ဖူးစာ
အကြောင်း
လာမပြောနဲ့
ပိုလန် စကားပုံ
“ဖေကြီးရေ . . . မေကြီးရေ . . .”
အိမ်အ၀င်ဝမှနေ အော်ရင်းဝင်လာသော သား ဖြစ်သူ၏ ခေါ်သံကြောင့် သတင်းစာဖတ်နေသောာ ဖခင် ဖြစ်သူက တစ်ချက်လှည့်ကြည့်သည်။
မိခင် ဖြစ်သူ ဒေါ်ယု ကတော့ ဖတ်လက်စစာအုပ်ကို ပိတ်ကာ သား ဖြစ်သူကို ကြည့်သည်။
“ဟဲ့ . . အလန့်တကြားနဲ့ ဘာတုံး . . .”
ဒေါ်ယု၏ ခပ်ဆောင့်ဆောင့်အမေးအဆုံးမှာ သား ဖြစ်သူတိုးမောင်က ရယ်ကျဲကျဲဖြင့် ‘အဟက်’ ဟု တစ်ချက်ရယ်သည်။ ပြီးမရဲတစ်ရဲ ရှက်ဝဲ၀ဲဟန်ဖြင့် မိဘနှစ် ပါးကို ကြည့်သည်။
ပြီး . . .
“သား . . မေကြီးတို့ကို ပြောစရာရှိလို့ . . .”
ခေါင်းကိုကုတ်ပြီး ရှက်ကိုးရှက်ကန်းကြီးလုပ်ကာနေသော သားတော် မောင်ကိုကြည့်ရင်း ဖခင် ဖြစ်သူ ဦးဖြိုးမောင်က . . .
“ဘာလဲကွ . . .”
ဟု ခပ်ဆတ်ဆတ်ဆိုသည်။
“ဧကန္တတော့ မုန့်ဖိုးကုန်ပြန်ပြီနဲ့တူတယ် . . . စကားပြောခွင့်တွေ ဘာတွေ တောင် တောင်းလို့ . . ကဲ . . ပြော . . ဟုတ်တယ် မဟုတ်လား . . .”
ဒေါ်ယုက သား ဖြစ်သူ၏ ဆံပင်ကို သပ်တင်ပေးရင်းက ဆိုသည်။
“မဟုတ်ဘူး . . မေကြီးရ . .”
“ဟင် . . အဆန်းပါလား . . ဒါဖြင့် ဘာကိစ္စလဲ . . ပြော”
ဒေါ်ယု၏ အမေးကို တိုးမောင်က ချက်ချင်း ကြီး မဖြေသေး။ မိခင် ဖြစ်သူကိုရော၊ ဖခင် ဖြစ်သူကိုပါ အားတုံ့အားနာဟန်ဖြင့် ကြည့်သည်။
အတန်ကြာမှ . . .
“သား . . . သား မိန်းမ ခိုးလာတယ် . . မေကြီး . .”
“ဘာ . . .”
ဒေါ်ယု၏ လက်မှစာအုပ်က ဖျတ်ခနဲလွတ်ကျသည်။ သတင်းစာနှင့် မျက်နှာကို မခွာသေးသော ဦးဖြိုးမောင်က သတင်းစာကို ပိတ်သည်။
“မင်း . . မင်း ဘာပြောလိုက်တယ် . . သား . . .”
ဒေါ်ယုက ကြမ်းပေါ်ကျသွားသော စာအုပ်ကို ကမန်းကတန်းပြန်ကောက်ရင်းက မေးသည်။
ဦးဖြိုးမောင် ကတော့ သားတော် မောင်၏ နှုတ်မှထွက်လာမည့် စကားကို မျက်လုံးကြီးပြူးရင်း နားစွင့်ကာနေသည်။
တိုးမောင်က ဘယ်နှကြိမ်မြောက်မှန်းမသိ ခေါင်းကို ကုတ်သည်။ ပြီး . . ရှက်ကိုးရှက်ကန်းပုံစံဖြင့် . . .
“သား . . သား မိန်းမခိုးလာတယ် မေကြီး . . .”
ဒီတစ်ခါတော့ ဒေါ်ယု တစ်ယောက် ‘ဘာ’ ဟု စောစောကလို မရေရွတ်နိုင်တော့။ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိကာ . .
“ဘုရား . . ဘုရား . . ကဲ . . ကဲ . . ပြောစမ်း . . . ဘယ်သူလဲ . . ဘယ်ကလဲ . . .”
ဒေါ်ယုစကားမဆုံးခင်မှာ ပင် ဦးဖြိုးမောင်က ကြားဖြတ်၍
“အခု သူဘယ်မှာ လဲ . . .”
တိုးမောင် ကတော့ မိဘနှစ် ပါး၏ မေးခွန်းများ ကို မဖြေသေး။ အိမ်တံခါးဝဘက်ကို မလုံမလဲ တစ်ချက်လှည့်သည်။ ပြီးမှ . . .
“မေကြီးရဲ့မေးခွန်းကို အရင်ဖြေရရင် သူ့နာမည် က နုနုတဲ့ . . . ရန်ကုန်ကပါပဲ . . . သူ အခု အိမ်ထဲလိုက်မ၀င်ရဲလို့ အိမ်အပြင်မှာ စောင့်နေတယ် . . .”
