Cover

ဘာရယ်မဟုတ်တဲ့အမှာ

ဒီစာအုပ်ရဲ့ ၉၅% ဟာ ကျွန်တော့် ဘ၀ရဲ့ ဖြစ်ရပ်မှန်တွေ ပါ။ ဖြတ်သန်းခဲ့သမျှကို ပြန်တွေး ကြည့်တော့လည်း အချိန်တွေ အကုန်မြန်လွန်းတာကို နှမြောမိတယ်။ စာရေး ဆရာ တစ်ယောက် ဖြစ်ချင်သလို အဆိုတော် တစ်ယောက် လည်း ဖြစ်ချင်ခဲ့တဲ့ အရူးသွပ်ဆုံးအချိန်တွေ က တက်ကြွ မှု တွေ နဲ့ အားထုတ်မှု တွေ ကြောင့် ဖြစ်ခဲ့တဲ့ ကမောက်ကမ ဟာသတွေ ကို ပြန်ပြီး ဖောက်သည် ချချင်စိတ် ပေါ်လာမိတယ်ဗျာ။

ပျော်ရွင်မှု တွေ ၊ နာကျင်မှု တွေ ၊ စိုးရိမ်မှု တွေ ၊ အားမလိုအားမရမှု တွေ ပြည့်လျှံနေတဲ့ အတိတ်လမ်းရဲ့ တစ်ပိုင်းတစ်စကိုပဲ ကျွန်တော် ရေး မှာ ပါ။ အားလုံးကိုသာ ရေး နေရင်လည်း ဆယ့် ငါးအုပ်၊ ဆယ့်ခြောက်အုပ်လောက် ဖြစ်သွားမှာ မလို့ပါ။ ရေး လို့လည်း ကုန်မယ်မထင်ပါဘူး… ဒီစာအုပ်ကို ဒိုင်လျှိုအနေနဲ့ ကျွန်တော့်ရဲ့ အချစ်အကြောင်းတွေ တော့မပါပါဘူး… တမင် ချန်လှပ် ထားတာပါ။

ကျွန်တော့်ဘ၀ရဲ့ ဘ၀တစ်စိတ်တစ်ဒေသကိုဖတ်ရင်း ရယ်မောပျော်ရွင်နိုင်ပါစေလို့ ကျွန် တော် ဆုတောင်းပေးလိုက် ပါတယ်။

ပရိတ်သတ်သို့

အစဉ်အမြဲ လေးစားချစ်ခင် ကျေးဇူးတင်လျှက်

ပြည့်ပိုင်မှူးအိမ်

* * * * *


အခန်း (၁)

မိသားစုတွင် ကျွန်တော် က အငယ်ဆုံး ဖြစ်သည်။ အစ်ကိုလေးယောက် ရှိသော ကျွန်တော့်  အဖို့ အငယ်ဆုံး ဖြစ်ခဲ့သော်လည်း အလိုလိုက်ခံရဆုံးတော့ မ ဖြစ်ခဲ့။

အစ်မ တစ်ယောက် နှစ် ယောက် လောက် ပါလျှင်တော့ အကောင်းသားဟု ငယ်စဉ် ကတော့ တောင့်တခဲ့ဖူးသည်။ အကြောင်းက အစ်မများ သည် အစ်ကိုများ ထက်တော့ အငယ်ဆုံး ဖြစ်သော ကျွန်တော့် ကို ပိုအလိုလိုက်၊ ဂရုစိုက်လိမ့်မည် ဟု ထင်သော ကြောင့် ဖြစ်သည်။

အစ်မတစ်ဝမ်းကွဲ၊ နှစ် ၀မ်းကွဲများ မရှိသော ကြောင့် တော့ မဟုတ်။ ကျွန်တော့်တွင် ၀မ်းကွဲ အစ်မများ တော့ ရှိသည်။ သို့ သော် နတ်မောက်သား ဖြစ်သော အဖေနှင့် ရမည်းသင်းသူ ဖြစ်သော အမေတို့က ပင်းတယမှာ အခြေချပီးကာမှ ကျွန်တော့်ကို မွေးဖွားလိုက်သော အခါ မောချယ်ရီတို့ ပွင့်ဖူးရာ တောင်ပေါ်သား ဖြစ်သော ကျွန်တော့်အဖို့ အစ်မများ နှင့် ဝေးခဲ့ရသည်။

အငယ်ဆုံးမို့ အဖေနှင့် အမေ၏ အလိုလိုက်ခြင်းခံရသော ကျွန်တော် သည် ငယ်စဉ်က ကစားမက်သူ တစ်ယောက် ဖြစ်သည်။

အိမ်နီးနားချင်း သူငယ်ချင်းများ နှင့် ဘောလုံးကန်၊ ကြက်တောင်ရိုက်၊ စစ်တိုက်၊ ရေကူးနှင့် သစ်ပင်တက်များ ပါမကျန် မျောက်ရှုံးအောင်ဆော့သူ ဖြစ်သည်။

သူငယ်ချင်းကောင်မလေးများ နှင့် ထုပ်ဆီးတိုးတမ်းပါ မကျန် ကစားတတ်သော ကျွန်တော် သည် ငယ်စဉ်က အတော့် ကိုညံ့ခဲ့သော သူ ဖြစ်သည်။

သူငယ်တန်းမှာ အင်္ဂလိပ်စာ၌ ထူးချွန်ခဲ့သော ကျွန်တော့်  အ ဖြစ်အပျက်တို့ကို ပြန်တွေးမိ သည်။ ဆရာမ က ကျွန်တော့်ကို ‘အေ’ အကြီးရေး ဟုညွှန်ကြားသည်။

Capital ‘A’ ကို ရေး ရကောင်းမှန်းမသိသော ကျွန်တော် က Small ‘a’ ကို အရွယ်ခပ်ကြီးကြီးရေး ချလိုက်သည်။

“ဟဲ့… ဒါက ‘အေ’ အကြီးမဟုတ်ဘူး. . အဲဒါ အသေး”

ဆရာမ က Small ‘a’ မဟုတ်ဘဲ Capital ‘A’ ကိုရေး ခိုင်းမှန်း သဘောမပေါက်သေးသော ကျွန်တော် ကလည်း Small ‘a’ ကိုပင် ရေး ထားသော အရွယ်ထက်ပိုပီး အကြီးကြီးရေး ရမည် အထင်ဖြင့် Small ‘a’ ကို စာမျက်နှာတစ်ဝက်ခန့်လောက် အကြီးကြီးရေး ချပစ်လိုက်သည်။

“ဟဲ့…သြော်..ဒါ ‘အေ’ အကြီးမဟုတ်သေးဘူးလေ သားရဲ့ …”

