ခရစ်နှစ် ၃၀၄၀
တစ်နေ့သ၌ ကျွန်ုပ် တစ်ယောက် တည်း ပျင်းပျင်းရှိသည်နှင့် အိမ်၌ အင်တာနက်ကြည့် နေစဉ် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ကြော်ငြာတစ်ခုကို တွေ့ မိသည်။ ကြော်ငြာတွင် ဖော်ပြထားသည်က-
အထက်ပါ ကြော်ငြာကို ကြည့်ရင်း
“မိတ်ဆွေ”
“လကမ္ဘာ”၊ “အင်္ဂါဂြိုဟ်” နှင့် အခြား ကြယ်တာရာများ သို့ ခဏခဏအိမ်ဦးနှင့် ကြမ်းပြင်ကဲ့သို့ သွားလာလည်ပတ်ရလွန်း၍ ရိုးနေပါပြီဆိုလျှင်ဦးဦးဖျားဖျား ထူးထူးခြားခြားစီစဉ်ထားသော ဆန်းဆန်းပြားပြားစီစဉ်ထားသော လေ့လာရေး ခရီးစဉ်သစ်တစ်ခုကိုစီစဉ်ပေးနေသော ကျွန်ုပ်တို့ကုမ္ပဏီနှင့် ဆက်သွယ်ပါ။
ခရီးသွားခြင်း၌ မွေ့လျော်သော ကျွန်ုပ် အထူးပင် စိတ်ဝင်စားသွားမိသည်။ ယခုခေတ်သည် ကား စက်မှု အလွန် ထွန်းကးသော ခရစ်နှစ် ၃၀၄၀ ဖြစ်သည်မို့ ကမ္ဘာဂြိုဟ်၊ ကြာသပတေးဂြိုဟ်တို့သည် ကူးကြသန်းကြဖြင့် လူသားများ နှင့် အခြားကမ္ဘာမှ ဂြိုဟ်သားများ သည် စီးပွားရေး ၊ လူမှု ရေး များ ကူးလူးယှက်နွယ်နေကြသည်။
ထို့ကြောင့် ခရီးစဉ် အတော် များများ မှာ ရိုးနေပြီ ဖြစ်သည်။ ယခု ကြော်ငြာမှာ ခရီးစဉ် အသစ်ဟု ဆိုထားသည်မို့ ကျွန်ုပ် ယင်း ကုမ္ပဏီကို ဆက်သွယ်စုံစမ်းရလေတော့သည်။
“ဟဲလို … အမိန့်ရှိပါ”
“ခရီးစဉ်သစ်အကြောင်း မေးချင်လို့ပါ”
ခရစ်နှစ် ၃၀၄၀ တွင် ရှိသော စက်မှု စွမ်းအားတို့သည် အံ့ဖွယ်အတိပင် ဖြစ်သည်။ အဓိက မကျတော့။ မိမိသည် မည် သည့်နိုင်ငံမှ မည် သည့်လူမျိုး၏ ဘာသာစကားကို ပြောဆိုသည် ဖြစ်စေ ကျန်လူမျိုးခြားသည် နားလည်၏ ။ အကြောင်းမူကား ကမ္ဘာပေါ်ရှိ ရှိရှိသမျှသော ဘာသာစကားပေါင်းစုံတို့သည် ကျွန်ုပ် ကိုင်ထားသော ဖုန်းအတွင်းရှိ software အတွင်းတွင် ရှိနေ၍ ကျွန်ုပ်ပြောသော စကားကို တစ်ဘက်မှနားထောင်မည့် လူ နားလည်မည့်  ဘာသာစကားကို စက္ကန့်ဝက်အတွင်း ပြောင်းလဲပေးသော ကြောင့် တည်း။
ထို့ကြောင့် ကျွန်ုပ်ပြောသော မြန်မာစကားကို တစ်ဘက်နိုင်ရှိ ကုမ္ပဏီဝန်ထမ်းသည် မြန်မာလို မကြားဘဲ၎င်းတို့၏ ဘာသာစကားနှင့် ကြားကာ ၄င်းပြန်၍ ပြောနိုင်သော နိုင်ငံခြားစကားကို ကျွန်ုပ်က မြန်မာသံပီသစွာ ကြားရလေသည်။
“ဟုတ်ကဲ့ မေးလို့ရပါတယ်”
“ခရီးစဉ်သစ်ဆိုတာက … ဘယ်လို ခရီးစဉ်သစ်လဲဗျ”