တိုးမောင်၏ စကားအဆုံးဍ် ဒေါ်ယုက ဦးတိုးမောင်ကို ကြည့်သည်။ ပြီး လက်တို့ကာ . . ‘နုနု’ တဲ့ ဟု ဆိုသည်။
“ကဲ . . . နုတာတွေ ၊ ရင့်တာတွေ အသာထားပါကွာ . . ကဲ . . သား . . အိမ်အထိတောင်ပါလာပြီဆိုမှတော့ ခေါ်လိုက်ပါတော့ကွာ . . .”
ဦးဖြိုးမောင်ကား မိန်းမ ဖြစ်သူကိုဆိုရင်း တစ်လက်စတည်း သား ဖြစ်သူကို ဆိုသည်။
ဖခင် ဖြစ်သူ၏ စကားအဆုံးမှာ တိုးမောင် တစ်ယောက် လက်ခနဲ ၀မ်းသာအားရပြုံးရင်း အိမ်အ၀င်တံခါးဘက်လှည့်ကာ . . .
“နုရေ . . ဖေကြီးနဲ့မေကြီးက ၀င်လာခဲ့တဲ့ . . .”
တိုးမောင်၏ ခေါ်သံအဆုံးဍ် အိမ်အ၀င်တံခါးဝဍ် ဘွားခနဲပေါ်လာသော အရိပ်ကိုကြည့်ရင်း ဒေါ်ယုတို့လင်မယားနှစ် ယောက် ပါးစပ်တွေ အဟောင်းသား ဖြစ်ကာ မျက်လုံးကိုယ်စီပြူးကာ မှင်သက်မိသွားကြသည်။
အတန်ကြာမှ ဒေါ်ယုက အောက်ချထားသော ခြေနှစ် ချောင်းကို ကမန်းကတန်း ဆက်တီပေါ်တင်ကာ ဒူးကိုကွေးပြီး လိမ်ကျစ်ကျစ်ဖြင့် မရဲတရဲ ၀င်လာသူကိုကြည့်ကာ . . .
“ဟဲ့ . . ဟဲ့ . . ဘူကြီးတုံး . . အဲလေ . . ဘယ်သူကြီးတုံး”
ဟု အလန့်တကြားမေးသည်။
မျက်နှာကြီး ရှုံ့မဲ့ကာဆိုသော ဒေါ်ယု၏ စကားအဆုံးဍ် ဦးဖြိုးမောင်က မချိသွားဖြဲစတိုင်လ်ဖြင့် မပွင့်တပွင့်ဟန်ဆောင်ပြုံးရင်း . . .
“သြော် . . မနုနု ၀င်ခဲ့ပါဆိုတာကို . . မနုက ရှက်ပြီး မ၀င်ရဲလို့ သူ့အမေကြီးဝင်လာတာနဲ့ တူတယ် . . .”
ဦးဖြိုးမောင်၏ စကားကြောင့် လိမ်ကျစ်လိမ်ကျစ်ဖြင့် ကျောပိုးအိတ်ကိုကိုင်ကာ ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ၀င်လာသော အမည် မသိ မိန်းမကြီးသည်လည်းကောင်း၊ သားတော် မောင်သည်လည်းကောင်း မျက်နှာပျက်ယွင်းကာ သွားသည်။
“သားတော် မောင် အပေအတေကို ယူမယ့်လူရှိမှရှိပါ့မလားလို့ ရင်တထိတ်ထိတ်နဲ့ ဖြစ်နေရတာ . . အခုမှပဲ ရင်ထဲက အလုံးကြီး ၀ုန်းခနဲ ကျသွားတော့တယ် . . . လာပါ . . .ထိုင်ပါ . . အစ်မကြီး . . အတော် ပဲ ဒုက္ခခံဖက်တော့ ရပြီ . . ကဲ . . ကဲ . . မနုကိုခေါ်လိုက်ပါ အစ်မကြီးရဲ့ . . အားနာစရာ မလိုပါဘူး . . ခမည်းခမက်တွေ ဖြစ်ရတော့မယ် . . မယ့် . . .”
“မေကြီး . . .”
ဒေါ်ယု၏ စကားမဆုံးခင်မှာ ပင် ‘မေကြီး’ ဟု မျက်စိပျက် မျက်နှာပျက်ဖြင့် ဟန့်သော တိုးမောင်ကို ဒေါ်ယုက ‘ဘာလဲ’ ဟူသော အမူအရာဖြင့် ကြည့်သည်။
“ဘယ်က ခမည်းခမက်တွေ လျှောက်ပြောနေတာလဲ . .
သားပြောတဲ့ မမနုဆိုတာ . . . သူ . . .”
“မမနုဆိုတာ . . . သူ . . .”
ဟု အားပါးတရဆိုရင်း သားတော် မောင် လက်ညှိုးထိုးပြလိုက်သူကိုကြည့်ရင်း ဦးဖြိုးမောင်ရော၊ ဒေါ်ယုပါ အချိန်အတော် ကြာသည်အထိ ပါးစပ်ဟောင်းသားဖြင့် မှင်သက်တွေ ဝေမိသွားကြသည်။ အတန်ကြာမှ . . ဦးဖြိုးမောင်က . . .
