Cover

အခန်း(၁)

ဘာပြောကောင်းမလဲ

ကောင်းကင်ပြာက ကောင်းကင်မပြာသလိုနဲ့

ကောင်းကင်ကပဲ ကောင်းကင်မဲ့နေတယ်။



ကောင်းကင်ကပဲ ကောင်းကင်ယောင်ပြန်ဆောင်ပြီး

ကောင်းကင်ကများ ကောင်းကင်ပြန်လုပ်ချင်နေသေးတယ်။



ကောင်းကင်က ကောင်းကင်နဲ့ပေါင်းဖို့ကြိုးစားရင်း

ကောင်းကင်ကပဲ ကောင်းကင်ကို နမ်းတယ်။



အဲဒါနဲ့ပဲ

ကောင်းကင်ခြုံထားတဲ့ ကောင်မလေး တစ်ယောက် ကို

ကောင်းကင်အောက်က ကျွန်တော် တစ်ယောက် က

ချစ်မိသွားတယ်ဗျာ .............. ကဲ ...............။



ဘာပြောကောင်းမလဲ…လို့ အစချီထားတဲ့ မင်းရဲကဗျာကို ဝေဖန်ရရင်…… ဘာမှကို ပြောလို့မကောင်းဘူး။ ဘယ့်နှယ်ဗျာ ကြောင်တောင်တောင် ဂေါက်တောက်တောက်နဲ့ လူကို လူလိုနားလည်အောင် ရေး မထားဘူး။ မင်းကသာ ကဗျာလို့ပြောနေပေမယ့် မင်းဟာကြိးကို အားမနာတမ်းပြောရရင် ကဗျာ မဟုတ်စာမဟုတ်နဲ့ ဘာကြီးမှန်းကိုမသိဘူး….

ကျွန်တော့်မျက်နှာကိုကြည့်ရင်း အားရပါးရဆိုသော မျိုးနေဦး၏ စကားအဆုံးမှာ စိုးကြီးဟု ကျွန်တော် တို့ခေါ်သော စိုးရွှေက..

“မျိုးနေဦး မင်း တော် တော် အထူးအပါး နားမလည်းတဲ့ကောင်ပဲ၊ ဒီကောင့်ကဗျာကို အဲဒီ လောက်ထိ ဖဲ့စရာလားကွ၊ သူတိုက်ထားတဲ့ လက်ဖက်ရည်သောက်ပြီးတော့ သူ့မျက်နှာကို မထောက်ချင်နေပါ..၊လက်ဖက်ရည်မျက်နှာလေးတော့ ထောက်ဦးမှပေါ့ကွ..”

ရယ်ကြဲကြဲဖြင့် ဆိုသော စိုးကြီး၏ စကားကြောင့် ကျွန်တော် ရော မျိုးနေဦးပါ ရယ် ဖြစ်ကြ သည်။

“လက်ဖက်ရည်မျက်နှာထောက်နေလို့ ဒီလောက်ပဲပြောတာ၊ သွားရင်းလာရင်းနဲ့များ အဲဒီ ကဗျာလာပြလို့ ကတော့ကွာ…”

အံကြီးကြိတ်ဆိုသော မျိုးနေဦး၏ အမူအရာကြောင့် ကျွန်တော် တို့ရယ် ဖြစ်ကြပြန်သည်။

“ကဲ..မင်းရဲ့ အမြင်ကိုလည်း ပြောပါဦး..”

အရယ်တစ်ဝက်နှင့် ပင် စိုးကြီးဘက်လှည့်ရင်း ကျွန်တော် ဆို ဖြစ်သည်။

“ငါ ကတော့ လက်ဖက်ရည်မျက်နှာထောက်မယ့်ကောင်မဟုတ်ဘူးနော်…”

စိုးကြီးက အင်္ကျီလက်မောင်းကိုပင့်ရင်း အရယ်တစ်ဝက်ဖြင့် ဆိုသည်။ သဘောက..’ မညှာ မတာပြောတော့မယ်ဟေ့’ဟူသော သဘော။

“အေးပါ..ဖဲ့မှာ သာဖဲ့သာစမ်းပါ..”

အံကြီး ကြိတ် ကာ အိုဗာအက်တင်ဖြင့် ဆိုသော မျိုးနေဦး၏ အဆိုကြောင့် စိုးကြီးက ဟက်ခနဲရယ်သည်။ ပြီး..

“မင်းပြောတာနဲ့ ဘယ်ကစဖဲ့..အဲလေ ဘယ်ကစဝေဖန်ရမှန်းတောင်မသိတော့ဘူး..”

ဟု မျိုးနေဦးကို လှမ်းမာန်သည်။ ထို့နောက် ကျွန်တော့် ကိုကြည့်ကာ…

“ငါက ကဗျာပေါ်မှာ တော့ ပြောစရာမရှိဘူး။ ဒါပေမယ့် ဒီကဗျာကိုရေး ထားတဲ့ ကဗျာ ဆရာအပေါ်မှာ တော့ အကြံပြုချင်တာရှိတယ်..”

“ဆက်ပြော..ဆက်ပြော..”

မျိုးနေဦးက စိုးကြီး၏ စကားကို ထောက်ပေးသည်။

“ဒါပေမယ့် ငါ ဒီစကားပြောရင် မင်းထမဆဲပါဘူးဆိုတာတော့ အာမခံရမယ်. . “

“အေးပါ. . “

မျိုးနေဦး ကို အရယ်တစ်ဝက်ဖြင့် ကျွန်တော် ဆို ဖြစ်သည်။

“မင်း. . စိတ် ရောဂါ အထူးကုဆရာဝန်နဲ့ ပြ ကြည့် ပါလား“

“ဘာကွ . . မင်းမေကြီးတော် မို့လို့ငါကပြရမှာ လား . .“

ထမဆဲပါဘူးဟု အာမခံထားသည့်ကြားကပင် ကျွန်တော် ထအော် ဖြစ်သည်။

“အေး . . ငါ့ကြီးတော် ဆီပြစရာမလိုဘူး၊ စိတ် ရောဂါ အထူးကုဆီပြရမှာ . . မင်း ဒီလိုကဗျာ တွေ ရေး ပြီး ဒီအတိုင်းသာ ဆက်သွား နေမယ်ဆိုရင်လေ . . အေး . . ငါမပြောတော့ဘူး. . “

စိုးကြီးက ‘မပြောတော့ဘူး ‘ ဟုဆိုရင်း လက်ကျန်လက်ဖက်ရည်ကိုသောက်သည်။

“မင်းမပြောတော့တာပဲ ကောင်းပါတယ်ကွာ ၊ မင်းဆက်ပြောရင်လဲဒီကောင် လက်ဖက်ရည် ဖိုးရှင်းပေးတော့မှာ မဟုတ်ဘူး“

-မျိုးနေဦးအပြောကြောင့် ကျွန်တော် အောင့်သက်သက်ဖြင့် ရယ်သည်။

“ကဲ. . မင်းရဲ့ ကဗျာကိုဖတ်ရတဲ့ ငါတို့နှစ် ယောက် ရဲ့ အဆင့်မြင့်ချက်တွေ ၊ ဖြူစင်တဲ့ သဘောထားအမှန်တွေ ကို သိပြီးတဲ့နောက်မှာ . . မင်း. . ဘာပြောချင်သေးလဲ. . “

