နိဒါန်း
မည် မျှ ပျော်ရွှင်ဖွယ်ကောင်းပါသနည်း …
အကျီစားသန်သော ၊ စကားကိုကပ်သပ်ကာ ပြောတတ်သော ၊
သူမကိုလည်း အရှက် မကြာ မကြာခွဲသော ၊ ဤတောင်ကြီးတက္ကသိုလ်တွင် ရှိရှိသမျှသော
ကျောင်းသားများ ၌ သူမ မကြိုက်ဆုံး စရိုက်များ ပိုင်ရှင် …
သူမ အမုန်းဆုံး ယောက်ျား တစ်ယောက် က
သူမအား ချစ်ခွင့်ပန်လာသော အခါ လက်ခုပ်ထဲ ရေ၀င်လာသလိုမျိုး
မိမိထောင်ထားသော ထောင်ချောက်အတွင်း သားကောင် သက်ဆင်းနေတာကို အရသာခံကာ
ကြည့်နေရသလိုမျိုး သူမ အလွန်ပျော်ရွှင်သွားမိသည် …
ယမင်းနွယ်
Sorry ပဲ … ကျွန်တော့် မှာ နောက်ဆုတ်ခြင်းရဲ့ အတတ်ပညာမတတ်မြောက်ခဲ့ဘူး
ပေးဆပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က အချစ်နဲ့ နှစ် သိမ့်ကျေနပ်နေနိုင်တဲ့ ယောက်ျားတွေ ထဲမှာ
ကျွန်တော် မပါဘူး …
ကျွန်တော့် အတွက် အချစ်ဆိုတာ ရယူခြင်းလို့ပဲ ခံယူတယ် …
အဲဒီ အချစ်ကိုရဖို့အတွက်ဆိုရင် ဘာမဆိုစွန့်လွှတ်ရဲသလို …
ဘယ်လိုအတားအဆီးကိုမဆို ရိုက်ချိုးပစ်ဖို့ အသင့်ရှိတယ် …
နိုင်ရာဇာ
ဖျပ်ခနဲ လက်လာကိုင်တာကြောင့် နိုင်ရာဇာ တစ်ယောက် အံ့သြသွားသည်။ လက်လာကိုင်သော ကောင်မလေးက ဘုံကြိုးပြတ်လာတဲ့ နတ်သမီးငယ်တစ်ပါးလို လှပလွန်းသည်။ လူမှားကိုင်တယ်ဆိုတာ မမေးဘဲ သူသိသည်။ အခု သူရပ်နေတဲ့နေရာမှာ စောစောက ကောင်မလေး တစ်ယောက် ရှိနေသည်လေ။
“လက်ကို ဆွဲယူလိုက်ရင်ကောင်းမလား” ဟု သူတွေးသည်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ နူးညံ့သော လက်ကလေး လွတ်ထွက်သွားမှာ ကို ကြောက်ရွံ့နေမိသည်။
“ဟဲ့ မိဖြူ Lap အခန်းက နင်ပြောတော့ “3” ဆို”
သူမကပြောရင်း လှည့်အကြည့် သူမလက်ကိုင်ထားသူမှာ သူမခေါ်လိုက်သော “မိဖြူ” ဆိုသော ကောင်မလေးမဟုတ်၍ လက်ကိုကြောင်တောင်တောင်ဖြင့် လွှတ်လိုက်သည်။ ရှက်ရှက်ဖြင့် နှုတ်ခမ်းကို ကိုက်သည်။ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုငုံ့ကာ Notic Board ရှေ့လူအုပ်ကြားမှ အမြန် တိုးထွက်သွားသည်။
ရှက်လည်းရှက်လောက်သည်။ “မိဖြူ” လို့ပြောရင်း သူမလှည့်ကြည့်စဉ်က နိုင်ရာဇာက ပြုံးပြလိုက်သည်ကိုး၊ သူဘေးမှ ကောင်းထက်ကို လက်တို့ကာ ခေါ်ထုတ်သည်။ ကောင်းထက်ခမျာ အချိန်ဇယားကို အာရုံစိုက်ရင်း ကူးနေ၍ အ ဖြစ်အပျက်တို့ကို မသိလိုက်ရှာ။
“ဒီမှာ အချိန်ဇယားကူးလို့ မပြီးသေးဘူး ရာဇာရ”
“ဟာ မင်းအရစ်ပဲ နောက်မှကူးလည်း ဒီအချိန်ဇယားပဲ လာ ငါဗိုက်ဆာနေပြီ ကင်တင်းသွားရအောင်”
စာအုပ်နှင့် ဘောပင်ကို ကောင်းထက်က ကျောပိုးလွယ်အိတ်ထဲပစ်ထည့်သည်။ ထို့နောက် နှစ် ယောက် သား ကင်တင်းဘက်ထွက်ခဲ့ကြသည်။ နတ်သမီးလေးကို မတွေ့ ရတော့။ “တော် တော် မြန်တာပဲ” ဟု စိတ်မှတွေးသည်။
“အမေ့အိမ်” ကင်တင်းမှာ လူကအပြည့်၊ ပြန်လှည့်ထွက်မည် အပြု အားနေသော ခုံတစ်ခြမ်းကို တွေ့ ရသည်။ နတ်သမီးလေးနှင့် သူမ၏ အဖော်ထမင်းပေါင်းကို ငုံ့ကာစားနေကြသည်။ ကောင်းထက်ကို မျက်စပစ်ပြပြီးခေါ်တော့ သကောင့်သားက မူနေသေးသည်။
“ထိုင်မယ်နော်”
ရာဇာ့အပြောကြောင့် ကောင်မလေးနှစ် ယောက် စားနေရာမှ မော်ကြည့်သည်။ နတ်သမီးလေးက ကြောင်တောင်တောင်လေး ကြည့်နေသည်။ ဘေးမှ သူမအဖော် ကတော့ ပလုပ်ပလောင်းဖြင့် ခေါင်းကို နှစ် ခါသုံးခါ ခန့် ခပ်သွက်သွက်ညိတ်ပြသည်။ နတ်သမီးလေးက ငြိုငြင်ဟန်ဖြင့် တံတောင်ဖြင့် သူမအဖော်ကိုတွတ်သည်။ သို့သော် ရာဇာနှင့် ကောင်းထက်က ခုံဝယ်ထိုင်ပြီး နေပြီ ဖြစ်သည်။ စားပွဲထိုးက “ဘာစားမလဲ အစ်ကို” ဟု လာမေးသည်။
“သူတို့လိုပဲ လုပ်လိုက်ပါ ညီလေးရာ”
ရာဇာ၏ အပြောကြောင့် စားနေရာမှ တွန့်ခနဲသူမ ဖြစ်သည်။
“ကောင်းထက် မင်းကိုငါပြောပြရဦးမယ်။ ဒီနေ့ ဘုရားမရှိခိုးလာမို့လို့လား မသိဘူး၊ လက်အဆွဲခံရတယ်ကွ”
သူမက စားနေရာမှ ဒုတိယအကြိမ် တွန့်ခနဲ ဖြစ်သည်။ ကောင်းထက်က ဘုမသိဘမသိဖြင့် ခေါင်းညိတ်သည်။
“ကောင်မလေး တစ်ယောက် ကွသိလား၊ လူမှားသလိုလို ဘာလိုလိုနဲ့ လက်ကိုလာဆွဲတာ၊ လက်ကလည်း ကြမ်းလိုက်တာကွာ၊ ငါ့လက်ကောက်ဝတ်တောင် သွေးခြေဥတော့မတတ်ပဲ”
“ဟုတ်လား၊ ဟာ မ ဖြစ်နိုင်တာ”
ကောင်းထက်က မယုံသင်္ကာဖြင့် မေးသည်၊ ရာဇာ့စကားကလည်း အိုဗာ ဖြစ်သည်ကိုး၊ သူမက နားထောင်နေရာမှ သည်းမခံနိုင်တော့သလို ဇွန်းကို ပန်းကန်ထဲလွှတ်ချပြီး ပါးစပ်ကို တစ်ရှူးဖြင့် ခပ်ကြမ်းကြမ်းသုတ်သည်။
“ဒီမှာ ၊ နင်စောင်းပြောစရာမလိုဘူး၊ ယောက်ျားဆိုတာပေါ်တင်ပြောရတယ်”
အသက်မတိမ်းမယိမ်းမို့ သူမက ‘နင်’ ‘ငါ’ ဖြင့် တွယ်သည်။ တဆိတ် သူမဒေါသထွက်နေတာတောင် လှလွန်းသည်။ ဟိတ်ဟန်ကြည့်ရသည်မှာ ထလုံးတော့မည့်  စတိုင်မျိုး။
‘မသိလို့နော်၊ မင်းကိုယ့်ကိုပြောနေတာလား၊ မင်းကို ကိုယ်မသိဘူး’
ရာဇာ ခပ်အေးအေးပြန်ပြောလိုက်သော စကားကြောင့် သူမဆွေ့ဆွေ့ခုန်တော့မလို ဖြစ်သွား၏ ။
“ဒီမှာ နင့်လက်ကို မိဖြူလက်အောက်မေ့လို့ မှားကိုင်မိတာသိလား၊ ငါတောင် လက်သနသေးတယ်၊ တမင်လာစောင်းပြောနေပြီးတော့ အခုမှ ရူးချင်ယောင်မဆောင်နဲ့”
တိုးတိုးတိတ်တိတ်ဖြင့် ပင် အံကြိတ်ကာသူမပြောသည်။ ဒေသထွက်နေသဖြင့် ပန်းသွေးရောင် ရဲနေသော သူမ၏ ပါးပြင်က ရင်ခုန်ဖွယ်ကောင်းလွန်းသည်။
‘အမ် . . . မိဖြူဆိုတာ ငါတို့အဆောင်က ကြောင်မကိုပြောတာလား’
‘ဘာပြောတယ်’
ကောင်းထက်၏ အူကြောင်ကြောင်မေးသော အမေးကြောင့် ဘေးမှာ တစ်ချိန်လုံးငြိမ်နေသော နတ်သမီးလေး၏ သူငယ်ချင်းမလေးက ကောင်းထက်ကို အာခေါင်ခြစ်အော်၏ ။ စားပွဲထိုးက သူ့ကိုခေါ်သည်အထင်ဖြင့် လာသည်။
‘ရှင်းမလို့လား’
မိဖြူက စားပွဲထိုးကို ခပ်ဆတ်ဆတ်ကြည့်သည်။
‘အေး ရှင်းမှာ မင်းကိုမဟုတ်ဘူး၊ သူ့ကို’
စားပွဲထိုးက ခပ်ဆောင့်ဆောင့်အပြောခံလိုက်ရသဖြင့် ခေါင်းကိုကုတ်သည်။ ‘သူ့ကို’ ဆိုပြီးထိုးလိုက်သော လက်ညှိုးက ‘ကောင်းထက်’ မျက်နှာနှင့် ထိလုမတတ်။ ‘ကောင်းထက်’ က မျက်နှာရှေ့ရောက်လာသော လက်ညှိုးကြောင့် ယောင်ပြီး နောက်ကိုပက်လက်လှန်သည်။
‘ဘာလဲ’
ကောင်းထက်က မိဖြူဆိုသူ သူငယ်မကိုမေးသည်။ တကယ်လည်း သူက ဘာမှမသိရှာ။
“ကျွန်မနာမည် ဖြူဖြူလင်း၊”
‘ဟုတ်ကဲ့ တွေ့ ရတာ ၀မ်းသာပါတယ်’
မိဖြူခေါ် ဖြူဖြူလင်း၏ စကားတစ်ဝက်မှာ ကောင်းထက်အစား ရာဇာကဖြတ်၍ ‘တွေ့ ရတာ ၀မ်းသာ’ လိုက်သဖြင့် ကောင်မလေးက ထခုန်လုမတတ် စိတ်တိုသွားသည်။
‘နင်တို့ကို မိတ်ဆက်နေတာမဟုတ်ဘူးဟဲ့၊ ငါ့နာမည် ဖြူဖြူလင်း၊ သူငယ်ချင်းတွေ ‘မိဖြူ’ လို့ခေါ်တယ်ဆိုတာပြောမလို့’
‘သြော် ဒါဆို ‘မိဖြူ’ ဆိုတာ ဒီကပေါ့၊ သိပါဘူး ကိုယ်တို့အဆောင်က ကြောင်မလေးနာမည် လည်း ‘မိဖြူ’ ပဲလေ၊ ဒါကြောင့် ကိုယ်တို့ မိဖြူ မှတ်လို့ပါ’
‘ဘာ၊ ဘာပြောတယ်’
ကောင်းထက်၏ ရှင်းပြမှု က ပို၍ ရှုပ်သွားသည်။ ကောင်မလေးကဒေါသဖြင့် မတ်တတ်ထရပ်သည်။ သူမအသံက ကြိတ်၍ ပြောတာထက် နည်းနည်း ပိုကျယ်သည်။ ထို့အပြင် ‘၀ုန်း’ ခနဲထရပ်လိုက်တော့ ဘေးဝိုင်းမှကျောင်းသူကျောင်းသား တချို့ကပါ ၀ိုင်း၍ ကြည့်နေကြသည်။
‘လာလာ မိဖြူ ပုံစံတွေ ကြည့်ရတာ သိပ်မဟန်ဘူး၊ ကျပ်သိပ်ပြည့်တဲ့ပုံ မပေါ်ဘူး၊ တော် ကြာပါတို့ပါကူးနေဦးမယ်’
သူမကစကားအရှည်ကြီးကို မမောနိုင်မပန်းနိုင်ပြောကာ နိုင်ရာဇာတို့ကို နှိပ်ကွပ်ပြီးထသွားရန်ပြင်သည်။ သူမတို့စားထားသမျှကို ရှင်းရန်မေ့နေဟန်တူသည်။ ဒေါသကလည်း နှစ် ယောက် လုံးထွက်နေကြသည်ကိုး။
‘ဟ ဟ ကိုယ်စားတာတော့ ကိုယ်ရှင်းသွားကြဦးလေ၊ မိဖြူတို့ မိနက်တို့’
နိုင်ရာဇာ့၏ အသံမှာ မတိုးမကျယ်ဆိုသော်လည်း အနီးဝိုင်းမှကြားရသည်။ ‘မိဖြူတို့ မိနက်တို့’ ဆိုသော ကြောင့် သူမတို့ကို အာရုံရောက်ကာ ပြုံးစိစိဖြင့် ကြည့်ကြသည်။ ထိုအခါမှ နှစ် ယောက် လုံးပိုက်ဆံအိတ်ကို ပြိုင်တူထုတ်လိုက်ကြသည်။ ရှက်ရှက်ဖြင့်
‘မေ့သွားတယ်ဟာ၊ ဒီအရူးတွေ နဲ့ ထိုင်မိလို့’
နတ်သမီးလေးက စားပွဲထိုးကိုငွေရှင်းရင်း ရှက်ရှက်ဖြင့် ဆိုသည်။
‘ဟုတ်လို့လား ဒါမျိုးကရိုးနေပြီ’
‘ပြောကြတာပေါ့ကွာ လူမိတော့ အဲဒီ လိုပဲ’
တကယ့်ကို ဦးနှောက်ကောင်းသော နိုင်ရာဇာနှင့် ကောင်းထက်ပါပေ။ ဟိုက စကားဆုံးတာနဲ့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ စောင်းပြောသော စကားလုံးတို့က အသီလိုက်တသီကြီး ထွက်လာသည်။ သူမတို့မျက်နှာတွေ နီရဲလျက် ဖြစ်သွား၏ ။
‘ဟဲ့ စားပွဲထိုးကောင်လေး ပိုငွေပြန်မအမ်းနဲ့တော့ ဒီအရူးနှစ် ယောက် စာပါ ထည့်ရှင်းလိုက်၊ ဒီမှာ နင်တို့နှစ် ယောက် လည်း စားပါသောက်ပါ၊ ကျောင်းကိုလည်း စောင့်ရှောက်ပါ၊ ကလေးတွေ ကိုလည်း အပြစ်မယူပါနဲ့’
သူမကနတ်စိမ်းတင်သလိုလို ဘာလိုလိုပြောပြီးတာနဲ့ နှစ် ယောက် သား သုတ်သုတ် သုတ်သုတ်ဖြင့် ထွက်သွားကြသည်။ ကောင်းထက်က အရယ်သန်သူပီပီ ဘာမှမပြောလိုက်နိုင်ဘဲ ပါးစပ်ကြီး အဟလိုက်ကျန်ခဲ့သော နိုင်ရာဇာကိုကြည့်ကာ ငုံ့ထားသော ရေနွေး ‘ဖွီး’ ခနဲသီးသည်အထိရယ်သည်။ ပြောလိုက်သေးသည်။
‘လူအရှင်လတ်လတ်ကနေ နတ် ဖြစ်ရော၊ ပသသွားလိုက်တာကိုစုံလို့’
‘လဲသေသေ၊ မင်းအဲဒီ မှာ လဲသေလိုက် မင်းပဲနတ်လုပ်လုပ် နတ်ကတော် လုပ်လုပ် ဒါငါ့ကိုသက်သက်ပြန်ကြောသွားတာကွ တွေ့ ကြသေးတာပေါ့’
‘အမ် တွေ့ ရမှာ ပဲလေ တစ်ကျောင်းထဲဥစ္စာကို၊ နေပါဦး မင်းတို့နှစ် ယောက် က ခွေးနဲ့ကြောင်လို မြင်တာနဲ့ကိုက်မလို့ပြင်နေတာ ဘယ်တုန်းက ရန်စရှိလိုက်ရပြန်တာလဲ’
‘ခုနက’
နိုင်ရာဇာ အကျဉ်းချုံးပြီးပြောပြလိုက်သည်။
‘နေဦးကွ၊ ကလေးမလေးတွေ ပုံကြည့်ရတာ သားသားနားနားပဲ။ အဲဆိုင်ကယ်မပါ ကားမပါနဲ့ဆိုတော့ ဒီကအဆောင်တွေ မှာ နေတာပဲ ဖြစ်ရမယ်။ တောင်ကြီးသူတော့ မ ဖြစ်နိုင်ဘူး’
ကောင်းထက်က တွေးရင်းပြောသည်။ သူပြောတာ ဖြစ်နိုင်သည်။ ဖြစ်ပါစေလို့လည်း ဆုတောင်းသည်။ ဘာကြောင့် မှန်းမသိ သူမနှင့် စရတာ ငြင်းခုံရတာ နိုင်ရာဇာ ပျော်သည်။ ကျောင်းဖွင့်ဖွင့်ချင်း ပထမဆုံး အမှတ်တရ အပျော်တစ်ခု၊ သူမသည် မမေ့နိုင်စရာ နတ်သမီးလေးပင် ဖြစ်သည်။
‘ငါ ကတော့ နတ်သမီးနဲ့တွေ့ တာပဲ’
‘ဘာလဲရာဇာ၊ မင်းစောစောကကောင်မလေးကို ပြောတာလား၊ မင်းမှားနေပြီ၊ အဲဒါ နတ်သမီး မဟုတ်ဘူး၊ နတ်ကတော် ကွ နတ်ကတော် ။ မင်းကြားတဲ့အတိုင်းပဲလေ စောစောက ငါတို့ကို ပသသွားလိုက်တာ စုံလို့’
‘ဟာ မင်းကလဲ ပေါက်ပေါက်ရှာရှာကွာ နတ်သမီးပဲထားပါ၊ နတ်ကတော် ဆို သူ့ယောက်ျား နတ်နဲ့ လုနေရပါဦးမယ်ကွာ’
ခေါင်းကုတ်ရင်းပြောသော နိုင်ရာဇာ့စကားကြောင့် ကောင်းထက်ရယ်သည်။
‘ကဲ ဒီနေ့က ပရက်တီကယ်စလုပ်မယ်ဆိုပေမဲ့ ပထမနှစ် ကျောင်းသူကျောင်းသား အသစ်စက်စက်ကလေးတွေ ဆိုတော့ တစ်ယောက် နဲ့ တစ်ယောက် ရင်းရင်းနှီးနှီးခင်မင်သိကျွမ်းအောင် တီချယ်က Roll.No နဲ့ အမည် ကိုခေါ်မယ်၊ သားတို့သမီးတို့က ကိုယ့်ခုံနံပါတ်နဲ့ကိုယ် ထရပ်ပြရမယ်။ အဲ ရှက်လို့ ထမရပ်တာတို့၊ လူတမင်မှားပြီးရပ်တာတို့ မလုပ်ကြနဲ့နော်’
‘ဟုတ်ကဲ့ပါ တီချယ်’
ပရပ်တီကယ် Lap .1 ဟောမှာ Zool ကျောင်းသူကျောင်းသားများ အတွက် ဆရာမ များ က စီစဉ်ပေးသော အစီအစဉ် ဖြစ်သည်။ ဆရာမ များ အနက် တစ်ယောက် က အမည် နှင့် ခုံနံပါတ်ကို ခေါ်သည်။ ကျောင်းသူ၊ ကျောင်းသားများ က မတ်တပ်ရပ်ကြသည်။ တချို့ကပြောင်ချော်ချော်၊ တချို့ကရှက်တက်တက်၊ အဲတချို့ ကတော့ ခပ်တည်တည်။ နည်းနည်း လှသော (သို့) တော် တော် လှသော ကောင်မလေးများ က ထရပ်လျှင် ကျောင်းသားများ က ပွစိပွစိ ဖြစ်ကုန်သည်။ ကွန်ပျူတာဘရိန်းထဲကို ထိုကျောင်းသူလှလှများ ကို အမည် နှင့် တကွ ရိုက်သွင်းရသော ဒုက္ခ။ ထိုဒုက္ခကို ကျောင်းသားတော် တော် များများ လုပ်ကြသည်။
အဲ . . ကျောင်းသားခပ်ဖြောင့်ဖြောင့်ဆိုလျှင် ကျောင်းသူများ ကလည်း မှတ်ကြသည်ပေါ့။ မကြာမီကျင်းပမည့်  မောင်မယ်သစ်လွင်ကြိုဆိုပွဲ၏ အလှဘုရင်၊ ဘုရင်မများ ဖြစ်နိုင်ချေရှိသူတို့ကိုပါ ခန့်မှန်းကြလျက်။ နိုင်ရာဇာ တစ်ယောက် နတ်သမီးလေးကို အသည်းအသန်လိုက်ရှာနေမိသည်။
‘Roll . No .33 နိုင်ရာဇာ’
နိုင်ရာဇာကမကြား။ ကောင်းထက်ကကြားသည်။ မကြားဆို သကောင့်သား နိုင်ရာဇာ၏ အာရုံက နတ်သမီးရှာပုံတော် ကို အာရုံရောက်နေသည်ကိုး။
‘Roll . No . 33 နိုင်ရာဇာ’
ဆရာမ က နောက်တစ်ခေါက် ထပ်ခေါ်သည်။ ကောင်းထက်က ‘ဟေ့ကောင် ထရပ်လေ’ ဟု သတိပေးတော့မှ ကြောင်တောင်တောင်ဖြင့် ရာဇာကမန်းကတန်း ထရပ်၏ ။ ကျောင်းသူများ ကျွတ်စီ ကျွတ်စီ ဖြစ်ကုန်သည်။ ဖြစ်ပေမည် ပေါ့ နိုင်ရာဇာကလည်း တော် တော် ဖြောင့်သည်ကိုး။ ကိုရီးယားမင်းသားလိုလို ဘာလိုလို။ အနက်ရောင် တီရှပ်နှင့် အောက်မှ ဆင်စွယ်ရောင် စတိုင်ဘောင်းဘီတို့က ကြွေရောင် ထနေသော ရာဇာ့အသားအရည်နှင့် ထင်းခနဲရှိသည်ကိုး။
ရာဇာ မတ်တပ်ရပ်ရာမှပြန်ထိုင်ရင်း နတ်သမီးလေးကို ဆက်ရှာမိသည်။ သူမသူငယ်ချင်း ‘မိဖြူ’ ဆိုတာကိုပါမတွေ့ ။
‘Roll . No. 40 ဧကရီသင်း’
