Cover

အခန်း (၁)

“မင်း ကြက်မနဲ့ ပေါင်းရမယ်”

“ဗျာ”

“မဗျာနဲ့ မင်းကြက်မနဲ့ တစ်ညပေါင်းရမယ်”

“အင်”

သူ့နှလုံးတွေ ကတုန်ကယင်ကြီး ဖြစ်သွားရသည်။ ရှက်ရှက်ဖြင့် ဘေးဘီကိုကြည့်တော့ သူ့ အဖော်အပေါင်းတို့က တခွီးခွီးရယ်နေရာက ဘရိတ်အုပ်ကာ ရယ်ချင်ပက်ကျိနှင့် ပြုံးစိစိနေကြ သည်။ ကျေးဇူးရှင်နှစ် ကောင်ကဆို တခွီးခွီးနှင့် ပင် ခိုးရယ်နေလိုက်ကြသေးသည်။

“အာ - မပေါင်းဘူး”

ရှက်လွန်း၍ နီရဲသော မျက်နှာဖြင့် သူအကြောက်အကန်ငြင်းသည်။ ခိုးကြောင်ခိုးဝှက်နှင့် တခွီးခွီးတဟီးဟီးရယ်သံများ ကို သူကြားနေရသည်။

လက္ခဏာ၊ ဗေဒင်၊ အကြားအမြင်နှင့် အခြားလိုင်းပေါင်းစုံ ဆြာမကြီးက သက်ပြင်းကို “ဟင်း” ခနဲ ဟန်ပါပါချသည်။ ဆြာမကြီးဆိုသော်လည်း တကယ်တမ်းကျ မိန်းမကြီး တစ်ယောက် မ ဟုတ်သလို ယောက်ျားကြီးလည်းမဟုတ်။

“မင်းရဲ့ ကံဇာတာတွေ ညံ့နေတယ်၊ မိန်းမနဲ့ ပတ်သက်ပြီး သော ကပရိဒေဝအကြီးအ ကျယ်ကို ရောက်ကိန်းရှိတယ်ကွဲ့”

“ခင်ဗျာ”

“ဟုတ်တယ် ဒီတော့ စောစောကပြောသလို ယတြာချေရမယ်”

နီနီဆိုသော ကလေးမက နောက်မှာ ထိုင်နေရာက ရှေ့ကိုဆတ်ခနဲတိုးရင်း ပျာပျာသလဲ ထမေးသည်။

“ခဏလေး ခဏလေး သမီး မေးဦးမယ် သော က ပရိဒေဝတွေ မေးမယ့် မိန်းကလေးက ဘာ နေ့သမီးလဲဟင်”

ဆြာမကြီးက မျက်လွှာကိုချထားရာက လှန်ပင်မကြည့်။ ခပ်ပြတ်ပြတ်ဖြေသည်။

“ကြာသပတေး သမီး”

“အမလေး တော် ပါသေးရဲ့ စနေသမီးမဟုတ်လို့”

“ဟင်”

အရေး ထဲနီနီက “တော် ပါသေးရဲ့ ” ဝင်လုပ်နေသေးသည်။ “ဟင်” ခနဲ သူအံ့အားသင့်သွား ရသည်။ “ပန်း” သည် ကြာသပတေးသမီး ဖြစ်ဖို့များ သည်။ “ပန်းကေသီလှိုင်” ဆိုတော့ ပ.ဖ.ဗ.ဘ. မ ကြာသပတေးမှ ကြာသပတေး။ ယုံကြည်သည်မဟုတ်သော်လည်း စိတ်ထဲ ကတော့ စနောင့်စနင်း ဖြစ်မိသည်ကား အမှန်။ “အပျော်ဟု ဘုမသိဘမသိ လိုက်လာမိတာ မှားလိုက်လေခြင်း” ဟု ဘယ်နှကြိမ်မြောက်မှန်းမသိ တွေး ဖြစ်သည်။

“အဲဒီ တော့ မိန်းမနဲ့ ပတ်သက်တဲ့ အညံ့တွေ ပြေပျောက်သွားအောင် ကြက်မနဲ့ တစ်ည ပေါင်းရမယ်”

“အာ…မပေါင်းဘူး၊ ကျွန်တော် က အခုမှ ၁၈ နှစ် ကျော်ရုံကလေးပဲ ရှိသေးတာ။ အဲဒါမျိုး ဝါသနာမပါဘူးဗျ။ တော် ကြာ AIDS တွေ ဘာတွေ ဖြစ်နေမှ ဒုက္ခ”

“ဘာကွဲ့”

ခေါင်းကြီးဇွတ်ငုံ့ကာ မျက်နှာနီတွတ်စွာ ဖြင့် အသည်းအသန်ငြင်းနေသော သူ့ကို ဆြာမကြီး က ဒေါသဖြင့် “ဘာကွဲ့”ဟု မျက်လုံးမှိတ်ထားရက်က ထအော်သည်။ ရုတ်တရက်မို့ လန့်ပင်သွား ရသည်။

“မင်းကို ဟိုဒင်းနဲ့ ပေါင်းခိုင်းတာမဟုတ်ဘူး၊ ဘာတွေ ကြံကြံဖန်ဖန် လျှောက်တွေးနေတာ လဲ၊ မင်းကိုငါက ဟိုဒင်းနဲ့ ပေါင်းခိုင်းပါ့မလားတဲ့၊ မင်းကို တိရစ္ဆာန်ကြက်မနဲ့ ပေါင်းခိုင်းနေတာ ရှင်း လား”

“ဗျာ၊ တိရစ္ဆာန်မနဲ့ ကြက်မနဲ့ ၊ အောင်မလေးဗျ၊ ပိုတောင်ဆိုးသေးတယ်၊ လူစင်စစ်က တိရစ္ဆာန်ကြက်မနဲ့ ပေါင်းရမတဲ့၊ အရပ်ကတို့ရေ၊ ပေါင်းဘူး၊ ပေါင်းဘူး၊ ပေါင်းနိုင်ဘူး”

အကြောက်အကန်ငြင်းရင်း အဖော်တွေ ဘက်လှည့်ကာ အကူအညီတောင်းတော့ တခွီးခွီး ရယ်နေကြသော ကျေးဇူးရှင်များ က လက်ခါပြသည်။ မျက်လုံးမှိတ်ထားသော ဆြာမကြီးက-

“အို…ပေါင်းတယ်ဆိုတာက ယတြာစွမ်းအောင်ပြောတာ ကြက်မကို ခုတင်တိုင်မှာ တစ်ညချည်ထားရနေတာပဲ၊ ဘာပင်ပန်းတာလိုက်လို့၊ ငွေကုန်ကြေးကျလည်း များ တာမဟုတ်”

“အာ မလုပ်ချင်ဘူး ဆြာမကီး တခြားယတြာဆိုတော် သေး”

“ဟဲ့၊ တခြားယတြာမှ ငါမသိ၊ အဲလေ ဒီယတြာက တခြားယတြာတွေ ထက် အရမ်းအရမ်း ကို စွမ်းတယ်ကွဲ့၊ ကြက်မနဲ့ မင်းနဲ့ တစ်ညပေါင်းပြီး မိုးလင်းတာနဲ့ ကြက်မကို တော် ရာမှာ သွား စွန့်ပစ်၊ ပြီးတော့ ‘နင်နဲ့ ငါနဲ့ ရာသက်ပန်ကွဲပြီ’ လို့ ပြောလိုက်ရုံပဲ၊ ခြေနှစ် ချောင်းဝင်ပြီး ခြေနှစ် ချောင်းထွက် ကဲ - မကောင်းဘူးလား”

“ကောင်းတယ် ကောင်းတယ်”

“ဟုတ်တယ်… သူရ အညံ့တွေ ပြေပျောက်သွားအောင် မင်း ကြက်မနဲ့ တစ်ညတော့ ပေါင်းလိုက်စမ်းပါ။ အဟီး”

သူက ဟ,မယ် ကျန်ရုံရှိသေး။ ကျေးဇူးရှင်များ က ဝိုင်းပြီး အရောက်ပို့ချောက်တွန်းနေကြ သည်။ တမင်ညစ်နေကြသော သူငယ်ချင်းတို့ကို ကြည့်ရင်းက ဖျတ်ခနဲအကြံတစ်ခုရသည်။

“ဟုတ်ပြီဗျ”

“ပြော လက်ခံပြီမဟုတ်လား ဟင်းဟင်းဟင်း”

“မခံဘူး”

“အမ်”

“ဒီလိုဗျ၊ ကြက်မကို တစ်ညလုံးပေါင်းရင် ဖြစ်တယ် မဟုတ်လား”

“ ဖြစ်တာပေါ့ ကွဲ့”

“ဟုတ်ပြီ၊ တစ်ညလုံး မိုးအလင်းကို ပေါင်းမယ်၊ ဟင်းပေါင်းအိုးနဲ့ ကို ကြက်သားပေါင်း ပေါင်းမှာ ”

“အို - ဟဲ့ ဟဲ့” ဟု ဆိုရင်း ဆြာမကြီးမျက်လုံးတွေ ပွင့်လာသည်။

“နေဦးဗျ၊ တစ်ညလုံးပေါင်းပြီးတာနဲ့ ခြေနှစ် ချောင်းဝင်အောင် ကြက်သားပေါင်းတစ်ကောင် လုံးကို စားမယ်”

“အမ်”

“ပြီးတော့ ခြေနှစ် ချောင်းပြန်ထွက်အောင် မနက်ခင်းကျတော့ ဝမ်းနုတ်ဆေးစားရင် စား၊ ဒါမှမဟုတ် ဝမ်းချူရင်ချူ၊ အဲဒီ မှာ ခြေနှစ် ချောင်း အတောင့်လိုက်ကို ပြန်ထွက်ရော၊ အဲဒီ တော့မှ ‘နင်နဲ့ ငါ ရာသက်ပန်ကွဲပြီ လွဲပြီ’ လို့ ပြောလိုက်။ ကိုင်း- မပြီးဘူးလား”