“မ . . . မမနု . . ဆိုတာ . . ဒါကြီးလား . . အမယ်လေး . . ငါ့သားရဲ့ . . မင်း . . . မင်း နောက်နေတာလား ဟင်”
မျက်နှာကြီး ရှုံ့မဲ့ကာဆိုသော ဦးဖြိုးမောင်၏ စကားကို တိုးမောင်ရော၊ မမနုဆိုသူကပါ မကြား . . တစ်ဦးကိုတစ်ဦး ချစ်ရည်လူးသော အကြည့်များ ဖြင့် ကြည်နူးနေကြသည်။
“မေး . . မေးနေတယ်လေ . . . သားရဲ့ . . မင်းပြောတဲ့ မမနုဆိုတာ . . သူ . . . သူလား…”
စိတ်မရှည်သူပီပီ ဒေါ်ယုက ဆိုးဆိုးဆတ်ဆတ် ခပ်သွက်သွက်ပင် မေးသည်။ ဒေါ်ယု၏ အဖြေကို တိုးမောင်က မဖြေ။ ဖြေမယ့်ဖြေတော့ မမနုဆိုသူက ကြက်ကြီးလည်လိမ်ထားသလို လည်ပင်းကြီးကို စောင်းငမ်းငမ်းကြီးလုပ်ကာ လက်နှစ် ဖက်ကိုပွတ်ရင်း ရှက်ဝဲ၀ဲဟန်ဖြင့် . . . . .
“ဟုတ် . . .”
ဟု ဆိုသည်။
မမနုဆိုသူက ‘ဟုတ်’ ဟု ဆိုလိုက်ချိန်မှာ ဦးဖြိုးမောင်နှင့် ဒေါ်ယုရင်ထဲမှာ တော့ ‘ဒုတ်’ ခနဲ မြားစိုက်သွားသလို ကိုယ်စီ ကိုယ်စီ ခံစားလိုက်ကြရသည်။
ဦးဖြိုးမောင်တို့ လင်မယားနှစ် ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း ဘယ်ကစလို့ ဘာပြောရမှန်းမသိအောင် ဖြစ်သွားကြသည်။ တစ်ဦး၏ အကြည့်ကိုတစ်ဦးက သိရှိနားလည်နေကြသည်။
ဦးဖြိုးမောင်၏ အတွေးမှာ တော့ . . . .
“သားရယ် . . . ဒီသက်ကြီးဝါကြီးမိန်းမကို မင်းမို့လို့ ရှာရှာဖွေဖွေကွာ . . . မင်းတော့ မသိဘူး . . . ငါတောင် ဒီခုနစ်အို၊ ရှစ်အိုကြီးကိုကြည့်ပြီး သားစိတ်၊ မယားစိတ်တောင် ကုန်ချင်လာတယ် . . ကြည့်လေ . . အော်ဂလီဆန်လေပဲ . . . အေ့ . . . ဝေါ့ . .”
ဟု တွေးနေမိသလို . . ဒေါ်ယုအတွေးမှာ လည်း . . .
“မ ဖြစ်ဘူး . . မ ဖြစ်ဘူး . . ငါ့သားကို နာမည် သာနုပြီး လူမနုတဲ့ ဟာကြီးနဲ့တော့ မပေးစားနိုင်ဘူး . . . လက်လွန်ခြေလွန် မ ဖြစ်သေးခင် တားလို့ရရင် တားမှ ဖြစ်မယ် . . . .”
ဟု တွေးမိသည်။
သို့နှင့် . . .
“သား . . ခိုးပြေးလာတယ်ဆိုတဲ့စကားကို မေမေ မကြိုက်ဘူး . . . ဒီတော့ မိသားဖသားပီပီ မေမေတို့ စီစဉ်ပေးမယ် . . . ဒီတော့ မိုးမချုပ်ခင် . . . မင်း . . . သူ့ကို သူ့မိဘအိမ် ပြန်ပို့လိုက်”
ဒေါ်ယု၏ စကားကို သားတော် မောင်က မျက်နှာပျက်မသွားသည့်အပြင် ‘ဟက်’ ခနဲပင် ရယ်လိုက်သေးသည်။
“မလိုပါဘူး မေကြီးရ . . မမနုမှာ က မိဘတွေ မရြှိ ကတော့ဘူး . . မမနုအိမ်မှာ . . သူ့ထက်ငယ်တဲ့ သူ့တူမတွေ ပဲ ရှိတယ် . . . လက်ထပ်စာချုပ်မှာ လည်း လက်မှတ်ထိုးထားပြီးပြီ . . . ဘယ်သူ့မှ သွားအပ်နေစရာ၊ ခွင့်တောင်းနေစရာ မလိုဘူး . . မမနုတို့အိမ်မှာ မမနုက အကြီးဆုံး . . မမနုထက်ကြီးတာတောင် မမနုလောက် မကြီးဘူး . . . အဟက် ဟက် . . .”
အူမြူးနေသော သား ဖြစ်သူကိုကြည့်ရင်း . .
“စိတ်မှ နှံ့သေးရဲ့လား . . . .”
ဟု ဒေါ်ယုတွေးမိသည်။ စာချုပ်မှာ လက်မှတ်ထိုးပြီးပြီ ဆိုမှတော့ သူမ ဘာမှမတတ်နိုင်တော့။
ယောက်ျား ဖြစ်သူကို လှမ်းကြည့်ပြန်တော့လည်း ဦးဖြိုးမောင် တစ်ယောက် မျက်နှာကြီးရှုံ့မဲ့ကာ စိတ်ပျက်လက်ပျက်ပုံကြီး ထွက်ကာ နေသည်ကို တွေ့ ရ၏ ။ သူလည်း ဘာပြောလိုပြောရမည် မှန်း စဉ်းစားရဟန်မတူ။
“အို . . . ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ရင့်နေတဲ့ လူတွေ လည်း ရှိတာပဲလေ . . ငါ တစ်ဖက်လှည့်နဲ့ ဒင်းရဲ့အသက်ကိုမေးကြည့်ဦးမှ”
ဒေါ်ယု ခေါင်းကို နှစ် ချက်ခန့်ညိတ်ရင်း တွေးမိသည်။ ထို့နောက် တစ်လက်စတည်းပင် . . . .
