Cover

မယားပြောတော့ တစ်ည

စကားပုံတစ်ခုရှိပါတယ်။

အမေပြောတော့ တစ်လ

မယားပြောတော့ တစ်ညတဲ့

* * * * ** * * * *



အမေ တစ်လတိတိ ပြောသော အကြောင်းကိစ္စတစ်ခုကို မယားပြောတော့ တစ်ညထဲနှင့် ပြီးမြောက်သည်ဆိုသော စကားပုံ ဖြစ်သည်။

ယခု ၀တ္ထုထဲက မယားပြောတော့ တစ်ညကျပြန်တော့ တစ်မျိုး ဖြစ်နေသည်။

မည် ကဲ့သို့ တစ်မျိုး ဖြစ်နေသနည်းဟု ဆိုသော် . . . . ။

* * * * ** * * * *



“မောင့်ကို စပ်စုတယ်လို့ မထင်နဲ့နော်? မောင် မေးစရာလေးရှိလို့”

သူ့စကားကြောင့် သူမက ခေါင်းညိတ်ပြသည်။

“ဘာမေးမလို့လဲ မောင်ရဲ့ ၊ မေးလေ”

“ဖြူရဲ့ ဖေဖေက အထူးကုဆရာဝန်ဆို”

“အင်း . . . ဟုတ်တယ်လေ မောင်ရဲ့ ၊ အဲဒါ ဘာ ဖြစ်လို့လဲ”

သူမက မျက်နှာကိုမော့ကြည့်ရင်း အမေးရှိသည်။

“ဖြူနဲ့မောင်နဲ့က မကြာခင် လက်ထပ်ြ ကတော့မှာ မဟုတ်လား၊ ဒီတော့ မောင်ရဲ့ ယောက္ခမ လောင်းကြီးကို အထူးကုဆရာဝန်ကြီးဆိုတာကလွဲပြီး ဘာအထူးကုလဲဆိုတာ မောင်က မသိဘူး လေ၊ မောင့်ရဲ့ မိဘတွေ က မေးလာခဲ့ရင် တိတိကျကျဖြေလို့ရအောင် မောင်က မေးချင်လို့ပါကွာ၊ ဘာရယ်မဟုတ်ပါဘူး။

“သြော် . . . ဖေဖေက ဘာအထူးကုလဲ၊ အဲဒီ ဟာကို သိချင်တာလား”

သူမက ပြုံးရင်း သူ့ကို ဆိုသည်။

“ဟုတ်တယ် ဖြူရဲ့ ၊ မောင်တို့ ဆွေမျိုးတွေ ထဲမှာ က ဆရာဝန်မရှိဘူး။ အင်ဂျင်နီယာတို့ ဘာတို့ပဲရှိတာ၊ ဒီတော့ မပြောကောင်းမဆိုကောင်း ရောဂါ တစ်ခုခု ဖြစ်လာရင် အားကိုးရတာ ပေါ့၊ ဖြူ့ဖေဖေက အသည်းအထူးကုလား၊ နှလုံးအထူးကုလား၊ ဒါမှမဟုတ် အထွေထွေ ရောဂါ အထူးကု လား အဲဒီ လို တိတိကျကျသိချင်တာ”

“သြော် . . . ဖေဖေကုတဲ့ ရောဂါ နဲ့ မောင့်ဆွေမျိုးတွေ ဖြစ်တဲ့ ရောဂါ တိုက်ဆိုင်ခဲ့ရင် အားကိုးချင်တာ၊ ဒီလိုလား”

သူ ‘ဟုတ်တယ်’ ဟု ဆိုရင်း ခေါင်းညိတ်ပြ ဖြစ်သည်။

“ဖြူ့ဖေဖေနဲ့ မောင်တို့ဆွေမျိုးတွေ နဲ့ လွတ်မှာ မဟုတ်ပါဘူး၊ မောင်တောင် ဖေဖေရဲ့ လူနာ ဖြစ်ချင် ဖြစ်လာဦးမှာ ”ဟု ဆိုရင်း သူမ ရယ်သည်။

“အေးပါ . . . ဘာအထူးကုလဲဆိုတာသာ ပြောပါ၊ ကဲ ဆို ဘာအထူးကုလဲ”

“ဖြူ့ဖေဖေက လိပ်ခေါင်းအထူးကု”

“အင်”

* * * * ** * * * *



If you refuse a wife one fault, you will take one with two.

အမှားတစ်ခုတည်းသာရှိသော မယား တစ်ယောက် ကို သင်ငြင်းဆန်ပါက အမှားနှစ် ခုရှိ သော မယား တစ်ယောက် ကို သင်ရလိမ့်မည် ။

Welsh proverb

* * * * ** * * * *



“ဘာ . . . . ဘယ်လို လိပ်ခေါင်းအထူးကု ဟုတ်လား”

မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မေးသော သူ့ကိုကြည့်ရင်း သူမက ခွီးခနဲ ရယ်သည်။ ပြီး ပြောင်ချော်ချော်ဖြင့် သူ့ကို ကြည့်သည်။

“မအံ့သြနဲ့ မောင်ရဲ့ ၊ မောင်လည်း တစ်နေ့ ဖေဖေ့လူနာ ဖြစ်ချင် ဖြစ်လာမှာ ၊ မောင့်ရဲ့ မိဘ တွေ ရော၊ မောင့်ရဲ့ ဆွေမျိုးတွေ ရော ဖေဖေ့လူနာ ဖြစ် . . . ဖြစ်”

“တော် ပါတော့ ဖြူရယ်၊ ကြားရတာ ခေါင်းကျိန်းလွန်းလို့”

