“မင်း ခရီးသွားမလို့ဆို … ”
“အေး ….”
“ဘယ်ကိုလဲ … ”
“ရှမ်းပြည်နယ်ဘက်ကို … ”
လွင်ထွန်းမေးသော မေးခွန်းတို့ကို သူ ခပ်တိုတို ဖြေ ဖြစ်သည်။
“ကြာမှာ လား … ”
ရာဇာက မေးဆတ်ရင်း မေးပြန်သည်။
“ပျော်သလောက်ပေါ့ … နောက်ဆုံးကွာ … မပျော်ရင်တောင် အနည်းဆုံး တစ်နှစ် လောက်တော့ နေမယ် … ပျော်သွားရင်တော့ နှစ် အကန့်အသတ်မရှိပေါ့ကွာ … ”
တစစ်စစ်ဖြင့် နာနေသလိုရှိသော ရင်ဘတ်ဆီမှ အောင့်သက်သက်ဝေဒနာကို လစ်လျူရှုရင်း သူ ဆို ဖြစ်သည်။
“မင်းကလည်းကွာ … မိဘနဲ့ပဲ ပြိုင်မာနထားနေသေးတယ် … ဆူချင်လည်း ဆူပစေ့ပေါ့ … ငြိမ်ခံနေလိုက်ရင် ပြီးသွားမယ့်ဟာကို … ”
ရာဇာက သူ့ကို မျက်မှု န်ကုတ်ရင်း ဆိုသည်။
“တကယ်တမ်းကျတော့ မင်း အဖေပြောတာလည်း မမှားဘူး … အဲဒီ ညက ဆင်ဝင်ကို မင်း ကားနဲ့ဝင်တိုက်မိတဲ့ကိစ္စမှာ … မင်းကသာ မူးမနေဘူးဆိုရင် သူ အပြစ်တင်စကားမပြောဘူးတဲ့ … ခုဟာက မင်းက ခြေလှမ်းတွေ ယိုင်ပြီး စကားပြောတာတောင် လေးလုံးမကွဲဘူးဆိုပဲ … မင်းဘက်က အဲဒီ လောက်ထိ ဖြစ်ပျက်နေမှတော့ မင်းအဖေက ဆူပြီပေါ့ကွ … ”
“ဆူတာကို ငါ မနာပါဘူး … ”
လွင်ထွန်း၏ စကားကို “မနာပါဘူး”ဟု တုံ့ပြန် ဖြစ်သည်။
ရာဇာ၏ အမေးက တစ်နေ့ကကိစ္စကို အစဖော်သလို ဖြစ်ကာသွားသည်မို့ ပြဿနာတက်ခဲ့သော ထိုညကို သတိပြန်ရမိသည်။
German Proverb
ထိုနေ့ကား မှတ်မှတ်ရရ ဘော်ဒါတစ်ဦး၏ မွေးနေ့ ညစာစားပွဲ။ အရက်မသောက်ဘဲ ဘီယာအနည်းမျှသာ သောက်သော သူ့ကို ဘော်ဒါ တစ်ယောက် က ဂျာမန်စကားပုံတစ်ခုကို ရွတ်ပြရင်း သူ့ကိုလာဆွရာမှ ပြဿနာက အစပြုခဲ့ခြင်း ဖြစ်သည်။
“ယောက်ျား တစ်ယောက် လုပ်နေပြီးတော့ မိန်းမတွေ တောင် သောက်နိုင်တဲ့ဘီယာတွေ လောက်ပဲ သောက်တယ်ဆိုတော့ သဘာဝ မကျဘူး ခေတ်ကျော် … ”
၎င်းစကားကြောင့် သူ ရယ် ဖြစ်သည်။ ပြီး …
“ငါ … ဒီနေ့ မသောက်ချင်လို့ မသောက်တာပါကွာ … အရင်ရက်တွေ က သောက်ပါတယ် … ဒီနေ့က ဒရိုင်ဘာမပါလို့ ငါ ကိုယ်တိုင်ကားမောင်းပြန်ရမှာ … ကြားဖူးတယ် မဟုတ်လား … မူးရင် မမောင်းနဲ့ … မောင်းရင် မမူးနဲ့တဲ့ … ”
ပြေရာပြေကြောင်းပြောသော သူ့စကားကို ၄င်းဘော်ဒါက လက်မခံ။
“Sorry ပဲ ခေတ်ကျော် … So Sorry … မင်းရဲ့ ဆင်ခြေကို ငါ လုံးဝလက်မခံဘူး … ဒီပွဲမှာ လာတဲ့လူတွေ အားလုံး ကိုယ့်ကားကိုယ်မောင်းလာကြတာချည်းပဲ … ဘယ်ကောင်က ဒရိုင်ဘာ ခေါ်လာလို့တုံး … သွေးမကြောင်စမ်းပါနဲ့ကွာ … ဘာလဲ မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မှရှိဘူးလား … ”
“ကဲပါ ခေတ်ကျော်ရာ … အပြောမခံနဲ့ … ရော့ … ချပစ် … ”
သူတို့အခြေအတင်ပြောနေခိုင်မှာ ပင် မွေးနေ့ရှင်ကိုယ်တိုင် “ရော့ ချပစ်”ဟု ပေးလာသော ဖန်ခွက်က သူ့လက်ထဲရောက်ကာလာသည်။ မွေးနေ့ရှင်ကိုယ်တိုင်ပေးသော ဖန်ခွက်မို့ အားနာနာဖြင့် သူမော့ ဖြစ်သည်။
တကယ်တော့ ထိုတစ်ခွက်နှင့် သူ ရပ်တန့်သင့်သည်။
သို့ သော် …
အမှု မဲ့ အမှတ်မဲ့ပင် စကားပြောရင်း သောက်ရင်းဖြင့် အိမ် အပြန်လမ်းမှာ ပြဿနာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
စိတ်ကိုတင်းကာ ကားကိုဖြည်းဖြည်းချင်း မောင်းလာခဲ့သည်မို့ တစ်လမ်းလုံး ဘာပြဿနာမှ မ ဖြစ်ခဲ့။
အိမ်ကိုရောက်သော အခါမှသာ သူ တစ်ချိန်လုံးတင်းထားခဲ့သော စိတ်ကို လွှတ်ကာ ဆင်ဝင်ဘက်ဆီသို့ အရှိန်ဖြင့် ကွေ့လိုက်သည့် ခဏ ဝုန်းခနဲ ဆင်ဝင်ကိုပွတ်ကာ ဝင်တိုက်မိသွားခဲ့သည်။
ကားတိုက်မိသည့်ဘက်က မီးခွက်များ ကွဲသွားသည်မှလွဲ၍ ဘာမှကြီးကြီးမားမား မထိခိုက်မိ။ သူ့အသိစိတ်မှာ ဖေဖေနှင့် မေမေ ထွက်လာသည်ကိုရော၊ အစ်ကို ဖြစ်သူ ခေတ်မော် သူ့ကိုတွဲ ကာ အိပ်ရာထဲ ပို့ခဲ့သည်ကိုရော ကောင်းစွာ မှတ်မိသည်။
ပြဿနာတော့ တက်ပြီဆိုတာကိုလည်း သူ ကောင်းကောင်းသိသည်။ သို့ သော် သိသည်က တခြား၊ မူးသည်က တခြား။
ရီဝေကာမူးရင်း အကြည့်တွေ ဝေဝါးနေသည့်ကြားမှ ခါးထောက်ကာကြည့်နေသော ဖေဖေ့ကိုရော၊ ဖေဖေ့နောက်မှာ ပူပန်စွာ ကြည့်နေသော မေမေ့ကိုပါ မြင်နေရသည်။
“သား စောင့်အိပ်လိုက်ပါ့မယ် … ဖေဖေတို့ အခန်းကို ပြန်နားလိုက်ပေါ့ … ”
အစ်ကို ဖြစ်သူ ခေတ်မော်၏ အသံကိုလည်းကြားနေရသည်။ ထို့နောက် သူ ရီဝေစွာ မူးရင်း အိပ်ပျော်သွားခဲ့သည်။
အိပ်မပျော်ခင်မှာ အရက်ကိုမသောက်တော့ဖို့ သူ့ကိုယ်သူ ပြောနေ ဖြစ်သည်။ အိပ်မက်ထဲမှာ ပင် သူ့ခေါင်းတွေ ကိုက်ခဲနေသော ကြောင့် ဖြစ်သည်။ “သောက်ဦးဟ အရက်” ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း အိပ်ရာမှထ ဖြစ်သည်။
ခုတင်ဘေးရှိ ဆက်တီပေါ်မှာ အစ်ကို ဖြစ်သူ၏ စောင်ကို တွေ့ ရသည်မို့ ညက သူ့ကိုစောင့်အိပ်ခဲ့သော “ကိုခေတ်မော်”ကို အားနာသွားရသည်။ သူ့ခမျာ ဆေးကျောင်းသားမို့ အိပ်ချိန်၊ စားချိန် ဆင်းရဲရသည့်ကြားထဲ ညီ ဖြစ်သူအတွက် အလုပ်ပိုနေရသည်။
နည်းနည်း လေးမှ ကောင်းကျိုးမပေးတဲ့အရက်ဟု တွေးကာ ကိုက်နေသော ခေါင်းကို ဟိုနှိပ်၊ သည်နှိပ်ရင်း မျက်နှာသစ် ဖြစ်သည်။
ပြီး …
သံပုရာရည်သောက်လျှင် အကိုက်အခဲပြေပျောက်လိမ့်မည် ဟုတွေးရင်း မီးဖိုခန်းဘက်သို့ အကူးမှာ …
“ခေတ်ကျော် … ဒီကို လာဦး … ”
ဟူသော ဖေဖေ့အသံကို ကြားလိုက်ရသည်။
ဧည့်ခန်းမှာ ထိုင်နေသော ဖေဖေ့ကို မရဲတရဲလှမ်းကြည့်ရင်း အကောခံရတော့မည် ဆိုသည်အသိနှင့် ပင် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် နီးစပ်ရာ ထိုင်ခုံမှာ ဝင်ထိုင် ဖြစ်သည်။
“လောကကြီးမှာ အရက်သောက်တဲ့လူ အမျိုးမျိုးရှိတယ် … တစ်မျိုးက အရက်ကိုဆေး ဖြစ်ဝါး ဖြစ်ပဲ ဖြစ် ဖြစ်၊ လူမှု ရေး အရ လုပ်ငန်းကိစ္စအတွက်ပဲ ဖြစ် ဖြစ် ရင်းနှီးမှု အရ အနည်းအကျဉ်းအဆင့်ရှိရှိသောက်တဲ့လူ … နောက်တစ်မျိုးက မူးအောင်ရူးအောင် လူမှန်းမသိ၊ သူမှန်းမသိ ခွေးသောက်သောက်တဲ့လူ … အေး … မင်းက ဒုတိယတစ်မျိုးထဲမှာ ပါတယ် … ”
“ဒါဖြင့် ခွေးသောက်သောက်တဲ့လူပေါ့”
ဟု သူ့စိတ်ထဲမှာ တွေးမိသည်။
“တစ်ခါတလေ သောက်မိတာပဲ ဖေဖေရာ … သားကို ဒီလောက်ထိပြောနေစရာ မလိုပါဘူး … ”
“ဟ … ပြောရမယ်ကွ … ခေတ်ကျော်ရ … ဒီတစ်ခါ စသောက်ကတည်းက မပြောမဆို မဆုံးမဘဲထားရင် နောက်တစ်ခေါက် ဖြစ်လာမှာ ပေါ့ … ”
အစ်ကို ဖြစ်သူကို “သားကြီး”၊ သူ့ကိုတော့ “သားငယ်”ဟု နှစ် ယောက် တည်းရှိသော သားများ ကို ချိုသာစွာ ခေါ်လေ့ရှိသော ဖေဖေက သူ့ကို “ခေတ်ကျော်” ဟု ခပ်ထန်ထန်ခေါ်သည်မို့ သူ့စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်ကာသွားသည်။
“နောက်တစ်ခေါက် ဖြစ်ရင် ကြိုက်သလိုပြော ဖေဖေရာ … မမှားသော ရှေ့နေ၊ မသေသော ဆေးသမားတဲ့ … သားလည်း ဒီတစ်ခါပဲ မှားဖူးသေးတာပါ … နောက်မ ဖြစ်စေရဘူး … စိတ်ချ”
ပြောပြီး သူ မီးဖိုခန်းလက် အသာလစ်ထွက်လာခဲ့ ဖြစ်သည်။ မမြင်လို့မပြောတော့ရင်လည်း အေးတာပဲဟု။ တကယ်လည်း သူ နောင်တရနေပြီးသား ဖြစ်သည်။ ကားက ဝယ်ထားသည်ပင် တစ်လ မပြည့်သေးသော အသစ်ကြီးဆိုတော့ ဖေဖေ ဒေါကန်လည်း ကန်လောက်သည်။
မမြင်လျှင် မပြောတော့လောက်ဟု ထင်ထားသော သူ့အတွေးက မှားကာသွားသည်။ ဖေဖေက မီးဖိုခန်းထဲသို့ ခါးထောက်ပြီး ရောက်ကာလာသည်။
“ဘာလဲကွ မင်းက … မိဘ ဆိုဆုံးမနေတာကို ဂရုမစိုက်တဲ့ပုံစံနဲ့ ထထွက်သွားရသလား … ”
“ဖေဖေကလည်းဗျာ … စောစောစီးစီး ကွိုင်နေပြန်ပြီ”
“ဟ … မကွိုင်လို့ရမလားကွ … ကားက မီးခွက်တွေ ကွဲကုန်ပြီ … အဲဒီ့ ကားက ငါးပြား၊ ဆယ်ပြားနဲ့ဝယ်ထားတဲ့ကား မဟုတ်ဘူး … ဒီရပ်ကွက်ထဲမှာ ဒီကားမျိုး နှစ် စီးရှိတာမဟုတ်ဘူး … ဆင်ဝင်လည်း ပတ်တီးပြန်ကိုင်ရတော့မယ် … သွားလည်းကြည့်ဦး … ”