ဆရာမ က မဟုတ်သေးဘူးဟုဆိုသော အခါ ကျွန်တော် က…

“ဒါ မကြီးသေးဘူးလား ဆရာမ …ကျွန်တော် ဒီ့ထက်ကြီးကြီး ရေး ရမလား…”

ဟု ဆိုရင်း ခပ်တည်တည်ဖြင့် ဗလာစာအုပ်၏ စာမျက်နှာအပြည့်နီးပါးရှိသော Small ‘a’ ကို အကြီးကြီးရေး ပစ်လိုက်သည်။

အကျိုးဆက် ကတော့ ဆရာမ က ‘ဒီလောက်တောင် တုံးရသလားဟဲ့’ ဟု အပြောခံရကာ နားရွက်လိမ်ဆွဲခံလိုက်ရခြင်း ဖြစ်သည်။

ကျွန်တော် ကား အင်္ဂလိပ်စာမှာ ထိုသို့ ထူးချွန်သူ ဖြစ်ခဲ့လေသည်။

* * * * *


အင်္ဂလိပ်စာမှာ ထိုသို့ ထူးချွန်သော ကျွန်တော် က… သင်္ချာမှာ လည်း ညံ့သူတော့ မဟုတ်ခဲ့။ တစ်နေ့ သူငယ်တန်းကျောင်းသား ဖြစ်သော ကျွန်တော့ကို ဆရာမ က …

“ဟဲ့ . . မြင့်နိုင်ထွေး . . ထစမ်း. . သုညနဲ့သုည ပေါင်းရင် ဘယ်လောက်ရလဲ . . ကျောက် သင်ပုန်းမှာ ထွက်ပြီးတွက်ပြ. .”

ဆရာမ ၏ စကားအဆုံးမှာ ကျွန်တော် က စပ်ဖြီးဖြီးဖြင့် အခန်းရှေ့မှ ကျောက်သင်ပုန်း ရှေ့မှာ ကုပ်ချောင်းချောင်း လုပ်ကာ ရပ်သည်။ စပ်ဖြီးဖြီး လုပ်ခြင်းသည် ကျွန်တော် ၏ မွေးရာပါ မျက်နှာပိုး မသေမှု တစ်ခုလားတော့မသိ။

အကြောက်တရား၊ အရှက်တရား အတော့် ကိုနည်းသော ကျွန်တော် က လက်ပိုက်ကာ ရပ်နေရာက ဆရာမ ပေးသော မြေဖြူခဲကို လှမ်းယူပြီး ကျောက်သင်ပုန်းမှာ ‘၀+၀= ’ ဟု ရေး ချ လိုက်ပြီး အဖြေကို စဉ်းစားလို့မရ ဖြစ်နေသည်။

သို့ နှင့် ခပ်တည်တည်ပင် သုညအပေါင်းသုည ညီမျှခြင်းဘေးမှာ ၁(တစ်) ဟု ရေး ချ လိုက်သည်။ ဝေါခနဲထွက်လာသော ရယ်သံကြောင့် ကျွန်တော် ကြောင်သွားသည်။ နောက် တော့မှ ကိုယ့်အဖြေမှားသွားလို့ တစ်ခန်းလုံးဝိုင်းရယ်နေမှန်း သိသော အခါ တဟီးဟီးနှင့် ပင် ရောပီးရယ် လိုက်သေးသည်။ ဆရာမ က ခုံကိုပေတံဖြင့် ရိုက်ပြီး ‘မရယ်ကြနဲ့’ ဟု အတန်းသားများ ကို လှမ်းမာန်သည်။ ပြီး ကျွန်တော့်ကိုပါ ‘မရယ်နဲ့’ ဟုဆိုရင်း . . .

“သုညနဲ့သုညပေါင်း တစ် ဟုတ်လား . . . ပြန်လည်ပေါင်းကြည့်ပါဦး”

ဟု ဆိုသည်။ သုညနှင့် သုညပေါင်းအဖြေအတွက် ကျွန်တော် တော် တော် ခေါင်းစား သွား ရသည်။ ဖျတ်ခနဲ ဘေးမှာ ယဉ်လျက် အတူထိုင်နေသော သူငယ်ချင်းကို ရုတ်တရက် လှမ်းကြည့် တော့ ဆရာသမားက လက်နှစ် ချောင်းထောင်ပြသည်။ မြေဖြူခဲကို ကိုင်ကာ လက် ပိုက်ပြီး ရပ်နေ သော ကျွန်တော့် ကို ဆရာမ က . . .

“ဟဲ့ . . ဖြေလေ . . .”

ဟု ဆော်သြသည်။

အတန်းရှေ့ကို စပ်ဖြီးဖြီးဖြင့် ထွက်လာသော ကျွန်တော် စပ်ဖြီးဖြီး မနေတော့။ ဆရာမ ကို မ၀ံ့ရဲပင် လှမ်းကြည့်ရင်း . . .

“နှစ် . . .ဆရာမ ”

ဟု ဖြေပစ်လိုက်သည်။

“ဘာ . . .”

ဆရာမ ၏ ‘ဘာ’ အဆုံးမှာ အတန်းထဲမှ ကျောင်းသူကျောင်းသားများ က ဝေါခနဲရယ်ကြ ပြန်သည်။ ကျွန်တော့် ကို လက်နှစ် ချောင်းထောင်ပြသော ဘော်ဒါပါ လိုက်ရယ်နေသည်မို့ ခံလိုက် ရမှန်း ထိုအခါမှ ကျွန်တော် သိသည်။ ဆရာမ က . . . .

“သေသေချာချာကို ပြန်တွက်ကြည့်ပါဦး . . . သုညရယ် သုညရယ် ပေါင်းတာလေ . . .”

“သ . . သုံး . . သုံး ဆရာမ . . .”

လက်သုံးချောင်း မရဲတရဲထောင်ရင်း ဖြေသော ကျွန်တော့်  အဖြေအဆုံးမှာ အတန်းဖော်များ က ရယ်ကြသည်။ ဆရာမ က ‘မှားတယ်ဟဲ့ . . . မှားတယ်’ ဟု အရယ်တစ်ဝက်ဖြင့် ဆိုသည်။

“ဒါ . .ဒါဆို . . လေး . .ဆရာမ . . .”

