Cover

ချစ်သူ့ဆံစမှာ မှ
ကြွေခချင်တဲ့နှင်း


How Much there is in the world

I do not want.

Socrates


ကမ္ဘာကြီးထဲမှာ ငါမလိုချင်တာ

ဘယ်လောက်တောင် များ နေပါလိမ့်။

ဆိုကရေး တီး


ဘာကိုမှ ငါမလိုပါဘူးကွယ် …

ကဗျာရယ် မင်းရယ် …

ငါ့တစ်ဘဝစာ ရှိနေမယ်ဆိုရင်ပေါ့။

“မင်း ရေး ထားတဲ့ ဝတ္ထုကို ငါကဖတ်ပေးရမယ် ဟုတ်လား”

“အေး”

“နေပါဦး၊ မင်းဝတ္ထုက ပြီးပြီမို့လား”

“ဟင့်အင်း၊ ငါးပုံတစ်ပုံတော့ပြီးပြီ၊ ဒီတစ်ခါ ဝတ္ထုတို မဟုတ်တော့ဘူး လုံးချင်းရေး နေတာ”

“ဘာ လုံးချင်း ဟုတ်လား”

သူ့အပြောကို နန္ဒက ရယ်ချင်ပက်ကျိဖြင့် “လုံးချင်း ဟုတ်လား”ဟု ခနိုးခနဲ့ဟန်ဖြင့် မေးသည်။ ပြီး ရယ်ချင်စိတ်ကို ချုပ်ထိန်း၍ မရတော့ဟန်ဖြင့် ပေါ်တင်ကြီး “မင်းကိုရယ်တာ မဟုတ်ဘူးနော်” ဆိုတော့ သူ နည်းနည်း တော့ အောင့်သက်သက်ကြီး ဖြစ်သွားရသည်။

ပြီး သကောင့်သားက သူ့ကိုစပ်ဖြီးဖြီးဖြင့် ကြည့်သည်။

“ဖတ်ဆိုလည်း ဖတ်ပေးရတာ ပေါ့၊ ဒါပေမယ့် မင်းရဲ့ လုံးချင်းဝတ္ထုဆိုတာကြီးက မပြီးသေးဘူးဆိုတော့ …. ”

“မဟုတ်ဘူးလေ … ငါကအစပျိုးထားပြီးသားလေးကို မင်းက ကောက်ချက်ချပေးကြည့်ပေါ့ကွာ … အရေး အသားပဲ ဖြစ် ဖြစ်ပေါ့ကွာ ဥပမာ ဘယ်နေရာကဖြင့် ဘယ်လိုဆို ပိုကောင်းတယ် စသဖြင့် ပေါ့”

“သြော် … ငါက မင်းဝတ္ထုမှာ လိုနေတာလေးတွေ ကို ဖြည့်စွက်ကြီးကြပ်ပြီး Guide Line ချပေးရမှာ ပေါ့ ဟုတ်စ”

နန္ဒမျက်နှာစပ်ဖြီးဖြီးကို သူ ဖနောင့်ဖြင့် ထပေါက်ချင်စိတ် ပေါက်သွားရသည်။

ဆရာကြီးစတိုင်ဖြင့် မိန့်မိန့်ကြီးလုပ်နေပုံက နားရင်းထအုပ်ချင်စရာကောင်းသည်။ သို့ သော် သူစိတ်ကို ရှည်ရှည်ထားရသည်။

လောလောဆယ်ကလည်း ဒီကောင် တစ်ယောက် တည်း နှိပ်စက်စရာရှိသည်ကိုး။ မရိုမသေ သွားလုပ်လို့မရ။ တော် ကြာ သူ့ဝတ္ထုကို ဖတ်မပေးဘဲ နေဦးမည် ။

“တစ်ခုတော့ရှိတယ်”

လက်ညှိုးတစ်ချောင်းထောင်ရင်းဆိုသော နန္ဒ၏ ထောင့်မကျိုးလှသော ပုံစံကို အမြင်ကပ် သော်လည်း အောင့်အီးကာ “ပြော”ဟု မေးဆတ်ပြ ဖြစ်သည်။

“မင်းသိတဲ့အတိုင်းပဲလေ၊ ငါက ဘောလုံးပွဲပဲကြည့်ကြည့်၊ စာပဲကျက်ကျက် ပြီးပြီဆိုတာနဲ့ တီးဆိုင်ထိုင်ပြီး ဦးနှောက်ဆေးလေ့ရှိတယ်”

ညစ်ပြီ ဟု သူတွေးသည်။ လာလာချေသေးတော့။ သဘော ကတော့ သူ့ဝတ္ထုကို ဖတ်ပြီးသည်နှင့် သကောင့်သားကို သထာတာမသထာတာ အပထား တီးလိုက်တိုက်ရမည် ဆိုသည့်သဘော။ “မင်းသိတဲ့အတိုင်းပဲ” ဆိုပြီးတော့တောင် မျက်နှာပြောင်ပြောင်နှင့် ဇွတ်ကြီး သူ့ကို သိခိုင်းလိုက်သေးသည်။ တကယ်တော့ သူမသိ။ သို့ သော် ငြင်း၍ ကလည်း မ ဖြစ်ပြန်။

“အေးပါ အေးပါ ငါ့ဝတ္ထုကို မင်းဖတ်ပြီးတာနဲ့ ငါမင်းကို “ဧရာဝတီ”ကို လိုက်ပြီး ဒကာခံပါ့မယ်”

“နေဦး၊ ငါက လက်ဖက်ရည်သောက်ရင်း ဆေးလိပ်တွေ ဘာတွေ မသောက်တတ်တာ မင်းသိတယ်နော်၊ ငါ့ဘေးမှာ ထိုင်ပြီး ဆေးလိပ်သောက်ဖို့တော့ မတွေးနဲ့”

“ငါကရော ဘယ်တုန်းက ဆေးလိပ်သောက်နေလို့လဲ”

“သြ ဟုတ်သားပဲ Sorry Sorry အဟီး”

ဂေါက်ကြောင်၊ ဂေါက်ကြောင်ဖြင့် “ဟီး”ခနဲ ရယ်သော သကောင့်သား၏ လက်တွင်းသို့ သူ၏ စာမူကြမ်းကို ထည့်တော့ ဆရာသမားက ဆရာကြီးစတိုင်ဖြင့် မျက်လုံးကိုမှေးကာ အင်တင်တင်ဖြင့် လှမ်းယူသည်။ ပြီး ပထမဆုံးစာမျက်နှာကို စိတ်မပါသလိုဖြင့် ခပ်ဆတ်ဆတ်လှန်သည်။

“ဟကောင် နန္ဒ ဖြည်းဖြည်းလုပ်ပါကွ၊ ငါ့စာရွက်ပြဲသွားဦးမယ်”

သူ့အပြောကို ဆရာသမားက မကြေားယောင်ပြုသည်။

“မင်းဝတ္ထုခေါင်းစဉ် အဲလေ နာမည် က ဘာတဲ့လဲ”

“မပေးရသေးဘူးကွ”

“ဟ ပေးထားမှပေါ့၊ စဉ်းစား စဉ်းစား အလကားမနေနဲ့၊ ဒီဝတ္ထုကို ဘယ်လိုနာမည် ပေးမယ် ဆိုတာ စဉ်းစား၊ သိပ်အရိုးကြီးလည်းမဟုတ် သိပ် အဆန်းကြီးလည်းမဟုတ်ထဲကပေါ့၊ အိုကေနော်”

ဒူးတနှံ့နှံ့ဖြင့် ဟန်လုပ်ရင်း စတိုင်ထွားနေသော သကောင့်သားကို သူတော် တော် တော့ တင်းလာသည်။ သို့ သော် ထုံးစံအတိုင်း စိတ်ကို ရှည်ရှည်ထားရသည်။

ပြီး သကောင့်သား၏ မျက်နှာကို သူလှမ်းအကဲခတ် ဖြစ်သည်။ သူ့ဝတ္ထုအစမှာ ဟာသလေးတွေ ပြုံးစရာလေးတွေ ပါသည်။ ထို့ကြောင့် သကောင့်သားစ၍ ဖတ်သည်နှင့် အနည်းနှင့် အများ တော့ ပြုံးရလိမ့်မည် ။ သကောင့်သားပြုံးခဲ့သည်ရှိသော် သူရေး ထားသမျှသည် ဟာသမြောက်၍ ပဲဟု သူတွက်ထားသည်။

သူကြည့်နေစဉ်အတွင်းမှာ ပင် ဆရာသမား၏ မျက်နှာက ရယ်ချင်ဟန်ဖြင့် ပြုံးဖြီးဖြီး ဖြစ်လာသည်။ ရယ်ချင်စိတ်ကို ချုပ်တည်းထားရဟန်တူသော သကောင့်သားက အောင့်ထားရာမှ “တဟားဟား”ဖြင့် ထရယ်သည်။

“ဟားဟားဟား၊ ဟားဟားဟား”

သူအတော် ဝမ်းသာသွားရသည်။ ဖြစ်ရမည် ။ သူက ရယ်စရာ ဟာသတွေ ရောယှက်ကာ သူ့ဝတ္ထုကို ဖွင့်ထားသည်ကိုး။

“ဘယ့်နှယ်လဲ၊ ရယ်ရတယ် မဟုတ်လား”

သူ့အမေးကို နန္ဒက ချက်ချင်း မဖြေသေး။ တဟားဟားနှင့် ဗိုက်ကိုနှိပ်ကာ အားရအောင် ရယ်လိုက်သေးသည်။ ပြီးမှ

“ရယ်ရတယ်ကွာ”

“ ဖြစ်ရမယ်လေ၊ ဝတ္ထုအစမှာ ကိုက”

“နေဦး၊ မင်းဝတ္ထုကို ငါတစ်လုံးမှ မဖတ်ရသေးဘူး”

“ဘာကွ”

နန္ဒ၏ အပြောကြောင့် သူအတော် ကြီး အောင့်အီးအောင့်သက် ဖြစ်သွားရသည်။ သူ့မှာ တော့ သူ့အရေး အသားကြောင့် ရယ်သည် ထင်ကာ ဝမ်းတွေ သာလို့။

“ဒါဆို ဘာ ဖြစ်လို့ရယ်ရတာ တုံး”

“မင်းက ငါ့မျက်နှာကို မျက်လုံးကြီးပြူးပြီး ကြည့်နေတာကိုးကွ၊ ငါဘယ်နေတတ်ပါ့မလဲ၊ ရယ်ချင်တာပေါ့၊ အဟက်”

ရုပ်ကြမ်းကြီးနဲ့ နွဲ့နေသော နန္ဒကို သူတော် တော် ချဉ်သွားရသည်။

“မင်းဘာသာမင်း လုပ်စရာရှိတာလုပ်နေစမ်းပါ။ ငါ့ဘာသာ ငါ လွတ်လွတ်လပ်လပ် ဖတ်ပါရစေ ဘယ်နှယ့် လူကိုမျက်လုံးကြီး ဒေါက်ထောက်ကြည့်နေမှာ တော့ ငါ ဘယ်ဖတ်တတ်ပါ့မလဲကွ၊ ဟုတ်ဘူးလား”

ပြောင်ချော်ချော် မျက်နှာပေးနှင့် သကောင့်သားကို “လုပ်ထားဦးပေါ့ကွာ”ဟု ကြိမ်းရင်း သူအခန်းအပြင်ဘက်ကို ထွက်လာခဲ့သည်။ တံခါးကို “ဒုန်း”ခနဲနေအောင်ဆောင့်အပိတ် ဧည့်ခန်းမှ အဆောင်မှူးက မျက်လုံးပြူးနှင့် လူကိုလှမ်းကြည့်သည်။

သူမမြင်ချင်ယောင်ဆောင်ကာ အဆောင်ရှေ့မှ ဒန်းပေါ်ထိုင်ရင်း၊ အဆောင်ရှေ့မှ ဖြတ်သွားဖြတ်လာများ ကို ကြည့်လျက်အတွေးတွေ များ နေ ဖြစ်သည်။

အဝတ်အစားမျိုးစုံကို ဝတ်ဆင်ထားသော အရွယ်မျိုးစုံနှင့် ကျောင်းသူလေးများ က အလှမျိုးစုံနှင့် အဆောင်ရှေ့မှဖြတ် ဖြတ်သွားကြသည်။

မျက်စိ အစာကျွေးကောင်းကောင်းဖြင့် အစာကျွေးရင်းက “ဖျတ်”ခနဲ နန္ဒကို သူသတိရသည်။ လက်မှနာရီကိုကြည့်တော့ သူအခန်းထဲမှ ထွက်လာသည်မှာ မိနစ်နှစ် ဆယ်ကျော် သွားပြီဆိုတာ သိလိုက်ရသည်။

“ဒီအချိန်ဆို ဆရာသမား ဖတ်လို့ပြီးလောက်ရောပေါ့” ဟု တွေးရင်း အခန်းဖော်ကြီးရှိရာသို့ သူ့အခန်းဆီပြန်လာခဲ့သည်။

