကို စီးရမှာ လဲ၊ယောက်ျားကွ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ကိုယ့်ဘာသာကိုယ်ပဲ မောင်းမယ်၊ ဒါ…ပဲ”
“မောင်ကလည်း မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ဆိုတဲ့ စကားရှိတယ်လေ၊ ပေး၊ ပေး ကားသော့ ။ ဖြူ မောင်းမယ်”
ဖြူက ပြောပြောဆိုဆိုပင် သူ့လက်ထဲမှာ ကားသော့ ကိုယူသည်။
“မပေးဘူး၊ကိုယ့်ဘာသာကိုမောင်းမယ်၊ဖြူဘေးကပဲလိုက်စီး၊ OK နော်၊ ကိုယ့်အားကိုယ်ပဲ ကိုးမယ် ဟုတ်ပြီလား”
“မောင်ကလည်းကွာ ပေးပါ၊ ဖြူမောင်းပေးမယ်လို့၊ မောင်က မူးနေတာလေ၊ မောင်ဒီပုံစံနဲ့ မောင်းရင် ဖြူလိုက်မစီးရဲဘူး”
“ဘာ”
သူမ၏ စကားကို အာလေးလျှာလေးဖြင့် ‘ဘာ’ဟုဆို ဖြစ်သည်။ဖြူက ခေါင်းကိုကုတ်ရင်း စိတ်တိုလာဟန်ဖြင့်…
“ဒီလိုမူးမူးရှုးရှုးနဲ့ မောင်းရင် လိုက်မစီးရဲဘူးလို့ပြောတာ”
ဟု ခပ်ဆတ်ဆတ်ဆိုသည်။
“မစီးရဲရင် မစီးနဲ့ကွာ၊သွား ဟိုဘက်ကားသွားစီး”
ပြောပြောဆိုဆို သူကားပေါ်တက်ကာ ကားကို ၀ူးခနဲမောင်းထွက် ဖြစ်သည်။ ဟကောင် သူရ ဆိုသော ၀ဏ္ဏ၏ အသံကို သူကြားသည်။ မောင် ဟုခေါ်သော ဖြူ့အသံကိုလည်းကြားသည်၊ ပြီး ဒီကောင် ကတော့ကွာ ဟု မကျေမချမ်းဆိုသော မိုးအောင်၏ အသံကိုလည်း ကြားသည်။
ဘာရယ်မဟုတ် ယစ်ရွှေရည်၏ တန်ခိုးကြောင့် ဘာမှမဟုတ်သည့်ကိစ္စကို သူ စိတ်တိုကာ နေသည်။
“ငါက ကားကို ဟောဒီလိုတောင် မောင်းပြလိုက်ဦးမယ်”
နှုတ်မှလည်း ပွစိပွစိရွတ်ရင်း ခြေထောက်ကလည်း လီဗာကို ဖိနင်း ဖြစ်သည်။ သူ့ကား နောက်မှနေ မီးတောက်ရင်း အချက်ပြကာကားကို ရပ်ခိုင်းနေသော ၀တီမောင်းလာသည့်ကားကို ပိုမို၍ ဝေးကျန်ခဲ့စေရန် လီဗာကို သူ ထပ်နင်း ဖြစ်သည်။
သို့သော်လမ်းအကွေ့မှာ သူ သူ့ကား၏ အရှိန်ကို မထိန်းနိုင်တော့။မျက်နှာချင်းဆိုင်မှာ ယာဉ် ကြောသို့ ရောက်ရှိသွားပြီး ကားတစ်စီးကို သူတိုက်မိသည်။
“ပြီး..”
