Cover

လက်ညိုးထိုး၍ ပန်းဝေသည်

စည်သူ

ထူးထူးခြားခြား ငါ့ဆီက စာလာလို့ မင်းအံ့သြနေမယ်နဲ့တူတယ်။ အံ့သြရင်လည်း အံ့သြစိတ်ကို ခဏဖယ်ပြီး စာကိုဆုံးအောင်ဆက်ဖတ်ကွာ။ မင်းအတွက် စိတ်ဝင်စားမှု တွေ ပေးချင်လို့။

ငါအခုတာဝန်ကျနေတဲ့ ရွာလေးကိုတော့ မင်းမှတ်မိဦးမှာ ပေါ့။ ပြီးခဲ့တဲ့နှစ် ဆရာကန်တော့ပွဲ ဆုံတုန်းက မင်းကိုပြောပြခဲ့တယ်လေ။ မမှတ်မိလည်း ကိစ္စမရှိပါဘူးကွာ။ စာအောက်ဆုံးမှာ ရေး ပေး လိုက်ပါတယ်။ ဒီလိုကွ...

ငါတို့ရွာလေးက ရာသီဥတုမျှတပြီး ရိုးမနဲ့နီးတော့ သစ်ပင် ၀ါးပင်ပေါတယ်ပေါ့ကွာ။ ရွာသူ၊ ရွာသားတွေ အားလုံးကလည်း စိုက်ပျိုးရေး ကိုပဲ အဓိက လုပ်ကိုင်ကြတယ်။ စိုက်ပျိုးရေး အတွက် အကောင်းဆုံး မြေဆီမြေလွှာတွေ ကို ပိုင်ဆိုင်ထားတဲ့ ရွာလေးပေါ့။

ဒါပေမဲ့ လွန်ခဲ့တဲ့ သုံး၊ လေးလလောက်ကစပြီး ငါတို့ရွာလေးရဲ့ အနီးဝန်းကျင် တောင်ကုန်းလေးတစ်ခုမှာ အင်မတန်ထူးဆန်းတဲ့ ပြောင်းလဲမှု တွေ ဖြစ်လာတယ်။ တောင်ကုန်း ပေါ်က ရှိသမျှ သစ်ပင်တွေ အားလုံး အလိုလို သေကုန်ကြတယ်ကွာ။ ဘာပရောဂ၊ ဘာအနှောင့် အယှက်မှ မပါဘဲ သေကုန်တာ။

ပတ်ဝန်းကျင်မြေသားနဲ့ သစ်ပင်တွေ အားလုံး၊ စိုက်ခင်းတွေ အားလုံးဟာ ပုံမှန်အတိုင်းပဲ။ အဲဒီ တောင်ကုန်းလေးတစ်ခုပဲ ကွက်ပြီး လွင်တီးခေါင်ပြင်သဘောမျိုး ခြောက်သွေ့သေဆုံး ကုန်တာ။ ဘယ်လိုကြောင့် ရယ် မသိဘူး။

မြက်ပင်ကစပြီး သက်တမ်း နှစ် ဆယ်သုံးဆယ်လောက်ရှိတဲ့ အပင်ကြီးတွေ ပါ မကျန်ဘူး။ သစ်ပင်ကြီးတွေ ဆို အရိုးအပြိုင်းပြိုင်းကျပြီး ခြောက်သွေ့သွားတာ ယုံရက်စရာတောင်မရှိဘူး။

အခုဆို အဲ့ဒီတောင်ကုန်းပေါ်မှာ ဘာအပင်မှ စိုက်လို့မရတော့ဘူးကွာ။ အရင်ရှိခဲ့တဲ့ သစ်ပင်ကြီးငယ်တွေ လည်း အရိုးနဲ့အရေပဲ ကျန်တော့တယ်။ အရမ်းထူးဆန်းတယ်။ တစ်ရွာ လုံးလည်း အဲ့ဒီတောင်ကုန်းလေးရဲ့ ပြောင်းလဲသွားမှု ကို အံ့သြနေကြတယ်။

အခုဆို တကယ့် လွင်တီးခေါင်ပြင်ပါပဲ။

ဒီအကြောင်းတွေ မင်းကို ပြောပြရတာ ကလည်း တခြားကြောင့် မဟုတ်ဘူး။ ဆရာကန်တော့ပွဲမှာ မင်းတို့ငါတို့ ဆုံတုန်းက မြေဆီလွှာ အမျိုးမျိုးနဲ့ပတ်သက်ပြီး မင်းစာတမ်း တစ်စောင် ပြုစုနေတယ်ကြားလို့ စာရေး ပြီး ပြောပြရတာ ။

မင်းလေ့လာရင် လေ့လာလို့ရအောင် အဲ့ဒီတောင်ကုန်းလေးက မြေနည်းနည်း ကို ဒီစာနဲ့ အတူ ထည့်ပေးလိုက် တယ်။ မင်းတတ်နိုင်သလောက် လေ့လာစမ်းသပ်ကြည့်ပေါ့။

ဒီလိုမှမဟုတ်ဘဲ ကိုယ်တိုင်လာရောက် လေ့လာချင်တယ်ဆိုရင်တော့ ငါ့လိပ်စာကို အောက်မှာ ရေး ပေးလိုက် တယ်။ ဒီစာထဲမှာ ပါတဲ့ အလွန်ထူးဆန်းသော တောင်ကုန်းလေးက ငါနေတဲ့နေရာနဲ့ လေးဖာလုံလောက် ဝေးတယ်..... သူငယ်ချင်း။ အကြောင်းထူးရင် သံကြိုး ရိုက်လိုက်ပါ။

ငါ ကတော့ မင်းရောက်လာလိမ့်မယ်လို့ ယုံကြည်နေတယ်။

ထင်ကျော်

I

“ထင်ကျော် . . .”

န၀မတန်းမှာ ခင်မင်ခဲ့သည့် သူငယ်ချင်း။ တစ်မြို့တည်းသားတော့ မဟုတ်။ ထင်ကျော်က မြို့မ (အ.လ.က)ကျောင်းမှ သူတို့ကျောင်းကို ပြောင်းလာခြင်း ဖြစ်ပါသည်။အခုတော့ ဒီကောင်က ဆရာဝန်ကြီး ဖြစ်ကာ နိုင်ငံတာဝန်တွေ ကိုပင် ထမ်းဆောင်နေပေပြီ။

သူကရော . . .

သူ ကတော့ ကျောင်းပြီး၍ နောက်တစ်ဘွဲ့အတွက် စာတမ်းတစ်စောင် ပြုစုလို့ နေသည်။အလုပ်အကိုင် မည် မည် ရရမရှိသေး။ စာကို နောက်တစ်ခေါက်ထပ်ဖတ်ကာ အောက်ဆုံး တွင် ရေး ပေးထားသော လိပ်စာကို ကြည့်လိုက်၏ ။ သူ မသိပါ။

မြန်မာနိုင်ငံအစွန်အဖျားမှ မြို့လေးတစ်မြို့ကိုဆိုတာတော့ ခပ်ရေး ရေး သိသည်။ ရွာကိုတော့ မသိ။ စာကိုဖတ်ပြီး အတူပါလာသော သံဖြူပုံးလေးကို ကြည့်မိသည်။

နိုင်ငံခြား ဖြစ် မုန့်ပုံးခွံလေးတစ်ခုပါပင်။ အဖုံးကို တိတ်များ ဖြင့် သေချာကပ်ပေးထားသည်။ ခက်ခက်ခဲခဲခွာယူ၍ အဖုံးကို ဖွင့်ကြည့်တော့ . . . အောက်သက်သက် အငွေ့အသက်တချို့ ရိုက်ခတ်လာသည်ကို ခံစားရ၏ ။ နှစ် ရက်သုံးရက်ခန့် အလုံပိတ်ထားသော မြေကြီးနံ့ ဖြစ်သည်။

လက်ဖြင့် နှိုက်ယူကြည့်တော့ မြေကြီးမှု န့်တချို့ လက်တွင်းမှာ ပါလာသည်။ သာမန်ထက် ထူးခြားမှု မရိသော မြေကြီးတွေ ပါပင်။ အရောင် ၊ အနံ့ထူးခြားမှု မရှိ။မျက်လုံးနဲ့ မြင်ရသလောက် သာမန်ထက် မပိုပါ။ မြေလတ်ပိုင်းဒေသများ တွင် ရှိတတ်သော သဘာဝမြေသားမျိုး။

သို့ ပေမဲ့လည်း ဝေးလံခေါင်သီလှသော ဒေသမှ တကူးတကပို့ပေလိုက်သည်မို့ ပေါ့ပေါ့လေးသဘောထား၍ မရ။ နောက်ပြီး စာပါအကြောင်းအရာတွေ ကလည်း ရှိသေးသည်။

စဉ်းစားမနေတော့။ စာတမ်းပြုစုနေသူမို့ လက်တွေ့ စမ်းသပ်ကြည့်ဖို့သာ အလေးသာသည်။ ထို့ကြောင့် သံဖြူပုံးလေးကို ယူကာ ခြံတွင်းဆင်းခဲ့လိုက်သည်။ ပန်းအိုးအလွတ်တစ်အိုးယူ၍ ခြံထောင့်တွင် ပုံထားသော မြေဆွေးကိုထည့်သည်။ သံဖြူပုံးလေးအတွင်းမှ မြေကြီးနှင့် အနည်းငယ်ရောထည့်ပြီးတော့ သမအောင်မွှေသည်။

ထို့နောက်မှာ တော့ မေမေစိုက်ထားသော ရွက်လှပန်းခြုံထဲမှ ခပ်လှလှတစ်ပင်ကို အမြစ်ပါအောင်နှုတ်ကာ ပန်းအိုးတွင်း ထည့်စိုက်လိုက်သည်။ ရေကို သင့်သလောက်လောင်း၍ နေရောင် ကျသော နေရာကို ရွှေ့ထားလိုက်ပါသည်။

ကိစ္စပြီး၍ အိမ်ထဲပြန်ဝင်တော့ . . .

“ဘာလဲကွ . . . ပန်းအိုးထဲ ထည့်စိုက်ရင် ရွက်လှပင်က အဖူးဖူးပြီး အသီးသီးမယ်တဲ့လား”

ဘယ်အချိန်ကတည်းက သူလုပ်နေသမျှကို စောင့်ကြည့်နေသည် မသိပါ။ အိမ်ထဲ ၀င်ဝင်ချင်း ကိုးရိုးကားရားစကားဖြင့် ကပ်သီးကပ်ဖဲ့ပြောသူက သူ၏ တစ်ဦးတည်းသော အဖေ။ (ထိုသို့ပြောလိုက်သဖြင့် ကျွန်တော့် အမေကို တစ်မျိုးမထင်စေချင်ပါ။ ကျွန်တော့် အဖေလိုလူမျိုး ရှားမှရှားသော ကြောင့် တစ်ဦးတည်းသော အဖေဟု သုံးနှုန်းလိုက်ခြင်း ဖြစ်ပါသည်။)

“ မဟုတ်ပါဘူး . . . သား စမ်းသပ်စရာ ရှိလို့ပါ ”

“ ဟုတ်လား . . . မင်းရဲ့ စာအုပ်ထူကြီးတွေ က ဘာပြောလိုက်ပြန်ပြီလဲ။ သူ့ဟာသူ ရှင်နေတဲ့ပန်းပင်ကို အိုးထဲပြောင်းစိုက်ရင် ဆေးဖက်ဝင်သွားမယ်တဲ့လား။ ဘယ် ရောဂါ တွေ ပျောက်မယ်တဲ့လဲ ”

“ ဟာဗျာ . . . ”

စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်မိသည်။ အဖေ ကတော့ တကယ့်ပင် ပင်စင်စား ပီသပါသည်။

“ မင်းကိုယ်မင်းလည်း နားလည်ဦး။ အသက်မငယ်တော့ဘူး။ အလုပ်လေးဘာလေး လုပ်ဖို့စဉ်းစား။ ဒီမြေကြီးတွေ နဲ့ချည်း အချိန်ကုန် မနေနဲ့။ ကြာရင် ငါ့တစ်အိမ်လုံးလည်း မြေကြီးဖုံးတော့မယ် ”

စိတ်ပေါက်ပေါက်ဖြင့် လက်ဆေးရန် နောက်ဖေးမ၀င်တော့ဘဲ အခန်းထဲသာ ပြန်ဝင်ခဲ့ လိုက်သည်။ အပြင်မှာ ဆက်နေလျှင် ဖွင့်နေကျ ဓာတ်ပြားတွေ တစချပ်ပြီးတစ်ချပ် အသက်ဝင်လာ ပေတော့မည် ။

ရေမရှိသည်မို့ အ၀တ်စုတ်ဖြင့် လက်သုတ်ကာ ခုတင်ပေါ်ပစ်လှဲ ချလိုက်သည်။ ဒါဟာ သူနဲ့ ဖေဖေရဲ့ နေ့စဉ်လိုလို ဆက်ဆံရေး ပါပင်။ မေမေက မြို့မဈေးထဲမှာ အထည်ဆိုင်ဖွင့်ထား၍ မနက်အစောကြီးသွားကာ ညနေမှ အိမ်ပြန်လာသည်။

ညီမလေးက အဋ္ဌမတန်းကျောင်းသူ။

မနက်ရှစ်နာရီခွဲလျှင် ကျောင်းသွားပြီး ညနေကျောင်းလွတ်ချိန်မှ ပြန်လာတတ်၏ ။ ဒီတော့ အိမ်တွင် သူနဲ့ဖေဖေသာ ကျန်နေလေ့ရှိပါသည်။

ကျောင်းပိတ်ရက်များ တွင် တော့ ညီမလေးရှိနေ၍ အိမ်က သာသာယာယာ ရှိနေတတ် သည်။ ယခုလို ကျောင်းဖွင့်ရက်များ တွင် တော့ သူတို့အိမ်လေးက သားအဖနှစ် ယောက် ၏ နွေးထွေး သော ဆက်ဆံရေး နဲ့ အမြဲလိုလို တိတ်ဆိတ်နေလေ့ရှိ၏ ။

ယခုလည်း အခန်းတွင်းအောင်းကာ တစ်နေကုန် နစ်မြုပ်ရတော့မည် ။ မပြီးသေးသော အလုပ်တွေ လုပ်ရမည် ။ စာတမ်းအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦးမည် ။ စာတမ်းလည်း မြန်မြန်ပြီးမှပင်။ မဟုတ်ပါက ဖေဖေပြောသလို တကယ်ပင် တစ်အိမ်လုံး မြေကြီးဖုံးနိုင်ပါ၏ ။

ခြံထဲမှာ အမည် နာမအမျိုးမျိုးဖြင့် ပုံထားသော မြေကြီးများ မှာ မနည်း။ အိမ်ထဲမှာ လည်း ပလတ်စတစ်အိတ်တွေ ။ ပန်းအိုးတွေ ၊ ခြင်းတောင်းတွေ ၊ ခွက်တွေ နှင့် မြေဆီလွှာအမျိုးအစားတွေ အစီအရီ။ ယုတ်စွအဆုံး သူ့အခန်းထဲမှာ ပင် ပန်းအိုးငယ်လေးတွေ နဲ့ အများ အပြားရှိနေသည်။

ဒီတော့ ပင်စင်စား အဖေ မျက်စိနောက်တာ မဆန်း။အခန်းတွင်းအောင်းကာ တစ်နေကုန် နေပစ်လိုက်သည်။ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေသည်မို့ ထင်ကျော်ကိစ္စမှာ လည်း မေ့မေ့ ပျောက်ပျောက် ဖြစ်သွားရပါသည်။

ညနေရောက်တော့ . . .