တံခါးကို တွန်းဖွင့်ရင်းအဝ မြင်ရသော မြင်ကွင်းကြောင့် သူတော် တော် ဒေါသထွက်သွားသည်။ ကြည့်ဦး သူ့စာမူကြမ်းက ခုတင်အောက်မှာ ပိုးလိုးပက်လက်။ ဆရာသမားကလည်း ခုတင်ပေါ်မှာ အခုမှ ကားအတိုက်ခံရ၍ အသက်ထွက်သွားသော ခွေးအိုလို ပိုးစိုးပက်စက်အိပ်လို့နေသည်။

“တောက်”

ဒေါသထွက်ထွက်ဖြင့် တက်ကိုခပ်ပြင်းပြင်းခေါက် ဖြစ်သည်။ တက်ခေါက်သံ ခပ်ကျယ်ကျယ်ကြောင့် ဆရာသမားက မျက်လုံးကြီးဖွင့်ကာ နိုးသွားပြီး ဆတ်ခနဲထထိုင်သည်။

စာမူကြမ်းကြီးကိုင်ကာ မျက်လုံးပြူးကြီးနှင့် ကြည့်နေသော သူ့ကိုဟက်ခနဲ မျက်နှာချိုသွေးကာ ရယ်ပြရင်း …

“ဘာလဲ တီးဆိုင်သွားတော့မလား”

“ဘာကွ မင်းငါ့ဝတ္ထုမဖတ်ပေးဘဲနဲ့ အိပ်နေပြီးတော့များ ၊ တီးဆိုင်သွားလိုက်ချင်သေးတယ် ဟုတ်လား၊ တိုက်ဦးမယ်မင်းကို … ”

စာမူကို ခုတင်နှစ် လုံးကြားမှ စာကြည့်စားပွဲပေါ် အားနှင့် ခပ်ဆောင့်ဆောင့်ပစ်ချရင်းသူ ဆိုတော့ ဆရာသမားက “ဟက်”ခနဲရယ်သည်။

“ငါ အားလုံးဖတ်ပြီးပါပြီကွာ … မင်းဝတ္ထုကဖြင့် ဘယ်နှရွက်ပြီးသေးလို့တုံး၊ ငါက မင်းဘာတွေ ဆက်ရေး မယ်ဆိုတာ တွေးကြည့်ရင်းက ဟဲဟဲ မှေးခနဲလေး ဖြစ်သွားတာ လာလာ တီးဆိုင်ရောက်မှ ဆက်ဆွေးနွေးရအောင်”

သူ့ခုတင်ဘက်ကူးလာပြီး သူ့ပခုံးကို ခပ်ဖွဖွထိုးကာ “လာလာ”ဟု ဆိုနေသော သကောင့်သားကို သံသယတစ်ဝက်ဖြင့် သူကြည့်သည်။

ဆရာသမားက ဖတ်ပြီးပြီ၊ အတည် အတည် ဟုခိုင်ခိုင်မာမာ ဆိုသည်။ သို့ သော် သူသိပ်မယုံချင်။

“သေချာတယ်နော်”

“ရော် … အလွတ်တောင် ရွတ်ပြလိုက်ချင်သေးတယ် တကယ်”

ဆရာသမား၏ အပြောကြောင့် သူနည်းနည်း တော့ စိတ်ကျေနပ်မှု ရသွားသည်။ စောစောက ဒေါသတွေ ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်သည်။

“Ok Let’s Go”

“ဧရာဝတီ”လက်ဖက်ရည်ဆိုင်ဘက်နှစ် ယောက် သား ကားတားကားတားဖြင့် လျှောက်လာကြသည်။

သူ့ထက်ခေါင်းတစ်လုံးပုသော နန္ဒ၏ ပခုံးကို ဖက်ရင်းဆိုင်ထဲအဝင် ကောင်မလေးတွေ ချည်းထိုင်နေသော ဝိုင်းမှ “အောင်နက် လေးတော့” ဟုမကြားတကြား လှမ်းနောက်သည်။

သူ့ကို နောက်မှန်းသူရော နန္ဒပါသိသည်။ နန္ဒက သူ့ကိုပြုံးပြီး ပြီး ကြည့်ရင်း …

“မင်း ကတော့ လူစင်စစ်ကနေ ဟဝှာ ဖြစ်ပြီ”

“ခေါက်ထားလိုက်စမ်းပါကွာ”

သူ ရှက်ရှက်ဖြင့် ဆို ဖြစ်သည်။ သူကလည်းသူ ကျောင်းသွားတာ မဟုတ်တော့လည်း အဝတ်ကို Gent ဆန်ဆန်မဝတ်ခဲ့မိ။ ဘောင်းဘီအနက် ရောင် ရှော့ပင်နှင့် စွပ်ကျယ်အနက်ရောင် ကို ဖြစ်သလို ဝတ်ကာထွက်လာခဲ့မိသည်မို့ သူမတို့ ပြောသလို “အောင်နက်” ဖြစ်မှန်းမသိ ဖြစ်ကာနေသည်။

ကံဆိုးချင်တော့ ထိုကောင်မလေးတို့၏ ဝိုင်းဘေးမှ ခုံတစ်ဝိုင်း သာလွတ်သည်။ အနှိပ်ကွပ်ခံထားရသည်မို့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေသော သူနှင့် နန္ဒကို ကောင်မလေးများ က ပြုံးစိစိဖြင့် ကြည့်ကြသည်။

ထိုလွတ်သော ခုံမှာ ပင် မျက်နှာပူပူဖြင့် ဝင်ထိုင် ဖြစ်သည်။

“ရုပ် ကတော့ မဆိုးပါဘူး၊ ကင်း ဖြစ်မယ့် လက္ခဏာတော့ရှိသား”

“ဘာကင်းလဲ မီးကင်းလား”

ထိုင်ရုံရှိသေး ကောင်မလေးတွေ က တစ်ယောက် တစ်ပေါက်စီ ဝိုင်းနှိပ်ကွပ်ကြပြန်သည်။ ခုနစ်ယောက် ခန့်ရှိသော အုပ်စုမို့ ပြန်လည်းမရိရဲ။ ရေများ ရေနိုင် မီးများ မီးနိုင်ကိုး။ နှိပ်ကွက်နေမှန်း သိသိကြီးနှင့် ငုံ့ခံလိုက်သည်။ မျက်နှာပေါ်မှ ပူရှိန်းရှိန်းအရသာကြောင့် သူ့မျက်နှာတွေ နီတွတ်နေပြီဆိုတာ သူသိသည်။

“အစ်ကို ဘာသောက်မလဲ”

“ဘာအအေးရှိလဲ”

“အစုံရှိတယ် အစ်ကို”

“ခရက်ရှာ အောရင့်(ချ)တစ်လုံး၊ အေးတယ်ဟုတ်”

“ဟုတ်ကဲ့ အေးပါတယ်”

“အစ်ကို့အတွက်က တီး ပေါ့ဆိမ့်တစ်ခွက်”

သူက အအေးမှာ ပြီး နန္ဒက ပေါ့ဆိမ့်မှာ သည်။ စားပွဲထိုး လှည့်ထွက်သွားချိန် သူမတို့ ဝိုင်းက စီခနဲ အသံကထွက်လာပြန်သည်။

“နင်တို့က သိပ်မစပါနဲ့ဆို၊ ဟော့ကြည့် အခုရင်ပူလို့ အအေးတွေ မှာ ကုန်ပြီ နင်တို့နော်”

သူ့ကို ပြောနေမှန်း သိသိကြီးနဲ့ သူ ရှက်ရှက်ဖြင့် ခေါင်းကို ခပ်ကြမ်းကြမ်းကုပ် ဖြစ်သည်။

“တော် ကြပါတော့ဟယ်၊ မျက်နှာတွေ လည်း နီကုန်ပြီ”

နန္ဒက သူ့ကို “တောင့်ထား ငါ့ကောင်”ဟူသော သဘောဖြင့် မချိပြုံးပြသည်။ ခဏကြာတော့ ထိုတရုတ်မလေး ဝိုင်းက “ရှင်းမယ်” ဟူသော အသံကို ကက်ဆက်သံကြားက မင်္ဂလာရှိစွာ ကြားရသည်။

“မောင်လေး ဟိုဘက်ဝိုင်းကို ဘယ်လောက်ကျလဲ တွက်လိုက်”

သူတို့ဝိုင်းကို မေးငေါ့ရင်းဆိုလာသည်မို့ သူရော နန္ဒပါ သောက်လက်စနင်ကုန်သည်။ စားပွဲထိုးကို သူတို့ မတားလိုက်ရသေးခင်မှာ ပင် စားပွဲထိုးက ကျသင့်ငွေကို ကောင်မလေးတွေ ထံ ရွက်ပြသည်။ ဘော်ဒါတွေ ဟု ထင်နေဟန်တူသည်။

“အေး အေး အဲဒါသူတို့ဘာသာသူတို့ ရှင်းလိမ့်မယ်နော်၊ မမတို့က မေးရုံမေးကြည့်တာ ကဲ တွက် မမတို့ ဝိုင်းဘယ်လောက်ကျလဲ”

သူမတို့၏ အစသန်မှု ကြောင့် စားပွဲထိုးပင် အူကြောင်ကြောင် ဖြစ်ကာသွားသည်။ သူနှင့် နန္ဒလည်း အသာလေးကုတ်နေရသည်။

“မိုးကောင်းတုန်း ရွာထားဦးပေါ့ကွာ …. ငါအကုန်လုံးကို မှတ်မိတယ်”

သူမတို့ ဆိုင်ကယ်အသီးသီးဖြင့် ထွက်သွားချိန်မှာ မှ နန္ဒက ထရေရွတ်သည်။ နန္ဒစကားကြောင့် စားပွဲရှင်းနေသော စားပွဲထိုးက ပြုံးသည်။ သူ ကတော့ “ဟက်”ခနဲရယ် ဖြစ်သည်။

“မင်းက ဘာရယ်တာလဲ”

“အခုမှ လူစွမ်းကောင်းလုပ်နေတဲ့ မင်းကို ရယ်တာ၊ စောစော ကတော့ ကုပ်နေပြီးတော့”

“အောင်မာ မင်းကရော၊ ဘာထူးလဲ၊ မင်းလည်းဘာမှပြောရဲတာ မဟုတ်ဘဲနဲ့”

“ကဲပါ ထားလိုက်ပါ၊ ငါ့ဝတ္ထုအကြောင်းပဲ ပြောရအောင်”

“အေးပြောတာပေါ့”

“ပြောတာပေါ့”ဟု ဆိုပြီးနောက် ဆရာသမားက ပေါ့ဆိမ့်ကို တစ်ကျိုက်သောက်သည်။ သူ ကတော့ သကောင့်သားထံမှ ထွက်လာမည့်  စကားလုံးတို့ကိုသာ မရဲတရဲမျှော်လင့်နေရသည်။ ဝတ်ကျေတန်းကျေပဲ ဝေဖန်မလား။ ပက်ပက်စက်စက်ကြီးပဲ ရှုံ့ချမလား။ လက်ဖက်ရည်မျက်နှာ နှင့် ပဲ “ကောင်းသည်” ဆိုလေမလား စသဖြင့် ။

“ငါ့အကြိုက်ပဲ”

ဆရာသမား၏ စကားကြောင့် “ဝုန်း”ခနဲ သူဝမ်းသာသွားသည်။ ကြည့်စမ်း ဒါတောင် ဒီဝတ္ထုက “စ”လုံးရေ “စ”အဆင့်သာရှိသေးသည်။

“ပေါ့ဆိမ့်ဆိုတာ ဒီလိုမျိုးမှ”

“အမ်”

လက်ဖက်ရည်ခွက်ကို ဆရင်း နောက်တစ်ကျိုက်သောက်အပြီး ဆိုသော ဆရာသမား၏ စကားကြောင့် သူနင်သွားရသည်။ သူ့မှာ ကတော့ သူ့ဝတ္ထုကို ဆိုသည် အထင်နှင့် ဝမ်းတွေ တောင် သာလျက် …။

“အမ်”ဟုသာ မပီမသ သူရေရွတ် ဖြစ်သည်။ မျက်နှာကြီးပုတ်သိုးသွားသော သူ့ကို ကြည့်ကာ ဆရာသမားက “ခွီး”ခနဲ ရယ်သည်။

“ဘာရယ်တာလဲ မင်းငါ့ကို ရိနေတာပေါ့၊ ဟုတ်လား”

“နောက်တာပါ ငါ့ကောင်ရာ၊ မင်းဝတ္ထုက အရမ်းကို ဆွဲဆောင်မှု ရှိသွားမယ့် အလားအလာတွေ ငါမြင်တယ် အတည်ပြောတာ အတည်”

ဆွဲတင်သယောင်ယောင် ရိုက်ချသယောင်ယောင်နှင့် မည် သို့ အဓိပ္ပာယ်ကောက်ရမည် မသိသော စကား။ မျက်နှာကို စိုက်ကြည့်ပြန်တော့လည်း ဆရာသမားက ရုပ်တည်ကြီးနှင့် မှင်သေနေပြန်သည်။

“ဆက်မရေး ဘဲမနေနဲ့၊ မုဒ် ဝင်နေတုန်း အပြတ်ကြိတ်ပစ်၊ ငါ အားပေးတယ် အတည်ပြောတာ”