“ဒါနဲ့ . . သားရဲ့ . . မ . . မမနုအသက်က ဘယ်လောက်ရှိပြီလဲ ဟင် . . .”
သား ဖြစ်သူကိုကြည့်ကာ မေးလိုက်သော်လည်း သားလုပ်သူက မဖြေ။ ‘ဖြေလိုက်လေ’ ဆိုသော သဘောဖြင့် မမနုဆိုသူကို မေးဆတ်ပြသည်။
မမနုက လက်နှစ် ဖက်ကိုပွတ်ရင်း ‘ဟက်’ ခနဲ ရှက်စနိုးဟန်ဖြင့် ရယ်သည်။ ပြီး . . . .
“မီးရဲ့ အတက်. . . အဲလေ . . အသက်က . . . ဘာရှိဦးမှာ လဲ . . . မေကြီးရဲ့ . . တစ်နေ့ကမှ သုံးဆယ့်ငါး . . . ပြည့် . . .တာ . . .”
“ဘာ . . .”
မမနု၏ အဖြေကြောင့် ဦးဖြိုးမောင်တို့ လင်မယားနှစ် ယောက် စလုံး ‘ဘာ’ ခနဲ အံ့အားတသင့် ရေရွတ်မိကြသည်။
“ဒီရုပ်ဒီရည်ကြီးနဲ့ သုံးဆယ့်ငါးဆိုတာ ယုံကိုမယုံနိုင်ဘူး . .
အမှတ်များ မှားနေတာလား ဟင် . . .”
မျက်နှာကြီးရှုံ့မဲ့ကာဆိုသော ဒေါ်ယု၏ စကားကြောင့် မမနုက ဟက်ခနဲ ရယ်သည်။ ပြီး . . .
“မီးက မေကြီးတို့ကို နောက်ချင်လို့ အသက်နည်းနည်း လေးလျှော့ပြောထားတာပါ . . . အဟင်း . . .”
“ဒါ . . .နောက်စရာလား . . ကဲပါ . . ပြော ပြော . .ဘယ်လောက်လျှော့ပြောထားလဲ …”
မျက်နှာကြီးမဲ့ရှုံ့ကာဆိုသော ဒေါ်ယု၏ စကားအဆုံးမှာ မမနုက လက်ဆယ်ချောင်းကို ထောင်ကာ . . .
“ဆယ်နှစ် ထဲပါ . . .မေကြီးရဲ့ . . . ဆယ်နှစ် ထဲ . . .”
“ဘာ . . .”
ဒီတစ်ခါ ‘ဘာ’ လိုက်သူ ကတော့ ဒေါ်ယု မဟုတ်။ ဦးဖြိုးမောင် ဖြစ်သည်။
“ဒါ. . . ဒါဖြင့် . . . လေး . . . လေးဆယ့်ငါး . . . ပေါ့”
“ဟုတ် . . .”
အထစ်ထစ်၊ အငေါ့ငေါ့ဖြင့် မေးသော ဦးဖြိုးမောင်၏ စကားကို သူမက ခေါင်းခပ်နွဲ့နွဲ့ညိတ်ရင်း ‘ဟုတ်’ ဟု တစ်လုံးတည်းဆိုသည်။
ဒေါ်ယုက ‘အမလေးလေး’ ဟု ရေရွတ်ရင်း ညာဘက်လက်က ရင်ဘတ်ကိုဖိကာ ဘယ်ဘက်က နားထင်ကို ထောက်သည်။ ပြီး ယောက်ျား ဖြစ်သူဘက် လှည့်ကာ. . . .
“ယောက်ျားရေ . . . ကျုပ် . . . ကို . . . ရှူဆေးဗူးလေးတစ်ချက်လောက် ယူပေးစမ်းပါတော် . . . ခေါင်းထဲ တဒိတ်ဒိတ်နဲ့ ဖြစ်နေလို့ . . .”
“အာ . . . ငါက မင်းကို ရေခပ်ခိုင်းမလို့လုပ်နေတာ . . .
ဒီမှာ ရင်တွေ ပူပြီး ရင်တုန်ပမ်းတုန်ရှိလွန်းလို့ . . .
ဒေါ်ယု၏ စကားကို ဦးဖြိုးမောင်က ငိုသံပါချင်ချင်အသံဖြင့် တုံ့ပြန်သည်။ ငိုသံပါဆို သူတို့လင်မယားနှစ် ယောက် စလုံး အခုမှ အသက်လေးဆယ့်လေးနှစ် ကိုယ်စီသာရှိသေးသည်ကိုး။
“ကြည့်ရတာ မေကြီး . . ခေါင်းနည်းနည်း အုံနေတယ် ထင်တယ် . . .
မမနုဆိုသူက ဒေါ်ယုကိုကြည့်ရင်း ဆိုလိုက်သည်မို့ ဒေါ်ယုတွန့်ခနဲ ဖြစ်သွားသည်။
“ခေါင်းက နည်းနည်း အုံနေတာ မဟုတ်ဘူး . . . အများ ကြီးကို အုံနေတာ . . . အမလေး . . . ဘယ်လို ဖြစ်သွားမှန်းတောင် မသိဘူး . . .”