“ ကလင် . . . ကလင် . . . ကလင် ”

စက်ဘီးဘဲလ်ကို အဆက်မပြတ် တီးဝင်လာကတည်းက မီးမီးပြန်လာပြီမှန်း သိလိုက်သည်။ အိမ်ရှေ့တွင် စက်ဘီးကိုရပ်ပြီး အပြေးတစ်ပိုင်းဝင်လာသော ခြေသံက ဧည့်ခန်းရောက်စဉ်တွင်

“ ဖေကြီး . . . သမီးပြန်လာပြီ ”

“ အေး . . . ”

ပြီးတော့ ခြေသံက သူ့အခန်းရှေ့ရောက်လာကာ . . .

“ ကိုကို . . . မီးမီးပြန်လာပြီ ”

“ အေး . . . အေး . . . အ၀တ်သွားလဲတော့ ”

အခန်းရှေ့မှ လှည့်ထွက်သွားသော ခြေသံလေးကို ကြားရပါသည်။ မောင်နှမ နှစ် ယောက် သာရှိပေမဲ့ သူနဲ့မီးမီးအသက်က တော် တော် ကွာသည်။ ကျောင်းက ပြန်ရောက်တာနဲ့ သူပြန်လာပြီ ဖြစ်ကြောင်း လူစုံအောင်လိုက်ပြောတတ်တာ မီးမီးအကျင့်။

တစ်အောင့်ကြာတော့ . . .

“ သားကြီးရေ . . . မေမေပြန်လာပြီ ”

တစ်နေကုန် စီးပွားထွက်ရှာသော မေမေမှာ ယခုလို ညနေပိုင်းတွင် ဆိုင်သိမ်းပြီး ပြန်လာလေ့ရှိပါသည်။ မေမေပြန်လာလျှင်တော့ မုန့်ပဲသရေစာ တစ်ခုမဟုတ်တစ်ခု ပါလာတတ်၏ ။ ထင်သည့်အတိုင်းပါပဲ။

“ သားကြီးရေ . . . မေမေ မုန့်စိမ်းပေါင်း ၀ယ်လာတယ်။ လာထွက်စားဦး ”

အခန်းတံခါးကိုဖွင့်တော့ ဧည့်ခန်းမှာ ဖေဖေက ရုပ်တည်ကြီးနဲ့ ထိုင်နေသည်။ မသိယောင်ဆောင်ရင်း ဧည့်ခန်းကိုကျော်ကာ မီးဖိုဆောင်ဘက် ၀င်လိုက်တော့ . . .

“ မီးမီးကို ကြီးတာပေးနော် မေမေ ”

သူဝင်လာတာကိုမြင်တော့ အငယ်မက မေမေ့ကို တွတ်ထိုးသည်။

မေမေက ရယ်ကာ . . .

“ အေးပါ . . . သမီးလေးရယ်၊ သမီးလေးအတွက် မေမေ ပိုဝယ်လာပါတယ် ”

မေမေက ၀ယ်လာသော အိတ်သုံးခုအနက် အကြီးဆုံးအိတ်ကို အငယ်မ လက်အတွင်း ထည့်ပေး၏ ။ ပြီးတော့ တစ်အိတ်ကို ပန်းကန်အတွင်းလှည်ထည့်ကာ . ..

“ ဖေကြီး . . . မုန့်စိမ်းပေါင်းပါလာတယ် ”

ဟုဆိုကာ ဧည့်ခန်းဘက် ၀င် သွားပါသည်။ သူ ကတော့ ကျန်နေသော အိတ်ကိုဖွင့်ပြီး တစ်ဖတ်နှိုက်စားလိုက်၏ ။ မကျိုးမကြေသည်မို့ စားရအဆင်ပြေပါသည်။ ထိုစဉ်မှာ ပဲ သူ့ဘေးထိုင်စားနေသော မီးမီးက . . .

“ ကိုကို . . . ဒီနေ့ လမ်းလျှောက်ထွက်ဦးမှာ လား ”

“ ထွက်မှာ ပေါ့ ”

သူ့အဖြေကြောင့် မီးမီးမှာ နှုတ်ခမ်းကိုမဲ့ပြီး . . .

“ ဟွန်း . . . ကိုကိုကလည်း ဒီနေ့ မလျှောက်ပါနဲ့လားကွာ။ မီးမီးနဲ့ကြက်တောင် ရိုက်ရ အောင်လေ . . . နော် ”

“ မရဘူး . . . လမ်းပဲလျှောက်မယ်။ နင်နဲ့ ကြက်တောင်ရိုက်ရတာ နားငြီးတယ် ”

“ ဘာ ဖြစ်လို့လဲ ”

“ အငြင်းသန်လို့ ”

မီးမီးမှာ ခြေကိုဆောင့်၏ ။

“ ဟာ . . . မငြင်းပါဘူးကွာ။ ကိုကိုက လိမ္မာပါတယ်။ ဒီနေ့ လမ်းလျှောက်မထွက်နဲ့ တော့နော်။ ကြက်တောင် ရိုက်မယ် “

“ မရိုက်ဘူး ”

“ ဒုန်း . . . ”

ခြေကို ထဆောင့်ကာ . . .

“ တွေ့ လား . . . ကိုကိုက မီးမီးကို မချစ်ဘူး ”

မီးမီးပုံစံကိုကြည့်ပြီး စိတ်ထဲက ကြိတ်ရယ်မိသည်။ မီးမီးမှာ နှုတ်ခမ်းကို ရှုံ့တွ၍ သူ့ကို မျက်စောင်းထိုးကြည့်နေတော့ . . .

“ မချစ်ပါဘူး . . . ဘာကိစ္စ နင့်ကို ချစ်ရမှာ လဲ ”

“ ကိုကိုနော် ”

စွာ ကျယ်ကျယ် အသံနဲ့ထအော်ပြီး . . .

“ ရတယ် . . . မီးမီးလည်း မချစ်ဘူး။ ကိုကို့မြေကြီးတွေ ကို အကုန်လိုက်ရောပစ်မယ် ”

ပြောပြောဆိုဆို ထိုင်ရာမှ ထပြီး အိမ်ရှေ့ပြေးထွက် သွားပါသည်။

“ဟာ . . . မီးမီး . . . လျှောက်မလုပ်နဲ့နော် ”

နောက်မှပြေးလိုက်တော့ မီးဖိုခန်းတွင်း ၀င်လာသော မေမေနဲ့ဆုံသည်။

မေမေက . . .

“ ဒီမောင်နှမတွေ ဘာ ဖြစ်နေကြတာလဲ ”

“ ဟိုမှာ မေမေ့သမီး သားမြေကြီးတွေ ကို ရောပစ်မလို့တဲ့ ”

“ ဟယ် . . . သမီး . . . မလုပ်ရဘူးလေ ”

မေမေ လှမ်းအော်ပေမဲ့ မမီတော့ပါ။ မီးမီးမှာ အိမ်ပြင်ရောက်သွားခဲ့ပါပြီ။ သူ့ကို စိတ်ကောက်၍ ပထမတစ်ခါ လုပ်ဖူးသည်မို့ မီးမီးကိုလန့်သည်။ သူ ပြေးလိုက်လာတာကိုသိတော့ မြေကြီးများ ပုံထားရာ ခြံထောင့်သို့ သွက်သွက်ပြေးလေ၏ ။ မီလုမီခင် အချိန်မှာ ပဲ . . .

“ ဟင် . . . ”

ခြေလှမ်းတို့ တိခနဲရပ်ပြီး ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည်က . . .

“ ဟာ. . . မီးမီး ဒီမှာ ကြည့်စမ်း ”

မြေပေါ် အထိတ်တလန့် ထိုင်ချမိလိုက်၏ ။ ရှေ့မှာ ရှိနေသည်က အသစ်စက်စက် ပန်းအိုးတစ်လုံးနဲ့ ရွက်လှတစ်ပင်။ ဒါပေမဲ့ ထိုရွက်လှပန်းပင်က ဦးကျိုးညွှတ်ခွေနေပါသည်။ လွန်ခဲ့သော နာရီပိုင်းအနည်းငယ်ကမှ စိုက်ထားခဲ့သော ပန်းပင်လေး။

သူ့ပုံစံကိုကြည့်ပြီး မီးမီးက အထိတ်တလန့်ပြေးလာကာ . . .

“ ကိုကို . . . ဘာ ဖြစ်လို့လဲ . . . ”

“ ဒီအပင် သေသွားပြီ ”

သူ့စကားကို မီးမီး နားမလည်။ မျက်လုံးဝိုင်းလေးနဲ့ အစ်ကို ဖြစ်သူကိုတစ်လှည့် ရှေ့မှ သစ်ပင်လေးကိုတစ်လှည့် ကြည့်နေသည်။ ပြီး . . . တိုးတိုးမေး၏ ။

“ ကိုကို . . . စိုက်ထားတာလား ”

“ မနက်ကမှ စိုက်ထားတာ ”

အဖြေနဲ့အတူ ခေါင်းထဲတွေးစရာတွေ ပေါ်လာသည်။ ရွက်လှပင်ဟူသည်က အမြစ်ကဆွဲနှုတ်ပြီး ဒီအတိုင်းပစ်ထားလျှင်ပင် နှစ် ရက်၊ သုံးရက်လောက်က အေးဆေးသည်။ ချက်ချင်း လက်ငင်း ညှိုးရော်ချွတ်ခြုံကျတတ်သည့် အမျိုးမဟုတ်။ ယခုက မြေဆွေးနှင့် ကောင်းကေ ဦးစိုက်ကျဆင်းနေသည်။ အရွက်အလက်တွေ အားလုံးကလည်း ရေမဝေသော ပန်းလို(သို့ ) နေရောင် ဒဏ်ကို နေ့စဉ်ရက်ဆက်ခံထားရသော ပလတ်စတစ်ပျော့ဖတ်လို ပြားပြားကပ်နေ၏ ။

အပင်ကို ဆွဲနုတ်ကြည့်တော့ အတွင်းနစ်ဝင်ထားသော အမြစ်ပိုင်းမှာ ပူနေသည်။ ကပျာကရာ လက်ထိုးစိုက်ကြည့်ပြန်တော့ အတွင်းမြေသား၌ သာမန်ထက်ထူးခြားသော ပူနွေ့နွေ့ ဓာတ်တစ်ခုကို ခံစားရသည်။

ထူးတော့ ထူးနေပြီ။

“ မီးမီး ကိုကို့ကို ဟိုထောင့်က ပန်းတစ်ပင်သွားနုတ်ပေးစမ်း။ အမြစ်ပါအောင်နုတ်နော် . . . ”

“ ဟုတ် . . . ဟုတ် . . . ကိုကို . . .”

ဘာမှန်းညာမှန်းမသိပေမဲ့ အရေး ကြီးမှန်း တွက်ဆကာ မီးမီးပြေးသွားသည်။ ပြီးတော့ ပင်စည်ကောင်းကောင်း အရွက်ဖားဖားတစ်ပင်ကို ရွေးနုတ်လာ၏ ။

မြေသားကို သန်လျက်နဲ့ ပြန်ဆွကာ မီးမီးနုတ်ယူလာသော ပန်းပင်ကို ထည့်စိုက်သည်။ ရေကို များများ လောင်းပေးလိုက် ၏ ။ လောလောလတ်လတ် ရွက်လှပင်က စိတ်ဝင်စားဖွယ် ပန်းအိုးလေးအတွင်းမှာ ရေ၀၀သောက်၍ မတ်မတထောင်သွားလေပြီ။

နေစောင်းပြီ။

ဒွိဟ ဖြစ်စရာတစ်ခုတော့ ရှိ၏ ။ နေရာင်မှာ ထားလို့ ပန်းအိုးနှင့် တကွ အတွင်းမြေသားတွေ ပူနေတာလား။

ယခုတော့ နေပူရန်မရှိတော့ပါ။

ညသည် အေး၏ ။

*


II

အိပ်ရာမှ နိုးနိုးချင်း သတိရမိသည်က ပန်းအိုး။

“ ၀ုန်း ” ခနဲ ထကာ ခြံထဲပြေးဆင်းလိုက်သည်။ အိမ်တံစက်မြိတ်လွန်တော့ သူ့မျက်လုံးတို့ နေရာတစ်ခု၌ စူးဝင်သွားစဉ် . . .

“ ဟာ . . . ”

အထိတ်တလန့် ဖြစ်သော အာမေဍိတ်သံနဲ့အတူ သူမြင်လိုက်မိသည်က . . .

“ ဘုရားရေ ”

လုံးဝ ထင်မှတ်မထားသော မြင်ကွင်းတစ်ခု။ မနေ့ညနေကမှ စိုက်ထားခဲ့သော ပန်းလေးတစ်ပင်မှာ သေဆုံးရုံမဟုတ် သစ်ရွက်တွေ ပင် ခြောက်နေပြီ။ အလျင်အမြန်ပြေးသွားကာ ထိကိုင်ကြည့်လိုက်တော့ . . .