ရုပ်တည်ကြီးနှင့် ဆိုနေသော ဆရာသမားကို သူ သံသယ အပြည့်ဖြင့် စိုက်ကြည့်နေ ဖြစ်သည်။ ထိုအခါမှ ဆရာသမားက ရယ်ချင်လာဟန်ဖြင့် နှာခေါင်းကြီးပွတက်လို့ လာသည်။ ပြီး မျက်လုံးကို ဇွတ်မှိတ်၊ နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ကာ ရယ်ချင်စိတ်ကို အတင်းကာရော ဖုံးဖိသည်။ ပေါ့ဆိမ့်တစ်ခွက်၏ မျက်နှာကို ထောက်နေဟန်တူသည်။

သူ သက်ပြင်းကိုချလိုက်မိသည်။ ရှိပါစေတော့။

ဝတ္ထုကို ဖတ်ပေးတာကိုပဲ သူအတော် ကျေးဇူးတင်သည်။ ခေါင်းကြီးငုံ့ကာ စိတ်မကောင်းဟန် ဖြစ်သွားသော သူ့ကိုကြည့်ကာ နန္ဒက ခေါင်းကို ခပ်ကြမ်းကြမ်းကုပ်သည်။

“ဟကောင် နန္ဒ နောက်နေ့လည်း ငါ့စာမူ ဖတ်ပေးဦးနော်”

“အေးပါကွာ”

အီလည်လည်မျက်နှာကြီးနှင့် ဆိုသော သူ့စကားကြောင့် ခေါင်းကုပ်နေရင်းက ဆရာသမားက စပ်ဖြီးဖြီးဖြင့် “အေးပါကွာ”ဟု ဆိုသည်။

“ဒါပေမယ့် အလကားတော့ ဖတ်မပေးနိုင်ဘူးနော် ဆရာသမား ထုံးစံအတိုင်း ပေါ့ဆိမ့်လေးနဲ့ အဟဲ”

“မင်းဥစ္စာကလည်းကွာ ဘော်ဒါအချင်းချင်းကိုပဲ”

“ဟ ငါက အလကားဖတ်ပေးရင် မင်းကတန်ဖိုးထားမှာ မဟုတ်ဘူးလေ၊ ဒီတော့ မင်းငါ့ကို တန်ဖိုးထားတတ်လာအောင်ပါကွ”

“အေးပါ အေးပါ ခွေးကောင်”

တစ်ယောက် စကားကို တစ်ယောက် ဖြတ်ပြောရင်းနှစ် ယောက် သားရယ် ဖြစ်သည်။

ရယ်ရင်းက ဆိုင်ထဲကောင်မလေးနှစ် ယောက် ကို ဖျတ်ခနဲ အမှတ်မထင် သူကြည့် ဖြစ်သည်။ အကြည့်ချင်းအဆုံကို ကောင်မလေးက “ဒိုင်း”ခနဲ မျက်စောင်းထိုးသည်။ သူ့ကို လှောင်ရယ်ရယ်သည်ဟု ထင်သွားသလား မသိ။

“ဘလိုင်းကြီးပါလား”

ရုတ်တရက်ရေရွတ်မိသော သူ့စကားကြောင့် နန္ဒက သူကြည့်ရာကို လိုက်ကြည့်သည်။ ပြီး

“ဘာ ဖြစ်လို့လဲ”

“ငါတို့ဘာသာငါတို့ ရယ်တယ်ကွာ၊ အဲဒီ အချိန်မှာ သူတို့နှစ် ယောက် က ဝင်လာတယ်၊ အဲဒီ အချိန်မှာ ရယ်ရင်းတန်းလန်းနဲ့ ငါက လှမ်းကြည့်မိတယ်ကွာ”

“အဲဒီ အချိန်မှာ သူက မင်းကို လက်ဝါးထောင်ပြရော မဟုတ်လား”

နန္ဒက သူ့စကားကို ဖြတ်ကာ သူ့ထင်မြင်ချက်ကိုဆိုသည်။

“သောက်တလွဲကြီး၊ မျက်စောင်းထိုးသွားတာ”

“အောင်မလေးကွာ ဒါများ ၊ ထိုးပါစေပေါ့”

“ထိုးစရာလားကွ၊ သူ့ရယ်တာမှမဟုတ်တာ၊ ပုံစံက တောဂိုက်နဲ့ ရွာကတက်လာတဲ့ ရွာသူကြီးသမီးကျနေတာပဲ”

သူ့အပြောကြောင့် နန္ဒက “ခွီး”ခနဲရယ်သည်။

“မင်းကလည်းပဲ ယောက်ျားကြီးတန်မဲ့နဲ့ သူတစ်ပါးကို ကဲ့ရဲ့ နေသေးတယ်”

သူ့ကိုအပြစ်တင်ရင်း၊ ရွာသူကြီးသမီးဟု သူအမည် ပေးလိုက် သော ကောင်မလေးကို လှည့်ကြည့်သည်။ ကောင်မလေးနှစ် ယောက် က အအေးပါဆယ်တွေ ကို လက်ကဆွဲရင်း ထွက်သွားပြီ ဖြစ်သည်။

“တောက်! ညာဘက်လက်ကလေးက ချစ်စရာလေးကွာ”

နန္ဒ၏ အပြောကြောင့် သူပြုံး ဖြစ်သည်။ ကောင်မလေး၏ ညာဘက်လက်မှာ ဝတ်ထားသော လက်ကောက်ဝင်းဝင်းကြီးများ က မြင်မကောင်းအောင် များ လွန်းနေသည်ကိုး။

“အဲဒါပြောတာပေါ့၊ ရွာသူကြီးသမီးဆိုတာ”

“ဘာဆိုလို့လဲကွ”

“ငါတို့တောင်ကြီးတက္ကသိုလ်မှာ ရွှေကိုဘယ်သူမှ သူ့လို အတုံးလိုက်အတစ်လိုက် မဝတ်ကြဘူး။ ဖန်စီတွေ ပဲ ဝတ်ချတာလေ၊ သူ့ကျမှ”

“မပြောနဲ့တော့ ငါပေါက်ပြီ ဘာပြောပြော ငါ ကတော့ စောစောက ပြောသလို ညာဘက်လက်ကလေးကို ချစ်ပစ်လိုက်ဦးမှာ x x x x x”

ထိုနေ့က သူ့ဝတ္ထုအကြောင်းထက် ညာဘက်လက်အကြောင်းကိုသာ မောင်မင်းကြီးသားက မနားတမ်း ပြောသွားသည်မှာ အဆောင်ပြန်ရောက်သည်အထိ ပင်မရပ်။ ကောင်မလေး ကတော့ နားရွက်တွေ ထူပူနေမှာ သေချာသည်။

* * * * ** * * * *



“မင်း မြင့်ဦး ဟိုမှာ မင်းပြောတဲ့ ရွာသူကြီးသမီး”

မိန်းရှေ့ အုတ်ခုံမှာ ထုံးစံအတိုင်း မျက်စိအစာကျွေးနေတုန်း “ဗြုန်း”ဆို ကောင်မလေးက မြင်ကွင်းထဲဝင်လို့လာသည်။

ကောင်မလေး၏ ဝက်စားဆင်ယင်မှု က ခေတ်နောက်ပြန်သည် လည်းမဟုတ်ဘဲ ရိုးရိုးကြီး ဖြစ်လို့နေသည်။

အပေါ်က ယောက်ျားဝတ် ရှပ်အင်္ကျီ ခပ်ပွပွ၊ ထဘီကလည်း ခုပဲ လယ်စိုက်ဆင်းတော့မလို ခပ်တိုတို။ မျက်နှာမှာ က သနပ်ခါး ပါးကွက်ကြား။ ဆံပင်က ကျစ်ဆံမြီးနှစ် ခွ ဘယ်ညာချ။

အားလုံးခြုံကြည့်လိုက်တော့ တိုက်ဂေါမှ တိုက်ဂေါ စစ်စစ် ဖြစ်လို့ နေသည်။ တောင်ကြီး တက္ကသိုလ်တစ်ဝင်းလုံး သူမလိုစတိုင်က နှစ် ယောက် မရှိ။ ထို့ကြောင့် လားတော့မသိ။ မြင်သူတိုင်းက ငေးကြသည်။

ငေးပြီးသူတိုင်းက အနည်းဆုံးတော့ ပြုံး ဖြစ်သွားကြသည်ချည်း။ ပျော်တတ်သမား နှစ် ယောက် သုံးယောက် ဆုံသွားလို့ ကတော့ တစ်မျိုးပြောလိုက် ရယ်လိုက်ဖြင့် သူမသည် ချာလီချက်ပလင်နှင့် မစ္စတာဘင်းတို့၏ ဘော်ဒါ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားနိုင်သည်။

သူမကလည်း မသိသည်မဟုတ်။ သိ၏ ။ လူတွေ သူမကို ပြုံးစိစိဖြင့် ကြည့်လေ သူမက ခေါင်းကိုမော့၍ ရင်ကိုကော့လေ။ သူမ၏ နှုတ်ခမ်းအစုံတို့က ပိုမိုတင်းတင်းစေ့သွားလေပဲ ဖြစ်သည်။

ဖြုံသွားခြင်း၊ ရှက်ရွံ့သွားခြင်း အလျှင်းမရှိ။ သူတော် တော် တော့ အံ့အားသင့်လေးစား သွားသည်။ တော် တန်ရုံ ကောင်မလေးသာဆို လူသုံးလေးယောက် လောက် ဝိုင်းကြည့်လျှင်ပင် ခြေလှမ်းမှားမှာ သေချာသည်။ သူမ ကတော့ တစ်ချက်ကလေးတောင် ယိုင်မသွား၊ တွန့်မသွား။ ဒါတောင် သူမဘေးမှာ အဖော်မပါ။ သူမ တစ်ယောက် တည်းတောင် ဤသို့ နှယ် ရဲရင့်နေလျှင် ဘေးမှာ အဖော်ပါပါက သူမကပင် တစ်ပြန်တစ်လဲ အားလုံးကို ဟာသပြန်လုပ်သွားနိုင်သည်။

“ရွာကကြီးတော် ဖို့ လက်ကောက်လေးနှစ် ကွင်းချန်ခဲ့ပါဆို မချန်ခဲ့ဘူး ဇွတ်ဆိုမှ ဇွတ်”

အနည်းငယ် ပြောရဲဆိုရဲရှိဟန်တူသော ကျောင်းသား တစ်ယောက် က လှမ်းအနောက်။ သူ၏ ဘေးမှ ဘော်ဒါများ က တဝါးဝါး သဘောတကျ ရယ်သည်။

သူမက နည်းနည်း လေးပင် ဂရုမစိုက်၊ မကြားယောင်ပြုကာ ထိုကျောင်းသားတို့၏ ဘေးမှ ခပ်တည်တည်ပဲ ဖြတ်လျှောက်ကာသွားသည်။

နောက်လိုက်သော ကျောင်းသားက အနည်းငယ်အူကြောင်ကြောင် ဖြစ်ကာသွားသည်။ ဘေးမှ ရယ်လက်စ ၄င်း၏ ဘော်ဒါများ ကလည်း အရယ်တို့ တိခနဲရပ်သွားကြသည်။

“သတ္တိ ကတော့ မိတယ်မောင်ရင်”

“ရုပ်ကလေးကလည်း လှပါတယ်ကွာ … သူသာ တခြား ကျောင်းသူတွေ လို ပြင်ဆင်ဝတ်စား လိုက်ကြည့်ပါလား၊ တော် တန်ရုံဆို ဖျားသွားမယ်”

သူ့စကားအဆုံးမှာ နန္ဒက မျက်မှော င်ကြုတ်ရင်း ကြည့်သည်။ သဘောက “မပိုနဲ့” ဆိုသော သဘော။

“မင်ပြောတဲ့ စကားနဲ့ ပြောရရင် အတည်ကြီးပြောတာ အတည်၊ ဒီခေတ်ကြီးမှာ တောက ကောင်မလေးတွေ တောင် အနည်းဆုံးထဘီ စကပ်လောက်တော့ ပုံစံမကျတကျလေးတွေ ဝတ်နေကြပြီ၊ သူက ခေတ်မမီတာ မဟုတ်လောက်ဘူး မဝတ်ချင်လို့ကို မဝတ်တာ ဖြစ်မယ် အဝတ်အစားသာ ပြောင်းလိုက်ကြည့် မင်းသမီးရှုံ့မယ်”

“စတိုင်ထွင်ချင်တဲ့ သဘောလား၊ ဒါဆို ဟိုလက်ကောက်ကြီးတွေ မြင်မကောင်းလောက်အောင် တချွင်ချွင်နဲ့ ဝတ်နေတာ ကျတော့ရောကွာ”

“ဒါ ကတော့ မိန်းကလေးကိုးကွ၊ ပြီးတော့ သူ့အိမ်က ဇွတ်ဆင်ထားတာလည်း ဖြစ်ချင် ဖြစ်မှာ ပေါ့”

“ဟ … အဆောင်မှာ နေတာပဲကွ၊ တကယ်လို့ သူမဝတ်ချင် ချွတ်ထားပေါ့၊ နယ်က သူ့အိမ်က လူတွေ က လာကြည့်နိုင်မှာ မှမဟုတ်တာ”