ကျောင်းသားများ ထံမှ လေသံစုံ ဝေါခနဲထွက်လာသဖြင့် ရာဇာထိုသူငယ်မကို လှမ်းကြည့်သည်။ သြဘာပေးချင်စရာ ကောင်းလောက်အောင်ကို လှပါသည်။
‘Roll .No. 45 ဖြူဖြူလင်း’
ရာဇာ့နားရွက်များ ထောင်ကုန်သလားအောက်မေ့ရသည်။ ဒါ နတ်သမီးလေးရဲ့သူငယ်ချင်း ‘မိဖြူ’ ၊ ရာဇာအမြန်လိုက်ကြည့်သည်။ မရွှေချောတို့က ထောင့်မှာ ထိုင်နေကြသည်ကိုး။ ‘ဒါကြောင့် မတွေ့ တာ’ ဟု ရာဇာတွေးသည်။ နတ်သမီးလေးက သူမကိုလှမ်းကြည့်နေသော နိုင်ရာဇာကို ဖျပ်ခနဲ မျက်လုံးချင်းဆုံသည်နှင့် တန်းအကြည့်လွှဲကာ မျက်စောင်းထိုးသွားသည်။
‘Roll . No. 40 ဆန်းဝဏ္ဏ’
ကျောင်းသူများ ထံမှ ကျွတ်စီ ကျွတ်စီ အသံများ ညံကုန်ပြန်သည်။ ရာဇာ့မျက်စောင်းထိုးလောက်က ထရပ်သော ရွယ်တူ တစ်ယောက် ၊ ဖြောင့်ပါသည်။ အဲ လည်ပင်းနှင့် လက်နှစ် ဖက်ကို ကြည့်ရသည်မှာ ၀င်းဝင်းလက်လက်။
‘Roll .No. 50 သိဂီၤ’
ကျောင်းသားများ ၏ အသံ ညံပြန်လေသည်။ ကောင်မလေးကလည်း တော် တော် လေးချောသည်ကိုး။ ကျောင်းသားများ ခေါင်းချင်းရိုက်ကုန်သည်။ ‘ကွင်း’ အတွက်ငြင်းနေကြတာပဲ ဖြစ်နိုင်သည်။ အဲ ဝေစုလိုသဘောထားလုနေတာလည်း ဖြစ်နိုင်သည်။
‘Roll .No. 55 မိုးကျော်စိုး’
ထုံးစံအတိုင်း ခပ်ဖြောင့်ဖြောင့်ကျောင်းသားမို့ ကျောင်းသူများ ထံမှ အသံစီခနဲထွက်သည်။ သကောင့်သားက မာန်အပြည့်ဖြင့် ထရပ်ပြီး ခပ်တည်တည်ပင်ပြန်ထိုင်သည်။
‘Roll. No. 55 ယမင်းနွယ်’
နိုင်ရာဇာ့ ရင်ထဲလှပ်ခနဲ ဖြစ်သွားသည်။ ထရပ်သူမှာ နတ်သမီးလေး။ နတ်သမီးလေး၏ အမည် မှာ ‘ယမင်းနွယ်’ တဲ့လား၊ ယမင်းနွယ်က ပါးတွင် ရှက်သွေးတို့ဖြင့် ထရပ်ကာ ပြန်ထိုင်သည်။ ကျောင်းသားများ ထုံးစံအတိုင်း ခေါင်းချင်းဆိုင်ကုန်ပြန်သည်။ တောင်ကြီးတက္ကသိုလ်မှာ အလှအပကလည်း အင်မတန်ပေါသည်။ တောင်ပေါ်သူ တောင်ပေါ်သားများ မို့ အသားအရေလှကြသည်။ အသားဖြူလျှင် အလှတစ်ဝက်ပိုင်ပြီးသားဟု ဆိုသည်မဟုတ်ပါလား။ နဂိုက အသားဖြူလို့အလှတစ်ဝက်ပိုင်ပြီးသားကို ဖော်ရွေသော မျက်နှာ ခေတ်မီသော ၀တ်စားဆင်ယင်မှု တို့ ပေါင်းလိုက်သော အခါ ကိုရီးယားမှ မင်းသမီး မင်းသားတစ်ချို့ကိုပင် သနားသည်။ (စာရေး သူ၏ ကိုယ်ပိုင်အမြင် ဖြစ်သည်။ အိုဗာ ဖြစ် သွားပါက ခွင့်လွှတ်ကြပါကုန်။)
ဒီနေ့ ပရက်တီကယ်မှာ မိုက်ခရိုစကုပ် ကြည့်ရှုအသုံးပြုနည်းကို သင်ကြရသည်။ စိတ်ဝင်တစားဖြင့် မိုက်ခရိုစကုပ်ကို ကြည့်နေပါသော ယမင်းနွယ်။ ရာဇာစချင်လာသည်မို့ ယမင်းနွယ်ရှိရာဘက်သို့ မသိမသာ ကပ်၍ သွားသည်။
‘သေသေချာချာကြည့်နော်၊ ရွာမှာ က ဒါမျိုးရှိတာမဟုတ်ဘူး’
မကြားတကြားဆိုပေမဲ့ သူမကြားပါသည်။ ဆတ်ခနဲ အသံရှိရာကို ခေါင်းမော့သည်။ အပေါ်မှ ယောင်တောင်တောင်ငုံ့ကြည့်နေသော ‘မိဖြူ’ ဆိုသော သူငယ်မမေးစေ့နှင့် ‘ယမင်းနွယ်’ ခေါင်းနဲ့ ‘ခွပ်’ ခနဲ။ ‘အား’ ခနဲ မိဖြူအော်သည်။ အော်ပေမည် ပေါ့။ ဆတ်ခနဲ ခေါင်းအမော့မှာ ခေါင်းနှင့် အရှိန်ပြင်းပြင်းခိုက်မိသည်ကိုး။
နိုင်ရာဇာ ရယ်ဖြဲဖြဲဖြင့် လှစ်ခနဲပျောက်သွားသည်။ တရုတ်သိုင်း စာအုပ်ထဲမှာ လို အဆင့်မြင့်ကိုယ်ဖော့သိုင်းများ ဖြင့် များ သွားလေသလားမသိ။ ယမင်းနွယ် တစ်ယောက် မိဖြူမေးစေ့ကို လက်ကိုင်ပ၀ါဖြင့် အာပူတိုက်ပေးရင်း ဒေါသထွက်ကျန်ခဲ့သည်။
ဘိုချစ် ကင်တင်း။
ကင်တင်းဘက်လာနေသော နိုင်ရာဇာတို့ကိုကြည့်ကာ ယမင်းနွယ်တင်းခနဲ ဖြစ်သွားသည်။ ခေါင်းကိုလည်း တမင်ငုံ့ပစ်သည်။ တော် ကြာမိမိကိုမြင်မှ လာနှောင့်ယှက်နေလျှင်အခက်။ မိဖြူ ကတော့ ဖွင့်ထားသော သီချင်းကို လိုက်ညည်းနေသည်။
ဟော။ မတွေ့ ချင် မြင်ရက်သားဆိုသလို မသိမသာခိုးကြည့်မိပါမှ ယမင်းက မော့အကြည့် နိုင်ရာဇာကလည်း လှမ်းအမြင်။ ရာဇာက သူ့ဘေးမှဘော်ဒါများ ကို ဇွတ်ဆွဲပြီးလာနေတာကိုတွေ့ ရသည်။ စိတ်ကတိုချင်ချင် ဖြစ်လာသည်။ ကြာဆံကြော်မှာ ထားတာ အခုထိမရသေး။ ဒီပုံစံအတိုင်းဆို ဒီ မကောင်းဆိုးရွားနှင့် ကင်တင်းတစ်ခုထဲမှာ ထိုင်နေရဦးမည် ။
‘ဘာမှမှာ မစားဘဲ ငုတ်တုတ်ထိုင်နေတဲ့သူက ရှိသေးတယ်ကွ’
ဒါသက်သက်စော်ကားနေခြင်း၊ ယမင်းခါးသီးစွာ ရာဇာကို လှမ်းကြည့်သည်။
‘အရင်နှစ် လောက်ကပါကွာ ငါ့အစ်မဆိုင်ဖွင့်တုန်းက ကြုံခဲ့ရတာ ’
အခု ‘က’ (ကကြီး) အခု ‘ယ’ (ယပလက်) စကားကို ယောက်ျားလုပ်ပြီး အမျိုးမျိုးပြောသည်။ ကြည့်ပါဦး ပြောပြီး တခွီးခွီးက ရယ်လိုက်သေးသည်။ တစ်ဝိုင်းကျော်ကနေ လှမ်းလှမ်းကြည့်လိုက်သေးသည်။ ပြီးနောက်စားပွဲထိုးကိုခေါ်ပြီး ဘာတွေ ပြောနေသည်မသိ။ လူဆိုတာလည်းခက်သည်။ မလုပ်နှင့် ဆိုလျှင် လုပ်ချင်သည်။ မကိုင်နှင့် ဆို ကိုင်ချင်သည်။ ထိုကဲ့သို့ပင် အခုလည်း မကြည့်ပါဘူးဆိုကာမှ မျက်နှာချင်းဆိုင်မို့ မြင်နေရသည်။ တကယ်တော့ မျက်နှာလွှဲလျှင်လည်းရသား။ သို့သော် ထိုအမြင်ကတ်သော သူ့ကိုမှ မသိစိတ်ဖြင့် ယမင်းကြည့်နေမိသည်။ မိဖြူ ကတော့ သီချင်းလိုက်ညည်းလို့ကောင်းတုန်း။
စားပွဲထိုးက ထို ရာဇာတို့ဝိုင်းကို ကြာ်ဇံကြော်နှစ် ပွဲသွားချတာ ယမင်းတွေ့ လိုက်ရသဖြင့် ဒေါကန်သွားသည်။ ကြည့်ဦးလေ အရင်မှာ ထားတဲ့လူကမရ။ နောက်ပေါက်တဲ့ ရွှေကြာက အရင်။ ဒါမျိုးတော့ ယမင်းနွယ်ကမရ စနေသမီး မဟုတ်ပေမယ့် စိတ်ကြီးသည်။
‘ဟဲ့ ကောင်လေး လာဦး’
စားပွဲထိုးက ယောင်တောင်ပေါင်တောင်ဖြင့် ရောက်လာသည်။
‘ကြာဆံကြော်က ဒီနေ့စားမှာ ၊ မှာ ထားတာ နှစ် နဲ့ချီတော့မယ်၊ ခုထိမရသေးဘူး၊ ဟိုနောက်မှလာတဲ့ အရူးတွေ တောင် ရနေပြီ။ မင်းမှာ ရော မှာ ထားရဲ့လား’
‘ဟာ ဟိုအစ်ကိုက အဲဒီ အစ်မ မှာ ထားတာ သူ့ဆီချပေးတဲ့၊ အစ်မတို့က စိတ် ပြောင်းသွား လို့ ဘာမှမစားတော့ဘူးတဲ့၊ အဲဒီ လိုပြောလို့ ကျွန်တော် သူတို့ကို ပေးလိုက်တာ အစ်မရ’
စားပွဲထိုး စကားဆုံးသည်နှင့် ယမင်း စိတ်မှာ တင်းခနဲ၊ ရာဇာ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဘယ်တုန်းကတည်းက ငတ်နေမှန်းမသိတဲ့လူ။ ပလုပ်ပလောင်းစားနေရင်းက စပ်ဖြဲဖြဲနဲ့ စားပါဦးဆိုသော ပုံစံဖြင့် ပန်းကန်ကို မြှော က်ပြလိုက်သေးသည်။ ငြိမ်ခံနေလို့မရ။ ‘၀ုန်း’ ခနဲ ထရပ်ကာ သူတို့ဆီ သွားမှန်းမသိသွားသည်။ ဗိုက်ဆာ၍ စိတ်တိုနေသော မိဖြူကပါ နောက်ကကပ်ပါလာသည်။
‘ဒီမှာ ’
‘သြော် မိဖြူနဲ့ မိနက်ပါလား စားပါဦး’
အရေး ထဲ လောကွတ်ချော်နေသော ကောင်းထက်၊ မိဖြူနှင့် မိနက် တဲ့။ ခေါ်လိုက်ပုံက ခွေးခေါ်သလိုလို ကြောင်ခေါ်သလိုလို၊ နောက်က မှီမှီမှီ လို့ လက်ဖြောက်မတီးတာကိုပဲ ကျေးဇူးတင်ရမည် ။
‘နင်တို့ တော် တော် ငတ်နေကြတယ်ပေါ့လေ’
‘ဟုတ်ကဲ့ ဟီးဟီး’
‘ယမင်း’ မပြောမပြီး မတီးမမည် ဆိုသလို ဒဲ့ပြောထည့်လိုက်သည်။ ဒီလောက်မှိုချိုးမျှစ်ချိုးပြောတာတောင် လူကိုရွဲ့နေသေးသည်။ ရာဇာ ဆိုတဲ့ကောင်။
‘ငါတို့ မှာ ထားတာကို ဘာ ဖြစ်လို့ ဖြတ်ခုတ်တာလဲ၊ လူ့စည်းကမ်းကို နားမလည်ဘူးလား၊ စောစောစားချင် စောစောလာမှာ ပါလား’
‘ဒီက မိဖြူတို့ မိနက် တို့လို မအားလို့ပါ ကျေးဇူးတင်တယ်နော် အခုလို စောစောစီးစီး လာပြီးကြိုမှာ ပေးတဲ့အတွက်’
မိဖြူက တွန့်ခနဲ ဖြစ်သွားသည်။ ကောင်းထက်ပြောပုံက ပိုင်စိုးပိုင်နင်း မအားလို့တဲ့၊ တစ်ခုခုကို ပြန်ပြောရန် မိဖြူပြင်သည်။ ယမင်းက လက်ကာပြသည်။ အသာနေဆိုသည့်သဘော။
‘ဒါဆို နင်တို့ စားလိုက်တော့ ခုငါတို့ ဗိုက်ဆာနေပြီ၊ ဘယ်လိုလုပ်ပေးမလဲ’
‘ပြန်ယိုကျွေးရမလား’
‘ဘာ ဘာပြောတယ်’
ကောင်းထက် ကတော့ စလိုက်တာပဲ ဖြစ်သည်။ စကားလုံးက အိုဗာ ဖြစ်သွားသည်မို့ ယမင်းရော မိဖြူပါ ဆွေ့ဆွေ့ခုန်လုမတတ် ဖြစ်သွားသည်။
‘ကဲ ဟယ်’
ယမင်းက စားပွဲပေါ်ရှိရာဇာတို့ သောက်ရန်ငှဲ့ထားသော (အခုလေးတင်မှ ငှဲ့ထားတာမြင်လိုက်သော ) ရေနွေးနှစ် ခွက်ကိုယူကာ နှစ် ယောက် လုံး၏ ခြေထောက်ပေါ် လောင်းချပစ်လိုက်သည်။
‘အောင်မြတ်လေး ပူတယ်ဟ’
‘အား ပူ ပူ ပူတယ်ဟ’
မျောက်တွေ လို ခုန်ဆွခုန်ဆွ ဖြစ်သွားသော ရာဇာနှင့် ကောင်းထက်ကို ကြည့်ရင်း ယမင်းနှင့် မိဖြူ ကျေနပ်စွာ လှည့်ထွက်လာခဲ့သည်။ ‘မှတ်ထား ယမင်းနွယ်တဲ့ တစ်နွယ်ထဲရှိတယ်’ ဟု စိတ်ထဲမှ ပြောလိုက်သေးသည်။
ဘေးမှဝိုင်းများ ကတော့ ပွဲစပွဲဆုံးကြည့်ကာ တခွီးခွီး ရယ်နေကြသည်။ ဘယ်လောက်ပဲ မျက်နှာပြောင်ပြောင် အရှက်တရားရှိသည်မို့ ရာဇာနှင့် ကောင်းထက် ငွေအမြန်ရှင်းကာ ထော့နင်းထော့နင်းဖြင့် ဘိုချစ်ကင်တင်းမှ ထွက်ခဲ့ကြသည်။ ၀ိုင်းများ မှာ ကျန်ခဲ့သော ကျောင်းသား ကျောင်းသူတချို့၏ ရယ်သံ ကတော့ ကျောမှာ ကပ်၍ ပါလာသည်။
‘ယမင်းနွယ်’ တဲ့။ ရင်ကို လှုပ်နိုးသည့် နတ်သမီးလေး။ ဘယ်ဘ၀က ရေစက်လဲတော့မသိ တွေ့ စကတည်းက အမြီးအမောက်မတည့်တာ အခုထိ။ ရာဇာ့စိတ်ဝယ် ကားသမားအကြွေရှိရက်နဲ့ ပြန်မအမ်းသည်ကို သိသိကြီးနဲ့ ခံလိုက်ရသမျိုး ရင်ဍ်နင်တင်တင်ကြီး ဖြစ်နေသည်။ ‘အစကောင်းမှ အနှောင်းသေချာ’ မဟုတ်လား။ အခုတော့ သူ့ရဲ့ စတတ်နောက်တတ်သော အကျင့်က သူ့ကို ပြန်၍ ဒုက္ခပေးလေပြီ။
ဘာကြောင့် မှန်းမသိ သူကလည်းသူပင်။ ငယ်စဉ်ကတည်းက အဲဒီ စတတ် နောက်တတ်သော အကျင့်က ဘယ်ကပါလာသည်မသိ။ အဖေ၊ အမေနဲ့ အစ်မတို့သည်လည်း ခပ်အေးအေးသာနေတတ်ကြသည်။ သူ့ကျမှ။
‘ဟင်း’
သက်ပြင်းကိုသာ ချ ဖြစ်သည်။ ယမင်းနွယ်တို့ ကျောင်းတစ်ဝိုက်နားက အဆောင်မှာ ပဲနေတယ်ဆိုတာ သူသိထားသည်။ စုံစမ်းရမည် ။ နောက်ရက်များ ကျရင် ကျောင်းအပြန်မယောင်မလည်နှင့် နောက်ကလိုက်ရမည် ။
ဒီကရှေ့ဆို တည်တည်တံတံ ဖြစ်အောင် နေရမည် ။ မိန်းကလေးအတော် များများ က ပြောင်ချော်ချော်ဆို မကြိုက်တတ်ကြဟု ကြားဖူးသည်။ ရာဇာမှန်ထဲမှ ကိုယ့်ပုံကိုယ်ကြည့်သည်။ မိန်းကလေး တစ်ယောက် ခေါင်းမခါချင်လောက်အောင်ကို သူချောပါသည်။ ဒါပေမဲ့ မိန်းကလေးတိုင်းက ချောရုံနှင့် မကြိုက်ကြ။ သိတဲ့အတိုင်း ထောလည်းထောမှ။ အဲ တချို့ကလည်း တည်ကြည်တာမှ။ မိန်းကလေးစိတ်မည် သည် ခန့်မှန်းရခက်ကြောင်း ရှေးရှေးပညာရှင်က၀ိကြီးတွေ ကအစ ရှေ့ပညာရှိက၀ိတွေ အလယ် အခုပညာရှိများ အထိ အမျိုးမျိုးဖွဲ့ဆိုခဲ့ကြသည်ချည်း။
‘မင်း အသက်မငယ်တော့ဘူး မောင်နိုင်ရာဇာ၊ တည်တည်တံတံနေတော့’
မိမိကိုယ်မိမိ မှန်မှာ ကြည့်ရင်း ပြောမိသည်။ ဆယ့်ကိုးဝင်စ လူပျို တစ်ယောက် က မိန်းမ တစ်ယောက် ကြောင့် ကိုယ်ဖာသာကိုယ် ပြောင်းလဲပစ်ချင်လာသည်မှာ ဆန်းတော့မဆန်း။
‘ယမင်းနွယ် မင်းကို ကိုယ်ချစ်တယ်’
မှန်ထဲကြည့်ကာပြောရင်း မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ အပေါက်ဝမှဝင်လာသော ကောင်းထက် ရာဇာ့ကိုကြည့်ရင်း ရယ်ဖြဲဖြဲ ဖြစ်သည်။
‘ဘယ်က ပုလင်းသည်ကို ချစ်ရပြန်တာတုံး’
‘ဟာ မင်းက ဂဃဏန မသိဘဲနဲ့ ပုလင်းသည် မဟုတ်ဘူး၊ ယမင်းနွယ် . . . ယမင်းနွယ်၊ ကိုယ့်ရဲ့ နတ်သမီးလေးကို ပြောတာ’
‘သြော် အေး အေး ဟိုရေနွေးပူနဲ့ မင်းကိုလောာင်းသွားတဲ့ မင်းရဲ့နတ်ကတော် ’
‘တော် တော် ခွေးကောင် စကားကို အကောင်းမပြောဘူး’
ရာဇာ ကောင်းထက် ပုခုံးကို ခပ်ဖွဖွထိုးရင်း ရယ်သည်။
‘မင်း အဲဒီ အဆောင်နေကျောင်းသူလေးရဲ့ အဆောင်နာမည် လေးမသိချင်ဘူးလား ရာဇာ’
‘ဟာ သိချင်တာပေါ့ မင်းသိလို့လား လုပ်ပါဦးကွာ’
‘လုပ်ပါဘူး’
‘ဟ မင်းကို အဆောင်နာမည် မေးနေတာကွ’
‘ကောင်းထက်က အရေး ထဲ ဈေးကိုင်ကာ ရူးချင်ယောင်ဆောင်နေသည်။
‘ဟား ဗိုက်ကလည်း အချိန်မဟုတ် အခါမဟုတ် ဆာတယ်ကွာ’
ညည်းသလိုလို ဘာလိုလိုဖြင့် ကျွေးခိုင်းနေခြင်း ဖြစ်သည်။
‘ကဲပါကွာ ငါလိုက်ကျွေးပါ့မယ် အဲ စားပြီးနားမလည်၊ လိုက်ပွဲခါးကြားထိုး၊ ဟင်းရည်အဆစ်တောင်းတော့ မလုပ်နဲ့၊ စားပြီးတာနဲ့ ငါ့နတ်သမီးလေးရဲ့အဆောင်နာမည် ရယ် ဘယ်မှာ ဆိုတာရယ် ပြောရမယ်၊ သဘောတူလား’
ရာဇာ့ အပြောကို သကောင့်သားက ခေါင်းအခါခါညိတ်သည်။
‘ဧရာဝတီ’ ဆီသို့ ချီတက်ခဲ့ကြသည်။
ဧရာဝတီ လက်ဖက်ရည်ဆိုင်မှာ တောင်ကြီးတက္ကသိုလ် အနောက်ဘက်မှာ ရှိပြီး ကျောင်းသူ ကျောင်းသား အဆောင်များ ရှိရာဍ် ဆုံမှတ်လို ဖြစ်နေသည်မို့ လူအမြဲစည်သည်။
ကောင်းထက်က ချပေးသော မုန့်များ ကို ဆက်တိုက်လွေးသည်။ လက်ဖက်ရည်ကို သောက်သည်။
‘အဲ ရာဇာ မင်းကိုငါပြောတဲ့အထဲမှာ ‘အဆောင်’ နာမည် မသိချင်ဘူးလား’ လို့ပဲပါတာနော်’
‘ဟေ့ကောင် ၀ါးတားတားမလုပ်နဲ့ မင်း ငါ့ကို အဆောင်နာမည် ရော လိပ်စာပါ ပြောပြမယ်လို့ ကတိပေးပြီးသား စားလို့တောင်မပြီးသေးဘူး ဇာတိကပြချင်တယ်’
‘ဟဲ ဟဲ ဟဲ စတာပါကွာ ၀ါသနာကိုးကွ ငါပြောပြပါ့မယ်’
စားသောက်ပြီးသည်နှင့် သကောင့်သားက တစ်ရှုးဖြင့် မပေသော နှုတ်ခမ်းတို့ကို ဇိမ်ဆွဲကာ အပြန်ပြန်အလှန်လှန် သုတ်နေသည်။ ရာဇာစိတ်မရှည်နိုင်တော့။
‘ဟကောင်၊ စားပြီးနားမလည် မင်း ရူးချင်ယောင်ဆောင်မနေနဲ့လေပြောမှာ ကို မပြောဘဲ ဇိမ်ကဆွဲနေသေးတယ်’
‘ဒီလိုရှိတယ်လေ’
စိတ်မတိုဘဲတိုအောင် စကားကိုဖြတ်ပြီး ရေနွေးပင် ငှဲ့နေလိုက်သေးသည်။ ‘ပြောင်ပြီးသားပန်းကန်လုံးကို ဆေးနေပြန်ပြီ’ ရာဇာ့စိတ်မှ ရွတ်မိသည်။
‘မင်းနဲ့ငါ ဆွေးနွေးသဘောတူထားတဲ့ အထဲမှာ . . . . .’