သူခေါင်းကို ခပ်ကြမ်းကြမ်းကုပ်ရင်း ဆို ဖြစ်သည်။

“ခေါင်းကျိန်းစရာမဟုတ်ပါဘူး မောင်ရယ်၊ ဖေဖေကလေ အထူးကုပီပီ လုံးဝ တိကျမှန်ကန် မြန်ဆန်စိတ်ချရပါတယ်၊ ဘာအမှားအယွင်းမှ မရှိဘူး၊ မှားပြီးဖြတ်မိ ညှပ်မိစရာအကြောင်းကို မရှိ တာ၊ မယုံရင် မောင်ကိုယ်တိုင် ဖေဖေနဲ့တွေ့ ကြည့်ပါလား”

“ဘာကိစ္စတွေ့ ရမှာ လဲ၊ ဖြူ့ဖေဖေနဲ့ လိုက်တွေ့ ရအောင် မောင့်မှာ မှ လိပ်ခေါင်းမရှိတာ၊ ဘယ်တော့မှလည်း ဖြစ်မှာ မဟုတ်ဘူး”

သူ ရှက်အမ်းအမ်းဖြင့် ခါးခါးသီးသီးပင် ငြင်း ဖြစ်သည်။

“မဟုတ်ဘူးလေ မောင်ရဲ့ ၊ လောကကြီးမှာ မ ဖြစ်ဘူးဆိုတာ မရှိဘူး၊ မ ဖြစ်သေးတာပဲ ရှိ တယ်၊ မထူးပါဘူး မောင်ရယ် ဖေဖေ့ဆီ တစ်ခါလောက်လိုက်ခဲ့ပြီး စမ်းသပ်ကြည့်ပါလား”

သူမက ရယ်ချင်ပက်ကျိဖြင့် ဆိုလာသည်မို့ သူခေါင်းကို ဘယ်ညာခါပြ ဖြစ်သည်။

“အာ . . . ကိုယ့်မှာ ဘာ ရောဂါ မှမရှိဘူး၊ ဘာမှ စမ်းစရာ မလိုဘူး၊ ဒေါင်ဒေါင်မြည် ပြီးသား”

ခါးခါးသီးသီး ဖြစ်နေသော သူ့ကိုကြည့်ရင်း သူမက ခွီးခနဲ ရယ်သည်။

“နောက်တာပါ မောင်ရယ်၊ ဖေဖေက ခွဲစိတ်အထူးကုပါ၊ လိပ်ခေါင်းအထူးကု မဟုတ်ပါဘူး၊ မောင်ကလည်း ဗဟုသုတ နည်းလိုက်တာ လိပ်ခေါင်းအထူးကုဆိုတာ အနောက်တိုင်းဆေး လောကမှာ ကြားဖူးလို့လား”

“ဘယ်သိပါ့မလဲ ဖြူရ၊ မ ဖြစ်ဘူးဆိုတာ လောကမှာ မရှိဘူး၊ မ ဖြစ်သေးတာပဲ ရှိတယ်၊ နောက်ဆို ဖြူ့ဖေဖေက လိပ်ခေါင်းအထူးကု ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး၊ အဲဒီ ဘာသာရပ် အတွက် စာတမ်းတွေ ဘာတွေ ပြုစုပြီး နာမည် ကြီးချင် ကြီးနေဦးမှာ ”

ခပ်ရွတ်ရွတ်ပင် သူမကို သူဆို ဖြစ်သည်။

“သြော်. . . အဲဒီ အချိန်ကျတော့လည်း မောင်အပါအ၀င် မောင့်ဆွေမျိုးတွေ အတွက် စိတ် အေးရတာ ပေါ့”

သူမက ခေသူတော့မဟုတ်၊ ခပ်ငေါ့ငေါ့ပင် ပြန်၍ ဆိုသည်။

“တော် ပါပြီ ဖြူရာ၊ တခြားအကြောင်း ပြောရအောင်ပါ”

“မောင်ပဲ ဖေဖေ့ကို ဘာအထူးကုလဲလို့ စမေးတာလေ”

“ဟုတ်ပါတယ် မောင်မေးမိပါတယ်၊ ဒါပေမယ့် ဖြူက ကောင်းကောင်းမှ မဖြေတာ၊ လျှောက် နောက်နေပြီးတော့”

“ချစ်လို့နောက်တာကို စိတ်ဆိုးတယ်ပေါ့”

သူမက ရယ်ကျဲကျဲဖြင့် ဆိုသည်မို့ သူပါ ဟက်ခနဲ ရယ် ဖြစ်သည်။ အမြဲရွှတ်နောက်နောက် နိုင်သော ကလေးမကိုကြည့်ရင်း

“အာ . . . ဘာလုပ်တာလဲ”

သူမက ခပ်ချွဲချွဲဆိုသည်။

“ဘာများ လိမ်းထားသလဲလို့ပါ”

သူ ခပ်တည်တည်ပင် ညာ ဖြစ်သည်။

“အောင်မာ . . . . လူလည်မကျပါနဲ့၊ ကဲ ဒါဖြင့် ပြော ဖြူ ဘာလိမ်းထားလဲ၊ အခု ချက်ချင်း ပြော”

သူမကလည်း ချက်ချင်း ပင် မေးခွန်းထုတ်သည်။

“အင်း . . . မောင့်စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်နေတယ်၊ သေချာအောင် နောက်တစ်ခါ စမ်းသပ်ကြည့်မှ ဖြစ်မယ်၊ ကဲ ကဲ ရှေ့နည်းနည်း တိုး”

သူ့စကားအဆုံးမှာ သူမက ‘လူလည်’ ဟုဆိုရင်း ရှက်ဝဲ၀ဲဖြင့် သူ့ကို ဆွဲဆိတ်သည်။ ဘာရယ်မဟုတ် သူ ရယ် ဖြစ်သည်။