“ဒီလိုပါ … ခရစ်နှစ် ၂၀၀၀ ဝန်းကျင်တုန်းက သရဲတွေ ရဲ့ နေရာကို ပြန်သွားပြီး … လည်ပတ်လို့ရတဲ့ ခရီးစဉ်ပါ”
“အဆန်းပါလားဗျ … ကာလယန္တရားကို နောက်ပြန်သွားလို့ရတာ ကို လက်ခံနိုင်ပေမယ့် လူ နေရာကို မဟုတ်ဘဲနဲ့ သရဲတွေ ရဲ့ နေရာဆိုတော့ … ဒါနဲ့ ခရီးစဉ်အကြောင်း ဆက်ရှင်းပါဦး”
“ဟုတ်ကဲ့ … ကုမ္ပဏီရဲ့ ဘဏ်အကောင့်ထဲကို ခရီးစဉ်ကြေး ထည့်ပေးလိုက် တာနဲ့ လူကြီးမင်းကို … ကုတ်နံပါတ် ပြန်ပေးမှာ ပါ … အဲဒီ ကုတ်နံပါတ်ကို လူကြီးမင်း နှုတ်က ရေရွတ်လိုက်တာနဲ့ လူကြီးမင်းက … ခရစ်နှစ် ၂၀၀၀ ဝန်းကျင်တုန်းက … သရဲတွေ ရဲ့ နေရာကို ကိုယ်ပျောက်စနစ်နဲ့လည်ပတ် လေ့လာခွင့်ရမှာ ပါ … အဲဒီ မှာ လူကြီးမင်း သွားချင်တဲ့နေရာကို …. စိတ်ထဲမှာ တွေးလိုက်တာနဲ့ ရောက်မှာ ဖြစ်ပါတယ် … အားလုံးကို လူကြီးမင်းက မြင်ရ ကြားရမှာ ဖြစ်ပေမယ့် … လူကြီးမင်း ကတော့ … ကိုယ်ပျောက် ဖြစ်နေလို့ … ဘယ်သရဲကမှ မြင်မှာ မဟုတ်ပါဘူး”
“ဒါနဲ့ … လေ့လာတဲ့အချိန်မှာ ဗိုက်ဆာလာရင်ရော”
“မဆာပါဘူး … စားဝတ်နေရေး နဲ့ ပတ်သက်ပြီး … လူကြီးမင်းအနေနဲ့ ဘာမှ လုပ်ဆောင်စရာ မလိုပါဘူး … ခရီးစဉ် တစ်လျှောက်လုံး … စားဖို့ သောက်ဖို့ အိပ်ဖို့ အားလုံး … မေ့လျှော့နေမှာ ဖြစ်တဲ့အပြင် … ဗိုက်ဆာတာမျိုး၊ အိပ်ချင်တာမျိုး … ဘာမှမ ဖြစ်အောင် ကုမ္ပ္ပဏီက စီစဉ်ပေးမှာ ပါ”
“ဟား … နိပ်လှချည်လား … သိပ်ကြိုက်သွားပြီ … ဒါနဲ့ အဲဒီ ခရီးအတွက် စားရိတ်က ဘယ်လောက်ပေးရမလဲ”
“တစ်မတ်ပါ”
“ဘာ … ”
“တစ်မတ်ပါ … ”
“အလိုလေး … ဘယ်နှယ့်ဟာတုန်း … မပြောကောင်း မဆိုကောင်း … နင်တို့တောင်းတဲ့ ခရီးစရိတ်ကလဲ … ကူးတို့ခနဲ့ တူလိုက်တာ”
“စိတ်မရှိပါနဲ့ … ကျွန်မတို့တောင်းတဲ့ တစ်မတ်က … ရွှေတစ်မတ်သား ငွေတစ်မတ်သား … ဆိုပြီးတော့ ရွှေတွေ ငွေတွေ တောင်းတာ မဟုတ်ပါဘူး … ဒီခေတ်ကြီးမှာ မြေကြီးက သိပ်ရှားတယ် မဟုတ်လား … ဒီတော့ မြေကြီး တစ်မတ်သားပေးရမှာ ပါ”
တစ်ဘက်မှ စကားကြောင့် ကျွန်ုပ်ငိုင်တွေ သွားရသည်။ ယခု ကာလ (ခရစ်နှစ် ၃၀၄၀)ကား လွန်ခဲ့သော နှစ် လေး တစ်ထောင်ကျော်ကာလ (ခရစ်နှစ် ၂၀၀၀ ဝန်းကျင်) ကဲ့သို့ မဟုတ်။ မြေကြီးမှာ အင်မတန် ရှားလှသည်။
ကျွန်ုပ်တွင် စုဆောင်းထားရှိသည်က စုစုပေါင်းမှ (မူးလျှင် ရှူစရာဆို၍ ) မြေကြီးတစ်ကျပ်သား သာရှိသည်။ (စာရေး ဆရာကလည်း ဘာတွေ လျှောက်ရေး မှန်း မသိဘူးနော်) … အဲလေ … ခရီးစရိတ်ကား ဈေးကြီးလွန်းသည်။