“မပြီးဘူး”

“ရော် ခက်ပြီ”

ပြောင်ချော်ချော်လုပ်နေသော သူ့ကိုကြည့်ကာ ဆြာမကြီးက “မပြီးဘူး” ဟု ဆောင့်ဆောင့် အောင့်အောင့်ဆိုရင်း “ဝုန်း” ခနဲ ထဘီစွန်တောင်ဆွဲကာ ထရပ်သည်။ ပြီး ရင်ဘတ်ကို တဗြန်းဗြန်း ရိုက်သည်။ နောက် ဘယ်လက်ဖဝါးပေါ် ညာလက်ဖမိုးကို တဖြန်းဖြန်းရိုက်ပြန်သည်။

“အမလေးဟဲ့ စော်ကားလှချည်လား ဟင်း၊ ဒါ ငါ့ပညာကိုစော်ကားတာ၊ ငါ့ဆိုင်ရာပိုင်ရာ တွေ နဲ့ တိုက်လိုက်ရမလား၊ တိုက်လိုက်ရမလား ဟွင်းဟွင်း ဟွင်း၊ လူကိုကြိုက်သလောက်ဆော် သွားချင်ဆော်သွား၊ အဲလေ - စော်ကားချင်စော်ကား၊ ပညာကိုတော့ မထိနဲ့ ဟဲ့၊ မထိနဲ့ မီးပွင့်သွားမယ် ဟွန်း၊ ခုတိုက်လိုက်ရမလား”

ဆြာမကြီး၏ စကားကြောင့် မကြောက်ကြသည့်အပြင် တခွီးခွီးရယ် ဖြစ်သွားကြသည်။

“ဟဲဟဲဟဲ ဦးလေး အဲလေ အဒေါ်ကြီးကလည်း နောက်ရဘူးလေ..ဖောက်သည်တွေ ဖြစ် သွားရင် နောက်လည်းလာဦးမှာ ပဲဟာကို”

စိုးအောင်က မချော့တတ်ချော့တတ် ပြောင်စပ်စပ်ဖြင့် ချော့သည်။

“ဘာ…နောက်လာဦးမယ် ဟုတ်လား၊ မလာနဲ့ မလာနဲ့ ဟီးဟီး ရွှတ်၊ တစ်သက်လုံးသိ က္ခာနဲ့ နေလာတာ သူတို့နဲ့ ကျမှ အစော်ကားခံရတယ်”

စိုးအောင်။ ။ “ဟာဗျာ သူများ ကြားရင် တစ်မျိုးထင်နေပါဦးမယ်၊ ပညာကို စော်ကားတယ်လုပ်ပါ”

ဆြာမကြီး။ ။ “ဟင့် အီးအီးရွှတ် ငါလည်း အဲဒါကိုပြောတာပဲ”

စိုးအောင်။ ။ “ဟီးဟီး အားနာလိုက်တာနော်။ ဟိုဒင်း အမိုက်အမဲလေးတွေ မို့ ခွင့်လွှတ်ပါနော်။ နော်လို့”

ဆြာမကြီး။ ။ “လွှတ်ဘူး၊ လွှတ်ဘူး တိုက်မယ်။ နင်တို့ကို ငါ့ဆိုင်ရာပိုင်ရာနဲ့ တိုက်မယ်”

စိုးအောင်။ ။ “အာ - မလွယ်ဘူးဟ။ ဟကောင်တွေ ထ ထ ပြန်ရအောင်”

ဆြာမကြီး။ ။ “ဟင့် ပြန်ပြန် တစ်သက်လုံးမလာခဲ့နဲ့ ။ အဲ ဟဲ့ ဟောဒါတော့ ထားခဲ့ဦး ရွှတ်”

“ဒီမှာ ရော့၊ ထားခဲ့ပြီနော်”

နီနီက တစ်ထောင်တန်တစ်ရွက်ကို ကမန်းကတန်းစားပွဲပေါ်လှမ်းတင်သည်။ ငိုနေသည့် ကြားက မျက်လုံးဖြဲကြည့်သော ဆြာမကြီးက တစ်ထောင်တန်ကို လှမ်းမြင်သည်။

“ဟဲ့ သေနာကျတွေ ၊ နည်းသေးတယ်တဲ့ နည်းသေးတယ်”

ဆြာမကြီးလိုက်အော်နေသော်လည်း သူတို့အားလုံး ကတော့ လမ်းပေါ်ရောက်နေကြပြီ ဖြစ်သည်။ လမ်းပေါ်ရောက်တော့ သူ့ကိုဝိုင်းကြည့်တော့ တဟီးဟီး တဟားဟားဖြင့် အူနှိပ်ကာ ရယ်နေကြသည်။ သူ ကတော့ ထုံးစံအတိုင်း အူကြောင်ကြောင်ဖြင့် ခေါင်းကိုသာကုတ် ဖြစ်သည်။ ကံကောင်းလို့ လူပျိုဘဝကို ခပ်တင်းတင်းထိန်းလိုက်နိုင်တော့မဟုတ်လား။

*******

မနေ့က ကျောင်းအပ်တော့ လူမရှိသလိုလိုနှင့် ခုကျတော့လည်း လူက အများ သားဟုတွေး ရင်း ကျောင်းဝင်းထဲ ဝင်ခဲ့သည်။ ကျောင်းတက်စရက်မို့ ဘော်ဒါကလည်း မရှိသေး။ အတန်းက လည်း ဘယ်မှာ ရှိမှန်းမသိ။ အူကြောင်ကြောင်ကြီးကို ဖြစ်လို့နေသည်။

နှစ် ထပ်ကျောင်းဆောင်ကြီးအောက်မှ ကျောင်းသားကျောင်းသူများ စုစုရုံးရုံးရှိရာဆီ သူလျှောက်သွားသည်။ ဘယ်သူ့ကို မေးရပါ့ဟု တွေးရင်း ကျောင်းသား ကျောင်းသူတွေ ကို ဝေ့ကာ ကြည့်နေဆဲ ကျောင်းသား တစ်ယောက် က သူ့ကိုပြုံးပြသည်။ အူကြောင်ကြောင်ပြန်ပြုံးရင်း ထိုကျောင်းသားဆီ သူလျှောက်သွားသည်။ သူလိုကိုယ်လိုအသက် ၁၈ ၁၉ ခန့်ရှိမည် ထင်သည်။

“ဟို EP First Year ရဲ့ သင်တန်းခန်းက ဘယ်မှာ လဲမသိဘူးနော်”

“EP Electrical power ဟုတ်လား”

“ဟုတ်တယ်”

“ဟိုးမှာ တွေ့ လား ပန်းရောင် အဆောင်”

“တွေ့ တယ်”

“အဲဒီ မှာ သွားလိုက်”

“ကျေးဇူးပဲ”

“ရပါတယ်”

ထိုကျောင်းသားကို ကျေးဇူးတင်စွာ နှုတ်ဆက်ရင်း ၄င်းညွန်ပြရာ ပန်းရောင် အဆောင်ဘက် ကို ခပ်သုတ်သုတ်သွားခဲ့သည်။ လျှောက်လာရင်းနှင့် သူ စိတ်မှာ ထင့်ခနဲ ဖြစ်သည်။ ဘယ့်နှယ်ကြီးပါ လိမ့် ကျောင်းသားကျောင်းသူတွေ လည်း မရှိ။

အဆောင်ရှေ့ကော်ရစ်ဒါမှ ဆိုင်းဘုတ်က လှုပ်လီလှုပ်လဲ့ဖြင့် သူ့ကိုကြိုနေသည်။ မသဲမကွဲ မို့ ရှေ့တိုးကာ ဆိုင်းဘုတ်ကို ကြည့်လိုက်တော့-

“Library လိုင်ဘရီဆိုတော့ စာကြည့်တိုက်ပဲ” အပက်ခံလိုက်ရပြီမို့ “တောက်” ကို ခပ်ပြင်း ပြင်းခေါက် ဖြစ်ရင်း စောစောက အူကြောင်ကြားနှင့် ပတ်လွှတ်လိုက်သော ကျောင်းသားရှိရာ အခန်း ကို ပြန်လာ ဖြစ်သည်။ သွားရင်းမှ သူ ပြန်စဉ်းစား ဖြစ်သည်က ထိုကျောင်းသားကား ထိုနေရာ၌ ရှိတော့မည် မထင်။ ရှိသည်ပဲထား “လှောင်” ၍ ပင် “ဟား” တာ ထပ်ခံရနိုင်သည်။ ဒါမျိုး ကစိတ်ဆိုးလို့လည်း မ ဖြစ်။ ထိုအဆောင်ကို မသွားချင်တော့။ ဘယ်ကိုသွားရမှန်းလဲမသိ။

စိတ်ညစ်ညစ်ဖြင့် ခြေဦးတည့်ရာလျှောက်သွားရင်း ကျောင်းသူကျောင်းသားတွေ ခပ်များများ ရှိနေသော နှစ် ထပ်ဆောင်တစ်ခု၏ အောက်ထပ်ကို သူ လျှောက်သွား ဖြစ်သည်။

“တောက်.. ကျောင်းသားတွေ က သောက်ကျင့်ကောင်းတွေ မဟုတ်ဘူး၊ ဒီတစ်ခါတော့ ကျောင်းသူ တစ်ယောက် ယောက် ကိုမေးမှပဲ”

တွေးရင်းလျှောက်ရင်းဖြင့် ကျောင်းသူတစ်အုပ်ရှိရာကို သူရောက်သည်။

အူကြောင်ကြောင် ဖြစ်နေသော သူ့ကို ခပ်သွယ်သွယ်ရှိပုံရသော ကျောင်းသူ တစ်ယောက် ကမြင်သည်။ သူ ကမန်းကတန်း ထိုကျောင်းသူကို သူမရဲတရဲ ပြုံးပြလိုက်သည်။ တော် ကြာငန်းနေ သည်ဟု ထင်မှာ လည်း စိုးရသေးသည်။