“မီး . . . ဇက်ကြောဆွဲပေးရမလား ဟင် . . .”
မမနုက အကျီင်္လက်ကိုပင့်တင်ရင်း ဒေါ်ယုကိုမေးသည်မို့ ဒေါ်ယု တစ်ယောက် တီကောင်ကို ဆားနှင့် တို့သလို တွန့်ခနဲ ဖြစ်ကာ သွားပြန်သည်။
“နေ . . . နေ . . . ရ . . . ဒယ် . . . ရ . . . ဒယ်”
မိမိထက် အသက်တစ်နှစ် ပင်ကြီးနေသေးတာ မမနုဆိုသည်ကိုကြည့်ရင်း ဒေါ်ယု ဆောင့်ဆောင့်အောင့်အောင့်ပင် ပြော ဖြစ်သည်။
အတွေးထဲမှာ တော့ . . . .
“အမလေး . . . အရပ်ကတို့ရေ . . . ကြားလို့မှ ကောင်းကြသေးရဲ့လား . . ချွေးမလုပ်တဲ့သူက ယောက္ခမတွေ ထက် အသက်ကြီးနေသတဲ့ . . . အမလေး . . . လေး . .သမီးလို့ ခေါ်ပြန်ရင်လည်း ငရဲက ကြီးဦးမယ် . . . အစ်မလို့ ခေါ်ရအောင်ကျတော့လည်း သူက ကိုယ့်ချွေးမ . . . အဲဒီ့ မှာ စတွေ့ တာပဲ . . .”
မျက်နှာကြီးရှုံ့မဲ့ကာ အော်ဂလီဆန်သော မျက်နှာဖြင့် အတွေးနယ်ချဲ့နေသော ဒေါ်ယုလိုပင် ဦးဖြိုးမောင် တစ်ယောက် တည်း စိတ်ထဲမှ ကြိတ်ကာ သား ဖြစ်သူကို အားမလို အားမရ ဖြစ်နေမိသည်။
“တောက် . . . အသက်နှစ် ဆယ့်လေးနှစ် ပဲရှိတဲ့မင်းက . . . ကိုယ့်ဖအေထက်တောင်ကြီးတဲ့ ဒီခုနစ်အိုရှစ်အိုကြီးကိုကွာ . . . ဝေါ့ လို့တောင် ထိုးအန်ပစ်ချင်သေးတယ် . . . ဒီလောက် မိန်းမတွေ ပေါနေတဲ့ဟာကို . . . ဒါကြီး . . ‘မ’ လာရသလား ငါ့သားရဲ့ . . . အမလေး . . . ကြည့်ရင်း . . . ကြည့်ရင်းနဲ့ . . . ကြည့်ရင်းနဲ့ . . . ရွံတာ . . .”
ဖခင် ဖြစ်သူရော၊ မိခင် ဖြစ်သူပါ ကြေကွဲနေသလောက် သား ဖြစ်သူတိုးမောင် ကတော့ ဘာကိုမှ မရိပ်မိဘဲ အပျော်ကြီးပျော်ကာနေသည်။
မိန်းမ ဖြစ်သူကို ဆံပင်လေး သပ်တင်ပေးလိုက်၊ မေးဖျားလေးကိုင်ဖြင့် ပတ်ဝန်းကျင်ကိုတောင် မေ့ကာနေသည်။
“အဟမ်း . . . အဟမ်း . . .”
တမင်လုပ်ကာ ဆိုးသော ချောင်းဆိုးသံကို ဦးဖြိုးမောင်က အကျယ်ကြီးလုပ်ကာ ဆိုးတော့မှ တိုးမောင်က အီစီကလီလုပ်နေမှု ကို အရှိန်သတ်ပြီး ‘အဟဲ’ ဟု ရယ်သည်။
“မမနုကို သားက အဖျားဆွတ်ပြီးတော့သာ . . . မမနုလို့ ခေါ်နေရတာ . . . တကယ်တမ်း မမနုရဲ့နာမည် အပြည့်အစုံက . . . ‘၀င်းနုချောသန့်’ တဲ့ . . . အဟဲ. . နာမည် နဲ့လူနဲ့ လိုက်တယ် မဟုတ်လား . . .”
“ဘာတဲ့ . . . ၀င်း . . . နု . . . ချော . . . သန့် . . . ဟုတ်လား . . .”
ဒေါ်ယုက မျက်နှာကြီးကို အစွမ်းကုန် ရှုံ့မဲ့ရင်းမေးသည်။
“ဟုတ် . . .”