* * * * ** * * * *



“မိန်းမမယူနဲ့ငါ့ကောင် . . . ငါတို့တောင် ပြန်အမ်းမရလို့ ငြိမ်နေကြရတာ ၊ ပြန်အမ်းလို့များ ရရင် အရင်အတိုင်း သူ့အမေအိမ် ပြန်ပို့လိုက်ပါတယ်”

“ကလေးနှစ် ယောက် ကို အတိုးဆိုပြီး အဆစ်ထည့်ပေးပြီးတော့လား”

ခိုင်မြဲ၏ အဆိုကို ရန်နောင်က စကားထောက်သည်။

“ဒါတော့ ဒါပေါ့ကွာ . . . ဒါပေမယ့် ငါကလည်း ငယ်တော့တာမှ မဟုတ်တာ၊ ဘွဲ့ကလည်း ရပြီးပြီ၊ အလုပ်ကလည် အဆင်သင့်ဆိုတော့ ငါ့မိဘတွေ ကလည်း မိန်းမယူခိုင်းနေကြပြီကွ”

“မင်းကလည်း ရချင်ချင်နဲ့ဆိုတော့ အကိုက်ပေါ့ကွာ”

သူ့စကားအဆုံးမှာ ရန်နောင်က ခပ်ငေါ့ငေါ့ပင်ဆိုသည်။

“ငါတို့ သားနဲ့မယားနဲ့ ဖြစ်နေတာကိုကြည့်ပြီး မင်းက အားကျနေတာနဲ့တူတယ်၊ အေးလေ တံလျှပ်ကို ရေထင်ပြီး မင်းက ရောက်ချင်နေတာကိုး၊ တားမရရင်လည်း မတားတော့ဘူး သက်မောင်မောင်ရေ”

ခိုင်မြဲက သူ့ကိုကြည့်ရင်း ဆိုသည်။

“နောက်တော့မှ ငါ့သူငယ်ချင်းတွေ ပြောတာ မှန်တယ်ဟလို့တော့ ကုန်းမအော်နဲ့၊ အဲဒီ အချိန်မှာ ဆေးမမှီတော့ဘူး”

ရန်နောင်က ခေါင်းညိတ်ကာ ညိတ်ကာဖြင့် ဆိုသည်။

“လူပျိုဘ၀မှာ နေရတဲ့ လွတ်လပ်မှု အရသာကို အဲဒီ အချိန်မှာ ပြန်ပြီး မြည်းစမ်းလို့လည်း ရတော့မှာ မဟုတ်ဘူး၊ မပြောမရှိနဲ့နော် ငါ့ကောင် သေသေချာချာ စဉ်းစားဦး၊ အပြန်ပြန်အလှန်လှန် ကို စဉ်းစားဦး၊ မိန်းမယူတယ်ဆိုတာ လွယ်တယ်၊ ဆက်ပေါင်းဖို့သာ ခက်တာ”

ခိုင်မြဲ၏ စကားအဆုံးမှာ သူ သက်ပြင်းကိုချ ဖြစ်သည်။ ပြီး အိမ်ထောင်သည်ဘ၀ဆိုတာ ဘာကြီးပါလိမ့်ဟု သူတွေး ဖြစ်သည်။

* * * * ** * * * *



If the husband gathers like the bees, and the wife disperses like the hour, glass will both get rich.

ယောက်ျား ဖြစ်သူက ပျားကဲ့သို့ စုဆောင်းလျှင် မယားက သဲနာရီကဲ့သို့ ချွေတာရာ၏ ။ ၎င်းနှစ် ယောက် ချမ်းသာပါလိမ့်မည် ။

German Proverb

* * * * ** * * * *



“အေး . . . အေး အခုလို ကန်တော့ကြတဲ့အကျိုးကြောင့် ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေ”

သူမ၏ ဖခင် ဆုပေးအပြီး . . . .

“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ”

ဟု သူတို့လင်မယား ပြိုင်တူဆို ဖြစ်သည်။

“ဒါနဲ့ ဟိုဘက်က မိဘတွေ ကိုရော သွားကန်တော့ပြီးကြပြီလား သမီး”

ယောက္ခမကြီး၏ အမေးကို သူမက ခေါင်းညိတ်ပြသည်။

“သွားကန်တော့ပြီးပါပြီ မေမေရဲ့ ၊ မောင့်မေမေကလေ သမီးကို စိန်တစ်ဆင်စာပေးလိုက် တယ် သိလား”

သူမက ပြောပြောဆိုဆို ဘေးလွယ်အိတ်ထဲမှ ကတ္တီပါဗူးကို ထုတ်ကာ သူမအမေဆီ လှမ်းပေးရင်း ဆိုသည်။

“ဟယ် . . . ဟုတ်လား၊ ပြစမ်းပါဦး ကြည့်ရအောင်”

ယောက္ခမကြီးက သူမကမ်းပေးတော့ ကတ္တီပါဗူးကို ခပ်သွက်သွက် လှမ်းယူသည်။ ပြီး ခပ်သုတ်သုတ်ဖွင့်ကာကြည့်သည်။ ယောက္ခထီးကြီးက ဣနြေ္ဒဆည်ဦးဆိုသော သဘောဖြင့် ယောက္ခမကို တတောင်ဖြင့် တို့သည်။

“အေးကွာ . . . သားလေး ‘သက်မောင်မောင်’ တို့ဘက် ကတော့ တစ်ဦးတည်းသော သားဆိုတော့ အိမ်လည်းလက်ဖွဲ့၊ ကားလည်းလက်ဖွဲ့တဲ့အပြင် စိန်တစ်ဆင်စာပါ ပေးနိုင်တာပေါ့၊ ဖေဖေတို့ ကတော့ သားသမီးသုံးယောက် တောင်ဆိုတော့ သားတို့နှစ် ယောက် ရဲ့ ဘဏ်စာအုပ်ထဲမှာ သိန်းတစ်ရာပဲ ထည့်ပေးနိုင်တယ်”