“သူ့အကြောင်းတစ်ခုခုရှိလို့ နေမှာ ပေါ့ကွာ”

“အေး အဲဒါအရှင်းဆုံးပဲ”

နောက်ဆုံးလျှောချသော သူ့စကားကို ဆရာသမားက ခပ်ရွဲ့ရွဲ့ ပြန်ပက်ရင်း ခေါင်းကိုကုတ်သည်။ ပြီး “စတိုင်ထွင်တာတော့ ထွင်တာပဲ လူတိုင်း လိုက်ကြည့်နေကြတယ်”ဟု ခပ်တိုးတိုးဆိုသည်။

“အခု မင်းနဲ့ငါနဲ့ပဲကြည့် သူ့ကိုအကြောင်းပြုပြီး ငြင်းနေရပြီ”

“အေး ဟုတ်သားဟ”

သူမက မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

“အားပါးပါး လှလိုက်တဲ့ကား၊ အဲဒါဘာကားကြီးလဲ”

ကျောင်းဝင်ပေါက်ဆီကြည့်ရင်း အံ့အားတသင့်ဆိုသော နန္ဒ၏ စကားကြောင့် သူလည်း နန္ဒကြည့်ရာဆီသို့ ကြည့် ဖြစ်သည်။ ကြက်သွေးရောင် ကား ပြားပြားရှည်ရှည်က ကြွားကြွားဝင့်ဝင့်ဖြင့် အတော့်ကို လှသည်။

ခင့်ခရုဇာတို့၊ ပရာဒိုတို့လို လုံးတုံးလုံးလည်းမဟုတ်။ အရမ်းပြားပြားကြီးလည်း မဟုတ်။

“အေးကွာ ဘယ်လိုခေါ်မှန်းသိဖို့နေနေသာသာ၊ မြင်တောင် မမြင်ဖူးဘူး”

သူတို့နှစ် ယောက် သာမဟုတ် ကျောင်းသူကျောင်းသား တော် တော် များများ က ကားဆီကို အာရုံရောက်နေကြသည်။

ကားရှေ့တံခါးများ “ဖျတ်”ခနဲဖွင့်ကာ ယောက်ျားနှစ် ယောက် ဆင်းလာသည်။ ကားပိုင်ရှင် ဖြစ်ဟန်တူသော တစ်ယောက် က ဟမ်းဖုန်းကို နားမှာ ကပ်ကာ စကားပြောလက်စဖြင့် ကားတံခါးကို “ဝုန်း”ခနဲဟန်ပါပါပိတ်သည်။ ပြီး ကားသော့ မှာ ပါသော Control ဖြင့် “ကျွိဂျလိ”ဟု Lock ချသည်။

ထို့နောက် ကားသော့ ကို ဘောင်းဘီအိတ်ကပ်ထဲ ဟန်ပါပါထည့်ရင်း သူ့သူငယ်ချင်း ဖြစ်ဟန်တူသော နောက် တစ်ယောက် ကို ပခုံးဖက်လျက်၊ ကင်တင်းဘက်လျှောက်သွားကြသည်။ လူတိုင်း၏ အကြည့်က ထိုနှစ် ယောက် ထံ ကပ်ပါသွားကြသည်။

သူနှင့် နန္ဒ တစ်ယောက် ကို တစ်ယောက် ကြည့် ဖြစ်ကြသည်။ ပြီး ကိုယ်စီကိုင်ထားသော ဆိုင်ကယ်သော့ ကို ကိုယ်စီငုံ့ကြည့် ဖြစ်သည်။ ဘာရယ်တော့မဟုတ် သူခပ်ဖွဖွပြုံး ဖြစ်သည်။

“ဟကောင် ဘာပြုံးတာလဲ”

နန္ဒက မဆိုင်းမတွပင် ထမေးသည်။

“ဘာရယ်မဟုတ်ပါဘူးကွာ၊ သူများ တွေ ရှေးကုသိုလ်ကောင်းတာကို ငါနဲ့ယှဉ်တွေးမိလို့ပါ”

“ဟုတ်ပါ့ကွာ၊ ငါ့ခမျာမှာ ဆိုင်ကယ်တောင် ဆီကုန်မှာ စိုးလို့ သိပ်တောင်မစီးရက်ဘူး၊ ဆိုင်ကယ်ဆေးရင်တောင် ကိုယ်တိုင်ဆေး၊ ကိုယ်တိုင် ပေါလစ်(ရှ်)တင်၊ ကိုယ်တိုင်အင်ဂျင်ဝိုင်လဲ၊ တော် တန်ရုံပြင်စရာရှိရင်တောင် ကိုယ်တိုင်ပြင်တာ ငွေကုန်မှာ ကြောက်လွန်းလို့”

နန္ဒစကားကြောင့် သူ “ဟက်”ခနဲရယ် ဖြစ်သည်။ ဆရာသမားက ငွေအသုံးအစွဲ အင်မတန် စည်းကမ်းရှိသည်။ အပိုသုံးဟုယူဆလျှင် အိတ်ကပ်ထဲမှ ငါးပြားမှအထွက်ခံသည်မဟုတ်။

“ကဲကဲ အဲဒါတွေ အသာထား လက်ချာချိန်နီးနေပြီ အင်းလေးဆောင်ဘက် သွားရအောင်”

နှစ် ယောက် သား အင်းလေးဆောင်ဘက် လျှောက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံး ဆရာသမားက ရှေ့ကုသိုလ်အကြောင်းကို အီလယ်လယ်ပုံစံနှင့် Non Stop ရွတ်လို့လာသည်။

“တောက်! ငါတို့များ ကတော့လည်း တရုတ်ဆိုင်ကယ်ကိုတောင် မပေါင်မိအောင် တော် တော် လေးကျားကန်နေရတယ်၊ ကုသိုလ်ကံမကောင်း လိုက်ချက်၊ ကြည့်စမ်း အဲဒီ ကောင်တွေ ကျပြန်တော့လည်း မိုးကျရွှေကိုယ်ကျနေတာပဲ”

“မင်းကလည်းကွာ … မုဒိတာပွားစမ်းပါ”

“ဟ … ငါက သူ့ကိုမနာလို ဖြစ်တာမဟုတ်ပါဘူး၊ ငါ့ကုသိုလ်ကံကို ငါအားမရ ဖြစ်နေတာ”

“မင်းကလည်း တစ်နေ့လုပ် တစ်နေ့စားတွေ နဲ့စာရင် မင်းရဲ့ အနေအထားက ကျေနပ်စရာ ကောင်းပါတယ်ကွာ လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာချည်းပဲ”

“ဒါတော့လည်း ဒါပေါ့ကွာ၊ တောက်! မသေခင် ကတော့ ကိုယ်ပိုင်ကားနဲ့ နေသွားချင်သေးတယ်”

“တရားသဘောနဲ့ ကြည့်ရင်တော့ကွာ မင်းမှာ ကားစီးရမယ့် ကံပါရင် သေချာပေါက် စီးရမှာ ပဲ။ အဲ ကားပိုင်ဆိုင်ရမယ့် ကံပါမလာလို့ ကတော့ မင်းလျှာထွက်အောင် ရှာလည်း ကားဝယ်စီးနိုင်မှာ မဟုတ်ဘူး”

“မင်းပြောတဲ့ ပုံစံက ကြိုးစားတိုင်းလည်း မ ဖြစ်ဘူး ဆိုတဲ့ သဘောလား”

“ဒါပေါ့ ကြိုးစားတိုင်းသား ဖြစ်ရင် မင်းဆို ဆယ်တန်းတုန်းက ဆရာဝန်ရူးမဟုတ်လား။ မင်းလောက်စာကျက်တာလည်း မင်းပဲ ဟော စာမေးပွဲ ဖြေခါနီး နှစ် လလောက်အလိုကတည်းက အဆုတ်အအေးမိရတာ နဲ့၊ တိုက်ဖွိုက် ဖြစ်ရတာ နဲ့ ခြေချော်လက်ချော် ဖြစ်သွားတာပဲ မဟုတ်လား။ မင်းသာမဖျားမနာခဲ့ဘူးဆိုရင် ဆေးလိုင်းကို ကောင်းကောင်းမီတာပေါ့။ မင်းရဲ့ ကုသိုလ်ကံကိုက ဆေးတက္ကသိုလ်တက်ရမယ့် ကံပါမလာတော့ ကြိုးစားထားသမျှ အရာမဝင် ဖြစ် သွားတာပဲလေ”

“မင်းပြောပုံက ငါ့မှာ ကားစီးရမယ့် ကံပါလို့ ကတော့ ငုတ်တုတ် ထိုင်နေလည်း စီးရမယ်ဆိုတဲ့ သဘောလား။ အဓိပ္ပာမရှိတာကွာ”

“မင်းက ကပ်သီးကပ်သပ်တွေးတာကိုးကွ၊ ကံယုံပြီးဆူးပုံနင်းလို့ ကတော့ သေချာပေါက်ဆူးစူးမှာ ပဲ။ ကံကောင်းလားမကောင်းလား ဆူးပုံနင်းကြည့်တယ်ဆိုတာမျိုးက နင်းသူရဲ့ အပြစ်ပဲ။ သွားပြီး အစွန်းရောက်တွေး တွေးလို့မရဘူး။ ဘုရားဟောတဲ့ အလယ်အလတ် လမ်းစဉ်အတိုင်းတွေးရမယ်လေ။ မကြိုးစားပဲတော့နေလို့မရဘူးပေါ့ကွ။ အဲ ကြိုးစားတိုင်း ဖြစ်မလာခဲ့ရင်လည်း တရားသဘောနဲ့ ဆင်ခြင်တတ်မှရမယ်။ အဲဒါကိုပြောချင်တာ”

“ဆရာကြီးလားမင်းက မင်းစကားနားထောင်တော့မှ ငါ့ ဦးနှောက်ကို ခြောက်သွားပြီ၊ ဘာတွေ မှန်းလဲမသိဘူး”

“ဘယ်သိမလဲ ပိန်းတာကိုး မင်းက”

“တော် ပါကွာ”

စိတ်တိုသွားဟန်ဖြင့် ဆရာသမားက လမ်းပေါ်ကြွေကျနေသော စိန်ပန်းပြာပွင့်ကို ခပ်ဆောင့်ဆောင့်ကန်သည်။

“ငါ ကားဝယ်တော့မှ မျက်နှာငယ်လေးနဲ့ လိုက်ကပ်စီးမယ် မကြံနဲ့”

“အေးပါကွာ မကြံပါဘူး၊ ငါ့တရုတ်ဆိုင်ကယ်လေးနဲ့ပဲ ငါရောင့် ရဲနိုင်ပါတယ်ကွ၊ ငါကဥစ္စာရူးမှ မဟုတ်တာ”

“သြ မင်းစကားက ငါကျတော့ ဥစ္စာရူးပေါ့”

“ဒါပေါ့”

“ခွေးကောင် မင်းလည်း စာရေး ဆရာ ရူးရူးနေတာပဲ မဟုတ်လား၊ နေ့မအိပ်နိုင် ညမအိပ်နိုင်နဲ့ ငါ့ထက်တောင်ဆိုးသေး အလကား အရည်မရ အဖတ်မရ၊ နောက်တစ်ခါ ငါ မင်းရေး ထားတဲ့ဟာတွေ လာမပြနဲ့၊ လုံးဝဖတ်မပေးဘူး”

“ရက်စက်တော့မှာ လား”

တကယ်ကြီးကို တင်းနေသော နန္ဒကို သူရယ်ချင်သွားမိသည်။ စပ်ဖြီးဖြီးဖြင့် “ရက်စက်တော့မှာ လား”ဟုစတော့ မကြားယောင်ပြုနေသည်။

“ပေါ့ဆိမ့်မျက်နှာကြောင့် ဖတ်ပေးမှန်းမသိ၊ ဘာမှန်းမသိ၊ သူ့စာတွေ ကဖြင့် အလကား ပေးဖတ်တောင် ဖတ်ချင်စရာမရှိဘူး၊ လက်ရေး ကလည်း ပဲပင်ပေါက် မျက်နှာ Hip Hop သီချင်းဆိုပြီး ကနေတဲ့အတိုင်းပဲ”

“အေးပါ နောက်တော့မှ ဟိုတစ်နေ့ကလို ရည်းစားစာလေးရေး ပေးစမ်းပါဦးတော့ လာမလုပ်နဲ့”

“မလုပ်ဘူး စိတ်ချ”

“ပြီးရော”

နေရင်းထိုင်ရင်းနှင့် အကောင်းကြီးကနေ ကောက်တော် မူသွားသော ဆရာသမားကို သူရယ်ချင်သွားမိသည်။

တကယ်တမ်းကျတော့ နန္ဒက ကားရူး ဖြစ်သည်။ ကားနှင့် ပတ်သက်သမျှဆို အမြဲလိုလိုလေ့လာတက်ကာ၊ ကားဝယ်နိုင်ရေး ကို အမြဲတွေးနေတတ်သူ ဖြစ်သည်။ ကားအကြောင်း ပြောမည် ဆိုလို့ ကတော့ နေ့ညမရွေးသော လူ ဖြစ်သည်။