လက်လေးချောင်းထောင်ပြရင်းဆိုသော ကျွန်တော့် အဖြေကို နားထောင်ရင်း ဆရာမ က ခေါင်းကိုကုတ်သည်။

“ဟဲ့ . . သုညနဲ့သုညနဲ့ပေါင်း လေးရပါ့မလား . . ငါ့နှယ် စိတ်ညစ်လိုက်တာနော် . . ထူးချွန်လိုက်တာ . .ထူးချွန်လိုက်တာ. . .နယူတန်သေပြီးတော့ ပြန်ဝင်စားလို့များ လား မသိပါဘူး . . .သေသေချာချာ တွက်ကြည့်ပါဦး . . ဘယ်လောက်ရလဲလို့ . . .”

“လေး မဟုတ်ရင် . .ငါးဗျာ . . ငါး . . .”

“ကဲဟယ် . . ငါး ဦး . . .”

“ဒေါက် . . .”

ဒေါက်ခနဲ အခေါက်ခံရသော ကျွန်တော် က ‘ငါး’ မှာ မရပ်သေး။

“ဒါ. . .ဒါဆို ‘ခြောက်’ ဆရာမ . . .”

နောက်ဆုံးတော့ ဆရာမ က ကျွန်တော့် ကို မဆူနိုင်တော့။ ဗိုက်ကိုနှိပ်ကာ ထိုင်ခုံမှာ ထိုင်ရင်း မျက်ရည်ထွက်သည်အထိ ရယ်သည်။

“ဒီတစ်ခါတော့ ခုနစ်ပါ ဆရာမ . . .”

ကျွန်တော် ထင်သည်။ ထိုနေ့က သုညနှင့် သုညပေါင်းကို ကျွန်တော် ဖြီးဖြေလိုက်သည်မှာ တစ်မှတစ်ဆယ်ပင် တိုင်သွားခဲ့သည်လား မသိ။

* * * * *


သူငယ်တန်းမှစပီး တက္ကသိုလ်ဘွဲ့ရသည်အထိ အမုန်းဆုံးဘာသာရပ်ကို ပြပါဆိုလျှင် သင်္ချာဘာသာကိုသာ ကျွန်တော် ပြရမည် ထင်သည်။ ကျက်စာကျက်ရန်ကို လုံးဝမကြောက်သော ကျွန်တော် က သင်္ချာတွက်ရမည် ဆိုလျှင်တော့ အင်မတန်ကြောက်လေသည်။

ကျက်စာများ ကို အားသန်ခဲ့ပုံက ထိုသို့ ဖြစ်သည်။

* * * * *


အခန်း (၂)

ကျွန်တော် လေးတန်းနှစ် တွင် ဖြစ်သည်။ ကျွန်တော် တို့၏ အတန်းပိုင် ဖြစ်သော ပထ၀ီဆရာကြီးက စာသင်ချိန်တွင် စာအပေါ်၌ သာ အာရုံစူးစိုက်စေလိုသော ဆန္ဒဖြင့် စာရှင်းပြပြီး သည်နှင့် သင်ပြီးသမျှကိုသာ တစ်ယောက် ချင်းပြန်ပြန်မေးလေ့ရှိသည်။

စာအသင်ကောင်းသလို လက်သံလည်းပြောင်သည်မို့ ကျောင်းသူကျောင်းသားတိုင်းက ဆရာ့အချိန်ဆိုလျှင် အာရုံတစ်ပါး စိတ်မသွားရဲကြ။ ဆရာသင်ပြသော စာ၌ သာအာရုံစူးစိုက်ကာ စွဲစွဲမြဲမြဲ မှတ်မိစေရန် နားထောင်ကြရသည်။

ဆရာက စာမေးရာ သင်ပြီးသမျှစာပိုဒ်တစ်ပိုဒ်လုံးကို တစ်ယောက် တည်း ဖြေဆို ခိုင်းသည် မဟုတ်။ ထိုစာပိုဒ်မှ အကြောင်းအရာတို့ကို အစဉ်လိုက် တစ်ယောက် ပြီး တစ်ယောက် မေးသွား ခြင်း ဖြစ်သည်။ ဥပမာ-စာပိုဒ်တွင် မှတ်သားစရာအချက် ငါးချက် ရှိပါက ထိုအချက် ငါးချက် ကို သေချာစွာ ရှင်းပြပြီးသည်နှင့် နံပါတ်တစ်အချက်ကို သူမေးလိုသော ကျောင်းသားအား ဖြေစေ သည်။ ပြီး နံပါတ်နှစ် အချက်ကို နောက် တစ်ယောက် အား ဖြေစေသည်။

ထိုသို့ အစဉ်လိုက် နံပါတ်ငါးအထိ ကျောင်းသားငါးယောက် ကို ဖြေစေခြင်း ဖြစ်သည်။ ထိုငါးယောက် ဖြေပြီးချိန်၌ စာသင်ချိန်ပိုနေသေးလျှင် စာသင်ချိန်တစ်ချိန် မပြောင်းမချင်း ကျောင်းသားကုန်လုနီးနီး ဖြစ်သည်အထိ စာစစ်တတ်သည်။ သူမေးသော အချက်ကို ဒိုးဒိုးဒေါက် ဒေါက်မဖြေနိုင်လျှင် ဆရာကြီးက အနည်းငယ်မျှ စာကိုထောက်ပေးသည်။ လုံးလုံးမရသော ကျောင်းသားကို ပြန်မထိုင်စေဘဲ စာသင်ချိန်ပြောင်းသည်အထိ မတ်တတ်ရပ်ခိုင်းထားတတ်သည်။

ဆရာက စာမေးတော့မည် ဆိုလျှင် အတန်းသူအတန်းသားအားလုံးကို တစ်ချက်ဝေ့ပြီး ကြည့်တတ်သည်။ စာအမေးခံရမည် စိုး၍ အမူအရာပျက်သွားသူတို့ကို မှတ်ထားကာ ထ၍ ဖြေစေ ခြင်း ဖြစ်သည်။

ဆရာ စာမေးရာ၌ စာအမေးခံရသော ကျောင်းသားက အချက်အလက်မှားကာ ဖြေတိုင်း ကျန်ကျောင်းသူကျောင်းသားများ က တခွီးခွီး ရယ်တတ်သော အလေ့အထရှိသည်။ ရယ်သည် ဆိုရာ၌ ဆရာမ သိအောင် တခွီးခွီးခိုး၍ ရယ်ကြခြင်း ဖြစ်သည်။

ငယ်စဉ်ကတည်းက အရယ်သန်သော ကျွန်တော် ကတော့ ထိုသို့ မဟုတ်။ ရယ်စရာရှိလျှင် မအောင့်တတ်ဘဲ တဟားဟားဖြင့် အားရပါးရ ထထရယ်တတ်သူ ဖြစ်သည်။ နောက်ဆုံးကြောက်ရ သော ဆရာ ဖြစ်နေစေကာမူ ကျွန်တော် သိပ်မအောင့်ထားတတ်။ အောင့်ထားပြန်လျှင်လည်း “တအုအု” ဖြင့် တစ်ကိုယ်လုံးနတ်ပူးသလို တုန်ကာ ရယ်မိသည် ချည်းသာ ဖြစ်သည်။

ထိုအခါမျိုး၌ ဆရာက ကျွန်တော့် ကို သတိထားမိသွားတတ်သည်။

“ဟို ပါးချိုင့်နှစ် ဖက်နဲ့ကောင် . . ထ . . မတ်တတ်ရပ်စမ်း”

ကျွန်တော့် ကို လက်ညှိုးထိုးပြီး ဆရာက ရပ်ခိုင်းတတ်သည်။

ပြီး စာကိုမေးတတ်သည်။ စာမရသော အခါများ ၌ . . .