ယောက္ခထီးကြီးက မျက်နှာပူဟန်ဖြင့် ဆိုသည်။

“ရပါတယ် ဖေဖေရယ် . . . သားတို့က ဖေဖေတို့ဆီက ရစကောင်းစေဆိုတဲ့စိတ်မျိုး မရှိ ပါဘူး၊ သားတို့ကတောင်မှ နှစ် ဖက်မိဘတွေ ကို ပြန်ကန်တော့ရဦးမှာ ပါ”

သူ့ယောက္ခထီးကြီးကို ဆို ဖြစ်သည်။

“ဟုတ်ပါတယ် ဖေဖေရယ်၊ မောင်တို့မိဘဘက်က ပေးတယ်ဆိုတဲ့ တိုက်တွေ ၊ ကားတွေ ၊ စိန်တွေ ဆိုတာက တန်ဖိုးဖြတ်လို့ရတယ်၊ ဖေဖေတို့က သမီးကို တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာတွေ အနှိုင်းမဲ့ပေးပြီးပြီပဲ၊ ဘာမှ ထပ်ပေးဖို့ မလိုပါဘူး၊ အဟင်း . . . ဟင်း”

တဟင်းဟင်း လုပ်ကာရယ်ရင်းဆိုသော ဇနီး ဖြစ်သူ၏ စကားကြောင့် သူ နင်ခနဲ ဖြစ်သွားရ သည်။

“ပြောတတ်လိုက်တာ’ဟု သူခပ်ရွတ်ရွတ် တေး ဖြစ်သည်။

ဘာတဲ့ . . . .။

“တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာတွေ တောင် အနှိုင်းမဲ့ပေးပြီးပြီ”

သူ့မိဘတွေ ပေးသော စိန်တွေ တိုက်တွေ ကားတွေ ကကျ တန်ဖိုးဖြတ်၍ ရနိုင်သည်ဟူ သတတ်။

တတ်လည်းတတ်နိုင်တဲ့အတွေးအခေါ်ဟု ခပ်ချဉ်ချဉ်ဖြင့် တွေးရင်း သူမကို ကြည့် ဖြစ် သည်။

“မောင်ကလည်း အားလုံး အစစအရာရာ သမီးသဘောပဲဆိုတော့လေ အဲဒိသိန်းတစ်ရာကို မေမေတို့ကို မနက်ဖြန်ကျ ပြန်ကန်တော့မယ် သိလား”

နောက်ဆက်တွဲ ဆိုသော မိန်းမ ဖြစ်သူ၏ စကားကြောင့် သူမျက်လုံးများ ပင် ပြူးသွားရသည်။ ကြည့်စမ်း စကားတတ်ပုံက။ အစစအရာရာ သူမ၏ သဘောဆိုပါလား၊ မနက်ဖြန် ပြန်ကန်တော့ မည် ဆိုပါလား။

“အမလေး . . . မေမေ့ရဲ့ သမီးလေးက လိမ္မာလိုက်တာ၊ သားနှစ် ယောက် ကြောင့် စိတ်ညစ်ရသမျှ သမီးအလိမ္မာလေးရှိပေလို့သာ၊ အမေ့သမီးလေး ဒီကိုလာပါဦး”

ယောက္ခမကြီးက မကြာမီက ပြူးတူးပြဲတဲ ကြည့်နေခဲ့သော ကတ္တီပါဗူးကို ဘေးမှာ ချရင်း သမီး ဖြစ်သူကို ခေါ်သည်။ မျက်ရည်လေး စမ်းစမ်း စမ်းစမ်းလုပ်နေသော ယောက္ခမကြီးဆီသို့ သူမ က ပြေးဖက်ရင်း သားအမိနှစ် ယောက် တစ်ယောက် ကို တစ်ယောက် ဖက်ကာ ဓာတ်ရှင်များ ထဲကလို ဟန်ပန်အပြည့်ဖြင့် ငိုပွဲဆင်နေကြသည်ကို ကြည့်ကာ ယောက္ခထီးကြီးက မျက်ရည်ဝဲလာဟန်ဖြင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်သည်။ သူ့စိတ်ထဲမှနေ ‘ပိုပါ့ကွာ’ဟု တွေး ဖြစ်သည်။

“အမေ့သမီး လိမ်လိမ်မာမာနေနော်၊ ယောက်ျားကို စိတ်ညစ်အောင် မလုပ်နဲ့၊ စီးတဲ့ရေ ဆည်တဲ့ကန်သင်းတဲ့၊ ယောက်ျားရှာသမျှကို မဖြုန်းနဲ့၊ ကြားလား”

ယောက္ခမကြီးက စိတ်ချဉ်ပေါက်နေသော သူ့ဆီတစ်ချက်လှမ်းကြည့်ရင်း ဆိုသည်။ ယောက္ခထီးကြီးကလည်း ချောင်းကိုဟန့်သည်။

“အဟမ်း . . . . ဟို ဂျာမန်စကားပုံတစ်ခုလိုပေါ့ သမီးရယ်၊ ယောက်ျားက ပျားလိုရှားထား သမျှကို မိန်းမက သဲနာရီလို ချွေတာရမယ်တဲ့၊ အဲဒီ လိုဆိုရင် အဲဒီ နှစ် ယောက် စလုံး ချမ်းသာလိမ့် မယ်တဲ့”

“ဟုတ်ကဲ့ပါ ဖေဖေ”

သူမက သမီးအလိမ္မာပီပီ ခေါင်းညိတ်သည်။

“ကဲ ကဲ တစ်နေကုန် မင်္ဂလာဆောင်မှာ လည်း ပင်ပန်းထားကြတယ်ဆိုတော့ အိမ်ပြန်ပြီး နာြး ကတော့”

ယောက္ခမကြီးက စိန်ထည်များ ထည့်ထားသော ကတ္တီပါဗူးကို ပြန်ပေးရင်း ဆိုသည်။ ယောက္ခမကြီး၏ စကားအဆုံးမှာ သူဝမ်းသာအားရပင် . . .