“ဖေဖေ လိုက်ကောနေတာနဲ့ ခေါင်းတွေ ကိုက်လာပြီဗျာ”
ခေါင်းကိုကုတ်ရင်း လက်တစ်ဖက်မှကိုင်ထားသော သံပုရာရည်ဖျော်မည့် ဖန်ခွက်ကို စားပွဲပေါ် ဂွပ်ခနဲ မသိစိတ်ဖြင့် ဆောင့်ချမိသည်။
“ဟ … ဘာလဲကွ … ဆောင့်ကြီးအောင့်ကြီးနဲ့ … အပြစ်လည်း လုပ်ထားသေးတယ် … အပြောအဆိုကျတော့လည်း မခံနိုင်ဘူးပေါ့ … ဟုတ်လား … မင်း ယောက်ျားမဟုတ်ဘူးလား …. ယောက်ျားဆိုတာ အမှားကိုအမှားမှန်းလက်ခံနိုင်ရတယ်ကွ … နောက်အပြောအဆိုမခံချင်ရင် ငါ့ကားတွေ တစ်စီးမှယူမစီးနဲ့ … ”
“မစီးဘူးဗျာ … ”
ခေါင်းကိုက်ကိုက်ဖြင့် သူ ခပ်တိုးတိုးပြန်ရွတ် ဖြစ်သည်။ ဖေဖေ မကြားလောက်ဟုထင်ပြီး သူ ရေရွတ်မိခြင်း ဖြစ်သည်။ ပြန်အော်ကာ ခံပြောခြင်းတော့မဟုတ်။ သူ အဲဒီ့ လောက်ထိ မရိုင်း။ သို့ သော် ဖေဖေက နားပါးသူမို့ ကြား ဖြစ်အောင်ကြားကာသွားသည်။
“မင်းက ငါ့ကို ပြန်ရွတ်တယ်ပေါ့လေ … ကဲကွာ … ပြန်ပြောဦး … ”
“ခွပ် … ”
“ကိုကျော်မော် … ”
ခွပ်ခနဲ အသံနဲ့အတူ သူ့နှုတ်ခမ်းထောင့်စွန်းမှာ ပူခနဲ နာကျင်သွားရသည်။ မေမေက ကိုကျော်မော်ဟု ဆိုရင်း ဖေဖေ့ကို ဆွဲထားသည်။ ကိုခေတ်မော်က …
“ဖေဖေ … လာပါဗျာ … သား ကြည့်ပြောလိုက်ပါ့မယ်”
ဟု ဆိုရင်း ဖေဖေ့ကို ဧည့်ခန်းဘက် ဆွဲခေါ်ကာသွားသည်။
သူ ဖေဖေ့၏ အရိုက်အနှက်၊ အထိုးအကြိတ်ကို တစ်ကြိမ် တစ်ခါမှမခံဖူးသူမို့ ရှက်လည်းရှက်၊ စိတ်အားလည်းငယ်၊ နာလည်း နာကျင်သဖြင့် ချာခနဲ အိမ်တံခါးဆီ ထွက်ခဲ့ ဖြစ်သည်။
“သား … ဘယ်သွားမလို့လဲ သားငယ် … ”
“ညီလေး … ကိုခေတ် … ဟကောင် … ”
“ သွားပါစေ … သွားချင်တဲ့နေရာ သွား ခေတ်ကျော် … ငါ့စကားမှနားမထောင်ချင်ရင် ငါ့အိမ်မှာ နေဖို့ ဘယ်တော့မှ မစဉ်းစားနဲ့ … ”
ထူထူပူပူဖြင့် အိမ်ထဲမှထွက်လာရင်း အံကိုကြိတ်ထား ဖြစ်သည်။ ကားမီးခွက်လေးကွဲရုံဖြင့် လူကို ထိုးရလားဟု သူ့အတွေးမှာ တလွဲတွေးသည်။ တကယ်တော့ ဖေဖေထိုးခြင်းက ကားမီးခွက်ကိစ္စကြောင့် မဟုတ်မှန်းလည်း သိတော့သိသည်။
သို့ သော် အမှန်တရားထက် အရှက်တရားနှင့် ထူပူခြင်း။ သား ဖြစ်သူကို တစ်ခါမှ လက်ဖျားနှင့်ပင် နာကျင်အောင်မထိခဲ့ပါဘဲ ထိုးရက်လေခြင်းဟူသော ဝမ်းနည်းစိတ် စသည်တို့က စိုးမိုးနေသည်မို့ တလွဲမာနဖြင့် သူ ဖေဖေ့ကို အားမလို အားမရ ဖြစ်ခြင်းသာ ဖြစ်သည်။
မသိစိတ်မှာ တော့ ဝန်မခံ ဖြစ်သော်လည်း သူ မှားမှန်း သူ့ကိုယ်သူ သိသည်။ သို့ သော် အိမ်ကိုပြန်ဖို့ သူ ရှက်သည်။
ထို့ကြောင့် …
အိမ်ကိုပြန်ရန်ရှက်သော ကြောင့် မေမေ့၏ ညီမ၊ သူ၏ အဒေါ် အိမ်မှာ နှစ် ရက်၊ သုံးရက်ခန့် သော င်တင်နေသည်။ အဒေါ်က မေမေ့ဆီဖုန်းဆက်နေသည်ကိုလည်း သူ သိသည်။
မေမေနှင့် ဖေဖေ သူ့ကိုလာခေါ်လိမ့်မည် ဟု တစ်ထစ်ချတွက်ထားမိသည်။ နောင်ဆုံး ဖေဖေတို့လာမခေါ်လျှင်တောင် အစ်ကို ဖြစ် သူ လာခေါ်လိမ့်မည် ဟု သူ ထင်ထားခဲ့သည်။
သို့ သော် …
ဖေဖေ့၏ တစ်ချက်လွှတ်အမိန့်ကြောင့် လာခေါ်ဖို့နေနေသာသာ ဖုန်းပင်မဆက်ရ ဟူသော သတင်းကိုကြားရသော အခါ သူ ရှက်စိတ်၊ မခံချင်စိတ်တို့ဖြင့် ထူပူသွားရသည်။
ထိုကြောင့် ပင် အဒေါ် ဖြစ်သူ၏ သရက်ခြံ၊ လိမ္မော်ခြံများ ရှိရာ ရှမ်းပြည်နယ်ဘက်ကို သူ စိတ်ပြေလက်ပျောက် ထွက်ရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ဘော်ဒါတွေ အားလုံးကိုနှုတ်ဆက်ပြီး အဝေးပြေးကားပေါ်တက်ထိုင်၍ မကြာမီမှာ ပင် ကားကစ၍ ထွက်သည်။ လေယာဉ်လက်မှတ်စီစဉ်ပေးမည် ဆိုသော အဒေါ် ဖြစ်သူ၏ စကားကို ငြင်းဆန်ပြီး တမင်အဝေးပြေးကားဖြင့် ရန်ကုန်-တောင်ကြီးကား လက်မှတ်ကိုဖြတ်ကာ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲသည့်အနေဖြင့် တစ်နည်းဆိုရသော် ဒုက္ခကို “လာထား” ဆိုသည့် မခံချင်စိတ်ဖြင့် တမင်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ကားက တဖြည်းဖြည်းနှင့် ရန်ကုန်နယ်နိမိတ်နှင့် ဝေးကာ ဝေးကာလာသည်။ မေမေ့ကို သတိရသလိုလို။ ဖေဖေ့ကိုပဲ တောင်းပန်ချင်သလိုလိုဖြင့် ခံစားမှု မျိုးစုံက ရင်ထဲသို့ မွှေနှောက်ကာနေသည်မို့ သက်ပြင်းကိုသာ ဟင်းခနဲချ ဖြစ်သည်။
မြေပြန့်မှတောင်ပေါ်သို့ တဖြည်းဖြည်းတက်လာသည်နှင့် တစ်ပြိုင်နက် အအေးဓာတ်က ပိုပိုလာသည်။ ဤဒေသမှ January လ၏ အအေးက ရန်ကုန်ဆောင်းနှင့် ဘာမှမဆိုင်။
ကလောမှအောင်ပန်းကိုအကူးမှာ ချမ်းစိမ့်မှု တို့ကြောင့် သူ မေးရိုက်ချင်လာသည်။ ကားပေါ်မှ လူများ ကိုကြည်မိတော့ အားလုံးက အနွေးထည်ကိုယ်စီ။ အချို့က ခြုံစောင်ငယ် ကိုယ်စီဖြင့် နှပ်နေကြသည်။ သူ တစ်ယောက် တည်း ခပ်ပါးပါးအနွေးထည်ဖြင့် ခိုက်ခိုက်တုန် နေသည်မို့ Aircon ကောင်းလွန်းသော ကားကိုပဲ အပြစ်တင်ရမလား။ အနွေးထည်ခပ်ထူထူ ယူမလာမိသော ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမလား မသိတော့။
အောင်ပန်းမြို့ကားရပ်နားရာစားသောက်ဆိုင်ကို ရောက်တော့ ကျောပိုးအိတ် ဆွဲကာ ကားပေါ်မှ ဆင်း ဖြစ်သည်။
အနီးအနားတစ်ဝိုက်ကို လိုက်ကြည့်မိတော့ ဒေါ်လေးပြောသော ကားနံပါတ်နှင့် ဗင်ကားကိုတွေ့ ရသည်။
ကျောပိုးအိတ်ကိုလွယ်ရင်း ထိုကားဆီခပ်သုတ်သုတ် လှမ်း ဖြစ်သည်။ ကားပြင်ပရှိ လေထုနှင့် တွေ့ တော့မှ အအေးဓာတ်က နှစ် ဆ ပိုလာသလား အောက်မေ့ရသည်။ ရေခဲပုံးထဲမှာ ရေခဲများ နှင့် ရောနှောခံထားရသလို ခြေဖျားလက်ဖျားများ ပင် ထုံကျဉ်အေးစက်ကာ လာသည်။
ဒေါ်လေးပြောထားခဲ့သော ကားနံပါတ်ဖြင့် ရပ်နေသော ဗင်ကားဆီ ခပ်သွက်သွက် လျှောက်ပြီး ကားထဲမှာ စောင်ခြုံရင်းနှပ်နေသော ကားဆရာကို ကားတံခါးထုကာ နှိုး ဖြစ်သည်။
စောင်ကိုခေါင်းမြီးခြုံကာအိပ်နေသော ကားဆရာက ခေါင်းမှစောင်ကိုဖယ်ပြီး သူ့ကိုကြည့်သည်။
“ဟင် … ”
သူ ထင်ထားသလို ကားဆရာက ယောက်ျား တစ်ယောက် မဟုတ်။ သူ့ထက် အသက်အနည်းငယ် ငယ်ပုံရသော ကောင်မလေး တစ်ယောက် ဖြစ်ကာနေသည်။ ၄င်း ကောင်မလေးက အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးဖြင့် သူ့ကိုကြည့်ကာ အလုံပိတ်ထားသည့် ကား မှန်ကိုချ၏ ။ ပြီး …
“ကိုခေတ်ကျော်လား … ”
ဝဲတဲတဲ ဖြစ်နေသော ဒေသခံလေသံဖြင့် သူ့ကိုမေးလာသည့်မို့ သူ ခေါင်းကို ခပ်သွက်သွက်ညိတ်ပြ ဖြစ်သည်။
“လာလေ … တက် … ”
မေးလွှဲပြရင်း “တက်” ဟုဆိုလာသော ကောင်မလေးက သူ့ ဘေးမှတံခါးကို လှမ်းဖွင့်ပေးသည်။
ကားပေါ် ခပ်သွက်သွက်တက်ပြီး ကားတံခါးကို မြန်မြန်ပိတ် ဖြစ်သည်။ လေထုတို့က အေးစိမ့်နေသည်မို့ ကားထဲသို့ လေထုရောက်လာမှာ ကို သူ ကြောင်နေမိသည်။
“ရှင် Breakfast စားဦးမလား … ”
ကောင်မလေးက သူ့ကိုလှည့်မကြည့်ဘဲ ကားနောက်ခန်းကို စောစောက သူမခြုံထားသော စောင်ကိုလှမ်းပစ်ရင်းမေးသည်။
သူ့လက်မှနာရီကို ပင့်ကြည့်တော့ သုံးနာရီအတိ။ သူ ဗိုက်မဆာပါ။ ထို့ကြောင့် “မစားတော့ဘူး” ဟု ပြန်၍ ဆို ဖြစ်သည်။
ကောင်မလေးက ခေါင်းနှစ် ချက်ခန့်ညိတ်ရင်း ကားကို စက်နှိုးသည်။ ဒေါ်လေး၏ စိုက်ပျိုးရေး ခြံက ပင်းတယမှာ ဖြစ်သည်။ ထို့ကြောင့် အောင်ပန်းမှ ပင်းတယကို သွားရမည် ဖြစ်သည်။ သူ စီးလာသော လိုင်းကား ကတော့ အောင်ပန်းမှ တောင်ကြီးကို ခရီးဆက်မည် ဖြစ်သည်။
အောင်ပန်းမှ ပင်းတယသို့ လိုင်းကားများ က မနက်အစောကြီးမို့ မရှိသေး။ နံနက် ဆယ်နာရီခန့်မှ စဆွဲသည်ဟု ဒေါ်လေးက ပြောပြထား၍ သူ သိထား၏ ။ အကယ်၍ နံနက်ဆယ်နာရီလိုင်းကားကို စောင့်မစီးနိုင်လျှင် Taxi ငှား၍ ပင်းတယကို ခရီးဆက်နိုင်သည်။