“ ဖျောက် . . . ”

မည် မျှ ခြောက်သွေ့နေသည်မသိ။ သစ်ရွက်တစ်ခုက ပင်စည်မှ ခပ်ဆတ်ဆတ်ကျိုးကာ လက်တွင်းပါလာသည်။ လက်တွင်းရောက်လာမှ ထင်ထားတာထက် များ စွာ ခြောက်သွေ့ နေကြောင်း သိရသည်။ အံ့သြဖွယ် မြင်ကွင်းတစ်ခုကြောင့် လူက ကြောင်တောင်တောင်ပင် ဖြစ်သွားသလို။

အချိန်က တစ်ည။

ထိုအချိန်အတွင်း အပင်က သေရုံမဟုတ်။ ခြောက်ပင်ခြောက်နေပြီ။ တခြားအရွက်တွေ ကိုင်ကြည့်ပြန်တော့လည်း အားလုံး တစ်ပုံစံတည်းပါပင်။

သေချာပြီ။

ထင်ကျော်ပို့ပေးလိုက် သော မြေကြီးမှာ တစ်ခုခုထူးခြားနေတာ သေချာပြီ။ စည်သူ နောက်ကို လှည့်ကာ အိမ်တွင်း ပြေးဝင်လိုက်၏ ။ မျက်နှာကို ကပျာကယာသစ်ကာ အခန်းတွင်းရှိ လက်ကျန်သံဖြူပုံးလေးကို ယူသည်။ မ,ယူစဉ် နောက်ထပ် သတိထားမိတာတစ်ခုက သံဖြူပုံးလေး ၏ အောက်ခြေသံသားမှာ ပူနေပါ၏ ။

အဖုံးဖွင့်ပြီး လက်ထိုးစိုက်ကြည့်တော့ လက်ကျန်မြေသားတွေ က နေလောင်ထားသလို ပူနွေ့နွေ့၊ သိပ်အပူကြီးတော့မဟုတ်။ အခန်းကို စည်သူ အပူပေးမထားပါ။ အောက်ခြေ သံမံတလင်းမှာ လည်း မီးမဖိုထား။ ဒါကို ဘာကြောင့် ဤသံဖြူပုံးလေးတစ်ခုတည်း ကွက်ပြီး ပူနေရပါသနည်း။

ရင်ခုန်လာချေပြီ။ ဘယ်လိုကြောင့် နည်း။ ဘာကြောင့် ဒီတစ်ခုတည်း ကွက်ပြီး ပူနေ ရတာ နည်း။ စဉ်းစားမရတော့ပါ။ သံဖြူပုံးလေးကို လက်မှာ ပိုက်ပြီး စက်ဘီးဆွဲထွက်လာခဲ့တော့၏ ။ သူ၏ ဦးတည်ရာက မြို့လေးရဲ့ အခြေခံပညာအထက်တန်းကျောင်းဆီသို့ . . .

စည်သူ စက်ဘီးကို ခပ်သွက်သွက် နင်းလာခဲ့သည်။ သူတို့မြို့လေးက မနက်ခင်းတစ်ခုနဲ့ လျော်ညီစွာ သက်ဝင်လှုပ်ရှားနေပါပြီ။ ကျောင်းကို အမြန်ဆုံးရောက်နိုင်မည့်  လမ်းကို ရွေးချယ် နင်းလာသည်မို့ ဆယ့်ငါးမိနစ်သာသာမှာ ကျောင်းရှေ့ရောက်သွားသည်။

ဒါပေမဲ့ . . .

“ ကျွတ် . . . ”

ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိ၏ ။ အချိန်စောနေသေးသည်။ ကျောင်းဝန်းတံခါးပင် မဖွင့်သေးပါ။ ဇောဖြင့် လောပြီး ထွက်လာခဲ့တာ အချိန်ကို သတိမထားမိခဲ့။ မတတ်နိုင်တော့ . . .

စက်ဘီးရပ်ပြီး ကျောင်းတံခါးအဖွင့်ကို စောင့်ရတော့သည်။တစ်အောင့်အကြာမှာ ကျောင်းသား တစ်ယောက် စ၊ နှစ် ယောက် စရောက်လာပါ၏ ။ ခဏကြာတော့ ဆယ့်လေး၊ ငါးယောက် ဖြစ်လာသည်။

ထိုအခါတွင် ကျောင်းစောင့်မှာ အိပ်မှု န်စုန်မွှားဖြင့် တံခါးလာဖွင့်ပေးသည်။ ကျောင်းသား များ နည်းတူ စည်သူ စက်ဘီးကိုတွန်းကာ ကျောင်းတွင်း ၀င်လိုက်သည်။

တည်သီးပင်အောက်တွင် စက်ဘီးကိုရပ်ပြီး အဆောင်တစ်ခုဆီသို့ ဦးတည် သွားလိုက်ပါသည်။

“ သိပ္ပံဆောင် . . . ”

လွန်ခဲ့သော ခုနစ်နှစ် လောက်ကအတိုင်း သိပ္ပံဆောင်လေးမှာ ပြောင်းလဲမှု မရှိ၊ တည်ငြိမ်အေးဆေးကာနေသည်။ တံခါးပိတ်ထားသည်မို့ အဆောင်ရှေ့မှာ ပင် ငုတ်တုတ် ထိုင်စောင့်ရပြန်၏ ။ ထိုအတောအတွင်းမှာ ပင် ပြောင်းလဲမှု တစ်ခုကို ခံစားရသည်။

လက်တွင် ပိုက်ထားသော သံဖြူပုံးလေးမှာ တစ်စထက်တစ်စ ပူနွေးမှု ကင်းမဲ့ လာခြင်း ဖြစ်သည်။ ဤမြေကြီးမှာ ဘာတွေ ထူးခြားနေတာနည်း။ မကြာခင် သိရတော့မည် ။

ကျောင်းသား၊ သူတွေ တဖွဲဖွဲရောက်လာနေကြပြီ။ သူ ကတော့ သိပ္ပံဆောင်ရှေ့မှာ ငုတ်တုတ်ထိုင်ကောင်းတုန်း။ အဆောင်လေးမှာ ကျောင်းမကြီးနှင့် တွဲ လျက်မဟုတ်ဘဲ သီးသန့် ရှိနေသည်မို့ တော် သေးသည်။

ကျောင်းတက်ရန် ဆယ့်ငါးမိနစ် အလိုမှာ တော့ သူ အားကိုးတကြီး စောင့်မျှော်နေသော လူ တစ်ယောက် မှာ စက်ဘီးလေးကို တဂျောက်ဂျောက်နင်းပြီး ရောက်လာပါတော့၏ ။

“ စောင့်လိုက်ရတာ . . . အောင်မိုးရာ ”

သူ့ကို ဗြုန်းစားကြီးတွေ့ တော့ အောင်မိုး မျက်လုံးပြူးသွားပြီး . . .

“ ဟာ . . . ဟေ့ကောင် . . . ဘာထိုင်လုပ်နေတာလဲ ”

“ မင်းကိုစောင့်နေတာ ”

“ ငါ့ကို . . . ”

အောင်မိုး ကြောင်သွားတော့ . . .

“ အေး . . . မင်းရဲ့ သိပ္ပံခန်းကို ခဏသုံးချင်လို့ ”

အောင်မိုးသည် မြို့နယ်အထက်တန်းကျောင်းလေး၏ သိပ္ပံလက်ထောက်တစ် ဖြစ်လဲ သိပ္ပံအခန်းမှူး ဖြစ်ပါသည်။ သူတို့ ထင်ကျော်တို့လိုပင် တစ်တန်းတည်း တက်လာသည့် အခန်းဖော်သူငယ်ချင်းပင် ဖြစ်၏ ။ ကျောင်းပြီးတော့ သိပ္ပံလက်ထောက်လျှောက်ကာ မြို့နယ် အထက်တန်းကျောင်းမှာ ပင် အလုပ်ဝင်နေခြင်း ဖြစ်သည်။

အောင်မိုးမှာ သူ့စကားအား နားလည်ပုံမရ။ ဒါပေမဲ့ အဆောင်တံခါးဖွင့်ပြီး အတွင်းကို ဖိတ်ခေါ်သည်။ အတွင်းရောက်တော့ အောင်မိုးနားလည်အောင် အကျဉ်းချုပ်ပြီး ရှင်းပြလိုက်ရ၏ ။ ထိုအခါမှာ . . .

“ ဒါဆို မင်းလက်ထဲက ပုံးက ထင်ကျော်ထည့်ပေးလိုက် တာပေါ့ ”

“ ဟုတ်တယ် ”

“ မင်းပြောမှ ငါတောင် စိတ်ဝင်စားသွားပြီ။ ပြစမ်းပါဦး။ ဘာတွေ ထူးခြားနေလဲ ကြည့်ရအောင် . . . ”

အောင်မိုးက သံဖြူပုံးလေးကို ယူကာ အဖုံးဖွင့်ကြည့်သည်။ အတွင်းကိုလက်နှိုက်၍ လည်း လေ့လာသည်။ အပြင်လည်းထုတ်ကြည့်သည်။

“ ဘာမှလည်း မထူးခြားပါဘူး။ ဒါနဲ့မင်း ငါ့အခန်းကို သုံးချင်တယ်ဆိုတာက . . . ”

“ ဒီမြေကြီးတွေ ကို ဓာတ်ခွဲကြည့်ချင်လို့ ”

အောင်မိုးက မျက်မှော င်ကြုတ်ကာ . . .

“ ငါ့ဆီမှာ ပစ္စည်းသိပ်မစုံဘူးနော် ”

“ ရှိသလောက်ပေါ့ကွာ ”

ထို့နောက် အောင်မိုးက ပိတ်ထားသော ဗီရိုသော့ များ ကို လိုက်ဖွင့်ပေးသည်။

“ မင်းအတွက ပြဿနာကြီးကြီးမားမား မရှိလောက်ဘူးမလား ”

“ ရတယ် . . . ဘာမှမ ဖြစ်ဘူး။ ကျောင်းအုပ်ကြီးက တစ်လနေလို့ တစ်ခေါက်တောင် သိပ္ပံခန်းကို လာကြည့်တာမဟုတ်ဘူး။ မင်းစိတ်ကြိုက်သာသုံး ”

သူလည်း ခပ်သွက်သွက်ပင် ဖွင့်ပေးသော ဗီရိုများ အတွင်းမှ လိုအပ်သော ပစ္စည်းကိရိယာများ ကို ထုတ်ယူလိုက်သည်။ ပြီးတော့ သံဖြူပုံးလေးနဲ့အတူ စမ်းသပ်ခန်းတွင်းကို ၀င်ခဲ့လိုက်၏ ။ စမ်းသပ်ခန်းဆိုသည်က အဆောင်တွင်းမှာ ပင် သီးသန့်အခန်းလေးကန့်ကာ ဓာတ်ခွဲခန်းငယ် သဘောမျိုး လုပ်ထားခြင်း ဖြစ်သည်။

ကျောင်းတက်တုန်း ကတော့ ဤအခန်းအတွင်းမှာ ပင် ဓာတုဗေဒ စမ်းသပ်မှု တွေ လက်တွေ့ လုပ်ဖူး၏ ။ မကြာခင်အချိန်ပိုင်းတွင်းမှာ ပဲ သူ၏ ကိုယ်စိတ်နှစ် ပါးကို အလုပ်တွင်းသို့ စုန်းစုန်းမြှုပ်လိုက်လေတော့သည်။

သူ့စိတ်ထင် နှစ် နာရီသာသာလောက် ကြာသွားမည် ထင်၏ ။ အခန်းတွင်းမှ ထွက်လာသော သူ့ကို အောင်မိုးက အလျင်စလို ဆီးမေးသည်။

“ စည်သူ . . . ဘယ်လိုလဲ ”

နဖူးမှ ချွေးကိုသုတ်ကာ ခေါင်းကိုယမ်းရင်း . . .

“ မထူးခြားဘူး ”

“ ဘာကိုလဲ ”

“ သာမန်မြေသားတွေ မှာ ရှိသင့်တဲ့ ဓာတ်ပေါင်းစပ်မှု တွေ ထက် ဒီမြေကြီးမှာ ဘာမှမပိုဘူး ”

“ ဒါကို ဘာလို့ ”

အောင်မိုး၏ အမေးစကားမှာ အဆုံးထိ ရောက်မလာခဲ့။ ဒါပေမဲ့ အောင်မိုး ဘာကိုဆိုလိုကြောင်း သဘောပေါက်လိုက်သည်မို့ . . .

“ ငါ အံ့သြနေတာလဲ အဲ့ဒါပဲ။ သာမန်ထက်မပိုတဲ့ မြေသားက သစ်ပင်တွေ ကို ဘာလို့ ခြောက်သွေ့သွားစေတာလဲ ”

ငြိမ်သွားတော့ အောင်မိုးက တစ်ခွန်းထောက်၏ ။

“ မင်း ဘာလုပ်မယ် စိတ်ကူးလဲ ”

အရင်ဆုံး သက်ပြင်းကိုချ၏ ။ ဒုတိယအနေနဲ့ ခေါင်းကို ယမ်းသည်။ထို့နောက်မှာ တော့ စက်ဘီးဆွဲ၍ သာ အိမ်ပြန်ခဲ့ပါတော့သည်။

တစ်လမ်းလုံး စဉ်းစားလာသည်က ထင်ကျော်ပေးလိုက် သော စာလေးတစ်စောင်အကြောင်း။

ထိုအထဲမှာ ပါသည့် ထူးဆန်းသော တောင်ကုန်းလေးအကြောင်း၊ ထိုတောင်ကုန်းလေးဆီမှ အကြောင်းမဲ့ သေဆုံးကုန်သော သစ်ပင်ကြီးငယ်တို့အကြောင်း . . .

လက်တွင်းမှာ သံဖြူပုံးလေးပါလာသည်။ အထဲမှာ ထူးဆန်းသော မြေသား အနည်းငယ်ရှိနေသည်။ လုပ်စရာတစ်ခုပဲ ရှိတော့၏ ။

အိမ်ရောက်တော့ . . .

ခြံကိုပတ်ကာ နောက်ဖေးဘက် ထွက်လိုက်သည်။ အိမ်နောက်ဖက်မှာ ပင်စင်စားဖေဖေ စိုက်ပျိုးထားသော သီးပင်စားပင်နှင့် အရိပ်ရပင် အချို့ရှိ၏ ။

ထိုအထဲမှ တစ်ပင်ရွေးကာ . . .

သံဖြူပုံးလေးအား ပင်စည်အခြေသို့ သွန်ချလိုက်ပါသည်။ မြေသားတွေ အပင်ခြေရင်းမှာ စုပုံကျသွားသည်။ ရင်တထိတ်ထိတ်ဖြင့် သာ စောင့်ကြည့်ရပေတော့မည် ။

သူ နောက်ဆုံးစမ်းသပ်လိုက်သည့် အပင်မှာ ကား . . .

*


III

“ ဟော့တော့် . . . ကုန်ပါပြီ ”

မေ့မေ့အော်သံကြောင့် အိပ်ရာမှနိုးထကာစ စည်သူ မျက်လုံးကျယ်သွား၏ ။ ဧည့်ခန်းတွင် သတင်စာဖတ်နေသော ဖေဖေက မျက်လုံးပြူးနဲ့ နောက်ဖက်လှမ်းကြည့်သည်။ မီးမီးက မီးဖိုချောင်သို့ ပြေးဝင်သည်။

သိပ်မကြာလိုက် . . .

“ ဟောတော့ . . . သင်္ဘောသီးတွေ ”

မီးမီး၏ အသံစာစာလေး ထွက်လာပြီးနောက်မှာ . . .

စည်သူ ၀ုန်းခနဲ ထပြေးသွားတော့သည်။ မီးဖိုခန်းကို ကျော်ကာ နောက်ဖေးဘက် ထွက်စဉ်၌ . . .