ဒေါ်ယု၏ အမေးကို ဖြေသူက သားတော် မောင် မဟုတ်။ ချွေးမအသစ်စက်စက်ကလေး . . . အဲလေ . . . ချွေးမအသစ်စက်စက်ကြီး . . ၀င်းနုချောသန့် ဖြစ်ကာနေသည်။
အိုဗာတွေ ဖြစ်နေသော ရှက်တက်တက်အမူအရာဖြင့် ကြက်ကြီးလည်လိမ်ကာ ကျလာသလို ခေါင်းကို ဆတ်ခနဲ ‘ဟုတ်’ ဟု ညိတ်သော ချွေးမအသစ်စက်စက်ကြီးကိုကြည့်ရင်း ဦးဖြိုးမောင်တို့ လင်မယားနှစ် ယောက် ပြိုတော့မည့် မိုးလို ငိုချင်ချင်မျက်နှာကိုယ်စီဖြင့် စိတ်ပျက်လက်ပျက်ကြီး ကြည့်နေကြသလောက် သား ဖြစ်သူ တိုးမောင် ကတော့ သူ့မိန်းမ ချစ်ဇနီးလေး . . . အဲ . . . အဲ . . . ချစ်ဇနီးကြီးကို ကြည့်ကာ မိုးမမြင်၊ လေမမြင် ပျော်ကာနေသည်။
“မေကြီးတို့ကလည်း . . . သား မေးတာကို မဖြေဘူး . . .သားရဲ့မမနုက နာမည် နဲ့လူနဲ့ လိုက်တယ် မဟုတ်လား လို့”
ဒုတိယမ္ပိမေးလိုက်သော သား ဖြစ်သူ၏ စကားကြောင့် ဒေါ်ယုတို့လင်မယားနှစ် ယောက် တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်သည်။
ဒေါ်ယုက အော်၍ ငိုပစ်ချင်စိတ်ကို ချုပ်ထိန်းထားရင်းက ချွေးမ ဖြစ်သူကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့် ဖြစ်သည်။
“အမလေး . . . လိုက်ပါ့တော် . . . နာမည် နဲ့လူနဲ့ လိုက်ပါ့ . . . နုနေလိုက်တာများ နုနု . . . နုနုနဲ့တောင် မြည် နေသေးတယ်. . . ဝေါ့ . . .”
တကယ်တမ်း ‘ဝေါ့’ ဆိုတာက ဒေါ်ယုရင်ထဲမှ ‘ဝေါ့’ လိုက်ခြင်းသာ ဖြစ်သည်။ မဲ့ကာရွဲ့ကာဆိုသော ဒေါ်ယု၏ စကားအဆုံးမှာ ဦးဖြိုးမောင်ကလည်း . . .
“နာမည် နဲ့လိုက်အောင် ချောလိုက်၊ သန့်လိုက်တာကလည်း ကိုရီးယားမင်းသမီး ရှုံးပါတယ်ကွာ . . . ဟင့် . . .”
ဦးဖြိုးမောင်သည်လည်း ဒေါ်ယုနည်းတူ ရင်ထဲမှပင် ‘ဟင့်’ ဖြစ်သည်။ ငိုသံပါကြီးနှင့် ခပ်ရွဲ့ရွဲ့ဆိုသော ဦးဖြိုးမောင်၏ စကားအဆုံးမှာ မမနုက ရုပ်ကြမ်းကြီးနှင့် နွဲ့ကာ လက်ဖ၀ါးနှစ် ဖက်ကို ပွတ်ရင်း ရှက်ကာနေသည်။
“အာ. . . ဖေကြီးနဲ့မေကြီးကလည်း မီးကိုမြှော က်နေပြန်ပြီ . . . မီး မနေတတ်တော့ဘူး . . . ရှက်လာပြီ . . . အဟက် ဟက်”
လက်ညှိုးကို ကဗျာမဆန်စွာ ကိုက်ရင်းဆိုသော မမနုကို တိုးမောင်က ချစ်မ၀သော မျက်လုံးအစုံဖြင့် ကြည့်နေသလောက် ဒေါ်ယုတို့လင်မယားနှစ် ယောက် ကတော့ ပေစောင်း ပေစောင်းဖြင့် မသတီသလိုကြည့်သည်။
“အမလေး . . . လေး . . . မီးက . . မီးကနဲ့ လာနွဲ့နေသေးတယ် . . . ငါ ပိတ်တီးလိုက်ရ . . .”
ဦးဖြိုးမောင် တွေးမိသော အတွေး ဖြစ်သည်။
“ဟွန်း . . . ရှက်နေတာကလည်း ရှက်နေတာနဲ့ မတူဘူး . . ဘီလူးအထီးကို ပါတိတ်ဝမ်းဆက်ဝတ်ပေးပြီး မျက်ခွက်ကိုပေါင်ဒါရိုက်ပြီးတော့ နွဲ့ခိုင်းထားသလိုပဲ . . . ရုပ်ကြီးကလည်း မခန့်တာ။ မြင်နေရတာ ကိုက ခေါင်းကိုက်တယ် . . . ရှေ့က ပ ထုတ်တာပဲ ကောင်းမယ်”
ဒေါ်ယုတွေးမိသော အတွေး ဖြစ်သည်။
“ကဲ . . ကဲ . . မင်းတို့လည်း ပင်ပန်းရောပေါ့ . . သွား သွား . . . သွားနားကြ . . . အမေလည်း ခေါင်းနောက်နေလို့ ပန်းခြံထဲ လမ်းလျှောက်ဦးမယ် . .”
ဒေါ်ယုစကားအဆုံးမှာ ဦးဖြိုးမောင်ကလည်း ခေါင်းညိတ်သည်။
“အေး . . ဟုတ်ပါ့ . . ဖေကြီးလည်း မေကြီးနဲ့ လမ်းလျှောက်လိုက်မယ် . . ညောင်းပြီး ခေါင်းက ငြီးစီစီ ဖြစ်နေတယ် . . ထိုင်နေရတာ သရိုးသရီနဲ့ အန်ချနေသလိုမျိုးကြီး . . .”