“မင်းကလေ . . တခြားလူတွေ စာမရရင် ရယ်လိုက်တာ တစ်ခန်းလုံးမှာ မင်းအသံချည်းပဲ . . ဒီပြင်လူတွေ ရယ်တာ အသံမထွက်ဘူး . . မင်းက ရယ်လိုက်ရင် တစ်ကျောင်းလုံးတောင် ကြားရမလား မှတ်တယ် . . နောက်တစ်ခါ အသံကျယ်နဲ့ ရယ်ရဲရယ်ကြည့် . . မင်းကို စာအရင်ဆုံး မေးမယ် . . .”

ဆရာ့၏ စကားကြောင့် ကျွန်တော့်မှာ ကိုယ့်အရယ်သန်မှု ကို ကိုယ်ထိန်းရတော့သည်။ ထိန်းနိုင်သော အခါလည်း ရှိသလို မထိန်းနိုင်သော အခါလည်း ရှိသည်မို့ စာကို အထူးဂရုစိုက် ရသည်။ သို့ မှသာ ဒဏ်အပေးခံရခြင်းမှ လွတ်မည် ကိုး။

သို့ နှင့် ဆရာကြီး၏ ပထ၀ီဘာသာကို မသင်ခင်ကပင် ကြိုကြိုကျက်သော အလေ့အထ ရခဲ့သည်။ ဆိုပါစို့ . . . ဆရာကြီးက မနက်ဖြန်ရန်ကုန်တိုင်းကို သင်မည် ဆိုလျှင် ကျွန်တော် က ဒီနေ့ညကို ၏ သည်မရွေး ရသည်အထိ ကျက်သွားသည်။ မနက်ဖြန် ဧရာဝတီတိုင်း သင်မည် ဆိုလျှင် ကျွန်တော် က မသင်ခင် မရရအောင် ကျက်ကာ သွားသည်။

ထိုသို့ ကြို၍ ကျက်သွားသော အကျိုးကျေးဇူးကြောင့် ဒဏ်ပေးခံရသည်ဟူ၍ မကြုံရတော့။ စာကျက်ခြင်း၏ အရသာကို ကျွန်တော် သဘောကျလာသည်။ တခြားလူတွေ မသင်ရသေးခင် ကြိုကြို၍ လေ့လာထားရသည်က Feel တစ်မျိုး ဖြစ်သည်။

စာကို ကြိုကျက်ရန်မပျင်းသော်လည်း သင်္ချာကို ကြိုတွက်ကြိုလုပ်ရမည် ကိုမူ မတတ်။ သင်ပြီးသမျှ ပြန်လေ့ကျင့်ရန်ကိုလည်း ကျွန်တော် ပျင်းသည်။ ထို့ကြောင့် ပင် ဆယ်တန်းရောက် သည်အထိ စာမေးပွဲဖြေတိုင်း ရမှတ်အနည်းဆုံးဘာသာမှာ သင်္ချာ ဖြစ်သည်။

ကျက်စာမှာ အများ ထက်အမြဲလိုလို အမှတ်ပိုရတတ်သော ကျွန်တော် သည် သင်္ချာဘာသာ ၌ အမြဲတမ်း သာမန်အောင်မှတ်များ သာ ရလေ့ရှိသည်။

ကျောင်းသားသက်တမ်းတစ်လျှောက် အဆင့်တစ်ပေါင်းများ စွာ ကျွန်တော် ရခဲ့သော်လည်း သင်္ချာ၌ အမှတ် ၁၀၀အပြည့် ဘယ်တုန်းကမှ ကျွန်တော် မရဖူး။

သင်္ချာ၌ အားနည်းသော ကျွန်တော် သည် ကျက်စာ၌ အားသာမှု ကြောင့် ဆယ်တန်းနှစ် ရောက်သည်အထိ မည် မျှပင် ခြေချော်လက်ချော်ရှိစေကာမူ အဆင့်သည် တစ်မှနေ ခုနစ်အဆင့် ထက်လျော့မသွားဖူး။ တစ်၊ နှစ် ၊ သုံး၌ သာ တ၀ဲလည်လည်ရနေတတ်သည်။

ထုံးစံအတိုင်း စာမေးပွဲရမှတ်များ ၌ သင်္ချာ ကတော့ အမှတ်အနည်းဆုံးဖြင့် သာ အောင်ခဲ့ သည်ချည်း ဖြစ်သည်။

* * * * *


သူငယ်တန်းမှစ၍ ငါးတန်းအထိ ပင်းတယမြို့ အ.လ.ကကြိုသက်မွေးကျောင်းတွင် ကျွန် တော် နေခဲ့သည်။

ခြောက်တန်းနှစ် သို့ ရောက်သော အခါ မြေစာရင်း၌ လက်ထောက်ဦးစီး ဖြစ်သော အဖေက ရာထူးတိုးကာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည်မို့ ကျွန်တော် တို့မိသားစုပါ ရှမ်းပြည်နယ်တောင်ပိုင်းမှ အရှေ့ပိုင်းရှမ်းပြည်နယ်သို့ ရွှေ့ကြရသည်။

အစ်ကိုလေးယောက် ရှိသည့်အနက် အစ်ကိုအကြီးဆုံးမှာ ပအို့ဝ်လူမျိုး တောင်ကြီးသူနှင့် အိမ်ထောင်ကျကာ၊ ဒုတိယအစ်ကိုသည်လည်း ဓနုလူမျိုး ပင်းတယသူနှင့် အိမ်ထောင်ကျသည်မို့ အစ်ကိုအကြီးဆုံးက တောင်ကြီး၊ အစ်ကိုလက်က ပင်းတယမြို့တို့၌ ကျန်ခဲ့ကြပြီး ကျန်အစ်ကိုနှစ် ယောက် နှင့် ကျွန်တော် သာ အဖေတို့၊ အမေတို့ ပြောင်းရွှေ့ရာသို့ လိုက်ခဲ့ကြသည်။