ဒါကြောင့် လည်း သူတမင်စလိုက်ခြင်း ဖြစ်သည်။ ဆယ်တန်းကတည်းက ဘော်ဒါများ မို့ ဒီကောင့်အကြောင်း သူကောင်းကောင်းသိသည်။

“နန္ဒ မင်းကို ငါစကားပုံတစ်ခုပြောပြမယ်”

“မကြားချင်ဘူးကွာ၊ မင်း ငါ့ကိုဆို ဘယ်တော့မှ အားမပေးချင်ဘူး၊ တကယ်ဆို သူငယ်ချင်း ကြိုးစား၊ ကြိုးစားရင် ဘာမဆို ဖြစ်တယ်၊ တစ်နေ့နေ့ကျ မင်းလိုချင်တဲ့ကား မင်းဆီဆိုက်ဆိုက် မြိုက်မြိုက်ကြီးရောက်လာလိမ့်မယ် အဲဒါမျိုး ဖြစ်နေရမှာ ခုဟာက ဘာတွေ ပြောမှန်းလဲ မသိဘူး”

လက်ချာခန်းမှ ခုံမှာ ဝင်အထိုင်နှင့် ဆရာသမား၏ စကားအဆုံးက ကွက်တိ။ ဆရာမ ဝင်လာတော့ စကားလုံးလုံးပြတ်သွားသည်။

“မင်းမြင့်ဦး မင်းမှာ Time Table ကူးထားတာရှိလား”

“အေးရှိတယ်”

“ခဏလောက် ငှားပေးစမ်းပါကွာ ငါမကူးရသေးလို့”

မျက်စောင်းထိုးအဆောင်မှ ဘော်ဒါကြီး သူရ။ နောက်ခုံမှနေ ဆရာမ အလစ်ကို တိုးတိုး၊ တိုးတိုးဖြင့် Time Table စာရွက်ကိုတောင်းငှားသည်။ သူရက သူနှင့် ဝါသနာအတော် တူသည်။

သူရက ကဗျာသမား။ စာဖတ်အား မှတ်အား အရမ်းကောင်းသည်။ ဗဟုသုတလည်း အင်မတန်စုံသည်။

သူနှင့် သူရ ကဗျာစာအုပ်စုထုတ်ကြဖို့ တိုင်ပင်ထားတာတွေ ရှိသည်။ သူတို့နှစ် ယောက် စလုံး၏ ခံယူချက်ကိုက စာက အဓိကပထမ၊ ဝါသနာက ဒုတိယ။

ထို့ကြောင့် အားလပ်ချိန်များ တွင် သာ ဝါသနာပါသော ဝတ္ထုကဗျာကိစ္စများ ကို ဆွေးနွေး ဖြစ်သည်။ မေဂျာတူမို့ ကင်တင်းထိုင်ချိန်ကလည်း တူနေတတ်သည်။

နန္ဒ ကတော့ ဝါသနာတူချင်း ခင်မင်သွားသော သူတို့နှစ် ယောက် ကို “အဲဒီ မှာ စတွေ့ တာပဲ ဒီကောင့်မှာ က ညီမရှိသလို မင်းမှာ ကလည်း ညီမရှိတယ်။ ငါ ကတော့ ထောတာပဲ”ဟု ဝမ်းသာအားရ နောက်လေ့ရှိသည်။

နန္ဒနောက်သမျှကို မချိပြုံးဖြင့် ခံရသည်က သူတို့နှစ် ယောက် ။ ပြန်ပြောပစ်ရအောင်ကလည်း ဆရာသမားက တစ်ဦးတည်းသော သားစစ်စစ်။

စာသင်ချိန်ပြီးသွားသည်နှင့် သူရက Time Table စာရွက်ကို သူ့ဆီလှမ်းအပေး နန္ဒက ဆတ်ခနဲယူသည်။

“ပေးပေး ယောက် ဖကြီး၊ ဒီစာရွက်ယောက် ဖငယ်ကို ပေးမှာ မဟုတ်လား၊ ညီလေးပေးပေးမယ်”

ပြုံးဖြီးဖြီးကြီးဖြင့် ဆိုသော ဆရာသမား၏ စကားကြောင့် ဘေးမှကျောင်းသူ ကျောင်းသား တချို့က ပြုံးသည်။

“ငါ့ညီမနဲ့မင်းကို သဘောမတူစရာမရှိပါဘူး နန္ဒရာ”

သူ့စကားကြောင့် နန္ဒက “အဟီး”ဟု ရယ်ရင်း …

“ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ပေါ့၊ ယောက် ဖငယ်ရာ၊ မင်းသိတဲ့အတိုင်း ငါက အရက်မသောက်၊ ကွမ်းမစား၊ ဆေးလိပ်မသောက်၊ အသုံးအဖြုန်းလည်းနည်း အဲ ရည်းစားဆိုရင်လည်း ခုထိမထားသေးတဲ့ … တဲ့”

“မထားသေးတာလား၊ မရသေးတာလား”

စကားမဆုံးမီ ဖြတ်မေးသော သူရ၏ စကားကြောင့် နန္ဒမျက်နှာကြီး အီးမှန်သလို ဖြစ်သွားသည်။

“မထားသေးတာကွ၊ မထားသေးတာ၊ ငါက သာထားချင်လို့ ကတော့ နန္ဒတို့ဘေးမှာ ဝိုင်းနေပြီ”

“အကြွေးတွေ လား”

“အကြွေးတွေ လား”ဟု နှိပ်ကွက်သော သူရ၏ စကားကို သကောင့်သားက မျက်နှာပြောင်နှင့် မကြားယောင်ပြုသည်။

“မင်းကိုစောစောက ပြောသလို၊ ငါ့ညီမကို မင်းနဲ့သဘောမတူစရာမရှိပါဘူး၊ အဲ ငါ့အနေနဲ့ပေါ့။ ဒါပေမယ့် ငါ့ညီမက အရပ်ပုရင် မစဉ်းစားဘူးတဲ့။ တစ်ခါပြောပြဖူးတယ်။ ခက်တာက မင်းက ငါ့ညီမထက် ပုနေတော့”

“အို အချစ်မှာ မျက်စိမရှိဘူး”

“ငါ့ညီမ ကတော့ မျက်စိရှိတယ်ဆရာ၊ ပြူး ကိုနေတယ်”

“အချစ်စစ် အချစ်မှန်မှာ အတိုင်းအတာမလိုဘူး”

“ငါ့ညီမအမြဲပြောတာ ကတော့ သူ့ထက်ပုရင် Sorry ပဲတဲ့”

တစ်ခွန်းချင်း နှိပ်ကွပ်နေသော သူ့စကားကြောင့် နန္ဒမျက်နှာက နီသထက်နီလာသည်။ သူ့ကို မျက်စောင်းဖြင့် ထရိုက်တော့မလိုကြည့်ရင်း …

“ကိစ္စမရှိဘူး၊ ဟိုကောင် သူရ ညီမရှိသေးတယ်နော့ကွာ … ယောက် ဖကြီး”

“ရပါတယ် ဟဲဟဲ၊ ဒါပေမယ့် ငါ့ညီမနဲ့ မင်းမြင့်ဦးညီမနဲ့က ပြိုင်နေတာကွ”

“ဘယ်လို”

သူရ၏ စကားကြောင့် နန္ဒမပြောနှင့် သူတောင် တော် တော် ကြောင်သွားသည်။

“ငါ့ညီမနဲ့ ဒီကောင့်ညီမနဲ့က ဘော်ဘော်တွေ ကွ အဲရည်းစားထားရင်လည်း အရပ်ပုတဲ့ လူကိုဆို မထားဘူးတဲ့ကွ။ အရပ်ရှည်တဲ့လူကိုပဲထားမယ်ဆိုပြီး ပြိုင်နေကြတာဆိုတော့။ ပြီးတော့ အခုလောလောဆယ်လည်း သူတို့က ရည်းစားမထားသေးဘူး”တဲ့။ ကျောင်းပြီးလို့ ငါးနှစ် လောက်နေမှ …

“ဘယ်လို ကျောင်းပြီးလို့ ငါး …. ငါးနှစ် လောက်နေမှ”

သူရ၏ နောက်တောက်တောက်စကားကြောင့် သကောင့်သားက တင်းသွားဟန်ပြသည်။ ပြီး ခေါင်းတညိတ်ညိတ်ဖြင့် …

“ငါ ကျောင်းပြီးလို့ လေးငါးနှစ် လောက်နေမှ အိမ်ထောင်ပြုမယ်လို့ “လွှတ်”ခနဲပြောခဲ့ဖူးတာကို အသည်းအသန်မှတ်ထားကြတာကိုး”

ပြောပြီး စပ်ဖြီးဖြီးဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေသော နန္ဒကို သူတို့နှစ် ယောက် အတော် ချဉ်သွားသည်။ တတ်လည်းတတ်နိုင်တဲ့ ကောင်။

“အေးလေ၊ သူတို့ရဲ့ တစ်ဖက်သတ်အချစ်တွေ ရဲ့ သစ္စာခိုင်မြဲမှု တွေ ကို ငါ့ရဲ့ အချစ်မှတ်ကျောက်မှာ … ”

“နားငြီးတယ်ကွာ”

“အုန်း”

“ဘယ်ကောင်ကများ သမလိုက်ပါလိမ့်”ဟူသော အတွေးမျိုးဖြင့် ဆရာသမားက မျက်လုံးလေးက ကလယ်ကလယ်နှင့် သူတို့နှစ် ယောက် ကိုကြည့်သည်။ ဇက်ပိုးကို ခပ်ရွရွပွက်သည်။ ပြီး ခပ်တည်တည်ဖြင့် Wite board ဘက်လှည့်နေသော သူတို့နှစ် ယောက် နှင့် ဘေးမှ ပွဲကြည့်ပရိသတ် ကျောင်းသူလေးတွေ ကို မခို့တရို့ ရှက်တက်တက်ဝေ့ကြည့်ရင်း “အဟီး”ဟု ရှက်ရယ်ရယ်သည်။

ထို့နောက် ရှက်ရမ်းရမ်းလိုက်ပုံက “ဘယ်လောက်ဖလဲ ရိုက်ရိုက်နာအောင် မရိုက်ရက်ကြပါဘူး”တဲ့။

* * * * ** * * * *



ငါဟာ

ကဗျာတစ်ပုဒ် ဖြစ်တယ်

ချစ်သူရဲ့ နှုတ်ခမ်းကလွဲပြီး

ဘယ်လိုအနမ်းကိုမှ

ငါမလွမ်းဘူး။

သူ့ ကဗျာတိုလေးကို ဖတ်ပြီး “ခွီး”ခနဲ နေအောင် နန္ဒရယ်သည်။

“ရန်စတာလား”

သူ့အမေးကို ချက်ချင်း မဖြေနိုင်သေး။ ဆရာသမားက မျက်နှာကို ကမန်းကတန်း တည်သည်။ သို့ သော် သူ၏ မျက်နှာပိုးက သေမသွား။ စပ်ဖြီးဖြီးနှင့် ပင်

“ငါသိသလောက် ကတော့ မင်းမှာ ရည်းစားမရှိပါဘူး”

“အေးလေ၊ အဲဒါ ဘာ ဖြစ်လဲ”

“ကဗျာထဲမှာ က “ချစ်သူ့နှုတ်ခမ်းကလွဲပြီး၊ ဘယ်အနမ်းမှ ငါ မလွမ်းဘူး”ဆိုပြီး ရေး ထားတော့ ရယ်ချင်တာပေါ့ကွ။ ခပ်တည်တည်နဲ့ သူ့မှာ ပဲ ရည်းစားရှိနေသလိုလို။ ဘာလိုလို မင်းမရှက်ဘူးလား”

“ဟား အရူး ရှက်စရာလား။ ဒါကဗျာကွ”

“အေးပါ ကဗျာမှန်းငါသိပါတယ်”

“မင်းသိတော့ သိတယ်၊ ဒါပေမယ့် မခံစားတတ်ဘူး”

“အောင်မာ အောင်မာ လာသေးတယ်၊ သူက စတိုင်က သူ့ကိုယ်သူ ကမ္ဘာကျော် ကဗျာဆရာကြီးကျနေတာပဲ သောက်ညင်ကပ်လာပြီ”

“ကပ်တော့ မင်းက ဘာ ဖြစ်ချင်လို့လဲ”

“မင်းဆီက ချေးထားတဲ့အကြွေး မပေးတော့ဘူးကွာ”

လက်သီးကြီးမြှော က်ကာ ဆရာသမားက အပီအပြင်ဟစ်ကြွေးသည်။ ပြီး လူမိုက်စတိုင်ဖြင့် …

“မကျေနပ်ရင် လူကိုသိမ်းလိုက်၊ မင်းညီမ ငါ့ကို ပြန်ရွေးလိမ့်မယ်”

“ခွေးကောင် နာနေဦးမယ် မင်းက”

“တစ်ခါတစ်လေကျတော့လည်း ဒီလိုအနစ်နာခံဦးမှပေါ့၊ ငါချည်းပဲလည်း အသာမစီးပါဘူး။ မျှမျှတတပဲ တွေးပေးတတ်ပါတယ်ကွ ဟဲဟဲ”