“ ဟာ . . . ”

မြေတွင် ပြန့်ကျဲနေသော သင်္ဘောသီးများ ၊ အ၀ါရောင် သင်္ဘောရွက်များ နှင့် မြင်ကွင်းက လုံးဝ ထိတ်လန့်ဖွယ်၊ မနေ့က အထိ ဝေဆာနေသော သင်္ဘောပင်ကြီးမှာ ညတွင်းချင်း ပုံစံ ပြောင်းသွား ချေပြီ။ မနေ့က ပြွတ်ခဲနေသော သင်္ဘောသီးတွေ ယနေ့မြေမှာ အစုလိုက် အပြုံလိုက်။ မမှော င်ခင်က စိမ်းနေသော အရွက်တွေ မနက်လင်းတော့ ၀ါညိုနေပြီ။ နောက်ပြီး မြေပေါ်မှာ အကျဲကျဲ အလွင့်လွင့်။

ပင်စည်ကရော . . .

အောက်ခြေပိုင်းနှင့် အလယ်ပိုင်းတွင် မသိသာပေမဲ့ ထိပ်ပိုင်းမှာ ကား . . .

အပေါ်သို့ ဆက်လက်ထိုးထွက်မည့်  အညွန့်အဖျားတွေ ဦးညှိုးခြောက်ကပ်နေပေပြီ။

“ ဟာ . . . ”

နောက်ဖက်မှ ထွက်လာသော အာမေဍိတ်သံကြီးတစ်ရပ်။ သူ့ပခုံးကို တွန်းတိုက်ရင်း ဖေဖေရှေ့ကို ရောက်လာ၏ ။ ပြီးတော့ အသီးစိမ်းတွေ မြေခနေသော သင်္ဘောပင်ကြီးကို ကြည့်ရင်း ကြက်သေသေသွားချေပြီ။ တစ်မိသားစုလုံးက အံ့သြဖွယ်အ ဖြစ်အပျက်နှင့် သင်္ဘောပင်ကြီးကြည့်ကာ ကျောက်ရုပ်များ အလား ကြောင်တောင်ငေး သွားပါ၏ ။

ပင်စည်ခြေရင်းမှာ တော့ မနေ့က သူသွန်ခဲ့သော မြေသားတွေ ပုံမပျက်ဘဲရှိနေပါသည်။ သင်္ဘောပင်ကြီးကို ကြည့်ပြီး ရင်တွင်းမှာ တလှပ်လှပ်မောလာ၏ ။ နှလုံးခုန်နှုန်းတွေ မြန်လာကာ လူက ကြက်သီးတို့ပင် ဖျိုးဖျိုးဖျင်းဖျင်း ထလာသည်။

ဘယ်သူမှတော့ ရိပ်မိမည် မဟုတ်ပါ။ အကျိုးတစ်ခု ဖြစ်ထွန်းလာပေမဲ့ ဖြစ်ပေါ်ရာ မူလက အကြောင်းရင်းကို သူကလွဲ၍ မည် သူမှ သိမည် မဟုတ်။

ပျက်ယွင်းလှုပ်ရှားသွားသော မျက်နှာအား မည် သူမျှ မရိပ်မိခင် တစ်ဖက်လှည့်လိုက်သည်။ မနေ့က သင်္ဘောပင်ခြေရင်းကို ထင်ကျော်ပို့ပေးလိုက် သော မြေသားတွေ သွန်ချခဲ့သည်။ အသီးတွေ ပြွတ်ခဲနေသော သင်္ဘောပင်ကြီးအား အရိပ်တကြည့်ကြည့် တစ်နေကုန် စောင့်ကြည့်ပါသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ ရှိမလာခဲ့။

ယနေ့မနက်တွင် မှ . . .

အခန်းတွင်း ပြန်ရောက်လာသည့်တိုင် စည်သူ ရင်ခုန်သံတွေ မြန်နေသည်။ ကြီးစွာ သော အံ့သြမှု နဲ့အတူလူက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ထင်ကျော်၏ မြေကြီးထဲမှာ ဦးနှောက်နှင့် လိုက်မမီနိုင်သော ထူးဆန်းမှု တွေ ရှိနေသည်ဆိုတာတော့ သေချာသွားလေပြီ။

ထူးဆန်းသော တောင်ကုန်းလေးအကြောင်းကို နောက်တစ်ကြိမ် ပြန်ဖတ်မိသည်။ သေချာပါသည်။ စာထဲမှ အကြောင်းအရာအားလုံးသည် တမင်ကြံစည်ရေး သားထားခြင်း လုံးဝ မဟုတ်နိုင်တော့။

ထူးဆန်းသော တောင်ကုန်လေးသည် ထင်ကျော်နေသော ဒွေးပင်ရွာတွင် တကယ်ပင် ရှိနေပါလိမ့်မည် ။ သဘာဝမကျသော ဆန်းကြယ်မှု တွေ လည်း ထိုတောင်ကုန်းလေးတွင် ပျော်ဝင်နေပါလိမ့်မည် ။

ဘာကြောင့် ထိုတောင်ကုန်းလေးသည် သစ်ပင်အားလုံးကို သေစေနိုင်တာလဲ။

အဖြေတစ်ခုသာရှိပါသည်။

အဲဒါက . . .

ထင်ကျော်ထံ သံကြိုးရိုက်လိုက်ခြင်းပင် ဖြစ်တော့၏ ။

*


IV

“ ဘော် . . . ဘော် . . . ဘော် . . . ”

ရထားကြီးတစ်စီးက လည်ချောင်းကိုညှစ်ပြီး ကျယ်ကျယ်လောင်လောင် အော်မြည် လာပါသည်။ အရှိန်ဖြင့် ခုတ်မောင်းလာရာမှ သွားနှုန်းကို လျှော့လိုက်သည့်အတွက် သူလိုက်ပါလာရာ တွဲ ကြီးက ပုခက်လွဲသလို ဘယ်ညာလူးသွားသည်။

အရှိန်ကိုလျှော့ပြီး ဥသြကို အဆက်မပြတ်ဆွဲနေသည်မို့ ဘူတာဝင်တော့မည် ဖြစ်မှန်း ရိပ်စားမိ၏ ။ ဤဘူတာတွင် သူဆင်းရမည် ။ စည်သူ ထိုင်ရာမှထကာ ခေါင်မိုးမှ ခရီးဆောင်အိတ်ကို ချသည်။ ပြီးတော့ ခြေလှမ်းကိုထိန်း၍ အပေါက်ဝတွင် သွားရပ်နေလိုက်ပါသည်။

ပထမဆုံး မြင်ရသည်မှာ ရထားသံလမ်းဘေးတစ်လျှောက်ရှိ လူနေတဲအိမ်ငယ်လေးများ ၊ ထိုတဲအိမ်လေးများ ရှေ့တွင် ရပ်ပြီး လက်ပြနေကြသော ကလေးသူငယ်များ ၊ ပြီးတော့ ဆူးခြုံတောနှင့် ရထားဘူတာဝင်း၊ သံလမ်းများ ၊ ရှန်တိန်ထိုးနေသော ကုန်တွဲ များ ။

စသည်တို့ကိုလွန်တော့ ၀န်ထမ်းအိမ်ရာများ ကို တွေ့ ရ၏ ။ ရထားကြီးက နှေးသည်ထက်နှေးကွေးလာပါပြီ။ ဘရိတ်ဆွဲထားသည်ကြောင့် သံချင်းပွတ်တိုက်သံ “တကျွီကျွီ” ကိုလည်းကြားနေရပါသည်။

ဝန်ထမ်းအိမ်ရာလွန်သွားတော့ ဘူတာဆိုင်းဘုတ်ကို တွေ့ ရ၏ ။ စက်ခေါင်းတွဲ ကြီးက ဘူတာတွင်းသို့ နောက်တွဲ များ အားလုံးကို ဒရွတ်တိုက်ဆွဲခေါ် သွားပါသည်။ ကြိုးစားမှု အထမြောက်သည်ဟု ဆိုရပါမည် ။ ခရီးဝေးနှင်လာသော လှည်းဆွဲမြင်းတစ်ကောင်လို စက်ခေါင်းတွဲ ကြီးမှာ ဘူတာထိပ်ဖက်တွင် မောမောပန်းပန်းရပ်သွား၏ ။

လူစီးတွဲ များ အားလုံး ဘူတာ ပလကဖောင်းဘေး အံဝင်ခွင်ကျ ဖြစ်တော့ ဘူတာလေးမှာ အိပ်မောကျနေရာမှ ထကြွလှုပ်ရှား သွားပါတော့သည်။ တွဲ ပေါ်အော်ဟစ်ပြေးတက်လာသော ဈေးသည်တွေ ၊ ဘူတာဆင်းသူတွေ ၊ ရထားပေါ်တက်သူတွေ ၊ တွဲ ရှာသူ၊ ပြေးလွှားသူတွေ နဲ့ ဆူညံ လှုပ်ရှား သွားပါ၏ ။

စည်သူ ရထားပေါ်မှ ဆင်းလိုက်သည်။ ဘူတာ သမံတလင်းကို ခြေချပြီးတော့ ပတ်ဝန်းကျင်ကို တစ်ချက်ရှိုးလိုက်သည်။ ထို့နောက် ခရီးဆောင်အိတ်ကို တင်းတင်းဆုပ်ကာ ဘူတာထွက်ပေါက်ကို ဦးတည်လိုက်ပါ၏ ။

ထွက်ပေါက်တစ်နေရာ၌ ဘူတာဝန်ထမ်းတစ်ဦး ဆေးလိပ်ထိုင်ဖွာနေသည်။

“ အစ်ကို . . . ဒွေးပင်ရွာကို ဘယ်လိုသွားရမလဲ ”

“ ဒွေးပင် ”

ဆေးလိပ်သောက်သူက ပါးစပ်မှ အငွေ့တွေ ထုတ်ရင်း သူ့ကို ပြန်မေးသည်။

“ ဟုတ်ပါတယ် . . . ဒွေးပင်ပါ။ ကျွန်တော် ဒွေးပင်ရွာကို သွားချင်လို့ပါ ”

“ ဟိုရှေ့လမ်းကနေ ဘယ်ဘက်ကို ထောင်တက်သွား။ ငါးမိနစ်လောက်လျှောက်ရင် တောကားဂိတ်တစ်ခုကို တွေ့ လိမ့်မယ်။ အဲဒီ မှာ ကျောက်ကြီးကားကိုစီး၊ ဒွေးပင်ထိအောင်တော့ ကားမရှိဘူး။ ကျောက်ကြီးကနေ လှည်းကြုံစောင့်စီးရမှာ ”

အသေအချာပြောပြပေးသော ၀န်ထမ်းကို ကျေးဇူးတင်စကားပြောလိုက်၏ ။

“ ဟုတ်ကဲ့ . . . ကျေးဇူးပါအစ်ကို ”

ဝန်ထမ်းက ခေါင်းညိတ်ပြကာ သူ့ဆေးလိပ် သူပြန်သောက်နေသည်။ စည်သူ ဘူတာဝန်းတွင်းမှ ထွက်ခဲ့ပါသည်။ ဘူတာအပြင်ဘက် လမ်းပေါ်မှာ မြင်းလှည်းတွေ တန်းစီရပ်ထား၏ ။ ဘူတာပြန်ခရီးသည်တင် မြင်းလှည်းများ ဖြစ်ဟန်တူပါသည်။

သူ ကတော့ ခပ်တည်တည်ပင် မြင်းလှည်းများ ကို ဖြတ်ကျော်လိုက်သည်။ လမ်းဘေးမှ သီကာ ညွှန်ပြလိုက်သော ဘယ်ဘက်အရပ်ဆီသို့ မှန်မှန်လျှောက်လာခဲ့ပါသည်။ ဖွံ့ဖြိုးမှု နှေးကွေးသော နယ်မြို့လေးပေမို့ လမ်းပေါ်တွင် မော်တော် ကား၊ ဆိုင်ကယ်များ ကို မတွေ့ ရ၊ စက်ဘီးများ ဖြင့် သာ ဥဒဟို သွားလာနေကြသည်။ ရိုးမတောင်တန်းကြီးများ ကို ကျော်ပေးထားသော မြို့လေးပေမို့ သစ်ဝါးပေါသည်ကို တွေ့ ရ၏ ။

လမ်းဘေးတစ်ဖက်တစ်ချက်ရှိ လူနေအိမ်တို့မှာ သစ်မာများ ဖြင့် အခိုင်အမာ ဆောက်လုပ်ထားပါသည်။ ရေနံချေးဝနေသော အိမ်မည်းကြီးများ ကိုလည်း အများ အပြားတွေ့ ရသည်။ အကုန်လုံးက ခြံဝန်းကျယ်ကြီးတွေ နဲ့ သစ်ပင်ပန်းပင်တွေ နဲ့ နေချင်စဖွယ်။

တစ်ခါမှ မရောက်ဖူးသည်မို့ အထူးအဆန်း ဖြစ်လို့နေသည်။ ညာဘက်ခြမ်းဆီမှာ မှိုင်းညို့ညို့ရိုးမတောင်တန်းကြီးတွေ ရှိ၏ ။ မြို့လေးက တောရိပ်၊ တောင်ရိပ်ဖုံးကာ အေးချမ်းလို့နေပါသည်။ မိုးအကုန် ဆောင်းအဦးပေမို့ လေအေးအေးကလည်း တစ်ချက်တစ်ချက် ရောက်လာသေးသည်။

ဒီလိုတော၊ တောင်၊ ရေ၊ မြေနှင့် စိမ်းလန်းသော နေရာဒေသမှာ လွင်တီးခေါင်ပြင် တောင်ကုန်းလေးတစ်ခု ရှိနေပါသတဲ့။ ဟုတ်ပါ့မလား။ ကိုယ်တွေ့ မမြင်ရသေးသည်မို့ ငြင်းရန် ခဲယဉ်းနေပါသေးသည်။

ဘူတာဝန်ထမ်းပြောလိုက်တေသာ ငါးမိနစ်(သို့ ) ချွေးတစို့ ကြာပြီးသွားစဉ်မှာ . ..