စကားအဆုံးမှာ ထရပ်သော ဒေါ်ယုတို့လင်မယားနှစ် ယောက် စလုံး မနု၏ ‘နေပါဦး’ ဟူသော စကားကြောင့် ထိုင်ရမလို ထရမလိုကြီး ဖြစ်သွားရသည်။
“ကြည့်ရတာ . . ဖေကြီးတို့နှစ် ယောက် ညောင်းညာနေတာနဲ့တူတယ် . . မီး . . နှိပ်ပေးမယ်လေ . . ဖေကြီးကို အရင်နှိပ်ပေးရမလား . . မေကြီးကို အရင်နှိပ်ပေးရမလား . . ဒါမှမဟုတ် နှစ် ယောက် စလုံးကို စုံနှိပ်ပေးရလား . . .”
မမနု၏ စကားအဆုံးမှာ ဒေါ်ယုတို့လင်မယားနှစ် ယောက် လန့်ဖျပ်ကာသွားသည်။ ယောက္ခမထက် အသက်ပိုကြီးနေသော ချွေးမ၏ အနှိပ်အနယ်ကို သူတို့လင်မယား မခံရဲ၊ နေရင်းထိုင်ရင်း ငရဲတွေ ဘာတွေ ကြီးနေမှ အခက်။
“နေပါ. . . ရဒယ် . . . ရဒယ် . . မညောင်းဘူး . . .”
ဒေါ်ယုက ကမန်းကတန်း လက်ကာရင်း ငြင်းသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် မမနုက ဖေကြီးတို့လင်မယားထက် အသက်ပိုကြီးတယ်ဗျ . . . သိရဲ့လား . . .”
ဦးဖြိုးမောင်က ခပ်ရိရိပင် တမင်ပြောပစ်လိုက်သည်။ သူ့ကိုယ်သူ ကျွန်တော် ဟု သုံးနှုန်းရမည် ကလည်း မကောင်းသည်မို့ ဖေကြီးဟုသာ လျှာယားယားနှင့် ဆို ဖြစ်သည်။
အသက်ပိုကြီးသည်ဟု အပြောခံလိုက်ရသော်လည်း မမနု တစ်ယောက် ကတော့ တုန်လှုပ်ဟန်မပြ။
ခေါင်းမော့ကာ ဟက်ခနဲဟုပင် ရယ်သွမ်းလိုက်သေးသည်။
“အ… ဟော် … ဘာများ လဲလို့ မီးက အသက်အားဖြင့် ကြီးပေမယ့် ၀ါအားဖြင့် ကျတော့ ဖေကြီး၊ မေကြီးတို့က ကြီးတယ် မဟုတ်လား …လို့ … မီးက ခုမှ အိမ်ထောင်သက်တစ်ပတ်တောင် မရှိသေးဘူး . . .ပြောရတာ ရှက်တောင် ရှက်လာပြီ . . . အဟက် . . ဟက် . . ဟက် . . ပြီးတော့ အသက်ဘယ်လောက်ငယ်ငယ် ဖေကြီးတို့က ယောက္ခမ ဖြစ်နေပြီဆိုတော့ ဂါရ၀တရားက ရှေ့ထားရတော့မယ် မဟုတ်လား . . ဘာတဲ့ . . ပူဇဇေယျာနံ . . .ပူဇော်ထိုက်သူကို ပူဇော်တာ၊ ဂါရဝေါစ နိဝါတောစ ဆိုသလို ဂါရ၀တရားထားသင့်သူကို ဂါရ၀ထားတာ မင်္ဂလာမဟုတ်လား . . လေးလေးစားစားနဲ့ ပြုစုမှာ ဆိုတော့ အားနာစရာမလိုပါဘူး . . .”
မမနု၏ စကားကြောင့် ဒေါ်ယု ကျောချမ်းသွားရသည်။ ယောက်ျား ဖြစ်သူ ဦးဖြိုးမောင်ကို ကြည့်ပြန်တော့လည်း ဦးဖြိုးမောင် တစ်ယောက် အူယားသွားဟန်ဖြင့် ပခုံးကိုတွန့်သည်။ ချွေးမအသစ်စက်စက်ကြီးကို ဘာပြန်ပြောလိုက်ရမှန်းပင် မသိတော့။
“ကဲ . . ကဲ . . မေကြီး အရင်အနှိပ်ခံမလား . . ဒါမှမဟုတ် ဖေကြီးအရင်အနှိပ်ခံမလား . . နှစ် ယောက် စလုံးကို စုံနှိပ်ပေးရမလား . . .”
အကျီင်္လက်ကိုပင့်ရင်း လက်တပြင်ပြင်ဖြင့် ဆိုသော မမနု၏ စကားကြောင့် ဒေါ်ယုက မသိမသာပခုံးကို ကျုံ့သည်။ ပြီး ခေါင်းကို ခါသည်။
“အမလေး . . . မ . . . မ . . . မနှိပ်တော့ပါဘူး . . မိန်းမရေ . . မင်း ညောင်းနေတယ် မဟုတ်လား . . မင်း အနှိပ်ခံချင်ခံလိုက်လေ . . .”
ဦးဖြိုးမောင်က မျက်လုံးပြူးကြီးဖြင့် ငြင်းသည်။
ပြီး မိန်းမ ဖြစ်သူ ဒေါ်ယုကို အရောက်ပို့သည်။
ဦးဖြိုးမောင်၏ စကားကြောင့် ဒေါ်ယုက ခေါင်းကို ဘယ်ညာ ဆယ်ခါလောက် ဒတ် ဒတ်မြည် အောင်ရမ်းရင်း . . .