မရှိသော မုတ်ဆိတ်မွေးကိုဆွဲရင်း တဟဲဟဲရယ်နေသော သကောင့်သားကိုကြည့်ရင်း သူပြေးကန်ချင်လာသည်။ ဘယ့်နှယ် တစ်ဝမ်းကွဲ ညီမလေး တစ်ယောက် ကို ဘယ်သူမှ မသိစေချင်၍ ဖုံးဖိထားကာမှ ဒင်းနဲ့ကျမှပဲ ပေါ်တော့သည်။ နောက်နှစ် ဆို ညီမလေးလည်း တက္ကသိုလ်ရောက်မည် ။

အဲဒီ အချိန်ဆို “ဒီကောင် ကောင်မလေး တစ်ယောက် လောက်တော့ ရတန်ကောင်းပါရဲ့ ”ဟု သူတွေး ဖြစ်သည်။

“ဒါနဲ့ မင်းတို့ Valentine’s Day မရောက်ချင် ကဗျာစာအုပ် ထုတ်ကြမလို့ဆို၊ သူရနဲ့ မင်းနဲ့ နှစ် ယောက် တည်းလား”

“ဘယ်ကလာ ငါတို့နှစ် ယောက် တည်းရမှာ တုံး တခြားမေဂျာက ဘော်ဒါတွေ လည်း ပါတာပေါ့။ အပျော်လုပ်တာပဲ ဥစ္စာ လူများ လေ ကောင်းလေပေါ့”

“ကဗျာဆရာတွေ ချည်းပဲလား။ ကဗျာဆရာမ တွေ ရော မပါဘူးလား”

ဟီးခနဲရယ်ရင်း မေးသော ဆရာသမားကို သူခပ်ဆတ်ဆတ် ကြည့် ဖြစ်သည်။

“ဘာလုပ်မလို့လဲမင်းက”

“မဟုတ်ပါဘူး ကဗျာဆရာမ တွေ လည်းပါတယ်ဆိုရင် ငါကလည်းပဲ မိတ် ဖြစ်ဆွေ ဖြစ်၊ ကဗျာတစ်ပုဒါလောက် ဝင်ရေး မလားလို့”

“အောင်မာမာ အရေး ထဲ ဖွန်ကကြောင်ချင်သေးတယ် ခွေးကောင်”

“အပျော်ပေါ့”ဟုဆိုရင်း သကောင့်သားက စပ်ဖြီးဖြီးကြီးလုပ်နေသည်။

“လောလောဆယ်တော့ သူရပြောသလိုဆိုရင် ကျောင်းသူက ငါးယောက် တောင်ရှိတယ်တဲ့ကွ၊ ယောက်ျားလေးထဲကဆိုရင် ဒီကောင်နဲ့ ငါနဲ့မှ နှစ် ယောက် ပဲ ရှိသေးတာ”

“အတော် ပဲ၊ ဒီလိုဆို ငါလည်း ရေး မယ်ကွာ တို့ယောက်ျားတွေ အင်အားနည်းနေတယ် မဟုတ်လား”

“အေးပါ အေးပါ မင်းစေတနာကို ငါကောင်းကောင်းနားလည်ပါတယ်။ မင်း ကဗျာဝါသနာပါတာ အစောကြီးကတည်းက ငါသိနေတာပဲ”

ရိနေမှန်းသိသော်လည်း ဆရာသမားက စိတ်ဆိုးဟန်လုံးလုံးမပြ။ ကဗျာတွေ ဝတ္ထုတွေ ဆို ဘယ်တုန်းကမှ စိတ်ပါလက်ပါ ကိုင်ကြည့်ဖူးသည်မဟုတ်။ သူ့ဝတ္ထုတွေ ကိုတောင် လက်ဖက်ရည် မျက်နှာကြောင့် အားနားပါးနာ ဝတ္တရားဆန်ဆန် ဖတ်ပေးနေခြင်း ဖြစ်သည်။

“မနက်ဖြန် ငါတို့ “ပန်းသီလာ”မှာ ဆုံကြမှာ မင်းလိုက်ချင် လိုက်ခဲ့ပေါ့”

“မိန်းကလေးတွေ ရော လာမှာ လား”

“ဒါပေါ့ ဘာလဲ မလိုက်ချင်လို့လား၊ နေခဲ့လေ”

“အာ မဟုတ်ပါဘူး၊ လိုက်မှာ ပေါ့”

“ရတယ်၊ မင်းမလိုက်ချင်ရင် ကျန်ခဲ့ပါ၊ ငါ့ကို အားနာပြီး မလိုက်နဲ့ ငါ့ကြောင့် မင်းမလိုက်ချင်လိုက်ချင်နဲ့ လိုက်လာရင် ငါ့အတွက်ဘယ်ကောင်းမလဲ၊ မင်းငါ့ကို အားမနာနဲ့ သိလား။ မလိုက်ချင်နေခဲ့”

“လိုက်မှာ ပါဆို ခွီးတဲ့မှပဲ”

“အေး အေး မင်းမလိုက်ချင်မှတော့ ငါဇွတ်မခေါ်တော့ပါဘူး”

“ခွေးကောင်၊ လိုက်ပါမယ်ဆိုတဲ့ဟာကို ခစ X X ခစ X Xခစ”

မျက်နှာကြီးနီလျက် စိတ်တိုတိုဖြင့် ရွတ်နေသော နန္ဒ၏ အသံကို မကြားယောင်ပြုကာ နားတွင် နားကြပ်တပ်ကာ CD နားထောင်နေလိုက်သည်။

“လိုက်မှာ လို့ ပြောထားပြီးသားနော် … မနက်ဖြန်သွားလို့ ကတော့ မေ့ချင်ယောင်မဆောင်နဲ့၊ ဟကောင် ငါပြောတာကြားလား”

သူပြောသမျှကို မကြားယောင်ပြုကာ နားကြပ်ကြီးတပ်လျက် မျက်လုံးမှိတ်ကာ မှိန်းနေသော သူ့ကို နန္ဒက ကပ်၍ အော်သည်။

သူခေါင်းခါပြလိုက်သည်။

“သြော် တကယ့်တကယ်ကြီးကို မကြားဘူးပေါ့”

ဆရာသမားက နောက်တစ်ခေါက်ထပ်မေးသည်။ ဒေါသထွက်နေသံမို့ သူရယ်ချင်ပက်ကျိဖြင့် ခေါင်းခါပြ ဖြစ်ပြန်သည်။

“မကြားဘူးလည်း ပြောသေး၊ ခေါင်းလည်းခါပြသေး … ငါကန်လိုက်ရ”

ဆရာသမား၏ ရွတ်သံကြားတော့မှ ယောင်ပြီး ခေါင်းခါပြမိသွားခြင်းကို အမှတ်ရတော့သည်။ သို့ သော် ချော်လဲရာရောထိုင်သဘောဖြင့် ခေါင်းကို ဟိုဘက်ဒီဘက်ရမ်းရင်း သီချင်းကို စည်းချက်ပဲ လိုက်နေသယောင်ယောင် လုပ်ပစ်သည်။

ဒေါသထွက်နေသော သကောင့်သား ကတော့ “ဒုန်း”ခနဲနေအောင် အခန်းတံခါးကို ဆောင့်ပိတ်ရင်း အပြင်ထွက်ကာသွားသည်။

ချက်ချင်း ဆိုသလိုပင် အဆောင်မှူး၏ ဆူသံ “စီ”ခနဲ ထွက်လာသည်။

“မင်းတို့ ကောင်တွေ တံခါးပိတ်တာဖြည်းဖြည်းပိတ်ကြလေကွာ၊ အဲဒါအိမ်သာ တံခါးမဟုတ်ဘူးကွ၊ ကိုယ့်ကြောင့် ဘေးအခန်းမှာ နေတဲ့လူတွေ အနှောင့်အယှက် ဖြစ်တာပေါ့ကွ၊ ဘာကောင်တွေ မှန်းမသိဘူး”

အီးမှန်သော မျက်နှာကြီးဖြင့် ပေစောင်း ပေစောင်း ဖြစ်နေမည့်  နန္ဒ၏ အ ဖြစ်ကို တွေးရင်း “ခွီး”ခနဲသူရယ် ဖြစ်သည်။

* * * * ** * * * *



လက် မှ နာရီကိုကြည့်ရင်း “လာတော့မှာ ပါ”ဟု သူရကဆိုသည်။

“ဟကောင် ကဗျာ ဝါသနာရှင်၊ စာဝါသနာရှင်တွေ ဆိုတော့ မျက်မှန်ထူကြီးတွေ နဲ့ ပုံတုံးတုံးကြီးတွေ တော့ မဟုတ်လောက်ပါဘူးနော်”

နန္ဒက သူရ၏ လက်ကို ကုတ်ရင်း သူသိချင်တာကို လေသံနှိမ့်ရင်းမေးသည်။ သူရ “ဟက်”ခနဲ ရယ်ရင်း …

“မျက်မှန်တပ်ထားတာ တစ်ယောက် မှ မပါပါဘူးကွာ အဲ ပုံတုံးလား မတုံးလားတော့ မလျှောက်တက်ဘူး ရောက်မှပဲ ကိုယ့်ဘာသာ ကိုယ်ကြည့်တော့”

သူရ၏ အဖြေကို နန္ဒ သိပ်တော့မကျေနပ်။

“ဒါလေးပြောရမှာ ကို ဈေးက ကိုင်ချင်နေသေးတယ်”

ခပ်ရွတ်ရွတ်ဆိုသော နန္ဒ၏ စကားကြောင့် သူရက ထုံးစံ အတိုင်း “ဟက်”ခနဲရယ်ပြန်သည်။

“မင်းအမြင်နဲ့ ငါ့အမြင်တူချင်မှ တူမှာ ကိုးကွ၊ ငါ့အမြင်မှာ က အားလုံးတစ်မျိုးစီ လှနေတာဆိုတော့”

“ပြောပါလားကွ၊ စောစောကတည်းက အဲဒီ လိုမျိုး”

“ဟောဗျာ”

သကောင့်သား၏ ဘုစကားကြောင့် သူရက “ဟောဗျာ”ဟု ရေရွတ်ရင်း ခေါင်းကုပ်လျက် သူ့ကိုကြည့်သည်။ သူကလည်း နန္ဒမမြင်အောင် “နှာခေါင်း”ကို ပွတ်ပြသည်။ သဘောက “နှာ သမားကြီးကွ”ဆိုသည့် သဘော။ ဒါကို သကောင့်သားက မြင် ဖြစ်အောင် မြင်သည်။

“ဟိုအနူကလည်း တိုဝင်တော့မယ့် နှာခေါင်းကို ပွတ်ပြနေပြန်ပြီ”

“ဖွဟဲ့၊ လွဲပါစေ ဖယ်ပါစေဗျား၊ ဘယ့်နှယ် အနူရမှာ လဲကွ၊ ဒီလောက်ဖြောင့်တဲ့ ငါ့ကိုများ ၊ မင်းသာ မင်းနှာခေါင်းကို ခါးထောင်းကျိုက်ပြီး ဆွဲထား မင်းကသာတိုဝင်မှာ ကွ မစ္စတာတိုဝင်ရ။ ငါက “အိုဝင်”မှတ်ထား။ အင်္ဂလန်အသင်းရဲ့ လက်ရွေးစင် မိုက်ကယ်အိုဝင်ကွ”

သူ့စကားကြောင့် သူရက ပြုံးသည်။ သကောင့်သား ကတော့ မပြုံးနိုင် မျက်နှာကြီးရှုံ့မဲ့သွားကာ …

“မိုက်ကယ်အိုဝင်များ ကြားလို့ ကတော့ သူ့ကိုယ်သူတောင် ဖြတ်သေသွားဦးမယ် ခြေထောက် ခြေထောက်”

“သွားစမ်းပါ ငါနဲ့တူရလို့ ဂုဏ်တောင်ယူနေရဦးမယ်။ မရဲတရဲနဲ့ သူ့ခမျာ ဘောလုံးကန်တဲ့ နည်းစနစ်တွေ တောင် စနည်းနာနေမှာ မြင်ယောင်သေးတော့”

“ဘောလုံးတောင် အလုံးလား အပြားလားမသိတဲ့ကောင်က သွေးရူးသွေးတန်းတွေ လျှောက်ပြောနေပြန်ပြီ”

“ဟကောင်တွေ တော်ြ ကတော့ ဟိုမှာ သုံးယောက် လာနေပြီ”

သူနှင့် နန္ဒ တစ်ယောက် ကို တစ်ယောက် နှိပ်ကွပ်ရင်း ငြင်းခုန်နေကြတုန်း ဆိုင်ထဲသို့ ကောင်မလေး သုံးယောက် ဝင်လာသည်။

“စောင့်နေတာ ကြာပြီလား”

သူရကို နှုတ်ဆက်ရင်းဝင်လာသော ကောင်မလေး တစ်ယောက် က သူ့ကိုမြင်တော့ အံ့သြသွားဟန်ဖြင့် သူမ၏ ဘော်ဒါနှစ် ယောက် ကို ကြည့်သည်။ ပြီး ရှိုးတိုးရှန့်တန့် အမူအရာဖြင့် ဝင်ထိုင်သည်။