သို့ သော် Taxi စရိတ်က တောင်ကြီး-ရန်ကုန် ကားခ၏ သုံးဆရှိသည်။ ဆိုပါစို့ … တောင်ကြီး-ရန်ကုန် ကားခက တစ်သော င်းဆိုလျှင် အောင်ပန်းမှ ပင်းတယသို့ ခရီးဆက်ရန် Taxi ခက သုံးသော င်း။ အကယ်၍ တစ်ယောက် တည်းငှားရသည် မဟုတ်ဘဲ ခရီးစဉ်တူသူများ နှင့် စုငှားလျှင်တော့ Taxi ခကို အချိုးကျပေး၍ ရသည်။
ကား Taxi မငှားလျှင်လည်း ဆိုင်ကယ် Taxi ရှိသည်။ သို့ သော် လေတဟူးဟူးတိုးနေမည့်  ဆိုင်ကယ်ကိုသာ ဤကဲ့သို့ အေးစိမ့်သော အချိန်မှာ သူလို မြေပြန့်သားစီးမိပါက လေဖြတ်ကာသွားနိုင်သည်။
“ကျွန်တော် အရမ်းအေးလို့ ဒီက အစ်မရဲ့ စောင်ကို ခဏယူခြုံလို့ရမလား … ”
သူ့ထက်ငယ်ရွယ်ပုံရသော်လည်း မရင်းနှီးသေးသူမို့ တမင်ပင် ကျွန်တော် ဟု သူ့ကိုယ်သူ သုံး ဖြစ်သည်။
“ရပါတယ် … ယူခြုံလေ … ”
ကောင်မလေး၏ အသံက ပျော့ပျောင်းသည်လည်း မဟုတ်။ မာထန်နေသည်လည်း မဟုတ်။ ဒေသသံခပ်ဝဲဝဲမို့ နားထဲမှာ တစ်မျိုး ချစ်စရာကောင်းလို့နေသည်။
အကွေ့အကောက်များ သော တောင်တက်တောင်ဆင်း လမ်းတို့ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနေသော သူမကိုကြည့်ရင်း ဖေဖေ့ကားကို ပြန်၍ သွားပြီး သတိရမိသည်။
စောင်ကိုယူကာခြုံထားတော့မှ နည်းနည်း နွေးလာသည်။
“တော် တော် အေးတယ်နော် … ”
“ဟုတ်တယ် … ဇီးရိုးဒီဂရီစင်တီဂရိတ်လေ … ”
ကောင်မလေး၏ အဖြေကြောင့် သူ ဘုရားတမိသည်။
“ဒါဖြင့် ရေခဲမှတ်ပေါ့ … ”
ဟု စိတ်ထဲမှာ တွေးမိသည်။
မျက်လုံးကိုမှိတ်ကာထားသော အခါ သူ မှေးခနဲအိပ်ပျော်ကာသွားသည်။
ဖျတ်ခနဲသူနိုးလာတော့ ကားကမောင်နှင်နေဆဲ။ ပင်းတယမှလာပြီး သူမ တစ်ယောက် တည်း လာကြိုရဲသော ကားမောင်းနေသည့် ကောင်မလေး၏ သတ္တိကို သူ တော် တော် လေး လေးစားသွားရသည်။
“နာမည် ဘယ်လိုခေါ်လဲ … ”
ကားမောင်နေသော သူမဘက်လှည့်ကာ သူမေး ဖြစ်သည်။
“ဝင့်ဟန်နီမော်ပါ … ”
“အားပါးပါး နာမည် က လုံးဝလန်းတယ်ဗျာ … ”
ရုတ်တရက် ချီးမွမ်း ဖြစ်သော သူ့စကားကြောင့် ကောင်မလေးက ရှက်ပြုံးမသိမသာ ပြုံးသည်။
“မနက်အစောကြီးကတည်းက ပင်းတယကနေ ထွက်လာတာလား … ”
“အင်း … တစ်နာရီခွဲကတည်းက ပင်းတယကထွက်လာတာ … နှစ် နာရီခွဲ အောင်ပန်းကို ရောက်နေပြီ … ”
ကောင်မလေးက လေသံဝဲဝဲဖြင့် ဆိုသည်။
“ တစ်ယောက် တည်း မနက်အစောကြီးထမောင်းလာရတာ မကြောက်ဘူးလား … ”
သူ့အမေးကို ကောင်မလေးက ရယ်သည်။
“ဘာရယ်တာလဲ … ”
“ကျွန်မ တစ်ယောက် တည်း လာတာလို့ ထင်နေလား … ကားနောက်ခန်းမှာ ကျွန်မအစ်ကိုပါတယ် … ရှင် စောစောက စောင်ယူတော့ သတိမထားမိဘူးလား … ”
သူမ၏ အရယ်တစ်ဝက်ဖြင့် ဆိုသော စကားကြောင့် သူ သမင်လည်ပြန် ပြန်ကြည့် ဖြစ်သည်။
သေသေချာချာကြည့်တော့မှ ကားနောက်ခန်းမှာ သူနှင့် ရွယ်တူခန့်ရှိသည့် လူငယ် တစ်ယောက် အိပ်နေသည်ကို မှု န်ဝါးဝါး အလင်းရောင် ကြားမှာ တွေ့ ရသည်။
ပင်းတယမြို့အဝင်ဆိုင်းဘုတ်ကို ကားမီးရောင် ဖြင့် သူတွေ့ လိုက်ရသည်။ ပင်လယ် ရေမျက်နှာပြင် အမြင့် (၃၈၈၀)၊ ပေသုံးထောင့် ရှစ်ရာရှစ်ဆယ်ဆိုသော စာလုံးနှင့် အတူ ကနုတ်ပန်းများ ကို ဆိုင်းဘုတ်မှာ တွေ့ နေရသည်။ အခြားမြို့များ လို “လှိုက်လှဲစွာ ကြိုဆိုပါ၏ ”တွေ ဘာတွေ ရေး မထား။
မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ ရပြီး မိနစ်နှစ် ဆယ်ခန့်မှာ ခြံဝင်းကြီးတစ်ခြံထဲသို့ သူမက မောင်းဝင်ပြီး ဘန်ဂလိုတစ်လုံး၏ ရှေ့မှာ ကားကိုရပ်သည်။
ပြီး ကားနောက်ခန်းမှ သူ့အစ်ကိုကို …
“ရောက်ပြီ … ထတော့ … ”
ဟု လှုပ်နှိုးသည်။ ထိုအခါမှ သူ့အစ်ကိုက အိပ်ချင်မူးတူးဖြင့်
“အောင်ပန်းရောက်ပြီလား … ”
ဟု ထထိုင်ရင်း မေးသည်။
“ဘယ်ကလာ ပင်းတယအိမ်ကို ပြန်ရောက်ပြီ … ”
“သြ … ဟုတ်လား ”
“သြ” ဟု အံ့အားသင့်စွာ ဆိုရင်း သူ့ကိုလှမ်းကြည့်ကာ အားနာပြုံး ပြုံးရင်းခေါင်းညိတ်ပြသည်။ ပြီး ရှက်အမ်းအမ်းဖြင့် …
“အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ … လုံးဝကိုမနိုးဘူး”
ဟု ဆိုသည်။
ထို့နောက် ကားပေါ်မှ ကမန်းကတန်းဆင်းပြီး သူ့အိတ်ကို ကူဆွဲပေးသည်။ ပြီး “လာ” ဟုဆိုကာ ရှေ့မှဦးဆောင်ပြီး အိမ်ထဲကို ဝင်သည်။
အိမ်ဝင်ဝင်ချင်း ညာဘက်မှအခန်းတံခါးကို တွန်းဖွင့်ပြီး တစ်လက်စတည်း အခန်းထဲမှမီးကို ဖွင့်သည်။
“တစ်ရေး တမောအိပ်ပြီး အနားယူလိုက်ဦးပေါ့နော့ … ”
ဒေသသံခပ်ဝဲဝဲဖြင့် သူ့အိတ်ကို ခုတင်ခြေရင်းရှိ ခုံမှာ တင်သည်။
“နိုးလာတော့မှ တွေ့ မယ်နော် … ”
“ဟုတ်ကဲ့ … ”
သူမကပြောပြီး အခန်းတံခါးကိုပိတ်ကာသွားသည်။ ခုတင်ပေါ်မှ စောင်အထူကြီးကို ကြည့်ပြီး အေးချမ်းမှု တို့ကို ပြန်ခံစားလာရသည်မို့ ကမန်းကတန်းပင် ခုတင်ပေါ်တက်ပြီး စောင်ကိုဆွဲခြုံ ဖြစ်သည်။
စောင်အထူကြီးကို ခြုံထားရသော်လည်း တော် တော် နှင့် မနွေး။ ကြာတော့မှ နွေးတေးတေး ဖြစ်လာပြီး သူ မှေးခနဲအိပ်ပျော်သွားသည်။
မည် မျှကြာအောင် အိပ်ပျော်သွားသည်မသိသည်မို့ နိုးနိုးချင်း လက်မှနာရီကို ကြည့် ဖြစ်သည်။
ရှစ်နာရီခွဲ။
ရန်ကုန်မှာ တော့ ရှစ်နာရီခွဲ ဆိုသော အချိန်သည် ပူနွေးစပြုနေသော အချိန် ဖြစ်လိမ့်မည် ။ ပင်းတယမှာ တော့ အေးစိမ့်ကာနေဆဲ။
ခုတင်ခေါင်းရင်းမှ ပြတင်းလိုက်ကာကို ဖယ်ရင်း ပြတင်းပေါက်ကို ဖွင့်လိုက်သော အခါ ချယ်ရီတွေ လန်းဆန်းစွာ ပင်လုံးပြည့် ပွင့်ဖူးနေသော မြင်ကွင်းကို တွေ့ ရသည်။
ယင်းခေါင်းရင်းရှိ ချယ်ရီပင်ပေါ်တွင် အမျိုးအမည် ကို အတိအကျ သူ မသိသော ငှက်ကလေးများ က တကျိကျိဖြင့် အော်မြည် နေကြသည်။ တိုက်ခတ်လာသော လေနုအေးက လတ်ဆတ် အေးမြကာ နေသည်။ အိပ်ခန်းမှာ ရေချိုးခန်းနှင့် အိမ်သာတွဲ လျက် ရှိသည်မို့ ရေချိုးဦးမှဟုတွေးရင်း သူ ရေချိုးခန်းထဲဝင်ခဲ့ ဖြစ်သည်။
မျက်နှာသစ်သွားတိုက်ပြီး ရေချိုးရန် ရေပူTap၊ ရေး အေးTap ပါ သူ ဖွင့် ဖြစ်သည်။
“အောင်မလေးဗျ … ”
သူ ထခုန်မိသည်အထိ အေးစိမ့်သွားသည်။ ရေအေး Tap ကို ပိတ်ကာ ရေပူ Tap ကို သာဖွင့်သော်လည်း ရေပူလုံးဝမလာ။ အေးစိမ့်သော ရာသီဥတုကြောင့် အေးနေရသည့် ကြားထဲ ရေခဲရေတမျှ အေးစက်နေသော ရေ၏ အထိအတွေ့ ကြောင့် ချက်ချင်း ပင် သူမေးရိုက်သည်အထိ အေးသွားရသည်။ ကြည့်ရတာ ရေပူအိုးပျက်နေသည် ထင်၏ ။ ရေအေးကို ချိုးရသည့် ခံစားရမှု က ရေစိုရမှု က ရေစိုရွှဲကာ အေးချမ်းနေသော သင်္ကြန်မှာ ရေခဲရေဖြင့် ထပ်၍ အလောင်းအပက်ခံရသလိုမျိုး။
ဆပ်ပြာကို အမြန်တိုက်၊ အမြန်ချိုးပြီး တဘက်ပတ်ကာ ရေချိုးခန်းထဲမှ မြန်မြန်ထွက် ဖြစ်သည်။
အဝတ်အစား မြန်မြန်ဝတ်ကာ ရှိစုမဲ့စု မနေ့ကဝတ်လာခဲ့သော အနွေးထည်ဟောင်းကိုပင် ပြန်ဝတ် ဖြစ်သည်။
ရှမ်းပြည်နယ်ဘက် ခဏခဏရောက် ဖြစ်သော်လည်း နွေရာသီဘက် ရောက် ဖြစ်သည်က များ ပြီး ဆောင်းရာသီမှာ သူ မရောက်ဖူး။ ထို့ကြောင့် သူ့မှာ အနွေးထည် မပါ။ မပါဆို အိမ်မှဆင်းကတည်းက အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့် ဆင်းလာခဲ့သည်မို့ ဒေါ်လေးဝယ်ပေးသော အဝတ်ဆယ်စုံခန့်သာပါသည်။
သို့သော် ထို အဝတ်ဆယ်စုံစလုံးမှာ ရန်ကုန်မှာ ဝတ်သော ရန်ကုန်ရာသီဥတုနှင့် ကိုက်ညီသည့် ပေါ့ပေါ့ပါးပါး အဝတ်များ သာ။ အနွေးထည်နှင့် တူတာဆို၍ ဝတ်ထားသော ဤအင်္ကျီတစ်ထည်သာ ပါသည်။
“နိုးပြီလား … ”
အခန်းတံခါးကိုဖွင့်ကာ အိမ်ပြင်သို့ ထွက်ကာ သူ့ကိုမြင်မြင်ချင်း မနက်တုန်းက အောင်ပန်းမှလာကြိုသော ကောင်မလေးဟာ နှုတ်ဆက်သည်။