စိုးကြီးကရယ်ကြဲကြဲဖြင့် ကျွန်တော့် ကိုဆိုသည်။

“ဘာမှမပြောချင်တော့ပါဘူးကွာ၊ဒီကဗျာကိုမင်းတို့နှစ် ယောက် ဆီဖတ်ခိုင်းမိတာကိုက ငါ့အမှားကွ ၊ငါ့အ ဖြစ်က နွားကိုပလာတာကျွေးပြီး ၊ ၀က်ကို ဗီဒီယိုပြမိသလို ဖြစ်နေတယ် ။ သူတို့က အဲ့ဒီရဲ့ အရသာတွေ ကို ဘယ်သိပါ့မလဲ ။ ဒီလိုပဲ ကဗျာဆိုတာ စိတ်ဓာတ်ကောဉာဏ်ရည်ပါ မြင့်မားတဲ့ အထက်တန်းစားဦးနှောက်ပိုင်ရှင်တွေ မှ ခံစားတတ်တယ်ဆိုတဲ့အချက်ကိုငါ မေ့သွားတယ်။

Sorry ကွာ . . တကယ်တော့. . မင်းတို့ကို ငါက ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတွေ နဲ့ တစ်တန်းတစ်စားတည်း ဆက်ဆံမိသွားတယ် ။ မင်းတို့ဦးနှောက်တွေ က ကလေးတွေ ဆိုဆိုနေတဲ့ ‘ရောင် စုံဘောလုံး’ ကဗျာလောက်ပဲ လိုက်နိုင်တာကို ငါမေ့သွားတယ် ၊Sorry. . Sorry. . .“

ကျွန်တော့် စကားအဆုံးမှာ သကောင့်သားနှစ် ကောင်စလုံးအီးမှန်ထားသော မျက်နှာမျိုး ကိုယ်စီ နှင့် မျက်နှာကြီးတွေ ရှုံ့မဲ့သွားကြသည်။

“အရူးကတစ်မူး သာ ဆိုတာ အဲဒါပေါ့. . “

စိုးကြီး ကတော့ မကျေမနပ် ဖြင့် ထခွပ်လိုက်သေးသည်။မျိုးနေဦး ကတော့ ‘လက်ဖက်ရည် မျက်နှာကြောင့် ပေါ့ကွာ. . ‘ ဟု အောင့်သက်သက်ရယ်ရင်း ဆိုသည်။ ပြီးရုတ်တရက် တစ်စုံ တစ်ခု ကိုသတိရသွားဟန်ဖြင့် ကျွန်တော့် ကို ကြည့်ရင်း. . .

“ဒါနဲ့ . . မင်းကိုမေးရဦးမယ် ၊ ငါတို့ရဲ့ မျက်စောင်းထိုးအဆောင်ကို ပြောင်းလာတဲ့ ကောင်မလေးကို မင်းတွေ့ ပြီးပြီလား. . “

“ငါတို့ရဲ့ မျက်စောင်းထိုးက ချယ်ရီဆောင်၊ အာ. . မင်းကလဲ ငါက အဲဒီ အမျိုးသမီးဆောင်ရဲ့ အဆောင်မှူးမှမဟုတ်တာ၊အဲဒီ မှာ အဆောင်သူအသစ်ရောက်တဲ့ကိစ္စ ငါဘယ်လိုလုပ်ပြီးသိမှာ လည်း .. “

ကျွန်တော် စကားကိုစိုးကြီးက ငုံ့မခံ။

“မသိဘူးလေ၊ မင်းကညနေခင်းညနေခင်းဆို အဆောင်ဝရန်တာကနေခွာတဲ့ကောင်မှ မဟုတ်တာ။အဆောင်ရှေ့လမ်းမှာ ဖြတ်သမျှကျောင်းသူ ပုပု၀၀ပါမကျန်အကုန် လိုက်ငေးနေတဲ့ကောင်ဆိုတော့ ကိုယ့်အဆောင်အနီးနားက အမျိုးသမီးဆောင်တွေ ရဲ့ အဆောင်သူ အ၀င် အထွက်စာရင်းပြုစုနေတယ်လို့ အောက်မေ့တာကိုးကွ. . .“

စိုးကြီး၏ နှိပ်ကွပ်သော စကားအဆုံးမှာ မျိုးနေဦးက‘အေးလေ‘ဟုထောက်ခံသည်။ ‘လူညီတော့ ဤကျွဲဖတ်’ဆိုသလိုနှစ် ယောက် တစ်ယောက် မို့ကျွန်တော့် ကိုတမင်’နှာဘူး’ဟုနှိပ်ကွပ် ခြင်း ဖြစ်သည်။သူတို့နှစ် ကောင်ဆိုပုံက ကျွန်တော် ကပဲ မဟားတရားကြီး’နှာဘူး’ကျနေသလိုလိုကြီး ဖြစ်ကာနေသည်။

“အေး.ငါမှတ်မိသလောက် ကတော့ ငါဝရန်တာထွက်ထွက်ဘယ်ထွက်ထွက် မင်းတို့နှစ် ကောင်က ဘေးဘယ်ညာရံ ခစားပြီးတော့ အမြဲပါနေကျ မဟုတ်လား၊မင်းတို့မှမသိရင် ငါဘယ်လိုလုပ် သိမှာ လဲကွ. . “

ပက်ခနဲပြောင်ချော်ချော်ဖြင့် ဆိုသော ကျွန်တော့် စကားကြောင့် သကောင့်သားနှစ် ကောင် မျက်နှာကြီးတွေ ရှုံ့မဲ့ကာသွားသည်။ထိုစဉ်မှာ ပင်အဆောင်မှဘော်ဒါတစ်ကောင် ဖြစ်သော ထွန်းမင်းက လက်ဖက်ရည်ဆိုင်ထဲဝင်လာရင်း ကျွန်တော် တို့ကိုမြင်ကာ ကျွန်တော် တို့ဝိုင်းဆီရောက်လာသည်။ တနင်္ဂနွေမို့လက်ဖက်ရည်ဆိုင်မှာ လူအတော် စည်၏ ။

“ထွန်းမင်း. . ဟိုချယ်ရီဆောင်မှာ ပြောင်းလာတဲ့အဆောင်သူအသစ်ကလေးကို မင်းမြင်ပြီးပြီးလား . .“

မျိုးနေဦးက ထိုင်ခုံမှာ ထိုင်ခါစ ဖြစ်သော ထွန်းမင်းကို ဆိုင်းမဆင့် ဘုံမဆင့်ပင် ထမေးသည်။ ထွန်းမင်းကလဲ မဆိုင်းမတွပင်…

“ဟို မိုးပြာရောင် လေးတွေ ၊ ကြည်ပြာရောင် လေးတွေ ပဲ အမြဲဝတ်တတ်တဲ့ ကောင်မလေးလား..”

“အေး..ဟုတ်တယ်၊ မင်းပြောမှ ငါပြန်တွေးမိတယ်၊ ဟုတ်တယ် ဟုတ်တယ် အဲဒီ ကောင်မလေးက အမြဲတမ်းလိုလို အပြာရောင် လေးတွေ ပဲဝတ်တတ်တယ်..”

“အခုမှ သူရောက်တာ တစ်ပတ်လောက်ပဲရှိဦးမယ်..”

“မှန်လိုက်လေကွာ..ဟုတ်တယ်၊ သူရောက်တာ အလွန်ဆုံးရှိ တစ်ပတ်ပေါ့..”