ပင်းတယမှ တောင်ကြီးသို့ တက်ကာ တောင်ကြီးမှတစ်ဆင့် ကွန်ဟိန်းကို ကျွန်တော် တို့ ခရီး ဆက်ကြသည်။ ကွန်ဟိန်းမှတစ်ဆင့် မိုင်းပျဉ်းကို ခရီးဆက်ရမည် ဖြစ်သည်။

ကွန်ဟိန်းမြို့နှင့် မိုင်းပျဉ်းမြို့သည် သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း ဖြစ်သည်။ကွန်ဟိန်းတွင် တစ်ညအိပ်ကာ နောက်နေ့တွင် မိုင်ပျဉ်းသို့ ယာဉ်တန်းအကြုံဖြင့် ကျွန် တော် တို့လိုက်ခဲ့ကြသည်။ မှတ်မှတ်ရရ ထိုစဉ်က ကျွန်တော် တို့မိသားစုငါးယောက် ကွန်ဟိန်းမြို့မှ မိုင်းပျဉ်းမြို့အထိ ကားခကိုးရာကျပ်ပေးရသည်။

လပ်တီးသီချင်းတွေ ပါဝင်သော အရှေ့သံလွင်မှာ ရိုးရာပွဲတွေ ရှိတိုင်းကွယ် ချစ်စရာ ချစ်စ ရာ..ကုန်းက လမ်းဝုန်းအကဟာ တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ…ဆိုသကဲ့သို့ အရှေ့သံလွင်၌ ရှိ သော မိုင်းပျဉ်းမြို့သည် သံလွင်မြစ်ကိုအနောက်မှကူးလိုက်သည်နှင့် ပထမဆုံးသော ရှမ်းပြည်နယ် အရှေ့ခြမ်း၏ မြို့ ဖြစ်သည်။

မြန်မာနိုင်ငံမြေပုံ၌ သာ ရင်းနှီးခဲ့သော သံလွင်မြစ်ကိုဖြတ်ရသော အခါ ရှည်လျားသော တံ တာကိုကြည့်ရင်း ကျွန်တော် အံ့သြခဲ့ရသည်။

မိုင်းပျဉ်းမြို့သည် တောင်များ ၀ိုင်းရံထားကာ ချောက်နက်သော ဒယ်အိုးသဖွယ် ချိုင့်ဝှမ်း၌ တည်သော မြို့ ဖြစ်သည်။

ကျွန်တော် ၏ ဆရေး ဆရာ ဖြစ်ချင်သော အဆိုတော် ဖြစ်ချင်သော စိတ်တို့ကို တစ်ဆင့်ထပ် ၍ တွန်းတင်ပေးသော မြို့လည်း ဖြစ်သော မိုင်းပျဉ်း၏ မြန်မာလိုအဓိပ္ပါယ်မှာ မြို့ပြောင်းပြန် ဟူ၍ အဓိပ္ပါယ်ရသည်။

မိုင်းပျဉ်းကို ရှမ်းလိုအသံထွက်ပါက မုန်းပိန်း ဟု ထွက်သည်။ မုန်း (မိုင်း)သည် မြို့ဟု အဓိ ပ္ပါယ်ရကာ ပိန်း (ပျဉ်း) ကတော့ပြောင်းပြန်ဟု အဓိပ္ပါယ်ရသည်။

မြို့ပြောင်းပြန်ဟု ခေါ်သော အကြောင်းက နမ့်ပိန်းချောင်းရှိသော ကြောင့် ယင်းနမ့်ပိန်း ချောင်းကို အစွဲပြုကာ မြို့၏ အမည် ကို မိုင်းပျဉ်းဟုခေါ်တွင် ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရှိသော မြစ်ချောင်းများ သည် များ သော အားဖြင့် မြောက်မှတောင်သို့ စီးဆင်းကြသော်လည်း နမ့်ပိန်းချောင်း ကတော့ တောင်မှမြောက်သို့ ပြောင်းပြန်စီးဆင်းသော ချောင်း ဖြစ်သည်။

ထို့ကြောင့် လည်း ၄င်းချောင်းကို နမ့်ပိန်းဟု ခေါ်တွင် ရခြင်း ဖြစ်သည်။ ရှမ်းလို နမ့် ကမြန်မာ လို ရေ ဖြစ်ကာ၊ ပိန်း ကတော့ပြောင်းပြန်ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် နမ့်ပိန်း ကိုဆီလျော် အောင် ဘာသာပြန်ပါက ချောင်းပြောင်းပြန် ဟု အဓိပ္ပါယ်ဖွင့်ရမည် သာ ဖြစ်သည်။

ချောင်းပြောင်းပြန်ရှိသော မြို့ကို မြို့ပြောင်းပြန်ဟု ခေါ်တွင် ခဲ့သော မိုင်းပျဉ်းမြို့သည် ရှမ်းလူ မျိုးများ အများ ဆုံးနေထိုင်ကာ အခါ၊ လားဟူ၊၀၊ လီစူး စသော တိုင်းရင်းသားများ လည်း နေထိုင်ကြ သော မြို့ ဖြစ်သည်။

မိုင်းပျဉ်းမြို့သည် တောင်ကြီး..ကျိုင်းတုံ၊ တာချီလိတ်-ပြည်ထောင်စုလမ်းမပေါ်၌ တည်ရှိ သည်။မိုင်းပျဉ်းမှ ဆက်သွားလျှင်ကျိုင်းတုံသို့ ရောက်မည် ဖြစ်သည်။

ငှက်ဖျားထူထပ်သော ဒေသမို့ ကျွန်တော် တို့မိသားစုအားလုံး မိုင်းပျဉ်းစရောက်ချိန်မှစ၍ ငှက်ဖျားကာကွယ်ဆေးများ ကို ကြိုတင်သောက်သကဲ့သို့ အခြားဂရိုစိုက်သင့်သည်တို့ကိုလည်း အထူးဂရုစိုက်ကြရသည်။

သို့ သော် မိသားစုငါးယောက် စလုံး တစ်ယောက် မကျန်အလူးအလိမ့် ဖျားကြသည်သာ။ ဒေသခံသူငယ်ချင်းများ ကတော့ မိုင်းပျဉ်းရောက်ပြီး ငှက်ဖျားမဖျားဖူးရင် ခေတ်မမီဘဲနေမှာ ပေါ့ဟု ဟာသဖောက်သည်။