“အင်း … ”
ဟု သူ ခေါင်းညိတ်ပြ ဖြစ်သည်။
နှုတ်ဆက်ပုံက အရယ်အပြုံးမရှိ။ သို့ သော် ခပ်တည်တည် ကြီးလည်းမဟုတ်။ ဝတ်ကျေတန်းကျေလည်း မမည် ။ တစ်မျိုးတော့ တစ်မျိုးပဲဟု သူ တွေးမိသည်။
“အခုနေ့ ဘာလုပ်မလဲ ရွှန်း … ”
ခမောက်ဆောင်းထားသော လူ တစ်ယောက် က သူ့ရှေ့မှာ ရပ်နေသော ကောင်မလေးကို မေးသည်။
၎င်းခမောက်ဆောင်းထားသည့် လူက သူ့ထက်ရော၊ သူမထက်ပါ ငယ်မည် ထင်သည်။ ထိုလူ၏ နောက်မှာ အသက်ဆယ့်ရှစ်၊ ဆယ့်ကိုးခန့်ရှိမည့်  ကောင်မလေးတွေ က ရှစ်ယောက် လောက်ပါမည် ။ သူ့ကို လူစိမ်းမို့ လှမ်း၍ ကွက်ကြည့်၊ ကွက်ကြည့်လုပ်သည်။
“ကောင်မလေးနာမည် က ရွှန်းတဲ့လား … ”
ဟု သူတွေးနေစဉ်မှာ ပင် ကောင်မလေးက …
“ဟိုဘက်က သရက်ပင်တွေ မှာ ရှိတဲ့ သရက်ပွင့်တွေ ကို တစ်ခင်းလုံးက လိုက်ညှပ်ပစ်လိုက် … ”
“အေး … အေး … ”
ကောင်မလေး၏ စကားအဆုံးမှာ ထိုအလုပ်သမားများ အားလုံးက လှည့်ထွက်သွားရန် ပြင်သည်။
“နေဦး … ”
သူ၏ ရုတ်တရက်အော်သံကြောင့် အလုပ်သမားများ ရော ရွှန်းဆိုသည့် ကောင်မလေးပါ သူ့ဘက်လှည့်ကြည့်ကြသည်။ သူက ရွှန်းကို မျက်မှု န့်ကုတ်ကာကြည့်ရင်း …
“သရက်ပွင့်တွေ အကုန်ညှပ်ပစ် ဟုတ်လား … သရက်ပွင့်တွေ ညှပ်ပစ်ရင် သရက်သီး ဘယ်သီးတော့မှာ လဲ … ”
“ဟုတ်တယ်လေ … အဲဒါ ဘာ ဖြစ်လဲ … ”
သူ့စကားကို ကောင်မလေးက ချက်ချင်း တုံ့ပြန်သည်။ “ဘာ ဖြစ်လဲ” ဆိုသော စကားကြောင့် သူ တင်းသွားရသည်။ ကြည့်ဦး … သရက်သီး သီးချင်လို့ အပင်စိုက်ထားပြီးကာမှ အသီး ဖြစ်ရန်ပွင့်လာသော အပွင့်တို့ကို တစ်ခင်းလုံးမှာ ရှိသော သရက်ပင်မှာ အပွင့်တို့ကို ညှပ်ပစ်ရန်ခိုင်းသူကခိုင်းပြီး လိုက်နာမည့် သူကလည်း “အေး အေး” ဟု ဆိုကြသည်။ မေးတော့လည်း “အဲဒါ ဘာ ဖြစ်လဲ” ဟု ဆိုသည်။
“ဘာ ဖြစ်ရမှာ လဲ … အသီးသီးချင်လို့ အပင်စိုက်ထားတာလေ … အသီးရမယ့် အပွင့်ကို ညှပ်ပစ်ရမှတော့ ဘယ်လိုလုပ်အသီးသီးတော့မှာ တုံး … ”
သူ့စကားအဆုံးမှာ အားလုံးက ဟာသပြက်လုံးတစ်ခုကြားရသလိုမျိုး တခွီးခွီးဖြင့် ဝိုင်းရယ်ကြသည်။ ရွှန်းဆိုသော ကောင်မလေးက အရယ်ကိုရပ်ကာ ရုပ်ကိုတည်ရင်း မျက်နှာပိုးကိုသပ်လျက် …
“အဲဒီ့ လို အသီးသီးမှာ စိုးလို့ မသီးအောင် ညှပ်ခိုင်းတာလေ”
“ဘာ … ”
မျက်လုံးပြူး၊ မျက်ဆံပြူးဖြင့် “ဘာ” ဟုဆိုသော သူ့ကိုအားလုံးက ဝိုင်းကြည့်ကာ ရယ်ကြပြန်သည်။
“ဘာရယ်နေကြတာလဲ … မင်းတို့ ရူးနေကြလား … အသီးလိုချင်လို့ အပင်စိုက်တာ မဟုတ်ဘူးလား … အခု အပင်က သီးခါနီး တော့မှ အပွင့်ကို ညှပ်ပစ်ရတယ်လို့ … ”
“မရူးလို့ ညှပ်ပစ်ခိုင်းတာပေါ့ … ရှင်ကသာ ဗဟုသုတမရှိတဲ့လူမို့လို့ ဘုမသိ၊ ဘမသိနဲ့ လိုက်အော်နေတာ … ရှင်ကသာ အရူး … ”
ရွှန်းဆိုသော ကောင်မလေး၏ စကားကြောင့် အလုပ်သမား ယောက်ျားလေးများ ရော၊ မိန်းကလေးများ ပါ ရယ်ကြပြန်သည်။
“ညီမလေး … အဲဒီ လိုမပြောရဘူးလေ … သေသေချာချာ ရှင်းပြမှပေါ့ … ”
ရုတ်တရက်ဆိုရင်း သူတို့ရှိရာလျှောက်လာသော လူ တစ်ယောက် ကြောင့် အားလုံးက မျက်နှာပိုးသပ်သွားကြသည်။
ထိုလူက နံနက်တုန်းက ကားနောက်ခန်းမှာ အိပ်၍ ပါလာသော ရွှန်း၏ အစ်ကို။
“ကဲ … ကဲ … မင်းတို့က သွာြး ကတော့ … လာ … ညီလေးက ဒီကိုလာ … အစ်ကို ရှင်းပြမယ် … ”
အလုပ်သမားများ က သူ့ကို ပြုံးစိ ပြုံးစိကြည့်ရင်း ခြံထဲဆင်းသွားကြသည်။ သူက ရွှန်းဆိုသော ကောင်မလေးကို တစ်ချက်လှမ်းကြည့်ပြီး ရွှန်း၏ အစ်ကိုထိုင်နေသော ဆက်တီခုံများ ရှိရာဆီ လှမ်းခဲ့ ဖြစ်သည်။
“အရင်ဆုံး မိတ်ဆက်ပေးရဦးမယ် … ဒါက အစ်ကို့ညီမလေး … ရွှန်းဟန်နီမော်တဲ့ … အစ်ကိုနာမည် က ဝင်းဟိန်းမော် … ဒီမှာ က ကိုဟိန်းလို့ပဲ ခေါ်ကြတယ် … ”
“ဟုတ်ကဲ့ … ကျွန်တော် က ခေတ်ကျော်ပါ … ”
“ခေတ်ကျော်ဆိုတော့ ခေါ်ကျစ်ပေါ့ … ”
သူ့စကားအဆုံးမှာ သူမက ပြောင်ချော်ချော်ဖြင့် မကြားတကြားဆိုသည်။ ကိုဟိန်းက …
“ရွှန်း … ”
ဟု ဆိုရင်း လှမ်းဟန့်တော့မှ လျှာကလေးတစ်လစ်ဖြင့် မျက်နှာကိုမော့ကာ သူ မဟုတ်သလို လုပ်၍ နေသည်။
“အဲဒီ့ မှာ ရပ်ပြီး ဘာလုပ်နေတာလဲ … သွား … မနက်စာ သွားပြင် … ”
ကိုဟိန်းက ခပ်ငေါက်ငေါက်ဆိုတော့မှ သူမက နှုတ်ခမ်းကို အနည်ငယ် မသိမသာစူရင်း အိမ်ထဲကို ဝင်ကာသွားသည်။
ဘာရယ်မဟုတ်။ ကလေးဆန်သော သူမကို သူ ရယ်ချင် သွားရသည်။ အိမ်ထဲ ဝင်သွားသော သူမကို လှမ်းကြည့်ရင်း ပြုံးမိနေစဉ်မှာ “အဟမ်း” ဟု ချောင်းဟန့်သံ ပေးလာသော ကိုဟိန်းကြောင့် သူ နည်းနည်း တော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
ကိုဟိန်းက … “ဒီလိုကွ” ဟု စကားကို အစချီသည်။
“ဒီလိုကွ ညီလေးရ … သရက်ပင်က သရက်ပွင့်တွေ ကို ညှပ်ခိုင်းရတာ က အကြောင်းရှိတယ် … ဒီစိန်တစ်လုံးသရက်ပင်တွေ က တိုက်ရိုက်မျိုးစေ့ချစိုက်ထားတဲ့ အပင်တွေ မဟုတ်ဘူး … ရင်ကွဲသရက်မျိုးပင်ကို စိုက်ပြီးတော့ အဲဒီ့ ရင်ကွဲသရက်ပင်ရဲ့ လုံးပတ်က ဒီလက်မအရွယ်လောက်ရောက်တော့မှ အဲဒီ့ ရင်ကွဲပင်ကို ဖြတ်ပြီး စိန်တစ်လုံး သရက်ပင်ရဲ့ အကိုင်းနဲ့ ဆက်ထားတာ … ”
ကိုဟိန်းက သရက်ခင်းဘက် မျက်နှာမူရင်းဆိုသည်။
“ဘာ ဖြစ်လို့ အဲဒီ့ လို ကိုင်းဆက်ပြီးမှ စိုက်တာလဲ … ”
သူ ကိုဟိန်းကို မေး ဖြစ်သည်။
“ဘာ ဖြစ်လို့လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ပေါ့ကွာ … အကြမ်းဖျင်းပြော ရရင်တော့ စိန်တစ်လုံး သရက်စေ့ကို တိုက်ရိုက် ပျိုးထောင်ပြီးစိုက်ရင် ခုနစ်နှစ် လောက်မှ သရက်သီးကိုစရမယ် … ရင်ကွဲသရက်မျိုးပင်မှာ စိန်တစ်လုံးသရက်ပင်ရဲ့ အကိုင်းကိုဆက်ပြီး စိုက်ရင် သုံးနှစ် သားမှာ သရက်ပွင့်စပွင့်ပြီ … ခုနစ်နှစ် စောင့်စရာမလိုဘူး … ဒါပေမယ့် သုံးနှစ် သားသရက်ပင်ကို အသီးသီးခိုင်းရင် အပင်က ကြီးထွားမှု အား လျော့သွားနိုင်တယ် … အသီးအောင်ဖို့ကလည်း မသေချာဘူး … အဲဒါကြောင့် အပင်ကိုကြီးထွားမှု နှုန်း မလျော့နည်းသွားအောင်လို့ သရက်ပွင့်တွေ ကို ညှပ်ပစ်တာ … ”
ကိုဟိန်း၏ စကားအဆုံးမှာ “သြော်”ဟု သူ ဆို ဖြစ်သည်။
“နောက်နှစ် ကျတော့ အပွင့်ညှပ်စရာမလိုတော့ဘူး … အသီးပေးသီးလို့ရပြီ … ဒါပေမယ့် အသီးတွေ သိပ်များများ သီးပေးလို့လည်း မရဘူး … အပင်အားကုန်သွားမှာ စိုးလို့ အနည်းအကျဉ်းပေးသီးပြီးတော့ သီးကင်းတချို့ကို ခြွေပစ်ရတယ် … စိုက်ခင်းထဲမှာ သရက်ပင်ကများ တယ် … တကယ်လို့ စိန်တစ်လုံးတိုက်ရိုက် စိုက်ချင်တယ်ဆိုရင်တော့ စိန်တစ်လုံးမျိုးပင်ရဲ့ ဈေးက အရမ်းမြင့်တယ် … ရင်ကွဲပင်စိုက်ပြီး စိန်တစ်လုံးကို ကိုင်းဆက်သလို ဈေးမချိုဘူး … ပြီးတော့ ကိုယ်တိုင် ပျိုးထားတဲ့ ပျိုးပင်မဟုတ်ရင် စိန်တစ်လုံးစစ်၊ မစစ်ကို မသိနိုင်ဘူး … ကိုင်းဆက်စိုက်ထားတာကျတော့ စိန်တစ်လုံး သရက်ပင်ကကိုင်းကို ညှပ်ပြီးမှဆက်တာမို့ သေချာပေါက် စိန်တစ်လုံးသရက်သီး သီးတယ်လေ … မှားစရာ၊ စိတ်မချနိုင်စရာ အကြောင်းမရှိတော့ဘူး”
သူ ဒုတိယမ္မိ“သြော်”ရပြန်သည်။
“ကိုင်းဆက်ထားတာက သရက်မှမဟုတ်ဘူး … လိမ္မော်လည်း ဒီလိုပဲ … လိမ္မော်ပင်ကို တိုက်ရိုက်စိုက်ရင် အပင်ကြီးထွားမှု နှုန်း နည်းနည်း နှေးသလို အသီးသီးဖို့စောင့်ရတာ လည်း ကြာတယ် … ဒီတော့ ရှောက်သီးပင်ကိုစိုက်ပြီး လိမ္မော်ပင်ကိုင်းကို ဆတ်ကြတယ် … အဲဒီ့ လို ကိုင်းဆက်ပင်တွေ အသီးအပွင့်စတဲ့နှစ် မှာ သရက်ပင်လိုပဲ အသီးပေးမသီးဘူး … အဲဒီ့ လို တစ်နှစ် အသီးပေး မသီးတဲ့ အတွက် အပင်ကကြီးထွားမှု နှုန်းမြန်တယ် … ”