ထွန်းမင်း၏ စကားကို စိုးကြီးက အားပါးတရ ထောက်ခံသည်။ ပြီး ကျွန်တော့် ကို တစ်ချက် လှည့်ကြည့်သည်။ သဘောက ‘လူတိုင်းသိတယ်၊ မင်းပဲမသိတာကွ. .ငတုံးရ..’ဆိုသော သဘော။

“သူက လှလဲလှတယ်၊ ချစ်စရာလည်းကောင်းတယ်ကွာ၊ ကြည့်လို့ကိုမ၀ဘူး၊ လောလော ဆယ် သူ့ကိုငါတို့ ‘ရှုမ၀’ လို့ Nickname ပေးထားတယ်..”

ထိန်းမင်းက အထက်ပါအတိုင်းဆိုရင်း ‘ဘာမှာ မလဲအစ်ကို’ ဟု မေးသော စားပွဲထိုးကို ‘ကျဆိမ့်’ ဟု လှည့်၍ မှာ သည်။

“နေပါဦးကွ..လှလည်းလှတယ်၊ ချစ်စရာလဲကောင်းတယ်ဆိုတာက ဘာသဘောလဲကွ၊ လှရင် ချစ်စရာကောင်းတော့တာပဲမဟုတ်လား..”

မျိုးနေဦးက ထွန်းမင်း၏ စကားကို အထွန့်တတ်ရင်းဆိုသည်။

“မင်းကလဲ တော် တော် ပိန်းတာပဲကွ၊ တချို့ကောင်းမလေးတွေ နတ်သမီးရှုံးအောင်လှပေမယ့်၊ ချစ်စရာမကောင်းတာတွေ တစ်ပုံကြီး၊ သူတို့ကိုယ်သူတို့ လှတယ်ဆိုပြီးတော့ အလှမာန် တွေ ထောင်နေတော့ မျက်နှာက အမြဲတမ်းလိုလို တင်းမာနေပြီးတော့ စကားပြောရင်လဲ ထောင့်မကျိုးဘူး၊ ဒါမျိုးကိုပြောတာ၊ တချို့ကောင်မလေးတွေ ကျတော့လဲ ရုပ်ရည်ကသာမန်ပဲ ဒါပေမဲ့ စကားပြောတာဆိုတာ၊ နေတာထိုင်တာ၊ သွားတာလာတာကအစ ရည်ရည်မွန်မွန် သွက်သွက် လက်လက်ကလေးဆိုတော့ အလိုလိုနေရင်း ချစ်စရာကောင်းသွားရော၊ ဥပမာ- ညိုထွေးလို ပေါ့ကွာ..အဟီး..”

စိုးကြီးက စိတ်ပါလက်ပါ ရှင်းပြရင်းက ထဖောက်သည်။

“စောစောက မင်းပြောတဲ့အထဲမှာ အလှမာန်တွေ ထောင် နေတယ်ဆိုတာပါတယ်နော်..စိုးကြီး၊ ငါမသိလိုကမေးတာပါ အဲဒီ မာနတွေ ကို သူတို့ရဲ့ ဘယ်နေရာမှာ ထောင်ထားတတ်သလဲကွ၊ ဂျိုတွေ လို ခေါင်းမှာ ထောင်ထားတာလား၊ ဒါမှမဟုတ် ပခုံးကြားတွေ ၊ ချိုင်းကြားတွေ လို ကြားတွေ ထဲမှာ ထောင်ထားလား၊ သူတို့ထောင်ထားတာက ဘယ်လိုနေရာမှာ လဲ၊ စိတ်ဝင်စားလွန်လွန်းလို့ မေးတာပါ..”

မျိုးနေဦး၏ ပြောင်ချော်ချော်အမေးကြောင် စိုးကြီး ဒေါကန်ကာသွားသည်။ စကား အ ဖြစ် ပြောသည်ကိုလိုက်၍ ကန့်လန့်တိုက်နေသည်ကိုး။

“သူတို့ဘာသာသူတို့ ဘယ်ကြားထဲထောင်ထောင် မင်းအပူလား..”

“သိချင်လို့ပါကွ..”

“သိချင်ရင် မင်းကြီးတော် အပျိုကြီးကို သွားမေးကြည့်…ကဲ…”

နောက်ဆုံးတော့ မိုးကြီးက အထက်ပါအတိုင်းဆိုသည်။

“မင်းရဲ့ ညိုထွေးလဲ အဲဒီ လို အလှမာနမျိုးထောင်တတ်လားကွ၊ ထောင်တတ်တယ်ဆိုရင် ဘယ်နေရာမှာ ထောင်ထားလဲ၊အဲ…မထောင်တတ်ဘူးဆိုရင်ကော ဘယ်လိုမထောင်တတ်ဘူးလဲခင်ဗျာ”

မျိုးနေဦးက အင်တာဗျူး လုပ်နေသလိုမျိုးပုံစံဖြင့် အမေးရှိသည်ကိုကြည့်ရင်း ကျွန်တော် နှင့် ထွန်းမင်း တခွီးခွီးရယ်သော်လည်း စိုးကြီးခမျာ မရယ်နိုင်ရှာ။

‘ငါ..ပြောထည့်လိုက်ရ..’

ဟုဆိုရင်း ဒေါကန်ကာနေသည်။

“ကဲပါ..အဲဒါတွေ ထားလိုက်ဦး၊ မင်းတို့ပြောတဲ့ ကောင်မလေးကို ငါ ကတော့ မမြင်ဖူး သေးဘူး။ ဒါပေမယ့် မင်းတို့အပြောနဲ့တင် ငါ တော် တော် စိတ်ဝင်းစားနေပြီ။ နောက်များ ကြုံရင် ငါ့ ကိုပြစမ်းပါကွာ..”

“မကြုံမှာ မပူနဲ့ ကြုံဦးမှာ ၊ ငါတို့ရဲ့ မျက်စောင်းထိုး အဆောင်မှာ နေမှတော့ မကြုံစရာလားကွ..”

ကျွန်တော် စကားကို စိုးကြီးက အထက်ပါအတိုင်း ကန့်လန့်တိုက်သည်။

“မကြုံစရာလားကွ..”

ဟူသော စိုးကြီး၏ စကားက တကယ်တော့ အမှန်ပင် ဖြစ်လာခဲ့သည်။

♥ ♥ ♥


တစ်ခုသော ညနေခင်း။ ထိုတစ်ခုသော ညနေခင်းသည် ကျွန်တော် နှင့် သူမကို မဆုံဘဲ ဆုံးအောင်ဖန်တီးပေးခဲ့သော ညနေခင်းပင် ဖြစ်သည်။

ထိုညနေခင်း၏ ကျေးဇူးရှင်မှာ ဖြိုးသန္တာ ဖြစ်သည်။ဖြိုးသန္တာက ကျွန်တော် နှင့် မေဂျာတူ သူငယ်ချင်း ဖြစ်သည်။ သွက်သွက်လက်လက်နှင့် ပျော်ရွင်တတ်သူမို့ ကျွန်တော် နှင့် ကျောင်းဖွင့် စမှာ ပင် တော် တော် ကြီးရင်းရင်းနှီးနှီး ခင်ခဲ့သူပင် ဖြစ်သည်။