“ဘာရှာနေတာလဲ မောင်လေး”

“ပြောပြော အစ်မတို့ဘာကူညီပေးရမလဲ”

“မောင်လေးကိုကြည့်ရတာ ဖရက်ရှာနဲ့ တူတယ်”

ကောင်မလေး ငါးယောက် ခန့်မှ တစ်ယောက် တစ်ပေါက်စီထွက်လာသော အမေးလား ဘာလားမကွဲပြားသော စကားများ ကြောင့် သူကြောင်သွားရသည်။ သာလိကာတွေ လား အောက် မေ့ရအောင်ကို တစ်ယောက် တစ်ပေါက် မိန်းကလေးတွေ ကိုး။

“ဟယ်တော့ အူကြောင်ကြောင်ကြည့်နေတယ် လူကို”

“သေသေချာကြည့်စမ်း ရွာက နင့်အမျိုးများ လား”

“ဟဲ့မောင်လေး တို့ကိုသိလို့လား”

ရော် ခက်ပြီဟု သူတွေးသည်။ ရှက်လိုက်သည် ဖြစ်ခြင်း။ နီရဲနေသော သူ့မျက်နှာကိုကြည့် ကာ ထိုကောင်မလေးတစ်သိုက်က တခွီးခွီးနှင့် သဘောကျနေကြသည်။ သူကလည်းသူပင်။ နေရာ မရွေ့ဘဲ ကြောင်တောင်ရပ်နေမိသည်ကိုး

“ဟိုဒင်းဗျ”

“အေးပြော”

“စကားတော့ ပြောတတ်တယ်တော့”

“ဟဲ့ ရှက်နေပါဦးမယ်ဟယ်”

“ပြောပြောမောင်လေး ဟိုဒင်း ဘာပြုလဲပြော”

“ဟို ကျွန်တော် က လျှပ်စစ် (စွမ်းအား) အင်ဂျင်နီယာဘာသာနဲ့ ဒီနေ့မှ ကျောင်းစတတ် တာ”

“ ဖြစ်ရမယ် ဒါကြောင့် အူကြောင်ကြောင် အဲလေ .. ကျောင်းနဲ့ စိမ်းပုံရပါတယ်လို့၊ ဘာလဲ အခန်းလိုက်ရှာနေတာလား ..”

“ဟုတ်ကဲ့”

“မောင်လေးက Roll No. ဘယ်လောက်လဲ”

“59 ပါ”

“ဒါဆို Section –A ပေါ့”

“မဟုတ်ဘူး Section -B”

“အေးအေး၊ Section-B ပြောတာ၊ ဟိုမှာ ကြည့်၊ ကျောင်းသူလေး တစ်ယောက် လွယ်အိတ်ပိုက်ပြီး ရပ်နေတယ်တွေ့ လား၊”

“ဟုတ်ကဲ့”

“အဲဒါမောင်လေးတက်ရမယ့် First Year EP ရဲ့ Section – B သင်တဲ့ အခန်းပဲ ဟုတ်ပြီလား”

“ကျေးဇူးပဲဗျာ”

“နောက်တွေ့ ရင်မခေါ်နဲ့ နော်”

“ဗျာ”

“သြော် ထမင်းစားပြီးရင် ရေသောက်လို့”

“ . . . .”

သူ ဘာပြန်ပြောရမည် မသိ။ ရှက်ရှက်ဖြင့် ထိုအုပ်စုကို ကျောခိုင်းကာ လှည့်အထွက်။

“မောင်လေး နေဦး”

ခေါ်သံကြောင့် နောက်လှည့်ကြည့်တော့ အားလုံးကပြုံးစိစိကြီးတွေ နှင့် သူကိုကြည့်သည်။

“စာကြိုးစားရမယ်နော်”

“ဆေးလိပ်တွေ ဘာတွေ ခိုးမသောက်နဲ့ ”

“ကျောင်းမှန်မှန်တက်”

“မှတ်မိတယ်နော်”

တစ်ယောက် တစ်ပေါက်ဝိုင်းပြောကြသော စကားများ ကြောင့် တမင်ဝိုင်းရစ်နေကြမှန်းသိရ တော့သည်။ ရှက်ရှက်ဖြင့် အားလုံးကို ကျောခိုင်းလိုက်သည်။

“သူတို့ပြောတဲ့အခန်းက ဟုတ်ရောဟုတ်ပါ့မလားမသိဘူး”

တွေးရင်းလျှောက်ရင်းနှင့် ပင် ထိုအခန်းနားကို သူရောက်သည်။ အခန်းရှေ့က လွယ်အိပ်ပိုက်ကာရပ်နေသော ကျောင်းသူက သူ့ကို အူကြောင်ကြောင်ဖြင့် လှမ်းကာကြည့်သည်။ ခပ်တည်တည်ဖြင့် လှမ်းလာရင်း ထိုအခန်းရှေ့မှ လှုပ်စိလှုပ်စိ ဖြစ်နေသော ဆိုင်းဘုတ်ကိုသူလှမ်း အကြည့် -

“ကျောင်းသူများ သာ” တဲ့။

“ဟိုက် ”

“မ” အိမ်သာကြီး။ ရှက်ရှက်ဖြင့် ပြူးနေသော မျက်လုံးကြီးဖြင့် ထိုအခန်းရှေ့မှာ လွယ်အိတ် ပိုက်ကာရပ်နေသော ကျောင်းသူကို မလုံမလဲ ဖျတ်ခနဲကြည့်တော့ ထိုကျောင်းသူက “ဆတ်”ခနဲ မျက်စောင်းထိုးရင်း လူကိုကျောခိုင်းသည်။ သူမစိတ်ထဲမှာ မိန်းကလေးအိမ်သာကိုချောင်းရန် ရစ်သီ ရစ်သီလာလုပ်နေသော နှာဘူးများ အောက်မေ့နေသလားမသိ။ “ဒီလိုအ ဖြစ်မျိုးရှိဖူးသလား”ဟု အော်ဟစ်လိုက်ချင်သည်။

ဒေါသထွက်ထွက်ဖြင့် စောစောက မဟုတ်မမများ ကို လှည့်ကြည့်တော့တချို့က တာ့တာ လုပ်ပြသည်။ တော် သေးသည်၊ ဝင်သွား ဝင်သွားဟု မလုပ်ပြတာကိုပဲ ကြံဖန်ကျေးဇူးတင်ရဦးမည် ။

ရှက်လည်းရှက်၊ ရယ်လည်းရယ်ချင်၊ စိတ်လည်းညစ်ဖြင့် ခြေဦးတည့်ရာ လျှောက်လာမိသည်။ ကျောင်းဆိုတာကလည်း အ.ထ.က ကျောင်းကလွဲရင် ဘယ်ကျောင်းမှ ရောက်ဖူးတာမဟုတ်။ ပြီး ဒါကိုယ့်မြို့လည်း မဟုတ်။

လျှောက်ရင်းလျှောက်ရင်းနှင့် ကျောင်းဝင်ပေါက်ဆီပြန်ရောက်လာသည်။ ကျောင်းဝင်း ပေါက်မှ -

စက်မှု လက်မှု ကောလိပ်

အေးသာယာမြို့ဆိုသော ဆိုင်းဘုတ်ကြီးကို သူတွေ့ သည်။ တောင်ကြီးမြို့နယ်၏ မြို့သစ် “အေးသာယာ”။ အေးသာယာ၏ စက်မှု လက်မှု ကောလိပ် သူတွေးရင်းနှင့် ညစ်လာသည်။

ရှေ့မှလျှောက်လာသော ဆရာမ တစ်ယောက် ကို တွေ့ သည်။ သူဝမ်းသာသွားမိသည်။ ဆရာမ ကို မေးရမည် ။

“ဆရာမ ”

“. . . .”

“ဆရာမ ”

မကြားသော ထိုဆရာမ ကို နောက်တစ်ခေါက်ခေါ်တော့ ဆရာမ ကလှည့်ကြည့်သည်။

“ဟို First Year EP Section –B ကဘယ်အခန်းမှာ လဲ သိချင်လို့ခင်ဗျ”

“ဟဲ့ ငါဘယ်သိမှာ လဲ”

“ဗျာ”

“မဗျာနဲ့ သွား ဟိုကျောင်းသားရေး ရာအောက်ထပ်က ကြော်ပြာသင်ပုန်းမှာ သွားကြည့် အဲဒီ မှာ အခန်းနေရာရော။ အချိန်ဇယားပါ ကပ်ထားပေးလိမ့်မယ်”

“ဟုတ်ကဲ့ ကျေးဇူး”

ကျေးဇူးကို တစ်ဝက်တစ်ပျက်ဆိုရင်း ကျောင်းသားရေး ရာ ရုံးခန်းဘက် သူခပ်သွက်သွက် လျှောက်သည်။ ကျောင်းသားရေး ရာကိုတော့ သူသိသည်။ သိဆို မနေ့ကမှ အဲဒီ မှာ ကျောင်းအပ် ထားသည်ကိုး။

Electrical Power Section B-D-4

D – 4 ဆိုတော့ D အခန်းလားဘာလားမသိ။ နောက်က 4 ဆိုတာကြီးကလည်း ပါနေသေး သည်။

“ဟကောင် ငါတို့ C အဆောင်က အခန်း 12 မှာ ကွ”

ကျောင်းသား တစ်ယောက် က သူ့ဘော်ဒါကို လှမ်းအော်နေသည်။ သူ့စိတ်မှာ ဖျတ်ခနဲတွေး မိသည်။ သြော် D ဆိုတာ D အဆောင်ကိုပြောတာ ဖြစ်မည် ။ 4 ဆိုတာက အခန်းနံပါတ်လေး ဖြစ် မည် ။