သူ ဘာကိုမှ မသိတော့။
မျက်စီကို အားယူကာဖွင့်ကြည့်သော်လည်း မျက်လွှာကိုပင့်၍ မရဘဲ ဖြစ်ကာနေသည်။ သတိရသော အချိန်မှာ သူ့စိတ်တွေ က အရာအားလုံးကို မှတ်မိကာနေသည်။ တကယ်တမ်း ဓာတ် ရှင်တွေ ထဲကလိုသာဆိုလျှင် သူ သတိရရချင်း မြင်ရမည့် က မျက်နှာကျက်ဖြူဖြူ ဖြစ်မည် ထင်သည်၊
သို့ သော် သူအခုမြင်နေရသည်က သူ့ရည်းစား။ သူ၏ မြတ်နိုးရသော ရွှန်းလဲ့ဖြူ၏ မျက်နှာဖြူ ဖြူ။
သူမက သူ့ကိုငုံ့ကြည့်ကာနေသည်မို့ သူမမျက်နှာကြီးကို ရုတ်တရက် အနီးကပ်မြင်ရ သော အခါ သူ ထိတ်ခနဲ ဖြစ်သွားမိသည်။
“လန့်လိုက်တာဖြူရယ်…ဘာကိစ္စ အဲဒီ လောက်ကြီးငုံ့ကြည့်နေရတာ လဲကွာ၊ မောင့်မျက်နှာ မှာ ဘာတွေ ဖြစ်သွားလို့လဲ”
သူ ခုတင်ပေါ်မှာ ပလက်လှန်ကာနေရင်းက အရွှန်းဖောက် ဖြစ်သည်။သူမက ဘာမှပြန်မ ပြောဘဲ ခုတင်ဘေးမှ ထိုင်ခုံမှာ ထိုင်ချသည်။
ပြီ သက်ပြင်းကို ဟင်းခနဲနေအောင်ချသည်။
“စိတ်ပူလိုက်တာမောင်ရယ်….မောင်နှစ် ရက်တိတိ လုံးဝသတိလည်မလာလို့ အားလုံးက စိတ်ပူနေကြတာ၊ မောင့်ရဲ့ ညာဘက်လက်ကျိုးသွားတာကလွဲရင်း အားလုံးပုံမှန်ပါပဲတဲ့ ဆရာဝန် ကြီးက ပြောတယ်”
“လက်ကျိုးတာက ဇက်ကျိုးတာနဲ့စာရင် တော် သေးတာပေါ့ဖြူရယ်၊ ဘာမှမပူနဲ့၊ မောင်က တော် တန်ရုံဒဏ်ရာလောက် ကတော့ စာမဖွဲ့ဘူး၊သိတယ်မဟုတ်လား”
ပူပန်နေသော ဖြူကိုကြည့်ရင်း သူ သူမ၏ ပူပန်မှု ကို ပြေလျော့သွားစေရန် ဟာသလုပ် ဖြစ် သည်။သိတယ်မဟုတ်လား ဆိုသော သူ့ စကားကို သူမက မသိဘူး၊ ဟု ချက်ချင်း တုံ့ပြန်သည်။
“မသိဘူး…နှစ် ရက်လုံးလုံး သတိရမလာလို့ ဖြူ့မှာ ရသမျှ ဘုရားစာတွေ တောင်ကုန်တယ်၊ နှစ် ဖက်စလုံးက မိဘတွေ ဆိုရင် ထမင်းတောင် မစားနိုင်ကြဘူး။”
“ခေါက်ဆွဲတွေ ကြီးပဲ စားနေကြလို့လား”
“မောင်နော်”
သူ၏ ရွှတ်နောက်နောက်အဆိုကြောင့် ဖြူက ‘မောင်နော်’ဟုဆိုရင်း၊ မျက်စောင်းကြီး ထိုး သည်။ ငိုမဲ့မဲ့ချစ်သူ၏ မျက်နှာကိုကြည့်ရင်း သူ့ရင်ထဲမှာ အချစ်တွေ တိုးကာ လာနေသည် ကတော့ အမှန်ပဲ ဖြစ်သည်။