“ဟုတ်ကဲ့ပါ မေမေ၊ ဒီလိုဆို သားတို့ပြန်တော့မယ်”

ဟု ဆို ဖြစ်သည်။

ခပ်သွက်သွက်ဆိုရင်း ထရပ်သော သူ့ကို ပြန်ချင်သေးပုံမရသော သူမက မှု န်ကုပ်ကုပ်ဖြင့် လှမ်းကြည့်သည်။

“လာလေ . . . . ဖြူ၊ အမလေးဗျာ မောင့်မိန်းမ ဘယ်လောက်ထိတောင် ပင်ပန်းနေတယ် မသိဘူး ထိုင်ရာကနေတောင် မထချင်တော့ဘးထင်ရဲ့ ၊ ကဲကဲ လာလာ အိမ်ပြန်ပြီး နားရအောင်”

လက်မောင်းကို မသိမသာ ဆောင့်ဆွဲရင်းခေါ်သော သူ့နောက်ကို သူမ စွေခနဲ ပါလာ သည်။

“မေမေ သမီးတို့သွားပြီနော်၊ ဖေဖေ သွားပြီနော်”

“အေး . . . အေး”

အမျှင်မပြတ်သေးသော သူမတို့ကိုကြည့်ရင်း သူစိတ်ချဉ်ပေါက်နေမိသည်။ သို့ သော် လှမ်း အကဲခတ်ကာ သူ့ကိုကြည့်နေသော ယောက္ခမကြီး၏ အကြည့်ကြောင့် သူ မျက်နှာကို အစွမ်းကုန် ပြုံးထား ဖြစ်သည်။

ပြီး ကားပေါ်ကို ခပ်သွက်သွက် တက် ဖြစ်သည်။

* * * * ** * * * *



“မောင် . . . နေမကောင်းလို့လားဟင်၊ တစ်လမ်းလုံး စကားလည်း မပြောဘူး၊ မျက်နှာ လည်း မကောင်းသလိုပဲ”

သူမက အိမ်ရောက်ရောက်ချင်း သူ့နဖူးကို လှမ်းကာစမ်းရင်း ဆိုသည်။ သူ သူမကို မျက်နှာ ချင်းဆိုင် ဖြစ်သည်။

“မောင် နေကောင်းပါတယ် ဖြူရဲ့ ၊ မောင်က ကိစ္စတစ်ခုကို စဉ်းစားနေတာ၊ လုပ်သင့် မလုပ် သင့်ပေါ့”

“ဘာကိုလဲ မောင်”

သူမက ဘေးလွယ်အိတ်ထဲမှ ကတ္တီပါဗူးကို မီးခံသေတ္တာတွင် ထည့်ရင်းက မေးသည်။ သူ ဟက်ခနဲ ရယ် ဖြစ်သည်။

“မောင်လည်း ကျေးဇူးသိတတ်တဲ့အနေနဲ့ ဖြူ့လိုပဲ မိဘတွေ ရဲ့ လက်ဖွဲ့ကို ပြန်ပြီး ကန်တော့ လိုက်ရင် ကောင်းမလားလို့”

“ရှင်”

မီးခံသေတ္တာကို ‘ဂျောက်’ခနဲ ပိတ်ရင်း သူမမျက်လုံးတွေ ပြူးကာသွားသည်။ ပြီး သူ့ရှေ့ကို ရောက်လာသည်။

“ဖြူ နားမရှင်းဘူးမောင်၊ မောင်က ဘာကိုပြန်ကန်တော့မှာ လဲ”

သူမ၏ အမေးစကားကြောင့် သူပြုံးမိသည်။

“ဒီလိုပါ မိန်းမရယ်၊ မိန်းမက မိန်းမရဲ့ မိဘတွေ က လက်ဖွဲ့တဲ့ သိန်းတစ်ရာကို မနက်ဖြန် ပြန်ပြီး ကန်တော့လိုက်မှာ မဟုတ်လား”

“အင်းလေ မောင်ရဲ့ ၊ ဖေဖေက ခွဲစိတ်အထူးကုပီပီ လက်လှုပ်မှ ပါးစပ်လှုပ်ရတာ ၊ ပြီးတော့ စင်ကယပူမှာ ကျောင်းတက်နေတဲ့ ဖြူ့အစ်ကိုနဲ့ ဖြူ့မောင်လေးရဲ့ တစ်လတစ်လ ကျောင်းစရိတ်က နည်းတာ မဟုတ်ဘူး၊ အခုတောင် စရိတ်ချွေတာတဲ့အနေနဲ့ ဖြူ့မင်္ဂလာဆောင်ကို လေယာဉ် လက်မှတ်ဖိုး သက်သာအောင် မပြန်လာတာပဲ ကြည့်၊ အဲဒီ လို အဖက်ဖက်က ချွေတာနေတဲ့ အချိန် မှာ ဖေဖေ့ရဲ့ ချွေးနည်းစာကို ဖြူ မယူရက်ပါဘူး”

စကားအရှည်ကြီးကို ပက်ခနဲ ရေပက်မ၀င် Non Stop ဆိုသော သူမကိုကြည့်ရင်း ‘သူ့မိဘ ကျတော့ သိတတ်လိုက်တာ’ဟု ခပ်ချဉ်ချဉ်ပင် တွေးမိသည်။

“အေးလေ . . . မောင်လည်း ဒီလိုပဲပေါ့၊ မောင့်ရဲ့ မိဘနှစ် ပါး လက်ဖွဲ့တဲ့ အိမ်ရော၊ ကား ရော၊ စိန်ထည်တွေ ရော မနက်ဖြန် မိုးလင်းတာနဲ့ သွားပြီး ပြန်ကန်တော့လိုက်မယ်၊ သူတို့ချွေးနည်း စာတွေ မောင်မယူရက်ဘူး”