ရှေ့တူရူတွင် လှမ်းမြင်လိုက်ရသည်က ကုက္ကိုပင်တန်းအုပ်အုပ်၊ လူတစ်ဖက်နီးနီးရှိသော ကုက္ကိုပင်ကြီးတွေ က အကိုင်းအခက်ဝေဆာစွာ အေးရိပ်နေ၏ ။ ထိုအောက်မှာ ကား လူစုလူဝေးရပ်ဝန်းလေးတစ်ခုရှိနေသည်။

စက်ခေါင်းစိမ်းကားကြီးတွေ ရပ်ထားပြီး လူအများ လှုပ်ရှားသွားလာနေကြ၏ ။ မြင်ရုံနဲ့ သဘောပေါက်သည်။ ဒါဟာကျေးလက် ကားဂိတ်တစ်ခုပါပင်။ အနီးရောက်သွားတော့ တောသူတောင်သားတို့၏ ချစ်စဖွယ်ဓလေ့စရိုက်များ ကို မြင်ရသည်။

ပါးကွက်ညိုမိန်းမကြီးတွေ ၊ ဈေးခြင်းတောင်း ခေါင်းပေါ်ရွက်ကာ ကားရှာနေသူတွေ ၊ သစ်ပင်ရိပ်အောက်တွင် ကွမ်းထိုင်ဝါးနေသူတွေ ၊ ကျေးလက်သူ/သား ပီပီ တစ်ဦးနဲ့တစ်ဦး တစ်နေရာမှတစ်နေရာ အော်ဟစ်ပြောဆိုနေပုံတွေ စတာတွေ နဲ့ ကားဂိတ်လေးက ရိုးသားမှု တစ်ခုကို ဖော်ကျူးနေသည်။

သူ့ကိုမြင်တော့ အထူးဆန်းသဖွယ် ၀ိုင်းကြည့်ကြ၏ ။ မြို့ကြီးသားမဟုတ်ပေမဲ့ ခရီးသွားရာတွင် အဆင်ပြေရန် ဘောင်းဘီရှည်၊ ကင်းဗက်၊ ဂျင်းလက်ရှည်တို့ကို ၀တ်စားလာသည်။ ဒီလိုဆိုတော့ သူ့ပုံစံက ခေါင်းပေါင်းပေါင်း၊ ပုဆိုးကြမ်းဝတ် တောရွာဓလေ့တွင် ပျော်မွေ့သူတွေ ထက် ထူးခြားနေတာတော့ သေချာသည်။

သိသိသာသာကြီး ၀ိုင်းကြည့်နေသည်မို့ မနေတတ်၊ မထိုင်တတ် ဖြစ်ကာ အရှက်ပြေသဘော နီးစပ်ရာလူ တစ်ယောက် ကို ကပ်မေးလိုက်သည်။

“ ဒွေးပင်ရွာကို ဘယ်ကားစီးရမလဲ . . . နောင်ကြီး ”

“ ဒွေးပင်ကိုလားဗျ။ ဒွေးပင်က အောင်တိုင်းကျော် စီးရမှာ ။ ဒါက ဟန်သာမြင့် သရောတောသွားမဲ့ကား ”

“ ဟုတ်လား ”

အူလည်လည် ဖြစ်သွားသည်။ ဒီလူ ဘာတွေ ပြောလိုက်မှန်းသူမသိပါ။ အောင်တိုင်းကျော်တဲ့။ သူ့ဘေးကားက “ဟန်သာမြင့်” တဲ့။ နောက်မှ သဘောပေါက်လိုက်မိ၏ ။ နံဘေးရှိကား၏ ကိုယ်ထည်မှာ “ဟန်သာမြင့်” ဟုစာလုံးဝါကြီးများ ဖြင့် ရေး ထားသည်ကိုတွေ့ ရပါသည်။

“ဟန်သာမြင့်” ဆိုတာ ကားနာမည် ကို ဆိုလိုခြင်း ဖြစ်ပါလိမ့်မည် ။ ဒါဆို “အောင်တိုင်းကျော်” ကရောဘယ်မှာ နည်း။

“နောင်ကြီး . . . အောင်တိုင်းကျော်က ဘယ်နားမှာ လဲဗျ”

“ဟိုရှေ့မှာ လေဗျာ . . . ခင်ဗျားကလည်း ရှာရောပေါ့”

ကွမ်းတံတွေးကို ဗျစ်ခနဲထွေးရင်း အပြစ်တင်သလိုပြောတော့ စည်သူ ပုခုံးတွန့်လိုက်မိသည်။ သူ့ကို သိပ်စိတ်ရှည်ချင်ပုံမရပါ။ ထို့ကြောင့် ညွှန်ပြသော နေရာသို့ ခပ်သွက်သွက်ပင် လျှောက်သွားလိုက်ရပါသည်။ ဒါတောင် နောက်ဖက်မှ အသံကြားရသေး၏ ။

“ဟဲ့ . . . မောင်မှတ်၊ ဘယ်သူတဲ့တုံး”

“အောင်တိုင်းကျော် ရှာတာပါဗျာ၊ ဘယ်က မြို့သားမလည် မ၀ယ်လဲ မသိပါဘူး”

“သေဟ . . .”

ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိလိုက်သည်။ မလွယ်ပါချေ။ သူတို့ နယ်မြေ ဖြစ်လေတော့ အချွန်ကလေး၊ အတက်ကလေးတွေ နဲ့ပေါ့။ ပြီးတော့ ခေါင်းပေါင်းဝတ် အဒေါ်ကြီးက မှတ်ချက်ပြုသေး၏ ။

“ဟုတ်မှာ ပါဟယ် . . . ပုံစံက မအူမလည်လေးပါ”

သွက်သွက်ပင် လျှောက်လာခဲ့လိုက်သည်။ တော် ပါသေး၏ ။ သူတို့ဟိုဘက်ရိုးမသာရှိပေလို့။ မြို့ကြီးသားတွေ ဆိုပါက ဘယ်လောက်တောင်နှိပ်ကွပ်လိုက်ကြမလဲမသိ။ ကားတန်းဆုံးမှပဲ “အောင်တိုင်းကျော်” ဟူသော နာမည် တပ်ကားကြီးကို တွေ့ ရပါသည်။ တခြားကားများ နည်းတူ စက်ခေါင်းစိမ်။းကားကြီးပါပင်။

သစ်သားကိုယ်ထည်ပေါ်မှာ လည်း သင်္ဘောဆေးအစိမ်းရောင် ကို သုတ်ထား၏ ။ ထို မွဲခြောက်ခြောက် ဆေးရောင် ပေါ်မှာ ပင် ဖုန်တွေ က အလိမ်းလိမ်း။ သစ်သားကာ ထရံမိုးကားကြီး ဖြစ်ပါသည်။ကားကြီး၏ ဘေးကိုယ်ထည်တွင် လူ တစ်ယောက် ၊ ၀ါးလုံးများ ကို ကြိုးတုပ်နေသည်။

ကားခေါင်မိုးပေါ်တွင် ဈေးခြင်းတောင်းတွေ ၊ ၀န်စည်စလယ်တွေ အပြည့်။ ကောက်ရိုးခင်းထားသော ကားအတွင်းပိုင်းမှာ လည်း ခရီးသည် တော် တော် များ နေပြီ။ ကားရှေ့ဘက် ခပ်လှမ်းလှမ်းမှာ ကြေးနီရောင် အသားရည်နှင့် လူတစ်ဦး မတ်တပ်ရပ်နေသည်။ ၀ါးလုံးတုပ်နေသော ပုဂ္ဂိုလ်ကို ရပ်ကြည့်နေခြင်း ဖြစ်သည်။ စည်သူ ရပ်နေသူနား တိုးသွား၍ ...

“ဒါဒွေးပင်ရွာကို သွားမဲ့ကားလားဗျ”

ထိုလူက သူ့ကို သေချာကြည့်ကာ...

“ကျောက်ကြီးကို သွားမှာ ။ ဒွေးပင်သွားချင်ရင် ကျောက်ကြီးကနေ လှည်းကြုံစောင့်စီး ဒွေးပင်ကို ကားမထွက်ဘူး”

ဘူတာဝန်ထမ်းပြောလိုက်သော စကားမှာ ဒက်ထိ မှန်နေပါ၏ ။ မတတ်နိုင်တော့။ သူတို့ပြောသလိုပဲ ကျောက်ကြီးကိုသာ လိုက်ရပေတော့မည် ။

“ခေါင်းခန်းရဦးမလား”

“ရတယ် ...ခေါင်းခန်းက နှစ် ဆပေးရမှာ ”

ဝါးလုံးတုပ်နေသူက လှမ်းအော်သည်။ ထိုလူမှာ ကားစပယ်ယာ ဖြစ်ဟန်တူသည်။ သဘာဝကျပါသည်။ ကားခေါင်းခန်းက နောက်ခန်းဈေးထက် နှစ် ဆ။ စည်သူ ကားခေါင်းခန်းတွင်း တက်ထိုင်လိုက်သည်။ နာရီကို ကြည့်တော့ ဆယ့်တစ်နာရီခွဲ၊ ဗိုက်တောင်ဆာသလို ရှိလာ၏ ။

အနီးနား ကုက္ကိုပင်ရိပ်အောက်မှာ တော့ ဒန်အိုးလေးတွေ ဖြန့်ခင်းရောင်းချသော ထမင်းဆိုင်လေးတွေ ရှိသည်။

ထို့ကြောင့် အဆာပြေ ထမင်း ဆင်းစားရန် တွေးမိစဉ်မှာ ပဲ...

“ပြီးပြီလား...စံလှ...မင်း ၀ါးကြိုးတုပ်လို့ပြီးရင် ကားထွက်မယ်”

“ပြီးပြီ ဆရာ”

နောက်ဘက်မှ ဖြေသံထွက်လာတော့ ရပ်နေသူက ကားဆရာနေရာတွင် ၀င်ထိုင်သည်။ သွားလေပြီ။ ဗိုက်ဆာလည်း အူလှိမ့်ခံရုံသာရှိတော့၏ ။စံလှဆိုသူက ကားစက်ဂေါက်ကို ထမ်းရင်း ရှေ့လျှောက်လာသည်။

ကားခေါင်းတွင်း ဂေါက်ထိုးကာ လှည့်၏ ။

အချက်နှစ် ဆယ်လောက် လှည့်ပြီးစဉ်မှာ စက်ခေါင်းစိမ်းကြီးက တဖြည်းဖြည်း တုန်လာသည်။ ပြီးတော့ တအင့်အင့် ညှစ်အော်ကာ မီးခိုးတွေ လုံးတက်သွား၏ ။ စက်နိုးချေပြီ။

စပယ်ယာက စက်ဂေါက်သံချောင်းကို ထမ်း၍ နောက်ဘက်ပြန်လျှောက်သွားသည်။ မကြာလိုက်ပါ။

“လူစုံပြီ ဆရာ...ထွက်မယ်”

လီဗာ နင်းလိုက်ရာ ကားကြီးက ငယ်သံပါအောင် အော်ရင်း တစ်ဘီးချင်း လိမ့်ထွက်သွားလေတော့၏ ။ ခေါင်းခန်းမှာ ကျယ်ပေမယ့် နောက်ထပ်စီးသူ မရှိပါပေ။

နှစ် ဆပေးထားသည်မို့ သူနဲ့ ဒရိုက်ဘာ နှစ်ယောက် တည်း။ ကားစက်သံ တအုန်းအုန်း၊ မီးခိုးတွေ တလုံးလုံးဖြင့် ကားကြီးက တရွေ့ချင်း ရွေ့နေချေပြီ။

တကယ်တော့ ရထားစီးရတာ နဲ့ပင် သိပ်မကွာလှပါ။

အင်ဂျင်ကြီး၏ ဆွဲခါမှု ကြောင့် သူစီးနင်းလိုက်ပါရာ ခေါင်းခန်းတစ်ခုလုံး တုန်ခါကာနေသည်။

လီဗာနင်းလိုက်တိုင်း ခိုညည်းသံ လိုလိုလည်း စက်ခေါင်းစိမ်းကြီးဆီမှ ကြားရ၏ ။

ဒါပေမဲ့ တာဝန်ကျေပါသည်။

အရှေ့ဆီမှ မန်ကျည်းပင်တန်း မြေလမ်းလေးက အသင့်စောင့်ကြိုနေသည် မဟုတ်ပါလား။

V

ကျောက်ကြီးကိုရောက်တော့ နေ့လယ်တစ်နာရီထိုးနေပါပြီ။ ကားပေါ်ကဆင်းစဉ် သူ့တင်ပါးတွေ ကျိန်းစက်နေ၏ ။ နောက်ခန်းတွင် ခရီးသည် လေး၊ ငါး၊ ခြောက်ယောက် သာ ကျန်တော့သည်။ ဒါတွေ ကတော့ ကျောက်ကြီးသူ၊ ကျောက်ကြီးသားတွေ ဖြစ်ဟန်တူပါသည်။

ကျန်ခရီးသည်များ မှာ လမ်းတစ်လျှောက် ကျေးရွာနှင့် တဲအိမ်များ မှာ ဆင်းနေခဲ့ကြသည်မို့ ဂိတ်ဆုံးချိန်တွင် ဤမျှလောက်သာ ကျန်တော့ခြင်း ဖြစ်သည်။ ကားရပ်တော့ သူတို့တွေ မှာ လည်း ၀န်စည်စလယ်များ ကို ထုပ်ပိုးထမ်းရွက်ရင်း အသီးသီးထွက်ခွာသွားကြသည်။

ကျန်ခဲ့တာက ကားခေါင်းခန်းတွင်း ပိုက်ဆံရေနေသော ဒရိုင်ဘာ၊ ကားဖုန်သုတ်နေသော စပါယ်ယာနှင့် သူ တစ်ယောက် သာ၊ ဗိုက်မှာ တချုတ်ချုတ်ဆာလောင်နေပါသည်။ ဆိုင်လေး ကနားလေး ရှိလိုရှိငြား ရှာကြည့်တော့ ခပ်လှမ်းလှမ်းမှာ ခနော်ခနဲ့ မြေစိုက်ဆိုင်လေးတစ်ဆိုင်ကို တွေ့ ရ၏ ။

ဘာရောင်းသော ဆိုင်မှန်း မသိပေမဲ့ ခေတ္တနားခိုစရာမှာ ထိုနေရာသာရှိသည်မို့ ခရီးဆောင်အိတ်ကိုဆွဲကာ ဆိုင်လေးရှိရာဆီ သွားလိုက်သည်။ဆိုင်ဝရောက်စဉ်မှာ ပဲ နှာသီးဝသို့ တို့ထိလာသော ရနံ့တစ်ခု။

ငါးပိရည်ကျိုနံ့။

ချက်ချင်း လက်ငင်း သွားရည်ကျဲသွားရ၏ ။ ဆိုင်တွင်းမှာ လူမရှိပါ။ အနံ့ထွက်ပေါ်လာရာကို စူးစမ်းတော့ ဆိုင်နောက်ဘက်မှ ဖြစ်နေသည်။ ထို့ကြောင့် . . .

“ဆိုင်ရှင်တို့ . . .”

“ဟေလကွာ . . .”

ထူးသံတစ်ခုနဲ့အတူ အပေါ်ပိုင်း ဗလာကျင်း၍ လုံချည်တိုတိုဝတ်ထားသော လူကြီး တစ်ယောက် ထရံနောက်မှ ပြေးထွက်လာသည်။ သူ့ကိုမြင်တော့ . . .

“ဘာများ အလိုရှိသလဲ . . . မောင်ရင်၊ ထိုင်ပါဦး”

အူကြောင်ကြောင်ဖြင့် ညွှန်ပြသော ခုံတစ်လုံးမှာ ၀င်ထိုင်လိုက်သည်။ စားပွဲရှည်ကြီးများ ခင်းထားပြီး လူထိုင်တန်းလျားငယ်လေးတွေ နှင့် မို့ ဆိုင်ဆိုတာတော့သေချာသည်။ ထို့ကြောင့် . . .

“ဒီမှာ ဘာရောင်းလဲသိချင် လို့ပါ”

“ထမင်း ရောင်းပါတယ်။ ထမင်းဆိုင်ပါ . . . ဒါပေမဲ့ . . . ”

ထမင်းဆိုင်ဆို၍ စည်သူဝမ်းသာသွားသော်လည်း . . .