မိုင်းပျဉ်း၌ ကြုံတွေ့ ရသော ဒုက္ခတစ်မျိုး ကတော့ ရာသီဥတုပူလောင်ခြင်းဒဏ်ပင် ဖြစ်သည်။ ချိုင့်ဝှမ့်မြို့ ဖြစ်သော မိုင်းပျဉ်း၏ ပင်လယ်ရေမျက်နှာပြင်အမြင့်ကား ပေနှစ် ထောင်ပင်မပြည့်။ ၁၅၁၅ ပေလား၊ ၁၈၁၅ပေလား အတိအကျတော့မမှတ်မိတော့ ၁၅၁၈ပေ ဖြစ်မည် ထင်သည်။

ပြင်ဦးလွင်မြို့ထက်ပင် ရေမျက်နှာပြင် အမြင့်ပိုသော ပင်းတယလို ရာသီဥတုအေးမြသော ဒေသမှနေ ပူနွေးသော ဒေသသို့ ရောက်သော အခါ ပူလောင်မှု ဒဏ်ကို ကျွန်တော် တို့အလူအလိမ့် ခံကြရသည်။ ချွေးမိတ်များ ပေါက်ကာ ယပ်တောင်နှင့် လက် မခွာတမ်းနေခဲ့ကြရသည်။

နောက်တော့လည်း မိုင်းပျဉ်းရာသီဥတုနှင့် ကျွန်တော် တို့အသားကျသွားသည်။ ပင်းတယ ကား ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၈၈၀ ရှိသည်။

မိုင်းပျဉ်းသည် ပင်းတယမြို့လောက်မကြီး။ မြို့ငယ်တစ်မြို့သာ ဖြစ်သည်။ မိုင်းပျဉ်းသို့ ရောက်သွားသည်မှာ ကျွန်တော့် အဖို့တော့ ဗျိုင်းဖြူအုပ်စုကြားရောက်သွားသော ကျီးလို ဖြစ်ကာ နေသည်။ ကျွန်တော် ၏ အသားအရောင်းက ဖြူဖွေးသော အသားအရေရှိသည့် ရှမ်း၊ ၀၊ အခါ၊ လား ဟူး၊ လီစူး လူမျိုးများ ကြား၌ မည်းမှန်းမသိ မည်းကာနေသည်ကိုး။

မိုင်းပျဉ်းမြို့အထက်တန်းကျောင်း၌ ကျွန်တော် တက်ရသည့်နှစ် မှာ ပင် သူငယ်ချင်းများ စွာ ရလေသည်။ တဟီးဟီး တဟားဟားဖြင့် ပျော်ပျော်နေတတ်သော ကျွန်တော် နှင့် ရှမ်း၊ အခါ၊ လား ဟူ၊ လီစူးနှင့် ၀လူမျိုးဘော်ဒါများ ခဏအတွင်းမှာ ခင်သွားကြသည်။

သူတို့ပြောကြသော ဗမာစကားက ၀ဲသည်ဟုဆိုသော်လည်း ကျွန်တော် နားလည်သည်၊ သို့ သော်ဓနုလေသံဝဲနေသော ကျွန်တော် ၏ ဗမာစကားကိုမူ သူတို့သိပ်နားမလည်ကြ၊ ကျွန်တော် စကားတစ်ခွန်းဆိုတိုင်း ဆိုတိုင်း ၀ိုင်းနားထောင်ကြပြီး၊ လိုက်၍ တုပကာပြောကြရယ်ကြနှင့် ပျော် စရာကောင်းလှသည်။

ဗမာလူမျိုးပင် ဖြစ်သော်လည်း ဓနုမြေမှာ ပင် မွေးဖွားကြီးပြင်းခဲ့သော ကျွန်တော့် အဖို့ (ယခု အချိန်ထိ)ဗမာစကားကို ပီသအောင် မပြောတတ်။ မည် ကဲသို့ ပင် ထိန်း၍ ပြောပြော ဓနုလေယူ လေသိမ့် ကတော့ မပျောက်။

ပင်းတယမြို့သည် ဓနုလူမျိုးနှင့် တောင်ရိုးလူမျိုးများ သာ အများ ဆုံးရှိသည်မို့ ဗမာများ သည် လည်း ပင်းတယတွင် အနေကြာသည်နှင့် အမျှ ဗနုလေသံဘက် ယိမ်းကာသွားတတ်ကြသည်မို့ ငယ်စဉ်က ဗမာသံသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် သာ ကြားရသော အသံ ဖြစ်သည်။ နတ်မော က်သား ဖြစ်သော အဖေနှင့်ရမည်းသင်းသူ ဖြစ်သော အမေသည်လည်း ဗမာစစ်စစ် ဖြစ်သော်လည်း ဗမာသံမပီပြင်တော့။

ထို့ကြောင့် ပင်းတယ၌ ကြီးပြင်းခဲ့သော ကျွန်တော့်အဖို့ ဗမာစကားပြောရန်မှာ အင်မတန် လျှာလိပ်၍ ပြောရဆိုရခက်လှသည်။တစ်ခုကောင်းသည်က ဗမာသံစစ်စစ် ပီပီသသမထွက်နိုင် သော ကျွန်တော့် အဖို့ ရှမ်းစကားသင်သော အခါ ရှမ်းလေယူလေသိမ့်ကို ရှမ်း တစ်ယောက် နီးပါး ပီ သအောင်ပြောနိုင်ခြင်းပင် ဖြစ်သည်။

သူငယ်ချင်းများ က ကျွန်တော့်ထံမှ ဓနုလေယူလေသိမ်းကို သငယ်ယူကြသလို ကျွန်တော် က ၄င်းတို့ထံမှ ရှမ်းစကားကို သင်ယူသည်။

ရှမ်းအရှေ့ပိုင်းမှ ရှမ်းလူမျိုးတို့၏ လေယူလေသိမ်းမှာ သွက်သွက်လက်လက်ရှိသည်။ အခြားပင်လောင်း၊ ဖယ်ခုံဘက်မှ ရှမ်းများ နှင့် လေယူလေသိမ့်ကွဲလွဲမှု ရှိသည်၊ ရှမ်းတောင်ပိုင်းမှ ရှမ်း များ ၏ လေယူလေသိမ့်က တစ်မျိုးတစ်ဘာသာ နားထောင်ကောင်းသကဲ့သို့ ရှမ်းအရှေ့မှရှမ်း စကားသည်လည်း တစ်မျိုးတစ်ဘာသာနားထောင်၍ ကောင်းသည်သာ ဖြစ်သည်။

မိုင်းပျဉ်း၌ အနေကြာလာသော အခါ ကျွန်တော် ၏ လေယူလေသိမ်းကား ရှမ်းလေယူလေ သိမ်းဘက်သို့ ယိမ်းကာသွားသည်။ ယိမ်း၍ သွားသော်လည်း ဓနုလေယူလေသိမ်းက ကုန်စင် အောင်မပျောက်။