ကိုဟိန်း၏ စကားကို သူ ခေါင်းညိတ် ဖြစ်ရင်း “ဒီလိုကိုး” ဟု တွေးမိသည်။
စောစောက သူ့ကိုပြုံးစိစိဖြင့်ကြည့်နေကြသော အလုပ်သမကလေးများ နှင့် သူ့ကိုအကြောင်ရိုက်သော သူမကို သူ ဘုမသိ၊ ဘမသိ အော် ဖြစ်ခဲ့တာကို တွေးမိရင်း မျက်နှာပူသွားမိသည်။
“မနက်စာ ပြင်ပြီးပြီ … ”
အိမ်ထဲမှ လှမ်းအော်လာသော သူမ၏ အသံအဆုံးမှာ ကိုဟိန်းက …
“လာ … ညီလေး … ”
ဟု ခေါ်သည်မို့ သူ ထရပ်ကာ ကိုဟိန်းနောက်ကို လိုက်ခဲ့ ဖြစ်သည်။
ရှမ်းပြည်နယ်မှာ မို့ နံနက်စာကို ရှမ်းခေါက်ဆွဲ (သို့ မဟုတ်) တို့ဟူးနွေး ဖြစ်မည် ဟု ထင်ထားသော်လည်း စားပွဲပေါ်မှာ ရှိနေသည်က ထမင်းကြော်သာ ဖြစ်သည်။
“နောက်ရက်တွေ ကျတော့မှ ဈေးထဲမှာ ရှမ်းခေါက်ဆွဲတို့၊ တို့ဟူးနွေးတို့ လိုက်ကျွေးတော့မယ် … ”
ကိုဟိန်းက သူ့စိတ်ကို သိနေသည့်အလား ဆိုလာသည်မို့ သူ “ဟုတ်ကဲ့”ဟု ဆို ဖြစ်သည်။
“ဒါက ဂျူးပဲပုပ်အစပ်ကြော်၊ ဒါက တို့ဟူးနှစ် ပြန်ကြော် … ဒါက လက်ဖက်ချဉ်စပ် … ဒါနဲ့ ငရုတ်သီးရော စားရဲ့ လား … ”
ကိုဟိန်းက စားပွဲပေါ်မှ ဟင်းကြော်တို့ကို တစ်မျိုးစီရွတ်ပြရင်းက မေးသည်။
“သိပ်စပ်ရင်တော့ မစားနိုင်ဘူး အစ်ကို … ”
“ဟုတ်လား … ဒါတွေ က သိပ်တော့ မစပ်ပါဘူး … ကဲ … စား … ”
ပြောပြောဆိုဆိုပင် ကိုဟိန်းက သူ့ပန်းကန်ထဲ ဟင်းတွေ ကိုကော်ထည့်ပေးသည်။ သူမကို ကြည့်တော့ သူမက သူ့ကိုရှိသည်ဟုပင် မထင်သလိုမျိုး ထမင်းကြော်ကိုသာ မဲ၍ စားကာနေသည်။
ဘာရယ်တော့မဟုတ်။ နံနက်စာကို ပဲပြုတ်ထမင်းကြော်ဖြင့် စားလေ့ရှိသော ဖေဖေ့ကိုရော၊ ဖေဖေ့အကြိုက်ကို အမြဲစီမံပေးတတ်သော မေမေ့ကိုပါ သတိရမိသည်။
မေမေတို့လည်း သူ့ကိုသတိရနေမည် ထင်သည်။ ဖေဖေ မရှိလောက်မှန်းပြီး မေမေ့ဆီ ဖုန်းဆက်ဦးမှဟု သူတွေး ဖြစ်သည်။
“ညီမလေး … ဧည့်သည်ကို ခြံထဲလိုက်ပြလိုက်ဦး … ”
ထမင်းကြော် စားပြီးချိန်မှာ ကိုဟိန်းက အိမ်ထဲလှည့်ရင်း ၄င်း၏ ညီမကို ဆိုသည်။
“ကိုဟိန်း … လိုက်ပြလိုက်လေ … ”
ဟူသော သူမ၏ အသံကို သူ ကြားလိုက်ရသည်မို့ ဘာရယ် မဟုတ် နည်းနည်း တော့ နင်သွားရသည်။
“မြေသြဇာ သွားယူရဦးမယ် လာ … ညီမလေးက အားနေတာပဲ … ဧည့်သည်ကို ခြံထဲမှာ သေသေချာချာလိုက်ပြလိုက် … ”
ကိုဟိန်း၏ စကားအဆုံးမှာ သူမ၏ အသံထွက်မလာတော့။
“ကဲ … အေးဆေးနားလိုက်ဦး … သူ ပန်းကန်တွေ ဆေး ပြီးတာနဲ့ ညီလေးကို ခြံထဲလိုက်ပြလိမ့်မယ် … အစ်ကိုက မြေသြဇာ သွားယူစရာရှိလို့ သွားလိုက်ဦးမယ် … ”
“ဟုတ်ကဲ့ … ”
ကိုဟိန်း၏ စကားကို သူ ခေါင်းညိတ်ပြ ဖြစ်သည်။ ကိုဟိန်းက အိမ်ရှေ့မှာ ရပ်ထားသော ထော်လာဂျီကိုမောင်းကာထွက်သွားသည်ကို သူ လိုက်ကြည့်နေ ဖြစ်သည်။
“လာလေ … ခြံထဲသွားရအောင် … ”
ခဏအကြာမှာ သူမက သူ့ကိုလှည့်ပင်မကြည့်ဘဲ “လာလေ” ဟု ဆိုသည်။ အောင့်သက်သက်ဖြင့် ပင် သူ ထရပ် ဖြစ်သည်။
အိမ်က ကုန်းမြင့်မှာ ဆောက်ထားသည်မို့ မြေနိမ့်ပိုင်းမှာ ရှိသော ခြံဝင်းတစ်ခုလုံးကို အပေါ်စီးမှ မြင်နေရသည်။
“ဒီဘက်ခြမ်း ကတော့ ဒီခြံကို အန်တီလေးတို့ ဝယ်ကတည်းက ပါလာတဲ့ ထောပတ်သီးနဲ့ မက်မန်းပင်တွေ ရှိတဲ့ အပိုင်းပေါ့ … ဟိုဘက် ကတော့ လိမ္မော်နဲ့သရက် … သူက စိုက်ထားတာ သုံးနှစ် ဝန်းကျင်ပဲရှိသေးတယ် … အဲဒီ့ ဘက်ကိုတော့ လိုက်မပြတော့ပါဘူး”
သူမ၏ စကားကြောင့် …
“ဘာ ဖြစ်လို့လဲ … ”
ဟု သူမေး ဖြစ်သည်။
“ရှင် နှလုံး ရောဂါ ရနေမှာ စိုးလို့ … ”
“ဘာကိစ္စ ငါက နှလုံး ရောဂါ ရရမှာ တုံး …. ”
သူမ၏ ပြုံးစိစိအဆိုကို သူပြန်မေး ဖြစ်သည်။
“ဘာ ဖြစ်ရမှာ လဲ … အခုလောက်ဆို အလုပ်သမားတွေ က သရက်ပွင့်နေတဲ့ကိုင်းတွေ ကို ညှပ်နေလောက်ပြီလေ … အဲဒါကို ကြည့်ပြီး ရှင် နှလုံးခုန်တွေ ဘာတွေ ရပ်သွားမှာ စိုးလို့ … စောစောတုန်းကလို မျက်လုံးကြီးပြူးပြီးတော့လေ … ”
“ဘယ်တုန်းက မျက်လုံးပြူးလို့လဲ … မပြူးမိပါလား … ”
သူ ခေါင်းကိုကုတ်ရင်း ငြင်း ဖြစ်သည်။
“ရှင်က တော် တော် သတိမကောင်းတဲ့လူပဲ … ရှင် အိမ်ထဲက ထွက်လာခါစက ကျွန်မက အလုပ်သမားတွေ ကို သရက်ပွင့်ပွင့်နေတဲ့ကိုင်းတွေ ကို ညှပ်ခိုင်းတုန်းကလေ … ရှင်ပဲ မျက်လုံးပြူးကြီးနဲ့ သရက်သီးလိုချင်လို့စိုက်တာ … ဘာညာနဲ့ ပြောခဲ့တာလေ … မမှတ်မိတော့ဘူးလား … ”
သူမက ပြုံးစိစိနှင့် ပင် ခပ်သွက်သွက်ဆိုလာသည်မို့ သူ ရှက်အမ်းအမ်းဖြင့် “အဟဲ … ”ဟု ရှက်ရယ်ရယ် ဖြစ်သည်။ သူမ ကတော့ ရယ်ကျဲကျဲလုပ်သော သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး “မုန်းစရာကြီး”ဟု မကြားတကြား ရေရွတ်သည်။ ပြီး …
“စိတ်ခိုင်ခိုင်ထားနော် … သရက်ပွင့်တွေ ညှပ်တဲ့နေရာ သွားတော့မယ် … ရှူဆေးဘူးလေး ဘာလေး ဆောင်ချင်ဆောင်ခဲ့”
ဟု ရွှတ်နောက်နောက်ဖြင့် ဆိုသည်။
“ရှူဆေးဘူးနဲ့တော့ မရလောက်ဘူး … မင်းသောက်နေကျ စိတ်ငြိမ်ဆေးယူခဲ့ပါလား … အဲဒါနဲ့မှ အဆင်ပြေမှာ … ”
“ဘာ … ”
“မင်းသောက်နေကျ စိတ်ငြိမ်ဆေးလေ … ”
“ကျွန်မက ဘာဆေးမှမလိုဘူး … ရှင်ပဲ စိတ်ငြိမ်ဆေးသောက်ရမှာ ကိုဥစ္စာရူးရဲ့ … ”
ပြောပြီး ဘောက်ဆတ် ဘောက်ဆတ်ဖြင့် သူမက ရှေ့မှ သွားသည်။ ဘာရယ်တော့မဟုတ်။ ဟက်ခနဲ သူ ရယ် ဖြစ်သည်။ သစ်ပင်တွေ အကြောင်းသာမက ကောင်မလေး တစ်ယောက် အကြောင်းကိုပါ သူ လေ့လာရတော့မယ်ထင်သည်။ သရက်ပွင့်များ ကို နှမြောကာ ဘုမသိ၊ ဘမသိဆို ဖြစ်သော သူ့စကားကြောင့် နေရင်း ထိုင်ရင်းနှင့် သူမ၏ အမြင်မှာ သူသည် ဥစ္စာရူး ဖြစ်မှန်းမသိ ဖြစ်ကာ သွားသည်။
Polish Proverb
လက်ထဲမှစာအုပ်ထဲရှိ စကားပုံကိုကြည့်ရင်း သူ ပြုံး ဖြစ်သည်။ နေ့လယ်ခင်းတုန်းက ခြံထဲဆင်းစဉ် သူမနှင့် သူ ငြင်းခုန် ဖြစ်ခဲ့သည်ကို ပြန်၍ အမှတ်ရသည်။
နေ့လယ်ခင်းတုန်းက …
နေ့လယ်ခင်းမို့နေပူနေသော်လည်း ရှမ်းပြည်နယ်၏ ဆောင်းနေသည် ပူနွေးရုံသာရှိသည်။ ရန်ကုန်နေလို ပူပြင်းမှု မရှိ။
သရက်ပင်များ ၊ မက်မန်းပင်များ နှင့် ထောပတ်ပင်များ ကို ပတ်ကြည့်ပြီး အပြန်မှာ သူမက ဒညင်းပင်များ ကို ပြရင်း …
“ဒါ … ဒညင်းပင်လေ … ကျွန် ဒညင်းပင်ကိုမြင်ရင် အင်္ဂလိပ်တွေ ရဲ့ အသုံးမကျပုံတချို့ကို ဒေါသထွက်တယ် … ”
“အဆန်းပါလား”ဟု သူတွေး ဖြစ်သည်။
“ဘာ ဖြစ်လို့လဲ … ”
သူ သူမကို လှည့်ကြည့်ရင်း မေး ဖြစ်သည်။
“ဘာ ဖြစ်ရမှာ လဲ … ဒညင်းသီးကို Lady’s Biscuit လို့ ခေါ်တယ်လေ … Lady’s Biscuit ကို တိုက်ရိုက်ဘာသာပြန်တော့ အမျိုးသမီးများ ၏ ဘီစကစ်လို့ အဓိပ္ပာယ်ရတယ်လေ … တကယ်တော့ ဒညင်းသီးကို ယောက်ျားတွေ လည်း စားတာပဲ … တကယ်ဆို အဲဒီ လိုကြီး နာမည် ပေးဖို့ မကောင်းဘူးပေါ့ … နောက်ပြီး ရုံးပတီသီးကျတော့ Lady’s Finger တဲ့ … အမျိုးသမီးများ ရဲ့ လက်ချောင်းပေါ့ … ရုံးပတီသီးစားရင် အဲဒီ့ နာမည် ကို သွားသတိရပြီး ဆက်မစားချင်တော့ဘူး … သူများ လက်ချောင်းတွေ ကိုက်စားနေရသလိုကြီး ခံစားနေရလို့ … ”
သူမ၏ စကားအဆုံးမှာ သူ ရယ် ဖြစ်သည်။
“ဘာရယ်တာလဲ … ”
“မင်း စဉ်းစားပုံက ကြောင်တောင်တောင် ရယ်စရာကြီး ဖြစ်နေတယ်လေ … အစွန်းရောက်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်မိဘူးလား … ”
“ဘာကိစ္စထင်ရမှာ လဲ … သူတို့နာမည် ပေးပုံကမှ အသုံးမကျတာ … ”
သူမက ချက်ချင်း တုံ့ပြန်သည်။
“ကိုယ့်သဘောထားနဲ့ မတိုက်ဆိုင်တာနဲ့ပဲ အသုံးမကျဘူးလို့ ပြောရင် ကိုယ့်ရဲ့ သဘောထားသေးသိမ်မှု ကို ပြသလို ဖြစ်မသွားဘူးလား … ”
သူ့စကားအဆုံးမှာ သူမက နှုတ်ခမ်းကို တင်းတင်းစေ့သည်။