အချိန်ဆွဲကာ၊ စကားကို ကောင်းထက်တမင် ဆွဲပြောနေသည်။
‘ရပြီ ရပြီ အစ်ကိုကောင်းထက် မပြောနဲ့တော့ ကိုယ့်ဘာသာကိုယ်ပဲ စုံစမ်းလိုက်တော့မယ်၊ အခု ဗိုက်နာလို့ အဆောင်ခဏပြန်လိုက်ဦးမယ်၊ ပြန်လာခဲ့မယ် ဒီကစောင့်’
ပြောပြီးထရပ်ရန်ပြင်သော နိုင်ရာဇာကို ကောင်းထက်လှမ်းဆွဲထားသည်။
‘ဟဲ ဟဲ ဟဲ ပေါ်မလာဇာတ်လမ်းတွေ ရိုးနေပြီ၊ ကဲပါကွာ အဆောင်နာမည် က ‘နှင်းဝါ၀ါ’၊ နေရာက ဟိုးကုန်းတစ်ဝက်မှာ ကဲ ဟုတ်ပြီလား’
ကုန်းဘက်ကို လက်ညှိုးထိုးပြရင်း မမောနိုင် မပန်းနိုင်ဖြင့် ဆက်တိုက်တရစပ် ပြောလိုက်သော ကောင်းထက်၊ ပြီးရယ်ဖြဲဖြဲဖြင့် ရာဇာ့ကို ကြည့်သည်။
‘ပြောပြောက စောပါလား ယောက် ဖရ’
‘အောင်မာမာ ရာဇာ မင်းက ငါ့ညီမကို မလွတ်မကင်း ဖြစ်အောင်မပြောနဲ့လေ၊ မင်းမှာ လည်း အစ်မရှိတာ မမေ့နဲ့နော်’
လှလည်းမလှဘဲနဲ့ မောင်ကောင်းထက် နွဲ့သည်။ ဆောင့်ကန်ပစ်ချင်စရာ။ ဒါပေမဲ့ ဒီဘော်ဒါကိုပဲ ညီအစ်ကိုလို ရာဇာ ချစ်ရသည်။ အဆောင်ရောက်မှသိသည်ဆိုပေမဲ့လည်း မေဂျာတူ၊ သွားအတူ၊ စားအတူ၊ အိပ်အတူဖြင့် ငယ်ပေါင်းတွေ လို ဖြစ်နေသည်။ ကောင်းထက်က အောင်ပန်းက ဖြစ်ပြီ ရာဇာက ရပ်စောက်မှ ဖြစ်သည်။
‘မင်းရဲ့ ယမင်းနွယ်က ပင်းတယကတဲ့၊ အဲ မိဖြူက အင်းလေးကန်ရှိတာ ဘာ ညောင်ရွှေလား ရွှေညောင်လား’
‘ညောင်ရွှေလေ ရွှေညောင်က တောင်ကြီးထဲမှာ ပါတယ်’
‘အေး အေး အဲဒီ ကတဲ့’
‘သွက်လှချည်လား ငါ့ညီရ ဘယ်လိုကဘယ်လို သိလိုက်ရပြန်တာတုံး’
‘ငါ့ညီ’ ဟု အပြောခံလိုက်ရသဖြင့် ကောင်းထက် မျက်နှာကြီး ရှုံ့မဲ့သွားသည်။
‘မင်းကသာ အဆောင်နာမည် တွေ နေရာတွေ အခုမှသိတာ တချို့ကောင်တွေ က လိုက်တောင်လိုက်နေကြပြီ’
ကောင်းထက် စကားကြောင့် ရင်ကို အမျိုးအမည် မသိ ဝေဒနာက ‘ဒိန်း’ခနဲ ဆောင့်၍ တက်သည်။ ‘နောက်ကျရင် အပေါက်ဝ’ ဆိုသော စကားရှိသည်။ သူနောက်ကျလို့မ ဖြစ်။ ‘ဖူးစာဆိုတာ ဦးရာလူပါ’ ဆိုတာလည်း ကြားဖူးနေသည် မဟုတ်ပါလား လောလောဆယ်တော့ ရင်ပူနေတာပဲ ရာဇာသိသည်။
‘ဟကောင် ကောင်းထက် ဒီညပဲ ဂီတာသွားတီးရအောင်’
ရာဇာ့အပြောကို ကောင်းထက် နှာခေါင်းရှုံ့သည်။
‘မင်းဗျူဟာက ဂီတာနဲ့စမှာ ဆိုရင်တော့ မဟန်ဘူး။ ဒီခေတ်သမီးပျိုတွေ က ဂီတာသံကို လီဗာသံလောက် စိတ်မ၀င်စားကြဘူး။ ဆိုင်ကယ်လီဗာသံထက် ကားလီဗာသံကို ပိုနားဝင်ချိုတယ်ဆိုပဲ’
‘ဟာ ဒုက္ခပဲ မင်းပြောသလိုဆို အိမ်ကဆိုင်ကယ်ပြန်မ ရမလား မသိဘူး’
‘ငကြောင် အဆောင်နဲ့ကျောင်းနဲ့က တစ်မှတ်တိုင်ပဲဝေးတာ၊ မင်းဆိုင်ကယ်ပြန်ယူပြီးတော့လည်း စီး ဖြစ်မှာ မဟုတ်ဘူး၊ အဲဒီ လီဗာသံထက် ပိုကောင်းတာ ငါအကြံပေးမယ်’
‘အေးအေး လုပ်ပါဦးကွာ ဆိုင်ကယ်လီဗာ၊ ကားလီဗာထက် ပိုကောင်းတာဆိုတော့ စိတ်ဝင်စားတယ်’
‘ကျယ်လည်းကျယ် မကြားစရာအကြောင်းမရှိတဲ့ ထွေလာဂျီလီဗာလေ’
‘ဟာ သောက်ရူး၊ ခွေးကောင် ငါအကောင်းမှတ်လို့ နားထောင်နေတာ’
ရာဇာရွတ်သမျှကို ကောင်းထက်က တဟားဟားဖြင့် ရယ်သည်။
‘အလကားစတာပါ ရုပ်ဝတ္ထုကို ပိုစွဲလမ်းပြီး ရွေးချယ်သူတွေ ရှိသလို၊ ရင်ထဲကအချစ်ကို ဦးစားပေးရွေးချယ်တဲ့ ကောင်မလေးတွေ အများ ကြီးပါကွာ’
ကောင်းထက်က သူ့စကားကို သူပြန်ဖြေသည်။ နတ်သမီးလေးမှာ ထိုကဲ့သို့ ရုပ်ဝတ္ထုတို့ကို မက်မောသော စိတ်ရှိမည် မထင်ပါဟု ရာဇာတွေးသည်။
‘ဟား နောက်ကျနေပြီလား ငါ့နတ်သမီးလေးရေ’
ရာဇာသက်ပြင်းကို ချရင်းတွေးမိသည်။ ရင်တို့ကမူ သူမှားဦးမှာ စိုးသော စိတ်ဖြင့် နေထိသလို ပူလောင်လျက်။
‘ရာဇာ၊ ရာဇာ’
‘ဘာလဲကွ’
ဝရံတာမှ အလန့်တကြား ခန်းထဲပြေးဝင်လာသော ကောင်းထက်။
‘အဆောင်ရှေ့မှာ ယမင်းနွယ်နဲ့ မိဖြူကွ အပေါ်ဘက်တက်သွားမလို့ လုပ်နေတယ်၊ ကုန်းပေါ်က မိန်းကလေးဆောင် သွားလည်မလို့နဲ့တူတယ်’
‘လာလာ လိုက်သွားကြရအောင်’
ရာဇာက ပြောပြောဆိုဆို ရှေ့မှသွားသည်။ ဘာစိတ်ကူးပေါက်သည်မသိ။ ကောင်းထက်က ကြောင်မလေး ‘မိဖြူ’ ကို ဖမ်းကာပွေ့ရင်း နောက်မှ အပြေးလိုက်လာသည်။ ယမင်းနှင့် မိဖြူ ကတော့ ဘာမှမသိရှာ ရှေ့မှာ မုန့်ထုပ်ကိုယ်စီဖြင့် စားရင်းကုန်းပေါ်သို့ လမ်းပြေးလေးအတိုင်း လျှောက်နေသည်။
‘အဟမ်း အဟမ်း’
အနီးရောက်တော့မှ ချောင်းလုပ်ဆိုးလိုက်ရသော ရာဇာ့အသံကြောင့် ယမင်းတို့နှစ် ယောက် သား လှည့်ကြည့်သည်။
‘ဘာကြည့်တာလဲ မိဖြူ’ ကြောင်တောင်တောင်နဲ့ ကြောင်လို့မပြောရဘူး။ တစ်ခါထဲ ဒီကြောင်မ ကတော့’
ကောင်းထက်၏ အပြောကြောင့် မိဖြူတွန့်ခနဲ ဖြစ်ကာ စိတ်တိုသွားသည်။ ခက်တာက မောင်ကောင်းထက်က ကြောင်ကိုပိုက်ကာ ထိုကြောင်ကိုသာ ကြည့်၍ ပြောနေသဖြင့် ကိုယ်ကပြောလိုက်ပြန်လျှင်လည်း ‘ဖောင်း’ ဖြစ်ဦးမည် ။ ဟိုပထမရန် ဖြစ်တုန်းက သူတို့အဆောင်က ကြောင်မနာမည် ကလည်း ‘မိဖြူ’ ဟုပြောဖူးသည်ကိုး။
‘အံမယ် ကောင်းထက် မင်းပြောတာကို မကျေမနပ် ဖြစ်နေသေးတယ်၊ ကြည့်စမ်း ‘ကြောင်မ’နားရင်းအရိုက်ခံချင်နေပြီတူတယ်’
ရာဇာ့စကားကြောင့် ယမင်းနှင့် မိဖြူ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ နှုတ်ခမ်းကိုယ်စီကိုက်လိုက်ကြသည်။ ခြေသုတ်ကိုလည်း တင်လိုက်ကြသည်။
‘ဘယ်ပြေးမလို့လဲ မိဖြူ ဂဏှာကို မငြိမ်ဘူး’
ကောင်းထက်အပြောကြောင့် မိဖြူနှင့် ယမင်းခြေလှမ်း ကိုယ်စီ တုန့်သွား၏ ။
‘အိမ်ကလည်ချင်သေး အစားနဲ့ပါးစပ်နဲ့က မပြတ်သားချင်သေး’
ရာဇာအပြောကြောင့် စိတ်တိုတိုဖြင့် မုန့်ထုပ်ကိုယ်စီကိုင်ကာ ဆောင့်ဆောင့်အောင့်အောင့်စားနေသော ယမင်းတို့နှစ် ယောက် စိတ်တိုသွားသည်။ ပြောရန်ပါးစပ်ကို အဟ
‘ဒီကြောင်မနော် ကြောင်မ ‘မိဖြူ’ မို့လို့ပဲ၊ မိလည်လို့ ပေးမိရင် ဘယ်လောက် လည်လိုက်မလဲမသိဘူး။ ‘မိနွယ်’ ဆိုရင်လည်း အိမ်တကာလိုက်ပြီး ‘နွယ်’ ဦးမယ်’
ဒီတစ်ခါတော့ ပေါ်တင်ကြီး ဖြစ်လာသည်။ ယမင်းနွယ်၏ နောက်ဆုံး ‘နွယ်’ ကိုပါ ရာဇာဆိုသော ကောင် စော်ကားလာပြီမဟုတ်ပါလား။
‘သိပ်မစောင်းနဲ့ဟေ့’
‘နင်တို့ ယောက်ျားတွေ တော့ ဟုတ်ပါတယ်နော်’
မိဖြူပြောအပြီး ယမင်းကပါ ၀င်ကောပစ်လိုက်သည်။ ဘယ့်နှယ်ရှိစ။
‘မသိလို့နော် ကိုယ်တို့ကို ပြောနေတာလား’
‘ဟဲ့ နင်တို့ကိုမပြောလို့ ဘယ်သူ့ကို ပြောရမှာ လဲ၊ ငါတို့က မိန်းမဆိုပေမဲ့ စောင်းမပြောဘူး နားလည်လား’
‘မိဖြူ’ က ပိုခံရသူမို့ ပိုစိတ်တိုကာ ခါးထောက်ရင်း အာခေါင်ခြစ်လုမတတ် အော်သည်။
‘နင်တို့ စောင်းမပြောတတ်သလို ငါတို့ကလည်း အတည့်ပဲ ပြောတတ်ပါတယ်’
‘ဘာအတည့်လဲ မိဖြူ ဆိုတာကော မိနွယ် ဆိုတာ စောင်းပြောတာ မဟုတ်လို့ နင့်ကြီးတော် နာမည် ရွတ်နေတာလား’
ရာဇာ့အပြောကို ယမင်းက ချက်ချင်း တုံ့ပြန်သည်။
‘ဘယ်ကငါ့ကြီးတော် ရမှာ လဲ ဒီကြောင်မလေ ဒီကြောင်မ၊ သူ့နာမည် ကိုက မိဖြူတဲ့ မယုံရင် အဆောင်လိုက်ခဲ့ပါလား’
‘ဘာပြောတယ် ဘာကိစ္စနင်တို့ အဆောင်လိုက်ရမှာ လဲ၊ စကားပြောတာ ကြည့်ပြော’
ရာဇာရှင်းပြမှ ပိုရှုပ်တော့သည်။ ယမင်းက ခေါင်းလေးစောင်းကာ လက်ညှိုးထိုးရင်းပြောနေဟန်ကို ရာဇာကြည့်ရင်း စိတ်ယားလာသည်။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပါလိမ့်။
‘ငါတို့အဆောင်လိုက်ခဲ့ဆိုတာက ဒီကြောင်မလေးနာမည် မိဖြူ ဟုတ်မဟုတ်ကို ငါတို့အဆောင်ပိုင်ရှင်ဆီမှာ လိုက်မေးလို့ပြောမလို့ပါဟာ’
‘အေးလေ နင်တို့ကဒေါသကြီးပဲ’
ရာဇာနှင့် ကောင်းထက်အပြောကြောင့် ယမင်းတို့နှစ် ယောက် သား နှာခေါင်းရှုံ့ကာ မျက်နှာလွှဲသည်။ သူတို့ပြောပုံအရဆိုလျှင် ကိုယ်တောင် သူတို့ကို မဟုတ်တမ်းတရား စွပ်စွဲသလို ဖြစ်နေသည်။ ထိုင်ကန်တော့ပြီး တောင်းပန်ရမဲ့ပုံ။ ခပ်ရွတ်ရွတ် ယမင်းတွေးသည်။
“ငါတို့က ကိုယ့်လမ်းကိုသွားနေတာ၊ နင်တို့လို အားတိုင်းယားတိုင်း လူတကာကို လျှောက်စလျှောက်နောက်နေတာ မဟုတ်ဘူး၊ နောက်ဆိုရင် သတိသာထား၊ ငါတို့က သူများ ပြောသမျှကို ငုံ့ခံတတ်တဲ့ မိန်းမမျိုးမဟုတ်ဘူး မှတ်ထား”
‘ဟုတ်လား ကြိုက်သွားပြီ’
‘ဘာပြောတယ်’
‘စိတ်ဓာတ် စိတ်ဓာတ်’
ရာဇာနှင့် ယမင်း တစ်ယောက် တစ်ခွန်း ငြင်းခုံနေကြသည်။ ယမင်းက ရာဇာ့ကို မီးခိုးထွက်လုမတတ်မျက်လုံးဖြင့် ခပ်စူးစူးကြည့်သည်။ ရာဇာက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြောင်ကာ ပြန်ပြူးကြည့်သည်။ ရာဇာ့ပုံစံမှာ ရယ်ချင်စရာ ဖြစ်သော်လည်း ယမင်းမရယ်ရဲ။ ဒင်း ကမ်းတတ်လာမှာ စိုးသည်။ မျက်စောင်းကို အားရပါးရထိုးပြီး ရာဇာနှင့် ကောင်းထက်တို့ရှေ့မှ နှစ် ယောက် သား လက်တွဲ ကာ ထွက်သွားကြသည်။
နေရာမှာ တင်ကျန်ခဲ့သော ရာဇာနှင့် ကောင်းထက် ကြောင်မလေးကို ကိုင်ကာ အပေါ်သို့မြှော က်သည်။
‘ကျေးဇူးရှင်မ အဆောင်ရောက်မှ ငါးကြော်ကိုဝယ်ကျွေးဦးမယ် ကြားလား’
ကောင်းထက်စကားကို ကြောင်မ နားလည်မလည်တော့မသိ။ ပြူးကြောင်ကြောင်ဖြင့် ကြောင်တောင်တောင် ပြန်ကြည့်သည်။ အေးလေ ကြောင်တောင်တောင်ကြည့်ပေမပေါ့ သူကကြောင်ကို၊ လူဆိုလျှင်တော့ ‘နင်တို့ငါ့ကို အသုံးချတာများ လွန်းတယ်၊ ၀မ်းတေဘယ်မှ’ ဟု ပြောချင်ပြောနိုင်သည်။
‘ဟကောင် ကောင်းထက် ငါ့နတ်သမီးလေးက ဒေါသထွက်နေတာတောင် တော် တော် လှတယ်ကွာ ဟတ် ထိတယ်ဆိုတာ ဒီလိုအလှမျိုးကွ’
‘ဘေးက မိဖြူ ကလည်း တော် တော် ချောပါတယ်ကွာ ငါတော့ ရင်ခုန်ချင်သလိုလို ဒူးတုန်ချင်သလိုလို ဖြစ် ဖြစ်သွားတယ်’
နှစ် ယောက် သား စကားပြောပြောဖြင့် အဆောင်သို့ ပြန်ခဲ့ကြသည်။ ဟုတ်တော့ ဟုတ်သည် ဖြူဖြူလင်း (ခေါ်) မိဖြူသည်လည်း တော် တော် လှပါသည်။ ဒါပေမဲ့ ကိုယ်ထင် ခုတင် ခြေလေးချောင်း ဆိုသလို ရာဇာ့စိတ်ထဲမှာ တော့ ကမ္ဘာ့အလှဆုံးမိန်းကလေးကို လက်ညှိုးထိုးပြပါဆိုလျှင် ယမင်းနွယ်ကိုပဲ တန်းထိုးမှာ ဖြစ်သည်။ ( လက်ညှိုး လက်ညှိုး ) ထို့အတူ ကောင်းထက်လည်း မိဖြူကိုသာ ထိုးပေလိမ့်မည် ။ ( သူလည်း လက်ညှိုး )
နဖူးမှာ စာပါရာမှ ဖူးစာ ဖြစ်လာသည်တဲ့။ ကျောင်းမှာ သင်သော ၊ သုံးသော မိုက်ခရိုစကုပ်ဖြင့် ထိုနဖူးမှစာကို ဖတ်လို့မရဘူးလားဟု ရာဇာကြောင်တောင်တောင်တွေးသည်။ ယမင်း၏ နဖူးကိုလည်း ယင်းမှန်ဘီလူးဖြင့် ဖတ်ကြည့်ကာ သူ့နာမည် ဟုတ်မဟုတ် (ပါမပါ) ကြည့်လိုသည်။ နဖူး “ယမင်း၏ နဖူး” ယမင်း၏ နဖူးပေါ်မှာ ဆံကေသာတချို့ဝဲကျနေပုံကို ပြန်မြင်ယောင်ကာ စိတ်ထဲမရိုးမရ ဖြစ်လာသည်။
‘ယမင်းရေ ငါတော့ ရူးတော့မယ်’ ရာဇာ မချင့်မရဲ စိတ်မှကြွေးကြော်သည်။
မိန်းရှိ Chemistry Lap - ၇ အခန်း၊ Zool မေဂျာ၏ မိုင်နာ (Minor) ဖြစ်သော Chemistry – practical (ပရက်တီကယ်) အချိန်ကျောင်းသူ ကျောင်းသားများ လက်တွေ့ လုပ်ကာ အလုပ်ရှုပ်နေကြသည်။
ကျောင်းသူ ကျောင်းသားတို့၏ ထုံးစံအတိုင်း အရင်အမြန်ပြီးကာ ဆရာ ဆရာမ ဆီပြချင်တာ သူငယ်တန်းကနေ Ph.D ပါရဂူဘွဲ့ရသည်အထိ ဖြစ်နေမလားမသိ။ အခုလည်း အမြန်ပြီးချင်ဇောဖြင့် အဖွဲ့လိုက် Test လုပ်နေကြသည်။ (မိန်းကလေးအဖွဲ့များ က ပိုဆိုးသည်။ အပြိုင်အဆိုင် လုပ်နေကြသည်မှာ ပျာယာကိုခတ်လျက်)
‘ဟဲ့ မိဖြူ သွားပြီ ငါတို့မှားပြီးဟဲ့၊ အရောင် မပြောင်းဘူး၊ သူများ တွေ ကျ အပြာရောင် ပြောင်းကုန်ပြီ၊ ဘယ်လိုလုပ်မလဲ’
‘အောက်သက်မှမကြေတာ ဆယ်တန်းဘယ်လိုအောင်လာလဲမသိဘူး’
ယမင်းက မိဖြူကို လှမ်းအပြော ဘေးမှဖြတ်သွားသော ရာဇာကကြားပြီး စောင်းပြောသွားခြင်း ဖြစ်သည်။ လက်ထဲမှာ Test လုပ်ပြီးသား ဖန်ပုလင်းပြား (အပြာရည်များ ဖြင့် ပုလင်းပြား) ကို ကြွားဝင့်စွာ ကိုင်လျက်။
‘တောက်’
ယမင်း တက်ကိုခပ်ပြင်းပြင်း ခေါက်လိုက်မိသည်။ ဒီလောက်မုန်းဖို့ကောင်းသော သူနှင့် မှ တစ်မေဂျာထဲ ကျရလေခြင်းဟု ရင်ဍ်ဒေါသထွက်မိသည်။
‘ယမင်း မပြီးသေးဘူးလား ဘာလုပ်ကူရဦးမလဲ’
ရင်းရင်းနှီးနှီးနှုတ်ဆက်လာသူကို မော့ကြည့်တော့ ‘ဆန်းဝဏ္ဏ’ ယမင်းကို ပြုံးပြသည်။ ‘ချောလိုက်တာ’ ဟု ယမင်းစိတ်ထဲမှ ပြော ဖြစ်သည်။
‘ဟိုလေ ဘာမှားထည့်မိလဲမသိဘူး၊ ကာလာက ဘာရောင် မှကို မပြောင်းဘူး ဖြစ်နေတယ်’
‘ဟုတ်လား ကျွန်တော် ပြန်စစ်ပေးကြည့်မယ်’
ဆန်းဝဏ္ဏက ကျင်လည်စွာ ဖြင့် ဖန်ပြွန်ချောင်းများ Test Taub များ ကို ကိုင်ရင်း ဓာတုဆေးရည်များ ကို စပ်သည်။ ဖန်ပုလင်းပြားလေးကို လှုပ်လိုက်သည်။ ပုလင်း (အောက်ခြေပြား)ထဲမှ အရည်မှာ အပြာရောင် ပြောင်းသွား သည်။
‘ဟာ တော် လိုက်တာ ကျေးဇူးပဲနော်’
‘ရပါတယ် နောက်လည်း လိုရင်လက်ပြလိုက်ပေါ့’
‘အင်း’
ဆန်းဝဏ္ဏကပြောရင်း ထွက်သွားသည်။ ဒါ ရိုးသားသော ကိစ္စမဟုတ်ကြောင်း မိဖြူက တံတောင်ဖြင့် တွတ်ရင်း သတိပေးသည်။ ရှက်ရှက်ဖြင့် ယမင်းလည်း ပြန်တွက်သည်။ တစ်ဖွဲ့ကို ငါးယောက် မို့ ကျန်သူငယ်ချင်း သုံးယောက် ကပါ ပြုံးနေကြသည်။ ယမင်းလည်း ရှက်သည်ပေါ့။ ဆရာမ ဆီ ပြရန် တစ်ဖွဲ့လုံးသွားကြသည်။