သို့ သော်လည်း ပရိုမိုးရှင်းကာလတွင် တောင် ဤမျှဈေးရှိလျှင် ကြာလျှင် ဤဈေးထက် ပိုတက်သွားနိုင်သည်မို့ ကျွန်ုပ် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချပစ်လိုက်သည်။
“ဟုတ်ကဲ့ … အဲဒီ ခရီးစဉ်ကို ကျွန်တော် သွားပါမယ်”
“ဟုတ်ကဲ့ … ကျွန်မတို့ ဘဏ်အကောင့်ထဲကို စာရင်းလှမ်းထည့်လိုက်ပါ”
ကျွန်ုပ်သည် တစ်ဘက်ညွှန်သည့်အတိုင်း လိုက်၍ လုပ်ဆောင်လိုက်သည်။
တစ်ဖက်မှ ကျွန်ုပ်အား ကုတ်နံပါတ်တစ်ခုကို ပြန်၍ ပေးသည်။ ၄င်းကုတ်နံပါတ်ကို ရွတ်ဆိုလိုက်သည်နှင့် “ဝုန်း”ဟူသော အသံနှင့် အတူ ကျွန်ုပ်သည် နေရာတစ်ခုသို့ ရောက်ရှိကာ သွားတော့သည်။
ခရစ်နှစ် ၂၀၁၀ ဝန်းကျင်ရှိ သရဲနေရာ တစ်နေရာ
အိမ်ပေါ်သို့ ဝုန်းဒိုင်းကြဲကာတက်လာသော သရဲမ ဖြစ်သူဇနီးကို ခင်ပွန်း ဖြစ်သူ သရဲထီးက အလန့်တကြားကြည့်သည်။
“ဘာ ဖြစ်လာတာတုန်း … အလန့်တကြားနဲ့”
“ကျုပ် … ကျုပ် … ရွာထိပ်မှာ လူနဲ့တွေ့ ခဲ့လို့တော့”
“ဘာ”
သရဲမဇနီး၏ အဆိုကြောင့် သရဲထီး ခင်ပွန်းသည် တစ်ယောက် … အဲလေ တစ်ကောင် … ကြောင်တောင်တောင်ဖြင့် လန့်ကာ သွားသည်။
“မင်းတွေ့ ခဲ့တဲ့လူက … ဘယ်လိုပုံစံကြီးတုန်း”
“အမလေး … မေးနေရသေးလားတော် … လူပါဆိုမှတော့ ရုပ်ဆိုးဆိုးနဲ့ ကြောက်စရာကြီးပေါ့ … ကျုပ်တို့လို အစွယ်မရှိ ဘာမရှိနဲ့ …. ငုံးတိကြီးတော့ … မျက်လုံးကလည်း ကျုပ်တို့လို နီရဲရဲကလေး မဟုတ်ဘူး … ဖြူဖျော့ဖျော့နဲ့ … အမလေး … ပြန်တွေးကြည့်တာနဲ့တင် … ကြက်သီးထတယ်”
သရဲမ၏ အဖြေကြောင့် သရဲထီးက-
“အိုကွာ … မင်းကလည်း … သူက ကိုယ့်ကို ဘာလုပ်လို့ရတာ မှတ်လို့ … ဘာကြောက်စရာရှိလို့တုန်း”
“အို … မကြောက်ဘဲနေပါ့မလား … သူက ကျွန်မတို့လို အစွယ်လေး ငေါငေါလေးနဲ့ ချောချောလေးဆို … တော် သေးတယ် … မျက်နှာမှာ အခုဟာက … ဘာအစွယ်မှမပါဘဲ … ငုံးတိတိကြီးတော့ … ပြီးတော့ ဆံပင်ကလည်း ဖားလျား ချမထားဘူး … ကျုပ်မို့လို့ပေါ့တော် … တော့လိုသာဆို … အဲဒီ နေရာတင် သေးဖျန်းဖျန်းပါပြီး … မေ့လဲမှာ မြင်ယောင်သေး”
သရဲမ၏ စကားကြောင့် သရဲထီးက “အောင်မာမာ”ဟု ရေရွတ်သည်။ သရဲထီးနှင့် သရဲမတို့၏ အခြေအတင် စကားများ ကြောင့် ကျွန်ုပ် ပြုံးမိသည်။ သရဲတွေ ကို လူတွေ က ကြောက်သလိုမျိုး “သရဲများ ကလည်း လူကို ကြောက်ကြသည်ပဲကိုး”ဟု။