မြင်ဖူးသလိုလိုရှိသည်မို့ သူ နန္ဒဘက်ကို “ဘယ်လိုလဲ”ဟူသော အဓိပ္ပာယ်ဖြင့် မသိမသာ မျက်ခုံးပင့်ပြ ဖြစ်သည်။ နန္ဒက “အသာနေ” ဆိုသော သဘောဖြင့် မျက်စိကို ဆတ်ခနဲ မှိတ်ပြသည်။ ပြီး

“သူရ ငါတို့ကို မိတ်ဆက်ပေးဦးလေကွာ”

နန္ဒ၏ အပြောကြောင့် သူရက “ဟုတ်သားပဲ”ဟု ဆိုရင်း

“အေး မိတ်ဆက်ပေးရဦးမယ်။ ဒီကောင်က “နန္ဒ”တဲ့ ငါတို့ မေဂျာကပဲ၊ ဟိုကောင်က “မင်းမြင့်ဦး”တဲ့။ ငါတို့ ကတော့ “မြင့်ဦး”လို့ပဲခေါ်တယ်။

“ဘယ်လို”

“မြင့်ဦး”

ကောင်မလေးသုံးယောက် က အံ့သြသွားဟန်ဖြင့် “မြင့်ဦး”ဟု သူ့နာမည် ကို တအံ့တသြဖြင့် အလန့်တကြားရွတ်ရင်း သူ့ကိုကြည့်သည်။

“ဘာ ဖြစ်လို့လဲ”

ကောင်မလေး သုံးယောက် ၏ အံ့သြဟန်ကြောင့် သူမေး ဖြစ်သည်။ နန္ဒနှင့် သူရကပါ ကောင်မလေးတွေ ဆီက အဖြေကို သူနှင့် အတူ စိတ်ဝင်တစား နားစွင့်နေကြသည်။ ကောင်မလေး တစ်ယောက် က “ခွီး”ခနဲရယ်ရင်း-

“ဒီကို မလိုက်လာ ဖြစ်တဲ့ အဆောင်က သူငယ်ချင်းနှစ် ယောက် ထဲက တစ်ယောက် ရဲ့ နာမည် ကလည်း မြင့်ဦးကပဲ”

“ဟိုက် အဲဒီ မှာ စတွေ့ တာပဲ”

နန္ဒက အလန့်တကြားထအော်သည်။ ကောင်မလေး သုံးယောက် က သူ့ကိုကြည့်ရင်း ဘာကြောင့် မှန်းမသိ “ခွီး”ခနဲ ရယ်ကြပြန်သည်မို့ သူအတော် ရှက်သွားရသည်။

“နာမည် တူမရှား လူတူမရှားပေါ့ကွာ။ ဒါနဲ့ မင်းရဲ့ ကလောင် နာမည် ကဘာတဲ့လဲ”

ရုတ်တရက်မေးသော သူရ၏ မေးခွန်းကို သူမဖြေ ဖြစ်။ ကောင်မလေးတွေ ရှေ့မှာ မို့ ပြောပြရမှာ သူ အိုးတိုးအမ်းတမ်း ဖြစ်နေသည်။

“ဘာ ဖြစ်လို့လဲ”

“ကလောင်နာမည် ချင်းပါ တူနေမလားလို့ပါ”

သူ့ကိုယ်စားဝင်မေးပေးသော နန္ဒ၏ အမေးကို သူရက ထုံးစံအတိုင်း “ဟက်”ခနဲရယ်ရင်း ဖြေသည်။ ကောင်မလေးများ ကပါ “ခွီး”ခနဲ လိုက်ရယ်ကြသည်။ ထိုသုံးယောက် အနက် တစ်ယောက် က ..

“ငါတို့ သူငယ်ချင်းရဲ့ ကလောင်နာမည် က တစ်လုံးတည်းဟ ရိုးရိုးလေး”

“ဘာတဲ့လဲ”

“မိုး တဲ့”

“ရိုးရိုးလေးနဲ့ ဆန်းတာပေါ့”

ဘာမဆိုင်ညာမဆိုင်နှင့် နန္ဒက ဘလိုင်းကြီးဝင်ချီးမွမ်းသည်။

“ဒါပေါ့ ငါတို့အဆောင်က မိန်းကလေးတွေ ကဆို သူရဲ့ ထူးထူးခြားခြားပုံစံကို အရမ်းသဘောကျကြတာ ငါတို့တောင် သူ့ကိုအတုယူပြီး ငါတို့ရဲ့ ကလောင်နာမည် ကို တစ်လုံးတည်း စီရွေးထားကြတာ။ ငါ့ကလောင် နာမည် က “ဆောင်း”တဲ့”

“ငါ့ကလောင်နာမည် က “နွေ””

ရှည်ရှည်လျားလျား ရှင်းပြရင်းဆိုသော “ဆောင်း”ဆိုသော ကလောင်ပိုင်ရှင် ကောင်မလေး၏ စကားအဆုံးမှာ ကောင်မလေး တစ်ယောက် က မရဲတရဲဖြင့် သူ့ကလောင်နာမည် ကို “ဆောင်း”ဟု ခပ်တိုးတိုးဆိုသည်။

“ဟင် ဒါဆို နင်တို့သုံးယောက် နဲ့တင် ဥတုသုံးပါးပြည့်သွားပြီပေါ့။ “နွေ”ရယ် “မိုး”ရယ် “ဆောင်း”ရယ် သုံးယောက် ပေါင်းရင် တစ်နှစ် ကွက်တိပဲ။ ဒါနဲ့ “ဟို တစ်ယောက် ရဲ့ ကလောင်နာမည် က ဘာလဲ”

စကားနည်းပုံရပြီး သူများ ပြောသမျှကိုသာ နားစိုက်နေသော ခပ်ချောချော ကောင်မလေးကို မေးဆတ်ရင်း နန္ဒက ခပ်တည်တည်ဖြင့် မေးသည်။ ပုံစံက သဘောရိုးဖြင့် ပဲ မေးသယောင်ယောင်။

“အဟွတ် အဟွတ်”

“အဟွတ် အဟွတ် အဟွတ်”

“ရိုးနေပြီ”ဆိုသော အထာဖြင့် “နွေ”ဆိုသော တစ်ယောက် နှင့် “ဆောင်း”ဆိုသော တစ်ယောက် က ချောင်းကို လုပ်ဆိုး ဆိုးသည်။ သူရက ထုံးစံအတိုင်း “ဟက်”ခနဲရယ်ကာ သူ ကတော့ “ခွီး”ခနဲ ရယ် ဖြစ်သည်။

ဆရာသမား ကတော့ အတော့်ကိုမျက်နှာပြောင်သည်။ မှင်သေသေဖြင့် မျက်ခုံးပင့်ကာ အားလုံးကို သူဘာမှနားလည်သလို အူကြောင်ကြောင် ဝေ့ကြည့်ရင်း …

“မဟုတ်ပါဘူး၊ အကောင်းမေးတာပါ”

“ငါက “မြူ”လို့ပေးထားတယ်”

နန္ဒ၏ စကားအဆုံးမှာ “မြူ”ဆိုသော ကောင်မလေးထံမှ စကားသံတိုးတိုးလေး ထွက်လာသည်။ ကောင်မလေးက ရှက်နေဟန်ဖြင့် ခေါင်းကို ငုံ့ကာထားသည်။

“ဟား အရမ်းမိုက်တယ်ကွာ၊ အရမ်းလှတာပဲ၊ နင့်နာမည် က အပျံစားပဲဟ အတည်ပြောတာ၊ ဟို ဥတုသုံးပါးရဲ့ နာမည် နဲ့စာရင် “မြူ”ဆိုတာက ပိုလှတယ်”

ပေါ်တင်ကြီး ဝင်ပူးချင်နေသော ဆရာသမား၏ အပြောကြောင့် “နွေ”ဆိုသော ကောင်မလေးနှင့် “ဆောင်း”ဆိုသော ကောင်မလေးက မသိမသာ မျက်စောင်းထိုးသည်။ “မြူ” ကတော့ ခေါင်းကို နဂိုကထက် ပိုငုံ့သည်။

“ဟုတ်ပြီ “နွေ” “မိုး” “ဆောင်း”ရယ်၊ “မြူ”ရယ်ဆိုတော့ လေးယောက် ရှိပြီ၊ နင်တို့အဆောင်က ရေး ကြမှာ က ငါးယောက် မဟုတ်လား၊ နောက် တစ်ယောက် ကရော”

သူရက စကားလမ်းကြောင်းလွှဲသည့်အနေနှင့် “ဆောင်း”ဆိုသော ကောင်မလေးကို ကြည့်ရင်း မေးသည်။ သူ့အထင် ဒီကောင် တစ်ချိန်လုံး “ဆောင်း”ဆိုသော ကောင်မလေးထံ အကြည့်ရောက် ရောက်နေတာ သတိထားမိသည်။

“နှင်း တဲ့”

“လှတယ်၊ လှတယ် “နွေ”တို့ “မိုး”တို့ “ဆောင်း”တို့နဲ့ စာရင် “နှင်း”ကပိုလှတာပေါ့။ ဒါပေမယ့် “မြူ့”ကိုတော့ အကြိုက်ဆုံးပဲ”

“ဘာပြောတယ်”

“နာမည် ကိုပြောတာပါဟ”

ဆရာသမား နန္ဒနှင့် “နွေ”ဆိုသော အတော် စွာ ပုံရသည့် ကောင်မလေးကိုကြည့်ရင်း ရယ် ဖြစ်ကြသည်။

“ဟုတ်ပြီ “မြူ”တွေ “နှင်း”တွေ လည်းစုံပြီ။ ရာသီဥတုလည်း သုံးပါးစလုံး စုံနေပြီဆိုတော့ ငါလည်း ငါ့ကလောင်နာမည် ကို သူတို့လို တစ်လုံးတည်းပေးလိုက် မယ် “နေ”လို့၊ မကောင်းဘူးလား”

“မကောင်းပါဘူး”

နန္ဒ၏ အဆုံးမှာ “နွေ”ဆိုသော ကောင်မလေးက “ပက်”ခနဲနေအောင် ဝင်၍ ဆိုသည်။ နန္ဒက “ဘာ ဖြစ်လို့လဲ”ဟု အူကြောင်ကြောင်ဖြင့် မေးရှာသည်။

“ “နေ”ဆိုတာက ကြားရတာ နဲ့တင် ပူပူလောင်လောင်ကြီး”

“အောင်မာမာ နင်တောင် “နွေ”သေးတာပဲ၊ နွေကမှ ကြားရတာ နဲ့တင် “ခွေ”ချင်လာပြီ နုံးလို့”

“သေလိုက်ပါလား”

ကောင်မလေးက တစ်ခွန်းမခံ ပြန်ဆိုသည်။ သူရက “ဖြောက်”ခနဲ လက်ဖြောက်ထတီးသည်။ ပြီး နန္ဒကိုကြည့်ကာ-

“ဟကောင် မင်းနာမည် ကို သူတို့လို တစ်လုံးတည်း ပေးချင်တာ မဟုတ်လား”

“အေးလေ ဘာ ဖြစ်လဲ”

“ဒီလိုပေးလိုက် ပေါ့၊ သူများ ထက်လည်းထူးအောင်”

“ဘယ်လိုလဲ”

“ဂွေ လို့”

“ဘာကွ!”