ဆန်းဝဏ္ဏ ၀င်လာချိန်မှစ၍ လုပ်ကူသည့် အလယ် နှုတ်ဆက်ထွက်သွားတာအဆုံး အကုန် ရာဇာမြင်သည်။ ဆန်းဝဏ္ဏ၏ ခြေလှမ်း ဘယ်ကိုလှမ်းတော့မည် ဆိုတာ မြွေမြွေချင်းခြေမြင်သည်။ ယမင်း၏ ရှက်သွားသော မျက်နှာလေးကိုလည်း သူမနာလို ဖြစ်နေမိသည်။ ကိုယ်ကိုယ်တိုင်က ဒီလိုရှက်သွားအောင်လုပ်ဖို့မပြောနဲ့ အနားတောင်ကပ်ရတာ မဟုတ်။
ပရက်တီကယ်လုပ်ပြီးထွက်လာပေမဲ့ စိတ်ထဲကသိပ်မကြည်။ ဆန်းဝဏ္ဏနှင့် ယမင်းတို့ တစ်ဦးကိုတစ်ဦး အပြုံးချင်းဖလှယ်နေသည့် ပုံရိပ်ကသာ ပြန်ပြန်၍ မြင်ယောင်သည်။ အချစ်သည် သ၀န်တိုခြင်းကို ဖြစ်စေ၏ ။ အချစ်သည် ဒေါသကိုလည်း ပွားစေ၏ ။ သော ကကိုလည်း များ စေ၏ ။
အခုလည်း မဆီမဆိုင် ဆန်းဝဏ္ဏနှင့် ယမင်းတို့ကို မနာလို ဖြစ်မိသည်။ မည် သူ့ကိုမှန်းမသိ ဒေါသကလည်းထွက်ရသေးသည်။ ဟောအခု သူများ ဦးသွားရင် ဆိုပြီး သော က က များ ရပြန်သည်။
ရာဇာ့စိတ်ထဲမှာ တစ်စုံ တစ်ယောက် က ရင်ဘတ်ကို ဆုပ်ကာညှစ်ထားသလို ခံစားနေရသည်။ မွန်းကြပ်ပါဘိ ယမင်းရယ်။
ကင်တင်းမှာ ထိုင်နေတုန်း တစ်ဖက်ဝိုင်းမှ ရှုတင်းတင်းကြည့်နေသော ရာဇာ့ကို ယမင်းအံ့သြနေမိသည်။ ဘယ်လိုကြီးပါလိမ့်။ အမြဲပျော်ရွှင်နောက်ပြောင်နေတတ်သော ရာဇာ့၏ ပင်ကိုစရိုက်တွေ ဘယ်ဆီများ ရောက်ကုန်ပါလိမ့်။ အခုတော့ သူမဟုတ်သလို ရုပ်တည်မျက်နှာ ခပ်ငယ်ငယ်ဖြင့် ။
‘ထိုင်မယ်နော်’
ရိပ်ခနဲပေါ်လာကာ ခွင့်တောင်းသူကို ယမင်းမော့ကြည့် ဖြစ်သည်။ ဆန်းဝဏ္ဏ ကျေးဇူးရှင်။ စောစောကလေးတင်မှ ကူညီထားသူ။
‘သြော် ထိုင်ပါ တစ်ခုခုမှာ လေ’
ယောက်ျားလေးများ ဖြင့် သိပ်မဆက်ဆံချင်သော်လည်း ဒီလိုမကောင်းတတ်သော အချိန် တွင် မငြင်းလို။ လောကွတ်ပြုရသည်။ မသိစိတ်ဖြင့် ဖျပ်ခနဲ ရာဇာ့ကို လှမ်းကြည့်မိချိန် ကိုရွှေချောက မျက်နှာပုပ်သိုးသိုးဖြင့် ကြည့်နေသည်။ ‘သူကများ ’ ဟု ယမင်းတွေးသည်။
‘တစ်ခုခုမှာ လေ ကိုဆန်းဝဏ္ဏ ယမင်းကျွေးချင်လို့ ဟဲဟဲ ကျေးဇူးဆပ်တယ်လို့ပဲ သဘောထား’
‘ဟာ မဟုတ်တာဗျာ၊ ကျောင်းသားအချင်းချင်း ကူညီကောင်းပါတယ်’
ပြုံးရွှင်ကာစကားပြောနေသော ယမင်းနှင့် ဆန်းဝဏ္ဏကို ဆက်မမြင်ချင်တော့သည်မို့ ရာဇာငွေရှင်းပြီး ကောင်းထက်နှင့် နှစ် ယောက် သား ထွက်ခဲ့ကြသည်။ ဒါကို ယမင်းမြင်ပါသည်။ ‘မှတ်ထား’ ဟု စိတ်မှပြော ဖြစ်သည်။ တစ်စုံတစ်ရာကိုလည်း သူမနားလည်သလိုလို ရှိလာသည်။ ( တစ်စုံတစ်ရာဆိုသည်မှာ ဈေးရောင်းနေခြင်းမဟုတ် တစ်စုံတစ်ရာကို ဆိုလိုခြင်း ဖြစ်ပါသည်။ ) ဆန်းဝဏ္ဏက အအေးမှာ သည်။
‘ဒါနဲ့ ယမင်းတို့က အဆောင်နေတာနော် မြို့ထဲမှာ လား ဒီကျောင်းနားမှာ ပဲလား’
‘သြော် ဒီကျောင်းအနောက်ဘက် ဆောစီရွာမှာ ပဲလေ’
ဆန်းဝဏ္ဏဘက်က အီစီကလီလုပ်ချင်နေမှန်း ယမင်းရိပ်မိသည်။
ဟို လာလည်လို့တော့ ရမှာ ပေါ့နော်’
‘သြော် ဟိုဒင်း ရပါတယ်’
‘ဒါနဲ့ အဆောင်နာမည် က ဘာလဲမသိဘူး’
‘နှင်းဝါ၀ါ’ ပါ’
စကားပြောတာ စိတ်မပါတပါ ဖြစ်နေသော ယမင်းကိုယ်စား မိဖြူက ၀င်ဖြေပေးသည်။ ဆန်းဝဏ္ဏက မကြာမကြာ ယမင်းကို ခိုးခိုးကြည့်သည်။ ဒါကို ယမင်း မသိချင်ယောင်ဆောင်နေတာကိုက ဒုက္ခများ လွန်းသည်။
‘စကားကောင်းနေတာနဲ့ ပြန်ဖို့မေ့နေတယ် ညီလေးရေ ရှင်းမယ်’
ဆန်းဝဏ္ဏက စားပွဲထိုးကို ခေါ်သည်။
‘ဟာ နေပါစေ ယမင်းရှင်းလိုက်မယ်’
‘မဟုတ်တာဗျာ ရော့ ညီလေး ဒါကိုယူ’
ပိုက်ဆံလုပေးရင်း ‘မဟုတ်တာဗျာ’ ဟုပြောရင်း တစ်ထောင်တန်ကိုင်ထားသော ယမင်းလက်ကို ဆန်းဝဏ္ဏ အသာတွန်းဖယ်သည်။ ယမင်းလက်ကို အမြန်ရုပ်လိုက်သည်။ ဆန်းဝဏ္ဏက ‘sorry’ ဟုဆိုသည်။
ရွှေစွန်ညို ဘာကိုလိုလို့ဝဲမှန်း ယမင်းသိပါသည်။ ဒါပေမဲ့ တက္ကသိုလ်လာတာ ပညာရှာဖို့ဟု စိတ်မှာ တေးထားသူအဖို့ ဒီရွှေစွန်ညိုကိစ္စသည် စိတ်အနှောင့်အယှက်ကြီးစွာ ဖြစ်စေသည်။
ဘေးမှာ လမ်းလျှောက်ရင်း ကပ်ပါလာသော ဆန်းဝဏ္ဏကြောင့် လူတွေ အမြင်မှာ တစ်မျိုး ဖြစ်ကုန်မှာ ယမင်းကြောက်သည်။ အကယ်လည်း ဘာမှမ ဖြစ်ရပါဘဲ နေရင်းထိုင်ရင်းနာမည် ကြီးနေပါက မိန်းကလေး ဖြစ်သူကသာ သိက္ခာကျမည် ။
နိုင်ရာဇာ။
မဆီမဆိုင် မျက်နှာပြောင်နှင့် ရာဇာကို ဖျပ်ခနဲ ယမင်းသတိရလိုက်သည်။ ခေါင်းထဲမှ ခါထုတ်ပစ်လိုက်သည်။
‘ယမင်း သွားဦးမယ်နော်’
နှုတ်ဆက်သွားသော ဆန်းဝဏ္ဏကို ယမင်း ခေါင်းညိတ်ပြမိလိုက်သည်ထင်သည်။
August လ 15 ရက် 16 ရက် 17 ရက် သည် ပုံမှန် တောင်ကြီးတက္ကသိုလ် နှစ် ပတ်လည်အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ကျောင်းသားဈေးပွဲတော် ၊ စာတန်း (သုတေသနစာတမ်း) ဖတ်ပွဲ၊ ပန်းချီပြခန်း၊ ကွန်ပျူတာနည်းပညာဖလှယ်ပွဲ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကျ။
ကျောင်းသားဈေးပွဲတော် မှာ မေဂျာအလိုက် အစားအသောက်များ ကံစမ်းမဲများ ၊ အသုံးအဆောင် စသည်ဖြင့် ရောင်းချကြသည်။ ရောင်းချရာတွင် ကဒ်ကလေးများ ကို ရောင်းချတာ ဖြစ်ပြီး ထိုကဒ်ပေး၍ ကြိုက်နှစ်သက် ရာ (ကဒ်ပေါ်တွင် ပါသော အစားအစာများ မှ ကြိုက်နှစ်သက် ရာ) ကို စားသုံးနိုင်သည်။
ဈေးပွဲတော် မတိုင်မီကတည်းက ထိုကဒ်များ ကို မေဂျာအလိုက် ရောင်းချထားပြီး အပြင်မှ ကျောင်းသားမိဘနှင့် ဧည့်သည်တော် များ အနေနှင့် ငွေဖြင့် လည်း ၀ယ်ယူအားပေးနိုင်လေသည်။
ရာဇာတို့ Zool မေဂျာမှ ရောင်းချသော အစားအစာမှာ ကြက်သားသာထူ၊ ကြက်ဥကင်၊ ရှမ်းခေါက်ဆွဲ ဖြစ်သည်။ ကြက်ဥကင်မှာ ရာဇာတို့ကောင်းထက်တို့ အကြိုက် ဖြစ်သဖြင့် နှစ် ယောက် သား သုံးကဒ်စီ ၀ယ်ထားလိုက်ကြသည်။
အဆောင်တူသူငယ်ချင်းတချို့ကိုပါ ခေါ်၍ စားနိုင်ရန် ကဒ်ပိုဝယ်ခြင်းလည်း ဖြစ်သည်။ ၎င်းဘော်ဒါများ ကလည်း သူတို့အတွက် ကဒ်ပိုဝယ်ထားကြသည်လေ။ တချို့ကဒ်မှာ မည် သည့်နေ့တွင် မဆို စားသုံးနိုင်ပြီး တချို့ကဒ်က မူ ရက်စွဲပါနေ့၌ သာ စားနိုင်လေသည်။
ပထမနေ့၌ အခမ်းအနားဖွင့်လှစ်ပြီးသည်နှင့် ရာဇာတို့နှစ် ယောက် သား ဘယ်ကိုသွားကြမလဲဆိုတာ တိုင်ပင်ကြရတော့သည်။ ဌာနမှာ လည်း မနက်ဖြန်လုပ်ကူရမည် မို့ ဒီနေ့ တစ်နေကုန်လည်ပတ်ရန် ကြံကြသည်။
‘ကောင်းထက် ပန်းချီပြခန်းသွားရအောင်’
‘ပန်းချီပြခန်းက ဘယ်မှာ လဲ မင်းသိလို့လား’
‘သိတာပေါ့ကွ၊ ကျိုင်းတုံဟောမှာ လေကွာ လာ . . . သွားရအောင်’
ရာဇာနှင့် ကောင်းထက် နှစ် ယောက် သား ပန်းချီပြခန်းဘက်ကို ခြေဦးလှည့်ကြသည်။
‘ဟာ ရာဇာ ဒီမှာ လာကြည့်စမ်း ဒီပန်းချီကားအသစ်က ငါတို့မေဂျာပထမနှစ် က ဆွဲထားတာပဲကွ’
‘ဘယ်မှာ လဲ’
ကောင်းထက်ကြည့်နေရာသို့ အပြေးရာဇာရောက်သွားသည်။ မေဂျာစွဲရှိကြသူများ ပီပီ ကိုယ့် Zool မေဂျာက ပန်းချီကားဆိုတော့ သိချင်စိတ်ကများ သည်။
‘Roll No. 55 . ဟာ ဒါ ယမင်းနွယ် ခုံနံပါတ်ကွ ဒီကလေးမ ပန်းချီတွေ လည်း ဆွဲတတ်သားပဲ၊ ကြည့်စမ်း သေသပ်လိုက်တာကွာ’
စိမ်းညို့နေသော ညောင်ပင်တန်းကြီးကို ဆွဲထားခြင်း ဖြစ်သည်။ ပန်းချီကား၏ သပ်ရပ်မှု အသက်ဝင်မှု တို့တွင် ရာဇာအတန်ကြာ မိန်းမောသွားသည်။ ပန်းချီနှင့် ပတ်သက်ပြီး ၀ါသနာသာပါလျက် ဘာနည်းပညာမှမသိသော်လည်း လက်ရာမှာ အညံ့စားထဲက မဟုတ်ကြောင်း ရာဇာသိသည်။
‘ဒါသူတို့ ပင်းတယက နာမည် ကျော် ညောင်ပင်တန်းကြီးကို ဆွဲထားတာကွ လက်ရာက သိပ်သန့်လွန်းတယ်၊ သူ့ကိုယ်တိုင်ဆွဲထားတာမှ ဟုတ်ရဲ့လား မသိဘူး’
ကောင်းထက်ပြောတာကို ရာဇာက၀င်ထောက်ခံပေးသည်။
‘ ဖြစ်နိုင်တယ် သူများ ဆွဲထားတာကို ခပ်တည်တည်နဲ့ နာမည် ကောက်တပ်ထားတာနေမှာ ပေါ့ ဘာတဲ့ ခေါင်းစဉ်က အဲလေ ပန်းချီကားနာမည် က “ခိုင်မြဲခြင်းသစ်ပင်” တဲ့ ‘ယိုင်လဲခြင်း ဖြစ်အင်’ ပေးထားတာမဟုတ်ဘူး’
‘ဘာပြောတယ်’
‘အောင်မြတ်လေး’
နောက်မှကပ်၍ ဆောင့်ကာပြောလိုက်သော စကားကြောင့် ရာဇာလန့်သွားသည်။ လှည့်ကြည့်တော့ မရွှေချော နတ်သမီးလေး ယမင်းနွယ်။ သူကမန်းကတန်း ရယ်ပြလိုက်သည်။
“ဟဲ ဟဲ ဟဲ”
‘နွားပွဲစား မဟုတ်ဘူး၊ သွားလာဖြဲပြမနေနဲ့’
‘အမ်’
ဘယ်ကတည်းကဆော်ချင်နေမှန်းမသိသော ‘မိဖြူ’ က ရာဇာကို ဆော်ထည့်သည်။ ရာဇာ ‘အမ်’ ဆိုတာကလွဲပြီး ဘာမှပြောမထွက်။ ကြည့်ဦး လူအရှင်လတ်လတ်ကနေ နွား ဖြစ်ရလေပြီ . . .
‘နင်တို့ အနုပညာကိုခံစားတတ်တာလည်း မဟုတ်ဘဲနဲ့ ဟိုစွပ်စွဲ ဒီစွပ်စွဲ လာမလုပ်နဲ့ ငါကိုယ်တိုင် ဒီပန်းချီကားကိုဆွဲလို့ ငါ့ခုံနံပါတ်တပ်ထားတာ၊ နင်တို့စိတ်နဲ့ မနှိုင်းနဲ့ သိလား’
‘သိပါတယ် ဟဲဟဲ’
‘သွားဖြဲပြပြန်ပြီ နွားပွဲစားမဟုတ်ပါဘူးဆို’
ယမင်းက ရာဇာ့ကိုအပြစ်တင်လေသမျှကို ကျေအေးချင်အောင် ရယ်ပြကာမှ မိဖြူက ဒုတိယမ္ပိ ဆော်ပြန်သည်။
‘ငါ့ ပန်းချီခေါင်းစဉ်ကို ‘ခိုင်မြဲခြင်းသစ်ပင်’ လို့ ပေးထားတာကိုလည်း ‘ယိုင်လဲခြင်း ဖြစ်အင်’ ဖြစ်အောင်လုပ်ချင်နေတယ် နားမလည်ရင်လည်း နားမလည်သလိုနေပေါ့၊ တကယ်ဆို ဒီပန်းချီပြခန်းက အနုပညာခံစားတတ်တဲ့ လူတွေ ပဲလာသင့်တာ’
ယမင်းက မမောနိုင်မပန်းနိုင်ဆိုသည်။ အပြစ်တင်သည်။
‘ငါတို့လည်း အနုပညာခံစားတတ်လို့ဝင်ကြည့်တာပေါ့ဟ၊ အပျော်သဘောနဲ့ပြောတာဝေဖန်တာတွေ ခံနိုင်ရည်မရှိရင် အစောကြီးကတည်းက ဒီပန်းချီကား မဆွဲသင့်ဘူးဟ သိလား၊ ဆွဲခဲ့မိရင်တောင် သေတ္တာထဲထည့်သော့ ခတ်ထားရမှာ ’
ကောင်းထက်က ဘုပြန်တောသည်။ ရာဇာက ‘လာပါကွာ ဈေးပွဲတော် ဘက်သွားရအောင်ပါ’ ဟုဆိုရင်း ကောင်းထက်ကိုဆွဲခေါ်သည်။ အရည်ပျော်လောက်သော မျက်စောင်းအကြည့်ဖြင့် ကြည့်ရင်း မိဖြူနှင့် ယမင်းတို့ နှစ် ယောက် သား ထိုပန်းချီကားရှေ့မှာ ရပ်ကျန်ခဲ့သည်။
ဈေးပွဲတော် အ၀င်မှာ က ‘အင်းသား’ စာပေနှင့် ယဉ်ကျေးမှု အသင်းမှ အင်းခေါင်ရည်နှင့် အင်းမုန့်တီဆိုင်၊ အဆောင်အတူနေသူငယ်ချင်း အယ်သန့် (ခေါ်) မျိုးမင်းသန့်က ထိုအသင်းတွင် အင်းကျောင်းသား အတွင်းရေး မှူးမို့ ကဒ်နှစ် ကဒ်လာရောင်းတာ အလကားမတ်တင်းဖြင့် ၀ယ်ထားပေးရသည်။
‘ဟာ . . . လာ လာ ရာဇာနဲ့ကောင်းထက် ငါအစောကြီးကတည်းကမျှော်နေတာ’
အင်းသံဝဲ၀ဲဖြင့် ဖိတ်ခေါ်သည်။
‘ဟုတ်လား ဒါနဲ့ အယ်သန့် ခေါင်ရည်နဲ့ မြည်းဖို့ ဘာရှိလဲ တစ်ခုခုစီစဉ်ပေးဦးလေကွာ’
‘ရမယ် စိတ်ချ’
အယ်သန့်က ‘အင်း’ ခေါင်ရည်နှင့် ‘အင်း’ ပဲလှော်၊ ပဲပုပ်စေ့လှော်တို့ကို ယူလာကာချပေးသည်။
ရာဇာ ပိုက်စိုက်ထားသော အအေးပုလင်းကိုယူကာ တစ်ငုံသောက်ကြည့်လိုက်သည်။ ပူနွေးရှတသော အရသာက လည်ချောင်းမှ ဆင်းသွားသည်။ အယ်သန့်က ‘ဘယ်လိုလဲ’ ဟု မေးဆတ်ကာမေး၏ ။ ရာဇာက လက်မထောင်ပြသည်။ ကောင်းထက်ကလည်း တစ်ငုံစုပ်ယူကာ မြည်းကြည့်သည်။
“ဟကောင် အယ်သန့် ဘယ်အချိန်ရေထိုးမှာ လဲ၊ အင်းမုန့်တီထဲနဲ့ ခေါင်ရည်ထဲထိုးဖို့ ရေရောအလုံအလောက်ရှိရဲ့လား”
‘အောင်မာ လဒ မင်းတို့ Zool က ကြက်ဥကင်လို အင် မဟုတ်ဘူး၊ အမှန်အကန် ရောင်းတာကွ’
အယ်သန့်က ရယ်ရင်းပြောသည်။ အင်းခေါင်ရည်က ခပ်ထွေထွေလေး ဖြစ်သည်ဆိုရုံမျှသာ ဖြစ်သည်။ မိန်းကလေးများ ပင်သောက်နိုင်အောင် အပျော့စားကို စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် မိန်းကလေးများ ကတော့ ခေါင်ရည်ထက် အင်းမုန့်တီကိုသာ နှစ် ခြိုက်ကြသည်။ မိန်းကလေးဆိုသည်ကလဲ အစားကို အသောက်ထက် ပိုခုံမင်ကြသည် မဟုတ်ပါလား။
‘မင်းတို့မယုံရင် ဆိုင်နောက်မှာ လာကြည့်ပါလား အမှန်အကန်ဆိုတာ သိရအောင်ပေါ့၊ အဲ နောက်မှာ တာဝန်ယူတဲ့ အင်းသူတွေ ဘယ်လောက်လှလဲဆိုတာ တစ်ခါထဲကြွားရအောင် ဟဲဟဲ’
‘ဟေ ဟုတ်လား ဟကောင် ရာဇာ ထ သွားကြည့်ရအောင်’
စိတ်မြန်လက်မြန်ရှိသော ကောင်းထက်က လက်ကျန်ဖြတ်ပြီး ပဲပုပ်စေ့တစ်ဆုပ်ကို ကြုံးသည်။ ပြီးနောက် ပါးစပ်ထဲတချို့ ပစ်ထည့်ရင်း ၀ါးသည်။ ရာဇာလည်း အညွှန်းကောင်းသော အယ်သန် အပြောကြောင့် ထရပ်သည်။
ဆိုင်နောက်ဘက်သွားရန် ကာထားသော လိုက်ကာစကို ဆွဲဖယ်ကာအယ်သန့်ကရှေ့မှ ဦးဆောင်သည်။ ရာဇာနှင့် ကောင်းထက်က နောက်မှလိုက်သည်။
‘ဟေ့ မယ်သင်းတို့ သီတာဝင်းတို့ ဒီမှာ နင်တို့ကိုလာကြည့်တာတဲ့’
‘ဟာ ဒေါက်မဖြုတ်နဲ့လေ’
ရောက်ရောက်ချင်းလုက်လိုက်ပုံ အယ်သန်က ပြောတော့တစ်မျိုး လုပ်တော့တစ်ဖုံ။ ( အင်းသူအင်းသားများ က ယောက်ျားဆို ‘အယ်’ ၊ မိန်းကလေးဆို ‘မယ်’ ဟု (အမည် ရှေ့မှာ ခံကာ) သုံးနှုန်းကြသည်။) အယ်သန့် လက်ညှိုးထိုးပြကာဆိုလိုက်သဖြင့် ရာဇာနှင့် ကောင်းထက် ရှက်သွားသည်။ ကောင်းထက်က အထက်ပါအတိုင်း ရှက်ရှက်ဖြင့် ဆိုသည်။ ‘ဒေါက်မဖြုတ်နဲ့’ ဟု။
“ဟာ မင်းတို့ပဲ မိတ်ဆက်ပေးဆို၊ လာ ငါ တစ်ယောက် ချင်း မိတ်ဆက်ပေးမယ်”
အယ်သန့်တစ်ဆင့်တက်ကာ ပြောသော စကားကြောင့် ရာဇာနှင့် ကောင်းထက် ရှက်ရပြန်သည်။ အင်းသူလေးများ က ရှက်နေသော သကောင့်သားနှစ် ယောက် နှင့် တမင်ချွတ်နေသော အယ်သန့်ကို ကြည့်ကာရယ်သည်။
ရာဇာနှင့် ကောင်းထက်လည်း ရှက်ရှက်ဖြင့် တစ်ယောက် ကို တစ်ယောက် ကုတ်ကာ အချက်ပေးရင်း ဆတ်ခနဲလှည့်ကာ အပြေး ဆိုင်ပြင်ထွက်ရန် ပြင်သည်။ ကာထားသော လိုက်ကာကို ဆွဲဖယ်ပြီး ရာဇာရှေ့မှအထွက်။ တစ်ဖက်မှဝင်လာသော သူနှင့် တိုက်မိသည်။
‘ခွပ်’