“ပဲပြုတ်ကြော်နဲ့ ငါးပိရည်၊ အတို့အမြုပ်ပဲ ရတော့တယ်”

တံတွေးကိုသာ မျိုချမိသည်။ ဆိုင်ရှင်ဦးလေးကြီး၏ နောက်ဆက်တွဲ စကားမှာ တော့ စိတ်ဝင်စားဖို့ကောင်းပါသည်။

“စောင့်နိုင်ရင်တော့ ငါးရှဥ့်ရှိတယ်။ ခုနမှ ရိုးထဲက ရထားတာ။ ဒါပေမဲ့ မီးမြှိုက်ရမှာ ကြော်ရမှာ နဲ့ တော် တော် ကြာဦးမယ်”

စဉ်းစားရပါသည်။ ဗိုက်အခြေအနေကို ကိုယ်လေ့လာကြည့်တော့ အဲလောက် မစောင့်နိုင်တော့ဘူးဆိုတာ အဖြေထွက်လာ၏ ။ ဆိုင်ရှင်ဦးလေးကြီးကလည်း အနားတွင် ရပ်ကာ သူ့အဖြေကို ငံ့လင့်နေတာမို့ . . .

“ထားလိုက်ပါတော့ဗျာ။ ကျွန်တော် အဲလောက် မစောင့်နိုင်တော့ဘူး။ ရှိတာသာ ချပေးတော့”

“ဟုတ်ပြီ . . . ငါ့တူ”

စားပွဲကို တစ်ချက်၊ နှစ် ချက် အ၀တ်ဖြင့် တိုက်ကာ ဆိုင်နောက်ဘက် အပြေးတစ်ပိုင်းပြန်ဝင်သွားသည်။ ကြည့်ရတာ တစ်ဆိုင်လုံး၌ သူ တစ်ယောက် သာ ရှိဟန်တူပါသည်။ သူပင် စားပွဲထိုး၊ သူပင် ဆိုင်ရှင်၊ သူသည်ပင် စားဖိုမှူး ဖြစ်ပုံ ရနေ၏ ။

မကြာလိုက်၊ သူ့ရှေ့ကို အငွေ့တထောင်းထောင်းထနေသော ထမင်းတစ်ဇလုံ၊ ပဲပြုတ်ကြော်တစ်ခွက်၊ မီးဖိုမှ ချခါစ ငါးပိရည်ပူပူနှင့် အတို့အမြှုပ် ပန်းကန်ရောက်လာပါသည်။ တစ်အောင့်ကြာတော့ ရေနွေးကရားအိုးနှင့် ဖန်ခွက်တစ်လုံးကိုပါ လာချပေးသည်။

အရင်ဆုံး ထိုင်ရာမှ ထပြီး လက်အရင် သွားဆေးလိုက်သည်။ လက်ဆေးပြီးတော့ အင်္ကျီကိုလက်ခေါက်ကာ စားပွဲတွင် ပြန်ထိုင်၏ ။ ငါးပိရည်ကို ထမင်းပူပူပေါ် သုံးလေးဇွန်း လောင်းချလိုက်သည်။ ပြီးလျှင် လက်ငါးချောင်းဖြင့် တစ်ပန်းကန်လုံးနှံ့အောင် နယ်ဖတ်လိုက်၏ ။

ပဲပြုတ်ကြော်ကို ထမင်းပေါ် ပုံလောင်းကာ ရောနယ်သည်။ ထမင်းနှင့် ပဲပြုတ်သမသွားစဉ်မှာ တော့ အတို့အမြှုပ် ပန်းကန်တွင်းမှာ မုန်လာရွက်ချဉ်ဖတ်ကို တစ်ချောင်းဖြတ်ကာ လက်ညှိုးတွင် ချည်သည်။ ပြီးတော့ အခွေလိုက်အတိုင်း ထမင်းတွင် မြှုပ်ပြီး ခပ်ကြီးကြီး တစ်လုတ် စလွေး လိုက်ပါသည်။

ငါးပိရည်နှင့် ပဲပြုတ်ရောနယ်ထားသော ထမင်းက လျာပေါ်တွင် စိမ့်ကျသွား၏ ။ မုန်လာရွက်ချဉ်ဖတ်ကို တကျွတ်ကျွတ် ကိုက်ဝါးတော့ ချဉ်တင်တင်၊ ဖန်တွတွအရသာက လျှာပေါ်ထပ်ရောက်လာသည်။ သုံးခုပေါင်းသွားစဉ်မှာ အရာသာခံသော လျှာပင်မဟုတ်။ ပါးချောင်တွေ ပင် အီစိမ့်ကျသွားတော့သည်။

တစ်ဖန် ငါးပိရည်ကျိုမှ ငရုတ်သီးစပ်လာ၏ ။ ထိုအခါမှာ ရေနွေးခရားအိုးမှ ရေနွေးပူပူကို ဖန်ခွက်တွင် လောင်းထည့်ရင်း “ရှူး”ခနဲ မှု တ်သောက်လိုက်သည်။ တောငါးပိရည်ကျိုမှာ ခံတွင်းတွေ့ လေစွ။

တစ်ပန်းကန် ကုန်သွားပြီးစဉ်မှာ ကားဒရိုင်ဘာနှင့် စပယ်ယာ ဆိုင်တွင်းဝင်လာပြီး . . .

“ဦးလေးမောင်နီရေ . . . ကျွန်တော် တို့ကို နှစ် ယောက် စာလုပ်ဗျာ။ ဘာဟင်းရှိသေးလဲ။ ထုံးစံအတိုင်း ပဲပြုတ်ကြော်နဲ့ ငါးပိရည်ပဲလား”

“စောင့်နိုင်ရင်တော့ ငါးရှဥ့်ရှိတယ်။ ခုနမှ ရိုးထဲက ရထားတာ မီးမြှိုက်ထားတယ်”

စပယ်ယာနှင့် ဒရိုင်ဘာ တစ်ယောက် ကို တစ်ယောက် ကြည့်၏ ။

ဒရိုင်ဘာက . . .

“အဲဒါဆို မြန်မြန်လုပ်ဗျာ . . . ကျွန်တော် ငါးရှဥ့်စောင့်စားမယ်၊ စံလှ . . . မင်းရော”

စပယ်ယာက ခဏတာ တွေ ဝေသွားပေမဲ့ . . .

“ကျွန်တော့် ကိုတော့ ရှိတာအရင်ချဗျာ။ စားရင်းနဲ့စောင့်မယ်”

“ကောင်းပြီ . . . ကောင်းပြီ . . .”

ဦးလေးမောင်နီခေါ်သူ ဗိုက်ရွှဲရွှဲအသားမည်းမည်း ဦးလေးကြီးမှာ တုတ်တုတ်တုတ်တုတ်ဖြင့် နောက်ဖက်ပြန်ဝင်သွားပြန်သည်။ ခဏကြာတော့ စံလှအတွက် စားသောက်ဖွယ်ရာများ လာချပေးသည်။ ထိုအချိန်မှာ ပဲ စည်သူ၏ စားသောက်ခြင်းကိစ္စမှာ ပြီးဆုံး သွားပါတော့သည်။

ထိုင်ရာမှထပြီး ရေစည်ပိုင်းတွင် လက်သွားဆေး၏ ။ လက်ဆေးပြီးတော့ စားပွဲတွင် ပြန်ထိုင်ကာ ရေနွေးငှဲ့သောက်နေလိုက်သည်။ ၀မ်းမီးတော့ ငြိမ်းသွားချေပြီ။ ခရီးမှာ မဆုံးသေး၊ ဆက်လက်ချီတက်ရပေဦးမည် ။

ကြားသိရသလောက် ဒွေးပင်ကိုရောက်ရန် ဤရွာမှ လှည်းကြုံစောင့်စီးရမည် ဆိုပါသည်။ ဘယ်နားက စောင့်စီးရတာ နည်း။ လှည်းကြုံရော ရှိပါရဲ့ လား။ ဆိုင်ရှင်ဦးလေးကြီးကိုပဲ မေးမြန်းစုံစမ်းရပေတော့မည် ။ ဒါပေမဲ့ . . .

“လေးမောင်နီရေ . . . ဒါ အောင်တိုင်းကျော် နောက်ဆုံးကားလားဗျ”

ဟူသော အသံနှင့် အတူ ဆိုင်ရှေ့သို့ နွားလှည်းတစ်စီး ဆိုက်လာ၏ ။ အသံကြောင့် ဆိုင်နောက်တွင် ချက်ပြုတ်နေသော ဦးလေးမောင်နီ ပြေးထွက်လာ သော်လည်း ငါးရှဥ့်ဟင်းစောင့်နေသော ဒရိုင်ဘာမှာ ဆိုင်ရှင်ဦးလေးကြီးအစား ၀င်ဖြေပေးသည်။

“မဟုတ်ဘူး . . ဒါ ဒုတိယကား။ မြို့မှာ နောက်တစ်ကားကျန်သေးတယ်”

“သြော် . . . ဒီလိုဆို တော် သေးတာပေါ့ကွာ”

နွားဇက်ကြိုးကို တင်းတင်းဆွဲရင်း ထိုသူက ပြန်ဖြေတော့ . . .

“ဘာ ဖြစ်လို့တုံး . . . ကြွက်နီရ”

ဆိုင်ရှင်ဦးလေး မောင်နီ၏ အမေးကို . . .

“ရွာက ဆရားလေးရဲ့ ဧည့်သည် အောင်တိုင်းကျော်နောက်ဆုံးကားနဲ့ ပါလာမယ်ပြောလို့ လာကြိုတာပါဗျာ။ လမ်းမှာ ဒီနှစ် ကောင်ကန်ဆွဲနေတာနဲ့ တံပိုးကြီးတုတ်ကျိုးသွားလို့ ကြာနေတာ။ တော် သေးတာပေါ့။ ကျွန်တော် က ကားဆိုက်ပြီးသွားပြီတောင် ထင်နေတာ”

လှည်းမောင်းသူက တဖူးဖူးနှာမှု တ်နေသော နွားနှစ် ကောင်ကို ညွှန်ရင်းပြောတော့ . . .

“မင်းက ဒွေးပင်ကလား”

ဒရိုင်ဘာက စည်သူ့ဘက်ကို တစ်ချက်လှမ်းကြည့်ရင်း လှည်းမောင်းသူကို မေးသည်။

“ဟုတ်တယ်လေ”

အဖြေဆုံးစဉ်မှာ ပဲ စည်သူ မတ်တပ်ထရပ်လိုက်ရတော့၏ ။

“ကိုယ့်လူပြောတဲ့ ဆရာလေးဆိုတာ ဆရာဝန်ထင်ကျော်ကို ပြောတာလား”

နွားကိုဇက်သပ်ကာ လှည်းပေါ်မှ ခုန်ဆင်းမည် လုပ်နေသော ကြွက်နီ အရှိန်တန့်သွားသည်။

“ဟုတ်တယ် . . . ဆရာလေးထင်ကျော် လွှတ်လိုက်တာ။ဒါနဲ့ ခင်ဗျားက . . .”

“ကျွန်တော် က စည်သူပါ။ ကိုထင်ကျော်ရဲ့ ဧည့်သည်ပါပဲ”

ထိုလူက လှည်းပေါ်မှ မဆင်းသေးပဲ သူ့ကိုကြည့်သည်။ ပြီးတော့ ရပ်ထားသော သစ်သားကိုယ်ထည်ကားကြီးကို လှမ်းကြည့်ပြီး . . .

“နို့ . . . ပြေတော့ ဒါ နောက်ဆုံးကားမဟုတ်ဘူးဆို”

“ကျွန်တော် ဒီကားနဲ့ ပါလာတာပါ။ ထင်ကျော်က ရထားဆိုက်မဲ့အချိန်မှ မှန်းပြီးလွှတ်လိုက်တာနဲ့တူတယ်”

ထိုလူက လှည်းပေါ်မှ လွှားခနဲ့ ခုန်ဆင်းလာသည်။ ပြီးတော့ နွားနှစ် ကောင်ကို နားဖားကြိုးမှ ကိုင်ကာ အရိပ်ထဲဆွဲသွင်း၏ ။ ထို့နောက်မှ ဆိုင်လေးရှိရာ ပြန်လျှောက်လာရင်း . . .

“သိပါဘူးဗျာ . . . ကျုပ်က ခင်ဗျားပါလာမဲ့ကားကို ဆရားလေး သေချာသိထားတယ် အောက်မေ့လို့”

“မဟုတ်ဘူး . . .။ ဒီနေ့ ကျွန်တော် ရောက်လာမယ်ဆိုတာပဲ သိထားတာ . . .”

“သြော် . . .”

ကြွက်နီဆိုသူက ဆောင်းထားသော ခမောက်ကိုချွတ်ပြီး စားပွဲပေါ်တင်သည်။

“လေးနီ . . . ထမင်းရှိသေးလားဗျ။ ကျုပ်ဘာမှ မစားရသေးဘူး”

“ထမင်းကရှိတယ်။ ဟင်းတော့ မရှိဘူး။ ခဏနေရင်တော့ ငါးရှဥ့်ကြော် စပ်စပ်ရမယ်”

“လုပ်ဗျာ . . . မြန်မြန်လေး”

ဆိုင်ရှင်ဦးလေးကြီးမှာ တုတ်တုတ်တုတ်တုတ်ဖြင့် နောက်ထဲ ပြေးဝင်သွားပြန်သည်။ ကြွက်နီက သူ့ရှေ့မှာ မောမောပန်းပန်း ၀င်ထိုင်ရင်း . . .

“ကျုပ် ထမင်းစားလိုက်ဦးမယ်နော့။ ပြီးမှ သွားကြတာပေါ့”

“ဟုတ်ကဲ့ . . . ရပါတယ်”

*


VI

နွားလှည်းလေးတစ်စီးမှာ လှုပ်လီလှုပ်လဲ့ ပြေးလွှားနေပါ၏ ။ အလာတုန်းက ကန်သည်ဆိုသော နွားနှစ် ကောင်မှာ ယခုတော့ အတိုင်အလှည့် မှန်မှန်ဖြင့် သွက်လို့ပင် နေပါသေးသည်။ အပြန်လမ်း ဖြစ်သည်ကြောင့် လားတော့မသိ။ လှည်းပေါ်တွင် က မောင်းသူ ကြွက်နီဆိုသော လူငယ် တစ်ယောက် နှင့် မြို့မှ ဧည့်သည်တစ်ဦး ပါလာသည်။

သူတို့ရဲ့ ဦးတည်ရာက ဒွေးပင်ဆိုသော ရိုးမစပ်မှ ရွာလေးတစ်ရွာဆီသို့ . . .

“ခင်ဗျားတို့ရွာက တော် တော် ဝေးသေးလားဗျ”

စကားမရှိ စကားရှာ သဘောမျိုး စည်သူသွေးတိုးစမ်းတော့ . . .