သူရ၏ အပြောကြောင့် ကောင်မလေးတွေ က “ခွီး”ခနဲ ရယ်ကြသည်။ နန္ဒက “ဘာကွ”ဟုဆိုရင်း ဒေါကန်ဟန် ပြသည်။

“ “ဂွေ”ဆိုတာကို မကြိုက်သေးရင် စောစောက မင်း “နွေ့”ကို ပြောသလို “ခွေ”လို့ ပေးလိုက် ပေါ့”

“မင်းကြီးတော် “ခွေ”လား”

“ဘာလဲမင်းက “ခွေ”ကို မကြိုက်သေးဘူးလား၊ ဝစ္စ နှစ် လုံးပေါက်လေး ထည့်လိုက်ပေါ့၊ ပိုခန့်သွားအောင်”

“အေးလေ အဲဒီ လိုဆိုတော် သေး အမ် ဘာကွ! ခွေးကောင် သူရ မင်းပဲယူ အဲဒီ နာမည် ကို ငါမပြောလိုက်ချင်ဘူး”

နန္ဒ တစ်ယောက် မျက်နှာကြီးနီပြီး ဒေါသထွက်နေသည်ကို ကြည့်ရင်း ရယ် ဖြစ်ကြသည်။ သူ ကတော့ “မြင့်ဦး” ခေါ် “မိုး”ဆိုသော ကောင်မလေးကို “ဖျတ်”ခနဲ သတိရသည်။ နာမည် တူချင်းမို့ ဘာရယ်မဟုတ် တွေ့ တော့ တွေ့ ချင်နေမိသည်။ ဖြူလားမည်းလား၊ ပုလား ရှည်လားစသည်ဖြင့် သိချင်နေမိသည်။

“ကဲကဲ ဒီကောင်လည်း ကလောင်နာမည် ရွေးပြီးပြီဆိုတော့၊ နာမည် ကင်ပွန်းတပ်တဲ့အနေနဲ့ ဒီဝိုင်းကို သူရှင်းလိမ့်မယ်၊ ဟုတ်တယ်မဟုတ်လား “ခွေ” ”

သူ၏ စကားကြောင့် နန္ဒရှူးရှူးရှားရှား ဖြစ်ကာသွားသည်။ သူရက “ဟုတ်တယ်” “ဟုတ်တယ်”ဟု ထောက်ခံသည်။ ကောင်မလေးတွေ ကတော့ ထုံးစံအတိုင်း တခွိခွိရယ်ကြသည်။ သူမတို့ အကုန်အကျသက်သာမည့်  ကိစ္စကိုး။

“ဒီကောင်တွေ ဆို ငါ့ကို အမြဲတမ်းနှိပ်စက်တာဟ၊ သိလား “မြူ” ”

ခါးကြားမှ ပိုက်ဆံအိတ်ကို ထုတ်ကာ စားပွဲပေါ်ဟန်ပါပါ ပစ်တင်ရင်း မဆီမဆိုင် “မြူ့”ကို လှမ်းပြောသော စကားကြောင့် “မြူ”ဆိုသော ကောင်မလေးရုတ်တရက် ကြောင်သွားသည်။

“ဘာမှလဲမဆိုင်ဘူးတော့”

“နွေ”ဆိုသော ကောင်မလေးက နန္ဒကို လက်ညှိုးကြီးထိုးရင်း ရယ်လျက်ဆိုသည်။ ကျန်ကောင်မလေး “ဆောင်း”က “အဟွတ်” “အဟွတ်”ဟု ချောင်းကို လုပ်ဆိုးဆိုးပြန်သည်။

သူနှင့် သူရ ကတော့ တစ်ယောက် ကို တစ်ယောက် မျက်လုံးကြီး ပြူးရင်းကြည့် ဖြစ်ကြသည်။ ဆရာသမား ကပ်စီးနှပ်ချီးက “သဒ္ဒါ”စိတ်တွေ ရှားရှားပါးပါးယိုဖိတ်နေသည်ကိုး။ ပိုက်ဆံအိတ်ကို တစ်လှည့် သကောင့်သားကို တစ်လှည့်ကြည့်ရင်း အိပ်မက်များ လားဟု သူထင်သွားမိသည်။ ဘာတဲ့ “ဒီကောင်တွေ က သူ့ဆို နှိပ်စက်နေကျ”တဲ့။

“အဆောင်ရောက်မှ ကောင်းကောင်းကြီး နှိပ်ကွပ်ပစ်ဦးမည် ”ဟု သူတွေး ဖြစ်သည်။

“ငါ ကတော့ ကဗျာကို “Valentine Day” အမှတ်တရ အပျော်လုပ်ကြမှာ ဆိုပေမယ့် 14th နေ့ အထိမ်းအမှတ် ကဗျာကို ၁၄ ပုဒ်ပြည့်အောင် ထည့်ချင်တယ်”

“ကောင်းတယ် ကောင်းတယ်”

သူရ၏ အပြောကို “ဆောင်း”ဆိုသော ကောင်မလေးက ခပ်သွက်သွက်ထောက်ခံသည်။

“ဒါဆို ငါတို့က ဘယ်နှပုဒ် ယူခဲ့ရမလဲ”

“နွေ”က မေးလေးထောက်ရင်းမေးသည်။

“နင်တို့ မိန်းကလေးတွေ က တစ်ဝက် “ခုနစ်ပုဒ်” ရေး ပေါ့၊ ငါ့တို့ယောက်ျားလေးတွေ က “ခုနစ်ပုဒ်” ရေး မယ် ဘယ်လိုလဲ”

“ကောင်းတယ်”

သူ၏ အပြောကို “နွေ”ကပင် ကောင်းတယ်ဟု ထောက်ခံသည်။ “ဆောင်း”က ခေါင်းတညိတ်ညိတ်ဖြင့်

“ငါတို့ လေးယောက် က တစ်ပုဒ်စီရေး မယ်၊ “မိုး”က သုံးပုဒ်ရေး ပလေ့စေ။ သူက လောဘကြီးတယ်။ ကဗျာဆိုလည်း အရမ်းရေး တတ်တာ စာဆိုလည်း အရမ်းကြိုးစားတယ်”

ဆောင်း၏ စကားအဆုံးမှာ နွေက “ငါတို့လိုပေါ့”ဟု ဝင်ကာ “နောက်” သည်။

“ငါတို့လည်း အတူတူပါပဲဟာ၊ စာပဲ ပထမ စာပဲ ဒုတိယ ဝါသနာ ကတော့ တတိယလောက် စတုတ္ထလောက်မှာ ထားတာ။ စာကိုပဲ ဦးစားပေး ဖြစ်တယ်၊ ရည်းစားကလည်း မရှိဆိုတော့”

“ကြော်ငြာမပါကြေးလေ”

အစ ကတော့ ဟုတ်မလိုလိုနှင့် နောက်ပိုင်းမှာ “မြူ”ကိုကြည့်ရင်း ကြော်ငြာထဝင်သော နန္ဒ၏ အပြောကြောင့် “နွေ”က ပက်ခနဲနေအောင် နှိပ်ကွပ်သည်။

“အေးလေ ငါတို့ယောက်ျားလေးသုံးယောက် ကလည်း ခုနစ်ပုဒ်ကို ခွဲရေး ကြတာပေါ့၊ ငါက သုံးပုဒ်ရေး မယ် “မြင့်ဦး” မင်းက သုံးပုဒ်ရေး ၊ ဟိုကောင်ဆြာကြီး “ခွေ”ခေါ် “ဂွေ”က တစ်ပုဒ်ရေး ပေါ့”

“ဟကောင်နော်ဟကောင်”

နန္ဒက မျက်နှာကြီးနီပြီး စိတ်ဆိုးသည်။

ထိုနေ့ ကတော့ ရှားရှားပါးပါး “နန္ဒ”ကြည်ကြည်ဖြူဖြူဖြင့် တိုက်သော လက်ဖက်ရည်ကို သူနှင့် သူရ သောက်ဖူးခဲ့ကြလေသည်။

* * * * ** * * * *



“မြူ လေးက အရမ်းအပြစ်ကင်းတာပဲကွာ ချစ်စရာလေး”

“ဟကောင် နန္ဒ မင်းပြောတော့ မိန်းကလေးဆိုရင် ဝေးဝေးရှောင်မလို့ဆို အခုတော့ မြူလေးတွေ ကော မြူကြီးတွေ ကော ရှုပ်နေတာပဲ”

“အေးကွာ ပြောတော့ “ငါက ဂုဏ်ထူးတန်းတက်မှာ ရည်းစားထားမိရင် အနှောင့်အယှက် ဖြစ်မယ်”ဆို”

သူရနှင့် သူ၏ အပြောကို ဆရာသမားက လုံးလုံးမဖြုံ။

“ပါရမီဖြည့်ဘက် ကောင်မလေးရှိတော့ ဦးနှောက်ရွှင်တာပေါ့”

“ဘာမှမဆိုင်ဘူး”

“ဟ ဦးနှောက်ရွှင်တော့ စာကျက်လို့ကောင်းတယ်လေကွာ … စာကျက်လို့ ကောင်းတော့ ဂုဏ်ထူးတန်းကိုတက်မယ့် ငါ့ရဲ့ မျှော်လင့်ချက် တစ်ဝက်တိတိပြည့်ပြီပေါ့ကွ”

“ဘယ်လိုမှ ဆက်စပ်ကြည့်လို့မရဘူး”

“မင်းတို့က မင်းတို့စိတ်နဲ့ နှိုင်းမှတော့ ဘယ်ဆက်စပ်လို့ရတော့မှာ လဲကွ၊ စာကြိုးစားတာက ကြိုးစားတာ သက်သက်၊ ရည်းစားထားတာက သက်သက်ပဲ။ ရည်းစားထားလို့ ဂုဏ်ထူးတန်း မတက်လိုက်ရဘူးဆိုတာမျိုး ငါ့ရာဇဝင်မှာ မရှိစေရဘူး။ လုံးဝအ ဖြစ်မခံဘူး။ ငါကြိုးစားပြမယ် ကြည့်ထား”

လက်သီးကြီး ဆုပ်ကာ လက်သီးလက်မောင်းတန်းရင်း မိန့်မိန့်ကြီးပြောနေသော သကောင့်သားကို ကြည့်ရင်း သူရက တော် တော် ကြီးတင်လာဟန်ဖြင့် မျက်နှာကို ရှုံ့သည်။

“နေပါဦး မုန့်ဆီကြော်က ဘယ်မှာ မှန်းမသိသေးဘူး၊ “နှုတ်ခမ်းနာက ကြိုးစားပြမယ်” လုပ်နေတယ်။ မင်းနဲ့ ဟိုနဲ့က ဟိုဒင်း ဖြစ်ကြပြီမို့လား”

“ဘာဒင်းလဲ”

“ရည်းစားတို့ ချစ်သူတို့ ဖြစ်ကြပြီမို့လား၊ ကဲ ငါကမေးပါဦးမယ်၊ ဟိုကရော မင်းကိုကြိုက်မှာ မို့လား၊ မင်းက အပိုင်ကြီးတွက်ပြီးတော့ ကြိုးစားပြမယ်လုပ်နေတာ”

“အေးလေ ဆောက် ဖြစ်မှ ကျောင်းဒကာ လုပ်ပါကွ”

သူရ၏ စကားအဆုံးမှာ သူက ပါဝင်ပြီး နှိပ်ကွပ်လိုက်သည်။ သကောင့်သား၏ မျက်နှာက နီတွက်ကာလာသည်။

“အေး မင်းတို့ကြည့်ထား ငါမြူကိုရအောင်လိုက်ပြမယ်”

“လိုက်ပေါ့၊ ဟိုကဖြင့် ပိုင်ရှင်ရှိနေမှန်းမသိ ဘာမှန်းမသိ”

“ဖွဟဲ့၊ လွဲပါစေ ဖယ်ပါစေ၊ မင်းပါးစပ်ပုပ်ကြီးနဲ့”

“မရှိဘူးလို့တော့ တွက်ထားလို့မရတာ အမှန်ပဲ”

သူရကို နန္ဒက မျက်လုံးပြူကြီးနှင့် ကြည့်သည်။ သူတစ်ခွန်းပြောတိုင်း နောက်က အရွဲ့တိုက်ပြောနေသည်မို့ တိုလာဟန်တူသည်။

“အို ဘာပဲ ဖြစ် ဖြစ်ကွာ ငါဂုဏ်ထူးတန်းတက်ရအောင်လည်း ကြိုးစားမယ်၊ မြူကိုလည်း ရအောင်ကြိုးစားမယ်၊ ဒါပဲ”

“ကြည့်ရသေးတာပေါ့ကွာ”

သူရကလည်း နောက် ဖြစ်အောင်နောက်သည်။ ဆရာသမားက မျက်စောင်းကြီးခဲကာ နံရံ၌ ချိတ်ထားသော ကျောပိုးအိတ်ကို ဖြုတ်သည်။ ပြီး အတွင်းမှ စာအုပ်တချို့ကို “ဝုန်း”ခနဲ စာကြည့်စားပွဲပေါ်တင်သည်။

“ဘာလဲ ရည်းစားစာရေး တော့မလို့လား”

သူရ၏ ငေါ့တော့တော့ စကားကြောင့် ဆရာသမားက ဘုကြည့်ကြည့်သည်။ ပြီး စာအုပ်ကို မျက်နှာအပ်ရင်း လှည့်မကြည့်ဘဲ …

“စာကျက်မလို့၊ ငါက ပြောပြီးရင် ဖြစ်အောင်လုပ်တတ်တယ်။ အခုပဲ စာစကျက်တော့မယ်၊ ဒါပဲ”

ခပ်တည်တည် ခပ်တင်းတင်းဆိုရင်း အမှန်အကန်ကြီး စာထကျက်နေသော သကောင့်သားကို ကြည့်ရင်း သူရနှင့် သူ တစ်ယောက် ကို တစ်ယောက် ကြည့် ဖြစ်သည်။ “ဝါး”ခနဲ ရယ်ချင်နေကြသော်လည်း မရယ်ရဲ။ ဒေါထနေမှာ စိုးရသည်။ တကယ်တော့လည်း နန္ဒ တစ်ယောက် တည်း ဂုဏ်ထူးတန်း တက်ချင်သည်မဟုတ် သူနှင့် သူရလည်း တက်ချင်ပါသည်။ သူတို့လည်း စာကို လုပ် ဖြစ်ကြပါသည်။ အမှန်အတိုင်း ဝန်ခံရလျှင်တော့ ဝီရိယပိုင်းမှာ နန္ဒက သူတို့နှစ် ယောက် ထက် ပိုသည်။

ဆရာသမား ကတော့ သူတို့နှစ် ယောက် ကိုမကြည့်တော့။ စာကိုသာ သည်းကြီးမည်းကြီး လုပ်နေတော့သည်။

* * * * ** * * * *





ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ ချစ်သူ့ဆံစမှာမှကြွေချင်တဲ့နှင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရန်ကုန်သူနဲ့ တောင်ကြီးသား

ခရီးဖော်

ဂစ်တာတီးချင်တဲ့ကဗျာ