သူ တမင်ပင် ခပ်ရွဲ့ရွဲ့ဆို ဖြစ်သည်။

“မောင်ရယ် ဖေဖေတို့ မေမေတို့ စိတ်မကောင်း ဖြစ်သွားမှာ ပေါ့၊ မင်္ဂလာဦး လက်ဖွဲ့တွေ ပဲ မောင်ရယ် ပြန်မပေးကောင်းပါဘူး၊ ပြီးတော့ မောင့်ဖေဖေတို့က ပိုလို့ လျှံလို့လက်ဖွဲ့တာပဲ ဥစ္စာ၊ ဖြူ့ကို လိုက်မတုပါနဲ့မောင်ရယ်၊ ကလေးလည်း မဟုတ်ဘဲနဲ့”

သူမ၏ စကားကြောင့် သူမချိပြုံး ပြုံး ဖြစ်သည်။

“မိန်းမ မင်းက စကားမတတ်ရှာဘူးနော်၊ မင်းမိဘတွေ လက်ဖွဲ့တာကျတော့ ချွေးနဲစာ၊ မောင့် မိဘတွေ ရဲ့ လက်ဖွဲ့ ကတော့ ပိုလို့လျှံလို့ ဟုတ်လား”

“ဟုတ်တယ်လေ မောင်ရဲ့ ၊ ဖေဖေက ၀န်ထမ်းလေ၊ မောင့်ဖေဖေလို ကုမ္ပဏီပိုင်ရှင်မှ မဟုတ်တာ၊ ဖေဖေ့ငွေတွေ က ခြစ်ခြုပ်စုထားရတာ ”

သူမက ပေါ့ပေါ့ပါးပါးပင် ပြန်၍ ဆိုသည်။

“သြော် . . . အေး ဟုတ်တယ်၊ ငါ့မိဘတွေ ကကျတော့ မိုးပေါ်က ကျလာတဲ့ငွေတွေ ရထားတာ၊ ထီပေါက်ထားတာ၊ အလကားရထားတာတွေ ချည်းပဲ”

သူ ခပ်ချဉ်ချဉ်ပင် ဆို ဖြစ်သည်။

“မောင် မရိနဲ့နော်၊ ဘာလဲ မောင်က အဲဒီ ငွေသိန်းတစ်ရာကို မက်မောနေတာလား၊ အဲဒါ ကြောင့် ဒေါသထွက်နေတာလား”

“ဘာ”

ပက်ခနဲ ပြန်၍ ဆိုသော သူမ၏ စကားကြောင့် သူ ‘ဘာ’ ဟု ဆို ဖြစ်သည်။

“ဒီမှာ ဖြူ၊ မင်းမိဘတွေ လက်ဖွဲ့တယ်ဆိုတဲ့ သိန်းတစ်ရာကလေ မောင့်မိဘတွေ လက်ဖွဲ့ လိုက်တဲ့ စိန်ထည်တွေ ထဲက နားကပ်တစ်ရံဖိုးတောင် မရှိဘူး နားလည်လား၊ ငါလိုကောင်က ပိုက်ဆံမက်ရင် မင်းကို ယူပါ့မလား၊ ငါ့ဘေးမှာ ၀ိုင်းဝိုင်းလည်နေတဲ့ သူဌေးသမီးတွေ ထဲက ရွေးယူ လိုက်မှာ ပေါ့”

သူ့စကားကို သူမက ဘာမှပြန်၍ မဆို။ တစ်ဖက်သို့ သာ မျက်နှာကို ချာခနဲ လွှဲသည်။

“ငါက မင်းရဲ့ ယောက်ျားလေ၊ ဒီအိမ်ထောင်ရဲ့ အိမ်ဦးနတ်၊ မင်းဘာလုပ်လုပ် ငါ့ကိုတိုင်ပင် ပြီးမှ လုပ်ရမှာ ၊ အခု မင်းလုပ်ပုံက ယောက်ျားကို တိုင်ပင်စရာမလိုဘူး၊ ကိုယ်လုပ်ချင်သလို လုပ်လို့ ရတယ်၊ ငါ့ကို ထည့်မတွက်ဘူးဆိုတဲ့ အချိုးမျိုး၊ အဲဒီ လိုချိုးတာကို မခံချင်လို့ ပြောနေတာ”

သူမက သူ့စကားအဆုံးမှာ နှုတ်ခမ်းကိုမဲ့သည်။

“မောင်ရေ . . . ဖြူ့မိဘတွေ သိပ်အဆင်မပြေလို့ ဒီလက်ဖွဲ့ငွေကို ပြန်ကန်တော့လိုက်ရ အောင်နော်လို့ ပြောလိုက်တော့ ငါက တားမှာ မို့လို့လား၊ ငါ့ဘဏ်စာအုပ်ထဲက ငွေတောင် အပို ဆောင်းပြီး ကန်တော့လိုက်ဦးမယ်၊ အခုဟာက ဘလိုင်းကြီး မင်း ငါ့ကိုကြောတာ၊ တိုင်ပင်စရာ မလို ပါဘူး၊ ခေါက်ထားစမ်းပါဆိုတဲ့အချိုးမျိုး”

“ဖြူ အဲဒီ လို မရည်ရွယ်ခဲ့ဘူး မောင်၊ ဖြူ့ဘက်က မှားသွားတယ်ဆိုရင် ဖြူတောင်းပန်ပါ တယ်၊ ဒါပေမဲ့ ဖြူ့ကို မင်းတွေ ငါတွေ နဲ့တော့ မအော်ပါနဲ့၊ ဖြူ မခံစားနိုင်ဘူး”