ထိုညနေခင်းက ဖြိုး သန္တာသည် ကောင်းမလေး တစ်ယောက် နှင့် အတူ သူမတို့၏ ချယ်ရီ အဆောင်ထဲမှ ထွက်လာကာ တစ်ယောက် တည်းထိုင်နေသော ကျွန်တော့်ကို လက်လှမ်းပြသည်။ ကျွန်တော့် ကို ခေါ်နေသည်မို့ ကျွန်တော် သူမတို့ဆီရောက်သွား ဖြစ်သည်။ ဘာရယ်မဟုတ် ဖြိုးသန္တာ၏ ဘေးမှ ကြည်ပြာရောင် အင်္ကျီလေးနှင့် အလှကြီးလှနေသော သူမကို ဖျတ်ခနဲကြည့်မိပြီး ကျွန်တော် ၏ ရင်ခုန်သံတို့ ခေတ္တမျှ ရပ်တန့်ကာသွားသည်ဟု ကျွန်တော် ထင်မိသွားသည်။ မျက်နှာချင်းဆိုင်မှာ ရောက်လာသော ကျွန်တော် ကိုမကြည့်ဘဲတခြားသို့ငေးနေသော သူမသည် ပန်းချီဆရာ တစ်ဦးလက်ကုန်ကြဲထားသော ပန်းချီကားတစ်ချပ်လို့ဆို စရာမရှိအောင်လှလို့နေသည်။ ကျွန်တော် သူမကိုငေးမောရင်းမည် မျှသတိလက်လွတ် ဖြစ်သွားသည်မသိ။

သန္တာကကျွန်တော့် လက်မောင်းကိုဖုန်းခနဲပုတ်လိုက်တော့မှ ရုတ်တရက်သတိဝင်ကာလာသည်။

“ဟဲ့. . နင်အားလားလို့ မေးနေတယ်လေ. . “

ခိုးကြည့် ဖြစ်သော ကျွန်တော် ကိုမေးသည့်သန္တာ၏ ပြောင်ချော်ချော်အမူအရာကြောင့်

ကျွန်တော် ရှက်တက်တက်ကြီး ဖြစ်သွားသည်။

“အေး . . အားပါတယ်. . “

ရှက်ကိုးရှက်ကန်း ဖြစ်သွားသော ကျွန်တော် ကိုကြည့်ရင်း ဖြိုးသန္တာက မျက်စောင်းကြီးထိုးသည်။

“အားရင်ငါတို့နဲ့လိုက်ခဲ့၊ အကြော်သွားစားမလို့ငါတို့ နှစ် ယောက် တည်း ဖြစ်နေလို့၊ အ၀တ်အစားလည်း ဦးမလား. . “

“အာ. . မလဲတော့ပါဘူး၊ဒီအတိုင်းလဲပဲ ကြည့်ကောင်းနေတယ်မဟုတ်လား. .အဟဲ. . ”

ရွှတ်နောက်နောက်ဖြင့်ဆိုသော ကျွန်တော် စကားကြောင့် သူမက မသိမသာပြုံးသည်။ ဖြိုးသန္တာ ကတော့. . .

“ကြည့်ကောင်းတယ်ပြောရင်း အကြော်ဖိုးနင်ရှင်းမှာ လား”ဟုခနဲ့တဲ့တဲ့ဆိုသည် ။ပြီး တစ်ဆက်တည်းပင်. . .

“အကြော်ဖိုးရှင်းမှာ ဆိုရင် ကြည့်ကောင်းတယ်၊ အကြော်ဖိုးမရှင်းဘူးဆိုရင်တော့ ကြည့်မကောင်းဘူး . . ဒါပဲ. .”

ပြောရင်း. . ဖြိုးသန္တာကတခွီးခွီးရယ်သည်။

“အခုတစ်မျိုးတော် ကြာတစ်မျိုးမလုပ်နဲ့လေဟာ ဟိုတစ်နေ့ကကင်းတင်းမှာ နင်ပဲပြောသွားတာလေဟာ. . ၊ ငါကပါးချိုင့်နှစ် ဖက်နဲ့ ဆိုတော့ ထယ်စောက်နဲ့တူတယ်ဆို. . ”

“တူမှာ ပေါ့ အဲဒီ့ နေ့ကက်ေဖီဖိုးကို နင်ဇွတ်ရှင်းသွားတာကိုး. . ”

ပြောရင်းသူမကတခွီးခွီးရယ်ပြန်သည်။ပြီး ရုတ်တရက်သတိရဟန်ဖြင့် . . .

“ဟယ်တော့.စကားကောင်းနေတာနဲ နင်တို့နှစ် ယောက် ကိုတောင် မိတ်မဆက်ပေးရသေးဘူး. .

ဖြိုးသန္တာကို ကျွန်တော် အတော် ကြီးကျေးဇူးတင်သွားမိတယ် စကားတွေ သာ တောင်ဆိုမြောက်ဆိုပြောနေ ဖြစ်သော်လည်း တကယ်တမ်း ကျွန်တော် မျှော်လင့်နေသည်က ဤအချက်ပင် ဖြစ်သည်။ အသက်ရှူမှားလောက်အောင်ပင် ညှို့ငင်မှု အားကောင်းသော ကောင်မလေး တစ်ယောက် နဲ့ မိတ်ဖွဲ့လိုခြင်းအတွက်ကျွန်တော် မလွန်ဟု ကိုယ့်ကိုယ်ကိုယ် တွေးမိသည်။

သူမ ကတော့ခေါင်းငုံ့ကာက္ကနြေ္ဒအပြည့်ဖြင့် လမ်းလျှောက်နေဆဲ ဖြစ်သည်။မိတ်ဆက်ပေးမည် ဟုဆိုသည်အထိ ကျွန်တော် ကိုလုံးလုံးမကြည့်သေး။ ဤသည်ကိုပင် အခွင့်ကောင်းယူကာ သူမမမြင်တုန်း ဖြိုးသန္တာကို မချိုမချဉ်ဖြင့် လက်မထောင်ပြ ဖြစ်သည်။သဘောက’ဆက်လုပ် ဆက်လုပ် ’ဆိုသည့် သဘော။ဖြိုးသန္တာက ကျွန်တော် အမူအရာကိုကြည့်ရင်း ’ဣနြေ္ဒရရ နေစမ်း’ဟူသည့်သဘောဖြင့် မျက်စောင်းထိုးသည်။’အ ဖြစ်မသည်းစမ်းနဲ့’ဟူသည့်သဘောက. . .

“ဖြူပြာရေ. . ဒါငါ့သူငယ်ချင်းဇော်ခန့်တဲ့ငါ့လိုပဲ သချာင်္မေဂျာ First Year ၊ဇော်ခန့် သူကဖြူပြာတဲ့ First Year Botany”

ဖြိုးသန္တာ၏ မိတ်ဆက်ပေးမှု အဆုံးမှာ သူမက အသိအမှတ်ပြုဟန်ဖြင့် ဖျတ်ခနဲလှမ်းကြည့်ရင်း လှစ်ခနဲပြုံးပြသည်။

“တော် တော် လှတဲ့ အပြုံးပါလား”

ဟု စိတ်ထဲမှ ရေရွတ်ရင်း ပြန်ပြုံးပြ ဖြစ်သည်။

“ဖြူပြာက စကားပြောရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို နာမ်စားသုံးတတ်လဲ..”