သူငယ်ချင်းများ က ပင်းတယ၌ ငါးတန်းအောင်ကာ ကျောင်းပြောင်းလာပြီး သူတို့နှင့် ခြောက် တန်းအတူလာနေသော ကျွန်တော့် ကိုစကားတွေ အများ ကြီး ပြောခို်င်းသည်။ အကြောင်းမှာ ဓနုလေ သံမှာ သူတို့အဖို့ အထူးအဆန်း ဖြစ်ကာ နားထောင်ကောင်းခြင်းကြောင့် ဟူ၍ ဖြစ်သည်။

နောက်ပိုင်းမှာ ကျောင်းသူကျောင်းသာ အတန်းဖော်များ က သာမကဆရာ၊ ဆရာမ များ သည်ပင်လျှင် ကျွန်တော့် ကို မကြာခဏဆိုသလို စာထဖတ်ပြခိုင်းတတ်သည်။ ကျွန်တော့်စာဖတ်ပုံ ကို သဘောကျ၍ ဖြစ်သည်။ ကျွန်တော် ၏ ဓနုလေသံဝဲသော ဗမာသံ မပိကလာ ပီကလာသည် မိုင်း ပျဉ်းမှာ တော့ အထူးအဆန်းတစ်ခုလို ဖြစ်နေခဲ့သည်။

စာစီစာကုံးပြိုင်ပွဲများ ၌ မလွတ်တမ်းပြိုင်တတ်သော စာရေး ဆရာလောင်းကျွန်တော် သည် ဆုတစ်ခုမဟုတ်တစ်ခု ကတော့ ရသည်သာပဲ ဖြစ်သည်။

ပင်းတယမှာ နေစဉ်ကပင် သိုင်းဝတ္ထုများ ပါမကျန် စာမှန်သမျှ အကုန်ဖတ်သော ကျွန်တော့်  အဖို့ မိုင်းပျဉ်းရောက်စမှာ ပင် ရတနာသိုက်နှင့် ဆုံလေသည်။

အကြောင်းကာ ကျောင်းသားကျောင်းသူများ အနေဖြင့် ပြန်/ဆက်၌ Member ကဒ်များ ပြု လုပ်ကာ စာအုပ်ငှားယူခွင့်ကို ကျောင်းမှစီစဉ်ပေးသော ကြောင့် ဖြစ်သည်။

စာဖက်ရာ၌ လောဘကြီးသော ကျွန်တော် က ပြန်/ဆက်မှစာပေပေါင်းစုံကို တစ်နေ့တစ်အုပ် ငှားဖက်ရုံသာမက မပြင်စာအုပ်ဆိုင်များ မှလည်း လက်လှမ်းမီသို ငှားဖတ်သေးသည်။

စာမေးပွဲများ ၌ အဆင့်တစ်ကိုသာ ရအောင်ကြိုးစားသော ကျွန်တော် သည် ပြင်ပမှစာအုပ် များ ကိုလည်း စာမေးပွဲဖြေခါနီး အထိအဖတ်မပျက်။ အဖေတို့တားသည့်ကြားကပင် ခိုးဖတ်ခဲ့သည် သာ ဖြစ်သည်။

ဘီလူးသရဲစီးသလို စာဖတ်ကြမ်းသော ကျွန်တော် က ထိုအချိန်ကတည်းကပင် ကဗျာရေး သော ပိုး ကြီးထွားသည်ထက်ကြီးထွားအောင် ကြိုးစားသလို ဖြစ်ခဲ့သည်ထင်သည်။

ကဗျာပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲများ ၀င်ပြိုင်တိုင်း ကျွန်တော် သည် နောက်ဆုံးမှထွက်ခဲ့ရ သည်ချည်းသာ။ကဗျာရေး ရာ၌ စာရေး ရာ၌ ၀သွားအီသွားသည်ဟူ၍ မရှိ။ လောဘကြီးသည်။

ထို့အတူစာဖတ်ရာ၌ လည်း အရိုက်ခံရ၊ အဆူခံရသည်ကိုမမှု ဘဲ မိုးလင်းမိုးချုပ် ဇွဲကြီးခဲ့ သည်။ အိမ်နှင့်သုံးမိုင်ခန့်ဝေးသော စာအုပ်ဆိုင်များ မှ စာအုပ်တို့ကို ခြေလျင်လျှောက်ကာ ငှားပြီး အမြဲကျွန်တော် ဖတ်သည်။ သုတ ဖြစ် ဖြစ်၊ ရသ ဖြစ် ဖြစ်၊ ကျွန်တော့် အဖို့ စာအုပ်တိုင်းသည် ခုံခုံမင်မင်၊ စုံစုံမက်မက် ဖတ်ချင်စရာတွေ ချည်း ဖြစ်ခဲ့ရသည်။

ဖတ်ရုံနဲ့တင်အားမရ ကလောင်သွေးချင်စိတ်တို့ပင် ဖြစ်ခဲ့သော ကျွန်တော် ။ ထိုစဉ်က မဂ္ဂဇင်းများ ၏ လိပ်စာကို ကူးထားရသည်ကလည်း ကျွန်တော့်အဖို့ အလုပ်တစ်ခုပင် ဖြစ်သည်။

ခြောက်တန်း ခုနစ်တန်း၌ ကျွန်တော် အများ ဆုံးရေး ဖြစ်ခဲ့သည်က ကဗျာ များ သာ ဖြစ်သည်။

ဝတ္ထုတိုကို ပထမဆုံးစရေး ဖြစ်သည်။ ကိုးတန်းနှစ် (၁၅)နှစ် သားအရွယ်၌ ဖြစ်သည်။

၎င်းကိုးတန်းနှစ် သည် ကျွန်တော့်အဖို့ စင်ပေါ်၌ ပထမဆုံး သီချင်းတက်ဆိုဖူးသော နှစ် ဖြစ် သကဲ့သို့ ကဗျာ။ ၀တ္ထုအများ ဆုံးရေး ဖြစ်သော နှစ် ဖြစ်သည်။

မှတ်မှတ်ရရ ကျွန်တော် စင်ပေါ်တက်ဆိုခဲ့သော သီချင်းက ကိုင်ဇာ၏ တစ်သက်လုံးပဲ သတိ ရနေမယ် ဟူသော သီချင်း။