ရှိုက်ကာ ရှိုက်ကာဆိုရင်း သူက မင်္ဂလာခုတင်ကြီးပေါ် မျက်နှာအပ်ကာ ငိုသည်။ ဒီလိုဆိုပြန် တော့လည်း သူ စိတ်မကောင်း။

မင်္ဂလာဦးညမှာ ခွန်းကြီးခွန်းငယ် စကားများ ကြသည်ကို ပတ်ဝန်းကျင် ကြားလို့မှ မကောင်း၊ သူ စိတ်ကို ပြန်လျှော့ ဖြစ်သည်။

သူငယ်ချင်းအရင်းခေါက်ခေါက်များ ကို ဒင်နာကျွေးဖို့ ဘတ်ချလာနိုက်လုပ်ဖို့က ရှိသေး သည်။

“ကဲ . . . ကဲ ငိုမနေတော့နဲ့၊ ရေလေးဘာလေးချိုး၊ ခဏနေဆိုရင် ခိုင်မြဲတို့ လာကြို ကတော့ မှာ ”

တစ်ယောက် တည်း ရေရွတ်သလိုလိုနှင့် ဆိုသော သူ့စကားအဆုံးမှာ သူမက ငေါက်ခနဲ ထထိုင်လိုက်သည်။ ပြီးတော့ မချိုမချဉ်ပြုံးသည်။

“မောင် ဒင်နာမှာ လေ မောင့်မိဘတွေ လက်ဖွဲ့ထားတဲ့ စိန်ထည်တွေ ၀တ်သွားမယ်နော် မောင်၊ ၀တ်ချင်လို့တော့ မဟုတ်ဘူးပေါ့ မောင်ရယ်၊ မောင့်ရဲ့ မိဘအသိုင်းအ၀ိုင်းဂုဏ်နဲ့ဆိုတော့ မ၀တ်ချင်လည်း ၀တ်သွားမှ သင့်တော် မှာ မဟုတ်လား”

“ဖြူ . . . မင်းဟာလေ မင်းသမီးပဲလုပ်တော့၊ စကားလုံးတွေ လည်း သိပ်ကြွယ်ဝတယ်၊ စာရေး ဆရာမ ပါ လုပ်လိုက်၊ အခုပဲ ငိုလိုက်၊ အခုပဲ ပြုံးလိုက်နဲ့ တစ်ခန်းထဲနေရမှာ တောင် ကြောက် လာပြီ”

ခပ်ရွတ်ရွတ်ဆိုသော သူ့စကားကြောင့် သူမက ခစ်ခနဲ လုပ်ကာရယ်သည်။ ပြီး သူ့ကို နောက်မှနေလာ၍ သိုင်းဖက်ထားရင်း . . .

“မောင့်စကားတွေ ကို စိတ်ဆိုးလို့ရမလား မောင်ရဲ့ ၊ မောင့်ဘက်က မှန်နေတာပဲဥစ္စာ၊ နောက်ဆိုရင် မောင့်စကားကို လုံးဝမြေ၀ယ်မကျ နားထောင်မှာ ၊ မောင်ကလည်း ဖြူစိတ်မကောင်း အောင် ခနဲ့သလိုလို ရွဲ့သလိုလိုနဲ့ အိမ်တွေ ကားတွေ ပြန်ကန်တော့မယ်၊ ပြန်ကန်တော့မယ်နဲ့ မနောက်ရဘူး၊ ဒါပဲ”

စကားသိပ်မတတ်ရှာသော သူမက သူ့ကို ‘မနောက်နဲ့’ ဆိုသော စကားဖြင့် ရအောင်ချုပ် သည်။

“နောက်နေတာ မဟုတ်ဘူး၊ အတည်ပြောတာဗျ၊ အတည်ပြောတာ”

သူ ခပ်တည်တည်ပင် ဆို ဖြစ်သည်။

“ဟောကြည့် . . . ပြောရင်းဆိုရင်း နောက်ပြန်ပြီ၊ ကဲ ကဲ ဖြူ ရေချိုးလိုက်ဦးမယ်၊ ပြီးရင် မောင်ချိုးနော်”

သူမက စကားကို ရအောင်ဖြတ်သည်။

“အတူတူ ချိုးမယ်လေ”

“မောင်နော်”

သူ့အဆိုကြောင့် သူမက ရှက်အမ်းအမ်းဖြင့် မျက်စောင်းထိုးသည်။ ဘာရယ်မဟုတ် သူပြုံး ဖြစ်သည်။

ဘာလိုလိုနှင့် ဘ၀မှာ မင်္ဂလာဦးညတွေ ဘာတွေ ဖြတ်ကျော်ရန် အချိန်တို့က ရောက်ရှိလာခဲ့ ပြီးကိုး။

* * * * ** * * * *



A man is twice happy, when he marries and when he burns his wife.

ယောက်ျား တစ်ယောက် သည် မင်္ဂလာဆောင်သည့်အခါနှင့် ဇနီး ဖြစ်သူကို သင်္ဂြိုဟ်သည့် အခါ နှစ် ကြိမ်တိတိ ပျော်ရ၏ ။

Motenegrin Proverb

* * * * ** * * * *



“ငါ မင်းကို တိုးတိုးလေး ပြောပြမယ်၊ လာ”

ရန်နောင်က သူ့ကိုဆိုရင်း လာဟုခေါ်သည်။ ပြီး နားနားကပ်ကာ စကားပုံတစ်ခုကို ရေရွတ် ပြသည်။ ခိုင်မြဲကပါ ၀င်၍ နားထောင်သည်။