‘အား၊ ကုလားကြီး’
‘ခွပ်’ ဆိုတာက တစ်ဖက်မှဝင်လာသော ကောင်မလေးနှင့် ခေါင်းချင်းတိုက်မိ၍ ထွက်သော အသံ ဖြစ်ပြီး ‘အား ကုလားကြီး’ ဆိုသည်က ယောင်ကာ အော်လိုက်သော ထိုကောင်မလေး၏ အသံ။
‘Sorry နော်’
‘ဟာ မိဖြူ’
‘နင်တို့ကိုး’
ရာဇာနဖူးထိပ်ကိုစမ်းရင်းမော့အကြည့် တိုက်မိသူက ‘မိဖြူ’ ဖြစ်နေသည်။ မိဖြူက စကားပထမပိုင်း၌ တောင်းပန်သော Sorry ဆိုသည့် လေသံပျော့ကို ‘နင်တို့ကိုး’ ဆိုသော အံကြိတ်သံဖြင့် ချေဖျက်လိုက်သည်။ ယမင်းက ၀င်ဟောက်သည်။
‘ဒါ တမင်တိုက်တာ မဟုတ်လား’
‘ဟုတ်တယ်’
‘ဘာ’
‘အာ မဟုတ်ဘူး၊ လိုက်ကာက နိမ့်ပြီးသေးတော့ တစ်ဖက်ကလူလာတာ သိမှမသိရဘဲ၊ ဘယ်သူကအနာခံချင်မှာ လဲ၊ ငါလည်း ကမန်းကတမ်းငုံ့ဝင်လိုက်တော့ တိုက်မိတာပေါ့ Sorry ပဲ’
ယမင်းနှင့် ရာဇာက အစေးမကပ်၊ မိဖြူ ဘက်လှည့်ကာ ရာဇာက Sorry ကို ၀တ်ကျေတန်းကျေဆိုသည်။ ဟုတ်သည် အမြဲသူ့ကို အကောင်းမမြင်သော ကြောင့် ရာဇာ တစ်ယောက် စိတ်တိုမိသည်။
‘မိဖြူ’ က နှုတ်ခမ်းထော်ရင်း ထိပ်ကိုပွတ်သည်။ ‘ရတယ် ရတယ်’ ဟု ခပ်ဆောင့်ဆောင့် ပြန်ပြောသည်။
‘မင်းတို့ နောက်တစ်ခေါက် လာခဲ့ကြဦးနော်’
အရေး ထဲအယ်သန့်က အားနာပါးနာ ဖြစ်သွားရာမှ ရာဇာတို့ကို စ ဖြစ်အောင်စသည်။
‘တော် ပြီ တော် ပါပြီ အစ်ကိုကြီးအယ်သန့် သားသား ကြောက်ကြောက်’
ကောင်းထက်က အခဲမကျေစွာ နှုတ်ခမ်းထော်ထားဆဲ ‘မိဖြူ’ ကို မေးဆတ်ရင်းဆိုသည်။ ဒါကို မြင်သော မိဖြူက မျက်စောင်းထိုးသည်။
‘ကဲ သွားပြီ အယ်သန့်’
အယ်သန့်ကို နှုတ်ဆက်ရင်း နဖူးထိပ်ကိုပွတ်လျက် ရာဇာတို့ ‘ဓနု’ စာပေနှင့် ယဉ်ကျေးမှု အသင်းကဖွင့်သော ဆိုင်ဘက်ကို ထွက်ခဲ့ကြသည်။ ထိုင်ဆိုင်၌ ‘ဓနု’ အစားအစာများ ဖြစ်သော အာလူးထမင်းနယ်၊ ဟင်းထုပ် စသည်များ ရောင်းချသည်။
ထိုအသင်း၏ ကျောင်းသားအတွင်းရေး မှူး ကိုကျော်စိုးလွင်မှာ အဆောင်အတူနေ အစ်ကိုကြီးလို ခင်မင်ရသူမို့ လက်မှတ်တစ်စောင်စီ ရာဇာတို့ကို ဖရီးပေးထားသည်။ ထိုအလကားမတ်တင်းရသော မေတ္တာလက်ဆောင်လက်မှတ်ကိုယ်စီဖြင့် ‘ဓနု’ အသင်းဆိုင်ကိုအ၀င် အင်မတန်စကားနည်းသော အဆောင်မှသူငယ်ချင်း ဇေယျာထွန်းကို တွေ့ လိုက်ရသည်။ ဇေယျာထွန်းမှာ အယ်သန့်နှင့် မေဂျာချင်းတူသူ ဖြစ်သည်။ Bot: ကျောင်းသား ဖြစ်ပြီး Zoo: နှင့် ပထမနှစ် တစ်နှစ် လုံး မိုင်နာအတူမို့ တွဲ ဖြစ်ကြသော ဘော်ဒါများ ဖြစ်ကြပြီး ပြောမနာဆိုမနာ ခင်မင်ကြသူများ ဖြစ်သည်။
ဇေယျာထွန်းက ရာဇာတို့ကို မြင်သည်နှင့် ၀မ်းသာအားရဖြင့် လက်ပြသည်။ “ငါမျှော်နေတာ” ဟု တိုတိုတုတ်တုတ် နှုတ်ဆက်သည်။ စကားနည်းသူကိုး။
‘ဟာ မင်းသားတွေ လာကြပြီလား၊ ပြော ညီလေးတို့ ဘာစားမလဲ’
‘အာလူးထမင်းနယ် စားမယ်’
ပြုံးပြုံး ပြုံးပြုံးဖြင့် ရောက်လာသော ကိုကျော်စိုးလွင်က မေးသဖြင့် ရာဇာနှင့် ကောင်းထက်က ပြိုင်တူဖြေသည်။ ဇေယျာထွန်းက ‘အာလူးထမင်းနယ်နှင့် တွဲ ဖက်၍ စားရသော ဂျူးမြစ်နှင့် ပင်းတယ၏ နာမည် ကျော် ဂျူးပဲပုပ်ကြော်တချို့ကို စားပွဲပေါ်မှာ ရှိပြီးသား ပန်းကန်ထဲ ဖြည့်ပေးသည်။
‘ကဲ ငါ့ညီတို့ ပင်းတယသူ၊ ရွာငံသူ၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရပ်စောက်သူတွေ ဆိုင်ထဲမှာ အပြည့်ရှိတယ်’
‘ခင်ဗျာ’
ကိုကျော်စိုးလွင်အပြောကြောင့် ရာဇာနှင့် ကောင်းထက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကြသည်။ စောစောလေးကတင်မှ ခဲမှန်ထားသော စာသူငယ်များ မို့ ‘ရပါတယ်ဗျာ ဟဲ ဟဲ’ ဟု မငြင်းချင်ဘဲ ငြင်းရသည်။
ထိုအချိန်တွင် ယမင်းနှင့် မိဖြူလာနေတာကို ရာဇာတွေ့ သဖြင့် ဘေးမှ ကောင်းထက်ကို တွန်းရင်းသတိပေးလိုက်သည့်အခါ သူ့ခမျာ ပါးစပ်ဝယ်အာလူးထမင်းနယ်တေ့နေသော ဇွန်းကချော်ကာ အောက်သို့ကျသည်။
ဒါကို မိဖြူကမြင်ကာ ရယ်သည်။ ယမင်းကိုပါ ပြောပြနေသည်မို့ ကောင်းထက် ရှက်သွားသည်။ သို့သော် သူ့ပန်းကန်ကိုလက်ဖြင့် ကာ ကာ မိဖြူတို့လာယူစားမှာ စိုး၍ ဖွက်သည့်ပုံလုပ်လိုက်သည်။ မိဖြူက မျက်စောင်းထိုးသည်။
ဗိုက်လည်းပြည့်ကြပြီမို့ နှစ် ယောက် သား တစ်ယောက် ကို တစ်ယောက် ကြည့်ကြသည်။ ‘ဘယ်သွားကြမလဲ’ ဆိုသည့်သဘော။
တကယ်တော့ သူတို့ဈေးပွဲတော် မှာ စားရန် ကဒ်အချို့ ကျန်သေးသည်။ သို့သော် ဗိုက်ကပြည့်နေလေပြီ။ ပါဆယ်ထုပ်ပြန်ကြသော ကျောင်းသူများ ကဲ့သို့လည်း သူတို့ကထိုပါဆယ်ကြီး တကားကားဖြင့် မသွားချင်ကြ။
‘ပအိုဝ့်’ စာပေနှင့် ယဉ်ကျေးမှု အသင်းရှေ့မှာ အတန်းဖော် ခွန်စိန်ညွန့်က အိုးစည်တီးနေရင်းမှ လှမ်းပြုံးပြသည်။ ၎င်းမှာ ပင်လောင်းနယ်ဘက်မှ ဖြစ်ပြီး သူလည်း Zool မေဂျာ ကျောင်းသား ဖြစ်သည်။
မေဂျာအလိုက်ဖွင့်သော ဆိုင်တန်းကြီးများ အပြင် တိုင်းရင်းသားများ ၏ ရန်ပုံငွေရှာသော ဆိုင်များ ကြောင့် ဘုရားပွဲငယ်တစ်ခုကဲ့သို့ လူများ ပြည့်လျှံနေသည်။ ကျောင်းပြီးသွားကြသော်လည်း ကျောင်းအပေါ်သံယောဇဉ်အပြည့်ဖြင့် လာရောက်အားပေးကြသူများ ၊ ကျောင်းသားမိဘများ ၊ စနေ တနင်္ဂနွေကျောင်းပိတ်ရက် ဖြစ်၍ တက္ကသိုလ်အရသာကို လာခံစားကြသော စတိတ်ကျောင်းမှ ကိုးတန်း ဆယ်တန်း ကျောင်းသူ ကျောင်းသားများ စသည်ဖြင့် ဧည့်သည်များ နှင့် ဈေးပွဲတော် မှာ စည်ကားလျက်။
မေဂျာများ က ထိုပွဲမှရသော ရံပုံငွေဖြင့် မေဂျာအတွင်းလိုအပ်သော ပစ္စည်းများ ဖြည့်တင်းခြင်း၊ ကျောင်းသူကျောင်းသားများ လေ့လာရေး ခရီးသွားရန် ရံပုံငွေထားခြင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲများ အတွက် စသည့်ဖြင့် အသုံးပြုကြ၏ ။ တိုင်းရင်းသားဆိုင်များ ကလည်း ထိုနည်းတူပင်။
တချို့မေဂျာ ကတော့ စားသောက်ဆိုင်အပြင် ကာရာအိုကေပါ ပါသည်။ ပျော်ရွှင်ဖွယ် ကစားနည်းမျိုးစုံကိုလည်း ထည့်သွင်းထားကြသည်။ ဥပမာ - မြှားပစ်၊ ဘောလုံးပစ်၊ ကားတာယာထဲဘောလုံးထည့်ကန်ခြင်း၊ ရေဇလုံထဲမှ စတီးပန်းကန်ထဲသို့ အဝေးမှအကြွေစေ့ပစ်ထည့်ရခြင်း၊ သားရေကွင်းဖြင့် အရုပ်များ ကို ပစ်ရခြင်း စသည်ဖြင့် ပျော်ပွဲရွှင်ပွဲမှာ ကစားနည်းမျိုးပေါင်း စုံလင်ကြသည်။
တချို့မေဂျာ ကတော့ ၀ါးပင်၏ အဖျားကို မြေမှာ စိုက်ကာ အခက်တို့တွင် မဲများ ချိတ်ထားကာ ထိုတိုးလိုတွဲ လောင်းမဲများ ကို ကံစမ်းကြသည်။ ဗလာမပါမဲ ဖြစ်ကာ အနည်းဆုံး ခေါင်းလျှော်ရည်ထုပ်တော့ ပေါက်သည်။ အကြီးဆုံးဆုမှာ နာရီ၊ ဆုမဲကြီးပေါက်လို့ ပျော်သူနှင့် ခေါင်းလျှော်ရည်ပေါက်၍ အော်သူစသည်ဖြင့် ပျော်ရွှင်စွာ ဆူညံလျက်။ ဆောင်းဘောက် (စ်)မှ သီချင်းသံများ ၊ အိုးစည်သံ စသည်ဖြင့် ပွဲတော် မှာ သာယာလွန်းလှသည်။
ဗိုက်အတော် ကြီးကို ပြည့်နေပြီမို့ နှစ် ယောက် သား အဆောင်ပြန်ခဲ့ကြသည်။ နောက်ရက်ကျန်အတွက် အားမွေးရဦးမည် မဟုတ်ပါလား။ ဈေးပွဲတော် က မနက်ဖြန်နှင့် ယနေ့ နှစ် ရက်တည်းသာ ဖြစ်သည်လေ။
‘ဧရာဝတီ’ မှာ နံနက်စာ လက်ဖက်ရည်သောက်ရင်း မြင်လိုက်ရသော မြင်ကွင်းက ရာဇာ့နှလုံးသားကို ဖိညှစ်လိုက်သလိုမျိုး ရင်ဘတ်မှာ အောင့်ကာ ကျင်တက်သွားရသည်။ ကြည့်ပါဦး တစ်လောကလုံး သူတို့သာရှိသည် အောက်မေ့နေကြလားမသိ။ မြတ်နိုးရပါသော ယမင်းနှင့် ဆန်းဝဏ္ဏ သူတို့ ဘေးခပ်ခွာခွာမှ မိဖြူ . . .
ရာဇာ တစိုက်မတ်မတ်ကြည့်နေရာသို့ ကောင်းထက်လိုက်ကြည့်ပြီး၊ ရာဇာ့ အတွေးနှင့် ခံစားချက်ကို ခန့်မှန်းမိသည်။
ရာဇာအကြည့်လွှဲလိုက်သော်လည်း ရယ်မောနေပါသော ယမင်းနှင့် သွားသုံးဆယ့်နှစ် ချောင်းစလုံးပေါ်အောင် ကျက်သရေမရှိ ယောက်ျားတန်မဲ့ ပါးစပ်တစ်တောင်ခန့်ဖြဲကာ ရယ်နေသော ဆန်းဝဏ္ဏတို့ပုံရိပ်က အာရုံဝယ်စွဲထင်သည်။
‘ဟိုကောင် ခြေလှမ်းတော် တော် စိပ်နေတာပဲကွ’
ကောင်းထက်အပြောကို စိတ်မပါတပါ ခေါင်းညိတ်ပြလိုက်သည်ထင်သည်။ နံနက် ၉ နာရီမှ ၁၁နာရီအထိ မေဂျာဌာနမှ ဆိုင်၌ ရောင်းကူရမည် ဖြစ်သည်။ သူတို့လည်း ရောင်းကူကြမည် မို့ မြင်ရပေဦးမည် ဟု မသက်မသာပင် ရာဇာတွေးသည်။ သက်ပြင်းမောကို ချသည်။
လက်ဖက်ရည်ဖိုးရှင်းကာ စိတ်ညစ်ညစ်ဖြင့် ဈေးပွဲတော် သို့ ထွက်ခဲ့သည်။ ညီအစ်ကိုလို နှစ် ကိုယ့်တစ်စိတ် ဖြစ်သော ကောင်းထက်က အလိုက်သိစွာ ဖြင့် ဆိတ်ငြိမ်စွာ လိုက်လာသည်။
‘ယမင်းရေ ဧည့်သည်’
‘ဟုတ်ကဲ့ လာပြီ မမကြီး’
အဆောင်မှူး၏ ခေါ်သံကိုပြန်ထူးရင်း ‘ယမင်း’ အံသြနေမိသည်။ ဘယ်သူ့ကိုမှလည်း ချိန်းမထား၊ ရေချိုးခေါင်းလျှော်ထားသည်မို့ ဆံပင်ကို Hair Dryer ဖြင့် အမြန်ခြောက်အောင်မှု တ်ပြီး အဆောင်အောက်ထပ်သို့ အပြေးတစ်ပိုင်းဆင်းခဲ့သည်။
ဧည့်ခန်းမှာ ထိုင်နေသော ‘ဆန်းဝဏ္ဏ’ က ‘ယမင်း’ ကို မြင်မြင်ချင်း ပြုံးပြသည်။ ချောပါသည်။ ဆန်းဝဏ္ဏသည် တော် တန်ရုံ မိန်းကလေးလောက်ကိုတော့ ထိုအပြုံးတစ်ချက်နဲ့ပင် အတော် စည်းရုံးနိုင်ပေလိမ့်မည် ။
သို့သော် . . .
ယမင်းအတွက်မူကား စိတ်ရှုပ်စရာသာ ဖြစ်သည်။
‘ကိုဆန်းဝဏ္ဏပါလား ဘယ်လာရင်းနဲ့လဲ’
လောကွတ်စကားကိုဆိုရင်း မျက်စောင်းထိုးခုံမှာ ယမင်းဝင်ထိုင်သည်။
‘သြော် ဒီနားကသူငယ်ချင်း အဆောင်လာရင်းနဲ့လေ၊ ယမင်းတို့ အဆောင်တွေ့ တော့ သတိရတာ နဲ့ ၀င်လာတာ၊ ဒါနဲ့ ဒီနေ့မနက်ပိုင်း တာဝန်ကျေရောင်းကူရမဲ့ လူတွေ ထဲမှာ ယမင်းပါတယ်မဟုတ်လား’
‘အင်း ပါတယ်’
‘ဒါဆိုအတူတူသွားရအောင်လေ။ ကျွန်တော် လည်း မနက်ပိုင်းတာဝန်ကျထဲမှာ ပါတယ်’
‘ဟို မိဖြူက ရေချိုးတုန်းမို့လို့ စောင့်ရဦးမှာ ကိုဆန်းဝဏ္ဏ သွားနှင့် လိုက်ပါ ယမင်းတို့ လိုက်လာခဲ့မယ်လေ’
ဟာ ရပါတယ်ဗျာ အချိန်ရှိသေးတာပဲ ကျွန်တော် စောင့်ပါမယ် အတူတူပဲသွားကြတာပေါ့’
‘မဟုတ်တာ အားနာစရာကြီး မိဖြူက ရေချိုးရင် အရမ်းကြာတာ’
‘ရပါတယ်ဗျာ အေးဆေးပေါ့ ကျွန်တော် စောင့်နိုင်ပါတယ်’
ယမင်း စိတ်ညစ်သွားမိသည်။ ‘ဘယ်လို ပလာစတာပါလိမ့်’ ဟု ခပ်ချဉ်ချဉ်တွေးသည်။ ဒါမျိုးဇွတ်လိုက်ကပ် လိုက်ညုတာမျိုးကို ယမင်းမကြိုက်။ လူမှု ရေး အရ အားနာစရာကလည်း ကောင်းပြန်သည်မို့ ‘အဲဒါဆို ခဏစောင့်နော်’ ဟု ပြောရင်း အပေါ်ထပ်သို့ စိတ်ပျက်လက်ပျက် ပြန်တက်ခဲ့မိသည်။ မိဖြူက ရေချိုးခန်းထဲမှ ထွက်လာကာ အခန်းထဲအ၀င်နှင့် ဆုံသည်။
‘မိဖြူရေ ကိုဆန်းဝဏ္ဏရောက်နေတယ်၊ ကျောင်းကို အတူသွားရအောင်တဲ့ . . .’
အကြောင်းစုံကို စိတ်ပျက်လက်ပျက်ဖြင့် ပြောပြတော့ မိဖြူက တစ်ချက်ရယ်သည်။
‘ငါ့တာဝန်ထား ငါပညာပြလိုက်မယ် နင်လည်း အေးအေးဆေးဆေး စိန်ပြေနပြေသာပြင်၊ အဲဒီ လောက်မှ စောင့်ချင်ရင် စောင့်စမ်းပါစေဟယ် သူ့ဒုက္ခနဲ့သူ’
မိဖြူကပြောရင်း Hair Dryer ဖြင့် ဆံပင်တို့ကို စိမ်ပြေနပြေ ဖြီးသင်သည်။ ထို့နောက် အ၀တ်ရွေးသည်။ တစ်စုံကပ်ကြည့်လိုက် မကြိုက်သဖြင့် ပြန်ချလိုက်၊ မှန်ရှေ့မှာ နောက်တစ်စုံကပ်ခါကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။
ဘာမှထူးထူးခြားခြား ပြုပြင်မနေသော ယမင်းက မိဖြူကိုကြည့်ရင်း စိတ်ညစ်ညစ်ဖြင့် ဟတ် ခနဲရယ်သည်။
‘ကဲပါ မိဖြူရယ် ငါအားနာပါတယ်ဟာ သွားကြရအောင်’
‘အေး အေး အဲဒီ ကစတာပဲ အားနာရာကနေ ဟွန့် ငါမပြောချင်ဘူး’
ယမင်းကို မျက်စောင်းထိုးရင်း မိဖြူဆိုသည်။ နှစ် ယောက် သား အခန်းတံခါးသော့ ပိတ်ကာ လှေကားပေါ်မှ ခပ်ဖြည်းဖြည်းဆင်းတော့ ဂဏှာမငြိမ်မျှော်နေရှာသော ဆန်းဝဏ္ဏ မျက်နှာသုန်မှု န်နေရာမှ ပြုံးလာသည်။
‘အားနာလိုက်တာ မိဖြူ ကရေချိုးရင် အရမ်းကြာတာ၊ ဒါတောင် ယမင်းက ကိုဆန်းဝဏ္ဏစောင့်နေတယ်ဆိုလို့ အမြန်ချိုးလိုက်ရတာ အဟင်းဟင်း’
ဆန်းဝဏ္ဏကို ပြုံးပြရင်း မုသာဝါဒကို တွင် တွင် သုံးကာ ရွှန်းရွှန်းဝေအောင် ပြောနေသော မိဖြူ ကိုကြည့်ရင်း ယမင်းရယ်ချင်သည်။ မရယ်ချင့် ရယ်ချင်ဖြင့် လုပ်လိုက်သော ‘အဟင်းဟင်း’ ဆိုတာကြီးက အိုဗာကျလွန်းသည်လေ။
‘ဟာ ရပါတယ်ဗျာ၊ ဒါနဲ့ စိတ်မဆိုးနဲ့နော် ဖြူဖြူလင်းက ရေကို နေ့တိုင်းပဲ ချိုးလား’
‘ဘာ’
‘သြော် မဟုတ်ပါဘူး’
‘ဘာမဟုတ်တာလဲ’
‘ဟိုဗျာ၊ ဒီလိုပါ ရေကိုအဲဒီ လောက် စိမ်ချိုးတယ်ဆိုတော့လေ အအေးမပတ်ဘူးလား၊ ဥပမာ ကျွန်တော် ဆို ရေကြာကြာချိုးလို့မရဘူး၊ အဆုပ်အအေးမိလွယ်လို့လေ’
ဆန်းဝဏ္ဏ မိဖြူ ကြပ်သမျှ ခံနေရသည်။ သူ့ခမျာ ပျာပျာသလဲရှင်းပြရှာသည်။
‘သြော် ဒါလား မိဖြူက ကျန်းမာရေး ကောင်းနေသေးလို့လားတော့ မသိဘူး၊ ရေ ဒီလောက်စိမ်ချိုးလည်း ဘာမှမ ဖြစ်ဖူးဘူး’
‘ကဲ အဲဒါတွေ လမ်းရောက်မှပြော သွားရအောင်’
ယမင်းကပင် စကားဖြတ်ပေးရသည်။ တော် ကြာနှစ် ယောက် သားရေချိုးသည့်ကိစ္စကို ဗာရာဏသီချဲ့ကာ မပြီးနိုင်မစီးနိုင် ဖြစ်နေဦးမည် ။ သုံးယောက် သားအဆောင်မှ ထွက်ခဲ့ကြသည်။
ကုန်းမြင့်ပေါ်ကဆင်းလာပြီး ‘ဧရာဝတီ’ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေသော ရာဇာ့ကို ယမင်း မိန်းမတို့တက်အပ်သော ကြည့်ခြင်းပညာဖြင့် မြင်ပြီး ဖြစ်သည်။
ထို့ကြောင့် . . .