မိုင်းပျဉ်း၏ ချစ်စရာအကောင်းဆုံး အချက်များ အနက် ဂီတကို အားပေးခြင်းသည်လည်း အပါအ၀င် ဖြစ်သည်။ကျောင်းသားများ ကို စာပေဘာသာရပ်များ ၌ ထူးချွန်းအောင် သင်ကြားပေး သကဲ့သို့ အားကစားပွဲများ ကိုလည်း ၀ါ၊ စိမ်း၊ နီ၊ပြာ ခွဲကာ အားကစားနည်းမျိုးစုံတို့ကို ကျင်းပပေး သည်။ ကျောင်းစာပေ၊ အားကစား၊ ဂီတ၊ အနုပညာမျိုးစုံတို့ကို ဟန်ချက်ညီညီ သင်ကြားပြသပြုစု ပျိုးထောင်ပေးသော အ.ထ.က မိုင်းပျဉ်း၏ အာစရိယပူဇော်ပွဲများ ၌ တစ်ခန်းရပ်ပြဇာတ်များ ၊ ဂီတ ဖျော်ဖြေမှု များ ကိုလည်း အတန်းအလိုက် ဖျော်ဖြေစေခဲ့သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ၊ AIDS ပညာပေး စသည်ဖြင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများ ပြု လုပ်ပေးသလို ဟောပြောပွဲများ ကိုလည်း ယင်းတို့နှင့် သက်ဆိုင်ရာအလိုက် ဟောပြောပို့ချပေး ခဲ့သည်။

ကျွန်တော် ၏ ထိုစဉ်က ကျောင်းသားဘ၀သည် ကျောင်းစာ၌ သာ ပိ၍ နေသည်မဟုတ်ဘဲ ဘက်ပေါင်းစုံ။ကဏ္ဍပေါင်းစုံဖြင့်ကျောင်းနေပျော်ခဲ့သည်သာ ဖြစ်သည်။

‘ကျောင်းနေပျော်၍ စာတော် ရမည် ’ ဟူသော ဆောင်ပုဒ်နှင့် အမှန်တကယ်ညီခဲ့သော ကျောင်း၌ နေခဲ့သည် သက်တမ်းတစ်လျှောက် ကိုးတန်းနှစ် သည် ကျွန်တော့်အဖို့ ပျော်စရာအ ကောင်းဆုံးနှစ် ဖြစ်ခဲ့သည်။

အစမ်းစာမေးပွဲဖြေပြီးချိန်၌ ကျောင်းသားများ ကျောင်းစာဖြင့် နှစ် ၀င်စာ နပန်းလုံးပြီးခါစ အချိန်တွင် ပြုလုပ်ပေးသော အာစရိယပူဇော်ပွဲ၌ အတန်းပိုင်ဆရာက ကျောင်းသူကျောင်းသား အချို့ကို ပြဇာတ်ကရန် ရွေးထုတ်သည်။ အချို့သီချင်းဆိုချင်သူများ ကိုတော့ သီချင်းတိုက်၍ သီ ဆိုစေသည်။

ပြဇာတ်အတွက် ပြဇာတ်တိုက်ရန်အချိန်မှာ စာသင်ချိန်ပြင်ပ ကျောင်းဆင်းချိန်၌ ဖြစ်သကဲ့ သို့ သီချင်းကိုလည်း ပွဲရက်နီးမှ တိုက်ပေးခြင်း ဖြစ်သည်မို့ ကျောင်းသူကျောင်းသားများ စာသင်မ ပျက်ခဲ့ကြ။

ပြဇာတ်ကိုရေး ပေးသူမှာ ဆရာစိုင်းခမ်းလီ ဖြစ်သည်။ အတီရော အဆိုရောကောင်းသော ဆရာသည် ကဗျာ၌ လည်း အသင်ကောင်းသူ ဖြစ်သည်။ ကဗျာသင်ရာ၌ ကျောင်းသင်ရိုးညွန်းတမ်း အပြင် အချိန်ရပါက ခေတ်ပေါ်ကဗျာများ ၏ ဆန်းသစ်မှု ၊ ရွေ့လျားလာမှု တို့ကိုပါ မြည်းစမ်းတတ် အောင် သင်ပေးခဲ့သူ ဖြစ်သည်။

ကျွန်တော် တို့ သီချင်းတိုက်ရသည့်နေရာက သင်္ချာဆရာမ ဒေါ်နန်းဟွမ်းနွမ်း၏ အိမ်တွင် ဖြစ်သည်။ ဆရာမ ကား ကျောင်းဆရာမ ဖြစ်သကဲ့သို့ အခြားတစ်ဖက်မှာ လည်း သီချင်းခွေများ ထုတ် ဖူးသော ရှမ်းတေးသီချင်းအဆိုတော် ဖြစ်သည်။

ကျွန်တော် ဆယ်တန်းနှစ် မှာ ထုတ်သော ဆရာမ ၏ ရှမ်းသီချင်းခွေ၌ ပါသော သီချင်းတစ်ပုဒ် မျာ ဖြိုးကြီး၏ နာမည် ကျော်သီချင်း ဖြစ်သော အထည်ကြီးပျက် သီချင်းနှင့် သံစဉ်အတူတူပင် ဖြစ် သည်။ရှမ်းစာသားဖြင့် သီဆိုသော ကော်ပီသီချင်း ဖြစ်သည်။မြူးကြွကာ နားထောင်ကောင်းသော ၄င်းရှမ်းသီချင်းမှ ရှမ်းစာသားအချို့ကို အခုထိ ကျွန်တော် မှတ်မိနေသေးသည်။

ဆရာမ သည် အသံအလွန်ကောင်းသော ရှမ်းအဆိုတော် တစ်ဦး ဖြစ်သည့် အလျောက် ကိုယ်ပိုင်တီးဝိုင်းတစ်ခုကိုလည်း ပိုင်ဆိုင်သည်။

အာစရိယပူဇော်ပွဲ၌ သီချင်းဆိုမည့်  ကျောင်းသူကျောင်းသားစာရင်းနှင့် ၄င်းတို့သီဆို မည့်  သီချင်းများ ကို ကောက်သူမှာ သူငယ်ချင်း နန်းမိုခမ်း ဖြစ်သည်။

ကျွန်တော် တို့ ကိုးတန်း၌ သီချင်းဆိုမည့် သူက သိပ်တော့မရှိလှ။ ကျောင်းပိတ်ရက် စနေ၊တနင်္ဂနွေ၌ သီချင်းတိုက်မည် ဖြစ်ကြောင်း သူငယ်ချင်း ဖြစ်သူကဆိုသည်။ အချိန်ကား ည(၈) နာရီ။

* * * * *




ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ ဂစ်တာတီးချင်တဲ့ကဗျာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မိန်းမယူမယ်

ဂျင်းအင်္ကျီရောင် အချစ်၏ လေညင်းများ

ခြံခုန်တဲ့ ကြယ်