ကျောင်းသားရေး ရာအောက်ထပ်ကော်ရစ်ဒါမှလျှောက်ရင်း ညာကိုချိုးလိုက်တော့ အ ဆောင်ကြီးတစ်ဆောင်ကိုတွေ့ သည်။ အဆောင်ကြီး၏ ရှေ့ဆင်ဝင်မှာ “C” ဆိုတာကို သူလှမ်းမြင်ရ သည်။

“လာဟဲ့ D ဆောင်အပေါ်ထပ်မှာ Drawing (ပုံဆွဲ) စုံသွားဦးရအောင်”

ကျောင်းသူနှစ် ယောက် က ပြောပြောဆိုဆို သူ့ရှေ့မှ ဖြတ်သွားကြသည်။ “သူတို့သွားရာ ဆီလိုက်သွားရမယ်” ဟု သူတွေးသည်။ သူမတို့သွားရာဘက်မှာ အဆောင်တစ်ခုသာရှိတော့ သည်။ D ဆောင်ပဲ ဖြစ်မည် ။

D ဆောင်ကိုရောက်တော့ အခန်းတံခါးဝထိပ်မှ အခန်းနံပါတ်ကို ကြည့်ရသည်။

D-1 D-2 D-3 နောက်တစ်ခန်းကမှ D-4 ။

သူ့အခန်းထဲရောက်တော့ ကျောင်းသား/သူ တော် တော် များများ ပင် အခန်းထဲရောက်၍ နေကြလေပြီ။ ထိုင်နေကြတာကလည်း ဗျောက်သောက်။

ထိုင်ခုံက နောက်ဘက်မှာ ပဲ ကျန်တော့တာမို့ လွတ်ရာခုံတစ်ခုံမှာ သူဝင်ထိုင် ဖြစ်သည်။ ရှေ့ခုံက ကောင်မလေး တစ်ယောက် က သူ့ကိုလှည့်ကြည့်သည်။

“ဒီအချိန် ဘာအချိန်လဲ”

သူ့အမေးကိုသူမက “အင်္ဂလိပ်” ဟု ဖြေရင်း “အချိန်ဇယားမရှိဘူးလား” ဟု ပြန်မေးသည်။

“အေး မရှိဘူး၊ မကူးရသေးဘူး”

“ရော့ ယူထားလိုက်”

ကောင်မလေးက ဘယ်တုန်းက အပိုကူးထားမှန်းမသိသော အချိန်ဇယားစာရွက်ကို ပေးသည်။

“ကျေးဇူးပဲ”

သူကပြုံးရင်းကျေးဇူးစကားဆိုတော့ ကောင်မလေးက သူ့ကိုလှမ်းကြည့်နေသည်။

“နင်က ပါးချိုင့်နှစ် ဖက်စလုံးပါတာပဲ”

အစမရှိ အဆုံးမရှိပြောလိုက်သော ထိုကောင်မလေး၏ စကားကြောင့် သူရှက်သွားရသည်။ ဘယ်လိုကောင်မလေးပါလိမ့်။ အသက် ကတော့ သူ့လို ၁၈၊ ၁၉ လောက်ပဲရှိဦးမယ်။

“ငါ့နာမည် က နီနီ”

ကောင်မလေးက ကဗျာမဆန်စွာ ပင် မိတ်ဆက်သည်။ နာမည် ကိုပြန်ပြောရမည် ဆိုတာကို သူသိသည်။

“ငါက သူရ”

“Roll နံပါတ်ဘယ်လောက်လဲ”

“59”

“ငါက 67”

ကောင်မလေးက ရှေ့ပြန်လှည့်သွားသည်။ ဆရာလည်းမလာသေး။

“ရွှတ်”

ခေါ်သံကြောင့် အသံလာရာလှည့်ကြည့်တော့ သူနှင့် ရွယ်တူလောက်ရှိမည့် ကျောင်းသား နှစ် ဦး။ သူကဘာလဲဟု မေးဆတ်ပြလိုက်သည်။

“ဒီနှစ် ခုံ လူရှိလား”

“မရှိဘူးထင်တယ် ဘယ်သူမှလာမထိုင်ကြဘူး”

“အိုကေ - ဒီမှာ ထိုင်ရအောင်”

ကျောင်းသားနှစ် ဦးက တစ်ဦးကိုတစ်ဦးဆိုရင်း သူ့ဘေးခုံမှာ ဝင်ထိုင်သည်။ ပြီးသူ့ကိုပြုံးပြ သည်။

“မင်းက Roll No ဘယ်လောက်လဲ”

“59”

ဒီနေ့တော့ ဖြေရင်းနဲ့ ပြီးပါပြီဟု သူတွေး ဖြစ်သည်။ ကျောင်းသားနှစ် ယောက် ကိုကြည့်ရတာ ခင်ဖို့တော့ကောင်းသည်။

“ငါက စိုးအောင် Roll No . 54”

“ငါက သီဟ Rolll No. 87”

သူပြုံးရင်းခေါင်းညိတ်ပြတော့ “မင်းနာမည် ပြောဦးလေ” ဟု ဆိုသည်။

“ငါက သူရ ကလောက”

“ထင်တယ် မင်းတောင်ကြီးသားတော့ မဟုတ်ဘူးလို့ လေသံကဝဲတယ်”

“ငါက အင်းသားလူမျိုးပဲ။ ဒါပေမယ့် တောင်ကြီးမှာ မွေးပြီးတော့ တောင်ကြီးမှာ ကြီးတော့ အင်းသံမဝဲဘူး”

စိုးအောင်က သူ့ကိုယ်သူ လေသံမဝဲသည့်အကြောင်း ပြောပြသည်။ ဆရာကမလာသေး။ သူတို့သုံးယောက် ပြောရင်းဆိုရင်းဖြင့် ရင်းနှီးသွားကြသည်။ သူတို့က တောင်ကြီးသားများ ဖြစ်ကြ သည်။

“မင်းက ကလောကဆိုတော့ အဆောင်မှာ နေလား”

“မနေဘူး။ ငါ့အစ်ကိုဆီမှာ နေတာ။ ရေအေးကွင်းမှာ ”

“ဟုတ်လား။ ငါက ဝါးပြားမှာ မင်းနဲ့ တော့ အရှေ့နဲ့ အနောက်”

“ငါက တောင်ပိုင်း”

Sciencce-I Science II နှင့် Maths ကလည်း ဂျီအောမေထရီ၊ အယ်(လ်)ဂျီဘရာ၊ ကဲကူး လက်(စ်)စသည်ဖြင့် သင်္ချာချည်းက ငါးပိုင်း၊ အင်္ဂလိပ်၊ လက်တွေ့ အသုံးချ မက္ကင်းနစ်၊ အခြေခံလျှပ် စစ်ဘာသာရပ်၊ လက်တွေ့  Lab ချိန်၊ ပုံဆွဲ (Drawing) ချိန်၊ အင်္ဂလိပ်စသည်ဖြင့် စာသင်ချိန်တွေ က ဆက်လို့နေသည်။

“မင်း Drawing ဆွဲဖို့ T (တီ) ပေတံတွေ Set Square တွေ ၊ အောက်ခံဖလင်ပြားတွေ ဝယ်ပြီးပြီလား”

“မဝယ်ရသေးဘူးကွ”

ဒီကောင်တွေ ပြောမှပဲ အဲဒီ ဟာတွေ ဝယ်ရမည် မှန်းသိတော့သည်။ လျှောက်လိုက်ပြီးကျလာ လို့သာ တက်ရသည်။ ဂျီတီအိုင်အကြောင်း ဂဃနဏမသိ။

“Calculater (ဂဏန်းတွက်စက်) ကော၊ ဝယ်ပြီးပြီလား”

“မဝယ်ရသေးဘူး ဘယ်လို မော်ဒယ် Model ဝယ်ရမှန်းမသိဘူး”

“991-3- ဖြစ် ဖြစ်၊ 991-w ဖြစ် ဖြစ်ဝယ်ပေါ့”

“အာ x.82 TL လောက်ဆို သုံးလို့ ဖြစ်ပါတယ်”

သူတို့နှစ် ယောက် ပြောသော မော်ဒယ်တွေ ကို သူများ မကြာဖူး။ ဂျီတီအိုင်သုံးဂဏန်းပေါင်း စက်သည် Sciencetific Calculates ဖြစ်ရမည် ဆိုတာလောက်ပဲ သူသိထားသည်။ ရိုးရိုးဂဏန်းပေါင်းစက်တွင် မပါသော Cos တွေ Sin တွေ tan တွေ ပါမှ ရမည် ဆိုတာလောက်တော့ ကြာဖူးခဲ့သည်။

“ဒါဆို ဈေးချိုချိုထဲက ဘာမော်ဒယ်ဝယ်ရင်ကောင်းမလဲ”

သူ့အမေးကြောင့် သီဟရော စိုးအောင်ပါ တွေ သွားသည်။

“ငါကြားဖူးတာတော့ ရှိတယ်ကွ”

သီဟက လက်ညှိုးထောင်ရင်းဆိုသည်။ သူရောစိုးအောင်ပါ သီဟ ဘာပြောမည် ကို နားထောင် ဖြစ်သည်။

“GTC ကျောင်းသားမှန်ရင် Calculater ပေါင်ဖူးရမယ်တဲ့”

“အာ ဘာဆိုင်လို့လဲကွ”

စိုးအောင်က ထမေးသည်။

“ဆိုတာပေါ့ကွ Calculater ကောင်းကောင်းဝယ်ထားရင် ငွေပြတ်တဲ့အခါ ပေါင်သုံးလို့ရတယ်လေ။ အဲဒီ တော့ ကောင်းကောင်းကိုဝယ် အဲ-ဈေးသက်သက်သာသာလိုချင်ရင် တော့ အပေါင်ခံတဲ့ အဆောင်မှူးတို့ ဈေးဆိုင်တို့မှာ အပေါင်ဆုံးတွေ ဘာတွေ ရှိမယ် တချို့က လည်း ကျောင်းပြီးတာနဲ့ ဈေးချိုချိုနဲ့ ရောင်းစားပစ်ခဲ့တာတွေ ရှိတယ်တဲ့”