ဆန်းဝဏ္ဏဘက် တမင်တိုးကာ ရယ်စရာမဟုတ်လည်းရယ်၊ ဟုတ်လည်းရယ်ဖြင့် တမင်အိုဗာကျပေးလိုက်သည်။
ဘာကြောင့် မှန်းတော့မသိ ရာဇာ့ကိုမြင်သည်နှင့် အရွဲ့တိုက်ချင်စိတ်ယမင်းမှာ အမြဲပေါ်သည်။
ရာဇာ မျက်နှာပုပ်သိုးနေမှာ ကို မကြည့်သော်လည်း ယမင်းသိသည်။
ဤသို့ လုပ်လိုက်ရခြင်းအတွက် နေရထိုင်ရကောင်းသွားသလို ယမင်းခံစားရသည်။ နေရာတကာ ကဲ့ရဲ့တတ်၊ စတတ်နောက်တတ်သော သူ အခုလည်း ဆန်းဝဏ္ဏနှင့် ယမင်းကို ကြည့်ကာ ‘တစ်ခုခုပြောချင်နေမှာ ပေါ့’ ဟု တွေးမိသည်။
‘သွားစမ်းပါ နင့်လိုကောင်ကို ငါက ဂရုမစိုက်သေးဘူး’
ဟို ကတော့ ဘယ်လိုနေမည် မသိ။ ယမင်း ကတော့ တစ်ဖက်သတ် ရန်ငြိုးဖွဲ့ကာ စိတ်ထဲမှာ တွေးပစ်နေသည်။
‘အဲဒါ ယမင်းသိတဲ့အတိုင်းပဲလေ ကျွန်တော် ကလည်း တော် ရုံတန်ရုံ မိန်းကလေးဆို စကားတောင်ပြောတာမဟုတ်တော့ တချို့က မာနကြီးတယ် ကြီးကျယ်တယ်ပေါ့ဗျာ ပြောကြတာပေါ့’
‘ဟုတ်လား’
ဆန်းဝဏ္ဏက ယမင်းကိုဦးတည်ကာ ကိုယ်ရည်သွေးနေသလောက် ယမင်းက တွေးချင်ရာတွေးနေသည်မို့ မိဖြူက ဖော်လိုလိုက်ပေးနေရသည်။ ဖော်လိုအပေါ်တင်ကြီး ‘ဟုတ်တယ်’ ဟု အံ့အားသင့်ချင်ယောင်ဆောင်ကာ ၀င်ထောက်လိုက်သဖြင့် ဆန်းဝဏ္ဏမှာ ‘ဟုတ်တယ်’ ဟု ပြောရမှာ မဟုတ်။ ခေါင်းညိတ်ပြရမှာ မဟုတ်ဖြင့် နင်တင်တင်ကြီး ဖြစ်သွားသည်။
ပျက်သွားသော အမူအရာကို ဆန်းဝဏ္ဏလိုက်ထိန်းသည်။ ဤသည်ကိုပင် သိနေသော ယမင်းက သူ့ကိုကြည့်ကာ မျက်နှာကိုမသိမသာ ရှုံ့သည်။
‘ဟော သားတို့လာကြပြီလား။ လာ သမီးတို့လာ’
Zool မေဂျာဆိုင်၌ ရောက်နှင့် နေသော ဆရာမ ဒေါ်ဌေးဌေးကယမင်းတို့ကို နှုတ်ဆက်သည်။ ဆရာမ ဒေါ်သီတာဝင်းနှင့် ဒေါ်မီးမီးတင်သိန်းတို့က ခေါင်းညိတ်ရင်း ပြုံးပြသည်။
ယမင်းတို့လည်း ကြက်ဥကင်များ ကို သပ်သပ်ရပ်ရပ်စီကြပြီး ကြက်သားသာကူနှင့် ရှမ်းခေါက်ဆွဲတို့ ပါဆယ်ဆွဲသူများ လာလျှင် အသင့်ထည့်ပေးနိုင်အောင် စီစဉ်ကြသည်။
‘ဟဲ့ ယမင်းကြည့်စမ်းပါဦး ဟိုအရူးနဲ့ ဧကရီသင်း ဘာတွေ ပွဲကျနေလဲမသိဘူး’
‘မိဖြူ’ ပြောသဖြင့် ယမင်းဖျပ်ခနဲ လှမ်းအကြည့် မိမိကိုစိုက်ကြည့်နေသော ရာဇာနှင့် ဆုံသည်။ ဘေးမှာ အင်မတန်ချောမောသော ဧကရီသင်းနှင့် အတူ တွဲ လျှောက်နေရသဖြင့် တော် တော် လေးကြွားဝင့်နေဟန်တူသည်။ ရယ်ရယ်မောမောဖြင့် ။
ပြုံးနေလိုက်ပုံများ အကြွေးယူတော့မည့်  ဈေးဝယ်ထက်အများ ကြီး အိုဗာကျလွန်းသည်။ ဧကရီသင်းနဲ့များ . . .
‘အို သွားစမ်းပါ နင့်ဖာသာနင် နတ်သမီးနဲ့ပဲ ဖြစ် ဖြစ် ငါနဲ့မဆိုင်ဘူး’
ဝင်လာသော အတွေးတို့ကို ခေါင်းထဲမှ ‘ယမင်း’ ခါထုတ်သည်။
‘ဟဲ့ ယမင်း ဘာတွေ ခေါင်းခါနေတာလဲ’
‘ဟင် ငါလား ဘာမှမ ဖြစ်ပါဘူး’
မိဖြူ၏ အမေးကို ယမင်း အမြန်ပြန်ဖြေသည်။ ‘ဘာမှမ ဖြစ်ပါဘူး’ ဟု နှုတ်မှဆိုသော်လည်း ဘာမှန်းမသိ တစ်ခုခု ဖြစ်နေတာတော့ သေချာသည်။
‘ယမင်းတို့ ရောက်နေတာကြာပြီလား’
အင်မတန် ‘အစွမ်းကုန်’ လှနေသော ဧကရီသင်း၏ အမေးကို ပြန်ပြုံးပြရင်း ယမင်းဖြေရသည်။
သူမနှင့် အတူတူလာကြပြီး ပျောက်သွားသော ရာဇာ့ကို ယမင်း မသိမသာ ကြည့်ရင်းရှာမိသည်။ တွေ့ ပါပြီ သကောင့်သား ယခုနှစ် Zool မေဂျာ၏ အလှနတ်သမီးတစ်ပါး ဖြစ်သော ‘သိဂီင်္’ ၏ ဘေးမှာ ။
‘ဟင်း ဖြစ်နေလိုက်တာ၊ ဟိုမိန်းကလေးနားကပ် ဒီမိန်းကလေးနားကပ်နဲ့ တော် တော် နှာဘူးထတဲ့လူ’
ယမင်းလက်ကသာ ရှမ်းခေါက်ဆွဲတို့ကို ပြင်ဆင်နေရသော်လည်း စိတ်အစဉ်က ပျံ့လွင့်လျက်။ ‘အို ငါနဲ့မှမဆိုင်ဘဲ’ ဒုတိယမ္ပိ ခေါင်းထဲဝင်လာသော အတွေးတို့ကို ယမင်းခါထုတ်ရပြန်သည်။
‘ရှမ်းခေါက်ဆွဲတွေ တော့ ငံကုန်တော့မှာ ပဲ ဆရာမ ရယ် တချို့က သိပ်သန့်တာမဟုတ်ဘူး တီချယ်၊ လက်အိတ်ပေါက်သွားရင် ဒုက္ခ’
ဘေးမှမကြားတကြားပြောသော ရာဇာ့အသံကြောင့် ဒါသက်သက်မိမိကိုစောင်းမှန်း ယမင်းသိသည်။ တစ်ချက် ခပ်စူးစူးကြည့်လိုက်တော့ သူမဟုတ်သလိုလုပ်နေသည်။
‘တီချယ် ကြက်သားဖတ်တွေ အစကအများ ကြီး မဟုတ်လား၊ ဘယ်လိုလုပ်ပြီး လျှော့ကုန်ပါလိမ့်။ ပါဆယ်ထဲထည့်တာနည်းနည်း ပါးစပ်ထဲသွင်းတာက များ . . . များ ’
‘နင် ဘယ်သူ့ကိုပြောတာလဲ၊ နင်စောင်းပေါင်းများ ပြီနော်၊ တီချယ်သူလေ အကျင့်မကောင်းဘူး’
ရာဇာ့အား မျက်စောင်းထိုးရင်း အနီးမှ ဆရာမ ဒေါ်ဌေးဌေးကို လှမ်းတိုင်တော့ ဆရာမ ကရယ်သည်။ ယမင်းစိတ်ထဲမှာ တော့ နည်းနည်း တင်းသွားသည်။ သကောင့်သားကပြောပြီး ပြေးလေပြီ။
‘ယမင်း လက်အိတ်လိုသေးရင်ပြောနော်’
ဘယ်အချိန်ကတတည်းက ကပ်ချင်နေမှန်းမသိသော ဆန်းဝဏ္ဏကတစ်မှော င့် အားလုံးက လက်အိတ်ကိုယ်စီဖြင့် စားသောက်စရာများ ကို ကိုင်တွယ်နေကြသည်။ ယမင်းကိုယ်တိုင်လည်း လက်အိတ်စွပ်ထားပါသည်။ ဒါကိုပဲ စကားမရှိစကားရှာ ယမင်းဝတ်ကျေတန်းကျေခေါင်းညိတ်ပြလိုက်သည်။ ပွဲတော် အတွင်း လူကများ သထက်များ လာ သည်။ ဆိုင်မှာ စားသူများ ကို ပန်းကန်များ ဖြင့် ပြင်ဆင်ကာကြွေးရသလို ပါဆယ်ထုပ်ပြန်မည့် သူများ ကိုလည်း စီစဉ်ပေးရသည်။
‘ဟိတ် မောနေပြီလား’
ကောင်းထက် မိဖြူနားကပ်ရင်းမေးသည်။ မိဖြူကမျက်နှာကို တမင်တင်းကာ ပြန်မဖြေ။ နည်းနည်း တော့ ကောင်းထက်ရှက်သွားသည်။
ဖြူဖြူသင်းက သံပုရာသီးများ ကို အစိပ်ကလေးတွေ ဖြစ်အောင် လှီးနေခြင်း ဖြစ်သည်။ မိဖြူက သံပုရာသီးတစ်လုံးကိုယူကာ လှီးချလိုက်သည်။
‘အား’
လက်ကိုထိသွားသဖြင့် သွေးအနည်းငယ်စို့ရင်းထွက်လာသည်။ သံပုရာသီး၏ အချဉ်ဓာတ်က အနာအတွင်းဝင်ကာစပ်သဖြင့် လက်ကို ခါမိသည်။ ဒါကိုမြင်သော ကောင်းထက် ဆိုင်ဘေးမှ ကွမ်းယာဆိုင်အမြန်သွားပြီး ဟန်းနီးပလပ်နှစ် ခုပြေးဝင်သည်။
‘ရော့’
မျက်နှာရှေ့သို့ထိုးပေးသော အနာကပ်ပလာစတာကိုကြည့်ရင်း မိဖြူအံ့သြသွားမိသည်။ စိတ်မှာ လည်းမသိမသာကြည်နူးသွားသည်။
‘သွေးထွက်နေသေးလား မှန်း’
ကောင်းထက် ပိုင်စိုးပိုင်နင်းပင် မိဖြူ၏ လက်ကိုဆတ်ခနဲကိုင်ကာ ကြည့်သည်။ လက်ညှိုးမှစို့နေသော သွေးတို့ကိုတစ်ရှူးဖြင့် အမြန်သုတ်သည်။ ထို့နောက်ဟန်းနီးပလပ်(စ်) ကို သေချာစွာ ကပ်ပေးသည်။
တကယ်တော့ ‘မိဖြူ’ လက်ကိုရုန်းသင့်ပါသည်။ သို့သော် ရိုင်းရာကျသွားမည် စိုးတာကတစ်ကြောင်း၊ စေတနာစော်ကားမိမှာ စိုးတာက တစ်ကြောင်း စသည်ဖြင့် ငြိမ်နေခြင်း ဖြစ်သည်။ ရုန်းချင်စိတ်မပေါ်တာလည်း ပါသည်ပေါ့။
ကောင်းထက်က ‘မိဖြူ’ လက်ကိုကိုင်ရင်းသေသေချာချာ ကြည့်လိုက်သေးသည်။
‘ရပြီ ကျေးဇူးပဲ’
လက်ကိုင်ခွင့်ပါမစ်ကို အပြည့်အ၀အသုံးချနေသော ကောင်းထက်ကြောင့် မိဖြူလက်ကိုအသာဆွဲရင်းပြောရသည်။
‘ဘာ ဖြစ်တာလဲ မိဖြူ’
‘လက်ပေးသင်နေတာလား ကောင်းထက်’
ယမင်း၏ အမေးစကားနှင့် ရာဇာ၏ အနောက်စကားနှစ် ခုက ရှေ့ဆင့်နောက်ဆင့် တစ်ပြိုင်တည်းပေါ်လာသည်။ ဆိုင်သူနှစ် ယောက် က အမေးခံရသည်ကိုမဖြေဘဲ ရှက်ရှက်ဖြင့် မကြားချင်ယောင်ဆောင်ကာ မရှိသော အလုပ်ကိုရှာလုပ်နေကြသည်။
မေးမိသူနှစ် ယောက် ကမူ ကြောင်တောင်တောင်ပင် ဖြစ်၍ သွားသည်။ ‘ယမင်း’ ကတော့ ရာဇာ့ကိုမျက်စောင်းထိုးပစ်လိုက်သည်။ ‘လက်ပေးသင်နေတာလား’ တဲ့။ ဟွန်း၊ မိဖြူမို့လို့ပေါ့။ ယမင်းသာဆို ပွဲသိမ်းရိုက်ချက်ဖြင့် ပါးကို ‘ဖြောင်း’ ခနဲနေအောင် ဆော်ထည့်ပစ်မည် ။
ရာဇာ့ကို ယမင်းစိတ်ထဲမှ စိတ်ရှိလက်ရှိ ရိုက်ကြည့်ရင်း သဘောတွေ့ ကာပြုံးမိသည်။ ‘ဟဲ့ ယမင်း တီချယ်က ဂျူတီချိန်းလို့ရပြီတဲ့ ဆယ့်တစ်နာရီကျော်ပြီ နင် ဘာပြုံးနေတာလဲ’
‘ဘာမှမဟုတ်ပါဘူး’
ယမင်းကို မိဖြူ ကြောင်တောင်တောင်ဖြင့် ကြည့်သည်။ သူမ၏ သူငယ်ချင်း သိပ်အမူအရာပြောင်းနေသည်မဟုတ်ပါလား။
ထိုနေ့က ဈေးပွဲတော် နောက်ဆုံးရက် ဖြစ်သော်လည်း ပျော်ပျော်ရွှင်ရွှင် သိပ်မရှိလှ။ ယမင်း၏ စိတ်တွင် မည် သည့်အကြောင်းကြောင့် မသိ မနေ့ကလောက် မပျော်တာတော့အမှန်ပင်။
အဆောင်ကို စောစောစီးစီးပြန် ဖြစ်သည်။
Zool မေဂျာ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနေ့
ထိုနေ့ကို ရာဇာလုံးဝမမေ့။
နှုတ်ခမ်းမစူပါနဲ့ ကောင်မလေးရယ်
အလိုလိုကမှ အရမ်းချစ်နေရတဲ့ကြားထဲ
အဲဒီ နှုတ်ခမ်းစူတာလေးကြောင့်
ငါ နင့်ကို ပိုချစ်မိသွားရင် ဘယ်လိုလုပ်မလဲ။
မောင်မယ်သစ်လွင်ကြိုဆိုပွဲ အများ ဆုံးကျင်းပရသော တက္ကသိုလ်တစ်ခုကို ညွှန်းပါဆိုလျှင် တောင်ကြီးတက္ကသိုလ်ကိုပဲ ညွှန်းရမှာ ဖြစ်သည်။
ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်ပြီး နေထိုင်သူလူမျိုးကလည်း များ သည်မို့တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းများ က သီးသန့်ထပ်လုပ်သော မိတ်ဆုံစားပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ အတော် များ သည်။
မေဂျာအလိုက် Welcome များ ရှိသလို တိုင်းရင်းသားများ ၏ Welcome များ လည်းရှိသည်။ September လသည် တောင်ကြီးတက္ကသိုလ် ၏ Welcome ရာသီပင် ဖြစ်သည်။
မြန်မာ၊ အင်္ဂလိပ်၊ သမိုင်း၊ ပထ၀ီ၊ ဘူမိဗေဒ၊ အရှေ့တိုင်း၊ စိတ်ပညာ၊ ဒသနိကဗေဒ စသည်ဖြင့် ၀ိဇ္ဇာတွဲ များ က Welcome နှင့် အာစရိယ ပူဇော်ပွဲတို့ ကျင်းပသလို။
သချာင်္၊ ဓာတု၊ ရူပ၊ သတ္တ၊ ရုက္ခ စသည့် သိပ္ပံတွဲ များ ကလည်း Welcome နှင့် အာစရိယ ပူဇော်ပွဲတို့ ကျင်းပသည်။
တိုင်းရင်းသားများ အနေဖြင့် ရှမ်း၊ ပအိုဝ့်၊ ဓနု၊ တောင်ရိုး၊ အင်း၊ ကယား စသည်ဖြင့် ကျင်းပကြပြန်သေးသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ကျင်းပရာတွင် မပါမ ဖြစ် စတိတ်ရှိုးများ ၊ တစ်ခန်းရပ်ဟာသပြဇာတ်များ နှင့် နောက်ဆုံးအစီအစဉ်မှာ စာသင်နှစ် ရှိကျောင်းသူကျောင်းသားသစ်များ ထဲမှ King နှင့် Queen ရွေးချယ်ခြင်း ဖြစ်သည်။
ယနေ့ကား Zool မေဂျာ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနေ့။
သတ္တဗေဒမှ ကျောင်းသူကျောင်းသားသစ်များ ကို ကျောင်းသားဟောင်းများ က ကြိုဆိုဂုဏ်ပြုသော မောင်မယ်သစ်လွင်ကြိုဆိုသော နေ့။
ကျောင်းသူကျောင်းသားများ က သစ်လွင်သော ဆန်းပြားသော ခေတ်မီသော အ၀တ်အစားများ ကိုယ်စီဖြင့် ။ ဧည့်ခံကျွေးမွေးသော ဒန်ပေါက်ကို တချို့က ပါဆယ်ထုပ်ထားသော ဗူးများ ကိုယူပြီး ကင်တင်းမှာ စားကြသည်။
ဖျော်ဖြေရေး အစီအစဉ်စတော့မည် မို့ ကျောင်းသားကျောင်းသူများ နေရာယူကြရန် ခန်းမထဲမှ ကြေညာသံထွက်လာသည်။
‘ဟဲလို သတ္တဗေဒမှ ကျောင်းသူကျောင်းသားများ ခင်ဗျာ။ မကြာမီ အချိန်အတွင်းမှာ ဖျော်ဖြေရေး အစီအစဉ်များ စတင်တော့မှာ ဖြစ်တဲ့အတွက် ကျိုင်းတုံခန်းမအတွင်း နေရာယူပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ် ခင်ဗျား’
ကျောင်းသူကျောင်းသားများ ကျိုင်းတုံခန်းမဆီသို့ စုရုံးသွားကြသည်။
သတ္တဗေဒ (Zool) မေဂျာ ဖြစ်သည်နှင့် အညီ စတိတ်စင်ပေါ်တွင် ချစ်စရာ့ တိရစ္ဆာန်ပုံမျိုးစုံတို့ဖြင့် အလှဆင်ထားသည်။ လိပ်ပြာ၊ ဗျိုင်း၊ ငှက်များ ၊ ဂေါ်ဇီလာ စသည်။
ဘေးနံရံများ တွင် ပါမောက္ခနှင့် ဆရာ၊ ဆရာမ များ ဧည့်သည်တော် များ ထိုင်ရန်နေရာ၊ ပထမနှစ် ၊ ဒုတိယနှစ် နှင့် ဂုဏ်ထူးတန်း၊ နောက်ဆုံးနှစ် စသည်ဖြင့် နေရာများ ကို သတ်မှတ်ထားသည်။
အထူးသဖြင့် ပထမနှစ် ကျောင်းသူကျောင်းသားများ ကို သေသေချာချာ နေရာပေးထားသည်။
ဒါမှလည်း King နှင့် Queen ရွေးချယ်ရာတွင် အဆင်ပြေမည် ဖြစ်သည်။
ရှေးဦးစွာ ပါမောက္ခချုပ်က သတ္တဗေဒ ကျောင်းသူကျောင်းသားများ အား သြ၀ါဒပေးကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် သတ္တဗေဒ ပါမောက္ခက သြ၀ါဒစကားမြွက်ကြားသည်။ ထို့နောက် နောက်ဆုံးနှစ် ကျောင်းသား တစ်ယောက် က ကျောင်းသူကျောင်းသားမောင်မယ်အသစ်များ ကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်းပြောကြားပြီး ပထမနှစ် ကျောင်းသား တစ်ယောက် က ထိုသို့နွေးထွေးစွာ ကြိုဆိုသည့်အတွက် ကျေးဇူးတင်ပါကြောင်း ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် သီချင်းများ ၊ တစ်ခန်းရပ် ဟာသပြဇာတ်များ ဖြင့် အချိန်ကုန်မှန်းမသိ ကုန်လာခဲ့လေသည်။
ရောက်ပါပြီ။ King နှင့် Queen ရွေးချယ်ခြင်း အစီစဉ်။ စင်ပေါ်မှ အစီအစဉ်မှာ ဦးဆောင်တင်ဆက်ပေးမည့်  နှစ် ဟောင်းဂုဏ်ထူးတန်း (နောက်ဆုံးနှစ် ) မှ ကျောင်းသားကြီးတစ်ဦးနှင့် ကျောင်းသူတစ်ဦးက စင်ပေါ်၌ နေရာယူသည်။
‘ကဲ ညီငယ် ညီမငယ်များ ထဲက King နဲ့ Queen ရွေးချယ်တော့မှာ ဖြစ်တဲ့အတွက် ပထမနှစ် က ကျောင်းသူ ကျောင်းသားအားလုံး ဘယ်မှမသွားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်’
‘ပေးစရာလူမရှိရင် ဒီအစ်ကိုကြီးနဲ့ အစ်မတို့ပဲ King နဲ့ Queen ယူလိုက်မှာ နော်၊ သဘောတူလား’
စင်ပေါ်မှ အစ်ကိုနှင့် အစ်မက အရွှန်းဖောက်သည်။ Announcer (အစီအစဉ်ကြေညာသူ) လက်ထဲမှ မိုက်ကိုယူပြီးတည်းက Presenter (အစီအစဉ်တင်ဆက်သူ) ပီပီ ကျိုင်းတုံခန်းမထဲမှ ရှိရှိသမျှသော သူတို့၏ အာရုံကို သူတို့နှစ် ယောက် ထံရောက်နေအောင် ဆွဲဆောင်ထားနိုင်ကြသည်။
‘ကဲ အစီအစဉ်စတင်မှာ ဖြစ်တဲ့အတွက် ယခင်စာသင်နှစ် မှာ King နဲ့ Queen ရရှိခဲ့တဲ့ ညီငယ်နဲ့ညီမငယ်ကို ဖိတ်ခေါ်ပါမယ်’
စတိတ်စင်ပေါ်မှာ ထိုင်ခုံလေးခုံ စီစဉ်ထားသည်။ ထိုင်ခုံမှာ ပင် အစီအစဉ်တင်ဆက်သူနှစ် ယောက် က မိန့်မိန့်ကြီးထိုင်သည်။
‘King တွေ Queen တွေ ရွေးပြီးရင် ထိုင်ရတော့မှာ မဟုတ်ဘူးအစ်မရ’