“ဟဲ့..ယောက်ျားကြီးတန်မယ့် စပ်စုလှချည်လား..”

ကျွန်တော် အမေးကို သူမက ပြန်မဖြေသေးခင်မှာ ပင် ဖြိုးသန္တာက ဖြတ်၍ ဆိုသည်။ ဖြိုး သန္တာ၏ ငေါ့တော့တော့အဆိုကြောင့် သူမှကခပ်ယဲ့ယဲ့ပြုံးသည်။ ပြီး…

“ဘာ ဖြစ်လို့လဲ”

“သြော်..ဒီလိုလေ၊ နာမည် က ဖြူပြာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဖြူပြာကလို့သုံးလား၊ ဒါမှမဟုတ် ဖြူကလို့ပဲသုံးလားပေါ့၊ ကိုယ်တွေးမိတာ ကတော့ ပြာကလေ ပြာကဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် တပြာပြာနဲ့သုံးရင် ပိုမိုက်သလားလို့ပါ..”

“ကြံကြံဖန်ဖန်ဟယ်၊ နင်မို့ တွေးမိတယ်..”

ထုံးစံအတိုင်း သူမက ဘာမှမဆိုသေးမီမှာ ပင် ဖြိုးသန္တာက ခွီးခနဲရယ်ရင်းဆိုသည်။ သူမ ကတော့ ထုံးစံအတိုင်း ခပ်ယဲ့ယဲ့လေးပြုံးသည်။

“ဖြူပြာက သူ့ကိုယ်သူ ဖြူပြာလို့ပဲ သုံးတာဟဲ့..”

တစ်ဆက်တည်းပင် ဖြိုးသန္တာက ရှင်းချက်ထုတ်သည်။ ပြီး..ကျွန်တော် ပခုံးကို ဖြန်းခနဲ ရိုက်ကာ…

“ဇော်ခန့် ငါ နင့်ကို သတိထားမိသလောက် နင် သူတစ်ဖက်သားကိုဆို အရမ်းနောက်တာပဲ၊ ငါကြည့်လိုက်တိုင်း နင်က တစ်ယောက် မဟုတ် တစ်ယောက် တော့ အမြဲစနေနောက်နေတာချည်းပဲ”

“ပျော်စေချင်လို့ပါ. . ဟ”

“ကျီစားသန်ကရန်များ ၏ တဲ့. . ”

“အေးပါ. . ”

ဆရာမ ကြီးစတိုင်ဖြင့် ဆိုသော ဖြိုးသန္တာအဆိုကိုကျွန်တော် ရွှတ်နောက်နောက်ပင်ပြန်ဆို ဖြစ်သည်။ သူမ ကတော့ ကျွန်တော် တို့နှစ် ယောက် ၏ စကားတို့ကို နားထောင်ရင်း ပြုံးလို့သာနေသည်။

ထိုစဉ်ကသူမ၏ အပြုံးတို့သည် ကျွန်တော် ၏ အိပ်မက်များ ထိပင် လှိုက်လှဲစိုးမိုးသွားလိမ့်မည် ဟု ကျွန်တော် မထင်မိခဲ့။

♥ ♥ ♥


ငါ ကတော့..ညိုထွေးနဲ့ရည်းစား ဖြစ်ရင်’ကို’ လို့တစ်လုံးတည်းခေါ်ခိုင်းမယ်. .

မင်းကောရည်းစားရရင် မင်းကောင်မလေးကိုဘယ်လိုခေါ်ခိုင်းမှာ လဲဇော်ခန့်။ မေးမယ့်သာ မေးရတာ ပါမင်းကိုကြည့်ရတာ ရည်းစားလဲရမယ့်ပုံမပေါ်ဘူး။ ဒါပေမယ့်ပေါ့ကွာ ကောင်မလေး တစ်ယောက် တစ်လေများ ကံဆိုးမိုးမှော င်ကျပြီးတော့ မင်းနဲ့ရည်းစား ဖြစ်သွားခဲ့ရင် မင်းအဲဒီ ကံဆိုးမလေးကို ဘယ်လိုခေါ်ခိုင်းမလဲ“

စိုးကြီး၏ စကားကြောင့် ကျွန်တော် ဟက်ခနဲရယ် ဖြစ်သည်။ သကောင့်သားက ဇ,တော့မသေး။ စကားဆိုလျှင် တစ်ဖက်သားကိုမခံချင်အောင် ရိသော စကားလုံးတော့ အမြဲပါသည်။ ကျွန်တော် နှင့် ရည်စား ဖြစ်ခဲ့သည်ရှိသော် ထိုကောင်မလေးကပဲ’ကံဆိုးမလေး’ ဖြစ်ဦးမည် တဲ့။ တတ်လဲတတ် နိုင်တဲ့ကောင်ဟုကျွန်တော် တွေး ဖြစ်သည်။

ဘာရယ်တော့မဟုတ်။ ဖြူပြာကို ကျွန်တော် လျှပ်ရက်တစ်ပျက်သတိရသည်။ ထိုသတိရ မိသော ခဏမှာ ရင်၌ နွေးခနဲခံစားလိုက်မိသည် ကတော့ အမှန်။

“မောင်. . လို့ခေါ်ခိုင်းမှာ ပေါ့ကွ”

ကျွန်တော့် စကားအဆုံးမှာ လှောင်ရယ်သံတွေ ဆူညံကာသွားသည်။ စိုးကြီးက ‘သောက်ပေါကြီး’ဟုကောက်ချက်ချသည်။မျိုးနေဦး ကတော့’ကြောင်လဲ ကြောင်ရဲပါ့ကွာ’ဟုအရယ် တစ်ဝက်ဖြင့် ဆိုသည်။

“ကဲကဲ.ထားလိုက်ပါ၊ လူ တစ်ယောက် မှာ တစ်မျိုးတော့ ရူးကြမှာ ပေါ့၊မျိုးနေ ဦးမင်းဆိုရင် ကောမင်းရဲ့ ရည်းစားကို ဘယ်လိုခေါ်ခိုင်းမလဲ၊ ပြောမယ့်သာပြောရမယ်..မင်းလဲ ဒီတစ်သက် ရည်းစားဆိုလို့ မူးရင်တောင် ရှူစရာရှိမယ့်ကောင်မဟုတ်ဘူး။ ဒါပေမယ့်ပေါကွာ မင်းလဲ ဟိုကောင် ဇော်ခန့်လိုမျိုး မတော် နဲ့တဆကွာ မလည်မ၀ယ် ထုံထုံအအကောင်းမလေးတစ် ယောက် ယောက် ကို အယုံသွင်းလိုက်နိုင်လို့ ရည်းစားများ ရခဲ့သည်ရှိသော်…မင်းက..မင်းရဲ့ ကောင်းမလေး..၊ ငါတို့ ဘေးလူအမြင်နဲ့ကျတော့ ကံနိမ့်လို့ မင်းလိုကောင်နဲ့ ရည်စားတော် ရတဲ့ ကံဆိုးမလေးကို ဘယ်လိုအခေါ်ခိုင်းမလဲ..”

စိုးကြီး၏ ချိုးချိုးဖဲ့ဖစကားအဆုံးမှာ နားထောင်နေသူအားလုံး တခွီးခွီးရယ် ဖြစ်ကြသည်။ မျိုးနေဦးက စိုးကြီးကို ဖုန်းခနဲနေအောင် နားရင်းရိုက်သည်။ပြီးမှ..