“ငါ ကတော့ မော်ဒယ်အောက်ချင်အောက် ဈေးပေါချင်ပေါပါစေ၊ အသစ်ပဲ ကိုင်ချင်တယ်”

သူ့အပြောကြောင့် ပေါ ချောင် ကောင်း ဝယ်ရန်အကြံပေးသော သီဟက “စေတနာ နားမ လည်တဲ့ကောင်” ဟု မပြောရုံတမယ်ကြည့်သည်။

“ငတုံး စက်အဟောင်းလည်းတစ်နဲ့ တစ်ပေါင်း နှစ် ပဲ၊ အသစ်လည်း တစ်နဲ့ တစ်ပေါင်း နှစ် ပဲ အဟောင်းမို့လို့ အဖြေတစ်မျိုးထွက်တာမှ မဟုတ်ပဲ”

“ဒါပေမယ့်”

“အေးပါ မင်းဆိုလိုချင်တာကို ငါသိပါတယ်၊ အသစ်မှကိုင်ချင်လည်း အသစ်ပဲဝယ်ပေါ့ကွာ”

“Sharp လည်း မဆိုးဘူးတဲ့၊ Casio လည်း ကောင်းတယ်ပြောတယ်”

စကားပြောလို့မဆုံးသေးခင်မှာ အတန်းထဲသို့ အင်္ဂလိပ်စာဆရာမ ဝင်လာသည်။

“မင်္ဂလာပါ ဆရာမ ”

“မင်္ဂလာပါကွယ် ထိုင်ကြ”

ဆရာမ က ခပ်ငယ်ငယ် ဖြစ်သည်။

ဆရာမ က စာသင်ပြီးသည်နှင့် Roll call ခေါ်သည်။ မှတ်မှတ်ရရ Section B တစ်ခုလုံးပေါင်းမှ မိန်းကလေးဆယ့်တစ်ဦးသာရှိသည်။ လျှပ်စစ်(စွမ်းအား) အင်ဂျင်နီယာ ဘာသာရပ်သည်နှစ် စဉ်လိုလို ယောက်ျားလေးများ တတ်ပြီး Civil (မြို့ပြအင်ဂျင်နီယာ) လိုဘာသာ ရပ်မှာ မိန်းကလေးတွေ သာ များ တတ်သည်။ ကျန် MP (စက်မှု စွမ်းအား) MT (စက်မှု ပုံစံပြု) မှာ လည်း အတူတူ မိန်းကလေးနည်းသည်။ နောက်ပိုင်း IT တွေ ၊ Bio Tech တွေ ပေါ်လာတော့မှ ယင်းသာသာရပ်များ မှာ မိန်းကလေးများ လာသည်။ Mining လို ဘာသာဆို ယောက်ျားတွေ ချည်းမို့ မုဆိုးဖိုမေဂျာဟု နောက်ခဲ့ကြသည်။ Section-B မှာ ကတော့ မိန်းကလေး ၁၁ ယောက် ပါပြီး Section-A မှာ တော့ ကောင်မလေးဘယ်နှယောက် ရှိမှန်းမသိ။

“ဒီအတိုင်းဆိုရင်တော့ ငါတို့ကောင်တွေ ရည်းစားလုကြရလိမ့်မယ်ကွ”

“ဟာကွာ မင်းကလည်း ပညာရှာဖို့တော့ မပြောဘူး”

စိုးအောင်၏ စကားကို သူကဆရာကြီးလုပ်ကာ ကန့်ကွက်သည်။

“ဟုတ်ပြီ သူရ မင်းရည်းစားထားကြည့် သိမယ်”

“ဟီး .. ဒါတော့ .. .အခြေအနေအရပေါ့ကွာ”

“ဒါနဲ့ များ ကြီးကြီးနဲ့ ကျယ်ကျယ်လျှောက်ပြောချင်သေးတယ်”

သီဟကပါ နှိပ်ကွပ်သည်။ ၁၈-၁၉ အရွယ်မြီးကောင်ပေါက်များ မို့ ပညာကို အားတက်သရော ရှာဖွေရန် အားတင်းထားကြသလို စိတ်ကလည်း ကစားနေခဲ့ကြသည်သာ။

*****

အခန်း(၂)

ကျောင်းဆင်းတော့ ကျောင်းပေါက်ဝမှာ ၁၃ လိုင်း (အေးမြို့တော် လိုင်း) လိုင်းကားများ က စောင့်လို့နေသည်။

“သူရ ဟိုညီအစ်မနှစ် ယောက် ကို ကြည့်စမ်း”

“ငါအစောကြီးကတည်းက မြင်ပါတယ်ကွ”

“သိသားပဲ မင်းကြည့်နေမှန်းသိလို့ ရွဲ့တာ”

စိုးအောင်က ဘုတောသည်။

“အငယ် တစ်ယောက် က ချစ်စရာလေးကွာ။ မြင်ရတာ ရင်တောင် ငြိမ်းချမ်းသွားတယ်။ ဘာမေဂျာက ဖြစ်မလဲမသိဘူး”

“ငါသွားမေးပေးရမလား”

သူ့စကားကို သီဟက ရွဲ့သည်။ သူဘာမှပြန်မပြော ဖြစ်။ ကောင်မလေးနှစ် ယောက် က လိုင်းကားတစ်စီး၏ ရှေ့ခန်းကိုကြည့်သည်။ လူရှိနေသဖြင့် သူတို့တက်ထိုင်နေသော ကားဘက် လျှောက်လာကြသည်။

“လာနေပြီကွ”

“သိပါတယ်ကွာ ငါတို့လည်း မျက်လုံးပါပါတယ်”

သူ့စကားကို စိုးအောင်က ဘုတောပြန်သည်။ သူကလည်းသူပင် ထိုကလေးမလေးကို ကြည့်လိုက်။ ပါးစပ်ကတတွတ်တွတ် ရွတ်လိုက်ဆိုတော့ နှစ် ကောင်သားကြည့်မရ ဖြစ်နေကြဟန်တူ သည်။

“ရှေ့ခန်းအားလား”

အကြီးကောင်မလေးက စပယ်ယာကို လှမ်းမေးသည်။

“အားတယ် အားတယ်”

စပယ်ယာအဖြေခင်ကို ကျောင်းသားတချို့ကဝင်ဖြေသည်။ ကောင်မလေးနှစ် ယောက် စလုံး က မကြားချင်ယောင်ဆောင်နေကြသည်။ မကြားချင်ယောင်ဆောင်တာချင်းအတူတူကို အငယ်မ လေးက ခေါင်းငုံ့ကာထားသည်။ အကြီးမ ကတော့ ဘာမှမ ဖြစ်သလို ခပ်တည်တည်။ စပယ်ယာကိုသာ ကြည့်နေသည်။

“အားတယ် ညီမ လာလာ”

စပယ်ယာက ပြောပြောဆိုဆို ရှေ့ခန်းတံခါးကို ပြေးဖွင့်ပေးသည်။ ကားရှေ့ခန်းထဲဝင်သွား တာကို သူမျက်စိတစ်ဆုံးလိုက်ကြည့် ဖြစ်သည်။

“သီဟရေ ငါတို့ကောင်တော့ မျက်တောင်ခတ်ဖို့မေ့နေပြီထင်တယ်”

“မင်သက်မိနေတာကွ”

ဘေးမှ ဘော်ဒါတို့၏ စကားကြောင့် သူရှက်သွားမိသည်။ ဘေးက ကျောင်းသူအချို့ကလည်း ဟိုနှစ် ကောင်၏ စကားကြောင့် သူ့ကိုဘာမသိ ညာမသိ ပြုံးစိစိနှင့် ဝိုင်းကြည့်နေကြသေးပြန်သည်ကိုး။

လူပြည့်သည်နှင့် ကားက ထွက်သည်။ အေးသာယာမြို့သစ်မှ ထွက်လာသော ကားကလေးက တောင်ကြီးသို့ မြွေလိမ်မြွေကောက်လမ်းအတိုင်းတက်သည်။ တောင်ပေါ်တောင် အောက်ဆွဲသော လိုင်းကားများ က တော် တန်ရုံ အင်ဂျင်ကောင်းရုံနှင့် မရ။ ကားများ က အပြန်လူရရန်၊ ဂိတ်အရင်ထိုးရန် အသည်းအသန်မောင်းကြသည်။ တစ်စီးနှင့် တစ်စီးကျော်တတ် သွားချိန်ကျော်တက်သည့် ကားပေါ်မှ ကျောင်းသားများ က ကျန်ရစ်သော နှေးသည့်ကားပေါ်မှ ကျောင်းသားများ မခံချင်အောင် တာ့တာလုပ်ပြကြသေးသည်။ တဝေးဝေးတဝါးဝါးနှင့် အင်မတန် ပျော်စရာကောင်းသည်။ များ သော အားဖြင့် တော့ တစ်စီးပြည့်မှ တစ်စီးထွက်မို့ ဆုံတော့ဆုံခဲသည်။ ထိုဆုံခဲသည့်ကြားမှ ဆုံခဲ့လျှင်တော့ ကိုယ်စီးသည့်ကားက လိပ်သာသာပြေးလျှင် အားမလိုအားမရ ဖြစ်ကြသည်သာ။ မြန်မြန်မောင်းပြန်လျှင်လည်း ကျောင်းသားအချို့က “ကျွန်တော် တို့မိန်းမ မရသေးဘူးဗျို့” ဟု အော်ပြန်သည်။ ထို့ကြောင့် ကားသမားတော် တော် များများ ကတော့ ပုံမှန်သာ မောင်းကြလေ့ရှိသည်။