“လောကကြီးမှာ ငါတို့ယောက်ျားတွေ နှစ် ကြိမ်ကြီးများ တောင် ပျော်ရတဲ့ အချိန်ရှိတယ်ကွ၊ တစ်ကြိမ်က လက်ထပ်တဲ့အခါ၊ နောက်တစ်ကြိမ်က မိန်းမကို သင်္ဂြိုဟ်တဲ့အချိန်တဲ့ကွ၊ အဟီး ဟီး”

ရန်နောင်က သူ့စကားနှင့် သူ ဟီးဟီးဟု ရယ်သည်။

“ဒါဖြင့် ငါတို့တွေ တစ်ကြိမ်တော့ ပျော်ရပြီ၊ နောက်တစ်ကြိမ်ပျော်ဖို့ပဲ ကျန်တာပေါ့”

“ဒါပေါ့”

သူ၏ ခပ်နောက်နောက်အဆိုကို ခိုင်မြဲက ‘ဒါပေါ့’ဟု ထောက်ခံသည်။ ပြီး တခွီးခွီး ရယ် ဖြစ် ကြသည်။

“ကဲ ကဲ သက်မောင်မောင်ရေ မင်းတို့ငါတို့တွေ မကြာခင်မှာ နောက်တစ်ကြိမ်ပျော်ကြမယ် ဟေ့၊ လာထား ချီးယားစ်”

“ဂွပ်”

“ခွပ်”

“ခွပ်”

ဖန်ခွက်ချင်းတိုက်ကြရင်း တခွီးခွီး တဟီးဟီး ဖြစ်နေသော သူတို့သုံးယောက် ကို အမျိုးသမီး များ က မသင်္ကာသလိုကြည့်နေကြသည်။

“နင်တို့တွေ ဣနြေ္ဒမရကြဘူးနော်၊ တခွီးခွီးနဲ့ ဘာပြောနေကြတာတုန်း၊ ဘာတွေ ကြံနေ ကြတာတုန်း”

“ဟုတ်ပါ့ . . . ပြောင်စပ်စပ်တွေ နဲ့”

ခိုင်မြဲ၏ ဇနီး မိုးသန္တာ၏ အဆိုကို ရန်နောင်၏ မိန်းမ ဖြစ်သူ မြတ်နိုးက ထောက်ခံသည်။ သူမ ကတော့ ပြူးကြောင်ကြောင်ဖြင့် လှမ်းကြည့်သည်။ မိုးသန္တာက . . .

“ညီမလေးရေ အစ်မတို့ငါးယောက် က ရှစ်တန်းလောက်ကစပြီး ဘွဲ့ရတဲ့အထိ တွဲ လာကြ တော့ တစ်ယောက် အထာကို တစ်ယောက် ကောင်းကောင်းကြီး သိနေတယ်၊ ဒီကောင်တွေ ဒီလို တခွီးခွီး ဖြစ်နေကြရင် အကြံအစည်တစ်ခုခုရှိလို့ ဒါမှမဟုတ် အရည်မရ အဖတ်မရ ပြောနေကြတာပဲ ဖြစ်မယ်”

ဟု ဆိုသည်။

တကယ်လည်း ခိုင်မြဲတို့ လင်မယားရော ရန်နောင်တို့လင်မယားပါ ငယ်သူငယ်ချင်း အချင်း ချင်း ပြန်ရထားကြသည်မို့ အတွင်းသိ အစင်းသိတွေ ဖြစ်ကာနေသည်။ အသက်ကလည်း ရွယ်တူ တွေ ဖြစ်ကြ၏ ။

သူနှင့် သူမသာ အသက်ကွာသည်။ သူမက သူ့ထက် သုံးနှစ် ခန့်ငယ်သည်။ အခုထိ ဘွဲ့မရ သေး။ အဝေးသင်တက္ကသိုလ် ဒုတိယနှစ် ကို တက်နေဆဲ။

“ပြောပါဦး . . . ဘာတွေ ဒီလောက်တောင် ရယ်နေကြတာတုန်း”

မြတ်နိုးက မေးငေါ့ရင်း ဆိုသည်။

“ဒီလိုပါဟာ . . . မိန်းမဆိုတာ ယူလိုက်တော့လည်း ရ ဖြစ်သွားတာပေါ့၊ အဖတ်တင်သွား တာပေါ့လို့ ပြောနေတာ”

“ဟုတ်တယ်”

“မှန်တယ်”

သူ၏ နောက်တောက်တောက်အဆိုကို သကောင့်သားနှစ် ကောင်က အာလေလျှာလေးဖြင့် ထောက်ခံသည်။

“ကဲ . . . ကဲ ငါတို့တွေ နောက်တစ်ကြိမ် မကြာခင်မှာ ပျော်ကြဖို့ လာထား . . . ချီး . . . ယားစ်”

ရန်နောင်က အာခေါင်ခြစ်ကာ အားရပါးရ အော်သည်။ သူနှင့် ခိုင်မြဲက ‘ချီး . . . ယားစ်’ ဟု ဆိုကာ ခွက်တွေ တိုက်ကြသည်။

မကြာခဏ ဖန်ခွက်တွေ တဂွပ်ဂွပ်တိုက်နေသော သူတို့သုံးယောက် ကို မိန်းမသုံးယောက် က ငေါင်စင်းစင်းတွေ ကြည့်နေကြသည်။ သူတို့သုံးယောက် ကတော့ တစ်ယောက် တစ်လှည့်စီ အော်ကာ ခွက်တိုက်ကြဆဲ။

“နောက်တစ်ကြိမ် မကြာခင်မှာ ပျော်ရပါစေ လာထား”

“ချီးယားစ်”

“ခွပ်”

“ခွပ်”

“ခွပ်”

* * * * ** * * * *





ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ မယားပြောတော့ တစ်ည ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မိုးရထားပေါ်က လက်ပြတဲ့ကောင်မလေး

ငပလီက ခရု

ကျွန်တော်သည် အချစ်တစ်ကောင်ဖြစ်သည်