“ကြိုက်သလို ယူဆနိုင်တယ် … သဘောထားကြီးတယ်ဆိုတာ သူ့နေရာနဲ့သူရှိတယ် … ဒီဝေါဟာရတွေ ကို ပေးခဲ့တာ ယောက်ျားတွေ ပဲ ဖြစ်မယ် … သူတို့နဲ့ပတ်သက်တာတွေ ကျတော့ လှတဲ့ နာမည် တွေ ချည်းပဲ … ဥပမာ ယောက်ျားတွေ ရဲ့ လည်စေ့ကို Adam’s Apples တဲ့ … အာဒမ်ရဲ့ ပန်းသီးပေါ့ … ဘုရားသခင်က မစားဖို့ ပညတ်ထားတာကို အာဒမ်က ခူးစားတော့ ပထမဆုံးကိုက်ပြီး မျိုချလိုက်တာ လည်ပင်းမှာ ခံပြီး နင်သွားတာလေ … တကယ်ဆို တခြား မလှမပ နာမည် ပေးလို့ရရဲ့ သားနဲ့ … မပေးဘူး … သူတို့ယောက်ျားတွေ နဲ့ ပတ်သက်တာကျတော့ လှတဲ့နာမည် မှပေးတယ် … ”
ကြောင်တောင်တောင် တွေးတတ်သော သူမကို သူ ရယ်ချင်သွားရသည်။ သူမ ကတော့ စကားကို ဆက်သည်။
“တကယ်တော့ ယောက်ျားတွေ က ကောင်းကိုမကောင်းကြတာပါ … တစ်ကိုယ်ကောင်းသမာတွေ … တကယ်ဆို အာဒမ်က အဲဒီ့ တုန်းက ပန်းသီးနင်ပြီး ကိစ္စပြတ်သွားရမှာ … အဲဒါဆို ဧဝ တစ်ယောက် တည်း နားအေးပါးအေးပဲနေမှာ … အခုတော့ သူ ဆတ်ဆော့တာနဲ့ လူတွေ ခေတ်အဆက်ဆက် အလုပ်ရှုပ်နေရတယ် … ”
ဆရာမ ကြီးအထာဖြင့် ဆိုသော သူမ၏ စကားကြောင့် သူ ဟက်ခနဲရယ် ဖြစ်သည်။ ထုံးစံအတိုင်း သူမက “ဘာရယ်တာလဲ”ဟု ခပ်ဆတ်ဆတ် မေးသည်။
“မင်းရဲ့ တွေးထောင့်၊ ရှုထောင့်တွေ ကို သဘောကျလို့ပါ … တော် တော် လေးကို ခွကျကျတွေးတတ်တာပဲ … ဒါနဲ့ ယောက်ျားတွေ မကောင်းဘူးလို ဘာ ဖြစ်လို့ ဝါးလုံးသိမ်းပြီး ပြောရတာ တုံး … ဧကန္တ ရည်းစားက ထားခဲ့လို့နဲ့တူတယ် … ”
သူ၏ စကားကြောင့် သူမက …
“ဘယ်က ရည်းစားကထားခဲ့ရမှာ တုံး … ရည်းစားကို မထားတာ … ယောက်ျားတွေ ကို အထင်မကြီးလို့ … ”
ဟု ချက်ချင်း တုံ့ပြန်သည်။
“အထင်ကြီးစရာကောင်းတဲ့ ယောက်ျားလေးတွေ နဲ့ မတွေ့ သေးတာလည်း ဖြစ်မှာ ပေါ့ … ”
“မတွေ့ တာမဟုတ်ပါဘူး … တွေ့ စရာအကြောင်းကို မရှိတာ … ဘာ ဖြစ်လို့လဲဆိုတော့ ယောက်ျားတွေ ကိုက ထက်ထက်မြက်မြက် မရှိကြဘူး … ကွမ်းစား၊ ဆေးလိပ်သောက်၊ အရက်သောက်၊ ရည်းစားထား၊ မိန်းမယူ … ဒီအကွက်တွေ ထဲမှာ ပဲ ကျင်လည်နေကြတာ … တချို့ဆို အရက်မူးပြီး ဆင်ဝင်ကို ကားနဲ့ ဝင်တိုက်တယ်ဆိုလား … ဘာဆိုလား … ”
“ဟိုက် … ”
ဟု သူ အံ့အားသင့်သွားရသည်။ သူ့ကိစ္စတွေ ကိုပါ သူမ သိနေပါလားဟု။
ကြည့်ရသည်မှာ ဒေါ်လေးဖုန်းဆက်၍ ပြောထားဟန်တူသည်။ လူကို ငယ်ကျိုးငယ်နာတွေ ဖော်ကာ နှိပ်ကွပ်နေသည်။ အနာပေါ်တုတ်ကျသည်မို့ နည်းနည်း တော့ တင်းသွားမိသည်။ နည်းနည်း တော့ ပြန်နှိပ်ကွပ်မှ ဖြစ်မည် ဟု တွေး ဖြစ်သည်။ ထို့ကြောင့် …
“မင်းကို ကြည့်ရတာ … ဝါးလုံးရှည်နဲ့သိမ်းပြီး ရမ်းတတ်ပုံ ရတယ် … ယောက်ျားတိုင်းက မင်းထင်သလိုချည်းမဟုတ်ဘူး … တော် တဲ့ထက်တဲ့လူတွေ လည်း တစ်ပုံကြီးပဲ … ”
ဟု ဆို ဖြစ်သည်။
“ဟုတ်ပါတယ် … ဟိုတုန်းကပေါ့လေ … ဟိုတုန်း ကတော့ ထက်မြက်တဲ့လူတွေ အများ ကြီး ရှိတာပေါ့ … အခုတော့ မရှိသလောက်ကို ရှား သွားပါပြီရှင် … တချို့များ ဆို အသုံးမကျလို့ အိမ်ပေါ်ကတောင် နှင်ချခံရတယ်ဆိုလား … ဘာဆိုလား … ”
ရယ်ကျဲကျဲဖြင့် ဆိုပြီး ဆတ်ခနဲ သူမ ခပ်သုတ်သုတ် အိမ်ထဲ ဝင်သွားသည်မို့ သူ ဘာမှပြန်မပြောလိုက်ရ။ အောင့်သက်သက်ဖြင့် သာ ကျန်ခဲ့ရသည်။
ဘာရယ်မဟုတ် စိတ်ထဲမှာ တော့ “တွေ့ ဦးမယ်”ဟု တေးထား ဖြစ်သည်။
English Proverb
မိန်းမများ သည် ဝတ်ပြုကျောင်းတွင် သူတော် စင်များ ဖြစ်၏ ။
လမ်းပေါ်တွင် နတ်သမီးများ ဖြစ်ကြ၏ ။
မီဖိုချောင်ထဲတွင် မကောင်းဆိုးဝါးများ ဖြစ်ကြ၏ ။
အိပ်ရာထဲတွင် မူ လူဝံများ ဖြစ်ကြ၏ ။
ဖတ်လက်စစာအုပ်ထဲမှ စကားပုံကို ဖတ်ကြည့်ရင်း သူ ပြုံးမိသည်။ ယောက်ျားတွေ ကို ဘာကြောင့် မှန်းမသိ အကောင်းမမြင်သော သူမကို စရန်ကိုလည်း တစ်လက်စတည်း တွေးမိသည်။
အိမ်ထဲမှထွက်လိုက်တော့ ဆိုင်ကယ်ကို ခွကာ မြို့ထဲသွားရန် ပြင်နေပုံရသော သူမကို အခန့်သင့်ပင် တွေ့ လိုက်ရသည်။
“ဟေ့ …. ”
နာမည် မခေါ်ချင်သည်မို့ “ဟေ့”ဟုသာ သူ ခေါ် ဖြစ်သည်။
“ဘာလဲ … ”
သူမကလည်း သူ့ကို ခပ်ဆတ်ဆတ်ပင်ပြန်၍ “ဘာလဲ”ဟု ပြန်ပြောသည်။
“မြို့ထဲလား … ”
“ဟုတ်တယ် … ”
“ဟို … ဒီစာမျက်နှာလေး မိတ္တူဆွဲချင်လို့ ဆွဲလာပေးမလား … ”
စာအုပ်ကိုလှန်ကာ မဖတ်ဖတ်အောင် သူပြသော်လည်း သူမ လှမ်း၍ ပင်မကြည့်။
“ဘယ်စာမျက်နှာကို … ဘယ်နှစောင်ဆွဲရမယ်ဆိုတာသာ ပြော”
ဟု ခပ်တိုတိုပင်ဆိုသည်။
“အင်း … စာမျက်နှာက (. . .) ငါးရွက်ပဲ ကူးခဲ့ရင်ရပြီ”
အိတ်ကပ်ထဲမှ တစ်ထောင်တန်ကို စာအုပ်နှင့် အတူပေး ဖြစ်သည်။
သူမက စာအုပ်ကိုယူပြီး တစ်ထောင်တန်ကိုမူ သူ့အိတ်ကပ်ထဲ ခပ်ဆောင့်ဆောင့်ပင် လှမ်းထည့်ရင်း …
“မိတ္တူလေး ငါးရွက်ဆွဲမှာ ကို တစ်ထောင်တန်ပေးတယ် … ဟုတ်လား … ပေးလိုက် ပါတော့လား … ငါးထောင်တန် … ”
မျက်စောင်းနီဖြင့် ကြည့်ရင်း ဆိုလာသော စကားကြောင့် သူ ရယ်ကျဲကျဲနှင့်ပင် …
“ဒါဖြင့် စိုက်ခဲ့ပေးနော် … ထီပေါက်ရင် ပြန်ပေးမယ်”
ဟု ဆို ဖြစ်သည်။
“ဒီလိုပဲ လုပ်စားနေတာ မဟုတ်လား … ”
ဟု ခပ်ဆောင့်ဆောင့်ဆိုရင်း ဆိုင်ကယ်ကို ဝူးခနဲမောင်း ထွက်ကာသွားသော သူမကို လိုက်ကြည့်ရင်း ပြုံး ဖြစ်သည်။
စာအုပ်ထဲမှ စကားပုံကို ဖတ်မိလျှင်ဖြင့် သူမ တစ်ယောက် ဒေါအကန်ကြီးကန်နေမှာ ကို သူ မြင်ယောင်မိရင်း ဟက်ခနဲရယ် ဖြစ်သည်။
သိပ်ကြာကြာတော့ မစောင့်လိုက်ရ။ အခန်းထဲမှာ ချိတ်ကာထားသော ဂစ်တာကိုယူကာ သီချင်းညည်းနေတုန်း သူမ ရောက်ချလာသည်။
ဆိုင်ကယ်ဦးထုပ်ကို ခပ်ကြမ်းကြမ်းချွတ်ကာ ဝရန်တာမှာ ဂစ်တာတီးနေသော သူ့ဆီ ခပ်သုတ်သုတ်လျှောက်လာကတည်းက သူမ၏ ဒေါသကို တစ်စွန်းတစ်စ သူ မြင်နေရသည်။
“ရော့ … ”
ခပ်ဆောင့်ဆောင့်ထိုးပေးသော စာအုပ်ကြားထဲ၌ ညှပ်ထားသည့် မိတ္တူစာရွက်တို့ကို ကြည့်ရင်း သူ ပြုံးမိသည်။
“ဘာပြုံးတာလဲ … ”
ခပ်ဆတ်ဆတ်မေးလာသော သူမ၏ အမေးကို သူ ပြန်မဖြေ ဖြစ်။ စာအုပ်ကို ရှေ့မှစားပွဲပေါ်တင် ဖြစ်သည်။ ပြီးမှ …
“မင်းက တော် တော် စပ်စုတာပဲကွ … ပြုံးတာတောင်မှပဲ လွတ်လွတ်လပ်လပ် မပြုံးရတော့ဘူးလား … ပြုံးတာတောင်မှ မင်းဆီက ခွင့်ပြုချက်ယူနေရဦးမှာ လား …”
ခပ်ရွဲ့ရွဲ့ဆိုသော သူ့စကားကို သူမ ပြန်၍ မတုံ့ပြန်ပါ။ မျက်စောင်းကြီးထိုးကာ ချာခနဲလှည့်ထွက်ကာသွားသည်။
ပါးစပ်ကလည်း ရွတ်သွားလိုက်သေးသည်။ ထုံးစံအတိုင်း “မုန်းစရာကြီး” ဟူ၍ ။
“ဒီနေ့ ဈေးနေ့လေ … ခြံထဲမှာ နေ့မယ့်အစား ရွှန်းနဲ့ဈေးထဲလိုက် သွားပါလား … ”
“ဈေးနေ့ …”
ရန်ကုန်သားမို့ “ဈေးနေ့”ဆိုသော ဝေါဟာရကို သူ နားမလည်။ ထို့ကြောင့် သံယောင်လိုက်ကာ “ဈေးနေ့”ဟု လိုက်ရေရွတ်မိသည်။
“ဆောရီးကွာ … ညီလေးက ဈေးနေ့ဆိုတာကို နားလည်မှာ မဟုတ်ဘူး … ဒီလိုကွ … ဈေးနေ့ဆိုတာက ဈေးရောင်းဈေးဝယ်တွေ ဆုံကြတဲ့နေ့ကို ခေါ်တာ … အဲဒီ့ လိုရက်ကို ငါးရက်တစ်ခါ သတ်မှတ်ထားတယ် … ငါးရက်မျာ ဈေးနေ့တစ်ရက် … အဲဒီ့လိုမျိုး … ”
“စနေတွေ ၊ တနင်္ဂနွေတွေ နဲ့ မဆိုင်ဘူးပေါ့ … ”
သူ၏ အမေးကို ကိုဟိန်းက ခေါင်းခါပြသည်။
“မဆိုင်ဘူး … ဥပမာကွာ … ဒီနေ့က ပင်းတယဈေးနေ့ …. နောက် ငါးရက်မြောက်နေ့ကျရင်လည်း ပင်းတယဈေးနေ့ …. နောက်ထပ်ငါးရက်မြောက်နေ့ကျရင်လည်း ပင်းတယဈေးနေ့ … အဲဒီ့ လိုမျိုး သူက တနင်္လာ၊ အင်္ဂါတွေ နဲ့မဆိုင်တော့ဘူး … ဒီအနီးအနားတစ်ဝိုက်က ဈေးတွေ ကိုပြောပြရရင် ပင်းတယဈေးနေ့ ပြီးနောက်တစ်နေ့က ဟဲဟိုးဈေးနေ့၊ နောက် ဒုတိယမြောက်နေ့က အောင်ပန်းဈေးနေ့၊ နောက်ရက်မှာ ပွေးလှဈေးနေ့၊ နောက် စတုတ္ထမြောက်နေ့ကျတော့ ကလောဈေး … ငါးရက်မြောက် … အဲ … ပဉ္စမမြောက်ရက် ကျတော့ ပင်းတယဈေးနေ့ ပြန်ရောက်လာတယ်”