လူများ က သရဲများ ကို အစွယ်ကြီး တကားကား၊ မျက်လုံးနီကြောင်ကြောင်၊ ဆံပင်က ဖရိုဖရဲ ဖားလျားချဖြင့် ကြက်သီးထစရာဟု ရှုမြင်ကြသည်။
သရဲများ ကမူ ထိုသို့ မဟုတ်။ လူများ နှင့် ပြောင်းပြန်ရှုမြင်ကြသည်။ ၄င်းတို့က အစွယ်ငေါငေါ ဖြင့် ကျ ရုပ်ချောချော။ အစွယ်မပါသော လူများ က သေသေသပ်သပ် ညှပ်ကာထားသော မျက်လုံးနီ ကြောင်ကြောင် ဖြစ်ကာ မနေသည့် လူတို့က သူတို့အတွက်တော့ အူရွစရာ ဖြစ်နေဟန်တူသည်။
ထိုသို့ သရဲထီးနှင့် သရဲမတို့ အခြေ အတင် စကားဆိုနေစဉ်မှာ ပင် သရဲချာတိတ် တစ်ကောင် အိမ်ထဲသို့ ဝင်လာသည်။
“ဟဲ့ သား … မင်းဝတ်ထားတဲ့ အင်္ကျီကလည်း … ကြောက်စရာကောင်းလိုက်တာ … ဘယ့်နှယ့်ကွယ် … အင်္ကျီမှာ လူပုံတွေ နဲ့”
အိမ်ထဲဝင်လာသော သရဲချာတိတ်မှာ အိမ်ထဲရှိ သရဲမကြီး၏ သား ဖြစ်ဟန်တူပါသည်။ ၄င်းသရဲ ချာတိတ်ငနဲက လူပုံတွေ အများ ကြီးပါသော တီရှပ်ကို ဝတ်ကာထားသည်။
“အားလုံး ဒီလိုပဲ ဝတ်နေကြတာပဲ … အမေရ”
“အေးပါ … ဝတ်ဝတ် … ပြောမရဆိုမရနဲ့ ဆံပင်ကိုလည်း အရှည်ထားပါ … ဖားလျား လေးချပါဆိုတဲ့ ဥစ္စာကို ပြောမရဘူး … ညှပ်ညှပ်ပစ်တယ် … တဖြည်းဖြည်းနဲ့ … မင်းနဲ့ ရုပ်က လူရုပ်ထွက်လာပြီနော် … မှန်လည်း ကြည့်ဦး သရဲရုပ်ကို မပေါ်တော့ဘူး … တကတည်း”
သရဲမကြီး၏ ဆုံးမစကားကြောင့် ကျွန်ုပ် ပြုံးမိပြန်သည်။ လူ့ပြည်မှာ က ဆံပင်ရှည်ကို “သရဲရုပ်”ဟု တင်စားကြသလိုမျိုး သရဲပြည်မှာ ကျတော့ ဆံပင်ညှပ်ထားသော သရဲကို “လူ”ဟု ခိုင်းနှိုင်းကြသည်ကိုး။
ပြီး …
လူ့ပြည်မှာ ကျ ချာတိတ်များ က အရိုးခေါင်းပုံတွေ ၊ လျှာတန်းလန်းဖြင့် အစွယ်ကြီး တကားကားရှိသော စတစ်ကာပါသည့် တီရှပ်အင်္ကျီများ ကို ဝတ်ဆင်ကြသလိုမျိုး သရဲပြည်မှာ က လူပုံပါသော တီရှပ်အင်္ကျီများ ကို ဝတ်ဆင်ကြဟန်တူသည်။
၎င်းသရဲချာတိတ်၏ အင်္ကျီကို လှမ်းကြည့်တော့ ပြုံးဖြီးဖြီးဖြင့် ဂိုက်ပေးကြမ်းနေသော လူပုံကို တွေ့ ရသည်။ လူ့ပြည်မှာ ဆိုလျှင်တော့ ရောင်းကောင်းသော နံရံကပ်ပိုစတာ မင်းသားချောပုံ ဖြစ်ကောင်း ဖြစ်လိမ့်မည် ထင်သည်။
ပြောင်းတိ ပြောင်းပြန်တွေ ချည်း တွေ့ နေရသည်မို့ စိတ်ဝင်စားစရာတော့ ကောင်းသားဟု ကျွန်ုပ် တွေးမိသည်။