တောင်ကြီး၏ စတိုင်အတိုင်း လိုင်းကားအများ စုမှာ HiLux များ သာ ဖြစ်သည်။ Bus မှာ ၉ လိုင်းနှင့် ၁ဝလိုင်းနှစ် လိုင်းသာရှိသည်။ ၉ လိုင်းမှာ မြို့ပတ် ဖြစ်၍ ၁ဝလိုင်းမှာ တောင်ကြီး -အေးသာ ယာ -တောင်ကြီး- အေးသာယာ- စက်မှု ဇုန် စသည်ဖြင့် ဆွဲသည်။

အများ အားဖြင့် HiLux ကားငယ်များ က သွက်သည်မို့ ကျောင်းသား၊ ကျောင်းသူများ က HiLux ကားငယ်များ ကိုသာ အစီးများ သည်။ Bus ကိုမူ တော် တန်ရုံ သိပ်မစီးကြ။

သူတို့စီးလာသော ကားငယ်လေးက တောင်ကြီး( တောင်ပေါ်) ရောက်လာသည်။ ကားမှတ်တိုင်များ မှာ ကျောင်းသူ/သားတွေ အသီးသီးဆင်းသွားကြသည်။ သူတို့သုံးယောက် စလုံး ကတော့ မဆင်းကြသေး။ ဂိတ်ဆုံးရောက်မှဆင်းကြမှာ ဖြစ်သည်။ ကားရှေ့ခန်းက ကောင်းမလေး နှစ် ယောက် လည်း မဆင်းကြသေး။

“သူတို့လည်း ဂိတ်ဆုံးနဲ့ တူတယ်”

“ဟုတ်မယ်”

စိုးအောင်ကပြောပြီး သီဟကထောက်ခံသည်။ တကယ်တမ်းကျ သူ့ကိုရိနေကြခြင်း ဖြစ် သည်။ ဒီကောင်တွေ နဲ့ က ဘာရေစက်မှန်းမသိ။ ဒီရက်ပိုင်းအတွင်းမှာ ပဲ တော် တော် လေးခင်သွား ကြသည်။

ကားငယ်လေးက ဂိတ်ဆုံးမှာ ငြိမ့်ခနဲထိုးရပ်သည်။ သူတို့သုံးယောက် နှင့် ကားပေါ် ကျန်နေ သေးသော ဂိတ်ဆုံးစီးကျောင်းသား/သူများ နှင့် ခရီးသည် အချို့ဆင်းကြသည်။

“ဟကောင်တွေ ဖြည်းဖြည်းဆင်းကွ”

“ဘာ ဖြစ်လို့လဲ”

သူ့အပြောကြောင့် သီဟက ကြောင်တောင်တောင်နှင့် မေးသည်။

“ဒီလိုကွ - အဲဒီ ညီအစ်မနှစ် ယောက် နောက်ကို ငါလိုက်ကြည့်ချင်တယ်”

“ဒုက္ခပဲ”

“ ရောဂါ တော့ဝင်ပြီ”

တစ်ယောက် တစ်ပေါက်စီရေရွတ်နေကြသော်လည်း သူမတို့နှစ် ယောက် နောက် မသိမသာလေး သူလိုက်သော အခါ သူ့နောက်ကို တစ်တပ်တစ်အားလိုက်ကူကြရှာပါသည်။

သူမတို့က မိန်းလမ်းအတိုင်း တောင်ဘက်ကိုလျှောက်နေကြသည်။ ၅ လိုင်းကားဂိတ်ကို လည်း ကျော်လွန်သွားသည်မို့ ဒီလမ်းမှာ ဒီလိုင်းကားမှ မစီးလျှင် သိပ်မဝေးသော နေရာမှာ ပဲမို့ လမ်းလျှောက်တာ ဖြစ်မည် ဟု စိုးအောင်က ကောက်ချက်ချသည်။

“သူရရေ ၅ လိုင်းကားမစီးဘဲနဲ့ ဒီမိန်းလမ်းအတိုင်းလျှောက်နေပုံထောက်တော့ သူတို့ အိမ်သိပ်မဝေးလောက်ဘူးကွ”

“မြို့မထဲကလား၊ သစ်တောကလား၊ တောင်ပိုင်းထဲကပဲလား တစ်ခုခုပေါ့”

သီဟပြောသော မြို့မဆိုတာရော၊ သစ်တောဆိုတာရော၊ တောင်ပိုင်းဆိုတာကိုရော တောင်ကြီးသားမဟုတ်သော သူမသိ။ သို့သော်ခေါင်းကိုတော့ လိုက်ညိတ်ပေးလိုက် သည်။

မြသုခ ရုပ်ရှင်ရုံရှေ့ရှိ မီးပွိုင့်ကို လှမ်းမြင်နေရသည်။

“အဲဒီ မီးပွိုင့်ကနေ နောက်ဘက်လမ်းသွယ်ထဲကိုချိုးရင် ဟော်ကုန်းပဲ မဟုတ်လား”

“မသိဘူး။ အရှေ့ဘက်လမ်းသွယ်ဘက်ချိုးရင်တော့ သစ်တောပဲ”

စိုးအောင်နှင့် သီဟတို့ပြောနေကြသော အမည်းများ ထဲတွင် ဟော်ကုန်းဆိုတာက ပိုလာပြန် သည်။ မည် သို့ပင်ဆိုဆို သူမတို့နေရာနှင့် သူနေသော နေရာမှာ လုံးလုံးဆန့်ကျင်ဘက် ဖြစ်သည်။

မြသုခ ရုပ်ရှင်ရုံရှေ့လမ်းဆုံမီးပွိုင့်ရောက်တော့ သူမတို့နှစ် ဦး အရှေ့ဘက်လမ်းသွယ် ဘက်ချိုးဝင်သွားသည်မို့ သီဟက လက်ဖျောက်ထတီးသည်။

“အိုကေ သစ်တောပဲ သေချာတယ်”

“သေချာရင် ငါလစ်တော့မယ်”

“အမ်”

သူအပြောကြောင့် သီဟရော စိုးအောင်ပါ “အမ်” ဟု ကြောင်သွားကြသည်။ ပြီးမှ -

“သြ - ဟုတ်သားပဲ မင်းကရေအေးကွင်းဆိုတော့ လျှောက်ခဲ့သလောက်ပြန်လျှောက်ရမှာ ။ အားပါးပါး အဝေးကြီးပြန်လျှောက်ရဦးမှာ ပဲ”

“လျှောက်ပါစေ နှာခေါင်းသွားသလောက်လိုက်တဲ့ကောင်”

သကောင့်သားနှစ် ကောင်က တစ်ယောက် တစ်ပေါက်စီ နှိပ်ကွပ်ကြသည်။ နှစ် ယောက် စလုံး ကို နှုတ်ဆက်ရင်းနောက်ကြောင်းလှည့်ကာ ပြန်လျှောက်ခဲ့သည်။

လမ်းတစ်လျှောက်လုံးမေးခွန်းများ က ရင်ထဲအပြည့်ပါလာသည်။

သူမ ဘယ်သူ။

ဘယ်မေဂျာ။

ဘယ်အတန်း ဘယ်အခန်းနည်း။ ဘာတွေ ဘယ်လိုမှန်းမသိသော်လည်း အဲဒီ ညက သူမကို သူ အိပ်မက်မက်သည်။

******

မနက်အစောကြီးနိုးသည်မို့ ၆ နာရီခွဲအိမ်မှ ထွက်ခဲ့သည်။ ကားဂိတ်ရောက်တော့ ၇ နာရီ အထိ။ ဂိတ်စမှစ စီးရမည် မို့ ကားဂိတ်ကိုပဲ သူလာစီးရသည်။ သီဟနှင့် စိုးအောင်တို့လည်း တက္ကသိုလ် ၅ လိုင်းနှင့် ဝါးပြား ၆ လိုင်းတို့ကို စီးရင်း မကြာမီရောက်လာကြလိမ့်မည် ။ ၅ လိုင်းကား ဂိတ်၊ ၆ လိုင်းကားဂိတ်နှင့် အေးမြို့တော် (တောင်ကြီးအေးသာယာ) ကားဂိတ်တို့မှာ မြို့မဈေးကြီး၏ ဘေးပတ်ပတ်လည်မှာ မို့ တစ်နေရာနှင့် တစ်နေရာ၊ တစ်ဂိတ်နှင့် တစ်ဂိတ်သွားရလာ ရ သိမဝေးကြ။ ၁ လိုင်းနှင့် ၂ လိုင်း - ၃ လိုင်း -၄ လိုင်း တို့သည်လည်း ဈေးအနီးတစ်ဝိုက်တွင် ရှိသ လို ၇ လိုင်း- မေလိုင်း- ရွှေညောင်လိုင်း -ညောင်ရွှေ (အင်းလေး)လိုင်းတို့သည်လည်း ဈေးအနီး တစ်ဝိုက်မှာ ပဲရှိကြသည်။

၇ နာရီငါးမိနစ်မှာ သီဟရောက်လာသည်။ ထမင်းချိုင့်နှင့် T ပေတံကြီးတကားကားဖြင့် သီဟနှင့် ရှေ့ဆင့်နောက်ဆင့်မှာ စိုးအောင်ရောက်လာပြန်သည်။ စိုးအောင်ကလည်း ထမင်းချိုင့်နှင့် T ပေတံတကားကားနှင့် ပင်။

“ဟကောင် သူရ မင်း (T) (တီ) မဝယ်ရသေးဘူးလား”

“ဟာ မဝယ်ရသေးဘူး၊ ဟုတ်သားပဲ ဈေးထဲမှာ ရှိလား”

“ရှိတယ် ဒါပေမယ့် ကျောင်းက G T C မှာ လည်းရှိတာပဲ”

“ဒါဆို ကျောင်းရောက်မှဝယ်တော့မယ်။ ကိုင်ရတာ သက်သာတာပေါ့”