“အရမ်းကြီးလည်း မဝေးပါဘူး။ ရောက်တော့ သိလိမ့်မယ်ပေါ့”

ပြန်ဖြေရင်း နီးစပ်ရာ နွားတစ်ကောင်ကို ကြိမ်ဖြင့် လှမ်းတို့သည်။ ကြိမ်တို့လိုက်မှု ကြောင့် နွားမှာ ပုံမှန်သွားနေရာမှ ခပ်သွက်သွက်ပြေးသည်။ သူတို့လှည်းလေးရဲ့ နောက်ပိုင်းမှာ က ဖုန်တွေ တလူလူ လွင့်ကျန်လို့။

“ဒါနဲ့ ခင်ဗျားတို့ ဆရာလေးရော ရွာမှာ အဆင်ပြေရဲ့ လား”

“ဆရာလေး ထင်ကျော်ကို ပြောတာလား”

“ဟုတ်တယ်လေ”

“ပြေပါတယ်။ ဒါပေမဲ့ အခုတလော သူအလုပ်နည်းနည်း ရှုပ်နေတယ်ဗျ။ ရွာမှာ ဒီလပိုင်းအတွင်း နာမကျန်းသူတွေ တော် တော် များ နေလို့”

စည်သူ ငြိမ်နေမိလိုက်သည်။ လေ့လာကြည့်ရသလောက် ကြွက်နီလည်း ဆက်ဆံရေး မဆိုးပါ။ စည်သူမေးမြန်းသမျှတွေ ကို နွားလှည်းမောင်းနေရင်းနဲ့ ကောင်းကောင်းမွန်မွန် ဖြေကြားပေး၏ ။

“ဒါနဲ့ ခင်ဗျားက ရွာကို ဘာလာလုပ်တာလဲ”

ဖျတ်ခနဲမေးလိုက်သော မေးခွန်းကြောင့် စည်သူ ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားသည်။ စူးစမ်းတာလား၊ စုံစမ်းတာလား မသိပေမဲ့ အလျဉ်းသင့်သလို ပြန်ဖြေလိုက်သည်။

“လာလည်တာပါ။ ထင်ကျော်နဲ့ ကျွန်တော် က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ လေ။ ထင်ကျော့်ဆီ လာလည်တာ။ ခင်ဗျားတို့ရွာကို ရောက်ဖူးချင်တာလည်း ပါတာပေါ့”

ကြွက်နီကို အကဲခတ်ကြည့်တော့ အေးဆေးပါပင်။ နွားဇက်ကြိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းရင်း လှည်းကို မြန်လိုက်၊ နှေးလိုက် မောင်းနေသည်။

နွားနှစ် ကောင်က လည်ကိုမော့ရင်း ဟန်ချက်ညီညီ လှည်းကြီးကို ဆွဲခေါ်နေ၏ ။ ကြွက်နီကလည်း ကြိမ်လုံးကို မြှော က်လိုက်၊ ညာသံပေးလိုက် နှင့ နွားနှစ် ကောင်ကို အားတင်းပေးနေသည်။

သူတို့လှည်းလေးမှာ လယ်ကွင်းတွေ ကို လွန်တော့ အရိပ်ရသော ရွာလမ်းလေးကို ရောက်လာသည်။ ဒါပေမဲ့ ကြွက်နီမှာ ရွာအတွင်းသို့ ဦးတည်မမောင်းဘဲ ရွာပြင်ဘက်လမ်းကို ဖဲ့ထွက်လိုက်သည်မို့ . . .

“ဒါ ဒွေးပင်မဟုတ်ဘူးလား”

သံသယရှိသည်ကြောင့် မေးလိုက်တော့ . . .

“မဟုတ်ဘူး၊ ဒါက သခွပ်ကုန်း၊ ဒွေးပင်ရောက်ဖို့ နောက်နှစ် ရွာ ဖြတ်ရဦးမှာ ”

ရွာလမ်းလေးကို လှည့်ကြည့်စဉ် ကြွက်နီ သဘောပေါက်စွာ စကားဆိုသည်။

“ရွာထဲကသွားရင်ဝေးလို့ ရွာပြင်ကို ထွက်လိုက်တာ”

လမ်းတစ်လျှောက်၌ ဆီးသီးပင်၊ မန်ကျည်းကောက်ကွေးပင်များ ကိုတွေ့ ရသည်။အပင်အချို့ပေါ်မှာ အသီးခူးနေသော ရွာခံကလေးများ ကို တွေ့ ရပါသည်။

ထိုမှလွန်တော့ မန်ကျည်းပင်တန်းများ အုပ်ဖွဲ့ရှိရာကို ရောက်လာ၏ ။ ကြွက်နီအတွက် မထူးခြားပေမဲ့ သူ့အတွက်တော့ ရိုးမနောက်ခံနှင့ ပတ်ဝန်းကျင်ရှုခင်းများ မှာ အသစ်အဆန်း။ ပြီးတော့ နေပူနေပေမဲ့ ခန္ဓာကိုယ်အရေပြားတွေ မှာ သာမန်သဘောသာ ဆောင်နေသည်။ ဟုတ်၏ ။ လေတဖြူးဖြူးတိုက်နေလို့လားမသိပါ။ နေပူရှိန်က အားသိပ်မပြင်းသလို ခံစားနေရသည်။

နွားလှည်းလေးမှာ တစ်ခါတစ်ရံ လယ်ကွင်းများ ကိုဖြတ်၊ တစ်ခါတစ်ရံ ရွာတန်းရှည်လေးတွေ ကို အပြင်မှဖြတ်ကျော်၊ တစ်ခါတစ်ရံတွင် တော့ အတောအတန်ကျယ်ဝန်းသော သဲချောင်းလေးဘေးမှ ကပ်သီမောင်းနှင်သွားရတာ လည်း ရှိသည်။

ရိုးမကို နောက်ခံပြုထားသည်မို့ သဘာဝအတိုင်း ဖြစ်တည်နေသော တောင်ကျချောင်းလေး ဖြစ်ဟန်တူပါသည်။ လမ်းမှာ ကောင်းသည်လည်းရှိ၏ ။ တစ်ခါတစ်ရံ ချုင့်ခွက်ကြီးငယ်တို့ ထူထပ်ပေါများ သည်လည်း ရှိ၏ ။

လှည်းပေါ်တွင် ကောက်ရိုးခင်းထားပေမဲ့ ကြာလာတော့ တင်ပါးတွေ နာလာသည်။ လှည်းစီးရသော အချိန်သည်ပင် တစ်နာရီနီးနီးရှိနေပြီ မဟုတ်ပါလား။

တစ်နေရာရောက်တော့ . . .

“ခြေထောက်ကို လှည်းပေါ်တင်ထားဦးဗျို့၊ ရှေ့ကချောင်းကို ဖြတ်ရမှာ ”

လှမ်းကြည့်တော့ အရှေ့ဆီမှာ မကျယ်မကျဉ်း ချောင်းရိုးကလေး တစ်ခုရှိနေပါသည်။ လှည်းမှာ ထိုချောင်းရိုးလေးဆီသို့ ဦးတည်မောင်းချသွား၏ ။ ကြိုတင်သတိပေးချက်အတိုင်း အောက်သို့ လွှဲချထားသော ခြေနှစ် ချောင်းကို ရုတ်ချည်း အပေါ်ပြန်တင်လိုက်ရသည်။

နွားနှစ် ကောင်မှာ ချောင်းရိုးထဲသို့ မြိုင်ဆိုင်စွာ ဆင်းချသွားတော့သည်။ ရေမှာ အရမ်းကြီးမနက်။ နွားကျောပေါ်ရုံသာရှိသည်မို့ လှည်းပေါ်သို့ ရေရောက်မလာပါ။

ရေလယ်ရောက်တော့ ကြွက်နီက လှည်းကို သွက်သွက်မောင်းတင်သည်။ အေးအေးသက်သာပင် လှည်းမှာ ရေတိမ်းပိုင်းကို ဖြတ်ကျော်၍ ကမ်းစပ်တက်လာ၏ ။ ထို့နောက်တော့ နွားနှစ် ကောင်မှာ ကမ်းပါးစောက်ပေါ် လှည်းကို ဆွဲတင်သွားလေတော့သည်။

ကမ်းပါးပေါ်ရောက်စဉ်မှာ ဘွားခနဲ တွေ့ လိုက်ရသည်က . . .

“ဟောဟိုက ရွာတန်းရှည်မဟာ ကျုပ်တို့ရွာပေါ့”

မှိုင်းညို့ညို့ရိုးမတောင်နှင့် တစ်ဆက်တည်း ဖြစ်နေသော ရွာလေးတစ်ရွာ။ ဒွေးပင်ရွာ (သို့ )ထင်ကျော် တာဝန်ကျနေသော ရွာ။ မြင်ရပေပြီ။ ကိုယ့်အိမ်ကိုယ် ပြန်မြင်လို့လားမသိ နွားနှစ် ကောင်မှာ အလိုလို အဆွဲသွက်လာသည်။

ကြွက်နီပြောသလိုပင် ရွာတန်းရှည်လေးပါပင်။ ရွာဟိုဘက်မှာ တောတန်းသာရှိတော့၏ ။ အဝေးက မြင်ရလို့လားမသိ။ ရွာလေးက အေးဆေးငြိမ်ဝပ်နေသလို။

“ရွာဟိုဘက်မှာ ရိုးမပဲ ရှိတော့တာကွ”

“ဟုတ်တယ်လေ . . .။ ကျုပ်တို့ရွာက ရိုးမတောင်ခြေမှာ တည်ထားတာပဲ ဥစ္စာ”

အဝေးမှ ရွာလေးကို ကြည့်ပြီး ဤမျှဝေးလံခေါင်သီလွန်းသော နေရာ၌ မညည်းမညူ တာဝန်ထမ်းဆောင်နေသည့် ထင်ကျော်ကိုပင် ချီးကျူးမိသည်။

“ခင်ဗျားတို့ရွာက အေးအေးချမ်းချမ်းပဲနော်”

“ဘာကို ကြည့်ပြောတာလဲဗျ”

စိမ်းပြင်ပြင် လှည့်ကြည့်ရင်းမေးတော့ . . .

“မြင်ရတာ ကို ပြောတာပါ။ နောက်ဖက်မှာ တောတန်းနဲ့၊ ဘေးမှာ စမ်းချောင်းနဲ့ သစ်ပင်၊ ၀ါးပင်စိမ်းစိမ်းစိုစိုနဲ့ ဆိုတော့ . . .”

ကြွက်နီ “ဟက်” ခနဲ ရယ်သည်။

“အရမ်းကြီးလည်း ချီးမြှော က်မနေနဲ့ဦး . . . ကိုယ့်လူ။ ရွာရောက်မှ လာမိတာမှားပြီ ဖြစ်နေမယ်”

“ဘာ ဖြစ်လို့လဲဗျ”

“လူတွေ တစ်ယောက် ပြီး တစ်ယောက် ဆက်တိုက်သေတာကို ခင်ဗျား ကြုံဖူးလား”

ကြားရသော စကားကြောင့် သူ အံ့သြသွားမိခိုက် . . .

“ရွာမှာ လူသေမစဲတာ နှစ် လပြည့်တော့မယ်”

“ဟင် . . .”

*


VII

တွေ ဝေမှင်တက်စွာ နဲ့ပင် ပါလာခဲ့တော့၏ ။ ဒါပေမဲ့ သူ့ခေါင်းထဲမှာ ကိစ္စတစ်ခုက အစုန်အဆန် ပြေးလွှားနေသည်။ ကြွက်နီပြောသော စကားရဲ့ အဓိပ္ပာယ်က ဘာလဲ။ ထိုစကားရဲ့ ဦးတည်ရာက ဘယ်ကို ရည်ညွှန်းတာလဲ။

လမ်းတစ်လျှောက် စဉ်းစားလာလိုက်တာ ရွာထဲကိုပင် ရောက်နေပြီ။ ရွာထိပ်တွင် ကစားနေသော ကလေးများ သူတို့ လှည်းကိုမြင်တော့ ကစားတာရပ်ပြီး ၀ိုင်းကြည့်ကြသည်။ ဒွေးပင်ရောက်ပြီမို့ လှည်းလေးမှာ ရွာလယ်လမ်းအတိုင်း ၀င်လာခဲ့သည်။

လမ်းတွင် တွေ့ ရသူများ ၊ တစ်ဖက်တစ်ချက်ရှိ အိမ်ခြံတို့မှ ရွာခံတွေ မှာ လည်း လူစိမ်းတစ်ဦးရောက်လာသည်ဟူသော အသိနဲ့ မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး၊ ၀ိုင်းဝန်းစူးစမ်းကြပါသည်။ စည်သူမှာ တော့ မရောက်ဖူးသော အရပ်ဒေသဆိုပေမဲ့ လာတုန်းကလောက် တက်ကြွမှု မရှိတော့ပါ။

ကြွက်နီစကားက သူ့စိတ်ကို ကသိကအောက် ဖြစ်သွားစေပါသည်။ ပတ်ဝန်းကျင်အနေအထားကိုလည်း မလေ့လာနိုင်တော့။ လှည်းလေးမှာ ရွာအတွင်းပိုင်းကို တဖြည်းဖြည်း ၀င်ရောက်လာ၏ ။

ရွာတွင်းသို့ အတော် အတန် ၀င်ရောက်ပြီးသည့်တိုင် ထင်ကျော်ရှိရာဆီ မရောက်သေးပါ။ ရွာလယ်လမ်းမဟု ခေါ်ရမည် လားမသိသော တာရိုးတစ်ခုဘေးမှ သီကာ တရွေ့ရွေ့သွားနေသည်။ မြင်တွေ့ ရသလောက် ရွာလေးက ခြံဝန်းလေးတွေ နှင့် သစ်ပင်ဝါးပင် စုံစုံလင်လင်ဖြင့် စိမ်းစို၍ နေပါ၏ ။

ရွာတာရိုးတစ်လျှောက်တွင် လည်း အရိပ်ရပင်ငယ် တချို့ကိုတွေ့ ရသည်။ ရှေ့ဘက်ခပ်လှမ်းလှမ်းမှာ ကုန်းကျော်တံတားတစ်ခု၊ သစ်သားဟောင်းတံတားလေး ဖြစ်ပါ၏ ။ တစ်ဖြောင်းတည်းသွားနေသော ရွာတာရိုးနဲ့ ညာဘက်ခြမ်းမှလာသည့် တာရိုးတို့ကို ဆက်သွယ်ပေးထားသော တံတားလေး ဖြစ်၏ ။

လှည်းမှာ ထိုတံတားအောက်မှ ငုံ့ပင်သွားရပါသည်။ ယခုချိန်ထိ ကြွက်နီရော၊ သူရော နှစ် ယောက် စလုံးက တိတ်ဆိတ်၍ သာ နေပါသည်။ လက်ရှိထက် ပိုမိုတိတ်ဆိတ်သွားစေလောက်သော အကြောင်းတစ်ခုက သူတို့လှည်းလေးအား စောင့်ကြိုနေပါတော့၏ ။

“ဟာ . . .”