“ဖြူကြောက်တာကလေ ဓာတ်ရှင်တွေ ထဲကလိုမျိုး သတိတော့ရလာပါရဲ့ ဟိုလူကိုမမှတ်မိ၊ ဒီလူကိုမမှတ်မိ ဖြစ်မှာ ကိုကြောက်တာ၊ အထူးသဖြင့် ဖြူ့ကိုပေါ့”
ခေါင်းငုံ့ကာ ရှက်အမ်းအမ်းဖြင့်ဆိုနေသည့် သူမကိုကြည့်ရင်း သူ စချင်လာသည်။ ထို့ ကြောင့် သူ လည်ချောင်းကို ဟန့် ဖြစ်သည်။
“ဒီလိုမျိုးလား ဖြူ မောင်လုပ်ပြမယ်။”
ပြောပြောဆိုဆို သူမျက်လုံးကို Over ဖြစ်သွားသည်အထိ ပြူး ဖြစ်သည်။ ပြီး ဖြူ့ကိုကြည့် ဖြစ်သည်။
“ခ….ခင်ဗျား ဘူလဲ၊ကျ….ကျွန်တော် ကရော ဘူလဲ၊ကျ…ကျွန်တော် ဘယ်ကိုရောက်နေတာ လဲ၊ ဒါဟာဝိုင်အီကျွန်းက ဟိုတယ်မှာ လား”
အိုက်တင်အပြည့်ဖြင့် ပြောသော သူ့စကားအဆုံးမှာ သူမက ခွီးခနဲရယ်သည်။ ပြီး မောင် ကတော့လေ ဟုရေရွတ်သည်။
“ဘာ…မောင် ခင်ဗျား ကျွန်တော့် ကို မောင်လို့ခေါ်လိုက်တာလား၊ ခင်ဗျားကို ကျွန်တော် မသိဘူး၊ ကျွန်တော့်ကို ချမ်းသာပေးပါဗျာ၊ အိုင်တွေ့ တုန်း ခြေဆေးလိုက်မယ်ဆိုပြီးတော့ အပျော် မကြံလိုက်ပါနဲ့ဗျာ၊ နော်…ခင်ဗျားကိုကြည့်ရတာ လက်ရဲဇက်ရဲရှိမယ့်ပုံပဲ၊ ကြည့်ရင်းကြည့်ရင်း နဲ့တောင် ကြောက်လာပြီဗျာ”
ကြောက်ရွံ့ဟန်ဖြင့် ရွှတ်နောက်နောက်ဆိုသော သူ့ကိုကြည့်ရင်း သူမက တခွီးခွီးရယ် သည်၊ ပြီး မောင်နော် မဟုတ်မဟတ်တွေ မပြောနဲ့ ဟု အရယ်တစ်ဝက်ဖြင့် ဆိုသည်။
“ခင်ဗျား ကျွန်တော့် နားကို ကပ်မလာနဲ့နော်၊ အခန်းထဲမှာ ဘယ်သူမှမရှိဘူးဆိုပြီး ကပ်လာ လို့ ကတော့ ကျွန်တော် က အော်လိုက်မှာ ဗျ”
“ဘယ်လိုအော်မှာ လဲ၊ ပဲပြုတ် လို့လား”
သူမက ရယ်ကျဲကျဲဖြင့် မေးသည်။
“မဟုတ်ဘူး…၀င်မလာကြသေးနဲ့ဦးဗျို့ ဒီမှာ ကောင်းခန်းရောက်နေပြီလို့ အော်မှာ ဗျ”
“မောင်နော်”
သူမက ရှက်အမ်းအမ်းဖြင့် မောင်နော် ဟုဆိုသည်။
“ဘာတွေ ကောင်းခန်းရောက်နေတာလဲကွ”
အခန်းထဲသို့ ပြောပြောဆိုဆိုဝင်လာသူက ၀ဏ္ဏ၏ ရည်းစား သစ်သစ်ဖူး၊ ကတုံးဆံတောက် စတိုင် ဖြစ်သော ဆံပင်ယောက်ျားဆန်သော အ၀တ်အစားများ နှင့် သစ်သစ်ဖူး။ တလောကပဲ မိန်း မပီသလာပြီဟု သူတို့ဆို ဖြစ်သော သစ်သစ်ဖူး။ အခုတော့ ကျားကျားလျားလျားကြီး ဖြစ်ကာနေ သည်။