“မင်းကလဲကွာ..ဘော်ဒါအချင်းချင်းကို အမွှန်းတင်နေပြန်ပြီ။ မင်းကိုကြည့်ရတာ .. ငါ့ကို ကြိတ်ပြီးတော့ ကြည်ညိုလေးစားနေသလိုလိုပဲ။ မင်း အဲဒီ လိုကြီး မြှော က်ပြောတော့ ငါတောင် ဘ၀င်မြင့်ချင်တင်တင်ကြီး ဖြစ်လာတယ်။ ဘယ်လိုနေရမှန်းတောင်မသိတော့ဘူး..”

တမင်ရွဲ့၍ ဆိုသော မျိုးနေဦးရဲ့ စကားကြောင့် ကျွန်တော် တို့ ရယ် ဖြစ်ကြပြန်သည်။ စိုးကြီးကလဲမခေ…။

“ဘယ်လိုနေရမှန်းမသိရင် အုန်းပင်ထောင်ပြီးနေပေါ့ကွ”ဟု ပြန်ရိသည်။ ပြီးတော့မှ…

“ကဲပါ..မင်းများ မတော် နဲ့ တဆ ရည်းစားရရင်ဘယ်လိုခေါ်ခိုင်းမလဲ..”

“အဲဒါက ရည်းစားရဲ့ အသက်အရွယ်ပေါ်မှာ မူတည်တယ်လေကွာ..”

“အေးပါ..ထားပါတော့ မင်းရည်းစားက အသက်ငယ်တယ်ကွာ..ကဲ..”

စိုးကြီးက စကားကို ၀င်ထောက်ပေးသည်။

“ငယ်တဲ့ရည်းစားဆိုရင်တော့ ‘ကိုကြီး’လို့ ခေါ်ခိုင်းမယ်ကွာ”

“အင်း..မင်းထက်အသက်ကြီးတဲ့ ရည်းစားဆိုရင်ကောကွာ..”

“ကိုမောင်..ကွာ..ကဲ..”

“တကယ်လို့ ရွယ်တူဆိုရင်ကောကွာ..”

“နေပါဦး..မင်းက ဘာကိစ္စ လိုက်မေးနေရတာ လဲ။ ဖြေရတာ စိတ်မရှည်တော့ ဘူး..။ဘာလဲ..မင်းက အဲဒီ ကိစ္စကို စာတမ်းပြုစုမလို့လား..”

နောက်ဆုံးတော့ မျိုးနေဦး တစ်ယောက် စိုးကြီးကို စိတ်မရှည်တော့သည်မို့ ထ၍ ဘုတောသည်။

“ဘယ်ကောင်တွေ ဘယ်လောက် ကြောင်တယ်ဆိုတာ သိချင်လို့ မေးကြည့်တာပါကွာ၊ ဘာရယ်မဟုတ်ပါဘူး။ အပျင်းပြေသက်သက်ပါ..”

စိုးကြီး၏ စကားကြောင့် မျိုးနေဦး အောင့်သက်သက် ဖြစ်ကာ မျက်နှာကြီးရှုံ့မဲ့သွားသလို ကျွန်တော် လဲ နင်ခနဲ့ တော့ ဖြစ်သွားရသည်။ ကျွန်တော် က ဘာမှမဆို ဖြစ်သော်လည်း မျိုးနေဦးက ဒီအတိုင်းမနေ။

“မသိပါဘူးကွာ..မင်းညီမနဲ့ ပေးစားဖို့ အိမ်ထောင်ဖက်ရွေးတဲ့အနေနဲ့ ပဟေဠိ စစ်တမ်းတွေ များ ကောက်နေသလားလို့၊ ရင်တောင်ခုန်သွားတယ်..”

“ငပေါ..”

သူ့ညီမကိုထိသည်မို့ အောင့်သက်သက် ဖြစ်သွားဟန်တူသော စိုးကြီးက မျိုးနေဦးကို ‘ငပေါ’ ထောပနာပြုသည်။

“ဒါနဲ့ လူတွေ စုံတုန်း ဖော်ခန့်လျှိုထားတဲ့ကိစ္စတစ်ခု မင်းတို့ကိုပြောပြရဦးမယ်ကွ..”

ရုတ်တရက်ထ၍ ဆိုသော ထွန်းမင်း၏ အဆိုကြောင့် အပြောခံရသော ကာယကံရှင် ကျွန်တော် ကိုယ်တိုင် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားရသည်။

လျှိုထားသော ကိစ္စဆိုသည်မှာ ဘာကိုဆိုလိုမှန်းမသိ။ စဉ်းစား၍ မရ ဖြစ်လို့နေသည်။

“ဟိုတစ်နေ့ကအကြော်ဆိုင်မှာ သူရယ် ငါတို့မျက်စောင်းထိုးအဆောင်က ကောင်မလေးနှစ် ယောက် ရယ်အကြော်စားနေကြတယ်။ တစ်ယောက် ကတော့ ဖြိုးသန္တာကွ. . ဟဲ. . ကျန် တစ်ယောက် က. 'ရှုမ၀’ ဖြစ်နေတယ်. . ”

ထွန်းမင်း၏ စကားကြောင့် ကျွန်တော် သကောင့်သား၏ ဆိုလိုရင်းကို သဘောပေါက်သွားမိသည်။အားလုံးက ကျွန်တော် ကိုတရားခံ တစ်ယောက် ကို ကြည့်သလိုမျိုး ၀ိုင်းကြည့်နေကြသည်။

“ရှုမ၀လို ကျောင်းသားတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ကောင်မလေး တစ်ယောက် နဲ့ အကြော်အတူစားခဲ့တဲ့ကိစ္စကို ရေငုံနှုတ်ပိတ်ပြီးလျှိုထားတာအကြောင်းတစ်ခုခုတော့ရှိရမယ်”

ထွန်းမင်း၏ စကားအဆုံးမှာ ကျွန်တော် ဖြေရှင်းချက် ထုတ်ရတော့သည်။မထုတ်လို့လဲမရ။ကြံဖန်ပြီး လူကိုအထင်ကြီးနေမှာ စိုးရသည်။

“ဒါကဒီလိုကွ. . ”

ဟုအစချီကာ ဖြိုးသန္တာခေါ်၍ လိုက်ကူရခြင်း ဖြစ်ကြောင်း ရှင်းပြရသည်။

ကျွန်တော် ရှင်းပြမှု အဆုံးမှာ ထွန်းမင်းက’ဒီလိုကိုး’ ဟုခေါင်းညိတ်ရင်း ဆိုသည်။စိုးကြီး ကတော့ တကျွတ်ကျွတ်ဖြင့် စုပ်သပ်ရင်းခေါင်းကို ဘယ်ညာရမ်းသည်။ပြီး. . .