‘ဟုတ်တယ် အစ်ကိုရေ ထိုင်ရတုန်းထိုင်ထားမှ ဟဲဟဲ’
အရေး ထဲ King နဲ့ Queen ကို မခေါ်သေးဘဲ နောက်နေကြသေးသည်။
‘ကဲ ယခင်စာသင်နှစ် မှာ King နဲ့ Queen ရရှိခဲ့တဲ့ ညီငယ်နဲ့ ညီမငယ်ကို စင်ပေါ်ဖိတ်ခေါ်ပါတယ်’
စင်ထောင့်မှ King နဲ့ Queen ရရှိခဲ့သူနှစ် ယောက် က တစ်ဖက်စီမှထွက်လာကြသည်။ ထိုအချိန်တွင် မြူးကြွသော တီးလုံးကို စက်ကိုင်မှဖွင့်ထားပေးသည်။
‘လက်ခုပ်တီးပေးကြပါ။ ဒါအရင်နှစ် က King နဲ့ Queen သရဖူကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ညီငယ်နဲ့ ညီမငယ်ပဲ ဖြစ်ပါတယ်’
မြူးကြွသော တီးလုံးသံကိုဖောက်ပြီး လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ King နဲ့ Queen က ဖိုင်ဘာထိုင်ခုံလေးအနက် အလယ်နှစ် လုံးမှာ ယှဉ်လျက် ထိုက်လိုက်ကြသည်။ ထုံးစံအတိုင်း Queen က King သရဖူနှင့် စလွယ်ကို ဆင်မြန်းထားသည်။
‘ကဲ မောင်လေးနဲ့ ညီမလေးက ဒီစာသင်နှစ် ရဲ့ King နဲ့ Queen ကို ရွေးပေးကြရမှာ ဖြစ်တယ်။ မရွေးခင်လေးမှာ ဟိုအစ်ကိုကြီး သိချင်နေတဲ့ မေးခွန်းကို ညီမငယ်ကို မေးမယ်နော်’
Queen က ရှက်တဲတဲဖြင့် ခေါင်းကိုညိတ်သည်။
‘ဟေ့ လုပ်နဲ့လေ’
Presenter အစ်ကိုကြီးက သူ့ထံလှည့်နေသော မြှားဦးကို ရှောင်လိုသည့်သဘောဖြင့် ဆိုသည်။ အစ်မကြီးက တစ်ချက်ရယ်သည်။
‘ကဲ ညီမလေးရေ ဒီအစ်ကိုကြီးတင်မကဘူး အောက်ကအစ်ကိုတွေ ၊ မောင်လေးတွေ ကပါ သိချင်နေတဲ့ မေးခွန်းပါပဲ၊ ညီမငယ်မှာ ချစ်ရမဲ့သူရှိပြီးလားတဲ့’
စင်အောက်မှ ကျောင်းသားများ က ‘ဟေး’ ခနဲအော်လိုက်ကြသံကညံ၍ သွား၏ ။ Presenter အစ်မကြီးမေးသော မေးခွန်းကြောင့် Queen ခမျာ မျက်နှာတစ်ခုလုံး ပန်းရောင် သန်းသွားသည်။ ဘေးမှ King ကရယ်ရင်း Queen ကိုကြည့်သည်။ Queen က ရှက်ရှက်ဖြင့် ခေါင်းကိုငုံ့သည်။ ထိုအချိန် တွင် ဆလိုက်က Queen ကိုသာထိုးထားသည်။
‘ကဲ ညီမလေးဖြေရမှာ ရှက်ရင် နှုတ်နဲ့မဖြေနဲ့ ခေါင်းညိတ် ခေါင်းခါပဲလုပ်၊ ပြန်မေးမယ်နော် အစ်ကိုကြီးနဲ့ မောင်လေးတွေ က မျှော်လင့်ခွင့်ရှိဦးမလားတဲ့၊ ဒီတော့ ချစ်ရမဲ့သူရှိရင် ခေါင်းညိတ်ပြ၊ မရှိသေးရင် ခေါင်းခါပြဟုတ်ပြီလား၊ ကဲ ညီမလေး ဘယ်လိုလဲ’
Queen က ခေါင်းကိုမဖော်တော့၊ ခေါင်းမညိတ် ခေါင်းမခါဖြင့် အလွန်ရှက်နေလေသည်။ စင်အောက်မှ ကျောင်းသား တစ်ယောက် က ‘ဖြေပါတော့ဗျို့’ ဟု လှမ်းအော်သည်။
‘ကဲ ညီမလေးရေ သူတို့သိချင်နေကြပြီ၊ ဒီတော့ ညီမလေးရဲ့ကိုယ်စားမမပဲဖြေလိုက်တော့မယ်၊ စာပဲစိတ်ဝင်စားတာမို့ ချစ်သူမထားပါဘူးလို့’
Presenter ၏ အပြောကြောင့် Queen က ခေါင်းညိတ်သည်။ စင်အောက်မှ ‘ဟေး’ ခနဲ အော်ကြပြန်သည်။
‘ကဲ အစ်ကိုကြီး ချစ်ရမဲ့သူမရှိသေးဘူးတဲ့ အားမလျှော့နဲ့၊ စင်အောက်က မောင်လေးတွေ ရောနော် ညီမငယ် Queen လေးဟာ အခုထိ ရည်းစားမထားသေးပါဘူးတဲ့’
Queen က ခေါင်းငုံ့ရင်း ရှက်ရယ်ရယ်သည်။
‘ကဲ အစ်မကြီးပြီးရင် အစ်ကိုကြီးအလှည့်ပေါ့။ ကဲ ညီလေးရေ ညီလေးလည်းပဲ အရင်နှစ် က King ရရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ ညီလေးချစ်သူရှိခဲ့သလားဆိုတာ ဟိုအစ်မကြီးက သိချင်နေတယ်တဲ့’
King က ရှက်ရှက်ဖြင့် ရယ်သည်။ Presenter အစ်မကြီးက ‘မနောက်နဲ့’ ဟု လှမ်းပြောသည်။ Presenter အစ်ကိုကြီးက မိုက်ကို King ၏ နှုတ်ခမ်းဆီထိုးပေးသည်။ King က ရှောင်သည်။ ရှက်ရှက်ဖြင့် ရယ်သာ ရယ်နေသည်။
‘ကဲ ညီလေးလည်း ရှက်နေပြန်ပြီကွာ။ စင်အောက်က ညီမလေးတွေ ကော၊ ဂုဏ်ထူးတန်းက ဂေါ်မစွံအပျိုကြီးတွေ ပါသိချင်နေကြတာ၊ ဟုတ်တယ် မဟုတ်လား’
‘ဟုတ်တယ်၊ ဟုတ်တယ်’
စင်အောက်မှ ဗရုတ်ကျသော ကျောင်းသားတချို့က ထအော်သည်။
‘ကဲ ညီလေးမဖြေရင် အစ်ကိုဖြေလိုက်မယ်နော် ညီလေးဟာ ရည်းစားလုံးဝမရှိသေးတဲ့ ကလေးသုံးယောက် အဖေပါလို့’
‘၀ါး’
‘ဟား ဟား ဟား’
ရယ်မောသံများ က ခန်းမတစ်ခုလုံး စီစီညံသွားသည်။ King က ရှက်လွန်းသဖြင့် ခေါင်းငုံ့ကာရယ်သည်။
‘အလကားစတာပါ ညီလေးက မဟာတန်းတက်မှာ မို့ အချစ်ရေး ဆိုရင် ဝေးဝေးကရှောင်တာပါ၊ ဟုတ်တယ်နော် ညီလေး’
အရှက်ပြေစ King ကင်းက ခေါင်းကို သုံးခါခန့် ဆက်တိုက်ငြိမ့်သည်။
‘ကလေးသုံးယောက် အဖေလေ’
ခေါင်းညိတ်နေရာမှ King က တုံ့သွားသည်။ စင်အောက်မှ ရယ်ကြပြန်သည်။
King က တစ်ခုခုပြောချင်ဟန်ဖြင့် ရှက်ရှက်နှင့် မိုက်ကိုတောင်းသည်။ Presenter အစ်ကိုကြီးက ပေးလိုက်သည်။
‘ကျွန်တော် ရည်းစားမရှိ လူပျိုပါ’
အမြီးအမောက်မတည့်သော စကားတချို့က King ထံမှ ရှက်ဟန်အပြည့်ဖြင့် ထွက်လာသည်။
‘ဟေး’
စင်အောက်မှာ လက်ခုပ်သံများ ညံသွားသည်။ (ဂုဏ်ထူးတန်းက မမများ ပဲ ဖြစ်မည် ။) မြူးကြွသော တီးလုံးသံကမူ ခပ်တိုးတိုး ဖြစ်လျက်။
‘ကဲ ကဲ King နဲ့ Queen အသစ်စက်စက်လေးတွေ ရွေးရအောင် မောင်လေး King က ဒီနှစ် ရဲ့ အလှနတ်မိမယ်လေးကို ရွေးချယ်မှာ ဖြစ်ပြီး၊ ညီမလေး Queen က အလှနတ်သားလေးကို ရွေးချယ်မှာ ဖြစ်ပါတယ်။ အားလုံးအမှတ်ပြည့်ပေးထားကြတဲ့ King နဲ့ Queen အသစ်စက်စက်ကလေးကို ရှာပုံတော် ဖွင့်ပါတော့မယ်’
Presenter အစ်မကြီး၏ ကြေညာသံအဆုံး စင်အောက်မှ ကျောင်းသူ ကျောင်းသားများ လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။ King အ ဖြစ် အားလုံးခန့်မှန်းထားကြတာက ဆန်းဝဏ္ဏ၊ နိုင်ရာဇာနှင့် မိုးကျော်စိုးတို့ ဖြစ်ကြသည်။
Queen အ ဖြစ် ခန့်မှန်းကြသူများ မှာ သိင်္ဂီ၊ ဧကရီသင်းနှင့် ယမင်းနွယ်တို့ပဲ ဖြစ်ကြသည်။ အဲ အကယ်ဒမီပေးပွဲလို တစ်ပြေးနေသူတွေ ကတော့ ဘယ်သူတွေ နဲ့မှ ပတ်ပတ်သက်သက်မရှိသော မိုးကျော်စိုးနှင့် သွက်လက်လှပသော ဧကရီသင်းတို့ပဲ ဖြစ်သည်။
ဒါပေမဲ့ King Queen ဆိုတာ ပရီးမီူယားပွဲစဉ်လိုဘဲ ကြိုမှန်းထားသည်နှင့် လက်တွေ့  ပယ်ပယ်နယ်နယ်ကြီးလွဲသွားတာမျိုးလည်း ရှိတတ်ပေသည်။ တစ်ခါတစ်ရံ King နှင့် Queen ကို ကဂျိုးကဂျောင်တွေ ထပေးလိုက်သော သာဓကများ ကလည်း ရှိသည်လေ။
Presenter နှစ် ယောက် စင်ပေါ်မှာ ကျန်ရစ်ခဲ့ပြီး ကင်းနှင့် ကွင်းက စင်၏ အလယ်မှ လှေကားအတိုင်း တစ်ထစ်ချင်း စင်အောက်သို့ ဆင်းလာကြသည်။
‘King နဲ့ Queen ကျေးဇူးပြုပြီး လက်ချိတ်ထားပေးပါ၊ မရှက်ပါနဲ့’
Presenter အစ်ကိုကြီး၏ စင်ပေါ်မှပြောသော အသံကြောင့် King ကရှက်ရှက်ဖြင့် တံတောင်ဆစ်ကို ဟပေးသည်။ Queen က မရဲတရဲချိပ်ကာ ကိုင်လိုက်သည်။
‘ဟေး’
စင်အောက်မှ လက်ခုပ်သံတွေ ညံလျက် ထွက်လာပြန်သည်။
‘King နဲ့ Queen အသစ်ကိုမရှာခင် ရှေ့နောက်လမ်းလျှောက်ပြလိုက်ပါဦး’
Pressenter အစ်မကြီးက လူတွေ စိတ်လှုပ်ရှားအောင် စေ့ဆော်သည်။ ခန်းမအလယ်လမ်းလေးအတိုင်း King နှင့် Queen တို့က ခေါက်တုံ့ခေါက်ပြန်လျှောက်သည်။
‘ကဲ King နဲ့ Queen အသစ်လေးကိုတွေ့ ပြီလား၊ သေသေချာချာရှာနော်၊ လူမှားမယ်၊ စင်ပေါ်ကပြောပြထားတဲ့ လူကိုပဲရွေးနော်’
တကယ်လည်း ရှာသည်ဟုလမ်းလျှောက်ပြနေကြသည်။ တကယ်တော့ King နှင့် Queen ကို ရွေးထားပြီးသား မသိမသာ ပြထားပြီးသား။ King တို့ Queen တို့နှင့် အတူ King Queen အသစ်ကို ပန်းကုံးစွပ်ကြ၊ ပန်းစည်းပေးကြမည့်  မမများ က ကပ်လိုက်ကြသည်။ တကယ်တော့ လူမှားမှာ စိုးလို့ပဲ ဖြစ်သည်။
King နှင့် Queen က လမ်းလျှောက်နေရာမှ တုန့်ခနဲ ရပ်လိုက်ကြသည်။ သူတို့ရပ်နေသော ခုံတန်းမှာ Queen ခန့်မှန်းထားသော သတ္တဗေဒ၏ အလှနတ်သမီးသုံးပါးစလုံး နှစ် ခုံကျော် တစ်ခုံကျော် စသည်ဖြင့် ထိုင်နေကြသည်။
ခန်းမတစ်ခုလုံး မြူးကြွစသော တေးသံမှလွဲ၍ အသံအားလုံးတိတ်ဆိတ်သွားကြသည်။ အသက်ရှူရန်မေ့နေကြသလား အောက်မေ့ရလောက်အောင်ပင် တိတ်ဆိတ်လျက်။ King က ခုံတန်းကြားထဲသို့ တိုး၍ ၀င်သွားသည်။ King လမ်းလျှောက်သာအောင် တချို့က ဖယ်ပေးကြသည်။
‘ကဲ ညီလေးရေ ညီလေးရွေးမယ့် Queen အသစ်လေးကို အားလုံးစိတ်ဝင်စားနေကြတယ်’
ခန်းမတစ်ခုလုံးက ထိုသို့ အာရုံစိုက်နေကြသည်။ သိဂီင်္ကို ကျော်သွားသည်။ ယမင်းနွယ်ကိုလည်း ကျော်သွားသည်။ ဧကရီသင်းဆီ သွားဟန်ကိုကြည့်ပြီး အားလုံးက ဧကရီသင်းဟု သတ်မှတ်လိုက်ကြသည်။
သို့သော် King က ပြန်လှည့်လာပြီး Queen သရဖူကို ယမင်းနွယ်၏ ခေါင်း၌ ဆင်မြန်းပေးလိုက်သည်။ ယမင်းရင်မှာ လှပ်ခနဲ။
‘ဟေး’
လက်ခုပ်သံများ ဆူညံသွားသည်။ ဖြူဖြူလင်းက ၀မ်းသာအားရဖြင့် အနည်းငယ်စောင်းနေသော သရဖူကို တည့်ပေးသည်။ King က Queen စလွယ်ကိုပါ တစ်ခါထဲ စွပ်ပေးလိုက်သည်။
‘ကဲ Queen အသစ်စက်စက်ကလေးက ထရပ်ပြလိုက်ပါဦး’
စင်ပေါ်မှ အစ်မကြီး၏ အပြောကြောင့် ခေါင်းကိုငုံ့ရင်း ရှက်ရှက်ဖြင့် ယမင်းထရပ်ပြရတော့သည်။
‘ကဲ Queen အသစ်စက်စက်လေးကို အရင်နှစ် က King နဲ့ Queen က စင်ပေါ်ကို ခေါ်ခဲ့ပါ။ အားလုံးလက်ခုပ်တီးပေးကြပါ။
ယမင်းအလိုက်တသိပင် ခုံတန်းမှထွက်ကာ ခန်းမအလယ်ရှိ လမ်းကလေးသို့ တိုးထွက်လာခဲ့သည်။ Queen အ ဖြစ် နာမည် ကြီးခဲ့ကြသော သိဂီင်္နှင့် ဧကရီသင်း ကတော့ ခေါင်းအငုံ့လိုက်ဖြင့် ။ ခန်းမအလယ်လမ်းကို ရောက်သည်နှင့် King က နှင်တံကို ယမင်းအားပေးအပ်လိုက်သည်။ ပန်းစည်းအချို့နှင့် ပန်းကုံးများ က ယမင်းထံ၌ ပလူပျံသွားသည်။ ထို့နောက် King နှင့် Queen အဟောင်းခြံရံလျက် ယမင်းကို စင်ပေါ်ခေါ်ဆောင်သွားကြသည်။ လက်ခုပ်သံများ ကမူ ညံလျက်။
ထိုလက်ခုပ်သံတို့တွင် ရာဇာက သူ့လက်ခုပ်သံအကျယ်ဆုံးဟု သူ့ကိုယ်သူ ယူဆသည်။
ဆလိုက်မီးရောင် အောက်၌ King နှင့် Queen ဟောင်းအလယ်မှာ ထိုင်နေသော ယမင်းအလှက အထင်းသား၊ ကင်မရာသမားများ က ဓာတ်ပုံဝိုင်းရိုက်ကြသည်။
‘ကဲ ညီလေးနဲ့ ညီမလေးရေ အလှနတ်သမီးလေးကိုတော့ ရှာတွေ့ ကြပြီ၊ အလှနတ်သားလေးကိုလည်း ရှာလိုက်ပါဦး’
King နှင့် Queen က Presenter အစ်ကိုယ်၏ စကားအဆုံး စင်မြင့်အလယ်မှ လှေကားလေးအတိုင်း လက်ချိပ်လျက်ဆင်းလာကြသည်။
King အ ဖြစ်နာမည် ကြီးနေသော နိုင်ရာဇာကို ကျော်သွားကြသည်။ နံပါတ်တစ်အ ဖြစ် နာမည် ကြီးနေသော မိုးကျော်စိုးကိုလည်း ကျော်သွားသည်။ ဆန်းဝဏ္ဏဘက်ကိုပါ ကျော်သွားပြန်သည်။ သူတို့သုံးယောက် စလုံးက ခုံစွန်းတွေ မှာ ထိုင်နေကြသည်မို့ ခုံတန်းအထဲဝင်စရာမလို။ လမ်းမလေးပေါ်ကပဲ စွပ်ပေး၍ ရသော အနေအထား ဖြစ်သည်။
နိုင်ရာဇာ တတ်သမျှ မှတ်သမျှ ဘုရားစာ၊ တရားစာ အကုန်ရွတ်နေမိသည်။ စိတ်ထဲမှလည်း ‘လွဲပါစေ၊ လွဲပါစေ’ ဟု ဆုတောင်းနေသည်။
King များ မတော် နှင့် တဆရလို့ ကတော့ မစားသာသော ရာဇ၀င်ကို သူသိထားပြီးသား ဖြစ်သည်။ သူ့ကိုကျော်ဖြတ်သွားလို့ ၀မ်းသာမလို့လုပ်တုံး တစ်ပတ်ပြန်လှည့်လာသဖြင့် ရင်ထိတ်သွားသည်။
တစ်ဖန် ကျော်သွားပြန်သည်။
‘ရ သွားပါစေ ဟိုကောင် ဆန်းဝဏ္ဏ၊ ကုန်သွားစမ်းပါစေ သောက်သောက်လဲ’
ရာဇာစိတ်ထဲမှ ကျိတ်၍ ဆုတောင်းနေသည်။ ထိုစဉ် ခေါင်းကို အရာတစ်ခုလာစွပ်သည်။ ရာဇာ့ရင်မှာ ‘သွားပြီ’ ဟု စိတ်လေသွားသည်။
‘ဟေး’
ကျောင်းသူအတော် များများ ၏ လက်ခုပ်သံ။ ‘ သွားပါပြီ’ ဟု ရာဇာ့စိတ်ထဲ ထပ်မံ၍ စိတ်ပျက်လက်ပျက် တွေးလိုက်သည်။
Queen အဟောင်းက King စလွယ်ကို ထပ်၍ စွပ်ပေးပြန်သည်။
‘ကဲ သတ္တဗေဒရဲ့ မင်းသားလေးကို စင်ပေါ်ခေါ်ခဲ့ကြပါဦး’
ရာဇာ လေးကန်စွာ ဖြင့် ထအရပ်၊ ပန်းကုံးစွပ်သူ ပန်းစည်းပေးသူများ ဖြင့် ပြည့်ကုန်သည်။ အရေး ထဲ ဓာတ်ပုံသမားတချို့က တစ်မှော င့်။ တဖျပ်ဖျပ်ရိုက်ကြသည်။
King နှင့် Queen အဟောင်းတို့ခြံရံလျက် ရာဇာ့ကို စင်ပေါ်ခေါ်ခဲ့ကြသည်။ ရာဇာ့ကို ယမင်းဘေးမှာ နေရာချပေးသည်။ ယှဉ်လျက်ထိုင်နေရသည်မို့ ရာဇာ့စိတ်တွင် ကြည်နူးမိနေသည် ကတော့အမှန်။
ယမင်းဘေးတွင် Queen ဟောင်းကနေရာယူပြီး ရာဇာ့ဘေးတွင် King ဟောင်းက နေရာယူသည်။ လေးယောက် သား ဆလိုက်မိးအောက်တွင် အလှပြထားသော အရုပ်တွေ လို တောင့်တောင့်ကြီးထိုင်နေကြသည်။
‘ကဲ အစ်မရေ စိတ်ဝင်စားနေတယ်မဟုတ်လား’
‘ဘာလဲ အစ်ကိုကြီးရဲ့ အစမရှိ အဆုံးမရှိ’
Presenter အစ်ကိုကြီးနှင့် အစ်မကြီးအသံ ဆူညံနေသော ခန်းမထဲမှ အသံများ ကို ငြိမ်းသတ်လိုက်သည်။
‘သြော် ဒီညီလေးရဲ့ နာမည် ရယ် ဟိုဒင်းဟိုဟာရယ်’
‘ရှင်းအောင်ပြောလေ ရှုပ်နေတာပဲ’
စင်အောက်မှ ရယ်ကြသည်။
‘ကဲ King အသစ်လေးရေ ညီလေးရဲ့နာမည် ပြောပြပါဦး’
‘နိုင်ရာဇာပါခင်ဗျာ’
‘ဟယ် နာမည် လေးက ချစ်စရာလေးတော့၊ အစ်ကိုကြီးရေ အရေး ကြီးတဲ့ အဓိကကိုမေးဖို့ မေ့နဲ့နော်’
Presenter အစ်မကြီးက အရွှန်းဖောက်ပြန်သည်။
ကဲ ညီလေးရေ အဓိကကိုမေးမယ်နော်’
‘ခင်ဗျာ’
‘သြော် သတ္တဗေဒဌာနရဲ့ ဒီနှစ် အတွက် King ရလိုက်တဲ့ ညီလေးမှာ ဟ၀ှာရှိမရှိဆိုတာ သိချင်နေကြတယ်’
‘ခင်ဗျာ’
ခင်ဗျာ ပြီးရင်း ခင်ဗျာနေသော ရာဇာ၊ အရွှန်းဖောက်ကောင်းသော အစ်ကိုကြီး၏ အမေးတို့ကြောင့် ခန်းမတစ်ခုလုံး ရယ်သံများ ညံသွားပြန်သည်။
ရာဇာ ရှက်ရှက်ဖြင့် ခေါင်းကိုငုံ့ထားရသည်။ ဘယ်လောက်ပဲ မျက်နှာပြောင်သည် ဖြစ်စေ ဒီလိုလူကြားသူကြား၊ လူရှေ့သူရှေ့မှာ ဆိုတော့ ရှက်သည်ပဲပေါ့။
ယမင်း တစ်ယောက် ကတော့ ကျိတ်၍ ပြုံးသည်။
‘ကောင်းတယ် အစ်ကိုကြီးရေ စသလိုနောက်သလိုနဲ့ ဒီကောင့်ကို ချွတ်ပေးလိုက်စမ်းပါ၊ တစ်ခါတည်းနဲ့ အပိုးကျိုးသွားအောင်’
ယမင်းစိတ်ထဲမှ ညစ်ကျယ်ကျယ်တွေးသည်။