“မ . . . မညောင်းဘူး . . တော် ညောင်းရင် . . တော် အအနှိပ်ခံပါလား ကျုပ်က ဘယ်တုန်းကမှ ညောင်းတတ်ညာတတ်တဲ့လူမှ မဟုတ်တာ . . .”
ပျာပျာသလဲ ငြင်းနေသော ဒေါ်ယုတို့လင်မယားနှစ် ယောက် ၏ အ ဖြစ်ကို အကင်းမပါးရှာသော တိုးမောင်က မရိပ်မိ။ သူ၏ ဇနီးအသစ်စက်စက်ကြီးကိုသာ တစိမ့်စိမ့်ကြည့်ကာနေသည်။
ပြီးမှ . .
“ကဲပါလေ . . . ဖေကြီးတို့၊ မေကြီးတို့ မညောင်းသေးရင် လည်း နောက်မှ နှိပ်ပေးတာပေါ့ မမနုရာ . . ကဲ . . ကဲ . . အခုလောလောဆယ် ဟိုဟာ လုပ်ရအောင် . . . မမနုက အိမ်ရောက်ရင် ဖေကြီးတို့ကို ကန်တော့မယ်ဆိုတာလေ . . .”
“ဘာ . . .”
တိုးမောင်၏ စကားကြောင့် ဒေါ်ယုတို့လင်မယား ‘ဘာ’ ဟု အလန့်တကြား ပြိုင်တူဆိုရင်း အထိတ်တလန့် ဖြစ်သွားကြသည်။
“ဘာ . . . ဘာကိစ္စနဲ့ ကန်တော့မှာ လဲ . . .”
“အေးလေ . . . ဒုက္ခပါပဲ . . .”
ဦးဖြိုးမောင်၏ စကားအဆုံးမှာ ဒေါ်ယုက ‘အေးလေ’ ဟုထောက်ခ့သည်။ အလန့်တကြား ဖြစ်နေသော ဒေါ်ယုတို့လင်မယားကို မမနု ကတော့ သတိမမူမိ။
သူမဘာသာသူမ ခေါင်းကြီးငုံ့လိုက် လက်ဝါးနှစ် ဖက်ကို ပွတ်လိုက်ဖြင့် အရှက်ကြီးရှက်ကာနေသည်။ ပြီးမှ . . .
“မီးကိုလေ . . လေး . . ဆယ်ကျော် ငါးနှစ် တွင်းမှာ မှ. . .အချစ်ဝက်သက်ကလေးပေါက် အောင် မောင်လေးတိုးကို မွေးပေးခဲ့တဲ့ ဖေကြီးနဲ့မေကြီးရဲ့ကျေးဇူးလို့ အောက်မေ့တဲ့အနေနဲ့ပါ . . ပြီးတော့ ဂါရ၀တရားရှေ့ထားတဲ့အနေနဲ့လည်း ဖြစ်အောင်ပါ . . .”
မကျီင်္လက်မောင်းကိုပင့်ကာ ပြောပြောဆိုဆို လက်အုပ်ချီနေသော မမနုကိုကြည့်ရင်း ဒေါ်ယုတို့လင်မယား ထိုင်ရမလို၊ ထရမလိုတွေ ဖြစ်ကာ သွားကြသည်။
မိမိတို့ထက် အသက်တစ်နှစ် ခန့်ကြီးသူက လက်အုပ်တချီချီနှင့် ဆိုနေသော အခါ နေရင်းထိုင်ရင်းနှင့် မရိုးမရွကြီး ဖြစ်ကာလာသော ကြောင့် ဖြစ်သည်။
“ရတယ် . . . ရတယ် . . . မေကြီးတို့လင်မယားကို မမနု ဂါရ၀တရားထားတယ်ဆိုတာ သဘောပေါက်ပါတယ် . . ဒီတော့ ကန်တော့စရာမလိုဘူး . . . ဟုတ်ပြီလား . . .”
ဒေါ်ယု၏ မျက်လုံးပြူးကြီးနှင့် လက်ဝါးကာကာ ဆိုသော စကားကို ဦးဖြိုးမောင်က ထောက်ခံသည့်အနေဖြင့် ခေါင်းလိုက်ညိတ်သည်။
“အာ . . . မရဘူး . . .မရဘူး . . . ဖေကြီးတို့ ဘာပြောပြော . . . မီး ကတော့ ကျေးဇူးတင်လွန်းလို့ အင်းဟာ . . . အင်းဟာနဲ့ကို ကန်တော့ . . . ဦး . . .မှာ . . .ကဲ . . . ကန်တော့မယ်နော် . .”
လက်အုပ်ကြီးစွတ်ချီကာ အမှန်အကန်ကန်တော့မည့် ပုံပေါ်နေသည်မို့ ဦးဖြိုးမောင်တစ် ယောက် မျက်လုံးကြီးပြူးကာ မျက်နှာကြီးမဲ့ကာ လန့်သွားသလို ဒေါ်ယုသည်လည်း ရင်ဘတ်ကိုလက်ဖြင့် ဖိကာ အယောင်ယောင် အမှားမှားဖြင့် ဆိုဖာပေါ်မှ ရုတ်တရက်ဆောင့်ဆောင့်ထိုင်ကာ ‘ဟင့်အင်းနော် . . . ဟင့်အင်း’ ဟု စွတ်ငြင်းသည်။
![]() ယောက္ခကြီးကဆြာမဂျီး | ![]() မိန်းမယူမယ် | ![]() နဖူးရေ ဒူးရေ |