“ကောင်မလေး. . သနားပါတယ်ကွာ. . ”

“ဘာ ဖြစ်လို့လဲကွ. . ”

ချက်ဆိုနားခွက်က မီးတောက်တတ်သော မျိုးနေဦးက ကျွန်တော် ကိုနှိပ်ကွပ်ရန် အစပျိုးနေသော စိုးကြီး ၏ စကားကိုဝင်ထောက်ပေးသည်။

“မင်းတို့စဉ်စားကြည့်လေ. . ၊သူခမျာအကြော်စားချင်လို့ အဆောင်ထဲက ထွက်လာကာမှ ဇော်ခန့်လိုကောင်မျိုးနဲ့လာဆုံတယ်၊ နဂိုကတည်းကမှ အဆောင်ဝရန်တာကနေ အဆောင် ရှေ့ဖြတ်ဖြတ်သမျှ ကောင်မလေးတွေ ကိုမလွတ်တမ်း လိုက်ငမ်းနေတဲ့ကောင်ဆိုတော့ ရှုမ၀လို ကောင်မလေးအပျံစား အမိုက်စားနဲ့လဲတွေ့ ရော အားမနာလျှာမကျိုး ဒီကောင်ငန်းမှာ သေချာတယ်။ ဒီတော့ကွာ ကောင်မလေးခမျာ တော် တော် အ နေရအထိုင်ရကျပ်ရှာမှာ ။အကြော်တောင် ကောင်းကောင်းစားလိုက်ရမယ်မထင်ဘူး။ တောက်. . ငါလိုက္ကနြေ္ဒနဲ့ တည်တည်ကြည်ကြည် ခန့်ခန့်ကြီးနေတတ်တဲ့လူနဲ့ သူ့ခမျာ ဆုံခွင့်မရရှာဘူး။ ကံဆိုးလိုက်တာနော်. . ကောင်မလေးနှယ်. . ဖြစ်မှ ဖြစ်ရလေ. . ကျွတ်ကျွတ် . . ကျွတ်. . ”

စိုးကြီး၏ စကားကြောင့် ကျွန်တော် ဟက်ခနဲရယ် ဖြစ်သည်။ကြံကြံဖန်ဖန်

နှိပ်လဲနှိပ်ကွပ်တတ်သည်။

“အလကားနောက်တာပါကွာ၊ ငါထင်တယ် ဒီအတိုင်းဆိုရင်ရှုမ၀ တစ်ယောက် ဇော်ခန့် နောက်ပါတော့မှာ ပဲ . . ”

စိုးကြီးက မျက်နှာကြီးမဲ့ကာဆိုသည်။ထွန်းမင်းက. . .

“ဘာကိစ္စပါရမှာ လဲ”

ဟုထမေးသည်။

“မင်းတို့မြင်တဲ့အတိုင်းပဲလေကွာ၊ ငါတို့ကောင်က ကိုယ်လုံးကိုယ်ပေါက်က လဲတောင့်တယ် ၊ရုပ်ကလဲဖြောင့်တယ်၊ ဒီကြားထဲ ပါးချိုင့်နှစ် ဖက်က အဆစ်ပါသေးတယ်။ ဒီလိုကောင်က သွားသွားပြီးညုနေရင်ဟိုကလေးမက မပါဘဲနေနိုင်ပါ့မလား။ တောက်. . ငါ့အမေကလဲကွာ. . ငါ့ကိုရုပ်ဖြောင့်ဖြောင့်လေး မွေးပေးတာမဟုတ်ဘူး”

စိုးကြီးက ထိုသို့ အရွှန်းဖောက်သည်။ စိုးကြီးဆိုသည့်အတိုင်း ဖြစ်လာခဲ့သည်ဆိုလျှင်တော့လဲမဆိုးဟု ကျွန်တော် တွေး ဖြစ်သည်။

သို့ သော်လောကကြီးက ဖြစ်ချင်သမျှ ဖြစ်တတ်သော သဘောမရှိတတ်သည်မို့ ဘယ်အရာမှ ကြိုတွက်၍ မရ။

ဘာရယ်မဟုတ် စိတ်ကူးထဲမှာ တော့ ရှုမ၀ကို ကျွန်တော် ရည်းစားတော် ကြည့်မိခဲ့သည်ကား အမှန်။စိတ်ကူးထဲမှာ ပင် ရှုမ၀ခေါ်ဖြူပြာ၏ ‘မောင်’ ဟုခေါ်လိုက်သံကိုပင် ကြားယောင်မိလိုက်သလိုလို. . . ။

♥ ♥ ♥


အခန်း(၂)

ဂုဏ်ထူးတန်းတက်ချင်တဲကောင်. . . ဘယ်လို ဖြစ်နေတာလဲကွ။ ငါကစာကျက်နေတယ်အောက်မေ့ နေတာ။လက်စသတ်တော့ မင်းကပန်းချီဆွဲနေတာကိုးကွ. . ”

တစ်ခန်းတည်းအတူနေ စိုးကြီးက ထိုသို့ ဆိုလျှင် ကျွန်တော် ကြည့်နေသော ဆွဲလက်စ ပုံကို သူပါလိုက်ကြည့်သည်။

“ဒါ. . ရှုမ၀ပုံမဟုတ်လား. . ”

“အေး. . ”

စိုးကြီး၏ အမေးကိုကျွန်တော် ‘အေး. . ‘ဟုတစ်လုံးတည်းအေးရာအေးကြောင်း ဖြေ ဖြစ်သည်။

“ဘယ်ဆိုးလို့လဲကွ. . အတော် တူသားပဲ”

အတော် လေးကြားရခဲသော ချီးကျူးမှု ကို စိုးကြီးထံမှရလိုက်သည်မို့ ကျွန်တော် ပြုံးမိသည်။ ဆရာသမားများ ၏ ထံမှ စကားအကောင်းကြားရမှာ မို့ အတော့် အတော် ကြီးကိုခဲယဉ်းသည်ကိုး။

“မင်းတော် တော် လေးဂေါက်နေပြီးပဲ။ ဒီအတိုင်းသာဆက်သွားနေရင်လေ၊မင်း. . ဂုဏ်ထူးတန်းတက်ရဖို့မမြင်ဘူး. . ”

ဆရာကြီးလေသံဖြင့် ဆိုသော စိုးကြီး၏ စကားကြောင့် ကျွန်တော် ပြုံးမိပြန်သည်။ စာကျက် ချိန်များ ကို အတိအကျ ဇကားချကာ မပျက်မကွက် ကြိုးစားသော ကျွန်တော့် ကို တမင်နောက် တာ ဖြစ်သည်။

“ငါ့ရဲ့သမိုင်းမှာ ဘယ်တုန်းကမှ စာညံ့တဲ့ကျောင်းသားမ ဖြစ်ခဲ့ဖူးဘူးကွ။ အေး. . နောက်လဲ ဘယ်လိုကိစ္စမျိုးကြောင့် မှ ဂုဏ်ထူးတန်းတက်ချင်တဲ့ ငါ့ရည်ရွယ်ချက်ကို အပျက်မခံဘူးမှတ်ထား”

ဆောင့်ကြွားကြွားပုံစံ တမင်လုပ်ရင်းဆိုသော ကျွန်တော့် စကားကြောင့် စိုးကြီးက မျက်နှာကိုမဲ့ရင်း. .