အိမ်ထဲသို့ဝင်လာသော သရဲချာတိတ်က အခန်းထောင့်မှာ ထောင်ထားသော ဂီတာကိုယူကာ တဗြန်းဗြန်းဖြင့် တီးခတ်၏ ။
သရဲမနှင့် သရဲထီးကား ကြားရသော အသံကြောင့် မျက်နှာကိုယ်စီ မဲ့သွားကြကာ -
“ဟဲ့ အကောင် … ဒီမှာ နားအေးပါးအေး နေပါရစေဦး … နှစ် လုံးထီ မတိုက်လို့ …. ခေါင်းကိုက် ရတဲအထဲ”
သရဲမကား သား ဖြစ်သူကို လှမ်း၍ ဆိုသည်။ နှစ် လုံး လောင်းကစားကြောင့် ခေါင်းအမှန်တကယ် ကိုက်နေဟန်တူသော သရဲမ၏ စကားကြောင့် သား ဖြစ်သူက ဂစ်တာကို တဗြန်းဗြန်း တီးနေရာက ငေါထွက်နေသော အစွယ်ဖြင့် အပြီးသတ် တီးခတ်ကာ အဆုံးသတ်လိုက်သည်။
ပြီး …
“ဒါဖြင့် လည်း … မတီးတော့ပါဘူး … ဒီည Show ပွဲ ရှိတယ် … သူငယ်ချင်းတွေ နဲ့ သွားကြည့်မလို့ … အဲဒါဝင်ကြေးလေး ဘာလေး ပေးဦးဗျာ”
“တစ်ခါတလေများ မကြည့်ဘဲနေပါအုံးလား … ဘာမှလည်း ထူးခြားတာ မဟုတ်ဘူး … စင်ပေါ်မှာ လူတွေ လို ဝတ်စားပြီး လိပ်ခေါင်းထွက်အောင် အော်ဟစ်နေတဲ့ဥစ္စာ … နားမငြီးဘူးလား”
သရဲမကြီး၏ စကားကြောင့် သရဲချာတိတ်ငယ်က ခေါင်းကို ကုတ်သည်။ သရဲမကြီးက သရဲငယ်၏ လက်သည်းကိုမြင်သွားသည်။
“ကြည့်စမ်း … ကြည့်စမ်း … လက်သည်းကို ခပ်ချွန်ချွန် ခပ်ရှည်ရှည်ထားပါဆိုတဲ့ ဥစ္စာ … ညှပ်ပစ်တယ်ဟုတ်လား … လက်သည်းကို … နဂိုအော်ရီဂျင်နယ် အမည်းအတိုင်း မထားဘဲနဲ့ အဖြူရောင် တောင် ဆိုးထားလိုက်သေးတယ် … မင်းနော် … မင်း … ကိုယ့်ပုံကိုယ်လည်း မှန်ထဲကြည့်အုံး … သရဲရုပ်ကို မထွက်တော့ဘူး … တဖြည်းဖြည်းနဲ့ လူရုပ်ပေါက်နေပြီ”
“ကဲပါ မိန်းမရာ … သူ့ခေတ်နဲ့သူပဲဥစ္စာ … ဂလိုဘယ် လိုက်ဇေးရှင်းခေတ်မှာ …. ဒီမှာ ပဲ ဝတ်နေကြတာပဲ … ဆေးတွေ ဘာတွေ မရှူရင်ဘဲ ကျေးဇူးတင်ပါပြီ … အဝတ်အစားထက် စာရိတ္တက အရေး ကြီးတယ် … ကဲ ကဲ ငါ့သား “သရဲငယ်” … သွား … သွား အဖေ့အိတ်ကပ်ထဲက ကြည့်ယူသွား”
“ဒါဆို … သား … သွားလန်းလိုက်တော့မယ်နော်”
“ဟေး … ဟေး”
ကျွန်ုပ်ကား သရဲငယ်နောက် လိုက်သွားရန် ဆုံးဖြတ်လိုက်မိသည်။ သို့ မှသာ သရဲများ ၏ ဂီတကို ခံစားနိုင်မည် ကိုး။ သရဲငယ်ကား ၄င်း ဖခင်၏ အိပ်ကပ်ထဲမှ ငွေအချို့ကိုယူကာ အိမ်ထဲမှ မြောက်ကြွမြောက်ကြွဖြင့် ထွက်ကာသွား၏ ။
![]() မှတ်ပြီလား အခုတော့ မျောက်သစ်ကိုင်းလွတ် ဖြစ်ပြီ | ![]() အလုပ်သင်နှင်းဆီ | ![]() ကောင်းကင်ခြုံထားတဲ့ ညီမလေး |