နောက်တော့ သုံးယောက် သား ကားပေါ် တက်ထိုင်ကြသည်။ သူအမှတ်တမဲ့ ရှေ့ခန်းကို ကြည့် ဖြစ်သည်။ လူမရှိသေး။ ဖျတ်ခနဲသူမကို သတိရသည်။ ရင်၌ လှုပ်ခနဲအေးသည်။

လက်ထဲမှ ထမင်းချိုင့်ကို အကြောင်းမဲ့ကြည့်နေ ဖြစ်သည်။

“သူရ သူရ လာနေပြီ ဟကောင်”

သီဟ၏ အဆက်အစပ်မရှိ ပခုံးနှင့် တွန်းရင်းပြောသော စကားကြောင့် သူကြောင်သွားရ သည်။

“ဘာလာတာလဲ”

“ရှေ့ခန်းစီးတဲ့ကလေးမတွေ ကို ပြောတာ”

ကျွန်တော့် အမေးကို စိုးအောင်က သီဟကိုယ်စားဝင်ဖြေပေးသည်။

“ရှေ့ခန်းစီးတဲ့ကလေးမ”ဆိုသော စကားက ရင်ကိုကတုန်ကယင်ကြီး ဖြစ်သွားစေသည်။

မျက်လုံးကအလိုလို ကားရှေ့ခန်းရှိရာ ဘက်ကိုရောက်သည်။ ရှေ့ခန်းထဲ အဝင်ဖတ်ခနဲ လှည့်ကြည့်သော လူမ၏ မျက်ဝန်းနှင့် ကားနောက်ခန်းမှခေါင်း အနည်းငယ်ထွက်ကာကြည့်နေ ဖြစ် သော သူ့မျက်ဝန်းတို့ ရုတ်တရက်ဆုံးသည်။ ထိုအကြည့်ချင်းဆုံသော ခဏသည် နဂိုကတည်းက ကတုန်ကယင်ကြီး ဖြစ်နေခဲ့သော သူ၏ ရင်ကို မောဟိုက်သွားစေသည်။ သူမ ကတော့ ဘာမှမ ဖြစ်သ လို အကြည့်ကို ဇာတ်သိမ်းကာ ရှေ့ခန်းထဲက္ကနြေ္ဒရရပဲ ငုံ့ဝင်သွားခဲ့သည်။

“ရှူဆေးပေးစမ်း သီဟ”

“ဟ အလန့်တကြား ၊ ဘာလဲ စိုးအောင်ရ”

“ဒီမှာ သူရ ငုတ်တုတ်မေ့နေတာ မင်းမမြင်ဘူးလား၊ မျက်လုံးက အဖွင့်လိုက်ကြီးနဲ့ ”

စိုးအောင်စကားကြောင့် သူ ရှက်ရှက်ဖြင့် ရယ် ဖြစ်သည်။ ဒီကောင်နှစ် ကောင်က တစ်ချက် လေးမမှားနှင့် နှိပ်ကွပ်မယ်ဆိုတာကြီးပဲ ဖြစ်သည်။ လူပြည့်ပြီမို့ ကားစထွက်၏ ။

“ဆံပင်ကလည်း အရှည်ကြီးပဲကွာ၊ က္ကနြေ္ဒကလည်း ရှိတယ်။ မြင်ရတာ က ရင်ထဲငြိမ်းအေး လိုက်တာကွာ”

ဟိုနှစ် ကောင်ကြားရုံ ခပ်တိုးတိုးဆို ဖြစ်သည်။ သီဟက ပြုံးစိစိနှင့် စိုးအောင်ကို ကြည့်သည်။ စိုးအောင်ကလည်း ငါးခူပြုံး ပြုံးသည်။ ဒီကောင်တွေ ပြုံးလျှင် ကြောက်ဖို့ကောင်းသည်။ ထိုအပြုံးက တစ်ခုခုနှိပ်ကွပ်တော့မည် ဆိုသော ရှေ့ပြေးလက္ခဏာ။

“သီဟ၊ မင်းဒီကောင့်ကို မေးမိလိုက်သေးလား”

“မမေးမိဘူး၊ မင်းကော”

“ဟင့်အင်း”

“သြော် ဒီလိုဆို ဒီကောင် ဘယ်သူမှမမေးဘဲ တစ်ယောက် တည်း စကားပြောနေတာပေါ့”

“လွှတ်ထားလိုက်ပါကွာ”

“အေးပါ. . .ကျွတ်ကျွတ် ရုပ်ကလေးက ကနားကမားနဲ့ အဆံချောင်နေရှာတယ်”

သီဟနှင့် စိုးအောင်က အတိုင်အဖောက်တွေ ညီနေသည်။ “ခွေးကောင်တွေ ” လို့ ရှက်ရှက် ဖြင့် သူရွတ်တော့ သကောင့်သားနှစ် ကောင်က ရယ်သည်။

ကျောင်းသူ/သားများ ၊ ခရီးသည်များ ဖြစ်ကားက ကျပ်သပ်နေသည်။ ရှေ့ခေါင်းထဲကိုယ်မ မြင်ရ။ ထိုင်တာကလည်း ကားနောက်မြီးပိုင်းလောက်ဆိုတော့ ပိုဆိုးသည်။

“မြတ်သူပါလား မြတ်သူ”

“ပါတယ်”

အသက်ခပ်လတ်လတ်လူ တစ်ယောက် ဆင်းသွားသည်။

“ဝတ်ရည်ပါသေးလား ဝတ်ရည်”

“ပါတယ်”

အသက်ခပ်ငယ်ငယ် မိန်းကလေးတစ်ဦးဆင်းသွားသည်။ ဘာရယ်မဟုတ်ကြားဖူးနေကျ နာမည် နှင့် မှတ်တိုင်။ ဟာသကို ပြန်အောက်မေ့ရင်းပြုံး ဖြစ်သည်။ ဒါကို စိုးအောင်က သတိထားမိ သည်။

“သီဟရေ - အသားလွတ်ကြီး တစ်ယောက် တည်း ပြုံးနေပြန်ပြီကွ၊ သွား ရှာပြီ .. ”

“ယဉ်ယဉ်လေးပါကွာ လွှတ်ထားလိုက်”

“အေးပါ့ကွာ မိုးကောင်းတုန်းရွာထားကြဦးပေါ့”

သူ၏ မကျေမနပ်ကြိမ်း ကြိမ်းသော စကားကြောင့် သကောင့်သားနှစ် ကောင်က တခွီးခွီးရယ် သည်။

“စစ်ကိုင်းပါသေးလား စစ်ကိုင်း” (တကယ်တော့ sky ဖြစ်သည်ထင်သည်)

“. . . . ”

“မပါဘူး ဆရာရေ့ ဆွဲ ကျောင်းရှေ့”

စပယ်ယာ၏ အသံက စူးခနဲ ကျောင်းရှေ့မှတ်တိုင်ရောက်တော့ ကျောင်းသား၊ကျောင်းသူ များ ဆင်းကြသည်။ ကားက လက်ကျန်ခရီးသည်များ နှင့် အေးသာယာစက်မှု ဇုန်ဘက် ခရီးဆက် သွားသည်။

သီဟနှင့် စိုးအောင်က ကားပေါ်မှအမြန်ဆင်းကာ ဆတ်တောက်ဆတ်တောက်ဖြင့် ကျောင်း ထဲကို အမြန်လျှောက်သည်။ ဒီကောင်တွေ တမင်ညစ်ခြင်း ဖြစ်သည်။ ကောင်မလေးတွေ ရှေ့ခန်းက ထွက်လာချိန်မှာ သကောင့်သားနှစ် ကောင်က ကျောင်းဝင်းပေါက်ဝကို ရောက်နေပြီ ဖြစ်သည်။

သူတို့နှစ် ကောင်ကို အမှီလိုက်ရင်း စိတ်မှပျစ်ပျစ်နှစ် နှစ် ကျန်ဆဲမိသည်။ “ခွေးကောင်တွေ ” ဟု။ သူ ကောင်မလေးတွေ နှင့် ယှဉ်လျက် (သို့) နောက်ကလိုက်လျှောက်မှာ ကိုသိသော ကြောင့် ထမင်ရှေ့ကနေ ခပ်သွက်သွက် နောက်က ကျားလိုက်နေသလိုမျိုးလျှောက်သွားခြင်း ဖြစ်သည်။ ဆရာသမားနှစ် ယောက် နောက်ကိုအပြေးလိုက်ရင်း နောက်ကိုလှည့်ကြည့်တော့ လက်တစ်ဖက်က လယ်ဂျာစာအုပ်တချို့ကိုပွေ့ကာ ကျန်လက်တစ်ဖက်က T(တီ) ပေတံကို ခါးလယ်မှနေ ကိုင်ကာ ထားသော သူမ၏ အကြည့်နှင့် ဆုံသည်။ ရင်ထဲမှာ ဒုန်းခနဲ၊ အုန်းခနဲ ရင်ခုန်သံတို့က ဝန်းဒိုင်းကြဲ သွားသည်။

“ဟကောင်တွေ ဖြည်းဖြည်းလျှောက်ပါကွ”

“လျှောက်ဘူး”

နောက်က အမှီလိုက်ရင်းဆိုသော သူ့စကားကို စိုးအောင်က တုံးတိတိလှည့်မကြည့်ဘဲ (လျှောက်လက်စအရှိန်ကို မလျှော့ဘဲ) ဆိုသည်။ အမြန်လိုက်တော့မီသည်။

“မင်းတို့ညစ်တာ ငါသိတယ်နော်”

“ရော် ဘာလဲကွ ဘလိုင်းကြီး”

“အေးကွာ လူကိုများ စွပ်စွပ်စွဲစွဲ”

“မိုးကောင်းတုန်းရွာထားကြပေါ့ကွာ - ဝဋ်ဆိုတာ တစ်နေ့လည်ဦးမှာ ပါ”