ကိုဟိန်း ရှင်းပြသော စကားကြောင့် “ဈေးနေ့” ဆိုသော နေ့ကို နားလည်သလိုလို ရှိလာသည်။
“ဈေးနေ့ဆိုတာနဲ့ ရောင်းတဲ့လူတွေ ကလည်း ဈေးရှိရာကို လာကြ၊ ဝယ်တဲ့လူတွေ ကလည်း ဈေးကိုလာကြနဲ့ … ရောင်းသူနဲ့ ဝယ်သူ ချိန်းထားကြသလို ဆုံကြတဲ့နေ့ပေါ့ … ဈေးနေ့မဟုတ်တဲ့ ကြားရက်တွေ မှာ ဈေးသည်တွေ ရှိတယ်ဆိုပေမယ့်လည်း ဈေးနေ့လောက်တော့ ဈေးသည်မစုံတော့ဘူး … အထူးသဖြင့် ဟင်းသီးဟင်းရွက်သည်တွေ ပေါ့ … ”
ကိုဟိန်းစကားအဆုံးမှာ သူ ခေါင်းကို တဆတ်ဆတ်ညိတ် ဖြစ်သည်။
“ဈေးနေ့မှာ တိုက်တဲ့ဈေးတွေ ကလည်း ရှိသေးတယ် … ဥပမာ ပင်းတယဈေးနေ့က ညောင်ရွှေမြို့မှာ လည်း ဈေးနေ့ပဲ … အဲဒီ့ တစ်နေ့တည်းမှာ ပဲ ဟိုပုန်းဈေး … ဆီဆိုင်ဈေး … ရပ်စောက် ဈေးနေ့တွေ ရှိတယ် … နောက်ရက်ကျတော့ ဟဲဟိုးဈေး … အဲဒီ့  ဈေးနေ့မှာ လည်းပဲ ရွာငံမြို့နဲ့ဆိုက်ခေါင်တို့မှာ လည်း ဈေးနေ့ရှိတယ် … အောင်ပန်းဈေးနေ့နဲ့ တောင်ကြီးဈေး … အင်းလေးက ရွာမ ရေပေါ်ဈေးနေ့က တစ်ရက်တည်းပဲ … နောက်ရက် ပွေးလှဈေးနေ့ကလည်း မိုင်းသောက်ဆိုတဲ့ အင်းလေးကဈေး၊ အင်းလေးဖောင်တော် ဦးဘုရားဈေးနေ့က တစ်ရက်တည်းပဲ … ကလောဈေးနေ့ကျတော့လည်း ရွှေညောင်ဈေးတို့၊ ခေါင်တိုင်ဈေးတို့၊ ဖယ်ခုံမြို့ဈေးနေ့တို့နဲ့ တစ်ရက်တည်းပဲ … ”
ကိုဟိန်းက လက်တွေ ချိုးပြရင်းက ဆိုသည်။
“ဒါဖြင့် … ဒီနေ့က ပင်းတယဈေးနေ့ ဖြစ်သလို ဟိုပုန်းတို့၊ ရပ်စောက်တို့၊ ညောင်ရွှေတို့မှာ လည်း ဈေးနေ့တွေ ပဲပေါ့ … ”
သူ၏ အမေးကို ရွှန်းက … “ဒါပေါ့”ဟု ဆရာမ ကြီးလေသံဖြင့် ဝင်၍ ဆိုသည်။
“ဒီနေ့က ပင်းတယဈေးနေ့ … ပင်းတယဈေးနေ့ပြီး နောက်ရက်က ဟဲဟိုးဈေးနေ့ပဲ … အဲဒီ့ နေ့မှာ ကိုပဲ ရွာငံတို့၊ ဆိုက်ခေါင်တို့မှာ လည်း ဈေးနေ့ရှိတယ် … အဲဒီ့ လိုပဲ ဈေးနေ့တွေ က ငါးရက်တစ်ခါ ရောက်ရောက်လာတယ် … ”
ကိုဟိန်း၏ စကားအဆုံးမှာ သူ ကောင်းကောင်းကြီးသဘောပေါက်သွားသည်။
“ရန်ကုန်မှာ နဲ့မတူတဲ့ ရိုးရာဓလေ့တွေ မြင်ချင်ရင်တော့ လိုက်သာသွား … ထူးခြားတာတွေ မြင်ရ၊ တွေ့ ရလိမ့်မယ် … မနက်စာကို ဈေးမှာ ပဲ စားလိုက် … ”
“အစ်ကိုကော မလိုက်ဘူးလား … ”
သူ့အမေးကို ကိုဟိန်းက ခေါင်းခါပြသည်။
“အစ်ကိုက ဒီမှာ လုပ်စရာအလုပ်လေးတွေ ရှိသေးတယ် …. ညီမလေးနဲ့သာ လိုက်သွား … သူက ဈေးဝယ်တာ ကျွမ်းတယ် ”
ကိုဟိန်း၏ စကားအဆုံးမှာ သူမကို သူ လှမ်းကြည့် ဖြစ်သည်။ သူမ ကတော့ သူ့ကို ရှိသည်ဟုပင် ထင်ပုံမရ။ ဈေးခြင်းတောင်းကို စားပွဲပေါ်တင်ရင်း ကျန်လက်တစ်ဖက်မှာ ကိုင်ထားသော ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံတချို့ကိုထုတ်ကာ ရေတွက်လို့နေသည်။
ပြီး …
သူ့ကိုပင် လှည့်မကြည့်ဘဲ “လိုက်မှာ လား”ဟု ဝတ်ကျေတန်းကျေ လှမ်းမေးသည်။ “လိုက်မယ်လေ”ဟု သူ ဆို ဖြစ်သည်။
“လာလေ … ကားပေါ်တက် … ရှင်ဆိုင်ကယ်မမောင်တတ်ဘူး မဟုတ်လား … ”
သူမက ပြောပြောဆိုဆိုဖြင့် ခြင်းတောင်းကိုဆွဲကာ ကားတံခါးကိုဖွင့်ရင်း ဆိုသည်။
“ဆိုင်ကယ်တော့မမောင်းတတ်ဘူး … ကားတော့ မောင်းတတ်ပါတယ် … မောင်းပေးရမလား … ”
သူ့အမေးကို သူမက ခေါင်းခါပြရင်း ပြုံးစိစိလုပ်သည်။
“ကျွန်မက သူများ မောင်းတဲ့ကား မစီးရဲဘူး … ကားမောင်းတဲ့လူက မကျွမ်းကျင်ဘဲနဲ့ ဟိုဝင်တိုက်၊ ဒီဝင်တိုက်တွေ ဖြစ်နေမှာ စိုးလို့ … ဥပမာ- ဆင်ဝင်တို့၊ ဘာတို့ပေါ့ … ”
အနှောင့်အသွားမလွတ်သော သူမ၏ စကားကြောင့် သူရောယောင်ပြီး ရှက်အမ်းအမ်းဖြင့် ရယ် ဖြစ်သည်။
“ရောက်တုန်းရောက်ခိုက် ဆိုင်ကယ်စီးလေးဘာလေး သင်ထားပေါ့ … ကိုဟိန်းအားတဲ့ အချိန်ကိုဖမ်းပြီးတော့ … ”
ပြောပြီး သူမက ကားကိုကျင်လည်စွာ မောင်းထွက်လာသည်။ လမ်းတစ်လျှောက်လုံး ဈေးသည်၊ ဈေးဝယ်များ က မြို့လယ်ခေါင်ရှိ ဈေးရှိရာဆီ ဦးတည်သွားနေကြသည်။
မြင်းလှည်းများ ၊ ထွေလာဂျီများ ဖြင့် ဈေးသွားသူများ ရှိသလို အချို့က ဆိုင်ကယ်၊ အချို့က စက်ဘီး၊ အချို့ကျ ခြေလျင် ဈေးရှိရာဆီ သွားနေကြသည်။
“ဒီ ပင်းတယဈေးနေ့ဆိုရင် ဟဲဟိုးတို့၊ အောင်ပန်းတို့၊ ကလောတို့က ဈေးသည်တွေ လည်း ဒီပင်းတယဈေးကို ဈေးရောင်း လာကြတယ် … နောက် သူတို့ဈေးနေ့တွေ ကျတော့လည်း ဒီကဈေးသည်တွေ က သူတို့မြို့ဈေးနေ့တွေ အလိုက် သွားရောင်းကြတယ် … သူတို့လာရောင်းကြတာ ကတော့ ကုန်ခြောက်၊ ကုန်စုံနဲ့ အဝတ်အထည်တွေ ပေါ့ … ဒီကနေ သူတို့ဆီကိုတော့ ဟင်းသီးဟင်းရွက်နဲ့ ဘုရားပန်းမျိုးစုံတို့ … ဂျူးပဲပုတ်တို့လို ဟာမျိုးတွေ … ”
သူမက ကားကိုကျင်လည်စွာ မောင်းရင်းက ရှင်းပြသည်။ ဈေးဆီရောက်ချိန်မှာ တော့ နံနက်ရှစ်နာရီပင် မထိုးသေး။ သို့သော် ဈေးမှာ တော့ ဈေးသည်၊ ဈေးဝယ်များ ဖြင့် စည်းကားကာနေပြီ ဖြစ်သည်။
“Breakfast က ဘာစားချင်လဲ … ဒီမှာ ဒေသစာတွေ ထဲက ဆိုရင် ရှမ်းခေါက်ဆွဲ၊ တို့ပူးနွေးနဲ့ ငါးထမင်းချဉ်တို့၊ ဝက်သားချဉ်တို့ အစုံရတယ် … အကြော်တို့၊ ကောက်ညှင်းပေါင်းတို့လည်း ရတယ် … ဒါမှမဟုတ် လက်ဖက်ရည်နဲ့ မုန့်စားချင်ရင်လည်း ဖြစ်တယ် … ”
သူမက ဈေးခြင်းတောင်းကိုဆွဲကာ ကားပေါ်မှဆင်းရင်း ဆိုသည်။
“မထူးပါဘူး … ရှင့်ကို ဒီက တို့ဟူးနွေး စားဖူးအောင် လိုက်ကျွေးမယ် … ဒီက တို့ဟူးနွေး စားဖူးလား … ”
“ဘာထူးခြားလို့လဲ … ”
သူ၏ အမေးကို သူမက ချက်ချင်း ပြန်၍ မဖြေ။ အတော် လေးကြာတော့မှ …
“ဆိုင်ရောက်လို့စားကြည့်ရင် သိမယ်လေ … ”
ပြောပြီး သူမကဦးဆောင်ကာ ဈေးထဲရှိဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်သည်။ ပြီး “တို့ဟူးနွေး” နှစ် ပွဲမှာ သည်။
သိပ်မကြာလိုက်ပဲ တို့ဟူးနွေးနှစ် ပွဲကို လာချပေးသည်။ မျက်စိရှေ့မှာ ရှိနေသော တို့ဟူးနွေးကိုကြည့်ပြီး ယင်းပန်းကန်ကို ဇွန်းဖြင့် မွှေကြည့် ဖြစ်သည်။
တို့ဟူးနွေးပန်းကန်ကိုဇွန်းဖြင့်မွှေကာ အံ့သြနေသော သူ့ကိုကြည့်ကာ သူမက ဟက်ခနဲရယ်သည်။
“ဘာလဲ … ရှမ်းခေါက်ဆွဲကို ရှာနေတာလား … ”
သူမ၏ အမေးကို “အင်း” ဟု သူခေါင်းညိတ်ရင်း ဖြေ ဖြစ်သည်။
“ဒီ ပင်းတယက တို့ဟူးနွေးက အဲဒီ့ လိုပဲ တို့ဟူးနွေးစစ်စစ်ပဲရောင်းတာ … ရှမ်းခေါက်ဆွဲနဲ့ ရောချင်ရင် တို့ဟူးနွေးလို့မှာ ရုံနဲ့မရဘူး … တို့ဟူးနွေးကို ရှမ်းခေါက်ဆွဲထည့်မယ်လို့ ပြောမှရတယ် … တို့ဟူးနွေးအနှစ် ကိုပဲ အရသာခံ စားချင်ရင်တော့ တို့ဟူးနွေးလိုပဲမှာ လိုက် … ဒီလို တို့ဟူးနွေးအနှစ် တွေ ချည်း ထည့်ပေးလိမ့်မယ်”
“သြော် … ”
သူ အံ့အားသင့်စွာ ပင် “သြော်”ဟု ဆို ဖြစ်သည်။ ဇွန်းဖြင့် ကော်ကာစားကြည့်တော့ တို့ဟူးနွေး၏ ဆိမ့်သော အရသာကို ခံစားရသည်။ ရှမ်းခေါက်ဆွဲမပါသော်လည်း စား၍ ကောင်းနေသည်ကားအမှန်။
“ရော့ … ဒါတွေ နဲ့ တွဲ စားရင်လိုက်ဖက်တယ် … ”
သူမက သူ့ရှေ့ကို အာလူးကြွပ်ကြော်နှင့် ကောက်ညှင်းခွက်ကြော်တို့ကို ချပေးသည်။
တစ်ခါမှမစားဖူးသော ပုံစံမို့ စားရသည်မှာ ထူးခြားကာနေသည်။ သူမက “ဘယ်လိုလဲ” ဟူသော သဘောဖြင့် မျက်ခုံးပင့်ပြသည်။
“ကောင်းတယ် … ”
သူ ခပ်တိုးတိုးဆိုရင်း လက်မထောင်ပြ ဖြစ်သည်။
“ငွေလုမရှင်းချင်းဘူးနော် … ကျွန်မ ရှင်းမယ် … ဒါပဲ ”
သူမက ပိုက်ဆံအိတ်ကို ထုတ်ရင်း ဆိုသည်။
“နေပါ … ငါ ရှင်းလိုက်ပါ့မယ် … ”
“ထပ်မပြောဘူး … ကျွန်မ ရှင်းမယ် … ဒါပဲ”
“ဒါပဲ” ဆိုသော သူမ၏ စကားအဆုံးမှာ သူ ပခုံးကိုတွန့် ဖြစ်သည်။
“လက်ဖက်ရည် သောက်ဦးမလား … ”
“တော် ပြီ … ”