“ချစ် ၀င်လာခဲ့လေကွာ”
သစ်ဖူးက တံခါးဝဆီ လှည့်ကြည့်ရင်းခေါ်သည်။ တံခါးကိုဖွင့်ကာ ညင်ညင်သာသာဝင်လာ သူက တခြားမဟုတ်၊ သူတို့၏ ဘော်ဒါကြီး ၀ဏ္ဏ။
“၀…၀ဏ္ဏ မင်းပုံက ဘာကြီးလဲကွ”
သူ ခုတင်ပေါ်မှာ ပက်လက်ကြီးရှိနေရာမှ ထအော် ဖြစ်သည်။ သူ့လိုပင် ဖြူကလည်း ၀ဏ္ဏ ကို အံ့သြစွာ ကြည့်ကာနေသည်။
အံ့သြလည်း သြလောက်စရာ၊ ၀ဏ္ဏတစ်ကောင် အချိုးပြေကာမနေ။ ဆံပင်တိုနံ့နံ့မှာ ကလစ် နှစ် ချောင်းတပ်ကာထားပြီး အပွင့်နုတ်နုတ်အင်္ကျီကို နုဖတ်နေအောင် ၀တ်ကာထားသည်။ပြီး ပုဆိုး ကိုလည်း ပုဆိုးမဟုတ် ထဘီမဟုတ် ၀တ်ကာထား၏ ။
‘ဘာပုံကြီးလဲကွ’ဟူသော သူ့အမေးကို ချက်ချင်း ပြန်မဖြေဘဲ သကောင့်သားက ရှက်ဝဲ၀ဲ ဟန်ပြုသည်။
“ဒီလိုကွ”
ဝဏ္ဏ၏ ကိုယ်စား ၀င်ကာဖြေရှင်းသူက သစ်သစ်ဖူး၊ ပြောပုံဆိုပုံက တကယ့်ကို ကျားကျား လျားလျားကြီး ဖြစ်သည်။
သစ်သစ်ဖူးက ‘ဒီလိုကွ’ဟု စကားကိုစရင်း ၀ဏ္ဏ၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကိုတင်ကာ တင်ဖက်ဖက်သည်။
“မင်းတို့သိတဲ့အတိုင်းပဲကွာ ငါက ယောက်ျားလေးလိုပဲနေတတ်တာ၊ အဲဒါကို မိန်းကလေး လို ၀တ်ဆင်ပြီးနေရာတာစိတ်ကျဉ်းကျပ်တယ်ကွာ၊ ဒီတော့ သူနဲ့ငါညှိနှိုင်း ဖြစ်တယ်၊ သူ့ကိုလည်း ငါချစ်တယ်၊ မခွဲနိုင်ဘူးကွာ၊ ဒီတော့ ငါ ဖြစ်ချင်တာတွေ ကို ပြောပြရင်း ညှိ ဖြစ်တယ်၊ သူကလည်း အခုမြင်ရတဲ့အတိုင်း နုနုလေး ၀တ်ချင်နေတာကြာပြီတဲ့၊ အခုတော့ သူလည်း ပွင့်သွားပြီ”
“ဘာပွင့်သွားတာလဲကွ၊ ဟကောင် ၀ဏ္ဏ မင်း..ကွာ”
သူပြောချင်လာသမျှ စကားတို့ကို ပြောမထွက်ဘဲ မင်း ဟုသာဆိုရင်း ဘာမှဆက်မဆို ဖြစ်တော့။
“မင်းတို့ချင်း ပြောစရာရှိတာ ပြောကြလေ၊ ငါဗိုက်ဆာလို့ တစ်ခုခုသွားစားလိုက်ဦးမယ်၊ ဖြူ လိုက်ချင်လိုက်ခဲ့လေ”
သစ်သစ်ဖူးက ဖြူက မျက်စပစ်ပြရင်း ခေါ်သည်။