မကျေမနပ်ဖြင့် တတွတ်တွတ်ရွတ်နေသော သူ့ကို ဆရာသမားနှစ် ယောက် က ဂရုမစိုက်။ သီဟက သူ့ဘက်မေးငေါ့ရင်း စိတ်မနှံ့ဘူးဟု ခေါင်းကို လက်ညှိုးထိုးကာ ခါပြသည်။ စိုးအောင်က လည်း “ထားလိုက်ပါကွာ” ဟူသော ပုံစံမျိုး မျက်စိမှတ်ရင်းမေးဆတ်သည်။

အတန်းထဲရောက်တော့ ကျောင်းသူတစ်ချို့က သူတို့သုံးယောက် ကို ကြည့်နေကြသည်။

“လာပြီလား သူရ”

ထိုကျောင်းသူများ ထဲမှ တစ်ယောက် က နှုတ်ဆက်သည်။ နီနီ . .. . မနေ့ကကောင်မလေး။ ကျစ်ဆံမြီးနှစ် ခွကျစ်ကာ ဘယ်ညာချရင်းနာမည် နှင့် လိုက်အောင်ဆံပင်နီနီမှာ ဖဲကြိုးနီတွေ စည်း နှောင်ထားသည်။ နှုတ်ခမ်းကလည်း နီရဲလို့။

“ရော့စားဦး”

နေကြာစေ့ထုပ်နှင့် အချည်ပေါင်းထုပ်တစ်ချို့ကို လက်ထဲထိုးလည့်ပေးသည်။

“ဟာ…. နေပါစေ။ မဟုတ်တာဟာ၊ တော် ပြီး မစားတော့ဘူး”

လက်သကြောင်တောင်တောင်နှင့် ကိုင်မိလျက်သား ဖြစ်သွားသော မုန့်တို့ကို ပြန်ကမ်း ပေးချိန်မှာ နီနီက လှည့်ထွက်သွားပြီ ဖြစ်သည်။

ရှေ့ဆုံးခုံတန်းဆီ ပြန်ရောက်သွားပြီ ဖြစ်သော နီနီကိုကြည့်ရင်း လက်ထဲမှ မုန့်တို့ကို ပြန် လိုက်ပေးရကောင်းမလား ဟုတွေး ဖြစ်သည်။ လိုက်ပေးလို့ ဟိုက ငြင်းကာ ပြန်မယူပြန်လျှင်လည်း ဒုက္ခ။ နောက်ဆုံးတော့ ပြုံးစိစိဖြင့် လူကို ကလိသလို ရိသလိုကြည့်နေသော ဆရာသမားနှစ် ယောက် ရှေ့မှာ ပုံချ ဖြစ်သည်။

“စားကြကွာ”

“ဟင့်အင်း” (သီဟ)

“တော် ပါပြီကွာ” (စိုးအောင်)

“ဘာ ဖြစ်လို့လဲကွ”

“ငါတို့ကိုကျွေးတာမှမဟုတ်တာ မင်းကိုကျွေးတာပဲ” (စိုးအောင်)

“အေးလေ” (သီဟ)

“အာ အခုမင်းတို့နဲ့ မခင်သေးလို့နေမှာ ပါ”

“မထင်ပါဘူး”

“အနေအထားက သိသာလွန်းပါသည်”

နှစ် ကောင်သား တစ်ယောက် တည်းရေရွတ်သလိုလိုနှင့် သူ့ကိုမခံချင်အောင်စသည်။ သီဟကဆို “သိသာလွန်းပါသည်” ဆိုတာကို သီချင်းဆိုသလို သံစဉ်ဖြင့် ဆိုကာ စောင်းသေးသည်။ စ နေမှန်းသိသော်လည်း သူမနေတတ်။

“မောင်နှမတွေ လိုဘော်ဒါတွေ လိုခင်တာပေါ့ကွာ။ မင်းတို့ကလည်း သိရဲ့ သားနဲ့ ”

“အဟွတ် အဟွတ်”

“အဟမ်း သီဟရေ မင်းက ချောင်းဆိုးတာ၊ ငါကရင်ကြပ်တာနော့ အဟမ်း အဟမ်း”

သူ့စကားကို သီဟက ချောင်းဆိုးသံပြုရင်း၊ စိုးအောင်ကလည်း ရင်ကြပ်သံပြုရင်း နောက်ကြပြန်သည်။ ချစ်ဖို့လည်းကောင်း၊ ချဉ်ဖို့လည်းကောင်းဆိုသလို ဒီဘော်ဒါနှစ် ကောင်က အင်မတန်ချစ်ဖို့ကောင်းသလို၊ တစ်ဖက်မှာ ခါးချိုးပြီး သွားကြားထိုးပစ်ဖို့ကောင်းသည်။ မဟုတ်သည့်နေရာ၌ အင်မတန့် အင်မတန်ကို လျှပ်တစ်ပြတ်ဉာဏ်ရွှင်တဲ့ကောင်တွေ ။

“စားကြပါကွာ၊ တစ်ဖက်သားကုသိုလ်ရအောင်”

“အဟွတ် အဟွတ်”

“ချောင်းဆိုတာနော့ ချောင်းဆိုးတာ”

သူ့စကားဆုံးတာနဲ့ သီဟက ချောင်းဆိုးသံပြုသည်။ (ရင်ဘတ်ကိုတောင် ဟန်ပါပါနှိပ်လိုက်သေး) ။ ဒါကိုစိုးအောင်က နောက်ကရှင်းချက်ထုတ်သည်။

“မင်းတို့ငါတင်းလာပြီနော်။ ရိုးရိုးပါလို့ဆိုနေမှပဲ”

“အဟမ်း အဟမ်း”

“မင်းမလဲ ရင်အတော် ကြပ်နေတာကိုး စိုးအောင်ရ၊ အိမ်း ဒုက္ခ ဒုက္ခ”

သီဟက ဇာတ်ထဲကလို ဇာတ်သံဖြင့် ရှင်းချက်ထုတ်သည်။ တမင်နောက်နေမှန်းသိသိကြီး နှင့် သူ့မျက်နှာနီလို့နေသည်။ မနေတတ် မထိုင်တတ်ဖြင့် အရှက်သည်းနေသော သူ့ကို ဆရာ သမားနှစ် ယောက် သနားသွားဟန်တူသည်။ တစ်ယောက် ကို တစ်ယောက် မျက်စပစ်သည်။

“ကဲကဲ တော် လောက်ပြီ သီဟ၊ မင်းကောင် ဆက် ‘စ’ လို့ ကတော့ ချုံးပွဲချငိုမယ့်သဘောမှာ ရှိတယ်”

“ကဲစားရတာ ပ၊ စားရတာ ပ။ အိမ်း တစ်ယောက် သော သူအတွက် စေတနာတွေ စေတနာ တွေ ”

သီဟက နေကြာစေ့တစ်ထုပ်ကို ယူကာဖောက်ရင်းမျက်ခုံးပင့်ကာ ပင့်ကာဖြင့် ကလိ ဖြစ် အောင် ကလိသေးသည်။ သူမမြင်ချင်ယောင်ဆောင်နေလိုက်သည်။

ကျောင်းတက်ချိန် ဘဲ(လ်) တီးရန် အချိန်ကလည်း အတော့ကိုလိုနေသေးသည်။

“ဟကောင် ငါ့တို့ကျတော့ အသေအလဲစားခိုင်းပြီးတော့ မင်းကျတော့ မစားဘူး”

“အေးလေ စား စား”

သီဟ၏ အပြောကို စိုးအောင်ကထောက်ခံသည်။ နေကြာစေ့အနည်းငယ်ကို ယူကာ စားပေးရသေးသည်။

“သီဟ”

“ဟေ ပြော စိုးအောင်”

“ပြော”

“ငါ ဒီပထမအချိန်ပြီးရင် ဟိုအဆောင်တွေ ဘက်လျှေက်ကြည့်ချင်တယ်ကွာ”

ကလေး တစ်ယောက် မုန့်ပူဆာသလိုမျိုး မျက်နှာငယ်လေးနှင့် ဆိုသော သူ့ကို ကြည့်ကာ သီဟနှင့် စိုးအောင်က တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်သည်။

“လိုက်ခဲ့ကြနော့”

ထပ်လောင်းပြောသော သူ့စကားကြောင့် စိုးအောင်နှင့် သီဟ တစ်ယောက် ကို တစ်ယောက် မေးဆတ်ကြပြန်သည်။

“လိုက်သင့်မသင့်ကို စဉ်းစားလိုက်ဦးမယ်”

“ဟုတ်တယ် ဒီတစ်ချိန်ပြီးမှ ပြောမယ် ဟုတ်ပြီလား”

အရေး ထဲဆရာသမားနှစ် ယောက် က အထာကိုင်နေသေးသည်။ ပြီးလျှင် လိုက်မကူဘဲ နေမှာ လည်းမဟုတ်။

သို့သော် ထုံးစံအတိုင်းတစ်ဖက်သားကိုမှ မညှဉ်းဆဲရလျှင်မနေနိုင်ကြသည်မို့ သူ့ကို မတင်မကျကြီး တမင်လုပ်ထားခြင်း ဖြစ်သည်။

“ဟင်း”

ဘာကြောင့် မှန်းမသိ သင်ပြင်းကိုချ ဖြစ်သည်။

သူမ ဘယ်သူပါလိမ့်။

ဘယ်မေဂျာသူ ဖြစ်၍ ဘယ် Section မှာ ပါလိမ့်။

ရှာပုံတော် တော့ ဖွင့်ရလိမ့်ဦးမည် ။

******



ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ မိုးရထားပေါ်က လက်ပြတဲ့ကောင်မလေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သမီးလိုချင် အမေကြည့်

ငပလီက ခရု

အချစ်ကို ကြက်ချေ မခတ်ကြေး