“ကြည့်ရသေးတာပေါ့ကွာ”

ဟုဆိုသည်။ တစ်ယောက် နှင့် တစ်ယောက် နောက်နေကြသော်လည်း တကယ်တမ်းကျ ကျွန်တော် တို့ဘော်ဒါအားလုံး စာကိုနှစ် စမှစ၍ ပုံမှန်လုပ်လာခဲ့သူများ ဖြစ်သည်။ စာကျက်ချိန် စာလုပ်ချိန်ကို အပျက်မခံသလို ဂီတာတီး၊ သီးချင်းဆိုလည်းမပျက်ခဲ့ ။ ထို့အတူ လက်ဖက်ရည်ဆိုင် အထိုင်လည်းမပျက်။ လူငယ်ပီပီ ပျော်ပျော်နေကြ သော်လည်းအပျော်လွန်ပြီး ပျက်မည့် ကိစ္စများ ဆို လက်ရှောင်ကြလေ့ရှိသည်။

“ဆွဲပြီးတော့. . သိမ်းထားမှာ လား. . ”

စိုးကြီး၏ အမေးကို ကျွန်တော် ခေါင်းခါပြ ဖြစ်သည်။ တကယ်လည်းကျွန်တော် ဤပုံတူ ခဲပန်းချီကားကို သိမ်းထားဖို့ ရည်ရွယ်မထား။

“ငါ သူ့ဆီကိုစာတိုက်ကနေ ပို့ပေးမလို့. . ”

ကျွန်တော့် အဆိုကြောင့် စိုးကြီးက အံ့အားသင့်သွားဟန်ဖြင့် မျက်ခုံးကိုပင့်သည်။ ပြီး. . .

“ဘာ ဖြစ်လို့တိုက်ရိုက်မပေးတာလဲ”

ဟုမေးသည်။စိုးကြီး၏ အမေးကို ကျွန်တော် ချက်ချင်း မဖြေ ဖြစ်။လိုနေသော နေရာများ ကို ခဲလိုက်ဖြည့်နေ ဖြစ်သည်။ ပြီး . . ပန်းချီကားငယ်၏ ညာဘက်အောက်ထောင့်မှာ ရက်စွဲကို ရေး ဖြစ်သည်။

“လက်မှတ်မထိုးတော့ဘူးလား. . ”

ပထမမေးခွန်းကိုမဖြေသေးသော ကျွန်တော့်အား ၎င်းက ဒုတိယမေးခွန်ကိုမေးပြန်သည်။ ကျွန်တော် ခေါင်းကိုသာ ဘယ်ညာ ရမ်းပြ ဖြစ်သည်။

“ငါ..ဆွဲထားတဲ့ပုံဆိုတာ သူ့ကို မသိစေချင်သေးဘူး။ အချိန်အတိုင်းအတာတစ်ခုရောက်မှ ငါ ဖွင့်ပြောမယ်..”

“သူရဲ့ သိချင်စိတ်ကို ဆွထားပြီး ပဟေဠိ လုပ်ထားဦးမယ်ပေါ့..”

“အေး..”

“စိတ်ကူးယဉ်ပါ့ကွာ..၊ဒါနဲ့ မင်းကဗျာတွေ ကော ရေး မပေးဘူးလား..”

“ဟိုတစ်လောက မင်းတို့ကိုပြတဲ့ ကဗျာကိုထည့်ပေးမလို့”

ကျွန်တော် စကားကို စိုးကြီးက အနည်းငယ်စဉ်းစားဟန်ပြုသည်။ပြီးမှ…

“သြော်..ဟိုကောင်းကင်တွေ ချည်းပဲ ထပ်ခါတလဲလဲ သုံးထားတဲ့ကဗျာကိုပြောတာလား..”

“အေး..”

ကျွန်တော် ၏ ‘အေး’ အဆုံးမှာ စိုးကြီးက မျက်နှာကြီးကို အသားကုန်ရှုံ့ပြသည်။ ပြီး ခေါင်းကို ဘယ်ညာရမ်းသည်။

“အဲဒီ ..ဂေါက်ကြောင်ကြောင်ကဗျာကိုသာ ပေးလိုက် လို့ ကတော့ သွားပြီလို့သာ မှတ်လိုက်တော့ ငါ့ကောင်..”

စိုးကြီး၏ ကောက်ချက်က ကျွန်တော့် ရင်ကို နင်ခနဲ ဖြစ်စေသည်။

“ကောင်းကင်ကို ကိုယ်စားပြုတဲ့ အပြာရောင် လေးတွေ ချည်းအမြဲတမ်းလိုလို ၀တ်တတ်တဲ့ သူ့အတွက် ဒီကဗျာက လိုက်ဖက်မလားလို့ပါကွ…”

ကျွန်တော် စကားကို ဆရာသမားက စကားတုံ့၍ မဆို။ စိတ်လေဟန်ဖြင့် ခေါင်းကို သာကုတ်သည်။

“ဒိအတိုင်း ရိုးရိုးတန်တန်ပဲ လိုက်ပါကွာ၊ မင်းရုပ် မင်းရည်နဲ့ ဟိုကပြန်ကြိုက် ဖို့များ ပါတယ်။မင်းအခုလို ကြောင်တောင်တောင်တွေ လျှောက်လုပ်မှ ဟိုက စိတ္တဇ ဖြစ်နေတဲ့ကောင်ထင်ပြီး ရှောင်တောင်သွားလိမ့်ဦးမယ်..”

သကောင့်သား၏ အကြံပြုချက်က သင်းသည်။ပြီးတော့ ရှင်းသည်။

“ငါက သူများ တွေ နဲ့မတူချင်ဘူးကွ။ နောက်ပြီးတော့ ငါက ဒီလိုမျိုး ဖြည်းဖြည်းချင်း ရင်ခုန်ရတာ ကို ပိုကြိုက်တယ်..”

“ကြောင်ပါ့ကွာ..”

ကျွန်တော် စကားအဆုံးမှာ စိုးကြီးက အထက်ပါအတိုင်းကောက်ချက်ချသည်။ ဘာရယ် မဟုတ်။ ကျွန်တော် ကတော့ ကိုယ်အတွေးနှင့် ကိုယ် ကျေနပ်သည်။

ဘာပဲပြောပြော ကဗျာစာရွက်နှင့် ဤခဲပန်းချီ သူမဆီရောက်သွားပြီးသည်နှင့် သူမဆီက အသံတစ်ခုခုတော့ ဖြိုးသန္တာထံမှ ကြားနေရမှာ ပဲ ဖြစ်သည်။

ဖြိုးသန္တာ သှူမဘေးမှာ ရှိနေခြင်းက ကျွန်တော် အတွက်တော့ အားတစ်ခု ဖြစ်သည်။ တကယ်တော့ ဖြူပြာနှင့် ကျွန်တော့် ကြားမှာ သူမကို အောင်သွယ်တော် လုပ်ခိုင်းလျှင်လည်း သူမ ကတော့ အားတတ်သရော လုပ်ပေးမှာ ပဲ ဖြစ်သည်။ သို့ သော် ကျွန်တော် ကိုယ်၌ ကိုက သမားရိုးကျ လမ်းကြောင်းတို့ကမကြိုက်။ ရှိနေပြီးသားလမ်းကြောင်းဆိုလျှင်ပင် အနည်းငယ်တော့ ဆန်းသစ်လိုက်ရမှ ကွန့်လိုက်ရမှ နေသာထိုင်သာရှိသည်။

စားပွဲပေါ်ရှိ ပုံတူပန်းချီထဲမှ သူမ ကတော့ ကျွန်တော့် ကို ရင်ခုန်သံမြန်သည်ထက်မြန်အောင် ပြုစားဆဲ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ ကောင်းကင်ခြုံထားတဲ့ ညီမလေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ငပလီက ခရု

ခြံခုန်တဲ့ ကြယ်

အလုပ်သင်နှင်းဆီ