“အင်း…ဖြူလည်း ဗိုက်ဆာနေတာ၊ မောင်ဖြူ ခဏ လိုက်သွားမယ်နော်”
ဖြူက သူ့ကို ခပ်တိုးတိုးဆိုရင်း ထရပ်သည်။ သစ်သစ်ဖူး သစ်သစ်ဖူးက ဖြူ့ပခုံးကို ခပ်ကြမ်း ကြမ်းလှမ်းဖက်ရင်း သူနှင့် ၀ဏ္ဏဘက်ကို လှည့်ကြည့်ကာ အေးဆေးပြောကြနော် ဟု ဆိုသည်။
သူစိတ်ထဲမှနေ သစ်သစ်ဖူးကို နားရင်းအုပ် ဖြစ်သည်။
တံခါးပိတ်သွားချိန်မှာ တော့ သူ ရှေ့မှာ ရှိနေသော ၀ဏ္ဏကို ဘုကြည့်ကြည့် ဖြစ်သည်။ ၀ဏ္ဏ ကမနေတတ်ဟန်ဖြင့် ရှက်ရွံ့ရွံ့ပုံလုပ်သည်။
“ဟကောင်…မင်းဘာ ဖြစ်သွားတာလဲကွ၊ ငါ့ကိုပြောစမ်း”
သူ ပက်လက်လှန်ကာ အိပ်နေရင်းက ခပ်ငေါက်ငေါက်မေး ဖြစ်သည်။
“ငါက သူ့ကိုချစ်တယ်၊ သူကလည်း ငါ့ကိုချစ်တယ်”
“အင်း ဆက်ပြော”
ခေါင်းကြီးငုံ့ကာ တိုးညှင်းစွာ ဆိုနေသော သကောင့်သားကို အင်း…ဆက်ပြောဟု စကား ထောက် ဖြစ်သည်။
“သူကလည်း သူနေချင်တဲ့ပုံစံနေတယ်၊ ငါကလည်း ငါနေချင်တဲ့ပုံစံနေတယ်၊ အဲဒါပါပဲ ဟယ်။”
“ဘာကွ”
ရုတ်တရက်ကြီးထအော်သော သူ့အသံကြောင့် ‘၀ဏ္ဏက’ပလုပ်တုတ်ဟု ကနွဲ့ကလျလန့် သည်။
“ဘာကိစ္စ အရမ်းအော်ရတာ လဲလို့၊ လန့်လိုက်တာဟယ်”
တကယ့်တကယ်ကြီးကို နွဲ့နေသော ၀ဏ္ဏကိုကြည့်ရင်း သူဒေါသတွေ အလိပ်လိုက်အလိပ် လိုက် ထွက်လာသည်။
“ဟဲကောင် လန့်တယ်ကွာဆိုလည်း လန့်တယ်ကွာပေါ့၊ ဘာလန့်လိုက်တာဟယ်လဲ၊ မင်း ယောက်ျားမဟုတ်ဘူးလား၊ ငါဒေါသထွက်ထွက်နဲ့ ထကန်မိတော့မယ်၊ အခု မင်းဘာပုံပေါက်နေ တယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိရဲ့ လား၊ ဆံပင်မှာ က ကလစ်နဲ့ မျက်နှာက တရုတ်မသာလို မိတ်ကပ်လိမ်းထားသေးတယ်၊ ပုဆိုးဝတ်ထားတာကလည်း တင်းတင်းရင်းရင်းမရှိဘူး၊ ပုဆိုး မဟုတ် ထဘီမဟုတ်နဲ့၊ တောက်…ငါကွာ”
သူ ဒေါသထွက်ထွက်ဖြင့် စကားကို အော်ပြော ဖြစ်သည်။
“ဘယ်လို ဖြစ်နေတာလဲဟယ်၊ နင်ကလည်း ဒေါသကြီးပဲ”
ဝဏ္ဏက မျက်နှာငယ်လေးဖြင့် ခပ်နွဲ့နွဲ့ဆိုသည်။