ခေါင်းခါရင်း သူ “တော် ပြီ” ဟု ဆို ဖြစ်သည်။
“ကဲ … လာ … ဈေးစသုံးကြတာပေါ့ … ”
ပြောရင်းဆိုရင်းနှင့် ပင် သူမက လက်ထဲမှဈေးခြင်းကို သူ့လက်ထဲသို့ ထည့်သည်။ သဘောက သူမ ဈေးဝယ်သမျှကို နောက်က ခြင်းဆွဲလိုက်ရမည် ဆိုသည့်သဘော။
“ဟိုမှာ ချိန်နေတဲ့ချိန်ခွင် တွေ့ လား … အဲဒါ “စဉ်း” လို့ခေါ်တယ် … သူက ချိန်ခွက်တစ်ဖက်ပဲ ပါတယ် … ”
သူမ ပြသော “စဉ်း” ဟုခေါ်သည့် ချိန်ခွင်ကို သူ အံ့အားတသင့်ပင်ကြည့် ဖြစ်သည်။ ၄င်းချိန်ခွင်၏ ထူးခြားချက်မှာ ချိန်ခွင်တစ်ဖက်တည်းသာ ပါခြင်း ဖြစ်သည်။
သူမက သူမ၏ ပိုက်ဆံအိတ်ထဲမှ စာရွက်တစ်ရွက်နှင့် ဘောပင်ကို ထုတ်ကာ စာရွက်လွတ်ပေါ်မှာ ၄င်း “စဉ်း” ဟုခေါ်သည့် ချိန်ခွင်ကို ပုံကြမ်းဆွဲပြသည်။
“တွေ့ လား … နံပါတ် (၁) က အဲဒါလက်ကိုင်တဲ့ နေရာ … နံပါတ် (၂) က ချိန်ခွင်လျှာ … နံပါတ် (၃) က ချိန်ခွင်ချိတ်လို့ရတဲ့ချိတ်တွေ ပေါ့ … သူက (၂၅) ကျပ်သား၊ (၅၀) သားနဲ့၊ (၁) ပိဿာဆိုပြီးတော့ ချိတ်တွေ ပြောင်းချိတ်လိုက်ရုံပဲ … နံပါတ် (၄) ကတော့ ချိန်ခွက်ပေါ့ … ချိန်ခွက်ရဲ့ ထိပ်မှာ ချိတ်လို့ရတဲ့ ချိတ်ပါတယ် … နံပါတ် (၅) ကကျတော့ ချိန်ခွင်လျှာကို တစ်ဖက်က ချိန်ခွက်နဲ့ ဝိတ်ထိန်းပေးတဲ့ သစ်သားဘောင်ပေါ့ … ”
“အဲဒီ့ ချိန်ခွင်ရဲ့ အလေးချိန်ကရော မှန်ရဲ့ လား … ”
သူမ၏ စကားအဆုံးမှာ ယင်းချိန်ခွင် (စဉ်း) ၏ ပုံကြမ်းစာ ရွက်ကို ယူကြည့်ရင်း သူ မေး ဖြစ်သည်။
“များ သော အားဖြင့် တော့ မှန်ပါတယ် … စဉ်း (ချိန်ခွင်) နဲ့ ငါးပိဿချိန်ပြီးတော့ ကတ္တားနဲ့ ပြန်ချိန်ကြည့်ရင် နည်းနည်း တောင် ပိုတတ်သေးတယ် … အလေးချိန်လျော့တဲ့စဉ်းလည်း ရှိချင် ရှိမှာ ပေါ့ … ”
သူမ၏ စကားကို သူ ခေါင်းညိတ် ဖြစ်သည်။
“မုန်လာထုပ် … ဘယ်လောက်လဲ … ”
“နှစ် ရာ … ”
သူမ၏ အမေးကို ဈေးသည်က နှစ် ရာဟု ပြန်ဖြေသည်။ နှစ် ရာဆိုသော မုန်လာထုပ်ကို ကြည့်ပြီး သူ မျက်လုံးပြူးသွားရသည်။ မုန်လာထုပ်က နည်းနည်း နောနော မုန်လာထုပ်ကြီးမဟုတ်။ ဘတ်စကတ်ဘောလုံးထက်ပင် ကြီးချင်ချင်ကြီးပင် ဖြစ်သည်။ ရန်ကုန်မှာ ဆိုလျှင်တော့ တစ်ထောင်ကျော်မျှပေးရမည် ထင်သည်။
“ဒီအသေးက တစ်ထုပ် ငါးဆယ် …. ”
ဈေးသည်ပြသော ငါးဆယ်ဆိုသည့် မုန်လာထုပ်က ရန်ကုန်မှာ ဆို သုံးရာခန့်တော့ ပေးရမည် ထင်သည်။ မေမေနှင့် အတူ ဈေးခြင်းလိုက်ဆွဲပေးဖူးသည်မို့ တော် တန်ရုံမီးဖိုချောင်သုံး ပစ္စည်းကစလို့ ဟင်းသီးဟင်းရွက် ဈေးနှုန်းအဆုံး နည်းနည်း ပါးပါးတော့ သူ သိသည်။
“ဈေးတော် တော် ချိုတာပဲ … ရန်ကုန်မှာ ဆို အနည်းဆုံး ငါးဆလောက်ပိုပေးရမယ် … ”
သူ့စကားကြောင့် သူမက ပြုံးသည်။
“ရန်ကုန်မှာ ဈေးပိုတာက ဒီကနေ ရန်ကုန်ကို သယ်ယူစရိတ် ကားခ၊ အလုပ်သမားခ၊ ပွဲခ၊ နောက် ဈေးတွေ ကို အဆင့်ဆင့် သယ်ရတဲ့စရိတ်၊ အဆင့်ဆင့် အလုပ်သမားခ၊ နောက်ဆုံး လက်ကားသမားနဲ့ လက်လီရောင်းတဲ့လူရဲ့ အမြတ်တွေ ပါတင်လိုက်တော့ ငါးဆ၊ ခြောက်ဆတက်သွားတာပေါ့ … ဒါပေမယ့် ရန်ကုန်မှာ ပေါတဲ့ကန်စွန်းတို့၊ ဘာတို့ကျတော့လည်း ဒီမှာ ရန်ကုန်ထက် ဈေးပိုတယ်လေ … ”
သူမက ဆရာမ ကြီးအထာဖြင့် မျက်လွှာကိုချရင်းဆိုသည်။ ပြီး သူမက အသီးအရွက်တို့ကို တစ်မျိုးပြီးတစ်မျိုးဝယ်သည်။ တချို့ အသီးအရွက်တို့ကို သူ မမြင်ဖူး။ တောင်ပေါ်ဒေသမှ ဟင်းသီးဟင်းရွက်တို့က သူ့အတွက်တော့ အထူးအဆန်း ဖြစ်ကာနေသည်။
ဘာပဲပြောပြော အသီးအနှံများ က လတ်ဆတ်သလို ဈေးလည်းချိုသည်။ ဈေးမချိုသည်က ငါးရံ့ခြောက် စသော ငါးခြောက်များ ဖြစ်သည်။ သို့ သော်လည်း ရန်ကုန်ဈေးထက်တော့ သိပ်အများ ကြီးမပို။ သယ်ယူစရိတ်လောက်သာ ပိုအမြတ်တင်ထားသလားမသိ။ ဈေးနှုန်းသိပ်မကြီးမြင်လှပေ။
ဆွဲခြင်းက တဖြည်းဖြည်းလေးလံကာလာသည်။ ဆွဲခြင်း၏ ဝိတ်ကြောင့် အနည်းငယ် မျက်နှာမဲ့စပြုသော သူ့ကိုကြည့်ပြီး သူမက ပြောင်ချော်ချော်ဖြင့် ပြုံးသည်။
ပြီး “လေးနေလား” ဟု ခပ်ရိရိမေးသည်။
“ဆွဲကြည့်ပါလား … ”
သူကလည်းခပ်ရွဲ့ရွဲ့ပင် ဖြေ ဖြစ်သည်။
“ တစ်ယောက် တစ်ဖက် ဆွဲတာပေါ့ … ”
ပြောပြောဆိုဆို သူမက ဆွဲခြင်း၏ လက်ဆွဲကိုင်းတစ်ဖက်ကို ကူဆွဲပေးသည်။ ငါးရက်တစ်ဈေးမို့လား မသိ။ ဈေးက ပွဲတော် တစ်ခုလို စည်ကားလွန်းလှသည်။ ဓနု၊ တောင်ရိုး၊ ပအိုင်း၊ ပလောင် စသော တိုင်းရင်းသားများ ၏ လေသံဝဲဝဲလေးများ ကို ကြားရသည်မှာ ကြည်နူးစရာကောင်းကာနေသည်။
ဈေးသို့ လည်ပတ်နေကြသော နိုင်ငံခြားခရီးသွားများ လည်း အတော် လေး များ ပြားသည်ကို တွေ့ ရသည်။
“နိုင်ငံခြားသားတွေ များ တယ်နော် … ”
သူ့အဆိုကြောင့် သူမက ခေါင်းကိုညိတ်သည်။
“ဟုတ်တယ် … ရွှေဥမင်သဘာဝ လိုဏ်ဂူကို လာလေ့လာကြတာလေ … ဂူက နှစ် သန်းပေါင်းနှစ် ရာကျော်ရှိတဲ့ သဘာဝ ထုံးကျောက်လိုဏ်ဂူ ဖြစ်တဲ့အပြင် ဂူထဲမှာ ရှိတဲ့ ရှေးဟောင်းရပ်ပွားတော် တွေ ကလည်း ကြည်ညိုစရာကောင်းတာကိုး … ဘေသဇ္စဂုရု လို့ခေါ်တဲ့ ရုပ်ပွားတော် တွေ ကလည်း ဒီပင်းတယဂူမှာ အများ ကြီးဖူးတွေ့ ရတာ … အဲဒီ့ ရုပ်ပွားတော် တွေ က တခြားနေရာတွေ မှာ လည်း ရှိတယ်ဆိုပေမယ့် တစ်နေရာတည်းမှာ အများ ဆုံးတွေ့ နိုင်တာက ဒီပင်းတယဂူမှာ ပဲ ရှိတာလေ … ”
သူမက စိတ်လိုလက်ရပင် ရှင်းပြသည်။
“အမှန်အတိုင်းပြောရရင် စောစောက ရွှန်းပြောတဲ့ ဘေသဇ္ဇဂုရုပ်ပွားတော် ကို သတိမထားမိဘူး … ဘုရားဖူးရောက်ခဲ့ပေမယ့် ဒီလိုပဲ ဂူထဲဝင်ရင်း ဖူးသွားတာဆိုတော့ တစ်ရက်လောက် ရွှန်းကို Guide ငှားပြီး လိုက်ပို့ခိုင်းဦးမှပဲ … ”
သူ့စကားကို သူမက ခေါင်းမညိတ်သလို ခေါင်းလည်းမခါ။ ကားတံခါးကိုသာဆွဲ၍ ဖွင့်သည်။ သူ ဈေးခြင်းတောင်းကို ကားထဲ ထည့်လိုက်တော့ သူမက “ကျေးဇူး”ဟု ဆိုသည်။
“ဒီနေ့တော့ စိတ်ကောင်းဝင်နေတယ် ထင်တယ် … ”
ဟု သူတွေး ဖြစ်သည်။
အပြန်လမ်တစ်လျှောက်လုံး သူမက ဘာစကားမှမဆို။ ဈေးနေ့မို့ ဈေးဆီဦးတည်ကာလာနေကြသော များ ပြားလှသည့် ထွေလာဂျီများ ကို ရှောင်ကာ ဂရုတစိုက်မောင်းကာနေသည်။
စိုက်ပျိုးရေး ခြံထဲရှိအိမ်သို့ ပြန်ရောက်ရောက်ချင်းပင် ကိုဟိန်းက လက်ပြကာခေါ်သည်မို့ သူဆွဲခြင်းကို သယ်ပြီး ကိုဟိန်းရှိရာ ဝရန်တာဆီ လျှောက်ခဲ့ ဖြစ်သည်။ သူစိမ်းကားတစ်စီးက အိမ်ရှေ့မှာ ရပ်ကာထားသည်။
“ဒီမှာ ဧည့်သည်ရောက်နေတယ် … ”
ကိုဟိန်း ညွှန်ပြသော ဧည့်သည်ဆိုသူကို လှမ်းကြည့်တော့ သူ မမြင်ဖူးသော ၊ မိန်းကလေး တစ်ယောက် ဖြစ်ကာနေသည်။
ထိုမိန်းကလေးက သူ့ကိုပြုံးပြသည်။ ပြီး …
“ကျွန်မက သွန်းပန်းနွယ်ပါ … ရန်ကုန်ကပါပဲ … ဒီက ကိုခေတ်ကျော်တို့ အန်တီလေးက … ပစ္စည်းတစ်ခု လူကြုံထည့်ပေးလိုက် လို့ လာပို့ပေးတာပါ … ”
“သြော် … ဟုတ်ကဲ့ … ”
ထိုမိန်းကလေးပေးလာသော ပါဆယ်ထုပ်ကို လှမ်းယူရင်း သူ ပြန်ပြုံးပြ ဖြစ်သည်။
“အခြား ဘာမှာ လိုက်သေးဘဲ မသိဘူး … ”
“သြော် … ဖုန်းဆက်ဖို့ပဲ မှာ လိုက်တယ် … ”
သူ့အမေးကို သွန်းပန်းနွယ်က ပြုံးရင်းဖြေသည်။
“ကဲ … ညီမကို ခွင့်ပြုပါဦး … နောက်ရက်တွေ မှပဲ စိုက်ခင်းထဲ လာလည်ဦးမယ် … ညီမတို့ခြံထဲ လာလည်ဦးနော် … ညီမတို့က နဂါးမောက်သီးနဲ့ ပျားလိမ္မော်ပဲ စိုက်တာ … ”
“ဟုတ်လား … လာခဲ့မယ်လေ … ”
“ဒါဖြင့် သွားပြီနော် … ”
ကားပေါ်တက်ကာ မောင်းထွက်သွားသော သွန်းပန်းနွယ်ကို ပြုံးပြရင်း သူ လက်ပြ ဖြစ်သည်။ ပြီး “အန်တီလေးဆီ ဖုန်းဆက်ဦးမှ”ဟု သူတွေး ဖြစ်သည်။
![]() မြို့ကြီးသား | ![]() ရနံ့တစ်စင်း၏တောင်ပံခတ်သံ | ![]() ယောက္ခကြီးကဆြာမဂျီး |