‘မရှက်ပါနဲ့ ညီလေးရ၊ ကဲ ညီမလေးတွေ ကော၊ အစ်ကိုတွေ ရော၊ ဂုဏ်ထူးတန်းက အစ်မကြီးဦးဆောင်တဲ့ ဂေါ်မစွံအပျိုကြီးတွေ ရင်ခုန်စွာ စောင့်စားနေကြတဲ့ အဖြေကို ညီလေးဖြေရမယ်နော်’
‘ဟုတ်ကဲ့’
ရာဇာ နည်းနည်း တော့ပျော်လာသည်။ နဂိုကမှ ပျော်တတ်သော ဓာတ်ခံရှိပါတယ်ဆိုကာမှ ပျော်အောင်လာလုပ်သည်ကိုး။ ယမင်းနဲ့ ယှဉ်ထိုင်နေရတာ ကိုက အတော် ကြီးပျော်စရာ ဖြစ်သည်။
‘ညီလေးမှာ တဲ့ ချစ်ရမဲ့ကောင်မလေး သို့ မဟုတ်၊ ချစ်နေတဲ့ ကောင်မလေးရှိမရှိ သိချင်ကျတယ်တဲ့’
Presenter အစ်ကိုကြီးက မိုက်ကို ရာဇာရှေ့သို့ ထိုးပေးသည်။
‘ကျွန်တော် ရည်းစားမရှိတဲ့ ကလေးသုံးယောက် အဖေ မဟုတ်ပါဘူး’
ရာဇာ့အဖြေကြောင့် အားလုံးက ၀ိုင်းရယ်ကြသည်။ King အဟောင်းကပါ ရယ်သည်။ အစ်ကိုကြီးက ဆက်ပြောရန် မေးလွှဲပြသည်။
‘ကျွန်တော် ရည်းစားလုံးဝ မရှိသေးပါဘူးခင်ဗျာ’
‘ဟေး’
ရာဇာ့စကားအဆုံး ‘ဟေး’ ခနဲ လက်ခုပ်သံများ ဆူညံသွားသည်။ ဒါမျိုးဆိုတာက ရှိရှိမရှိရှိ ‘မရှိပါဘူး’ ဆိုသော ဖော်မြူလာအတိုင်းသွားမှရသည်။ ‘ရှိပါတယ်’ ဆိုလျှင် ကမောက်ကမတွေ ဖြစ်ကုန်မည် ။ တကယ်လည်း ရာဇာ့မှာ မရှိ။
‘ကဲ အစ်ကိုကြီးသိချင်နေတဲ့မေးခွန်းကို မမက ညီမလေးကို မေးမယ်နော်’
Presenter အစ်မကြီးက ယမင်းကို ငုံ့ကြည့်ရင်းပြောသည်။ ယမင်းက ရှက်ရှက်ဖြင့် ခေါင်းကိုညိတ်ပြရသည်။ ညိတ်ပြအပြီး ခေါင်းကိုပြန်မမော့ဘဲ ငုံ့၍ သာနေ နေမိသည်။
‘အစ်မကြီးရေ အဓိကမမေ့နဲ့နော်’
‘သိပါတယ်’
အစ်ကိုကြီး၏ အရွှန်းဖောက်မှု ကြောင့် ‘၀ါး’ ခနဲ ပွဲကျကုန်သည်။ ယမင်း ကတော့ ရှက်ရှက်ဖြင့် သာ ခေါင်းငုံ့နေမိသည်။
‘ကဲ ညီမလေးရေ အားလုံးသိချင်နေတဲ့ ညီမလေးရဲ့ နာမည် ပြောပါဦး’
‘ယမင်းနွယ်ပါ’
‘အားပါးပါး အရမ်းလှတဲ့ လူနဲ့လည်းလိုက်ဖက်တဲ့ နာမည် လေးပါလား ညီမလေးရယ်၊ အခု မမက အဓိကကိုမေးမယ်နော်၊ စင်အောက်ကမောင်လေးတွေ မမမေးလိုက်ရတော့မလား’
‘မေးဗျို့ မေး’
အစ်မကြီးအပြောကြောင့် စင်အောက်မှ ကျောင်းသားများ က ‘မေးမေး’ ဖြင့် အော်ကြသည်။
‘အင်း အားလုံးသိချင်နေကြပေမဲ့ အစ်ကိုကြီး တစ်ယောက် မသိချင်ရှာဘူးထင်တယ်၊ ဟုတ်လား အစ်ကိုကြီး’
‘သိချင်နေပါပြီဆို သူကဇွတ်’
အစ်မကြီးအရွှန်းကို အစ်ကိုကြီး ပြန်နောက်သည့်အတွက် အားလုံးက ၀ိုင်းရယ်ကြသည်။
‘ကဲ ညီမလေးရေ ညီမလေးမှာ ချစ်ရမဲ့ ဒါမှမဟုတ် ချစ်နေတဲ့ ကောင်လေးရှိလား ညီမလေးရယ်’
‘ရှိတယ်ဗျို့ ဒီမှာ ဒီမှာ ’
အောက်က ကျောင်းသား တစ်ယောက် က ထအော်သည်။ အစ်မကြီးက ယမင်းရှေ့သို့ မိုက်ကိုထိုးထားပေးသည်။ ယမင်းကအောက်မှ ‘ဖြေပါတော့ဗျို့’ ဟူသော အသံများ ကြောင့် ရှက်နေသည်။
‘ကဲ ဖြေလိုက်ပါ ညီမလေးရယ် ဒီကအစ်ကိုကြီးက နားစွင့်နေတာ နားရွက်ကြီးကိုကားလို့’
အရှက်ပြေစေရန် အစ်မကြီးပြောပြီး ယမင်းရှေ့ကို မိုက်ထိုးပေးသည်။
‘မရှိပါဘူးရှင်’
‘ဟေး’
စင်အောက်မှ ကျောင်းသားများ က ‘ဟေး’ ခနဲ ညာသံပေးကြသည်။
‘ကဲ ညီလေးနဲ့ ညီမလေးတို့ကို ကျေးဇူးတင်တယ်နော်’
အစ်ကိုကြီးက King နှင့် Queen အဟောင်းတို့ကို ကြည့်၍ ဆိုသည်။ ဒါနှင်လိုက်တာပဲ ဖြစ်သည်။ King နှင့် Queen တို့က ခေါင်းညိတ်ပြုံးကာ စင်မြင့်၏ တစ်ဖက်စီကို ထွက်သွားကြသည်။
အစ်ကိုကြီးက ယမင်းဘေးဝယ် ၀င်ထိုင်လိုက်သည်။ အစ်မကြီးကလည်း ရာဇာ့ဘေးမှာ ၀င်ထိုင်သည်။
‘လိုက်တယ် မဟုတ်လား’
စင်အောက်သို့ အစ်ကိုကြီးက လှမ်းမေးသည်။ စင်အောက်မှ ‘No No’ ဟူသော အသံများ က ညံထွက်သွားသည်။
‘အဲဒီ လို အမှန်အတိုင်းမပြောနဲ့လေ’
အစ်မကြီးက ပြန်နောက်သည်။
‘ကဲ အစ်ကိုကြီးရေ ညီမလေးနဲ့ မောင်လေးကို စင်အောက်စင်္ကြန်အတိုင်း လမ်းလျှောက်ခိုင်းရရင် ကောင်းမယ်နော်’
‘သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့ အစ်မကြီးရယ်’
အစ်မကြီးနှင့် အစ်ကိုကြီးစကားအဆုံး ရာဇာ အင်မတန်ပီတိဖြာသွားသည်။ ချစ်ရဆုံးသူ ယမင်းနဲ့ ရွှေလက်တွဲ ခိုင်ခိုင်ချိတ်ကာ ပရိသတ်ကျောင်းသူကျောင်းသားများ ကြား လျှောက်ရမည် မှာ သူ့အတွက် ကြီးမားသော ဆုလာဘ်ကြီးတစ်ခု ဖြစ်သည်။
ယမင်းက မသိမသာဖြင့် ရာဇာ့ကို လှမ်းကြည့်သည်။ ရာဇာ့ကပြုံးပြရင်း မျက်ခုံးကိုပင့်ပြသည်။ ‘ဘယ်လိုလဲ’ ဆိုသည့်သဘော။ ယမင်းက မျက်စောင်းကိုသာ ‘ဒိုင်း’ ခနဲထိုးသည်။
‘ကဲ ညီလေးနဲ့ ညီမလေးရေ စင်အောက်က ဒီနှစ် ရဲ့ King နဲ့ Queen အသစ်စက်စက်လေးကို အနီးကပ်ကြည့်ချင်ပါတယ်တဲ့၊ အဲဒီ တော့ လက်ကလေးချိတ်ပြီး အောက်ကိုလမ်းတစ်ခေါက် လျှောက်ပေးလိုက်ပါဦး’
အစ်ကိုကြီး၏ စကားအဆုံး ရာဇာကတက်ကြွစွာ ဖြင့် ရာဇာကတက်ကြွဖြင့် ‘၀ုန်း’ ခနဲနေအောင် ထရပ်သည်။ ဒါကိုပင် ယမင်းက ကြည့်မရသလို မျက်စောင်းဖြင့် ကြည့်ရင်း ထရပ်သည်။ ထို့နောက် ရှေ့မှ ခြေတစ်လှမ်းစောကာ လျှောက်သည်။ လက်ကိုမချိတ်။
‘ဟဲ့ . . ဟဲ့ ညီမလေး မောင်လေးကို စောင့်လိုက်ဦးလေ’
အစ်မကြီးစကားကြောင့် ယမင်းတုန့်ခနဲ ရပ်သည်။
‘လက်ချိတ်သွားပေးပါ’
အစ်ကိုကြီးစကားကြောင့် ရာဇာက တံတောင်ဆစ်ကို မသိမသာဟပေးသည်။ ယမင်းက မချိတ်။ သူတို့နှစ် ယောက် ဖြစ်နေပုံကြောင့် စင်အောက်မှ ရယ်ကြပြန်သည်။ တံတောင်ဆစ်ဟထားတာကို ပြန်ကပ်ရင်း ရာဇာရှက်သွားရသည်။ ကိုယ်ကပဲ သိပ်တွဲ ချိတ်စေချင်ရာ ကျသွားသည်မဟုတ်ပါလား။
‘ကဲ အစ်မကြီးရေ အစ်မကြီးကူမှရမယ် သွားချိတ်ပေးလိုက်ပါဦး’
ပေကပ်ကာရပ်နေသော ယမင်းနှင့် ရှက်နေသော ရာဇာတို့အနားကို အစ်မကြီးရောက်လာသည်။
‘ကဲ ကဲ မရှက်နဲ့ ရော့ ဒီလိုတွဲ ဒီလိုလေးချိတ် ကဲ ဟုတ်ပြီ’
ဘယ်လိုမှတိုင်ပင်မမှန် စည်းဝါးမကျ စည်းချက်မညီ။ ကြည့်ပါဦး မရွှေယမင်းလုပ်ပုံ။ သူမလက်ချိတ်ထားသော်လည်း ရာဇာ့နောက်တစ်လှမ်းစာလောက် နောက်ကျကာ လျှောက်သည်။ ဟော ရာဇာ့ကညှိပြီး ဖြည်းဖြည်းလေးစောင့်ပြန်တော့ သူမက ခြေတစ်လှမ်းစောပြန်သည်။ လက်ချိတ်သည်နှင့် မတူဘဲ လူကိုဆွဲခေါ်နေသလို ဖြစ်နေသည်။
ရာဇာ စိတ်ကိုလျှော့ထားသည်။ လျှော့ဆို ဒီလိုလက်ချင်းချိတ်ကာ ယှဉ်လျက်လျှောက်နေရတာ ကမ္ဘာမှာ ရှိရှိသမျှသော အရသာတွေ အနက် အချိုဆုံးမဟုတ်ပါလား။
ရှေ့ရောက်နေသော မရွှေချောကိုမီအောင် ရာဇာ ခြေလှမ်းကို မြှင့်လိုက်သည်။ အဲ အတိုင်မရ အလှည့်မရ ဆိုသလို မရွှေချောက နောက်မှာ ကျန်ရစ်ပြန်သည်။ ကလေး တစ်ယောက် နောက်က လိုက်ဆွဲထားသည့်အတိုင်း၊ (သို့) ရစ်ပြန်သည်။ ကလေး တစ်ယောက် နောက်က လိုက်ဆွဲထားသည့်အတိုင်း၊ (သို့) လက်ဆွဲကာ အကြွေးပဲလိုက်တောင်းနေသလိုလို။ သူတို့နှစ် ယောက် ၏ ပုံမကျပန်းမကျ ညှိမရ ပြုမရဟန်ကြောင့် တချို့က ‘ခွီး’ ခနဲ ရယ်လိုက်ကြသည်။ ပန်းမကျ ညှိမရ ပြုမရဟန်ကြောင့် တချို့က ‘ခွီး’ ခနဲ ရယ်လိုက်ကြသည်။
‘အမလေး တိုင်ပင်မှန်လှချေလား ဟ’
စင်ပေါ်မှ Presenter အစ်ကိုကြီးက မိုက်ဖြင့် လှမ်းအော်ရင်းပြောသည်။ ထို့နောက် သူ့စကားသူသဘောတကျဖြင့် ရယ်လိုက်သည်။ မိုက်ကို ရှေ့မှ မဖယ်ဘဲရယ်လိုက်တာကြောင့် ရယ်သံက ဘောက်(စ်)ထဲမှ စီခနဲ ထွက်လာသည်။ ရယ်သံ ‘ခွီး’ ခနဲ။
ဒါကိုပင်စင်အောက်မှ ဟာသပျက်လုံးတစ်ခုလို ဖြစ်ကာ နဂိုရယ်နေသည့်ကြားထဲ ပို၍ ရယ်ကြပြန်သည်။ ခန်းမအလယ်လမ်းအဆုံးရောက်ပြီးပြန်လှည့်ကာ စင်ဘက်ဦးတည်သော နှစ် ယောက် သား ထိုအခါမှ ရှက်ရကောင်းမှန်းသိကာ ဂွကျကျမ ဖြစ်တော့ဘဲ သူ့အလိုလို တိုင်ပင်မှန်သွားသည်။
ဇောချွေးများ ပြန်နေသော ရာဇာ အခုမှ သက်ပြင်းချနိုင်သည်။
လက်ချိတ်လျက် ခေါင်းငုံ့ကာ ယှဉ်လျက်ကပ်ပါနေသော ယမင်းကို ချစ်မြတ်နိုးစွာ တစ်ချက်ကြည့်လိုက်သည်။
‘ဒါ မင်္ဂလာဆောင်နေတာပဲ ဖြစ်လိုက်ပါတော့’
ရာဇာ့စိတ်ထဲမှ တွေး ဖြစ်သည်။
‘ကဲ အစ်မကြီးရေ စင်ပေါ်ပြန်ရောက်လာတော့မဲ့ King နဲ့ Queen အတွက် ဘာအစီအဉ်ရှိသေးလဲဆိုတာ သိချင်နေကြတယ်’
Presenter အစ်ကိုကြီးစကားကြောင့် ရာဇာရော ယမင်းပါ မသိစိတ်ဖြင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ နှစ် ယောက် စလုံးလည်း ထူပူသွားကြသည်။
‘သြော် ဆန္ဒမစောပါနဲ့ရှင် လာမယ်လေ’
စင်ပေါ်တက်ရင်း ထိုလှေကားထစ်များ ပေါ်မှာ ပင် ခွေကျသွားချင်လောက်အောင်ကို ယမင်းစိတ်ညစ်သွားသည်။ ဘာတွေ ဘယ်လိုလုပ်ဦးမှာ ပါလိမ့်။
ပျော်စေ ပျက်စေ ဆိုသော်လည်း တကယ်တမ်းကျ ခံရသူက အီလည်လည်ကြီး။ စင်ပေါ်ရောက်သည်နှင့် ထိုင်ခုံပေါ်ရာဇာ ခြေပစ်လက်ပစ်နီးပါး ထိုင်ချလိုက်သည်။ မျက်နှာကလည်း အနည်းငယ်ရှုံ့မဲ့လျက်။ ယမင်း တစ်ယောက် ခမျာလည်း မျက်နှာငယ်လေးဖြင့် ချိတ်ထားသော လက်ကိုဖြုတ်လိုက်သည်။
‘ညီမလေးရေ မောင်လေး King ကို တစ်ခုခုမကျွေးချင်ဘူးလား’
Presenter အစ်မကြီး၏ အမေးကြောင့် ယမင်းက ခေါင်းကို ဘယ်ညာ ခါသည်။ ထိုအဖြေသည် ရင်ထဲကလာခြင်း ဖြစ်သည်။ ခေါင်းကို ခပ်သွက်သွက် ခါရမ်းတာကြောင့် ရာဇာရှက်ကာ ခေါင်းကြီးငုံ့သွားသည်။
ဒါကိုပင် စင်အောက်စင်ပေါ် ရယ်စရာတစ်ခုလို အားပါးတရ ရယ်သည်။
‘ဒုက္ခပဲ မောင်လေးရေ ညီမလေး ကွင်း (Queen) က ဘာမှကို မကျွေးချင်ဘူးတဲ့ ဘယ်လိုလုပ်မလဲ’
‘ကောင်း မှ ကောင်း’
ရာဇာ ရှေ့ရောက်လာသော မိုက်နားကပ်ကာ မာမီခေါက်ဆွဲကြော်ငြာထဲကလို ပြောပစ်လိုက်သည်။ စိတ်ထဲကလည်း ခပ်ချဉ်ချဉ်ရှိသည်ကိုး။ ဘာကိုမှန်းတော့မသိ တင်းတော့ တင်းနေသည်။ စင်ပေါ်စင်အောက် ရယ်ကြပြန်သည်။
Presenter နှစ် ယောက် လည်း မထင်မှတ်ထာားသော အဖြေကြောင့် ကြောင်သွားကြ၏ ။
‘မရဘူးဟ မကောင်းသေးနဲ့ဦး အစ်ကိုတို့ကစီစဉ်ထားပြီ၊ ကဲ အစ်မကြီးရေ King ကို ကျွေးဖို့ ကိတ်မုန့်ယူလာပါ’
Presenter အစ်ကိုကြီး၏ စကားအဆုံး ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဘာလုပ်မှာ ပါလိမ့်ဆိုသော သိချင်စိတ်ကို အစ်ကိုကြီးက ဖမ်းစားထားသည်။
‘အစီအစဉ်လေး ကတော့ Queen ကို မျက်စိမှိတ်ဖို့အတွက် ပ၀ါနဲ့ မျက်လုံးကို ဖုံးပြီးစည်းထားပါမယ်၊ ပြီးတော့ လက်ထဲကို ကိတ်မုန့်ထည့်ပေးပါမယ်။ အဲဒီ မုန့်နဲ့ King ရဲ့ ပါးစပ်နဲ့ တည့်အောင် ကွက်တိ ဖြစ်အောင်ပေါ့နော် ကျွေးရပါမယ်။ King ကိုတော့ မျက်စိမဖုံးထားပါဘူး၊ ဒါပေမဲ့ King က လက်နဲ့ဆွဲပြီး မစားရပါဘူး။ ပါးစပ်နားရောက်မှသာ စားရပါမယ်၊ ကိတ်မုန့်ကို King ရဲ့ လက်နဲ့ လုံးဝမထိရပါဘူး။ ဒီအစီအစဉ်လေးကို သဘောတူပါသလား’
‘ဟေး’
‘တူပါတယ်၊ တူပါတယ်’
စင်အောက်မှာ အသံတွေ ကျွတ်ကျွတ်ညံကုန်သည်။ ပျော်စရာအစီအစဉ်မို့ ပျော်ကြသည်ပေါ့။ King နဲ့ Queen ဖြစ်သော ရာဇာနှင့် ယမင်းခမျာတော့ ရှက်စိတ်ကမပြေရသည့်ကြားထဲ မျက်နှာငယ်လေးတွေ နဲ့ ဖြစ်နေကြရှာသည်။
‘ကဲ အားလုံးကသဘောတူပြီဆိုတော့ ညီလေးနဲ့ ညီမလေးက ငြင်းခွင့်မရှိတော့ဘူး၊ ကဲ အစ်မကြီးရေ အစီအစဉ်လေးစလိုက်ရအောင်’
သူပြောချင်ရာ ဇွတ်ပြောပြီး အစ်ကိုကြီးဆိုသူက အချက်ပေးလိုက်သည်နှင့် အစ်မကြီးက ရာဇာနှင့် ယမင်းကို မျက်နှာချင်းဆိုင် ထိုင်စေသည်။
ထို့နောက် ယမင်းကို အသင့်ယူလာပြီး ဖြစ်သော ပ၀ါနက်လေးဖြင့် မျက်လုံးကိုအုပ်ကာ စည်းပေးလိုက်သည်။ ပြီး ယမင်းလက်ထဲကို ကိတ်မုန့်လေးထည့်ပေးလိုက်သည်။
‘ကဲ ညီလေးက ညီမလေးရဲ့ လက်ကိုမကိုင်ရဘူးနော်၊ ပါးစပ်နားရောက်မှ စားရမယ်၊ အဲ ညီမလေးကလည်း ကိုကြီးတို့ပြောတာနားထောင်ပါးစပ်နဲ့ တည့်အောင် အရိပ်အမြွက် ပြောပြမယ် ဟုတ်ပြီလား’
ယမင်းရော ရာဇာပါ ခေါင်းညိတ်ကြသည်။
‘ကဲ ညီမလေးရေ မောင်လေးကို ကိတ်မုန့်ကျွေးလို့ရပါပြီ’
Presenter အစ်မကြီး၏ စကားဆုံးသည်နှင့် မြူးကြွသော တီးလုံးသံက ၀င်လာသည်။ ယမင်း ရာဇာ့နှုတ်ခမ်းဆီသို့မှန်းပြီး ကိတ်မုန့်ကို ထိုးကျွေးသည်။
သို့သော် ရာဇာ့ဆီကို လက်ကမရောက်တရောက် ဖြစ်နေသည်။
‘အဲ ညီမလေးရေ မမပြောပြမယ် မောင်လေးရဲ့ ပါးစပ်နဲ့ တော် တော် လေးဝေးသေးတယ်’
အစ်မကြီးပြောသော စကားကို ကြားသည်နှင့် တစ်ပြိုင်နက် ယမင်းက ကိတ်မုန့်ကိုင်လက်ကို ရှေ့သို့တော် တော် လေးတိုးလိုက်သည်။
ရာဇာက မျက်နှာရှေ့ဝဲနေသော ကိတ်မုန့်ကိုစားရန် ပါးစပ်ဟလျက် လိုက်သော်လည်း ယမင်း၏ လက်မှာ ဟိုရမ်းဒီရမ်းမို့ အံကမကျ၊ လက်ဖြင့် ယူစားလိုက်ချင်စိတ်က တဖွားဖွားပေါ်သည်။ စင်အောက်မှ ရယ်သံများ က တ၀ါးဝါးတဟားဟား။
‘ညီမလေးရေ လက်ကအပေါ်ကို နည်းနည်း တိုးပါဦး အောက်ရောက်နေတယ် ဟုတ်ပြီ ရှေ့နည်းနည်း တိုး ဟုတ်ပြီ’
Presenter အစ်ကိုကြီးပြောသော စကားအတိုင်း ယမင်းကရှေ့သို့ လက်ကို ပိုဆန့်ပြီး အပေါ်နည်းနည်း တိုးလိုက်သည်။ ရာဇာ့၏ ပါးစပ်နှင့် ကိတ်မုန့်က အဝေးကြီး။ ယမင်း ဆန့်လိုက်သော လက်ထဲမှကိတ်မုန့်က ရာဇာ့နဖူးကို တွက်မိသည်။ ရာဇာကမျက်နှာကို မော့၍ စားရန်ပြင်သည်။ ယမင်းက လက်ကို ဆန့်သထက်ဆန့်သည်။ ရာဇာ့နှာခေါင်းကို တွတ်မိပြီး မုန့်ကပြုတ်ကျသည်။
‘၀ါး’
‘ဟား ဟား’
စင်အောက်မှလူများ က သဘောကျစွာ ရယ်ကြသည်။ အစ်မကြီးက အသစ်တစ်တုံးကို ယမင်းလက်ထဲ ထပ်ထည့်ပေးသည်။
ရာဇာမှာ နှာခေါင်းနှင့် ကိတ်မုန့် တွတ်မိသဖြင့် ကိတ်မုန့်မှအစများ က နှာခေါင်းဝ တစ်လျှောက် ယားယံပြီး ဟတ်ချိုးကိုဟု ချေမိလေသည်။
‘ဟတ်ချိုး’
‘ခွီး’ ခနဲ ရယ်ကြပြန်သည်။ ရာဇာက ‘ဒီတစ်ခါတော့ အရှက်မကွဲအောင် ကြိုးစားမှ’ ဟု တွေးသည်။
![]() မယားစိတ်သားစိတ် | ![]() ဖူးစာအကြောင်း လာမပြောနဲ့ | ![]() အလုပ်သင်နှင်းဆီ |