“မင်း အဲဒီ လိုနွဲ့ပြလေ ငါက ပိုဒေါသထွက်လေပဲကွ၊ နားလည်လား၊ မင်းဘယ်လိုပုံစံကြီး ဖြစ် သွားရတာ လဲ ၀ဏ္ဏရာ၊ အရင်ကတည်းကနွဲ့နေတယ်ဆိုရင်လဲထားတော့၊ မနေ့တစ်နေ့ကမှ ကျား ကျားလျားလျားကြီးရှိသေးတယ်၊ ဘာကိစ္စ အခုမှ နွဲ့သွားရတာ တုန်း၊ငါစဉ်းစားလို့ကို မရဘူးကွာ၊ တကယ်ပါ။”
“အချစ်ကြောင့် လို့ ပြောပြီးပြီလေဟယ်”
ဒေါသကြီးနေသော သူ့ကို ၀ဏ္ဏက စိတ်မရှည်သံဖြင့်ပြန်၍ ဆိုသည်။ သို့ သော် လေသံက မိန်းမကောင်းရန်တွေ့ သော လေသံမျိုး။
“၀ဏ္ဏ မင်းအရင်တုန်းက ဒီလိုမျိုးမဟုတ်ပါဘူးကွာ”
ယူကြုံးမရသံဖြင့် သူဆို ဖြစ်သည်။ ၀ဏ္ဏ ကတော့ သူ့ကိုလှည့်ပင်မကြည့်။ သကောင့်သားပုံ စံက နောက်နေသည့်လည်းမတူ၊ တကယ့်ကို စိတ်ပါလက်ပါပုံစံကြီး ဖြစ်ကာနေသည်။
“ဒီလိုလုပ်ကွာ ၀ဏ္ဏ၊ မင်း ကောင်မလေးနောက် တစ်ယောက် ခပ်လန်းလန်းလေးကို ထပ်ပြီး ရည်းစားထားလိုက်၊ သစ်သစ်ဖူးကို ဖြတ်ပစ်လိုက်ကွာ၊ အဲဒါဆိုရင် မင်းနွဲ့နေစရာမလိုတော့ဘူး ပေါ့၊ မကောင်းဘူးလား”
“မကောင်းဘူး”
သူ့စကားဆုံးလျှင် ဆုံးချင်းမှာ ပင် ၀ဏ္ဏက မကောင်းဘူး ဟုတုံးတိတိပင်ဆိုသည်။
“ဘာမကောင်းတာလဲကွ၊ ဒီမိန်းမကြောင့် ဒီလို ဖြစ်နေတာ၊ မင်း ဒီပုံစံကြီး ဖြစ်သွားတာ၊ ငါ့ဖြင့် ယုံတောင်မယုံနိုင်ဘူးကွာ၊ တောက် ဒီမိန်းမကြောင့် ။”
“ဟဲ့…ငါ့ရည်းစားကို နင်ပြောစရာမလိုဘူး၊ ငါ့ဘာသာ ငါဘယ်လိုနေနေ နင့်အပူမပါဘူး၊ ငါတို့ချင်း အဆင်ပြေရင်ပြီးတာပဲ။”
“ဟကောင်….မင်းပြောလေကဲလေပါလား၊ ငါ့ရှေ့မှာ လာနွဲ့မနေနဲ့နော်၊ ငါ ထကန်လိုက်ရ မကောင်းရှိတော့မယ်”
သူ ဒေါသထွက်ထွက်ဖြင့် အာခေါက်ခြစ်ကာအော် ဖြစ်သည်။
“ကန်ကြည့်ပါလားဟဲ့…ငါ့မှာ လည်း လက်ပါတယ်၊ ပါးရှစ်စိပ်ကွဲအောင် ပြန်ရိုက်မှာ ပေါ့၊ ငါ့ကို ဘာမှတ်နေလဲ”
သူ့အော်သံအဆုံးမှာ ၀ဏ္ဏက ဘယ်လက်ဖ၀ါးပေါ်ညာလက်ဖ၀ါးတင်ကာ ရိုက်ရင်း ကနွဲ့ ကလျပင်ဆိုသည်။
သူ ၀ဏ္ဏကို မယုံကြည်စွာ ပင် မျက်လုံးကြီးပြူးကာ ပါးစပ်ကိုဟပြီး ကြည့် ဖြစ်သည်။ ရန် စကားဆိုပုံကပငါ ယောက်ျားဆန်မနေ။ ပြန်ထိုးမှာ ပေါ့၊ ပြန်ကန်မှာ ပေါ့၊ ပြန်ရိုက်မယ်ကွာ စသည်ဖြင့် ကျားကျားလျားလျား ရှိမနေ၊ ပါးရှစ်စိပ်ကွဲအောင် ပြန်ရိုက်မည် ဆိုပါလား။