လူ တစ်ယောက် အား ၀ိုင်းဝန်းရိုက်နှက်နေကြသော မြင်ကွင်းတစ်ခု။ သူပင်မဟုတ်၊ ကြွက်နီပင် အံ့သြမှု ကြောင့် ပါးစပ်ဟောင်းလောင်းပွင့်သွားသည်။ သတ္တ၀ါနဲ့ လက်နက် မမျှပါချေ။ ခံရသူမှာ တစ်ယောက် တည်း ဖြစ်ပြီး ၀ိုင်းဝန်းထိုးကြိတ်နေသူတွေ က ငါးယောက် တိတိ။ မြင်ကွင်းကို ကြည့်ပြီး ကြွက်နီက . . .

“ကျွတ် . . . ဝေလတို့အုပ်စု ကတော့ ဘာတွေ အနိုင်ကျင့်ကြပြန်ပြီးလဲ မသိဘူး”

ထိုစဉ်မှာ ပဲ . . .

“ဘုန်း . . .”

လဲကျသွားသူ၏ ကျောကုန်းအား ပြေးကန်လိုက်သည်ကြောင့် အသံကျယ်ကြီးတစ်ခု ထွက်သွားသည်။ အကန်ခံရသူ ကော့တက်သွားစဉ် နောက် တစ်ယောက် ကို ခြေထောက်ကို ဆောင့်နင်းချ၏ ။

“ဖြောင်း . . . အား . . .”

ညာဘက်ပေါင်တစ်ချောင်းမှာ တဆတ်ဆတ် တုန်သွားရပါသည်။ အသည်းခိုက်အောင် နာကျင်မှု ကြောင့် အော်သံကျယ်ကြီးမှာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတော့ . . .

“ဟာ . . . ဘာလုပ်နေကြတာလဲ။ ဘယ်သူမှ ၀င်မတာြး ကတော့ဘူးလား”

မခံမရပ်နိုင် သူ့နှုတ်မှ ထွက်သွားစဉ် . . .

“၀င်တားဖို့နေနေသာသာ သူကြီးအစ သူတို့ကို ကြောက်နေရတာ ။ ဘယ်သူ ၀င်ပါရဲမှာ လဲ”

“ဟင် . . .”

လူအချို့ ဝေးဝေးမှ ထိုအချင်းအရာကို ရပ်ကြည့်နေသည်။ ဒါပေမဲ့ ဘယ်သူမှ နှိပ်စက်သူကို ၀င်မတားကြပါ။ အကန်ခံရသူက မြေတွင် ခွေခွေလဲနေပြီ ရှမ်းဘောင်းဘီဝတ် လူထွားကြီး တစ်ယောက် က ထိုလူ ဦးခေါင်းကို ခြေထောက်ဖြင့် ဖိနင်းထားသည်။

“ဟာ . . . လုပ်ကြပါဦး၊ ဟိုမှာ သေတော့မယ်”

သူ့စကားဆုံးတော့ ကြွက်နီရဲ့ အကြည့်တစ်ခု ဒိုင်းခနဲရောက်လာကာ. . .

“ဟေ့လူ . . . ကိုယ်နဲ့မဆိုင်ဘဲ လျှောက်အော်မနေနဲ့။ သူတို့ကြားကုန်မယ်”

ကြွက်နီက လှည်းကို ခပ်သွက်သွက်မောင်းသည်။ လှည်းသံကြားတော့ နှိပ်စက်သူငါးဦး ခေါင်းတွေ တစ်ပြိုင်နက် လည်လာ၏ ။ ကြွက်နီကိုကျော်ကာ သူ့ကိုတွေ့ တော့ အကြည့်တွေ ရဲကုန်သည်။ သူတို့ဘေးမှ လှည်းဖြတ်တော့ အားလုံးက လက်ရှိအလုပ်ကိုရပ်ပြီး သူ့ကိုစူးရဲစွာ ၀ိုင်းကြည့်ကြသည်။

သူ ကတော့ မြေတွင် လဲနေသူ အနှိပ်စက်ခံလူသား တစ်ယောက် ကိုသာ စိုးရိမ်စိတ်ဖြင့် ကြည့်နေမိပါသည်။ မျက်နှာတစ်ပြင်လုံး ဖူးရောင် ကာ ပါးစပ်တွင် သွေးတွေ စီးကျနေပါ၏ ။ ပါးတစ်ဖက် မြေတွင် ပြားပြားကပ်ကာ ကျန်တစ်ဖက်က အပေါ်မှ ဖိနင်းချထားသော ဖြေဖ၀ါးအောက်တွင် သွေးသံတရဲရဲ။

အကန်ခံထားရမှု ကြောင့် ပေါင်တစ်ဖက်မှာ တဆတ်ဆတ်တုန်နေသည်။ ရင်နင့်ဖွယ်မြင်ကွင်းကို ကြည့်ပြီး လူက ခံပြင်းစိတ်ဖြင့် ကြက်သီးထမိသည်။

“ဟေ့လူ . . . လှည့်ကြည့်မနေနဲ့။ ဟိုမှာ ခင်ဗျားကို ၀ိုင်းကြည့်နေကြပြီ”

အသံကြောင့် ငမိုက်သားအုပ်စုစီ မျက်လုံးရောက်သွားစဉ် ကြွက်နီပြောသလို အားလုံးက မီးဝင်းဝင်းတောက် မျက်လုံးတွေ နဲ့ သူ့ကိုစူးစိုက်ကာ ကြည့်နေ၏ ။

ငါးယောက် လုံးရဲ့ မျက်နှာတွေ မှာ ခက်ထန်မာကျောပြီး လူဟူသော သဏ္ဌာန်သရုပ်ပင် ပျောက်နေသလို၊ ရက်စက်မှု တွေ ဗိုလ်ကျလိုမှု တွေ က သူတို့မျက်နှာမှာ ပင်မဟုတ်။ သူတို့ အနီးဝန်းကျင်တစ်ဝိုက်မှာ ပါ တလက်လက်တောက်လျက်။

ကြွက်နီက သူတို့စက်ကွင်းမှလွန်ရန် လှည်းကို မြန်မြန်မောင်းသည်။ သို့ ပေမဲ့ မာန်ဟုန်ပြင်းသော အကြည့်တွေ က သူတို့လှည်းလေးနောက်ပိုင်းကို ကပ်လျက် ပါလာပါသည်။ မြင်ကွင်းမှကွယ်တော့ နှိပ်စက်မှု တွေ တစ်ဖန် ပြန်စကြသည်ထင်၏ ။

လဲကျနေသူ၏ နာကျင်အော်ဟစ်သံ၊ ငိုညည်းတောင်းပန်သံတွေ လေဟာနယ်ကိုဖြတ်ပြီး သူတို့နားတွင်းသို့ တစ်ဖန်ပြန်ရောက်လာသည်။

“ကြွက်နီ . . . ဘယ်လဲ . . .”

“ဆရာလေး ဆေးခန်းဘက်ဆီ”

မေးသံတစ်ခုနဲ့အတူ သစ်ပင်ကွယ်မှ လူ တစ်ယောက် သူ့ကို လှည်းပေါ်လွှားခနဲ ခုန်တက်လာသည်။ ထိုလူလှည်းပေါ်ရောက်လာလာချင်းပင် ကြွက်နီက နောက်လှည့်၍

“ဝေလတို့အုပ်စု အနိုင်ဝိုင်းကျင့်နေတ ဘယ်သူလဲကွ”

အမေးခံရသူက စိတ်မကောင်းသလို ကျွတ်ခနဲစုတ်သပ်ကာ . . .

“တစ်ဖက်ရွာကပါကွာ။ အသုဘအိမ်မှာ ဖဲလိမ်ရိုက်လို့ဆိုပြီး ၀ိုင်းနှိပ်စက်ကြတာ”

“ဟုတ်လား . . .၊ ရွာက တော် တော် ပါသွားလို့လား”

ထိုလူက နှုတ်ခမ်းကို မဲ့သည်။

“အလကားပါကွာ။ ဖဲဝိုင်းမှာ ငါရပ်ကြည့်နေတာ။ ဖဲလိမ်ရိုက်တာ မဟုတ်ဘူး။ သူ့ဘာသာ ရိုးရိုးသားသားနိုင်နေတာ။ အဲဒါကို သူတို့ရှုံးတော့ ပိုက်ဆံပြန်လိုချင်လို့ ဖဲလိမ်ရိုက်တယ်ဆိုပြီး ရမည် ၀ိုင်းရှာ နှိပ်စက်ကြတာ”

ရင်တွင်းမှာ ဘာမှန်းမသိသော ခံစားမှု တစ်ခုကို ခံစားလိုက်ရသည်။ လည်ချောင်းတို့ပင် ခြောက်ကပ်လာသလို ထင်မိပါ၏ ။

“ဒီလူကလည်း ဦးသိုက်ညိုပိုင်နက်ထဲမှာ မှ ဖဲလာကစားရတယ်လို့”

နားထဲက နာမည် နှစ် ခုက နင့်နင့်နဲနဲ ၀င်ရောက်လာသည်။

တစ်ခုက ဝေလ၊ တစ်ဦးက သိုက်ညို။

သူတို့ ဘာတွေ နည်း။

*


VIII

အုတ်အကြမ်းထည်ဖြင့် ဆောက်လုပ်ထားသော တော် ရိလျော်ရိ တိုက်အိမ်ပုလေး တစ်လုံးရှေ့၌ လှည်းရပ် သွားပါသည်။

“ဆရာလေးရေ . . . မြို့က ဧည့်သည် ပါလာပြီ”

ကြွက်နီရဲ့ အောသံကျယ်ကြီး ဆုံးသွားစဉ်မှာ . . .

“ဟေ့ကောင် . . . စည်သူ”

နာမည် ခေါ်သံနဲ့အတူ အတွင်းမှ ပြေးထွက်လာသူ တစ်ယောက် ။

“ထင်ကျော် . . .”

သေချာပင် မမှတ်မိပါချေ။ ထင်ကျော်ပုံစံက လွန်ခဲ့သော နှစ် နှစ် ခန့်ကနှင့် လုံးဝမတူတော့။ မုတ်ဆိတ်မွေး၊ ပါးပြိုင်းမွေးများ နှင့် အသားအရည်နီမောင်းကာ လုံးဝ ရင့်ကျက်ပြည့်စုံနေသော လူကြီးပုံစံပင်။ စည်သူ လှည်းပေါ်မှ ခုန်ဆင်းကာ ထင်ကျော့်အား ပွေးဖက်လိုက်မိသည်။

နှစ် ဦးသား အတော် ကြာအောင် ၀မ်းသာအားရ ပွေ့ဖက်ပြီးတော့မှ ကိုယ်ကိုပြန်ခွာရင်း . . .

“ မင်း တော် တော် ပြောင်းလဲသွားတယ်နော်”

သူ့စကားကြောင့် ထင်ကျော် “ဟက်” ခနဲရယ်ကာ . . .

“အေးပေါ့ကွာ . . . ငါက တောသား ဖြစ်နေတော့ မင်းတို့ မြို့သားတွေ လောက်တော့ ဘယ်သန့်ပြန့်ပါတော့မလဲ”

ထင်ကျော့်စကားကြောင့် နှစ် ဦးသား ရယ်မိကြသည်။ ကြွက်နီက လှည်းပေါ်မှ သူ၏ ခရီးဆောင်အိတ်ကိုချကာ အိမ်တွင်း သွားထည့်ပေးသည်။ ကြွက်နီ ဦးတည်ဝင်သွားသော အုတ်အကြမ်းထည်နဲ့အိမ်လေးကို ကြည့်ပြီး . . .

“ဒါ မင်းအိမ်လား”

ထင်ကျော် ခေါင်းကိုညိတ်ကာ . . .

“ဟုတ်ပါ့ကွာ . . . ငါ့အိမ်ဆိုလည်း ဟုတ်တယ်။ ငါ့ဆေးခန်းဆိုလည်း ဟုတ်တယ်။ ဟိုမှာ ဆိုင်းဘုတ်တပ်ထားတယ်လေကွာ”

ညွှန်ပြရာဆီ ကြည့်မှ သဘောပေါက်တော့၏ ။ ခြံဝန်းလေး အယ်တွင် ဖြစ်သလို တင်ထားသော ဆိုင်းဘုတ်လေးတစ်ခုကိုတွေ့ ရသည်။ “ကျေးလက်ဆေးခန်း” ဟူသော နာမည် အောက်မှာ ဆရာဝန်အမည် နှင့် ဘွဲ့တံဆိပ်တစ်ခုကို ရေး ထားသည်။ ထင်ထင်ရှားရှားမရှိသည်မို့ သူခုန မမြင်မိ။

ထိုစဉ်မှာ ပဲ ကြွက်နီက အိမ်တွင်းမှ ပြန်ထွက်လာကာ . . .

“ဆရာလေး . . . ဘာခိုင်းစရာရှိသေးလဲ”

“မရှိတော့ပါဘူးကွာ”

“ဒါဆို ကျုပ်ပြန်လိုက်ဦးမယ်”

“အေး. . . အေး . . . အခုလိုကူညီပေးလို့ ကျေးဇူးပါကွာ”

“ရပါတယ် . . . ဆရာလေးရာ၊ ဒါ ကျုပ်တို့တာဝန်ပဲ”

ပြောပြောဆိုဆို လှည်းပေါ်ပြန်ခုန်တက်ပြီး မောင်းထွက် သွားပါသည်။ လမ်းတွင် တက်လိုက်လာသူကလည်း ထင်ကျော့်ကိုလည်း လှည်းပေါ်မှ လက်ပြနှုတ်ဆက်သည်။

“ဘယ်လိုလဲ . . . ငါဟောတဲ့ ဗေဒင်မှန်တယ်မလား”

ထင်ကျော်က ပခုံးကို လှမ်းပုတ်ပြီး ရယ်ကျဲကျဲမေးတော့ . . .

“မှန်သပ၊ သိပ်မှန်ပဲ . . . ထင်ကျော်ရာ။ ကဲ . . . လုပ်ဦး။ ဘယ်နားမှာ လဲ၊ မင်းပြောတဲ့တောင်ကုန်း။ ငါ မြင်ချင်လှပြီ”

ထင်ကျော်မှာ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး မျက်နှာတည်သွား၏ ။ ပြီးတော့ မယုံသင်္ကာမျက်လုံးမျိုးနဲ့ နောက်တစ်ကြိမ် ဝေ့၀ဲကာ . . .

“လာကွာ . . . အထဲရောက်မှ ပြောရအောင်”

ရုတ်ခြည်းပြောင်းလဲသွားသော ထင်ကျော့်အမူအရာကို သတိထားမိလိုက်ပါသည်။



ဝန်ဇင်းချစ်သူများ သိုးဆောင်း ၏ “ လက်ညိုးထိုး၍ ပန်းဝေသည် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လျှို့ဝှက်မြို့ရိုး

ဝင်ခွင့်မရမြို့

MAY WE HELP YOU