“၀ဏ္ဏ မင်းနောက်နေတာလား ဟကောင်”
သူမယုံကြည်စွာ ပင် ထပ်မေး ဖြစ်သည်။
“နောက်စရာလား နင်ကလည်းဟယ် ငါ့ဘာသာငါ ဒီလိုနေချင်လို့နေတာပါဆိုနေမှ၊ စိတ်ညစ်တယ် တကယ်ပဲ”
ဝဏ္ဏက စိတ်ရှုပ်လာဟန်ဖြင့် ခပ်နွဲ့နွဲ့ပင်ဆိုသည်။
“၀ဏ္ဏရာ ငါ့ဖြင့် ယုံတောင်မယုံနို်င်ဘူးကွာ၊တကယ်ပါ”
သူ သက်ပြင်းချရင်း စိတ်ပျက်လက်ပျက်ပင် ဆို ဖြစ်သည်။ ထိုစဉ်မှာ ပင် သစ်သစ်ဖူးနှင့် ဖြူ တို့နှစ် ယောက် ပြန်ရောက်လာကြသည်။
“ဘယ်လိုလဲ ငါ့ကောင်၊ မင်းဘော်ဒါရဲ့ စတိုင် လန်းတယ်မဟုတ်လား၊ငါက သူ့ရဲ့ ဒီပုံစံ လေးကို ချစ်တယ်ကွ။”
သစ်သစ်ဖူးက ခပ်ရင့်ရင့်ပင် သူ့ကိုလှမ်းပြောရင်း ၀ဏ္ဏ၏ ပခုံးပေါ် လက်ကိုခပ်ကြောကြော လှမ်း၍ တင်သည်။
“အေး….ငါ ကတော့ ဆော့ကန်ချင်တယ်”
သူ ဒေါသထွက်စွာ ပင်ဆို ဖြစ်သည်။
“မင်းကလည်းကွာ နားလည်ပေးလိုက် ပါ၊ အရာရာတိုင်းက ဒီလိုပဲပြောင်းလဲနေတာ မဟုတ် လား၊ မင်းရဲ့ ဖြူကတောင် ငါ့လိုပဲ ဆံပင်တိုတိုနဲ့ ပေါ့ပေါ့ပါးပါး နေချင်တယ်တဲ့ကွ”
သစ်သစ်ဖူး၏ အဆိုကြောင့် သူဖြူ့ကို အလန့်တကြားကြည့် ဖြစ်သည်။ သူနှင့် မျက်နှာချင်း ဆိုင်ရဲဟန်မတူသော ဖြူက တစ်ဖက်နံရံကို အကြည့်လွှဲကာထားသည်။
“ကဲ ကဲ ငါတို့ GO လိုက်ဦးမယ်၊ ဖြူသွားပြီနော်၊ ဘာကိစ္စပဲအကူအညီလိုလို ကိုယ့်ကို ဖုန်း ဆက်လိုက်နော်”
သစ်သစ်ဖူးက ဖြူ့ကိုမျက်စီတစ်ဖက်လှမ်းမှိတ်ပြရင်း အဓိပ္ပာယ်မရှင်းသော စကားကိုဆို သည်။
ပြီး ၀ဏ္ဏကို ခပ်သွက်သွက်ပင် လှမ်းဖက်ရင်း အခန်းထဲမှ ထွက်ကာသွားသည်။
“ကမ္ဘာကြီး ဘာတွေ ဖြစ်ကုန်ပါလိမ့် ” ဟု တွေးရင်း သူခေါင်းတွေ မူးနောက်ကာလာသည်မို့ မျက်လုံးမိုတ်ကာထား ဖြစ်သည်။
![]() လေအနှော့မှာ ခြေဆော့တဲ့လိပ်ပြာ နှင့် အခြားဝတ္ထုတိုများ | ![]() ပန်းနုရောင်ပြကွက်ထဲက ကကြိုးလှတဲ့ သတို့သမီး | ![]() ကောင်းကင်ခြုံထားတဲ့ ညီမလေး |